Showing posts with label ပန်းသတင်း (၂ဝ၁၁). Show all posts
Showing posts with label ပန်းသတင်း (၂ဝ၁၁). Show all posts

Friday, December 30, 2011

မောင်သန်းဆွေ (ထားဝယ်) ၏ စကားမိဖုရားနှင့် ဘိုင်ဆပ်

စကားမိဖုရားနှင့် ဘိုင်ဆပ်
မောင်သန်းဆွေ (ထားဝယ်)

စကားမိဖုရားဆိုသူမှာ ကုန်းဘောင်ဆက် န၀မဘုရင် ပုဂံမင်း၏ မိဖုရားတစ်ပါး ဖြစ်သည်။ ဘိုင်ဆပ် ဆိုသူ ကလည်း ထိုဘုရင်လက်ထက်တော်မှ မြို့ဝန် ဖြစ်၏။ စကားမိဖုရားနှင့် ဘိုင်ဆပ်တို့၏ ပြဿနာကို စာရေးသူ အား အန်တီခင် (စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေး)က ပြောပြခဲ့ခြင်း ဖြစ်၏။

စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေး ရေးသည့် ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး စာအုပ်တွင် ပုဂံမင်းလက်ထက် တော် မိဖုရားများစာရင်း၌ ဖော်ပြထားသည်မှာ ပထမနန်းရဆောင်ရ မိဖုရားကြီးများ စာရင်းတွင် မိဖုရား ခေါင်းကြီး ဖြစ်သူမှာ ဘေးတော်ဖြစ်သော ပဒုံမင်း၏သားတော် မက္ခရာမင်းသားကြီး၏ သမီးတော် သီရိသုရတနာပဘာဒေ၀ီ ဖြစ်သည်။ ရွှေဘိုမင်းတရားကြီး ကိုယ်တော်တိုင် သားတော် ပုဂံမင်းကို မင်းသား ဘ၀ တွင် ထိုမင်းသမီးနှင့် လက်ထပ်ပေးတော်မူခဲ့ခြင်း ဖြစ်၏။ သီရိတိလောက မဟာရတနာဒေ၀ီ ဘွဲ့မည် ဖြင့် ပြည်မြို့၊ တောင်ငူမြို့တို့ကို အသုံးခံ ကျွေးပေး၍ မိဖုရားခေါင်းကြီးအရာ တောင်နန်း တင်တော်မူခြင်း ဖြစ်၏။

မြောက်နန်းတော်မိဖုရား သီရိတိလောက အတုလရတနာဒေ၀ီမှာ မင်္ဂလာအိမ်တော်ပါ စလင်းမြို့စား ဖြစ် သည်။ အနောက်နန်းမိဖုရား သီရိသုရတနာမင်္ဂလာဒေ၀ီမှာ မင်္ဂလာအိမ်တော်ပါ မြတောင်မြို့စား မိုးညှင်း မင်းသမီး ဖြစ်သည်။
တောင်ဆောင်တော်မိဖုရား သီရိရတနာစန္ဒမဟေမှာ မင်္ဂလာအိမ်တော်ပါ တလုပ်မြို့စား ဖြစ်သည်။ မြောက်ဆောင်တော် မိဖုရား သီရိရတနာနန္ဒာမဟေမှာ မင်္ဂလာအိမ်တော်ပါ ရမည်းသင်းမြို့စား ဖြစ်သည်။
တောင်ရွှေရေးဆောင် မိဖုရား သီရိသုစန္ဒာနန္ဒာမဟေမှာ မင်္ဂလာ အိမ်တော်ပါ မိုးကောင်းမြို့စား ဖြစ်သည်။ မြောက် ရွှေရေးဆောင်မိဖုရား သီရိသုပဘာစန္ဒာမဟေမှာ မင်္ဂလာအိမ်တော်ပါ ကျပင်းမြို့စား ဖြစ်သည်။

အထက်ပါ နန်းရဆောင်ရ မိဖုရားကြီး ရှစ်ပါးအပြင် ပုဂံမင်းတွင် အခြားမြို့စား မိဖုရား ခြောက်ပါးရှိသေး သည် ဟု ဒဂုံခင်ခင်လေးက ဖော်ပြထားသည်။

၁။ မိုင်းလုံမြို့စားကို သီရိကေသာ မလ္လာမဟေ။
၂။ စကုမြို့စားကို သီရိနန္ဒာမလ္လာ မဟေ။
၃။ မြန်အောင်မြို့စားကို သီရိသုတ ရတနာမဟေ။
၎။ ကာမမြို့စားကို သီရိသုမြတ်စွာ မဟေ။
၅။ ရွှေကူမြို့စားကို သီရိသုရတနာဝတီ။
၆။ ခဲပေါင်မြို့စားသမီးကို သီရသုရတနာမင်္ဂလာဝတီ။

အထက်ပါ မိဖုရားစာရင်းတွင် အန်တီခင်ပြောခဲ့သည့် စကားမြို့စား မိဖုရားအမည် မပါပါ။ အန်တီခင်ကို လည်း ကွယ်လွန်သွားပြီဖြစ်၍ မမေးနိုင်တော့ပါ။ သို့ဖြစ်၍ ကုန်းဘောင်ခေတ်များနှင့် ပတ်သက်ပြီး ရှေ့မီ နောက်မီ ဖြစ်သော အစ်ကိုကြီး ဦးစိန်မောင်ဦး (ရှေးဟောင်းသုတေသန-ငြိမ်း)ကို မေးရတော့သည်။ အစ်ကို ကြီးက အိမ်ရှေ့စံကနောင်မင်း၏ ကိုယ်လုပ်တော်များတွင် သားတော်သမီးတော် ထွန်းကားသူ များကိုသာ ဖော်ပြထား၍ သားတော်သမီးတော် မထွန်းကားသော ကိုယ်လုပ်တော်အမည်များကို မဖော်ပြခဲ့ကြောင်း၊ ထို့အတူပင် ပုဂံမင်း၏ မိဖုရားများတွင်လည်း သားတော် သမီးတော် မထွန်းကား သူများကို ဖော်ပြခဲ့ဟန် မတူဟု ဆိုပါသည်။

ပုဂံမင်း၏ နန်းရဆောင်ရ အဘယ်မြို့စား မိဖုရားမှ သားတော်၊ သမီးတော် မထွန်းကားခဲ့ချေ။ သို့ဖြစ်၍ အစ်ကိုကြီး ဦးစိန်မောင်ကို ပြောသကဲ့သို့ စကားမြို့စား မိဖုရားဆိုသူကို သားတော်၊ သမီးတော် မထွန်းကား ၍ မှတ်တမ်းတင်ခဲ့ဟန်မတူ ဆိုသော အဆိုအတိုင်း ယူဆ၍ မရပေ။
အန်တီခင် (ဒဂုန်ခင်ခင်လေး) သည် သူ့ရတနာပုံ၏ နိဒါန်းနှင့် နိဂုံး စာအုပ်တွင်လည်း စကားမိဖုရားအမည် ကို ဖော်ပြခဲ့လေရာ ပုဂံမင်းမိဖုရားများတွင် စကားမြို့စားမိဖုရားဟု ရှိခဲ့သည်မှာ ဧကန်ပင် ဖြစ်သည်ဟု ယူဆ ရပေမည်။

ပုဂံမင်းလက်ထက်မှ မြို့ဝန်ဘိုင်ဆပ် ဆိုသူအကြောင်းကိုလည်း ဖော်ပြရပေမည်။ ဤမြို့ဝန်သစ်ကြီးသည် အခြားမြို့ဝန်တို့အပေါ် ကျော်လွှား၍ တန်ခိုးထွားခဲ့သူဖြစ်သဖြင့် ပုဂံမင်းလက်ထက်တွင် နာမည်ကြီး ခဲ့ လေသူ တစ်ဦး ဖြစ်သည်။ ဘိုင်ဆပ်ဆိုသည်မှာ အမည်ရင်း မဟုတ်ပါ။ သူ၏ အမည်ရင်းမှာ "ဆေယက်ခန်" ဟု ခေါ်ကြောင်း သမိုင်းသုတေသီ ဗိုလ်မှူးမြင့်ဦးက စာရေးသူအား ပြောဖူးပါသည်။
ဘိုင် ဆိုသည်မှာ ကုလားစကားအရ "အစ်ကို" ဟု သဘောဆောင်ပါသည်။ သို့ဖြစ်၍ ဘိုင်ဆပ် ဆိုသည်မှာ "အစ်ကိုဆရာ" ဟု အဓိပ္ပာယ်ရသဖြင့် တမင်ပင် အထက်စီးဖြင့် ခေါ်စေခြင်း ဖြစ်ဟန်တူပေသည်။ ဘိုင်ဆပ် သည် ပုဂံမင်းလက်ထက်တွင်ပင် နိမ့်ကျသွားလေရာ သူ၏ အဆက်အနွယ်များသည် အတော်ပင် ဒုက္ခ ရောက်ကြ ရသည်။

သူ မတရားရှာဖွေခဲ့သော ပစ္စည်းဥစ္စာ ရတနာများကို ဘုရင့်အစိုးရက သိမ်းပိုက်ခဲ့သည်။ အမရပူရခေတ်မှ ပန်းစုံ ဗလီ (ယခုခေတ် ရှိမရှိ မသိပါ)တွင် သူ့ရတနာများ မြှုပ်နှံထားသည်ကို သတင်းရ၍ တူးဖော်ကြရာ မတွေ့ရ ဟု သိရပါသည်။ သူ့သမီး၏ ခင်ပွန်းမှာ အီဆပ်ဆိုသူ ဖြစ်ကြောင်း သို့သော် မြန်မာ အမည် မောင်မောင်ကြီး ဟုသာ ခေါ်ရကြောင်း သူဌေးဘွဲ့ရ ဗလီဒါယကာဖြစ်ကြောင်း၊ သီပေါမင်းတရား လက်ထက် တွင် ပြန်၍ကောင်းစားခဲ့ကြောင်း သီပေါမင်းတရား ညီလာခံနေရာတော်များတွင် အီဆပ်၏ နေရာ ဖော်ပြထားသည်ဟု သိရသည်။

မြို့ဝန်ဘိုင်ဆပ်နှင့်အတူ တန်ခိုး ထွားခဲ့သော မြို့စာရေး ဦးပိန် (ဦးပိန်တံတားကြီးကို ဆောက်ခဲ့သူ) ဆိုသူ မှာ တံတားကြီး၏ တစ်ဖက်ကမ်း၌ ရှိသော ဘုံးအိုးရွာသူကြီးမျိုး ဖြစ်သည်ဆို၏။ သူ၏မြစ် တော်လမန်ခေါ် ဦးထွန်းဦး လည်း ရွာသူကြီးပင် ဖြစ်ခဲ့သည်။ ထိုသူကို တောင်သမန်မှ ဆရာတော်ဦးပညာ၏ ဖခင်က မြင်ဖူး ခဲ့သည်ဟု ဆရာတော်က စာရေးသူအား ပြောပြခဲ့ဖူးပါသည်။
ပုဂံမင်း သည် ချိုး၊ ခါး၊ ကြက်၊ ငှက် စသော တိရစ္ဆာန်များကို မွေးမြူရန် ၀ါသနာထုံ၍ ထိုတိရစ္ဆာန်များအား တိုက်ခိုက်စေခြင်းဖြင့် လောင်းကစားပြုရန်လည်း ၀ါသနာကြီးလေသည်။ ဘိုင်ဆပ်သည် ဘုရင့် ချိုး၊ ခါ၊ ကြက်၊ ငှက် ကိစ္စဘက်တွင် အကျိုးတော်ဆောင် အမှုတော်ထမ်းကောင်းလွန်း၍ ဘုရင်နှင့် နီးစပ်ပြီး ကောင်းစား ခဲ့ခြင်း ဖြစ်သည်။

ချိုး၊ ခါ၊ ကြက်၊ ငှက် စသော သတ္တ၀ါတို့သည် မြေပိုး၊ မြေမွှားငယ်ကလေးများကို မြေတွင် ခြေနှင့်ယက်၍ ဖြစ်စေ နှုတ်သီးဖြင့် ပေါက်၍ ဖြစ်စေ ရှာဖွေစားတတ်သည်။ ခြ၊ ပလူ၊ ပုရွက်ဆိတ်များကိုလည်း အလွန် နှစ်သက်ကြသည် ဆို၏။ သူတို့ အနှစ်သက်ဆုံးကား မြေပိုးမြေမွှား အပါအ၀င် "မြေခွေး" ဆိုသည့် အကောင်ငယ် ကလေးတစ်မျိုးပင် ဖြစ်သည်။ ချိုးနှင့် ခါသည် မြေးခွေးတစ်ကောင်စားရလျှင် အသက် တစ်နှစ် ပိုရှည်အောင် ကျန်းမာသန်စွမ်းသည်ဟု အဆို ရှိသည်။ ယင်းမြေခွေး ဆိုသည့် သတ္တ၀ါသည် ခြေလေးချောင်း ရှိသော မြေခွေး မဟုတ်ပါ။ ပုရစ်ကဲ့သို့ မြေတွင်းအောငေ်း သတ္တ၀ါငယ်တစ်မျိုးသာ ဖြစ် သည်။ အရွယ်မှာလည်း ပုရစ်အငယ်လေး အရွယ်သာသာ ရှိသည်ဆို၏။

ထို့ကြောင့် ဘုရင့် ချိုး၊ ခါများကို ကျွေးရန် ထိုမြေခွေးကောင်ငယ်လေးများကို မြေတူး၍ ရှာရလေသည်။
မြို့ဝန်ဘိုင်ဆပ်နှင့် အပေါင်းအပါတို့သည် ဘုရင်မွေးမြူထားသော ချိုးတော်၊ ခါတော်၊ ငှက်တော်များ စားရန်  ၎င်းတို့ အလွန်ကြိုက်နှစ်သက်သည့် မြေခွေးကောင် ရှာရ၏။ မည်သူ့အိမ်အောက် ခြံဝင်း အတွင်း တွင် မဆို သူတို့ မြေခွေးလားတူးဖော်က လက်ခံ ခွင့်ပြုကြရလေသည်။ ဤသည်ကို အခွင့်ကောင်းယူ၍ ဘိုင်ဆပ် နှင့် အပေါင်းပါတို့သည် သူတစ်ပါး၏ ခြံမြေများကို မြေလှန်ရှာလေတော့သည်။
အိမ့်ရှင်များမှာ သည်အတိုင်း ကြည့်နေရသည်။

မိမိတို့ အိမ်ဝိုင်းအတွင်း အတူးမခံလိုပါက လာဘ်ထိုးကြ ရသည်။ မြန်မာလူမျိုးတို့သည် "ရေအဆုံး၊ ကုန်းတစ်ဝက်" ဟု အယူရှိကြလေရာ ၎င်းတို့ စုဆောင်းထား သော ကြေးငွေများနှင့် ရတနာပစ္စည်းတို့ကို ရန်သူမျိုး ငါးပါးဘေး မှ ကင်းဝေးစေရန် ၎င်းတို့၏ အိမ်ခြံဝင် အောက်တွင် မြှုပ်နှံထားတတ်ကြလေသည်။
ဤသည်ကို သိသော ဘိုင်ဆပ်နှင့် အပေါင်းပါတို့သည် မြေခွေးရှာသည်ဟု အကြောင်းပြကာ တစ်ပါးသူ ငါ၏ အိမ်ခြံ မြေအောက်တွင် တူးဖော်၍ မြေခွေးရှာကြသည်ဆို၏။ တွေ့သည့် ရွှေအိုး၊ ငွေအိုးများကိုလည်း မင်းဘဏ္ဍာ အဖြစ် ဆိုကာ ယူသွားတတ်သည်။ အမှန်မှာ သူတို့ကိုယ်ကျိုးအတွက်သာ ဖြစ်၏။ ဘိုင်ဆပ်နှင့် အပေါင်းပါတို့သည် မိန်းမပျို လှလှကလေးများကိုလည်း ခေါ်ယူ ဖျက်ဆီးတတ်သည်။ ဖျက်ဆီးမခံလိုက ရွှေစ၊ ငွေစ စုပုံပေးပြီး ဝေးရာသို့ ပြေးကြရသည်။

အမှုအခင်းဖြစ်လျှင်လည်း အမှုစစ်သူ တရားသူကြီးနှင့် မှူးကြီးမတ်ကြီးတို့အပေါ်တွင် သြဇာပေး၍ သူခိုင်း သလို အမှုစီရင်ပေးစေခြင်း၊ သူ၏ သြဇာမနာခံဘဲ အမှုမှန်ဖြစ်စေခဲ့သော အရာရှိ၊ မှူးမတ်ဆိုလျှင် အလုပ် ပြုတ် လျှင်ပြုတ်၊ အဝေး၀န်အဖြစ်နှင့် ပြေးရလျှင်ပြေးရ၊ ရာထူးအဆင့် ကျလျှင်ကျ ဖြစ်ကြရလေသည်။ သူက ဘုရင်ကို သူ့အိတ်ထဲတွင် ထည့်ထားသည့်ပမာ ချဉ်းကပ်ထားလေရာ၊ ဘိုင်ဆပ်ကို မုန်းတီး အောင့်နှလုံးနာ မှုကြောင့် ကြားမှ ပုဂံဘုရင်မှာ ပြည်သူလူထု၏ အမုန်းပွားမှုကို ခံရလေတော့သည်။

သူသြဇာမပေးအောင် ကြောက်ရွံ့ခံထားရသော ထိပ်တန်းအရာရှိ ၀န်ကြီးများကိုမူ ထွက်၍၀င်၍ ကောင်း အောင် လက်ဆောင်ပဏာနှင့် ချဉ်းကပ်ကာ အတွင်းကျကျ ပေါင်းသင်းပြီး ဆန္ဒကတိ လိုက်ပါရသည်အထိ သွေးဆောင် စုစည်းခြင်း ပြုလေ့ရှိ၏။ ထို့ကြောင့် အခင်းကြုံကြိုက်ရသော လူပါးလူနပ်များသည် အမှုအခင်း ကို ရုံးတော်၊ လွှတ်တော်သို့ မရောက်ခင် မြို့ဝန်ဘိုင်ဆပ်ထံဝင်၍ လက်ဆောင်တန်စိုး ထိုးပြီး အနိုင် ရလေေ အာင် ကြံဆောင်ကြလေတော့သည်။

အချို့ အမြော်အမြင်ရှိသူများသည်လည်း မိမိတို့၌ ဘာအမှုအပြစ်မှ ရှိသူ မဟုတ်ပါငြားလည်း ဘိုင်ဆပ်ထံ သွား၍ မျက်နှာချိုးသွေးထားရလေသည်။ စားဦးစားဖျား တန်စိုးလတ်ဆောင် ပဏ္ဍာများကိုပို့ကာ ပေါင်းထား ရလေ၏။
ဘိုင်ဆပ်သည် မြို့တော်နေပြည်တော်အတွင်းတွင် လည်းကောင်း၊ လွှတ်တော်ရုံးတော်တွင်လည်းကောင်း၊ မတရား အာဏာစက် ဖြန့်ရုံသာမက နန်းတော်အိမ်တော်ဝင်းသို့ပင် သူ၏ အာဏာစက်များ စူးဝင်အောင် တန်ခိုး ပြလာလေသည်။ ထို့ကြောင့် နန်းတွင်းသူ နန်တွင်းသားများကလည်း သူ့အား အကြောက်ကြီး ကြောက် နေကြရလေသည်။

ဤသို့ မြို့ဝန်ဘိုင်ဆပ် မတရားမှုများ အပြုအလုပ်များလာသောအခါ ဖြောင့်မှန်သော ၀န်ကြီးများ၊ မှူးမတ် တော်များသည် သိလျက်နှင့် ရင်မဆိုင်နိုင်သေးဘဲ အံခဲ၍ ခံနေကြရလေသည်။ အချို့ကလည်း "ခွေးရူး ကောင်းစား၊ တစ်မွန်းတည့်" ဆိုသည့် ထုံးကို နှလုံးမူ၍ အသာချို၍ နေကြပြီး ဘိုင်ဆပ် ခလုတ်တိုက်၍ လဲမည့်နေ့ကိုသာ ကြိတ်မျှော်မှန်းရင်း စောင့်စားနေကြလေသည်။

မင်းတရားကြီးကိုယ်တော်တိုင်က ဘိုင်ဆပ်အား အထူးမျက်နှာသာပေးထားသည့်အတွက် ၀န်ကြီးမှူးကြီး များ က အမှုသွားအမှန်ကို တင်ရန် ခက်နေကြရလေသည်။ မြို့ဝန်ဘိုင်ဆပ်ကို မနှစ်မြို့သူတစ်စုတို့သည် အချင်းချင်း တွေ့ဆုံသည့်အခါများ တွင် ပုဂံမင်းတရားကြီး ရွှေနားတော်ကြားရန် မည်သို့ ကြံစည်ရမည်ကို တိုးတိုးတိတ်တိတ် တိုင်ပင်နေကြ သည်။ အချို့ကလည်း ပုဂံမင်း၏ မယ်တော်ဖုရားကြီးအားလည်းကောင်း၊ ညီမတော်မင်းသမီးစုဖုရားကြီး (နောင်အခါ မင်းတုန်းမင်း၏ စကြ်ာဒေ၀ီမိဖုရားခေါင်ကြီး ဖြစ်သူ) အားလည်းကောင်း၊ ချဉ်းကပ်လာ အဖြစ် အပျက် အခက်အခဲများကို တီးတိုးလျှောက်ထားကြသည်။

မယ်တော်ဖုရားကြီးနှင့် နှမတော်ကြီးတို့သည်လည်း မြို့ဝန်ဘိုင်ဆပ်ဘုန်းတောက်နေပုံ၊ မြို့စာရေး မောင်ပိန်ကပါ နောက်ခြေကြွပုံများကို ကြားသိတန်သလောက် ကြားသိတော်မူပြီးလျှင် ပုဂံမင်းတရားနှင့် တွေ့ကြသည့်အခါ သတိပေးတော်မူပါသည်။ သို့သော် ပုဂံမင်းတရားကြီး ကိုယ်တော်တိုင်က မယ်တော်နှင့် နှမတော်တို့ စကားတကို အယုံအကြည် မရှိဟု ဆို၏။ သို့နှင့် မယ်တော်နှင့် နှမတော်ကြီးတို့သည် ဘိုင်ဆပ် နှင့် အပေါင်းအပါတို့၏ နှိပ်စက်ညှင်းပန်း ရမ်းကားမှုဘေးမှ အများပြည်သူ ကင်းဝေးစေရန် အခွင့်ကောင်း သာ ရှာကြံနေရလေသည်။

ဘိုင်ဆပ်တို့၏ ကံဇာတာသည် မှေးမှိန်ချိန်သို့ ရောက်ခဲ့ဟန် တူလေသည်။ တစ်နေ့သောအခါ ဘိုင်ဆပ်ကို အမြင်ကတ်နေသော မိဖုရားတစ်ဦး၏ အဆောင်၌ ခစားနေထိုင်သူ လက်ပါးစေ မောင်းမငယ်တစ်ဦးအား မတရားအမှုဆင်လေသည်။ ဘိုင်ဆပ်တို့ သဘောမှာ ဤသို့ အမှုဆင်လိုက်လျှင် မိဖုရားထံမှ တန်စိုး လက်ဆောင်များ ရလေမည်ဟု ထင်သည်။ ဘိုင်ဆပ်သည် ဤကဲ့သို့ နည်းမျိုးအတိုင်း မင်းဆွေစိုးမျိုးအပေါ် မှာလည်း ငွေညှစ်နေကျ ဖြစ်သည်။ အချို့မှာ အမှုသွားမမှန်ကြောင်း သိသည့်တိုင်အောင် ဘုရင်မင်းမြတ် ရွှေနားတော် ပေါက်ကြားလျှင် အထင် အမြင်လွဲမှားခံရမည်ကို ကြောက်ရခြင်းကြောင့် အပူအေးအောင် မြို့ဝန်ဘိုင်ဆပ်အား ရှိစုမဲ့စု ပုံပေးလာဘ်ထိုးကြရမြဲ ဖြစ်လေသည်။ ဤသဘော သဘာဝအတိုင်း ယခု ဘိုင်ဆပ်သည် ရွှေဖလားပျောက်မှုတစ်ခုကို အမှုဆင်လိုက်လေသည်။ ကြမ္မာဆိုး ၀င်ပြီထင့်။

အမှုစစ်ဆေးသောအခါ ရွှေဖလားခိုသူသည် နားခံမောင်ရွှေရ၏ သမီး ရှင်ညို ဖြစ်နေသည် ဆို၏။ ရှင်ညို သည် စကားမိဖုရားအဆောင်၌ နေထိုင်ခစားရသူဖြစ်ကြောင်း ထွက်ဆိုလေသည်။ ထို့ကြောင့် ရှင်ညို၏ သတင်းကို ကြားတော်မူရသော စကားမိဖုရားမှာ လွန်စွာ စိတ်မချမ်းမသာ ဖြစ်နေ၍ တပည့်မကောင်း ဆရာ့ခေါင်း ဆိုသည့် စကားအတိုင်း မိမိ၏ ရံရွေတော်တစ်ဦး ခိုးမှု ဖြစ်ရသည်ဆိုလျှင် မိမိမှာ တာဝန် မကင်း ဖြစ်နေရသည်ကို သိတော်မူလေသည်။
ထို့ကြောင့် မိဖုရားမှာ အလွန် စိတ်မချမ်းမသာ ဖြစ်ပြီး မင်းတရားကြီး သိတော်မူသွားမည်ကိုလည်း အလွန် စိုးရိမ် ပူပန်လျက် ရှိသည်။ ဘိုင်ဆပ်က အမှုဆင်၍ ငွေညှစ်ခြင်းဖြစ်ကြောင်းကိုလည်း ကောင်းစွာ သိပြီး ဖြစ် လေသည်။

အခြားသူများလို လာဘ်ထိုးရမည်မှာလည်း မိဖုရားတစ်ပါးဟူသော ဂုဏ်သိက္ခာကို ငဲ့ညှာကာ အမှုအေး အောင် ငွေပေးလာဘ်ထိုးခြင်း မပြုလိုပေ။ ထို့ကြောင့် နေ့ရက်အတန် ကြာလာခဲ့လေသည်။ ဘိုင်ဆပ်တို့ ကလည်း မိဖရားထံမှ လာဘ်ပေးရန် လာနိုးလာနိုးနှင့် အမှုကို ကြိုးရှည်ရှည်နှင့် လှန်ထားသည်။ သို့သော် တော်တော်နှင့် လာဘ်ထိုးရန် မလာသောအခါ စူးစမ်းလေတော့သည်။
ဤတွင် မြို့ဝန်ဘိုငဆပ်သည် "ငါကဲ့သို့သော ပုဂ္ဂိုလ်အား ဤမိဖုရားက အဘယ်ကြောင့် မလေးမစား ပြုနေဘိသနည်း" ဟု ကြီးစွာ မျက်ထွက်လေတော့သည်။ ကံအားလျော်စွာပင် ဤရက်အတွင်း၌ အကြောင်း ကျိုး တစ်ခုသည် မမျှော်လင့်ဘဲ ပေါ်ပေါက်လာလေသည်။

အကြောင်းတော်ကား တစ်နေ့သော ညအချိန်တွင် -
"ပုဂံမျင်းတရားကြီးသည် နှစ်ခြိုက်စွာ စက်တော်ခေါ်နေစဉ် စက်တော်ဆောင်ထဲသို့ ၀တ်ဖြူစင်ကြယ် ၀တ်ဆင် ထားသော စစ်တောင်းမြို့စား ၀န်ကြီးဟောင်းသည် ၀င်ရောက်လာခဲ့လေသည်။ ပုဂံမင်းသည် ရုတ်တရက် စက်ရာမှ နိုးတော်မူလေ၏။ "အလို စစ်တောင်းစား ဘိုးဘိုးပါလား ကျုပ်အဆောင်ထဲကို ဘယ်လို အကြောင်းကြောင့် ၀င်ရောက်ခဲ့ပါသနည်း" ဟု မေးမြန်းတော်မူသောအခါ စစ်တောင်းစားဝန်ကြီး သည် "အရှင့်သားကို သတိပေးလို၍ လာခဲ့ပါသည်။ တိုင်းပြည်ကို ပြန်၍ ကြည့်တော်မူပါဦး" ဟု တင်လျှောက် လေသည်။

ပုဂံမင်းတရားကြီးက "စစ်တောင်းစားဘိုးဘိုရယ်၊ ကျုပ် တရားသဖြင့် မင်းလုပ်နေ ပါသည်။ တိုင်းပြည် ဘယ်ကဲ့သို့ ပြန်ကြည့်ရဦးမည်နည်း" ဟု ပြန်လည် အမိန့်တော် ရှိလေသည်။ ထိုအခါ စစ်တောင်းစား ၀န်ကြီး က "အရှင့်သား တိုင်းပြည်အကြောင်းကို သိရှိတော်မူလိုပါက ရွှေနန်းတော် မြောက်စမုတ်တွင် ရုပ်စုံ ပွဲတော်မူပါလျှင် ဖြစ်ပေါ်နေသော အကြောင်းအရာများကို သိတော်မူပါလိမ့်မည်" ဟု လျှောက် တင်ပြီး ၀န်ကြီးသည် ရုတ်တ်င်္ရက် အဆောင်ထဲမှ ပျောက်ကွယ်သွားလေသည်။

ပုဂံမင်းတရားသည် သူ၏ စင်းနေသော အိပ်မက်တော်ကို တွေးကြည့်တော်မူပြီး ထူးခြားသည်ဟု အထင် တော်ရှိလေသည်။ အိပ်မက်တော် အခင်းအသွားကို စဉ်းစားဆင်ခြင်ကာ တုန်လှုပ်ချောက်ချားသွားတော်မူ ၏။ ထိုကြောင့် နောက်တစ်နေ့ ညဥ့်၌ပင် ဘုရင့်အမိန့်တော်နှင့် မြောက်စမုတ်ဆောင်တော်တွင် ရုပ်စုံပွဲ သဘင် ခံတော်မူစေလိုက်သည်။ အမိန့်တော်အတိုင်း နန်းတွင်းနန်းတွင်းသား ဆွေတော်မျိုးတော်၊ မှူးတော် မတ်တော် အပေါင်း တို့သည် ရုပ်စုံပွဲ သဘင်ကြည့်ရန် စုရုံးရောက်လာကြသည်။

မင်းတရားကြီးသည် ရုပ်စုံပွဲသဘင်တော်ကို ရှုစားတော်ရန် ထွက်လာတော်မူ၏။ ရွှေနန်းတော်မြောက်စမုတ် ရုပ်စုံသဘင် စည်ကားနေဆဲမှာပင် မာန်မာတံခွန်လွှားနေသူပီပီ မြို့ဝန်ဘိုင်ဆပ်သည် ကိုယ်တိုင် ခေါင်းဆောင် လျက် အနောက်ပိုင်း မင်းမိန်းမတို့အဆောင်သို့ ရုတ်တရက် ၀င်ရောက်ပြီးလျှင် ရွှေဖလား သူခိုး ရှင်ညို ကို ပေးအပ်ရမည်ဟု တောင်းဆိုလေသည်။ စကားမိဖုရားကလည်း ဆတ်ဆတ်ကြဲပင် ဖြစ်သည်။ အခြားသူများကဲ့သို့ ငုံ့ခံမနေဘဲ မြို့ဝန်ဘိုင်ဆပ် လမ်းလွှဲလာသည်ကို ချက်ကောင်းယူကာ အနောက်ပိုင်း သို့ ကျိုးနွံဝင်ရောက်လာမှုနှင့် ပြန်၍ တိုင်တန်းလိုက်လေသည်။

မြို့ဝန်ဘိုင်ဆပ်နှင့် အပေါင်းအပါများသည် အနောက်ဝန်၏ အခွင့်အမိန့် မပါဘဲ စကားမိဖုရား အဆောင်တော် ထဲသို့ နောက်ပါတပည့်သား ယောက်ျားများနှင့် ရှင်းလင်းဝင်ရောက် ကျူးကျော် လာခဲ့ မိလေ သည်။ ဤအချက်ကြောင့် ပွက်ပွက်ဆူသွားရလေသည်။ "မြို့ဝန် ဘိုင်ဆပ်သည် အနောက်ဝန်မင်း အမိန့် မပါ မည်သူ့ထံမှာမှ ခွင့်မတောင်းဘဲ ရွှေနန်းတော် အနောက်ထဲတွင် ၀င်ရောက်လာပြီးဘုရား ကျွန်မ၏ အဆောင် မှာ ကျူးကျော်စော်ကားလာပါသည်။ ဘုရားကျွန်မ၏ လက်ပါးစေ အပျိုတော် ရှင်ညို အား ရွှေဖလား ခိုးမှုဖြင့် သူ့လက်သို့ အပ်ရမည်ဟု ကြမ်းတမ်းမောက်မာစွာ တောင်းဆိုနေပါသည်ဘုရား" ဟု စကားမိဖုရား က ပုဂံမင်းတရားကြီးအား ၀င်ရောက် လျှောက်ထားလေတော့သည်။ ဤတွင် ဘုရင်ကြီးသည် အိမ်တော်ပါ ငယ်ကျွန်ကြီး မြို့ဝန်ဘိုင်ဆပ်အား အနောက်ပိုင်းကျူးကျော်မှုနှင့် သူ့မိဖုရား အား စော်ကားရမည်လားဟု အမျက်တော်ပွားလေသည်။

ဝန်ကြီးများကိုခေါ်၍ မြို့ဝန်ဘိုင်ဆပ်နှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်း တိုင်ပင်တော်မူသောအခါ ဘိုင်ဆပ် ၏ မတရားမှုများကို လျှောက်ထားချင်လျက် မျက်နှာပေး အောက်ချခံကြရသောကြောင့် မပြောသာ မလျှောက်ရဲ ဖြစ်ခဲ့ရသူများ ဖြစ်နေသဖြင့် အခွင့်တော်ဆဲ ထူးကဲဆိုးညစ်စွာ ပြုမူလာသော မြို့ဝန်ဘိုင်ဆပ် ၏ အကြောင်းကို လျှောက်ထားသံတော်ဦးတင်လိုက်ကြလေတော့သည်။
ဤသို့ကြောင့် တိုင်းသူပြည်သား လူအများအပေါ် မလျှော်ကန် မသင့်မြတ်လုပ်မှုကြောင့် သွားရာလမ်း၊ သွားမြဲလမ်းဖြစ်သည့် ပြစ်ဒဏ်ကို ဘိုင်ဆပ်နှင့် အပေါင်းအပါတစ်စု ခံကြရလေတော့သည်။

မောင်သန်းဆွေ (ထားဝယ်)
ကလျာမဂ္ဂဇင်း ဒီဇင်ဘာ ၂ဝ၁၁


စကားချပ်
    ပုဂံမင်းအား ကွယ်လွန်သူ စစ်တောင်းဝန်ကြီး က အိပ်မက်ထဲတွင် အိပ်မက်ပေးသည့်ကိစ္စနှင့် ပတ်သက် ၍ စာရေးသူတို့ ဆရာကြီးဒေါက်တာသန်းထွန်းက "သူ့တပည့်များကို သူမနိုင်တော့၍ အိပ်မက်ကို အကြောင်းပြပြီး ဆုံးမရတာပါကွာ။ သမိုင်းမှာ မင်းတွေရဲ့  အိပ်မက်အမျိုးမျိုးတွေကို တွေ့ကြတယ် မဟုတ်လား" ဟု ပြောဖူးပါသည်။
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, November 17, 2011

ဆောင်းဝင်းလတ် ၏ နိုင်ကွက်

နိုင်ကွက်
ဆောင်းဝင်းလတ်

အသက်အရွယ် အရ ဒေါ်မြခင် ငယ်စဉ်ကလို ဥဒဟို ရွာရိုးကိုးပေါက် လျှောက်မသွားချင်တော့ပေ။ အိမ် မှာသာ မြေးတွေ၊ သားသမီးတွေ၊ သမက်တွေ ချွေးမတွေကြားမှာ အေးအေးလူလူ နေချင်ပါဘိတော့ သည်။ ခင်ပွန်းသည်နှင့်လည်း ထမင်းလက်ဆုံလေးများ အတူစားချင်မိသပေါ့။ သို့ပါသော်လည်း အသက် ခု နစ်ဆယ် တည်း ဟူသော သည်ခန္ဓာဝန်ကြီးကို သယ်ပိုးကာ သင်္ဘောတစ်တန် သမ္ဗာန်ကူးတို့ဖြင့် တစ်လကို နှစ်ခေါက် လောက်တော့ မောင်ဖြစ်သူ ကိုဖိုးသိန်းတို့ မိသားစုရှိရာ ပဂစ်မျိုးချောင်းရိုးရွာသို့ ရောက်လာရမြဲ ပင်။

" အိမ်မှာခင်းဖို့ သင်ဖျူးဖြာ အပိုလေးများရှိရင် သုံးလေးချပ်လောက် ယူသွားချင်တယ် "
" ဟို ကောင်မလေး လှပိုက ကောက်စိုက်ရင်း လေတအားတိုက်ရင် ချမ်းလို့တဲ့ မိုးကာအင်္ကျီ အပိုလေးတစ် ထည် လောက် ရှိရင် ပေးလိုက်ပါဦး … နင်တို့မှာ ဓာတ်ဘူးအပိုတစ်လုံးလည်း ရှိတယ်မဟုတ်လား၊ လှပို က ရေနွေးကြမ်း ပူပူကလည်း သောက်သလား မမေးနဲ့၊ တစ်လတစ်လ လက်ဖက်ခြောက် နှစ်ထုပ် လောက် ကတော့ အသာလေးပဲ "
" သြော … အိမ်က တိုင်ကပ်နာရီကြီး ပျက်နေတာ ကြာပြီ … "

စသဖြင့် သူရောက်လာတိုင်း မျက်စိကလည်း မြင်လည်း မြင်တတ်ပါပေ့။ ရှာရှာဖွေဖွေ တွေ့လည်း တွေ့ တတ်ပါပေ့။ ထောင့်စေ့အောင်လည်း ရအောင် ယူတတ်ပါပေ့။ ဂျပန်ခေတ်လို ခေတ်ပျက်ခေတ်ဆိုး စစ်မိုး စစ်ရိပ် စစ်ငွေ့တွေ တဝေေ၀ ကြားမှာ စီးပွားပျက်ပြီးရင်း ပျက်နေသော ဒေါ်မြခင်တို့ မိသားစု တစ်မြုံ တစ်မကြီး အား သနားချစ်ခင်စိတ်ဖြင့် ယောင်းမဖြစ်သူ မိဖြူ သာမက တူမလေး မြင့်မြင့်တို့ကပါ တစ်ခေါက် လာ တစ်ခါပေး ဆိုသလို အပိုအလျှံပစ္စည်းပစ္စယ တိုလီမုစ္စများ ခြင်းတောင်းကြီးအပြည့် ထည့်ပေး လိုက် စမြဲပင်။

ဒေါ်မြခင် က နေ့ချင်းပြန်လာလေ့ရှိပြီး ညနေစာ ထမင်းစားသောက်၊ လမ်းစရိတ်ပါယူလျက် ညနေစောင်း ထွက်သည့် " ဟင်္သောယာဉ်" မော်တော်ဖြင့် သူတို့ မိသားစုနေထိုင်ရာ ကမ်းငယ်ကျေးရွာသို့ ပြန်မြဲ ဖြစ်သည်။ တကယ်တော့ သူတစ်ခေါက်လာပြီဆိုတိုင်း လမ်းစရိတ်ထက်မက ထိုက်ထိုက်တန်တန် ပိုပို လျှံလျှံ လောက်လောက်ငငလေး ပေးလိုက်ကြစမြဲပင်။ မည်သည့်အခါမဆို အလာမှာ လက်ကြီးဗလာ၊ အပြန်မှာ တစ်နင့်တစ်ပိုး သယ်သွားမှလည်း ဒေါ်မြခင်တို့မိသားစု တစ်မြုံတစ်မကြီးက အဆင်ပြေ ကြ မှာကိုး။ သူတို့ တစ်မိသားစုလုံး ဗရုတ်သုက္ခတွေဖြစ်နေကြတာ ကြာပြီ။ အင်္ဂလိပ် ခေတ်တုန်းက လုပ်ငန်း ကိုင်ငန်း လေးတွေ မဆိုးလှ။ စစ်ကြီးအပြီး ဂျပန်အ၀င်မှ စကာ ချွတ်ခြုံကျလာလိုက်တာ ဘာလေးပဲ ကောက် လုပ်လုပ် ရုပ်လုံးမပေါ်၊ ဟိုဟာရှုံးသည်ဟာရှုံးနှင့် ကြွေးတွေ ကလည်းပတ်လည်ဝိုင်းလို့၊ မိသားစု စားအိုး ကလည်း အတော်ကြီးပါသည်။

မောင်ဖြစ်သူ ကိုဖိုးသိန်း တို့မှာက မိသားစုလေးယောက်တည်းရယ်၊ စုစုဆောင်းဆောင်း ချောင်ချောင် လည်လည်လေး လည်း ရှိသလို ဟိုတစ်လောဆီက ကိုဖိုးသိန်း၏ မိန်းမ မိဖြူဘက်က မိဘအမွေအနှစ်၊ လယ်၊ ဥယျာဉ် နှင့် အတွင်းပစ္စည်းလေးတချို့၊ မိဖြူတို့ မောင်နှမတစ်တွေ ခွဲဝေနိုင်ခဲ့ရာ နည်းတာများတာ အပ ထား … ဟေ့ ဒါ ငါတိုပမိဘများ ဆုံးပါးသွားလို့ ခွဲလို့ ဝေလို့ ရတဲ့အမွေဆိုပြီး တစ်သီးတစ်သန့် သတ်သတ် မှတ်မှတ်ကလေးပတ်ဝန်းကျင်ကို အသံပေးနိုင်ခဲ့ပြီဖြစ်၏။ ယခုတစ်ခေါက် ဒေါ်မြခင် ရောက် လာတော့ ကိုဖိုးသိန်းက မောင်နှမနှစ်နှစ်ယောက် အေးအေးဆေးဆေး စကားပြောချင်စိတ် ဖြစ်မိသဖြင့် " မမမြ အချိန် ရတယ်မဟုတ်လား … ထမင်း စားသောက်ပြီးရင် တိုင်ပင်ချင်တာလေးရှိလို့ " ဟု အကြောင်းအရာ တစ်ခု ကို လမ်းကြောင်းစလိုက်မိသည်။

" အချိန်ရပါတယ်၊ ညနေ နောက်ဆုံးခေါက် မော်တော်နဲ့မှ ငါပြန်မှာပါ "ဟု ဒေါ်မြခင်က ဒေါ်ဖော့လေး ပုသိမ် ကွမ်းသီးဖက် ဆေးလိပ်ကို မီးညှိဖွာရင်းက အိမ်ရှေ့ ပုဏ္ဏားကွယ်ကို ကျောမှီထိုင်ရင်း လှမ်း ပြော သည်။
" အသက်ကြီးပြီနော် မော်နေပြီ မဟုတ်လား … တစ်မြုံတစ်မကြီးအတွက် ခုလို အိမ်က ထွက်ထွက်ပြီး ကြက် ယက် သလို ယက်ရှာနေရတာ ကြာရင် ဒီထက်ပိုအမောဖောက်ဖို့ပဲ ရှိတော့တယ်နော "
ကိုဖိုးသိန်း က ကွမ်းတစ်ယာ ယာရင်းက စကားစလိုက်သည်။
" ဒါတော့ ဒါပေါ့ … ဒါပေမဲ့ တစ်နိုင်တစ်မလေးတော့ သွားနေရသေးတာပဲ "
ဒေါ်မြခင် ၀န်ခံပါသည်။

" ဟိုကောင် နိုင်ထွန်းနဲ့ မမမြ နည်းနည်းပါးပါး စကားကောက်ကြည့်ပါလား … ဒီလို မမမြရဲ့ … ကျွန်တော် တို့ မှာ ကျွန်တော့် မိန်းမ မိဖြူတို့လိုပဲ အဖေရော အမေရော မရှိကြတော့ဘူးလေ … မကြာသေးခင်က မိဖြူ တို့ မောင်နှမတွေဘက်က လုပ်တာကိုင်တာ ပြတ်တယ် … သူကတော့ နည်းတယ် … ကိုယ်ကတော့ များ လိုက်တာရယ်လို့တော့ မဟုတ်ဘူး … သူတို့ မောင်နှမတွေချင်း ညှိပြီး ခြံလေး၊ ယာလေး တွေ ရောင်းသင့်တာ ရောင်းလိုက်တာ ဝေပုံကျ ခွဲဝေယူလို့ ရကြတာ မမမြလည်း အသိပဲ … မမမြတို့ ကျွန်တော် တို့မှာလည်း ဒီပုံဒီ နည်း လမ်းကြောင်းကြီးက ရှိနေတာပဲ … ကျွန်တော်တို့ အထဲမှာ မမမြက အစ်မ အကြီးဆုံး ဆိုတော့ ခုလို မောင်နှမတွေ သက်ရှိထင်ရှားရှိနေတုန်းမှာ ခွဲသင့်တာ ခွဲဝေသူလိုက်ကြရင် မကောင်း ပေဘူးလား …

မမမြ လည်း ကိုယ်မသေခင် လှူချင်တာလေးလည်း လှူလို့ရသွားမယ် … အသက်ရှူပေါက်လေးလည်း ချောင် သွားမယ် … မမမြ စဉ်းစားကြည့်လေ အခုလို တစ်လကို နှစ်ခေါက်လောက် ကျွန်တော်တို့ဆီကို မမမြ လာပြီး ဟိုဟာလေးယူသွား ဒီဟာလေးယူသွား ဆိုတာမျိုးက ဘာမှ အထုပ်အထည် ရယ်လို့ ရှိတာ မဟုတ် ဘူး … ရရစားစားနဲ့ အူစိုကြမှာလည်း မဟုတ်ဘူး … သတ်သတ်မှတ်မှတ် အထုပ်အထည်လေး ပိုက်မိ စေချင် လို့ ကျွန်တော် ဒီစကားကိုခုမှ ဖွင့်ပြောကြည့်တာပါ … " ကိုဖိုးသိန်း စကားကြောင့် ဒေါ်မြခင် တွေဝေ သွားသည်။

" နင် ပြောတာ လမ်းကျပါတယ် … ဟုတ်တော့ လည်းဟုတ်ပါတယ်… နင်တို့ ငါတို့က အိမ်ထောင်ခွဲတွေဆို တဲ့ အတိုင်း ကိုယ့်ရွာမှာကိုယ် ကိုယ့်အိမ်ကိုယ့်ရာနဲ့ခွဲပြီး ကိုယ့်လုပ်ကွက်နဲ့ ကိုယ် ရှာဖွေ စားသောက် ခဲ့ကြတာ ကြာပြီပဲ … ဒီအကောင် နိုင်ထွန်းတစ်ယောက်သာ အမွေဆိုင်ခြံမှာ ဒီနေ့အထိ … သူ့သားစဉ် မြေးဆက် ဖက်တွယ်ပြီး ကုပ်ကပ်နေလာခဲ့တာ ကြာပြီပဲ။ ကျန်တဲ့အစ်ကိုတွေ အစ်မတွေလို ကိုယ့် အိမ်ထောင် နဲ့ ကိုယ် မြစ်ကူးချောင်းဖျား တစ်ခြံတစ်မြေ နေတယ်လို့မှ မရှိခဲ့တဲ့ကောင် "
ဒေါ်မြခင် ကိုယ်တိုင်လည်း နိုင်ထွန်းတို့ မိသားစုကိစ္စ စိတ်ပါလက်ပါ ပြောရှာသည်။

" ကျွန်တော် ပြောတာက … ဒါက … တကယ့် အရင်းအချာတွေပဲ … ကဲဗျာ … သူ ဒီနေရာက မခွာနိုင်ဘူး … မခွာချင်ဘူး ဆိုရင်လည်း ဒီဟာတွေ သူယူမြဲယူထားလိုက်လေ ဒါပေမဲ့ … သူသက်ရှိထင်ရှား ရှိ နေတုန်းမှာ … ခုဆိုရင် သူ့မှာချွေးမတွေတောင် ရှိလာပြီ၊ မြေးတွေတောင်ရနေပြီ … မိသားစု တိုင်ပင် လိုက် ပေါ့ဗျာ … ကဲ … ငါ့အစ်မများ … အစ်ကိုများနဲ့ ငါ … မိဘလက်ငုတ်ကိစ္စ ခွဲကြဝေကြဖို့ ကိစ္စရှိလာပြီး … ဘယ်လို လုပ်ချင်ကြ သတုန်းဆိုတာ သူတိုင်ပင်ရမယ် "

" အေးပေါ့ …. သူတို့ တိုင်ပင်သင့်တာပေါ့ … ဒီလိုမှ မဟုတ်ဘဲ အဲ့ဒီမှာ နေသားကျနေပြီး … ဒီခြံဝိုင်းကြီး ထဲက ဘယ်မှ ဖယ်ပေးဖို့ ပြောင်းဖို့ရွှေ့ဖို့ အာသီသမရှိကြဘူးဆိုရင်လည်း တစ်နည်းစဉ်းစား ကြပေါ့ … မဟုတ် ဘူးလား … သူတို့က ငါ့ထက်စာရင် ဘာပဲပြောပြော …အဆင်ပြေနေကြသေးတာ ငါသိ ပါတယ် … ငါပြော ချင်တာက … ဒီဟာကို ရောင်းပြီး မခွဲမဝေချင်ဘူးဆိုရင် ကျန်တဲ့ မောင်နှမတွေကို ထိုက်သင့် သလောက် ကာလပေါက်ဈေးနဲ့တွက်ပြီး သူအမ်းလိုက်ပေါ့ မဟ်ုတ်ဘူးလား "

ဒါလည်းဖြစ်တာပဲ မမမြရဲ့ … အဲဒါပါပဲ ကျွန်တော် တိုင်ပင်ချင်တယ်ဆိုတာ … မမမြ၊ နိုင်ထွန်းကို စကား တောက် ကြည့်လေ သူဘာပြောမလဲဆိုတာ သိရတာပေါ့။ မမမြတို့ မိသားစု အလုံးအခဲနဲ့ အဆင်ပြေ နိုင်မယ့် လမ်းကြောင်းကတော့ လောလောဆယ် ဒီဟာပဲရှိတယ် … "
" အေးလေ တစ်ရက်တော့ သူတို့ဆီသွားပြီး နိုင်ထွန်းကို ငါပြောကြည့်လိုက်ပါ့မယ် "

ဒေါ်မြခင် ဆုံးဖြတ်လိုက်ဟန် တူသည်။ ကိုဖိုးသိန်း ဘက်ကလည်း သူ့အစ်မကြီး မိသားစုကို ကူညီနိုင်တာ ထက် ပိုပြီး ကူညီချင်သော်လည်း ၀န်နှင့်အားနှင့် ချိန်ဆနေရရာမှ၊ ခုလို စိတ်ကူးရ၍ အမွေကိစ္စလေး လမ်းဖွင့် ပေးလိုက်မိခြင်းသာ။ နိုင်ထွန်းကား သူ့ညီဖြစ်၏။ သို့သော် သိပ်ပြီး လုံးလုံး ထွေးထွေး ကူးလူး ဆက်နွယ်ခြင်း မရှိခဲ့။ စကားပြော ရိုင်းလွန်းလို့ဖြစ်၏။ သည်ကောင်တွေ တစ်မိသားစုလုံးက ထစ်ခနဲ ရှိ တုတ်ဆွဲ။ ဓားဆွဲ သမားတွေ။

သို့သော်လည်း ကိုဖိုးသိန်းတို့ မိသားစုနှင့် ကင်းလားဆိုတော့ မကင်း။ တစ်ကွေ့ တစ်ခါ ရောက်လာပြီ ဆိုလျှင်လည်း အစ်မကြီး ဒေါ်မြခင်ကဲ့သို့ပင် … နိုင်ထွန်းတို့ မိသားစုကလည်း ကိုဖိုးသိန်းတို့ထံမှ ဆွဲမိဆွဲရာ တစ်နိုင် တစ်မ တော့ သယ်ချသွားကြညမဲပင်။ ကိုဖိုးသိန်း မိန်းမ မိဖြူလို စကား နည်းနည်း အေးအေး နေတတ်သူ တောင်မှ တစ်ခါတလေ တစ်ခွန်းတစ်ပါဒလောက်တော့ ဝေဖန်သံလေး ထွက် လာပါသေး၏။ ဒါတောင် မှ ရယ်ရယ်ပြုံးပြုံး ပြောတာပါ။

" ရှင့် အစ်မတွေ ညီတွေများ … တစ်ခါမှ ကျွန်မတို့အတွက် ယူလာသယ်လာတယ်ဆိုတာ မရှိဘူး … သူတို့ လိုချင်တာ ကိုတော့ လက်တွေကသွက်သလားမမေးနဲ့" တဲ့။
ပြောမယ့် သာပြောတာ။ မိဖြူက ငြူစူခြင်း ကင်းပါသည်။ အနေအေး အပြောအေးဟု ဆိုနိုင်ပါသည်။ လိုချင် မျက်စိနှင့် ပတ်သက်သည့်အပိုင်းမှာတော့ မိဖြူပြောလည်း ပြောစရာမို့ ကိုဖိုးသိန်း အသာလေး ငြိမ် နေရ၏။ ကိုယ့်ဘက်ကဟာတွေ လွန်နေတာကိုး။

ဝါဆိုလဆုတ် ၁၄ ရက်။ သောကြာနေ့။ မနက်ဆယ်နာရီသာသာလောက် ရွာဦးနတ်စင်ငူတံတားမှာ မော် တော် ဆိုက်သံ ကြားရပြီး မကြာမီ ဒေါ်မြခင် ရောက်လာပြန်သည်။ ကိုဖိုးသိန်းကလည်း လယ်ထဲမှ ခဏ ပြန် လာချိန်ပါ။
" ငါ ကောင်းကောင်းနေမကောင်းဘူး "
ခရီး ရောက်မဆိုက် ဒေါ်မြခင်ကပြောတော့ မိဖြူတို့ သားအမိက စိုးရိမ်မကင်းဖြစ်နေကြသည်။

" အတော်ပဲ … ကြက်သားကိုင်ထားတာ … အဖြူထည်လေး နည်းနည်းလုံးလိုက်ပြီး မမမြအတွက် ဆန်ပြုတ် လေးပြုတ်လိုက်မယ် "
မိဖြူ က ပြောပြီး မီးဖိုခန်းထဲ ၀င်သွား၏ အမောပြေ ရေနွေးကြမ်းပူပူလေး သူထိုင်သောက်နေသေးသည်။
" နင် နဲ့ ငါ ဟိုတစ်လောက တိုင်ပင်တဲ့ကိစ္စ၊ နိုင်ထွန်းတို့ဆီ သွားညပီး ငါစကားတောက်ကြည့်တယ် "
" အဆင်ပြေတယ် မဟုတ်လား "

" အောင်မယ်လေး ငါ့တောင် ထ မသတ်တာ ကံကောင်း၊ အကုန်လုံး ပွက်လောထရိုက်ပြီး … ပြောလိုက် ဆိုလိုက် တာ ရစရာကို မရှိဘူး "
" ဒီကောင်တွေ တော်တော်ခတ်တာပဲ … ဒီကိစ္စမောင်နှမတစ်တွေ အေးအေးဆေးဆေး ပြောရဆိုရမယ့် ကိစ္စ ပါဗျာ "
" နင်တို့နဲ့မှ စိတ်သဘောချင်း မတူတာဟဲ့ "
ဒေါ်မြခင် စကားကြောင့် မိဖြူရော သမီးငယ်မြင့်မြင့်တို့ပါ အနားမှာ လာထိုင်ကာ မျက်လုံး အ၀ိုင်းသားဖြင့် နား စွင့်နေကြသည်။
" သူတို့က ဘယ်လို ဆန္ဒရှိကြသတဲ့လဲဗျာ "

" ဒီမှာ နေသားကျပြီးသားတဲ့၊ ဘယ်မှာသွားနေကြရမှာတုန်းတဲ့ … နေစရာလည်း မရှိဘူး … ဖယ်ပေး စရာ လည်း မလိုဘူးတဲ့ နင်တို့ သတိထားနော် … နင်တို့ကို တော်တော်ပြောလိုက် ဆိုလိုက်တယ် … ဒီစကား ကတော့ အတော်ဆိုးတယ် "
" မမမြက အစ်မကြီး အနေနဲ့ သူ့ကိုပြောတာ မဟုတ်ဘူးလား … ကျွန်တော် ကနဦးကတည်းက မမမြကို ပြော လိုက်တယ်လေ … အစ်မအကြီး တစ်ယောက်အနေနဲ့ နိုင်ထွန်းနဲ့ စကားတောက်ကြည့်ပါလို့ ပြော လိုက် သားပဲ။ မမမြလည်း အတော်ခတ်တယ် ကျွန်တော့်ကို ခေါင်းတည်လိုက်တယ်ထင်တယ် … ဟုတ်လား "

ငြိမ်နေ၏။ ဒေါ်မြခင် ငြိမ်နေ၏။ အမွေကိစ္စ သူက အမုန်းမခံခဲ့။ ကိုဖိုးသိန်းက ပြောခိုင်းသလိုမျိုး နိုင်ထွန်းကို သူ သွားပြောခဲ့ရိုး အမှန်ပင် မောင်နှမအရင်းချင်းမှာ ခုလို ဟိုလှည့်ပတ်ပြော သည်လှည့်ပတ်ပြော၊ စကားရောင်း စကားဝယ် ကိစ္စက အတော်ခတ်၏။ ခုမှတော့ စကားတွေက ပြန်ပြင်၍မရတော့ပြီ။ သူသိချင် တာက နိုင်ထွန်းတို့ မိသားစု ဘာတွေ ပွက်လောရိုက်လိုက်ကြလဲဆိုတာပင်။ ထို့ကြောင့် သူ့အစ်မကြီးအား မေးမြန်း ကြည့်တော့ …

" ခြံနဲ့ဥယျာဉ် ကို ရောင်းလည်းမရောင်းနိုင်ဘူး၊ ငါတို့ကို ပြန်အမ်းပေးစရာလည်း သူတို့မှာ တစ်ပြားမှ အပိုအလျှံ မရှိဘူးတဲ့။ နောက်တစ်ခါ နင့်တို့က အဲဒီ့ စကားမျိုး၊ စလာရင် … နင်တို့ မိသားစုသုံးယောက်ကို ဂျပန် ကင်ပေတိုင်တွေလက်ထဲ သူတို့ကိုယ်တိုင် သတင်းပေးပြီး တိုက်လိုက်တော့မယ်လို့ ပြောလိုက်တယ် ဟေ့ … သတိသာ ထားနေကြပေတော့ …. "
ဟု ခြိမ်းခြောက် အကြပ်ကိုင်စကားကြားလိုက်ရ၏။

" အဲဒါ … ငါလာပြောရဦးမယ်၊ ဟုတ်တယ်ဗျ ကျေးဇူးဆိုတာ ရှိမှ ကျေးစွတ်လို့ကောင်းတာကိုး၊ ကျွန်တော် အစ်ကို တစ်ယောက် အနေနဲ့ သူတို့ကို တတ်နိုင်သမျှ သာရေး၊ နာရေး အကူအညီပေးခဲ့တဲ့ ကျေးဇူးတွေကို သူတို့က ကျေးစွတ်ကြတော့မှာကိုး … မမမြမယူရင်လည်း ရတယ်လေ … မမမြတောင်မှ ဒီအမွေကိစ္စ ရပ်တန်း က ရပ်လိုက်တော့မယ်ဆိုရင် ကျွန်တော်လည်း အနေသာကြီးပါ … ရပါတယ် … "
ကိုဖိုးသိန်း ရင်ထဲတော်တော့်ကို " အင် " သွားပေပြီ။
ငွေများ အတော်ကြောက်စရာကောင်းလှပါကလား။ သူ့မိန်းမ မိဖြူ၏ မျက်နှာကို သူမကြည့်ရဲ လောက် အောင် ရှက်လည်း ရှက်သွားမိသည်။ ဟင်း … ရှင်တို့အမျိုးတွေ တယ်တော်ကြပါလား … ဟု ဖွင့်သာ မပြောတာ။ မိဖြူစိတ်ထဲမှာတော့ အတော်လေး စိတ်ချဉ်ပေါက်ကာ သာရေး နာရေးမှအစ လမ်းစ ဖြတ်ချင်စိတ် ပေါ်နေပြီထင်၏။ လမ်းစဖြတ်လည်း ဖြတ်သင့်နေပေပြီ။ ကိုယ့်ကို သေတွင်းထဲပို့မယ့် ကိစ္စကြီး ပေကိုး။

" ကဲ … မမမြလည်း ကျန်းမာရေး ဂရုစိုက်ဦး … အခုလို ဥဒဟို ကျွန်တော့်ဆီသာ လာ မနေပါနဲ့တော့ … သီတင်းဝါလ ကျွတ် တဲ့ အခါ၊ အတတ်နိုင်ဆုံး ပြည့်ပြည့်စုံစုံ ကျွန်တော်တို့ လာကန်တော့ပါ့မယ် "
ဟုလည်း သူ့အစ်မကြီးကို သူပြောလိုက်မိသည်။ သူ့အစ်မကြီးကိုလည်း သူတော်တော်စိတ်ကုန်ခန်းသွား လေပြီ။ စကားတွေက မရှုပ်သင့်ဘဲ ရှုပ်ကုန်တာကိုး။

ဂျပန်တွေမြန်မာပြည်မှ ပြန်လည်ဆုတ်ခွာကာ အင်္ဂလိပ်တပ်တွေ ပြန်ဝင်လာကြချိန်။ ဘတစ်ပြန် ကျားတစ် ပြန် ပါတကား။ အရှုံးသမားတွေ ဆုတ်ခွာသွားတော့ အနိုင်သမားတွေက ခြေကုပ်ပြန်ယူလာကြပြန်ချေပြီ။ မည်သို့ပင်ဖြစ်စေ … ကိုဖိုးသိန်းတို့ကတော့ လယ်ထဲချောင်းထဲမှာသာ သေစာရှင်စာလေး ရသလောက် ရှာ ဖွေကုန်းရုန်းနေရဆဲ။ စားရတာလည်း မလွတ်လပ်။ သွားရတာလည်း မလွတ်လပ်၊ နေရထိုင်ရတာလည်း ကျဉ်းထဲ ကျပ်ထဲ။ သည်ကြားထဲမှာ မယားနှင့် သမီးကို မခွဲခွာရသော်ငြား ရင်နှစ်သည်းခြာ သားကြီး နှင့်တော့ ခွဲခွာနေရဆဲ။ ဂျပန်တော်လှန်ရေး ကာလကြီးထဲ သေသလား၊ ရှင်သလားလည်း မသိရ။

သားကြီးက မြေ အောက်ဖက်ဆစ်တော်လှန်ရေးရဲဘော်လေး … ။ စစ်ဘေးစစ်ဒဏ်တွေ ကြားထဲက ရုန်းထခါစ ကိုဖိုးသိန်းတို့ ပဂစ်မျိုးချောင်းရိုးရွာ အ၀င်တံတားမှာ မော်တော်၊ လှေ၊ သမ္ဗာန်တွေ ဆိုက် လာတိုင်း မျက်လုံးအ၀ိုင်းသားနှင့် လှမ်းလှမ်းကြည့်နေရတာ ကာလကြာခဲ့ပြီ။ ဘယ်နေ့၊ ဘယ်ခါ၊ ဘယ်ညာ မှာများ ငါတို့သားကြီး ပြနပ်လာမလဲလို့ပေါ့။
ကိုဖိုးသိန်း ၏ ညီအငယ်ဆုံး နိုင်ထွန်းတို့ မိသားစုကတော့ ဂျပန်ခေတ်တုန်းက မိဘအမွေ ပိုက်ဆံလေးတွေ ခွဲဝေ ပေးချင် တဲ့ စိတ်နဲ့ ကိုဖိုးသိန်းတို့ကို ဂျပန်ကင်ပေတိုင် စစ်ပုလိပ်တွေ လက်ထဲဝကွက်လို့ အပ်ဦး မလို့တဲ့၊ ဘာတဲ့၊ သူတို့သွားတိုင်မယ့် နိုင်ကွက်ကို နင်းတဲ့စကားက …

" မြေအောက်တော်လှန်ရေးသမားနဲ့ ဆက်သွယ်တဲ့ မိသားစု "တဲ့။ တော်ပါသေးရဲ့ အဲဒီတုန်းက အမွေကိစ္စ တစ်ခန်း ရပ်ခဲ့ကြပေလို့။ သြော် … ငွေ … ငွေ … ။ သြော် … အမွေ … အမွေ … ။ ရှိပါစေတော့။ ကြောက်စရာ ကောင်းလိုက်တဲ့ ငွေ … ။ ထိုက်မှ ရတတ်ကြတယ်ဆိုတဲ့အမွေ။ စေတနာတွေ အကျိုးပေး ကြဦး မှာပါ။ သံဝေဂရစရာကြီး။ ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ ရသင့်ရထိုက်တာ မရသွားရှာဘဲ ဆင်းဆင်း ရဲရဲ တိမ်းပါး သွားခဲ့ရရှာတဲ့ အစ်မကြီး ဒေါ်မြခင် ကိုတော့ ကိုဖိုးသိန်း လွမ်းနေဆဲပါ။ အစ်မကြီး ဆုံးတာ မှတ်မှတ် ရရ ၁၃၀၈ ခု တန်ဆောင်မုန်းလဆန်း ၆ ရက်နေ့ ။
=======
စာရေးသူ - ဆောင်းဝင်းလတ်
ကလျှာမဂ္ဂဇင်း နိုဝင်ဘာ လ ၂ဝ၁၁ ခုနှစ်

.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, November 16, 2011

မောင်ညိုပြာ ၏ နာတာရှည်အနုတ်လက္ခဏာ

နာတာရှည်အနုတ်လက္ခဏာ
မောင်ညိုပြာ

အုန်းမောင်းခေါက်သံ ၅ ချက်ကို ထွန်းမြင့်သည် သူ့နာမည် ၅ ကြိမ် ခေါ်နှိုးလိုက်သလို ခံစားလိုက်ရသည်။ သူသည် အိပ်ရာမှ လူးလဲထလိုက်သည်။ ခုချိန်မှာတော့ ထွန်းမြင့် သည် စိတ်ညစ်စရာများ တွေးတောဖို့ပင် အချိန် မရှိပေ။ စဉ်းစားတွေးတောနေဖို့ အချိန်မရှိခြင်းပင် စိတ်ကို ထုထောင်းနေသော ပူပန်စိတ်များမှ လွတ်ကင်းရာ လွတ်ကင်းကြောင်းဖြစ်သည်။ သူသည် ယုန်တစ်ကောင်ကို နားစွင့်အကဲခတ်လိုက်ရာတွင် သူ့ ဇနီးသည် အိမ်နောက်ဖေး မြေကွက်လပ်မှာ ထမင်းချက်နေကြောင်း အိုးခွက် အသံများမှ တစ်ဆင့် သိရှိ လိုက်ရသည်။

နံနက်တုန်းက ညတစ်ည သည် သူနှင့်တကွ ကမ္ဘာလောကကြီးအား ထာဝရ စွန့်ခွာသွားပေပြီ။ နောင် ဘယ် သော အခါမှ ပြန်လာတော့မည်မဟုတ်ကြောင်းနှင့် အလားတူ မူကွဲညများသာလျှင် မဆုံးမခန်း ရောက်လာ မည့်အကြောင်း သူ့ကို တိုက်ရိုက်ပြောပြသွားသလိုပင် သူသည် ပြယ်လွင့်စ အမှောင်များကို ငေးမော ကြည့် နေဆဲဖြစ်၏။
ခြင်ထောင် ကို လှန်၍ အပြင်သို့ ထွက်ခွာလိုက်ရာတွင် သူ့စိတ်က ထင်နေသလောက် အမှောင်လက်ကျန် များ မရှိတော့ကြောင်း သိရှိလိုက်ရသည်။ သည်တော့မှ ထွန်းမြင့်သည် ပျာပျာသလဲ ဖြစ်သွားသည့် အမူ အရာများ ပေါ်လွင်လာသည်။

ညက သူ မှတ်မှတ်တေးတေးထားခဲ့သော ဆေးလိပ်တိုကို ဆားအိုးဘေးမှ ကောက်ယူလိုက်သည်။ ညက သူနှင့် အတူတူ အိပ်ရာဝင်ခဲ့သော သူ့အိတ်ကပ်ထဲမှ မီးခြစ်ဖြင့် မီးညှိလျက် တစ်ရှိုက်နှစ်ရှိုက် ဖွာ လိုက်သည်။ ထိုသို့ ဖွာရှိုက်ရင်း လမ်းမတန်းဘက်သို့ လှမ်းမျှော်၍ တစ်ချက်ကြည့်လိုက်မိသည်။

ယခုအခါ သူသည် အလုပ်ကြီး အကိုင်ကြီး တစ်ခုလုပ်တော့မည့် လူတစ်ယောက်၏ ဟန်ပန်မျိုး ပေါက်သွား ပြီလား မသိ။ လမ်းဘေးနှင့်ကပ်လျက် နေရာမှာရှိသည့် စဥ့်အိုးသို့ သွားသည်။ သူမျက်နှာသစ်နေစဉ် လမ်း ကြားထဲမှ လူများ၏ ခြေသံများ၊ စကားပြောသံများကို ကြားရသည်။ အလုပ်ဆင်းရန် ကားမှတ်တိုင်သို့ သွား နေကြခြင်းဖြစ်ကောင်း ဖြစ်နိုင်သည်။ သူတို့သည် ခပ်လောလော သုတ်သုတ်သွားနေကြရ သူတို့၏ ရယ်သံ များမှာ သူတို့ကို အမီမလိုက်နိုင်ဘဲ နောက်တွင် ကျန်ရစ်ခဲ့ကြသည်။ ခြေသံများတိုး၍ တိုး၍ သွားရာ မှ နောက် တော့ဘာသံမျ မကြားရတော့။ ထိုအခါ ခြေသံအသစ်များသည် နီးလာပြန်သည်။ အကျယ်လောင် ဆုံး ဖြစ်သွားပြီးနောက် မကြားရတော့သည်ထိ ရပ်ဆိုင်း ငြိမ်သက်သွားပြန်၏။

အိမ်၏ အပြင်ဘက်နံရံတွင် တစ်ညလုံး ကပ်လှမ်းထားသော ရေလဲပိုင်းရှိသည်။ သူ့မျက်နှာကို ထို ရေလဲပိုင်း ဖြင့် သုတ်လိုက်သည်။ ထိုအချိန်တွင် သူ့မိန်းမအိမ်ထဲ ၀င်လာသည်ကို သူတွေ့ရသည်။ သူ့မိန်းမ ၏ ဆည်းလည်းသံများတရစပ်ပေါ်လာ၏။

" သားတို့ သမီးတို့ရေ ထ ထ မိုးလင်းနေပြီ၊ ဘောင်းဘီတိုနဲ့ အဘိုးကြီးတောင် အလုပ်ဆင်းသွားပြီ၊ ကဲ ထကြစမ်း၊ စာကြိုးစားကြ၊ ပညာတတ်အောင် ကြိုးစားကြ၊ ပညာမတတ်ရင် မေမေတို့လိုပဲ သမီးတို့ သား တို့ ဆင်းရဲမယ်၊ နင်တို့ အဖေကို ကြည့်စမ်း၊ ပညာမရှိ သူ၏၀န်ထမ်းဆိုတဲ့ စကားလိုပဲ ရုံးမှာ ရုံးလုလင် လုပ်ရတယ် မဟုတ်လား၊ တစ်နေ့တစ်နေ့ သူများတွေခိုင်းတာ လုပ်ရတာ၊ ကိုယ်က ခိုင်းရတယ်လို့ တစ်ခါမှ မရှိဘူး "
ကသိကအောက် ဖြစ်စရာကောင်းသော ဆုံးမစကားများကို ကြားပြီး ထွန်းမြင့် အနေရအထိုင်ရ ခက်သွား သည်။ ဟိုမှာ ကြည့်စမ်း လူမိုက်တစ်ကောင်လို့ ညွှန်ပြခြင်း ခံရသလို သူ့မိန်းမက သူ့ကို အစဉ်အမြဲ မှီငြမ်း ကိုးကား သည်။ ကျီးမိုက်တစ်ကောင်အကြောင်း ပုံပြင်ထဲကလို သူ့အပေါ် သူ့မိန်းမက သဘော ထားနေ သလား မသိ။ ဆန်းတော့ မန်းပေ။ နံနက်တိုင်းလောက်နီးနီး ကြားနေရသော သင်ခန်းစာ ပေးပုံ ၀တ္ထုလေး တစ်ခု။

ခြင်ထောင်ထဲမှ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ထွက်လာပြီး တစ်ယောက် ထွက်လာသည်။ အားလုံး ၆ ယောက်၊ တစ်ခါ တလေတော့လည်း စကားဝါ ပန်းကိုင်းတစ်ကိုင်းထဲမှာ စကားဝါပွင့် ခြောက်ပွင့် တန်းစီပွင့်နေသလို သူခံစားရသည်။ တစ်ခါတလေ သူ့ပခုံးပေါ် ဆန်အိတ် ခြောက်အိတ် ဆင့်ပြီး တင်ပေး လိုက်သလိုလည်း ခံစားရသည်။

" အစ်ကိုရေ ထမင်းပြင်ပြီးပြီ စားတော့၊ ညကတည်းက အစ်ကို့အတွက် ဟင်းချန်ထားတာ "
သူ့ မိန်းမ နှင့် ကလေးများက သူ့အတွက်ဆို အကောင်းအညွှန့်တွေ ချန်ထားတတ်ကြသည်။ သည်လိုဖြင့် သူတို့ အပေါ် သံယောဇဉ်ဖြစ်အောင် ကြိုးစားနေကြသည်နှင့်တူပြီး တစ်နေကုန် ငွေရှာခိုင်းရန် အပေးအယူ လုပ်လိုက် တာပဲလားလို့ ကိုထွန်းမြင့် မကြာခဏ တွေးမိသေးသည်။

" ဖေဖေ ပြန်လာရင် မုန့်ဝယ်လာခဲ့နော်၊ ပေါက်စီဝယ်လာခဲ့နော် "
သမီး အငယ်ဆုံး အချစ်ဆုံးက မှာနေသည်။ ထွန်းမြင့် အိမ်အပြန်မှာ မုန့်မပါလာသည်က များနေပေမယ့် မှာ နေကျ။
" အေး … ၀ယ်လာခဲ့မယ် "
ထွန်းမြင့် ကလည်း ၀ယ်လာနိုင်သည်ဖြစ်စေ၊ မ၀ယ်လာနိုင်သည်ဖြစ်စေ ကတိပေးနေကျ။ သူအိမ်အပြန်မှာ မုန့်မပါ လာကြောင်း သိရသည့်အခါတွင်လည်း သမီးငယ်က " မှာလိုက်ရဲ့သားနဲ့" လို့လည်း ဘယ်သော အခါ မှ အပြစ်မဖို့ပါ။ တကယ်တော့ မုန့်မှာခြင်းမှာ သမီးငယ်က အလုပ်သွားမည့် ဖေဖေ့ကို နှုတ်ဆက် နေသောနိမိတ်ပုံလည်း ဖြစ်နိုင်သည်။

ထွန်းမြင့် ခေါင်းထဲနည်းနည်းနောက်နေသည်။ မနေ့ညနေကတည်းကပေါ့။ ဆိုင်သို့ သည်နေ့နံနက် မလာနိုင် တော့ကြောင်း မနေ့ညနေက တစ်ခါတည်း ပြောခဲ့ပြီးသား။ ထွန်းမြင့်က ဆောက်လုပ်ရေး ရုံးတစ်ရုံး မှာ အလုပ်လုပ်သည်။ သူ့ဆရာ သည် နိုင်ငံခြားပြန် အင်ဂျင်နီယာတစ်ယောက်ဖြစ် သည်။ မျိုးနှင့် ရိုးနှင့် ချမ်းသာသူ တစ်ယောက်ဖြစ်သည်။ ထွန်းမြင့်က ထွားထွားကျိုင်းကျိုင်း၊ ဗိုက်ကပူပူ၊ သူ့ အရာရှိက သေးသေး ညှက်ညှက်ကလေး။ စိတ်ဝင်စားစရာကောင်းသည်မှာ ထွန်းမြင့်က အရာရှိတွေမှာ ရှိ တတ်သည့် ပုံစံမျိုး။ သူ့ဆရာမှာ အရာရှိဘကီးတစ်ဦး၏ အချိုးအစား ရုပ်သွင်သဏ္ဍာန်မျိုး မရှိသော်လည်း သေသေ ချာချာကြည့်လျှင် ကျက်သရေရှိသော ရုပ်မျိုးဖြစ်သည်ဟု ထွန်းမြင့်အမြဲအစဉ်ထင်မိသည်။

သူ့လို လူကောင်းကြီးကြီးထွားထွားကို အရာရှိကြီးသေးသေးညှက်ညှက်က ဟိန်းလိုက် ဟောက်လိုက်လျှင် သူ့မှာ နေစရာမရှိအောင် ကြောက်ရွံ့သွားတတ်သည်မှာ အဘယ်ကြောင့်နည်း။ အရာရှိကြီးသည် သူ့ဘ၀၏ သာယာ ငြိမ်းချမ်းရေး ကို အဖြူပေါ် အမည်းတင်လိုက်ရုံဖြင့် ပျက်စီးစေနိုင်သောကြောင့်ဖြစ်သည်။

ဂျော့ဘားနတ်ရှောပြောသလိုပင် ကျောက်ခေတ် သမိုင်းဦးဘုံမြေခေတ် မဟုတ်သည့် ယနေ့လို သိပ္ပံပညာ ထွန်းကား သည့် ခေတ်မှာ လူကောင်ချင်း နပမ်းသတ်စရာမလို။ အဲဒီလို ခွန်အားကြီးစရာမလို။ ခြောက်လုံးပြူး မောင်းဖြုတ်နိုင်သည့် အင်အားလေးသာလိုသည်။ အင်ဂျင်နီယာအရာရှိကြီးသည် ထွန်းမြင့် လို ရုံးလုလင် တစ်ယောက် ကို ရာထူးသာတိုးမပေးနိုင်ပေမယ့် ဒုက္ခပေးနိုင်သည်။ တစ်စစီ လွင့်စင်ပျက်စီး သေဆုံး သွားစေ နိုင်သည်။ နှလုံးသွေး ရပ်သွားစေနိုင်သည်။ ထို့ကြောင့် အရာရှိ သေးသေးကိုပင် အရာရှိကြီး ဟု ခေါ်ပြီး လူ ကောင်းထွားထွား မောင်ထွန်းမြင့်ကိုတော့ ရုံးလုလင်လေးလို့ခေါ်သည်။

သူ့ဆရာ အရာရှိကြီးသည် သဘောသကာယ ကောင်းသူတစ်ယောက်ဖြစ်သည်။ သို့သော် ဆဲဆိုသည့် နေရာ၊ ကိုင်တုတ်သည့် နေရာတို့တွင် လူသိများသည်။ သူ့ကို ယုတ်မာကောက်ကျစ်သည့် လူတစ်ယောက် အဖြစ် မည်သူမှ လက်မခံကြ။ ထွန်းမြင့်သည် ဆဲဆိုမှုများနှင့် ရင်းနှီးနေပြီဖြစ်သည်။ သို့သော် တစ်ခါ တလေ အဆဲခံနေရတာနှင့်စာလျှင် အလုပ်ပြုတ်တာကမှ ကောင်းဦးမည်ဟု ထွန်းမြင့် တွေးမိသည်။ အရာရှိကြီး အနေနှင့် မည်သူ့ကိုမှ အလုပ်မဖြုတ်လိုသောကြောင့်သာ ဆဲဆိုနေခြင်းဖြစ်နိုင်သည်။ တစ်ခါ တွင် အရာရှိကြီး သည် ထွန်းမြင့်ကို ကိုင်တုတ်နေသည်။ " မင်း အမေ … " ဆိုတာတွေ ပါလာသည်။

" ဆရာ ကျွန်တော့်ကို စိတ်ဆိုးရင် ကျွန်တော့်ပါးကို ရိုက်ပါ။ ဆရာစီးတဲ့ ဖိနပ်နဲ့ မျက်နှာကို ကန်ပါ၊ ဒါပေမဲ့ အမေ့ ကို မထိပါနှင့် "
ဒီလို ထွန်းမြင့်ပြောတော့ သူ့အရာရှိကြီး အားတုံ့အားနာ ဖြစ်သွားသည်။
" ဆောရီး" ဆိုပြီး တစ်ခွန်းတည်း ပြန်ပြောသည်။

ဒီနေ့ ရုံးရောက်လျှင် ရောက်ချင်း အပေါင်းအသင်းတွေက ၀ိုင်းဝန်းပြီး ဆူညံသွားသည်အထိ သတင်းဆိုး ပေး ကြသည်။
" မင်းကို အရာရှိကြီးက ရောက်ရောက်ချင်း လွှတ်လိုက်ပါတဲ့ "
ထွန်းမြင့် အရာရှိကြီး ရုံးခန်းကို ကြောက်ကြောက်လန့်လန့်နှင့် ၀င်ချသွားသည်။

" ဟေ့ကောင် နောက်ကျလှချည်လား၊ မင်းကို ပြောရင် ကလေးနေမကောင်းလို့လို့ပြောမယ်၊ မင်းလိမ်နေ တာပါ"
" ကျွန်တော်မလိမ်ဘူးဆရာ "
" ခွေးကောင်စုတ် ရဲ့ မင်းနောက်ကျရတဲ့အကြောင်းရင်းကို ငါ မသိဘူးများ အောက်မေ့လို့လား၊ မင်း မနက်ပိုင်း လက်ဖက်ရည်ဆိုင်တစ်ဆိုင် မှာ ၀င်လုပ်နေတယ်ဆို "
" ဆရာ့ ကို ဘယ်သူပြောလဲ ဆရာ "
" ငါ မင်းဆရာပါကွ၊ တိရစ္ဆာန်ရဲ့၊ လိမ်ဖို့ ကြိုးစားဦးမလို့လား ခွေးသားရဲ့ "

" ဆရာပြောတာ မှန်ပါတယ်ဆရာ "
" တစ်နေ့ ဘယ်လောက်ရလဲ "
" ငါးရာပါ၊ မနက်ပိုင်းလေးတင် ဆင်းရတာပါ "
" တစ်နေ့ ငါးရာ နည်းတာပေါ့ကွ၊ အိုးမကွာ အိမ်မကွာ မင်းဆေးလေးဘာလေး ရောင်းပါလားကွ၊ အိမ်သုံး ဆေး တွေကွာ "
" ကျွန်တော့်မှာမှ အရင်းအနှီးမရှိတာ "

" ဟိတ် မသာကောင် ရဲ့၊ မင်းမှာ အရင်းအနှီးမရှီတာ ငါသိတာပေါ့၊ ငတုံးတွေမှာ ဘယ်ကလာ အရင်းအနှီး မရှိတဲ့ ကောင်ကို လျှာချောင်ပြီးတော့များ ပြောနေတယ် ထင်သလားကွာ၊ ရွှေဘုံသာလမ်းက ဆေးကုခန်း တစ်ခု မှာ ငါ့သူငယ်ချင်းတစ်ယောက် ဆေးရောင်းနေတယ်၊ ကြီးပွားနေတယ်၊ မင်းသူ့ဆီသွားပြီး လေ့လာ ရဦး မှာ၊ ချက်ချင်းရောင်းလို့ မရသေးဘူး၊ မတတ်သေးဘဲ သွားရောင်းရင် အကုန်ကြွကုန်မှာပေါ့ မအေပေး ရဲ့၊ အညံ့ အဖျင်းတွေကို ရှင်းပြရတာ သိပ်မောနေပြီကွာ၊ အေး … အဲဒီဆိုင်က ငါ့သူငယ်ချင်းဟာ သိန်းပေါင်း များစွာ ချမ်းသာတယ်၊ သူ့ဆီမှာ ဆေးတွေ အကြွေးဝယ်လို့ရအောင် ငါ စာရေးပေးလိုက်မယ်၊ ဖုန်း လည်း ဆက်မယ်၊ အေး … နောက်နေ့ကစပြီး မင်းလက်ဖက်ရည်ဆိုင်က ထွက်လိုက်တော့ ဒါပဲ "

ထွန်းမြင့်သည် ညနေ ရုံးလွှတ်လျှင် ရွှေဘုံသာလမ်းက ဆေးဆိုင်မှာ ပညာသွားသင်ရသည်။ သူ့ဆရာ၏ သူငယ်ချင်း သည် နာမည်ကြီး ဆေးခန်းတစ်ခန်းမှာ ဆေးရောင်းစားသူဖြစ်သည်။ လက်မလည်အောင် ရောင်း ရသည်။ အံ့သြစရာကောင်းသည်မှာ ၀ယ်သူများသည် ဈေးမဆစ်ကြ။ ကျသလောက် ဟန်ပါပါ ထုတ်ပေးသွားကြသည်။ အပြိုင်အဆိုင် အလုအယက် ၀ယ်နေကြသည်။ ဈေးများသည်ဟူ၍ မညည်းညူ ကြပါ။ အိမ်ကျမှ ဒီဆိုင်တော်ပါပြီလို့ ပြောမလားမသိ။ ဆော်လိုက်တဲ့ဆိုင်လို့ ပြောမလားမသိ။

သေချာသည် မှာ နောက်တစ်ကြိမ် သူတို့တလည်လည်နှင့် ရောက်လာဦးမည်။ သေချာသည်မှာ ဆော်လိုက် တဲ့ ဆိုင်လို့ ထပ်ပြောဦးမည်။ ဆေးဝယ်ရန် လာသည့်လူများ၏ အဓိကပစ်မှတ်မှာ ဆေး စစ်စစ်ဖြစ်ရေး၊ အတု အပမဖြစ်ရေး၊ နောက်ဆုံးမှာတော့ ၀ယ်သူများ၏ မှတ်ချက်မှာ
"ဒီဆိုင်ကြီး တွေက စိတ်ချရတယ်ကွ၊ ဈေးတော့မဆိုစလောက်ကြီးတာပေါ့ "
ဝယ်သူ တချို့ဆိုလျှင် ပြန်အမ်းငွေကိုပင် မရေတွက်ကြတော့ပါ။ ရွှေဘုံသာလမ်းကို ဆေးဘုံသာလမ်းလို့ပင် ခေါ်ဖို့ ကောင်းနေပြီ။

" ထွန်းမြင့်ရဲ့ ဆေးဆိုင် "
သင်္ဘောဆေးဖြင့် မညီမညာ ရေးသားထားသော ဆိုင်းဘုတ်ငယ်တစ်ခုကို တွေ့ရသည်။ ချိုင်းနား၊ ချိုင်းနား ဖြစ်၊ ယိုးဒယား၊ ဆိုက်ပရပ်၊ အိုရီဂျင်နယ်၊ ဘီပီအိုင်၊ ယူနီဆက်၊ ရင်းနှီးကျွမ်းဝင်ခဲ့ရသော ဝေါဟာရများ။
တစ်လလောက် ကြာလျှင် အရာရှိကြီးသည် ထွန်းမြင့်ကို ခေါ်မေးသည်။
" ငါလည်း အလုပ်များနေလို့ မမေးမိဘူး၊ မင်းဆေးဆိုင် အခြေအနေကော ဘယ်လိုလဲ၊ အဲဒါဖြေပြီးရင် နောက်တစ်ခု မေးစရာရှိသေးတယ် "

" ဆရာရယ် ရွှေဘုံသာလမ်းနဲ့တော့ တခြားစီပဲ၊ ဈေးလည်း သိပ်ဆစ်ကြတယ် ဆရာရဲ့၊ ရွှေဘုံသာလမ်းမှာ ဆေးရောင်း တဲ့ အခါ သူပြောတဲ့ဆေးကို ကိုယ်ကရောင်းရုံပဲ၊ ကျွန်တော်တို့ ဆင်းရဲသားရပ်ကွက်မှာတော့ ဆေး ပါ စပ်ပေးရတယ်၊ ငါးဆယ် … တစ်ရာပြန်အမ်းဖို့ အတွက် အကြွေပါ ဆောင်းထားရတယ်၊ မလွယ်ပါ ဘူး ဆရာ၊ ကမန်တော်က စာသိပ်မတတ်တော့ ခက်နေတာပေါ့၊ မှတ်ဥာဏ်လည်း သိပ်မကောင်းဘူး။ အဲဒီမှာ အ၀ယ်များတာ စီဖိုက်တွေပါ။ စီဖိုက်ဆိုတာ ပဋိသန္ဓေကာကွယ်ဆေးပြားပေါ့။ ဆင်းရဲသားရပ်ကွက် ထုံးစံ အတိုင်း ကလေးမွေးမှာ ကြောက်နေကြတာပေါ့၊ အဲဒီမှာ ဆေးရောင်းတာ ဆေးလည်း ကုတတ် ရတယ် ဆရာရဲ့။

စာအုပ်တွေလည်း ရှာဖတ်ရတယ်။ ဆင်းရဲသားရပ်ကွက်ဆိုတော့ ညနေပိုင်းငွေရှာလို့ရမှ လာလာ ပြေးဝယ် ကြတာပါ၊ တစ်ပြား တစ်ပြားစီ လာဝယ်တာ အလုပ်တော့ တော်တော်ရှုပ်တယ်ဆရာ၊ တစ်နေ့တော့ ကျွန်တော့်မိန်းမ ထမင်းချက်နေတုန်း " ဆေးဝယ်မလို့ဗျို့ "ဆိုတဲ့ အော်သံကြားတာနဲ့ ထမင်းငှဲ့မလို့ဟာ မငှဲ့ ရဘဲ သွားရောင်းရတယ်။ ဟိုလည်းကျရော သာလာဆပ်ဝမ်းပိတ်ဆေး နှစ်ပြားတဲ့။ တစ်ရာဖိုး။ ပြန်လာတော့ ထမင်းပျော့သွားပြီဆရာ။ ဆေးဝယ်တဲ့လူဟာ သာလာဆပ် နှစ်ပြားကို ရတဲ့အခါ အေးအေး ဆေးဆေး ထွက် မသွားဘူး။ အစ်မကြီး ၀လည်းဝ၊ လှလည်းလှလာတယ်လို့ ရိသေးတယ်တဲ့။ ကြာရင် ကျွန်တော့် မိန်းမ ပါသွားလိမ့်မယ်။ ဒါနဲ့ နောက်ထပ် ဆရာမေးစရာရှိတယ်ဆိုတာ ဘာလဲဆရာ "

" မင်း လက်ဖက်ရည်ဆိုင်က မထွက်သေးဘူးဆို "
" ဟုတ် … ဟုတ်ပါတယ်ဆရာ၊ မိန်းမကပြောတယ်၊ ရှင့်ဆရာ ရောင်းခိုင်းတဲ့ဆေးဟာ သိပ်အမြတ်မကျန် သေးခင် လက်ဖက်ရည်ဆိုင်အလုပ် ကို ဆက်မှေးထားဦးတဲ့ "
တစ်ပတ် လောက်ကြာတော့ သူ့ဆရာက သူ့ကို ခေါ်ပြန်သည်။ သူ့ရဲ့ လေအေးစက်တပ်အခန်းထဲမှာ အေး အေး ဆေးဆေး ထိုင်ခိုင်းသည်။ ကော်ဖီတစ်ခွက်ပင် ဓာတ်ဘူးထဲမှ ငှဲ့ထည့်ပေးသည်။
" ဘယ့်နှယ်လဲ မင်းဆေးဆိုင် "

" သိပ်တော့မထူးဘူးဆရာ၊ ရပ်ကွက်ထဲမှာ ဆေးဆိုင်လေးတွေ အများကြီးပဲ၊ မြို့ထဲက တချို့ ဆိုင်တွေနဲ့ တော့တခြားစီပဲ၊ အဲဒါ ကျွန်တော် ဆက်ရောင်းရဦးမလား ဆရာ "
" ဟိတ်ကောင် ဆက်ရောင်း၊ ရှည်မနေနဲ့၊ ဒီလိုပဲပေါ့၊ အခက်အခဲဆိုတာရှိတာပဲပေါ့ ခွေးကောင်ရဲ့၊ အလှည့် အပြောင်း တစ်ခုခုဖြစ်လာရင် အဲဒီအလှည့်အပြောင်းတစ်ခုကို စမ်းသပ်တဲ့အခါ ချမ်းသာတဲ့ လူလည်း ရှိတယ်။ သိပ်ကို ဒုက္ခရောက်ရတဲ့ လူတွေလည်းရှိတာပဲ၊ တချို့ကျဇွဲကလေး နည်းနည်းလိုသွားလို့ ခံလိုက် ရတာ၊ တချို့ကျ လက်လျှော့တာ စောသွားတတ်တယ်၊ နည်းနည်းစောင့်ကြည့်ပါဦးငတုံးရဲ့ "
" ဆရာ "
" ဘာလဲကွ "

" ကျွန်တော် လက်ဖက်ရည်ဆိုင်က မထွက်ပါရစေနဲ့၊ မနက်ပိုင်း နာရီဝက်တစ်နာရီ နောက်ကျတဲ့အခါ ခွင့်လွှတ် ပါ ဆရာ၊ ဆရာဟာ ကျွန်တော့်မိဘလိုပါပဲ။ ဆရာ့ကျေးဇူး ကျွန်တော် မမေ့ပါဘူးဆရာ "
အရာရှိ သည် သူ့တပည့်ကို သေသေချာချာ ကြည့်ပြီး မျက်နှာမှာ ပြုံးတော့မလို၊ တည်တော့မလိုဖြစ်သွား သည်။ အထူးသဖြင့် သူ ဂရုတစိုက်ကြည့်သည်မှာ ထွန်းမြင့်၏ စွတ်စိုထိုင်းမှိုင်းနေသော မျက်ဝန်းများကို ဖြစ် ပါသည်။ ထို့နောက် သူ့တပည့်ကို ခပ်အေးအေး ပြောလိုက်လေသည်။

" ကော်ဖီ သောက်လိုက်ပါဦး၊ အေးသွားဦးမယ်၊ ဒီစာအိတ်ယူသွား၊ အထဲမှာ ပိုက်ဆံရှိတယ်၊ ကလေး တွေကို အ၀တ်အစားဝယ်ပေးလိုက် "
" ဆရာ ကျွန်တော့်ကို လက်ဖက်ရည်ဆိုင်မှာ ဆက်လုပ်ခွင့်ပြုမယ် မဟုတ်လားဆရာ "
" ရော် … ခက်ကပြီ၊ မင်း အကင်းမပါးလို့ ဒီလိုဖြစ်ပြီး ခွေးဘ၀ရောက်နေတာပေါ့၊ ဘာလဲ ငါက အသေး စိတ် ပြောရဦးမလား၊ မင်း တောင်းဆိုတာကို ငါလက်မခံရင် ပြုံးပြုံးရွှင်ရွှင် စာစာနာနာနဲ့ မင်းကို ကော်ဖီ တိုက် ပါ့မလား၊ ခွေးမသားရဲ့ "

" ကျွန်တော့်ကို ဆရာခွင့်ပြုတဲ့သဘောမျိုး ပြောတာလား ဆရာ "
" ဟား … အား … ငါသာ သေလိုက်ပါတော့ကွာ၊ အ လွန်းတော့ န တယ်ဆိုတာ မင်းလို ကောင်မျိုး ပဲထင်ပါရဲ့၊ မျိုးရိုးနဲ့ကို လူရာမ၀င်တဲ့ ကောင်ညံ့ရဲ့ "
" ဒီလိုဆိုရင် ကျေးဇူးကြီးလှပါပြီ ဆရာ "
" အေး … လက်ဖက်ရည်ဆိုင်မှာ အလုပ်သိပ်များနေရင်လည်း ပြောပေါ့ မင်းအလုပ် ငါပါ လာလုပ်ပေးမယ်၊ ဟုတ်လား၊ နွားအ ရဲ့ အစ်ကို ၀က်ရူးတိရစ္ဆာန်ရယ် "

============
 
စာရေးသူ - မောင်ညိုပြာ
ကလျာ မဂ္ဂဇင်း နိုဝင်ဘာလထုတ် ၂ဝ၁၁
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, November 13, 2011

ကျော်ထူး ၏ ရင်ထဲက သမီးလေး

ရင်ထဲကသမီးလေး
ကျော်ထူး

နယ်တစ်နယ် မှာပေါ့ ကျွန်တော်ကားသွားရိုက်တော့ ကျောင်းပိတ်ရက်ကြုံနေလို့ ကျွန်တော့် ရဲ့သမီးနယ်လေး ဗဟုသုတရစေခြင်းငှာ ကျွန်တော်ခေါ်သွားမိပါသည်။ သိတယ်မှတ်လား ကျွန်တော့်တို့ ရုပ်ရှင်သမား တွေက ကျွန်တော့်ကို ချစ်ကြတယ်လေ။ သည်တော့ ''ယောင်တတ်''တဲ့ ကျွန်တော့်ကို လည်း စကြ နောက်ကြပျော် ကြပေါ့။ ''တစ်ဇတ်ဇတ်''နဲ့ ယောင်နေတဲ့ ကျွန်တော့်ကို ခပ်လှမ်းလှမ်းက ကြည့်နေတဲ့ သမီး လေး ရဲ့ မျက်ဝန်း တွေကို ကျွန်တော်အကဲခတ်မိတယ်။

ကျွန်မအဖေ ပင်ပန်းနေပါတယ် မစ ကြပါနဲ့လို့ ပြောနေသယောင်ယောင်။ ခက်တာက သူတို့ကလည်း ချစ်လို့ စနေကြတာလေ။ သမီးကတော့ ပုပ္ပါးတောင်ပေါ်က မျောက်ကလေးကိုတစ်လှည့် ကျွန်တော့်ကို တစ်လှည့် နဲ့ ကြည့်ကြည့် နေတတ်တယ်။ ညပိုင်း အိပ်ရာဝင်တော့
    ''သမီးဆယ်တန်းအောင်ရင် အလုပ်ဝင်လုပ်တော့မယ်။ အဖေနားတော့၊ အဖေတို့ အလုပ်က နေပူ မရှောင် မိုးရွာမရှောင် နဲ့ စိတ်ရောလူရော အရမ်းပင်ပန်းတယ်''
    ကျွန်တော် သမီးငယ် ကို တစ်ချက်လှမ်းကြည့်လိုက်တော့ သူက
    ''ပြီးတော့ သမီးတစ်ခုသိချင်တာပေါ့လေ အဖေအသက်ကြီးသွားရင်ရော အဲဒီ ရုပ်ရှင်အဖွဲ့တွေက အဖေ့ ကို ခုလို ခေါ်သုံးဦးမှာလားဟင်''
    သမီးငယ်ရဲ့ အမေးစကားကို ကျွန်တော် ချက်ချင်းပြန်မဖြေနိုင်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော့် ရဲ့မျက်လုံးထဲ ရင်ထဲမှာ ဘဘဦးဂျော်လီဆွေတို့၊ ဦးစံမတူ၊ ဦးပလာ တာ၊ ဦးတုတ်ပေါတို့ကို ပြေးမြင်ယောင် သတိရလိုက်လို့ပါပဲ။

    ''အဖေ ပြောလေ ခုနက သမီးမေးတာကို''
    ''သြော် အင်း…… အဟဲ အဖေကျန်းမာရေးကောင်းနေရင်တော့ ခေါ်သုံးမှာပေါ့ သမီးရယ်။ အဖေက အနုပညာ ကို ချစ်တယ်လေ သူတို့ကလည်း သည်အတိုင်းပဲပေါ့ သမီး ရဲ့''
    သမီးငယ် က အနားတိုးလာပြီး ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်ကာ
    ''ကျန်းမာရေးကောင်းတယ်ဆိုတာက''
    ''သြော် သမီးရယ် ဘာခေါ်မလဲ နားမလေးဘူး မျက်လုံးမမှုန်ဘူး လေမဖြတ်ဘူး ဆိုတာကို ပြော တာလေ''
    သမီးငယ်က မျက်မှောင်ကြုတ်စဉ်းစားလိုက်ပြီး ခေါင်းတညိမ့်ညိမ့်ဖြင့်
    ''သြော်… သြော် တကယ်လို့ အဲဒီလို ဖြစ်နေခဲ့ရင်ရော အဖေ့လူတွေက အဖေ့ကို ချစ်တာပဲ ခေါ်သုံးမှာ ပေါ့နော်''
    ကျွန်တော့်ရင်ထဲမှာ ကျဉ်ခနဲဖြစ်သွားတယ်။ ကျွန်တော်တစ်ခါ ဂျာနယ်တစ်ခုမှာ ရေးဖူးတယ်။ ဆွေမျိုး တွေကို ပစ်မထား နဲ့ ဆောင်းပါးထဲကလို ဘဘဦးစံမတူ နဲ့ ဦးဂျော်လီဆွေ တို့ကို နားလေးလို့ဆိုပြီး စိတ်မရှည် ဘဲ ခေါ်မရိုက်ကြဘူးလေ။

    ''သြော် သမီးရယ် အဖေက နားလေးနေတယ်ဆိုပါတော့ ဒါရိုက်တာက ခဏခဏ ပြန်ပြန်ပြော နေရတော့ အချိန်တွေ ပုပ်ကုန်တာပေါ့။ ရုပ်ရှင်တို့ ဗီဒီယိုတို့ဆိုတာက အချိန် လုရိုက်နေရတာလေ။ သည်တော့ ဖေဖေတစ်ယောက်တည်းအတွက်နဲ့ သူတို့ခမျာ အချိန် တွေကုန်ဆုံးကုန်မှာပေါ့။ ဒါရိုက်တာ မိုက်တီး ရိုက်တဲ့ ဇာတ်ကားနာမည်လိုပေါ့သမီးရယ် ဘာတဲ့ … ချစ်တော့ ချစ်တယ် အလိုမလိုက်ဘူးပေါ့ မှုတ်ဘူးလား ဟား ဟားဟား''
    ခြောက်ခြောက်သွေ့သွေ့နဲ့ ရယ်မောပြီး သမီးငယ် စိတ်ချမ်းသာအောင် ကျွန်တော် ပြောလိုက်တယ်။

    ကျွန်တော်တို့လို ဇာတ်ပို့ဇာတ်ရံအနုပညာသမားများရဲ့ နောက်ကွယ်က မှီခိုအား ထားနေရတဲ့သူတွေကို စိတ်မဆင်းရဲ စေချင်ဘူးလေ။ အဲ တစ်ခုကျန်သေးတယ်ဗျ ကျွန် တော်သမီးငယ်အကြောင်းလေးပါပဲ။ ခုနက နယ်ကိစ္စလေးပါပဲ။ သည်လိုဗျ ရန်ကုန်မှာ ကားရိုက်ရင်း ရှူတင်ကားလာကြိုပို့လုပ်ပေးတယ်။ အဲ သူတို့ လာနေချိန်မှာ ကိုယ်က အကြောင်းကြောင်းကြောင့် မလိုက်နိုင်ဘူးဆိုရင် ကိုယ့်ဘာသာကိုယ် တက္ကစီ ငှားသွား၊ ဒါပဲ။ အဲ နယ်ကျတော့ တက္ကစီမရှိဘူးလေ။ သည်တော့ ၀ီရိယရှိရမယ်။ စောစောထ စားစရာရှိတာစားထား ရှူတင်ကားလာရင် အဆင်သင့်ဖြစ်ရမယ်။ အကယ်၍ ရှူတင်ကား ကကြပ်နေရင် မင်းသား မင်းသမီး တွေရဲ့ ကိုယ်ပိုင်ကားလေးတွေကပ်ပြီး စီးပေါ့။ အဲဒါက တစ်ယောက်တည်း၊ အ၀တ်ထုတ် တစ်ထုတ်ရယ်။ ခုဟာက ကျွန်တော့်သမီးငယ်လေးပါ နေတော့ အခက်သားလား။ ရှူတင်ကား ကလည်းကြပ် တစ်ခါတစ်ရံမှ လိုက်ဖူးတဲ့ သမီးက မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့။

    ''ကိုကျော်ထူး လာတက်၊ ခင်ဗျားသမီးက နောက်ခန်းမှာထိုင်''
    မင်းသားတစ်ယောက်က စေတနာရှေ့တန်းတင်ပြီး လာခေါ်တော့ ဘယ်နှယ့်ပြော ရပါ့ သားအဖ နှစ်ယောက် ကားပေါ်စွေ့ကနဲပေါ့။ ကားက နောက်ဖက်ခြမ်းအမိုးတွေ ဖြုတ်ထားပုံရတယ်။ ဘာမှမပါဘူး။ လမ်းကကြမ်း ဖုန်တွေတလူလူနဲ့ပေါ့။ ကိုယ်က မင်းသားဘေး ကပ်ရပ် ခေါင်းခန်းထဲမှာ အဲယားကွန်းနဲ့။ တစ်ချက် တစ်ချက် နောက်ကြည့် မှန်ထဲကနေပြီး သမီးငယ်လေးကို ကြည့်လိုက်တော့ ဖုန်တွေသဲတွေနဲ့ ကျွန်တော့် အ၀တ်စားအိတ်လေးပိုက်ပြီး သိမ်ငယ်အားငယ်နေတဲ့ မျက်နှာလေးကို တွေ့လိုက်ရတော့ ရင်ထဲ မှာ မကောင်းလိုက်တာဗျာ။

ငါ့မှာလည်း ကိုယ်ပိုင်ကားလေးရှိရင် တို့သားအဖ ခုလို တကွဲတပြားစီးရမှာ မဟုတ် ဘူးလို့ အတွေးလေး တောင် ၀င်လာမိပြီး မျက်ရည်တောင်ကျချင်တယ်၊ တကယ်ပါ။ သည်ကြားထဲ မင်းသားကချစ်တော့ ကျွန်တော့် ကို စချင်တယ်လေ။ သည်တော့ ကားကိုအ ရှိန်မြင့်မောင်းပြီး ရုတ်တရက်ဘရိတ်အုပ်မယ်၊ ကျွန်တော် က ယောင်မယ်ပေါ့လေ။ ဒါပေသိ အင်မတန်မှ ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခုအပေါ် ၀ုန်းကနဲ ကျသွားတော့ ကျွန်တော် လည်း ငယ်သံပါအောင် အော်ဟစ်ပြီး ယောင်တော့ မင်းသားနဲ့ သူ့တပည့် တွေက တဟား ဟားပေါ့။

အဲ့ဒီအချိန်မှာ ကျွန်တော်သတိရလို့ ကမန်းကတမ်းနောက်ဘက်ကို လှည့်ကြည့် လိုက်တော့ ကျွန်တော့် သမီးငယ် လေးရယ် ဘာမှကိုင်စရာ တွယ်စရာမရှိဘဲ ကားက ခုန် သွားတော့ မြောက်တက်သွားပြီး ကားနောက်ပိတ် တံခါး နဲ့ သူ့ခါးလေး ဆောင့်မိလိုက်တယ်။ ဖခင်ဖြစ်သူ စိတ်မကောင်းဖြစ်မှာစိုးလို့ သူလေ ကြိတ်မှိတ် နေခဲ့တယ်။

နောက်ရက်တွေကျတော့ (ကန်တော့ပါနော်) သူဆီးသွားတဲ့အခါ သွေးတွေပါလာ ရော။ သားအဖ နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီး ငိုလိုက်ရတာဗျာ မပြော ပါနဲ့တော့။ ရှူတင် ကိုပဲ ကြောက် သွားတာလား၊ ဖခင်ဖြစ်တဲ့ ကျွန်တော့်ကို ၀ိုင်းစနေတာကိုပဲ မကြည့်ရက်တာလား ဆိုတာကိုတော့ သူမ ကိုယ်တိုင် ပဲ သိမှာပါ။ အနုပညာသမားတွေရဲ့ နောက်ကွယ်က လူတွေဟာလည်း လူတွေပါပဲ။ ခံစားချက် လေး တွေတော့ ရှိကြမှာပေါ့ နော်။ မဟုတ်ဘူးလား။

အဲဒါနဲ့ပဲ အဲဒါပဲ ပေါ့ဗျာ ….. နော်။

စာရေးသူ - ကျော်ထူး
မဟေသီ မဂ္ဂဇင်း အောက်တိုဘာလထုတ် ၂ဝ၁၁

.
>>>ဆက်ဖတ်ရန်>>> >>

Saturday, November 12, 2011

နေမိုးညို ၏ မအေးမြ တဲ့ လရောင် အပိုင်း (၂) (ဇာတ်သိမ်း)

“ဆရာ့ ကြည့်ရတာ တစ်မျိုးပဲ။ နေမကောင်းဘူးလား၊ ဒါမှမဟုတ် စင်သီယာ လာတာမကြိုက်လို့လား ဆရာ” လို့ သူမေးပါတယ်။ “ဟုတ်တယ်၊ ယောက်ျားလေးတစ်ယောက်တည်း နေတဲ့အိမ်၊ ပြီးတော့ အရက် သောက်မယ့် နေရာ၊ ခင်ဗျားလာတာလည်း ကျွန်တော်မကြိုက်ဘူး၊ ခင်ဗျားလည်း မလာသင့်ဘူး” လို့ မာမာ ထန်ထန် ကျွန်တော် ပြောပစ်လိုက်ချင်ပါတယ်။ ဒါပေမဲ့ ပါးစပ်က အယောင်ယောင်အမှားမှားနဲ့ “ဟုတ်ကဲ့ဗျ” လို့ လွှတ်ခနဲ ထွက်သွားတော့ “အို”ဆိုတဲ့ အာမေဋိတ်သံ စင်သီယာဆီက ထွက်လာတယ်။ ပြီးတော့ လှလှပပလေးပြုံးလိုက်တယ်။

တော်ရုံတန်ရုံ လူတစ်ယောက် ပစ်လဲကျသွားနိုင်တဲ့အပြုံးမျိုးပါ။ “ဆရာရယ် အရက်သောက်တာ လူမိတာများ အယောင်ယောင်အမှားမှား ဖြစ်နေလိုက်တာ။ ကိုစောဝေ ပြောပြထားလို့ ဆရာ သောက် တတ် မှန်း စင်သီယာသိပါတယ်။ စင်သီယာတောင် သောက်တတ်သေး”  ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအေင် အိုးနင်းခွက်နင်းဖြစ်နေတဲ့ ကျွန်တော့်ကို သက်သောင့်သက်သာ လေး ဖြည့်တွက်ပေးသွားတဲ့ မိန်းကလေး တစ်ယောက်ရဲ့တင်္ခဏုပ္ပတ္တိဉာဏ်ကို ကျေးဇူးတင်မိသွားပေ မယ့် ကိုရီးယားကားတွေကြည့်ပြီး ဘီယာ အရက်သောက်လာကြတဲ့ မိန်းကလေးတွေကို မျက်မုန်းကျိုး နေသူ ကျွန်တော့်အဖို့ကတော့ “စင်သီယာ တောင် သောက်တတ်သေး”ဆိုတဲ့ စကားက နားခါးလှပါ တယ်။

အဲဒီအချိန်မှာပဲ ခြံထဲ ကစားကွင်းဆောက်ပေးနေတဲ့ အလုပ်သမားလေးတစ်သိုက် ဝင်လာကြ တယ်။ “ဟော အလုပ်သမားလေးတွေ အသုံးလာတောင်းကြတာဖြစ်မယ် ဆရာ... စင်သီယာ ပိုက်ဆံ သွားရှင်းပေး လိုက်ပါ ဦးမယ်။ လာလာ...မောင်လေးတို့... မမနဲ့ လိုက်ခဲ့ကြဆိုပြီး ကြော့ကြော့မော့မော့ ထွက်သွား တော့တယ်။ ကောင်လေးတွေက သူ့နောက်က စက်ရုပ်တွေလို တသီကြီးပါသွားလေရဲ့။ ကျွန် တော် ခေါင်းကို အသာအယာယမ်းမိတယ် ထင်ပါတယ်။

ကိုစောဝေနဲ့ ကျွန်တော် တရင်းတနှီးကို ခင်ကြတာပါ။ ဒါပေမဲ့ သူ အကြောင်းမဲ့ ကျွန်တော့်အိမ်ကို လာခဲ ပါတယ်။ ကျွန်တော်ဆို ခုထိ ကိုစောဝေအိမ်မရောက်ဖူးသေးပါဘူး။ ကျွန်တော် အခု အရက်လုံးဝမ သောက် တော့ပါဘူး။ စင်သီယာ ရောက်ရောက်လာတတ်တော့ သောက်နေတာနဲ့ကြုံရင် မတင့်တယ် ဘူးလေ။ မကြာခဏရောက်လာပြီး စကားပြောတတ်တဲ့ စင်သီယာကို ကျွန်တော် ဘာအကြောင်းပြ ချက်နဲ့ နှင်ရမှန်း မသိတော့ အတတ်နိုင်ဆုံး ခြံထဲထွက် လမ်းလျှောက်နေလိုက်ပါယ်။ အခု ညနေဘက် စက်ဘီး ထွက် နင်းဖြစ်တော့ ကျန်းမာရေးလည်း အထောက်အကူဖြစ် ထွက်ပေါက်လည်းရတာပေါ့လေ။ တစ်ခါ တလေ ကျတော့လည်း ငါ ဒီလိုဖြစ်နေရအောင် စင်သီယာကရော အိမ်ကိုလာလည်တတ်တာက လွဲလို့ ဘာတွေ ဖြစ်နေလို့လဲလို့ တွေးမိရင် ခေါင်းကို နောက်ကျိသွားတာပဲ။

စင်သီယာက သူ့ဘာသာသူ နေတာပါ။ ညဘက်တွေ ကိုစောဝေ အိမ်ပြန်နောက်ကျလို့ တစ်ယောက်တည်း မနေရဲဘူး။ အဖော်လာ နေပေးပါဦး ဘာညာဆိုပြီး လှမ်းခေါ်တာပြုတာလည်း မရှိပါဘူး။ ကျွန်တော် ရုံးအားရက် နေ့ခင်းဘက် တွေမှာသာ လာလည်တတ်တာ။ လင်ရှိမယား သူစိမ်းမိန်းမတစ်ယောက်နဲ့ အိမ်တစ်လုံး တည်း မနေသင့် ဘူးဆိုတဲ့ ကျွန်တော့်စိတ်ကသာ ကျွန်တော့်ကိုခြောက်လှန့်နေတာပါလို့ တွေးမိတယ်။ ကျွန်တော့်ရဲ့ စောင့်ထိန်းအပ်သော ကိုယ်ကျင့်သီလ ခိုင်မြဲသောသိက္ခာအတွက်ကတော့ ကိုယ့် ကိုယ်ကိုယ် လိပ်ပြာ သန့်ပါရဲ့။ ပတ်ဝန်းကျင်အမြင် တင့်တယ်အောင်တော့ ကျွန်တော် အနေအထိုင် တတ်ဖို့ လိုမယ်မဟုတ် လား။ Man Is Social Animal ဆိုတဲ့ စကားရဲ့အတိမ်အနက် အကျယ်အပြောကို ကျွန်တော် သေသေ ချာချာ တွေးတောမိပါတယ်။

ကိုစောဝေကတော့ သူ့အလုပ်နဲ့သူ ပုံမှန်လည်ပတ်လို့ပါပဲ။ ဆိုင်ကယ်တစ်စီးနဲ့ အစောကြီးအိမ်ကထွက်။ ညဥ့်နက် မှ ပြန်ရောက်ဆဲပါ။ ခုထိ အိမ်မပြန်လာတာတော့ မရှိသေးပါဘူးလို့ စင်သီယာပြောပြကတယ်။ စင်သီယာ တစ်ယောက် ညနေဘက်ဆို ခြံဝကခုံတန်းလေးမှာ ထိုင်ဆဲ။ ကိုစောဝေကိုမျှော်ဆဲပါ။ အရင် က လမ်းသွားရင်း သူ့ကိုငေးတတ်တဲ့ ကောင်မလေးတွေဟာ ခုတော့ သူ့အိမ်ကို ဝင်ထွက်လည်ပတ် စကား ပြောဖော် လေးတွေ ဖြစ်လာကြပါပြီ။

သူ့ကိုကြည့်ရင်း ခလုတ်တိုက်တတ်တဲ့ ကောင်းလေးတွေက လည်း ခုတော့ တချို့ဆို တင်းနစ် ရိုက်ဖက် တွေတောင်ဖြစ်လို့။ တင်းနစ်ကွင်း၊ ကြက်တောင်ကွင်း လာ ဖောက်ပေးသွားတဲ့ အလုပ်သမား ကောင်လေး တွေတောင် ကစားကွမ်းလာမွမ်းမံပေးသူ၊ ပန်းလာပို့ပေး သူနဲ့။ အိမ်က လူဝင်လူထွက်များလာတဲ့အခါ ကျွန်တော့် စိတ်တွေ လေးလံလာတယ် ကိုလေးဖြူရဲ့လူစီ ဆိုတဲ့ သီချင်းသံလေး နားထဲ ကြားယောင် လာတယ်။ တစ်ခါတလေည ညမှောင်ရီပျိုးချိန်အထိ၊ အိမ်ထဲ က စကားပြောသံသဲ့သဲ့၊ ဂစ်တာသံသဲ့သဲ့ ကြားရစ ပြုလာတဲ့အခါ၊ ကျွန်တော် ဒီအိမ်ကလေးမှာ ဘယ်လို မှ နေလို့မပျော်တော့ပါဘူး။ ကိုစောဝေ ကလည်း တစ်ခါဆိုတစ်ခါမှ အိမ်ပြန်မစောသေးဘူးလေ။

ကျွန်တော် ကိုစောဝေကို ဘာပြောရမလဲ။ ကျွန်တော့် မျက်စိနဲ့ကော မဖွယ်မရာတွေ ဘာတွေတပ်အပ် မြင်ရ သေးလို့လဲ။ မြင်အောင်ကော သူခိုးတစ်ယောက်လို ခိုးကြောင်ခိုးဝှက် သွားချောင်းကြည့်နေရဦးမှာ လား။ ကိုယ်ကျင့်တရားနဲ့ ငါးပါးသီလလုံအောင် ထိန်းရင်း သော့အလုံပိတ်ထားတဲ့ ဟောသည့်အိမ်က လေး မှာ ကျွန်တော်ဟာ လူရောစိတ်ပါ အကျဉ်းကျလာခဲ့တယ်။ စင်သီယာကတော့ သူ့အိမ်ထဲမှာ သူ့ မိတ်ဆွေ ကောင်လေး၊ ကောင်မလေးတွေနဲ့ ပျော်လို့ရွှင်လို့။ အိမ်စောစောပြန်ခဲ့ပါ ကိုစောဝေလို့ စိတ်ထဲ မှာ အကျယ်ကြီး အော်ရင်း ကျွန်တော် ခြောက်အိပ်မက်တွေနဲ့ မိုးလင်းခဲ့ရတဲ့ညတွေ မနည်းတော့ဘူး။

"The Sub-Scrible You Have Dial Is Not In The Service Area..." ဆိုတဲ့ စကားသံလေး ပျံ့လွင့် လာချိန် မှာ ကျွန်တော်ဖုန်းကို အလန့်တကြားပိတ်ပစ်လိုက်မိတယ်။ အကြိမ်ပေါင်းများစွာ ဆက်ခဲ့ဖူးတဲ့ နံပါတ်ကို နှစ်နဲ့ချီပြီး မေ့ထားရာကနေ ဘယ်လိုကြောင့်များ အသိတရားတွေ လွတ်ကင်းပြီး နှိပ်မိသွားပါ လိမ့်လို့ ကိုယ့်ကိုယ်ကိုယ် ဝေခွဲမရဖြစ်မိစဉ်မှာ သင်းပျံတဲ့ရနံ့တစ်ခုကြောင့် ကျွန်တော် နောက်ပြန်လှည့် ပြီး ကြည့်မိတယ်။ စင်သီယာ။ “မောင်...”တဲ့။

မိုးကြိုးအစင်းတစ်ရာ ပေါက်ကွဲသွားတဲ့ နားနှစ်ဖက်ကို ကျွန်တော်ရမ်းပြီး ပိတ်ပစ်လိုက်မိတယ်။ သူလည်း ပါးစပ် အဟောင်းသားနဲ့။ “ကန်တော့နော် ဆရာ... လရောင်... ယောင်သွားလို့ပါ”။ ပိုပြီးဆိုးနေပါလား အိမ်နာမည် လရောင် ဆိုတဲ့ စင်သီယာ။ ကျွန်တော် သူ့မျက်နှာကို စူးစူးရဲရဲ တူးတူးခါးခါး ကြည့် ပစ် လိုက်တယ်။ စင်သီယာ လက်အုပ်လေးချီပြီး ကျွန်တော့် ကို တုန်တုန်ယင်ယင် ကြည့်တယ်။ ကိုစောဝေကို သူ “မောင်” လို့ ခေါ်ဟန်တူပါတယ်။ ကျွန်တော်နဲ့ စကားပြောတော့ နှုတ်မဝံ့လို့ထင်ပါရဲ့၊ ကိုစောဝေ အကြောင်း ပြောရင် ကိုစောလို့ပဲ သူ နာမ်စားသုံးတာ ပါ။

ကိုယ့်အိမ်ဦးနတ် ကို မြတ်နိုးစွာခေါ်တဲ့ အမည်တစ်ခုကို တခြားသောယောက်ျားတစ်ဦးကို နှုတ်က ယောင်ယမ်းပြီး မထွက်ပါစေနဲ့၊ ယဉ်ကျေးမှုအစဉ်အလာ နှစ်ထောင်ချီပြီး ကြာခဲ့တဲ့ မြန်မာပြည်သူကြီး မစင်သီယာ ရေလို့ ကျွန်တော့်စိတ်ထဲ မြည်တမ်းမိပါတယ်။ “ဘာကိစ္စရှိလို့လဲ မစင်သီယာ ကျွန်တော် ဘာကူညီ ရမလဲ။ ကိုစောဝေ ဒီနေ့ စောစောပြန်ရောက်နိုင် မရောက်နိုင်ကတော့ ကျွန်တော်လည်း မသိ ပါဘူး။ လူချင်းရင်းနှီးပေမယ့် သူ့ဟမ်းဖုန်းနံပါတ် ကျွန်တော် မသိတော့။ ကူပြီးမေးပေးနိုင်မယ်လည်း မ ထင်ပါဘူး မစင်သီယာ၊ နောက်တစ်ခုက ကျွန်တော့်ဖုန်းနံပါတ်လည်း သူမသိပါဘူး။ ကျွန်တော်က ပြန်ပြီး မစင်သီယာ ကို အကူအညီတောင်းပါရစေ။

ဒီည ကိုစောဝေပြန်ရောက်ရင် မနက်ဖြန် ဖြစ်နိုင်ရင် သူ့ကို ကျွန်တော် တွေ့ချင်ပါတယ်လို့ ပြောပေး စေချင်ပါတယ်” ဝါကျအရှည်ကြီးကို တည်ငြိမ်စွာ ကျွန် တော်ပြောလိုက်နိုင်ပါတယ်။ စင်သီယာ့ အမူအရာ တွေ ထူးထူးခြားခြားလေးနက်နေခဲ့တယ်။ “ကောင်းပါ ပြီ ဆရာ။ လရောင် အဲလေ စင်သီယာ ပြောပေး ပါ့မယ် အခု စင်သီယာလာတာက ဆရာ့တစ်ယောက် တည်း နေရေးစားရေးခက်နေရင် စင်သီယာ ထမင်းဟင်း၊ ချိုင့် နဲ့ ပို့ပေးချင်လို့ လာပြောတာပါ”။ “ကျေးဇူး ပါ မစင်သီယာ ကျွန်တော့်မှာ ဘာ အခက်အခဲ မှ မရှိပါဘူး။ ကဲ ကျွန်တော် စက်ဘီးနင်းထွက်လိုက်ပါဦး မယ် ခွင့်ပြုပါဦး” ကျွန်တော် သူ့ ရှေ့က လှည့်ထွက်ခဲ့တယ်။ ညနေခင်းက အုံ့ပျပျနဲ့။

ကျွန်တော် ကိုစောဝေကို ဖြစ်နိုင်ရင် အိမ်ကိုစောစောပြန်ဖို့ပဲ တိုက်တွန်းဖြစ်ခဲ့ပါတယ်။ “တကယ်ဆို၊ ညားခါစ အိမ်ထောင်ဦးပဲရှိသေးတာပါ ကိုစောဝေ၊ မိန်းကလေးကလည်း ချစ်သူကို ညဥ့်နက်သန်းခေါင် အထိ ခွဲချင်ဦးမှာမဟုတ်ဘူး။ ပြီးတော့ အိမ်တစ်လုံးနဲ့ တစ်ယောက်တည်းထားခဲ့တာလည်း သနားစရာ ကောင်း ပါတယ်ဗျာ”။ ကိုစောဝေဟာ သူရဲ့အားရှိတောက်ပတဲ့ ကိုယ်ပိုင်အပြုံးကိုပြုံးတယ်။ “ကျွန်တော့် အလုပ်က အမှန်ဆို ညအိပ်ရမှာပါ ကိုရဲမွန်၊ တကယ်တော့ ကျွန်တော့်လည်း ဘယ်ခွဲချင်ပါ့မလဲဗျာ။ စင်သီယာ့ ကို အိမ်ကြီးတစ်လုံးနဲ့ တစ်ယောက်တည်းထားခဲ့ရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန် တော် စိတ်ချတယ် ကိုရဲမွန်” ကိုစောဝေ ဟာ ထိုင်ရာကထပြီး ကျွန်တော့်ပခုံးနှစ်ဖက်ကို အားရပါးရဆုပ် ကိုင် လိုက်တယ်။

စိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေကို ကျွန်တော်မဖတ်တတ်ခဲ့ဘူး။ “ဟောဒီ လောက ကြီးမှာ ကျွန်တော့် ကိုယ် ကျွန်တော်ထက်တောင် စိတ်ချယုံကြည်နိုင်တဲ့ မိတ်ဆွေတစ်ယောက်၊ ကျွန် တော့်ဇနီးအနားမှာ ရှိတယ် ဆိုတဲ့ အသိနဲ့ ကျွန်တော် သွားလမ်းသာပြီး လာမ်းဖြောင့်ပါတယ်။ ခင်ဗျားနဲ့ ကျွန်တော် မလိုအပ်ဘဲ အပို စကားတွေ မပြောခဲ့ကြဘူးနော်။ နယ်စပ်မြို့ကလေးတစ်မြို့မှာ ကိုရဲမွန် တာဝန်ကျခဲ့ဖူးတာ မထင်မှတ် ဘဲ သိခဲ့ရတယ်။ အဲဒီမြို့ကလေးဟာ ကိုရဲမွန်ရဲ့စိတ်နေသဘောထား၊ ကိုယ်ကျင့်တရားကို ခုထိ တသသ ပြောကြနေဆဲပါ။ နောက်ပြီးတော့...” ကိုစောဝေဟာ သူ့ပြောလက်စ စကားကို ရပ်လိုက်တယ်။

“ခင်ဗျား မှန်ပါတယ် ကိုစောဝေ၊ ဆက်ပြောစရာမလိုတော့ပါဘူး”ဆိုတာ ကျွန်တော့်ရင်ထဲက စကားပါ။ ပစ္စုပ္ပန် မှာ ကောင်းအောင်နေထိုင်ခဲ့တဲ့အတွက် ကောင်းသောအတိတ်ကို ကျွန်တော် ထားရစ်ခဲ့နိုင်ပါတယ်။ ဒါပေမဲ့ ကိုစောဝေရယ် ကျွန်တော်ဟာ ခင်ဗျားယုံကြည်စိတ်ချခဲ့သ လောက် စင်သီယာကို စောင့်ရှောက်နိုင်ခဲ့ပါရဲ့လား...။ ကျွန်တော့်ဦးခေါင်းထက်မှာ ခင်ဗျားရဲ့ယုံကြည် ခြင်း သရဖူဆောင်းဖို့ ထိုက်တန် ခဲ့ ပါရဲ့လား။ သူ့လက်နှစ်ဖက်ကို ကျွန်တော် တင်းတင်းပြန်ဆုပ်လိုက် တယ်။

ရက်သိပ်မကြာခင်မှာပဲ ဆားငန်နံ့သင်းပျံ့ရာ... ပင်လယ်ကဗွီးပင်တို့ လေတိုးသံ ဆူညံစီဝေရာ.. လှိုင်း ကြက်ခွပ်တို့ တေးဆိုရာဒေသတစ်ခုဆီ ကျွန်တော် ပြောင်းရွှေ့မိန့်ကျပါတယ်။ ဒီမြို့ကလေးနဲ့ မိုင်ရာချီ ဝေးတဲ့ အရပ်ဆီမထွက်ခွာခင် ကိုစောဝေတို့အိမ်ကို ပထမဆုံးအကြိမ် ရောက်ဖူးခဲ့ပါတယ်။ ကိုစောဝေ က နှုတ်ဆက်ပွဲလေးလုပ်ချင်လို့တဲ့။ စင်သီယာကတော့ ထုံးစံအတိုင်း လှပကြော့ရှင်းလို့ပါ။ ကြက်မွေး တံမြက်စည်းတစ်ချောင်းနဲ့ စာအုပ်စင်တွေ သန့်ရှင်းရေးလုပ်နေတဲ့ စင်သီယာက ဆရာ... ဟိုရောက် သွားရင် ဖုန်းလေးဘာလေးဆက်ပါဦးနော်တဲ့။ စီးကရက်အစီခံလေးတစ်ခု စင်သီယာ့တံမြက်စည်းအဖျား မှာ ဝေ့ခနဲ ပါသွားတယ်။ ကိုစောဝေက “လာထိုင်ပါဦး စင်သီယာ”ဆိုတော့ “သူငယ်ချင်းနှစ်ယောက်သာ စကား ပြောကြပါလေ”တဲ့။

ကိုစောဝေ ကို ခွဲခါနီးမှာ “ယောက်ျားကောင်းတစ်ယောက်ရဲ့အရည်အချင်းထဲ မှာ သန်းခေါင်သန်းလွဲမှ အိမ်ပြန် လာတာ မဟုတ်ခြင်းလည်း ပါတယ်နော် ကိုစောဝေ”လို့ ကျွန်တော်ပြော ဖြစ်ခဲ့ပါတယ်။ “ကြိုးစား မယ်ဗျာ၊ ကတိပါ”လို့ သူ အခိုင်အမာဆိုပါတယ်။ သူ့နောက်ဆုံးမေးခွန်းကတော့ တုံးတိကြီး။
“ကိုရဲမွန် ရော ဘယ်တော့ လူပျိုကြီးဘဝ စွန့်လွှတ်မှာလဲ”တဲ့။ ကျွန်တော် မဖြေဖြစ်ခဲ့ပါဘူး။

ကျွန်တော် နေရာသစ်၊ ဒေသသစ်မှာ အသားကျတာ တစ်နှစ်နီးပါးရှိခဲ့ပါပြီ။ ကျွန်တော်နေခဲ့တဲ့ မြို့က လေးရယ်၊ ကိုစောဝေရယ်ကို သတိရနေဆဲပါ။ သာယာတဲ့ အိမ်ထောင်ရေးလေးဖြစ်ပါစေလို့ နတ်ဖက် တဲ့ စုံတွဲ လှလှလေး ကို ဆုတောင်းပေးမိပါရဲ့။ တစ်ရက် ရုံးဆင်းခါနီးမှာ စာရေးမလေးက Fax တွေလာပို့ ရင်း ဧည့်သည် တစ်ယောက် ရောက်နေပါတယ်ဆရာ။ ဝင်ခွင့်ပေးလိုက်ရမလားတဲ့။ ကျွန်တော့်ခေါင်း ညိတ်ပြ လိုက်ပါတယ်။ ဝင်လာသူက ဘယ်လိုမှ မျှော်လင့်မထားတဲ့ ကိုစောဝေပါ။

ကျွန်တော် ကုလား ထိုင်ကို တွန်းဖယ်ရင်း သူ့ကိုဝမ်းသာအားရပြေးဖက်လိုက်ပါတယ်။ နေကောင်းလား၊ အဆင် ပြေလား၊ အရင်လို အိမ်ပြန်နောက်ကျသေးလား ဘာညာနဲ့ မေးခွန်းတွေတရစပ်မေးတော့ သူ အသာအယာ ရယ် ပါတယ်။ ရုတ်တရက် ကျွန်တော့်စိတ်ထဲ တစ်မျိုးကြီးဖြစ်သွားတယ်။ ဝမ်းသာအယ်လဲနဲ့ ကျွန်တော် တက်ကြွ နေသလောက် ကိုစောဝေက ခပ်အေးအေးရယ်။ သူ့လက်မောင်းနှစ်ဖက်ကိုင်ပြီး သူ့မျက်နှာ စေ့စေ့ကြည့်ရင်း “ခင်ဗျား ဘာဖြစ်လာသလဲ ကိုစောဝေ” ဆိုတော့ “ဘာမှမဖြစ်ပါဘူးဗျာ။ ဘာလို့လဲ ကိုရဲမွန်” တဲ့။

“မဟုတ်ဘူး ကိုစောဝေ၊ ကျွန်တော်ဟာ ခင်ဗျားမျက်နှာကို ခင်ဗျားကိုယ်တိုင်ထက်အောင် ဖတ်တတ်ခဲ့ သူပါ။ ပြောစမ်းပါ ကိုစောဝေ၊ ကျွန်တော့်ကို အရင်လိုပဲ မိတ်ဆွေတစ်ယောက်လို ယုံကြည်တတ်ဆိုရင် ပြောပါ။ ဘာဖြစ်လာသလဲ သိပါရစေ။ ကူညီနိုင်ရင် ကူညီပါရစေ”လို့ ပြောလိုက်တယ်။ “စားသောက် ဆိုင် တစ်ဆိုင်ဆိုင် သွားရအောင် ကိုရဲမွန် အားရဲ့လား” တဲ့။ ရုံးဆင်းခါနီးပြီမို့ လက်မှတ်ထိုးစရာလေး တွေ လက်စ သတ်ရင်း၊ အေးချမ်းငြိမ်သက်တဲ့ ဆိုင်လေးတစ်ဆိုင်ရှိရာကို ထွက်ခဲ့လိုက်ကြတယ်။ စားသောက် စရာတွေ မှာပြီးချိန်မှာ ကျွန်တော် မအောင့်အည်းနိုင်တော့ပါဘူး။

“ကဲ ပြောပါ ကိုစောဝေ ဘာတွေဖြစ်လာသလဲဗျာ...”။ သူ သက်ပြင်းအသာချပါတယ်။ “ကျွန်တော် တို့ ခွဲခါ နီးမှာ ကိုရဲမွန် ကျွန် တော့်ကိုပြောခဲ့တဲ့ စကား အမှတ်ရရင် ပြန်ပြောစမ်းပါဗျာ...” တဲ့။ “သိပ်မှတ်မိတာပေါ့ ကိုစောဝေ ရာ၊ ယောက်ျားကောင်းတစ်ယောက်ရဲ့ အရည်အချင်းထဲမှာ အိမ်ကိုသန်းခေါင်သန်းလွဲမှ ပြန်လာတာ မဟုတ်ခြင်းလည်း ပါတယ်နော်... လို့ ပြောခဲ့တာလေ၊ ဘာဖြစ်လို့လဲ ကိုစောဝေ” ဆိုတော့ ဟိုး... မမြင်ရတဲ့ အဝေးတစ်နေရာကိုငေးရင်း သူ တစ်လုံးချင်းပြန်ဖြေတယ်။ “ကိုရဲမွန်စကားက မပြည့်စုံခဲ့ဘူး ထင်ပါရဲ့။

ယောက်ျားကောင်းတစ်ယောက်ရဲ့ အရည်အချင်းထဲမှာ သန်းခေါင် သန်းလွဲမှ အိမ်မပြန်သင့်သလို အစောကြီး လည်း ပြန်မရောက်သင့်ဘူး လို့ ထပ်ဖြည့်ရလိမ့်မယ် ကိုရဲမွန်။ ကျွန်တော်တို့ လမ်းခွဲခဲ့ကြပါပြီ” ကျွန်တော် တို့ နှစ်ယောက်စလုံး ငြိမ်သက်တိတ်ဆိတ်သွားကြပါတယ်။ ဒီစကားရဲ့မြစ်ဖျားခံရာဒေသကို ကျွန်တော် ဟာ သူ့ထက်  ပိုသိ၊ စောသိ ခဲ့သူပါ။
အတော်လေး ညဥ့်နက်မှ ကျွန်တော်တို့ စားသောက်ဆိုင်က ပြန်ခဲ့ကြပါတယ်။ အပြန်လမ်းမှာ ရုတ်တရက် မီးပျက် သွားတော့ သာနေတဲ့လရောင်က ပိုလင်းသွားသလိုပဲ။ လရောင်ဟာ လူတိုင်းရဲ့ရင်ကို အေးမြ စေပါတယ် တဲ့။ ကျွန်တော်တို့နှစ်ဦးအတွက်ကတော့...။

နေမိုးညို
.
>>>ဆက်ဖတ်ရန်>>> >>

Friday, November 11, 2011

နေမိုးညို ၏ မအေးမြ တဲ့ လရောင် အပိုင်း (၁)

မအေးမြတဲ့လရောင်
နေမိုးညို

မြို့ကလေးနဲ့ ၆ မိုင်အကွာအဝေးကို ရောက်ပြီဆိုတာ ကားလမ်းကလေးမိုင်တိုင်ကြောင့် ကျွန်တော် သိ လိုက်တယ်။ အချိန်က ညနေငါးနာရီခွဲပါပြီ။ ကားအသွားအလာရှင်းနေတာမို့ စက်ဘီးကို အသာအယာ ပြန်ကွေ့ပြီး မြို့ကလေးဘက်ဆီ ခပ်မှန်မှန်ကလေး နင်းလိုက်တယ်။ ရုံးမှာ တစ်နေကုန် ညောင်းညာခဲ့ သမျှ ညနေစောင်းမှာ မြို့ပြင်ဘက် စက်ဘီးနင်းထွက်တော့ လေကောင်းလေသန့်ရသလို အညောင်း လည်း ပြေတာမို့ ညနေ... ညနေမှာ ကျန်းမာရေးလေ့ကျင့်ခန်းအဖြစ် စက်ဘီးနင်းထွက်ဖြစ်နေတာ အတော်လေး တောင်ကြာပါပြီ။ မြို့ကလေးက ပြည်ထောင်စုလမ်းတစ်ခုပေါ်က မြို့ကလေးပါ။ ဒီမြို့က လေးရဲ့အဝင်က တောင်ပေါ် စခန်းမြို့တစ်မြို့လို သိပ်လှပါတယ်။

 ပြီးခဲ့တဲ့နှစ်နွေရာသီမှာ သောက်ရေ တော်တော်လေးခက်ခဲ့တဲ့ အတွေ့အကြုံအရ၊ မြို့သူမြို့သားတွေ၊ မြို့မိမြို့ဖ တွေနဲ့ သက်ဆိုင်ရာတာဝန် ရှိအဖွဲ့အစည်းတွေပေါင်းပြီး၊ မြို့အဝင်မှာ သောက်ရေကန်ကြီး တစ်ကန် တူးလိုက်ကြတယ်။ ကန်ပေါင်ရိုး တစ်လျှောက်မှာ သြရေးရှား အပင်ပေါက်လေးတွေ စိုက် ထားလိုက်တာ အခုတော့ အပင်လေးတွေက ဝေဝေဆာဆာဖြစ်နေပါပြီ။ ညနေပိုင်းတွေမှာ မြို့ထဲက လူကြီးလူငယ် လူရွယ်လူလတ်တစ်တွေ ကန် ပေါင်ရိုးပတ်ပြီး လမ်းလျှောက်ကြနဲ့ စည်ကား နေတတ် ပါတယ်။ သောက်ရေကန်နဲ့ မလှမ်းမကမ်းမှာ မြို့ အဝင်ဆိုင်းဘုတ်ရှိပြီး မြို့အဝင် ဆိုင်းဘုတ်နဲ့ကပ်လျက်မှာ အပန်းဖြေပန်းခြံကလေးရှိပါတယ်။ ဂရုတစိုက် နဲ့ သေသေချာချာ ပြုပြင်ထားတာမို့ ပန်းခြံကလေးက ကဗျာဆန်ဆန်ကို လှပလို့ပါ။

ပန်းခြံ ထဲမှာလည်း ညနေပိုင်းဆိုရင် လာဆော့ကြတဲ့ ကလေးတွေ၊ ကိုယ်လက်လှုပ်ရှား ကစားကြသူတွေ၊ ရောင်စုံပန်းခင်း နောက်ခံထားပြီး ဓာတ်ပုံအလှရိုက်ကြသူတွေနဲ့ ပျော်စရာလေးပါပဲ။ မြို့အဝင်လမ်း ဝဲယာ တစ်လျှောက် လုံးက ဌာနဆိုင်ရာ အဆောက်အအုံတွေနဲ့ စီတန်းနေတာပါ။ ကားလမ်းဘေး တစ်ဖက်တစ်ချက်က ပန်းတင်ခုံတွေ ပန်းရုံတွေကို အမြဲတမ်း ရေလောင်းပေါင်းသင်ပြီး စနစ်တကျ သ ထားတော့ မျက်စေ့ပသာဒ တော်တော်ဖြစ်ပါတယ်။

ဌာနဆိုင်ရာရုံးတွေကလည်း မြို့အဝင်လမ်းကလေးရဲ့ အလှအပကိုမီအောင်၊ ခြံ စည်းရိုးရော ရုံးအဆောက်အအုံတွေပါ သပ်ရပ်လှပအောင် ဂရုစိုက်လာကြတော့ မြို့အဝင်ဟာ ကျွန် တော်ပြောခဲ့သလို တကယ့် တောင်ခြေ စခန်းမြို့အတိုင်း လှပနေတော့တာပါ။ စက်ဘီးကို အသာနင်းရင်း ရုံးတွေကို တော်တော်လေး ကျော်လာတော့ မြို့နယ်အားကစားကွင်းနား ရောက်လာတယ်။ အားကစား ကွင်းဘေးက လမ်းကလေး ထဲ ကျွန်တော် ချိုးဝင်လိုက်တယ်။

လမ်းသွယ် ၂ ခုအကျော်မှာ ပန်းမုခ်ဦး လေးလုပ်ထားတဲ့ သီးပင်စားပင် ပန်းအလှပင်တွေ ဝေဝေဆာဆာနဲ့ ခြံကျယ်ကြီးတစ်ခြံ လှမ်းမြင်ရရဲ့။ ခြံ အဝင် ရေမြောင်းကို တံတားခုံးခုံးကလေးလုပ်ပြီး လူထိုင်စရာ ခုံတန်း ကို Country Style လှလှပပလေး ရိုက်ထားတယ်။ ခုံတန်းလေးပေါ်မှာတော့ လှရက်လေခြင်းလို့ မုဒိတာပွားချင်စရာ အမျိုးသမီးတစ် ယောက်ထိုင်နေလေရဲ့။ ကျွန်တော် စက်ဘီးပေါ်ကဆင်းပြီး စက်ဘီးကို အသာတွန်းရင်း ခြံထဲဝင်မယ် လုပ်တော့ အမျိုးသမီးက နှုတ်ဆက်စကားဆိုပါတယ်။
“ဆရာတောင် စက်ဘီးနင်းက ပြန်လာပြီနော်...”တဲ့။

“ဟုတ်ကဲ့ခင်ဗျာ...”လို့ ပြန်ပြောရင်း ကျွန်တော်နေတဲ့ အိမ်ကလေးဆီ စက်ဘီးကို တွန်းခဲ့လိုက်ပါတယ်။

ကျွန်တော် ဒီမြို့ကလေးကို ဌာနဆိုင်ရာဦးစီးအရာရှိဘဝနဲ့ တာဝန်ကျတာ ၂ နှစ်ကျော်ပါပြီ။ ကျွန်တော် တို့ဌာနက လိုင်းခန်းမရတဲ့ဌာနမို့ ဒီခြံထဲက အိမ်လေးမှာ ဌားနေတာပါ။ ခြံရှင်ဟာ ကျွန်တော်နဲ့ သက်တူ ရွယ်တူ လူရွယ်တစ်ယောက်ပါပဲ။ ကျွန်တော့်အရင် အရာရှိနဲ့သူနဲ့က တစ်ရွာတည်းသား ငယ်သူငယ်ချင်း တွေလို့ ပြောပါတယ်။ အရင်အရာရှိပြောင်းသွားတော့ ကျွန်တော့်ကို သူ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးပြီး အခု ကျွန်တော်နေတဲ့ အိမ်ကလေးမှာ ဆက်နေစေခဲ့တယ်ဆိုပါတော့။ သီးပင်စားပင်တွေ စံနစ်တကျ စိုက်ထား တဲ့ ခြံကြီးရဲ့အလယ်မှာ နိုင်ငံခြားက ကတ်တလောက်တွေကြည့်ပြီး စိတ်တိုင်းကျ ဆောက် ထားတဲ့ နှစ်ထပ်တိုက်လှလှတစ်လုံးရှိပါတယ်။

အဲဒီတိုက်ရဲ့ခြေရင်းဘက်မှာ ကားလည်းထားလို့ရ လူ လည်းနေလို့ရတဲ့ အဆောက်အအုံကလေးတစ်ခု ဆောက်ထားတယ်။ ရေချိုးခန်း၊ အိမ်သာအပြည့်အစုံ၊ အိမ်သုံးပစ္စည်းအပြည့်အစုံနဲ့ပါ။ ကျွန်တော်က အဲဒီ အိမ်ကလေးမှာ နေတယ်။ ခြံရှင်  ကိုစောဝေ အထက် တန်းကျောင်းတက်တော့ သူ့မိဘနှစ်ပါးက ဒီခြံ ကိုဝယ်၊ ခြံကို စိတ်တိုင်းကျပြုပြင်၊ တိုက်အိမ် လှလှပပ ဆောက်ပြီး ကိုစောဝေကို သားချင်း တစ်ယောက်နဲ့ အတူ ထားလို့ ကျောင်းတက်စေခဲ့တယ်လို့ သိရပါ တယ်။

ကိုစောဝေရဲ့မိဘတွေက ဒီမြို့ကလေးနဲ့ ခပ်လှမ်းလှမ်းရွာတစ်ရွာက ငွေကြေးအတော်တောင့် တင်းတဲ့ ဆီစက်၊ ဆန်စက် ပိုင်ရှင်တွေလို့ ပြောပါတယ်။ ကိုစောဝေ ၁၀ တန်းအောင်ပြီး တက္ကသိုလ် တက်တော့ လည်း ဒီအိမ်ကပဲနေပြီး ၂၄ မိုင်လောက်ဝေးတဲ့ တိုင်းမြို့ကြီးရဲ့ တက္ကသိုလ်ကို ဆိုင်ကယ်နဲ့ ကျောင်းတက်ခဲ့ တာလို့ သိရတယ်။ သူကျောင်းပြီးတဲ့နှစ်မှာပဲ မိဘ ၂ ပါးနဲ့ သူ့ညီမ ဘုရားဖူးသွားရင်း ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးပါးသွားကြတယ်တဲ့။ သူပြောပြတာ နားထောင်ပြီး ကျွန်တော်တောင် တော် တော် စိတ်ထိခိုက်ရပါတယ်။ ကိုစောဝေဟာ တော်တော့်ကို ချောမောခံ့ညားပြီး ယောက်ျားပီသတဲ့ ဥပဓိ ရုပ်ပိုင်ရှင်ပါ။

သူ့ကို ကျွန်တော် သဘောအကျဆုံးအချက်က ဆေးလိပ်လုံးဝမသောက်တာနဲ့ သဘာဝပတ်ဝန်းကျင်ကို သိပ်ပြီး ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်ရှိတာကိုပါပဲ။ အခု ကျွန်တော်တို့နေတဲ့ ခြံကြီးကိုသာကြည့်၊ အပင်တွေ ကို တကယ့်ကို တယုတယ ထိန်းသိမ်းထားတာ၊ သစ်ခွမျိုးစုံရှိတယ်။ သဇင်တိုင်တွေရှိတယ်။ ဆေးဖက် ဝင် ဘယဆေးဥယျာဉ်က သီးသန့်၊ နှစ်ရှည်ပင် သရက်တို့၊ မရမ်းတို့ဆိုလည်း စိုက်ပျိုးရေးပညာရှင်တွေ နဲ့ တိုင်ပင်ပြီး အသေအချာ ထိန်းသိမ်းထားတာ၊ သူနေတဲ့အိမ်ရော ကျွန်တော်နေတဲ့ အိမ်ပါ လေရဟတ် တွေ၊ ဆိုလာပြား တွေနဲ့ လျှပ်စစ်ရအောင်လုပ်ထားတယ်။ ပြီးတော့ ဒီလူက မော်တော်ဆိုင်ကယ် ခရေဇီ လို့ပြောရမယ်။

ကားရှိပေမယ့် သုံးခဲတယ်။ သူ့ဆီမှာ ဒီတီ လို ဟာလေဒေးဗစ်ဆင် လို ဆိုင်ကယ်တွေ ၃-၄ စီးရှိတယ်။ အဲဒါတွေပဲ စီးတာများတယ်။ ဒါတောင် လျှပ်စစ်ဆိုင်ကယ်တွေရရင် ကောင်းမယ်ဗျာလို့ မကြာခဏ ပြောလေ့ရှိတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုသက်သာတာပေါ့... တဲ့။ ကိုစောဝေက အဲလိုမျိုး သဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့သူပါ။ သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်တဲ့ ကိုစောဝေဟာ နောက် တစ်မျိုးလည်း ချစ်တတ်ပါသေးတယ်။ အဲဒါကတော့ သဘာဝရဲ့သမီးပျိုလေးတွေကိုပါပဲ။

ကိုစောဝေဟာ မကြာခဏ ခရီးရှည်ထွက်လေ့ရှိတယ်။ သူ့အသက်မွေးဝမ်းကျောင်းအလုပ်ရဲ့သဘာဝကို က အဲဒီလိုခရီးသွားနေရတာလို့ သူပြောပြတယ်။ ရွာက မိဘလက်ငုတ်ဆီစက်၊ ဆန်စက်တွေကို ဦးလေး ဝမ်းကွဲတစ်ယောက်နဲ့ လွှဲထားလိုက်ကြောင်း၊ အလုပ်လည်းပါးကြောင်း သိရပါတယ်။ သူအိမ်မှာ နေတဲ့ ရက်တွေမှာ သူ့ဆိုင်ကယ်နဲ့ မိန်းကလေးချောချောလေးတွေ ပါပါလာတတ်တယ်။ တစ်ခုတော့ရှိ တယ်။ မိန်းကလေးတွေပါလာပြီဆိုတာနဲ့ ကိုစောဝေတစ်ယောက် သူ့အိမ်ကို အပေါ်ထပ်ရော၊ အောက် ထပ်ရော တံခါးတွေအကုန်ဖွင့်တော့တာပဲ။ နောက်ပြီး ပါလာတဲ့မိန်းကလေးတွေနဲ့လည်း ခြံထဲက သစ်ပင်ရိပ် ကောင်းကောင်းတစ်ခုမှာ ထိုင်ခုံတွေ၊ အစားအသောက်တွေချပြီး စားသောက်စကားပြောနေ တတ်တာ များတယ်။

သူ့ကောင်မလေးတွေနဲ့ တရင်းတနှီး ပြောဆိုနေထိုင်ပေမယ့် မျက်စိရှက်လောက် အောင် အနေအထိုင် မသိမ်မွေ့တာ တစ်ခါမှမမြင်ဖူးပါဘူး။ ကျွန်တော် ပြောင်းလာခါစနှစ် သူနဲ့ အတော် လေးရင်း နှီးလာတော့ သူ့ကို တစ်ခါမေးဖူးတယ်။ “ကိုစောဝေ မိန်းကလေးမိတ်ဆွေတွေ ပေါလည်းပေါ၊ ချောလည်း ချောနဲ့ ဘာလို့ အိမ်ထောင် မပြုသေးတာလဲ”ဆိုတော့ ဒီလူ ပါးချိုင့်လေးပေါ်အောင်ပြုံးရင်း ကျွန်တော့်ကို တစ်ခွန်း ပြန်မေးတယ်။ သူ့မေးခွန်းကို ရုတ်တရက် ကျွန်တော်ပြန်မဖြေနိုင်တော့ ရယ် လိုက်တာ  တဟားဟားနဲ့ သူ့မေးခွန်း က ရိုးရိုးလေးပါ။ “ခင်ဗျားကရော”တဲ့။

ကျွန်တော့်မေးခွန်းကို ကိုစောဝေဖြေပါတယ်။ “ကျွန်တော် မိန်းမလှတွေကို သိပ်ချစ်တယ် ကိုရဲမွန်၊ သူတို့နဲ့ အတူ သွားလာရ၊ စကားပြောရတာ၊ သူတို့လိုချင်တာလေးတွေ ဝယ်ပေးရတာ၊ အလိုလိုက်ရတာ သိပ် ပျော်တယ်။ ပြောရမယ်ဆိုရင် မိန်းမလှလေး တစ်ယောက်ယောက်မရှိဘဲနဲ့ ကျွန်တော်မနေတတ် ဘူးဗျ။ တစ်ခုတော့ ရှိတယ်။ ကျွန်တော် သူ့တို့ကို ချစ်တယ်ဆိုတာက ကျွန်တော့်ခြံထဲက သစ်ခွပန်းလေး တစ်ပွင့် ကို ချစ်သလို၊ နှင်းဆီပန်းလေးတစ်ပွင့်ကို ချစ်သလို ချစ်တာပါ” ကိုစောဝေက ပြောပြောဆိုဆိုနဲ့ သူနဲ့ ကျွန်တော် ထိုင်နေတဲ့ မရမ်းပင်ရိပ်က သဲတစ်ဆုပ်စာကို လက်နဲ့ကျုံယူလိုက်တယ်။

သူ့လက်ထဲက သဲ တွေကို မြေပြင်ပေါ်ဖြည်းညင်းစွာလွှတ်ချရင်း “ဟောဒီ့ မဟာပထဝီမြေကြီးကို သက်သေ ပြုရင်း ကျွန်တော် သစ္စာဆိုလို့ရတယ် ကိုရဲမွန်၊ ဒီနေ့အထိ ကျွန်တော်နဲ့ပတ်သက်ခဲ့သမျှ ဘယ်မိန်းကလေး ကိုမှ ကျွန်တော် မကျူးလွန်ခဲ့၊ မဖျက်ဆီးခဲ့ဘူး။ ကျွန်တော့်ချစ်ခြင်းမှာ ဘယ်တုန်းကမှ ညစ်ထေး တဲ့ အရောင် မစွန်းထင်းခဲ့ဘူး။ အဲဒါ သစ္စာစကားပဲဗျာ” သူ့စကားနဲ့ သူ့အမူအရာကိုကြည့်ရင်း ကျွန်တော် ကြက်သီး ထအောင် ခံစားရပါတယ်။

ကိုစောဝေဟာ သူ့ခြံထဲက ထွက်သမျှ သစ်သီးဝလံတွေကို အလုပ် သမားတွေကို ဝေပေးလေ့၊ ဘုန်းတော်ကြီး ကျောင်းတွေ လှူလေ့ရှိတယ်။ သူ့ခြံထဲက ပန်းတွေ၊ ဘယ် ပန်းတစ်ပွင့်မှခူးတာ ကျွန်တော် မမြင်ဖူး ခဲ့ဘူး။ သစ်ခွတွေ၊  သဇင်တွေ၊ နှင်းဆီတွေ ဒီအတိုင်းကြွေသွား တာချည်းပဲ။ ဘုရားပန်းတင်တာ၊ စားပွဲပေါ်က ပန်းအိုးထိုးတာတွေကို ဈေးကပဲဝယ်လေ့ရှိတယ်။ “ခြံထဲ က သစ်ခွ၊ သဇင်၊ နှင်းဆီတွေ ရောင်း ရင်တောင် ပိုက်ဆံမနည်းဘူးရမယ်နော် ကိုစောဝေ”လို့ တစ်ခါက ကျွန်တော်ပြောဖူးတယ်။ “ဟုတ်ပါတယ် ကိုရဲမွန်၊ ခြံကြီးက ဖေဖေတို့မေမေတို့ ၆ ခြံ တစ်ဆက်တည်းရ အောင် ဈေးကြီးပေးပြီး ဝယ် ထားတာပါ။ ကျွန်တော်စိုက်ထားတာကလည်း အများကြီးဆိုတော့ ပန်းတစ် မျိုးတည်း ရောင်းရင်တောင် ရမယ့်ပိုက်ဆံက စားလောက်သောက်လောက်ရုံထက် အများကြီးပိုပါတယ်။

ဒါပေမဲ့ ကျွန်တော် ဘယ်တုန်းကမှ မခူးခဲ့ပါဘူး။ အပင်ပေါ်မှာ သက်တမ်းကုန်အောင် ဝေချင်သလောက် ဝေ စမ်းပါစေ၊ ကြွေချိန်မတိုင်မီအထိ သက်တမ်းစေ့ အနှောင့်အယှက်ကင်းကင်းနဲ့ ဝေနေစေချင်တဲ့ စေတနာ နဲ့ ကျွန်တော့်ခြံ ထဲက ပန်းတွေ ကျွန်တော်မခူးခဲ့တာပါ။ အဲဒါ ဘာလို့လဲ ခင်ဗျားသိလား”။ ခင်ဗျား သိလားဆိုတဲ့ သူရဲ့အဆုံးသတ်စကားသံက သိသိသာသာကြီးကို လှိုက်ခါတုန်ယင်နေတာမို့ သူ့ မျက်နှာ ကို အလန့်တကြား ကျွန်တော်ကြည့်လိုက်မိတယ်။ အဝေးတစ်နေရာကို ငေးရီနေတဲ့ မျက်ဝန်း အစုံမှာ မျက်ရည်စ တွေ သီသီ ဝေ့လို့။

“ကြွေချိန်မတိုင်မီ ကြွေသွားတဲ့ ကျွန်တော့်အသည်းအသက်မက ချစ်ရတဲ့ ပန်းကလေးတစ်ပွင့်ကြောင့်ပါ ကိုရဲမွန်၊ ပန်းကလေးလိုလှပြီး သိုးကလေးလို ဖြူစင်တဲ့ကလေးမလေးပါ။ သူ့ကို ချစ်လွန်းလို့ တစ်အိမ် လုံးက ပန်းပွင့်လေးလိုပဲခေါ်ကြတာပါ။ ကျွန်တော့်ညီမ အရင်းကလေးပါ ကိုရဲမွန်” အံကြိတ်ပြီး တသိမ့် သိမ့် ရှိုက် နေတဲ့ ယောက်ျားကြီးတစ်ယောက်ရဲ့ ရင်တွင်းက ချစ်ခြင်းမေတ္တာ အတိမ်အနက်ကို ကျွန်တော် တိုင်းဆနေမိပါတယ်။

ကိုစောဝေ အဲဒီညက သူ့အိမ်ဘက်မကူးတော့ဘူး။ ကျွန်တော့်အိမ်ကလေးမှာပဲ နှစ်ယောက်အတူ သောက်ရင်း စကားတွေ အများကြီးပြောဖြစ်တယ်။ သူတို့မောင်နှမနှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြကြောင်း၊ ငယ်ငယ်လေးထဲက ချီပိုးခဲ့ရလို့ ကလေးပေါက်စလေးတစ်ယောက် လိုကို အချစ်ပိုခဲ့ရကြောင်း၊ အရုပ်လေးတစ်ရုပ်လိုလှပြီး စိတ်သဘောထား နူးညံ့ဖြူစင်လွန်းသူလေးဖြစ် ကြောင်း လွမ်းလွမ်းဆွေးဆွေးပြောပြရှာတယ်။ အခု ကျွန်တော်နေတဲ့ အိမ်ကလေးက သူ့ညီမလေးလာ လည်တဲ့ အခါ စာကျက်လေ့ရှိတဲ့ အိမ်ကလေးဖြစ်ကြောင်း၊ ကျွန်တော် ကျန်းမာရေးလေ့ကျင့်ခန်းအဖြစ် စီးနေ တဲ့ စက်ဘီးကလေးက သူ့ညီမလေးစီးလေ့ရှိတဲ့ စက်ဘီးဖြစ်ကြောင်းလည်း ပြောပြပါတယ်။

“ညီမလေး... ကျောင်းပိတ်လို့ သူ့တက္ကသိုလ်က ပြန်လာတော့ ချစ်သူရခဲ့တာကို ပြောပြတယ် ကိုရဲမွန်” ညီမကို သိပ်ချစ်တဲ့အစ်ကိုတစ်ယောက်က ညီမဖြစ်သူ ချစ်သူရည်းစားရလာတာကို ဘယ်လိုသဘော ထားခဲ့ မလဲ သိချင်လွန်းလို့ သူ့စကားအဆက်ကို ကျွန်တော် စောင့်ပါတယ်။ “ကျွန်တော့်ညီမလေးရဲ့ စိတ် နှလုံး ကို ကျွန်တော်အသိဆုံးပါ။ သူရွေးချယ်လိုက်တဲ့ သူဟာ အကောင်းဆုံးစာရိတ္တနဲ့ အလှပဆုံး ကိုယ်ကျင့်တရား ရှိမယ် ဆိုတာ ကျွန်တော်အကြွင်းမဲ့ယုံပါတယ်။

ဒါပေမဲ့ ကိုရဲမွန်ရယ်...” ကိုစောဝေရဲ့အ သံတွေ တိမ်ဝင်သွားခဲ့တယ်။ သူစကား ရှေ့မဆက် နိုင် လောက်အောင် ရင်ထဲဆို့နင့်နေမှာပါ။ ညဉ့်အ တော် နက်လာတော့ “ကျွန်တော် ဒီနေရာလေးမှာပဲ အိပ်တော့မယ် ကိုရဲမွန်။ ဒီဒရင်းဘက်ကလည်း ညီမလေး စာကျက်ရင်း အိပ်တတ်တဲ့ ဒရင်းဘက်လေးပါ။ ကျွန်တော် မိန်းကလေးတွေနဲ့ တရင်းတနှီးနေသလောက် ဘယ်သူ့ကိုမှ မဖျက်ဆီးခဲ့တာဟာ ညီမလေး ကြောင့်ပါ။ ကျွန်တော့်ညီမလေး ကို တစ်ယောက်ယောက်က ဣနြေ္ဒမဲ့စေခဲ့ရင်... ဆိုတဲ့ အသိနဲ့ စာနာစိတ် ထားပြီး နေထိုင်နေတာပါ” ဗျာ လို့ပြောရင်း သူ အိပ်ပျော်သွားတယ်။ ရုပ်ဆင်းအင်္ဂါတင့်တယ်သလောက်၊ နှလုံးသား လှပနူးညံ့သူ၊ စိတ်ာထားဖြူစင်တဲ့သူပါလားရယ်လို့ လေးစားမိသလို၊ ဒီလိုလူတစ်ယောက်ကိုမှ ရက်ရက်စက်စက် တိုက်ခတ်ခဲ့တဲ့ ကံကြမ္မာမုန်တိုင်းကို ကျွန်တော် တော်တော်လေး နာကြည်းမိပါတယ်။ ဒရင်းဘက်လေး ပေါ်မှာ သောကဝေဒနာတွေနဲ့ သူအိပ်ပျော်သွားခဲ့သလို အဲဒီညက အတွေးတွေ တသီတတန်းနဲ့အတူ ကျွန်တော်လည်း မိုးစင်စင်လင်းခဲ့တာပါ။

ကိုစောဝေရဲ့ဘဝတစ်စိတ်တစ်ဒေသကို ကြေကွဲဖွယ်ရာ သိပြီးခဲ့ချိန်မှာ ကျွန်တော်ဟာ သူ့အပေါ် ပိုပြီး စာနာနားလည်လာနိုင်ခဲ့တယ်။ သူဟာ သောက်တတ်စားတတ်ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ဣနြေ္ဒမဲ့ လောက်အောင် မလွန်ကျွံခဲ့ဘူး။ သူ့မှာ မိန်းကလေးမိတ်ဆွေ လှလှလေးတွေပေါများလှပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ လူ့ယဉ်ကျေးမှုစည်းကို ကျော်လွန်ဆက်ဆံတာ မတွေ့ရဘူး။ အိမ်နဲ့ခြံက ကျွန်တော်ရှိနေ တာရော လစာကောင်းကောင်းပေးပြီး သူငှားထားတဲ့ ကျွမ်းကျင်ပြီးစေတနာပါတဲ့ အလုပ်သမားတွေရဲ့ ထိန်းသိမ်းမှု ကြောင့်ရော လှပစိမ်းလန်းလို့ပါ။ သူ့အသက်မွေးဝမ်းကျောင်းမှုဟာ ခရီးတွေအများကြီးသွား ရတယ် ဆိုတာကလွဲပြီး ဘာရယ်လို့ ကျွန်တော် မစပ်စုခဲပါဘူး။ နွေနွေ မိုးမိုး ဆောင်းဆောင်း ဆိုင်ကယ် မျိုးစုံစီးပြီး ကားပြောင်းစီးပါလားလို့ ပြောဖူးတာပဲရှိတယ်။

ဆိုင်ကယ်စီးရတာ ဝါသနာပါလို့ပါတဲ့။ ဆိုင် ကယ်မစီးနိုင်၊ မစီးသင့်တော့တဲ့ အရွယ်ကျမှပဲ ကားစီး ပါရစေတဲ့။ မြို့ကလေးမှာ သူ အနေနည်းပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ ပရဟိတလုပ်ငန်းတွေမှာ ရက်ရက် ရောရော ပါဝင်လှူဒါန်းလေ့ရှိတယ်။ တစ်မြို့လုံး ကလည်း သူ့ကိုခင်ကြပါတယ်။ နောက်ခြောက်လ လောက်ကြာတော့ ကိုစောဝေ အိမ်ပြန်လာတာ ကား သစ်တစ်စီးနဲ့။ ပိုပြီး ထူးခြားတာက မြင်သူတိုင်း နှစ်ခါ မက သုံးခါလေးခါ လည်ပြန်ငေးကြည့်ရလောက် တဲ့ အမျိုးသမီးတစ်ယောက် ပါလာတာပါပဲ။

ကိုစောဝေဟာ ယောက်ျားတွေထဲမှာ အရပ်အမောင်း၊ ရုပ် ရည် ပြောစရာမလိုအောင် ချောတဲ့သူဆိုတော့ သူနဲ့သူ့အမျိုးသမီးဟာ တကယ့်ကို နတ်ဖက်တဲ့စုံတွဲပါပဲ။ နယ်စပ်မြို့တစ်မြို့ကဖြစ်ကြောင်း၊ အဲဒီမြို့မှာပဲ ကြီးကျယ်ခမ်းနားစွာ မင်္ဂလာဆောင်ခဲ့ကြောင်း၊ ကိုစောဝေရဲ့မိဘများရွာမှ မင်္ဂလာ တစ်ခေါက် ထပ်ဆောင် ချင်ပေမယ့် ရွာကိုပြန်ရင် မိဘနဲ့ ညီမလေးကို သတိရပြီး ခံစားရမယ့် ဝေဒနာကို ခံနိုင်ရည်မရှိသေးလို့ မဆောင်ဖြစ်ကြောင်း ကျွန်တော့်ကို ပြောပြ ပါတယ်။

“ဟန်းနီးမွန်းခရီးစဉ် ဘယ်ကိုဆွဲထားလဲ ကိုစောဝေ”ဆိုတော့ သူပြုံးတယ်။ “ဟန်းနီးမွန်းက ကျွန်တော့်ခြံ ပါပဲ ကိုရဲမွန်၊ ဒီခြံကြီးကို စိတ်ကူးယဉ်ပန်းခြံကြီးတစ်ခုလို လှပအောင် ကျွန်တော် ပြုစုထားခဲ့တာ၊ အိုအေ စစ် တစ်ခုလို အေးချမ်းအောင် ထိန်းသိမ်းထားခဲ့တာပါ။ ခရီးတွေ သွားရတာများလှပြီ၊ ချစ်သူနဲ့အတူ နား ဦးမယ်ဗျာ”တဲ့။ “ဘယ်လောက်ကြာကြာနားမှာလဲ ကိုစောဝေ၊ တစ်နှစ်လား တစ်သက်လုံးလား”ဆိုတော့ သူ ရယ်ပြန်တယ်။ တကယ်လည်း ကိုစောဝေ ခြံထဲမှာဘယ်မှမသွားဘဲ တစ်ပတ်တည်းနေသွားတာပါ။ ဒီလူ က ခြေထောက်မှာ ဗွေပေါက်နေသလားမသိပါဘူး။

ကိုစောဝေတို့ လင်မယားနှစ်ယောက်ကို မြင်ရတာ စိတ်ချမ်းသာလှပါတယ်။ နဂိုထဲက စိမ်းစိုလှပသာ ယာ တဲ့ခြံကြီးဟာ သူတို့ ၂ယောက်ရဲ့ တင့်တယ်မှုနဲ့ပေါင်းစပ်လိုက်တော့ ကျွန်တော်မမြင်ဖူးတဲ့ ဧဒင် ဥယျာဉ် ကြီးဟာ ဒီလိုပဲ နေမှာပါလို့တောင် စဉ်းစားမိပါရဲ့။ ကိုစောဝေက ခြံထဲမှာ မီနီဂေါက်ကွင်း၊ တင်းနစ်ကွင်း၊ ကြက်တောင်ကွင်း နဲ့ ရေကူးကန်လေးဆောက်ဖို့ စီစဉ်တယ်။ တစ်ပတ်ပြည့်တဲ့နေ့မှာ ကိုစောဝေ ကျွန်တော့် အိမ်ကလေး ဘက် တစ်ယောက်တည်းကူးလာတယ်။

သူခရီးစထွက်တော့မယ့်အ ကြောင်း၊ မနက်သွားပြီး ညပြန်ရောက်မယ့် အလုပ်မျိုးသာဖြစ်ကြောင်း၊ အိမ်မှာ တစ်ယောက်တည်းကျန် ရစ်မယ့် သူ့အမျိုးသမီးကို နှမလေးတစ်ယောက်လို စောင့်ရှောက်စေလိုကြောင်းနဲ့ သူ့ဆောက်လက်စ ကစားကွင်းတွေကို ကြီးကြပ်ပေးစေလိုကြောင်း အကူအညီတောင်းတာပါ။ ဆိုင်ကယ်တစ်စီး နဲ့ မနက် မိုးလင်းတည်းက ထွက်သွားတဲ့ ကိုစောဝေဟာ ညရှစ်နာရီ ကိုးနာရီထက် ကျော်ပြီး ဘယ်တော့မှအိမ်ပြန် မရောက်နိုင်ခဲ့ပါဘူး။ ကျွန်တော် ရုံးကပြန်ရောက်ချိန်တွေမှာ သူ့အမျိုးသမီး ဟာ ခြံဝက ခုံတန်းလေးမှာ ထိုင်ပြီး ကိုစောဝေကို မျှော်နေလေ့ရှိပါတယ်။ လမ်းသွားလမ်းလာ အမျိုးသမီးလေး တွေက နတ်သမီး တစ်ပါးလိုလှတဲ့ သူ့ကို လည်ပြန်ငေးလို့။ တချို့ ချာတိတ်တွေဆို ခလုတ် များတောင် တိုက်လို့ပါ။

ကျွန်တော်ဟာ စိတ်လိုလက်ရရှိတဲ့နေ့တွေမှာ အိမ်မှာ အနည်းအကျဉ်းသောက်လေ့ရှိပါတယ်။ ရုံးပိတ် ရက်တစ်ရက် မှာ နေ့ခင်းဘက်ခြံထဲမှာ ကစားကွင်းဆောက်နေတဲ့သူတွေကို ကြီးကြပ်ပေးပြီး ညနေကျ တော့ နည်းနည်းပါးပါးသောက်မယ်စိတ်ကူးနဲ့ အိမ်ရှေ့မှာ ပုလင်းတွေ၊ ဖန်ခွက်တွေ ပြင်ထားလိုက် တယ်။ ပြီးတော့ မီးဖိုးခန်းထဲဝင်ပြီး ဂက်စ်မီးဖိုနဲ့ ဝက်အူချောင်းဝင်ကြော်ပါတယ်။ ဝက်အူချောင်းကြော်ပြီး လို့ အမြည်းပန်းကန် နဲ့ အိမ်ရှေ့ပြန်ထွက်လာတော့ ရုတ်တရက် လန့်တောင်လန့်ပါတယ်။ ကျွန်တော့် ရှေ့မှာ စင်သီယာရယ်။ ဟိုတုန်းက ကိုင်ဇာဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်လို “တာဝတိံသာက နတ်သမီးလေး တစ်ပါး နတ်သက်ကြွေကာ” ကျွန်တော့်ရှေ့ရောက်နေသလိုပါပဲ။

အမြည်းတွေ၊ အရက်တွေနဲ့ကျွန်တော် ဟာ သူစိမ်းမိန်းမသားတစ်ယောက်ရှေ့မှာ ခိုးထုပ်ခိုးထည်နဲ့ လူမိခံရသလို အတော့်ကို အိုးတိုးအမ်း တမ်းဖြစ်ရပါတယ်။ ထိုင်ပါဦးပြောဖို့က ဒါဟာ အရက်ဝိုင်းတစ်ခု၊ ပြန်တော့လေ ပြောဖို့ကလည်း မဆီလျော်၊ အဟဲ နေကောင်းလားလုပ်ဖို့ကလည်း မအပ်စပ်နဲ့ စိတ်ထဲမှာ ဗျာ များနေတုန်း “ဆရာက ကျန်းမာရေးဝန်ဆောင်မှု စတော့မှာလား”တဲ့။ “ဟုတ်ကဲ့ဗျ”လို့ ကသောကမျော ပြောလိုက်တဲ့ ကျွန်တော့် အသံက တော်တော် ကိုးရိုးကားရားနိုင်နေလောက်ပါတယ်။ “ကိုစောဝေက ဒီနေ့ စောစောများ ပြန် ရောက်နိုင်မလား သိချင်လို့ လာမေးတာပါ ဆရာ”ဆိုပြီး သူ ကျွန်တော့်ရှေ့ကထိုင်ခုံမှာ ဝင်ထိုင်တယ်။

“ကျွန်တော် မပြောတတ်ဘူးဗျ၊ သူ့ဟန်းဖုန်းဆက်ကြည့်ပါလား မစင်သီယာ” ဆိုတော့ “ဆက်သေး တယ်၊ ဧရိယာ ပြင်ပချည်း ဖြစ်နေလို့”တဲ့။ သူ့ကို စကားပြန်ပြောနေရပေမယ့် ကျွန်တော့် စိတ်ထဲမသက်မ သာ ခံစား နေရတယ်။ ကျွန်တော် သူ့မျက်နှာကို ရဲရဲမကြည့်ဝံ့သလို စကားကိုလည်း စီကာပတ်ကုံး ပြန် ပြောလိုစိတ်မရှိတာ အမှန်ပါ။ သူငယ်ချင်းရဲ့ဇနီး၊ သူစိမ်းမိန်းကလေးတစ်ယောက်ရှေ့မှာ အရက်ပုလင်း တွေ၊ အမြည်းပန်းကန်တွေနဲ့ ထိုင်နေရတဲ့အဖြစ်ဟာ တကယ့်ကို စိတ်မသက်သာစရာပါ။ ကျွန်တော့် စိတ်ထဲမှာ သူ့ကို မြန်မြန်ပြန်သွားစေချင်တာပဲရှိတယ်။ ပြီးတော့ သူ့မျက်ဝန်းတွေ။ ကျွန်တော် မိန်းမလှ လေး တွေ တွေ့ဖူးပါတယ်။ ဒါပေမဲ့ အခုလို အရောင်တွေ တဖိတ်တလက်လက်ထအောင် စူးလက် တောက်ပ နေတဲ့ မိန်းမတစ် ယောက်ရဲ့မျက်ဝန်မျိုးရှေ့မှာ ကျွန်တော် အနေရကျပ်လှပါတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, November 10, 2011

လယ်တွင်းသားစောချစ် ၏ လူရိုးဆိုတာ

လူရိုးဆိုတာ

    ''ကိုညိုရေ သွားကြည့်လိုက်ဦး ဟိုမှာကိုချစ်အောင်တို့ဘက်က ခြံစည်းရိုး ကာနေတယ်''
    မိန်းမ က ကျုပ်ကိုလာပြောတယ်။

    ''လို - မလို သွားကြည့်လိုက်ပါဦး ဒီဘက်က သရက်ပင် သူတို့ခြံထဲ ထည့် ကာထားတယ်''
    မိန်းမ က ထပ်ပြောနေတုန်း
    ''ဟာ အဓိပ္ပါယ်မရှိတာကွာ အဲဒီသရက်ပင် ဒီဘက်ကဆိုတာ ချစ်အောင်ရော ငါရောသိတာပဲ။ ချစ်အောင် က ဒီလိုမတရားလုပ်တဲ့ ကောင်မျိုးမဟုတ်ပါဘူး''
    မိန်းမဆက်ပြောနေတာကို ကျုပ်သဘောမကျဘူး။ မဟုတ်တာ ပြဿနာလာလုပ် နေတယ်ထင်တာ။ ဒါပေမယ့် သွားတော့ကြည့်လိုက်ပါတယ်။
    ဟာ ဟုတ်တာပေါ့။ ကိုယ့်မျက်စိတောင် ကိုယ်မယုံနိုင်ဘူး။ ချစ်အောင်တို့ဘက်က ခြံကာတာ ဒီဘက်ကို အများကြီး ရောက်နေတယ်။ ဒီဘက်က သရက်ပင်လည်း သူတို့ဘက် ပါသွားပြီ။ ချစ်အောင် ဘယ်လို လုပ်တာ ပါလိမ့် ကျုပ်နားမလည်အောင် ဖြစ်ရတယ်။

    ''ချစ်အောင်ရေ ချစ်အောင်''
    ခြံစည်းရိုးနား အထိသွားပြီး အသံပြုရတယ်။ သူတို့အိမ်ထဲက ချစ်အောင် မိန်းမ မကြွေ ထွက်လာတယ်။
    ''ကိုချစ်အောင် မရှိဘူး တောင်ရိုးတက်သွားတယ်''
    ''ဟေ ဘယ်နေ့က တက်သွားတာလဲ''
    ''မနေ့က''
    ချစ်အောင်က အိမ်မှာမရှိဘူး။ ကျုပ်ဘာဆက်ပြောရမှန်းမသိတော့ဘူး။ မနေ့ကမှ တောင်ရိုး တက် သွားတယ်ဆိုရင် အနည်းဆုံး သုံးလေးညတော့ကြာမယ်။ ကျုပ်တို့ရွာကလူ တွေက ခုလို လယ်ယာလုပ်ငန်း ပါးတဲ့ အခါကျရင် ရှမ်းရိုးမ အခြေကတောင်ရိုးအထိ သွားပြီး ထင်းခုတ်ဝါးခုတ်ကြတယ်။ လှည်းရှစ်စီး ဆယ်စီး စုသွားကြတယ်။ လှည်းတစ်စီးဆို ထင်းတို့ ၀ါးတို့ သုံးပါလေ့။ အများကြီးပါတယ်။ တောင်ရိုး သွားကြမယ်လို့ ပြောတာကြားပါတယ်။ ချစ်အောင် ပါမှန်းမသိဘူး။

    ချစ်အောင်မရှိဘဲနဲ့ ပြောရမှာလည်း အခက်။ ဒါပေမယ့် မပြောဘဲနဲ့ ရက်ကြာသွား ရင်လည်း မကောင်း ပြန်ဘူး။ ခြံစည်းရိုး ကာတာ က မိကြွေလုပ်နေတာ။
    ''နင်တို့ခြံစည်းရိုး အသစ်ကာတာ ဒီဘက်အများကြီးရောက်နေတယ်။ နည်းနည်း ဆိုရင် ငါမပြောပါဘူး။ ဒီဘက် က သရက်ပင်ပါ နင်တို့ခြံထဲရောက်နေပြီ''
    ''ရောက်ရမှာပေါ့ သရက်ပင်က အစကတည်းက ဒီဘက်ခြံထဲကပဲ''

    ''မိကြွေ ရာ နင်ဘောမှမသိဘဲနဲ့ လျှောက်ပြောမနေနဲ့ ချစ်အောင်တို့ ငါတို့က ဒီနေရာမှာနေခဲ့တာကြာပြီ အားလုံး သိတယ်။ နင်က မနေ့တစ်နေ့ကမှ ချစ်အောင်နဲ့ ညားပြီး ဒီအိမ်ရောက်လာတာ''
    ''ဟုတ်တယ်လေ ကျုပ်မသိပါဘူး ကိုချစ်အောင်ပြောလို့ သူပြောတဲ့ အတိုင်းကာ တာပဲ''
    ''ဘာပြောတယ်ဟ၊ ချစ်အောင် က ဒီသရက်ပင်ကို နင်တို့ဘက်ကလို့ ပြောလို့လား''
    ''ပြောတယ်၊ သူပြောလို့ ကာတာပေါ့၊ ကိုယ့်ဘာသာလုပ်တာ မဟုတ်ပါဘူး''
    ''ဟာ ဒါဆိုရင်တော့ ရှုပ်ကုန်ပြီဟာ''
    ကျုပ် ဘာမှ နားမလည်တော့ဘူး။

    ''ကဲဟာ နင်နဲ့ငါနဲ့ ဒီလိုပြောနေလို့ တရားမ၀င်ပါဘူး။ နင်နေ့ခင်းကျရင် ရုံးလာခဲ့''
    ''လာဆိုရင်လည်း လာရုံပဲ လူကြီးဆိုပြီး မတရားလုပ်လို့တော့ မခံနိုင်ဘူး''
    ''မိကြွေ ရာ နင်ကလည်း စွာမနေစမ်းပါနဲ့ ငါတစ်ယောက်တည်းမဟုတ်ပါဘူး အဖွဲ့ဝင်တွေနဲ့ ဆယ်အိမ်မှူး ရာအိမ်မှူးတွေလည်း ခေါ်ထားမှာပါ''
    ''စွာစရာ ရှိရင်တော့ စွာရမှာပဲ''

    ခင်ကြွေရဲ့ခပ်တိုးတိုးဆိုပေမယ့် ကြားလောက်အောင် ပြောကျန်ခဲ့တဲ့အသံ
    ''နေ့လည်ခင်းကျတော့ ကျေးရွာရုံးမှာ ဆုံကြရတယ်။ ကျုပ်က ရွာမှာ ရွာလူကြီးပါ။ ခုနစ်တန်း အောင်တဲ့ အထိ ကျောင်းနေဖူးတယ်။ ထုံးစ့အတိုင်း တောသားရွာသားဆိုတာ လယ်သမားသား လယ်သမား ပါပဲ။ ကိုယ့်ရွာမှာပဲ ကိုယ်ပျော်တယ်။ ရာအိမ်မှူး ဆယ်အိမ် မှူးတွေ စုံအောင်ရောက်ပြီး မကြာမီ မှာပဲ မိကြွေရောက်လာတယ်။

    ''မိကြွေ လာထိုင် ငါကိုယ်တိုင်က ရွာလူကြီးဖြစ်ပြီး ကိုယ့်ခြံအတွက် ပြောရဆိုရ တာ ကောင်းတော့ မကောင်းဘူးပေါ့ဟာ။ ဒါပေမယ့် ငါမဆုံးဖြတ်ပါဘူး။ ကျန်တဲ့လူကြီးတွေ ဆုံးဖြတ်ပါလိမ့်မယ်။
    ''ကောင်းတာပေါ့တော် အဲဒီလိုပဲ ဖြစ်သင့်တာပေါ့''
    မိကြွေပြောပုံ က အညွန့်နဲ့အတက်နဲ့။

မိကြွေကို ကျုပ်လှမ်းကြည့်လိုက်ပါတယ်။ မိကြွေ က ချစ်အောင်ထက် ငါးနှစ်ငယ်တယ်။ ချစ်အောင်က ကျုပ်ထက် နှစ်နှစ်ငယ်တယ်။ မိကြွေက ဒီရွာကမဟုတ်ပါဘူး။ ဆယ်ကတော်ရွာသူ။ နွေရာသီကျရင် ရွာလာပြီး မုန့်လက် ဆောင်ရောင်းရင်း အပြောအဆိုလေးက သွက်လက်ချက်ချာတော့ ချစ်အောင်အမေ ဒွေးလေးဖော က သဘောကျတာ။ ရုပ်ကလေးကလည်း မဆိုးပါဘူး။ ချစ်အောင်က လူရိုး လူအေး သူ့အစွမ်း နဲ့ ရတာမဟုတ်ဘူး။ ဒွေးလေးဖော့ပြောပေးလို့ရတာ။ မင်္ဂလာဆောင် တော့လည်း ကျုပ်တို့ပဲ ၀ိုင်းဝန်း လုပ်ပေးရတာ။ ချစ်အောင်နဲ့ကျုပ်က ညီအစ်ကိုလို ခင်တာကိုး။

    ''ငါနင့်ကို တစ်ခုမေးမယ်။ နင်ကချစ်အောင်မရှိတုန်းမှ ဘာလို့ခြံစည်းရိုး ကာရတာတုန်း''
    ''ကိုယ့်အိမ် ပဲ ကိုယ်ကာချင်တဲ့ အချိန်ကာမှာပေါ့ ယောက်ျားမရှိတဲ့အချိန် မိန်းမက အားနေတော့ ကာချင် ကာ မှာပေါ့''
    ''ချစ်အောင်တို့ ငါတို့က  ခြံစည်းရိုးနေရာအမှန်ကို သိနေတယ်။ နင်ကမသိဘဲနဲ့ ဘာလို့ပြောတာလဲ''
    ''ကျုပ် မသိပေမယ့် သိတဲ့ ကိုချစ်အောင် ပြောတော့ သိတာပေါ့။ သိတဲ့အတိုင်း ကာတာပဲ''
    ''ဟင် ချစ်အောင်က ဘယ်လိုပြောလို့လဲ အခုနင်တို့ ခြံထဲရောက်သွားတဲ့ သရက် ပင်ကို နင်တို့ဘက်က အပင် လို့ ချစ်အောင်ပြောလို့လား''

    ''ပြောတာပေါ့ သရက်ပင် က သူစိုက်တဲ့အပင်တဲ့ သူစားတဲ့အစေ့ကို သူပြန်စိုက် ထားတာတဲ့''
    ''ဟင် ချစ်အောင်က အဲဒီလိုပြောလား''
    ''ပြောတာပေါ့ တော်ကလည်း တော်တို့ဘက်မှာ သရက်ပင်တစ်ပင်စိုက်တယ်တဲ့ မရှင်ဘူး ငယ်ငယ်လေး မှာ သေသွားတယ်တဲ့''
    ''အဲဒါတော့ဟုတ်တယ် ငါစိုက်တဲ့အပင်က သေသွားပြီ ဒါပေမယ့် အခုရှိနေတဲ့ အပင်လဲ ငါတို့ ဘက်ကပဲ''
    ''ကိုချစ်အောင် က လူရိုးလူမှန် ပဲ တစ်ရွာလုံးသိတယ်''
    ''အေး ငါပိုသိတာပေါ့''

    ''ဒါဆို သူက မဟုတ်တာ မမှန်တာဘယ်ပြောမလဲ''
    မိကြွေက အပိုင်ပြောလိုက်တယ်။
    ''အေး ဒါဆိုရင် ငါ နင့် ကိုမေးမယ် နင်မှန်တဲ့အတိုင်းဖြေ ချစ်အောင်က ဒီသရက်ပင် ကို သူ့အပင် သူတို့ဘက် က အပင်လို့ ပြောခဲ့လား''
    ''ပြောတာပေါ့ ပြောလို့သူ့စကားအတိုင်း သရက်ပင်ကို ခြံထဲထည့်ကာတာပေါ့''
    မိကြွေ က အခိုင်အမာ ပြောလိုက်တယ်။

    ''ကဲ လူကြီးတွေ ဒီကိစ္စကျုပ်ပဲ ဆုံးဖြတ်လိုက်မယ် ချစ်အောင်က ပြောတယ်ဆို ရင်တော့ အခု ကာထား တဲ့ အတိုင်း နေပါစေ ကျုပ်ကျေနပ်တယ်''
    လူကြီးတွေအားလုံး ခေါင်းညိမ့် သဘောတူလိုက်ကြတယ်။
    ''ချစ်အောင် က ဘယ်လိုဖြစ်သွားတာပါလိမ့်''
    ကျုပ်တွေးလို့မရဘူး။ အံသြနေတယ်။ ချစ်အောင်က အလွန်ရိုးတဲ့ကောင် လိမ်ညာ မပြောတတ်ပါဘူး။ ကျုပ် မှတ်မိသေးတယ် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့ အဖေကျန်း မာရေးမကောင်းလို့ ကျုပ်က လယ်လုပ်ငန်း ကို တာဝန်ယူလုပ်နေပြီ။ လယ်တွေရိတ်ပြီး တော့ တလင်းတွင်း စပါးသိမ်းဖို့ ချစ်အောင်နဲ့ စံရွှေ ကို အကူခေါ်ရတယ်။ လုပ်ခတော့ ပေး ရတာပေါ့၊ သူတို့နှစ်ယောက်လုံး ကာလသားပေါက်နေတွ ဖြစ် နေပါပြီ။

    ပြာသိုလထဲမှာ မနက်ဆိုသိပ်ချမ်းတာပေါ့။ ဘယ်သူမှ စပါး ထ မနယ်ချင်ဘူး။ အစောဆုံးလူက လေးနာရီ ထနယ်ရမှာ။ အိပ်ရေးလည်းပျက်တယ် ချမ်းလည်းချမ်းတယ်။ ဒုတိယလူက ငါးနာရီ ထနယ် ရမယ်။ တတိယ လူကတော့ ခြောက်နာရီထနယ်ရတယ်။ အိပ်ရေးလည်းဝတယ်။ ချမ်းလည်း သိပ်မချမ်း တော့ဘူး။ နောက်ဆုံးလူက အကောင်းဆုံး။ ပထမ ဆုံးလူက အနာဆုံး။ ဒါကြောင့်မို့ ဘယ်သူ အရင်နယ် မလဲ အငြင်းပွားနေကြတယ်။ အဲ့ဒီအ ချိန်မှာ ''ခဏနေကြဦး'' ဆိုပြီး ချစ်အောင် ထွက်သွားတယ်။ အတို အရှည် မညီတဲ့ တုတ်သုံး ချောင်းချိုးလာတယ်။
    ''ကဲ မင်းတို့ဆွဲကြ။ ဒီတုတ်သုံးချောင်းက အရွယ်မညီဘူး ဘယ်တုတ်ကအရင် ဘယ်တုတ်ကအလယ် ဘယ်တုတ် က နောက်ဆုံး ငါသတ်မှတ်ထားတယ် ကိုယ်ကျတဲ့အ တိုင်း နယ်ရမှာနော် အငြင်းမပွားရဘူး''

    ကျုပ်တို့ နှစ်ယောက်က သဘောတူကြောင်း ခေါင်းညိမ့်ပြတယ်။
    ''ကဲ စပြီးဆွဲတော့''
    ချစ်အောင် က ထိပ်မှာ အညီထားပြီး အောက်ဘက်က တုတ်သုံးချောင်း အတိုအရှည်မပေါ်အောင် ဆုပ် ကိုင်ထားတယ်။ကျုပ်က အရင်ဆွဲလိုက်တယ်။
    ''ကိုင်ထား ကိုယ့်တုတ် ကိုယ် ကိုင်ထား'' လို့ ချစ်အောင်က သတိပေးတယ်။
    ကျုပ်လက်ထဲမှာ တုတ်ကလေး ကို ဆုပ်ကိုင်ထားပါတယ်။

    ဒုတိယ စံရွှေ တုတ်ကလေး တစ်ချောင်းဆွဲယူလိုက်တယ်။ တုတ်သုံးချောင်း ယှဉ် ကြည့်တယ်။ ချစ်အောင် တုတ် က အရှည်ဆုံး။
    ''ကဲကွာ …ကဲကွာ…ကဲကွာ''
    ချစ်အောင် စိတ်ဆိုးပြီး သူ့တုတ်ကို သုံးပိုင်းချိုးပစ်လိုက်တယ်။

    ''အရှည်ဆုံး တုတ် က အရင် နယ်ရမယ်လို့ ငါ့စိတ်ထဲမှာ သတ်မှတ်ထားတာကွ အလတ်တုတ်ရရင် ဒုတိယ အတိုဆုံးတုတ်က နောက်ဆုံးကွ''
    ချစ်အောင် သူအရင်နယ်လှည့်ကျ၍ မကျေမနပ်ဖြစ်နေသည်။ ကျုပ်ရတဲ့တုတ်က အလတ်၊ ဒုတိယ နယ် ရမယ် စံရွှေက နောက်ဆုံး။
    ဒီအချိန် မှာ ကျုပ်က တစ်ခုသတိရတာနဲ့ ချစ်အောင်ကို မေးကြည့်တယ်။

    ''ဘယ်တုတ်က ဘယ်အချိန်နယ်ရမယ်ဆိုတာ မင်းကတို့ကို ကြိုလည်း ပြောမထား ဘူး၊ တို့ကငြင်းရင် ဘယ်လို လုပ်မလဲ''
    ''ဘာလို့ငြင်းရမှာလဲဗျ ကျုပ်က တုတ်သွားချိုးတဲ့ သူ ကျုပ်ကဒိုင်လူကြီးပဲ ကျုပ်စိတ် ထဲ မှတ်ထားတဲ့ အတိုင်း လုပ်ရမှာပေါ့။ အခုလည်း ကျုပ်အရင်နယ်ရမှာပဲလေ''
    ''အေး မင်းအရင်နယ်ရလို့ ပြဿနာမပေါ်တာ စံရွှေက တုတ်အရှည်ဆုံးဆွဲမိလို့ အရင်နယ်ရမယ်ဆိုရင် သူက ငြင်းချင်ငြင်းမှာပေါ့''
    ''ငြင်းရင် ငါဆွဲထိုးမှာပေါ့''

    ''တကယ်လို့ ငါကတုတ်အရှည် ဆွဲမိရင်ရော''
    ''ခင်ဗျား အရင်နယ်ပေါ့''
    ''မင်းစိတ်ထဲမှာ မှတ်ထားတာ ငါတို့မှ မသိဘဲ။ မင်းကအမျိုးမျိုး ပြောင်းပြောလို့ ရတာပေါ့''
    ''ခင်ဗျား က ကျုပ်ကိုမယုံလို့လား''
    ချစ်အောင် မေးပုံက မာတယ်။ တင်းတယ်။

    ''မယုံလို့ မဟုတ်ပါဘူး။ ပြောင်းပြောတယ် လို့ ထင်မယ်ဆိုရင် ထင်နိုင်တာကို ပြောတာ''
    ''ထုံးစံ မရှိဘူး ကျုပ်ဘယ်တော့မှ မညာဘူး ခင်ဗျားအရင်ကျလို့ ကျုပ်ပြောတာ မယုံဘူးဆိုရင် ခင်ဗျား က အသက်အကြီးဆုံး ပြီးတော့ ခင်ဗျားလယ်။ ကျုပ်ကမလုပ်ဘဲ ပြန် သွားမှာပေါ့။ ဘာလဲ ခင်ဗျားက အခု လည်း ဒုတိယနယ်ရမှာကို မကျေနပ်လို့လာူး မယုံလို့ လား''
    ချစ်အောင် လေသံ မှာ ဒေါသပါလာတယ်။

    ''ငါက မင်းကိုယုံပါတယ်။ မင်းအကြောင်း ငါက ငယ်ငယ်ကတည်းကသိထားတာပဲ မသိတဲ့လူနဲ့ကျရင် မင်း စိတ်ထဲ မှတ်ထားတယ်ဆိုတာ ဘယ်သူမှမသိတော့ မယုံဘူး ပြော မှာစိုးလို့ပါ''
    ''မယုံရင် အဲဒီကောင်မျိုးတွေနဲ့ စကားလည်း မပြောဘူး။ အလုပ်လည်းမလုပ်ဘူး''
    ချစ်အောင်ဆိုတာက  အဲဒီလိုကောင်မျိုး။ မလိမ်တတ်ဘူး။ မညာတတ်ဘူး ရိုး ဖြောင့်တယ်။ သူရိုးဖြောင့် တယ်ဆိုတာ ကိုလည်း ယုံမှကျေနပ်တယ်။ မယုံရင် မကျေနပ်ဘူး။ ဒါကြောင့် အခုကိစ္စမှာ ကျုပ်သိပ်ကို အံ့သြနေတာ။ ခြံစည်းရိုး အဟောင်းနေရာကို နှစ်ယောက်လုံး သိတယ်။ သရက်ပင်က သူတို့ဘက်က မဟုတ်ဘူး။ ကျုပ်တို့ဘက်က။ အဲဒါကို ချစ်အောင်အမေ ဒွေးလေးဖော့လည်း သိတယ်။ ဒါပေမယ့် ဒွေးလေးဖော့ မနှစ်က ဆုံးသွားပြီ။

    ချစ်အောင်က သူ့မိန်းမကို ဘာဖြစ်လို့ သူစိုက်တဲ့အပင် သူတို့ဘက်ကလို့ ပြောရ တာလဲ။ သူ့မိန်းမ က လည်တယ်။ သူလည်း လည် တဲ့ မိန်းမနဲ့ပေါင်းပြီး ရိုးဖြောင့်တာတွေ ပျောက်သွားပြီလား။ ဒါကြောင့် သူ မရှိတုန်း ခြံစည်းရိုးပြင် အကာခိုင်းတာလား။ ကျုပ် စိတ်မကောင်းဖြစ်မိတယ်။
    နောက်နှစ်ရက်လောက် ရှိတော့ နေ့လည်ခင်းတစ်ခုမှာ လင်မယားကွာရှင်းမှု တစ်ခု တိုင်ထားတာနဲ့ ရုံးမှာ လူကြီးအစုံရောက်နေကြတယ်။ လင်မယားကွာအမှုဆိုတော့ စိတ်ဝင် စားကြတယ်။ နှစ်ဖက် ဆွေမျိုး တွေလည်း လာကြတာပေါ့။ ရုံးမှာ လူစည်ကားတဲ့နေ့ပါပဲ။

    အပြန်အလှန် ပြောကြဆိုကြ မကျေနပ်နာတွေ ဒေါသတွေနဲ့ပေါ့။ ကျုပ်တို့လူကြီး တွေက မေးတာ တွေလဲ ဖြေကြားပါတယ်။ မေးရင်းဖြေရင်း ရယ်စရာတွေပါတော့ ၀ါးကနဲ ရယ်သံတွေထွက်လာတယ်။ ခဏ ခဏ ရယ်သံတွေ ထွက်လာတော့ လူတွေ ပိုရောက်လာ ကြပြန်တယ်။
    အိမ်ထောင်သက်တစ်နှစ်တောင် မပြည့်သေးတဲ့ ငယ်သူတွေပါ။ ကလေးလည်း မရှိ သေးပါဘူး။ နောက်တော့ လူကြီးတွေက မကွဲဖို့ မကွာဖို့ တစ်ယောက်ပြီးတစ်ယောက် ဆုံးမကြတယ်။ တဖြည်းဖြည်းနဲ့ သူတို့ စိတ်ပျော့ သွားတယ်။

    နှစ်ယောက်စလုံး ဆီက တောင်းဆိုချက်တွေရှိလာတယ်။ မိန်းကလေးက ယောက်ျားလေးကို ဘယ်လို မပြော ရဘူး။ ဘယ်လိုဆက်ဆံတာ မကြိုက်ဘူးဆိုတာတွေ ပြော လာတယ်။ ကျုပ်တို့လူကြီးတွေက ယောက်ျား ကို ကတိပေးခိုင်းတယ်။ ကတိပေးတော့ လက်ခုပ်တီးကြတာ ဆူညံသွားတာပဲ။ ယောက်ျား လေး ကလည်း သူမကြိုက်တာတွေကို ပြောပြန်တယ်။ လူကြီးတွေက မိန်းကလေးကိုလည်း ကတိ ပေးခိုင်းကြတယ်။ မိန်းကလေး က ကတိပေးပါတယ်။ လက်ခုပ်တွေတီးကြပြန်တယ်။ ပျော်စရာကြီးပါပဲ။ သူတို့ မကွာတော့ ပါဘူး။ ပြန်ပေါင်းသွားတယ်။
    ကိုယ့်ရွာ ကိုယ့်ရုံး နဲ့ ကိုယ့်တရားစီရင်မှု့ ဆိုတာ ဒါပါပဲ။

    ကြီးတဲ့အမှု ငယ် သွားတော့တာ ပါပဲ။
    ငယ်တဲ့အမှု ပျောက်သွားတာပါပဲ။ အားလုံးကလည်း ပတ်ချာလည် ဆွေမျိုးတွေပါပဲ။ တစ်ခါတရံ ကျတော့ ပျော်စရာကြည်နူးစရာကောင်းပါတယ်။ တစ်ခါတစ်ခါကျတော့ အဲဒီလို ဆွေမျိုးတွေ ပတ်လည် ဖြစ်နေ လို့ကိုပဲ စိတ်ပျက်စရာတွေ ကြုံရတယ်ဗျ။ ပြောမရဆိုမရနဲ့ စိတ်ညစ်စရာ။ လင်မယား ပြန်ပေါင်း ပြီးလို့ လူတွေ ပျော်ပျော်ပါးပါးပြောဆိုနေတဲ့ အချိန်မှာပဲ ရုံးထဲကို လူတစ်ယောက်ဝင်လာတယ်။

    ''ဟာ ချစ်အောင် လာ မင်းတို့ တောင်ရိုး သွားတာ ပြန်ရောက်ပြီလား''
    ကျုပ်က လှမ်းမေးတယ်။
    ''ခုပဲ ပြန်ရောက်တယ် ရောက်ရောက်ချင်း ရုံးကိုလာခဲ့တာ''
    ''ဘာကိစ္စလဲ ပြော''
    ''ကျုပ်မရှိတုန်း မိကြွေ ခြံစည်းရိုးကာထားတာ မှားနေလို့''
    ''ဘာမှားတာလဲကွ''
    ကျုပ်က သိရက်နဲ့ မေးတာပါ။

    ''သရက်ပင် က ကျုပ်တို့ဘက်ကမဟုတ်ဘူးဗျ၊ ကိုညို တို့ ဘက်က ခုတော့ ကိုညို တို့ မြေအများကြီး ကျုပ်တို့ ဘက် ရောက်နေပြီဗျ''
    ဒါ ချစ်အောင် အစစ်ပါပဲ
    ''မင်း မိန်းမ က ပြောတော့ သရက်ပင်က မင်းစိုက်တာ မင်းတို့ဘက်ကလို့ မင်းပြော တယ်ဆိုတာနဲ့ ငါက ပေးလိုက်တာ''
    ''အဲဒါ ဟုတ်မှမဟုတ်ဘဲဗျ ကိုညို သိရက်သား နဲ့ မပေးသင့်ပါဘူး''
    ချစ်အောင် က ကျုပ်ကို အပြစ်တင်တယ်။

    ''ရော ခက်ပြီ သရက်ပင် က မင်းစိုက်''
    ''ကျုပ်စိုက်တယ် ဆိုတာ ဟုတ်တယ်ဗျ ကျုပ်စားတဲ့သရက်စေ့ အိမ်ရှေ့ကွပ်ပျစ်က နေလွှင့်ပစ်လိုက်တာ ကိုညို တို့ ခြံဘက် ရောက်သွားတာဗျ မိုးကျလို့ သရက်ပင်လေး ပေါက် လာတော့ ငါ့သရက်ပင် လေးကွ ဆိုပြီး တုတ်ချောင်းလေးတွေ စိုက်ပြီး ကာထားတာ။ ကိုညို ကလည်း သရက်ပင်လေးတစ်ပင်ကို ကျုပ်လို တုတ်ကလေးတွေစိုက်ပြီး ဒါက ငါ့သရက်ပင် လို့ပြောတယ်''
    ကျုပ်က ခေါင်းညိတ်ပြတယ်။

    ''နောက်တော့ ကိုညို သရက်ပင်က သေသွားတယ်။ ကျုပ်သရက်ပင် က ခုထိအပင်ကြီးဖြစ်လာပြီး အသီး တွေ သီးတယ်။ သုံးလုံးတစ်တောင်ပင်ဗျ။ သရက်သီးဆီစိမ်လုပ် လို့ကောင်းတယ်၊ ဒီနှစ်ကိုညိုတို့ သရက်သီး ခူးတော့ ကျုပ်တို့ကို သရက်သီးအလုံးသုံးဆယ် လောက် ပေးတယ်။ ကျုပ်မိန်းမ မိကြွေ သိပ် သဘောကျတာပဲ။ ဒါနဲ့ အဲဒီသရက်ပင်က ငါစား ပြီး ကျန်တဲ့အစေ့ ငါစိုက်ထားတာလို့ ပြောမိတယ်
    အဲဒါနဲ့ မိကြွေ က ကိုချစ်အောင်စိုက်တဲ့  ကိုချစ်အောင်သရက်ပင် ဆိုတာ သေချာ လားလို့ မေးတယ်။ သိပ်သေချာ တာပေါ့လို့ ပြောလိုက်တယ်။ အဲဒါကို ကျုပ်တို့ခြံမြေထဲမှာ ကျုပ်စိုက်တဲ့ သရက်ပင် ကို ကိုညို တို့က မတရားယူထားတာ ကျုပ်က ကိုညိုကို ချစ်ခင်လေး စားတော့ ငယ်ကြောက် ဆိုတော့ ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး။ သူကတော့ မကြောက်ဘူး။ ကျုပ်မရှိတုန်း ခြံဝင်း ပြန်ကာမယ်ဆိုပြီး သရက်ပင် ကျုပ်တို့ ဘက်ပါအောင် ခြံဝင်းအသစ် ကာတာဗျ။''

    ရှင်းသွားပါပြီ။ လူကြီးတွေလည်း ခေါင်းတညိတ်ညိတ် ဖြစ်နေကြပါပြီ။
    ''အခု ပြန်လာရင် မင်းမိန်းမ စိတ်မကောင်းဖြစ်မှာပေါ့ကွ မထူးပါဘူးကွာ ဒီအတိုင်းပဲ ထားလိုက်ပါ။ မင်းစိုက် တဲ့ သရက်ပင်လေး မင်းတို့ဘက်ရောက်သွားရင် ကောင်းတာပေါ့။ သရက်ပင်ကလည်း ခြံစည်းရိုး နား ကပ်နေတာပါ''
    ကျုပ်က စိတ်ထားအမှန်အတိုင်း ပြောတာပါ။ ဒါပေမယ့် ချစ်အောင် ဒေါသကြီး သွားလိုက်တာ။

    ''အဲဒီလိုလုပ်လို့ ဘယ်ရမလဲဗျ။ ကျုပ်က မတရားတဲ့လူ ဖြစ်သွားမှာပေါ့။ အစက ခြံ စည်းရိုး ကျောက်ငုတ် ရှိတယ်။ ကျုပ်တို့ငယ်ငယ်က ကုက္ကိုလ်ပင်ကြီး လေပြင်းတိုက်လို့ လဲ တော့ ပင်စည်ပိပြီး ကျိုး သွားတာ။ ကိုညိုရော ကျုပ်ရော အမှန်ကိုသိလျက်သားနဲ့ ဘာလို့ အမှားလုပ်မှာလဲဗျ။ အဲဒီလိုလုပ်ရင် ကိုညို လူကြီးဖြစ်ပြီး မမှန်တာ မတရားလုပ်တာပဲဗျ''
    ''ဟား ဟား ချစ်အောင် ရာ မင်းစွပ်စွဲချက်ကလည်း ကြီးကျယ်လိုက်တာ။ ငါက မိကြွေသူရချင်တဲ့ သရက်ပင်လေး ရသွားရင် ကျေနပ်အောင်လို့ ပြောတာပါ''
    ''မိကြွေက မသိလို့ ပြောတာပဲ။ ခုတော့ အမှန်ကို သူသိသွားပါပြီ။ ကျောက်ငုတ် ကျိုးသွားတဲ့နေရာကို ကျုပ်က မှတ်မိတယ်ဗျာ။ ဒါနဲ့ ပေါက်ပြားနဲ့ တူးလိုက်တော့ ကျောက် ငုတ်အကျိုးကျန်တာတွေ့တယ်။ မိကြွေ လည်း အခုပါတယ်ဗျ။ မိကြွေလာလေ။ အထဲဝင်ခဲ့''

    မိကြွေ ရုံးထဲဝင်လာပါတယ်။ လူကြီးအားလုံး မိကြွေမျက်နှာ လှမ်းကြည့်တယ်။ ဟိုနေ့က မျက်နှာမျိုး မဟုတ် တော့ပါဘူး။ ခေါင်းလေးငုံ့လို့။
    ''မိကြွေပြောလိုက်လေ လူကြီးတွေကို တောင်းပန်လိုက်လေ''
    ချစ်အောင် က သူ့မိန်းမ ကို ခပ်မာမာပြောတယ်။ မိကြွေကကျုပ်ကိုလှမ်းကြည့်တယ်။
    ''သြော် နေပါစေ တောင်းပန်စရာမလိုပါဘူး။ မသိလို့ဖြစ်တာပဲ။ ကျေနပ်ပါတယ်''
    ''ဟုတ်ပါတယ် မိကြွေ မသိလို့လုပ်မိတာ တောင်းပန်ပါတယ်''

    မိကြွေက မနေပါဘူး တောင်းပန်ပါတယ်။
    ကဲ ကဲ ဒါဖြင့်လည်း ခြံစည်းရိုးကို အမှန်အတိုင်း ပြန်ကာလိုက်ပေါ့ကွာ'' ရာအိမ်မှူး ဦးဘဆောင်က ချစ်အောင် ကို ပြောတယ်။
    ''ကာပြီးပြီဗျ ကျောက်ငုတ်အတိုင်း ခြံစည်းရိုးအသစ် ကျုပ်တို့လင်မယား ပြန်ကာပြီး မှ ရုံးကိုလာတာဗျ''
    လူကြီးများ ဆီက ရယ်သံထွက်လာပါတယ်။ ချစ်အောင်ကို ကျုပ်လှမ်းကြည့်လိုက်မိ တယ်။ ချစ်အောင် မိန်းမ ရပြီးမှ ပြောင်းသွားပြီးလားလို့ စိတ်ထဲကထင်မိတာ။ စိတ်ထဲမှာ တင် တောင်းပန်လိုက်ပါတယ်။ ချစ်အောင် ရဲ့ ရိုးဖြောင့်မှုကို ပိုပြီးတော့လည်း လေးစား စိတ်ဖြစ်ရပါတယ်။

လယ်တွင်းသားစောချစ်
သရပါ မဂ္ဂဇင်း ၂ဝ၁၁ အောက်တိုဘာ

မှတ်ချက်။
    ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးပေါ်ထွန်းလာရေးအတွက် ကိုချစ်အောင် ကဲ့သို့ စိတ်ထားမျိုး ရှိသည့် နိုင်ငံသားများ အများအပြားပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဤစာမူကို ရွေးချယ် ဖော်ပြရခြင်း ဖြစ်ပါသည်။ 

အယ်ဒီတာချုပ်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, October 16, 2011

သန်းငြိမ်းအေး ၏ ပေးလို့ရ မျှမှရ

ပေးလို့ရ မျှမှရ
စာရေးသူ - သန်းငြိမ်းအေး

အေအက်ဖ်ပီ သတင်းတစ်ပုဒ်တွင် ဖတ်လိုက်ရသည်။ ကမ္ဘာကျော်ဘီလျံနာ သူဌေးများ ပေးလှူဖို့ ကတိ ပေးကြသော သတင်းဖြစ်ပါသည်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နှစ်ဦး ဖြစ်သော ရင်းနှီးမြှုပ်နှံမူ သူဌေးကြီး ဝါရင်းဘက်ဖက် နှင့် မိုက်ခရိုဆော့ဖ် တည်ထောင်သူ သူဌေးကြီး ဘီလ်ဂိတ် တို့၏ လှုံ့ဆော်မူဖြင့် အမေရိကန် ဘီလျံနာ သူဌေးကြီး လေးဆယ်တို့သည် ၄င်းတို့ ပိုင်ဆိုင်မူ၏ တစ်ဝက်ထက်မနည်းသော ငွေပမာဏ ကို လှူဒါန်းသွားရန် ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၄ ရက်နေ့က ကတိပြု လက်မှတ်ရေးထိုး ခဲ့ကြသည်။

၎င်းတို့ထဲတွင် နယူးယောက်မြို့တော်ဝန်နှင့် ဘလွန်းဘာ့ဂ်ျ စီးပွားရေးဝက်ဘ်ဆိုက် တည်ထောင်သူ တက်ဒ်တာနာ၊ အော်ရကယ်လီ ကုမ္ပဏီ ပူးတွဲတည်ထောင်သူနှင့် အမူဆောင် ချုပ် လာရီအယ်လီဆင်န်၊ ဟောလိဝုဒ် ဒါရိုက်တာ ဂျော့လူးကပ်စ်တို့ ပါဝင်ကြသည်။
လှူဒါန်းမူ သည် စုစုပေါင်း ဘီလီယံ ၆၀၀ (အမေရိကန်ဒေါ်လာ သန်း ၆ သိန်း) မျှရှိမည်ဖြစ်သည်။ ဘီလ်ဂိတ် နှင့် ဘက်ဖက် တို့သည် အမေရိကန်ဘီလျံနာ သူဌေး ၄၀၀ ခန့်ကို စီစဉ်ထားသည်ဟု ဆိုသည်။ ထိုသတင်းသည် သတင်းကောင်းတစ်ပုဒ်ဖြစ်ပါသည်။

ဗြိတိသျှနန်းရင်းဝန်ကြီး ဒစ္စရေးလီက "ဘဝ၌ မိမိအဖို့ချည်း ဆောင်ရွက်နေပြီး သူတစ်ပါးအတွက်မူ ကမ္မသကာ သဘောထားမျိုး ထားတတ်သော အခြေအနေ ကို ပြောင်းပြန် လှန်ပစ်ဖို့ လိုအပ်သည်။ စာနာမူ ဟူသော ကရုဏာတရားသည် စာနာသူ၏ ဂုဏ်သိက္ခာကို မြင့်မားတိုးတက်စေသည်။" ဟု ပြောခဲ့ သည်။
လောက ၌ မိမိဖို့ချည်း ဆောင်ရွက်နေသူသည် အတ္တဝါဒီဖြစ်ပါသည်။ အတ္တဝ်ါဒီသည် တစ်ကိုယ် ကောင်း သမားဖြစ်ပါသည်။ တစ်ကိုယ်ကောင်းသမားသည် ကရုဏာတရားရှိသူမဟုတ်၊ စာနာတတ်သူမဟုတ်။ ထိုအခြေအနေ ကို ပြောင်းပြန်လှန်ပစ်သော် ကရုဏာတရားရှိသူ၊ စာနာတတ်သူ ဖြစ်လာပါမည်။ တစ်ကိုယ်ကောင်း သမား မဟုတ်ပဲ စာနာတတ်သူ၊ ကရုဏာတရားရှိသူ ဖြစ်ပါမှလည်း ဒုက္ခ ရောက်နေသူ အား ကူညီ ထောက်ပံ့ပေးကမ်းမည်ဖြစ် သည်။

ဤနေရာတွင် စာရေးဆရာမ ပတ္တမြားခင် ၏ "ဆင်းရဲသားတွေ ကို ဒုက္ခမပေးပါနှင့်" ဟူသော ရသ အတွေး အမြင် ကို သတိရ မိပါသည်။ တစ်နေ့တွင် တက္ကသိုလ် ပါမောက္ခတစ်ဦးနှင့် လူငယ်ကျောင်းသား တစ်ဦး တို့သည် လယ်တော သို့ အလည်သွားကြသည်။ လယ်ကွင်းထဲတွင် လယ်သမားတစ်ဦး လယ်ထွန် နေသည်။ လယ်ကွင်း အစပ် တွင် လယ်သမား က ဖိနပ်တစ်ရန်ချွတ်ထားသည်။
လူငယ်က... "ဆရာကြီး၊ လယ်သမားရဲ့ ဖိနပ်ကို ဝှက်ထားပြီး သူလယ်လိုနေမလဲဆိုတာ အကွယ်က စောင့်ကြည့်ရရင် ကောင်းမလား" ဟုမေးလိုက်သည်။ ဆရာကြီးက.. "အဲဒီလိုတော့ မကျီစယ်ပါနဲ့ကွာ၊၊ ဆင်းရဲသား တစ်ယောက် ကို ထပ်ပြီးစိတ်ဆင်းရဲအောင် မလုပ်ချင်ပါနဲ့။ မင်းလုပ်ချင်ရင် ဖိနပ်ထဲကို ရွှေဒင်္ဂါး တစ်ပြားစီ ထည့်ကြည့်ပါလား" ဟုပြောလိုက်သည်။

လူငယ်ကလည်းပါမောက္ခကြီးပြောသည့်အတိုင်း  ဖိနပ်ထဲသို့ ရွှေဒင်္ဂါးတစ်ပြားစီ ထည့်လိုက် သည်။ ပြီးတော့ အကွယ် က စောင့်ကြည့်နေကြသည်။
ခဏအကြာတွင် လယ်သမားသည် လယ်ထွန်ခြင်းကို ရပ်ပြီးလယ်တွင်းထဲမှ တက်လာသည်။ ပြီးတော့ ဖိနပ် ကို စီးသည်။ လယ်သမားသည် ခိုးလုခုလုအရသာကိုခံစားလိုက်ရသည်။ သို့ဖြင့် ဖိနပ်ကိုချွတ်ကာ ဖိနပ်ထဲ သို့ လက်ဖြင့်နှိုက်ကြည့်သည်။ ဖိနပ်ထဲတွင် ရွှေဒင်္ဂါးတစ်ပြားစီကို တွေ့ရသည်။ လယ်သမားသည် အံ့သြစိတ်၊ မယုံသင်္ကာဖြစ်စိတ်၊ ဝမ်းသာစိတ်တို့ဖြင့် ဘေးဘီဝဲယာကို မျက်လုံးကစားလိုက်သည်။ တစ်စုံ တစ်ယောက် ကိုမျှ မတွေ့သောအခါ ကောင်းကင်ကို မော့ကြည့်ပြီး.. "ကျေးဇူးကြီးလှပါတယ် ဘုရားသခင်။ ဘုရားသခင် ရဲ့ ကောင်းချီးပေးမူအတွက် ကျေးဇူးတင်လှပါတယ်။ရရှိလာတဲ့ ငွေနဲ့ အိပ်ရာ ထဲ  လဲနေတဲ့ ဇနီး သည်ကိုဆေးကုသနိုင်ပါပြီ။ စားစရာချို့တဲ့နေတဲ့သားသမီးတွေကိုလည်း ကျွေးမွေး နိုင်ပါပြီ" ဟု အသံထွက်လျက် တတွတ်တွတ် ပြောဆိုနေလေတော့သည်။

ထိုမြင်ကွင်းကိုမြင်ရသော ဆရာတပည့်နှစ်ယောက်စလုံးမှာ အပျော်တွေ ကူးစက်ပြီး ပျော်ရွှင်ကြရသည်။ တပည့်ဖြစ်သူက "ဆရာကြီးပေးတဲ့ အသိတရားအတွက် ကျေးဇူးတင် ပါတယ်"  ဟု ကျေးဇူးတင် စကား ဆိုလေသည်။ ကျွန်တော်သည် ထိုအတွေးရသကို သတိရတိုင်း ပျော်ရွှင်ကြည်နူးမိပါသည်။ ယခု ပြန်တွေး၊ ပြန်ရေး နေသည့် အခိုက်မှာပင် ကြည်နူးနေမိပါသည်။ ကမ္ဘာကျော် ဘီလျံနာသူဌေးကြီးများသည် သူတို့ ပိုင်ဆိုင်မူ၏ တစ်ဝက်ကို လှူဒါန်းကြမည်ဟု သတင်းစကားကြားရသည်ကိုပင် ကြားကတည်းက ဝမ်းသာ မိပါသည်။ ဆင်းရဲသောလယ်သမား ရွှေဒင်္ဂါးရသည့် ကိန်းဆိုက်နေပါပြီ။

ကမ္ဘာကျော် ဘီလျံနာသူဌေးကြီးများ လှူဒါန်းငွေဖြင့် အတိဒုက္ခရောက်နေသူများ၊ ကပ်ရောဂါ ခံစား နေကြ ရသူများ၊ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ ၊ စားသောက် ဖွယ်ရာနှင့် နေထိုင်စရာ အခက်အခဲတွေ့နေသူများကို ကူညီထောက်ပံ့နိုင်တော့မည် ဖြစ်သည်။ သူဌေးကြီးများ၏ စာနာမူသည် ယခုမှ မဟုတ်ပါ။ အထက်ကျော်ကာရီကလည်း ပေးကမ်းထောက်ပံ့ခဲ့ပါသည်။ ယခုလောလောဆယ် ၌လည်း ပေးကမ်းထောက်ပံ့နေဆဲ။ နောင် ကာလ၌လည်း ပေးကမ်းထောက်ပံ့နေဦးမည် ဖြစ်ပါသည်။

ဗုဒ္ဓမြစ်စွာက... "ပေးကမ်းထောက်ပံ့လှူဒါန်းခြင်း ဒါနပြုသူသည် ချမ်းသာခြင်းကို အကျိုးပေးမည်။ မိမိကိုယ် မှ မလိုအပ်၍ စွန့်ပစ်သော မစင်ကို လောက်ကလေးများ စားပါစေဟု စိတ်ထား၍ စွန့်ပစ် လျှင်လည်း ဒါနဖြစ်ပါသည်။ ပန်းကန်ဆေးရာတွင် စားကြွင်းစားကျန်များကို ရေမြောင်းအတွင်းရှိ သတ္တဝါ ကလေး များ စားပါစေဟု စိတ်ထား၍ ဆေးကြောလျှင်လည်း ဒါနမြောက်ပါသည်" ဟု ဟောကြားတော် မူခဲ့ ပါသည်။

ဗုဒ္ဓမြတ်စွာက"ပေးလို့ရ မျှမှရ" သဘောတရားကို ဟောကြားတော်မူခဲ့သည်။လှူဒါန်းပေးကန်းမှု့ သည် အချည်းနှီး မဖြစ်ပါ။ ကောင်းကျိုးချမ်းသာပြန်လည်ခံစားရမည် ဖြစ်ပါသည်။ တစ်ခုခုပြန် ရစေဟု ဆန္ဒ မရှိဘဲ လွတ်လွတ်လပ်လပ် စွန့်လှူသောဒါန သည် အစင်ကြယ်ဆုံး၊ အမြတ်ဆုံး ဒါနဖြစ်ပါသည်။  ကမ္ဘာကျော် ဘီလျံနာသူဌေးကြီး များသည် ကရုဏာရှင်များ ဖြစ်ကြပါသည်။ တစ်ခုခုပြန်ရစေ ဟူသော ဆန္ဒမျိုး မရှိနိုင်ပါ။ ထို့ကြောင့် လွယ်လွယ် လှူဒါန်းကြခြင်း ဖြစ်ပါသည်။ စာနာစိတ်ဖြင့် လွယ်လွယ် ပေးကမ်း ထောက်ပံ့ခြင်း ဖြစ်ပါသည်။

မည်သို့ဆိုစေ၊ လိုအပ်နေသူများအား ထောက်ပံ့ကူညီပေးကမ်းကြသူများသည် ကြီးစွာသော အကျိုးပေး ကို ခံစားကြရ မည်မှာ မလွဲပါ။ တစ်ခုခု ပြန်ရစေဟူသော အလိုဆန္ဒမပါဘဲ လွယ်လွယ်စွန့်လှူကြသော သူဌေးကြီး များသည် အကျိုးတစ်စုံတစ်ရာမရဘဲ မနေနိုင်ပါ။ သူဌေးကြီးများက ပေးကမ်း ထောက်ပံ့ လှူဒါန်း ကြသောကြောင့် လိုအပ်သူများ ပြည့်စုံ၊ လိုအပ်တာ ပေးဝေကူညီသူများလည်း တိုးတက် ချမ်းသာ ခြင်းဖြင့် ပေးလို့ရ၊ မျှမှရ ကြကာ ကိုယ်ချမ်းသာခြင်း၊ စိတ်ချမ်းသာခြင်း တစ်လုံးတစ်ဝတည်း ပြည့်စုံ ချမ်းသာ ကြမည် ဖြစ်ပါသည်။

စာရေးသူ - သန်းငြိမ်းအေး
စရဏ မဂ္ဂဇင်း စက်တင်ဘာ ၂ဝ၁၁
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, October 13, 2011

ထက်မြက် ၏ အိမ်အပြန်

အိမ်အပြန်
စာရေးသူ - ထက်မြက်

လူတိုင်းအဖို့ အိမ်အပြန်မှာ ၀မ်းသာဖို့အကောင်းဆုံး အပျော်ရွှင်ဆုံးအချိန်ဖြစ်ပါသည်။ စစ်မြေပြင် မှ မသေ မပျောက် ဘဲ အိမ်ပြန်လာရသည့်စစ်သား။ နှစ်ပေါင်းများစွာ နိုင်ငံခြားအလုပ်သွားလုပ်နေရာမှ အိမ်ပြန် လာသောသူ။ ထောင်ထဲတွင် အချိန်ကြာမြင့်စွာ အကျဉ်းကျခံရနေရပြီး မှ လွတ်မြောက်လာကာ အိမ်ပြန် သည့်လူတို့မှာ အပျော်ဆုံး လူသားများဟု သူတို့ကိုယ်သူတို့ မှတ်ယူကြသည်။ လူတစ်ယောက် ၏ အတွယ်တာဆုံး နေရာမှာ အိမ်ဖြစ်သည်။

ဆင်းရဲ ချမ်းသာမရွေး အိမ်ကို ခင်မင် တွယ်တာကြသည်ချည်းပင်။ တစ်နေ့တာ အလုပ်သွား ကျောင်းတက် ကြသော်လည်း အချိန်တန်လျှင် အိမ်ကို ပြန်လိုကြသည်။ အိမ်မှာ အနားယူ အပန်းဖြေလို ကြသည်။  ခရီးသွားရင် အလွန်ကျယ်ဝန်းသည့် ဟိုတယ်ခန်းကြီး၌ ဇိမ်ကျကျ နေရသည့်တိုင် မိမိ၏ ခပ်စုတ်စုတ် အိပ်ခန်းကျဉ်းလေးသို့ ပြန်လိုကြပါသည်။ ထိုကြောင့် အိမ်အပြန် မှာ လူတစ်ယောက်အဖို့ အကြည်နူး ဆုံး အချိန်ဖြစ်လေသည်။

လူတိုင်း အိမ်အပြန်ကို ကြုံခဲ့ကြသလို ကျွန်တော်တို့အဖို့ ယခုထက်တိုင် အမေ့မပျောက်နိုင်သော အိမ်အပြန် အချိန်တချိန်ရှိခဲ့ပါသည်။ ထိုအိမ်ပြန်ချိန်မှာ ထောင်နှင့် ကျွန်း တွင် ၅ နှစ် ၆နှစ်ခန့် အကျဉ်းခံ ဘ၀ဖြင့် နေခဲ့ရပြီး အိမ်ပြန်ခွင့်ရသည့်အချိန်ဖြစ်ပါသည်။

ကျွန်တော် ထောင်ထဲနေခဲ့ရသည့် ကာလမှာ ယခုထက်ပိုမို ခက်ခဲကြပ်တည်းပါသည်။ နိုင်ငံရေး အကျဉ်းသားအဖြစ် ပုဒ်မ ၅ဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည် ဆိုသော်လည်း ထောင်ဝင်စာမတွေ့ရပါ။ အိမ်မှ မိသားစု မျာကို မမြင်မတွေ့ရပါ။ ၆ နှစ်တာကာလအတွင်း ဇနီး သားသမီး မိဘ ညီအစ်ကို မောင်နှမ များကို လုံးဝ မတွေ့ခဲ့ရပေ။ သာကြောင်း မာကြောင်း ကျန်းမာရေး စီးပွားရေး ပညာရေး အကြောင်းကို တစ်လတစ်ကြိမ်ရေးခွင့်ရသော စာတိုလေးမျှသာ ဖတ်ရှုသိရှိရပါသည်။ ဇနီးသည်က ကိုယ်ဝန်နှစ်လဖြင့် သမီး ၂ယောက် ကို ထိန်းကာ ရုန်းကန်ခဲ့ရသည်။ အမေကလည်း ကျန်းမာရေး ကောင်းလှသည် မဟုတ် ပေ။

အင်းစိန်ထောင်တွင် ရှိစဉ်က တစ်လ တစ်ကြိမ် အိမ်ကို စာရေးရသည်မှာ ပုံမှန်နီးပါး ရှိသော်လည်း အဆောင်မှ နေ တိုက်အပို့ခံရပြီး တိုက်ထဲ၌ လပေါင်းများစွာ နေရချိန်တွင်  စာ အဆက်အသွယ် ဖြတ် ထားပါသည်။ ထိုကာလ၌ အိမ်အကြောင်းဘာမှ မသိရသလို ကျွန်တော့်ကျန်းမာရေးကိုလည်း အိမ်က သိခွင့် မရတော့ပါ။
နောက် ကိုကိုကျွန်း ပို့လိုက်သည်တွင် အိမ်နှင့် အဆက်အသွယ်ပြတ်သွားတော့သည်။ ကျွန်းပို့ခါနီး၌လည်း အိမ်ကို စာရေးခွင့် ရပ်ထားသလို အိမ်မှ ရေးသော စာများကိုလည်း ဖတ်ခွင့်မရပေ။ ကိုကိုးကျွန်း၌ ၃ နှစ် နီးပါး နေရချိန် တွင် စာ ၃စောင် လောက်ပင် ရေးခွင့် ဖတ်ခွင့်ရသည်ထင်ပါသည်။ ကျွန်း ရောက် နေကြောင်း ရေးလိုက်သည့်စာများကို ပို့မပေးကြောင်း သိရသည်။

ထိုကြောင့် မိသားစုကို မျှော်လင့်ချက်မထားချင်တော့ပေ။ မိမိကိုယ်ကိုလည်း အသက်ရှင်လျှက် အိမ်ပြန်လာရလိမ့်မည်ဟု မထင်တော့ပေ။ အဖမ်းခံရသည့် အချိန်က အသက် ၂၆နှစ်ကျော်သာရှိသေးပြီး ဇနီးမှာလည်း ၂၃ နှစ်ကျော် ငယ်ရွယ်သူ ဖြစ်၍ အိမ်ထောင်သစ်ထူနိုင်ခွင့်ရှိသည်ဟု ခွင့်လွတ် ထားခဲ့ ပါသည်။ အမေကလည်း ကျန်းမာရေး မကောင်းသဖြင့် အမေ့မျက်နှာကို အိမ်အပြန်တွင် တွေ့တော့မည် ဟု မထင်ပေ။ အထူးသဖြင့် ကိုကိုးကျွန်းအကျဉ်းထောင်တွင် ၃နှစ် နီးပါး နေခဲ့ရသည့် အချိန်က အိမ်နှင့် အဆက်အသွယ်ပြတ်သလောက်ဖြစ်ခဲ့ရသည်။ ကျွန်တော်တို့ ထောင်ပြောင်းသွားသည်။
 
ကိုကိုးကျွန်းရောက်သွားသည်ကို အိမ်က မသိသလို ကျွန်တော်တို့ကလည်း စာရေးပြီး အသိပေးလို့မရပါ။ ထို့အပြင် ကိုကိုးကျွန်း နှင့် ပြည်မကြား အဓိက အဆက်အသွယ်မှာ ရေလမ်းမှ သွားရသော သင်္ဘောသာဖြစ်သည်။ မုန်တိုင်းထန်သော ဘင်္ဂလားပင်လယ်အော်အတွင်းမှ ကျွန်းဖြစ်၍ မိုးရာသီဆိုလျှင် အဆက်အသွယ် အလွန်ကျဲသည်။

ထိုကြောင့် ကျွန်တော်တို့ရေးသော စာများလည်း အိမ်မရောက်။ အိမ်မှရေးသော စာများလည်း ကျွန်တော့်ထံမရောက်။ ကျွန်တော့်မိသားစုဆိုလျှင် ကျွန်တော့် မိဘအိမ်တွင် နေတော့မည်ဟု မထင်ပေ။ အမေ့ကိုလည်း ဤလောကတွင် ရှိတော့မည်ဟု မထင်ပေ။ စာအဆက်အသွယ်ရတုန်းက အမေနေမကောင်းဟု သိရသဖြင့် နှစ်ကြာပြီး အဆက်အသွယ်မရေသောကြောင့် အမေနှင့်တွေ့ဖို့ မျှော်လင့်ချက်ကို စွန့်လွတ်ခဲ့ခြင်းဖြစ်ပါသည်။

အင်းစိန်ထောင်သို့ ပြန်ခေါ်ပြီးသော်လည်း အိမ်နှင့်အဆက်အသွယ် မရသေးပါ။ (အမှန်မှာ ကျွန်တော် တို့လွတ်တော့မည်ဖြစ်၍ အဆက်အသွယ် မပေးခြင်းလည်း ဖြစ်ပါလိမ့်မည်။) ဤသို့ဖြင့် ကျွန်းမှာပြန်လာပြီး ၄လခန့်အကြာ နံနက်စာ စားအပြီး နေ့ခင်းဘက် တစ်ရေးတစ်မော ကုတင်ပေါ် အိပ် နေချိန် တွင် အပြင်မှ သော့ဖွင့် သံများ ရုတ်တရက်ကြားလိုက်ရသည်။

နောက်အခန်းတံခါးကြီးကို ၀ုန်းခနဲ့ ဆွဲဖွင့်လိုက်ကာ ထောင်မှုး ဦးကျော်မင်းနှင့် အမှု ထမ်းများ ဖိနပ်သံ တဖြောင်းဖြောင်း နှင့် အခန်းထဲ ၀င်လာကြလေသည်။ ပုံစံထိုင် ခိုင်းလိုက်သဖြင့် ကျွန်တော်တို့အားလုံး ကုတင်ပေါ်တွင် ပုံစံထိုင်နေကြရပါသည်။
ထောင်မှုးက နာမည်ခေါ်တဲ့သူ အဖေနာမည်ကိုပြော ရှေ့မှာလာရပ် 

ဇော်လွင်
ရှိ အဖေနာမည် ဦး......

တင်ဝင်း
ရှိ အဖေနာမည် ဦး.....

ကျော်နိုင်
ရှိ အဖေနာမည် ဦးဘိုးသီ

ကျွန်တော့်နာမည် ခေါ်၍သာ အဖေနာမည်ပြောပြီး အမှုထမ်းများရှေ့သို့ သွားရပ်ရသည်။ ဘာကြောင့် ခေါ်မှန်း မသိပါ။ အခန်းပြောင်းမှာလား။ အဆောင်ရွေ့မှာလား။ တိုက်ပို့မှာလား။ ရင်တထိတ်ထိတ်နှင့် ပုံစံရပ်နေလိုက်ပါသည်။ နာမည်ခေါ်ခံရသည့် အခန်းတွင်းမှ အဖော်တော်တော်များ မှာလည်း ဝေခွဲမရသော မျက်လုံးများဖြင့် တန်းစီရပ်နေကြည်ပါသည်။

လာ....လိုက်လာခဲ့ကြ ထောင်မှုး ဦးကျော်မင်းက ပြောပြီး ရှေ့မှ ထွက်သွားသည်။ ကျွန်တော်တို့လည်း ထောင်မှုး နောက်မှ တန်းစီလိုက်ခဲ့ကြ၏။ ကျွန်တော်တို့ ဘေး တစ်ဖက် တစ်ချက် ဆီမှ အမှုထမ်းများ ကလည်း လိုက်ပါလာခဲ့ကြသည်။ အလွန် ထူးခြားသည်မှာ ကျွန်တော်တို့ကို စောင့်ဖြင့် အုပ်ပြီး ခေါ် မလာခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့သည် ဟိုသည်ကြည့်ပြီးလိုက်လာခဲ့သည်။ အံ့သြရပါသည်။ နောက်ဆုံး ထောင်ဗူးဝသို့ ရောက်လာပါတော့သည်။

ဗူးအတွင်းပိုင်းကွက်လပ်တခုလုံး နိုင်ငံရေး အကျဉ်းသား အများအပြားကို တွေ့ရသည်။ ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီ လဖြစ်သည်။ လွတ်လွတ်လပ်လပ် စကားပြောနေကြသဖြင့် ထောင်ပြောင်းခြင်းတော့ မဟုတ်နိုင် ဘဲ ကျွန်တော်တို့ကို လွှတ်လိမ့်မည် ဟု ထင်ရပါသည်။

ကိုကိုးကျွန်းတွင် အတူနေခဲ့ရသည့် ရဲဘော်များကို ယခုမှ နောက်ထပ်ပြန်ဆုံရသည်။ ထောင်မှုး ဦးကျော်မင်း က ကျွန်တော်တို့ကို လွှတ်တော့မည်ဖြစ်ကြောင်း ပြောသည်။
ရန်ကုန်တွင် နေသူများကို လိုက်ပို့ပေးမည့်ကားများ ထောင်ဗူးအပြင်တွင် ရပ်ထားကြောင်း နယ်မှလူများ သူ့ထံတွင် ခရီးစရိတ်လာထုတ်ယူစေ လိုကြောင်း ပြောပါသည်။ ထောင်မှုး တစ်ယောက်ကလည်း စားပွဲ တစ်လုံးတွင် စာရင်းစာအုပ်များဖြင့် ပစ္စည်းများထုတ်ပေးနေသည်။

ကျွန်တော်တို့ထောင်ရောက်စဉ်က ဗူးဝတွင် စာရင်းဖြင့်သိမ်းထားသော လွယ်အိတ် နာရီ လက်စွပ် ငွေ စသည့် ပစ္စည်းများအား စာရင်းအတိုင်း ပြန်ထုတ်ပေးပါသည်။ အချိန်မှာ ညနေစောင်းသွားပြီ။ သတင်းစာ ရှင်းလင်းပွဲလုပ်ခြင်း၊ လူစာရင်းများ စစ်ခြင်း၊ ပစ္စည်းများ ပြန်ပေးခြင်းဖြင့် လူရာပေါင်းများစွာကို စစ်ဆေးနေရသောကြောင့် အချိန်ကုန်သွားလေသည်။ ဗန်းမော်တင်အောင်၊ သခင်ခင်အောင်၊ ဆရာ ရာဂျန် စသော လူကြီးများအပြင် ဘဖူးညွှန့် ခင်မောင်ဇော် ချိုကြီး အောင်ငြိမ်းစသည့် လူငယ်များလည်း လွတ်စာရင်း တွင် ပါလာသောကြောင့် ၀မ်းသာခဲ့ရပါသည်။

သင်္ကန်းကျွန်း၊ သာကေတ တောင်ဥက္ကလာ ပုဇွန်တောင် စသဖြင့် လိုက်ပို့ပါသည်။ သင်္ကန်းကျွန်း တွင်နေသော ကျွန်တော့်မှာ နောက်ဆုံးဖြစ်သွားသည်။ အိမ်တိုင်ရာ ရောက် တစ်အိမ်ချင်းလိုက်ပို့သဖြင့်  အချိန် ကြာသွားရသည်။
တောင်ဥက္ကလာကို ပတ်ပြီး သင်္ကန်းကျွန်းဝင်သောအခါ မိုးစုန်းစုန်းချုပ်သွားပြီ။ ည၈နာရီခန့် ရှိလိမ့်မည်ထင်သည်။ ဖေဖော်ဝါရီလဖြစ်၍ အေးလည်း အေးလာ၏။ ထောင်ပုံစံ အင်္ကျီ အဖြူလက်တိုဖြင့် လိုက်လာရ သောကြောင့် တော်တော်အေးနေပါသည်။ နံနက်ပိုင်းက ခေါင်းညှပ်ထားသလို ရေမချိုးရ သေးသဖြင့် တစ်ကိုယ်လုံး ယားယံနေသည်။ ရဲစခန်းရှေ့မှ ဖြတ်ပြီး လမ်းအတိုင်း မောင်းဝင်ခဲ့ပါသည်။ ကျွန်တော် က ရှေ့ခန်းတွင် ဒုတပ်ကြပ်တစ်ဦး ကားမောင်းသူ ရဲဘော်တစ်ဦး တို့နှင့် အတူ ထိုင်လိုက် လာပါသည်။

ကျွန်တော့်ကို ဖမ်းခေါ်သွားစဉ်က ကျွန်တော်တို့လမ်းမှာ ခပ်ခြောက်ခြောက်ဖြစ်သော်လည်း ယခုမူ ဈေးဆိုင် များဖြင့် ကြပ်သိပ်နေပေပြီ။ နှစ်ချီကြာမြင့်သဖြင့် ကျွန်တော်အိမ်ကို မမှတ်မိတော့ပါ။ ကားမောင်းသမား ရဲဘော်ကို ဈေးဆိုင်လေးတစ်ဆိုင်ရှေ့ ရပ်ခိုင်းလိုက်သည်။ ဒုတပ်ကြပ် က ခင်ဗျား အိမ် အပေါ်ထိ လိုက်မယ်နော် မိသားစုလက်ထဲ ခင်ဗျားကို အပ်ပြီးမှ ပြန်မယ်ဗျာ ဟု အားပါးတရ ပြောနေသည်။

ကျွန်တော် ကားပေါ်မှ ဆင်းပြီး ကျွန်တော့်အိမ်ကို မေးဖို့ လမ်းသွားလမ်းလာ တစ်ယောက်ယောက်ကို လိုက်ကြည့်ရာ ဈေးဆိုင်ခုံပေါ် ထိုင်နေကြသော မိသားစု တစ်စုကို တွေ့လိုက်ရသည်။

မိန်းမက ကလေးတစ်ယောက်ကို ချီထားသည်။ မျက်မှန်နှင့် ယောက်ကျားက ကလေးတစ်ယောက်ကို ပေါင်ပေါ် တင်ထားလေသည်။ ဒီမှာ ဒေါ်သိန်းတင်တို့အိမ်က ဘယ်နားမှာလဲ မျက်မှန်နှင့်လူက ကလေးကို ကောက်ချီပြီး ထိုင်ရာမှ ထလိုက်သည်။ ဓါတ်တိုင်မှ မီးရောင်သည် ကျွန်တော်တို့အပေါ်ထိုးကျနေသည်။ သူက ကျွန်တော့်မျက်နှာကို စူးစူးဝါးဝါး စိုက်ကြည့်ပြီးနောက် အစ်ကို......အစ်ကို ၊ကျွန်တော်လေ အစ်ကို့ ညီလေ... သူက ကျွန်တော့် မိန်းမ သူတို့က သမီးတွေလေ ကျွန်တော့်ညီ အငယ်ဆုံးဖြစ်သည်။ ကျွန်တော် အဖမ်းမခံရခင်က သူက ၁၀တန်းကျောင်းသား။ ယခု ကလေး နှစ်ယောက် အဖေ ရုံးစာရေး။ ဘွဲ့လည်း ရနေပေပြီ။ ကျွန်တော့်လက်ကို တင်းတင်းဆုပ်ကိုင်ထားရင်းက နောက်ဘက်လှည့်ကာ အမေရေ........ အစ်ကို ပြန်လာပြီ ဟု လှမ်းအော်လိုက်ပါသည်။
 
ကျွန်တော်ဘက်ပြန်လှည့်ကာ အမေ နေမကောင်းတာ ကြာပြီ၊ အခု အိပ်ယာပေါ်မှာ လမ်း သိပ်မလျှောက် နိုင်ဘူး ဟု ဆက်ပြော၏။ ကျွန်တော်အိမ်ဘက်သို့လျှောက်ခဲ့ရာ သူတို့မိသားစုရော လိုက်ပို့သည့် တပ်မတော် သား များရော နောက်မှ လိုက်လာကြပါသည်။

အိမ်ရှေ့လှေကားရင်း ရောက်သည့်အခါ အိမ်ပေါ်မှ ဆင်းလာသည့် အမေ့ကို တွေ့လိုက်ရသည်။ အမေမှာ တော်တော် အိုမင်းသွားပေပြီ။ ကိုယ်လုံးမှာလည်း ငှက်မွှေးလေးလို ပါးပါးလေးသာရှိသည်။

အမေက ထမင်းလဲ သိပ်မစားဘူး။ လှေကားဆင်းဖို့ နေနေသာသာ လမ်းလျှောက်ရင်တောင် လူတွဲ သွားရတာ။ အခု အစ်ကိုလွတ်လာတော့ အံ့သြဖို့ကောင်းလိုက် တာ။ လှေကား ကို မကိုင်ဘဲ အလွတ် ဆင်း လာနိုင်တယ်။

ကျွန်တော့်ညီက ၀မ်းသာအားရ ပြောပြနေပါသည်။ အမေ့ပုခုံးကို ဖက်ပြီး အိမ်ပေါ်သို့တက်လာခဲ့ပါသည်။ အိမ်ပေါ် တွင် လူကြီး တစ်ယောက်မှ မရှိဘဲ ကလေးငယ် တစ်ယောက်သာ ကစားနေသည်။ အမေက မျက်တောင် မခပ်ဘဲ စိုက်ကြည့်နေ၏။ မျက်လုံးများထဲတွင် မျက်ရည်စများ ၀ဲနေပါသည်။

သားရယ်.....အံ့သြဖို့ကောင်းလိုက်တာ မသေကောင်းမပျောက်ကောင်း ပြန်တွေ့ရတယ်နော်...ဟု ကျွန်တော့် ကို ပြောနေသည်။ အမေမရှိတော့ဟု အမေ့အသက်ကို မမျှော်လင့်ခဲ့သော ကျွန်တော့်မှာ ယခု လို အမေ့ကို တွေ့ရသဖြင့် အလွန်ပျော်သွားပါသည်။

ထိုအချိန်၌ ကစားနေသော ကလေးက အမေ့ပေါင်ပေါ်လာထိုင်ပြီး ကျွန်တော့်မျက်နှာကို ကြည့်နေသည်။ ယောက်ကျား လေးဖြစ်ပြီး ငါးနှစ်လောက်ရှိပေလိမ့်မည်။ အမေက ကလေးကို ကျွန်တော့်ပေါင်ပေါ် တင် ပေး၏။ ကျွန်တော်ကလည်း အသာအယာပင် ပွေ့ဖက်ထားလိုက်ပါသည်။ ကျွန်တော့်ညီ၏ ကလေးဟုပင် ထင်ပါသည်။ ကလေးမှာ တအောင့်သာ ပေါင်ပေါ်ထိုင်ပြီး အမေ့ပေါင်ပေါ် အတင်းသွားထိုင်သည်။

ဖွားဖွား ဒီဦးဦးက ဘယ်သူလဲ ဟု မေးလိုက်သံကို ကျွန်တော်ကြားလိုက်ရသည်။ အမေက ကျွန်တော့်ကို ကြည့်ကာ သား ဒီကလေးကို သိလား မသိဘူး လေ အမေရဲ့ ဟိုကောင့်သား မဟုတ်လား ကျွန်တော့်အဖြေကို ကြားသောအခါ အမေသည် မျက်ရည်များ ကျဆင်းပြီး ၀မ်းနည်းပက်လက် ငိုပါ တော့ သည်။

ကျွန်တော်လည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားသည်။ ကလေးကလည်း သူ့အဖွားငိုသည်နှင့် လိုက် ငို သည်။ ကျွန်တော့်ညီနှင့် ခယ်မမှာလည်း မျက်ရည်များ ကျနေကြပါသည်။

ဒီကလေးက နင့်သားလေ ထောင်ထဲကနေ နင်နာမည်ပေးလိုက်တဲ့သားလေ ဟု အမေက ရှိုက်ရင်း ပြော နေပါသည်။ ကျွန်တော်က ကလေးကို တအံ့တသြ ကြည့် လိုက်ပါ သည်။ သားလေး မွေးသည့် အကြောင်း ကျန်းမာကြောင်းတို့ကို အကေလးမွေးပြီး တစ်နှစ်လောက်အကြာ စာရေးခွင့်ရမှ ကျွန်တော် သိရ ပါသည်။
သားဓါတ်ပုံကိုလည်း ထည့်ပေးလိုက်ပါသည်။ သားနာမည်ပေးသည့်နေ့က တစ်ခန်းလုံးကို ပဲလှော် ဘီစကစ် နှင့် ရေနွေးကြမ်းတိုက်ပြီး ကင်မွန်းတပ်ပွဲ ကျင်းပခဲ့သေး သည်။

သားကိုကြည့်ပြီးနောက် ကျွန်တော်ချီလိုက်သည်။ အဖေနှင့်သား မမှတ်မိပါလား။ ကျွန်တော် ထောင်ထဲ ၀င်စဉ်က ကိုယ်ဝန် ၂လ လောက်နှင့် ကျန်ခဲ့သော သားလေးမှ ယခု ၅ နှစ်နီးပါးရှိခဲ့ပြီ။ ဒီအတိုင်းဆိုလျှင်  ကျွန်တော့် သမီးကြီး မှာ ၁၀နှစ်သမီးလောက်ရှိပြီး သမီးလတ်မှာ ၈နှစ်လောက်ရှိပေရော့မည်။ မိန်းမကို တစ်မျိုး ခံစားရပြီး သမီးများကို မြင်တွေ့လိုစိတ်ဖြင့် ၀မ်းနည်းသွားပါသည်။

ထိုအချိန်တွင် လှေကားမှ ဆူဆူညံညံ အသံများ ကြားရကာ အိမ်ခေါင်းရင်းမှ အိမ်နီးချင်းများ ရောက် လာကြ သလို ကလေးနှစ်ယောက်နှင့် ကျွန်တော့်မိန်းမမှာလည်း ဆွဲခြင်းတစ်လုံးဖြင့် အိမ်ပေါ် ရောက်လာ ကြပါသည်။
မိန်းမက ကျွန်တော့်မျက်နှာကို တအံ့တသြ စိုက်ကြည့်နေပါသည်။ သမီး ၂ယောက်ကမူ မျက်နှာစိမ်း တစ်ယောက်လို မျက်နှာစိမ်းတယောက်လို စူးစမ်းသည့်အကြည့်ဖြင့် အဖေကို ကြည့်နေကြသည်။

အိမ်အပြန်လမ်းမှာ မျှော်လင့်ချက်များ လုံးဝ ဆိတ်သုဉ်းခဲ့ရသည့်လမ်းမျိုးမဟုတ်ပေ။ သို့သော်ကြေကွဲမှု ကြည်နှုး မှု မျှော်လင့်ချက် ရောင်ခြည် တောက်ပလာမှု စသော ခံစားမှုပေါင်းစုံဖြင့် ရောထွေးခဲ့ရပါသည်။

ကျွန်တော့်ဘ၀တွင် မိသားစုနှင့် ချီကာ ခွဲခွာ၍ အကျဉ်းထောင်ထဲတွင် ဘ၀ တစ်စိတ်တစ်ပိုင်း ကုန်ဆုံး ခဲ့ ရသော ပထမဆုံး အတွေ့အကြုံ ဖြစ်ပါသည်။ နောင် ဒုတိယ တတိယ စတုတ္ထ စသည့်  အတွေ့ အကြုံ များ အိမ်အပြန်ခရီး များ ထပ်ခါ ထပ်ခါ မကြုံခင် ရှေ့ပြေးအိမ်ပြန်ခရီးအဖြစ် ရင်ထဲတွင် မှတ်မှတ်ရရ စွဲထင် ကျန်ရစ် နေခဲ့ပါတော့သည်။

စာရေးသူ - ထက်မြက်
The Real Lives, Real Stories
 Volume 4, August 2011
.
>>>ဆက်ဖတ်ရန်>>> >>