Thursday, November 12, 2009

ခရီးသွားမှတ်တမ်း တတိယပိုင်း

၃ ရက်ခရီးလေး ထွက်လိုက်ပါတယ်.. မပြီးဆုံးနိုင်အောင်ကို ရေးနေတော့တာဘဲနော်..ဟဲ..ဟဲ၊ တောင်းပန် ပါတယ်ဗျာ..၊ ဒါနောက်ဆုံးပါ။

ကျနော် က ညောင်ဦးကနေ ပခုက္ကူဘက်သွားချင်လို့ ဇက်နဲ့မြစ် ကိုကူးပြီး သွားမယ်လို့ ဆုံးဖြတ် လိုက်ပါတယ်။ ပခုက္ကူ က အဖွား ၂ယောက် နဲ့ မိဘ၂ပါးရဲ့ ဇာတိမြေ ကိုး၊ နောက်ပြီး ကျနော်ရဲ့ ညီမအငယ်ဆုံးကလည်း အိမ်ထောင် ကျပြီး ပခုက္ကူသူ ဖြစ်နေတာဆိုတော့ သွားရတော့တာပေါ့၊ နောက်ပြီး ကျနော်တို့ရဲ့ ဆွေမျိုး ဘကြီး ဘုန်းကြီး လည်း ရှိနေတာကိုး။

ညီမက မနက်စာ သူ့အိမ်မှာစားမှာလား၊ ဘုန်းကြီးကျောင်းမှာ စားမှာလားတဲ့၊ ဘာဟင်းစားမှာလည်းတဲ့၊ သူ့အမကြီး အစားပုပ်တာ သိတာကိုး၊ ဘုန်းကြီးကျောင်းမှာဘဲ စားတော့မယ်လို့၊ ဟုတ်တယ်လေ သူ့အိမ်မှာ စားရင် အလွန်ဆုံး သုံးလေးခွက် အပြင် ဘယ်ပို မှာလည်း၊ ကျနော်ကလည်း (အားကျလွန်းလို့) နရသီဟပတေ့ မင်း လုပ်ကြည့်ချင်တာလေ၊ တရုပ်ပြေးမင်း လားတော့မသိဘူး၊ ဟင်းခွက် ၃၀၀ နဲ့ စားတာလေ။ ဟဲ..ဟဲ၊

 ဘုန်းကြီးကျောင်း သွားပြီးတော့ စားမှ ဟင်းခွက်တွေ အများကြီးနဲ့စားရမှာကိုး၊ ကပ်ပ္ပိယ သွားလုပ် မယ်လေ ပျော်စရာကြီးပါ။ ထင်ထားတဲ့ အတိုင်းပါဘဲ ဘကြီး ဘုန်းကြီးက ဟင်းတွေအများကြီးနဲ့ ကျွေးပါ တယ်ဗျာ၊ ကျနော်စားချင်တဲ့ အညာဟင်းအားလုံးကို တခါထဲစားခဲ့ ရပါတယ်။

ခင်ဗျားတို့ သွားရေကျ မှာ သနားလို့ မပြောတော့ပါဘူး၊ ဟင်းခွက်ပေါင်း ၅၀ လောက်ရှိမလားမသိဘူး ဟား.....ဟား။

စားပြီးတာနဲ့ တန်းပြီး ပခုက္ကူ ကထွက်ပါတယ်၊ မုံရွာ ဘက်က လှည့်ပြန်ခဲ့ပါတယ်၊ အမှန်တော့ဗျာ ကျနော် တို့က မန္တလေး ကို တခါထဲတန်းပြန်မလို့ဘဲ လူလည်ကြီး တွေဆိုတော့ လမ်းမှားပြီးထွက်မိတော့ မုံရွာ ဘက်က လှည့်ခဲ့ရပါတော့တယ်။

ရေစကြို ဘက်ကမထွက်ဘဲ ပုလဲ လမ်းဘက်လိုက် သွားတာကိုး၊ တလမ်းလုံးလည်း သိတဲ့အတိုင်းဘဲ နေပူပူနဲ့ ဘာဆိုင်မှမရှိ ရေသန့်အေးအေးတောင် ရှာရခက်နေပါတယ်။ ရေဆာလို့ ဘီယာသောက် ရအောင် ထန်းရေဆိုင် လိုက်ကြည့်လိုက်တော့လည်း ထန်းတော တွေအောက် မှာ ဘယ်ထန်းရေဆိုင်မှ မတွေ့ပါဘူး။ ထန်းတော တွေကတော့ တလမ်းလုံးတွေ့ပါတယ်ဗျာ။

မုံရွာ ရောက်ခါနီး ချင်းတွင်းမြစ်ကူး တံတားနား ရောက်တော့မှ စိတ်ကြိုက်ထန်းရေဆိုင် တွေ တွေ့တော့ တာပါဘဲ။ နေကလည်း ညိုသွားပြီဆိုတော့ အတော်ဘဲပေါ့ဗျာ၊ ထန်းပင် တွေကြားထဲမှာ ထန်းပက်လက် ကုလားထိုင်လေး တွေချပြီး နှိုပ်လိုက် ကြတာပေါ့။

ကျနော်ရှေ့မှာ ပြောခဲ့တယ်နော်၊ ကျနော်တို့ အညာထန်းရေက ဘယ်လောက်ကောင်းတယ်ဆိုတာ၊ ဘယ်နိုင်ငံက ဘီယာ မှ မမှီဘူးလို့၊ ကျနော် အကုန် သောက်ဘူးလို့ ပြောတာမဟုတ်ပါဘူး၊ သူများ ပြောတာ ပြောပြတာပါ။

ဒါပေမဲ့ ကျနော် သောက်ဘူးတဲ့ ဘီယာ ကတော့ ခါးသက်သက် ပေါ့ရွတ်ရွတ်နဲ့ ဒီအညာထန်းရေနဲ့တော့ တခြားစီပါ၊ ကျနော်တို့ က ညနေပိုင်းမှရောက်သွားတာဆို တော့ ထန်းရေကတော့ တအားတော့ မချိုတော့ ပါဘူး၊ ဒါပေမဲ့ ချိုရှရှ နဲ့ ပြင်းပြင်းလေးပေါ့ ဗျာ၊ အနံက လည်းသိပ်မွှေးတာဘဲ။ တော်တော်သောက် လို့ကောင်းပါတယ်။ အမြှုတ်လေး တွေတစီစီနဲ့ သဘာ၀ အရသာ မှန်း သိပ်သိသာပါတယ်။

အမြည်းကလည်း ငုံး နဲ့ ဂျိုး ကို  အနေတော်လေးတွေပိုင်းပြီး ကြက်သွန်ဖြူ၊ ဂျင်း နဲ့ကျွတ်နေအောင် ကြော်ထားတာပါ၊ ချိုကျွပ်မွှေးပေါ့ဗျာ။ ကျနော် ကတော့ သောက်လို့် မဝလို့ ရေသန့်ဘူး နဲ့ ပါဆယ် ထည့်ခဲ့ရပါသေးတယ်။ 

 နေအေးအေး မှာ လေချိုတသွေးသွေး နဲ့တရိပ်ရိပ်ကလေး ဆိုတော့ မိုက်တယ်ဗျာ။
ကဲ..ကျနော် ရဲ့ ခရီးသွား မှတ်တမ်းလေးကို ဒီမှာဘဲ နားလိုက်ပရစေတော့ဗျာ။  အားလုံး အားလုံး ကို ကျေးဇူးတင်ပါတယ်.....။၊

No comments: