ခရီးလေး တခါထွက်မိပါတယ်။ လွမ်းမော လို့ကို မပြီးနိုင် တော့ဘူးဗျာ၊ အိမ်မက်လှလှလေး က တော်တော် နဲ့ မနိုးထချင်အောင် ဖြစ်နေတယ်။
ဒီတခေါက် ကျနော်တို့ အညာဘက်ကို ခရီးထွက်ဖြစ်တယ်၊ အညာသူဆိုတော့ ဗျာ အညာဘက် တော့ တော်တော် ရောက်ဘူးပါတယ်။ ဒါပေမဲ့ ညီမလုပ်တဲ့ သူက ပုပ္ပါးတဲ့ ပုဂံ တဲ့၊ ကျနော်ကတော့ လာပြန်ပြီ ဟဲ့ ပုဂံလို့၊ ပုဂံ ချစ်သူတွေကတော့ စိတ်ဆိုးကြမလား မသိဘူးဗျာ။
ကျနော်မှာ အနုပညာကို ခံစားတတ်တဲ့ ဓါတ်ခံတော်တော် နည်းပါးနေတယ်၊ အဲဒါတွေ အပြင် မျိုးချစ်စိတ်လည်း တော်တော် ခေါင်းပါးနေတယ်ဗျာ (သတင်းစာ များများဖတ်အုန်း မှပါ..ဟဲ..ဟဲ)၊ ပုဂံ ဘုရားတွေကို ဖူးရတိုင်း ငါတို့ အနုပညာ ဟာအံမခန်း ပါလား၊ ဒို့ ဘုရင်တွေ တယ်တော်ပါလား လို့ မခံစားရဘဲ၊ အမယ်လေး ဒီဘုရားကြီး ပြီးဆုံးဘို့ အုပ်ချပ်တွေ ဘယ်လောက် ကုန်မလည်း၊ သစ်ပင်တွေ ဘယ်လောက်များများ ခုတ်ပစ်ရမလည်း၊ ပုဂံ ပြည်သူတွေ ရဲ့ချွေးတွေ သွေးတွေ ဘယ်လောက်များများ ကုန်ခန်းသွားကြသလည်း ဆိုတာတွေဘဲ အတွေးထဲ ဝင်ပြီး၊ ဟဲ ဟဲ ပြောရရင် မခံစားနိုင် အောင် ကို ခံစားနေမိတယ်ဗျာ၊ ကျနော်က တခါတလေ အဲဒီလိုဘဲ ကိုယ်ချင်းသိပ် စာတတ် နေပါတယ်။
ကျနော်တို့ လူမျိုးက မျိုးရိုးစဉ်ဆက် ကို တော်ခဲ့ကြတာပါ၊ လမ်းတွေဖောက်၊ တံတားတွေဆောက်၊ အဲ ယောင်လို့ ဘုရားတွေတည်၊ ဘုရားတွေတည် ဆိုတဲ့ နေရာမှာ၊ ဘုရားတွေမှာ ဌာပနာ ထားတဲ့ ကျောက်သံပတ္တမြားတွေကလည်း အဲဒီ ဘုရားကြီး တည်ဆောက်ခဲ့တဲ့ ကုန်ကျစရိတ်ထက် အဆပေါင်း မြောက်များစွာ ပိုမယ် ထင်ပါတယ်။ သိပ်ချမ်းသာ ကြတဲ့ မြန်မာလူမျိုး တွေပါဘဲဗျာ။ အားကြလိုက်ပါဘိ ဟဲ..ဟဲ..။
ကျနော်တို့ ခရီးစဉ်လေး ကို ပြန်စလိုက်မယ်နော်။ မန္တလေး ကနေ ကျနော်တို့ နေ့လည် ၂ နာရီလောက် ထွက်ခဲ့ ကြတယ်ဗျာ။ မြင်းခြံ၊ တောင်သာ ဘက်က ဖြတ်ပြီး ပုပ္ပါး ကို အရင်ဝင် ညကြ တည်းခိုခန်းမှာ အိပ်ပေါ့၊ အဲဒီလို အေးအေးဆေးဆေး ထွက်ခဲ့ကြပါတယ်၊ လမ်းခရီး တလျှောက် မှာ တော့ တန်ဆောင်းမုန်း လပြည်နေ့ မတိုင်ခင် တရက်မှာ သွားတာဆိုတော့ ဘုန်းကြီးကျောင်းသွား၊ ကထိန်လှည့် နေကြတဲ့ မြန်မာ ဓလေ့ထုံးစံ လေးတွေကို ရွာစဉ် အလိုက်တွေ့ခဲ့တယ်ဗျာ၊ တခါတလေ တော့ ကမ္ဘာကြီး ပြားတာ ဟုတ်မှဟုတ်ရဲ့လား၊ ငါတို့ မြန်မာ ပြည်တခုထဲဘဲ ကမ္ဘာကြီးများ လုံးနေသလား ဆိုပြီး ခံစားမိရ ပြန်တယ်ဗျာ ။
ညီမ ကတော့ camera တဖြတ်ဖြတ်နဲ့ပေါ့၊ ကျနော် ကတော့ မျက်မှန် သမားဆိုတော့ ဓါတ်ပုံ ရိုက်ရတာ လည်း အဆင်မပြေတော့ ၊ စကားနိုင် လုပြောရတာပေါ့ ဒို့ရဲ့ စိတ် camera နဲ့ရိုက်တဲ့ ပုံတွေက ပိုကောင်းတယ်လို့၊ ပြီးမှ ကျနော်ကြိုက်တဲ့ ပုံတွေ တွေ့ရင် ခင်ဗျားတို့အတွက် တင်ပေးပါမယ်ဗျာ ဟဲ..ဟဲ။
အသွားခရီးစဉ် တလျှောက်ကတော့ ထွေထွေထူးထူးပြောစရာ မရှိပါဘူး။ နေ့လည်ဘက် စထွက်ခဲ့တာ ဆိုတော့ အချိန်ကြာလေ နေအေးအေး လေအေးအေး နဲ့ စိတ်လည်းဘဲ အေးအေး ဆိုတော့ သီချင်း တအေးအေး နဲ့ တော်တော် လွတ်လပ်ပျော်ရွှင်မိပါတယ်။ ပုပ္ပါးကို ည ၈နာရီလောက်မှာ ရောက်သွား ပါတယ်။ မန္တလေး အင်း မှာတည်းခိုပါတယ်ဗျာ။
မနက်မိုးလင်းတာနဲ့ တည်းခိုတဲ့ အနားလေးမှာ ရှိတဲ့ စားသောက်ဆိုင်လေး တခုမှာဘဲ ထမင်းဆီဆမ်း၊ ကြက်ဥကြော်နဲ့ မနက်စာပြီးလိုက်ရပါတယ်၊ အားလုံးကတော့ သာမန်ပါဘဲ၊ ဘာမှ ထူးခြား အရသာ ရှိတဲ့ အစားအသောက် မစားခဲ့ ရပါဘူး၊ သြ မေ့တော့ မလို ညစာ တုန်း ကတော့ ထူးထူးခြားခြား သုပ်ထားတဲ့ ကျောက်ပွင့် အဖြူသုပ်လေး စားခဲ့ရတယ်ဗျာ၊ ပဲမှုန့်တွေထည့်သုပ် ထားတဲ့ အသုပ်ကလေးပါဘဲ၊ ဒီလောက်ကောင်း တဲ့ ကျောက်ပွင့် တွေကို ဒီလောက် မကောင်းအောင် သုပ်တတ်လွန်းလို့ စားရင်း၊ စားရင်းနဲ့ ဆုပေးချင် စိတ်တွေ ဖြစ်လာတယ်ဗျာ ဟား..ဟား။
ပုပ္ပါး တောင်တက် တဲ့ အချိန်မှာတော့ တော်တော် မောတယ်ဗျာ၊ ဒါပေမဲ့လည်း ချစ်စရာ၊ သနားစရာ မျောက်ကလေးတွေကို တွေ့တော့လည်း အမောပြေသွားပါတယ်။ (အမျိုးတွေနဲ့ တွေ့တော့လည်း ဒီလိုဘဲနော်)။ ပုပ္ပါးတောင်က အဆင်းမှာတော့တည်းခိုခန်း ခဏဝင်ပြီး တခါထဲ ညောင်ဦး တန်း ဆင်းခဲ့ ကြပါတယ်။ ပုပ္ပါးနဲ့ ညောင်ဦးကြားမှာ ထူးထူးခြားခြား ပြောစရာ တခုကတော့ ကလေးတွေပါဘဲဗျာ။ အရွယ် မတိမ်းမယိမ်း လေးတွေ သိပ်များလွန်းတာဘဲ၊ ကျနော် ဖတ်ဘူးတဲ့ ဆရာဝန်မ အပျိုလေးများ သားဆက် ခြားရေး ပညာပေးလုပ်လာ ခဲ့တဲ့ ရွာလေး တွေလားမသိပါဘူး။
ပြောချင်လွန်းလို့ ပြန်ပြောပါအုန်းမယ်၊ သရုပ်ပြ ဟောပြောပွဲမှာ ဆရာဝန်မ အပျိုလေး ကရှက်ပြီး ဒီလို ဟောပြော သရုပ်ပြ ခဲ့ တယ်တဲ့ဗျ၊ ရှင်တို့ ကလေးမရအောင် တားစီးချင် တယ်ဆိုရင် ရှင်တို့ လင်မယား တွေ ညအိပ်တဲ့အခါ ဟိုဟာ ဟိုဟာ လုပ်ရင်လေ လက်ညှိုးလေး ထောင်ပြီး၊ ကွန်ဒုံး လေးကို လက်ညှိုးလေးမှာ စွပ်ပြီး ဒီလို ဒီလို လေးစွပ်ပြီး မှ အဲဒါ အဲဒါ လုပ်ကြပါဆိုပြီး ပညာပေး လက်တွေ့ ဟောပြောသွားတယ်လေ။ နောက်နှစ်ကြ အဲဒီ ရွာတွေမှာ စစ်တမ်း ပြန်ကောက်တော့ ကလေးမွေးတဲ့ ဦးရေက ဟောပြောပွဲ မလုပ်ခင်ကထက် ၂ဆလောက်တောင် ပိုများနေသတဲ့။
ဆရာဝန်မလေးလည်း စိတ်ညစ်ညစ်နဲ့ မအောင်မြင်တဲ့ သူ့ဟောပြောပွဲ အကြောင်းကို မေးမြန်း စုံစမ်းတော့မှ၊ သူတို့ က ဟိုဟာ ဟိုဟာ လုပ်ရင်လေ သူတို့ လက်ညှိုးလေးမှာ တကယ် တကယ် ကိုဘဲ ကွန်ဒုံးလေး စွပ်ပြီးတော့ စိတ်ချလက်ချ အဲဒါ အဲဒါ လုပ်ကြပါသတဲ့ ဟား..ဟား။ ကျနော်တို့ အညာသား တွေ က ဒီလို ဒီလိုရိုးတယ် ဆိုတာ ကျနော်တော့ တကယ် တကယ် ကိုဘဲ ယုံတယ်ဗျာ။
နောက်ပြီးတော့ ထန်းတောတွေနဲ့ ထန်းရေဆိုင်လေး တွေပါဘဲ၊ ကျနော်တို့ အညာထန်းရေ ဆိုတာ ဘယ်နိုင်ငံက ဘယ်ဘီယာ မှ လိုက်မမှီအောင် ကောင်းတယ်ဗျာ။ ခင်ဗျားတို့ သောက်ဖူးရင်တော့ သိကြမှာပါ။ ဒါပေမဲ့ ကျနော်က ညောင်ဦးမှာ အမျိုးတွေနဲ့ တွေ့ဆုံခန်း လုပ်ရဦးမှာ ဆိုတော့ မသောက်ခဲ့ လိုက်ရဘူးဗျာ၊ အပြန်ခရီးမှာ တော့ တဝကြီးသောက်ခဲ့ ရပါတယ်။
ဘယ်လို ဘယ်လို ကောင်းတယ် ဆိုတာ ကျနော် ဒုတိယပိုင်း မှာ ဆက်လက်ဖော်ပြပါမယ်။ မျှော်ပါ...။
2 comments:
မျှော်နေပါတယ်
ပုဂံဘုရား တွေ နဲ့  ပတ်သက်ပြီး ပေါ်တဲ့ အတွေးက တူလိုက်တာ ကျွန်တော့် အဖေ နဲ့ ။
Post a Comment