အခန်း ၂
ရုံးခန်းတံခါးပြန်ပိတ်သွားသောအခါ ရှာဆာ စိတ်ပျက်သွားသည်။ တကယ်ပင်အရေးကြီးသော ကိစ္စ တစ်ရပ် ပေါ်ပေါက်နေပြီဟု သူသိနေသည်။ ကြောင်မျက်လုံး အ၀ါရောင် နှင့် ဤလူစိမ်းသည် မိမိ၏ နာမည်ကို သိနေသည်။ သူ့ကြည့်ရသည်မှာ အန္တရာယ်များမည့် ပုံပေါ်ပြီး စိတ်လှုပ်ရှားနေပုံလည်း ရသည်။ စိတ်ဝင်စားစရာလည်းကောင်းလှသည်။
ထိုရုံးခန်းကို သွပ်ပြားများဖြင့်ကာထားသည်။ ထို့ကြောင့် ရုံးခန်းဘေးဘက် သွပ်ပြားနံရံသို့သွားပြီး နားနှင့် ကပ်ကာ နားထောင်လိုက်သည်။ သွပ်ပြားက နေအရှိန်ကြောင့် ပူလှသည်။ သူ့အာရုံစိုက်နား ထောင်သော်လည်း အထဲမှ အသံများကို ခပ်သဲ့သဲ့သာကြားရသည်။ လူစိမ်းက ခပ်ပြတ်ပြတ် ပြော နေသော်လည်း စကားလုံးကွဲအောင်မကြားရပေ။ သူ့မိခင်ကမူ ခပ်တိုးတိုးသာပြောနေသည်။
ရုံးခန်းနောက်ဘက်မှာ ပြတင်းပေါက်ကို ရှာဆာသတိရလိုက်သည်။ ပြတင်းပေါက်နားမှာ နားထောင် လျှင်သဲကွဲစွာ ကြားရဖွယ်ရှိသည်။ ထို့ကြောင့် ဆက်လျှောက်သွားပြီး ရုံးခန်းထောင့်ချိုးမှနေ၍ အနောက်ဘက် သို့ ချိုးကွေ့လိုက်သည်နှင့် တစ်ပြိုင်နက် စက်ရုံမန်နေဂျာနှင့် လူ ၅၀ ခန့်၏ မြင်ကွင်း ထဲသို့ ရှာဆာ ထင်းထင်ကြီးရောက်သွားသည်။ သူတို့အားလုံး ဂိတ်ဝတွင်ရပ်နေဆဲရှိပြီး သူနှင့်ရုံခန်း ဘက်သို့ စိတ်ဝင် တစား စောင့်ကြည့်နေကြသည်။
ရှာဆာ သူ့အကြံကို ချက်ချင်းဖျက်လိုက်ပြီး ပြတင်းပေါက်မှ ဝေးရာသို့ ဆက်လျှောက်သွားသည်။ သူတို့က သူ့ကို ကြည့်နေကြဆဲရှိသည်။ ရှာဆာသည် သစ်သားဆိပ်ခံတံတား တစ်လျှောက်အောက် ဘက်သို့ ဆက်လျှောက် သွားသည်။ ရုံးခန်းထဲမှ သူသိချင်သော ဖြစ်ရပ်သည် သူနှင့်အလှမ်းဝေး သွားချေပြီ။
ဆိပ်ခံ ဗောတံတား၌ သစ်သားငါးဖမ်းသင်္ဘောတိုင်းတွင် ငါးများတနင့်တပိုး မတန်တဆတင်ထားသ ဖြင့် ရေထဲ အိဝင် နေသည်။ နေရောင်တွင် ငါးများက ငွေရောင်တလက်လက်တောက်နေသည်။ ရှာဆာသည် သင်္ဘောအနီး သို့ဆက်လျှောက်သွားသည်။
ရှာဆာသည် သင်္ဘော၊ ရွက်လှေတို့ကို နှစ်သက်သည်။ ငါးဖမ်းသင်္ဘောများတွင် နာမည်ရေးမထား။ မှတ်ပုံတင် နှင့် လိုင်စင်နံပါတ်တို့်သာလျှင် ဦးပိုင်းဧရာခွံနံဘေး၌ ရေးထားသည်။
'အင်း … သင်္ဘောတစ်စင်းမှာ နာမည်လေး တစ်လုံးတော့ရှိသင့်တာပေါ့၊ နာမည်တောင် မရှိဘူးဆို တော့ ဘယ်လောက် ကံဆိုးရှာသလဲ၊ ဘယ်လောက်အပစ်ပယ်ခံရရှာသလဲ' ရှာဆာက စိတ်ထဲမှ ပြောလိုက်သည်။ ရှာဆာ ၁၃ နှစ်မြောက်မွေးနေ့တွင် သူ့မိခင်က ၄၅ ပေရှည် ရွက်လှေတစ်စင်း မွေးနေ့ လက်ဆောင် ပေးခဲ့သည်။ မိခင်၏ အကြံပြုချက်ဖြင့်ပင် 'ဖီးဒပ်စ်တပ်ခ်ျ' ဟုရွက်လှေကို နာမည်ပေးရေးသားခဲ့သည်။
သင်္ဘောပေါ်မှ ငါးညှီနံ့များကြောင့် ရှာဆာ နှာခေါင်းရှုံ့သွားသည်။ သင်္ဘောများကို မပြုမပြင် ပစ္စလက္ခ ပစ်ထား သည့် အတွက်လည်း စိတ်ထဲ၌ ဘ၀င်မကျဖြစ်ရသည်။
'သြော်… ဒီသင်္ဘောလေးစင်းအတွက်များ အမေဟာ ၀င်းဟုပ်မြို့ကနေ ဒီအထိလာရသလား'
သူ့အတွေးမဆုံးခင်မှာပင် သင်္ဘောပေါ်မှ အရပ်ရှည်ရှည်နှင့် သူ့အရွယ် လူငယ်တစ်ယောက်ဆင်း လာသည် ကို တွေ့လိုက်ရသည်။ ထိုသူငယ်သည် ချုပ်ရာထေးရာများပါသော ဇင်သားဘောင်းဘီ ကြမ်းအတိုကို ၀တ်ထား သည်။ သူ့ခြေထောက်များက နေလောင်ထား၍ အညိုရောင်သန်းနေသော် လည်း ကြွက်သား အဖုအထစ်များဖြင့် တုပ်ခိုင်သန်မာလှသည်။
သူတို့နှစ်ယောက် တစ်ဦးကိုတစ်ဦး မြင်လိုက်သည်နှင့် တစ်ပြိုင်နက် နှစ်ဦးစလုံး တောင့်ခနဲဖြစ်သွား ပြီး ကိုယ်ရှိန် သတ်လိုက်ကြသည်။ မမျှော်လင့်ဘဲ ခွေးနှစ်ကောင်ရင်ဆိုငိတွေ့လိုက်ရသလို ဖြစ်သွား သည်။ တစ်ဦး ကို တစ်ဦး ငြိမ်သက်စွာ စောင့်ကြည့်အကဲခတ်နေကြသည်။
'လူ့ပေါ်ကြော့ပဲ၊ လှလှဝတ်ပြီး ကောင်းကောင်းစားနေရတဲ့ လူပေါ်ကြော့ပဲ'
မင်းဖရက်စိတ်ထဲက ပြောလိုက်သည်။ မင်းဖရက်သည် မြို့သို့ နှစ်ခါသုံးခါရောက်ခဲ့စဉ်က သူလိုလူ မျိုး တစ်ယောက် နှစ်ယောက်ကိုတွေ့ဖူးခဲ့သည်။ လူချမ်းသာတို့၏ သားသမီးများသည် ရယ်စရာ ကောင်းသော ထိုးထိုး ထောင်ထောင် တောင့်တောင့်တင်းတင်း အ၀တ်အစားများကို ၀တ်ကြသည်။ သူတို့ မိဘများ နောက်မှ ၀တ္တရားကျေပွန်စွာ အိနြေ္ဒသံပတ္တိနှင့် လိုက်လျှောက်ကြသည်။ သူတို့ကိုယ် သူတို့ ဟိတ်ကြီး ဟန်ကြီးဖြင့် လူကြီးဂိုက်ဖမ်းကြသည်။
'သူ့ဆံပင်ကလဲကြည့်စမ်းပါဦး၊ ဗယ်စလင်တွေလူးထားတာ ပြောင်လက်နေတာပဲ၊ သူ့တစ်ကိုယ်လုံး ဟာ ပန်းစည်း တစ်စည်း လို မွေးကြိုင်နေတာပါကလား'
မင်းဖရက်ကရှာဆာကို အကဲခတ်ရင်း စိတ်ထဲမှ ကောက်ချက်ချနေမိသည်။
'အင်း … မျက်နှာဖြူမိဘကနေအာဖရိကမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ဆင်းရဲသားကလေးပါလား၊ ကျူး ကျော် ပျံကျ ရပ်ကွက်မျိုးက ကောင်ကလေးမျိုးပါလား'
ရှာဆာအား မိခင်ဖြစ်သူက ထိုကလေးမျိုးနှင့် မကစားရန် မပေါင်းသင်းရန် တားမြစ်ထားခဲ့သည်။ သို့် သော် ထိုကလေးမျိုးသည် ပျော်ပျော်နေပြီး အတတ်မျိုးစုံတတ်ကာ ခင်စရာကောင်းကြောင်း ရှာဆာ သိထား သည်။ သူတို့မိုင်းတွင်းမှ ဖိုမင် တစ်ယောက်၏သားက သူ့အား ငှက်အော်သံအတုဖြင့် အော် ပြပြီး ငှက်များ လာအောင် လုပ်ပြခဲ့ဖူးသည်။ သူ့အမေကလည်း ရှာဆာနှင့်အတူ ဂိုဒေါင်နောက်ဖေး၌ ထမင်းအိုး ဟင်းအိုးချက်တမ်းကစားပြခဲ့ဖူးသည်။ မိခင်မသိအောင်ရခဲ့သော ထိုအတွေ့အကြုံမျိုးကို သူမမေ့နိုင်ပါချေ။
ယခု ဤကောင်ကလေးကြည့်ရသည်မှာလည်း စိတ်ဝင်စားစရာကောင်းလှသည်။ မိမိအားသင်္ဘော အင်ဂျင်စက် ခန်းကိုပြ ကောင်းပြနိုင်လိမ့်မည်ထင်သည်။ ရှာဆာသည်သူ့နောက်ဘက်မှ စက်ရုံသို့ သမင် လည်ပြန် ပြန်လှည့်ကြည့်လိုက်သည် မိခင်ဖြစ်သူကမိမိအားကြည့်မနေသဖြင့် ထိုကောင်က လေးနှင့် မိတ်ဆွေ ဖွဲ့ စကားစမြည်ပြောရန်ပြင်လိုက်သည်။
ထို့ကြောင့် ရှာဆာက သူ့ကိုပြုံးပြရင်း စကားပြောလိုက်သည်။
'ဟဲလို… ကျွန်တော်နာမည်က ကုတ်နေ... ရှာဆာကုတ်နေပါ၊ ကျွန်တော့် အဖေကြီးက ဆာဂါရစ် ကုတ်နေ၊ ကျွန်တော့်အမေက မစ္စက်စင်တိန်ဒီသီရီကုတ်နေပါ'
တစ်ဘက်မှ တုံ့ပြန်လာမည့်စကားကို ရှာဆာစောင့်နေသည်။ သူပြောလိုက်သောနာမည်များကို ကြားလျှင် အများတကာတို့ ပျာပျာသလဲဖြစ်ကြသည်။ ယခုသူကတော့ မတုန်မလှုပ်။ သိပုံပင်မရ။ ထို့ကြောင့် စကားရော ဖေါရောနှင့် ဆက်ပြောရသည်။
'ခင်ဗျားနာမည်ကရော ဘယ်သူတဲ့လဲ'
'ကျွန်ုပ်နာမည်က မင်းဖရက်၊ မင်းဖရက်ဒီလာရေး၊ ကျွန်ုပ်အဖေကြီး၊ ကျွန်ုပ်ဘထွေးနဲ့ ကျွန်ုပ်အဖေ အားလုံးနာမည်ဟာ ဒီလာရေးချည်းပဲ၊ သူတို့အားလုံးဟာ အင်္ဂလိပ်တွေကို တွေ့တဲ့နေရာတိုင်းမှာ ပစ်ခတ် တိုက်ခိုက် ခဲ့ကြတယ်ဗျ'
သူက အာဖရိကလူဖြူစကားဖြင့် ပြန်ပြောသည်။ ပယင်းရောင် မျက်လုံးအစုံပေါ်တွင် ထူထဲနက် မှောင်သော မျက်ခုံးက လေးကိုင်းဆင်ထားသည်။
မင်းဖရက် ၏ မမျှော်လင့်သော ထိုးနက်သည့် စကားကြောင့် ရှာဆာရှက်သွားသည်။ ထို့အပြင်လူ ကြီးတစ်ယောက်က သင်္ဘောမာလိန်ခန်းး ပြူတင်းပေါက်မှ ခေါင်းပြူပြီး သူတို့ကိုကြည့်နေသည် ။ အသားမည်း သင်္ဘောသားနှစ်ဦးကလည်း သင်္ဘောဦးပိုင်းမှ ဆင်းလာကြသည်။ ရှာဆာအဖို့ နောက် ပြန်ဆုတ် ၍ မဖြစ်နိုင်တော့။
'၁၉၁၄ ခှုနှစ်က ဖြစ်ခဲ့တဲ့ စစ်ပွဲမှာ ငါတို့အင်္ဂလိပ်တွေပဲ နိုင်ခဲ့တာပဲ၊ သူပုန်တွေကို ငါတို့ငရဲ ရောက် အောင် တိုက်ထုတ်ခဲ့တယ်လေကွာ'
ရှာဆာ ကပြန်ပက်လိုက်သည်။
'ကျွန်ုပ်တို့ …'
မင်းဖရက်သည် စကားကိုရပ်လိုက်ပြီး သူ့လူပရိသတ် သို့လှည့်ကြည့်ကာအားယူလိုက်ပြီး နောက် ဆက် ပြောသည်။
'ဆံပင် မှာ ဘယ်စလင်နံ့သင်းနေတဲ့ ဟောဒီလူကြီးမင်လေးက စစ်ပွဲမှာနိုင်ခဲ့သတဲ့ အရပ်ကတို့'
သင်္ဘောသား များက ခိုးခိုးခစ်ခစ် လှောင်ရယ်ရယ်ပြီးလူမိုက်အားပေး လုပ်လိုက်ကြသည်။
မင်းဖရက် က ရှာဆာဘက်ပြန်လှည့်လာသည်၊ မင်းဖရက် သည် မိမိထက်အရပ်တစ်လက်မခန့် ပိုမြင့် ကြောင်း ရှာဆာပထမဦးဆုံး အကြိမ် သတိပြုမိလိုက်သည်။ သူ့လက်များကလည်း အံ့သြစရာ ကောင်း လောက်အောင် တုပ်ခိုင်ညိုမောင်း နေသည်။
'ဒါဖြင့် မင်းက အင်္ဂလိပ်ပေါ့… ဟုတ်လား'
'ဟုတ်တယ်၊ ငါ အင်္ဂလိပ်ပဲ'
'ဒါဖြင့် မင်းလန်ဒန်မှာနေရမယ်'
'ငါ ကိပ်တောင်းမြို့မှာနေတယ်'
'ဟား…ဟ…ဒါကြောင့် သူတို့ကမင်းတို့ကို မနုသီဟဖင်နှစ်ခွလို့ ခေါ်တာကွ၊ ခြေတစ်ဖက်က လန်ဒန်မှာ၊ နောက်ခြေ တစ်ဖက်က ကိပ်တောင်း မှာ နှစ်ဖက်ခွတုပ်နေတဲ့ကောင်တွေ'
မင်းဖရက် စကားကြောင့် သူ့လူများက တဟားဟားလှောင်ရယ်ကာ တခဲနက်သြဘာပေးလိုက်ကြ သည်။ ဆ၀ပ်ဟင်းဒရစ် လည်း သူသင်္ဘောပေါ်မှနေ၍ မင်းဖရက်နှင့် ရှာဆာတို့ ထိပ်တိုက်တွေ့နေကြ သော သင်္ဘော ပေါ်သို့ ရောက်လာကြသည်။ မင်းဖရက်၏ စော်စော်ကားကား ချိုးချိုးနှိမ်နှိမ်စကား ကြောင့် ရှာဆာ အလွန်အမင်း ဒေါသထွက်သွားသည်။ ထို့အပြင် လူဖြူမဟုတ်သော သင်္ဘောများက ၀ိုင်းပြီး လှောင်ရယ် ခံရသဖြင့် ပိုပြီးဒေါသအိုး ပေါက်ကွဲရသည်။
ရှာဆာသည် ဒေါသမထိန်းနိုင်တော့ဘဲ မင်းဖရက်အားဝင်ထိုးတော့သည်။ မင်းဖရက်အနေဖြင့် ယခု လောက် မြန်မြန်တိုက်ခိုက်လာလိမ့်မည်ဟု မျှော်လင့်မထားပေ။
ရှာဆာ ထိုးလိုက်သောအရှိန်ကြောင့် နှစ်ဦးစလုံး ကုန်းပတ်ပေါ်ရှိ ငါးများပေါ်သို့ အရှိန်ဖြင့်ကျသွား သည်။ နှစ်ဦးသား ထွေးလုံးရစ်ပတ် သတ်ပုတ်ကြရာ မင်းဖရက်၏ ကြံ့ခိုင်သန်စွမ်းမှုကို ရှာဆာသတိ ပြုမိ လိုက်သည်။ သတ်ပုတ်နေသော သူတို့ နှစ်ဦးနှင့် ငါးများရစ်ပတ်လုံးထွေးနေသည်။
မင်းဖရက်က ရှာဆာကို အပေါ်မှဖိထားသည်။ ရှာဆာအောက်မှ ဒူးဖြင့်ပင့်တိုက်လိုက်ရာ မင်းဖရက် နောက်ပြန် လှန်သွားသည်။ ရှာဆာလည်း တစ်ဘက်သို့်လှိမ့်ထွက်ပြီး ကုန်းထလိုက်သည်။ မင်းဖရက် ကမန်းကတန်း ပြန်ထလာသည်။
ရှာဆာ သည် သူ၏ လက်ဝှေ့နည်းပြဆ၇ာ ဂျော့မာဖီ သင်ကြားလေ့ကျင့်ပေးထားသော လက်ဝှေ့ပ ညာ များကို အသုံးပြုပြီး တိုက်ခိုက်တော့သည်။ ဘယ်ထောက်လက်သီးများ၊ ညာဝိုက်လက်သီးများ၊ ပင့်လက်သီးများ၊ တွဲလုံးများဖြင့် တရစပ်တိုက်ခိုက်သည်။ ရှာဆာအပေါ်စီးရှိနေသည်။ သူ့လက်သီး ချက် များကြောင့် မင်းဖရက်မျက်လုံးဖူးယောက်ပိတ်သွားသည်။ နှုတ်ခမ်းလည်း ကွဲသွားပြီး သွေးအ လူးလူး ဖြစ်သွား ရသည်။
မင်းဖရက် ရင်ထဲ၌ ဒေါသနှင့်နာကြည်းမှုများ တရိပ်ရိပ်တက်လာသည်။ မွန်ထူပြီး ဘာမှမမြင်နိုင် အောင်ဖြစ် လာသည်။ နောက်ဆုံး ဆင်ကန်းတောတိုး အတင်းဝင်ကာ ဘယ်ညာလက်သီးအစုံဖြင့် ၀င်တိုက် တော့သည်။ ရှာဆာ အံ့အားသင့်သွားရသည်။ ကိုယ်ခန္ဓာကြံ့ခိုင်မှုမရှိခြင်း၊ သက်လုံ ကောင်းမှု မရှိခြင်း ကွာခြားနေရာ ရှာဆာအဖို့ အထက်စီးမှ အောက်စီးသို့ရောက်သွားသည်။
မင်းဖရက် လက်သီးချက်ကြောင့် ရှာဆာ ပက်လက်လန်ကျသွားသည်။ မင်းဖ၇က်က အပေါ်မှခွစီး ပြီး အောက်မှ အတင်းရုန်းကန်နေရသည်။ သို့သော် မင်းဖရက်၏ ဖိညှစ်အားမှ လွတ်အောင် မရုန်း နိုင်ရှာဘဲ ရှာဆာ ငါးများထဲသို့ နစ်သထက်နစ်ဝင်သွားသည်။ ငါးတစ်ကောင်က ပါးစပ်ထဲဝင်လာပြီး လည်ချောင်းထဲ၌ တစ်ဆို့ကာ အသက်ရှူကျပ်လာသည်။
ရှာဆာခေါင်းထဲတွင် အမှောင်ဖုံးလာသည်။ ဆိပ်ခံတံတားပေါ်မှ အော်ဟစ်အားပေး ၀မ်းသာနေကြ သော အသံများလည်း အဝေးသွားသလိုရှိသည်။ သူ့ခန္ဓာကိုယ်မှာ မတုံ့ပြန်နိုင်တော့ဘဲ ပျော့ခွေ သွားသည်။
'ငါ သေရတော့မယ်၊ ငါခန္ဓာကိုယ်ကြီး ငါးတွေထဲ နစ်သထက်နစ်နေပြီ'
ရှာဆာ ခေါင်းထဲမှ အတွေးနှင့်အတူ သတိပါ တဖြည်းဖြည်းချင်း လွင့်စဉ်ကွယ်ပျောက်သွားတော့ သည်။

------------------------------------
'မင်း ငါ့ဘ၀ ကို ဖျက်ဆီးဖို့ ဒီကိုလာပေါ့ဟုတ်လား၊ ငါ့ဘ၀ပျက်တာကိုကြည့်ပြီး မင်းပီတိဖြစ်ဖို့ ဒီခရီး ကို လာခဲ့တာပေါ့ ဟုတ်လား'
လိုသာဒီလာရေး က သူပြန်ပိတ်လိုက်သော တံခါးကိုကျောမိပြီးသူမအား စွပ်စွဲပြောကြားလိုက်သည်။
'ရှင့်ကိုယ်ရှင် သိပ်အထင်ကြီးမနေနဲ့၊ ရှင့်ကိုကျွန်မ ပုဂ်ဂိုလ်ရေးအရ စိတ်ဝင်စားလို့ လာတာမဟုတ် ဘူး၊ ကျွန်မရင်းနှီးမြှုပ်နှံထားတဲ့ငွေတွေ မဆုံးရှုံးနိုင်အောင် ကာကွယ်ဖို့လာတာ၊ ပေါင်စတာလင်ငွေ ငါးသောင်းနဲ့ အဲဒီ အပေါ် ကရစရာရှိတဲ့ငွေတွေအတွက် လာတာ'
စင်တိန်က လိုသာအား အထင်သေး အမြင်သေးသော အကြည့်၊ ရွံရှာသည့် လေသံမျိုးဖြင့် ပြောလိုက်သည်။
'မင်းပြောတဲ့စကား အမှန်ပဲဆိုယင် ငါဖမ်းလာတဲ့ ငါးတွေနဲ့ စက်ရုံလည်ပတ်ဖို့ မင်းမတားနဲ့ပေါ့၊ အခု မိလာတဲ့ ငါးတွေက တန်တစ်ထောက်လောက်ရှိတယ်၊ နက်ဖြန်ညနေ နေ၀င်ချိန်ဆိုယင် ဒီငါးတွေက နေ ငွေ ပေါင် ငါးသောင်းဖြစ်သွားမယ်'
လိုသာ ပြောနေစဉ်မှာပင် စင်တိန်က လက်ကာပြပြီး တားလိုက်သည်။ သူမလက်များမှာ နေလောင် ထား သဖြင့် ကော်ဖီရောင် ဖြစ်နေရာ ၀န်ထားသောစိန်လက်စွပ်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေ သည်။
