Friday, November 13, 2009

ငါတို့ နိုင်ငံကြီး ဘာလို့ မတိုးတက်တာလည်း

ငါတို့နိုင်ငံကြီး.....ဘာလို့မတိုးတက်တာလည်း

Tags: ငါတို့နိုင်ငံကြီး.....ဘာလို့မတိုးတတ်တာလည်း
ငါတို့နိုင်ငံကြီး.....ဘာလို့မတိုးတတ်တာလည်း

ဒါက...ဒီလိုရှိပါတယ်..သူငယ်ချင်း..........

Why MYANMAR is in trouble............................
Population: 56 MILLIONS ၅၆ သန်းကျော်ရှိပါတယ်...။
9 Millions retired........ ၉ သန်းကျော်က လူအိုတွေ(အငြိမ်းစားတွေ......)


30 millions in States & Townships Employee
သန်း ၃၀ ကျော်ကတိုင်းနဲ့မြို့နယ်ကအလုပ်သမားတွေ...


17 millions in Central Govt. in NPT
၁၇ သန်းက အစိုးရလက်အောက်ခံ....
(Both categories don't work) နှစ်မျိုးစလုံးက အလုပ်မလုပ်တဲ့လူတွေ....


1 million IT professional (don't work for Myanmar )
၁ သန်းက IT ပညာရှင်တွေ...(ဒါပေမဲ့....နိုင်ငံထဲမှာ အလုပ်မလုပ်ကြဘူး...)


25 millions in school ....၂၅ သန်းက ကျောင်းသား၊ကျောင်းသူတွေ.....


1 million are under 5 years..... ၁ သန်းက ၅ နှစ်အောက်တွေလေ...


15 millions unemployed ...၁၅ သန်းကျော်က အလုပ်လက်မဲ့....

<<<<<<<<<
1.5 millions, u can find anytime in hospitals....၁ သန်းခွဲကျော်က ဆေးရုံမှာအချိန်နဲ့အမျှ...


Statistics says u find 79,99,998 people anytime in jail.... 
၇၉,၉၉,၉၉၈ က အချိန်မရွေးထောင်ထဲမှာလေ.....


The Balance two are U and Me.

လက်ကျန်နှစ်ယောက်ကတော့ မင်း နဲ့ ငါ လေ....
ဒါပေမဲ့.....

U are busy ' checking Mails /sending fwds.. '..!!
မင်းကလည်း မအားဘူးလေ....မေးလ်တွေဖတ်ရ...၊ နောက်လူတွေဆီ Fwds နဲ့ ထပ်ပို့ရနဲ့လေ...


HOW CAN I HANDLE MYANMAR alone?
ကဲ...ပြော..ငါတစ်ယောက်တည်းနဲ့ ဘယ်လိုလုပ် နိုင်ငံကြီးကို ထိန်းမလဲ...

Dennis Martin blog မှကူးယူဖော်ပြပါသည်
Credit go to http://myanmarslection.ning.com/
>>>ဆက်ဖတ်ရန်>>> >>

Thursday, November 12, 2009

blog load time မြန်ဆန်စေရန်


ကျွန်တော်တို့ အချို့သော Blog စာမျက်နှာများကို ၀င်ရောက်ကြည့်ရှုကြတဲ့အခါမှာ Loading Time နှေးကွေးနေတာ တွေကိုတွေ့ကြရပါလိမ့်မယ်..ဒီလိုနှေးကွေးနေတဲ့အတွက်..ဆက်ပြီးကြည့်ချင်စိတ်မရှိတာမျိုး ဖြစ်တတ်ပါတယ်.. ဒါကြောင့်. မိမိတို့ရဲ့ ဘလော့ဂ်လေးတွေကိုလည်း Loading Time မြန်ဆန်လာစေဖို့ အောက်ပါအတိုင်း ဆောင်ရွက်ထားနိုင် ပါတယ်..ဒါမှလည်း  Reader များအနေနဲ့ စောင့်ဆိုင်းရတဲ့ဒုက္ခက ကင်းဝေးနိုင်ကြမှာ ဖြစ်ပါတယ်.
၁။ မိမိဘလော့ဂ်ရဲ့ Main Page မှာ Post အရေအတွက်ကို (၁၀)ထက်ပိုမထားပါနဲ့။ (ကျွန်တော်ကတော့ (၇)ခုထက် ပိုမထားစေချင်ပါ)





၂။ မိမိရေးသားသော Post တွင် Image များပါဝင်ပြီး အကြောင်းအရာရှည်လျားပါက "Read More" Tab ဖြင့်ရေးသားပါ။
၃။ ဘလော့ဂ်ရဲ့ ဆိုဒ်ဘားမှာ Google(or) Blogger ကပေးတဲ့ Widget များ၊ Java Scrip နဲ့ Link များကိုသာသုံးပါ။ သို့ရာတွင် Google/Blogger တို့မှ မဟုတ်သည့် Widgets, Java Scrip နဲ့ Link များကို သုံးဖို့ လိုအပ်လာပါက.. Sidebar ရဲ့ အောက်ခြေဘက်မှာ ထားပါ။ ၄။ ဓါတ်ပုံတွေ၊ ရုပ်ရှင်/ဗွီဒီယို နဲ့ အခြားသော Multi-Media တွေ များပြားစွာရှိနေခြင်းဟာလည်း ဘလော့ဂ်ရဲ့ Loading Time ကို ပိုမိုကြာမြင့်စေတဲ့အချက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီဟာတွေကလည်း စာဖတ်သူတွေကို ဆွဲဆောင်ရာမှာ လွန်စွာထိရောက်တဲ့ လက်နက်များဖြစ်နေပြန်ပါတယ်။ ဒါကြောင့်.. Multi-Media များနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်..
(၁) Image များ၏အရွယ်အစားကို လျှော့ချပြီးမှ ဘလော့ဂ်သို့တင်ပါ။ ဖြစ်နိုင်လျှင် Thumbnails သာထား၍ စာဖတ်သူကိုယ်တိုင် ပုံကြီးချဲ့ကြည့်ပါစေ။
(၂) မိမိရဲ့ စိတ်ကြိုက်ပုံများကို Picasa Web Album သို့ Upload အရင်တင်ပါ။ ပြီးမှ Link ထုတ်ယူပြီး Post ကိုဖန်တီးပါ။ မိမိကွန်ပျူတာရှိ Image များကို Blogger Post editor သို့တိုက်ရိုက် Add လုပ်ခြင်းကို တတ်နိုင်သမျှရှောင်ပါ။
(၃) အကယ်၍ မိမိက Image အများအပြားကို ဖော်ပြလိုပါက Picasa Web Album သို့ Upload တင်၍ Post မှာဖြစ်စေ Sidebar မှာဖြစ်စေ Picasa Web Album ကို Link ထားပေးလိုက်ပါ။
၅။ မိမိတို့ ဘလော့ဂ်တွေရဲ့ Loading Time တွေ ဘယ်လောက်ကြာတယ်ဆိုတာ သိချင်တယ်ဆိုရင် ဒီနေရာကို သွားပြီး စစ်ဆေးကြည့်နိုင်ပါတယ်။ အဲဒီမှာ မိမိရဲ့ ဘလော့ဂ် URL ကိုထည့်ပြီး Start Stop Watch ကို click လုပ်လိုက်ရုံပါပဲ။ လိုအပ်တာထက် ပိုပြီး ကြာနေခဲ့တယ်ဆိုရင်တော့ ဖော်ပြနည်းများအတိုင်း လုပ်ကြည့်ကြပါ။
မှတ်ချက်။     ဤနေရာ က post ကို (မိမိသဘောပေါက်သလို)မြန်မာမှုပြုပါသည်။


http://it-traveller.blogspot.com/2009/07/blog-loading-time.html
Blogger မောင်မိုး ဘလော့ မှ ကူးယူဖော်ပြပါသည်


>>>ဆက်ဖတ်ရန်>>> >>

Internet Speed မြန်အောင်လုပ်နည်း

ကျွန်တော်တို့ သုံးနေတဲ့ ကော်နက်ရှင် ကို ကျွန်တော်တို့ သုံးနေတဲ့ စက်ကနေ  connection speed ပိုမြန်လာအောင်လုပ်တဲ့နည်းလေး ကိုပြောပါ့မယ်။
Run ကို အရင်သွားပါ။ ပြီးတာ့ gpedit.msc လို့ ရိုက်ပြီးတော့ OK ပေး လိုက်ပါ။အဲဒီလို နှိပ်လိုက်ရင်  Group Policy  Box လေး ပေါ်လာရင်  Administrative Templates ကိုနှိပ်ပြီးတော့ ဘေးနား က Network ကို နှစ်ချက်နှိပ်ပါ။ ပြီးရင် QoS Packet Scheduler ကို နှစ်ချက်ဆက်နှိပ်ပါ။ ပြီးတော့ limit reservable bandwidth ကိုလည်းနှစ်ချက်ဆက်နှိပ်လိုက်ရင်  Box ကလေး ကျလာပါလိမ့်မယ်။
အဲဒီလို ကျ လာရင် အဲဒီ Box လေး ထဲက Not Configured ကို ဖြုတ် Enable ကို On ပေး ။ ပြီးတော့ အောက်က Bandwidth limit (%) 20 ကို   0 ပြောင်း ပြီးတော့ Apply => OK လုပ်လိုက်ရင် ရပါပြီဗျာ..။


zawtk…
http://zawtk.mmgenius.com/?p=56 

မိုးကောင်းကင် ဘလော့မှကူးယူဖော်ပြပါသည်။
>>>ဆက်ဖတ်ရန်>>> >>

ခရီးသွားမှတ်တမ်း တတိယပိုင်း

၃ ရက်ခရီးလေး ထွက်လိုက်ပါတယ်.. မပြီးဆုံးနိုင်အောင်ကို ရေးနေတော့တာဘဲနော်..ဟဲ..ဟဲ၊ တောင်းပန် ပါတယ်ဗျာ..၊ ဒါနောက်ဆုံးပါ။

ကျနော် က ညောင်ဦးကနေ ပခုက္ကူဘက်သွားချင်လို့ ဇက်နဲ့မြစ် ကိုကူးပြီး သွားမယ်လို့ ဆုံးဖြတ် လိုက်ပါတယ်။ ပခုက္ကူ က အဖွား ၂ယောက် နဲ့ မိဘ၂ပါးရဲ့ ဇာတိမြေ ကိုး၊ နောက်ပြီး ကျနော်ရဲ့ ညီမအငယ်ဆုံးကလည်း အိမ်ထောင် ကျပြီး ပခုက္ကူသူ ဖြစ်နေတာဆိုတော့ သွားရတော့တာပေါ့၊ နောက်ပြီး ကျနော်တို့ရဲ့ ဆွေမျိုး ဘကြီး ဘုန်းကြီး လည်း ရှိနေတာကိုး။

ညီမက မနက်စာ သူ့အိမ်မှာစားမှာလား၊ ဘုန်းကြီးကျောင်းမှာ စားမှာလားတဲ့၊ ဘာဟင်းစားမှာလည်းတဲ့၊ သူ့အမကြီး အစားပုပ်တာ သိတာကိုး၊ ဘုန်းကြီးကျောင်းမှာဘဲ စားတော့မယ်လို့၊ ဟုတ်တယ်လေ သူ့အိမ်မှာ စားရင် အလွန်ဆုံး သုံးလေးခွက် အပြင် ဘယ်ပို မှာလည်း၊ ကျနော်ကလည်း (အားကျလွန်းလို့) နရသီဟပတေ့ မင်း လုပ်ကြည့်ချင်တာလေ၊ တရုပ်ပြေးမင်း လားတော့မသိဘူး၊ ဟင်းခွက် ၃၀၀ နဲ့ စားတာလေ။ ဟဲ..ဟဲ၊

 ဘုန်းကြီးကျောင်း သွားပြီးတော့ စားမှ ဟင်းခွက်တွေ အများကြီးနဲ့စားရမှာကိုး၊ ကပ်ပ္ပိယ သွားလုပ် မယ်လေ ပျော်စရာကြီးပါ။ ထင်ထားတဲ့ အတိုင်းပါဘဲ ဘကြီး ဘုန်းကြီးက ဟင်းတွေအများကြီးနဲ့ ကျွေးပါ တယ်ဗျာ၊ ကျနော်စားချင်တဲ့ အညာဟင်းအားလုံးကို တခါထဲစားခဲ့ ရပါတယ်။

ခင်ဗျားတို့ သွားရေကျ မှာ သနားလို့ မပြောတော့ပါဘူး၊ ဟင်းခွက်ပေါင်း ၅၀ လောက်ရှိမလားမသိဘူး ဟား.....ဟား။

စားပြီးတာနဲ့ တန်းပြီး ပခုက္ကူ ကထွက်ပါတယ်၊ မုံရွာ ဘက်က လှည့်ပြန်ခဲ့ပါတယ်၊ အမှန်တော့ဗျာ ကျနော် တို့က မန္တလေး ကို တခါထဲတန်းပြန်မလို့ဘဲ လူလည်ကြီး တွေဆိုတော့ လမ်းမှားပြီးထွက်မိတော့ မုံရွာ ဘက်က လှည့်ခဲ့ရပါတော့တယ်။

ရေစကြို ဘက်ကမထွက်ဘဲ ပုလဲ လမ်းဘက်လိုက် သွားတာကိုး၊ တလမ်းလုံးလည်း သိတဲ့အတိုင်းဘဲ နေပူပူနဲ့ ဘာဆိုင်မှမရှိ ရေသန့်အေးအေးတောင် ရှာရခက်နေပါတယ်။ ရေဆာလို့ ဘီယာသောက် ရအောင် ထန်းရေဆိုင် လိုက်ကြည့်လိုက်တော့လည်း ထန်းတော တွေအောက် မှာ ဘယ်ထန်းရေဆိုင်မှ မတွေ့ပါဘူး။ ထန်းတော တွေကတော့ တလမ်းလုံးတွေ့ပါတယ်ဗျာ။

မုံရွာ ရောက်ခါနီး ချင်းတွင်းမြစ်ကူး တံတားနား ရောက်တော့မှ စိတ်ကြိုက်ထန်းရေဆိုင် တွေ တွေ့တော့ တာပါဘဲ။ နေကလည်း ညိုသွားပြီဆိုတော့ အတော်ဘဲပေါ့ဗျာ၊ ထန်းပင် တွေကြားထဲမှာ ထန်းပက်လက် ကုလားထိုင်လေး တွေချပြီး နှိုပ်လိုက် ကြတာပေါ့။

ကျနော်ရှေ့မှာ ပြောခဲ့တယ်နော်၊ ကျနော်တို့ အညာထန်းရေက ဘယ်လောက်ကောင်းတယ်ဆိုတာ၊ ဘယ်နိုင်ငံက ဘီယာ မှ မမှီဘူးလို့၊ ကျနော် အကုန် သောက်ဘူးလို့ ပြောတာမဟုတ်ပါဘူး၊ သူများ ပြောတာ ပြောပြတာပါ။

ဒါပေမဲ့ ကျနော် သောက်ဘူးတဲ့ ဘီယာ ကတော့ ခါးသက်သက် ပေါ့ရွတ်ရွတ်နဲ့ ဒီအညာထန်းရေနဲ့တော့ တခြားစီပါ၊ ကျနော်တို့ က ညနေပိုင်းမှရောက်သွားတာဆို တော့ ထန်းရေကတော့ တအားတော့ မချိုတော့ ပါဘူး၊ ဒါပေမဲ့ ချိုရှရှ နဲ့ ပြင်းပြင်းလေးပေါ့ ဗျာ၊ အနံက လည်းသိပ်မွှေးတာဘဲ။ တော်တော်သောက် လို့ကောင်းပါတယ်။ အမြှုတ်လေး တွေတစီစီနဲ့ သဘာ၀ အရသာ မှန်း သိပ်သိသာပါတယ်။

အမြည်းကလည်း ငုံး နဲ့ ဂျိုး ကို  အနေတော်လေးတွေပိုင်းပြီး ကြက်သွန်ဖြူ၊ ဂျင်း နဲ့ကျွတ်နေအောင် ကြော်ထားတာပါ၊ ချိုကျွပ်မွှေးပေါ့ဗျာ။ ကျနော် ကတော့ သောက်လို့် မဝလို့ ရေသန့်ဘူး နဲ့ ပါဆယ် ထည့်ခဲ့ရပါသေးတယ်။ 

 နေအေးအေး မှာ လေချိုတသွေးသွေး နဲ့တရိပ်ရိပ်ကလေး ဆိုတော့ မိုက်တယ်ဗျာ။
ကဲ..ကျနော် ရဲ့ ခရီးသွား မှတ်တမ်းလေးကို ဒီမှာဘဲ နားလိုက်ပရစေတော့ဗျာ။  အားလုံး အားလုံး ကို ကျေးဇူးတင်ပါတယ်.....။၊
>>>ဆက္ဖတ္ရန္>>> >>

Monday, November 9, 2009

ခရီးသွားမှတ်တမ်း ဒုတိယပိုင်း

အဲဒီလိုနဲ့ညောင်ဦး ကို ရောက်သွားရော ဆိုပါတော့ဗျာ၊ ညောင်ဦးက ကျနော်တို့အဖွားလေး ရဲ့ ယောက်ကျား အသက် ၈၇ နှစ်ရှိတဲ့ အဖိုးလေး ကို ကန်တော့ပြီး လမ်းမကြီးဘေးမှာ ရှိတဲ့ မြန်မာထမင်းဆိုင် တဆိုင်မှာ ဝင်စားခဲ့ပါတယ်။

ဟင်းလက်ရာလေး ကတော်တော်ကောင်းပါတယ်။ ပုန်းရေကြီးသုပ်၊ ငံပြာရည်ချက၊် အတို့အမြှုတ် ကလည်း တော်တော်စုံပါတယ်။ အကောင်းဆုံး ကတော့ဗျာ သခွားသီး စိမ်း နုနုထွတ်ထွတ်လေး တွေပါဘဲ။

နောက်ပြီး ဘူးရွက်ဟင်းရည် ကလည်း ပူပူလေး ဗျာ ဘူးရွက်လေး တွေကလည်း ကျနော်တို့ စားမှ ခတ်လာ ပုံ ရပါတယ်၊ စိမ်းစိမ်းလေး နဲ့ လတ်လတ်ဆတ်ဆတ် ဆိုတော့ တော်တော်ချိုပါတယ်။ ကြက်သား ကြော် ကလည်း ကောင်းပါတယ်။ ကျနော် တို့ အညာ ဟင်းချက်တွေမှာ ဟင်းချိုမှုံ သိပ် မသုံးတာ တွေ့လို့ ဝမ်းသာ မိပါသေးတယ်။

မန္တလေး မြို့ပေါ်က ဆိုင်ကြီးတွေတောင် ဟင်းချိုမှုံ အသုံးမလျှော့ ကြ လို့တော်တော် စိတ်ပျက်မိတယ်။ အခုတော့ အညာ မှာ စားသမျှ ဟင်းတွေမှာ ဟင်းချိုမှုံ သိပ်မသုံးတာတွေ့ရပါတယ်။

ပုဂံကို ဆက်သွားခဲ့ပါတယ်။ ပုဂံ ဘုရားတွေကတော့ ထုံးစံအတိုင်း ပေါ့ဗျာ။ သူ့အတိုင်း သူပါဘဲ။ ကျွဲပါး စောင်းတီး သလိုဖြစ်နေတဲ့ ကျနော်တယောက်သာ ပုဂံဘုရားတွေရဲ့ အံမခန်း အနုပညာ လက်ရာတွေကို မခံစားနိုင်ဘဲ နေပူပူမှာ ခပ်ငူငူနဲ့ ဘုရားတွေအပြင်မှာ ထိုင်ကျန်ရစ် ပါတယ်။ ကျနော်လည်း ပထမအခေါက် တွေ ကတည်းက ကျိုးစားပြီး အနုပညာ လက်ရာတွေကို ခံစားကြည့်ပါသေးတယ်။

အနုပညာ ပါရမီ မပါတဲ့ ကျနော် မျက်စိထဲမှာ တော့ အားလုံးဟာ အတူတူကြီးဘဲဆိုတော့ ထူးခြားပြီး မခံစားမိတတ် ပါဘူးဗျာ။ နောက်အခေါက်တွေမှာတော့ ဘုရားရှေ့မှာ ရှိတဲ့ ခြင်္သေ့ကြီး၂ ကောင်နဲ့ ကျနော်နဲ့ တငုတ်တုတ်တုတ် ပေါ့ဗျာ။

ကြုံတုန်း ကျနော့် ရဲ့ ပန်းချီအနုပညာ ကို ခံစားတတ်ပုံလေး တခုပြောလိုက်ရအုန်းမယ်။ မန္တလေး ထန်းရိပ်ညို မှာ ပြတဲ့ ပန်းချီပြပွဲတခု ကို ကျနော်ရယ် ကျနော့်ချစ်ချစ်ကြီးရယ် သွားမိကြတယ်ဗျာ။ ကျနော် ကပန်းချီ ပြပွဲ တွေ ဘာတွေဆို သွားလေ့မရှိပါဘူး၊ ဒါပေမဲ့ ဒီတခါတော့ မသွားမဖြစ်လို့ သွားရတာပါ၊ ကျနော်ရဲ့ ပန်းချီ အနုပညာ ခံစားနိုင်မှု့ အင်အားက တော်တော်နဲတယ် ဆိုတော့ ကိုယ့်အကြောင်း ကိုယ်သိတော့ အားနာလို့ပါ။

ပန်းချီ ကားတွေတော်တော်များများ တွေ့ပါတယ်။ ကျနော်ကတော့ ဟိုကြည့်ဒီကြည့် လုပ်လိုက်၊ တပြုံးပြုံးနဲ့ ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်ပေါ့၊ သိတယ် မဟုတ်လား၊ အဲဒီအတိုင်း ဘဲလေ။ တပုံထဲဘဲဗျာ၊ တခါတလေ သိသလိုလို၊ နားလည်သလိုလို၊ ခံစားမှု့ တွေသိပ်ပို လာတဲ့ ပုံနဲ့ အနီးက ကြည့်လိုက်၊ အဝေးကကြည့်လိုက်နဲ့ ဟား..ဟား။

အမှန်တော့ ဗျာ ပန်းချီကားလေး တချပ်လောက်ဝယ်ရမယ်ဆိုရင် ဆိုပြီး ရွေးချယ်နေတာလေ၊ size ကလည်း ကြီး ရအုန်းမယ်။ ပါတဲ့ အရုပ်ကလေးတွေက လည်း လှရအုန်းမယ်၊ ဈေးကလည်း ချိုရအုန်းမယ် ဆိုပြီး ဈေးတွက် တွက်နေတာလေ၊ ဟဲ..ဟဲ အနုပညာကို ငွေကြေးနဲ့ တိုင်းတာနေတဲ့ ကျွဲပါး စောင်းတီး ကြီးပါ။

ကျနော့် ချစ်ချစ်ကြီး ကလည်း ကျနော့် အတိုင်းဘဲဗျာ၊ တပြုံးပြုံးနဲ့ ဘေးကနေလိုက်ကြည့်နေတာ၊ ခဏနေတော့ မအောင့်နိုင်တော့ဘူးနဲ့ တူပါတယ်ဗျာ၊ တိုးတိုးလေး ၂ကိုယ်ကြားလာပြောတယ်ဗျာ၊ ဟေ့.. ဟေ့ တဲ့ မင်းထမင်းငတ်မှာ တော့မပူနဲ့ ငါ လည်း ဒီလိုပန်းချီကား မျိုးတော့ ဆွဲ တတ်တယ်ကွတဲ့၊ ကျနော် လည်း သူဆွဲတတ် တယ် ဆိုတဲ့ ပန်းချီကားတွေကို အားရှိပါးရှိ ကြည့်လိုက်တာပေါ့ဗျာ။

ဟဲ..ဟဲ ငါလည်း ဆွဲတတ်တယ်လို့၊ ကျနော်တို့ ၂ယောက်ဆွဲတတ်တဲ့ ပန်းချီကား က (Abstract) စိတ္တဇ ပန်းချီ လို့ခေါ်လား၊ Model လို့ခေါ်လားတော့ မသိပါဘူးဗျာ၊ အဲဒီဆွဲနည်းနဲ့ ဆွဲထားတဲ့ ပန်းချီ ကားချပ်တွေ ပါဘဲဗျာ၊ အောက်ခံအားလုံးကို အမဲရောင်ချယ်ထားတယ်ဗျာ။ အဲဒီ အပေါ်မှာ အဖြူရောင် တစက်၊ နောက်တကား ကတော့ အဖြူ ရောင် ကင်းဘတ်စ ပေါ်မှာ အရောင်တွေကို စုံနေအောင်ချစ်ထားတယ်ဗျာ၊ အရောင်စုံ ဆိုလို့ သက်တန့် လောက်သာ မြင်ဘူးတဲ့ ကျနော် ကတော့ တအံတသြနဲ့ ခေါင်းတငြိမ့်ငြိမ့် ပေါ့ဗျာ၊ ငါ သာဆွဲရင် ဒါထက်အရောင်ပိုစုံအောင် ထည့်မယ်လို့ ဟဲ..ဟဲ။
(ချစ်သော ပန်းချီဆရာများစိတ်မဆိုးပါနဲ့ ခင်ဗျား၊ Just a joke ပါ)

ဒီလိုနဲ့ ပုဂံ ဘုရားတွေ ရှေ့ ခြင်္သေ ကြီးတွေရဲ့ ဘေးနားကနေ ကျနော် ငုတ်တုတ်၊ ငုတ်တုတ် နဲ့ ဖူးမျှော် ခံစားခဲ့ပါကြောင်း။ ညဘက်မှာတော့ ကျနော်တို့ Golden Express Hotel မှာ တည်းခဲ့တယ်ဗျာ။ တည်းခိုဘူးတဲ့ အထဲမှာ တော့ အတန်ဆုံးပါဘဲ၊ ရေကူး ကန်ကြီးရှိတာလည်း တွေ့ခဲ့ပါကြောင်းနဲ့ မနက်စာ ကိုလည်း ဘူဖေးအဝကြွေး ပါကြောင်း ပြောရင်း ပုဂံ ခရီးစဉ်ကို အဆုံးသတ် လိုက်ပရစေတော့ဗျာ။

(ခရီးစဉ် အားလုံးကတော့ မပြီးဆုံးသေးပါ၊ ဇက်ကြီးကူးပြီး ပခုက္ကူ ကတဆင့် ကျနော်တို့ ပြန်ခဲ့ကြပါတယ်။ အပြန်ခရီး စဉ် တတိယပိုင်း ကိုဆက်ရေးချင်ပါသေးတယ်၊ ကျေးဇူးတင်ပါတယ်ဗျာ)
>>>ဆက္ဖတ္ရန္>>> >>

Sunday, November 8, 2009

ခရီးသွားမှတ်တမ်း ပထမပိုင်း

ခရီးလေး တခါထွက်မိပါတယ်။ လွမ်းမော လို့ကို မပြီးနိုင် တော့ဘူးဗျာ၊ အိမ်မက်လှလှလေး က တော်တော် နဲ့ မနိုးထချင်အောင် ဖြစ်နေတယ်။

ဒီတခေါက် ကျနော်တို့ အညာဘက်ကို ခရီးထွက်ဖြစ်တယ်၊ အညာသူဆိုတော့ ဗျာ အညာဘက် တော့ တော်တော် ရောက်ဘူးပါတယ်။ ဒါပေမဲ့ ညီမလုပ်တဲ့ သူက ပုပ္ပါးတဲ့ ပုဂံ တဲ့၊ ကျနော်ကတော့ လာပြန်ပြီ ဟဲ့ ပုဂံလို့၊ ပုဂံ ချစ်သူတွေကတော့ စိတ်ဆိုးကြမလား မသိဘူးဗျာ။

ကျနော်မှာ အနုပညာကို ခံစားတတ်တဲ့ ဓါတ်ခံတော်တော် နည်းပါးနေတယ်၊ အဲဒါတွေ အပြင် မျိုးချစ်စိတ်လည်း တော်တော် ခေါင်းပါးနေတယ်ဗျာ (သတင်းစာ များများဖတ်အုန်း မှပါ..ဟဲ..ဟဲ)၊ ပုဂံ ဘုရားတွေကို ဖူးရတိုင်း ငါတို့ အနုပညာ ဟာအံမခန်း ပါလား၊ ဒို့ ဘုရင်တွေ တယ်တော်ပါလား လို့ မခံစားရဘဲ၊ အမယ်လေး ဒီဘုရားကြီး ပြီးဆုံးဘို့ အုပ်ချပ်တွေ ဘယ်လောက် ကုန်မလည်း၊ သစ်ပင်တွေ ဘယ်လောက်များများ ခုတ်ပစ်ရမလည်း၊ ပုဂံ ပြည်သူတွေ ရဲ့ချွေးတွေ သွေးတွေ ဘယ်လောက်များများ ကုန်ခန်းသွားကြသလည်း ဆိုတာတွေဘဲ အတွေးထဲ ဝင်ပြီး၊ ဟဲ ဟဲ ပြောရရင် မခံစားနိုင် အောင် ကို ခံစားနေမိတယ်ဗျာ၊ ကျနော်က တခါတလေ အဲဒီလိုဘဲ ကိုယ်ချင်းသိပ် စာတတ် နေပါတယ်။

ကျနော်တို့ လူမျိုးက မျိုးရိုးစဉ်ဆက် ကို တော်ခဲ့ကြတာပါ၊ လမ်းတွေဖောက်၊ တံတားတွေဆောက်၊ အဲ ယောင်လို့ ဘုရားတွေတည်၊ ဘုရားတွေတည် ဆိုတဲ့ နေရာမှာ၊ ဘုရားတွေမှာ ဌာပနာ ထားတဲ့ ကျောက်သံပတ္တမြားတွေကလည်း အဲဒီ ဘုရားကြီး တည်ဆောက်ခဲ့တဲ့ ကုန်ကျစရိတ်ထက် အဆပေါင်း မြောက်များစွာ ပိုမယ် ထင်ပါတယ်။ သိပ်ချမ်းသာ ကြတဲ့ မြန်မာလူမျိုး တွေပါဘဲဗျာ။ အားကြလိုက်ပါဘိ ဟဲ..ဟဲ..။

 ကျနော်တို့ ခရီးစဉ်လေး ကို ပြန်စလိုက်မယ်နော်။ မန္တလေး ကနေ ကျနော်တို့ နေ့လည် ၂ နာရီလောက် ထွက်ခဲ့ ကြတယ်ဗျာ။ မြင်းခြံ၊ တောင်သာ ဘက်က ဖြတ်ပြီး ပုပ္ပါး ကို အရင်ဝင် ညကြ တည်းခိုခန်းမှာ အိပ်ပေါ့၊ အဲဒီလို အေးအေးဆေးဆေး ထွက်ခဲ့ကြပါတယ်၊ လမ်းခရီး တလျှောက် မှာ တော့ တန်ဆောင်းမုန်း လပြည်နေ့ မတိုင်ခင် တရက်မှာ သွားတာဆိုတော့ ဘုန်းကြီးကျောင်းသွား၊ ကထိန်လှည့် နေကြတဲ့ မြန်မာ ဓလေ့ထုံးစံ လေးတွေကို ရွာစဉ် အလိုက်တွေ့ခဲ့တယ်ဗျာ၊ တခါတလေ တော့ ကမ္ဘာကြီး ပြားတာ ဟုတ်မှဟုတ်ရဲ့လား၊ ငါတို့ မြန်မာ ပြည်တခုထဲဘဲ ကမ္ဘာကြီးများ လုံးနေသလား ဆိုပြီး ခံစားမိရ ပြန်တယ်ဗျာ ။ 

ညီမ ကတော့ camera တဖြတ်ဖြတ်နဲ့ပေါ့၊ ကျနော် ကတော့ မျက်မှန် သမားဆိုတော့ ဓါတ်ပုံ ရိုက်ရတာ လည်း အဆင်မပြေတော့ ၊ စကားနိုင် လုပြောရတာပေါ့ ဒို့ရဲ့ စိတ် camera နဲ့ရိုက်တဲ့ ပုံတွေက ပိုကောင်းတယ်လို့၊ ပြီးမှ ကျနော်ကြိုက်တဲ့ ပုံတွေ တွေ့ရင် ခင်ဗျားတို့အတွက် တင်ပေးပါမယ်ဗျာ ဟဲ..ဟဲ။

အသွားခရီးစဉ် တလျှောက်ကတော့ ထွေထွေထူးထူးပြောစရာ မရှိပါဘူး။ နေ့လည်ဘက် စထွက်ခဲ့တာ ဆိုတော့ အချိန်ကြာလေ နေအေးအေး လေအေးအေး နဲ့ စိတ်လည်းဘဲ အေးအေး ဆိုတော့  သီချင်း တအေးအေး နဲ့ တော်တော် လွတ်လပ်ပျော်ရွှင်မိပါတယ်။ ပုပ္ပါးကို ည ၈နာရီလောက်မှာ ရောက်သွား ပါတယ်။ မန္တလေး အင်း မှာတည်းခိုပါတယ်ဗျာ။

မနက်မိုးလင်းတာနဲ့ တည်းခိုတဲ့ အနားလေးမှာ ရှိတဲ့ စားသောက်ဆိုင်လေး တခုမှာဘဲ ထမင်းဆီဆမ်း၊ ကြက်ဥကြော်နဲ့ မနက်စာပြီးလိုက်ရပါတယ်၊ အားလုံးကတော့ သာမန်ပါဘဲ၊ ဘာမှ ထူးခြား အရသာ ရှိတဲ့ အစားအသောက် မစားခဲ့ ရပါဘူး၊ သြ မေ့တော့ မလို ညစာ တုန်း ကတော့ ထူးထူးခြားခြား သုပ်ထားတဲ့ ကျောက်ပွင့် အဖြူသုပ်လေး စားခဲ့ရတယ်ဗျာ၊ ပဲမှုန့်တွေထည့်သုပ် ထားတဲ့ အသုပ်ကလေးပါဘဲ၊ ဒီလောက်ကောင်း တဲ့ ကျောက်ပွင့် တွေကို ဒီလောက် မကောင်းအောင် သုပ်တတ်လွန်းလို့ စားရင်း၊ စားရင်းနဲ့ ဆုပေးချင် စိတ်တွေ ဖြစ်လာတယ်ဗျာ ဟား..ဟား။

ပုပ္ပါး တောင်တက် တဲ့ အချိန်မှာတော့ တော်တော် မောတယ်ဗျာ၊ ဒါပေမဲ့လည်း ချစ်စရာ၊ သနားစရာ မျောက်ကလေးတွေကို တွေ့တော့လည်း အမောပြေသွားပါတယ်။  (အမျိုးတွေနဲ့ တွေ့တော့လည်း ဒီလိုဘဲနော်)။ ပုပ္ပါးတောင်က အဆင်းမှာတော့တည်းခိုခန်း ခဏဝင်ပြီး တခါထဲ ညောင်ဦး တန်း ဆင်းခဲ့ ကြပါတယ်။ ပုပ္ပါးနဲ့ ညောင်ဦးကြားမှာ ထူးထူးခြားခြား ပြောစရာ တခုကတော့ ကလေးတွေပါဘဲဗျာ။ အရွယ် မတိမ်းမယိမ်း လေးတွေ သိပ်များလွန်းတာဘဲ၊ ကျနော် ဖတ်ဘူးတဲ့ ဆရာဝန်မ အပျိုလေးများ သားဆက် ခြားရေး ပညာပေးလုပ်လာ ခဲ့တဲ့ ရွာလေး တွေလားမသိပါဘူး။

ပြောချင်လွန်းလို့ ပြန်ပြောပါအုန်းမယ်၊ သရုပ်ပြ ဟောပြောပွဲမှာ ဆရာဝန်မ အပျိုလေး ကရှက်ပြီး ဒီလို ဟောပြော သရုပ်ပြ ခဲ့ တယ်တဲ့ဗျ၊  ရှင်တို့ ကလေးမရအောင် တားစီးချင် တယ်ဆိုရင် ရှင်တို့ လင်မယား တွေ ညအိပ်တဲ့အခါ ဟိုဟာ ဟိုဟာ လုပ်ရင်လေ လက်ညှိုးလေး ထောင်ပြီး၊ ကွန်ဒုံး လေးကို လက်ညှိုးလေးမှာ စွပ်ပြီး ဒီလို ဒီလို လေးစွပ်ပြီး မှ အဲဒါ အဲဒါ လုပ်ကြပါဆိုပြီး ပညာပေး လက်တွေ့ ဟောပြောသွားတယ်လေ။ နောက်နှစ်ကြ အဲဒီ ရွာတွေမှာ စစ်တမ်း ပြန်ကောက်တော့ ကလေးမွေးတဲ့ ဦးရေက ဟောပြောပွဲ မလုပ်ခင်ကထက် ၂ဆလောက်တောင် ပိုများနေသတဲ့။ 

ဆရာဝန်မလေးလည်း စိတ်ညစ်ညစ်နဲ့ မအောင်မြင်တဲ့ သူ့ဟောပြောပွဲ အကြောင်းကို မေးမြန်း စုံစမ်းတော့မှ၊ သူတို့ က ဟိုဟာ ဟိုဟာ လုပ်ရင်လေ သူတို့ လက်ညှိုးလေးမှာ တကယ် တကယ် ကိုဘဲ ကွန်ဒုံးလေး စွပ်ပြီးတော့ စိတ်ချလက်ချ  အဲဒါ အဲဒါ လုပ်ကြပါသတဲ့ ဟား..ဟား။ ကျနော်တို့ အညာသား တွေ က ဒီလို ဒီလိုရိုးတယ် ဆိုတာ ကျနော်တော့ တကယ် တကယ် ကိုဘဲ ယုံတယ်ဗျာ။

နောက်ပြီးတော့ ထန်းတောတွေနဲ့ ထန်းရေဆိုင်လေး တွေပါဘဲ၊ ကျနော်တို့ အညာထန်းရေ ဆိုတာ ဘယ်နိုင်ငံက ဘယ်ဘီယာ မှ လိုက်မမှီအောင် ကောင်းတယ်ဗျာ။  ခင်ဗျားတို့ သောက်ဖူးရင်တော့ သိကြမှာပါ။ ဒါပေမဲ့ ကျနော်က ညောင်ဦးမှာ အမျိုးတွေနဲ့ တွေ့ဆုံခန်း လုပ်ရဦးမှာ ဆိုတော့ မသောက်ခဲ့ လိုက်ရဘူးဗျာ၊ အပြန်ခရီးမှာ တော့ တဝကြီးသောက်ခဲ့ ရပါတယ်။

ဘယ်လို ဘယ်လို ကောင်းတယ် ဆိုတာ ကျနော် ဒုတိယပိုင်း မှာ ဆက်လက်ဖော်ပြပါမယ်။ မျှော်ပါ...။

>>>ဆက္ဖတ္ရန္>>> >>

Saturday, November 7, 2009

ငယ်ဘဝများ(၁၀)နှင့် ကျနော့် ချစ်ခရီး (၁၁) နှစ် အပိုင်း (၂)

ဒီလိုနဲ့ ကျနော့် ဘဝမှာ ပထမဆုံး ချစ်သူကို စတင်တွေ့ခဲ့ပါတယ်၊ ကျနော့် ချစ်သူဘဝကို မတင်ပြခင် ကျနော် တို့ မိသားစု ဆက်ဆံရေး ကို နဲနဲလောက် ပြောပြချင်ပါတယ်၊ ကျနော့် ဟာမိဘ၂ပါးက လိုလို ချင်ချင် နဲ့  မွေးလာတာ မဟုတ်ဘူးနော်၊ ရှေ့ပိုင်းမှာလည်း ကျနော် ပြောပြခဲ့ပါပြီ။

နောက်ပြီး အကြီးဆုံး သမီးဖြစ်တဲ့အတွက် ဆိုပြီး မိဘတွေရဲ့ ချစ်ခြင်းကို ထူးခြားစွာ မခံခဲ့ရပါဘူး၊ မိဘ ရုန်းကန်နေတဲ့ အချိန်မှာ မွေးလာတာကိုး၊နောက်ပြီး ကျနော့် အဖိုးချစ်တယ်ဆိုတာလည်း အဖိုးက ကျနော် သိတတ်တဲ့ အချိန်မှာ ဘုန်းကြီးဝတ်နဲ့ ဆိုတော့ တခြားအဖိုးတွေလို ချစ်ခြင်းကိုပီပီပြင်ပြင် ဖော်ပြခဲ့နိုင်တာ မဟုတ်ပါဘူး၊ ကျနော်ကြီးလာတဲ့ အချိန်ကြမှ အဖိုးချစ်ခဲ့တာကို ခံစားသိခဲ့တာပါ။

အဲဒီတော့ မိသားစုထဲမှာ ချစ်ခြင်းကို မရခဲ့တော့ သူငယ်ချင်းတွေနဲ့ဘဲ ချစ်ခြင်းကို ရှာဖွေခဲ့ပါတယ်။ သူငယ်ချင်း ဆိုတဲ့နေရာမှာလည်း ကျနော့် စိတ်ရင်း အခံကိုက ယောက်ကျားလေးတွေကို သိပ်ပေါင်းလို့ မရခဲ့ပါဘူး၊ ဖေဖေကို ကြည့်ပြီးတော့ ကို ယောက်ကျားလေး တွေကို မုန်းတဲ့ အဆင့်ထိခံစားမိပါတယ်။


မေမေ နဲ့ ကိုယ်ချင်းစာပြီး မိန်းမတွေဟာ ယောက်ကျားတွေရဲ့ တဆင့်ခံဖြစ်ရတာကို သိပ်မုန်း ပါတယ်။ မိန်းခလေး သူငယ်ချင်းတွေကို တော့ အမြဲတန်း ဖေးဖေးမမ နဲ့ ဆက်ဆံခဲ့ပါတယ်။ အဲဒီတော့ ကျနော့် ကို မိန်းခလေး သူငယ်ချင်းတွေက ချစ်ကြပါတယ်။ ယောက်ကျားလေး သူငယ်ချင်းတွေကိုတော့ ဘယ်တော့မှ အနစ်နာခံပြီးတော့ မပေါင်းပါဘူး၊ မယုံကြည်တဲ့ စိတ်အရင်းခံက ရှိပြီးသား ဆိုတော့ ကျနော်က အမြဲတန်း အသာစီးနဲ့ဘဲ ပေါင်းပါတယ်။


ကျနော့် အပေါ် အနစ်နာခံပေါင်းတဲ့ ငယ်ပေါင်းတွေနဲ့ဘဲပေါင်းဖြစ်ပါတယ်။ ကြီးမှ တွေ့တဲ့ သူတွေက ကျနော့်ကို သိပ်ကြည့်မရကြပါဘူး။ ကျနော်ကလည်း ထိုနည်း၄ုင်း ပေါ့။ နောက်ပြီး ကျနော့် ရဲ့အချစ်ဆုံး သူငယ်ချင်း တွေမှာ အစွန်းရောက်  စရိုက် ၂မျိုးရှိတဲ့ သူတွေ ပါပါတယ်။ တချို့က အရမ်း ရိုးသားပြီး စာတော်သော သူငယ်ချင်းများ ရယ်၊ သိပ်လှပြီး ပွေရှုတ်တဲ့ သူငယ်ချင်း များရယ်ပေါ့။ ဆန့်ကျင်ဘက် တွေပေါ့ဗျာ။ သူတို့ အခြင်းခြင်းလည်း သိပ်ကြည့်ရကြတာ မဟုတ်ဘူး။


သိပ်ရိုးတဲ့ သူငယ်ချင်းတွေက ကျနော် အဲဒီလို သူငယ်ချင်းတွေနဲ့ ပေါင်းနေတာကို စိုးရိမ်ကြတယ်။ ကြုံတိုင်း သတိပေးစကား ပြောကြတယ်။ ဟို စံပြသူငယ်ချင်း တွေကလည်း ကျနော့် ကို ဘယ်လိုဟာတွေနဲ့ ပေါင်းနေတာ လည်း ဆိုပြီး အမြဲတန်း အကောခံရတယ်။

ရိုးတယ် ဆိုတဲ့နေရာမှာ သာမန်မဟုတ်ပါဘူး။ တော်တော်ကို ရိုး ကြတာပါ။ အခုထိဘဲ အပျိုကြီး ဆရာမကြီးတွေ အဖြစ် ဘဝကို ဂွတိဂွကြ လျှောက်လှန်း နေကြဆဲပါ။ ကျနော်က အင်တာနက်သုံးပြီး သူတို့ အတင်းတွေ တုပ်နေပြီ၊ သူတို့က အင်တာနက်မပြောနဲ့ ကွန်ပျူတာ သုံးတာတောင် ခလုပ်မှားနှိုတ်ရင် ပေါက်ကွဲမှာ စိုးလို့ဆိုပြီး ကွန်ပျူတာကိုင်ခါနီး ဆိုရင် ဘုရားစာတွေရွတ်ပြီး၊ microsoft ဖခင်ကြီး ဘီဂိတ်ကို မေတ္တာပို့ ၊ သွေးဆေး တခွက် တခွက်သောက် ပြီးမှ ကိုင်ကြပါတယ်။ တကယ် ပြောတာပါ ဟား..ဟား၊

မန္တလေးသူတွေ ဖြစ်ပြီး ကျနော့်ဆိုင်လာဖို့ လူရှုတ်လို့ စက်ဘီးမစီးတတ်လို့ မလာရဲကြဘူးတဲ့၊ ညံချက် ကတော့ဗျာ၊ မန္တလေး သူတွေသိက္ခာကြပါတယ်။ ကျနော်တို့ မန်းသူတွေဆိုတာ မွေးကထဲက စက်ဘိးဖက်ကြီးလာကြတာ မဟုတ်လား၊ မတတ် မနေရ ပညာရပ်တွေထဲမှာ စက်ဘီးစီးတာ အခုဆိုရင် ဆိုင်ကယ်စီးတာပါ ပါသွားပါပြီ။ ကျနော် တို့ငယ်ငယ်က ဆိုရင် ၃-၄ တန်းရောက်လာပြီ ဆိုရင် စက်ဘိးစီးတတ် ဖို့အချိန်တန်ပြီဆိုပြီး မိဘ၊ ညီအကို မောင်နုမ တွေက ဝိုင်းသင်ပေးကြပါတယ်။

အသင်ခံရတဲ့သူကလည်း အားကျိုးမာန်တက်သင်ပါတယ်။ တတ်တာကတော့ ဒူးကွဲ၊ လက်ပြဲမှ သွေးနဲနဲ လောက်ထွက်မှ တတ်ကြပါတယ်။ မသင်ရဲလို့ ကြောက်နေတဲ့ သူဆိုရင် ဝိုင်းအဟားခံရပါတယ်။ အဲဒိတော့ သွေး ထွက်ခါမှထွက်ရော တတ်အောင်တော့ သင်ကြပါတယ်။

ကဲ အဲဒါတွေခဏထားပြီး ကျနော့် ရဲ့ချစ်ဇာတ်လမ်းလေး ဆက်လိုက်မယ်နော်။

ကျနော့် ဘဝမှာ အဲဒီ အချိန်ထိ ဂရုတစိုက်နဲ့ ချစ်မဲ့သူ မရှိခဲ့ပါဘူး။ မိန်းခလေး သူငယ်ချင်းတွေကလည်း သူတို့ကိုဘဲ ဂရုစိုက်ခံချင်တာ မဟုတ်လား၊ မိဘ တွေကလည်း ကျနော့်ထက် အငယ်တွေနဲ့ အလုပ်ရှုတ် နေတာဆိုကျနော်ကို အထူးပြုပြီး ချစ်ချိန် မရပါဘူး။

အဲဒီအချိန်မှာ ကျနော့် ကို ဂရုတစိုက်နဲ့ဖေးဖေးမမ ဆိုတော့ နဲနဲ ထူးထူးဆန်းဆန်းခံစားရပါတယ်။ ချစ်သေးတာ မဟုတ်ဘူးနော် စိတ်မှာ တမျိုးခံစားရတာကိုပြောတာ၊ အဲဒီ အချိန်မှာ ကျနော့် သူငယ်ချင်း တွေကလည်း တအားထူးဆန်းနေကြပါတယ်။ ကျနော် လို မလှမပ ကိုမှ တစွဲလန်းလန်း လုပ်နေတာ ဆိုတော့၊ သူတို့က ကျနော့် ထက်ပိုပြီး သူလာတဲ့အချိန် တွေကို မှတ်မှတ်သားသား နဲ့  ဂရုစိုက်ကြပါတယ်။ ကျနော် က အဲဒီ အချိန်ထိ ဘယ်လိုမှ မနေသေးပါဘူ။

တချို့နေ့ တွေဆိုရင် သူ လာတဲ့ အချိန်ဆိုရင် ကျနော်က ဖဲဝိုင်းမှာ ထိုင်လို့ ကောင်းနေတဲ့ အချိန်၊ သူငယ်ချင်းတွေက လာတဲ့ သူကို သနားလို့ ဆိုပြီး ကျနော့် ကို အတင်းဆွဲ ထူပြီး ဖဲဝိုင်းက ထခိုင်းပြီး မျက်နှာပြ ခိုင်းကြပါတယ်။ ကျနော်က ဖဲကောင်းနေရင် ဘယ်တော့ မှ မထပါဘူး၊ ဖဲရှုံးနေရင်သာ အကြောင်းပြချက် တခုရပြီး ထကြည့်ပါတယ်။

အဲဒီလောက်ထိ ချစ်ခဲ့တာနော် ဟဲ..ဟဲ၊ ကျနော်တို့ က ညဘက်ဆိုရင် စာအုပ်ဆိုင် (Evening wi) ကိုအမြဲတန်းသွားပါတယ်။ ဟို ဖေဖေမကြိုက်တဲ့ သူငယ်ချင်း နဲ့ ကျနော်နဲ့ က စာအရမ်းဖတ်တာဆိုတော့ စာအုပ်ဆိုင် မသွားတဲ့ ရက်မရှိပါဘူး။ အီးဗနီးဝိုင် က ကိုပေါက်ဆိုရင် ကျနော်တို့က အရမ်းနိုင်စားပါတယ်။ အခုတော့ ကိုပေါက်က ကညန မှာ အရာရှိ ကြီးကြီး ဖြစ်နေပြီး၊ စာအုပ် မကိုင်ဘဲ၊ မိန်းမ မရိုက်ရဲ တိုင်း golf ရိုက်တံ တွေကိုင်ကိုင် ပြီး ဂေါက်သီးတွေကို အားရှိပါးရှိ ရိုက်နေတာ တွေ့ပါတယ်...။

အဲဒီလို ကျနော်တို့ စာအုပ်ဆိုင်ကို သွားတဲ့ အချိန်ကို ကိုယ်တော်ချောက သိသွားပါတယ်။ စာအုပ်ဆိုင် သွားတိုင်း နောက်ကနေ လိုက်လိုက်ပြီး စကားပြောပါတယ်။ ကျနော် တို့သူငယ်ချင်းတွေကလည်း ပြန်ပြောပါတယ်။ ဒီလိုနဲ့ ရင်းနှိးသွားကြပါတယ်။ စာအုပ်ဆိုင်က ကိုပေါက်နဲ့လည်း ခင်သွားပါတယ်။ အဲဒီလို သူငယ်ချင်းတွေနဲ့ ရက်ပေါင်းများစွာပေါ့၊


နောက်တော့ ကျနော့် သူငယ်ချင်းတွေ စာအုပ်ဆိုင်မှာ ထိုင်နေရင်၊ ကျနော်တို့ ၂ယောက်ထဲ ဘုရားဘက်ကို လမ်းလျှောက် တြပါတယ်။ အဲဒီမှာ ကျနော့်ကို စာပေးပါတယ်။ ရင်ခုံစရာ အရေးအသား တွေနဲ့ပေါ့၊ ဟား..ဟား၊ အဲဒီ အချိန်မှာ ကျနော်က ဂျာနယ်ကျော် မမလေး ရဲ့ သူလိုလူကို အခေါက်ပေါင်း များစွာ ဖတ်ပြီး အရသာခံနေပါပြီ။ နောက်ပြီးဆရာမြသန်းတင့် ရဲ့ ဘာသာပြန် gone with the wind ထဲက စကားလက် နဲ့ ရက်ဘတ်တလာ ကို စွဲလန်းပြီး အက်ရှလေ နဲ့မီလာနီ တို့ကဖမ်းစားနေပါပြီ။


စာအိတ် ကလေးကတော့ မိုက်တယ်ဗျာ၊ သူကိုယ်တိုင် ဆေးချယ်ပြီး ကိုယ်တိုင်လုပ်ထားတဲ့ စာအိတ် ကလေးနဲ့ဗျ၊ သူ့အမေစီက ဒါးမြတိုက်လာတဲ့ ပန်းလေးတွေကလည်း အမြဲတန်းပါတယ်။ အဲဒီလို စာအိတ်ကလေးတွေ နဲ့ ပန်းပွင့်ပေါင်း အများကြီးပေးခဲ့ပါတယ်။ ဒါပေမဲ့ သနားခါး မလိမ်း၊ ပန်းမပန် တဲ့ မနူးညံတဲ့ ကျနော့် အတွက်တော့ အလကားပါဘဲ။

နောက်ဆုံး အိမ်နဲ့ ဝေးရာမှာသာ နေချင်တဲ့ ကျနော် နဲ့ အပြင်မှာ တွေ့ကြတော့တာပေါ့၊

lady first ဆိုတာကို စာအုပ်ထဲမှာသာ ဖတ်ဘူးတဲ့ ၊ မေတ္တာတရားကို တသက်လုံး ကောင်းကောင်း မခံစားဘူးတဲ့ ကျနော် ဟာ နောက်ဆုံးတော့ အလွန်ချစ်တတ်၊ ဂရုစိုက်တတ်တဲ့ ကျနော့်ရဲ့ချစ်ချစ်ကြီး ကို ဘယ်လိုမှ မငြင်းပယ်နိုင်တော့ဘဲ ချစ်ခရီးလမ်းကြောင်းကို စပြီး လျှောက်မိ ကြပါတော့တယ်။

သမီးရီးစား သက်တမ်း ၁၁ နှစ် ရဲ့ နိဒါန်းအစပေါ့ဗျာ။ ကဗျာမဆန် ပေမဲ့ ......ကဗျာလည်း မမဲ့ခဲ့ပါဘူး.......။

(နောက်မှ အဆင်ပြေရင် ဆက်လက်ဖော်ပြပေးပါမယ်။ အခုတော့ ဒီလောက်နဲဘဲ နားလိုက်ပါတော့ မယ်ဗျာ၊ ကျေးဇူးတင်ပါတယ်)
.
>>>ဆက္ဖတ္ရန္>>> >>

Friday, November 6, 2009

ငယ်ဘဝများ(၁၀)နှင့် ကျနော့် ချစ်ခရီး (၁၁) နှစ် အပိုင်း (၁)

ကျနော် ၁၀ တန်းဖြေပြီးတော့ ယောင်နေပါတယ်၊ ဘာလုပ်ရမှန်း မသိတော့ ဟိုလိုလို၊ ဒီလိုလိုပေါ့၊ ရပ်ကွက်ထဲ လပ်လျား၊ လပ်လျား နဲ့ လယ်ယာပြန်စားရေးလုပ်နေတာပေါ့၊ အဲဒီအချိန်မှာ အိမ်ရဲ့စီးပွားရေး အခြေအနေ ကလည်း လုံးဝမကောင်းပါဘူး၊ ကျနော် တို့မောင်နှမ ၆ ယောက်ကလည်း အားလုံး အရွယ်ရောက် လာကြပြီး၊ သုံးချင်ဆွဲချင်ကြပါပြီ။ ဝင်ငွေကြတော့ လည်း ဘာမှမရှိဘူး။ အဲဒီမှာ ကျနော့် ဖေဖေ ရဲ့ ဝင်ငွေရအောင် ဘာလုပ်ကြမလည်း ဆိုတဲ့ အသံတွေကို အမြဲတန်း ကြားနေရပါပြီ။


နိုင်ငံခြားမှာ ဆိုရင် ၁၆ နှစ်ပြည့်ရင် မိဘက သားသမီးကို ဘာတာဝန်မှ မယူတော့ဘူး၊ နင်တို့၁၀တန်း အောင်တော့ရော ဘာလုပ်ရမှာလည်း နင်တို့ထက် ပညာတွေ အများကြီးတတ်တဲ့ ငါတောင် ဒီလောက် ဆင်းရဲနေတာ၊ နင်တို့ ဘာအလုပ် လုပ်ကြမှာလည်း ဆိုတာတွေကို တနေ့ အကြိမ် ၁၀၀ လောက်ရွတ် နေတာဆိုတော့၊ ၁၆ နှစ်ပြည့်ရုံမက ကျော်တောင်ကျော်နေတဲ့ ကျနော်မှာတော့ ချက်ခြင်းဘဲ အိမ်ရှေ့က တရုပ်တွေဆောက်နေတဲ့ တိုက်မှာ ပန်းရံသမ ဘဲ ဝင်လုပ်ရမလား၊ မရှိတဲ့ ရီးစား နောက်ဘဲ လိုက်ပြေး ရမလား ဆိုပြီး တော်တော် စိတ်ညစ်ခဲ့ရပါတယ်။


ကျနော် လုပ်လို့ရတာဆိုလို့ ဒီလောက်ဘဲ ရမှာပါ၊ နောက်ဆုံး ပြောရရင်တော့ ကျနော့်ဘဝမှာ တော်တော် စိတ်ညစ်ခဲ့ရတဲ့ အချိန်တွေ ဘဲဆိုပါတော့၊ နောက်ပြီး တသက်လုံး ဒီမိုကရေစီရ ပြီး နေချင်သလိုနေ လာတဲ့ ကျနော့်ကို စတင်ချုပ်ချယ်လာပါတယ်။ ကျနော့် သူငယ်ချင်းတွေ အကြောင်းမပြောနဲ့ ကျနော် ဘယ်နှစ်တန်း ရောက်မှန်း တောင် ကောင်းကောင်း မသိတဲ့ ကျနော့် ဖေဖေ ဟာ ကျနော့် အချစ်ဆုံး သူငယ်ချင်း တယောက်ကို ကြည့်မရဖြစ်လာပါတယ်။


အဲဒီ သူငယ်ချင်းကလည်း ကျနော့် နဲ့ အတွဲဆုံး အချစ်ဆုံး သူငယ်ချင်းပါ၊ သူက ရုပ်ကလည်း တော်တော် ချောပါတယ်၊ ပွေလည်း အတော် ပွေပါတယ်။ သူ ကြိုက်တဲ့ သူတွေ ကလည်း မန္တလေး မြို့က တကယ် သူဌေး သားတွေကြီးပါဘဲ။ ကျနော် တို့ မန္တလေး ဆိုတာ လူတယောက် အကြောင်းပြောလိုက်ရင် အားလုံးကသိတဲ့သူ၊ မြို့မျက်နှာဖုံး ဆိုပါတော့ ဗျာ၊ အဲဒီလို မိသားစုတွေ ရှိပါတယ်။ အဲဒီ မိသားစု ကလူတွေ နဲ့ ဘဲသွားကြိုက်ပါတယ်။


ဖေဖေက အဲဒါကို ကြည့်မရပါဘူး၊ ကားရှိတဲ့သူက ကားရှိတဲ့သူ ကိုဘဲ၊ ငွေရှိတဲ့သူက ငွေရှိတဲ့သူကိုဘဲ ယူမှာ၊ နင့် သူငယ်ချင်း လို အဆင့်မျိုးကို ဘယ်သူဌေးက အတည်ကြံမှာလည်း အပျော်ကြံတာ ဆိုတာကို အမြဲ ပြောပါတယ်။ ကျနော် တခြားဘာလုပ်လုပ် ဘာမှ မပြောပေမဲ့ အဲဒီသူငယ်ချင်း နဲ့ ပတ်သက်တာ  တော့လုံးဝ လက်မခံတော့ပါဘူး။


