Showing posts with label ဝတ္ထုရှည်. Show all posts
Showing posts with label ဝတ္ထုရှည်. Show all posts

Monday, November 26, 2012

ရွှေစင်ဦး ရဲ့ ဆေးရုံပေါ်မှာ အပိုင်း (၅) (ဇာတ်သိမ်း)

 ဆေးရုံပေါ်မှာ (၁)  ဆေးရုံပေါ်မှာ (၂)  ဆေးရုံပေါ်မှာ (၃) ဆေးရုံပေါ်မှာ (၄) 
ရွှေစင်ဦး ကတော့ အဲလို ..... သရဲပုံပြင်တွေ နားထောင်ပြီးတဲ့ အချိန်ကြမှ... ငါ့ အလှည့် ကြရင် တော့ တရုတ်ကြီး က ဘဲ တက်ခွမလား... ကုလားကြီးလား... အင်္ဂလိပ်ကြီး လား ဆိုတဲ့ ကြောက်တွေးလေး နဲ့ အိပ်ရတာ ရင်တဖိုဖို နဲ့ အိပ်လို့တော့ ကောင်း သား...
ဒီလို့နဲ့ ... ဈေးသွားလိုက်... ချက်လိုက် .. ဖေဖေ ကို ကျွေးမွေးလိုက်... သရဲ ကြောက်လိုက် ... နဲ့  အချိန် များစွာ ကို ကျော်ဖြတ်ပြီး မှ ခွဲစိတ် ရမဲ့ ရက် က ရောက်လာပါတယ်...
ကို ဆက်ဖတ်ရန်....

ဖေဖေ ခွဲရတဲ့ ရက် က ဒီဇင်ဘာ (၁) ရက် (၂ဝ၁၁) ပါ... ပြင်သစ်ကြီးနဲ့ ခွဲမဲ့ လူနာ ၁ဝယောက် မှာ ဖေဖေ က အမှတ်စဉ် ၇ ပေါ့.... တနေ့ ကို မနက်တယောက်..ညနေတယောက် ခွဲပါတယ်... ဖေဖေ ကတော့  မနက်ပိုင်း မှာ ခွဲရမှာပါ... မခွဲခင် တရက် အလို ကထဲက ဆွေမျိုးများမိတ်ဆွေများ ကို အကြောင်းကြားထား တဲ့ အတွက် အားလုံး ဘဲ လာရောက်နှုတ်ဆက် အားပေးကြပါတယ်... အဝေး က မိတ်ဆွေများက လည်း ဖုန်း နဲ့ နှုတ်ဆက် အားပေးကြ ပါတယ်...ဖေဖေ ကို စိတ်ဓါတ်ခွန်အား မြှင့်တင်ပေးတဲ့ အတွက် အားလုံး ကို ကျေးဇူးတင်ပါတယ်.... မခွဲခင် တရက် မှာ အရှင်လတ်လတ် လူကိုယ်တိုင်လာပြီး.. ဖေဖေ့ ရောဂါနဲ့ ပတ်သက် လို့ ဖေဖေ သိချင်တာ အားလုံး ကို ဖြေပေးခဲ့ပြီး ... စိတ်အားတက်စေမဲ့ စကားများကို သာ ပြောကြား ခဲ့တဲ့ ဘလော့ဂါ ကိုသက်တန့် ကို လည်း ကျေးဇူးအထူးတင်မိပါတယ်.....

ဖေဖေ က ခွဲမဲ့ ညမှာ အိပ်မပျော် ရင် အိပ်ဆေး ပေးဖို့ သွားပြောထား ဆိုလို့ ပြောထားပါတယ်.... ဆရာဝန် များ ကလည်း ရိုးရိုးအိပ်ကြည့် ပါအုန်း.. မရရင် ပေးပါမယ်ပြောတယ်... ဒါပေမဲ့ ည(၁ဝ) နာရီ ဆေးသောက်ပြီး.. အိပ်ဆေး မကူ ဘဲနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတယ်.... ကျနော် တို့ မောင်နှမ များနဲ့ မေမေ ကတော့ ခွဲစိတ်မဲ့ ဖေဖေ ထက် အဆပေါင်း များစွာ ပိုပြီးပူပန်နေကြ သလို.. တော်တော် နဲ့ မအိပ်နိုင်ပါဘူး....မနက် (၅) နာရီလောက် မှာ အားလုံးနိုးနေပြီး ... ဖေဖေ အတွက် ဘဲ မေတ္တာပို့ ပြီး ဘုရားစာများ ကို ရွတ်နေရပါတယ်...

မနက်၇ နာရီလောက် မှာ တော့ ခွဲစိတ်ခန်း ထဲကို ခေါ်သွားပါပြီ... ခွဲစိတ်ခန်း နဲ့ တည့်တည့် မှာ ဖေဖေ ခွဲမဲ့ နေရာကို မှန်းဆကြည့်ပြီး ရွှေစင်ဦး.. ချစ်ညီမ နဲ့ ညီမ နော်နော် တို့ တချိန်လုံး မေတ္တာပို့ပေးနေ ပါတယ်..  မေမေ နဲ့ ညီမငယ် ကလည်း ဖေဖေ့ အခန်းထဲ က နေ မထွက်တော့ ဘဲ တောက်လျှောက် ဘုရားစာ ရွတ်ပေးနေပါတယ်.... ကျနော် တို့ တတ်နိုင်တာ ဒီတခု ဘဲ ရှိပါတော့တယ်... မောင်လေး များကတော့ ခွဲစိတ် အပြီးမှာ အားလုံး ကို ကျွေးမွေးဖို့ မြို့ထဲ ကို မုန့် သွားဝယ်ကြ ပါ တယ်...

ဖေဖေ ခွဲစိတ် နေ တဲ့ အချိန်တွေ မှာ ဘေးမှာ ရှိနေပြီး... ခွဲစိတ်တဲ့ အခြေအနေ ကို ထွက်ပြောပေးတဲ့ အကိုကြီး ကို လည်း အထူးဘဲ ကျေးဇူးတင်ပါတယ်..... နေ့လည် တနာရီလောက်မှာတော့ ပြဿနာ တခုမှ မရှိ ဘဲ  အောင်မြင်စွာ ခွဲစိတ်ပြီးစီးသွားပါပြီ..... ညနေ မှာ ဖေဖေ ကိုတွေ့ခွင့် ရပါတယ်.. မနာကျင် တဲ့ ဆေးတွေ ထိုးထား...တိုက်ထား လို့ ထင်ပါတယ်... ထူးထူးခြားခြား သိပ်နာတယ်လို့.....ညည်းသံ မကြားရပါဘူး... အားလုံး ကောင်းကောင်းမွန်မွန် ပါဘဲ... နှာခေါင်းမှာတတ်ထားတဲ့ အောက်ဆီဂျင် ပိုက်ကလေး က လွဲလို့ အားလုံး ဖြုတ်လိုက်ရပါပြီ... အထူးကြပ်မတ်ဆောင်  ထဲ မှာပါဘဲ... မိသားစု က ဘာမှ လုပ်ပေးစရာ မလို ပါဘူး... ခွဲစိတ် တဲ့ လူနာ အားလုံး ကို သူတို့ ဝန်ထမ်း များ ကိုယ်တိုင် ကျွေးမွေး ဆေးတိုက် အပေါ့အလေး ကိစ္စ က စပြီး အကုန် လုပ်ပေးပါတယ်... လူနာရှင် များလည်း ခဏဘဲ ကြည့်ခွင့် ရပါတယ်...

ခွဲစိတ်ပြီးတဲ့နောက်...  တနေ့ထက်တနေ့ ထူးခြားသက်သာ လာပေမဲ့ ဝေဒနာ ခံစား ရတာ ပြင်းထန် ပါတယ်... ချစ်ဖေဖေ ကို တော်တော်ဘဲ သနားမိသလို... ရွှေစင်ဦး တို့တတ်နိုင်သမျှ အစွမ်းကုန် ပြုစု ပေးခဲ့ပါတယ်....

ဖေဖေ အောင်မြင်စွာ ခွဲစိတ်ပြီးစီးသွားတာ တပတ်မြောက်တဲ့ နေ့ ( ရွှေစင်ဦးနဲ့ အတူအိပ် တဲ့ ညီမ ငယ်ပြန် သွားပြီး တရက်) မှာဘဲ... ဖေဖေ တို့ အရင် ခွဲစိတ်ထားပေမဲ့ ဆီးချိုရောဂါ ကြောင့် အနာမကျက်ဘဲ ဒုက္ခ ခံနေရတဲ့ ... မမြသီ ရဲ့ အကိုကြီး အသဲအသန် စဖြစ်ပါတယ်... မျှော်လင့်ချက် မရှိသလောက်ဖြစ်နေပါပြီ... မမြသီ က အဲဒီနေ့ ညမှာဘဲ ရွှေစင်ဦး ကို ပြောပါတယ်... သူကတော့ သူ့အကိုကြီး ဒီနေ့ ည တောင် ခံမယ် မထင်ဘူး...  သူ့ တို့ မြို့ကို ဖုန်းဆက်ထားပြီး ဆွေမျိုး သားချင်း များ ကို ခေါ်ထားကြောင်းပြော ပါတယ်... နောက်ပြီး ရွှေစင်ဦး ကိုလည်း ချစ်ညီမ ကို ဖုန်းဆက်ပြီး ခေါ်ထား ဖို့ ပြောပါတယ်... သြ သူက စေတနာကောင်းနဲ့ သူ့ အကိုကြီး များဆုံးသွားခဲ့ရင် သူပြန်ရမှာဖြစ်တော့ ရွှေစင်ဦး တယောက်ထဲ အဖော်မရှိ  ကျန်ခဲ့မှာ စိုးလို့ စိတ်ပူပြီးပြောရှာတာပါ..

အဲဒီည မှာဘဲ မမြသီ ရဲ့ အကိုကြီး နဲ့ အတူ... ညနေ ဘက် ရောက်လာတဲ့လူနာဟောင်း နှလုံးရောဂါသည် တယောက် လည်း ဆုံးသွားပါတယ်... ဆေးရုံတခုလုံး ခြောက်သွေ့ တိတ်ဆိတ် သွားလိုက်တာ ... တကယ့် ကို ကြောက်စရာ ကောင်းလှပါတယ်..  ကျနော် တို့ ရောက်မှ ပထမဆုံး ဆုံးပါးသွားတဲ့ လူနာ  နှစ်ယောက် ပါဘဲ.... မမြသီ ရဲ့ အကိုကြီး ကတော့ ဆေးရုံမှာ အကြာဆုံး နေသွားတဲ့ လူနာတယောက် ဖြစ်သလို .. သူလှုပ်ရှား ခဲ့တဲ့ ပုံရိပ် တွေ က နေရာအနှံ မို့ မျက်စေ့ ထဲက ထုတ်မရတဲ့ ရွှေစင်ဦး တော့ ဒုက္ခ တွေ့နေပြီ...

ငိုယို နေကြတဲ့ မမြသီ နဲ့ မိသားစု ကို အားပေးအပြီး  .... ခြင်ထောင်ထဲ ဝင်ပြီး ချစ်ချစ်ကြီး ကိုဖုန်းဆက် ရပါတယ် ..  ချစ်ညီမ ကို အမြန်ဆုံး လွှတ်ပေးဖို့ပါ.. ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ် ဆိုင်ကိစ္စ တွေ ရှိနေသေးတော့... ရွှေစင်ဦး အတွက် မနက်ဖြန် တည ကတော့ အဖော်မရှိတော့ပါဘူး... အင်း မောင်လေး နှစ်ယောက် ကို ဘဲ ခေါ်အိပ်မယ် ဆိုပြီး စိတ်ဒုံးဒုံး ချလိုက်ပါတယ်...

အဲဒီအချိန်မှာ ဘဲ မမြသီ က ပစ္စည်းတွေ သိမ်းနေရာကနေ မရွှေစင် အိပ်ပြီးလား မေးပြီး... ကျနော့် အတွက် ဒီပစ္စည်း လေး တွေ ပေးခဲ့မှာ ဖြစ်ကြောင်းပြောပါတယ်... ရွှေစင်ဦး ဆက်ခံ ရတဲ့ ဆေးရုံပေါ်က အမွေ ပစ္စည်း များပါဘဲ ...  ကဲ ဘာတွေများလဲ.... ရေသန့်ဘူးကြီး တဝက်.. ခရမ်းချဉ်သီး ၁၀လုံး လောက်... ကြက်သွန် အလုံး ၂ဝ လောက် နဲ့ ကြက်ဥ ဆယ်လုံးခန့်... ဆန် နှစ်ပြည် နီးပါး... နဲ့ အားလူး နည်းနည်း ... ပဲ နည်းနည်း နဲ့ တိုလီမိုလီ လေး တွေ ထည့်ထားတဲ့ ကျွတ်ကျွတ်အိပ် တလုံး တို့ဘဲ ဖြစ်ပါတယ်... အင်း ရွှေစင်ဦး ကတော့ အမွေ ဆက်ခံထားရ တဲ့ ပစ္စည်းပုံ လေး ကိုကြည့်ကြည့် ပြီး ဟစ်လို့ သာ ငိုချင်မိ ပါတော့တယ်....

 ဒီလိုနဲ့ နောက်တည မှာတော့ တကိုယ်တည်း ရွှေစင်ဦး အဖော်ရဖို့ အတွက် မောင်အလတ် လေး လာအိပ်ပေး ပါတယ် ... မောင်အလတ် ကတော့ အစအနောက် တအားသန်တဲ့ အတွက် မောင်နှမ တွေ ထဲမှာ စံတင်ထား တဲ့သူပါ ... ညမအိပ်ခင် ကထဲက ရွှေစင်ဦး ကို ဘယ်လိုများ ဂျောက်ချ ရမလဲ ဆိုပြီး ပြုံးစိပြုံးစိ နဲ့ ဇာတ်လမ်း ဇာတ်ကွက် တွေရှာနေသလိုပါဘဲ.... ရွှေစင်ဦး လည်း ဘယ်ရမလဲ ချစ်ဖေဖေ ကျေးဇူးရှင် အာဏာရှင် ကြီး ကို တိုင်ပြော ရပါတယ် .... တကယ်တော့ အဲဒီမောင်အလတ် က ဖေဖေ အချစ်ဆုံးသား လို့ ထင်ရပါတယ် ... ဒါပေမဲ့ ပိုပြီး အချစ်ဆုံး ဖြစ်တဲ့ သမီးကြီး အတွက်ဆိုတော့ မောင်လေး ကို ခေါ်ပြီး ရာဇသံ ပေးပါတယ် (ဟဲ..ဟဲ... သဘောပေါက် နော် မောင်လေး) မျက်နှာတင်းတင်းကြီး နဲ့ပါ.... ဖေဖေ ကျေးဇူးကြောင့် ရွှေစင်ဦး အဲဒီ တည အေးအေးဆေးဆေး အိပ်ရပါတယ်.... နောက်ညမှာတော့ ချစ်ညီမ ရောက်လာတဲ့ အတွက် ပြဿနာ မရှိတော့ ပါဘူး...

ဒီလိုနဲ့ ဖေဖေ တဖြေးဖြေး သက်သာလာ တဲ့ အတွက် ဆေးရုံ က ၁၄-၁၂-၂၀၁၁ မှာ ဆင်းရပါတယ် ... ဖေဖေ က ရန်ကုန်မှာ ဆက်မနေချင်တော့ဘူး လို့ ပြောတဲ့ အတွက် ဆေးရုံ ကနေဘဲ တိုက်ရိုက် မန္တလေး ကို ပြန် လာပါတယ်... ရွှေစင်ဦး ရယ် ချစ်ညီမ ရယ် ညီမနော်နော် ရယ် .. ကတော့ အောင်ပွဲခံတဲ့ အနေနဲ့ ကျိုက်ထီးရိုး...  မော်လမြိုင်...ကျိုက်က္ခမီ .. စက်စဲ ကမ်းခြေ များ ကို အားရပါးရ လျှောက်လည်ပါတယ် ... ဘဝ မှာ တော်တော်ပျော်ခဲ့တဲ့ အချိန်တွေ ပါဘဲ .... ပျော်ရွှင်မှု့ ပုံရိပ်လေး တွေကို ဖော်ပြ ပေးထားပါတယ် ... ဒီမှာဘဲ ..  ရွှေစင်ဦး ရဲ့ ဆေးရုံပေါ်မှာ စာလေး ကိုလည်း အဆုံးသတ် ပါတော့ မယ်..

 နောက်ဆက်တွဲ အနေနဲ့တော့ ... ရွှေစင်ဦး ကို e-mail.. phone.. blog comment .. blog post တွေ အပြင် လူ ကိုယ်တိုင် လာရောက် အကူအညီပေး ... အားပေး ကြ တဲ့ ... ဘလော့ဂါဂျွန်မိုး (အဖြူလေး) ...  ဘလော့ဂါ အန်တီတင့် နှင့် ...ဘလော့ဂ်ဂါ မိတ်ဆွေ များ ...... စာဖတ်သူ ပရိသတ် များ... ချစ်ဖေဖေ ရဲ့ ပါရမီ ဖြည့်ဖက် ချစ်မေမေ၊  မိဘ ကျေးဇူး ကို သိတတ်စွာ နဲ့ မိသားစု စီးပွားရေး ... သားရေးသမီးရေး များ ကို အားလုံး ချန် ထားခဲ့ပြီး ...... အဖေကြီး စိတ်ချမ်းသာအောင် ရက်ပေါင်း များစွာ ဆေးရုံပေါ်မှာ လာရောက် ပြုစု စောင့်လျှောက်ပေး ကြ တဲ့ ချစ်သောမောင်နှမ များ (အဖေ ဇော ကပ်ပြီး ပြောမှားဆိုမှား ရှိခဲ့ရင် လည်း အမကြီး ကို ခွင့်လွှတ်ကြ ဖို့ တောင်းပန် ပါ တယ်)၊  ရွှေစင်ဦး နဲ့ အရာရာ မှာ ထပ်တူ ခံစားပေး တဲ့ ချစ်ညီမ (စည်းစိမ်ရှင်) နဲ့ အစစ လိုအပ်သမျှ အကူအညီ ပေးခဲ့တဲ့ စာဖတ်သူ ..ညီမ နော်နော်... ညီမ ဂျူလိုင်မျိုး နှင့် ... ချစ်ဖေဖေ ရဲ့ မိတ်ဆွေများ ... တပည့်များ ကို လည်း အထူးဘဲ ကျေးဇူး တင်ကြောင်း ပြော ပါရစေဗျာ ...

ဖေဖေ ကို ခွဲစိတ်ကုသပေး တဲ့ ပြင်သစ်ဆရာဝန်ကြီး နဲ့ ဆေးရုံပေါ်မှ ခွဲစိတ် လူနာ အားလုံး (အဆင့်အတန်း မရွေး) ကို  မေတ္တာအပြည့် နဲ့ အလေးအနက် ပြုစု စောင့်လျှောက် ခဲ့ကြတဲ့ ဆရာဝန်ကြီး များ နဲ့ ဝန်ထမ်းများ အားလုံး  ကို လည်း တသက်တာ မေ့မရအောင် အလေးအနက် ကျေးဇူးတင် မိပါတယ် ... တဦးနဲ့တဦး ဖေးမ ကူညီကြတဲ့.... ဆေးရုံပေါ်မှ လူနာ ပိုင်ရှင်များနဲ့ အထူးသဖြင့် ရွှေစင်ဦး ကို အမွေပုံကြီး ပေးခဲ့တဲ့ မမြသီ ... ဖေဖေ ကို စိတ်ရော ကိုယ်ပါ ခွန်အား ရှိအောင် အကူအညီ ပေးခဲ့ တဲ့ မမမာတူး နဲ့ အကိုကြီး ... ဆွေမျိုးသားချင်း အားလုံး နဲ့ ရွှေစင်ဦး ရဲ့ အလိုဆန္ဒ အားလုံး ကို ဖြည့်ပေးတဲ့ ချစ်ချစ်ကြီး ကို အထူး အထူး ဘဲ ကျေးဇူးတင်ရှိပါတယ် လို့ ပြောရင်း တကယ်ကို အဆုံးသတ်လိုက်ပါပြီ.... 



 လာမဲ့ ဒီဇင်ဘာ (၁) ရက် ဆိုရင်ချစ်ဖေဖေ ခွဲစိတ်တာ တနှစ်ပြည့်ပါပြီ ... မိသားစု ရဲ့ ချစ်ခြင်း ကို ထောက်ထားပြီး .. ဆေးမှန်မှန်သောက် ပါလို့ တောင်းပန်ချင်သလို ...  ဖေဖေ မြင်ချင်တဲ့ မြန်မာပြည်ကြီး ရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အပြောင်းအလဲ များကို  မိသားစု နဲ့အတူ အသက်ရာကျော် နေထိုင်ရင်း တွေ့ မြင်နိုင်ပါစေလို့လည်း
 ပြန်လည်ရှင်သန်ခြင်း တနှစ်ပြည့် အတွက် ဆုမွန်တောင်းပါတယ်
       

 
ကျိုက်ကော် နဲ့သထုံ ကြားမှာ ရှိတဲ့ ညီမ နော်နော် တို့ရဲ့ ရိုးသားလှသော ကရင်ရွာလေး (နောင်ဘို) မှ ဧည်ခံကျွေးမွေးခဲ့တဲ့ မမေ့နိုင်သော ထမင်းတနပ်
>>>ဆက်ဖတ်ရန်>>> >>

Wednesday, February 29, 2012

ရွှေစင်ဦး ၏ ဆေးရုံပေါ်မှာ အပိုင်း (၄)


(နေ့လည် ကျွေးရမဲ့ တနပ်ကတော့ ဈေးက အပြန်... ကောင်းနိုးရာရာ လေးတွေ ကို လူနာတွေ စားချင်အောင် ချက်ရပြုတ်ရ ပါတယ်... နေရာအနှံ က လာကြတဲ့ အတွက် အရပ်ရပ် က ချက်ပြုတ်နည်း မျိုးစုံ အပြင် ...  စိတ် အမျိုးမျိုး... ဘဝ အမျိုးမျိုး ဆိုတော့ သူတို့ ချက်ပုံပြုတ်ပုံ နဲ့ သူတို့ ပြောစကား တွေဟာ  တော်တော် စိတ်ဝင်စား ဖို့ ကောင်းပါတယ်....)... ကို ဆက်ဖတ်ရန်

ဒီဆေးရုံကြီးမှာ လာခွဲတဲ့ လူနာ အများစုဟာ နယ်က လာကြတာဖြစ်ပါတယ်... နှလုံး သွေးကြောပိတ် လူနာ အများစု ဟာ အသက်ကြီးပိုင်း အိမ်ထောင်ဦးစီး တွေ ဖြစ်ပါတယ် .. သားကြီး သမီးကြီး တွေ နဲ့ သူတို့ မိန်းမ တွေ က လာရောက်ပြုစုကြပါတယ်....သတိထားမိတာ တခုပြောရရင် နှလုံးသွေးကြော ပိတ်တဲ့ အထဲမှာ မိန်းမ တွေ တယောက်မှ မတွေ့မိပါဘူး..

လူနာအများစု ဟာ မကောင်းမှု့ တခုခု (တချို့ကလည်း ကောင်းမှု လို့ ထင်ကြတယ်) (အရက် ... ဆေးလိပ် ... ကွမ်းယာ .. များ အလွန်အကျွံ သုံးစွဲခြင်း.... အဆီအဆိမ့်များ အစားလွန်ခြင်း... ဝက်သား အဆီ များ အစား များခြင်း... ဒေါသ... လောဘ .. ကြီးခြင်း... စိတ်အလိုမကျခြင်း... စိတ်ဖိအား များခြင်း ... ကိုယ်လက် လှုပ်ရှားမှု့ နဲခြင်း) ဆိုတဲ့ အားနဲချက် တခုခု ရှိကြသူတိုင်း ဖြစ်ကြပါတယ်.... အဲဒီမှာ ... ကျနော့် ဖေဖေ ဟာ အပေါ်က ကောင်းမှု့ အဲ မကောင်းမှု့ များကို တခုမှ မလုပ်ဘဲ...  နေ့စဉ် လမ်း မှန်မှန် လျှောက်ခဲ့ ရဲ့သားနဲ့  နှလုံး သွေးကြောပိတ် ရောဂါ ရခဲ့တာပါ....

မြတ်စွာဘုရား လက်ထက် က ပြည်တန်ဆာ တယောက်အိမ် နဲ့ မနီးမဝေး က ကျောင်းသင်္ခမ်း မှာ နေတဲ့ ရသေ့ကြီး ရဲ့ အဖြစ်အပျက် လိုပေါ့.... ပြည်တန်ဆာ က သူ့အလုပ်သူ လုပ်ပြီး နတ်ပြည် ရောက် သွားပေမဲ့.. ပြည်တန်ဆာ မလေး ကိုကြည့်ပြီး ခံစားချက်တွေ ပြင်းထန် နေတဲ့ ရသေ့ကြီး ကတော့ ငရဲပြည် ရောက်သွား သတဲ့... အဲဒီ ဥပမာ လိုဘဲ... ချစ်ဖေဖေ ကလည်း လာသမျှ သတင်းဌာန ပေါင်းစုံ က ထုတ်လွှင့် သမျှ သတင်းတွေ အတွက် ခံစားချက် တွေ ပြင်းထန် .. ဒေါသ တွေ ပေါက်ကွဲ ပြီး ရောဂါ ရခဲ့တာပါ.....  ဖေဖေ ရေ ဟိုဟာတွေ ( .... ) ကတော့ စာဖတ်မပျက်.. အရက်သောက် မပျက် တဲ့ .. ဖေဖေ ကတော့ နှလုံးခွဲစိတ် ရတဲ့ ဝေဒနာ ကို ငရဲပြည် ရောက်သလို ခံစားရတဲ့ အတွက် ... နောက်များ ဆို တော်ရုံဘဲ ခံစားပါတော့ လို့...

အိမ်ထောင်ဦးစီး ယောက်ကျားများဖြစ်တဲ့ အတွက် သားသမီးများ မိန်းမ များ အပေါ်မှာ ဗိုလ် ကျ ကြတာ ကိုလည်း တွေ့ရပါတယ်..... အသက် အန္တရာယ် နဲ့ နီး တဲ့ ရောဂါများနဲ့ ခွဲစိတ် ရတော့မယ် ဆိုတော့ ပိုပြီး ဆိုးလာပါတယ်.... ဆရာဝန် များ ပြောစကား ကို မလွှဲသာလို့ နားထောင်ရပေမဲ့ မိန်းမ နဲ့ သားသမီး များ က ဆင်ခြင်သင့် တာ တွေ ပြောပြီ ဆိုရင်တော့ ဒေါသ တကြီး နဲ့ ပြန်ပြော တဲ့ အပြင် အဆို အငေါက် ပါ ခံကြ ရပါတယ်....

အဲလို လူနာ များအတွက် ချက်ပြုတ်ရတာ သတိထားပြီး ချက်ရပါတယ်.... တချို့ လူနာ များ ကတော့ အပြင် အစာအစား များကို ပိုကြိုက်တဲ့ အတွက် အပြင်စာများကို ဝယ်ခိုင်းကြပါတယ်...  တချို့ ကတော့ အပြင် က အစားအစာ ဆိုရင် ဘာမှ မစားချင် ဘဲ အိမ်က ချက် တဲ့ ထမင်း.. ဟင်း ကိုသာ  စား ကြ ပါတယ် ... တခါတလေ... သူတို့ မိန်းမ နဲ့ သမီးတွေ ချက်တာ ကို စိတ်တိုင်း မကျရင် အော်.. ငေါက် နေပါ သေးတယ်...  ကျနော့် ဖေဖေ ကို ကျေးဇူးတင် ဖို့ ကောင်းတာ တခု က တော့ သမီးကြီး ချက်သမျှ ကို မြိန်မြိန် လျှက်လျှက် နဲ့ ချက်ရတဲ့ သူ အမောပြေအောင် စားခဲ့တဲ့အတွက်ပါဘဲ ....

ဈေးပြန်ချိန် ရောက်ရင် ဆေးရုံပေါ် က ချက်ပြုတ်တဲ့ နေရာဟာ အလွန် စိတ်ဝင်စားစရာ ကောင်းပါ တယ်.... 

ကျနော် တို့ သွားတဲ့ အချိန် က သရက်သီးပေါ်ချိန် မဟုတ်ပေမဲ့လည်း ဈေးထဲမှာ သရက်ကင်း တို့စရာ များ ကို ပေါပေါများများ တွေ့ရပါတယ်... မြို့ကြီး တွေမှာ သရက်ကင်း ဆိုတာ ရာသီမရွေး စားလို့ ရသွားပြီ လို့ ပြောကြပါတယ်.... အဲဒီ သရက်ကင်း လေးတွေက ဈေးတော့ မပေါပါဘူး... ငါးရာဘိုး သုံးလုံး ပါတဲ့... နဲနဲ ရက်ကြာသွားတဲ့ အသီးများဆိုရင်တော့ ခုနှစ်လုံး လောက် ဆို ငါးရာ ရပါတယ်... သရက်ကင်း အတို့နဲ့ ငံပြာရည်ချက် .... ငါးခြောက် ချက် တို့ကို တော်တော် စားကြပါတယ်...

နောက်ပြီး ကျနော်တို့ အညာမှာ ရှားတဲ့ ပုဇွန်ထုတ် များကို လည်း လူနာရှင် တွေ အချက်များကြတယ်... ဈေးထဲမှာ ပုဇွန်ထုတ်များကို  ပေါပေါ များများ  တွေ့ရပေမဲ့ ဈေးကတော့ မန္တလေး နဲ့ သိပ်မကွာပါဘူး... အကောင် တွေတော့ နဲနဲ ပိုကြီးတယ်...

ငါးဖယ် အကောင်ကြီး များ ကိုလည်း အပုံလိုက် တွေ့ ရပါတယ်... မန္တလေး မှာ ငါးဖယ် အစစ် စားချင်ရင် ဘုရားကြီး ဈေး လိုမျိုး ကို သွားမှ ရတယ်.. ကျနော် တို့ သွားနေကြ ဈေးအသေးလေးများ ကတော့ နေမြင့် ရင် မမြင်ရတော့ဘူး... ကျနော် ကတော့ အဲဒီ ငါးဖယ်ခြစ် ကို ပြုတ်ကြော်လေး လုပ်ပြီး ရှောက်ရွက် အနုလေး တွေ များများ ထဲ့ ပြီး မကြာခဏ သုပ်တယ်... ရှောက်ရွက် က လဲ ကျန်းမာရေး အတွက် ကောင်းတယ်.. ဖေဖေ လည်း ကြိုက်တယ်...

ရန်ကုန် မှာ ရှောက်ရွက်တော့ တော်တော်ပေါ တာ တွေ့တယ်... နုထွတ်ပြီး အစီး အကြီးကြီးတွေ ...  နောက်ပြီး ... ပြောင်းဖူး ... မန္တလေး မှာတော့ အဖူးလိုက် ဘဲ ရောင်းပေမဲ့ အဲဒီဈေးမှာတော့ ပြောင်းဖူး နုနုများကို တခါထဲ အခွံခွာပြီး ဒါးထက်ထက် နဲ့ လှီးပြီး နို့ဆီဘူး နဲ့ ချိန်ရောင်းပါတယ်... ကျနော့် အတွက် တော့ အရမ်း အဆင်ပြေတယ်.. ဖေဖေ က ပြောင်းဖူး တအားကြိုက်တော့ အဆင်သင့် လှီးပြီး သားလေး ကြော် လိုက်ရုံ ဘဲလေ.....

ကြက်သား ကတော့ လူနာရှင် တိုင်း အတွက် မပါမဖြစ်တဲ့ ဟင်းတခွက်ဘဲ... ကြက်သား စား မှ ခံနိုင်ရည် ရှိမယ် ... အားရှိမယ် ဆိုပြီး ကြက်သား များများ ကျွေးခိုင်းတယ်... အမဲသား တို့ ဆိတ်သား တို့လည်း စားခိုင်းတယ်... အမဲသားကြလည်း မစားသူများတယ်... ဆိတ်သား ကြ ရန်ကုန်မှာ တော်တော်ရှား တယ်... နောက်ပြီး ဆိတ်သား ကြိုက်တဲ့ ယောက်ကျား လည်း ရှားတယ် ထင်တယ်... သိပ်ချက်တာ မတွေ့ဘူး..... တခါတော့ လူနာရှင် တယောက် က ဆိတ်သား မှာ လို့ ဝယ်ပေး ဖူးတယ် .... သံပရာရည် နဲ့ နယ်ပြီး တနာရီလောက် နှပ်ထားတယ်.... ပြီးမှ ရေဆေး ပြီး ချက်တာ တွေ့တယ် .... ကျနော် မြည်း ကြည့် တော့ အသား က နူးအိပြီး အရသာ ရှိတယ်... အနံ လည်း မရှိ တော့ဘူး....

မန္တလေး မှာ သိပ်စားလေ့ မရှိတဲ့ ငါးပိရေချို လည်း ခဏ..ခဏ ကျိုကြတယ်... လူနာများ ထားတဲ့ နေရာ နဲ့ ဝေးလို့သာ တော်ပါတော့ တယ်... နီးနေရင်တော့ အနံအသက် နဲ့ တင်မလွယ်ပါဘူး... နောက်တခါ အညာ မှာ ဈေးးကြီးပြီး .. လတ်လတ်ဆတ်ဆတ် လည်း သိပ်မတွေ့ လို့ မစားဖြစ်ကြတဲ့ ပုဇွန်ချဉ် ကော့ကော့ လေးများကိုလည်း ကြော်စားကြတယ်... ငါးလေးချဉ်လတ်လတ်လေးများ ကိုလည်း ကြက်သွန်ဖြူ .. နီ .. နိုင်ခြင်း.. နံနံပင်.. ရှောက်ရွက် နိုင်ခြင်း နဲ့ အစိမ်း သုတ်စားကြတာ တွေ့ပါတယ်...

နေ့လည် ထမင်းစားချိန်ဆိုရင် နီးစပ်ရာ လူနာရှင်အချင်းချင်း ... ကိုယ့် လူနာ လိမ္မာကြောင်း... မလိမ္မာ ကြောင်း ပြောပြီး ... ဟင်းပေါင်း စုံ နဲ့ ထမင်းစု စား နေ ကြတာများ ကြည့်တာနဲ့  ဝင် စားချင်စရာ... တခါတလေ ကြပြန် တော့လည်း ကိုယ့်လူနာက အသဲအသန် ဖြစ်နေ ... အိမ်မှာ ကျန်ထားခဲ့သူများရဲ့ နောက်ကြောင်းမအေး စရာ သတင်း စကား များကို လည်း ကြားကြပြန်တော့...  ထမင်း.... ဟင်းများကို မစားနိုင်တဲ့ အတွက် ဝက်စာပုံးထဲ ဝဲ ပစ် ကြတယ်...ချက်တဲ့ ပြုတ်တဲ့ နားမှာလာထားတဲ့ ဝက်စာပုံး နှစ်ပုံး ဟာ ဝဲ တာများလွန်းလို့ ခဏလေး နဲ့ ပြည့် သွားတာ များပါတယ်...

ဆေးရုံမှာ ခွဲစိတ်ဖို့ လာကြတဲ့ လူတိုင်းဟာ တချို့ တလေ က လွဲလို့.......... စီးပွားရေး အဆင်မပြေ ကြ ပါဘူး... တချို့ကလည်း ဒီလို ခွဲစိတ်နိုင်ဖို့ အိမ်၊မြေ များ ရောင်းလာကြတယ်... တချို့ကတော့ တသက်လုံး ရှာထားသမျှ ထုတ်သုံးကြရတယ်... ဒါပေမဲ့ ကိုယ် ချစ်တဲ့သူများ နေကောင်းစေဖို့ နဲ့ အများ နဲ့ အတူနေပြီး ချက်ပြုတ်စားကြတာ ဆိုတော့ မျက်နှာမငယ် ရအောင်... သူများတန်းတူ နေထိုင်ကြ ရပါတယ်... လူနာရှင်များ အတွက် အဲဒီ စရိတ်စက တွေဟာ တော်တော် မလွယ်တာတွေ့ရပါတယ်....

ချက်တဲ့ပြုတ်တဲ့ နေရာမှာ လူနာရှင် ဆယ်ဦးလောက်တော့ ပုံမှန် လာချက်ကြတယ်... ချက်တဲ့ အခါမှာ လျှပ်စစ် အကြော်အိုးလိုမျိုး ကို တော့ အစပိုင်း ကတော့ ခင်ရာမင်ရာ မျှတသုံးကြတယ်... ဒါပေမဲ့ အချိန် နဲ့ ကျွေးမွေးရတဲ့ ဆေးရုံပေါ် မှာ ကိုယ့်လူနာ အတွက် ကိုယ်ဦးစားပေးရမှာ ဖြစ်တဲ့ အတွက်  ကြာရှည် ငှားသုံးဖို့ မဖြစ် နိုင်ပါဘူး... ရေနွေးကြိုတဲ့ အိုးမျိုးဆိုလည်း ... တချို့အိုးလေး တွေက ဆူဖို့ ကြာတယ်.. တချို့ အိုးကောင်း တွေ ကြလည်း သုံးမိနစ်လောက် နဲ့ ပွက်ပွက်ဆူ တယ် ရေနွေးတွေလည်း အများကြီး ဆန့်တယ် ဆိုတော့ .. ပိုအဆင်ပြေပါတယ်... တရက် နှစ်ရက် အလုပ်မဟုတ် တော့ သူများဆီက လည်း ရေရှည် ငှား သုံးဖို့ မကောင်းတော့ ဝယ်လိုက်ရတာ.... အိမ်ထောင် အသစ် တခု ထူထောင်ရတဲ့ အတိုင်း ငွေကုန် ကြပါတယ်..


အစားအသောက်ချက်ပြုတ် တဲ့ နေရာမှာလည်း လူနာတွေ ဟာ ခွဲစိတ်ရမဲ့ အနေအထား ကို တွေး ကြောက်တာ နဲ့ မစားချင် .. ရောဂါ ဒဏ်ကြောင့် မစားရဲ  ဆိုတော့ လူနာရှင် တွေက ဟိုဟာလေး ကျွေးရင် စားနိုင်မလား.. ဒီဟာလေး ကျွေးရင်တော့ စားမှာပါ ဆိုပြီး အမျိုးမျိုးချက်ရတော့... လူနာ စားတာ နဲနဲပေမဲ့ ငွေ တော့ ကုန်ကြပါတယ်... အဲဒီလို ကိုယ့်လူနာ ကို အမျိုးမျိုးကျွေးမွေး ပြုစု ကြတဲ့ အခါမှာလည်း တယောက်နဲ့ တယောက် မတူညီကြပါဘူး... တချို့ သားသမီးများက မလွှဲသာ လို့ လာရောက်ပြုစုကြပေမဲ့ စိတ်က အိမ်မှာ ရောက်နေပြီး လူနာကို စိတ်ဝင်စားမှု့ နဲကြပါတယ်... တချို့ ကလည်း ပိုက်ဆံ ပေးထားတာ နဲ့ တာဝန်ကျေပြီလို့ ထင်ကြပါတယ်... သားသမီး ရဲ့ ပြုစု စောင့်ရှောက်မှု့ ကို မခံရတဲ့ မိဘ များဟာ သနားဘို့ အလွန်ကောင်းပါတယ်...



ရောဂါ ကုသ တဲ့ အခါမှာ လူနာရှင်များရဲ့ ပြုစုစောင့်ရှောက်မှု့ က အရေးကြီးပါတယ်... တာဝန်ရှိ တဲ့ သူတွေက ပြောဘဲပြောနိုင်တာပါ... လက်တွေ့ကျွေးမွေး စောင့်ရှောက်နေ တဲ့ သူတွေ က လူနာရှင်တွေ ပါ... သူတို့ မှာ အသိဥာဏ် ရှိမှ လူနာ မှာ အဆင်ပြေပါတယ်... ခွဲစိတ်ထားတဲ့ တချို့လူနာ တွေ ဟာ တခြားရောဂါ တွေလည်း ရှိနေတတ်တော့ မသင့်တော်တာတွေ ကျွေးရင် ပိုဆိုးလာပါတယ်... ဆေးရုံပေါ် မှာ နေခဲ့တဲ့ အချိန် တွေ ဟာ ကျနော့် အတွက် တော့ ပျင်းချိန်မရသလို... အချိန်တိုင်း စိတ်ဝင်စားစရာ တွေ ရှိနေ ပါ တယ်....

ကျနော်တို့ နဲ့ အတူတူ လူနာ အဖေကြီး ကို ချက်ပြုတ်ကျွေးမွေး နေတဲ့ သမီးကြီး တယောက် က ခွဲရက် နီးလို့ နယ်က လိုက်လာ တဲ့ ရောဂါသည် အမေကြီး ကို ပြောဆိုသံ တွေ ကြားရပြန်တော့ လည်း  မကြားဖူး တဲ့ အတွေးအခေါ် အသစ် တွေ အတွက် စဉ်းစားစရာတွေ ရပြန်ရော... အမေကြီး က ဆီးချို .. သွေးတိုး ရောဂါ တွေ ရှိတယ်... အဲဒီအတွက် သူ့သမီးက သင့်တော်တာကျွေးတယ်... အမေကြီး က မစား နိုင်တော့ ဝက်စာပုံးထဲ လာ လာ ဝဲ ပစ်တယ်... အဖေကြီး က ခွဲစိတ်ရမယ့် ဆီးချိုရောဂါသည်.. အသား တွေ အများကြီး ကျွေးတယ်... မစားနိုင်ဘူး.. အဲဒီတော့ သူ့ သမီး က အမေကြီး ကို တနေ့ တမျိုး မရိုး ရအောင်... ပြောတော့တာဘဲ....

တခါလောက် နားထောင်ကြည့်ရအောင်... သားသမီး ဆယ်ယောက် က မိဘ နှစ်ယောက်ကို မကျွေးနိုင် ဘူး... မိဘ နှစ်ယောက်က သားသမီး ဆယ်ယောက် ကို ကျွေးနိုင်တယ် ဆိုတာ မှန်တယ် တဲ့... အမေ တို့ မိဘ တွေက သားသမီး ကျွေးတာ ကို အေးအေး မှ မစားကြတာ... သားသမီး တွေ က တော့ မိဘ က ထမင်းကြမ်း နဲ့ ပဲပြုတ်ကျွေးလည်း စားရတာဘဲ... ဟင်းမပါ ဘဲ ထမင်း ဘဲ ကျွေးလည်း စားရတာဘဲ... သားသမီး မှာ အားကိုးစရာ မှ မရှိတာ...  မိဘ ကျွေးသမျှ စားရတော့တာပေါ့... ကျွန်မ တို့ သားသမီး တွေ ကျွေးရတဲ့ အလှည့် ကြ အမေ တို့ က အဲလို ဂျီးများ နေရင် ကျွန်မ လည်း မကျွေး နိုင် တော့ ဘူးတဲ့... သားသမီး ကို အငတ်ခံကျွေး လာတဲ့.. ဒုက္ခဆင်းရဲ ခံပြီး ကျွေးမွေး လာတဲ့ မိဘများ ကြား ရင်တော့ ရင်နာစရာ... အဲလို... အဲလို အတွေးအခေါ်လေး တွေ ကလည်း ရွှေစင်ဦး အတွက် အပျင်း ပြေ စေပါတယ်...

ဆေးရုံပေါ် မှာ လူနာတွေ ကို ည ၁ဝ နာရီ ဆေးတိုက်ပြီး ရင် တနေ့တာ ...တာဝန် များ ပြီးဆုံးသွား သလို .. လူနာ ပြုစု သူတွေ အတွက် စိတ်အေးလက်အေး အနေရဆုံး အချိန်လေးလည်း ဖြစ်ပါတယ်.. ကျနော် နဲ့ မမြသီ လည်း ညအိပ်ဖို့ မြေတိုက်ခန်း ထဲ ဆင်းကြပါပြီ... မအိပ်ခင်လေး မှာ မမြသီ ရဲ့ ခွဲစိတ်ပြီးတဲ့ လူနာ အကိုကြီး အသုံးပြုဖို့ အတွက် တစ်ရူးအပိုင်း လေး တွေ ကူခေါက်ပေးရင် မမြသီ ပြောတဲ့ ဆေးရုံပေါ်က ပုံပြင်များ နဲ့ မမြသီ ရဲ့ ဘဝ အကြောင်းလေး တွေ ကို နားထောင်ရတာ လည်း  အပျင်းပြေ စေ ပါတယ်... ဆေးရုံပေါ်မှာ အင်တာနက် မသုံးဖြစ်.. စာအုပ် မဖတ်ဖြစ်ပေမဲ့... ဆေးရုံပေါ်က ဘဝဇာတ်လမ်းများ က ပိုပြီး စိတ်ဝင်စား စရာ ကောင်း ပါတယ်...

မမြသီ က ... ပုဂံ.. ညောင်ဦး က နံမည်ကြီး ဘုရားတဆူ နားမှာ souvenir  ဆိုင်လေး တဆိုင် ဖွင့်ထား ပါတယ် .. ဒီအချိန်ဆို နိုင်ငံခြားသား တွေ အလာအများဆုံး အချိန်ဘဲ ... ကျွန်မ ဆိုင်လေး က ပြည်တွင်း က ဧည့်သည် တွေကို ရောင်းရ တာမဟုတ်ဘူး... နိုင်ငံခြားသားတွေ ဘဲ အဝယ်များတာ လို့ ... ပြောရင်း သူ့ ဆိုင်လေး နဲ့ တဦးတည်း သော သူ့သမီး လေး ကို လွမ်းနေတတ်သလို.. ဆေးရုံပေါ်က ပြန်ရက် မရှိသေးတဲ့ သူ ဘဝ အတွက် လည်း စိတ်ညစ် နေတတ်ပါတယ်...သူ့ အကိုကြီး က ပြုစုမဲ့ မိန်းမ ပါပေမဲ့ ချက်ပြုတ် တာတော့ မမြသီ က တာဝန်ယူရပါတယ်....


တခါတလေ တော့လည်း သူ့စိတ်ထဲမှာ အကြွားသန် တယ် လို့ ထင်တဲ့ လူနာရှင် တွေ နဲ့ အပြော နဲ့ အလုပ် မညီတဲ့ လူနာရှင် တွေ ရဲ့ အကြောင်းကို ဟန်နဲ့ ပန်နဲ့ ပြောပြတတ်သလို... သူ့ အကိုကြီး ရောဂါခံစား နေရတာကို သနား လို့ ဆိုပြီး တိတ်တိတ်ကလေး ငိုရင်ငိုနေတတ်ပါတယ်... မမြသီ ကို အားလုံး က ခင်မင် ကြပါတယ်... သူ တတ်နိုင်တာကို လူနာရှင် တိုင်း အတွက် ကူညီတတ်ပြီး ပျော်ပျော် နေတတ် လို့  ဖြစ် ပါတယ်....

ကျနော် တို့ ပြောတဲ့ အထဲမှာ ပါလေ့မရှိတာ တခု ကတော့ ဆေးရုံ ပေါ် မှာ သေဆုံးသွားတဲ့ ... လူနာ များ အကြောင်း နဲ့ ဆေးရုံပေါ်က သရဲ ပုံပြင်များပါဘဲ... နှစ်ယောက်ထဲ အိပ်ရတဲ့ အထဲမှာ အဲဒါတွေ သာ သတိရ နေရင် အိပ်လို့ ရမှာ မဟုတ်ဘူး ဆိုတာ နှစ်ယောက်စလုံး နားလည်ကြတော့ အလိုလို ရှောင်ကြ ပါတယ်..


ဖေဖေ ခွဲစိတ်မဲ့ ရက်က နီးလာပါတယ်... နယ်က ညီမ အငယ်ရောက်လာပါတယ်... ညီမ က ကြောက် တတ်သလို... ပရလောကသား တွေ ရဲ့ ဖြစ်ရပ်ဆန်း တွေ ကိုလည်း ယုံကြည် တယ်... အိပ်တဲ့ နေရာမှာ အင်အား တိုး လာပေမဲ့... ကျနော်တို့ နှစ်ယောက်ထဲ အိပ်တုန်းက ဘာသံမှ မကြားရတဲ့ နေရာမှာ ... ညီမငယ် လာအိပ်မှ ညသန်းခေါင် မှာ အိုးတွေ ခွက်တွေ ဆေးကြောသံ ကြားရပါတယ်တဲ့... တကယ်တော့ ညသန်းခေါင် မှ အိုးခွက်ဆေးဖို့ မပြောနဲ့ အဲဒီ အထပ်ကို ဘယ်သူမှတောင် ဆင်းလေ့ မရှိပါဘူး... ချစ်မေမေ ကလည်း ထပ်ဆင့်ထောက်ခံပြန်တယ်... နေ့ခင်းဘက် တခါတလေ သူလာနားတဲ့ အချိန်မှာ လည်း အဲလိုအသံကြားလို့ ထွက်ကြည့်တော့ ဘယ်သူမှ မရှိဘူး လို့ အခိုင်အမာ ပြောပြန် တယ်... 

အဲလို မေမေတို့ ပြောသံကြားရပြန်တော့ လူနာရှင်ယောက်ကျားတယောက်က ကျနော်တို့ အိပ်တဲ့ မြေအောက်ခန်း မှာ သူနဲ့ အတူ တခြား ယောက်ကျားလူနာစောင့် လေးငါးယောက် လောက် အရင်က တည အိပ်ဖူးတယ်လို့ ပြောတယ်... ညသန်းခေါင်လောက်မှာ ဆူဆူညံညံ အသံတွေကြားလို့ သူနိုးလာတော့ ခွဲစိတ်ခန်း ဝတ်စုံဖြူ တွေ ဝတ်ထားတဲ့.. ကုလား.. တရုတ်.. အင်္ဂလိပ်.. မြန်မာ...  လူမျိုး ပေါင်းစုံ (ညီလာခံများ ကျင်းပနေလားမှ မသိ) ကို တွေ့တယ်တဲ့... သူ လန့်ပြီး အော်မယ်အလုပ်မှာ သူ့ရင်ဘတ်ပေါ် ကို တရုတ်ကြီး က ခွတက်ပြီး ဖိတားတယ်တဲ့... သူ အော်လို့လည်း မရ.. ရုန်းလို့လည်း မရ ဖြစ်နေတဲ့ အချိန်ကြ မှ ဘုရားကိုသတိရပြီး... ဘုရား..ဘုရား ရွတ်လိုက်မိမှ ပြန်ဆင်းပြီး ပျောက် သွားတယ် ပြောတယ်... တရုတ်ကြီး က ဘုရားတော့ကြောက်သား....

ရွှေစင်ဦး ကတော့ အဲလို ..... သရဲပုံပြင်တွေ နားထောင်ပြီးတဲ့ အချိန်ကြမှ... ငါအလှည့်ကြရင် တော့ တရုတ်ကြီး က ဘဲ တက်ခွမလား... ကုလားကြီးလား... အင်္ဂလိပ်ကြီးလား ဆိုတဲ့ ကြောက်တွေးလေး နဲ့ အိပ်ရတာ ရင်တဖိုဖို နဲ့ အိပ်လို့တော့ ကောင်းသား...

ဒီလို့နဲ့ ... ဈေးသွားလိုက်... ချက်လိုက် .. ဖေဖေ ကို ကျွေးမွေးလိုက်... သရဲ ကြောက်လိုက် ... နဲ့  အချိန်များစွာ ကို ကျော်ဖြတ်ပြီး မှ ခွဲစိတ် ရမဲ့ ရက် က ရောက်လာပါတယ်...

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, February 15, 2012

ရွှေစင်ဦး ၏ ဆေးရုံပေါ်မှာ အပိုင်း (၃)

 ဆေးရုံပေါ်မှာ (၁)
 ဆေးရုံပေါ်မှာ (၂)


(အဲဒီတော့မှ.. မမြသီ က .... တဟင်းဟင်း နဲ့ အမလေး မအိပ်ကြပါဘူး .. ကျမ တို့ နှစ်ယောက်ဘဲ အိပ်ရမှာ... သူတို့ က မအိပ်ရဲကြဘူးတဲ့... လူနာဘေးမှာ .... စင်္ကြန် မှာ ဖြစ်သလိုဘဲ အိပ်မယ် ပြောနေကြတယ်... ကျ

မ ကတော့ လူနာဘေး မှာလည်း အစောင့် ရှိလို့.. တနေကုန်လည်း ပင်ပန်း လို့  အေးအေး အိပ်ချင်တာ နဲ့ မရွှေစင် ကိုစောင့်နေတာ .... မနက် ကြရင်လည်း အစောကြီး ထချက် ရအုန်းမယ် လေ လို့ ပြော ပါတယ်....

အမလေးဗျာ... ဒီလောက် တိတ်ဆိတ်ငြိမ်သက်ပြီး လူသူကင်းမဲ့ နေတဲ့ အောက်ထပ် တခုလုံးမှာ ကျနော် တို့ နှစ်ယောက်ထဲပါလား...) ကို ဆက်ဖတ်ရန်..
 
သိရခက်တဲ့ မမြသီ ရဲ့ မျက်နှာပေး ကို ကျနော်သဘောပေါက်သွားပါတယ်.... သြ... တော်ရုံ အသဲ မကောင်း ဘဲနဲ့ ဒီလောက်လူသူကင်းမဲ့ပြီး တိတ်ဆိတ်ငြိမ်သက် နေတဲ့ မြေအောက်ထပ်ထဲမှာ တယောက် ထဲ ဘယ်နေရဲ မလည်း....

နေရာစိမ်း တခုဖြစ်တဲ့ အပြင် ... နှစ်ပေါင်းများစွာ ကထဲက တည်ဆောက်ထားတဲ့ ဆေးရုံကြီး တခုရဲ့ လူနာ ထားတဲ့ မြေအောက်ခန်း တခန်း (စဉ်းစားမိတာက... ဟိုတုန်းက ဆိုရင် လူနာ မဟုတ်ဘဲ လူမနာ တွေများ ထားသလားလို့... အသက်မရှိတော့ရင် လူမနာ လေ..) ... လောလောဆယ်ဆယ် တော့ ရွှေစင်ဦး တို့ကိုဘဲ ထားတာဆိုတော့ နေရတော့မယ်... ဒီနေ့ည မှာဘဲ နှစ်ယောက်ထဲ အိပ်ရ တော့မယ်... ကျန်တဲ့ လူနာစောင့် များ ကတော့ မိုးချုပ်စ လူသူမကင်းမဲ့ ခင်ကထဲက ယူစရာ ရှိတာယူပြီး မိုးလည်း ချုပ်ရော တယောက်မှတောင် ယောင်လို့ဆင်းမလာကြတော့ပါဘူး...

ခဏနေတော့... ရောက်တဲ့ နေရာပေါက် မဲ့ ရွှေစင်ဦးလည်း ... ဝါသနာ အရပေါက်ချင်လာပြန်ရော... အိမ်သာ ကလည်း နဲနဲဝေးပါတယ်...ဆေးထားတဲ့ အခန်းတွေ ကို ဖြတ်ပြီးမှ ထောင်ချိုးလေးမှာ သီးသန့် တည်ရှိတာပါ... မမြသီ ကို အဖော်ခေါ်ရင်လည်း တယောက်အကြောင်း တယောက်  မသိခင်ဆိုတော့ အားနာပါတယ်.... တယောက်ထဲ ဘဲ  သွားတော့မယ် လို့ ဆုံးဖြတ်လိုက်ပြီး .. အမ ရေ အိမ်သာ သွား လိုက် အုန်းမယ်နော် လို့ ပြောလိုက်ပါတယ်... သူလည်း တယောက်ထဲ နေရမှာ ကြောက်လို့ လား မသိဘူး...... ဟုတ် မရွှေစင် ကျမ လည်းသွားချင်နေတာ.. လိုက်မယ်လေ တဲ့ ... (တော်ပါသေးရဲ့)
အိမ်သာ ရောက်တော့ တယောက်တခန်းဝင်ကြပါတယ်... မမြသီ ရေ  ကြာရင်ကြာမှာ အခန်းကို ပြန် နှင့်လေ လို့ ပြောလိုက်ပါတယ်... အို.. မရွှေစင် ကလည်း ကျမ စောင့်နေပါမယ် တဲ့... အိမ်သာ အခန်းပြင် ကို တောင် ထွက်မစောင့်ရဲ ဘူးနဲ့ တူပါတယ်... ကျနော် အိမ်သာ ထဲက ထွက်သံကြားမှ ထွက်လာ ပါတယ်....

အခန်းပြန်ရောက်တော့ ကိုယ့်အိပ်ယာ ကိုယ်ခင်း ကြပါတယ်.. မမြသီ ကတော့ ခြင်ထောင် မပါလို့ ခြင်ဆေးထွန်း အိပ်ပါတယ်... မဟာသတ္တိရှင် ရွှေစင်ဦး ကတော့ ခြင်ထောင် ထောင်တဲ့ အပြင် ခေါင်းရင်း က မှန်ပြတင်းပေါက် မှာ မျက်နှာသုတ် ပဝါ တို့ ပုဆိုးတို့ နဲ့ လုံခြုံအောင် ထပ်ကာရပါတယ်... မမြင်အပ်သော အရာ များ ကို မှန်ပြတင်းက နေ မမြင် ရအောင်ပါ.... အခန်းကျယ် ကြီး ရဲ့ တံခါးမ နှစ်ခု ကို မမြသီ က အတွင်းကနေ လောခ် ချ ပါတယ်... ကျနော့် စိတ်ထဲကတော့ ... သရဲများဆိုရင်တော့ ဒီလော့ခ် လောက်ကတော့ အပျော့ပေါ့ လို့ စဉ်းစား မိပါတယ်...

ဘယ်လောက်ဘဲ ကြောက်ကြောက် တနေ့ကုန် ပင်ပန်းတဲ့ ဒဏ်နဲ့ အိပ်ပျော်သွားပါတယ်.. သရဲ တစ္ဆေများ ဘေးနားမှာ လာ က ရင်တောင်သိမှာ မဟုတ်ပါဘူး...

ဒီလိုနဲ့ တည လွန်မြောက်ခဲ့ပြန်ပါတယ်................

အခန်း (၃)

အစားအသောက် တွေ ကို ကိုယ်ဘာသာ ချက်ရတော့ မယ်ဆိုတော့... ချက်ဖို့ပြုတ်ဖို့ အိုးခွက် တွေ အားလုံး လိုလာပါတယ်.... ကျနော် တို့ မှာ ထမင်းအိုး နှစ်လုံးချက် အသေးတလုံး..... ရေနွေးကြိုတဲ့ အိုး ... ဓါတ်ဗူး.. ပုဂံ.. ဇွန်း..ဒါး...  တို့ဘဲ ပါတယ်... ဒါပေမဲ့ ဟင်းချက်ရတော့ မှာ ဆိုတော့ အားလုံး လိုအပ် တာတွေ ပြန် ဝယ်ရပါတယ်..

အနီးဆုံး ဈေးဖြစ်တဲ့... မင်္ဂလာဒုံ ဈေးကြီး ကို သွားပါတယ်... အစောပိုင်း ကတော့ တက်စီကားနဲ့ သွားတယ်.. သိပ်မဝေးတဲ့ အတွက် တထောင်ဘဲ ပေးရတယ်.... ဈေးကြီး က တော်တော်ကြီးပါတယ်... လျှပ်စစ် ဒယ်အိုး တလုံး ဝယ်ပါတယ်... သုံးသောင်းကျပ်ပေးရပါတယ်...  ကျန်တဲ့ တိုလီမုတ်စ လေးတွေ ဝယ် ပါတယ်...

ဟင်းချက်ဖို့ အသားငါးတန်း သွားပါတယ်... ငါးတွေ ပုဇွန်တွေ တော်တော်ပေါတာ တွေ့ပါတယ်... ကျနော် တို့ မန္တလေး မှာ တွေ့ရ ခဲ တဲ့ ငါးရံအူ များနဲ့ ငါရံခေါင်းများ ကို သီးသန့် ရောင်းတာ တွေ့ ပါတယ်... အူဖတ် တွေက ကြီးလည်း ကြီး... လတ် လည်း လတ် တယ် ... မေမေ ထမင်း စားမကောင်းဘူး ဆိုတဲ့ အသံ ပြန်ကြားတာနဲ့ ငါးရံအူ ဝယ်ပါတယ်... ဈေးသည် တွေ က သေချာ ကိုင် ပေးတယ်.... ငါးရံ သည်းခြေ များကို နို့ဆီခွက် လွတ် တခုနဲ့ သေချာထည့်ထားပါတယ်... ရောဂါပျောက်လို့ လာဝယ်ကြတယ် လို့ ပြောတယ်... ဘာရောဂါလည်း တော့ မသိပါဘူး....

ငါးသလောက် ဥ များကိုလည်း အပုံလိုက် တွေ့ပါတယ်... ငါးရံအူ တို့ ငါးသလောက်ဥ တို့ ဆိုတာ မန္တလေး က ကျနော် တို့ ဝယ်နေကြဈေးများမှာ အလွန် မှ တွေ့ရခဲပါတယ်....

ချစ်ဖေဖေ ကတော့ မနက် အစောစာ နဲ့ ညနေ စာကို ဆန်ပြုတ်ဘဲ သောက်တာဖြစ်ပြီး ထမင်း ကိုလည်း မနက်စာ တထပ် ဘဲ စားပါတယ်.... နောက်ပြီး ကြက်သား ဝက်သား များကို မစားပါဘူး... အကြောင်း ပြချက် ကတော့ သွားကြားညှပ် လို့ သွားများ ပျက်စီးလို့ပါတဲ့.... အဲလို... စားလာတာ နှစ်ပေါင်း တော်တော် ကြာပါပြီ... 
မနက်စောစော ဆန်ပြုတ် စား တဲ့ ရည်ရွယ်ချက် ကတော့ ... မြတ်စွာဘုရား တောင် ယာဂု ဘဲ စားတာ ယာဂု ဆိုတာ ဆန်ပြုတ် ဘဲတဲ့... အဲဒါဘဲ စားမယ်တဲ့... ညနေစာ ဆန်ပြုတ်စားရတဲ့ ရည်ရွယ်ချက် ကတော့...  ကျန်းမာရေး အတွက် မစားလေ ကောင်းလေ ဘဲ... ဆန်ပြုတ် ဆို တော်ရောပေါ့တဲ့...  အခု အားရှိအောင် လို့ အသားစားရမယ် ဆိုတာကို .... အသားမစားဖူး ဆိုတော့ ခက်ပြန်ပြီ....

ကျနော်တို့ မိသားစု အားလုံး ဟာ ဖေဖေ့ ကို မခွဲစိတ်ခင်မှာ တော်တော် ဂရုစိုက်ရပါတယ်... ဆရာဝန် များ က... လူနာ ဟာ ပေါက်ကွဲခါနီး ဗုံးတလုံး ပါတဲ့... သွေးကြောပွင့်နေတာက ၁% ဘဲ ဖြစ်တဲ့ အတွက် ဖြစ်ပါတယ်...

ဗဟုသုတ အနေ နဲ့ ပြောရရင် အိမ်သာထိုင်ရင်တောင် ဘိုထိုင် (sitting type) နဲ့ဘဲ သွားခိုင်းပါတယ် ... ငုတ်တုတ် ထိုင်တာနဲ့ မသွားခိုင်းပါဘူး... အဲလိုထိုင်တာများသွားရင် ပေါင်မှာ သွေးကြောကြီး တွေ ရှိတဲ့ အတွက် ပြန် အထ မှာ နှလုံးကို ထိခိုက်နိုင်ပါတယ်... တချို့ ရောဂါ ရှိမှန်း မသိတဲ့ သူတွေ တောင် အိမ်သာ အထွက် မှာ အတက်ခ်ရ နိုင်တဲ့ အတွက် လို့ ပြောပါတယ်... အိမ်သာ ရေချိုးခန်း ... ဘယ်သွားသွား တွန်းလှဲ နဲ့ဘဲ သွားရပါတယ်.... ကျနော် တို့ အားလုံး လဲ ဖေဖေ နဲ့ ဆန့်ကျင့်ပြီး သိပ် မပြောချင် တဲ့ အတွက် စားစရာ လည်း သူစားချင်တာဘဲ လုပ်ပေးမယ် ဆိုပြီး နေ့တိုင်း မနက်.. ည ဆန်ပြုတ် ပြုတ် ရပါတယ်......

ဆန်ပြုတ် က ကျနော် အကြိုက်ဆုံး အစားအစာ ထဲမှာ ပါပါတယ်... ဈေးထဲမှာ ဆန်ပြုတ် အတွက် ကြက်သား ဝယ်ရပါတယ်... ငရုပ်ကောင်း.. တရုပ်နံနံ... ကြက်သွန်မိတ်... ကြက်သွန်ဖြူကျော် ပြည့်စုံအောင် ဝယ်ပါတယ်... ဆန်ကတော့ ဖေဖေ ကြိုက်တဲ့ ပေါ်ဆန်းမွှေး မွှေးမွှေးလေး ဘဲ ဝယ်ပါတယ်... နောက်ပိုင်း တော့ မောင်လေး က မီနီမတ်ကက် တွေက ကောင်းမယ်ထင်တဲ့ ဆန်ထုတ် လေး တွေ ဝယ်လာပါတယ်.... ဆန်ပြုတ် နဲ့ အတူ စားဖို့ ငါးကြော် ကတော့ ငါးသလဲထိုး ကျွတ်ကျွတ်ကြော်... ငါးကျီးခြောက် ကျွတ်ကျွတ်ကြော်... လုပ်ပေးပါတယ်.... ဆွေမျိုး တွေ ကလည်း မပြတ် ကြော်ပေး ကြပါတယ်.... ကြက်ပေါင်းရည် များလဲ လုပ်ပေးကြပါတယ်...

ဆန်ပြုတ် ပြုတ်တဲ့ အခါ..... ကြက်သား ကို နူးအောင်ပြုတ်ပြီး ... ကြက်အသားတွေ ကို ကြေနေအောင် လုပ်ပြီး မှ နုပ်နုပ်စင်း ထဲ့ရပါတယ်.... နောက်ပိုင်း တော့ ငါး ကိုလည်း ချေပြီး ထဲ့ပါတယ်....  ကြက်ဥပြုတ် ကို လည်း ပါးပါးလှီးထဲ့ ပါတယ်.... ကျန်တဲ့ အဆာပလာ တွေ ထပ် ထည့် လိုက်တော့ ဆန်ပြုတ် က တအားမွှေးပြီး စားချင်စဖွယ် ပါဘဲ... ဆန်ပြုတ် ကို အများကြီး ပြုတ်ပါတယ်... ဘေးနားက ဆန်ပြုတ် သောက်ချင်တဲ့ လူနာတွေ ကို ဆန်ပြုတ် ဒါန ပြုပါတယ်...

ကျနော့် ဆန်ပြုတ် ကို မှန်မှန်သောက်တဲ့ လူနာ လေးဦး လောက် ရှိပါတယ်... ဖေဖေ တို့ နောက်မှ ခွဲမဲ့ လုံမ္မနီ ဆေးရုံအုပ်ကြီး ... ... မန္တလေး က နံမည်ကြီး မျက်မှန်ဆိုင် မှာ အလုပ်လုပ်သူ တယောက်..... မမြသီ ရဲ့ အကို (ဖေဖေ တို့ အရင် ခွဲပြီး ချုပ်ရိုးမကျက်သူ) နဲ့ ကျန်တာတော့ ခွဲဖို့ စောင့် နေတဲ့ လူနာစောင့် မပါဘဲ ... တကိုယ် တည်း ချီတက် လာတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်.... အဲဒီ အထဲက လူနာ နှစ်ယောက် ကတော့ မရဏမင်း ကို အရှုံးမပေး ချင်ဘဲ အရှုံးပေးသွားပါတယ်... သူတို့ အကြောင်းကိုလဲ ဆက်ပြီး ရေးပြပါမယ်...

ဈေးဝယ်တဲ့ အကြောင်းပြန်ဆက်ရရင်.... ဖေဖေ့ စားမဲ့ ထမင်းတနပ် အတွက် ဟင်းရွေးချယ်ရပါတယ် .... ငါးတမျိုးမျိုး နဲ့ အသီးအရွက်...  ပဲ .... ဓါတ်စာ အတွက် ကြွက်နားရွက် အဖြူအမဲ.... ဖေဖေ က ငါးကို မန်းကျီးမှဲ့ နဲ့ ချက်တာ ကြိုက်တော့ မန်ကျီးမှဲ့ လည်း ဝယ်ရပါတယ်... မင်္ဂလာဒုံ ဈေးကြီး က ဝယ်လို့ အင်မတန် ကောင်းတယ်...

မန္တလေး မှာ ဈေးဝယ်ရင်  အသား ငါးတွေ ကို တဆယ်သားဈေး မပြောကြဘူး... အစိတ်သားဈေးပြောပြီး အနည်း ဆုံး အစိတ်သား ဝယ်မှ အဆင်ပြေတယ်... ဒီမှာတော့ အားလုံး ကို တဆယ်သား ဈေးပြောပြီး တဆယ်သား လည်း ဝယ်လို့ ရတယ်... ကျနော် ကတော့ ငါးတွေ ပုဇွန်တွေ ပေါတာဘဲ သဘောကျ တယ်... 
ဖေဖေ့ ကို ငှက်ပျောသီး လည်း တနေ့ နှစ်လုံး လောက် ပုံမှန်ကျွေးတယ်... အဲဒီဈေးမှာ ဆေးမစိမ် တဲ့ တောသည်လေး တွေ ရောင်းတဲ့ ငှက်ပျောသီး ရင့်ရင့် ကြီး တွေလည်း ဝယ်လို့ အဆင်ပြေတယ်..... တခြား အသီးအနှံတွေ ကလည်း လတ်ဆတ်ပြီး ဈေးချိုပါတယ်... ကြက်ဥ ကလည်း အကြီးကြီး တွေ ... လတ်လည်း လတ် တယ် .. အဲဒီဘက်မှာ ကြက်ခြံတွေ ရှိတယ်ထင်တယ်... ဆေးရုံနားမှာတော့ အလုံး သေးတယ်... ဈေးလည်း ပိုတယ်...

ဖေဖေ ကို လတ်လတ်ဆတ်ဆတ် ကျွေးချင် တာကြောင့် ဈေးကို နေ့တိုင်း သွားတယ်... ... နောက်နေ့ တွေ ကျ ဘတ်စ်ကား နဲ့သွားတယ် ... ကားခ ၅ဝ ကျပ် ပေးရတယ်... ဒါပေမဲ့ ဝယ်ချင်ရာ ဝယ်ပြီး အလေးကြီး သယ်ပြီး ကားဂိတ် ရောက်အောင် ပြန် သွားရတာ အဆင်မပြေပါဘူး... ဆေးရုံမှာ ဈေးသွားရင် တခြား မသွားနိုင် တဲ့ သူတွေ .... ကူဖော်လောင်ဖက် မရှိတဲ့ သူတွေ မှာတာတွေပါ ဝယ်ပေး ရတယ်... ဝယ်ရတာ အမယ် များတယ်... တချို့ သူများကတော့ ဈေးသွားရင် တခြားသူ တွေကို မပြောတော့ဘူး.. သူများမှာတာတွေ  မသယ်နိုင်တော့ ... ကိုယ်ဖာသာ ဘဲ သွားကြတယ်....
ဘတ်စ်ကား နဲ့ အဲလို အလေးကြီးသယ် ရတာ အဆင်မပြေ တာ နဲ့ နောက်နေ့တွေကျ ဆိုင်ကယ် တက်စီ လေးနဲ့ သွားတယ်.... ပြန်တယ်...  တခါငှား ရင် ၅ဝဝ ကျပ် ပေးရတယ်... ကိုယ်တိုင် ဆိုင်ကယ် စီးတတ်တော့ ... ဆိုင်ကယ် မောင်းတဲ့ သူ နဲ့ ဆိုင်ကယ် အမျိုးအစား ကို သေချာ သတိထားပြီး ရွေးရတယ်... ဆိုင်ကယ် လည်း တောင့်တင်း ခိုင်မာ မှ လူ ကလည်း သန်သန်မာမာ အရပ်ရှည်ရှည် မှ ... တလွဲမတွေးကြ နဲ့နော်... ဆိုင်ကယ် တခုခုဖြစ်ရင် ခြေထောက်နဲ့ လှမ်းထောက်နိုင်အောင် အရပ်ရှည် ရတယ်လေ... ပုပုလေး သွားရွေးလို့ ခြေထောက်မထောက်နိုင်ရင် ကိုယ် ဘဲ နာမှာ မဟုတ်လား...

ဆေးရုံ မှာ ထမင်းဟင်းချက်ဖို့ မနက်၎နာရီလောက် ကထဲက ထရပါတယ်.... ထမင်းချက်တဲ့ နေရာမှာ မီးပလပ် ဦး ရပါတယ်.... နောက်တော့ ရွှေစင်ဦး လည်း လည် သွားပါတယ် ... ခုတင်ခြေရင်း က ပလပ် ကို ရအောင် လုပ်ထားပါတယ်... ကိုယ့်  အတွက် နေရာ လည်း ရော့ သွားတယ်...  ကိုယ် ချက်ရတာ စိတ်အေး လက်အေး လည်းဖြစ်သွားတယ်....အားလုံး အဆင်ပြေ သွားပါတယ်..... လူနာ တွေ မှာ မနက် ၆နာရီ သောက်ရမဲ့ ဆေး ပါ ပါတယ်.... အဲဒီဆေးမတိုက်ခင် အစားအသောက် ကျွေးထားရတာ ဆိုတော့ လေးနာရီ လောက် ထ မှ အဆင်ပြေပါတယ်.... တချို့ ကတော့ ရေနွေးတအိုး တည် ခနော ဆန်ပြုတ် လေး မာမီ ခေါက်ဆွဲလေး ... ဖောက်ထဲ့ ကြက်ဥလေး ဖောက်ထဲ့ ကြတယ်... 
ရွှေစင်ဦး လို ပွေလီ တဲ့ ချက်ပြုတ်သူ များအဖို့တော့ လည်း တော်တော် အချိန်ပေး ရ ပါတယ်... ည ကထဲက ဆန်ဆေး.. ရေထဲ့ ထား တရေးနိုးရင် နိုး ... မနိုးလည်း နိုးတဲ့ အချိန် ပလပ်တတ် လိုက်တယ်...... ရေနွေးတအိုး တည် တယ် ... ထမင်း ကျက်ရင် ဆန်ပြုတ် အတွက်ခွဲပြီး ... ကြေအောင် ဇွန်းပေါက်လေး နဲ့ ချေရပါတယ်... ပြီးမှ ရေနွေးထဲ့ ပြီး ပွက်အောင် .. နူးအောင် ပြန်တည် ရပါတယ်... အရင်ရက်က ကြော် ထားတဲ့ ငါးကြော် ကိုလည်း  ပျော့ တယ်ထင်ရင်.... ကျွပ်အောင် ပြန်ကြော် ပါတယ်... အဲဒီတော့..... အချိန် နဲနဲ ပေးရတယ်... ကြက်ဥ ကလည်း မနက်အစောစာအတွက် အနဲဆုံး ၂လုံး ပါအောင် ကျွေးရပါတယ်... ဆန်ပြုတ် တပန်းကန် ခွဲလောက်.... ငါးကြော်.... အိုဗာတင်း နဲ့ ကော်ဖီ ကို အများဆုံး ကျွေး ဖြစ်ပါတယ်....

မနက်စောစော ထပြီး ချက်ရတဲ့ အခါမှာ စောစောစီးစီး မှာ အိပ်ချင်မူးတူး ထလာကြတာရယ်... နောက်ပြီး လူနာ ဆေးတိုက် ချိန် အမှီ ပေါ့ပေါ့ပါးပါး လေး တွေ ဘဲ ချက်ပြုတ်ရတယ် ဆိုတော့ သိပ် စကားများချိန် မရှိကြသလို ... မြန်မြန်ဆန်ဆန် ဘဲ ချက်ပြုတ်  ပြီးသွားကြတယ်...

နေ့လည် ကျွေးရမဲ့ တနပ်ကတော့ ဈေးက အပြန်... ကောင်းနိုးရာရာ လေးတွေ ကို လူနာတွေ စားချင်အောင် ချက်ရပြုတ်ရ ပါတယ်... နေရာအနှံ က လာကြတဲ့ အတွက် အရပ်ရပ် က ချက်ပြုတ်နည်း မျိုးစုံ အပြင် ...  စိတ် အမျိုးမျိုး... ဘဝ အမျိုးမျိုး ဆိုတော့ သူတို့ ချက်ပုံပြုတ်ပုံ နဲ့ သူတို့ ပြောစကား တွေဟာ  တော်တော် စိတ်ဝင်စား ဖို့ ကောင်းပါတယ်....

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, February 10, 2012

ရွှေစင်ဦး ၏ ဆေးရုံပေါ်မှာ အပိုင်း (၂)

 အပိုင်း (၁) ဖတ်ချင်လျှင် (ငါးရက်မြောက်နေ့ မှာ တော့ ချစ်ဖေဖေ ကို ပထမဦးဆုံး ခွဲစိတ်ရမှာ ဖြစ်ပါတယ်.) 

ဆက်ဖတ်ရန်


ကျနော်တို့ မိသားစု အတွက် အမှတ်တရ အဖြစ်ဆုံး နေ့ တနေ့ ဖြစ်သလို ကျနော့် အတွက် လည်း  စိတ်အလှုပ်ရှားဆုံး နဲ့ ဘဝ မှာ မေ့မရတဲ့  နေ့တနေ့ လည်း ဖြစ်ခဲ့ပါတယ်.... ကျနော် ဟာ တချို့ ကိစ္စ တွေ မှာ အစွန်း ရောက် တတ်ပါတယ်.... ဗေဒင် မေးပြီး အလုပ်လုပ်တာမျိုး ... ယတြာ ချေတာမျိုး... ကို မကြိုက်သလို.. လုပ် လည်း မလုပ်ပါဘူး...  အတိတ် တို့ နိမိတ် တို့ ဆိုတာတွေ ကို လည်း အယုံအကြည် မရှိပါဘူး....

ဖေဖေ ခွဲစိတ်ခါနီး မှာ တော့ ကျနော် အတတ်နိုင်ဆုံး ဖေဖေ့ ကို စိတ်ဓါတ်အင်အား လူအင်အား ရှိအောင် လုပ်ထား ပေးခဲ့ သလို... တဖက် က လဲ  ညီမ ဖြစ်တဲ့ သူ က ... ကျနော် ဘယ်လိုမှ မယုံကြည် တဲ့.... ဖေဖေ အရပ်ကို ဝါးစိမ်း နဲ့ တိုင်းပြီး ဖြတ်ရမယ်.... ခြေသဲ.. လက်သဲ.. ဆံပင်.. အဝတ်ဟောင်း ဘာညာ တွေ ဝါးလုံး မှာ ပတ် ပြီး ... ဖေဖေ နဲ့ အတူ သိပ်ရမယ်  ... ပြီးမှ မြေမြုတ်ရမယ် .... ဆိုတဲ့ ယတြာ ချေနည်း ကို  လုပ်ချင်တယ် လို့ ပြောလာပါတယ် ....  တခွန်း မှ မတားမြစ်မိဘဲ ကြည့် နေမိပါတယ်... (နောက်တော့လည်း... ဖေဖေ စိတ်မကောင်း ဖြစ်သွား မှာဆိုးလို့ မလုပ်ဖြစ်ပါဘူး)

အဲလိုဘဲ ... ဖေဖေ ခွဲခါနီးတရက်မှာ ဆေးရုံရောက်မှ ကျနော့် ကို ဖေဖေ ပေးထားတဲ့ မီးခြစ်လှလှလေး က gas ကုန်သွား ပါတယ်... ကုန်သွားတာ မထူးဆန်းပေမဲ့ ဖေဖေ ခွဲ မဲ့ ရက် ရောက်ခါနီး မှ ကုန်သွား တဲ့ အတွက် ... အတွေး တချက် လဲ ပေါ်သွားပါတယ်... မီးစာကုန် ဆီးခန်း ဆိုတဲ့ အတိတ် များလား ဆိုပြီး ဖြစ်ပါတယ်.... ခွဲစိတ်ချိန်မတိုင် မှီ မီးခြစ်ကလေး ကို မရ ရအောင် gas သွား ထဲ့ပြီး .. မီးခြစ်လေး မီးတောက် မှ ကျနော် စိတ်ချမ်းသာ သွားပါတယ်....ကိုယ်ရေးကြုံရင် သက်လုံ မကောင်းတဲ့ ရွှေစင်ဦး အဖြစ် သတ်မှတ် မိပါတယ်...

တကယ်တော့ နှလုံးရောဂါ ဆိုတာ ကို  ကျနော် စာအုပ်တွေ ထဲ မှာ သာ ပိုရင်းနှီး ပါတယ်... အပြင် မှာ တော့ အရင်း အချာ တွေထဲမှာ မရှိပါဘူး.... ဒါပေမဲ့ ဖေဖေ ဆေးရုံ တက်တော့မှ နှလုံး ရောဂါဆိုတာ ကြောက်စရာ ကောင်းတယ်.. အခုအကောင်းကြီး ပေမဲ့ ခဏနေ ဖောက်ချင်ဖောက်ပြီး သေသွားတာတွေ အများကြီး မြင်ရပါတယ်... အထူးသဖြင့် မန္တလေး ဆေးရုံကြီး မှာ ဖေဖေ ၂ပတ် တက်နေတုန်း က ပိုဆိုး ပါတယ်...

ကျနော့် စိတ်ထဲမှာ မှတ်မှတ်ရရ ဖြစ်စရာတွေ လည်း အများကြီး တွေ့ပါတယ် ..... ဖေဖေ့ ဘေးကုတင် က အစ္စလမ် ဘာသာဝင် မြန်မာမွတ်ဆလင် အဖိုးကြီး ဆိုရင် အင်မတန် ရိုးသားပြီး အရှက် အကြောက် အလွန်ကြီးပါတယ် .... နှလုံး ရောဂါ နဲ့ ကျောက်ကပ် ရောဂါ တွဲဖြစ်နေတာ... သိပ်ဆိုးနေလို့ နှလုံး ဆောင် ရောက်လာတာပါ.... အသက် ရှစ်ဆယ်ကျော် ပါပြီ.....

သားတွေ က မအား လို့ သမီး အိမ်ထောင်သည် တွေ က လူနာစောင့် ပါတယ်... ဘယ်လိုမှ ဆီး.. ဝမ်း မသွားပါဘူး.. ရှက်နေတာပါ... သူ့ သမီး တွေ ဘယ်လိုပြောပြော အစား မစားသလို ... သတ်မှတ်ထား တဲ့ ရေ ကိုလည်း မသောက်ပါဘူး.. ဆီး..ဝမ်း သွားရမှာ စိုးလို့ ပါတဲ့...

နှလုံးဆေးရုံကြီး မှာ ပိုက်ဆံခန်း သုံးလေးခန်း ရှိတယ် ထင်ပါတယ်.. ဒါပေမဲ့ အဲဒီမှာ တက်ရဖို့က မလွယ်ပါဘူး ... အဓိက က အခန်း နည်း နေပြီး .. အဲဒီအခန်း မှာ နေချင်တဲ့သူတွေ များနေတာပါဘဲ.. ... နှလုံးရောဂါ ဆိုတာလည်း ဆေးရုံတက်ပြီ ဆိုရင် အကြာကြီးတက်ရတာ မျိုးဆိုတော့ ပိုဆိုးပါတယ်... အခန်း ရဖို့ မလွယ်ပါဘူး....

အခု ဖေဖေ တို့ နေရတာကတော့ ဟောလ်ခန်းကြီးထဲမှာပါ...ယောက်ကျားသပ်သပ်.. မိန်းမ သပ်သပ်.. ဒါပေမဲ့ .. လူနာစောင့် တွေ က ယောက်ကျားခန်း မှာ လည်း မိန်းမ တွေ ... မိန်းမ ခန်းမှာ လည်း မိန်းမ တွေ ပါဘဲ (ဆေးရုံ ဟာ မိန်းမများ ကြီးစိုးသော နေရာဖြစ်နေပါတယ်) ... သမီး တွေနဲ့ မိန်းမ လူနာစောင့် တွေ ရှိတယ် ဆိုတော့ အဖိုးကြီး က ရှက်တယ် ထင်ပါတယ် .... သူ့ သမီးတွေ က သူ ဝမ်းသွားချင်ရင် အလုပ်သမား ကောင်လေး ကို ခေါ်ပေးရပါတယ်... အိပ်ယာ နားမှာဘဲ  လိုက်ကာ ကာပေးထား ပါတယ်... အဲဒီမှာ ခုံလေး နဲ့ ထိုင်သွားပေါ့ .. အဲဒါလည်း အဖိုးကြီး က မသွားရဲ ပါဘူး ... နှစ်ခါ သုံးခါ လောက် အလုပ်သမားလေး  ခေါ်ပြီး မှ တခါ လောက် သွား ပါတယ်.... 

သူ့ပုဆိုး သူ မဝတ်နိုင် ပါဘူး...  သမီး တွေ ဝတ်ပေးတာလည်း မခံပါဘူး.. ခုန အလုပ်သမားလေး ခေါ် ဝတ်ခိုင်း ပါတယ်..... တနေ့တော့ သူ သက်သာနေတဲ့ အတွက် သူ့သမီး နဲ့ ကျနော် .. စကားစမြည် ပြောနေပါတယ်.. သူ့သမီး က သူတို့ မောင်နှမ ၈ယောက် ရှိတယ်... ယောက်ကျား ငါးယောက် မိန်းမ သုံးယောက် လို့ ပြောတယ်... အဲလို ပြောတာကို အဖေကြီး က ကြားသွားတယ်.. သူ့ သမီး ကို လှမ်း ငေါက်ပါတယ်... သမီး သုံးယောက် လို့ ပြောရတယ် လို့ ပြောပါတယ်... 

တနေ့ တော့ ဖေဖေ က သူ့ ကို နှလုံးသွေးကြော ကျဉ်း .. ပိတ် တဲ့ ရောဂါ တွေ နဲ့ တည့်တယ် လို့ ပြောကြ တဲ့ ဓါတ်စာ .. ကြွက်နားရွက်မှို... (ကြာဇံဟင်း ထဲ ထည့် တဲ့ ကျောက်ပွင့် အမဲ) ကို စားခိုင်း ပါတယ်... သူတို့ ဘာသာ က စားခွင့် မပေးဖူးလို့ ပြောပါတယ်... သူ့ စိတ်ထဲမှာ တကယ် ကြွက်ရဲ့ နားရွက် လို့ ထင်သွားတယ် ထင်ပါတယ်.....

ကျနော် လည်း သူပြောသလို ကြွက်ရဲ့ နားရွက်သာ ဓါတ်စာ ကျွေးရရင်... တို့တော့ မလွယ်ဘူး... လို့ ... ကျနော်တို့ က ဖေဖေ ကို အဲဒီအချိန် မှာ မနက်စာ ညစာ ကြွက်နားရွက် အဖြူ အမဲ ... တောက်လျှောက်ထည့်ကျွေး နေလို့ ဖြစ်ပါတယ်.... အဲဒီ အဖိုးကြီး လည်း မကြာခင် မှာ ဘဲ ဆေးရုံက ဆင်းသွားပါတယ်..  ဆေးရုံမှာဆက်ပြီး  မကုသချင်တော့ တဲ့ အတွက် သေလဲ အိမ်မှာ ဘဲ အသေခံမယ် ဆိုပြီး... ဆင်းသွားတဲ့ ပုံပါဘဲ....

နောက်တယောက် က မှတ်မှတ်ရရ ကျနော့် ဖေဖေ လိုဘဲ သွေးကြောကျဉ်း နေတာ ကို ကိုယ်တိုင် တောင် မသိဘဲ ရုတ်တရက် အတက်ခ် ရသွားတဲ့ အထိ ဆိုးသွားတဲ့ ဆေးရုံကြီးတရုံ က ဆရာဝန်ကြီး တယောက် ပါ ... သတိလစ် သွားလောက်အောင် ထိတော့ အတက်ခ် မရပါဘူး ... ရင်ဘတ်အောင့်ပြီး လဲ သွားတဲ့ အဆင့်ထိ ဘဲ ထင်ပါတယ် ..... ဆရာဝန်ကြီး ကိုယ်တိုင် .. ရောဂါ ဆိုး ရဲ့ ရုတ်တရက် တိုက်ခိုက် ခြင်း ကို ခံလိုက် ရတာပါ... သူ့ အမျိုးသမီး ကလည်း ဆရာဝန်မကြီး ဘဲဆိုတော့ ... ဖြစ်ဖြစ် ခြင်း ဘဲ လူနာတင် ကား နဲ့ ထမ်းစင် နဲ့ ရောက်လာပါတယ်....

အဲဒီ ဆရာဝန်ကြီး ကလည်း အခြေအနေဆိုးပါတယ်... သူ့မိန်းမ ဆရာဝန်မကြီး ရဲ့ စိတ်မချ ရသေးဖူး .. ငါးဆယ် ရာခိုင်နှုန်း ဘဲ ဆိုတဲ့ အသံတွေ ကို နှစ်ရက်လောက် ကြားနေရပါတယ်... ဆရာဝန်ကြီး ရောဂါ ပိုဆိုး သွားတဲ့ အကြောင်း ကတော့ ဆရာဝန်ကြီး တို့ မိသားစု ကိုးကွယ်တဲ့ ဆရာတော် ဘုရားကြီး ကိုယ်တိုင် ကြွလာပြီး လူနာ ကို အားပေး တဲ့ အချိန်မှာ ဆရာဝန်ကြီး ရဲ့ စိတ်ထဲမှာ သူ ကိုယ့် သူ မရနိုင်တော့ ဖူး ထင်လို့ ဘဝကူး ကောင်းအောင် များကြွ လာတာလား လို့ ရုပ်ရှင် ထဲကလို များ ထင်သွားလား မသိပါဘူး... ဘုန်းကြီး ကြွလာအပြီး မှာ ပိုပြီး စိတ်လျှော့သွားတယ်လို့ ပြောကြ ပါတယ်....ဒါလည်း မြန်မာ လူမျိုး ဗုဒ္ဓဘာသာဝင် တွေ အတွက် သတိထားစရာ တခုပါဘဲ....

နောက်တော့ ... ဆရာဝန်ကြီး လည်း ပြန်သက်သာ လာပါတယ်... သူ့ကိုတော့ နိုင်ငံခြား မှာ သွားခွဲဖို့ အကြံ ပေးတယ် လို့ ပြောပါတယ်... ဘာဆက်လုပ်ကြ လဲ ဆိုတာ ကျနော် မသိတော့ပါဘူး..... သူလဲ ဖေဖေ လိုဘဲ သွေးကြော၂ကြော လုံးဝ ပိတ်သွားတယ်... ဘိုင်ပတ်စ် လုပ်ရမယ်ပြောပါတယ်.........

မန္တလေး နှလုံးဆေးရုံကြီး မှာ အတွေ့များတာ တခု က နှလုံးရောဂါ နဲ့ အပြင်ဆေးရုံတွေ မှာ တက်ရောက် ကုသ နေပြီး ....အဲဒီ ဆေးရုံ တွေမှာ ကု လို့ မနိုင်တဲ့ ... ရောဂါ သည်း တဲ့ အချိန်ကြမှ.. ဆေးရုံကြီး ကို လာပို့ ကြတာတွေ ဖြစ်ပါတယ်.... ချမ်းသာပုံ ရတဲ့ လူမျိုးခြား များ အများစု ဖြစ်ပါတယ်...ကျနော် တွေ့ တဲ့ ထဲက နှစ်ယောက် လောက်ကတော့ ဆုံးသွားကြပါတယ်..........

နောက်ပြီး .... အရင်က ဆေးရုံကြီး ပေါ် ကျနော် မြင်ထားတဲ့ အမြင်တွေ ဟာ ဖေဖေ ဆေးရုံတက်မှ ဘဲ တော်တော် ပြောင်းလဲ သွားပါတယ်... ဆေးရုံကြီး မှာ .....  ကြုံတွေ့ ခံစား ... ရတာတွေ ကို  နဲနဲလောက် ပြောပြ ချင် ပါတယ်....

နှလုံးဆေးရုံကြီး မှာ လူနာ အတွက် လိုအပ် တဲ့ ဆေးအားလုံး ကို ဝယ်ခိုင်း ပါတယ်  ...... ဆေးရုံ တက်မယ် ဆိုကထဲက ရှိသမျှ ရောင်းချ.. ပေါင်နှံ.. ချေးငှား ပြီး လာကြတယ် ထင်ပါတယ်... ဆေး ဝယ်ခိုင်းရင် ဝယ်ကြပါတယ်.. မဝယ်နိုင်ရင် တော့ ဘယ်လို စီစဉ် ပေးလည်း မသိပါဘူး...

တကယ်တော့ ဆေးရုံကြီး မှာ လူနာရှင် က ဆေးဝယ်ပေးရတယ် ... နေရာထိုင်ခင်း နဲ့ ပညာ ကို ဆေးရုံ က အလကား စိုက်ပေး ပါတယ် ..... တန်ဖိုးခြင်း တွက်ရင် .. ပညာတန်ဖိုး က မဖြတ်နိုင်ပါဘူး..   (နိုင်ငံတော် က သာ ဆေးဘိုး စိုက်ပေးလိုက်ရင် အားလုံး အဆင်ပြေသွားမယ် ထင်ပါတယ်...)

ကျနော် တို့ ဝယ်ပေးတဲ့  ဆေးတွေ ကို အချိန် နဲ့ ဆေး တွဲပြီး .. တာဝန်ကျ နပ်စ် မလေး တွေ က ဆေးသောက်ချိန် ပါ တွဲထားတဲ့ ပလပ်စတစ် အဖုံးအပိတ် ပါတဲ့ ဆေးထဲ့ တဲ့ ဗူးရှည်လေး ထဲကို နေ့စဉ် လာထဲ့ ပေးပါတယ် ... သိပ်အဆင်ပြေပါတယ်... အဲလောက် များနေတဲ့ ဆေးတွေ ကို .... ကိုယ် ဘာသာ တိုက် ရရင်တော့ ...  လူနာ များဟာ ရောဂါကြောင့် မသေ ... ဆေးမှားလို့ သေနိုင်ပါ တယ်....

မနက်တိုင်း အီးစီးဂျီ ရိုက်တယ် (ငါးရာကျပ် ပေးရပါတယ်... အပြင်ထက် အများကြီး သက်သာပါ တယ်) .. သွေးပေါင်ချိန် နဲ့ နှလုံးခုန်နှုန်း ကို တနေ့ လေးခါ လောက် တိုင်းတယ်... စားသောက် တဲ့ အစားအစာ နဲ့ ဆီး ... ဝမ်း သွားတာ ကို နေ့စဉ် မှတ်တမ်း ယူပါတယ်... ရေ အဝင် အထွက် ကို သေချာ ကြည့်ပြီး ... ရေ  သောက်ဖို့... အလျှော့အတင်း လုပ်ပေး ပါတယ်...

ဆရာဝန်ကြီး နဲ့ လက်ထောက်ဆရာဝန်များ နေ့စဉ် ကုတင်တိုင်း ကို လှည့်လည် ကြည့်ရှု့ပါတယ်..... အဲဒီအချိန်မှာ ... လိုအပ်တာများ ဆက်လက် ညွှန်ကြား ပါတယ်.... ညပိုင်းမှာ ဂျူတီကျတဲ့ ဆရာဝန်များ နဲ့ ဆရာမ များ တခါလှည့် ကြည့်ပါတယ်... ဘယ်အချိန်မှာ ဘဲ ဖြစ်ဖြစ် အရေးကြီး ရင် ကြီးသလို ဆရာဝန်များ ဆရာမများကို သွားခေါ်ရင် လိုက်လာပြီး ကုသပေး ကြတာကို တွေ့ပါတယ်... 

အပြင်ဆေးရုံများမှာတော့ ကိုယ့် ရဲ့ ကိုယ်ပိုင်အခန်းလေး ထဲမှာ ရေချိုးခန်း... အိမ်သာ ... အဲယားကွန်း တယ်လီဗေးရှင်း...  တယ်လီဖုန်း နဲ့ နေရပါတယ်... ဒါပေမဲ့.. ဆရာဝန် တယောက် လာကြည့်ရင် လာကြည့်ခ ပေးရပါတယ်... ကိုယ် အပ်ထား တဲ့ ဆရာဝန်ကြီးရဲ့ ညွှန်ကြားချက် မပါဘဲ ဘာတခုမှ လူနာ ကို ကုသမှု့ မပေးနိုင်ပါဘူး... ပေးရတဲ့ ပိုက်ဆံ ကတော့ ဆေးရုံကြီး  မှာ ကုန်တဲ့ စရိတ်ထက် အဆပေါင်း များစွာ ကုန်ကျပါတယ်.... ဒါတွေဟာ..... ရောဂါမျိုးစုံ နဲ့ အပြင်ဆေးရုံ မှာ တက်ဘူးတဲ့ ဆွေမျိုးများ မိတ်ဆွေ များ ရဲ့ ပြောစကား နဲ့ နှိုင်းယှဉ်ပြီး ပြောပြခြင်း သာ ဖြစ်ပါတယ်... 

တခါကတော့ အပြင်ဆေးရုံ  မှာ ကျနော့် မွေးစားသားလေး ကို သူ့ အမေ က ဗိုက်ခွဲ မွေးပါတယ်... မွေးခန်း က အထွက် မှာ ပိုက်ဆံ ရှင်းတဲ့ ဘောက်ချာ ပြခိုင်းပါတယ်... ကျနော် တို့ က မရှင်းရသေးဘူး.. ငွေသွားယူ နေလို့ပါလို့ ပြောတော့ ကလေး ကို မပေးလိုက်ပါဘူး... အမေ ကိုဘဲ အခန်းထဲ ပို့ ခိုင်းပါတယ်... ငွေရှင်း ပြီးမှ ကလေး ကို လာပို့ပါတယ် .. (ငွေ ကြောင့်လား တခြားအကြောင်း ကြောင့် လား ကျနော် မသိပါ)...

နောက်... အပြင်ဆေးရုံ တချို့မှာတော့ ဆေးရုံ စ တက်တက်ခြင်း နွမ်းပါးတဲ့ ပုံမျိုးတွေ့ရင် ငွေတတ်နိုင် လား လို့ ကောင်တာ က အရင်မေးပြီး ... စပေါ် သဘောမျိုး ပေးထားရပါတယ် .. တချို့ ဆက်လက်ပြီး ငွေ မတတ်နိုင် တော့တဲ့ လူနာမျိုး က ထွက်ပြေးသွားကြ တဲ့ အတွက် လို့ ပြောပါတယ်... ဒါပေမဲ့ နေမကောင်း တဲ့ လူနာ ရှေ့ မှာ အဲလို မေးတာမျိုးဟာ ယဉ်ကျေးမှု့ လုံးဝ မရှိဘူး လို့ ထင်ပါတယ်...

အပြင်ဆေးရုံ မှာ လာတက်မှ တော့ ငွေ ကုန်မယ် ဆိုတာ တက်သူတိုင်း သိမယ်ထင်ပါတယ်... တခါတော့ နယ်က လာတဲ့ လူနာ တယောက် ကို အဲလို မေးဖူးတယ်.. လူနာ က ခြင်းဖွင့်ပြလိုက်လို့ သူ့ အိမ်သား တွေကို ပြောတယ်... ခြင်း ရဲ့ အပေါ်ရံ အဝတ်တွေ အောက်မှာ ရှိတဲ့ ထောင်တန် အစီးလိုက်တွေ ကို မြင်မှ ကောင်တာ က ပါးစပ်ပိတ်သွားတယ် လို့ ပြောတယ်....

အပြင်ဆေးရုံ မှာ တက်ရင် ကုန်ကျစရိတ် ကတော့ အလွန့်အလွန် များပါသည်လို့ ဘဲ ပြော ပါရစေ... ဆေး က စပြီး အပြင်ထက် ပို တင်ထားပါတယ်... အဲလို အပြင်ဆေးရုံ တွေ အကြောင်း ကြား သိထား တဲ့ အပြင် ပြည်သူဆေးရုံကြီး အကြောင်းလည်း အများကြီး ဖတ်ထား ကြားထားပါတယ်....

ကျနော့် မှာ ဖေဖေ ဆေးရုံတက်တော့ ဖေဖေ့ အတွက် စိတ်ပူတာ အပြင်... ဆေးရုံ မှ ဝန်ထမ်း များ ကို လည်း ဘလောဂ်ဂါ တယောက် အနေနဲ့ (အဲ...တာဝန် အရ) စောင့်ကြည့် နေ တာ ဆိုတော့ တော်တော် အလုပ် များပါတယ်......ဒါက ကိုယ့်တွေ့ ဆိုတော့ ပိုသေချာ တာပေါ့နော်... မန္တလေးဆေးရုံမှာ... နေရတဲ့ ရက်က ၁၄ ရက် နှစ်ပတ်ကြာပါတယ်.... ည တော်တော်များများ နဲ့ နေ့ပိုင်း မှာ အချိန်ပြည့် နီးပါး ဆေးရုံမှာ ရှိပါတယ်...

အောက်ခြေ ဝန်ထမ်း များကစပြီး ပြောရရင် .... လုပ်ကိုင်ပေးတာ စေတနာ ပါ ပါတယ်.......  တချို့ ဝန်ထမ်း များ ဆိုရင်လည်း အပြင် လောက အကြောင်း တောင် သိပ်မသိကြပါဘူး... ဒီဆေးရုံကြီး ဟာ သူတို့ ဘဝ ပါဘဲ... ဆွေစဉ်မျိုးဆက် ဆေးရုံ ဝန်ထမ်း အိမ်ယာ မှာ မွေး တယ် ... လူနာတွေ ကြားမှာ ကြီးပြင်း တယ်... ဆေးရုံ မှာဘဲ  အလုပ်ပြန်လုပ် တယ် ဆိုတော့ ... လူနာ တွေ နဲ့ ဆေးရုံ ဟာ သူတို့ ဘဝ တွေ အဖြစ် ခံယူထားတာတွေ  အများကြီး တွေ့ရပါတယ် ...တချို့ ဆက်ဆံရခက် တဲ့ ဝန်ထမ်း တွေ လည်း ရှိပါတယ်... သဘာဝ တရားပေါ့... ဘယ်လို လုပ်  အားလုံး ... လူကောင်း တွေဘဲ ရှိနေမှာလည်း....
နောက်ပြီး သူတို့ ကို မုံ့ဘိုး ပေးရတာ ဒီခေတ် ငွေတန်ဘိုး နဲ့ တွက်ရင် ဘာမှ မရှိပါဘူး ...

ဆရာမလေး များ ကို လည်း ညအလှည့် နေ့အလှည့် တတ်နိုင်သလောက် ကျွေးမွေးပြုစုခဲ့ပါတယ် ...  တကယ် ကျေးဇူးတင်လို့ပါ..... ကျနော် တွေ့သလောက်တော့ မကျွေးမမွေး လည်း ဒီလိုပါဘဲ... ဆက်ဆံ တာ ခွဲခြားမှု့ မရှိပါဘူး... လူနာတိုင်း ကလည်း နေ့တိုင်းညတိုင်း မကျွေးမွေး နိုင်ပါဘူး....အဆင်ပြေ တဲ့ အချိန်လေး မှာ စေတနာ ရှိသလို ကျွေးမွေး ကြတာပါ...

