Showing posts with label ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး. Show all posts
Showing posts with label ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး. Show all posts

Wednesday, March 7, 2012

ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး, အပိုင်း (၅၄) (ပထမပိုင်း ပြီး၏)

(တချို့ကျောင်းကြီးတွေ ဓမ္မရိပ်သာတွေ မှာ ၀တ္ထုဖတ်ခွင့် မပေးပါဘူး။ ဆရာ့ဝတ္ထုကိုတော့ ဖတ်ခွင့် ပေး ပါတယ်။ အထူးသဖြင့် ဒီဝတ္ထုကို ဖတ်ခွင့် ပေးထားပါတယ်။) ကို ဆက်ဖတ်ရန်..

"ထူးခြားတဲ့ ၀တ္ထုတစ်ပုဒ်ပါပဲ ဆရာ။ ကျွန်တော်ကလည်း ဆရာ့ စာဖတ်ပရိသတ်တစ်ယောက်ပါပဲ ဆရာ။ ဆရာ့ ၀တ္ထု တွေကို စွဲစွဲမြဲမြဲ ဖတ်ခဲ့တာပါ။ အခု ဆရာနဲ့ တွေ့ရမယ်ဆိုတော့ ဆရာ့ဝတ္ထုတွေ တစ်ကျော့ပြန် ဖတ် ပါတယ်။ ဒီတစ်ခါ ဖတ်တာကတော့ ငယ်ငယ်တုန်းက ဖတ်တာနဲ့ မတူတော့ဘူးပေါ့ ဆရာရယ်။ ပိုပြီး အာရုံ စူးစိုက် ဖတ်ရတာပေါ့။ အဲဒါဆို ဖတ်လိုက်တော့ "ခိုင်" မှာကော "တစ်ပြည်သူ မရွှေထား" မှာပါ သတိထား မိတဲ့ အချက်ကလေးတစ်ခု တွေ့လာပါတယ်။ အဲဒီအချက်နဲ့ ပတ်သက်ပြီး ဆရာ့ကို မေးရမှာ အားတော့ နာပါတယ်"
"မေးပါ၊ မေးပါ"
"ဒီလိုပါ ဆရာ၊ ခိုင်နဲ့ မောင် စတွေ့တဲ့အချိန် ခိုင်မက သုံးတန်ကျောင်းသူကိုးနှစ်သမီး၊ မောင်က လေးတန်း ကျောင်းသား၊ ၁၁နှစ်သား။ တစ်ပြည်သူမရွှေထားမှာ ထားက ၁၁နှစ်သမီး၊ မောင်မြတ်ဆွေက ၁၃နှစ်သား။ ဒါပေမဲ့ အဲဒီကလေးဇာတ်ကောင်မရွေးပြောကြတဲ့ စကားတွေက အဲဒီအရွယ်ကလေးတွေ နဲ့စာရင် မြင့်များ မြင့် မနေဘူးလားလို့ပါ။

"အဲဒါ မေးတဲ့သူ တော်တော်များများ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာကပြန်မေးမယ်။ အမှန်အတိုင်း ဖြေနော်၊ အားနာပါးနာမဖြေနဲ့။ ဒါမှအဖြေမှန် ရမယ်။ မြင့်လား၊ မမြင့်လား မဆုံးဖြတ်ခင်သူတို့ ပြောတာ တွေကို နားထောင်သွားတဲ့အချိန်မှာ ခင်ဗျားအနေနဲ့ ကျေနပ်လက်ခံသွားသလား"
"၀တ္ထုဖတ်နေတဲ့အချိန်မှာ သူတို့အရွယ်ကို ကျွန်တော်မေ့နေတာ အမှန်ပဲ"
"သူတို့ပြောတဲ့နောက်ကို ပါသွားတယ် ဆိုပါတော့။ အဲဒါကိုက ဘာပြသလဲဆိုတော့ ဖြစ်နိုင်တယ်ဆို တာပြ တာပဲ။ သို့သော် ကလေးတိုင်းဒီလိုပဲလား ဆိုတာတော့ ကျွန်တော်လည်း အာမ မခံနိုင်ဘူး၊ သို့ သော်ဒီလို ကလေးမျိုး မရှိဘူးဆိုတာတော့ သွားမပြောနဲ့၊ ရှိကိုရှိတယ်။"

ကျွန်တော်တို့ စိတ်ပညာမှိာ ကလေးတေါကို ခွဲခြားတဲ့နေရာမှာ Age  နှစ်ခုနဲ့ခွဲခြားတယ်။ Chronological Age နဲ့ Mental Age နဲ့ခွဲတယ်။ Chronological Age ဆိုတာက အခုပြောတဲ့ ၁၀နှစ်၊ ၁၁နှစ်၊ ၁၂နှစ် စတဲ့ မွေးသက်နဲ့ ပြောတာ။ Mental Age ဆိုတာကတော့ သူရဲ့ စိတ်သက်ကို ပြောတာ။ သူသည် ၁၀နှစ်ကလေး ဖြစ်ပေမယ့် တခြား ၁၆နှစ်ကလေးရဲ့ စိတ်သက်နဲ့ တူချင်တူနေမယ်။ အခုေ ခတ်ပြောနေတဲ့ IQ ဆိုတာ Mental Age နဲ့ Chronological Age ရဲ့အချိုးကိုပြောနေတာ။ တချို့ကလေးတွေမှာ ဒီအချိုးက One။ အချို့က less than one။ အဓိပ္ပာယ်က Mental Age ကသိပ် ညံ့နေတယ်။ Chronological Age ကသိပ်ကြီးနေတယ်။ ကြီးသာ ကြီးတယ် ကျပ်မပြည့်သေးတဲ့သူက less than one ပေါ့။ တော်တဲ့သူကျတော့ အချိုးက more than one ရှိတယ်။ ဒါကြောင့် အသက်တစ် ခုတည်းနဲ့ ကလေးတွေရဲ့ Mental Age ကို မသိနိုင်ဘူး။ သူတို့ရဲ့ ဥာဏ်၊ အမြင်၊ အသိတွေနဲ့ ချိန်ရ တယ်။ ဒီလို ကလေးမျိုးတွေ ရှိတယ်။

မောင်တို့၊ ခိုင်တို့၊ ထားတို့၊ မောင်မြတ်ဆွေတို့က လူတိုင်းထဲက လူတိုင်းလေးတွေတော့ မဟုတ်ဘူး။ နည်းနည်း လေးတော့ သူတို့ကို အထူးပြုထားတယ်။ အဲဒီတော့ ဇာတ်လမ်းပေါ်မှာ မူတည် ပြီးတော့ ဒီလို လူမျိုးကို ရွေးရတာကိုး။
    ဒီနေရာမှာဗဟုသုတအနေနဲ့ ပြောရရင်ခေါင်းဆောင်ဆိုတာ ဘာလဲဆိုတာ စိတ်ပညာမှာ ခွဲလေ့ ရှိတယ်။ ခေါင်းဆောင်သည် နောက်လိုက် လုပ်မယ့်သူတွေနဲ့ တူလည်း တူရမယ်။ မတူလည်း မတူ ရဘူးတဲ့။ နောက်လိုက်တွေနဲ့ မတူဘဲအပြတ်အသတ် ကွာနေပြန်ရင်လည်း နောက်လိုက်တွေက သူ့ကိုတို့ အထဲကသူ မဟုတ်ဘူးဆိုပြီး လက်ခံမှာမဟုတ်ဘူး။ ဒါကြောင့် တူတာလည်း ရှိရတယ်။ တို့လို ကောင် ပါပဲကွာ ဆိုရင်လည်း အများနဲ့လည်း တူရမယ်။ အများထက်လည်း ထူးခြားရမယ်။ ဒါက စိတ်ပညာ မှာ Leadership နဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အချက်။

ထိုနည်းတူစွာပဲ ၀တ္ထုတွေမှာ ဇာတ်ကောင်သည် လူတိုင်းထဲက လူတော့ ဖြစ်ရမယ်။ လူတိုင်းထဲ ကလူတွေလို ဖြစ်နေတာတွေကို လျှောက်ရေးပြန်ရင်လည်း ဘယ်သူဖတ်တော့မလဲ။ မဖတ်တော့ဘူးဗျ။ ဒါကြောင့် ၀တ္ထုထဲက ဇာတ်ကောင်သည်။ လူတိုင်းထဲက လူတော့ဖြစ်ရမယ်။ ဒါပေမဲ့ နည်းနည်းလေး တော့ ထူးခြားရမယ်။ မထူးရင် ဒါလောက်တော့တို့ နေ့တိုင်းတွေ့နေတာပဲဆိုပြီး လွှင့်ပစ်လိုက်မှာပေါ့။
အဲဒါနဲ့ ပတ်သက်ပြီး အနုပညာတွေမှာ ပန်းချီဆရာပဲဖြစ်ဖြစ်၊ ကဗျာဆရာပဲဖြစ်ဖြစ်၊ ၀တ္ထုရေး ဆရာပဲဖြစ်ဖြစ်၊ တချို့နေရာတွေမှာ Sharpen လုပ်သင့်တဲ့နေရာတွေမှာ လုပ်ပစ်လိုက်ရတယ်။ Blunt  လုပ်သင့်တဲ့နေရာမှာ လုပ်ရတယ်။ နည်းနည်းချွန်တာကို များများချွန်အောင် လုပ်ပေးလိုက်ရတ်။ နည်းနည်း တုံးတာကို များများတုံးအောင် လုပ်ပေးလိုက်ရတယ်။ ပြုပြင်မှုရှိတယ်။ ခိုင်တို့၊ မောင်တို့ ကလည်း လောကမှာရှိသော သွက်လက်တဲ့ကလေး Mental Age ကြီးတဲ့ကလေးတွေ ဖြစ်ပါ တယ်။ သို့သော် ၀တ္ထုကြောင်းအနေနဲ့ စိတ်ဝင်စားအောင် နည်းနည်း sharpen လုပ်ထားရတဲ့ သဘောတော့ ရှိပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော်တို့ လွမ်းတေးမဆုံးစေနှင့် စောသခင်ကို ဆက်လိုက် ချင်ပါတယ်။ ဒီဝတ္ထုမှာနိုင်ငံခြားက ဂီတပညာ သင်လာတဲ့ ကိုစောနိုင်က ဂီတပညာစစ်စစ်ဟာ အမြစ်နက်သလို အပြော ကျယ်လှပါတယ်။ ရုပ်ရှင်အနုပညာကတော့ ဒုတိယတန်းစာအဆင့်မှာပဲ ရှိတယ်လို့ ပြောသွားပါတယ်။ ရုပ်ရှင် အနုပညာကို ဘာဖြစ်လို့ ဒုတိယတန်းစားအဆင့် အနုပညာလို့ သတ်မှတ်ရတယ်ဆိုတာ ရှင်းပြ ပေးစေချင်ပါတယ် ဆရာ’’
“ခက်ခဲနက်နဲမှု အပိုင်းမှာ အနုပညာတစ်ခုနဲ့ တစ်ခု မတူကြဘူး။ သူ့ဟာနဲ့သူတော့ ခက်ခဲနက်နဲကြတာပဲ။ ဥပမာ- ပန်းပုပညာနဲ့ ပန်းချီပညာမှာဆိုရင် ပန်းပုသည် ပန်းချီထက် ခက်ခဲနက်နဲတယ် ဆိုတဲ့ အဆိုရှိတယ်။ ပန်းချီတို့ ဘာတို့က တစ်ခါ တခြားအနုပညာထက် နက်နဲတယ် ဆိုတဲ့ သဘောလေးတွေရှိတယ်။ ဒါကို တချို့ကတော့ လက်ခံချင်မှ လက်ခံမယ်။ ဆရာကတော့ လက်ခံတယ်။ ကျွန်တော် စာရေးဆရာ၊ ကဗျာဆရာ ဖြစ်ပေမယ့် ပန်းချီပညာနဲ့ ပန်းပုပညာသည် အလွန်အဆင့်မြင့်တယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီတော့ အနုပညာတိုင်းမှာ  မြင့်ခြင်း၊ နိမ့်ခြင်း သဘောလေးတွေ ရှိတယ်။ သို့မဟုတ် ခက်ခဲနက်နဲတဲ့ သဘောလေး တွေ ရှိတယ်။

ရုပ်ရှင်ကို ဒုတိယတန်း အနုပညာလို့ ပြောရတာက နံပါတ်က သူက ပေါ်လာတာ အချိန်သိပ်မကြာသေးလို့  သူ့သက်တမ်းက အလွန်နုသေးတယ်။ ပြီးတော့ ခြွင်းချက်တချို့ကလွဲလို့ ဒီနေ့ ရုပ်ရှင်အများစုက ပိုက်ဆံအတွက် ရိုက်နေကြတာ။ မြန်မာပြည်က ရုပ်ရှင်လည်း ပိုက်ဆံအတွက် ရိုက်နေတာပဲ။ ဟောလီဝုဒ် တော့ ပြောမနေနဲ့တော့ ။ သူတို့ရဲ့ ရည်ရွယ်ချက်ကိုက ပိုက်ဆံများများ ရရေး၊ ဖျော်ဖြေရေး၊ လူကြိုက် များရေးကို ဦးတည်တဲ့အတွက် ရုပ်ရှင်ကို ရှေးပြဇာတ်ကြီးများ၊ ဂီတကြီးများ၊ ကဗျာကြီးများလို ဆရာ နေရာမပေလိုဘူး။

ရှေးက ကဗျာဆရာကြီးတွေ ရေးတာ ပိုက်ဆံအတွက် ရေးတာမဟုတ်ဘူး။ ချမ်းသာဖို့ ရေးတာလည်း မဟုတ်ဘူး။ ရေးချင်လို့ ရေးတာ။ ပန်းချီဆရာတွေလည်း ဒီအတိုင်းပဲ။ ငတ်ပြတ်သွားတဲ့ ပန်းချီဆရာ တွေပြည့်လို့ ။ ရုပ်ရှင်ကတော့ စ လာကတည်းက ပိုက်ဆံအတွက်လုပ်တာ။ သူက Commercial ဆန်လွန်း တယ်။ အနုပညာ လေးစားတဲ့ ဒါရိုက်တာကြီးတွေ ရှိပါတယ်။ အနုပညာကို လေးစားပြီး၊ အမှန်တရားကို လေးစားပြီးလုပ်တဲ့ ဒါရိုက်တာကြီးတွေ ရှိပါတယ်။ သို့သော် သူတို့တစ်တွေက အင်္ဂလိပ်လို ပြောရရင် Exception တွေပါ။ Rule မဟုတ်ပါဘူး။ ခြွင်းချက်အနေနဲ့ပဲ ရှိတယ်။ ယေဘာယျ အားဖြင့် ခြုံငုံစဉ်းစားရင် သူတို့က ပိုက်ဆံအတွက် လုပ်နေတာပဲ ရှိတယ်။

စာပေ၊ ပန်းချီ၊ ပန်းပု၊ ပြဇာတ်ကြီးများအဆင့်ကို မရောက်သေးပါဘူး။ နောက်တစ်ခုက ပြဇာတ်နဲပပဲ ယှဉ်စဉ်းစားကြည့်ပါ။ ပြဇာတ်မှာ တစ်ခုခုကို တင်ပြဖို့ရာ လူက တော်တော်ကြိုးစားရတယ်။ သူ့ကို ဘေးက ဖေးမကူတဲ့ဟာ အလွန်နည်းတယ်။ ရုပ်ရှင်ကျတော့ Technology က အများကြီး ကူထားတယ်။ အနီးကပ် ပြချင် ပြလိုက်မယ်။ အဝေးက ပြချင် ပြလိုမယ်။ သူ့မှာ Technology နဲ့ ပတ်သက်ပြီး Choice တွေ အများ ကီးရှိတယ်။ လူက ထုတ်လုပ်လိုက်ရတာ အင်မတန် နည်းတယ်။ အကပညာတို့၊ ပြဇာတ်ပညာတို့မှာ Technology သိပ်မပါဘူးလားဆိုတော့ ပါတော့ ပါတယ်။ ဒါပေမဲ့ လူက ကြိုးစားအားထုတ်လိုက်ရတာက ပိုများတယ်။

အဲဒါကြောင့် ပြဇာတ်ကြီးတွေ၊ အော်ပရာကြီးတွေ၊ ဘဲလေးကြီးတွေနဲ့ ယှဉ်ရင် ရုပ်ရှင်ဟာ ဒုတိယ တန်း အဆင့်မှာပဲ ရှိေးတယ်။ ပထမတန်း အနုပညာအဆင့်ကို ဘယ်တော့ ရောက်မယ်ဆိုတာ မပြောနိုင် သေးဘူး "
" ဆရာ့ဝတ္ထု ဘယ်နှပုဒ်လောက် ရုပ်ရှင်ရိုက်ပြီးပါပြီလဲ "
" အဲ ... ကျွန်တော်လည်း ပြန်တွက်ကြည့်ရဦးမယ်။ ပထမဆုံး ရိုက်တာက " ထားသခင်"၊ သူက ၀တ္ထုမဟုတ်ဘူး။ ဇာတ်ညွှန်း ရေးပေးတာ။ နောက်တော့ "ညီမလေးရယ် စိုးရိမ်မိတယ်"၊ " လွမ်း " ပြီးတော့ "မိုးညအိပ်မက်မြူ"၊ "မုန်းရစ်လေဦး"၊ နောက်ပြီးတော့ "ရေပင်လယ်နဲ့ ငွေစင်ကြယ်"၊ "တန်ခူးလေနဲ့ လျောတော့သည်"ကို မွှေးလွန်းသော ပန်း"ဆိုပြီးရိုက်တယ်။ အားလုံး ခုနစ်ခုလောက် ရှိတယ်။ ဇာတ်ညွှန်းတွေကတော့ အများကြီးပေါ့"
" ဆရာ့ဝတ္ထု တော်တော်များများမှာ သီချင်းစာသားလေးတွေ ပါတာ တွေ့ရတယ်။ အဲဒါတွေ အပြင် မှာ လွှင့်ဖြစ် သလား ဆရာ "

" တချို့လည်း လွှင့်ဖြစ်ပါတယ်၊ တချို့တော့ မလွှင့်ဖြစ်ဘူး "
" ဆရာ သီချင်းရေးတော့ကော ဒီကလောင်နာမည်နဲ့ပဲလား "
" ဟုတ်တယ်၊ ဥပမာ - "ထားသခင်" တုန်းကဟာဆိုရင် ရေနံ့သာစိုးလှိုင် ဆိုပြီး မြန်မာ့အသံက လွှင့် ခဲ့တယ်။ "ကမ္ဘာကုန်ကျယ်သရွေ့ဝယ်" တင်တင်မြ ဆိုပြီး နာမည်ကြီးခဲ့တဲ့ "စခန်းအောင်မြေ"၊ ဒီသီချင်းတွေက တစ်ပြိုင်တ်း လွှင့်ခဲ့တဲ့ သီချင်းတွေပဲ "
" ဆရာ့ဝတ္ထုတွေထဲမှာ ဂီတနယ်သန်ကို စောညိန်းတို့၊ ရေနံ့သာစိုးလှိုင်တို့ အကြောင်းတွေ ပါနေတော့ ရင်းနှီးမယ် ထင်ပါတယ် "
" ဟုတ်တယ်၊ သူငယ်ချင်းတွေပါပဲ "
" အခု ဂီတနယ်သန်ကိုစောညိန်း သီချင်းတွေ ပြန်လည်ဆန်းသစ်နေတာ ဆရာကြားမိမှာပေါ့။ ဆရာ ဘယ်လို သဘောရလဲ "

" အင်မတန်ကောင်းတာပေါ့။ မြန်မာ့ဂီတရဲ့ ဒီဘက်ပိုင်းမှာ ငြိမ်း နှစ်ငြိမ်း ရှိတယ်။ မြို့မငြိမ်းနဲ့ ဂီတ နယ်သန် ကိုစောညိန်း။ ဒီလူတွေ ဘာလုပ်တယ် ဆိုတာကို သုံးသပ်ချက် စာတမ်းတစ်စောင် ရေးဖို့ ကျွန်တော် တောင် စိတ်ကူးထားတယ်။ သီချင်း စပ်ကြတယ်၊ စပ်ကြတယ်နဲ့ ထင်ကြတာကတော့ ပေါ့ပေါ့ပဲ။ တချို့က အသံထဲ စာသားထည့်လိုက်ရင် သီချင်းဖြစ်တာပဲလို့ ထင်ကြတယ်။ တချို့နေရာမှာ ဘာတွေ တွေ့ရသလဲဆိုတော့ အသံက လမ်းတစ်လမ်းသွားပြီး စကားတွေက လွမ်းနေပြီး ဂီတက မြူးကြွနေတယ်။ အဲဒါမျိုး တွေလည်း ရှိတယ်။

စကားလေးတွေ သပ်သပ်ရပ်ရပ်လုပ်၊ အသံလည်း ဆီလျော်အောင်လုပ်ဖို့ ကြိးစားတာကျတော့ တော်တော် အဆင့်အတန်း မြင့်ပါတယ်။ နောက်တစ်ခု အလွန်ခက်ခဲတာ ရှိတယ်။ မန်မာပြည်မှာတော့ ဒါကို အကျယ် မချဲ့ကြသေးဘူး။ အဲဒါက ဂီတကို ကဗျာမှု ပြုတယ်လို့ ပြောတယ်။ Musicaliscation of Potery (ဂီတကို ကဗျာမှု ပြုတယ်ဆိုတာ ကမ္ဘာ့ဂီတသမိုင်းမှာလည်း ရှိပါတယ်။ ဘယ်ပုဂ္ဂိုလ်ကြီးတွေ လက်ထက်ကစပြီး ဂီတ ကို ကဗျာမှုပြုခံလိုက်ရတယ်လို့ ပြောကြတယ်။ ကဗျာဆန်တာကို ပြောတာ မဟုတ် ဘူးနော်။ ဂီတကို စကားပြောခိုင်းတော့ ကဗျာလို ပြောခိုင်းတာ။
ကဗျာဆန်တာနဲ့ ကဗျာမှုပြုတာ ခွဲကြည့်ရအောင်။ ကဗျာဆန်တယ် ဆိုတာက လှပတဲ့ စကားလုံးလေးတွေကို ပုလဲတစ်လုံး ရွဲတစ်လုံးစီပြီး သီချင်းအဖြစ်နဲ့ ဆိုလိုက်တယ်။ အသက်မပါဘူး။ ကဗျာမှု ပြုတယ်ဆိုတာက စကားလုံးတွေက လှရုံတင်မကဘူး။ အဲဒီစကားလုံးလေးတွေ သွားနုတ်လို့ မရဘူး။ အပိုတိုးလို့လည်းမရဘူး။ သူတို့သာလျှင် ဒီဟာကို ပြောနိုင်တယ်။ တခြား စကားလုံးတွေက မပြောနိုင်ဘူး။

ဂီတကို ကဗျာခံစားသလို လိုက်ခံစားရင် နားသာယာရုံတင် မဟုတ်တော့ဘူး။ ကဗျာမှုပြုထားတဲ့ ဂီတသည် နားနဲ့တင် ခံစားလို့ မရတော့ဘူး။ နားကော၊ ဦးနှောက်ကော၊ နှလုံးသားကော အကုန်ဝင်ယူရတယ်။ အဲဒါမျိုးကို မြန်မာပြည်မှာ စလုပ်တာ မြို့မငြိမ်းပဲ။ နောက် ပိုပြီး သိသာထင်ရှားလာ တာကတော့ ဂီတနယ်သန်ကိုစောညိန်းပဲ။ အလွန်သိသာတယ်။ သူ လုပ်ထားတဲ့ သီချင်းတွေက သီချင်းလား ... ဟုတ်၏။ ဂီတလား ... ဟုတ်၏။ ဥပမာနမူနာပြောရရင် သူ့သီချင်း "ပွင့်ဦး" ဆိုပါတော့။ တော်တော်ေးကို နက်နဲတယ်။ သီချင်းအနေနဲ့ ကရုဏာရသလည်း ရတယ်။ အဓိပ္ပာယ် တွေးခေါ်မယ်ဆိုရင်လည်း နက်နဲတယ်။ ကဗျာ ဆိုတာက ကဗျာ ဆရာက နည်းနည်းပေးလိုက်မယ်။ ခံစားတဲ့သူက များများချဲ့ပြီး ခံစား ပေတော့။ ခင်ဗျားတို့ကို ပေးလိုက်ပြီပဲ။
ကိုစောညိန်းရဲ့ သီချင်းတွေက ဒီလိုပဲ။ ခင်ဗျားတို့ ဆိုမယ့်သူ၊ တီးမယ့်သူတွေ လုပ်ကြတော့နော်။ ကျွန်တော် က အရင်းအတိုင်း ပေးလိုက်တာကို ပွားကြတော့နော်ဆိုတဲ့ အဓိပ္ပာယ်တွေ ပါနေတယ်။ ဒါကြောင့် လည်း လူတိုင်းက အစမှာ အရသာ မခံစားတတ်ဘူး။ ကြာလေ စွဲလေ၊ သိလေ စွဲလေပဲ "
" ဆရာ အခု ဘာဖြစ်လို့ စာမရေးဖြစ်တော့တာလဲ "

" စာမရေးဖြစ်တာ အကြောင်းနှစ်ကြောင်း ရှိတယ်။ တစ်ကြောင်းက စိတ်မအားတာ။ ကောလိပ်ကြီး တစ်ခု ကို အုပ်ချုပ်ရတယ်ဆိုတာ တစ်စက်မှ မအားပါဘူး။ တာဝန်လည်း ကြီးပါတယ်။ တာဝန်တွေက လူမှုရေး တာဝန်၊ နိုင်ငံရေးတာဝန်၊ အုပ်ချုပ်ရေးတာဝန်၊ ယဉ်ကျေးမှုတာဝန် စသဖြင့် လျှောက် ချဲ့ရင်တော့ အများကြီး ပေါ့။ ရုပ်ပိုင်းက ကလောင် မကိုင်နိုင်လောက်အောင် မအားဘူးလား ဆိုတော့ ဒီလိုလည်း မဟုတ်ဘူး။ အားလပ်တဲ့ အချိန်ကလေးတွေ ရှိပါတယ်။ စိတ်မအားတာ။

ကျွန်တော်တို့ စာရေးနည်းကလည်း ခက်တယ်။ စာရေးပြီဆိုရင် ပုံပစ်လိုက်တယ်။ "ပိတောက်ပွင့်ဆဲ လသာဆဲ " ၀တ္ထုထဲမှာ ရေးထားသလိုပေါ့။စာရေးပြီဆိုရင် တစ်ကမ္ဘာထဲကို ရောက်သွားတာပဲ။ လက်ရှိ ကမ္ဘာထဲက အဆက်ပြတ်သွားပြီး ကျွန်တော် ဆောက်ထားတဲ့ ကမ္ဘာထဲကို ရောက်သွားတယ်။ အဲဒီအချိန် မှာ ကျွန်တော် ထမင်းလည်း မစားတော့ဘူး။ စာရေးပြီဆိုရင် ကျွန်တော့် မိန်းမ က သိပ်ဂရုစိုက်ရတယ်။ ရေချိုး ဖို့ သတိမရဘူး။ အိပ်ဖို့ သတိမရဘူး။ ညနေခြောက်နာရီကနေ ရေးတာ မနက်ကိုးနာရီထိ ရေး နိုင်တယ်။ တစ်ခုတော့ရှိတယ်။ ဒီကြားထဲမှာ ဘာအနှောင့်အယှက်မှ မလာရဘူး။ တစ်ခုခု ၀င်လာရင်တော့ ပြန်ထိုင် လို့ မရတော့ဘူး။

အဲဒါ ကြောင့် ကျွန်တော် စာရေးနိုင်ဖို့ရာက စိတ်အားဖို့ သိပ်အရေးကြီးတယ်။ ခုလို အလုပ်တာဝန်တွေနဲ့ ဆိုတော့ မရေးဖြစ်တော့ဘူးပေါ့။
နောက်တစ်ခုက စာရေးတဲ့ နေရာမှာ အင်္ဂလိပ်လို ပြောရရင် Spontaneous ပေါ့။ စေတနာက ပေါ်ချင်တဲ့အချိန်မှာ ပေါ်ပြီးတော့ လှုံ့ဆော်လာတဲ့အခါမှာ ရေးချလိုက်ရတာပဲ။ သူက ဘာတွေ ဖြစ်ရမယ်၊ ဘာတွေ မဖြစ်ရဘူး။ ဒီလို သွားတွေးလို့ မရဘူး။ ဥပမာ ကျွန်တော် " သူ့ကျွန်မခံပြီ" ရေးတုန်းက ဘောင်တွေ ခတ်ပြီး Consciously ရေးမယ်ဆိုရင် ဒါလောက် ကောင်းချင်မှ ကောင်းမယ်။ ဒီဝတ္ထုရေးတုန်းက အလွန်ရိုးတဲ့ ဇီဝိတိနြေ္ဒလေးပဲရှိတယ်။ ခင်ဗျားတို့ လုပ်ကြပြန်ပြီလား၊ ကျွန် ထပ်ဖြစ်ဦးမယ်၊ ဒါလေးပဲ။ အဲဒါကို လွတ်လွတ်လပ်လပ် ရေးချလိုက်လို့ ကောင်းသွားတာ။ အစကတည်းက ဘာကို ရေးမယ်၊ ဘာကို မရေးဘူး၊ ဘာမှ ကောင်းမယ်၊ ဘာက မကောင်းဘူးလို့ သိပ်တွေးရင် စာရေးလို့ မကောင်းတော့ဘူး။

အခု စာတစ်ခု ရေးမယ်ဆိုရင် (ဒါကတော့ ကျွန်တော့်အပြစ်ပါ) ဘာမှ ကောင်းမယ်၊ ဘာကတော့ မကောင်းဘူးဆိုတာ ခေါင်းထဲ ပေါ်ပေါ်လာတယ်။ ပေါ်လာတော့ မိမိကိုယ် မိမိ ပြန်ချုပ်ချယ်သလို ဖြစ်သွား တယ်။ အသက်ကြီး လာလို့ ဒီလို ဖြစ်လာသလားတော့ မပြောတတ်ဘူး။ အဲဒီလို အတွေးတွေ ၀င်လာတော့ လက်က မသွက်တော့ဘူး။
နောက်လက်တွေ့ အခက်အခဲတစ်ခု ရှိသေးတယ်။ စက္ကူပြဿနာပဲ။ ဘယ်နှကျပ်တန်၊ ဘယ်နှဖောင် ဘာညာ ဆိုတာတွေ တွက်လာရတယ်။ ဟိုတုန်းကတော့ ဒါတွေ သိပ်မတွက်ဘူး။ အခုတော့ တွက် ရမယ်လေ။ စက္ကူတွေ ဘာတွေ တွက်ရတယ် မဟုတ်လား။

" ခိုင် " ရေးတုန်းက သိတဲ့အတိုင်း နှစ်ကျပ်တန်လို့ ကြော်ငြာခဲ့တာပဲ။ မပြီးတာနဲ့ ကိုသန်းကျော်ရေ ... အဲဒီအတိုင်းပဲ ထုတ်လိုက်တော့၊ ဒုတိယတွဲ ကျွန်တော် ဆက်ရေးရင် ဇာတ်သိမ်းမှာပါဆိုပြီး ဆက်ရေး တယ်။ မပြီးပြန်ဘူး။ ဒါနဲ့ တတိယတွဲအထိ ဆက်ခဲ့ရတာပဲ။ အဲဒီလို လုပ်လို့ရတယ်။ ဒါကြောင့် ၀တ္ထုဆိုတာက ငါ ဘယ်ကစမယ်၊ ဘယ်မှာ ဆုံးမယ် ဆိုတာတွေ ထည့်တွက်နေရရင် ရေးလို့မရတော့ဘူး။
အခုက စာရေးတော့မယ်ဆိုရင် ဘယ်နှမျက်နှာ ရေးရမလဲ၊ သိပ်များထူသွားရင် ဈေးများကြီးသွား မလား။ စက္ကူ ကော အလုံအလောက် ရပါ့မလား ဘာညာ အတွေးတွေ ၀င်လာရင် အဲဒါ သွားရော "
" ဆရာ အခု စာရေးသက် ရလာတဲ့အချိန်မှာ Romance က တခြားလိုင်းပြောင်းရေးဖို့ စိတ်ကူးပေါ် မိသလား "

" တမင်တော့ မရှိပါဘူး။ Romance လိုင်းလို့ လူတွေကတော့ ကျွန်တော့်ကို ပြောကြတယ်။ ဒါပေမဲ့ ဆရာကြီး ဦးသိန်းဖေမြင့်ကတော့ ခင်ဗျားက Romance လိုင်းလည်း မဟုတ်ဘူး။ ဘာလိုင်းမှ မဟုတ်ဘူး၊ ခင်ဗျားလိုင်း ပဲတဲ့။ ဘုန်းနိုင်လိုင်း၊ ဘုန်းနိုင်စတိုင်ပါ၊ မစွန့်ပါနဲ့၊ ဒီအတိုင်းရေးပါ၊ ကျွန်တော် သိပ်ကြိုက် တယ်တဲ့။ ကျွန်တော် ခင်ဗျားလို မရေးတတ်ဘူးတဲ့။ အားမလျှော့ပါနဲ့၊ မပြောင်းပါနဲ့၊ ဒီအတိုင်းသွား ပါလို့ ဆရာကြီးဦးသိန်းဖေမြင့် မကွယ်လွန်ခင်က ပြောသွားဖူးတယ်။

အဲဒီလိုပဲ ကျွန်တော့် ဆရာတစ်ဦးဖြစ်တဲ့ ငွေဥဒေါင်းက ပြောဖူးတယ်။ ကိုဘုန်းနိုင်ခင်ဗျားလိုင်းက ခင်ဗျားလိုင်းပဲတဲ့၊ မစွန့်ပါနဲ့တဲ့။ ဒီလိုပဲ ပြောဖူးတယ်။ ကျွန်တော် ရေးတာကို Roance ပဲခေါ်ခေါ် ဘာခေါ်ခေါ် ခေါ်ချင်သလိုခေါ်။ ဖတ်ကြည့်ရင်တော့ ဒီထဲမှာ Romance ပါသလို life လည်းပါတာ တွေ့ရပါမယ်။ အစုံပါပဲ။ ကျွန်တော်တော့ ဒီပုံစံကို မစွန့်ချင်ပါဘူး။ စွန့်မယ်လို့လည်း စိတ်မကူးပါဘူး။
Romance ဖြစ်တယ် ပြောလို့လည်း ကျွန်တော် စိတ်မထိခိုက်ပါဘူး။ စာရေးဆရာကြီး ဟဲမင်း(ဂ)ဝေးကို Romance ဖြစ်တယ်လို့ ပြောကြတယ်။ သေတဲ့အထိ သူ ဒီပုံစံကိုပဲ ရေးသွားတာပဲ။ ကမ္ဘာမှာ သူ့စာ ကျန်တာပဲ။ ဘ၀သရုပ်ဖော် စာပေပဲ၊ အချစ်ပဲ၊ ဘာညာ ငြင်းကြ ခုံကြတာတွေဟာ စာပေ သဘောတရားတွေ ပေါ်ခါစကသာ ရှိတာပါ။ စာပေမှာဘာပဲရယ်လို့ ပြောလို့မရပါဘူး။ Romance လိုလိုနဲ့ ဘ၀ဖြစ်သွားတာလည်း ရှိတယ်၊ ဘာဝလိုလိုနဲ့ Romance ဖြစ်သွားတာလည်း ရှိတာပဲ "

" ဆရာ လောလောဆယ် ၀တ္ထုထွက်ဖို့ အစီအစဉ် ရှိသေးလား "
" မရှိတော့ဘူးဗျ။ ကလောင်နဲ့ စက္ကူဝေးနေတာ တော်တော်ကြာပြီ၊ ရေးမယ်လို့ စိတ်ကူးတော့ ရှိပါတယ်"
" ၀တ္ထုရေးတဲ့ပုံစံနဲ့ ပတ်သက်ပြီး ဆရာ့ဝတ္ထုတွေမှာ ထူးခြားတာတစ်ခု တွေ့ရတယ်ဆရာ။ ဘာလဲဆိုတော့ ဆရာရေးတဲ့ ၀တ္ထုတိုင်းမှာ "သုတ"လေးတွေ ထည့်ပေးသွားတာပဲ။ ဒီလို သုတပါပေမယ့် ၀တ္ထုမှာ အနှောင့် အယှက်ဖြစ်မသွားဘူး။ စာပေအယူအဆ တစ်ခုက ရသမှာ သုတ မရောရဘူးလို့ ဆိုတယ်။ ဆရာ့ ၀တ္ထုတွေမှာကတော့ ရသနဲ့ သုတ ရောပေးထားတာဆိုတော့ ဒီအယူအဆနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို သဘောရပါသလဲ "

" ရသစာပေမှာ သုတ မပါရဆိုတာတော့ ကျွန်တော် လက်မခံနိုင်ဘူး။ နှစ်ပိုင်း ခွဲကြည့်ရအောင်၊ အထူးသဖြင့် မြန်မာ့အစဉ်အလာနဲ့ တစ်ပါးသူ အစဉ်အလာ ဒီနှစ်ခု မရောစွက်ထိုက်ဘူး။ ဟိုပုဂံခေတ်ကနေ ဒီနေ့ထိ မြန်မာစာပေ၊ မြန်မာအနုပညာ ဆိုတာက ရသနဲ့ သုတ တွဲနေတယ်။ သုတ မတွဲတဲ့ ရသကို ပညာရှိတို့ မချီးမွမ်းဘူး။ ရသနဲ့ သုတ တွဲတဲ့ဥစ္စာကို ချီးမွမ်းတယ်။ အဲဒါက မြန်မာ့အမွေ၊ မြန်မာ့ အစဉ်အလာ ပဲ၊ အဲဒါကျတော့ ခေါင်းမာတယ်။ ကျွန်တော် မစွန့်နိုင်ဘူး။
သို့သော် ... သုတ ပေးလိုက်တာကို ကဲပြီးတော့ အနုပညာ ပုံပန်းပျက်အောင် ဇွတ်အတင်းဝင် တရားဟောတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာမှာတော့ အသုံးအနှုန်းရှိပါတယ်။ ရုပ်တုက သေးပြီးတော့ အောက်ခံအုတ်ခုံက ကြီးတယ်တဲ့။ အဓိက၀တ္ထု အနုပညာပိုင်းက သေးပြီးတော့ သုတ ပိုင်းက ကြီးနေရင် ဒါ စာရေးဆရာ မကျွမ်းကျင်တာကို ပြတာပဲ။
သုတထည့်ခြင်း၊ မထည့်ခြင်းက ပဓာန မဟုတ်ပါဘူး။ ကျွမ်းကျင်စွာ ထည့်တတ်ဖို့ပဲလိုတယ်။ ကျွမ်းကျင်စွာ ထည့် တတ်ရင် ထည့်သာထည့်ပါ။

တချို့ပြောတာ ရှိသေးတယ်။ ၀တ္ထုရေးတဲ့နေရာမှာ ဇာတ်လမ်းနဲ့ ဇာတ်ကောင်က သယ်သွားပါစေ၊ စာရေးဆရာ ၀င်မပြောပါနဲ့တဲ့။ ကျွန်တော်လည်း အစက အဲဒီအတိုင်း ရေးခဲ့တယ်။ ဒီ Technique ကို အင်မတန် ကောင်းတယ်လို့ ထင်ခဲ့တယ်။ ကမ္ဘာ့စာပေ ပညာရှင်ကြီးတွေက ဝေဖန်တော့ အဲဒီလို စာရေးဆရာ ၀င်မပြောတဲ့ ၀တ္ထုတွေလည်း ကောင်းပါတယ်တဲ့။ သို့သော် သူသာ အကောင်းဆုံးလို့ ပြောလို့ မရ ပါတဲ့။ စာရေးဆရာ ၀င်ပြောပေမယ့် ကောင်းတဲ့ ၀တ္ထုတွေရှိပါတယ်တဲ့။ ၀င်ပြောသင့်ရင် ပြော လိုက်ပါတဲ့။ သို့သော် ပြောတတ်ဖို့တော့ လိုပါတယ်တဲ့။

War and Peace မှာဆိုရင် စာရေးဆရာက အများကြီး ၀င်ပြောတာပဲ။ ၀တ္ထုက ကောင်းနေတာပဲ။ ဒါကြောင့် ၀တ္ထုကို တစ်ခုတည်းနဲ့ သွားပြီးတော့ ဆုံးဖြတ်လို့ မရဘူ။ ခန္ဓာတစ်ခုအနေနဲ့ ကြည့်ပါလို့ စောစော က ပြောခဲ့တာပေါ့။ ကျွန်တော် နာမည်တပ် မပြောချင်ဘူးဗျာ၊ ကမ္ဘာကျော်တဲ့ ရုပ်ရှင်မင်းသမီး တွေပဲ ကြည့် ကြည့်၊ မြန်မာရုပ်ရှင်မင်းသမီးတွေပဲ ကြည့်ကြည့်၊ တစ်ခုချင်း သူတို့မျက်နှာပေါ်မှာ ကြည့်ရင် ချို့ယွင်းချက် ရှိနေတာပဲ။ မျက်လုံးက တစ်မျိုးလေး ဖြစ်နေတာ၊ နှာခေါင်းက တစ်မျိုးလေး ဖြစ်နေတာ၊ နားရွက် က တစ်မျိုး၊ ပါးစပ်က တစ်မျိုး။ ဒါပေမဲ့ ဒါတွေ ပေါင်းကြည့်လိုက်တော့ လှနေပြန်ရော။ တစ်ခါတလေ မျက်နှာတစ်ခုလုံးက ချို့ယွင်းချက် ဖြစ်နေတာတောင် တစ်ကိုယ်လုံး ခြုံပြီး ကြည့်လိုက်တော့ လှနေတာ ရှိတယ်။

အဲဒီလိုပဲ အနုပညာမှာလည်း ပန်းချီပဲဖြစ်ဖြစ်၊ ပန်းပုပဲဖြစ်ဖြစ်၊ ၀တ္ထုဖြစ်ဖြစ်၊ ကဗျာဖြစ်ဖြစ် လိုက်ကြည့်ရင်တော့ အနည်းအကျဉ်းတွေ့တတ်ပါတယ်။ ခြုံကြည့်လို့ အလှတရားခံစားလိုက်ရရင် အဲဒါ သူ့ အလှပဲ။ အလှဆိုတဲ့ စကားကလည်း ကျွန်တော်တို့က အနက်အဓိပ္ပာယ်သိပ်မပြောဘူး။ ဒါက ခိုးယူထားတဲ့ စကား။ ရှေးက မြန်မာစာပေတို့၊ အနုပညာတို့မှာ ကောင်းတယ်၊ မကောင်းဘူး၊ မြတ်တယ်၊ မမြတ်ဘူးလို့ဘဲ သုံးတယ်။ အလှဆိုတာ မသုံးခဲ့ဘူး။ ဂုဏ်မြောက်တယ်၊ မမြောက်ဘူး၊ ဒေါသသင့်တယ်၊ မသင့်ဘူး၊ ဒါပဲ သုံး ခဲ့ကြတယ်။ှတယ် ဆိုတာ မသုံးခဲ့ဘူး။ "လှ" ဆိုတဲ့ စကားက နိုင်ငံခြားက သုံးတဲ့စကားကို ယူလာတာ။ နိုင်ငံ ခြားမှာ "လှ" ဆိုတဲ့ စကားကို ဘယ်လို အဓိပ္ပာယ်ဖွင့်သလဲဆိုတော့ "မိမိဘ၀င်မှာ သဘောကျ စေသော အရာကို အလှဟုခေါ်သည်"တဲ့။ အဲဒီတော့ အနုပညာမှာလည်း ၀တ္ထုပဲဖြစ်ဖြစ်၊ ကဗျာပဲဖြစ်ဖြစ် မိမိဘ၀င်မှာ သဘောကျသွားရင် ဒါ အလှပဲပေါ့"

" ဒါဆိုရင် အခု ဆရာ သုံးလိုက်တဲ့စကားက အရင်သုံးနေကြတဲ့ "ရသမြောက်တယ်"ဆိုတဲ့ စကားနဲ့ မတူဘူးလား ဆရာ"
" အဲ ... မြန်မာကတော့ ရသမြောက်တယ်လို့ သုံးလေ့ရှိကြတယ်။ ဒါပေမဲ့ ရသမြောက်တယ် ဆိုတာထက် လှတယ်ဆိုတဲ့ စကားက ပိုပြီးကျယ်ဝန်းတယ်။ ရသမြောက်တိုင်း ကိုယ်က ဘ၀င်ကျချင်မှ ကျမှာကိုး "
" ဆရာ နဲ့ ဆွေးနွေးရတာ ပြည့်ပြည့်စုံစုံ ရှိပါတယ် ဆရာ။ စာဖတ်ပရိသတ်အတွက်လည်း အကျိုးကျေးဇူး အများကြီး ရနိုင်ပါလိမ့်မယ်။ နောက်ဆုံး မေးခွန်း တစ်ခုလောက်တော့ ထပ်မေးခွင့်ပြုပါဦး ဆရာ "
" မေးဗျာ "
" ဆရာ ရေးတဲ့ ၀တ္ထုအများစုဟာ ဘာဖြစ်လို့ အလွမ်းဝတ္ထုတွေ ဖြစ်နေတာလဲဆရာ"

(ဒီမေးခွန်း မေးပြီးတဲ့အချိန်မှာ ကျွန်တော့်ကိုယ် ကျွန်တော် အပြစ်တင်မိတယ်။ ရှေ့က မေးခွန်းတွေကို တောက်လျှောက် လုံးဝမနားဘဲ ဖြေလာခဲ့ပြီး ဒီမေးခွန်းကို မေးလိုက်ခါမှ ဆရာက အဖြေ ချက်ချင်း မပေးဘဲ ခပ်ငေးငေး ဖြစ်သွားလို့ ကျွန်တော့် မေးခွန်းကြောင့် ဆရာ စိတ်အနှောင့်အယှက် ဖြစ်သွား ပြီလားလို့လည်း ထင်လိုက်မိတယ်။ တိုက်ခန်းရှေ့က လမ်းဘက်ကို ငေးပြီး စီးကရက် ဖွာရင်းက ဆရာ ခပ်ဖြည်းဖြည်း ဖြေလိုက်ပါတယ်။)
" အလွမ်းဝတ္ထုဘာကြောင့် ဖြစ်ရသလဲဆိုတော့ ဘ၀နဲ့ ပတ်သက်နေပါတယ်။ ကျွန်တော့်ဘ၀က ရုန်းကန် ခဲ့ရတာတွေ များတယ်။ နာကြည်းစရာတွေ အများကြီး တွေ့ခဲ့ရတယ်။ နာမည်ကျော် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်၊ ကောလိပ်ကျောင်းအုပ်ကြီး ဘာညာ ဒါတွေတွေ့တော့ ကျွန်တော့် ဘ၀ဟာ ရွှေဇွန်းကိုက်ပြီး ရာဇပလ္လင်ပေါ်ဖွားခဲ့သလား တင်ကြလိမ့်မယ်။

ကျွန်တော့်ဘ၀မှာ ရုန်းကန်ခဲ့ရတာတွေ အများကြီးပဲ။ ကျွန်တော့်ဖခင် တစ်နေရာရောက်နေတဲ့အချိန်၊ အမေက အိပ်ရာပေါ်မှာ လိမ့်နေတာပဲ။ လက်ထဲမှာ ငွေ လေးငါးကျပ်ပဲ ရှိတယ်။ ဆွေလည်းမရှိဘူး။ မျိုးလည်း မရှိဘူး။ အမေ့ရင်ထဲ ဘယ်လောက် မီးလောင်နေမလဲ။ ကျွန်တော့် အစ်မကလည်း အပျိုပေါက် အရွယ်ဆိုတော့ ခိုင်းလို့မဖြစ်ဘူး။ ကျွန်တော်နဲ့ အမေနဲ့ပဲ ထမင်းသုပ် ရောင်းခဲ့ရ တယ်။ မုန့်ဟင်းခါး ရောင်းခဲ့ရတယ်။ နေ့မှာတင် မဟုတ်ဘူး။ တစ်ကျပ် တစ်ပြားကလေး မြတ်ဖို့အတွက် တောရွာရုပ်သေးတွေ ဘာတွေ ကတဲ့နေရာထိ လိုက်ပြီး ညမှောင်မှောင်မှာ သားအမိနှစ်ယောက် ဈေးရောင်း ခဲ့ရတယ်။ ဒါမျိုးတွေ ကျွန်တော့်ဘ၀မှာ ကြုံခဲ့ရတယ်။

ပြီးတော့ ကျွန်တော့်ဘ၀က အကြောင်းကြောင်းကြောင့် မိဝေး ဖဝေး ခဏခဏ နေခဲ့ရတယ်။ ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ်ပြီး သွားနေခဲ့ရတယ်။ ကျွန်တော့်ဘ၀က မချောမွေ့ခဲ့ပါဘူး။ တော်တော်လေး ကြီးလာ လို့ တက္ကသိုလ် တက်ရတော့လည်း ချို့ချို့ငဲ့ငဲ့ တက်ရတယ်။ မြင်းပွဲအလုပ် လုပ်ရတယ်။ ကျားကျောင်း မှာ ကျောင်းဆရာ လုပ်ရတယ်။ တစ်ခါတလေ အလုပ်မရှိလို့ ကျောင်းငွေမသွင်းနိုင်ဘူး။ မိဘ ကလည်း အဲဒီအချိန်မှာ တော်တော် ယိုင်နေပြီ။ အမေက ချဉ်ပေါင်ရွက်စားပြီး ငါ့သား ကျောင်းထား ပေးမယ်လို့ ပြောပါတယ်။ အမေ့ ကျေးဇူးအလွန်ကြီးပါတယ်။ ကျွန်တော် မပြောရက်တော့ဘူး။ လိမ်ရတယ်။ အမေ ကျွန်တော် အလုပ်ရနေပြီ။ ပိုက်ဆံရှိပါတယ်။ မပို့ပါနဲ့တော့လို့ ပြောပြီး ဒီမှာ ကျွန်တော် ငတ် နေတယ်။ ၁၉၅၁ ခုနှစ်ကိုတော့ ကျွန်တော် မမေ့နိုင်ဘူး။ အဲဒီနှစ် ဇွန်၊ ဇူလိုင် နှစ်လ ရက်ခြောက်ဆယ် မှာ သူများတွေက တစ်နေ့ ထမင်း နှစ်နပ်စားရင် အနပ်ပေါင်း ၁၂၀ စားရမယ်။ ကျွန်တော် ၁၀ နပ်ပဲ စားခဲ့ရတယ်။ တစ်ဖက်က စာမေးပွဲ ဖြေနေတယ်။

ပေးပါ၊ ကမ်းပါ ဆိုလည်း ပေးမယ့်သူ မရှိဘူး။ ကူညီမယ့်သူမရှိဘူး။ ကိုယ့်ဘာသာ ကိုယ်ပဲ လုပ်ရတာ။ ဇွဲတော့ ကျွန်တော် မလျှော့ခဲ့ဘူး။ နောက်ပြီးတော့် ကျွန်တော် လူမှန်း သိတတ်စ လေးနှစ်သား လောက်က စပြီး အဖေက ရာထူးတွေ ဘာတွေကျပြီး အလွန်ဆင်းရဲ ဒုက္ခ ရောက်ခဲ့ရတယ်။ ပြီးတော့ အငြင်း ပယ်ခံခဲ့ရတယ်။ ကလေးဘ၀မှာက ကလေးချင်းတောင် မတူခဲ့ရဘူး။ တန်းတူ မရခဲ့ဘူး။ အဲဒီတော့ ဘ၀ကို ပြန်ကြည့်လိုက်ရင် စိတ်ဆင်းရဲစရာတွေ မတူခဲ့ရဘး။ တန်းတူ မရခဲ့ဘူး။ အဲဒီတော့ ဘ၀ကို ပြန်ကြည့် လိုက်ရင် စိတ်ဆင်းရဲစရာတွေရှိတယ်။ ကိုယ်ကိုယ်တိုင်က စိတ်ဆင်းရဲစရာတွေ တွေ့ခဲ့ဖူးတော့ အခု ကျွန်တော် အုပ်ချုပ်ရေးကိုင်ရတဲ့ လူကြီးတစ်ယောက် ဖြစ်လာတဲ့အချိန်မှာ အဲဒါဟာ ကျွန်တော့်ရဲ့ အား နည်းချက်ဖြစ်လာတယ်။ ဒါကြောင့် တစ်ခါတလေ ကျွန်တော် စာရေးဆရာပဲ လုပ်ချင်တယ်။ အုပ်ချုပ်ရေး မကိုင်ချင်ဘူး၊ ရာထူးမကြီးချင်ဘူး။ ဖြစ်လာရင် သနားတာက အရင်၊ အရေးယူဖို့က နောက်ကျ ကျနေတယ်။ ကျောင်းသား အပေါ်မှာလည်း ဒီလိုပဲ။

အုပ်ချုပ်ရေးသမားတစ်ယောက်အနေနဲ့ ကြည့်ရင် ဒါ အလွန်အား နည်းတဲ့အချက် ဖြစ်နေတယ်။ လူတစ်ယောက်အနေနဲ့တော့ ဂုဏ်ယူပါတယ်။
ခင်ဗျားတို့က ကျွန်တော့်ကို အလွမ်းသန်တယ်လို့ ပြောတယ်။ ကျွန်တော်ကတော့ လောကကို ကရုဏာပါပါနဲ့ ကြည့်တာပဲ။ အထူးသဖြင့် ကရုဏာသက်ဖွယ်ရှိတဲ့ လူတွေ အကြောင်းသာ ရေးလေ့ ရှိတယ်။ ရေးမိတော့ အလွမ်းတွေ ဖြစ်ကုန်တာပေါ့။ ဒါပေမဲ့ ဆရာမကြီး ခေါ်ခင်မျိုးချစ်ရဲ့ မှတ်ချက်တစ်ခု ကျွန်တော် သတိထားမိတာရှိတယ်။ ကိုခင်မောင်တင့်က ကရုဏာတော့ သန်ပါတယ်။ မုဒိတာလေးလည်း ပါတတ်တယ်တဲ့။ ကိုခင်မောင်တင့်ရဲ့ ၀တ္ထုတွေ ဖတ်လိုက်ရင် မုဒိတာကို မြင်ရတယ်တဲ့။ ဒေါ်ခင်မျိုးချစ် က အဲဒီလို ပြောဖူးတယ်။ ဘာဖြစ်လို့ အဲဒီလို ပြောတာလဲဆိုတော့ ကျွန်တော့် ၀တ္ထုထဲမှာ ဘယ်လောက် ဒုက္ခ ရောက်ရောက်၊ ဘယ်လောက်ထိ ဆင်းရဲ ဆင်းရဲ၊ ကြိုးစားလို့ အောင်မြင်သွားတာတွေ၊ မြင့်မြတ်လို့ အောင်မြင် သွားတာတွေ၊ အဲဒါတွေကို ကျွန်တော် မြတ်မြတ်နိုးနိုး ထည့်ရေးတတ်တယ်။ ဆရာမကြီးက ဒါကြောင့် ပြောတာပါ"

ဆရာက သူ့ဘ၀နောက်ကြောင်းတွေကို ဆွေးဆွေးမြည့်မြည့် ပြောပြနေချိန်မှာ ကျွန်တော်က "ခိုင်" ၀တ္ထုထဲက မောင့်တမ်းတချက်ကလေးတစ်ခုကို သွားသတိရမိပါတယ်။
မောင့်ကို ခွင့်လွှတ်ပါလေ ခိုင်၊ နောင်ဘ၀ဆိုသည်လည်း ရှိပါစေ ခိုင်၊ ဘ၀တို့ အကြိမ်ကြိမ် ပြန်လည် ဖွားမြောက်လေသော သံသရာဆိုသည်နှင့် သံသရာ၌ ပြန်လည်တွေ့ဆုံတတ်သော ရေစက်ဆိုသည်လည်း ရှိပါစေ ခိုင်၊ သံသရာလမ်းဘုံဘ၀ ကွန်းထောက်စခန်းမှာ ရေစက်အဟုန်ကြောင့် ခိုင် နှင့် မောင် ပြန်ဆုံတွေ့လျှင် မောင့်ကို ခွင့်လွှတ်နိုင်ပါစေ ခိုင် ...
" ဆရာ နဲ့ ခုလို အားပါးတရ တွေ့ဆုံခွင့်ရလိုက်တာ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။ ဆရာ့ ပရိသတ် တစ်ဦးဖြစ်တဲ့ ကျွန်တော်ကပဲ အားလုံးကိုယ်စား တောင်းဆိုပါရစေ ဆရာ။ " သူ့ကျွန်မခံပြီ" လို၊ လသူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်" လို့ လက်ရာမြောက်တဲ့ ၀တ္ထုကောင်းတွေ ကျွန်တော်တို့ ဖတ် ပါရစေဦး ဆရာ၊ ဆရာ့ တာဝန်တွေကြားထဲကပဲ စိတ်အားမယ့် အချိန်ကလေးကို ကြိုးစားရယူပြီး ဖန်တီး ပေးပါဦးလို့ ... ဒီတွေ့ဆုံခန်းအတွက်ကတော့ ကျေးဇူးအနန္တပါ ဆရာ "

ပေဖူးလွှာ မဂ္ဂဇင်း၊ အမှတ်-၄၉၊ ဇွန်လ-ဇူလိုင်လ၊ ၁၉၈၅ ခုနှစ်။
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, March 6, 2012

ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး, အပိုင်း (၅၃)

(အနန္တသူရိယအမတ်ကြီးရဲ့ သူတည်း တစ်ယောက် ကောင်းဖို့ရောက်မူ ကဗျာ။ ဘယ်တော့မှ မရိုးဘူး။ သူက နရသီဟပတေ့ကိုလည်း မကြည့်၊ ပုဂံကိုလည်း မကြည့် ဘူး။ သူကြည့်လိုက်တာက လောကတင်မကဘူး၊ သံသရာတစ်ခုလုံးကို ကြည့်တာ။) ကို ဆက်ဖတ်ရန်

“ကျေးဇူးတင်ပါတယ် ဆရာ၊ ဆရာ ပေးလိုက်တဲ့ ဥပမာတွေနဲ့ နားထောင်လိုက်ရတော့ တော်တော်လေး ရှင်းသွားပါပြီ။ ဆရာ ၀တ္ထုရေးတဲ့နေရာမှာ ဇာတ်ကွက်ကို ကြိုတင်ချထားလေ့ ရှိပါသလား ဆိုတာ သိပါရစေ”
“ဆရာက ဇာတ်ကွက်ကို ဘယ်တော့မှ ကြိုတင်ချမထားဘူး။ အဲ… တစ်ခုတော့ ရှိတယ်။ ကျွန်တော်တို့ တစ်တွေ က ဇာတ်ကွက်တို့၊ ဇာတ်လမ်းတို့၊ ဇာတ်ကြောင်းတို့ ဆိုတဲ့ စကားတွေ ရဲ့ အနက်အဓိပ္ပာယ်တွေ မပေးမိတာေ တွရှိတယ်၊ ကျွန်တော် ဟိုတလောက ၀တ္ထုရှည်ဆိုသည် မှာ ဆိုတဲ့ စာတမ်းတစ်ခု ပြုစု ဖူးတယ်။ Story ဆိုတဲ့ စကားရှိတယ်။ Plot ဆိုတဲ့စကားရှိတယ်။ မတူဘူး။ တချို့က Story less Story တွေ ဘာတွေ ကြိုးစားကြတယ်။ ဇာတ်လမ်းမရှိသော ၀တ္ထုများပေါ့။

Plot ကတော့ ရှိရမယ်။ Plot မရှိလို့ မရဘူး။ ဒါပေမဲ့ အခု ဆရာပြောတဲ့ plot ဆိုတာက အခုလူတွေ ပြော နေတာမျိုး မဆိုလိုဘူး။ ဆရာရဲ့ “၀တ္ထှုရှည်ဆိုသည်မှာ” ဆိုတဲ့ စာတမ်းမှာတော့ အကျယ်ရေးထားတယ်။ Plot ဆိုတာ အခုလူတွေ ပြောနေကြတဲ့ ၀တ္ထု မှာ ဇာတ်လမ်းဆင်တာမျိုး၊ ဇာတ်ကွက်ဆင်တာမျိုး၊ ဒါလောက်နဲ့တော့ မရဘူး။

အဲဒီတော့ အခုနက အမေးကို ပြန်ဆက်ရရင် စာရေးတဲ့နေရာမှာ ဇာတ်ကွက်ကို အရင် ဘယ်တော့မှ မချ ရဘူး။ ဒါပေမဲ့ ဘာကိုတော့ အသေအချာ ကြိုးစားသလဲဆိုရင် ငါ ဘာ ရေး ချင်သလဲ  ဆိုတာ အရင် ပီပြင်အောင် ကြိုးစားတယ်။ ဆရာကတော့ အဲဒါကို “ဆောင်းပါး”လေး ခေါ်တယ်။ ပရိသတ်ကို ဆောင်ဖို့ ငါ ဘာပါးလိုက်ချင်သလဲ။ အဲဒါ မရေရာဘဲနဲ့တော့ ဆရာ မရေးဘူး။ ဇာတ်လိုက်မင်းသားအကြောင်း မစဉ်းစား သေးဘူး။ Character အကြောင်း မစဉ်း စားသေးဘူး။ Background အကြောင်း မစဉ်းစား သေးဘူး။ ငါ ပရိသတ်ကို ဆောင်ဖို့ ဘာပါး လိုက်ချင်တာလဲ၊ မင်းရေးချင်နေပြီဆို၊ မင်းပရိသတ်ကို ဘာပြောချင်တာလဲ။ အဲဒါ စဉ်းစား တာကိုပဲ ဆရာ တစ်ခါတ်လေ တစ်လ ကြာတယ်။ တစ်ခါတလေ နှစ်လ ကြာတယ်။ ဘာ့ကြောင့်လဲဆိုတော့ တစ်ခါတလေ ပြောချင်တာတွေက များနေတယ်။ ဘာပြောချင်တာလဲ ပီပြင် အောင် စဉ်းစားရတယ်။

“ခင်ဗျားတို့ လုပ်ကြပြန်ပြီ၊ ကျွန်ပြန်ဖြစ်ချင်ကြလို့လား၊ ဒီလိုလုပ်နေကြရင်တော့ ကျွန်ပြန်ဖြစ် ကြတော့ မယ်ဗျို့” ဆိုတာ ပီပီသသ ထွက်လာချိန်မှာ “သူ့ကျွန်မခံပြီ” ရေးဖြစ် သွားတာပဲ။ ဆရာ ပြောချင်တာက အဲဒါပဲ။ ဆရာ့ရင်ထဲမှာ မနေနိုင်အောင် ပြောင်တာက “ခင်ဗျားတို့ ကျွန်ပြန်ဖြစ်အောင် လုပ်ကြပြန်ပြီ၊ တစ်ခါ ဒီိလိုလုပ်ခဲ့လို့ ကျွန်ဖြစ်ခဲ့ကြပြီ မဟုတု လား” ဒါ ပြောတာပဲ။ အဲဒီစကားလေး ပရိသတ်ကို ဆောင်ဖို့ပါးစရာ ရတာနဲ့ တစ်ပြိုင်နက် ဇာတ်က အလိုလိုထွက်လာတာပဲ။

အဲဒီသဘောကို ဆရာက ၀တ္ထု ရဲ့ ဇီဝိတိနြေ္ဒ မရှိဘဲနဲ့ဆိုရင် ခန္ဒာ ကိုယ်ကြီးက ဖရိုဖရဲ ဖြစ်သွာမယ်။ ဇီဝိတိနြေ ရှိလို့သာ ခန္ဒာကိုယ်ကြီးက သက်တမ်းတလျှောက် သွားနေတာ။ အဲဒီလိုပဲ ၀တ္ထုမှာလည်း အစကနေ ပြီးပါပြီင်္အထိ သက်တမ်းကို ထိန်းပေးမယ့် ဇီဝိတိနြေ္ဒ ရှိတယ်။ အဲဒါက ခုနက ဆရာပြောတဲ့ ဆောင်းပါးပဲ။ သူက အကုန် လုပ်သွားတာပဲ။ ဇာတ်ကောင်ရဲ့ သဘော၊ ဇာတ်ကွက်ရဲ့သဘော၊ ဇာတ်ကြောင်းသဘော အားလုံး သူ လုပ်သွားတာပဲ.။ Background လည်း သူပဲ ရွေးသွားတာပဲ။ သူသာ မပီပြင် လိုက်ရင် ကျန်တာတွေလည်း ဝေး၀ါးကုန်တာပဲ။

“အဲဒါဆိုရင် ဆရာ ခိုင် ၀တ္ထု  စရေးတုန်းက မောင့်ကို လှိုင်နဲ့  လက်ထပ်ပေးလုနီး အခြေအနေအထိ ဖန်တီးမယ် ဆိုတဲ့ ရည်ရွယ်ချက်ကော မရှိခဲ့ဘူးလား”
"မရှိဘူးဗျ။ အဲဒီကျတော့ တစ်ခု ရှိတယ်။ ဇီဝိတိနြေ္ဒလေး ရလာလို့ ၀တ္ထုစရေးပြီဆိုရင် ရေးရင်းရေးရင်းနဲ့ ဇာတ်ကောင် တွေက Develop ဖြစ်လာတယ်။ မူလကတည်းက ဇာတ်ကောင်တွေကို မင်း ဘာပြော၊ ဘယ်လို လှုပ်ရှား၊ ဘယ်ဟာ ကြိုက်၊ ဘယ်ဟာချစ်၊ ဘယ်ဟာမုန်းလို့ သွားလုပ်လို့ မရဘူး။

ကမ္ဘာ့စာရေးဆရာမကြီး တစ်ဦးက ပြောဖူးတယ်။ စာရေးဆရာနဲ့ ဇာတ်ကောင်က ဘာနဲ့ တူသလဲဆို တော့တဲ့ မနက် မိုးမလင်းခင် မီးရထားစီးသွးရတာနဲ့ တူတယ်တဲ့။ နှင်းတွေကလည်း မှုန်၊ မီးလေး ကလည်း မှိန်၊ ကိုယ်ကလည်း အိပ်ငိုက် နေတယ်။ ကိုယ့်ဘေးနားမှာ လူတွေ ရှိမှန်းတော့ သိတယ်။ ပီပီပြင်ပြင် သဲသဲ ကွဲကွဲတော့ မမြင်သေးဘူး။ ရထားကြီးထွက်လို့ အတော်ကြာတော့မှ ကိုယ့်ဘေးက လူတွေကို သဲသဲကွဲကွဲ မှတ်မိလာတယ်။ ဒီအတိုင်းပဲ ၀တ္ထု စရေးတဲ့အချိန်မှာ မိမိ ဇာတ်ကောင်တွေဟာ မှုန်မှုန်ဝါးဝါးပဲတဲ့။ ရေးရင်း ရေးရင်း မှ ပီပြင်လာတယ်တဲ့။

ဒီစကားဟာ အင်မတန် မှန်တဲ့ စကားပါ။
ဆရာတို့လည်း ၀တ္ထုရေးတဲ့ နေရာမှာ ရေးရင်းရေးရင်းနဲ့ ပီပြင်လာတယ်။ ပီပြင်လာတဲ့အခါမှာ ဇာတ်ကောင် ကို ကိုယ် ခိုင်းချင်တိုင်း ခိုင်းလို့ မရတော့ဘူး။ ဇာတ်ကောင်ရဲ့ Character Development ပီသ လာပြီဆိုရင် စာရေးဆရာ က လွှတ်သာပေးလိုက်၊ သွားပြီး မချုပ်ချယ်နဲ့။ ချုပ်ချယ်လိုက်ရင် ဇာတ်လမ်း ဇာတ်ကွက် တွေ ကမောက်ကမ ဖြစ်တတ်တယ်။ ဇာတ်သိမ်းတွေ မချောမမွေ့ ဖြစ်တတ် တယ်။ ဇွတ်လုပ် တဲ့ ဇာတ်သိမ်းတွေ အားကြီး ဖြစ်တတ်တယ်။ ဒါကြောင့် ခိုင် ၀တ္ထု စရေး စဉ်တုန်းက ဘယ်လို အဆုံးသတ်မယ်ဆိုတာ ဆရာ့မှာ ရည်ရွယ်ချက် မရှိခဲ့ဘူး။ ခိုင် သေတယ်ဆိုတာတော့ ရဲရဲကြီး ပြော ခဲ့တယ်။

အဲဒါနဲ့ ပတ်သက်ပြီး ဆရာ့ညီလိုချစ်တဲ့ စာရေးဆရာ ရောင်နီက ဝေဖန်ခဲ့ဖူးတယ်။ "ခိုင်" ၀တ္ထု ထွက်လာ တော့ သူက ပြောတယ်။ ဟာ ... ဆရာ၊ ကောင်းလိုက်တာ ဆရာ ဘယ်လိုလုပ်များ ရေးတာလဲ။ မင်းသမီး သေမယ်လည်း ပြောသေးတယ်။ ဒီကြားထဲက ၀တ္ထုစာအုပ် ကို လက်က မချနိုင်လောက် အောင်လည်း ရေး သွားသေးတယ်။ ကျွန်တော် စောစောက ဆရာ့ကို ဝေဖန်တာ မှားသွားတယ်တဲ့။ ဒါကတော့ အင်မတန် ပွင့်လင်းသော ၀န်ခံချက်ပေါ့"

"ဆရာက ကြိုတင်ရည်ရွယ်ချက် မရှိဘူးဆိုပေမယ့် ကျွန်တော် သတိရတာကလေး တစ်ခု မေးပါရစေ။ သန်လျင်မှာ ဘီအိုစီ မီးလောင်တဲ့နှစ် သီတင်းကျွတ်မှာ မောင်က ဆယ့်တစ်နှစ်သား၊ ခိုင်က ကိုးနှစ်၊ လှိုင်က သုံးနှစ်သမီးပဲ ရှိသေးတယ်။ သီတင်းကျွတ်မှာ မိသားစုနှစ်စု အပြန်အလှန် ကန်တော့ကြတယ်။ မောင်က ခိုင့်ကို ကန်တော့ခိုင်းတော့ ခိုင်က သူငယ်ချင်းမို့ မကန်တော့နိုင်ဘူးလို့ ပြောတယ်။ ဒီအချိန် သုံးနှစ်သမီး ကလေး လှိုင်က မောင့်ကို သွားကန်တော့လို့ မောင်က သူ့သံပတ်ရုပ်ကလေး တစ်ခု ပေး လိုက်တယ်။ ခိုင် မကျေနပ်တာ တွေ့တော့ ဘိုမရုပ်ကလေးတစ်ခု ယူပြီး ခိုင့်ကို ပေးတယ်။ ခိုင်က မယူဘူး။ လှိုင့် ကိုပဲ ပေးလိုက်ပါ ပြောလို့ လှိုင် ထပ်ရသွားတယ်။ ခိုင် ရရမယ့် အရုပ်ကို လှိုင် ရသွားတာ ပေါ့။

ဇာတ်သိမ်းခါနီး မှာ လှိုင်နဲ့မောင် လက်ထပ်မလို ဖြစ်သွားကြတယ်။ ခိုင့် မောင် က လှိုင့်မောင် ဖြစ်တော့ မလို ဖြစ်သွားတယ်။ ရှေ့ကအခန်းနဲ့ ဒီအခန်း ချိတ်ထားတာ တွေ့ရတယ်။ ဒါကော ရည်ရွယ်ချက် မရှိ ဘဲ ရေးခဲ့ တာပဲလား"

"ဒီအချိတ်အဆက်တွေက သူ့ဘာသာသူ ပေါ်လာတာပဲ။ ခုနက ပြောသလို ဇာတ်ကောင်တွေကလည်း အသက် ၀င်လာပြီဆိုရင် ဇာတ်လမ်းက သူ့ဘာသာသူ သွားတော့တာပဲ။ အဲဒီအခါမှာ စာရေးဆရာက Idea လေးတွေ သူ့ဘာသာသူ ပေါ်လာတယ်။ ပေါ်လာတဲ့ အခွင့်အရေးကို လက်မလွှတ်ဘဲ ဆုပ်ထား တာ၊ ဒါ စာရေးဆရာ သတိကြီးတာပဲ။
တချို့ဝတ္ထုတွေမှာ တွေ့ဖူးလိမ့်မယ်။ ရှေ့ပိုင်းက အရေးကြီးတာလေးတွေ တို့ထားပြီး နောက်ပိုင်းမှာ ဒါကို အသုံးမချ မိတော့ဘူး။ လွတ်သွားမယ်။ အခုကိစ္စကတော့ တမင်လုပ်ထားတာ မဟုတ်ဘူး။ ပေါ်လာသော အခွင့်အရေး လေးပဲ။ ဇာတ်လမ်းက ဒီလိုလည်း ဆုံးနိုင်တယ်။ ဟိုလိုလည်း ဆုံးနိုင်တယ်။ ဒါကြောင့် သူ့ကို မလွှတ်ဘူး။ ဆုပ်ကိုင်ထားတယ်။ ဆီဆိုင်လာတော့ သူ့ကို ချသုံးလိုက်တာပဲ။ သတိခေါ်မှာပေါ့။

တစ်နည်းအားဖြင့် ပြောရရင် ၀တ္ထုရေးရတာ စစ်သူကြီးတွေ စစ်မြေပြင်မှာ စစ်တိုက်ရသလိုပါပဲ။ စစ်တိုက်တယ် ဆိုတာက ငါက ဘယ်လို ချီမယ်၊ ဘယ်လို တက်မယ်ဆိုတဲ့ Planning တော့ ရှိတာပဲ။ ဒါပေမဲ့ ဘယ်စစ်သူကြီးကိုပဲ မေးမေး၊ အိုင်ဆင်ဟောင်းဝါးကိုပဲ မေးမေး၊ မောင့်ဂိုမာရီကိုပဲ မေးမေး ခင်ဗျားတို့ နိုင်လိုက်တဲ့ တိုက်ပွဲကြီးတွေဟာ Plan လုပ်ထားတဲ့အတိုင်း ဟုတ်ပါသလား မေးရင် မဟုတ်ဘူး လို့ ဖြေမှာပဲ။ အတတ်နိုင်ဆုံးတော့ ပြင်ဆင်ထားတာပဲ။ ဒါပေမဲ့ တိုက်တဲ့အခါမှာတော့ ကြုံသလို တိုက် သွားရတာပဲ။ တော်တဲ့ စစ်သူကြီးနဲ့ မတော်တဲ့ စစ်သူကြီး "သတိ" မှာ ကွာတာပဲ။ သူ့ရည်ရွယ်ချက်ကို Plan တော့ လုပ်တာပဲ။ ဒါပေမဲ့ Flexible ထားတယ်။ အဲဒီသဘောမျိုးပါပဲ။ ၀တ္ထုတစ်ပုဒ် ရေးတဲ့နေရာမှာလည်း အခြေအနေ ပေးရင် ပေးသလို အကုန်သုံးသွားရတာပဲ"
"ကျေးဇူးတင်ပါတယ် ဆရာ၊ "ခိုင်" အမှာစာ ရေးတဲ့နေရာမှာ ဆရာက "မူသေပုံစံများ" နဲ့ လျှို့ဝှက် နက်နဲသော လူစင်စစ်ပုံစံများ" ဆိုပြီး ဇာတ်ကောင်စရိုက် နှစ်မျိုး ခွဲပြသွားတာ တွေ့ရပါတယ်။

အဲဒါကလေး ရှင်းပြပေးပါဦး ဆရာ"
"အင်္ဂလိပ်လိုကတော့ ရှင်းပါတယ်။ Types နဲ့ Character လို့ ခွဲခြားလို့ ရပါတယ်။ Types ကို မူသေပုံစံ လို့ ပြောရတာက သူက ဆိုးတော့မယ်ဆိုရင် တောက်လျှောက်ဆိုးရတော့တာကိုး။ ကောင်းတော့မယ် ဆိုရင်လည်း တောက်လျှောက် ကောင်းတော့တာပဲ။
ရှေးဝတ္ထု တွေနဲ့ ရုပ်ရှင်တွေထဲမှာ ဗီလိန်ဟေ့ဆိုရင် အေးငွေကြီး ပေါ်လာတယ်။ သူက လူကြမ်း လုပ် ရတယ်။ သဘာဝကျလည်း လုပ်၊ မကျလည်း လုပ်။ လုပ်ချင်လည်း လုပ်၊ မလုပ်ချင်လည်း လုပ်ရ တော့တာပဲ။ သူ့အလုပ်က လူကြမ်း အလုပ်ကိုး။ ဇာတ်လိုက်ဟေ့ဆိုရင် တော်ရမယ်၊ ကောင်းရ မယ်၊ ချောရမယ်၊ အကုန် မူသေချထားတယ်။ စောစောပိုင်းက ၀တ္ထုတွေမှာ ကမ္ဘာမှာလည်း ဒီအတိုင်းပဲ။ Novel ဆိုတာ မပေါ်ခင် မူသေစရိုက်တွေနဲ့ပဲ ရေးကြတယ်။

Character ဆိုတဲ့ စကားက ဒီလို မဟုတ်ဘူး။ ဥပမာ-ဇာတ်ကကြမယ်ဆိုရင် မင်းကတော့ လူဆိုး Character လုပ်။ Character ဆိုတာ အကျင့်ကို ပြောတာကိုး။ မင်းက လူဆိုးအကျင့်အတိုင်း လုပ်ရမယ်။ မင်းကတော့ သူတော်ကောင်းလုပ်၊ မင်းကတော့ နှိပ်စက်သူလုပ်၊ မင်းကတော့ အနှိပ်စက်ခံ ရသူ လုပ်။ သူတို့က Black and White ကို a Bad Guys နဲ့ Bad Guys ပဲ ရှိတယ်။ မင်းကတော့ Good Guy၊ မင်းကတော့ Bad Guy ပုံသေရိုက်ပေးလိုက်တာပဲ။ နောက်တော့ လူက အဆိုးချည်းလည်း မဟုတ်ဘူး။ အကောင်းချည်းလည်း မဟုတ်ဘူး။ ချီးမွမ်းစရာလည်း မဟုတ်ဘူး၊ ကဲ့ရဲ့စရာချည်းလည်း မဟုတ်ဘူး။ အဆိုး၊ အကောင်း၊ အပြစ်၊ အနာ၊ အယုတ်၊ အမြတ် ဆိုတာ ရောရောထွေးထွေး ရှိတယ်။ အဲဒါကို တတ်နိုင်သလောက် ပြောရတယ်။ Types ကို ရေးရတာ လွယ်တယ်။ လူဆိုးဆို လူဆိုးပဲ၊ လူကောင်းဆို လူကောင်းပဲ။ ဒါပေမဲ့ ခုတော့ ဇာတ်ကောင်လို့ ခေါ်နေကြတဲ့ (ဆရာဇော်ဂျီကတော့ ဇာတ်ဆောင်လို့ သုံးပါ၊ ဇာတ်ကောင်လို့ မသုံးပါနဲ့လို့ ပြောတယ်) လူနဲ့တူအောင် လုပ်လာကြတယ်။

လူနဲ့တူအောင် ဆိုတော့ လူဆိုတာ ပုံသေ မလုပ်ဘူး။ လူ့သဘာဝအတိုင်း လုပ်ရမယ်။ လူဆိုတာ လျှို့ဝှက်တယ်၊ နက်နက်တယ်။ နက်နဲတယ်လို့ ဘာကြောင့် ပြောရသလဲဆိုတော့ သာမန်အားဖြင့် ဆိုရင်တော့ လူတွေဟာ အကြောင်းနဲ့ အကျိုးနဲ့ လုပ်နေကြတယ် ဆိုကြတယ်။ ဒါပေမဲ့ အကြောင်းနဲ့ အကျိုးနဲ့ချည်းပဲ သူသွားရဲလားဆိုတော့ မဟုတ်ဘူးဗျ။ တစ်ခါတစ်လေ ရုတ်တရက် သူ လုပ်လိုက်တာ က စဉ်းစားလို့ မရဘူး။ အဲဒါမျိုးတွေက လူ့သဘာဝမှာ အများကြီး ရှိတယ်။ အဲဒီဟာတွေကို နားလည်ဖို့ ဆိုတာကလည်း တစ်စုံတစ်ခုက ဖုံးထားသလို၊ ကွယ်ထားသလိုပဲ။ ရုတ်တရက် နားမလည်နိုင်ဘူး။ ဒါကြောင့် လျှို့ဝှက်နက်နဲဆိုတဲ့ စကားလုံး သုံးရတာပဲ။

သာမန်အားဖြင့် ပြောကြမယ်ဆိုရင် ဇာတ်လိုက်မင်းသားနဲ့ မင်းသမီး ချစ်ကြ ကြိုက်ကြတာပဲ။ ပကတိ အတိုင်း ပြောရရင် မိန်းကလေးတစ်ယောက်သည် ဘယ်လို ယောက်ျားလေးကို ကြိုက်မလဲ။ Reason နဲ့ ပြောရရင် ချောရမယ်၊ ကျန်းမာရေး ကောင်းရမယ်၊ ပညာတတ်ရမယ် ကောင်းတာတွေချည်း အဖြေထွက်မှာပဲ။ ဒါပေမဲ့ အင်မတန်ချောတဲ့ မိန်းကလေးတွေ အင်မတန် အကျည်းတန်တဲ့ ယောက်ျားလေးတွေ ယူထားတာ အများကြီး ရှိတာပဲ။ သဘာဝမကျသလို ဖြစ်နေတယ်။ မိဘလုပ်တဲ့ သူက အင်မတန် ချမ်းသာတယ်၊ ကြွယ်ဝတယ်။ ဒီကြားထဲ ကိုယ်နဲ့ ဘယ်လိုမှ မယှဉ်သာအောင် ဆင်းရဲ တဲ့သူကို ယူသွားတာတွေလည်း အများကြီး ရှိတာပဲ။ ဒါဘာကြောင့်လဲလို့ သွားမေးရင်း မေးခွန်းတွေ အများကြီး ရှိသလို အဖြေတွေလည်း အများကြီး ထွက်လာလိမ့်မယ်။ ဒါကြောင့် အကြောင်းနဲ့ အကျိုး၊ အကြောင်းနဲ့အကျိုးလို့ ပြောနေကြပေမယ့် လူမှာ နေရာတိုင်း ဒါ မရှိဘူး။ လူသည် စဉ်းစားတွေးခေါ် တတ်တဲ့ သတ္တ၀ါဖြစ်တဲ့အတွက် ယေဘုယျအားဖြင့်တော့ အကြောင်းအကျိုး ဆက်သွယ်တဲ့ သဘော တော့ ရှိတယ်။ ဒါပေမဲ့ လူ့အလုပ်မှန်သမျှဟာ အကြောင်းအကျိုး ဆက်သွယ်တဲ့ Rational Behaviour လို့ ပြောလို့ မရဘူး။ အကြောင်းတရားတွေ အများကြီး ၀င်လာတယ်။ ဒါကြောင့် ရုတ်တရက် နားလည်ဖို့ ခက်တယ်။

"ခိုင်" ၀တ္ထုမှာ ကြည့်ရင် မောင်က လှိုင့်ကို ယူလိုက်မှာပေါ့။ ဘာမှ ခိုင့် သံယောဇဉ်ကို ထည့်စဉ်းစားနေ မှာ မဟုတ်ဘူး။ ခိုင်က ကြောင်တောင်တောင် တစ်မျိုးပဲ။ လှိုင်ကတော့ Perfect ဖြစ်တယ်။ ရုပ်ရည် အားဖြင့် လည်း လှတယ်။ ပညာအားဖြင့်လည်း ပြောစရာ မရှိဘူး။ ဆက်ဆံရေးကလည်း ကောင်းတယ်။ ဒါဖြင့် မောင်က လှိုင့် ကို ယူလိုက်ပါလား။ မယူဘူးဗျ။
ခိုင်ကလည်း ရဲရဲတင်းတင်း မောင့်ကို ပြောလိုက်ပါလား။ မပြောပြန်ဘူး။ သူ့ကို ချစ်တဲ့ ငြိမ်းမောင်နဲ့ ကျပြန်တော့လည်း တစ်မျိုး ဖြစ်နေပြန်ရော။ အဲဒါမျိုးက လူ့လောကမှာ အများကြီး ရှိတယ်။ ဒါကြောင့် လည်း စိတ်ပညာရှင် တွေ ရှိနေရတယ်။ အဲဒါကြောင့်လည်း ဆရာဝန်တွေ ရှိနေရတယ်။ အဲဒါကြောင့် လည်း တရားရုံး တွေ ရှိနေရတယ်။ အဲဒါကြောင့်လည်း စာပေဆိုတာ ရှိနေရတယ်။ ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ် ဆိုတာလိုသာ ရှင်းလို့ရစတမ်းဆိုရင် စာပေဆိုတာ လည်း ရှိမှာ မဟုတ် တော့ဘူး။ အနုပညာဆိုတာလည်း ရှိမှာ မဟုတ်တော့ဘူး။ တရားသူကြီးလည်း မရှိတော့ဘူး။ ရှေ့နေ လည်း ရှိမှာ မဟုတ်တော့ဘူး"

"ငြိမ်းမောင်အပေါ်ထားတဲ့ ခိုင့်သဘောထား ဆရာ အစဖော်လိုက်တာနဲ့ ဆက်ဆွေးနွေးချင်တာလေး ပေါ်လာတယ် ဆရာ။ ခိုင်က ငြိမ်းမောင် ရဲ့ အချစ်ကို လက်ခံတာပဲ ရှိတယ်။ ပြန်ပြီးတော့ မတုံ့ပြန်နိုင်ဘူး လို့ မောင့်ကို ရှင်းပြတယ်။ ဒါက ၀တ္ထုထဲမှာကိုး။ အပြင်မှာ မိန်းကလေးတစ်ယောက်က ယောက်ျားလေး တစ်ယောက် ရဲ့ အချစ်ကို လက်ခံပါပြီလို့ ပြောလိုက်ရင် ဒီမိန်းကလေးက ကိုယ့် ချစ်ပြီလို့ပဲ ယူဆလိုက် ကြတယ်။ ဆရာ ခွဲခြားပြထားတဲ့အတိုင်းဆိုရင် လက်ခံပါပြီ ဆိုတာနဲ့ ချစ်ပါတယ်ဆိုတာ မတူနိုင်ဘူးပေါ့"

"အဲဒါကြောင့်ပဲ လူငယ်တော်တော်များများ ဒုက္ခရောက်နေကြတာပေါ့။ ယောက်ျားတစ်ယောက်က မိန်းကလေး တစ်ယောက် ကို ချစ်ပါတယ်လို့ ပြောလိုက်တဲ့အခါမှာ ကိစ္စတော်တော်များများမှာတော့ သဲကွဲပါတယ်။ မိန်းကလေးက ချစ်ကို မချစ်နိုင်ဘူး။ ချစ်ကို မချစ်နိုင်ဘူးလို့ ပြောလိုက်တယ်။ ဒါမျိုးက ရှင်းတယ်။ သူစိမ်းတစ်ယောက်က လာပြောတယ်။ ရုပ်ကလည်း ကိုယ်မကြိုက်တဲ့ရုပ်၊ ပညာအရည် အချင်းကလည်း ကိုယ် မကြိုက်ဘူး။ ဒါမျိုးကျတော့ အင်မတန် လွယ်တယ်။ မကြိုက်ပါဘူးရှင်လို့ ပြောလိုက်ရုံပဲ။ သို့သော် အခု ခိုင်တို့၊ ငြိမ်းမောင်တို့ အဖြစ်တွေက တော်တော်ခက်တယ်။ လူငယ်ချင်း ကလည်း သူငယ်ချင်းတွေ ရင်းနှီးကြတယ်။ မိဘတွေကလည်း ခင်ကြတယ်။ သံယောဇဉ်လည်း ရှိတယ်။ ငြိမ်းမောင် က ခိုင့်ကို ချစ်ပါတယ်။ ပြောလာတဲ့အချိန်မှာ ခိုင်က လက်တော့ ခံတယ်။ တစ်ခါတစ်လေ ဖြစ်တတ်တာက သူ ပေးတိုင်း ကိုယ် မယူနိုင်တာတွေ ရှိတယ်။ အခုဟာက သူ ပေးတာ ကိုတော့ ကိုယ်က လက်ခံ တယ်။ ကိုယ်က ပြန်ပေးရေး၊ မပေးရေး က တစ်ကဏ္ဍပဲ။

ချစ်တယ်လို့ ပြောလာတဲ့အချိန်မှာ အချစ်ကို လက်တော့ခံတယ်။ ပြန်ချစ်နိုင်၊ မချစ်နိုင် ဆိုတာက တခြား ပြဿနာ တွေ ရှိသေးတယ်။ ဒါကြောင့် တချို့ ဇွဲကောင်းတဲ့သူတွေ ရသွားကြတာ ရှိတာပေါ့။ ဒါကောင်ကွာ၊ မရဘူးထင်တာ ရသွားတယ် ဆိုတာမျိုး ပြောတာ ကြားဖူးမှာပေါ့။ ဒီလိုလူမျိုးတွေက Born Psychologist ခေါ်တယ်။ မိန်းကလေးက ရှင့်အချစ်ကို ကျွန်မ လက်ခံပါပြီလို့ ပြောလိုက်တာနဲ့ နားမလည် တဲ့ ယောက်ျားလေးက တောင်လုပ်၊ မြောက်လုပ် လုပ်တာနဲ့ ကွဲပြဲကုန်ကြတာတွေ အများကြီး ရှိတယ်။ မင်းပဲ အစက ငါ့အချစ်ကို လက်ခံပါတယ် ပြောပြီး ခုတော့ မျက်နှာများတယ်၊ ဘာညာနဲ့ စကားတွေ များကုန်ကြတယ်။

အမှန်က လက်ခံတယ်။ To some extent အတိုင်းအတာ တစ်ခုထိ လက်ခံတာပဲ ရှိတယ်။ ဟိုကောင်က အဟုတ်ကြီးမှတ်ပြီး သွားလုပ်တာကိုး။ ဒါကို ပါးတဲ့ကောင်ကျတော့ နားလည်တယ်။ လက်ခံပါတယ် ဆိုတဲ့ စကားလုံး ကို Stepping Stone အဖြစ် ထားပြီး သံယောဇဉ်ကြီးသထက်ကြီးအောင် ဆက်ကာဆက်ကာ ကြိုးစား တယ်။ ဒီလို လူမျိုးတွေက ဖိုးစွံတွေ ဖြစ်သွားတာပဲ။
အထူးသဖြင့် မိန်းကလေးတွေက ဒါမျိုးတွေ ရှိတယ်။ သူတို့က အိမ်ထောင်ဖက်ကို ရွေးရတာကိုး။ မြန်မာ ပီသသော မိန်းကလေးတွေကို ပြောတာနော်။ သူတို့က အချစ်ကို လက်ခံပြီးတဲ့နောက် အိမ်ထောင်ဖက် အဖြစ် ယူသင့်သလား၊ မယူသင့်ဘူးလား ဆိုတာကို တော်တော်စဉ်းစားရတယ်။ အထူးသဖြင့် ခိုင့် အခြေအနေမျိုးမှာ နှစ်ယောက် ဖြစ်နေတယ်။ ဒါမျိုးက သုံးယောက်လည်း ဖြစ်နိုင်တယ်၊ လေးယောက် လည်း ဖြစ်နိုင်တယ်နော်။ ခုခေတ် မိန်းကလေးတွေက ဒီပြဿနာမျိုး ပိုရှိတယ်။

ရှေးခေတ် မိန်းကလေး တွေက အိမ်ထဲမှာနေပြီးတွေ့တဲ့ ယောက်ျားတစ်ယောက်တည်းကိုပဲ Yes or No အဖြေပေးဖို့ ရှိတယ်။ အခုလို ယောက်ျားအများနဲ့ ဆက်ဆံနေရတဲ့ အလုပ်ခွင်က မိန်းကလေးတွေ၊ တက္ကသိုလ်ကျောင်းသူ တွေ အနေနဲ့ကျတော့ နှစ်သက်နိုင်တဲ့သူ (နှစ်သက်တဲ့သူ မဟုတ်ဘူးနော်) တစ်ယောက် မကဘူး၊ အများကြီး တွေ့နိုင်တယ်။ အဲဒီအခါမျိုးမှာ သူ့အနေနဲ့ အချစ်ကို လက်ခံတယ်။ ပြန်ချစ်တယ်၊ မချစ်ဘူး ဆိုတာက တစ်ကဏ္ဍ ဖြစ်သွားပြီ။ သူ ရွေးဦးမှာပဲ။ Society က Complex ဖြစ် လာတော့ ဒီသဘောမျိုး တွေ ၀င်လာတာပဲ။ အစကတည်းကလည်း ဒီသဘောကတော့ ရှိပါတယ်။ ဒါပေမဲ့ သိပ်မပေါ်လွင်ဘူး။ ခုတော့ မြို့ကြီးပြကြီး အလုပ်ခွင်ကြီးတွေ ကျယ်ပြန့်လာတော့ ဒီသဘော ပေါ် လာတာပဲ။

အမေရိကန်တို့၊ အင်္ဂလန်တို့မှာတော့ ဒီသဘောထားပေါ်တာ ကြာပါပြီ။ လက်တော့ လက်ခံနိုင်တယ်။ ချစ်တော့ ချစ်တာ မဟုတ်သေးဘူး။ သူတို့က စကားလုံးလည်း ခွဲထားတယ်။ အမေရိကန်မှာ မိန်းကလေး တစ်ယောက်ကို သွားပြီး I love you လို့ ပြောလိုက်ရင် မိန်းကလေးက ဆတ်ဆတ်တုန် အောင် လန့် သွားတယ်။ I love you ဆိုတာက လက်ထပ်ပါရစေဆိုတဲ့ အဆင့်ကို ရောက်သွားတယ်။ Love လို့ မသုံးဘူး။ I like you လို့ပဲ သုံးတယ်။ မိန်းကလေးလည်း I like you ဆိုရင် အဲဒီ like ဆိုတဲ့ အဆင့်နဲ့ပဲ နေကြတယ်။ ဒီအဆင့်ကနေ ကွဲချင်လည်း ကွဲသွားကြတယ်။ တချို့ကျတော့လည်း I like you ကနေ I love you အဆင့် ရောက်သွားကြတာပေါ့"

"ဆရာ ခွဲခြားပြတော့မှပဲ ရှင်းတော့တယ်။ အင်တာဗျူး ဖတ်နေတဲ့ အမျိုးသား၊ အမျိုးသမီးကလေးများ စကားလုံး အရွေးမမှားကြဖို့ သတိထားစရာ ဖြစ်သွားတာပေါ့ ဆရာ။ ဆရာက အချစ်ဝတ္ထု တော်တော် များများ ရေးခဲ့တာဆိုတော့ အချစ်နဲ့ ပတ်သက်တာလေး မေးချင်ပါသေးတယ်။ တချို့က အချစ်စစ် ဆိုတာ ပိုင်ဆိုင်ရယူခြင်းလို့ လက်ခံပြီး တချို့ကျတော့လည်း စွန့်လွှတ်အနစ်နာခံခြင်းလို့ ယူဆကြတယ်။ ဆရာကော အချစ်ကို ဘယ်လိုများ အဓိပ္ပာယ် ဖွင့်ဆိုချင်ပါသလဲ။

"ဒါက အချစ်ဆိုတာ စွန့်လွှတ်ခြင်းပဲ၊ အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းပဲလို့ ပြောကြတာ နှစ်ခုလုံးပဲ မှန်ပါ တယ်။ ဆရာကတော့ ဒီအသုံးကို တရားသေ မသုံးပါဘူး။ ဇာတ်ကောင်ရဲ့ Character ပေါ် မှီပြီး သုံးတယ်။ ၀တ္ထုပေါ်မှီပြီး သုံးတယ်။ တစ်သက်လုံး ဘ၀ဆောင်ပုဒ်အဖြစ်နဲ့ သုံးဖို့ ရည်ရွယ်ပြီးတော့ မရေးပါဘူး။ နှစ်ခုစလုံးက မှန်နေတယ်။ အချစ်ဆိုတာ ပိုင်ဆိုင်လိုခြင်းပဲ ဆိုတာ ဆရာတို့ခေတ်ကျမှ ပြောတာ မဟုတ်ပါဘူး။ "ပလေတို" ကိုယ်တိုင်က ပြောခဲ့တာပဲ။

ဗုဒ္ဓ တရားမှာလည်း တဏှာဆိုတာ ရှိတယ်။ တဏှာဆိုတာ "ချင်"တာပဲတဲ့။ လိုချင်တယ်၊ စားချင်တယ်၊ သောက်ချင်တယ်။ အဲဒါတွေ အကုန်လုံး ပိုင်ချင်တာကို ပြောတာပဲ။ နတ်ဖြစ်ချင်တယ်၊ သိကြား ဖြစ်ချင် တယ်၊ ရှင်ဘုရင် ဖြစ်ချင်တယ်။ "ချင်" တာမှန်သမျှ ပိုင်ချင်တာတွေချည်းပဲ။ "ချစ်တယ်" ဆိုတာလည်း ပိုင်ချင်တဲ့သဘော ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချစ်တယ်ဆိုတာကို တဏှာမပါဘူးလို့ ပြောရင် မိုင်ရာကျသွားမယ်။ ချစ်တာမှန်သမျှကို ဗုဒ္ဓတရားနဲ့ ကြည့်ရင် တဏှာပဲ။ တဏှာမှန်သမျှက သုံးဆောင် နိုင်တာတွေချည်းပဲ။ သုံးဆောင်ချင်တယ်ဆိုတာ ဘယ်တော့မှ သုံးဆောင်နိုင်မှာလဲ။ ပိုင်မှ သုံးဆောင် နိုင်မှာပေါ့။ ဒါကြောင့် "ပလေတို" ပြောတာ မှန်တယ်။

သို့သော် ခက်တာက ခုနက ဆရာ ပြောခဲ့သလိုပဲ လူ့စိတ်က လျှို့ဝှက်နက်နဲတယ်။ အချစ်ဆိုတာက တစှာသက်သက်လား ဆိုတော့ မဟုတ်ဘူး။ ရောထွေးနေတယ်။ တဏှာသဘောသက်သက်ဆိုရင်ဖြင့် ကာမဂုဏ် ကိလေသာချည်း ဖြစ်သွားမယ်။ လူ့ဘောင်မှာ အချစ်ဆိုတာက ကာမဂုဏ်သက်သက်တော့ မဟုတ်ပါဘူး။ ကာမဂုဏ်သက်သက်ကြောင့်သာ ဆိုရင်လည်း ဘယ်မှာ အိမ်ထောင်တွေ မြဲတော့မလဲ။ အဘိုးကြီး၊ အဘွားကြီး ဖြစ်လာချိန်မှာ ဘယ်လိုလုပ်ပြီး ဘ၀မှာ သာယာမှု ရှိတော့မလဲ။ အချစ်ဆိုတဲ့ စကားက ယေဘုယျအားဖြင့်တော့ ပိုင်ဆိုင်ချင်တဲ့ တဏှာသဘော ပါလင့်ကစား မေတ္တာသဘောလေး ကလည်း လာရောတယ်။ 

အဲဒီတော့ သူပိုင်ချင်တာ မဟုတ်ဘူး။ မေတ္တာဆိုတာက စွန့်လွှတ်ဖို့လည်း ၀န်မလေးဘူး။ ခွင့်လွှတ်ဖို့လည်း ၀န်မလေးဘူး။ ဒါကြောင့် ခုနကမေးတဲ့ အချစ်ဆိုတာ ပိုင်ဆိုင်လိုခြင်း လား၊ စွန့်လွှတ်ခြင်းလား ဆိုတာ နှစ်ခုစလုံး မှန်နေတယ်။ ဘယ်ဘက် ကဲသလဲ ဆိုတာကတော့ ပုဂ္ဂိုလ် စိတ်ပေါ် မူတည်တယ်။ တချို့က တဏှာဘက် ကဲတဲ့အချစ် ရှိတယ်။ တချို့က မေတ္တာဘက် ကတဲ့စိတ် ရှိတယ်။ ဒါကြောင့် အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်းလည်း မှန်တယ်။ စွန့်လွှတ်အနစ်နာခံခြင်းလည်း မှန်တယ်။

Relatively ပြောရရင် ဘယ်လိုအချစ်မျိုးက မြင့်မြတ်သလဲ ဆိုတော့ စွန့်လွှတ်သော အချစ်၊ ခွင့်လွှတ် သောအချစ်က ပိုပြီး မြင့်မြတ်တယ်။ သူက မေတ္တာစိတ် ကဲတယ်။ အဲဒီအချစ်မျိုးကို ရအောင် ရှာနိုင်တဲ့ သူက ကံကောင်းတာပဲ။ ရ၊ မရတော့ အာမခံချက် မရှိဘူး"
"ဆရာခွဲခြားပြလိုက်တော့ ကျွန်တော်က "ပိတောက်ပွင့်ဆဲ လသာဆဲ" ကို သွားသတိရတယ်။ အဲဒီဝတ္ထု ဆရာ ရေးခဲ့တာ သာမန်အချစ်ဝတ္ထုတစ်ပုဒ်ထက် ရည်ရွယ်ချက်တစ်ခုခုနဲ့ ရေးခဲ့ပုံရတယ်"
"ဟုတ်ပါတယ်"
"အဲဒီဝတ္ထု ထွက်လာပြီးတဲ့နောက် ပရိသတ်ဘက်က တုံ့ပြန်ချက် ဆရာ ဘယ်လိုများ ရခဲ့ဖူးပါသလဲ။

"ပိတောက်ပွင့်ဆဲ လသာဆဲကို ဘာကြောင့် ရေးရတာလဲ ဆိုတာ ပြောပြချင်တယ်။ ဆရာက အဲဒီအချိန် က ၀ိပဿနာ ကို တော်တော်လုပ်လာတဲ့ အချိန် ဖြစ်လာတယ်။ ဒီတော့ ၀ိပဿနာအရသာကို သွားတွေ့တယ်။ ပြီးတော့ လူ့လောက ငြိမ်းချမ်းရေးအတွက် ဒီတရားကြီး ရှိနေပါကလားဆိုတာ သွားတွေ့တယ်။ ဒီတော့ ငါ သိသမျှလေးတော့ ပြောပြချင်လိုက်တာ၊ ၀တ္ထုပုံစံလေးနဲ့ ပြောပြရင်တော့ ကောင်းမှာပဲလို့ စဉ်းစားမိတယ်။ ရှင်းရှင်းပြောရရင်တော့ ၀ိပဿနာအကြောင်း ရေးတာပဲ။ ၀ိပဿနာ ဆိုရင် လူတွေက တော်တော်ဝေးကြတယ်။ ၀ိပဿနာစခန်းကို ရောက်ဖို့ရာ လူကြီးတွေတောင် တော်တော် ဝေးကြတယ်။ ၀ိပဿနာစခန်းကို ရောက်ဖို့ရာ လူကြီးတွေတောင် တော်တော်ဝေးတယ်။ လူငယ်ဆိုတော့ ပြောမနေ နဲ့တော့။ အဲဒီဝိပဿနာဆိုတာ လူကြီးအတွက်ချည်းလည်း မဟုတ်ဘူး။ လူငယ်အတွက် ချည်း လည်း မဟုတ်ဘူး။ လူသားတိုင်း လုပ်လို့ ရပါတယ်။ အဲဒီ သဘောပေါက်အောင် ရေးရင်ကောင်းမှာပဲဆိုတဲ့ စေတနာလေး ပါလာတယ်။ အဲဒီစေတနာနဲ့ပဲ ပိတောက်ပွင့်ဆဲ လသာဆဲကို စလိုက်တယ်။

စလိုက်တော့ သူက ထင်တာထက် အောင်မြင်သွားတယ်။ လူငယ်တွေ တော်တော်များများက ဒီဝတ္ထုကို ဖတ်ပြီး ၀ိပဿနာကို စိတ်ဝင်စားလာကြတယ်။ ဆရာ့ဆီကို လှမ်းမေးတဲ့ သူတွေ ရှိတယ်။ လှမ်းဆွေးနွေး တဲ့ သူတွေ ရှိတယ်။ ဒါတွေကတော့ ဆရာ အလွယ်တကူ သက်သေသက္ကာယ ပြလို့ မရဘူး၊ တိတိကျကျ ပြနိုင်တာ နှစ်ခု ရှိတယ်။

မော်လမြိုင် မဟာစည်ရိပ်သာမှာ တရားပြတဲ့ ဦးပဉ္စင်းတစ်ပါး ရှိတယ်။ အဲဒီမှာ အဆင့်ဆင့်ရှိတဲ့အထဲက သူကတော့ အကြီးစားထဲကတော့ မဟုတ်ဘူး။ သူက အလတ်စားထဲက၊ စာတတ်ပေတတ် ပုဂ္ဂိုလ်ပဲ။ ဦးဓမ္မ တဲ့။ ဦးဓမ္မ ပြောပြချက်အရ Case နှစ်ခု တွေ့ရတယ်တဲ့။ တစ်ခုကတော့ ဆေးတက္ကသိုလ်က ကျောင်းသားလေး တစ်ယောက် ကျောင်းတက်နေရင်းက Mental Depression ၀င်လာတယ်။ ဘယ်လောက်ထိ ဆိုးလာသလဲဆိုတော့ သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားတဲ့အထိ ဆိုးလာတယ်။ အမျိုးစုံ ဆေးကု ကြတယ်၊ မရဘူး။ မမျှော်လင့်ဘဲ ဒီဝတ္ထု သွားဖတ်မိတော့ ငါ ဒါ ကြိုးစားဦးမယ်ဆိုပြီး မဟာစည်ရိပ်သာ ကို ရောက်လာတယ်။ ၀ိပဿနာ ကြိုးစားအားထုတ်တဲ့အတွက် အဲဒီရောဂါ ပျောက် သွားတယ်။

နောက်တစ်ခုကတော့ မဟာစည်ဆရာတော်ဘုရားများ ရုတ်တရက် နားမလည်တဲ့ ကိစ္စတစ်ခု ဖြစ်သွား တယ်။ မဟာစည် မှာက မေတ္တာကမ္မဌာန်း စီးဖြန်းရတာကိုး။ အမျိုးသမီးတစ်ဦးက မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းဖို့ ပြောတယ်။ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းတယ် ဆိုတာက ပထမဆုံး ကိုယ် မေတ္တာအားကြီးလာတဲ့ အချိန်ကျတော့မှ ပုဂ္ဂိုလ်တွေပွားပြီး မေတ္တာပို့ရတာကိုး။ ဒါက Method ပဲ။ အဲဒီတော့ ကိုင်း ... ဒါယိကာမကြီး မေတ္တာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်ကို ပြောပါ။ အဲဒီပုဂ္ဂိုလ်ကို စူးစိုက်ပြီး မေတ္တာပို့ပါ။ ပြီးတော့မှ ပွားပါလို့ ပြောတယ်ဆိုတော့ ကျွန်မ မေတ္တာအရှိဆုံး လူတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီလူကို ကျွန်မ မမြင်ဖူးပါဘူးတဲ့။

ရုတ်တရက်ဆိုတော့ ဆရာတော်များက မမြင်ဖူးတဲ့လူကို ဘယ်လိုလုပ်ပြီး မေတ္တာအရှိဆုံးလူ ဖြစ်ရတာ လဲ လို့ မေးတယ်။ ဒီတော့မှ သူက ပြောပြတယ်။ ကျွန်မ စိတ်ဒုက္ခအကြီးအကျယ် ရောက်ပြီးသွားပါပြီ၊ ဘ၀ကြီး တော့ သွားပါပြီဆိုပြီး ညှိုးငယ်နေတဲ့ အချိန်မှာ ဆေးရုံတက်ရတယ်။ ဒီတော့ သူနာပြု ဆရာမလေး က သူ့ရောဂါ ကို သိတော့ "ပိတောက်ပွင့်ဆဲလသာဆဲ" ၀တ္ထုကို ဖတ်ကြည့်စမ်းပါဆိုပြီး ငှားလိုက်တယ်။ ၀တ္ထုဆုံး တဲ့ အချိန်မှာ သူ့စိတ်တွေ ငြိမ်းချမ်းသွားတယ်။ ၀တ္ထုထဲမှာ မောင်လေးလှိုင် က မမဝေကို ဆေးရုံပေါ် မှာ ထားခဲ့ရပြီး ရွှေတိဂုံကုန်းတော်ပေါ် ရောက်လာတဲ့အချိန် ခံစားရသလို သူ့စိတ်တွေ ငြိမ်းချမ်း သွားတယ်။

ဒီတော့မှ လောကမှာ ဒီတရားတွေ၊ ဒီနည်းတွေ ရှိသားပဲ။ ဘာကြောင့် ငါ့ဘ၀ကို အရှုံးခံရမှာလဲ ဆိုပြီးတော့ ဆရာဘုန်းနိုင်ရေးတဲ့ မဟာသတိပဋ္ဌာန် ဘယ်မှာ ရှိသလဲဆိုတာ ရှာတယ်။ သူက ရန်ကုန်မှာ နေတဲ့သူ ဆိုတော့ ထင်ရှားတဲ့ မဟာစည်ကို ရောက်လာတယ်။ ဒီတော့မှ သူ့ဘ၀ ငြိမ်းချမ်း သွားတယ်။ ဒီလို ငြိမ်းချမ်းသွားတဲ့ အတွက် သူ့ဘ၀မှာ အဖြူစင်ဆုံး၊ အသန့်ဆုံး မေတ္တာအရှိဆုံးသူဟာ ဆရာဘုန်းနိုင် ပဲလို့ မှတ်ယူထားတယ်။ အဲဒီတုန်းက ဆရာ့ကို သူ မမြင်ဖူးဘူး။ ဒါနဲ့ ဆရာတော်ဘုရား များက အဲဒီတုန်းက ဆရာ့ပုံပါပဲ ၀တ္ထုစာအုပ်တစ်အုပ် ရှာပေးလိုက်ရတယ်တဲ့။

ဆရာ ၀မ်းသာတာက ၀ိပဿနာ လို သိမ်မွေ့နက်နဲတဲ့ ဘာသာရပ်ကို ၀တ္ထုတစ်ပုဒ်အဖြစ်နဲ့ အောင်အောင် မြင်မြင် ရေးနိုင်တဲ့အတွက် ဆရာ ၀မ်းသာတယ်။ ဆရာတော်ဘုရားများရဲ့ အချီးအမွမ်း ကိုလည်း ခံရပါတယ်။ ဆရာနာမည်တော့ မတပ်လိုတော့ပါဘူး။ တချို့ကျောင်းကြီးတွေ ဓမ္မရိပ်သာတွေ မှာ ၀တ္ထု ဖတ်ခွင့် မပေးပါဘူး။ ဆရာ့ဝတ္ထုကိုတော့ ဖတ်ခွင့်ပေးပါတယ်။ အထူးသဖြင့် ဒီဝတ္ထုကို ဖတ်ခွင့် ပေးထား ပါတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, March 5, 2012

ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး, အပိုင်း (၅၂)

ကျွန်တော် ဥာဏ်မီသလောက် ပြောရရင်တော့ ခံစားမှုတွေရှိတယ်။ ဒီခံစားမှုတွေကို အကျယ်ချဲ့ ပြီး လျှောက် ရေးလိုက်ရင် ပျင်းစရာကောင်းသွားမယ်။ အင်္ဂလိပ်လိုတော့ ရှင်းတယ်။ Describe လုပ်တာ။ အသေးစိတ် ဖော်ပြတာပေါ့။ ဒါမှမဟုတ် Communicate လုပ်လိုက်တာ။ ကို....ဆက်ဖတ်ရန်...
Describe ဆိုတာက အသေးစိတ် ရှင်းလင်းဖော်ပြတာ။ Communicate လုပ်တယ်ဆိုတာက ကိုယ့်နှလုံးသား ထဲကဟာကို တစ်ပါးသူ နှလုံးသားထဲ ထည့်တဲ့နေရာမှာ ကဗျာသည် အလွန် အစွမ်း ထက်တယ်။ ကဗျာပညာ နိုင်နင်းလေ၊အဲဒီလို ကဗျာမျိုး စပ်တတ်လေ ဖြစ်လာတာပဲ။ ဒီဥစ္စာကို အင်္ဂလိပ်ကဗျာဆရာကြီးများကတော့ Incantation လို့ခေါ်တယ်။ မန္တန်ပညာ စွမ်းရည်ပေါ့။ မန္တန်တစ်ခုနဲ့ မန်းမှုတ် လိုက်ရင် သေနေတာတွေ ရှင်သွားမယ်။ ဒီလိုပဲကကြီး၊ ခခွေးလေးတွေက အသက်မရှိတာ။ ကဗျာမှာ ရှိတဲ့ အခုနက ပြောတဲ့ ဘယ်လိုပြောရမှန်းမသိတဲ့ စွမ်းရည်က ဒီကကြီး၊ ခခွေးလေးတွေကို ထိလိုက်တဲ့ အခါ မှာ သေသူရှင်သလို ဒီ ကကြီး၊ ခခွေးကလေးတွေက အသက်ရှင်လာတာပဲ။ စကားပြော လာတာပဲ။ သူတို့ပြောတဲ့ စကားတွေ က စကားပြေက ကကြီး၊ ခခွေးတွေ ပြောတဲ့ စကားထက် ထိ ရောက်တယ်။ ပိုပြောနိုင်တယ်။

ယေဘုယျအားဖြင့်တော့ စကားပြောကတော့ အကြောင်းနဲ့ အကျိုးနဲ့ သဒ္ဒါနည်းနဲ့လိုက်ပြီး နားလည် လို့ရတယ်။ ကဗျာမှာလည်း သဒ္ဒါနည်းစွန့်လို့ မရသလို၊ အကြောင်း အကျိုးလည်းစွန့် လို့မရဘူး။ ဒီအပြင် နှလုံးသားနဲ့ပါ ခံစားကြည့်လို့ရတယ်။ အဲဒီတော့မှ အဓိပ္ပယ် ပြည့်ပြည့်စုံစုံ ရလာတယ်။ ဒါကြောင့် ကဗျာကို နားလည်ဖို့ရာ အများကြီး ခက်ပါတယ်။ သို့သော် မခံစား တတ်ဘူးလားဆိုတော့ ခံစားတတ်တယ်။ ပြည်သူ သည် ကဗျာကို အများကြီးခံစား တတ်တယ်။ ဘာကြောင့် ကောင်းမှန်း မသိဘူး။ ဘာကြောင့် ကြိုက်မှန်း မသိဘူး။ သို့သော် ကောင်းမှန်း၊ ကြိုက်မှန်းတော့ သိကြတာချည်းပဲ''
''ဟုတ်ကဲ့ ဆရာ၊ အခုဆိုရင် ကဗျာ လိုက်စားတဲ့သူတွေ တော်တော်များပါတယ်။ ကျွန်တော်တို့ မဂ္ဂဇင်းတိုက် တွေမှာဆိုရင် တစ်နေ့  ကဗျာတွေ ရာဂဏန်းနီးပါး ရောက်ပါတယ်။ ဒီတော့ကဗျာ လေ့လာ လိုက်စားတဲ့ သူတွေ မှတ်သားရအောင် ကဗျာကောင်းတစ်ပုဒ်ဟာ ဘယ်လိုအင်္ဂါရပ်နဲ့ ညီညွတ် သင့်တယ်ဆိုတာ ပြောပြပါဦး ဆရာ''

''ကဗျာကောင်းတစ်ပုဒ်ဟာ ဘယ်လိုလဲ ဆိုတာ ပြောဖို့ရာ တော်တော်ကလေး ခက်ပါတယ်။ သူ့သဘာဝ ကိုက ခက်တာကိုး။ ဒါပေမဲ့ ဆရာတို့ အတွေ့အကြုံ၊ တခြား စာရေးဆရာများရဲ့ အတွေ့အကြုံ၊ ကမ္ဘာ့ စာရေးဆရာကြီး များရဲ့ သမိုင်းအရ ပြောမယ်ဆိုရင် ကဗျာတစ်ပုဒ်သည် ကဗျာကောင်းတစ်ပုဒ် ဖြစ်ဖို့ရာ အဆင့်ဆင့် လိုတယ်။ ပထမအဆင့်က မိမိက ဘာခံစားချင် သလဲ။ အဲဒါကို ဖတ်လိုက်တဲ့သူ ခံစားရရင် အဲဒါ အေင်မြင်တာပဲ။ ဥပမာ ကိုယ်က လွမ်းတဲ့ ကဗျာစပ်တယ်။ စာဖတ်ပရိတ်သတ်က မလွမ်းဘူးဆိုရင် အဲဒါ ဆုံးရှုံးတာပဲ။ ကိုယ်က ဇာတိ မာန်နှိုးဆော်တဲ့ ကဗျာစပ်တယ်၊ ဖတ်တဲ့သူ ဇာတိမာန် တက်ကြွ မလာဘူးဆိုရင် မဟုတ် တော့ဘူး။ မိမိ ရည်ရွယ်ချက်၊ ရည်ရွယ်ချက်ဆိုတာ ခံစားမှု ရည်ရွယ်ချက်၊ ဘယ်ခံစားမှု ကို မိမိ ရည်ရွယ်လိုက်သလဲ။ ရည်ရွယ်လိုက်သော ခံစားမှု စာဖတ်ပရိသတ်မှာ ပေါ်သလား၊ ပေါ်ရင် အဲဒါ ကဗျာကောင်းတစ်ပုဒ်ပဲ။ အဲဒါက ပထမအင်္ဂါရပ်ပဲ ရှိသေးတယ်။

နောက် ဒုတိယအင်္ဂါရပ်က ကဗျာသည် အစွမ်းထက်ဖို့၊ အောင်မြင်ဖို့ စကားပြေမဖြစ်ရဘူး။ စကားပြေ ဖြစ်တာနဲ့တစ်ပြိုင်နက် အလိုလိုကို ရှုံးသွားတယ်။ အင်္ဂလိပ်လိုတော့ self defeated man ခေါ်တာပေါ့။ အလိုလို ကို ရှုံးတာ။ အဲဒီတော့ ကဗျာသည် ခုနကပြောတဲ့ ရည်ရွယ် ချက်တွေ၊ ခံစားချက်တွေကို Communicate လုပ်တဲ့နေရာမှာ ကဗျာသုံးဘာသာစကား သုံးရမယ်။ ကဗျာသုံး ဘာသာစကားသည် စကားပြေ သုံး ဘာသာစကားမဟုတ်ဘူး။ ကဗျာသုံး ဘာသာစကားက ဘာတွေလဲ ဆိုရင်တော့ မပြော တတ်ဘူး။ နမူနာလေးတွေတော့ ပြောပြ မယ်။ ဥပမာ ဆရာ ပြောပြလေ့ရှိတဲ့ နတ်သျှင်နောင်ရဲ့ ရတုထဲက 'ရေပန်းမြစ်ဆိပ်၊ ပွင့်မျော ရိပ်မှာ၊ နတ်အိပ်ခဲ့သည်' ဆိုပါတော့။ အဲဒီ ပွင့်မျောရိပ် ဆိုတဲ့ စကားလေးကပဲ ရတု တစ်ပိုဒ် လုံးရဲ့ အလှကို ဆင်သွားတယ်။

ဆရာပြောလေ့ရှိတာ တစ်ခုရှိတယ်။ မိုးမှောင်နေတယ်၊ ဘာမှ မမြင်ရဘူး။ လျှပ်ပြက်လိုက် တယ်။ အဲဒီတဒင်္ဂကလေးမှာ အလှအပတွေ မြင်လိုက်ရတယ်။ အဲဒီလိုပဲ ကဗျာမှာတချို့ စကားလုံးလေးတွေက ကဗျာတစ်ပုဒ်လုံး ကို လျှပ်ပြက်လိုက်သလိုပဲ လင်းထိန်သွားအောင် လုပ်လိုက်နိုင်တဲ့ စွမ်းရည် သတ္တိရှိကြတယ်။ အဲဒါ အင်မတန် အောင်မြင်တဲ့ကဗျာ ဖြစ်သွား တာပဲ။ တိုတိုတုတ်တုတ်နဲ့ လိုရင်းကို ပြောလိုက် နိုင်တာပဲ။

ဆရာ တစ်ခါတုန်းက နတ်သျှင်နောင်ရဲ့ ပွင့်မျောရိပ်ကို အကျယ်ချဲ့ ပြောဖူးတယ်။ ဒါလေးနဲ့ပဲ ပြောချင် တာက ပြီးသွားတယ်။ ဒါမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မို့ ကဗျာကို ဘာသာပြန်လို့ မရဘူးလို့ ပြောတာပါ။ တချို့ ကဗျာတွေမှာ ကိုယ့်ယဉ်ကျေးမှုအရ အဓိပ္ပယ်ရှိပေမယ့် သူတို့ ယဉ်ကျေးမှုအရ အဓိပ်ပါယ် မရှိတာတွေ ရှိတယ်။ ဆရာကြီး ဒေါက်တာလှဖေက တစ်ခါပြောဖူး တယ်။ ‘သူ့ခြံတွင်းပေမို့၊ လဲ့ဝင်း ကို အယူခက်သည်၊ နီးလျက်နဲ့ဝေး’ တဲ့။ အဲဒါကို အင်္ဂလိပ်တွေ ဘယ်လိုမှ အရသာခံစားလို့ မရဘူး။ ဘယ်လိုမှ နားမလည်နိုင်ဘူး။ ဒါကမြန်မာ့ယဉ်ကျေးမှုမှာ ရှင်းတယ်။ တစ်ပါးသူရဲ့ ပိုင်နက်အတွင်း ရောက် နေတဲ့ အချစ်မို့ ကိုယ့်ချစ်သူမဖြစ်နိုင်ဘူး။ ဒါ ရှင်းနေတာပဲ။ ဒါကို ကျွန်တော်တို့ နားလည်ပေမယ့် သူတို့ နားမလည်ဘူး။

ဒါကြေင့် ကဗျာမှာ စကားအသုံးအနှုန်းက ကိုယ့်ပတ်ဝန်းကျင် ယဉ်ကျေးမှုလည်း ပါလာတယ်။ ကမ္ဘာကျော် ရေး၊ မကျော်ရေး ဆိုတာက အရေးမကြီးဘူး။ ကိုယ့်စာမှာ ကိုယ့်ယဉ်ကျေးမှုမှာ ဒီလို အသုံးအနှုန်း ကလေးတွေ သုံးတတ်ဖို့ အရေးကြီးပါတယ်။ အဲဒါလေးတွေ သိဖို့ လိုပါတယ်။
ဆရာစပ်တဲ့ ကဗျာတွေ၊ သီးချင်းတွေမှာ အဲဒါမျိုးတွေ အများကြီး ရှိပါတယ်။ ဥပမာ-‘ကမ္ဘာ ကုန် ကျယ် သရွေ့ဝယ်’ သီချင်းမှာ ‘နွယ်ဦးမွန် မို့ ချစ်ထွတ်တင်သည်’ တော်ပြီ။ အချစ်ဦး၊ တစ်သက် မမေ့နိုင်တဲ့ အချစ်ဦး။ ချစ်ချင်တိုင်း ချစ်၊ နွယ်ဦးမွန် မို့ ချစ်ထွတ်တင်သည်။ ဘာနွယ်လဲ၊ စဉ်းစားတော့။ စာရေးဆရာ ကတော့ မပြောတော့ဘူး။ ဘာကြောင့် စဉ်းစားရမယ့် အချက်တွေ။

ဆရာ ရေးပြီး အသံမလွင့်ဖြစ်တဲ့ သီချင်းတစ်ပုဒ် ရှိသေးတယ်။ ‘ဘုံမာယာ ဇာချဲ့၊ ကြမ္မာ ဧည့်သည် ယာယီထွင်’ လို့ရေးလိုက်တယ်။ ဘာကို ဆိုလိုသလဲဆိုတော့ ဘ၀မှာ မတွေ့သင့် မတွေ့ထိုက်၊ မပေါင်းသင့် မပေါင်းထိုက်ပေမယ့် ကံကြမ္မာကြောင့် ခဏလေး တွေ့ကြရတယ်။ တစ်သက်လုံးလည်း ပေါင်းရမှာ မဟုတ်ဘူး။ သက်သက်ဒုက္ခဖြစ်ရုံ ခဏလေး လာတွေ့တာပဲ။ ဒါကို အကျယ်ချဲ့ရင် အများကြီးပဲ။ ဆရာက အကျယ် မချဲ့တော့ဘူး။ ဘုံမာယာဇာချဲ့၊ ကြမ္မာဧည့်သည် ယာယီထွင် ဆိုတာနဲ့ လုံလောက်နေပြီ။

တချို့ကတော့ Choice of words စကားလုံး ရွေးသုံးတာလို့ ပြောကြတယ်။ ဒါကစကားလုံး ရွေးသုံး တာထက် မြင့်တယ်။ စကား ရွေးသုံးဆိုတာက လှတာလေးတွေချည်း လျှောက်တွဲသွား တာပဲ။ လှတာလေး တွေချည်း လျှေက်တွဲသွားရုံနဲ့ အဓိပ်ပါယ်မပေါက်နိုင်ဘူး။ ဆိုလိုတဲ့ ခံစားချက် အဓိပ္ပယ်ရောက်အောင် ပညာ နဲ့ စကားလေးတွေ ထွင်ပြီး သုံးတာပဲ။ အဲဒီအတတ် ပညာ တတ်ရင် ကဗျာ အောင်မြင်တာပဲ။ ဒီလို မဟုတ်ရင် စကားပြောထဲ ရောက်သွားမယ်”

“ဒီနေ့ လူငယ်တွေ စမ်းသပ်ရေးနေကြတဲ့ ကာရန်မဲ့ကဗျာမှာတော့ ခု ဆရာပြောတဲ့ ကဗျာ အသုံးအနှုန်း စကား မပါဘူး ဆရာ။ အဲဒီ ကဗျာတွေနဲ့  ပတ်သက်လို့ကော ဆရာဘယ်လို မြင်ပါသလဲ။”
“ကာရန်မဲ့ကဗျာနဲ့ ပက်သက်လို့ ဆရာ့အနေနဲ့ တစ်ဖက်ကတော့ Sympathetic ကိုယ်ချင်းစာ နားလည် ပါတယ်။ မကန့်ကွက်ဘူး။ မရှုတ်ချဘူး။ တစ်ဖက်ကတော့ ဆရာ့အတွက်မလိုဘူး။ ကာရန်မဲ့ကဗျာနဲ့ ရေးကြည့်မယ်ဆိုတော့ ဒီခေတ်မှ ပေါ်တာ မဟုတ်ပါဘူး။ ခေတ်တိုင်းမှာ ရှိခဲ့တာပါ။ ခေတ်ပညာတတ် တွေက အင်္ဂလိပ်ကဗျာတွေ ဘာတွေ ဖတ်ကြည့်လိုက်တဲ့အခါမှာ သူတို့က တော်တော်ဝေးဝေးကျမှ ကာရန် ယူလိုက်တော့ ရှေကပိုင်းမှာ အရှည်ကြီးရေးထားတာ က စကားပြေလို ဖြစ်နေတယ်။ ဒါပေမဲ့ သေသေ ချာချာ ပြန်ကြည့်ရင် သူတို့လိုပ်ထားတာ အရမ်းလုပ်ထားတာ မဟုတ်ဘူး။ ဆရာ စောစောက ပြောခဲ့တဲ့ Incantation ပါတဲ့ စကားတွေ အကုန်ရွေးရွေးပြီး သုံးသွားတာ။

ကြည့်လိုက်တော့ စကားပြေလို ဖြစ်နေပေမယ့် သုံးထားတဲ့ စကားလုံးလေးတွေက အလွန် သတိထားပြီး သုံး ထားတာ တွေ့ရမယ်။ ဗမာကဗျာမှာတော့ ကာရန်က သိပ်စိပ်တယ်။ နောက် နဘေတွေ များတယ်။ ဒီလို ရိုးရိုးရှင်းရှင်းကလေး သူတို့လို ပြောလိုက်ရင် ကွေ့မနေရဘဲ၊ ၀ိုက်မနေရဘဲ ကိုယ် ပြောချင်တာကို ပိုပြောနိုင်မှာပဲလို့ တွေးမိကြတယ်။ ဆရာတို့လည်း ဒီိလို စိတ်ပေါ်ဖူးပါတယ်။ ရေးကြည့်ဖူးတယ်။ စိတ်တိုင်း မကျဘူး။ နေက်တော့မှ ဗမာစကားနဲ့ အင်္ဂလိပ်စကာရဲ့ ကွာခြားမှု၊ ခြားနား ချက်…. အထူးသဖြင့် ဗမာစကား နဲ့ Indo-European စကားရဲ့ ခြားနားမှုကို သွားတွေ့ တယ်။
ဗမာစကားက တစ်လုံးတိုင်း တစ်လုံးတိုင်းမှာ အဓိပ္ပယ်ရှိတယ်။ တစ်လုံးတိုင်းဆိုတာ ထက် တစ်သံတိုင်း တစ်သံတိုင်း မှာ အဓိပ္ပယ်ရှိတယ်။

Mono-Syllable ဖြစ်နေတယ် ဆိုတော့ ကာရန်ကို ပိုယူနိုင်တယ်။ သူတို့စကားက အဓိပ်ပါယ်တစ်ခု ရဖို့ရာ သုံးလေးသံပါနေရတယ်။ သူတို့ရဲ့ စကားသဘာဝကိုက မြန်မာ ကာရန်ယူသလို ယူလို့ မရဘူး။ အဲဒီတော့ သူတို့က သူတို့စကားသဘာဝအရ ရေးတာပဲ။ မြန်မာက ကာရန်ကို ကြိုက်သလို ယူနိုင်အောင် ပေါများ လျက်သား နဲ့ ဘာကြောင့်လုပ်ရမှာလဲ။ အဓိပ္ပယ်
ပိုပေါက်စေချင်လို့ဆိုရင် ကိုယ် ညံ့တယ်ဆိုတာ ၀န်ခံရာကျမယ်။ အဓိပ်ပါယ်ပေါက် အောင် ကာရန် မယူတတ်ပါဘူးလို့ ပြောတာနဲ့ အတူတူပဲ။
မြန်မာစကားကိုလည်း နိုင်နင်းမယ်၊ မြန်မာကဗျာကိုလည်း နိုင်နင်းမယ်။ နောက်ပြီး တော့ ကိုယ်ကလည်း အတွေးအခေါ် ကောင်းမယ်ဆိုရင်၊ ကာရန်သုံးတဲ့ကြားက ကိုယ်ဆိုလိုတဲ့ အဓိပ်ပါယ်ရောက်အောင် ပြော နိုင်မယ်ဆိုရင် ဆရာ ပြောခဲ့သလို စကားပြေထက် ပိုထိရောက်တဲ့ ကဗျာ ဖြစ်လာမယ်။

ကာရန်မဲ့ကဗျာကတော့ စမ်းနေတာ တစ်ခုပါပဲ။ စမ်းတဲ့သူကိုတော့ မစမ်းနဲ့ဆိုဘယ်လို မှ ပြောလို့ရမှာ မဟုတ်ဘူး။ ဘယ်လောက်ပြောပြော စမ်းနေမှာပဲ။ အချိန်တန်ရင်သူတို့ စွန့်သွားလိမ့်မယ်။ သူတို့ စွန့်သွားရင် သူတို့နေရာ ဆက်ခံမယ့် သူကလည်း ပေါ်လာဦး မှာပဲ။

အထူးသဖြင့် ကာရန်မဲ့ကဗျာမှာ အားနည်းချက် ရှိတယ်။ ကဗျာရဲ့ တန်ခိုးတစ်ခု၊ ဒါကို ဘယ်စကားပြေမှ မလိုက် နိုင်တာက ‘နှုတ်တက်ရွရွ ဆောင်ထား’ ကြတာပဲ။ ၀တ္ထု တစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ကို ဘယ်သူကမှ အလွတ်မရွတ်နိုင်ပါဘူး။ ကဗျာဆိုရင် အလွန်ရှည်တဲ့ ကဗျာကြီးတွေကိုတောင် ရွတ်နိုင် ကြတယ်။ အဲဒီသတ္တိ ရှိတယ်။ အဲဒီ တော ကာရန်မဲ့ကဗျာကိုပဲ ကြိုးစားနေကြရင် မိမိကဗျာသည် စက္ကူပေါ် မှာပဲ ရှိမယ်။ လူတွေရဲ့ နှလုံးသားထဲမှာ ရောက်မ သွားနိုင်ဘူး။

ကာရန်နဲ့ စာမှာကတော့ လူတွေရဲ့ နှလုံးသားနဲ့ နှုတ်ဖျားကို ဖြန့်ချီလို့ရတယ်။ ဗမာ့တောရွာတွေမှာ စာမတတ် ပေမတတ် တဲ့ လူကြီးတွေ ရွှေမန်းတင်မောင်တို့၊ ဖိုးစိန်တို့ သီချင်းတွေ အကုန်ရတယ်။ နောက် စာပြော(ကွက်စိပ်လို့လည်း ခေါ်ကြတယ်) စာတွေ ရွတ်သွားတာပဲ။ စာမတတ်တဲ့ တောသူ တောင်သားကြီး တွေ အားလုံး Appreciate လုပ်နိုင် ကြတယ်။ အကုန် အရသာ ခံတတ်ကြတာပဲ။ စာတတ်တာ ၊ မတတ် တာက တစ်ကဏ္ဍ၊ ကဗျာကို အရသာခံတတ် တာက တစ်ကဏ္ဍ။ စာပြောဆိုတာ မြို့မှာတောင် မသုံးဘူး။ ကျေးလက်တောရွာမှာပဲ သုံးတယ်။ အဓိပ္ပယ် မြို့မှာတောင် မသုံးဘူး။ ကျေးလက်တောရွာမှာပဲ သုံးတယ်။ အဓိပ္ပာယ် က သူတို့ ကဗျာနားလည်လို့ပဲ။ အဲဒီလို့နားလည်တဲ့ အကြောင်း တစ်ကြောင်းက နှုတ်တိုက်ရွရွ ဆောင်လို့ရလို့ပဲ။ ကာရန်မဲ့ကဗျာမှာ အဲဒီအားသေးတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာတွေဟာ လုပ်ခဲရင်ဘယ်ကျန်တော့မလဲ။ ဆရာကြီး ကဗျာတွေရဲ့ အလှဟာ ကာရန်ပေါ်မှာ ရှိတယ်။ စကားပြေနဲ့မှသာ လိုရာကို ပြောနိုင်မယ်ဆိုရင် မဟုတ်တော့ဘူး။ ဆရာကြီးက အမျိုးသားရေး၊ နိုင်ငံရေးဒါတွေကို ကဗျာနဲ့ ပြောသွားတယ်။ ထိတယ်၊ မိတယ်၊ နုတ်လို့ မရဘူး၊ ဖြည့်လို့မရဘူး။ ဒါလောက်ပဲ ပြောပါရစေတော့” 
“ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်ဆိုတာ စည်းရုံးမှုရှိသော ခန္ဒာကိုယ်တစ်ခု ဖြစ်သည်ဆိုတဲ့ ဆရာ့ ယူဆချက် တစ်ခု ကို ဖတ်ရဖူးပါတယ်။ အဲဒီအယူအဆနဲ့ ပတ်သတ်ပြီး ရှင်းပြစေချင်ပါတယ် ဆရာ”
“စိတ်ပညာ ပါ ပါလာပါတယ်။

ကျွန်တော်တို့ စာပေအနုပညာတင်မကပါဘူး။ ပန်းချီ ပန်းပု အနုပညာပါ ပါပါတယ်။ အဲဒါတွေကို ကြည့်ရင် Analytical Method ခေါ်တဲ့ ခွဲခြမ်းစိတ်ဖြာတဲ့ နည်းနဲ့ ကြည့်တတ်ကြတယ်။ အဲဒါဆိုရင် အနုပညာရဲ့ သဘောကို အကုန် နားမလည်နိုင် တော့ဘူး။ ဘာကြေင့်လဲဆိုတော့ ဆိုရိုးစကားတစ်ခု ရှိတယ်။ ‘A whole is more than the summation of parts’  ( ပြည့်ဝသော အရာဝတ္ထုဆိုသည်မှာ သူ့ကို တည်ဆောက် ထားသော အခြေခံ ပစ္စည်းတို့၏ ပေါင်းမှုသက်သက်ထက် လွန်သည်) တဲ့။ ဆိုလိုတာက တိုက်ဆိုင်တာ အုန်ခဲတွေနဲ့ ဆောက်ထားတာပဲ။ အုတ်ခဲ တစ်ထောင်သည် သူ့ဟာသူ ထားရင် အုတ်ခဲ တစ်ထောင်ပဲ။ ဒါပေမဲ့ တိုက်ဆောက်လိုက်တဲ့အခါမှာ အုတ်ခဲတစ်ထောင်ဘ၀က ကြွေပြီးတော့ တိုက်ဆိုတာ ဖြစ် လာတယ်။ တိုက်သည် အုတ်ခဲတစ်ထောင်မဟုတ်တော့ဘူး။ သို့သော် တိုက်သည် အုတ်ခဲတစ်ထောက်နဲ့ ကင်းသလား ဆိုတော့ မကင်းဘူး။ အဲဒီ သဘောမျိုးပဲ။

အဲဒီလို ပန်းချီတစ်ချပ်ကို ကြည့်လိုက်ရင် ဆေးပါမယ်၊ အရောင်ပါမယ်၊ အလင်းပါမယ်၊ အဖြူပါမယ်၊ အမည်း ပါမယ်။ အဲဒီအရောင်တွေကို နားလည်ရုံနဲ့ ဒီပန်းချီကို နားမလည်နိုင်ဘူး။ ပန်းချီတစ်ခုလုံးကို နားလည် နိုင်ရမယ်။ တစ်ခုလုံး သဘောကို ဆ၇ာက ခန္ဓာလို့ ပြောလိုက် တာ။ တစ်ခုလုံးရဲ့ သဘောမှာ အစိတ်အပိုင်း တွေ ပါတာကိုး။
ခန္ဓာတစ်ခုသည် အစိတ်အပိုင်းကို ပေါင်းတာထက် လွန်သည်။ အစိတ်အပိုင်းတွေ ပေါင်းပြီး ပြည့်စုံ ပြောင်မြောက်လာသော ခန္ဓာကို ဂျာမန်လိုတော့ Gestalt လို့ ခေါ်တယ်။ အပြည့်အ၀ပေါ့။ ဒါကြောင့် ခွဲခြမ်းစိတ်ဖြာတတ်တိုင်း အနုပညာကို နားမလည်နိုင်ဘူး။ ပေါင်းပြီး ကြည့်တတ်ရ တယ်။ တစ်ခုလုံးကို ကြည့် တတ် ရတယ်။

အဲဒါနဲ့ ပက်သက်ပြီး အကောင်းဆုံးစကား ဆရာကြီးဇေယျ ပြောခဲ့ဖူးတယ်။ ပပ၀တီဘာလှ တာလဲ သိချင်တာ နဲ့ မျက်လုံးလေး ဖောက်ကြည့်လိုက်၊ နားရွက်ကလေး ဖြတ်ကြည့်လိုက်၊ လက်ကလေး ဖြတ် ကြည့်လိုက် လုပ်ရင် ပပ၀တီ အလှတွေ ကုန်သွားပြီး အသုဘ ဖြစ်သွား မယ်တဲ့။ ဒါ ဆရာကြီးဇေယျက Gestalt အကြောင်း ပြောခဲ့တာပဲ။ ပပ၀တီ ဘာလှလဲသိချင်ရင် အကုန်ခြုံကြည့်တတ်ရမယ်။ မျက်လုံး တစ်ခုတည်း ဖောက်၊ နားတစ်ခုတည်း ဖြတ်ကြည့်လို့ မရဘူး။ အဲဒါကြောင့် Gestalt ကို ဆရာက ခန္ဓာလို့ ပြန် လိုက်တာပါပဲ”

“ကမ္ဘာ့ စာေ၇းဆ၇ာကြီးတွေနဲ့ ပတ်သက်ပြီး ကန့်သတ်သိမြင်မှု ရှိသူနဲ့ ကန့်သတ်မဲ့ သိမြင်မှု ရှိသူလို့ ဆရာ နှစ်မျိုး ခွဲခြားပြောခဲ့ဖူးပါတယ်။ စာဖတ်ပရိတ်သတ်အတွက် ဒီနှစ်ခုကို နှိုင်းယှဉ် ခွဲခြားပြပေးပါဦး ဆရာ”
“ကန့်သတ်သိမြင်မှု ရှိတဲ့ စာရေးဆရာ ဆိုတာ အင်္ဂလိပ်လိုတော့ Limited Vision လို့ ခေါ်ပါ တယ်။ ကန့်သတ်မဲ့ အမြင် ရှိသူကတော့ Absolute Vision ပေါ့။ စာရေးဆ၇ာက ယေဘုယျ အားဖြင့် လူအကြောင်းရေးတယ်။ ဘယ်သူ့ အကြောင်းလဲ။ ဤမည်သောနေရာ၊ ဤမည်သော အချိန်က ဤလူတွေ အကြောင်း ရေးသလား။ သို့မဟုတ် လူ့လောကတစ်ခုလုံးမှာ ရှိတဲ့ လူတွေ အကြောင်း ရေးသလား။ လူ့စရိုက် ဆိုပါတော့၊ အုပ်စုတစ်ခုထဲက လူ့စရိုက်အကြောင်း ရေးတာလား။ လူ့ဘောင်ကြီးတစ်ခုလုံးထဲက လူ့စရိုက် ရေးတာလား။

နောက်တစ်ခါ လူ့စရိုက်ကို ရေးတဲ့နေရာမှာ အခုခေတ်က လူ့စရိုက်ကို ရေးတာလား။ သို့တည်း မဟုတ် ဟိုတုန်းက လူ့စရိုက်၊ အခု လူ့စရိုက်၊ နောင်လာမယ့် လူ့စရိုက်အားလုံးကို ခြုံပြီးရေးတာ လား။ ရှင်းရှင်းပြောရရင်တော့ Time Space ပေါ့။ လူ့အကြောင်း ပြောရင် Time Space နဲ့ ပြောရလိမ့်မယ်။ ဘယ်အချိန်၊ ဘယ်ကာလက စသဖြင့်ပေါ့။ တချို့စာရေးဆရာက အချိန် တစ်ချိန်က လူတွေအကြေင်း နားလည်ပြီး ကျန်တဲ့အချိန်က လူတွေအကြောင်း နားမလည်ဘူး။

တချို့ စာရေးဆရာကျပြန်တော့လည်း အဲဒီအချိန်တစ်ချိန်မှာပဲ တစ်နေရာက လူတွေ အကြောင်း နားလည်ပြီး တခြားနေရာက လူတွေအကြောင်း နားမလည် ပြန်ဘူး။ တစ်နည်း အားဖြင့် သူတို့မှာ အချိန်ရဲ့ ကန့်သတ်မှုနဲ့ ပထ၀ီရဲ့ ကန့်သတ်မှု ရှိတယ်။ ဒါကြေင့် ဒီလို စာရေးဆရာတွေ ရေးလိုက်တဲ့ဥစ္စာကို တစ်ချိန် က လူတွေက ကြိုက်ကြပြီး နောက်တစ်ချိန်က လူတွေကျတော့ မကြိုက်ကြတော့ဘူး။ ဒါမျိုးက မြန်မာ့ စာပေသမိုင်းမှာ ရှိသလို ကမ္ဘာ့စာပေ သမိုင်းမှာလည်း ရှိပါတယ်။ တစ်ချိန်တုန်းကတော့ ဟုန်းဟုန်းတောက်နေတာပဲ။ ဒါပေမဲ့ နောက် ၁၀ နှစ်၊ ၁၅ နှစ်ကြာတော့ သူ့စာအုပ်ကို အလကား ပေးတောင် ဘယ်သူမှ မဖတ်တော့ဘူး။ သူက အချိန်ဘောင်ကို မလွန်နိုင်တဲ့သူကိုး။ တချို့ကျတော့ ဒီနေရာက သူတွေတော့ ကြိုက် ပါရဲ့။ ဟိုနေရာက လူတွေ မကြိုက်ကြပြန်ဘူး။

အချိန်ဘောင်ကိုလည်း လွန်တယ်၊ ပထ၀ီဘောင်ကိုလည်းလွန်တယ်။ ဘယ်ခေတ်မှာ၊ ဘယ်နေ ရာမှာ ဖြစ်ဖြစ် ဘယ်လိုလူမျိုးတွေပဲ ဖတ်ဖတ် ကောင်းပါတယ်လို့ အသိအမှတ်ပြုခံရတဲ့သူ Absolute Vision ရှိတဲ့ စာရေးဆရာကြီး တွေ အင်မတန် ရှားပါတယ်တဲ့။ ဒီရှားပါးတဲ့ အထဲမှာ ဘယ်သူတွေ ပါသလဲဆိုတော့ စာရေးဆရာကြီး အင်မတန်ရှားပါတယ်တဲ့။ ဒီရှားပါးတဲ့အထဲမှာ ဘယ်သူတွေ ပါသလဲဆိုတော့ စာရေးဆရာကြီး ရှိတ်(ခ)စပီးယား၊ ဂျာမန်စာရေးဆရာကြီး ဂိုထဲ၊ နောက် အင်္ဂလိပ် ရှေးဟောင်း ကဗျာ ဆရာကြီး (ဆရာ နာမည်မေ့နေတယ်) အဲသူတို့ ပါတယ်။ သူတို့ ပြောတဲ့ စကားတွေက ဘယ်ခေတ် ဘယ်အချိန် အခါမှာပဲဖြစ်ဖြစ် မှန်နေတယ်။

မြန်မာစာပေက ဆရာ နမူနာယူပြီး ပြောရရင် ရှေးတုန်းကလည်း ကောင်းတယ်။ ခုလည်း ကောင်းတယ်။ နောင်လည်း ကောင်းနေဦးမယ်။ ဆရာ့မြေးတွေထိလည်း ကောင်းနေဦးမှာပဲ။ ကြာလည်း ကြာပြီ။ အနန္တသူရိယအမတ်ကြီးရဲ့ သူတည်း တစ်ယောက် ကောင်းဖို့ရောက်မူ ကဗျာ။ ဘယ်တော့မှ မရိုးဘူး။ သူက နရသီဟပတေ့ ကိုလည်း မကြည့်၊ ပုဂံကိုလည်း မကြည့် ဘူး။ သူကြည့်လိုက်တာက လောက တင်မကဘူး၊ သံသရာ တစ်ခုလုံးကို ကြည့်တာ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, March 4, 2012

ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး, အပိုင်း (၅၁)

" ထဘီကလေး တစ်ထည် "ထဲက မိဒိုးနဲ့ ညှိုးသူကို ကူဆောင်လို့ ထဲက မငွေမြိုင်တို့ ဟာလည်း ကျွန်မ တွေ့မြင်ကြုံကြိုက် ခဲ့ရတဲ့ ဇာတ်ကောင်တွေထဲက နှစ်ယောက်ပေါ့။ ခုချိန်ထိလည်း မငွေမြိုင် ဟာ အင်းဝမြို့ဟောင်းတွေကြားမှာ ထမင်းရှာစားနေဆဲပါပဲ။ ကို ဆက်ဖတ်ရန်...

မိဒိုးဟာ အပြင်ဘ၀မှာ ကျွန်မနဲ့ ကစားဖော် ဖြစ်ခဲ့ဖူးတယ်။ ငယ်ဘ၀ သူ့အဖြစ်ကလေးကို ငယ်စိတ် နဲ့ ကျွန်မ ရယ်မောခဲ့ဖူးပေမယ့် ခုချိန်မှာ ပြန်တွေးမိတော့ ရယ်စရာလို့ ကျွန်မ မမြင်တော့ဘူး။ ဒါ့ထက် ကျွန်မ သူငယ်ချင်း လို မိဒိုးလေးတွေ အများကြီးကို ကျွန်မ တွေ့လာရတဲ့အခါမှာ မြစ်ဆိပ်ကမ်းနားတစ်ခုက မိဒိုး တစ်ယောက် ကို ကြည့်ပြီး ကျွန်မ ခံစားရေးဖွဲ့ပါတယ်။
မြန်မာပြည်တွင်းက မြစ်ကမ်းရှိတဲ့ နေရာတိုင်းမှာ ကျွန်မရဲ့ ဇာတ်ကောင် မိဒိုးလို ရုန်းကန် လှုပ်ရှား နေရရှာတဲ့ အရွယ်မရောက်သေးတဲ့ မိဒိုးလေးတွေ ရှိနေလိမ့်ဦးမယ်လို့ ကျွန်မ ယုံကြည်ပါ တယ်"
" ပေဖူးလွှာမှာ ၀တ္ထု`၇ှည်အဖြစ် ဖော်ပြခဲ့တဲ့ "လေနုအေးက နော့ဆဲကို" နဲ့ ပတ်သက်ပြီး ကျွန်တော် ဆွေးနွေးချင် ပါတယ်။ မိန်းကလေး ဘော်ဒါဆောင်ကို ရောက်လာတဲ့ ဆွေဦးဆိုတဲ့ မိန်းကလေး တစ်ယောက် ပျက်စီးသွားရပုံကို ဆရာမ ရေးသွားတယ်။ ဆရာမ ရေးသွားတဲ့ ဇာတ်ကြောင်းအရဆိုရင် ဆွေဦး ဟာ ပတ်ဝန်းကျင် အခြေအနေကြောင့် ပျက်စီးသွားရတယ်လို့ ကောက်ချက်ဆွဲလို့ရမယ်ထင်တယ်။

ဒီနေ့ အပြင်လောကမှာ ဒီလိုပဲ ပျက်စီးနေတာတွေ ရှိပါတယ်။ ဒီလို ပျက်စီးနေကြတာတွေဟာ ပတ်ဝန်းကျင် ကြောင့်လား၊ "ဗီဇ" ကြောင့်ကော မဖြစ်နိုင်ဘူးလား "
" ကိုဝင်းငြိမ်း က ဒီမေးခွန်းကို မေးတယ်နော်၊ ကျွန်မ ဖြေမယ်။ ကိုဝင်းငြိမ်းမေးတဲ့ ဗီဇတိုတာ ဘာကို ဆိုလို တယ် ဆိုတာတော့ ကျွန်မ မသိဘူး။ ကျွန်မ သိတဲ့ မျိုးရိုးဗီဇသီအိုရီမှာတော့ အမွေဆက်ခံနိုင်တယ်၊ မဆက်ခံ နိုင်တယ် ဆိုတဲ့ အချက်တွေ ရှိပါတယ်။ မျက်လုံးအရောင်၊ အသားအရောင်၊ ဆံပင်အရောင်၊ ဦးခေါင်း ပုံစံ တွေကိုတော့ အမွေဆက်ခံနိုင်တယ်လို့ ခိုင်ခိုင်မာမာ ယူဆကြတယ်။ သဘောထားတွေ၊ ဟန်ပန် တွေ ၀ါသနာတွေ အချုပ်ပြောရရင် သင်ယူလေ့လာလို့ရနိုင်တဲ့ ခြင်းရာသတ္တိတွေကို အမွေ မဆက်ခံ နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ယူဆကြတယ်။

ဂျေ-ဘီ-၀ပ်ဆန် (J.B. Watson) ဆိုတဲ့ အပြုအမူပညာရှင် (Behaviorist) က သူ့ရဲ့ Behaviorist Manitesto (အပြုအမူဝါဒီ ကြေညာစာတမ်း)မှာ " ကျန်းမာသန်စွမ်းသော မွေးခါစကလေးငယ်များကို ကျွန်ုပ် တို့ လက်သို့သာ ယုံကြည်စွာ အပ်နှံပါ။ သူတို့၏ မိဘမျိုးရိုး မည်သို့ပင် ဖြစ်စေကာမူ သူတို့ကို ဆရာဝန်၊ တရားသူကြီး၊ ကုန်သည် သို့မဟုတ် ဂျပိုး၊ သူခိုး၊ သူတောင်းစားဖြစ်အောင် ကျွန်ုပ် ဖန်တီး ပြပါ့မယ်" လို့ ရဲရဲ ၀ံ့ဝံ ပြောခဲ့တယ်။ ဒီအဆိုကို ကျွန်မ လက်ခံတယ်။ ကျွန်မ ဇာတ်ကောင် ဆွေဦးရဲ့ ဘ၀လေး ဟာလည်း ပတ် ၀န်းကျင်ကြောင့် ပျက်စီးသွားရရှာတာပါ။ ဗီဇကြောင့် လုံးဝမဟုတ်ပါဘူး"
" ကျွန်တော် ဆိုလိုတဲ့ ဗီဇဆိုတာကို ဆရာမ သဘောပေါက်ပြီးသားပါ။ ဆရာမပြောတဲ့ အပြုအမူဝါဒီ ကြေညာ စာတမ်း ကိုတော့ ကျွန်တော် မလေ့လာဖူးပါဘူး။ ဒါ ရိုးရိုးသားသား ၀န်ခံတာပါ။ ပတ်ဝန်းကျင် တစ်ခုတည်း ကြောင့်တော့ ဒါတွေ ဖြစ်မလာနိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ မြန်မာစကားတွေမှာလည်း ရှိသား ပဲ။ "မျိုးစေ့မမှန် ပင်မသန်" ကို "မစွမ်းရင်းကလည်း ရှိ၊ ကန်စွန်းခင်းကလည်း ငြိ" တို့ ဒါတွေ ကတော့ စကား အရ ပြောတာပါ။

ဒီအယူအဆနဲ့ ပတ်သက်ပြီး ကျွန်တော်က ဆရာမစမ်းစမ်းနွဲ့ (သာယာဝတီ)ရဲ့ အယူအဆနဲ့ ကိုက်ညီ တယ်။ သားစားတိရစ္ဆာန်မျိုးဖြစ်တဲ့ ကျားတို့၊ ခြင်္သေ့တို့ကို စိမ်းလန်းစိုပြည်တဲ့ မြက်ခင်းထဲမှာ ထားကြည့်ပါ။ သူတို့က အသားမစားရလို့ မြက်ကို စားမလား၊ မစားပါဘူး။ မျိုးရိုးဗီဇကိုက အသားစားမျိုးကိုး။ အဲဒီလိုပဲ မြက်မစား တဲ့ နွားစတဲ့ တိရစ္ဆာန်တွေကို မြက်မရှိတဲ့ နေရာမှာ တခြားတိရစ္ဆာန်တွေနဲ့ ရောထား ကြည့် ပါလား၊ သူတို့က မြက်မစားရတဲ့ အတွက် တခြား တိရစ္ဆာန်တွေရဲ့ အသားကို စားပါ့မလား၊ မစား ပါဘူး။
ကိုင်း ... ဒါတွေက တိရစ္ဆာန်တွေမို့ ထားလိုက်တော့။ လူတွေအကြောင်း ပြန်စဉ်းစားကြည့်၊ အောင်မြင် တယ်၊ ချမ်းသာတယ် လိုလေသေးသရွေ့ မရှိ လိုတရနေတဲ့ အမျိုးသမီးတချို့ ပျက်စီးနေတာကော၊ ဆရာမ ကြားဖူးမှာပေါ့။ သူတို့ကော ပတ်ဝန်းကျင်ကြောင့်လား "
" တစ်ထောင်မှာ တစ်ယောက်၊ တစ်သောင်းမှာ တစ်ယောက် ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ကျွန်မတို့ ထည့်တွက် ဖို့ မလိုဘူး ထင်ပါတယ်။ အများစု ဖြစ်နေတာကတော့ ပတ်ဝန်းကျင်ကြောင့်လို့ပဲ ကျွန်မ ယုံကြည် ပါတယ် ကိုဝင်းငြိမ်း"
" ပတ်ဝန်းကျင် နဲ့ ဗီဇကတော့ ငြင်းရမယ်ဆိုရင် မဆုံးနိုင်လောက်အောင် ရှိလိမ့်မယ်။ ဒီတော့ နောက် တစ်ခု ကျွန်တော်တို့ ဆက်ကြရအောင်။

ဒဂုန်မဂ္ဂဇင်းမှာ ပါခဲ့တဲ့ "ရေပေါ်မှာ လွှားပါလို့" ထဲက ဇာတ်ကောင် ခြူးနီ၊ ဒီဝတ္ထုဖတ်ရတာ ကျွန်တော် တော် တော် စိတ်ထိခိုက်မိပါတယ်။ ၀ါးထမ်းတဲ့ လူငယ်လေးတစ်ယောက် ဂျင်းအင်္ကျီတစ်ထည် လိုချင်ရှာလို့ ရေထဲ မြုပ်နေတဲ့ မော်တော်အင်ဂျင် ကို ဆင်းဆယ်ရာကနေ အသက်စွန့်သွားရတယ်။ ခြူးနီကို ဆရာမ ဘယ်လို ဖန်တီးခဲ့တယ်ဆိုတာ ပြေပြစေချင်ပါတယ်"
" ကျွန်မတို့ အင်းဝမှာ ၀ါးအရောင်းအ၀ယ် လုပ်တဲ့ တောင်တော် ဆိပ်ကမ်းဆိုတာ ရှိတယ်။ အဲဒီမှာ ၀ါး လာဝယ်တဲ့ ကားတွေ၊ လှည်းတွေပေါ်ကို ၀ါးထိုးတဲ့ လူငယ်လေးတွေ အများကြီးပဲ။ အဲဒီလူငယ်လေးတွေ ထဲက အမြဲ အင်္ကျီတုံးလုံးချွတ် နဲ့ နေတတ်တဲ့ ခပ်ကြမ်းကြမ်း ခပ်မိုက်မိုက် လူငယ်လေးတစ်ယောက်ရဲ့ စရိုက် နဲ့ ပိုက်ဆံ အတွက် မော်တော်အင်ဂျင် ဆင်းဆယ်ရင်း အသက်စွန့်သွားရတဲ့ လူငယ်တစ်ယောက်ရဲ့ တကယ့် အဖြစ်အပျက် ကို ပူးပေါင်းခံစားပြီး ခြူးနီကို ကျွန်မ ဖန်တီးခဲ့ပါတယ် "
" ဆရာမ အခု ၀တ္ထုတိုကော၊ ၀တ္ထုရှည်ပါ ရေးနေပြီဆိုတော့ ၀တ္ထုတိုနဲ့ ၀တ္ထုရှည်ရေးရတာ ဘယ်လို ကွာ ခြား ပါသလဲ "

" ၀တ္ထုတိုကတော့ အားအထုတ်ရဆုံးပါပဲ။ ၀တ္ထုရှည်ကတော့ အများအားဖြင့် ဇာတ်ကြောင်းကို ဆွဲဆန့်တာ မျိုး လို့ ပြောနိုင်ပေမယ့် ၀တ္ထုတိုတစ်ပုဒ်လို စည်းစည်းလုံးလုံး သိပ်သိပ်သည်းသည်းရှိပြီး ၀တ္ထုတိုကောင်း တစ်ပုဒ်ကို ဖတ်လိုက်ရတဲ့ အရသာမျိုး ပေးနိုင်တဲ့ ၀တ္ထုရှည်တွေလည်း ရှိပါတယ်။
ကျွန်မ အဲသလို ၀တ္ထုရှည်တွေကို အင်မတန် နှစ်သက်ပါတယ်။ ကျွန်မ ၀တ္ထုရှည်တွေကိုလည်း အဲလို ၀တ္ထု ရှည်မျိုး တွေလို ဖြစ်အောင် ကြိုးစားရေးပါတယ်။ ဒါကြောင့် ကျွန်မ အတွက်ကတော့ ၀တ္ထုတို အားထုတ်ရ သလိုပဲ ၀တ္ထုရှည်ကိုလည်း အားထုတ်ရပါတယ် "
" ဆရာမကို ကျွန်တော်က ဘ၀သရုပ်ဖော် စာရေးဆရာမလို့ ကင်ပွန်းတပ်မယ်ဆိုရင် ... "
" ဘ၀သရုပ်ဖော် ၀တ္ထုတွေကို ပီပြင်အောင် ကျွန်မ ကြိုးစားနေတုန်းပါပဲ ကိုဝင်းငြိမ်း "

" ဘ၀သရုပ်ဖော် ဇာတ်တွေ ရေးတဲ့သူတစ်ယောက်အနေနဲ့ တကယ်ပဲ ကိုယ်တိုင်က ဘ၀နာခဲ့ဖို့ လိုပါ သလား။ ဘ၀နဲ့ မနီးစပ်တဲ့၊ ကျွန်တော် ဆိုလိုတာက ဘ၀မှာ ဘာအခက်အခဲမှ ရင်မဆိုင်ခဲ့ရဖူးတဲ့ သူတစ် ယောက် အနေနဲ့ ဒီလိုစာမျိုး ရေးနိုင်ပါ့မလား "
" ကိုယ်တိုင်ဘ၀နာခဲ့ရတဲ့လူတွေက စာရေးတတ်မယ်ဆိုရင်တော့ သူတို့ဘ၀ထဲက တခြားသူ မသိနိုင်၊ မမြင် နိုင် တဲ့ ခံစားမှုတွေကို ပိုပြီး ရေးနိုင်၊ သရုပ်ဖော်နိုင်လိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။
ဒါပေမဲ့ ကိုဝင်းငြိမ်း၊ တော်လ်စတွိုင်းဟာ ပဒေသရာဇ် မိသားစုက ပေါက်ဖွားခဲ့တဲ့ မြေပိုင်ရှင် ကြီး တစ်ယောက် ဖြစ်ပေမယ့် အဖိနှိပ်ခံတွေဘက်က အမြဲ ရပ်တည်ပြီး ရေးသားခဲ့တဲ့ စာရေးဆရာ တစ်ယောက် ပါ။ ဂျက်လန် ဒန်ကျတော့ ဘ၀နာသူတစ်ယောက် ဖြစ်နေပြန်ရော။
ကျွန်မ ပြောချင်တာကတော့ စာရေးသူရဲ့ ရပ်တည်မှု၊ စာနာခံစားတတ်မှုပေါ်မှာ မူတည်နေတယ် ဆိုတာ ကို ပါတဲ့ "

" တချို့က ပြောတယ်၊ ဘ၀သရုပ်ဖော်စာပေ ဆိုတာ ဆင်းရဲတာ၊ ငတ်ပြတ်တာ၊ ကျပ်တည်းတာ တွေ ချည်းပဲ ရေးနေကြတာတဲ့။ ဒီလို ဆင်းရဲကျပ်တည်းတာကို သရုပ်ဖော် ရေးနေကြမယ့်အစား ဒီအကျပ်အတည်း က လွတ်မြောက်အောင် ဘယ်လို ရင်ဆိုင်ရုန်းကန်သင့်တယ် ဆိုတာတွေကို စာရေးဆရာ တွေအနေနဲ့ ရေးသင့် တယ်လို့ ဆိုတယ်။ ဒီအဆိုနဲ့ ပတ်သက်ပြီး ဆရာမ ဘယ်လို မြင်ပါသလဲ "
" ဒီနေရာ မှာ ဘ၀သရုပ်ဖော် စာပေဆိုတာ ဘာလဲ ဆိုတာကို ကျွန်မ ပြောချင်ပါတယ်။
ဘ၀သရုပ်ဖော်စာပေ ဆိုတာ စစ်မှန်တဲ့ လူမှုရေးဘ၀တွေကို ဖော်ထုတ်တင်ပြတဲ့ စာပေပါ။ Social Reality ပေါ့။ အဲဒီလို ဖော်ထုတ်ရေးသားကြတဲ့အခါမှာ လူမှုအဖွဲ့အစည်းမှာတွေ့မြင်နေရတဲ့ ဖြစ်ရပ်မှန်သမျှကို  ဣဋ္ဌာရုံပဲဖြစ်ဖြစ်၊ အနိဋ္ဌာရုံပဲ ဖြစ်ဖြစ် ရေးသားရမယ်။ လူနေမှု အဖွဲ့အစည်းတွင်းက လူမှု အစစ်အမှန် တရား တွေဟာ အခါခပ်သိမ်း မလှပနိုင်ဘူးလား။
ဒါပေမဲ့အဲဒီအမှန်တရားတွေကို အနုပညာတစ်ရပ်အနေနဲ့ တင်ပြတဲ့ နေရာမှာ ပုံတူကူးချသလို၊ သတင်းပေး သလို မဖြစ်သင့်ဘူး။ တင်ပြသူ အနုပညာရှင်ရဲ့ တီထွင်မှုနဲ့ စိတ်ကူး စိတ်သန်းတွေပါမှ အနုပညာလက်ရာ မြောက် မှာပေါ့။

ရုရှားရဲ့ သရုပ်မှန်ဝါဒဖခင် လို့ အသိအမှတ်ပြုထားတဲ့ စာရေးဆရာ ဝေဖန်ရေးဆရာ Belinsky က " အနုပညာ ဆိုတာ အနုပညာရှင်ဟာ ပြင်ပလောကကို မိတ္တူကူးပြီး တင်ပြတာဖြစ်ပြီး တီထွင်မှုပိုင်းမှာ အားနည်း နေတယ်။ အမှန်တရားကို ရောင်ပြန်ဟပ်တဲ့ နေရာမှာ အနုပညာရှင်ရဲ့ တီထွင်မှုပိုင်းဟာ ပါဝင်ရ မယ်" လို့ ပြောထားတာ ကျွန်မ ကြားဖူးပါတယ်။
သရုပ်မှန်ဝါဒ (Realism) နဲ့ ပတ်သက်တဲ့ စာတမ်းတစ်ခု ပြုစုတဲ့ ရုရှားစာရေးဆရာ၊ ဝေဖန်ရေးဆရာ Chery Shevsky ကလည်း "ဘ၀သို့မဟုတ် အနုပညာရှင်ရဲ့ စိတ်ကူး၊ စိတ်သန်းဟာ ပါဝင်နေတယ်။ အစစ်အမှန် တရားကို ရောင်ပြန်ဟပ်တဲ့နေရာမှာ သိပ္ပံပညာဟာ သိပ္ပံဆိုင်ရာ အသိပညာများကို အသုံး ပြုသလို အနုပညာ ဟာ အနုပညာဆိုင်ရာ နိမိတ်ပုံကို အသုံးပြုပါသတဲ့ "။
ဒါကြောင့်မို့ ကျွန်မ ရေးတဲ့ ၀တ္ထုတွေမှာ လူမှုဘ၀ အစစ်အမှန်တရားတွေကို ကျွန်မတွေ့ခဲ့၊ မြင်ခဲ့။ ကြုံခဲ့၊ ကြား ခဲ့တာတွေနဲ့ ကျွန်မရဲ့ တိထွင်မှု စိတ်ကူးစိတ်သန်းတွေကို ရောမွှေပြီး အနုပညာမြောက်အောင် ကြိုးစား ဖန်တီးပါတယ်။

တစ်နည်းအားဖြင့် "၀တ္ထုအတတ်ပညာ" လို့ ခေါ်နိုင်တဲ့ အနုပညာတီထွင်မှု စိတ်ကူး စိတ်သန်းတွေကို ဘ၀ သရုပ်ဖော် ၀တ္ထုတွေမှာ ထည့်တဲ့အခါမှာ အမျိုးမျိုးသော အနုပညာတီထွင်မှုတွေနဲ့ အနုပညာ လက်ရာ မြောက်အောင် ဖန်တီးထည့်သွင်းကြပါလိမ့်မယ်။

ကျွန်မကတော့ ကျွန်မ ၀တ္ထုထဲက ဇာတ်ကောင်တွေ သူတို့ရဲ့ ဘ၀တွေကို စာဖတ်သူက "ဒီလို ဘ၀တွေ ရှိပါလား" လို့ သိလာအောင် အဲဒီကတစ်ဆင့် သူတို့ဘ၀တွေကို စာနာတတ်လာအောင်၊ နောက်ဆုံးအဆင့် ကိုယ်ခံအား ကောင်းရင် ကောင်းသလို အတိုင်းအတာ တစ်ခုအထိ တွေးယူတတ်အောင် ကျွန်မ ကြိုးစား ဖန်တီး ပါတယ်။
နောက်တစ်ဆင့် ကိုဝင်းငြိမ်းပြောတဲ့ အကျပ်အတည်းက လွတ်မြောက်အောင် ဘယ်လို ရင်ဆိုင် ရုန်းကန်သင့်တယ်ဆိုတာမျိုးကို ရေးတာကတော့ Socialist Realismပေါ့။ ရုရှားစာရေးဆရာကြီး ဂေါ်ကီ က စတင်တွေ့ရှိခဲ့ပါတယ်။ ဆိုရှယ်လစ် သရုပ်မှန်ဝါဒဟာ ဆိုရှယ်လစ်အမြင်ကို လက်ကိုင်ပြုပြီး ဆိုရှယ်လစ် လူ့ဘောင် တည်ဆောက်ရေးကို ရှေးရှုတည်ဆောက်နေတဲ့ ၀ါဒတစ်ခုပါ။ ဒီလို စာပေမျိုးဟာ အလွန်အဆင့်မြင့်တဲ့ စာပေဖြစ်ပါတယ်။ ဆိုရှယ်လစ် သရုပ်မှန်ဝါဒဟာ သရုပ်မှန်နည်းစနစ်ပိုင်း Realist Methodကို အလေးမထားဘဲ အနုပညာရှင်များ ခံယူရတဲ့ သဘောထားပိုင်း (ဒါမှမဟုတ်) ဆိုရှယ်လစ်အမြင် ပိုင်း Socialist Outlookကို အဓိကထားသင့်တယ်လို့ "အန့်ဖစ်ရှာ" (Ernst Fisher) ကပြောခဲ့ဖူးတာပဲ။

အနုပညာဆိုတာ လူမှုစီးပွားရေးအခြေအနေနဲ့ ရောင်ပြန်ဟပ်ချက် ဖြစ်တယ်လို့ ပြောခဲ့ကြတယ်လေ။ ဒီလို စာပေမျိုးဟာ အဆင့်အတန်း အမြင့်ဆုံးစာပေပဲ။ ဒီစာပေမျိုးကို ကျွန်မ လက်ခံကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီစာပေမျိုး ရေးခွင့်ရဖို့ ကျွန်မတို့အနေနဲ့ အများကြီး ကြိုးစားရဦးမှာပါ"
" လုံးချင်းဝတ္ထုတွေ မရေတွက်နိုင်အောင် ရေးခဲ့ပါတယ် ဆိုတဲ့ ဆရာတစ်ဦးက ဒီနေ့ မြန်မာစာပေ လောကမှာ လုံးချင်းဝတ္ထု ဈေးကွက် ကျဆင်းလာတာဟာ စာရေးဆရာတွေ ကိုယ်တိုင်က အရေးအသား ညံ့လာလို့လို့ ဆိုတယ်။ ဆရာမ ဘယ်လို မြင်ပါသလဲ "
" ဒီပြဿနာကို ကျွန်မ မစဉ်းစားဖူးသေးတဲ့အတွက် ကျွန်မနဲ့အတူ ကိုဝင်းငြိမ်းပါ စဉ်းစားကြည့်စမ်းပါလား၊ အရင်ခေတ်က ရေးခဲ့ကြတဲ့ စာရေးဆရာကြီးတွေရဲ့ စာတွေထက် ခုခေတ် ရေးနေကြတဲ့ ဆရာ။ ဆရာမတွေ ဖြစ်တဲ့ ဒဂုန်တာရာ၊ မောင်သာရ၊ ခင်ဆွေဦး၊ မိုးမိုး(အင်းလျား)၊ မစန္ဒာ၊ စမ်းစမ်းနွဲ့ (သာယာဝတီ) တို့ စာတွေက ပိုညံ့လာလို့လား၊ ကျွန်မတော့ မထင်ပါဘူး။ ကိုဝင်းငြိမ်းကော ဘယ်လို ထင်ပါသလဲ "

" လက်လှမ်းမီသလောက် ကျွန်တော်တို့ ဖတ်ခဲ့ရသလောက်တော့ ဒီနေ့ ဆရာ၊ ဆရာမတွေရဲ့ အရေးအသား၊ တင်ပြပုံ အကြောင်းအရာတွေဟာ ဟိုခေတ်က ဆရာကြီးတွေထက် ညံ့တယ်လို့ မထင် ပါဘူး။ အနုပညာကို ဘယ်လိုစံနဲ့ တိုင်းတာပြီး ဒီနေ့ ဆရာ ဆရာမတွေရဲ့ စာတွေဟာ "ညံ့"လာတယ်လို့ ပြောတယ် ဆိုတာတော့ ကျွန်တော်လည်း မစဉ်းစားတတ်တော့ဘူး။ တစ်ခုတော့ ရှိပါ တယ်။ အဲဒီ လုံးချင်းဝတ္ထု မရေမတွက်နိုင်အောင် ရေးခဲ့တဲ့ ဆရာရဲ့ ၀တ္ထုတွေ ဒီနေ့ ဈေးကွက်မှ မရှိတာတော့ အမှန် ပါပဲ။

ဆရာမက အခု တက္ကသိုလ်အ၀န်းအ၀ိုင်းမှာ လှုပ်ရှားနေတဲ့သူဆိုတော့ ဒီနေ့ တက္ကသိုလ်တွေမှာ စာပေလှုပ် ရှားမှုနဲ့ ဟိုတုန်းက လှုပ်ရှားမှု အခြေအနေ နှိုင်းယှဉ်ကြည့်ရင် ... "
" အရင်ခေတ် တက္ကသိုလ်ရဲ့ စာပေလှုပ်ရှားမှုဟာ မြန်မာနိုင်ငံရေးသမိုင်းနဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်နေတယ်လို့ ကျွန်မ မြင်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ် မြောက်ရေး၊ ဒီမိုကရေစီရေးတွေရဲ့ ရောင်ပြန်ဟပ်ချက်တွေဟာ တက္ကသိုလ်စာပေလှုပ်ရှားမှုမှာ ထင်ဟပ် နေခဲ့တယ်။ ရေးဝရာ ပလက်ဖောင်းကလည်း တက္ကသိုလ်ထဲမှာကို အများကြီးရှိတယ်။ ခုချိန်မှာတော့ ဌာနဆိုင်ရာ နံရံကပ်စာစောင်လေးတွေနဲ့ တစ်နှစ်တစ်ခါသာ ထုတ်ဝေတဲ့ တက္ကသိုလ်နှစ်လည် မဂ္ဂဇင်း ဆိုတာလေးကိုပဲ အားကိုးနေကြရတယ်။ ဘာပဲပြောပြော တက္ကသိုလ် စာပေလှုပ်ရှားမှုဟာ "အတိဇာတ အစဉ်အလာ" ရှိတယ်လို့ ကျွန်မ လေးလေးနက်နက် ယုံကြည်ပါတယ်"
" ဆရာမ ဘယ်သူ ရေးတဲ့စာတွေ ဖတ်လေ့ရှိပါသလဲ "

" အပေါစား အချစ်ဝတ္ထု၊ အပေါစား စုံထောက်ဝတ္ထု၊ သိုင်းဝတ္ထုစတဲ့ အပစ်အခတ် အညှစ်အသတ်၊ အညစ်အပတ် စာတွေကလွဲရင် တခြား ဘယ်သူရေးတဲ့ စာပဲဖြစ်ဖြစ် အားလုံးဖတ်ပါတယ်"
" ဆရာမကြီး ကြည်အေးရဲ့ စာတွေကော ဖတ်ဖြစ်ပါသလား။ ဆရာမရဲ့ တချို့စက္ကူတွေမှာ ကြည်အေးပုံစံ ၀င်လာတယ် လို့ မြင်ကြတယ် "
" စာရေးဆရာမကြီး ကြည်အေးရဲ့ စာတွေ၊ ကဗျာတွေအားလုံးကို ကျွန်မ ဖတ်ဖူးပါတယ်။ ဒါပေမဲ့ ခုချိန်မှ ဖြစ်နေကြတဲ့ "ကြည်အေး ရောဂါသည်" တွေထဲမှာ ကျွန်မ လုံးဝ မပါပါဘူး။ ကျွန်မမှာ ကြည်အေးရောဂါ သရိုးသရီ ကလေးတောင် မဖြစ်ပါဘူး။
ကျွန်မ စာတွေမှာ ကြည်အေးပုံစံ ၀င်လာတယ်လို့ မြင်ကြတယ်ဆိုတဲ့ အချက်ကတော့ ကျွန်မ စာတွေနဲ့ ပတ်သက်ပြီး မြင်ကြတဲ့ တုံ့ပြန်ချက်တွေမှာ အသစ်ပါပဲ။ သူတို့စာများ မှားဖတ်မိလေသလား၊ ဒါမှ မဟ်ုတ် စာတိုင်းကို "ကြည်အေး မျက်မှန်" တပ်ပြီး ဖတ်နေကြရော့သလား "

" ကျေးဇူးပါပဲ ဆရာမ၊ နောက်ဆုံးတစ်ခု မေးချင်ပါသေးတယ်။ ရှေ့လျှောက် စာပေနဲ့ ပတ်သက်ပြီး ထားရှိမယ့် ဆရာမရဲ့ ခံယူချက် "
" ကျွန်မကတော့ ဘ၀သရုပ်ဖော်စာပေတွေပဲ အစဉ်တစိုက် ရေးသားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ နောက်တစ်ခုက အဆင်ပြေနေတဲ့ မြို့ပြလူနေမှုဘ၀ထဲမှာ နေထိုင်သူ တချို့က ကျွန်မ၀တ္ထုတွေရဲ့ ဇာတ်ကောင်စရိုက်၊ ဘ၀၊ အဖြစ်အပျက်တွေဟာ တကယ်မရှိတဲ့ စိတ်ကူးယဉ် အဖြစ်အပျက်တွေ၊ စိတ်ကွန့် မြူးရေးသားချက်တွေလို့ ထင်ကြတယ်။ သူတို့ရဲ့ လက်ရှိဘ၀နဲ့ အလှမ်းကွာဝေးလွန်းတာကိုး။
အဲဒီသူတွေနဲ့တကွ အားလုံးသော ပြည်သူတွေကို ဒီလို ဘ၀တွေဟာ တကယ် ရှိပါလား။ တကယ်ဖြစ်ပျက် နေတာပါလား ဆိုတာကို ကျွန်မ သိစေချင်ပါတယ်။ တကယ်ရှိတဲ့ အဲဒီဘ၀တွေက လူသားတွေကို စာနာ တတ် စေချင်တယ်။

ဟိုသီချင်းထဲကလိုပေါ့ " သင် ကြုံကြိုက်လို့ ရောက်ရှိတဲ့အခါ ရှာကြည့်စမ်းပါ" လို့ ကျွန်မက ပြော ချင်တယ်။ မြင်တတ်ရင် သဲသဲကွဲကွဲ မြင်တွေ့နိုင်ပါတယ်။ ဒါပါပဲ ကိုဝင်းငြိမ်း ... ကျေးဇူးတင်ပါတယ် "
" ဟုတ်ကဲ့ ဆရာမ။ မေးခွန်းအားလုံးကို စိတ်ရှည်လက်ရှည် ဖြေပေးသွားတဲ့အတွက်ရော၊ ဆရာမ ခံယူထား တဲ့ စာပေဆိုင်ရာ အတွေးအခေါ်တွေကိုပါ တစ်စိတ်တစ်ဒေသ သိခွင့်ရလိုက်တဲ့အတွက် စာဖတ်သူ များ ကိုယ်စား၊ စာတည်းအဖွဲ့ကိုယ်စား ကျေးဇူးတင်ပါတယ် "

ပေဖူးလွှာမဂ္ဂဇင်း၊ အမှတ်-၄၈၊ မေလ၊ ၁၉၈၅ ခုနှစ်။
ခိုင့် သူငယ်ချင်း . မောင် . သို့မဟုတ်
တက္ကသိုလ်ဘုန်းနိုင်

ဘ၀ဟူသည် သစ်ရွက်နှင့် ပမာပုံခိုင်း၍ နှိုင်းစတမ်း ဆိုပါလျှင် ...
တစ်ရိုးတံမှာ အလွှာငယ် တစ်ဆယ်မကနှင့် ကြွယ်ဝလှသော စိန်ပန်းရွက်နှင့် ဘ၀မျိုးလည်းရှိသည်။
တစ်ညှာ တွင် တစ်လွှာရှိ ဤအလွှာပင် တစ်ရွက်မည်သော ညောင်ရွက်ကဲ့သို့ ဘ၀မျိုးလည်း ရှိပါ၏။
ခိုင် နှင့် ကျွန်တော့် ဘ၀မှာမူ ...
နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရမည့် စွယ်တော်ရွက်ပမာ ဖြစ်ခဲ့ရသည်။ တစ်လွှာကြွေခဲ့လေပြီမို့ တစ်ရွက် မမည် လေတော့သော အထီးကျန် ဤဘ၀၀ယ် ...

လေးနှစ်သား ပေဖူးလွှာ၏ နှစ်ပတ်လည် အထူးထုတ်အတွက် ဆရာ တက္ကသိုလ်ဘုန်းနိုင်နှင့် တွေ့ဆုံ ပေးရန် စာတည်းအဖွဲ့မှ စီစဉ်ကြသောအခါ အထက်ပါ စာပိုဒ်ကလေးကို ကျွန်တော် ပြန်ရွက်မိပါသည်။ စွယ်တော် ရွက်ကလေးများကို စာအုပ်ကြားညှပ်ကာ ခိုင့်အား တမ်းတကာ စာပိုဒ်ကလေးများအလွတ် ကျက်မှတ် ကြသည်အထိ ဆရာ့ "သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်" သည် စာဖတ်ပရိသတ်အပေါ် လွှ့မ်းမိုး နေရာယူခဲ့ နိုင်ပါသည်။

" သူ့ကျွန်မခံပြီ၊ ပိတောက်ပွင့်ဆဲ လသာဆဲဝယ်၊ လွမ်းတေးမဆုံးစေနှင့် စောသခင်၊ ကမ္ဘာကုန် ကျယ် သရွေ့၊ စိမ်းနေဦးမည့် ကျွန်တော့်မြေ၊ မိုးညအိပ်မက်မြူ၊ တစ်ပြည်သူ မရွှေထား" စသည့် စသည့် ၀တ္ထု ပေါင်းများစွာ တို့အနက် ဆရာသည် "နှင်းငွေ့တထောင့် မိုးတမှောင့်" ၀တ္ထုဖြင့် အမျိုးသားစာပေဆု ဆွတ်ခူး ရခဲ့သူ ဖြစ်ပါ သည်။
မော်လမြိုင်ကောလိပ် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ဆရာ ရန်ကုန်သို့ လုပ်ငန်း တာဝန်ဖြင့် ရောက်ရှိလာခိုက် စာတည်းချုပ် အိမ်တွင် ကျွန်တော်နှင့် တွေ့ဆုံဖြစ်ခဲ့ကြ၏။ ဆရာနှင့် တွေ့လျှင် မေးရန် တေးမှတ်ထားသော မေးခွန်းများကလည်း ခါတိုင်းထက် များနေသည် တစ်ကြောင်း၊ ဆရာ ကိုယ်တိုင်က စိတ်ဝင်တစား ပြောပြနေသည်ကို တွေ့ရသည်က တစ်ကြောင်၊ ထို့ကြောင့် ကျွန်တော် တို့ အနီးတွင် ထိုင်နိားထောင်နေသော စာတည်းချုပ်က လိုအပ်ပါလျှင် ဆရာနှင့် တွေ့ဆုံပေးခြင်းကို နှစ်လ ဆက်ထည့်ရန် ခွင့်ပြုချက်ပေးလိုက်ပါသည်။ ထို့ကြောင့်ပင် စာချစ်သူများ အားပါးတရ ဖတ်နိုင်ရန် ဆရာ ပြောခဲ့သည်များကို အဖြတ်အတောက်မရှိဘဲ တင်ပြလိုက်နိုင်ပါသည်။ ဆရာ နှင့် ကျွန်တော် ပြောခဲ့ ကြသည် တို့မှာ ...။

" ဆရာ့ဝတ္ထုတွေ တော်တော်များများ ဖတ်ခဲ့တာဆိုတော့ ကျွန်တော် ဆွေးနွေးချင်တာလေးတွေက တော် တော် များများ ရှိနေပါတယ်ဆရာ။ စာတည်းချုပ်ကလည်း ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်ဖို့ ခွင့်ပြုထားတယ် ဆိုတော့ ကျွန်တော်တို့ အားပါးတရ ပြောကြတာပေါ့။ ပထမ ကျွန်တော် သိချင်တာကတော့ ဆရာ့ ကလောင် အတ္ထုပ္ပတ္တိလို့ ဆိုရင်လည်း မမှားနိုင်တဲ့ ဆရာ စာပေလောကထဲ ၀င်ရောက်လာပုံပေါ့ ဆရာ"

" စာပေလောကထဲ ၀င်ရောက်လာပုံ ဆိုတာကတော့ တော်တော်ကျယ်ဝန်းပါတယ်။ စာပေ မွေ့လျော် လာပုံက စ လိုက်ကြရအောင်။ ဆရာက အကြောင်းကြောင်းကြောင့် ငယ်ငယ်ကတည်းက စာအုပ် တွေနဲ့ နီးစပ်တယ်။ အစကတော့ ဇိနတ္ထပကာသနီတို့၊ ဇာတ်ကြီးဆယ်ဘွဲ့တို့က စ ဖတ်ဖြစ်တယ်။ ဒီအတွက်လည်း အကျိုးကျေးဇူး ရှိပါတယ်။ ဘယ်လို ပြောရမလဲဆိုရင် ဗုဒ္ဓဘာသာအနေနဲ့ ပြောရရင်တော့ လွယ်ပါတယ်။ ပါရမီ ဆိုတာပေါ့။ ကျန်တဲ့ကလေးတွေက ဆော့ကစားရတာနဲ့ ပျော်တယ်။ ဆရာကတော့ စာပေနြ့ နေရတာပျော်တယ်။ ဘယ်အချိန်က စ ပျော်သလဲ ဆိုတော့ ငါးနှစ်သား၊ ခြောက်နှစ်သားလောက်က စ ပျော် တာပဲ။ ဟိုစာဖတ်၊ ဒီစာဖတ် နေရင်း ထူးဆန်းတာက ဆရာ ရှစ်နှစ်သားလောက်မှာ ကဗျာ စ စပ်တတ် တာပဲ၊ လေးလုံးတစ်ပုဒ်ပေါ့။

ကိုးနှစ်သားလောက်ကျတော့ ၀တ္ထု စရေးတယ်။ ဒီနေရာမှာ ဆန်းတာက ဆရာတစ်ယောက်တည်း မဟုတ်ဘူး။ ဆရာ့အစ်မ၀မ်းကွဲ ယုဝတီခင်ဦးကလည်း ငယ်ငယ်ကတည်းက စ ၀တ္ထုရေးတာပဲ။ ဆရာ့ အဖေ က အားပေးသလို ဦးလေး (ယုဝတီခင်ဦး အဖေ)ကလည်း အားပေးတယ်။ အိမ်မှာ ဒဂုန်မဂ္ဂဇင်းတို့၊ ဘာတို့ အကုန်ရှိတယ်။ ဟိုခေတ်က ၀တ္ထုရေးတယ် ဆိုတာက လူကြီးတွေက အားမပေးတဲ့အပြင် ရှုတ်ချတဲ့ ခေတ်ပဲ။ အထူးသဖြင့် ဒီအရွယ်ကလေးတွေနဲ့ ၀တ္ထုရေးတယ်ဆိုရင် ပိုဆိုးတာပေါ့။ ဒါပေမဲ့ ဆရာ့အဖေနဲ့ ဦးလေး ကတော့ မရှုတ်ချဘူး။ အားပေးတယ်။ မောင်နှမနှစ်ယောက် ကိုးနှစ်သား၊ ကိုးနှစ်သမီးကတည်းက ၀တ္ထု ရေးခဲ့ကြတာပဲ။ အဲဒီတော့ ကြီးလာရင် ဘာဖြစ်မယ်ဆိုတဲ့ ကိုယ့်အိပ်မက်က စာရေးဆရာပဲ။ အဲဒီ အရွယ် ကတည်းက ဆရာတို့မှာ ကလောင်နာမည် ရှိတယ်။ ဆရာ့အစ်မက ရီရီလှ၊ သူက သူ့ကိုယ်သူ "ဒဂုန်ရီရီလှ" လို့ ကလောင်နာမည် ပေးတယ်။ ဆရာ့မူလနာမည်က "ဖေသိန်း" ဆိုတော့ ကလေးနာမည် ကို "ဒဂုန်သိန်း" လို့ပေးတယ်။

ရှစ်နှစ်။ ကိုးနှစ်သားကတည်းက စာပေ ဖတ်ရင်းကနေ မြတ်နိုးလာတယ်။ မြတ်နိုးရာကနေ ဖန်တီးချင်လာ တယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်က ဆရာ စာပေဟောပြောပွဲတွေမှာလည်း ဟောပြောလေ့ ရှိပါတယ်။ စာရေးဆရာ ဖြစ်မယ့်လူနဲ့ ကျန်တဲ့သူတွေနဲ့ ဘာကွာတာလဲ။ စာရေးဆရာ ဖြစ်မယ့်သူက တခြား သူတွေထက် ထူးပြီး ဥာဏ်ကောင်းတဲ့သူ မဟုတ်ပါဘူး။ ကျန်တဲ့သူတွေရဲ့ အထက်မှာ ရှိတဲ့ သူလည်း မဟုတ်ပါဘူး။ သူလည်း လူထဲက လူပါပဲ။ ဒါပေမဲ့ ကျန်တဲ့လူနဲ့ ဘာကွာခြားသလဲဆိုတော့ အင်္ဂလိပ်လိုတော့ Sensitivity ခေါ်တယ်။ စာရေးဆရာ ဖြစ်မယ့်သူက Very Sensitive ဖြစ်တယ်။ မြန်မာလို ပြောရရင်တော့ သူ့ရဲ့ အာရုံတရားတွေက တခြားသူတွေထက် ထက်မြက်တတ်တယ်။ သူများ နားမထောင် မိတာကို သူက နားထောင်မိတတ်တယ်။ သူများ မမြင်မိတာကို မြင်မိတတ်တယ်။ သူများ မခံစား တတ်တာကို ခံစားတတ်တယ်။ ဒါကို ဆရာတို့က အာရုံတရား ထက်မြက်တယ်လို့ ခေါ်တယ်။

ဆရာက ငါးနှစ်သား၊ ခြောက်နှစ်သားလောက်ကတည်းက ပန်းကလေးတွေ ပွင့်တာ၊ နေထွက်တာ၊ နေ၀င်တာ၊ နှင်းကလေးတွေ ကျတာ ဂရုစိုက်ကြည့်တတ်တယ်။ လ ဘယ်လို သာလဲ၊ လ ဘယ်လို ၀င်သွား သလဲ၊ သစ်ရွက်ကလေးတွေ ဘယ်လို ကြွေသွားသလဲ။ အဲဒ်လေးတွေကို အဲဒီအရွယ်ကတည်းက မြတ်နိုး တတ် ခဲ့တယ်။ သနားစရာ မြင်ရင်လည်း သိပ်ပြီး သနားတတ်တယ်။ စိတ်ဆိုးစရာ တွေ့ရင်လည်း သိပ်စိတ် ဆိုး တတ်တယ်။ ဒါက ရုပ်ပတ်ဝန်းကျင်ပိုင်းပေါ့။

လူမှုပတ်ဝန်းကျင်ပိုင်းကျပြန်တော့လည်း ဆင်းရဲတဲ့ ကလေးတွေကိုလည်း စိတ်ဝင်စားတာပဲ။ ချမ်းသာတဲ့ ကလေးကိုလည်း စိတ်ဝင်စားတာပဲ။ ဒုက္ခရောက်နေတဲ့ သူကို တွေ့ရင်သနားတယ်၊ ချမ်းသာတဲ့သူကို တွေ့ရင် ၀မ်းသာတယ်၊ အားကျတယ်၊ တော်တဲ့သူတွေ့ရင်လည်း ၀မ်းသာတယ်၊ အားကျတယ်။ အဲဒါကြောင့် ဆရာတို့က တစ်နည်း ပြောရရင် ဘ၀ကို ပြည့်ပြည့်၀၀ ခံစားတတ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစား ကြည့်တော့ ဆရာ ငါးနှစ်သား၊ ခြောက်နှစ်သားလောက်ကတည်းက တချို့ ဆယ့်ခြောက်နှစ် သား၊ ဆယ့်ခုနှစ်သားလောက်မှ ခံစားတတ်တာမျိုး ခံစားတတ်နေတယ်။ အဲဒီကနေပြီးတော့ ကိုယ် ခံစားတတ်တာ တင် မရပ်ပါဘူး။ ကိုယ် ခံစားလို့ရတာကို ပြောပြချင်တယ်။ အဲဒီလို ပြောချင်တာကနေ စာရေးဖြစ်သွားတာပဲ။ ဆရာ ဆယ့်နှစ်နှစ်သားအရွယ်မှာ ဆယ့်ခုနစ်နှစ်သားတွေအတွက် ရည်းစားစာ ရေးပေး နေရပြီ။ စာရေးကောင်းနေတာကိုး။

စာရေးတာနဲ့ ဖတ်တာနဲ့က ဆက်နွယ်နေတယ်။ ဖတ်တယ်။ ပြီးတော့ သူတို့လို ရေးတတ်အောင် ကြိုးစား တယ်။ ရတယ်။ အဲဒီတော့ ၁၂ နှစ်၊ ၁၃ နှစ်လောက်ကတည်းက စာရေးကောင်းနေပြီ။ ဒါပေမဲ့ စာအုပ် ထုတ် လိုက်မယ် ဘာညာ ရည်ရွယ်ချက် မရှိသေးပါဘူး။ အဲဒီလိုနေရင်းက ဂျပန်ခေတ် ရောက်လာတော့ ဆရာ့ အတွက် ပိုတိုးတက်လာတယ်လို့ ပြောရမယ်။ အဲဒီခေတ်က ကျောင်းတွေ မရှိတော့ လက်လှမ်း မီသမျှ ကျမ်း တွေ လျှောက်ဖတ်တယ်။ အဲဒီတော့ စောစောက ဆရာ ပြောခဲ့သလို ရှစ်နှစ်သား လောက်ကတည်းက ကဗျာ စပ်တယ်ဆိုပေမယ့် စနစ်ကျတာတော့ မဟုတ်သေးဘူးပေါ့။ ကိုယ့်ပါရမီနဲ့ ကိုယ် စပ်တာပဲ။ ဒါက ရသပဲ၊ ဒါက ဒေါသ၊ ဒါက အလင်္ကာ၊ ဒါတွေ ဘာမှ နားမလည်ဘူး။ ဘယ်တော့မှ နားလည်သလဲဆိုတော့ ဆရာကြီး ဒဂုန်ဦးစန်းငွေတို့၊ ဒဂုန်ဦးမိုးသစ်တို့ တည်းဖြတ်တဲ့ ကဗျာရေးနည်း ကျမ်းတွေ ဖတ်ရတော့မှ စနစ်တကျ တတ်လာတာပဲ။

အဲဒီစာအုပ်တွေက ဖော်ပြထားတဲ့ နည်းစနစ်တွေအတိုင်း ကြိုးစားစပ်တယ်။ ၁၆ နှစ်သားလောက်မှာကျ တော့ ဒွေးချိုး၊ လေးချိုး၊ တေးထပ်တွေ အသာထားလိုက်တော့၊ ပိုဒ်စုံရတုကို ကောင်းကောင်း စပ်တတ် နေပြီ။ စိတ်ထဲမှာ နတ်သျှင်နောင်တို့ ဘယ်သူတို့ရဲ့ ဟန်မျိုးတွေ မရရင် မကျေနပ်ဘူး။ ရှေးရတု ဆရာကြီး တွေ သုံးတဲ့ဟန်ပန်မျိုးတွေ ပါလာအောင် အတော်ကြိုးစားရတယ်။ အဲဒီကနေပြီးတော့ ကျောင်းမဂ္ဂဇင်း မှာတော့ ရေးနေပြီပေါ့လေ။ ရန်ကုန်မှာ မဟုတ်တော့ စာပေနယ်နဲ့လည်း အလှမ်းက ဝေးနေသေးတာပေါ့။
၁၉၄၈ ခုနှစ် တက္ကသိုလ် ရောက်လာတော့ ရှုမ၀မဂ္ဂဇင်းကို "ဒွိဟ" ဆိုတဲ့ ကဗျာကလေး ပို့လိုက်တော့ တစ်ခါပို့ တစ်ခါ စွံသွားတာပဲ"
" ဆရာ အဲဒီတုန်းက ကလောင်နာမည်က ... "
" တက္ကသိုလ်ဘုန်းနိုင်ပဲ ။

ရှုမ၀မှာ ကဗျာနဲ့ အောင်မြင်တော့ ရှုမ၀ကလည်း ကဗျာပဲ လက်ခံတယ်။ ၀တ္ထုတိုပို့လည်း ပယ်တာပဲ။ ၀တ္ထု ရှည် ပို့ လည်း ပယ်တာပဲ။ ပယ်ခံရတာ အားလုံး ၇၅ ပုဒ်ရှိတယ်။ တစ်ကြောင်းကတော့ ဆရာ စဉ်းစား ကြည့် တယ်။ ၀တ္ထုတိုဆိုရင် သူတို့ သုံးကောင်းသုံးလိမ့်မ်။ ၀တ္ထုရှည် ဆိုတာတော့ နာမည်မရသေးတဲ့ သူတစ်ယောက် အတွက် နေရာ ဘယ်ပေးနိုင်ပါ့မလဲ။ ၀တ္ထုလိုင်းမှာ မအောင်မြင်ပေမယ့် ဘာသာပြန် ကျတော့ ရှုမ၀က ထည့်ပေးပြန်ရော။
ဆရာက ဘာသာပြန် မရေးချင်ဘူး။ Adaptation တွေ ဘာတွေလည်း မလုပ်ချင်ဘူး။ ကိုယ်ပိုင်ပဲ ရေးချင် တယ်။ ဆိုကြပါစို့။ စာပေနယ်မှာ အောင်မြင်သင့်သလောက် မအောင်မြင်ဘူး။ တစ်ဖက်က ဘ၀မှာလည်း အရှုံးကြီး ရှုံးနေတယ်။ ဆရာ့ မိဘတွေက ချမ်းသာတာ မဟုတ်ဘူး။ သူတို့က တက္ကသိုလ်ကို ကြိုးစားပို့ပေး တာ။ ပညာသင်၊ ဘွဲ့ရပြီးရင် အလုပ်လုပ်ဖို့ပဲ၊ ဆရာက စာပေနယ်ထဲ လျှောက်မျောနေပြီး ဟိုမရောက် ဒီမရောက် ဖြစ်နေတယ်။ ဒါနဲ့ မအောင်မြင်တဲ့ စာပေလောကကိုတော့ တော်ပြီဆိုပြီး ၁၉၅၂ ခုနှစ် ကဆုန်လ မှာ ထုတ်တဲ့ ရှုမ၀မဂ္ဂဇင်းမှာ (ထင်တယ်) " နောက်ဆုံးဆုတောင်း" ဆိုတဲ့ ကဗျာတစ်ပုဒ် ပို့လိုက်တယ်။ ဒီကဗျာရဲ့ ရည်ရွယ်ချက်ကတော့ လောကကို စိတ်နာတဲ့သလော၊ သံဝေဂယူတဲ့ သဘော ပါတယ်။ ဒီကဗျာ ဟာ ဆရာ့အတွက် စာပေနယ် နောက်ဆုံးပဲလို့ သဘောထားခဲ့မိတယ်။