ကျနော့်မှာလည်း ပေါင်းစရာဆိုလို့ အဲဒီသူငယ်ချင်း ဘဲရှိတာကိုး၊ ငယ်ငယ်လေး ကထဲက (၄ နှစ်သမီး လောက်ကထဲက) ပေါင်းလာတာ ဆိုတော့ တော်တော်စိတ်ညစ်ရပါတယ်။ ကျောင်းကလည်း ပိတ်ထားပြီ ဆိုတော့ စိတ်တော်တော်လေနေတဲ့ အချိန်တွေပေါ့။


အဲဒီမှာ ကျနော်လည်း အရွဲတိုက်ပြီးတော့ ရပ်ကွက်ထဲက တခြား သူငယ်ချင်းတယောက် အိမ်ကို တချိန်လုံး လည်နေပါတယ်။ အဲဒီသူငယ်ချင်း ကလည်း ကောင်းတာမဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒီသူငယ်ချင်း အကြောင်းတော့ ကျနော့် အဖေ မသိဘူးလေ။ ဘာမှ မပြောဘူး။


အဲဒီမှာ ကျနော်အဖေလို လူကြီးတွေ သတိထားဖို့ တခုပြောချင်ပါတယ်။ ခုနက ကျနော့် ငယ်သူငယ်ချင်း က ရီးစားဘဲထားတာ၊ တခြား ဘာမှမဟုတ်တာ မလုပ်ပါဘူး။ အခု ကျနော် လျှောက်သွားတဲ့ ရပ်ကွက် ထဲက အိမ်မှာ မှ ဖဲဝိုင်းထောင်တယ်၊ သူတို့ အကိုတွေက နံပါတ်ဖိုးရောင်းတယ်၊ တကယ့် မကောင်းတဲ့ အိမ်ပါဘဲ။ ရပ်ကွက်နဲ့ နဲနဲ ဆက်စပ် တဲ့ သူတွေ၊ ဆိုရင် အဲဒီ အကြောင်းတွေ သိပါတယ်။ ဒါပေမဲ့ ဖေဖေ မသိပါဘူး၊ သူမကြိုက်တဲ့ သူနဲ့ မပေါင်းရင် ရပြီ၊ တခြားဘာ လုပ်လုပ် ဆိုတဲ့ စိတ်မျိုး နဲ့ ပါ၊ ကျနော့် အတွက် အန္ဒရာယ် ဘယ်လောက်ကြီးတယ် ဆိုတာ လုံးဝမသိပါဘူး။


ကျနော်လည်း အရွဲ့တိုက်ပြီးတော့ ကိုသွားနေတာ၊ ဘာဖြစ်ဖြစ်ဆိုပြီးတော့ အိမ်မှာ မှ မနေချင်တော့တာ၊ အဲဒီမှာ ဖဲဝိုင်းဘေးထိုင်ပေါ့၊ ကျနော်က ပိုကာ ကောင်းကောင်းမဒေါင်းတတ် ဘူးလေ၊ သူတို့က တကယ့် professional တွေ၊ အကောက် ယူပြီး အိမ်မှာ ဝိုင်းထောင်စား၊ သူတို့ ကိုယ်တိုင်လည်း ဝင်ရိုက်တဲ့ သူတွေကိုး၊ အဲဒီတော့ ကျနော်က တခါတလေ ဖဲဝိုင်းဘေးထိုင်၊ တခါတလေ သူတို့အိမ်နောက်ဘက်က မန်းကျီးပင် အကြီးကြီး အပေါ်တက် စာအုပ်ဖတ်ပြီး အေးရာအေးကြောင်းနေပါတယ်။ အိမ်နဲ့ဝေးတဲ့ ဒုက္ခသည် ခိုလှုံရေး စခန်းမှာ အဲဒီလို အချိန်တော်တော်ကြာ နေခဲ့ပါတယ်။


အဲဒီမှာ ကျနော် ကံကောင်းလို့မပျက်စီးခဲ့ရပုံ ကိုလည်း ပြောချင်ပါတယ်။ ကျနော် အိမ်မှာ တော်တော် စိတ်ညစ်လာတဲ့ အချိန်တွေဆိုရင် အဲဒီအိမ်က မန်းကျီးပင်ပေါ်တက် စာအုပ်ဖတ်ရင်းနဲ့ စီးကရက် သောက်လေ့ ရှိပါတယ်။ အဲဒီ အိမ်က သူငယ်ချင်းကလည်း ကျနော့်ရဲ့ ငယ်သူငယ်ချင်းပါဘဲ၊ ဒါပေမဲ့ ပညာရေးမှာတော့ ရတန်းလောက်နဲ့ လမ်းဆုံးသွားပြီး ပွေရှုတ်တဲ့ နေရာမှာလည်း ခုနက ကျနော့် ငယ်သူငယ်ချင်း နဲ့ မထူးပါဘူး၊ ဒါပေမဲ့ ကျောင်းစာလည်းကောင်းကောင်း မတတ်၊ အပြင်စာတွေလည်း ကာတွန်းအပြင် ပိုမဖတ်တတ်ဆိုတော့ ဗဟုသုတ မရှိ၊ အတွေးအခေါ်မရှိနဲ့ ပျက်စီးတဲ့ လမ်းကြောင်း ပေါ်မှာ လျှောက်နေသူပေါ့၊


ကျနော့် ကိုတော့ တော်တော်လေးစားပါတယ်၊ သူ့ရဲ့၁၀တန်း အထိရောက်တဲ့ သူငယ်ချင်းကြီးဖြစ်တဲ့ အပြင်၊ ကျနော် က မိကောင်းဖခင် သားသမီး တယောက် ဆိုတာတွေအပြင်၊ ကျနော် ကသူ့ကို အမြဲတန်း ဆရာကြီးလုပ် ဆုံးမနေကြဆိုတော့ လေးစားပါတယ်၊ ကျနော် သူအိမ်သွားရင် ကျနော် လိုတာတွေ လုပ်ပေးတဲ့ အပြင် ကျနော် ကြိုက်သလို အေးအေးဆေးဆေး နေလို့ရအောင် စီစဉ်ပေးပါတယ်။ သူ့ ဖဲဝိုင်းအကောက်ရတဲ့ အထဲကလည်း မုံဝယ်ကျွေးပါသေးတယ်၊ ဆေးလိပ်သောက်ချင်တယ် ဆိုရင်လည်း ဝယ်တိုက်ပါသေးတယ်။ ကျနော် နေပျော်တော့တာပေါ့။


အဲဒီမှာ သူအကို (၂) ယောက်အကြောင်း နဲ့ မောင် (၁) ယောက် အကြောင်း ကျနော် ပြောပြချင်ပါတယ်၊ သူ အကို တယောက် က အရက်ကို မိုးမလင်းသောက်နေတဲ့ တကယ့် အရက်သမားပါ၊ (နောက်တော့ အရက်ဒဏ်ကြောင့်ဘဲ သေသွားပါတယ်) နောက်တယောက် ကတော့ နံပါတ်ဖိုးသမားပါ။ ဆေးအကြီး အကျယ်စွဲနေတာပါ၊ မိဘက ဆေးသုံးဖို့ ပိုက်ဆံဘယ်လို ပေးနိုင်မှာလည်း၊ သူကိုယ်တိုင် ဆေးရောင်း ရုံဘဲပေါ့။


အဲဒီတော့ အိမ်မှာ နံပါတ်ဖိုးလည်းရောင်းပါတယ် ။ အဲဒီခေတ်က သိပ်ပြီး ဥပဒေ မတင်းကျပ်သေးတာလား၊ ဒါမှ မဟုတ်သူ့အကိုကဘဲ လည်လွန်းတာလား မသိဘူး၊ တော်တော်နဲ့ တော့ အဖမ်းမခံရပါဘူး၊ နောက်ပိုင်းမှာတော့ အဲဒီ နံပါတ်ဖိုး အမှု့နဲ့ဘဲ အဖမ်းခံရပြီး ထောင်ထဲမှာဘဲ သေသွားပါတယ်။ မောင်အငယ်ဆုံး တယောက်ကတော့ ဖဲဝိုင်းမှာ အကောက် ကောက်ပြီး၊ ကိုယ်တိုင်လည်း ဖဲဝင်ရိုက်နေတဲ့ တကယ့်  စံပြညီအကို တွေပါဘဲ။

အဲဒီအိမ်မှာမှ ကျနော်က သွားစတည်းချနေတာပါ။ ကျနော် သွားစာဖတ်နေတဲ့ အိမ်နောက်ဘက်မှာရှိတဲ့ မန်ကျီးပင်ကြီး အကြောင်းလည်း ပြောချင်ပါသေးတယ်။ဟိုးရှေး ကထဲ ကပေါက်နေတဲ့ တအားကြီးတဲ့ အပင်ကြီးပါ၊ ခွဆုံ တွေလည်း အများကြီး နဲ့ပါ၊  အပင်ပေါ်တက်ထိုင်လိုက်ရင် လူကပျောက်ထွက် သွားပါတယ်။ ထိုင်လို့လည်း အရမ်းကောင်းပါတယ်၊ နောက်ပြီး အခုနောက်ပိုင်းမှာ ကုန်တိုက်တွေမှာ ရောင်းတဲ့ မန်ကျီးချိုသီးတွေ စားဘူးလား မသိဘူး၊ အဲဒီအပင်ကြီးက အဲဒီအတိုင်း ချိုပါတယ်။ စားချင်ရင် ခူးစားလို့ရပါသေးတယ်။ အဲဒီအိမ်သွားနေတာ အဲဒီအပင်ကြီးကို နှစ်သက်တာလည်း ပါပါတယ်။

ခုနက ကျနော် မပျက်စီးခဲ့ပုံကို ပြောပြချင်သေးတယ်။ ကျနော် သွားသွားနေတော့ တနေ့ သူငယ်ချင်းက နင်သိပ်စိတ်ညစ်နေရင် နံပါတ်4 သုံးကြည့်ပါလားလို့ပြောပါတယ်၊ ငါ့အကိုစီက သွားယူပေး မယ်လို့ပြော ပါတယ်။ ကျနော် ဆေးမသုံးခဲ့ပါဘူး၊ အသိဉာဏ်နဲ့ ဆင်ချဉ်တုံတရား သာမရှိခဲ့ရင် ဆေးသမားဖြစ်ပြီး ဘယ်လောက် ပျက်စီးသွားမလည်း မသိပါဘူး။ 

ကျနော်လည်း သူငယ်ချင်းကို အဲဒီမှာ သံသယ၊ ဝင်သွားပါတယ်၊ သူ့အကိုအတွက် ကျနော့် ကို ဖောက်သည် ရှာပေးတာလား၊ ဒါမှမဟုတ် သူ့မှာ အသိဉာဏ်မရှိလို့ ရိုးရိုးသားသား ဘဲသုံးကြည့်ခိုင်း တာလားဆိုတာ မသေချာလို့ပါ၊ အဲဒီ အချိန်က စပြီးတော့ ကျနော်လည်း အဲဒီအိမ်ကို သွားတာ နဲသွားပါတယ်။ နံပါတ်4 သမားဖြစ်ဖို့ လက်တကမ်းအလိုပါ။

အဲဒီလိုနဲ့ နေလာလိုက်တာ ဆယ်တန်းအောင်စာရင်းတွေ မထွက်ခင် ကဆုန်လပြည့်နေ့ပေါ့၊ အရပ်ထဲက တခြားသူငယ်ချင်း တယောက်အိမ်မှာ ကျနော် ရောက်နေပါတယ်။ ကျနော်တို့ မန္တလေးမှာက ကဆုန်လပြည့်နေ့ဆိုရင် ဗောဓိပင် ဘုရားက အရမ်းစည်ကား ပါတယ်၊ ညောင်ရေသွန်းကြတာပါ၊ ဘုရားကို အရပ်ထဲကနေ အေးအေးဆေးဆေး လမ်းလျှောက်သွားရင် နာရီဝက်လောက်ကြာပါတယ်၊ သူငယ်ချင်းတွေ စုမိကြတော့ဘုရားသွားကြမယ်ပေါ့။

အဲဒီထဲမှာ ကျနော့် အဖေ မပေါင်းစေချင်တဲ့ သူငယ်ချင်းပါ ပါတယ်။ ကျနော် အဲဒီနေ့က ဝတ်ထားတာက ရှပ်အင်ကျီ အနွမ်းကလေးနဲ့ ထမိန်အောက်နား အပြဲလေးနဲ့ပါ၊ ခုံဘိနပ်လည်း စီးထားပါတယ်။ အဲဒါတွေကို အိမ်ပြန်အဝတ်မလဲ ရဲပါဘူး၊ ဖေဖေ နဲ့တွေ့သွားရင် စကားပြောနေရမှာ စိုးလို့ပါ။ ကျနော့် သူငယ်ချင်း အဖေက သူ့ရော်ဘာဘိနပ်ကို စီးဘို့ပေးလိုက်တော့ ဘိနပ်ကိစ္စ အဆင်ပြေသွားပါတယ်။ ထမိန် ကတော့ သူများ ဟာတွေမဝတ်ချင်တာနဲ့ အနားပြဲလေးကို အထဲကနေ အပ်ချိတ်နဲ့ တွယ်လိုက်ပြီးတော့ ဘုရားကို အားလုံး ချီတက်သွား ပါတယ်။

ဘုရားအသွား ၇၃ လမ်းတလျှောက်လုံး အိမ်တွေက ဖျော်ရည်တွေ၊ ရေခဲရည်တွေ၊ အချဉ်ပေါင်းတွေ ကို အိမ်ရှေ့မှာ ထုပ်ထားပြီး ဘုရားသွားတဲ့ သူတွေကို ဧည့်ခံပါတယ်။ ပျော်စရာ ဓလေ့ လေးတခုပါ။ ဘုရားဝင်း တခုလုံးလည်း လူတွေ၊ ဈေးဆိုင်တွေ အပြည့်ပါဘဲ၊ ထန်းသီးဆံ သည်တွေကလည်း ရွာတွေက လာရောင်းကြတာ အများကြီးပါဘဲ၊ ဆိုင်အားလုံးရဲ့တဝက်လောက်က ထန်းသီး သည်တွေပါဘဲ။  တီးဝိုင်း လည်း ပါပါတယ်။ အဲဒီနှစ်ကမှတ်မှတ်ရရ မြို့မ တီးဝိုင်းထင်ပါတယ်။

ကျနော်တို့လည်း တပျော်တပါး ဘဲ စားလိုက်သောက်လိုက် နဲ့ ဘုရားရောက်လာပါတယ်။ တီးဝိုင်းက စနေပြီ ဆိုတော့ ကျနော်တို့လည်း တီးဝိုင်းဘဲ အာရုံ စိုက်တော့ တာပေါ့၊ ဘုရား ညောင်ရေသွန်းဘို့က နောက်၊ တီးဝိုင်းက အရင်လေ။  အဲဒီမှာ ကျနော် က တီးဝိုင်းအာရုံစိုက်ကြည့်နေတဲ့ အချိန်၊ ကျနော့် ကို အာရုံစိုက်ကြည့်နေတဲ့ သူတယောက်ရှိနေတယ် ဆိုတာ မသိခဲ့ပါဘူး၊

အဲဒီအချိန်ထိ ကျနော်ဟာ ရီးစားထားဘို့ဆိုတာ ဝေးလို့ အာရုံထဲမှာ အဲဒါနဲ့ ပတ်သက်တာ ဆိုလို နဲနဲလေးမှ မရှိပါဘူး၊ ကျနော် နဲ့မသက်ဆိုင်သောအရာပေါ့။ တီးဝိုင်း ကြည့်ရင်းတန်းလန်းနဲ့ ရေဆာလာတာနဲ့ ရေခဲရေသည် လှမ်းခေါ်ပြီး ဝယ်သောက်ပါတယ်၊ သူငယ်ချင်းတွေ ကလည်း ဝိုင်း သောက်လိုက်ကြတာ ဆိုတော့ ကျနော်အလှည့်မှာ ရေခဲရေ က ကုန်သွားပါပြီ။ ကျနော်လည်း နောက် တသည် အနားလာမှ ခေါ်မယ်ဆိုပြီး တီးဝိုင်း ဆက်ကြည့်နေပါတယ်။

သိပ်မကြာခင် မှာဘဲ ရေခဲရေတခွက်က ကျနော့် ရှေ့ရောက်လာပါတယ်၊ ကျနော့် ရဲ့ ချစ်ချစ်ကြီးပေါ့၊ ကျနော် မသောက်လိုက်ရတာ ကိုမြင်တော့ ရေခဲရေသည် ခေါ်ပြီး ရေခဲရေ လာတိုက်တာလေ။ အဲဒီအချိန်ကစပြီးတော့ အိမ်ပြန်တဲ့ အချိန်ထိပေါ့၊ တောက်လျှောက် နောက်ကနေ လိုက်နေတော့တာ ပါဘဲ။ နောက်နေ့ တွေလည်း အိမ်ရှေ့ ကနေ ရှိုးတွေထုတ်ပြီး တနေ့ အခေါက် ၁၀၀ လောက်  နေ့ရောညရော စက်ဘီးသံပေး ဖြတ်နေပါတယ်။ ကျနော့် တို့ အိမ်ရှေ့မှာ ချောင်းတွေ၊ မြှောင်းတွေ ဖြစ်လုဆဲဆဲ ထိပေါ့လေ။ ဘဝမှာ နှစ်ပေါင်းများစွာ လက်တွဲရမဲ့ လက်တွဲဖော် တယောက်နဲ့ ပထမဆုံး တွေ့ဆုံခန်းပါ။

ဒုတိယပိုင်း ဆက်လက်ဖတ်ရှု့ပါရန်။

>>>ဆက္ဖတ္ရန္>>> >>

Thursday, November 5, 2009

ငယ်ဘဝများ (၉) နှင့် ကျနော့့်ဘဝ ဖြစ်စဉ်တချို့ဒုတိယပိုင်း

ကျနော် အလုပ်တွေလုပ်ခဲ့ရပါတယ်၊ ဘဝမှာ ဘာအရေးကြီးဆုံးလည်း ဆိုတာ ဘဝပေး အသိရသိခဲ့ ရပါတယ်။ လူအမျိုးမျိုးနဲ့ ဆက်ဆံ ခဲ့ရတော့ လူတွေအကြောင်း ကိုနားလည်ခဲ့ပါတယ်။

ကျနော် အလုပ် လုပ်တော့ စာတိုက်ကြီးနဲ့ စာပို့သမား က တော်တော် အရေးပါ ပါတယ်။ စာတိုက် မှာ ငွေ သွားသွား ထုတ်ရတာကိုးဗျ။ စာပို့သမား ကလည်း စာတွေယူလာပေး၊ ငွေပို့လွှာတွေ ယူလာပေးဆိုတော့ သူလာမဲ့ အချိန်ကိုမျှော်ပြီး အလုပ် လုပ်ရတယ်။ ပြန်စာတွေကိုလည်း သူနဲ့ဘဲ ပြန်ထည့်ပေးရတာကိုး။

ဒါပေမဲ့ သူစာပို့ရတာ ကျနော်တို့ တအိမ်ထဲမှ မဟုတ်တာ၊ အဲဒီတော့ ကျနော်တို့အိမ်ကို နေမြင့်မှ ရောက်လာ ပါတယ်။ ကျနော်တို့ အခြေအနေအရ တခါတလေ အဲဒီအချိန်ထိမစောင့်နိုင်ပ ါဘူး။ ငွေပို့လွှာ ရောက်လာရင် သူ့စီကယူပြီးတော့ စာတိုက်ကြီးမှာ သွားထုတ်ရတာကိုး။ နောက်ကြနေရင် အဆင်မပြေ ပါဘူး။

အဲဒီမှာ ဖေဖေက ပြောခိုင်းပါတယ်။ စာတိုက် စာရေးမကို ငွေပို့လွှာ တစောင်ကို ၃ကျပ်ပေးမယ်။ အမြန်အကြောင်းကြားပေး၊ အဆင်ပြေအောင်လုပ်ပေးပါပေါ့ ။ ကျနော်က မပြောရဲပါဘူး၊ ဖေဖေ က နင်ပိုက်ဆံပေး မှာကို ဘယ်သူမှ ရိုက်မထုတ်ဘူး ပြောကြည့်လို့ပြောတယ်။

နောက်တော့ ကျနော် အရဲစွန့်ပြီးပြောကြည့်ရတယ် ။ တုံတုံရင်ရင် နဲ့ပေါ့၊ အဲဒီမှာ အားလုံးအဆင်ပြေသွား ပါတော့တယ်။ စာရေးမက ဒီနေ့ငွေပို့လွှာ ၁၀ စောင်ရောက်တယ်၊ ၅ စောင်ရောက်တယ်ပေါ့။ ဖုန်းဆက် အကြောင်းကြားပါတယ်။ ကျနော် သွားထုတ်ရတာ အဆင်ပြေသွားတာပေါ့။

ဖေဖေ က ကျနော်စာတိုက်က ပြန်လာတော့ နင့်ကို ပိုက်ဆံပေးလို့ စာရေးမက စိတ်ဆိုးနေလားလို့ စပါတယ်၊ စာပို့သမားတို့ ဘာတို့ကြတော့ ပေးရဲပါတယ်၊ စာရေးမလိုမျိုး ကိုယ်နဲ့ မရင်းနှီးတဲ့ သူစိမ်းသက်သက် ကိုကြ ပြောရတာ တမျိုးကြီးပေါ့၊ကျနော်လည်း အဲဒီကစပြီးတော့ အပေးအယူ လုပ်တာတွေကို တော်တော် နားလည်သွားပါတယ်။  ကျနော် အဖေက ဂိုဏ်းချုပ်ကြီးလေ။

ကျနော် ဖေဖေ တို့ကတော့ မြစ်ကြီးနားနဲ့ မန္တလေး လာလိုက်၊ ပြန်လိုက် ပေါ့။ ကျနော်နဲ့ ဒီအလုပ်တွေနဲ့ မောင်နှမတစုနဲ့ ဂတ်ဂတ်ကြီးနဲ့ ပြသ၁နာပေါင်း ၁၆၀၀၀ နဲ့ ဘဝ ဇာတ်ခုံ မှာ နှစ်တော်တော်များများ ကပြခဲ့ပါတယ်။ကျနော့် ကျောင်းလည်း ကျနော် တက်ရပါသေးတယ်။ ပညာ ပါရမီပါတဲ့ သူဆိုတော့ ပထမ နှစ် နဲ့ ဒုတိယ နှစ်မှာ ၂ နှစ်စီနေခဲ့ရပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့ အကြောင်းဆက်စပ်မိလို့ ကျနော်ပြောပြချင်သေးတယ်။ ကျနော်တက္ကသိုလ် မှာ M.Sc (Qualify)၊ Part II ထိတက်ခဲ့ပါတယ်။ ကျနော် Part II ရောက်တော့ အိမ်ထောင်ပြု ပြီးသွားပါပြီ။ နောက်ပြီး အဲဒီနှစ်က ငွေစက္ကူ တွေသုံးစွဲခွင့် ပိတ်ပြီး အရေးအခင်း တွေဖြစ်ပြီးမှ ပြန်ဖွင့်တဲ့ ပထမဆုံး နှစ်ပါ၊ ၃လ နဲ့ စာတွေအပြီးသင်ပြီး စာမေးပွဲ စစ်ပါတယ်၊

ကျနော် brain ကလုံးဝအလုပ်မလုပ်ပါဘူး။ ဘယ်လိုမှ အချိန်တိုတို အတွင်း မမှတ်နိုင်ပါဘူး၊ စာမေးပွဲ လုံး၀ မဖြေနိုင် တဲ့ အတွက် ကျပါတယ်။ ပြန်ပြီး ဖြေဆိုခွင့်လည်း မရှိတော့တဲ့ အတွက် ပညာရေးနဲ့ ကျနော်နဲ့ လက်ဆွဲ နှုတ်ဆက်ခဲ့ရပါတယ် (good bye ပေါ့)။ အဲဒီ နှစ်က စပြီးတော့ မြန်မာပြည် မှာ တက္ကသိုလ် စာမေးပွဲတွေမှာ ခိုးပွဲကြီးစတင်ခဲ့တာ ထင်ပါတယ်။ (သုတေသန ပြုသူတွေရှိနေရင် မှတ်လို့ရအောင်ပါ ဟဲ..ဟဲ) ဆရာတွေကလည်း စာသင်ရက်မရှိတဲ့ အတွက် ကျောင်းသားတွေကို ညှာတာခဲ့တာလည်း ပါပါတယ်၊ နောက်ပြီး ကျောင်းသား တွေကလည်း ဘယ်လိုမှ မကျက်နိုင်တော့ ခိုးရတော့တာပေါ့။

အဲဒီမှာ ကျနော်ရဲ့ လူရည် မလည်တာလား၊ အတာလား တော့ မသိပါဘူး၊ ဘယ်သူမှ ပြောရရင် စာတွေ ကောင်းကောင်း မလုပ်နိုင်ကြပါဘူး၊ ဒီလိုဘဲ အောင်မှတ်တော့ ရအောင်ယူသွားကြတာပါဘဲ။ ကျနော့် မှာဘဲ ဘယ်သူထဲက မှဘယ်လိုမှ မကြည့်တတ်ပါဘူး။

ကျနော့် ရဲ တဘက်စီက ကျနော့် ကိုကျော်ပြီး အပုဒ်ခြင်းလဲ ပြီး ကူးယူသွားကြတာဘဲ။ ကျနော် လည်းကြည့်တော့ ကြည့်တာဘဲ ဒါပေမဲ့ မမြင်ရဘူး၊ ဒီလောက် မျက်မှန်ကြီးတတ် ပြီး ကြည့်နေတာ တောင်မမြင်ရဘူး ဆိုတော့ ကျတာတောင် နဲပါသေးတယ်၊ ဟဲ..ဟဲ တကယ်ဆို ဂုဏ်ထူး နဲ့ကျရမှာ။

အခုတော့ ကျနော်ရဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေက တက္ကသိုလ်က ကထိကကြီးတွေ၊ ဒေါက်တာ ကြီးတွေဖြစ်နေကြပါပြီ၊ ကျနော်စီ လာလည်ရင်းနဲ့ ကျနော်နဲ့ ကျောင်းနေဘက်တွေ လို့ပြောကြတာပေါ့ဗျာ၊ သူတို့ အခြင်းခြင်း လည်းပြောကြတာပေါ့။ ဒါပေမဲ့ သူတို့အခြင်းခြင်းကျ တက်တဲ့ နှစ်တွေ မတူကြဘူးဖြစ်နေလို့ ကျနော်က ရှင်းပြပေးရတာပါ၊ ကျနော် က ပထမနှစ်နဲ့ဒုတိယနှစ်မှာ ၂နှစ်စီနေခဲ့ရတဲ့ အတွက် တော်တော်များများ ကျနော့် ကျောင်းနေဘက် သူငယ်ချင်းဖြစ်ခဲ့ကြပါတယ်လ ို့၊ သူငယ်ချင်းတို့ မငြင်းကြနဲ့နော် အားလုံး ဒို့အပြစ်တွေပါ...ဟား..ဟား။

ကျနော် ဒီအကြောင်းတွေ ရေးရတာ အားနာပါတယ်၊ ဒါပေမဲ့ ဘဝဆိုတာ အမြဲတန်း အဆင်ပြေ ချောမွေ့ခဲ့တာ မဟုတ်ကြပါဘူး။ လူတိုင်း ဒီလိုပါဘဲ၊ ကျနော်လည်း ကျနော့် ဘဝ မှာ ကျနော် လုပ်ခဲ့တာ လေးတွေကို (မိဘနဲ့မောင်နှမတွေ မပြောနဲ့) ကျနော်ကိုယ်တိုင် ကို မေ့သွားမှာစိုးလို့ ကျနော် ဘာသာ မှတ်တန်း  သဘောမျိုး ရေးချင်တာနဲ့ ရေးထားတာပါ။ ထူးခြားလှတယ် တော့မဟုတ်ပါဘူး။

ပြောရင်းနဲ့ ကျနော်ကျန်သွားပြန်ပြီဗျာ၊ ကျနော့် မှာ ပြသ၁နာ ပေါင်းစုံနဲ့ ရုန်းကန် နေရတဲ့ အချိန်မှာ မေမေ့ရဲ့ မောင်အငယ် ဦးလေး တယောက်က သူ့ပြသ၁နာတွေကို တင်ပြရင်း အမျိုးစုံ ငြီးညူ ပြနေတာဆိုတော့ ကျနော်လည်း စိတ်မရှည်ချင်တော့ ဘဲ လူတိုင်းမှာကိုယ့်အပူနဲ့ကိ ုယ်ဘဲ၊ အားလုံးက ကိုယ့် အပူဘဲ အကြီးဆုံးထင်ကြတာလို့ ပြန်ပြောမိလိုက်တယ်။ အဲဒီမှာ စိတ်တအားဆိုးသွားပြီး ကျနော့်ကို ၅ နှစ်လောက် စကားမပြောဘဲ နေပါတယ်။ (လေကုန် သက်သာ သွားတာပေါ့နော်)၊ နောက်တကြိမ် စိတ်ဆိုးသွား အုန်းမယ်၊ ဒီစကားဒီတင်ရပ်မှ ဟဲ...ဟဲ။

နောက် post တွေမှ ကျနော်နဲ့ ချစ်ချစ်ကြီးရဲ့ ၁၁ နှစ် သမီးရည်းစားသက်တမ်း အကြောင်းကို ရင် သိမ့် တုံ ဖော်ပြပေးပါမယ်။ စောင့်မျှော် သည်းခံအားပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
>>>ဆက္ဖတ္ရန္>>> >>

Wednesday, November 4, 2009

ငယ်ဘဝများ(၉)နှင့် ကျနော့် ဘဝဖြစ်စဉ်တချို့ ပထမပိုင်း


အိမ်မက်ကမ္ဘာလေးထဲက ပြန်လာခဲ့ပါပြီ၊

ကျနော် ခရီးထွက်ရင် ဘာ tension မှမထားတော့ဘူး၊ ရောက်ချင်တဲ့နေရာရောက်၊ စားချင်တာစား၊ လုပ်ချင် တာလုပ်၊ ဒါထက် ပျော်စရာကောင်းတာ ဘာရှိသေးသလည်း၊ ဒါပေမဲ့လည်း ပျော်စရာ ဆိုတာ အမြဲတန်း အတွက် မရဘူးလေ၊ အဲဒီလိုဘဲ အိမ်မက်ဆိုတာ မနိုးတန်း မက်လို့ရတာ မှမဟုတ်တာ။ အချိန်တန်ရင် တော့ နိုးထရစမြဲဘဲ မဟုတ်လား။

တခါတလေတော့လည်း မနိုးတန်းဘဲ မက်နေချင်တော့တယ်၊ အိမ်မက်ကောင်းရင် မနိုးချင်တော့ဘူး မဟုတ်လား။ အဲဒီလိုဘဲပေါ့ ကျနော်ရဲ့ ခရီးသွားအိမ်မက်လေးက ကောင်းလွန်းတော့ မနိုးချင်ဘူးဗျာ။ ဒါပေမဲ့ အခုကျနော် အိမ်မက်ကောင်းလေးထဲက ပြန်လည်နိုးထလာခဲ့ရပါပြီ။

လူတိုင်း လူတိုင်းမှာ tension တွေ၊ stress တွေ၊ ဒုက္ခတွေ၊ သောက အပူတွေရှိကြတာပါဘဲ၊ အဲဒါတွေကနေ လူတိုင်းလွတ်မြောက်ချင်ကြတယ်။ နောက်ပြီး တချို့လူတွေက ကိုယ့်ရဲ့ ဒုက္ခ မှ ဒုက္ခ၊ ကိုယ့် အပူကမှ အကြီးကျယ် ဆုံးလို့ ထင်ကြတယ်၊ ဒါပေမဲ့ ဒီလိုပါဘဲ၊ ကိုယ့် အတွက်တော့ ကိုယ်ကြီးကျယ်ကြတာပါဘဲ။ အဲဒီတော့ ကိုယ်ချင်းစာ တရားလေးနဲ့ အားလုံးကို နားလည်ပေးလိုက်ကြပါ။ လောကကြီးဟာ အဆင်ပြေ သွား မှာပါ။

ကြီးကြီးကျယ်ကျယ်နဲ့ တရားချနေတယ်လို့ မထင်ကြပါနဲ့အုန်း၊ ကျနော်ဟာ ငယ်တုန်းက စကားကို အဲဒီလို မစဉ်မချင် ပြောခဲ့လို့ ဦးလေးတယောက်က ၅နှစ်လောက် စကားမပြောတာခံခဲ့ရပါတယ်၊ ကြုံရင် ရေးပြပါအုန်းမယ်။ ကိုယ်တွေ့ ကြုံဘူးလို့ပြောပြတာပါ။

ကျနော် တက္ကသိုလ်မှာ ပထမနှစ် ကို ဒုတိယအကြိမ် တက်နေတုန်းကထင်တယ်။ ကျနော့် ဖေဖေက မြစ်ကြီးနား ကိုပြောင်းရပါတယ်။

မေမေနဲ့ နှစ်ယောက်ပြောင်းသွားကြတာပေါ့၊ ကျနော်ရယ် လုပ်ငန်းကြီးနှစ်ခုရယ်၊ မောင်နှမ ၅ ယောက် ရယ်၊ ဗမာငွေ ၃၀၀ရယ် ထားပစ်ခဲ့တယ်ဗျာ၊မောင်နှမ အားလုံး ကျောင်းသားတွေပါဘဲ။ သြ ဖေဖေ ရဲ့ အမှာစကားတခုလည်း ထားခဲ့သေးတယ်၊ အဲဒီ လုပ်ငန်း ၂ခုလုံးကို ဆက်ပြီးအောင်မြင်အောင်လုပ်တဲ့။ ဝင်ငွေရစရာဆိုလို့လည်း ကျနော်တို့မှာ အဲဒီလုပ်ငန်း ၂ခု ဆက်လက်လည်ပတ်နိုင်မှ ရမှာပါ။အဲဒီလုပ်ငန်း ၂ခုလုပ်ဖို့ အရင်းအနှီးနဲ့ ကျနော်တို့ မောင်နှမ ၆ ယောက် စားဖို့သောက်ဖို့နဲ့ ကျောင်းစရိပ် အားလုံးမှ ထားခဲ့တာ ၃၀၀ကျပ်တိတိထဲပါ။

ကျနော်တို့ရဲ့လုပ်ငန်းကြီး၂ခုက စာစဉ်ရောင်းတဲ့ လုပ်ငန်းပါဘဲ။ တခုက အဝေးသင် ရူပဗေဒ စာစဉ် အမေးအဖြေ နဲ့ သမိုင်းစာစဉ် အမေးအဖြေပါဘဲ။ မြနန္ဒာ ဆိုတဲ့ ရူပဗေဒ ကတော့ ကျနော်ဖေဖေ ဦးစီးဖွင့်လှစ်ထားတာပါ။ အနီးကပ် အချိန်ရောက်မှဘဲ တခြားစာသင်တဲ့ ဆရာတွေကို ခေါ်ပြီးအိမ်မှာဘဲ အနီးကပ်သင်တန်း ဖွင့်ပါတယ်။ ရူပဗေဒ က နံမည်ကြီးစာသင် အကောင်းဆုံးဆရာတွေ သင်တာဆိုတော့ အဲဒီခေတ်စာပေးစာယူ သင်တန်းမှာ ရူပဗေဒ မှာ မြနန္ဒာ က နံမည်ကြီးပါတယ်။ ဒါပေမဲ့ မြနန္ဒလိုဘဲ နံမည်ကြီးတဲ့ တခြား သင်တန်းတွေလည်း ရှိပါသေးတယ်။ အဲဒီဆရာတွေဘဲ သင်တာပါဘဲ။ တချို့ဆရာ တွေဘဲ ကွဲပါတယ်။

စာစဉ် အမေးအဖြေတွေကိုတော့ တခြားဆရာတွေကလည်း စိတ်မဝင်စားတော့ ကျနော်တို့ဘဲ သီးသန့် လုပ်ပါတယ်။ ဒါပေမဲ့ စာစဉ်မေးခွန်း အဖြေတွေကိုတော့ ဝယ်ရတာပေါ့၊ အဲတာကလည်း အိမ်မှာ စာသင်တဲ့ ဆရာတွေကိုဘဲ ဖြေခိုင်းရတာပါ။ ဖြေဆိုခပေးရတာပေါ့။ အစောပိုင်း နှစ်တွေတုန်းကတော့ ဒီလိုပါဘဲ တအားကြီး အောင်မြင်တယ်မဟုတ်ပါဘူး။

နောက်ပိုင်းနှစ်တွေမှာ ကျူရှင်တွေ မဖွင့်ရ၊ စာရွက်စာတန်းတွေ ရောင်းချခွင့် မရှိ ဆိုပြီး သတင်းစာထဲမှာ စာမျက်နှာ အပြည့် ဥပဒေတွေထုတ်ပြီး၊ ထောင်ဒဏ်၊ ငွေဒဏ်တွေနဲ့ ဆိုတော့ လူတွေတော်တော် ကြောက်သွားပြီး ဆက်မလုပ်တဲ့သူတွေ တော်တော်များသွားပါတယ်။

ဒါပေမဲ့ ကျနော်တို့ ကတော့ ဆက်လုပ်ပါတယ်။ ကျနော်နံမည်ခံနဲ့ပေါ့ အဖမ်းခံရရင်လည်း၊ ကျနော်ဘဲ အဖမ်းခံရမှာဘဲ၊ ဒါပေမဲ့ နဲနဲမှ အကြောက်အလန့် မရှိတတ်တဲ့ သူဆိုတော့ နောက်မဆုတ်နဲ့ ကိုကံချွန်ပေါ့၊ ဒါပေမဲ့ ကျနော် ချစ်ချစ်ကြီးကတော့ အင်မတန်ကြောက်တတ်ပါတယ်။ ကျနော်က အဲဒီအချိန်ကထဲက ချစ်ချစ်တွေဘာတွေ ရှိနေပြီနော်၊ အဲဒီတော့ ထောင်ကြရင် ထောင်ဝင်စာ လာမတွေ့ဘူးလို့ ချိန်းချောက် ပါတယ်။ ဒါပေမဲ့ ကျနော်ကတော့ ဆက်လက်လှုတ်ရှားပါတယ်။

ကျနော်တို့မှာ ရွေးစရာမရှိပါဘူး၊ ဒါမလုပ်ရင် တခြားငွေရမဲ့ လုပ်ငန်းလည်း မလုပ်တတ်သေးတော့ ဒါဘဲ ဆက်လုပ်ရပါတယ်။ အဲဒီလုပ်ငန်းရဲ့ လုပ်ငန်းစဉ် လေးတွေပြောပြချင်ပါသေးတယ်။ ပထမဆုံး ဒီအလုပ် လုပ်မယ်ဆိုရင် စာပေးစာယူတက်တဲ့ ကျောင်းသူကျောင်းသား တွေရဲ့ လိပ်စာတွေကို ဝယ်ရပါတယ်။ အဲဒါရုံးမှာ တရားမဝင် ဝယ်ရတာပါ၊ တခုကို ၅၀ ပြားဆို ၅၀ပြား၊ bargain လုပ်ပြီးဝယ်ရတာပေါ့၊

နောက်ပြီး အဲဒီလိပ်စာတွေကို စာအိပ်ပေါ်မှာ ရေးပြီးတော့ ကြော်ငြာထည့်ပြီးတော့ စာတိုက်ကနေပို့ ရပါတယ်၊ ရန်ကုန်ကဆို ငြိမ်း စာစဉ်ဆို နာမည်ကြီးပေါ့၊ မန္တလေး မှာလည်းအများကြီးပါ၊ ဒါပေမဲ့ ဥပဒေထုတ်လိုက်တော့ နဲနဲ နည်းသွားပါတယ်။ အပြိုင်တွေတော့ ရှိပါသေးတယ်။ အဲဒီမှာ ကြော်ငြာ ရေးတာက စပြီးတော့ ကျနော်ရေးရတာပါ၊

အဲဒီနှစ်က ကျနော့်ရဲ့ ကြော်ငြာမှာ အရင်နှစ်တွေက မြနန္ဒာ မှာတက်ခဲ့တဲ့ ကျောင်းသားတွေရဲ့ အောင်စာရင်း ကို ထည့်ပေးလိုက်ပါတယ်၊ ခုံနံပါတ် နံမည် ဂုဏ်ထူးနဲ့ qualify ဖြစ်တဲ့သူ တွေကိုထဲ့ပေး လိုက်တာပါ။  နံမည် အရမ်းကြီးသွားပါတယ်။ ဘယ်သူမှ လိုက်မမှီတော့ပါဘူး။

စာစဉ်တွေ အရမ်းရောင်းရပါတယ်။ အဲဒီခေတ်က စာပေးစာယူ သင်တန်းဟာတော်တော် ကျယ်ပြန့်ပါတယ်၊ ကျနော်တို့ ကြော်ငြာဟာ အထက်ဗမာပြည်အားလုံး အတွက် လုပ်ရပါတယ်။ ကျောင်းသားတွေလည်း တတန်း တတန်း ကို ထောင်နဲ့ ချီပါတယ်။ လူတော်တွေလည်း အများကြီးရှိပါတယ်။ တကယ်ကို ကျောင်းတက်ဖို့ အဆင်မပြေတဲ့  အတွက် စာပေးစာယူတက်ရပေမဲ့ ကျိုးစားချင်စိတ်အပြည့် ရှိတဲ့ သူတွေပေါ့။ ခိုးချတာတွေ ဘာတွေလည်း ကျနော်တော့ မကြားဘူးပါဘူး၊ သာမန် တခြားဒေး တက်တဲ့ သူတွေလိုတော့ နဲနဲပါးပါး ခိုးချင်ခိုးမှာပေါ့ ၊ အခုခေတ်ကြားဘူးသလို ခိုးပြီးမှ အောင်တာတွေတော့ တကယ်မကြားဘူးပါဘူး။

qualify တက်ပြီးတော့ M.Sc တွေဘာတွေရပြီး ဆရာ၊ ဆရာမ တွေလုပ်တဲ့ သူတွေအများကြီးရှိပါတယ်။ တော်ကြပါတယ်။ တော်တာတွေကိုလည်း စိတ်ဝင်စားကြပါတယ်။ ပြောရရင်တော့ မြနန္ဒာ ဟာအများကြီး အောင်မြင်ပါတယ်။ ပိုက်ဆံလည်း တအားရပါတယ်။ ကျနော် ဖေဖေနဲ့ မေမေ ဟာ မြစ်ကြီးနား ကို ပထမတခေါက်ဘဲ ပစ္စည်းတွေပါလာလို့ ရထားနဲ့ သွားရပါတယ်၊ နောက် ၄ နှစ်နေတဲ့ အတွင်းဘယ်တော့ မှ ရထားနဲ့ မသွားရပါဘူး၊ အသွားအပြန် လေယဉ် နဲ့ ဘဲသွားပါတယ်။ မြစ်ကြီးနား မှာမပူမပင်နေရပါတယ်။

နောက်သင်တန်း တခုကတော့ အိမ်မွန် ဆိုတဲ့ သမိုင်းစာစဉ်ရောင်းတဲ့ သင်တန်းပါဘဲ။ အဲဒါက ပထမတော့ ဖေဖေ သူငယ်ချင်းတယောက် ကဖွင့်တာပါ၊ ဒါပေမဲ့ အဲဒီဖေဖေသူငယ်ချင်းက သမိုင်းနဲ့ M.A ပြီးပေမဲ့ တက္ကသိုလ် မှာ ဆရာမလုပ်ပါဘူး။ ဒါပေမဲ့ ရန်ကုန်က ငြိမ်း စာစဉ်တို့ ဘာတို့က ဗမာတပြည်လုံး အတွက်လုပ်တာဆိုတော့ နံမည်အရမ်းကြီးပြီး ငွေအရမ်းရတာကို အားကျပါတယ်။

အဲဒီ ဖေဖေ သူငယ်ချင်းက အဲဒီလိုဘဲ အောင်မြင်အောင်လုပ်မယ် ဆိုပြီး စလုပ်ခဲ့တာပါ။ ဒါပေမဲ့ ဖေဖေ ကလည်း ဝိဇ္ဖာက မဟုတ်တော့ သိပ်နားမလည်တဲ့အတွက် ဖေဖေ ရဲ့ တခြားသူငယ်ချင်းတယောက် (တက္ကသိုလ် က သမိုင်းဆရာပါဘဲ) သူက အကြံပေးပြီးတော့ အိမ်မွန် ဆိုတဲ့ နံမည်ကို ရွေးပေးပါတယ်။ စာစဉ်တွေလည်း ဖြေပေးပါတယ်၊ ဝိဇ္ဖာ ဘာသာရပ်က တခြားဆရာတွေနဲ့လည်း စာစဉ်ဖြေဘို့ မိတ်ဆက်ပေးပါတယ်။ အနီးကပ် တော့ သူကိုယ်တိုင် နဲ့ တခြားဆရာတွေ သင်ပါတယ်။ ကျနော်တို့က ကျနော်တို့ အခန်းသင် တယ်ဆိုရင် အခန်းခ ၂၀% ဘဲရပါတယ်။

ဒါပေမဲ့ လုပ်ငန်းတာဝန်ခံကတော့ ကျနော့် နံမည် နဲ့ ရုံးနဲ့ ဆက်သွယ်ရတဲ့ လုပ်ငန်း မှန်သမျှ ကျနော် လုပ်ရပါတယ်၊ အဆင်မသင့်လို့ အဖမ်းခံရရင်လည်း ကျနော်ဘဲပေါ့ဗျာ။ ဒါပေမဲ့ ဖေဖေသူငယ်ချင်း က စိတ်အလွန်မြန် ပါတယ်။ ရေရှည် လုပ်ရတဲ့ လုပ်ငန်းတွေ ဘာတွေနားမလည်ပါဘူး။ ပထမ ၂ နှစ်လောက် တော့ အရင်းကြေ ရုံတော့ ရတာပေါ့၊ ဒါပေမဲ့ စိတ်မရှည်တော့ ပါဘူး၊ ကျနော်တို့ဘဲ ဆက်လုပ်ခိုင်းပါတယ်။ သူမလုပ်တော့ ပါဘူး။

ကျနော် ဆက်လုပ်ရတာပေါ့၊ နောက်ပိုင်းမှာ နဲနဲ ပိုအောင်မြင်လာပါတယ်။ ဒါပေမဲ့ အမွေခွဲ တဲ့သူတွေလည်း ပေါ်လာပါတယ်။ ခုနက သမိုင်းဆရာကလည်း သူ့နံမည် ပေးထားတဲ့ အလုပ်၊ အခုလည်း ၁၀တန်း စာအုပ်တွေ ကို အိမ်မွန် နံမည်နဲ့ဘဲထုတ်ထားတာဆို့တော့ သူနံမည်နဲ့ သူဘဲပြန်လုပ်ချင် တယ်ပြောပါတယ်။

 ကျနော် ကမပေးချင်ပါဘူး။ ကျနော် နံမည်နဲ့ ၄ နှစ်လောက်ကျိုးစားထားရတဲ့ လုပ်ငန်းဆိုတော့ တကယ်မပေးချင်ပါဘူး။ ဒါပေမဲ့ ဖေဖေ ဆုံးဖြတ်ချက် အရ ပေးလိုက်ရပါတယ်။ ကျနော်လည်း ဆက်လုပ်ချင်ရင် အိမ်မွန်ရှေ့မှာ ရွှေ တလုံးထည့် ပြီး ဆက်လုပ်ခွင့် ပေးပါတယ်။ ရွှေအိမ်မွန် ဆိုတဲ့ နံမည်နဲ့ ဘဲ ကျနော် လုပ်ငန်းဆက်လုပ်ခဲ့ပါတယ်။ ၈၈ အရေးအခင်း ကျောင်းတွေပိတ်သွားတဲ့ အချိန်ထိပေါ့။

ကျနော်ပြောတာက နံမည်ကောင်းဆိုတာ တအားအရေးကြီးပါတယ်။ နံမည်ကောင်း တခုမွေးဖွားရတာ တော်တော်ခက်ပါတယ်။ အဲဒီ နံမည် ကို မပျက်စီးသွားအောင် ထိမ်းသိမ်းရတာလည်း ပိုပြီးတော့ ခက်ခဲ ပါတယ်။

ကျနော်တို့ လုပ်ငန်းတွေ အောင်မြင် လာခဲ့တာဟာ လူတွေကို အဆင်ပြေအောင် လုပ်ပေးခဲ့တာက စခဲ့တာပါ။ အဲဒီခေတ်က ပ+ဒု နှစ်ဝက် စာစဉ်အမေးအဖြေအားလုံးမှ ၉၀ ကျပ်ပါဘဲ၊ နောက်မှ ၁၃၀ ကျပ်တက်သွားတာပါ။ စာပေးစာယူလုပ်ရတာဆိုတော့ သူတို့သိချင်တာကို သူတို့လိုအပ်တာကို သေချာ လုပ်ပေးရပါတယ်။ အဲဒီမှာ ယုံကြည်မှု့ တည်ဆောက်ရတော့တာပါဘဲ။

သူတို့စာစဉ်တွေ မရောက်ဘူးဆိုရင် ပြန်ပို့ပေးတာတွေ၊ ဘယ်နေ့က ပို့လိုက်ပါပြီ အခုလောက်ဆိုရင် ရောက်တော့ မှာပါတို့၊ စာသေချာပြန်ပေးရပါတယ်။ အကုန်လုံးကို လေးလေးစားစားဖြေပြီး စာပြန်ပေး ရတာပါ။ အဲဒီမှာ ပိုပြီးတော့ လူတွေရဲ့ယုံကြည်မှု့ ကို ပိုရပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် ချင်းပြည်နယ်က ချင်းလူမျိုးတွေက ဆက်ဆံရတာတော်တော်ခက်ပါတယ်။ စာစဉ်ဝယ်ဘို့ကိစ္စကို စာ၂စောင်၊ ၃စောင်လောက် အပြန်အလှန်ရေးပြီးမှ ဝယ်ပါတယ်။ ဆက်ဆံရတာ ခက်ပါတယ်။ နောက်ပိုင်း သိတော့လည်း အားလုံးဒီမှာဘဲ အစဉ်အဆက်အားပေးကြပါတယ်။

ကဲ  ငွေ ၃၀၀ နဲ့ ကျနော်တို့ဇာတ်လမ်းလေး ပြန်စလိုက်ရအောင်။ ကျနော် ငွေ၃၀၀ နဲစာအိပ်တွေဝယ် လိပ်စာတွေရေးပြီး စာတိုက်ကနေပို့ရပါတယ်။ လိပ်စာတွေရေးတဲ့ အချိန်မှာ ရပ်ကွက်ထဲက ၈တန်း ၉တန်း ကလေးတွေကိုခိုင်းရပါတယ်။ ၅ ယောက်လောက် ၁၅ ရက်လောက် ရေးခိုင်းရပါတယ်၊ လိပ်စာရေးခ ပေးရပါတယ်။ လိပ်စာတွေ ရေးထားပြီး ဖြေးဖြေးချင်း ပို့ပေးနေရပါတယ်။ စာတိုက် တွေလှည့်ပြီး ထည့်ရပါတယ်၊ ကြော်ငြာတွေမှန်း သိရင်ဂရုမစိုက်မှာ စိုးရိမ်လို့ပါ။

နောက်ပြီး စာစဉ်မေးခွန်းတွေကို ရုံးကနေ ဝယ်ရပါတယ်။ ပိုက်ဆံတော့ သိပ်မပေးရပါဘူး။ နောက်ပြီး အဲဒီမေးခွန်းတွေကို စာစဉ်ဖြေပေးမဲ့ ဆရာတွေစီလိုက်ဝေပေးရပါတယ်။ သူတို့  က ပြန်ဖြေပေးတဲ့ အချိန်မှ ကျနော်က ပိုက်ဆံပေးရပါတယ်။

အဲဒီမှာ ကျနော်မပေးနိုင်တော့ ပါဘူး၊ အဲဒီတော့ နောက် စာစဉ်ရောင်းပြီးတဲ့ အချိန်ကြမှ ပိုက်ဆံ ပေးမယ်ပေါ့။ အဲဒီမှာ ဖေဖေ သူငယ်ချင်းတွေနဲ့ မိတ်ဆွေတွေဆိုတော့ တချို့ အတော်များများ အဆင်ပြေပါတယ်။ ဒါပေမဲ့ တချို့ ရဲ့စိတ်သဘောထား တွေလည်းအဲဒီအချိန်မှာ ပေါ်လာပါတယ်။ စာမူပြီးပေမဲ့ မပေးလိုက်ဘဲ ပိုက်ဆံ ကိုအရင်တောင်းပါတယ်။ ကျနော်လည်း တခါတလေ အိမ်နီး တဲ့နေရာနဲ့ သိပ်ရင်းတဲ့ ဆရာတွေအိမ်ကို မောင်အလတ်ကို လွှတ်ရပါတယ်။ သူက အဲဒီတုန်းက ၈ တန်းထင်ပါတယ်။ တနေ့ တော့ မောင်လေးက ငိုမဲ့မဲ့ နဲ့ပြန်လာပါတယ်။ 

စာမူတော့ ရေးပြီးသွားပြီ၊ ပိုက်ဆံယူခဲ့ရင် ပေးမယ်လို့ပြောပါတယ် တဲ့။ ကျနော်လည်း ပြာသွားတာပေါ့၊ အဲဒီတုန်းက ပိုက်ဆံက ၁၅၀ ထင်တယ် (ပ နှစ်ဝက်အတွက် စာစဉ်ဖြေခပေါ့)၊ အဲဒီ ၁၅၀ ကို ကျနော်မှာ မရှိပါဘူး။ အဲဒါနဲ့ ပိုက်ဆံချေးပြီး စာမူသွားယူရပါတယ်။ နောက်ပြီး အဲဒီခေတ်က စာမူတွေကို ဖယောင်းရေးပြီး (wax ဖောက်)လှိမ့် ရပါတယ်။ စာလှိမ်တဲ့ စီကတော့ခင်နေတော့ နောက်မှ ရှင်းပေးလို့ရပါတယ်။

 ဒါပေမဲ့ စက္ကူတွေ ဘာတွေကြခက်သွားပါပြီ။ အဲဒီမှာ ကျနော့် ချစ်ချစ်ကြီးက သူ့မိတ်ဆွေ စက္ကူစက်ကနေ အကြွေးယူပေးရပါတယ်။ ခုနက ပိုက်ဆံလိုတာမျိုးတွေလည်း သူကဘဲ ရှာပေးရပါတယ်။ အကြွေး ပတ်ပတ်လည် နဲ့ ကျနော်နဲ့ပေါ့။ နောက်ပြီး စာမူတွေ proof ဖတ်ရတယ်။ ပြီးတော့ လိပ်စာတွေ ရေးထားတဲ့ စာအိပ်တွေက စပြီးတော့ ပြန်စစ်ရပါတယ်။ အားလုံး ပြသ၁နာ တွေရှင်းရပါတယ်။

ကျနော်အောက်က ညီမ တယောက်ကတော့ အဲဒိအချိန်မှာ ကျနော်နဲ့ အသက်သိပ်မကွာပါဘူး၊ အလုပ်တွေကူလုပ်မယ်ဆိုရင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီညီမက ကလေးတော်တော်ဆန်ပါတယ်၊ စိတ်ပူတတ် တာကလွဲလို့ အရမ်း အားမကိုးရပါဘူး။ ညီမ အကြောင်းကို တခုလောက်ပြောပြပါမယ်။

ကျနော် စာအိပ်တွေပေါ်ကို လိပ်စာရေးခိုင်းတော့ ပိုက်ဆံပေးတာဆိုတော့ သူက ရေးချင်ပါတယ်။ ကျနော်လည်းရေးပေါ့၊သူများတွေလို ပေးမယ်ပေါ့၊ သူက တရက်ထဲနဲ့ အများကြီးပြီးပါတယ်။ အားလုံးပြီးတော့ ကျနော် က စာအိပ်နဲ့ တိုက်စစ်မယ် လုပ်တော့ မစစ်ချင်တော့ပါဘူး။ သူရေးတာ မှန်တယ်ပေါ့။ ကျနော် ကလည်း အားလုံးဘယ်သူရေးရေး၊ ဘယ်လောက်မှန်မှန်စစ်ပြီးမှ စာတိုက်က ထည့်ရတယ်၊ စစ်ရမယ်ဆိုတော့  မစစ်ချင်ဘူး နောက်လည်းမရေးတော့ ဘူးလိုပြောပါတယ်။ ရေးရတာ အီသွားမှာပေါ့ သူများထက် ၃ဆ လောက်ပြီးတာကိုး။ နောက်ပြီး ပြန်စစ်တဲ့ အထိလည်းတာဝန် မယူဘူး၊ အဲလို ကလေးဆန်သော ညီမနဲ့ နေခဲ့ရပါတယ်။

သူ့အောက်က မောင်အကြီးကလည်း အိမ်ကိစ္စတွေ တခုမှခိုင်းလို့ မရပါဘူး။ ဘာတွေလုပ်နေမှန်းလည်း မသိဘူး၊ သူ့အတွက်မုံဘိုးမှန်မှန် ပေးရတာဘဲ မှတ်မိတော့တယ်၊ ကျန်တဲ့ မိသားစုကိစ္စလုံး၀ မကူညီခဲ့ပါဘူး။ သူအောက်က မောင်အလတ်ကတော့ လိမ္မာပါတယ်၊ အမခိုင်းတာအကုန်လုပ်ပေးပါတယ်။ နောက်ပြီး သူ့သူငယ်ချင်း အိမ်နီးချင်း ကလေးတယောက် ကလည်း ကျနော်တို့ဒုက္ခတွေကို ဝေမျှခံစားပေးပါတယ်။

 အဲဒီအောက်က ညီမ အငယ်ဆုံးကတော့ လုပ်ချင်ကိုင်ချင်တဲ့စိတ်လည်းရှိပါတယ်၊ လိမ်လည်းလိမ်မာပါတယ်၊ ဒါပေမဲ့ ငယ်သေးတော့ သိပ်ခိုင်းလို့ မရပါဘူး။ ကျနော့် ရဲ့ လုပ်ငန်းက အင်မတန်အလုပ်ရှုတ်ပါတယ်။ စာဖတ်ရတယ်၊ စာပြန်ရတယ်၊ ငွေထုတ်ရတယ်၊  ဆရာတွေ စာစဉ်အချိန်မှီ ဖြေပြီးအောင် ဆရာတွေနဲ့ တွေ့မဲ့ အချိန်သွားပြီးတော့ လောဆော်ရပါတယ်။ဖရောင်း ရေးပြီးသားတွေကို proof ဖတ်ရတယ်၊  စာစဉ်ပို့ရက် နီးနေရင် စာအုပ်ချုပ်တာက စပြီးတော့ ပုံနှိုပ်တိုက်မှာ မိုးအလင်းနေပြီးတော့ ကိုယ်တိုင် စာဖောင်စီပြီးတော့ ချုပ်ရပါတယ်။ ပြီးရင်စာတိုက်ကနေ ပို့ပေးရပါတယ်။

အဲဒီလို ညရေးညတာကိစ္စတွေမှာ မောင်အလတ် ၈တန်းကျောင်းသားလေးနဲ့ သူ့သူငယ်ချင်းနဲ့ ဝိုင်းလုပ်ပေး ကြပါတယ်။ ကျနော်ရဲ့ ဂတ်ဂတ်ကြီးကလည်း အတူတူပါတာပေါ့ဗျာ။

ဒုတိယပိုင်း ဆက်ရေးပါမည်။
>>>ဆက္ဖတ္ရန္>>> >>