ဆရာဝန်များ သူနာပြုဆရာမ များ အားလုံး အတွက် ကျနော့် အမြင် နဲ့ ပြောရရင် အပြစ် ပြောစရာ မရှိပါဘူး .... ဘောင်အတွင်း က သူတို့ တတ်နိုင်သမျှ တော့ အားလုံးလုပ်ပေးကြတယ် လို့ ထင်ပါတယ် .... တချို့ ကိစ္စ တွေ တော့ ကျနော်လည်း ဆေးပညာရှင် မဟုတ်တဲ့ အတွက် လူနာရှင် ဘက်က အမြင် သက်သက် နဲ့ လည်း မပြောချင်ဘူး... အားလုံး ကို ချုံပြောရရင် ကျနော် မျှော်မှန်း ထားတာထက် အများကြီး ပိုကောင်း ပါတယ် ... ဒါက မန္တလေး နှလုံးဆေးရုံကြီး အတွက်ပါ....

အင်း ခုနက ဖေဖေ ခွဲခါနီး တရက် အလို ကို ပြန်ဆက်ပြောရရင်... မခွဲခင် နှစ်ရက်လောက် မှာ ကထဲက ခွဲမဲ့ လူနာ တွေ ကို ခွဲတဲ့ အခါ ..... ခွဲပြီးတဲ့ အခါ ကြုံတွေ့ရမဲ့ ပြဿနာ တွေကို ရှင်းလင်းပြောပြ ထား ပါတယ်... လူနာစောင့် တွေ က လည်း လူနာ နဲ့ အတူ နားလည်အောင် သေချာနားထောင် ထား ရ ပါတယ်... ကျနော် လို ဥာဏ်မကောင်း တဲ့ လူနာစောင့် များကတော့ တခြားအခန်း က လူနာ တွေ ကို ရှင်းပြတဲ့ အခါမှာ တခါ လိုက်ပြီး နားထောင်ရပါတယ်.... အပိုချိန် ပြန်ယူရတာပေါ့ .... မရှင်းလင်း တဲ့ အချက်များ ရှိရင် လည်း ဆရာဝန်များ ... နပ်စ် များကို နှစ်ကိုယ်ကြား ပြန်မေး ရပါတယ်...

အဲလို မကြိုးစားရင် မရပါဘူး... ကျနော့် ဖေဖေ စီက ဘာပြီးရင် ဘာဖြစ်မှာလည်း ဆိုတဲ့ မေးခွန်းတွေ က အချိန်မရွေး လာနေလို့ ဖြစ်ပါတယ်.... တကယ်လို့ များ ဝိုးတိုးဝါးတားဖြေခဲ့ရင်.. သားသမီး ဝတ္တရား မကျေပြွန် မှု့နဲ့... အပြစ်တင် လို့ ပြီးနိုင်မှာ မဟုတ်တော့ပါဘူး... ဒါပေမဲ့ အခုလို အများကြီး ကြိုးစားထားတဲ့ သမီးကြီး ဖြစ်သူ အကြောင်းကို ဖတ်မိလို့ သိသွားရင် တော့ ဆုတွေ ဘာတွေ ချလို့ ရပါတယ်.... တခြား မောင်နှမ များ လည်း မနာလို မရှိကြပါနဲ့.... အမကြီး ရဲ့ အထူးကျိုးစား အားထုတ်မှု့ ကို နားလည် ကြပါ....
ဒါတွေ အပြင် လူနာတွေ ကိုလည်း ခွဲစိတ်ခန်းထဲ ထိ တွန်းလှည်း နဲ့ ခေါ်ယူသွားပြီး ခွဲ့မဲ့ ကိရိယာ တွေ ... ခွဲပြီး နေရမဲ့ အနေအထား တွေ .. တတ်ထားရမဲ့ ပိုက်တွေ ဆက်သွယ်ထားမဲ့ ကိရိယာ တွေ ကို ပြ ထား ပါတယ်... အဲဒါတွေက လူနာကိုယ်တိုင် သိထားရမဲ့ အချက်တွေ ဖြစ်ပါတယ် ... တကယ် ဘဲ ကိုယ့် ရင်ဘတ်ကြီး ခွဲပြီး နံရိုး တွေ ချိုး.... နှလုံး နဲ့ အဆုတ် ကို ခဏရပ်ထား ပြီး စက်နဲ့ အသက်ရှု ခိုင်း ထားမယ် .....ဒီအချိန်မှာဘဲ  ခြေထောက်က အကြော ကို နှလုံးမှာ သွားဆက်မယ်....  ဆိုတာ သိတော့ တချို့ လူနာ များ သိပ်ကြောက် သွား ပါတယ်....

နောက်ပြီး ဘယ်အချိန်လည်း မသိဘူး .... စက်ခဏ ဖြုတ်ထားပြီး... ကိုယ်ပိုင် နှလုံး နဲ့ ပြန်အလုပ် လုပ်တဲ့ အချိန် မှာ အသိ ရှိရဲ့လား ဆိုတာ ဆရာဝန် တွေ က စစ်ဆေးမယ်...  ညာဘက် လက်လေး လှုတ်ပြ ပါအုန်း တို့ မျက်စေ့လေး ဖွင့်ပြပါအုန်း ... ပိတ်ပြ ပါအုန်း တို့ ကို လုပ်ပြရမယ် လို့ လည်း ပြော ပါတယ် (သေချာ မမှတ်မိတော့ပါ... အဲဒါက လူနာ ကိုယ်တိုင် သိရမဲ့ အချက်ပါ).. အဲဒီနောက်မှာ ထပ်ပြီး ဆေးထိုးပေးမယ်... ပြန်အိပ်ပျော် သွားမယ် လို့ ပြောပါတယ်.....

နောက်ဆုံး နိုးလာတဲ့ အချိန်မှာတော့ ပိုက် သုံးခု  နဲ့ ဆက်သွယ်ထားမယ်... လူနာ ဟာ  စကားလည်း မပြောနိုင်ဘူး... လည်ပင်း ထဲ က ပိုက်လည်း မဖြုတ်ရသေးတဲ့ အတွက် နေရ.. ထိုင်ရလည်း သိပ်ခက် နေမယ်.... စက်တွေ ကလည်း တတီတီ နဲ့ မြည်တဲ့ စက်က မြည်နေမယ်... မီးစိမ်း တွေ မီးနီ တွေ ပြ နေမယ်.... အဲဒီ အချိန်မှာ အကြောက်လွန် ပြီး သွေးရူးသွေးတန်း နဲ့  ရုန်းရင်းဆန်ခတ် လုပ်ပြီး အော်ဟစ် ရန် မကြိုးစားဖို့... ကို အဓိက ပြောပါတယ်...နောက်ပြီး ဆရာဝန် များဟာ လူနာ ပြောချင်တဲ့ စကားများကို အသံထွက်ပြောရန် မလိုဘဲ လူနာကို ကြည့်တာနဲ့ သိတယ် လို့ပြောပါတယ် ... ဒါကြောင့်  လူနာ များ အဲဒီ အချိန်မှာ စကားလုံးဝ မပြောရန်လည်း အထူး သတိပေးထားပါတယ်....

ဆရာဝန် တွေ ဆရာမ တွေ အားလုံးဟာ လူနာဘေး မှာ မျက်ခြေမပြတ် စောင့်ကြည့် နေတယ် ... လူနာ လိုအပ်တာတွေ ကို လုပ်ပေးနေတယ်... အဓိက ကတော့ လူနာ ကို တယောက်ထဲ ပြစ်မထားဘူး ... မကြောက်ပါနဲ့ ဆိုတာပါဘဲ..... ဒါတွေကို တကယ် ကြုံတွေ့ ရမှာ သိတော့ ခွဲရမဲ့ လူနာ မှာလည်း မျက်နှာလေး ငယ် ... ငယ် လာပါတယ်... လူနာရှင်တွေ မှာလည်း တွေး... တွေး ပြီး သောက ဖြစ် လာ ပါတယ်... တကယ်လည်း သိထားရမဲ့ အချက်တွေ ဆိုတော့ အတော်ခက်ပါတယ်...
ကျနော့် ဖေဖေ သူရဲကောင်း ကြီး ကတော့ အဲလို သူ ခွဲရမဲ့ အသေးစိတ်အချက်တွေ ကို သိရတဲ့ အချိန် မှာ ဆေးရုံက ထွက်ပြေးဖို့ စဉ်းစားသေးတယ်လို့ ပြောပါတယ်... အားလုံးလည်း စီမံပြီးပြီ ဆိုတော့ မခွဲရင် လည်း ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး.. ထွက်ပြေးမှသာ ရမယ်လို့ သူ ထင်တဲ့ အတွက်လို့ ပြော ပါတယ်.. အင်း ကံကောင်းထောက်မလို့ ထွက်မပြေးဖြစ်တော့ တာကို ကျေးဇူးတင်ရပါမယ်...

ကျနော် ကလည်း ခွဲမဲ့ ညမှာ အမ ဝမ်းကွဲ ဖြစ်သူ (ဖေဖေ့ တူမ) ကို ဖုန်းဆက်ပါတယ်... အမ က နေပြည်တော် ရောက်နေပါတယ်... ဖုန်းပြောတာလေး နားထောင်ကြည့်ရအောင်

ရွှေစင် ........... မမ ရေ ရွှေစင် ပါ..

အမ   ........... အေး ရွှေစင် ... ညီမ ရေ ... မမ က ဒီရောက်နေပေမဲ့ အဲဒီ က သတင်းတွေ အကုန်ကြားတယ်... ညီမ ဘာလုပ်ချင်လည်း ... ဘာဖြစ်ချင်လည်း ပြော

ရွှေစင်  ........... မမ ... ဖေဖေ က မနက် ခွဲဖြစ်တယ်....  မမ ကို ဖုန်းဆက်ပြောတာပါ.. မေတ္တာလည်း ပို့ ပေးပါအုန်းလို့...

အမ     ...........   ရွှေစင် ရေ ...  မမ သိတယ်.. အဆင်ပြေမှာ ပါ ညီမ... အကိုကြီး (အမရဲ့ အမျိုးသား) လည်း ဦးလေး  ခွဲမဲ့ အချိန် မှာ ဘေးနား မှာ ရှိနေမယ်... အကိုကြီး ကို လည်း အကုန် မှာ ထားတယ် ... ညီမ စိတ်မပူနဲ့ လိုအပ်တာရှိရင်လည်း မမ ကို ဖုန်း လှမ်းဆက်လိုက်.. ဒါပေမဲ့ မနက်ဖြန် ညနေထိ မမ က ဖုန်းလိုင်း မမိတဲ့ နေရာ ရောက်နေမယ် ... .. ပေါက် (ညီမ ဝမ်းကွဲ ) ကို လည်း လိုအပ်တာ ဖုန်းဆက် ပြီး ပြောလို့ ရတယ်နော် ညီမ စိတ်မပူနဲ့...

ရွှေစင်... ဟုတ် မမ ကျေးဇူးဘဲနော် လို့ ပြောပြီးကျနော် ဖုန်းချလိုက်ပါတယ်...

ဒါပေမဲ့ ဖုန်း စ ဆက်တဲ့ အချိန်မှာ ပြောတဲ့ ကျနော့် အမ စကားတွေ က ကျနော့် ကို နှိပ်စက် နေပါ တယ်... အမ များ ပြင်သစ် ကြီး ခွဲစိတ်တာမှာ အဆင်မပြေ တာတွေ များနေတာကို သိလို့ ပြောတာလား ... မနက် ခွဲတော့ မှာ သိလို့ .. စကား များ လျောချသွားတာလား ဆိုပြီး ... စဉ်းစား စရာ တွေ စိတ်ပူ စရာတွေ နဲ့ ညီမ အငယ် ကို တိုင်ပင်ပါတယ်... ဖေဖေ ကို  မခွဲ ရသေးဘူး .... ဒီည စဉ်းစားချိန် ရသေးတယ်..... ပြင်သစ်ကြီးနဲ့ မခွဲဖူး ပြောလို့ ရသေးတယ်.. ဘယ်လိုလုပ်ရမလဲ လို့ ညီမ နဲ့ တိုင်ပင် ပါတယ်... ဆေးရုံက မောင်းချခံရ မှာ ကိုလည်း တစ်ဖက် က ကြောက်နေပါတယ်......

ဒီအချိန်မှာ ..... ညီမ အငယ် က တော် သွားပြန်တယ်... အမ ကို ပြန်ဖုန်းဆက်ပြီး ဖုန်းထဲက ပထမ ဆုံး ပြောတဲ့စကား က ဘာကို ရည်ညွှန်း လည်း ဆိုတာ ပွင့်ပွင့်လင်းလင်း မေးဖို့ ပြောပါတယ်... အဲဒီကြမှ ကျနော် လည်း သတိရပြီး ဖုန်းပြန်ဆက်ပါတယ်...

အဲဒီတော့မှ အမ လုပ်သူ က ညီမ ရွှေစင် နဲ့ လုပ်ငန်း ထဲ က လုပ်ဖော်ကိုင်ဖက် ရွှေစင် လူမှားသွား လို့ .. အဲဒီ အလုပ်ထဲက ရွှေစင် ကလည်း သူ နေပြည်တော် ရောက်နေတဲ့ အချိန်မှာ ထရန်စဖာ အော်ဒါ ထွက် လို့ နယ်သွားရမှာ ဖြစ်တဲ့ အတွက် အဲဒါကိုပြောတာ ပါ ... ဦးလေး ခွဲမဲ့ ကိစ္စ နဲ့ ဘာမှ မဆိုင်ပါဘူး ဆိုမှ .....  အလွန်... အလွန် အကဲပါသော ရွှေစင်ဦး လည်း စိတ်ချမ်းသာ သွားပါတယ်... သြ တိုက်... တိုက် ဆိုင် နိုင် လွန်း လှပါတယ်....

အခန်း (၂)

တခြားခွဲစိတ်တာတွေ တော့ ကျနော် သိပ်မကြုံဘူးလို့ မသိပေမဲ့ ... အဲဒီဆေးရုံမှာတော့... မခွဲခင်... ခွဲပြီး တဲ့ အခါ ကျွေးရမဲ့ အစားအသောက်တွေ ဟာ အလွန်အရေးကြီးပါတယ်... မခွဲခင် လည်း ခွဲတဲ့ အခါ ဒဏ် ခံ နိုင်အောင် အားရှိတာတွေ... အထူးသဖြင့် အသား... ဥ ကို အများကြီးစားဖို့ ညွှန်ကြားပါတယ်...  ခွဲပြီးတဲ့ အခါလည်း အနာကျက်အောင် အသား.. ဥများကို အများကြီး စားဖို့ ညွှန်ကြားပါတယ်... လူနာ များ ကလည်း အသား ဆို သွား ... ဥ ဆို အလကား... လို့ ခံယူထားတဲ့ ဂျစ်တီးဂျစ်ကန် တွေ ကြီးပါဘဲ...

ဖေဖေ တို့ အရင် နှစ်လ လောက်က နှလုံး ခွဲထားတဲ့ လူနာတယောက် ဆေးရုံ က မဆင်းရသေးဘဲ ကျန်နေပါတယ်... ပြင်းထန်တဲ့ ဆီးချို ရောဂါ ရှိပါတယ်... အနာမကျက်နိုင်ပါဘူး... အဲဒီလူနာ ကို တနေ့ ကြက်ဥ ၈လုံးလောက် နဲ့ .. အသား အများကြီး ဝင်အောင် ဆေးရုံ က ကျွေးခိုင်းပါတယ်... ၈လုံး မပြောနဲ့ နှစ်လုံး ကို တောင် မနည်း ဝင်အောင် ကျွေး ရပါတယ်... အထဲ က အနှစ်ဖယ်ပြီး ကျွေး ပါတယ်... သူ့ရဲ့ လူနာစောင့် များဟာ သနားဖို့ ကောင်းပါတယ်..... လူနာ များ စားမလားလို့ အမျိုးမျိုး ကြံဖန် ချက်ကျွေးကြပါတယ်... လူနာ က မစားဖူး ပြောရင်... အတော်စိတ်ညစ်သွားကြပါတယ်...

အသား တွေ ဥ တွေ ကို လူနာ စားချင်အောင် ... လူနာ ဗိုက်ထဲ ရောက်အောင် ကျွေးဖို့ အလုပ် က  အဲဒီ ဆေးရုံ မှာ လူနာစောင့် များအတွက်... အလွန် အရေးကြီး သော အလုပ် တခု ပါ...

ဒီအချိန်မှာ... ဆေးရုံ ရဲ့ စေတနာ များပေါ်လာပါတယ်... ကျနော်တို့ လူနာရှင်များဟာ ပူပူနွေးနွေး နဲ့ အဟာရ ဖြစ်သော အစာအစား များ ကို လူနာတွေ ကို ကျွေးချင်ကြပါတယ်... အများစု က နယ် က လာကြ ပါတယ်... တည်းခို ဖို့ ချက်ပြုတ် ဖို့ အခက်အခဲ အများကြီး ရှိပါတယ်... ဆွေမျိုး များ ရှိပေမဲ့ တနေရာ နဲ့ တနေရာ အဝေးကြီး ဖြစ်နေတဲ့ အတွက် အဆင်မပြေပါဘူး....

ကျနော်တို့ ဆေးရုံ ကို ရောက်တော့ နယ်က လာတာဖြစ်တဲ့ အတွက် ... လူနာစောင့် ၂ဦး ညအိပ် စောင့်ခွင့်  ပေးပါတယ်... ကျနော် နဲ့ မေမေ  ည စောင့် အိပ်ပါတယ်... ဆွေမျိုးများ အိမ်က ဒရင်းဘက်ခ် နှစ်ခု ယူထားပြီး လူနာ ဘေးမှာ အိပ်ရပါ တယ်... မနက် မောင်လေး လာတော့ .. လူနာစောင့် လဲ ပြီး နားချင်ပါတယ်... ရေချိုးချင်တယ် .. ဖေဖေ အတွက် စားစရာ စီစဉ်ချင်တယ်... ကျနော် တို့ နားမဲ့ ဆွေမျိုးများ အိမ်ကို သွားချင်ပါတယ်..... ဆွေမျိုး များအိမ် က တော်တော် ဝေးနေပါတယ်...  အဆင်မပြေ ပါဘူး.... နောက်ပြီး... ဒီအလုပ် က တရက်တလေ  အလုပ်လည်း မဟုတ်ပါဘူး... လနဲ့ချီ ပြီး လုပ်ရမှာ ဆိုတော့.. ဆွေမျိုးများ မိတ်ဆွေ များ အကူအညီယူ ဖို့ ဆိုတာ လည်း အားနာ ဖို့ ကောင်းပါတယ်....

ပထမ နေ့ က မောင်လေး  မြို့ထဲပြန်ရမှာ သိပ်ဝေးနေလို့ ဆေးရုံ အနီး မှာ ရှိတဲ့ တည်းခိုခန်း မှာ တည ကိုးထောင် နဲ့ အခန်းငှားပြီး အိပ်ပါတယ်... ညနေ ခြောက်နာရီလောက်မှ စ တည်းခိုတာပါ... မနက် ၈ နာရီလောက် ဆေးရုံလာတော့ အခန်းကို ပြန်အပ်ခိုင်းပါတယ်... တကယ်ဆိုရင် နေ့လည် ၁၂နာရီမှာ မှ ချက်ခ်အောက် လုပ်ရမှာ ထုံးစံပါ... အဲဒါကို မန်နေဂျာ နဲ့ ဘယ်လိုမှညှိလို့ မရပါဘူး... ကျနော် တို့ က ဆေးရုံ လာစောင့်တာ ဖြစ်တဲ့ အတွက် တလလောက် ဆက်တိုက်ငှားနေမှာပါ ဈေးနှုန်း လည်း ညှိနှိုင်း ပေးပါ ပြောတာလည်း လက်မခံပါဘူး...

တလ မပြောနဲ့ တရက် တောင် မငှားချင်ပါဘူး.... နောက်တော့ မောင်လေး လည်း သဘောပေါက် သွားပါတယ်... သူတို့က စုံတွဲများကို နာရီပိုင်း နဲ့သာ ငှားချင်တာပါ... အဲလို အတွဲတွေ ကို ငှားတာကသာ အဓိက ... သာမာန် လူကောင်းသူကောင်းများ ကို ငှားရတာ ဟန်ပြ ပါတဲ့...  မငှားချင်ပါဘူး လို့ သိရ ပါတယ်...ရန်ကုန် မြို့ က တည်းခိုခန်း တချို့ အကြောင်း ကို ကိုယ်တွေ့ သိသွားပါတယ်.....

ဒါနဲ့ အနားပတ်ဝန်းကျင်မှာ အိမ်ငှားဖို့ စီစဉ် ပါတယ်.... အဲဒီအချိန်မှာဘဲ...... ဆေးရုံက လူနာစောင့် တွေ နေဖို့..... နေရာ စီစဉ်ပေးတဲ့ အတွက် တော်တော် အဆင်ပြေသွားပါတယ်.... ကျနော် တို့ လူနာစောင့် များကို မြေအောက်ခန်း မှာ အိပ်စက်ဖို့ နဲ့ ချက်ပြုတ်ဖို့ နေရာ ပေးပါတယ်... ကျေးဇူးတင်စရာ ကောင်းပါတယ် ... လျှပ်စစ် နဲ့ ချက်ပြုတ်ဖို့နေရာ လည်း ပေးပါတယ်...

 အားလုံး ဟာ ဝမ်းသာအားရ နဲ့ အထုတ်အပိုးများ ကို ယူပြီး ခုတင်များ ကို စိတ်ကြိုက်ရွေးချယ်ပြီး နေကြ ပါတယ်... ပြင်သစ် နဲ့ ခွဲမဲ့ လူနာ ဆယ်ဦး ရဲ့ လူနာစောင့် ခွန်နှစ်ဦး လောက် သာ ရောက် လာ ပြီး နေရာယူ ကြပါတယ်... ကျန်တာတွေ ကတော့ အဆင်ပြေလို့လား မသိဘူး...  မနေကြပါဘူး.....

အောက်ထပ် မြေအောက်ခန်း (ကျနော် တို့ နေရမဲ့ အထပ်) မှာ လူနာတွေ တယောက်မှ မနေပါဘူး ဒါပေမဲ့ ဘီရိုတွေ ကုတင် တွေ အကုန်အဆင့်သင့် ရှိတဲ့... လူနာများ နေထိုင်တဲ့ အခန်းကျယ်ကြီးများ နှစ်ခန်း နဲ့ ဆေးပစ္စည်း များထည့်တဲ့ အခန်းများ လေး..ငါး...ခန်း ရှိပါတယ်... ရေချိုးခန်း... အိမ်သာ.. နှစ်ခန်း ရှိပါတယ်.. တခန်းစီမှာ ရေချိုးခန်း နဲ့ အိမ်သာ နှစ်ခန်း ပါ ပါတယ်.... ရေချိုးခန်း ကလည်း ရေတွေ ပေါပါတယ်.. အိမ်သာများကလည်း သန့်ရှင်း ပါတယ်... ချက်ပြုတ် တဲ့ နေရာမှာလည်း ရေ ပေါ ပါတယ်....

အားလုံး အထုတ်အပိုး များနေရာချထားပြီးတော့... စိတ်အေးလက်အေး ဖြစ်သွားပါတယ်.. ကိုယ့်လူနာ ကို ဘယ်သူမှ အပြင်က ဝယ်ကျွေးရတာ ကို မကြိုက်ပါဘူး ...  မလွှဲသာ လို့ ကျွေးနေကြတာသာ ဖြစ် ပါတယ်...  . ရွှေစင်ဦး က တော့ ဖေဖေ့ ကို စိတ်ကြိုက် ချက်ကျွေးရတော့မဲ့ အပြင် ကိုယ့် နေရာလေး မှာ ကိုယ် သီးသန့် လေး အိပ်ရတော့ မယ် ဆိုပြီး အလွန် ဝမ်းသာနေပါတယ်....

ပထမဆုံး မြေအောက်ခန်းမှာ အိပ်ရ မဲ့ ည မှာ ကျနော် ဟာ ဖေဖေ ကို ည ၁ဝနာရီ ဆေးတိုက်ပြီးမှ အိပ်တော့ မယ်ဆိုပြီး စကားပြောရင်းစောင့်နေပါတယ်... မေမေ ကတော့ ဖေဖေ အနားမှာ ဒရင်းဘက်ခ် နဲ့ အိပ်မှာပါ... မောင်လေး ကတော့ မြို့ထဲမှာ အိပ် တဲ့အတွက် ညနေကထဲက ပြန်သွားပါပြီ... ကျနော် ဖေဖေ့ အနားမှာ နေ နေတဲ့ အချိန်မှာ မြေအောက်ခန်း က ကျနော် ရဲ့ ဘေးကုတင်မှာ အိပ်မဲ့ လူနာစောင့် မမြသီ က မီးခြစ် လာငှားပါတယ်... အောက်ထပ် မှာ အိပ်ရင် ခြင်ဆေးထွန်းဖို့ လို့ ပြော ပါတယ်...

အဲဒါ ကို ဖေဖေ က ကြားသွားပြီး... သူ့ အိပ်ထဲက မီးခြစ်သုံးလုံးလောက်ထုတ်ပြီး ... ကျနော့် ကို ကြိုက်တဲ့ တလုံး ယူဖို့ ပြောပါတယ်... အားလုံး က လှလှလေး တွေပါဘဲ... အဲဒီထဲ က ပိုလှတယ် ထင်တဲ့ အလုံး လေး ကို ဖေဖေ ကိုယ်တိုင် ရွေးပေးပါတယ်... ဖေဖေ ခွဲခါနီး တရက် အလိုမှာ ဂက်စ် ကုန်သွားတာ အဲဒီ မီးခြစ် ကလေး ပါဘဲ.... မမြသီ လည်း မီးခြစ်လေး ယူပြီး ထွက်သွားပါတယ်....

ဖေဖေ ကို ဆယ်နာရီ ဆေးတိုက်ပြီး အောက်ဆင်းတော့မယ် အလုပ်မှာ ကျနော့် အရိပ်အခြေ ကို ကြည့်နေတဲ့ ... မမြသီ က ကျနော် နောက် က ကပ်ပြီး လိုက် လာပါတယ်... ဟင်... အမ မအိပ်သေး ဘူးလား.. လို့ ပြောတော့ အင်း မရွှေစင် ကို စောင့်နေတာလို့ ပြောပါတယ်.. သူမျက်နှာမှာ လည်း အသိရ ခက်တဲ့ မျက်နှာပေး တခုနဲ့ပါ ... ကဲ ... အဲဒါဆိုလည်း သွားစို့လို့ ပြောပြီး မြေအောက်ခန်းကို ဆင်းလာပါတယ်.. လှေခါးမီး နီကျင့်ကျင့် ကိုဖြတ်သန်း အပြီး မှာတော့ ကျနော် တို့ အိပ်မဲ့ အခန်းကြီး ဟာ လူသူကင်းမဲ့ပြီး တိတ်ဆိတ်ငြိမ်သက် လို့.နေပါတယ်..... ဟင် အမ...  ဘယ်သူမှ မအိပ်ကြဘူးလား...

အဲဒီတော့မှ.. မမြသီ က .... တဟင်းဟင်း နဲ့ အမလေး မအိပ်ကြပါဘူး .. ကျမ တို့ နှစ်ယောက်ဘဲ အိပ်ရမှာ... သူတို့ က မအိပ်ရဲကြဘူးတဲ့... လူနာဘေးမှာ .... စင်္ကြန် မှာ ဖြစ်သလိုဘဲ အိပ်မယ် ပြောနေကြတယ်... ကျမ ကတော့ လူနာဘေး မှာလည်း အစောင့် ရှိလို့.. တနေကုန်လည်း ပင်ပန်း လို့  အေးအေး အိပ်ချင်တာ နဲ့ မရွှေစင် ကိုစောင့်နေတာ .... မနက် ကြရင်လည်း အစောကြီး ထချက် ရအုန်းမယ် လေ လို့ ပြော ပါတယ်....

အမလေးဗျာ... ဒီလောက် တိတ်ဆိတ်ငြိမ်သက်ပြီး လူသူကင်းမဲ့ နေတဲ့ အောက်ထပ် တခုလုံးမှာ ကျနော် တို့ နှစ်ယောက်ထဲပါလား...

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, January 18, 2012

ဆေးရုံပေါ်မှာ အပိုင်း (၁)

ဤ စာစု တွင်ပါဝင်သော ဆေးရုံကြီး နှင့် တကွ ပါဝင်သူများအားလုံး သည် အပြင်မှာ အမှန်တကယ် ရှိ မယ် ဆိုလျှင် ရှိနိုင်သော ရွှေစင်ဦး ၏ စိတ်ကူးထဲ မှ ဇာတ်ရုပ် များသာ ဖြစ်ပါကြောင်း ကြိုတင် အစီရင် ခံအပ်ပါသည်။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး

အခန်း (၁)

တကယ်တော့ ဒီဆေးရုံကြီး နဲ့ ကျနော် နဲ့ ပတ်သက်ရမယ် ဆိုတာ စိတ်တောင် မကူးဘူး သလို ကိုယ့်  စီးပွားရှိရာ...  မိသားစု ရှိရာ ကနေ ခွဲခွာလို့  ရက်ပေါင်းများစွာ လချီ ပြီး ဒီလို သွားရမယ် ဆိုတာ လည်း မတွေးခဲ့  ဘူးပါဘူး... 

အခုတော့ ချစ်သော ဖခမည်းတော် ရဲ့ ရောဂါ ဝေဒနာကြောင့် မြို့တော်ကြီး ရဲ့ နှလုံးခွဲစိတ် ဆောင်ကြီး က အခန်းတခန်း မှာ မျက်စေ့သူငယ် နားသူငယ် နဲ့ မြင်မြင်သမျှ ဆရာ.. ခေါ်လို့ ရောက်ခဲ့ ရပါတယ်...

ဒီဆေးရုံကြီး ကို မရောက်ခင်.. ကိုယ့်မြို့မှာ ရှိတဲ့ နှလုံးဆေးရုံမှာ ကုသခဲ့ပေမဲ့... အချိန် နောက်ကြ သွားခဲ့တဲ့ အတွက် Bypass Surgery ဆိုတဲ့အကြီးစား နှလုံး ခွဲစိတ်ကုသ မှု့ လုပ်ရမယ် .ပြောပါတယ် .. မြန်မာပြည် မှာ တော့ နှလုံး နဲ့ ပတ်သက်ရင် အကောင်းဆုံး လို့ ဆိုနိုင် တဲ့ ဆေးရုံကြီး ကို သွားဖို့ ညွှန်ကြား ပါတယ်...

အဲဒီ ဆေးရုံကြီး ကို သွားဖို့ အညွှန်းခံရတာဟာ ဒီဆရာဝန်ကြီး နဲ့ ပြသမိလို့သင့်တော် တဲ့ ညွှန်းဆိုမှု့ ဆိုတာ နောက်မှ သိရပါတယ် (ကျေးဇူးကြီးလှပါတယ် ဆရာ) ... တချို့ ဆရာဝန်ကြီး များ ဆိုရင် နိုင်ငံခြား ကို သွားရောက်ကုသ ဖို့ ညွှန်းခဲ့တယ် လို့ လည်း သိရပါတယ်.. အင်း နိုင်ငံခြား သာ ညွှန်း ခဲ့ရင်တော့ .... ခနောင်တို တောင် ကူးတို့ ဘိုး မရှိလို့ မသွားနိုင်တဲ့ လူနာတွေ သေဖို့သာ ကျန် ပါ တော့တယ်....
 ................................
 ကဲ .... စလိုက်ကြရအောင်

ဆေးရုံကြီး ရဲ့  နှလုံးခွဲစိတ်ဆောင် မှာ  ပြင်သစ်ဆရာဝန်ကြီး နဲ့ ခွဲစိတ်ဖို့ စောင့်နေ တဲ့  လူနာ ၁၁ယောက် တိတိ ရှိပါတယ်.... ပြင်သစ်ကြီး ခွဲစိတ်ပြီး တဲ့ နောက် နှစ်ပတ် လောက် နေရင် ဘယ်လ်ဂျီယန် ခွဲစိတ်ဆရာဝန် တွေ လည်း လာမယ် လို့ သိရ ပါတယ်... ကဲ ကိုယ့် ဖေဖေ က ဘယ်သူ နဲ့ ခွဲစိတ် မှာလည်း... 

ဆေးရုံမှာ စတင် စာရင်းပေးခဲ့စဉ် ကထဲက  ပြင်သစ် နဲ့ ခွဲမယ်လို့ စာရင်းပေးခဲ့ပါတယ်... ဒါပေမဲ့ အကြောင်း အားလျှော်စွာ ဘယ်လ်ဂျီယန် နဲ့ ခွဲဖို့ ဖြစ်သွားခဲ့ပါတယ်... ဒါပေမဲ့ တကယ်ခွဲမယ် ဆိုတော့ ပြင်သစ် ဆရာဝန်ကြီး နဲ့ဘဲ ခွဲဖြစ်ပါတယ်.... ရေစက် ဆုံရာ ကြုံရတတ်ပါတယ်..

ရေစက်ဆုံရာ ပြင်သစ် နဲ့ ဆိုတော့ ... ကရင်ပြည်နယ် .. မြိုင်ကလေး ဘိလပ်မြေ စက်ရုံကြီး ကို တည်ဆောက်စဉ် က လာရောက်ဦးဆောင်ခဲ့တဲ့ ပြင်သစ် အင်ဂျင်နီယာ ကြီး အကြောင်း ကြား ထားတာ ကို ပြန်သတိရ သွားပြီး နဲနဲတော့ ကြောက် တောက်တောက် ဖြစ်သွား ပါတယ်.... ပြင်သစ် များ အတော် စွမ်း တယ် ဆိုဘဲ ..

ဘယ်လိုစွမ်းသလည်း... မကြားဖူးသေးသော သူများအတွက် နှစ်ပြားသတင်း လို့ ယူဆနိုင်ပါတယ်... မြန်မာပြည် မှာ မြိုင်ကလေး ဘိလပ်မြေ စက်ရုံကြီး လာဆောက် တော့ .. ပြင်သစ်အင်ဂျင်နီယာကြီး က ဦးဆောင် ပါသတဲ့.. စက်ရုံဆောက်တာ ဆိုတော့ အတော်ကြာကြာ နေရပါတယ်... ဒီကြားထဲမှာ အင်ဂျင်နီယာ ကတော်ကြီး မပါတဲ့ ပြင်သစ်ကြီး ခမျာ တယောက်ထဲ အိပ်ရတာ ပျင်းတော်မူပါသတဲ့.... ဒါကြောင့် နံမည်ကြီး မင်းသမီး တယောက်ပုံ ပါတဲ့ ပြက္ခဒိန် တခုကို ကြည့်ပြီး ခေါ်ပေး.. ခေါ်ပေး အတူတူ အိပ်ချင်ပါတယ် လို့ ပူဆာရှာပါတယ်...

တာဝန်ရှိသူ များကတော့ မင်းသမီးခေါ်ပေးလို့ကတော့ ပါးရိုက်ခံရကိန်း ရှိတဲ့ အတွက် မင်းသမီး တော့ မင်းသမီး ဒါပေမဲ့ နောက်ပိုင်း မင်းသမီး (ဇာတ်သဘင်. အငြိမ့်သဘင် .... မှ နောက်ပိုင်းမင်းသမီး ကို မဆိုလိုပါ) တယောက် ကို ကိုယ်စားရှာပေးပါသတဲ့.... 

အဲဒီနေ့ညက...  ပြင်သစ်ကြီး ကို ညအိပ်ရာဝင် ချော့သိပ် ရတဲ့ နောက်ပိုင်း မင်းသမီး လေး လည်း ပြင်သစ်ကြီး က ဘာ သီချင်းများ ဆိုခိုင်းပြီး ... ဘာ ပြဇာတ်များ က ခိုင်းတယ် မသိပါဘူး... မနက်လည်း လင်းရော... ဆေးရုံ ရောက် သွားပါတယ်တဲ့... ပြင်သစ်အစွမ်းများ ကို မဟုတ်တဲ့ နေရာသာ သတိရတဲ့ ကျနော် ကတော့ ရင်တမမ... ( စိန်ကောင်းကျောက်ကောင်း များ ရောင်းဝယ် တဲ့ နေရာမှာ ဆေးရိုးသည် ကန့်လန့် ကန့်လန့် ဆိုတာ ဒီလို အတွေးများဘဲ... ဖြစ်မယ် ထင်ပါရဲ့ဗျာ)

တချို့လူနာများဟာ ပြင်သစ်ကြီး နဲ့ နှလုံးခွဲစိတ်ဖို့ စောင့်နေတာ ဒီဆေးရုံကြီးမှာ ရက်ပေါင်းများစွာ ကြာခဲ့ပါပြီ...  ကျနော် တို့ ကတော့ ရက် တွက်လာတဲ့ အတွက် မခွဲစိတ်ခင် ၁၆ရက်  14.11.2011 မှ ခွဲစိတ်ပြီး ၁၆ရက် 16.12.2011 ထိ စုစုပေါင်း တလ နဲ့ နှစ်ရက်သာ နေခဲ့ရပါတယ်... အားလုံး ရဲ့ ကျေးဇူး ပါဘဲ..

ပြင်သစ် ဆရာဝန်ကြီး နဲ့ ခွဲစိတ်ဖို့ လူနာ ၁၁ယောက် ရှိပါတယ်... တကယ်တန်းတော့ ၁ဝယောက် ဘဲ ခွဲဖြစ်ပါတယ်... ပြင်သစ် ကြီး က တယောက် ပယ်ပါတယ်... နှလုံးကြွက်သား ညှစ်အားကို မကြိုက်လို့ လို ပြောပါတယ်... စုစုပေါင်း ၁ဝ ယောက်... တရက် ကို ၂ယောက်နှုန်း နဲ့ ခွဲပါတယ်... ဘယ်လူနာ တွေ ရှင်သန်ပြီး... ဘယ်လူနာတွေများ အရှုံးပေးသွားသလည်း ဆိုတာ ကြည့်ကြရအောင်ပါ...

နံပါတ် ၁ လူနာ ရဲ့ အကြောင်းလေးက စပြောရအောင်...  သွေးကြော တကြော ပိတ်နေတဲ့ အတွက် Bypass ခွဲစိတ်ရမှာ ဖြစ်ပါတယ်.. အသက် ၅ဝ ကျော် ရှိ ပြီး တနေ့ကို ဆေးပေါလိပ်တစီး သောက်သုံး ပါသတဲ့...
တစီးမှာ အလိပ် ၅ဝ ပါ ပါတယ်.. ဟိုချဒီချ နဲ့ တလိပ် ကို အကုန် မသောက်ခဲ့တာ တွေ လည်း ရှိပါတယ် လို့ ပြောတယ်.. အင်း... တွက်ကြည့်ရင်တော့ ဘာဘဲ ဖြစ်ဖြစ် တဝက်လောက်တော့ ရှုရှိုက်မိမှာ အမှန် ပါဘဲ...

ကြားဖြတ်.. စကားကြုံလို့ ပြောရရင်... ကျနော့် ဖေဖေ ကို မန္တလေး ဆေးရုံကြီး အရေးပေါ်အခန်း မှာ စ တင် လိုက်စဉ် က ဆရာဝန်များ က ချက်ခြင်းဘဲ ဖေဖေ့ ကို အောက်ဆီဂျင် တွေပေးပြီး သွေးကြဲဆေးတွေ သွင်း ပါတယ် (အတက်ခ် ရပြီး ၈ နာရီ (ထင်တယ်) အတွင်း သွင်းရမဲ့ ဆေးကတော့ အချိန်မမှီတော့ ပါဘူး) ... အဲဒီအချိန် မှာ ရောဂါ ရာဇဝင် ကို တာဝန်ကျ ဆရာဝန် များက မေးမြန်း ပါတယ်.....

ကျနော် နဲ့ အတူတူ ညီမ အငယ်ဆုံး အပြင် တခြားမောင်နှမ များနဲ့ မေမေ ပါ ရှိပါတယ်... လူနာက ဆေးလိပ်သောက် တတ်လားလို့ မေးတော့ ကျနော်က မသောက်တတ်ပါဘူး... ညီမငယ် က သောက်တတ် ပါတယ်... လို့ ဖြေကြပါတယ်....  ဆရာဝန် ခမျာ လည်း သောက်တယ် ရေးရ မလိုလို မသောက်တတ် ဘူး ရေးရ မလိုလို ဖြစ်သွားပုံရပါတယ်... 

အဲဒီအချိန်ကြမှ လူနာ ဖြစ်သူ ကိုယ်တိုင် က လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝလောက် က မိန်းမ မရခင် သမီးရီးစား ဘဝ က ... ဆေးလိပ်သောက်ရင်... ပိုပြီး ဂိုက်ကြမလား ဆိုပြီး ... နဲနဲပါးပါး သောက် တာပါ... လူပျိုဘဝ က ပါ.. လို့ ဖြေပေးပါတယ်.... ဆရာဝန် ရှင်းသွားပါတယ်...

အရက်သောက်တတ်လား... ကျနော် က .. မသောက်တတ်ပါဘူး... ညီမငယ် က သောက်တတ်ပါတယ်... လို တပြိုင်နက် ဖြေလိုက်ကြပါတယ်... စိတ်ရှုတ်ထွေး သွားဟန်ရှိတဲ့ ဆရာဝန် မျက်နှာကို အကဲခတ် နေတဲ့ ... လူနာဖြစ်သူ ... ဖေဖေ ကဘဲ ကြားဝင် ရှင်းပေး လိုက်ပါတယ်.... လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ မတိုင်ခင် လောက် က ခရစ်စမတ်... နှစ်သစ်ကူးပွဲ.. ညစာစားပွဲ တွေ မှာ ကြုံရင် တနှစ်မှာ ၁ဝခါလောက် သောက် တာပါ... အခု လုံးဝ မသောက်တာ အနှစ် ၃ဝ လောက် ရှိပါပြီ... (အင်း. လူနာအဖေကြီး စိတ်ထဲမှာတော့ .. သားသမီး များ တော်တော် အတေးအမှတ်ကြီး ကြတာဘဲလို့ တွေးနေလေ သလား မသိ)

အဖြေတွေက ဟိုတမျိုး ဒီတမျိုးဆိုတော့ ... ရောဂါရာဇဝင် ယူတဲ့ ဆရာဝန်လည်း တော်တော် ညစ် သွားဟန် တူပါတယ်.... ကဲ... အဘ ကိုယ်တိုင် သာ ဖြေပါတော့... အဘ ဘယ်အချိန်တွေမှာ မောသလည်း တဲ့ ... ကျနော် တို့ ညီမ နှစ်ယောက် ပါးစပ်ပိတ်ထားပါတယ် ....

လူနာ ကိုယ်တိုင် ကဘဲ... ဘယ် အချိန်မှာမှ မမောပါဘူး .... စိတ်ရောကိုယ် ရော ပင်ပန်း ပြီး မလှုတ် ချင်အောင် ဖြစ်သွားရာ ကနေ.... ရင်ဘတ် နဲနဲ အောင့် လို့ သူတို့ တွေက  အတင်းပြခိုင်း လို့  (ပြခိုင်းသူများ အပြစ် ရှိပါကြောင်း) ဆေးခန်း မှာ ပြရင်း ဆေးရုံ ရောက်လာတာပါ....လို့ ဖြေ လိုက်ပါတယ်.... (ဖြေခိုင်းတဲ့ ဆရာဝန် လဲ မောသွားဟန် တူပါတယ်)

အတော်စဉ်းစား ပြီးမှ ဒီတခါ တော့ မေးပါတယ်.......အဘ အဲဒါဆို ဘယ်အချိန်တွေ မှာ စိတ်ပင်ပန်း လည်း.... ဖေဖေ က လူတွေ ရုတ်ရုတ်သဲသဲ နဲ့ အသံတွေ ဘာတွေ ဆူညံ နေရင် စိတ်မကြည်ပါဘူး... ဆရာဝန် အကြိုက်တွေ့သွားတယ် ထင်ပါတယ်... အခုလိုမျိုး ပေါ့နော် အဘ.....

ကျနော် တို့ မောင်နှမ တတွေ လည်း တယောက်မျက်နှာ တယောက်ကြည့်ပြီး အခန်းထဲက မထွက်ချင် ထွက်ချင်နဲ့ တယောက်ပြီးတယောက်ထွက်လာ ရပါတယ်..... (ကဲ.. ဒါက မန္တလေး ဆေးရုံကြီး မှာ စတင်ခဲ့ တဲ့နေ့ က အတွေ့အကြုံလေး တခု ကြုံလို့ပြောလိုက်တာပါ)

လူနာနံပါတ် ၁ အကြောင်းကို ပြန်ဆက်ရရင်... လူနာ ဟာ ပိန်ပိန်ပါးပါးနဲ့ အသက်ကြီးရင့်တဲ့ ပုံ ပေါက် ပါတယ်... တကယ် ကတော့ ၅၅နှစ်သာရှိပါသေးသတဲ့... သူနဲ့ အတူပါလာတဲ့ သူများကတော့ ဘောလုံး နှစ်သင်း စာလောက် ရှိပါတယ်..... ထူးထူးခြားခြား လူနာ အနီးမှာ ဆယ်ကျော်သက် အရွယ် ခပ်လှလှ... မိန်းမ တယောက်လည်း ပါ ပါတယ် (နောက်မှ ပြောပြပါမယ်)... 

ကျန်သူ များကတော့ သားသမီး လေးယောက် နဲ့ ခွဲစိတ်ခါနီး လေ... အကြောက်ကြီး ကြောက် လေ ဖြစ်ပြီး... အင်အားဖြည့်တဲ့ အနေနဲ့ မန္တလေး ကနေ တယောက်ပြီးတယောက် လူနာ ကိုယ်တိုင် .... ဖုန်းဆက် ခေါ်ထားတဲ့ ဘုန်းကြီးဆယ်ပါးလောက် မယ်သီလရှင် နှစ်ပါးလောက် နဲ့ တူ.. တူမ ဆိုသူတွေ ဖြစ်ပါတယ်... သြ... အတ္တာဟိ အတ္တနော နာထော ... မိမိကိုယ်သာ ကိုးကွယ်ရာ... မိမိ အသက် ရှင်သန်ရေး အတွက် ဆရာဝန်များ နဲ့ ပူးပေါင်းပြီး မိမိ ကိုယ်တိုင် ရင်ဆိုင် တိုက်ခိုက်ရမယ် ဆိုတာ နဲနဲမှ မစဉ်းစားမိဘဲ... အားကိုးရာ ရှာသူအတွက် နောက်ဆက်တွဲ ဇာတ်လမ်းများ အများကြီးရှိပါသေးတယ်...

အဲဒီ... နံပါတ် ၁ လူနာ ခွဲမဲ့ နေ့ကတော့ ဆေးရုံရဲ့ ဧည့်ခန်း တခုလုံးဟာ လူနာ ရဲ့ အမျိုးတွေ နဲ့ ပိတ်ဆို့ သွားတဲ့ အတွက် ... ခွဲစိတ်ဖို့ လာတဲ့ ပြင်သစ်ဆရာဝန်ကြီး လှေကားပေါ် တက်ဖို့တောင် အတော် ရှင်း ယူလိုက် ရပါတယ်.. ဒါနဲ့ ဒီဆေးရုံ မှာ ဒီလောက် လူတွေ များတာ မတွေ့ဖူး တဲ့ ပြင်သစ် ဆရာဝန်ကြီး လည်း စပ်စု လိုက်ပါတယ်......... ce qui se passe? Qui sont-ils?

ပြင်သစ်ကြီးက .... ဒီလူအုပ် ကြီးဟာ... ပထမဆုံး နေ့ ပထမဆုံး သူ ခွဲစိတ်မဲ့ လူနာ ရဲ့ အမျိုးတွေ ဆိုတော့ အတော် ကြောက်လန့် သွားဟန် တူပါတယ်... ဒီလူနာ ကို ခွဲစိတ် တာ မအောင်မြင်ရင် ပြင်သစ် ပြည် က လေဒီ တောင် တွေ့ရဖို့ မလွယ်ဖူး ဆိုတာ သဘောပေါက် သွားတဲ့ ပုံနဲ့ အစွမ်းကုန် ကျိုးစား ခွဲစိတ်ဖို့ ပညာကုန် သုံးဖို့ ဆုံးဖြတ်ထားပြီး ဟန်နဲ့.... ခေါင်းတငြိမ့်ငြိမ့် ....  လှည့်ကြည့် လှည့်ကြည့် လုပ်ရင်း ... ခွဲစိတ်ခန်း ထဲကိုဝင်သွား ပါတယ်....

ပြင်သစ် ကြီး အတွက် ပထမဆုံး လူနာ ဟာ ကံမကောင်းပါဘူး... ခွဲစိတ်ပြီး လူနာ ဟာ သွေးမတိတ် နိုင်တဲ့ အတွက် ရင်ဘတ် ပိတ်ပြီးသား ကို ပြန်ဖွင့် ရပါတယ်... သွေးမရပ်မခြင်း ရင်ဘတ်မပိတ် ဘဲ ခွဲစိတ်ခန်း ထဲမှာဘဲ ထားခဲ့ ပါတယ်.... စဉ်းစား တွေးတောလို့ ရအောင်ပြောရရင် .. ကျနော့် ဖေဖေ အတွက် သွေးအိတ် ရှစ်အိတ် သာ ကုန်ပေမဲ့... ပထမ လူနာ အတွက် ၂၅အိတ် ကုန်ပါသတဲ့....

ကဲ ပြင်သစ်ကြီး အတွက် ဒုတိယ လူနာ ရဲ့ ကံကြမ္မာ ကရော.....

ဒုတိယ လူနာ ဆိုတာ တနေ့ ၂ယောက်ခွဲမှာ ဆိုတော့ ညနေပိုင်းမှာ ခွဲစိတ်မဲ့လူနာဖြစ်ပါတယ်.. နှလုံး အစို့ရှင် လဲ တာဖြစ်ပါတယ်.. အစို့ရှင် တခုဘဲ လဲ မဲ့ အသက် ၅ဝ လောက်ဘဲရှိတဲ့ အမျိုးသမီး တယောက် ဖြစ်ပါတယ်... နယ်က လာတာဖြစ်ပါတယ်.. ပြုစုစောင့်ရှောက်မဲ့ သားတယောက် ပါလာ ပါတယ်.....

အဲဒီလူနာကတော့ ခွဲစိတ်ချိန် လည်း သိပ်မကြာသလို... နှစ်ရက် အတွင်းမှာဘဲ အထူးကြပ်မတ် အဆောင်  တစ် ICU (I) လို့ဘဲ သုံးပါမယ်... ( ICU (II) ကလဲ ရှိသေးတဲ့ အတွက်ဖြစ်ပါတယ်) ထဲကနေ ထွက် လာနိုင်ပါတယ်... အခြေအနေ အများကြီး ကောင်း ပါတယ်....

ပထမနေ့ အတွက် ပြင်သစ်ကြီး ရဲ့ ကံကြမ္မာ ဟာ သရေ ပါဘဲ...

ဒုတိယနေ့ .... မနက်ခင်းမှာ ခွဲမဲ့ လူနာနံပါတ်သုံး ဟာ အသက်၆၈ နှစ်အရွယ် ရှိတဲ့... အလွန် အင်မတန် တိကျ သေချာပြီး စည်းကမ်းစနစ် အလွန်ကြီး တဲ့ ... နိုင်ငံတာဝန် အား သတိ... နေမြဲ... သက်သာ.. သက်သာ.. ဆိုတဲ့ နေရာ က ထမ်းဆောင် လာတဲ့ ပင်စင်စား ပုဂ္ဂိုလ် တဦး ဖြစ်ပါတယ်.... သူကလည်း နယ် က ပါဘဲ.... သူ့ ကို ပြုစုမဲ့သူ ကတော့ အဖေ နဲ့ အမြဲတန်း တကျက်ကျက် ဖြစ်နေတဲ့ သမီးအပျိုကြီး  တယောက် ဖြစ်ပါတယ်... လူနာ ရဲ့ အိမ်ထောင်ဖက် က တော့ ဆုံး သွားပြီ လို့ သိရ ပါတယ်...

နှလုံးသွေးကြောတကြော ပိတ်သွားတဲ့ အတွက် Bypass surgery ပါဘဲ.... ခွဲစိတ်မှု့ ဒဏ်တွေကို ကြိုတင် လေ့လာထားပြီး ဖြစ်တဲ့ အပြင်.. ဖြစ်သမျှ ကို ရဲရဲယဉ်ဆိုင်မယ် ဆိုတဲ့ စိတ်နဲ့ ခွဲစိတ်ခန်း ထဲကို ရင်ကော့ ဝင်သွားသူ ဖြစ်ပါတယ်.... ခွဲစိတ်ခန်းထဲက နေ အောင်မြင်စွာနဲ့ ICU (I) ထဲရောက်လာပါတယ်...

ညနေပိုင်း ခွဲမဲ့ လူနာ နံပါတ် လေး ကတော့ အဆို့ရှင် နှစ်ခု လဲ ရမဲ့ အသက်၂၄ နှစ်သာ ရှိသေးတဲ့ ငယ်ရွယ်သူ လူငယ် တဦးဖြစ်ပါတယ် .. အလွန်အင်မတန် ချောမောတဲ့ ရန်ကုန်သူ ရီးစားလေး နဲ့ မောင်လေး အား အလွန်ချစ်တတ်တဲ့ အမတဦး သာ လူနာစောင့် အဖြစ်ပါ ပါတယ်...

ညနေပိုင်းခွဲတဲ့ လူနာ ဟာ ခွဲခန်းထဲက တော်တော် နဲ့ မထွက်လာနိုင်ပါဘူး... ခွဲစိတ်ခန်း ထဲကနေ အပြင် ICU (I) ရောက်လာဖို့ အတွက် ရင်တမမ နဲ့ စောင့်နေရပါတယ်.... သူ့ နှလုံး က လည်း တော်တော် အခြေအနေ ဆိုး ပါတယ်... မန္တလေး ဆေးရုံပေါ်မှာ ကထဲက အောက်ဆီဂျင် တွေ ပေးလိုက် ... ICU ထဲ ဝင်လိုက် ထွက်လိုက် နဲ့ ပါ....

ဒုတိယ နေ့ အတွက်လည်း ပြင်သစ်ကြီး ရဲ့ ကံကြမ္မာဟာ သရေပါဘဲ....

တတိယနေ့....... မနက်ပိုင်းမှာ ခွဲမဲ့ လူနာကတော့ အလွန်ဝဖြိုးထွားကျိုင်းပြီး... ဆီချိုရောဂါ အနည်းငယ် ရှိတဲ့ သွေးကြောတကြောပိတ်သွား တဲ့ အသက်၆၅ နှစ် ရှိတဲ့ နယ်မြို့ တမြို့ က ကုန်သည်ကြီး တဦး ပါဘဲ...  သူကတော့ တနေ့ကို စီးကရက် ၃ဗူး လောက်သောက်သူ လို့ သိရပါတယ်....

သူ နဲ့ အတူပါလာတဲ့ သူများကတော့ အလွန်အေးဆေးတဲ့ ရောဂါမျိုးစုံ နဲ့ ထာဝရ တိုက်ပွဲ ဝင်နေရတဲ့ ချိနဲ့နဲ့ ဇနီးဖြစ်သူ၊ အလွန်တရာ မှ စကားများပြီး အတွေးအခေါ်သစ် များ နဲ့ အပြစ်တင် စကား များကို တရစပ် ထုတ်လွှင့် နေ တဲ့ သမီးကြီး ဖြစ်သူ ၊အလွန်ဝသလောက် ပါးစပ်နဲ့စားစရာ မပြတ်စားနေတဲ့ သမီးငယ် နဲ့ အတူ မြေးနှစ်ယောက် ပါလာကြပါတယ်... ခွဲစိတ်မဲ့ နေ့မှာ ရောက်လာကြတဲ့ သားနှစ်ယောက် နဲ့ ပေါင်းရင် သူ ကလည်း လူနာနံပါတ် တစ် နီးနီးပါဘဲ......

သူ့ကိုလည်း အောင်မြင်စွာဘဲ ခွဲစိတ်နိုင်ခဲ့ပြီး ICU (I) ထဲကို ရောက်လာပါတယ်.....

ညနေပိုင်း မှာ ခွဲမဲ့ လူနာကတော့ နှလုံးအစို့ရှင် လဲတဲ့ ယောက်ကျားလူနာ တယောက်ပါဘဲ... သူ ကလည်း အောင်မြင်စွာ နဲ့ ဘဲ ICU (I) ထဲ ရောက်လာပါတယ်...

တတိယနေ့ ကတော့ ပြင်သစ်ကြီး အတွက် ကံကောင်းတဲ့ နေ့တနေ့ပါဘဲ...

လေးရက်မြောက် တဲ့ နေ့ ကတော့ ပြင်သစ်ကြီး လက်ညောင်း... ဒါးညောင်း ...သွားပါပြီ... တရက်နား ပါတယ်..

ငါးရက်မြောက်နေ့ မှာ တော့ ချစ်ဖေဖေ ကို ပထမဦးဆုံး ခွဲစိတ်ရမှာ ဖြစ်ပါတယ်...

ကျနော် တို့ မိသားစု အတွက် အမှတ်တရ အဖြစ်ဆုံး နေ့ တနေ့ ဖြစ်သလို ....

ဆက်ပါအုန်းမည်...

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, December 16, 2009

အဖေလား တစ္ဆေလား အခန်း (၆)

အဲဒါ...ကျနော် ငယ်ဘဝလေ

ကျနော် ငယ်ငယ် ကလေ အဖေ ကို အဲဒီလို လိုက်ရှာဘူးတယ်..၊ အကို အဖွားအိမ်သွားရင် အဖေ က အကို ကို ဝင်ပူးပြီး သူပြောချင်ရာတွေ ပြောသွားတယ် ဆိုလို ကျနော် အဖေ နဲ့ တွေ့ချင်လွန်းလို့ အကို နဲ့ လည်းလိုက်သွား ဘူးတယ်..။

ကျနော် တအား တွေ့ချင်လို့လား မသိဘူး အဲဒီ တခေါက်က အဖေ လာတယ်..၊ ဒါပေမဲ့ အဖေ တချိန်လုံး ငိုနေတယ်..၊ နောက်ပြီး သူ..သူ..ကျနော်တို့ လမ်းထိပ်က အပင် အကြီးကြီးမှာ နေတယ်တဲ့...စားစရာလည်း မရှိဘူး...၊..သိပ် ဘိုက်စာတယ် လို့ ပြောတယ်..။

အင်း..အဖွားက နောက်တော့ ညတိုင်း အဲဒီ အပင်အောက်ကို ထမင်းတွေ ဟင်းတွေ သွားကျွေး တယ်ပြောတယ်..၊ အမေ သိတော့ စိတ်ဆိုးတာပေါ့..၊ အဓိပ္ပါယ် မရှိတဲ့..။

အကိုလား.. အကိုက အဲဒီလို အဖေ ဝင်ပူးပြီးရင် မောပြီး ကျန်ခဲ့တယ်..၊ နောက်ပြီး သူငယ်ချင်း တွေက တစ္စေကြီး သား လို့ ပြောတာကို ရှက်တယ်တဲ့..အဖေ သွားပါတော့တဲ့..။

အဲဒါ တကယ်လား..ဟုတ်လား..ကျနော် လည်း မသိဘူး..၊ ဒါပေမဲ့ အဖွားတို့ပြောတာတော့ အကို ကို အဖေ ဝင်ပူးနေတဲ့ အချိန်..အမေ လမ်းထိပ်က လာနေတာကို သိတယ်တဲ့..၊ အမေ လာပြီ ဆိုရင် လာနေပြီ လမ်းထိပ်ရောက်နေပြီလို့ ပြောပြီး အကို ကို ဝင်ပူးနေရာက နေထွက်သွားတယ်တဲ့..။

ခဏနေ အမေ လည်း ရောက်လာရောတဲ့..၊ အဖွား ပြောတာတော့ မင်း အဖေက တစ္စေဖြစ်နေ တာတောင် မင်း အမေ ကို ကြောက်နေ သေးတယ်ထင်တယ်..ဘယ်တော့ မှ အတွေ့မခံဘူး လို့ပြောတာဘဲ....။

အဖွား တို့လား အိမ်မှာ အဖေ့ အတွက် ခဏခဏ ဘုန်းကြီး ဆွမ်းကျွေးပြီးတော့ အမျှအတန်းဝေ ပေးပါတယ်..၊ ဒါပေမဲ့ အဖေ လေ နှစ်ပေါင်းများစွာ မကျွတ်လွတ်နိုင်ပါဘူးဗျာ..။

ကျနော်လေ ငယ်ဘဝ တလျှောက်လုံး အဲဒီလို တစ္ဆေကြီးသား အဖြစ် ကြီးပြင်းလာခဲ့ရပါတယ်..။


.........The end........

အားလုံး ကျမ်းမာ၊ ချမ်းသာ ကြပါစေ။

ဖတ်ရှု့ အားပေးသည့်အတွက် ကျေးဇူး အထူးတင်ပါသည်။ 


.
>>>ဆက်ဖတ်ရန်>>> >>

အဖေလား တစ္ဆေလား အခန်း (၅)

အခန်း ၅.၁

ကျနော် ဒီတခေါက် မန္တလေး ကအပြန် ရထားပေါ်မှာ သူ့ကို စတွေ့ခဲ့တယ်..၊ ကျနော့် အသဲ နုလုံးတွေ ပြုတ်ကျ သွားမတတ် ရင်ခုံသံတွေ ဆူညံ သွားတယ်..၊ တကယ်ဘဲ လှရက်နိုင်သူရယ်..။

ကျနော်တို့ စက်မှု့တက္ကသိုလ် ဆိုတာ မိန်းခလေး အင်မတန်ရှားတယ်..၊ ကျနော်ကလည်း တသက်လုံး စာကလွဲရင် ဘာမှ စိတ်မဝင်စားဘဲ နေခဲ့တာကိုး..။ ဒီနှစ်မှ ကျောင်းပိတ်ရက် မဟုတ်ဘဲ ကျနော့် အဖေ နေမကောင်းတာ ရက်ကြာနေတာရယ်..၊ အဆောင် မှာ စားရသောက်ရတာ လည်း မကောင်းတာ ကြာပြီ ဆိုတော့ အမေ့ လက်ရာ အညာစာလေး တွေ လည်း ပြန်စားအုန်းမှ ဆိုပြီး ပြန်လာခဲ့တာလေ..။

အဲဒီမှာကျနော့် အတွက်  အကုသိုလ်ဝင် တာလား မပြောတတ် တော့ဘူး..၊ သူ က လှတယ်၊ ငယ်တယ်၊ သွက်တယ် ..၊ မြင်မြင်ချင်း ဘဲ သူ့ ကို ကျနော် ချစ်မိသွားပြီ ဆိုတာ သေချာသွားပြီ..၊ သူ့ ကို တချိန်လုံး စိုက်ကြည့် နေမိတယ်.။

ကျနော့် ဘ၀မှာ မိန်းခလေး တယောက်ကို အကြာကြီး ဒီလို တခါမှ မကြည့်ဘူးဘူး..၊ အခုတော့ ကျနော် တို့ က ရထားတတွဲထဲမှာ မကြည်ချင်တောင် မြင်မိရမယ့် အနေအထား ဆိုတော့ ကျနော် လို ကြည့်ချင်သူ အဖို့တော့ ပြောမနေနဲ့ တော့ ပေါ့။

နောက်တော့ သူတို့ ပြောစကားတွေ နားထောင် လိုက်တော့ ဈေးချိုသူ တွေမှန်း သိရတော့တယ်..၊ ဈေးချိုသူ ဆိုတော့စကား အပြောအဆိုချိုသာပြီး သွက်လက်တော့မှာ ပေါ့နော်..၊ ချစ်သွားပြီ ကလေးရေ.၊ သူ့ ကို ကြည့်ရတာ ကျနော့် ထက် တော်တော် ငယ်ပုံရပါတယ်..၊ နောက်ပြီး လှလိုက်တာလည်း လွန်ပါရော..၊ သူတို့ အဖွဲ့တွေက ကျိုက်ထီးရိုး ဘုရားဖူး သွားကြတာတဲ့..။

ကျနော် ကလည်း မလည်မဝယ် နဲ့ ဆိုတော့ သူတို့ အဖွဲ့ထဲ တော်တော် နဲ့ဝင်မရောရဲဘူး..၊ နောက်ဆုံး သူတို့ ထဲက မမမျိုးဆိုတဲ့ ခပ်ကြီးကြီး အပျိုကြီးမမ တယောက်ရဲ့ ပြောဆို ဆက်ဆံမှု့ တွေကြောင့် ကျနော်  မရဲတရဲ နဲ့ ၀င်ရောရဲလာပါတယ်..၊ သူလေးကလည်း ကျနော် သူ့ကို ချိန်နေမှန်း သတိထား မိတယ် ထင်တယ်..၊ ဒါပေမဲ့ ကျနော့်ကို နဲနဲလေး မှ ရှုက်ရွံ ပုံ မရပါဘူး..၊ အများနဲ့ ရောပြီး ခေါ်ခေါ်ပြောပြော ပါဘဲ..။

ကျနော် ရန်ကုန်ရောက်တော့ အဆောင်မှာ ပစ္စည်း ကမန်းကတန်း ဝင်ထားပြီး သူတို့ အဖွဲ့နဲ့ ကျိုက်ထီးရိုး ထိပါသွားတော့ တာပါဘဲ..၊ ကျိုက်ထီးရိုး အသွားအပြန် ခရီးမှာ သူနဲ့ ကျနော်ရဲ့ ရင်းနှီး မှု့ က အတိုင်းအတာ တခုထိ သတ်သတ်မှတ်မှတ် ရှိသွားပါပြီ..၊ ကျနော် ကိုလည်း သူက အမှန်အတိုင်း သူ့ ဘဝ ကိုဖွင့် ပြောပါတယ်.၊ ကျနော်ထင်နေသလို သူက သာမန်ဈေးသည် မဟုတ်ဘူး ဆိုတာကိုပေါ့..၊ ဒါပေမဲ့ ဘာဖြစ်လည်းဗျာ..၊ ဘာဘဲ ရောင်းရောင်းပေါ့ ..၊ နောက်တော့ ကျနော် လုပ်ကျွေးမှာ ပေါ့ ဆိုတဲ့စိတ်နဲ့ သူ့စကားကို အလေးအနက် မထားမိဘူး...။

ကျနော် ရဲ့ တသက်တခါ မချစ်ဘူးတဲ့ အချစ် တွေနဲ့ ဘာကိုမှ ကျနော် မစဉ်းစား နိုင်တော့ ပါဘူး..၊ ကျနော် သူ့ကို ချစ်တယ်..၊ သူ ကျနော့် ကို ချစ်တယ်..ကျနော်တို့ ဘ၀အတွက် ပြီးပြည့်စုံသွားပြီပေါ့..၊ အဲဒီနှစ် မှာဘဲ မန္တလေး ကို ကျနော် ခဏ ခဏ ပြန်မိတယ်..၊ အိမ်က သိတဲ့ အခါလည်းသိပေါ့ မသိတဲ့အခါလည်း မသိပေါ့..။

ဒါပေမဲ့ ကျနော့် ရဲ့မွေးမိခင်က ကျောင်းအုပ်ဆရာမကြီး ကျောင်းသားပေါင်း များစွာကို အုပ်ထိမ်းလာတာ ဆိုတော့ သူ့သား အခြေပျက် နေတာ ချက်ခြင်း ရိပ်မိပါတယ်..၊ ကျနော့် ကို မဖြစ်နိုင်တဲ့ အကြောင်း စရိုက်သဘာဝ မတူညီ တဲ့ အတွက် ကျနော့် ဘဝမှာ ဒုက္ခ ရောက်ရမယ်ဆိုတဲ့ စကားနဲ့ အမေ အကြိမ်ကြိမ် တားခဲ့ ပါတယ်..။

ဒါပေမဲ့ ကျနော် နားမဝင်တော့ ပါဘူး..၊ မချစ်ဘူးတဲ့ အချစ်ရူး ကို ဘယ်မိဘရဲ့ စကားတွေက နားဝင်စေ မှာလည်း..၊ ကျနော် ကျောင်းမပြီးခင် ၂နှစ် လောက်မှာ ဘဲ သူ နဲ့ ၂ဦး သဘောတူ လက်ထပ်လိုက်ကြတယ်.၊ ကျနော် မိဘ တွေလည်း ရင်ကွဲ ပက်လက် ပေါ့..၊ ကျနော်လည်း ဒီလိုပါဘဲ ကျနော် သူ့ကို ချစ်လွန်းလို့သာ ဒီလို ဆန့်ကျင်ခဲ့တာပါ..၊ ကျနော် မိဘ တွေကိုလည်း ကျနော် သိပ်ချစ်တယ်..၊ ကျနော့် ဘဝအတွက် တော့ ဒါ ပထမဆုံး အမဲစက် တစက်ပါဘဲ..။

အခန်း ၅.၂

ကျနော် တို့ နှစ်ယောက် ဟာ ချစ်စခင်စကြင်နာစ ကထဲက အဆင်မပြေကြပါဘူး.၊ သူ့စိတ်ထဲမှာ ကျနော့် မိဘ တွေက အသိအမှတ်မပြုတာကို  ကျနော်တို့က ဘာမလို့လည်း ဆိုပြီး အမြဲတန်း အရွဲ့တိုက်၊ စကားနာထိုး နဲ့ ကျနော့် ကို အမြဲတန်း စိတ်ဆင်းရဲအောင်လုပ်နေပါတယ်..၊နောက်ပြီး ကျနော် လည်း ကျနော် ချစ်တဲ့သူနဲ့ ဘဝကို ထူထောင်ထားပေမဲ့ အရှုံးသမား တယောက်လို ခံစားနေရတယ်..။

ကျနော့် အမေ ကလည်း ကျနော့်စိတ်နဲ့ အိပ်ယာထဲဘုံးဘုံးလဲပြီး အခုထက်ထိ နလန်မထူတော့ပါဘူး..၊ မောင်နှမ သားချင်းတွေကလည်း ကျနော့် ကို ဂြိုလ်ကောင် အဖြစ်ယူဆ နေကြပြီ..၊ ကျနော် အိမ်ထဲဝင်လို့တောင် ပြုံးပြမဲ့ သူမရှိတော့ပါဘူး..၊ ဘာတွေလည်းဗျာ မိန်းမ တယောက် ယူတာနဲ့ ဘဝ ကဒီလောက်တောင် ပြောင်းလဲ သွားနိုင်လား..။

မိန်းမ ကလည်း မလိမ္မာပါဘူး ကျနော် စိတ်ညစ်နေ စိတ်ဆင်းရဲ နေတာကို ကျနော့် အမေ အတွက် လက်စားခြေ နေသလိုဘဲ ပျော်နေတာကို တွေ့ရတယ်..၊ ကျနော် များ နဲနဲ ကြည်သာနေရင် ရန်လုပ်တော့ တာပါဘဲ..။

ကျနော် ဘွဲ့ရအောင် သူဈေးရောင်းထားပေးတာ ဟုတ်ပါတယ်..၊ ဒါပေမဲ့ ကျနော် ဘွဲ့ရတော့ အလုပ် လုပ်ပြီး သူ့ကို ဈေးရောင်းတာ နားခိုင်းသားဘဲ..၊ သူ ဘာသာ သူ ကျနော် အလုပ်လုပ်တာ ထိုင်စားနေရရင် လျှာမြက်ပေါက် မယ်လေး..ဘာလေး ဆိုပြီး ဘယ်လိုမှ တားမရဘဲနဲ ပြန်ပြီး ဈေးထွက်ရောင်းတာလေ..၊ ကျနော့် စကားကို ဘယ်လိုမှ နားမထောင်ဘူး..။

တခြားဟာ ရောင်း ပြောလည်း နားမထောင်ဘူး..၊ ကျနော် လည်း အလုပ်မှာလည်း အဆင်မပြေ..၊ ကျနော် အမေကလည်း ကျနော့် စိတ်နဲ ဆုံးသွားပြီ..။

မင်းကို ငါချစ်ခဲ့ တာ ငါ့ အမေကို ငါ သတ်သလို ဖြစ်ခဲ့ ရပြီ..၊ ငါ့ သားလေးတွေကိုလည်း မင်းမချစ်ဘူး..၊ အမေ တယောက်ရဲ့ သံယောဇဉ် ရောမင်းမှာ ရှိသေးရဲလား.....

ကျနော် အလုပ်လည်း ထွက်လိုက်ပြီ..၊ တနေ့ တနေ့ ကျနော့် တလစာ ဟာ သူ့ တနေ့စာဘဲ ဆိုပြီး   အမြဲတန်း ကြေးတိုက် နေတဲ့ မိန်းမ ကို မှတ်လောက် အောင် ထွက်လိုက်တာလေ..။

အလုပ်ထွက်လိုက်မှ ကျနော့် စိတ်တွေ ပိုပြီး လေလာတယ်..၊ လောကကြီးမှာ သား၂ယောက် သာမရှိခဲ့ရင် ကျနော် အမေ နောက် ကို လိုက်မိချင်ပြီ..၊ သား၂ယောက် ကို အကြောင်းပြ ခဲ့ပေမဲ့ ကျနော့် ဘဝနဲ့ လဲ ယူထားတဲ့ မိန်းမ..၊ မိန်းမ ရေ မင်းကိုလည်း ငါချစ်ပါတယ်..၊ မင်းရဲ နားလည်မှု့လေး တခုသာ ငါ ရကြည့် ငါ ဘ၀မှာ နေပျော်မှာပါ..၊ မင်းကို ချစ်ခဲ့ပါတယ်..။

အခန်း ၅.၃

ဒီနေ့ ကမ္ဘာပျက်တဲ့နေ ကျနော့် မိန်းမ ဟာ ဈေးထဲမှာ ဈေးရောင်းနေတာ မဟုတ်ဘူး..၊ လူရောင်းနေတာ..၊ သူ ယောက်ကျား တယောက်နဲ့ ဖောက်ပြန်နေတယ်..၊ ကျနော် ဒီသတင်းကို ဘယ်တုန်းက မှလည်း မသိခဲ့ပါဘူး..၊ ကျနော့် အမေဆုံးကထဲက အိမ်ဘက် မရောက်ဖြစ်တာလည်း ကြာပြီ ဆိုတော့ ..အဲဒီနေ့ က အမေ ကိုလွမ်းလာတာနဲ့ အိမ်ဘက် ထွက်လာမိတယ်...။

အဲဒီမှာ ကျနော့် အကို အကြီးဆုံး နဲ့ လမ်းထိပ်မှာ တွေ့တယ်..၊ မင်း နွား ဘဲ..၊ မင်းမိန်းမ ဈေးထဲမှာ ဘာဖြစ်နေလည်း သွားကြည့်လိုက် အုန်း..၊ မင်းမိန်းမ နောက်မီးလင်းနေတယ်..၊ မင်းကလွဲပြီး အားလုံး သိတယ်..၊ နွား..နွားကြီး...ဆိုပြီး ပြောလာတယ်..။

ကျနော် နွား မဟုတ်ပါဘူး..၊ မိန်းမ မင်းဘာတွေ လုပ်နေလည်း..၊ မိန်းမ...မိန်းမ.. အဲဒီနေ့ ကစပြီး ကျနော် ဈေး ဘက်ကို ဘယ်တော့ မှ မသွားတော့ ဘူး..၊ မယုံချင်ဘူးဗျာ..၊ ကျနော့် မိန်းမ ဒီလို ဖြစ်နေတယ် ဆိုတာ ကျနော် မမြင်ပရစေနဲ့..မယုံပရစေနဲ့..။

ငါ့သားလေး ၂ ယောက်အမေ ဟာဒီလိုလား..၊  ကံဆိုးလိုက်တဲ့ သားလေး တွေရယ်..၊ကျနော် စိတ်မထိမ်း နိုင်တော့ဘူး..၊ ကျနော်.ဘာလုပ် ရမှာလည်း..။

အခန်း ၅.၎

သားလေးတွေ...ဖေဖေ သွားရတော့မယ် ထင်တယ်..ဘ၀မှာ ဖေဖေ နေလို့ မပျော်တော့ဘူး.... .သားတို့ အမေ ကလည်း ..ဖေဖေ မရှိခဲ့ ရင်တော့ သားတို့ကို ဂရုစိုက်မှာပါ..။..သားတို့ အတွက် ဖေဖေ တာဝန် မကျေခဲ့ပါဘူး..ဖေဖေ ကို ခွင့်လွှတ်ပါ...၊ သားတို့ကို ဖေဖေ သိတ်ချစ်ပါတယ်..၊...မိန်းမ....မင်း ကို မောင် ချစ်ခဲ့ ပါတယ်..ချစ်နေဆဲပါ....၊ မင်းဘာတွေဘဲ လုပ်လုပ် .....မောင် ခွင့်လွှတ်ချင်တယ်.၊ ပတ်ဝန်းကျင်ကိုတော့ မောင် ရင်မဆိုင်ရဲတော့ဘူး............

သား၂ယောက်.....
 မိန်းမ......
ကြိုးကွင်း.......
အမေ............အမေ ရေ.............

(ဒီတခါ ကျနော် ရေးတာ ပျော်စရာဇာတ်လမ်း မဟုတ်ဘူး ဖြစ်နေတယ်..၊ ဒါပေမဲ့ ထူးလည်းထူးဆန်း တကယ် လည်း ဖြစ်ရပ်မှန် ဖြစ်နေတဲ့ အတွက် ဘာမှ မပြောင်းလဲ ချင်တာနဲ့ ရေးလိုက်တာပါ)

အခန်း (၆) မှာ ဇာတ်သိမ်းပါမယ်..
ကျေးဇူးတင်ပါတယ်..

.
>>>ဆက်ဖတ်ရန်>>> >>

Friday, December 4, 2009

အဖေလား တစ္ဆေလား အခန်း (၄)

အခန်း ၄.၁

ဒီနေ့ သားကြီးကို သူ့အဖွားအိမ် သွားခိုင်းလိုက်တယ်၊ သားကြီးက မသွားချင်ဘူး၊ စိတ်တော့ မကောင်းဘူး ဒါပေမဲ့ အတင်းသွားခိုင်းလိုက်တယ်၊ ဒီလိုပျော့ညံတာတွေကို မကြိုက်ဘူး၊ သူ့အဖေ နဲ့ တပုံစံထဲ ဖြစ်နေတယ်..။ သူ့ အဖေ ကလည်း ဘာတွေ ဖြစ်နေတာလည်း....နားမလည်နိုင်အောင် ဖြစ်နေတယ်။

ကျနော့် ဘဝ တလျှောက်လုံး စိတ်ကူးယဉ်တာ ဆိုလို့ ဒီယောက်ကျားနဲ့ ယူမိတာဘဲ ရှိတယ်..၊ ဒါလည်း ကျနော့် ကသူ့ကို ချစ်လွန်းလို့ တော့ မဟုတ်ဘူး၊ သူကချစ်လွန်းလို့ ဒီလိုဖြစ်သွားခဲ့ရတယ်။ မတူညီတဲ့ ဘဝ ၂ ခုကို ပေါင်းစီးချင်တဲ့ သူ့ အပြစ်လား၊ အစကထဲက မဖြစ်နိုင်မှန်း သိရက်နဲ့ ပေါင်းစည်းဖို့ ဆုံးဖြတ်ချက် ချခဲ့တဲ့ ကျနော့် အပြစ်လား။

ကျနော် က ငယ်ငယ်လေး ကထဲက ပါးပါး နဲ့ လိုက်ပြီး ဈေးထဲမှာ ဈေးရောင်းရတယ်၊ အမေ က ဘယ်တော့ မှ မလိုက်ဘူး၊ အိမ်မှာဘဲ ထမင်းဟင်းချက်တယ်၊ နောက်ပြီး ကျနော် တို့မှာ ညီမ ၂ ယောက်ထဲဘဲ ရှိတာဆိုတော့ ကျနော် မှ  ပါးပါး ကို မကူရင် ဘယ်သူ ကူမှာလည်း။ အမေကလည်း တအားအေးတယ်၊ ညီမ ကြတော့လည်း ကျနော် လို ပညာတပိုင်းတစ ဖြစ်မှာ စိုးလို့ ပညာလည်းထူးချွန်လို့ ကျနော် ဘဲ ဈေးရောင်းခဲ့တာပါ။

ကျနော် အဖေ ကတရုပ်စပ်တယ်၊ အမေ က ရခိုင်၊မြန်မာ၊ အဲဒီတော့  ကျနော် က သိပ်လှတာပေါ့၊ ကိုယ် ကို ကိုယ် သိပ်လှတယ် လို့လည်း မပြောချင်ပါဘူး၊ ကျနော် ဘဝ မှာ လှနေလို့ နုနေလို့မှ မရတာ၊ ဒါတွေ ကို သူနားမလည်ဘူး၊ ကျနော် နေရတဲ့ ဘဝ က ကြမ်းတမ်းတယ်၊ သူ လည်းသိတယ်၊ ဒါကို သက်သက်မဲ့ ရှေ့တိုးခဲ့တာ၊ ရှေ့တိုးရင်လည်း သေချာတိုးပေါ့၊ အခုတော့ ယောက်ကျား တယောက် မဟုတ်တဲ့ အတိုင်းဘဲ၊ လုပ်သွားလိုက်တာ၊ကျနော် ကတော့ မုန်းတယ်၊.. ဒီလို ဘဝ ကိုအရှုံးပေးသွားတဲ့ ယောက်ကျား တယောက်ကိုမုန်းတယ်။

ကျနော် က ဈေးချိုထဲမှာ ဈေးရောင်းတာ၊ လပြည့်လကွယ် ဈေးပိတ်တယ်၊ သြ ဈေးချို ထဲမှာ ဈေးရောင်းတာ ဆိုလို့ တကယ့် သူဌေး ဈေးဆိုင်ခန်း တွေ မြင်ပြီး အထင်ကြီးမသွားနဲ့ အုန်း၊ ကျနော် ရောင်းတာက ဝက်သား၊ ဆိုင်ခန်း နဲ့ ရောင်းတဲ့ အကြီးစား အသား သည်ကြီးတွေ မဟုတ်ဘူး၊ သူတို့ စီက တဆင့် ပိသာ ၃၀ဆို ၃၀ ၊ ပိသာ ၂၀ ဆို ၂၀ တဆင့် ခံရောင်းရတဲ့ တဆင့်ခံဈေးသည်ပါ။

ပါးပါး ရှိတုန်းကတော့ အတူတူ ရောင်းတာပေါ့၊ ပါးပါး ဆုံးသွားတော့ ကျနော် တယောက်ထဲ ရောင်းရတာ၊ အမေ နဲ့ ညီမ ကတော့ အကုသိုလ် များပါတယ် သမီးရယ် တခြားဟာဘဲ ပြောင်းရောင်းရအောင်ပါတဲ့၊ တသက်လုံး ကျနော် က ဒါဘဲ ရောင်းလာတာ ဆိုတော့ တခြားဟာ တခုခု ပြောင်းမယ်ဆိုတော့ ဘာပြောင်းရမှန်း မသိဘူး၊ ဒါနဲ့ ဘဲ ဆက်ရောင်းဖြစ်သွားတာ။

အခန်း ၄.၂ 

ကျနော် က ဘဲ ကုသိုလ် မကောင်းတာလား၊ သူကဘဲ ကြမ္မာ ငင်ချင်တာလားတော့ မသိဘူး၊ ကျနော်တို့ ဈေးပိတ်ရက် နဲ့ ဆက်ပြီး တော့ ကျိုက်ထီးရိုး ဘုရားဖူး ထွက်ကြတယ်၊ ဈေးရုံထဲက သူငယ်ချင်း တွေနဲ့ ကျနော့် ကျောင်းနေဘက် သူငယ်ချင်း ဟောင်းတွေနဲ့ဆို အယောက် ၂၀ လောက် ရှိတယ်၊ ရွယ်တူတန်းတူ အချောအလှ တွေကြီးဘဲ ဆိုတော့ ရထားတတွဲ လုံးက ငေးနေတော့တာပေါ့။

အဲဒီထဲကမှ ကျွန်တော် တယောက်ထဲ ကိုဘဲ ရွေးငေးနေတဲ့ သူကို စပြီးတွေဆုံခဲ့တော့တာပါဘဲ၊ သူက ရန်ကုန်မှာ ကျောင်းသွားတက် မဲ့ စက်မှု့တက္ကသိုလ် ကျောင်းသားတဲ့၊ အဲဒီက စပြီးတော့ ကျောင်းတောင် မဝင်နိုင်ဘဲ ကျနော် တို့ ဘုရားဖူးသွားတဲ့နောက် တောက်လျှောက် လိုက်လာတော့တာဘဲ။

ကျနော်လည်း စစခြင်းတော့ ဈေးချိုမှာ ဈေးရောင်းတာဘဲ သူသိတာဆိုတော့ အသေးစိတ် တော့ မပြောမိဘူးပေါ့၊ ဒါပေမဲ့ နောက်ဆုံး ကျနော်တို့ မန္တလေး ပြန်မယ်လုပ်တော့ သူ နောက်ဆုတ်ချင်ရင် နောက်ဆုတ် လို့ရအောင် ပြောခဲ့ပါတယ်။ အဲဒါ မှန်သော သစ္စာပါ၊ သူ ဘာသာ သူ ပြောမရဆိုမရ အတင်း ရှေ့ဆက်တိုးခဲ့တာပါ။ သူ ရှာကျွေးမယ်တဲ့၊ ဘာဈေးမှ မရောင်းရဘူးတဲ့၊ သူ့ ကိုသာ အချိန်ပေးပါဆိုပြီး ပြောခဲ့တာပါ။

နောက်တော့ မန္တလေး တလ တခေါက်လောက် ပြန်လာပြီး အခြေပျက်လွန်း တဲ့ သူ့ကို ကြည့်ပြီး သူ့မိဘ တွေ သိသွားတော့တာဘဲ၊ ကျနော် နဲ့လား ဘယ်သဘောတူပါ့ မလည်း။ သူတို့ကလည်း မချမ်း သာပါဘူးတဲ့၊ ဒါပေမဲ့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်တဲ့ သူနဲ့ဆိုရင် တော့ ရပါတယ်တဲ့၊ ကျနော်လို အသားသည် နဲ့တော့ သဘောမတူဘူးပေါ့။

အဲဒီမှာ မောင်မင်းကြီးသားက တစခန်း ထတော့တာပါဘဲ၊ ဈေးမရောင်းနဲ့တော့ပေါ့၊ ကျနော်လည်း သဘောမတူ ဘူးဆိုကထည်းက ဒေါသဖြစ်နေတာဆိုတော့ ရောင်းမှာဘဲ၊ ခင်ဗျား နဲ့လည်းပြတ်တယ်ဗျာ လို့ပြောတော့ ငိုယိုပြီး၊ တထစ်လျှော့လာတယ်၊ တခြား ဟာရောင်းပါတဲ့၊ ကျနော်လည်း တခြားဟာ ရောင်းဘို့ ဘယ်မှာလည်း ဈေးရင်း၊ နောက်ပြီး ကျနော်က ဒါဘဲရောင်းတတ်တာလို့၊ နောက်တော့ ခင်ဗျား ရှာကျွေးရင် မရောင်းတော့ဘူးလို့ တထစ်လျှော့လိုက်တော့လည်း သူ့မိဘ တွေက သဘောထား ပြောင်းမလာဘူး၊ ဒါနဲ့ ကျနော်လည်း သူ့မိဘတွေ အမြင်ကတ် တာနဲ့ နှစ်ဦးသဘောတူ ရုံးတက်လက်ထပ် လိုက်တယ်။

အခန်း ၄.၃

သူ လား ဘယ်ကျောင်းပြီးသေးမှာလည်း၊ ကျောင်းပြီးဘို့၂နှစ်လို သေးတယ်၊ ကျနော် ထားပေးရတာပေါ့၊ အဲဒါကို စိတ်ကူးယဉ်သေးတာ ကျောင်းဆက်မတက်တော့ဘူး၊ သူလုပ်ကျွေးမယ်ပေါ့၊ ရီချင်လိုက်တာဗျာ၊ သူက ဘာလုပ်နိုင်မှာလည်း ဘာလုပ်တတ်မှာလည်း၊ အဲဒါနဲ့ သိပ်စိတ်ကူးယဉ် မနေနဲ့ လို့ ကျနော် တယောက်ထဲတင် ခင်ဗျားလုပ်ကျွေးရမှာ မဟုတ်ဘူး။

ကျနော့် အမေလည်း လုပ်ကျွေးရအုန်းမှာ၊ ကျနော့် ညီမလည်း ကျောင်းထားပေးရအုန်းမှာ။ နောက်ပြီး ကျနော့် ဘိုက်ထဲမှာလည်း တယောက်ရှိနေပြီဆိုမှ ပိုဆိုးသွားတယ်၊ လုံးဝ ကျောင်းမတက်နိုင်တော့ဘူးတဲ့၊ အဲဒီမှာ ကျနော်နဲ့ အကြီးအကျယ် ရန်ဖြစ်ကြတာပေါ့၊ ကျနော် ကလည်း ကိုယ်နဲ့ရမှ သူတို့သား ကျောင်းမပြီးပါဘူးဆိုတာကို အဖြစ်မခံနိုင်တာ၊ နောက်ဆုံး ကျနော် အမျိုးမျိုး အကြပ်ကိုင်မှ ကျောင်းသွား တက်တော်မူတယ်။

သူကျောင်းပြီးတော့ သားကြီးတောင် တနှစ်သားရှိနေပြီ၊ အဲဒီမှာ တခါ တစခန်းထ ပြန်တယ်၊ ဈေးမရောင်း နဲ့တော့တဲ့၊ အဲဒီအချိန်မှာ ကျနော်လည်း သားငယ် ကလည်းဘိုက်ထဲမှာ ရှိနေပြီ၊ ညီမကလည်း ကျောင်းပြီးသွားပြီဆိုတော့ ကျနော်တို့မိသားစုနဲ့ အမေတယောက်ကိုတော့ သူလုပ်ကျွေးနိုင်မယ် ထင်တာပေါ့၊ နောက်ပြီး သားငယ် ကိုယ်ဝန်ရှိတဲ့ အချိန်မှာ ကျနော့် ကျန်းမာရေးလည်း သိပ်မကောင်းဘူး၊ ဒါနဲ့ သူလည်းအလုပ်ရ ဆိုတော့ ကျနော် လည်းဈေးရောင်းတာ လုံးဝ နားပြစ်လိုက်ပါတယ်။

အဲဒီမှာ သားငယ် မွေးပြီးတဲ့ အချိန်ထိ သူ လခနဲ့စားလာတာ၊  ကျနော် တသက်လုံး ရှာထားသမျှ ပြောင်ပါရော၊ ကျနော့် ရှိသမျှ ရွှေတွေလည်းကုန်တာပါဘဲ၊ ပြောရင် ယုံမှာ မဟုတ်ဘူး၊ သူ့လခ က ကျနော် ဈေးရောင်း တဲ့ တနေ့ဝင်ငွေ မမှီဘူး၊ အဲဒီတော့ ကျနော်လည်း ဒီလိုနေလို့ တော့ မဖြစ်ဘူး ကျနော့် မှာလည်း သား၂ယောက်ရှိလာပြီဆိုတော့ ကျနော် ဈေးပြန်ရောင်းမယ်ပြောတော့၊ လုံးဝလက်မခံဘူး၊ သူ့ သား ၂ ယောက်ကို ကျနော်လို မဖြစ်ရဘူးတဲ့၊ ကဲကြည့်အုန်း ကျနော် တို့လည်း နေ့တိုင်းရန်ဖြစ်တာပေါ့၊ နောက်တော့ သူက ကျနော်သုံးလောက်အောင် သူခိုးလည်းမလုပ်နိုင်ဘူးတဲ့၊ ဓါးမြလည်း မလုပ်နိုင်ဘူးတဲ့၊  မင်းဈေးရောင်းရင်တော့ ငါ အလုပ်ထွက်ပြစ်မှာတဲ့၊ ကျနော်လည်း ထွက်ပေါ့။

အဲဒီမှာ ကျနော်တို့ နှစ်ယောက်ရဲ့ ဇာတ်သိမ်းခန်းစတော့တာပါဘဲ၊ ကျနော်လည်း အရင်းကလည်း နဲ၊ ပိုက်ဆံကလည်း တအားရချင်တော့ အကုန်လုပ်တော့တာပါဘဲ။ အဲဒီမှာ သူကလည်း အရွဲ့တိုက်ပြီး ဘာမှ မလုပ်ဘဲ အိမ်မှာဘဲနေတော့တာဘဲ၊ သားတွေကိစ္စတော့ လုပ်တာပေါ့နော် သားတွေစာသင်တာနဲ့ ကျောင်းပို့တာတို့ ဘာတို့ပေါ့၊ အဲဒါကြောင့် သား၂ယောက်က သူနဲ့တူပြီး အရမ်းပျော့ညံနေတာ။

သူ့ကိုကျနော် အလုပ် လုပ်စေချင်တာကလည်း သူ့ပိုက်ဆံမက်လို့ မဟုတ်ပါဘူး၊ သားတွေ ဂုဏ်ရှိအောင်ပါ၊ ဒါလည်း နားမလည်ဘဲနဲ ကျနော် ဈေးရောင်းတာဘဲ ရမယ်ရှာ နေတော့ တာဘဲ၊ ရန်ဖြစ်ရတာလည်း နေ့တိုင်း၊ နောက်တော့ ကျနော် အခုယူထားတဲ့ ကျနော့် နဲ့ အလုပ်အတူ လုပ်နေတဲ့ တယောက်နဲ့ စွပ်စွဲ တော့တာပါဘဲ။ ကျနော် လည်းကိုယ်မှ မဟုတ်တာ နဲနဲလေးမှ မဆင်ချင်ပါဘူး၊ အဲဒီမှာ သူ ဒီလိုလုပ်သွားတော့တာဘဲ..။

နောက်တော့ သူ့ ဒိုင်ယာရီ ကိုကျနော် ဖတ်ရတယ်............၊ အဲဒီမှာ..............။

အခန်း (၅) ဆက်ရန်


>>>ဆက်ဖတ်ရန်>>> >>

Thursday, December 3, 2009

အဖေလား တစ္ဆေလား အခန်း (၃)

အခန်း ၃.၁

အကို..အဖွားအိမ်သွားမလို့တဲ့.. ကျနော် လိုက်ချင်လိုက်တာ..၊ အဖေ ဘာဘဲဖြစ်ဖြစ်လေ..၊ ကျနော် တွေ့ချင်တယ်..၊ အဖေ က ကျနော့် အဖေဘဲ..၊ ကျနော် ဘာလို့ ကြောက်ရမှာ လည်း..၊ ဒါပေမဲ့ အမေ က ကျနော် ကို ကျန်းမာရေးမကောင်းဘူးတဲ့၊ မလိုက်ရဘူးတဲ့..၊ အဖွား အိမ်သွားတိုင်း ကျနော်မလိုက်ရဘူး။ အဖွား နဲ့ မတွေ့ရတာတောင် ကြာသွားပြီ..။

ဟို တနေ့ကတော့  အမေ ဈေးက ပြန်မလာခင် အကို နဲ့ အဖွားအိမ်ကို သွားမယ်ဆိုပြီး အကို ကိုအတင်းခေါ်တယ်၊ အကို ကမလိုက်ချင်ဘူး၊ ကျနော် အတင်းပူစာတာနဲ့ အကို လိုက်လာတယ်။ အဖွား အိမ်ရောက်တော့ အဖွားက ကျနော့် ကိုကြည့်ပြီး ငိုတယ်..၊ ငါ့မြေးလေး ပိန်လိုက်တာတဲ့..၊ မင်း အမေ ကလည်း ..အင်း..ခက်ပါတယ် တဲ့။

ကျနော် အဖွားပြောတာတွေ ဂရုမစိုက်နိုင်ဘူး၊ အကို ကိုဘဲ မျက်တောင်မခတ် စိုက်ကြည့်နေတယ်..၊ အကို ဘာထူးလည်း၊ အဖေ.. အဖေ အခုထိ ဘာလို့ မလာသေးတာလည်း၊ အခါတိုင်း အကို  လာရင် အဖေ လာတယ်ဆို၊ အကို က အဖေ ဖြစ်သွားတယ်ဆို..၊ အဖေ.. လာပါတော့..၊ အဖေ လာရင်... ကျနော် ပြောမယ်...၊ အဖေ့ ကို သားဘယ်လောက်ထိ လွမ်းနေလည်းဆိုတာပြောမယ်..။

အဖေ ဘာလို့ ဒီလို လုပ်ရတာလည်း ဆိုတာမေးမယ်..၊  အဖေ ပြန်လာဘို့လည်း ပြောမယ်..၊..အမေ နောက်ယောက်ကျား ရတော့ ဘာဖြစ်လည်း..၊ သား တို့၂ယောက်ရယ်၊ အဖေ ရယ်၊ အဖွားရယ်..ပြန်နေကြမယ်လေ..၊ အဖေ..လာတော့ဗျာ..၊ အကို...အကို က အကို ဖြစ်နေသေးလား.. အကို..အကိုလား၊ ...အဖေ လား... အဖေ ရောက်ပြီလား..၊ အဖေ..ရေ..။

အခန်း ၃.၂

အဲဒီနေ့က အဖေ့ ကို.ကျနော် တို့ စောင့်နေကြတယ်...၊  ဒါပေမဲ့ အကို ကတော့ မလာတော့ လည်း ကောင်းတာပေါ့ကွာ တဲ့..၊ ကျနော့် အိမ်မက် တွေကိုလည်း အဖေကိုပြောချင်တယ် ၊ ကျနော်က အဖေ လာရင်ပြောဘို့ စဉ်းစားထားတာတွေ အများကြီးဘဲ..၊ အဖေ ဘာလို့ မလာသေးတာလည်း...။

 အဒေါ်ငယ်ကတော့ အဖွားအိမ်ကူးလာပြီး..၊ အခါတိုင်း နင့် အဖေက လာနေကြတဲ့..၊ လာရင်လည်း နင့်အမေကို ဘဲ ဆိုပြောနေတာ..၊ နင့်  တို့ ညီအကို ကိုလည်း စိတ်မချဘူးထင်တယ်တဲ့..၊ ငါတို့ ဘုန်းကြီး ဆွမ်းကျွေးပြီး အမျှအတန်းဝေတာ ၂ကြိမ်ရှိပြီ..၊ နင့် အဖေက မကျွတ်လွတ် နိုင်ဘူးတဲ့..၊ အဖွားက ဝင်ငေါက်တယ်.၊ ကလေးကို ဘာတွေပြောနေတာလည်းတဲ့..။

အခါတိုင်း အကို က အဖေ ဖြစ်ပြီး ပြောချင်ရာတွေ ပြောသွားတယ်တဲ့...၊ ငိုလည်းငိုတယ်တဲ့..၊ အကို ကတော့ အဲဒီလိုကြီး ဖြစ်ပြီးရင် မောလွန်းလို့ တဲ့..၊ မဖြစ်ချင်ဘူးတဲ့..၊ ကျနော် လည်း အကို အဲဒီလိုတွေ လျှောက်ပြောနေတာ မကြိုက်ဘူး...၊ ဒါပေမဲ့...အဖေနဲ့ တော့ တွေ့ချင်တယ်..၊ အရင် တုံးကလို အဖေ အစစ်အဖြစ်နဲ့လေ..။

အဖေ က သေသွားပြီဘဲ...၊ ကျနော် သိတယ်..၊ သေပြီးသားလူက ဘယ်တုန်းက ပြန်လာဘူး လို့လည်း..၊ ဒါပေမဲ့ အဖေ ရယ်.. တခါတလေ အဖေများ တကယ်ဘဲ ပြန်လာမလားလို့..၊ ကျနော် မငယ် တော့ပါဘူး အဖွားရယ် ကျနော်သိပါတယ်၊ သေ တဲ့သူ ဆိုတာ ဘယ်တော့မှ ပြန်မလာ နိုင်ဘူး..။

ဒါပေမဲ့ အကို ကဘာလို့လျှောက်ပြောနေတာလည်း..၊ အဖေ က အကို ကို ဝင်ပူးပြီးပြောတာတဲ့..၊ အဲဒါဆိုရင်.. အကိုက  အဖေ ပေါ့..၊ ...မဟုတ်ဘူးတဲ့.. အမေ ပြောတယ်.. အဲဒါ နင့် အဖေ မဟုတ်တော့ဘူးတဲ့..၊ အဲဒါ..အဲဒါ..တစ္ဆေဖြစ်သွားပြီတဲ့...ဟုတ်လား..အဖေ..။

ဒါပေမဲ့ အဖေ မဟုတ်လည်း တစ္ဆေကို ကျနော် တွေ့ချင်တယ်..၊ အကို...အကိုရေ..အကိုဘဲလားဟင်..၊ အဖေ မဖြစ်သေးဘူးလား..။..အဖေ မြန်မြန်လာပါတော့..။

အခန်း ၃.၃

အဖေ ကို စောင့်နေရင်း ကျနော် ငိုမိတယ်..၊ အဖေ နဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ နေ့ကို ပြန်စဉ်းစားတယ်..၊ အဲဒီနေ့က ကျနော့် ကို ကျောင်းကပြန်ခေါ်လာပြီး...၊  အိမ်ပြန်ရောက်တော့.. အဖေ မရှိတော့ဘူး...။
အဖေ သေသွားပြီတဲ့..အဖေ ကသူ ကိုယ် သူ သတ်သေသွားတာတဲ့....အမလေးဗျ......အဖေရေ..အဖေ..။

အမေ လည်း အဖေ သေပြီး သိပ်တောင် မကြာဘူး နောက်ယောက်ကျားယူသွားတယ်၊ အဖွား ကရှက်လို့တဲ့ တခြားပြောင်းနေလို့ပြောလို့ ကျနော် တို့ ပြောင်းခဲ့ ကြတယ်။ အဖွားက အသက်ကြီးပြီ ငါဘာသာငါ အေးအေးဘဲနေချင်တော့တယ်တဲ့၊ နင့် အမေ ယူသမျှ ယောက်ကျား နောက်လိုက်ပြီး ချက်လည်း မကျွေးနိုင်ဘူး၊ သူ မွေးသမျှလည်း လိုက်မထိမ်းနိုင်ဘူးတဲ့၊ ငါ့မြေးလေးနှစ် ယောက်ကိုတော့ ချစ်ပါတယ် တဲ့။

အဖွားက တယောက်ထဲ အိမ်မှာ ကျန်နေတာ၊ ဘေးအိမ်မှာ တော့ အဒေါ်ငယ် အိမ် ရှိတာပေါ့၊ နောက်ပြီး အဒေါ်တို့က အဖွား ကို မကြောက်ဘူးလားတဲ့၊ အဖေ..အဖေ အဲဒီလို ဖြစ်သွားတော့လေ အဖွား ဘဲအိမ်မှာရှိတာ၊ အဖွားက အပေါ်ထပ်မှာ အိပ်နေတာတဲ့၊ နေသိပ်မကောင်းလို့ဆိုပြီး အပေါ် တက်သွားတာ၊ အဖေ က အဲဒီနေ့က အဖွားကိုလည်း စကားကောင်းကောင်း မပြောဘူး တဲ့၊ အဖွား ပြောမှ အင်း အဲ လုပ်တာ တဲ့၊ ဒါနဲ့ အဖွားလည်း အပေါ် တက်သွားတာ လို့ပြောတယ်။

နောက် အဖွားမှေးကနဲရှိတုန်း အောက်ထပ်က အသံတမျိုးကြားလိုက်လို့ အဖွားလည်း ပြေးဆင်း လာတော့..၊ အဖေက ဧည့်ခန်းထဲမှာ ကြိုးတန်းလန်းကြီး နဲ့ တဲ့၊ အဖွားကုန်းအော်တော့ မှ အိမ်နီးနားခြင်းတွေ ရောက်လာပြီး အဖေ့ ကို ကြိုးတွေဖြုတ်ပေးတော့ အဖေ...အဖေ အသက်မရှိတော့ ဘူးတဲ့...အား.. အမယ်လေး..အဖေ..အဖေ။

အခန်း (၄) ရှိသေးတယ်

>>>ဆက်ဖတ်ရန်>>> >>