ဦးခင်သန်းနှင့် တက္ကသိုလ်နေဝင်း
ဦးခင်သန်းက ရေနံချောင်းအမျိုးသားကျောင်းမှ အထက်တန်းပြဆရာ၊ ဗိုလ်ချုပ်အောင်ဆန်း၏ငယ် ဆရာ၊ စာပေ သမား၊ တက္ကသိုလ်နေဝင်းက ဗိုလ်ချုပ်၏နောက်ဆုံးအပါးတော်မြဲ၊ ဘာသာပြန်ဆရာ။ ယင်းတို့သည် ဗိုလ်ချုပ်နှင့် အနီးကပ်နေခဲ့သူများဖြစ်သည်။ ထို့ကြောင့် ယင်းတို့၏ ဗိုလ်ချုပ်အပေါ် သဘောထားအမြင် များသည် အရေးကြီးပါသည်။ ၁၉၉၅ ခု နိုဝင်ဘာလထုတ် နွယ်နီမဂ္ဂဇင်းများတွင်ပါ သော ယင်းတို့၏ အမြင်များသည် လူငယ်များအလွယ်တကူ လေ့လာနိုင်အေင် ယှဉ်တွဲဖော်ပြလိုက်ပါ သည်။
သုတေသီတစ်ဦး
သို့
အယ်ဒီတာချုပ် နွယ်နီမဂ္ဂဇင်း
လူကြီးမင်းခင်ဗျား
လူကြီးမင်း၏နွယ်နီမဂ္ဂဇင်း ၁၉၉၅ ခုနှစ် မေလထုတ်တွင် စာရေးဆရာ တက္ကသိုလ်နေဝင်း ရေးသား သော ဗိုလ်ချုပ်အောင်ဆန်း ဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာစာကိုသာ အဓိက အထူး ဦးစားပေး သင်ကြားသည့် ရေနံချောင်းအမျိုးသား အထက်တန်းကျောင်းသည် မြန်မာစာတစ်ဘာသာ တည်း ကိုသာ ဦးစားပေး၍ သင်ကြားသည်ဟု ဆိုရာရောက်နေပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အထက်တန်းကျောင်းသားဘဝက အင်္ဂလိပ်စာမတော်ဟုလည်း ထင်ယောင် ထင်မှား ဖြစ်စရာအကြောင်းတစ်ရပ် ဖြစ်လာနိုင်ပါသည်။ ကျွန်တော်သည် ရေနံချောင်း အမျိုးသားအ ထက်တန်း ကျောင်းတွင် ဗိုလ်ချုပ်အောင်ဆန်းအား ၁၉၂၉ ခုနှစ်၊ မေလ ၁၅ ရက်နေ့မှ သူ ဆယ်တန်း အောင်မြင် သွားသည့် ၁၉၃၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သူ့အား အင်္ဂလိပ်စာနှင့် ပါဠိဘာသာတို့ကို သင်ပေးခဲ့ သော သူ၏ငယ်ဆရာ ဦးခင်သန်းဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ သူ၏ထိုကျောင်းတွင် နေခဲ့သောသူငယ်ချင်းများကိုပါ ပညာသင်ကြားပို့ချ ပေးခဲ့ရသဖြင့် သူတို့၏ထိုစဉ်က ပညာအရည်အချင်းကို ကောင်းစွာအနီးကပ်သိရှိရပါသည်။
ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းသည် အစိုးရ အထောက်အပံ့ခံကျောင်းဖြစ်သဖြင့် သင်ရိုး ညွှန်တမ်း ကိုလည်း လိုက်နာကျင့်သုံးရပါသည်။ ထို့အပြင် အစိုးရပြဋ္ဌာန်းချက် စာအုပ်များကို မသင်ကြား ဘဲနှင့် အမျိုးသားကျောင်းမှ ကလေးများသည် အစိုးရစာမေးပွဲများကို ဖြေဆိုနိုင်မည်မဟုတ်ပါ။
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၂၈ ခုနှစ် မေလဦးတွင်ရောက်ရှိလာ၍ ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကို အရင်း အာဇာနည်ဦးဘဝင်း (ဘီ၊ အက်၊ စီ)သည် ရေနံချောင်းအမျိုးသား အထက်တန်းကျောင်း တွင် အထက်တန်းပြဆရာဖြစ်၍ သင်္ချာဘာသာကို သင်ပြပါသည်။ ဆရာဦးဘဝင်း၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် သူနှင့် ညီအစ်ကိုဝမ်းကွဲတော်သူ မောင်မေအောင်တို့သည် ကျောင်းအနီးတွင် အိမ်တစ်လုံးငှား ၍ နေထိုင်ကြပါသည်။
ကျွန်တော်သည် ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းသိုပ ၁၉၂၉ ခုနှစ် မေလတွင် အထက် တန်းပြဆရာ အဖြစ် ခန့်ထားခြင်းခံရ၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အခြားကျောင်းသား ကိုးဦးပါဝင် သော သတ္တမတန်း (ဘီ)ကို အင်္ဂလိပ်စာ သင်ရပါသည်။ ထိုနှစ် မတ်လတွင် မြန်မာနိုင်ငံအစိုးရ၊ ပညာ ရေးဌာနမှ ကျင်းပသော သတ္တမတန်းစာမေးပွဲတွင် ကျွန်တော် သင်ပြသောသတ္တမတန်း တပည့်ဆယ် ယောက်စလုံး အောင်မြင်ပြီး အောင်ဆန်းအပါအဝင် တပည့်သုံးဦးတို့ စကောလားရှစ် (ပညာသင်ဆု) ရ ရှိကြပါသည်။ ထိုစဉ်က ကျောင်းတွင် ကျွန်တော်က အတိုင်ပင်ခံ စာတည်းအဖြစ် ဆောင်ရွက်၍ လက် ရေး မဂ္ဂဇင်းတစ်စောင်ထုတ်ဝေခဲ့ပါသည်။ အင်္ဂလိပ်စာကဏ္ဍ စာတည်းအဖြစ် မောင်အောင်ဆန်းအား တာဝန် ပေးအပ်ရာ မောင်အောင်ဆန်းက ဆောင်ရွက်ရန် ကတိပေးပါသည်။ သို့သော် သူက အတွေ့အ ကြုံနည်းသော ကြောင့် “ဆရာ၊ ကျွန်တော် အင်္ဂလိပ် လို ဘာတွေရေးရမလဲ”ဟု ပြောပါသည်။
ကျွန်တော်က သတင်း၊ ဆောင်းပါး၊ ဝတ္ထု၊ ပုံပြင်ကြိုက်ရာရေးနိုင်သည်ဟု ပြောပါသည်။ ဥပမာအနေနှင့် ကျွန်တော်က တို့ မြေးအဘိုးအခန်းတစ်ခန်း ဘယ်လိုရေးရမည်ကို အကြံပေးလိုက်ပါသည်။ ရက်အနည်း ငယ်ရှိလာသောအခါ မောင်အောင်ဆန်းက သူ ရေးလာသော တို့မြေးအဘိုးပုံပြောခန်းကို ကျွန်တော့် အား ပြပါသည်။ ကျွန်တော်သည် မောင်အောင်ဆန်းရေးလာသော စာမူကို ယခုတိုင် အလွတ်ရလျက်ရှိ ပါသည်။ စာမူတွင် မြေးများက အဘိုးအား...
Grandpa: "Please tell us a story." ဟု ပြောရာ
အဘိုးက.. Children: "You had pumped me dry of story."ဟူသောစာပိုဒ်ကို ဖတ်လိုက်ရပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ထိုစဉ်က ကိုးတန်းမျှသာရှိသေးရာ ထိုကဲ့သို့သော အဆင့်မြင့် အင်္ဂလိပ်စာ ကို ရေးနိုင်သည်မှာ အံ့သြစရာတစ်ခုဟု ယူဆကောင်း ယူဆကြပေလိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုအရင်း ဦးအောင်သန်း(ယခုကွယ်လွန်) ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ သုံးနှစ် စော၍ ဆယ်တန်းအောင်မြင်သူရေးသော အင်္ဂလိပ်စာကိုဖတ်ရှုပါဦးလော့။ ရေနံချောင်း အမျိုးသား ကျောင်းအုပ်ကြီးထံ ဦးအောင်သန်းရေးသော စာတစ်စောင်တွင်...
"The Principal gave a sympathetic ear to my request."ဟူ၍ ရေးသားသည်ကို သိရှိရပါသည်။
ထို့အပြင် အင်္ဂလိပ်လို စကားပြောရသော ကျောင်းစကားရည်လုပွဲတစ်ခုတွင်.. "Why buddhist monk should learn English" ဟူသော ခေါင်းစဉ်အကြောင်း လက်သီးလက်မောင်းတန်း၍ ပြောခဲ့ပုံများကို ကျွန်တော် ကြားယောင်နေပါသည်။
ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းတွင် ပညာသင် ကြား နေစဉ် ကတည်းက အင်္ဂလိပ်စာတော်ကြောင်း အကြောင်းအားလျော်စွာ ရေးသားဖော်ပြလိုက်ရပါ သတည်း။
ဦးခင်သန်း
တိုင်းပညာဝန်(အငြိမ်းစား)
အမှတ်(၉၁)၊ဘီ၊ တာမွေလမ်း၊ ဗဟန်းမြို့နယ်၊
ရန်ကုန်မြို့။
၁၉၉၅ ခု နိုဝင်ဘာလထုတ် နွယ်နီမဂ္ဂဇင်း
အယ်ဒီတာချုပ်ခင်ဗျား
နိုဝင်ဘာလထုတ် နွယ်နီမဂ္ဂဇင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ ရေနံချောင်းအမျိုးသား (နေ ရှင်နယ်) ကျောင်းတွင် ဗိုလ်ချုပ်ပညာသင်ကြားခဲ့စဉ်က အင်္ဂလိပ်စာပြဆရာဖြစ်ခဲ့ဖူးသော အငြိမ်းစား တိုင်းပညာဝန် ဆရာကြီးဦးခင်သန်း၏အယ်ဒီတာချုပ်ထံ ပေးစာကို စိတ်ဝင်စားဖွယ်ဖတ်ရပါသည်။
ဆရာကြီးက နွယ်နီမှ ကျွန်တော်၏ဆောင်းပါးကိုဖတ်ပြီး ရေနံချောင်း အမျိုးသားအထက်တန်းကျောင်း မှာ မြန်မာစာ တစ်ဘာသာတည်းသာ ဦးစားပေးသင်ကြားပေးခဲ့သည်ဟု ဆိုရာရောက်ကြောင်း ရေးသား ထားပါသည်။ အင်္ဂလိပ်အစိုးရလက်ထက် (စစ်ကြိုခေတ်)က မြန်မာနိုင်ငံတွင်
- Anglo-Venacular အင်္ဂလိပ်မြန်မာ နှစ်ဘာသာကျောင်း
- European code အင်္ဂလိပ်ဘာသာ ဦးစားပေးသင်ကျောင်း
- နေရှင်နယ်(အမျိုးသား)ကျောင်း
များရှိရာ ကျောင်းအားလုံးသည် အစိုးရပညာရေးဌာနက ပြဋ္ဌာန်းသော သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားပို့ချကြရကြောင်းကို ထိုခေတ်မီလိုက်သူ အားလုံးသိကြပါသည်။ ဆရာကြီး စိုးရိမ်သလို အင်္ဂလိပ်ဘာသာမသင်ဘဲ မြန်မာတစ်ဘာသာတည်း သင်ကြားခွင့်လည်းမရှိပါ။ သို့မှသာလျှင် ကျောင်းသားများသည် အစိုးရစစ် စာမေးပွဲများကို ဝင်ရောက်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမည့် ကိုအောင်ဆန်း အင်္ဂလိပ်စာတော်ကြောင်းကို ကျွန်တော်သည် ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ်အချိန်ကာလကပင် သိခဲ့ပါသည်။ တက္ကသိုလ်သမဂ္ဂ (အိုးဝေ)မဂ္ဂဇင်းနှင့် နယူး ဘားမား(အင်္ဂလိပ်)သတင်းစာ၌ ကိုအောင်ဆန်း၏အင်္ဂလိပ်လိုရေးသားချက် လက်ရာများကိုလည်း ဖတ် ရ၍ ပို၍ပင် သိခဲ့ရပါသည်။
ယခု ဆရာကြီး ဦးခင်သန်း၏အယ်ဒီတာထံပေးစာ ဖတ်ရသောအခါ ကိုအောင်ဆန်းသည် ရေနံချောင်း အမျိုးသားကျောင်းမှာနေစဉ်ကပင် အင်္ဂလိပ်စာ အရေးအသား ထူးချွန်ပုံကိုပါ သိရ၍ ဝမ်းမြောက် ကျေး ဇူးတင်မိပါသည်။
လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော် ၁၉၃၆ ခုနှစ်က အာဇာနည်နေ့ (ဇူလိုင် ၁၉)ထုတ် နေရှင်းသတင်းစာ တွင် ကျွန်တော်သည် ဗိုလ်ချုပ်၏အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို အောက်ပါအတိုင်း အင်္ဂလိပ်ဘာသာဖြင့် ရေးခဲ့ဖူးပါသည်။
.. "of course his spoken accent did not have the grace and charm of Oxford, Eton or Harrow, he might not be able to discuss Shakespeare, Keats or Shelly. But as far as written English is concerned, his style of sentence construction; his choice of words, his powerful vocabulary, his skill at modern idiomatic English usage-all point out clearly that his English was at least equal, if not better than, any European school student.
"This article is my attempt to prove that Aung San, a product of National High School, Yenangyanug, was indeed a powerful and prolific writer of English prose."
အင်္ဂလိပ်စာ ကျွမ်းကျင်မှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းသာမက သူ၏အစ်ကိုကြီး ဦးဘဝင်း (အာ ဇာနည်ဝန်ကြီး) အစ်ကိုလတ် ဦးအောင်သန်း (ယခုကွယ်လွန်)တို့သည်လည်း သာမန်လူများထက် အင်္ဂ လိပ်စာ အထူးတော်ကြကြောင်း ကျွန်တော်ကိုယ်တိုင်ကိုယ်တွေ့ လေ့လာသိရှိခဲ့ရပါသည်။ ဤသည်မှာ မျိုးရိုးဗီဇ (Genetic)ပါ အရည်အချင်းပေလောဟု မပြောတတ်ပါ။
မည်သို့ပင်ဖြစ်စေ၊ ဆရာကြီး ဦးခင်သန်း၏ထောက်ပြချက်အရ ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမည့် နတ် မောက်မြို့သား ကိုအောင်ဆန်းသည် ရေနံချောင်း အမျိုးသားကျောင်းမှာ ပညာသင်ကြားနေစဉ်အခါက ပင် အင်္ဂလိပ်စာ ထူးချွန်သူဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားအဖြစ် သိရသဖြင့် အထူးပင် ဝမ်းမြောက်ပီတိဖြစ်မိကာ ဆရာကြီးအား ကျေးဇူးတင်ပါသည်။
တက္ကသိုလ်နေဝင်း
သုတေသီတစ်ဦး
သူနှင့် နှစ်ကြိမ်သာတွေ့ခဲ့ပါသည်
ပထမအကြိမ် ၁၉၄၅ ရွှေသာလျောင်းဘုရားတွင် ဒုတိယကမ္ဘာစစ်ပြီးကာစ သူ့ကို ပထမအကြိမ်တွေ့ဖူး ပါသည်။ နှစ်ပေါင်း ၅၀ ကျော်သွားပြီးဖြစ်သည်။ သူနှင့်တွေ့ဖို့ ချိန်းဆိုထားတဲ့နေရာကတော့ ပဲခူးမြို့ရဲ့ အနောက်ဖျားမှာရှိတဲ့ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး စံပယ်ရာနေရာ။
ထိုအချိန်က စစ်ပြီးစမို့ ပဲခူးမြို့ကို ဗြိတိသျှစစ်အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်နေ၍ မြို့တွင်းရှိ အဆောက် အအုံများတွင် ဗြိတိသျှစစ်တပ်များ စခန်းချနေကြသည်။ ထို့ကြောင့် စစ်ကြီးပြီးသွားသော်လည်း ပဲခူးမြို့ သူမြို့်သားများ မြို့တွင်းသို့ဝင်ခွင့်မရသေးဘဲ စစ်အတွင်းကလို မြို့စွန်မြို့ဖျားရှိ ဘုရားကျောင်းကန်ဇရပ် များတွင် စစ်ပြေးဘဝအဖြစ် ခိုလှုံနေရဆဲ။
သူလာမည့်အကြောင်း သတင်းစာများက ရေးသည်။ ထို့ကြောင့် ထိုနေ့ကမိုးလင်းအချိန်မှစ၍ ရွှေသာ လျောင်းရုပ်ပွားတော်မြတ်ကြီးတွင် လူတွေရောက်နှင့်နေကြသည်။ ဘုရားရင်ပြင်ပေါ်တွင်လည်း လူတွေ၊ အောက်ခြေဘက်တွင်လည်း လူတွေ၊ ရပ်နီးက လူတွေပါသလို ရပ်ဝေးက လူတွေလည်းပါသည်။ လူကြီး များ သာမက ကလေးများပါ တွေ့ရလေသည်။
အောက်တိုဘာလသည် သီတင်းကျွတ်လဖြစ်သည်။ မုတ်သုံရာသီကောင်းစွာ မကုန်သေး၍လားမသိ။ ထိုနေ့အဖို့ ရာသီဥတုက အုပ်အုပ်ဆိုင်းဆိုင်း၊ နံနက် ၈ နာရီကျော်လာပြီဖြစ်သောလည်း နေရောင်ခြည် ကောင်းစွာ မရသေး။
သူလာမည့်အချိန် နီးလာလေလေ လူတွေကများလေလေ။ နောက်ဆုံးခြေချစရာပင် နေရာမရှိတော့။ သူ ရောက်မည့်အချိန် နံနက် ၈ နာရီတဝိုက် ခန့်မှန်းနေကြသည်။ ရောက်ချိန်တန်နေသော်လည်း သူ မရောက်သေး ၍ ပရိသတ်က သူလာမည့် လမ်းဘက်သို့သာ မျှော်နေကြသည်။
သူလာလျှင် လွယ်လွယ်ကူကူ သွားနိုင်ဖို့ ရွှေသာလျောင်း အရှေ့စောင်းတန်းတစ်လျှောက် ရဲဘော် ဟောင်းများက လမ်းကြောင်းလုပ်ပေးနေရသည်။ သူ့ထက်ငါ မြင်လိုတွေ့လိုသောဆန္ဒကြောင့် တစ်ခဏ ကြာလျှင် လမ်းကြောင်း ပျောက်သွားပြန်သည်။
ထိုမျှများပြားလှသော ပရိသတ်ကြီး ထိုနေ့ကတွေ့ဖို့စောင့်နေသည်မှာ မည်သူပါနည်း။ သူ့အမည်မှာ စစ် အတွင်းထိ မတည်ငြိမ်သေး။ အမျိုးမျိုးရေးကြသည်။ အချို့စာစောင်များက (စ)လုံးနှင့်ရေးပြီး (စန်း)၏။ အချို့က (ဆ)နဲ့ရေးပြီး (ဆန်း)၏။ ဗိုလ်ချုပ်ကြီး ကာနယ်အောင်စန်းဟူ၍ တစ်မျိုး၊ မေဂျာဂျင်နရယ် သခင်အောင်ဆန်း ဟူ၍ တစ်ဖုံ၊ စစ်ရာထူးနှင့်အတူ (သခင်)ပါ ထည့်လိုက်ပြန်သေးသည်။
ထိုသို့ ရေးသားသုံးနှုံးလာရာမှ နောက်ပိုင်းတွင် စစ်ဝန်ကြီး မေဂျာဂျင်နရယ် အောင်ဆန်း၊ ထိုမှတစ်ဖန် ကာကွယ်ရေးဝန်ကြီး မေဂျာဂျင်နရယ် ဗိုလ်ချုပ်အောင်ဆန်းဟူ၍ အင်္ဂလိပ်လိုရော မြန်မာလိုပါတွဲ၍ စစ် ရာထူးကို ခေါ်ဝေါ်လာပြန်သည်။
ဒီလိုနှင့် ဒုတိယကမ္ဘာစစ်ကြီးပြီးခါနီး ၁၉၄၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ကို ဖက်ဆစ်ဂျပန် တို့လက်မှ ဗိုလ်မှူးနေဝင်း (နောင် ဗိုလ်ချုပ်ကြီးနေဝင်း) ဦးဆောင်သော ဗမာ့မျိုးချစ်တပ်မတော်က သိမ်းပိုက်ခဲ့သည်။ မေလ ၂ ရက်နေ့ကျမှ မဟာမိတ်တပ်များ ရန်ကုန်သို့ရောက်ကြသည်။ ဗြိတိသျှအ မှတ် ၁၅ တပ်မတော်က ရန်ကုန်မြို့ကို စစ်အုပ်ချုပ်ရေးဖြင့် စတင်အုပ်ချုပ်သည်။
မကြာခင် မြန်မာသတင်းစာများစတင် ထုတ်ဝေကြသည်။
မြန်မာနိုင်ငံ ဗြိတိသျှလက်အောက်ရောက်နေ စဉ် တစ်လျှောက်လုံး ပြည်သူများဘက်မှ မားမားမတ်မတ် ရပ်တည်ပြီး ပြည်သူများကို အလင်းရောင်ပေး ခဲ့သည့် ရှေ့ဆောင်သတင်းစာကြီးတစ်စောင် ရှိခဲ့သြည်။ ထိုသတင်းစာ ကြီးမှာ ခေါင်းကြီးပိုင်းမှနေ၍ ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌသခင်အောင်ဆန်းသည် နိုင်ငံရေး တွင်လည်း (ဗိုလ်ချုပ်)၊ စစ်ရေးတွင်လည်း (ဗိုလ်ချုပ်)ဖြစ်၍ ယနေ့မှစ၍ ကျွန်ုပ်တို့က (ဗိုလ်ချုပ်အောင်ဆန်း) ဟူ၍ ခေါ်ဝေါ်ဂုဏ်ပြုလိုက်သည်ဟု ရေးသားရာမှအစ သူ့အမည်မှာ ဗိုလ်ချုပ်အောင်ဆန်း ဟု တစ်တိုင်းတစ်ပြည်လုံးက တစ်ညီတညွတ် တည်း ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်ဟု ယူဆ ရပါသည်။ ဗိုလ်ချုပ်ဆိုသည့် ရာထူးအခေါ်အဝေါ်မှာ ထိုအချိန် က အမြင့်ဆုံး ရှိနိုင်သည့် ရာထူးဖြစ်ပါမည်။
ဗိုလ်ချုပ် အခေါ်အဝေါ်နှင့်ပတ်သက်၍ အင်္ဂလိပ်စာရေးဆရာကြီးမောရစ်(စ)ကောလစ်(စ)ရေးသာသော (Last and First In Burma)ဆိုသည့်စာအုပ်တွင်
“၁၉၄၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် မောင့်ဘက်တန်က အောင်ဆန်းနှင့် ဖဆပလအဖွဲ့ချုပ်အတွင်း ရေးမှူး သခင်သန်းထွန်းတို့ကို သီးခြားခေါ်တွေ့ကြောင်း၊ ထိုကဲ့သို့ မဟာမိတ်သေနာပတိချုပ်ကိုယ်တိုင် ဗမာ့အမျိုးသားတပ်မတော်ဗိုလ်ချုပ်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် စေ့စပ်ဆွေးနွေးသည်ကို မြန်မာလူထုက သဘောကျကြောင်း၊ မောင့်ဘက်တန်က သူ၏မှတ်တမ်းတွင် ဖော်ပြခဲ့သည်။”
“ထိုအချိန်လောက်မှာပင် အောင်ဆန်းက (ဗိုလ်ချုပ်)ရာထူး အခေါ်အဝေါ်ကို စသုံးဟန်ရှိသည်။ သူ့အ သက်က ၂၉ နှစ်သာရှိသေးပြီး (ဗိုလ်ချုပ်)ဖြစ်နေသည့်အတွက်ပို၍ ထူးခြားနေသည်။”
