Monday, August 25, 2025

ငယ်ဘဝများ(၁၀)နှင့် ကျနော့် ဘဝဖြစ်စဉ်တချို့ ပထမပိုင်း

ကျနော် ၁၀ တန်းဖြေပြီးတော့ ယောင်နေပါတယ်၊ ဘာလုပ်ရမှန်း မသိတော့ ဟိုလိုလို၊ ဒီလိုလိုပေါ့၊ ရပ်ကွက်ထဲ လပ်ယား၊ လပ်ယား နဲ့ လယ်ယာပြန်စားရေးလုပ်နေတာပေါ့၊ အဲဒီအချိန်မှာ အိမ်ရဲ့စီးပွားရေး အခြေအနေ ကလည်း လုံးဝမကောင်းပါဘူး၊ ကျနော် တို့မောင်နှမ ၆ ယောက်ကလည်း အားလုံးအရွယ်ရောက် လာကြပြီး၊ သုံးချင်ဆွဲချင်ကြပါပြီ။ ဝင်ငွေကြတော့ လည်း ဘာမှမရှိဘူး။ အဲဒီမှာ ကျနော့်ဖေဖေ ရဲ့ ဝင်ငွေရအောင် ဘာလုပ်ကြမလည်း ဆိုတဲ့ သံစဉ်တွေကို အမြဲတန်း ကြားနေရပါပြီ။

နိုင်ငံခြားမှာ ဆိုရင် ၁၆ နှစ်ပြည့်ရင် မိဘက သားသမီးကို ဘာတာဝန်မှ မယူတော့ဘူး၊ နင်တို့၁၀တန်း အောင်တော့ရော ဘာလုပ်ရမှာလည်း နင်တို့ထက် ပညာတွေ အများကြီးတတ်တဲ့ ငါတောင် ဒီလောက် ဆင်းရဲနေတာ၊ နင်တို့ ဘာလုပ်ကြမှာလည်း ဆိုတာတွေကို တနေ့ အကြိမ် ၁၀၀ လောက်ရွတ် နေတာဆိုတော့၊ ၁၆ နှစ်ပြည့်ရုံမက ကျော်တောင်ကျော်နေတဲ့ ကျနော်မှာတော့ ချက်ခြင်းဘဲ အိမ်ရှေ့က တရုပ်တွေဆောက်နေတဲ့ တိုက်မှာ ပန်းရံသမ ဘဲ ဝင်လုပ်ရမလား၊ မရှိတဲ့ ရီးစား နောက်ဘဲ လိုက်ပြေး ရမလား ဆိုပြီး တော်တော် စိတ်ညစ်ခဲ့ရပါတယ်။

ကျနော် လုပ်လို့ရတာဆိုရင် ဒါဘဲရှိပါတယ်၊ နောက်ဆုံး ပြောရရင်တော့ ကျနော့်ဘဝမှာ စိတ်တော်တော် ညစ်ခဲ့တဲ့ အချိန်တွေ ဘဲဆိုပါတော့၊ နောက်ပြီး တသက်လုံး ဒီမိုကရေစီရ ပြီး နေချင်သလိုနေ လာတဲ့ ကျနော့်ကို စတင်ချုပ်ချယ်လာပါတယ်။ ကျနော့် သူငယ်ချင်းတွေ အကြောင်းမပြောနဲ့ ကျနော် ဘယ်နှစ်တန်း ရောက်မှန်း တောင် ကောင်းကောင်း မသိတဲ့ ကျနော့် ဖေဖေ ဟာ ကျနော့် အချစ်ဆုံး သူငယ်ချင်း တယောက်ကို ကြည့်မရဖြစ်လာပါတယ်။

အဲဒီ သူငယ်ချင်းကလည်း ကျနော့် နဲ့ အတွဲဆုံး အချစ်ဆုံး သူငယ်ချင်းပါ၊ သူက ရုပ်ကလည်း တော်တော် ချောပါတယ်၊ ပွေလည်း အတော် ပွေပါတယ်။ သူ ကြိုက်တဲ့ သူတွေ ကလည်း မန္တလေး မြို့က တကယ် သူဌေး သားတွေကြီးပါဘဲ။ ကျနော် တို့ မန္တလေး ဆိုတာ လူတယောက် အကြောင်းပြောလိုက်ရင် အားလုံးကသိတဲ့သူ၊ မြို့မျက်နှာဖုံး ဆိုပါတော့ ဗျာ၊ အဲဒီလို မိသားစုတွေ ရှိပါတယ်။ အဲဒီ မိသားစု ကလူတွေ နဲ့ ဘဲသွားကြိုက်ပါတယ်။

ဖေဖေက အဲဒါကို ကြည့်မရပါဘူး၊ ကားရှိတဲ့သူက ကားရှိတဲ့သူ ကိုဘဲ၊ ငွေရှိတဲ့သူက ငွေရှိတဲ့သူကိုဘဲ ယူမှာ၊ နင့် သူငယ်ချင်း လို အဆင့်မျိုးကို ဘယ်သူဌေးက အတည်ကြံမှာလည်း အပျော်ကြံတာ ဆိုတာကို အမြဲ ပြောပါတယ်။ ကျနော် တခြားဘာလုပ်လုပ် ဘာမှ မပြောပေမဲ့ အဲဒီသူငယ်ချင်း နဲ့တော့ ပတ်သက်တာ လုံးဝ လက်မခံတော့ပါဘူး။

ကျနော့်မှာလည်း ပေါင်းစရာဆိုလို့ အဲဒီသူငယ်ချင်း ဘဲရှိတာကိုး၊ ငယ်ငယ်လေး ကထဲက (၄ နှစ်သမီး လောက်ကထဲက) ပေါင်းလာတာ ဆိုတော့ အတော်စိတ်ညစ်ရပါတယ်။ ကျောင်းကလည်း ပိတ်ထားပြီ ဆိုတော့ စိတ်တော်တော်လေနေတဲ့ အချိန်တွေပေါ့။

အဲဒီမှာ ကျနော်လည်း အရွဲတိုက်ပြီးတော့ ရပ်ကွက်ထဲက တခြား သူငယ်ချင်းတွေ အိမ်ကို တချိန်လုံး လည်နေပါတယ်။ အဲဒီသူငယ်ချင်းတွေကလည်း သိတ်တော့ ကောင်းတာမဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒီသူငယ်ချင်း တွေအကြောင်းတော့ ကျနော့် အဖေ မသိဘူးလေ။ ဘာမှ မပြောဘူး။

အဲဒီမှာ ကျနော်အဖေလို လူကြီးတွေ သတိထားဖို့ တခုပြောချင်ပါတယ်။ ခုနက ကျနော့် ငယ်သူငယ်ချင်း က ရီးစားဘဲထားတာ၊ မိကောင်းဖခင် သားသမီး ပါ၊ တခြား ဘာမှ မဟုတ်တာ မလုပ်ပါဘူး။ အခု ကျနော် လျှောက်သွားတဲ့ ရပ်ကွက်ထဲက အိမ်တွေမှာ ဖဲဝိုင်းထောင်တယ်၊ သူတို့ အကိုတွေက နံပါတ်ဖိုးရောင်းတယ်၊ တကယ့် မကောင်းတဲ့ အိမ်တွေပါဘဲ။ ရပ်ကွက်နဲ့ နဲနဲ ဆက်စပ် တဲ့ သူတွေဆိုရင် သူတို့ အကြောင်းတွေ သိပါတယ်။ ဒါပေမဲ့ ဖေဖေ မသိပါဘူး၊ သူမကြိုက်တဲ့ သူနဲ့ မပေါင်းရင် တခြားဘာ လုပ်လုပ် ဆိုတဲ့ အချိုးမျိုး နဲ့ ပါ၊ ကျနော့် အတွက် အန္ဒယယ် ဘယ်လောက်ကြီးတယ် ဆိုတာ လုံးဝမသိပါဘူး။

ကျနော်လည်း အရွဲ့တိုက်ပြီးတော့ ကိုသွားနေတာ၊ ဘာဖြစ်ဖြစ်ဆိုပြီးတော့ အိမ်မှာ မှ မနေချင်တော့ တာ၊ အဲဒီမှာ ဖဲဝိုင်းဘေးထိုင်ပေါ့၊ ကျနော်က ပိုကာ ကောင်းကောင်းမဒေါင်းတတ် ဘူးလေ၊ သူတို့က တကယ့် Professional တွေ၊ အကောက် ယူပြီး အိမ်မှာ ဝိုင်းထောင်စား၊ သူတို့ ကိုယ်တိုင်လည်း ဝင်ရိုက်တဲ့ သူတွေကိုး၊ အဲဒီတော့ ကျနော်က တခါတလေ ဖဲဝိုင်းဘေးထိုင်၊ တခါတလေ သူတို့အိမ်နောက်ဘက်က မန်းကျီးပင် အကြီးကြီး အပေါ်တက်ပြီး စာအုပ်ဖတ်ပြီး အေးရာအေးကြောင်း၊ အိမ်နဲ့ဝေးတဲ့ ဒုက္ခသည် ခိုလှုံရေး စခန်းမှာ အဲဒီလို အချိန်တော်တော်ကြာ နေခဲ့ပါတယ်။

အဲဒီမှာ ကျနော် ကံကောင်းလို့မပျက်စီးခဲ့ရပုံကိုလည်း ပြောချင်ပါတယ်။ ကျနော့် အိမ်မှာ တော်တော် စိတ်ညစ် လာတဲ့ အချိန်တွေဆိုရင် အဲဒီအိမ်က မန်းကျီးပင်ပေါ်တက် စာအုပ်ဖတ်ရင်းနဲ့ စီးကရက် သောက်လေ့ ရှိပါတယ်။ အဲဒီ အိမ်က သူငယ်ချင်းကလည်း ပြောရရင် ကျနော့်ရဲ့ ငယ်သူငယ်ချင်းပါဘဲ၊ ဒါပေမဲ့ ပညာရေးမှာတော့ ရတန်းလောက်နဲ့ လမ်းဆုံးသွားပြီး ပွေရှုတ်တဲ့ နေရာမှာ လည်း ခုနက ကျနော့် ငယ်သူငယ်ချင်းနဲ့ မထူးပါဘူး၊ ဒါပေမဲ့ ကျောင်းစာလည်းကောင်းကောင်းမတတ်၊ အပြင်စာတွေလည်း ကာတွန်းအပြင် ပိုမဖတ်တတ်ဆိုတော့ ဗဟုသုတ မရှိ၊ အတွေးအခေါ်မရှိနဲ့ ပျက်စီးတဲ့ လမ်းကြောင်း ပေါ်မှာ လျှောက်နေသူပေါ့၊

ကျနော့် ကိုတော့ တော်တော်လေးစားပါတယ်၊ သူ့ရဲ့၁၀တန်း အထိရောက်တဲ့ သူငယ်ချင်းကြီးဖြစ်တဲ့ အပြင်၊ ကျနော့့် ကမိကောင်းဖခင် သားသမီး တယောက်ဆိုတာတွေအပြင်၊ ကျနော် ကသူ့ကို အမြဲတန်း ဆရာကြီးလုပ် ဆုံးမနေကြဆိုတော့ လေးစားပါတယ်၊ ကျနော် သူအိမ်သွားရင် ကျနော် လိုတာတွေ လုပ်ပေးတဲ့ အပြင် ကျနော် ကြိုက်သလို အေးအေးဆေးဆေး နေလို့ရအောင် စီစဉ်ပေးပါတယ်။ သူ့ ဖဲဝိုင်းအကောက်ရတဲ့ အထဲကလည်း မုံဝယ်ကျွေးပါသေးတယ်၊ ဆေးလိပ်သောက်ချင်တယ် ဆိုရင်လည်း ဝယ်တိုက်ပါသေးတယ်။ ကဲ ကျနော် ပျော်တော့တာပေါ့။

အဲဒီမှာ သူအကို (၂) ယောက်အကြောင်း နဲ့ မောင် (၁) ယောက် အကြောင်း ကျနော် ပြောပြချင်ပါတယ်၊ သူ အကို တယောက် က အရက်ကို မိုးမလင်းသောက်နေတဲ့ တကယ့် အရက်သမားပါ၊ (နောက်တော့ အရက်ဒဏ်ကြောင့်ဘဲ သေသွားပါတယ်) နောက်တယောက် ကတော့ နံပါတ်ဖိုးသမားပါ။ ဆေးအကြိး အကျယ်စွဲနေတာပါ၊ မိဘက ဆေးသုံးဖို့ ပိုက်ဆံဘယ်လို ရှာမလည်း၊ ဆေးရောင်းရုံဘဲပေါ့။

အဲဒီတော့ အိမ်မှာ နံပါတ်ဖိုးလည်းရောင်းပါတယ်။ အဲဒီခေတ်က သိပ်ပြီး ဥပဒေ မတင်းကျပ်သေးတာလား၊ ဒါမှ မဟုတ်သူ့အကိုကဘဲ လည်လွန်းတာလား မသိဘူး၊ တော်တော်နဲ့ တော့ အဖမ်းမခံရပါဘူး၊ နောက်ပိုင်းမှာတော့ အဲဒီ နံပါတ်ဖိုး အမှု့နဲ့ဘဲ အဖမ်းခံရပြီး ထောင်ထဲမှာဘဲ သေသွားပါတယ်။

No comments: