Wednesday, April 24, 2013

တင့်ဆန်း ၏ ငမိုးရိပ်မှ ငမိုးရိပ်သို့ အပိုင်း (၁)

စာရေးသူ၏အမှာ

ကျွန်တော်သည် "စာရေးဆရာတစ်ယောက်" စာအုပ်ကို ရေးသားထုတ်ဝေပြီးနောက်တွင် ဤ "ငမိုးရိပ်မှ ငမိုးရိပ်သို့" ကိုမေ့နေခဲ့ပါသည်။ ငမိုးရိပ်နရေးစဉ်က အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ဘ၀အတွေ့အကြုံကို အားရပါးရ မရေးဖြစ်ဘဲရှိခဲ့ရာ စာရေးဆရာတစ်ယောက်တွင် အားရပါးရ မရေးဖြစ်ဘဲရှိခဲ့ရာ စာရေးဆရာ တစ်ယောက်တွင် အားရပါးရ ရေးလိုက်ရသည်နှင့် ကျေနပ်နေသည်။
 
သို့သော် "စာရေးဆရာတစ်ယောက်" ဖတ်မိသူ လူငယ်အတော်များများက ငမိုးရိပ်ကို မဖတ်လိုက်ရသဖြင့် ဖတ်ကြည့်ချင်သည် ဟုပြောကြသည်။ ကျွန်တော်က ငမိုးရိပ်နှင့် စာရေးဆရာ မထူးခြားကြောင်း၊ ကျွန်တော့် ဘ၀ ဖြစ်စဉ်များကိုသာ ပြန်ရေးထားတာချင်း အတူတူဖြစ်ကြောင်း ပြန်ပြောခဲ့သည်။ ဒါပေမယ့် ငမိုးရိပ် အကြောင်း ပြောလာသူတိုင်းပင် ကျွန်တော့်စကားကို သိပ်ပြီး လက်ခံခြင်း မရှိကြ။ သူတို့ ကြားသိဘူးသည် မှာ မတူဟူ၍သာ ပြန်ပြောကြသည်။ ဘာမတူသနည်း။ ကျွန်တော်မသိ။ လူပြော သူပြောများလာ၍ စာအုပ်နှစ်အုပ် ကို ပြန်ယှဉ်ဖတ်ကြည့်၏။ သည်တော့မှ ခြားနားချက်ကို ကျွန်တော်တွေ့မိသည်။ ငမိုးရိပ်သည် ၀တ္ထုဖြစ်၍ စာရေးဆရာတစ်ယောက်က ၀တ္ထုဖြစ်၍ စာရေးဆရာတစ်ယောက်က အတ္ထုပ္ပတ္တိ ဖြစ်သည်။

စာဖတ်ပရိသတ် တွင် အမျိုးမျိုးအစားစားရှိကြရာ အချို့သည်အတ္ထုပတ္တိကို ဖတ် ချင်ကြ၊ နှစ်သက်ကြသော် လည်း အချို့က ၀တ္ထုမှ ဖတ်ချင်ကြ၊ နှစ်သက်တတ်ကြသည်။ ၀တ္ထုဖတ်လိုသူက အတ္ထုပ္ပတ္တိဖတ်ရလျှင် အားမရ၊ အတ္ထုပ္ပတ္တိ ဖတ်လိုသူကလည်း ၀တ္ထုကို အားမရ ရှိတတ်သည်။
ငမိုးရိပ် မှ ငမိုးရိပ်သို့သည် ရှုမ၀မဂ္ဂဇင်းတွင် လွန်ခဲ့သော ၅နှစ်ကျော်ခန့်က မဂ္ဂဇင်း ၀တ္ထုရှည်အဖြစ်နှင့်  ပါခဲ့ဘူးသည်။ ပြီး ၁၉၆၂ခုနှစ် ဇွန်လက လုံးချင်းစာအုပ်အဖြစ် ပြန်လည် ထုတ်ဝေခဲ့ဘူးသည်။ သို့တိုင်းလည်း ထို "စာ" ကို သူတို့ မဖတ်ဖူးကြသေးဘဲ ဖတ်ကြည့်ချင်သည် ဆိုသော လူငယ်များသည် လွန်ခဲ့သော လေးငါးနှစ် က စာဖတ်စ သို့မဟုတ် စာဖတ် ၀ါသနာ မပါကြ သေးသူများလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ဤ ''စာ" ကို မဖတ်မိကြခြင်း ဖြစ်ပေလိမ့်မည်။

ကျွန်တော် တို့ နိုင်ငံတွင် နှစ်ကြာစာအုပ်ဟောင်းများကို တရိုတသေ သိမ်းဆည်းရောင်းချ သော ဆိုင်ဟူ၍ မရှိဘဲ စာအုပ်များကို ပေါ်ပင်ကုန် (ကုန်စိမ်း)သဘောမျိုးထား၍ ရောင်းချကြသည်။ လဆန်းထွက်သော စာအုပ် များ လကုန်လျှင် ပျောက်သွားသည်။ နောက် ရောင်းမကုန်သော စာအုပ်များ လမ်းဘေး လျော့ဈေး တွင် ရောက်လာသည်။ ထိုမှတစ်ဆင့် ကုန်ထုပ်စက္ကူဘ၀သို့ ကူးပြောင်းကြရသည်။ ထို့ကြောင့် ရှေ့ကထွက်ခဲ့ဘူးသော စာအုပ်များကို နောက်လူငယ်များ ဖတ်ရှုလိုသော်လည်း စာအုပ် မရှိသဖြင့် အခက် အခဲနှင့် ကြုံကြရသည်။

အကယ်၍သာ "စာ"ဟောင်းများကို တန်ဖိုးသိနားလည်ပြီး စနစ်တကျ သိမ်းဆည်းရောင်းချ သော စာအုပ် ဆိုင်မျိုး ရှိပါမူ လူငယ်စာဖတ်သူတို့အနေနှင့် မိမိတို့ ကြိုက်နှစ်သက်ရာ "စာ"ကို နှစ်ပေါင်း မည်မျှကြာ သည်ဖြစ်စေ အလွယ်တကူ ၀ယ်ယူဖတ်ရှုနိုင်ကြပေလိမ့်မည်။ လူငယ်များသာ မဟုတ်။ စာပေဗဟုသုတ ရှာဖွေလေ့လာလိုက်စားလိုသူတိုင်းသည် အကြောင်းအမျိုးမျိုးကြောင့် မဖတ်မိခဲ့ရသေးသော "စာ"များကို အချိန်မရွေး ၀ယ်ယူဖတ်ရှုလေ့လာနိုင်မည်ဖြစ်သည်။

ကျွန်တော်သည် "ငမိုးရိပ် မှ ငမိုးရိပ်သို့"ကို ပြန်ထုတ်သင့် မထုတ်သင့် အတော်စဉ်းစား သည်။ ရင်းနှီးသော မိတ်ဆွေများနှင့် နှီးနှောတိုင်ပင်ကြည့်သည်။ မိတ်ဆွေများကလည်း ပြန်ထုတ် သင့်သည်ဟု အကြံပေး၏။ မိတ်ဆွေ များ၏ အကြောင်းပြချက်မှာ တစ်ချိန်က မဖတ်မိသေးသော စာဖတ်ပရိသတ်များ ဖတ်ရှုနိုင်ရန် ပင် ဖြစ်လေသည်။ ကျွန်တော်ကိုယ်တိုင်လည်း ပြန်၍ထုတ်ဝေရန် အားသန်မိသည်။ ထိုစာမှာ မဂ္ဂဇင်း ၀တ္ထုရှည်ဖြစ်ခဲ့ပြီး လုံးချင်းအဖြစ်နှင့် ထုတ်ဝေခဲ့ပြီးသည့်တိုင် အကြောင်းအမျိုးမျိုးကြောင့် မဖတ်လိုက်မိ သူတွေ အများအပြား ရှိနေကြဦးမည်မှာ မလွဲပေ။ ထို   သူများအနေနှင့် ယခင်က မဖတ်လိုက်ရဖူးသော "စာ" တပုဒ် ကို ဖတ်ရှုနိုင်စေရန်အတွက် ရည်ရွယ် သည်။ "စာရေးတစ်ယောက်" ဖတ်ဖူးသူများ အနေနှင့် ဖတ်မိလျှင်လည်း အကြောင်းအရာတစ်ခု တည်းကို တင်ပြပုံချင်းမတူခြားနားကြောင်း စိတ်နှင့် ထိတွေ့စေ လိုသည်။

တင့်ဆန်း
၁၂.၁၀.၆၆
 

ငမိုးရိပ်၏နိဒါန်း

    'ကျွန်တော်တို့ဆီကို ခင်မင်တဲ့ စာရေးဆရာတွေ ဖိတ်ပြီး ထမင်းကျွေးကြရအောင်ဗျာ'
    မြောက်ဥက္ကလာပသို့ ပြောင်းရွှေ့ခဲ့ရပြီး ၁နှစ်ကျော်ခန့် ကြာရှိခဲ့လေပြီ။ တစ်နေ့တွင် တင့်ထူးသည် ကျွန်တော်တို့ အိမ်သို့ ရောက်ရှိလာပြီး ပြောလေ၏။
    'ကောင်းသားပဲ။ ဒါပေမယ့် ကျွန်တော်တို့ အိမ်မှာတော့ ကလေးတွေက များတယ်။ သိပ်ပြီး ကျွေး လို့မွေး လို့ မကောင်းဘူး ထင်တယ်'
    ကျွန်တော်က ပြန်၍ ပြောလိုက်ပါသည်။
    'ကျွန်တော့် အိမ်မှာပဲ ကျွေးမယ်လေ'
    တင့်ထူးက ဤသို့ပြန်ပြောပြီးနောက် နတ်နွယ်၊ တင့်ထူးနှင့် ကျွန်တော်တို့သည် ဖိတ်ခေါ်မည့် စာရေးဆရာ စာရင်း ကုန်ကျမည့် ငွေကြေးတို့ကို တွက်ချက်ကြကာ တနင်္ဂနွေ တစ်ရက်ကို သတ်မှတ် လိုက်ကြသည်။
    ယခင် တင့်ထူး ၆မိုင်၌ နေစဉ်ကလည်း ယခုလိုပင် ကျွန်တော်တို့သည် ခင်မင်သော စာရေးဆရာ များနှင့် တွေ့ဆုံပြီး စာအကြောင်းဆွေးနွေးကြ၊ ပျော်ရွှင်စွာ စားသောက်ကြနှင့် လုပ်ကိုင်ခဲ့ဖူးပါသည်။
    သတ်မှတ်ထားသော တနင်္ဂနွေ၏နံနက်သို့ ရောက်ရှိသည်တွင် ဖိတ်ခေါ်ထားသော စာရေးဆရာများ ကျွန်တော် တို့အိမ်သို့ တဖွဲဖွဲရောက်ရှိလာကြသည်။ အစီအစဉ်မှာ ကျွန်တော်တို့ အိမ်မှနေကာ တင့်ထူး အိမ် သို့ တဆင့်သွားရပေမည်။ တင့်ထူးအိမ်နှင့် ကျွန်တော်တို့အိမ်မှာ တစ်မိုင်ကျော်ခန့် ကွာဝေးလေ သည်။

    ဒဂုန်တာရာ၊ မောင်နေ၀င်း၊ နေသွေးနီ၊ ဆင်ဖြူကျွန်းအောင်သိန်း၊ ပန်းချီ မောင်ငွေထွန်း တို့ ကျွန်တော်အိမ် သို့ ရောက်လာကြသည်။ လင်းယုန်သစ်လွင်နှင့် မင်းကျော်တို့က တင့်ထူးအိမ် သို့ တိုက်ရိုက် သွားကြပါသည်။
    နံနက် ၁၀နာရီ တွင် ကျွန်တော်တို့သည် တင့်ထူးအိမ်သို့ အရောက်သွားကြသည်။ ပြီးနောက် လက်ဖက်ရည်ကြမ်းသောက်ရင်း စာအကြောင်း ပေအကြောင်း ဆွေးနွေးနေကြသည်။  ၁၂နာရီတွင် နံနက်စာကို မြိန်ရှက်စွာ စားသောက်ကြ၏။ ပြီးနောက် တရေးတမောအိပ်၍ အနားယူ ကြသည်။
    'ကဲ ထားဝယ်ချောင်ဘက် ကူးကြရအောင်'
    မိတ်ဆွေစာရေးဆရာများ အိပ်ရာမှ နိုးလာကြသည်တွင် တင့်ထူးက ဆော်သြလိုက်သည်။
    'နေပူပါသေးတယ်ဗျာ'
    ဒဂုန်တာရာ က ပြောသည်။
    'အို ပူပူဗျာ သွားကြမယ်'
    ဆင်ဖြူကျွန်းအောင်သိန်း က ပြောသည်ကို အားလုံးသဘောတူကာ ထားဝယ်ချောင်ဘက် သို့သွားရန် တင့်ထူး၏ နေအိမ်မှ ထွက်ခဲ့ကြလေသည်။

    ထားဝယ်ချောင် မှာ ကျွန်တော်တို့နေသော မြောက်ဥက္ကလာမြို့သစ်၏ တစ်ဖက်ကမ်းတွင် ရှိနေကာ တင့်ထူး တို့နေသော (ဋ) ရပ်ကွက်နှင့်နီးလေသည်။ အချိန်မှာနေ့လယ်၂နာရီ ကျော်ကျော် မျှသာ ရှိသေး၍ နေက တောက်လောက်ပူပြင်းလှပါ၏။ သို့သော် ကျွန်တော်တို့သည် ထီးများ ဆောင်းလျက် ထားဝယ်ချောင်ဘက် သို့ ငမိုးရိပ်ချောင်းကိုဖြတ်ကာ သမ္ဗာန်ဖြင့် ကူးလာခဲ့ကြပါ တော့သည်။
    ထားဝယ်ချောင် သို့ ရောက်လျှင် နှစ်ပေါင်းတစ်ရာကျော်ခန့်က တည်ဆောက်ထားခဲ့သော ကျွန်းတိုင်လုံးကြီး များနှင့် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကြည့်ရှုကြသည်။ မူလတန်း စာသင်ကျောင်း ကိုလည်း ကြည့်ကြသည်။ ပြီးနောက် ရွာတွင်းသို့ လျှောက်ကြည့်ကြကာ ဥက္ကလာပ သို့ ပြန် ကူးပြီး ဘတ်စ်ကားဖြင့် နေအိမ်သို့ အသီးသီးပြန်ကြပါတော့သည်။
    ကျွန်တော်သည် ငမိုးရိပ်ချောင်းကို အပြန်အလှန် ကူးရစဉ်ကပင် ကျွန်တော့်ဘ၀ကို ကျွန်တော်ပြန်တွေးနေ မိသည်။ ဟုတ်ပါ၏။ ငမိုးရိပ်ကမ်းခြေရွာ၌ မွေးဖွားခဲ့သူ ကျွန်တော်မှာ မည်မျှပင် ငမိုးရိပ်နှင့် ကင်းကွာအောင်ကြိုးစားခဲ့သော်လည်း နောက်ဆုံး၌ ငမိုးရိပ်ကမ်းခြေ သို့သာ ပြန်လည်ရောက် ရှိရသည်ကို တွေးတောမိခဲ့သည်။

    နေအိမ်သို့ ရောက်ရှိ၍ ညစာစားပြီးနောက် ကျွန်တော်သည် စာရေးချင်စိတ် ပေါက်လာ သည်နှင့် "ငမိုးရိပ်မှ ငမိုးရိပ်သို့" ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတိုကလေးတစ်ပုဒ်ကို ညတွင်း ချင်း အပြီးရေး ပါတော့သည်။
    နောက်နေ့တွင် ထိုဆောင်းပါးတိုကလေးကို ရှုမ၀သို့ သွားပေးရာ ဦးကျော်က ချက်ချင်းပင် ဖတ်၍ကြည့်လေတော့ ၏။
    'ဒီဥစ္စာ ခုလို ဆောင်းပါးတိုကလေးအဖြစ်နဲ့ အသုံးပြုလိုက်ရမှာ သိပ်ကိုနှမျောစရာ ကောင်းတယ်ဗျာ။ ဒါ့ကြောင့် ရှည်ရှည် နဲ့ပြည့်ပြည့်စုံစုံရေးဖို့ ခင်ဗျားကို တိုက်တွန်းချင်တယ်'
    ဦးကျော် သည် ဘလက်ကက် စီးကရက်ကို ရှိုက်ဖွာရင်းမှ ပြောလေတော့သည်။ ဒီလိုရှိပါတယ် ဦးကျော်၊ ကျွန်တော့် အသက်အရွယ်နဲ့ ကျွန်တော့်ရဲ့ ကျော်ကြားမှုလောက်နဲ့ ဒီလို ကိုယ့်အတ္ထုပ္ပတ္တိပြန် မရေးချင်သေး လို့ ဆောင်းပါးကလေးပဲ ရေးခဲ့တာပါ'

    ဦးကျော်သည် စီးကရက်ကို လက်ကြားတွင်ညှပ်၍ ခေါင်းကို လေးလေးရမ်းခါနေပြီးမှ
    'အသက်ငယ်တာ ကြီးတာ ကျော်ကြားမှုများတာ နည်းတာက အကြောင်းမဟုတ်ပါဘူးဗျာ။ ကမ္ဘာ့စာပေ မှာ ကျော်ကြားခဲ့တဲ့ ၀တ္ထုကြီးတွေဟာ ဆိုရင် အခုလို ကိုယ့်အတွေ့အကြုံ ကိုယ့် အကြောင်းကိုယ်ပြန်ရေးလို့ နာမည်ကြီး ခဲ့ကြတာပါပဲ။ ခင်ဗျာရဲ့ ငမိုးရိပ်ဟာလည်း သေသေချာချာ ပြည့်ပြည့်စုံစုံရေးဖို့ ကောင်းပါတယ်' ဟုပြောပြန် ပါတော့သည်။
    'သေသေချာချာရေး ရရင် သိပ်ရှည်လိမ့်မယ်'
    'ရှည်ပါစေလေ။ မဂ္ဂဇင်းမှာ အခန်းဆက်ဖြစ်စေ၊ ဒါမှမဟုတ် လုံးချင်းဖြစ်ဖြစ် ထုတ်ကြတာ ပေါ့'
    ဦးကျော် က လှိုက်လှဲစွာပင်ပြောလိုက်သောကြောင့် ကျွန်တော်လည်း အားတက်လာကာ ရေးမည်ဟု ဆုံးဖြတ် လိုက်ပါတော့သည်။
    'အင်းလေ ဒီလိုဆိုရင်လဲ ကျွန်တော် ပြန်ရေးပါ့မယ်'
    ကျွန်တော် သည် စားပွဲပေါ်မှ ဆောင်းပါးကို ပြန်ကောက်ယူရင်း ပြောလိုက်သည်။
'ရှည်ချင်သလောက် ရှည်ပါစေ။ ခင်ဗျား ဘ၀တစ်လျှောက် အတွေ့အကြုံတွေကိုသာ စေ့စေ့စုံစုံထည့်ရေးပါ'
    ဦးကျော် က ထပ်မံ၍ပင် ပြောပါသေးသည်။

    ကျွန်တော်သည် ''ငမိုးရိပ်မှ ငမိုးရိပ်သို့'' ကို အားရပါးရပြန်၍ရေးသည်။ ပြီးနောက် ရှုမ၀ ၀တ္ထုရှည် ၂ပတ်စာမျှ ဟု ခန့်မှန်းရသော စာမူထပ်ကြီးကို ရှုမ၀သို့ သွားရောက်ပေးသည်။
    တစ်ပတ်ခန့်ကြာရှိသောအခါ ရှုမ၀ စာတည်းအဖွဲ့မှ ကြိုက်နှစ်သက်ကြောင်း၊ မဂ္ဂဇင်းဝတ္ထု ရှည်အဖြစ် သုံးမည်ဖြစ်ကြောင်းနှင့် ငွေကြေးကိစ္စပါ ပြေလည်ခဲ့သည်။ ကျွန်တော်သည် ရှုမ၀ ဦးကျော်၏ တိုက်တွန်း ချက်ကြောင့် ၎င်းစာမူကို ရေးဖြစ်ခဲ့ခြင်းအတွက် ၀မ်းသာမဆုံး ရှိနေပါတော့ သည်။
    မိုးမှနွေ၊ နွေမှဆောင်း ရာသီတွေပြောင်းခဲ့သော်လည်း ကျွန်တော်၏ ''ငမိုးရိပ်" ကား မဂ္ဂဇင်း ၌ ပါ၍ မလာပါချေ။ ကျွန်တော်သည် တစ်ကြိမ် ၂ကြိမ် ဦးကျော်နှင့်တွေ့ဆုံ၍ ထည့်ပေးဖို့ပြော၏။ ဦးကျော်ကလည်း ထည့်ပေးပါမည်ဟုပင် ပြောပါ၏။ သို့သော် "ငမိုးရိပ်" သည် စာမူပုံကြား၌ ၀ပ်မြဲ ၀ပ်၍နေပါသည်။
    ကျွန်တော်သည် ပါချိန်ထက် အလွန့်အလွန် နောက်ကျနေသည့်တိုင် မဂ္ဂဇင်းတွင် "ငမိုးရိပ်" ပါမလာသော အခါ စိတ်မကောင်းဖြစ်ရသည်။ တကယ်တော့လည်း ထုတ်ဝေသူ အယ်ဒီတာက အလွန်ကောင်းပါသည်ဟု ချီးကျူး စကားပြောထားပါလျက် ထိုစာမူ မဂ္ဂဇင်းတွင် ပါမလာသေးသည်ကို ကျွန်တော့်အဖို့ နားမလည်နိုင်အောင် လည်း ဖြစ်နေရပါသည်။

