Showing posts with label ပန်းသတင်း (နိုဝင်ဘာ ၂ဝ၁ဝ). Show all posts
Showing posts with label ပန်းသတင်း (နိုဝင်ဘာ ၂ဝ၁ဝ). Show all posts

Wednesday, November 17, 2010

ပန်းသတင်း (နိုဝင်ဘာ ၁၇)

ဗိုလ်ချုပ်နှင့်ကျွန်တော်
စာရေးသူ -ညိုမြ

ဗိုလ်ချုပ်အောင်ဆန်း နှင့် မောင်သုမန တို့ မှာ ကျောင်းနေဘက် သူငယ်ချင်း အရင်းအချာများ ဖြစ်ကြ ပေသည်။ ကျောင်းနေဘက် ဟု ဆိုရာ၌ ပုဆိုးကွင်းသိုင်းလျက် ဖင်မလုံခေါင်းမလုံ ဘုန်းကြီးကျောင်း တွင် ခုံညင်း ထိုးခဲ့ကြခြင်း မဟုတ်ပေ။ မြန်မာပြည် ၌ အကြီးကျယ်ဆုံးဖြစ်သော အဓိပတိ ထိပ်သီးဧရာမ ရန်ကုန် တက္ကသိုလ်ကြီး ၌ စာပေအတူသင်ကြားနေထိုင်ခဲ့ကြရာမှ သူ နှင့် ကျွန်တော် ပူးပေါင်း၍ ထိုကျောင်းတော်ကြီး ကို မီးရှို့ ကာ ၁၉၃၆ခု သပိတ်ကြီးအား လှုံ့ဆော်ပေါ်ပေါက်စေခဲ့သူများ ဖြစ်ကြပေသည်။

ကိုအောင်ဆန်း နှင့် ကျွန်တော် စတင်တွေ့ဆုံပုံကို ယနေ့တိုင် မှတ်မိပါသေးသည်။ ပဲခူးကျောင်းဆောင် အပေါ်အထပ် ရှိ ကျွန်တော်၏ ၀မ်းကွဲအစ်ကို ကိုတင်ထွတ် နေထိုင်ရာ လက်ထောက် အဆောင်မှူး အခန်း ရှည် ကလေး အတွင်း တစ်ည၌ စကားပြောနေကြစဉ် ကိုအောင်ဆန်း ရုတ်တရက် ၀င်လာသည်။ ယောင်လည်လည် မချိုမချဉ် မျက်နှာထားဖြင့် ကျွန်တော်အား သူက အတန်ကြာ ကြည့်နေပြီး နောက် ''ဒီနှစ် အတွင်း ကိုယ့်လူ ကို တက္ကသိုလ် သမဂ္ဂ မှာ အယ်ဒီတာအဖြစ် နဲ့ ခန့်ထားချင်တယ်''  ဟု ပြောလေ တော့သည်။

ထိုနေ့ မတိုင်မီက သူနှင့် ကျွန်တော် ကောင်းစွာ သိကျွမ်းခြင်းမရှိခဲ့ပေ။ ထိုသို့ရင်းနှီးခြင်း မရှိပါဘဲလျက် ယခု လို အရေးကြီးသော အလုပ်တစ်ခုကို ကျွန်တော်အား ယုံကြည်စွာ လာရောက် ပုံအပ်ခြင်း ကြောင့် အတော်ပင် အံ့သြ သွားမိ လေသည်။

သုမန ။   ။ ထိုင်ပါဦးဗျ၊ အခုလို ကျွန်တော့်ကို ရွေးချယ်ချီးမြှင့်တာကတော့ ဟုတ်ပါပြီး။ ၀မ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော်က အိုင်အေတောင် မအောင်သေးဘူးဗျ။ အယ်ဒီတာ ဆိုတာ ဘီအေ အထက်တန်း ကျောင်းသားကြီး တွေ ဘာတွေသာ လုပ်ဖို့ကောင်းတယ်''

ကိုအောင်ဆန်း
။          ။''စာပေဘက်မှာ ၀ါသနာပါပြီး ရေးတတ်ဖတ်တတ် တဲ့ လူကိုခန့်ရင် အကောင်းဆုံး ပဲ။ ခင်ဗျား က (ညိုမြ) ကလောင်အမည်နဲ့ ဂန္တလောက မဂ္ဂဇင်းမှာရေးတဲ့ စာ တွေကို ကျွန်တော်ကြိုက်တယ်''

သုမန ။       ။ကျေးဇူးပါပဲဗျာ၊ နို့ပေမယ့် အိုင်အေ မအောင်သေးတဲ့ ချာတိတ် ကို ခန့်ရင် တက္ကသိုလ် သမဂ္ဂကြီး တစ်ခုလုံး ဂုဏ်ငယ်သွားလိမ့်မယ်''
 ထိုအချိန် က တက္ကသိုလ်မှ ထုတ်ဝေသော ကောလိပ်မဂ္ဂဇင်း နှင့် သမဂ္ဂမှ ထုတ်ဝေသော မဂ္ဂဇင်းတို့မှာ အပြိုင် အဆိုင် ဖြစ်လေသည်။ ကောလိပ် မဂ္ဂဇင်းအယ်ဒီတာ ကို ကျောင်းအုပ်ကြီး မစ္စတာစလော့ ကိုယ်တိုင် ရွေးချယ် ခန့်ထားလေ့ရှိသဖြင့် အလိုတော်ရိသံ ပါလေသည်။ သမဂ္ဂမှာကား လူဆူလူပူတို့၏ စုဝေးရာ အရပ် ဖြစ်၍ တော်လှန်ရေးစာပေများ မွေးထုတ်ရာဌာနာ ဖြစ်၏ ထိုနှစ်အဖို့သမဂ္ဂဥက္ကဋ္ဌ မှာ သခင်နု ဖြစ်လေ သည်။

ကိုအောင်ဆန်း မှာ ကျွန်တော်နှင့် ရွယ်တူဖြစ်သော်လည်း သူက ကျွန်တော်ထက်တစ်တန်းပိုမြင့်၏ ထိုကြောင့် သူပင် အယ်ဒီတာ လုပ်ရန် ကျွန်တော်က မဂ္ဂဇင်းမန်နေဂျာလုပ်ရန် သဘောတူညီကြ၏ သမဂ္ဂ မဂ္ဂဇင်း ဟု ခေါ်တွင်ခြင်း ကို သူက မကြိုက်သဖြင့် နာမည်အသစ် ရွေးချယ်ကြရာ၌ ကျွန်တော်က အကြံပေးသည့် အတိုင်း ' အိုးဝေမဂ္ဂဇင်း' ဟူသော အမည်ဖြင် ထိုနှစ်မှစ၍ ထုတ်ဝေခဲ့ကြလေသည်။

အိုးဝေမဂ္ဂဇင်း

ကိုအောင်ဆန်းကား စာပေါသနာပါ၏ သူများလို ၀တ္ထုများ၊ ကဗျာများ ရေးချင် ကြောင်း ကျွန်တော် အား ပြောဖူးပါ၏ သို့သော် ကျွန်ဘ၀မှ လွတ်မြောက်ရေးစိတ်ဓာတ်များနှင့် အထူးလွှမ်းမိုး နေသူဖြစ်ရကား ဆန်းသစ်နုယဉ် စာပေများကို ရေးသားလေ့ကျင့်ရန် အချိန်မရဘဲ သမဂ္ဂ၏၀ါဒ ထုတ်ပြန်ချက် ကြေငြာ စာတမ်း များကို ရေးရခြင်းဖြင့် အချိန်ကုန်သူဖြစ်သည်။
အိုးဝေ မဂ္ဂဇင်း ကို အတူလုပ်ကြရာတွင် အမြဲနီးကပ်စွာ တိုင်ပင်နိုင်ကြရန် ကိုအောင်ဆန်းသည် ကျွန်တော် ၏ ထမင်းစားပွဲ သို့ ပြောင်းရွှေ့လာကာ ထိုအချိန်မှစ၍ ထမင်းအတူတူ စားသောက် ခဲ့ကြလေသည်။

သခင်သန်းထွန်း

 ထမင်းအတူ စားကြရာတွင် ကိုအောင်ဆန်းမှာ ကျွေးသမျှဟင်းနှင့် တင်းတိမ် ရောင့်ရဲတတ်သည်။ အခြားသူများ အတွက် ဘာမှ မကျန်အောင် အစားကြီးသူ မဟုတ်ပေ။ ထိုအခါက သခင်သန်းထွန်းသည် ကုလား ကျောင်းတစ်ခု ၌ ကျောင်းဆရာ လုပ်လျက်ရှိရာမှ ထမင်း၀၀ မစားရ၍ လားမသိ၊ ကျွန်တော်တို့၏ ထမင်းစားပွဲ သို့ မကြာ ခဏ လာ၍ စားတော် ခေါ်တက်ပေသည်။ ထို့သိုဧည့်သည်များ လာသော အခါ တရုတ်ဆိုင် မှ ဟင်းများအပိုမှာယူကာ ကျွန်တော်နှင့် ကိုအောင်ဆန်းတို့က ဝေခွဲ၍ ဒကာခံရ စမြဲပင်။
(ဘုရားလည်းပြီး- ပြည်ကြီးလည်းပျက်) ဆိုသော စကားပုံကဲ့သို့ ကျွန်တော်တို့နှစ်ဦး တကုပ်ကုပ် လုပ်ကိုင် ခဲ့ကြသော အိုးဝေမဂ္ဂဇင်း ထွက်လာသောအခါ တစ်ကျောင်းလုံး ပွက်လောရိုက်လျက် ရာဇ၀င်တွင်သော ၁၉၃၆ ခု၊ တက္ကသိုလ်သပိတ်ကြီးမှောက်သွားတော့၏။

ကျောင်းသားအုံကြွချိန်

ထိုနှစ်က သမဂ္ဂဥက္ကဋ္ဌရာထူးကို သခင်နု ရချိန်မှ စ၍ (ဒီနှစ်တော့ သပိတ်မှောက်ကြ လိမ့်မယ်) ဟု ကျောင်းသား အများပင် ထင်ကြေးပေးခဲ့ကြ၏ ကျွန်ပညာနှင့် မျက်နှာဖြူ ဆရာများ ကိုလည်း အနှစ်နှစ် အလလ က မုန်းတီးခဲ့ကြရာမှ ထိုနှစ် တွင် ကျောင်းသားအများအုံပွင့်ကာ ရဲရဲဝံ့ဝံ့ အတိုက်အခံ ပြုလုပ်ကြချိန် ဖြစ်ပေသည်။ နယ်ချဲ့တိုက်ဖျက်ရေးမှာ နိုင်ငံရေးနယ်ပယ်မှ ကျောင်းသား လောကသို့ ကူးစက်လာ၏ တက္ကသိုလ် ၌ အလိုတော်ရိ ကျောင်းသားများကို အထူးအခွင့် အရေးများပေး၍ မျိုးချစ်စိတ်ရှိသော ကျောင်းသား များကို အထူးဖိနှိပ်သော စနစ် မှာလည်း တစ်နေ့တစ်ခြား ဇက်ရဲ လာချိန်ဖြစ်ပေသည်။

တက္ကသိုလ် ပညာ ကို မရမက ဆည်းပူးလို၍ မိဘများက အထူးခြိုးခြံထောက်ပံ့ခဲ့သော ကျောင်းသား အချို့ တို့မှာ လူဖြူဆရာ အား (ဆာ)ဟု မထူး၍သော်လည်းကောင်း၊ ကျောင်းတက်ရက်မမှန်ဟု ဆို၍ သော် လည်းကောင်း ဘာမဟုတ်သော ပြစ်ချက်တို့ဖြင့် မတရား အပြစ်ရှာကာ တစ်ချက်လွှတ် ကျောင်းထုတ် ခံကြရချိန် ဖြစ်ပေသည်။ နောက်ဆုံး၌ ကျောင်းအုပ်ကြီး ဒီဂျေစလော့ အထူး မျက်မုန်းကျိုးသူ သခင်နု ကို လည်း ဆရာများ ကို ပုတ်ခတ်သော မိန့်ခွန်းများပြောသည်ဟုဆိုကာ ကျောင်းထုတ်လိုက် ပြန်လေသည်။ ထို့ကြောင့် ကျောင်းသားများ တလှုပ်လှုပ်တရွရွ ဖြစ်နေချိန် ၌ အိုးဝေမဂ္ဂဇင်း ပေါ်ထွက်လာကာ ဒီဂျေစလော့ တို့ လူစု အား အပြင်းအထန် ဆော်ထည့်လိုက်ရာ တစ်ကျောင်းလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားခြင်း ဖြစ်လေ သည်။

မှတ်မိသေးသည်

အိုးဝေမဂ္ဂဇင်း မထွက်ခင်တစ်ရက်က ကိုအောင်ဆန်းနှင့် ကျွန်တော်တို့သည် စာပုံနှိပ်တိုက် သို့ သွားကာ စာအုပ်များ အချိန်မီ ချူပ်လုပ်ပြီးစေရန် ကုလားများကို ချော့မော့လျက်  ကူညီ လုပ်ပေး ကြ၏ ညနေ ၆နာရီလောက်တွင် အားလုံးပြီးစီး၏ ထို့ကြောင့် ကျွန်တော်တို့ နှစ်ယောက်မှာ ၀မ်းသာ အားရ နှင့် မကြုံစဖူး အထူးဇိမ်ခံကာ တက္ကစီကားတစ်စင်း ငှား၍ စာအုပ်ထုတ်များတင်ဆောင်ပြီး လေညှင်းခံ လျက် ကျောင်းသို့ပြန်ခဲ့ကြလေသည်။ သမဂ္ဂတိုက်သို့ မ၀င်မီ ကျွန်တော်တို့နှင့် အလွန် ရင်းနှီး ခင်မင် သော အင်္ဂလိပ်စာ ပါမောက္ခ မစ္စတာရုတ်စ် အိမ်သို့ ၀င်ကာ အိုးဝေတစ်အုပ်ကို ဦးဦးဖျားဖျား လက်ဆောင် ပေးကာ သူ့ထံမှ ဘိလပ်ရည်များ တောင်းသောက်ခဲ့ကြသေး၏။

ထိုကားပေါ် တွင် မဂ္ဂဇင်း စာအုပ်များတင်လျက် လေညှင်းခံကာ လိုက်ပါလာသော ကိုအောင်ဆန်းနှင့် ကျွန်တော် ကား နက်ဖြန် မဂ္ဂဇင်းထွက်လျှင် ဗုံးပေါက်ကွဲသလို တစ်ကျောင်းလုံး တစ်ပြည်လုံး ဂယက်ရိုက် သွားမည် ကို လားလားမျှ မမျှော်လင့်ခဲ့ကြပေ။ ထိုမဂ္ဂဇင်းစာအုပ်များ တင်ဆောင်လာခြင်းမှာ အမှန်အားဖြင့် လုံးဝ ပေါက်ကွဲစေတက်သော လက်နက်ပုန်းများကို ခိုးယူတင်ဆောင်လာသကဲ့သို့ပင် ဖြစ်လေသည်။ သို့သော် ကလောင်တည်း ဟူသော လက်နက်ဖြင့် ထိုသို့ပေါက်ကွဲစေမည့် ဆောင်းပါးကို စီစဉ် ရေးသား လိုက်သော တရားခံဖြစ်သူ ကျွန်တော်ပင်လျှင် မိမိ၏ လက်နက်ကြောင့် ဤမျှပြင်းထန်စွာ ပေါက်ကွဲ လိမ့်မည် ဟု မထင်မိခဲ့ပေ။

ထိုဆောင်းပါး မှာ အင်္ဂလိပ်ဘာသာဖြင့် တိုတိုတုတ်တုတ်နှင် နာမည်ဝှက်ကာ ရေးလိုက်သော ဆောင်းပါး ဖြစ်၏ ထိုအချိန်က ကျောင်းအုပ် စလော့နှင့်ကပ်ကာ မျိုးချစ်ကျောင်းသားများကို အထူး ချောက်တွန်း နေသော ဆရာတစ်ဦး အား ကျွှန်တော် က ငရဲခွေးနှင့် နှိုင်းယှဉ်ကာ ပက်ပက်စက်စက် ဆော်ထည့် လိုက် ၍ ပေါက်ကွဲလေပြီ။

ထိုဆောင်းပါး ကို ရေးရာ၌ ကျွန်တော်သည် တက္ကသိုလ်တွင် ရှုပ်ထွေးနေပုံတို့ကို အတွင်းသိတစ်ဦး ဖြစ်သည့် အလျောက် ကလောင်ရှင်တို့၏ ၀တ္တရားအတိုင်း ဆော်သင့်သောသူကို ထုတ်ဖော် ဆုံးမလိုက် ခြင်း ဖြစ်ပေသည်။ မည်သူမျှ ကျွန်တော်အား မြှောက်ပေးခြင်း မရှိပေ။ ကျောင်းသားနှင့် ဆရာတိုက်ပွဲတွင် သခင်နု နှင့် တကွ မျိုးချစ်ကျောင်းသား ၁၁ဦးတို့မှာ ကျောင်းအုပ်ကြီး၏ အာဏာပြင်းထန်မှုကြောင့် ကျောင်းထွက် ရခြင်း တည်း ဟူသော ဒဏ်ရာများရရှိလျက် နေလေပြီ။ အခြားကျောင်းသားများလည်း တစ်ဗိုလ် ကျရင် တစ်ဗိုလ်တက် လမ်းစဉ်အတိုင်း စစ်ကြေညာလျက် အလှည့်ကျ ချီတက် တိုက်ခိုက်ကြရန် သာရှိ တော့၏။

ထိုသို့ အိုးဝေမဂ္ဂဇင်းမှ တင်သွင်းလိုက်သော ထိုဆောင်းပါးမှာ ကျောင်းအုပ်ကြီး ရုံးခန်းတွင် နောက်တစ်နေ့ သိုက်မြိုက် စွာ ပေါက်ကွဲ လေသည်။
အယ်ဒီတာဖြစ်သူ ကိုအောင်ဆန်းအား မစ္စတာစလော့က ဆင့်ခေါ် စစ်ဆေးတော့၏ ထိုဆောင်းပါး ရေးသားသူ ကို အပြင်းအထန် အရေးယူရမည်ဖြစ်၍ ၎င်း၏အမည်ကို ထုတ်ဖော် ပြောရမည်။ မပြောလျှင်ကို အောင်ဆန်း ကို ကျောင်းမှထုတ်ပစ်လိမ့်မည်ဟု စလော့ က ဆို၏ စာ-နယ်-ဇင်းထုံးတမ်းအရ အယ်ဒီတာ လုပ်သူ က ထုတ်ဖော်ပြောခွင့် မရှိသဖြင့် ထုတ်ဖော် မပြောနိုင်။ လုပ်ချင်ရာ လုပ်ပါ ဟု ကိုအောင်ဆန်း က ဘုပြောခဲ့ လေသည်။

ခေါင်က မိုးမလုံ ဆိုသကဲ့သို့ ကျောင်းဆရာလုပ်သူများက မတရားလုပ်ခဲ့ကြသဖြင့် ထိုမတရားမှုများ ကိုပြုပြင် စေရန် လူထုအား ရေးသားတိုင်တန်းခဲ့ရာ မတရားမှုဖန်တီးသူများကို အရေးမယူဘဲ တိုင်တန်းသူကိုသာ အပြစ် ရှာတတ်ခြင်း မှာ အာဏာပိုင်တို့၏ ထုံးဓလေ့ပင် ဖြစ်ပေသည်။ ကိုအောင်ဆန်းကို ကျောင်းထုတ် လိုက်သောအခါ ၌ ကား ကျောင်းသားများသည် ထိုဓလေ့ဆိုးကို ကွက်ကွက်ကွင်းကွင်းကြီး သဘော ပေါက်ကာ အထူးလှုပ်လှုပ်ရွရွ မခံမရပ်နိုင် ဖြစ်ကုန်ကြတော့၏။

နောက်တစ်နေ့ ၌ သမဂ္ဂခန်းမကြီးတွင် မစ္စတာရာရှစ်၊ ကိုထွန်းအုံနှင့် ကိုအုံး အစရှိသော ကျောင်းသား ခေါင်းဆောင် များ က မည်သို့အရေးယူသင့်ပုံကို စည်းဝေးဟောပြောကြသောအခါ ကျောင်းလုံးကျွတ် ပရိတ်သတ် များက (သပိတ် သပိတ်-မှောက်မှောက်) ဟု သံပြိုင်အော်ကြလျက် အားလုံးပင် တက္ကသိုလ်ကြီး ကို စွန့်ပစ်ကာ ရွှေတိဂုံကုန်းတော်ပေါ်သို့ ပြောင်းရွှေ့ သပိတ်မှောက်ခဲ့ ကြသည်မှာ ရာဇ၀င်၌ စာတင်ပြီးဖြစ် ၍ အထူးရေးရန် မလိုတော့ပေ။

အပြောနှင့်အရေး

ထိုအချိန်၌ သခင်နု၊ ရာရှစ်၊ ကိုအောင်ဆန်းစသော ကျောင်းသားခေါင်းဆောင်များက သပိတ်မှောက်ရန် ကျိတ်၍ ကြိုးဆွဲ၊ ခြေထိုးစီမံခဲ့ကြသည်ဟု စွပ်စွဲခြင်းခဲ့ရ၏။ သို့သော် အမှန်အားဖြင့် ကျွန်တော်တို့ အချင်းချင်း  ဘာမှ တိုင်ပင်ခြင်း မရှိခဲ့ပေ။ ကျောင်းသားခေါင်းဆောင် တိုင်းမိမိတို့ ၏ တာဝန်၏များကို ခပ်အေးအေးနှင့် မကြောက်မရွံ့ ဆောင်ကြရာတွင် အခြေအနေမှာ လည်းအလိုလိုပင် တစ်ဆင့်ပြီးတစ်ဆင့် ကျွနိုပ်တို့ဘက်မှ အရေးသာ စေဖွယ် ဖြစ်ပေါ်လာခဲ့ရ လေသည်။

ရာရှစ်စသော ကျန်သမဂ္ဂခေါင်းဆောင်များကလည်း တာဝန်အတိုင်း ကျောင်းသားထု ကြီးထံသို့ ထိုပြဿနာ ကို ဆုံးဖြတ်ကြရန် ရှင်းလင်းစွာ တင်ပြခဲ့၏။ ကျောင်းသားထုကြီးကလည်း အထိရောက်ဆုံးဖြစ်သော သပိတ်လမ်းစဉ် ကို ချက်ချင်း စွန့်စားဆုံးဖြတ်ကာ တက္ကသိုလ်မှ ထွက်ခွာခဲ့ကြ၏။

ကျွန်တော် မှတ်မိသလောက်တွင် ထိုမျှ အပူတပြင်း အရေးကြီးလှသော ရက် အနည်းငယ်အတွင်း၌ ကိုအောင်ဆန်း သည် ကျွန်တော်အား ထိုအရေးတော်ပုံကြီး နှင့် ပတ်သက်၍ (အေးဆေးနေပါ) ဟူသော စကားတစ်ခွန်း သာ ပြောဖူးလေသည်။ ကျွန်တော်တို့ အချင်းချင်း ထို့ထက်နှိုက်နဲရှုပ်ထွေး သော စည်လား ရိုက်မှု၊ စက်ပုန်းခုတ်မှု များ ဘာမျှ မရှိခဲ့ချေ။ ဤမျှရှင်းလင်းပြတ်သားစွာ ခပ်အေးအေး နှင့် တစ်ခုပြီး တစ်ခု အလိုကျ ဖြစ်မြောက်သွားသော ကိစ္စမျိုးကို ယခုတိုင်တစ်ခါမျှ မတွေ့ကြုံဖူးပေ။

တက္ကသိုလ် ၌ အတူစား၊ အတူသွား၊ အတူတူတိုက်ပွဲဆင်လျက် လေးနှစ်ကြာမျှ ကိုအောင်ဆန်း နှင့် ပေါင်းသင်း နေထိုင်နေရာ တွင် ကျွန်တော်သည် အောက်ပါအဖြစ်အပျက်ကလေး များကို သတိရမိ၏။

ကိုအောင်ဆန်း၏ စိတ်ဓာတ်

ကိုအောင်ဆန်း ကား စိတ်တိုတတ်၏။ အပြောအဆို မလိမ္မာသဖြင့် ဓာတ်သိသော သမဂ္ဂရဲဘော်များ မှ အပ သူ့ အဖို့ မိတ်ဆွေ များများ မရှိပေ။ သမဂ္ဂ၌လည်းသူနှင့် ဘုမကျသူဟူ၍ မရှိချေ။ တစ်ခါက ရွှေတိဂုံ သပိတ်စခန်း မှ အပြန်တွင် ထိုနှစ်အတွက် သူ့မှာ တခြားအလုပ်ကိစ္စများ ရှိနေသဖြင့် သူလုပ်ရန်ရှိသော အလုပ် များကို ကျွန်တော်က လုံးဝ တာဝန်ယူရန် လွှဲအပ်လေသည်။ ကျွန်တော်က လည်း ထိုနှစ်အဖို့ အိုးဝေ အယ်ဒီတာ အဖြစ် တာဝန်ယူပြီးဖြစ်၍ နောက်ထပ်လက်မခံနိုင်ကြောင်း ပြောသောအခါ ရှူးရှူးရှဲရှဲ လုပ်သဖြင့် ထသက်ကြရန် ဟန်ပြင်လေသည်။

အခြားအမှုဆောင်များ က ၀ိုင်းဝန်းဖြန်ဖြေသဖြင့် ပြီးသွား၏။ ထိုနေ့ညနေ၌ ကျွန်တော့်အခန်းသို့ သူ ရောက်လာကာ သူက စိတ်မကောင်းဖြစ်နေသဖြင့် လွန်ကျူးမိကြောင်းကို ၀န်ချတောင်းပန်လေသည်။ သူက မတောင်းပန် လျှင်လည်း ကျွန်တော်က အကြောင်းသိချင်း ဖြစ်၍ ကျေနပ်ပြီး ဖြစ်လေသည်။ သို့သော် သူက ကလေး သဖွယ် ဖြူစင်သော စိတ်ဓာတ် နှင့် မိမိမှားသည်ကို သိရှိချိန်၌ အကြွေးမထားဘဲ မာန်မာနများကို လုံးဝ ပယ်ဖျောက် ကာ ချက်ချင်းဖွင့်ဟ ပြောဆိုသည်ကို ကျွန်တော်ဝမ်းမြောက်စွာ နှင့်မှတ်သားမိ၏။

ဤကား ကိုအောင်ဆန်း၏ ချီးကျူးဖွယ် အချက်ကြီးတစ်ရပ်ပေတည်း။
ထိုနှစ်က မစ္စတာရာရှစ် သည် သမဂ္ဂဥက္ကဌအဖြစ်နှင့် ဆောင်ရွက်ရာတွင် ၄င်းကို ကုလားဖြစ်၍ မလိုမှန်းထား အပြစ် ရှာသူများ ပေါများခဲ့လေသည်။ တစ်ခါကစည်းဝေးပွဲ တစ်ခုတွင် ရာရှစ်အား အယုံအကြည်မရှိ အဆို တင်သွင်း ရန် စီစဉ်ကြသည်ကို ကျွန်တော်က ကြိုတင်ကြားသိလေသည်။ ထိုအချိန်၌ အခြားသော သပိတ်ရဲဘော် ကျောင်းသားခေါင်းဆောင်တို့မှာလည်း နယ်ထွက်နေကြ၏။ ကိုအောင်ဆန်း မှာလည်း ဖျားနေ ၍ ဆေးရုံတက်နေ၏။ ကျွန်တော်ကလည်း အရေးသမားဖြစ်ပြီး စကားမပြောတတ်၍ ထိုစည်းဝေးပွဲ တွင် ၀င်ရောက်ပြောဆိုရန် မဖြစ်နိုင်ချေ။

ထို့ကြောင့် နောက်ဆုံး၌ ဆေးရုံတွင် ငှက်ဖျားတိုးနေသော ကိုအောင်ဆန်း ထံသို့ ပင် သွားရောက်ကာ (ကိုယ့်လူ ထပါဦး၊ ခင်ဗျားမရှိရင် မဖြစ်ဘူး) ဟုဆိုကာ သူ့ကို ဆေးရုံမှ သမဂ္ဂအထိ ဖက်တွဲခေါ်ဆောင်ခဲ့ရလေ သည်။ သမဂ္ဂလက်ဖက်ရည်ဆိုင်ခန်းသို့ ရောက်မှ ကွီနိုင် နှင့် လက်ဖက်ရည်အနည်းငယ်တိုက်ကာ စည်းဝေးရာ ခန်းမကြီး သို့ တွဲတက်ခဲ့ရလေသည်။ ထို့နေ့အဖို့ ကိုအောင်ဆန်းမှာ နေမကောင်းသော် လည်း ရာရှစ် ၏ ကောင်းသော အချက်များ ကို ဖော်ထုတ်၍ အထူးလေးနက်စွာ ပြောဆိုရာတွင် အတိုက်အခံ လူစု က ၄င်းတို့ အဆိုကို ရုပ်သိမ်းသွားကြလေသည်။ ကိုအောင်ဆန်း သည် ရဲဘော် လူကောင်းများ အတွက် မယိမ်း မယိုင် ထောက်ခံကူညီတတ်ခြင်း၊ မိမိကျမ်းမာရေးကို ဂရုမစိုက်ဘဲ တာဝန်ရွက်ဆောင်ခြင်းတို့မှာ ကျောင်းသားဘ၀ ၌ပင် ထင်ရှားခဲ့လေသည်။

ထောင့်မကျိုးလို့
 
ရာရှစ်၏ ဥက္ကဌသက်တမ်း ကုန်းဆုံးခဲ့ပြီးနောက် ဥက္ကဌသစ်ရွေးချယ်ရန် အချိန်ကျရောက်ခဲ့ရာတွင် ဒုတိယ ဥက္ကဌ ဖြစ်သူ ကိုအောင်ဆန်း ကို ထုံစံအတိုင်း တင်မြှောက်ကြရန်ပင် ဖြစ်လေသည်။ သို့သော် ထိုအချိန်၌ သူ့အား အမှုဆောင်အဖွဲ့၌ ထောက်ခံသူမှာ ကျွန်တော် တစ်ယောက်သာ ရှိလေတော့၏။ အဘယ်ကြောင့် ဆိုသော် သူ့အား ထောင့်မကျိုးသူဖြစ်၍ သူရသင့် ရထိုက်သောနေရာတွင် ကိုဘဂျမ်း (ယခုဝန်ကြီး) အား ရွေးချယ် တင်မြှောက် လိုက်ကြလေသည်။ ဦးထွန်းအုံ၊ ကိုလှရွှေ၊ ကိုသန်းအောင်၊ ကိုဗဟိန်း စသည်တို့က သူ့အား တစ်နှစ်လောက် စောင့်ဆိုင်း ၍ ပေါင်းသင်းဆက်ဆံ ရေးလေ့လာရန် ပြောဆိုခဲ့ကြလေသည်။ ကိုအောင်ဆန်း သည် သူငယ်ချင်းများ၏ ဆုံးမချက်ကို ဘာမျှပြန်မပြောဘဲ စည်းကမ်းသေ၀ပ်စွာ ကြိုးစား လိုက်နာ ခဲ့ပေသည်။ နောင်တစ်နှစ် တွင် ထိုသို့အများ၏ ဆန္ဒ ကို မသွေမဖည် လိုက်နာတတ်သော အရည်အချင်း ကိုပင် အထူးထုတ်ဖော် ချီးကျူးကာ ကိုအောင်ဆန်း ကို အားလုံးက ဥက္ကဌအဖြစ် ရွေးချယ် လိုက်ကြ လေသည်။

နိုင်ငံရေးသို့
 
ထိုနှစ်အတွင်း တစ်ညနေတွင် ကိုအောင်ဆန်းနှင့် ကျွန်တော်သည် သထုံကျောင်းဆောင်ရှေ့၌ လမ်းလျှောက် လျက်ရှိကြစဉ် သူက ရုတ်တရတ် ''ကိုယ့်လူ၊ ကိုယ်တော့ သွားတော့မယ်၊ ကျောင်းထွက်ပြီး နိုင်ငံရေး ထဲ ကို ခြေစုံပစ် ၀င်တော့မယ်'' ဟုပြော၍ သခင်ပါတီသို့ဝင်ကာ တကယ့်တိုက်ပွဲများတွင် ၀င်နွှဲတော့ မည်ဖြစ်ကြောင်းများကို ပြောလေသည်။ သူက ထိုသို့ ပြောပြနေစဉ် ကျွန်တော် သည် အထူး ၀မ်းနည်း လာ၏။ ကျွန်တော်တို့ သူငယ်ချင်းများ လေးနှစ်ကြာမျှ ဥမကွဲသိုက်မပျက် နေထိုင် အလုပ် လုပ်ခဲ့ကြသည် မှာ ကမ္ဘာကလေးတစ်ခုကဲ့သို့ပင် မှတ်ထင်ကာ ထိုကမ္ဘာ သည် မည်သည့် အခါမျှ ပျက်မည် မဟုတ် ဟူ၍ မှတ်ထင်နေခဲ့ကြ၏။ သို့သော် အချိန်သည် ကုန်မှန်းမသိ ကုန်ဆုံးခဲ့၍ ကိုအောင်ဆန်း ကား ဘီအေ အောင်ပြီး ဖြစ်လျက် ကျွန်တော့်အဖို့လည်း ထိုနှစ်မှာ နောက်ဆုံးနှစ်ပင်ဖြစ်ကြောင်းကို သတိရ လေသည်။

ကျွန်တော်တို့နှစ်ဦး ရင်းနှီးခင်မင်စွာ သွားအတူ လာအတူ နေထိုင်ခဲ့ကြသော လေးနှစ်ရာသီခေတ် ကလေး ကား ကုန်ဆုံးလေပြီ။ လောကတွင် အပျော်ဆုံး၊ အရွှင်ဆုံး၊ အရူးဆုံး၊ အမိုက်ဆုံး ဖြစ်သော ကျောင်းသား ဘ၀ ကား ဆုံးခန်းတိုင်လေပြီ။

ကျွန်တော် က စိတ်ဓာတ်မွန်မြတ်စွာ တိုင်းပြည်အတွက် စွန့်စားရန် အဓိဌာန်ကို ချီးကျူးမိသော လည်း သူ့အတွက် စိုးရိမ်မကင်း ရှိမိပုံကို ပြောပြ၏။ ''နိုင်ငံရေးလောကဟာ သိပ်ပြီးရှုပ်တယ်၊ ဆိုးတယ်။ ဒီမှာဆိုယင် ကျွန်တော် တို့ အချင်းချင်း ခင်ဗျား ကို နားလည်တယ်၊ အစစအရာရာမှာ သူငယ်ချင်းတွေမို့ ခင်မင်ယုယ ရှိကြတယ်။ နိုင်ငံရေးထဲကို ခြေစုံပစ်ဝင်ရင် ခြေထိုးတာတွေ ကြမ်းတမ်း ယုတ်မာတာ တွေနဲ့တွေ့ပြီး နေရာတကာ ခင်ဗျားပဲ ဒုက္ခ ရောက်စရာ တွေများတယ်ဗျ။ ခင်ဗျားကလည်း ငယ်သေးတယ်'' ဟု ကျွန်တော် က ပြောမိလေသည်။ ဗိုလ်ချုပ်ကား ဆည်းဆာချိန် ကောင်းကင်သို့ မော်ကြည့်လျက် ''အမေ့အတွက် ဘာမျှ ကျေးဇူးမဆပ် ရသေးဘူး၊ လခစားလုပ်ဖို့ကို လည်း စိတ်မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ်လေ သွားမယ့်လမ်းကို သွားရမှာပဲ'' ဟု လွမ်းစိတ် နှင့် အဓိဌာန် စိတ်များရောပြွမ်းကာ အသံခပ်မာမာ နှင့် ပင် ပြောလေသည်။

''သွားတော့မယ်'' ဟုသူကပြောလိုက်သဖြင့် ကျွန်တော်အဖို့ ထိုသမဂ္ဂကမ္ဘာကလေး နှင့် တကွ တိုတောင်းလှ သော တက္ကသိုလ်ကျောင်းသားခေတ် ကလေး ကို ကားလိပ်ချလိုက်သလို ဖြစ်သွားတော့၏။
                                     
ပြီးပါပြီ
စာရေးသူ -  ညိုမြ
.
>>>ဆက်ဖတ်ရန်>>> >>

Monday, November 15, 2010

ပန်းသတင်း (နိုဝင်ဘာ ၁၅)

အဖေ နှင့် ကျနော်
အပိုင်း (၂) ဇာတ်သိမ်း

ရထားကြီးက အလာတုန်းကအတိုင်းပါပဲ။ " တဂျုန်းဂျုန်း၊ တဂျတ်ဂျုတ်" နှင့် ခုတ်မောင်းနေသည်။ ကျွန်တော့် နားထဲ မှာတော့ ရထားသံကို မကြား၊ ရထားသံကို ဂရုမစိုက်နိုင်။ အဖေ့ချောင်းဆိုးသံကိုပဲ နားစွင့်နေရသည်။ အဖေ ချောင်းဆိုး တိုင်း ခုံအောက်မှာ ချထားသည့် ထွေးခံကလေးကို ထိုးခံပေးရသည်။
ချောင်းဆိုးပြီး မောသွားတော့ အဖေက ကျွန်တော့် ပခုံးပေါ်မှီပြီး မှိန်းပြီး ထိုင်လိုက်လာသည်။ ကျွန်တော့်မှာ ရထားပြတင်းမှ အပြေင်ဘက် ငေးနေမိသော်လည်း မြင်ကွင်းကို ဂရုမထားနိုင်။ အလာတုန်းက "သောက" တစ်မျိုး၊ ခု အပြန် "သောက" တစ်မျိုးပါပဲလား။

မန္တလေးကို လိုက်ရမည်ဆိုတော့ အဖေ အကြောက်အကန်ငြင်းခဲ့သည်။ မိသားစုအားလုံး၊ တစ်ဆွေလုံး တစ်မျိုးလုံး၊ နောက်ဆုံး တစ်ရွာလုံးနီးနီး ၀ိုင်းတိုက်တွန်းမှ အဖေ ဆုံးဖြတ်ချက်ကို ပြင်သည်။ ကျွန်တော့်မှာ လည်း အဖေ နားဝင်မည့် စကားတွေကို နှစ်ညနှင့် သုံးရက်တိတိ ဖျောင်းဖျပြောယူရသည်။ အဖေက သူ့ကိုယ်သူ ယခုအချိန်အထိ ရောဂါကြီးကြီးကျယ်ကျယ် ဖြစ်နေသည်ဟု လက်မခံ။ သာမန် ချောင်းဆိုးရင် ကျပ်ဖြစ်သည်ဟု ပဲ တစ်ထစ်ချ စွဲနေသည်။

နောက်ဆုံး " အဖေထရာ ... မဟာမြတ်မုနိဘုရားကြီးလည်း ဖူးရင်းပေါ့။ ပြီးတော့ အဖေ့သား ကျွန်တော် ကျောင်းမှာ၊ ဆေးရုံမှာ ဘယ်လိုသွားလာ သင်ကြားရတယ်ဆိုတာ အဖေ မြင်ရတာပေါ့" ဟူသော စကားနှစ်ခွန်းကြောင့်သာ ရှောရှောရှူရှူ လိုက်လာ ခြင်းဖြစ်၏။ ဒါတောင် " မင်း စာမေးပွဲအောင်ပြီးမှ၊ အလုပ်သင်ဆရာဝန်ဖြစ်မှ သွားကြတာပေါ့ကွာ "ဟု ပြောလာသေး၏။" အို ... အဖေကလည်း အလုပ်သင်ဆရာဝန်ဖြစ်ရင် မန္တလေး တာဝန်ကျချင်မှ ကျမှာ။ ပြင်ဦးလွင် စစ်ဆေးရုံရောက်သွားရင် သွားရတာ လွယ်မှာမဟ်ုတ်တော့ဘူး" ဟု အကြောင်းပြ ကောင်းသဖြင့်သာ အပြန်မှာ တစ်ပါတည်း ပါလာခြင်းဖြစ်၏။

တော်ပါသေးရဲ့ အဖေက သိပ်ချုံးကျမသွားသေး။ ထူထူထောင်ထောင် လိုက်လာနိုင်သေးသည်။ ခရီးပန်း သည့်ဒဏ်ကို ခံနိုင်ရည်ရှိနေသိဖြင့် ကျွန်တော်ပင် အံ့သြရသေးတော့၏။ တစ်လလောက်သာ နောက်ကျပါက ခုလို လိုက်နိုင်ချင်မှ လိုက်နိုင်တော့မည်။ ဘာပဲဖြစ်ဖြစ် ဆေးရုံကြီး ရောက်လျှင်တော့ အခြေ အနေအားလုံးကို တိတိကျကျ သိရတော့မည်။ ဖြစ်နိုင်ဖို့ သေချာသလောက်နီးနီး ရှိနေမှန်းသိလျက်က "မဖြစ်ပါစေနှင့်" ဟု ပုထုဇဉ်ပီပီကျိတ်ပြီး ဆုတောင်းမိနေသေးသည်။ ဖြစ်လျှင်လည်း ခွဲလို့စိတ်လို့၊ ကုလို့ သလို့ အချိန်ဆွဲလို့ရသေးတဲ့ အခြေအနေပဲ ဖြစ်ပါစေဟု ဆုတောင်းနေမိပြန်သည်။

ဘူတာကြီးကို ရထားဆိုက်တော့ ဆိုက်ကားတစ်စီးခေါ်လိုက်သည်။ အိုပီဒီ (O-P-D)ခေါ် ဆေးရုံကြီးပြင်ပ လူနာဌာနသို့ တစ်ခါတည်းတန်းသွားရန် ဆုံးဖြတ်လိုက်သည်။ အဖေကတော့ ကျွန်တော် လုပ်သမျှ ဘာမျှ ၀င်မပြော။ " အဖေ တက်လေ လ ဟုတွဲတင်ပေးတော့ အသာလေးဝင်ထိုင်သည်။ ဘယ်သွားမှာလဲ မမေး။ ဘူတာကြီးနှင့် ဆေးရုံက နီးနီးကလေးဖြစ်၏။ တစ်ပြသာသာပဲဝေးသည်။ လမ်းလျှောက်သွားလျှင် ရသော် လည်း အဖေက ပင်ပန်းနေပြီ။ အထုပ်အပိုးတွေက ပါသေးသည်။ ကိုယ့်သားက ဆေးကျောင်းသားကြီးဖြစ် နေသော်လည်း အဖေ့ခမျာ ဆေးရုံကြီးထဲသို့ တစ်ခေါက်မျှ မရောက်ဖူးသေး။ ခုတော့ လူနာအဖြစ်ဖြင့် တက် ရတော့မည်။ ရက် ဘယ်လောက်ကြာကြာ နေရမည်လည်းမသိ။

ပြင်ပလူနာဌာနရောက်တော့ စာအုပ်ဝယ်၊ အဖေ့ကို ဘေးမှာထိုင်ခိုင်းပြီး တာဝန်ကျဆရာဝန်ကို အကျိုးအကြောင်းပြောပြရသည်။ မြို့နယ်ဆရာဝန်ကြီးရေးပေးလိုက်သည့် လွှဲပြောင်းလွှာနှင့် ကုသချက် မှတ်တမ်းကို ပေးလိုက်သည်။ ဆရာဝန်က အဖေ့ကို တစ်ခွန်းနှစ်ခွန်းမေးပြီး ချက်ချင်း ဆေးရုံတက်ရန် ဆေးရုံတက်ခွင့်ပုံစံစာရွက်ကို ရေးဖြေ လက်မှတ်ထိုးပေးသည်။ ခွဲစိတ်ရုံ (     )မှာ တက်ရမည်ဖြစ်၏။
ခုနကဆိုက်ကားဖြင့်ပင် ခွဲစိတ်ရုံဘက်သို့ လာခဲ့ကြသည်။ " ခု ဘယ်သွားမှာလဲ ငါ့သား" ဟု ဆိုက်ကားပေါ် အတက်မှာ အဖေက ပထမဆုံးအကြိမ်မေးသည်။

" ဆေးရုံတက်ရမှာလေ အဖေ။ ဆေးရုံမှာ နားနားနေနေ နေပြီး အဖေ့ရောဂါကို ကုရမှာ " ဟု ပြောတော့ အဖေ ဘာမှပြန်မပြော။ အမြင်ဆန်းနေသော ဆေးရုံ အဆောက်အအုံနှင့် လှုပ်ရှားသွားလာနေကြသည့် လူတွေကို ငေးကြည့်နေလေသည်။

အဖေတက်ရမည့် ခွဲစိတ်ရုံ တံခါးပေါက်အရောက်မှာ ဆိုက်ကားကို ရပ်ခိုင်းလိုက်သည်။ ရောဂါ ပျောက်ကင်း သဖြင့် ဆေးရုံက ဆင်းလာသည့် လူတွေနှင့်၊ ပျော်ရွှင်နေကြသော သူတို့မိသားစုတွေနှင့်၊ စောင်၊ ခြင်ထောင်၊ အသုံးအဆောင်သယ်လာသူတွေနှင့် တံခါးဝမှာ ပြုံးတိုးနေကြသဖြင့် ခဏရပ်စောင့်နေရသေးသည်။

အဖေကော သည်လို ဆင်းခွင့်ကြုံပါဦးမလား။
လက်ထဲမှာ အသင့်ကိုင်ထားသော ဆေးရုံတက်ခွင့် စာရွက်ကလေးကို ပြန်ကြည့်လိုက်မိသည်။ ca.lung မြန်မာလို ဘာသာပြန်ရလျှင် ဆေးရုံတက်ရသည့် အကြောင်းရင်းနှင့် ဖြစ်နိုင်သောရောဂါ "အဆုတ်ကင်ဆာ" တဲ့။

*
အခန်းကလေးက တစ်ယောက်အသက်ရှူသံ တစ်ယောက် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ သည်။ ကျွန်တော့်နားထဲမှာတော့ ကျွန်တော့်နှလုံးခုန်သံ " တဒုန်းဒုန်း"ကို ကြားနေရသည်။
လက်ထောက်ဆရာဝန်က အဖေ့ရင်ဘတ်ကို ရိုက်ထားသည့် ဓာတ်မှန်ဖလင်ကော်ပြားကြီးကို အလင်းရောင် ပြန်မှန်ပုံပေါ်မှာ ကပ်လိုက်သည်။ ကျွန်တော့် မျက်စိများက ဖလင်ပြားကို တမင်ကျော်ပြီး နံရံပေါ်မှာ မှန်ဘောင်သွင်း ချိတ်ဆွဲထားသည့် " ရွှေတိဂုံဘုရား" ပုံတော်ကို မော့ကြည့်နေလိုက်သည်။

" မောင်မျိုးဇော်"၊ သမားတော်ကြီး၏ အသံက တိုးညင်းနူးညံ့လှပါသည်။ ကရုဏာအသံ အပြည့်ပါနေပါသည်။ ခါတိုင်း ဆရာကြီး စာသင်လျှင်၊ ဓာတ်မှန်တွေနှင့် ပတ်သက်ပြီး ရှင်းပြလျှင် ကြည်လင် ပြတ်သားသော၊ တက်ကြွနေတတ်သော ဆရာကြီး။ သည်တစ်ခါတော့ ကျွန်တော်နှင့် မျှဝေခံစား၊ ကျွန်တော့် အားစာနာမှု ကရုဏာ ပွားနေသည်မှာ သိသာလှပါသည်။ ကျွန်တော် ဆရာကြီး၏ စကားကို နားစိုက်နေ လိုက်သည်။

" ဆရာတို့တော့ အပြန်ပြန်အလှန်လှန် စစ်ဆေးပြီးပါပြီ။ မောင်မျိုးဇော်ကို ရှင်းပြချင်လို့ ဓာတ်မှန်အရရော၊ ကျန်တဲ့ (Investigation Result) တွေအရပါ (Bronchogenic Careinoma) ကတော့ သေချာနေပြီ မောင်မျုးဇော်။ ဒီမှာ (Mass)အကျိတ်အဖုက (Recurrent Laryngeal Nerve)ကို ဖိမိနေတော့ (Hoarseness of the voice)ရနေတာပေါ့ "
ဆရာကြီးက ဓာတ်မှန်အဆုတ်ဘယ်ဘက်ခြမ်းမှ ကင်ဆာအကျိတ်၏ အရိပ်ဖြူဖြူလုံးလုံးကို ဘောလ်ပင် ကလေးဖြင့် ထောက်ကာ ထောက်ကာ ရှင်းပြနေပါသည်။ ကျွန်တော့်နားထဲမှာတော့ " အဖေ ရွာပြန်ချင်ပြီ သားရယ်။ မင်းဆရာကြီးတွေကို ပြောပြီး ဆင်းကြစို့။ မင်းလည်း စာမေးပွဲနီးပြီ။ အဖေလည်း လုပ်ငန်းကိုင်ငန်း တွေရှိသေးတယ်" ဟု ပြောနေသော အဖေ၏ အက်ကွဲကွဲ ရှတတ အသံကို ကြားယောင်နေပါသည်။

ဆရာကြီးက ကျွန်တော့်ကို စိတ်ရှည်လက်ရှည် အချိန်ပေးပြီး ရှင်းပြပါသည်။ ရောဂါအကြောင်းသာမက ရောဂါနှင့် ဆက်နွယ်နေသော အကြောင်းများ၊ နောက်ဆုံးပေါ် ကုထုံးများ၊ သုတေသနတွေ့ရှိချက်များ စသည်ဖြင့် ရှည်လျားစွာ ပြောပြနေပါသည်။

ကျွန်တော့် စိတ်ထဲမှာတော့ အဖေ့ရဲ့ အဆုတ်ကင်ဆာဟာ အတော့်ကို ကြီးထွားပျံ့နှံ့နေပြီ။ ခွဲစိတ်ဖြတ်ထုတ်ပစ်လို့ မရတော့ပြီ။ (Radio Therapy)ခေါ် ဓာတ်ကင်ကုသလို့လည်း အကြောင်းမထူးပြီ။ တတ်နိုင်သမျှ သက်သာဖို့ စားဆေးတွေပဲ စားပြီး အိမ်မှာပဲ စိတ်ချမ်းသာအောင် ထားပေတော့။ ကံမီးစာရှိသ ရွေ့ အသက်ရှင်လိမ့်မည်။ လောကဓာတ်ဆေးပညာကတော့ အဖေ့အား သေခြင်းတရား၏ စီရင်ချက်မှ အယူခံဝင်မပေးနိုင်တော့ပြီ။ ပြင်ဆင်မပေးနိုင်တော့ပြီ။ လက်လျှော့လိုက်ပြီ။ ဤသို့ပင် ကျွန်တော် ရှင်းရှင်း လင်းလင်း သိလိုက်ရပါပြီ။
ဆရာကြီး၏ အခန်းကလေးထဲမှ ဓာတ်မှန်ဖလင်လိပ်ကို ကိုင်၊ အဖေ့ခုတင်ဆီ ပြန်သွားတော့ " ဘာတဲ့တုန်း ငါ့သား၊ အဖေတို့ ဆင်းရတော့မှာတဲ့လား" ဟု အဖေက အားတက်သရော မေးသည်။
အဖေ့မျက်နှာမှာ မျှော်လင့်ချက်အရိပ်အယောင်များကိုတွေ့ရသည်။

"ဟုတ်တယ်အဖေ။ အဖေ့ကို ဆင်းခွင့်ပေးလိုက်ပြီ"ဟု ကျွန်တော်က ပြောတော့ အဖေ့မျက်နှာ ၀င်းထိန်သွား သည်။ သြော် ... အဖေ ဘာမှ မသိရှာပါကလား။ အဖေ့မျက်ကွယ်မှာ ချမှတ်လိုက်သည့် သေမင်း၏ စီရင်ချက် ကို အဖေ လုံးဝမသိစေရ။ အို ... မိသားစုအားလုံး၊ တစ်ဆွေလုံး တစ်မျိုးလုံး၊ တစ်ရွာလုံး ဘယ်သူမျှ မသိအောင် ကျွန်တော် လိမ်ညာရမည်။ ကျွန်တော် မျိုသိပ်ထားရမည်။ နောက်ဆုံးထွက်သက်အထိ အဖေ ဟာ စိတ်ချမ်းသာစွာဖြင့်ပဲ နေထိုင်သွားစေရမည်။ ဤသို့ ဆုံးဖြတ်ချက်ချ ပြီး ကျွန်တော့်မျက်နှာကို အတတ်နိုင် ဆုံး ဣနြေ္ဒမပျက်အောင် ပြင်ဆင်ထားလိုက်ပါသည်။
" အဖေ၊ ကျွန်တော်တို့ သန်ဘက်ခါ ပြန်မယ်။ နက်ဖြန် ဘုရားကြီးကို သွားဖူးမယ်။ ရွာမှာ အဖေစားဖို့ သောက်ဆေးတွေကော၊ ထိုးဆေးတွေကော ဆေးရုံက အပြည့်အစုံ ပေးလိုက်လိမ့်မယ်။ ဟိုကျ ကျန်းမာရေး မှူးဆီ ပြန်အပ်ပြီး အဖေ ဆေးမှန်မှန်သောက်လိုက်ရင် ကောင်းသွားမှာပါ "

ကျွန်တော် အသံတုန်မနေအောင် အတတ်နိုင်ဆုံး ထိန်းပြီး ပြောလိုက်ပါသည်။ လိုအပ်လာတော့လည်း အဖေ့အတွက် လင်္ကာချောမည့် မုသားတွေကို ပြောနေရပါလေပြီကော။ အားဆေး၊ စားဆေးများ၏ ယာယီ စွမ်းပကားကြောင့် ချောင်းဆိုးသက်သာပြီး အလာတုန်းကထက် အနည်းငယ် အခြေအနေ ပိုကောင်းလာ သည်ကတော့ သိသာလှပါသည်။ ထို့ကြောင့်လည်းကျွန်တော့်မုသားကို အဖေ သံသယမပွားဘဲ ယုံစားနိုင် ခြင်းဖြစ်လိမ့်မည်။ လိုအပ်သော စားဆေး၊ အားဆေးများ ထုတ်လို့ရတာ ထုတ်၊ ၀ယ်သင့်တာဝယ်၊ မဟာမြတ်မုနိဘုရားကြီးကို ဖူးပြီး အဖေနှင့် ကျွန်တော် ရွာပြန်ခဲ့ကြပါသည်။ ဒါတောင် အဖေက " မင်း နေနှင့်တော့။ မင်းက စာမေးပွဲနီးပြီ။ ငါတစ်ယောက်တည်း ပြန်မယ်။ ရထားပေါ်သာ တင်ပေးလိုက်" ဟု ပြောနေချေသေး၏။ " ဟာ အဖေကလည်း အဖေ့အတွက် ဆေး ဘယ်လိုတိုက်၊ ဘယ်လိုထိုးဆိုတာတွေ ဆေးမှူးကို မှာရဦးမှာ။ ပြီးတော့ အမေတို့၊ ညီမလေးတို့ကလည်း စိတ်ပူနေတာ။ ဘာရောဂါမှမရှိဘူးလို့ ကျွန်တော် လိုက်ပြောဦးမှပေါ့"ဟု ဆိုမှ အဖေက ခေါင်းတညိတ်ညိတ်ဖြင့် လက်ခံသည်။

အပြန်ခရီးမှာလည်း အဖေက ကျွန်တော့်ပခုံးပေါ် ခေါင်းမှီပြီး ထိုင်လိုက်လာသည်။ အဖေနှင့် ကျွန်တော် သည်လို နီးနီးကပ်ကပ်နေရတာ သည်တစ်ခါနောက်ဆုံးလား။ ကျွန်တော်စာမေးပွဲပြီးအောင်အထိ အဖေ ခံပါ့မလား။ ကျွန်တော် ဆရာဝန်ဘွဲ့ယူသည်အထိ အဖေ စောင့်နိုင်ပါ့မလား။ " မင်းဘွဲ့ယူရင် ငါက မောင့် ကျက်သရေခေါင်းပေါင်းကို အကျအန စွပ်မှာမောင်" ဟုပြောဖူးသော အဖေ့စကားတစ်ခွန်းကို သတိရတော့ မျက်ရည်လည်ချင်လာသည်။ အာရုံအပြောင်းအလဲဖြစ်ရန် ရထားပြတင်းမှ ဘေးကို ကြည့်နေလိုက်သည်။

ခုတစ်လော သည်လမ်းကို အခေါက်ခေါက် အခါခါ သွားနေရပါလား။ သည်လမ်းပေါ်မှာ၊ သည်ရထားကြီးပေါ်မှာ တစ်ဘ၀လမ်း ဆုံးတော့မည့် ခရီးသည်တစ်ယောက် ပါပါသည်။ သောက လွှမ်းဖုံး ယူကျုံးမရဖြစ်နေသည့် ခရီးသည်တစ်ယောက် ပါပါသည်။ အဖေ ပြောခဲ့ဖူးသလိုဆို အားလုံးဟာ ကံကြမ္မာ ကိုအဖော်လုပ်ပြီး သွားနေရတဲ့ သံသရာခရီးသည်တွေချည်းပါပဲလေ။ ဟော အဖေ ချောင်းဆိုးလာပြန်ပြီ။ ထွေးခံကလေးကို ထိုးခံပေးလိုက်ရသည်။

*
ရွာကပြန်ရောက်တော့ နောက်ဆုံးနှစ် အပိုင်း(ခ)စာမေးပွဲကြီးက တော်တော်လေး နီးကပ်နေပြီး။ကျွန်တော့် မှာ စာကို ဖြောင့်ဖြောင့်မကျက်နိုင်။ သံကြိုးစာပဲ ရောက်လာမလား။ ရွာက လူတစ်ယောက်ယောက်ပဲ ပေါက် ချလာမလား။ နေ့စဉ် စောင့်မျှော်နေရသည်။ မိုးလင်း မိုးချုပ် ဘာမျှမထူးခြားမှ တစ်ရက်ရင်အေးရသည်။ သက်မကြီး ချလိုက်နိုင်သည်။ ညမှာ အားသွန်ပြီး စာကျက်၊ မနက်လင်းတော့ သောက သံသယက ခေါင်းထဲ ၀င်လာပြန်ရော...။

အဖေ၏ ရောဂါအခြေအနေမှန်ကို ဆရာဝန်ကြီးနှင့် ကျန်းမာရေးမှူးမှ လွဲပြီး ဘယ်သူ့မှ ကျွန်တော် မပြောခဲ့။ သူတို့ကိုလည်း ဘယ်သူ့မျှ ပြောမပြပါရန် တောင်းပန်ခဲ့သည်။ သိလို့လည်း စိတ်ဆင်းရဲရုံကလွဲပြီး သူတို့ ဘာမျှ တတ်နိုင်ကြမည်မဟုတ်။ ခုတော့ ရောဂါကြီးကြီးကျယ်ကျယ်မရှိဟု မုသားသုံးလိုက်သဖြင့် အမေရော၊ ညီမလေးပါ ၀မ်းသာနေကြသည်။ တစ်ရွာလုံးက တကယ်ထင်နေကြသည်။ ၀မ်းသာနေကြသည်။ ဆေးရုံကြီးနှင့် ဆရာဝန်ကြီးတွေကိုလည်း စွမ်းလိုက်တာ၊ တတ်နိုင်လိုက်တာဟု ချီးမွမ်းအံ့သြနေကြသည်။ ကျွန်တော် ဆရာဝန်ဖြစ်လာလျှင်လည်း ချက်ချင်း ရွာပြန်ခဲ့ပါ။ အားကိုးပါရစေဟု ပြောလာကြတော့ မချိုပြုံး လေး ပြုံးမိခဲ့သည်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိသည့် ဘ၀ပါကလား။

" ကံ အတိုင်းပဲ ရှိပါစေတော့ " စာကို စိတ်ဒုန်းဒိုန်းချပြီး ကြည့်ရန် သူငယ်ချင်းတွေက အားပေးကြသည်။ ဆရာတွေက အကြံပေးကြသည်။ ဤသို့ဖြင့် စာကြည့်လိုက်၊ ရွာကသတင်း စောင့်မျှော်လိုက်နှင့် စာမေးပွဲကြီး သို့ ရောက်လာပါတော့၏။
နဂိုကပဲ မှန်မှန်ကြိုးစားခဲ့လို့လား၊ ကျွန်တော့်ကုသိုလ်ကံကပဲ ကောင်းနေလို့လား မသိ။ စာမေးပွဲကြီး၏ " ရေးဖြေစာမေးပွဲ"မှာ ဘာသာရပ်တိုင်းလိုလို ကျွန်တော် ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ပါသည်။ ရေးဖြေမှာတော့ ကျွန်တော် စာမေးပွဲအောင်မှာ သေချာနေပြီ။

ရေးဖြေနှင့် လူတွေ့နှုတ်ဖြေကြား ရက်အားရနေသည့် နေ့တစ်နေ့မှာ ညီမလေးထံမှ စာရောက်လာပါသည်။ ကျွန်တော် ညီမလေး၏ စာကို ဖွင့်ဖောက်ပြီး မဖတ်ရဲလောက်အောင် ရင်ထိတ်နေပါသည်။ လက်တွေက တုန်ကယင်ဖြစ်နေပါသည်။ စာကိုယူလာသော အခန်းဖော်သူငယ်ချင်း သန်းတင့်အောင်ပင် ကျွန်တော်နှင့် ရောပြီး စိတ်လှုပ်ရှားနေပါသည်။ သူလည်း ကျွန်တော်တို့သားအဖအကြောင်း အစအဆုံးသိထားသူမို့၊ ကျွန်တော့် ကိုလည်း ညီအစ်ကိုအရင်းအချာလို ခင်မင်နေသူမို့ စိတ်လှုပ်ရှားပေလိမ့်မည်။

စာအိတ်ကတော့ အရင်တစ်ခါလိုပဲ ပါးပါးကလေးဖြစ်၏။ သည်တစ်ခါ စာရွက်ပါးပါးကလေး ဖတ်ရမှာ ကျွန်တော် ကြောက်နေပါသည်။ ထို့ကြောင့် အနားမှာရပ်နေသော သူငယ်ချင်း သန်းတင့်အောင်ကို " မင်း ဖတ်ကွာ" ဟု လက်ကမ်းပေးလိုက်ပါသည်။ ကြားထဲက သူငယ်ချင်းပင် စာအိတ်အဖွင့်မှာ လက်တွေ တုန်နေ ပါသည်။ သူ စာဖတ်နေစဉ် ကျွန်တော်က စိတ်ထဲမှ ဘုရားတလျက် အခန်းပြတင်းပေါက်မှ အဝေးသို့ ငေး ကြည့်နေမိပါသည်။

" ဟေ့ မျိုးဇော်၊ မင်းအဖေ တော်တော်လေး သက်သာနေပြီတဲ့ကွ။ ရော့ မင်းဖတ်ကြည့် "ဟု သူငယ်ချင်းက ၀မ်းသာအားရ အော်ပြောလိုက်တော့ ကိုယ့်နားကိုယ်ပင် မယုံချင်။ ချက်ချင်း ဆွဲယူဖတ်ကြည့်လိုက်သည်။ စာထဲမှာ" အဖေသက်သာလာသည့်အကြောင်း၊ ချောင်းဆိုးလည်း သက်သာကြောင်း၊ တစ်ခါတစ်ခါပဲ ဆိုး တော့ကြောင်း၊ ဆေးလိပ်လည်း မသောက်တော့သည့်အကြောင်း၊ အစားအစာလည်း တော်တော်လေး စား နိုင်လာကာ နည်းနည်းပင် ၀လာသည့်အကြောင်း၊ ဆေးများကိုလည်း မှန်မှန်သောက်နေသည့်အကြောင်း၊ ကျွန်တော့်ကိုလည်း အိမ်ကို နောက်ဆံမတင်းဘဲ စာမေးပွဲအောင်အောင် ကြိုးစားဖို့၊ ဖြေပြီးလျှင် ချက်ချင်းရွာ ပြန်လာဖို့ ညီမလေးက ရေးထားပါသည်။ ကျွန်တော့်အတွက် စာမေးပွဲအတွင်းသုံးရန်နှင့် အဖေ့အတွက်ဆေး များဝယ်ခဲ့ရန် စာတိုက်မှ ငွေပို့ပေးလိုက်သည့်အကြောင်းပါရေးထားလေသည်။ သည်တစ်ခါတော့ ညီမလေးက တော်တော်လေး ပြည့်စုံအောင် ရေးနိုင်သားပဲ။

ကျွန်တော် စာရွက်ကလေးကို တယုတယ ခေါက်ပြီး ခေါင်းအုံးအောက်မှာ ထားလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ကျွန်တော် စိတ်ချမ်းသာသွားပါသည်။

*
မဲလိပ်ကလေးကို ဖြန့်ဖတ်၊ ကိုယ် စမ်းသပ်ဖြေဆိုရမည့် လူနာရှိရာ ခုတင်သို့သွာ၊ နည်းနည်းပါးပါး မေးမြန်း စမ်းသပ်ပြီးကတည်းက ကျွန်တော် ကြက်သီးဖျန်းဖျန်းထသွားပါသည်။
" သြော် ... အဖေ ... အဖေ။ ခုချိန်ထိ သားကြီးကို ကျေးဇူးပြုတုန်းပါကလား" ကံတရားက ပြက်ရယ်ပြုလိုက် လေသလား၊ ဖေးမ ကူညီလိုက်တာလား ကျွန်တော် မဝေခွဲတတ်တော့။ ကြည့်ပါ ... ကျွန်တော်မဲပေါက်သည့်၊ ကျွန်တော် စမ်းသပ်ဖြေဆိုရမည့်လူနာက အဖေ့လို အဆုတ်ကင်ဆာဝေဒနာသည် ဖြစ်နေပါရောလား။

စာမေးပွဲဖြေသည့် ဆေးကျောင်းသားတိုင်းအတွက် (Long Case) ခေါ် သည်လို အသေးစိတ်ဖြေရမည့် ရောဂါကြီးတစ်ခုခုကို မဲနှိုက်ရသည်မှာ လွန်စွာ ရင်တုန်ချင်စရာကောင်းလျ၏။ ကိုယ် အသေးစိတ်လေ့လာ ထားသည့် ပိုင်ပိုင်နိုင်နိုင်သိထားသည့် ရောဂါမျိုး မဲပေါက်လျှင် လက်ခမောင်းခတ်ပေရော့။ မေးချင်သလို မေး၊ စမ်းချင်သလိုစမ်း၊ ရနေပြီလေ ...။
ခုလည်းကြည့်၊ ကိုယ့်အဖေကိုယ်တိုင် ဖြစ်နေသည်မို့ သေသေချာချာ လေ့လာထားသည့် ရောဂါ။ မသိချင်ဘဲ သိနေရသည့်ရောဂါ။ သည်ရောဂါရဲ့ အကြောင်းတရား၊ အကျိုးတရားတွေ၊ ကုထုံးတွေ၊ နောက်ဆုံးပေါ် သုတေသနတွေ့ရှိချက်တွေ ဘယ်လိုပင် လှည့်မေးမေး ကျွန်တော်မသိတာ ဘာမျှကျန်တော့မည်မထင်။

လူနာကို မေးမြန်းစမ်းသပ်နေစဉ် တစ်ချက် တစ်ချက် လူနာကို မမြင်။ ကျွန်တော့်အဖေကိုပဲ မြင်နေသည်။ သည်လူနာလည်း အဖေ့လိုပင် အသံတွေဝင်၊ ချောင်း တဟွပ်ဟွပ်ဆိုး၊ ပိန်ချုံးကျလျက်ရှိနေပြီ။ အဖေနှင့် ကွာတာတစ်ခုပဲရှိသည်။ သူက စီးကရက် အလွန်အကျွံသောက်ခဲ့သတဲ့။ အဖေက ပြောင်းဖူးဖက်ဆေးလိပ် သမား။ စီးကရက်က ပိုဆိုးတော့မပေါ့။ လူနာကို ကျွန်တော့်အဖေလို သဘောထားကာ စာနာစိတ်ဖြင့် မေးနေ မိသည်။ အကြင်နာတရားဖြင့် ညင်ညင်သာသာ စမ်းသပ်ပါသည်။ စမ်းသပ်သူနှင့် အစမ်းသပ်ခံလူနာ အဖြစ် ကျွန်တော် သဘောမထားခဲ့ပါ။ ဒါကို လူနာကလည်း ရိပ်မိပုံပေါ်သည်။ ခံစားမိပုံပေါ်သည်။ မျက်ရည် ကလေးကလည် ကလည်ဖြင့် မေးသမျှ ဖြေရှာသည်။ စမ်းသမျှ လိုက်လျောရှာသည်။ စီးကရက်တွေ အလွန် အကျွံ သောက်ခဲ့တာ နောင်တ ရပါပြီဟု တတွတ်တွတ်ပြောနေရှာသည်။

မေးမြန်း၊ စမ်းသပ်၊ ရေးမှတ်ပြီးတော့ ကျွန်တော့်ကို ရန်ကုန်ဆေးတက္ကသိုလ် (၁)မှ သမားတော်ကြီးနှင့် ပြင်ဦးလွင် စစ်ဆေးရုံကြီးမှ ဗိုလ်မှူးသမားတော်ကြီးတို့က စစ်ဆေးမေးမြန်းပါသည်။
အဆုတ်ကင်ဆာဖြစ်ရခြင်း၏ အကြောင်းရင်းဟု ယူဆထားသော အချက်များ၊ အဆုတ်ကင်ဆာအမျိုးအစား များ၊ ရောဂါ စတင်ဖြစ်ပွားလာပုံ၊ ရောဂါလက္ခဏာများ၊ ရောဂါပြန့်ပွားပုံ၊ မေးမြန်းသမျှ ကျွန်တော် ဖြေနိုင်နေ သည်။ ရောဂါ၏ ကုထုံး၊ ကုသရာတွင် သုံးစွဲသည့် ဆေးဝါးများနှင့် ထိုဆေးဝါးများ၏အကျိုးအပြစ်များ၊ မေး သမျှ ကျွန်တော် ဖြေနိုင်နေသည်။ သမားတော်ကြီးနှစ်ယောက်စလုံးက ပြုံးပြုံး ပြုံးပြုံးဖြင့် သဘောကျနေကြ သည်။

ကျွန်တော်ကတော့ မပြုံးနိုင်။ တစ်ခွန်းမေးလိုက်တိုင်း ကျွန်တော့်အဖေကို မျက်စိထဲမှာ မြင်နေသည်။ တစ် ခွန်းမေးလိုက်တိုင်း ကျွန်တော့်အဖေ၏ ဝေဒနာတွေကို ကျွန်တော်ကိုယ်တိုင် ခံစားရသည့်နှယ် ဖြစ်နေသည်။ တစ်ခွန်းမေးလိုက်တိုင်း အဖေ၏ ဓာတ်မှန်၊ စားနေရသည့် ဆေးဝါးတွေ၊ အပြန်မှာ ၀ယ်သွားရဦးမည့် ဆေးဝါးတွေ ကျွန်တော်မြင်နေသည်။

နောက်ဆုံး သမားတော်ကြီးနှစ်ယောက်က ဆေးပညာ ဂျာနယ်တွေထဲက နောက်ဆုံးပေါ် သတင်းတွေ၊ သုတေသနတွေ့ရှိချက်တွေပါ မေးလာကြသည်။ ကျွန်တော်ဖတ်ထားတဲ့ အကြောင်းအရာတွေပဲ။ ကျွန်တော့် ဆရာကြီး၊ အဖေ့ကို တာဝန်ယူ ကုသပေးသည့် သမားတော်ကြီး ပြောပြဖူးသည့် အချက်အလက်တွေပဲ။ ကျွန်တော် ဖြေနိုင်တာပေါ့။ ၀မ်းသာစရာပေါ့။ စိတ်ချမ်းသာစရာပေါ့။
သို့သော် ကျွန်တော် ၀မ်းမသာပါ။ စိတ်မချမ်းသာပါ။ ကိုယ့်အဖေကို ခုတုံးလုပ်သလို ဖြစ်နေရပါလား။ ကိုယ့် အဖေရဲ့ အသက်နဲ့ရင်းနှီးပြီးမှ သိလာရတဲ့ ပညာတွေပါလား။ " အဖေ အဖေ၊ ကျေးဇူးကြီးမားလှပါပေတယ် အဖေရယ်" ဆရာကြီးတွေရှေ့မို့ မျက်ရည်မကျမိအောင် မနည်းထိန်းချုပ်ရသည်။ ဒါတောင် ကျွန်တော့် မျက် လုံးအစုံမှာ မျက်ရည်တွေ ဝေ့နေသည်ကို ဆရာကြီးများ မြင်သွားဟန်တူပါသည်။

ဗိုလ်မှူးဆရာဝန်ကြီးက ကျွန်တော့်ပခုံးကို ဖျစ်ညှစ်လျက်
" ဟကောင်ရ၊ မင်းက မေးသမျှ ဖြေနိုင်နေတာ။ ဒီကေ့စ်မှာတော့ အမှတ်ပြည့်ပဲ။ ကျန်တာတွေပါ ဖြေနိုင်ရင် မင်း ဂုဏ်ထူးထွက်ပြီ။ ဘာလို့ မျက်ရည်လည်နေရတာတုန်း" ဟု ပြုံးပြုံးကြီးမေးပါသည်။
အစကတော့ ကျွန်တော် ဘာမျှ မပြောဘဲ နေလိုက်ရန် စိတ်ကူးမိပါသည်။ သို့သော် ဗိုလ်မှူးက ပခုံးကို ဆုပ် ကိုင်ကာ စိုက်ကြည့်နေသဖြင့် " ကျွန်တော့်အဖေလည်း ဒီလိုရောဂါနဲ့ ဆုံးခါနီးတဲတဲပါဆရာ" ဟု တိုးညင်း တုန်ယင်စွာဖြေလိုက်တော့ " အိုး ... ဂေါ့ဒ်" ဟု အာမေဋိတ်ပြုကာ ဗိုလ်မှူး၏ လက်များ ကျွန်တော့်ပုခုံးမှ ပြုတ်ကျ သွားပါသည်။

*
တစ်ခါတစ်ရံ လူ့လောကတွင် သိပ္ပံပညာဖြင့် မဖြေရှင်းနိုင်သော ကိစ္စများ၊ လက်တွေ့နယ်ပယ်မှာ စိတ်ကူး ယဉ်ဟု ထင်ရသော အဖြစ်အပျက်များ၊ လောကဓာတ်ဆေးပညာပင် မျက်စိလည်သွားရသော အဖြစ်အပျက် များအမှန်တကယ်ပင် ဖြစ်တတ်ပျက်တတ်ပါသည်။ တွေ့ရ၊ ကြုံရတတ်ပါသည်။ ထိုအထဲမှာ ကျွန်တော့် အဖေ၏ အဖြစ်အပျက်က ပြောစမှတ်ပြုရလောက်အောင်ပင် ဆန်းကြယ်လှပါတော့၏။
ကျွန်တော်တို့ ကြိုးစားမှု၊ ကံတရား၏ ဖေးမမှုတို့ကြောင့် စာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့် ကျွန်တော် အောင်မြင်ခဲ့ပါသည်။ စာမေးပွဲ အောင်စာရင်းထွက်အပြီး မန္တလေးဆေးရုံကြီး၌ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်မထမ်းဆောင်ရမီစပ်ကြားမှာ ကျွန်တော် ရွာပြန်ခဲ့ပါသည်။

စာမေးပွဲအောင်သဖြင့် ခြောက်နှစ်ခွဲကြာ ရုန်းကန်ခဲ့ရသည့် ကျောင်းသားဘ၀မျ လွတ်ကာ ရည်မှန်းချက် ပြည့်မြောက်ပြီ ဟူသော ၀မ်းသာမှုက တစ်ဝက်၊ အဖေ့အတွက် ၀မ်းနည်းမှုက တစ်ဝက်ဖြင့် ရွာပြန်ရသည်မှာ ဘယ်လို ပြောရမှန်းပင် မသိတော့ပါ။ ရထားလမ်းဘေးတစ်လျှောက်မှ လက်ပံပင်၊ ပေါက်ပင်နီနီရဲရဲတွေ၊ မြေခိုးတွေ၊ နွေ တံလျှပ်တွေ၊ ဖုန်လုံးကြီး တွေကိုကြည့်ရင်း ရင်ထဲမှာ လှိုက်ဖိုဖို၊ ဆို့တို့တို့ကြီး ဖြစ်နေပါသည်။

ဘူတာကလေးကို ရထားထိုးဆိုက်တော့ အိတ်ကိုဆွဲကာ အဦးဆုံး ခုန်ဆင်းလိုက်သည်။ ညီမလေးကို ရှာဖွေ ရသည်။ သည်နေ့ သည်ရက် ပြန်လာမည်ဟု ညီမလေးထံ စာကြိုရေးထားပြီးဖြစ်ပါသည်။ ညီမလေး လာကြို မှာသေချာပါသည်။
" ကိုကြီး ဒီမှာ "
ဟော ညီမလေး၏ အသံစူးစူးလေးကို ကြားရပြီ။ လှည့်ာကည့်လိုက်တော့ " ဟာခနဲ " နေအောင် ကျွန်တော် အံ့သြ၀မ်းသာသွားပါသည်။ " အဖေ ... အဖေပါလား " ကျွန်တော့်ကို ပြုံးပြုံးကြီး စိုက်ကြည့်နေတဲ့ ခေါင်း ပေါင်းကြီးနဲ့ အဖေပါလား။

ကျွန်တော် အဖေ့ဆီ အပြေးသွား၊ အိတ်ကိုချ။ အဖေ့လက်ဆွဲယူဆုပ်နယ်ကာ ၀မ်းသာလွန်းသဖြင့် ဘာကစပြီး ပြောရမှန်း မသိလောက်အောင် ဖြစ်နေပါသည်။ နောက်မှ " အဖေ နေကောင်းတယ် မဟုတ်လား"ဟု ကသောကမျော မေးမိသည်။
" ကောင်းပါ့မောင်။ ကောင်းလို့ ငါ့သားကို ဘူတာအထိ လာကြိုတာပေါ့ "
အို ... အဖေ့အသံဟာ ပကတိ ဟိုတုန်းက အသံမျိုးပါကလား။ ရောဂါဖြစ်နေတုန်းက အက်ကွဲကွဲ ရှတတ အသံ မျိုးမဟုတ်တော့။ ကင်ဆာရောဂါသည်ရဲ့ အသံမျိုးမဟုတ်တော့။ လူကလည်း နဂိုကနှင့်စာလျှင် ၀လာ သည်။ ဟိုတစ်ခေါက် ထနောင်းပင်အောက်မှာ ကျွန်တော့်ကို ကံ ကံ၏အကျိုးတရားတွေ ဟောနေတုန်းက အခြေအနေမျိုးအတိုင်းပါကလား။

" လှည်းပါတယ် ကိုကြီးရ၊ မြင်းလှည်းဂိတ်မှာ အပ်ပစ်ခဲ့တာ။ အဖေက ကိုကြီးကို ဘူတာအထိ လိုက်ကြိုချင် တယ်ဆိုလို့ ခေါ်လာရတာ" ညီမလေးလည်း ၀မ်းသာလွန်းသဖြင့် မျက်ရည်များပင် လည်နေသည်။
နောက်တော့ အဖေနှင့် ညီမလေး ပြောသမျှ စကားတွေက ကျွန်တော့်အတွက် အံ့သြကုန်နိုင်ဖွယ်တွေချည်း ဖြစ်နေပါတော့၏။ ဆေး မှန်မှန်သောက်သည့်အကြောင်း၊ ခုတော့ ဆေးကုန်နေသဖြင့် ရပ်ထားရကြောင်း၊ နေ့စဉ် ဥပုသ်သီလ ဆောက်တည်၊ ပုတီးစိပ်၊ မေတ္တာပို့သည့်အကြောင်း၊ ကျွန်တော့်ကိုပါ မေတ္တာပို့သည့် အကြောင်း၊ မဟာမြတ်မုနိဘုရားကြီးအား ရွှေဆိုင်း ကပ်လှူပူဇော်ခဲ့ရသည်ကို ဘုရားအာရုံပြုတိုင်း ပီတိဖြစ်ရ သည့်အကြောင်း၊ ကြည်နူးရသည့်အကြောင်း စုံနေအောင် ပြောပြကြ၏။

ချောင်းလည်း မဆိုးတော့သည့်အကြောင်း။ ထမင်းလည်း စားကောင်းလာသည့်အကြောင်း အဖေက ပြောပါ သည်။ အဲဒါကတော့ ကျွန်တော့်လက်တွေ့ မျက်တွေ့ပင်ဖြစ်၏။ ဟိုးတုန်းကလိုပင် အဖေ့အသားအရေတွေ စိုပြည်နေသည်။ ချောင်းလည်း တစ်ချက်မျှ ဆိုးသံ မကြားရတော့။

မြို့နယ်ဆရာဝန်ကြီးကို ၀င်ပြီး နှုတ်ဆက်။အကျိုးအကြောင်းပြောပြတော့ ဆရာဝန်ကြီးက အလွန်အမင်း အံ့ သြနေသည်။ သူ့တစ်သက်မှာ သည်လို အခြေအနေ ပြန်ကောင်းလာတာ တစ်ခါမျှ မတွေ့ကြုံဖူးခဲ့ပါဟု ၀မ်းသာအားရ ပြောပြပါသည်။ မန္တလေးတစ်ခေါက်ပြန်သွားပြီး အဖေ့အား ကုသပေးခဲ့သည့် သမားတော်ကြီး နှင့်ပြကာ (Check Up) ပြန်လုပ်ကြည့်သင့်ကြောင်း အကြံပေးပါသည်။
ထို့ကြောင့် ကျွန်တော် မန္တလေးပြန်တော့ အဖေ့ကို တစ်ပါတည်း ခေါ်လာခဲ့ပါသည်။ အမေနှင့် ညီမလေးပါ လိုက်ချင်နေကြသည်။ ဘွဲ့ယူမှ တစ်ဆွေလုံးတစ်မျိုးလုံး လိုက်ခဲ့ကြဟု နှစ်သိမ့်လိုက်တော့မှ ကျေကျေ နပ်နပ်ဖြင့် ကျန်ရစ်ခဲ့ကြပါသည်။

ကျွန်တော့်ဆရာ သမားတော်ကြီးသည် အဖေ့ကို သေသေချာချာ စမ်းသပ်ပြီး ဓာတ်မှန်ကို ချက်ချင်းရိုက်ခိုင်း ပါသည်။ ဓာတ်မှန်ရသောအခါ ဟိုးတစ်ခါတုန်းကလိုပင် သူ့အခန်းကျဉ်းကလေးထဲမှာ ကြည့်ကြပြန်ပါသည်။

" မြတ်စွာဘုရား " အာမေဍိတ်ပြုရလောက်အောင်ပင် ဆရာကြီး အံ့သြသွားပါသည်။ အဖေ၏ ဘယ်ဘက် ခြမ်းအဆုတ်က မူလကရှိခဲ့သည့် ကင်ဆာအကျိတ်အခဲ၏ အရိပ်အယောင် လုံးဝမရှိတော့။ ပကတိ ရောဂါ ကင်းစင်သည့် အဆုတ်၏ အရိပ်ကိုပဲ မြင်နေရသည်။ ပထမရိုက်ခဲ့သည့် ဓာတ်မှန်နှင့် ယှဉ်ကြည့်သောအခါ အခြေအနေက ပြောင်းပြန်ပြောင်းလဲသွားပြီ။
" ငါတော့ တစ်ခါမှ မကြုံဖူးဘူးကွာ။ အံ့စရာပဲ "ဟု ဆရာကြီးက ပြောပါသည်။ " အသံ ပြောင်း သွားကတည်းက" ကျူးမာ်း(စ်) " (Tumour Mass)က သေးသွားပြီလို့တော့ ထင်လိုက်သား။ ခု ဓာတ်မှန်မှာ လုံးဝ မတွေ့ရတော့ဘူး။ ငါတော့ ဘယ်လိုမှ ရှင်းမပြတတ်တော့ဘူး"ဟု ပြောပါသည်။

ဆရာကြီးကို ကန်တော့ပြီးပြန်တော့ ဆရာကြီးက သူ့တစ်သက်တာမှာ အံ့သြဖွယ်ရာ အမှတ်တရအဖြစ် အဖေ၏ ရောဂါမှတ်တမ်းနှင့် ဓာတ်မှန်များကို တောင်းယူထားလိုက်ပါသည်။ ဆေးလည်းမစားနှင့်တော့ဟု ပြောပါသည်။ ဆေးလိပ်ကိုတော့ လုံးဝ ပြန်မသောက်တော့ရန် တင်းတင်း ကျပ်ကျပ် သတိပေးလိုက်ပါသည်။
သည်တစ်ခေါက်တော့ အဖေ့အား မဟာမြတ်မုနိဘုရားကြီးသာမက အိမ်တော်ရာ။ သကျသီဟ။ မန္တလေး တောင် စသည်ဖြင့် မန္တလေးရှိ တန်ခိုးကြီး ဘုရားအစုံ လိုက်ပို့ပေးလိုက်ပါသည်။
အဖေ ရွာပြန်တော့ ကျွန်တော် လိုက်မသွားတော့ပါ။ အလုပ်သင် ဆရာဝန်သင်တန်းကလည်း စတင် ထမ်း ဆောင်ရတော့မည်။ အဖေကလည်း ပကတိ ကျန်းကျန်းမာမာမို့ လက်မှတ်ဝယ်ပြီး ရထားပေါ် တင်ပေး လိုက်မည်။ ဘူတာမှာ ညီမလေးတို့ကို လာကြိုဖို့ မှာထားခဲ့ပြီးသား။

အဖေက ရထားပေါ်မှာထိုင်လျက်က အောက်ငုံ့ပြီး စကားတွေ ပြောလို့မဆုံး။ မှာလို့မဆုံး။ ကျွန်တော် ကလည်း ရထားပြတင်းဘောင်ကို လှမ်းကိုင်ပြီး အဖေ့ကို မော့ကြည့်လျက် စကားတွေ ပြောလို့ မဆုံး၊ မှာလို့ မဆုံး။
" ဒေါင် ... ဒေါင် "
ဟော ရထားထွက်ဖို့ သံချောင်းခေါက်ပြီ။
" အဖေ ... "
" သားရေ ... "
ကျွန်တော်တို့သားအဖေနှစ်ယောက် နှုတ်မှ အသံက တစ်ပြိုင်တည်း ထွက်လာခြင်းဖြစ်၏။ နှစ်ယောက်စလုံး ပြိုင်တူ ပြုံးမိကြသည်။

" ပြောလေ ... အဖေ "
" သြော် ... အဖေ ဆေးလိပ်ဖြတ်လိုက်ပြီ။ ဘယ်တော့မှ မသောက်တော့ဘူး။ နောက်ဆို ငါ့သားစကား နားထောင်တော့မယ်လို့ ပြောမလို့ပါကွာ။ ငါ့သားကကော ဘာပြောမလို့တုန်း။ ပြောလေ "
" ဟိုတစ်ခေါက် ထနောင်းပင်ကလေးအောက်မှာဥနှဲသား စဉ်းရင်းနဲ့လေ အဖေ တရားဟောခဲ့တာ မှတ်မိ သေးလား။ ဒီနေ့ကစပြီး ငါးပါးသီလ ကို ကျွန်တော် လုံအောင် ထိန်းပါ့မယ် အဖေ "
" သာဓု ဗျာ သာဓု သာဓု "
ရထား က ငြိမ့်ခနဲ စရွေ့သည်။
အဖေနှင့် ကျွန်တော် အသံထွက်အောင်ပင် ပြိုင်တူရယ်လိုက်ကြပါသည်။

စာရေးသူ - ဂျိုဇော်
ဒဂုန်မဂ္ဂဇင်း။၁၉၈၈၊မတ်

------------------------------------------------
>>>ဆက်ဖတ်ရန်>>> >>

Sunday, November 14, 2010

ပန်းသတင်း (နိုဝင်ဘာ ၁၄)

အဖေ နှင့် ကျွန်တော် အပိုင်း (၁)
စာရေးသူ - ဂျိုဇော်

    ညက တော်တော်လေး ချမ်းခဲ့သည်။ ခုမနက်ပိုင်း နေ နည်းနည်းမြင့်လာတော့ အိုက်စပ်စပ်ဖြစ်နေပြန်ပြီ။ ဒါ့ကြောင့်လည်း " နေပူလို့ ညချမ်း၊ တပေါင်းလ လသရမ်း"ဟု ဆိုရိုးစကားတွင်ခဲ့ ခြင်းဖြစ်မည်။
အဆောင်ရှေ့ အုတ်ခုံပေါ်မှာ ကျွန်တော်တစ်ယောက်တည်း ငူငူငိုင်ငိုင်ထိုင်နေမိသည်။ ညက တစ်ညလုံး လိုလို စာကြည့်ခဲ့သဖြင့် မျက်စိတွေက ကျိန်းစပ်ဖန်တွတ်နေသည်။ တစ်ချက်တစ်ချက် ရုပ်ပျက်ဆင်းပျက်ပင် သမ်းဝေနေမိသည်။ အခန်းထဲက စာကြည့်စားပွဲမှာသာဆက်ထိုင်နေပါက ခုတင်ပေါ်တက်ပြီး ထိုးအိပ်ပစ်မိ မည်စိုးသောကြောင့် အောက်ဆင်းလာကာ ခုလိုအဆောင်ရှေ့ အုတ်ခုံမှာ ထိုင်နေမိခြင်းဖြစ်သည်။

တနင်္ဂနွေနေ့မို့လားမသိ၊ လမ်းပေါ်မှာအသွားအလာ ကျဲပါးနေသည်။ အဆောင်မှာလည်း တိတ်ဆိတ်ခြောက် ကပ်နေသည်။ ဟိုကောင်တွေအုပ်စုကတော့ စက်ဘီးတွေကိုယ်စီနှင့် ၀ိဇ္ဇာ သိပ္ပံ တက္ကသိုလ်ဘက်သွားပြီး စာကြည့်ရန် မနက်ကတည်းက ထွက်ခွာသွားကြညပီ။ အခန်းဖော်သူငယ်ချင်း "သန်းတင့်အောင် "က သူ့ စက်ဘီးနှင့်လိုက်ခဲ့ရန် ခေါ်သေးသည်။ မလိုက်တော့ဟု ငြင်းလိုက်သည်။ ကိုယ့်အခန်း ကိုယ့်စားပွဲမှာပဲ အေး အေးဆေးဆေး ကြည့်နေရစ်တော့မည်။

စာမေးပွဲကြီးက သုံးလေးလလိုသေးသော်လည်း စာတွေကို အားသွန်ကြည့်နေကြရပြီ။ ဆေးတက္ကသိုလ် သင်တန်း ကာလမှာ သည်နောက်ဆုံးနှစ် စာမေးပွဲကြီးက အရေးကြီးဆုံးဖြစ်၏။ အခက်ခဲဆုံး ဖြစ်၏။ ဆရာဝန် ဖြစ်ဖို့ အဆုံးအဖြတ်ပေးမည့် စာမေးပွဲလည်းဖြစ်၏။ တစ်ကြိမ်တည်းနှင့် အောင်ချင်လျှင်။ အမှတ် ကောင်းကောင်း ဖြင့် အောင်ချင်လျှင် ခုကတည်းက အပြင်းအထန် အသေအလဲ ကြိုးစားထားမှ တော်ကာ ကျတော့မည်။
" ဟေ့ကောင် မျိုးဇော်၊ မျိုးဇော် မဟုတ်လား "
အုတ်ခုံမှ လေးတွဲ့စွာ ထလျက် အဆောင်ထဲ ပြန်ဝင်မည်အပြု၊ မိမိနာမည်ကို အော်ခေါ် လိုက်သည့် အသံ ကြောင့် လှည့်ကြည့်လိုက်ရာ မိမိတို့ရွာနျင့် ကပ်လျက်ရွာမှ "ကိုသိန်းဆောင်" ဖြစ် နေ၏။ ခရီးဆောင်အိတ် တနင့်တပိုးနှင့်မို့ ပြေးသွားကူညီကာ ခရီးဦးကြိုပြုရသည်။

" လာ လာ ကိုသိန်းဆောင်၊ ရထားဆင်းလာတာလား "
ကိုသိန်းဆောင်က လေပူတစ်ချက်ကို " ဖူးခနဲ" မှုတ်ထုတ်ကာ အုတ်ခုံမှာထိုင်၏။ အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ပြီး မျက်နှာနှင့် လည်ကုပ်မှ ချွေးများ သုတ်နေသည်။ ခရီးကြုံလို့ ၀င်လာတာလား။ တစ်ယောက်ယောက်များ ဆေးရုံတင်ထားရလို့လား။ ကျွန်တော့်ခေါင်းထဲ "လား" ပေါင်းများစွာ ထပ်နေသည်။ ငွေပေးလိုက်တာပဲဖြစ်ပါစေ။ ကိုယ့်လက်ထဲမှာက ငွေလက်ကျန်နည်းနေပြီ။ စာမေးပွဲနီးချိန်မှာ လက်ဖက်ရည်ဖိုး၊ မုန့်ဖိုးက အကုန်အကျ ပိုများလာသည်။ ရွာမှာက သည်အချိန်မှာ ပြောင်းဖူးပေါ်ချိန်။ ပဲ သိမ်းချိန် ဆိုတော့ ငွေစကလေးများ ရွှင်နေတတ်သည်။ ဟုတ်ပါတယ်၊ ငွေပေးလိုက်တာပဲ ဖြစ်မှာပါ။ ကိုသိန်းဆောင် စကားအဟကို ငံ့လင့်နေမိသည်။

" ငါ့ကွာ ... တနင်္ဂနွေနေ့ဆိုတော့ မင်းကို တွေ့မှ တွေ့ပါ့မလားလို့ စိတ်တထင့်ထင့်နဲ့။ ရထားဆိုက်ဆိုက်ချင်း သည်ကို တန်းလာလိုက်တာ။ ဟိုအဝေးကချည်း မင်းကိုလှမ်းမြင်လိုက်ရတော့ သက်မကို ကျသွားတာပဲ"
ကိုသိန်းဆောင် က ၀မ်းသာအယ်လဲပြောကာ သူ့အင်္ကျီအိတ်ကပ်ထဲမှ စာအိတ်ကလေးတစ်အိတ်ကို ဆွဲထုတ် နေ၏၊
" ဘယ်မှမသွားပါဘူးဗျာ။ စာမေးပွဲနီးလို့ အဆောင်မှာပဲ စာကျက်နေတာ လ
ပါးစပ်က ဖြေနေစဉ် မျက်စိကတော့ သူ့လက်ထဲမှ စာအိတ်ကလေးကိုပဲ လှမ်းပြီး အကဲခတ်နေမိသည်။
" ရော့ကွာ မင်းညီမလေးက ထည့်ပေးလိုက်တာ။ မင်းအဆောင်ထိ ရောက်အောင် သွားပေးလိုက်ပါဆိုလိုပ ငါ ကိုယ်တိုင် လာပေးတာ "

" ကျေးဇူးပါပဲဗျာ။ ခင်ဗျားကို ဘာမှာလိုက်သေးတုန်း "
" ဘာမှတော့ မမှာဘူးကွ။ တွေ့တာတောင် ရထားထွက်ခါနီးကျမှ ဘူတာမှာ တွေ့ကြတာ။ အစက မင်းညီမလေးက ဒီစာကို ဘူတာက စာတိုက်ပုံးမှာ ထည့်မယ့်ပုံပဲကွ။ ငါ့မြင်မှ မန္တလေးသွားမှာလား။ ရထားကလည်း ထွက်နေပြီဆိုတော့ စကားတောင် ကောင်းကောင်း မပြောခဲ့ရဘူး "
ကျွန်တော် စာအိတ်ကလေးကို အမြီးပြန် ခေါင်းပြန် ကြည့်နေမိသည်။ စာအိတ်ကလေးက ပါးပါး ချပ်ချပ် ကလေး။ တံဆိပ်ခေါင်းကပ်ပြီး အိတ်ပိတ်ထားသည်ဆိုတော့ အစက စာတိုက်မှ တစ်ဆင့်ပို့မည့် ဟန်တူ သည်။ ကိုသိန်းဆောင်ကလည်း ငွေရေးကြေးရေးစကား ဟမလာသေး။

" သည့်ပြင်အကြောင်းထူး ရှိသေးလား။ လာလေ အထဲဝင်ပါသီး။ ဖြည်းဖြည်းပေါ့ "
ကျွန်တော်က ကိုသိန်းဆောင်၏ ခရီးဆောင်အိတ်ကို ဆွဲယူညပီး ဖိတ်ခေါ်လိုက်သည်။
" အကြောင်းထူးမရှိပါဘူး။ အဲဒါပါပဲကွာ။ ငါ မ၀င်တော့ဘူး။ ကုန်တွေပါသေးတယ်။ အဖွဲ့တွေနဲ့ ဘူတာကြီးမှာ ကျန်ရစ်တယ်။ သွားတော့မယ်ကွာ "
" နေဦးလေ၊ ကျွန်တော် ဆိုက်ကားခေါ်ပေးလိုက်မယ်"

" ဆိုက်ကားပါတယ်ကွ။ ဟိုမယ် ကြံရည်ဆိုင်ရှေ့မှာ ရပ်စောင့်နေတာ။ သွားမယ်နော် "
" ဟုတ် ဟုတ်ကဲ့ ကိုသိန်းဆောင် "
ကျွန်တော် ကိုသိန်းဆောင်ကို ကြံရည်ဆိုင်ရှေ့အထိ လိုက်ပို့ပေးလိုက်ပါသည်။
အဆောင်ရှေ့ရောက်တော့ အုတ်ခုံပေါ်မှာ ပြန်ထိုင်။ ညီမလေးပေးလိုက်သည့်စာကို ဖောက်ပြီး ဖတ်လိုက်သည်။

*
ကျွန်တော် ဒေါပွနေမိသည်။ လူကြုံပေးလိုက်သည့်စာပဲ။ စာတိုက်က ထည့်မည့်စာပဲ။ ပြည့်ပြည့်စုံစုံ ရှင်းရှင်း လင်းလင်း ရေးရောပေါ့။ ခုတော့ သံကြိုးစာလို တစ်ကြောင်းတည်း။ ကြည့်။
" ကိုကြီး ... အဖေ နေမကောင်းဖြစ်နေလို့ ကျောင်းဖျက်ပြီး ရွာခဏပြန်ခဲ့ပါ။ ညီမလေး" တဲ့။
ကျွန်တော် အိပ်ရာပေး ပက်လက်လှန်ပြီး သည်ဝါကျတစ်ောကာင်းတည်းကိုပဲ အခေါက်ခေါက်အခါခါဖတ်နေ မိသည်။ ညီမလေးကိုလည်း တစ်ခေါက်ဖတ်တိုင်း တစ်ခါ ဒေါပွရသည်။

ဘယ်လိုနေမကောင်းတာလဲ။ ဘယ် လောက်အထိ အခြေအနေ ဆိုးနေရသလဲ။ အရေးကြီးသလား၊ မကြီး ဖူးလား။ သည်လောက်တော့ ထည့်ရေးဖို့ကောင်းသည်။ မသကာ ကိုသိန်းဆောင်ကို ပါးစပ်ကလေးနဲ့ဖြစ်ဖြစ် ပြောလိုက် ဖို့ ကောင်းသည်။ ခုတော့ ဘာမှမသိရ။ ကိုသိန်းဆောင်လည်း ဘာမှ သိပုံမပေါ်။ "စာတိုက်က ထည့်မည်" ဟူသော အချက် ကလေးကိုပဲ အကောင်းဘက်က ဆွဲယူ ဖြေသိမ့်ရသည်။ စာတိုက် က ထည့်ပြီး ကြန့်ကြာမည့်အချိန်ကို စောင့် နိုင်လောက်သည်ဆိုတော့ အခြေအနေက သိပ်မဆိုးလို့ပေါ့။ အခြေအနေ ဆိုးလျှင် သံကြိုးရိုက်ချင် ရိုက်မည်။ သို့မဟုတ် တစ်ယောက်ယောက် ပေါက်ချလာမှာ သေချာသည်။ ကိုသိန်းဆောင်ကိုလည်း အချိန်ရသမျှ မှာ ကြားလိုက်နိုင်သေးသည်။

ကျွန်တော့်မှာကလည်း စာမေးပွဲက အရေးကြီးနေပြီ။ အိပ်ချိန်တွေကိုပင် လျှော့်ချကာ အချိန်ကိုရသမျှ လုနေ ရသည့်အချိန်။ သည်လိုအချိန်မျိုးကျမှ သည်စာက တိုက်တိုက်ဆိုင်ဆိုင်။
အိပ်ရာပေါ်မှာ ပက်လက်အိပ်။ မျက်စိမှိတ်ပြီး အဖေ့ရုပ်ပုံလွှာကို ပုံဖော်နေမိသည်။ တဘက်ကို ခေါင်းပေါင်း ပြောင်းဖူးဖက်ဆေးလိပ်ကို မီးခိုးတထောင်းထောင်းထအောင် ဖွာရင်း ပြုံးရယ်နေသော အဖေ့ရုပ်သွင်ကိုပဲ မြင်သည်။ အသက် (၅၀)ကျော်ပြီဖြစ်သော်လည်း ပဲနုတ်၊ ပြောင်းရိုးစဉ်း၊ နွာေးကျွး၊ တလင်းနယ်။ တောင်သူ လုပ်ငန်းမှန်သမျှ ငယ်တုန်းကလို ဖျတ်ဖျတ်လတ်လတ် လုပ်နိုင် ကိုင်နိုင်သေးသည့် အဖေ။ ဒေါင်ဒေါင်မြည် ကျန်းမာရေးကောင်းနေခဲ့သည့် အဖေ။ အဖေ ဘာဖြစ်နိုင်သလဲ။

ဘာရောဂါ ကြီးကြီး ကျယ်ကျယ် ဖြစ်နိုင် သလဲ။ ကျွန်တော် ခေါင်းမီးတောက်အောင် စဉ်းစားသည်။ စဉ်းစားလို့ မရ။ မနှစ်ပိုင်းလောက် ကျွန်တော် အိမ် တစ်ခေါက် ပြန်ရောက်စဉ် စစ်ဆေးကြည့် ပေးတုန်းကလည်း အဖေ့မှာ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဘာရောဂါမျှ မရှိ။ အဖေရော အမေပါ ပကတိ ကျန်းကျန်း မာမာပင်။ ရှောင်တခင်ဖျားနာလာလျှင်လည်း အစွမ်းကုန်ဂရုစိုက်ပေးဖို့ရွာက ကျန်းမာရေးမှူးထံ အပ်နှံခဲ့ပြီးသား။ သည်ကြားထဲက ကျွန်တော့်ကို ပြန်ခေါ် သည်ဆိုတော့။

ကျွန်တော် စိတ်ပူလာပြန်သည်။ စာရွက်ခေါက်ကလေးကို တစ်ခါပြန်ဖတ်မိပြန်သည်။ " ကိုကြီး၊ အဖေ နေမ ကောင်းဖြစ်နေလို့ ကျောင်းဖျက်ပြီး ရွာခဏပြန်ခဲ့ပါ"။ စာရွက်လုံးချေပြီး လွှင့်ပစ်လိုက်သည်။ ကျွန်တော် ရွာ ပြန်ရလိမ့်ဦးမည်။ တော်ပါသေးရဲ့။ စာကြည့်ချိန်တွေ ပေးထားလို့၊ အတန်းတက်စရာက သိပ်မရှိတော့လို့ သာပေါ့။ စာအုပ်တွေကို ရွာသယ်သွားရမည်။ မနက်ဖြန် ဘူတာဆင်းမည်။ အိမ်ရောက်ရောက်ချင်း ညီမလေး ကို "နပန်ကျင်း" ပစ်မည်။ တော်တော် ညံ့တူးတဲ့ ညီမလေး။ ညီမလေးဆိုလို့ ညီမလေးဘူတာကို လာသည် ဆိုပဲ။ ဘူတာနှင့်ရွာက ခရီးတော်တော်လှမ်းသေးသည်။ ညီမလေး အဖော်နဲ့လာတာမှ ဟုတ်ရဲ့လား။ အိမ် မှာက အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ်၊ ညီမလေးရယ် မိသားစုလေးယောက်ပဲ ရှိ သည်။ ကျွန်တော် မရှိတော့ ညီမလေး ပင်ပန်းရသည်။ အဖေ့အလုပ်ရော၊ အမေ့အလုပ်ပါ ၀င်ကူနေရသည်။ လေးတန်း အောင်ပြီး ကတည်းက ကျောင်းနုတ်ထားရသည်။

ကျစ်ဆံမြီးလေးတန်းလန်းနှင့် ညီမလေးကို မြင်ယောင်လာပြန်သည်။ အဖေ့ရောဂါက ဘာမှ ဟုတ်ဟန်မတူ။ ဒီကောင်မလေး စိတ်ပူပြီးတော့များ သူ့စိတ်ကူးနဲ့သူရေးလိုက်တာများလား။ ညီမလေးက အစိုးရိမ်ကြီးတတ် သည်။ အဖေ့ကို အလွန်ချစ်သည်။ ကျွန်တော့်ကိုလည်း အလွန်အားကိုးသည်။ လုံးခြေလွှင့်ပစ်ထားသော ညီမလေး ၏ စာရွက်ကလေးကို ကျွန်တော် ပြန်ကောက်ယူလိုက်သည်။

*
တပေါင်းလ၏ နံနက်ခင်းနေခြည်အောက်မှာ မန္တလေး-ရန်ကုန် အစုန်ရထားကြီးက "တဂျုန်းဂျုန်း၊ တဂျုတ်ဂျုတ်" နှင့် ပြေးနေသည်။ ကျွန်တော့်နားထဲမှာတော့ အဖေ ပြောင်းရိုးစဉ်းနေသည့် "တဒုန်းဒုန်း၊ တဒုတ်ဒုတ်" အသံကိုပဲ ကြားယောင်နေမိသည်။

တပေါင်းနေက လင်းလက်လွန်းသဖြင့် ရထားပြတင်းမှ မြင်သမျှ မြင်ကွင်းတွေက မျက်စိစူးလှသည်။ အရာရာက ရှင်းလင်းပြတ်သားလွန်းနေသည်။ ရထားလမ်းနံဘေးမှကပ်လျက် မြင်ကွင်းတွေက " ရိပ်ခနဲ ရိပ်ခနဲ" နောက်မှာ ကျန်ရစ်သည်။ ဟိုအဝေးမှ မြင်ကွင်းတွေကတော့ ရထားကြီး၏ နောက်ကို တကောက် ကောက်လိုက် လာနေကြသည်။ နောက်တော့လည်း ကျန်ရစ်ခဲ့ပြန်ရာ။
သို့သော် ကျွန်တော့်မှာ ပတ်ဝန်းကျင်ကို ကြာရှည် စိတ်မ၀င်စားနိုင်။ ကျွန်တော့်အမြင်အာရုံမှာ တရစ်ဝဲ၀ဲ ဖြစ် နေသည်က အဖေ့ရုပ်ပုံလွှာတွေပဲဖြစ်၏။ ကျွန်တော့်အတွေးမှာ အစဉ်အမြဲလိုက်ပါနေသည်က အဖေ့ အကြောင်း တွေပဲဖြစ်၏။ ကျွန်တော့်နားမှာ ကြားယောင်နေသည်က အဖေ့အသံတွေပဲဖြစ်၏။

လူက ရထားပေါ်မှာထိုင်နေရသော်လည်း စိတ်ကတော့ ရွာရောက်နှင့်နေပြီ။ အဖေတို့၊ အမေတို့၊ ညီမလေး တို့နှင့်တွေ့နှင့်နေပြီ။
မှတ်မှတ်ရရ ခုလို တပေါင်းလထဲမှာပဲဖြစ်၏။ အဲသည်နှစ် ကျွန်တော်သည် နောက်ဆုံးနှစ် အပိုင်း(က) သင် တန်း ကို ဖြေဆိုအောင်မြင်ပြီးဖြစ်သဖြင့် ရွာပြန်ရောက်နေသောအချိန်ဖြစ်၏။
" နေပူလို့ ညချမ်း" ဆိုသည့်အတိုင်း တပေါင်းနေသည် မနက်ခင်းပိုင်းမှာကို ခြစ်ခြစ်တောက်ပူနေလေပြီ။ အမေ က ပြောင်းဖူးဖက်အစိုများကို နေပူမှာ ဖြန့်လှန်းနေ၏။ အဖေကတော့ အိမ်ရှေ့ ထနောင်းပင်ရိပ်မှာ ဥနှဲ သားများကို " တဒုတ်ဒုတ်" စဉ်းနေသည်။ သည်ရာသီမှာ သည်မြင်ကွင်းက ကျွန်တော့်အဖို့ လူမှန်းသိတတ်စ အရွယ်ကတည်းက မြင်နေကျ မြင်ကွင်းဖြစ်တော့၏။

အဖေရော အမေပါ ဆေးလိပ်အလွန်ကြိုက်ကြသည်။ ဆေးလိပ်မှ ပြောင်းဖူးဖက်ဆေးလိပ်ကိုဖက်ကိုင်တိုင် လှန်း၊ ဆေးကိုယ်တိုင်စပ်၊ ကိုယ်တိုင်လိပ်၍ တစ်နေကုန် သောက်သည်အထိ ကြိုက်ကြခြင်းဖြစ်၏။ ကိုယ့် ပြောင်းခင်းမှထွက်သည့် အထွားဆုံး ပြောင်းဖူးမှ ပြောင်းဖူးဖက်ကို အမေက စိတ်တိုင်းကျ ရွေးချယ်လှီးဖြတ် ကာ နေလှန်းလေ့ရှိ၏။ အဖေကလည်း ဥနှဲအချိုးကျရောစပ်ကာ နှီးတောင်းပြားပြားကလေးထဲမှာ မလျှော့ စတမ်း ဖြည့်ဖြည့်ပေးတတ်၏။ ည လသာသာမှာတော့ အဖေ့ခမျာ ပြောင်းဖူးဖက်တွေ၊ အစီခံတွေ၊ ဆေးတွေ၊ ကတ်ကြေး တွေနှင့် အလုပ်ရှုပ်ရပါလေပြီ။

အမေကတော့ စကားတပြောပြောနှင့် အလွယ်တကူ လုပ်ကိုင် သွားခြင်းဖြစ်၏။ သို့သော် တစ်ရွာလုံးမှာ အမေလိပ်သည့် ပြောင်းဖူးဖက်ဆေးလိပ်သည် အသပ်ရပ်ဆုံး၊ မတုတ်လန်း၊ မပိန်လွန်း၊ မတိုလွန်း၊ မရှည်လွန်း။ ဆေးထည့်တာကလည်း မပိတ်လွန်း၊ မပွလန်း။ အလွန် ကြည့်၍လှသော၊ အလွန်သောက်၍ ကောင်းသော ပြောင်းဖူးဖက်ဆေးလိပ်များ ဖြစ်လာတော့၏။ ဤသို့ပင် တစ်ရွာလု့းက အသိအမှတ်ပြုထားကြပါသည်။ အဖေဆိုလျှင် ဆေးလိပ် တစ်ခါမီးညှိတိုင်း အမေ့ကို တစ်ခါ ချီးမွမ်းလိုက်ရမှ ကျေနပ်သူဟု စ စရာဖြစ်နေပြီ။
ခုလည်း မိုးလင်းစ မနက်ခင်းပိုင်းမှာကို နှစ်ယောက်စလုံးဆေးလိပ်အတွက် လုံးပန်းနေကြပြီ။ အလုပ်ရှုပ်နေ ကြပြီ။

ကျွန်တော် အဖေ ဥနှဲသားစဉ်းနေရာသို့သွားပြီး စကားပြောနေမိပါသည်။ အဖေက ခေါင်းမဖော်နိုင်။ ဘယ် လက်က သနှဲစည်းကို ကိုင်။ ညာလက်က ဓားမကြီးကို မြှောက်ကာ မြှောက်ကာဖြင့် စည်းချက်ကျကျစဉ်းနေ လေ၏။ ရှေ့မှာလည်း စဉ်းပြီးသား ဥနှဲစတွေက တော်တော်လေး စုပုံနေပြီ။ သူ့တစ်ကိုယ်လုံးလည်း ချွေးစို့ ချွေးပြန်နေပြီ။ ဓားမကို မြှောက်ကိုင်ထားသော အဖေ့ညာလက်ရုံးသည် ကျွန်တော်တို့ ငယ်ငယ်တုန်းက မြင် နေကျလက်ရုံးမျိုးမဟုတ်တော့ပြီ။ ဖုထစ်လုံးကြွသော လက်မောင်းသားသည် အရေတွန့်စွာ ပျော့တိပျော့တွဲ ဖြစ်နေပြီ။

" များလှချည်လားအဖေရ။ တော်ရောပေါ့ "
" မများဘူးမောင်။ ဒါတောင် အလျင်မမီချင်ဘူး လ
" အဖေတို့ဟာ အသက်ကြီးမှ ပိုသောက်လာကြတယ်ထင်တယ် "
" ဘာလဲ၊ ငါ့သားက အဖေ့ကို ဆေးလိပ်ဖြတ်တရားဟောဦးမလို့လား "

ကျွန်တော် ဆေးကျောင်းတစ်စ ဒုတိယ၊ တတိယ သင်တန်းကာလများတုန်းက အဖေနှင့် အမေအား ဆေးလိပ်ဖြတ် တရား အပြင်းအထန် ဟောဖူးပါသည်။ ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ သွေးကြောကျဉ်းသွေး ကြောပိတ်ရောဂါ စသည်ဖြင့် ကျွန်တော် သိသမျှ၊ သင်ထားသမျှ ရောဂါများဖြင့် ခြိမ်းခြောက်ကာ ဆေးလိပ် ဖြတ်ခိုင်းခဲ့ဖူးပါသည်။ အဖေနှင့် အမေက ကျန်းမာရေး စကားတွေ၊ ဆရာဝန်စကားတွေကို အားတက်သရော ပြောဟောနေသော ကျွန်တော့်ကို ပြုံးပြုံးကြီး စိုက်ကြည့်ကာ နားထောင်နေကြပါသည်။ သဘောကျနေကြပါ သည်။ သို့သော် သူတို့ ဆေးလိပ်မဖြတ်ခဲ့ကြပါ။ နောက်တော့ ကျွန်တော်ကလည်း သိပ်ဇွတ်မပြောတော့ပါ။ ပြောလို့ လည်း ရမည်မထင်တော့ပါ။

" ဖြတ်တော့မဖြတ်ခိုင်းတော့ပါဘူးအဖေရာ။ အသက်ကြီးလာတော့ နည်းနည်းတော့ လျှော့သောက်ပေါ့ "
" ဆေးလိပ်နှင့် ကျန်းမာရေးသင့်ရာရွေး" ဟူသော စကားမျိုးတော့ ကျွန်တော် မပြောဖြစ်တော့ပါ။ ပြော ပါ ကလည်း အဖေရော အမေပါ ဆေးလိပ်ကို ရွေးကြမှာ သေချာပါသည်။
" အင်း ... ငါ့သားလည်း အရွယ်ကလေးလည်းရ၊ လောကဓာတ်ပညာလည်း တော်တော်ပေါက်ရောက်ပြီဆို တော့ အဖေ ပြောရဦးမယ် "
အဖေသည် စဉ်းလက်စ ဓားမကို လက်က ချလျက် ခေါင်းမှာ ပေါင်းထားသော တဘက်ကို ဖြုတ်ဖြေကာ ချွေးသုတ်ရင်း နိဒါန်းပျိုးနေ၏။ ကျွန်တော်က အဖေစဉ်းထားသည့် ဥနှဲစများကို လက်ဖြင့် ထိုးဖွဆော့ကစားကာ အဖေ့စကားကို နားစွင့်နေမိပါသည်။

" အဖေတို့ ဗုဒ္ဓအဘိဓမ္မာမှာ ငါ့သားလည်း ကြားဖူးမှာပေါ့။ ကျန်းမာရေးကို အဲ ... ခန္ဓာကိုယ်ကြီးကို၊ သည်ရုပ် ကြီးကိုပေါ့လေ၊ ဖန်တီးနေတဲ့ အကြောင်းတရားလေးပါး ရှိတယ်ကွ။ ကံ။ စိတ်။ ဥတု၊ အာဟာရတဲ့။ ကံက စီမံတော့ ကမ္မဇရုပ်တဲ့။ စိတ်က စီမံတော့ စိတ္တဇရုပ်တဲ့။ ဥတုက စီမံတော့ ဥတုဇရုပ်။ အာဟာရက စီမံတော့ အာဟာရရုပ်ပေါ့ကွာ "
" အဲသည်အထဲက စိတ်၊ ဥတုနဲ့ အာဟာရကိုတော့ ငါ့သားတို့ လောကဓာတ်ဆေးပညာကလည်း လက်ခံမှာ ပါပဲ။ အဲ ဒါပေမယ့် ရှေ့ဆုံးက နေတဲ့ " ကံ" ကိုတော့ ငါ့သားတို့က ထည့်မတွတ်ကြဘူးမို့လား "
ကျွန်တော် အဖေ့စကားကို ပြန်ပြီး အဖြေမပေးတတ်ပါ။ အဖေ့စကားက ဆန်းတော့ဆန်းနေသည်။

" အေး ... ဗုဒ္ဓဘာသာဝင်တွေဟာ " အသက်ရှည်ရာအနာမဲ့ကြောင်း" မှာ အဲသည်ကံကို သိပ်အလေး ထားတယ်မောင်၊ တို့ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောခဲ့တာပဲလေ။ သတ္တ၀ါဟာ "ပါဏာတိပါတ" ကံ အမှု ကျူးလွန်ခဲ့ရင် အပြစ်(၂၃)ပါးသင့်သတဲ့။ အရှည်တော့ မပြောတော့ပါဘူး။ ပါဏာတိပါတဆိုတဲ့ သူ့ အသက် သတ်ခြင်းအမှုကို ဝေရမဏိ ရှောင်ကြဉ်ခဲ့ရင် ဒါ အသက်ရှည်မှာပဲ။ အနာကင်းမှာပဲ။ အရင့်အရင် ဘ၀တွေက ပါဏာတိပါတ ကံ ကျူးလွန်ခဲ့တဲ့သူက နောက်ဘ၀တွေမှာ ကျန်းမာရေးကို မိုးပျံအောင် လိုက်စား၊ အဲသည်လူ ရောဂါထူမှာပဲ။ အသက်တိုမှာပဲ။ သူပြုခဲ့တဲ့ မကောင်းမှု အကုသိုလ်ကံက အရိပ်လို လိုက်ပြီး အကျိုးပေး နေမှာပဲ၊ အဲသည်ကံကိုသာ သတိကလေးနဲ့ ရှောင်ကြဉ်ခဲ့၊ နောင်ဘ၀မှာ အသက်ရှည်မှာ ပဲ။ အနာကင်းမှာပဲ။ သည့်ပြင်ကံတွေနဲ့ အဲသည်ကံ၏ အကျိုးတွေ ရှိသေးတယ်။ ငါ့သား နားရှုပ်သွားမှာစိုးလို့ မပြောတော့ဘူး "

" အဖေတို့ အမျိုးထဲမှာ အဘိုးအဘွားတွေ ကြည့်ကွာ။ သည်လို ဆေးလိပ်သောက်၊ ကွမ်းစားနဲ့ အသက် ၈၀၊ ၉၀ နေသွားကြတာ ငါ့သားလက်တွေ့ပဲ။ ကဲ ... သူတို့ ဘာများကြီးကြီးကျယ်ကျယ် နာဖျားခဲ့ဖူးလို့တုန်း။ ဒါ ဘာကြောင့် လဲ ဆိုတော့ ကံကြောင့်ပဲပေါ့ ငါ့သားရ။ သူတို့ဟာ ကံ ကံ၏ အကျိုးကို ယုံတယ်။ ယုံတဲ့ အလျောက် အကုသိုလ်အမှုတွေကို မပြုမိအောင် ရှောင်ကြဉ်ခဲ့ကြလိမ့်မယ်။ ဒါကြောင့် ဒီဘ၀ အသက်ရှည် တယ်။ အနာကင်းတယ်။ ဒီဘ၀မှာလည်း သတိနဲ့ စောင့်ထိန်းသွားကြတာပဲ။ နောင်ဘ၀ အသက် ရှည်ဦး မှာပဲ။ အနာကင်းဦးမှာပဲ။ အဖေတို့ အမေတို့ကိုလည်း သည်အတိုင်း တရားပြခဲ့တာပဲ။ အဖေ တို့ကလည်း သည်အတိုင်း ယုံတယ်။ ယုံတဲ့အတိုင်းလည်း စောင့်ထိန်းတယ်။

" ငါ့သားတိုပ လောကဓာတ်ဆေးပညာကိုလည်း အဖေက ယုံတာပါပဲ။ အားကိုးအာပါပဲ။ ဒါကြောင့်လည်း ငါ့ သားကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ဆရာဝန်ဖြစ်အောင် ကျောင်းပို့ခဲ့တာပေါ့။ ဒါပေမယ့် ဒီအရွယ်ကစပြီး သိပ္ပံပညာ၊ ဆေးပညာ၊ စိတ်၊ ဥတု၊ အာဟာရတွေတင်မကဘူး။ ကံ ကံရဲ့ အကျိုးကို စဉ်းစားဆင်ခြင်သင့်ပြီ။ ကိုယ်နိုင် သလောက်ပေးပေါ့ကွာ။ သီလကို လုံအောင် နေသင့်ပြီငါ့သား "
ထိုနေ့က ကျွန်တော်သည် အဖေ့ကို ကျန်းမာရေးပညာ မဟောလိုက်ရ။ အဖေကပဲ ကျွန်တော့်ကို ဘာသာ ရေး တရားများ ဟောသွားပါသည်။

ကျွန်တော့်လက်ဖြင့် ခွဲစိတ်၊ ကျွန်တော့်မျက်စိဖြင့် တပ်အပ် မြင်တွေ့ခဲ့ရသည့် ခန္ဓာကိုယ်ကြီးမှာ အရိုးတွေ၊ အသားတွေ၊ အကြောတွေ၊ နှလုံးခုန်မှုတွေ၊ အသက်ရှူမှုတွေ၊ ဦးနှောက်၏ တုံ့ပြန်မှုတွေ။ တစ်နည်းအားဖြင့် အသက်ရှင်ခြင်း၏ ဇီဝဖြစ်စဉ်မှာ အတိတ်ကံက အရေးပါသတဲ့လား။ ဘယ်နေရာမှာဘယ်လိုပါပြီး ဘယ်လို များဝင်ရောက်စီမံနေပါလိမ့်။
အရွယ်ချင်း ကွာ၊ တတ်မြောက်သည့် ပညာချင်းလည်း မတူသည့် သားအဖေနှစ်ယောက်၏ ဆွေးနွေးခန်းက သည်လောက် နှင့်ပဲ တစ်ခန်းရပ်သွားခဲ့သည်။
ကျွန်တော် နေရာမှထပြီး အမေ့ဆီကိုသွားတော့ အဖေက ဓားမကို ကောက်ကိုင်သည်။ အမေ့မှာလည်း ပြောင်းဖူးဖက်တွေက လှန်းလို့ရယ်တဲ့ မကုန်ဆိုသလို ဖြစ်နေသည်။ အဖေ့ဆီမှ ဓားသံ တဒုတ်ဒုတ်ကြားနေ ရပြန်ပြီ။

သြော် ... ကံ ကံ၏ အကျိုးကို ယုံကြည်အားကိုးတဲ့အဖေ၊ ယုံကြည်တဲ့အတိုင်း စောင့်ထိန်းတယ်ဆိုတဲ့အဖေ။ ခုတော့ မကျန်းမာဘူးဆိုပါလား။ အတိတ်ကံ၏ ဖေးမမှုဖြင့် အပရိက ပဲ ဖြစ်ပါစေဟု ရထားပေါ်ထိုင်ရင်း ကျွန်တော် ဆုတောင်းနေမိသည်။ သည်အချိန်မှာတော့ အဖေ့မှာ ဖြစ်နိုင်သည့် ရောဂါ ကြီးငယ် အသွယ်သွယ် ကို ဆရာဝန်အတွေးဖြင့် ကျွန်တော် မတွေးလိုတော့။ မတွေးရဲတော့။ မတွေးရက်။ အဖေတို့ တွေး သလိုပဲ အတိတ်ကံ၏ဖေးမှုဖြင့် အပရိကပဲ ဖြစ်မှာပါဟု တွေးတောနေမိတော့၏။

ကျွန်တော် စီးလာသော ရထားကြီးက တရိပ်ရိပ်ပြေးနေဆဲ။ ရထားလမ်းနံဘေးမှ မြင်ကွင်းတွေက ရိပ်ခနဲ ရိပ်ခနဲ ကျန်ရစ်ခဲ့ကြ။ ဟိုအဝေးမှ မြင်ကွင်းတွေကလည်း ရထားကြီးနှင့်အတူ လိုက်ပါလာနေကြ။ ပြီးတော့ ကျန်ရစ်ခဲ့ကြ။ ကျွန်တော့်နားထဲမှာတော့ ရထားသံ တဂျုတ်ဂျုတ်သည် အဖေ ဥနှဲရိုးစဉ်းနေသည့် ဓားသံ တဒုတ်ဒုတ် ဖြစ်နေသည်။ အဝေးကို ငေးနေသည့် ကျွန်တော့်မြင်ကွင်းထဲမှာလည်း ထနောင်းရိပ်မှာ တဘက် ခေါင်းပေါင်း၊ ပြောင်းဖူးဖက်ဆေးလိပ်မီးခိုးတထောင်းထောင်းနှင့် ထိုင်နေသော အဖေ့ကိုပဲ မြင်နေသည်။

*
ဘူတာကလေးမှာရထားဆိုက်တော့ ကျွန်တော်ပါလာသော လက်ဆွဲအိတ်ကို ဆွဲလျက် ရထားပေါ်မှ ခုန်ဆင်းလိုက်သည်။ စင်္ကြံပလက်ဖောင်းမှာ ခေတ္တမျှရပ်ပြီး ဟိုဟိုသည်သည် ကြည့်နေမိသည်။ ဆူညံနေသော အသံဗလံတွေကြားထဲက "ကိုကြီး"ဟု ညီမလေး၏ အသံစူးစူးလေးကို နောက်ဆီမှ ကြားရ သည်။ လှည့်ကြည့်လိုက်တော့ ကျစ်ဆံမြီးလေး ယမ်းခါနေအောင်ညီမလေး ပြေးလာနေသည်။
" ညီမလေးတစ်ယောက်တည်းလား "

" အဖော်တွေ ပါတယ်။ ဈေးထဲမှာ။ ညီမလေးက ကိုကြီး ဒီနေ့ ရထားနဲ့ ပါချင်ပါလာမှာထင်ပြီး လာရှာတာ။ ကိုကြီးကိုမြင်တော့ ပျော်သွားတာပဲ "
" ဒါနဲ့ အဖေက ဘာဖြစ်တာတုန်း "
ကျွန်တော်လည်း အမောမပြေသေး။ သို့သော် မနေနိုင်။ သိချင်တာကို အလျင်ဆုံး မေးလိုက်ရသည်။ ညီမလေးက ချက်ချင်းမဖြေ။ သံလမ်း၏ ဟိုတစ်ဘက်ရှိ တမာပင်တန်းတွေဘက် ငေးနေသည်။
" ဟဲ့ ... အဖေက ဘာဖြစ်တာတုန်းလို့ မေးနေတာ "
" ကိုကြီးကို ခေါ်လိုက်တာ အဖေမသိဘူး။ အဖေက မခေါ်နဲ့လို့ပဲ ပြောနေတာ။ ရွာက ကျန်းမာရေးမှူးကရော၊ မြို့နယ်ဆရာဝန်ကြီးကပါ ကိုကြီးကို တိုင်ပင်ရအောင် ပြန်ခေါ်လိုက်ဦးဆိုလို့ ညီမလေး စာထည့်ပေးလိုက်တာ "

" အေးပါ ... သူတို့က ဘာရောဂါလို့ ထင်လို့တုန်း "
" သူ ... သူတို့က အဖေ့ကို အဆုတ် ... အဆုတ်ကင်ဆာ ထင်လို့တဲ့ "
ညီမလေးအသံ တုန်ရင် နစ်ဝင်သွားသည်။ ကျွန်တော့် မျက်စိထဲမှာတော့ ပြောင်းဖူးဖက်ဆေးလိပ်ကြီး မီးခိုး တထောင်းထောင်းထအောင် ဖွာနေသော အဖေ့ရုပ်သွင်ကို " ဒိုင်းခနဲ" ပြေးမြင်သည်။ တစ်ဆက်တည်း ဆေးရုံခုတင်တွေပေါ်မှာ ပက်လက်ဖြစ်နေသော အဆုတ်ကင်ဆာဝေဒနာသည်တွေကို ပြေးပြီး မြင်လိုက်မိ ပြန်သည်။ ဘုရား ... ဘုရား ... ၊ ဟုတ်ပါ့မလား။ ဖြစ်နိုင်ရဲ့လား။ အဖေ့မှာ အဆုတ်ကင်ဆာ ဖြစ်နိုင်သလား။

" သူတို့က သေသေချာချာ ပြောတာလား "
" သေသေချာချာတော့ မပြောနိုင်သေးဘူးတဲ့။ မန္တလေးက ပို့ချင်တယ်တဲ့။ အဲဒါကြောင့် ကိုကြီးကို လှမ်းခေါ် ခိုင်းတာ။ ကိုကြီးပြန်လာရင် ဆရာဝန်ကြီးက သူ့ဆီ ၀င်ခဲ့ပါတဲ့။ အဖေ့အတွက် တိုင်ပင်ရအောင်တဲ့ "
" လာ ဒါဆို တို့ ဆရာဝန်ကြီးဆီ ခု သွားကြမယ် "
ကျွန်တော်က စိတ်မြန်လက်မြန်ပင် လက်ဆွဲအိတ်ကို ကောက်ကိုင်လိုက်သည်။

" ပေး ... ပေး ညီမလေး ဆွဲခဲ့မယ် "
" နေ ... နေ၊ အိတ်က လေးတယ်။ စာအုပ်တွေ ပါတယ် "
" ကိုကြီးတို့စာမေးပွဲက နီးပြီလား"
ညီမလေးက အိတ်ကို တစ်ဖက်မှ ၀င်ကူဆွဲရင်းမေးသည်။
" လိုပါသေးတယ် " ကျွန်တော် ညာပြောလိုက်သည်။

ညနေ နှစ်နာရီကျော်ကျော်လောက်သာ ရှိသေးသည်မို့ နေရှိန်က ပူပြင်းဆဲဖြစ်၏။ မောင်နှမနှစ်ယောက် အိတ်ကို တစ်ဖက်တစ်ချက်စီမှ ဆွဲကာ ဈေးထိအောင် လျှောက်လာခဲ့ကြသည်။ ဈေးပေါက်ရောက်တော့ ညီမလေးက အဖော်တွေကိုဝင်ပြီး နှုတ်ဆက်သည်။ ကျွန်တော်က ဆေးရုံဘက်သွားမည့်မြင်းလှည်းကို လိုက် မေးနေရသည်။

မြို့နယ် ဆေးရုံနှင့် ဈေးက တော်တော်လှမ်းသေးသည်။ ဈေးမှမြင်းလှည်းငှားပြီး ဆေးရုံကိုသွားမည်။ ဆရာဝန်ကြီးနှင့်တွေ့ပြီး ဆွေးနွေးရမည်။ ပြီးမှ ရွာပြန်မည်။ ဆရာဝန်ကြီးနှင့် ချက်ချင်းတွေ့ရလျှင်တော့ ရွာ ပြန်မိုးမချုပ်နိုင်။ ဈေးမြင်းလှည်း မီနိုင်သည်။ ကျွန်တော်တို့ရှာနှင့် သည်မြို့ကလေးက ငါးမိုင်လောက် ဝေးသည်။ သုံးမိုင်ခရီးလောက်အထိ မြင်းလှည်းစီးလို့ရသည်။ မြင်းလှည်းဂိတ်မှ ရွာအထိ နှစ်မိုင်လောက် ခြေကျင်လျှောက်ရသေးသည်။ လှည်းကြုံတွေ့လျှင်တော့ လမ်းလျှောက်ရသက်သာမည်။

ဆေးရုံသွားမည့် မြင်းလှည်းက ရနေပြီ။ ညီမလေးက တော်တော်နှင့် ပြန်ထွက်မလာသေး။ သူ့အဖော်တွေကို တွေ့အောင် လိုက်ရှာပြီး အကျိုးအကြောင်း ပြောနေရဟန်တူသည်။ တော်တော်လေးကြာမှ ညီမလေး ထွက်လာသည်။ မြင်းလှည်းပေါ်မှ လက်ခုပ်တီးပြီး လှမ်းခေါ်လိုက်သည်။ ညီမလေး မြင်းလှည်းပေါ်ရောက် တော့ မြင်းလှည်းက ဆောင့်ပြီး ထွက်သည်။ ဆေးရုံဘက်ဆီသို့ "တဂွပ်ဂွပ်" နှင့် ပြေးနေပြီ။ ဆရာဝန်ကြီးနှင့် တွေ့လျှင် ပြောရမည့်စကား။ မေးရမည့် စကားများကို ကြိုတင်စဉ်းစားထားရသည်။ ကျောက်သေးခင်းထား သည့်လမ်းမသည် မွန်းလွဲနေအောက်မှာ တလက်လက်တောက်လောင်နေ၏။ ကျွန်တော့်မှာလည်း ခေါင်းမီး တောက်နေပြီ။

လွန်ခဲ့သော ခြောက်လ၊ ကျွန်တော် ရွာတစ်ခေါက်ပြန်ရောက်စဉ်က အဖေ့မှာ ဘာလက္ခဏာမျှ မပြ၊ ပကတိ ကျန်းကျန်းမာမာကြီးပါ။ ယခုအဆုတ်ကင်ဆာ သံသယဖြစ်လာသတဲ့။ ခြောက်လအတွင်းမှာ အဆုတ်ကင်ဆာဟာ တစ်မုဟုတ်ချင်း ဖြစ်ပွားလာနိုင်သလား။ သိသိသာသာ ကြီးထွားလာနိုင်သလား။ ကျွန်တော် သင်ထားသမျှ၊ တတ်ထားသမျှ ပညာဖြင့် အပြန်ပြန်အလှန်လှန် စဉ်းစားနေမိသည်။ တွေးတော နေမိသည်။ ထိုစဉ် မြင်းလှည်းက ဆေးရုံဝင်းထဲသို့ ချိုးကွေ့ဝင်လိုက်၏။
*
" ကိုကြီးကို မြင်လိုက်ရင် အဖေတော့ အံ့သြသွားမှာပဲ "
မြင်းလှည်းဂိတ်မှဆင်းပြီး မောင်နှမနှစ်ယောက် အိတ်ကို တစ်ဖက်တစ်ချက်စီ ဆွဲလျက် လမ်းလျှောက်လာ ခဲ့ကြသည်။ ညီမလေးစကားကို အမှုမထားနိုင်။ အိမ်ရောက်လျှင် အဖေ့အား ပြောရမည့် စကားတွေ၊ လုပ်ရ မည့်အစီအစဉ်တွေကို ခေါင်းထဲမှာ ဇယားချ စဉ်းစားနေရသည်။
လမ်းမှာတွေ့သည့် မျက်နှာသိတွေနှင့် နှုတ်ဆက်ရ၊ စကားပြောရသေးသည်။ သူတို့ကတော့ တစ်ခါတစ်ရံမှ တွေ့သူမို့၊ ဆရာဝန်လောင်းကြီးမို့ အားရပါးရ စကားပြောချင်ကြသည်။ မေးချင်မြန်းချင်ကြသည်။ ကျွန်တော့်မှာက ကိုယ့်အပူနှင့်ကိုယ် ဆိုသလို ဖြစ်နေသဖြင့် သိပ်စိတ်မပါ။ ရွာသို့ ရောက်ရန်သာစိတ်စော နေသည်။

" အဖေ တော်တော် ပိန်ကျသွားသလား "
" အရင်ကထက်စာရင် ပိန်သွားတာပေါ့။  သိပ်လည်း မစားနိုင်ဘူး။ ချောင်းကတော့ မနားတမ်းဆိုးနေတာပဲ။ အသံတွေလည်း ၀င်နေတယ် "
ညီမလေးရဲ့စကားက ဟိုရောဂါရဲ့ လက္ခဏာတွေနှင့် တစ်ထပ်တည်းပါပဲ။ ဆရာဝန်ကြီးပြောလိုက်သလိုပါပဲ။ တော်ပါသေးရဲ့။ ဆရာဝန်ကြီးနှင့် အဆင်သင့် တွေ့ခဲ့ရသည်။ ဆရာဝန်ကြီးက သဘောကလည်းကောင်း၊ ဆေးကျောင်းသားလည်း ဆေးကျောင်းသားမို့ စိတ်ရှည်လက်ရှည် ရှင်းပြရှာသည်။ အဆုတ်ရောင်၊ အဆုတ်ပွရောဂါလည်း မဟုတ်တဲ့။ တီဘီရောဂါပိုးလည်း မတွေ့တဲ့။ သည်ရောဂါတစ်ခုပဲ စဉ်းစားစရာ ကျန် တော့သတဲ့။ လက္ခဏာတွေအရတော့ သည်ရောဂါလို့ပဲ ပြောလို့ရပြီတဲ့။ သို့သော် သည်ဆေးရုံကလေးမှာက ဓာတ်မှန်ဌာနမရှိ။ ပြည့်စုံသော ဓာတ်ခွဲခန်းမရှိ။ သူ့ဆန္ဒကတော့ မန္တလေးဆေးရုံကြီးကိုပဲ သွားစေချင်သည်တဲ့။ ဟိုမှာ ကျွန်တော်လည်း ရှိနေတယ်ဆိုတော့ ပိုအဆင်ပြေတာပေါ့တဲ့။

ပိုအဆင်ပြေတာကတော့ အမှန်ပါပဲ။ သို့သော် အဖေ့ကို ဘယ်လိုပြောမလဲ။ ဘယ်လိုဖျောင်းဖျရပါ့မလဲ။ မန္တလေးကို ခေါ်လျှင် အဖေက အပြင်းအထန်ငြင်းဆန်မှာသေချာသည်။ ကျွန်တော့်ကိုပင် လှမ်းအကြောင်း မကြားဖို့ ဇွတ်ပြောနေသဖြင့် ညီမလေးက အဖေမသိအောင် စာရေးလိုက်ရခြင်းဖြစ်၏။ အဖေ့ စိတ်ဓာတ်က သူများကို ဒုက္ခမပေးချင်။ ပြီးတော့ သူ့ကိုယ်သူလည်း ရောဂါကြီးကြီးကျယ်ကျယ် ဖြစ်လိမ့်မည်ဟု ဘယ်တော့ မှ မထင်။ ပြောလျှင်လည်း ယုံကြည်လိမ့်မည်မဟုတ်။ ရွာကျန်းမာရေးမှူးထံမှ တစ်ဆင့် မြို့နယ် ဆရာဝန်ကြီး ဆီ သွားပြရသည်ကိုပင် အကြောက်အကန် ငြင်းဆန်ခဲ့သေးသည်ဆို၏။ မန္တလေးဆေးရုံကြီးဆို လျှင်တော့ ...။ " ဟင်းခနဲ " ကျွန်တော်သက်ပြင်းချလိုက်မိသည်။

" ကိုကြီး အဖေ့ကို ရအောင်ခေါ်သွားနော်။ ကိုကြီးစကားကျ အဖေက နားထောင်မှာပါ။ ဆေးရုံကြီး တက်လိုက်မှ အဖေ မြန်မြန်နေကောင်းမှာ "
သြော် ... ညီမလေးကတော့ ဘာမှမသိရှာပါကလား။ မျှော်လင့်ချက်တွေ အပြည့်နှင့်ပါကလား။ ကျွန်တော့်ကို၊ ဆေးရုံကြီးကို၊ ဆရာဝန်ကြီးတွေကို၊ ဆေးဝါးတွေကို အားကိုးစိတ် အပြည့်နှင့်ပါကလား။
တကယ်တမ်း သည်ရောဂါ သေချာပြီဆိုလျှင် မျှော်လင့်ချက်မရှိပြီ။ သေမိန့်ချပြီးသားလူလို ဖြစ်သွားပြီ။ မိမိ မျက်စိရှေ့မှောက်မှာပင် သည်ရောဂါဖြင့် လူ့လောကကြီးကို စွန့်ခွာသွားကြသည့် လူနာတွေ၊ မျှော်လင့်ချက် မရှိသည့် အဆုံး လက်မှတ်ထိုးပြီး အိမ်ကို အများကြီးကြုံတွေ့ခဲ့ရဖူးပြီး။ ခုတော့ အဖေကိုယ်တိုင် သည်လိုလူ နာမျိုး ဖြစ်ရတော့မှာလား။ သည်လို လမ်းပေါ်ရောက်နေပြီလား။ ကိုယ့်အလှည့်ရောက်လာပြီလား။

ရွာအ၀င် အိမ်ရှေ့က ထနောင်းပင်အုပ်အုပ်ကလေးကို လှမ်းမြင်လိုက်တော့ ကျွန်တော့်ရင်ထဲ လှိုက်ခနဲ ဟာ သွားသည်။ အရင်တစ်ခေါက်တုန်းက သည်ထနောင်းပင်အောက်မှာပဲ အဖေ ဓားမကြီးမြှောက်ကာ မြှောက် ကာဖြင့် ဥနှဲသားတွေ စဉ်းနေခဲ့သည်။ ခုတော့ အဖေ ထနောင်းပင်အောက်မှာ ထိုင်နိုင်တော့မည်မထင်။ အိပ်ရာထက်မှာပဲ ချောင်းတဟွတ်ဟွတ်နှင့် လဲနေလောက်ပြီ။
အိမ်ဝိုင်းထဲဝင်လိုက်တော့ " ဟော သားကြီးပါလာပြီ" ဟု ၀မ်းသာအားရပြောရင်း အမေ ပြေးထွက်လာသည်။ အိမ်ရှေ့မှာ အဖေ လှန်းနေကျ ပြောင်းဖူးဖက်များ မမြင်မိတော့။ ကျွန်တော်က လက်ထဲမှ အိတ်ကို အမေ့လက်သို့ ပြောင်းပေးကာ အိမ်ထဲသို့ အလျင်စလို ၀င်လိုက်သည်။ အဖေက ခုတင် ထက်မှာ ကုန်းကုန်း ကလေး လှဲရင်း သလိပ်ကို ဟပ်ထုတ်နေရာမှ ကျွန်တော့်ကို လှမ်းကြည့်သည်။ အဖေ့နှမ အရီးလေးက ထွေးခံ ကို ကိုင်ပေးထားသည်။

" အဖေ " ဟု ကျွန်တော်က တိုးတိုးလေးခေါ်ရင်း အဖေ့ခုတင်ဘေး တင်ပါးလွှဲဝင်ထိုင်လိုက်သည်။ အရီးလေးက နေရာ ဖယ်ပေးသည်။
" င့ါသား ဘာလို့ ပြန်လာရတာလဲကွာ။ မင်းစာမေးပွဲနီးပြီမဟုတ်လား"
အဖေ့ပဋိသန္တာရစကားက ကျွန်တော် ထင်ထားတဲ့အတိုင်းပါပဲ။ အဖေ့အသံက သိသိသာသာ အက်ကွဲကွဲ၊ ရှတတ ဖြစ်နေသည်။ ဒါဟာ ... ဒါဟာ ကင်ဆာအဖုအကျိတ်က (Recurrent Laryngeal Nerve) ခေါ် အသံ နှင့် ပတ်သက်သည့် အကြောပေါ်အထိ ပျံ့နှံ့ဖိမိနေပြီဆိုတဲ့ လက္ခဏာပါပဲ။

ကျွန်တော် အဖေ့လက်အစုံကို ဆွဲယူဆုပ်ကိုင်လိုက်သည်။ အဖေ့လက်ချောင်းတွေက နွေးထွေးနေပါသည်။ ကျွန်တော့်လက်ချောင်းတွေက အေးစက်တုန်ယင်နေသည်။ လည်ချောင်းထဲမှာ တစ်ဆို့သည်းနင်နေသည်။ လမ်းတစ်လျှောက်လုံး စဉ်းစားလာတဲ့စကားတွေ ဘယ်ရောက်ကုန်ပြီလဲ။ ကျွန်တော့်ကို စိုက်ကြည့်နေသော အဖေ့ မျက်လုံးအစုံက ကြည်လဲ့ တောက်ပြောင်နေသည်။ ဝေဒနာ၏ အရိပအယောင် စိုးစဉ်းမျှမရှိ။

" အဟွတ် အဟွတ် ဟွတ် "
ဟော အဖေ ချောင်းဆိုးလာပြန်ပြီ။ သလိပ်ဟပ်ချင်ပုံရသည်။ ကျွန်တော်က အရီးလေးချထားသည့် ထွေးခံကို ပြန်ချထားလိုက်သည်။ ထွေးခံကလေးကို ကျွန်တော် မကြည့်ရဲပါ။ မကြည့်ချင်ပါ။ မကြည့်ရက်ပါ။ လောလော ဆယ်တော့ ကျွန်တော် မျက်နှာလွှဲထားလိုက်ပါသည်။
*
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, November 10, 2010

ပန်းသတင်း (နိုဝင်ဘာ ၁ဝ)

ပြင်ဦးလွင်စံ သက်တော်ရှည်မင်းသားကြီး
စာရေးသူ - မောင်သန်းဆွေ (ထားဝယ်)

    သီပေါမင်းတရားနှင့် အရှင်နန်းမတော်ဘုရား (စုဘုရားလတ်)တို့၏ စတုတ္ထသမီးတော် အရှင်ထိပ်စုမြတ် ဘုရားကလေး နှင့် မြောက်သားတော် ကိုကိုနိုင်တို့တွင် သားတော်၊ သမီးတော် ခြောက်ပါး ထွန်းကားသည်။ တော်ဘုရားကြီး၊ ထိပ်စုဘုရားကြီး၊ တော်ဘုရား၊ တော်ဘုရားငယ်၊ တော်ဘုရားကလေးနှင့် ထိပ်စုဘုရားထွေး တို့ ဖြစ်ကြပါသည်။ တော်ဘုရားသည် တတိယမြောက် ဖွားမြင်သော သားတော်ဖြစ်သည်။ ယခုအခါ သီပေါမင်းတရား ၏ မြေးတော်များဆို၍ ထိပ်ဘုရားကြီးနှင့် တော်ဘုရားတို့ မောင်နှမနှစ်ယောက်သာ ကျန်တော့ သည်။

    စာရေးသူသည် တော်ဘုရား၏ ညီတော်၊ တော်ဘုရားကလေးနှင့် ခင်မင်ရင်းနှီးသော်လည်း တော်ဘုရား နှင့် ကား မသိကျွမ်းသေးပါ။ တော်ဘုရားကလေးကလည်း မိတ်ဆက်စာ ရေးမပေးပါ။ စာရေးသူကလည်း သူတို့ မောင်နှမများ ၏ အထာကို သိ၍ မရေးခိုင်းခဲ့ပါ။ တော်ဘုရားနှင့် ကိုယ်တိုင်ပင် သွား၍ မိတ်ဆက် ခဲ့ရ ပါသည်။ တော်ဘုရားနေသည့် အိမ်တော်ကို ရှာ၍လွယ်သည်။ ပြင်ဦးလွင်မြို့၊ သစ်တောလမ်းမှ တရုတ်ဘုရား ကျောင်း ရှေ့တွင် ဖြစ်၏။ ပြင်ဦးလွင်မှ တရုတ်ဘုရားကျောင်းကျောင်းသည် ပြင်ဦးလွင်ကို အလည် လာသည့် ဧည့်သည်များတိုင်း လာရောက်ကြရသည့် နေရာတစ်ခုဖြစ်နေရာ အလွန်စည်ကား ပါသည်။ ထိုတရုတ်ဘုရားကျောင်းရှေ့မှ ကိုလိုနီခေတ် ပုံစံ အိမ်နီကြီးကို မြင်ဖူးသော်လည်း သီပေါမင်း မြေးတော်များ နေသည့် အိမ်တော်ဟု အစက မသိသေးပါ။ ဒေါ်ဒေါ်မာညွှန်လိုက်မှသာ သိရခြင်းဖြစ်ပါသည်။

တော်ဘုရားအိမ်တော် သို့ ပထမဆုံးရောက်သွားသည့်အခေါက်ကို မှတ်မိနေပါသေးသည်။ တရုတ်ဘုရား ကျောင်း ရှေ့ မှ ညွှန်လိုက်သည့် အိမ်ဝင်းအတွင်းသိုက ကားဝင်သွားသောအခါ ခွေးများက ဆီး၍ ဟောင်သည် အိမ်ဝင်းကြီးသည် (၃)ဧကမျှ ကျယ်ဝန်းပုံရသည်။ ခွေးများကြောင့် ကားပေါ် မှ မဆင်းရဲပါ။ ဧည့်သည် လာကြောင်း သိအောင် ဟွန်းလည်း မတီးရဲပါ။ တစ်ခါမျှ မသိကျွမ်းရသေးသည့်အိမ်ရှင်အား အနှောင့် အယှက် မပေးလို၍ဖြစ်သည်။ ကားသံကြား၍ထင်ပါသည်။ အမျိုးသမီးတစ်ယောက်ထွက်လာ၏။ (နောက်မှ သိရသည်မှာ  ထိုအမျိုးသမီးသည် တော်ဘုရား၏ သမီးတော် စုဘရားလေးဖြစ်သည်။) ထိုအမျိုးသမီး က မည်သူ့ကို တွေ့ချင်ကြောင်းမေး၍ တော်ဘုရားနှင့် တွေ့ချင်ကြောင်း ပြောလိုက်ရာ ခွေးများ ကို နှင်ပစ်လိုက်ပြီး စာရေးသူအား အိမ်အတွင်းသို့ ယဉ်ကျေးသိမ်မွေ့စွာ ဖိတ်ခေါ်ပါသည်။ ထိုအခါ မှ ကားပေါ်က ဆင်းရဲသည်။ အုတ်လှေကားအထစ် နှစ်ထစ် ခန့်တက်သွားပြီး အောက်ထပ် ၀ရန်တာ ရောက်မှ ဧည့်ခန်းတံခါးကို ဖွင့်ပေးသဖြင့် ဧည့်ခန်းအတွင်း၌ ၀င်ထိုင်လိုက်ပါသည်။

ဧည့်ခန်းမှာ (၁၂)ပေ ပတ်လည်ခန့်ရှိမည်ဟု ထင်ပါသည်။ ကြိမ်ထိုးထားသော သစ်သား ဆက်တီများ ခင်းထားသည်။ အိမ်ကြီးကို ပြင်ဦးလွင်မှ အိမ်များ စတိုင်အတိုင်း မီးလင်းဖိုနှင့်ဖြစ်၏ မီးလင်းဖိုအပေါ် နံရံ၌ အရှင်နှစ်ပါး ပုံတော်ကို ရွှေချထားသည့် ကနုတ်ပန်းပေါင်ကြီးဖြင့် ချိတ်ဆွဲထားသည်။ (နောက်မှ သိရသည်မှာ ဤပုံတော်သည် ရန်ကုန်၌ သီပေကော်မရှင် ဆင်ဒီကိတ် လုပ်စဉ်က ရုံးခန်း၌ ချိတ်ဆွဲထားသည့်ပုံဟု ဆိုသည်) အခြားနံရံများတွင်လည်း တော်ဘုရားတို့၏ မိသားစုပုံများကို မှန်ဘောင်သွင်း၍ ချိတ်ဆွဲ ထား ပါသည်။

    မကြာမီပင် အရိုးအရပ်မြင့်မြင့်၊ ဒေါက်ကောင်းကောင်း၊ အသားဖြူဖြူ၊ ဥပဓိရုပ် ကျက်သရေရှိလှသော တော်ဘုရားကို မြင်ရပါသည်။
    "ဘာကိစ္စရှိလို့ပါလဲ"
    ဟု မေးသဖြင့် စာရေးသူ မည်သူမည်ဝါဖြစ်ကြောင်း ကိုယ့်ဟာကို မိတ်ဆက်ရသည်။ ထို့နောက် စာရေးသူ သုတေသနပြုနေသည့် 'ကုန်းဘောင်အလွန်'အကြောင်းကို ပြောပြကာ သီပေါမင်းတရား အနွယ်တော်များ အခန်း အတွက် လာတွေ့ရပါကြောင်း ရိုရိုသေသေ ပြောရပါသည်။

ရည်မွန်ဖော်ရွေလှစွာသော အပြုံးရောင်သမ်းနေသည့် နှုတ်ခမ်းမှ-
    "သြော်... အိမ်က သမီးလေး ကျောင်းက ငှားလာတဲ့စာအုပ်တွေထဲမှာ ခင်ဗျားရေးတဲ့ စာတွေကို ဖတ်ရဖူးပါတယ်၊ သိချင်တာမေးပါ"
    ဟု ဖွင့်ဟပြောဆိုပါသည်။ ထိုစဉ်က  တန်းပြီး ကိုယ်မေးချင်းသည်များကို ယခုခေတ် 'ဗျူး' သည်ဆိုသည့် စကား အတိုင်း မမေးခဲ့ပါ။ တစ်ဦးနှင့် တစ်ဦး ရင်းနှီးအောင် မိတ်ဆက်သည့် သဘောဖြင့် အာလာပ သလ္လာပ စကားများကိုသာ ပြောဆိုခဲ့ကြပါသည်။

    ပထမဆုံးတော်ဘုရားနှင့် တွေ့ဆုံမှုသည် ဤမျှလောက်သာဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက်လည်း ခင်မင်ရင်းနှီးသွားကြပါသည်။ စာရေးသူက နှစ်စဉ်သြဂုတ်လ၌ မန္တလေးသို့ လာတတ်ကြောင်း ပြောပြ၍ ရောက်သည့်အခါတိုင်း လာလည်ရန်လည်း ဖိတ်ခေါ်ပါသည်။ စာရေးသူသည် တစ်ခါတစ်ရံ၊ တစ်နှစ်အတွင်း မန္တလေးသိက နှစ်ခေါက် သုံးခေါက်လည်း ရောက်တတ်သည် ရောက်သည့်အခါတိုင်းလည်း ပြင်ဦးလွင်သို့ တက်၍ တော်ဘုရားနှင့် တွေ့ဆုံတတ်ပါသည်။ ယခုဆိုလျှင် စာရေးသူတို့နှစ်ယောက် တွေ့ဆုံခြင်းမှာ အနှစ်(၂၀) ခန့်ပင်ရှိသွားပြီ။ တစ်ခါတစ်ရံ စာရေးနေရင်း လိုသည့်အချက်အလက်များရှိလျှင် တော်ဘုရားထံ စာရေး ၍ မေးရသည်။ တော်ဘုရားက စာရေးလျှင် သူ့အမည်ကို 'ဦးထွဏ်းအောင်'ဟု ရေးစေသည်။ သာမာန် အရပ်အမည်ဖြင့်ပင် စာဆက်သွယ်ရန် ကောင်းကြောင်း ပြောပြသည်။ ၍အမည်မှာ သူ၏ ဇာတာ အမည်ဖြစ်၏။

    တော်ဘုရားကလည်း သူသိလိုသည့် အချက်အလက်များကို ထားဝယ်သို့ စာလှမ်းရေး၍ မေးလေ့ရှိသည်။ သို့ကြောင့် စာရေးသူ၏ ဖိုင်များထဲတွင် 'တ်ာဘုရားထံမှပေးစာ ပြန်စာများ'ဟူသော ဖိုင်တစ်ဖိုင် တိုးလာ ပါသည်။ ကြားရက်များတွင် သူ့ထံ ရောက်သွားသောအခါ တအံ့တသြဖြစ်နေတတ်သည်။ ပုံမှန်ရောက်သည့် သြဂုတ်လများတွင် ရောက်မည့်ရက်၌ မရောက်က မျှော်နေတတ်သည်ဟု ဆို ၏။ တစ်ခါတစ်၇ံ ထိုရက်ပတ်ဝန်းကျင်၌ မန္တလေးသိ့ ဆင်း၍ ဆေးစစ်ရန်ရှိလျှင် လာသော်လွဲနေမည်စိုး၍ စာရေးသူထံ ကြိုတင် စာရေးတတ်သည်။

တစ်ခါက မန္တလေးမှ စာရေးသူနှင့် အလွန်ခင်မင်သည့် စာရေးဆရာ စိုးနိုင် (မန္တလေးတက္ကသိုလ်)က လိုက်ချင်မည်ပြော၍ တော်ဘုရားအိမ်သို့ ခေါ်သွားပါသည်။ ထိုစဉ်က ဒေါ်ဒေါ်မာကလည်း ပြင်ဦးလွင် တွင်ရှိ၍ ဆရာစိုးနိုင်နှင့် ဒေါ်ဒေါ်မာအိမ်သို့လည်း ရောက်ပါသည်။ တော်ဘုရားနှင့် စာရေးသူတို့ အမေး အဖြေ လုပ်နေသည့် အချိန်တွင် နားထောင်နေသော ဆရာစိုးနိုင်သည် ပြန်လာသောအခါ ကားပေါ်၌-
    "ဆရာဗျူးနေပုံမျိုး၊ ဘယ်သူမှ မလုပ်နိုင်ဘူး ဆရာ၊ ဒီလိုလုပ်တာ ဘယ်နှနှစ်ရှိပြီလဲ"
    ဟု မေးပါသည်။
    "ကြာလှ ပေါ့ ဆရာရယ်၊ သူတို့ကို ဗျူးရတာက ရုပ်ရှင်မင်းသား၊ မင်းသမီးများကို ဗျူးရသလို တရစပ် မေးလို့ ရတာ မဟုတ်ဘူး။ သူတို့အကြောင်းကိုလည်း ကိုယ်က သိသင့်တာတွေကကို ကျေညက်အောင် သိထား ရတယ်။ အဲဒီထဲကမှ မရှင်းမလင်းတာတွေကို ထပ်မေးရတယ် မသိတာတွေကိုလည်း တဖြည်းဖြည်း မေးရ သေးတယ်။ တစ်ခါတလေ အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး အစတစ်စပေါ်လာ၇င် စိတ်ရှည် လက်ရှည် နဲ့ အဲဒီအစကို တဖြည်းဖြည်းဆွဲပြီး မေးရတယ်။ တစ်ခါတစ်လေ မမျှော်လင့်တဲ့ အကြောင်းအရာ သစ်တွေ သိခဲ့ရတယ်။ တစ်ခါလေတော့လည်း အစပြတ်သွားပြန်ပါရော"

    ဟုဆရာစိုးနိုင်ကို ဖြေလိုက်ရသည်။ တော်ဘုရားအိမိသို့ သွားတိုင်း အခြားအိမ်သူအိမ်သားများကို မတွေ့ရပါ။ ဧည့်ခန်းတွင်းသို့လည်း ၀င်၍ မလာတတ်ပါ။ တော်ဘုရား၏သမီး စုဘုရားလေးတစ်ယောက်သာ ကော်ဖီ နှင့် မုန်းများ လာချတတ်ပါသည်။ စာရေးသူပြနှ်လျှင် ကားနားအထိ တော်ဘုရားက ပြန်ပို့ တတ်သည်။
    "နောက်နှစ်မျှော်နေမယ်နော်"
    ဟူ၍လည်း ပြောတတ်သည်။ ဒီအကြောင်းများကို ရန်ကုန်မှ တော်တော်(တော်ဘုရားလေး)အိမ်၌ ပြောပြသော အခါ ဒေါ်လေးမေက -
" အမယ်လေး ကိုသန်းဆွေရယ်၊ ဒါ ရှင့်ကို အင်မတန်ခင်မင်လို့ပေါ့ " ဟု ပြောပြပါသည်။

ရန်ကုန်မှ တော်တော် (တော်ဘုရားကလေး) အိမ်နှင့် ပြင်ဦးလွင်မှ တော်ဘုရားတို့အိမ်ချင်း နေမှု၊ ထိုင်မှု စနစ် မှာ မတူပါ။ တော်တော်တို့အိမ်၌ နေကြသည်က အရပ်ဆန်ပါသည်။ ၀င်ထွက်နေသည့် ဧည့်များ ကလည်း စာရေးဆရာများနှင့်နိုင်ငံရေးသမားများသာ ဖြစ်သည်။ ပြင်ဦးလွင်မှ တော်ဘုရား တို့အိမ်တော်သို့ တော်ရုံ တန်ရုံ လူများဝင်ထွက်လေ့မရှိပါ။ အနေအထိုင်၊ အပြောအဆိုကလည်း ထီးဟန်။ နန်းဟန်အပြည့် ရှိနေ သေးသည်။ တော်ဘုရား၏ အိမ်သူမှာလည်း သီပေါမင်းဖြစ်နေ၍ တစ်ကြောင်း၊ တတိယ သမီးတော်ကြီး နှင့်လည်း နှစ်ပေါင်းများစွာ အတူနေခဲ့ကြ၍တစ်ကြောင်း၊ ဖြစ်မည်ဟု ထင်ပါသည်။ တော်ဘုရား နှင့် ထိပ်စုကြီးဘုရားတို့။ မောင်နှမတစ်ဝမ်းကွဲချင်း၊ မောင် လည်နှမလည် လက်ဆက် ထားသည့် အကြောင်းကို " ရတနာဂီရိနိဒါန်းလ မှ မှာတော်မူသည့် အတိုင်းပါဘုရား " အခန်းတွင် ရေးသား ဖော်ပြထားပြီး ဖြစ်သည်။

တော်ဘုရား နှင့် ထိပ်စုကြီးဘုရားတို့မောင်နှ့တွင် သားတော်၊ သမီးတော် (၆)ပါး ထွန်းကားသည်။ တော်ဘုရားမြတ်ကြီး (Richard)၊ တော်ဘုရားမြတ် (David)၊ တော်ဘုရားမြတ်အေး (Joseph)၊ စုဘုရားလေး (Anne Marie)။ တော်ဘုရားမြတ်သိုက် (Paul)နှင့် စုဘုရားနိုင် (Rose Marie) တို့ ဖြစ် သည်။ သူတို့တွင် သာမန်အရပ်နာမည်များလည်း မှည့်ထားသည်။ တော်ဘုရားမြတ်အမည်က ကိုမြတ်၊ တော်ဘုရားမြတ်အေး အမည် က ဦးမြတ်အေး၊ စုဘုရားလေးအမည်က လေးလေးမြတ်၊ တော်ဘုရားမြတ်သိုက် အမည်က ဦးမြတ်သိုက်၊ စုဘုရားနိုင်အမည်က နိုင်နိုင်ဝင်းဟု ဖြစ်ကြသည်။

တော်ဘုရားမြတ်ကြီးသည် Marine Engineer ဖြစ်၍ သင်္ဘောလိုက်နေသည်။ တော်ဘုရားမြတ်က ဗန်းမော် မှ ရဲမှူးဖြစ်သည်။ ယခု အငြိမ်းစားယူသွားပြီ။ တော်ဘုရားမြတ်အေးက ဗြိတိသျှသံရုံးတွင် လုံခြုံရေး အရာရှိ ဖြစ်သည်။ စုဘုရားလေးက အိမ်ထောင်ရှင်ဖြစ်၍ အလုပ်မလုပ်ပါ။ သူ၏ခင်ပွန်း ဦးအောင်သူရှိန်သည် သစ်ထုတ်လုပ်ရေးမှ အရာရှိဖြစ်သည်။ ယခု ကွယ်လွန်ရှာပြီ။ တော်ဘုရားမြတ်သိုက်က သစ်ထုတ်လုပ်ရေး မှာလုပ်သည်။ စုဘုရားနိုင်မှာ ပြင်ဦးလွင် အထက(၁)၌ အင်္ဂလိပ်စာ သင်သော ဆရာမဖြစ်သည်။ သူတို့ အသီးသီး စုဘုရားနိုင်မှာလွဲ၍ အိမ်ထောင်နှင့် ဖြစ်ကြသည်။ တော်ဘုရားမြတ်ကြီးသည် သူ၏ အရီးလေး ဘုရား၊ ထိပ်စုဘုရားထွေးနှင့် ပြန်၍ လက်ဆက်သဖြင့် သားကိုအောင်ခိုင်ကို မွေးသည်။ တစ်ခါက တော်ဘုရား သည် သူငယ်စဉ်မှ အကြောင်းကို စိတ်လိုလိုက်ရ ပြောပြပါသည်။

" တော်ဘုရားတို့ ငယ်ငယ်က အခြေတကျ မနေရပါဘူး၊ ဟိုပြောင်းဒီပြောင်းနဲ့ နေခဲ့ရတယ်။ ပထမ ရန်ကုန်မှာနေတယ်။ နောက် မန္တလေး ပြောင်းပြီးနေရတယ်၊ မန္တလေးကနေ မော်လမြိုင်ပြောင်းပြန်ရ ပါရော၊ မော်လမြိုင် မှာ (၃)နှစ်လောက်နေပြီး အရှင်ဘုရား (သူ၏မယ်တော်ကို ဆိုလိုသည်) ကံကောင်းကုန်တော့ မော်လမြိုင် ကနေ ရန်ကုန်ပြန်ပြောင်းရတယ်။ အဲဒီတော့ တော်ဘုရားအသက် (၁၂)နှစ်လောက်ရှိပြီ။ မော်လမြိုင်မှာ(၁၀)နှစ်လောက်နေခဲ့ရတယ်။ ငယ်ငယ်က ဟိုပြောင်းဒီပြောင်းပြီး နေရတော့ ကျောင်းလည်း အမျိုးမျိုး ပြောင်းနေရတာပေါ့။ ပထမ ရန်ကုန်နဲ့ မန္တလေးမှာ စိန်ပ၈ျိုးဇက်ကွန်ဗင့် ကျောင်းမှာ နေခဲ့ရတယ်။ မော်လမြိုင် ရောက်တော့ စိန့်ပက်ထရစ် ကွန်ဗင့်ကျောင်းမှာ နေရတယ်။ ရန်ကုန်ရောက်ပြန်တော့ စိန့်ပေါလ် ကျောင်း ကို ရောက်ပြန်ရော တော်ဘုရားကိုးတန်းအထိပဲ နေခဲ့ရပြီး တစ်ဝက်တစ်ပျက်နဲ့ အိမ်ထောင်ကျ ခဲ့ရတာ။

ထိပ်စုကြီး ဘုရားကတော့ ပြင်ဦးလွင်မှာ တောက်လျှောက်ကေဂျုီ (သူငယ်တန်း)ကစပြီး ဆယ်တန်းအထိ နေခဲ့ရတာ တော်ဘုရားတို့ မန္တလေးမှာ မင်္ဂလာဆောင်ပြီးတော့ သုံးလေးရက်ပဲ နေပြီး စစ်ကိုင်းကို ပြန်ကူး လာကြတယ်။ ဂျပန်ခေတ်တစ်ခေတ်လုံး စစ်ကိုင်းမှာပဲ နေကြတယ်။ (၃)နှစ်လောက်ပေါ့။ နောက်မှ ပြင်ဦးလွင် က ညံတောအိမ်သို့ ပြန်ပြောင်းလာကြတာ "
တော်ဘုရား က သူတို့ငယ်စဉ်အကြောင်းများကို ပြောပြပြီး စာရေးသူက မေး၍ အစိုးရဆီက ပင်စင်ရပုံနှင့် သူ အလုပ်လုပ်ခဲ့ပုံ များကို ဆက်၍ ပြောပြပါသည်။

" အင်္ဂလိပ် လက်ထက်က တော်ဘုရားသို့ သီပေါမင်းမြေးတော်တွေ ရူပီ (၆၀၀)စီ ပင်စင်ရကြတယ်။ ဒီတော့ တော်ဘုရား တို့ မောင်နှံဟာ ရှုပီ(၁၂၀၀)ရတာပေါ့။ မယ်တော်ကြီး (တတိယသမီးတော်ကြီးကို ဆိုလိုသည်) က တစ်ယောက်တည်း ရူပီ(၁၂၀၀)တောင် ရတယ်။ သူက ဘုရင့်သမီးတော်ကိုး။ အဲဒီတော့ သုံးယောက် ပေါင်း ရူပီ (၂၄၀၀)တောင် ရတာကလား။ ဟိုခေတ် တုန်းက (၂၄၀၀)ဆိုတာ အများကြီးပဲလေ။ ဂျစ်ကားတစ်စီး မှ ရူပီ(၁၅၀၀)ပဲ ပေးရတာ။ နောက်ပြီး သင်္ကြန်နဲ့ သီတင်းကျွတ်မှာဆိုရင် မယ်တော်ကြီးဟာ ရူပီ (၂၅၀) စီ အပိုရသေးတယ်။

အိမ်လခအနေ နှင့်လည်း ရူပီ(၂၅၀)ရတယ်။ ဒီတော့ ညံတောလမ်းမှာ နေကြရာက သစ်တောလမ်းက အိမ်ကြီးမှာ ပြောင်းနေကြတယ်။ အိမ်ရှင် မစ္စတာဖော်စတာ (Mr. Foster) က သူ့အိမ်ကြီး ငှားမယ်လို့လာစပ် တယ်။ တစ်လ(၂၅၀)အစိုးရက ထောက်ပံ့တော့ အဲဒီအိမ်ကြီးကို တစ်လ(၂၅၀)ပေးပြီး ငှားဖြစ်တာ ပေါ့ (၁၉၄၇)ခုနှစ် ဇွန်လလောက်မှာ ပြောင်းလာကြတယ်။
နောက်ပိုင်း ပင်စင်ရုပ်သိမ်းခံ၇တော့ မဖြစ်တော့ဘူးဆိုပြီး ညံတောအိမ်သို့ပဲ ပြန်ပြောင်းလာခဲ့ရတယ်"
စာရေးသူ က -
" ဘာဖြစ်လို့ ပင်စင်ရုပ်သိမ်းခံရတာလဲ "

" (၁၉၄၈)ခုနှစ်မှာ လွတ်လပ်ရေးရတော့ တော်ဘုရားတို့ ပင်စင်တွေ ရပ်သွားတယ်။ အသစ်ထွက် လာတဲ့ ပင်စင်ဥပဒေကြောင့် အသက် (၄၅)နှစ်ကျော်တဲ့ လူကို ပင်စင်ပေးမယ်ဆိုတော့ တော်ဘုရား တို့တွေက (၄၅)နှစ်တောင် မပြည့်ကြသေးဘူးလေ။ မယ်တော်ကြီး တစ်ယောက်ပဲ ပင်စင်ရတော့ တယ်။

အဲဒီအချိန်မှာ တော်ဘုရားလေးက ရန်ကုန်မှာ ကုမ္ပဏီထောင်တယ်။ လိုင်စင်ခေတ်ကိုး တော်ဘုရား လည်း ရန်ကုန် ဆင်းပြီး တော်ဘုရားလေးနှင့်အတူ အလုပ်လုပ်တယ်။ သူက ခေါ်လို့ပါ။ ဒီတော့ ၀င်ငွေ ပြန်ရှိ လာတာ နဲ့ ညံတောအိမ်ကို ကောင်းကောင်းပြန်ပြင်ပြီး နေကြတယ်။ တော်ဘုရားကတော့ ရန်ကုန်မှာ နေတယ်။ ကုမ္ပဏီ အဆောက်အအုံအပေါ်မှာ နေတာပါ။

(၁၉၅၂)ခုနှစ်မှာ ဆန်တင်ဒါ သွင်းဖို့လျှောက်တယ်။ အိန္ဒိယသံအမတ်ကြီးက ကူညီခဲ့တယ်။ ဒါပေမဲ့ သူ့ကိုတော့ (၁)ပေါင်ကို (၅)သျှီလင်ပေးရမယ်တဲ့။ တော်ဘုရားတို့ကလည်း ပေးမယ်ပေါ့။ ဒီတုန်းက တင်ဒါ ရလို့ ကျပ်(၁)သိန်းခွဲလောက် အမြတ်ရတယ်။ အဲဒီတုန်းက (၁)သိန်းဆိုတဲ့ ငွေဟာ အများကြီးပဲ ကိုသန်းဆွေ ရဲ့။
တော်ဘုရား အစုအမြတ်ငွေရတော့ အခုသစ်တောလမ်းက အိမ်ကြီးကို ၀ယ်လိုက်တယ်။ (၁)သောင်း လောက် ပဲ ပေးရတာ။ ဒါတောင် ဈေးများသေးသတဲ့၊ (၁၉၅၂)ခုနှစ်မှာ ဒီအိမ်ကီးကို အပြီး ပြောင်းခဲ့ကြတာ။

မိသားစုကသာ မယ်တော်ကြီးနဲ့ ပြင်ဦးလွင်မှာ နေကြရပြီး တော်ဘုရားကတော့ ရန်ကုန်မှာ ခွဲနေရတာလေ။ ဆန်တင်ဒါ ကိစ္စပြီးတော့ သစ်အိပ်စပို့ (Timber Export)ဆိုပြီး လုပ်ဖို့ စီစဉ်သေး တယ်။ နောက်ပိုင်း ပေါလစီ ပြောင်းသွားတာနဲ့ မလုပ်ဖြစ်ကြဘူး။ ဒီကြားထဲမှာ ဖားကန့်ကို ကျောက် စိမ်းလုပ်ငန်းလုပ်ဖို့ (၂)နှစ်လောက် သွားသေးတယ်။ ဒါပေမဲ့ ကိုယ်က ကျောက်အကြောင်းမှ မသိတာပဲ။ ဒါနဲ့ ရပ်လိုက်ရပြန်ရော။

၁၉၆၉ ခုနှစ်ကနေပြီး ၆၈ ခုနှစ်အထိ ကိုရီးယားကောင်စစ်ဝန်ရဲ့ ကိုယ်ရေးအတွင်းရေးမှူးအဖြစ် လုပ်သေးတယ်။ ပြင်ဦးလွင်က စိန့်အယ်လ်ဘတ်ကျောင်းရဲ့ ဘောင်ဒါဆောင်ကို တော်ဘုရား ဦးစီး ပြီး ဆောက်တယ်။ ကန်ထရိုက်ပေါ့။ ကျောင်းအုပ်ကြီးနဲ့ တော်ဘုရားတို့က မော်မမြိုင်မှာကတည်းက ခင်တာ။ ဒါကြောင့် သူက ကန်ထရိုက်ပေးတာ၊ တော်ဘုရားက ဘာမှမလုပ်တတ်တော့ မန္တလေးက မိတ်ဆွေ တစ်ယောက် နဲ့ စပ်တူလုပ်ကြတယ်။ နောက်တော့ ဘီအီးစစ်တပ် အဆောက်အအုံတွေပါ၊ ကန်ထရိုက်ယူပြီး ဆောက်ခဲ့ တယ် "

ဟု ရှည်လျားစွာ ပြောပြခဲ့ပါသည်။ စာရေးသူ မေးသည်က " ဘာကြောင့် ပင်စင်အသိမ်းခံရတာလဲ " မျှသာ ဖြစ်သည်။ ထိုသို့ အစတစ်စ ဆွဲထုတ်လိုက်သည်နှင့် အရှည်ကြီး ထွက်လာသည်။ တော်ဘုရားသည် အခြားမြန်မာ မင်းဆွေ၊ မင်းမျိုးအတိုင်း မွေးဖွားစဉ်ကတည်းက နယ်ချဲ့အစိုးရထံမှ အထောက်အပံ့ ရခဲ့ပြီး ပင်စင် လည်း တောက်လျှောက်ရလာရာ စီးပွားရေး အမြင်မရှိခဲ့ပေ။ လုပ် လည်းမလုပ်တတ်ရှာပါ။ ဤသို့ဖြစ်အောင် လည်း နယ်ချဲ့အစိုးရက နိုင်ငံရေးပင်စင်ပေး၍ တမင်ဖန်တီးထားခြင်းဖြစ်သည်။ နယ်ချဲ့ အလိုတော် အတိုင်းလည်း မြန်မာမင်းဆွေမင်းမျိုးတို့မှာ မလုပ်တတ်၊ မကိုင်တတ်နှင့် သူတို့ပေးသည့် ပင်စင် ကိုပင် အားကိုးနေရသည့်ဘ၀သို့ ရောက်ခဲ့ သည်။

တော်ဘုရားသည် ငယ်စဉ်ကတည်းက ပြေးခုန်ပစ်ကစား ၀ါသနာပါခဲ့၍ အစုံကစားခဲ့သည်။ သို့ကြောင့်ဟုထင်သည်။ ယခုထိ ကိုယ်ခန္ဓာတောင့်တောင့်တင်းတင်းနှင့် ကျန်းမာလျက်ရှိပါသည်။ ယခုလည်း တော်ဘုရား က အငြိမ်နေတတ်ပါ။ ခြံထဲဆင်းပြီး သစ်ပင်၊ ပန်းပင်များကို တူးဆွနေတုန်းပင်ဖြစ်သည်။ ခြံဝင်းတွင်းမှာပင် လမ်းလျှောက် သည်။ ပြင်ဦးလွင်ရာသီဥတုကလည်း ကောင်းသဖြင့် တော်ဘုရားကျန်းမာ၍ သက်တော်ရှည် နေပုံရပါသည်။ တော်ဘုရားသည် အချိန်မှန် မှန်စား၍ အချိန်မှန်မှန်အိပ်သည်။

သူနှင့် မတည့်သောစာမှန်သမျှ မစားပါ။ နံနက် (၇)နာရီလောက် တွင် ကော်ဖီသောက်သည် (၉)နာရီလောက်တွင် မုန့်အနည်းငယ်စားသည်။ နေ့လယ်စာကို (၁၂) နာရီခွဲနျင့် (၁)နာရီအကြားတွင် စားပါသည်။ နေ့လယ်နေ့ခင်း၌ အချိန်မှန်မှန် အိပ်သည်။ သို့ကြောင့် တော်ဘုရားထံ ဖုန်းဆက်လျှင် နေ့ခင်းဘက် ၌ အလိုက်သိစွာ မဆက်ပါ။ ညနေ (၃)နာရီခွဲနှင့် (၄)နာရီကြားတွင် လက်ဖက်ရည်နှင့် မုန့်စား သည်။ ညစာ ကို ည(၇)နာရီမှာစားသည်။ ထွေထွေထူး ထူး မစားပါ။ ဆန်ပြုတ်ဖြစ်စေ၊ ခေါက်ဆွဲပြုတ်ဖြစ်စေ အစာ ကျေလွယ် သည့် အာဟာရကိုသာစားသည်။
(၂၀၀၈)ခုနှစ်၊ သြဂုတ်လတွင် တော်ဘုရားနှင့် တွေ့ကြသောအခါ သစ်တောလမ်းမှ အိမ်ကြီးကို ရောင်းပြီး ပြင်ဦးလွင်အရှေ့ပိုင်းက မြေပဒေသာကွက်သစ်တွင် တိုက်အသစ်တစ်ဆောင် ကို ၀ယ်ထားသည်ဟု ပြောပြ ပါသည်။

" ကိုသန်းဆွေ ... ဒီနှစ်လာရင် လွဲနေမှာစိုးလို့ မပြောင်းသေးတာ၊ အောက်တိုဘာလထဲမှာ အိမ် သစ်ကို ပြောင်းမယ် "
ဟု ပြောပြပါသည်။ သမီးကြီး စုဘုရားလေးက မုဆိုးမဖြစ်သွား၍ သူ့ခမည်းတော်နှင့်ပင် နေသည်။ အစ ကလည်း ခင်ပွန်းနောက် သို့ ခမည်းတော်ကို ထားခဲ့ပြီး လိုက်သွားလေ့မရှိပါ။ ခဏတစ်ဖြုတ်သာ လိုက်သွား တတ်သည်။ (၂၀၀၉)ခုနှစ်၊ သြဂုတ်လတွင် ပြင်ဦးလွင်သို့ ရောက်သောအခါ တော်ဘုရား၏ အိမ်တော်သစ်သို့ သွားရသည်။

ဆရာဝန် တစ်ဦးဆီမှ ဘိုဆန်ဆန်ဆောက်ထားသည့် တစ်ထပ်တိုက် ရှည်မြောမြောဖြစ်သည်။ အခန်းတိုင်း ရေချိုးခန်း၊ အိမ်သာတွဲလျက် ပါသည်။ တံခါးပေါက်များကလည်း အခုံးပုံစံ ခေတ်မီမီလုပ်ထားသည်။
ယခုတော့ မုဆိုးမသမီးကြီး မိသားစုနှင့် အပျိုသမီးငယ်တို့ဖြင့် မြေးမြစ်များပါ အိမ်တော်သစ်တွင် နေသည်။ တော်ဘုရား က (၂၂-၃-၁၉၂၄)ခု၊ ဘွားဖြစ်သဖြင့် ယခုအသက်တော် (၈၆)ရှိပြီ။

စာရေးသူ - မောင်သန်းဆွေ(ထားဝယ်)
ရုပ်ရှင်တေးကဗျာ - ၂၀၁ဝ ဒီဇင်ဘာလ ထုတ်
----------------------------------------------------------
>>>ဆက်ဖတ်ရန်>>> >>

Friday, November 5, 2010

ပန်းသတင်း (နိုဝင်ဘာ ၅)

အိမ်ကလေး ၃
စာရေးသူ - နေဝင်းမြင့်

မနက်ခင်း ကျွန်တော်လမ်းလျှောက်ထွက်တိုင်း သညအိမ်ကလေးနားက ဖြတ်ရသည်။ အိမ်ကလေး ဆိုသော် လည်း ခေတ်ဟန် တိုက်တစ်လုံးဖြစ်သည်။ ကျွန်တော်လမ်းလျှောက်သော တာရိုးကမြင့်ပြီး ထိုတိုက်အိမ်က ခပ်လှမ်းလှမ်းအနိမ့်ထဲမှာ ရှိနေခြင်းဖြစ်၏။ သုတ်ထားသည် ဆေးရောင်က "မနက် ခင်း၏ ကျက်သရေ" ဟု ခေါ်သည့် မီးခိုးဖျော့ရောင် ဖြစ်သည်။ တံခါးတွေ၊ ပြတင်းတွေ အားလုံးပိတ် ထားသော်လည်း တိုက်အိမ်၏ သစ်လွင်မှု က ကျန်နေသေးသည်။ အိမ်ပတ်လည်မှာ ကျွန်ပင်တွေ စိုက်ထားသဖြင့် ရပ်ကွက်က ကျွန်တော်အိမ် ဟု ခေါ်ကြသည်။ အိမ်ရှေ့မှာ စိန်ပန်းပင်ကြီး တစ်ပင် ရှိသဖြင့် တိုက်အိမ်၏ လေသာဆောင် ကို စိတ်ပန်းကိုင်းတွေ တိုးဝင်နေသည်။

"သည်တိုက်အိမ်ကလေးမှာ အရင်က သစ်တောအရာရှိကြီး တစ်ယောက်နေခဲ့တာ။ မနက်ခင်းဆို ရင် ခွေးတစ်ကောင် နဲ့ လမ်းလျှောက်နေကျ။ လမ်းလျှောက်တုတ်ကြီး ၀င့်ဝင့်လျှောက်တာရယ်၊ ခါးမှာ စစ်သုံးခါးပတ်ပြားကြီး ပတ်ထားတတ်တာရယ်ကြောင့် လူတွေက ဘုမသိဘမသိ တော်အုပ်ကြီး လို့ ခေါ်ကြတယ်။ သူ့မိန်းမက သိပ်ချောတာပဲ၊ တောအုပ်ကြီးနဲ့ မလိုက်ဘူး"
တစ်ရက် လမ်းလျှောက်ရင်း ဇနီးသည်က ပြောပြခြင်းဖြစသည်။ သည်အဖြစ်အပျက်က ကြာပြီဟု ဆိုသည်။ သည့်နောက်ပိုင်း ဇာတ်လမ်းကတော့ သိပ်ပြီးမရေရာသည့် ဇာတ်လမ်းမျိုးသာ ဖြစ်သည်။ တစ်ရက်မှာတော့ တော်အုပ်ကြီး ၏ဇနီး မိန်းမချော ရုတ်တရက် ကွယ်လွန်ခဲ့သည်ဟု ဆိုသည်။

သည့်နောက်မှာ တောအုပ်ကြီးက တပည့်ဖြစ်သူ ချောင်းခေါင်းလင်မယားကို ထားရစ်ကာ အဝေးသို့ ထွက်ခွာ တာလည်း ပါသည်။ မကြာမီ ချောင်းခေါင်းလင်မယားလည်း တိုက်ကို သော့ခတ် ပြီးရွာပြန်ကြပြီး ကတည်းက ပြန်ရောက်မလာတော့တာလည်း ပါသည်။
"ဒါက အစိုးရပိုင်အိမ်ပဲ၊ တခြားအရာရှိတွေ မထားတော့ဘူးလား၊ နေရာက ခုမှသာ စည်ကားလာ တာလေ။ ဟိုတုန်းက သည်ဘက်ကို တော်တန်ရုံကိစ္စနဲ့ လာကြတာမဟုတ်ဘုး။ သည်တာရိုးကြီးက ဟိုတုန်းက မြစ်နဲ့ ပိုနီးတာ ဆိုတော့ သည်ဘက်မှာ လမ်းရယ်လို့ မရှိခဲ့ဘူး"

