ပင်စင်နာတစ်ဦး၏ အာလူးမှတ်တမ်း (၁၃)
အယ်ဒီတိန်း ဇာတ်သိမ်းခန်း (သံခိပ်)
ဤဆောင်းပါး ခေါင်းစဉ်ကို မြင်ကာမျှနှင့် သိသွားသူများ ရှိကောင်းရှိနိုင်ကြပေလိမ့်မည်။ သို့သော် အယ်ဒီတိန်း ဟူသည်မှာ စာတည်းဖြတ်သူ အယ်ဒီတာများ၏ စာတည်းဖြတ်သည့်လုပ်ငန်းရပ်ကို သိုးဆောင်း ဘာသာရင်းစွဲရှိသည့်အတိုင်း (Editing) အယ်ဒီတိန်း အသံတူ ကောက်ယူ မွေးစားထားခြင်း သာဖြစ်ပါသည်။ သတ္တ၀ါအများ ချမ်းသာကြပါစေ။
ဤဆောင်းပါးကို ရေးသားရခြင်းအကြောင်းမှာလည်း "သောင်းပြောင်းထွေလာ"၏ ချိအယ်ဒီတာဆိုသူက ခရစ်နှစ် ၁၉၈၀ ပြည့် စက်တင်ဘာလ ၁ ရက်နေ့စွဲပါ အမေရိကပြည်ထုတ် တိုင်းမဂ္ဂဇိန် စာစောင်စာအုပ် ကဏ္ဍ ၌ မစ္စတာဘာရ်ဇက်ရှက်ပါဒ် ရေးသားအပ်သည့် (The Decline Editing) " စာတည်းဖြတ်မှု လျှောကျ ပျက်သုဉ်းခြင်း" ဆောင်းပါးကို ဘာသာပြန်ရေးပေးပါဟု မိုက်မိုက်ကန်းကန်း တောင်းဆို လာသည်။ အင်္ဂလိပ်စာပေ အရေးအသား နိမ့်ကျပျက်စီးခြင်းကြောင့် ငိုညည်းထားသည့် အင်္ဂလိပ်တမ်းချင်း တစ်ပုဒ် ကို မြန်မာလို ကွက်စေ့ပြန်ဆို၍ မရစကောင်းသည်ကို မသိသား ဆိုးဝါးလေစွတကား။ အင်္ဂလိပ် သဒ္ဒါ ပျက်စီးခြင်း၊ ၀ါကျတည်ဆောက်ပုံ မမှန်ခြင်း၊ ကံပုဒ်၊ ကြိယာပုဒ် မကွဲခြင်း၊ နာမ၀ိသေသနပုဒ် လွဲချော်ခြင်း၊ စကားလုံးဝေါဟာရ ဆင့်ပွားပုံမှားခြင်း၊ ၀ိဘတ်မလိုက်တတ်ခြင်း၊ ကတ္တား ၀ါစက နေရာမကျခြင်း၊ သတ်ပုံမူ ကွဲခြင်း စသည့် အင်္ဂလိပ်စာပေခွင်၏ ဖြစ်ရပ်များကို မြန်စာပေခွင်သို့ အလျဉ်း မပျက်စေ ဘဲ သယ်ယူလာပါဟု စေခိုင်းသော်၊ စေခိုင်းသူ မှားသလော။ ရေးသားသူ မိုက်သလော။
မဖြစ်နိုင်သည်ကို မသိခြင်းကြောင့် စေခိုင်းသူက မှားသည်ဆိုလျှင်လည်း မှားသည်ပင်ထားဦးတော့။ ရေးသား သူကလည်း သူလို ခပ်မိုက်မိုက် ပင်ဖြစ်သမို့ ရေးသားပါတော့မည်။ အကယ်ပြုသင့်သည်မျာ မူလ ဆောင်းပါး ရေးသားသူ ရှက်ပါဒ်ကလည်း မရေးသားဘဲထားလျက် အင်္ဂလိပ်စာရေးဆရာများနှင့် အယ်ဒီတာ များကို ကောက်စဖို့ဒစ်စိန်နာရီ၊ ၀က်ဘ်စ တားဒစ်စိန်နာရီ၊ နက်စ်ဖီးဂရမ္မာစာအုပ်များနှင့် သုံးအုပ် ထပ် ပေါက်သတ်ဖို့ ကောင်းသကဲ့သို့ ကျွန်တော်က လည်း ချိအယ်ဒီတာ အထောက်တော် လှအောင် အား ဝေါဟာရလိနတ္ထဒီပနီ၊ ကဗျာသာရတ္ထ သတ်ပုံကျမ်း၊ ဦးထွန်းငြိမ်း၊ ဒေါက်တာဘဟန်၊ တက်တိုး တို့၏ ဒစ်စိန်နာရီများနှင့် ငါးလုံးပူး ပေါက်သတ်သင့်၏။
ဒါနှင့်မျှ မသေသေးလျှင် မြန်မာစာသတ်ပုံကျမ်း ခြောက်လုံးပူးပြောင်းတိုလေးနှင့် ဆင့်ပစ်သတ်ဖို့ ကောင်းလှပေသည်။
သို့သော် တာဝန်ပေးလာပြန်တော့လည်း ရေးရမည်ပင်ဖြစ်ပါသည်။ မူရင်းအတိုင်း လုံးစေ့ ပါဌ်စေ့ ပြန်ဆိုရ သော် မြန်မာစာဖတ်ပရိသတ်အတွက် ထောက်အံ့စိုးသည်ကြောင့် မူရင်းဆောင်းပါး၏ အနှစ်ချုပ် ကိုသာလျှင် သံခိပ်ပါးပါးလှီးကာ ကျွန်တော် မောင်သော်က၏ မြန်မာဟင်းမွှေးမဆလာ နှင့် ဆီတော်၊ ရေတော်၊ ရေးတော် ချက်ထားပါကြောင်း။ ဤဆောင်းပါးကို မောင်သော်က က (မောင်သော်ကမှ မဟုတ်ပါ) တင်ဆက်ပါကြောင်း။
(ဤကား စကားချပ်)
စာတည်းဖြတ်မှု အတတ်ပညာ လျှောကျခြင်း၊ သို့မဟုတ် အဘယ့်ကြောင့် လူအများက မည်သူအားလျှင် စတိုးဆိုင်ကြည့်နေသနည်းဟု အမေးရှိခြင်း။
စကားပြေအရေးအသားမှလွဲလျှင် ဤစာအုပ်သည် ထိပ်တန်းနံပါတ်မှာ ၀မ်းစာအုပ်ဖြစ်တော့သည်။ " သင့် အိမ်နီးချင်း၏" ဇနီးမယား စာအုပ်သည် နှာဇူးများ၊ မသိရိုးသားသူများနှင့် ထူးထွေဆန်းပြား သိလိုသူများ အတွက် ဆွဲဆောင်မှုရှိမည်ဖြစ်သော်လည်း အင်္ဂလိပ်စာမြတ်နိုးသူများအတွက် မူ ရင်သပ်အံ့မော ရတော့ သည်။
အချို့ဝေဖန်သူများ ရေးသားကြသကဲ့သို့ပင် ဤစာအုပ်သည် စာဖတ်သူ၏ အကျင့်စာရိတ္တကို ပျက် စေရန် ခက်မည် ဖြစ်သော်လည်း စာဖတ်သူ၏ အင်္ဂလိပ်စာအရေးအသားနှင့် အင်္ဂလိပ်စကား ပျက်စီးစေရန်မူ ကူညီ လိမ့်မည်ဖြစ်သည်။
ရေးသားပြင်ဆင်သည်မှာ ရှစ်နှစ်တာကြာလျက် အာကာသယာဉ်ပစ်လွှတ်တင်သည့်ပမာ ကြေညာကာ၊ အရောင်း ဇယားတွင် ထိပ်ဆုံးတန်းက ပြလျက်ရှိသည့်စာအုပ်မှာ ဖတ်ရှုရသည့်အခါတွင် "အဲလ်ဘေးနီးယား" စာအုပ်ကို ဘာသာပြန်ထားလေရော့လားဟု မကြာခဏ ထင်ရသည်။
ဤသည်မှာ ဂျင် ဘတ်ကလေသည် အဲလ် ဂိုးလ်စတိန်းကို တွေ့သောအခါ ယင်းပုဂ္ဂိုလ်၏ သူလျှိုအပိုင်းစကို သူက ကူညီတည်းဖြတ်ပေးခဲ့လျက် တစ်ဖန် ယင်းဖော်ထုတ်ပြေအပ်သည့် စိတ်ပျက်ခြင်း များ ကို သူက သိမြင်ထင်ရှားသည်သာလျှင် မဟုတ်သေး။ အတူတကွ ပူးပေါင်း ကြီးပွားနိုင်သည့် အနှစ်သာရ များအလား လည်း သိမြင်ကာ၊ သို့မဟုတ်ငြား အနည်းဆုံးအားဖြင့် သူတို့နှစ်ဦးအနက် တစ်ဦးတည်း အားဖြင့် မစွမ်းသာ သောဖြစ်နိုင်သည့် အလားအလာများမှ အတားအဆီး အကာအရံလည်း ဖြစ်ပေသေးတော့သည်။
စာအုပ်တစ်လျှောက်လုံးတွင် ဂရမ္မာ(သဒ္ဒါ)ဖောက်လွဲ ဖောက်ပြန်များ၊ အသုံးအနှုန်းလွှဲမှားမှုများနှင့် တင်းကျမ်းပြည့်လျက် ရှိသည်။ " ၁၉၄၉ ခုနှစ်တွင် အထက်တန်းပညာ အောင်မြင်ပြီးသည့်နောက် သူ့အစ်မ ဖြစ်သူက သူ့အတွက် အင်နာပိုလစ်တွင် ခန့်အပ်ခံရစေရန် သူမက စီစဉ်ထားရှိပြီးဖြစ်ကြောင်း စာရေးလိုက် သည်"။ ၁၉၄၉ ခုနှစ်တွင် စာမေးပွဲအောင်သူမှာ သူ့အစ်မ မဟုတ်ပါ။ သူဖြစ်သည်ဆိုခြင်းကိုမူ သိထားရပေ မည်။ ဤသို့သော အရေးအသားမှားယွင်းချက်များမှာ တစ်လျှောက်လုံးဖြစ်သည်။ စာရေးဆရာသည် နောက်ဆက်တွဲ နာမ၀ိသေသန ပုဒ်စုံမသိရှာလေဟုသာလျှင် နိဂုံးချုပ်ယူရမည်ဖြစ်၏။
တာလိစ် (စာရေးဆရာ)က ရေးသားသည်မှာ " တစ်ခါတစ်ရံတွင် ဘူလာရှိသည် တစ်ဆယ့်ငါးမိုင်မျှ တစ်ယောက်တည်း ဈေးလျှောက်ရောင်းသည်"။ အမှန်မှာ " တစ်ယောက်တည်း ဘိုင်စကယ် လျှောက်စီး သည်" ဟု ရေးလိုရင်းဖြစ်သည်။ သို့သော် စက်ဘီးနင်းသည် (Pedal) ဟူသည့် ကြိယာပုဒ်စကားကို စာလုံး ပေါင်း မတတ်ခြင်းကြောင့် ဈေးလည်ရောင်းသူ (Pedde) ဟူ၍ ရေးသားလိုက်သည်။ စာရေးဆရာသည် စကားဆွံ့ထစ်သူပမာ၊ ဓာတ်ပြားဟောင်း အပ်ကြောင်းထပ်သည့်ပမာလည်း ရေးသားပြန်သေးသည်။ "သူမ ၏ ဆုံးဖြတ်ချက်တွင် မည်သည်က အဆုံးအဖြတ်ဖြစ်သည်ဟူသည်ကို …" ဟူ၍ တစ်နည်း။
" နောက်ထပ် အနည်းဆုံး တစ်နာရီကြာမျှ တရားကြားနာစစ်ဆေးခြင်းကို ကြားနာလိမ့်မည်မဟုတ် "ဟူ၍ တစ်နည်း သုံးစွဲ ထားသည်။ ဂြိုဟ်ဆိုးဝင်မည့် နိမိတ်လက္ခဏာ (Foreboding) နေရာတွင် သည်းခံခြင်း (Forebearance) နှင့် ရှုပ်ထွေးနေသည်။ ဘာသာဂိုဏ်းကွဲများအတွင်း ယုံကြည်ချက် (Interfaith) သုံးရမည့်နေရာတွင် ပြောင်းပြန်ဖြစ်သည့် အဓိပ္ပာယ်ပေါက်သော (faith) ဟု ရေးသားထားသည်။ သူ၊ သူ့ကို၊ သူ့အား၊ အဘယ်၊ စသည်၊ ကို၊ အား၊ ဖြင့်၊ နှင့် ၀ိဘတ်တို့ကိုလည်း တက်တက်စင်လွဲမှားစွာ ရေးသား ထားသည်။