    နောက်ဆုံး သည်းမခံနိုင်သည့်အဆုံးတွင် ကျွန်တော်သည် ဦးကျော်အား ရန်တွေ့သည့် စာတစ်စောင် ကို ဒေါပွပွနှင့် ရေးပို့လိုက်၏။ သို့တိုင်လည်း စာမူသည် မဂ္ဂဇင်း၌ ပါမလာပါ။ နောက်ဆုံး ထိုစာမူအပေါ်တွင် လုံးဝ စိတ်ဝင်စားမှု  မထားတော့သောအချိန် စာမူမဂ္ဂဇင်းတွင် ရောက်နေသည်မှာ တစ်နှစ်နှင့် ၆လခန့်ကြာတော့ မှ "ငမိုးရိပ်"၀တ္ထုရှုမ၀တွင် ပါရှိလာတော့သည်။
    "ငမိုးရိပ်" ၀တ္ထု ရှုမ၀တွင် ပါရှိလာပြီးနောက် စာဖတ်သူတို့ထံမှ ချီးကျူးစာများလည်း ရပါသည်။ နှုတ်ဖြင့် ချီးကျူး စကား ပြောသူများလည်း အများအပြားရှိပါသည်။
    အချို့ စာဖတ်သူများကမူ "ငမိုးရိပ်" အား လုံးချင်းစာအုပ်အဖြစ် ပြန်လည်ထုတ်ဝေရန် တိုက်တွန်း အကြံပေးကြသည်။ ထို့ကြောင့်လည်း "ငမိုးရိပ်"သည် ယခုတစ်ဖန် ပြန်လည်၍ ထွက်ပေါ် လာရခြင်း ပင်ဖြစ်ပါ၏။

    "ငမိုးရိပ်မှ ငမိုးရိပ်သို့" ကို ပြန်လည်ထုတ်ဝေရာ၌ မဂ္ဂဇင်းတွင် ပါခဲ့ပြီးသော ဇာတ်ကွက် ဇာတ်လမ်း များအပြင် အသစ်ထပ်မံ ဖြည့်စွက်ရေးသားထားချက်များလည်း ပါရှိပါသည်။ ၎င်းကို ရေးသားရာ၌ ကျွန်တော် သည် အရေးအသားအဖွဲ့အနွဲ့တို့ကို ရိုးရိုးစိတ်ကူးယဉ် ၀တ္ထုများလို ဦးစားပေး၍ ရေးသားထားခြင်း မဟုတ်မူဘဲ ဘ၀အတွေ့အကြုံများကိုသာ စီစဉ်ရေးသားထားခြင်း ဖြစ်သောကြောင့် စိတ်ကူးယဉ် ၀တ္ထုများကဲ့ သို့ ဖတ်၍ အရသာရှိချင်မှရှိမည်။ သို့သော် ကျွန်တော် စာရေးသူအဖို့၌တော့ ကိုယ့်ဘ၀ အတွေ့အကြုံများကို အပိုအလို မရှိဘဲ ပြန်လည်ရေးသားရခြင်း ကြောင့် အားရပါးရ ရှိလှပါသည်။ ကျေနပ်လှပါသည်။
 
တင့်ဆန်း
 ၂၅-၅¬-၆၂
ဆက်ရန်
.

No comments: