အဲဒီလိုနဲ့ညောင်ဦး ကို ရောက်သွားရော ဆိုပါတော့ဗျာ၊ ညောင်ဦးက ကျနော်တို့အဖွားလေး ရဲ့ ယောက်ကျား အသက် ၈၇ နှစ်ရှိတဲ့ အဖိုးလေး ကို ကန်တော့ပြီး လမ်းမကြီးဘေးမှာ ရှိတဲ့ မြန်မာထမင်းဆိုင် တဆိုင်မှာ ဝင်စားခဲ့ပါတယ်။
ဟင်းလက်ရာလေး ကတော်တော်ကောင်းပါတယ်။ ပုန်းရေကြီးသုပ်၊ ငံပြာရည်ချက၊် အတို့အမြှုတ် ကလည်း တော်တော်စုံပါတယ်။ အကောင်းဆုံး ကတော့ဗျာ သခွားသီး စိမ်း နုနုထွတ်ထွတ်လေး တွေပါဘဲ။
နောက်ပြီး ဘူးရွက်ဟင်းရည် ကလည်း ပူပူလေး ဗျာ ဘူးရွက်လေး တွေကလည်း ကျနော်တို့ စားမှ ခတ်လာ ပုံ ရပါတယ်၊ စိမ်းစိမ်းလေး နဲ့ လတ်လတ်ဆတ်ဆတ် ဆိုတော့ တော်တော်ချိုပါတယ်။ ကြက်သား ကြော် ကလည်း ကောင်းပါတယ်။ ကျနော် တို့ အညာ ဟင်းချက်တွေမှာ ဟင်းချိုမှုံ သိပ် မသုံးတာ တွေ့လို့ ဝမ်းသာ မိပါသေးတယ်။
မန္တလေး မြို့ပေါ်က ဆိုင်ကြီးတွေတောင် ဟင်းချိုမှုံ အသုံးမလျှော့ ကြ လို့တော်တော် စိတ်ပျက်မိတယ်။ အခုတော့ အညာ မှာ စားသမျှ ဟင်းတွေမှာ ဟင်းချိုမှုံ သိပ်မသုံးတာတွေ့ရပါတယ်။
ပုဂံကို ဆက်သွားခဲ့ပါတယ်။ ပုဂံ ဘုရားတွေကတော့ ထုံးစံအတိုင်း ပေါ့ဗျာ။ သူ့အတိုင်း သူပါဘဲ။ ကျွဲပါး စောင်းတီး သလိုဖြစ်နေတဲ့ ကျနော်တယောက်သာ ပုဂံဘုရားတွေရဲ့ အံမခန်း အနုပညာ လက်ရာတွေကို မခံစားနိုင်ဘဲ နေပူပူမှာ ခပ်ငူငူနဲ့ ဘုရားတွေအပြင်မှာ ထိုင်ကျန်ရစ် ပါတယ်။ ကျနော်လည်း ပထမအခေါက် တွေ ကတည်းက ကျိုးစားပြီး အနုပညာ လက်ရာတွေကို ခံစားကြည့်ပါသေးတယ်။
အနုပညာ ပါရမီ မပါတဲ့ ကျနော် မျက်စိထဲမှာ တော့ အားလုံးဟာ အတူတူကြီးဘဲဆိုတော့ ထူးခြားပြီး မခံစားမိတတ် ပါဘူးဗျာ။ နောက်အခေါက်တွေမှာတော့ ဘုရားရှေ့မှာ ရှိတဲ့ ခြင်္သေ့ကြီး၂ ကောင်နဲ့ ကျနော်နဲ့ တငုတ်တုတ်တုတ် ပေါ့ဗျာ။
ကြုံတုန်း ကျနော့် ရဲ့ ပန်းချီအနုပညာ ကို ခံစားတတ်ပုံလေး တခုပြောလိုက်ရအုန်းမယ်။ မန္တလေး ထန်းရိပ်ညို မှာ ပြတဲ့ ပန်းချီပြပွဲတခု ကို ကျနော်ရယ် ကျနော့်ချစ်ချစ်ကြီးရယ် သွားမိကြတယ်ဗျာ။ ကျနော် ကပန်းချီ ပြပွဲ တွေ ဘာတွေဆို သွားလေ့မရှိပါဘူး၊ ဒါပေမဲ့ ဒီတခါတော့ မသွားမဖြစ်လို့ သွားရတာပါ၊ ကျနော်ရဲ့ ပန်းချီ အနုပညာ ခံစားနိုင်မှု့ အင်အားက တော်တော်နဲတယ် ဆိုတော့ ကိုယ့်အကြောင်း ကိုယ်သိတော့ အားနာလို့ပါ။
ပန်းချီ ကားတွေတော်တော်များများ တွေ့ပါတယ်။ ကျနော်ကတော့ ဟိုကြည့်ဒီကြည့် လုပ်လိုက်၊ တပြုံးပြုံးနဲ့ ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်ပေါ့၊ သိတယ် မဟုတ်လား၊ အဲဒီအတိုင်း ဘဲလေ။ တပုံထဲဘဲဗျာ၊ တခါတလေ သိသလိုလို၊ နားလည်သလိုလို၊ ခံစားမှု့ တွေသိပ်ပို လာတဲ့ ပုံနဲ့ အနီးက ကြည့်လိုက်၊ အဝေးကကြည့်လိုက်နဲ့ ဟား..ဟား။
အမှန်တော့ ဗျာ ပန်းချီကားလေး တချပ်လောက်ဝယ်ရမယ်ဆိုရင် ဆိုပြီး ရွေးချယ်နေတာလေ၊ size ကလည်း ကြီး ရအုန်းမယ်။ ပါတဲ့ အရုပ်ကလေးတွေက လည်း လှရအုန်းမယ်၊ ဈေးကလည်း ချိုရအုန်းမယ် ဆိုပြီး ဈေးတွက် တွက်နေတာလေ၊ ဟဲ..ဟဲ အနုပညာကို ငွေကြေးနဲ့ တိုင်းတာနေတဲ့ ကျွဲပါး စောင်းတီး ကြီးပါ။
ကျနော့် ချစ်ချစ်ကြီး ကလည်း ကျနော့် အတိုင်းဘဲဗျာ၊ တပြုံးပြုံးနဲ့ ဘေးကနေလိုက်ကြည့်နေတာ၊ ခဏနေတော့ မအောင့်နိုင်တော့ဘူးနဲ့ တူပါတယ်ဗျာ၊ တိုးတိုးလေး ၂ကိုယ်ကြားလာပြောတယ်ဗျာ၊ ဟေ့.. ဟေ့ တဲ့ မင်းထမင်းငတ်မှာ တော့မပူနဲ့ ငါ လည်း ဒီလိုပန်းချီကား မျိုးတော့ ဆွဲ တတ်တယ်ကွတဲ့၊ ကျနော် လည်း သူဆွဲတတ် တယ် ဆိုတဲ့ ပန်းချီကားတွေကို အားရှိပါးရှိ ကြည့်လိုက်တာပေါ့ဗျာ။
ဟဲ..ဟဲ ငါလည်း ဆွဲတတ်တယ်လို့၊ ကျနော်တို့ ၂ယောက်ဆွဲတတ်တဲ့ ပန်းချီကား က (Abstract) စိတ္တဇ ပန်းချီ လို့ခေါ်လား၊ Model လို့ခေါ်လားတော့ မသိပါဘူးဗျာ၊ အဲဒီဆွဲနည်းနဲ့ ဆွဲထားတဲ့ ပန်းချီ ကားချပ်တွေ ပါဘဲဗျာ၊ အောက်ခံအားလုံးကို အမဲရောင်ချယ်ထားတယ်ဗျာ။ အဲဒီ အပေါ်မှာ အဖြူရောင် တစက်၊ နောက်တကား ကတော့ အဖြူ ရောင် ကင်းဘတ်စ ပေါ်မှာ အရောင်တွေကို စုံနေအောင်ချစ်ထားတယ်ဗျာ၊ အရောင်စုံ ဆိုလို့ သက်တန့် လောက်သာ မြင်ဘူးတဲ့ ကျနော် ကတော့ တအံတသြနဲ့ ခေါင်းတငြိမ့်ငြိမ့် ပေါ့ဗျာ၊ ငါ သာဆွဲရင် ဒါထက်အရောင်ပိုစုံအောင် ထည့်မယ်လို့ ဟဲ..ဟဲ။
(ချစ်သော ပန်းချီဆရာများစိတ်မဆိုးပါနဲ့ ခင်ဗျား၊ Just a joke ပါ)
ဒီလိုနဲ့ ပုဂံ ဘုရားတွေ ရှေ့ ခြင်္သေ ကြီးတွေရဲ့ ဘေးနားကနေ ကျနော် ငုတ်တုတ်၊ ငုတ်တုတ် နဲ့ ဖူးမျှော် ခံစားခဲ့ပါကြောင်း။ ညဘက်မှာတော့ ကျနော်တို့ Golden Express Hotel မှာ တည်းခဲ့တယ်ဗျာ။ တည်းခိုဘူးတဲ့ အထဲမှာ တော့ အတန်ဆုံးပါဘဲ၊ ရေကူး ကန်ကြီးရှိတာလည်း တွေ့ခဲ့ပါကြောင်းနဲ့ မနက်စာ ကိုလည်း ဘူဖေးအဝကြွေး ပါကြောင်း ပြောရင်း ပုဂံ ခရီးစဉ်ကို အဆုံးသတ် လိုက်ပရစေတော့ဗျာ။
(ခရီးစဉ် အားလုံးကတော့ မပြီးဆုံးသေးပါ၊ ဇက်ကြီးကူးပြီး ပခုက္ကူ ကတဆင့် ကျနော်တို့ ပြန်ခဲ့ကြပါတယ်။ အပြန်ခရီး စဉ် တတိယပိုင်း ကိုဆက်ရေးချင်ပါသေးတယ်၊ ကျေးဇူးတင်ပါတယ်ဗျာ)
1 comment:
ဟားဟား အော် တွေ့တိုင်းပန်းချီအကြောင်းတွေကို
ပြင်းပြင်းထန်ထန် ခံယူငြင်းခုံတတ်တဲ့ သူငယ်ချင်းများကို သတိရသွားတယ်
Post a Comment