Monday, August 15, 2011

ဖိုးကျော့ ၏ သမုဒယ ဤပင်လယ် အပိုင်း (၁၁)

“ဟုတ်လား၊ မင်းတို့ လိပ်ဥရခဲ့ရဲ့လား”
“ရခဲ့တယ်၊ မနက်ဖြန်ကျမှ အစ်ကိုကြီးအတွက် ယူလာပေးပါဦးမယ်၊ မဝေရသေးလို့ဗျ”
ကိုထွန်းသောင် အတွက် လိပ်ဥနည်းနည်း မယူလာမိသည်ကိ သတိရ၍ မဝေရသေးလို့၊ သူက လိမ် ပြောလိုက်၏။ ကိုထွန်းသောင် က ရပါတယ်ကွ၊ အစ်ကိုကြီးကို ညီလေး. သတိရတယ်ဆို ကျေနပ်ပြီဟု ဆို၏။ တကယ်လည်း ပေးဦး မည်ဟု အောင်တိုင် ဆုံးဖြတ်လိုက်၏။

“ဦးဂျလားနဲ့ မင်းလည်း ရင်းနှီးတော့ ပိုဟန်ကျတာပေါ့ကွာ၊ ဟိုတစ်လောက ဦးဂျလားကို ငါပြောတော့ သူကလည်း လိုလိုချင်ချင်ပါပဲ၊ လာထားပါ ရပါတယ်။ သူတို့အိမ်ဘေးက ချောင်းကလေးတစ်ခု ရှိတယ်၊ အချိန်မရွေး လှေသွင်း လှေထုတ်လို့လွယ်တယ်။ လှေဦး တံကူတစ်ချောင်း မပွန်းရှုပါဘူး စိတ်ချပါလို့ အဘိုး.ကြီး က ပြောသွားတယ်။ ငါက အရပ်သိပ်မကျွမ်းသေးတော့ ဆလုံတို့ ဘာတို့ မယုံရဲသေးဘူး၊ ဒီ အဘိုးကြီး ရိုးပုံတော့ ရပါတယ်နော်။ မင်းအားကိုးနဲ့ သူ့ပဲ အပ်ထားရမှာ၊ စက်ကတော့ ဖြုတ်ထား လို့ရပါတယ်။ ရေငန်မှာ ကြာကြာတပ်ထားလို့လည်း မကောင်းