Showing posts with label အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ. Show all posts
Showing posts with label အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ. Show all posts

Monday, June 25, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄၈)(ဇာတ်သိမ်း)


"လန်ဒန် ကို ပြန်ကြမယ်ထင်တယ်" "မှန်ပါတယ်ခင်ဗျာ" "အကောင်းဆုံးလမ်း ကတော့ ဟောဟို  ကျောက်တိုင် နားရောက် ရင် ဘယ် ကိုကွေ့… ပြီးတော့ ဘုရားရှိခိုးကျောင်း နားရောက်တော့ ညာ ကိုကွေ့... အဲဒီမှာ လမ်းဖြောင့် သွားပြီ" "ကျေးဇူးတင် ပါတယ်... သိပ် ကို ကျေးဇူးတင် ပါတယ်" ကားများဆီ ကို ကျွန်မတို့ ထွက်လာကြသည်။ ဒေါက်တာဘေကာ က ခွေးကို အခန်းထဲ ဆွဲသွင်းပြီး တံခါးပိတ် လိုက်သံ ကြားရသည်။
>>>ဆက်ဖတ်ရန်>>> >>

Sunday, June 24, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄၇)

တစ်နာရီပြီး တစ်နာရီ ကုန်ဆုံးလာသည်။ တစ်မိုင်ပြီးတစ်မိုင် ခရီးပေါက်လာသည်။ ရှေ့တည့်တည့် သို့သာ ကျွန်မကြည့်နေ မိသည်။ နောက်ခုံမှာ ကာနယ်ဂျူလယန်းကတော့ တစ်လမ်းလုံးလိုလို အိပ် လိုက် လာသည်။ ဖေဗယ် ၏ ကားကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်လာသည်။
>>>ဆက်ဖတ်ရန်>>> >>

Saturday, June 23, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄၆)

"ဟဲလို… ဟုတ်ကဲ့… ကျွန်တော် နားထောင်နေပါတယ်… ပြောပါခင်ဗျာ… စာလုံး ကလေး ပေါင်းပြ နိုင် မလား… ကျေးဇူးတင်ပါတယ်… အများကြီး ကျေးဇူးတင်ပါတယ်။ မင်္ဂလာရှိသော ညပါ"
အခန်းထဲ သို့ သူ ပြန်ဝင်လာသည်။ လက်ထဲမှာ စာရွက်ပိုင်းကလေးတစ်ခု ကိုင်လာသည်။ မက်ဇင်မ်ကို ချစ် ရှာသော ဖရင့်… သူကိုင်ထားသော စာရွက်ပိုင်းကလေးသည် မက်ဇင်မ်၏ဘဝကြီး တစ်ခုလုံးကို ဖျက်ဆီး ပစ်မည့် စာရွက်ပိုင်းကလေးဖြစ်ကြောင်း သူ့ခမျာ မသိရှာပါတကား။ ထိုစာ ရွက်ပိုင်းကလေးကို ချပေး လိုက်ခြင်း အားဖြင့် မက်ဇင်မ်၏ နောက်ကျောကို ဓားနှင့်ထိုးပြီး အဆုံးစီ ရင်ပစ် လိုက်ခြင်းဖြစ်ကြောင်း မသိရှာပါတကား။

>>>ဆက်ဖတ်ရန်>>> >>

Friday, June 22, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄၅)

"ရဘက်ကာ ဟာ ရေထုတ်ပိုက်ခေါင်းတွေ လဲ မဖွင့်ဘူး။ သင်္ဘောဝမ်းဗိုက်ကိုလဲ အပေါက်ဖောက်မပစ် ဘူး။ သူ့ကိုယ်သူ လဲ ဘယ်တော့မှ သတ်မသေဘူး။ ရဘက်ကာ ဟာ အသတ်ခံလိုက်ရတာ။ သတ်တဲ့လူ ကိုရော သိချင်သလား… ဟောဟို ပြတင်းပေါက်နားမှာ ခပ်တည်တည် ပြုံးပြီး ရပ်နေတဲ့ လူဟာ လူသတ်သမားပေါ့ဗျာ… မစ္စတာ မက်ဇီမီလျံ ဒီဝင်းတား ဆိုတာ လူသတ်သမားပေါ့။ သူ့ကို သေသေချာ ချာကြည့်လိုက်စမ်းပါ။ ကြိုးစင်တင် ဖို့ ဘယ်လောက်ကောင်းမယ့်လူလဲဆိုတာ… ဟား… ဟား… ဟား…" ဖေဗယ် က အရက်မူးလွန်းနေသူတစ်ယောက်လို အတောမသတ် ရယ်တော့သည်။ စိတ်မမှန်သူတစ် ယောက်လို ရယ်တော့သည်။ ကို ဆက်ဖတ်ရန်.........

အခန်း (၂၄)

အရူးတစ်ယောက်လို အတောမသတ် ဖေဗယ်ရယ်သည့်အတွက် ဘုရားသခင်ကို  ကျေးဇူးတင်ပါ သည်။ သူ့မျက်နှာ မှာ နီရဲပြီး မျက်လုံးများပါ သွေးချင်းချင်းရဲနေသည့်အတွက် ဘုရားသခင်ကို ကျေးဇူး တင်ပါသည်။ သူ့ကိုယ်သူ မထိန်းနိုင် မဟန်နိုင်ဘဲ ယိမ်းထိုးနေသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ယင်းသို့သော အပြုအမူများကြောင့် ကာနယ်ဂျူလယန်းသည် သူ့အပေါ်သံသယ၀င်သွားတော့သည်။ သူ့ကို မကြည့်တော့။ သူ့ဘက်မှာလည်း မရှိတော့။ ကျွန်မတို့ဘက်သို့ ရောက်လာပြီ။
"ဒီလူ အရက်မူးနေပြီ။ သူ့ဟာသူ ဘာတွေပြောနေမိတယ် ဆိုတာတောင် မသိတော့ဘူး"ဟု ကာနယ် ဂျူလယန်းက ပြောသည်။

"ကျုပ်အရက်မူးနေတယ်... ဟုတ်တယ်.... မထင်လိုက်ပါနဲ့ မိတ်ဆွေကြီးရာ... ခင်ဗျားက တရားသူ ကြီး... ဗိုလ်မှူးကြီး... ဒါပေမဲ့ ကျုပ်ကို အရူးလုပ်လို့မရဘူး။ ကျုပ်ဘက်မှာ တရားဥပဒေရှိတယ်။ ဒီစီရင် ချက်ကို ပြောင်းပစ်ဖို့ ကျုပ်လုပ်ရမယ်။ ဒီခရိုင်ထဲမှာ ခင်ဗျားအပြင် တခြားတရားသူကြီးတွေရှိသေး တယ်။ ဦးနှောက်တကယ်ရှိတဲ့ တရားသူကြီးတွေ ရှိသေးတယ်။ မက်ဇင်မ်  ဒီဝင်းတားက ရဘက်ကာကို သတ်ပစ်လိုက်တယ်ဆိုတာ ကျုပ် သက်သေခံ အထောက်အထားတွေ ပြမယ်"
"ခဏနေပါ ဦး မစ္စတာဖေဗယ်... ဒီနေ့ ရုံးတော်မှာ စစ်ဆေးတုန်းက ခင်ဗျားရှိနေတယ် မဟုတ်လား။ အခုမှ ကျုပ် မှတ်မိ လာတယ်။ ခင်ဗျား ဟိုမှာ ထိုင်နေတာ ကျုပ် တွေ့ခဲ့တာပဲ။ စီရင်ချက်ဟာ တရားမျှတ မှန်ကန်မှုမရှိဘူးလို့ ခင်ဗျားထင်ရင် အဲဒီအချိန်တုန်းက ဘာကြောင့် မပြောတာလဲ။ ဂျူရီလူကြီးတွေနဲ့ မှုခင်းရှေ့နေကို ဘာဖြစ်လို့ မပြောတာလဲ။ အဲဒီစာကို ဘာဖြစ်လို့ ရုံးတော်မှာ မတင်ပြခဲ့တာ။ ဂျူရီ လူကြီးတွေနဲ့ မှုခင်းရှေ့နေကို ဘာဖြစ်လို့ မပြောတာလဲ။ အဲဒီစာကို ဘာဖြစ်လို့ ရုံးတော်မတင်ပြခဲ့ တာလဲ။"

"ဟား... ဟား... ဘာဖြစ်လို့ မတင်ပြတာလဲ... ဟုတ်လား... အဲဒီ နည်းလမ်းကို ကျုပ်က မကြိုက်လို့ ပေါ့ဗျာ... ဒီဝင်းတား ဆီ ကိုယ်တိုင်လာပြီး ဖြေရှင်းချင်လို့ပေါ့ဗျာ... ဟား... ဟား"
"ဒါကြောင့် ခင်ဗျားကို ကျွန်တော် ဖုန်းဆက်ခေါ်တာပါ" မက်ဇင်မ်က ပြတင်းပေါက်မှ ပြန်လျှောက် ပြီးပြောသည်။ "သူ့စွပ်စွဲချက်တွေကို ကျွန်တော်တို့အားလုံး ကြားပြီးပါပြီ။ ကျွန်တော်ကလဲ သူ့ကို ဒီအ တိုင်းမေးခဲ့ပါတယ်။ သူဟာ သူဌေးမဟုတ်ပါဘူးတဲ့။ ဒါကြောင့် သူသေတဲ့အထိ တစ်နှစ်ကို ငွေနှစ် ထောင် သုံးထောင် ကျွန်တော်က ပေးမယ်ဆိုရင် သူနောက်ထပ် မနှောင့်ယှက်တော့ပါဘူးတဲ့။ ဟော ဒီမှာ ဖရင့်ရှိတယ်။ ကျွန်တော့်မိန်းမရှိတယ်။ သူတို့နှစ်ယောက်စလုံးကြားတယ်။ သူတို့ကိုမေးကြည်ပါ။"
"ဒါ အမှန်ပါပဲခင်ဗျာ... ငွေညှစ်တာပါ။ သိပ်ရှင်းပါတယ်"ဟု ဖရင့်ခရော်လေက ၀င်ပြောသည်။

"ဒါမှန်တာပေါ့။ ငွေညှစ်တယ် ဆိုတာ မလုပ်ကောင်းတဲ့အလုပ်ပဲ။ လူပေါင်းများစွာ စိတ်မချမ်းမသာဖြစ်ကြ ရမယ်။ ငွေညှစ်သူကိုယ်တိုင်လဲ ထောင်ကျနိုင်တယ်။ ဒါမျိုးကို ကျုပ်တို့ရှောင်ရမယ်။ ကျုပ်မေး မယ့် မေးခွန်းတွေကို ဖြေနိုင်လောက်အောင် ခင်ဗျား စိတ်တည်ငြိမ်မှုရှိ မရှိ ကျုပ်မသိဘူး ဖေဗယ်… ပုဂ္ဂိုလ် ရေးတွေ ရှေ့တန်း မတင်ဘဲ ဒီကိစ္စကို မြန်မြန် ရှင်းလိုက်ကြရအောင်။ ခင်ဗျား ဒီဝင်းတားကို အပြင်း အထန် စွပ်စွဲပြီးပြီ။ ဘာ အထောက်အထား ပြနိုင်သလဲ"ဟု ကာနယ်ဂျူလယန်းက မေးသည်။

"အထောက်အထား... ဘာအထောက်အထားကို ခင်ဗျားက လိုချင်သေးလို့လဲ... သင်္ဘောဝမ်းဗိုက်က အပေါက်တွေ ဟာ လုံလောက်တဲ့ အထောက်အထားတွေ မဟုတ်ဘူးလား။ သက်သေခံတွေ မဟုတ်ဘူး လား"
"ဒါတွေဟာ အထောက်အထားမဖြစ်နိုင်ဘူး။ ဒီအပေါက်တွေကို ဒီဝင်းတား ဖောက်နေတာ မြင်ပါတယ် လို့ ထွက်ဆိုနိုင် မယ့် မျက်မြင်သက်သေမရှိသမျှ သက်သေခံ မမြောက်ဘူး။ ခင်ဗျားမှာ မျက်မြင်သက် သေ ရှိသလား"
"ဘာမျက်မြင်သက်သေ လဲ... ဒါဟာ ဒီဝင်းတား  လုပ်တာပဲ။ ရဘက်ကာကို လူကလွဲပြီး တခြားဘယ်သူ က သတ်မှာလဲ" "ကားရစ်ဆိုတာ လူဦးရေအများကြီးနေတဲ့ မြို့။ ဒီမြို့မှာ တစ်အိမ်တက်ဆင်း လိုက်မေးနေ ရမှာလား... ဘယ်လို လုပ်ပြီး မျက်မြင်သက်သေ ခင်ဗျား ပြနိုင်သလဲ"

"သြော်... ခင်ဗျားက ဒီဝင်းတားဘက် လိုက်သွားပြီပေါ့လေ... သူ့ကို အကာအကွယ်ပေးနေပြီပေါ့ လေ... သူ ဒုက္ခရောက်သွားမှာ ခင်ဗျားက မမြင်ရက်ဘူးပေါ့လေ... ဘာကြောင့်လဲဆိုတော့ ခင်ဗျားဟာ သူနဲ့အတူတူ ထမင်းစားနေတဲ့ လူကိုး။ သူက ဒီအရပ်မှာ နာမည်ကြီးတစ်လုံးနဲ့နေတဲ့ မျက်နှာကြီး ကိုး... သူက မန်ဒါလေစံအိမ်ကြီး ရဲ့ ပိုင်ရှင် ကိုး...။ သောက်သုံးမကျတဲ့ အကောင်ကြီး..."
"ဆင်ခြင်ပြော ဖေဗယ်....ဆင်ခြင်ပြော"
"ကျုပ်ကို ဒီလိုအလွယ်ကလေးနဲ့ ပထုတ်လိုက်လို့ ရမယ်ထင်သလား။ ရုံးတော်မှာ ကျုပ်က တရားစွဲ လို့မရဘူး ထင်သလား။ ခင်ဗျားကို ကျုပ်ပြောပြမယ်။ ဒီဝင်းတားက ကျုပ်ကြောင့် ရဘက်ကာကို သတ် ပစ်လိုက်တယ်။ ကျုပ်ဟာ သူ့ချစ်သူပဲ ဆိုတာ သူသိတယ်။ သူက သ၀န်တိုတယ်။ ကြောက်စရာကောင်း လောက်အောင် သ၀န် တိုတယ်။ ကမ်းခြေက တိုက်ကလေးထဲမှာ ကျုပ်ကို ရဘက်ကာ စောင့်နေတယ် ဆိုတာ သူသိတယ်။ အဲဒီညမှာပဲ သူလိုက်သွားပြီး ရဘက်ကာကို သတ်ပစ်လိုက်တာ။ ပြီးတော့ သင်္ဘောကေဗင်ထဲမှာထည့်ပြီး နှစ်ပစ်လိုက်တာပဲ"

"ဇာတ်လမ်း ကလေးကတော့ နားထောင်လို့ကောင်းပါရဲ့ ဖေဗယ်....။ ဒါပေမဲ့ ခင်ဗျားမှာ အထောက် အထား မရှိဘူး။ ခင်ဗျားကို ထပ်ပြောရဦးမယ်။ ခင်ဗျားမှာ ဘာအထောက်အထားမှ မရှိဘူး။ မျက်မြင် သက်သေပြပါ။ ကျုပ်အရေး ယူပေးမယ်။ ကမ်းခြေက တိုက်ကလေးကို ကျုပ် သိပါတယ်။ ပျော်ပွဲစား ထွက်ကြ တဲ့ နေရာမဟုတ်လား။ မစ္စက်ဒီဝင်းတားရဲ့ သင်္ဘောက တက်မကို သိမ်းထားတဲ့ တိုက်မဟုတ်လား။ အဲဒီပတ်ဝန်းကျင် မှာ နေတဲ့လူတွေ အများကြီးရှိတယ်။ အဲဒီအထဲက မျက်မြင်သက် သေတစ်ယောက်လောက် ခင်ဗျား ရှာပေးနိုင် ပါ့မလား"
"နေဦး..." ဖေဗယ်က တစ်လုံးချင်းပြောသည်။ "နေဦး...ဒီဝင်းတားကို အဲဒီညက မြင်တဲ့လူ ရှိနိုင်တယ်။ အင်မတန်ကောင်း တဲ့ အခွင့်အရေးပေါ့ဗျာ။ မျက်မြင်သက်သေ တစ်ယောက်ပြနိုင်ရင် ခင်ဗျား ဘာပြော မလဲ"

ကာနယ်ဂျူလယန်း က ပခုံးများကို တွန့်လိုက်သည်။ ဖရင့်က မက်ဇင်မ်ကို လှမ်းကြည့်သည်။ မက်ဇင်မ် က ဘာမျှ မပြော။ ဖေဗယ်ကိုသာ စိုက်ကြည့်နေသည်။
ဖေဗယ် ဘာကိုဆိုလိုကြောင်း ကျွန်မ ချက်ချင်းသိလိုက်ပါသည်။ မည်သူ့ကို ဆိုလိုကြောင်း ချက်ချင်း သိလိုက် ပါသည်။ ကျွန်မစိတ်ထဲမှာ စိုးရိမ်စိတ်တွေ ကြီးစိုးလာသည်။ သူပြောသည်မှာ မှန်ပါသည်။ စိတ် မနှံ့သော လူတစ်ယောက် ၏ မျက်လုံးများပိုင်ရှင် ဘင်းကို ကျွန်မ မြင်ယောင်လာပါသည်။ သူပြောခဲ့ဖူး သည့် စကားများ ကိုလည်း ပြန်လည် ကြားယောင်လာမိပါသည်။
"အဲဒီအမျိုးသမီး ဟိုမှာ မြုပ်သွားတာမဟုတ်လား... သူ ဘယ်တော့မှ ပြန်မလာတော့ဘူးနော်... ဘယ် သူ့ကိုမှ ကျွန်တော် မပြောပါဘူး။ သူ့ကို သူတို့ရှာလို့တွေ့မှာလား... ငါးတွေက သူ့ကို စားထားကြပြီ မဟုတ်လား..." ဆိုသော စကားများကို ပြန်လည်ကြားယောင်လာမိပါသည်။

ထိုညက အဖြစ်အပျက်များကို ဘင်း မြင်နိုင်ပါသည်။ ရဘက်ကာ၏ အလောင်းကို သင်္ဘောပေါ်သို့ မက်ဇင်မ် သယ်သွားပုံ၊ သင်္ဘောကို ပင်လယ်ပြင်မှာ နှစ်ခဲ့ပြီး ရာဘာလှေကလေးနှင့် ပြန်လာပုံများကို ဘင်း မြင်တွေ့နိုင် ပါသည်။ ကျွန်မ မျက်နှာပေါ်မှာ သွေးရောင်ဆုတ်သွားသည်။ ပင်ပန်းစွာဖြင့် ကုလားထိုင်နောက်မှီပေါ်မှာ မှီချ လိုက်မိ ပါတော့သည်။
"ဒီအရပ်မှာနေတဲ့ စိတ်ကောင်းကောင်းမနှံ့တဲ့ လူတစ်ယောက်ရှိတယ်။ ပင်လယ်ကမ်းခြေမှာပဲ သူ အမြဲ နေ တယ်။ ရဘက်ကာနဲ့တွေ့ဖို့ ကျွန်တော်သွားတိုင်း သူ့ကိုတွေ့ရတတ်တယ်။ ပူအိုက်တဲ့ ညတွေ ကျရင် သောင်ပြင်ပေါ်မှာဖြစ်ဖြစ် တောထဲမှာဖြစ်ဖြစ် သူအိပ်လေ့ရှိတယ်။ ကောင်လေးက ဦးနှောင် မမှန်ဘူး။ ဒါပေမဲ့ အဲဒီညတုန်းက သူဘာကိုမြင်တယ်ဆိုတာတော့ ပြန်ပြောပြအောင် ကျွန်တော် လုပ် နိုင်ပါတယ်" ဟု ဖေဗယ် က ပြောသည်။

"ဘယ်သူလဲ.... ဘယ်သူ့အကြောင်းကို သူပြောနေတာလဲ..." ဟု ကာနယ်ဂျူလယန်းက မေးသည်။
"ဘင်းကို ပြောနေတာဖြစ်မှာပေါ့" ဖရင့် မက်ဇင်မ်ကို ကွက်ကနဲ တစ်ချက်ကြည့်ပြီးပြန်ဖြေသည်။ "ကျွန် တော် တို့ခြံ က သီးစားအလုပ်သမားတစ်ယောက်ရဲ့ သားပါ။ ဒါပေမဲ့ သူ့သက်သေထွက်ချက်တွေကလဲ အားထားလောက် မှာ မဟုတ်ပါဘူး။ မွေးကတည်းက ဦးနှောက်ပျက်လာတာ"
"ဒါနဲ့ဘာဆိုသလဲ... သူ့မှာ မျက်စိရှိတယ်။ သူ ဘာမြင်တယ်ဆိုတာ သူသိတယ်။ ဟုတ်တယ် မဟုတ် ဘူး ဖြေရုံ ပဲ။ ဘယ်လိုလဲကွ... မင်းစိတ်တွေ လှုပ်ရှားလာပြီ မဟုတ်လား... သိပ်ပြီး စိတ်တင်းမထားနိုင် တော့ဘူး မဟုတ်လား" ဖေဗယ် က တစ်ဆက်တည်း မက်ဇင်မ်ကိုပါ လှမ်းမေးသည်။

"အဲဒီလူကိုခေါ်ပြီး မေးကြည့်လို့ ရနိုင်မလား" ကာနယ်ဂျူလယန်းက မေးသည်။
"ရနိုင် ပါတယ်။ ဖရင့်... ရောဘတ်ကိုလွှတ်ပြီး သူ့အမေအိမ်မှာ သွားခေါ်ခိုင်းလိုက်ပါ"
မက်ဇင်မ် က ဖရင့်ကို လှမ်းပြောသည်။
ဖရင့်က တုံ့ဆိုင်းနေသေးသည်။ ကျွန်မကို မျက်လုံးစွေပြီး ကြည့်လိုက်ကြောင်းလည်း သတိထားလိုက်မိ သည်။
"ကဲ...လုပ်ကွာ...ဒီကိစ္စကြီး တို့ပြတ်ချင်ပြီ"
မက်ဇင်မ် ၏ စကားဆုံးသည်နှင့် အခန်းပြင်သို့ ဖရင့်ထွက်သွားသည်။ ကျွန်မ ရင်ထဲမှာ နာကျင်လာ သည်။ ခဏကြာတော့ ဖရင့် ပြန်ဝင်လာသည်။

"ကျွန်တော့ကားနဲ့ ရောဘတ်ကို လွှတ်လိုက်တယ်။ ဘင်းကို အိမ်မှာ အဆင်သင့်တွေ့ရင် ဆယ်မိနစ် ထက် မပိုဘူး။ ပြန်ရောက်လာမယ်"
"ဒါလောက် မိုးသဲနေရင် အိမ်မှာ သူရှိနေမှာ သေချာတယ်" ဟု ဖေဗယ်က ပြောသည်။ "သူမြင်တာ တွေ ကိုပြောရပါစေ့မယ်ဗျာ... ကြည့်ကြပါ။ ဟား... ဟား...."
မက်ဇင်မ် ကိုကြည့်ပြီး သူရယ်ပြန်သည်။ သူ့မျက်နှာပေါ်မှာလည်း ဇောချွေးတွေ ပြန်နေသည်။
စိတ်အားထက်သန်နေပုံ လည်း ရသည်။

"ဒီ မန်ဒါလေစံအိမ်ကြီးမှာ ခင်ဗျားတို့က ညီညွတ်ရေး ရနေကြတာပေါ့လေ။ ခရိုင်တရားသူကြီးက တကျိတ်တည်း တစ်ဉာဏ်တည်း။ မိန်းမလုပ်တဲ့သူက ကိုယ့်ယောက်ျားကို ဆန့်ကျင်ပြီး ဘယ်သက် သေခံ ပါ့မလဲ။ ခရော်လေကလဲ ဒီအတိုင်းပဲပေါ့။ အမှန်အတိုင်းအစစ်ခံရင် သူအလုပ် ပြုတ် သွား မယ်လေ။ နောက်ပြီးတော့ ကျွန်တော့်အပေါ်မှာလဲ သူက အာဃာတထားနေတာ။ ကျွန်တော့်ကြောင့် ရဘက်ကာ နဲ့ သူ ထင်တိုင်းမကြဲလိုက်ရဘူးလေ။ မဟုတ်ဘူးလား ခရော်လေ... ဒီတစ်ခါတော့ မောင်ရင့်အဖို့ အဆင်ပြေ သွားပါပြီကွာ။ အခုအမျိုးသမီးက သူသတိလစ်သွားတိုင်း ၀က်မြီးလိုဆော့တတ်တဲ့ မင်းလက် ကို တမ်းတနေ မှာပါ။ သူ့ယောက်ျား ကို သေဒဏ်ပေးကြောင်း တရားသူကြီးရဲ့ စီရင်ချက်ကို ကြားရတဲ့ အခါ ၀က်မြီးနဲ့တူတဲ့ မင်းရဲ့လက် က သူ့ကိုဖေးမကူပေး လိုက်ဦးပေါ့"

အဖြစ်အပျက်က မြန်လွန်းလှသည်။ မက်ဇင်မ် ဘာလုပ်လိုက်သည်ကို မမြင်လိုက်ရအောင်ပင် မြန်လွန်း လှသည်။ ဖေဗယ် သည် ဆိုဖာလက်တန်းပေါ်သို့ ယိုင်းပြီးကြမ်းပြင်ပေါ်သို့ ထိုးကျသွးသည်။ သူ့ဘေး မှာ မက်ဇင်မ် ရပ်နေသည်။ ကျွန်မ စိတ်အပူကြီး ပူသွားမိပါသည်။ ဖေဗယ်ကို လက်သီးနှင့်ထိုးလိုက် သည့်အတွက် မက်ဇင်မ် အပေါ်မှာ အထင်မှားစရာ ဖြစ်လာနိုင်သည်။ သည်အဖြစ်ကို မသိရသောကိုယ်၊ မမြင်ရသော ကိုယ် ဖြစ်လိုက်ချင်ပါ၏။ ကာနယ်ဂျူလယန်းက ဘာမျှမပြော။ မျက်နှာထားတည်တည်ကြီး နဲ့ ဖြစ်နေသည်။ သူတို့ကို ကျော်ခိုင်းပြီး ကျွန်မဆီသို့ လျှောက်လာသည်။ "အပေါ်ထပ်တက်နေလိုက်ရင် ကောင်းမယ်ထင်တယ်" ဟု ခပ်တိုးတိုး ပြောသည်။ "မသွားချင်ဘူး... ကျွန်မ မသွားချင်ဘူး" ကျွန်မက ခေါင်းခါပြ ရင်း လေသံနှင့် ပြန်ပြောသည်။

"ဒီငတိပါးစပ်က ဘာမဆို ထွက်တော့မယ့်အခြေအနေမျိုး ရောက်နေတယ်။ အခုမြင်လိုက်ရတာက စိတ် မကောင်းစရာ ပဲ။ ခင်ဗျားယောက်ျားလုပ်တာ မှန်ပါတယ်။ ဒါပေမဲ့ ဒီမြင်ကွင်းမျိုး ခင်ဗျားမြင်ဖို့ မကောင်း ဘူး"
ကျွန်မ က ပြန်မဖြေပါ။ ဖြည်းဖြည်းချင်း မတ်တတ်ပြန်ရပ်နေသည့် ဖေဗယ်ကိုသာ ငေးကြည့်နေမိပါ သည်။ ဆိုဖာပေါ်မှာ အရုပ်ကြိုးပြတ် ထိုင်ချရင်း လက်ကိုင်းပဝါဖြင့် မျက်နှာကို အုပ်ထားသည်။
"အရက်တစ်ခွက်ပေးပါ....အရက်တစ်ခွက်လောက် ပေးကြပါ" ဟု သူကပြောသည်။

မက်ဇင်မ်က ဖရင့်ကို လှမ်းကြည့်သည်။ အခန်းထဲမှာ ဖရင့်ထွက်သွားသည်။ ကျွန်မတို့အားလုံး တိတ် နေကြသည်။ ခဏကြာတော့ ၀ီစကီနှင့်ဆိုဒါဗန်း ကိုင်ပြီး ဖရင်ပြန်ဝင်လာသည်။ ၀ီစကီကို ဆိုဒါနှင့်ရော ပြီး ဖေဗယ်ကို လှမ်းပေးသည်။ တိရစ္ဆာန်တစ်ကောင်လို လောဘတကြီး သောက်နေသည်။ မက်ဇင်မ်၏ လက်သီးထိသွားသော မေးရိုးပေါ်မှာ အညိုရောင် ပေါက်နေသည်။
မက်ဇင်မ်သည် အားလုံးကို ကျော်ခိုင်းပြီး ပြတင်းပေါက်နားမှား သွားရပ်နေပြန်သည်။ ကာနယ်ဂျူ လယန်းက မက်ဇင်မ်ကို ကြည့်နေသည်။ သူကြည့်ပုံက လေ့လာနေပုံမျိုး၊ အကဲခတ်နေပုံမျိုး။ ဘာ ကြောင့် သည်လို ကြည့်နေရပါလိမ့်။ ကျွန်မ၏ရင်ထဲမှာ တုန်ယင်လှုပ်ရှားလာသည်။

သည်အကြည့်မျိုး သည် သူစဉ်းစားနေပြီဆိုသည့် သဘောလား။ သံသယ၀င်နေပြီဆိုသည့် သဘော လား။
မက်ဇင်မ် ကတော့ ဒါတွေကိုမမြင်။ အပြင်မှာရွာနေသည့် မိုးကိုသာ စိုက်ကြည့်နေသည်။ ဖေဗယ်က ကုန် သွားသည့် ၀ီစကီဖန်ခွက်ကို စားပွဲပေါ်မှာ ပြန်တင်လိုက်သည်။ ကြမ်းပြင်ပေါ် စိုက်ကြည့်ရင်း အသက် ပြင်းပြင်း ရှူနေသည်။ "ရောဘတ် ပြန်လာတဲ့ကား သံကြားတယ်"
ဖရင့် က ပြောပြောဆိုဆို အခန်းအပြင်ထွက်သွားသည်။ ဖေဗယ်က ခေါင်းမေ့ကြည့်သည်။ ပြီးတော့ ထိုင် ရာမှထပြီး တံခါးပေါက်ကို လှမ်းကြည့်နေသည်။ သူ့မျက်နှာပေါ်တွင်လည်း အကျည်းတန်သည့် အပြုံး တစ်ခုရှိနေ သည်။ တံခါးပွင့်သွားသည်။ ဖရင့်ဝင်လာသည်။ နောက်ကိုလှည့်ပြီး တစ်စုံတစ်ယောက်ကို စကားပြောနေ သည်။

"၀င်ခဲ့လေ ဘင်း... မစ္စတာဒီဝင်းတာက မင်းကို စီးကရက်ပေးချင်လို့တဲ့။ ဘာမှ ကြောက်စရာမရှိပါဘူး"
ရှိုးတိုးရှန်းတန့်ဖြင့် အခန်းထဲသို့ ဘင်း ၀င်လာသည်။ ခေါင်းပေါ်မှာ ဦးထုပ်ဆောင်းမထားသောကြောင့် အကြည့်ရဆိုးနေသည်။ ဆောင်းနေကျ ဦးထုပ်ကြီးကို လက်ထဲမှာ ကိုင်ထားသည်။ သူ့ခေါင်းကို ပြောင် နေအောင် ရိတ်ထားသည်။ အမူအရာကလည်း ထိတ်လန့်တကြား ဖြစ်နေသည်။
အခန်းထဲ မှ မီးရောင်ထိန်ထိန်များက သူ့ကို မူးမိုက်သွားစေဟန် တူပါသည်။ မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း အခန်းထဲမှာလူများကို ကြည့်နေသည်။ ကျွန်မကို သူမြင်သွားသည်။ ကျွန်မက လျော့ လျဲစွာ ပြုံးပြသည်။ ပူပင်သောကရောက်သည့် အပြုံးမျိုးဖြစ်ပါသည်။ ကျွန်မကို သူမှတ်မိသည် မမှတ်မိ သည် မပြောတတ်ပါ။ မျက်လုံးကိုသာ ဖွင့်ချည် ပိတ်ချည်လုပ်နေသည်။ ဖေဗယ်က သူ့ရှေ့သို့ ဖြည်း ဖြည်းချင်း တိုးသွားပြီး ရပ် လိုက်သည်။

"ဟဲလို... တို့နှစ်ယောက် နောက်ဆုံးတွေ့ပြီးကြတဲ့ နောက်ပိုင်းမှာ မင်းဘ၀အဆင်ပြေတယ် မဟုတ် လား"
ဘင်းက သူ့ကိုငေးကြည့်နေသည်။ မှတ်မိပုံမပေါ်။ ဘာမျှလည်းပြန်မဖြေ။ "ငါဘယ်သူလဲဆိုတာ သိတယ်မဟုတ်လား" ဖေဗယ်က ဆက်ပြောသည်။ "အာ....." ဘင်းက သူ့ဦးထုပ်ကြီးကို ဆွဲလိမ်နေသည်။ "ဆေးလိပ်သောက် ပါဦး" ဖေဗယ်က စီးကရက်ဗူးကမ်းပေးသည်။ ဘင်းက မက်ဇမ်နှင့် ဖရင့်ကို တစ်ချက် လှမ်းကြည့်သည်။

"ရတယ် ဘင်း... မင်း လိုချင်သလောက်ယူပါ"
မက်ဇင်မ်က လှမ်းပြောသည်။
ဘင်းက စီးကရက်လေးလိပ်ယူပြီး နှစ်လိပ်ကို နားရွက်ကြားမှာ ညှပ်ထားလိုက်သည်။ ပြီးတော့ သူ့ဦးထုပ်ကြီးကို လိမ်မြဲလိမ်နေသည်။
"ငါ ဘယ်သူလဲဆိုတာ မင်းသိတယ်မဟုတ်လား"
ဖေဗယ်က ထပ်မေးပြန်သည်။ ဘင်းကမဖြေသေး။ ကာနယ်ဂျူလယန်းက သူ့ဆီလျှောက်သွားပြီး မေး သည်။
"ခဏကြာရင် မင်းအိမ်ပြန်ရမှာပါ ဘင်း... မင်းကို ဘယ်သူကမှ ဘာမှမလုပ်ပါဘူး။ မေးခွန်းကလေး တစ်ခုနှစ်ခု ဖြေရုံ ပါပဲ။ မစ္စတာဖေဗယ်ကို မင်းသိသလား" သည်တစ်ကြိမ်တော့ ဘင်းက ခေါင်းကို ယမ်းခါပြ သည်။

"သူ့ကို တစ်ခါမှ မမြင်ဖူးဘူး" "ဟေ့ကောင်... အရူးမထစမ်းနဲ့။ ငါ့ကိုမြင်ဖူးတယ် မင်းသိတယ်။ ကမ်းခြေမှာရှိတဲ့ မစ္စက်ဒီဝင်းတား ရဲ့တိုက်ပုကလေးကို ငါသွားတာ မင်းမြင်တယ်။ ဟိုမှာ ငါ့ကို မင်းမြင်ဖူးတယ်။ မဟုတ်ဘူးလား..." "မဟုတ်ပါဘူး.... ကျွန်တော် ဘယ်သူ့ကိုမှ မမြင်ဖူးပါဘူး"
"ခွေးသား... လူလိမ်... မစ္စက်ဒီဝင်းတားနဲ့အတူတူ ငါလျှောက်သွားတာကို မင်းမြင်တယ်။ မြင်တယ် မဟုတ်လား... တို့ကို ပြတင်းပေါက်ကနေ မင်းချောင်းကြည့်နေတာတို့ ဖမ်းမိဖူးတယ်လေ"
"အာ... " "တော်တော် ယုံကြည်အားထားလောက်တဲ့ မျက်မြင်သက်သေပါလား ဟရို့..." ကာနယ်ဂျူလယန်းက ရယ်သွမ်းသွေးသည်။ ဖေဗယ်က သူ့ဘက်ကို လှည့်လိုက်သည်။

"ဒါတွေက အကွက်ဆင်ထားတာလေဗျာ... တစ်ယောက်ယောက်က ဒီအရူးကိုလာဘ်ထိုးထားတာပဲ။ ကျွန်တော့် ကို သူအကြိမ်ပေါင်း များစွာ မြင်ဖူးတယ်။ ဒီမှာကြည့်စမ်း... ဒါဆိုရင် မင်းမှတ်မိမလား" ဖေဗယ်က အိတ်ထဲမှ ပိုက်ဆံအိတ်ကိုနှိုက်ယူပြီး တစ်ပေါင်တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ပြသည်။
"အခု မင်းငါ့ကို မှတ်မိပြီ မဟုတ်လား" ဘင်းက ခေါင်းယမ်းသည်။ ပြီးတော့ ဖရင့်၏လက်မောင်းကို ဆွဲကိုင်ထား သည်။
"သူ့ကို ကျွန်တော် မမြင်ဘူးပါဘူး ...သူက ကျွန်တော့်ကို ထောင်ထဲတည့်ဖို့ ဒီကိုလာတာလား ခင်ဗျာ..."
"မဟုတ်ပါဘူး… လုံးဝ မဟုတ်ပါဘူး ဘင်း" ဖရင့်က ပြန်ပြောသည်။

"ထောင်ထဲကို ကျွန်တော် မသွားချင်ဘူး။ သူတို့က သိပ်ရက်စက်တယ်တဲ့။ ကျွန်တော် အိမ်မှာပဲ နေပါရ စေ။ ကျွန်တော် ဘာမှမလုပ်ပါဘူး" "စိတ်အေးအေးထားပါ ဘင်း… မင်းကို ဘယ်သူကမှ ထောင်ထဲမပို့ပါဘူး။ ဒီလူကို မင်း မမြင်ဖူးဘူးဆို တာ သေချာရဲ့လား…" ဟု ကာနယ်ဂျူလယန်းက မေးသည်။ "မမြင်ဖူးပါဘူး ခင်ဗျား… လုံးဝ မမြင်ဖူးပါဘူး" "မစ္စက်ဒီဝင်းတားကို မင်း မှတ်မိသလား" ကာနယ်ဂျူလယန်းကပင် ဆက်မေးသည်။ ဘင်းက ကျွန်မကို မရေမရာ လှမ်းကြည့်သည်။ "မဟုတ်ဘူး… ဒီအမျိုးသမီး မဟုတ်ဘူး။ တခြားတစ်ယောက် ကို ပြောတာ။ ဟိုကမ်းခြေက တိုက်ပုက လေး ကို အမြဲသွားလေ့ရှိတယ်"

"အာ…"
"ရွက်သင်္ဘောကလေးရှိတဲ့ အမျိုးသမီးကို မှတ်မိသလား"
"သူ သွားပြီ"
ဘင်းက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ပြန်ပြောသည်။
"ဟုတ်တယ်… တို့သိတယ်။ သူက ရွက်တိုက်လေ့ရှိတယ်လေ… ဟုတ်တယ်မှတ်လား… သူ နောက်ဆုံး ရွက်သွား တုန်းက ပင်လယ်ကမ်းခြေမှာ မင်း ရှိနေခဲ့သလား။ ညဦးပိုင်းလေ… တစ်နှစ်လောက် ကြာသွား ပြီလေ… အဲဒီလို ထွက်သွားပြီး သူ ပြန်မလာတော့ဘူးလေ…"
ကာနယ်ဂျူလယန်းက ချော့မော့သည်လေသံမျိုးဖြင့် ဆက်မေးနေသည်။

ဘင်းကမူ လက်ထဲမှ ဦးထုပ်ကို လိမ်မြဲလိမ်နေသည်။ ပြီးတော့ ဖရင့်ကို ကြည့်သည်။ ထို့နောက် မက်ဇင်မ်ကို လှမ်းကြည့်သည်။
"အာ…"
"မင်း အဲဒီမှာ ရှိနေခဲ့တယ်။ ဟုတ်တယ် မှတ်လား…" ဖေဗယ်က ရှေ့သို့ကုန်းပြီး မေးသည်။ "ကမ်းခြေ က တိုက်ကလေး ဆီကို မစ္စက်ဒီဝင်းတား ဆင်းလာတာ မင်း မြင်တယ်။ သူနဲ့ အတူတူ မစ္စတာဒီဝင်းတား ပါလာတာ မင်း မြင်တယ်။ သူ့မိန်းမဝင်သွားတဲ့ တိုက်ထဲကို သူလဲ ဝင်သွားတယ်။ အဲဒီနောက် ဘာဖြစ် သလဲ။ ကဲ… ပြောစမ်း… အဲဒီနောက် ဘာဖြစ်သလဲ"
ဘင်း က နောက်ဘက်ရှိ နံရံဘက်သို့ တိုးကပ်သွားသည်။

"ကျွန်တော် ဘာမှမမြင်ပါဘူး ခင်ဗျာ။ ကျွန်တော် အိမ်မှာပဲ နေချင်ပါတယ်။ ထောင်ထဲ မသွားပါရ စေနဲ့ခင်ဗျာ။ သူ့ကို ကျွန်တော် မမြင်ဖူးပါဘူး။ ဘယ်တုန်းကမှ မမြင်ဖူးပါဘူး။ ဟိုအမျိုးသမီးနဲ့ သူ့ ကို တောထဲမှာ တစ်ခါမှ မမြင်ဖူးပါဘူး" ဘင်းသည် ပြောရင်း ကလေးတစ်ယောက်လို ငိုကြွေးလေ တော့သည်။
"အလကား အသုံးမကျတဲ့ သောက်ရူး… အသုံးမကျတဲ့ သောက်ရူး"
ဖေဗယ် က တစ်လုံးချင်း ပြောနေသည်။ ဘင်းက ကုတ်အင်္ကျီလက်ဖြင့် သူ့မျက်လုံးနှစ်ဖက်ကို ပွတ်သပ်လိုက် သည်။

"ခင်ဗျား ပြတဲ့သက်သေက ခင်ဗျားကို ဘယ်လိုမှအထောက်အကူပေးနိုင်ပုံ မပေါ်ပါဘူး။ အလကား သက်သက် အချိန်ဖြုန်း သလို ဖြစ်နေတယ်။ သူ့ကို ဘာများမေးချင်သေးသလဲ" ဟု ကာနယ်ဂျူလ ယန်းက ပြောသည်။
"ဒါ အကွက် ရိုက်ထားတာ…" ဖေဗယ်က အော်သည်။ "ကျုပ်ကို ဆော်ဖို့အကွက် ရိုက်ထားတာ… ခင်ဗျားတို့အားလုံး ဝိုင်းပြီးလုပ်ကြံကြတာ။ တစ်ယောက်ယောက်က ဒီအရူးကို လာဘ်ထိုးထားတာ။ ကျုပ်ပြောတာ၊ ဒီအရူး မဟုတ်တာတွေပြောဖို့ လာဘ်ထိုးထားတာ"
"ဘင်းကို အိမ်ပြန်ခွင့်ပေးသင့်ပြီ ထင်တယ်" ဟု ကာနယ်ဂျူလယန်းက ပြောသည်။
"ကောင်းပြီ ဘင်း… မင်းကို ရောဘတ် ပြန်ပို့ပေးလိမ့်မယ်။ မင်းကို ဘယ်သူကမှ ထောင်ထဲမထည့် ပါဘူး။ မကြောက် ပါနဲ့။ ဖရင့်… သူစားဖို့ ရောဘတ်ကို တစ်ခုခုယူခိုင်းလိုက်ပါ။ သူကြိုက်သလောက် ယူပါစေ" ဟု မက်ဇင်မ် က လှမ်းပြောသည်။

"တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်တဲ့အတွက် ဆုချတာပေါ့လေ… မဟုတ်ဘူးလား… မက်ဇ်… မင်းအတါက် ဒီကနေ့ သူအကောင်းဆုံး တာဝန်ထမ်းဆောင်သွားတာပေါ့ကွာ" ဟု ဖေဗယ်က ပြော သည်။
ဖရင့် က ဘင်းကို အခန်းပြင်သို့ ခေါ်ထုတ်သွားသည်။ ကာနယ်ဂျူလယန်းက မက်ဇင်မ်ကို တစ်ချက် လှမ်းကြည့် လိုက်သည်။
"ဒီကလေး တော်တော်ကြောက်သွားတယ်။ တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေပြီ။ သူ့ကို ဒီလို ဆက်ဆံတာမျိုး တစ်ခါ မှ မကြုံဖူးဘူးထင်တယ်"
"မကြုံဖူးပါဘူး… ဒီကလေးဟာ အပြစ်ကင်းပါတယ်။ ဘယ်သူ့ကိုမှလဲ အန္တရာယ် မပေးတတ်ပါဘူး။ ကျွန်တော်တို့ကလဲ သူ နေချင်သလို နေခွင့်ပေးထားပါတယ်" ဟု မက်ဇင်မ်က ပြန်ဖြေသည်။

"ခင်ဗျားအမှုကို သူ ဘာမှမကူညီနိုင်ဘူး။ မစ္စတာဒီဝင်းတား အပြစ်ရစေနိုင်လောက်တဲ့ သက်သေခံ အထောက်အထားတစ်ခုမှ ခင်ဗျား မပြနိုင်ဘူး။ ခင်ဗျား ပြောခဲ့တာတွေဟာ အခြေအမြစ်မရှိတော့ ဘူး။ ဒီမှာ မစ္စတာဖေဗယ်… ရုံးတော်ကိုတင်ပြရင် ခင်ဗျားမှာ အထောက်အထား မရှိတော့ဘူး မဟုတ်လား။ ခင်ဗျားဟာ မစ္စက်ဒီဝင်းတားနဲ့ လက်ထပ်တော့မယ့် ယောက်ျားပါလို့ ခင်ဗျားကိုယ် တိုင် ပြောခဲ့တယ်။ ကမ်းခြေက တိုက်ကလေးမှာ တိတ်တိတ်ပုန်း ချိန်းတွေ့ကြတယ်လို့ ခင်ဗျား ပြောတယ်။ အခု ဒီကလေးက မမြင်ပါဘူးလို့ ပြောသွားပြီ။ ခင်ဗျားပြောတဲ့ ဇာတ်လမ်းမှန်ကန် ကြောင်း ဘာအထောက်အထားမှ မပြနိုင်တော့ဘူး မဟုတ်လား" "ကျွန်တော် မပြနိုင်တော့ဘူး… ဟုတ်လား…" ဖေဗယ်က ပြန်ပြောသည်။ သူ့မျက်နှာပေါ် မှာ အပြုံးတစ်ချက် သမ်းသွားသည်ကို မြင်လိုက်ရသည်။ မီးလင်းဖိုနားက ခေါင်းလောင်းကို သူ သွားနှိပ်သည်။

"ခင်ဗျား ဘာလုပ်နေတာလဲ" ကာနယ်ဂျူလယန်းက မေးသည်။ "ခဏစောင့်ပါ… မြင်ရပါစေ့မယ်"
ဘာတွေဖြစ်လာတော့မည်ကို ကျွန်မ တွက်ဆလိုက်မိပြီး ဖြစ်ပါသည်။ အခန်းထဲသို့ ဖရစ် ဝင်လာ သည်။
"မစ္စက်ဒင်ဗာကို လွှတ်လိုက်စမ်းပါ" ဟု ဖေဗယ်က ပြောသည်။ ဖရစ်က မက်ဇင်မ်ကို လှမ်းကြည့်သည်။ မက်ဇင်မ်က ခေါင်းဆတ်ပြသည်။ အခန်းထဲမှ ဖရစ် ပြန် ထွက်သွားသည်။
"မစ္စက်ဒင်ဗျာဆိုတာ ဒီအိမ်က ဘဏ္ဍာစိုး အမျိုးသမီးလား" ဟု ကာနယ်ဂျူလယန်းက မေးသည်။
"ရဘက်ကာရဲ့ အရင်းနှီးဆုံး မိတ်ဆွေလဲဖြစ်ပါတယ်" ဟု ဖေဗယ်က ဝင်ပြောသည်။
"ရဘက်ကာ လက်မထပ်ခင် နှစ်ပေါင်းများစွာကတည်းက အတူနေခဲ့တာ။ ရဘက်ကာဟာ သူ့ လက်ပေါ်မှာ ကြီးခဲ့တာပဲ။ ဒင်နီဟာ ဘင်းနဲ့ လုံးဝမတူတဲ့ သက်သေဖြစ်ကြောင်း တွေ့ရပါလိမ့် မယ်"
အခန်းထဲသို့ ဖရင့် ပြန်ဝင်လာသည်။

"ဘင်းကို အိမ်ပြန်အိပ်ခိုင်းလိုက်ပြီ မဟုတ်လား… ညစာကောင်းကောင်းကျွေးပြီး "မင်း သိပ်လိမ္မာ တဲ့ လူကလေး"လို့ ပြောလိုက်ပြီ မဟုတ်လား။ ဒီတစ်ခါတော့ မင်းတို့လူသိုက်အဖွဲ့ မချောင်တော့ ဘူးလို့သာ မှတ်ပါ" ဟု ဖေဗယ်က ဆီးပြောသည်။ "မစ္စက်ဒင်ဗာ ဆင်းလာလိမ့်မယ်။ သူ့ဆီက တစ်ခုခုရနိုင်လိမ့်မယ်လို့ ဖေဗယ်က ထင်နေတယ်" ဟု ကာနယ်ဂျူလယန်းက ဖရင့်ကို ရှင်းပြသည်။ ဖရင့်က မက်ဇင်မ်ကို ကွက်ကနဲ တစ်ချက် လှမ်းကြည့်သည်။ ထိုအကြည့်ကို ကာနယ်ဂျူလယန်း မြင်လိုက်သည်။ သူ့နှုတ်ခမ်းများ တင်းတင်းစေ့သွားသည်။ သည်အမူအရာ ကို ကျွန်မ မကြိုက်ပါ။ နည်းနည်းကလေးမှ သဘောမကျနိုင်ပါ။ ကျွန်မ လက်သဲများကို ကိုက်နေ မိသည်။

ကျွန်မတို့အားလုံး စောင့်နေကြသည်။ တံခါးပေါက်ကို ကြည့်နေကြသည်။ ထို့နောက် မစ္စက်ဒင်ဗာ ဝင်လာသည်။ မစ္စက်ဒင်ဗာကို တစ်ယောက်ချင်းသာ ကျွန်မတွေ့ခဲ့ဖူးသည်။ ထိုသို့ တွေ့တိုင်း သူ့ အရပ်ကြီးက မိုးနေသည်ဟု ထင်ခဲ့သည်။ ယခုတော့ သူ့ကိုယ်လုံးကလေး ကျုံ့နေသည်။ သူက ကျွန်မတို့ကို တစ်ယောက်ချင်း လိုက်ကြည့်နေသည်။
"မင်္ဂလာပါ မစ္စက်ဒင်ဗာ" ဟု ကာနယ်ဂျူလယန်းက နှုတ်ဆက်သည်။
"မင်္ဂလာပါရှင်…" "ပထမဦးဆုံး ကျွန်တော် မေးခွန်းတစ်ခုမေးပါရစေ။ ကွယ်လွန်သွားတဲ့ မစ္စက်ဒီဝင်းတားနဲ့ အခု ဒီမှာရှိနေတဲ့ မစ္စတာဖေဗယ် တို့ ဘယ်လိုပတ်သက်ကြတယ်ဆိုတာများ အမှတ်ထားမိပါသလား"
ကာနယ်ဂျူလယန်း ကပင် စမေးသည်။

"သူတို့ မောင်နှမဝမ်းကွဲ တော်စပ်ကြပါတယ်"
"ဆွေမျိုးတော်စပ်တာကို ကျွန်တော် ဆိုလိုတာမဟုတ်ပါဘူး မစ္စက်ဒင်ဗာ… ဒီထက်ပိုပြီး ရင်းနှီးမှု တစ်ခုခုကို ဆိုလိုတာပါ"
"ကျွန်မ နားမလည်ပါဘူးရှင်" "လုပ်မနေစမ်းပါနဲ့ ဒင်နီ…" ဖေဗယ်က ဝင်ပြောသည်။
"သူ ဘာအဖြေ လိုချင်လို့ မေးနေတယ်ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ကာနယ်ဂျူလ ယန်းကို ကျွန်တော် အားလုံးဖွင့်ပြောပြီးပြီ။ ဒါပေမဲ့ ကျွန်တော့်ကို့ ယုံပုံမပေါ်ဘူး။ ရဘက်ကာနဲ့ ကျွန်တော် ဟာ နှစ်ပေါင်းများစွာ အတူပေါင်းသင်းနေထိုင်ခဲ့ကြတယ် မဟုတ်လား။ သူနဲ့ ကျွန်တော် ဟာ ချစ်နေကြတာ မဟုတ် လား"

မစ္စက်ဒင်ဗာ က ချက်ချင်းပြန်မဖြေဘဲ ဖေဗယ်ကို စိုက်ကြည့်ကာ အကဲခတ်နေသည်။ သည်အမူ အရာကြောင့် ကျွန်မ အံ့အားသင့် မိပါသည်။ အထင်အမြင်သေးသည့် အကြည့်မျိုးဖြင့်လည်း ကြည့် နေသည်။
"သူဟာ ရှင့်ချစ်သူ မဟုတ်ပါဘူး" "ဒီမှာ သေသေချာချာ နားထောင်စမ်း ကောင်မကြီး"
ဖေဗယ် က ထုံးစံအတိုင်း စတော့သည်။ သို့သော် မစ္စက်ဒင်ဗာက သူ့စကားကို ဖြတ်လိုက်သည်။
"သူဟာ ရှင်နဲ့လဲ မချစ်ဘူး။ မစ္စတာဒီဝင်းတားနဲ့လဲ မချစ်ဘူး။ ဘယ်ယောက်ျားကိုမှ မချစ်ဘူး။ ယောက်ျားတွေ အားလုံးကို အထင်သေး တယ်။ အထင်သေးတယ်ဆိုတာ ထက်တောင် ပိုသေး တယ်"
ဖေဗယ်၏မျက်နှာ က ဒေါသကြောင့် နီရဲလာသည်။

"နားထောင်စမ်း။ ဟောဟိုတောထဲက လူသွားလမ်းအတိုင်း ညပေါင်းများစွာ ကျုပ်ဆီကို လာတွေ့ နေတာ မဟုတ် လား။ ကျုပ်နဲ့အတူတူ ကမ်းခြေက တိုက်မှာ လာအိပ်နေတာမဟုတ်လား။ သူအပြန် ကို ခင်ဗျား အမြဲတမ်း စောင့်နေရတယ် မဟုတ်လား။ စနေ တနင်္ဂနွေမှာလဲ လန်ဒန်ကို လိုက်လာပြီး ကျုပ်နဲ့ အတူတူနေနေတာ မဟုတ်လား"
"သြော်… ဒီလိုလား… သူ အဲဒီလို ရှင်နဲ့အတူနေတော့ရော ဘာဖြစ်သလဲ။ သူ စိတ်ချမ်းသာဖို့အ တွက် သူ့မှာ လုပ်ခွင့် မရှိဘူးလား… ယောက်ျားတွေနဲ့အတူ အိပ်တယ်ဆိုတာ သူ့အဖို့တော့ ကစား စရာတစ်မျိုးပဲ။ ကစားစရာ တစ်မျိုး ကို ကစားတဲ့အနေနဲ့ ယောက်ျားတွေနဲ့ သူ အိပ်တယ်။ ကျွန်မကို ဒီအတိုင်း သူ ပြောပြခဲ့တယ်။ သူ စိတ်ချမ်းသာ ဖို့အတွက် ဒီအလုပ်ကို သူလုပ်တယ်။ ဒီလိုလုပ်ရတဲ့ အတွက် သူ့အဖို့ စိတ်ချမ်းသာစေတယ်။ ရယ်ရမောရစေ တယ်။ ကျန်တဲ့ ယောက်ျားတွေကို ရယ်စ ရာလုပ်နေသလို ရှင့်ကိုလဲ သူ ရယ်စရာ လုပ်နေတာပဲ။ ယောက်ျားတွေ နဲ့တွေ့ပြီး သူ ပြန်လာတိုင်း အိပ်ရာပေါ်မှာ အားရပါးရ ရယ်မောနေတာ ကျွန်မ သိ တယ်"

မမျှော်လင့်ဘဲ ရုတ်တရက် ကြားလိုက်ရသည့် စကားလုံးများကြောင့် ကျွန်မတို့အားလုံး ထိတ်လန့် တကြား ဖြစ် ကုန်ကြသည်။ မက်ဇင်မ်၏မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ ဖေဗယ်က နား မ လည်နိုင်လို မစ္စက်ဒင်ဗာ ကို ငေးကြည့်နေသည်။ ကာနယ်ဂျူလယန်းက သူ့နှုတ်ခမ်းမွေးကို ပွတ်နေ သည်။ မိနစ်အတန်ကြာအောင် မည်သူမျှ စကားမပြောနိုင်ကြ။ အခန်းထဲမှာ တိတ်နေသည်။ မိုးရေ စက်ကျသံများကိုသာ ကြားနေရသည်။ ထို့နောက် မစ္စက်ဒင်ဗာ က ငိုချလိုက်သည်။ ရဘက်ကာ၏ အခန်းထဲမှာ ကျွန်မရှေ့တွင် ငိုချလိုက်သလို ရှိုက်ကြီးတငင် ငိုခြင်းဖြစ်သည်။ ကျွန်မ အသံကုန် အော်ပစ်လိုက်ချင်ပါသည်။ အသံကုန်အော်ပြီး သည် အခန်းထဲမှ ပြေးထွက်ကာ မဆုံးနိုင်အောင် အော်ဟစ်နေချင်ပါတော့သည်။

မည်သူကမှ သူ့ဆီမသွား။ ဘာမှမပြော။ ဘာအကူအညီမှ မပေး။ ဆက်ငိုမြဲ ငိုနေသည်။ သံသရာ ဆုံးသည့်တိုင် မရပ်တမ်း ငိုတော့မည် ဟု ကျွန်မ ထင်ပါသည်။ ခဏကြာတော့မှ တဖြည်းဖြည်း အငို ရပ်သွားသည်။ မလှုပ်မယှက် ရပ်နေသည်။ သူ၏အနက်ရောင်ဂါဝန်ကို တင်းတင်းကိုင်ထားသည်။ ကာနယ်ဂျူလယန်းက ညင်သာသောလေသံဖြင့် တိုးတိုးပြောသည်။
"မစ္စက်ဒင်ဗာ.. မစ္စက်ဒီဝင်းတား ဘာကြောင့်များ သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ခင်ဗျား ထင် ပါသလား"
"မသိဘူး… ကျွန်မ မသိဘူး" သူက ခေါင်းကို တွင်တွင်ခါသည်။

"ဒါ မဖြစ်နိုင်ဘူး။ ကျွန်တော် သိသလို သူသိတယ်။ ခင်ဗျားကို ကျွန်တော် ပြောပြီးပြီ မဟုတ်လား" ဟု ဖေဗယ် က ပြောသည်။
"ခင်ဗျား တိတ်တိတ်နေပါ" ကာနယ်ဂျူလယန်းက သူ့ကို လှမ်းဟန့်သည်။ "မစ္စက်ဒင်ဗာကို စဉ်းစား ဖို့ အချိန်ပေး ပါ။ သာမန်ကြည့်ရင် သူ ရေးခဲ့တဲ့စာဟာ ရယ်စရာပဲဆိုတာ ကျုပ်တို့အားလုံး လက်ခံ ပြီးပြီ။ သူ လန်ဒန်မှာ ရှိနေတုန်း ခင်ဗျား ဆီကို အဲဒီစာရေးခဲ့တယ်။ ခင်ဗျားကို သူ တစ်ခုခုပြောချင်ခဲ့ တယ်။ သူ ပြောချင်တာဟာ ဘာလဲဆိုတာ သိရရင် ဒီပြဿနာကြီးရဲ့အဖြေကို ရကောင်းရနိုင် တယ်။ အဲဒီစာကို မစ္စက်ဒင်ဗာ ဖတ်ပါစေ။ အရိပ်အယောင်တစ်ခုခု ပေါ်လာနိုင်စရာ ရှိတာပေါ့"

ကာနယ်ဂျူလယန်း၏စကားဆုံးတော့ ဖေဗယ်က အိတ်ထဲရှိ စာရွက်ခေါက်ကိုနှိုက်ယူပြီး မစ္စက် ဒင်ဗာ ၏ခြေထောက် နားသို့ လှမ်းပစ်ချသည်။ မစ္စက်ဒင်ဗာက ကောက်ယူပြီး နှစ်ခေါက်ဖတ်သည်။ ပြီးတော့ ခေါင်းကို ယမ်း လိုက်သည်။
"ဒီစာ ဖတ်ရလို့ လဲ ဘာမှမထူးပါဘူး။ သူ ဘာဆိုလိုတယ်ဆိုတာ ကျွန်မ မသိဘူး။ မစ္စတာဂျက်ကို အရေးကြီးတဲ့ အကြောင်း တစ်ခုခုပြောစရာ ရှိရိုးမှန်ရင် ကျွန်မကို သူ အလျင်ပြောမှာပဲ"
"အဲဒီည က သူနဲ့ ခင်ဗျား လုံးလုံးမတွေ့ဘူး မဟုတ်လား"
"မတွေ့ပါဘူး။ ကျွန်မ အပြင်သွားနေပါတယ်။ ညဦးပိုင်းတစ်ပိုင်းလုံ ကားရစ်မှာ ရှိနေပါတယ်။ ဒါ ကြောင့် ကျွန်မ ကိုယ် ကျွန်မ ခွင့်မလွှတ်နိုင်အောင် ဖြစ်နေရတာပေါ့"
"ဒီလိုဆိုရင် သူ့စိတ်ထဲမှာ ဘာရှိနေတယ်ဆိုတာ ခင်ဗျား မပြောနိုင်ဘူးပေါ့ မစ္စက်ဒင်ဗာ…။ "ရှင့် ကို ပြောပြစရာ ရှိနေတယ်" ဆိုတဲ့စကားဟာ ဘယ်လိုအကြောင်းမျိုးများ ဖြစ်နိုင်မယ် ထင်သလဲ"
"မသိပါဘူးရှင်… ကျွန်မလဲ မစဉ်းစားတတ်ပါဘူး"

"အဲဒီနေ့က လန်ဒန်မှာ သူ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ဘယ်သူများ သိပါသလဲ" ဘယ်သူကမှ ပြန်မဖြေ။ မက်ဇင်မ်က ခေါင်းယမ်းပြသည်။ "ဒီမှာ… ဒီစာကို မွန်းလွဲသုံးနာရီက ကျွန်တော့်အခန်းမှာ ထားသွားတယ်။ အလုပ်သမား က သူ့ကို မြင်လိုက်တယ်။ ဒီစာထားခဲ့ပြီး တောက်လျှောက် ကားမောင်းပြန်လာတဲ့ပုံပဲ"
"ဆံပင်အလှပြင်ဖို့ ဆယ့်နှစ်နာရီခွဲကနေပြီး တစ်နာရီခွဲအထိ ချိန်းထားတာတော့ ရှိတယ်" ဟု မစ္စက်ဒင်ဗာက ပြောသည်။ "ဒါလောက်တော့ ကျွန်မ မှတ်မိတယ်။ ဘာကြောင့်လဲဆိုတော့ သုံး လေးရက် အလိုက လန်ဒန်ကို ကျွန်မပဲ ဖုန်းဆက်ပြီး ချိန်းပေးရတာပါ။ ဟုတ်ပါတယ် ဆယ့်နှစ်နာရီ က တစ်နာရီခွဲ… အခါ တိုင်းတော့ ဆံပင်အလှပြင်ပြီးရင် သူ့ကလပ်မှာ နေ့လယ်စာ စားလေ့ရှိပါ တယ်။ အဲဒီနေ့ကလဲ သူ့ကလပ် မှာလဲ နေ့လယ်စာ စားကောင်းစားပါလိမ့်မယ်"

"နေ့လယ်စာစားတာ နာရီဝက်ထား။ ဒီအတိုင်း ဆိုရင် နှစ်နာရီကနေ သုံးနာရီအထိ သူ ဘာလုပ် နေသလဲ… ဒါကို ကျွန်တော် တို့ ရှာကြည့်ရမယ်" ဟု ကာနယ်ဂျူလယန်းက ပြောသည်။
"အောင်မယ်လေး… ဖြစ်ရလေဗျာ… သူ ဘာလုပ်နေတယ်ဆိုတာ ဘယ်သူက ဂရုစိုက်ရမှာလဲ" ဖေ ဗယ် က အော်သည်။ "သူ့ ကိုယ်သူ ပြန် သတ်တာမဟုတ်ဘူး။ ဒါပဲ အရေးကြီးတာ မဟုတ်လား"
"သူ့အချိန်းအချက် မှတ်တမ်း စာအုပ် ကျွန်မအခန်းထဲမှာ သော့ခတ်သိမ်းထားတာ ရှိပါတယ်" မစ္စက်ဒင်ဗာက တစ်လုံးချင်းပြောသည်။ "အဲဒီစာအုပ်တွေအားလုံး ကျွန်မ သိမ်းထားပါတယ်။ မစ္စ တာဒီဝင်းတားကလဲ ကျွန်မဆီက မတောင်းဖူးပါဘူး။ အဲဒီနေ့အတွက် အချိန်းအချက်တွေနဲ့ပတ် သက်ပြီး အင်မတန် တိကျသေချာ ပါတယ်။ ချိန်းထားတာမှန်သမျှ တန်းစီပြီး ရေးထည့်ပါတယ်။ တွေ့ပြီးပြီ ဆောင်ရွက်ပြီးပြီဆိုရင် ဘေးမှာ ကြက်ခြေခတ် တတ်ပါတယ်။ အဲဒီမှတ်တမ်းစာအုပ်က အထောက်အကူပြုနိုင်မယ်ဆိုရင် ကျွန်မ သွားယူပေး ပါ့မယ်"

"ဘယ်လို သဘောရသလဲ ဒီဝင်းတား… ဘာပြောချင်ပါသလဲ။ မှတ်တမ်းစာအုပ်ကို ကျွန်တော်တို့ ကြည့်ရင် စိတ်မရှိ ပါဘူးနော်" ဟု ကာနယ်ဂျူလယန်းက မေးသည်။
"မရှိပါဘူး… ဘာမှကိစ္စမရှိပါဘူး" ကာနယ်ဂျူလယန်းက စူးစမ်းသလို လှစ်ကနဲ တစ်ချက် လှမ်းကြည့် လိုက်သည် ကို ကျွန်မ တွေ့ လိုက်ရပြန်သည်။ ယခုတစ်ကြိမ်တွင် ဖရင့်ကလည်း သတိထား လိုက်မိပုံရသည်။ မက်ဇင်မ်ကို သူ က လှမ်းကြည့်သည်။ ပြီးတော့ ကျွန်မ ကို လှည့်ကြည့်ပြန်သည်။ ယခု တစ်ကြိမ်တွင်တော့ ထိုင်ရာ မှထပြီး ပြတင်းပေါက် ဆီသို့ လျှောက်သွားသူမှာ ကျွန်မ ဖြစ်နေချေသည်။ အပြင်မှာ မိုးဖွဲဖွဲသာ ရွာ နေတော့ သည်။ ကျွန်မတို့အားလုံး စကားမပြောကြပါ။ သို့သော်လည်း သည်စာကြည့်ခန်းထဲမှာ မက်ဇင်မ် ၏သေရေးရှင်ရေးအတွက် တရားစီရင်နေခြင်းဖြစ်ကြောင်း ကျွန်မတို့အားလုံး သိနေကြပါ သည်။
ညင်ညင်သာသာ တံခါးပိတ်သံကြားသဖြင့် နောက်သို့ ကျွန်မ ပြန်လှည့်လိုက်သည်။ မှတ်တမ်းစာ အုပ်ကိုင်ပြီး မစ္စက်ဒင်ဗာဝင် လာသည်ကို တွေ့ရသည်။

"ကျွန်မ ပြော တာ မှန်ပါတယ်။ သူ့အချိန်းအချက်တွေအားလုံးကို ရေးမှတ်ထားပါတယ်။ ဟောဒီမှာ သူ သေတဲ့နေ့ က မှတ်တမ်းတွေ"
သားရေဖုံး ဖုံးထားသော စာအုပ်နီနီသေးသေးကလေးကို သူက ဖွင့်ပြသည်။ ပြီးတော့ ကာနယ်ဂျူ လယန်းကို ကမ်းပေး သည်။ မှတ်တမ်းကို အကြာကြီး စိုက်ကြည့်နေသည်။ ကျွန်မတို့အားလုံး ရပ် စောင့်နေကြသည်။ ထိတ်လန့် ဖွယ် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ကျွန်မက လက်သီးကို ကျစ် ကျစ်ပါအောင် ဆုပ်ထားသည်။ မက်ဇင်မ်ကိုလည်း ကျွန်မ မကြည့်နိုင်ပါ။ ကျွန်မ၏ရင်ခုန်သံကို ကာနယ်ဂျူလယန်း ကြားမှာ သေချာပါသည်။

"အင်း…" ကာနယ်ဂျူလယန်းက စာအုပ်ကြားထဲမှာ လက်ညှိုးညှပ်ထားရင်း သက်ပြင်းချလိုက် သည်။ တစ်ခုခုဖြစ်တော့မည်။ ဆိုးဆိုးရွားရွား တစ်ခုခုဖြစ်တော့မည်ဟု ကျွန်မ တွေးနေမိသည်။
"ဟုတ်တယ်… မစ္စက်ဒင်ဗာပြောတဲ့အတိုင်း ဆံပင်အလှပြင်ဖို့ ၁၂ နာရီ ချိန်းထားတယ်။ ပြီးတော့ ဘေးမှာ ကြက်ခြေခတ် ထားတယ်။ သူ အလှပြင်ဖြစ်တယ်ဆိုတဲ့ သဘောပေါ့။ နောက် ကလပ်မှာ နေ့လယ်စာစားတယ်။ ဒါကိုလဲ ဘေး မှာ ကြက်ခြေခတ်ထားတယ်။ အင်း… ဒီဥစ္စာက ဘာလဲ… ဘေကာ… ၂ နာရီ၊ ဘေကာဆိုတာ ဘယ်သူလဲ…"
ကာနယ်ဂျူလယန်းက မက်ဇင်မ်ကို လှမ်းကြည့်သည်။ မက်ဇင်မ်က ခေါင်းယမ်းပြသည်။ မစ္စက်ဒင် ဗာကို ဂျူလယန်းက လှမ်းကြည့်လိုက်သည်။

"ဘေကာ…" မစ္စက်ဒင်ဗာက ရေရွတ်နေသည်။ "ဘေကာဆိုတဲ့ နာမည်မျိုး သူ မသိပါဘူး။ ပြောသံ တစ်ခါမှ မကြားဖူးဘူး" "ဒါပေမဲ့ ဒီထဲမှာ ရေးထားတယ်" ကာနယ်ဂျူလယန်း မစ္စက်ဒင်ဗာဘက်သို့ စာအုပ်ကို ကမ်းပေး သည်။ "ခင်ဗျား ကိုယ်တိုင်ကြည့်လေ… ဘေကာ တဲ့… ဘေးက ကြက်ခြေခတ်ကို ထင်းထင်းကြီးခတ်ထား တယ်။ ခဲတံ ကို ချိုးပစ်လိုက်ချင်သလို ဖိပြီး ခြစ်ထားတယ်။ ဘေကာ နဲ့ သူ တွေ့ဖြစ်တာ သေချာ တယ်။ ဘေကာ ဆိုတာ ဘယ်သူဖြစ်မလဲ"
မစ္စက်ဒင်ဗာက မှတ်တမ်းစာအုပ်ကို  စိုက်ကြည့်နေသည်။

"ဘေကာ… ဘေကာ…" ဟုလည်း စဉ်းစားသလို ရေရွတ်နေသည်။
"ဆိုလိုတာ က ငွေညှစ်မယ့်လူများ မဖြစ်နိုင်ဘူးလား" ကာနယ်ဂျူလယန်းက ဖေဗယ်ကို တစ်ချက် လှမ်းကြည့် လိုက်သည်။
မစ္စက်ဒင်ဗာက ခေါင်းကိုခါယမ်းရင်း "ဘေကာ… ဘေကာ…" ဟု ရေရွတ်မြဲ ရေရွတ်နေသည်။
"သူ့မှာ ရန်သူ မရှိဘူးလား… တစ်ယောက်ယောက်က ခြိမ်းခြောက်နေတာရော မဖြစ်နိုင်ဘူးလား… သူ ကြောက်ရတဲ့ သူများ ရှိသလား" "မစ္စက်ဒီဝင်းတားဟာ ဘာကိုမှမကြောက်ပါဘူး။ ဘယ်သူ့ကိုမှ မကြောက်ပါဘူး။ သူကြောက်တာ သူ စိတ်ပူတာ တစ်ခုပဲရှိတယ်။

သူ အိုရမှာ ကို ကြောက်တယ်။ ဖျားနာရမှာကို ကြောက်တယ်။ အိပ်ရာထဲ လဲနေရမှာကို ကြောက်တယ်။ ကျွန်မကို အကြိမ်ကြိမ်ပြောဖူး ပါတယ်။ သူ သေရင် ဖယောင်းတိုင်က မီးကိုမှုတ်ပြီး ငြိမ်းသတ်လိုက်သလို ဘာဝေဒနာ မှ မခံစားရဘဲ သေသွားချင်တယ် တဲ့။ အခုလို ရေနစ်သေသွား တာ ဖြေသာတာပေါ့လေ…။ ဝေဒနာကို အကြာကြီး မခံစားလိုက်ရဘူး မဟုတ်လား"
မစ္စက်ဒင်ဗာ က ထိုစကားကိုပြောပြီး ကာနယ်ဂျူလယန်းကို အကဲခတ်ကြည့်နေသည်။ ကာနယ်ဂျူ လယန်းက မဖြေ။ သူ့နှုတ်ခမ်းမွေး ကို ပွတ်ရင်း တုံ့ဆိုင်းဆိုင်းလုပ်နေသည်။ မက်ဇင်မ်ကို တစ်ချက် လှမ်းကြည့်လိုက်တာ ကျွန်မ မြင်လိုက်ရပြန်သည်။

"ဒါတွေ လုပ်နေတာ ဘာအဓိပ္ပာယ်ရှိသလဲ" ဖေဗယ်ကပြောရင်း ရှေ့သို့တိုးလာသည်။ "ကျွန်တော် တို့ဟာ အဓိကအချက် ကနေပြီး ဘေးချော်ထွက်နေကြတာပဲ။ ဘေကာဆိုတဲ့ အကောင်ကို ဘယ် သူက ဂရုစိုက်ရမှာလဲ။ ဒီကိစ္စ သူနဲ့ ဘာဆိုင်မှာလဲ။ အလှကုန်ပစ္စည်းရောင်းတဲ့ အကောင်ဖြစ်ချင် ဖြစ်မှာပေါ့။ ဒီအကောင်ဟာ အရေးကြီးတဲ့ အကောင် ဆိုရင် ဒင်နီ သိရမှာပေါ့။ ဒင်နီကို လျှို့ဝှက် ထားတာ ရဘက်ကာမှာ ဘာမှမရှိဘူး"
ကျွန်မ ကမူ မစ္စက်ဒင်ဗာကို အကဲခတ်နေသည်။ မှတ်တမ်းစာအုပ်ကို လှန်လျောကြည့်ရင်း သူ စဉ်း စားနေသည်။ ခဏကြာတော့ ရုတ်တရက် အံ့သြတကြီးဖြင့် ထပြောသည်။

"ဟောဒီမှာ တစ်ခုတွေ့ပြန်ပြီ…။ တယ်လီဖုန်းနံပါတ်တွေ မှတ်ထားတဲ့အထဲမှာ ဘေကာတဲ့… ဘေး မှာ နံပါတ်ရေး ထားတယ်။ ၀၄၄၈… ဒါပေမဲ့ ဘာအိပ်ချိန်းမှ မပါဘူး" "သိပတော်တဲ့ ဒင်နီကွာ…" ဟု ဖေဗယ်က ပြောသည်။
"သေခါနီးအဘွားကြီးဖြစ်တော့မှ စုံထောက်ကောင်းကြီး ဖြစ်လာတယ်။ ဒါပေမဲ့ ခင်ဗျား ဆယ့်နှစ်လ လုံးလုံး နောက်ကျသွားပြီ။ မနှစ်ကသာ ဒါကို တွေ့အောင် ခင်ဗျား ရှာနိုင်ခဲ့ရင် တစ်ခုခုအသုံးချလို့ ရမယ်"
"တယ်လီဖုန်းနံပါတ် ဖြစ်တာတော့ သေချာသွားပြီ။ ၀၄၈၈… ဘေးမှာ ဘေကာဆိုတဲ့နာမည်… ဘာ ဖြစ်လို့ အိပ်ချိန်းအမည် ထည့်မရေးတာလဲ" ဟု ကာနယ်ဂျူလယန်းကလည်း ပြောနေသည်။

"လန်ဒန်မှာရှိတဲ့ အိပ်ချိန်းတွေအားလုံးကို ဆက်ကြည့်ပါဗျာ" ဟု ဖေဗယ်က ပြောသည်။ "ဒီလို ဆက်တဲ့အတွက် မိုးထိန်ထိန်လင်းသွားရင်လဲ လင်းစမ်းပါစေ။ ဘယ်လိုမှ မအောက်မေ့ပါဘူး။ တယ်လီဖုန်းကြေးတွေ အများကြီး ကုန်ပေမယ့် မက်ဇင်မ်အဖို့လဲ အရေးမကြီးပါဘူး။ ဟုတ်တယ် မှတ်လား မက်ဇ်… မင်း အချိန်ဆွဲနေတာ မဟုတ်လား။ လုပ်ပါ… ငါကလဲ အချိန်ဆွဲထားရသေးတာ ပေါ့"
"နံပါတ်ဘေးမှာ အမှတ်အသားတစ်ခုတော့ရှိတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ။ မစ္စက်ဒင်ဗာ… ကြည့် စမ်းပါဦး… (မ) စာလုံးများ မဖြစ်နိုင်ဘူးလား"
မစ္စက်ဒင်ဗာက ကာနယ်ဂျူလယန်းလက်ထဲမှ မှတ်တမ်းစာအုပ်ကို ဆွဲယူကြည့်သည်။

"ဟုတ်နိုင်တယ်… သူ ရေးနေကျ (မ) စာလုံးမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကမန်းကတန်း ရေး လိုက်တာနဲ့ တူတယ်… ဟုတ်ပါတယ်… (မ) စာလုံးပါပဲ" "မေဖဲယား… ၀၄၈၈… တယ်ဟုတ်ပါလား… တယ်ဦးနှောက်ကောင်း ပါလား" ဟု ဖေဗယ်က ပြော သည်။
"ဟုတ်ပြီ…" မက်ဇင်မ်က စီးကရက်ကို မီးညှိရင်း ပြောသည်။ တစ်ချိန်လုံး စီးကရက် မသောက်ဘဲ ယခုမှ ပထမဆံုးသောက်ခြင်းဖြစ်သည်။ "တစ်ခုခုတော့ လုပ်ပြမှ ဖြစ်မယ်။ ဖရင့်… မေဖဲယား အိပ်ချိန်းကနေပြီး ၀၄၈၈ ကိုဆက်စမ်း"
ကျွန်မ၏ရင်ထဲ မှာ တင်းကျပ်နေသည်။ လက်နှစ်ဖက်ကို ဘေးချပြီး ငြိမ်ငြိမ်ကလေး ရပ်နေမိသည်။ မက်ဇင်မ်က ကျွန်မ ကို လုံးလုံးလှည့်မကြည့်။

"လုပ်လေကွာ… ဖရင့်… ဘာစောင့်နေတာလဲ"
မက်ဇင်မ်က ထပ်ပြောတော့မှ ဖရင့် ထွက်သွားသည်။ တယ်လီဖုန်းခန်းထဲ ဝင်သွားပြီး ခဏကြာ တော့ ပြန်ထွက်လာသည်။
"ခဏကြာရင် ပြန်ခေါ်မယ်တဲ့" သူက တိုးတိုးပဲပြောသည်။ ကာနယ်ဂျူလယန်းက လက်နှစ်ဖက် နောက် ပစ်ပြီး ခေါက်တုံခေါက်ပြန် လမ်းစလျှောက်သည်။ ကျွန်မတို့အားလုံး စကားမပြော တိတ်နေကြ သည်။ လေးမိနစ်လောက်ကြာ တော့ တယ်လီဖုန်း ခေါင်းလောင်းမြည်သံကြားရသည်။ သည်အသံကို ကြား ရတော့ အခံရခက်လှ သည်။ တယ်လီဖုန်းခန်းထဲသို့ ဖရင့် ဝင်သွားသည်။
"မေဖဲယား ၀၄၈၈ ကပါလားခင်ဗျား… ဘေကာဆိုတဲ့ လူတစ်ယောက်များ အဲဒီမှာ နေပါသလား။ ခင်ဗျာ… အော် ဟုတ်ပါသလား… စိတ်မရှိပါနဲ့နော်။ ဟုတ်ကဲ့… ဟုတ်ကဲ့… နံပါတ်မှားပြီး ရထား တာနဲ့ တူပါတယ်။ အများကြီး ကျေးဇူးတင်ပါတယ် ခင်ဗျား"
တယ်လီဖုန်းပြန်တင်သံ ကြားရသည်။ ပြီးတော့ အခန်းထဲသို့ ပြန်ဝင်လာသည်။

"မေဖဲယား ၀၄၈၈ က လေဒီအိစ်လေဆိုသူ နေပါတယ်တဲ့။ ဂရို့စ်ဗီနာလမ်းကတဲ့… ဘေကာဆိုသူ ကို သူတို့ မကြားဖူးဘူးလို့ ပြောတယ်" ဖေဗယ်က တအား ရယ်တော့သည်။ "မြူဇီယမ် အိပ်ချိန်းကို ဆက်ကြည့်ပါဦး" ဟု မစ္စက်ဒင်ဗာက ပြောသည်။ ဖရင့်က မက်ဇင်မ်ကို လှမ်းကြည့်သည်။ မက်ဇင်မ်က "ဆက်လိုက်ပါ" ဟု ပြောသည်။

အခန်းထဲမှာ စောစောကအတိုင်း ပြန်ဖြစ်နေကြပြန်သည်။ ကာနယ်ဂျူလယန်းက လမ်းပြန် လျှောက်နေသည်။ ငါးမိနစ်ကြာ သွားသည်။ တယ်လီဖုန်း ခေါင်းလောင်းမြည်သည်။ ဖရင့်က ဝင် သွားသည်။
"ဟဲလို… မြူဇီယမ်… ၀၄၈၈ ကလားဗျာ။ ဘေကာဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက် အဲဒီမှာများ နေပါသ လား… အိုး… အခုပြောနေတာ ဘယ်သူပါလဲ။ ညစောင့်… ဟုတ်လား။ ဟုတ်ကဲ့… ဟုတ်ကဲ့… ကျွန်တော် နားလည်ပါတယ်။ ဒါဟာ ရုံးမဟုတ်ဘူး… ဟုတ်ပါတယ်။ လိပ်စာကလေးများ ပေးနိုင်မ လား… ဟုတ်ကဲ့။ အရေးကြီးတယ် ဆိုပါတော့" သူက စကားပြောခွက်ကို လက်နှင့်အုပ်ထားပြီး ကျွန်မတို့ဘက်သို့ လှမ်းပြောသည်။ "ကျွန်တော် တို့ တွေ့ပြီထင်တယ်"

အလို… ဘုရား… ဘုရား… မမှန်ပါစေနဲ့။ ဘေကာဆိုတဲ့လူနဲ့ မတွေ့ပါစေနဲ့။ ဘေကာဆိုတဲ့လူ သေ သွားပြီ ဆိုတာမျိုးသာ ဖြစ်ပါစေတော့။ ကျွန်မ စိတ်ထဲမှာ တရစပ် ဆုတောင်းရင်း ဖရင့်ကို လှမ်း ကြည့်နေမိသည်။

"ဟဲလို… ဟုတ်ကဲ့… ကျွန်တော် နားထောင်နေပါတယ်… ပြောပါခင်ဗျာ… စာလုံး ကလေး ပေါင်းပြ နိုင် မလား… ကျေးဇူးတင်ပါတယ်… အများကြီး ကျေးဇူးတင်ပါတယ်။ မင်္ဂလာရှိသော ညပါ"
အခန်းထဲ သို့ သူ ပြန်ဝင်လာသည်။ လက်ထဲမှာ စာရွက်ပိုင်းကလေးတစ်ခု ကိုင်လာသည်။ မက်ဇင်မ်ကို ချစ်ရှာသော ဖရင့်… သူကိုင်ထားသော စာရွက်ပိုင်းကလေးသည် မက်ဇင်မ်၏ဘဝကြီး တစ်ခုလုံးကို ဖျက်ဆီး ပစ်မည့် စာရွက်ပိုင်းကလေးဖြစ်ကြောင်း သူ့ခမျာ မသိရှာပါတကား။ ထိုစာ ရွက်ပိုင်းကလေးကို ချပေးလိုက်ခြင်း အားဖြင့် မက်ဇင်မ်၏ နောက်ကျောကို ဓားနှင့်ထိုးပြီး အဆုံးစီ ရင်ပစ်လိုက်ခြင်းဖြစ်ကြောင်း မသိရှာပါတကား။
"ပြန်ဖြေတာက ညစောင့်တစ်ယောက်ပါ။ အဲဒီမှာ လူနေအိမ် မရှိဘူးတဲ့။ နေ့ခင်းမှာ ဆရာဝန် တစ် ယောက်ရဲ့ဆေးခန်းဖွင့်ဖူးတယ်တဲ့။ ဒါပေမဲ့ေါဒက်တာဘေကာဆိုသူက ဆေးခန်းပိတ်ပြီး အငြိမ်း စား ယူသွားတာ "

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, June 21, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄၄)

"သိပ်ကောင်းပါတယ် ဆရာကတော်"
မီးလင်းဖိုနား မှာ ကျွန်မ သွားရပ်နေမိသည်။ မက်ဇင်မ် ပြန်ရောက်မလာမီ ဖေဗယ်ကို ရှင်းထားနှင့်မှဖြစ် မည်ဟု ဆုံးဖြတ်လိုက်သည်။ သူတို့နှစ်ယောက်ကို တွေ့ပေးလို့မဖြစ်။ ဖေဗယ်ကို ဘာစကားပြောရမည် ဆိုသည် ကိုတော့ ကျွန်မ မသိ။ သို့သော် လည်း ကြောက်စိတ်ကား လုံးဝမရှိပါ။
ကို ဆက်ဖတ်ရန်............

ခဏအကြာမှာပင် ဖေဗယ်ကို ဖရစ်က အခန်းထဲသို့ ပို့လိုက်သည်။ သူ့ပုံပန်းမှာ ယခင် တစ်ကြိမ်က အတိုင်းဖြစ် သည်။ သို့သော်လည်း နည်းနည်းတော့ ပိုပြီး မသပ်မရပ်ဖြစ်နေသည်။ အရက် အလွန် အကျွံ သောက်ထား ပုံရသည်။ မျက်လုံးတွေ နီရဲနေသည်။

"အိမ်မှာ မက်ဇင်မ်မရှိပါဘူး။ ဘယ်အချိန်ပြန်လာမယ်ဆိုတာလဲ ကျွန်မ မသိဘူး။ မနက်ဖြန်မနက်ကျမှ ရုံးမှာ သွားတွေ့ဖို့ စီစဉ်ရင် ကောင်းလိမ့်မယ် ထင်ယ်"
"စောင့်ရတာ အပန်းမကြီးပါဘူးဗျာ… သိပ်လဲကြာကြာစောင့်ရမယ် မထင်ပါဘူး။ ထမင်းစားခန်းထဲမှာ မက်ဇင်မ် အတွက် ညစာပြင်ဆင်ပေးထားတာ တွေ့ခဲ့ပါတယ်"
"ကျွန်မ တို့ အစီအစဉ်တွေ ပြောင်းလိုက်တယ်။ ဒီနေ့ညတော့ မက်ဇင်မ် ပြန်လာတော့မှာ မဟုတ်ပါဘူး"
"သြော်… သူ ထွက်ပြေးသွားပြီပေါ့… ဟုတ်လား…"
ဖေဗယ် က မထိတထိပြုံးရင်း ပြောသည်။ သူပြုံးပုံမျိုးကို ကျွန်မ သဘောမကျနိုင်ပါ။

"ခင်ဗျား အဲဒီလိုသဘောမျိုး ပြောလိုက်သလားလို့ တွေးမိပါတယ်။ အေးပေါ့လေ…  ပတ်ဝန်းကျင်အခြေ အနေတွေ အရ သူ့အနေနဲ့ ဒီလိုပဲ လုပ်ရတော့မှာပေါ့။ အတင်းအဖျင်း အပြောခံရတယ်ဆိုတာ လူတချို့ အတွက် စိတ် မချမ်းသာစရာ ပါပဲ။ အဲဒီအဖြစ်မျိုးကို ရှောင်တိမ်း ထွက်ပြေးသွားတာဟာ စိတ်ချမ်းသာ စရာအကောင်းဆုံးပဲ မဟုတ်လား" "ရှင် ဘာကိုဆိုလိုတာလဲ… ကျွန်မ နားမလည်ဘူး"
"နားမလည်ဘူးလား… လုပ်မနေပါနဲ့ဗျာ… ခင်ဗျားပြောသလို ကျုပ်က ယုံမယ်ထင်သလား။ ပြောစမ်းပါ ဦး… ခင်ဗျား အခု နေကောင်းသွားပြီလား။

တရားရုံးမှာ စစ်ချက်ယူနေတုန်းက သတိလစ်သွားသေး တယ်လေ…။ ခင်ဗျားဆီကိုလာပြီး အကူအညီပေး မလို့ပါပဲဗျာ… ဒါပေမဲ့ ခင်ဗျားအနားမှာ သူရဲကောင်း ကြီးတစ်ယောက် ရောက်နှင့်နေပြီလေ… ဖရင့်ခရော်လေ တစ်ယောက်တော့ တော်တော်စိတ်ချမ်းသာ သွားမှာပေါ့။ သူ အိမ်ပြန်လိုက်ပို့ပေးတာ ခင်ဗျား လက်ခံလိုက် သလား… ကျုပ်တုန်း ကတော့ ငါးကိုက် လောက်အတူတူ ကားလိုက်စီးကြည့်ပါ ဆိုတာတောင် ခင်ဗျား လက် မခံခဲ့ ဘူးလေ…"
"ဘာကိစ္စ အတွက် မက်ဇင်မ်နဲ့ တွေ့ချင်တာလဲ"
စားပွဲပေါ် မှ စီးကရက်ဗူးကို သူ လှမ်းယူပြီး မီးညှိသောက်နေသည်။ ကျွန်မကိုလည်း အကဲခတ်နေသည်။

"ကျုပ်နဲ့ အလျင်တစ်ခါ တွေ့ပြီး နောက်မှာ ခင်ဗျား အများကြီးရင့်ကျက်လာပြီပဲ။ ဘာတွေများ ခင်ဗျား လုပ်နေခဲ့တယ် မသိဘူး။ ဖရင့်ခရော်လေကို များ ခေါ်ပြီး ပန်းခြံထဲမှာ အတူတူလမ်းလျှောက်နေသလား… ကဲ… ဖရစ် ကို ဝီစကီနဲ့ ဆိုဒါ ယူလာပေးဖို့ပြောပေးပါလားဗျာ"
ကျွန်မ က ဘာမှပြန်မပြောဘဲ ခေါင်းလောင်းတီးလိုက်ပါသည်။ ဆိုဖာအစွန်းမှာ သူ ဝင်ထိုင် သည်။ ခြေ ထောက်နှစ်ဖက် ကို လွှဲနေသည်။ မထိတထိ ပြုံးမြဲပြုံးနေသည်။ ရောဘတ် ဝင်လာသည်။
"မစ္စတာဖေဗယ် အတွက် ဝီစကီ နဲ့ ဆိုဒါ ယူခဲ့ပါ"
"ဘယ်လိုလဲဟေ့ ရောဘတ်… မင်းနဲ့ မတွေ့ရတာ ကြာပြီ။ ကားရစ်မြို့ထဲမှာရှိတဲ့ ကောင်မလေးတွေရဲ့ အသည်း ကို ခွဲနေတုန်းပဲလားကွ…" ဟု ဖေဗယ်က လှမ်းမေးသည်။
ရောဘတ် မျက်နှာ ရဲ သွားသည်။ ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ကျွန်မကို လှမ်းကြည့်လိုက်သည်။

"ကဲ… ကောင်းပါပြီကွာ… ခပ်မြန်မြန်ပြေးပြီးတော့သာ ဝီစကီ ယူလာပေးစမ်းပါ"
ရောဘတ် ပြန် ထွက်သွားသည်။ ဖေဗယ်က တဟားဟားရယ်နေသည်။ စီးကရက်များကိုလည်း ကြမ်းပေါ်သို့ စည်းမဲ့ကမ်းမဲ့ ချွေချနေသည်။ ခဏကြာတော့ ဝီစကီယူပြီး ရောဘတ် ပြန်ဝင်လာသည်။ သူ့မျက်နှာမှာ ရှက်သွေးဖြာနေဆဲရှိသည်။ မနေတတ် မထိုင်တတ်လည်း ဖြစ်နေသည်။ ဖေဗယ်က ဝီစကီ စသောက်သည်။ ကျွန်မ ကိုလည်း မျက်တောင်မခတ် ခြေဆုံးခေါင်းဖျား ကြည့်နေသည်။ မျက်နှာ အမူအရာ ကတော့ မချိုမချဉ်။
"မက်ဇင်မ် ညစာပြန်မစားဘူး ဆိုရင်လဲ ကျုပ်အနေနဲ့ ဘယ်လိုမှ မအောက်မေ့ပါဘူးဗျာ"
ကျွန်မ က ဘာမျှပြန်မပြော။ လက်နှစ်ဖက် နောက်ပစ်ပြီး မီးလင်းဖိုနားမှာ ရပ်မြဲရပ်နေသည်။

"ထမင်းစားခန်းထဲမှာ မက်ဇင်မ် အတွက် ပြင်ဆင်ထားတဲ့ ညစာတွေလဲ အလဟဿ မဖြစ်စေရပါဘူး"
ကျွန်မ ကို ခေါင်းငဲ့ကြည့်ရင်း မချိုမချဉ် ပြုံးမြဲပြုံးနေပြန်သည်။
"မစ္စတာဖေဗယ်… ကျွန်မ ရိုင်းရိုင်းစိုင်းစိုင်း မပြောချင်ပါဘူး။ ဒါပေမဲ့ ကျွန်မ သိပ်ပင်ပန်းနေတယ်။ ဒီနေ့ တစ်နေ့လုံး သိပ်ပင်ပန်းခဲ့တယ်။ ဘာကိစ္စ မက်ဇင်မ်နဲ့ တွေ့ချင်တယ်ဆိုတာ ကျွန်မကို ပြောမပြနိုင်ရင် ရှင် ဒီအခန်း ထဲ မှာ ဆက်ထိုင်မနေတာ ကောင်းမယ်။ စောစောက ကျွန်မ အကြံပေးခဲ့တဲ့အတိုင်း မနက် ဖြန်မနက်ကျ မှ ရုံးမှာသွားတွေ့ပါ"
ဆိုဖာစွန်း မှ ထပြီး ကျွန်မဆီသို့ လျှောက်လာသည်။ ဝီစကီဖန်ခွက်ကို လက်ထဲမှာ ကိုင်ထားဆဲရှိသည်။

"နေပါဦး… နေပါဦး… ဒီလိုလဲ အပြတ်မလုပ်လိုက်ပါနဲ့ဗျာ… ကျုပ်လဲ ဒီနေ့တစ်နေ့လုံး ပင်ပန်းနေတာပါ ပဲ။ ကျုပ်ကို တစ်ယောက်တည်း ထားခဲ့ပြီး ထွက်မပြေးလိုက်ပါနဲ့။ ခင်ဗျားကို ဘာအန္တရာယ်မှ မပေးပါဘူး။ တကယ်ပါ။ ကျုပ် အကြောင်းတွေ မက်ဇင်မ်က ခင်ဗျားကို ပြောပြထားပြီးပြီနဲ့ တူတယ်"
ကျွန်မ က အဖြေပြန်မပေး။
"ကျုပ်ဟာ အင်မတန် ထွားကျိုင်းကြီးမားတဲ့ ဝံပုလွေဆိုးကြီးတစ်ကောင်လို့ ထင်နေတယ်မဟုတ်လား။ မထင်ပါနဲ့ ဗျာ။ ကျုပ်ဟာ အဲဒီလိုလူစားမျိုး မဟုတ်ပါဘူး။ သူလို ကိုယ်လို သာမန်ပါပဲ။ ဘာအန္တရာယ်မှ မပေးတတ် တဲ့ အကောင်ပါ။ မန်ဒါလေစံအိမ်ကြီးကို ခင်ဗျားရောက်လာတယ်။ ခင်ဗျား မသိဖူးသေးတဲ့ လူပေါင်း များစွာ နဲ့ တွေ့တယ်။ ကောင်းပါတယ်ဗျာ။ ကျုပ်အဖို့တော့ အင်မတန် တုန်လှုပ်ချောက်ချား စရာ တွေချည်းပါပဲ။ ရဘက်ကာ ဟာ ကျုပ် ရဲ့ဝမ်းကွဲနှမပါ။ သူ့ကို ကျုပ် အရမ်းချစ်တယ်"
သူက ဆက်ပြောနေသည်။ သူ့ကိုယ်က ယိမ်းထိုးနေသောကြောင့် ကြိုးစားပြီး ထိန်းနေသည်။

"ဟုတ်ပါတယ်… ရှင့်အတွက် ကျွန်မ စိတ်မကောင်းပါဘူး"
"ကျုပ်တို့ နှစ်ယောက်အတူ ကြီးပြင်းလာခဲ့ကြတယ်။ ဘာမဆို စိတ်တူကိုယ်တူ ရှိခဲ့ကြတယ်။ ကမ္ဘာပေါ် မှာ ရဘက်ကာ ဟာ ကျုပ် အချစ်ဆုံးပါပဲ။ ရဘက်ကာရဲ့ အချစ်ဆုံးဟာလဲ ကျုပ်ပါပဲ။ ဒါကြောင့် ကျုပ် စိတ်တွေ ကယောင်ချောက်ချား ဖြစ်ကုန်ရတာပေါ့" "မှန်ပါတယ်… မှန်ပါတယ်"
"ဒီကိစ္စနဲ့ ပတ်သက်ပြီး မက်ဇင်မ် ဘာလုပ်မလဲ… ကျုပ် သိချင်တာ အဲဒါပဲ။ ရုံးတော်က စစ်ဆေးချက် ပြီး ဆုံးသွားတဲ့နောက် မှာ ဒီအတိုင်း အေးအေးဆေးဆေး ထိုင်နေရင် ရပြီလို့ သူ ထင်သလား။ ပြောစမ်းပါ"
သူ မပြုံးတော့ပါ။ ကျွန်မဘက်သို့ ကိုယ်ကို ကိုင်းထားသည်။

"ရဘက်ကာ အတွက် တရားသဖြင့်ဖြစ်အောင် ကျုပ် လုပ်ရမယ်။ သူ့ကိုယ်သူ သတ်သေတာတဲ့… ဖြစ်ရ လေဗျာ… သူ့ ကိုယ်သူ သတ်သေတာပါလို့ ဂျူရီလူကြီးတွေ ပါးစပ်က ထွက်လာအောင် အိုနာကျိုးကန်း မှုခင်းရှေ့နေ က လုပ်လိုက်တာလေ…။ သူ့ကိုယ်သူ သတ်သေတာမဟုတ်ဘူးဆိုတာ ခင်ဗျားရော ကျုပ် ပါ သိတယ်။ မဟုတ်ဘူး… ဟင်း… မဟုတ်ဘူးလား" သူက ကျွန်မ ဘက် တိုးကပ်ထားမြဲဖြစ်သည်။
ရုတ်တရက် တံခါး ပွင့်သွားပြီး မက်ဇင်မ် ဝင်လာသည်။ သူ့နောက်က ဖရင့်ခရော်လေ ပါလာသည်။ တံခါး ပွင့်လျက်နှင့် မက်ဇင်မ်က တောင့်တောင့်ကြီးရပ်ပြီး ဖေဗယ်ကို မျက်တောင်မခတ် စိုက်ကြည့်နေ သည်။ "ခွေးသား… မင်း ဘာလာလုပ်တာလဲ" ဟု မက်ဇင်မ်က ပြောသည်။

ဖေဗယ်က နောက်လှည့်ကြည့်သည်။ ခဏစောင့်နေသေးသည်။ ပြီးတော့မှ ပြုံးသည်။
"ကိစ္စကတော့ဗျာ… ဒီကနေ့ ရုံးတော်ကချလိုက်တဲ့ စီရင်ချက်အတွက် မောင်ရင့်ကို ဝမ်းသာစကားပြော ဖို့ လာတာပါပဲ" "မင်းဟာမင်း အိမ်ထဲက ထွက်သွားမလား… ခရော်လေ နဲ့ ငါက ဆွဲထုတ်ပစ်တာ ခံချင်သလား"
"ခဏနေပါဦးလေ… သိပ်မလောစမ်းပါနဲ့"
ဖေဗယ် က ထိုမျှပြန်ပြောပြီး စီးကရက် မီးညှိနေသည်။ ပြီးတော့ ဆိုဖာလက်တန်းပေါ် ပြန်ထိုင်သည်။
"ငါပြောမယ့် စကားတွေကို အိမ်ဖော်တွေ မကြားစေချင်ဘူး မဟုတ်လား။ အေး… အဲဒီအတိုင်း တံခါး ကြီးဖွင့်ထားရင်တော့ အကုန်ကြားမှာပဲ"
မက်ဇင်မ်က မလှုပ်၊ ဖရင့်က တံခါးကို အသံမမြည်အောင် ပိတ်လိုက်သည်။

"ကဲ… နားထောင် ကိုယ့်လူ… ဒီအမှုကြီး ထဲက မင်း ကောင်းကောင်းကြီး လွှတ်သွားပြီ မဟုတ်လား။ မင်း မျှော်လင့်ထားတာထက်တောင် ပိုပြီးဟန်ကျသွားသေးတယ်လေ။ ရုံးတော်မှာ ဒီကနေ့ ငါ ရှိနေ တယ်။ ငါ့ ကို မင်း မြင်တာ ပြောရဲ ပါတယ်။ အစကနေ အဆုံးအထိ ငါ ရှိနေတယ်။ မင်း ကျဉ်းထဲကျပ်ထဲ ရောက် လာတဲ့အချိန် မှာ မင်းမိန်းမ သတိလစ်သွားတာလဲ ငါတွေ့တယ်။ တကယ်တော့ မင်းမိန်းမ ကို အပြစ်ဆို စရာ မရှိပါဘူးကွာ…။ ဒီလိုပဲ ဖြစ်ရမှာပေါ့။ စစ်ဆေးချက်တွေ က ဘယ်လိုဖြစ်လာမယ်ဆိုတာ မသိနိုင် တော့ဘဲကိုး။ ဒါပေမဲ့ မင်းတို့ အင်မတန် ကံကောင်းပြီး ဒီနေ့ချလိုက်တဲ့ စီရင်ချက် အတိုင်း ဆက်ဖြစ်သွား တော့တာပေါ့။ ဦးနှောက်မရှိတဲ့ ဂျူရီလူကြီးတွေက မင်းကို ဘက်လိုက် လိုက်ကြတယ်မဟုတ်လား"
""
မက်ဇင်မ်က ဖေဗယ်ဆီသို့ တိုး သွားသည်။ ဖေဗယ်က လက်ကာပြသည်။
"ခဏစောင့်ဦးလေ… မစောင့်နိုင်တော့ဘူးလား… ငါပြောတာ မဆုံးသေးဘူးလေ။ မင်း မပျော်နိုင်ဆုံး ဘဝ ကို ရောက်သွားအောင် ငါ လုပ်နိုင်တယ်ဆိုတာ မင်း သဘောမပေါက်သေးဘူးလား။ မပျော်နိုင်ဆုံး ဘဝ ဆိုတာတောင် မပြည့်စုံသေးဘူး။ သိပ်ကို အန္တရာယ် ကြီးမားသွားနိုင်တယ်လို့ ပြောရမယ်"
မီးလင်းဖိုနား ရှိ ကုလားထိုင်ပေါ်သို့ ကျွန်မ ထိုင်ချလိုက်မိသည်။ ပြီးတော့ ကုလားထိုင်လက်တန်းကို တင်းတင်းကြီး ဆုပ်ကိုင်ထားမိသည်။ ဖရင့်က ကျွန်မ၏ကုလားထိုင်နောက်မှာ လာရပ်သည်။ မက်ဇင်မ် သည် မလှုပ်သေး။ ဖေဗယ်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေဆဲဖြစ်သည်။

"သြော်… ဒီလိုလား… ဘယ်လိုနည်းနဲ့များအန္တရာယ်ကြီးသွားအောင် မင်းက လုပ်နိုင်သလဲ"
"ဒီမှာကြည့် မက်ဇင်မ်… မင်းရယ်… မင်းမိန်းမရယ်… ခရော်လေရယ် ကြားမှာ ဘာလျှို့ဝှက်ချက်မှ မရှိ ဘူးလို့ ငါ ထင်တယ်။ ငါ ရှင်းရှင်းပဲ ပြောတော့မယ်။ ရဘက်ကာနဲ့ ငါ့အကြောင်းကို မင်းတို့အားလုးံ သိကြ တယ်။ တို့နှစ်ယောက်ဟာ ချစ်သူတွေပဲ။ ဒါနဲ့ပတ်သက်လို့ ဘယ်တုန်းကမှ ငါ မငြင်းခဲ့ ဘူး။ နောက်လဲ ငြင်းမှာမဟုတ်ဘူး။ ကောင်းပြီ။ ရဘက်ကာဟာ ထုံးစံအတိုင်း ရွက်လွင့် ထွက်သွား ရင်း ရေနစ် သေခဲ့ရ တယ်လို့ စောစောပိုင်းအထိ ငါ ယုံကြည့်ခဲ့တယ်။ နောက် သူ့အလောင်းကို အက်ခ်ျကွန်ဘီ မှာ ပြန်တွေ့ တယ်ဆိုတာာလဲ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ နောက်ထပ်အလောင်းတစ်ခုကို သူ့သင်္ဘောကေဗင်ခန်း ထဲ မှာ ရေငုပ်သမားက ထပ်တွေ့ပြန်ပြီဆိုတဲ့သတင်း ဖတ်ရတော့ နားမလည်နိုင်အောင်ဖြစ်သွားတယ်"

"ရဘက်ကာနဲ့ အတူတူ သင်္ဘောစီးသွားတာဟာ ဘယ်သူလဲ… စဉ်းစားလို့မရဘူး။ ဒါကြောင့် ဒီကိုထွက် လာခဲ့ တယ်။ မစ္စက်ဒင်ဗာနဲ့တွေ့တယ်။ အခုတွေ့ရတဲ့အလောင်းဟာ ရဘက်ကာရဲ့အလောင်း အမှန်ပဲ လို့ သူက ပြောတယ်။ ဒီအချိန် အထိ ငါ့စိတ်ထဲမှာ သံသယမဖြစ်သေးဘူး။ အက်ခ်ျကွန်ဘီမှာ တွေ့ရတဲ့ အလောင်း ဟာ ရဘက်ကာ မဟုတ်ဘူး။ မှားပြောတာ ။ အခုဟာကမှ ရဘက်ကာရဲ့အလောင်းအစစ်။ ဒါ ဟာလဲ သူ့ဟာသူ ရိုးရိုး သားသား ရွက်လွင့်သွားရင်း မတော်တဆ ကေဗင်ထဲမှာ ပိတ်မိပြီး ရေနစ်သေ သွားတာပဲလို့ ယုံကြည်ခဲ့တယ်"
"ဒါနဲ့ ဒီကနေ့ ရုံးတော် မှာ စစ်ဆေးတာကို ငါ တက်နားထောင်ခဲ့တယ်။ ဒီလို စစ်ဆေးပြန်တော့လဲ အားလုံး ဟာ ချောချောမောမောပဲ။ မဟုတ်ဘူးလား။ သင်္ဘောတည်ဆောက်တဲ့ ဂျိမ်းစ်တက် အစစ်ဆေး မခံချိန် အထိ အားလုံး ချောချောမောမောပဲဖြစ်နေတာမဟုတ်လား။ ဒါပေမဲ့ ဂျိမ်းစ်တက် အစစ်ခံပြီးတဲ့ နောက်မှာ ဘာတွေဖြစ်ကုန် သလဲ၊ သင်္ဘောဝမ်းဗိုက်က အပေါက်တွေနဲ့ ရေထုတ်ပိုက်ခေါင်းတွေ အဆုံး အထိ ဖွင့်ထားတာကို မင်း ဘာပြောချင်သလဲ"

"ရုံးတော်မှာ ဒီအကြောင်းတွေ ငါ ပြောခဲ့ပြီးတဲ့နောက် ဒီနေရာမှာ မင်းနဲ့ ဒီအကြောင်းတွေ ထပ်ပြောနေ ချင်သေးတယ်လို့ မင်း ထင်သလား။ သက်သေခံချက်တွေ မင်း ကြားပြီးပြီ။ စီရင်ချက်ကို မင်း ကြားပြီး ပြီ။ ဒါတွေကို မှုခင်းရှေ့နေ ကလဲ ကျေနပ်ပြီးပြီ။ ဒါဆိုရင် မင်းလဲ ကျေနပ်ရမှာပေါ့"
"သူ့ကိုယ်သူ သတ်သေတယ် ဆိုတာလား… ဟုတ်လား… ရဘက်ကာဟာ သူ့ကိုယ်သူ သတ်သေ သတဲ့ လား… ဒီလို အလုပ်မျိုး သူ လုပ်မတဲ့လား… နားထောင်စမ်း။ ဟောဒီစာတစ်စောင် ငါ့ဆီမှာ ရှိနေတယ် ဆိုတာ မင်း မသိဘူး မဟုတ်လား… ဒီစာဟာ ငါ့ဆီကို သူ နောက်ဆုံးရေးခဲ့တာပဲ။ ငါ ဖတ်ပြမယ်။ မင်း စိတ်ဝင်စားပါလိမ့်မယ်"
အိတ်ထဲ မှာ စာတစ်ရွက် ကို သူ နှိုက်ထုတ်သည်။ လက်ရေးစောင်းစောင်းကို ကျွန်မ မှတ်မိနေ ပါသည်။ ဖေဗယ်က စာကို ဖတ်ပြသည်။

အိပ်ခန်း ကနေပြီး ရှင့်ဆီကို ကျွန်မ ဖုန်းဆက်သေးတယ်။ ပြန်မထူးဘူး။ မန်ဒါလေ ကို ကျွန်မ တန်းပြန်တော့မယ်။ ဒီကနေ့ည ကမ်းခြေက တိုက်မှာ ရှိနေမယ်။ ဒီစာကို အချိန်မီရရင် ကျွန်မနောက်ကို ကားမောင်း လိုက်ခဲ့ပါ။ ကမ်းခြေ က တိုက်မှာ တစ်ညလုံးရှိနေမယ်။ တံခါး အသင့်ဖွင့်ထားပေးမယ်။ ရှင့် ကို ပြောစရာ ရှိနေတယ်။ မြန်နိုင် သမျှ အမြန်ဆုံးလဲ ရှင်နဲ့ တွေ့ချင်တယ်။
ရဘက်ကာ့ စာ ကို သူ့အိတ်ထဲသို့ ပြန်ထည့်သည်။
"မင်းဟာ ကိုယ့်ကိုယ်ကို သတ်သေတော့မယ် ဆိုရင် ဒီလိုစာမျိုး ရေးသွားပါ့မလား။ မနက် လေးနာရီမှာ ငါ့အခန်း ကို ငါ ပြန်ရောက်တော့ ဒီစာ ကိုတွေ့တယ်။ အဲဒီနေ့က လန်ဒန်ကို ရဘက်ကာ ရောက်လာတယ် ဆိုတာ ငါ မသိဘူး။ သိရင် သူနဲ့တွေ့ဖြစ်အောင် တွေ့မိမှာပေါ့။ အဲဒီညက ငါလဲ ဧည့်ခံပွဲတစ်ခု တက်နေ မိတယ်။

 မနက် လေးနာရီမှာ ဒီစာကိုဖတ်ရတော့ ရဘက်ကာ နောက်ကို လိုက်သွားဖို့ အချိန်သိပ်နောကကျနေပြီ.. ကားမောင်းလာရမယ် မဟုတ်လား။ နောက်နေ့မှ ဖုန်းလှမ်းဆက်တော့မယ်ဆိုပြီး အိပ်ရာဝင်ခဲ့ တယ်။ နောက် တစ်နေ့ နေ့ခင်းအိပ်ရာက နိုးတော့ ရဘက်ကာ သေသွားပြီဆိုတာ ကြားရတော့တာပဲ"
ဆိုဖာလက်တန်းပေါ် မှာ သူ ထိုင်နေသည်။ မက်ဇင်မ်ကို စိုက်ကြည့်နေသည်။ ကျွန်မတို့အားလုံး မည်သူ မှ စကားမပြောကြ။ "နေ့ခင်းတုန်း က ဒီစာကိုများ မှုခင်းရှေ့နေ ဖတ်လိုက်ရမယ် ဆိုရင် မင်းအတွက် အလိမ်အကွေ့ ကလေး တွေ ဖြစ်သွားနိုင်တယ်မဟုတ်လား" ဟု ဖေဗယ်က ပြောသည်။
"ကောင်းပြီ… ဘာဖြစ်လို့ မှုခင်းရှေ့နေကို အဲဒီစာ မပေးတာလဲ" ဟု မက်ဇင်မ်က ပြန်မေးသည်။

"ဖြည်းဖြည်းပေါ့ ကိုယ့်လူရယ်… ဖြည်းဖြည်းပေါ့… အားလုံး ရှုပ်ကုန်ပါဦးမယ်။ မင်း ဒုက္ခရောက်သွားတာ မျိုးကို ငါ မလိုလားပါဘူး။ မင်းဟာ ငါ့ကို မိတ်တွေလို သဘောမထားခဲ့ဘူး။ ရန်သူလို သဘောထားခဲ့ တယ်။ ဆက်ဆံ ခဲ့တယ်။ ဒီအတွက် ငါ အာဃာတမထားပါဘူး။ ချစ်စရာကောင်းတဲ့ မိန်းမချော မိန်းမလှ ရတဲ့ ယောက်ျားတွေဟာ သဝန်တို တတ်ကြတယ်။ ဒါဟာ ဓမ္မတာပဲ။ သူတို့ကို ငါ အပြစ်မဆိုပါဘူး။ ဒါပေမဲ့ သနားတယ်။ သဝန်တို တဲ့စိတ် ကို ထိန်းချုပ်ပြီး မိန်းမကို ခွင့်လွှတ်ရမယ့်အစား မိန်းမကို သတ်ပစ် တတ်ကြတယ်။ မင်းလဲ ဒီလိုပဲဖြစ်ခဲ့တာ မဟုတ်လား။ ကဲ… သဘောတူညီမှုတစ်ခုကို လုပ်ကြ ရအောင်။ ငါဟာ ငွေကြေးချမ်းသာတဲ့သူ မဟုတ်ပါဘူး။ ဒါကြောင့် ငါ မသေမချင်း တစ်နှစ်ကို ငွေနှစ်ထောင်ဖြစ်ဖြစ် သုံး ထောင်ဖြစ်ဖြစ် ပေးသွားမယ်ဆိုရင် မတောင့်မတ မကြောင့်မကြနဲ့ ငါ နေသွား နိုင်မယ်။ ပြီးတော့ မင်းကို ဘာဒုက္ခမှ ထပ်မပေးဘူး။ ဒီလို ဒုက္ခမပေးဘူးဆိုတာလဲ ဘုရားရှေ့မှာ သစ္စာဆိုပြမယ်"

"မင်း အိမ်ထဲက ထွက်သွားလို့ စောစောကတည်းက ငါ ပြောခဲ့တယ်။ ဒီစကားကို ငါ ထပ်မပြောတော့ ဘူး။ ဟောဟို မင်းနောက်မှာ တံခါးပေါက်ရှိတယ်။ မင်းဟာမင်း ထွက်သွားနိုင်တယ်" ဟု မက်ဇင်မ်က လှမ်းပြော သည်။
"ခဏနေပါဦး မက်ဇင်မ်…" ဖရင့်ခရော်လေက ဝင်ပြောသည်။ "ဒီလို လွယ်လွယ်လုပ်လို့ မရသေးဘူး" ပြီးတော့ ဖေဗယ်ကိုကြည့်ပြီး ဆက်ပြောသည်။ "ခင်ဗျား ဘာတွေလုပ်နေတယ်ဆိုတာ ကျွန်တော်သိ တယ်။ ဒီလိုဖြစ်ကုန် ရတာဟာ လဲ ကံမကောင်းအကြောင်းမလှလို့ ဖြစ်ကုန်ရတယ်။ ခင်ဗျားပြောသလိုပဲ ဒီအရှုပ်အထွေး ဟာ မက်ဇင်မ်အတွက် အထိုက်အလျောက် အခက်အခဲ ပေါ်နိုင်တယ်။ ဒီကိစ္စမှာ ကျွန် တော် ရှင်းရှင်းလင်းလင်း သဘောပေါက် သလို သူ သဘောပေါက်ဟန်မတူဘူး။ မက်ဇင်မ်ဆီက ခင်ဗျား ငွေ ဘယ်လောက် လိုချင်တယ် ဆိုတာ တိတိကျကျ ပြောပါ"
မက်ဇင်မ်၏ မျက်နှာဖြူသွားသည် ကို မြင်လိုက်ရသည်။ နဖူးပေါ်မှာလည်း အကြောတွေ ထောင်လာ သည်။

"ဖရင့်… ဒီကိစ္စထဲ မင်း ဝင်မပါနဲ့။ ဒါဟာ ငါ့ကိစ္စလုံးလုံးဖြစ်တယ်။ ဒီလို ငွေညှစ်တာမျိုး ငါ ဘယ်တော့မှ လက်မခံဘူး"
"မင်းမိန်းမ ဟာ လူသတ်သမားမယား ဖြစ်ချင်လိမ့်မယ်လို့ ငါ မထင်ဘူး။ ကိုယ့်မယား ကိုယ် သတ်မှု နဲ့ ကြိုးစင် တက်သွားရသူ တစ်ယောက်ရဲ့ မုဆိုးမအဖြစ် လူတကာ လက်ညှိုးထိုးတာ ခံချင်လိမ့်မယ် မထင်ဘူး" ဖေဗယ် က ပြောပြီး ရယ်သည်။ ကျွန်မကိုလည်း လှမ်းကြည့်သည်။
"ငါ့ကို ခြောက်လို့ လှန့်လို့ရမယ် ထင်နေသလား ဖေဗယ်… ဒီလိုထင်ရင် မင်း မှားပြီ။ မင်း ဘာလုပ်လုပ် ငါ သောက်ဂရုမစိုက်ဘူး။ ဟောဟိုအခန်းထဲမှာ တယ်လီဖုန်းရှိတယ်။ ကာနယ်ဂျူလယန်းကို ဖုန်းဆက် လိုက်ရမလား။ သူက တရားသူကြီးလေ… မင်း ဇာတ်လမ်းကိုတော့ သူ စိတ်ဝင်စားပါလိမ့်မယ်"
ဖေဗယ်က သူ့ကို စိုက်ကြည့်ပြီး ရယ်နေသည်။

"ဟား… ဟား… လိမ်ပုံညာပုံကလေးကတော့ သင်းပါပေ့ကွာ… မင်း ဂျူလယန်း ကို ဖုန်းဆက်မခေါ်ရဲပါ ဘူး ကိုယ့်လူ ရယ်… မင်းကို ကြိုးစင်တင်ဖို့ သက်သေခံအထောက်အထားတွေ ငါ့မှာ အပြည့်အစုံရှိနေ ပြီပဲ" မက်ဇင်မ် က တယ်လီဖုန်းထား သည့် အခန်းသို့ဖြတ်လျှောက်သွားသည်။ ခဏကြာတော့ တယ်လီဖုန်း လှည့်သံ ကြားရသည်။ "သွားတားပါ… သူ့ကို သွားတားပါ" ဟု ကျွန်မက ဖရင့်ကို ပြောသည်။
ဖရင့်က ကျွန်မ မျက်နှာကို တစ်ချက်ကြည့်ပြီး ခပ်သုတ်သုတ် လျှောက်သွားသည်။
"ကားရစ် နံပါတ် ၁၇ ပေးပါ" မက်ဇင်မ်၏အသံကို ကြားရသည်။ အလွန်အေးစက်စက်နိုင်သော၊ အလွန် တည်ငြိမ်သော အသံဖြစ်နေ သည်။ ဖေဗယ် က လှမ်းကြည့်သည်။ သူ့မျက်နှာက ဘာဖြစ်မည်ကို သိလိုဇောဖြင့် တင်းနေသည်။

"လာမရှုပ်စမ်းနဲ့" ဖရင့်ကို အော်ထုတ်လိုက်သည့် မက်ဇင်မ်၏အသံကို ကြားရသည်။ ခဏကြာတော့ "ကာနယ်ဂျူလယန်း လား… ဒီဝင်းတား စကားပြောနေပါတယ်။ ဟုတ်ပါတယ်… ဟုတ်ပါတယ်… ကျွန် တော် သိပါတယ်။ ကျွန်တော့်ဆီကို အခုချက်ချင်း လာနိုင်ပါ့မလား။ ဟုတ်ပါတယ်။ မန်ဒါလေကိုပါ။ အရေးကြီးတဲ့ ကိစ္စ တစ်ခုကြောင့်ပါ။ ဖုန်းနဲ့ပြောလို့ မဖြစ်ပါဘူး။ ဒီရောက်ရောက်ချင်း အကျိုးအကြောင်း သိရပါလိမ့်မယ်။ ဒီလို ဖုန်းဆက်ခေါ်ရတာ အားနာပါတယ်ဗျာ။ ကျေးဇူးပါပဲ"
အခန်းထဲ သို့ မက်ဇင်မ် ပြန်လာသည်။ "ဂျူလယန်း ချက်ချင်း ထွက်လာနေပြီ"
မက်ဇင်မ် က ထိုမျှပြောပြီး ပြတင်းပေါက်တစ်ခုကို ဖွင့်ကာ ရပ်နေသည်။ ကျွန်မတို့ကို ကျောခိုင်းပြီး အပြင်လေကို ရှူရှိုက်နေသည်။

"မက်ဇင်မ်… မက်ဇင်မ်…"
ဖရင့်က ခပ်တိုးတိုးခေါ်သည်။
မက်ဇင်မ်က ပြန်မထူး။ ဖေဗယ် က နောက်ထပ် စီးကရက်တစ်လိပ်ကို မီးညှိပြီး တဟားဟားရယ်နေ သည်။
"ဟား… ဟား… ဟား… မင်းကိုယ်တိုင်က ကြိုးစင်တက်ချင်သပဆိုရင်တော့ ငါကလဲ တင်ပေးရတော့ မှာ ပေါ့ကွာ…" ဖေဗယ် က သတင်းစာတစ်စောင် လှမ်းယူကာ ဆိုဖာပေါ်သို့ ထိုင်ချလိုက်ပြီး သတင်းစာကို လှန်လှော နေသည်။ ဖရင့်က မက်ဇင်မ်နှင့် ကျွန်မကို တစ်လှည့်စီကြည့်ပြီးနောက် ကျွန်မအနားသို့ လာရပ်သည်။
"တစ်ခုခု လုပ်မပေးနိုင်ဘူးလား… အပြင်ထွက်စောင့်ပြီး ကာနယ်ဂျူလယန်း ဒီကိုမလာအောင် တားပေး ပါ။ တစ်ခုခု မှားသွားတယ်လို့ ပြောပါ" ဟု ကျွန်မက ဖရင့်ကို လေသံဖြင့် ပြောသ်ည။
မက်ဇင်မ် က နောက်လှည့်မကြည့်ဘဲ ပြတင်းပေါက်မှ လှမ်းအော်ပြောသည်။ "ဖရင့်… အခန်းထဲက လုံးဝ မထွက် နဲ့။ ဒီကိစ္စကို ငါ တစ်ယောက်တည်း ဖြေရှင်းမယ်။

ဆယ်မိနစ်တိတိကြာရင် ကာနယ်ဂျူလယန်း ရောက်လာလိမ့်မယ်"
ကျွန်မတို့ အားလုံး တိတ်နေကြသည်။ ဖေဗယ်က သတင်းစာဖတ်နေသည်။ မိုးရေစက်ကျနေသံမှတစ်ပါး တိတ်နေ သည်။ ကျွန်မ၏ခန္ဓာကိုယ်ထဲမှာ အင်အားတွေ ကုန်ခန်းနေသည်။ အကူအညီကင်းမဲ့ လာသည်။ ကျွန်မ ဘာမျှမလုပ်နိုင်တော့ပါ။ ဖရင့်ခရော်လေလည်း ဘာမျှမလုပ်နိုင်တော့ပါ
ဝတ္ထု စာအုပ် ထဲမှာဆိုလျှင် သို့တည်းမဟုတ် ပြဇာတ်ထဲမှာဆိုရင် ခြောက်လုံးပြူးတစ်လက်ယူပြီး ဖေဗယ် ကို ကျွန်မ တို့ ပစ်သတ်မည်။ ပြီးတော့ အလောင်းကို ဗီရိုထဲမှာ ဝှက်ထားလိုက်မည်။ ယခုတော့ ခြောက်လုံပြူး လည်း မရှိ။ ဗီရိုလည်း မရှိ။ ကျွန်မတို့သည်လည်း ဝတ္ထုထဲက လူများမဟုတ်။ ပြဇာတ်က နေကြသော ဇာတ်ကောင် များလည်းမဟုတ်။ ဖေဗယ် တောင်းသည့်ငွေပေးလိုက်ဖို့ မက်ဇင်မ်၏ခြေသ လုံးဖက်ပြီးတော့လည်း ကျွန်မ မတောင်းပန်နိုင်တော့ ပြီ။ သည်အတိုင်း ထိုင်ပြီး ကြည့်နေရတော့သည်။

မိုးအလွန် သဲ နေသောကြောင့် ခြံထဲသို့ ကားဝင်လာသံကို မကြားလိုက်ရပါ။ ဖရစ်က ကာနယ်ဂျူလယန်း ကို အခန်းထဲ သို့ လိုက်ပို့ပေးတော့မှပင် သူ ရောက်လာပြီဖြစ်ကြောင်း သိရတော့သည်။ မက်ဇင်မ် က ပြတင်း မှ နောက်လှည့်ကြည့်သည်။  "မင်္ဂလာပါ။ ကျွန်တော်တို့ ထပ်တွေ့ကြရပြန်ပြီပေါ့ဗျာ… ချက်ချင်း ရောက် လာတာပါပဲလား"
"ဟုတ်တယ်။ ခင်ဗျားက အရေးကြီးတယ်ဆိုတော့ ချက်ချင်း ထွက်လာခဲ့တယ်။ မော်တော်ကားက အဆင်သင့်ရှိနေတာ ကံကောင်းသွားတာပေါ့။ ဘာတွေဖြစ်ကြတာလဲ ပြောစမ်းပါဦး…"
ကာနယ်ဂျူလယန်း က ဖေဗယ်ကို ဇဝေဇဝါ လှမ်းကြည့်နေသည်။ ပြီးတော့ ကျွန်မဆီလာပြီး လက်ဆွဲ နှုတ်ဆက်သည်။

"မိုးရွာလိုက်တာ ဟန်ကျသွားတယ်။ မိုးပြတ် နေတာ ကြာပြီ။ ခင်ဗျားလဲ နေလို့ကောင်းသွားပါပြီနော်"
ကျွန်မ က တစ်စုံတစ်ရာ ပြန်ပြောမိပါသည်။ သို့သော်လည်း ဘာပြောမိသည်ကို မသိတော့ပါ။ ကာနယ် ဂျူလယန်း က ကျွန်မတို့ကို တစ်ယောက်ချင်းလှည့်ကြည့်နေသည်။
"အကြောင်းမဲ့ ခေါ်တာမဟုတ်ဘူး ဆိုတာတော့ သဘောပေါက်ပါလိမ့်မယ်။ သူက ဂျက်ဖေဗယ် ပါ။ ကျွန် တော့် အလျင်မိန်းမ ရဲ့အစ်ကိုဝမ်းကွဲပဲ။ သူနဲ့တွေ့ဖူးချင်လဲ တွေ့ဖူးပါလိမ့်မယ်"
"အင်း… မြင်ဖူးသလိုလိုပဲ… ဟိုတုန်းက ဒီမှာတွေ့ဖူးကြတာ ဖြစ်မှာပေါ့"
ကာနယ်ဂျူလယန်း က ခေါင်းညိတ်ပြပြီး ပြောသည်။

"ဟုတ်ပါလိမ့်မယ်။ ကိုင်း… ဖေဗယ်… မင်း လုပ်စရာရှိတာ လုပ်ပေတော့" မက်ဇင်မ်က လှမ်းပြောသည်။
ဖေဗယ် က ထိုင်ရာမှထပြီး သတင်းစာကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ ဆယ်မိနစ်အတွင်း သူ့ကိုယ် သူ စိတ်ငြိမ်အောင် အတော်ထိန်းသွားနိုင်ပုံရသည်။ ခြေလှမ်းမှန်မှန်ဖြင့် သူ လျှောက်လာသည်။ သူ့မျက် နှာပေါ် တွင်လည်း အပြုံးမရှိတော့။ သည်လိုဖြစ်သွားရသည်ကို သူ နှစ်မြို့ပုံမပေါ်။
"ဒီမှာ ကာနယ်ဂျူလယန်း… ဒီကိစ္စ ကို သွယ်ဝိုက်ပြောနေစရာ မလိုပါဘူး။ ဒီနေ့ ရုံးတော်က ချလိုက်တဲ့ စီရင်ချက် ကို မကျေနပ်လို့ ကျွန်တော် ဒီကိုရောက်နေတာပါ" "အိုး… ဒီကိစ္စက မစ္စတာဒီဝင်းတားပြောရမယ့်စကားပဲ။ ခင်ဗျားပြောရမယ့် စကားမှ မဟုတ်ဘဲ" "ကျွန်တော့်မှာ ပြောပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်ဟာ ရဘက်ကာ ရဲ့ဝမ်းကွဲအစ်ကို တော်စပ်ရုံမက ရဘက်ကာ အသက်ရှင်နေရင် သူရဲ့လင်ယောက်ျားတော်စပ်မယ့် လူ တစ်ယောက် အနေနဲ့ပါ ပြောပိုင် ခွင့် ရှိပါတယ်" ထိုစကားကြောင့် ကာနယ်ဂျူလယန်း နောက်တွန့်သွားသည်။

"အို… ဘယ်လို စကားပြောလိုက်တာလဲ…။ ဒီစကားအမှန်ပဲလား ဒီဝင်းတား"
"ကျွန်တော် လဲ ဒီစကား ကို ပထမဆုံးအကြိမ်အဖြစ်နဲ့ ကြားဖူးတာပါပဲ"
မက်ဇင်မ်က ပခုံးကိုတွန့်ပြီးပြောသည်။
ကာနယ်ဂျူလယန်းက မင်္သကာ သလို တစ်ယောက်ပြီးတစ်ယောက်ကို လှည့်ကြည့်နေပြန်သည်။
"ဒီမှာ ဖေဗယ်… ခင်ဗျားရဲ့အခက်အခဲက ဘာလဲ။ တိတိကျကျ ပြောပါ"
ဖေဗယ် က ကာနယ်ဂျူလယန်းကို ခဏကြာအောင် စိုက်ကြည့်နေသေးသည်။ စိတ်ထဲမှာ အကြံယူနေပုံ ရသည်။ စောစောက တည်ငြိမ်နေပြီဟု ထင်ရသော်လည်း ယခုမူ တည်ငြိမ်နေပုံမပေါ်တော့။ သူ့အိတ် ထဲမှ ရဘက်ကာ၏စာကို ဖြည်းဖြည်းချင်း နှိုက်ယူသည်။

"ရုံးတော်က စီရင်ချက်ချလိုက်သလို ရဘက်ကာဟာ သူ့ကိုယ်သူ သတ်သေဖို့ ပင်လယ်ထဲကို ထွက်မ သွားခင် ဟောဒီစာကို နောက်ဆုံး ရေးသွားပါတယ်။ ဖတ်ကြည့်ပါ။ ဒီစာမျိုးကို ရေးသွာတဲ့ မိန်းမတစ် ယောက်က သူ့ကိုယ်သူ သတ်သေနိုင်တဲ့စိတ်မျိုး ပေါ်နိုင်ပါ့မလား"
ကာနယ်ဂျူလယန်း က မျက်မှန်ထုတ်ပြီး စာဖတ်သည်။ ပြီးတော့ ဖေဗယ်ကို ပြန်ပေးသည်။
"အပေါ်ယံကြည့်မယ်ဆိုရင်တော့ ဒီစာရေးတဲ့ မိန်းမမျိုးဟာ သူ့ကိုယ်သူ သတ်သေမယ်လို့ မပြောပါဘူး။ ဒါပေမဲ့ ဒီစာဟာ ဘာကိုဆိုလိုတာလဲ ဆိုတာ ကျုပ် မသိဘူး။ ခင်ဗျားရော သိသလား… ဒီဝင်းတားရော သိသလား…" မက်ဇင်မ် က ဘာမျှမပြော။ ဖေဗယ်က စာရွက်ကို လိပ်နေသည်။

"ကျွန်တော့်နှမ ဟာ ဒီစာရေးပြီး ကျွန်တော့်ကို အတိအကျ ချိန်းလိုက်တာပဲ။ မဟုတ်ဘူးလား… ကျွန် တော့်ကို ပြောစရာရှိနေတဲ့အတွက် မန်ဒါလေကို ကားမောင်းပြီး လိုက်ခဲ့ပါလို့ ထင်ထင်ရှားရှား ရေးထား တာပဲ။ ဘာကို ဆိုလိုတယ်ဆိုတာတော့ ကျွန်တော့်ကို သူချိန်းတယ်။ ကျွန်တော်နဲ့ တွေ့ဖို့ ကမ်းခြေက တိုက်ပုကလေးမှာ တစ်ညလုံး စောင့်မယ်လို့ ပြောတယ်။ သင်္ဘောနဲ့ရွက်လွင့်ထွက်သွားတာလဲ ဘာမှ အံ့သြစရာ မရှိဘူး။ သူ လုပ်နေကျပဲ။ လန်ဒန်က နေ့ချင်းပြန်လာရတော့ ပင်ပန်းပြီး တစ်နာရီလောက် ရွက်တိုက်ချင်မှာပေါ့။ ဒါပေမဲ့ သင်္ဘောကိုနှစ်ပြီး သူ့ကိုယ်သူ သတ်သေလိုက်တယ်ဆိုတာ ဖြစ်နိုင်ပါ့မ လား။ ရဘက်ကာ ဟာ အရူး မဟုတ်ဘူး။ ဒီမှာ ကာနယ်ဂျူလယန်း… ရဘက်ကာဟာ အရူးမဟုတ်ဘူး ဗျ… ခင်ဗျား နားလည်သလား…"
နောက်ဆုံး စကားများကို ဖေဗယ်က အော်ပြောသည်။ သူ့မျက်နှာလည်း ရဲရဲနီနေသည်။

"ဒီမှာ ကိုယ့်လူ… ကျုပ်အပေါ်မှာ ခင်ဗျား စိတ်တိုစရာ ဘာအကြောင်းမှမရှိဘူး။ ကျုပ်ဟာ ဒီအမှုကို စစ် ဆေးတဲ့ မှုခင်းရှေ့နေမဟုတ်ဘူး။ စီရင်ချက်ချတဲ့ ဂျူရီအဖွဲ့ဝင် လူကြီးလဲမဟုတ်ဘူး။ ကျုပ်ဟာ ဒီခရိုင် ရဲ့တရားသူကြီးပဲ။ ခင်ဗျားနဲ့ ဒီဝင်းတားကို ကျုပ် ကူညီနိုင်ရင် ကူညီဖို့ပဲ ရှိတယ်။ ခင်ဗျား နှမ သူ့ကိုယ် သူ သတ်သေတယ်ဆိုတာကို ခင်ဗျား မယုံနိုင်ဘူးလို့ပြောတယ်။ တစ်ဖက်မှာလဲ သင်္ဘောတည်ဆောက် သူရဲ့အစစ်ခံချက်တွေကို ကျုပ်တို့ကြား သလို ခင်ဗျားလဲ ကြားပြီးပြီ။ ဝမ်းဗိုက်မှာ အပေါက်ရှိနေတာ ရယ်… ရေထုတ်ပိုက်ခေါင်းတွေ ဖွင့်ထားတယ် ဆိုတာရယ်… ကောင်းပြီး။ လိုရင်းပြောမယ်။ ရဘက်ကာ ဘာဖြစ်တယ်လို့ ခင်ဗျားက ပြောချင်တာလဲ"
ဖေဗယ် က မက်ဇင်မ်ဘက်သို့ တဖြည်းဖြည်း လှည့်ကြည့်သည်။ လက်ထဲက စာကို လိပ်မြဲလိပ်နေသည်။

"ရဘက်ကာ ဟာ ရေထုတ်ပိုက်ခေါင်းတွေ လဲ မဖွင့်ဘူး။ သင်္ဘောဝမ်းဗိုက်ကိုလဲ အပေါက်ဖောက်မပစ် ဘူး။ သူ့ကိုယ်သူ လဲ ဘယ်တော့မှ သတ်မသေဘူး။ ရဘက်ကာ ဟာ အသတ်ခံလိုက်ရတာ။ သတ်တဲ့လူ ကိုရော သိချင်သလား… ဟောဟို ပြတင်းပေါက်နားမှာ ခပ်တည်တည် ပြုံးပြီး ရပ်နေတဲ့ လူဟာ လူသတ်သမားပေါ့ဗျာ… မစ္စတာ မက်ဇီမီလျံ ဒီဝင်းတား ဆိုတာ လူသတ်သမားပေါ့။ သူ့ကို သေသေချာ ချာကြည့်လိုက်စမ်းပါ။ ကြိုးစင်တင် ဖို့ ဘယ်လောက်ကောင်းမယ့်လူလဲဆိုတာ… ဟား… ဟား… ဟား…"
ဖေဗယ် က အရက်မူးလွန်းနေသူတစ်ယောက်လို အတောမသတ် ရယ်တော့သည်။ စိတ်မမှန်သူတစ် ယောက်လို ရယ်တော့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, June 20, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄၃)

"မစ္စတာဒီဝင်းတား… ကျွန်တော်တို့ အားလုံးဟာ ဒီအမှုနဲ့ပတ်သက်ပြီး ခင်ဗျားအတွက် သိပ်ကို စိတ်မ ကောင်းဖြစ်နေကြပါတယ်ဆိုတာကို သိရတဲ့အတွက် ခင်ဗျား ဘယ်လောက် တုန်လှုပ်ချောက်ချား သွား မယ် ဆိုတာ ကျွန်တော်တို့ ယုံကြည်နေပါတယ်။ ဒီအမှုကို အခုလို ကျွန်တော် စစ်ဆေးနေရတာ ဟာလဲ ခင်ဗျား အကျိုးအတွက် စစ်ဆေးနေရတာ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ဇနီး ဘယ်လိုအကြောင်းနဲ့ ကွယ်လွန် သွားတယ်ဆိုတာ အမှန် အတိုင်း သိရအောင် စစ်ဆေးပေးနေတာဖြစ်ပါတယ်။ ကျွန်တော် တစ်ဦးတည်း စိတ်ချမ်းသာချင်တဲ့အတွက် ကျွန်တော့် ကိုယ်ကျိုးအတွက် စစ်ဆေးနေတာမဟုတ်ပါဘူး" "အခုအမှု က ထင်ရှားနေပြီပဲမဟုတ်လား" ဟု မက်ဇင်မ်က ပြောသည်။ "ဟုတ်ပါတယ်။ ကွယ်လွန်သူ မစ္စက်ဒီဝင်းတား ရဲ့ သင်္ဘောဝမ်းဗိုက်မှာ အပေါက် သုံးပေါက် ရှိနေကြောင်း နဲ့ ရေထုတ်ပိုက်ခေါင်းနှစ်ခု ကိုလဲ အဆုံးအထိ ဖွင့်ထားကြောင်း ဂျိမ်းစ်တက်က အစစ်ခံ သွားပါတယ်။ သူရဲ့အစစ်ခံချက်ပေါ် မှာ ခင်ဗျား သံသယ ရှိသလား" ကို ဆက်ဖတ်ရန်....

"လုံးဝ သံသယမရှိပါဘူး။ သူဟာ သင်္ဘောတည်ဆောက်သူဖြစ်ပါတယ်။ သူ ဘာပြောနေတယ်ဆိုတာ သူ အသိဆုံးဖြစ်ပါတယ်"
"မစ္စက်ဒီဝင်းတား ရဲ့သင်္ဘောကို ဘယ်သူက ထိန်းသိမ်းစောင့်ရှောက်ပေးပါသလဲ"
"သူဟာ သူပဲ ထိန်းသိမ်းစောင့်ရှောက်ပါတယ်"
"ဘယ်သူ့ကိုမှ သီးသန့်ခန့်မထားဘူးလား"
"ခန့်ထားတာ မရှိပါဘူး"
"မန်ဒါလေပိုင်တဲ့ ကိုယ်ပိုင်ဆိပ်ကမ်းမှာ သင်္ဘောကိုကျောက်ချထားလေ့ရှိတယ် မဟုတ်လား"
"မှန်ပါတယ်"

"လူစိမ်းတစ်ယောက်ယောက်က သင်္ဘောကို နှောင့်ယှက်ဖျက်ဆီးဖို့ လာမယ်ဆိုရင် မြင်နိုင်ပါသလား။ ဆိပ်ကမ်း ကို လူအများသွားခွင့်ရှိတဲ့ လူသွားလမ်း မရှိဘူးမဟုတ်လား"
"မမြင်နိုင် ပါဘူး။ အပြင်လူတွေအတွက် လူသွားလမ်းလဲ မရှိပါဘူး"
"ဆိပ်ကမ်းဟာ သစ်ပင်တွေပတ်လည်ဝိုင်းပြီး တိတ်ဆိတ်နေတယ် မဟုတ်လား"
"မှန်ပါတယ်"
"တစ်စုံတစ်ယောက်က ကျူးကျော်ဝင်ရောက်လာမယ်ဆိုရင် မမြင်နိုင်ဘူး မဟုတ်လား"
"မြင်ဖို့မလွယ်ပါဘူး"
"ဂျိမ်းတက်ရဲ့ အစစ်ခံချက်တွေအပေါ်မှာ ကျွန်တော်တို့အနေနဲ့ မယုံကြည်နိုင်စရာ အကြောင်းမရှိပါဘူး။ ဝမ်းဗိုက် မှာ အပေါက်သုံးပေါက်ရှိပြီး ရေထုတ်ပိုက်ခေါင်းနှစ်ခုကလဲ အဆုံးအထိ ပွင့်နေတယ်ဆိုရင် အဲဒီ သင်္ဘောဟာ ဆယ်မိနစ်ဆယ့်ငါးမိနစ်ထက် ပိုပြီး ရေပေါ်မှာ ပေါ်မနေနိုင်ပါဘူး"

"မှန်ပါတယ် ခင်ဗျာ…"
"ဒါကြောင့် ဆိပ်ကမ်းကမခွာခင်ကတည်းက သင်္ဘောဝမ်းဗိုက်ကို အပေါက်တွေဖောက်ပြီး ရေထုတ် ပိုက် ခေါင်းတွေ ကို အဆုံးအထိ ဖွင့်ထားတယ်ဆိုတဲ့ အယူအဆကို ကျွန်တော်တို့ ပယ်ရပါတော့မယ်။ တကယ်လို့ အဲဒီလို ဖောက်ထားမယ်ဆိုရင် ဆိပ်ကမ်းမှာ ကျောက်ချထားတဲ့ အချိန်ကတည်းက သင်္ဘောဟာ နစ်နေနှင့်ရမယ်"
"ဒါလဲ သံသယဖြစ်စရာ မရှိပါဘူး"
"ဒါကြောင့် အဲဒီညတုန်းက ဒီသင်္ဘောကို ဘယ်သူက ရွက်တိုက်သွားပြီး အပေါက်တွေကို ဖောက်ပစ် လိုက်သလဲဆိုတဲ့အဖြေကိုပဲ ရအောင်ရှာရတော့မယ်"
"ကျွန်တော်လဲ ဒီလိုပဲ သဘောရပါတယ် ခင်ဗျာ"
"ကေဗင်တံခါး ဟာ ပိတ်နေကြောင်း၊ ပြတင်းပေါက်တွေ ပိတ်ထားကြောင်း၊ ခင်ဗျားဇနီးရဲ့ပစ္စည်းတွေ အခန်းထဲမှာ ရှိနေကြောင်း ခင်ဗျား အစစ်ခံသွားပြီးပြီ။ ဒေါက်တာဖီးလ်စ်ကရော၊ ကပ္ပတိန်ဆားလ်ကရော ဒီအတိုင်းပဲ အစစ်ခံသွားပြီးပြီ။ ဟုတ်ပါသလား…"

"ဟုတ်ပါတယ် ခင်ဗျာ"
"အကြံဉာဏ်ပေးစရာ များ ရှိပါသလား"
"မရှိပါဘူး ခင်ဗျာ… ဘာအကြံဉာဏ်မှ ပေးစရာမရှိပါဘူး"
"မစ္စတာ ဒီဝင်းတား… စိတ်မချမ်းသာစရာကောင်းတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ တာဝန် ဝတ္တရား ရှိလာပြီ မို့ ပုဂ္ဂိုလ်ရေးရာဆန်တဲ့ မေးခွန်းကိုပဲ မေးရပါတော့မယ်…"
"မေးပါ ခင်ဗျား"
"ခင်ဗျားတို့ ဇနီးမောင်နှံရဲ့အိမ်ထောင်ရေးဟာ အမှန်တကယ်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေး ဟုတ်ပါ သလား"

ကျွန်မ၏မျက်လုံးထဲမှာ ခုန်ပေါက်ပြေးလွှားနေသည့် အမည်းစက်ပေါင်းမြောက်မြားစွာ ပေါ်လာသည်။ အခန်းထဲ မှာ အရမ်းပူအိုက်နေသည်။ လူမျက်နှာတွေကလည်း များပြားလှသည်။ ပြတင်းပေါက်တွေကို လည်း ပိတ်ထား သည်။ ကျွန်မအနားမှာရှိနေသည့် တံခါးရွက်က အဝေးကြီးသို့ ထွက်ပြေးသွားသည်ဟု ထင်လိုက် ရသည်။ အောက်မှာရှိနေသည့် ကြမ်းပြင်က ကျွန်မဆီသို့ ပြေးတက်လာသည်။ ထိုအချိန်မှာ ပင် မက်ဇင်မ်၏ ကျယ်လောင်စူးရှသော အသံကို သဲသဲကွဲကွဲ ကြားလိုက်ရပါသည်။
"ကျွန်တော့်မိန်းမ ကို အပြင်ခေါ်သွားပေးကြပါ။ သူ မေ့လဲသွားတော့မယ်"

အခန်း (၂၃)

အပြင်ခန်းကလေးထဲမှာ ကျွန်မ ပြန်ထိုင်နေရပြန်သည်။ ရဲသားလည်း ရှိနေသည်။ ကျွန်မကို ရေတစ်ဖန် ခွက် ကမ်းပေးနေ သည်။ တစ်စုံတစ်ယောက်က ကျွန်မ၏လက်မောင်းကို ကိုင်ထားသည်။ ဖရင့်ခရော် လေ ဖြစ် ပါသည်။ ကျွန်မ ငြိမ်ငြိမ်ကလေးထိုင်နေပါသည်။ မြင်ကွင်းများ အားလုံးလည်း ပြန်လည်သဲကွဲ လာပါသည်။
"ကျွန်မ စိတ်မကောင်းပါဘူးရှင်… အခုလို အဖြစ်မျိုးဖြစ်သွားရတာ စိတ်မကောင်းပါဘူး။ အခန်းထဲမှာ သိပ်ကို ပူလွန်း လို့ပါ"
"မှန်ပါတယ်ခင်ဗျာ… လေဝင်လေထွက်လဲ မရှိပါဘူး။ ဒီအကြောင်း တိုင်ကြတောကြ ပေါင်းလဲ မနည်း တော့ ပါဘူး။ ဒါပေမဲ့ သက်ဆိုင်ရာက ဘာမှပြုပြင်မပေးကြဘူး။ ဒီအခန်းထဲမှာ မေ့လဲသွားတဲ့ အမျိုးသမီး တွေ အလျင်ကလဲ ရှိခဲ့ဖူးပါတယ်" ဟု ရဲသားက ပြောသည်။

"နေသာထိုင်သာရှိပါရဲ့လား။ မစ္စက်ဒီဝင်းတား…" ဟု ဖရင့်က မေးသည်။
"ဟုတ်ကဲ့… ကျွန်မ အများကြီး ကောင်းသွားပါပြီ။ ပြန်ကောင်းသွားမှာပါ။ ကျွန်မ အနားမှာ စောင့်မနေပါ နဲ့"
"ခင်ဗျား ကို ကျွန်တော် အိမ်ပြန်ပို့မယ်"
"မပို့ရဘူး"
"ပို့ရမယ်။ မက်ဇင်မ်က ကျွန်တော့်ကို ပြန်ပို့ခိုင်းလိုက်တယ်"
"ဟင့်အင်း… မပို့ရဘူး… ရှင် သူနဲ့အတူတူ နေရမယ်"
"ခင်ဗျားကို ပြန်ပို့ပေးဖို့ မက်ဇင်မ် က ကျွန်တော့်ကို ပြောလိုက်တယ်"
ကျွန်မ မတ်တတ်ရပ်နိုင်အောင် သူက ဆွဲထူပေးသည်။

"ကားရပ်ထားတဲ့နေရာအထိ လျှောက်နိုင်ရဲ့လား။ ဒီနေရာကို ကျွန်တော် ကားမောင်းယူခဲ့ရမလား"
"ကျွန်မ လမ်းလျှောက်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ဒီမှာပဲ နေချင်တယ်။ မက်ဇင်မ်ကို ဒီနေရာကနေပြီး ကျွန်မ စောင့်နေချင် ပါတယ်။ စောင့်နေပါရစေ"
"မက်ဇင်မ် က ကြာဦးမယ်"
ဘာကြောင့် ဒီစကားကို သူ ပြောတာလဲ။ သူ ဘာကိုဆိုလိုတာလဲ။ ဘာကြောင့် သူ  ငါ့ကိုမကြည့်ဘဲ မျက်နှာ လွှဲထားရတာလဲ။ ကျွန်မ၏လက်မောင်းကို သူကဆွဲပြီး အပြင်သို့ ထွက်လာခဲ့သည်။ မက်ဇင်မ် က ကြာဦးမယ်တဲ့။
ကျွန်မတို့ စကားမပြောကြပါ။ ဖရင့်၏မောရစ်ကားကလေးဆီသို့ လျှောက်လာခဲ့ကြသည်။ သူက တံခါး ဖွင့်ပေးပြီး ကားပေါ်သို့ ကျွန်မကို တက်စေသည်။ ပြီးမှ သူက ကားထဲဝင်ကာ စက်နှိုးမောင်းထွက်လာခဲ့ သည်။

"ဘာကြောင့် သူတို့ကြာဦးမှာလဲ… သူတို့ ဘာလုပ်ကြဦးမှာလဲ"
"သက်သေခံချက်တွေ ကို ပြန်စစ်ကြဦးမယ်" ဖရင့်သည် ရှေ့တည့်တည့်သို့သာ ကြည့်နေသည်။
"အစစ်ခံချက်တွေ ကို ရပြီးပြီပဲ။ ဒီထက်ပိုပြီး ပြောပြနိုင်တဲ့လူ မရှိတော့ဘူးလေ"
"ခင်ဗျား မသိဘူး။ မှုခင်းရှေ့နေက တခြားနည်းနဲ့ မေးခွန်းတွေ ပြန်ထုတ်ဦးမယ်။ ဒီကိစ္စကြီးတစ်ခုလုံးကို ဂျိမ်းစ်တက်က ကပြောင်းကပြန်ဖြစ်ကုန်အောင် လုပ်ပစ်လိုက်တယ်။ ဒါကြောင့် မှုခင်းရှေ့နေက တစ်ဖက်သို့ လှည့်ပြီး ပြန်မေးဦးမယ်"
"ဘယ်လို တစ်ဖက်လှည့် လဲ ရှင် ဘာကိုဆိုလိုတာလဲ"

"အစစ်ခံချက်ကို ခင်ဗျား ကြားတယ်မဟုတ်လား… သင်္ဘောနဲ့ပတ်သက်ပြီး တက်ရဲ့အစစ်ခံချက်ကို ခင်ဗျား ကြားတယ်မဟုတ်လား။ မတော်တဆ နစ်သွားတယ်ဆိုတာကို သူတို့ မယုံတော့ဘူး"
"ဒါဟာ အင်မတန် ရယ်စရာကောင်းတာပဲ ဖရင့်။ သိပ်ကို ရယ်စရာကောင်းတာပဲ။ တက် ပြောတာကို သူတို့ နားထောင်ဖို့ မကောင်းဘူး။ ဒါလောက်တောင် လပေါင်းများစွာကြာပြီးမှ ဒီအပေါက်တွေ ဘာ ကြောင့်ဖြစ်လာတယ် ဆိုတာ သူ ဘယ်လိုလုပ်ပြောနိုင်မှာလဲ။ ဘယ်လို အထောက်အထားပြဖို့များ သူ ကြိုးစား ဦးမှာလဲ"
"ကျွန်တော် လဲ မသိဘူး"
"မှုခင်းရှေ့နေ က မက်ဇင်မ်ကို မေးခွန်းတွေ အဆက်မပြတ် မေးတော့မယ်။ မက်ဇင်မ် စိတ်တိုလာတော့ မယ်။ သူ့စိတ်ထဲ မှာ မရှိတာတွေကို ပြောအောင် လုပ်တော့မယ်။ ဒါကို မက်ဇင်မ် ခံနိုင်မှာမဟုတ်ဘူး ဖရင့်။ ဘယ်နည်းနဲ့ မှ မက်ဇင်မ် သည်းခံနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်"

ဖရင့်က အဖြေပြန်မပေးပါ။ ကားကိုသာ မြန်မြန်ကြီးမောင်းနေသည်။ ပထမဆုံး အကြိမ် ရေငုံနှုတ် ပိတ် နေခြင်းဖြစ်သည်။ ဒါကိုကြည့်ခြင်းအားဖြင့် သူ သိပ်စိတ်ပူနေကြောင်း သိသာသည်။ ထိုမျှ မက၊ အခါ တိုင်းက မော်တော်ကားကို ဖြည်းဖြည်းသာ မောင်းတတ်သည်။ လမ်းဆုံးများ သို့ ရောက် တိုင်း လေးဘီး စလုံးရပ်ကာ ဘယ်ညာကြည့်လေရှိသည်။ အကွေ့တိုင်းတွင်လည်း ဟွန်းတီးလေ့ ရှိသည်။
"အဲဟိုလူ လဲ ရုံးခန်းထဲမှာ ရောက်နေတယ်။ မစ္စက်ဒင်ဗာနဲ့တွေ့ဖို့ တစ်ခါတုန်းက မန်ဒါလေကို လာတဲ့ လူလေ…"
"ခင်ဗျား ပြောတာ ဖေဗယ် ထင်တယ်။ ဟုတ်တယ်… ကျွန်တော်လဲ တွေ့တယ်"
"မစ္စက်ဒင်ဗာ နဲ့ အတူတူထိုင်တယ်"
"ဟုတ်တယ်… ကျွန်တော်မြင်တယ်"

"သူက ဘာကြောင့်ရောက်နေရတာလဲ။ ဒီစစ်ဆေးတဲ့နေရာ ကို သူ လာခွင့်ရှိသလား"
"သူက ဟိုအမျိုးသမီး ရဲ့အစ်ကိုဝမ်းကွဲလေ…"
"ဘာပဲဖြစ်ဖြစ် မစ္စက်ဒင်ဗာနဲ့ အတူတူထိုင်ပြီး အစစ်ဆေးခံချက်တွေကို နားထောင်နေခွင့်မရှိဘူး။ သူတို့ ကို ကျွန်မ မယုံဘူး ဖရင့်" "ဒီလိုလဲမဟုတ်ပါဘူး"
"သူတို့ တစ်ခုခုလုပ်လိမ့်မယ် ထင်တယ်။ မဟုတ်တာ တစ်ခုခုကို လုပ်ကြတော့မယ်နဲ့တူတယ်"

ဖရင့်သည် ဘာအဖြေမှပြန်မပေးဘဲ ငြိမ်နေပြန်သည်။ မက်ဇင်မ်အပေါ် သစ္စာစောင့်ထိန်းသည့်အနေဖြင့် ကျွန်မနှင့်ပင် မဆွေးနွေးလိုကြောင်း သဘောပေါက်လိုက်ပါသည်။ သည်ဇာတ်လမ်းကို ဘယ်လောက် အထိ ကျွန်မ သိထားကြောင်း သူ မသိပါ။ သူ ဘယ်လောက်အထိ သိထားသည်ကိုလည်း ကျွန်မ အတိ အကျ မပြောနိုင်ပါ။ သူနှင့်ကျွန်မသည် မဟာမိတ်များဖြစ်ကြပါသည်။ တစ်ခရီးတည်း သွားနေသူများ ဖြစ် ကြပါသည်။ သို့သော်လည်း တစ်ယောက်ကိုတစ်ယောက် မကြည့်ရဲကြပါ။ ဖြောင့်ချက်ပေးသည့် အဖြစ် မျိုးသို့ရောက်အောင် သူရော ကျွန်မ ပါ မစွန့်စားရဲကြပါ။
ခြံပေါက်ဝ မှ ဝင်းထဲသို့ဝင်လာခဲ့သည်။ ခြောက်လပန်း အစွန်းကုန် ပွင့်ကြတော့မည်ကို ပထမဦးဆုံး အကြိမ်အဖြစ် ကျွန်မ သတိထားလိုက်မိသည်။ ခြောက်လပန်းများက လမ်းဘေး ဝဲယာမှနေ၍ ကျွန်မတို့ ကို စောင့်ကြည့်နေ သည် ဟု ထင်မှတ်ရသည်။

"အခုဆို ခင်ဗျား နေကောင်းသွားပါပြီနော်… အိပ်နေလိုက်ဖို့ ကောင်းတယ်"
အိမ်ထဲရောက်တော့ ဖရင့်က ပြောသည်။
"ဟုတ်ကဲ့… ကျွန်မ အိပ်နေလိုက်ရင် ကောင်းမယ်ထင်တယ်"
"လာညွန် ကို ကျွန်တော် ပြန်သွားဦးမယ်။ ကျွန်တော့်ကို မက်ဇင်မ် လိုကောင်းလိုနေလိမ့်မယ်"
သည့်ထက်ပိုပြီး သူ ဘာမျှမပြော။ ကားဆီသို့ ခပ်မြန်မြန် ပြန်သွားပြီး မောင်းထွက်သွားသည်။ မက်ဇင်မ် က သူ့ကို လိုကောင်း လိုလိမ့်မယ်တဲ့။ ဘာကြောင့် ဒီစကားကို သူ ပြောရသနည်း။ မှုခင်းရှေ့နေက ဖရင့် ကိုပါ စစ်ဆေးကောင်း စစ်ဆေးလိမ့်မည်။ ရဘက်ကာ သေသည့်နေ့က မက်ဇင်မ်နှင့်အတူ ဘယ်အချိန် တွင် ညစာ စားသနည်း။ မက်ဇင်မ် ဘယ်အချိန်ပြန်သွားသနည်း။ မစ္စက်ဒင်ဗာကိုလည်း စစ်ဆေးချင် စစ် ဆေးလိမ့် ဦးမယ်။ ထိုအခါ တွင် မက်ဇင်မ် စိတ်တိုတော့မည်။ မပြောသင့်တာတွေ ပြောမိတော့မည်။

ဖရင့် အကြံပေးသကဲ့သို့ပင် အပေါ်ထပ်သို့ တက်လာပြီး အိပ်ရာပေါ်မှာ လှဲနေမိသည်။ မျက်လုံးကို မှိတ် ထားသော်လည်း ရုံးခန်းထဲကမြင်ကွင်းကို ပြန်မြင်နေမိသည်။ အခုလောက်ဆိုလျှင် သူတို့ ဘာတွေ အစစ်ခံနေကြပြီနည်း။ ဘာတွေဖြစ်နေကြမည်နည်း။ ခဏကြာလျှင် ဖရင့်ခရော်လေ တစ်ယောက်တည်း များ မန်ဒါလေ စံအိမ်ကြီးကို ပြန်လာလေမည်လား။
ဘာတွေဖြစ်ကုန်ကြသည် ကို ကျွန်မ မသိတော့ပါ။ မက်ဇင်မ်ကို အဝေးသို့ခေါ်သွားသည်ဟု စိတ်ထဲ မှာ မြင်ယောင်နေမိသည်။  ကျွန်မနှင့်လည်း တွေ့ခွင့်မပေး။ ကျွန်မကတော့ မန်ဒါလေစံအိမ်ကြီးမှာနေရင်း တစ်နေ့ပြီး တစ်နေ့ တစ်ညပြီးတစ်ည မက်ဇင်မ် အပြန်ကို စောင့်နေရပေလိမ့်မည်။ သတင်းထောက်တွေ ကလည်း ကျွန်မ ကို တယ်လီဖုန်း ဆက်ကြပေလိမ့်မည်။

မက်ဇင်မ်ကို သူ့မိန်းမ သူပြန်သတ်မှုဖြင့် ကြိုးပေးကြပေလိမ့်မည်။ လူတွေကလည်း တိုင်စာတောစာတွေ ရေးကာ အစိုးရထံသို့ တင်သွင်းကြလိမ့်မည်။ ပြီးတော့ မက်ဇင်မ် ကြိုးပေးခံရသည်ဟု ကျွန်မစိတ်ထဲမှာ ထင်မြင်နေမိသည်။ ထိုစိတ်ကူးများကို ဇွတ်အတင်းပင် ကျွန်မ မောင်းထုတ်လိုက်ပါသည်။ အခြား အကြောင်းများကို စဉ်းစားကြည့်သည်။ အမေရိကန်သို့ ရောက်နေသော မစ္စက်ဗန်ဟော့ပါးအကြောင်း စဉ်းစားသည်။ မစ္စက်ဗန်ဟော့ပါးသည် သတင်းစာကို ပစ်ချပြီး သူ့သမီးကို လှမ်းအော်ခေါ်ကာ…
"ဒီမှာကြည့်စမ်း ဟယ်လင်… ဒီဝင်းတားက သူရဲ့ပထမမိန်းမကို သတ်ပစ်လိုက်သတဲ့။ သူနဲ့ပတ်သက် ရင် တစ်ခုခုတော့ ထူးခြားနေပါတယ်လို့ မေမေ ထင်နေတာ။ အခုတော့ မှန်နေပြီပေါ့။ ဟိုကောင်မလေး ကိုလဲ အမှားကြီး တစ်ခုတော့ လုပ်မိပြီလို့ မေမေ သတိပေးခဲ့သေးတယ်။ သူ နားမထောင်ဘူး။ အေး လေ… သူ့အဖို့တော့ အကောင်းဖြစ်သွားတာပေါ့။ သူ့ယောက်ျား ကြိုးပေးသတ်ခံရပြီဆိုရင် ရုပ်ရှင်မင်း သမီးလုပ်ဖို့ ကုမ္ပဏီတွေ က သူ့ကို အကြီးအကျယ် ကမ်းလှမ်းကြလိမ့်မယ်" ဟု ပြောနေပေလိမ့်မည်။

ကျွန်မ အိပ်ပျော်သွားသည်နှင့် တူပါသည်။ မိုးချုန်းသံကြောင့် ရုတ်တရက် လန့်နိုးလာသည်။ ထထိုင်ပြီး နာရီလှမ်းကြည့်တော့ ငါးနာရီထိုးနေပြီ။ ပြတင်းပေါက်ဆီသို့ လျှောက်လာခဲ့သည်။ အပြင်မှာ လေငြိမ်နေ သည်။ မိုးကောင်းကင်က ကျောက်သင်ပုန်းလို ညို့မှိုင်းနေသည်။ လျှပ်စီးများ လက်နေသောကြောင့် ပြိုး ပြိုးပြက်ပြက် ဖြစ်နေသည်။ အပြင်သို့ ထွက်လာခဲ့ပါသည်။ ကုန်းစောင်းလှေကားထစ် များပေါ်မှာ ရပ်နေ မိသည်။ မိုးရေတစ်စက် နှစ်စက် ကျလာသည်။ ပြတင်းပေါက်များကို လိုက်ပိတ်နေသည့် ရောဘတ်ကို တွေ့ရသည်။
"သူတို့ ပြန်မလာကြသေးဘူးလား ရောဘတ်"
"ပြန်မလာသေး ဘူး ဆရာကတော်။ ဆရာကတော်ပါ သူတို့နဲ့ အတူတူ ဟိုမှာရှိနေတယ်လို့ ကျွန်တော် ထင်တာ"

"မဟုတ်ဘူး ကျွန်မ အလျင်ပြန်လာတာ"
"လက်ဖက်ရည်သောက်တော့မလား ဆရာကတော်"
"မသောက်သေးဘူး။ သူတို့ကို စောင့်လိုက်ဦးမယ်"
"မိုးရွာတော့မယ်ထင်တယ် ဆရာကတော်"
"ဟုတ်တယ်"
ဘာမိုးမှမရွာပါ။ လက်ပေါ်သို့ နောက်ထပ် မိုးရေစက်ကျလာသည်။ အိမ်ထဲသို့ ကျွန်မ ပြန်ဝင်ပြီး စာကြည့်ခန်းထဲမှာ ထိုင်နေမိသည်။ ငါးနာရီခွဲတော့ ရောဘတ် ဝင်လာပြန်သည်။
"အခုပဲ မော်တော်ကား မောင်းဝင်လာတယ် ဆရာကတော်"
"ဘယ်ကားလဲ"
"မစ္စတာဒီဝင်းတား ရဲ့ကားပါ ဆရာကတော်"
"သူကိုယ်တိုင် မောင်းလာသလား"
"ဟုတ်ပါတယ် ဆရာကတော်"

မတ်တတ်ရပ်ဖို့ ကျွန်မ ကြိုးစားသည်။ သို့သော်လည်း တစ်စုံတစ်ရာ ခြေထောက်များကို ဆွဲထားသလို ဖြစ်နေ သည်။ ဆိုဖာကို အားပြုကိုင်ပြီး ကြိုးစားရပ်ရသည်။ လည်ချောင်း ထဲမှာ လည်း ခြောက်နေသည်။ ခဏကြာတော့ အခန်းထဲသို့ မက်ဇင်မ် ဝင်လာသည်။ အခန်းဝမှာ သူ ရပ်နေသည်။ သူ သိပ်ပင်ပန်းနေပုံ ရသည်။ ပိုပြီး အိုစာသွားသည်။ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ မြင်နေရသည်။
"အားလုံး ပြီးသွားပါပြီကွာ" ဟု သူက ပြောသည်။
ကျွန်မက သူ့အပြောကိုသာ စောင့်နေည်။ ဘာစကားမှလည်း မပြောနိုင်ပါ။ သူရှိရာသို့လည်း လျှောက် မသွားနိုင် ပါ။
"ကိုယ့်ဟာကိုယ် သတ်သေတာတဲ့။ ဘယ်လိုအကြောင်းကြောင့် သတ်သေသွားတယ်ဆိုတာ လုံ လောက်တဲ့ သက်သေခံ ချက်တော့ မရှိဘူး"
ဆိုဖာပေါ် သို့ ကျွန်မ ပြန်ထိုင်ချလိုက်သည်။

"သတ်သေတာ… ဘာကြောင့်တဲ့လဲ… ဘာကိုအကြောင်းပြုပြီး သတ်သေတာတဲ့လဲ"
"ဘုရားမှ သိတော့မှာပဲ။ ဘာကြောင့် သတ်သေတယ်ဆိုတဲ့အချက်က မလိုဘူးနဲ့တူတယ်။ မှုခင်းရှေ့နေ ဟောရစ်ခ်ျက အစ်ကိုကို့ စိုက်ကြည့်နေတယ်။ ရဘက်ကာမှာ ငွေကြေး အခက်အခဲကြုံနေရသလားဆို တာ သိချင်နေပုံပဲ။ ငွေကြေး အခက်အခဲတဲ့…"
ပြတင်းပေါက်နားမှာ သူ ဆက်ရပ်နေသည်။ ပြတင်းပေါက်ကိုကျော်ပြီး အပြင်သို့ကြည့်နေသည်။
"မိုးရွာတော့မယ်… မိုးရွာတော့မယ့်အတွက် ဘုရားသခင်ကိုပဲ ကျေးဇူးတင်ရသေးတော့တယ်"  ဟု သူ က ပြောနေသည်။
"ဘာဖြစ်ခဲ့တာလဲ… မှုခင်းရှေ့နေက ဘာပြောသလဲ။ ဘာဖြစ်လို့ အစ်ကို ဒါလောက်တောင် ကြာနေရ တာလဲ"

"သူက ဒီအကြောင်းကိုပဲ ထပ်ကာထပ်ကာ မေးနေတယ်။ သင်္ဘောကို ဘယ်သူမှ စောင့်ရှောက်ထိန်း သိမ်းပေးခြင်း မရှိဘူး ဆိုတာရယ်.. ဝမ်းဗိုက်မှာ ဘာကြောင့် အပေါက်ပေါက်နေသလဲဆိုတာရယ်… ရေ ထုတ်ပိုက်ခေါင်းတွေ ကို ဘာကြောင့် ဖွင့်ထားသလဲဆိုတာရယ်ကိုပဲ ထပ်တလဲလဲ မေးနေတယ်။ အခြား လူ အကူအညီ မပါဘဲ မိန်းမတစ်ယောက်တည်း ဒါတွေလပ်နိုင်သလားတဲ့။ ကေဗင်တံခါးက ကျကျနန ပိတ်နေသလား တဲ့။ အစ်ကိုတော့ ရူးသွားလိမ့်မယ်တောင် ထင်မိတယ်။ ကိုယ့်စိတ်ကိုယ် မနည်းထိန်း ထားရတယ်။ ရုံးခန်းထဲမှာ မင်း မေ့လဲသွားမယ့်အဖြစ်မျိုးမဖြစ်ခဲ့ရင် အစ်ကို့စိတ်ကို အစ်ကို ထိန်းနိုင် တော့မှာမဟုတ်ဘူး။ မင်းကိုမြင်လိုက်ရတော့မှ အစ်ကို ဘာပြောရမယ်ဆိုတာ ပြန်သတိရတယ်။ အစ်ကို့ ကို စိုက်ကြည့်နေ တဲ့ သူ့အကြည့်ကို သေတဲ့အထိတောင် မေ့နိုင်တော့မှာမဟုတ်ဘူး။ ပင်ပန်းလိုက်တာ အချစ်ရယ်… ပင်ပန်းလွန်းလို့ ဘာမှလဲ မမြင်တော့ဘူး ဘာမှလဲ မကြားတော့ဘူး။ ဘာမှလဲ မခံစားရ တော့ဘူး"

ပြတင်းပေါက်နား က ခုံပေါ်မှာ သူ ထိုင်ချလိုက်သည်။ ရှေ့ကိုကိုင်းပြီး ခေါင်းကို လက်နှစ်ဖက်ဖြင့် ကိုင် ထားသည်။ သူ့ဘေးမှာ ကျွန်မ သွားထိုင်သည်။ ခဏကြာတော့ ဖရစ်နှင့် ရောဘတ် ဝင်လာပြီး လက် ဖက်ရည် ယူ လာပေး သည်။ ခါတိုင်းကဲ့သို့ ပြင်ဆင်သည်။ ဂျက်စ်ပါ ကလည်း စားပွဲမှားမှာ ထိုင်နေသည်။ ဘယ်လောက် ရယ်စရာကောင်းလိုက် ပါသလဲ။ လူ့ဘဝ၏လုပ်ရိုးလုပ်စဉ် ပုံမှန်အလုပ်များဖြစ်ပါသည်။ အိပ်ကြသည်။ စား ကြသည်။ လျှော်ကြဖွတ်ကြသည်။ လူ့ဘဝဟူသည်မှာ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်ပါသလဲ။
မက်ဇင်မ် အတွက် ကျွန်မက လက်ဖက်ရည်ထည့်ပေးသည်။ ပြီးတော့ ကျွန်မအတွက် မုန့်ယူစားသည်။
"ဖရင့် ဘယ်မှာကျန်ခဲ့သလဲ"

"ဘုန်းတော်ကြီးနဲ့ သူ သွားတွေ့ဖို့ရှိနေတယ်။ အမှန်က အစ်ကိုလဲ လိုက်သွားရမှာ။ ဒါပေမဲ့ မင်းဆီကို တိုက်ရိုက်ပြန်လာချင် တာနဲ့ ပြန် လာခဲ့တယ်။ ရုံးမှာ ဘာတွေဖြစ်နေတယ်ဆိုတာ မသိရဘဲ မင်းတစ် ယောက် တည်း ဒီမှာထိုင်ပြီး အကြာကြီးစောင့်နေရမှာစိုးလို့"
"ဘုန်းတော်ကြီး က ဘာကိစ္စလဲ"
"ဒီကနေ့ ညနေ ဘုရားရှိခိုးကျောင်းမှာ အလုပ်လုပ်စရာ ရှိနေတယ်လေ"
သူ့ကို ကျွန်မ ငေးကြည့်နေမိပါသည်။ ပြီးတော့မှ သဘောပေါက်တော့သည်။ ရဘက်ကာ ကို သူတို့ သဂြုင်္ိဟ်ကြ ရပါဦးမည်။
"အစ်ကို ဘယ်အချိန်သွားမလဲ"
"ခြောက်နာရီ နှစ်ဆယ့်ငါးမိနစ်မှာ သူတို့နဲ့ ဘုရားရှိခိုးကျောင်းမှာ တွေ့မယ်"
ကျွန်မက ဘာမှပြန်မပြောပါ။ လက်ဖက်ရည်ကိုသာ ဆက်သောက်နေသည်။ အပြင်မှာ မိုးရွာတော့မည်။ သစ်ပင်များပေါ်တွင် ငှက်များ ဆူညံနေကြသည်။
"အစ်ကို့ကို အပြင်တောင် ပြန်မသွားစေချင်ဘူး"

သူက ဘာမျှပြန်မဖြေသေးဘဲ နေသည်။ သူ သိပ်ပင်ပန်းနေပုံရသည်။ ပြောမပြနိုင်လောက်အောင် ပင် ပန်းနေခြင်းဖြစ်ပါသည်။
"အစ်ကို ပြန်လာတဲ့အခါကျတော့မှ အေးအေးဆေးဆေး စကားပြောကြတာပေါ့။ အစ်ကိုတို့မှာ လုပ်စရာ အလုပ်တွေ အများကြီး ရှိနေသေးတယ် မဟုတ်လား။ အစ်ကိုတို့ဘဝကို အစကနေပြီး ပြန်စကြရဦးမယ်။ အစ်ကို ဟာ မင်းအတွက် လင်ဆိုး တစ်ယောက်ဖြစ်ခဲ့ပါတယ်ကွယ်…"
"မဟုတ်ပါဘူး အစ်ကိုရယ်… မဟုတ်ပါဘူး"
"ဟုတ်ပါတယ်။ အစ်ကိုတို့ဘဝကို အစကနေ ပြန်စကြရမယ်။ ဒီအဖြစ်အပျက်ကြီးက နောက်ပိုင်းမှာကျန် ခဲ့ပြီမဟုတ်လား။ အစ်ကိုတို့နှစ်ယောက် စိတ်တူကိုယ်တူ ရှိနေသမျှ ကာလပတ်လုံး အတိတ်ရဲ့အဖြစ် အပျက်တွေကြောင့် ဘယ်နည်းနဲ့မှ စိတ်ထိခိုက်နိုင်တော့မှာ မဟုတ်ဘူး။ မင်းလဲ သားတွေ သမီးတွေ မွေးရမယ်။ ကဲ… ခြောက်နာရီ ဆယ်မိနစ် ရှိသွားပြီ။ အစ်ကို သွားတော့မယ်။ မကြာပါဘူး… နာရီဝက် ထက် ပိုမကြာပါဘူး"

"ကျွန်မလဲ အစ်ကိုနဲ့ လိုက်ခဲ့မယ်။ ကျွန်မစိတ်ထဲမှာ ဘယ်လိုမှ မဖြစ်ပါဘူး။ အတူလိုက်ခဲ့ပါရစေနော်…" ကျွန်မက သူ့လက် ကို ဆွဲထားပြီးပြောသည်။
"မလိုက်ပါနဲ့ကွယ်… အစ်ကို မလိုက်စေချင်ပါဘူး"
ပြီးတော့ အခန်းထဲမှ သူ ထွက်သွားသည်။ ခဏကြာတော့ သူ့မော်တော်ကားမောင်းထွက်သွားသံ ကြား လိုက်ရသည်။
အခန်းထဲသို့ ရောဘတ် ဝင်လာပြီး လက်ဖက်ရည်ပန်းကန်များကို သိမ်းသွားသည်။ အားလုံးလုပ်နေကျ ကိုင်နေကျ ပုံမှန်အတိုင်း ဖြစ်နေသည်။ ဘာတစ်ခုမှ အပြောင်းအလဲမရှိ။ မက်ဇင်မ် ထွက်သွားပြီး သည့် နောက်တွင် စာကြည့်ခန်းထဲမှာ အလွန်တစ်ရာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ဘုရားရှိခိုးကျောင်းထဲမှာ သူတို့ ဘာလုပ်နေကြမည်နည်းဟု စဉ်းစားကြည့်နေမိသည်။ ရဘက်ကာဟု မှားယွင်းပြောဆိုကာ ဘုရား ရှိခိုးကျောင်းတွင်း မှာ မြှုပ်နှံထားသည့် အရိုးပြာအိုးကို သူတို့ ဖယ်ပစ်ကြမည်။ ပြီးတော့ ရဘက်ကာအစစ် ၏ အရိုးပြာအိုး ကို မြှုပ်နှံလိမ့်မည်။ ရဘက်ကာသည် ရုပ်ဒြပ်မရှိတော့။ ပြာမှုန့်များဖြစ်သွားပြီ။ ဖုန်မှုန့်များ ဖြစ်သွားပြီ။

၇ နာရီကျော်တော့ မိုးစရွာသည်။ ပထမတော့ ခပ်ဖွဲဖွဲရွာခြင်းဖြစ်သည်။ တဖြည်းဖြည်း ပိုသဲလာသည်။ သဲရာမှ သွန်ချလိုက်သလို ရွာသည်။ ပြတင်းပေါက်ကိုဖွင့်ပြီး ကျွန်မ ရပ်နေသည်။ မျက်နှာပေါ်သို့ မိုးရေ စက်များ လာစဉ်နေသည်။ မြေသင်းနံ့ကလေး လွင့်ပါးလာသည်။ အေးစိမ့်သည့်လေကို တဝကြီး ရှူရှိုက် နေမိသည်။ အခန်းထဲသို့ ဖရစ် ဝင်လာသည့်အသံကိုပင် မကြားလိုက်ရ။ အနားမှာလာရပ်တော့မှ သတိ ထားမိသည်။
"ခွင့်လွှတ်ပါ ဆရာကတော်… မစ္စတာဒီဝင်းတား ကြာဦးမှာလား ခင်ဗျာ"
"မကြာပါဘူး… သိပ်မကြာပါဘူး"
"သူနဲ့တွေ့ချင်တဲ့ ဧည့်သည် တစ်ယောက် ရောက်နေပါတယ် ဆရာကတော်" ဖရစ်က တောက်လျှောက် ဆက်မပြောသေးဘဲ ခပ်ဆိုင်းဆိုင်းလုပ်နေသည်။ "ကျွန်တော်လဲ ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်နေ ပါတယ်။ မစ္စတာဒီဝင်းတားနဲ့ မတွေ့လို့မဖြစ်ဘူးဆိုပြီး ဇွတ်တွေ့ခွင့်တောင်းနေပါတယ်"

"သူက ဘယ်သူလဲ… ရှင်သိလား"
ဖရစ်က မနေတတ် မထိုင်တတ် ဖြစ်သွားသည်။
"သိပါတယ် ဆရာကတော်… အလျင် မစ္စက်ဒီဝင်းတား အသက်ရှင်စဉ်တုန်းက ဒီကို အမြဲလာလေ့ရှိတဲ့ သူပါ။ မစ္စတာဖေဗယ် လို့ခေါ်ပါတယ်" ပြတင်းပေါက်မှ မိုးပက်ဝင်နေသောကြောင့် ဆိုဖာများ စိုလာသည်။ ထို့ကြောင့် ပြတင်းပေါက် ကို ပိတ် လိုက်သည်။ ပြီးတော့မှ ဖရစ်ဘက်သို့ လှည့်ကြည့်သည်။
"မစ္စတာဖေဗယ် ကို ကျွန်မ လက်ခံတွေ့လိုက်ရင် ကောင်းမယ်ထင်တယ်"

"သိပ်ကောင်းပါတယ် ဆရာကတော်"
မီးလင်းဖိုနားမှာ ကျွန်မ သွားရပ်နေမိသည်။ မက်ဇင်မ် ပြန်ရောက်မလာမီ ဖေဗယ်ကို ရှင်းထားနှင့်မှဖြစ် မည်ဟု ဆုံးဖြတ်လိုက်သည်။ သူတို့နှစ်ယောက်ကို တွေ့ပေးလို့မဖြစ်။ ဖေဗယ်ကို ဘာစကားပြောရမည် ဆိုသည်ကိုတော့ ကျွန်မ မသိ။ သို့သော် လည်း ကြောက်စိတ်ကား လုံးဝမရှိပါ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, June 19, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄၂)

"ထားပါတော့လေ… ဒါတွေ ပြောနေလို့လဲ အပိုပါပဲ။ အတည်ပြုချက်ကို ခင်ဗျား ပေးခဲ့မိပြီပဲ။ အခု အချိန် ကတော့ အဲဒီအတည်ပြုချက်ဟာ မှားယွင်းကြောင်း ပြန်ပြောရုံပဲရှိတော့တယ်။ ဒီတစ်ခါတော့ သံသယဖြစ်စရာအကြောင်း ဘာမှ မရှိတော့ပါဘူး" ဟု ကာနယ်ဂျူးလယန်းက ပြောသည်။
"ဟုတ်ပါတယ်။ သံသယဖြစ်စရာ မရှိတော့ပါဘူး" ဟု မက်ဇင်မ်က ဝန်ခံ ခဲ့သည်။
ကို ဆက်ဖတ်ရန်.....

"ထုံးတမ်းစဉ်လာအတိုင်း ရုံးတော်က စစ်ဆေးမှာရယ်၊ လူသိရှင်ကြား ဖြစ်ရဦးမှာရယ်ကို ခင်ဗျား ခံနိုင် ရည်ရှိဖို့ လိုတယ်။ သိပ်တော့ မလွယ်ဘူးပေါ့ဗျာ" ဟု ကာနယ်ဂျူလယန်းက ပြောသည်။
"သိပ်တော့ မလွယ်ပါဘူး"ဟု မက်ဇင်မ်က ပြန်ပြောသည်။
"သိပ်ကြာမယ် လို့ မထင်ပါဘူး။ ခင်ဗျားအနေနဲ့ အတည်ပြုချက် ပြန်ပေးရုံပါပဲ။ သင်္ဘော ကို ပြုပြင် တည် ဆောက်ပေးတဲ့ မစ္စတာတက်ကိုတော့ စစ်ဆေးရဦးမှာပေါ့လေ။ ဒီသင်္ဘောကို ရဘက်ကာ လက်လွှဲ ပြောင်းပေးအပ်စဉ်က ပင်လယ်ထဲသွားဖို့ ကောင်းမွန်စိတ်ချရတဲ့ အခြေအနေ ရှိမရှိ စစ်ရဦးမှာပေါ့။ တကယ် ကလဲ ဒါတွေဟာ ကြိုးနီစနစ်တွေပါ။ ဒါပေမဲ့ မလုပ်လို့က မဖြစ်ဘူ။ အုတ်အော်သောင်းတင်းဖြစ် မယ့် အတွက် ကျွန်တော် စိတ်မကောင်းပါဘူးဗျာ။ ခင်ဗျားတို့လင်မယားအတွက် စိတ်မကောင်းပါဘူး"
"ကိစ္စမရှိပါဘူး ကာနယ်ဂျူလယန်း… ကျွန်တော်တို့ သဘောပေါက်ပါတယ်"
"ဟိုသင်္ဘောက အဲဒီနေရာမှ သွားပြီး သောင်တင်တာ ကံဆိုးသွားတော့တာပေါ့။ ဒါပေမဲ့လဲ အားလုံး အေးအေး ချမ်းချမ်း ပြီးသွားမှာပါ" ဟု ကာနယ်ဂျူလယန်းက ဆက်ပြောသည်။

"ရဘက်ကာဟာ ဝေဒနာကို ကြာရှည်လေးမြင့် ခံစားမနေရဘဲ မြန်မြန်ဆန်ဆန် သေဆုံးသွားတယ်ဆို တာကို သိရတဲ့အတွက် ကျွန်တော်တို့ ဖြေသာကြတာပေါ့။ အစကတော့ ဝေဒနာအကြီးအကျယ် ခံစားရ ပြီးမှ သေသွားတယ် လို့ ကျွန်တော်တို့ ယုံကြည်နေကြတာ မဟုတ်လား။ ကိစ္စတစ်ခုခုအတွက် ကေဗင် ထဲကို သူ ဝင် သွားတာဖြစ်မယ်။ တံခါး က ကျပ်သွားမယ်။ ဒီအချိန်မှာ လေဆင်နှာမောင်း ရုတ်တရက် တိုက်ပြီး သင်္ဘောနစ် သွားတာဖြစ်မယ်။ ပဲ့ ကိုင်ပြီး ထိန်းပေးမယ့်သူကလဲ မရှိဘူး။ နောက်ဆုံးအဖြစ်က တော့ ဒါပါပဲ။ မဟုတ်ဘူးလား မစ္စတာခရော်လေ…"
"မှန်ပါတယ် ခင်ဗျာ… ဘာမှ သံသရာဖြစ်စရာမရှိပါဘူး"
ကျွန်မ မော့ကြည့်လိုက်တော့ ဖရင့် က မက်ဇင်မ်အား ကြည့်နေသည်ကို တွေ့ရသည်။ ကျွန်မအကြည့် တွင် ဖရင့် က ကမန်းကတန်း မျက်နှာလွဲလိုက်သည်။ သို့သော်လည်း သူ့မျက်လုံးထဲက အမူအရာကို ကျွန်မ မြင် လိုက်ရပါသည်။ သည်ကိစ္စအဖြစ်မှန်ကြီးကို သူ သိနေပါပြီ။ သူ သိနေကြောင်း မက်ဇင်မ် က တော့မသိရှာ။

ကော်ဖီပန်းကန်ကိုပဲ ကျွန်မ ငုံ့ကြည့်နေမိသည်။ လက်မှာ ချွေးစီးတွေလည်း စိုလာသည်။
"ဒီပင်လယ်အော်ထဲမှာ လေ ဘယ်လိုတိုက်ကြောင်း ရဘက်ကာ ကောင်းကောင်း သိရမယ်။ သူတစ် ယောက်တည်း ရွက်တိုက်သွားခဲ့တာလဲ အကြိမ်ကြိမ် မဟုတ်လား။ သူ့ရွက်သင်္ဘောကလေးက ဒီလို အချိန်မျိုးမှာ တက်မ ကိုင်မရှိဘဲ လွှတ်ထားလိုက်ဖို့မလွယ်ဘူး။ သင်္ဘောက သိပ်သေးလွန်းတယ်။ သူလဲ ဒီအကျပ်အတည်းက လွတ်ဖို့ ကြိုးစားရင်း မလွတ်နိုင်အောင် ဖြစ်သွားရတာနဲ့တူတယ်။ ကျွန်တော်တို့ အဖို့တော့ သင်ခန်းစာပါပဲ" ဟု ဂျူလယန်းက ဆက်ပြောနေသည်။

"မတော်တဆမှုဆိုတာ အလွယ်ကလေးနဲ့ဖြစ်တတ်ပါတယ်" ဟု ဖရင့်ခရော်လေက ဝင်ပြောသည်။ "အင်မတန်ကျွမ်းကျင်တဲ့ လူတွေတောင် ဖြစ်တတ်ပါတယ်။ အမဲလိုက်သွားရင်း သေသွားကြရတဲ့ မုဆိုး တွေ တစ်နှစ်တစ်နှစ် ဘယ်လောက်များတယ်ဆိုတာပဲ စဉ်းစားကြည့်တော့"
"ဟုတ်တာပေါ့ ဗျာ… အခုကိစ္စမှာ ရဘက်ကာဟာ တက်မကိုသာ လွှတ်မထားခဲ့ဘူးဆိုရင် ဒီအဖြစ်မျိုးလဲ မဖြစ်နိုင် ပါဘူး။ သူ ရွက်တိုက်တာကို ကျွန်တော် အကြိမ်ကြိမ် မြင်ဖူးပါတယ်။ ဘာတစ်ခုကလေးမှ မမှား ဘူး။ အခုဟာ ကတော့ ရွက်တိုက်သင်ခါစ လူတစ်ယောက်လုပ်မိတဲ့ အမှားမျိုးကို မတော်တဆ လုပ်မိ သွားတာပါပဲ။ အထူး သဖြင့် အောက်မှာ ကျောက်ဆောင်ရှိနေတဲ့ နေရာကျမှ ဒီလိုဖြစ်ရတယ်" ဟု ကာ နယ်ဂျူလယန်းက ပြောသည်။

"အဲဒီညကလဲ လေက သိပ်ထန်နေတယ်။ တက်မမှာလဲ တစ်ခုခုဖြစ်ချင် ဖြစ်နေမှာပေါ့။ မတော်တဆ ကျပ်သွားတာမျိုး၊ ဂျမ်းဖြစ်သွားတာမျိုးပေါ့။ ဒါကြောင့် ဓားယူရအောင် ကေဗင်ခန်းထဲကို ဝင်သွား တာ ဖြစ်ချင်လဲ ဖြစ်နိုင်တယ်" ဟု ဖရင့်ခရော်လေက ပြောသည်။
"ဟုတ်တယ်… ဟုတ်တယ်… ကျွန်တော်တို့ ဘယ်သိနိုင်ပါ့မလဲ။ အခု ကြုံလာမှတော့ ရင်ဆိုင်ရတော့မှာ ပဲ။ စောစောက ကျွန်တော်ပြောခဲ့သလို တရားရုံးမှာ အစစ်ခံဖို့ကိစ္စကိုမဖြစ်စေချင်ဘူး။ တတ်နိုင်ရန် တား လိုက်ချင် တယ်။ ဒါပေမဲ့ ကျွန်တော် လဲ မတတ်နိုင်ဘူး မဟုတ်လား။ အင်္ဂါနေ့မနက်မှာ စစ်ဆေးဖို့ ကျွန် တော် စီစဉ်နေ ပါတယ်။ မြန်နိုင် သမျှ အမြန်ဆုံးပြီးသွားအောင် လုပ်မှာပါပဲ။ ထုံးတမ်းစသ်လာမို့သာ လုပ် နေရတာပါ။ ဒါပေမဲ့ သတင်းထောက်တွေ ဒီကိစ္စထဲမပါအောင်တော့ ကျွန်တော်တို့ တတ်နိုင်မှာမဟုတ် ဘူးဗျာ"
ကာနယ်ဂျူလယန်း ၏ စကားဆုံးတော့ အားလုံးငြိမ်နေကြသည်။ ထိုင်ရာမှထကြဖို့ အချိန်တန်ပြီဟု ကျွန်မ ထင်လိုက်ပါသည်။

"ပန်းခြံထဲ သွားကြရအောင်လား" ဟု ကျွန်မက ပြောသည်။
အားလုံး ထိုင်ရာမှ ထကြသည်။ ပန်းခြံထဲရောက်တော့ ရပ်နေမိကြသည်။ ခဏကြာတော့ ကာနယ်ဂျူလ ယန်းက သူ့ လက်ပတ်နာရီကိုကြည့်ပြီး ပြောသည်။
"နေ့လယ်စာ စားရတာ သိပ်မြိန်တဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စက်ဒီဝင်တား။ ဒီနေ့ခင်း အလုပ်က လေးတွေ နည်းနည်း များနေလို့ ကျွန်တော် သွားဦးမှာပဲ။ စားပြီး လမ်းကြည့်ဆိုတာမျိုး ဖြစ်နေတဲ့အတွက် စိတ်မရှိပါနဲ့နော်"
"ကိစ္စမရှိပါဘူးရှင်…"
"ဒီကိစ္စကြီးပေါ် လာတဲ့အတွက် ကျွန်တော် သိပ်ဝမ်းနည်းပါတယ်။ ခင်ဗျားတို့ကို စာနာမိပါတယ်။ ခင်ဗျား ယောက်ျား ထက် ခင်ဗျားက ပိုစိတ်ထိခိုက်မယ်ဆိုတာကိုလဲ ကျွန်တော် ခန့်မှန်းမိပါတယ်။ ဘာပဲဖြစ်ဖြစ် ပေါ့လေ… ရုံးတော်မှာ စစ်ဆေးမှုပြီးသွားရင် ဒီအကြောင်းကို ခင်ဗျားတို့ နှစ်ယောက် စလုံး မေ့ပစ် လိုက် ကြပါ"

"ဟုတ်ပါတယ်ရှင်… ကျွန်မတို့ ကြိုးစားပါ့မယ်"
"ကျွန်တော့်မော်တော်ကား ကို ဟောဟိုနားကလေးမှာ ရပ်ထားခဲ့တယ်။ မစ္စတာခရော်လေ ကျွန်တော်နဲ့ လိုက်ခဲ့ ပါလား… ခင်ဗျားကို ရုံးမှာ ချထားပေးခဲ့မယ်လေ"
"ကျေးဇူးတင်ပါတယ် ခင်ဗျာ…"
ကာနယ်ဂျူလယန်းက ကျွန်မဆီလာပြီး လက်ဆွဲနှုတ်ဆက်သည်။
"နောက်မှ ထပ်တွေ့ကြသေးတာပေါ့" "ဟုတ်ကဲ့ပါရှင်…" သူ့မျက်နှာကို ကျွန်မ မကြည့်ပါ။ ကျွန်မ၏အမူအရာကို ရိပ်မိသွားမှာ စိုးပါသည်။ သည်အဖြစ်မှန်များကို ကျွန်မ သိထားပြီးကြောင်း သူ မသိစေလိုပါ။ မက်ဇင်မ်က သူတို့ကို မော်တော်ကားဆီသို့ လိုက်ပို့သည်။ ကားထွက်သွားတော့ ကျွန်မဆီ ပြန်လာသည်။ ကျွန်မ လက်ကို ကိုင်ကာ နှစ်ယောက်အတူရပ်ပြီး ပင် လယ်ပြင်ဆီသို့ ငေးကြည့်နေမိကြသည်။

"အားလုံး အဆင်ပြေသွားမှာပါ။ အစ်ကို့စိတ်တွေ တည်ငြိမ်နေပါတယ်။ အပြည့်အဝလဲ ယုံကြည်မှုရှိနေ တယ်။ ထမင်းစားနေ တုန်း ဖရင့်နဲ့ ဂျူလယန်းတို့နှစ်ယောက် ဘယ်အခြေအနေမှာရှိတယ်ဆိုတာ မြင် တယ်မဟုတ်လား။ ရုံးတော် က စစ်ဆေးတဲ့အခါမှာ ဘာအခက်အခဲမှ ရှိမှာမဟုတ်ပါဘူး။ အားလုံး အဆင်ပြေသွားမှာပါ"
ကျွန်မ က ဘာမျှပြန်မပြောပါ။ သူ့လက်ကိုသာ တင်းတင်းကြီး ဆုပ်ထားမိပါသည်။ "ဟိုအလျင် တွေ့ခဲ့တဲ့ အလောင်းနဲ့ ပတ်သက်လို့လဲ ဘာမှပြောစရာမရှိတော့ပါဘူး။ အခုတွေ့ရတဲ့ အလောင်းကို အစ်ကို မပါဘဲ ဆရာဝန် တစ်ယောက်တည်းနဲ့တောင် အတည်ပြုပေးနိုင်ပါတယ်။ အားလုံး ရိုးရိုးစင်းစင်း ကလေးတွေ ချည်းပဲ။ အစ်ကို့ခြေရာလက်ရာတွေလဲ ဘာမှမကျန်ခဲ့ဘူး။ ကျည်ဆံကလဲ ဘယ်အရိုး ကိုမှ မထိဘူး"
လိပ်ပြာတစ်ကောင် က ကျွန်မတို့ကို ကျော်ဖြတ်ပျံသန်းသွားသည်။

"သူတို့ပြောသွားကြတာတွေ ကြားတယ်မဟုတ်လား။ ကေဗင်ထဲမှာ ပိတ်မိသွားတာဖြစ်မယ်လို့ ပြောကြ တာလေ။ ဂျူရီလူကြီးတွေကလဲ ဒါကို ယုံကြမှာပါပဲ။ ဆရာဝန်ကလဲ ဒီအတိုင်း ပြောပြမှာပါ"
သူက စကားဖြတ်လိုက်သည်။ ကျွန်မကမူ ဘာမျှပြန်မပြောဘဲ ငြိမ်မြဲ ငြိမ်နေသည်။

"မင်းအတွက်ပဲ အစ်ကို စိတ်မကောင်းဖြစ်မိပါတယ်ကွယ်… အခြား ဘာအတွက်မှဝမ်းမနည်းဘူး။ ဒီလို ဘဝမျိုးထပ်ကြုံရဦးမယ်ဆိုရင်လဲ ဒီအတိုင်းပဲ လုပ်မိမှာပါ။ ရဘက်ကာကို သတ်လိုက်မိတဲ့အတွက် ဝမ်း သာမိတယ်။ ဘာမှ စိတ်မကောင်းဖြစ်နေစရာ အကြောင်းမရှိဘူး။ ဘယ်တော့မှလဲ နောင်တရမှာမဟုတ် ဘူး။ ဒါပေမဲ့ မင်းအတွက် အစ်ကို စိတ်မကောင်းဖြစ်မိတယ်။ ဒီကိစ္စတွက် မင်း ဘယ်လို ခံစားသွားရ တယ်ဆိုတာ အစ်ကို့ တစ်သက် မေ့နိုင်တော့မှာ မဟုတ်ဘူး။ ထမင်းစားနေတုန်းက မင်းကိုကြည့်ပြီး စဉ်း စားနေမိတယ်။ အခုတော့ သွားပါပြီ။ မင်းရဲ့ပျိုမျစ်နုနယ်မှုဟာ ပျောက်ဆုံးသွားပြီ။ မင်းဟာ အိုစာသွား ပြီ။ ဒီလို ပျိုမျစ်နုနယ်မှုမျိုး ကို ဘယ်တော့မှ မင်း ပြန်မရနိုင်တော့ဘူး။ အဲဒီ မင်းရဲ့ပျိုမျစ်နုနယ်မှုကိုလဲ အစ်ကို သတ်ပစ် လိုက်မိ သလို ဖြစ်သွားပြီ။ ရဘက်ကာရဲ့အကြောင်းတွေ အစ်ကို ပြောပြနေဆဲမှာပဲ မင်း ရဲ့ပျိုမျစ်နုနယ်မှုတွေ အားလုံး ပျောက်ဆုံး ကုန်တော့တယ်။ ၂၄ နာရီအတွင်း အားလုံး ပျောက်သွားပြီ။ မင်းဟာ အများကြီး ပိုပြီး အိုမင်း ရင့်ရော်သွားပြီ…"

အခန်း (၂၂)


ထို့နေ ညဦးပိုင်းတုန်းက ကျွန်မတို့ နယ်ထုတ်သတင်းစာများကို ဖရစ်က ယူလာပေးသည်။ မျက်နှာဖုံး ထိပ်တွင် ဧရာမ စာလုံးမည်းကြီးများနှင့် ခေါင်းစဉ်များ တပ်ထားကြသည်။
ဖရစ် က စားပွဲပေါ်မှာ သတင်းစာကို တင်သွားသည်။ ထိုအချိန်က မက်ဇင်မ်မရှိပါ။ ညစာစားဖို့ အဝတ် အစား တက် လဲနေခိုက်ဖြစ်သည်။ ဖရစ်က ကျွန်မ တစ်ခုခုပြောမည်ထင်ပြီး ရပ်စောင့်နေသည်။ တစ် အိမ်လုံး သိပြီးဖြစ်သော အကြောင်းကြီး ကို ကျွန်မက မသိချင်ယောင်ဆက်ဆောင်နေမည်ဆိုလျှင် မိုက် မဲရာသာ ကျပေတော့ မည်။
"အင်မတန် ကြောက်စရာကောင်းတဲ့ အဖြစ်ကြီးပဲနော် ဖရစ်…" ဟု ကျွန်မက ပြောလိုက်သည်။

"ဟုတ်ပါတယ် ဆရာတော်… ကျွန်တော်တို့အားလုံးလဲ အကြီးအကျယ် စိတ်မချမ်းမသာဖြစ်နေကြရပါ တယ်"
"မစ္စတာဒီဝင်းတား အတွက် ပိုပြီး စိတ်ထိခိုက်စရာဖြစ်နေတယ်။ အဟောင်းတွေက အသစ်ပြန်ဖြစ် လာရ ပြန်ပြီလေ…"
"မှန်ပါတယ် ဆရာကတော်… ပထမ အလောင်းတစ်ခုတွေ့ခဲ့ပြီးမှ ဒုတိယအလောင်းတစ်ခုကို ထပ်ပြီး အတည်ပြုပေး ရဦးမယ်ဆိုတာ တုန်လှုပ်ချောက်ချားစရာ အင်မတန်ကောင်းတဲ့ အဖြစ်ပါပဲ။ သင်္ဘောထဲ မှာ တွေ့နေရ တဲ့ ပစ္စည်းတွေဟာ ကွယ်လွန်သူ မစ္စက်ဒီဝင်းတားရဲ့ပစ္စည်းတွေဖြစ်တယ်ဆိုတာတော့ မယုံကြည်နိုင် စရာ အကြောင်းမရှိဘူး ထင်ပါရဲ့နော်"
"မယုံကြည်နိုင် စရာ ဘာမှမရှိပါဘူး ဖရစ်"
"ကေဗင်ခန်းထဲ မှာ ပိတ်မိသွားတယ်ဆိုတာလဲ အံ့သြစရာပဲ။ သူဟာ အင်မတန် ကျွမ်းကျင်တယ်"

"ဟုတ်ပါတယ် ဖရစ်… ကျွန်မတို့အားလုံးပဲ ဒီအတိုင်း သဘောရကြပါတယ်။ ဒါပေမဲ့ မတော်တဆမှုတစ် ခု ကတော့ ဖြစ်လာခဲ့ပြီလေ။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာလဲ ဘယ်တော့မှ ကျွန်မတို့ သိနိုင်ကြတော့ မှာ မဟုတ်ဘူး"
"ပွဲလမ်းသဘင်ကြီး ကျင်းပပြီး နောက်တစ်နေ့မှာပင် ဒါမျိုးဖြစ်လာရတဲ့အတွက် ကျွန်တော်တို့အားလုံး ပိုပြီး စိတ် ထိခိုက်ကြရပါတယ်။ ဒီလိုဖြစ်ဖို့ မကောင်းပါဘူး" "ဟုတ်ပါတယ်… မကောင်းပါဘူး"
"ရုံးတော်က စစ်ဆေးရဦးမယ်ဆိုတာ ဟုတ်ပါသလား ဆရာကတော်" "ဟုတ်ပါတယ်။ ထုံးတမ်းစဉ်လာအတိုင်း လုပ်ရတာပါ" "ဒါလဲမှန်ပါတယ် ဆရာကတော်… ကျွန်တော်တို့အားလုံးပါ သက်သေခံနေရဦးမှလား ခင်ဗျာ"

"ကျွန်မတော့ မထင်ပါဘူး"
"မိသားစုအတွက်ဆိုရင် ကျွန်တော် ဘာပဲလုပ်ပေးရ လုပ်ပေးရ ဦးမလေးပါဘူး ဆရာကတော်။ ဒီ အကြောင်း မစ္စတာ ဒီဝင်းတားလဲ သိပါတယ်" "ဟုတ်ပါတယ် ဖရစ်… သူ ကောင်းကောင်း သိပါတယ်"
"ဒီအကြောင်းတွေ ဘာမှမဆွေးနွေးကြဖို့ အိမ်ဖော်တွေအားလုံးကို ကျွန်တော် မှာထားပါတယ်။ ဒါပေမဲ့ စောင့်ကြည့်နေဖို့ ဆိုတာလဲ မလွယ်ဘူး မဟုတ်လားခင်ဗျာ။ အထူးသဖြင့် မိန်းကလေးတွေ ပိုဆိုးတယ်။ ဒီသတင်းကြောင့် မစ္စက်ဒင်ဗာ လဲ အတော့်ကို ချောက်ချားနေပါတယ်"
"ဟုတ်ပါတယ်… ကျွန်မလဲ ထင်ထားပါတယ်"
"နေ့လယ်စာ စားပြီးတော့ သူ့အခန်းကို တောက်လျှောက်ပြန်တက်သွားပါတယ်။ ပြန်ကို ဆင်းမလာ တော့ပါဘူး၊ အဲလစ် က လက်ဖက်ရည်နဲ့ သတင်းစာကို စောစောကပဲသွားပို့ပေးပါတယ်။ သူ အတော့်ကို ယူကျုံး မရ ဖြစ်နေတယ်လို့ ပြောပါတယ်"

"သူ့အခန်းထဲမှာ သူ နေနေတာပဲ အကောင်းဆုံးဖြစ်လိမ့်မယ်။ မကျန်းမာတဲ့အခါမှာ ဘာမှ မလုပ်တာ ကောင်းတယ်။ အဲလစ် နဲ့ ပြောခိုင်းလိုက်ပါ။ အနားယူနေပါလို့ ကျွန်မပဲ အိမ်မှုကိစ္စတွေကို တာဝန်ယူ စီမံ သွားပါ့မယ်လို့…"
"ကောင်းပါပြီ ဆရာကတော်… ခန္ဓာကိုယ်အနေနဲ့ မကျန်းမာတာတော့ မဟုတ်ပါဘူး။ ကွယ်လွန်သူ မစ္စက်ဒီဝင်းတား ရဲ့အလောင်းကို ပြန်တွေ့ရတယ်ဆိုတဲ့အကြောင်း တုန်လှုပ်ပြီး စိတ်ဓာတ်ချောက်ချား သွားတာ ပါ။ မစ္စက်ဒီဝင်းတား အပေါ်မှာ သူ သိပ်သံယောဇဉ်ကြီးခဲ့ပါတယ်"
"ဟုတ်ပါတယ်… ကျွန်မ သိပါတယ်"
ပြီးတော့ အခန်းအပြင်သို့ ဖရစ် ထွက်သွားသည်။ မက်ဇင်မ် ဆင်းမလာမီ သတင်းစာကို ကမန်းကတန်း လှမ်းကြည့်လိုက်သည်။ မျက်နှာဖုံးတစ်မျက်နှာလုံး ထိုအကြောင်းနှင့် ပြည့်နေသည်။ မက်ဇင်မ်၏မှုန်ဝါး ဝါးဓာတ်ပုံတစ်ပုံ ကိုလည်း ဖော်ပြထားသေးသည်။ လွန်ခဲ့သော ဆယ့်ငါးနှစ်လောက်က ရိုက်ထားသည့် ဓာတ်ပုံဖြစ်လေ သည်။

သတင်းအဆုံးတွင် ကျွန်မအကြောင်းကိုလည်း အနည်းငယ် ထည့်ရေးထားသည်။ မက်ဇင်မ်သည် ကျွန်မကို ဒုတိယဇနီး အနေဖြင့် လက်ထပ်ခဲ့ကြောင်း၊ ဆန်းကြယ်သည့် အဝတ်အစားများ ဝတ်ဆင်ပြီး တက်ရသော ပွတ်သဘင်ပွဲကြီး ကိုလည်း ယခုကိစ္စကြီးမဖြစ်ပွားမီ ညက တည်ခင်းခဲ့ကြောင်း၊ ရဘက် ကာသည် အလွန် တရာချောမော လှပကြောင်း၊ အင်မတန် တော်ကြောင်း၊ သူနှင့်တွေ့ဖူးသူတိုင်းက သူ့ ကိုချစ်ကြောင်း များ ရေး ထားသည်။ ထိုအကြောင်းများကို ဖတ်ရတော့ အခံရခက်သလိုလို ဖြစ်မိသည်။
ရဘက်ကာ သည် လွန်ခဲ့သော တစ်နှစ်ကျော်က ရေနစ်သေဆုံးခဲ့ကြောင်း ထို့နောက် မက်ဇင်မ်က ကျွန်မကို လက်ထပ်ပြီး မန်ဒါလေစံအိမ်ကြီးသို့ တိုက်ရိုက်ခေါ်လာခဲ့ကြောင်း၊ (သူတို့ရေးသားချက်) ကျွန်မကို ဂုဏ်ပြုသည့် အနေဖြင့် ပွတ်သဘင်ပွဲကြီး ကျင်းပခဲ့ကြောင်း၊ နောက်နေ့တွင် အလောင်းကိုပြန် တွေ့ရကြောင်း၊ ကေဗင်ထဲမှာ ပိတ်မိ သွားခြင်းဖြစ်ကြောင်းများ ဆက်ရေးထားသည်။ အမှန်တွေလည်း ပါသည်။ သတင်းစာအနေနှင့်တော့ သူ့ စာဖတ်ပရိသတ် အတွက် တခမ်းတနား ရေးရပေလိမ့်မည်။

မက်ဇင်မ် မမြင်အောင် သတင်းစာကို ကုလားထိုင်အောက်မှာ ကျွန်မ ဝှက်ထားလိုက်မိသည်။ သို့သော် လည်း နောက်တစ်နေ့မနက်ထုတ် သတင်းစာများကိုတော့ သူ မမြင်အောင် ကျွန်မ မတတ်နိုင်တော့ပါ။ လန်ဒန်မြို့ထုတ် သတင်းစာတွေကလည်း ရေးကြသည်။ မန်ဒါလေစံအိမ်ကြီး၏ပုံကိုလည်း ဖော်ပြကြ သည်။ မက်ဇင်မ်သည်လည်း သတင်းဖြစ်နေည်။
နံနက်စာစားရင်း သတင်းစာဖတ်နေသော မက်ဇင်မ်ကို ကျွန်မ အကဲခတ်ကြည့်နေမိသည်။ သတင်းစာ ဖတ်နေ ရင်း သူ့မျက်နှာသည် တဖြည်းဖြည်းဖြူလာသည်။ ဘာမှတော့ မပြော။ ကျွန်မကို လှမ်းကြည့် သည်။ ကျွန်မက သူ့ဆီ သို့ လက်ကမ်းပေးလိုက်သည်။ သူက သတင်းစာများကို ခပ်တိုးတိုးဆဲနေသည်။

အဖြစ်မှန်ကို သိလျှင် သတင်းစာတွေက ဘယ်လောက်များ ရေးလိုက်ကြမလဲ။  သတင်းစာရောင်းသူ လက်ပွေ့သမား များလည်း ဘယ်လောက်တောင် အော်ဟစ်လိုက်ကြမလဲဟု စဉ်းစားနေမိသည်။ နံနက် စာ စားပြီးချိန် တွင် ဖရင့်ခရော်လေ ရောက်လာသည်။ သူ့မျက်နှာလည်း ဖြူဖပ်ဖြူရော်ဖြစ်ပြီး ပင်ပန်းနွမ်း နယ်နေပုံ ရသည်။ ညတုန်းက သူ အိပ်ပျော်ခဲ့ပုံမပေါ်။
"မန်ဒါလေအိမ် ကို ဆက်တဲ့ဖုန်းမှန်သမျှ ရုံးကို လိုင်းပြောင်းပေးဖို့ အိပ်စ်ချိန်းကို ကျွန်တော် မှာထားလိုက် တယ်။ ဘယ်သူ ဆက်ဆက် ရုံးကိုပဲ ပေးလို့ပြောထားတယ်။ သတင်းထောက်တွေ ဆက်တာဆိုရင် ကျွန် တော် ကြည့်ရှင်း လိုက်မယ်။ တယ်လီဖုန်းအတွက် ဘာမှမပူပါနဲ့။ တစ်နယ်လုံးကလဲ ဝိုင်းဆက်နေကြ တယ်။ အခုလို အရေးတယူ ဆက်ကြတာကို မစ္စတာနဲ့ မစ္စက်ဒီဝင်းတားက ကျေးဇူးတင်ပါတယ်လို့…။ ဒါ ပေမဲ့ နောက်ရက် အနည်းငယ်တွင်းတော့ သူတို့ ဖုန်းလက်ခံစကားမပြောနိုင်သေးတာကို နားလည်ခွင့် လွှတ်ကြပါ လို့ ပြောလိုက်တယ်။ မနက် ရှစ်နာရီခွဲလောက်က မစ္စက်လေစီလဲ ဆက်သေးတယ်။ သူ ဒီကို လိုက်လာချင်ပါ တယ်တဲ့" "ဟိုက်… ဒုက္ခပါပဲ" ဟု မက်ဇင်မ်က အလန့်တကြား ညည်းလိုက်သည်။

"ဒါလဲ အရေးမကြီးပါဘူးခင်ဗျာ… သူ့ကိုလဲ ကျွန်တာ် တားလိုက်ပါတယ်။ ဒီကိုလိုက်လာခြင်းအားဖြင့် တစ်စုံတစ်ရာ အကျိုးထူးအောင် ဘာမှလုပ်ပေးနိုင်ဦးမှာ မဟုတ်ဘူးလို့ဘဲ  ကျွန်တော် ပြန် ပြော လိုက်ပါတယ်။ မစ္စတာ ဒီဝင်းတားအနေ နဲ့ ဘယ်သူနဲ့မှ မတွေ့ချင်သေးပါဘူးလို့လဲ ကျွန်တော် ပြန် ပြောလိုက်ပါတယ်။ ရုံးတော် က စစ်တော့မယ်ဆိုတာ သတင်းစာထဲမှာ တွေ့ရင်တော့ မလာဘဲနေမှာ မဟုတ်ဘူးထင်တယ်"
"တော်တော် သောက်သုံးမကျ တဲ့ သတင်းထောက်တွေကွာ…" ဟု မက်ဇင်မ်က ရေရွတ်ရင်း ဆဲနေပြန် သည်။
"ဟုတ်ပါတယ် ခင်ဗျာ။ ဒါပေမဲ့ သူတို့ဘက်က ကြည့်ရင်လဲ သူတို့ တရားပါတယ်။ သူတို့အဖို့တော့ စား ကောင်းသောက်ဖွယ်ကြီး ဖြစ်နေတော့တာပေါ့။ သတင်းကောင်းရအောင် ရှာမလာနိုင်ရင် အယ်ဒီတာ က သူ့ တို့ကို ထုမယ်။ သတင်းစာကို ရောင်းကောင်းအောင် အယ်ဒီတာက မလုပ်နိုင်ရင် ပိုင်ရှင်က သူ့ကို ထုမယ်။ သတင်းစာ မရောင်းရရင် ပိုင်ရှင်ရှုံးမယ်။ ဒါကြောင့် သူတို့နဲ့ တွေ့ဖို့မလိုပါဘူး မက်ဇင်မ်။  ကျွန် တော် ပဲ ကောင်းအောင်ကြည့်စီစဉ်ထားပါ့မယ်။ ရုံးတော်မှာ ကောင်းကောင်း အစစ်ခံနိုင်ဖို့အတွက်သာ အာရုံစိုက်ပါ"

"ဘယ်လို အစစ်ခံရမယ်ဆိုတာ ကိုယ် သိပါတယ်" "ဟုတ်ပါတယ်။ ခင်ဗျား သိပါတယ်။ ဒါပေမဲ့ မှုခင်းရှေ့နေ ကောရစ်ခ်ျကိုတော့ လျှော့မတွက်နဲ့နော်…။ အဘိုးကြီး က သူ့အလုပ်မှာ သူ ဘယ်လောက် ကျွမ်းကျင်ကြောင်း၊ ဂျူရီလူကြီးတွေရှေ့မှာ အစွမ်းပြ တတ်တယ်။ သူရဲ့ရေလာမြောင်းပေး စကားတွေနောက် ကို ကိုယ် က မလိုက်မိစေဖို့ဘဲ အရေးကြီးတယ်"
"သူ့ရေလာမြောင်းပေးနောက် ကို ကိုယ်က ဘာကြောင့်လိုက်ရမှာလဲ၊ ဘာမှ များများစားစား ပြောစရာရှိ တာမှ မဟုတ်ဘဲ"
"များများ စားစား ပြောစရာမရှိတာတော့ မှန်ပါတယ်။ မှုခင်းရှေ့နေ စစ်ဆေးတာကို ကျွန်တော်လဲ ခံခဲ့ရ ဖူးတယ်။ တောင်မေးမြောက်မေး နဲ့ စိတ်ထဲ မှာ ယားကျိကျိဖြစ်လာတတ်တယ်။ သူတို့နဲ့အကြောင်းသင့် နိုင်မှ"

"ဟုတ်ပါတယ်။ ဖရင့်ပြောတာ မှန်ပါတယ်" ဟု ကျွန်မက ဝင်ပြောသည်။ "ဖရင့် ဘာဆိုလိုတယ်ဆိုတာ ကျွန်မ သိတယ်။ အားလုံး ချောချောမောမောနဲ့ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားဖို့ လူတိုင်းအတွက် အရေး ကြီးပါတယ်။ ဒါပြီးသွား ရင် ဒီကိစ္စကြီးကို ကျွန်မတို့ မေ့ပစ်လိုက်နိုင်ပြီ။ လူတိုင်းကလဲ မေ့သွားကြမှာပါပဲ"
"ဒါ မှန်ပါတယ်" ဟု ဖရင့်က ပြောသည်။
သူနှင့် မျက်နှာချင်းမဆိုင်မိအောင် ကျွန်မ ရှောင်တိမ်းနေသည်။ ဖြစ်ရပ်အမှန်ကို ဖရင့်ခရော်လေ သိနေ ပြီဖြစ်ကြောင်း ယခင်က ထက် ပိုပြီး ယုံကြည်လာသည်။ မူလအစကတည်းက သည်အကြောင်းရင်းမှန် ကို သူ သိထား ခဲ့လေပြီ။ မန်ဒါလေစံအိမ်သို့ ကျွန်မ ရောက်သည့်အချိန်မှစ၍ ကျွန်မ သိခဲ့ပါသည်။ မက်ဇင်မ်၏ ကျန်းမာရေး အကြောင်းကို ဘီယက်ထရစ်ပြောစဉ်က ဖရင့်ခရော်လေသည် စကားလမ်း ကြောင်း ပြောင်းလဲ ပစ်ခဲ့ဖူးသည်။

ရဘက်ကာအကြောင်း ကို ပြောဖို့လည်း အမြဲတမ်း သူ တုံ့ဆိုင်းဆိုင်းဖြစ်နေတတ်သည်။ အဖြစ်မှန်ကို ဖရင့် သိနေကြောင်း မက်ဇင်မ်ကတော့ မသိ။ ဘယ်လိုသိသွားကြောင်းလည်း မက်ဇင်မ် မသိနိုင်ပါ။ ဖရင့် ကလည်း သူ သိနေကြောင်း မက်ဇင်မ် သိစေချင်ပုံ မရ။ ကျွန်မတို့ အားလုံးကြားမှာ အကာအဆီး အရံ အတားတွေ ရှိနေသည်။
တယ်လီဖုန်းနှောင့်ယှက်မှု အန္တရာယ်နှင့်တော့ ကင်းဝေးသွားသည်။ အချိန်ကို စောင့်နေဖို့သာရှိတော့ သည်။ အင်္ဂါနေ့ရောက်အောင် တည်တည်ငြိမ်ငြိမ်နှင့် စောင့်ဖို့သာ ရှိတော့သည်။
မစ္စက်ဒင်ဗာနှင့် လုံးဝ ထပ်မတွေ့တော့ပါ။ ယင်းလျာစာရင်းကိုတော့ ထုံးစံအတိုင်း နေ့စဉ်ပို့ပေးသည်။ ကျွန်မ ကလည်း ဘာအပြောင်းအလဲမှ မလုပ်။ မစ္စက်ဒင်ဗာအကြောင်း ကလားရစ်ကို မေးကြည့်သည်။ မစ္စက်ဒင်ဗာ သည် ပုံမှန်အလုပ်များကို လုပ်နေကြောင်း၊ သို့သော်လည်း မည်သူ့ကိုမှ စကားမပြော ကြောင်း၊ အစားအသောက် များကိုလည်း သူ့အခန်းထဲမှာသာ စားသောက်လေ့ရှိကြောင်း ပြောသည်။

ကလားရစ်၏ မျက်လုံးများမှာလည်း အမြဲတမ်း ပြူးကျယ်ဝိုင်းစက်နေသည်။ ဘာဖြစ်နေသည်ကို စပ်စုလို သော အမူ အရာဖြစ်သည်။ သို့သော် ကျွန်မက ဘာမှမပြော။ အိမ်ဖော်အားလုံးသည် အကြောင်းအရာ တစ်ခုတည်း ကိုသာ ပြောဆိုနေကြသည် မှာ သေချာပါသည်။
ရာသီဥတု ကလည်း မပြောင်း၊ ပူအိုက်မြဲ ပူအိုက်နေသည်။ ရုံးတော်က အင်္ဂါနေ့မွန်းလွဲနှစ်နာရီတွင် စတင် ကြားနာ စစ်ဆေးရန်အချိန်သတ်မှတ်လိုက်သည်။
အင်္ဂါနေ့ရောက်တော့ တစ်နာရီထိုးရန် ဆယ့်ငါးမိနစ်အလိုတွင် ကျွန်မတို့ နေလယ်စာစားကြသည်။ ထမင်းစားနေ တုန်း ဖရင့်ခရော်လေ ရောက်လာသည်။ ဘီယက်ထရစ် ဖုန်းဆက်ကြောင်း၊ သူ လာနိုင် တော့မည် မဟုတ်ကြောင်း၊ သူ့သား ရော်ဂျာကျောင်းမှပြန်ရောက်လာကြောင်း၊ ဝက်သက်ပေါက်နေ ကြောင်း ပြောပြ သဖြင့် ကျေးဇူးတင် ရသေးတော့သည်။

ခပ်သုတ်သုတ် ပင် ထမင်းစားကြသည်။ စိတ်တွေကလည်း လှုပ်ရှားနေသည်။ စကားလည်း များများစား စား မပြောဖြစ်ကြ။ စားလို့သာ စားနေရသည်။ စားလိုစိတ်လည်း မရှိပါ။ မျိုလို့လည်း မကျပါ။ ရင်ထဲမှာ တင်းကျပ်နေသည်။ မက်ဇင်မ်က အိမ်ပြင်ထွက်သွားသည်။
အသင့် ထုတ်ထားပြီးသည့် ကားကို စက်နှိုးသည်။ ကျွန်မတို့ သွား ကြရတော့မည်။ တစ်ခုခု လုပ်ကြရတော့မည်ဆိုသည့် သဘောဖြစ်သည်။ ဖရင့်ခရော်လေက သူ့ကားနှင့် နောက်မှလိုက်လာသည်။ ကျွန်မတို့ ကားကို မက်ဇင်မ်က မောင်းသည်။ ကျွန်မက မက်ဇင်မ်၏ဒူးပေါ်မှာ လက်တင်ပြီး လိုက်ခဲ့သည်။
သူ့ကိုကြည့်ရသည် မှာ စိတ်လှုပ်ရှားပုံမပေါ်။ တည်ငြိမ်နေသည်။ ဆေးရုံတွင် ဆရာဝန်၏ခွဲစိတ်ကုသခြင်း ခံရမည့်သူ ကိုကြည့်ရန် သွားနေသော သဘောမျိုးဖြစ်နေသည်။ ခွဲစိတ်ကုသမှု အောင်မြင်မည် မအောင် မြင်မည် ကို မသိ။ ကျွန်မ လက်တွေ အေးနေသည်။ နှလုံးသွေးက တဒိတ်ဒိတ်ခုန်နေသည်။

ရုံးတော်မှ ကြားနာ စစ်ဆေးမည့်နေရာမှာ လာညွန်တွင် ဖြစ်သည်။ လာညွန်သည် ကားရစ်မှနေ၍ အတွင်းဘက် သို့ ခြောက်မိုင်လောက်ဝေးသည်။ ကျွန်မတို့၏ကားများကို လာညွန်ဈေးဘက်ရှိ ကားရပ် ရန် ကွက်လပ်တွင် ရပ်ကြသည်။ ဒေါက်တာဖီးလစ်နှင့် ကာနယ်ဂျူလယန်းတို့၏ကားများ ရပ်နှင့်ထားကြ သည်ကို တွေ့ရသည်။ အခြားကား များလည်း ရှိသည်။ ဖြတ်သွား ဖြတ်လာများက မက်ဇင်မ်ကို အကဲ ခတ်ကြည့်ကြသည်။
"ကျွန်မ ဒီမှာပဲနေခဲ့ရင် ကောင်းမယ်ထင်တယ်… အထဲကို မလိုက်တော့ဘူး" ဟု ကျွန်မက ပြောသည်။
"အစ်ကိုကလဲ မလိုက်စေချင်ဘူး။ ဒီကိုတောင် လိုက်မလာစေချင်တာ။ အိမ်မှာပဲ နေခဲ့ဖို့ကောင်းတယ်" ဟု မက်ဇင်မ် က ပြောသည်။ "ကိစ္စမရှိပါဘူး။ ကျွန်မ ကားထဲမှာ ထိုင်နေရင် ဖြစ်ပါတယ်"
ဖရင့်ရောက်လာပြီး ကားထဲသို့ ငုံ့ကြည့်သည်။

"မစ္စက်ဒီဝင်းတားရော လိုက်မှာလား"
"မလိုက်ပါဘူး။ ကားထဲမှာပဲ နေခဲ့ချင်တယ်တဲ့" ဟု မက်ဇင်မ်က ပြန်ဖြေသည်။
"အဲဒါကောင်းပါတယ်ဗျာ… ဟိုကိုလိုက်ဖို့အကြောင်းလဲ မရှိပါဘူး။ ကျွန်တော်တို့လဲ ဘယ်လောက်ကြာ မှာမှတ်လို့" "ကိစ္စမရှိပါဘူး" ဟု ကျွန်မက ပြန်ဖြေသည်။
"ကုလားထိုင်တစ်နေရာ ကျွန်တော် စီစဉ်ထားလိုက်မယ်။ တကယ်လို့ လိုက်လာချင်စိတ် ပေါက်သွား ရင်…"
သူတို့ ထွက်သွားကြသည်။ ကားထဲမှာ ကျွန်မ ထိုင်နေရစ်ခဲ့သည်။ ယနေ့ ဈေးစောစောပိတ်သည့်နေ့ဖြစ် သည်။ ဈေးဝယ်နာဝယ်လည်း သိပ်ရှိပုံမပေါ်။ လာညွှန်သည် ပင်လယ်ကမ်းခြေနှင့်ဝေးပြီး အတွင်းပိုင်း နည်းနည်း ကျသောကြောင့် လူသိပ်မစည်ကားလှ။ တစ်မိနစ်ပြီး တစ်မိနစ် အချိန်တွေ ကုန်သွားသည်။ သူတို့ ဘာတွေ လုပ်နေကြသနည်း။ မှုခင်းရှေ့နေ၊ မက်ဇင်မ်၊ ဖရင့်၊ ကာနယ်ဂျူလယန်း… ဘာတွေလုပ် နေကြသနည်း။

ကားထဲမှဆင်းခဲ့ပြီး ဈေးဘက်လျှောက်ကြည့်သည်။ ပြီးတော့ ဟိုနား သည်နားလျှောက်နေမိသည်။ ဈေး ဆိုင်တစ်ခုနား သို့ ရောက်လာသည်။ ဈေးဆိုင်ကိုရှောင်သည့်အနေဖြင့် တစ်ဖက်သို့လှည့်ထွက်လာခဲ့ သည်။ သည်တော့မှ ပင် အမှုစစ်နေသည့် ရုံးနားသို့ရောက်လာကြောင်း သတိထားမိတော့သည်။
မည်သည့်အချိန် တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်းသိသူနည်းလှသည်။ ထို့ကြောင့်လည်း သည်နေရာ တစ်ဝိုက် တွင် လူသူလေးပါးနည်းနေခြင်းဖြစ်သည်။ အစကတော့ လူတွေ ကြိတ်ကြိတ်ထိုးဖြစ်နေမည်ကို တွေးပြီး ပူပင် ခဲ့ရသေးသည်။ လှေကားအတိုင်းတက်သွားပြီး တံခါးပေါက်နားမှာ ရပ်နေမိသည်။
ရဲသား တစ်ယောက် ရောက်လာသည်။

"ဘာများ အလိုရှိပါသလဲ ခင်ဗျာ…" "ဘာမှ မလိုချင်ပါဘူး" ဟု ကျွန်မက ပြန်ဖြေသည်။ "ဒီနားမှာ ရပ်စောင့်နေလို့ မရပါဘူး ခင်ဗျာ" "ဝမ်းနည်းပါတယ်ရှင်…" ကျွန်မက လမ်းဘက်သို့ ပြန်လျှောက်လာခဲ့သည်။
"စိတ်မရှိပါနဲ့ ခင်ဗျာ… အစ်မကြီးက မစ္စက်ဒီဝင်းတားပါလား…" "ဟုတ်ပါတယ်" "ဒီလိုဆိုရင် ရပါတယ်။ ဒီမှာ စောင့်ချင်စောင့်နိုင်ပါတယ်။ အခန်းထဲက ကုလားထိုင်မှာရော ဝင်ထိုင်ချင် ပါသလား" "ကျေးဇူးတင်ပါတယ်"

လူမရှိသည့် အခန်းကလေးတစ်ခုအတွင်းသို့ သူက လိုက်ပို့ပေးသည်။ စားပွဲကလေးတစ်လုံးရှိသည်။ ထို နေရာ မှာ ဝင်ထိုင်သည်။ ငါးမိနစ်လောက် ကြာသွားမည်။ ဘာမှမဖြစ်။ အပြင်ကကားထဲမှာ ထိုင်နေရ သည်ထက် ဆိုးနေ သည်။ ထိုင်ရာမှထပြီး စင်္ကြံအတွင်းသို့ ပြန်ဝင်ခဲ့သည်။ ရဲသားက ထိုနေရာမှာပင် ရပ် နေသည်။
"ဘယ်လောက်ကြာဦးမှာလဲ" ဟု ကျွန်မက မေးသည်။ "သိချင်ရင် ကျွန်တော် သွားစုံစမ်းပေးပါ့မယ် ခင်ဗျား"
စင်္ကြံအတိုင်း သူ လျှောက်သွားသည်။ ချက်ချင်းဆိုသလိုပင် သူ ပြန်လာသည်။

"သိပ်ကြာတော့မယ် မထင်ပါဘူး။ မစ္စတာဒီဝင်းတား အစစ်ခံပြီးပါပြီ။ ကပ္ပတိန်ဆားလ်၊ ရေငုပ်သမား နဲ့ ဒေါက်တာဖီးလစ် တို့လဲ အစစ်ခံပြီးသွားပါပြီ။ သင်္ဘောတည်ဆောက်ပေးတဲ့ မစ္စတာတက် တစ်ယောက်ပဲ အစစ်ခံ ဖို့ ကျန်ပါတော့တယ်" "ဒါဆိုရင် ပြီးတော့မှာပဲ"
"ဟုတ်ပါတယ်ခင်ဗျာ…" ထိုသို့ပြောပြီး တစ်စုံတစ်ရာကို သတိရသွားပုံပေါ်သည်။ "ကျန်တဲ့လူရဲ့အစစ်ခံ ချက်ကို နားထောင် လိုပါသလား။ အခန်းထဲမှာ ထိုင်ခုံတစ်ခုရှိနေပါတယ်။ အခုနေဝင်သွားရင် ဘယ်သူမှ သတိထား လိုက်မိမှာ မဟုတ်ပါဘူး" "ဟုတ်ကဲ့… ဟုတ်ကဲ့… ဝင်နားထောင်လိုက်ရင် ကောင်းမယ်ထင်တယ်"
ပြီးခါလည်း နီးနေပြီ။ မက်ဇင်မ် အစစ်ခံပြီးပြီ။ ကျန်သူများ၏အစစ်ခံချက်ကို နားထောင်ရခြင်းအားဖြင့် ဘာမျှ အရေးမကြီးပါ။ မက်ဇင်မ်၏ အစစ်ခံချက်ကိုသာ ကျွန်မ နားမထောင်လိုခြင်းဖြစ်ပါသည်။ သူ့အစစ်ခံ ချက်ကို ကျွန်မ နားထောင် ရလျှင် စိတ်လှုပ်ရှားတော့မည်။ ထို့ကြောင့်လည်း သူတို့နှင့်အတူ လိုက်မသွား ခြင်းဖြစ်သည်။ ယခုတော့ အရေးမကြီးတော့ပါ။

ရဲသားနောက် သို့ ကျွန်မ လိုက်သွားသည်။ စင်္ကြံဆုံးတော့ တံခါးတစ်ခုကို သူ ဖွင့်ပေးသည်။ အတွင်းသို့ ဝင်ပြီး အပေါက်ဝ နားမှ ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။ သူများတွေ မမြင်အောင် ခေါင်းကို ပုထားမိ သည်။ ကျွန်မ ထင်ထားသည် ထက် အခန်းက ပိုကျဉ်းနေသည်။  ပူလည်း ပူအိုက်နေသည်။ ခုံတွေ အများကြီးရှိမည် ထင်ထားသော် လည်း များများစားစားမရှိ။ ရှေ့ဘက်အစွန်းတွင် မက်ဇင်မ်နှင့် ဖရင့်တို့ ထိုင်နေကြသည်။ မှုခင်းရှေ့နေ သည် ခပ်ပိန်ပိန်ဖြစ်သည်။ အသက်ကတော့ကြီးလှပြီ။ ကျွန်မ မသိသော အခြားလူတွေလည်း ရှိနေ သည်။

မစ္စက်ဒင်ဗာ ကို လှမ်းမြင်လိုက်ရတော့ ကျွန်မ ရင်တဒိတ်ဒိတ်ခုန်လာသည်။ သူ့ဘေးမှာလည်း ဂျက်ဖေ ဗယ်ဆိုသူ ထိုင်နေသည်။ ရဘက်ကာ၏ဝမ်းကွဲအစ်ကို ဂျက်ဖေဗယ်က ရှေ့ကိုင်းပြီး လက်နှစ်ဖက်ဖြင့် မေးထောက် ထားသည်။ မှုခင်းရှေ့နေ မစ္စတာဟောရစ်ခ်ျကို စိုက်ကြည့်နေသည်။ သူ ဒီမှာရှိနေလိမ့်မည် ဟု ကျွန်မ တွေးထင် မထား။ သူ့ကို မက်ဇင်မ် မြင်မှ မြင်ပါလေစ။ သင်္ဘောတည်ဆောက်သူ ဂျိမ်းစ်တက် မတ်တတ်ရပ်သေနည်။ မှုခင်းရှေ့နေ က သူ့ကို မေးခွန်းထုတ်နေသည်။

"ဟုတ်ပါတယ် ခင်ဗျာ။ အဲဒီ ရွက်သင်္ဘောကလေးကို မစ္စက်ဒီဝင်းတားအတွက် ကျွန်တော် ပြင် ဆင် ဆောက်လုပ်ပေး ခဲ့ ရပါတယ်။ ဒီသင်္ဘောဟာ အစကတော့ ငါးဖမ်းသင်္ဘောပါပဲ။ မစ္စက်ဒီဝင်းတား က ဝယ် ယူပြီး ရွက်သင်္ဘော ကလေးအဖြစ် ပြင်ဆင်တည်ဆောက်ပေးဖို့ ကျွန်တော့်ကို အပ်ပါတယ်"
"ပင်လယ်ထဲမှာ သုံးဖို့ သင့်လျော်တဲ့ အခြေအနေရော ရှိရဲ့လား" ဟု မှုခင်းရှေ့နေက မေးသည်။
"လွန်ခဲ့တဲ့နှစ် ဧပြီလတုန်းက ကျွန်တော် ပြင်ဆင်တည်ဆောက်ပြီး မစ္စက်ဒီဝင်းတားလက်ကို အပ်လိုက် တဲ့ အခါမှာ ပင်လယ်ထဲသွားနိုင်တဲ့ သင်္ဘောဖြစ်သွားပါတယ်။ မစ္စက်ဒီဝင်းတားရဲ့ခိုင်းစေချက်အတိုင်း ကျွန်တော် ပြုပြင်ပေး ခဲ့ပါတယ်။ ဒီသင်္ဘောကို မစ္စက်ဒီဝင်းတား အသုံးပြုနေတာ လေးရာသီလောက် ရှိ သွားပါပြီ"

"အလျင်တုန်း က ဒီသင်္ဘော နစ်ခဲ့ဖူးတယ်လို့ရော သိထားသလား"
"မနစ်ဖူး ပါဘူး ခင်ဗျာ။ မစ္စက်ဒီဝင်းတားကလဲ ဒီအကြောင်းကို မေးခဲ့ဖူးပါတယ်။ သင်္ဘောက မနစ်ဖူးပါ ဘူး။ ဒါကြောင့် မစ္စက်ဒီဝင်းတား ကလဲ သိပ်ကို ကျေနပ်နေပါတယ်"
"ဒီသင်္ဘော ကို အသုံးပြုဖို့ အများကြီး ဂရုစိုက်ပြုပြင်ဖို့တော့ လိုတယ်မဟုတ်လား"
"မှန်ပါတယ် ခင်ဗျာ… ရွက်သင်္ဘောဖြစ်ပြီဆိုရင် ဂရုတစိုက် ပြုပြင်ထိန်းသိမ်းဖို့ လိုတာအမှန်ပါပဲ။ ဒါပေမဲ့ မစ္စက်ဒီဝင်းတား ရဲ့သင်္ဘောကတော့ ဒါလောက်မဟုတ်ပါဘူး။ သူဟာ ပင်လယ်ထဲမှာ ရွက်လွင့်နိုင် လောက်အောင် တောင့်တင်းခိုင်မာတဲ့ သင်္ဘောဖြစ် ပါတယ်။ တော်ရုံတန်ရုံကြမ်း တဲ့ လေမုန်တိုင်းဒဏ် ကို လဲ ခံနိုင်ပါတယ်။ အခင်းဖြစ်ပွားတဲ့ ညထက်ဆိုးတဲ့ ရာသီဥတုမျိုးတွေတောင် မစ္စက်ဒီဝင်းတား ဟာ အကြိမ်ကြိမ် ရွက်တိုက်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီညက မစ္စက်ဒီဝင်းတားရဲ့သင်္ဘော နစ်မြုပ်ပျောက် ဆုံး သွားတယ်ဆိုတာ ကြားရတော့ ကျွန်တော် လုံးဝမယုံကြည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ခုထိလဲ မယုံနိုင် ပါဘူး"

"တကယ်လို့ မစ္စက်ဒီဝင်းတားဟာ အနွေးထည်ယူဖို့ ကေဗင်ထဲ ဝင်သွား တုန်း လေပြင်း တစ်ချက် ဆောင့်တိုး လိုက်တာမျိုးရော မဖြစ်နိုင်ဘူးလား"
ဂျိမ်းစ်တက် က ခေါင်းခါပြသည်။ ပြီးတော့ သူ့အဆိုပြချက်အတိုင်း အခိုင်အမာသာ ရပ်တည်နေသည်။
"မဖြစ်နိုင်ပါဘူးခင်ဗျာ… ဒီလိုဖြစ်နိုင်တာမျိုး ကျွန်တော် လုံးဝမတွေ့ရပါဘူး"

"ကောင်းပြီ… ဒီလိုဆိုရင် ဘာဖြစ်နိုင်မလဲ။ မစ္စတာဒီဝင်းတားကရော ကျွန်တော်တို့အားလုံးကပါ ခင်ဗျား သင်္ဘော တည်ဆောက်တာ ညံ့တယ်လို့ အပြစ်ဆိုနေကြတာ မဟုတ်ပါဘူး။ ခင်ဗျားတည်ဆောက်လိုက် တဲ့သင်္ဘောဟာ ပင်လယ်မှာ ရွက်လွင့်သွားနိုင်တယ်လို့ ခင်ဗျား အစစ်ခံခဲ့တယ်။ ကျွန်တော်တို့ သိချင် တာကလဲ ဒါပါပဲ။ မစ္စက်ဒီဝင်းတား သတိလစ်သွားတဲ့အချိန်မှာ မတော်တဆ သင်္ဘောနစ်သွားတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒီလိုမတော်တဆ မှုမျိုးတွ အလျင်တုန်းကလဲ ဖြစ်ခဲ့ဖူးပါတယ်။ ခင်ဗျားကို ထပ်ပြောဦး မယ်။ ကျွန်တော်တို့က ခင်ဗျား ကို အပြစ်ဆိုနေကြတာ မဟုတ်ပါဘူး"
"ကျွန်တော့်ကို ခွင့်လွှတ်ပါခင်ဗျာ… ဒါပေမဲ့ ကျွန်တော်ထပ်ပြီး နည်းနည်း အစစ်ခံစရာ ကျန်နေပါသေး တယ်။ ခွင့်ပြုမယ် ဆိုရင်  ကျွန်တော် ဆက်ပြီးအစစ်ခံပါ့မယ်" "ကောင်းပြီ… ဆက်ပြောပါ"

"ဒီလိုပါ ခင်ဗျာ… အဲဒီသင်္ဘောနစ်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော့်လုပ်ငန်းနဲ့ပတ်သက်ပြီး လူတွေက စိတ်မချနိုင်အောင် ဖြစ် လာကြပါတယ်။ မသေချာတဲ့ သင်္ဘောစုတ်ကြီး ကို ကျွန်တော်က မစ္စက် ဒီဝင်းတား လက် နွားမ ရွံ့ပိတ် ရောင်းလိုက်တယ် လို့ လူတွေက ပြောကြပါတယ်။ ဒါကြောင့် ကျွန်တော် တည်ဆောက်ပေး ရမယ့် သင်္ဘောနှစ်စင်း လက်လွတ်သွားပါတယ်။ ဒါဟာ ကျွန်တော့်အဖို့ အင်မတန် နစ်နာပါတယ်။ ဒါပေမဲ့ သင်္ဘော ကလဲ အမှန်တကယ် နစ်သွားတဲ့အတွက် ကျွန်တော့ဘက်က ဘာမှဖြေ ရှင်းမပြနိုင်တော့ပါဘူး။ အဲဒီနောက် မှာ ပျော်ပွဲစားထွက်တဲ့သင်္ဘော သောင်တင်ပါတယ်။ အားလုံးလဲ သိ ပြီးပါပြီ။ ဒါကြောင့် မစ္စတာ ဒီဝင်းတား ရဲ့သင်္ဘောကလေး ကို သွားတွေ့ပါတယ်။ ဒီသင်္ဘောကလေးကို ဆယ်ပြီး ကပ္ပတိန်ဆားလ်က ကျွန်တော့် ကို ကြည့်ရှုစစ်ဆေးခွင့် ပေးပါတယ်။ ကျွန်တော် စစ်ဆေးကြည့် တဲ့ အခါမှာ ပင်လယ်ရေပြင်အောက် မှာ တစ်နှစ်လုံးလုံး နစ်မြုပ်နေတာတောင် မှ ကျွန်တော် တည် ဆောက်ပေးခဲ့တာနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုကို အပြည့်အဝ ရခဲ့ပါတယ်"
"ဒါကတော့ သဘာဝ ပဲ… ခင်ဗျားအနေနဲ့ စိတ်တိုင်း ကျရပေမှာပေါ့" ဟု မှုခင်းရှေ့နေက ပြောသည်။

"မှန်ပါတယ်ခင်ဗျာ… ကျွန်တော် တည်ဆောက်ခဲ့တာနဲ့ပတ်သက်လို့တော့ အမှားအယွင်းတစ်စုံတစ်ရာ မရှိပါဘူး။ ဆယ်ယူလာပြီး တဲ့နောက် ကျွန်တော် အသေးစိတ် စစ်ဆေးကြည့်ရှုပါတယ်။ သင်္ဘောဟာ သဲ ရှိတဲ့နေရာမှာ နစ်နေ တာပါ။ ရေငုပ်သမား ကို ကျွန်တော် မေးကြည့်တော့ သူကလဲ ဒီအတိုင်းပြောပါ တယ်။ ကျောက်ဆောင်တန်း နဲ့ လုံးဝမတိုက်မိပါဘူး။ ကျောက်ဆောင်တန်းနဲ့ ငါးပေလောက်ဝေးတဲ့နေ ရာမှာ နစ်နေ တာပါ။ ရေအောက်သဲပြင်ပေါ်မှာ လဲနေပါတယ်။ ကျောက်ဆောင်နဲ့ တိုက်မိတဲ့ အမှတ်အ သားလဲ လုံးဝ မရှိပါဘူး"
သူက စကား ကို ရပ်လိုက်သည်။ မှုခင်းရှေ့နေက သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်။

"ကောင်းပြီ… ခင်ဗျား ဆက်ပြောချင်တယ်ဆိုတာ ဒါပဲလား"
"မဟုတ်ပါဘူး ခင်ဗျာ… ဒါ မဟုတ်ပါဘူး… ကျွန်တော် အစစ်ခံချင်တာက ဟောဒီလိုပါ။ သင်္ဘောရဲ့ဝမ်း ဗိုက်မှာ အပေါက်တွေ ဘယ်သူဖောက် ထားသလဲ။ ကျောက်ဆောင်ကြောင့်တော့ ဒီအပေါက်တွေ မ ပေါက်နိုင်ပါဘူး။ အနီးဆုံး ကျောက်ဆောင်ဟာ ငါးပေးဝေးပါတယ်။ ဒါတင်မကသေးပါဘူး။ အခု တွေ့ရ တဲ့ အပေါက်တွေ ဟာလဲ ကျောက်ဆောင်နဲ့တိုက်မိလို့ ပေါက်တဲ့ အပေါက်မျိုးမဟုတ်ပါဘူး။ ဝမ်းဗိုက်ကွဲ သွားတာမျိုးမဟုတ်ပါဘူး။ သံချွန် နဲ့ တမင် ထိုးဖောက်ထားတဲ့အပေါက်တွေ ဖြစ်နေပါတယ်"
သူ့ကို ကျွန်မ မကြည့်တော့ပါ။ ကြမ်းပြင်ပေါ်သို့သာ ငုံ့ကြည့်နေမိပါသည်။ မှုခင်းရှေ့နေက ဘာကြောင့် များ တစ်စုံတစ်ရာ ကို ဆက်မပြောပါလိမ့်ဟု တွေးနေမိသည်။ ဘာဖြစ်လို့ သူ အကြာကြီး ရပ်နေပါလိမ့် ဟု တွေးနေမိသည်။ နောက်ဆုံး သူပြောတော့ သူ့အသံက အဝေးကြီးက ပြောသလိုဖြစ်နေသည်။

"ခင်ဗျား ဘာကိုဆိုလိုတာလဲ… ဘယ်လို အပေါက်မျိုးလဲ"
"အဲဒီမှာ စုစုပေါင်း အပေါက်သုံးပေါက်ကို တွေ့ရပါတယ်။ တစ်ပေါက်က ဦးပိုင်းနားမှာ၊ နောက်တစ် ပေါက်က ညာဘက် ပျဉ်းပြားပေါ်မှာ၊ ကျန်တစ်ပေါက်က ဒုတိယအပေါက်နဲ့ကပ်လျက်၊ အဲဒီအပေါက် တွေတင် မဟုတ်သေး ပါဘူး။ ရေထုတ်တဲ့ ပိုက်ခေါင်းနှစ်ခုကလဲ ပွင့်နေပါတယ် ခင်ဗျာ…"
"ရေထုတ်တဲ့ ပိုက်ခေါင်း… အဲဒါ က ဘာလဲ…"
"ကိုယ်လက်သန့်စင် တဲ့ နေရာကရေ နဲ့ အိမ်သာက ရေကိုထုတ်တဲ့ ပိုက်ခေါင်းတွေဖြစ်ပါတယ်။ သင်္ဘောရွက်တိုက် သွားတဲ့အခါ မှာ အဲဒီပိုက်ခေါင်းတွေ ကို ပိတ်ထားရပါတယ်။ ကျွန်တော် စစ်ဆေး ကြည့်တော့ အဲဒီ ပိုက်ခေါင်း နှစ်ခုစလုံး အဆုံးအထိ ဖွင့်ထားတာကို တွေ့ရပါတယ်"

အခန်းထဲမှာ အရမ်းပူလာသည်။ မခံမရပ်နိုင်အောင် ပူလာသည်။ ဘာဖြစ်လို့များ ပြတင်းပေါက်တွေကို သူတို့ မဖွင့်ကြပါလိမ့်။ သည်အတိုင်းဆိုလျှင် အသက်ရှုကျပ်ပြီး သေဖွယ်ရာသာရှိတော့သည်။ သည် အခန်းထဲမှာ လူတွေ ကလည်း များလှသည်။
"အဲဒီလို ဝမ်းဗိုက်က အပေါက်သုံးပေါက်ရယ်… ရေထုတ်ပိုက်ခေါင်းကို အဆုံးအထိ ဖွင့်ထားတာရယ်ဆို ရင် အခုလို သင်္ဘောသေးသေးကလေးဟာ သေချာပေါက် နစ်ရမှာပါပဲ။ ဆယ်မိနစ်ထက်ပိုပြီးတော့ မကြာနိုင်ပါဘူးလို့ တင်ပြပါရစေ။ ကျွန်တော့်ဆီက ယူသွားတဲ့အချိန်မှာ အဲဒီအပေါက်တွေ မရှိပါဘူး။ ကျွန်တော့်လုပ်ငန်း အတွက် မစ္စက်ဒီဝင်းတားရော ကျွန်တော်ပါ ဂုဏ်ယူခဲ့ကြပါတယ်။ ကျွန်တော့်ထင် မြင်ချက်ကတော့ သင်္ဘောဟာ နစ်သွားတာ မဟုတ်ပါဘူး။ တမင်ရည်စူးချက် နဲ့ အနှစ်အမြုပ်ခံလိုက်ရ တာပါ"

အပြင်သို့ ထွက်ပြေးဖို့ ကျွန်မ ကြိုးစားရတော့မယ်။ အပြင်ဘက်က အခန်းကလေးထဲသို့ ပြန်သွားဖို့ ကြိုး စား ရတော့မယ်။ သည်အခန်းထဲ မှာ အရမ်းမွန်းကျပ်နေပြီ။ တစ်စုံတစ်ယောက်က ကျွန်မဘက်သို့ တိုး ကပ်လာသည် ဟု ထင်ရသည်။ ကျွန်မရှေ့ရှိ တစ်ယောက်က မတ်တတ်ရပ်သည်။ ပြီးတော့ သူတို့အား လုံးတစ်ပြိုင်တည်း စကားတွေ ပြောနေကြသည်။ ဘာတွေဖြစ်ကုန်သည်ကို ကျွန်မ မသိတော့ပါ။ အခန်း ထဲမှာ အရမ်း ပူအိုက်နေ သည်။ ဘာကိုမှ လည်း ကျွန်မ မမြင်ရတော့။
မှုခင်းရှေ့နေ က အားလုံးတိတ်ရန် သတိပေးနေသည်။ မစ္စတာဒီဝင်းတား အကြောင်းကိုလည်း တစ်စုံ တစ်ရာပြောလေ သည်။ ကျွန်မ ဘာကိုမှမမြင်ရတော့။ ဘာကိုမှလည်း မကြားရတော့။ ကျွန်မရှေ့မှာ မိန်းမ တစ်ယောက်၏ ဦးထုပ်တစ်လုံးကို မြင်နေရသည်။ မက်ဇင်မ်လည်း မတ်တတ်ရပ်နေပြီ။ သူ့ကို လည်း ကျွန်မ မကြည့်နိုင်တော့ ပါ။ မစ္စက်ဒင်ဗာ လည်း မတ်တတ်ရပ်နေသည်။ မှုခင်းရှေ့နေ ပြောနေ သည်များကို သူတို့ နားထောင်နေကြသည်။

"မစ္စတာဒီဝင်းတား… ဂျိမ်းစ်တက်ရဲ့ အစစ်ခံချက်ကို ခင်ဗျား ကြားလိုက်ရပါတယ်။ မစ္စက်ဒီဝင်းတားရဲ့ သင်္ဘော ကို ဘယ်သူ စောင့်ရှောက်ထိန်းသိမ်းပေးပါသလဲ။ ဝမ်းဗိုက်က အပေါက်တွေအကြောင်းကို ခင်ဗျား ဘာသိပါသလဲ" "ကျွန်တော် ဘာမှမသိပါဘူး" "ဘာကြောင့် ဒီလိုအပေါက်တွေ ပေါက်နေရတယ်ဆိုတာကိုရော စဉ်းစားပေးနိုင်ပါသလား" "ကျွန်တော် ဘာမှမသိပါဘူး" "ဒီအကြောင်းကို ခင်ဗျား ကြားဖူးတာ ဒါဟာ ပထမဆုံး အကြိမ်ပဲ မဟုတ်လား" "မှန်ပါတယ်" "ဒီလိုကြားရတော့ ခင်ဗျား တုန်လှုပ်ချောက်ချားသွားပါသလား"

"လွန်ခဲ့တဲ့တစ်နှစ်က အလောင်းမှားပြီး အတည်ပြုချက် ပေးခဲ့မိတယ်ဆိုတာ တစ်ခုတည်းနဲ့တင် တုန် လှုပ်ချောက်ချားဖို့ အကြောင်း လုံလောက်သွားပါပြီ။ အခုအခါ ကွယ်လွန်သူ ကျွန်တော့်ဇနီးဟာ ရိုးရိုးရေ နစ်သေ ရတာ မဟုတ်ဘဲ သင်္ဘောထဲကို ရေဝင်အောင် တစ်စုံတစ်ယောက်က တမင်ရည်စူးပြီး အပေါက် ဖောက်ထားတယ် ဆိုတာကို ကြားရပြန်ပါတယ်။ ဒီလိုကြားရတဲ့အခါမှာ ရှေ့နေမင်းရော ကျွန်တော်သာ ဆိုရင် တုန်လှုပ်ချောက်ချား သွားမှာပဲ မဟုတ်ပါလား" မပြောရဘူး… မပြောရဘူး… မက်ဇင်မ် ဒီလိုမပြောရဘူး။ မှုခင်းရှေ့နေ က ကိုယ့်ကိုဆန့်ကျင်သွားလိမ့် မယ်။ စောစောတုန်းက ဖရင့်ပြောခဲ့တာ မကြားဘူးလား။ သတိမရတော့ ဘူးလား။ ဒီအသံမျိုးနဲ့မပြောပါ နဲ့။ စိတ်ဆိုးသံကြီးနဲ့ ပြန်မပြောပါနဲ့။ သူ နားမလည် ဘဲ ဖြစ်သွားလိမ့်မယ်။ ကိုယ့် ကို ဆန့်ကျင်သွားလိမ့် မယ်။

ကျေးဇူးပြုပြီး ဒီလိုမပြောလိုက်ပါနဲ့ အချစ်ရယ်… ဒီလို မပြောလိုက်ပါနဲ့ အချစ်ရယ်… အလို… ဘုရား… ဘုရား… ဘုရား ကယ်တော်မူပါ။ မက်ဇင်မ် ကို စိတ်မဆိုးပါစေနဲ့ ဘုရား… မက်ဇင်မ် စိတ်မတို အောင် ကယ်မတော်မူပါ ဘုရား.. ကျွန်မစိတ်ထဲမှာ တတွတ်တွတ် ရွတ်နေမိတော့သည်။

"မစ္စတာဒီဝင်းတား… ကျွန်တော်တို့ အားလုံးဟာ ဒီအမှုနဲ့ပတ်သက်ပြီး ခင်ဗျားအတွက် သိပ်ကို စိတ်မ ကောင်းဖြစ်နေကြပါတယ်ဆိုတာကို သိရတဲ့အတွက် ခင်ဗျား ဘယ်လောက် တုန်လှုပ်ချောက်ချားသွား မယ် ဆိုတာ ကျွန်တော်တို့ ယုံကြည်နေပါတယ်။ ဒီအမှုကို အခုလို ကျွန်တော် စစ်ဆေးနေရတာဟာလဲ ခင်ဗျား အကျိုးအတွက် စစ်ဆေးနေရတာ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ဇနီး ဘယ်လိုအကြောင်းနဲ့ ကွယ်လွန် သွားတယ်ဆိုတာ အမှန် အတိုင်း သိရအောင် စစ်ဆေးပေးနေတာဖြစ်ပါတယ်။ ကျွန်တော်တစ်ဦးတည်း စိတ်ချမ်းသာချင်တဲ့အတွက် ကျွန်တော့် ကိုယ်ကျိုးအတွက် စစ်ဆေးနေတာမဟုတ်ပါဘူး" "အခုအမှုက ထင်ရှားနေပြီပဲမဟုတ်လား" ဟု မက်ဇင်မ်က ပြောသည်။ "ဟုတ်ပါတယ်။ ကွယ်လွန်သူ မစ္စက်ဒီဝင်းတားရဲ့ သင်္ဘောဝမ်းဗိုက်မှာ အပေါက် သုံးပေါက် ရှိနေကြောင်း နဲ့ ရေထုတ်ပိုက်ခေါင်းနှစ်ခုကိုလဲ အဆုံးအထိ ဖွင့်ထားကြောင်း ဂျိမ်းစ်တက်က အစစ်ခံ သွားပါတယ်။ သူရဲ့အစစ်ခံချက်ပေါ် မှာ ခင်ဗျား သံသယ ရှိသလား"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>