Showing posts with label ဝတၳဳတို Fiction. Show all posts
Showing posts with label ဝတၳဳတို Fiction. Show all posts

Wednesday, March 30, 2011

စူဇကာ ယောက်ျား အပိုင်း (၂)

အခန်း (၃)

အိမ်ရောက်လို့ ဈေးခြင်းလေး ချပြီး ရေတခွက်သောက်မယ် လုပ်တုန်းရှိသေးတယ်... မိန်းမရေ မြန်မြန် ပြင်ဟေ့ ဗိုက်ဆာ နေပြီလို့ အော်သံ ကြား လိုက်ရတော့ သောက်နေတဲ့ ရေတောင် သီးပါရဲ့... ဖွဟဲ့ ဖွဟဲ့ လို့ ကိုယ်ဘာသာ ရွတ်ရင်း မီးဖိုထဲ အပြေး တပိုင်း ဝင်ခဲ့ရတယ်..။

မီးဖိုဘေးမှာ နှပ်ထားတဲ့ ထမင်းအိုးဖုံးပေါ်က မီးသွေးခဲလေးတွေ တောင် ပြာ တော်တော် ဖုံးနေပြီ... ရခါစက ထမင်းချက်ရင် ပေါင်းအိုးနဲ့ ချက်မယ်ပြင်တော့ .. လူကြီးက ..မိန်းမ ရယ် ဖြစ်နိုင်ရင် ထမင်းကို ငှဲ့ချက် ပါ တဲ့.. ကိုယ်က ပေါင်းအိုး နဲ့ ချက်တဲ့ ထမင်း ကို မစားတတ် လို့ပါဆိုလို့ .. ဒုက္ခရောက်ခံပြီး ထမင်းရည်ငှဲ့ ချက် ရတယ်..။

ထမင်း ကို အစေ့ မပျက်အောင် ထမင်းအုပ်ထဲ ခူးထည့်.. ပဲလေး ဖြူး ပြီး ပဲဆီ စစ်စစ်လေး စမ်း ဆားလေး ဖြူးပြီး ဖွဖွလေး နှယ်ထားတယ်...၊ ဝက်သားလေး ပြုတ်ကြော် လုပ်ထားတာကို ကျွပ်အောင်ပြန်ကြော် ပြီး ဂျင်းပြားလေး ကြက်သွန်ဖြူလေး ပါထဲ့ရသေး တယ်… မွှေးကျွပ်နေတဲ့ ဝက်သားကြော်လေး တခွက် ရပြီ ... ပုဇွန်ခြောက် များများ နဲ့ ကြော်ထား တဲ့ ဘာလချောင်ကြော်လေး လည်း ပုလင်းထဲ က နေ ပုဂံထဲ ပြောင်းထည့် ရသေးတယ်... ၊ ကြက်ဥလေး သုံးလုံး လောက် လဲ မကျက်တကျက် ကြော်လိုက် ရသေးတယ်... ။

 အမယ်လေး မေ့လို့ ရေနွေးကျကျလေး ဖောက်ထားအုန်းမှ... ဟော .. ဝင်လာပါပြီ .. ထမင်းစားပွဲ မထိုင်ရသေးဘူး.. အသားကြော်တတုံးကောက်ဝါးလိုက်တယ်.. အင်း စားလိုက်တာ ထမင်းအုပ် တအုပ် ကို ပြောင်တလင်းခါလို့.. ကိုယ့် အတွက် တောင် ဈေးထဲက အမေ နဲ့ မုံဟင်းခါး စားမိခဲ့လို့ တော်ပါ သေးတယ်....။
စားသောက်ပြီး ရေးနွေးခွက်လေး  ကိုင် လဘက်အုပ်လေး မ လို့ အိပဲ့အိပဲ့ နဲ့ ထွက်သွားတယ်... ကော်ဖီ ကျကျလေး လုပ်အုန်း ဟေ့လို့ လည်း အော်သွားလေရဲ့....။

ဒါနဲ့… မင်း အုန်းနို့ခေါက်ဆွဲ က အဆာပလာ တွေ အကုန်ပါရဲ့လားကွ. မုန့်ကျွတ်ကြော် ရော... ငါးဖယ်လေး လည်း ပါးပါးလှီး ထဲ့ အုန်း လို့ ပြောလိုက်သံ ကြားမှ ငါးဖယ် ကို သတိရသွားတယ်… ငါးဖယ် မေ့ခဲ့ပြန်ပြီ ပြေးလိုက်အုန်း ဟဲ့ ဈေးတခေါက်.. ။

ဈေးဘက်ပြန်မထွက်ခင် ကြက်ပြုတ်ရေအိုး လေး မြန်မြန်တည် ထားခဲ့ရသေးတယ်... ပြန်လာရင် တောက်လျှောက် တန်းချက် ရအုန်းမယ်... အုန်းနို့ခေါက်ဆွဲ ကတော့ အုန်းနို့များများ .. အစာ စုံစုံနဲ့မို့ စားမကောင်းမှာ ပူစရာမလိုဘူး.. လို့တွေးရင်း .. ပြေးလိုက်ရ လွှားလိုက်ရ နဲ့ မုန့်ဟင်းခါး လေးတောင် ဘယ်ကြား ကပ်မှန်းမသိ တော့ဘဲ ဆာလာပြန်တယ်.. အင်း အုန်းနို့ ခေါက်ဆွဲ ကျက်မှဘဲ စားပါ တော့မယ်လို့ တွေးရင်း ငါးဖယ်စစ်စစ် လေး အစိတ်သားလောက် ရဖို့ ကို ငါးတန်း ထဲ ခြေတိုအောင် လျှောက်ပြီးမှ ရှားရှားပါးပါး ရခဲ့တယ်... တခါထဲ ဆိုင်မှာဘဲ ပေါက်ခိုင်းလာခဲ့တယ် .. သူ့မှာ ငါးဖယ် ထောင်းချိန် မရနိုင်တော့...။

လေပူ တချက် ကို ဟူးကနဲ နေအောင် ပါးစပ်ကမှုတ်ထုတ်လိုက်ရင်း စိတ်မောတာ က လူမော တာထက် ပိုတယ်လို့ ရွတ်ရင်း ဒီလောက်တောင် အကောင်းကြိုက်တတ်လွန်း တဲ့ စူဇကာကြီး ကို အမြင်ကပ်ကပ် နဲ့…. တော့် အုန်းနို့ခေါက်ဆွဲ က ငါးဖယ် မပါတော့ စား မဖြစ်တော့ဘူးလား .. ဘဲသွေးမပါတော့.. မုံကြွပ် မထဲတော့ ရော ဘာဖြစ်မှာလည်း ... ချက်ရပြုတ်ရ ဝယ်ရချမ်းရတဲ့ လူကိုလည်း အားနာအုန်း လို့…. ဒီတခါ တကယ်ကို ပြောပြစ် လိုက်တော့မယ်... မကျေနပ်လို့ ရန်ဖြစ်ပြီး ကွဲရင်လည်း ကွဲတော့ လို့တောင် စိတ်ထဲ စဉ်းစား မိသေးတယ်... မောလွန်းလို့ပါ..။
ဈေးနှစ်ခေါက် အသွားအပြန်ထက် သူ စားချင်တာတွေ မရမှာ ကြောက် လို့ မောရတဲ့ အမော က ပိုသေး တယ်... ဒါတွေကို ဒီလူကြီး မသိဘဲ အိမ်ကနေ ဟိုဟာစားချင် .. ဒီဟာစားချင် နဲ့ အလကား စူဇကာကြီး.....။
အခန်း (၄)

မီးဖိုချောင် ထဲ မှာ ဟိုဟာ လုပ်ရမလို ဒီဟာ လုပ်ရမလို နဲ့ ယောင်တောင်တောင်  ကြီး ဖြစ်နေတယ်.. အခါတိုင်း တော့ သူဘာမှ စဉ်းစားစရာ မလိုအောင် ဟိုဟာလေး ချက်ပါဟ.. ဘာလေး မပါဘူးလား ညာလေး မပါဘူးလား နဲ့ သူ့အနားကို စားဘို့သောက်ဘို့ လာ လာ ပြောနေကြ ဆိုတော့ သူ့ဘာမှ စဉ်းစားစရာ မလိုတဲ့ အပြင် သူခိုင်းတာတောင် မနဲ အလျှင်မှီအောင် လုပ်ပေးနေရ လို့ သူ့ မှာ ယောင်ချိန် နချိန်တောင် မရှိပါဘူး… မရှိလွန်း လို့လည်း တခါတခါ စူဇကာကြီး စူဇကာကြီး နဲ့ စိတ်ထဲက တဖွဖွ ရွတ်နေကြ…။

အခုလို စူဇကာကြီး ဘာမှ ဂျီးမများ နိုင်ပြန်တော့ လည်း မီးဖို ထဲမှာ ဘာမှ လုပ်ချင် ကိုင်ချင်စိတ် မရှိတော့ သလို.. မီးဖိုချောင်တခုလုံးဟာ လည်း အသရေ မဲ့ နေသလိုဘဲ…. သြ မီးဖိုချောင် ဆိုတာလည်း စူဇကာကြီး .. အဲ ယောကျ်ားကြီး ချက်ခိုင်းသလို ဟင်းကောင်း ကျွေးကောင်း တွေ ချက်နေမှ မီးဖိုချောင်ရဲ့ အသရေ ရှိနေတာ ထင်ပါရဲ့… အမလေး ယောက်ျားရေ … ကျမ ကို ချက်ခိုင်းလိုက်စမ်းပါ…  မီးဖိုချောင်ထဲ က မထွက်တမ်း ချက်လိုက်ချင်ပါရဲ့….။

မှတ်မှတ်ရရ အုန်းနို့ ခေါက်ဆွဲချက် တဲ့ နေ့ ကဘဲ ညနေစာ ဝက်သားနှပ် နဲ့ စားပြီး ညမှာ အင်ကျီ ချွတ်ကြီး နဲ့ အိပ်လိုက်တာ မနက်ကျ ဖျားပါလေရော… လမ်းထိပ်ဆိုင် က စပ်ဆေး လေး ကို တရက်ပျောက်နိုး နဲ့ သောက်လာလိုက်တာ အဖျား မကျတဲ့ အပြင် ပိုပို ဆိုးလာတာကို အမေ သိတော့ အိမ်လိုက်လာပြီး ညည်းတို့ လည်း ငွေမရှိတာ လည်း မဟုတ် ဘဲနဲ့ ဒီကွမ်းယာဆိုင်ဆေး နဲ့ ပြီးရသလား ဆိုပြီး ဆေးခန်း သွားခိုင်းတယ်..။

ဆရာဝန် လေး နဲ့ သေချာ ကုလိုက် မှ  တိုက်ဖိုက်ဆန်ဆန်ဖြစ်နေတာ အဖတ်လုံးဝ မကျွေး နဲ့ ဆိုလို့ ဘာအဖတ် မှ မကျွေးရတာ ကြာသွားပြီ..၊ အင်း ဒီလောက် အစားမက် တဲ့ ယောက်ျားကြီး ဘာမှ ကို မစား ရတော့ဘူး… ။

ကျမ လေ ဆရာဝန် က မစားခိုင်းလို့ သူ မစားရတာကို ဝမ်းမနဲပါဘူး … ဒါပေမဲ့ သူကိုယ်တိုင် စားချင်စိတ် မရှိတာ … ဘာမှ မပူစာ တော့တာကိုတော့ ဝမ်းနဲ မိတယ်… အင်း ဘယ်လိုများ ဖြစ်သွားပါလိမ့် .. ပြန်မှ ကောင်းပါတော့ မလားလို့ တွေးရင်း မျက်ရည် တွေ ကျလာ ပြန်တယ်…။
အခန်း (၅)

ဒီနေ့တော့ အဖျား ကျသွားတာလည်း တော်တော်ကြာပြီဆိုတော့ … ယောက်ျား ရေ ရှင်ဘာလေးများ စားချင်လည်း.. ဒီနေ့ ဆေးခန်းသွားရင် ဆရာ့ ကိုလည်း မေးခဲ့ပါလား… စားလို့ ရရင် ရှင်စားချင်တာလေး လုပ်ပေးမယ်လေ လို့ … ပြောပေမဲ့ … လေသံပျော့လေး နဲ့ ငါဖြင့် မစား ရတာကြာလို့ လားမသိဘူး စိတ်ထဲမှာ စားချင်စိတ် ကို မပေါ်ဘူး လို့ ပြောလိုက်ပြန်တော့ ကျမ ဝမ်းနဲ ရပြန်ရော….။

ဆေးခန်း ကို အမေ နဲ့ သွားပြကြတယ်… အမေ့ လည်း မှာ လိုက်ရသေး ဆရာဝန်လေး မေးခဲ့ ပါအုန်း .. ဘာကျွေးရင် ရပြီလည်း လို့ ပြောတော့… အမေ က မျက်စောင်း တချက်ထိုး ရင် ညည်း မချက်ရ မပြုတ်ရတာ ဘယ်လောက်သက်သာလည်း .. တချိန်လုံး စူဇကာ ယောကျ်ားကြီး ဆိုပြီး ရွတ်နေတဲ့ မိန်းမက လို့ ပြောသွားတယ်… ။

အမေရေ ကျမ မပြောတော့ပါဘူး ….. ယောက်ျားစားချင်တာလေး များရှိရင် ချက်ကျွေး ချင်လိုက် တာလို့ စဉ်းစားရင်း…. ဟိုဘက်အိမ် က ဂျီးတော်ကြီးပြောသလို ဒီလောက် အစားမက်တဲ့ လူ အစားမဝင်ရင် မလွယ်တော့ဘူး လို့ ပြောတာကို ပြန်ကြားပြီး ငိုချင်တဲ့ စိတ်တွေ လှိုက်လှိုက်တက်လာပြန်တယ်…..။

အင်း ထိုင်မှိုင်နေတုန်း ဘဲ အမေတို့ ပြန်လာတယ်.. အမေ ဆရာက ဘာပြောလိုက်လဲ လို့ မေးတော့ အဖျားလည်း မရှိတော့ ဘူးဆိုတော့ ခပ်ပျော့ပျော့ ဆို ဘာမဆိုစားရတယ် ပြောတယ်.. အများကြီးတော့ မစားနဲ့အုန်းတဲ့ … သူ့ကိုသာ ဘာစားချင်လည်း မေးကြည့် လိုက်တော့ လို့ အမေထုံးစံ အတိုင်း ခပ်ထေ့ထေ့လေး ပြောလိုက်တယ်….. ယောက်ျား ကိုကြည့်လိုက်ပြန်ေတော့ … နုံးချိချိ မျက်နှာ ပေါ်မှာ မချိပြုံး နဲ့ ငါဖြင့် တကယ် ကို စားချင်စိတ်မရှိပါဘူး ဟာ လို့ ပြောလိုက်တဲ့ သူ့ အသံ ကို နားထောင် ပြီး ကျမ ဖြင့် စိတ်ဓါတ် ကျသွားလိုက်တာ… ရှင်ကလည်း စဉ်းစားစမ်းပါအုန်း ရှင်.. လို့ ပြောရင်း မီးဖိုထဲ အမြန်ပြေးဝင်ပြီး ငိုချင်တဲ့ စိတ်တွေ မနဲ ဖျောက်ပြစ်ရတယ်…။

ဟဲ ကျက်သရေ မရှိ ဘာမရှိ.. မီးဖိုထဲ ထိုင်မှိုင်မနေ နဲ့ ညည်းယောကျ်ား ခေါ်နေတယ် သွားလိုက်အုန်း လို့ ပြောလို့ အခန်းထဲ အပြေးတပိုင်း ဝင်လာမိတယ်… ကြည်ကြည်လေး စိတ်မကောင်းဖြစ်နေလား .. ငါ အစား မစားတာ က တိုက်ဖိုက် ဆိုတာ အဖတ်နဲ့ လုံးဝ မတည့် လို့ စားရင်လည်း သေမှာ မလို့ မစားတာ  ဒါကြောင့် နင့် ကိုလည်း မပူစာတာပါ.. ငါ မစားချင်လို့ မဟုတ်ဘူး… ကဲ.. အခု ဆန်ပြုတ်သောက်မယ်… ဘဲသားဆန်ပြုတ်နော် တရုပ်နံနံ တို့ ငရုပ်ကောင်း တို့ လည်း ထဲ့ ကြက်သွန်ဖြူ များများလေးထဲ့…. ဟို ဆားပေါ့ခြောက်လေး လည်း မီးဖုတ်ပြီး ဆီရွှဲရွှဲ ဆန်းခဲ့အုန်း… ။

အမလေး… အခုမှ ရင်ထဲ ကအလုံးကြီး ကျသွားတယ်… မျက်နှာ မဲမဲ ကြီးကို ချစ် မျက်စောင်း တချက် ထိုးလိုက်ရင်း…. စိတ်ချယောက်ျား ရေ ဆန်လေး လှော်ပြီး အကောင်းဆုံး ကိုပြုတ်ခဲ့ မယ် ခဏလေး စောင့် လို့ ပြောလိုက်တယ်….။

ဒီတခါ ဈေးသွားရတာလောက် ခြေလှမ်း တွေ သွက်လက် တာ မရှိတော့ သလို… သူ့ မီးဖိုချောင်လေး လည်း မကြာခင် ဟင်းနံကျွေးနံ တွေ နဲ့ ကျက်သရေ ရှိလာတော့မယ်…. နောက်ပြီး  ဒီနေ့ က စပြီး အကောင်းကြိုက် လှတဲ့ စူဇကာ ယောကျ်ား ကြီး ကို မငြိုငြင် တော့ ပါဘူးလို့ များ အမေ့ ကို ပြောလိုက်ရင် ..... အင်း ဆဲလိုက်မဲ့ အမျိုး....။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး

ဝန်ခံချက်

ကျနော် အကြိုက် ဝတ္ထုတို တွေထဲမှာ ဆရာမကြီး စိန်စိန် (ရှုမဝ ထောင်ဆုရ) ရဲ့ ဝမ်းတတောင် ဝတ္ထု တိုလေး လည်းပါ ပါတယ်… ဘလော့ဂ် ပေါ်မှာ တင်ဘို့ ရှာလိုက်တော့  ကျနော့်ကိုယ်ပိုင် အဲဒီ ဝတ္ထုတိုလေး ပါတဲ့ စာအုပ်ကလေး ပျောက်နေပါပြီ…  စာအုပ် ဆိုင်တွေ မှာ လိုက်ရှာတာ လည်း အခုထိ မတွေ့သေးပါ.. ရရင် တင်ပေးပါမယ်…။
အခု ဒီ ဝတ္ထု တိုလေး မှာ ဝမ်းတတောင် ရဲ့ အငွေ့အသက် နဲ့ ကျနော် တွေ့ဘူး တဲ့ စူဇကာ လို ယောက်ျား နှစ်ယောက် ရဲ့ လွှမ်းမိုး မှု့ အနည်းငယ် ပါကြောင်း ဝန်ခံပါတယ်…။

ရွှေစင်ဦး
.
>>>ဆက္ဖတ္ရန္>>> >>

Tuesday, March 29, 2011

စူဇကာ ယောက်ျား အပိုင်း (၁)

အခန်း (၁)

 ညက အချိန်မတော် ထပြီး ချက်ရပြုတ်ရလို့ အိပ်ရေးပျက်ပျက် နဲ့ အိပ်ကောင်းနေတဲ့ သူ့ နားထဲကို ငှက်အော်သံ တစီစီ ကြား မှ မထချင် ထချင် နဲ့ တသန်းသန်း တဝေဝေ နဲ့ ထလိုက်ရတယ်... ညကလည်း အိပ်မောကျနေချိန် မှ နှိုးပြီး ဗိုက်စာ လို့ တခုခု လုပ်စမ်းပါအုန်းဆိုတာ နဲ့ အိမ် မှာ ရှိတဲ့ ဝက်သား လက်ကျန်လေး ကို ပါးပါးလှီး ဝက်အူချောင်းလေး နဲ့  ထမင်းကြော် လုပ်ပေးရသေးတယ်... အင်း ဘဲဥ ကထည့်ရသေး.... သူ့စိတ်ကြိုက် အဆာပလာ တွေ အကုန် အဆင့်သင့် ဝယ်ထားရတယ်.. ရေခဲသေတ္တာ ထဲမှာ ကလည်း အသားအစို လေး နဲနဲ ပါးပါး တော့ ထဲ့ထားရတယ် ... သူက လတ်လတ်ဆတ်ဆတ် နေ့တိုင်းဈေးသွားမှ ကြိုက်လို့ ညရေးညတာ အတွက် ပဲ ဝယ်ထားတယ်...။

သူ့ တသက်မှာ ဒီလောက် အစားအသောက် လော်မာ တဲ့ ယောက်ျား မတွေ့ဘူးဘူး.. နေ့နေ့ ညည အစားတခု ကလွဲ လို့ ဘာမှ မစဉ်းစား ဘဲ နေလည်း နေနိုင်လွန်းတဲ့ ဒီယောက်ကျား ကို ရတာလည်း သူ ကံကောင်း လား ကံဆိုးလား တောင် မစဉ်းစားတတ်အောင်ဘဲ...  သူ အရင် က အမေ နဲ့ အတူ ဆင်းဆင်း ရဲရဲ နဲ့ လုပ်ကိုင် စားသောက် နေတုန်းက တော့ ဒါမျိုး တွေ နေတတ် စားတတ် သုံးတတ် ဖို့ ဆိုတာ ဝေးပါတယ်... အမေ နဲ့ အတူ ဈေးထဲမှာ ဘဲဥ..ကြက်ဥ ရောင်းနေရင်း ဈေးခြင်းတောင်း ကြီး နဲ့ ယောကျ်ား ကြီး တန်မဲ့ စစ်စစ် ပေါက်ပေါက် ဈေးဝယ် တတ်တဲ့ မဲမဲသဲသဲ ဒီလူကြီးကို ဘယ်လိုမှ သဘောမထား တဲ့ အပြင် ဇီဇာကြောင်လွန်းလို့ အမြင်တောင် ကပ်သေး...။

နောက်တော့ အမေပြောပြော နေတာနဲ့ သူ့မိန်းမ ဆုံးသွားပြီး ချက်ရေးပြုတ်ရေး အဆင်မပြေဘူး .. သူတို့ မှာ သားသမီး လည်း မကျန်ရစ် ဘူးဆိုတာတော့ သိနေတယ်.. နောက်ပြီး အဲဒီ လူကြီးဟာ ဆင်းရဲသား အတန်းအစား မဟုတ်သလို သူတို့ သားအမိလို့ ပညာမဲ့ လူတန်းစား က မဟုတ်ဘူး ဆိုတာလည်း သိနေတယ်... ဒါပေမဲ့ သူ နဲ့ ဘယ်လိုမှ သက်ဆိုင်လာမယ်လို့ လည်း မထင်မိသလို.. သူ့ အကြောင်း တောင် ယောင်လို့ မတွေးမိပေါင်... ။

နောက်တော့ မှ အမေ တို့ ပါးစပ်ဆော့ချက် ကြောင့် ဒီလူကြီး နဲ့ ယူလိုက်ရတာ .. စစခြင်း တော့ ကိုယ် ကို ကိုယ် ဟုတ်လှပြီပေါ့.. ငါ လှလို့ ငယ်လို့ ဒီလူကြီး ကစွဲ သွားတယ်ပေါ့... နောက်တော့မှ သြ ငါ့ကို ချစ်လို့ စွဲလို့ မှ မဟုတ်တာ သူ ချက်စေချင်တာ ချက်ဘို့ နေ့နေ့ ညည ချက်ပေးနိုင်တဲ့ ငါ လို ငယ်ငယ် ရွယ်ရွယ် သန်သန်မာမာ ကို ရွေးယူထားတာပါလားလို့ တွေးမိပါတယ်...။

သူ့ ရဲ့ အစားအသောက် စားပုံ ကတော့ ကမ်းကုန်ပါတယ်.. တခါတခါ များ သူ အိပ်နေတာ ကြည့်ပြီး ဇာတ်တော် ထဲ က စူဇကာ ပုဏ္ဏား ကြီး ဘဲ မြင်မိတော့တယ်... အစား တခုကလွဲ ရင် ပူစရာ မရှိတဲ့ ကံ အကျိုးပေး ကိုလည်း ဟန်တော့ ကျသားလို့ တွေးမိတယ်.... သူ့ မိဘ ထားခဲ့တဲ့ မြို့သစ် ထဲ က အိမ်နှစ်လုံး  ကို အငှားချ ထားတာ နဲ့ စားဘို့ ရပါတယ်.. သူများဆိုရင် တော့ အများကြီး ပိုလျှံ မှာ  အခုတော့ ဒီလူကြီး စားပုံ သောက်ပုံ နဲ့ လောက်င အောင်တောင် မနဲ လုပ်ရတယ်... ကုန်ဈေးနှုန်း တွေ က တက်လာလိုက် တာ အိမ်လခ များ မတိုးရင် ခက်ရချီသေး...... ။

အင်း တောင်စဉ်းစား မြောက်စဉ်းစား နဲ့ အိပ်ယာ က မထဖြစ်သေးဘူး... ထ အုံး မှ ဈေးသွားနောက်ကျရင် ကိုယ်လိုချင်တာ မရဘဲ ရှိအုန်းမယ်... နောက်ပြီး သူ့ ယောကျ်ား စူဇကာ ကြီး က ပဲထမင်း စားမယ် တဲ့ .. ပဲနဲ့ ထမင်း  ဆီဆမ်းပြီး ကြက်သွန်ဥ ကိုက်စား ငပိဖုတ် ကလေး ဖဲ့ရွဲ့ စားလို့ သူက ပြီးတာ မဟုတ်ဘူး... ဘာလချောင်ကြော်တို့ ငါးပိကြော်တို့ ပါမှ အချဉ်လေး အတွက်ကလည်း  သရက်သီး သနပ် တို့ သရက်ချဉ် တို့ ကို သေချာ သုပ်ပေးရတာ ကြက်ဥ ကြော် ကပါရသေး... အသားကြော် ကလုပ်ပေး ရသေး.... ကဲ ထမှ ထမှ...။

ပဲပြုတ်သည် ကတော့ တသယ် မဟုတ် တသယ် မှီမှာ ပါ ... ဟို ပဲပြုတ် ကောင်းကောင်း လေး ရောင်း တဲ့ အသည် မှီရင် ပိုကောင်း မယ်လို့ စဉ်းစားရင်း မျက်လုံး ဖွင့် တာနဲ့ ဘာမှ မစဉ်းစား နိုင်ဘဲ ဒီ အစား တခု အတွက် စီမံ ရတာ ကို ငြီးငွေ့လာတယ်.... အိမ် လည်း သန့်ရှင်းရေး ကောင်းကောင်း မလုပ်ရ အဝတ် အစား တွေ ဆိုရင်လည်း အလျှင်မှီအောင် တောင် မနည်း လျှော်ရတယ် မီးပူ တိုက်ဖို့ က  စဉ်းကို မစဉ်းစား နဲ့....။

တခုတော့ကောင်းတယ်.. မီးပူ မတိုက်လည်း ဘာမှ မပြော.. အိမ် မရှင်းလည်း ဘာမှ မပြော .. အင်း ရှက်ရှက် နဲ့ ပြောရရင် ရေမချိုး အလှမပြင် လည်း ဘာမှမပြော.. ဒါပေမဲ့ ကျမ က အလှကြိုက်တယ် အသန့်ရှင်း ကြိုက်တယ် .. အခုတလော တော့ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် လည်း မရှိ ဆိုတော့ .. ရေချိုးရင်တောင် သနပ်ခါး မလိမ်းမိ .. အိမ် လည်း မရှင်း  နဲ့ ဒီယောကျ်ား နဲ့ တွေ့မှ အကျင့် ကောင်း တွေ တတ်နေတယ်...  အမေ နဲ့ နေတုန်းက မိန်းမ ဆိုတာ သနပ်ခါးလေး လိမ်း ပန်းလေးပန် အိမ်လည်း သန့်ရှင်း အောင်ထား ဒါမှ ကျက်သရေ ရှိတယ်.. ဆင်းရဲ တာ ချမ်းသာ တာနဲ့ မဆိုင်ဘူး ဆိုတဲ့ စကားလေး ကို မေ့ထားတာလည်း တော်တော် ကြာနေပြီ.....။

နေ့စဉ် ချက်ပြုတ်ထား တဲ့ ဆီဥထောပတ်... အကောင်း ဆုံးဆိုတာ တွေ ကို သူနဲ့ အတူ လိုက် စား ပြီး.. လူကြီး ကလည်း .. ဝ တက်လာလိုက်တာ အပျိုတုန်းကနဲ့ တခြားစီ.. ပေါင်ချိန်တွေ တိုးနေပေမဲ့. စိတ်ထဲ မှာတော့ ဗလာ.. ငါ့ ဘဝ က  ချက်ဘို့... စား ဘို့ တခုဘဲလား တွေးရင်း တခါ တခါ လုပ်ချင်ကိုင်ချင်စိတ် ကို မရှိတော့ဘူး... အင်း .. အမေ နဲ့ နေတုန်း က ဆင်းရဲ တယ် ဆိုပေမဲ့ .. အမေ က ဒီသမီး တယောက် ရှိလို့ ငါ့ မှာ အဆင်ပြေနေတာပေါ့ အေ လို့ တယောက်ယောက် ကိုများ ပြောလိုက် ရင် သဘောတွေ များကို ကျလို့.. အမေ ကို လုပ်ကျွေးနေတာ ဆိုပြီး ဝမ်းတွေကိုသာလို့...။

အခုတော့ ဘဝ ရဲ့ အဓိပ္ပါယ် က ဝက်သား အိုးကြီးချက်လား... ကြက်ကြော် ..ဆိတ်သားနှပ် လား အုန်းနို့ ခေါက်ဆွဲ .. မုန့်ဟင်းခါး လား ... သူဘာသာသူ လျှောက်တွေးရင်း .. ဈေးသွားဘို့ ပြင်ဆင်ရတယ်... ။

ဒီယောက်ျား ကြီး နဲ့ ရခါစ ကတော့ ဈေးသွားရင် သနပ်ခါး လိမ်းရအင်္ကျိအသစ် ဝတ်ရ နဲ့ ဈေးထဲမှာ အရင်တုန်းက ဈေးသည်.. အခုတော့ အကောင်း စားတွေမှ ဝယ်တဲ့ သူဌေး ဈေးဝယ် အဖြစ် ဝင့်ကြွားစွာ ပေါ့.. နောက်တော့ တနေ့ ဈေး ၁၆ ခေါက် လောက် သွားနေရတော့ ဘာမှ ထူးပြီး တောင် မပြင်တော့ပါဘူး.. လူမြင်ကောင်း ရင် တော်ပါပြီလို့ တွေးရင်း တခါတခါ ... ကိုယ့် အမေ တောင် ကိုယ် အားနာ လာတယ်. အမေ့ အတွက် များ မှတ်မှတ်ရရ ကောင်းကောင်း ကန်းကန်း ချက်မကျွေးဘူးပါဘူး.. ဒီ ယောက်ျား  နဲ့ရမှ အစားအသောက် အတွက် လုံးပန်း လိုက်ရတာ......။

အမေ ကတော့ စိတ်ရရင် ပြောရှာပါတယ်.. ကိုယ့် ယောကျ်ား က အစားကြိုက်တော့ အခုလို သေချာ လေး ချက်ကျွေးတာ ငါ့သမီး ကုသိုလ် ရပါတယ်အေ တဲ့... စိတ်မလို ရင် တော့ ညည်းက ကောင်းကောင်းနေ ကောင်းကောင်းစား တာ မှ မကျေနပ်သေးရင် .. ငါက ဘာလုပ်ပေးရအုန်းမှာလည်း.. ဗိုင်းတာမ တဲ့။

သူ ကတော့ ချက်ရတာ မောလွန်းလို့ အဲဒီ ကုသိုလ် လည်း မလိုချင်တော့ ပါဘူး... ဘာလိုချင်မှန်း လည်း မသိဘူး.... အမေ ဆဲတာလည်း မမှားဘူး.. ။

အခုလည်း ည က ထမင်း ကြော် စားတာ စားမပြီးသေး ဘူး... မနက်ဖြန် မနက် ပဲထမင်းလေး လုပ်ပါ့ဟ တဲ့... နောက်ပြီး နေ့လည် ကြ အုန်းနို့ ခေါက်ဆွဲလေး လုပ်စားရအောင်တဲ့... သူ့ အုန်းနို့ခေါက်ဆွဲ က လည်း အုန်းသီး ဆိုလည်း ရင့်ထော်ပြီး ချို နေတဲ့ အုန်းသီး အမျိုးကောင်း အုန်းနို့အဆီအနှစ် များများ နဲ့ ချက်ရတယ်... အထဲက အစာပလာ တွေလည်း ပြည့်စုံမှ ကြိုက်တယ်... ဘဲသွေးခဲလေး လည်း ပါမှ... မုန့်ကျွတ်ကြော် လေး လည်း ထဲ့ဖြစ်အောင် ထဲ့.. ကြက်ရိုးပြုတ်ရေ နဲ့ ချက်ရတယ်... ကြက်သားဖတ်တွေ လည်း ဟင်းရည်ထဲမှာ များမှကြိုက်တယ်..  ပဲထမင်း က အိမ်တင် ပြီးပေမဲ့ အုန်းနို့ ခေါက်ဆွဲ က အိမ် မှာ ရှိတာ နဲ့ မပြီးဘူး အချိန် ရှိတုန်းလေး ဈေးပြေးအုန်းမှ......။

အခန်း (၂)

ဈေး ဘက် သွက်သွက်လျှောက်ရင်း ဈေးထိပ် လဘက်ရည် ဆိုင် ဘက်ကို တချက်လှမ်းကြည့်မိတယ် ... အဲ .. သူ နဲ့ အိမ်ထောင်မကျခင်က ရိတိတိဖြစ်ဘူးတဲ့ အဖျော်ဆရာ သူ့ဘက် စိုက်ကြည့် နေတာ နဲ့ မြန်မြန် မျက်နှာလွဲပြီး ဆက်လျှောက်မိတယ်.. တခါ တခါ တော့ သူ့ အိမ်ထောင်သာ မကျဘူး ဆိုရင် အဖျော်ဆရာ မယား ဖြစ်ချင်ဖြစ်နေမှာလို့... ရီးစား မဖြစ်ခဲ့ ပေမဲ့ သူတို့ အနှောင့် မလွတ်မသွားမလွတ် စကားတွေ ပြောဘူးကြတယ်.... သူတို့ ဈေးသည် တသိုက် လဘက်ရည် သောက်ရင်း သူငယ်ချင်း တွေက အဖျော်ဆရာ ကို ပေါက်ကရတွေ ပြောကြ .. စကြ ..ရီကြတဲ့ ပျော်စရာ နေ့တွေကို သတိရလာပြန်ရော... အင်း အခုတလော ဘဝ မှာ မပျော်လိုက်တာ... အဓိပ္ပါယ် မဲ့ လိုက်တာ.....။

ကဲ မပျော်တာတွေ ဘေးချိတ်လို့ အိမ်ကြက် နုနုလေး  ၆ဝ သားတကောင် ရေခြောက်လေး ကို အမြန် ရွေးလို့ မာမူ ကိုခုတ်ခိုင်းလိုက်တယ်... မာမူ ရေ အူတွေ လွှင့်မပြစ်နဲ့ အုန်း တခါထဲ သင်ပေးလိုက် တခြားထဲ ကလည်း နဲနဲ ထည့်ပေးလိုက်အုန်း အိမ်က လင်တော်မောင်က ကြက်အူ ထုံးလေး တွေ စားချင်လို့ တဲ့ လို့ ပြောရင်း ... ကျမ အမေ တို့ ဆိုင်ဘက်ခဏထွက်လာခဲ့တယ်...။

အမေ ကတော့ ..... လာကြလာကြ လတ်ဆတ် လိုက်တဲ့ ဥတွေ အခုမှ ဘဲဖင် က ထွက်လာတာ တဲ့.. ကျမ တချက်ရီရင်း အမေ မြင်လို့လား လို့ မေးရင်း ... အမေ့ ဘေး ဝင်ထိုင်လိုက်တယ်... ။

ဟဲ့ ညည်း က ဘယ်လို ရောက်လာတာတုန်း မေးရင်း ... တချက် ကျမ ကို လှမ်းရိုက်လိုက်တယ်.. အမေ က အဲလိုဘဲ .. စကားပြောရင် အဆဲလေးနဲ့ လက်ကလေး ကလည်း ပါလိုက်သေးတယ်....။

အမေ ကလည်း  ကြက်ကိုင် နေလို့ ခဏစောင့် နေတာပါ.. အမေ့ သမက်က ကြက်အူ စားချင်တယ် ဆိုလို့ လုပ်ခိုင်းနေတာ...။

အမေ့ကိုမှီပြီး အားရပါးရ ထိုင်လိုက်တယ် ... အမေ က ကျမ ကိုပြန်တွန်းလွှတ်ရင်း .ေ..ာက်ပျင်းမ လို့ တခွန်း ဆဲ လိုက်ပေမဲ့ ... အမေ့ အဆဲ လောက်ကတော့ သူ မမှု့တော့ပြီ....။

သူ့ဆိုင်ဘေးက ပန်းသည် မိခင်ခင် ကတော့ ပန်းလှလှတွေ ပေါ်ကို ရေတွေ ဖြန်းချရင်း... ပါးစပ်ကလည်း မုန့်ဟင်းခါး တွေ အားရပါးရ စားနေသေးတယ်.... ဈေးထဲက ဟသာၤတ မုန့်ဟင်းခါးသည်ကြီး စီမှာ ဟင်းရည်သပ်သပ် တပွဲ ဝယ် ... မုန့်ဖတ် သည်ကြီး စီက မုန့်ဖတ် အစိတ်သား လောက် ဝယ်ပြီး.. သားအမိ ၂ယောက် အလုအယက် စားခဲ့ကြတာ ပြန်တွေးပြီး .... အမေ ရေ မုန့်ဟင်းခါး စားရအောင်လို့ ဘယ်လို အသံ ထွက် သွားမှန်းတောင် မသိဘူး...........။

အမေ က တချက် ဆဲလိုက်ရင်း မုန့်ဟင်းခါး လှမ်း မှာ သံ ကြားလိုက်တယ်.... ငရုပ်သီး အလှော်မှုန့် တွေ အားရပါးရ ထဲ့ရင်း အမေ နဲ့ စားလိုက်ကြတာ ဘယ်လို ကုန်သွားမှန်းတောင် မသိဘူး.... စားလို့ ကောင်းလိုက်တာ....။

အိမ်မှာ မုန့်ဟင်းခါး ချက်စားရင်  ငါးကျည်း စစ်စစ် နဲ့မှချက်တယ်.. ကြက်သွန်ဥ နိုင်ချင်း ဘဲဥဖတ် တွေနဲ့ ငါးသလောက် ဥ ရရင်တောင် ထဲ့ လိုက်သေး... ဒါပေမဲ့ ပင်ပင်ပန်းပန်း ချက်ပြီး တခါတခါ စားချင်စိတ်တောင် ပျောက်ပျောက် သွားတာ လည်း  ပြန်သတိရ လိုက်ပြန်တယ်..... အင်း သွားမှ ... အမေ ရေ သမီးသွားတော့မယ် ... အမေ့ အတွက် နေ့လည် အုန်းနို့ခေါက်ဆွဲ ပို့ပေးမယ်... ထမင်း မစားနဲ့အုန်း နော် လို့ မှာပေမဲ့... ညည်း တို့သာ ဝအောင် စားကြပါအေ .. ငါ့ အတွက် တဝမ်း က ပူစရာ မလိုဘူး လာပို့မနေ နဲ့ အစားတလုပ် အတွက် ဒို့ က ဒုက္ခ မခံဘူးဟေ့ ဆိုပြီး အနှောင့် မလွတ် အသွားမလွတ် က ပြောလိုက်သေး...။

ကျမ လည်း ဘာရမလည်း အမေ့ သမီး ဘဲ... အဲဒါ အမေ့ ပေးစားတဲ့ လင် လေလို့ ရွတ်ရင်း... ထထွက် လာတယ်....။

ကိုမူတူး ကို ကြက်အူတွေ ပါ ထုံးထဲ့ခိုင်း ရင် တခါ ထဲ တုံးတစ်ထားတာတွေ ယူပြီး ... ဟင်းရွက်တန်း ဘက် ထွက် လာတယ်..  ။

 အုန်းနို့ ခေါက်ဆွဲ ချက်ဖို့ ကြက်သား တဝက်ခွဲပြီး တဝက်ကို မဆလာ နိုင်းချင်းနဲ့ ဆီပြန်လေး ချက်မယ်..  ပုဇွန် ထုတ် တွေ့ ရင် မီးဖုတ်ပြီး သုတ်ပေးမယ်...  ဒန်ဒလွန် ရွက် ဟင်းချိုလေး ချက်ပေးမယ်... ငပိရည်လေး သေချာ ဖျော်မယ်....  ဟင်းရွက် မကြော်တော့ဘဲ အတို့ အမြူတ် စုံစုံ လတ်လတ်လေး လုပ်ပေးမယ် လို့ စဉ်းစားရင်း အတို့ လုပ်ဘို့ ဟင်းရွက်တန်းထဲ လိုက်ရှာရတယ်...။

အတို့အမြုတ်လုပ်ဘို့ သံပရာသီး စစ်စစ် သေးသေးမွှေးမွှေးလေး တွေ အကွင်းလိုက် ပါးပါးလှီးမယ်... သရက်ကင်း တို့မယ်... ဒညင်းသီး ဆားရေစိမ် လေးလည်း ထဲ့မယ်.. ရှောက်ရွက်နုနုလေး တွေ ရော မမေ့အောင် ဝယ်မှ ... ဒညင်းဝက် တွေလည်း ကောင်းလိုက်တာ ကြော်ပေးအုန်းမှ လား မသိဘူး.....။

ဒညင်းဝက်ကြော် ပေးမယ်ဆိုမှ သတိရတယ် ... အိမ်က စူစကာ ကြီးက ကြက်သား တခွက် နဲ့ ဖြစ်မထင်ဘူး ... အုန်းနို့ခေါက်ဆွဲ အတွက် လည်း ခွဲ ထားသေးတာဆိုတော့.. ညနေစာ မလောက်ရင် ဒုက္ခ... သုံးထပ်သား ကောင်းကောင်းလေး ဝယ်ပြီး နှပ်ထားအုန်းမှ ... ဟင်းကောင်းကောင်း အပြင် အများကြီးစားတော့ ချက်ရတာ ၂ယောက်ထဲ ပေမဲ့ ပိုပိုမိုမို ချက်ရတယ်... အစားအသောက်နဲ့ ပတ်သက်ရင် နဲနဲမှ စည်းကမ်း ရှိတဲ့ လူကြီး မဟုတ်ဘူး လို့ တယောက်ထဲ ရွတ်ရင်း ဝက်သားတန်း ဘက် လျှောက်လာခဲ့တယ်....။

အားလုံး ဝယ်ချမ်းပြီးတာနဲ့ အိမ်ဘက် သုတ်သုတ်လျှောက်လာရတယ်... မြန်မြန်သွားမြန်မြန်ချက်မှ.. ဟိုလူကြီး နိုး ရင်လည်း ပဲထမင်း က နယ် ပေးရအုန်းမယ်...။

အပိုင်း (၂) ဆက်ရန်
.
အားလုံးအားလေးစားလျှက်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက္ဖတ္ရန္>>> >>

Monday, February 14, 2011

ကြွေလွင့်သွားသော ပန်းလေးများ

တိုင်းတာလို့ မရနိုင်တဲ့ သံယောဇဉ် နဲ့ မေတ္တာတရား တွေကို ပန်းလေး တွေ နဲ့ သာ တင်စား ခဲ့ရင် ရင်ထဲက ပန်းလေး နှစ်ပွင့် ကြွေလွင့် သွားခဲ့ပေပြီ....

အခန်း (၁)

ကျနော် ငယ်ငယ်က နွေကျောင်းပိတ်ရက် တော်တော်များများ မှာ အဖိုး ရှိတဲ့ အဒေါ့်အိမ် ရှိရာ မြို့လေး ကို သွားလည်လေ့ရှိပါတယ်.၊ အဒေါ့်သားသမီး မောင်နှမ ဝမ်းကွဲတွေ နဲ့ တနွေလုံး ပျော်ပျော် ရွှင်ရွှင် နေကြ ပါတယ်... ညရောက် ပြီ ဆိုရင်  မောင်နှမ တတွေဘဲ အိမ်ကြီး မှာ ကျန်နေ တတ်တယ် အဒေါ် နဲ့ ဦးလေး က မြို့ပြင်နားမှာ ရှိတဲ့ အိမ်မှာ ပြန်အိပ်လေ့ ရှိသလို အဖိုးကတော့ ဘုန်းကြီးဝတ် နဲ့ ဆိုတော့ ဘုန်းကြီး ကျောင်း မှာ ပြန်ကျိန်းပါတယ်၊  ကျနော်တို့ကတော့ အလုပ်ရုံ နဲ့ တွဲထားတဲ့ မြို့ထဲ အိမ်မှာ ဘဲ နေခဲ့ကြတယ်...။

မောင်နှမ လေးယောက် ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြတာကို မကြာခဏ ပြန်လည် သတိရမိတယ်... အဒေါ် တို့ ပြန်ပြီဆိုတာ နဲ့ သော့ခပ်ထားတဲ့ သံတံခါးကြီး ကို အမြန်ဖွင့် မောင်အငယ်ဆုံးလေး က သူ့စက်ဘီး သေးသေးလေး နဲ့ မြို့လည် ရုပ်ရှင်ရုံရှေ့မှာ ရောင်းတဲ့ ရေခဲစိမ်ကွမ်းယာ သွားဝယ်တယ်... အပြန်မှာ စာအုပ်ဆိုင် က ကျနော် ဖတ်ဘို့ ဝတ္ထုစာအုပ် တအုပ် ငှားလာလေ့ ရှိသလို  သူတို့ အငယ်တွေ ဖတ်နေကျ ကာတွန်း တခုခု ကို လည်း ငှားလာလိမ့်မယ် ....။

ရေခဲစိမ် ကွမ်းယာ ချိုအေးမွှေး ကို မြုံရင်း စာအုပ်ကိုယ်စီဖတ်လို့....၊ ညရောက်ရင်လည်း နှစ်ယောက်အိပ် ကုတင် ကြီး မှာ မောင်နှမ လေးယောက် ကန့်လန့်ဖြတ် အိပ်ရင်း ရောက်တတ်ရာရာ ပြောကြ စကြ တွန်းထိုးကြ နဲ့ အိပ်ပျက် ညပေါင်းများစွာကို ပျော်ပျော်ကြီး ကျော်ဖြတ်ခဲ့ကြတယ်။

နေ့ခင်းဘက်မှာတော့ ကျနော် တို့ မောင်နှမ တတွေ ပေါင်းစည်း ခွင့် မရခဲ့ဘူး စည်းကမ်းကြီးလွန်းတဲ့ အဒေါ်ရဲ့ အုပ်ထိမ်းမှု့ အောက် က မောင်နှစ်ယောက် နဲ့ ညီမ တယောက် ဟာ နွေရာသီ ကျောင်းပိတ်ရက် ဖြစ်ပေမဲ့ အနားယူခွင့် မရှိ သလောက် သင်ယူနေကြရတယ်၊ ကျနော်ကတော့ စာအုပ်တအုပ် နဲ့ အဒေါ်ရဲ့ မျက်ကွယ် တနေရာရာ မှာ အချိန်ဖြုန်း နေသလို အဖိုးပေးတဲ့ မုန့်ဘိုးငွေတွေ နဲ့ ဈေးထဲမှာ ပျော်ပျော်ကြီး စားသောက် နေကြ ပေါ့...။

မနက်ခင်းတိုင်း အဒေါ့် ရဲ့ ထမင်း စားပွဲပေါ်က ထမင်းကြော် နဲ့ ညနေက ကျန်တဲ့ ဟင်းကျန်တွေကို ပြန် နွှေးထား တဲ့ ဟင်းခွက် နှစ်ခွက်လောက် အပြင် အဲဒီအချိန်တုန်းက မရှားပါးသေးတဲ့ ပုဇွန်ဆီပုလင်း ငပိကြော် ငံပြာရည်ချက် ဆိုတာတွေ ကို နေ့တိုင်းစားနေရလို့ ငြီးငွေ့စပြုပြီဆိုရင်တော့ အိမ်နဲ့ မနီးမဝေး မှာ ရှိတဲ့ တောဈေးပေါက်စလေးထဲက ရွှေတောင် မုန့်ဟင်းခါး ကို သွားစားပါတယ်.။

မုန့်ဟင်းခါး စားပြီးတိုင်း ငရုပ်ကောင်းနံ့မွှေးမွှေး နဲ့ ပိတ်ဆွယ်များများ ဟင်းခါးရည် အဆစ်ပေးတာကိုလည်း အမှတ်ရ နေစမြဲ..  မုန့်ဟင်းခါး ဆိုင်တိုင်းဟာ အဆစ်တောင်း တဲ့ အခါလည်း မုန့်ဟင်းခါးရည် နဲနဲကိုဘဲ ပေးလေ့ရှိပေမဲ့အဲဒီတောဈေးလေး က ရွှေတောင်မုန့်ဟင်းခါး အဆစ်ကတော့ ချိုမွှေး နေတဲ့  ဟင်းခါးရည် ပူပူလေး ကိုသာ အဆစ်ပေးလေ့ရှိတယ်.. မုန့်ဟင်းခါးထက် အဲဒီ အဆစ် ဟင်းခါးရည် လေးကို စွဲလန်း နေတာလည်း အခုထိ ဖျောက်ဖျက်လို့မရ...။

နွေနေပူပူ အောက်မှာ ရေနွေးကြမ်းပူပူ ကို တရှုးရူး မှုတ်သောက်ရင်း ငရုပ်သီးစပ်စပ် နဲ့ သဘောၤသီးသုပ် မကြာခဏ စားခဲ့ ကြတာတွေကိုလည်း သတိရတယ်.. ကျနော် တို့ မောင်နှမ တတွေ ဟာ ကလေးတွေပေမဲ့ ငရုပ်သီး မစားနိုင်သူ ဘယ်သူမှ မရှိသလို ငရုပ်သီး များများစားနိုင်တာကို ဘဲ ဂုဏ်တခုလုပ်ပြီး မစပ် စပ်အောင် ငရုပ်သီးတွေ အများကြီး ထည့်သုပ်ကြတယ်..။

တချို့ ညနေခင်း တွေ မှာတော့ အဒေါ် ရဲ့ တရားဝင်ခွင့်ပြုချက် နဲ့ ရုပ်ရှင်သွားကြည့်ကြတယ် ကျန်းမာရေး မကောင်း တဲ့ မောင်အလတ်လေး နဲ့ ကျနော်နဲ့ ဆိုက်ကားတစီး၊ ညီမအကြီး နဲ့ မောင်အငယ်လေး က ဆိုက်ကားတစီး နဲ့ ရုပ်ရှင်ရုံကိုသွားကြတယ်... ပျော်လိုက်ကြတာ... ရုပ်ရှင်ရုံရှေ့ ဆိုက်ကား ရပ်တာ နဲ့ ကျနော် က လက်မှတ်ဝယ် မောင်အငယ်လေး က ရေခဲစိမ် ကွမ်းယာထုပ်လေး နဲ့ စားစရာတွေဝယ်၊ ကျနော် တို့ စိတ်ထဲမှာ အဲဒီ အချိန်က ရေခဲစိမ်ကွမ်းယာလေး စားရတာ ကို က အလွန်ခေတ်မှီ ပြီး တကယ့် ကို ကိုယ်ကိုကိုယ် ဟုတ်လှပြီ ဆိုပြီး မောင်နှမ တတွေ အင်မတန် ပီတိဖြစ်ကြတဲ့ အလုပ်တခုပါဘဲ..။

 ရှားရှားပါးပါး လွတ်လပ်ခွင့် ရတဲ့ နေ့လည်ခင်း တချို့ မှာတော့ အိမ်ကြီးရဲ့ နောက်က သစ်ပင်တွေကြား ချုံနွယ် ပိတ်ပေါင်းတွေ အလယ် မှာ စခန်းချတယ် ဆိုပြီး သစ်ရွက်သစ်ခက်တွေ နဲ့ တဲထိုးကြ ဝင်လိုက် ထွက်လိုက် လုပ်ကြ ထမင်းတွေ ယူလာပြီး စားကြ နဲ့ အတော်ပျော်စရာကောင်းတဲ့ ငယ်ဘဝလေး တခု ပါလား..။

နဲနဲလေးကြီးလာတဲ့ နွေရာသီ တွေ မှာတော့ မောင်ငယ်လေး ဟာ အဒေါ်ရဲ့ ဖိအားပေးမှု့ တွေ အောက်မှာ  စာတွေ နဲ့ မွန်းကျပ် နေတဲ့ ကြားထဲက အားလပ်ချိန်လေးတွေ မှာ အလည်လာတဲ့ အမ အတွက် ကောင်းနိုးရာရာလေး တွေ သူကိုယ်တိုင် လိုက်ကျွေး တတ်တယ်.. သူကောင်းတယ်ဆိုတဲ့ ဆိုင်တဆိုင် မှာ ကန်စွန်းရွက် လတ်လတ် ၊ အီကြာကွေး အများကြီး နဲ့ ကော်ရည်ခေါက်ဆွဲ ကိုလည်း ခဏခဏ စားဖြစ် ကြတယ်.... ငရုပ်သီးစပ်စပ် နဲ့ အာလူးဟင်းရည် ရွဲရွှဲ မှာ ပူစီနံတွေ ကြက်သွန်နီ တွေနဲ့ အများကြီး နဲ့ သုပ်ထားတဲ့ ပလာတာသုပ် ကိုလည်း မပြန်ခင် မှာ အားရအောင် လိုက်ကျွေးတတ် တဲ့ ချစ်စရာ အပြစ်ကင်း တဲ့ မောင်ငယ်လေးပါ....။

အားလုံးလည်း အရွယ်ရောက်လာကြပြီ အဒေါ်တို့လည်း နယ်မြို့လေး ကနေ ရန်ကုန်မြို့ပေါ် ပြောင်းလာလို့ အခြေချကြတဲ့ အချိန်.. မောင်ငယ်လေး လည်း ဆေးကျောင်းမှာ ဖိုင်နယ် ပတ်တူးဖြေနေတဲ့ အချိန် ကျနော် တို့ လင်မယား ရန်ကုန်ကို ရောက်သွားကြတယ်... ရခါစ လင်မယားဘဝမှာ ကျနော် ယူခဲ့တဲ့ သူက အသိုင်းအဝိုင်း မှာ အထင်ကြီးလောက်စရာ ဘာမှ မရှိပေမဲ့ အမကို ချစ်သေးတဲ့ မောင်ငယ်လေး က ကျနော် တို့ ၂ယောက် ကို ဂရုတစိုက် ဧည့်ခံပြုစု ခဲ့ပါတယ်...၊  ကျနော် တို့ ပြန်ကြမဲ့ရက်ကို လည်း တရက် ရွှေ့စေပြီး သူစာမေးပွဲ ပြီးတဲ့ ညမှာဘဲ သူကိုယ်တိုင် လက်မှတ်ဝယ် လို့ ရုပ်ရှင်လိုက် ပြပါတယ်.. ဂျူး ရဲ့ မြစ်တို့ ၏ မာယာ တဲ့ ...။

နောက်တော့ မောင်လေး ဆေးကျောင်းပြီး တဲ့ အချိန်မှာ ဆမ မယူဘဲ အင်္ဂလန်ကို အမ်အာစီပီ ယူဘို့ ထွက်သွားတယ် စာမေးပွဲတွေ အောင်သလို အလုပ်လည်း လုပ်နေပြီ လို့ သိရတယ်.... တနေ့ ကျနော် ရန်ကုန် ရောက်သွားတဲ့ အချိန်မှာတော့ မောင်ငယ်လေး စီက ဖုန်းလာလို့ အားလုံး တယောက်ပြီး တယောက် ဖုန်းပြောနေကြပါတယ်...။

နိုင်ငံခြား ဖုန်းဆက်ရတာ ဈေးကြီးတယ်ဆိုတာ သိပေမဲ့ မတွေ့ရတာ နှစ်ပေါင်း များစွာကြလှသလို တိုက်တိုက် ဆိုင်ဆိုင် ဖုန်းဆက်နေတုန်း အနားမှာ ရှိနေတဲ့ အတွက် မောင်ငယ်လေး ကို တခွန်းလောက် တော့ နှုတ်ဆက်လိုက် ချင်ပေမဲ့ ကျနော် ရောက်နေကြောင်းလည်း ဘယ်သူမှ မပြောပြကြ သလို ကျနော် ကလည်း မောင်လေး နဲ့ တခွန်းလောက် နှုတ်ဆက်အုန်းမယ် လို့ ပြော မထွက် ပါဘူး...။

လူ့တန်ဘိုး ကို ရာထူးတွေ ငွေကြေးချမ်းသာမှု့တွေ  နဲ့ တိုင်းတာပြီး  နိုင်ငံခြား မှာ ရှိနေတဲ့ မောင်လေး စီ ကို ဆက်သွယ်ရင်ဘဲ တခုခု အကူအညီ တောင်းနိုးနိုး လို့ ထင်နေကြတဲ့ အသိုင်းအဝိုင်း ထဲမှာ  မောင်လေး ကို လွယ်လွယ် ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ် လေး တခု အီးမေးလ် လိပ်စာလေး တခု ကိုတောင် တောင်းဆို ဘို့ ကျနော့် မာန က ခွင့်မပြုခဲ့ပါဘူး..။


တိုင်းတာလို့ မရနိုင်တဲ့ သံယောဇဉ် နဲ့ မေတ္တာတရား တွေကို ပန်းလေး တွေ နဲ့ သာ တင်စားခဲ့ရင် ကျနော့် ရင်ထဲက မောင်ငယ်လေး ဟာ ပထမဆုံး ကြွေလွင့် သွားတဲ့ ပန်းလေး တပွင့် ပါ...။


အခန်း (၂)

ကျနော် ငယ်ငယ်က မန္တလေးမြို့အထက ၁၆ မှာ ကျောင်းတက်ပါတယ်.... ကျနော် ကိုးတန်းနှစ် ကျောင်း ဖွင့်စ အတန်းထဲ မှာ ကျောင်းသူအသစ်တယောက် ရောက်လာတယ်..၊ ဆံပင်တိုတို အသားဖြူဖြူ ပုပု လုံးလုံး လေး မို့ ချစ်စရာလေးပါ..၊ ဒါပေမဲ့ တင်းမာဟန်ရှိတဲ့ မျက်နှာထား နဲ့ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်း ပါးပါးကြောင့် သူ့ကို တော်ရုံလူခေါ်ဘို့ မဝံရဲကြပါဘူး..။

ကျနော်ကတော့ ဘယ်သူနဲ့မှ လွယ်လွယ်ခင်မင်နိုင်ပုံ မရတဲ့ သူ့ကို သနားသလိုလို ဖြစ်လာတာနဲ့ အရင် မိတ်ဆက် လိုက်ပြီး သူလိုချင်တဲ့ စာအုပ်တွေ ငှားပေးတယ်.. သူသိချင်တာတွေ ဖြေပေးပြီး ကျနော်တို့ နှစ်ယောက်  ခင်မင်သွားကြပါတယ်...၊ ဒီလိုနဲ့ တနှစ်လုံး သူဟာ ကျနော် တယောက်ကလွဲလို့ ကျန်တဲ့ သူများနဲ့ မေးထူးခေါ်ပြောအပြင်မပိုခဲ့ပါဘူး...။

ကျနော် နဲ့လည်း တရင်းတနှီးကြီး မဟုတ်ပါဘူး ဒါပေမဲ့ တခြားလူတွေထက်တော့  ခင်မင်မှု့ ပိုခဲ့မယ် ထင် ပါတယ်...  သူက စကားမပြောသလောက် တည်ငြိမ် လွန်းတော့ နောက်ထပ်လည်း ခင်မင်သူ ရတာ မတွေ့ ပါဘူး.. ။

ကိုးတန်း တနှစ်လုံး အတန်းထဲမှာ ပထမ စွဲခဲ့တဲ့ သူ့ကို သတိပြုမိသွားတဲ့ ကျနော်တို့ အတန်းပိုင် ဆရာမ က ဆယ်တန်းနှစ်မှာတော့ သူ့ကို  အတန်း ရဲ့ ရှေ့ဆုံးခုံမှာ ထိုင်ဘို့ နေရာပေးသလို မစီမဆိုင် အတန်းရဲ့ နောက် ဆုံးခုံ မှာ ထိုင်နေတဲ့ ကျနော့် ကိုလှမ်းခေါ်ပြီး သူ့ဘေးမှာ ထိုင်ဘို့ နေရာပေးပါတယ်...။

ကျနော် မထိုင်ချင်ပါဘူး ရှေ့ဆုံးခုံ မှာ ဘယ်တော့မှ ထိုင်လေ့မရှိသလို ကျနော် ခင်မင်တဲ့ သူငယ်ချင်း တွေကလည်း နောက်တန်း တွေ မှာ ဘဲရှိကြတာပါ... ဒါပေမဲ့ ဆရာမ အမိန့်ဆိုတော့ လွန်ဆန်လို့ မရတဲ့ အတွက် အတန်းပိုင် ဆရာမ ရဲ့ ပထမဆုံး အချိန်တချိန် မှာဘဲ အဲဒီသူငယ်ချင်းဘေး မှာ သွားထိုင်ပါတယ်... ကျန်တဲ့ အချိန်တွေ မှာတော့  ကျနော့် စိတ်ကြိုက် နောက်ဆုံးခုံမှာ နေမြဲပါဘဲ...။

ရှေ့ဆုံးခုံ က သူ့ဘေးမှာထိုင်ရင်း သူ့အကြောင်းတွေ ပိုသိလာရသလို .. စာရေးတာသိပ်မြန်ပြီး ရှင်းလင်း ပြတ်သား တဲ့ သူ့လက်ရေးတွေကို ကျနော် နှစ်သက်လာတယ်..၊ဘဝ အပေါ် မကျေနပ်တဲ့ သူ့ရဲ့ စိတ်ကို လည်း ပိုနားလည်လာတယ်.. သူ့မိဘနှစ်ပါး ဟာ နောက်အိမ်ထောင်ဘက် ကိုယ်စီနဲ့ ဖြစ်နေသလို သူ့ကိုလည်း ဘယ်သူမှ ထောက်ပန့်မှု့ မပေးကြပါဘူး.. သူတယောက်ထဲ စည်းကမ်းကြီးလွန်းတဲ့ အဖွား နဲ့ တင်းကြပ်စွာ ချို့တဲ့စွာ ကြီးပြင်းလာကြောင်းသိရတယ်... ။

သူဟာ သူ့မိဘ တွေကိုလည်း မချစ်သလို တသက်လုံး အတူနေပြီး စောင့်ရှောက်လာတဲ့ အဖွားကိုလည်း နဲနဲ မှ ချစ်ဟန်မတူ ပါဘူး... ကျနော် ကတော့ သူ့မိဘတွေ အကြောင်းမပြောတတ်ပေမဲ့ အဖွားကို တော့ ချစ်သင့်တယ်လို့ ထင်ပါတယ်.. နောက်တော့လည်း ကျနော်စာဖတ်သလို သူ့ကိုပေးဖတ်ပါတယ်.. ကာတွန်း ဖတ်တာတောင် မကြိုက်တဲ့ သူ့အဖွားအကြောင်းသိခဲ့ရသလို သူလည်း နည်းမျိုးစုံ နဲ့ စာခိုးဖတ် တတ်လာ သလို ဝတ္ထုတွေ လည်းကြိုက် တတ်လာပါတယ်.. ။

အဲဒီအချိန်က ကျနော်တို့ နှစ်ယောက် မစန္ဒာ ရဲ့ ဝတ္ထုတွေ ကို စွဲလမ်းပြီး အင်ဂျင်နီယာ လုပ်ကြမယ်လို့ ဆုံးဖြတ် ကြသေးတယ်... သူကတော့ သူ့လမ်းကြောင်းအတိုင်း မလွဲမသွေ လျှောက်တတ်တဲ့သူ ဖြစ်လို့ ရည်မှန်းချက် အလွဲမခံပေမဲ့ ကျနော်ကတော့ ထုံးစံအတိုင်း လေနဲ့အတူ ပါဘဲ....။

အတန်းပိုင် ဆရာမ ရဲ့ ကျနော့် အပေါ်မှတ်ချက်ကိုလည်း ကြားခဲ့ရပါတယ်.. မြန်မာ စကားပုံတွေ ဟာ ကျနော် နဲ့ မှ မှန်တာ တွေ့ရတယ် တဲ့ ရတနာ ရှိရာ ရတနာ စု... ဗရချာ ရှိရာ ဗရချာ စု တဲ့လေ ရှေ့ဆုံးတန်း သူ့ဘေးမှာ ဆရာမ အချိန် တချိန်ဘဲ ထိုင်ပြီး ကျန်တဲ့ အချိန်တွေမှာ နောက်တန်းမှာ သွားထိုင် နေတာ သိသွားတဲ့ ဆရာမရဲ့ ကျနော့် အပေါ် အမွှန်းတင်သံလေးလေ...။

၁ဝတန်း အောင်တဲ့ အခါမှာတော့  သူမျှော်မှန်းထားတဲ့ အတိုင်း ငါးဘာသာ ဂုဏ်ထူးနဲ့ ရန်ကုန် စက်မှု့ တက္ကသိုလ် မှာ တက်ခွင့် ရပါတယ်.. ကျနော် ကတော့ မန္တလေး တက္ကသိုလ် မှာ သချာၤအဓိက နဲ့ တက်ခွင့် ရသလို ချစ်သူ ပါ ရသွားပါတယ်..၊ ကျောင်းပိတ်ရက်တိုင်း ပြန်လာတတ်တဲ့ သူ့နဲ့ ကျနော်တို့ နှစ်ယောက် ရုပ်ရှင်တွေ အတူတူ ကြည့်ဖြစ်သလို ကြေးအိုးလိုမျိုး အစားအသောက်ကောင်းလေး တွေ လည်း စားဖြစ် ကြပါတယ်...။

စားရင်းသောက်ရင်း စကားတွေ ပြောကြတဲ့ အခါ မှာ သူဟာ ဘာမှ မပြောင်းလဲသေးဘူးဆိုတာ သဘော ပေါက်လာပါတယ်.. သူ့မှာ ခင်မင်သူ ချစ်သူ အခုထိမရှိသေးသလို.. သူ ရဲ့ အခန်းဖော်သူငယ်ချင်း တွေ နဲ့တောင် အဆင်ပြေ အောင် မနေနိုင်တာ တွေ့ရတယ်... ။

စာမေးပွဲရက်တွေ မှာ သူ အစောပိုင်းအိပ်ပြီး ၁၁နာရီလောက် နှိုးပါလို့ မှာထားရင် တနာရီ နှစ်နာရီ လောက် မှ နှိုးတဲ့ အခန်းဖော်ကို ငါ စာတွေ ရသွားမှာ ကြောက်လို့ မနှိုးတာ ဆိုပြီး အညှိုးထားတဲ့ သူ့စကားတွေ.. နှိုးစက် နာရီတလုံး တောင် မဝယ်နိုင်အောင် ပိုက်ဆံ တိုင်းတာပေးလွန်း တဲ့ သူ့အဖွားကို မကျေနပ်သံ တွေ  ကြားရတဲ့ အတွက် ကျနော် စိတ်မကောင်း ဖြစ်မိတယ် သူ မပြောင်းလဲ သေးပါလားလို့.....။

အဲဒီနှစ် ကျောင်းဖွင့်လို့ ပြန်သွားတဲ့ အချိန်မှာတော့ ကျနော့် တို့ရဲ့ လက်ဆောင် ထုပ် ကလေး ထဲမှာ နှိုးစက်နာရီလေး နဲ့ စားပွဲခင်းလှလှလေးပါသွားပါတယ်... သူ့ကို ကျနော် တကယ် ခင်ခဲ့ပါတယ် .. လေးစား ခဲ့ပါတယ်.. ကျနော့် ရဲ့ သာမန်မထူးခြားတဲ့ ချစ်သူအပေါ်မှာ သူ အသိအမှတ် သိပ်မပြု ခဲ့တာတောင် မသိ ချင်ယောင် ဆောင် နေခဲ့ပါတယ်.. ကျနော့် ချစ်သူ ကိုလည်း သူသိပ်တော်တဲ့ အကြောင်း မေတ္တာ မရခဲ့လို့ သနားဖို့ ကောင်းတဲ့ အကြောင်းတွေ ပြောပြဖြစ်ပါတယ်.. ။

ဒီလိုနဲ့ သူ့အဖွားလည်း ဆုံးသွားပါတယ်.. သူလည်း မန္တလေး ကိုပြန်မလာတော့ ပါဘူး... ကျောင်းမှာ ဘဲ ဆရာမ ဝင်လုပ်နေရာကနေ နိုင်ငံခြားထွက် အလုပ်လုပ်ရင်း ကျောင်းဆက်တက်ကြောင်း တစွန်းတစ ကြား ရပါတယ်... မကြာခဏ ကျနော် တို့ရဲ့ ခင်မင်မှု့လေး တွေ ကို သတိရပါတယ် တွေ့ချင်နေပါသေးတယ်.. ။

နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ... ကျနော်လည်း ဘလော့လေး တည်ဆောက်ပြီး စာတွေ ရေးနေပါတယ်.. တနေ့တော့ ကျနော့် ရဲ့ c box ထဲမှာ လာအော်သွားပါတယ်... သူ ဘလော့ဂ် တွေ လိုက်ဖတ်ရင်း ကျနော့် ကို မှတ်မိသွားပါပြီ... ကျနော် တို့ မေးလ် တွေ အပြန်အလှန်ပို့ကြပါတယ်.. ဂျီတော့ခ် ထဲမှာ စကားပြောခဲ့ ပါတယ်...။

ကျနော် သူ့ကိုမေးခဲ့ပါတယ်.. တယောက်ထဲဘဲလားလို့... ပြန်ဖြေခဲ့ပါတယ်.. ဒါကအရေးပါလို့လားတဲ့ ဘဝ မှာ ဒါအရေးကြီးလို့ ဒါဘဲ မေးနေကြတာလားတဲ့ .. သြ ... ကျနော် ခွင့်လွှတ်လိုက်ပါတယ်.. ဟုတ်ပါတယ် အရေးမကြီးပါဘူးလို့ .. မင်း လို တယောက်ထဲ လွတ်လွတ်လပ်လပ် နဲ့ လုပ်ချင်တာလုပ်နေတာဘဲ ကောင်း ပါတယ်လို့...။

ကျနော့် ဘလော့ လေးကို သူအမြဲတန်း စာလာဖတ်တယ် တဲ့.. နိုင်ငံခြားမှာ စာအုပ်ရှားလို့  စာအုပ်ကောင်း လေးတွေ တင်ထားပေးတဲ့ ကျနော့် ဘလော့ ကို လာဖတ်တာလေ တဲ့ ကျနော့် ရဲ့ ကိုယ်ပိုင် စာတွေ ကိုတော့ သိပ်မဖတ်ဖြစ်ပါဘူး တဲ့......စာတွေ ကို ဖတ်ကြည့် တော့လည်း  စာတွေ က  မချောသလို သတ်ပုံ တွေ လည်း တအား မှားတယ်တဲ့ ရင့်ကျက်မှု့ လည်း အခုထိ မရှိသေးဘူးလားတဲ့ ...။

သူဟာ နှစ်ပေါင်းများစွာ နှလုံးသားထဲ က သတိရနေရတဲ့  ကျနော် လေးစားခင်မင်ရသူတဦးပါ... ကျနော် တို့ ဘယ်နေရာ မှ ယှဉ်ပြိုင်ဘက်လည်း မဖြစ်ခဲ့ကြပါဘူး... သူ့နဲ့ ကျနော့် ဘဝက တခြားစီပါ... ၊ နောက်ပြီး ကျနော် ဟာ စာရေးဆရာ တယောက် မဟုတ်သလို ဝါသနာ အလျှောက် ဝမ်းရေးတဖက် နဲ့ ရောက်တတ် ရာရာ လေးတွေ ရေးနေခဲ့တာပါ.... အမှန်တွေ ပြောခဲ့တာ ဆိုရင်တောင် ငယ်ပေါင်း သူငယ်ချင်း တယောက် ကို ခံသာအောင်  ပြောသင့် ပါတယ်...  ကျနော် တကယ်ဘဲ ခံနိုင်ရည် မရှိခဲ့ပါဘူး..။

မင်း ဖတ်ချင်တဲ့ စာတွေလာဖတ်လှည့်ပါ.. ငါ့စာတွေ မဖတ်လည်း ရပါတယ်လို့.. ဒါဟာ သူ့အတွက် နောက်ဆုံး မေးလ်  တစောင် ဖြစ်သလို.. ကျနော့် ရင်ထဲက ဒုတိယမြောက် ပန်းလေးတပွင့် ကြွေလွင့် သွားခဲ့ ခြင်းပါ ...။  

မာနကြောင့်ပန်းလေးတပွင့် ကြွေခဲ့ရသလို မခံချင်စိတ်ကြောင့်လည်း ပန်းလေးတပွင့် ကြွေခဲ့ရပြီ....  သူငယ်ချင်း ရေ မင်းပြောတာမှန်ပါတယ် ကိုယ် ဟာ တကယ်ကို ရင့်ကျက်မှု့ မရှိခဲ့ပါဘူး....။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက္ဖတ္ရန္>>> >>

Friday, March 26, 2010

နှင်းဆီငုံ လေး ရဲ့တမ်းခြင်း အပိုင်း (၁)

ဘလောဂ့်တခု တွေ့ ခဲ့တယ်..၊ ...စိတ်ဝင်စားခြင်းကြီးစွာနဲ့ နေတိုင်းသွားဖတ်ခဲ့တယ်...၊ ဒီဘလော့ဂ် လေးရဲ့ စာဖတ်သူဟာ ပိုင်ရှင်ကိုယ်တိုင် နဲ့ ကျနော် နဲ့ ၂ယောက် ထဲ ပါလား ဆိုတာ မကြာခင်မှာဘဲ သိလာတယ်..။ ဘလော့ဂ် ပိုင်ရှင်လေးကို သနားခြင်း နဲ့ ကြင်နာစွာ နှစ်သိမ့်လိုခြင်း တွေကြောင့် ကော့မန့် လေး တွေ ရေးမိတယ်..။

ဒီဘလော့ဂ် ပိုင်ရှင်လေး ဟာ သူမ ပျောက်ကွယ်သွား ခဲ့ ရင် သူမ ရေးခဲ့တဲ့ မှတ်တမ်းလေး တွေလည်း သူမ နဲ့ အတူ ပျောက်ကွယ်သွားစေဘို့ ..... သူမ ရဲ့ ခံစားချက် တွေကို ဖွင့်ချဘို့ .....ရည်ရွယ်ပြီး ရေးခဲ့တာလို့  တဖြေးဖြေး နဲ့ သိလာခဲ့ရသလို.. ကျနော် အင်တာနက် သုံးချိန်တွေမှာ သူမ ဘလော့ဂ် လေး ကို အမြဲတမ်း ဖွင့် ထားရင်း နဲ့ သူမ  ရှင်သန်စေကြောင်း ဆုမွန် တောင်းခဲ့တယ်..၊ သူမ တင်တဲ့ ပို့စ် အသစ်လေး တွေကို အမြဲတမ်း အငန်း မရ ဖတ်မိတယ်..၊ သူမ ရှင်သန် နေဆဲပါလားဆိုတာ.. သေချာ သိရတဲ့ အချိန် ကြမှ သက်ပြင်း ချရင်း အသက် ဝဝရှုနိုင်တော့ တယ်...။

ဒီဘလော့ဂ် လေး နဲ့ ကျနော် ထိတွေ့ရင်းနှီးရင်း.. ဘလော့ဂ် ပိုင်ရှင်လေးကို သနားသထက် သနား လာကာ.. ချစ်ခင်မြတ်နိုး မှု့တွေ နဲ့ နားလည်မှု့ ပေးချင်တဲ့ စိတ်တွေ ပိုများလာတယ်...၊ ဒါပေမဲ့ သူမ စီက တုန့်ပြန့်မှု့ တွေ ဘာတခုမှ မရခဲ့သလို... သူမ ဟာလည်း တနေ့ ထက် တနေ့ ပိုမို ယိမ်းယိုင် ပျက်စီးလာသလို ထင်မိတယ်..၊ ပို့စ် အသစ်တွေလည်း သူမ မတင်နိုင်တာကြာခဲ့ပြီ.. အခု အချိန်မှာ ကျနော် အသိချင်ဆုံး ဟာ ဒီဘလော့ဂ် ပိုင်ရှင်လေး ရှင်သန် စဲလား ဆိုတဲ့ အသိတခုထဲပါဘဲ...။

ရက်ပေါင်းများစွာ ကနေ လချီခဲ့ပြီ တကယ် ဘဲ ဘလော့ဂ် ပိုင်ရှင်လေးဟာ ကမ္ဘာကြီးကနေ ပျောက်ဆုံး သွားပြီ လား... ၊ ဒီ ဘလော့ဂ် လိပ်စာလေး ကို သူမ ဘယ်သူ့ကိုမှ သိစေချင်မှာ မဟုတ်ဘူးလို့ ထင်တဲ့ အတွက် ကျနော် မပြောခဲ့ပါဘူး..၊ ဒါပေမဲ့.. သူမ အကြောင်းလေး တွေ ကိုတော့.............။

သူမ နဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေကို ကျနော် နားလည်မိသလိုဘဲ ပြောပြချင်ပါတယ်....၊ ဘယ်သူများ သူမ ကို သိတဲ့ သူ ပါသလည်း လို့ပါ.. ၊  သူမ ရေးထားတဲ့ အစီအစဉ် မကျန တဲ့  အကြောင်း လေးတွေကို ကျနော် တတ်နိုင်သလောက် ချုံငုံပြီး အဆင်ပြေအောင် ရေး ပေးထားပါတယ်...။

တကယ်လို့များ ကျနော့် ဘလော့ဂ် လေးကို ဖတ်မိလို့ သူ အကြောင်းလေးတွေ သိတဲ့ သူများ ရှိခဲ့ရင် သူမ ရှင်သန် နေစဲပါ ဆိုတဲ့ သတင်းစကားလေး တခွန်းများ အမှာစာ ပေးနိုင် ခဲ့ရင် တကယ်ဘဲ ကျေးဇူး တင်မိ မှာပါ...။
အခန်း (၁) 

အချစ်စစ် ဆိုတာ တစ္ဆေပုံပြင် တွေလိုပါလား... တစ္ဆေပုံပြင်တွေ အမျိုးမျိုး ကြားဘူးကြပေမဲ့.. တကယ်တန်း ထိပ်တိုက်တွေ့ဘူးတဲ့ လူ နည်းသလို.. အချစ်စစ် ဆိုပြီး တတန်းတန်း တတတ ပြောနေကြပေမဲ့ အချစ်စစ် နဲ့ ရင်ဆိုင်တွေ့ဘူးတဲ့သူ နည်းနည်းလေးဘဲမဟုတ်လား....။

သူမ အတွက် တချိန်တုံးကတော့ အချစ်စစ် ဆိုတာ သူမ နဲ့ တကယ်ဘဲ ထိပ်တိုက်တွေ့ ခဲ့ပြီ.. ကံကောင်း လိုက်လေ ခြင်းဆိုပြီး.. အချစ် မှာ သာယာ နစ်မြောခဲ့ပေမဲ့.. အချိန်ကြာလာလေ.. သူမ တွေခဲ့တဲ့ အချစ်စစ် ဆိုတာ မသေချာလေ..ဖြစ်နေတဲ့အပြင်.. တကိုယ်ကောင်း ဆန်လှတဲ့  တဘက်သတ် အချစ်ပါလား ဆိုတာ သေချာ လာလေ ဖြစ်လာ ခဲ့လို့ပါဘဲ..။

ဆယ်တန်းအောင်ပြီး တက္ကသိုလ် မှာ စတက်ခဲ့တော့ နုပျိုမှု့တွေ တက်ကြွမှု့တွေ နဲ့ သူမ ဟာ တကယ်ဘဲ လှပမွှေးကြိုင် လှတဲ့ နှင်းဆီငုံ လေးပါဘဲ...၊နှင်းဆီငုံ လေးကို နမ်းရှိုက် လိုကြတဲ့ ပျားပိတုံး တွေ ထဲမှာ တယောက်သောသူ က အသဲဆုံး ဇွဲအကြီး ဆုံးနဲ့ တကယ့်ကို တရှိုက်မက်မက် အရှိဆုံးပါဘဲ..။

နှင်းဆီငုံလေး ကိုယ်တိုင်ကလည်း ဒီစွဲမက်မှု့တွေ အတွက် ဂုဏ်ယူဝံ့ ကြွားခဲ့ သလို သူမ ကိုယ် သူမ ကံကောင်း လိုက်လေခြင်း ဆိုတဲ့ အတွေးလေးတွေကို မကြာခဏတွေးမိသလို.. သူ့ အချစ်တွေ နဲ့ ပတ်သက်လို့ ပျော်ရွှင် ကြည်နူးခဲ့ရတယ်..။

သူမ ကျောင်းသွားဘို့ အိမ်က ထွက်လိုက်တာနဲ့ သူ့မျက်နှာကို အရင်ဆုံးမြင်လိုက်ရတယ်..၊ ဒါက နံနက်ခင်းတိုင်း.. ၊ သူမ အတန်းတက်ချိန် တိုင်းမှာလည်း အတန်းထဲက သူမကို မြင်နိုင်တဲ့ နေရာကနေ ကြည့်နေတဲ့ စူးရှတောက်ပတဲ့ မျက်ဝန်းတွေ.... သူမ တနှစ်လုံး ဒီမျက်ဝန်းတွေနဲ့ ထိပ်တိုက်တွေ့တိုင်း ရင်ခုန်သံ တွေ မြန်လာသလို .. မျက်ဝန်းတွေ ရဲ့ အောက်မှာ သူမ ရဲ့ လွတ်လပ်ခြင်း တွေ ကို အရင်ဆုံး စတေး လိုက်ရပါတယ်...။

တကယ်တော့ နှင်းဆီငုံ လေး နဲ့ သူငယ်ချင်းများဟာ သိပ်ပြီး ပျော်ရွှင်တက်ကြွတဲ့ အရွယ်တွေ ဆိုတော့ လွတ်လပ်မှု့တွေ ပျော်ရွှင်မှု့တွေနဲ့ တက္ကသိုလ် ကျောင်းဖွင့်ရက် များစွာမှာ ကောင်းကင် ပေါ်က လေတံခွန် လေးများလို ပေါ့ပေါ့ ပါးပါး နဲ့ ပျော်ရွှင်ခဲ့ကြပါတယ်..။

ဒါပေမဲ့ နှင်းဆီငုံလေး ရဲ့ ပျော်ရွှင်ခြင်းများကို သိပ်မကြာခင်မှာဘဲ ကန့်သတ်ခံလိုက်ရတယ်.. သူ လား ဘာမှတော့ မပြောပါဘူး.. ဒါပေမဲ့  နှင်းဆီငုံလေး ဒီလို ပျော်နေတာဟာ (သူ မပါဝင်ဘဲနဲ့) ပြစ်မှု့တခု ကျူးလွန်နေသလို သူမ စိတ်ထဲမှာ ခံစားလိုက်ရတာတွေ အတွက်ပါ... ၊ သူ့မျက်ဝန်းတွေထဲက နာကျင် တဲ့ အရိပ်တွေကိုလည်း သူမ ဖတ်တတ်သွားခဲ့သလို.. ၊ အပြစ်လို့ ခံစားမိတဲ့ သူမ ရဲ့ စိတ်ကိုဘဲ သူမ အပြစ်ပြောမိပါတယ်..၊ သူ မကြိုက်တာတွေကို သူမပြောဘဲနဲ မလုပ်ချင်ခဲ့တာဟာ... သူမ ကိုယ်တိုင်က သူ့ကို ချစ်သွားမိလေရောသလား....။

ချစ်ခြင်း (အချစ်ခံ ရခြင်း) နဲ့ ဆုံးရှုံးခြင်း တွေဟာ အမြဲတန်း သူမ ရခဲ့တဲ့ သူ နဲ့ ပါတ်သက်တဲ့ ထဲက ဒဏ်ရာတခုပေါ့.... သူမ သူငယ်ချင်းတွေ လွတ်လပ်စွာ ပျော်ပါးနေကြတာတွေ.. အပူအပင် ကင်းကင်း နဲ့ ရီမော နေကြ တဲ့ အချိန်တွေမှာ.. သူမ ကတော့ သူ မကြိုက်ဘူးထင်တယ် ဆိုတဲ့ အသိတခုနဲ့တင် အားလုံးကို ကန့်သတ်ခံ လိုက်ရပါတယ်..၊ သူမ ရဲ့ ပျော်ရွှင်ခြင်းဟာ လွတ်လပ်ခြင်း ကင်းသွားခဲ့ပါပြီ...။

သူ့ ရဲ့ ချစ်ခြင်းတွေဟာ.. သူမတို့ နှစ်ယောက် တရားဝင် ပတ်သက်ခြင်း မရှိတဲ့ အချိန်တွေ  ကထဲက နှင်းဆီငုံလေး ကို ရစ်ပတ် နှောင်ဖွဲ့ ခဲ့ပါတယ်..။

တက္ကသိုယ် ဒုတိယ နှစ်မှာဘဲ နှင်းဆီငုံလေး ကို သူ တရားဝင် ပိုင်ဆိုင်ခွင့် ရသွားခဲ့သလို.. သူငယ်ချင်း တွေ ကြားကနေ တရားဝင် ခေါ်ထုတ်သွားနိုင်ခဲ့ပါပြီ...၊ သူငယ်ချင်း တွေ ထဲမှာတော့ နှင်းဆီငုံလေး ဟာ ချစ်တတ်တဲ့.. ချစ်နိုင်တဲ့.. ချစ်ဘို့သင့်တော်တဲ့ သူ တယောက်ကို ရခဲ့တဲ့ အတွက် .. တကယ့်ကို ကံကောင်း တဲ့ နှင်းဆီငုံ လေးပါဘဲ...၊ ဒါပေမဲ့ နှင်းဆီငုံ လေးရဲ့ လူမမြင်နိုင်တဲ့ ပွင့်ဖတ်လေး တနေရာမှာ ဒဏ်ရာလေး တခုရခဲ့ပါပြီ...။

တကယ့်ကို ချစ်တတ်တဲ့ လူသားတယောက်ဆိုတာ မငြင်းနိုင်ခဲ့ပေမဲ့.. သူမ ကို ချစ်တဲ့ စိတ်တွေဟာ အရူးအမူး ဖြစ်လွန်းတော့ သူမ တကယ်ဘဲ လွတ်လပ်ခြင်း တွေ တရားဝင် ပျောက်ဆုံးခဲ့ရပါတယ်...၊ သူ့ ရဲ့ တရားလွန် သဝန်တို ခြင်း အမြင်ကျဉ်းခြင်း ဆိုတဲ့ အသိတွေထဲမှာ.....သူ နဲ့ မတွေ့ခင်ထိ မိသားစု ချစ်ခြင်း သူငယ်ချင်း တွေရဲ့ ချစ်ခြင်း နဲ့ လွတ်လပ် ပေါ့ပါးစွာ ဘဝကို ဖြတ်သန်းလာခဲ့တဲ့ နှင်းဆီငုံ လေး အတွက် စိတ်ကျဉ်းကြပ် ခဲ့ရသလို.. အမြဲတန်း.. သတိ အနေအထား နဲ့ သူ ဘာကိုများ မကျေမနပ် ဖြစ်သွားမလည်း ဆိုတဲ့ စိတ်နဲ့ ဘဝမှာ ... စတင်ပြီး နေ မပျော် ခဲ့တော့ပါဘူး...။


သူ နဲ့ တရားဝင် ချစ်သူ ဘဝရောက်ကြပြီးတဲ့ နောက်.. နှင်းဆီငုံလေး ရဲ့ အချစ်ဆုံးသူငယ်ချင်း မွေးနေ့ပွဲမှာ စားသောက်ဆိုင်မှာ သွားစားကြဘို့ လွတ်လပ်ပျော်ရွှင်စွာ ဒီမွေးနေ့လေး ကို ဖြတ်သန်းကြဘို့ သူငယ်ချင်း တွေ တိုင်ပင်ထားကြပေမဲ့ ဒီပွဲမှာ နှင်းဆီငုံလေး မပါဝင် နိုင်ခဲ့ ပါဘူး...၊ သူငယ်ချင်း လေး ရဲ့ စူပုတ်ပုတ် မကျေနပ်ခြင်းတွေကို သူ့ရဲ့ အဖိုးတန် မွေးနေ့လက်ဆောင်လေးက ကျေနပ်သွားစေခဲ့ပေမဲ့.. နှင်းဆီငုံ လေးရဲ့ ရင်ထဲမှာတော့ ....။

သူ့ ကိုချစ်ပါတယ်... ဘဝ ရဲ့ ပထမဆုံး ချစ်ဦးသူတယောက် .. ပိုပြီး ကျေနပ်စရာ ကောင်းတာက အားလုံး အားကျ ကြတဲ့ သူ့ရဲ့ ဘဝ...၊ ဒါပေမဲ့ သူ့ရဲ့ အများ မမြင်နိုင်တဲ့ အတ္တကြီးခြင်း နဲ့ နှင်းဆီငုံ လေး ကို သူ တယောက်ထဲ အတွက်သာ ဖြစ်စေချင်တဲ့.. သူ့ရဲ့ စိတ်ကို တော့ နှင်းဆီငုံလေး ပထမဆုံး မကျေမနပ် ဖြစ်ခဲ့ရတယ်.. သူ့ ရဲ့ ချစ်ခြင်း.. အလေးထားခြင်းတွေအောက်မှာ.. တခါတလေ.. တကယ်ဘဲ သူငယ်ချင်း တွေကို မေ့သွားပေမဲ့........။

နောက်ဆုံးတော့ နှင်းဆီငုံ လေးဟာ သူ တယောက်ထဲ နဲ့ဘဲ သက်ဆိုင်သူဖြစ်လာပါပြီ.... သူငယ်ချင်း တွေရဲ့ ပုံရိပ်ဟာ အဝေးတနေရာမှာ မှုံဝါးဝါး ဘဲကျန်နေသလို.. နှင်းဆီငုံ လေးဟာ သူ့ ရဲ့ အချစ်လွန်ခြင်း တွေ အောက်မှာ အထီးကျန် နေရင်း.. သူ တို့ ၂ယောက် လက်ထပ်လိုက်ရင် သူ့ ရဲ့ စွဲလန်းခြင်း တွေ ပုံမှန်များ ပြန်ဖြစ် သွားမလား ဆိုပြီး.. သူ့ ရဲ့ ပိုင်ဆိုင်လိုခြင်းတွေ အတွက် ခေါင်းငြိမ့် ခဲ့ပါတယ်...။

ဒါတွေ ဟာ.. ပထမဆုံး ပျိုမြစ်နုနယ် တဲ့ လှပ ချိုမြိန်တဲ့ နှင်းဆီငုံ လေး ရဲ့ သူ နဲ့ ပတ်သက်လို့ ပေးဆပ် ရခြင်း တွေ ထဲက တကယ့်ကို နိဒါန်း ရဲ့ အစလေး တခု ပါဘဲ....ဆိုတာ မသိခဲ့တာတော့ နှင်းဆီငုံ လေး အတွက်...... ။

အခန်း (၂) ဆက်ရန်

(တကယ်လို့များ နှင်းဆီငုံ လေးရဲ့ ဘလော့ဂ် လေးကို ဖတ်ဘူးသူ များရှိခဲ့ရင် ကျနော် ရေးခဲ့တဲ့.... နှင်းဆီငုံ လေး ရဲ့ တမ်းခြင်း တွေ က မူရင်းခံစားချက် ကို မမှီခဲ့ရင်.... ကျနော့် ကိုသာအပြစ်တင်လိုက်ပါတော့ဗျာ....)

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက္ဖတ္ရန္>>> >>

Tuesday, January 5, 2010

ကျနော် လည်ခဲ့သော အိမ်ကလေးများ (၅) အပိုင်း (၂)


ကျနော် တကောင်းအိမ်မှာ ဖွားသောင်း ဆေးကုတာ ကြည့်ရင်း နဲ့ ဖွားသောင်း ဖောက်သည် တွေ အများကြီးရှိတဲ့ ဧရာဝတီမြစ်ဘေး က တံငါချောင် ကိုလည်း သွားခဲ့သေးတယ်ဗျ..။ တံငါချောင် မှာ နေတာကတော့ တံငါသည် တွေပေါ့ဗျ..၊ အတော်ဆင်းရဲ ကြပါတယ်..၊ ဆင်းရဲတာ ထက် အသိဉာဏ် နုံနဲ တာက ပိုတယ်ထင်ပါတယ်..သူတို့ နဲ့ စကားပြောကြည့် အနေအထိုင်တွေ ကြည့်ပြီး ခန့်မှန်းရတာလေ၊ ကျနော် တို့ တံငါချောင်ကနေ လတ်ကော့ နေတဲ့ ငါးလေးချဉ် တွေနဲ့ ငါးဘတ် လတ်လတ် တွေဝယ်ပြီး ပြန်လာခဲ့ကြပါတယ်..၊ ပုဇွန်ထုပ် ကြီးတော့ မရခဲ့ဘူး..။

ဒါပေမဲ့ ဘယ်လွယ်လွယ် နဲ့ အရှုံးပေးလိမ့် မလည်း..ကျနော် တကောင်း ကိုသွားလည်ချင်တဲ့ အကြောင်းတွေ ထဲမှာ ချစ်ညီမ ပြောတဲ့ ပုဇွန်ထုပ်ကြီးတွေ အကြောင်း လည်း ပါတယ်..၊ သူတို့ ကျောင်းတက်တုန်းကတော့ ကားလမ်းလည်း မရှိတော့ ဧရာဝတီက ရတဲ့ မြစ်ပုဇွန်ထုပ် ကြီးတွေက တကောင်း မှာ ပေါမှပေါ တဲ့.၊ အခုနောက်ပိုင်း ကားလမ်း ပေါက်သွားတော့ မန္တလေးဘက်၊ မိုးကုတ်ဘက် ကားနဲ့ တင်ရောင်းကြတော့ နဲနဲတော့ ရှားသွားတာပေါ့..၊ ဒါပေမဲ့ အဲဒီမှာ ရှားတယ်ဆိုတာ မန္တလေး နဲ့ ယှဉ်ရင် တခြားစီပါ..။

ကျနော်ကလည်း ပုဇွန်ထုပ် ကြီး နဲ့ မဲ နှစ်ခါ မဆွယ်ရပါဘူး ကောက်ကောက်ကို ပါနေတာဘဲ..၊ ပုဇွန်ထုပ်ကြီး မျက်နှာကြည့်ပြီး ချစ်ချစ်ကြီး မျက်နှာတောင် မေ့သွားသလို ဖြစ်ပြီး တကောင်း ကိုလိုက်သွားတာလေ..။

အဲဒီတော့ ပုဇွန်ထုပ် ကြီး မစားရရင် ငါ တကောင်းက မပြန်ဘူးဆိုတဲ့ မင်းကုသ ထုံးနှလုံးမူပြီး ပုဇွန်ထုပ်ကြီး ကို မရ ရအောင်ရှာပြီးစားခဲ့ ပါသေးတယ်..။

အဲဒီနေ့ကတော့ ငါးဘတ် လတ်လတ်ကို တံငါချက် ချက်စားကြတယ်..၊ တံငါချက် တော့ သိမှာပါနော်..၊ ဆီနဲနဲ နဲ့ ရေချိုချက် ပေါ့ ဗျာ..၊ နောက်ပြီး ငါးလေးချဉ် ကို နံနံပင် အုပ်ပြီး ကြက်သွန်နီ နဲ့ ငရုပ်သီး စပ်စပ်လေး အစိမ်းသုပ် လဲ ပါသေးတယ်.. ကောင်းမှကောင်း ပေါ့ဗျာ..။

နောက်နေ့ မှာတော့ ဖွားသောင်းတို့ ပိုင်တဲ့ ကုန်းခင်း ဘက်က ခြံထဲကို ရောက်ခဲ့တယ်..၊ မြို့ရိုးဟောင်း ဘက်က လှဲ့ပြီး ကြံခင်းတွေဘက် က နေ ခြေလျှင် လျှောက်သွားရတာ ပျော်စရာကြီးပါဗျာ..၊ ကုန်းခင်း အများစုက ကြံ တွေစိုက်ကြတယ်..၊ ဖွားသောင်း တို့လည်းစိုက်တယ်..၊ တခြား ရာသီပေါ်သီးနှံတွေလည်း စိုက်တယ်..၊ ဖွားသောင်း တို့ကတော့ အဲဒီအချိန်က ခြံထဲမှာ ဥစားကြက် တွေပါမွေးထားတယ်..၊ သက်တန်းရင့် သနပ်ခါးပင် ကြီးတွေလည်း အများကြီးရှိတယ်..။

ကျနော်ဖြင့် အခင်းထဲက ပြန်တောင်မပြန်ချင်ဘူး သဘာဝအရသာတွေကို သဘောကြလွန်းလို့..၊ ကြက်ဥ ပြုတ် လတ်လတ်ဆတ်ဆတ်၊ ခြံထဲက ငှက်ပျောသီး ပင်မှဲ့ တွေနဲ့ သဘောၤသီးချိုချို တွေ တဝစားပြီး ကျနော် တို့ အတွက် မြို့ပြန်လက်ဆောင် ဆိုပြီး ခုတ်ပေးလိုက်တဲ့ သနပ်ခါး တုံးတွေ သယ်ပိုးပြီးပြန်လာခဲ့ကြတယ်..။

 အိမ်ပြန်လမ်းတလျှောက် မြို့ရိုးဟောင်းပေါ်က ဖြတ်လျှောက်ရင်း အဖွားသောင်း အိမ်နောက်က မြို့ရိုး ဟောင်းကြီး ကို ပြန်မြင်ပြီး ချစ်ညီမကို စပ်စုမိတယ်..(ဘွားသောင်းတို့ အိမ်နောက်ဘက် တလျှောက်လုံး က မြို့ရိုးပေါ်မှာ ခြံစည်းရိုး ကာထားတာဖြစ်ပါတယ်) မြန်မာအစတကောင်းက** လို့ ပြောကြတော့ ဖွားသောင်း တို့ အိမ်နောက်က နန်းမြို့ရိုးဟောင်းက ဘယ်မင်းလက်ထက်မှာလဲလို့ မေးတော့ ချစ်ညီမ လည်း ရေရေလည်လည် မသိဘူး ..အိမ်ရောက်မှ ဖွားသောင်း မေးပေးမယ်လို့ပြောပြီး မေ့သွား တယ် ထင်တယ်.. မမေးမိတော့ဘူး..။

အရင်တုန်းကတော့ ဖွားသောင်းတို့ ခြံထဲမှာ အပင်တွေဘာတွေစိုက်ပြီး ဟိုတူးဒီစွ လုပ်တဲ့ အခါမှာ တခါတလေ ငွေလက်စွပ်မောင်းကွင်း တွေဘာတွေတော့ တွေ့တယ် ပြောတာဘဲ..၊ အခု ချစ်ညီမ က ခင်ဗျား လျှောက်ရေးမနေနဲ့ တော်ကြာ ဖွားသောင်း တို့ဆီက ပြန်တောင်း နေမယ် ဒါမှမဟုတ် ရှေးဟောင်းပစ္စည်း အစိုးရလက် မအပ်လို့ဆိုပြီး ဒုက္ခများနေအုန်းမယ်တဲ့.. ကြောက်ရတယ်လေ.. ကျနော်လည်း ဒီတင်ရပ်မှ တော်ကြာ ကျနော့် ပရောဂမကင်းဘူး ဖြစ်နေမယ်.. ။

တကောင်းအိမ်ကလေး ကနေ ကျနော်ဟာ ကျနော် တို့ မြန်မာလူမျိုးများရဲ့ အိမ်သာလို့ဧည့်လာတယ်၊ ဆိုတဲ့ စကားပုံလေး အတိုင်း မိမိအိမ်ကို လာလည်တဲ့ ဧည့်သည် တွေအပေါ်မှာ နွေးထွေးမှု့ အပြည့်နဲ့ ကြိုဆိုလက်ခံကြပြီး တတ်နိုင်သလောက် ပြုစုစောင့်ရှောက်ခဲ့ကြတဲ့ အိမ်ကလေး ကနေ မြန်မာ့ ဓလေ့ ထုံးစံတွေကို တန်ဘိုးထား လေးစားတဲ့ စိတ်တွေ အပြည့်နဲ့ မိမိအလှည့် ကြရင်လည်း ဤကဲ့ သို့ ကျင့်ကြံ နိုင်အောင် ကျိုးစားမယ်ဆိုတဲ့ စိတ်ကောင်းလေး  အပြည့်နဲ့ အိမ်ကလေးကနေ ပြန်လာခဲ့ ပါတယ် ခင်ဗျား..။

ချစ်သော မိတ်ဆွေအပေါင်းတို့ ကောင်းသောအိမ်ကလေးများကိုသာ လည်နိုင်ကြပါစေ.ကောင်းသောအိမ် ကလေးများကဲ့ သို့ ပြုမူနိုင်ပါစေလို့ ဆုတောင်းပေးရင်း အိမ်ကလေးများ (၅) ကို အဆုံးသတ် လိုက်ပရစေ။


** ဂေါတမဗုဒ္ဓ မြတ်စွာဘုရားသည် အိန္ဒိယမြောက်ပိုင်း နယ်စပ် နီပေါတစ်နေရာတွင် ဖွားမြင်ခဲ့သည့် သာကီဝင် မင်းသားတစ်ပါး ဖြစ်သည်။ ထိုမင်းသား၏ အဘိုးသည် သာကီဝင် မျိုးတူစုအတွင်း မကျေမနပ် ခိုက်ရန်ဖြစ်ပွား၍ ဇာတိ ရပ်ရွာကို စွန့်ပြီး မြန်မာနိုင်ငံ၊ ဧရာဝတီ မြစ်ညာအရပ် တကောင်းတွင် လာနေကြသည်။ ထိုမင်းကို အဘိရာဇာဟုခေါ်သည်။ သူကို ကြီးမြတ်သော မင်းဖြစ်သည်ဟု ခေါ်ကြသည်။ (အဘိရာဇာ၊ မဟာရာဇာ၊ မင်းကြီးစွာ၊ တ္ဒဗံ့) အားလုံးမှာ ကြီးမြတ် သော မင်းကြီးဟု အဓိပ္ပါယ်ရသည်။


ဘယ်မင်းက ဘယ်မင်းထက်ပိုပြီး တန်ခိုးကြီး ထက်မြက်တယ်ဆိုတာ ပြောနိုင်ဘို့ ခက်ပေသည်။ အဘိရာဇာ နတ်ရွာစံ သောအခါ အမွေခံ သားတော်နှစ်ပါး (ကံရာဇာကြီး၊ ကံရာဇာငယ်) က နန်းလုကြသည်။ အငယ်က အထက်အညာကို အနိုင်ရသည်။ အကြီးက တောင်ဘက်သို့ ထွက်ခွာခဲ့ပြီး နောက်ဆုံး ဓညဝတီ(ရခိုင်)သို့ ရောက်လေသည်။ တကောင်း နန်းရိုးမှာ ကံရာဇာငယ်က စတဲ့ မင်းဆက် (၃၂)ဆက်မြောက်တွင် (စိန၊ တရုတ်)တို့ ဖျက်၍ တကောင်း ပြည်ပျက် လေသည်။ ပြည်ပျက် သောအခါ အစုသုံးစုကွဲပြီး တစ်စုက ဧရာဝတီမြစ်ပေါ်မှာဘဲ တကောင်းတောင်ဘက် မလည် အရပ်မှာ လာရောက် နေထိုင်ကြသည်။ အချိန်ကာလက ဗုဒ္ဓရှင်တော်ဘုရား လက်ထက်ဖြစ်သည်။ [1]

Reference :  Myanmar Wikipedia

စာကြွင်း

မနေ့က ကျနော် တို့ စစ်ကိုင်းဘက်ကို လျှောက်လည်ရင်း စစ်ကိုင်းက နံမည်ကြီး ထမင်းဆိုင်ဖြစ်တဲ့ ပန်းဝါ ထမင်းဆိုင်မှာ ထမင်း ဝင်စားခဲ့တယ်..၊ အညာဟင်းလေးတွေ စုံနေတာနဲ့ ကျနော်ချစ်တဲ့ သူငယ်ချင်းများ ကို သတိရလို့ ဓါတ်ပုံရိုက်လာတယ်..၊ ချစ်ချစ်ကြီးက ပုဇွန်ထုတ် ဟင်းနဲ့ စားတယ်..၊ ကျနော်က ငါးပတ်ရေချိုနဲ့ စားတယ်..၊ ချစ်ညီမက ဆတ်သားဆီပြန်ချက် နဲ့ စားတယ်..။ ချစ်ချစ်ကြီးက ပုဇွန်စားရတာ မဝလို့ ဆိုလို့ အပြန်မှာ ဧရာဝတီ မြစ်ဘေးမှာရောင်းနေတဲ့ ပုဇွန်ထုတ် တွေ ဝယ်လာပြီး ချက်ကျွေးလိုက်တယ်..။ ညီမငယ် မိုမိဂျီ နဲ့ သူငယ်ချင်းများက ပုံလေးတွေပါတင်ပေး ပါဆိုလို့ ပုံလေးတွေပါ ထည့်ပေးလိုက်တယ် နော် ..။

ထမင်းဆိုင်ရဲ့ ထူးခြားချက်ကလေး ကိုလည်း သိစေချင်လို့ပါ..ပါဆယ် မရောင်းပါ တဲ့..၊ သူငယ်ချင်း များကို ကျွေးချင်ပေမဲ့ သူ့ဆိုင်မှာ ချိတ်ထားတဲ့ ဆိုင်းပုဒ် လေး ကြောင့် ပါဆယ် မထုတ်ခဲ့တော့ ဘူးနော်.. ။

သတိရပါတယ်..


ဒါကဆိုင်ကဟင်းတွေ မုန့်ညှင်းချဉ်ရေ၊ ပြောင်းဖူးကျော်၊ ပဲနှပ်၊
ခရမ်းသီးနှပ် အများကြီးဘဲ မမှတ်မိတော့ဘူး

အတို့အမြုတ်တွေကစုံနေတာဘဲဗျာ ပဲရွက်၊ပဲတောင်ရှည်ပြုတ်၊ ရှောက်ရွက်
သခွားသီး၊မုန်ညှင်းဖူး၊ ဆလပ်ရွက်၊ ခါချက်ဥ၊မြူရွက်ပြုတ်၊ခရမ်းသီးပြုတ်/စိမ်း
တွေနဲ့ တို့ဘို့ငါးပိထောင်းလေး၊ ဘေးမှာ သံပရာသီး စိတ်လေးတောင်ပါသေး
ပြီးတော့ ငံပြာရည်ချက် ငရုပ်သီးစပ်တယ်နော်
နောက်တခါ ငါးဘတ် ငါးပိတစ်ချက်လေး တွေ့တယ်နော်၊ အဲဒါ ကောင်းတယ်

ဒါက ချစ်ညီမ စားတဲ့ ဆပ်သားခြောက် ဆီပျံချက်



အဲဒါ ကျနော်စားတဲ့ ငါးဘတ် ရေချိုုချက်


ဒါက ကျနော်ချက်တဲ့ ပုဇွန်ဟင်း ချစ်ချစ်ကြီးအတွက်ဘဲနော်

အဲဒီစည်းကမ်းလေး လိုက်နာရင်တော့ ပန်းဝါ ထမင်းဆိုင် မှာစားလို့ရပါတယ်တဲ့

ကဲ..စားပြီး အိပ်ကြပါတော့
ပြီးပါပြီ

>>>ဆက္ဖတ္ရန္>>> >>

Sunday, January 3, 2010

ကျနော် လည်ခဲ့သော အိမ်ကလေးများ (၅) အပိုင်း (၁)

ကျနော် ဒီတခါ လည်မှာတော့ တမြို့ထဲ မဟုတ်တော့ ပါဘူး..၊ မြို့ခြားသွားပါပြီ.၊ ချစ်ချစ်ကြီး နဲ့ ယူပြီး တဲ့နောက်  ကျနော် ဟာ ချစ်ချစ်ကြီး မပါဘဲနဲ ဘယ်ကိုမှ ခရီးမထွက်ဘူးပါဘူး..၊ အမှန်တော့  ချစ်ချစ်ကြီး ကလည်း မခွဲနှိင်လို့ ဘယ်မှမလွှတ်တာပါ.. သူမပါဘဲနဲ ကျနော့် ကို စာအုပ်ဆိုင်တောင် မလွှတ်ပါဘူး..၊ နောက်တော့ ကျနော် လည်း ပျင်းလို့ ဟိုသင်တန်းတက် ဒီသင်တန်းတက် နဲ့ သူငယ်ချင်းအသစ် တွေ ရလာပြီ ဆိုတော့ ချစ်ချစ်ကြီး ရဲ့ အုပ်ထိမ်းမှု့ အောက်ကနေ ရုန်းထွက်စပြုပြီပေါ့..။

ကျနော် အဲဒီမြို့ကလေးကို ချစ်ညီမ နဲ့ အတူသွားခဲ့တာပါ..၊ သွားတုန်းကတော့ ချစ်ညီမ နေတဲ့ မိုးကုပ် မန္တလေး လမ်းဘေးမှာ ရှိတဲ့ ရှေးတုံးက ဝါးဖြူတောင်စခန်း လို့ လူသိ များတဲ့  (ကိုကြီးကျောက် စာတွေထဲမှာ အမြဲပါတယ်) ချစ်စရာရွာကလေး စီကိုပါ..၊ အဲဒီကနေမှ ချစ်ညီမ အမျိုးတွေ ရှိတဲ့ တကောင်း ကို ခရီး ဆက်ခဲ့ပါတယ်..။

မြန်မာ အစ တကောင်း က ဆိုတဲ့ စကားပုံတောင်ရှိ သေးတော့ ကျနော် ဟာ တကောင်းကို တော်တော် စိတ်ဝင်စားပါတယ်.၊ ကျနော်တို့ သွားတဲ့ အချိန်ကတော့ တကောင်း ကိုကားလမ်းပေါက်သွားပြီဆိုတော့ သွားရတာ လမ်းခရီးသာသွားပါပြီ..၊ အရင်တုန်းက ချစ်ညီမ တို့ နေခဲ့တုန်းက ရေလမ်းခရီး တခုသာရှိတဲ့ အတွက် သွားရေးလာရေး တော်တော်ခက်ခဲ တဲ့ အကြောင်း သိခဲ့ရပါတယ်..။

တကောင်းမြို့ကလေး ဟာ ဧရာဝတီရဲ့ အရှေ့ဘက်ကမ်းမှာ ရှိတဲ့ မြစ်ကမ်းနဘေးက အပြစ်ကင်းတဲ့ မြို့ကလေး ပါ..ရိုးသားမှု့တွေ နွေးထွေးမှု့တွေနဲ့ မြန်မာ့ ရိုးရာ ဓလေ့စရိုက်တွေ အများကြီး တွေ့နိုင်သေးတဲ့ မြို့ကလေးပါဘဲ..၊ ကျနော် တို့ တည်းခိုတဲ့ ချစ်ညီမ ရဲ့အဖွားလေး (ဖွားသောင်း)ဟာ အသက် ၇၀ ကျော်တဲ့ မြန်မာ ဆေးဆရာမကြီးပါ..၊ အိမ်မှာ အနီးဝန်းကျင် ရွာလေးတွေက ဆေးလာကုတဲ့ လူနာတွေ အများကြီး ပါဘဲ..၊ မြန်မာ ဆေးနည်း တွေကို ကျွမ်းကျင်စွာ တတ်မြောက်ထားတဲ့ အဖွားသောင်း ရဲ့ ဆေးကုသ ပုံတွေဟာ ဖြင့် အင်မတန် စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

မနက်ဆိုရင် ဖွားသောင်း ဟာ သနပ်ခါး တွေဖွေးနေအောင် လိမ်းပြီး သမီးတွေ အသင့်ပြင်ထားတဲ့  ဘုရား ဆွမ်းတော်ကပ်၊ နောက်ပြီး သူ့ထက် အသက် ၁၀နှစ်လောက် ကြီးတဲ့  သူ့ အိမ်ထောင်ဘက် အဖိုးလေး နဲ့ စားကြ သောက်ကြပါတယ်..၊ အဲဒီ အဖိုးလေး ကလည်း တမြို့လုံးမှာ အသက်အကြီးဆုံး ထင်ပါတယ်။ ကျနော်တို့ သွားတုန်းကတောင် ဖွားသောင်း နဲ့ ၁၀ နှစ်ကျော် ကွာတာဆိုတော့ အသက် ၈၀ ကျော်ပါပြီ။ အခုလေးတင် ဖွားသောင်း တို့ တကောင်းက ဧည့်သည်တယောက်လာလို့ မေးလိုက်တာ ဖွားသောင်းက ၈၃ နှစ် အဖိုးလေးက ၉၃ နှစ်ရှိပါပြီတဲ့၊ ကုသိုလ် ကောင်းလိုက်ပုံကတော့ အခုထိ ကျမ်းကျမ်းမာမာ ရှိနေကြ တုန်းပါဘဲ..။

ကျနော်က ဖွားသောင်း ဆေးကုတာကို စိတ်ဝင်စားလို့တောက်လျှောက် ကြည့်နေမိတယ်..မနက် ဆိုရင် အနီးအနားက ရွာတွေက ဆေးကုဘို့ ရောက်လာကြတာ တဖွဲ့ပြီးတဖွဲ့ပါဘဲ..၊ တချို့ အိမ်မှာ နေပြီး ဆေးလာကုတဲ့ သူတွေတောင် ရှိပါတယ်..။

ကျနော်ရှိ တုန်းကတော့ အများစုက ဖျားကြနာကြ တဲ့ သူတွေပါဘဲ..၊ နောက် အရိုးကြီး ငေ့ါထွက်နေတဲ့ လူနာလည်း ပါတယ်..၊ အဲဒီ့ အရိုးထွက်နေတဲ့ လူနာကတော့ နာလွန်းလို့ အော်ဟစ်နေတာ ဖွားသောင်း က မေးမေး ပြောပြောနဲ့ အရိုးကြီးကို ဆွဲသွင်းလိုက်တာ လူနာမှာ အော်ချိန်တောင် မရလိုက်ဘူး အကောင်း ပကတိ ဖြစ်သွားရော..။

နောက်တယောက်ကတော့ မျက်စိကျိန်းလို့ လာပြတာပါ..၊ မျက်စေ့ ၂လုံး နီရဲ နေတာ..အဲဒါ ဖွားသောင်းက မန်းပေးလိုက်တယ်..၊ နောက်နေ့ မန်းပြီးရင် ပျောက်ပြီလို့ ပြောပါတယ်..၊ ထူးဆန်းတယ်နော် မျက်စင်း ဆေး ကုမဏီတွေ ဒေဝါလီခံရကိန်းဘဲ..၊ နောက်ပြီး သူ့ထက် ထူးဆန်းတာက မျက်လုံးထဲက တိမ်တွေ ကိုပါ တဖြေးဖြေး ပါးအောင်လုပ်ပြီး နောက်ဆုံးမခွဲ မစိတ်ရဘဲနဲ့ ပျောက်အောင် လုပ်နိုင်တာပါဘဲ..။

ဖွားသောင်း ပေးတဲ့ ဆေးတွေ ဘယ်က ရလည်းလို့ စပ်စုလိုက်တော့ တကောင်း ပတ်ပတ်လည် မှာ ရှိတဲ့ တောတောင်တွေက ဖွားသောင်း ရဲ့ ဆေးခင်းကြီးပါဘဲ တဲ့ .၊ တခါတလေ တော့ အထက်ဘက် ဖွားသောင်းရဲ့ အမ (ချစ်ညီမ ရဲ့ အဖွား)ရှိတဲ့ တောတောင် တကြောဟာဖြင့် ဖွားသောင်းရဲ့ ရှားပါး ဆေးမြစ်များ တူးဖော်ရာ ထပ်ဆင့် နေရာ တွေပါဘဲ..၊ ဖွားသောင်း နဲ့ အဖွားရွာကို လိုက်ပြီး ဆေးမြစ်တူး ဘူးတဲ့ ချစ်ညီမ အပြောရဆိုရင်တော့ ဖွားသောင်းဟာ ရောက်တဲ့ နေရာကို အလွတ်မပေးဘူး သူ့ အတွက် ဆေးဝါးတွေ အမြဲတန်း ရှာဖွေတွေရှိဆိုဘဲ..။

ကျနော် ဖွားသောင်းတို့ အိမ်နောက်ဖေးက ကော်ဖီခင်းကိုလည်း တကောင်းက မမေ့နိုင်တဲ့ စာရင်းထဲမှာ ထည့်ချင်သေးတယ်..၊ ခြံအကျယ်ကြီးမှာ ကော်ဖီပင်တွေ စိုက်ထားတာ အများကြီးပါဘဲ..၊ တနှစ် ထွက်တဲ့ ကော်ဖီစေ့ တွေကို ကိုယ်ဘာသာကြိတ်ပြီး တဆွေလုံးတမျိုးလုံး တနှစ်စာ သောက် မကုန်ပါဘူးတဲ့..၊ ကျနော်က ကော်ဖီ အရမ်းကြိုက်ပါတယ်..၊ ဒါပေမဲ့ super coffee mix လောက် အကောင်းလုပ် သောက်လာတဲ့ ကျနော် ပါးစပ်ထဲမှာတော့ ဖွားသောင်း တို့ အိမ်က နှပ်ပေးတဲ့ ကော်ဖီကို သောက်ရတာ တကယ် မမေ့တဲ့ နိုင် ပါဘဲ..၊ နောက်ပြီး ဖွားသောင်း တို့ အိမ်က မီးဖို ကြီးထဲမှာ ထင်းမီးဖိုတွေ ၂ဖို ၃ဖိုလောက်နဲ့ ချက်ကြပြုတ်ကြပြီး ပျော်ပျော်ပါးပါး ဝိုင်းဖွဲ့ စားသောက်ခဲ့ ကြတာကိုလည်း မမေ့တော့ဘူး..၊။

ပိုပြီးမမေ့ရက်စရာက ကျနော် မြို့ပေါ်မှာ မစားရတဲ့ အစာတွေ စားခဲ့ရတာကိုး တောဝက်သား အဆီမရှိဘူး အသားနဲ့ အခေါက်နဲ့ဘဲ.၊ ဂျီသား အင်မတန်နူးညံ ပြီး ချိုနေတာပါဘဲ..၊ ဆတ်သားခြောက် မီးဖုတ်ကလည်း မီးကျီးအကြီးကြီးတွေ နဲ့ ဖုတ်ထားတာ ဆိုတော့ မွှေးပြီး ကျွတ်ရွနေတာပါဘဲ..၊ ဆမ်းထားတဲ့ ဆီကလည်း ဆုံမှာ ကျိတ်တဲ့ ဆုံဆီ စစ်စစ်တွေ ဆမ်းထားတာ ဆိုတော့ မွှေးနေတော့တာပါဘဲ..။

ကျနော်တို့ သွားတဲ့ အချိန်တုံးက ဆောင်းတွင်းကြီး ဒါပေမဲ့ မိုးတွေဆက်ရွာနေတာ..၊ နှစ်ရက်လောက် ကြာတော့ မိုးရပ်သွားပြီး ပုရစ်တွေ ရလာပါတယ်.။ ကျနော်တို့ မန္တလေး သားတွေကလည်း ပုရစ်ဆိုရင် ကြိုက်သလား မမေးနဲ့ ဆိုတော့ ဈေးကလည်း မန္တလေး မှာ ဆိုရင် အလကားရတဲ့ ဈေးနှုန်းလောက်ဆိုတော့ ကျနော် ဖြင့် ဈေးသွားပြီး အများကြီးဝယ်ပြီး ကြော်စားပစ်လိုက်တာ..။ မန္တလေး ထိတောင် ပါလာပါ သေးတယ်ဗျာ..၊ ခင်ဗျားတို့နဲ့ မတွေ့လို့ မကျွေးလိုက်ရတာပါ..။

အပိုင်း (၂) ဆက်ဖတ်ပါရန်
.
>>>ဆက္ဖတ္ရန္>>> >>

Tuesday, December 29, 2009

ကျနော် လည်ခဲ့သော အိမ်ကလေးများ (၃)

ကျနော် လည်ခဲ့သော အိမ်ကလေး များကို ဖတ်ပြီးတော့ ဒီတခါတော့ ငါ့ တို့ အမကြီး ဘယ်အိမ်တွေ လည် ပြီး ဘာတွေများ မဟုတ်တရုတ် တွေတတ်လာအုန်းမှာ လည်းဆိုပြီးတော့ တွေးတော နေကြသူများ အတွက် (မတွေးလည်း တွေးတယ်လို့ ယူဆပါမည်) ဆက်လက် ရေးသားပါအုန်းမယ်..။

ကျနော် ငယ်ငယ်က အလွန် (တကယ်တော့ နဲနဲ ပါ) ဆိုးတော့ ဖေဖေ နဲ့လည်း ခဏခဏ စိတ်ဆိုး ရန်ဖြစ်လေ့ ရှိပါတယ်ခင်ဗျား..၊ ရန်ဖြစ်တိုင်းလည်း ကျနော်ဟာ စက်ဘီးလေး စီးပြီး ကျနော့် သူငယ်ချင်း အိမ် ထွက်ထွက် သွားလေ့ရှိပါတယ်..၊ သူငယ်ချင်း အိမ်က မန္တလေးမြို့ ရဲ့ နာမည်ကျော် ရပ်ကွက် တခုဖြစ်တဲ့ စီပီလိုင်း ရပ်ကွက် ဖြစ်ပါတယ်..၊ ကြုံ လို့ ပြောလိုက်ရအုန်းမယ် မန္တလေး အကြောင်းရေးတဲ့ ဝတ္ထုတွေ ဆိုရင် သူဌေးဆိုရင် စီပီလိုင်း မှာ နေလေ့ရှိတယ်..၊မယုံရင် သတိထားကြည့်ကြပါ ခင်ဗျား..၊ သူငယ်ချင်း ကတော့ သူဌေးမဟုတ်ပါ..။

သူငယ်ချင်း ဟာ အမေ ရော အဖေ ရော ဆုံးသွားပြီး မောင်နှမ တစု စုနေကြတဲ့ အတွက် ကျနော် ဟာ သူငယ်ချင်းမျက်နှာနဲ့ လွတ်လွတ်လပ်လပ် နေရပါတယ်..၊ သူငယ်ချင်း က မောင်နှမ ၇ ယောက်မှာ အငယ်ဆုံး ဖြစ်တဲ့ အတွက် သူ့မောင်နှမများက အလိုလိုက်ပါတယ်..။

သူငယ်ချင်းအိမ်က ခြံအကျယ်ကြီးပါ၊ သရက်ပင် အုန်းပင် ပိတောက်ပင် တွေ အများကြီးနဲ့ ကျနော် အဖို့ တော့ အလွန်ပျော်စရာ ကောင်းပါတယ်..၊ ကျနော်ဟာ သူငယ်ချင်းနဲ့ အဖေ မကောင်းကြောင်း ကိုယ် ကောင်းကြောင်းပြောပြီး ပျော်ပျော်ပါးပါး စားသောက် နေထိုင်ပါတယ်..၊ ဒါပေမဲ့ ညထိတော့ နေလို့ မရပါဘူး..၊ ကျနော် ဟာ ဘယ်လောက် လွတ်လွတ်လပ်လပ် နေနေ သူများ အိမ်မှာတော့ ညအိပ် မနေရဲ ပါဘူး..၊ ဖေဖေ ကို အဲဒီလောက်တော့ မဆန့်ကျင်ရဲပါဘူး..၊ အဲဒါနဲ့ အချိန်တန်တော့ အိမ်ပြန် ရတော့တာပေါ့..။

ကျနော် အဲဒီတုန်းက ၉တန်းနှစ်ထင်တယ်..၊ ကျနော့် အဖေ နဲ့ တော်တော် စကားများပါတယ်..၊ အဲဒီမှာ ကျနော် လည်း ထုံးစံအတိုင်း သူငယ်ချင်း အိမ်ထွက်သွားတာပေါ့..၊ ညနေ မိုး ချုုပ်ချုပ်ပေါ့..၊ အခါတိုင်း သူငယ်ချင်းအိမ် သွားတယ်ဆိုတာ နေ့ ဘက်ပါ..၊ ညနေစောင်း တော့ပြန်တာဘဲ ...၊ မပြန်လို့ လည်းမရဘူး ကျနော် မပြန်ရင် ကျနော့် အမေ ဘဲ ဒုက္ခရောက်မှာ..၊ ခဏနေရင် ဆိုက်ဂျဲရိုး နဲ့ (ကလေးပေါက်စနဲ့ ) အခေါ်တော် ရောက်လာမှာ ဆိုတော့ ပြန်ရတော့တာပေါ့..။

အဲဒီ နေ့ကတော့ မိုးလည်းချုပ် စိတ်လည်း တော်တော်ညစ်ပြီး သူငယ်ချင်းစီကို ထွက်လာတာပါ..၊ သူငယ်ချင်း က လွယ်အိပ်ကလေးနဲ့..၊ နင်ဘယ်သွားမလို့လဲ ဆိုတော့.....ငါ့ အကို အမ ဝမ်းကွဲ တွေအိမ် စာသွားကျက် မလို့တဲ့..ကျနော်လည်း နင်အခါတိုင်းလည်း အဲဒီသွားကျက်တာလား ဆိုတော့ အခုမှ  အမကြီးက အိမ်တယောက်ထဲ စာကျက်တာ ကောင်းကောင်းမကျက် လို့ အဲဒီလွှတ်တာတဲ့..၊ ကျနော့် မှာတော့ ခိုကိုးရာမဲ့ ပေါ့ စိတ်ဓါတ် တော်တော် ကျသွားတယ်..၊ ငါ ဘယ်များသွားရပါ့မလည်း ပေါ့..၊ ဒါပေမဲ့ သူငယ်ချင်းက အလိုက်သိတယ်ဗျ..နင်လည်းလိုက်ခဲ့..ငါ့ အကို အမတွေက စာလည်းတော်တယ်..၊ သဘော လည်းကောင်းတယ်..၊ စာတွေရှင်းခိုင်းတာပေါ့ ဘာညာနဲ့ ဆွယ်တော့ တာပေါ့..။

အဲဒီမှာ ကျနော်လည်း စဉ်းစားတာပေါ့..၊  ဒီအချိန်မှ စာကျက်ရင် ညမိုးချုပ်မှာ..၊  ငါဒီမှာ မရှိရင် မေမေ ဆိုက်ဂျဲရိုး နဲ့ ရောက်လာ ပြီး စိတ်ပူနေမလား ဆိုပြီး စိတ်တထင့်ထင့် နဲ့ နေတယ်..၊ တဘက်ကလည်း ငါ ဘယ်သွားသွား အိမ်က မသိလေကောင်းလေ.. သူတို့ များများ စိတ်ပူအောင် ဆိုပြီး သွားချင်တာက တဘက်နဲ့ ဝေခွဲမရ ဖြစ် နေပါတယ်..၊ နောက်တော့ သူငယ်ချင်းနဲ့ လိုက်သွားလိုက်တယ်..၊ သူငယ်ချင်း အိမ်ကိုလည်း မေမေ လာရင် စာသွားကျက်တယ် မိုးချုပ်မှပြန်ခဲ့မယ် ပြောခိုင်း ပြီးထွက်လာကြတယ်..။

သူငယ်ချင်း  နဲ့ သွားပေမဲ့ စိတ်ထဲကတော့ ညစ်ညစ်ဘဲ ကိုယ် မရင်းနှီးတဲ့ အိမ်တအိမ် သွားရမှာရယ်..၊ စာမကျက်ချင် ဘဲ ကျက်ရမှာရယ်..တွေး ပြီး စိတ်ညစ်နေတာပေါ့..၊ အမှန်တော့ သူငယ်ချင်းကို ကိုယ်ကောင်းကြောင်း တွေပြောပြီး ရင်ဖွင့် ချင်နေတာ..၊ အဲဒီလိုနဲ့ သူငယ်ချင်း အိမ်နဲ့ ၂လမ်းကျော် လောက်မှာ ဘဲ သွားရမယ့် အိမ်ရောက်သွားပါရော..။

သူငယ်ချင်းအိမ် မှာတောင် သစ်ပင်တွေနဲ့ ခြံအကျယ်ကြီးဆိုပြီး သဘောကျနေတဲ့ ကျနော့် အတွက်တော့ အခု အိမ်က သူငယ်ချင်း အိမ်ဝန်းထက် ၂ဆ လောက်ကျယ်ပြီး..၊ ၂ထပ်အိမ် မဲမဲ အကြီးကြီးကို သစ်ပင်အကြီးကြီးတွေ ကြားထဲမှာ ဝိုးတိုးဝါးတား တွေ့လိုက်ရကထဲက နဲနဲ ပျော်သွားပြီ..၊ အထဲလည်း ရောက်ရော ယောက်ကျားလေး မိန်းခလေး ၅ယောက် ၆ယောက်လောက် ပုံစံမျိုးစုံနဲ့ စားပွဲ ဝိုင်းကြီးမှာ ဆူဆူ ညံညံနဲ့ စာဝိုင်းကျက်နေတာ တွေ့လိုက်ရပါတယ်..၊ ကျနော်တို့ ကိုလည်း တွေ့လိုက်ရောက် သူငယ်ချင်းကို ဝိုင်းနှုတ်ဆက်လိုက် ကြတာ ဆူညံသွားပါတယ်..။

သူငယ်ချင်းက သူ့ တဝမ်းကွဲ အကိုတွေ အမ တွေကို ကျနော့် အကြောင်း ကြေငြာလိုက်ပါတယ်..၊ ဒါ ငါ့ သူငယ်ချင်း ငါနဲ့ အတူ စာလာကျက်တာ ဆိုပြီးပြောလိုက်ရော အားလုံးက ဝိုင်းအော်လိုက်ကြတာ ကျနော်တောင် လန့် သွားတယ်..၊ နောက်မှ သူတို့က ကျနော်လာတာကို ဝမ်းသာတဲ့ အတွက် ဝိုင်းကြိုဆို လိုက်တဲ့ အဓိပ္ပါယ်ပေါ့..၊ အဲဒီနောက်တော့ ကျနော့် တို့အတွက် နေရာတွေ ဘာတွေပေးပြီး စာကျက်ခိုင်း ပါတယ်..။

ကျနော့် မှာတော့ ဘာမှ စာကျက်စရာ စာအုပ်မပါတော့ သူငယ်ချင်း စီက စာအုပ်ငှားပြီး ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေတာပေါ့..၊ အဲဒီမှာ သူငယ်ချင်း အမ တယောက်က နင် ဘာကျက်လည်း ပြောစမ်း ဒီဘာသာဆို ဒါတွေဒါတွေကျက် ဆိုပြီး ဗျာ ဒိုးဒိုး ဒေါက်ဒေါက် နဲ့ ရှင်းပြပေးနေလိုက်တာ သူ့ အရေးကိစ္စ ကျနေတာပါဘဲ..၊ သူငယ်ချင်း ကိုလည်း တခြားအမ တယောက်က စာတွေရှင်းပြ နေလိုက်တာ အားကျိုး မာန်တက်ဗျ..။

ကျနော်လည်း ခဏတော့ သူတို့ စိတ်ကျေနပ်အောင် ဟိုလှန်ဒီလှန် လုပ်ပြီး ရန်ဖြစ်ထားတာနဲ့ စာအုပ် လှန်လိုက် ရတာနဲ့ ဘိုက်က ဆာလာပါရော..၊ အဲဒီ အချိန်မှာဘဲ ကဲ စာကျက် တဲ့ သူတွေ စားဘို့ ဆိုပြီး သူ့တို့ အမေ က ကော်ဖီ နဲ့ ထမင်းကျော် ပူပူနွေးနွေး အငွေ့ တထောင်းထောင်း လာကျွေးပါတယ်..။

စားလို့ ကောင်းလိုက်တာဗျာ..၊ ထမင်းကျော်က ကြက်ဥတွေဝက်ဥချောင်း တွေနဲ့ ကျနော် လည်း အများကြီး စားပစ်လိုက်တာပေါ့..၊ စားသောက်တဲ့ နေရာမှာလည်း ကျနော့် ကို တကယ့် အထူးဧည့်သည်တော် လို သဘောထားပြီး တော်တော် ဂရုတစိုက် ကျွေးမွေးကြတယ်..၊ စားပြီးတော့ ကျနော်လည်း အိပ်ငိုက်ပြီ၊ အိမ်ကိုလည်း နဲနဲ သတိရစပြုပြီ ဆိုတော့ သူငယ်ချင်းကို ခဏနေ ငါပြန်တော့မယ် လို့လည်း ပြောရော.. နာရီကြည့် လိုက်တော့ ည၁၁နာရီကျော်နေပြီ..၊ အဲဒီဘက်က ခြံကျယ်ကြီးတွေဆိုတော့ မဟာသတ္တိရှင် ကျနော်လည်း ဘယ်ပြန်ရဲတော့မလည်း သူငယ်ချင်း အိမ်က အကိုတွေကိုပြန်လိုက်ပို့ ခိုင်းရင်တော့ ရတယ်ဆိုပြီး..သူငယ်ချင်းကို တခါအပူကပ်ရပြန်တယ်..၊ ဒို့ပြန်ကြစို့ ငါမပြန်ရဲတော့ဘူး..၊ နင့်အကို တွေကို ပြန်လိုက်ပို့ခိုင်းပေးအုန်း ဆိုပြီး ပြောရတော့တာပေါ့..။

အဲဒီမှာ သူငယ်ချင်းလည်း ကြေငြာရတော့တာပေါ့..၊ ငါတို့ ပြန်တော့မယ်ပေါ့ ..၊ အားလုံးက ဝိုင်းပြီး .... ဒို့လိုက်ပို့မယ်ဆိုပြီး သူငယ်ချင်း ကို အိမ် ပြန်လိုက်ပို့ရင်းနဲ့ ကျနော့် အိမ်နေရာကိုလည်း စပ်စုတော့ ကျနော်လည်း ပြောရတော့တာပေါ့..၊ အဲဒီမှာ သူတို့ဘဲ တခါထဲ လိုက်ပို့မယ် ဆိုပြီး အားလုံး အိမ်ရှေ့ အရောက် လိုက်ပို့လိုက်ကြပါတယ်..၊ ကျနော် ကိုလည်း နောက်နေ့တွေ ဒီလိုဘဲ စာလာကျက်ပါ..၊ သူတို့ ပြန်လိုက်ပို့ ပါမယ်ဆိုပြီး စေတနာ အပြည့်နဲ့ ဝိုင်းပြီး ဖိတ်ခေါ်ကြပါတယ်..။

ကျနော် လည်း အဲဒီနောက် အားကိုးရာ တအိမ်ရပြီး မကြာခဏ ရောက်ဖြစ်ပါတယ်..၊ ရောက်တိုင်းလည်း သူတို့ဟာ နွေးထွေးမှု့ အပြည့် နဲ့ ကြိုဆိုကြပါတယ်..၊ စာရှင်းပြ၊ အိမ်ပြန်လိုက်ပို့၊ မုံကျွေး နဲ့ သူတို့ ဘက်က တဘက်သပ် သာ ကူညီခဲ့ ကြတာဘဲဖြစ်ပါတယ်..၊ သူတို့ မိဘ တွေကလည်း ဒီအတိုင်းပါဘဲ..၊ တကယ်တော့ ကျနော်ဟာ သူငယ်ချင်းနဲ့ ပတ်သက်ပြီး သူ့တို့အိမ်ရောက်လာခဲ့တဲ့ သူစိမ်းသက်သက်သာဖြစ်ပါတယ်..၊ ကျနော် ဆိုရင် စာဆိုလည်း တော်တော်များများ သူတို့ရှင်းပြ ရတယ်၊ မုံလည်း ကျွေးရတယ်..၊ ပြန်လိုက်ပို့ ရတယ်.၊ကျနော် အတွက် သူတို့ အလုပ်ရှုတ်တာ သက်သက်ပါ.၊ ဒါပေမဲ့ အဲဒီလို မယူဆ ဘဲနဲ ကျနော့် ကို ဧည့်သည်တော် တဦးအဖြစ်ယူဆပြီး နွေးထွေးစွာနဲ့ အိမ်ကလေး ကကြိုဆိုခဲ့ကြပါတယ်..။

ကျနော် ဟာဖြင့် ဒီအိမ်ကလေး ကို အလည်သွားခြင်းနဲ့ လူတွေရဲ့ မေတ္ထာတရား နဲ့ ကူညီစောင့်ရှောက်မှု့ တို့ကို ကိုယ်တိုင် ခံစားခဲ့ ရသလို အခုထက်ထိ ကျနော် တတ်နိုင်သမျှ အားလုံးအပေါ်မှာ ပြန်လည် မေတ္တာ ထားခြင်း နဲ့ ကူညီစောင့်ရှောက်ခြင်း ဆိုတဲ့ ကောင်းမွန်တဲ့ အပြုအမူ လေးကို အိမ်ကလေးကနေ  ရယူခဲ့ ပါတယ်ဗျာ လို့ ပြောကြားရင်း ကျနော် လည်ခဲ့သော အိမ်ကလေးများ (၃) ကို အဆုံးသတ်ပရစေ..။

နှစ်ဦးမှာ ဆုမွန်ကောင်း တောင်းတဲ့ အခါမှာ အရင်ဆုံး တခု ဆုတောင်းပရစေ....

အားလုံး ချစ်တဲ့ ရွှေမြန်မာပြည်ကြီး အတွက်

၂၀၁၀ မှာ
ဒီမိုကရေစီ ပန်း
ပွင့်လန်းကာ လာပါတော့
ကြိုချင်စမ်းပါဘိ
ဒို့...ပြည်သူတွေ
အောင်ပန်းတွေ တဝေဝေ နဲ့

နှစ်ဦးမှာ ဆုမွန်ကောင်း တောင်းပေးကြသော ဘလော့ဂါ မောင်နှမ များအား ကျေးဇူး အထူးတင်ကြောင်း ပြောကြားရင်း.....

အားလုံးသော ကမ္ဘာမြေပေါ်မှ လူသားအပေါင်းတို့ ကောင်းသော အိမ်ကလေးများ ကို သာ လည်နိုင်ကြ ပြီး လူသားအချင်းချင်း နှိပ်စက်ခြင်း မှ ကင်းဝေး၍ ကောင်းကျိုးချမ်းသာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံ ကြပါစေလို့ နှစ်သစ် ဆုမွန်ကောင်း ပြန်လည် တောင်းဆို ပေးလိုက်ပရစေ.....

ရွှေစင်ဦး

>>>ဆက္ဖတ္ရန္>>> >>

Tuesday, December 22, 2009

ကျနော် လည်ခဲ့သော အိမ်ကလေးများ (၂)

ဒီနေ့ ကျနော့် ရဲ့ အယ်ဒီတာ တာဝန် (ကြီးကြီးကျယ်ကျယ် အတော်ပြောဗျာ အမြင်ကပ်စရာ) (ကိုယ့် ကို ကိုယ် သုံးသပ်ခြင်း) ပြီးဆုံး သွားပြီဆိုတော့ အေးအေးဆေးဆေး စာရေးလို့  ရသွားပြီပေါ့ ဗျာ...။

အခု ကျနော် တင်ပေးနေတဲ့ စာအုပ် ကလေးတွေ အကြောင်း ကနေ စပြောရရင်.....စာအုပ်ကောင်း လေးတွေ ဖတ်ရရင် ကျနော် အရမ်း ဝမ်းသာတယ်ဗျ..၊  နောက်ပြီး အဲဒီစာအုပ်လေး တွေကိုလည်း ပိုင်ဆိုင်ချင်တယ်..၊ အဲဒါကြောင့် ငယ်ငယ်လေး ထဲက ကျနော့် မှာ စာအုပ်က လွဲလို့ ကျနော် ပိုင်တဲ့ ကိုယ်ပိုင် ပစ္စည်း ဘာမှကောင်းကောင်း မွန်မွန်မရှိပါဘူး..အခုထိလည်း ဒီတိုင်းနော်..ဓါးပြတိုက် ဘို့ ကြံရွယ်နေတဲ့ သူများ ရှိရင် ကြိုတင် သတိပေးထားပရစေ..။

ကျနော် ရတဲ့ မုန့်ဘိုးလည်း စာအုပ်ဘိုး နဲ့ ကုန်..၊ တခါတလေ စာအုပ် ပျောက်သွားလို့ လျှော်လိုက်ရရင် သွားပါလေရော..အကြွေးတင်၊ မုံငတ်ပေါ့..ဟုတ်တယ်လေ ကျနော် က လျှော်ရတော့ မှာ ဆိုတော့ ကိုယ်ရတဲ့ ပိုက်ဆံနဲ့ ဘယ်လိုမှ မလောက်တော့ သူငယ်ချင်းများစီက ငွေချေး..၊ မေမေစီက တောင်း..၊ တောင်းတာနဲ့ မှ မလောက်ရင် မေမေစီက ဓါးပြတိုက် ရတော့တာပေါ့.. မကောင်းပါဘူးဗျာ...။

ကျနော် တို့က မောင်နှမ လည်းများတော့ စာအုပ်တအုပ် ငှားပြီးရင် အမြန်ဖတ်.. ပြီးရင် ကျန် မောင်နှမ များက ဝိုင်းအားပေးကြတာ ဆိုတော့ ညနေ စာအုပ်ဆိုင် သွားချိန်ရောက် ပြီဆိုရင်..တာဝန်ခံ ကျနော်က စာအုပ် ရှာရတာ မောနေတာဘဲ..၊ အမြဲတန်း စာအုပ်ပျောက်တယ်..၊ တခါ တခါ များဆိုရင် စာအုပ်ရှာရတဲ့ အလုပ်က ကျနော့် ရဲ့ ဝဋ်ကြွေးများလားလို့ တောင်ထင်မိပါတယ်..၊ အခုထိလည်း ညပိုင်း စာအုပ်ဆိုင် သွားမယ်ဆိုရင် ရှာလိုက်ရသေးတာဘဲ..၊ ဒါကတော့ ဘယ်သူ့ အပြစ်မှ မဟုတ်ဘူး ကျနော့် အပြစ်ဘဲ အိမ်သာ သွားရင် စာအုပ်ဖတ် ပြီးရင် ဟိုနားထားဒီနားထား ဆိုတော့ စာအုပ်က ပျောက်တော့ တာပေါ့..။

သြ..ရေးရင် ရေးရင်း နဲ့ ဘယ်များရောက် သွားပါလိမ့်၊ အင်း အဲဒီလို ငှားရာကနေ ကိုယ်သိပ်ကြိုက်တဲ့ စာအုပ်များဆို အပိုင်ရချင်တော့တာ..၊ ပြီးရင် ရပြီးသားဖွတ် အမြီး လှန်လှန် ကြည့် ဆိုသလို အားအားရှိ ထပ်ထပ် ဖတ်နေတာဆိုတော့ စာအုပ်တွေ အပိုင်ဝယ်မိတယ်..၊ ဝယ်တဲ့ အခါတိုင်း လည်း ကိုယ် ဖတ်လို့ ကြိုက်သလို ကိုယ့် ရဲ့ မိတ်ဆွေများ တပည့်များကိုလည်း ဖတ်စေချင်တဲ့ အတွက် သေချာ ပေးဖတ်ပါ တယ်.၊

(အခု အချိန်လိုများ ဆိုရင် အစားကောင်းလေးများ စားရရင် ကိုယ်ချစ်တဲ့ သူများ (သားရေကျ..အဲ) စားစေချင် တဲ့ ဆန္ဒနဲ့  ဘလော့ ပေါ်မှာ တင်ပြီး ပြသလိုပေါ့ ဗျာ) (ကဲ ချစ်ညီမ မီဂျိကို ရေ အမကြီးလည်း မိတ်ဆွေများ ကို အညာ ဟင်းလေးတွေ ကျွေးချင် တဲ့ ဆန္ဒ နဲ့ ညီမရဲ့ ပုံလေးတွေ ပါကြည့် ချင်တယ် ဆိုတဲ့ ဆန္ဒကို ရော ဖြည့်စီးဘို့ ပန်းကန် လှလှ လေးတွေ ချစ်ညီမ ကို ဝယ်ခိုင်းထားပါတယ်၊ ပုံလေးနဲ့ တင်ပေးမယ်နော်)..ဤကား.ကြော်ငြာ..။

အရင်ကတော့ စာအုပ် တအုပ်ငှားရင် စာအုပ်ထဲမှာ စာရင်းမှတ်ပြီး ငှားခိုင်းတယ် နောက်တအုပ်ကို ပထမအုပ် ရမှ ထပ်ငှားပေးတယ်..၊ အခုတော့ အလုပ်ကလည်း များဆိုတော့ သိပ်ပြီး ပေးမဖတ် ဖြစ်တော့ဘူး..၊ သူတို့ က တွေ့လို့ ငှားသွားရင်လည်း ငှားလိုက်တာဘဲ..၊ ပါးစပ်ကတော့ ဖတ်ပြီးရင် သေချာ ပြန်ပေးလို့တော့ မှာလိုက်တာပေါ့..၊ ဒါပေမဲ့ ဒီလိုနဲ့..ပျောက်သွားတာတွေ တော်တော်များ သွားပါပြီ..။

မောင်ပေါ်ထွန်း ဘာသာပြန်တဲ့ အကြီးအကဲ စာအုပ် (၂ခါပြန်ဝယ်) မရှိတော့ဘူး..၊ ကြယ်နီ ကိုတံငါ (၃ခါပြန်ဝယ်)....၊ ဒဂုန်ခင်ခင်လေး (အခု စာဆိုတော် ၂ခါပြန်ဝယ်)၊ ဦးဝင်းတင် ဘာသာပြန် ကွိ (၂ ခါပြန်ဝယ်) နဲ့ မောင်သိက္ခာ ရေဆူလို့ ပွက်ကရော.. အင်တာနက် တင်ပြီး ကထဲက ရှာမတွေ့တော့..၊ ...အဲဒီလို စာအုပ်တွေ ပျောက်လိုက်၊ဝယ်လိုက်၊ ငှားလိုက်၊ သံသရာ လည် နေတာပါ..။

အင်တာနက် ကို pdf အနေနဲ့ တင်ရင်  ကြိုးဖြုတ်...အနှောင့် ဘက်ကို နဲနဲ တိပြီးမှ scan ဖတ်ပြီးတင်ရတာ ဆိုတော့ စာအုပ်ကို scan ဖတ်ပြီးရင် ပြန်ချုပ်ရပါတယ်..၊ အခု ပြန်ချုပ် မဲ့ နေရာကနေ ရှာမတွေ့ တော့တာပါ.၊ ဒါပေမဲ့ အခုတော့ ဘယ်တော့ မှ မပျောက်မဲ့ နေရာမှာ သိမ်းပြီးပြီဆိုတော့..no problem၊ အခု ကျနော် ပြောနေတာတွေဟာ  ကိုယ် နဲ့ နီးစပ်တဲ့ သူတွေ အားလုံးကို စာကောင်းလေးတွေ ဖတ်စေ ချင်လို့ပါ..၊ ပထမ ၂အုပ် တုန်းက ကျနော် pdf အနေနဲ့ တင်တာဆိုတော့ ကျနော် တို့ စီမှာက connection မကောင်းတော့ တော်တော် ဒုက္ခရောက်ပါတယ်..၊ upload လုပ်ရတာ တအားကြာပါတယ်..၊ ည ည ဆိုရင် အဲဒီ စာအုပ်တင်နေတာ တခါတလေ ၂နာရီ ၃နာရီ မှအိပ်ရပါတယ်..။

ဒါပေမဲ့ ကျနော် တင်တဲ့ စာအုပ် ကလေးတွေ ဖတ်ဖြစ်သွားတယ်..၊ စိတ်ကျေနပ်သွားတယ် ဆိုရင် ကျနော် အမောပြေသွားပါတယ်..၊ အခု ဒီစာအုပ် ၂အုပ် ကိုတင်ရင် upload လုပ်ရင် connection ကြောင့် ကျနော် ညအိပ်ရမှာ မဟုတ်တဲ့ အတွက် စာရိုက်ပြီး တင်လိုက်တာပါ..၊ ဒါဆိုရင် ကျနော်တို့ စီမှာလည်း ဖတ်လို့ ရသွားတော့ အဆင်ပြေ သွားတာပေါ့..၊  တခြား ဘလော့ များမှ pdf စာအုပ်များကို ကျနော်တို့ စီမှာ တော်တော် များများ ဖတ်မရတာ တွေ့ရပါတယ်..၊ သိပ်ဖတ်ချင်နေရင်တော့ ညဘက် လိုင်းတအား ကောင်းတဲ့ အချိန်ကြ မှ ဖွင့် ဖတ်လို့ရပါတယ်..။

အခု စာရိုက်ရတာလည်း ကျနော် တယောက်တည်း ဆိုရင် ဆန္ဒ ဘယ်လို ရှိရှိ ဘယ်လိုမှ မဖြစ် နိုင်ပါဘူး..၊ အခု ကျနော့် သမီး များက ဝိုင်းပြီး ရိုက်ပေးကြတဲ့ အတွက် အဆင်ပြေသွားတာပါ.. ဒါပေမဲ့ အဲဒီလို ရိုက်ပြီးသားကို edit လုပ်ရတာလည်း တော်တော်ကြာပါတယ်..၊ အမှားများ ပါရင်တော့ ခွင့်လွှတ်ကြပါ ကျနော် တဖြေးဖြေး နဲ့ edit လုပ်ပေးပါမယ်..။..  အားလုံးကို ကျေးဇူးတင်ပါတယ်။

ကဲ..အိမ်လည်တဲ့ ဇာတ်လမ်းလေး စလိုက်ကြရအောင်..၊ ကျနော် ငယ်ငယ်က အိမ်မလည်ခင် လမ်းလည် ဘူးတယ်ဗျ..၊ကျနော့် အိမ်နဲ့ ကပ်ရက် သူငယ်ချင်း လေးက သူပိုင်တဲ့ ၃ဘီး ကလေးစီး စက်ဘီး လေးကို လမ်းမပေါ်မှာ ထွက်ထွက် စီးနေတာ မြင်တော့ ကျနော် မနေနိုင်တော့ လို့ အဲဒီ သူငယ်ချင်း ဘီးနောက်ကနေ လိုက်လိုက် တွန်းပေးတယ် ..တရက် လည်း မဟုတ်ဘူးတဲ့ အဲဒါ အိမ်က လူကြီးတွေ တွေ့တော့ လိုက်မတွန်းဘို့ ပြောပေမဲ့ မရဘူး လူကြီးတွေ လစ်ရင် လစ်သလို လိုက်လိုက်တွန်းတာဘဲ တဲ့ ..။

ကျနော် လည်း စက်ဘီးပေါ် တက်စီးရတာ မဟုတ်ဘဲနဲ စက်ဘီး ကလေး ကိုင်ရ နည်းမှတ်လို့ ဆိုပြီး နေမှာပေါ့ဗျာ..၊ အဲဒီတုန်းက ၃-၄ နှစ်ရှိပါသေးတယ်..၊ နောက်တော့ ကျနော် ဖေဖေ ခမြာ မနေနိုင်တော့ဘူး ထင်ပါတယ် မရှိမဲ့ ရှိမဲ့ နဲ့ သံတုတ် ဘရားသားက စက်ဘီး လေး ဝယ်လာပေးပါတယ်..၊ အဲဒီမှာ ကျနော်ရဲ့ လမ်းလည် တဲ့ ဇာတ်လမ်းက စတော့တာပါဘဲ..။

တချိန်လုံး လမ်းလည် တော့တာပါဘဲ..၊ စက်ဘီးလေး ပေါ်က မဆင်းတော့ဘဲ လူကြီးများလစ်ရင်လစ် သလို အိမ်နဲ့ ဝေးရာကို လျှောက်လည်တော့တာပါဘဲတဲ့..။ ဒါက ပထမ ဆုံး လမ်းလည် တဲ့ ဇာတ်လမ်း..။

ဒုတိယ ဇာတ်လမ်းကတော့ ၂ တန်း၃တန်း ရောက်တဲ့ အချိန်မှာ ကျနော်တို့ အိမ်နဲ့ လေး၊ ငါး အိမ်လောက် ခြားတဲ့ အိမ်ကို လည်တော့ တာပါဘဲ..၊ ပြောရရင်တော့ အဲဒီအိမ်က ကျနော်တို့ ကလေးများနဲ့ ဘယ်လိုမှ သွားဘို့ မသင့်တော်တဲ့ အိမ်ပါ..၊ အရက်ပုန်းရောင်း ဖဲဝိုင်းထောင်တဲ့ အိမ်ပါ..၊ လူကြီးများ အတွက် ဖဲဝိုင်း ၂ဝိုင်း လောက်နဲ့ ကလေး ဝိုင်းကလည်း အဲ့ဒီနားလေးမှာ ဘဲ ဖျာလေး တချပ်ပေါ်မှာ ၂ဝိုင်းလောက် အမြဲတန်း ရှိပါတယ်..။

ကျနော့် မိဘ များကလည်း ကျနော် မရှိ နားအေး တာဘဲဆိုပြီး လွှတ်များ ထားသလားတော့ မသိပါဘူးဗျာ.. အလကားစတာပါ.. မေမေ ဟာ ကလေး အငယ်လေးတွေနဲ့ အရမ်း အလုပ်များပါတယ်..ဖေဖေ ကလည်း အိမ်မှာ မရှိတာများပါတယ်..၊ နောက်ပြီး ကျနော် ဟာ ငယ်ငယ်လေး ကထဲက အဖေ ထက် သားတလကြီး ဆိုတဲ့ သမီး မျိုးဆိုတော့..၊ တာဝန်အရှိဆုံးဟာ ကျနော် ဘဲ ဖြစ်ပါတယ်..၊ ကဲ..ဒီတော့.. ကျနော်ဟာ.. အဲဒီအိမ်မှာ ငယ်ငယ်တုန်း က တော်တော် အချိန်ဖြုန်းဘူးပါတယ်.. လည်ဘူး ပါတယ်။

ကျနော် မှတ်မိသလောက် ကျနော် တို့ ကလေး ဖဲဝိုင်း တွေဘက်ကများ နဲနဲ လောက် ဆူညံ၊ ဆူညံ လုပ်လိုက်ရင် ဖဲရှုံး နေတဲ့ လူကြီးတွေ ငါနဲ့ ကိုင်တုတ် တာ ခံရပါတယ်....၊ ကျနော်တို့ ရပ်ကွက် က အဲဒီတုန်းက လူလတ်တန်းစား နဲနဲ နဲ့ ဆင်းရဲသားတွေ နေတဲ့ အရပ်ဆိုတော့ အဲဒီလိုအိမ်မျိုး ၂ အိမ်လောက် ရှိပါတယ်..၊ တအိမ်ကတော့ တော်တော် ဝေးပါတယ်..၊ ကျနော် နဲ့ လည်း အကျွမ်းတဝင် မရှိပါဘူး..။

အခု အိမ်ကတော့ အိမ် နားလည်း နီးတယ် ကျနော်တို့ နဲ့ ကစားဖော် တွေလည်းရှိတော့ အဲဒီအိမ် ကို ရောက်တော့တာပေါ့..၊ ကျနော် တင်မကပါဘူး ကျနော် တို့ နဲ့ ကစားဖော်တွေ အားလုံး ရောက်ကြပါတယ်..၊ ဘာသွားလုပ် ကြတာလည်း ဟုတ်လား ဖဲသွားရိုက်ကြတာလေ..၊ ဘူကြီးတို့ ကိုမီး တို့ ဆိုတာတွေ ကျနော် ပထမ ဆုံးလည်ခဲ့ တဲ့ အဲဒီအိမ်ကလေး က တတ်ခဲ့ ပါတယ်ခင်ဗျား..၅-၄-၁၊၂-၃-၅၊ ၆-၅-၉၊၈-၉-၃ .... ဆိုတဲ့ ဘူ အတွဲတွေများ  သူများတွေ ကျောင်းမှာ ချာလည်ချာလည် ပေါင်းနေကတည်းက စိတ်တွက်နဲ့ ကျွမ်းနေတာ (ဘူကြီး အတွဲတွေလေ)၊ အဲဒီလို ကျနော်ဟာ အရွယ်နဲ့ မမျှ ဖဲရိုက် ကျွမ်းကျင်တဲ့ အတွက် ကျနော့် တသက်လုံး အားလုံး ညံချင်ရင်ညံမယ် သချာၤမှာတော့ ဘယ်တော့ မှ မညံတဲ့ အပြင် သချာၤနဲ့ ကျောင်းပြီး ခဲ့ပါတယ် ခင်ဗျာ..၊ ဘ၀ ကသင်ပေးခဲ့ သောသချာၤများပေါ့..။

နောက်ပြီး အရက်ပုန်း ဆိုင်က ရောင်းတဲ့ အမြီး ဆိုတာလည်း ပထမဆုံး စားတတ်ခဲ့ပါတယ်..၊ အဲဒီအိမ်က အရက်ပုန်း လည်း ရောင်းသလို အရက်နဲ့ မြီးဘို့ စားစရာလေးတွေ လည်း ရောင်းတယ် ခင်ဗျား..၊ ကျနော် တို့ အရပ်ကလည်း ဆင်းရဲသား အရပ်ဆိုတော့ အဲဒီ အရက်ဆိုင် က အမြီးလေး တွေနဲ့ ဟင်းလုပ်စား ကြတယ်ထင်တယ်.. ထမင်းစားချိန်ကြရင် လာလာ ဝယ်ကြပါတယ်..၊ အဲဒီမှာ ကျနော် ဟာ ဖဲနိုင်ရင် အဲဒီ အမြီးလေးတွေ ဝယ်ဝယ် စားတတ်တာပါဘဲ..။

စားစရာလေး တွေကလည်း ပေါက်ပေါက် ရှာရှာ လေးတွေ ပါဘဲ..၊ ကျနော် မှတ်မိသလောက် ပြောပြရင် ကြက်ရိုးသုတ်..၊ ခြေထောက်ရိုးတို့ တောင်ပံရိုး တို့ကို ချဉ်ငံစပ် သုတ် ထားတာပါ..၊ စားလို့ တော်တော် ကောင်းပါတယ်..၊ နောက်ပြီး ကုလားပဲ နဲ့ ဆိတ်ရိုးနဲ့ ချက်၊ ကုလားပဲ က အရည်ကျဲကျဲ ပါ ဆိတ်ရိုးကလည်း တရိုးလုံး ကိုက်မှ ခပ်ပါးပါး အသားစ လေး တစနှစ်စ ပါမှာပါ.ဒါပေမဲ့ ဟင်းရည်က ချိုပြီး မွှေးနေတယ် ဗျ..၊ ကျနော် တော်တော် ကြိုက်တယ်..၊ အခုထိလည်း ကျနော် အရပ်ထဲ သွားရင် အရပ်ထဲက ကလေး တယောက်လောက် လွှတ်ပြီး ဝယ် စားနေကြ..။

နောက်ပြီး စာကလေး ကျွပ်ကျွပ်ကြော် တို့ ဘဲသွေးကြော်တို့ အမဲကြော်တို့ ပေါ့၊ အဲဒီအိမ်က အဒေါ်ကြီးက အချက်အပြုတ် လည်း ဝါသနာပါတယ်ဗျ..၊ စားလို့ တော်တော် အရသာရှိတယ်..။

နောက်တခါ အမဲသား မုန့်တီသုတ် ဗျ..၊ အဲဒါကတော့ နေ့လည် တနာရီနှစ်နာရီလောက်မှ ရတဲ့ special lunch ပေါ့ ..၊ ကျနော် အဲဒီတုံးက အမဲသား စားပါတယ်.၊ ကြီးလာမှ မစားတာပါ..၊ ၆ တန်းလောက် ရောက်တော့ မစားတော့တာ ထင်တယ်..၊ ကျနော့် အဖိုးမကြိုက်လို့ပါ..၊ အဲဒီတုန်းကတော့ စားသေးတယ်..၊ ကြိုက်လည်း တအားကြိုက်တယ်..၊  အမဲသား မုန့်တီသုတ် ဆိုပေမဲ့ ကျနော်တို့ ရပ်ကွက်က ဆင်းရဲသား ရပ်ကွက် ဆိုတော့ အသားကောင်းနဲ သုတ်တာ ဘယ်ဟုတ်ပါ့မလည်း..၊ အဲဒီအချိန်က ကျနော် က အဲ့ဒီ မုန့်တီကြိုက်တော့ သူတို့ အိမ်ရောက်ရင် ချောင်းနေတာဆိုတော့ သူတို့ ချက်ပုံချက်နည်း သိတာပါ..၊။

အမဲသား အစအန ဆိုတာရှိတယ်ဗျ..၊ အကြောတို့ အရွတ်တို့ နောက်ပြီး အသား အစ အန လေးတွေပေါ့..၊ အဲဒါလေးတွေကို မနက် ကထဲက မြေအိုးလေး တလုံးနဲ့ တမြည့် မြည့် ပြုတ်ထားတာဗျ..၊ အကြော တို့ အရွတ်တို့ နဲ့ အသား အစအန လေးတွေဟာ နူးအိ နေပြီ ဆိုမှ ခရမ်းချဉ် သီးတို့ ကြက်သွန် နီတို့ နဲ့ ဆီသတ်ချက် ပြီး အဲဒါကို မုန့်တီဟင်း လုပ်တာ.၊ ကျနော် ကတော့ အဲဒီတုန်းက အရမ်းကြိုက်တယ်..၊ အဲဒီ မုံတီသုတ် မှာ သုံးတဲ့ ငရုပ်သီးကလည်း စပ်သလားမမေးနဲ့ ကျနော် ဆိုရင် မျက်ရေတွေ နှပ်တွေ ထွက်လို့..၊ ငရုပ်သီး စပ်စပ် နဲ့ ပိတ်ဆွယ် မုန့်တီ ဟင်းရည်ချိုချိုလေး သောက်ရတာလည်း အတော်ကောင်းဘဲ..။

အဲဒီ အရက်ပုန်း ဆိုင်က အခုထိ တရားဝင် အရက်ဆိုင်လေး အဖြစ်ကူးပြောင်းပြီး ရောင်းကောင်းနေဆဲပါ..၊  ဖဲဝိုင်းတွေ ဘာတွေတော့ မရှိတော့ပါဘူး..၊ alcohol only ပေါ့ ၊ အခုတော့ သူ့သားသမီး  များ လက်ထက်ပေါ့.နော်... အမြီးကလည်း ပိုစုံ လာတယ်..၊ ကျနော်က အခုထိ ကြုံရင် ကြုံ သလို တွယ်နေကြ ဆိုတော့ သိနေတာပေါ့..၊ ကျနော် ကတော့ အမြီး only နော် အထင်မမှားကြပါနဲ့ အုန်း..။

ကဲ ပထမ အကြိမ် အိမ်လည်ခြင်းနဲ့ ကျနော် ဟာ ဖဲရိုက်တတ်တယ်..၊ အမြီး စားတတ်တယ်..၊ နောက် တအိမ် လည် တော့ ဘာအတတ်ကောင်း တွေတတ်အုန်း မလည်း ဆိုတာ ကျနော် လည်ခဲ့သော အိမ်ကလေးများ (၃) မှာ ဆက်ရန်ရှိသည်ပေါ့ဗျာ...အခုတော့ ဒီမျှနဲဘဲ နားလိုက်ပါတော့မယ်..။
.
>>>ဆက္ဖတ္ရန္>>> >>

Sunday, December 20, 2009

ကျနော် လည်ခဲ့သော အိမ်ကလေးများ (၁)

ကျနော်အားတဲ့ အချိန်လေး တွေမှာ တတ်နိုင်သလောက် အိမ် (ဘလော့) လည် ထွက်ပါတယ် ခင်ဗျား၊ အဲဒီမှာ အိမ်ပိုင်ရှင် လေးတွေရဲ့ အမူအကျင့်၊ စိတ်ဝင်စားမှု့လေးတွေကို သတိထားမိပါတယ်..။

တချို့အိမ်လေးတွေများ ဗျာ အိမ်ထဲ ဝင်လိုက်တာနဲ့ မြတ်စွာဘုရား ပုံတော် ဟာ ရောင်ခြည်တော် တဝင်းဝင်း နဲ့ ကြည်ညိုဘွယ်ရာပေါ့ဗျာ..၊ ဆီပုံးလေး ကြည့်လိုက်ရင်လည်း ချစ်ချစ်ခင်ခင်နဲ့ ရေးထားတဲ့ စာလေးတွေဟာ စိတ်ကျေနပ်စရာပါ..၊ နွေးထွေးမှု့ အပြည့်နဲ့ ပေါ့..ကိုယ်တောင် ချက်ခြင်းဘဲ ရေးချင်စိတ် တွေ ပေါ်ပြီး လက်စွမ်းဝင်ပြလိုက်ရသေး..။

အိမ် အတွင်းထဲ ရောက်တော့ လည်း ဆုံးမစာတွေ... ဘုရားစာတွေ....တရားစာတွေနဲ့....တရားခွေလေး ဖွင့်ထားတာလည်း သာယာနာပျော်ဖွယ်ဆိုတော့.. ကျနော်လည်း ကိုယ်ကိုကိုယ် တရားချပြီး..ငါဟာ အရည်မရ အဖတ်မရ ဘလော့ ထောင်ပြီး လျှောက်ရေးနေမဲ့ အစား ဘုရားစာလေးဖတ် တရားလေး ထိုင်ပြီး မသေခင် ကောင်းရာမွန်ရာ ရောက်အောင် လေ့ကျင့် ဘို့ ကျိုးစားပါတော့လား ဆိုပြီး ..သံဝေဂ တရားတွေ အပြည့် နဲ့ အိမ်လေးထဲ က နေ ဝါတော် ၄-၅ ဆယ်ရ ဖွားသီလ လို့ ထွက်လာခဲ့ တယ်ခင်ဗျား..။

တချို့ အိမ်လေး တွေမှာတော့ ဆီပုံး တွေထဲမှာ ဆဲဆို ထားလိုက်တာဗျာ.. ငါ နဲ့ ..ကိုင် ကိုင် ပြီးတော့ ၊ အမြင်ခြင်း မတူတာတွေကို ဆဲ ဆို ပြီး ဖြေရှင်းလိုက်ကြတော့  ..ဖတ်လိုက် ရတဲ့ ကျနော် တောင် ငါ့ များအဲဒီလို ကိုင်တုတ်လိုက်ရင် ဒုက္ခဟဲ့ .. ဆိုပြီး အသံမထွက်ရဲဘဲ တိတ်တိတ်လေး လှဲ့ ပြန်ခဲ့ရတယ်.. ဒါတောင် စိတ်ထဲက ခပ်ကြောက်ကြောက်ဘဲ..အင်း...အင်တာနက် ဆိုတာ ပညာသည် တွေ နေကျ တာတဲ့ ..တော်ကြာ..ငါ့နောက်က ခြေရာခံ လိုက်လာရင် ဒုက္ခ ဘဲဆိုပြီး နောက်ဆံ တငင်ငင်နဲ့ဗျ...။

တချို့အိမ်လေးတွေမှာ ကြတော့လည်း အိမ်ထဲ ဝင်လိုက်တာနဲ့ တဝင်းဝင်း တပြောင်ပြောင် မှိတ်လိုက် လင်းလိုက် တော်ကြာ ဟိုနားက ဟိုဟာလေး ပြုတ်ကြလာလိုက်..ဒါလေးက ရှုးကနဲ မြည်ပြီး ထွက်လာလိုက် ဆိုတော့ တောသားလေး ကျနော့် ခင်ဗျာ လန့်ဖြန့်ပြီး ဟိုကြည့်ဒီကြည့် နဲ့ ပုန်းစရာ ရှာလိုက်ရသေး... မတော်လို့များ  ပေါက်ကွဲ ထွက်လာရင် ဆိုပြီး လန့် လန့် သွားတာဘဲဗျာ..။

တချို့ ဘလော့ များတော့ လည်း ည ည ဆို တယောက်ထဲ မဖတ်ရဲဘူးဗျ..၊ မျက်နှာကျက်ပေါ်က မှင် စာလေးများ ဖြတ်ခနဲ ခုန်ချလာလေ မလား၊ ဟို ထောင့်နားက လူမရှိတဲ့ ကွန်ပျူတာ ရှေ့က ကီးဘုတ် ကရိုက်သံ တွေများ ထွက်နေတာလား ဆိုပြီး နားလေး တစွင့်စွင့် ကြက်သီးလေး တဖြန်းဖြန်းနဲ့ ကြောက်ရတဲ့ အရသာလေး ခံရတာ ကောင်းပါဗျာ..ကိုကြီး ကျောက် ရေ တပုဒ် လောက်..။

အင်းတချို့ သော ဘလော့ များကြတော့လည်း အမလေး အဲတာ တကယ်ဘဲ ဖြစ်ခဲ့ လေသလား၊ ဟင်း..ဟင်း နင်တို့ တော်တော် ယုတ်မာ ကြပါလား..ငါဒေါသဖြစ်လာပြီနော်..၊ နင်တို့ ရင်လည်း သေကြ..ငါရင်လည်း အိုင်ယာလန် ထီပေါက်လို့ နိုင်ငံခြားကို အခုချက်ခြင်းရောက်..ဆိုပြီး အာမေဍိတ် သံတွေ ထွက်ရင်း ချစ်ညီမရေ..ဒီမှာ လာဖတ်စမ်း..ဒီလူကြီးက ဒီလိုတဲ့..၊ ချစ်ချစ်ကြီး ဖတ်ကြည့် အဲဒါ အမှန်တွေဘဲ ဆိုပြီး.. ကိုယ်တယောက် ထဲတင် ဒေါသဖြစ်ရတာ အားမရလို့ သူခိုးသေဖော်ညှိ.. ဆွဲ ခေါ်ပြီး ဖတ်ခိုင်းရသေး..၊ ကောင်းလိုက်တဲ့ ဖြစ်ရပ်မှန် ရာဇဝင်တွေ.ဖျောက်ဖျက် မရသော သမိုင်း သက်သေများ ပေါ့ဗျာ...။

အဲဒီလို အိမ်မျိုးကြတော့လည်း .. ပါးစပ်က တတွတ်တွတ်နဲ့ ဖြစ်မှ ဖြစ်ရလေ လုပ်ရက်လိုက်ကြတာ ဆိုပြီး..၊ ကိုယ် တို့ ဘဝတွေကို ကိုယ် သနားလွန်း လို့ ..သြ ဒို့တွေဟာ လက်ခုတ်ထဲက ရေ၊ ကျားသနား မှ နွားချမ်းသာရမဲ့ သနားစရာ သတ္တဝါ လေးတွေ ပါလားဆိုပြီး..သက်ပြင်း တချချ၊ အံတကြိတ်ကြိတ် နဲ့ အိမ်ထဲကနေ ပြန်ထွက်လာရသဗျ..။

တချို့ သော အိမ်များမှာ တော့ဗျာ ..ချက်ထား၊ ပြုတ်ထား လိုက်ကြတာ..မွှေးကြိုင်လို့..ကျနော့်မှာ သရေတွေ ကြပြီး.. ဗိုက်ကလေး ပွတ်လို့..ပြန်ထွက်လာရတယ်...အဲဒီအချိန်မှာ ထမင်းစားမယ် ဆိုရင်တော့ ကျနော့် ချစ်သမီး များ နာ ပြီသာမှတ်တော့ဗျာ..၊ ကျနော့် ချစ်ညီမလည်း နားပူမခံနိုင်ရင် ထွက်သာ ပြေးတော့..၊ ကျနော် ကတော့ သူ တို့ ဘလော့ အိမ်များမှာ ချက်သလို မစားရလို့ ဆိုပြီး တပူပူ တဆူဆူ နဲ့ ..ထမင်းတလုပ် ကို ဖြောင့်အောင်မစားရဘဲ တတွတ်တွတ် နဲ့ ရွတ်နေတော့ နားပူလာတဲ့ ချစ်ညီမ ခမျာ ဝေးရာကို ပြေးရတော့ တာပေါ့..။

ကဲ..ဒါတွေ အားလုံးဟာ ဘလော့ မောင်နှမများ ကို ချစ်လို့ ကြည်စယ် တာပါဗျာ..၊ သူ့ ဟာနဲ့ သူ သန်ရာသန်ရာပေါ့..၊ အားလုံးဟာ တော်ကြ ကောင်းကြပါတယ်..၊ ကိုယ် နှစ်သက်ရာ၊ ကျွမ်းကျင်ရာ ကို ကိုယ် ဦးစားပေး ကြတာပေါ့လေ...၊ ဘာမှ မသန်သော၊ မကျွမ်းကျင်သော ကျနော့် မှာ တော့ ချစ်မိတ်ဆွေ များ ရဲ့ ဘလော့ များကို ဖတ်ရှု့လေ့လာခြင်း အားဖြင့် တန်ဘိုးဖြတ်လို့ မရတဲ့ အသိအမြင်၊ ဗဟုသုတ တွေ အများကြီးရပြီး ကျေးဇူးတင် လို့ မဆုံးပါဘူးခင်ဗျာ..။

ကျနော် ချစ်သော မိတ်ဆွေ ဘလော့ဂါ များအတွက်
ဆရာကြီး ဦးတင်မိုး ရဲ့ကဗျာလေး ကို သတိရ ပြီး  ဆရာ ရဲ့ ကဗျာလေး နဲ့ ဂုဏ်ပြုလိုက်ရပါတယ်ခင်ဗျာ..။ 

အလှကိုယ်စီ

ဖိုးလမင်းလည်း သူ့အဆင်းနှင့် အလင်းနှင့်။

မီးတိုင်ငယ်လည်း သူ့အရွယ်နှင့် အစွယ်နှင့်။

ပိတောက်ဝါလည်း သူ့အခါနှင့် နံ့သာနှင့်။

စံပယ်ဖူးလည်းသူ့ ဂုဏ်ထူးနှင့် ငုံဖူးနှင့်။

မြစ်ပြင်နက်လည်း သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်။

စမ်းချောင်းခွေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်။

မည်သည့်အရာ မဆိုသာတည့် သူ့မှာကိုယ့်မှာ အလှသာတည့်။

သဘာဝလျှင် အလှကိုယ်စီ စွမ်းရည်ကိုယ်င လက်ဆောင်ငှ၏။

အလှဝန်တို မညိုညင်နှင့်။

ဝန်တိုမှုသာ မလှရာ၏။

သူ့ဂုဏ် သူ့သိရ် သူ့အရှိန်နှင့်။

အချိန်အခါ နေရာဒေသ

ဌာနအလျောက်အရေးမြောက်သည်။

စွမ်းပေါက်နိုင်သူချည်းသာတကား။

ဆရာ ဦးတင်မိုး ၏ စာပေဂုဏ်ကျေးဇူးကို အမှတ်ရလျှက်

အမှန်တော့ ကျနော် က ကိုယ်ပိုင် ကဗျာလေးနဲ့ ခင်ဗျားတို့ ကို ဂုဏ်ပြု ချင်ပါတယ် ဒါပေမဲ့ အစွမ်းမရှိလို့ ခွင့်လွှတ်ပါဗျာ..။
ကဗျာလေး ရအောင်ရှာပေးသော ချစ်ညီမ seeseinshin@gmail.com အားကျေးဇူးအထူးတင်ပါ၏။


 (ကျနော် တကယ် အိမ်လည်တာ နဲ့ ပတ်သက်ပြီး ပို့စ် လေးရေးမလိုဗျ..နိဒါန်းနဲ့ အချိန်ကုန် သွားတော့ နောက်နေ့ မှဘဲ (၂) ဆက်ရေးပေးတော့မယ်နော်)
.

>>>ဆက္ဖတ္ရန္>>> >>

Monday, September 7, 2009

ဆောင်းခိုငှက်


မာနနှင့်ဒေါသ ပေါင်းစပ်ထားတဲ့ အကြင်နာမဲ့တဲ့နှုတ်ခမ်းများ၊ ညစ်ညမ်းတဲ့ စကားသံများသာ ထွက်ကျလေ့ရှိတဲ့ ရက်စက်တဲ့ နှုတ်ခမ်းတစ်စုံကရော၊ အားလုံးထဲမှာ ကျမ ရှာဖွေနေတဲ့ နှုတ်ခမ်းတစ်စုံ ကတော့ ခပ်ဖျော့ဖျော့တောင် တွေ့မလာပါဘူး၊ ကျမ မုန်းတီးတဲ့နှုတ်ခမ်းများကသာ ကျမ ခန္ဓာကိုယ်အနှံအပြားမှာ....၊ ကြောက်ရွံခြင်း၊ နာကြင်ခြင်းတွေနဲ့ ကျမ သေဆုံးသွားခဲ့ပြီလား...၊ မသတီစရာကောင်းလှတဲ့ နှုတ်ခမ်းတွေ ကျမ နှုတ်ခမ်းပေါ် ပြိုကျလာချိန်မှာတော့ မွန်းကျပ်ခြင်း၊ နာကြင်ခြင်းနဲ့ ရွံရှာခြင်းတွေ ပေါင်းစပ်ပြီး ပြို့တက်လာတဲ့ အန်ပစ်လိုက်ချင်တဲ့စိတ်တွေကို ထိမ်းလို့ မရတော့ဘူး၊ ကျမ အားရပါးရ အန်ပစ်လိုက်တယ်၊ ရွံရှာခြင်းများ၊ ကြောက်ရွံခြင်းများ၊ အားလုံး..........အားလုံး ပါသွားကြစမ်းပါ၊

အန်ဖတ်တွေထဲမှာ ကျမ ဝိုးတဝါးတွေ့လိုက်တာက ချစ်တတ်တဲ့နှလုံးသားတစုံနဲ့ ကလီစာများ၊ ဒါတွေမရှိမှ ကျမ အသက်ရှင်နိုင်တာ သူတို့သိကြရဲ့လား၊ တကယ်တော့ နှလုံးသားမပါဘဲ အသက်ရှင်နေတာ ကျမ တစ်ယောက်ထဲမှမဟုတ်တာ၊ တစ်ချိန်တုန်းက ကျမ ရဲ့...မောင်..၊ ကျမ အတွက်တော့ အခုလည်း ကျမ ရဲ့...မောင်.... ပါဘဲ၊ ............မောင်.......ရော နှလုံးသားမပါဘဲ အသက်ရှင်နေသလား၊ ကျမ ဘာမှမသိ၊ ကျမ သိရမှာကတော့ အန်ဖတ်တွေ ကြားထဲက ကျမ ပြန်လည်ရှင်သန်နိုးထလာဖို့ တစ်ခုတည်း ပါဘဲ၊ အနည်းဆုံး ကျမ ရဲ့ ရှင်သန်ခြင်းဟာ ကျမရဲ့ မိသားစုအတွက်တော့ တန်ဖိုးတခု ရှိမှာပါ၊ ကျမ အတွက်တော့...၊

အန်ဖတ်တွေကြားထဲက ပြန်လည်ရှင်သန်ဖို့ ကျမ အလိုချင်ဆုံး သန့်ရှင်းစင်ကြယ်တဲ့ အေးစက်သင်းပျံ့တဲ့ ရေစက်ရေပေါက်တွေ ဘယ်မှာလည်း၊ ကျမ တကိုယ်လုံး စင်ကြယ်သွားအောင် ဆေးကြောပြစ်လိုက်စမ်းပါ၊ မင်းတို့ အနည်းဆုံး ဒို့အရေပြား တွေကိုတော့ သန့်စင်စေမှာပါနော်၊ ဒို့စိတ်တွေသန့်စင်စေဖို့ရော ဘာတွေနဲ့ ဆေးကြောရမှာလည်း၊ အခုအချိန်မှာတော့ ကျမ ခန္ဓာကိုယ်ကြီး သန့်စင်သွားဖို့ကသာ အရေးကြီးဆုံးပါ၊

ကျမ မှာ နှလုံးသား မရှိတာတောင်မသိတဲ့ လူတွေ ကျမ စိတ်တွေမသန့်စင်တာ သူတို့ဘယ်လို သိနိုင်မှာလည်း လူကွယ်ရာမှာ အန်ဖတ်တွေနဲ့ လူးလိမ့်နေတဲ့ ကျမ၊ အန်ဖတ်တွေကြားထဲက ရုန်းထွက်ဖို့ နှလုံးသွေးတွေနဲ့အမြဲတမ်း ဆေးကြောနေရတဲ့ နှလုံးသား မရှိဘဲအသက်ရှင်နေတဲ့ ကျမ၊ သူတို့အားလုံး အတွက်တော့ ဒါတွေဟာ အရေးမကြီးတဲ့ ကိစ္စတွေပေါ့၊ အထူးသဖြင့် ကျမ ယောကျာ်းဆိုတဲ့ လူကြီးလူကောင်း အရေခြုံမြေခွေးကြီး အတွက်တော့ ကျမ ခန္ဓာကိုယ်ကြီး သန့်စင်နေရမယ်၊ မွေးပျံ့ နေရမယ်၊ သူ့အတွက်တော့ ဒါတွေဟာအရေးကြီးဆုံးပေါ့၊ ကျမ အတွက်တော့ ရှင်ဟာအညစ်ပတ် ဆုံး၊ ရှင့်ရဲ့အပြာရောင်လွှမ်းတဲ့ နှုတ်ခမ်းအစုံက ရွံစရာအကောင်းဆုံး၊ မုန်းလိုက်တာ၊ ကျမ အရမ်းမုန်းတယ်၊ ပြို့တက်လာတဲ့ အမုန်းတရားတွေနဲ့ မသတီစရာကောင်းတဲ့ စက်ဆုတ်စရာ အားလုံးကို အန်ပစ်လိုက်စမ်းပါ၊ အဲ့ဒီ နှုတ်ခမ်းတွေကြားထဲကို အန်ပစ်လိုက်စမ်းပါ၊ အားလုံးပါသွားအောင် အန်ပစ်လိုက်စမ်းပါ။


အဖြူရောင်နဲ့ ပန်းနုရောင်တွေရောယှက်နေတဲ့ အေးမြသန့်စင်တဲ့ ရေချိုးခန်းလေးရေ၊ မင်းဘယ်မှာ လည်းကွယ်၊ မင်းကို ငါ ချစ်တယ်၊ အားလုံးနဲ့ ဝေးကွာစေတဲ့၊ ငါ့အန်ဖတ်တွေကိုဆေးကြော ပေးတဲ့ မင်းကို ငါ ချစ်တာနော်၊ မင်းရဲ့ ငွေကြေးနဲ့တိုင်းတာတဲ့ တန်ဖိုးတွေ ငါတကယ်မသိဘူး၊ အန်ဖတ်တွေကြားထဲမှာ မြောနေတဲ့ ငါ့ကို မင်းဆေးကြောပေးနေကြပဲမဟုတ်လား၊ မင်းတစ်ယောက်တော့ ငါဘာကိုချစ်တာလည်း ဆိုတာ နားလည်နိုင်လည်နိုင်မှာပါနော်၊ လူတွေသတ်မှတ်ကြတဲ့ မင်းရဲ့တန်ဖိုးကို ငါချစ်တာမဟုတ်ဘူး ဆိုတာ မင်းတယောက်လောက်တော့ ထောက်ခံလိုက်စမ်းပါ၊ ဒို့ရဲ့အသဲနှလုံး စမ်းချောင်းကလေး ထဲမှာလည်း မင်းနဲ့ဘဝတူ အေးမြသန့်စင်တဲ့ရေတွေ စီးမြောနေတာရော မင်းသိရဲ့လား၊ ဆိတ်ငြိမ်ခြင်း၊ လွတ်လပ်ခြင်းနဲ့ ပျော်ရွှင်ခြင်းတွေ ရောစပ်ပေါင်းဖက်နေတဲ့ ဒို့ရင်ထဲက စမ်းချောင်းကလေးရေ မင်းရော ဘယ်မှာလည်းကွယ်၊ မင်းရဲ့ အရိပ်မှာခိုနေကြတဲ့ ပန်းရိုင်းလေးတွေရော...၊ မင်းအရိပ်ခိုနေရတဲ့ ဒို့တတွေရဲ့ ဆော့ကစားဘက် အပင်ကြီးတွေရော ...၊

ဒို့တွေကို သတိမှရသေးရဲ့လားလို့၊ ဒို့တွေ မင်းရင်ခွင်မှာ မခိုလှုံရတာ ဘယ်လောက်ကြာသွားခဲ့ပြီလဲ၊ ဆောင်းခိုငှက်ကလေးတွေတော့ သိတတ်ကောင်းပါရဲ့၊ သူတို့ လာတဲ့အချိန် သူတို့ ပြန်တဲ့အချိန်တွေဟာ ပြက္ခဒိန် မလိုအောင် တိကျပြီးသား မဟုတ်လား၊ ငှက်ကလေးတွေရေ မင်းတို့ရဲ့ ဇာတိမြေက ရက်စက်ကြမ်းတမ်း လွန်းတဲ့ရာသီဥတုဒဏ်ကို မင်းတို့ မခံနိုင်လွန်းလို့ ချောင်းကလေးရဲ့ ထွေးပိုက်ခြင်းကို နွေးထွေးစွာခံယူ ရပေမဲ့.....၊ ငွေခိုခဲ့တဲ့ ကျီးမိုက်တစ်ကောင် ကတော့...........၊ ငှက်ကလေးတွေရေ မင်းတို့ရဲ့ ပြန်ရက် ကသတ်မှတ်ပြီးသားနော်၊ ချောင်းကလေးသိချင်ရင်တော့ မေးလို့ရမှာပါ၊ ဒို့အတွက်တော့ ပြန်ရက်မရှိတဲ့ ထောင်ချောက် တခုထဲမှာ၊ နာရီတွေလည်းမရှိတော့ဘူး၊ ပြက္ခဒိန်တွေလည်း ပျောက်ဆုံးသွားပြီ၊ အချိန်မသိ၊ နှလုံးသားမရှိဘဲ ဒို့တွေအသက်ရှင်နေတာရော ချောင်းကလေး သိရဲ့လား၊ ဒို့ကလွဲရင် မင်းအပါးမှာ ခိုနားခွင့်ရကြတဲ့ သူတွေအားလုံးအတွက် အချိန်တစ်ခုထိတော့ ဒို့တွေရှင်သန် နေအုံးမှာပါ၊ ဒို့အတွက် သူတို့အားလုံးစိတ် မညစ်ကြပါစေနဲ့၊ သူတို့ကိုသာ ဒို့တွေကိုယ်စား ပျော်ရွှင်ခွင့်ပေးလိုက်ပါတော့ ချောင်းကလေးရေ။


ဒို့တွေ ငယ်ငယ်တုန်းက ဘယ်လောက်ထိ ပျော်ခဲ့ကြတယ်ဆိုတာ ချောင်းကလေးလည်း သိတယ်၊ သစ်ပင်ကြီးနဲ့ ပန်းကလေးတွေလည်း သိတယ်၊ ငှက်ကလေးတွေလည်း မမေ့တတ်ရင် မှတ်မိမှာပါ၊ နွေနံနက်ခင်းတွေမှာ ဒို့မောင်နှမတွေ နဲ့ ]မောင်... ချောင်းကလေးရဲ့ ရင်ခွင်မှာ လွတ်လပ်ခြင်းတွေကို ထွေးပွေ့ရင်း ပျော်ရွှင်ခြင်းတွေနဲ့ ဆော့ကစားခဲ့ကြတာ ဟာ အိမ်မက်တွေမဟုတ်ခဲ့တာတော့ သေချာပါတယ်၊ စမ်းချောင်းကလေးရဲ့ဘေးမှာ မောင်တို့တတွေ ဖမ်းမိလာတဲ့ ငါးတွေနဲ့ မီးပုံပွဲလုပ်ခဲ့ကြပြီး တောပန်းကလေး တွေရဲ့ရင်ခွင်ကြားမှာ မူးရစ်ရီဝေရင်း အရိုင်းဆန်တဲ့ မောင့်ရဲ့ဂစ်တာသံတွေနဲ့အတူ ဒို့တွေစားခဲ့ရတဲ့ချိုမြိန်ခြင်း အရသာတွေကိုရော ဘယ်လိုမေ့နိုင်မှာလည်း၊ ဒို့တွေ စားခဲ့တာတွေဟာ တကယ့်ကိုဘဲ ပျော်ရွှင်ခြင်း၊ လွပ်လပ်ခြင်း၊ ကြည်နူးခြင်းတွေပါ ဆိုတာတော့ မင်းတို့အားလုံး ယုံကြည်လိုက်စမ်းပါ။


ကြမ်းတမ်းရိုင်းစိုင်းတဲ့ မုန်းတိုင်းတခုရဲ့ ခြေဆင်းဟာ သိပ်ကိုနူးညံသိမ်မွေ့တဲ့ လေပြေညှင်းလေး ပါဆိုတာ တခါတခါတော့ ကျမတို့မေ့သွားတတ်ကြတယ်နော်၊ ကျမဘဝရဲ့ မုန်းတိုင်းခေါ်သံ ၁၀တန်းအောင်စာရင်း တေးသံသာ ကလေးကလည်း ချိုသာအေးမြလွန်းတော့ ကျမရဲ့ဝေဖန်ပိုင်းခြားတတ်တဲ့ အသိဉာဏ် တွေလည်း ကျမနဲ့ အဝေးဆုံးမှာ...၊ လူသားအားလုံးအတွက် ရယူပိုင်ဆိုင်ဘို့ အခွင့်အရေးတွေကို သဘာဝတရားကြီးက ကန့်သတ် ပေးထားပြီးသားလို့ပြောခဲ့ရင် ဘယ်သူတွေများ ငြင်းချက်ထုတ်ကြ အုံးမှာလဲ၊ ကိုယ်ရသင့်တာထက်ပိုပြီး ရချင်ရင်တော့ လောကကြီးရဲ့ ဒဏ်ခတ်ခြင်းကို ခံရလိမ့်မယ်၊ ရယူသင့်တာနဲ့ ရယူချင်တာ သိပ်ကိုကွာခြားလွန်းတဲ့ ကျမကတော့ ရယူချင်တာတခုထဲကိုကြည့်ပြီး ဒေါင်းယောင်ဆောင်တဲ့ ခေတ်သစ်ကျီးမိုက် တကောင်အဖြစ် အယောင်ဆောင်မြို့ပြမှာစီးမြော လိုက်ပါရင်း မြို့ပြယဉ်ကျေးမှု့တွေနဲ့ အကျွမ်းတဝင်ဖြစ်နေလေရဲ့။


ရိုးသားဖြူစင်ကြတဲ့ အပြစ်မရှိတဲ့မိသားစုဝင် ၅ယောက်ရဲ့ အသွေးအသား တွေကိုစုတ်ယူရ လောက်အောင် ဒီအင်ဂျင်နီယာဘွဲ့ဟာ အဖိုးထိုက်တန်ပါရဲ့လားဆိုတာတောင် ကောင်းကောင်းမစဉ်းစား ခဲ့တဲ့ ခေတ်သစ် ကျီးမိုက်တကောင် တကယ်ရှိခဲ့ဘူးတယ်ဆိုတာ မန္တလေးနည်းပညာတက္ကသိုလ်၊ မန်းချယ်ရီဆောင်ရဲ့ ၁၀ပေ ၁၂ပေ ကျယ်တဲ့ ၂ယောက်ခန်းလေး ကလည်း ထောက်ခံလိမ့်မယ်၊ အခန်းဝရံတာလေး ကနေ အတားအဆီး မရှိ မြင်နေရတဲ့ အပြာရောင်လိမ်းကျံ ထားတဲ့ရှမ်းရိုးမ တောင်တန်းကြီးကလည်း သက်သေလိုက်လိမ့်မယ်၊ ဟန်ဆောင်မှု့တွေနဲ့ ပိတ်ဆို့နေတဲ့ မြို့ပြလူမှု့ ဆက်ဆံရေး အောက်မှာ ဒို့တွေ ပိတ်လှောင် မွန်းကျပ်နေတုန်းက တောင်တန်းပြာကြီးက ဒို့အတွက် အကောင်းဆုံး အဖော်မွန်ဘဲလေ၊ သူ အားလုံး သိပါတယ်။


အခြေခံမတူတဲ့ လူတန်းစားတွေကြားထဲမှာ ဟန်ဆောင်မှု့တွေနဲ့မိတ်ဆွေဖွဲ့ရင်း မြို့ပြပညာသင်စနစ်ရဲ့ အဆောင်စရိတ်၊ ကျောင်းစရိတ်၊ ကျူရှင်စရိတ်၊ မဆုံးနိုင်တဲ့ စရိတ်တွေကြားမှာ မိသားစုကို စတေးခဲ့တဲ့ ဒို့အတွက် ပေးဆပ်ရခြင်းက အနံ့ဆိုးတဲ့ အပြာရောင် နှုတ်ခမ်းတစုံ၊ ငွေကလွဲရင် ဘာမှမသိတဲ့ ဦးနှောက်တလုံး၊ ရက်စက်ကြမ်းတမ်းတဲ့ နှစ်လုံးသားတစ်စုံ၊ ဘာတွေဘဲဖြစ်ဖြစ်လေ ဒို့တွေနဲ့ ထိုက်တန်ပါတယ်၊ အမှန်တရားနဲ့ ၅နှစ်လောက်ကင်းကွာခဲ့တဲ့ ဒို့အတွက် အမှားတွေနဲ့ တသက်လုံး ရင်ဆိုင်ခဲ့ရရင် လည်း မောင်ရေ အဲ့ဒါ တရားတယ်နော်။


အကြင်နာကြီးမားတဲ့မိသားစု၊ အချစ်တွေအပြည့်အဝပေးနေတဲ့ ]မောင်}၊ နောက်ပြီး သိပ်ကိုတန်ဘိုးရှိ တယ်လို့ ကျမ ထင်ထားခဲ့တဲ့ အင်ဂျင်နီယာဘွဲ့၊ ကျမ မှာရှိတာ ဒါအကုန်ဘဲ၊ ဘယ်မှာလည်း အားလုံးအတွက် လိုအပ်နေတဲ့ငွေ၊ ကျမမောင်လေး ၂ ယောက်အတွက် ကျောင်းစရိတ်ရော၊ နောက်ကျမှ ရခဲ့တဲ့နောင်တ တွေနဲ့ မြို့ပြပညာရေးစနစ်အကြောင်း ကျမရှင်းပြခဲ့ရင်တော့ ကျမကိုချစ်တဲ့၊ လေးစားတဲ့၊ ဉာဏ်ပညာ မသေးတဲ့ မောင်လေးတွေ နားလည်ကြမှာပါ။ ဒါပေ့မဲ့ ဒါဟာ တရားမျှတမှု့ရော ရှိပါသလား၊ ကိုယ်ပျော်ရွှင်စွာ ပြီးဆုံးစွာ လျှောက်ခဲ့တဲ့ လမ်းကြောင်းတခုကို မောင်လေးတွေကို ပေးမလျှောက်စေတာ ဟာငွေတခုထဲအတွက်တင် မဟုတ်ဘူး ဆိုတာကိုရော မောင်လေးတွေ ကောင်းကောင်း နားလည်ကြ ပါ့မလား၊ ဘာပဲဖြစ်ဖြစ်လေ ငွေရှိရင်တော့အားလုံး ပြေလည်သွားမှာပါ၊ အဲ့ဒီ ငွေကို ကျမဘယ်လို ရှာရမှာလဲ၊ ပညာနဲ့ငွေနဲ့ လဲရင် ပေးရမဲ့ ကိုယ့်ကျင့်တရား၊ ဂုဏ်သိက္ခာ တွေကို ကျမပေးရဲသလား၊ ကျမ မပေးရဲခဲ့ဘူးနော်။


မောင် ရော ဆင်းရဲသား လူနာတွေဆီက ကြေမွတွန့်လိတ်နေတဲ့ ပိုက်ဆံတွေကို အေးစက်တဲ့နှလုံး သားတွေနဲ့ယူရက်သလား၊ ကိုယ့်နဲ့ပတ်သက်သူတွေ အတွက် နည်းမျိုးစုံနဲ့ရှာဖွေပြီး ကုသပေးနေကြတဲ့ မိသားစုဝင်တွေဆီက ရလာတဲ့ပိုက်ဆံတွေနဲ့ လိပ်ပြာသန့်စွာနဲ့ ကားဝယ်စီးနိုင်ရဲသလား၊ တိုက်ဆောက်နိုင် သလား၊ ကျမ မထင်ပါဘူး၊ နှလုံးသားလှတဲ့ မောင် ပညာနဲ့ငွေနဲ့ မလဲပါဘူး ကျမနဲ့လည်း မောင် မလဲဘူးမဟုတ်လား၊ ဆရာဝန် တယောက်ဖြစ်ဘို့ ပေးဆပ်ရတဲ့ တန်ဘိုးတွေကို ဆရာဝန်တယောက် ဖြစ်လာတဲ့ မောင် သိမှာပါ၊ ဒါပေ့မဲ့ မောင်ရေ ကျမတို့ နိုင်ငံမှာ ဆင်းရဲတဲ့ လူတွေသိပ်များနေသေးတယ်၊ ထိုက်တန်တဲ့ရင်းနှီးမှု့အတွက် ထိုက်တန်တဲ့ ရယူမှု့ကို မောင်မရနိုင်သေးဘူး၊ ဒါတွေ မောင်သိပါတယ်နော်၊ မောင်အတွက် ကျမ ကျေနပ်နေပါတယ်။


ကျမ တခုခုကို ရွေးချယ်ရတော့မယ်နော်၊ မောင်ရယ်၊ ဂုဏ်သိက္ခာရယ်၊ ငွေရယ်၊ ကျမ ဘာကို ရွေးချယ်ခဲ့သလဲဆိုတာ မောင်သိခဲ့ပြီးသားဘဲ၊ သစ္စာမရှိတဲ့ ကျမကို ဘယ်တော့မှ ခွင့်မလွှတ်နဲ့လို့ ပြောခဲ့ရင် လည်း မောင် ခွင့်လွှတ်မှာ ကျမသိပါတယ်။ ကျမအတွက် ပင်ပန်းဆင်းရဲခဲ့ကြတဲ့ မိသားစုကို ပြစ်မထားနိုင်ဘူး၊ ကျမ ရချင်တဲ့ ငွေတခုအတွက် တတ်နိုင်သမျှ အားလုံးပေးဆပ်နိုင်ရမယ်လေ၊ ကျမကို မယူမနေရ ဆိုပြီး ဘယ်သူမှ မပေးစားခဲ့ဘူးနော်၊ ကျမ ကိုယ်တိုင်ကျေကျေနပ်နပ် လက်ထပ်ခဲ့တဲ့ ယောက်ကျားတယောက်၊ သူ လိုချင်တာနဲ့ ကျမ ရချင်တာကို အပေးအယူလုပ်ခဲ့တဲ့ လက်ထပ်ပွဲကြီးတစ်ခုကို ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့တာ ကျမ ကိုယ်တိုင်တဲ့ မောင်ရေ။


သိပ်ကိုလွယ်တဲ့ ခပ်ညံညံမိန်းမ တယောက်ရဲ့ ဈေးကွက်ရှာဖွေရေး လက်ထပ်ပွဲကြီးတခုပေါ့၊ ကိုယ့်ကို ကိုယ့် အမြဲတန်း အထင်ကြီးပြီး အမှားတွေကို တချိန်လုံး ကျူးလွန်ခဲ့တဲ့မိန်းမ တယောက် တသက်လုံးအတွက် အမှားကြီးမှားခဲ့ပြီ မောင်ရေ၊ လူသားစားကျားတကောင်ရဲ့ မာယာတွေကို မုဆိုးမဟုတ်တဲ့ သာမန်လူ တယောက် ဘယ်လိုနားလည်နိုင်မှာလည်း၊ အင်မတန်ကောက်ကျစ်စင်းလဲပြီး ပါးနပ်တဲ့ စိတ္တဇ လူသားတယောက်ရဲ့ ထောင်ချောက်ကိုရော၊ ရှေးဦးလူသားတွေရဲ့ အရောင်းအဝယ် စနစ်တခုကို ၂၁ရာစုထိ အသုံးပြုနေဆဲ ဖြစ်တဲ့ ကျမလို ခပ်ခပ်ညံညံ မိန်းမတယောက်ကရော ဘယ်လိုစဉ်းစားတွေးခေါ်ပြီး သိနိုင်မှာလဲ၊ ကိုယ်မှားခဲ့တဲ့ အမှားတခုအတွက် ဘယ်လိုဘဲ ပေးဆပ်ရ ပေးဆပ်ရ၊ ပေးဆပ်မယ် ဆိုတဲ့ မိန်းမ တယောက် သိတာက မချစ်မနှစ်သက်တဲ့သူနဲ့ အတူနေရခြင်း ချစ်ခင်နှစ်သက်တဲ့သူနဲ့ ခွဲခွာနေရခြင်း ဆိုတဲ့ ခပ်ရိုးရိုး အဆိုအမိန့်တခုထဲဘဲ၊ အခုတော့ ကျမ ရင်ဆိုင်နေရတာက လောကငရဲ၊ ပူလောင်ခြင်း ရက်စက်ခြင်း နာကြင်ခြင်း ဆိုတဲ့ ငရဲနဲ့ တူတဲ့ တနေရာမှာ ကျမ ရှိနေတယ် မောင်--။


လောကကြီးရဲ့ မျက်နှာစာမှာတော့ လှပတင့်တယ်တဲ့ မျက်နှာဖုံးစွတ်ထားတဲ့ မိန်းမတယောက်၊ လောကကြီးရဲ့ နောက်ကွယ်မှာတော့ အံဖတ် တွေကြားမှာလူးလိမ့်ရင်း ရက်စက်ရိုင်းစိုင်းလှတဲ့ လူယုတ်မာတယောက်ရဲ့ ခြေရင်းမှာ လည်းစင်းခံ နေရတယ်ဆိုတာ လမင်းကြီး သက်သေရှိတယ်၊ နေမင်းကြီးလည်း ထောက်ခံ ပေးလိမ့်မယ်။


]မောင်} ရေ ...လူတစ်ယောက် ဒါမှမဟုတ် သတ္တဝါတမျိုးမျိုးကို ညှင်းပန်းနှိတ်စက်ရတာကို ကြိုက်နှစ်သက်တဲ့၊ အဲ့ဒီသတ္တဝါ နာကြင်ခြင်းဝေဒနာ ခံစားရတာကို အရသာခံပြီး စိတ်ကျေနပ်မူ့ဖြစ်စေတဲ့၊ ဒါမှမဟုတ် သူကိုယ်တိုင် နှိတ်စက်ခံရမှ စိတ်ကျေနပ်မူ့ ရတဲ့ ှေိသာေျသခ့ငျာ လို့ခေါ်တဲ့ စိတ်တ္တဇရောဂါ တမျိုးအကြောင်း ကျမ တို့ ဆွေးနွေးခဲ့ကြတာကို မှတ်မိသေးရဲ့လား၊ ဆရာဝန် တယောက်ဖြစ်တဲ့ မောင် ကတော့ အသေးစိတ် ပိုသိတာပေါ့နော်၊ အဲ့ဒီတုန်းက မောင့်ဆရာ ရဲ့ ဆေးခန်းကိုရောက်လာတဲ့ မိန်းမတယောက်ရဲ့ခန္ဒာကိုယ် အတွင်းပိုင်း က ဒဏ်ရာတွေကို ဆေးကုပေးရင်း၊ မိန်းမတယောက်ကို ဒီလောက်လူမဆန်စွာနှိတ်စက်ထားတာ ရူးနေလို့ ဖြစ်ကြောင်း၊ အဲ့ဒီ ယောက်ကျားကို ရဲစခန်းတိုင်မယ်၊ အရူးထောင်ပို့မယ်လို့ပြောတော့ အဲ့ဒီမိန်းမက မောင့်ဆရာ ကို အမူ့မဖွင့်ဘို့ အကြောင်း တောင်းပန်ပြီး၊ မောင့်ဆရာရဲ့ဆေးခန်းကို ဘယ်တော့မှမလာတော့တဲ့ အကြောင်း မောင့်ဆရာ ပြောပြတာကို မောင်ပြန်ပြောပြီး အဲ့ဒီရောဂါအကြောင်း ကျမကို မောင် ရှင်းပြတယ်လေ။


ကျမက မတောက်တခေါက် အသိဉာဏ်လေးနဲ့ အဲ့ဒီမိန်းမကလည်း ညှင်းပန်းနှိတ်စက်ခံရတာကို ကြိုက်တဲ့ အဲဒီရောဂါရှင် ဘဲဖြစ်လို့ နေမှာပေါ့လို့မညှာမတာ ဝေဖန်ခဲ့တဲ့ ကျမတယောက် ဝဋ္ဌ်လည်နေပြီလို့ပြောရင် မောင်သိပ်စိတ်မကောင်း ဖြစ်မှာလား.......၊ ကျမကို အမြန်ဆုံး ဒီယောက်ကျားနဲ့ ကွာရှင်းခိုင်းမှာဘဲနော်၊ ငွေရှိတဲ့ယောက်ကျား တယောက်နဲ့ ခန်းနားကြီးကျယ်စွာ လက်ထပ်၊ ကိုယ်လိုချင်တာတွေရယူခဲ့ပြီးမှ သိတ်မကြာခင်မှာဘဲ ဇာတ်သိမ်းခန်းကို အလွယ်တကူ ကပြရလောက်အောင် ကျမ သတ္တိ မရှိသေးဘူးမောင်၊


နောက်ပြီး အခုမှအေးချမ်းခါစရှိသေးတဲ့ အရှက်အကြောက် ကြီးပြီး ရိုးသားအေးဆေးလှတဲ့ မိသားစုကို ကျမအတွက် မပူလောင်စေချင်တော့ဘူး မောင်ရေ၊ ကျမအလှည့်တုန်းကတော့ မိသားစုဝင်အားလုံး နှစ်ပေါင်းများစွာ အနစ်နာခံခဲ့ကြတယ်၊ အခု ကျမ အလှည့်လေ၊ ကျမသိတ်ပျော်နေတယ်လို့၊ အားလုံးသိကြပါစေ၊ ဒါမှသူတို့ အားလုံးလည်း ပျော်ကြမယ် မဟုတ်လား။


ပြန်လမ်းမရှိတဲ့ ထွက်ပေါက်ပိတ်နေတဲ့ ကောက်ကျစ်စဉ်းလဲလှတဲ့ မြေခွေးတကောင်ရဲ့ ထောင်ချောက် ထဲက သားကောင်ငယ် တကောင်ရဲ့ ထိတ်လန့်တုံလှုပ်ခြင်း တွယ်ရာမဲ့ခြင်းကို မောင်တို့အားလုံး မသိကြပါစေနဲ့၊ စမ်းချောင်းလေးလည်း မသိနဲ့၊ ပန်းပွင့်လေးတွေလည်း မသိကြနဲ့။


လမင်းကြီးရေ မင်းကို ငါ သိပ်ချစ်တယ်၊ နာကြင်ခြင်း ရက်စက်ခြင်းတွေနဲ့ဝေးတဲ့ အချိန်လေးမှာ မင်းတယောက်သာ ငါ့ရဲ့အဖော်မွန်ဘဲ မဟုတ်လား၊ ငါ့မျက်ရေတွေကို မင်းသုတ်ပေးခဲ့တယ်နော်၊ ငါ့ဒဏ်ရာတွေကိုလဲ မင်းဘဲဆေးကုပေးခဲ့တယ်လေ၊ မင်းနဲ့လွဲရမှာကြောက်လွန်းလို့ ဒို့တွေမအိပ်ခဲ့တဲ့ ညပေါင်းများစွာ အကြောင်း ကိုလည်း မင်းအသိဆုံးပါ၊ လမင်းကြီးရေ မင်းရင်ထဲကဒို့ အကြောင်းတွေကို မင်းနဲ့အတူ ကမ္ဘာကြီးရဲ့ အပြင်ဘက်ကို သယ်သွားလိုက်နော်၊ လမင်းကြီးရယ် ကြယ်ကလေးတွေရယ် နေမင်းကြီးရယ် မင်းတို့အားလုံး သိပ်ကောင်းကြတယ်နော်၊ မင်းတို့အားလုံးပေးခဲ့တဲ့ ကြင်နာမှု့တွေနဲ့ ဒို့တွေတချိန်ချိန်ထိတော့ ရှင်သန်နေအုန်းမှာပါ။


နေမင်းကြီးကလည်း နွေးထွေးမှု့အပြည့်နဲ့ ကျမကိုနှုတ်ဆက်နေတယ်.......သနားစရာမိန်းခလေးရေ မင်းပျော်နေသလားတဲ့....... ပန်းပွင့်ကလေးတွေကလည်း မွှေးရနံ့တွေ အပြည့်နဲ့ ကြိုဆိုနေလေရဲ့၊ အလှပဆုံး ပန်းကလေးတွေရေ မင်းတို့ဘယ်မှာလည်း.......၊ သေဆုံးသွားတဲ့မြေခွေးတကောင်ရဲ့ အသုဘ အခမ်းအနားကို ဒို့တွေနဲ့ အတူတူသွားကြမယ်နော်၊ မင်းတို့အားလုံး အဝင့်ြွကားဆုံးပွင့်လိုက်ကြစမ်းပါ၊ ကမ္ဘာပေါ်မှာရှိတဲ့ အတော်ဆုံး ပန်းချီဆရာတွေနဲ့ အလှဆုံးဆေးရောင်တွေ ချယ်လိုက်စမ်းပါ၊ အမွှေးဆုံး ရနံ့တွေကိုလည်း ပက်ဖျန်းလိုက်ကြအုန်းနော်၊ ဒို့အတွက် လွတ်လပ်မှု့ လေပြေညှင်းလေးဟာ ညစ်ပတ်နံဟောင်နေတဲ့ မြေခွေးတကောင်ရဲ့ အသုဘ အခမ်းအနားမှာ တသုန်သုန် တိုက်ခတ်နေလေရဲ့၊


ပန်းကလေးတွေရေ မင်းတို့မျှော်ရတာမောနေပြီလားဟင်၊ သူတို့လာခေါ်ကြတော့မှာပါ၊ မင်းတို့ယုံလိုက် ကြနော်၊ ဒို့တတွေမပါဘဲ သူတို့ဘယ်လို အခမ်းအနား လုပ်ကြမှာလည်း၊ အသုဘအခမ်းအနားတခုဟာ ဒီလောက်ထိ လှပကြည်နူးမှု့တွေနဲ့ ပြည့်စုံနိုင်သလား လွတ်လပ်မှု့ လေပြေညှင်းတွေ ဒီလောက်တောင် တိုက်ခတ်နိုင်သလား၊

သေဆုံးသွားတဲ့မြေခွေးတကောင်ဆီက လွတ်လပ်မှု့တခုအတွက် အပြုံးတပွင့် .......၊ ရက်စက်မှု့တွေနဲ့ ပြည့်နှက် နေတဲ့အပြာရောင် နှုတ်ခမ်းတစုံ၊ သူတကယ်ဘဲ သေဆုံးသွားပြီလား၊ သေချာမှု့ တခုအတွက် နောက်ဆုံးအပြုံး တပွင့် ........။


>>>ဆက္ဖတ္ရန္>>> >>