ကျွန်တော့်စိတ်ထဲမှာ သည်ဇာတ်လမ်းသည် ထူးခြားမနေသော်လည်း လမ်းလျှောက်တိုင်း သည်တိုက်အိမ်ကို မြင်ရ၊ မြင်ရတိုင်း ဇာတ်လမ်း အကြမ်းထည်ကို သတိရ၊ သတိရတိုင်း သိချင်စိတ် ကလေး 'လူ'လာတတ် တာတော့ ရှိပါသည်။ တစ်ညတော့ တာရိုးစောင်း မေးတင်ထားသည် မီးကင်း ထဲမှာ ကျွန်တော် သွားထိုင် သည်။ ထိုညက အိက်စပ်ပူလောင်လွန်းလှသည့် ညဖြစ်ပါသည်။ လေသည်ပင် ကမ္ဘာလောကနှင့် ဝေးရာ အရပ် သည် ခရီးလွန်နေပုံမျိုး။ လရောင်ကတော့ ရှိ၏။ ကင်းသမားကြီး ဦးကြီးဖေကို မက်ဒလင်ကလေး ဘေးချကာ ကျွန်တော့်ကို ရေးနွေးငှဲ့ပေးသည်။ သည်ကင်းသမားကြီးက အအိပ်အနေ နည်းသည်။ ၀ါသနာ ပါဟန် တူသည့် မယ်ဒလင် ကလေးကို ဂျောင်ဂျောင်ဂျင်ဂျင် တီးနေတတ်သူ ဖြစ်၏။

"ဦးကြီးဖေက ၀န်ထမ်းဟောင်းလား"
"သစ်တော ထွက်ပေါ့ဗျာ၊ သစ်တောထွက်ဆိုပေမဲ့ ကျွန်း၊ ပျဉ်းကတိုး ထဲက မဟုတ်ပါဘူးဗျာ၊ ဒီဒူး လက်ပံလောက်  ပါ"
သူ့စကား ကို ကျွန်တော် သဘောကျသွားသည်။ သည်လိုနှင့် သစ်တောထွက် ကင်းသမားကြီးနှင့် ကျွန်တော် စကားတွေပြောဖြစ် ကြသည်။ တောခေါင်းကြီး၏ တိုက်အိမ်အကြောင်းလည်း အကြောင်း တိုက်ဆိုင် စွာ ပါလာခဲ့၏။

"အဲသည့်တိုက်က အင်မတန် သရဲခြောက်တယ်လို့ နာမည်ကြီးတာကိုဗျ။ တော်ခေါင်းကြီးမိန်းမက မကျွတ်ဘူး ပြောကြတာပဲ။ တချို့က လေသာဆောင်ကို ထိုးဝင်နေတဲ့ စိန်ပန်းပွင့်တွေကို ခူးနေတာ တွေ့ကြ သတဲ့" ကျုပ်တောင် တာဝန်နဲ့ အဲသည့်နား အစောင့်ကျဖူးတယ်။ မတွေ့ခဲ့ပေါင်ဗျာ"
"ဌာန က နောက်ထပ်ဝန်ထမ်းတွေ မထားတော့ဘူးလား"

"အစိုးရပဲဗျာ ဘာအယုံအကြည်ရှိလိမ့်မလဲ၊ ထားတာပေါ့။ ခက်တာက အစိုးရကို ခြောက်တာ မဟုတ်ဘူးဗျာ။ နေတဲ့လူကို ခြောက်တာဆိုတော့ သိပ်ကြာကြာမနေကြဘူး"
ဦးကြီးဖေ ပြောစကားအရ သည့်နောက်ပိုင်း ပိတ်ထားလိုက်ရတာကပဲ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာခဲ့ပြီ ဆို၏။ ကျွန်တော့်ဇနီး၏ အမှတ်သညာနှင့် မကွာလှပါ။ ဦးကြီးဖေက သည်တိုက်ကလေး ဆောက်စက 'သာက၀န်' ဟု အမည်ပေးခဲ့ကြောင်း ပြောပြနေသည်။ သာက၀န၊ ကျွန်းတောဆိုသည့် အဓိပ္ပာယ်။ သို့သော် သာက၀န် လို့ မခေါ်ကြဘဲ ကျွန်ေးတ်ာအိမ်လို့သာ ခေါ်ခဲ့ကြတာ ကျွန်တော် ပြောခဲ့ပြီ။
"တိုက်ကြီး ဘယ်လောက်ကောင်းကောင်း လူမှမနေ၀ံ့ရင် ဘာလုပ်မလဲဗျာ၊ ကျုပ်ရဲ့ ဟောသည့် ကင်းတဲကမှ ကျက်သရေ ရှိသေးတယ်"

ကင်းတဲက ပြန်တော့ ကျွန်တော့်မှာ တွေးစရာတွေ ရခဲ့သည်။ တွေးစရာဆိုတာထက် သတိရစရာဟု ဆိုနိုင်ပါသည်။ ကျွန်တော်ငယ်ငယ် ၀န်းထမ်းဘ၀က နယ်မြို့ကလေးတစ်မြို့သို့ တာဝန်ဖြင့် ရောက်ခဲ့ ရသည်။ တာဝန်ဖြင့် ပြောင်းရွှေ့ရတာ မဟုတ်သော်လည်း မိခင်ဌာနအတွက် လိုအပ်သော ကုန်ကြမ်း တစ်မျိုး ကို သည်နယ်မြို့ ကလေးမှတစ်ဆင့် ပို့ပေးရသည့်အတွက် နှစ်ပေါက်နေဖို့ ဖြစ်လာသည်။ ရောက်စက ကုန်ကြမ်းကောက် ပေးသည့် ပွဲစားများနှင့်အတူ နေခဲ့သော်လည်း ရေရှည်မှာ မကောင်းနိုင် သဖြင့် အိမ်ငှားရ တော့သည်။

ကျွန်တော်က သီးခြားနေချင်သည်။ မြို့ကလေးနှင့် ဝေးချင်သည်။ စာရေးစာဖတ်ရင်း တာဝန် ထမ်းဆောင် ချင်သူ ဖြစ်သည်။ ကျွန်တော်သည်ပင် တပည့်သာသာ ၀န်ထမ်းဆိုတော့ ကျွန်တော့်အတွက် တပည့် ဆိုတာ ကို မမျှော် လင့်နိုင်။ သည်တော့ ကိုယ်တိုင် ချက်ရ ပြုတ်ရသည်။ နေ့လယ်ခင်း မြို့ထဲမှာ ရှိနေသောလည်း လမ်းလျှောက်ပြီး ထမင်းပြန်စားသည်။ တစ်ရေးတမော်အိပ်၊ စာကလေးဖတ်ပြီး နှစ်ချက်ထိုးလောက် မြို့ထဲပြန်၊ ညနေမှောင်မှ တစ်ခုခုဝယ်ကာ ပြန်လာတတ်မြဲ ဖြစ်သည်။ ကျွန်တော့်ကို ငှားပေးသည့် အိမ်ကလေးက မြို့နှင့်လှမ်းသောလည်း အနီးက ရွာတန်းရှည်ကလေးနှင့်တော့ အဆက်အစပ် ရှိသည်။ သည်အိမ် ကို ငှားတော့ ပွဲစား ကိုကောင်း ပါသည်။

"အိမ်ကလေးက ခင်ဗျားကြိုက်မှာပါ။ သစ်သားအိမ်၊ ပျဉ်ကာ၊ သွပ်မိုး၊ ကြမ်းခင်းနှစ်ထပ်ဗျ၊ ခွေးကတက် ဖိနပ်ချွတ်က တစ်ထပ်၊ ပြီးမှ အိမ်မ ကြမ်းခင်းပေါ် တက်နိုင်တာ။ ပြီးတော့ ကိုယ့်ဝင်း ကိုခြံကလေးနဲ့ဗျ။ ၀င်းတံခါးကလည်း သော့နဲ့၊ အိမ်ကလည်း သော့နဲ့။ ရေချိုးဖို့ အုတ်ကန် ကလေးရှိတယ်။ ဘူးစင် ကလေး တောင် ရှိသေးတယ်"
အိမ်လခ၊ အိမ်၏အကျယ်အ၀န်း၊ နှစ်ဦးနှစ်ဖက် ညှိနှိုင်းရမည့် အချက်များ၊ ရေးမီးကိစ္စ၊ စပေါ်အပျောက် စသည့် အချက်အလက်များကို မပြောဘဲ သော့၊ အုတ်ကန်၊ ဘူးစင်အကြောင်းသာ ပြောနေသည်။ မေးကြည့်တော့ ရေက မနက်ခင်း ရေထမ်းသမားက အုတ်ကန်ထဲ ထည့်ပေးသည်။ မီးမရှိ။ စပေါ် အပျောက် မရှိတာထား၊ အိမ်လခပင် ပေးစရာမလိုဟု ဆိုလေသည်။

"သည်အိမ်က တရားသူကြီးတစ်ယောက်ရဲ့ အိမ်။  အိမ်မှာ လူမရှိဘူး။ မိန်းမသေပြီးကတည်းက တာဝန် ကျရာ နယ်မှာပဲ နေတော့တာ။ အိမ်မပျက်စီးအောင် လူနေရင် တော်ပြီတဲ့။ တရားသူကြီး အမျိုးတွေ ရွာထဲမှာ ရှိတယ်။ ခင်းဗျားဆိုရင် အရှုပ်အရှင်းမ၇ှိနိုင်လို့ ထားချင်တယ်လို့ ပြောတယ်"
ဤသို့ အားဖြင့် ကျွန်တော် သည်အိမ်ကို ရောက်လာခဲ့သည်။ ၀င်းထဲမှာ မြက်ပင်က ရှည်လှပြီ။ အိမ်ကလေး ကတော့ တော့်တော့်ကို သစ်လွင်ပါသေးသည်။ မျက်နှာကြက်မပါသဖြင့် အိမ်မိုး သွပ်တွေကို မြင်နေရသည်။ အိမ်မျက်နှာ မှုသည့် အတိုင်းဆိုလျှင် ဘယ်ဘက်မှာ မိးဖိုချောင် အဆောင်နှင့် တွဲထားသည်။ အိမ်ကြမ်းခင်း တွေမှာတော့ ဖုန်တွေ တင်းကျမ်း။ ဘုရားစင်ပေါ်မှာ ညောင်ရေအိုးတစ်လုံး ရှိနေကာ ပန်းခြောက်တွေက ကြွပ်ရွ နေ၏။ အိမ်ရှေ့ဧည့်ခန်းကလည်း တစ်ပြင်တည်း အလျားရှည်ကြီး ဖြစ်သည်။

အတွင်းခန်းလို့ ပြောနိုင်သည့် သုံးထပ်သားကန့် အခန်း ထဲမှာတော့ အိပ်ရာခေါင်းအုံးတွေ ရှိနေပြီ ခေါက်ခေါက် သိမ်းသိမ်းမဟုတ်။ ဖုန်တသောသော။ အိပ်ရာတွေ ခင်းဖြန့်ထားပုံက ထူးဆန်းနေသည်။ မိုးဖိုးချောင် ကို ၀င်ကြည့်ကြတော့ ဆန်အိုးထဲမှာ ဆန်တွေ ရှိသော်လည်း ပိုးထိုးလောက်ကိုက်။ သစ်သားမီးခြစ် ကလေးက မီးဖိုဘေးမျာ။ အဆန်တွေ အတော်များများ ကျန်သေးသည်။ ချိတ်ထားသည့် မှန်အိမ်ထဲ မှာ ရေနံဆီ တစ်ဝက်။ မှန်အိမ်ပြောင်း ကမည်းညစ်နေသည်။ မီးသွေးတွေကတော့ မြင်မကောင်း အောင် ပြန့်ကျဲနေ၏။ နံရံစင်ပေါ်မှာတော့ အိုးတွေရှိသည်။ အိမ်ရှေ့သံဆန်ခါကွက်မှာ ချိတ်ထားသည့် နတ်စင် သေးသေးက ဘယ်နတ်ကို ညွှန်းလေ သည်မသိ။

ကိုကောင်း၏ တပည့်များက တစ်အိမ်လုံး သန့်ရှင်းပေးကြသည်။ တစ်ယောက် ရေးထမ်းပြီး တစ်ယောက် တဝေါဝေါ ဆေးချသည်။ "ညစ်ပတ်လိုက်တဲ့ တရားသူကြီးနှယ်" လို့လည်း ညည်းကြ သေးသည်။ ကျွန်တော် က ဧည့်ခန်းသုံးထပ်သား အကန့်တွေပေါ်က ဓာတ်ပုံကြီးသုံးပုံကိုသာ စိတ်ဝင်စား နေမိသည်။ အမျိုးသမီး သုံးယောက်။ နှစ်ယောက်က ၆၀ကျော် ၇၀ကျော် အမယ်အိုများ။ တစ်ယောက်ကတော့ ငယ်သေး ချောသေး သည်။ သွားတက်ကလေးပေါ်အောင် ပြုံးထားသည့် အပြုံးက ချစ်ခင်ဖွယ် ကောင်းသည်။ တရားသူကြီး၏ ကွယ်လွန်သူ ဇနီးဟု ဆိုသည်။
"အဘွားကြီးနှစ်ယောက်က တရားသူကြီးရဲ့ အမေနဲက ယောက္ခမဗျ။ ဒါကတရားသူကြီး ကတော်။ သိပ်ကို ငယ်သေးတာ။ ဒေါ်မြသန်းကြည်တဲ့။ ထူးဆန်းတာက သုံးယောက်စလုံး အဆုတ်ရောဂါနဲက သေကြတာ။ သားသမီး တော့မပေါ်ခဲ့ဘူး"

ကိုကောင်း ပြောပြတော့မှ ကြက်သီးထသွားသည်။ အမျိုးသမီး သုံးယောက်စလုံးက ကျွန်တော့်ကို ကြည့်နေ ကြသည်။ ဓာတ်ပုံအရိုက်ခံကြ စဉ်က ကင်မရာမှန်ဘီလူးကို ကြည့်ကြသဖြင့် သည်လိုဖြစ် နေမှန်း ကျွန်တော် သိပါသည်။ သို့သော် ဓာတ်ပုံထဲက အကြည့်တွေက ကျွန်တော်ကို အကဲခတ်နေ ကြပုံမျိုးဖြစ်သည်။ ဒေါ်မြသန်းကြည်က ပိုဆိုးသေးသည်။ ဓာတ်ပုံကသာ ပြုံးနေသော်လည်း "ရှင်က ဘာကိစ္စ သည်အိမ်ပေါ် လာချင်ရတာလဲ ဆိုသည့် အကြည့်မျိုး ဖြစ်နေသည်။ ဓာတ်ပုံကြီးတွေက သုံးပေခွဲနှစ်ပေခွဲ ဆိုက်ကြီးတွေ။ မောက်တပ်ထားပြီး မောက်အောက်ခြေမှာ အမည်၊ မွေးဖွားသည့် ရက်၊ ကွယ်လွန်သည့်ရက်တွေ ဓာတ်ပုံတိုင်း မှာ ပါတာ သတိထားမိပါသည်။"

ကိုကောင်းက အတွင်းအိပ်ခန်းတစ်ခြမ်းကို ကန့်လန့်ကာဟောင်း တစ်ချုပ်နှင့် ကာလိုက်ပြီး ဓာတ်ပုံကြီးများ အပါအ၀င် စုံစီနဖာ အားလုံး ထိုအခန်းထဲ ထိုးသိပ်ထည့်ပေးသည်။ ဧည့်ခန်းအလယ်မှာ လူတစ်ရပ်စာ မြင့်သည့် ကျွန်းဗီရိုတစ်လုံး ရှိသည်။ အကန့်လေးကန့်ပါ သည်။ အကန့်တိုင်းမှာ စာအုပ်တွေ၊ ဥပဒေ ကျမ်းတွေ၊ မဂ္ဂဇင်းတွေ၊ ဖိုင်တွေ ရှိနေတာ မှန်ချပ်များက တစ်ဆင့် မြင်နေရသည်။ အကန့် လေးကန့်ဆိုတော့ တံခါးနှစ်ချပ်အတွက် အကန့်ရှစ်ကန့်။ တစ်ကန့်မှာက ဒေါ်မြသန်းကြည်၏ ဓာတ်ပုံ တစ်ပုံ အတွင်းက ကပ်ထားသည်။ မှန်ကွက်နှင့် ကွက်တိ။ ကျန်မျန်ကွက်များမှာတော့ ဘာမှမရှိသဖြင့် စာအုပ် တွေကို မြင်နေရခြင်းဖြစ်သည်။ ကိုကောင်းက ရုံးသုံးစက္ကူဖြူ ရှစ်ရွက်ကို ကော်သုတ်ပြီး မှန်ကွက် တွေပေါ် က ကပ်ပေးသည်။

"ဗီရိုက သော့ခတ်ထားတော့ အထဲက ဓာတ်ပုံကို ခွာလို့မရဘူးဗျ မှန်ပေါ်က စက္ကူကပ်လိုက်တော့ သပ်ရပ် သွားတာ ပေါ့၊ စာအုပ်တွေနဲ့ဆိုတော့ ဗီရိုကို ရွှေ့ဖို့လည်း ခက်တယ်"
သူပြောတာ မှန်ပါသည်။ ဗီရိုအတွက် ကျွန်တော့်မှာ ကျဉ်းကပ်မသွားပါ။ တစ်ယောက်တည်း ဆိုတော့ အိမ်က ကျယ်လွန်း နေသေးသည်။ ကျွန်တော့် သေတ္တာကလေး၊ အစက်ချိန်သုံးလေး ချောင်း၊ စာအုပ်တချို့၊ သောက်ရေအိုး တစ်လုံး၊ ဖျာတစ်ချပ်၊ ခေါင်းအုံးတစ်လုံး ရောက်လာတော့ ပြည့်စုံသွားသည်။ ပက်လက် ကုလားထိုင် ကလေးကိုတော့ ဘူးစင်ရိပ်မှာ ချလိုက်သည်။ ရေကရေထမ်းသမားကို သုံး၊ မီးက ဖယောင်းတိုင် ကို သုံး။

တံမြက်စည်းက သည်အိမ်က အဟောင်း။ ဟန်ကျသွားပြီ။ သို့သော် ကျွန်တော့်အဖို့ ဆန်းနေသည့် အချက်မှာ အိမ်လခမပေး ရခြင်းနှင့် မည်သူကမှလည်း လာရောက် မစပ်စုကြခြင်းဖြစ်သည်။ တရားသူကြီး ၏ အမျိုးဆိုသူ တွေပင် မလာကြ။ တစ်ပတ်လောက်နေတော့ ခြံဘေးအိမ်က ဘကြီးပွား မိသားစုနှင့် ခင်မင်သွား သည်။ ဘကြီးပွား အိမ်ထောင်သည်က ဘူးစင်အောက် စာဖတ်နေတတ်သည့် ကျွန်တော့်ကို ပဲပြုတ် ဆီဆမ်း ကလေး၊ လက်ဖက်ကလေး လာပေးတတ်၏။ တစ်ခါတစ်ခါတော့ နှီးဖျာနေသည့် ဘကြီးပွား ထံရောက်သွား တတ်၏။
"အရေးအကြောင်းဆို ခေါ်ကွ၊ မင်းရှေ့က ငှားနေတဲ့ မိသားစု ခြောက်စုလောက်လည်း သည်လို ပြောင်း ရတယ်။ သိပ်မခံကြဘူးကွ၊ ပြေးကြတာပဲ"

ဘကြီးပွားက ကျွန်တော့်ကို အိမ်ထောင်ရှိသလား မေးသည်၊ နေရတာ အဆင်ပြေရဲ့လား မေးသည်။ ခြံရှေ့ နောင်ပို့နားက ထွက်လာတတ်သော ခွေးနက်တစ်ကောင်ကို မြင်ပြီးပြီလား မေးသည်။ ဘုရားပန်းလဲဖို့ ရတနာသုံးပါးဆည်းကပ်ဖို့ ပြောတတ်သည်။ ကျွန်တော်က မနက်ခင်း စောစော ထမင်းတစ်လုံးတည်ကာ နေလယ် ပြန်လာမှ မြို့ထဲက ဟင်းဝယ်လာတတ်သည်။
တစ်ရက် မှာတော့ သတိထားမိတာတစ်ခု ရှိလာသည်။

အိမ်တံခါးသော့ဖွင့်လိုက်သည်နှင့် ကြမ်းပေါ် မှာ စက္ကူတစ်ရွက်ကျနေတတ်ကာ ထိုစက္ကူမှာလည်း မမြသန်းကြည် ၏ ဓာတ်ပုံကပ်ထားသည့် မှန်ချပ်က စက္ကူလိုလိုချည်း ဖြစ်နေသည်။ တစ်ရက်မဟုတ်။ နှစ်ရက် မဟုတ်။ တခြားစက္ကူတွေက မကွာ။ သည်တစ်ချက်တည်း ကွာတာဆိုတော့ ကျွန်တော်ကလည်း ကော်ကလေး ပြန်သုတ်၊ ပြန်ကပ်။ နောက်တစ်နေ့ တံခါးဖွင့်ကြည့်တော့ ကြမ်းပေါ်မှာ။ ဓာတ်ပုံကလေးက မှန်အတွင်း ထဲကနေ ကျွန်တော့်ကို ပြုံးပြမြဲ။ တစ်ညတော့ အိပ်မက်မက်သည်။ အမျိုးသမီး တစ်ယောက် ကျွန်တော့် ခြေရင်း မှာ ရပ်နေသည်။ သွားတက်တွေက ညအမှောင်ထဲမှာ လက်ခနဲ။

"ကျွန်မကို စက္ကူနဲက မကာနဲ့လေ၊ ကျွန်မ မကြိုက်ဘူး"
အိပ်ရာက နိုးတော့ ချွေးတွေ ပြန်နေသည်။ သံဆန်ခါကြားက လရောင်ကို မြင်နေရသည်။ သွပ်မိုး ပေါ် နှင်းကျသံ က ဖြိုးဖြိုးဖြောက်ဖြောက်။
တစ်ခါတော့ သေတ္တာပေါ်တင်ထားသည့် ကျွန်တော့်နာရီကလေး မနက်မိုးလင်းတော့ မတွေ့။ ရှာသော် လည်း ဘယ်မှာမျ မတွေ့တော့ အံ့သြ ရသည်။ နာရီတစ်လုံး ၀ယ်လိုက်ရတော့သည်။ နောက်တစ်ပတ် လောက် ကြာတော့ အိမ်မက်မက်ပြန်သည်။ အမျိုးသမီးတစ်ယောက်နှင့် ကျွန်တေ် ဘူးစင်အောက်မှာ စကားတွေ ပြောနေသည်။

"နာရီကလေး ကို နှမြောနေတယ် မဟုတ်လား။ ကျွန်မ စထားတာပါ၊ ပြန်ပေးမယ်"
တကယ်လည်း ပြန်တွေ့ခဲ့သည်။ တစ်ညမှလည်း ဖိနပ်ချွတ်နှင့် အိမ်မကြီး ကြမ်းပြင်ကြား ဟနေသည့် နေရာမှာ ခွေးနှုတ်သီးမည်းမည်းကို မြင်လိုက်ရတော့ တံမြက်စည်းနှင့် ရိုက်ချလိုက်ရ သည်။ ကန့်လန့်ကာကြီး ကာထားသည့် တိုလီမုတ်စအခန်းဆီမှ ပစ္စည်းရှာသံ၊ ခြေလျှောက်သံတွေ ကြားရတာ ကလည်း ခဏခဏ။ တစ်ရက်တော့ သည်အိမ်က ပြောင်းရဖို့ဖြစ်လာခဲ့သည်။ ကြီးမားသလောက် တောင့်တင်း လှသော သွပ်မိုးပျဉ်ကာ အိမ်ကြီးကို ဆင်နှင့် အောင်းနေသလို တသိမ့်သိမ့် လှုပ်ခါနေတာကို ကျွန်တော် မခံနိုင်တော့ ၍ ဖြစ်သည်။ ကိုကောင်းနှင့် ဘကြီးပွားက ကျွန်တော့် ပစ္စည်းကလေးတွေ ပြန်သိမ်း ပေး ကြသည်။

"တရားသူကြီးက နယ်မှာနောက်အိမ်ထောင် ပြုလိုက်ပြီဆိုတဲ့ သတင်းရောက်လာကတည်းက သည်အိမ်ဟာ ထူးခြားလာတာပဲ။ သည်အိမ်က ၀ယ်မယ့်သူလည်း မရှိဘူး၊ ငှားမယ့်သူလည်း မရှိဘူး၊ ရောက်လာသမျှလည်း မမြဲကြဘူး။ မိန်းမသုံးယောက် ဓာတ်ပုံတွေကို ပြန်ချိတ်ပေးလိုက် ကြပါကွာ၊ သူတို့ပဲ နေကြပါစေတော့........."
သည် အဖြစ် အပျက်က ပြောလျှင် ယုံလောက်စရာမရှိသော ကျွန်တော့်ကိုယ်တွေ့ဖြစ်သည်။

ဤသို့ ဆိုသဖြင့် လောက၌ တစ္ဆေသရဲတို့သည် ရှိကုန်၏ဟု ကျွန်တော်မဆိုဝံ့ပါ။ သို့သော် ပြင်းပြသော မိန်းမသားတို့၏ ချစ်ခြင်းမေတ္တာကိုတော့ လျစ်လျူမရှုသာ။ တောအုပ်ကြီး၏ ဇနီးသည် လည်းကောင်း၊ တရားသူကြီး၏ ဇနီးသည်လည်းကောင်း ထိုအိမ်များ၌ ရှိနေသည်ဆိုလျှင်ပင် မည်သို့ကိုမျှ ထိခိုက်စရာမရှိ။ သို့သော် အိမ်ကလေးတွေကို ထိခိုက်နေသည်။ တစ်ပါးသော ပယောဂကြောင့် မဆီမဆိုင် အိမ်ကလေး တွေ မှာ ပြစ်ဒဏ်ကျခံနေရသည်။

သည်အကြောင်းကို ညကျလျှင် ကင်းသမားကြီး ဦးကြီးဖေကို ပြောပြရဦးမည်။ ထုံးစံအတိုင်း အိမ်ကြီး တိုက်ကြီး ဘယ်လောက်ကောင်းကောင်း လူမှမနေ၀ံ့ရင် ကျုပ်ကင်းတဲလောက်တောင် ကျက်သရေ မရှိဘူး လို့များ ဆိုနေလေမလား။ တကယ်တော့ အိမ်ကလေးတွေ မှာ အပြစ်မရှိ။

နေဝင်းမြင့်
.
>>>ဆက်ဖတ်ရန်>>> >>