'ရှင်က စိတ်ကူးယဉ်နေတာကို၊ ရှင့်ငါးတွေက တစ်ပြားတစ်ချပ်မှ မတန်တော့ဘူး၊ ရှင်ဘယ်လောက်ပဲ ဈေးလျှော့ ရောင်းရောင်း ဘယ်သူကမှ ၀ယ်သူကမှ ၀ယ်မှာမဟုတ်ဘူး၊ ပေါင်ငါးသောင်းဆိုတာ ဘယ်လိုမှ ရမှာမဟုတ်ဘူး'
'ပေါင်ငါးသောင်းတော့ ဘယ်လိုမဆိုရတယ်၊ စည်သွတ်ဘူးတွေရယ်၊ ငါးကြီးဆီရယ်…'
စင်တိန် က လိုသာအားလက်ပြတားလိုက်ပြီး စကားဖြတ်ပြောလိုက်သည်။
'တစ်ကမ္ဘာလုံး က ကုန်လှောင်ရုံတွေမှာ ကုန်တွေနဲ့ပြည့်ကျပ်သိပ်နေတယ်ရှင့်၊ ရှင်ဒါတွေနားမလည် ဘူးလား၊ သတင်းစာမဖတ်ဘူးလား၊ သဲကန္တာရထဲက ကြိုးမဲ့ကြေးနန်း သတင်းတွေကော ရှင်နားမ ထောင် ဘူးလား၊ ရှင့်ငါးတွေက ဘာတန်ဖိုးမှမရှိဘူး၊ ဒီငါးတွေကို ချက်ပြုတ်စည်သွတ်ရတဲ့ စရိတ် တောင်ကြေမှာ မဟုတ်ဘူးရှင့်'
မဖြစ်နိုင်တာပဲ၊ စတော့ရှယ်ယာဈေးကွက်မှာ ဈေးတွေကျတာတော့ ငါကြားပါတယ်၊ ဒါပေမယ့် လူတွေ ထမင်းဟင်း မစားပဲ မနေနိုင်ပါဘူး'
'ရှင့်အကြောင်း တွေ ကျွန်မ အများကြီးတွေးခဲ့ပါတယ်။ ဒါပေမယ့် ရှင်ဒီလောက် မိုက်မဲလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး၊ ကမ္ဘာကြီးမှာ ဟိုတုန်းက မဖြစ်ခဲ့ဖူးတာမျိုး ဖြစ်နေတယ်ဆိုတာ ရှင်နားလည် အောင် ကြိုးစား စမ်းပါ၊ ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းကြီး ရပ်ဆိုင်းသွားပြီ၊ စက်ရုံတွေ အားလုံးလဲ ပိတ်နေရပြီ၊ မြို့ကြီး တွေအားလုံးက လမ်းမကြီးတွေပေါ်မှာ အလုပ်လက်မဲ့တွေနဲ့ ပြည့်ကျပ်နေကြတယ်ရှင့်'
စင်တိန် က ကလေးတစ်ယောက်အား ပြောပြနေသလို တိုးတိုး သက်သာ ရှင်းပြနေသည်။
'မင်းလုပ်ချင်တဲ့ လုပ်နေတဲ့ လုပ်ရပ်အတွက် အဲဒါကို အခွင့်ကောင်းယူ ဆင်ခြေလဲနေတာလား၊ တကယ်တော့ မင်းငါ့ကို လက်စားချေနေတာ မဟုတ်လား'
လိုသာသည် ပြောရင်းမှ ရှေ့သို့နှစ်လှမ်း နှစ်လမ်း တိုးလာသည်။ သူ့နှုတ်ခမ်းအစုံက ဖြူဖပ်ဖြူရော် ဖြစ်လာသည်။ လိုသာက ရင်ထဲမှ ခံစားချက်ဖြင့် ဆက်ပြောသည်။
'ဟို လွန်ခဲ့တဲ့နှစ်အတော်ကြာက ငါကျူးလွန်ခဲ့တယ်လို့မင်း အထင်အမြင်မှားနေတဲ့ ကိစ္စတစ်ရပ် အတွက် မင်း ငါ့ကို ကျားကုတ်ကျားခဲ လိုက်ပြီး ဒုက္ခပေးနေတာ မဟုတ်လား'
လိုသာ က ရှေ့သို့နှစ်လှမ်း သုံးလှမ်း တိုးလာသော အခါ စင်တိန်က နောက်သို့် လေးလှမ်းဆုတ်လိုက် သည်။ စင်တိန်က လိုသာကိုစိုက်ကြည့်ပြီး ပြတ်သားမာကျောသော လေသံဖြင့် ပြောလိုက်သည်။
'အထင်အမြင်မှားတာမဟုတ်ဘူး၊ ရှင်တကယ်ကိုရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ ရက်စက်မိုက်မဲမှု အတွက် ထိုက်တန် တဲ့ပြစ်ဒဏ်ခတ်ဖို့တောင် ကျွန်မ ရှာမရသေးဘူး'
'ဒါဖြင့် ကလေး … တောကြီးမျက်မည်းထဲမှာ မင်းငါ့ကို မွေးပေးသွားတဲ့ ကလေး …'
'ရှင့်ရဲ့ မျိုးမစစ် ကလေး အကြောင်းကို ကျွန်မရှေ့မှာ ဘာမှပြောစရာမလိုဘူး၊ ဒီအကြောင်းလုံးဝ မပြောရဘူးလို့ ရှင်နဲ့ကျွန်မ သဘောတူ အပေးအယူ လုပ်ထားတယ် မဟုတ်လား'
စင်တိန်က တုန်နေသော လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပြောလိုက်သည်။
'ဒီကလေးဟာ မင်းသားကွ၊ တကယ့်ဖြစ်ရပ်မှန်ကိုတော့ မင်းရှောင်ကွင်းလို့် မရနိုင်ဘူး၊ မင်းဒီက လေးကိုရော ဘ၀ပျက်အောင် ဖျက်ဦးမှာပဲလား'
'ကျွန်မကလေးမဟုတ်ဖူး၊ ရှင့်ကလေး၊ သူနဲ့ကျွန်မနဲ့ဘာမှပက်သက်ဘူး၊ ကျွန်မ ဆုံးဖြတ်ချက်ဟာ သူ့ကြောင့် မပျက်နိုင်ဘူး၊ ရှင့်စက်ရုံဟာ ကြွေးလုံးဝမဆပ်နိုင်တဲ့အဖြစ် ရောက်နေပြီ၊ ကျွန်မချေးထား တဲ့ ငွေအားလုံး ပြန်လမ်းမရှိတော့ဘူး၊ ရနိုင်သမျှ တစ်စိတ်တစ်ပိုင်း ပြန်ရဖို့လောက်ပဲ မျှော်လင့်နိုင် တော့မယ်'
စင်တိန် နောက်ကျောဘက်ရှိ ဖွင့်ထားသောပြတင်းပေါက်မှနေ၍ လူသံများဝင်လာသည်။ လူများ၏ အော်ဟစ်အားပေးသံများကို ကြားရသော်လည်း သူတို့နှစ်ယောက် ဆိပ်ခံဘက်မကြည့်ဖြစ်ကြ။ တစ်ဦးနှင့်တစ်ဦးသာ အပြန်အလှန်အာရုံစိုက်နေကြသည်။
'ငါတို့ အခွင့်အရေးတစ်ခုတော့ ပေးပါစင်တိန်'
လိုသာ က တောင်းပန်လိုက်သည်။ သူ့ဘ၀ တစ်လျှောက်လုံးတွင် ထိုသို့ မည်သူ့ကိုမှ တစ်ခါမျှမ တောင်း ပန်ခဲ့ဖူး ပါချေ။ ယခင်က သူ့ဘ၀သည် နှစ်ကြိမ်တိုင်တိုင် ပျက်ခဲ့ဖူးသည်။ သုညကချည်း ပြန်စရသည်။ ယင်း နှစ်ကြိမ် ဘ၀ပျက်စီးခဲ့ရသည်မှာ ဗြိတိသျှတို့လက်ချက်ကြီးဖြစ်သည်။
ယခုလည်း မိမိသား ကို မွေးထုတ်ပေးလိုက်သူ မိခင်၊ မိမိချစ်ခဲ့ရသော၊ ယခုထိချစ်နေဆဲဖြစ်သော အမျိုးသမီး လက်ချက်ကြောင့် မိမိတို့သားအဖ ဘ၀ပျက်ရချေဦးမည်။ မိမိစိတ်ရောရုပ်ပါ နွမ်းလျနေပြီ ယခု မိမိအသက် ၄၉ နှစ်ရှိလာပြီ။ ယခင်ကလို သန်တုန်းမြန်တုန်းအရွယ် မဟုတ်တော့။
စင်တိန့် မျက်လုံးထဲ၌ ပျော့ပျောင်းလာသော အရိပ်အယောင်ကို တွေ့လိုက်ရ၍ လိုသာ ဆက်ပြောသည်။
'ငါ့ကို အချိန်တစ်ပတ်တည်းပေးပါ စင်တိန်၊ ဒီတစ်ခုပဲ ငါတောင်းဆိုပါရစေ'
လိုသာသည် စင်တိန်အား အကဲခတ်လိုက်ပြန်သည်။ မိမိအတွက်မှားသွားချေပြီ။ စင်တိန်တွင် အလျှော့ပေးမည့်ပုံ လုံးဝမရှိ။ မိမိ၏ တောင်းပန်တို့လျှိုးမှုအပေါ် ကျေနပ်အားရနေ နေသည့်အသွင် ဖြင့် မျက်လုံးအစုံက တဖျပ်ဖျပ် တောက်ပနေသည်။
'ကျွန်မကို စင်တိန်လို့ ဘယ်တော့မှမခေါ်ပါနဲ့လို့ ရှင့်ကိုပြောထားတယ် မဟုတ်လား၊ ကျွန်မ မိဘလို ချစ်တဲ့လူ နှစ်ယောက်ကို ရှင်သတ်ဖြတ်ခဲ့တာ ကျွန်မ သိရတဲ့အချိန်တည်းက ရှင့်ကို ကျွန်မပြောခဲ့ တယ်၊ အခုလဲ ထပ်ပြောရဦးမယ်၊ ကျွန်မကို ဘယ်တော့မှ စင်တိန်လို့မခေါ်ပါနဲ့'
'တစ်ပတ်တည်းပါ၊ရက်သတ္တတစ်ပတ်တည်းပါ'
'ရှင့်ကို ကျွန်မအချိန်ပေးခဲ့ပြီးတာ နှစ်နှစ်ရှိပြီပဲ'
စင်တိန်သည် အော်ဟစ်အားပေးသံများ ပိုမိုကျယ်လောင်လာသော ဆိပ်ခံတံတားဘက်သို့ ပြတင်း ပေါက်မှ လှည့်ကြည့်လိုက်သည်။
'နောက်တစ်ပတ်ဆိုယင် ကျွန်မ အကြွေးတွေ ရှင့်ဆီမှာ ပိုများသွားလိမ့်မယ်၊ ကျွန်မအတွက်လဲ ဆုံးရှုံး နစ်နာမှု ပိုများလာလိမ့်မယ်'
စင်တိန်က ခေါင်းခါပြီး ပြောလိုက်သည်။ လိုသာက ပြတင်းပေါက်မှနေ၍ ဆိပ်ခံတံတားဆီသို့ စိုက် ကြည့် လိုက်သည်။ သူမအသံက မာလာသည်။
'ဆိပ်ခံတံတားပေါ်မှာ ဘာဖြစ်နေကြတာလဲ'
စင်တိန်က ပြတင်းပေါက်နားတိုးသွားပြီး အပြင်ဘက်သို့ ခေါင်းပြူကာ လှမ်းကြည့်လိုက်သည်။ လိုသာကလည်း သူမဘေးသို့သွားပြီး လှမ်းလှည့်သည်။ ဆိပ်ကမ်းဗောတံတားပေါ်တွင် လူများအုံ နေကြ သည်။ စက်ရုံမှလူများက ပြေးသွားနေကြသည်။
'ရှာဆာ… ရှာဆာဘယ်မှာလဲ'
စင်တိန် ၇င်ထဲသို့ မိခင်တို့၏ စိုးရိမ်ပူပန်မှုစိတ်က အလိုအလျောက်ဝင်လာသည်။ လိုသာသည် ပြတင်းပေါက် က ခုန်ထွက်ပြီး ဆိပ်ခံတံတားအတိုင်း ပြေးသွားသည်။ လူအများကို အော်ဟစ် တွန်းဖယ်ပြီး အတင်း တိုးဝင်သွားသည်။ ကလေးနှစ်ယောက် လုံးထွေးသတ်ပုတ်နေသည်ကို လိုသာ လှမ်းမြင်လိုက် ရသည်။
'မင်းဖရက်… ရပ်လိုက်… သူ့ကိုလွှတ်လိုက်စမ်း'
လိုသာ တအားကျုံးအော်လိုက်သည်။ သူ့အသံကို သူတို့မကြားရပေ။
'မင်းအရူးပဲ… သူ့ကိုလွှတ်လိုက်စမ်း'
ထိုစဉ်မှာပင် သတ်ပုတ်နေသော လူငယ်နှစ်ယောက်ငါးများပေါ်သို့လဲကျသွားသည်။ လူအုပ်ကြီး ကလည်း အတင်း ရှေ့တိုးပြီး ၀ိုင်းအုံကြည့်နေကြသည်။ လိုသာသည် သူ့အလုပ်သမားများအား အတင်းထိုးကြိတ် ဆွဲဖယ်ပြီး တိုးဝင်ရသည်။
လိုသာ ကလေးနှစ်ယောက်အနား ရောက်သွားသည်။ ရှာဆာက အောက်မှ ပက်လက်လန်လဲနေပြီး မင်းဖရက် က အပေါ်မှနေ၍ ခွစီးကာ ငါးများထဲသို့ အတင်းဖိပြီး နှစ်မြုပ်နေသည်ကို တွေ့ရသည်။ မင်းဖရက် မျက်နှာတွင် ဖူးရောင်ပြီး သွေးအလူးလူးဖြစ်နေသော်လည်း ဒေါသကို မထိန်းနိုင်အောင် ဖြစ် နေသည်။ ရှာဆာ မှာ မလှုပ်နိုင်မရုန်းနိုင်တော့။ သူ့ခေါင်းနှင့် ပခုံးတို့မှာ ငါးများထဲတွင် နစ်မြှုပ်နေ ပြီးး ခြေထောက်သာ ပေါ်တော့သည်။
လိုသာသည် မင်းဖရက်ပခုံးနှစ်ဖက်မှကိုင်ပြီး အတင်းဆွဲဖယ်သည်။ မင်းဖရက် ဒေါသကြီးလွန်းနေသ ဖြင့် လိုသာ အားကုန်ဆွဲရသည်။ နောက်ဆုံး လိုသာသည် မင်းဖရက်ကို ပခုံးနှစ်ဖက်မှ ဆောင့်ဆွဲပြီး မာလိမ်ခန်း နံရံသို့ ဆောင့်တွန်းပစ်လိုက်သည်။ ထို့နောက် ရှာဆာ အား ငါးများထဲမှ ဆွဲထုတ်ပြီး ထူလိုက်သည်။ ရှာဆာ တစ်ကိုယ်လုံးစိုရွဲပြီး ငါးညှီရည် များဖြင့် ချော်နေသည်။ သူ့မျက်လုံးပွင့်လာပြီး ကလည် ကလည်ဖြစ်နေသည်။
'မင်းသူ့ကို သတ်နေတာလား။'
လိုသာက သူ့သားကိုဟောက်လိုက်သည်။ မင်းဖရက်မျက်နှာပေါ်မှ ဒေါသရိပ်များလွင့်စဉ်သွားပြီး ကြောက်ရွံ့ စိတ်ဖြင့် ဖြူဖပ်ဖြူရော်ဖြစ်ကာ တဆတ်ဆတ်တုန်နေသည်။
'မဟုတ်ပါဘူး ဖေဖေ… ကျွန်တော်ဒီလိုလုပ်တာ မဟုတ်ပါဘူး'
ရှာဆာ ပါးစပ်ထဲတွင် ငါးသေတစ်ကောင်ဝင်ပြီးတစ်နေ၍ ရှာဆာဆို့နင့်နေသည်။
နှာခေါင်းပေါက်မှလည်း ငါးညှီရည်များ ထွက်လာသည်။
'မင်းအရှူးပဲ… ခေါင်းမရှိတဲ့ကောင်'
လိုသာသည် မင်းဖ၇က် ကို ဆူနေရင်းက ရှာဆာ့ပါးစပ်ထဲသို့ လက်ညှိုးဖြင့်ထိုးထည့်ကာ ငါးသေ ကောင်ကို ကော်ထုတ်လိုက်သည်။
'ကျွန်တော်တောင်းပန်ပါတယ်ဖေဖေ၊ ကျွန်တော်ဒီလိုလုပ်တာ မဟုတ်ပါဘူး'
မင်းဖရက်က အသံတိမ်ကလေးဖြင့် ပြောလိုက်သည်။
'တကယ်လို့ မင်းလက်ချက်ကြောင့်သာ သူသေသွားယင်မင်းဟာ ဘ၀မှာ ကြောက်စရာကောင်းဆုံး ဖြေဖျောက် မ၇တဲ့ပြစ်မှုကြီးကို ကျူးလွန်လိုက်သလို ဖြစ်သွားလိမ့်မယ်'
လိုသာ သည် ရှာဆာ၏ ပျော့ခွေနေသော ခန္ဒာကိုယ်ကို သူ့လက်နှစ်ဖက်ဖြင့်မပြီး ပွေ့ချီကာမတ် တတ် ထလိုက်သည်။
'တကယ်လိုများ သူသေသွားယင် မင်းသတ်ခဲ့တာဟာ မင်းရဲ့ …..'
လိုသာ သည် စကားကို ဆုံးအောင် ဆက်မပြောတော့၊ ရှာဆာအား လက်နှစ်ဖက်ဖြင့် ပွေ့ချီပြီး တံတား ပေါ်သို့ တက်သွား၇န် တစ်ဘက်သို့လှည့်လိုက်သည်။
'ကျွန်တော်သူ့ကို မသတ်ပါဘူးဖေဖေ၊ သူမသေပါဘူး၊ အားလုံးပြန်ကောင်းလာမှာပါ၊ မဟုတ်ဘူး လား ဖေဖေ'
'မဟုတ်ဘူး … အခြေအနေကတော့ ဘယ်တော့မှကောင်းလာတော့မှာ မဟုတ်ဘူး'
လိုသာ က သက်ပြင်းချပြီး ခေါင်းခါကာပြောလိုက်သည်။ သတိလစ်နေသော ရှာဆာကို လက်နှစ် ဖက်ဖြင့် ပွေ့ချီပြီး တံတားပေါ်သို့ လိုသာတက်သွားသည်။
လူအုပ်ကြီး က လိုသာအတွက်လမ်းရှင်းပေးကြသည်။ လူအုပ်ကြီးသည် မင်းဖရက်လိုပင် အပြစ်ရှိနေ သူများ နေ၍ လိုသာနှင့်မည်သူမျှ မျက်နှာချင်း မဆိုင်ရဲကြ။ ခေါင်းငုံ့နေကြသည်။
'ဆ၀ပ်ဟင်းဒရစ်၊ မင်းက သူများထက်ပိပြီး သိဖို့ကောင်းပါတယ်ကွာ၊ သူတို့နှစ်ယောက် သတ်ပုတ် နေတာ ကို မင်းတားဖို့ကောင်းပါတယ်ကွာ'
လိုသာ က လူအုပ်ထဲမှ အရပ်၇ှည်ရှည်အသားမည်းမည်း လူထွားကြီးတစ်ယောက်ကို လှမ်းပြော လိုက်သည်။ လိုသာအပေါ်သို့ ဆက်လျှောက်သွားရာ သူ့နောက်မှမည်သူမျှ လိုက်မသွားရဲပေ။
'သူသေပြီလား'
စင်တိန် က မျှော်လင့်ချက်မဲ့သော လေသံသဲ့သဲ့ဖြင့် မေးလိုက်သည်။
'ဟင့်အင်း ….. မသေပါဘူး'
လိုသာဖြေလိုက်ချိန်တွင် ရှာဆာထံမှ ငြီးသံပေါ်လာသည်။ ထို့နောက် ပြို့ပြီးအန်လာသည်။
'ရှင့်ပခုံးပေါ်ကို သူ့ကိုမြန်မြန်မှောက်တင်လိုက်၊ နို့်မို့ဖြင့်အန်ဖက်ဆို့ပြီး ဒုက္ခရောက်လိမ့်မယ်'
စင်တိန် က ရှေ့တိုးလာပြီး စိုးရိမ်တကြီးပြောလိုက်သည်။
လိုသာ က ရှာဆာကို ပခုံးပေါ်တင်ထမ်းပြီး မန်နေဂျာရုံးခန်းသို့် သယ်သွားသည်။ စင်တိန်က စားပွဲပေါ်မှ ပစ္စည်းများကို ရှင်းလိုက်သည်။
'သူ့ကို စားပွဲပေါ် လွဲတင်လိုက်'
စင်တိန်ကအမိန့်ပေးလိုက်သည်။ ရှာဆာက အားအင်ချည့်နဲ့စွာဖြင့်ပင် လှုပ်ရှားပြီး ထထိုင်ရန်ကြိုး စားသည်။ စင်တိန်က ရှာဆာကို ပခုံးမှကိုင်ပြီး ဖေးကူထုင်ပေသည်။ ရှာဆာပါစပ်နှင့်နှာခေါင်းတို့ကို သူမအင်္ကျီစအကောင်းစားဖြင့်သုတ်ပေးသည်။
'ကျွန်မသားကိုလုပ်တာ … ရှင့်ရဲ့မျိုးမစစ်ခွေးကောင် မဟုတ်လား'
စားပွဲတစ်ဖက်တွင်ရပ်နေသော လိုသာအား စင်တိန်က မီးဝင်းဝင်းတောက်လုမတက် မျက်လုံးအစုံ ဖြင့် လှမ်းကြည့်ပြီး ပြောလိုက်သည်။
လိုသာက ခပ်မဆိတ်နေလိုက်သည်။ ဆိတ်ဆိတ်နေခြင်းသည် တစ်နည်းအားဖြင့် ၀န်ခံခြင်းပင် ဖြစ်သည်။
ရှာဆာ ချောင်းဆိုး လာပြန်သည်။ ငါးညှီရည်များနှင့် အ၀ါရောင်အရည်များ ထပ်မံအန်လိုက်ရာ အတော် ပင် နေသာထိုင်သာရှိသွားပုံရသည်။
'ရှင်အခုဒီကထွက်သွား ….. ရှင်နဲ့ရှင့်ခွေးကောင် နှစ်ယောက်လုံးကို အ၀ီစိေ၇ာက်အောင်ပို့မယ်၊ ကျွန်မ ရှေ့က အခုချက်ချင်းထွက်သွား'
ဆက်ရန်
.
1 comment:
woooooo.....What kind of "pa htan sat"to Centain and both poor son and his dad.
Gyidaw
Post a Comment