ထူးဆန်းသည်မှာ ရုပ်မြင်သံကြား ရေးသူ၊ မေးသူဆွေးနွေးပွဲကဏ္ဍတွင် မမြင်ချင်အဆုံးဖြစ်နေသည့် အခြား စာရေးသူများကဲ့သို့ မဟုတ်မူဘဲ တာလိစ်သည် လက်ဟောင်းကလောင်သမားတစ်ဦး ဖြစ်နေခြင်းကြောင့် တည်း။ နယူးယောက်တိုင်းတွင် သူရေးသည့် " အာဏာ၏ အမရာပလ္လင်" ဆောင်းပါးများအား အရေး အသားရှင်းလင်းပြတ်သားမှုအားဖြင့် ကျော်ကြားလာသူဖြစ်ပေသည်။ သူ့ဇနီး နန်တာလိစ်မှာလည်း ဆိုင်မွန် နှင့် ရှပ်စတာထုတ်ဝေရေးတိုက်၌ အထက်တန်းစာတည်းတစ်ဦးဖြစ်ကာ လက်ရှိစာအုပ်ကို ဖြန့်ချိသော ဒါဇယ်ဒေးထုတ်ဝေရေးတိုက်သို့ မပို့မီတွင် စာမူကို သေချာစွာ တည်းဖြတ်ပြီးဖြစ်သည်။ တာလိစ်ကိုယ်တိုင်ပင် အယ်ဒီတာများ၏ အကြံပြုချက်ကို နာယူရန် မခက်တတ်သည့် သဘောရှိစေကာမူ လည်း " ဂရမ္မာဆိုတာ ကျောက်ဖြူသားမှာထွင်းထားတဲ့ ကျောက်စာမဟုတ်ပါဘူးဗျာ " ဟု သိနိုင်ခက်စွာ ဆို ခဲ့သည်။ ဟုတ်ကောင်းဟုတ်ပါလိမ့်မည်။ သို့သော် ဂရမ္မာဆိုသည်မှာ ပုံပန်းသဏ္ဍာန် ဖမ်းမရလောက်အောင် ရုပ်ပျက်ဆင်းပျက် လုပ်ဖွယ်ရာလည်း မဟုတ်ပါ။
ရေးသမျှဖြစ်သည်ဟူသော အတွေးအခေါ်ကျောင်းတော် အုပ်စုဝင်အခြား အရောင်းကောင်း စာရေးဆရာ များ ကလည်း မကြာမတင် စွံခဲ့သော စာအုပ်များအားဖြင့် သက်သေထူထားကြသည်။ ဂျူးဒစ်သ်ဂရန့်၏ " မင်းသမီးဒေ၀ီ၊ ရောဘတ်လပ်ဒလမ်၏ "ဘွန်းပင်ကိုယ်သဏ္ဍာန်"၊ အဲလ်ဗင်တော်ဖလာ၏ " တတိယဒီလှိုင်း၊ ဘော့ဝုဒ်နျင့်အမ်းစရောင်းတို့သည် တာလိစ်ကဲ့သို့ပင် စကားလုံးကြီးများကို အတုံးလိုက်သုံးကြသည်သာ မဟုတ်သေး။ ၀ိသေသနပုဒ်စုများကိုလည်း တိုးလို့တွဲလောင်း ထားရှိတတ်ကြကာ၊ ရန် ရှေခံကြိယာ ပုဒ်များကို လည်း ခွဲခြမ်းစိတ်ဖြာရန် ၀ါသနာပါကြသည်။ ဥပမာ To find fault အပြစ်ရှာရန် ဟူသည်ကို မနေမနားအပြစ် ရှာရန် (To find fault ceaselessly) ဟု ရေးသားလျှင် ပြီးနိုင်ပါလျက် (To ceaselessly find fault) အပြစ် မနေမနားရှာရန်ဟု ခွဲရေးထားခြင်းမျိုးပင်ဖြစ်သည်။ တော်ဖလာကမူ ပညာသည် အုပ်စုဝင် စကားလုံးများကို အဆမတန်ပုံကြီးချဲ့သုံးရာ၌ ပါရဂူသည်။ အောက်ပါစာသားများကို သူ့ မူ အတိုင်း သာကြည့်ပါလေ။ (ကျွန်တော် ဘာသာပြန်ရ ခေါင်းကိုက် သက်သာလျှင်ပင် မနည်းလှပါ။)
Vast changes in the technosphere and the info-sphere have converged to change the we make good. We are moving rapidly beyond traditional mass production to sophisticated mix of mass demassified products with wholistic, con-flow processes. " technosphere, inforsphere, demassified products, wholistic, continuous flor processes ဟူသည့် သည်းနင့်ဖွယ် စကားလုံးကြီး များမှာ မည်သည့် အင်္ဂလိပ်စာမြတ်နိုးသူမျှ လက်မခံနိုင်သော ထွင်ကြံသုံး စကားလုံး အတုံးကြီး များဖြစ်ပါသည်။
အရောင်းကောင်း စာရေးဆရာကြီးများသာလျှင် အင်္ဂလိပ်စာကို မည်ကဲ့သို့ မရေးသားအပ်ကြောင်း သင်ခန်း စာပေးကြသည် မဟုတ်သေးပါ။ တက္ကသိုလ်ပုံနှိပ်တိုက်များမှ ရိုက်နှိပ်ထုတ်ဝေသည့် ပညာရှင်စာပေခွင်၌ပင် ဂရမ္မာကသောင်းကနင်းဖြစ်မှုများ ပိုမိုများပြားလာသည်။ စာရေးဆရာ ကောင်းများပင်လျှင် တစ်ခါတစ်ရံ၌ သတိချွတ်ယွင်းတတ်ကြခြင်းကို စာကောင်းပေမွန် ဖတ်လေ့ရှိသူများက သိကြပါသည်။ သို့သော် ဤအမှား များသည် စာပေ၏ကိုယ်ထည်၌ အဘယ့်ကြောင့်များ မွှားတွယ်သကဲ့သို့ တွယ်နေပါသနည်းဟု အံ့သြစပြုကြ ပေပြီ။ ကျွန်ုပ်တို့၏ စာပေဘဏ္ဍာတိုက်ကို မည်သူက မည်သူကို မဟုတ်သည်မှာ သေချာပါသည်။
စောင့် ကြည့်နေပါသည်။ (Ny the way, who is minding our storehouse of Burmese language definitely not, repeat not, me!)
အဖြေမှာ - စာပေလောက၌ အရေးပါဆုံးဖြစ်သည့် စာရေးဆရာများပြီးလျှင် အရာရောက်ဆုံးသည် အယ်ဒီ တာများသာဖြစ်ကြသည်။ အယ်ဒီတာဟူသည်မှာ မထင်ရှားသော (အညတြအယ်ဒီတာ)ပုဂ္ဂိုလ်လည်းဖြစ် သည်။ အသက် ၆၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့လျက် သူကွယ်လွန်သည်မှာ နှစ်ပေါင်း သုံးဆယ်ရှိပြီဖြစ် သော်လည်း မက်စ်ဝဲလ်ပါကင်သည် အထင်ရှားဆုံး စာအုပ်တည်းဖြတ်သူ။ ဟဲမင်းဝေး၊ ဖစ်ဇာဂျရယ်၊ သောမတ်စ်ဝုဖ်လ် စသည့် နာမည်ကျော် စာရေးဆရာကြီးများကိုပင် နည်းလမ်းညွှန်ပြပေးသူအဖြစ် ထင်ရှား ဆဲဖြစ်သည်။ သို့သော် အများအပြားသော အယ်ဒီတာများမှာ အမည်မထင်ရှားသည်သာမက လခ လည်း ကောင်းစွာ မရရှိကြချေ။
လက်ထောက် အယ်ဒီတာသည် အများအားဖြင့် တစ်ပတ်လျှင် ဒေါ်လာ ၂၀၀ မှ စတင်ရကြကာ အထက်တန်း အယ်ဒီတာတစ်ယောက်သည် တစ်နှစ်ဝင်ငွေအားဖြင့် ဒေါ်လာ ၃၀၀၀၀ မှ ၄၀၀၀၀မျှသာလျှင် ရရှိကြ၏။ (မြန်မာငွေ ၂ သိန်း မှ ၂ သိန်းခွဲခန့်) (Yum, Yum)
စာမွေ့သူများသည် လက်ရှိ စာပေတည်းဖြတ်မှုအပေါ်တွင် သဘောထားချင်း မတိုက်ဆိုင်ကြသော်လည်း စာပေတည်းဖြတ်မှု အဆင့်အတန်း နိမ့်ကျလာပြီကိုမူ သဘောတူကြသည်။ " ၁၉၆၀ ခုလွန်နှစ်များတွင်မှာ တစ်စုံတစ်ရာဖြစ်ခဲ့တယ်။ လူတွေဟာ စာလုံးပေါင်းတွေကို မေ့ကုန်ကြတယ်။ ၀ါကျဆက်တွေကို မမှတ်မိ တော့ဘူး။ တချို့နေရာတွေမှာ အင်္ဂလိပ်စာကို ကြေလည်စွာ သင်ကြားဖို့ဟာ လက်ရွေးစင်တွေ အတွက် သာ လို့ သဘောထားကြတယ် "ဟူ၍လည်းကောင်း၊ အကောင်းဆုံးကျောင်းတွေက ထွက်လာပြီး ၀ါကျ တစ်ကြောင်း မှ မှန်အောင် မရေးတတ်တဲ့လူတွေ တွေ့ရတယ်။ စာမူတည်းဖြတ်ရတော့ အခက်တွေ့ တာပေါ့" ဟု တစ်ဖုံ၊ " စာပေအမှိုက်သရိုက်တော့ အမြဲရှိနေတာပဲ။ ခုတစ်လောတော့ ပိုများလာတယ်ဆိုရ မှာပေါ့။ ဒါပေမဲ့ အယ်ဒီတာတွေကို ကွက်ပြီး အပြစ်တင်ဖို့ကတော့ အခက်သားပဲ" ဟု တစ်နည်း ငိုညည်း သူများ ပေါ်လာကြသည်။
ဤတာဝန်ရှိ မူပိုင်းဆိုင်ရာ သေခွက်သည် စာရေးစားပွဲများပေါ်မှ ထမင်းစားပွဲပြင်ထက်နှင့် မင်ဟတ်တန်၏ နွေရာသီစာပေမြို့တော်ဖြစ်သော ဟင်မ္ပတန်ကမ်းခြေ သောင်ပြင်ခင်းပတ္တူဖျဉ်များပေါ်အထိ ဆက်လက် ပြန့်နှံ့သွားသည်။ မကြာခဏ ထုတ်ဖော်ပြသည့် လက်သည်းတရားခံမှာ ငွေကြေး အကျပ် အတည်း ပင်ဖြစ်သည်။ ၁၉၆၀ ခုလွန်နှစ်များအတွင်းတွင် ပြည်ထောင်စု အစိုးရက ကျောင်း သုံးစာအုပ် ရိုက်နှိပ် ထုတ်ဝေရေးကဏ္ဍတွင် ငွေသွန်စဉ်ကမူ ထုတ်ဝေသူများအား တစ်နည်းတစ်လမ်း ထောက်ပံ့ သည် နှင့် တူခြင်းကြောင့် စာပေလုပ်ငန်း နှင်းဆီရောင်သန်းခဲ့သည်။
ယဉ်ကျေးမှု တန်ပြန်၊ လူမှု အခွင့်အရေးနှင့် စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများက ဒါဇင်ပေါင်းများစွာသော လက်သစ်စာရေးဆရာများကို မွေးထုတ်ခဲ့ရာ သူတို့ရေးသားသည့် စာအုပ်များကို အလျှံပယ်ကြွယ်ဝသော လူတန်းစား၊ လက်တင်မှီအုံးတင် ကုလားထိုင်ဖင်မြဲလူဝံကြီးများက မွတ်သိပ်စွာ မလွတ်တမ်း ၀ယ်ယူခဲ့ကြသည်။ အမြတ်အစွန်း၏ ဆွဲဆောင် ချက်အရ ၀ိုင်းကြီးချုပ် လုပ်ငန်းပိုင်ရှင် ကုမ္ပဏီကြီးများက စာပေ ထုတ်ဝေရေးလုပ်ငန်း အများအပြားကို ၀ယ် ယူလုပ်ကိုင်ခဲ့ကြသည်။ စာပေလုပ်ငန်းတွင် အရေး တကြီး လိုအပ်နေသည့် ရင်းနှီးငွေနှင့်အတူ ငွေစာရင်း အောက်ဆုံးမျဉ်းကို ဖတ်တတ်သည့် မန်နေဂျာ များလည်း ၀င်ရောက်လာကြသည်။