ဒီကဗျာ ပါပြီးတဲ့နောက် ဆရာ စာထပ်မရေးတော့ဘူး။ စာပဲ ကြိုးစားနေခဲံတယ်။ အသေအလဲ ကြိုးစား လိုက် တော့ ဂုဏ်ထူးတန်းမှာ ပထမတန်းရတယ်။ ဆရာတို့ခေတ်ကတော့ ဂုဏ်ထူးတန်း ရတာ ငါးယောက်ပဲ ရှိတယ်။ စိတ်ပညာဘက် ဖိလိုက်စားခဲ့တယ်။ အဲဒီတုန်းကတော့ စာပေနယ်ဘက်ကို ပြန်ဝင်မယ် ဆိုတဲ့ ရည်ရွယ်ချက် လုံးဝကို မရှိခဲ့ဘူး။ မန္တလေးတက္ကသိုလ်မှာ လက်ထောက်ကထိက ဌာနမှူး လုပ် နေခဲ့တယ်။ စာသာ မရေးတော့တာ၊ စာပေနဲ့မကင်းတဲ့ အလုပ်ဖြစ်တဲ့ စာဖတ်တာကို ပိုလုပ်နိုင် လာတယ်။ ဘွဲ့ဒီဂရီ က ပြည့်စုံသွားတာကလည်း တစ်ကြောင်း၊ ဆရာ တစ်ယောက် ဖြစ်လာတော့ တက္ကသိုလ် စာကြည့်တိုက် ကို ကြိုက်သလို သုံးနိုင်တာကလည်း တစ်ကြောင်းကြောင့် စာပိုဖတ်ဖြစ် လာတယ်။
စာများများ ဖတ်လေလေ ရေးစရာတွေ တွေ့လေလေ ဖြစ်လာတယ်။ စာမရေးတော့ပါဘူးဆိုပေမယ့် ဆရာ့ မှာ ရောဂါလို ဖြစ်နေတာက အချိန် နှစ်ချိန်မှာ စာမရေးဘဲ မနေနိုင်တာဘဲ။ တစ်ကတော့ သစ်ရွက် ကလေး တွေ ကြွေတဲ့ နွေဦး။ ဒီအချိန်မှာ တစ်ခုခုလေးတော့ ရေးလိုက်ရမှ။ နောက် ဆောင်းဦး၊ နှင်း ကလေး တွေ ကျတဲ့အချိန်မှာလည်း တစ်ခုခုလေးတော့ ရေးလိုက်ရမှ။ ၁၉၅၈ ခုနှစ် ဆောင်းဦး၊ နှင်းဦးကလေး တွေ အကျမှာ "နှင်းရွက်ကြွေစော"ကို ရေးလိုက်တယ်။

ဘယ်တိုက်ကို ပို့ဖို့မှ ရေးတာမဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် မရေးဘဲ မနေနိုင်လို့ကို ရေးလိုက်တာ။ အဲဒါကို ဆရာကတော် က ဖတ်ကြည့်ပြီး ကောင်းတယ်တဲ့။ ဆရာက ပြောတယ် မကောင်းဘူးလို့။ ဒါက စိတ်ကူးယဉ် ၀တ္ထု လို့ ဆိုတော့ သူက မဟုတ်ဘူး ကောင်းတယ်တဲ့ ဆိုပြီးတော့ သူ တိုက်တွန်းတာနဲ့ပဲ မြ၀တီ တိုက် ကိုပို့လိုက်တယ်။ ဆရာက စာသာရေးတာ၊ ၀တ္ထုတို ၀တ္ထုရှည် ဘယ်နှမျက်နှာဆိုတာ မတွက်တတ်ဘူး။ အဲဒါက မြ၀တီမှာ မဂ္ဂဇင်းဝတ္ထုရှည်အဖြစ်နဲ့ ပါလာတယ်။ လူကြိုက်များတဲ့ ၀တ္ထုဖြစ်သွား တယ်။

နွေပေါက်ရင် မနေနိုင်တဲ့ ကိုယ့်ရောဂါကြောင့် စ ထားတဲ့ ၀တ္ထုတစ်ပုဒ်ကလည်း ရှိနေတယ်။ "မုန်းရင်လေဦး"။ "နှင်းရွက်ကြွေစော"က ၁၉၅၈ ခုနှစ် ဇန်န၀ါရီလမှာပါလာပြီးတော့ ဖေဖော်ဝါရီလ တစ်လသာ ခြားပြီး မတ်လမှာ "မုန်းရစ်လေဦး" ပါလာတယ်။ ဒီဝတ္ထုမှာ နက်နဲတဲ့ အချက်ကလေးတွေ ပါတော့ ဆရာ တော်တော် နာမည်ကြီးသွားတယ်။ ဒီဝတ္ထုကို ဟင်ဒီဘာသာနဲ့ ပြန်ပြီး အိန္ဒိယမှာ ထုတ်တယ်။ ဘာသာပြန်တဲ့ စာရေးဆရာ နာမည်တော့ ဆရာ မမှတ်မိတော့ဘူး။ သူကပဲ ဆရာ့ဆီ လှမ်းအကြောင်း ကြား ခဲ့တာပါ။

" မုန်းရစ်လေဦး " အောင်မြင်သွားတော့ ဒီအထဲကပါတဲ့ သဘောတရားရေးရာ အချက်အလက်တွေကို အကျယ်ချဲ့ပါဦးလို့ တိုက်တွန်းကြတာနဲ့ ဒီအချက်အလက်တွေကို ချဲ့ရေးတဲ့ "ညီမလေးရယ် စိုးရိမ်မိတယ်" ကို ရေးလိုက်တာပဲ။ အဲဒီမှာတော့ ဆရာ အအောင်မြင်ဆုံးဖြစ်သွားပြီ။ အဲဒီကနေ စာပေနယ်ထဲ ရောက်ခဲ့ တာပဲ "
" ဆရာ့နာမည်ရင်း ဦးခင်မောင်တင့်ကနေ ကလောင်နာမည် တက္ကသိုလ်ဘုန်းနိုင်လို့ ယူတဲ့နေရာမှာ သီးခြား အကြောင်းကလေးတွေများ ရှိပါသလားဆရာ"
" ရှိတယ်ဗျ။ ဆရာ ကျောင်းမှာ စာရေးစဉ်တုန်းကတော့ ကလောင်နာမည်ကို "ဆွေသုမောင်"ဆိုပြီး ရေးတယ်။ ဆွေသုမောင် ဆိုတာက "ဆွေသုမောင် အပွေများကိုလ၊ မေယုတောင် နေရထားတွင်ပ၊ ခွေစကား မှာလိုက်မယ်" အဲဒီတေးထပ်ထဲက "ဆွေသုမောင်" ဆိုတဲ့ စကားလုံးက လှတယ်ဆိုပြီး ယူခဲ့ တာပဲ။ နောက်တော့ "ဆွေ" ဆိုတဲ့စကားက ကလက်တယ်ဆိုပြီး "သုမောင်" ချည်းပဲ ရေးဖူးသေးတယ်။ (အခုလည်း သုမောင် ရှိနေတယ်။) ပေါင်းတည်ကျောင်းမှာတုန်းကတော့ သုမောင် နဲ့ ချည်း ရေးတာပဲ။

အဲဒီတုန်းမှာ ဗန်းမော်တင်အောင်ရဲ့ "ဘုန်းမောင့် တစ်ယောက်တည်းရယ်" ၀တ္ထုထွက်လာတယ်။ ထွက်လာ တော့ သူငယ်ချင်းတွေက နောက်တယ်။ ဗန်းမော်တင်အောင်ရေးတာက ဆင်းရဲသော မိဘရဲ့ စာတော်သော သား။ ဆရာ့မိဘတွေကလည်း ဆင်းရဲတယ်။ ဆရာကလည်း စာတော်တယ်။ အဲဒီတော့ သူငယ်ချင်း တွေက (ကိုအုန်းကျော်၊ မြ၀တီက မောင်ကျော်သာတို့ပေါ့) သူတို့က နောက်ကြတယ်။ ဆရာ ကလည်း ဆင်းရဲသော မိဘရဲ့ စာတော်သောသား ဖြစ်ရတာ ဂုဏ်ယူတယ်။ ဆရာဗန်းမော်တင်အောင်ရဲ့ ၀တ္ထု ကိုလည်း ကြိုက်တော့ ရှုမ၀ကို ကဗျာပို့တဲ့အချိန်မှာ "တက္ကသိုလ်ဘုန်းနိုင်"လို့ ကလောင်နာမည် တပ်လိုက် တာပဲ။

တစ်နည်းအားဖြင့် ပြောရရင်တော့ ဆရာဗန်းမော်တင်အောင်ရဲ့ Influence ပါတာပေါ့။ ဆရာ ဗန်းမော်တင်အောင် ကတော့ မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတဲ့ ဆုနဲ့ ပြည့်စုံတဲ့သူဆိုတော့ ဆရာ သူ့ကို ပုဂ္ဂိုလ်ရေး အရလည်း ခင်တယ်။ ကွယ်လွန်သွားတဲ့အထိ ဆရာတို့နှစ်ယောက်က သိပ်ချစ်ကြတယ်၊ သိပ်ခင် ကြတယ်"
" ဆရာက ကဗျာက စ ခဲ့တဲ့သူဆိုတော့ ကဗျာနဲ့ ပတ်သက်တာလေးတွေက စပြီး ဆွေးနွေးချင်ပါတယ် ဆူရာ။ "ပိတောက်ပွင့်ဆဲ လသာဆဲ" ၀တ္ထုမှာ မမဝေက မောင်လေးလှိုင်ကို ပြောပြတယ်။ ကဗျာဆိုတာက နှလုံးသား ကို ပြောတာ၊ စကားပြေက ဦးနှောက်ကို ပြောတာတဲ့။ နှလုံးသားက နားလည်တဲ့ စကားတိုင်းကို ဦးနှောက် က နားမလည်နိုင်သလို ဦးနှာက်က နားလည်တဲ့ စကားတိုင်းကိုလည်း နှလုံးသားက နားမလည် နိုင်ဘူး တဲ့။ ဒီစကားလေးကို ပိုပြီး ပြည့်စုံအောင် ရှင်းပြစေချင်ပါတယ် ဆရာ"

" ဟား ဟား ... ဒီစကား ရှင်းရရင်တော့ ကဗျာကျမ်းတစ်အုပ် ရေးရမလို ဖြစ်နေပြီ။ တတ်နိုင်သလောက် တော့ အတိုချုပ်ပြီး ရှင်းပြပါ့မယ်။ ကျွန်တော်တို့ ကမ္ဘာ့ဘာသာစကားပညာရှင်ကြီးတွေ ပြောလေ့ရှိတဲ့ စကား တစ်ခုရှိတယ်။ စကားပြေကို ဘာသာပြန်လို့ ရတယ်တဲ့။ ကဗျာကို ဘာသာပြန်လို့ မရဘူးတဲ့။ အဲဒါ အလွန် မှန်တဲ့ စကားပဲ။ ဘယ်လူမျိုးရဲ့ ဘာသာစကားနဲ့ပဲဖြစ်ဖြစ် ရေးထားတဲ့ ၀တ္ထု၊ ဆောင်းပါး၊ ကျမ်းဖြစ်ဖြစ် ဘာသာပြန်ရင် တော်တော်တိတိကျကျ ဘာသာပြန်လို့ရတယ်။
ဒါပေမဲ့ ကဗျာတစ်ပုဒ်ကို ဟိုဘာသာကနေ ဒီဘာသာပြန်ရင် မရနိုင်ဘူး။ အဲဒါက ဘာကို ပြနေသလဲဆို တော့ ကကြီး၊ ခခွေး ရေးထားတာချင်း တူပေမယ့် ကဗျာနဲ့ စကားပြေကြားမှာ ကွာခြားမှုတွေ အများကြီးရှိ တယ် ဆိုတာပဲ။ ဒါကို ပညာရှင်တွေက လက်ခံတယ်။ လက်တွေ့ကြိုးစားဖူးတဲ့ သူတွေလည်းသိပါတယ်။

နိုင်ငံခြား တိုင်းပြည်တစ်ပြည်က ကျွန်တော့် မိတ်ဆွေတစ်ဦးက ဘာပြောသလဲဆိုတော့ ကျွန်တော်တို့ဆီက ကဗျာဆရာကြီး တစ်ယောက်ရဲ့ ကဗျာတွေကို သူတို့ ဘာသာပြန်ပြီး ဂုဏ်ပြုပါတယ်တဲ့။ ဒီပုဂ္ဂိုလ်ကြီးကို သူတို့ ကြည်လည်းကြည်ညို ပါတယ်။ လေးလည်း လေးစားပါတယ်တဲ့။ ဒါပေမဲ့ အမှန်ကို ၀န်ခံရရင် သူတို့ ဘယ်လိုမှ အရသာခံလို့ မရပါဘူးတဲ့။ ဒီလို ပြောဖူးတယ်။ ဒီတော့ ကျွန်တော်က " အေး ... မင်းတို့က ဗမာ မှ မဟုတ်ဘဲကိုး၊ တို့ဗမာတွေကတော့ ဒီကဗျာဆရာကြီး ရဲ့ စာတွေကို ရွတ်လိုက်ရတယ်၊ ဖတ်လိုက်ရတယ် ဆို ရင် တစ်ခါတည်း ပီတိတွေ တဖြန်းဖြန်းထသွားတာပဲ။ တို့ ငယ်ငယ်တုန်းကလည်း ကြိုက်တယ်။ အခု အသက်ကြီးလာတော့လည်း ကြိုက်တာပဲ" လို့ ပြောလိုက်ရတယ်။ တကယ်တော့ ဆရာကြီး ရဲ့ ကဗျာထဲမှာ ပါတဲ့ အလှ မှန်သမျှကို သူတို့ ဘာသာစကား နဲ့ ပြန်လို့မှ မရနိုင်ဘဲ။ အင်္ဂလိပ် လိုလည်း ပြန်လို့ မရပါဘူး။ အဲဒီလိုပဲ ကဗျာမှာ စကားပြေနဲ့ ကွာခြားချက်တွေရှိတယ်။ ဘာရယ်လို့ ဆိုတာ ကတော့ တိတိကျကျတော့ ဘယ်သူမှ မပြောနိုင်ကြသေးဘူး။ ကွာခြားမှု ရှိတယ်ဆိုတာပဲ ပြောနိုင်ကြ သေးတယ်။

ကျွန်တော် ဥာဏ်မီသလောက် ပြောရရင်တော့ ခံစားမှုတွေရှိတယ်။ ဒီခံစားမှုတွေကို အကျယ်ချဲ့ပြီး လျှောက် ရေးလိုက်ရင် ပျင်းစရာကောင်းသွားမယ်။ အင်္ဂလိပ်လိုတော့ ရှင်းတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, February 27, 2012

ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး, အပိုင်း (၅ဝ)

ဘ၀သရုပ်ဖော်စာပေနှင့်
နုနုရည်အင်းဝ

မေလထုတ် ပေဖူးလွှာ "တွေ့ဆုံပေးခြင်းကဏ္ဍ" အတွက် လူရွေးကြတော့ "နုနုရည် အင်းဝ"ကို တွေ့ဆုံဖို့ စဉ်းစားကြပါတယ်။ စာတည်းချုပ်ကို တင်ပြကြတဲ့အခါမှာ စာတည်းချုပ်ရဲ့ သဘောထားကတော့ နုနုရည် ရဲ့ စာတွေကို ဂရုတစိုက် ဖတ်လာမိကြတဲ့ အချိန်ကာလက သိပ်မရှည်ကြာသေးပေမယ့် စာဖတ်ပရိသတ် စိတ်ဝင်စား နေတဲ့ စာရေးဆရာမ ဖြစ်တာက တစ်ကြောင်း။ ပေဖူးလွှာကပဲစပြီး စင်တင်ခဲ့တဲ့ စာရေးဆရာ ဖြစ်တာက တစ်ကြောင်း၊ ဒီကဏ္ဍနဲ့ပတ်သက်ပြီး စာတည်းအဖွဲ့ ခံယူထားတဲ့ မူအရ တစ်ကြောင်း နုနုရည်ကို ပဲတွေ့ဆုံပါလို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ ဒါကြောင့် ဒီလ ကျွန်တော် တွေ့ဆုံပေးရမယ့်သူက စာရေးသက် တစ်နှစ်တာအတွင်း မဂ္ဂဇင်း အတော်များများမှာ နေရာယူလာတဲ့ နုနုရည်အင်းဝ။

" ကိုဝင်းငြိမ်း မမေးခင် ပေဖူးလွှာမဂ္ဂဇင်းရဲ့ တွေ့ဆုံခန်းနဲ့ ပတ်သက်ပြီး ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်တာလဲ ဆိုတာကိုတော့ ကျွန်မ သိချင်ပါတယ် "
" ပေဖူးလွှာမဂ္ဂဇင်း စထုတ်တော့မယ်ဆိုပြီး ပုံစံ စချကြတော့ ဒီကဏ္ဍ မပါပါဘူး။ အမှတ်(၇)အထိ တွေ့ဆုံ ပေးခြင်းကဏ္ဍ လုံးဝ မပါဘူး။ ဒါပေမဲ့ စာဖတ်ပရိသတ်က တောင်းဆိုလာတယ်။ အင်တာဗျူးတစ်ခု ထည့်ပေး ပါ ဆိုတော့ စာတည်းအဖွဲ့က စဉ်းစားကြပါတယ်။ ဘယ်လို အင်တာဗျူးမျိုး ထည့်မလဲ။ ဒီနေ့ ကျွန်တော်တို့ မဂ္ဂဇင်းအမျိုးအစားမျိုးစုံ ကိုယ့်ပုံစံနဲ့ကိုယ် ရပ်တည်နေကြတယ်။ မဂ္ဂဇင်းအများစုမှာ ကိုယ်နဲ့ဆိုင်တဲ့ အင်တာ ဗျူးတွေ ထည့်ကြတယ်။ အင်တာဗျူး ထည့်တာ ကောင်းတယ်၊ မကောင်းဘူး ဆိုတာကို ကျွန်တော် မပြော လိုပါဘူး။ ဒါပေမဲ့ ဆရာမ စဉ်းစားကြည့်ပါ။ ကမ္ဘာမှာ စောင်ရေသန်းနဲ့ချီပြီး ရောင်းနေတဲ့ တိုင်း(မ)လို၊ နယူး(စ)ဝိခ် လို မဂ္ဂဇင်းတွေတောင်မှ အင်တာဗျူးနဲ့ မကင်းပါဘူး။

ပေဖူးလွှာက ထည့်မယ့် တွေ့ဆုံပေးခြင်းကဏ္ဍဟာ စာဖတ်သူအတွက် တစ်စုံတစ်ရာ ပေးစွမ်းနိုင် ရမယ်ဆိုတဲ့ ဦးတည်ချက်ကို ပထမ ကျွန်တော်တို့ ထားလိုက်ကြတယ်။ ဒါဖြင့် ဘယ်လို တွေ့ဆုံပေးခြင်းမျိုး ထည့်မလဲ။ ပေဖူးလွှာက "စာပေ" မဂ္ဂဇင်းဖြစ်တယ်။ ဒါကြောင့် စာပေလိုက်စားတဲ့ စာချစ်သူတွေအတွက် စာရေးဆရာ တွေရဲ့ ဘ၀အတွေ့အကြုံ၊ အတွေးအခေါ်၊ အယူအဆတွေကို ဖော်ပြပေးနိုင်မယ့် "စာရေးဆရာ" တွေနဲ့ တွေ့ဆုံပေးတဲ့ ကဏ္ဍကိုသာ ထည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ "တွေ့ဆုံပေးခြင်း" ကဏ္ဍဟာ ပေါ်ပြူလာ ဖြစ်ချင်လို့ ထည့်တာလား၊ စာဖတ်သူ အတွက် ထည့်တာလား ဆိုတာ ဆရာမ ရှင်းလောက်ပြီထင်ပါတယ် "
" အဲလိုဆိုရင် ကျွန်မထက်ပိုပြီး ၀ါရင့်တဲ့ ကလောင် ရှင်ကြီးတွေက စာဖတ်သူတွေကို ပိုပြီး ပေးစွမ်းနိုင်လိမ့် မယ်လို့ ကျွန်မ ယုံကြည်တယ်။ သူတို့တွေ နှစ်ပေါင်းများစွာ ဖြတ်သန်းလာရတဲ့ စာပေခရီးက အတွေ့အကြုံ တွေ၊ အယူအဆတွေ အားလုံးဟာ စာဖတ်သူတွေအတွက် ပိုပြီး အကျိုးရှိလိမ့်မယ်လို့ ကျွန်မ ထင်တယ် လေ၊ ကျွန်မက ခုမှ ကလောင်သက် တစ်နှစ်ပဲ ရှိသေးတာပဲ "
" ဒီလိုရှိပါတယ် ဆရာမ။ ကျွန်တော်တို့ ဒီကဏ္ဍ စထည့်ကတည်းက စကားပလ္လင်ခံထားတာ ရှိပါတယ်။ "၀ါစဉ်အရ မဟုတ်မူဘဲ စာတည်းအဖွဲ့မှ လုပ်ငန်း အဆင်ပြေ အလျဉ်းသင့်သလို ဖော်ပြပေးသွားပါမည်" လို့ ဆိုထားခဲ့ပါတယ်။ မဂ္ဂဇင်း ပရိသတ်နဲ့ လုံးချင်းပရိသတ် မတူပါဘူး။ လုံျးင်းပရိသတ်က သူ ကြိုက်တဲ့ စာအုပ် ကို ကောက်ဖတ်လိုက်ရုံပဲ။

မဂ္ဂဇင်း ပရိသတ်ကျတော့ ရသ စုံစုံလင်လင်ကို မျှော်လင့်ပြီး ဖတ်ကြတယ်။ ဒါ ကြောင့် ဒီကဏ္ဍမှာလည်း စာရေးဆရာ ကြီး၊ လတ်၊ ငယ် အရွယ်သုံးပါးစလုံးကို အလျဉ်းသင့်သလို အလှည့်ကျဖော်ပြပေးနေတာပါ။ ဆရာမတို့လို ကလောင်သက် နုသေးပေမယ့် စာဖတ်ပရိသတ် စိတ်ဝင် စားတဲ့ ပုဂ္ဂိုလ်မျိုးတွေ ပါသလို ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ ဒေါ်ခင်နှင်းယု၊ ဒေါ်ခင်ဆွေဦး စတဲ့ ၀ါရင့် ပုဂ္ဂိုလ် ကြီးတွေလည်း ပါခဲ့ကြဖူး ပါတယ်"

" ကဲ ... ဒါ ထားပါတော့။ ကိုဝင်းငြိမ်းနဲ့ ကြိုတင်ပြီး ညှိချင်တာကတော့ ကျွန်မက ကိုဝင်းငြိမ်း မေးသမျှ အား လုံး ကို ဖြေချင်တယ်။ ဒါကြောင့် မေးခွန်းတွေဟာ စာဖတ်သူတွေအတွက် အကျိုးရှိမယ့် မေးခွန်း တွေပဲ ဖြစ်စေ ချင်တယ်။ ကဲ ... မေးပါ ကိုဝင်းငြိမ်း "
" ကျွန်တော် တို့ အနေနဲ့ စာဖတ်သူတွေအတွက် အကျိုးရှိမယ့် မေးခွန်းမျိုးသာ အစဉ်တစိုက် မေးခဲ့ပါတယ်။ အခု ဆရာမက မေးပါ ဆိုပေမယ့် ကျွန်တော်က မမေးချင်သေးဘူး။ မေးသမျှကို ဖြေချင် ပါတယ်။ ဒါကြောင့် စာဖတ်သူတွေအတွက် အကျိုးရှိမယ့် မေးခွန်းတွေပဲ ဖြစ်စေချင်တယ်လို့ ဆိုလိုက်တယ် "

" ဟုတ်ပါတယ် "
" ကျွန်တော် အထက်မှာ ပြောခဲ့သလို ပေဖူးလွှာအမှတ်(၉)က စပြီး ဒီကစ ခဲ့တာ။ အခု ဆရာမ ဖြေရမှာက အမှတ်(၄၈)အတွက်ဆိုတော့ ဖြေခဲ့ဖူးသူတွေ ဘယ်လောက်ရှိသွားပြီဆိုတာ တွက်ကြည့်ပါ။ ဒီဆရာ၊ ဆရာမ အားလုံး ကို ကျွန်တော် မေးခဲ့တဲ့ မေးခွန်းတွေမှာ တစ်ခုမှ စာဖတ်သူအတွက် အကျိုးမဲ့စေမယ့် မေးခွန်း မပါခဲ့ ဘူးဆိုတာ ဒီကဏ္ဍကို အစဉ်တစိုက် ဖတ်လာခဲ့တဲ့ စာဖတ်ပရိသတ်တိုင်းသိပါတယ်။ ကျွန်တော့် မေးခွန်းကို သာ ပြောတာနော်။ မေးခွန်းက တခြား၊ အဖြေက ကိုယ့်ဟာကိုယ် ပြောချင်တာ တွေ ပြောပြီး ကိုယ်ရေးကိုယ် တာတွေ ပါလာတာတော့ကျွန်တော်နဲ့ မဆိုင်ဘူးထင်ပါတယ်။ ကျွန်တော့် မေးခွန်း မှာ ဆရာမ ကိုယ်ရေးကိုယ် တာပါလာမယ်ဆိုရင် ဒါမှမဟုတ် မဖြေချင်လောက်အောင်ဖြစ်တဲ့ ကိစ္စမျိုး ပါလာရင် မဖြေဘဲနေလို့ရပါတယ်"
" စာဖတ်သူ အကျိုးရှိမယ့် အဖြေမျိုးဆိုရင် ဘယ်လိုကိစ္စမျိုးဖြစ်ဖြစ် ကျွန်မ ဖြေနိုင်ပါတယ် "

" ကျွန်တော်တို့ စ ပြောလိုက်ကြရအောင်။ ဆရာမ စပြီး စာရေးဖြစ်တာက စ သိချင်ပါတယ်။ ကျောင်းသူ ဘ၀ က စာရေးဖြစ်သလား။ ပေဖူးလွှာမှာ ဖော်ပြခဲ့တဲ့ "ထဘီကလေးတစ်ထည်"က ဆရာမရဲ့ ပထမဆုံး ၀တ္ထုပဲလား။ ဒီဝတ္ထုကို ပို့ထားပြီး ဘယ်လောက်ကြာမှ ဖော်ပြခြင်း ခံခဲ့ရတာလဲ။ ပို့ထားတာ ကြာ တော့ ဆရာမ စိတ်ပျက်မိသေးလား "
" ထဘီကလေးတစ်ထည်ဟာ ကျွန်မရဲ့ ပမဆုံးဝတ္ထုပါပဲ။ ကျန်တဲ့ မေးခွန်းတွေကတော့ ကိုဝင်းငြိမ်းရယ် ကျောင်းသူဘ၀မှာ စာစရေးဖြစ်တယ်။ မရေးဖြစ်ဘူးတို့၊ မဂ္ဂဇင်းကို ၀တ္ထုပို့တာ ခြောက်လကြာမှပါတယ်၊ တစ် နှစ်ကြာမှ ပါတယ်တို့၊ ပို့ထားတာ ကြာတာကို စိတ်ပျက်တယ် မပျက်ဘူးတို့၊ ကျွန်မတို့လို စာရေးစ ကလောင် ရှင်တွေကို ပြောပြချင်တာက ဒါတွေကို ဂရုမစိုက်ဘဲ စာဆက်ရေးကြပါ ဆိုတာတွေက မေးတဲ့လူရော၊ ပြောတဲ့လူရော ဖန်တရာတေနေကြပါပြီ။ ကဲ နောက် တစ်ခုသာ မေးပါ"

" ကျွန်တော် ဒီမေးခွန်းကို လူတိုင်းကို မေးလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမေးခွန်းကို ဖြေလိုက် တော့မှ အောင်မြင်တဲ့ ကလောင်တစ်လက် ဖြစ်လာအောင် ဘယ်လို ကြိုးစားရတယ်ဆိုတဲ့ အဖြေပေါ်လာ မယ်။ ဒီအဖြေက ဆရာမ စောစောက ပြောတဲ့ စာဖတ်သူကို တစ်စုံတစ်ရာ ပေးစွမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်မှာ တစ်စိတ်တစ်ဒေသ ပါတာပေါ့။ နုနုရည် ... နုနုရည် ... နဲ့ ဒီနေ့ မဂ္ဂဇင်းတွေမှာ ဖြစ်လာတာလဲ၊ ဘယ်လို ဖြစ်လာတာလဲ၊ မဂ္ဂဇင်းတွေက စာတည်းအဖွဲ့ဝင်တွေနဲ့ သိလို့ နေ့ချင်းညချင်း နတ်ရေကန်ထဲ ချလိုက်သလို နာမည်ထွက်လာတာလား။ ဒါကို လိုချင်လို့ ကျွန်တော် မေးတာ။
ကလောင်သစ်တင်ယောက်ကိုတင် မေးတဲ့ မေးခွန်း မဟုတ်ပါဘူး။ အားလုံးကို မေးခဲ့တာပဲ။ သူတို့တစ် တွေလည်း စိတ်ပါလက်ပါ ဖြေခဲ့ကြတာပဲ။ တစ်နည်းအားဖြင့်တော့ ဒီအဖြေဟာ မိမိကလောင်ရဲ့ အတ္ထုပ္ပတ္တိပါ။ ဒါပေမဲ့ ဆရာမက ဒီမေးခွန်းကို မဖြေနိုင်ဘူး ဆိုရင်တော့လည်း နောက်တစ်ခု ဆက်ကြ တာပေါ့။

ဆရာမ ၀တ္ထုတွေ ဖတ်ပြီးတဲ့ စာဖတ်ပရိသတ်က အမျိုးသမီးစာရေးဆရာမ တစ်ယောက်အနေနဲ့ အတွေးရဲ တယ်လို့ တုံ့ပြန်ကြတယ်။ ဥပမာ - ကျွန်တော်တို့ ပေဖူးလွှာမှာ ပါခဲ့တဲ့ "ထဘီကလေးတစ်ထည်" တို့၊ ညှိုးသူ ကို ကူဆောင်လို့ "တို့ပေါ့။ ဒီဝတ္ထုနှစ်ပုဒ် ဖန်တီးတဲ့နေရာမှာ ခံစားယူတဲ့ ဆရာမဘက်က ခံစားချက် ကို ဖြစ် နိုင်မယ်ဆိုရင် ပြောပြစေချင်ပါတယ် "
" ကျွန်မ ၀တ္ထုတွေကို ဖန်တီးတဲ့နေရာမှာ ကျွန်မ တွေ့ခဲ့၊ မြင်ခဲ့၊ ကြုံခဲ့၊ ကြားခဲ့ဖူးတဲ့ ဖြစ်ရပ်မှန်တွေက နေပြီးတော့ ဖန်တီးယူပါတယ်။
" ထဘီကလေး တစ်ထည် "ထဲက မိဒိုးနဲ့ ညှိုးသူကို ကူဆောင်လို့ ထဲက မငွေမြိုင်တို့ ဟာလည်း ကျွန်မ တွေ့မြင်ကြုံကြိုက်ခဲ့ရတဲ့ ဇာတ်ကောင်တွေထဲက နှစ်ယောက်ပေါ့။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, February 26, 2012

ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး, အပိုင်း (၄၉)

သော်တာဆွေနှင့်တွေ့ဆုံခြင်း

ဆရာ သော်တာဆွေ့ စာတွေနဲ့ ကျွန်တော် ရင်းနှီးခဲ့တာကြာပါပြီ။ စာဖတ်ဝါသနာပါစ အရွယ် ကတည်း ကပဲ ဆိုကြပါစို့။ ကျွန်တော့်အဖေက သူ့မိတ်ဆွေ ဆရာသော်တာဆွေရဲ့ ၀တ္ထုတွေကိုစုပြီး ချုပ်ထားလေ့ ရှိတယ်။ ပြီးတော့ ဆရာနဲ့ အဖေနဲ့ က ဟာသ၀တ္ထုတွေမှာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ဇာတ်ကောင် ထားရေး ကြတယ်။ အဖေ က "သော်တာဆွေနဲ့ ကြောင်ပြန်ပေး" ဟာသ၀တ္ထု ရေးလိုက်တာ ဆရာ ကလည်း "ကြံ့ဗဟုန်း" ၀တ္ထုမှာ ကျွန်တော့် အဖေကို ဇာတ်ကောင်ထားရေးသွားတယ်။
ဆရာသော်တာဆွေ၊ ဆရာတက္ကသိုလ်နန္ဒမိတ်၊ ဆရာတင့်တယ်၊ ဆရာအောင်လင်း၊ ဆရာရန်ကုန်ဘဆွေ တို့ ရဲ့ စကားဝိုင်းတွေမှာ ပြောကြတာတွေကိုလည်း အဖေက အိမ်မှာပြန်ပြောတတ်တာ ဆိုတော့ ကျွန်တော့် အတွက် ရင်းနှီးကျွမ်းဝင်နေတယ်။

ဒီလ တွေ့ဆုံခန်းအတွက် ဆရာသော်တာဆွေနဲ့ တွေ့ဆုံပေးဖို့ ဆရာ့ဆီ ရောက်သွားတော့ ဆရာက "မင်း ကို ဘညိမ်းသား မဟုတ်လား" လို့ ချက်ချင်း တန်းမေးပါတယ်။ အဖေနဲ့ သူတို့ ရင်းနှီးခဲ့ကြတာတွေကို ပြန်ပြောရင်း ပျော်စရာကောင်းတဲ့ "တွေ့ဆုံပေးခြင်း" တစ်ခု ဖန်တီးနိုင်ခဲ့သလို ကျွန်တော်တို့အတွက် ကွယ်လွန်သူ ကျေးဇူးရှင် မွေးသဖခင် ကို လွမ်းဆွတ်သတိရစေတဲ့ " တွေ့ဆုံခြင်း"လည်း ဖြစ်ခဲ့ရပါတယ်။

