Sunday, April 7, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၆၂) (ဇာတ်သိမ်း)

ကျွန်မသားသမီးတွေအပေါ်မှာ မေတ္တာအကြွေးတွေ အများကြီးတင်နေတဲ့ အမေလေ၊ သူများတ ကာအမေလို မိစုံဖစုံ လုံခြုံတဲ့ဘဝကိုလည်း မပေးနိုင်ခဲ့တဲ့အပြင် ကိုယ်ကစီးပွးရေး ဦးဆောင်နေ ရသူ ဖြစ်တာကြောင့် သားသမီးတွေအတွက် ပေးရမဲ့အချိန်ကို ငွေကြေးနဲ့ လဲခဲ့ရပြန်ပါရော။
ဒါကြောင့် အခုလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မပူမပင် မကြောင့်မကြ နေရတဲ့ကျွန်မရဲ့ အချိန်များစွာကို သးသမီးတွေ အတွက် ဖဲ့ခြွေပေးဝေရတာကို ကျွန်မ ကျေနပ်ကြည်နူးရပါတယ်။
မေတ္တာ ဆိုတာ ထိတွေ့ခြင်း၊ ဆက်နွယ်ခြင်း၊ ဂရုထားခြင်း၊ ဖြည့်စွမ်းပေးခြင်း၊ အတူရယ်မောခြင်း၊ အတူ ငိုကြွေးခြင်း စသည်စသည်တို့ပဲ မဟုတ်ပါလားနော်။
ကို ဆက်ဖတ်ရန်

အပိုင်း (၆၄)

မြင်တွေ့နေရတဲ့ တဲကအစ တိုက်တာအဆောက်အအုံမှန်သမျှကို လူသားတွေရဲ့ လုပ်အား နဲ့ ဆောက် တာဖြစ်ပေမဲ့ အိမ်ကတော့ နှလုံးသားနဲ့ တည်ဆောက်ရတာပါ။
အိမ်ရဲ့သရဖူ က ကောင်းမြတ်ခြင်း၊
အိမ်ရဲ့အလှ က စည်းလုံးညီညွတ်ခြင်း၊
အိမ်ရဲ့ကျက်သရေ က ဧည့်ဝတ်ကျေခြင်း၊
အိမ်ရဲ့ မင်္ဂလာ က
မေတ္တာနဲ့ ပြည့်စုံခြင်းပါပဲ။
အိမ်ဆိုတာ စကားတစ်ခွန်း မဆိုရဘဲ ရင်ထဲက အလိုလိုကြားသိနိုင်တဲ့ နေရာ၊ ကိုယ်မသုံးမကျတာ ကိုပြောပြပြီး ရယ်မော လို့ ရတဲ့နေရာ၊ ခွဲဝေခံစားခြင်းနဲ့ ဒုက္ခတွေ သောကတွေပေါ့ပါးစေပြီး အပျော်တွေ နှစ်ဆ တိုးကြသလို ကျွန်မလည်း သူတို့နဲ့အတူ ပျော်ရွှင်ရယ်မောတာတွေကြောင့် အာယုဒီဃ ဆေးစွမ်းကောင်း တစ်ခွက် သောက်ရသလို စိတ်အင်အားတွေ ရပြီး ကျန်းမာရေး ကောင်းနေ သလား မသိပါဘူး။ ကိုယ်က သွားလိုက်၊ သူတို့တစ်တွေက ရောက်လာကြလိုက်နဲ့ စာရင်းရှုပ်ကြရင်း တစ်နှစ် တစ်နှစ်ကလည်း အကုန်မြန်လိုက်ပါဘိ။

အခုပဲ ဒီဇင်ဘာလ ရှိနေပြီမို့ ၁၉၉၆ခုနှစ်က ကုန်တော့မှာလေ။ ကျွန်မ L.Aက ပြန်လာပြီး နောက် တစ်ပတ် မှာ သမီးကြီးမကေခိုင်က ခရစ္စမတ်ဟောလိးဒေးအတွက် ရောက်လာလေရဲ့။ မော်စကိုက သားအလတ် ကိုရွှေစင်ကလည်း နှစ်ဆန်းကျရင် ရက်အားနှစ်ပတ်ရမှာမို့ အိမ်ပြန်လာဦးမှာတဲ့။ အစ် ကိုနဲ့ အစ်မတွေ လာမယ် ကြားကတည်းက သမီးအထွေး သူဇာက အကြောင်းပြချက်ကောင်း ကောင်းနဲ့ လာဖို့ ခြေလှမ်းပြင်နေ ပါပြီ။
အားလုံး တစုတဝေး ရောက်လာကြတော့လည်း ထုံးစံအတိုင်း အိမ်ခံသားသမီးတွေပါ စုရုံးကြရင်း ပွဲ စည်မြဲပေါ့။ ခွင့်ရက်စေ့ လို့ တာဝန်ရှိရာ ကိုယ်စီပြန်တော့လည်း အမေက လွမ်းတာ ကျန်ရစ်ခဲ့ ရ ပြန်ပါရော။ တွေ့လို့၊ ဆုံလိုက်၊ ပျော်လိုက်၊ ခွဲခွာရတော့ရင်ထဲမှာ နာကျင်ခံစားလိုက်၊ ကြုံတွေ့ရ တဲ့ ကောင်းဆိုး အပြောင်းအလဲတွေနဲ့ စိတ်လှုပ်ရှားရတာကြောင့် ဘဝဆိုတာလည်း စိတ်ဝင်စား စရာ ဖြစ်နေတာ ထင်ပါရဲ့နော်။

အခုလည်း သမီးမကေသီက ဧပြီလထဲမှာ ပုံမှန်ဆေးစစ်ဖို့ သွားလိုက်တော့ နှစ်စဉ်ရိုက်နေကျ Mammogram မှာ တစ်ရှုးစ အမာတွေ တွေ့လို့တဲ့။ ဆရာဝန်က သေသေချာချာသိရအောင် Ultra sound ထပ်ရိုက်ခိုင်း ပါတယ်။ ဒီသတင်း ကို ကြားတော့ ကျွန်မတုန်းကလိုပဲ မိသားစုတွေ ဝိုင်းစိတ် ပူကြတာပေါ့။ အထူးသဖြင့် သမီးကေသီ က စိတ်ဓာတ်ကလည်း ပျော့ပျော့ ခန္ဓာကိုယ်ကလည်း ပျော့ပျော့။
၂၈ရက်နေ့မှာ ကင်ဆာ ဟုတ်၊ မဟုတ် သေချာအောင် Biopsy ဓာတ်ခွဲစစ်ဆေးဖို့ ဆေးရုံတက်ရပါ တယ်။ သူ့အစ်မ ကေခိုင် လည်း ညီမအတွက် စိတ်ပူလို့ အပြေးရောက်လာလေရဲ့။ ဆရာဝန်ဆီက အကျိုး အကြောင်း မသိရသေးခင် စောင့်ရတဲ့ ကာလကတော့ ကာယကံရှင်နဲ့ တကွကျွန်မ တို့တစ် တွေသောက နဲ့ မောရသောရက်များပါပဲ။ တော်ပါသေးတယ်။ အဖြေက ကင်ဆာမဟုတ်ဘူးဆိုတဲ့ မင်္ဂလာ သတင်း ဖြစ်ပေလို့။
စိတ်သောကတစ်ခု ကင်းသွားရတော့လည်း ပုံမှန်လှုပ်ရှားမှုတွေနဲ့ အလုပ်ရှုပ်ကြမြဲပေါ့။ ကျွန်မမွေး နေ့ အတွက် ရောက်လာကြတဲ့ သမီးသူဇာ ကို မိသားစုနဲ့အတူ ကေသီတို့မိသားစုရော၊ သားငယ် အိန္ဒာပါ အားလုံး စုကြပြီး ဖလော်ရီဒါပြည်နယ်ရဲ့ အထက်ဘက်မှာ ရှိတဲ့ ရာဇဝင်မြို့တော်စိန့်သြဂတ် စတင်းကို တပျော်တပါး ခရီး ထွက်ဖြစ်လိုက်ကြသေးတယ်လေ။

ပြန်ရောက်ပြီး မကြာဘူး။ ဇွန်လဆန်းမှာ နွေရာသီကျောင်းပိတ်ရက်က စပါလေရော။ ထုံးစံ အတိုင်း ကျောင်းပိတ်ရက် သုံးလအတွင်း ဂယ်ရီကပြည်တွင်းပြည်ပ သွားကြမဲ့ခရီးစဉ်ဆွဲတော့တာပဲ။ ပထမ ခရီးစဉ် က North Carolina ပြည်နယ်မှာ ရှိတဲ့ ပေငါးထောင်ကျော်မြင့်တဲ့ High Lands တောင်ပေါ် စခန်းတစ်ခုကို သွားကြမှာတဲ့။
ကျွန်မ တို့ နေတဲ့ဖလော်ရီဒါက မြေပြန့်။ တောင်ဆိုလို့ မူးလို့တောင် ရှူစရာမရှိပါဘူး။ ရေပတ် လည်ဝိုင်းလို့နေ တဲ့ ကျွန်းဆွယ်လေးမို့ မျှော်လေရာ ပင်လယ်ပြာပြာပဲ မြင်တွေ့ရတာ။ အခုလို မြင့် မားလှ တဲ့ တောင်ကြီး၊ တောကြီးနဲ့ လျှိုမြောင်အသွယ်သွယ် ရေတံခွန်တွေအလယ်မှာ ကားဖြတ် ပြီးမောင်း လာကြတော့ အမြင်တွေဆန်းသစ်တာကြောင့် ကျွန်မမြေးတွေ ပျော်နေလိုက်ကြတာ။ ရာသီ ကလည်း အေးမြလို့။ ဖလော်ရီဒါနွေနဲ့တော့ တခြားစီပါပဲ။
တောင်ကမ်းပါးယံမှာ အပန်းဖြေအိမ်ကလေးတွေ ဟိုနား တစ်ခု ဒီနားတစ်ခု၊ တစ်အိမ်နဲ့ တစ်အိမ်က ဆယ်မိုင် မက ဝေးပါတယ်။ လူရိပ်လူခြည်လည်း မတွေ့ရ၊ တကယ့်တော်ကြီးမျက် မည်း တိတ်ဆိတ်ငြိမ်သက် လို့။ ကားလမ်းတစ်လျှောက် အလေ့ကျပွင့်နေတဲ့ တောပန်းရောင်စုံ တွေကလည်း အဆုပ်လိုက်၊ အခဲလိုက်။ သဘာဝမိခင် က ကမ္ဘာလောကကြီးကို အလှဆင်ထားပုံက အံ့မခန်း ဆန်းပြားတဲ့ ပန်းချီကားတစ်ချပ်ပါပဲ။

ငြိမ်းချမ်းသာယာလှတဲ့ တောင်ကမ်းပါးယံပေါ်က အပန်းဖြေစခန်းသာ အိမ်ကလေးမှာ ကျွန်မတို့ မိသားစု တစ်တွေ ၁၀ရက်ကြာ နေခဲ့ကြပါတယ်။ လူသူကင်းတဲ့ တောကြီးမျက်မည်းဆိုပေမဲ့ ရေပူ ရေအေးလည်းရ၊ မီးလည်းရ၊ တီဗွီနဲ့ တယ်လီဖုန်းလည်း ရှိတာမို့ နေရေးထိုင်ရေး အဆင်ပြေသလို အရေးကိစ္စရှိရင်လည်း စခန်းဌာနချုပ်ကို ဆက်သွယ်နိုင်တာကြောင့် စိတ်အေးရတယ်ဆိုပါတော့။
မြို့ပြရဲ့ အငွေ့အသက်တွေ ကင်းလို့ မွန်းကျပ်ရတဲ့စိတ်လည်း ပေါ့ပါးလန်းဆန်းကြလို့ မနက်စော စောထပြီး သားအမိ တစ်တွေ တောင်တက် တောင်ဆင်းတွေ လုပ်ကြ၊ တစ်နေ့တစ်ခေါက် တောင် အေက်ထိ ကားနဲ့ဆင်းရင်း တောင်ခြေက မြို့ငယလေးတွေ သွား ကြည့်ကြ၊ လေ့လာကြ၊ တော သဘာဝလုပ်စရာတွေက အများကြီးပါပဲ။ Bird Watching ဆိုတဲ့ ငှက်မျိုးစုံလေ့လာရေး လုပ်မလား။ Fly Fishing ဆိုတဲ့ မိုးပျံငါးမျှားခြင်း လုပ်မလား၊ မြစ်ကြောနဲ့ ရေကန်ကြီးတွေတစ် လျှောက် အေးအေးလူလူ Canoe Ride လှေလှော်ထွက်မလား စိတ်ဝင်စားစရာတွေက စုံမှစုံပါပဲ။

စွန့်စားလိုသူတွေ က ရေစီးသန်တဲ့ မြစ်ထဲမှာ ရာဘာလှေငယ်လေးတွေနဲ့ White Water Rafting လုပ်ကြ တယ်ပေါ့။ အမြဲတမ်း စွန့်စားလိုစိတ်ရှိတဲ့ ကျွန်မသမက် ဂယ်ရီက Franklin မြို့နားမှာရှိတဲ့ Tuckaseigee မြစ်ထဲမှာ Rafting လုပ်ဖို့ လက်မှတ်တွေဝယ်လာခဲ့တယ်တဲ့လေ။ ဒီတစ်ခါလည်း ရွှေသမက်က "မာမီ့ စာဖတ်ပရိသတ်တွေအတွက် ဆောင်းပါးကောင်းတစ်ပုဒ် ရအေင်လို့"ဆိုတဲ့ စေတနာစကား ဆိုလာပြန် ပါတယ်။
ဆောင်းပါး ရေးနိုင်အောင် ကုန်ကြမ်းတွေ ပံ့ပိုးပြီး ပါရမီဖြည့်ပေးတာအတွက်တော့ ကျေးဇူးအထူး တင်ရှိပါရဲ့။ ဒါပေမဲ့ အဲလို Rafting တွေ ထွက်ကြရင်းဝဲစုပ်ခံရလို့ သေကြတဲ့လူတွေ၊ ရေစီးကြမ်း တဲ့နေရာ မှာ လှေမှောက်လို့ ရေစီးနဲ့မျောပါသွားတာကြောင့် လိုက်ကယ်ရတဲ့အဖြစ်တွေ တီဗွီသ တင်းမှာတွေ့ဖူး ထားတာ အပြင် ရီးဒါးဒိုင်ဂျက်စ်မဂ္ဂဇင်းက Drama In Real Life ဆောင်းပါးတွေပါ ဖတ်ဖူးထား လို့ ရေမကူးတတ် တဲ့ ကျွန်မ "ဘုရားတ"ရမဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်း ဖြစ်တော့ မှာ တွေးပြီး ကျောချမ်း မိပါသေးရဲ့။

နောက်တစ်နေ့ တောင်ခြေက ဖရန်ကလင်မြို့မှာရှိတဲ့ Blue Ridge Outing ရုံးခန်းကိုသွားရပါ တယ်။ Rafting လုပ်မဲ့သူ အားလုံးကို ဒီစွန့်စားမှုအတွက် ထိခိုက်ဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးခြင်း စတဲ့ သက်ရောက်မှုဖြစ်ရပ်တွေ အားလုံးအတွက် မိမိတာဝန်သာဖြစ်ကြောင်း ကိုယ်စီ လက်မှတ် ထိုးပြီး မှတ်ပုံတင် ရတော့မှ သက်စွန့်ကြိုးပမ်းခရီးကြမ်းတစ်ခု ဖြစ်တာသေချာသွားလေတယ်ပေါ့။
အဲဒီလို လက်မှတ်ထိုးပြီးတော့မှ ကျွန်မတို့ကို တာဝန်ယူလိုက်ပို့ပေးမဲ့ လမ်းညွှန်အမျိုးသားလူငယ် Russ  ဆိုသူ နဲ့ မိတ်ဆက်ပေးပါတယ်။ ကျွန်မတို့အားလုံး အနွေးထည် ပြည့်ပြည့်စုံစုံ ဝတ်ထားပြီး သားဖြစ်ပေ မဲ့ မြစ်လယ်မှာ ပိုပြီး အေးမှာကြောင့် အအေးမမိရအောင် အနွေးထည် ထူထူကြီးတွေ ထပ်ဝတ် ဖို့ ပေးပါတယ်။ ဒါ့အပြင် ရေမစိုရအောင် ရေစိုခံရာဘာနဲ့ ချုပ်ထားတဲ့ အင်္ကျီ၊ ဘောင်းဘီ တွေလည်း ထပ်ဝတ်ရပါသေးတယ်။
အဲဒါတွေ အားလုံး ပြီးပြီဆိုခါမှ အသက်ကယ်ဝတ်စုံကို ထပ်ပြီးဝတ်ရတာမို့ အဝတ်တွေအထပ်ထပ် နဲ့ဖောင်းပွနေတာ ကျွန်မတို့ငယ်ငယ်က ကြော်ငြာတဲ့ မတ်ချလင်တာရာရုပ်ကြီးတွေအတိုင်းပါပဲ။ Russ ကလှော်တက်တွေ ယူဖို့ နောက်တစ်နေ့ရာ ခေါ်သွားပြန်ပါရော။ လှော်တတ်တွေက အရောင် စုံအသွေးစုံ ပုံထားလိုက်တာ နီ၊ ဝါ၊ စိမ်း၊ ပြာ လှလည်းလှပါရဲ့။

ကျွန်မတို့က ကြုံရာတစ်ချောင်းကောက်ဆွဲကြတော့ မဟုတ်သေးဘူးတဲ့။ ကိုယ့်အရပ်နဲ့တိုင်းပြီး ယူရပါတယ်။ အားလုံးသော ကိစ္စတွေပြီးမှ Rafting လုပ်ရမဲ့ နေရာအရောက်ကားနဲ့ ၇မိုင်ခရီးဆက် ကြရပြန်ပါရော။ မြစ်ကမ်းနားက စခန်းကို ရောက်တော့ ရာဘာနဲ့လုပ်ထားတဲ့ လှေဝိုင်းဝိုင်းဝန်းဝန်း သူတို့ အခေါ် Raftတွေက စိမ်းပြာနီဝါ ရောင်စုံပါပဲ။ လူဦးရေအလိုက် အကြီး အသေသးရွေးရပါ တယ်။ ကျွန်မတို့ မိသားစုက ငါးယောက်နဲ့ လမ်းညွှန် Russ အပါအဝင် ခြောက်ယောက် မို့ ခြောက်ယောက်စီး လှေ အဝါရောင်လေး ရွေးယူလိုက်ရပါတယ်။
ခရီးက သုံးနာရီကြာမှာ မို့ လမ်းတစ်ဝက်မှာ အနားယူ၊ အဆာပြေ အဖျော်ယမကာနဲ့ သရေစာ လည်းကျွေးဦး မှာတဲ့လေ။ အဲဒီခရီးအတွက် လက်မှတ်က ဒေါ်လာ ၁၈၀ပေးရပါတယ်။ လှေပေါ်မ တက်ခင် လမ်းညွှန် Russ ကကျွန်မတို့ကို အရေးပေါ် သင်တန်းပေးပါတယ်။ Raftရဲ့ ဘောင်ပေါ် မှာထိုင်တဲ့အခါ ကိုယ့်ရဲ့ အထက်ပိုင်းကို အတွင်းဘက် အားပြုထားရမယ် တဲ့။ ရေစီးကြမ်းတဲ့နေရာ ရောက် ခါနီးကျရင် ရေထဲပြုတ်မကျအောင် ခြေထောက်တစ်ဖက်ကို မျက်နှာချင်းဆိုင်ဘက်မှာ ရှိတဲ့ လှေရဲ့နံရံနဲ့ ဝမ်းဗိုက်ကြမ်းခင်း ကြားထဲမှာ ဦးထိပ်ထိုးပြီး ကျားကန်ထားရမယ်လို့ ညွှန်ကြားပါ တယ်။

အကယ်၍ ပြုတ်ကျခဲ့သည်ရှိသော် အသက်ကယ်အင်္ကျီဝတ်ထားတာကြောင် ရေပေးမှာပေါ်နေမှာ ပါ။ အဲလိုဖြစ်ခဲ့ရင် အလိုက်သင့်ပက်လက်အနေအထား ဖြစ်အောင်နေပါ။ ဒါမှကယ်သူအနေနဲ့ လွယ်လွယ်ကူကူ ကယ်လို့ ရမယ်ပေါ့။ တချို့က ကြောက်လန့်ပြီး ဆွဲမိဆွဲရာ ဆွဲတော့ လှေဝမ်း ရဲ့ အောက်ဘက် ရောက် သွားပြီး ကယ်ဖို့ခက်တဲ့အတွက် အသက်န္တရာယ်ရှိပါတယ်တဲ့။
သူသင်တန်းပေး ပါမှ သည်းထိတ်ရင်ဖိုဖြစ်ရတော့တယ်။ ရေနစ်သူက ကျူပင်တောင်အားကိုးပြုပြီး ဆွဲသေးတာ ပဲ။ ကိုယ်ဖြစ်ခဲ့သော် လန့်ဖျပ်ပြီး ဆွဲမိဆွဲရာ ဆွဲမိရင်အခက်ပေါ့နော်။ ကျွန်မက စိုးထိတ် စွာနဲ့ဂယ်ရီ မျက်နှာ လှမ်းကြည့်တော့...
"စိတ်မပူပါနဲ့ မာမီ၊ ကျွန်တော် မာမီကို အထူးထားပြီး ဂရုစိုက်မှာပါ။ ဘာအန္တရာယ်မှမဖြစ်စေ ရပါဘူး"ပြော တာကြောင့် စိတ်အားတော့ ရှိသွားရတယ်ပေါ့။
Raft ပေါ် တက်ခါနီး မှာ သမီးကေသီက "တစ်ခုခုများ ဖြစ်လိုက်ရင်တော့ မာမီ့သမီးတွေက နင့် ကြောင့်ဆိုပြီး သမီးကို လာသတ်ကြမှာ သိလား"တဲ့။

ကြောက်ရတဲ့အထဲ သူ့အပြောကြောင့် ကျွန်မမှာ ပြုံးရပါသေးတယ်။ Raftပေါ်ထိုင်မိကြတော့ ကိုယ့် ဟာကိုယ် အားပေးရတော့တာပဲ။ အန္တရာယ်ဆိုတာ Rafting လုပ်မှ မဟုတ်ပါဘူး။ ကားမောင်း ရင်း၊ လေယာဉ်ပျံစီးရင်းလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ။ သေနေ့စေ့ရင် အိပ်ရင်းတောင် သေနိုင်တာပဲလို့ အကြောက်ပြေ တွေး ရသေးတယ်ပေါ့။ ဒါ့အပြင် ရတနာသုံးပါးကို ယုံကြည်အားထားစိတ်ကလည်း စွမ်းသတ္တိ ရစေတာအမှန်ပါပဲ။
လှေထွက်စ မှာတော့ ရေစီးက မဆိုးသေးပါဘူး။ ဘေးဝန်းကျင် လောကြီးထဲက ငှက်မြည်သံလေး တွေ လည်းကြားရ၊ လေလေးကလည်း အေးမြမြမို့ စိတ်ထဲက ဘုရားစာရွတ်ရင်း သဘာဝအလှမှာ ကြည်နူးလို့။ Russက ရှေ့ မှာ ရေစီးကြမ်းတော့မယ်နော်၊ သတိထားကြ၊ ညာဘက်မှာ ကျောက် ဆောင်တွေရှိတယ်။ ဘယ်ဘက် ကပ်လှော်ရမယ်။ ဒါခရီးအစတွေ့ရမဲ့ ဆင့်တစ် Class One ပဲလို့ သတိပေးပါ တယ်။ မြစ်လယ်မှာ ရေလှိုင်းဖြူဖြူကြီးတွေ တဝုန်းဝုန်းဖြစ်နေတာလည်း ကြိုပြီးမြင်နေရ ပြီလေ။

လှော်တက်ကို မြဲမြဲဆုပ်၊ စိတ်ကလည်းဘုရားတပြီး ပြင်ဆင်ထားရတာပေါ့။ မကြာပါဘူး။ ရေစီး ကြမ်းထဲရောက် သွားတာနဲ့ ဝုန်းခနဲလှေက မြောက်တက်သွားပြီး စောင်းလျက်ပြန်ကျလာတော့ ကိုယ်ကို မနည်း အတွင်းဘက် အားပြုပြီး လွင့်မကျအောင်ကြိုးစားရတာ သည်းထိတ်ရင်ဖို ပါပဲ။ မျက်နှာချင်း ဆိုင်မှာထိုင်တဲ့ ကျွန်မရဲ့မြေး ခန့်စန္ဒီက တကယ်အားကိုးရတာပါ။ သူ့လက်ကလေး တစ်ဖက်နဲ့ အဘွားကို အားကုန် လှမ်းဆွဲထားလေရဲ့။
Russရဲ့ ဂယ်ရီ အားကုန်လှော်နေကြတာ လှေကရေစီးကြောင့် တဝုန်းဝုန်းဖြစ်နေတုန်းပါပဲ။ ဘယ်တော့ လွင့်ကျမလဲ ကြောက်စိတ်နဲ့ ခြေထောက်တစ်ဖက်ကို လှေဝမ်းကအပေါက်ထဲ အပြတ် သွင်းပြီး မနည်းကျားကန်ထားရပါတယ်း။ ဆယ်မိနစ်လောက် အလူးအလဲဖြစ်ပြီးမှ ရေစီးကြမ်းတဲ့ Current ထဲက ထွက်လို့ ရပါတော့တယ်။

ကလေးတွေက ကြောက်ရကောင်းမှန်း မသိတဲ့အပြင် အပျော်လွန်လို့တောင်နေကြသေးရဲ့။ Class One အပြင် Class ဘယ်နှခုကျန်သေးလဲလို့ စိုးထိတ်စိတ်နဲ့ Russ ကိုမေးကြည့်တော့...
"အခု သွားမဲ့ခရီးက သိပ်မကြမ်းပါဘူး။ Class Two ထိပဲရှိမှာပါ။ ဒီထက်ပိုစွန့်စားလိုသူတွေအ တွက်တော့ Class Ten ထိရှိပါတယ်"တဲ့။
Class One နဲ့တောင် ကျွန်မမှာ သေချင်စော်နံနေပြီ။ Class Ten ဆိုရင်တော့ အသက် ဘယ်က ထွက်လိုက်မှန်းတောင် သိမှာမဟုတ်တော့ပါဘူး။ အဲလို ရေစီးကြမ်းတဲ့ နေရာတွေက မနည်းပါဘူး။ Class One အမျိုးအစားတင် နောျက်ထပ်လေးငါးခါ ကြုံလိုက်ရတော့ နည်းနည်းကျင့်သား ရသွားပြီး လှေစောင်းတော့မယ်ဆိုတာနဲ့ အားကုန်ကျားကန်ထားပေရော့ပဲ။ အကျင့်သားလေး ရလာ တော့လှော်တက် ကိုလည်း ဘယ်လိုလှော်ရတယ်ဆိုတာ သဘောပေါက်လာပါတယ်။ အကြောက် လည်းပြေစပြုလာပြီပေါ့။

ဒါကြောင့် ဘာမဆို အလေ့အကျင့်လုပ်လိုက်ရင် လုပ်နိုင်သွားကြတာမျိုးပါပဲနော်။ ထွက်လာပြီး တစ်နာရီခွဲ ကြာတော့ Russက ရေလယ်မှာ ၁၅ပေလောက်မြင့် တဲ့ ကျောက်ဆောင်ကြီး တစ်ခုရှိတဲ့ နေရာ မှာလှေရပ်ကြမယ်။ တောင်ထိပ်တက်ပြီး ဓာတ်ပုံရိုက်ကြမယ်။ နေ့လယ်စာစားရင်း ခေတ္တ အနားယူကြမယ် လို့ စီစဉ်လေရဲ့။
အနားယူ စားသောက်ပြီးကြလို့ ပြန်လည်းထွက်လာရော Class Two နေရာတောင်မရောက်သေး ဘူး၊ လှိုင်းတွေ တဝုန်းဝုန်းဖြစ်နေ တာ အဝေးက လှမ်းမြင်နေရပါပြီ။ ကျွန်မတို့ရှေ့က သွားနှင့်တဲ့ လှေလေး ဝုန်းဆိုရေလှိုင်း ထဲမှာ မြောက်တက်သွားပြီး လူတစ်ယောက်လွင့်စဉ်ကျသွားပါလေရော။ အားလုံးက "ဟယ်" ခနဲ လန့်အော်မိကြတာပေါ့။ နဂိုကတည်းက စိုးထိတ်နေတဲ့ ကျွန်မ အသက်ရှူ ရပ်သွား သလားတောင် အောက်မေ့ရပါတယ်။

ဂယ်ရီ က "မကြောက်နဲ့မာမီ၊ သူတို့ သတိမထားလိုက်လို့ ဖြစ်သွားတာနေမှာပါ။ မြဲမြဲသာ ကျားကန် ထားပြီးတော့ ကိုယ် အထက်ပိုင်းကို အတွင်းဘက် အားပြုထား၊ ဘာမှမဖြစ်ပါဘူး"တဲ့။
အသက်ကယ် အင်္ကျီကြောင့် ကျသွားတဲ့သူ ရေပေါ်မှာ ပေါ်နေလို့ တော်ပါသေးရဲ့။ သူတို့လှေပေါ် က တစ်ယောက် ခုန်ချပြီးသွားဆယ်တာ တွေ့ရပါတယ်။ လှိုင်းလုံးတွေကြားထဲမှာ ပျောက်သွား လိုက်ပေါ် လာလိုက် ဖြစ်နေတာမို့ ကိုယ့်ဟာကိုယ် ကြောက်တဲ့စိတ်အသာထားပြီး အဲဒီလူ အသက် ရှင်ပါစေ ဆုတောင်း လိုက်ရတာ။ တော်ပါသေးရဲ့၊ လှေပေါ်နှစ်ယောက်စလုံး ပြန်ရောက်သွားမှ ကျွန်မလည်း အသက်ရှူဖြစ်တော့ တယ်။
အသက်ရှူခိုက်ကလေးအတွင်း မှာပဲ ကျွန်မတို့လှေ Class Two ရေစီးကြမ်း ထဲရောက် သွားတော့ ရေစီးအား က သန်လိုက်တာ။ ဘီလူးသဘက် မကောင်းဆိုးဝါးတစ်ကောင်က လှေကိုတအား ကိုင်ပေါက်လိုက် တဲ့အတိုင်း မြောက်တက်သွားပြီး ပြန်ကျလာတော့ အရှိန်နဲက ပတ်ချာလည် သွားလိုက်တာ ဦးတည်တဲ့ဘက် မဟုတ်ဘဲ လာခဲ့တဲ့လမ်း ပြန်ရောက်နေတယ်လေ။

ကလေးတွေရော၊ သမီးကေသီရော တအားအော်လိုက်ကြတာ ကျွန်မမြေး ခန့်စန္ဒီက အဘွား လက်ကို အတင်း ဖိဆွဲထားပေး လို့ ဘာမှမဖြစ်တာနော်။ ဂယ်ရီရော Russ ရော တအားကျုံပြီး လှော်ကြရတာ လှေက ဘယ်ညာ တိမ်းစောင်းရုံတင် မကဘူး။ တစ်ချီတစ်ချီ လှိုင်းအောက် ရောက်သွားလို့ ရေတွေလည်း ရွှွှဲရွှဲစိုပေါ့။ သမ္ဗုဒ္ဓေဂါထာတော် လည်း စိတ်ထဲက ဖင်ပြန်ခေါင်းပြန် ရွတ်လိုက်ရတာ ဘယ်နှခေါက်ရောက်လည်း မသိတော့ပါဘူး။
    အဲဒီလို ရေစီးကြမ်းနေရာတွေ လေး ငါးခါမက ကျော်လွှားခဲ့ကြရတာပါ။ တချို့နေရာတွေ မှာ ကျောက်စွန်းတွေ က ရှိနေတော့ မြောက်တက်ပြီး ပြန်အကျမှာ လှေနဲ့ ကျောက်ဆောင်စွန်းထိဖို့ သီသီလေး လွတ်ခဲ့ရတာလည်း ရှိရဲ့။ တကယ့်မှ သည်းထိတ်ရင်ဖို ခရီးကြမ်းတစ်ခုပါပဲ။ ရတနာသုံးပါး ဂုဏ်ကျေးဇူး နဲ့ ဘေးမသီရန်မခ ပြန်ရောက်ကြတာအတွက် ကျေးဇူးတင်ရပါ သေးတယ်။

    အပြန်ခရီး မှာ ကျွန်မက ' နေပါဦး အခုလို Rafting ခရီးမှာ အဖိတ်အစဉ် အသေအပျောက် များ မရှိဘူးလား ' လို့ လမ်းညွှန် Russ ကို စပ်စုကြည့်တော့...
    'ဟာ...ရှိတာပေါ့၊  Class Two  လောက် သွားတာမျိုးက ရှိခဲ့ပါတယ်။ Class Ten ထိသွားတဲ့ သူတွေတော့ အန္တရာယ်ကြီး ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတောင် Class Seven ထဲမှာ လူနှစ်ယောက် သေသွားသေးတယ်' တဲ့။
    ပြန်ခဲ့ပြီးမှ မေးဖြစ်လို့ တော်ပါသေးရဲ့။ အသက် ၇၀ ကျော်မှ စာရေးချင်းတဲ့ဇောနဲ့ စိန်ခေ ါ် ရတဲ့ စွန့်စားမှု လုပ်ဖြစ်တာကို တွေးရင် ကိုယ့်ဟာကိုယ် ပြုံးမိပါတယ်။ ဂယ်ရီရဲ့ ဒုတိယခရီးစဉ်နဲ့ ကျွန်မတိုက မိသားစု ငါးယောက် ကရေးဘီယန်ပင်လယ်ထဲ မှာ ရှိတဲ့ ဗာဂျင်ကျွန်းစုတွေကို သွားလည်းကြဖို့ Paradise ဆိုတဲ့ အပျော်စီး သင်္ဘောကြီးနဲ့ ခရီးထွက်ဖြစ်ကြပြန်ပါရော။
    သင်္ဘောခရီး ဆိုတော့ မမောရဘဲ အပန်းလည်းပြေ၊ ကြည်နူးပျော်ရွှင်စရာလည်း ကောင်း ပါတယ်။ ကရေးဘီးယန်ပင်လယ် ရဲ့ အလှကတော့ စားဖွဲ့မကုန်နိုင်အောင်ပါပဲ။ ကျွန်မတို့ ခရီးစဉ် တစ်ပတ်မှာ San Juan, Tortola, St. Thomas, St. Croix Puetro Rico နဲ့ Virgin Gorda စတဲ့ ကျွန်းတွေ ရောက်ခဲ့ရတဲ့အထဲမှာ Virgin Gorda ကျွန်းကတော့ မမေ့နိုင် ဖွယ်ရာလို့ ဆိုရမှာပါ။

    ဒီကျွန်းက တစ်ချိန်က မီးတောင်ဖြစ်ခဲ့တဲ့ နေရာတဲ့လေ။ နှစ်ပေါင်း ကြာမြင့်စွာ ဒီနေရာမှာ မီးတောင်ပေါက်ကွဲခဲ့ တာကြောင့် အိမ်တစ်လုံးစာလောက်ရှိတဲ့ ကျောက်တုံး ကျောက်ခဲကြီးတွေ အထပ်လိုက်၊ အထပ်လိုက်၊ ပင်လယ်ထဲမှာ စုပုံနေတာ အံ့မခန်းပါပဲ။ ပင်လယ် ကမ်းခြေမှာ လည်း ကျောက်ဂူကြီးတွေ ဖြစ်ကျန်ခဲ့လို့ တစ်ဖက်မှာရှိတဲ့ Devil's Bay ကမ်းခြေကို သွားဖို့ အဲဒီကျောက်ဂူကြီးတွေ ထဲကို ခဲယဉ်စွာ ဖြတ်ရသေးတယ်လေ။
    တချို့နေရာ မှာ လူတစ်ကိုယ်စာ မဆံ့လို တစ်ယောက်ချင်း ဂူပေါက်၀ ကျဉ်းကျဉ်း လေးထဲမှာ ဝမ်းလျားထိုး ဝင်ရတာ နဲ့ တချို့နေရာကျ ချောက်ကြီးကို ကျော်ဖြတ်ဖို့ လက်ကိုင်တန်း တစ်ဖက်တည်းရှိတဲ့ ကြိုးတံတား ကျဉ်းကျဉ်းလေးပေါ်လည်း ဘုရားတပြီး လျှောက်ခဲ့ရပါ သေးတယ်။

    ပထမခရီးစဉ်က ပြန်လာတော့ White Rafting  လုပ်ခဲ့တဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းကို သားရွှေစင်ကို ပြောပြမိပါတယ်။ 'မာမီနော်... လူငယ်တွေနဲ့ ပြိုင်ပြီး စွန့်စားခန်းတွေ လုပ်မနေနဲ့၊ ကိုယ့် အသက်လည်း ပြန်ကြည့်ဦး' နဲ့ ဆူခံထိပါရော။ ဟော... အခု ဒီမှာ အမေ ကကြိုးတန်း လျှောက်နေ ရပြန်ပြီလို့ တွေးရင်း တစ်ယောက်တည်း ပြုံးမိပါသေးရဲ့။ ဒီအတွေ့အကြုံကိုသား ဆူမှာစိုး လို့ ပြန်မပြောရဲပါဘူး။
    ဒီလိုနဲ့ ဇွန်လကုန်မှာ သင်္ဘောခရီးက ပြန်ရောက်တာနဲ့ ပါလားတဲ့ အဝတ်ဟောင်း တွေလျှော်ဟယ်နဲ့ တစ်ရက် နှစ်ရက် အလုပ်ရှုပ်နေဆဲ နယူးယောက်က ဖုန်းဆက်လာပါတယ်။ ကျွန်မနဲ့ ညီအစ်မလို ချစ်တဲ့ မရွှေဥ ဆုံးသွားပြီတဲ့။ အခုပဲ သိမ်းလိုက်တဲ့ ခရီးဆောင်သေတ္တာကို ပြန်ထုတ်ပြီး အသုဘအမီ နောက်တစ်နေ့ ထွက်မဲ့လေယာဉ်နဲ့ လိုက်သွားရပြန်ပါရော။

    အပြောင်းအလဲ မြန်လှတဲ့ လူ့ဘဝနိယာမ အစိုးမရခြင်းတွေများ ဘယ်လောက် တရား ရစရာ ကောင်းလိုက်ပါသလဲနော်။ အပျော်ခရီးက ပြန်လာလို့ အိမ်မှာ နွေးအောင်တောင် မ နေရသေးဘူး။ ဟော... အခု မိတ်ဆွေကောင်းတစ်ယောက် ဆုံးရှုံးရလို့ ကြေကွဲရတဲ့ မျက်ရည် ခရီးဆက်ရပြန်ပြီလေ။ ' အပျော်ဆိုတာလည်း ခေတ္တခဏ ' ညအချိန် ကြယ်ပွင့်လေးတွေ လင်းလက် လာရာက အရုဏ်ဦးရောက်တာနဲ့ ရုတ်ခြည်း ပျောက်ကွယ်သွားကြ သလိုပါပဲ။ ပူဆွေးစရာ ကြုံတာနဲ့ အပျော်တွေ လွင့်ပြယ်သွားရတော့ပါတယ်။
    မိတ်ဆွေ မရွှေဥမိသားစုနဲ့အတူ ယူကျုံးမရ ပူဆွေးရခြင်းတွေ ခွဲဝေခံစားရင်း ရက်လည်ပြီး နောက်တစ်နေ့မှာ ကျွန်မ ဖလော်ရီဒါ ပြန်လာခဲ့ပါတယ်။ ရင်ထဲမှာ နာကျင်ခြင်းနဲ့အတူ ဘယ်တော့မှ အစားထိုးဖြည့်လို့မရတဲ့ ကွက်လပ်ကြီးတစ်ခုလို လစ်ဟာပြီး နေပါတော့တယ်။

    ကျွန်မအတွက် ၁၉၉၇ ခုနှစ်ကတော့ အထူးခရီးများရသောနှစ်လို့ ပြောရမယ် ထင်ပါရဲ့။ အိမ်မှာ နှစ်ပတ်လောက် နားပြီးတာနဲ့ မော်စကိုက သားကိုရွှေစင်ဆီ သွားဖို့ ပြင်ရင်ပြန်ပါရော။ မော်စကိုကို ပထမတစ်ခေါက် လာရမယ် ဆိုတုန်းက ဗဟုသုတ နည်းပါးစွာနဲ့ ကွန်မြူနစ် တိုင်းပြည်မြို့တော်မို့ ဘာမှကြည့်စရာ ရှိမှာ မဟုတ်ဘူးလိုက ထင်ခဲ့တာ။ ဇာဘုရင်တွေ လက်ထက်က စပြီး မင်း အဆက်ဆက် ပြောင်းလဲခဲ့တဲ့ ခေတ်အဆက်ဆက် ရာဇဝင်မြောက် ကြီးကျယ် ခမ်းနားလှတဲ့ နန်းတော်ကြီးတွေ နဲ့တကွ ရုပ်တုတွေ၊ ပန်းခြံတွေ၊ ရင်ပြင်တွေ၊ ဘုရားရှိခိုကျောင်းကြီးတွေ၊ ပြတိုက်တွေ တစ်သက်လုံး ထိုင်ကြည့်တောင် ကုန်နိုင်ဖွယ်မရှိအောင် များပြားလှတာတွေ တွေ့ရမှ အံ့သြ ကုန်နိုင်ဖွယ် ဖြစ်ရတော့တာပါပဲ။
ကရင်မလင်နန်းတော် ရဲ့ ရင်ပြင်နီကအစ မော်စကိုမြို့မှာ ရှိရှိသမျှ ရာဇဝင်ရှိ အထင်ကရ နေရာတွေ အပြင် စိန်ပီတာဘခဒ်မြို့က နန်းတော်ကြီးတွေအထိ သားကိုရွှေစင်က တကူးတက လိုက်ပို့ပေးတာ မို့စာရေးသူ ကျွန်မအတွက် ဆောင်းပါးများစွာ ရေးဖို့မှာအတွေ့အကြုံစုံအောင် ရခဲ့တဲ့အထဲမှာ မမေ့နိုင်အောင် ရင်ထဲစွဲစွဲလမ်းလမ်းဖြစ်ခဲ့တဲ့ နေရာတစ်ခုကတော့ မော်စကိုမြစ်ဘေးမှာ တည်ရှိတဲ့ Novadevichy သင်္ချိုင်း ပါပဲ။

ရှရှားလူမျိုးတွေ ဟာ သူတို့နိုင်ငံ၊ ဘုရင်နဲ့တကွ မှူးမတ်သေနာပတိနဲ့ ရဟန်းတော်များ အပြင် နိုင်ငံတော်ခေါင်းဆောင်ကြီးတွေ၊ တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ အာဇာနည် စစ်သည် တော်တွေ၊ တိုင်းပြည်ကို ထူးချွန်စွာအကျိုးပြုခဲ့တဲ့ သိပ္ပံပညာရှင်တွေနဲ့တကွ စာပေ၊ ရုပ်ရှင်၊ ပြဇာတ်၊ ပန်းချီ၊ ပန်းပုစတဲ့ အနုပညာရှင်တွေပါ အားလုံးကို တန်ဖိုးထားပြီး ကွယ်လွန်ပြီး တဲ့တိုင် သူတို့ နာမည်တွေ ပျောက်ဆုံးတိမ်ကော မသွားအောင် တလေးတစား ဂုဏ်ပြုထိန်းသိမ်းထားခြင်း ပါပဲ။
ဒီသင်္ချိုင်း ထဲမှာ ကိုယ့်စွမ်းအား၊ ကိုယ့်အနုပညာ၊ ကိုယ့်အရည်အချင်းနဲ့ တိုင်းပြည်ကို အကျိုးပြုခဲ့ တဲ့ရာဇဝင် ရှိ ပုဂ္ဂိုလ်များရဲ့ ဂူများကို တွေ့ရတော့ သူတို့ရဲ့ တန်ဖိုးထားလေးစားတတ်တဲ့ စိတ်ကို သာဓု အခါခါ ခေါ်မိပါတယ်။
အဲဒီလို ကျွန်မနေရာစုံရောက်ရတဲ့အပြင် ကံကောင်းထောက်မချင်တော့ ကြုံကြိုက်ရခဲ့သမျှ မော်စကိုမြို့ရဲ့ ၈၅၀နှစ်မြောက်မွေးနေ့ပွဲတော်နဲ့ သွားတိုးလေရဲ့။ စက်တင်ဘာလ ၅ရက်နေ့က စပြီး သုံးရက်တိုင်တိင် လူဦးရေ ၁၂သန်းရှိတဲ့ မော်စကိုမြို့လုံးကျွတ် ကျင်းပတဲ့ပွဲပါ။ ဒေါ်လာသန်း ပေါင်း၅၀အကုန်အကျခံထားတဲ့ ပွဲတော်ကြီးမို့ ကြီးကျယ်ခမ်းနားပုံက စာဖွဲ့မကုန်ပါဘဲ။

တစ်မြို့လုံး လမ်းတွေပိတ်ပြီး လူပေါင်းသိန်းချီ ပါဝင်တဲ့ Parade ကမြိုကတော်ခန်းမကစပြီး လှည့် မှာမို့ လာကြည့်သူတွေလည်း ကြိတ်ကြိတ်တိုးပေါ့။ ပွဲမစခင် တစ်ပတ်လောက်ကတည်းက ရွာနေတဲ့မိုးကြောင့် ပွဲပျက်တော့မှာပဲလို့ ကျွန်မက တွေးပူနေမိသေးတာ။ ပွဲတော်ရက်တစ်ခုလုံး ကောင်းကင်က ကြည်လင်ပြီး နေကသာလို့ စွေနေတဲ့မိုး ဘယ်ရောက်သွားမှန်းတောင် မသိပါ ဘူး။
သိပ္ပံထွန်းကားတဲ့ တိုင်းပြည်ကျတော့ ဟန်ကိုကျလို့။ ရွာမဲ့မိုးတွေကို Cloud Seedingလို့ခေါ်တဲ့ အတတ်ပညာ နဲ့ ဖယ်ရှားထားတာတဲ့လေ။ မိုးလေဝသ ကောင်းအောင်စောင့်ပြီး လုပ်ပေး ဖို့ လေယာဉ်တစ်စင်း ကို ကောင်းကင်ပေါ် တင်ပြီး သီးသန့်တာဝန်ပေးထားရတာမို့ ဒေါ်လာငါးသိန်း ကုန်ကျသေးတာ တဲ့။ ခုမှပဲ ကျွန်မလည်း အထူးအဆန်းတွေ မြင်ဖူး ကြားဖူးရတော့တယ်။

ဒီလိုနဲ့ မော်စကိုမှာ လည်ပတ်လို့မဆုံး၊ လေ့လာလို့မဆုံးနဲ့ အချိန်တွေ မလောက်နိုင်ဖြစ်ရတဲ့ အထဲက ပြန်ရဖို့ရက်တောင် ကပ်နေပါပြီ။ တစ်နေ့ အမေရိကားက သမီးကြီးကေခိုင် ဖုန်းဆက်လာ ပါရော။
"မာမီ ဘယ်နေ့ပြန်ရောက်မှာလဲ၊ ကိုကိုက မေးခိုင်းနေတယ်။ သူ့ကုမ္ပဏီဖွင့်ပွဲလုပ်ဖို့ မာမီပြန်အ လာကိုစောင့်နေ ရတာတဲ့"
ကဲ...အဲဒါပဲကြည့်ပါတော့နော်။ မိခင်တစ်ယောက်ရဲ့ဘဝ။ ဒီခရီးကမပြီးသေးဘူး။ နောက်ခရီးတစ်ခု ကစောင့်နေပြန်ပါပြီ။ ခွဲဝေရခက်တဲ့ အချိန်တွေ မလောက်နိုင်လို့သာ စိတ်မောရပေမယ့် သားသမီး တွေရဲ့အလိုကိုဖြည့်ဆည်းချင်တဲ့ ဆန္ဒကစောနေတာမို့ စိတ်မောပေမဲ့ လူကမမောဘဲ ကြည်နူးကျေ နပ် ရပါတယ်။
လွန်ခဲ့တဲ့ခုနစ်နှစ် က အမေရိကားမှာ စီးပွားရေးကပ်ဆိုက်နေတဲ့အချိန် လုပ်ငန်းရှင်တွေ ကျဆုံးနေ တော့ သားကြီး ခင်မောင်ဝင်းခန့်က အရှုံးပေါ်နေတဲ့ လက်ရှိကုမ္ပဏီရဲ့ တစ်ဝက်ကို ခွဲဝေပြီးဝယ် ယူလိုက်ပါတယ်။ အချိန်အခါနဲ့ အခြေအနေ မပေးမှန်း သိလျက်နဲ့ စွန့်စားပြီးလုပ်ရတာမို့ ကြိုး စား အားထုတ်မှုတော့ နှစ်ဆ တိုးရုန်းကန် လှုပ်ရှားရတယ်ပေါ့။ ကျွန်မလည်း သူတို့အတွက် စိတ်ပူ လို့ဆုတောင်းလိုက်ရတာအမော။ သား ကတော့ အားပေးပါရဲ့။

"မာမီ စိတ်ပူမနေပါနဲ့။ပိုင်ဆိုင်သမျှ အားလုံးကုန်သွားလည်း လုပ်စားစရာ သားမှာပညာကျန်နေ သေးတာပဲ။ ဒါ့အပြင် ရလိုက်တဲ့ အတွေ့အကြုံအမြတ်အစွန်းတွေလည်း ရှိဦးမှာလေ"တဲ့။
သားပြောတာလည်း အမှန်ပါပဲ။ ကံကောင်းထောက်မဖို့ ထိုင်စောင့်နေမဲ့အစား အခွင့်သာခိုက် ရှိသ မျှကိုယ့် အရည်အချင်း အားကုန်ထုတ်ပြီး ထုတ်ယူရမှာပါပဲ။ နိုင်ရင်လည်းနိုင်၊ ရှုံးရင်လည်းရှုံး၊ အရှုံး ကိုကြောက်နေ လို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ သားတို့ တစ်မိသားစုလုံး သုံးနှစ် လောက်အလူးအလဲ ရုန်းကန် လိုက်ပြီးမှ ကိုမ္ပဏီက စီးပွားရေး အဆင်ပြေစပြုလာတာပါ။ ခုနစ်နှစ် ရှိတော့စက်မှုဇုန်မှာ ကိုယ်ပိုင် စက်ရုံကြီးတစ်ခု တည်ဆောက်နိုင်တဲ့အထိ အောင်မြင်လာတာမို့ ကြိုးစားရကျိုး၊ စွန့်စားရကျိုးနပ်တယ် ဆိုပါတော့။

ဒီတစ်ခေါက် ရှီကာဂို သွားရတဲ့ခရီးကတော့ သားရဲ့အလုပ်ရုံသစ် ဖွင့်ပွဲအတွက် ဂုဏ်ယူစရာတစ် ခုအပြင် ဒုတိယမြေး ခန့်ညီညီ ရဲ့ဇနီး မီးရှယ်လ်တို့က သမီးဦးလေး ခန့်ဒေဝီကို ဖွားသန့်စင်တာနဲ့ တိုက်နေတာမို့ ကျွန်မ ရဲ့ပထမဆုံးမြစ်ဦး ရဲ့ ကင်ပွန်းတပ်ပွဲပါ ဆင်နွှဲရမှာဆိုတော့ ကျေနပ်ကြည်နူး မဆုံးပေါ့။
ရှီကာဂို မှာ ရှိနေဆဲ တစ်ညနေ မော်စကိုက သားကိုရွှေစင် ဖုန်းဆက်လာပါတယ်။ သားမြန်မာပြည် ကိုနုဝင်ဘာ၁၀ ရက်နေ့အရောက်သွားဖို့ စီစဉ်နေတယ်။ မာမီလိုက်မယ်ဆိုရင် နိုင်ဝင်ဘာလ ၆ရက်နေ့ အရောက်ရန်ကုန်ကိုလာခဲ့၊ ဟိုမှာဆုံကြပြီး အတူလည်ရအောင်တဲ့။
မမျှောလင့်တဲ့ သတင်းကောင်းကြားရတော့ ကျွန်မထခုန်မတက် ဝမ်းသာသွားတော့တာပဲ။ ကုသိုလ် ကံကောင်းတဲ့အလှည့်လေးတွေ ကြုံရတော့လည်း ဒီလိုပါပဲ။ တစ်ခုပြီးတစ်ခုဆက်တိုက် မထင်မှတ် တာတွေဖြစ် လာတတ်တာပဲနော်။ ဖုန်းချပြီးတာနဲ့ မိနစ်မဆိုင်း ကျွန်မသားရွှေစင် နဲ့အတူ မြန်မာ ပြည်ပြန် လာမဲ့အကြောင်း ဝမ်းသာအားရနဲ့ သားကြီးဝင်းခန့်ကိုပြေးကြွားတော့ သူပါလိုက် ချင် တယ်ဖြစ်ပါရော။

သားကြီးခမျာ စာသင်ဖို့ ၁၈နှစ်သားကတည်းက အမိမြေက ခွဲလာခဲ့ရတာအခုဆို ၃၆နှစ်ကြာမျှ ရှိနေပြီဆိုတော့ ပြန်ချင်ပေမယ်ပေါ့။ ခက်တာက အခုပဲ စက်ရုံသစ်ဖွင့်ထားတာ ရက်ပိုင်းပဲ ရှိသေး တာမို့ မပြီးပြတ်သေးတဲ့ ကိစ္စတွေက ရှိနေဆဲလေ။ သားကိုရွှေစင်ကလည်း ခွင့်ရက်က ပြောင်းလို့ မရတာကြောင့် အစ်ကိုနဲ့ ရက်တိုက်လို့ မရပြန်ဘူး။
ပထမအစီအစဉ်က ကျွန်မ နိုင်ဝင်ဘာ ၄ရက်နေ့ဒီကထွက်၊ ရန်ကုန်ကို ၆ရက်နေ့ရောက်၊ သားနဲ့ ၁၀ရက်နေ့မှာ ဆုံကြပြီး အတူလျှောက်လည်၊ သားက ၂၂ရက်နေ့ မော်စကိုပြန်ပြီး ကျွန်မက လကုန်ထိ ဆက်နေ မယ်ပေါ့။ အခုကျ သူတို့ညီအစ်ကိုနှစ်ယောက် ရက်ညှိမရတာနဲ့ သားကြီး ထွက်လာနိုင်တဲ့ ဒီဇင်ဘာ ၁ရက်နေ့အထိ ဆက်စောင့်၊ သားရောက်လာတော့ သုံးပတ် အတူလည် ကြပြီးမှ အတူပြန် မှာကြောင့် စုစုပေါင်းခြောက်ပတ်ကြာ နေခွင့်ရသွားတာမို့ စူဠလိပ် ရေထဲလွှတ်တဲ့ အတိုင်းပျော်မဆုံးဖြစ် သွားတော့တာပါ။

မြန်မာပြည်ကို လေးနှစ်ကြာမှ ဒုတိယအကြိမ် ပြန်ရောက်ရတာမို့ ကျွန်မအတွက် နေ့စဉ် အပျော် ရက်များဖြစ်နေတော့တာပဲ။ သားနဲ့အတူ ပုဂံနဲ့မန္တလေး၊ စစ်ကိုင်းကိုလည်း ၁၂ရက် အတွင်း ရောက်အောင်သွားလိုက်ကြသေးတယ်။ သားလတ် ကိုရွှေစင်ပြန်ပြီးတော့ သားကြီးဝင်းနဲ့အတူ ငယ်ရွယ် စဉ် ကလေးဘဝကတည်းက မြန်မာပြည်ကို စိတ်ဝင်စားတဲ့ မြေး အကြီးဆုံး ခန့်ကိုကို လည်းပါလာတာ မို့ သူတို့သားအဖနှစ်ယောက်ကို ဧည့်ကြိုလုပ်ရင်း ရန်ကုန်၊ ပုဂံ၊ ပုပ္ပါး၊ မန္တလေး၊ စစ်ကိုင်း၊ အင်းလေး၊ တောင်ကြီးထိ လိုက်ပို့ရပါတယ်။
၃၆နှစ်ကြာ ကွဲကွာနေတဲ့ ဆွေမျိုးတွေက ဟိုတုန်းက "ဝင်းလေး"နဲ့ ချစ်စနိုးခေါ်ကြတဲ့ သူငယ်လေး ကိုအခု ဆံပင် အဖြူအဖွေးသားနဲ့ ငါးဆယ်ကျော် အဘိုးကြီးအဖြစ်မြင်ကြရတော့ မမှတ်မိဘဲ တအံ့ တသြဖြစ်လို့ ။ နှစ်တွေပြောင်း သလို ရုပ်ဆင်းအသွင်ကလည်း ပြောင်းပေမဲ့ နှလုံးသားထဲက မြန်မာ ပြည်သားဆိုတဲ့ ဇာတိစိတ် ကတော့ မပြောင်းလဲပါဘူး။

၁၉၉၇ခု တစ်နှလုံး ခရီးတွေများပြီး မနားရတာနဲ့ ခုရောက်လာတဲ့ ၁၉၈၈ခုနှစ်ဦးမှာ အိမ်မှာ ခေတ္တ အနား ယူရင်း မျက်စိခွဲဖို့ကိစ္စရှိတာကို လုပ်ဖို့ဆရာဝန်နဲ့ ရက်ချိန်းယူထား ပါတယ်။ နှစ်သစ်န့ အတူ ရောက်လာ တဲ့သတင်းကောင်းတစ်ခုက သားကိုရွှေစင် မော်စကိုက တာဝန်နှစ်စေ့ လို့ မိုရိုကိုနိုင်ငံ ကိုပြောင်းရမယ် ဆိုတာပါပဲ။ မတ်လကျရင် ဝါရှင်တန်ကိုပြန်လာပြီး အောက်တိုဘမှာ မိုရိုကိုကို သွားရမှာတဲ့လေ။
သြဘစ်ထဲမှာ နက္ခတ်တာရာတွေ တစ်ခုနဲ့တစ်ခုနီးလာလိုက်၊ ဝေးသွားလိုက်ဖြစ်သလို ကျွန်မဘ၀ မှာလည်းသားသမီးတွေနဲ့ နီးလိုက်၊ ဝေးလိုက် သံသရာလည်နေတာပါပဲ။ အခုလည်း မျက်စိခွဲရ မဲ့ဖေဖော်ဝါရီလ ၁၁ရက်မတိုင်မီ ကျွန်မကို အနီးကပ်ပြုစုဖို့ဆိုပြီး သမီးထွေးသူဇာတို့ မိသားစု တစ်စု လုံး ရောက်လာကြလေရဲ့။ သူတို့ကသာ ပူစရာမရှိ ရှာကြံပူပြီးရောက်လာကြတာ။ ဒီမှာ မျက် စီခွဲတာလောက် က ထမင်းစားရေသောက်ပါပဲ။

ခွဲမဲ့မနက်စောစောမှာ ဆေးရုံရောက်အောင်သွား၊ လိုအပ်တဲ့ြပ်ငဆင်မှုတွေလုပ်၊ မျက်စိကို ဆေးမျိုး စုံခတ်၊ ခုနစ်နာရီခွဲမှာ ခွဲခန်းထဲဝင်၊ လေဆာနဲ့တိမ်ကိုဖယ်ထုတ်၊ ပါဝါပါတဲ့ Lensတစ်ခါတည်းထည့်၊ ပြန်ချူပ်၊ ၄၅မိနစ် ဆို အားလုံးသောကိစ္စပြီးပါလေရာ။
နေ့လယ် မွန်းမတည့်မီ အိမ်ပြန်ဆင်းလို့ ရနေပါပြီ။ တစ်ပတ်လောက်အားစိုက်ပြီး စာမဖတ်နိုင် သေးတာက လွဲရင် တီဗွီ လည်းကြည့်လို့ရ၊ ကားလည်းမောင်းလို့ရ၊ အလေးအပင်မ မရတာတစ်ခုပဲ ဂရုစိုက်ရှောင်ဖို့ လိုအပ်ပါတယ်။
ဒီနှစ်ထဲမှာတော့ ကျွန်မ အခွဲအစိတ်တွေနဲ့ အကျိုးပေးလေရဲ့။ မျက်စိက ပြီးတော့ သွားတွေက တစ်ခါ ဒုက္ခပေး လာတာကြောင့် ခွဲရစိတ်ရ၊ နုတ်ရ၊ အသစ်စိုက်ရ၊ အသက်ကလည်း ၇၀ကျော်နေပြီ ဆိုတော့ ကားဟောင်းကြီး တစ်ခုလို ဟိုကချို့ယွင်း၊ ဒီကချို့ယွင်းနဲ့ ဇယမ္ပိဒုက္ခောရဲ့ဒဏ်တွေ ခံစား နေရတယ် ဆိုပါတော့။ တစ်ပတ်တစ်ပတ် ဆရာဝန်ရက်ချိန်းတွေနဲ့ပဲ ဆေးခန်းမှာ အချိန်ကုန်ရင်း ပါးစပ်ထဲ ကားတစ်စီး စာ နီးပါးလောက် အရင်းအနှီးထည့်လိုက်ပြီးမှပဲ အားလုံးအဆင်ချောသွားပါ တော့တယ်။

ဒီလိုနဲ့ ဧပြီလထဲမှာ လူရင်းထဲက မင်္ဂလာဆောင်တစ်ခုပေါ်လာတာနဲ့ သမီးကေခိုင်တို့ရှိရာ တက္က ဆက်ပြည်နယ် ကို သွးလိုက်ရသေးတယ်။ ပြန်လည်းလာရော ကျွန်မ မွေးနေ့နဲ့အတူ ကျရောက် လေ့ရှိတဲ့ အမေများနေ့ က ဆီးကြိုနေပြီလေ။ ဒီနှစ်မှာတော့ ကျွန်မအတွက် အထူးခြားဆုံး၊ အမွန် မြတ်ဆုံး၊ ကျေနပ်နှစ်သက်မဆုံးသော လက်ဆောင်ကောင်းတစ်ခု ရတာမို့ အမှတ်တရ ဖြစ်သော နှစ် လို့ ဆိုရမှာပါ။
မေလ ၁၀ရက်နေ့မှာ ကျရောက်တဲ့ အမေများနေ့မှာ သမီးကေသီနဲ့ မြေးနှစ်ယောက်ပါ စောစော စီးစီး နှင်းဆီပန်းတွေနဲ့ ရောက်လာပါလေရဲ့။
"ဟယ်...ပန်းတွေက လှလိုက်တာ၊ ဘုရားတင်ရမယ်"လို့ပြောတော့...
"မာမီ့အတွက် ဒီထက် ကုသိုလ်ရမဲ့ လက်ဆောင်တစ်ခုလည်း ပါသေးတယ်"တဲ့။

"ဟုတ်လား၊ ဘာများလဲ"ဆိုတော့ ထုံးစံအတိုင်း Surprise ဆိုပြီး စာအိတ်တစ်ခုထုတ်ပေးပါတယ်။
ခါတိုင်းနှစ်တေါလို အမေသုံးချင်ရာသုံး၊ လှူချင်ရာလှူဖို့ ချက်လက်မှတ်နဲ့ မွေးနေ့ကတ်ပြားလေး လို့ ထင်ထားတာ ဖွင့်လိုက်တာ ကတ်ပြားနဲ့ ချက်လက်မှတ်အပြင် ရန်ကုန်၊ ဘန်ကောက် နဲ့ ဟောင် ကောင် သုံးနေရာသွားဖို့ လေယာဉ်လက်မှတ် ဖြစ်နေပါရော။
မြန်မာပြည် က ပြန်ရောက်တာမှ ငါးလပဲရှိသေးတာမို့ နောက်တစ်ခေါက် ထပ်သွားဖို့ အဆင်သင့် မရှိသေးတာကြောင့် " ခုပဲ ပြန်ရောက်ခါစ ရှိသေးတယ် သမီးရယ်"လို့ပြောတော့...
"သွားကြမဲ့ အကြောင်းအရင်းကို မာမီသိရင် ဝမ်းသာမှာပါ"တဲ့လေ။
"ပြောပါဦး။ ဘာအတွက်လဲ"ဆိုမှ သမီးက အားတက်သရော စကားဆက်ပါတယ်။

"ဂယ်ရီလည်း အရှေ့တိုင်းကို တစ်ခါမှ မရောက်ဖူးသေးဘူး။ နောက်ပြီး ကလေးတွေက ကြီးလာ တော့အမေရဲ့ ဇာတိမြေကို စိတ်ဝင်စားလာကြပြီ မာမီရဲ့။ တစ်နေ့က ဒစ္စကာဘရီချန်နယ်လ်မှာ ကျိုက်ထီးရိုး ဘုရားပုံ ပြတော့မာမီ့မြေး ခန့်စန္ဒီက မြန်မာပြည်သွားချင်လှချည်ရဲ့နဲ့ ပူဆာတယ်။ ဒါကြောင့် သမီးက စဉ်းစားတာ၊ မာမီလည်း အသက်၇၀ကျော်ပြီ။ ကျန်းမာဆဲမို့ ခရီးဝေးသွားနိုင် သေးတာ။ သားခန့်သီဟ လည်း အခု ၁၀နှစ်ပြည့်တော့မှာ ဆိုတော့ မာမီကျန်းမာတုန်း ကုသိုလ် အတူယူရအောင် အခုမြန်မာပြည်ရောက်ခိုက် မာမီ့မြေးကို ရှင်ပြုပေးမယ် စဉ်းစားပြီး ဂယ်ရီကိုတိုင် ပင်စီစဉ်လိုက်တာ။ မာမီဝမ်းသာမှာ ဆိုတာလည်း သမီးသိတယ်လေ"တဲ့။
မထင်မှတ်တဲ့ ဒီသတင်းက ကျွန်မအတွက် တကယ့်ကို Surprise ပါပဲ။ အထူးခြားဆုံး၊ အမွန်မြတ် ဆုံးလက်ဆောင်ကောင်းတစ်ခုမို့ ကျေနပ်ကြည်နူးဝမ်းသာစိတ်နဲ့ မျက်ရည်လည်မိတဲ့ထိ ရင်ထဲမှာ ပီတိများစွာဖြစ်ရင်းသမီးရဲ့ စေတနာကို သာဓုခေါ်ဖြစ်ပါတယ်။

"နေပါဦး၊ ဂယ်ရီသဘောတူတာက ထားပါတော့။ သမီးရဲ့သားကရော ကိုရင်တကယ်ဝတ်မှာတဲ့ လား။ သေချာအောင် လည်း မေးပါဦးနော်"နဲ့ စိတ်ပူလို့ မေးကြည့်တော့သမီးက အားပါးတရရယ် ရင်းပြောပြ ပါတယ်။
"မာမီ့မြေးက တကယ်ရယ်ရတယ်သိလား"တဲ့။ "သမီးက သူနားလည်အောင် သေသေချာချာရှင်းပြ ရတာပေါ့။ ပထမဆုံး ဆံပင်ရိတ်၊ ခေါင်းတုံးတုံးရမယ် ဆိုတော့ ဟင်တဲ့။ စစချင်း နံပါတ်တစ် နဲ့တင် တော်တော် စိတ်ဓာတ်ကျ သွားပုံရတယ်။ နေ့လယ် ၁၂နာရီထိုးပြီးရင် ဘာမှမစားရဘူး။ ဒီတစ်ခါ လည်း ဟင်ခနဲ ဖြစ်ပြန်ပါရော။ နောက်ပြီး ဘောင်းဘီ၊ အင်္ကျီမဝတ်ရဘူး။ အညိုရောင်သင်္ကန်းကို ဝတ်ရမှာ။ ပြီးတော့ တီဗွီလည်း မကြည့်ရဘူး။ ကျွန်ပျူတာဂိမ်းလည်း မကစားရဘူး။ ကာတွန်းလည်း မဖတ်ရဘူး။ ဘုန်းကြီးကျောင်း မှာ သွားနေရမှာပြောတော့ ဟင်တဲ့။ ဒီတစ်ခါ ဟင်ကျ တော်တော် စိတ်ညစ်သွားသံ ပါနေပြီလေ" တဲ့။

ဒါနဲ့ ကျွန်မက သနားလို့ "သူစိတ်ပါမှ လုပ်ပါစေ သမီးရယ်။ စိတ်မပါဘဲ လုပ်ရရင် ကုသိုလ်ရမှာ မဟုတ်ဘူး" လို့ သမီးကို ရှင်းပြရသေးတယ်။
"မဟုတ်ပါဘူး မာမီရဲ့။ သူကကို လိုလိုလားလားနဲ့ လုပ်မယ်အာမခံတာပါ။ မယုံရင် မာမီ့မြေး ကို ခေါ်မေးကြည့်"တဲ့။
ကျွန်မတို့ စကားပြောနေဆဲ အိပ်ခန်းထဲမှာ မောင်နှမနှစ်ယောက် တီဗွီသွားကြည့်နေရာက သား ကို ခေါ်ထုတ် လာပြီး "တကယ် ကျေကျေနပ်နပ်နဲ့ ကိုရင်ဝတ်မှာလား"မေးကြည့်တော့...
သူစိတ်ပါလက်ပါ လိုလိုလားလားဝတ်ရင် ဘွားဘွားနဲ့ မာမီကုသိုလ်ရမှာလားနဲ့ ပြန်မေးနေလို့...
"ဘွားဘွား တို့၊ မာမီတို့ ကုသိုလ်ရတာထက် သားကိုယ်တိုင်ပြုတဲ့ ကုသိုလ်ကြောင့် သားကုသိုလ် တွေ အများကြီးရမှာ"လို့ ရှင်းပြတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ ခေါင်းညိတ်ရင်း "သား တကယ်ဝတ်မှာပါ ဘွားဘွား ရဲ့" ပြန်ဖြေတာကြောင့် ကျွန်မမှာ ကျေနပ်ပျော်ရွှင်မဆုံးပါပဲ။

ဒီလိုနဲ့ ကျွန်မတို့ မိသားစုငါးယောက် သုံးပတ်အတွင်း မြန်မာပြည်ကို တတိယ အကြိမ် ရောက် ဖြစ် သွားပြန်ပါရော။ မြန်မာပြည်က မေတ္တာနဲ့ တော်စပ်ရတဲ့ မောင်၊ ညီမတွေလည်း တကယ်ကို အားကိုးရတာပါနော်။ ရောက်မဆိုက် မြေးကို ရှင်းပြုချင်တယ်ဆိုရုံနဲ့ ညီမ ဒေါ်မြင့်မြင့်ကြည် (ညွှန်မှုး-ရ/သုံး)၊ ဒေါ်ကလျာ(ကလျာမဂ္ဂဇင်း)၊ ဒေါ်လှလှ(လားရှိုး)တို့ သုံးယောက်သား ဝိုင်းဝန်း လိုက်ကြတာ ရွှေတောင်ကုန်းပဏ္ဍိတရာမကျောင်းတိုက်မှာ နေ့ချင်း ညချင်းရှင်ပြုပွဲအစီအစဉ် ဖြစ် သွားတော့တာပါပဲ။
ရန်ကုန်မှာနေတဲ့ လေးရက်အတွင်း မြေးခန့်သီဟကို ကျောင်းပို့ပြီး သင်္ကန်းတောင်းကျက်ခိုင်းရ၊ သင်္ကန်းဝတ်လေ့ကျင့်ပေးရ၊ သားကိုဝင်းငြိမ်းနဲ့ ကိုလင်း(ရွှေအမြူတေ)တို့က ဗီဒီယိုကိစ္စဝိုင်းဝန်း ကြ၊ ကျွန်မရဲ့ခန့်ခန့်ကြီးဓာတ်ပုံတိုက် ရှေးဟောင်းတပည့်တွေ ဖြစ်တဲ့ ထွန်းထွန်း၊ ကိုစံညွန့်၊ ကိုအောင်ခင်နဲ့ အသန်း တို့က ဓာတ်ပုံကိစ္စ တာဝန်ယူကြ၊ ဒေါ်တင်တင်လှနဲ့ မန္တလေး အသင်း အမှုဆောင်များက သိမ်ဆင်း လှူဖွယ်ဝတ္ထုများစွာနဲ့ ကူညီကြ။

အပြေးအလွှား နဲ့မို့ လက်လှမ်းမီရာဆွေမျိုးများနဲ့ မိတ်ဆွေတွေကို ဖိတ်ကြားရတာကြောင့် လစ်ဟာ ကျန်ခဲ့ရသူတွေလည်း အများအပြားမို့ အားနာစရာကောင်းလှပါရဲ့။ ကျွန်မတို့လာတဲ့ အစီအစဉ်ကိုက ဖုတ်ပူမီးတိုက် ဖြစ်ရတဲ့အပြင် သုံးပတ်နဲ့ သုံးနိုင်ငံ ခရီးဆက်ရမှာဖြစ်တော့ မြန်မာ ပြည်မှာ ၁၁ရက်ပဲ နေဖို့ ရက်ရပါတယ်။
ဒီအတွင်းရှင်ပြုပွဲလည်း လုပ်ရဦးမယ်။ ဂယ်ရီနဲ့ မြေးတွေကို ပုဂံနဲ့ကျွန်မရဲ့ဇာတိမြေ မန္တလေးကို လည်းပို့ရဦးမဲ့အပြင် စစ်ကိုင်းတောင်း ဝါးချက်ဆေးရုံအတွက် ဦးနှောက်နဲ့ ကျောက်ကပ်ခွဲစိတ် ပစ္စည်းများလှူဖို့လည်း တစ်ပါတည်း ယူလာခဲ့တာကြောင့် ဆရာတော်ဘုရားထံပါးအရောက် သွားလှူရဦးမှာတွေ ရှိသေးတာမို့ နေရတဲ့ ၁၁ရက်က အရာရာ သေပြေးရှင်ပြေးပဲ ဆိုပါတော့။
မြေးခန့်သီဟ ရဲ့ ရှင်ပြုအလှူပွဲလေးကတော့ ဝိုင်းဝန်းကြတဲ့ မိတ်ဆွေကောင်းများရဲ့ ကျေးဇူးတရား နဲ့ကောင်းစွာ အထမြောက် အောင်မြင်သွားရတာမို့ ကျွန်မဘဝမှာ အလှူဒါနအတွက် ဆန္ဒပြည့်၀ ခြင်းနဲ့ကြည်နူးပျော်ရွှင်ရဆုံးသော နေ့ထူးနေ့မြတ်အဖြစ် ရင်ထဲမှာ စွဲမှတ်ကျန်ခဲ့ရပါတယ်။

မှတ်မှတ်ရရ အဲဒီနေ့က ဂယ်ရီကလည်း ပုဆိုးနဲ့လေ။ ကျွန်မရဲ့အစ်ကိုလေး ဦးခင်မောင်မောင် က မြန်မာပြည်ရောက်တဲ့နေ့မှာပဲ သူ့တူဂယ်ရီကို မြန်မာဝတ်စုံ ပုဆိုးနဲ့ ရှပ်အင်္ကျီ တစ်ခါတည်း ကောက်ဆင်ထားလိုက်တာမို့ အလှူနေ့မှာ ပုဆိုးနဲ့ အချိုးကိုကျလို့။ ခန့်သီဟနဲ့ ခန့်စန္ဒီ မောင်နှမနှစ်ယောက်လည်း သမီးကေသီရဲ့ သူငယ်ချင်းရင်ရင်၊ ညိုညိုအေးနဲ့ မာလာခင်ညိုတို့ အုပ်စု က မြန်မာဝတ်စုံတွေ ကိုယ်စီ ဆင်ထားပြီးသာ။ ကျွန်မတို့ ဘာတစ်ခုမှ လှည့်ကြည့်စရာ၊ ဝင်ပါ စရာမလိုဘဲ အရာရာကိုပြည့်စုံအောင် ဖြည့်စွမ်းပေးနိုင်ကြတာ တကယ်ကို ရနိုင်ခဲ မျှသော မေတ္တာ စေတနာရဲ့ ကျေးဇူးတရားတွေပါပဲ။
ကျောင်းသွားခါနီးတိုင်း သူ့ဆံပင်ကို တသသလုပ်တတ်တဲ့ ကျွန်မမြေး ဆံချချိန်မှာ ခံနိုင်ရည်ရှိပါ့ မလားနဲ့ စိတ်ပူ လို့ သူ့မျက်နှာလေး အကဲခတ်ကြည့်ပါတယ်။ ကြည်လင်ဝင်းပရွှင်ပျလို့။ အဲဒီ ဝင်းပတဲ့ မျက်နှာလေးကြည့်ပြီး ကျွန်မရင်ထဲမှာ ချမ်းမြေ့လိုက်တာ။ အဘွားနဲ့အမေ့ဆန္ဒကို လိုလို လားလားဖြည့်ပေး တဲ့ စေတနာကိုကျေးဇူးတင်ရှိမဆုံး သာဓုခေါ်မဆုံး ဖြစ်ရပါတယ်။

ဂယ်ရီခမျာ လည်း ကြမ်းပြင်မှာတစ်ခါမှ ဒူးတုပ်မထိုင်ဖူးပါဘဲ တရားနာချိန် နှစ်နာရီကြာမျှ မလှုပ်မ ယှက်ဒူးတုပ် ထိုင်ရင်း အင်္ဂလိပ်လို ဘာသာပြန်ပေးတဲ့ တရားကိုလေးလေးစားစားနဲ့ နာယူပြီး ဇနီးရဲ့ အလိုကျ ပါရမီဖြည့်ပေးတာ အတွက်လည်း ကျေးဇူးတင်မိပါတယ်။ ဝေးကွာလွန်းလှသော တိုင်းတစ် ပါးကနေကိုယ့်ဇာတိရပ်မြေကို အရောက်လာပြီး ကိုရင် သီဟဗလအဖြစ်နဲ့ ရနိုင်ခဲမျှသော သာ့သနာ့ အမွေအနှစ်ကို ခံယူခွင့်ကြုံရတာ ကျွန်မတို့မိသားစုအတွက် ကြီးစွာသော ဆုလာဘ် တစ်ပါးပါပဲ။
အဲဒီဆုလာဘ်ကြီးကို ရင်ဝယ်ပိုက်ရတဲ့ နေ့က ကျွန်မအသက် ၇၅နှစ်ထဲဝင်လို့ တစ်လတိတိပြည့် တဲ့ဇွန်လ ၁၄ရက်နေ့ပါ။ ဘာလိုလိုနဲ့ အတိတ်လမ်းကို ပြန်လျှောက်လာလိုကတာ ၇၅ဆိုတဲ့ သက်တမ်း ထဲတောင် ရောက်ရှိလာပါရောလို့ ကိုယ့်ဟာကိုယ် ပြန်အံ့သြနေမိပါသေးတယ်။ သက် ကြီးရွယ်အိုရောက်ပြီ ဆိုတော့ စိတ်ဝင်စားစရာ များများစားစား မရှိတော့တာကြောင့် စာဖတ်သူများ ငြီးငွေ့ဖွယ်ရာဖြစ်မှာမို့ ရပ်နားဖို့ အချိန်တန်ပြီ ထင်ပါရဲ့။

လျှောက်လှမ်းခဲ့တဲ့ အတိတ်လမ်းကို လေ့လာသုံးသပ်ကြည့်တော့ ကိုယ်ကရယူခဲ့ရတာတွေလည်း ရှိရဲ့။ ကိုယ်ကပေးဆပ်ခဲ့ရတာတွေလည်းရှိရဲ့။ တွေ့ကြုံရမြဲ လောကဓံတရားတွေနဲ့ နပန်းလုံး ရုန်းကန်ရတာ လည်း အမြောက်အမြား။ ဘယ်လောက်ဆိုးဝါး ပြင်းထန်ပါတယ်ဆိုတဲ့ ဘဝမုန်တိုင်း ဖြစ်စေ အချိန် တန်တော့ ပြီးဆုံးသွားမြဲပါပဲ။
ကျွန်မ ငယ်ရွယ်စဉ် အတိတ်လမ်းကို ပြန်လျှောက်မိလို့ အကျည်းတန်ပုံရိပ်ရှေ့ ရပ်မိတဲ့အခါ အမှတ် အတေးတွေ မရှိတော့တဲ့တိုင် နှလုံးသားူမှာ ကျန်ခဲ့တဲ့အမာရွတ်ဆီက နာကျင်မှုဝေဒနာ ကို တော့ခံစားရမြဲပါပဲ။ ဒါကြောင့် ကိုယ့်ဘဝကို လက်ရှိပစ္စုပ္ပန်မှာ ထားပြီးအတိတ်ကားချပ်တွေကို ကြိုးစားမေ့ပျောက် ထားခဲ့တယ် ဆိုပါတော့။

သားကိုဝင်းငြိမ်း (ရွှေအမြုတေ)ရဲ့ တောင်းခံမှုကို အကြောင်းပြုပြီး စာဖတ်သူများနဲ့အတူ အတိတ် လမ်းကိုပြန်လျှောက်တဲ့အခါ အသက်အရွယ်အရ ရင့်ကျက်မှုနဲ့ ဘဝဒဏ်ရာဒဏ်ချက်တွေအရ လူတွေရဲ့ ခံယူချက်တွေပြောင်းသွားတယ်ဆိုတာ အမှန်ပါပဲ။ အကျည်းတန်ပုံရိပ်တွေရှေ့ ရပ်မိပေမဲ့ ခံစားနေကျ နာကျင်မှုတွေ မရှိတော့ဘဲ ခွင့်လွှတ်ကျေအေးစွာဖြင့် သင်ခန်းစာပေးခဲ့ ရတာ အတွက် တောင်ကျေးဇူးတင်စိတ်ဖြစ်ပေါ် မိပါသေးတယ်။
သားငယ်ကိုဇာနည် ဆုံးပါးသွားတဲ့နေရာမှာတော့ ကျွန်မခံနိုင်ရည်တွေ ကျဆုံးပျောက်ကွယ်သွား ပါတော့ တယ်။ ယူကျုံးမရဆောက်တည် ဖြေဆည်မရတဲ့ ဝေဒနာက ပြန်လည်အသက်ဝင်ရှင်သန် လာတာကြောင့် ရေးလက်စချထားပြီး သိမ့်သိမ့်တုန် ငိုကြွေးမိတဲ့အထိပါပဲ။ အဲဒီရက်ပိုင်း ကျွန်မ တရာဓမ္မနဲ့ ကိုယ့်ကိုယ် ကိုယ်မနည်းဆုံးမရင်း ဆောင်းပါးတစ်ပုဒ်လုံးကို မျက်ရည်နဲ့ရေးခဲ့ရတာပါ။

သားလေး ကို အချိန်မတိုင်ခင် ဆုံးရှုံးလိုက်ရခြင်းတစ်ခုကတော့ တစ်သက်စာအပြင်းထန်ဆုံး ရိုက်ခတ်မှုမို့ အတုန်လှုပ် ရဆုံး၊ အဆုံးစွန် ကြေကွဲနာကျင်ရခြင်း ခံစားမှုတစ်ရပ်ဖြစ်တာကြောင့် ဘယ်လို မှမေ့ဖျောက်ဖြေဆည် လို့မရတဲ့ ပုံရိပ်တစ်ခုအဖြစ် သက်ဆုံးတိုင် တည်ရှိသွားမှာ သေချာ ပါတယ်။
ဒီအချက် တစ်ခုကလွဲရင် ဘဝမုန်တိုင်းတွေက ရရှိခဲ့တဲ့ ခံနိုင်ရည်စွမ်းအင်နဲ့ ရင့်ကျက်မှုအမြတ်အ စွန်းတွေလည်း မနည်းပါဘူး။ ပြုမိတဲ့အမှားများစွာက ပေးအပ်တဲ့ နောင်တတရားတွေနဲ့ အတူ ထာဝရ ရယူရကျိုးနပ်အောင် မမြဲသော၊ အစိုးမရသော တရားတွေကို ခုချိန်မှာ အေးချမ်းတဲ့စိတ် ထားနဲ့နှလုံးသွင်းနိုင်ပါပြီ။

အတိတ်လမ်းတစ်လျှောက် စီးပွားရေးသမားတွေလို ဈေးတွက်တွက်ကြည့်တော့ အများသူငါကြုံရ တဲ့နိယာမတရားအတိုင်း အရှုံးများစွာ၊ အမြတ်များစွာပါပဲ။ ကိုယ်မစွမ်းဆောင်နိုင်ခဲ့တဲ့ အိမ်ထောင် ရေး နယ်ပယ်မှာ ခွက်ခွက်လန် ရှုံးခဲ့ပေမဲ့ အမြတ်များစွာ ထဲက ကျေနပ်စရာ အကောင်းဆုံးတစ်ခု က တော့ မက်မောစွာ တည်ဆောက်လိုတဲ့ မိသားစုကြီး ဖြစ် ထွန်းခဲ့ခြင်းပါပဲ။
သားသမီး ဆိုတာ တောင့်တတိုင်း ပြည့်စုံ၊ လိုချင်တိုင်း ရနိုင်တဲ့အရာ မဟုတ်ပါဘူး။ ထိုက်တန်တဲ့ ကံပါမှ ရနိုင်တာ မို့ ရတနာမို့ ရတနာလို့ ညွှန်းဆိုကြတာပါ။
လူ့ဘဝရခဲမျှ လို့ ရှင်တော်ဘုရား ဟောကြားခဲ့ပါတယ်။

လူ့ဘဝရရှိတဲ့အခိုက်မှာ သံသရာက လွတ်မြောက်ရေးအတွက် တရားဓမ္မရှာရင်း ပါရမီအလုံးစုံ ကို ဖြည့်ဆည်းနိုင်ခွင့်သာတာကြောင့် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက "လောကီ အာရုံလို ချင် နတ်ပြည်သွား၊ တရားလိုရင် လူ့ပြည်သွား"လို့ ဆိုမိန့်ခဲ့ဖူးပါတယ်။
"Birth is a Gift" တဲ့ သက်ရှိလူသားတစ်ဦး လူ့လောကအတွက် မွေးဖွားပေးတာ အကောင်းဆုံး လက်ဆောင် တစ်ခု ပေးဆပ်ခြင်းလို့ ဆိုနိုင်ပါတယ်။ လူ့လောကအတွက်တင်မကပါဘူး။ ကိုယ့်ရဲ့သွေးသား နဲ့ လုပ်ထားတဲ့ ကိုယ်ပွားလေးတစ်ခု။ ကိုယ့်အတွက်ရော၊ ကိုယ့်ခင်ပွန်းနဲ့ ကိုယ့်မိသားစုအတွက်ပါ ရရှိတာဟာ ကောင်းခြင်းမင်္ဂလာတစ်ပါး၊ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး မဟုတ်ပါလားနော်။

တန်ဖိုးတား မြတ်နိုးတဲ့ သားသမီးရတနာတွေ ကျွန်မနောက်မှာ ရှိနေကြလို့လည်း ရင်ဆိုင်ရ သမျှ လောကဓံတရားတွေက ကျရှုံးတဲ့တိုင် ရုန်းကန်ထနိုင်အောင် အားအင်များကိုဖြစ်စေခဲ့တာပါ။ ကျွန်မ အတွက် တခြားအားပြုစရာမရှိတာကြောင့် သားသမီးဟာ ကျွန်မဘဝ၊ ကျွန်မရဲ့ မဏ္ဍိုင်၊ ကျွန်မရဲ့ အားအင်၊ ကျွန်မ ရဲ့နှလုံးသား၊ ကျွန်မရဲ့ပုံရိပ်။
သားသမီးပျော် ရင် ကျွန်မပျော်တယ်။ သားသမီးငိုရင် ကျွန်မငိုတယ်။
ဒါဟာ မိခင်တိုင်းရဲ့ ခံစားချက်ဖြစ်မှာပါ။ သားသမီးများတော့အငိုအရယ်တွေ ပိုများတယ်။ အတွေ့ အကြုံတွေ က ပိုစုံတယ်။ မိခင်တစ်ယောက်ရဲ့ဘဝက အမျိုးမျိုးသော အရည်အချင်းတွေ လိုအပ် သေးတာနော်။

ငယ်တုန်းက ငယ်ရွယ်တဲ့အလိုင် အပြင်တစ်ခါ သွားရင် ကလေးနဲ့အတူ သယ်ရတဲ့ ပစ္စည်းတွေက မနည်းမနော။ အိတ်တစ်လုံးနဲ့ နို့လိမ်၊ နိုးဘူး၊ ရေဘူး၊ အင်္ကျီအပို၊ စောင်၊ အနှီး၊ ခါးထောင်ကျိုက်၊ သားရေအခင်း၊ ဂျောက်ဂျက်အရုပ်ကအစ ပါရတာ ကလေးငိုရင် သေးစိုလို့လား၊ နို့ဆာလာ၊ ရေငတ်လား၊ ဗိုက်နာလား၊ ဝေခွဲရတဲ့ အတတ်ပညာကလည်း လိုသေး၊ တစ်ခါတလေ ကိုယ့်အ တွေးကမှန်လို့ အဆင်ချောတာလည်းရှိ၊ မချောတာလည်းရှိ။
အရွယ်ရောက်လာတော့ အနှီးတွေ၊ နို့ဘူးတွေအတွက် အိတ်မလိုတော့ပေမဲ့ မမြင်နိုင်တဲ့ ဣစ္ဆာသ ယအိတ်တစ်လုံးကလည်း ဆောင်ထားရသေးတာပါပဲ။ အခြေအနေအပြောင်းအလဲတွေကို အကဲ ခတ်တတ်ဖို့၊ အထူးသဖြင့်မိခင်တိုင်းမှာ ရေဒါလိုအသိက ရှိကြတာကြောင့် မသိမသာနဲ့ ထိန်း ကျောင်းရတာလည်းရှိ၊ သိသိသာသာထိန်းကျောင်းရတာလည်းရှိ၊ အမြဲတမ်းမေတ္တာတွေ၊ လေးစား စာနာစိတ်တွေ၊ ရယ်မောခြင်းတွေနဲ့ လုပ်ပေးနိုင်ပါမှ။

တစ်ခါတလေ အလေးအနက်၊ တစ်ခါတလေ အပျော်အပြတ် အရယ်အမောတွေ ဖက်ပြီး နားဝင် အောင်ပြောရတာမို့ မမြင်နိုင်တဲ့ ကိုယ်ပျောက်အိတ်ထဲမှာ နည်းမျိုးစုံတော့ ရှိထားရပါတယ်။ ဒီနည်း ကခုတစ်ခါ အဆင်ပြေပေမဲ့ နောက်တစ်ခါ ပြေချင်မှပြေတာမို့ အခြေအနေအရ ကိုယ်ကလျှော့ရ တာလည်းရှိ၊ သည်းခံခွင့်လွှတ်ရတာလည်းရှိ၊ နှစ်ယောက်ရှိတော့နှစ်မျိုး၊ ရှစ်ယောက်ရှိတော့ ရှစ်မျိုး။
ဒီလိုအတွေ့အကြုံ အမျိုးစုံကြောင့် ပိုပြီးတတ်သိနားလည် တိုးတက်မှုရှိလာသလိုသားသမီးနဲ့ နီး ကပ်မှုပိုပြီးရရှိလာတယ်ပေါ့။ မိခင်နဲ့သားသမီးအတိုင်းအဆမရှိ မေတ္တာတွေ အပြန်အလှန်ပုံပေးနိုင် ခဲ့တာကြောင့် မနောဟဒယဆေးတစ်ခွက် သောက်ရသလို စိတ်နှလုံး ချမ်းမြေ့ပျော်ရွှင်စေတဲ့အပြင် အားမာန် ကိုပြည့်ဝစေတာ မို့ ကျွန်မအတွက်လည်း လေးနက်သော အဓိပ္ပာယ်ရှိတဲ့ဘဝကို ရတယ် လို့ဆိုရမှာပါ။

ငယ်ရွယ်စဉ် သားသမီးများကအရာရာကို ရင်ဆိုင်ရုန်းကန်နိုင်ဖို့ တွန်းအားဖြစ်စေခဲ့သလို အရွယ် ရောက်တဲ့ ကာလကျတော့ ကျွန်မအတွက် ကွန်းခိုရာအရိပ်ကြီးတစ်ခုဖြစ်စေခဲ့ပါတယ်။ သားသမီး တွေသာ မရှိခဲ့ရင် ရုန်းကန် ဖို့ အင်အားသတ္တိတွေလည်း ဒါလောက်ရခဲ့မှာ မဟုတ်တဲ့အပြင် အခုလို သက်ကြီးရွယ်အို အချိန်မှာ အထီးကျန်ဖြစ်ရင်း အားငယ်ရမှာပါ။
ကျွန်မအတွက် စည်းစိမ်ချမ်းသာဆိုတာ ငွေကြေးမဟုတ်ဘူး၊ ကိုယ့်အနား မှာရှိကြတဲ့ သားသမီးမြေး  မြစ်တွေ ရဲ့မေတ္တာနဲ့အားပေးမှုပါပဲ။ ဒါကြောင့် သားသမီး များရဲ့ စောင့်ရှောက်မှု ပစ္စုပ္ပန် မေတ္တာရိပ် မှာ မတောင့်မတ မကြေင့်မကြ ရဘဲ ငြိမ်းချမ်းစွာနေခွင့် ရတဲ့ ကျေးဇူးတရား ကိုဆင်ခြင်ရင်း ရရှိတဲ့ ဆုလာဘ်တစ်ပါး အတွက် ကျေနပ်ကြည်နူးရပါတယ်။
"ချစ်ခင်စည်းလုံးတဲ့ မိသားစု ရရှိခြင်းဟာ သုခဘုံရဲ့ တစ်စိတ်တစ်ဒေသပုံရိပ် ဖြစ်ပါတယ်"တဲ့။

ပတ္တမြားခင်
.

4 comments:

AMK said...

ပြန်၇ိုက်တင်ပေးတာ ကျေးဇူးပါ အစ်မကြီး

Thu said...

Happy endness ! it shall etch as remakrable, endurant mother's autography, peace always be fallen upon you and family.
Thanks much to Ma Shwe Zin and et. al.

Anonymous said...

အမရေ...ကျေးဇူး အများကြီးတင်ပါတယ်။
ဒီလို စာအုပ်ကောင်းတွေ အမတင်ပေးမှ ဖတ်နိုင်တာပါ။





မြတ်နိုး

Anonymous said...

အစ်မရေ တကူးတက ရိုက်တင်ပေးတဲ့အတွက် အစ်မရော ညီမလေးတွေရော ကျေးဇူးအရမ်းတင်ပါတယ်. ထပ်ပြောပါရစေ အစ်မရဲ့ ဘလော့က ကျွန်မတို့လိုအဝေးရောက် မြန်မာစာ ငတ်နေသူတွေအတွက်အားဆေးတစ်ခွက်ပါပဲ.
ကျေးဇူးတင်လျှက်
ယု