ယနေ့မူ အောက်ဆုံးမျဉ်းသည် အန္တရာယ်ရောက်နိုင်သည့် အမှတ်ထိ နိမ့်ကျနေပြီဖြစ်လျက် ဘောဂဗေဒ ထန်ပြင်း အချက်အလက်များသည် စာပေလောက၏ ရုန့်ရင်းသော အချက်အလက်များ ဖြစ်လာသည်။ ငွေ ကြေးဖောင်းပွမှုသည် စက္ကူ၊ ပုံနှိပ်ခနှင့် ဖြန့်ချိခကို ထိုးတင်သကဲ့သို့၊ စီးပွားရေး လျောကျမှုသည်လည်း လွန် ခဲ့သော ဆယ်နှစ်ကဈေးထက် သုံးဆမျှ ကြီးမားနေသည့် ၁၂ ဒေါ်လာ ၉၅ ဆင့် စာအုပ်တစ်အုပ်ကို မ၀ယ်မီ နှစ်ချီမျှ ချီတုံ ချတုံ ဖြစ်ခဲ့ရ၏။ သက်ကြီးပိုင်းစာအုပ် မှာယူဝယ်နှုန်းမှာ ၁၉၇၈ ခုနှစ်က ဒေါ်လာ ၉၄၀.၅ သန်းထိ ရှိခဲ့ရာမှာ၊ ၁၉၇၉ ခုနှစ်တွင် ဒေါ်လာ ၈၃၃.၁ သန်းထိ ကျဆင်းသွားခဲ့သည်။
ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းဟူသည် ပုံမှန်အားဖြင့် မဟော်ဂနီရောင် ရုံးခန်းများ၊ အကောင်းစား ဟော်တယ် စားသောက်ခန်းများအတွင်းမှဇိမ်ကျစွာ ဆောင်ရွက်ရသော လုပ်ငန်းတစ်ရပ်ဟူသည့် အယူအဆနေရာတွင် သုံးဆယ့်ခြောက်ခွက် စက်ဝိုင်းဒိုင်းကွက်ထက် အပြေးလုတက်နေကြသည့် ကြွက်များ၏ပုံသဏ္ဍာန်က ၀င် လာသည်။ စာပေပွဲစားများက အလျော်ဒိုင်အလား ရှိကြစဉ်တွင် အယ်ဒီတာများက ရောင်းအကောင်းဆုံး စာမူများ အပေါ်တွင် လောင်းကြေးကို ကမန်းကတန်းပုံအောချနေကြသည်။ ဗိုက်ကင်းစာပေတိုက်ပိုင်ရှင် အယ်လင်ဝီလျံက "ဒီနေ့ချိန်ခါမှာသာ မက်စ်ဝဲလ်ပါကင်ကြီး ရှိရင်တော့ သူဟာ မက်စ်ဝဲလ်ပါကင်လုပ်ဖို့ အချိန်ရမှာ မဟုတ်ရှာပါဘူး။
သူဟာ စကရစ်တနာစာပေတိုက်မှာ ဇိမ်နဲ့ထိုင်နေပြီး နံနက်တိုင်း စာတိုက်က ရောက်လာတဲ့ စာရေးဆရာကောင်းများရဲ့ စာမူကို လက်ခံယူနေရမှာ မဟုတ်တော့ဘူး။ သူဟာ ကျုပ်တို့နဲ့ အတူ အပြေး အလွှား စားပြီး စာပေကိုယ်စားလှယ်တွေကို ချော့ရတာနဲ့၊ သူများထက် လက်ဦးဖို့ မောရတာနဲ့၊ ဘယ်လောက်များ ပုံအောရမလဲလို့ တွေးရတာနဲ့ ရင်မောနေရှာမှာပဲ" ဟု ပြောဆိုသည်။ စာပေ ကိုယ်စားလှယ် တစ်ဦးက " ထုတ်ဝေသူ၏ အနုပညာသမားကို ပေးတဲ့အခွင့်အရေးတွေ လျော့ပါး သွား ပြီဗျာ၊ တည်းဖြတ်တတ်တဲ့ အယ်ဒီတာလည်း တည်းဖြတ်ခွင့် မရကြရှာဘူး။ သူတို့နောက်မှာ တစ်ယောက် ယောက်က " ဘယ်မှာလဲကွ အရောင်းသွက်ဆုံးစာအုပ်၊ ဒီ အရောင်းထိုင်း စာရေးဆရာရဲ့ စာအုပ် ကို ဘာ ကြောင့် ဒီလောက်အချိန်ကုန်ခံ လုပ်နေတာလဲလို့ တွန်းထိုးနေကြတာချည်းပဲ "ဟု ညည်းတွား ဖူးသည်။
စာပေနယ်တွင် အယ်ဒီတာအပြားရှိကြသည်။ တစ်ဖက်စွန်မှာ အပိုင်ယူ အယ်ဒီတာများ (စာပေနယ် ဝေါဟာရ အားဖြင့် "ငတွတ်များ") ရှိလျက် သူတို့သည် စာမူဝယ်ယူရေးလုပ်ငန်းကို ဟော်တယ်၊ စားသောက်ခန်း များ၌ လုပ်လေ့ရှိ၏။ ယင်းစားပွဲတွင် စာမူထက် မီညူ (အစားအသောက်စာရင်း) နှင့် စာချုပ် အကြောင်းသာလျှင် အဓိကထား ဖတ်ရှုကြသည်။ တဖက်တွင် ဖန်တီးစွမ်းရှင် အယ်ဒီတာ များဖြစ်ကြလျက် သူတို့သည် မိမိတို့ လုပ်ငန်းကို စာမူတွေမြင်သည်မှအစ အရာရာကို သူတို့အကြိုက် ပုံစံ များနှင့် ဖန်တီးသွင်းလိုကြသည်။ နောက်ဆုံးအားဖြင့် ခဲတံရှင် အယ်ဒီတာများက စာမူကို ဆီလူးသည့် မီညူ ကတ်ပြားပေါ်တင်ကာ တစ်ကြောင်းစီ ပြင်လိုသည့်သူများဟူ၍ ရှိကြသည်။
ငတွတ်အယ်ဒီတာများသည်လည်း ခက်ရင်းကိုင်လျင် သကဲ့သို့ ခံတံကိုင်လည်း ကျွမ်းကျင်ရပေမည်။ အယ်ဒီတာသည် စာပေကို ရောင်းကုန်ပစ္စည်းတစ်ရပ်အနေ နှင့် ဈေးကွက်ဝင်အောင်လုပ်ရာ၌ ကျွမ်းကျင်ရမည့်နည်းတူ စာမူမှ စာအုပ်ဖြစ်လာအောင် လှုံ့ဆော်စည်းရုံး ရာ၌လည်း ပုံနှိပ်လုပ်ငန်းဆိုင်ရာ လုပ်သားများအားလုံး၏ ပူးပေါင်းပါဝင်မှုကို ရယူနိုင်စွမ်းရှိရပေမည်။ စာရေး ဆရာနှင့် ဆက်ဆံသည့်အခါတွင် သူသည် ပူးပေါင်းရေးသားသူ၊ စိတ်ပညာပါရဂူ၊ အာပတ်ဖြေခံရဟန်းနှင့် အတွင်း ရေးမှူး အသွင်၊ ပုံနှိပ်တိုက်သားများနှင့် ဆက်ဆံရာတွင် သူသည် နိုင်ငံရေးသမား၊ သံတမန်အရာရှိ၊ ဖြန်ဖြေသူ ဖြစ်နိုင်စွမ်းရှိရပေမည်။
ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းခွင်၏ ယန္တရားမှာ ၀ိုင်းဖိအားတိုးပွားလျက် ရှိနေသည်။ ယနေ့ ပေါ်ပင်ဖြစ်နေသည့် အသော့ပြေးနည်း (အုန်းမှုတ်ခွက်နင်းနည်း)၊ သစ်မြစ်သစ်ခေါက်ဆေးဝါး (တိုင်းရင်းဆေးပညာ) စသည့် စာအုပ်များသည် နောက်ပေါ်ပင်တကျော့မလာမီ၊ လက်ကျန်အဟောင်းပုံ မရောက်မီ တွင် ငွေစာရင်းတွင်ဝင် ပြီး ဖြစ်ရလိမ့်မည်။ စရံငွေအများအပြား ပေးထားသည့်ဝတ္ထုများ ငွေအမြန် ပြန်ပေါ်စေရေးအတွက် ပုံနှိပ်ထုတ်ဝေသူ၏လက်မှ အမြန် ထွက်သွားရမည်ဖြစ်၏။ အကျိုး ကျေးဇူး မှာ နောက်ဆုံးကန့်သတ်ရက်စော လွန်းခြင်းနှင့် လူနည်းစုအပေါ် အလုပ်ပိခြင်းသာလျှင် ဖြစ် တော့သည်။ ရက်ကျပ်နှင့်အမီ လိုက်လုပ်ရသည့် စာအုပ်များကို ပရုဖတ်ရာတွင် အပုံလိုက် ဖတ်ခြင်း နည်း အားဖြင့် အများက ၀ိုင်းပရုဖ်ပြင် လုပ်ကြရကာ အချို့ ကိစ္စရပ်များတွင် စာမူတည်းဖြတ်သည့် နည်း ကိုလည်း အထပ်လိုက်တည်းဖြတ်ခြင်းအားဖြင့် ပြုလုပ်ကြရ သည်။
ဤနည်းလမ်းသည် ဂရမ္မာနှင့် စာလုံးပေါင်း သတ်ပုံကို ထိပါးသော်မှ ထိပါးမည်ဖြစ်သော်လည်း အဆက်အစပ်မရှိခြင်းကိုမူ ဖြစ်စေသည်။ ဇာတ်ကောင်တစ်ကောင်သည် အခန်းတစ်ခုတွင်းသို့ ၀တ်စုံပြာကို ၀တ်ဆင်သွားရာမှ ပြန်ထွက်လာသောအခါတွင် ၀တ်စုံနီနှင့် ဖြစ်နေတော့သည်။ ဤမျှလောက် ဖုတ်ပူမီးတိုက် လုပ်ရလျှင် စာအုပ်ခေါ်တွင်စေမည့်အစား " စီမံ ကိန်းတစ်ရပ်၊ " တစ်လုံးတစ်စည်း ပစ္စည်း တစ်ခု၊ ပူစပ်ပူလောင် ပစ္စည်းတစ်ရပ်၊ ပေါက်ကွဲစွမ်းအင်ကြီး ဗုံးတစ်လုံးဟုခေါ်တွင် စေလျှင် သင့်ပေမည်။ ရောင်းကုန် မဟုတ်သော ၀တ္ထုစာပေနှင့် စာပဒေသာစာစောင်များကို ကိုင်တွယ်ရ သည့် အယ်ဒီတာ များပင်လျှင် ရုပ်မြင်သံကြား အစီအစဉ်၌ ကြော်ငြာရေးအပေါ် သြဇာကြီးလှသော မာတ်ဗ်၏ ရေးသူ-မေးသူ အစီအစဉ်တွင် သူ့စာရေးဆရာပါဝင်နိုင်ရေးကို ပိုမိုအလေးထားနေကြသည်။ သေး ငယ်သော ခဲတံအခွန်ကလေးတစ်ချောင်းမှာ ၀ိုင်းပယ်ထားခြင်းသာ ခံနေရသည်။
စထရန့်ရေးသားသည့် ရေးဟန်၏အနှစ်သာရ ကို လိုက်နာကျင့်သုံးကြသူများက စကားပြေကောင်းတစ်ပုဒ် ဟူသည်မှာ အရေးအသား ရှင်းလင်းရုံမျှသာလျှင် မဟုတ်သေး။ တိုတိုနှင့် လိုရင်းကိုလည်း ဆိုက် ရပေမည်ဟူ သည့် သြ၀ါဒကို ယခုတိုင်ယုံကြည်နေဖြစ်ပါလိမ့်မည်။ ခက်သည်မှာ စာပေကို ရှည်လျား ငြီးငွေ့ဖွယ် ကောင်း လောက်အောင် ဖွဲ့နွဲ့သည်နှင့်အမျှ ငွေကြေးက မြက်မြက်ရနေသည်။ ထုတ်ဝေသူ များက စာအုပ်ထူထူဆို လျှင် ငွေသဲ့ယူနိုင်သည်။ စာအရေးအသားတွင် လက်သမား ဆရာ ကောင်း တစ်ဦးကဲ့သို့ စေ့စပ်သေချာလှ သည့် သတင်းစာဆရာ ဂျွန်မက္ကဖီးက " ဒီနေ့ စာပေတွေဟာ စာအုပ် ထွက်လာတဲ့အထိ တိပ်ရကော်ဒါနဲ့ ရ နေတယ်။
စာရေးရတာက သိပ်ခက်တော့ စာရေးဆရာတစ်ယောက်ဟာ ဆိုကြပါစို့၊ အသံသွင်းခွေက ပြန် ရိုက်ထား တဲ့ စာမူကော်ပီကို ကြည့်ရင်း အသံသွင်းတော့ ရေးလက်ကို မချုပ်နိုင်တော့ဘဲ ဇွတ်ပြော ဇွတ်သွင်း ဖြစ်ကုန်လေတော့တာပေါ့။ အဲဒီတော့ စာအုပ်တွေများများက သိပ်ထူနေတယ်။ ဘာကြောင့်ဆို သိပ်သွင်း ထားတာကိုး "ဟုပြောသည်။
ဤဒုစရိုက်မှုတွင်လည်း အခြားစာပေဆိုင်ရာ ကျူးလွန်ဖောက်ဖျက်မှုများနည်းတူ စာရေးသူသည်သာ အများ ဆုံး ပြစ်တင်ချက်ကို ခံယူရပေလိမ့်မည်။ ညံ့ဖျင်းသော စာအုပ်များအတွက် ပြစ်တင်ချက်ကို ခံရသည့် အယ်ဒီ တာများက " ပထမ စာမူကြမ်းကို ခင်ဗျားမြင်စေချင်တယ်ဗျာ "ဟု မကြာခဏ ပြန်ပြောလေ့ ရှိကြသည်။တစ် ခါတစ်ရံတွင် တစ်ဝက်တစ်ပျက် မကျက်သည့် စာမူကို ပုံနှိပ်စက် တင်နိုင်ရန်အတွက် နာရီပေါင်းများစွာ အသုံးပြုခဲ့ရသည်။ စာရေးဆရာတစ်ဦး၏ စကားပြေအရေးကို ဖြတ်တောက် ရန်မှာ စာရေးဆရာ၏ နာမည်ကြီးစွဲကို ထိခိုက်မည်စိုးသောကြောင့် လက်တွန့် တတ်ကြသည်။
ရင်းမြစ်မှာ စာရေးဆရာကို လန့်ခြင်း သာလျှင်ဖြစ်၏။ ထုတ်ဝေသူတစ်ဦးက ၀န်ခံဖူးသည်မှာ " နာမည်ကြီး စာရေးဆရာတွေဖြစ်တဲ့ နော်မန်မေ လာတို့၊ ဂေးတားလိစ်တို့၊ ဝေါက်တို့ဆို ပိုလက်ရွံ့ကြသေးသဗျ၊ တစ်ခါ ဆိုကြပါစို့၊ ဟင်နရီကစ်ဆင်းဂျာတို့လို ပုဂ္ဂိုလ်တွေ၊ ကျွန်တော်ကတော့ နည်းနည်းပါးပါး အကြံပြု ကြည့်သေးတာပေါ့ဗျာ၊ ဒါကို သူတို့က နား မထောင်လျှင်တော့ ဒီအတိုင်း လွှတ်ပေးလိုက်တာပဲ "ဟု ၀န်ခံဖူးသည်။
မိမိကိုယ်ကို အထင်ကြီးတတ်သည့် အလေ့အထသည် မကြာမတင်ကမှ အောင်မြင်လာသည့် စာရေးဆရာ သစ်များတွင် ပိုမို ကြီးမားသည်။ သူတို့၏ စာပေအရေးအသား မညက်ညော၊ မသိမ်မွေ့မှုကိုပင် သူတို့၏ ကိုယ်ပိုင် ရေးဟန် အထင်ရောက်နောကသည်။ မဟန့်တားနိုင်သော ကိုယ်ပိုင်အခွင့်အရေးသဖွယ် ယူဆနေ ကြသည်။ စာရေးဆရာလက်ဟောင်း အရောင်းကောင်းဖြစ်သူ အိုင်ဗင်ဝေါလေ့စ်က ပြောသည်မှာ"စာအုပ် တိုက်တွေက စာမူတွေကို လေလံပွဲမှာ ပြိုင်ဆွဲကြတယ်။ မကြာခဏဆိုသလို စာမူတစ်ပုဒ်ကို ဒေါ်လာ တစ်သန်း၊ နှစ်သန်းထိ ပေးတတ်ကြတယ်။ အကျိုးကျေးဇူးကတော့ စိတ်မချမ်းသာစရာပေါ့ဗျာ။ စာရေးဆရာ တစ်ယောက်ရဲ့ စကားလုံးတွေဟာ စာစီခုံပေါ်မှာတင်ပဲ အသက်မ၀င်တော့ဘူး။ အေးစက် တောင့်နေပြီ၊ ကျုပ် မိတ်ဆွေတွေပြောတာ ကြားဖူးပါတယ်။ ဘာပြုလို့ ပြင်ရမှာလဲဗျာ၊ ကြည့်စမ်း ပါဦးတော့ သူတို့ပေးတဲ့ ငွေကို ဒီလောက်ပေးမှတော့ ကောင်းကို ကောင်းလို့ ဖြစ်မှာပေါ့တဲ့ "
ဤအခက်အခဲများကြားမှပင်လျှင် အယ်ဒီတာတိုင်းသည်လည်း အညှဉ်းဆဲ မခံကြရပါ။ စာရေးဆရာတိုင်း သည်လည်း အကြံပြုချက်ကို လက်မခံဟူ၍ မဟုတ်ပါ။ သို့ကြောင့်သာလျှင် စာအုပ်ကောင်းများ ထွက်လာ တတ်ကြဆဲ ဖြစ်ပါသည်။
ပမာဆိုရသော် ဆိုင်မွန်နှင့် ရှပ်စတာစာအုပ်တိုက်မှ တိုက်ထိုင်အယ်ဒီတာ ယောနသန်ကိုယ်မင်း၏ တိုက်တွန်း စေ့ဆော်မှုကြောင့် သတင်းစာဆရာ ဒေးဗစ်ဘရော်ဒါရေးသားသည့် " ကင်းတပ်ဖွဲ့ အလွှဲ အပြောင်း" စာအုပ်မှာ အရေးအသားနှင့် တည်းဖြတ်မှုတွင် ထိပ်တန်းနေရာက ပါဝင်ပေသည်။ စာရေးသူ နှင့် တည်းဖြတ်သူတို့ တစ်လုံးတစ်စည်းတည်းပူးပေါင်းညီကြခြင်း၏ လက္ခဏာများကို တစ်လျှောက်လုံး တွေ့မြင် ရသည်။
ကွယ်လွန်သူ ရုပ်ရှင်ဝေဖန်ရေးသမား ဂျိမ်းစ်အက်ဂီ၏သား ဂျိုဝယ်လ် အက်ဂီရေးသား၍ အယ်ဒီတာ မိုက်ကယ်ဒီကပူး တည်းဖြတ်သော " အရှေ့ ဂျာမနီပြည်တွင် အမေရိကန်လူငယ်တစ်ဦး၏ တစ် ဆယ့်နှစ်နှစ်တာကာလ" ဟူသည့် စာအုပ်သည်လည်း စာရေးဆရာနှင့် အယ်ဒီတာတို့ ပူးပေါင်းအောင်မြင်မှု တစ်ရပ်ဖြစ်သည်။ " တည်းဖြတ်မှု အတတ်ပညာတစ်ရပ်သည် အနုပညာအဖြစ် ပြောင်းလွဲသွားသည်ကို တွေ့ ရပါသည်" ဟု စာရေးသူက ၀န်ခံထားသည်။ " စာအုပ်တစ်လျှောက်လုံးမှာ ကျွန်တော့်အပေါ် စွက်ဖက် ထားတယ်လို့ကို မထင်မိပါဘူး" ဟုထပ်ဆင့် ဆိုသေးသည်။ (တို့ဆရာများနှင့်တော့ ကွာပါ့ကွာ။ ဤကား အာမေဋိတ်)
ဤ စံနမူနာများက အားတက်ဖွယ်ရှိပါသော်လည်း ဒီကပူးတို့ကဲ့သို့သော အယ်ဒီတာများပင် သြချယူရ လောက်အောင် အံ့ရသည့်စာအုပ်များကလည်း များပြားလှသည်။ စာအရေးအသားကောင်းခြင်းဟူသည် ဘယ်သို့ဖြစ်သွားဘိသနည်းဟုပင် အံ့ယူရသည်။ စာပေတတ်မြောက်ခြင်းသည် ကြောက်လန့်ဖွယ်ရာ နိမ့်ကျ ဆင်းလျက်ရှိနေသည်။ ပြောစကားစံနှင့် အရေးအသားဟန် ကွာဟမှု မငန်ဝါးလာသည်နှင့်အမျှ စာပေ သည် နိမပ်ကျလျှောဆင်းလိမ့်မည်။ ကျောင်းများက ဂရမ္မာနက်နဲသိမ်မွေ့မငကို လျစ်လျူ ရှု ထားကြသည်။ ၀ါကျတစ် ကြောင်းကို သဒ္ဒါသရုပ်ခွဲတတ်သည့် နောက်ဆုံးသော လူမျိုးနွယ်ဆက် သည် လည်း ပျောက်ကွယ် လုနီးပါးရှိနေပြီ။
လောကတွင် နှစ်လိုဖွယ်သော အာရုံဆွဲဆောင်မှုများဖြင့် ပြည့်ဖုံးနေသည်။ ခရီးလှည့်သွားခြင်း၊ ပျော်ပွဲရွှင်ပွဲ ကပွဲများ။ အားကစားနှင့် နေရာအနှံ့ ထိုးဖောက်ဝင်တတ်သည့် ဆူညံပူညံ ကာလပေါ်တေးဂီတသံများက တစ်ရံမလပ် ရှိနေသည်။ လူအများသည် သိမ်မွေ့သောစာပေကို ဖတ်မည့်အစား၊ ရုပ်မြင်သံကြား စက်ရှေ့တွင် အချိန်ပို အကုန်ခာံကသည်။ ရုပ်မြင်သံကြား အသံလွှင့်သူ ဟောဝကပ်ကော်ဆဲလ် က မှတ်ချက် (Comment) ဟူသော စကားလုံးကို မှားယွင်းစွာ (Commendation) ဟူ၍ သုံးနှုန်း လိုက်သည်ကို နားထောင်နေကြသည့် သန်းပေါင်းများစွာသော အမေရိကန်လူမျိုးများသည် အမှားအမှန် ကိုပင် ခွဲခြားသိနိုင်စွမ်း မရှိကြတော့။ မလိုလားအပ်သော နာမ်ထပ်ဆင့်ပွား စကားလုံးများဖြစ် သည့် (Profitability, futurability) စသည်တို့သည်လည်း ဝေါဟာရတွင် စိမ့်ဝင်တော့မည်။
ဘာသာဗေဒပညာရှင်များက ဘာသာစကားဆိုသည်မှာ ယင်းသို့လျှင် ဆင့်ပွားမြဲဖြစ်သည်ဟု ငြင်းချက် ထုတ် ကောင်းထုတ်ကြမည်။ သဒ္ဒါစစ် သဒ္ဒါမှန် ဆရာများကလည်း မိခင်ရင်း လျှာဘာသာစကားကို ညစ်ညမ်းအောင်ပြုရာကျသည်ဟု စွပ်စွဲကြမည်။ ရှိတ်စပီးယား လက်ထက်မှစကား တစ်လျှောက်လုံး အငြင်း ပွားခဲ့ာကသည်။ ဒေါက်တာဂျွန်ဆင်နှင့် ၀က်ဘ်စတာတို့၏ အဘိဓာန်သည်လည်း အပြင်းအထန် ငြင်းချက် ထုတ်ခဲ့ကြရသည့် စာအုပ်များဖြစ်သည်။ သို့သော် ငြင်းချက်ထုတ်သူများသည် ဂရမ္မာကို ပိုင်နိုင်စွာသိသူများ၊ စာပေအရေးအသား၏ ဥပဒေစည်းကမ်းကို သိသူများသာဖြစ်ကြသည်။ (မြကေတုနှင့် သခင်ကိုယ်တော်မှိုင်း တို့၏ "ပန်တူ" အငြင်းပွားမှုမျိုး)။ စာပေအရေးအသားတွင် အသုံးချမှန်မှုမှာ အရေးပါလှသည်။ အကြောင်း အရာအရေးအသားဟူသည်မှာ အတွေးအခေါ်ပိုင်းဖြစ်လျက် ရှင်းလင်းသော အတွေးအခေါ်အတွက် ရှင်း လင်းသောအရေးအသားကို ဆိုပေသည်။
သူတို့၏ ကြိုးပမ်းမှုကို မည်သူကမျှ အမှုမထားသည် ဖြစ်စေကာမူလည်း အယ်ဒီတာများသည် ဤယုံကြည် ချက်ကို ကိုင်စွဲရပ်တည်ကြရမည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလတွင် ဝေဖန်ရေးသမား မက္ကဒေါ်နဲလ်က ရေးသားခဲ့ဖူးသည်မှာ " အမေရိကန်ပြည်ထောင်စု၏ သမ္မတကြီး အပါအ၀င် ပြည်သူ အများ စု၏ ဆယ်ပုံတွင် ကိုးပုံက (Inviduous) ဟူ၍ သုံးနှုန်းလျက် ကျန်တစ်ပုံက ခိုင်မြဲစွာ (Invidious) ကို ကိုင် တွယ်ထားလျှင်လည်း ဆယ်ပုံ တစ်ပုံက မှန်သေးသည့်ပြင်၊ ဤသို့ကိုင်စွဲထားခြင်းအတွက် အများစုကြီးကို အကျိုးပြုရာလည်း သက်ရောက်ပေသေးသည်" ဟူသတည်း။
By R.Z. Sheppard
Reported by John.M. Scott and Janice C Simpson/NY.
Translated by
Maung Thaw Ka at the instigation of A.T.T Hla Aung; Thu-wun-na/Rgn.
.
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>