ဆရာနဲ့ ကျွန်တော် ပြောခဲ့ကြတာတွေကတော့ ...
" အဲ ... အဲ မင်းတို့ ပေဖူးလွှာက စာဖတ်သူနဲ့ စာရေးဆရာ တွေ့ဆုံပေးခြင်းကိစ္စဟာ တစ်နေ့ ငါ့ဆီ ရောက် လာမှာပဲလို့ မျှော်လင့်ထားပါတယ်ကွာ။ ကဲ ... မောင်ဝင်းငြိမ်း၊ မင်းက ကျားဘညိမ်းရဲ့သား၊ ငါကလည်း ကြံ့ဗဟုန်း ကို ဖန်တီးတဲ့လူ၊ ကျားနဲ့ ကြံ့ ခန့်ခန့်ကြီး တွေ့ကြပြီပေါ့ကွာ။ မင်း ဘာပြောချင်လဲ ... "
" ကျွန်တော် က ဘာမှ မပြောချင်ပါဘူးဆရာ၊ ဆရာ့ကို မေးချင်တာပါပဲ"
" ဟေ့ ... မောင်ဝင်းငြိမ်းရေ၊ အမေ နွားကျောင်းသား၊ အဖြေ ဘုရားလောင်းဆိုတဲ့ စကားရှိတယ်။ အခု တော့ ငါကလည်း ဘုရားဆုပန်ဖို့ စိတ်ကူးထဲတောင် မထည့်မိဘူး။ မင်းကလည်း ကောင်းဘွိုင် မဟုတ်၊ သို့သော် မင်း မေးချင်ရာမေးကွာ၊ ငါ ဖြေတတ်သလို ဖြေမှာပဲ "
" ဆရာ ၀တ္ထုရေးဖြစ်ပုံကစပြီး သိချင်ပါတယ် "

" ဒီလိုကွာ ... ငါတို့ ကျောင်းသားဘ၀ အင်္ဂလိပ်ခေတ်က မြန်မာပြည်မှာ ဒဂုန် မဂ္ဂဇင်းရယ်၊ သူရိယမဂ္ဂဇင်း ရယ်၊ မြန်မာ့အလင်း မဂ္ဂဇင်းရယ်လို့ မဂ္ဂဇင်းသုံးခုပဲ ရှိတယ်ကွ။ အခု မင်းတို့ခေတ်မှာလို မဂ္ဂဇင်းတွေ အများကြီး၊ မည်သူမဆို ၀တ္ထု၊ ကဗျာ၊ဆောင်းပါးရေးပို့နိုင်တယ်လို့ ကြေညာချက်လည်း မရှိဘူး။ သူ့မဂ္ဂဇင်း နဲ့၊ သူ့စာရေးဆရာ နဲ့ ဘောင်ခတ်ထားသလိုပဲ။ ဒဂုန်မဂ္ဂဇင်းမှာဆိုရင် ဒဂုန်ခင်ခင်လေး၊ ဒဂုန်ရွှေမျှား၊ ဒဂုန်မြတ်လေးနွယ် စသည်ဖြင့် ဒဂုန်ဝိသေသခံတွေ အပြည့်။ သူရိယမှာ ဆိုရင်လည်း ရွှေဥဒေါင်း၊ ဇ၀န၊ မဟာဆွေ၊ သတိုးအိမ်၊ ပီမိုးနင်း စသည်ဖြင့်၊ မြန်မာ့အလင်း မဂ္ဂဇင်းမှာ ဆိုရင်လည်း မြမျိုးလွင်၊ ဓူဝံ၊ ရွှေပိန်သောင်း စသည်ဖြင့်။ သူ့မဂ္ဂဇင်းနဲ့ သူ့စာရေးဆရာနဲ့ ကွက်တိ။

ဒီတော့ ကလောင်သစ် ၀င်တိုးဖို့က အင်မတန် ခဲယဉ်းနေတယ်။ သို့သော် ၁၉၄၁ ခုနှစ် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ဖို့ သုံး လေးလအလိုမှာ စက်တင်ဘာလ ထင်ပါတယ်ကွာ။ သူရိယမဂ္ဂဇင်းက ကြေညာချက် တစ်ခု ထုတ်တယ်ကွ။ ၀တ္ထုတိုပြိုင်ပွဲ။ ပထမ ဟာသ၀တ္ထု၊ ဒုတိယ စုံထောက်ဝတ္ထု၊ တတိယ စွန့်စား၍ ကြီးပွားခြင်း ၀တ္ထုသုံးမျိုး။ ရွေးချယ်ခြင်းခံရလျှင် ဆုငွေ ၁၅ ကျပ်၊ သုံးမျိုးစလုံး ကို ငါ ဆက်တိုက် ရေးပြီး ပို့လိုက်တာပဲဟေ့။ ဒါပေမဲ့ ဟာသ၀တ္ထု တစ်မျိုးသာလျှင် ပြိုင်ပွဲ ကျင်းပဖြစ်တယ်။

ငါ့ဝတ္တုတွေတော့ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ခါနီး သူရိယမဂ္ဂဇင်း ရပ်စဲရတော့မှာမို့ ဆိုပြီး ပြန်ပို့တယ်ကွ။ အဲဒီ သူရိယ မဂ္ဂဇင်း ကျေးဇူးကြောင့် ငါ ရေး ဖြစ်လိုက်တဲ့ ၀တ္ထုသုံးပုဒ် နောင်သောကာလ ဒုတိယ ကမ္ဘာစစ်ကြီးပြီး၍ ၁၉၄၇ ခုနှစ်မှာ မြန်မာစာပေ ပြန်လည်ဆန်းသစ်တော့ သူရိယမဂ္ဂဇင်းက ပလိုက်တဲ့ ဟာသ၀တ္ထု ကို ပြန်လည်ပြုပြင်ရေးသားခြင်းဖြင့် သော်တာဆွေရဲ့ ပထမဦးဆုံး ဟာသ၀တ္ထု "ဘရန်ဒီတစ်ပုလင်း" ဖြစ်လာပါတယ်။ ပြိုင်ပွဲမလုပ်ဖြစ်တဲ့ စုံထောက်ဝတ္ထုကတော့ "ရန်အောင်ရတနာ" လုံးချင်း ၀တ္ထုဖြစ်လာပါတယ်။ စွန့်စား၍ ကြီးပွားခြင်း ၀တ္ထုကတော့ ငါ့ဟာငါ မကြိုက်တာနဲ့ ပြန်မရေး တော့ပါဘူး။ ကဲ ... ဒုတိယ မေးခွန်းမေးတော့ နွားကျောင်း သားလေးရေ"
" ဆရာ့နာမည်ရင်း " ဦးကြင်ဆွေ "ကနေ ကလောင်နာမည် "သော်တာဆွေ" ဆိုတာကို ဘယ်လို စိတ်ကူးနဲ့ ယူခဲ့တာပါလဲ"

" ဒီလိုကွ ... ငါ သူရိယမဂ္ဂဇင်း မှာ ၀တ္ထုပြိုင်ပွဲဝင်စဉ်က ကလောင်နာမည်က "ကြက်ဥအရောင်၊ တိမ်တောင် သဖွယ်၊ မင်းရေးကြွယ်" ဆိုတဲ့ စကားထဲက ကောက်နုတ်ပြီး" မိုးတိမ်တောင်" ကွ။ နောက် စစ်ပြီးခေတ် စာရေးဆရာ ဖြစ်ခါနီးတော့ ဒီနာမည် ကြီး ကို မကြိုက်တော့ဘူး။ အဲသည်တော့ "ဘရန်ဒီတစ်ပုလင်း" ၀တ္ထု ရှုမ၀ ပို့ခါနီးတော့ ငါ မန္တလေးကို ဆရာကြီး ရွှေဥဒေါင်းအိမ် ရောက်နေပြီကွ။ "ရန်အောင်ရတနာ" စုံထောက် ၀တ္ထုကို ဆရာကြီး ပြပြီး သင့်လျော်ရင် အမှာစာ ရေးပေးပါလို့ တောင်းပန် ထားပြီ။

အဲဒီအချိန်မှာ ငါ ကလောင်နာမည်မှည့်ဖို့ စဉ်းစားတာပဲ။ ဆရာကြီး ရွှေဥဒေါင်း ကို ဒီနာမည် ဘာလို့ ယူသလဲ မေးတော့ သူက သူရိယသတင်းစာနဲ့ မဂ္ဂဇင်းမှာ အလုပ်လုပ်တာမို့ သူရိယဆိုတာ နေ၊ နေရဲ့ အမှတ်အသား က ဒေါင်း။ ဒါကြောင့် သူက ရွှေဥဒေါင်း။ အဲသည်တော့ ကိုယ့်ကိုယ်ကို စုံထောက်ဝတ္ထုရေး ဆရာဖြစ်မယ်လို့ ထင်နေတဲ့ ငါကလည်း ရွှေဥဒေါင်းကတစ်ဆင့် ပညာခံယူရတာမို့ နေကရောင်ပြန်ဟပ်ပြီး လင်းတာဟာ လ၊ လဆိုတော့ စန္ဒာ၊ သော်တာ သီတဂူ။ ဘယ်သင်းယူရမလဲ စဉ်းစားတော့ ရုတ်တရက် ဆရာကြီး ရွှေဥဒေါင်း ကြီးပွားရေး မဂ္ဂဇင်းထဲမှာ ရေးခဲ့တဲ့ "လက်ဝှေ့ချန်ပီယံ သော်တာစိန် "ဆိုတဲ့ ၀တ္ထုငါ့ခေါင်းထဲ ပေါ်လာတယ်ကွ။ ဒီဝတ္ထုပါ သိပ်ကြိုက်တာပဲ။ ဒါကြောင့် ကျွန်တော် မောင်ကြင်ဆွေ က နေပြီး သော်တာဆွေ ဖြစ်လာပါတယ် ကိုဝင်းငြိမ်း ခင်ဗျား။ ကဲ ... ကောင်းဘွိုင်၊ ကမ်းမွန်း၊ အနားသား ကွက်ရှင် "

" ဆရာတို့ အရင်ခေတ်က ပဒေသာမဂ္ဂဇင်း ထုတ်ခဲ့ကြသေးတယ်လို့ သိရပါတယ်။ ခုလည်းဆရာက "သောင်းပြောင်း" မှာ စာတည်းချုပ် လုပ်နေဆဲဆိုတော့ ဟိုတုန်းက မဂ္ဂဇင်း ထုတ်ဝေရတာနဲ့ အခုခေတ် ဘယ်လို ကွာခြားတယ် ဆိုတာကို သိပါရစေ "
" မေးပြီးခင်ဗျ မေးပြီ။ အကြံခက်ပါ သနော် သန်လျက်တော် ယူသည့် သူခိုးကိုလ၊ သူ၏အမျိုးကို စကား ထုတ်ဖော် လို့ ပြောရမှာဖြင့် ဓားကုပ်ပေါ်မှာဝဲ။ ပဒကုသလ လို ငိုချင်းချလိုက်ချင်တယ် မောင်ဝင်းငြိမ်း ရေ။ တို့ ပဒေသာ ထုတ်စဉ်ခေတ်က စာတစ်အုပ် ထုတ်ဖို့ဟာ သိပ်လွယ်ပါတယ်ကွာ။ အရေးပိုင်ရုံးသွာ၊ ကိုယ်ရေး ရာဇ၀င် လေး မည်ကာမတ္တ ပြောပြ၊ ဟော မှတ်ပုံတင်နံပါတ် ထုတ်ပေးလိုက်တာပါပဲ။ အဲဒီ နံပါတ် စာတိုက်သွားပေး၊ စာတိုက်က လုံးချင်းစာအုပ်တွေ ရဲ့ သုံးပုံတစ်ပုံပဲ ပေးရသကွ။

နို့ပြီး စက္ကူဆိုတာကလည်း နော်ဝေစက္ကူတွေ တစ်ထုပ်မှ ခြောက်ကျပ် ပတ်လည်ရယ်။ ခြောက်ကျပ် မတ်တင်း၊ ခြောက်ကျပ် တစ်မတ်။ တစ်ခါတလေ စက္ကူသင်္ဘော ပြတ်လို့ ခြောက်ကျပ်ခွဲများဖြစ်ရင် တို့က ကာရန်နဲ့တောင် ဆဲပစ်လိုက်သေးတယ်။ ပုဂ္ဂလိက ကုလားဆိုင်တွေ၊ တရုတ်ဆိုင်တွေမှာ တစ်ထုပ်တည်း ၀ယ်လို့လည်း ရသကွ။ တစ်ထောင် ၀ယ်ချင်ရင်လည်း ရသကွ။ အကြွေးဝယ်လို့လည်း ရသကွ။ စာအုပ်ပြီးရင်ဆို ဘိုင်းနင်း စာအုပ်ချုပ်တဲ့ဆိုင်ကနေ ဖြန့်လိုက်တာပဲ။ ကမ်းမွန်း နိတ်က်စ်ကွက်ရှင် "
" ကျွန်တော်တို့ မဂ္ဂဇင်းလောကမှာ သံမနိရှည်တဲ့ မဂ္ဂဇင်းဆိုလို့ "ရှုမ၀" နဲ့ "သွေးသောက်" ကို လက်ညှိုးထိုး ပြစရာ ရှိပါတယ်။ ရှုမ၀ဆိုရင် ခုထက်ထိပဲ သူ့လိုင်းနဲ့သူရပ်တည်နေတဲ့ မဂ္ဂဇင်းအဖြစ် စာဖတ်ပရိသတ် က လေးစားကြဆဲပါ။ ရှုမ၀ က စာရေးဆရာတွေ အများကြီး မွေးထုတ်ပေးနိုင်ခဲ့ပေမယ့် ဒီနေ့ ကျွန်တော် တို့ မဂ္ဂဇင်းတွေကျတော့ သူ့လောက် မွေးမထုတ်နိုင်ပါဘူး ဆရာ။ အဲဒါ ဘာကြောင့်လို့ ဆရာ မြင် ပါသလဲ"

" ဟဲ့ ... အချိန်ကာလချင်းက မတူဘူးကွ။ ရှုမ၀ စထုတ်တဲ့အချိန်က စာအုပ်လောက တိမ်ငုပ်နေတဲ့ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးလို့ မြန်မာစာပေ ပြန်လည်ပျိုးထောင်တဲ့ ကာလကွ။ အဲသည်တော့ ဂျပန်ခေတ် တစ်ခေတ် လုံး အောင်းနေရ တဲ့ စာပေ၀ါသနာရှင် စာရေးဆရာ လောင်းလျာတွေဟာ ရေကာတာ ကျိုးပေါက်သလို ဒလဟော မျောပါလာကြတာကွ။ တင့်တယ်၊ သန်းဆွေ၊ မိုးဝေ၊ မင်းရှင်၊ ရဲခေါင်၊ လင်းယုန်နီ၊ သာဓု၊ သော်တာဆွေ၊ ငွေတာရီ၊ ခင်နှင်းယု။

အဲ ... အခု မင်းတို့ မဂ္ဂဇင်းခေတ်ကတော့ ရေကာတာ ကျိုးပေါက်သလို မဟုတ်တော့ဘူး။ စီးသာတဲ့ သောင်ခြေ မှာ တောင်လေကို မိတ်ဆွေဖွဲ့ပါလို့ ကုက္ကလံ မြောက်ကို လှည့်ကာမှ ပြန်ခဲ့မယ် ရွှေညာသူရဲ့ ... ဆိုတာ လို စာမူကရှား၊ အေး ... စာရေးဆရာကောင်းတွေ ကလည်း အထွက်နှေး။ တစ်နည်းအားဖြင့် မဂ္ဂဇင်း တွေက များတော့ ရေပြင်တစ်ခုတည်းမှာ ပိုက်ကွန်ကိုယ်စီ ချကြတဲ့ တံငါတွေလိုပဲ။ ငါးကြီး ငါးကောင်း ရယ် မရွေးနိုင်ဘူး။ ရသမျှ ငါးဟင်းစားအုပ်နေတာပဲ မဟုတ်လား ကွ။ ကမ်းမွန် အနားသားကွက်ရှင် "
" ဆရာ့ကို ဟာသ၀တ္ထု ရေးတဲ့သူ တစ်ယောက်အနေနဲ့ စာဖတ်ပရိသတ်က လေးစား လက်ခံပြီးသား ဆိုတော့ ဟာသစာပေ နဲ့ ပတ်သက်ပြီး ဘယ်လို ဖန်တီးယူတယ်။ အကြောင်းအရာ တစ်ခုကို ဟာသရှုထောင့် က ဘယ်လို ကြည့်တယ်ဆိုတာ သိပါရစေ "

" ဟာ ... မင်းမေးခွန်းဟာ ဖြေရ မလွယ်ဘူးကွ။ ဥပမာ - "ဒီကောင်မလေး ချောလိုက်တာဟယ်၊ ဘာလို့ များ ဒီလောက် ချောပါလိမ့်" ဆိုတာလို ဖြစ်နေတယ်ကွ။ အဲဒါကို ဘယ်လို ဖြေမလဲ။ ကောင်မလေးလည်း မဖြေ နိုင်ဘူး။ သူ့အမေ အဖေလည်း မဖြေနိုင်ဘူး။ သူကလေးရဲ့ ဘ၀ကုသိုလ်ကံကောင်းလို့ လှတယ်ပဲ ဆိုရမှာ လို၊ သော်တာဆွေရဲ့ ဘ၀ပါရမီကံက ဟာသဥာဏ်ပါခဲ့လို့ပဲ ဖြေပါရစေတော့ကွာ။ နောက် မေးခွန်း လာ"
" ဟာသနဲ့ သရော်စာ ဘယ်လို ကွာခြားပါသလဲ ဆရာ "

" ဟာသဆိုတာက ရယ်စရာသက်သက်ပဲ။ သရော်စာ ဆိုတာ တစ်စုံတစ်ယောက်ကို သို့မဟုတ် အကြောင်း အရာ တစ်ခုခုကို ရိချင်၊ ကလိချင်၊ လှောင်ချင် ပြောင်ချင်တဲ့စိတ်နဲ့ ရေးတာကွ "
" ဟာသရေးတဲ့နေရာမှာ ဆရာ့ စာတွေဟာ ကလိထိုးတာမျိုး မဟုတ်ဘဲ ရယ်ရပါတယ်။ ဒါပေမဲ့ ဒီလို ရေးတဲ့ နေရာမျိုးမှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ထိခိုက်စေနိုင်မယ့် ဟာသမျိုးနဲ့ ပတ်သက်လို့ ဆရာ ဘယ်လို မြင် ပါသလဲ။ ဥပမာ - ဆရာသာဓုနဲ့ ပတ်သက်ပြီး ရေးတဲ့နေရာမှာ ကိုဝဏ္ဏကို "မျောက်ပြာသုတ် အမွေးနုတ်ထား တဲ့ ရုပ်မျိုး" လို့ ရေးလိုက်တာ မျိုးပေါ့ ဆရာရယ် "
" ဟ ကောင်ရ ... သာဓုတို့ သားအဖေ ကို ငါက လူပုဂ္ဂိုလ် ထိခိုက်စေတဲ့ စိတ်ထားမျိုးနဲ့ ရေးတာ မဟုတ်ဘူးကွ။ သူတို့ကို ငါက ချစ်လို့ စ တာ၊ နောက်တာ၊ ပြောင်တာ။ သူတို့လည်း နှစ်သက်တယ်။ စာဖတ်သူလည်း ရယ် ရတယ်။ အဲဒီဟာကို ဘယ်လို ခေါ်သလဲ ဆိုရင် ငါ ဟာသဇယား ချပြမယ်။ အင်္ဂလိပ် လိုက ဘယ်လိုလာသလဲဆိုရင် ...

Humour  = ဟာသ
(၁) Wit = အာဝဇ္ဇန်း                              
(၂) Satire = သရော်စာ
                (က) Dry Humour =        (ခ) Impish Humour =            (ဂ) Play on Words =
                        မထိတထိ                      ဆော့တော့တော့                    စကားလုံးများကို
                  ရယ်သွမ်းသွေးခြင်း           နောက်တောက်တောက်ဟာသ        ကုလားဖန်ထိုးခြင်း

                          (ဃ) Spoonerism =                           (ခ) Pun = အဓိပ္ပာယ်
                                 စကားလိမ်                                အစွန်းနှစ်ဖက် ထွက်သောစကား


အဲဒီစကားကို ကြည့်၊ သာဓုတို့ သားအဖကို ငါ ရေးတဲ့ဟာက Impish Humour ဆော့တော့တော့ နောက် တောက်တောက် ဟာသလို့ ခေါ်တယ်ကွ၊ အဲဒီ ဟာသမျိုးက ရေးရတာ မလွယ်ဘူး။ မရေးတတ်ရင် စာဖတ်ပရိသတ် ကကော အရေးခံရတဲ့သူတွေကကော ကိုယ့်ကို မုန်းတတ်တယ်။ ကဲ ... မောင်ဝင်းငြိမ်း အနားသားကွက်ရှင် "
" ကျွန်တော့် ဘ၀ဇာတ်ကြောင်းများဟာ ဆရာ့ ကိုယ်ရေးအတ္ထုပ္ပတ္တိတွေပါပဲ။ ဒီအထဲမှာ အချို့ကိစ္စ တွေဟာ တကယ် ဖြစ်တာမဟုတ်ဘဲ စာရေးဆရာပီပီ စိတ်ကူးဥာဏ်နဲ့ ချဲ့ထွင်ထားတာမျိုးတွေ ပါတယ်လို့ စာဖတ်ပရိသတ် က ယူဆ တာမျိုးရှိပါတယ်။ ဟုတ်ပါသလား ဆရာ "

" ဟုတ်တာပေါ့ကွာ။ ငါ့ရည်ရွယ်ချက်က စာဖတ်သူကို တစ်ခုခု ပေးချင်လို့ပဲ။ ၀တ္ထုသဏ္ဍာန် ဇာတ်လမ်း ဇာတ်ကွက်ဆင် ရေးတာပါ။ ဥပမာ ဒီဇူဇာ ဦးခင်ဇော်၊ ဖဆပလ အမတ်ဟောင်း ဦးဌေးကြွယ်၊မိုးကုတ်ကိုမြ မောင်၊ ရုပ်ရှင် ကိုယ်စားလှယ် ကိုမြင့်ဆွေနဲ့ ဗိုရာတို့ပါတဲ့ ဇာတ်လမ်းဟာ ဆိုရင် အခန်းဆက်ဝတ္ထုရှည်ပါပဲ။ ဇိုရာ ဟာ ငါ ဖန်တီးတဲ့ ပြည့်တန်ဆာမလေး ပါ၊ တကယ် မရှိပါဘူး"
" အင်း ... ကျွန်တော် ထင်သားပဲ၊ နို့ပြီး ဆရာ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိရေးတဲ့သူတွေ အနေနဲ့ ဘယ်လို "စည်း" မျိုး ရှိသင့်တယ်လို့ ယူဆပါသလဲ "

" လူဆိုတာ ပတ်ဝန်းကျင်နဲ့ နေတာချည်းပဲ။ မိမိ အတ္ထုပ္ပတ္တိ ရေးတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်က လူတွေ ပါလာမှာပဲ။ အဲသည်တော့ ဒီလူတွေရဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင် ယင်းလူတွေကို စာဖတ်သူတွေ ချစ်ခင်နှစ်သက်စရာ ဖြစ်အောင် ရေးရပါတယ်။ ကိုယ်မုန်းတဲ့လူကို ဆော်ထည့်လိုက်မယ်ဆိုတဲ့ စိတ်မျိုး လုံးဝ မထားရပါဘူး။ ကဲ ကဲ ... မေးဦး ... ဟဲ့ ဟဲ့ မင်း ကွက်ရှင်တွေက နှစ်ရွက်တောင်ပါလား"

" ၁၃ ခုတည်းပါ ဆရာ။ အခု နံပါတ် ၁၀ ကတော့ နောက်ပိုင်းဆရာရေးတဲ့ ဆောင်းပါးတချို့ဟာ ဆရာ ကတော် ရဲ့ မုန့်ဟင်းခါး ကြော်ငြာတာတွေ များနေတယ်လို့ ဆိုကြတယ်။ ဆရာ လက်ခံပါသလား "
" စာဖတ်သူတွေက ယူဆတယ်ဆိုရင် ငါ လက်ခံပါတယ်။ ကဲ ... ငါ့မိန်းမ မုန့်ဟင်းခါး ငါ ကြော်ငြာ တယ်ကွာ ဘာဖြစ်သေးသတုံး။ အကောင်းကြိုက်သော ရန်ကုန်သားများ သွားစမ်း ဘားလမ်း၊ စားစမ်း အကောင်းဆုံး မေ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ က-ည-န သက်သာ စားသောက်ဆိုင်၊ ဘားလမ်း၊ အောက်ဆုံးဘလောက်၊ နောက်ဆုံး အဆောက်အအုံ၊ နံနက် ၈ နာရီမှ ၁၂ နာရီ၊ မင်း သွားစား အလကား ကျွေးပါ့မယ်ကွာ "

" ကျေးဇူးတင်ပါတယ်ဆရာ၊ ဆရာကတော့ ပြောရင်းဆိုရင်းကို ကြော်ငြာလိုက်ပြန်ပြီ။ နောက်မေးခွန်းက ဆရာတို့ ခေတ်က စာရေးရတဲ့ အခြေအနေနဲ့ ဒီနေ့ စာရေးခြင်းနဲ့ အသက်မွေးဝမ်းကျောင်းရတဲ့ စာရေးဆရာ တွေရဲ့ အခြေအနေ ဘယ်လို ကွာခြားပါသလဲ "

" ရှုမ၀က ငါ့ဝတ္ထုတိုတစ်ပုဒ်ကို ကျပ် ၃၀၀ ပေးတယ်။ နောက် အဟိကဏ္ဍကိုင်တော့ ကျပ် ၃၀၀၊ ပေါင်း ကျပ် ၆၀၀။ တခြားမဂ္ဂဇင်းတွေမှာ ရေးတာနဲ့ ဆိုရင် ၇၀၀ ကျော် ၈၀၀ လောက်ရတယ်ကွာ။ အဲဒါနဲ့ ငါ့သားသမီး ခုနစ်ယောက်ကို တက္ကသိုလ် ဘွဲ့ရအောင် ကျောင်းထားနိုင်ခဲ့တယ်။ ငါ နေ့စဉ် ရမ် သောက် နိုင်ခဲ့တယ်။ မနက် ဟင်းတစ်မျိုး၊ ည ဟင်းတစ်မျိုး စားနိုင်ခဲ့တယ်။ အခု ငါ့အိမ်မှာ ချွေးမတစ်ယောက်နဲ့ (သူ မူကြိုကျောင်း ဆရာမ လုပ်တယ်) မြေးမနှစ်ယောက် ကျောင်းထားရတာ၊ ငါ စာရေးတာနဲ့ အယ်ဒီတာချုပ် လုပ်တာနဲ့ လစဉ်ဝင်ငွေ တစ်ထောင်ကျော် ရတာတောင် မလောက်လို့ ငါ့မိန်းမ မုန့်ဟင်းခါး ရောင်းနေရ တယ်ဟေ့။ သည့်ပြင် စာရေးဆရာတွေ ဘယ်လို နေသလဲတော့ ငါ မပြောတတ်တော့ဘူး။ တော်ကွာ ... ဒီမေးခွန်းကြီး၊ နောက်တစ်ခု မေး "
" ဟာသ၀တ္ထု ရေးချင်သူများအတွက် ဆရာ ဘယ်လိုအကြံပေးချင်ပါသလဲ ဆရာ "

" ဘယ်လိုမှ မပေးနိုင်ဘူး။ ငါ မပြောနဲ့။ အခု သင်္ကြန်တွင်းမှာ သိကြားမင်း ဆင်းလာလိမ့်မယ်။ မင်း မေးကြည့်၊ သူလည်း ပြောနိုင်မှာ မဟုတ်ဘူး။ ဘယ့်နှယ်ကွာ၊ ဒါက ဘ၀ပါရမီအလုပ်ကွ။ ဟာသ စာရေးဆရာ ဆိုတာ မြန်မာပြည်မှာ မပြောနဲ့။ ကမ္ဘာမှာလည်း ရာခိုင်နှုန်းအနည်းဆုံးကွ။ မွေးကတည်းက ဗီဇ ဟာသဥာဏ် ပါလာမျ ဖြစ်တာကွ။ပင်ကိုရေးဖို့ မပြောနဲ့ ဘာသာပြန်တာ၊ မှီးရေးတာတောင်မှပဲ ဟာသဥာဏ် မရှိရင် မဖြစ်ဘူး။ ဆရာကြီး ရွှေဥဒေါင်းဟာ မှီးရေးတာနဲ့ ဘာသာပြန်တာမှာ နိုးတူး မဟုတ်လား ကွ၊ ဒါပေမဲ့ ဆရာကြီးဟာ ဟာသ၀တ္ထုကို မှီးမရေးနိုင်ဘူး။ဘာသာမပြန်နိုင်ဘူး။ ဆရာကြီးဟာ ကမ္ဘာ့ဟာသ ၀ိဇ္ဇာ အင်္ဂလန် က ဆာဘွဲ့ရတဲ့ P.G. Wodehouse ရဲ့ Thank You Jeever ဆိုတဲ့ စာအုပ်ကို စမ်းကြည့်တယ်။ သူ ၀တ္ထုတိုတစ်ပုဒ်တောင် မဖြစ်ဘူး။ တစ်ဝက်တစ်ပျက် သူ့လက်ရေး ၁၇ မျက်နှာနဲ့ ရပ် နေလို့ "ငါတော့ မဖြစ်ဘူးဟေ့၊ မင်းများ ရမလား " ဆိုပြီး ငါ့လွှဲပေးလို့ "အေးဆွ ပေါ်အူး" ဟာသ၀တ္ထု တွေဟာ P.G Wodehouse ၀တ္ထုတွေကို ငါ မှီးရေးတာပေါ့ကွာ၊ ကျေနပ်ပြီလား "

" ကျေနပ်ပါတယ် ဆရာ။ နောက်ဆုံး မေးခွန်းက ရေးသက်ရလာတာနဲ့အမျှ လိုင်းပြောင်းချင်စိတ်များ ပေါ်ဖူး ပါသလား "
" ပေါ်ခဲ့လို့ပဲ ၁၉၄၇ ခုနှစ်ကနေ ၁၉၅၃ ခုနှစ်အထိ ခြောက်နှစ်လောက်အထိ ဟာသ၀တ္ထု တွေချည်းရေးနေရာ က ဘ၀သရုပ်ဖော် ၀တ္ထုတွေဘက် ကူးခဲ့တယ်လေ။ နောက်ထပ်တော့ ပြောစရာ မရှိတော့ ပါဘူးကွာ၊စာပေ မှာ ဟာသနဲ့ ဘ၀သရုပ်ဖော်ဝတ္ထုဟာ အမြင့်ဆုံး ဒါတွေကို တည်မြဲအောင် ထိန်းသိမ်း ရပါမယ်။ ဖြစ်မြောက်ဖို့ ထက် ထိန်းသိမ်းဖို့က ပိုခက်တယ်ကွ။ ဥပမာကွာ ... မင်းမှာ ငွေတစ်သောင်း ရှိပြီ ဆိုပါတော့။ ဒီတစ်သောင်း ကို ရအောင် လုပ်ရတာလည်း ဒီငွေတစ်သောင်းဟာ မင်း လက်ထဲ တည်မြဲနေအောင် ထိန်းသိမ်းဖို့က ပိုခက် လို့ပေါ့ကွာ၊ နားလည်လား"
" လည်ပါတယ် ဆရာ၊ ကဲ ... ကျွန်တော် ရေးမှတ်လာတဲ့ မေးခွန်းတော့ ကုန်ပြီ။ အခု စိတ်ထဲပေါ်လာတာ တစ်ခု မေးချင်ပါသေးတယ် "

" မေးကွာ၊ ပေါက်တဲ့နဖူး မထူးဘူး။ ဆေးထည့်ရတော့မှာပဲ "
" ဟား ဟား ... ဆရာက ရယ်စရာ ပြောတတ်သားပဲ "
" ငါ့လခွီးတဲ့၊ ဟာသစာရေးဆရာပဲ အနည်းအကျဉ်းတော့ ပြောတတ်တာပေါ့ကွ၊ ဒါပေမဲ့ ရယ်စရာပြောတဲ့ နေရာမှာ မင်းအဖေ ကျားဘညိမ်းကိုတော့ ငါ မမီဘူးဟေ့။ ကိုဘညိမ်းဟာ အင်မတန် ရယ်စရာအပြော ကောင်းတဲ့  လူကွ။ ကဲ ... မင်းဘာမေးချင်လဲ "

" ဆရာဟာ အခု ဟာသနဲ့ ဘ၀သရုပ်ဖော် စာရေးဆရာ ဖြစ်နေပါတယ်။ ဒီတော့ ကျွန်တော် သိချင် ပါတယ်။ ဟာသနဲ့ ဘ၀သရုပ်ဖော်ဟာ ဆက်စပ်နေပါသလား "
" ဟာ ... ဆက်စပ်တာပေါ့ကွ၊ ဟာသ၀တ္ထုဆိုတာကလည်း ဒဿနိကခေါ်တဲ့ Philosophy ဖီလိုဆိုဖီက လာတယ်၊ ဘ၀သရုပ်ဖော်ဝတ္ထုတွေကလည်း ဖီလိုဆိုဖီကို နိုင်မှ ရေးနိုင်တယ်ကွ "
" ကျေးဇူးပဲ ဆရာ၊ ခုလို အချိန်ပေးပြီး ဖြေတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ရှေ့ဆက်ပြီးတော့ လည်း သဘာဝကျတဲ့ ဆရာ့ဟာသ၀တ္ထုတွေ ဖတ်ပါရစေဦးဆရာ။ ရယ်သောသူသည် အသက်ရှည်၏ ဆိုတာမို့ စာဖတ်သူတွေ အသက်ရှည်အောင် ဟာသဆေးလေး ဆက်လက်တိုက်ကျွေးပေးပါဦးဆရာ"

ပေဖူးလွှာမဂ္ဂဇင်း၊ အမှတ်-၄၇၊ ဧပြီလ၊ ၁၉၈၅ ခုနှစ်။
.
>>>ဆက်ဖတ်ရန်>>> >>