Showing posts with label မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ. Show all posts
Showing posts with label မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ. Show all posts

Saturday, March 17, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၂၈) ဇာတ်သိမ်း

ရထားပေါ်ကလူများ-၁၁

ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုကို ဖြတ်လာခဲ့သည်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ကိုဖြတ်လာခဲ့သည်။ ဆန်ဆိုင်တစ်ဆိုင်၊ ကွန်ပျူတာစာစီစာရိုက်နှင့် မိတ္တူဆိုင်၊ လက်ဖက်ရည်ဆိုင် (ထမင်း ပါရသည်။) တစ်ဆိုင်ကို ဖြတ်လာခဲ့သည်။ စာအုပ်ဆိုင်တစ်ဆိုင်၊ စက်ချုပ်ဆိုင် (ပိတ်စပါရောင်းသည်) တစ်ဆိုင် ကို ဖြတ်လာခဲ့သည်။ လက်ဖက်ရည်ဆိုင်ငယ်တစ်ခု။ ထမင်းကြော်ဆိုင်၊ ကွမ်းယာဆိုင်၊ စာအုပ် အဟောင်း ရောင်းဆိုင်၊ ဟော်တယ်တစ်ခုတို့ကို ဖြတ်လာခဲ့သည်။

အရက်ဆိုင်ပုလင်းမျိုးစုံရောင်းသော စတိုးဆိုင်၊ ကလေးကစားစရာရောင်းတဲ့ဆိုင်၊ ဖိနပ်ဆိုင်၊ ဓာတ်ပုံ ရိုက်ကူးဆေး၊ ဆိုင်တို့ကို ဖြတ်လာခဲ့သည်။ မျက်မှန်မျိုးစုံအရောင်းဆိုင်၊ နာရီဆိုင်၊ ဓာတ်ပုံမှန်ဘောင်၊ သားရေ သေတ္တာ။ အိတ်ဆိုင်တို့ကို ဖြတ်လာခဲ့သည်။ ပလီအဆောက်အအဦးတစ်ခုကို ဖြတ်လာခဲ့သည်။ (၇၈၆) ထမင်းဆိုင်တစ်ဆိုင်ကို ဖြတ်လာခဲ့သည်။ ဖြတ်လာခဲ့သည် ဖြတ်လာခဲ့သည် ဖြတ်လာခဲ့သည်။

ကျနေရောင်က တောက်ပပူပြင်းဆဲဖြစ်တာကို ကျွန်တော့် အ၀တ်အစားဦးထုပ်တို့က သက်သေခံနေသည်။ ပလာဇာ အဆောက်အဦးမြင့်မြင့်ပေါ်မျာ တိမ်တစ်ဆုပ်နှပ်ဆုပ်။ ချပ်စ်ကျောင်းရဲ့အမိုးချွန်၊ ကောင်းကင်ပြာ ပြာ၊ ကျနေ က အပြောရောင် ကိုပိုတောက်စေသည်။ စေတီတော်ရွှေရောင်ထီးတော်က ကျနေမှာဝင်းပ။ လေမှာ ၀င်းပ။

ဘတ်စ်ကားမှတ်တိုင်တစ်ခုကို ကျော်ခဲ့သည်။ စီဒီ၊ ဗီစီဒီ၊ အီးဗီဒီဓာတ်ပြားချပ်အရောင်းဆိုင်ကို ကျော်ခဲ့ သည်။ ကဗျာဆရာ တစ်ယောက်နှင့်ဆုံသည်။ နှုတ်ဆက်ကျော်ဖြတ်ခဲ့သည်။ နောက်ထပ်ခြေ လေးငါးလှမ်း မှာ စာရေးဆရာတစ်ယောက်နှင့်တွေ့သည်။ ပြုံးနှုတ်ဆက်ကျော်ဖြတ်ခဲ့သည်။ ပန်းချီဆရာ တစ်ယောက်နှင့်တွေ့ သည်။ ပြုံးနှုတ်ဆက်ကျော် ဖြတ်ခဲ့သည်။ ပန်းချီဆရာတစ်ယောက်နှင့်တွေ့သည်။ တစ်မိနစ် လောက်ရပ်တန့် စကားပြောပြီး ကျော်ဖြတ်ခဲ့သည်။ ရုပ်ရှင်ရုံတစ်ရုံနှစ်ရုံကျော်ဖြတ်ခဲ့သည်။ တစ်ရုံ က ကုလားကား၊ တစ်ရုံက အင်္ဂလိပ်ကားဆိုတာ လောက်သာသိပြီး ကျော်ဖြတ်ခဲ့သည်။ လူတွေကို ကျော်ဖြတ် ခဲ့သည်။

တိုးရစ်စုံတွဲကို ကျော်ဖြတ်ခဲ့သည်။ အင်္ဂါနေ့ကို ကျော်ဖြတ်ခဲ့သည်။ မျက်လုံးများကို ကျော်ဖြတ်ခဲ့သည်။ ပင်လယ်ကို ကျော်ဖြတ်ခဲ့သည်။ အနုပညာကို ကျော်ဖြတ်ခဲ့သည်။ မိုးလေ၀သနှင့်ဇလဗေဒကို ကျော်ဖြတ်ခဲ့ သည်။ ကြော်ငြာဆိုင်းဘုတ်များကို ကျော်ဖြတ်ခဲ့သည်။ ကမ္ဘာကြီးပြားသွားတာကို ကျော်ဖြတ်ခဲ့သည်။ ဘာသာဗေဒ ကို ကျော်ဖြတ်ခဲ့သည်။ ဖေဖော်ဝါရီ ၁၂၊ ၁၃၊ ၁၄ ရက်တို့ကို ကျော်ဖြတ်ခဲ့သည်။ ရန်သူမရှိ မိတ်ဆွေ ရှိ၊ မုန်းသူ မရှိ ချစ်သူသာရှိကို ကျော်ဖြတ်ခဲ့သည်။ ဓမ္မနှင့် အဓမ္မကို ကျော်ဖြတ်ခဲ့သည်။ လမ်းဘေး ကွမ်းယာဆိုင်ရှေ့ရပ်လိုက်တော့ ကုန်းကျော်တံတားကြီးတစ်ခုအောက်ရောက်နေသည်။
]
ကုန်းတံ တားပေါ်မှာ သမိုင်းမြစ်ကြီးတစ်စင်း စီးဆင်းနေသည်။
ကွမ်းတစ်ယာဝါးပြီး ဆက်လျှောက်ခဲ့သည်။ လှေခါးထစ်တွေကို လျှောက်ခဲ့သည်။ လှေခါးထစ်တွေကို နင်းတက်ခဲ့သည်။ စိတ်ကူးတွေကု နင်းတက်ခဲ့သည်။ အတိတ်ပစ္စုပ္ပန်အနာဂတ်တွေကို နင်းတက်ခဲ့သည်။ ၁၉၅၀ ခုနှစ်ကို နင်းတက်ခဲ့သည်။ တောထဲတောင်ကြား စက်ရုံစီမံကိန်းအလုပ်သမားဘ၀ကို နင်းတက်ခဲ့ သည်။ မိသားစုစားပွဲဝိုင်းလေးကို နင်းတက်ခဲ့သည်။ ၀မ်းနည်းကြေကွဲမှုတွေ ပျော်ရွှင်ဝမ်းမြောက်မှုတွေကို နင်း တက်ခဲ့ သည်။ အချိန်ကာလကို နင်းတက်ခဲ့သည်။ ဟိုတုန်းကတွေကို နင်းတက်ခဲ့သည်။ ဆာလောင် မွတ်သိပ်မှု ကို နင်းတက်ခဲ့သည်။ ဖျားနာခြင်းတွေကို နင်းတက်ခဲ့သည်။ သည်လိုနှင့် ကျွန်တော် ကုန်းပေါ် ရောက်လာပါသည်။

ကုန်းတံတားအတိုင်းလျှောက်သွားသည်။ ကုန်းတံတားက အရှေ့နှင့် အနောက်ကို ပြေးနေသည်။ တောင် နှင့် မြောက်၊ အရှေ့တောင်နှင့် အရှေ့မြောက်လည်း ဖြစ်နိုင်သည်။ ချစ်သူဖြစ်နိုင်သည်။ မုန်းသူ ဖြစ်နိုင်သည်။ ချစ်သူလည်းမဟုတ်မုန်းသူလည်းမဟုတ် ဖြစ်နိုင်သည်။ သမိုင်းနိဂုံးချုပ်သွားတာဖြစ်နိုင်သည်။ ပြီးဆုံး သွားတာ ဖြစ်နိုင်သလို သံသရာတစ်ပတ်လည်သွားတာလည်း ဖြစ်နိုင်သည်။

သည်လိုနှင့် လှေခါးတွေကို ကျွန်တော် ဆင်းပြန်သည်။ ဆင်းခြင်းဆိုတာ ကျဆုံးခြင်းမဟုတ်ပဲ ပန်းတိုင် (ကိုယ်သွားချင်တဲ့ခရီး)ဖြစ်နိုင်သည်။ လှေခါးဆိုတာ တက်ရန်ဖြစ်သည်။ ဆင်းရန်လည်းဖြစ်သည်။ လိုအပ် လျှင် ဆင်းပါ။ လိုအပ်လျှင်တက်ပါ။ မဆင်းဘဲ မတက်ဘဲနေမည်ဆိုလျှင် လှေခါးထားရန် မလိုအပ် တော့ပါ။ သို့တိုင် ကမ္ဘာကြီးမှာ လှေခါးဆိုတာရှိနေပါသည်။ လှေခါးတွေရှိနေတာကြောင့် အဆင်းအတက် တွေ ရှိနေသည်။ ဆင်းသူက ဆင်းသွားကြသည်။ တက်သူက တက်သွားကြသည်။ အိုဘားမားကို ကျွန်တော် မသိပါ။ အိုးဘားမား ကို ကျွန်တော်သိပါသည်။

ခင်မောင်ရင်ကို မသိပါ။ ခင်မောင်ရင်ကိုပဲ သိပါသည်။ ကျွန်တော် မက်ခ်စ်အိန်ဂျယ်လီနင်မော်စီတုန်း ချိုအင်လိုင်း (တချို့က ချောင် အင်လေးတဲ့) ဟိုချီမင်း၊ ချေကွေဗားရားတို့ကို သိသလို ၀ီလျံဒီကူးနင်း၊ ဂျက်ဆင်ပိုးလော့။ မာစယ်ဒူရွန့်၊ အန်ဒီဝါးဟိုး၊ ခင်မောင်ရင်၊ ယဉ်မင်းပိုက၊ ဗန်ဂျီအောင်စိုးတို့ကို သိပါသည်။ ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး၊ သိန်းဖေမြင့်၊ ဗန်းမော်တင်အောင်၊ တင်မိုး၊ နိုင်ဝင်းဆွေ တို့ကို သိသလို မြတ်ဝေ၊ သွယ်ဘ၊ လွှမ်းရုံ၊ ခရမ်းပြာထက်လူတို့ကိုလည်း သိပါသည်။ သိတာတွေ နှင့်မသိတာတွေ ရောကျိုလိုက်လျှင် မသိတာတွေက ရာခိုင်နှုန်းပိုများပါမည်။

စင်္ကြန်တစ်ခုပေါ် ကျွန်တော်ရောက်သွားသည်။ စင်္ကြန်ရှည်ကြီး။ စင်္ကြန်ခေါင်မိုးရှည်က အခုံးဖြစ်သည်။ နေရောင်ခြည်အလျှံပယ်ရအောင် လုပ်ထားပုံရသည်။ သည်ဗိသုကာလက်ရာက ဘယ်ရာစုနှစ်က ဟန် ဆိုတာ ကျွန်တော် မသိပါ။ အမိုးအခုံးအခွန်လေးထောင့် ကျွန်တော့်အတွက်တော့ အရေးမကြီးပါ။ အရေးကြီး တာက အမိုးဖြစ်ဖိုပဲလိုသည်။
သည်လို ပုံတူစင်္ကြန်တွေက တန်းစီနေသည်။

စင်္ကြန်တွေအလယ်က စင်္ကြန်တစ်ခုမှာ ကျွန်တော် ရောက်နေ ခြင်းဖြစ်သည်။ စင်္ကြန်အမိုးရဲ့ မြှားတန်း တစ်ခုမှာ နာရီဝိုင်းဝိုင်းကြီးတစ်လုံးချိတ်ထားသည်။ နာရီလက်တံတွေက ၂၀၁၀ ခုနှစ်ကို ပြနေပါသည်။ ကျွန်တော် ၂၁ ရာစုရဲ့ စင်္ကြန်တစ်ခုပေါ်မှာ ရောက်နေ တယ်ဆိုတာ သေချာသွားပြီထင်သည်။ စင်္ကြန်ပေါ် တစ်လျှောက်မှာ လူတွေ (ခရီးသည်တွေ) ပြန့်ကြံရောက်ရှိနေသည်။ ခရီးသည်တွေက ရောင်စုံဖြစ်သည်။ အကြီးအငယ်အလတ်စုံဖြစ်သည်။ အကြီးအငယ်အလတ်စုံသည်။ လိင်ကွဲပြားမှုစုံသည်။ သဘာဝ စုံလင် သည်။ အလွှာလွှာအထပ်ထပ်ဖြစ် သည်။ ကာယ၊ ဥာဏ၊ ကာယဏစုံသည်။

စင်္ကြန်ပေါ်က လူတွေ (ခရီးသည်တွေ)သည် အတွေးအခေါ်အမျိုးမျိုး ရည်မှန်းချက် မျှော်မှန်းချက် လိုအင်ဆန္ဒ အမျိုးမျိုး၊ သောက၊ မောဟ၊ လောဘ အမျိုးမျိုး၊ ဦးနှောက်အမျိုးမျိုး ခြေလက် အမျိုးမျိုး၊ ခန္ဓာကိုယ် အမျိုးမျိုး၊ မျက်လုံးအမျိုးမျိုးရှိသည်။ လူတွေ၏ စိတ်အာရုံတွေက လေထဲမှာ ပျံသန်းနေ သည်။ တ၀ီဝီမြည်ကာ တစ်ဦးနှင့်တစ်ဦး တိုးတိုက်ကျော်ဖြတ်ကင်းကွာပျံသန်းနေသည်။

သေချာတာက ကျွန်တော်လိုမျိုးပင် ရထားတစ်စီးစီးကို မျှော်နေသည်။ သို့မဟုတ် စောင့်စားနေသည်။ ယခုအထိ စင်္ကြန်တစ်ခုခုအတွင်းင်ရောက်လာမည့် ရထားတစ်စီးစီး၏ အချိန်ဇယားကို မကြေညာသေးပါ။ ရထား တစ်စီး စီးကတော့ ၀င်လာပါလိမ့်မည်။ မ၀င်လို့မဖြစ်။ လူတွေ (ခရီးသည်) စောင့်မျှော်နေကြသည်။ ၀င်လာ မည့် ရထားက စင်္ကြန်နံပါတ် ဘယ်လောက်မှာ ၀င်လာမလဲ။ ဘယ်အချိန်ဝင်မလဲ။

ကျွန်တော်တို့ စောင့်မျှော်နေသော စင်္ကြန်သို့ ၀င်လာချင်မှ ၀င်လာမည်။ တခြားစင်္ကြန်တစ်ခုခုလည်း ၀င်ရောက်နိုင်သည်။ ထိုရထားဝင်ရောက်မည့်စင်္ကြန်၊ သွားရောက်မည့်ခရီးသည် ကျွန်တော်တို့ လိုအင်ဆန္ဒ ရှိသော (ကျွန်တော်တို့ သွားရောက်လိုသော)ခရီးဖြစ်မှသာကျွန်တော်တို့ တက်ရောက် စီးနင်းမည် ဖြစ်သည်။ ရထားသွားမည့်ခရီး ၀င်ရောက်မည့် စင်္ကြန်ကို ကြည့်ရှုလေ့လာ၍ ကျွန်တော်တို့စီးနင်းသင့်မသင့် (စီးရမည့် ခရီးဖြစ်မဖြစ်/ဟုတ်မဟုတ်) ဆုံးဖြတ်ကြရမည်။
ယခုတော့ ကျွန်တော်တို့ စင်္ကြန်ပေါ်မှာ ရပ်နေသည်။ ထိုင်နေသည်။ လမ်းသလားနေသည်။ အစာစားနေ သည်။ စကားပြောနေသည်။ စာဖတ်နေသည်။ နားကလော်နေသည်။ နှာခေါင်းနှိုက်နေသည်။

မျက်ချေးသုတ်နေသည်။ ရယ်မောနေသည်။ အပေါ်ယံကြည့်လျှင် လူတွေ (ခရီးသည်တွေ) အားလုံး သက်တောင့် သက်သာ အေးအေးလူလူဟု ထင်ရသည်။ သို့သော်လည်း ကျွန်တော် အသေအချာ ပြောရဲ ပါသည်။ လူအားလုံးလိုလို၏ ရင်ထဲတွေမှာ မျှော်လင့်ချက်တွေ ဆန္ဒတွေပြည့်မောက်နေပါမည်။ သူတို့ ဘာကို ဆန္ဒရှိကြသလဲ။

ဘာကိုမျှော်လင့်ကြသလဲ။ သူတို့သွားလိုရာ သို့မဟုတ် ရောက်လိုရာ သို့မဟုတ် မိသားစုတိုင်း၏ ချမ်းမြေ့ လွတ်လပ်လုံခြုံမှုအပြည့်ရှိရာ အိမ်ကလေးများဆီအရောက်ပို့ဆောင်ပေးမည့် ရထား တစ်စီး စင်္ကြန်ထဲ ၀င်ရောက် လာဖို့ပင်။
ရထား က ဘယ်စင်္ကြန်ကို ၀င်လာမလဲ။ ဘယ်အချိန်လဲ။ လူတွေ (ခရီးသည်တွေ)အားလုံးစောင့်မျှော်နေကြ ပါသည်။

၂၀၁၀၊ မေ၊
ပန်းအလင်္ကာမဂ္ဂဇင်း။
.
>>>ဆက်ဖတ်ရန်>>> >>

Friday, March 16, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၂၇)

ရထားပေါ်ကလူများ-၁၀

ဟိုးအနောက်ဘက် မိုးကုတ်စက်ဝိုင်းမှာပဲ ခရမ်းနုအလင်း ပျပျကသာ ကောင်းကင်မှိုင်းပြာကို ထွန်းလင်းနေ တော့၏။ ဘူတာ လေးဝန်းကျင်မှာ အမှောင်ပျပျထဲ မြူနှင်းမီးခိုးမှိုင်းပျပျတို့ ရောယျက်ပျံ့လွင့်နေပါသည်။
ညနေပိုင်းရထားတွေက ပြန်တက်သွားကြပြီ။ ညပိုင်းရထားဆင်းလာတာကိုသာ စောင့်ရတော့မည်။ ဘူတာလေး စင်္ကြန်းမှာ ခရီးသည်ကျိုးတို့ကျဲတဲသာ တစ်စစီ ပြန့်ကျဲနေသည်။ ကွမ်းယာဆေးလိပ် ဆိုင်လေး သုံးလေးဆိုင်။ တစ်ဆိုင်က တရုတ်ပြည်ထုတ် ရေဒီယိုလေး ဖွင့်ထားသည်။ ကြောင်ပေါက်စလေး အော်သံလို ထွက်ပေါ်နေသော ရဒီယိုမှ မသဲမကွဲ အသံတွေကသာ စင်္ကြန်တစ်လျှောက်။ ခေါက်တုံ့ပြန် လျှောက် နေသည်။ ခရီးသည်တွေအတွက် ကျောက်ပြားခုံတန်းလျား လေးငါးခုခပ်ကြဲကြဲချထားသည်။ ခရီးသည် တချို့ထိုင်နေသည်။

ကျွန်တော်လည်း စင်္ကြန်လျှောက်တာ နည်းနည်းကြာလာတော့ ကျောက်ခုံတန်းလျား အစွန်းတစ်ဘက်မှာ ထိုင်ချ လိုက်သည်။
ဘူတာရုံလေး၏ လက်မှတ်ရောင်းသော အဆောက်အဦးလေးထဲက လက်ဘက်ရည်ဆိုင်လေးမှာ ဗီဒီယိုပြ နေသည်။ ဗီဒီယို ပြစက်ထဲမှ သေနတ်သံတွေ၊ ရိုက်နက်ထိုးကြိတ်သံတွေ ကြားနေရ၏။ လူတွေ လက်ဘက် ရည်ဆိုင် စည်းရိုးအပြင်ဘက်မှ ၀ိုင်းအုံကာ ဗီဒီယိုကြည့်နေကြသည်။ ဆိုင်ခင်းထဲမှာ လက်ဘက်ရည် သောက်သူ တစ်ဦးသာရှိသည်။
ဘူတာ အနောက်ဘက်ခြမ်း သံလမ်းနှင့် ဆယ်ပေကွာလောက်မှာ ထမင်းဆိုင်၊ ကဖီးဆိုင်၊ အရက်ဆိုင်၊ တန်း လျက် ခပ်ခွာခွာ တဲကြီးများ ရှိသည်။ မီးရောင်မှိန်ပျပျ။ အရက်ဆိုင်လေးမှလွဲ၍ အစားသုံးသူ မရှိ သလောက်။

အစောပိုင်းအမှောင်မှုံမွှားတွေ ရောက်မလာခင်ကတော့ ကျွန်တော် အဲသည်အရက်ဆိုင်ကလေးဝင်ကာ ဂရင်းရွိုင်ရယ် ကပ်ဘောလုံးပြိုင်ပွဲက အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ဘင်္ဂလားဒေ့ရှ် အသင်းတို့ ကန်တာ ၀င်ကြည့်နေခဲ့သေးသည်။ အရက်ဆိုင်လေးမှ လှမ်းကြည့်လျှင် ဘူတာစင်္ကြန်အဆောက်အဦး မြောက်ဘက်စွန်း အမိုးတွေကို တွေ့မြင်နေရသည်။ ရထားသံလမ်းဘေးကွက်လပ် ကျဉ်းကျဉ်းမှာ ကောင်မ လေး တစ်ယောက်နှင့် လူငယ်လေးသုံးလေးယောက် ကော်ဘောလုံးကန်နေကြသေးသည်။
အင်ဒိုနီးရှား အသင်းကစားတာ အတော်ကောင်းသည်။ အဆင့်ရှိသည်။ နောက်ပိုင်း မြန်မာ့လက်ရွေးစင် အသင်းနှင့် တွေ့ဖို့ရှိသည်။ မြန်မာက ဘင်္ဂလားဒေ့ရှ်ကို သရေကစားထားသည်။ ကောင်မလေးက ဘောလုံး ကို အကျအနကန်တတ်သည်။ ကောင်ကလေးငယ်ငယ်က ကောင်မလေးခါးကို ဖက်ကာ ဘောလုံး လုသည်။ အင်ဒိုနီးရှားက ဘင်္ဂလားဒေ့ရှ်အသင်းကို နှစ်ဂိုးလားမသိ သွင်းလိုက်သည်။ ကုလားလေး တွေလည်း ကစားတာ သိပ်အဆိုးကြီးတော့မဟုတ်။ သို့တိုင်ခြေကကွာနေသည်။

ဘောလုံးပွဲပြီးတော့ ကျွန်တော့်မှာ လုပ်စရာမရှိပြန်။ ရထားက မလာသေး။ အချိန်ကလိုနေသေးသည်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ရောက်လာမည်ဖြစ်သည်။ အလင်းရောင်က ယဲ့ယဲ့ပင်ရှိတော့သည်။ ဆောင်းဦး ပေါက်အလင်းက အပြေးမြန်သည်။
ဘူတာလေးက ဆင်ခြေဖုံးရထားလိုင်းအဆုံး ဘူတာလေးဖြစ်သည်။ မြောက်ဘက်သံလမ်းအတိုင်း ဆက်သွား လျှင်တော့ မြေလတ်မြို့တွေကို ရောက်သွားမည်။ ကျွန်တော့်စိတ်က သံလမ်းအတိုင်း လိုက်မသွားပါ။
ဘူတာလေး အနောက်ဘက်မှာ ဈေးလေးတစ်ဈေးရှိသည်။ ယခုအခါ ဈေးလေးထဲမှာ ခွေးလေခွေးလွင့်နှင့် ဆိုင်သိမ်းလက်စ ဈေးသည်အချို့ပဲ ရှိတော့မည်။ ဘူတာလေးနှင့်တည့်တည့် ဈေးဘေးမှာ လမ်းလေး တစ်လမ်း ရှိသည်။ ထိုမြေလမ်းလေးမှ လိုက်သွားလျှင် လူနေရပ်ကွက်ကြီးထဲရောက်သွားမည်။

အချိန်တွေက ကျွန်တော့်အတွက် ပိုနေပြန်သည်။ ဘယ်တော့မှ ပြန်မရသည့်အထဲမှာ အချိန်တွေပါသည်။ နှမျောစရာကောင်းလှ၏။ စာရေးဆရာတစ်ယောက်အဖို့တော့ အချိန်ကိုရသလောက် အသုံးချရမည်။ ကျွန်တော် ဈေးလေးဘေးက မြေလမ်းထဲ ဆင်းသွားလိုက်သည်။ အလင်းပျပျကတော့ မြူ၊ မီးခိုးတို့နှင့် အတူ ရှိနေသေးသည်။
ဈေးဘေးလမ်းကလေးမှာလည်း ဈေးတန်းကလေးဖြစ်နေသည်။ ကြံတွေ ဆစ်ပိုင်းရောင်းနေသည့် တဲဆိုင်၊ ကြက်သွန်နီ-ဖြူကို ပလက်စတစ်အထုပ်ကလေးတွေထုပ်ကာ ခင်းရောင်းနေတဲ့ဆိုင်၊ အသင့်တို့စရာ အသီးအရွက်ပြုတ်ဆိုင်၊ ၀က်သားတုတ်ထိုးဆိုင်၊ အကြော်ဆိုင်စသည့် အမိုးအကာမရှိ လမ်းဘေး မြေခင်းဆိုင် ကလေးတွေ အလင်းပျပျမှာ ဘ၀ကို ဆယ်ယူနေကြ၏။ ခုနှစ်ပေ၊ ရှစ်ပေ ပတ်လည်တဲ ကလေးကတော့ အငွေ့တအူအူ ထင်းမီးဖိုမှာ ထမင်းချက်နေသည်။ တဲရှေ့ မြေလမ်းပေါ်မှာ လေးဘက် တွား ကလေးငယ်တစ်ယောက် မြေပေါ်မှာတွားသွား။ အမဲကလီဇာတုတ်ထိုးဆိုင်လေးမှာ လူတစ်ချို့ဝိုင်းအုံ၊ ကွမ်း ယာဆိုင်။

မြေလမ်းလေးဆုံးတော့ မြေလမ်းကျယ်က ကန့်လန့်ဖြတ်ထားသည်။ ကျယ်ကျယ်ဝန်းဝန်း အရက်ဆိုင်။ လိုက်ကာလေး လှုပ်သွားလိုက် တစ်ယောက်ဝင်သွားလိုက်။ ဒယီးဒယိုင်တစ်ချို့ထွက်လာလိုက်။ အရက်ဆိုင် ရှေ့ပြတင်းမှာတော့ ကလေးလူကြီး လေးငါးခြောက်ယောက် စုပြုံတိုးရပ်ကာ ဆိုင်ထဲလှမ်းကြည့်နေ၏။ ဆိုင်ထဲမှာ ဗီဒီယိုပြနေသည်။ အဲသည်ဆိုင်ရဲ့ ဘေးတစ်အိမ်ကျော်မှာလည်း အရက်ဆိုင်။ ဆိုင်ပေါက်ဝမှာ ကလေးလူကြီး စုပြုံတိုးရပ်ကြည့်နေသည်။ ဗီဒီယိုပြနေသည်။ ဆိုင်ထဲမှာ သောက်သုံးသူတစ်ဦးမျမရှိ။

မျက်စောင်းထိုးမှ လက်ဘက်ရည်ဆိုင်တဲကြီး။ ဗီဒီယိုပြနေသည်။ သောက်သုံးသူ လေးငါးဝိုင်း၊ ဟိုးဘက်မှာ ဆိုက်ကားဂိတ်။ တဖြည်းဖြည်း နွားရိုင်းသွင်းချိန်(ခေါ်) ညီအစ်ကို မသိတသိအချိန်ရောက်မှန်းမသိ ရောက် လာသည်။ အလုပ်ပြန်၊ ဈေးပြန်၊ အိမ်ပြန်၊ အိပ်တန်းပြန် လူသွားလူလာဖြင့် မြေလမ်းပေါ်မှာ စည်ကားနေ သည်။ အသံဗလံတွေက မှုံရီမှိုင်းပျ ညနေခင်းကို အသက်သွင်းနေပါသည်။
ကျွန်တော် သည် ကျောက်ခုံတန်းလျားအစွန်းတစ်ဘက်မှာ ထိုင်နေပြီး အနောက်ဘက် မိုးကုတ်စက်ဝိုင်းဆီ အိမ်ခေါင် တွေကို ကျော်၍ငေးနေမိသည်။ ခရမ်းပြာအလင်းက မှုံမှုံစစသာ ကျန်ရစ်တော့၏။ ရထားက မလာသေး။ စင်္ကြန်ပေါ်မှာ ခရီးသွားအချို့ ထပ်ရောက်လာနေပုံရသည်။

ကလေးတချို့ဆော့နေတာကို မအေလုပ်သူက မန်မဲနေသည်။ ကွမ်းယာရောင်းသူက ပိုက်ဆံရေတွက်နေသည်။
" အံမယ်လေး မပြောချင်ပါဘူး။ မအ၀ှာရယ်၊ သူက ဘဲဥကြော်ရယ်၊ ကန်ဇွန်းရွက်ချဉ်ရေရယ်ကို မစားနိုင်ဘူးတဲ့။ အမေတို့ရော ဘာနဲ့စားသလဲတဲ့။ ဒါပဲပေါ့လို့ ငါကပြောပါတယ်။ ငါတို့သားအမိ ချဉ်ရေဟင်း နဲ့ ငပိရည်ပဲ စားတာ။ တို့ကတော့ ချေးများမနေပါဘူး။ မိန်ရာဟင်းကောင်းပါ။ အံမယ်လေး မင်းသမိးက မစား နိုင်ရှာဘူး။ ဘဲဥကြော်တောင် သူက ဘာမျလုပ်ရတာ မဟုတ်ဘူး။ ကိုယ့်ပန်းကန်တောင် ကိုယ်ဆေးချင်တာ မဟုတ်ဘူး။ သူ့မှာ အလုပ်တစ်ဘက်နဲ့ ကျောင်းတက်နေရလို့တဲ့လေ။ ဘာဖြစ်လာမှာ လိုက်လို့။ ပေးတော့ ကောကြည့်ဦး၊ ပြီးခဲ့တဲ့တစ်ပတ်က ထောင့်နှစ်ရာ။ ဟိုတစ်ပတ်က ထောင့်ငါးရာ။ ဘာလုပ်လို့ ရမှာလဲ။ ငါ့မှာ ဟယ် ချွေးမလေးတစ်ယောက်ရပါတယ်"

" ဒီကောင်ကလည်း မိုးလင်းက မိုးချုပ်ပါပဲ "
" သားက ဘာလုပ်လဲ ဒေါ်လေးရဲ့ ... "
" အရောင်းသမားဆိုလား ဘာလား သူတို့ဘိုလို ငါမခေါ်တတ်ပါဘူး။ သားကလည်း သူ့မယားဆို ဘာမှ ပြောတာမဟုတ်ဘူး။ မအေကိုလည်း မပြောပါဘူး။ သိပ်အေးတဲ့ကောင်။ မအ၀ှာရယ် နဂိုကတည်းက ရေခဲတုံးဟာကို"
စကားသံတွေက ကျောက်ခုံတန်းလျား တစ်ဘက်စွန်းမှ ကျွန်တော့်ဆီ လှိုင်းလုံးတွေလို လာရိုက်ခတ်နေခြင်း ဖြစ်သည်။ ရေစီးကသန်သည်။ ဘ၀ကို ဆယ်ယူရတာ ပိုခက်ခဲလာပါသည်။
ကျွန်တော့်မှာ ညနေပိုင်းကမှ သွားဦးမှပါလေဆိုပြီး သည်ဆင်ခြေဖုံးမြို့စွန်ရပ်ကွက်က မိတ်ဆွေဆီ ထွက်လာရသည်။ ရထားတစ်ဘူတာပဲ စီးရ၏။ ညနေအဆင်းရထား နောက်ဆုံးအစီးတဲ့။ ညပိုင်းတော့ (၆)စီးလောက် ရှိသေးသည်။ဟုဆိုသည်။ မိတ်ဆွေအိမ်ရောက်တော့ အိမ်တံခါးကို သော့ခတ်ပိတ်ထား သည်။ ဘေးအိမ်ကတော့ မရှိကြဘူးတဲ့။ ဒါပဲ။ အဲသည်အိမ်နီးချင်းက ချက်ရေးပြုတ်ရေး ကလေးတွေအရေး နှင့် သူဟာသူရှုပ်နေသည်။ ခွေးတွေက ဟောင်နေသည်။ ရပ်ကွက်လေးထဲ၊ ရပ်ကွက်လေးပေါ် မီးခိုညှောင်နံ့တွေ ဝေ့အူနေသည်။

အမှောင်ရိပ်တွေက မီးသတ်ပိုက်နဲ့ ပက်နေသလို နေရတကာမှာ စိုရွဲနေသည်။ ဟိုးအဝေးမှာ တဖွဲဖွဲရွာချနေ သည်။ မီးတိုင်ကလေးတွေက ငုတ်တုတ်။ ရထားလာပြီဆိုသော သတင်းက ချက်ချင်းရောက်သည်။ ခရီး သည်တစ်ချို့လှုပ်သွား၏။ မီးဆလိုက်တစ်ခုက အမှောင်ထဲမှ ထွက်လာနေသည်ကို ကျွန်တော်လှမ်းကြည့် ပြီးသတင်းကို အတည်ပြုလိုက်သည်။
" နို့ ... ဒေါ်လေးက အခု ဘယ်သွားမလို့တုန်း "

" ဟဲ့ ... ငါ့ချွေးမ အလုပ်ပြန် လာစောင့်တာ။ မိန်းကလေးတစ်ယောက် ညရေးညတာ သွားလို့လာလို့ မကောင်း ဘူး။ အမူးသမားတွေကလည်း ရှိတယ်မို့လား။ ခေမးမဆိုပေမယ့်လည်း ကိုယ့်သားနဲ့ရတော့ ကိုယ့် သမီး ပေါ့။ သမီးက စိတ်ထားကောင်းပါတယ်။ ငယ်သေးတော့ အပြောအဆိုက မတတ်ဘူးပေါ့ "
အဘွားကြီးပြောတော့ မအ၀ှာကရယ်သည်။ ဘာရယ်တာလဲဟဲ့ဟု အဘွားကြီးက ရယ်ပြီးပြောသည်။ ဟုတ်ပါရဲ့ ဘာရယ်တာပါလိမ့်။ အဘွားကြီးရဲ့ နှလုံးသားအရောင်တလက်လက် ဖြစ်နေတာကို ရယ်တာ လား မသိ။ အလင်းရောင် ပျပျရှိနေတာပင် ပျော်ရွှင်ရယ်မောစရာဖြစ်မယ်ထင်ပါသည်။

၂၀၀၈၊ နိုဝင်ဘာ၊ ၁၇ ရက်၊
မြန်မာသစ်မဂ္ဂဇင်း။
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, March 14, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၂၆)

ရထားပေါ်ကလူများ-၉

ကျွန်တော်တို့ ပုဂံဘူတာရောက်တော့ ၈ နာရီသာသာ။ ရထားက ည ၉ နာရီထွက်မည်။
ပုဂံဘူတာကနေ တောင်ဇင်း၊ ငါမင်းမေး၊ ကျောက်ပန်းတောင်း၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းကြီး၊ ဆတ်သွား ကနေ နေပြည်တော် ပျဉ်းမနားမှ မန္တလေးထွက်ခွာသော ရထားလိုင်းက တစ်လိုင်း။ နေပြည်တော် ပျဉ်းမနားကနေ ရန်ကုန် ထွက်ခွာသော တစ်လိုင်းရှိသည်။ နောက်တစ်လိုင်းက ပုဂံ၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊ အောင်လံ၊ ရွှေတံခါးကနေ ပြည် ရန်ရထားလမ်းပိုင်းကို ပုတီးကုန်း မှာ ချိုးကွေ့ပြီးပေါင်းတည်၊ နတ္တလင်း၊ ဇီးကုန်း၊ ကြိုးပင်ကောက်၊ လက်ပံတန်း၊ သာယာဝတီ၊ တိုက်ကြီးလမ်း အတိုင်း ရန်ကန်လမ်းပိုင်းတစ်ကြောင်းရှိသည်။ ပုဂံ မန္တလေးလိုင်းက နေ့စဉ်ရှိသည်ဟု ဆိုသည်။ ပုဂံနေပြည်တော် ပျဉ်းမနားရန်ကုန်နှင့် ပုဂံပုတီးကုန်း၊ နတ္တလင်းမှသည် ပြည်လမ်းအတိုင်း ရန်ကုန် တို့မှာ တစ်ရက်ခြားပြေးဆွဲသတဲ့။
ကျွန်တော် တို့ စီးရမည့် ရထားက ပု၈ံမျ ပုတီးကုန်းလမ်းပိုင်းမှထွက်မည့် ရန်ကုန်လိုင်းဖြစ်သည်။

ဟိုယခင်တုန်းက သည်ရထားကို ကြေးနီရထားဟုခေါ်သည်။ ပုဂံအထိမရောက်၊ နေပြည်တော်ပျဉ်းမနားက ၀င်လာပြီး ကျောက်ပန်းတောင်းအလွန် ကြေးနီအထိသာရောက်သည်။ ယခု နောက်ပိုင်းမှ ပုဂံအထိ ဖောက် လုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ပုဂံမှ ပုတီးကုန်းကိုကွေ့ဝင်သော ပြည်ရန်ကုန်လမ်းပိုင်းမှာလည်း ယခု နောက်ပိုင်း မှ ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ကျွန်တော် လူငယ်အသက် ၂၀ အရွယ်လောက်က ဖတ်ခဲ့ရပြီး စွဲလန်းခဲ့သော နွေတညမှ ခင်ဝေတို့ မသိန်းရှင် ဆီပို့ပေးပါမှ ညိုညိုတို့၏ လွမ်းမောဖွယ်ရာ ရထားလမ်းပိုင်းဖြစ်သည်။ အဲသည် ၀တ္ထုတွေဖတ်ပြီး ကတည်းက ကျောက်ပန်းတောင်း၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းကြီးစသည့် သည်ရထားလမ်းကို စွဲလန်း နေခဲ့ပါသည်။ မြင်ချင်တွေ့ချင် ရောက်ဖူးချင်သည့် ချဉ်ခြင်းကြီးရှိနေခဲ့ပါသည်။ သို့ပေမယ့် မရောက်ဖြစ်ခဲ့။

ယခုပထမဆုံးနှစ်ပေါင်း ၃၀ ကျော် ကြာပြီးမှ ငယ်ဘ၀ချဉ်ခြင်းကြီးရှိရာ ရောက်ရှိလာပါသည်။ ဒါလည်း မိတ်ဆွေ ဦးသောင်းဝင်း မှ သူလှူမည့် သူ့ရွာအလှူ၊ ပခုက္ကူမြစ်ခြေ၊ ညောင်နီပင်သို့ အတင်းခေါ်သဖြင့် ပါလာခဲ့ကာ ယခု အပြန်တွင် ပုဂံမှပို့ဆောင်ခြင်းဖြစ်သည်။ ရေငတ်သူရေတွင်းထဲကျသည့်ကိန်းဆိုင်ခဲ့လေ သည်။
ခင်ဝေတို့ ညိုညိုတို့ ယခုထိရှိနေကြသေးရဲ့လား။
ရှိနေခဲ့သေးလျှင်လည်း ဘယ်လောက်ပြောင်းလဲသွားကြပြီလဲ။ ကျွန်တော်သည် ပုဂံဘူတာ ရောက်ပြီးနောက် ကြိုတင်မှန်းဆကာ ရင်ခုန်နေခဲ့သည်။
ရှေးဟောင်း နှင့် ခေတ်ပေါ် ဗိသုကာ ရောယှက်ထားသော ပုဂံဘုတာရုံက တန်ဆောင်မုန်းလပြည့်ကျော် လရောင် အောက်တွင် ငိုက်မြည်းလို့နေသည်။ ဘူတာစင်္ကြန်ရှိ ပလက်စတစ်ထိုင်ခုံတွေမှာ မန္တလေး သွားမည့် ခရီးသည်တွေနှင့် စည်ကားနေသည်။

မန္တလေးခိုင်းပိုင် ရထားက ဦးစွာတွဲထိုးကာ အရငထွက်ခွာသွားသည်။ ည ၈း၄၅ နာရီမှာ ကျွန်တော်တို့ စီးနင်း ရမည့်ရထားစင်္ကြန်လမ်းထဲ ၀င်ရောက်လာ၏။ ကျွန်တော်တို့ အလှူပြန်အုပ်စုက လူ ၁၀ ယောက်ခန့် ရှိမည်။ ဖယောင်းတိုင်တွေ ၀ယ်ထားကြနော်ဟု ရထားပေါ်အတက်တွင် တစ်ယောက်ယောက်က သတိပေး တာ ကြားလိုက်ရသည်။
ကျွန်တော်တို့ရထားတွဲပေါ်တက်နေရာယူစဉ်ကပဲ တွဲအတွင်းမှာ ဖယောင်းတိုင်အချို့ ထွန်းထားတာတွေ့ရ သည်။ ရထားထွက်လာပြီး အရှိန်ကလေးရလာတော့ ဖယောင်းတိုင်မီးများ ပျောက်ကွယ်သွားသည်။ သည် တော့မှ လပြည့်ကျော် လရောင်ခြည်က ရထားတွဲအတွင်းသို့ ပြတင်းပေါက်မှတစ်ဆင့် ခုန်ဆင်းလာခဲ့သည်။ အမှောင်ချ ထားသော ရထားက လရောင်အောက်မှာ တရွေ့ရွေ့။
ကျွန်တော်သည် ပြတင်းပေါက်မှတဆင့် တမာပင် ကန္တာရပင် တဇောင်းလက်ပတ် ဆူးခြုံပုတ် ကလေး များနှင့် အိမ်ရိပ်ဝိုးတ၀ါးလရောင်အောက်က အညာရှုခင်းကို တစ်ဝတစ်မေ့ကြီး ငေးမောနေခဲ့မိသည်။ ရထား က လှုပ်ရုံကလေးသွားနေခဲ့သည်။

ပြည်ရန်ကုန်လမ်းကြော ပုတီးကုန်းသို့မရောက်မီ တစ်လျှောက်လုံး တစ်ညနှင့်တစ်နေ့၊ ပေါင်း ၁၆ နာရီလောက် သည်လိုပဲ တလှုပ်လှုပ် တရွေ့ရွေ့သာ ရထားက လမ်းလျှောက်နေခဲ့သည်။ လမ်းတွေ ကလည်း မြေနီကွင်းပြင် တမျှော်တခေါ်ထဲ ဖြတ်ဖောက်ထားရာ အနိမ့်အမြင့် လှိုင်းထနေ သေးသည်။

ခေါင်းတွဲကတော့ ဒီဇယ်စက်ခေါင်းတွဲဖြစ်သည်။ ခင်ဝေတို့ညိုညိုတို့ခေတ်ကတော့ ရေနွေးငွေ့နှင့်မောင်းနှင် သော ရထားခေါင်းတွဲ ဖြစ်မည်ထင်ပါသည်။
ပုဂံဘူတာက စတင်ခြေလှမ်းထွက်စကတော့ ရထားတွဲထဲမှာ ချောင်ချောင်ချိချိပင်။ ကျောက်ပန်းတောင်း ရောက်ခါနီးတော့ ပြတင်းတံခါးတွေ ပိတ်ထားဟု တစ်စုံတစ်ယောက်က သတိပေးလိုက်သည်။ ကုန်တွေလူ တွေ ပြတင်းပေါက်က ခုန်တက်လာလိမ့်မည်ဟုဆိုသည်။ သို့တိုင် ကျောက်ပန်းတောင်းရောက်တော့ လူတွေ ကုန်တွေ တက်လာပါရဲ့၊ ပြောသလောက်တော့မဟုတ်။ သို့တိုင်-နတ်မောက်ဘူတာမရောက်မီ ကြား ဘူတာလေးများမှာတော့ ကုန်တွေ ခရီးသည်တွေတက်လာလိုက်သည်မှာ ခြေချစရာပင်မရှိတော့။ ရထားတွဲထဲမျာ မှောင်နှင့်မည်းမည်း ဆူဆူညံညံ။ ပြတင်းတံခါးကို တအုံးအုံးထုကာ အတင်း ဖွင့်ခိုင်း နေသည်။ ခရမ်းချဉ်သီး သေတ္တာတွေ ပဲတောင်းတွေ။ ထန်းလျက်ပါချင်ပါနိုင်သော်လည်း အဓိက တွဲလမ်းကြား နေရာယူထားသည်က ခရမ်းချဉ်သေတ္တာတွေ။ ဓာတ်မီးရောင်တ၀င်းဝင်း၊ အသံတွေ ပေါက်ကွဲ။ ဖရောင်းတိုင်မီးလေးတွေ လင်းလက်လာသည်။ လူသွားလမ်းကြား၊ ထိုင်ခုံတွေကြား ကုန်ပစ္စည်း တွေ လူတွေ။ သက်ရှိသက်မဲ့တွေ ရောထွေးနေပုံများ။ ဘယ်နားမှာလဲခင်ဝေ ဘယ်မျာလဲညိုညို။

ကျွန်တော်စိတ်ကူးတွေနှင့် ရှာဖွေနေမိဆဲ ညိုညိုတို့ ခင်ဝေတို့၏ အငွေ့အသက်ကို ရရှိလာနေသလိုပင်။ ညသန်းခေါင် ကျော်နှစ်ချက်တီးခန့်တွင် "သာမြား" ဆိုသော ဘူတာလေးသို့ ရထားဆိုက်ပါသည်။ နတ်မောက် တော့ လွန်လာခဲ့ပြီ။ အဲသည် "သာမြား" ဘူတာလေးမှ ကျွန်တော် ရှာဖွေနေသော ညိုညိုတို့ ခင်ဝေ တို့ ရထားတွဲပေါ်တက်လာလေသည်။

သတို့အားလုံးပေါင်း အယောက် ၄၀ လောက်ရှိမည်။ အများစုက မိန်းကလေးတွေ။ ၁၅၊ ၁၆၊ ၁၈၊ ၂၀ ၀န်းကျင် အရွယ်တွေ။ ယောက်ျားလေး သုံးယောက်ပဲပါသည်ဟု နောက်တွင် သိရသည်။ သူတို့ အပျိုဖျန်း နှင့် အပျိုဖားဖားတွေကို အသက် ၃၅-၄၀ လောက် အမျိုးသမီးကဦးဆောင်လာသည်ဟုဆိုသည်။ တစ်ချို့ ပုဆိုး ဟောင်း၊ တစ်ချို့အိတ်ဟောင်းလေးလွယ်လို့၊ တစ်ချို့က သားရေအိတ်။
သူတို့ တက်လာပြီးနောက် တွဲလမ်းကြား၊ ခုံကြားတို့တွင် တိုးဝှေ့နေရာယူကြသည်။ တစ်ချို့က မတ်တတ်။ ခေါ်သံအော်သံ တွေ ပထမဝေစီဆူညံနေခဲ့သေးသည်။ ကျွန်တော်တို့လည်း ခရီးသွားချင်း ကိုယ်ချင်းစာ စိတ် တွေ ဖြစ်ပေါ်လျက် (ကျွန်တော်တို့က ခုံနံပါတ်ပါသော လက်မှတ်တွေ ရခဲ့ကြသည်။ နှစ်ယောက်ထိုင်ခုံ ကို တတ်နိုင်သမျှ ကျုံ့ပေးပြီး သူတို့လေးတွေကို နေရာပေးကြပါသည်။ နှစ်ယောက်ထိုင်ခုံ မှာ သုံးယောက် ဖြစ်သွားသည်။ တစ်ချို့က လက်တင်တန်းပေါ်မှာထိုင်ကြသည်။

ကျွန်တော်တို့လည်း သူတို့ကို နေရာပေးရင်း၊ ကျီစယ်ရင်းသူတို့လေးတွေနှင့် အတန်ငယ်ရင်းနှီးလာပါသည်။ သည်တော့ မှ ကျွန်တော်က အလာပသလာပပြောရင်း သူတို့လေးတွေဘ၀ကို စူးစမ်းမိသည်။
" ညည်းတို့က ဘယ်ကလာတာလဲ .... "
အသားညိုညို ပိန်ပိန်ပါးပါးကလေးမလေးက "ဟင်"တဲ့။ ချက်ခြင်းကျွန်တော် မေးတာကို နားလည်ဟန် မတူ။ သို့မဟုတ် ကြားလိုက်ဟန်မတူ။ ကျွန်တော်နှင့် မျက်နှာချင်းဆိုင်ခုံမှ မိတ်ဆွေကိုဝင်းကြိုင်က ၀င်ထောက် ပေး သည်။

" ဘယ်ရွာကလာကြတာလဲလို့ မေးနေတာ "
မြန်မာစကားကို မြန်မာစကားပြန်က ပြန်ပေးမှ
" စမ်းကုန်း ကလာတာ ... "
" အားလုံး စမ်းကုန်းရွာ ကပဲလား .... "
" ဟုတ် တယ် ... "
" သြ ... "
ကလေးမမှာ ၁၇၊ ၁၈ လောက်ပဲရှိဦးမည်။ သူတို့ဒေသလေသံကိုမိအောင် ကျွန်တော် ရေးမပြတတ်ပါ။ လေသံ က အာခံတွင်းမှ ဆောင့်တွန်းထွက်လာသည့်အသံမျိုး။
" နာမည် ဘယ်လိုခေါ်ကြလဲ .... "

အနီးရှိ မိန်းကလေးများ၏ အမည်များကို သူက သန်းစိန်၊ သူက ခင်ဝင်း၊ သူက မြင့်ကြည် စသည်ဖြင့် ပြောပါ သည်။ ပြီးတော့ ရယ်ကြ၏။
" ဘယ်သွားကြမှာတုန်း" ဆိုတော့
" ထောက်ကြံ့တိုင်း ကို" တဲ့။ ထောက်ကြံ့တိုင်း ဘယ်မှာရှိတယ် ကျွန်တော်မသိ။ တစ်ယောက်က ၀င် ထောက်သည်။ သူ့ကြည့်ရတာ ၁၅၊ ၁၆ ထင်ရ၏။ မေးကြည့်တော့ ၂၀ တဲ့။ အတော်ညှက်လေသည်။
" မဟုတ်ဘူး" "မုံညင်းရိုး ထိသွားမျာ .... "
" ဟုတ်လား၊ ထောက်ကြံ့တိုင်း ဆိုတာက .... "
" အဲဒါ ဘူတာ။ အဲသည်ကဆင်းပြီး တစ်နေသွားရမယ်။ အဲ့တော့မှ မုံညင်းရိုးရောက်မှာ "
"တစ်နေဆိုတာက "
" ရော တစ်နေဆိုတာက အဲဒီကသွားရော၊ ဟိုကို ညခင်းမှ ရောက်မှာ .... "
" သြ ... ဘာသွားလုပ်ကြမှာတုန်း ညည်းတို့က။ အကုန်သွားကြမှာလား။ နေပါဦး ညည်းတို့အဖွဲ့က ဘယ်နှစ်ယောက် ပါလဲ .... "

ကျွန်တော် သိချင်စိတ်လောဘကြီးလာသည်။ ရထားကတော့ ညခင်းထဲမှာ တလှုပ်လှုပ်။ ပြတင်းတံခါးတွေ ပိတ်ထားရသည်။ အေးစက်တဲ့ အညာဆောင်းက အရိုးထဲထိ ၀င်လာသလိုပင်။ သို့တိုင် မှောင်ပျပျ ရထားတွဲ တစ်ခုလုံး လူတွေနှင့် ပြည့်သိပ်နေတော့ ကိုယ်ငွေ့အနွေးဓာတ်တွေက အအေးဓာတ်ကို အံတု နေသည်။ လရောင်ခြည်က ၇ထားတွဲထဲ တောက်လျှောက်ပါလာ၏။
" မုံညှင်းရိုး မှာ လယ်သွားစိုက်မှာ အကုန်သွားမှာ .... "
" ညည်းတို့ မိန်းကလေးတွေချည်းလား .... "
" ဟုတ်ဘူး။ ငထွန်းတို့သုံးယောက်ပါတယ်။ အမကြီးမ၀င်းပါတယ်။ သူက ခေါင်သူကြီး ခေါင်သူကြီးပဲ။ အပျိုကြီး လေ ဟီး ... ဟီး .... "
ဝိုင်းရယ်ကြသည်။ ကောင်မလေးနော်ဟု ဟိုဘက်နှစ်ခုံကျော်အမှောင်တွင်းက လှမ်းဟန့်သံတစ်သံထွက်လာ၏။

" စပါးသွားစိုက်တော့ တစ်ရက်ဘယ်လောက်ရတုန်း။ ဒါမှမဟုတ် စပါးပေးလား။ ဘယ်လိုပေးလဲ .... "
" ကလေးမ သူကစာရေးဆရာ၊ ညည်းတို့အကြောင်းကို ရေးမလို့ မေးနေတာ " မိတ်ဆွေ ကိုဝင်းကြိုင်က အတည်ပေါက် ၀င်နောက်သည်။
" စာရေးဆရာလား။ ကျုပ်တို့အကြောင်းရေးပြီး ဗီဒီယိုရိုက်မှာလား "
" ရိုက်မှာပေါ့ " ဟု ကိုဝင်းကြိုင်က ၀င်နောက်ပြန်သည်။

" ညည်းတို့ရွာမှာ ဗီဒီယိုရုံရှိလား ... "
" ရှိတာပေါ့"
" လျှပ်စစ်မီးရှိလား ... "
" မီးစက်နဲ့ ပြတာ ... "
" မင်းသားထဲက ဘယ်သူ့ကြိုက်လဲ ... "
" ဟီး ...ဟီး   နေမျိုးအောင်၊ သူက ခန့်စည်သူ။ ဟိုကောင်မက နေထက်လင်း အသည်းစွဲ ... "
" ကျုပ်လဲ နေမျိုးအောင်ပါနော် ... "
တစ်ယောက်က ၀င်ပြောရင်းရယ်သည်။ သန်းစိန်ညည်းက ခန့်စည်သူကို ကြိုက်တာမဟုတ်လားဟု ဆက်ပြောတော့ ၀ိုင်းရယ်ကြသည်။ ရယ်သံနောက်ပြောင်သံများနှင့် ရထားတွဲထဲက ညခင်းလေးမှာ ပျော်ရွှင် စရာ မွှေးပျံ့လန်းဆန်းနေပါသည်။ ရိုးသားပွင့်လင်းမှုက ရထားတွဲထဲမှာ လင်းချင်းနေပါသည်။ ကျေးလက် ရနံ့ ကို ရထားတွဲပေါ်တင်လာနိုင်ခဲ့သူများ။

" ညည်းတို့ရွာမှာ ဘာလုပ်ကြသလဲ။ အဲဒီမှာ ကိုင်းအလုပ်တွေဘာတွေ မရှိဘူးလား ... "
" ရှိတယ်။ ရှားတယ်။ အလုပ်ကနည်းပါပြီး လူတွေကများတယ်။ ကျုပ်တို့ရှမ်းပြည်နယ်သွားပြီး လက်ဘက် တောင်ခူးတယ်။ စားတာနဲ့ လမ်းစရိတ်သိပ်မကာမိဘူး။ ဦးကြီးက ဘာစာတွေရေးထာလဲ ... "
" အခု စပါးသွားစိုက်တော့ ဘယ်လောက်ရလဲ။ စားတော့ရော လယ်ရှင်ကကျွေးလား ... "
" ထမင်းစုချက်ကြတယ်။ လယ်ရှင် က ဟင်းပေးတယ်။ တစ်ရက်ကို အရင်က တစ်ထောင်၊ ထောင့်နှစ်ရာ လောက် ရတယ် "
" တစ်ယောက်ကိုလား "
" ဟုတ်လား "
" ညည်းတို့အခုသွားရင် ဘယ်လောက်ကြာမလဲ "
ပြောတတ်ဘူး။ တစ်လ တစ်လခွဲ နှစ်လလောက်ကြာမလားပဲ "
" ဒါဆို ရည်းစား က လွမ်းနေမှာပေါ့ ... "
" ကျုပ်က ရည်းစားမရှိဘူးတော်၊ သူ ... သူ ခင်ဝင်းက ရှိတယ် ... "
" ကောင်မ ဘာတွေလျှောက်ပြော၊ မဟုတ်က ဟုတ်က။ သူမှရှိတာ ဦးကြီး။ သူ့မှာရှိတယ် ... "

သူတို့တွေ တစ်ယောက်နှင့် တစ်ယောက်ငြင်းခုန်နေသည်ကို ကြည့်ရတာ ချစ်စရာကောင်းနေပါသည်။ ကလေးလေးတွေနှင့် တူနေသလား။ သူတို့ကလေးလေးတွေတော့ မဟုတ်တော့။ သူတို့တွေ ဘယ်အရွယ် ကတည်းက မိသားစုဘ၀ထဲ ၀င်ရောက်ကူညီဝမ်းကြောင်းနေခဲ့ရသလဲ။ စာသင်ခဲ့ကြရရဲ့လား။ ခင်ဝေ၏ ကလေး ဆန်ပုံ။ ညိုညို၏ ထန်းလျက်မှောင်ခိုကုန်သည်ဘ၀ စွန့်စားခန်းများကို သတိရနေမိသည်။ ကျွန်တော့် စိတ်အာရုံထဲ ကျွန်တော့် ဘေးပတ်ပတ်လည်တွင် ခင်ဝေတွေ ညိုညိုတွေ ၀န်းရံနေသည်ဟု ထင်လာ ပါသည်။
တောင်တွင်းကြီး၊ ဆတ်သွား၊ ချောင်းကောက်ရိုးပင် ဘယ်နေရာကြည့်ကြည့် ကန္တာရပင်ပုလေးတွေနှင့် မြေနီကွင်းပြင် တမျှော်တခေါ်။ ရထားကလမ်းလျှောက်နေဆဲ။ တချို့နေရာ ရထားသံလမ်းပေါ် မြေပြိုကျ ဖုံးလွှမ်း နေ၏။ လုပ်သားတစ်ယောက် နှစ်ယောက် လမ်းရှင်းမြေဖယ်နေတာတွေ့ရသည်။ သည်လမ်းကြောင်း တွင် ဘူတာကြဲပါးဝေးကွာလွန်းသည်။

မိုးလင်းကတည်းက ဘာမျှမစားရသေး။ အောင်လံဘူတာရောက်တော့ မနက် ၉ နာရီ ၁၅ မိနစ်ရှိနေပြီ။ အဲသည်ကျမျ မနက်အစောစာရော၊ နေ့လည်စာပါ ပေါင်းစားရသည်။ ညိုညိုတို့ ခင်ဝေတို့ ရထားပေါ်က ဆင်းတာမတွေ့။ လမ်းမှာရေသန့်ဗူးနှင့် ကျွန်တော်တို့ ရေသောက်ကြတော့ သူတို့ကိုပေးသောက်သည်။ ခေါင်းခါ ငြင်းပယ်ကြ၏။ သူတို့မှာ ရေပါတာမတွေ့။ ရေသောက်ပုံမရ။ ကျွန်တော်တို့ အစာအိမ်တွေ တကျုတ်ကျုတ်မြည်ပြီး ဆာလောင်နေကာ အောင်လံမှာ အပြေးအလွှားထမင်းဆင်းစားတော့လည်း သူတို့ တွေစား တာမတွေ့ရ။
" ဟင် ... ညည်းတို့ဘာမှလည်း မစားဘူး။ ရေလည်း မသောက်ဘူး။ ဘာလို့လဲ .... "
ဆိုတော့ ဘာမှပြန်မပြောပါ။ တစ်ယောက်နှင့်တစ်ယောက် ကျီးကြည့်ကြောင်ကြည့်။ ကျွန်တော်လည်း ဘာမှ ဆက်မပြောတတ်တော့ပါ။

" ညည်းတို့ ရောက်ခါနီးပြီလား "
" ရှေ့မှာ ထောက်ကြံ့တိုင်း ရောက်တော့မယ် "
" အော် အဲဒီမှာနားပြီး စားပြီးမှ ဆက်သွားကြမှာပေါ့ "
" မဟုတ်ဘူး။ ကျုပ်တို့က နေသန်တုန်း ရေတောက်လျှောက်သွားရမှာ။

နေသန်တုန်း ရေတောက်လျှောက်သွားရမှာ။ ပထမတော့ စကားလုံးတွေကို ကျွန်တော့်မှာ နားမလည်နိုင်။ တဖြည်းဖြည်းစဉ်းစားကြည့်တော့မှ နေရောင်ကောင်းကောင်း ရှိနေတုန်း ပေါများသည့် ချောင်းတွေ မြောင်း တွေကို တောက်လျှောက်ဖြတ်သန်းသွားရမည်ဖြစ်ကြောင်းသိလာရသည်။ တချို့ချောင်းရိုး များသည် ရေစီးသန်လွန်းသဖြင့် လူတွေတန်းစီလက်ချင်းချိတ်ကာ သွားရသည်ဟု ဆိုသည်။
ထောက်ကြံ့တိုင်း ဆိုသည့် ဘူတာကလေးရောက်တော့ သူတို့လေးတွေ တဘက်တွေပေါင်း၊ ပုဝါတွေပေါင်း၊ ပုဆိုးဟောင်း ခေါင်းမှာပေါင်းပြီး လွယ်အိတ်လေးတွေလွယ် ကသုတ်ကယက်ဆင်းသွားကြ၏။
ကျွန်တော်တို့ ကိုပင် လက်ပြနှုတ်ဆက်မသွားနိုင်ကြ။

၂၀၀၈၊ ဇူလိုင်လ၊ ၂၇ ရက်၊
မြန်မာသစ်မဂ္ဂဇင်း။
မှတ်ချက်။   ၂၀၀၅ ခုနှစ် နိုဝင်ဘာလလည်က သွားရောက်ခဲ့သော ပခုက္ကူ၊ ကမ္မ၊ မြစ်ခြေ၊ 
ပုဂံခရီးအမှတ် တရ။
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, March 13, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၂၅)

ရထားပေါ်ကလူများ - ၈

ရထားတွဲထဲတွင် မိခင်နှင့် ဆယ်ကျော်သက်ရွယ် မိန်းကလေးတို့ အော်ကြီးဟစ်ကျယ် ရန်ဖြစ်သံက တစ်တွဲလုံး ယူငင်သွားလေသည်။ မိခင်နှင့် ဆယ်ကျော်သက်ရွယ် မိန်းကလေးမှာ ရထားတွဲဘေးခုံတန်းများ တစ်ဖက် တစ်ချက် တွင် ရှိပါသည်။ စူးရှသော အသံတွေနှင့်အတူ အပူငွေ့များက လှိုင်းထနေသည်။
" ညည်းမပြောနဲ့ ညည်းမပြောနဲ့ ညည်းကို ငါမွေးလာတာ။ ပြောစရာရှိပြောရမှာပဲ။ ကောင်မအရွယ်ကလေး ရလာလို့ ဂျို(ချို) ထလာတယ်ပေါ့လေ "
" ပြောမှာပဲ အမေပြောတာမဟုတ်ရင် ပြောမှာပဲ။ ကျုပ်ကို မတရားပြောရင် ပြောမှာပဲ ... ဟီး ... ဟီး"
ကလေးမ မှာ အော်ဟစ်ရင်း ငိုချလိုက်ပါတယ်။ မိခင်က စိတ်မရှည်နိုင်တော့သလို ထိုင်ရာမှထလာပြီး မိန်းကလေး ကျောကုန်းကို တအုန်းအုန်းထုရိုက်လိုက်သည်။

" အမေ ကျုပ်ကိုမရိုက်နဲ့ မရိုက်နဲ့"
" ရိုက်မှာပဲ အံမယ်၊ ညည်းကို ကလေးထဲက ရိုက်လာတာ ရိုက်မှာပဲ။ ပြောမရရင် ရိုက်မှာပဲ၊ ကဲဟာ ကဲဟာ" တအုန်းအုန်းထုရိုက်ပြန်သည်။
" မငိုနဲ့ ... ကျက်သရေမရှိ ကျက်သရေမရှိ၊ အရှက်ကို မရှိဘူး"
ရထားက မထွက်နိုင်သေး။ ဒီမိခင်နှင့် မိန်းကလေးတို့ကြားမှာ ဘယ်လိုဒေါသပွား၊ စကားများစရာ ရှိနေ သလဲ။ မိန်းကလေးက သူရှာဖွေလုပ်ကိုင်ရလာသည့်ငွေကို အပြည့်အ၀ မိခင်အား ပြန်မပေးခဲ့လို့လား။ ဒီလမ်းမသွားနဲ့ ဆိုတာကို ဒီလမ်းသွားခဲပသလား။ ဒီလူနှင့် မခေါ်မပြောနဲ့ဆိုတာကို ခေါ်ပြောခဲ့လို့လား။ မိခင်၏ အမှားအယွင်း တစ်ခုခုကိုများ သမီးက အပြစ်ပြောခဲ့လို့လား။ လား ... လား ... လား။ မိခင်နှင့် မိန်းကလေး ရထားတွဲပေါ် ခရီးသည်တွေကြား အော်ကြီးဟစ်ကျယ် ရန်ပွားသည့် စကားလုံးကြမ်းကြမ်း တွေထဲမှာ ကျွန်တော် အဓိပ္ပာယ် ရှာဖွေမရရှိနေပါသည်။

ကျွန်တော်သည် ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်သည်။ အပြင်မှာလည်း အပူလှိုင်းတွေ လွင့်ပျံ နေသည်။ ခရီးသည်တချို့ စင်္ကြန်ခုံဝိုင်းမှာ ထိုင်လိုထိုင်၊ မိုးတိုးမတ်တပ်ရပ်လိုရပ်၊ အင်္ကျီဖြူ ဘောင်းဘီပြာဝတ် လက်မှတ်စစ်တချို့၊ အင်္ကျီအစိမ်း၊ ဘောင်းဘီအစိမ်းဝတ် စစ်သားတစ်ချို့။ စင်္ကြခေါင်မိုး က နာရီဝိုင်းကြီးမှ လက်တံတစ်ချက် အရွေ့မှာ ခရာမှုတ်သံကြားလိုက်ရပြီး၊ ခရီးသည်တချို့ ရထားပေါ်သို့ အပြေးကလေး တက်သူတက်လာလေသည်။ ခဏအကြာတွင် ရထားကြီးသည် ပျင်းရိ ပျင်းတွဲ ဥသြရှည် တစ်ချက် ဆွဲကာ စတင်ထွက်ခွာသည်။
ရထားပေါ်မှ မိခင်နှင့် သမီးတို့၏ ရန်ပွဲလည်း ပြတင်းပေါက်များမှ ၀င်လာသော ပြင်ပလေအေးနှင့်အတူ ငြိမ်းသက် သွားလေပြီ။

ကျွန်တော်သည် ထိုအခိုက် နိုင်ဝင်းဆွေ၏ ညိုညိုကို သတိရလာလေသည်။ ညိုညိုနှင့် လက်မှတ်စစ် ကိုရင်မောင် တို့ စတင်ဆုံတွေ့တော့ ညိုညိုမှာ အစောကမိခင်နှင့် အော်ကြီးဟစ်ကျယ် ရန်ပွားခဲ့သော မိန်းကလေး လို ဆယ်ကျော်သက်ရွယ်ပဲ ရှိခဲ့သေးသည်။ ညိုညိုသည် မြို့လုလင်ဘူတာလေးသို့ ရထားရပ်လျှင် ကိုရင်မောင်ရပ်နေရာတွဲဝသို့ ကုန်စိမ်းတောင်းများကို ထိုးတင်လိုက်သည်။ ရထားထွက်ခွာ လာလျှင် ညိုညိုနှင့် ကိုရင်မောင်သည် တွဲဝ၌မျက်နှာချင်းဆိုင် ယှဉ်ရပ်နေမိရင်း ညိုညိုသည် မျက်နှာ  တစ်ပြင်လုံး ထူပိန်းလာကာ ရင်ခုန်နေမိသလို ကိုရင်မောင်လည်း စကားဆွံ့အနေတတ်ပြန်သည်။

ကြည့်မြင်တိုင်ဘူတာလွန်ပြီး ပန်းလှိုင်ဘူတာသို့ ရထားဆိုက်သောအခါ ဆင်းသူတက်သူများဖြင့် ရှုပ်ယှက် ခတ် သွားသည်။ ကျွန်တော့် အာရုံထဲမှ ညိုညိုလည်း ထွက်ပြေးသွားသည်။
" ဟင် ဦးလေး ဘယ်က ပြန်လာသလဲ "
ကျွန်တော် ထိုင်နေရာရှေ့သို့ လူငယ်တစ်ယောက်လာရပ်ပြီး နှုတ်ဆက်လိုက်သဖြင့် ကျွန်တော် မော့ကြည့်မိ သည်။ ဂျင်းဘောင်းဘီ၊ စပို့ရှပ်အနက်၊ ဆံပင်နီအကြောင်ထောင်ထောင် နားကပ်တစ်ဖက်၊ ပိန်ပိန်သွယ်သွယ် လူငယ်တစ်ယောက်။ ကျွန်တော့် မှတ်ဥာဏ်တွေ ယုတ်လျော့သွားနေသဖြင့် လူငယ်ကို ချက်ချင်းမမှတ်မိ။ နောက်မှ စကားပြောရင်း ကျွန်တော့်သားငယ်နှင့် သိကျွမ်းသူ။ သူ့ဖခင်က အရာထမ်း၊ ဒီကလေး ကျွန်တော့်အိမ်ကို သားနှင့်တစ်ခေါက်နှစ်ခေါက် ရောက်ဖူးသူဆိုတာ ပြန်အူမှတ်ရလာသည်။ ဒီလူငယ် က ဆယ်တန်းကို အခါခါကျနေတာ ပေါ့ပေါ့ပါးပါး (ပေါ်ကြော့)  နေထိုင်တတ်သူဆိုတာလည်း မှတ် မိလာသည်။ ပိုက်တန်းခြင်း ခတ်မည်၊ (ခြင်းခတ်ရင်း သားနှင့် သိကျွမ်းလာသည်။) ဘောလုံးကန်မည်၊ လက်ဖက်ရည် ဆိုင်ထိုင်မည်။ ဘောလုံးပွဲကြည့် ဘောလံးပွဲလောင်းမည်။

" ငါ မြို့ထဲက ပြန်လာတာ၊ မင်းရော ဘယ်ကတက်လာတာလဲ "
" ဒီ ပန်းလှိုင်ဘူတာက "
" သြော် အေး မင်းခုဘာလုပ်နေလဲ "
" ဦးသားရော အိမ်မှာလား "
မေးခွန်းနှစ်ခုက တစ်ထပ်တည်းကျသွားသဖြင့် ကျွန်တော်က အရင်ဖြေပေးလိုက်သည်။ ခရီးသည်တွေ ဈေးသည်တွေ ၏ စကားသံ၊ အော်သံတွေကလည်း ကျွန်တော်တို့ စကားသံတွေကို တိုးတိုက်ဖုံးလွှမ်းသွား ပြန်သည်။ စကားမပြောမိကြ။ သူငယ်က ကျွန်တော့်ရှေ့ကမခွာသေး။ ဘူတာစဉ်နှစ်ခုလောက် အကျော်မှာ တော့ လူငယ် (သူ့အမည်ကို ကျွန်တော်မေ့လျော့နေ သို့မဟုတ် မသိပါ) က ကျွန်တော့်ဘေးထိုင်ခုံတွင် တင်ပါး တစ်နေရာစာ ရရှိသွားပါသည်။ လူငယ်က ကျွန်တော့်သားအကြောင်း မေးနေပြန်သည်။ သူတို့ မတွေ့ ကြတာကြာပြီဟု ဆိုသည်။

" ကျွန်တော် အခုအဲဒီမှာ မနေတော့ဘူး "
" မင်း အဖေတွေ ပြောင်းသွားပြီလား "
" မဟုတ်ဘူး ဖေဖေတို့က အဲဒီမှာပဲ၊ ကျွန်တော်က မိန်းမရလို့ အုတ်ဖိုရွာလေးမှာ အိမ်ငှားနေတယ်။ အိမ်က တစ်လ တစ်သောင်း။ လုံးချင်းလေးပါ။ အိမ်ရှင်အဘိုးကြီး။ အဘွားကြီးကလည်း သဘောကောင်းတယ်။ ကျွန်တော် တို့ လင်မယားထမင်းစားဖို့ စားပွဲဝိုင်းလေးရော။ ဒယ်အိုးဒန်အိုးလေးတေါရော ပေးထားတယ်။ သူတို့က သားသမီးမရှိဘူးလေ။ သူတို့ခြံထဲမှာ ပိုနေတဲ့ အိမ်လေးတစ်လုံး ငှားထားတာ။ ပျဉ်ခင်းထရံကာ ဓနိမိုး ပေါ့ဦးရယ်။ လင်မယားနှစ်ယောက် နေလောက်ပါတယ်။ ဦး သားမသိသေးဘူး။ လာလည်ဦးလို့ ပြော လိုက်ပါ"
" အေး အေး ... မင်းမိန်းမ ရတာ ကြာပြီလား "
" တစ်နှစ်လောက်ရှိပြီ၊ ဒါပေမယ့် လက်မထပ်ရသေးပါဘူး ဦးလေးရာ"
" ဟေ " ကျွန်တော် အံ့သြသွားသည်။ ထူးဆန်းတာလား။ ခေတ်မီတာလား။ ကျွန်တော် မခွဲခြားတတ်။ ဒီနေ့ လူငယ်တွေကို ကျွန်တော် လိုက်မမီဘူး ထင်သည်။

" ကလေးတွေ ဘာတွေရော ရပြီလား "
" ဟင့်အင်း မရသေးဘူး ဦးလေး "
" မင်းက အခုဘာလုပ်လဲ၊ အလုပ်ကိုပြောတာ မိန်းမရတော့လေ "
" ကျွန်တော် အလုံဆိပ်ကမ်းမှာ ကုန်ထမ်းနေတယ် "
" ဟေ " ကျွန်တော် အံ့သြရပြန်သည်။ ဒီသူငယ်က ပိန်ပိန်သွယ်သွယ်ရယ်။ ခုအရွယ်ထိ (အသက်အစိတ်၊ သုံးဆယ်ဝန်းကျင်) ဘာတစ်ခုမှ လုပ်ဖူးဟန်လည်းမတူ။ မိဘဆီမှာနေစဉ်က အဖေက အရာထမ်းဆိုတော့ ၀င်ငွေ မချို့တဲ့။ မိဘလုပ်စာ သုံးလိုက်၊ဆော့လိုက်နှင့် ပေါ့ပါးလွင့်လွတ်စွာနေခဲ့သူ။ ယခုမိန်းမရပြီဆိုတော့ ကုန်ထမ်း တဲ့ အလုပ်ကိုပင် ရရာဝင်လုပ်ရပြီ။ ပညာနှင့်လုပ်စားစရာ ပညာကလည်း မပြည့်စုံခဲ့။

" မင်းလုပ်နိုင်ရဲ့လား "
" လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ ထမ်းရတာက ဆန်အိတ်တို့၊ ဘိလပ်မြေအိပ်တို့မဟုတ်ဘူးလေ။ ဒီနေ့ဆို စက္ကူ ကတ်ထူတွေ။ ဈေးလည်းရတယ်။ ကျွန်တော်က ကုန်ထမ်းဂိုဏ်းကမဟုတ်ဘူး။ ဘောက်ပေါ့။ ဘောက် အထမ်းသမား ဆိုတော့ အလုပ်ကတော့ နေ့တိုင်းမရှိဘူးဦးလေးရ"
" မင်း ထမင်းချိုင့်လည်း မတွေ့ပါလား၊ ဘယ်လိုစားသလဲ "
ကျွန်တော်က ဘယ်လူမျိုးမဆိုတို့၏ ဘ၀အကြောင်း (Life) ကိုခရေစေ့တွင်းကျ သိချင်သူဖြစ်သည်။ မေးရမြန်း ရတာကိုလည်း သဘောကျသည်။ နားထောင်ရတာ နှစ်သက်သည်။ တကယ်တော့ ဒါတွေက လူ့ဘ၀ကြီး ထဲက ၀တ္ထုတွေမဟုတ် လား။ ကျွန်တော်က ၀တ္ထုတွေကို စာအုပ်ထဲက သာမက စာအုပ် အပြင်က လူတွေထဲမှာလည်း ဖတ်ချင်သူဖြစ်သည်။ စာအုပ်ထဲမှာ ညိုညိုနှင့် ကိုရင်မောင်တို့၏ အလင်းအမှောင် တွေ ဖတ်ရင်း ရင်ခုန်ရသလို စာအုပ်အပြင် လူ့ဘ၀ကြီးထဲမှာလည်း ရင်ခုန်စရာတွေ အများ အပြား။

" ကျွန်တော် ထမင်းချိုင့်မယူဘူး။ အလုပ်ရှိတဲ့နေ့ဆို ကမ်းနားက ထမင်းဆိုင်မှာ အလုပ်သိမ်းမှ ရှင်းတဲ့စနစ်နဲ့ ယူစားတယ်။ အလုပ်မရှိတဲ့နေ့၊ ပါးတဲ့နေ့ဆို နေ့ခင်းမှာ အိမ်ပြန်ပြီး အိမ်ရောက်မှ စားတယ်။
" သြော် ... မင်းတို့အဆင်ပြေရဲ့လား မင်းမိဘတွေကရော "
" ဒီလိုပေါ့ ဦးရာ။ အဖေတို့က သူတို့စကားနားမထောင်လို့ဆိုပြီး ပစ်ထားတယ်။ ဒါကြောင့် ကျွန်တော်တို့ မင်္ဂလာ မဆောင်ရသေးတာ။ ကျွန်တော့် မိန်းမဘက်ကလည်း နယ်မှာဆိုတော့ လုပ်မပေးနိုင်ဘူး။ ကျွန်တော့် မိန်းမ က စက်မှုဇုန်မှာ ပဲ ရွေးတဲ့အလုပ် လုပ်တယ်လေ။ တစ်နေ့ ခြောက်ရာ၊ ခုနှစ်ရာ ရှစ်ရာ၊ တစ်ထောင် လောက်ရတယ်။ ကျွန်တော်လည်း မင်္ဂလာဆောင်ဖို့ ပိုက်ဆံစုနေပါတယ် "
ကျွန်တော် သူ့အစား မောနေလေသည်။ ဒီကနေ့ အချစ်ဝတ္ထုနှင့် ဗီဒီယိုရုပ်ရှင်တွေထဲက ချစ်သူ ဇာတ်လမ်း တွေကတော့ ပျော်စရာ၊ အားကျစရာကောင်းလှသည်။ ကားလှလှ တိုက်လှလှ ပရိဘောဂ အပျံစားတွေနှင့် နှစ်ဖက် မိဘတွေက ချမ်းသာကြွယ်ဝကြ။ စူပါမားကတ်ကြီးတွေမှာ အ၀တ်အစားလှလှ (တန်ဖိုးကြီးကြီး) တွေ ၀ယ်ကြ၊ ချမ်းကြ၊ နောက်ကြ ပြောင်ကြ။ စိတ်ဆိုးစိတ်ကောက်ကြ။ ကွဲကြ၊ ပြန်ပေါင်း ကြ။

အပြင်ရှိ တကယ့်လူထုဘ၀တွေက ဒါလောက် မလွယ်ကူ။ ဒါလောက် ပျော်စရာမကောင်း။ လူကိုယ်တိုင်ရဲ့ ညံ့ဖျင်းမြော်မြင်မှု နည်းပါးတာလည်း ပါတော့ပါသည်။ သို့တိုင် ပညာတတ်ဒရိုင်ဘာ။ စပယ်ယာ ကွမ်းယာ သည်၊ ဆိုက်ကားသမားကအစ ကျွန်တော်တွေ့ဖူး၊ သိမြင်ဖူးပါသည်။
" မင်းတို့လင်မယား၊ ဘယ်လုတွေ့ကြပြီး ဘယ်လိုယူဖြစ်သွားတာလဲကွာ "
သူ ပထမတော့ ရထားကြမ်းပြင်ပေါ်မှာ ငုတ်တုတ်ကလေးတွေ လိုက်ပါလာသော ဈေးသည်တွေကို ကြည့်ငေးကာ ငိုင်သွားပါသေးသည်။

တစ်ခါတော့ သူသည် အရက်ချက်စက်ရုံတွင် လုပ်နေသော သူငယ်ချင်းနှင့်အတူ နယ်ရှိ သူငယ်ချင်းရွာသို့ အလည်အပတ် ပါသွားသည်။ သူငယ်ချင်းရွာတွင် သူငယ်ချင်းနှမ ခင်လှတင့်နှင့် တွေ့ဆုံခဲ့သည်။ ခင်လှတင့် က အစ်ကို့သူငယ်ချင်း ရန်ကုန်သား ကျော်ကျော့်အပေါ်တွင် သဒ္ဒါစိတ်တွေ တဖွားဖွား၊ သွန်းဖြိုးခဲ့ သည်။ သူတို့နျစ်ဦး ရက်ပိုင်းအတွင်း ချစ်သူဖြစ်ခဲ့ကြသည်။ ရန်ကုန်သားကျော်ကျော်ပြန်တော့ ခင်လှတင့်က ဆွေးကျန်ရစ်သည်။ သို့နှင့် လယ်တဲမှတက်ကာ သူ့အစ်ကိုရှိရာ ရန်ကုန်သို့ အလုပ်လုပ်ရန် အကြောင်းပြချက်ဖြင့် လိုက်လာခဲ့သည်။ သို့နှင့် ရန်ကုန်ဆင်ခြေဖုံးက အစ်ကိုဖြစ်သူအောင်မြင့် ငှားရမ်းနေ ထိုင်ရာ အခန်းကျဉ်းမှာ ရန်ကုန်သားကျော်ကျော်နှင့် ပြန်ဆုံသည်။ ထိုနှစ်က ကျော်ကျော်တစ်ယောက် သုံးကြိမ်မြောက် ဆယ်တန်းကျပြန်သည်။ မိဘက ဆူ၊ ဆယ်တန်းကျလို့ စိတ်ပျက်။ ကျော်ကျော် တစ်ယောက် လေတော့သည်။ ကျော်ကျော်အပေအတေနေသမျှ ချစ်သူခင်လှတင့်က အလို လိုက်ကာ ရွာမှ ပါလာသော လက်စွပ်၊ ဆွဲကြိုးတို့ကို ချစ်သူသုံးစွဲဖို့ ဖြုတ်ပေးသည်ထိ။ အစ်ကိုဖြစ်သူ အောင်မြင့်ပင် သတိပေးချိန် မရလိုက်။ အောင်မြင့်သိသွားတော့ နှမကို ဆူပြောသည်။ မောင်နှမစကားများသည့်အဆင့် ရောက် သွားသည်။ ခင်လှတင့်ရွာပြန်မည်ပြင်သည်။ ကျော်ကျော်ဒီ အကြောင်း သိသွားသည်။

" ရွာမပြန်ပါနဲ့ ချစ်ရယ်၊ ကိုယ်မင်းကို လက်ထပ်မယ် "
" မဖြစ်ဘူး။ ခင်လှတင့်ရွာပန်မယ်။ အစ်ကိုက ခင်လှတင့်ကို ဒီမှာမနေရဘူးတဲ့ "
" ဒါဆို ကိုယ်နဲ့ တစ်ခါတည်း လိုက်ခဲ့တော့။ ကိုယ် ချစ်ကို မခွဲနိုင်တော့ဘူး "
ပထမတော့ ခင်လှတင့်နှင့် ကျော်ကျော် သူငယ်ချင်းတစ်ယောက်အိမ်မှာ ခေတ္တကွန်းခိုသည်။ ကျော်ကျော် က သူ မိန်းမခိုးခဲ့ပြီဖြစ်ကြောင်း အမေ့ကို ပြောတော့ အမေကငိုသည်။ ပညာတစ်ပိုင်းတစ်စ၊ အလုပ်မရှိ အကိုင်မရှိ ဆိုကာ ငိုသည်။ အဖေကျတော့ ဒေါသူပုန်ထသည်။ အိမ်ရိပ်မနင်းနဲ့ဟု တစ်ချက်လွှတ် အမိန့် ထုတ်သည်။

သူ အလုပ်ရှာသည်။ အပြင်းအထန်။ ဘ၀က သူ့ကို ယခုမှဘ၀အမှန်ထဲ ဆွဲသွင်းလိုက်သည်။ ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်ရတော့မည်။ ခင်လှတင့်ကလည်း မနေ။ အလုပ်ရှာသည်။ ခင်လှတင့်က သူ့အရင် အလုပ်ရသွားသည်။ ပဲစက်ရုံမှာ ပဲရွေးတဲ့အလုပ်။ သူလည်း နေ့စဉ်သူငယ်ချင်း အသိမိတ်ဆွေဆီ သွားကာ အလုပ် တစ်ခုခု ရလိုရငြား။ အလုပ်က ရှာလေရှားလေ။ တစ်ရက် စိတ်ညစ်ညစ်နှင့် အလုံကမ်းနား  ရောက်ရင်း မမျှော်လင့်ဘဲ ကုန်ထမ်းသည့်အလုပ်ဝင်လုပ်ဖြစ်သွားသည်။ ထိုနေ့က လုပ်ခစာရင်းပေါင်းတော့ ငါးထောင် လောက်ရသည်။ ပင်ပန်းသည်။ သို့တိုင် သူပျော်နေလေသည်။ မိဘဆီမှာတုန်းက ငါးထောင် တစ်သောင်း တစ်ရက်တည်း ဖြုန်းခဲ့တုန်းက ဒါလောက်တန်ဖိုးရှိမှန်းမသိခဲ့။

သူငယ်ချင်းအိမ်မှာ ငြိုညငိုငြင်ငြင်နှင့် တစ်လလောက်ကြာပြီးနောက် ဒီသာဓုဘူတာ အရှေ့ဘက် အုတ်ဖိုရွာ လေးမှာ အိမ်ကလေးတစ်လုံး ငှားရမ်းရခဲ့သည်။ ညနေဘက် ပန်းလှိုင်ဘူတာမှ ရထားစီးလာပြီး သာဓုဘူတာ မှ ဆင်းလိုက်လျှင် အရှေ့ဘက်ကိုက် ၁၀၀ ခန့်တွင် သစ်ပင်အုပ်အုပ်နှင့် အုတ်ဖိုရွာကလေးကို လှမ်းမြင် ရသည်။ ကျနေခြည်းပါးပါး ဖျော့ဖျော့အောက်မှာ မီးခိုးမှိုင်းမြူတို့ လွှမ်းခြုံလျက် ရွာကလေးကို လှမ်းမြင် ရသည်မှာ လွမ်းမောဖွယ်ရာ။

လယ်ကွက်လပ်တွေကြား၊ မြေဖို့လမ်းကလေးက သူလျှောက်သွားခဲ့ သည်။ နေ့စဉ်ညနေရီဘက်တွေမှာ သူ တယောက်တည်း ရက်ပေါင်းများစွာ လျှောက်ခဲ့ရသည်။ မနက်ပိုင်း စောစောမှာတော့ သူနှင့် ခင်လှတင့် တို့ အိမ်မှ သာဓုဘူတာရှိရာသို့ အတူတကွ လျှောက်ခဲ့ကြသည်။ ဒီလိုအခါ မျိုးတွင် ပါးဖောင်းဖောင်း ကလေးမှာ သနပ်ခါးအဖွေးသားနှင့် ခင်လှတင့်မျက်နှာကို ငေးငေးကြည့်ရ သည်မှာ ရင်ထဲမှာ တစိမ့်စိမ့်ချမ်းမြေ့နေတော့သည်။ သူမက ထမင်းချိုင့်ထည့်ထားသော ပလတ်စတစ်အပြာ ရောင် ဆွဲခြင်း အ၀ိုင်းလေး ကို ဆွဲလျက်။ သူတစ်ခုခုပြောလိုက်လျှင် တစ်ခစ်ခစ်ရယ်မောလျက်။ "ချစ်ညနေ နောက်ကျနဲ့နော်" ဟု သူလေးလေးပင်ပင် ပြောလိုက်လျှင် "အင်းပါ" ဟု သူမက ပေါ့ပါးသွက်လက်စွာ ပြန် ပြောလိုက်ပုံ လေးများကို ယခုလို ညနေခင်းဘက် သူတစ်ဦးတည်း မြေဖို့လမ်းကလေးမှ လျှောက်ပြန်တိုင်း သတိရ နေတတ်သည်။

သူအိမ်ကလေး ပြန်ရောက်လျှင် ထမင်းတစ်အိုးတည်သည်။ ၀ယ်ခြမ်းလာသော ငါးကလေးများနှင့် ဟင်းတစ်အိုး ချက်သည်။ ငပိရည်တစ်ခွက်ကတော့ မနေ့ကအကျန်ရှိနေသေးသည်။ သူ ထမင်းဟင်း ချက်နေ လျှင် မောင်ကျော်ကျော်ရေ ဘာတွေ ချက်နေလဲဟေဟု ဘေးအိမ်က အိမ်ရှင်အဘက လှမ်းအော် မေးတတ် သည်။
ခင်လှတင့် က ပဲစက်ရုံတွင် အချိန်ပိုပါ ဆင်းရတတ်သဖြင့် မိုးချုပ်တတ်သည်။ သို့ကြောင့် ဘတ်စ်ကား တိုးစီးကာ ပြန်လာရတတ်၏။ သူက ခပ်လှတင့်အချိန်ပိုဆင်းရလျှင် ရွာထိပ်ကားလမ်းမသို့ ထွက် စောင့်နေ ခဲ့သည်။ ခင်လှတင့် ဘတ်စ်ကားပေါ်မှ ဆင်းလာလျှင် သူက ပလက်စတစ်ဆွဲခြင်းကို လှမ်းယူပြီး အမှောင်အရိပ် များ စွန်းထင်းနေသော ရွာလယ်လမ်းမှနှစ်ဦး သား ပခုံးချင်းထိတိုက်ကာ ပြန်လာကြသည်။

အိမ်ကလေးသို့ ပြန်ရောက်လျှင် ဖယောင်းတိုင်လေးထွန်းကာ စားပွဲဝိုင်း ပုကလေးတွင် လင်မယားမျက်နှာ ချင်း ဆိုင်ကာ ညစာထမင်းကို စားကြသည်။ ထမင်းစားပြီးခေတ္တထိုင် စကားပြောနေရင်း နှစ်ဦးသား မျက်လုံးများ၊ မှေးစင်းလာတတ်သည်။ တစ်နေ့လုံး ပင်ပမ်းနွမ်းနယ်လာမှုက မျက်ခွံများကို ဆွဲပိတ် နေ ကြသည်။ အိပ် ရာထဲ ရောက်သွားချိန်တွင် ခင်လှတင့်က သူ့ရင်ဘတ်ပေါ် လက်တင်ရင်း ...
" ခင်လှတင့် တို့ ဘယ်တော့ မင်္ဂလာဆောင်မလဲဟင် အစ်ကို "ဟု မေးလိုက်တတ်သည်။ သူက ပင့်သက်ရှိုက် ရင်း ဖြစ်လာမှာပေါ့ဟု ပြန်ပြောလိုက်တတ်၏။

ရှေ့မှာ ကျွန်တော်တို့ ဆင်းရမည့် သာဓုဘူတာကို ရောက်တော့မည်။ ကျွန်တော်တို့ ကြိုထကာ ရထားပေါက်ဝ သို့ တိုးရွေ့သွားကြသည်။ ကျော်ကျော်နှင့် ကျွန်တော်သည် အပေါက်ဝရောက်သောအခါ ကျောချင်း ကပ်မိသွား၏။ သူက အုတ်ဖိုရွာဘက်ဆင်းမှာ ကျွန်တော်က ဘူတာအနောက်က ရပ်ကွက် တွေ ဆီ သွားမှာ။
" ကြိုးစားကွာ၊ အဆင်ပြေသွးမှာပါဟု ကျွန်တော် ထိုင်ခုံမှအထတွင် သူ့ကိုပြောခဲ့တာကို ပြန်တွေးမိ နေသည်။ ကျွန်တော်တို့ သမုဒ္ဒရာအထဲမှာ အသည်းအသန်ရုန်းကန်ခဲ့ကြရသည်။ ရုန်းကန်ရဦးမည်။

၂၀၁၀၊ နိုဝင်ဘာ၊
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း။
.
>>>ဆက်ဖတ်ရန်>>> >>

Monday, March 12, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၂၄)

ရထားပေါ်ကလူများ-၇

မေးခွန်းအမှတ်လေး၊ ဆင်းရဲခြင်းကြောင့် ဖြစ်ရတဲ့ ဆိုးကျိုးတဲ့။ ကျွန်တော် ထိတ်လန့်သွားပါသည်။ ကျွန်တော့် လက်ထဲမှာ ဆရာမဂျူး ၏ "သူမင်းကိုဘယ်တော့မှ" ဆိုသော စာအုပ်ရှိနေသည်။ ဆရာမဂျူးက မေးခွန်း တွေကို ဖြေရင်း ၀တ္ထုကို ဖန်တီးသွားသည်။ ဆင်းရဲခြင်းကြောင့် ဖြစ်ရတဲ့ဆိုးကျိုးတဲ့။ ကျွန်တော် မောပမ်းနေသည်။
ယခုအခါ ကျွန်တော်သည် သာမန်လူတွေအများစု စီးနင်းလိုက်ပါသော ဆင်ခြေဖုံးသွား ရထားလမ်းပေါ်မှာ ရောက် နေပါသည်။ ရထားက ရန်ကုန်မြို့တွင်းမှ အခြေခံလူတန်းစားအများစုနေထိုင်ရာ ဆင်ခြေဖုံးမြို့သစ် ဘက်သို့ တရွေ့ရွေ့ ထွက်ခွာသွားနေသည်။ ညနေဆည်းဆာပန်းနုရောင်အလင်းက တဖြည်းဖြည်း မှိန်ဖျော့ သွားနေပါသည်။ လူနေထူထပ်ကာ လေးထောင့်စက္ကူပုံးများနှင့်တူသော တိုက်အိမ်ရပ်ကွက် များ ကို ဖြတ်သန်းလာသည်။

ဆင်ခြေဖုံး မြို့ဟောင်းများကို ဖြတ်သန်းလာလေ ရထားစီးခရီးသည်များက ထူထပ်လာလေ။ ချွေးနံ့၊ အပေါ စားပေါင်ဒါနံ့ လူနံ့တွေက ပူအိုက်စပ်လောင်သော ရထားတွဲအတွင်းမှာ ဝေ့အီနေလေသည်။ တိုက်ကြိုတိုက်ကြား မှ တိုးဝှေ့ဝင်ရောက်လာသော လေက ရထားတွဲတွင် ကောင်းကောင်းမွန်မွန် ၀င်ခွင့်မရ။ ရထားတွင်းမှာ လေပင်၀၀လင်လင် ရှူမရ။
 
ဆင်းရဲခြင်းကြောင့် ဖြစ်ရတဲ့ဆိုးကျိုး၊ ကျွန်တော် စာအုပ်ကို လက်မှာကိုင်ကာ အတွေးတွေဖြန့်ခင်း ကြည့်နေမိ သည်။ ဆင်းရဲခြင်းကြောင့် ဖြစ်ရသောဆိုးကျိုးတွေက အများသား။ ဆင်းရဲသောကြောင့် ပညာမသင်နိုင် ပညာမသင်နိုင်သောကြောင့် အသိအမြင် ဗဟုသုတနည်း။ ပညာနည်းသောကြောင့် အမှားအမှန် မခွဲခြားတတ်။ အမှားအမှန် မခွဲခြားတတ်သောကြောင့် အဆိုးအကောင်း မပိုင်းခြားနိုင်။ အဆိုး အကောင်းမပိုင်းခြားနိုင်သောကြောင့် လူကောင်းလား လူဆိုးလား မဝေခွဲတတ် စသည်စသည်ဖြင့် ပြဿနာ တွေက တသီကြီးရှိလာနိုင်ပါသည်။ သို့ကြောင့်လည်း ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲနိုင်ငံများက အသိကြီးစွာ ပညာလူ့ အဖွဲ့အစည်းသည် အရေးတကာတွင် အရေးအပါဆုံးအဖြစ် ပြောနေဟောနေခြင်းဖြစ်သည်။

ရထားက မြို့သစ်ဘက်သို့ တရွေ့ရွေ့နှင်လျက်ရှိသည်။ ရထားတွဲဘေးထိုင်ခုံများနှင့်အတူ ၀၀လင်လင် စားသောက်နေရသော ၈ျို့းများနှင့်အတူ မောပန်းနွမ်းနယ်နေသော လက်လုပ်လက်စား ယောက်ျားမိန်းမ များနှင့်အတူ ၀မ်းရေးကို ဆယ်ယူနေကြသောရထားဈေးသည် ကလေးများနှင့်အတူ ကျွန်တော် သည် လည်း အမှုန်အမွှားလေးတစ်ခုအဖြစ် ၇ထားပေါ်ပါဝင်ပတ်သက်နေရပါသည်။
" ဆရာ ... လအတွက် စာမူကို စောစောပေးမှ ဖြစ်မယ်နော် ... ကျွန်တော်တို့ကြိုလုပ်ရမယ်။ ရှေ့အပတ်ပေးမှ ဖြစ်မယ် ... တဲ့။ ကျွန်တော်သည် မဂ္ဂဇင်းတစ်ခုနှစ်ခုတွင် ကလောင်ခွဲဖြင့် ကဏ္ဍတစ်ခုကို တာဝန်ယူရေးပေးနေရသည်။ ဂျာနယ်တစ်စောင်မှာလည်း ထို့အတူ။ မဂ္ဂဇင်းတစ်စောင်မှာလည်း လိုအပ် ချက်အရ အယ်ဒီတာစားပွဲမှာ ၀င်ပေးနေရသည်။

ကျွန်တော်သည် အခြေခံလူတန်းစား အများစုနေထိုင်သော မြို့သစ်တစ်ခုမှာနေထိုင်ရာ မဂ္ဂဇင်းတိုက်ရှိရာ မြို့တွင်းသို့ တစ်ပတ်မှာ အနည်းလေး ၅ ရက်တော့ သွားရောက်ရသည်။ မြို့သစ်မှ မြို့တွင်းသို့ ဘတ်စ်ကား စီးလျှင် အနည်းလေး ၁ နာရီ မိနစ် ၃၀ အထက်ကြာမြင့်တတ်သည်။ အနည်းလေး စရိတ်က သုံးရာ့ငါးဆယ် မှ ရှစ်ရာကျပ်ကျမည်။ လက်ဖက်ရည်သောက်တာ မုန့်စားတာမပါ။ ကွမ်းဖိုးနှင့်ဆို တစ်နေ့ တစ်ထောင် က ဘယ်နည်းနှင့်ဖြစ်ဖြစ် ကုန်သည်။ သည်တော့ ဆင်ခြေဖုံးသွားရထားကို ညနေဘက် တွေမှာတော့ အားကိုးအားထား ပြုလာရသည်။
တစ်နေ့ တစ်နေ့ လက်လုပ်လက်စား ဈေးသည်လက်သမားပန်းရံ အရောင်းစာရေး ရုံးစာရေး ကဗျာဆရာ စာရေးဆရာ စသည်ဖြင့် မြို့ပြင်မှာနေသူများအဖို့ သွားရေးလာရေးတွင် ရထားသည်မရှိမဖြစ် အားကိုးရာ ဖြစ်လာ ပါသည်။

ရတားသည် လှည်းတန်းကမာရွတ်ကျော်လာသည်နှင့် ပိုမိုပြည့်ကျပ်လာတော့သည်။ လူငွေ့များက မီးတံလျပ်တွေလို တဟိန်းဟိန်းရိုက်ခတ်လောင်ကျွမ်း။
ကျွန်တော် သည် ထိုရထားစီးရခြင်းဒုက္ခမှ ခေတ္တလွတ်မြောက်လို လွတ်မြောက်ငြား ဆရာမဂျူး၏ စာအုပ်ကို ဆက်ဖတ်ဖြစ်သည်။ စာအုပ်သည် ဒုက္ခအားလုံးမှ ထွက်ပြေးလွတ်မြောက်ရာမျိုးဖြစ်လာပါသည်။
ကျွန်တော်လေ... ရွာက မိန်းကလေးတွေကို ပညာတတ်စေချင်တယ်။အမှန်နဲ့ အမှားကို ခွဲခြား တတ်စေချင်တယ်။ အခု တင်တင်ဝင်းကြုံရတဲ့ အန္တရာယ်မျိုး ကျွန်တော်တို့ မိန်းကလေးတွေ ဘယ်သူမဆို ကြုံတွေ့  နိုင်တယ်။ အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့က အမှားအမှန်ကို ချင့်ချိန်ပိုင်းခြားတတ်ရမယ် မဟုတ် လား။ ပညာတတ်ရင် အမှန်တရားကို သိမယ်မဟုတ်လား။
ဆရာ့ရယ်သံကြားမှ စကားကြီးစကားကျယ်တွေ ပြောမိသွားပြီလို့သတိရပြီး ကျွန်မပါးစပ် ပိတ်ပစ်လိုက်မိ တော့တယ်။

" အေးငြိမ်းရေ ပညာတတ်တာတော့ ကောင်းပါတယ်ကွာ။ ဒါပေမယ့် ညည်းမသိတာရှိသေးတယ်။ တခါတလေကျတော့ ပညာကို လွှမ်းမိုးချုပ်ကိုင်လာတဲ့အခါ အဲဒီပညာရှင်ဟာ သတ္တိရှိဖို့ သိပ်လိုအပ်တယ်။ ရဲရင့်ဖို့ သိပ်လိုအပ်တာပဲ။ ငါကတော့ ညည်းကို ပညာလည်းတတ်စေချင်တယ်။ အမှန်တရားကို ဆုပ်ကိုင် ထားရဲ တဲ့ သတ္တိလည်း ရှိစေချင်တယ် ... "
ကျွန်တော် စာအုပ်ကို လက်ထဲကိုင်လျက် အတွေးနယ်ထဲ ရောက်သွားပြန်သည်။ အတွေးနယ်က ကျယ်ဝန်း နက်ရှိုင်းပါသည်။ ပညာတတ်ရုံနှင့်မပြီး သတ္တိရှိဖို့ ရဲရင့်ဖို့ အမှန်တရားကို ဆုပ်ကိုင်ထားဖို့။
ပညာရှင်တွေ ဘယ်လောက်သတ္တိရှိခဲ့ကြဖူးသလဲ။ ကျွန်တော် ကြားဖူးသော သတ္တိရှိရဲရင့် အမှန်တရားကို တွယ်ဖက်တတ်သော ပညာရှင်များအကြောင်းကို ရေတွက်နေမိသည်။ ကားစင်အတင်ခံရသည့် ယေရှုခရစ် တော်မှအစပြုကာ အဆိပ်ခွက်ကို ပညာအတွက် အမှန်တရားအတွက် ပျော်ပျော်ကြီးသောက်ခဲ့သော ဆော့ ခရေးတီး အပါအ၀င် ... စသည်စသည်ဖြင့် လက်ချိုးရေတွက်၍ မရလောက်အောင် များပြားတာကို တွေ့ ရသည်။

ကျွန်တော်သည် ခရီးသည်များကို ငေးမိသွား၏ မတ်တတ်ရပ်ခရီးသည်များက ရထားယိမ်း လှုပ်တိုး ၀င်သွားတိုင်း ယိမ်းကသလို ယိုင်ရွံ့သွားသည်။ ကောင်လေးနှင့် ကောင်မလေးစုံတွဲမှာ ပူလောင်အိုက်စပ် မှုကို လစ်လျူရှုကာ သို့မဟုတ် မေ့လျော့နေကာတစ်ဦးကို တစ်ဦး ဖက်တွယ်ထားသည်။ ကောင်လေးက ကောင်မလေးကို တိုးတိုးကပ်ကပ် ပြောလိုက်သောအခါကောင်းမလေးမှာ ဂုတ်ပေါ်ဝဲ မျက်နှာပေါ်ဝဲ ညိုဝါဖြူဖျော့ ဆံစများလှုပ်သွားအောင် တခစ်ခစ်ရယ်နေခဲ့သည်။ ကောင်မလေးက ဂျင်းဘောင်းဘီ စပို့ရှပ် အ၀ါရောင်၊ လက်ထဲမှာ ထမင်းချိုင့်၊ ဖန်စီလက်ကောက်။ ကောင်လေးက ပုဆိုးချက်ပြုတ် တီရှတ် လက်ပြတ် နားကပ်တစ်ဘက်တပ် ဆံပင်ထိုးထိုးထောင်ထောင် အသားခပ်ညစ်ညစ်။ ခေတ်ပေါ် ၀တ်စား ဆင်ယင်မှု က အောက်ခြေလူငယ်တွေထိ ကူးစက်နေပါသည်။ ခေတ်ပေါ်စတိုင်ဆိုမလား။

ရထားကြမ်းပြင်မှာ ဈေးသည်မအချို့ ဒန်အိုးတွေ ခံတောင်းတွေချထားကာ ပယ်ပယ် နယ်နယ်ဖြဲကား ထိုင်နေ၏။ အချင်းချင်းအော်ကြီးဟစ်ကျယ်စကားပြောနေသည်။ သူတို့ကို လမ်းပိတ်နေသဖြင့် ရေခဲရေသည် ကလေးများက ထိုပျံကျဈေးပြန်မိန်းမများကို ကျော်ခွကာသွားရသည်။ ကွမ်းယာ ဘန်း လည်ပင်း ဆွဲထားသော ဈေးသည်ကောင်လေးကတော့ ထိုမိန်းမများအားနောက်ပြောင်နေ သည်။ ခရီးသည်မိန်းမ၀၀ကြီးတစ်ဦးက ထိုင်ခုံလစ်လပ်မည့်နေရာကို မျက်လုံးလျင်လျင်ဖြင့် အသင့်စောင့် ကြည့်နေသည်။ ကလေးအမေတစ်ယောက်က ထိုင်ခုံနေရာလက်တစ်ဝါးစာတွင် တိုးဝှေ့ထိုင်ရင်း ကလေးငယ် ကို နို့လှန်တိုက်နေသည်။ အလုပ်ပြန်မိန်းကလေးတစ်စုက လက်ပံပင်ဇရက်ကျသလို တကျိကျိ တခစ်ခစ် အုပ်စုလိုက် ဆူညံစကားပြောနေသည်။ မျက်တွင်းကျ ပါးရိုးငေါနွမ်းဖက်နေသော လူပိန်ပိန် တစ်ဦးက ထိုင်ခုံ မှာ အစွမ်းကုန်ငိုက်နေသည်။ ထိုမြင်ကွင်းများ သို့မဟုတ် ခပ်ဆင်ဆင် မြင်ကွင်းများသည် ကျွန်တော် ၏ ရထားစီးကာလတွေမှာ အပြောင်းအလဲမရှိ သို့မဟုတ် အနည်းငယ်အပြောင်းအလဲနှင့် တွေ့မြင် နေကျရှုခင်းများဖြစ်ပါသည်။

ကျွန်တော်သည် ရထားပြတင်းမှ တဆင့်အပြင်သို့ လှမ်းငေးလိုက်၏။ တိုက်တာအိမ်ခြေများ၊ တဖြည်းဖြည်း ပျောက်ကွယ်သွားနေပြီ။ ထိုအစားကွင်းများ တဲအိမ်ကလေးများ အစားထိုးဝင်ရောက်လာသည်။ တဲအိမ် ရပ်ကွက်တစ်ခုကို ဖြတ်သန်းရာတွင် ယိုင်ရွံ့တဲ့အိမ် အနိမ့်အမြင့်နှင့် သံချေးစားသွပ်အချို့ တာလပတ် အပြာရောင် အပိုင်းအစအချို့ တဆက်တစပ်တည်းကျပ်ညပ်မှီတွယ်နေပြီး ဆည်းဆာ မြူနှင်းမီးခိုးမှိုင်း၊ ဖြူညိုညိုများရောယှက်နေတာ လှမ်းမြင်ရသည်။ အမှောင်ရိပ်များ တစ်စတစ်စ စွန်းထင်းလာနေပြီ။
ကျွန်တော့်အကြည့်က ကောင်လေး ကောင်းမလေးစုံတွဲစီ ရောက်ပြန်၏။ သူတို့က ကျွန်တော့် မြင်ကွင်းထဲ မှ မလွတ်မကင်းရှိနေသည်။ ကျွန်တော် ကောင်မလေးကို ငေးကြည့်ရင်း ရပ်ကွက်ထဲက မနီလာဆိုသူကို တွေး မိလာသည်။

မနီလာ မှာ ရထားပေါ်က ကောင်မလေးထက်စာလျှင် အသက်က ထက်ဝက်မကကြီးမည်။ ပါးပါးလှပ်လှပ် ကတော့တူသည်။ မနီလာ ဂျင်းဘောင်းဘီဝတ်လာလျှင် ကောင်မလေးနှင့် ညီအစ်မ (အမှန်က သားအမိ အရွယ်လောက်) လို့ ထင်သွားနိုင်သည်။
မနီလာမှာ ကြည့်လိုက်လျှင် ကလေး ၆ ယောက်အမေဟု မထင်ရ။ နှုတ်ခမ်းနီရဲ့ လက်သည်းနီ ပန်းရောင် ကိုရီးယားမင်းသမီး ဂန်ဆန်ယွန်ပုံစံဆံပင် စသည်တို့ကြောင့်သာ နုနယ်နေသည်မဟုတ်။ ပိန်ပိန်လှပ်လှပ် ကျစ်ကျစ်လျစ်လျစ် ခန္ဓာကိုယ်ကြောင့်လည်း မဟုတ်သေး။ ရဲရဲတင်းတင်း သွက်သွက်လက်လက် လူငယ် စတိုင် နေထိုင်ပြောဆိုတတ်တာကြောင့်လည်း အသက်ထက်ပိုနုနေနိုင်တာဖြစ်သည်။
သူမက ထီအရောင်းဈေးသည်များကြားတွင် စူပါစကားဖြစ်နေတာကလည်း ထိုရဲရင့်သွက်လက်မှုကြောင့် ဖြစ်သည်။ ထီရောင်းရာတွင် သူများထက်နှစ်ဆပိုအောင် ရောင်းပေးနိုင်တာ ဘာမှအံ့သြစရာမရှိ။ ထီကိုယ် စားလှယ်က ထီအရောင်းသမားများကို ခေါ်ရာတွင် သူမကို ကြိုတင်အသုံးပေး၍ခေါ်ရသည်။

ထီကိုယ်စားလှယ်က ဟိုင်းလတ်ကားတစ်စီးငှားကာ ရပ်ကွက်မြို့နယ်များကို လှည့်လည်ရောင်းချရာတွင် သူမတို့က တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် တစ်အိမ်ဝင် တစ်အိမ်တက် ရောင်းချကြရသည်။ သူမတို့ အရောင်း သမား များက ထီကိုယ်စားလှယ်ကို တစ်စောင် ၁၅၀ ကျပ်အချိန်က တစ်စောင် ၁၈၀ သို့မဟုတ် ၂၀၀ ပြန်သွင်းရသည်။ ရောင်းပေးသူက ပိုတာယူ။ တချို့ကတော့ ရောင်းရငွေပေါ် ကိုယ်စားလှယ်နှင့် ရောင်းသူ အမြတ်တစ်ယောက် တစ်ဝက်ခွဲယူတာမျိုးလည်းရှိသည်။

ထီ ၁၀ စောင် ၁၅၀၀ ကျပ်ကျတာကို သူမက ၂၅၀၀ သို့မဟုတ် ၃၀၀၀ ကျပ်ထိရအောင် ရောင်းနိုင်သည်။ အိမ်တိုင်ရာရောက် ရောင်းချရာတွင် သူမထီဝယ်လျှင် ယခုပဲ ထပေါက်တော့မည်။ ဧကန်လိုအပြောက ကောင်းလှသည်။ အပြောကောင်းသော ရွှေမန်းတင်မောင်ကို သနားသည်။ ဂျပိုးကို လိပ်ဖြစ်အောင်မက ဒိုင်နိုဆောဖြစ်အောင် ပြောတတ်သူမျိုးဆိုရမည်။
သို့တိုင် သူမကအကြောင်း အမျိုးမျိုးပြကာ အုံနာဆီက ငွေချေးတတ်ပြီး ပြန်မပေးတတ်သောကြောင့် မကြာခင်အုံနာ (ထီကိုယ်စားလှယ်)နှင့်လည်း ခေါင်းကွဲတတ်သည်။ ထီကိုယ်စားလှယ် မှိုလိုပေါက်ချိန်က တစ်ယောက်မသင့်လျှင် တစ်ယောက်ပြောင်းသည်။ သည်လိုနှင့် တိုင်ပတ်နေတော့၏။ သူအရောင်းတော် တာမှန်သည်။ နောက်တော့ သူ့ကိုခေါ်မည့်သူ မရှိတော့။
သူမ ကို ရွံ့သွားတတ်ကြတော့သည်။

သူ့ယောက်ျားက အလုပ်မယ်မယ်ရရမရှိ။ ထမင်းချက်ဟင်းချက် ကလေးရေမိုးချိုး သနပ်ခါးလိမ်း ကျောင်း သွားဖို့ပြင်ပေး ထမင်းကျွေးစသည်ဖြင့် အိမ်ဇာဟီရများကိုဒိုင်ခံလုပ်ရသည်။ သူမက အပြင်ထွက် ငွေရှာ။ တစ်ခါတစ်ရံ သူတို့ထီအရောင်းကားက နယ်ကိုထွက်တတ်သည်။ တစ်ပတ်ဆယ်ရက်၊ နယ်စပ်ပင် ရောက် တတ်သည်။ တစ်လကိုးသီတင်းသည်အခါ အုံနာက ဆယ့်လေးငါးသိန်းကျန်သလို သူမတို့လည်း နှစ်သိန်းသုံးသိန်း ကျန်သည်ဟုဆိုသည်။ သူမကျင့်ဆိုးတွေကြောင့် အုံနာနှင့်ရန်ဖြစ်ကွဲကျပြဲကျ။ နောက်ဆုံးသူမကိုခေါ်မည့်သူမရှိ။ သည်အခါ ရပ်ကွက်ထဲက လမ်းဘေးအသုတ်မုန့်ဟင်းခါးဆိုင်လေး ထွက်စား နေသော လင်မလယားနှစ်ယောက်ကို စည်းရုံးသည်။

အသုတ်မုန့်ဟင်းခါးရောင်းအားတွေကျနေတော့ သူမစကားကို ယုံကြည်ပြီး အသုတ် မုန့်ဟင်းခါး လင်မယားက အိမ်ဂရန်ကိုပေါင်ကာ ထီကိုယ်စားလှယ်ထလုပ်သည်။ ကားငှားအရောင်းသမားခေါ် မြို့နယ်တကာလှည့် ပထမကတော့ မဆိုး။ ဒုတိယကျတော့ အကြွေးကျကာ သိပ်မကိုက်တော့၊ အကြွေးကျပုံက ဖောက်သည်များဖြစ်သောဈေးသည် ပွဲစားကုန်သည်အချို့ကို ထီကြွေး ကျကာ သိပ်မကိုက် တော့၊ အကြွေးကျပုံက ဖောက်သည်များဖြစ်သောဈေးသည် ပွဲစားကုန်သည် အချို့ကို ထီကြွေးချ ရောင်းထားသည်။ လကုန်မှ ရှင်း။ ယူထားသူက အချို့လည်း ရှင်းပေးပြီး တချို့ရှောင်နေ၏။ သည်အခါ မနီလာက လာပွဲကြမ်းကာ အကြွေး တောင်းရသည်။ သို့တိုင် ရတာရှိ မရတာရှိ။ နောက်တော့ ကားပင် မငှားနိုင်တော့။ သည့်အခါ မနီလာက သူနှင့်မုန့်ဟင်းခါး ယောက်ျားတို့နှစ်ဦးတည်း နယ်ထွက်၍ ရောင်းမည်။ ခရမ်းဘက်မှာ သူ့ဆွေမျိုးသားချင်းရှိသည်။ ထိုမှာ တည်းခို၍ ထီရောင်းမည်။ ကျေးရွာတွေက ပိုရိုက်လို့ကောင်းသည်။ မုန့်ဟင်းခါးသည်ယောက်ျားလည်းဆုံးရှုံးထားသော ငွေကြေးလေးပြန်ရလိုရငြား သဘော တူကာ ထွက်ကြ သည်။ ထလက်မှတ်နှင့် အ၀တ်အစားအိတ်များဆွဲကာ ဘတ်စ်ကားနှင့် နယ်ထွက် သည်။

ပထမတစ်လတော့ အိုကေသည်။ တစ်ယောက် နှစ်သိန်းလောက်ကျန်သည်။ နယ်မှာ ဆယ့်လေးငါးရက် နေရ သည်။ အိမ်တစ်လုံးငှား နှစ်ယောက်တ်းနေ ချက်ပြုတ်စား၊ ခက်တာက လင်မယားမဟုတ်။ မောင်နှမ မဟုတ်။ အသက်ကလည်း သုံးဆယ်ကျော် လေးဆယ်ဝန်းကျင်အရွယ်တွေ။ သွေးသားက တောက်ပတုန်း။ တစ်ယောက် က လင်နှင့်ဝေး တစ်ယောက်က မယားနှင့် ကင်းကွာနေ။
ခြောက်လ လောက်ကြာတော့ သူတို့နှစ်ဦး ဇာတ်ခေါင်းကွဲသည်။ အမှုအခင်းပဲဖြစ်တော့မလိုလို ကြားသည်။ မနီလာ ကိုယ်ဝန်ဖျက်ချတယ် ဘာညာကြားသည်။ မုန့်ဟငးခါးလင်မယားရန်ဖြစ် မနီလာအိမ်အပြင် မထွက်။

အမှန်တော့ သူတို့ဇာတ်လမ်းက တိုင်ပတ်နေသည်။ မုန့်ဟင်းခါးမယားကလည်း သူ့လင်ကို ဘာကြောင့် လွှတ် သလဲ။ မနီလာယောက်ျားကရော မိန်းမကို ဒါလောက်ယုံကြည်ရသလား။ ပလပ်စတစ်နှင့် လုပ်ထားသော အရုပ်တွေ မဟုတ်ကြ။ သူတို့မျက်ဝန်းထဲမှာ ပိုက်ဆံကလွဲပြီး သူတို့ဦးနှောက်ထဲမှာ ငွေက လွဲပြီး ဘာမှမမြင်နိုင်ကြတာက အံ့သြစရာ။ ဘာမှမတွေးမိတာက ထိတ်လန့်စရာ။ နောက်ပိုင်း ဇာတ်လမ်း တွေက သည့်ထက်ရှုပ်သေးသည်။ ကလေးတွေနှင့် ကျန်ရစ်သော မနီလာယောက်ျားက သူ့မိန်းမကို ဘယ်ရှာရမှန်း မသိဖြစ်နေတာ သနားစရာလိုလို ရယ်ရမလို နားရင်းတီးရမလို။
အသိတရား ပညာဗဟုသုတတွေးခေါ် စဉ်းစားခြင်းဆိုတာတွေကို ကျွန်တော် တွေးတောနေမိပါသည်။

ရထားက လမ်းဆုံးဘူတာရောက်တော့ အမှောင်ကအတော်အားကြီးစပြုပြီ။ ဘူတာဈေးသည်များ ခရီးသည်များ တိုးတိုးဝှေ့ဝှေ့ လှုပ်လှုပ်ရှားရှားတို့သည် မှုန်ဝါးဝါး။ အသံတွေကတော့ အမှောင်ရိပ် အတွင်းမှ ပွင့်ကန်ထွက်နေသည်။
ရထားဆက်ထွက်လာတော့ ကွင်းပြင်တွေ ပိုများလာသည်။ ခပ်လှမ်းလှမ်းမှာ စက်ရုံအဆောက်အအုံတွေ၊ လျှပ်စစ်မီးရောင်လင်းလက်၊ အဆောက်အအုံတွေ တရွေ့ရွေ့ကျန်ရစ်တော့ကွင်း မြက်ရိုင်းတော၊ ဟိုးခပ်လှမ်းလှမ်း မှာ လူနေရပ်ကွက်တွေ ကောင်းကင်အလင်းအောက်မှာ ၀ိုးတ၀ါးဝါးအမှောင်ရိပ်တွေ။
ရထားတွင်း မှာ ချောင်ချိလာခဲ့ပြီ။ လေအေးအေးက လတ်လတ်ဆတ်ဆတ်ဖြင့် ခန္ဓာကိုယ်ရော အဆုပ်ကိုပါ ခွန်အားဖြစ်လာစေသည်။ အစောက ဂျင်းဘောင်းဘီကောင်လေး ကောင်မလေးစုံတွဲကို မတွေ့ရတော့။
" တချို့ကိစ္စတွေကျတော့ ကိုယ်ဖြေရှင်းပေးလို့မရဘူး သမီး။ အဲဒီအခါမျိုးမှာ လစ်လျူရှူနိုင်တဲ့ စိတ် မွေးရမယ် ... "တဲ့။

လောကတွင် ကိုယ်ဖြေရှင်းမပေးနိုင်သော ပြဿနာတွေက အများသား။ လစ်လျူရှူဖို့ဆိုတာလည်း ပြောတာသာ လွယ်သည် အတော်တော့ စိတ်ဆင်းရဲစရာကောင်းသား။ ဈေးနှုန်းတွေ တဖြည်းဖြည်း ကျဆင်း လာသလို အရောင်းအ၀ယ်တွေ တဖြည်းဖြည်း ကျဆင်းလာတာ ဘယ်လိုဖြေရှင်းမလဲ။ ကမ္ဘာမှာ လောင်စာဆီဈေးတွေ ကျဆင်းနေတယ်ဆိုသော်လည်း ဘတ်စ်ကားခတွေ မကျဆင်းတာ ဘယ်လိုဖြေရှင်းမလဲ။ မနက်စာညစာနပ်မှန်နေသော်လည်း ဖယောင်းတိုင်အတွက် စိတ်ပူနေရတာ ဘယ်လိုဖြေရှင်းမလဲ။ အကြွေးတွေတင်နေတာ ဘယ်လိုဖြေရှင်းမလဲ။
ရထားဘူတာစဉ် ရပ်လိုက်ထွက်လိုက်။ အမှောင်ကပိုကြီး ပိုနက်လာသည်။ ရပ်ကွက်တွေ ၀ိုးတ၀ါး အမှောင်တွင်း နက်နက်ထဲမှာ ငြိမ်သက်။ ရထားက ပိုမိုချောင်ချိလာသည်။ အသက်ရှူရသော လေက ပိုသန့်လာသည်။ လူတစ်ကိုယ်လုံး အေးမြနေသည်။ ဒါကို ကျွန်တော်အခွင့်ကောင်းယူကာ ၀တ္ထုရေးဖို့ ဆောင်းပါး ရေးဖို့ ဦးနှောက်ကို ပိုအလုပ်ပေးနေမိသည်။ မဂ္ဂဇင်းအတွက် လုပ်စရာတွေကလည်း ဆက် နေသည်။ သည်လထွက်ဖို့တင်ထားသည့် မဂ္ဂဇင်းအကြမ်းအဆင်မှ ပြေပါ့မလား။ နောက်လအတွက် ရှေ့ပိုင်းကဏ္ဍစာစုစာရင်းအတွက် ဘယ်ခုနှစ်တွေ ထပ်ရှာရမလဲ။ အယ်ဒီတိုရီရယ်ရေးဖို့ စဉ်းစား။ ပျံသန်း နေတဲ့ငှက်တွေ။ ကျွန်တော် ဆင်းသက်ဖို့ ဘူတာတဖြည်းဖြည်းနီးကပ်လာသည်။ ကျွန်တော့်အတွေးထဲက မထွက် နိုင်သေး။

ရထားက တုံ့ကနဲရပ်သွားသည်။ အမှောင်ထဲက ဘူတာရုံလေး။ ခရမ်းချဉ်သီး မီးလုံးလေးကလွဲလို့ လူတွေ ဆင်းသွားကြတဲ့ ပုံရိပ်တွေ။ ဘူတာလေးကို ကျွန်တော် ငေးနေမိသည်။ ကျွန်တော့်တွေ့တိုင်း ၀တ္ထုတောင်း တတ်သည့် အယ်ဒီတာဆရာမကို အားနာနေမိသည်။ ကျွန်တော့်တွင် ရေးစရာအချက်အလက်တွေက ပြည့်သိပ် နေသော်လည်း လက်တွေ့အကောင်အထည်မဖော်ဖြစ်တာများသည်။
ရထားက ဥသြသံတစ်ချက်ဆွဲပြီး သိမ့်ကနဲထွက်သည်။ တဖြည်းဖြည်းအရှိန်ရလာသည်။ အတွေးထဲက ကျွန်တော် ရုန်းထွက်လိုက်သည်။ ငါဆင်းရမည့် ဘူတာဆိုတာကို သတိရလေသည်။ ကျွန်တော် ဆင်းရမည့် ဘူတာကို စေ့စေ့ကြည့်ရင်း ကျွန်တော် ကျော်လာခဲ့ပြီ၊ ထိုအသိကြောင့် ကျွန်တော့်ကိုယ် ကျွန်တော် ထိတ်လန့်သွားလေသည်။ ရထားခေါ်ဆောင်ရာဝန်းကျင်စိမ်း ထဲ ကျွန်တော်ပါသွားသည်။

၂၀၀၉၊ နိုဝင်ဘာ၊
ရနံ့သစ်မဂ္ဂဇင်း။
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, March 11, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၂၃)

ရထားပေါ်ကလူများ-၆

ကျွန်တော်တို့ စကားကောင်းနေကြသည်။ ရာသီဥတုက အုံ့မှိုင်းမှုံရီနေသည်။ (၄၅)လမ်း အထက် ဘလောက်၊ မဂ္ဂဇင်းတိုက်မှာ ကျွန်တော် ရောက်နေသည်။ ကဗျာဆရာ၊ စာရေးဆရာ၊ အယ်ဒီတာ တွေ သည် ညနေမှ လူစုံနေသည်။ ကျွန်တော်တို့ စကားလုံးတွေထဲမှာ မျောနေသည်။

သို့ကြောင့်လည်း ထိုညနေက ကျွန်တော် အိမ်ပြန်ဖို့နောက်ကျသွားပါသည်။ ကျွန်တော့် အဖြူရောင်ဒိုင်ခွက် နှင့် အချိန် တွေကို ညွှန်ပြပေးသော ကြူအင်ကြူ နာရီလေးကို ကြည့်လိုက်တော့ ၁၆း၂၀ ကို ညွှန်ပြနေပါ သည်။ အိုကေ (၁၆း၄၅) နာရီ ရထားကို မီလောက်သေးသည်ဟု ကျွန်တော့် ဦးနှောက်ကွန်ပျူတာက စက္ကန့် တစ်ထောင်ပုံ တစ်ပုံအတွင်း တွက်ချက်ခါ ကျွန်တော့် သိစိတ်ကိုအကြောင်းပြန်ပါသည်။ စက္ခုနှင့် ဦးနှောက် ဆက်သွယ်မှု ပြီးတော့ သိစိတ်က စီမံခန့်ခွဲပါတော့သည်။

" ကျွန်တော် ပြန်မယ်၊ ရထားမီသေးတယ် "
ဖိုင်၊ စာရွက် စာတမ်းများကို စားပွဲအံဆွဲထဲ ထည့်သော့ပိတ်၊ အချိန်နှစ်မိနစ်၊ သုံးမိနစ်လောက် ဖြုန်းလိုက်ရ သေးသည်။ ဘယ်လို ဖြစ်တာလဲဟု ကဗျာဆရာတစ်ယောက်က ပြောသည်။
" မတတ်နိုင်ဘူးဗျာ။ ကျွန်တော်နေတာက မြို့သစ်ဆိုတော့ ကားခက အသွားအပြန် (၇၀၀)ကျပ်လောက် ကုန်တယ်။ လက်ဖက်ရည်ဖိုးမပါဘူး။ ကွမ်းဖိုးနဲ့တင် တစ်နေ့တစ်ထောင်။ နေ့စဉ် မတတ်နိုင်ဘူးဗျာ။ ရထား က ကြာပေမယ့် အရာရာသက်သာတယ်ဗျာ" ဟုသာ ပြန်ပြောမိသည်။ ကျွန်တော် ရေးကြီးသုတ်ပြာ။
သည်နောက် ကျွန်တော့် ခြေထောက်များက စတင်အလုပ်လုပ်ပါတော့သည်။ ဦးနောက်ရေဒါ ညွှန်ကြား သော ဘူတာကြီးဆီသို့။

ဘူတာကြီးနှင့် (၄၅)လမ်းမှာ သိပ်မဝေးလှ။ ယောက်ျားခြေလှမ်းသွက်သွက်လှမ်းမည်ဆို (၂၅)မိနစ်ထက် မပိုနိုင် ရောက်မည်။ ကောင်းကင်က ညို့မှိုင်းနေသည်။ မိုးရွာမလား။ မရွာဘူးလား။ မိုးနှင့်နွားသိုး အစိုးမရ တဲ့။ ရှေးစကားတစ်ခုရှိသည်။ ဆိုလိုတာက မိုးက ခန့်မှန်းရခက်သလို စိတ်ရူးပေါက်တတ်သော ပေါက် နေသော နွားသိုးကလည်း ခန့်မှန်းရခက်ပါသည်။
လူရောင်စုံတွေ ပလက်ဖောင်းပေါ် စီးဆင်းနေသည်။ ဗိုလ်အောင်ကျော်လမ်း ကျော်ဖြတ်ပြီးသည်နှင့် ပိုမိုရှုပ် ထွေးလာပါသည်။ လူတွေက ရှေ့နောက်လှိမ့်သွားနေသည်။ ကျွန်တော် ပလက်ဖောင်းပေါ်က လူရောင်စုံ ကြားမှ အတော်ကြိုးစား၍ ကူးခတ်လာရသည်။ လူအားလုံးလိုလိုက ကိုယ့်လိုပဲ အရေးကြီးနေကြသည်။ ညနေ ရုံးဆင်းချိန် အလုပ်ပြန်ချိန်အိပ်တန်းပြန်ချိန်။ အတောင်မကျိုးသေးသ၍တော့ ပျံသန်းကြ။

ပန်းဆိုးတန်း ကုန်းကျော်တံတားရောက်လာတော့ ကုန်းပေါ်ကို တစ်ဆစ်ချိုး ကွန်ကရိလှေခါးမှ တက်  ရသည်။ အသက်ကလေးရလာတော့ သည်ပေ (၃၀)အမြင့်လောက် လှေခါးတက်ရတာပင် နည်းနည်း ဟိုက်ချင်ပြီ။ ခြေထောက်ကြွက်သားတွေက အလုပ်ကောင်းကောင်း မလုပ်ချင်။
ကုန်းပေါ် ရောက်တော့ စင်္ကြန်တံတားအတိုင်း ကားမျိုးစုံက ကုန်းပေါ်တက်လာလိုက်၊ ဆင်းသွားလိုက်။ လူ့ဘ၀ကြီး နှင့် ဆင်ဆင်တူနေသည်။ ကုန်းပေါ်မှ လှမ်းကြည့်လျှင် အောက်မှ ဗိုလ်ချုပ်အောင်ဆန်း လမ်းမ ကြီး အနောက်မှ အရှေ့သို့ တစ်လမ်းမောင်း၊ ရုပ်ရှင်ရုံတွေ၊ မိုးမျှော်ဟော်တယ်ကြီးတွေ ဆိုင်းဘုတ်တွေက တန်းစီ နေသည်။ တကယ်တန်းက ထိုနေရာများကို အေးအေးဆေးဆေး၊ တစ်ခါတစ်လေ ငေးမော ကြည့်နေဖို့ ကောင်းသည်။ သို့သော် ထိုအခွင့်အရေးမျိုး ကျွန်တော်တို့မှာ မရပါ။ ယခုတော့ ရထားမီဖို့။

နာရီ ကို ကြည့်မိပြန်သည်။ လေးနာရီခွဲ။ ဒါဆို (၁၆း၃၅)ရထားကို မမီနိုင်။ (၁၆း၅၀)ကိုတော့ မီနိုင်ပါသေး။ သို့တိုင် ရထားဆိုတာက ပြောရခက်သည်။ နောက်ကျတာ စောတာရှိတတ်သည်။ အထူးသဖြင့် နောက်ကျ တတ် သည်။ ဘာပဲဖြစ်ဖြစ် မြို့သစ်ကို ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ အင်းစိန်ဘက်ထွက်မည့် ရထားဆိုလျှင် ကျွန်တော်တတ်လိုက်သွားနိုင်သည်။ အင်းစိန်ရောက်လျှင် သုံးပုံနှစ်ပုံ နီးသွားပြီ။ ပြီးတော့ ကား ဆက်စီး။ ကျွန်တော့် ဦးနှောက်ကဂီယာကို ပြောင်းကာ နံပါတ်သရီး၊ သို့မဟုတ် နံပါတ်ဖိုး ထိုး လိုက်တော့ ခြေထောက်က ပိုသွက်လာသည်။ ထိုအခါ ကျွန်တော့်အဆုတ်က ပိုအလုပ် လုပ်လာရပြီ ထင်သည်။ ကျွန်တော့် နှလုံးအင်ဂျင်ကလည်း ပစ်စတင်တွေ ပိုသွက်လာသည်။ အော် လူဆိုတာ စက်တစ်မျိုး များလား။ ဟုတ်တာပေါ့။ ဘ၀က စက်ဆန်လျှင် လူ့ခန္ဓာဖွဲ့စည်းပုံက စက်ဘက် ပိုရောက် သွားမည် ထင်သည်။

စင်္ကြန်တံတားလမ်းမှာ လူတွေက ကိုယ်လိုပင် အရေးကြီးနေပါသည်။ တချို့ ပြေးများပင် ပြေးလိုက်သေး သည်။ သူတို့ ဘယ်ရထားကို အမီလိုက်မှာလဲ။ တစ်ဦးနှင့်တစ်ဦး ကျော်တက်ဖို့က အတော်ခက်ခဲသည်။ လမ်းက ကျဉ်းသလို ပင်ဖြစ်သွားသည်။ လမ်းက လူငါးယောက်တန်းစီသွားနိုင်လောက်အောင် ကျယ် ပါသည်။ သို့တိုင် လူတွေက တန်းစီချီတက်နေသည်တော့မဟုတ်။ ကိုယ်အစီအစဉ်နှင့်ကိုယ် သွားနေကြ ပါသည်။

ရထားဥသြသံကြားရသည်။ ဘယ်ရထားက အော်လိုက်တာလဲ။ ဆင်ခြေဖုံးသွား လှော်ကားရထားလား၊ သင်္ဃန်းကျွန်း ရထားလား၊ မြို့ပတ်လား၊ လူအချို့အပြေးကလေးလှမ်းသွားသည်။
ကျွန်တော် နည်းနည်းပြေးလိုက်ရင် ကောင်းမလား။ မဖြစ်သေးပါဘူးလေ။ ကျွန်တော့်အသက်က ၆၀ ထဲ ခြေလှမ်း ၀င်နေခဲ့ပြီ။ ကျွန်တော့် ကျန်းမာရေးက ပြေးဖို့ ခွင့်ပြုကောင်းပြုပေးမယ့် ဇနီးနှင့်သားတွေက ခွင့်မပြု တော့ပါ။ ရှင်နော် ... ကိုယ့်ကိုယ်ကို ကလေးထင်မနေနဲ့။ အဖေ့အသက်က မငယ်တော့ဘူးနော်တဲ့။ ရယ် တော့ရယ်ရသည်။ မိခင်စကားနားမထောင် တတ်ခဲ့သော ကျွန်တော်က မယားနှင့်သားတွေ စကား ကျတော့ သွားနားထောင်မိပြီ။ ဇရာ၊ ဇရာက လူတစ်ယောက်၏ မာန်တွေကို ကျဆင်းသွားစေတာလား။ သို့မဟုတ် အသိတရား၊ မြင့်မားလာတာလား ကျွန်တော် ယခုအချိန်မှာ ထိုအကြောင်းကိုတွေးဖို့ အချိန် မရပါ။ ရထားမီရေး။

ကျွန်တော် ကြူအင်ကြူလေး ကို အားမနာတမ်းကြည့်မိပြန်သည်။ ကြူအင်ကြူလေးက ကျွန်တော့်ကို ပြုံးပြပြီး (၁၆း၃၇)ကို ညွှန်ပြနေသည်။
မီပါတော့ မလား။ ပထမဆုံး ၆/၇ စင်္ကြန်သွား ကွန်ကိရိလှေခါးမှ အပြေးကလေး ဆင်းလိုက်သည်။ ကိုယ်လို ပြေးဆင်းနေသူတွေနှင့်အပြိုင် ကျဲသလိုဖြစ်နေပါသည်။ ဒါဟာ လူ့ဘ၀ဆိုတာလား။ အားလုံး ပြိုင်နေကြ ရသည်။ ငွေကြေးပြိုင်ရသည်။ ကုန်ပစ္စည်းပြိုင်ရသည်။ လက်နက်ပြိုင်ကြသည်။ သတင်းပြိုင် ရသည်။ နိုင်ငံရေးပြိုင်ရသည်။ နောက်ဆုံးအနုပညာပင် အပြိုင်ပြေးလမ်းထဲ။
ကွန်ကရိလှေခါးဆုံးတော့ ပလက်ဖောင်းအနောက်ဘက်မှာ ရထားတင်ပါးကို လှမ်းမြင်ရသည်။ ရထားနှင့် ကျွန်တော်မှာ ကိုက် (၁၀၀)နီးပါးလောက် ဝေးမလားပဲ။ လက်မှတ်ရုံက ရထားနှင် ကျွန်တော့်ကြားမှာ။ ရထားက ထွက်တော့မှာလား။ မီးတော့ မ၀ါသေး။ အနီရောင်ပဲ ရှိသေးသည်။ မီးဝါလျှင် ရထားထွက်သည်။ (အစိမ်းမဟုတ်) ကျွန်တော် ခပ်သုတ်သုတ်ပြေးလျှောက်။ လက်မှတ်ဝယ်ရဦးမည်။ အကြွေ။ အဲ တစ်ဆယ်ကျပ် တန် သို့မဟုတ် နှစ်ဆယ်ကျပ်တန်၊ လူအချို့ကိုယ့်ကို ကျော်ဖြတ်ရန် ပြေးသွားသည်။

လှမ်းကြည့်လိုက်တော့ မီးက ၀ါနေပြီ။ ပြဿနာပဲ။ ပြာမှိုင်းမှိုင်းရထားက မလှုပ်သေးဘူးထင်သည်။ အမျိုးသမီး တစ်ယောက် ဆွဲခြင်းတစ်ဖက်နှင့် ပြေးသည်။ ကုလားလေးနှစ်ယောက်ပြေးသည်။ ဂျင်းဘောင်းဘီ နှင့် ဂျိုင်းပြတ်စွပ်ကျယ်အနက် နှင့် လူလတ်ပိုင်းတစ်ယောက်ပြေးသည်။
ကျွန်တော် လက်မှတ်ရုံနားအရောက် ရထားလှုပ်သွားတာ တွေ့သည်။ လက်ထဲမှာ နှစ်ဆယ်ကျပ်တန် တစ်ရွက် ကိုင်ထားလျက်။ ရထားထွက်နေပြီ။ အချိန်မရတော့ဘူး။ ဦးနှောက်က စက်က အပုံတစ်သိန်းပုံ တစ်ပုံ အတွင်း တွက်ချက်သည်။ လက်မှတ်ဝယ်မလား။ မမီတော့ဘူး။ ဒါဆို နောက်ရထားစောင့်မလား။ နောက်ရထား က ဘယ်လောက်ကြာမယ် မသိနိုင်။ နာရီဝက်လား။ လေးဆယ့်ငါးမိနစ်လား။ မသိ။ ရထား က ရွေ့စပြုနေပြီ။ မီသေးတယ်နော်။ ပြေးလိုက်ရင် မီသေးတယ်။ လက်မှတ်လည်း မယူရသေးဘူး။ ယူမနေ နဲ့။ ရှေ့ဘူတာကျမှ ဆင်းဝယ်ရတာပဲ။

ပြေး ... ပြေးလေ။ မီချင်ရင် ပြေးလိုက်။ ဖြစ်ပါ့မလား။ အသက်က မငယ်တော့ဘူးနော်။ ဖြစ်ပါတယ်။ မနက်တိုင်း လမ်းလျှောက်နေတာပဲ။ ပြေး ... ပြေးလိုက်။ မလုပ်နဲ့ မီမှာ မဟုတ်ဘူး။ မီတယ်။ မီတယ် ပြေးလိုက်။ ငယ်ငယ်က အားကစားလုပ်ခဲ့တာ ဘယ်သွားထားမလဲ။ ရပ်ကွက် ဘောလုံးစီလိုက်ရှင် တစ်ယောက် တောင် ဖြစ်ခဲ့တာ။ ဌာနဆိုင်ရာ စီလိုက်ရှင်။ ဒါပေမယ့် အဲဒါက အဝေးမှာ ကျန်ခဲပြီလေ။ ခုက တစ်ခေါင်းလုံး ကြာဇံဖြစ်နေတဲ့ အနေအထား။

ကျွန်တော်နှင့် ရထားက ကိုက်(၃၀)လောက်ပဲ။ ရထားအမြီးနဲ့လေ။ ရှုပ်တယ်ကွာ ပြေး ပြေးမီတယ်။ ကျွန်တော် ပြေးလိုက်သည်။ ရထားက တစ်နာရီ ၅ မိုင်နှုန်းလောက်ပံ ရွေ့နေသေးသည်။ နောက် (၆)မိုင်နှုန်း။ နောက် (၇)မိုင်နှုန်း။ ကျွန်တော် ရထားကို ပြေးလိုက်သည်။ ကျွန်တော့်အလျင်က တစ်နာရီ (၁၅)မိုင် နှုန်း လောက် ရှိမလားပဲ။
နောက်ဆုံးတွဲ နောက်ဆုံးပေါက် မီလုမီခင်။ မရတော့ဘူးထင်တယ်။ ရတယ်မီတယ်။ နည်းနည်းအားစိုက် လိုက်လေ။ လုပ်ပါ။ ပြေးရပြီးမှ မမီရင် သွားပြီနော်။ ဒါလောက် ကြိုးစားလာပြီးမှ ဂီယာထပ်ပြောင်း၊ အားထပ် ထည့်။ ဟုတ်ပြီ လက်ကိုင်တန်း၊ လက်ကိုင်တန်းဘယ်မှာလဲ။ ရပြီ။ လက်ကိုင်တန်းကို လှမ်းဆွဲပြီး ခုန်တက် လိုက်သည်။ ရထားပေါ် ရောက်သွားသည်။

သည်တော့မှ ကိုယ့်ကိုယ်ကို ပြန်သတိရသွားသည်။ မောနေသလား။ သိပ်အရမ်းကြီးမဟုတ်။ နှလုံး အင်ဂျင်ရော ကောင်းသေးရဲ့လား။ အဆုပ်ကတော့ အတော် အလုပ်လုပ်ခဲ့ရပုံပေါ်သည်။ သို့တိုင် ပေါက်ကွဲသွား လောက်တဲ့ထိတော့ မရောက်ဘူးထင်ပါရဲ့။ သွေးခုန်နှုန်း ကတော့ မြန်နေလိမ့်မည်။
ရထား က လူအချောင်ကြီး မဟုတ်တောင် ကျပ်ခြင်းမရှိ။ ထိုင်ခုံနေရာလွတ်တွေတောင် ရှိသေးသည်။ ရထားတွဲ အလယ်မှ ဖြတ်လျှောက်ရင်း ငါ့ရဲ့သည်ပြေးလိုက်တဲ့ အဖြစ်ကို ဇနီးနှင့်သားများမြင်လျှင် ဘယ်လို ဖြစ်သွားကြမလဲ။ ထိတ်လန့်သွားကြမှာ အမှန်ပင်။ အတင်းတားမြစ်ကြမည်။ ကန့်ကွက်ကြမည်။ စိတ်ဆိုး ကြ မည်။
အမှန်စင်စစ် ယခုအခါ ထုင်ခုံတန်းလျားလွတ် တစ်နေရာမှာထိုင်ပြီး ငြိမ်သက်စွာ အနားယူ အမော ဖြေလိုက်ရ မည်။ အသက် (၆၀)လူတစ်ယောက် ကိုက် (၃၀၀)လောက်ကို တစ်နာရီ (၁၅)မိုင်နှုန်းလောက် ပြေးခဲ့တာ မဟုတ်လား။

သို့တိုင် အနားမယူနိုင်သေးပါ။ ရှေ့ဘူတာမှာဆင်းပြီး ရထားလက်မှတ်ဝယ်ရဦးမယ်လေ။ အဲသည်သောက ချက်ခြင်းဝင်လာသည်။
ရှေ့ဘူတာ ဘုရားလမ်းမှာ လက်မှတ်ရုံဘယ်နားလောက်ရှိမလဲ။ ရထားဆိုက်သည့်အခါ ရထားနောက်ဆုံး တွဲ နှင့်ဆို သိပ်ကွာဝေးလှမယ် မထင်ဘူးဟု တွက်မိသည်။ ယခု ကျွန်တော် စီးနင်းနေတာက နောက်ဆုံး တွဲ။ လက်မှတ်ရုံကို စိတ်ကူးနှင့် မှန်းပြီး နောက်ဆုံးတွဲအလယ်ပေါက်မှာ ရပ်စောင့်နေလိုက်သည်။
ရထားခုံတန်းလျားမှာ ထိုင်နေသော ခရီးသည်တချို့က ကျွန်တော့်ကို လှမ်းကြည့်ကြသည်။ ခေါင်းဖြူ အဖိုးကြီး ထိုင်ခုံမှာ အေးအေးထိုင်မနေပဲ ရထားအဆင်းအတက်ပေါက်မှာ ဘာကြောင့် ဂေါ်လီလုပ် နေရတာလဲ ဟု တွေးကောင်းတွေးကြပါမည်။ ကိုယ်ကတော့ ကိုယ့်အကြောင်းနှင့်ကိုယ်။

ဘုရားလမ်းဘူတာရထားဝင်တော့ လက်မှတ်ရုံကို ပြူးပြဲရှကြည့်သည်။ ခါတိုင်း ဗိုလ်ချုပ်အောင်ဆန်း ဈေးထောင့် ဘူတာအစွန် မှာ ရှိသည်။ ယခုမတွေ့။ ရထားရပ်တော့ ရှာဖွေကြည့်သည်။ လက်မှတ်ရုံ ပြောင်း ထားတာ ကျွန်တော်မသိ။ ရထားက စက္ကန့်အစိပ်သုံးဆယ်အတွင်း ပြန်ထွက်သည်။ လက်မှတ်ဝယ် လို့ မရတော့။ ရပါတယ်။ နောက်တစ်ဘူတာပေါ့။ လမ်းမတော်ဘူတာမှာဝယ်မယ်။
ကျွန်တော် အဆင်းအတက်ပေါက်မှာပဲ တစ်ပိဿာလောက်လေးမည့် လွယ်အိတ်ကြီး တကားကားနှင့် ဆက်တွယ် ရပ်နေမိသည်။
လမ်းမတော် ဘူတာရောက်တော့ လက်မှတ်ရုံမတွေ့ပြန်၊လက်မှတ်ရုံက ကုန်းပေါ်မှာလို့ဆိုသည်။ အတက် အဆင်း ရထားပေါက်ဝမျာ ကျွန်တော် ဆက်ပါသွားပြန်သည်။ နောက် တစ်ဘူတာ။ လက်မှတ်ရုံက တစ်ဖက် ပလက်ဖောင်းရောက်နေပြန်၏။ ရထားပေါ်ကဆင်း ရထားသံလမ်းကျော်ပြီး သွားဝယ်ဖို့က မလွယ်။ ရထားက ခုမှရပ်တယ်ဆိုရုံလေး ဘူတာမှာရပ်သည်။ သည်လိုနှင့် တစ်ဘူတာပြီးတစ်ဘူတာ လက်မှတ် ၀ယ်ဖို့ စောင့်ဆိုင်းကြိုးစားရင်း ဆက်ပါသွားနေ၏။

ဘူတာတစ်ခုကျော်သည်နှင့် သောကမီးက ရင်ဘတ်ထဲမှာ ပူသည်ထက်ပူလာသည်။ စိတ်အတွေးက ခုနေများ လက်မှတ်စစ်တွေ တက်လာလို့ကတော့ သောက်ရှက်ကွဲပြီ။ ဒဏ်ရိုက်တာက ပြဿနာမဟုတ်။ ဂုဏ် သိက္ခာ။ စာရေးဆရာ၊ အယ်ဒီတာတစ်ယောက် ဥပဒေချိုးဖောက်ပြီး ရထားခိုးစီးတယ်ဆိုတာ လူကြားလို့ မှ မလျော်ကန်ပါ။ လူထုကို အသိဥာဏ်တွေ၊ စည်းကမ်းကျင့်ဝတ်တွေ ကောင်းမွန်ဖို့ ဖြန့်ဝေ ပေးနေသူ တစ်ဦးက ဘာမှမများလှတဲ့ ငွေနှစ်ဆယ်လေးကို ခိုးတယ်ဆိုတာ ယုံကြည်နိုင်စရာပင် ရှိမည် မဟုတ်။

အမှန်တကယ် က ကျွန်တော် ရထားလက်မှတ်မယူပဲ ခိုးစီးဖို့ ရည်ရွယ်ရင်း မရှိခဲ့တာ သေချာပါသည်။ သို့တိုင် မပြေးသော် ကန်ရာရှိ အခြေအနေက ထိုသို့တွန်းပို့သလို ဖြစ်သွားသည်။ သို့သော် ...
ရှေ့တွင် ပန်းလှိုင်ဘူတာဝင်တော့မည်။ လက်မှတ်ရုံဘယ်နားမှာ ရှိမလဲ။ ကွမ်းယာ ဆေးလိပ် ရောင်းသော ရထားဈေးသည်လူငယ်က ကျွန်တော့်ဘေး အပေါက်ဝလာရပ်သည်။ သူက ကျွန်တော့်ကို ကြည့်ကာ ...
" အဘ ခုံတွေ လွတ်နေတယ်လေ။ သွားထိုင်ပါလား "
" ငါကွာ၊ လက်မှတ်ဆင်းဝယ်မလို့ "
" ဟာ အဘကလည်း လက်မှတ်ရုံ က ကုန်းပေါ်မှာ ဒီလိုလုပ် ... ဆင်းဆယ့်သူတစ်ယောက်လောက်ဆီက လက်မှတ် တောင်းထားလိုက်ပေါ့ .... "
" အော် ... အင်း "
ဟုတ်ပေသားပဲ။ ဟိုယခင် ရထားစီစဉ်က ဘူတာအဆင်းတွင် သည်လိုလက်မှတ်မပါ၍ တောင်းသူအချို့ကို ကျွန်တော် ပေးခဲ့ဖူးသည်။ ယခု ကျွန်တော်တောင်းရမှာလား၊ ဂုဏ်သိက္ခာ၊ မာနတို့ကို ချရောင်း ရတော့ မှာပါလား။ သို့တိုင် ရထားဈေးသည်လေးကပဲ "အစ်မ ဆင်းမှာလား ... ဒီ အဘလက်မှတ် မ၀ယ်ခဲ့ရ လို့ လက်မှတ် ပေးခဲ့ပါလား"ဟု လျာသွက်အာသွက် ကျွန်တော့် ကိုယ်စား မိန်းကလေးတစ်ယောက်ထံမှ လက်မှတ် တောင်းပေးသည်။ ကျွန်တော့် မျက်နှာတစ်ပြင်လုံး၊ ရေနွေးနှင့် ပက်လိုက်သလို ပူကြွ သွား ပါသည်။

" ရတယ် ... ရတယ် ကကျွန်တော်ဆင်းတော့မှာ ရော့ရော့ "
ကျွန်တော် ရှက်ရွံ့အားနာ။ တစ်ခါတစ်ရံ ကိုယ်မသွားချင်သော အရပ်ပေမယ့် အခြေအနေက တွန်းပို့တာ ကို ခံရတတ်ပါလား ဟု ကျွန်တော် နားလည်သွားသည်။

၂၀၀၉၊ ဇူလိုင်၊
မြန်မာ့ဓနမဂ္ဂဇင်း။
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, March 10, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၂၂)

ရထားပေါ်ကလူများ-၅

စင်္ကြန်ပေါ် မှာ အသံတို့က ငြိမ်သက်နေသည်။ လေကငြိမ်သက်နေသည်။ တစ်နေ့လုံး လောင်မြိုက်ခဲ့သော အပူ လည်း ခုတော့ ငြိမ်သက်သလို ရှိနေပြန်သည်။ အချိန်ကညသို့မဟုတ် မနက်သုံးနာရီ။
စင်္ကြန်ရှည်မျောကြီး တစ်ခုလုံးကို ကန္တာရထဲမှာ ပစ်ချခံထားရသလို အထီးကျန်ဆန်နေလေသည်။ ညက လွင့်မျောနေသည်။ ကျွန်တော်တို့သည် စင်္ကြန်အမှန် ၂-၃ သို့မဟုတ် ၃-၄ ပေါ်မှာ ချထားခြင်းခံနေရသည်။ လရောင် မရှိတဲ့ည။ စင်္ကြန်ခေါင်မိုးပေါ်က မီးချောင်းများက တာဝန်ကျေနေကြသည်။
ကျွန်တော် တို့သည် စင်္ကြန်ပေါ်ကို ည သို့မဟုတ် မနက် ၂း၃၀ နာရီကတည်းက ရောက်နေကြသည်။ တစ်နေ့လုံး ကျွန်တော် တို့ တောတောင်တွေကို ဖြတ်လာကြသည်။ သည်တုန်းကတော့ အပူရှိန်က ခပ်လျော့ လျော့ဖြစ်သည်။

ညအမှောင်နှင့်အတူ မြေပြန့်ရောက်လာတော့ အပူတွေက ရထားတွဲတွင်း ၀င်လာသည်။ ညအမှောင်ထဲမှာ ရထားတွဲ အမှောင်ထဲမှာ ရထားပေါ်က လူအများစုကတော့ ငြိမ်သက်ပါလာသည်။ လူအများစုက လေပူ တွေ ၀င်လာနေသည့် တွဲတွင်းမှာ ငိုက်မြည်း(သည်စကားလုံးက သည်နေရာတွင် ဒက်ထိမှန်သော ခံစားမှု ကို ပေး ပါသည်။ ငိုက်မြည်း) လို့နေသည်။
ယခုနှစ်တော့ (၂၀၁၀၊ မေ၊ (၉၊ ၁၀၊ ၁၁) ရှမ်းပြည်နယ် တောင်ပိုင်းလည်း ပူခဲ့ရပြီ။ မနေ့က တောင်ကြီးမြို့မှာ ရှိနေခဲ့သည်။ ကမ္ဘောဇ စာကြည့်တိုက်က ကိုရဲအောင်၊ မေနှင်းကျော်၊ ကိုအောင်သူ၊ ကိုသန်းနိုင် တို့၏ ဧည့်ဝတ် ကျေပွန်မှုဖြင့် မြစိမ်းတောင်ဘုရား၊ ရွှေ ဘုန်းပွင့်ဘုရားများသို့ ရောက်ရသည်။ ရွှေဘုန်းပွင့် စေတီ တည်ရာ၏ တောင်ထွဋ်က ပေငါးထောင်ကျော်မြင့်သည်။

ရွှေဘုန်းပွင့်စေတီရင်ပြင်မှ တောင်ကြီးမြို့ကို စီး ကြည့်လိုက်လျှင် မြူတွေသိုင်းကာ လွင်မှိုင်းနေသော တောင်ကြီးတစ်မြို့လုံးကို မြင်ရသည်။ တစ်နှစ်ထက် တစ်နှစ် အိမ်ယာတွေတိုးလာကာ လူဦးရည် ထူထပ် လာသော လှပသည့် တောင်ပေါ်မြို့သည် ယခုနှစ် အပူ ချိန်မြင့်မားလာမှုကြောင့် စမ်းပေါက်အချို့ ခန်းခဲ့ရပြီး သောက်ရေသုံးရေ အခက်အခဲရှိလာခဲ့ပြီဟု ဆိုပါသည်။ ဟိုးကမြင်နေရတဲ့ ပြာမှိုင်းမှိုင်း တောင်မြင့် ၏ ဟိုဘက်မှာ အင်းလေးကန်ရှိသည်။ လှပသော အင်းလေးလည်း ယခုတော့ ရေခန်း လာမှုကြောင့် အလှပျောက်မှာ စိုးကြောက်လာရပါပြီတဲ့။ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်ယွင်းယိုင်နဲ့ လာမှုကို ဘယ်လို ကာကွယ်ကြမည်လဲ။ ဘယ်လိုပြန်လည်ပြုပြင်ရမည်လဲ။ တောင်ပိုင်း ရှမ်းပြည်က ပုဂ္ဂိုလ်တွေလည်း စဉ်းစားတွေးတောလာခဲ့ရလေပြီ။ ကမ္ဘာကြီးသည် ကိုယ်နှင့်မဆိုင်ဟု ခင်ဗျား ပြော၍ မရတော့ပါ။ ကမ္ဘာကြီးပူနွေးလာမှုက ခင်ဗျားအိမ်ထဲထိ ၀င်ရောက်လာပါပြီ။ ခင်ဗျားလူမျိုးတွေ၏ ခန္ဓာကိုယ် ထဲ ၀င်ရောက်လာခဲ့ပြီ။

ကျွန်တော်တို့ရထားက ည ၂း၃၀ နာရီမှာ သည်ဘူတာဟောင်းစင်္ကြန်ကို။ ၀င်ရောက်လာခဲ့ပါသည်။ စင်္ကြန်တွေက အလျားလိုက် လဲလျောင်းကာ အိပ်မောကျ သို့မဟုတ် "ကိုမာ" ရနေကြသည်။ သူတို့ဘယ် တုန်း ကများ သည်လိုဖြစ်ခဲ့ကြသလဲ။
ကျွန်တော်တို့ သည်နေရာမှာ ရထားပြောင်းရမည်။ တောင်ပေါ်ရထားမှ မြေပြန့်သို့။ ကျွန်တော် လမ်းလျှောက်နေမိသည်။ အမှန်တကယ်တွင် ဒီလိုည မနက်၊ နှစ်ခွဲ သုံးနာရီဆိုတာ တစ်ညတာ၏ အိပ်စက် ဖို့ အကောင်းဆုံးအချိန်ဖြစ်သည်။ အထူးသဖြင့် အပူလွန်ကဲနေသော ယခုလိုနွေမျိုးမှာ တစ်ညတာ၏ အဖိုး အတန်ဆုံး အချိန်ကလေးဖြစ်သည်။ ယခုတော့ ကျွန်တော်တို့ ရထားစီးသူများ ငုတ်တုတ်။

အလျားလိုက် လဲလှောင်းနေသောခြေက်သွေ့ငိုက်မြည်းနေသော စင်္ကြန်များကြားတွင် သည်စင်္ကြန် တစ်ခု သာ လူသူဖြင့် အသက်ရှိနေသည်။ တောင်ပေါ်က ဆင်းလာသော ရထားစီးသူများသည် စင်္ကြန်ကွန်ကရစ် ပေါ်တွင် ကိုယ့်အစုလေးတွေနှင့်ကိုယ် ပြန့်ကြဲကာ စင်္ကြန်အလယ်မှာ မျောလွင့်နေသည်။ အချို့က အ၀တ်အထည် ပိုင်းလေး၊ အချို့က စောင်ပါးစ၊ အချို့က စက္ကူစများခင်းကာခရီးဆောင်အိတ်၊ ဆွဲခြင်းကို မှီကာ ငုတ်တုတ်။ တချို့တုံးလုံးပက်လက်။ တချို့ တီးတိုးစကားစမြည်။ မုန့်ဟင်းခါးသည်တစ်ဦး၊ ကော်ဖီမစ် လက်ဖက်ရည်ရောင်းသူနှစ်ဦး ကွမ်းယာ၊ ဆေးလိပ်၊ ရေဘူးရောင်းသူ သုံးလေးဦးမှအပ ဈေးသည် လည်း စိတ်သုဉ်းနေသည်။ ညက တစ်ရွေ့ရွေ့သွားတွားသွား။ ကျွန်တော်တို့အစုလေးသည် ခုံးကျော် တံတား ၏ လှေကားရင်းမှာ ငုတ်တုတ်ငိုက်မြည်း။
ကျွန်တော့်ရင်ထဲမှာ အိပ်စက်ခြင်းတွေ ရှိနေလည်း ကျွန်တော့် မျက်လုံးဆီ သူတို့ရောက်မလာကြပါ။ ကျွန်တော် လမ်းလျှောက်ရတာ ညောင်းလာလျှင် ထိုင်လျက်ခတ္တမျက်ခွံမှိတ်ထားလိုက်သည်။ အတွေးတွေ ကတော့ မရပ်မနားခုတ်မောင်းလို့။

ရွှေညောင်ဘူတာမှ ရထားထွက်လာတော့ ရထားပေါ်ကို လက်ဖက်ခြောက်ဈေးသည်မတစ်ဦး တက်လာ သည်။ သူ့ကြည့်ရတာ ပအို့ဝ်၊ တောင်သူ၊ လားဟု တိုင်းရင်းသူတစ်ဦးဦးနှင့် မတူပါ။ လက်ဖက်ခြောက်ထုပ် ပထမ ၆ ထုပ် တစ်ထောင်တဲ့။ နောက်ခုနှစ်ထုပ်၊ နောက်ဆုံးရှစ်ထုပ်။ သူမက ဈေးရောင်းမကောင်းလို့ပါ ယူကြပါ ဟု တစာစာအော်နေခဲ့သည်။ ဈေးသည်တွေ ဈေးရောင်းမကောင်းကြပါ။ နောက်တစ်ဦး၊ နောက်ထပ် ဈေးသည်တစ်ဦး။ ဈေးသည်ကို ကျွန်တော်သနား နေသော်လည်း ကျွန်တော်လည်း ဘာမျှ မတတ်နိုင်ပါ။ ဘူတာသစ်ကြီးကို ကျွန်တော်တို့ ရထားဖြတ်သည်။ နေ့လယ်ခင်းလို ဖန်ဆင်းထားသော ဘူတာ သစ်စင်္ကြန် အချို့ပေါ်မှာ ခရီးသည်အချို့ တုံးလုံးပက်လက် အိပ်နေတာကို မြင်ရတော့ ကျွန်တော့်မှာ ထူးဆန်းနေပါ တယ်။ သည်ကြား ခရီးသည် မိန်းမတစ်ဦးရထားပေါ်ကအဆင်း ပလက်ဖောင်း နှင့်တွဲကြား ပြုတ်ကျသွားရာ သည်းထိတ်ရင်ဖိုဖြစ်ခဲ့ရသေးသည်။ ကံကောင်းထောက်မ၍ ထိုမိန်းမ ဒဏ်ရာ မရခဲ့၊ အသက်မဆုံးရှုံးခဲ့။

ဘူတာဟောင်း၏ တောင်ဘက်စင်္ကြန်အဆုံးမှာ ရေအိမ်နှင့်တွဲလျက် ရေချိုခန်းရှိသည်။ ကျွန်တော်တို့ မနက် စောစော သုံးနာရီလောက်ကြီး ရေသွားချိုးကြသည်။ ခရီးသည်တွေ အပူငြိမ်းအောင် အလုအယက် ရေချိုး နေကြတာ ကျွန်တော်လည်း တိုးဝှေ့ချိုးခဲ့ရသည်။ သို့တိုင် ရေချိုးပြီး ပြန်ထွက်လာသည့်ခဏမှာပင် အပူက ခန္ဓာ ကိုယ်ထဲ ပြန်လည်ဝင်ရောက်လာပါသည်။
နံနက် ၄ နာရီတွင် တွဲထိုးပါသည်။ သည်တော့မှ တွဲပေါ်တက် ကိုယ်ခုံနံပါတ်မှာထိုင် သက်တောင့် သက်သာရှိလာသည်။ ၄း၃၀ နာရီတွင် ရထားထွက်မှ အအေးဓာတ်ကလေးရလာပြီး လူမှာ မှေးခနဲ အိပ်ပျော်နိုင်ပါတော့သည်။ နံနက်ခင်း နေထွက်လာတော့မှ အိပ်ယာမှနိုးသည်။ နံနက်ခင်းက သာသာ ယာယာ ရှိသည်။ တောင်ငူဘူတာမှာ ထမင်းထုပ် ၀ယ်စားတော့လည်း အပူရှိန်က မပြင်းသေး။

တောင်ငူဘူတာ ကျော်လာပြီးနောက်၊ အပူရှိန်က တဖြည်းဖြည်း ရထားတွဲတွင်း ခုန်ဝင်လာသည်။ ဆွာ၊ သာဂရ၊ အုတ်တွင်း၊ ဇေယျဝတီ၊ ဖြူး ရထားကြီးတစ်ရှိန်ထိုးပြေးနေပါသည်။ သည်အတိုင်းဆိုရန်ကုန်ကို စောစော ရောက်မည်။ ညနေ ၃း၀၀နာရီ၊ ၄း၀၀ နာရီထက် နောက်မကျဟု ခန့်မှန်းသည်။
ကျွန်တော် အိမ် နှင့် အလုပ်တိုက်နှင့် ဝေးနေတာ ၄/၅ ရက်ရှိပြီ။ လူလည်း ပင်ပန်းနွမ်းနယ်လှပြီ။ အလုပ် တွေကလည်း ကြိုဆိုနေလောက်ပြီ။ သည်ခရီးသွားသည့် တစ်လျှောက်လုံး စာလည်းမဖတ်။ စာလည်း မရေးဘဲ လုံးဝနားထားသဖြင့် စာရေး၊ စာဖတ်အလုပ်ကိုလည်း အရှိန်ယူရဦးမည်။ ဦးနှောက် တွေ နှလုံးသား တွေကို ပြန်လည်နှိုးရဦးမည်။ ပြီးတော့ထုံးစံအတိုင်း အရှိန်အဟုန်ဖြင့် လည်ပတ်ရ မည်။ ဘုရား သိကြား မလို့ ဦးနှောက်တွေ နှလုံးသားတွေ ချေးကပ်မနေပါစေနှင့်။

နေ့ခင်းအပူရှိန် ခေါင်းခိုက်နေချိန် ၁၂း၃၀ နာရီတွင် ပြွန်တန်ဆာဘူတာကို ရောက်သည်။ ဘူတာရောက် သည်နှင့် တွဲပေါ်က ဆင်းရသည်။ တွဲတွင်းမှာ ပေါင်းအိုးဖြစ်နေသည်။ ကျွန်တော်တို့ တွဲပေါ်ပါသော အမျိုး သမီးကြီး အချို့ ဦးပဉ္ဇင်း၊ ကိုရင်၊ မယ်သီလရှင်တွေသာ တွဲပေါ်မှ မဆင်းဘဲ ပေခံနေကြသည်။ ဘူတာ စတိုးဆိုင်လေး မှာ ရေသန့်ဘူးတွေ ရောင်းမလောက်။ ကျွန်တော် ဆာသလိုရှိသည်နှင့် ဘူတာထမင်းဆိုင် (လက်ဖက်ရည်ဆိုင်နှင့်တွဲလျက်) ၀င်ကာ ဈေးနှုန်းမေးတော့ ကြက်သားနှင့် ၈၀၀ ကျပ်၊ ငါးနှင့် ၅၀၀ ကျပ်၊ ငါးနှင့် တစ်ပွဲမှာတော့ ကြိုက်ရင် စားပါ။ ခေါင်းပိုင်းပဲရှိတော့တယ်ဆိုသဖြင့် မစားတော့။ နောက်တစ်နာရီ အကြာ ရထားပျက်တယ်လည်းကြားရော ထမင်းတစ်ခါပြင် ၁၅၀၀ ဖြစ်သွားလေသည်။လောဘ။ လဲရာ သူခိုးထောင်း။

ရထားက တော်တော်နှင့်မထွက်။ စုံစမ်းကြည့်တော့ ခေါင်းတွဲပျက်နေသတဲ့။ ခေါင်းတွဲစက်ရပ်သွားတာ နှိုးမရ တော့ လို့တဲ့။ ပထမကျွန်တော်တို့က ရထားမထွက်၊ မထွကနှင့် တွဲရှောင်တာ (အခြားမန္တလေးအမြန်၊ နေပြည်တော် အမြန်ရထားတွေကို ကျွန်တော်တို့ တောင်ပေါ်ရထားက သံလမ်းများရှိသော ဘူတာတွေမှာ ရှောင်ရ တတ်ပါသည်)ပဲဟု ထင်မှတ်ထားသော်လည်း ရထားရပ်နေတာ တစ်နာရီမကကြာမှ ခေါင်းတွဲ စက် ပျက်နေမှန်း သိရတော့သည်။
ပဲခူးဘူတာ က စက်ခေါင်းမှာထားသတဲ့။ ဘယ်နားရောက်နေပြီတဲ့။ မိနစ်တွေက နှေးကွေးစွာ၊ နာရီတွေက ထိုင်းမှိုင်းစွာ နေပူချိန်ကတော့ ငရဲအိုးမှောက်ကျသည့်ပမာ။ ကျွန်တော်တို့မှာ ဘူတာလေးထဲ ဟိုနား လျှောက် သည်နားထိုင်။ တွဲပေါ်တက်ကြည့်လိုက်တော့ ပေါင်းအိုး။

တချိုက ပြွန်တန်ဆာ၊ ရန်ကုန် (စော်ဘွားကြီးကုန်း) ဟိုက်လတ်ကားလေးတွေ ၂၀၀၀ ကျပ်ပေးစီးကာ ထွက်ခွာ သွားလေ၏။ ကျွန်တော်တို့အုပ်စုက ၅ ယောက်။ အခြားသူတွေ ပစ်ထားပြီး ကျွန်တော် တစ်ယောက်တည်း ထွက်ခွာသွားလို့လည်း မဖြစ်။ ငွေကလည်း အတော်ပြတ်လတ်နေပြီ။ အဆိုးဆုံးက အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ကျော်ကန္တာရထဲ ဖြတ်သန်းမသွားဝံ့ခြင်းဖြစ်သည်။
တစ်နေရာ ထိုင်ငိုက်မြည်းလိုက်၊ ရေသန့်ဘူးဝယ်သောက်လိုက်၊ လမ်းလျှောက်လိုက်၊ ဘာလုပ်ရင် ကောင်းမလဲ၊ ဘာမှ လုပ်စရာမရှိ။ ရထားကြီးက သည်ဘူတာမှာ တစ်ညအိပ်လိုက်လျှင် ကျွန်တော် တို့လည်း ညအိပ်လိုက်ရုံ။ ဧည့်စာရင်းတိုင်စရာတော့ လိုမည်မထင်။ ဘာမှမတတ်နိုင် ရထားစီးသူများ ရထား ပြုသမျှ ခံလိုက်ကြရရုံ။

ကျွန်တော်တို့ရထားက ဂါတ်ဗိုလ်ဟုထင်ရသူကို ကျွန်တော်မေးကြည့်သည်။ စက်ခေါင်းပျက်နေတာ ဒီလိုပဲ ကြည့်နေမလား။ ပဲခူး၊ ရန်ကုန် အကြောင်းမကြားဘူးလား။ ဒါက ဒီဘူတာနဲ့ဆိုင်တယ်။ သူတို့တစ်ခုခု လုပ် မျာပါဟု ဆိုသည်။ စက်ခေါင်းသမားများလည်း အပူလှိုင်းကြီးထဲမှာ အင်္ကျီချွတ် စက်တွေကို နှိုက်နေတာ သနားစရာ။ နားလိုက်၊ စက်ကို ဟိုနှိုက် သည်နှိုက် ကြိုးစားလုပ်ဆောင်နေကြပါသည်။
ရထားစီးသူများကတော့ တမျှော်မျှော်၊ စက်ခေါင်းဘယ်တော့ကောင်းမလဲ။ ရထားကြီးဘယ်တော့ ထွက်မလဲ။ ရန်ကုန်ဘယ်တော့ ပြန်ရောက်မလဲ။ ညနေ ၅ နာရီထိ ဘာမှ မသေချာသေး။ လူစီးတွဲတွေ၊ ကုန်ရထားတွေ၊ ရန်ကုန်ဘက်မှ မန္တလေး၊ ပျဉ်းမနားဘက်မှ ဘူတာလေး (ကျွန်တော်တို့ရထား)ကို ဖြတ်သန်း သွားကြသည်။ ကျွန်တော်တို့သည် ထိုရထားများကို ငေးမောရင်း စိတ်မောနွမ်းလျနေကြပြီ။

ညနေ ၅ နာရီကျော်တော့ အပူရှိန် လျော့တယ်ဆိုရုံ လျော့လာသည်။ တစ်နေ့လုံး ချွေးတလုံးလုံးနှင့် နေခဲ့ရ သည်မို့ ကျွန်တော့် တစ်ကိုယ်လုံးက အ၀တ်အစားတွေမှာ နံစော်နေသည်။ ကိုယ့်ဘာသာကိုယ်တောင် အနံ့ မခံနိုင်။ အ၀တ်ကလည်း လဲစရာမရှိ။ အိတ်ထဲပါတဲ့ အ၀တ်တွေက ၀တ်ထားပြီးသား အဟောင်းတွေ။
ဘူတာရုံလေး အနီးမှာ ရေတွင်းတစ်တွင်းရှိသည်။ အုတ်ဘောင်ခတ်ရေတွင်း။ ရေတွင်းကို သွပ်မိုးလေးလည်း မိုးထားသည်။ ရထားစီးသူများ ထိုရေတွင်းမှာ သောက်ရေသုံးရေ သွားငင်ယူကြ၊ ရေချိုးကြ၊ အ၀တ်လျှော်ကြ။ နေ့လယ်ထဲက ကျွန်တော် ထိုရေတွင်းကို သွားကြည့်ထားသည်။ ရေက ကြည်ပြီး အေးနေ သည်။ ယခုညနေ ၅ နာရီကျော်ပြီမို့ သတင်းစာမှာပါသော အပူဒဏ်ကာကွယ်ရေး သတိပေးချက် အတိုင်း ၅ နာရီနောက်ပိုင်းမို့ ရေချိုးလို့လည်း ၀ံ့ရဲပြီ။

သို့နှင့် အ၀တ်အစားအပို အဟောင်းတစ်စုံယူကာ ရေတွင်းဆီ ချီတက်သည်။ ကိုယ့်ရေငင်နိုင်အောင် ရေပုံး အလှည့် စောင့်ပြီး ရေငင်အ၀တ်လျှော်။ စွပ်ကျယ်တစ်၊ ရှပ်အင်္ကျီတစ်၊ လုံချည်း(၀တ်ချိုးပြီး) လျှော်လိုက် သည်။ သည်အ၀တ်တွေကို ရထားပေါင်းအိုးမှာ လှန်းလိုက်လျှင် မိနစ်ပိုင်းအတွင်း ခြောက်သွေ့မည်။ ခြောက်သွေ့ လျှင် နံစော်နေသော အ၀တ်များနှင့် လဲလှယ်ဝတ်ဆင်လိုက်မည်။ နေပါဦး။ ဒီကနေ့ အိမ်ပြန် ရောက်မလား။

ကျွန်တော်ဘာမှ စဉ်းစားမနေတော့ပါ။ လူ့ဘ၀ဆိုတာ သုခ၊ ဒုက္ခဆိုတာ ရှိစမြဲမဟုတ်လား။ စိတ်ဘယ်လို ထားမလဲ အပေါ်မှာပဲ မူတည်သည်။ ပန်းချီဆရာယဉ်မင်းပိုက် မကြာမကြာပြောသလို ခန္ဓာကိုယ်မှာ ငါ မကပ်လိုက်နဲ့၊ ငါကပ်လိုက်တာနဲ့ ဒုက္ခပဲဆိုတာလိုပင်။ ရောက်ရာ အခြေအနေအပေါ်မှာ အဆင်ပြေသလို လှုပ်ရှား သွားရမည်။ လုပ်စရာရှိတာ လုပ်ရမည်။ အခြေအနေပေးသလို လုပ်ရမည်။ လျှော်ဖွပ်ထားသော အ၀တ်တွေကို ရထားပေါ် (ပြတင်းပေါက်၊ ပစ္စည်းတင်စင်)မှာ လှန်းလိုက်သည်။ ရေလည်းချိုးပြီးပြီ။ အဆာပြေ ငါးမုန့် ကို ၀ါးလိုက်သည်။ ပြီးတော့ ရေသန့်တစ်ငုံနှစ်ငုံ သောက်လိုက်သည်။

ဓနိယ နွားကျောင်းသားဆို၏
ငါသည် ထမင်းချက်ပြီးပြီ
ဤမဟီ မြစ်ကမ်းပါး၌
အပေါင်းအသင်းတို့နှင့် ငါနေ၏
မီးကိုညှိပြီးပြီ
ရွာလိုရွာလော့ မိုးနတ်သား။
(ဆရာမင်းသုဝဏ်ကဗျာ ပထမပိုဒ်၊ ၁၉၇၁)

၂၀၁၀၊ သြဂုတ်၊
မြန်မာသစ်မဂ္ဂဇင်း။
.
>>>ဆက်ဖတ်ရန်>>> >>

Friday, March 9, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၂၁)

ရထားပေါ်ကလူများ - ၎

ဆင်ခြေဖုံးသွား ရထားစီးသည့် အချိန်သည် ကျွန်တော်၏ စာဖတ်ချိန်ဖြစ်သည်။ ဖြစ်ခဲ့သည်။ ဖြစ်နေသည်။ ဖြစ်နေ ဦးမည်။ ဆင်ခြေဖုံးသွား ရထားစီးခရီးသည် အများစုမှာ ကာယ၊ ဥာဏကို ရောင်းချ အသက်မွေးသူ များဖြစ်သလို ကျွန်တော်သည်လည်း ကျွန်တော်၏ ဦးနှောက် (ဥာဏ)ကို ရောင်းချကာ အသက်မွေး ၀မ်းကျောင်း နေရသူဖြစ်သည်။ ကျွန်တော် အယ်ဒီတာလုပ်သည်။ စာရေးသည်။
ဆင်ခြေဖုံးသွား ရထားစီးခရီးသည်တွေမှာ ခေါင်းရွက်ဗျတ်ထိုးဈေးသည်တွေပါသည်။ လက်သမား၊ ပန်းရံ၊ ကုန်ထမ်း ကာယလုပ်သားတွေပါသည်။ အရောင်းစာရေး၊ ကွန်ပျူတာစာစီစာရိုက်၊ ရုံးစာရေး၊ ကျောင်းဆရာ၊ ဆရာမ စသည့်ဥာဏလုပ်သားတွေပါသည်။

သို့တိုင် ကြည့်မြင်တိုင်ဘူတာရောက်သည်နှင့် ဈေးသည်နှင့် ကာယလုပ်သားတွေသာ အများစုဖြစ်လာ တတ်သည်။ ကျွန်တော်သည် ရထားစီးခရီးသည်တွေ ကျပ်ညပ်နေသည့်ကြား လူတစ်ကိုယ်စာ လေဟာနယ် လေးမှာ ထိုင်နေသည်။ ဆူညံအော်ဟစ် ပွက်လောရိုက် အသံဗလံပေါင်းစုံ အလုံးကြီးကြားမှာ ကျွန်တော့် စိတ်တွေ ကျပ်ညပ်နေသည်။ အောက်ဆီဂျင်ကိုသာ အနည်းငယ် ရှူရှိုက်ရင်းပေါ့။ ဆိုလိုသည်မှာ ဘ၀ ၏ နေထိုင်မှုပုံစံဟောင်းထဲမှာ မျောပါနေမိသည်။

ဘယ်သူမှ မမြင်နိုင်အောင်
သူတို့ ပုန်းနေခဲ့ကြတယ်
တစ်ကောင်
အနာဂတ်စက်ဝိုင်းရဲ့
ဗဟိုချက်မှာ
ဒုက္ခဆင်းရဲကို ပုန်း
တစ်ကောင်က
အချိန်တြိဂံရဲ့
အတွင်းထောင့်ကျဉ်းကျဉ်းထဲမှာ
အမှန်တရားကို ပုန်း
တစ်ကောင်က
ဘုရားသခင်ရဲ့
ဂါထာတော် တစ်ပုဒ်ထဲမှာ
သေခြင်းကို ပုန်း ...

ကျွန်တော်သည် ကဗျာဆရာ မောင်ရှင်စော၏ "အရိုင်းတူရိယာ" ဆိုသော ကဗျာစာအုပ်ကို ဖတ်လာ ပါသည်။ ရထားက ဘူတာစဉ်တွေမှာ ရပ်လိုက်၊ ဆက်ထွက်လိုက်။ ကျွန်တော်ကလည်း ကဗျာစာအုပ်ကို ဖတ်လိုက်၊ တွေးနေလိုက်။ ရထားဈေးသည်တွေကလည်း လက်မှတ်စစ်တွေ တွဲပေါ်တက်လာလျှင် ပျောက်သွားလိုက် (ပုန်း ရှောင်နေလိုက်)။ လက်မှတ်စစ်တွေ ပျောက်သွားလျှင် သူတို့ (ရထားဈေးသည်) ပြန်ပေါ်လာလိုက်။ ဆူညံသံပေါင်းစုံကို ကျော်လွှားပြီး သူတို့ပစ္စည်းကို အော်ဟစ်ကြော်ငြာရောင်းချ။

ဒါ ...
သံသရာကြီးဆိုတာလား။
ကမ္ဘာဆုံးသည်ထိ
ပုန်းနေဦးမယ့်
ပုရွက်ဆိတ် သုံးကောင်
ငါတို့ ဦးခေါင်းတွေထဲ မီးရထားတစ်စီးလို
ခုတ်မောင်းနေကြ
ပုရွက်ဆိတ်လှလှ သုံးကောင်
...တဲ့။

လောလောဆယ်တွင် ပုန်းခိုနေသော ၈ျပိုး (ကြမ်းပိုး) တစ်ကောင်သည် ခုံတန်းလျားပေါ်တက်လာပြီး ကျွန်တော့်ကို တိုက်ခိုက်နေလေသည်။ ကျွန်တော်သည် သူတို့ကို တွန်းလှန်တိုက်ခိုက်ဖို့ထက် သူတို့ ပုန်းကွယ် တိုက်ခိုက်နေတာကို ဘယ်လို ကာကွယ်ရမှန်းပင်မသိ။ တင်ပါးကို ရှေ့တိုးလိုက်၊ နောက်ဆုတ် လိုက်၊ ကြွလိုက်၊ ငြိမ်လိုက်။ ယားယံတော့ တဗျင်းဗျင်း ကုတ်လိုက်နှင့် မျောက်တစ်ကောင်နှင့် တူနေ ပါသည်။ ကျွန်တော် သတိထားမိတော့ ကျွန်တော့်ရှေ့တွင် ဘယ်အချိန်က ရောက်နေမှန်းမသိသော မွေးရာပါ (ဟုထင်သည်။) အကြောဆွဲရောဂါသည် လူငယ်တစ်ယောက်ရပ်နေသည်။ သူ့မျက်လုံးများက အထက်ကပ်လိုက်၊ အောက်စိုက်လိုက်၊ ဘေးရွှေ့လိုက်နှင့်ရှိသည်။

တစ်ခါတစ်ခါ သူရယ်လိုက်သည်ဟုထင် သော်လည်း အကြောဆွဲသောကြောင့် ပါးစပ်ရွဲ့သွား မှန်းနောက်မှ သိရသည်။ သူ့လက်များက အငြိမ်မနေ။ ကောက်ကွေးသွားလိုက်၊ လိမ်ဖယ်သွားလိုက်နှင့် ရှိသည်။ သူက စပို့ရှပ် အပြာဖြူစင်းကို ၀တ်ထားသည်။ ခြေထောက်မှာ ဝေါကင်းရှူးအပေါစားကို ၀တ်ထားပြီး လျှာထိုးဦးထုပ် အနီရောင်လေးဆောင်းထားသည်။ အသားအရေက ခပ်ဖျော့ဖျော့ အ၀ါရောင် ဖြစ်သော်လည်း သူ့ဘေးမှာ ရပ်နေသော သူ့မိခင် (နောက်မှသူတို့ ပြောစကားအရ မိခင်မှန်းသိရသည်)မှာ ကတ္တရာပုံး ကို ထဘီပတ်ထားသလို မည်းမည်း၀၀ မိန်းမတစ်ယောက် ဖြစ်သည်။ သူတို့သားအမိမှာ ဘုရားလမ်း ဘူတာ သို့မဟုတ် လမ်းမတော် ဘူတာလောက်မှ တက်လာပုံရပါသည်။ (သူတို့ပြောစကား အရ ခန့်မှန်းနိုင်သည်။)

သူတို့သားအမိ ဟံသာဝတီဘူတာလောက်ရောက်တော့ ကျွန်တော့်ဘယ်ဘက်ဘေးတွင် နေရာရသွားပါ သည်။ ကျွန်တော်လည်း သူတို့နေရာရသည့်အတွက် စိတ်ချမ်းသာသွားသည်။ ဘာကြောင့်ဆို သူတို့ သားအမိ က မတ်တတ်ရပ်လျက် မြေပဲပြုတ်ဝယ်စားရာ ကိုဟစ်ဟော့ (သူအကြောဆွဲပုံက တစ်ခါတစ်ခါ ဟစ်ဟော့ သမားတွေ ကတာနှင့် ဆင်တူပါသည်) လေးမှာ မြေပဲခွံကို ပါးစပ်နှင့် ကိုက်ခွာလိုက်၊ အခွံတွေ ထွေးချလိုက်၊ လက်မှပြုတ်ကျလိုက် ကျွန်တော့်ရှေ့ သိပ်နီးကပ်နေရာ အခွံတွေ ထွေးထုတ်တာ တွေကို ကျွန်တော့် ပေါင်ပေါ်တဖွားဖွား ကျရောက်နေသည်။ သူ့အမေက တစ်ခါတော့ ပြောည်။ " ဟဲ့ ... လူကြီး ပေါ် ကျကုန်ပြီ၊ အားနာစရာ" သို့တိုင် သူ့အမေမှာ ဘာမှမတတ်နိုင်သလို ရှိသည်။ ကျွန်တော့်အဖို့ လည်း ဗွေယူရအခက် နှင့် အမှိုက်ပုံးဘ၀ရောက်နေပါသည်။ သူတို့နေရာရသွားတော့ ကျွန်တော် အမှိုက်ပုံး ဘ၀မှ လွတ်မြောက် သွားသည်။ ဒါကြောင့် သူတို့သားအမိနေရာရသွားသည့်အတွက် ကျွန်တော့် စိတ်ချမ်း သာ သွားသည်။ ၀မ်းမြောက်ဝမ်းသာပင် ဖြစ်သွားရပါသည်။

ရထားကြီးကတော့ သူ့တာဝန် မပြီးမဆုံးချင်း ဆက်သွားနေသည်။ ခရီးသည်တွေက ပြောရလျှင် လှည်းတန်း ဘူတာမှစ၍ အခြေခံလူတန်းစား ဆင်ခြေဖုံးမြို့စွန်နေ ခရီးသည်တွေတဖြည်းဖြည်း ပြည့်ကျပ် လာသည်။ ထိုအထဲတွင် ကျွန်တော့် ညာဘက်ဘေးရှေ့တွင် ဘယ်အချိန်က ရထားပေါ် တက်လာခဲ့မှန်း မသိရသော အသက် ငါးဆယ်ကျော် ခြောက်ဆယ်နီးပါး ခပ်နွမ်းနွမ်း မိန်းမကြီးမှာ ၀တုတ်တုတ် ကလေးမလေး ကို တစ်ဖက်က ချီပိုး၊ တစ်ဖက်က ကြိမ်လက်ဆွဲခြင်းကြီးကို ဆွဲလျက်ရပ်နေသည်။ အမြင်မတော် သော ကျွန်တော့် ညာဘက်ဘေးက ကလေးအမေမှာ (သူ့ကလေး ၄/၅ နှစ်ခန့်က ထိုင်ခုံမှာ ထိုင်နေ၏) ထိုကလေး ကို လှမ်းယူကာ ပေါင်ပေါ်တင်ချီပိုးလိုက်ပါသည်။ ထိုအခါ သူ့သမီးက သူ့အမေ ပေါင်ပေါ် ထိုင်နေသော အသားမည်း ၀တုတ်ကလေးကို တွန်းဆွဲရင်း မထိုင်ဖို့ ဆန့်ကျင် ကန့်ကွက် နေသည်မှာ ဆူညံနေသည်။ ရထားတွဲပေါ်မှာလည်း လေဟာနယ်အတော်နည်းလာပြီ။ လူတွေက တုတ်ချောင်း တွေ ထောင်ကာ စီးထား သလိုတွဲထဲမှာ။

" အဲဒါဆို သမီးနေရာ သူ့ကိုပေးထိုင်၊ သမီးက အမေ့ပေါင်ပေါ်ထိုင်" ဆိုလည်း ပြောမရပါ။ ကလေးကတော့ သူ့အမေရင်ခွင်ထဲ သူစိမ်မ၀င်စေချင်တာ သဘာဝကျပါသည်။ ထိုအသားမည်း ၀တုတ်ကလေးခမှာ သူ့ကို ဆွဲဖယ်နေသော ကလေးမကိုကြည့်ရင်း ပထမတော့ ကြောက်ရွံ့နေပါသေးသည်။ နောက်တော့ ညီမလေး ဟု သူကခေါ်ကာ လက်ကမ်းလိုက်တော့ ဆွဲဖယ်နေသော ကလေးမမှာ ငြိမ်သွားပါသည်။ ကျွန်တော်သည် ထိုအဖြစ်ကို လည်းကောင်း၊ အသားမည်းဝတုတ်ကလေးကိုလည်းကောင်းကြည့်ရင်း အသားမည်း ၀တုတ် ကလေး၏ စည်းရုံးရေးသဘောနားလည်တတ်ကျွမ်းမှုကို မအံ့သြဘဲ မနေနိုင်ပါ။ ခုံပေါ် ထိုင်နေသော ကလေး မှာ အလွန်ဆုံးအသက် ၅ နှစ်ထက်မကျော်၊ အသားမည်းဝတုတ်ကလေးက ခြောက်နှစ် ခုနစ်နှစ်လောက် ရှိမလားဘဲဟု ခန့်မှန်းမိသည်။ သို့တိုင် အသားမည်းဝတုတ်ကလေး၏ မျက်နှာ လေးမှာ ကလေး မျက်နှာ နှင့် မတူဘူးဟု ကျွန်တော် ထင်နေပါသည်။ ဂါဝန်လေးဝတ်ထားပြီး အရပ် အမောင်းက နှစ်ပေခွဲ ထက်မပို။

နောက်တော့ ထိုင်ခုံပေါ်က ကလေးမနှင့် ကြည်ဖြူသွားကာ နှစ်ယောက်အတူထိုင်ခုံမှာ ထိုင်ခွင့်ရသွားပါ သည်။ ကျွန်တော်က ကျုံ့ပေး၊ ကလေးအမေက ကျွန်တော့်ဘက် တိုးပေးနှင့် ကလေးနှစ်ယောက်ထိုင်လို့ရ အောင် နေရာချဲ့ပေးရသည်။ နောက်တော့ အသားမည်းဝတုတ်ကလေးမကို သူ့မိခင်အဘွားအိုက တစ်လုံး ချိုင့်တွင် ထည့်ယူလာသော ထမင်းကို ကျပ်ညပ်နေသော ခရီးသည်တွေကြားမှာပင် ထမင်းခွံ့ ကျွေးနေပါသည်။ အသားမည်းဝတုတ်ကလေးမက စကားတွေ တဖောင်ဖောင်ပြောနေသည်။ သူနှင့်အတူ ထိုင် နေသော ကလေးမလေးကို ထမင်းခွံ့ကျွေးဖို့ သူ့မိခင်ကို ပြောနေသည်။ ထိုကလေးမလေး က ငြင်းကာ သူ့မိခင်ပေါ် ဖက်တက်နေသဖြင့် မိခင်က ပေါင်ပေါ်တင်လိုက်ရသည်။

အသားမည်း ၀တုတ်ကလေးမမှာ ကလေးနှင့်မလိုက်အောင် စကားဖောင်ဖွဲ့နေသည်။ ကလေးမလေး ပေါင် ပေါ် တင်ထားသော ကလေးအမေနှင့်လည်း ဘယ်သွားမှာလဲ၊ ဘယ်မှာနေတာလဲ၊ အဒေါ့်သမီးက ချစ်စရာ လေး၊ ကျောင်းနေပြီလား၊ ဘယ်ကတတ်လာတာလဲဟု ရထားပေါ်စသည်ဖြင့်။ သို့နှင့် ကလေးအမေက အသားမည်း ၀တုတ်ကလေးမလေး၏ မိခင်အဘွားအိုကို မေးလိုက်သည်။
" အဒေါ့်သမီးက သိပ်စကားတတ်တာပဲနော် ဘယ်နှနစ်သမီးလဲ" ဟု မေးတာကြားရတော့သည်။ ထို အသားမည်း ၀တုတ်ကလေး၏ အသက်ကို ကျွန်တော်လည်း စိတ်ဝင်စားနေပါသည်။
" ဆယ့်လေးနှစ်သမီး ရောက်နေပြီ။ လူကညှက်နေလို့ "

ကျွန်တော် အံ့သြသွားပါသည်။ ကျွန်တော့်ဘေးက ကလေးအမေလည်း အံ့သြသွားပုံရပါသည်။ ကျွန်တော် အသားမည်း ၀တုတ်ကလေးကို အသေအချာကြည့်မိသည်။ မျက်နှာဝိုင်းဝိုင်းညိုညိုက နည်းနည်းတော့ ရင့်နေပြီ။ သို့တိုင် အပျိုပေါက်အရွယ် မျက်နှာမျိုးမဟုတ်။ အသားမည်းဝတုတ်ကလေး၏ ခန္ဓာကိုယ်သည် အချိန် နှင့် ကာလကို ချုံ့ထားနိုင်သော အစွမ်းရှိထားပုံရသည်။ အသိဥာဏ်လည်းချုံ့ထားပုံရသည်။ အပျိုမ လေး တစ်ယောက်၏ အသိဥာဏ်မျိုး ရှိပုံမရ။ ကလေးအသိဥာဏ်ထက်လည်း နည်းနည်းမြင့်နေပုံရသည်။

ရပ်ပြီး ထမင်းခွံ့နေသော အမျိုးသမီးကြီးမှာ အရွယ်ရမှ သည်ကလေးကို မွေးခဲ့သဖြင့် ဘူးသီး အမွေးသတ်သလို ဖြစ်ခဲ့သည်လား။ နောက်တော့ ကလေးအမေတွဲပေါ်က ဆင်းသွားသဖြင့် အသားမည်း ၀တုတ်တို့သားမိ နေရာရသွားပါသည်။ ရထားကြီး ဆင်ခြေဖုံးမြို့တွေဘက် နစ်ကျွံဝင်ရောက် သွားလေ ရထားစီးခရီးသည်တွေ အုံကျင်းဖွဲ့လာလေဖြစ်သည်။ ရထားဈေးသည်တွေကတော့ လူတွေကြား တိုးဝှေ့ဈေးရောင်းလို့ ကောင်းနေဆဲဖြစ်သည်။ ရထားဝန်ထမ်း၊ လက်မှတ်စစ်တို့လည်း ဆင်ခြေဖုံးရပ်ကွက် တွေထဲ ရထားကြီးတိုးဝင်လာသောအခါ ပျောက်ကွယ်ဆင်းကျန်ရစ်ခဲ့လေပြီ။ နေလုံးကြီးအနောက်ကမ္ဘာထဲ နစ်ဝင် သွားပြီဖြစ်လို့ အပူချိန်လည်း ရထားတွင်းမှာ ကျဆင်းသွားနေပြီ။

ကျွန်တော့်ဘယ်ဘက် ဘေးခုံမှ ဟိုဟစ်ဟော့မှာ ကျွန်တော့်ဘေးမှာ လှုပ်လှုပ်ရွရွထိုင်လိုက်လာရင်း ၇ထား ဈေးသည် များထံမှ စားစရာတစ်ခုပြီးတစ်ခု ၀ယ်စားနေသည်။
ထိုစဉ် ကွမ်းယာသည် လူငယ် (အသက် ၂၀ ၀န်းကျင်) တစ်ယောက်သည် ကျွန်တော့် မျက်စောင်းထိုး လောက် မြင်ကွင်းတွင် သူ့ကွမ်းယာဗန်းကို ထိုင်ခုံခရီးသည်တစ်ဦးအား ပေးကာ လူကြားမှာ ထိုင်ချလိုက်ပြီး သူ့ အင်္ကျီအတွင်းမှ ဟင်းဖုန်း (လက်ကိုင်ဖုန်း) ကိုထုတ်ကာ ခေါင်းငုံ့၍ စကားပြောနေတာကို ကျွန်တော် တွေ့ လိုက်သည်။ ကျွန်တော် အံ့သြသွားပါသည်။ ကျွန်တော် အယ်ဒီတာစာရေးဆရာမှာ ဟင်းဖုန်း၊ အိမ်ဖုန်း၊ ဘာဖုန်း မှ မကိုင်နိုင်သော်လည်း ကွမ်းယာသည်ပင် ဟင်းဖုန်းကိုင်နေနိုင်သဖြင့် ကျွန်တော့်မှာ ၀မ်းသာ ရမလို၊ ၀မ်းနည်းရမလို ဖြစ်သွားပါသည်။
ညနေခင်း ထဲ လူတွေကို အပြည့်အကျပ် တင်ဆောင်ကာ ရထားကြီးကတော့ တရွေ့ရွေ့ နှင်နေလေသည်။

၂၀၁၀၊ ဇလိုင်၊
စတိုင်သစ်မဂ္ဂဇင်း။
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, March 8, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၂ဝ)

ရထားပေါ်ကလူများ - ၃

ရထားက စင်္ကြန်မှာ ဆိုက်ကပ်ထားပြီးဖြစ်သည်။ ရထားထွက်ရန်အချိန်ကလည်း နီးကပ်နေပြီ။ တင်ပါး တစ်နေရာ စာရဖို့က မလွယ်ဘူးထင်သည်။ ကျွန်တော် ဆင်ခြေဖုံးသွား ရှားစေးရောင်ရထားတွဲ၏ နောက်ဆုံးတွဲပေါ် စင်္ကြန်ပေါ်မှ လှမ်းကြည့်လိုက်သည်။ ရထားထိန်း (ဂတ်ဗိုလ်)၏ ကြိုးတန်းထားသော အကန့်လေး မှ အပ ဘေးခုံတန်းလျားမှာ ခရီးသည်အပြည့်။ ကျွန်တော် ရထားဘေးစင်္ကြန်ပေါ်မှာ လျှောက်ရင်း ကြည့်သွားလိုက်သည်။ တင်ပါးတစ်နေရာစာ လစ်လပ်တာများ ရှိမလား။ မတွေ့။ နောက်ဆုံး တွဲ ကို လွန်ပြီး ကျွန်တော် ဆက်လျှောက်သွားသည်။

ကျွန်တော်သည် သည်လိုညနေအချိန် သည်လို ဆင်ခြေဖုံးသွား ရထားကို လိုက်ပါစီးနင်းမည်ဆိုလျှင် နောက်ဆုံးတွဲ သို့မဟုတ် ရှေ့ဆုံးတွဲကိုသာ ရွေးချယ်ုစီးတတ်ပါသည်။ ဘာကြောင့်ဆို လူချောင် တတ်သော ကြောင့်ဖြစ်သည်။ ဘာ့ကြောင့်ဆို ဘူတာစဉ်တွေမှာ ရထားရပ်တန့်လျှင် အလယ်တွဲတွေက ခရီးသည်တွေ အတွက် ဆင်းရ တက်ရအဆင်ပြေသလို အလုအယက်တက်ကြရာတွင် နီးရာတွဲသာတက်ရောက်တတ် သောကြောင့် ဖြစ်သည်။ ဘိတ်ဆုံးတွဲနှင့် ရှေ့ဆုံးတွဲမှာ ဘူတာစင်္ကြန်၏ ရှေ့နောက်အစွန်တွေမှာသာ ရှိနေ တတ် ကြသည်။ ခရီးသည်နည်းပါးရခြင်းအကြောင်း တစ်ချက်ဖြစ်နိုင်သည်ဟု ကျွန်တော်တွေးသည်။ ကျွန်တော့် တွက်ချက် တွေးတောမှု့ က အခါအားလျော်စွာ မှန်ကန်ခြင်းမရှိတတ်။

ကျွန်တော် အလယ်တွဲများကိုလည်း အလွတ်မပေးဘဲ ရှေ့ဆီသို့ လျှောက်သွားရင်း ကြည့်ရှုသွားပါသည်။ လူချောင် နေရာလွတ် ရှိလျှင် စဉ်းစားမနေဘဲ ကျွန်တော် တက်ရောက်စီးနင်းပါမည်။သို့တိုင် နေရာလွတ် က မရှိ။ သည်အချိန်က ညနေရုံးပြန်၊ ဈေးပြန်၊ အလုပ်ပြန်ချိန်၊ ရထားထွက်ဖို့ အချိန်ကလည်း ၅ မိနစ်လောက်သာ ရှိတော့ပြီ။

ကျွန်တော် ထိပ်ဆုံး၏ ဒုတိယတွဲဆီရောက်သွားသည်။ ထိုဒုတိယတွဲ၏ နောက်ဘက်စွန်းအခြမ်းမှာ နည်းနည်း ချောင်ချိနေတာကို တွေ့ရသည်။ အချိန်မရှိတော့။ ရထားထွက်ချိန်နီး လာသည်နှင့်အမျှ အခြေအနေ သည် ထက်ဆိုးတော့မည်။ စင်္ကြန်ပေါ်မှာ ယခုမှရောက်လာသော ခရီးသည်တွေ ခပ်သုတ်သုတ် ပဲ နေရာရှာနေကြသည်။ ကျွန်တော် ရထားပေါ်တက်လိုက်သည်။ ကြမ်းပိုး (ဂျပိုး)များနှင့် ကြွက်များ၊ အိမ်ယာတည်ထောင်နေထိုင်နေသည့် ဘေးခုံတန်းရှည်က လေလျော့ကာ ထိုင်ချလိုက်သည်။ ဘေးဘယ်ညာ ရှိ အမျိုးသားနှစ်ဦးက သူတို့ကိုယ်ကာယတွေကို အတတ်နိုင်ဆုံး ကျုံ့ပေးလိုက်ခြင်းဖြင့် ခရီး သည်ခြင်း ရိုင်းပင်းလိုက်ကြသည်။

ကျနေက ရထားတွဲတွင်း ပြတင်းပေါက်တွေမှရော နံရံမှပါ ၀င်ရောက်လာနေသည်။ အပူလုံးကြီးက ရထားတွဲ တွင်းမှာ ဝှေ့ဝိုက်နေသည်။ ကျွန်တော့် ဘယ်ဘက်ဘေးကလူမှာ ဂမ္ဘီရလုံးချင်းဝတ္ထုတစ်အုပ်ကို သဲကြီး မည်းကြီး ဖတ်နေသည်။ သည်စာအုပ်ဖတ်မပြီးလျှင် သူဒညနေစာပင် မစားရတော့မယ်ပုံမျိုး။ ကျွန်တော့် ညာဘက်က အဖိုးကြီးကတော့ နံရံကို ကျောမှီကာဘေးတိုက်ကြီးထိုင်ကာ ဟိုကြည့် သည်ကြည့် လူတွေကို လေ့လာနေသည့် အလုပ်သမားခေါင်းတစ်ယောက်နှင့် တူနေပါသည်။
ရထား ထွက်တော့ မတ်တတ်ရပ်ခရီးသည် တစ်ယောက်စ နှစ်ယောက်စသာရှိသည်။ ရထားထွက်တော့မှ လေပြေကလေး များ ရထားတွဲတွင်း ၀င်ရောက်လာပြီး ရထားတွဲတွင်းရှိ အပူရှိန်ကို တစ်စတစ်စကိုက်ဖြတ် သည်။

ပထမဘူတာရပ်တော့ ကော်လံဖြူအများစု တက်ရောက်လာကြပါသည်။ ပညာအရင်းအမြစ်ကို ရောင်းချ အသက်မွေးသူများဟု ဆိုလိုပါသည်။ ရုံးစာရေး၊ ကွန်ပျူတာသမားနှင့် အရောင်းစာရေးစသည်ဖြင့် အများစုဖြစ်နိုင်ပါသည်။ အမျိုးသမီးအများစုဖြစ်သလို လူငယ်ပိုင်းတွေများသည်။ သည်ဘူတာမှာ မြို့တွင်း မှာပဲ ရှိနေပါသေးသည်။ သည်ဘူတာအပါအ၀င် ငါးဘူတာလောက်လွန်ပြီးမှ ရထားသည် မြို့တွင်း ဧရိယာမှ ထွက်လာနိုင်မည်ဖြစ်သည်။ ကျွန်တော်သည်လည်း အချိန်ကို အကျိုးရှိစွာ အသုံးပြုလိုသဖြင့် လွယ်အိတ် တွင်း ပါသော ပန်းချီဝါဒများနှင့် ပတ်သက်သည့် စာအုပ်တစ်အုပ်ကို ဖတ်နေလိုက်ပါသည်။ ရထားက ဆင်ခြေဖုံးဘက် ဆက်သွားနေသည်။ ရထားတွဲတွင်းမှာ စကားသံ၊ ရယ်သံများ ပလုံးပထွေး ပြေးလွှားနေသည်။

ကျွန်တော် မျက်စိညောင်း၊ အာရုံညောင်းလို့စာအုပ်မှခွာလိုက်တော့ ရထားသည် မြို့ကြီးတွင်းဘူတာများမှ ထွက်ခွာ လာခဲ့ပြီ။ သည်အခါ ဥာဏလုပ်သားအများစုလည်း လျော့ပါးသွားပြီး လက်လုပ်လက်စားများ၊ ဈေး သည်များ တက်ရောက်လာကြပြီဖြစ်သည်။ နံနက်စောစော ဆင်ခြေဖုံးကထွက် မြို့ဘက်က မြို့နယ် ရပ်ကွက် ဈေးတွေမှာ လှည့်လည်ရောင်းချပြီး ဆင်ခြေဖုံးအစွန် မိသားစု အိမ်ကလေးတွေကို ပြန်ကြမည့် အများစုဖြစ် သည်။ ရောင်းကုန်အချို့လည်း ကုန်ခဲ့ကြပြီ။ မောပမ်းနွမ်းနယ်နေပြီ။ ဆိုင်းတန်းအလွတ်များ၊ ခံတောင်းများ၊ သတ္ထုဘန်းများက ရထားတွဲ၏ အလယ်ကွက်လပ်မှာ စီကာထပ်ကာ ရောက်လာသည်။ ယောက်ျားမိန်းမ ဆိုင်းတန်းတွေကြား၊ ဘန်းအထပ်တွေကြား ကြမ်းပြင်မှာ ဖိနပ်ခုထိုင်ချကြသည်။ ရထားက ဆင်ခြေဖုံးမြို့စွန် ဘက်ရောက်လာလေ ရထားတွဲတွင်း ပြည့်ကျပ်လာလေဖြစ်သည်။ ကြမ်းပြင်မှာ ထိုင်သူ မတ်တတရပ်သူ (မတ်တတ်ရပ်သူတွေက တွဲဘေးတစ်ဖက်တစ်ချက် ခုံတန်းရှည်တွေအနီးမှာ ရပ်ကြသည်။)

ကျွန်တော်ထိုင်နေရတာ တွဲတစ်တွဲ၏ အဆုံးနံရံနားမှာ။ နံရံမှာ ဆိုင်းတန်းအလွတ်တစ်ခုချထားပြီး အနီးမှာ ခါးညွတ်ပြီး ပါးရိုးငေါငေါအသားညိုညို အသက်ကြီးကြီး လူတစ်ဦးကြမ်းပြင်မှာ ထိုင်နေသည်။ သူ့အနီး ကျွန်တော့် ခြေထောက်ရှေ့မှာ သတ္ထုဘန်းကို ချထားပြီး အပေါ်မှာ ဒန်အိုးအတွင်းမှ မုန့်လက်ကောက် အကွင်း သုံးလေးကွင်းကို ဒန်အိုးအဖုံးပေါ်တင်လိုက်ပြီး " မုန့်လက်ကောက် နော်၊ ဒါပဲ ကျန် တော့တယ်။ တစ်ကွင်းငါးဆယ်နဲ့ စားကြနော်။ အဆာပြေစားဦးမလား" ဟု အော်လိုက်ပြီး ကောက်ညှင်း ပေါင်းကို ဒန်အိုး အတွင်းမှ ထပ်ထုတ်လိုက်ပြန်သည်။ အပုံခပ်ကြီးကြီး (လက်နှစ်ဆုပ်စာခန့်) နှစ်ပုံပုံလိုက်ပြီး ကောက်ညှင်းပေါင်း ကို ဒန်အိုးအတွင်းမှ ထပ်ထုတ်လိုက်ပြန်သည်။ အပုံခပ်ကြီးကြီး (လက်နှစ်ဆုပ်စာခန့်) နှစ်ပုံ ပုံလိုက်ပြီး "ကောက်ညှင်းပေါင်းတွေ တစ်ပုံတစ်ရာ၊ ဗိုက်ရိုက်စားလို့ရတယ်" ဟု အော်ပြန်သည်။ ဒါ အကုန်ပဲနော် ကျန်လို့ရောင်းတာဟုလည်း ဆက်အော်လိုက်ပြန်၏။

သူ့ညာဘက်ရှေ့မှာလည်း ဘန်းနှင့်ဈေးသည်မတစ်ဦး၊ ပိန်ပိန်ရှည်ရှည် မျက်နှာသွယ်သွယ်။ သူမရှေ့တည့် တည့် မှာက မိန်းမငယ်တစ်ဦး။ သူက ခံတောင်းနှင့် ဒိန်ချဉ်ခွက်ကလေး (အိုးကလေး)တွေနှင့်။ သူမကတော့ ရောင်းကုန်ခဲ့ဟန်တူသည်။ အိုးကလေးခွက်ကလေးေူတွကို စီထပ်ရင်း၊ ပိန်ရှည်ရှည်မိန်းမနှင့် စကားပြောနေ သည်။ သူတို့ဟိုဘက်မှာ ဖော့ပုံးနှင့် လူငယ်တစ်ယောက်။ ဟိုဘက်မှာ ဆိုင်းတန်းတစ်ခု။

ခပ်ဖိုင့်ဖိုင့်မိန်းမ၏ ကောက်ညှင်းပေါင်းကို အတန်ကြာတော့ နံရံအနီးဆိုင်းတန်းရှေ့ ကြမ်းပြင်ထိုင်နေသော ပါးရိုးငေါ လူပိန်ကြီးက ၀ယ်စားလိုက်သည်။ ကျွန်တော်နှင့် တစ်ယောက်ကျော် ပိန်ပိန်ညိုညို မျက်နှာအမာ ရွတ်နှင့် လူငယ်ကလည်း ၀ယ်စားသည်။ (နောက်တော့ ထိုလူငယ်မှာ သစ်စက်အလုပ်သမားမှန်း သိရသည်) သည်အချိန်မှာ သူတို့ဝမ်းဗိုက်တွေ ဟာလာဟင်းလင်းဖြစ်နေမည်။ ကောက်ညှင်းပေါင်း တစ်ရာဖိုး၊ ရေခဲရေနှစ်ဆယ်ဖိုး ၀ယ်ဖြည့်လိုက်လျှင် အဆင်ပြေသွားကြမည်။

ရေခဲရေသည်လေးတွေက တစာစာအော်နေသည်။ ကွမ်းယာဆေးလိပ်သည်တွေကလည်း တစ်ဦးပြီး တစ်ဦး သံပုရာသီးသည်၊ လိမ္မောသီးသည်၊ စုံစီနဖာသည်၊ သင်္ကြန်စာသည်၊ ဆေးရောင်းသူ၊ ဗေဒင် စာရွက် ရောင်းသူ၊ ဖရဲသီးသည်၊ စာကလေးခွေသည်။

" ဒါက ဂျယ်အထုပ်တွေပါ။ တစ်ထုပ်မှ ငါးဆယ်၊ သုံးထုပ် တစ်ရာနဲ့ယူ။ ခေါင်းလိမ်းဖို့ပါ။ ဆံပင်ထောင်လို့ ရတယ်။ လှဲလို့ရတယ်။ ဆံပင်ထောင်ချင်ရင် လူငယ်တွေသုံး။ လှဲချင်ရင် လူကြီးတွေသုံး။ အပြင်မှာ ဘူးနဲ့ ၀ယ်မယ်ဆို အနိမ့်ဆုံး လေးငါးခြောက်ရာက ထောင်ကျော်ပေးရမယ်။ ကျွန်တော့်ဆီမှာ ဟောလိုဂျယ် တစ်ထုတ်ကို ငါးဆယ်၊ သုံးထုပ်ယူရင် တစ်ရာ။ ရထားပေါ်မှာက ဒီမှာ ဒီမှာ ဒီမှာ ကြည့်စမ်း ဒီရထား ပေါ်မှာက အခြေခံလူတန်းစား ၉၈ ရာခိုင်နှုန်းစီးကြတာပါ။ အခြေခံလူတန်းစားတွေ ၀ယ်နိုင်တဲ့ဈေး ကျွန်တော်တို့ ရောင်းပေးတာပါ။ လာမယ် လာမယ်။ ယူဦးမလား။ ဟောဒီအထုပ်ကလေးတစ်ထုပ် ငါးဆယ်။ ငါးဆယ်ဆိုတာ လက်ဖက်ရည်တစ်ခွက်သောက်လို့ မရဘူး ဟုတ်ပီလား၊ ယူဦးမလား ... "

သည် ဂျယ်လီခေါင်းလိမ်းဆီ ရောင်းသမား၏ ပြောပုံအရ သည်ရထားပေါ်မှာ အခြေခံလူတန်းစား (လက်လုပ် လက်စားဆင်းရဲသားပြည်သူ) ၉၈ ရာခိုင်နှုန်းစီးနင်းနေသည်ဆိုတော့ တစ်တွဲလုံးနီးပါးပေါ့။ ငါရော အခြေခံ လူတန်းစားထဲ ပါဝင်နေသလားဟု သည်တော့မှ ကိုယ့်ကိုယ်ကိုယ် ပြန်ငဲ့ကြည့်မိသည်။ ရထားတွဲ အတွင်းရှိ ခရီးသည်တွေကို လှည့်ပတ်ကြည့်မိသည်။ သည် ဈေးသည်လူငယ်သုံးသပ်သွားတာ မှားယွင်းတယ် လို့ မဆိုနိုင်။ ပလပ်စတစ်ဆွဲခြင်းကလေးတွေနှင့် အလုပ်သမားလေးတွေ အထည်ချုပ်စက်ရုံ၊ အရက် ရေသန့်စက်ရုံ၊ အချိုရည်စက်ရုံ၊ လူသုံးကုန်ပစ္စည်းစက်ရုံတွေက အလုပ်သမလေးတွေ၊ အလုပ်သမား လေးတွေ။

ကျွန်တော်ကရော။ ကျွန်တော်က ဥာဏ(ဥာဏ်ပညာ)ကို ရောင်းချစားသောက်နေရသော စာရေးဆရာ။ သို့တိုင် ဟိုး ... ဆင်ခြေဖုံးမြို့စွန် မြို့သစ်မှာ အိမ်ငှားနေထိုင်ရသူ။ စားဝတ်နေရေးကို ပူပန်နေရသူ။ စာကို တကုတ်ကုတ် ရေးနိုင်မှ ထမင်းစားရသူ။ လက်လုပ်လက်စား။ ကျွန်တော့်တွင်လည်း အနာဂတ်ပျောက်ဆုံး နေသလို။
နောက် သူတို့နားက ဘုန်းကြီးကျောင်းဘုရားမျက်နှာကြက် ပိတ်စအတွက် ပိန်ရှည်ရှည်မိန်းမဆီ အလှူငွေ နှစ်ရာ၊ ငါးရာစသည်ဖြင့် ထည့်ကြသည်။ သူတို့တွင် စိတ်နှလုံးကောင်းရှိကြ ရိုးသားကြသည်။ ဘာသာ တရား ကိုကြည်ညို ကိုင်းညွှတ်ကြသည်။ စသည်ဖြင့် သူတို့သည် ဘ၀နှင့်အသားကျကာ ရေစီးအတိုင်း မျော နေကြ သည်။

" မနက်က ဟိုကုလားအဘိုးကြီး ဦးတိမ်တစ်လုံးလေ။ သူ့မြေပဲပြုတ်တွေ အားပေးပါဦးဆိုလို့ ငါဝယ်စားတာ ဇိမ်း(စိမ်း)ဆတ်ဆတ်နဲ့ မနပ်ဘူးဟာ ... "
" အဘိုးကြီးလည်း မိန်းမပြုတ်ပေးတာ ရောင်းရတာလေ။ အသက်က ၇၈ နှစ်ရှိနေပြီ။ ဈေးရောင်းရတုန်း သနား ပါတယ် .... "
" ဒီ သေခါနီးအရွယ်ကြီးကျမှ ငါတော့ ဈေးမရောင်းနိုင်ပေါင်။ အစိုးရသတ်မှတ်ထားတာက အသက် ၆၀ ဆို ပင်စင်နားရတယ် မဟုတ်လား။ ငါတော့ ခြောက်ဆယ်ကျော်ရင် ဈေးမရောင်းတော့ဘူး။ ဒါလောက် ထိတော့  လင်စာ သားစာ လုပ်မနေနိုင်ဘူး ... "ဟု ခပ်ဖိုင့်ဖိုင့် မိန်းမက မဲ့ကာရွံ့ကာ ပြောသည်။

နောက်ပိုင်း သစ်စက်အလုပ်သမားလေးကလည်း သစ်စက်လုပ်ငန်းခွင်တွေအကြောင်း ပြောပြနေသည်။ အလုပ်ကြပ် ၏ ခေါင်းပုံဖြတ်မှုတွေ၊ မိန်းချမထားမိဘဲ ၀ိုင်းဆရာက လွှသွေးနေစဉ် မီးထလာပို့ လက်ချောင်း တွေ ပြတ်သွားရပုံတွေ၊ အချိန်မိုခိုင်းပြီး ထမင်းကို ၀လင်အောင် မကျွေးတာ သူဌေးက သိသွားပြီး အလုပ် ကြပ်တွေကို ကြိမ်းမောင်းပုံတွေ၊ စသည်ဖြင့် ကျွန်တော် ကြားနေရပါသည်။
ကျွန်တော် သူတို့ကို ငေးကြည့်ရင်းဘာများ ကူညီနိုင်မလဲဟုတွေးသည်။ ကူညီချင်သည်။

" ကဲ ... ကြုံတုန်းဗျာ ... "
ကျွန်တော်က အသံခပ်ကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ ရထားတွဲတွင်း တစ်ယောက်တစ်ပေါက် ပြောဆို နေသော စကားသံများ တိတ်သွားသည်။ အကြည့်အားလုံး ကျွန်တော့်ဆီရောက်လာသည်။
" ကျွန်တော် တစ်ခု ခင်ဗျားတို့ကို မစချင်တယ်။ ခင်ဗျားတို့ကို မြင်ရတွေ့ရတာ ကြားရတာ ကျွန်တော် အရမ်း စိတ်မကောင်းဘူး။ ဂရုဏာလည်း သက်မိတယ်"
အားလုံး က ကျွန်တော့်ကို ဘာပါလိမ့်ဆိုသော နားမလည်နိုင်သည့် အကြည့်တွေ၊ စိတ်မှနှံ့ရဲ့လားဆိုသော မယုံသင်္ကာ အကြည့်တွေ။ အစိုးရ အရာထမ်းများလားဆိုသော ထိတ်လန့်သည့်အကြည့်တွေနှင့် တိတ်ဆိတ် အံ့သြစွာ ကြည့်နေကြပါသည်။

" မစ ဆိုတဲ့ စကားလုံးကို ခင်ဗျားတို့သိလား။ အဲဒါမစပဲ။ မစကို ပြောင်းပြန်ရွှေ့လိုက်ရင် စမပဲ။ ဟုတ်တယ် မို့လား။ ကျွန်တော့်အသက် အခု ၆၁ (ခြောက်ဆယ့်တစ်)နှစ်ရှိပြီ။ အဲဒါကိုသာ ဆောင်သွားကြတော့ဗျာ ... "
ရထားက ကျွန်တော်ဆင်းမည့် ဘူတာကို ရောက်လာပြီဖြစ်သဖြင့် အဆင်သင့်သွားလေသည်။ ကျွန်တော့် စိတ်ကူး အိပ်မက်ထဲ မျောနေတာကို ဖြတ်တောက်ခါ ခပ်သုတ်သုတ်ရထားပေါ်မှ ဆင်းချလာ၏။

၂၀၁၀၊ ဇွန်လ၊
မြန်မာသစ်မဂ္ဂဇင်း။
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, March 6, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၁၉)

ရထားပေါ်ကလူများ (2)

ဘူတာကြီး နံပါတ်(၇) စင်္ကြံန်မှာ ဆိုက်ကပ်ထားသော မြောက်ပိုင်းဆင်ခြေဖုံးသွားရထားပေါ် တက်လိုက် ကတည်းက ခုံတန်းလျားရှည်တွေမှာ လူတွေက အပြည့်နီးပါး။
ကျွန်တော့် အတွက် တင်ပါးတစ်နေရာစာရှိဖို့ကတော့ လိုပါသည်။ ကမန်တ်ာသွားမည့် ခရီးဆုံးထိဆိုလျှင် အနည်းလေး တစ်နာရီခွဲ ( မိနစ် ၉၀) ကြာမြင့်ပါမည်။ မိနစ် ၉၀ လုံး မတ်တပ်ရပ်လိုက်ဖို့ဆိုတာ အိုလျော့ နေပြီဖြစ်သည့် ကျွန်တော့်ခြေသလုံး ကြွက်သားမျာက သည်းခံနိုင်မည်မထင်ပါ။ ရှေ့ဘူတာတွင် ခရီးသည် တွေက သည်ထက်တိုးလာဖို့ပရြှိသည်။ နောက်ဆုံး အောက်ဆီဂျင် မလုံလောက်သည်အထိ တွဲတွင်းမှာ လူတွေ များလာနိုင်စရာ ရှိသည်။ ယခုအခါ ရထားစီး၍ ဆင်ခြေဖုံးသို့ ခရီးသွားခဲ့သည်မှာ တစ်နှစ်နီးပါး ရှိတော့မည်။ ရထားစီးခြင်း အတွေ့အကြုံတွေက တောင်ပုံရာပုံဖြစ်လာနေပြီ။ ဘယ်ကွေ့မှာ ဘယ်သောင်၊ ဘယ်ကမ်း မှာ ဘယ်ကျောက်တန်း၊ ဘယ်ခရီးမှာ ဘယ်ရေစီးဆိုတာ ကျွန်တော် ခန့်မှန်းနိုင်ပါပြီ။

ကျွန်တော်သည် တစ်တွဲတက် တစ်တွဲဆင်းကာ တင်ပါးတစ်နေရာစာရှာသည်။ ကျွန်တော်သည်နေ့ ဘူတာကြီး ရောက်တာ နည်းနည်းနောက်ကျခဲ့သည်။ ညနေ ၄ နာရီလောက်တွင် ကျွန်တော်အယ်ဒီတာ အဖြစ် ဝင်လုပ်ပေးနေသည့် မဂ္ဂဇင်းတိုက် သို့ မိတ်ဆွေစာရေးဆရာအချို့ ရောက်လာသည်။ သို့နှင့် ၄၇ လမ်းရှိ မုန့်ဟင်းခါး ရသော ကဖီးဆိုသို့ ချီတက်ရာတွင် ပါသွားခဲ့သည်။ သည်လောကတွင် နေပျော် နေသည်မှာ စာရေးဆရာချင်းဆုံတွေ့လက်ဖက်ရည်ဆိုင်ထိုင် ထွေရာလေးပါး လေပစ်ရသော အရသာက ဘာနှင့်မျှ မလဲနိုင်။ ကျွန်တော်တစ်ဘဝလုံး တောင့်တခဲ့သည်မှာလည်း သည်စာရေးဆရာဘဝမျိုးသာ။ စာရေးဆရာ ဘဝနှင့် ဘာကိုမျှ ကျွန်တော်မလဲနိုင်ပါ။ ဆရာကြီးပီမိုးနင်း က နောင်ဘဝဆက်တိုင်း စာရေးဆရာ ဖြစ်ရပါလို၏ ဟု ဆုတောင်းသွားတာ ယခုတော့ ကျွန်တော်နားလည်သွားပါသည်။

ကျွန်တော်တစ်တွဲတက် တစ်တွဲဆင်းရှာရင်း ရထား၏ အလယ်တွဲလောက်တွင် ခုံတန်းလျားရှည်ထောင့်စွန်း ၌ ကျွန်တော့် တင်ပါးတစ်နေရာစာ ရရှိခဲ့ပါသည်။ နည်းနည်းဟ နေသော ခရီးသည်နှစ်ဦးကို တောင်းပန်ကာ ပူးကပ် ထိုင်နေရခြင်းဖြစ်သည်။ ပူအိုက်လှောင်နေသော်လည်း၊ ကျပ်ညပ်နေသော်လည်း နေရာ တစ်နေရာ အတွက် ၀မ်းမြောက်ဝမ်းသာ ရှိရပါသည်။ ကံကောင်းသည်က ကျွန်တော် နေရာရပြီး မကြာမီ ရထားထွက် ပါသည်။ ရထားက ကျွန်တော်ထိုင်နေသော ဆင်ခြေဖုံးမြို့သစ်ထိ ခုတ်မောင်း ပါလိမ့်မည်။ ရထားလည်း ခုလို ညနေတွေဆို မနိုင်ဝန်ထမ်းရရှာပါသည်။

ရထားထွက်တော့ ရထားပြတင်းများမှ လေအေးအချို့ တိုးဝင်လာပြီး လေပူများကို တွန်းရွှေ့သွားပါသည်။ ဘူတာကြီး မှ ရထားစစထွက်ချင်းမှာ ခုံတန်းလျားပြည့်သော်လည်း မတ်ရပ်ခရီးသည်တစ်ယောက်စ နှစ် ယောက်စ သာ။ ပထမတော့ မိုးပေါက်ကလေးတွေ ကျလာသေးသည်။ တစ်ပြိုင်တည်း နေရောင်က ၀င်းပနေ သည်။ မိုးပေါက်ကလေးတွေက ငွေရောင်ရွှေရောင်တောက်ပ ကျဆင်းနေသည်။
ရထား က ညနေ ၅ နာရီထိုးလုနီးမှာ ထွက်ခဲ့တာဖြစ်သည်။ ဘုရားလမ်းဘူတာရောက်တော့ လူအုပ်ကြီးက ရထား ပေါ် သွန်ကျလာပါသည်။ သည်အချိန်သည်ဘူတာမှာ သည်လိုစီးဆင်းမြဲဆိုတာ ကျွန်တော် သိနေပါ သည်။ ဆင်းသူက နည်းပြီး တက်လာသူက များပါသည်။ စတိုးဆိုင်၊ အရောင်းဈေးသည်လေးများ၊ ကွန်ပျူတာ အလုပ်သမများ၊ စာရေးစာချီဝန်ထမ်းများလည်း ပါတတ်ပါသည်။ ဒါက နိစ္စဓူဝ မနက်ဆို မြို့တွင်း ၀င်လာ၊ ညနေဆို မြို့တွင်းမှ ဆင်ခြေဖုံးသို့ ပြန်ထွက်သူများ။

ရထားပြန်ထွက်ပြီး တစ်အောင့်ကြာတော့ လမ်းမတော်ဘူတာတွင်ဆင်းရန် ကျွန်တော့်ဘေးမှ အမျိုးသမီး တစ်ယောက် ထသည်။ ရပ်နေသော ခရီးသည်တွေထဲမှ ခုံနှင့်အနီးဆုံး တုတ်တုတ်ခိုင်ခိုင် လူတစ် ယောက် က ထိုလစ်လပ်သွားသော နေရာကို ရုတ်ခနဲဝင်ထိုင်လိုက်ပါသည်။ ပတ်ဝန်းကျင်မှ မိန်းကလေး တချို့ ကတော့ ဣနြေ္ဒရရ ရပ်မြဲရပ်နေကြသည်။ ကျွန်တော့်စိတ်တွင် သည်လူ့နှယ် ယောက်ျား ရင့်မာ သန်သန် မာမာ ကြီးနဲ့ မိန်းကလေးတွေမှ အားမနာဟု တွေးနေမိသေးသည်။ နောက်တော့မှ လူဆိုတာ အတ္တသတ္တ၀ါ တွေပဲလေဆိုကာ စိတ်ဖြေရသည်။ ကိုယ်ကိုယ်တိုင်ကရော။ တင်ပါးတစ်နေရာစာအတွက် ရှာ ခဲ့ရတာ၊ ယခု လို တစ်နေရာ ရတော့လည်း မြဲမြံထားတာ။ အင်း ... သည်လူနှင့်ငါက သိပ်ကွာခြားမှုမရှိဘူးဟု ပြန်တွေး နေမိ သည်။

လမ်းမတော်ဘူတာရောက်တော့လည်း ဆင်းသူနှင့် တက်သူမှာ တက်သူက အများစုပဲဖြစ်သည်။ ရထားတွဲ  တွင်း မှာ အောက်စီဂျင်က ပိုမိုရှားပါးလာသည်။ ရထားသွားနေလျှင်တော့ အသက်၀၀ရှူလို့ ကောင်း နေပါသည်။ ရထားရပ်သည်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်တွေက ရာနှုန်းပိုများလာသည်ဟု စိတ်မှာ ထင်နေ ပါသည်။

လမ်းမတော် ဘူတာမှ တက်လာသော မြေးအဘိုးနှစ်ယောက်က ကျွန်တော့်ရှေ့မှာ လာရပ်နေသည်ကို ရထား သွားနေပြီး အတန်ကြာမှ ကျွန်တော် သတိထားမိပါသည်။ အဘိုးကြီးမှာ အတော်ကလေးပိန်ပြီး အားနည်း နေပုံလည်းရပါသည်။ သူ့နောက်ဘက်က မြေးမလေးကို ထီးပါရဲ့လားဟု မေးနေသည်။ မြေးမလေး က ထီးကို အဘိုးဖြစ်သူထံ ကမ်းပေးသည်။ ရထားအကွေ့မှာ ယိမ်းသွားရာ အဘိုးဖြစ်သူမှာ ထီး လှမ်းယူရင်း လဲမလို ပြိုမလို ဖြစ်သွားသည်။ ထီးက အရွက်တွေလန်ပြီး ကို့လို့ကန့်လန့် ဖြစ်နေ၏။ ထီးလေး ပိတ်ပေးပါဟု အဘိုးအိုက ဆိုပါသည်။ ထိုင်နေသူဆီ အကူအညီတောင်းခြင်းဖြစ်၏။ သူလုပ် မလိုလို ငါလုပ်မလိုလို နှင့် ထိုင်နေသူတွေထံမှ ချက်ချင်းတုံ့ပြန်မှုမရပါ။ နောက်တော့ ကျွန်တော် ထီးကို လှမ်းယူ ပြီး နောက် ခေါက် ပေးလိုက်သည်။

" ကျုပ်က ဗိုက်ခွဲထားလို့ပါ။ အခုမှ ဆေးရုံက ဆင်းလာတာပါ။ ခဏလေးကိုင်ထားပေးပါ။ ကျုပ်ခါးက သိပ် လှုပ် လို့ မကောင်းဘူး "
သူက မြေးမလေးလွယ်ထားသော အိတ်ထဲမှ သရေပတ်ပြားကြီးကို ခါးပတ်ဖို့ပြင်ပါသည်။ ရထားဈေးသည် တွေ တိုးတိုက်မှု၊ ရထားယိမ်းလှုပ်မှုနှင့် အဘိုးကြီးမှာ အတော်ခက်ခဲနေပါသည်။ သားရေခါးပတ်ပြားကြီးက သူ့ ခါး ကို ငြိမ်သက်အောင် ထိန်းပေးနိုင်မည်ဖြစ်သည်။ သည်နေရာ တွင် ထိုနာလန်ထ လူနာအတွက် ငြိမ်သက် ထိုင်လိုက်ပါဖို့ လိုပါမည်။ ကျွန်တော့်ဘေးက တုတ်တုတ်ခိုင်ခိုင်လူများ သူ့နေရာမှ ထပေးမလား။ ကျွန်တော် လှည့်ကြည့်ဖြစ်သေးသည်။ ထိုသူက မလှုပ်၊ တစ်ဖက်ကိုပင် မျက်နှာလှည့်လိုက်သေးသည်။ အမှန် တကယ် ပင် သည်နာလန်ထလူနာလည်း ထိုင်စရာနေရမှဖြစ်မည်။ ကျွန်တော် တကယ် စေတနာ မပါဘဲ တင်ပါး တစ်နေရာစာ လှူတန်းဖို့ အခြေအနေက တွန်းပို့နေပါသည်။ မတတ်နိုင်ပါ။ အရာရာကို လျစ်လျူရှူ ဥပေက္ခာထားဖို့ ကျွန်တော့်တွင် အင်အားမရှိပါ။

ကျွန်တော် နေရာမှထလိုက်ပြီး ဦးလေးဒီမှာထိုင်ပါဆိုကာ သူ့လက်ကိုဆွဲကာ ထိုင်ခုံနေရာပေးလိုက်သည်။ သူက အားနာနေသေးသည်။ ထိုင်ပါ ထိုင်ပါ ရပါတယ်ဗျာ လုပ်နေသေးသည်။ သူဟန်ဆောင်ပြောပြောတာ ဖြစ်နိုင်သည်။ သူ့အခြေအနေက ထိုင်စရာတစ်နေရာလိုအပ်နေပါသည်။ ရထားခရီးသည်တွေက တွဲလုံး ပြည့် ကျပ်ညပ်နေခဲ့ပြီ။ မတ်တတ်ရပ်ရတာပင် သက်တောင့်သက်သာမရှိ။
အဘိုးအို က ထိုင်ခုံမှာ ထိုင်မိပြီး သားရေခါးပတ်ပြားကြီးကို သူ့ခါးမှာ ပတ်နေသည်။ ကျုပ်ဗိုက်က နှစ်ခါပြန် တောင်ချုပ်ရတာဟု သူပြောနေသည်။

" ပထမ ချုပ်ရိုးကကျဲတော့ ပြတ်ထွက်ပြီး အူတွေ ထွက်လာတာ။ အဲဒါနဲ့ ပြန်ချုပ်ရတယ်။ ဆေးရုံပေါ် မှာတော့ လူနာတွေကလည်း ကျပ်နေတာ။ ဗိုက်ခွဲတဲ့လူနာပေမယ့် သုံးလေးငါးရက် ချုပ်ရိုးဖြည်ပြီး တာနဲ့ ဆင်း ခိုင်းတာ။ တချို့ အနာမကျက် လို့ အိမ်ရောက်မှ ပြန်တက်ရတာရှိတယ် "
အဘိုးကြီး အသံမှာ မောဟိုက်သံပါနေသည်။ လေက မဆက်မိချင်။ သူက ကျွန်တော့်ကို အားနာပြီး ဘယ်ဆင်း မှာလဲဟု မေးနေသည်။ ကျွန်တော်က ရထားလမ်းဆုံးနားထိဆိုတာ မပြောပါ။ ရပါတယ် ... ဦးလေး ဘယ်ဆင်း မှာလဲဟုသာ မေးလိုက်ပါသည်။

" သမိုင်းဘူတာ အဲဒီက ဆင်းပြီးရွာကို ကားစီးရမယ် "
" တက္ကစီငှားစီးသွားပေါ့။ ခုလိုဆေးရုံ က ဆင်းခါစမှာ "
" ဘတ်စ်ကား က နီးနီးပဲစီးရမှာ ခုံးတံတားကျော်ရင် ရောက်ပြီ။ ဂွမ်းလိပ်ကအစ အပ်ချိတ်ကအစ ၀ယ်ရတာ။ ဘာမှ အလကားမရဘူး ... "
" ဦးလေး ဘယ်လောက်ကုန်သွားလဲ ... "
" ကျုပ်က ဆယ်ရက်ကျော်ကျော် ကြာသွားတယ်။ ခုနှစ်သိန်းလောက် ကုန်သွားတယ်။ ကျုပ်လည်း တတ်နိုင် လို့ မဟုတ်ဘူး။ ရွာဆွေမျိုးက စုပေးကြရတာ ... "
" ဦးလေးက ဘာဖြစ်လို့ ဆေးရုံတက်ရတာလဲ ... "
" အူလမ်းကြောင်း ပိတ်တာတဲ့။ ခွဲစိတ်ပြီး အူထဲကပိတ်နေတဲ့ အစာတွေထုတ်လိုက်တာ။ ချိန်ကြည့်တော့ ခြောက်ဆယ်သား လောက်ရှိသတဲ့။ ကျုပ်လည်း အစားကို ပုံမှန်စားတာပါပဲ။ ကျုပ်က ထမင်းပဲ စားတာပဲ။ ဘယ်လို ဖြစ်တယ်မသိဘူး "

" ဘယ်လို ဖြစ်တာလဲ၊ တအားအောင့်တာလား၊ ပိတ်တော့လေ ... "
ကျွန်တော် စိတ်ဝင်စားနေပါသည်။ ကျွန်တော့် ညီတစ်ယောက်လည်း အစာလမ်းကြောင်းပိတ်ပြီး ဆေးရုံ တက်ရသတဲ့။ သူကတော့ သောက်ဆေး ထိုးဆေးနှင့် သက်သာသွားသည်ဟု ဆိုသည်။
" ဘယ်လိုမှမဖြစ်ဘူး၊ အစားစားလို့မရဘူး။ နောက်တော့ အရည်ပါသောက်လို့မရတော့ဘူး။ ဒါပဲ သိပ်နာတာ အောင့်တာလည်း မရှိဘူး ... "
" အဖော်မပါဘူးလား။ ဦးလေးဇနီးလာမကြိုဘူးလား ... "
" ကျုပ် က မိန်းမဆုံးတာကြာပြီ။ ခုဆင်းတော့ ကျုပ် မြေးလေးနဲ့ပဲ "
" ဦးလေး က အသက် ဘယ်လောက်ရှိပြီလဲ ... "
" ခြောက်ဆယ့်လေးနှစ်ရှိပြီဗျာ။ အသက်ကြီးပြီ မသေနိုင်သေးဘူး။ ဒုက္ခတွေကလည်း များပါ့ ... "
သြော် ... ။ ကျွန်တော်ကသာ ဦးလေးခေါ်နေသည် သူ့အသက်မှာ ကျွန်တော်နှင့်မကွာလှ။ သုံးလေးနှစ်။ သို့သော် ကျန်းမာရေး ဘ၀ရေး ဖိစီးမှုကြောင့် အိုစာလှလေသည်။ ကျွန်တော်က ထိုသူကို ပထမက အသက် ၇၀ ကျော် ဟု ထင်နေခဲ့ပါသည်။

ကြည့်မြင်တိုင် ဘူတာကျော်ပြီးသည်နှင့် အတက်က ပိုများလာပြန်သည်။ သမိုင်းဘူတာရောက်တော့ ကျွန်တော် ထိုင်ခုံရပါသည်။ ကျွန်တော့် တင်ပါးတစ်နေရာစာ ကျွန်တော် ပြန်ရခြင်းဖြစ်သည်။ နာလန်ထ အဘိုးအို မှာ သူ့မြေးလက်ဆွဲကာ ဆင်းသွားလေပြီ။

ကြည့်မြင်တိုင်ဘူတာမှစ၍ လက်လုပ်လက်စား အောက်ခြေအလွှာများ အများစုရထားပေါ်တက်ရောက်လာ တတ်ကြ ပါသည်။ ကုန်ထမ်းသမား၊ ပန်းရံအလုပ်သမား၊ ပျံကျဈေးသည်စသည်ဖြင့်။
ရထား သည် ရေနွေးငွေ့ပေါင်းအိုးတစ်လုံးနှင့် ပိုမိုတူလာသည်။ ပေါင်းအိုးမှာ ဆူညံနေသော အသံဗလံ တွေပါ အပြည့်အသိပ် တင်ဆောင်ထားပါသည်။ ရပ်ကွက်လမ်းကြိုလမ်းကြားမှာ တစ်နေကုန် အော်ဟစ် ရောင်းချ ခဲ့သော၊ မုန့်လက်ကောက်သည်၊ သာကူ၊ မုန့်ကြာစိသည်၊ ဖရဲသီးသည်။ ဒိန်ချဉ်သည်၊ လက်သုပ်သည် တို့မှာ ရထားတွဲ လူသွားလမ်းမှာ ဗန်းများကို ချလျက်၊ ထိုင်ပြီး အော်ဟစ်ကာ လက်ကျန် မုန့် များကို ရောင်းချနေပါသည်။

ကျွန်တော့်ဘေးမှ လူတုတ်ခိုင်ကတော့ ထိုင်ခုံမှာ နောက်မှီကာအိပ်များပင် အိပ်နေပါသည်။ ဘယ်တုန်း ထဲက အိပ်နေသည်မသိ။ ကြို့ကုန်းဘူတာရောက်တော့ သူမျက်လုံးဖွင့်ကြည့်လာ၏။ ကျွန်တော် စာဖတ် နေတာ ကို တွေ့မြင်သွားသောအခါ စကားစပါသည်။
" ခင်ဗျား က စာဖတ် ၀ါသနာပါသကိုး ... "
ကျွန်တော်က ပြုံးလှည့် ခေါင်းညိတ်ပြပါသည်။
" ကျွန်တော်က စာအုပ်ရောင်းတယ်။ လမ်းဘေး ပလက်ဖောင်းမှာပါ။ ဗိုလ်ချုပ်လမ်းရှေ့ပတ်ဝန်းကျင်မှာ ရောင်း ပါတယ်။ ခင်ဗျားက ဘာလုပ်သလဲ "
" ကျွန်တော် က အယ်ဒီတာလုပ်ပါတယ် "

" ဟုတ်လား၊ ဘယ်ဂျာနယ်လဲ၊ ဘယ်မဂ္ဂဇင်းလဲ ... "
ကျွန်တော် ပြောပြလိုက်တော့ သူ ကျွန်တော်လုပ်သော မဂ္ဂဇင်းကို ကောင်းကောင်းသိပုံမပေါ်။ ကျွန်တော် က စာအုပ်အရောင်းအ၀ယ် အခြေအနေ မေးကြည့်တော့ မိုးတွင်းမို့ သိပ်မကောင်းကြောင်း၊ ရတဲ့ အခါလည်း မြတ်မြတ်ကလေး ရတာရှိပေမယ့် ဈေးဦးမပေါက်တဲ့နေ့ရှိကြောင်း ပြောပါသည်။
" ခင်ဗျား အသက် ဘယ်လောက်ရှိပြီလဲ ... "
ကျွန်တော်က ပြောပြလိုက်တော့။

" ဟင် ... ကျွန်တော့်ထက်ကြီးပါလား။ ကျွန်တော်က ရွယ်တူအောင် မေ့နေတာ။ ဒီမှာ အစ်ကိုကြီးရ ကျွန်တော် က အသက် ၅၀ ပြည့်ပြီးကတည်းက ဘာမှ ၀ါဒီမထားတော့ဘူး။ ကျုပ်မိန်းမနဲ့ ကလေး တွေကိုလည်း ငါတတ်နိုင်သမျှ လုပ်ကိုင်ကျွေးမယ်၊ ဘာဖြစ်ချင်တယ် ညာဖြစ်ချင်တယ် ငါ့လာမပြောနဲ့။ အိမ်ထောင်ကျ သွားတဲ့ကောင် မန္တလေးမှာနေတယ်။ သူ့အမေကတော့ အဆင်မှပြေပါ့မလားဆိုပြီး ပူပန် သောက တွေ များနေတယ်။ ကျွန်တော်ကတော့ ဘာမှမပူဘူး။ ကျွန်တော်တို့က ရှေ့လျှောက်သေဖို့ပဲ ရှိ တော့တာ။ ရေဝေး ကို မျက်စောင်းထိုးနေရပြီ။ ခြေလှမ်းပြင်နေရပြီ မဟုတ်ဘူးလား အစ်ကိုကြီးရ ဒီအရွယ် မှာ။ အဲတော့ ကျွန်တော်က ဘာဝါဒီမှ မထားတော့ဘူး။

ရှိရင်စားမယ် မရှိရင် မစားဘူး။ မိန်းမကိုလည်း နှစ်ထောင်ရှိရင် တစ်ထောင့်ငါးရာပေးလိုက်မယ်။ မရှိ ရင်တော့ မတတ်နိုင်ဘူး။ သမီးကျောင်းသူတစ်ယောက်ရှိတယ်။ သူက ရှစ်တန်း၊ သူများဘာဝတ်တယ် ဘာဖိနပ် စီးတယ် လာမပြောနဲ့။ သူများရှိတာ ကိုယ့်ရှိတာမဟုတ်ဘူး။ ဟုတ်တယ်မို့လား၊ ရော့ အဖေတတ် နိုင်တာ ကျောင်းဝတ်စုံနှစ်စုံ ဒါပဲ။ အ၀တ်အစားက အရေးမကြီးပါဘူး။ ပညာသင်တာ ပညာတတ်ဖို့ မဟုတ်လား။ အခုတော့ ကျွန်တော်က ဘာဝါဒီမှမထားဘူး။ ဥပက္ခာပဲ။ ဟုတ်တယ်လေ။ ဒီအရွယ်မှာ ပါဂျရိုး စီးချင်လို့လည်း မလုပ်နိုင်တော့ဘူး။ မိန်းမကိုလည်း ပြောထားတယ်။ ငါ့ကို ဘာမှလာမပြောနဲ့။ သူများ အကြောင်း လာမပြောနဲ့ ကိုယ့်ရှိတာကိုယ်စား၊ ကိုယ်လုပ်စရာရှိတာလုပ်။ မဟုတ်ဘူးလား အစ်ကိုကြီး ရာ။ ဒီအရွယ်မှာ အေးအေးချမ်းချမ်းနားအေး ပါးအေးပဲ နေချင်တော့တယ် "
" ခင်ဗျား အသက်ငယ်ပါသေးတယ်။ သူများတွေ အသက် ခုနှစ်ဆယ်၊ ရှစ်ဆယ်အလုပ် လုပ်ကောင်း တုန်းဗျာ။ ဘာလဲ ... ခင်ဗျားက တရားအားထုတ်ချင်နေပြီလား ...၊ လောကီငြီးငွေ့လို့ ဘုန်းကြီး ၀တ်လိုက် ရင်လည်း ကောင်းပါတယ်ဗျာ။ ဘ၀ငြိမ်းချမ်းတာပေါ့ ... "

အမှန်တော့ နားငြီးလာသဖြင့် ကျွန်တော်က သူ့ကို အရွဲ့တိုက်ပြောလိုက်ခြင်းသာ ဖြစ်သည်။ သို့တိုင် သူက မသိပါ။ နောက်ပိုင်း သူ့စကားများက သူ့စရိုက်ကိုပိုပြီး ပေါ်လွင်စေပါသည်။
" ဒါတော့ မဖြစ်နိုင်သေးဘူး အစ်ကိုကြီးရာ။ ဘုန်းကြီးတော့ မ၀တ်နိုင်သေးဘူး။ ကျွန်တော်က ညနေဆို တစ်ပိုင်း လောက်တော့ သောက်တယ်။ ကျွန်တော်က တပ်ထဲဝင်ဖူးတယ်။ ဂန်းရှော့နဲ့ ကျွန်တော် နား ခဲ့တာ။ တခြားဟာတော့ ကျွန်တော်က မလုပ်ပါဘူး။ မိန်းမတို့ လောင်းကစားတို့ ကျွန်တော်က နှစ်လုံး သုံးလုံး တောင် မလုပ်ဘူး။ အရက်ကတော့ ကြိုက်လို့ပါ အစ်ကိုကြီးရာ"
အမှန်တော့ ကျွန်တော်ဆင်းရမည့် ဘူတာမှာ နောက်ထပ်လေးငါးခြောက်ဘူတာ ကျန်ပါသေးသည်။ သို့တိုင် ကျွန်တော် ယခုရပ်မည့် ဘူတာတွင် ဆင်းပါတော့မည်။ တခြားရွေးချယ်စရာ မရှိပါ။ တစ်နေ့လုံး ကျွန်တော် မျက်စိပင်ပန်းခဲ့သည်။ ယခုထပ်ပြီး နားကိုအပင်ပန်းမခံနိုင်တော့ပါ။

၂၀၀၉၊ အောက်တိုဘာ၊ ၁၂ ရက်၊
မြန်မာသစ်မဂ္ဂဇင်း။
.
>>>ဆက်ဖတ်ရန်>>> >>