ဟု စာရေးဆရာကြီး မောရစ်(စ)ကောလစ်(စ)က သူ့စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း(ဗိုလ်ချုပ်)ရာထူး အခေါ်အဝေါ် သုံးစွဲနေသည့်အချိန်ကို ဒုတိယကမ္ဘာစစ်ပြီးချိန် ၁၉၄၅ ခုနှစ်လောက်ကို ခန့်မှန်းထား သည်။ မြန်မာ့အလင်းသတင်းစာကြီးက (ဗိုလ်ချုပ်)ဟု ဂုဏ်ပြုခေါ်ဝေါ်သုံးစွဲသည့်နှစ်နှင့် စာရေးဆရာ ကြီး မောရစ်(စ)ကောလစ်(စ) ခန့်မှန်းသောနှစ်တို့မှာ တစ်နှစ်တည်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ယနေ့လာမည့်ပုဂ္ဂိုလ်မှာ ပြည်သူတို့အသည်းစွဲနေပြီဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၊ ထို့ကြောင့် ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး ရင်ပြင်ပေါ်နှင့်အနီးတဝိုက်တွင် လှည်းနေလှေအောင်း မြင်းဇောင်း ပါမကျန် လူပင်လယ်ပြင်ကြီးရောက်ရှိနေခြင်းဖြစ်သည်။
“ဟော” လူထုကြီး၏အာမေဋိတ်သံ။ ထိုင်နေသူများ မတ်တပ်ရပ်ကြသည်။ နောက်ဘက်ရောက်နေသူ များ ရှေ့သို့တိုးဝှေ့ကြသည်။ လက်ခုပ်သံများ ဆူပွက်သွားသည်။ နောက် ရယ်မောသံများ ထွကလာပြန် သည်။ သူ့ကိုမြင်နိုင်ရန် သူ့ထက်ငါ တိုးဝှေ့ကြည့်ကြရာမှ အဖြစ်မှန်ကိုသိကြသည်။
ဗိုလ်ချုပ်အောင်ဆန်း ဝတ်လေ့ဝတ်ထရှိသော စစ်ဝတ်စုံနှင့် ရဲဘော်တစ်ယောက် စောင်းတန်းအတွင်း ဝင်လာသည်ကို ဗိုလ်ချုပ်အောင်ဆန်းထင်ပြီး မှား၍ ကြိုလိုက်ကြသော အဖြစ်ကြောင့် ပွဲကျသွားခြင်းဖြစ် သည်။ ယခုလို ပွဲလန့်သည်မှာ သုံးကြိမ်ထက်မနည်း။ ဤမျှ လူထုကြီးမှာ သူ့ကိုတွေ့မြင်လိုလှပြီ။
နံနက် ၉ နာရီလောက်တွင် ဗြိတိသျှစစ်တပ်သုံး ဂျစ်ကားတစ်စီး ရွှေသာလျောင်းဘုရား တန်ဆောင်းရှေ့ ထိုးရပ်လာသည်။ ဗိုလ်ချုပ်စီးနင်းလိုက်ပါလာသော ကားဖြစ်ရမည်ဟူသော ယုံကြည်မှုနှင့် လူထုကြီးက လက်ခုပ်သံများတီးလိုက်သည်။ လက်ခုပ်သံများ လေချွန်သံများမှာ အထက်ဘဝဂ်တိုင်အာင်ပင် ဟိန်း ထွက် သွားသည်။
ဗိုလ်ချုပ်သွားမည့် လမ်းကြောင်းတစ်လျောက် လမ်းကြောင်းရရန် ရဲဘော်များက လက်ချင်းယှက်၍ တားနေရသည်။ မကြာပါ ဗိုလ်ချုပ် ဂျစ်ကားပေါ်မှဆင်းပြီး စောင်းတန်းထဲ ဝင်လာပါပြီ လက်ခုပ်သံများ လေချွန်သံ များ ကြားနေရဆဲ။
“ဒို့ ဗိုလ်ချုပ်ကွ”။ ကျွန်တော့်လိုပင် ဗိုလ်ချုပ်ကို ပထမဆုံး မျက်ဝါးထင်ထင်တွေ့မြင်ရသည့်အတွက် လက်ခုပ်သံ များနှင့် ကြိုဆိုဂုဏ်ပြုရသည်ကိုပင် အားမရတော့ပဲ လက်သီးလက်မောင်းတန်း၍ အော်ဟစ် လိုက်သည့် ပရိသတ်ထဲမှာ လူတစ်ယောက်၏အသံ။
ဗိုလ်ချုပ်မှာ သူသွားမည့်နေရာကိုသာ စူးစိုက်ပြီး ခပ်သုတ်သုတ်ခြေလှမ်းလှမ်းလျက်။ သူဆောင်းထား သော ကာကီရောင်ဖော့ ဦးထုပ်နှင့် ဝတ်ထားသော ကာကီရောင်စစ်ဝတ်စုံတို့မှာ စိုရွှဲနေသည်။ ပဲခူး ရန်ကုန်လမ်းခရီးလမ်းတစ်နေရာတွင် သီတင်းကျွတ်လက်ကျန်မိုးမိခဲ့ဟန်တူသည်။ ဝဲဘက်လက်ထဲတွင် မူ သူ စီးလာသော ရှူးဖိနပ်ကိုကိုင်လျက်၊ သူ့ဖိနပ်အရောင်မှာ အနက်ရောင်ဆိုသည်ကိုပင် ကျမ်းကျိန် ၍ ပြောရမည့် ကိန်းဆိုက်နေသည်။ စီးရဖန်များ သွားရဖန်များ၍လားမသိ။ ဖိနပ်အရောင်မှာ ရွှံ့ရောင် ဖက်သို့ လုနေသည်။
ဖိနပ်ထဲမှထွက်လာသော ခြေအိတ်များမှာ ရှူးဖိနပ်စီးရာတွင် အသုံးပြုရမည့် ခြေ အိတ်အပါးစားမဟုတ်။ စစ်သုံး(ဘွတ်)ဖိနပ်ကြီးများ စီးရာတွင် အသုံးပြုသည့် အစိမ်းရောင်ခြေအိတ်အ ထူစား။ သူ့လူမျိုး သူ့နိုင်ငံ လွတ်လပ်ရေးအတွက် အချိန်ရှိသရွေ့ စွမ်းဆောင်နေရ၍ ဖြစ်သလို ကြုံသလို လှုပ်ရှားနေပုံရသည်။ သူ့မျက်နှာပေါ်က အသားရောင်မှာလည်း သွေးရောင်ပင်မရှိ။ အစားမမှန်၊ အအိပ် မမှန်ဖြစ်နေပုံရသည်။
သူရောက်ရမည့် နေရာကိုသာ ရောက်တော့မည်။ တစ်ဖက်တစ်ချက်က လက်ခုပ်တီး ဟစ်အော်ကြိုဆို နေကြသည့် လူထုဖက်ကိုလည်း တစ်ချက်မျှလှည့်မကြည့်။ မဲဆွယ်သူတို့၏ အပြုံးမျိုးကိုပင်မပြ။
သူသည် ပြည်သူကိုချစ်သည်။ ပြည်သူသည် သူ့နောက်တွင် တစ်စုတစ်ဝေးတည်းရှိသည်ကို သူ ယုံ ကြည်သည်။ ပြည်သူကလည်း သူ၏ရိုးသားစင်ကြယ်မှုကို အပြည့်အဝယုံကြည်ကြသည်။ ပြည်သူတို့အ တွက် သူ့တွင် အနစ်နာခံ စွန့်လွှတ်မှု အမြဲရှိနေသည်ကို ပြည်သူတို့က သံသယမရှိ။ လုံးဝလက်ခံသည်။ ဤသို့ပြည်သူနှင့် သူ့အကြား အပြန်အလှန်ထားရှိသော နားလည်မှုတွေကြောင့် သူမတုန့်ပြန်၍လည်း ပြည်သူက အမှတ်မထား။ စိတ်မခု၊ ထို့ကြောင့် ပြည်သူတို့၏ ကြိုဆိုနေသော လက်ခုပ်သံများက အဆက်မပြတ် ပေါ်ထွက်နေဆဲ။
ဒီလိုနှင့် သူ တရားဟောမည့်နေရာ ရောက်သွားသည်။ သူတရားဟောရန် စီစဉ်ထားသည့်နေရာမှာ ရွှေ သာလျောင်းရုပ်ပွားတော်မြတ်ကြီး ရှေ့ရင်ပြင်ပေါ် အတက်အဆင်း မုခ်ဝနားတွင်ဖြစ်သည်။ တရားဟော မည့်နေရာမှာ ခမ်းခမ်းနားနားပြင်ဆင်ထားခြင်းမရှိ။ ရဲဘော်ဟောင်းများ ဝိုင်းထိုင်နေသည့် ကွက်လပ်အ လယ်တွင် တိုင်တစ်တိုင်နှင့် စကားပြောခွက်တစ်ခု။ ဒါပဲရှိသည်။
ဗိုလ်ချုပ်ရောက်ပြီး မကြာခင်မှာပင် အခမ်းအနားမှူးလုပ်သူက “လူထုကြီးခင်ဗျား၊ အခုအချိန်ကစပြီး လူ ထုကြီးမျှော်လင့်တောင့်တနေတဲ့ ဗိုလ်ချုပ်တရားဟောပါတော့မယ်”ဟု ကြေညာလိုက်ရာ လက်ခုပ်သြ ဘာသံများ၊ လေချွန်သံများမှာ လေးဖက်လေးတန်မှ တစ်ခဲနက်ထွက်ပေါ်လာသည်။
ဗိုလ်ချုပ်သည် ဆောင်းထားသော ကာကီရောင်ဖော့ဦးထုပ်ဘေးချပြီး စကားပြောခွက်ရှိရာသို့ ထလာ သည်။ စကားပြောခွက်မှာ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီက ပေါ်ခဲ့သောပုံစံမျိုး။ အချင်း ၄ လက်မခန့်ရှိ အဝိုင်းသဏ္ဍာန်စကာပြောခွက်။ လေးထောင့်ပုံသံကွင်းထဲတွင် အထက်နှစ်ချောင်း။ အောက်နှစ်ချောင်း စပရင်များနှင့် ဆိုင်းထားသည့် ထိုစကားပြောခွက်တွင် မျက်နှာမူ၍ ဗိုလ်ချုပ်စ၍ဟောသည်။
ဟောပြောသော အကြောင်းအရာတို့မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးစ ကမ္ဘာ့နိုင်ငံများ အခြေအနေ။ ရန်ကုန် မြို့တွင် ဖဆပလအဖွဲ့ချုပ်ကြီးက ကြီးမှူးကျင်းပခဲ့သော နေသူရိန် အစည်းအဝေးကြီးအကြောင်းနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော ဘုရင်ခံဆာဒေါ်မန်စမစ်က ဘုရင်ခံ၏ အတိုင်ပင်ခံကောင်စီ (Governor's Executive Council)(အစိုးရအဖွဲ့)တွင် ဖဆပလမှ ကိုယ်စားလှယ်များပါဝင်ဆောင်ရွက် ကြရန် ဖိတ်ခေါ်သည့်အကြောင်းများပါသည်။
ထိုသို့ဟောပြောရင်း
“ကျုပ်တို့ ဘုရင်ခံကိုလည်း ခင်ဗျားတို့ အထင်မသေးကြနဲ့၊ သူလည်း ရတနာသုံးပါးကိုကြည်ညိုသူပါ”
ဗိုလ်ချုပ် ရှင်းလင်းချက် အပြည့်အစုံမသိရခင်ကပင် လူထုကြီးပွဲကျသွားသည်။ ဘုရားစောင်းတန်းတစ် လျှောက် သူ့ဖိနပ်သူ ကိုယ်တိုင်ကိုင်ပြီး ရှုသိုးသိုးနှင့်သွားနေသော ဗိုလ်ချုပ်တွင် ဒီလိုဟာသမျိုးရှိပါ့မ လားလို့ ထင်နေရာ၊ သူချစ်သောပြည်သူကို စကားပြောခွက်က တစ်ဆင့် အဆက်အသွယ်ရလာသည့် အခါတွင် ဟာသပါလာသည်။
“ခင်ဗျားတို့မရယ်ကြနဲ့၊ ကျုပ် အဟုတ်ပြောတာပါ။ ဘုရင်ခံက တကယ့်ကို ရတနာသုံးပါးကြည်ညိုသူပါ” ပရိသတ် တစ်ကြိမ်ပွဲကျသွားပြန်သည်။ ပရိသတ် ရယ်မောသံစဲသွားသောအချိန်တွင် ဗိုလ်ချုပ်က-
“ဘုရင်ခံ ရတနာသုံးပါးကြည်ညိုတဲ့အကြောင်းက ဒီလိုပါ။ ခင်ဗျားတို့ကြားကြတဲ့အတိုင်း သူ့အတိုင်ပင်ခံ ကောင်စီ(အစိုးရအဖွဲ့)မှာ အမှုဆောင် ၁၅ ဦးနေရာရှိလို့ ဖဆပလအဖွဲ့ချုပ်က ကိုယ်စားလှယ်တောင်း တယ်။ ကျုပ်တို့က (၁၁)ယောက် အမည်စာရင်းပေးလိုက်တယ်။ အဲဒီထဲမှာ ကွန်မြူနစ်ပါတီက ကိုယ် စားလှယ် ကိုသိန်းဖေ (နောင် ဦးသိန်းဖေမြင့် စာရေးဆရာကြီး) အမည်ပါတယ်။ အဲဒါကို ဘုရင်ခံက ကို သိန်းဖေ နေရာအတွက် အခြားသူတစ်ယောက်ပေးပါလို့ ပြန်ကြားတယ်။ ဒီတော့ ကျုပ်တို့က ဘာဖြစ်လို့ လဲလို့ မေးတော့”
“ဘုရင်ခံက ကိုသိန်းဖေက စစ်မဖြစ်ခင်က (တက်ဘုန်းကြီး) ဝတ္ထုရေးခဲ့လို့ ဘုန်းကြီးတွေနဲ့ ပြဿနာပေါ် ဖူးတယ်။ ဒီတော့ ဝန်ကြီးအဖွဲ့မှာ သူ့ကိုထည့်လိုက်ရင် ဘုန်းကြီးတွေ ကန့်ကွက်လိမ့်မယ်လို့ အကြောင်း ပြတယ်။ အမှန်ကတော့ သူ့ဝန်ကြီးအဖွဲ့မှာ ကွန်မြူနစ်တစ်ယောက်ပါလာမှာ မလိုချင်တာကို ပွင့်ပွင့် လင်းလင်း မပြောဘဲ ဘုန်းကြီးနဲ့လှည့်ခြောက်တယ်။ ဒါကြောင့် ဘုရင်ခံဟာ ရတနာသုံးပါး ကြည်ညိုသူ ပါလို့ ကျုပ်ပြောတာ”
ဇာတ်စုံသိသွားသော ပရိသတ်ကြိး၏တတိယအကြိမ် ရယ်မောသံများနှင့် လက်ခုပ်သံများမှာ တော် တော်နှင့်အတောမသတ်။
ဒီနောက် မြန်မာ့လွတ်လပ်ရေးအတွက် လူထုကြီးစည်းလုံးညီညွတ်ဖို့ပြောကြားရင်း နိဂုံးချုပ်လိုက်သည်။
အစည်းအဝေးပြီးလျှင် ပြီးချင်း ခရီးဆက်ရဦးမည်ဖြစ်၍ အနားမယူ။ အဆိုပါနေရာမှ ထွက်တော့မည် ဟန်ပြုနေစဉ် ရဲဘော်ဟောင်းများက ကန္ဒီစာချုပ်အရ ဖွဲ့စည်းမည့် တပ်မတော်ကိစ္စ ၎င်းတို့ပါဝင်ခွင့်ရှိ မရှိ မေးကြသည်။
ဗိုလ်ချုပ်က မတ်တပ်ရပ်ရင်း အသစ်တစ်ဖန် ဖွဲ့စည်းမည့် တပ်မတော်သို့ ဝင်ခွင့်ရသူများရှိသလို ဝင်ခွင့် မရနိုင်သူများလည်းရှိနိုင်ကြောင်း ရဲဘော်ဟောင်းများကို အဖွဲ့အစည်းတစ်ခုအဖြစ် စုစည်းထားမည်ဖြစ် ကြောင်း အားပေးစကားပြောကြားပြီး စောင့်ဆိုင်းနေသော ဂျစ်ကားဆီသို့ ပြန်လည်ထွက်ခွာသွားသည်။ ကျွန်တော့် တစ်သက်တွင် (ပထမ)ဆုံးအကြိမ် မြင်လိုက်ရသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း။
ဆက်ရန်
.
1 comment:
ဘဘဦးခင်သန်းနဲ့ ခြံချင်းကပ်လျက် နေခဲ့ရပြီး ဘဘဆီမှာ အင်္ဂလိပ်စာ သင်ခဲ့ဖူးပေမဲ့ ဘဘဦးခင်သန်းက ဗိုလ်ချုပ်အောင်ဆန်းကို စာသင်ပေးခဲ့ဖူးတယ်ဆိုတာ မသိခဲ့ဘူး။
နွယ်နီမဂ္ဂဇင်းကို ဘဘဦးခင်သန်းပေးတဲ့ စာအဆုံးမှာ ရေးထားတဲ့ လိပ်စာကို ဖတ်ရတော့ ကိုယ့်အိမ်လိပ်စာလေး ကိုယ်ပြန်ဖတ်ရသလိုပဲ ၀မ်းမြောက်မိတယ်။ ဘဘက အလွန်သဘောကောင်းပြီး ကြင်နာတတ်တယ်။ ဒေါသမရှိဘူး၊ အေးချမ်းတယ်။ ဒီစာဖတ်ပြီး ငယ်ငယ်က သင်ဆရာ ဘဘဦးခင်သန်းကို စိတ်ကမှန်းပြီး ကန်တော့လိုက်ပါတယ်။
Post a Comment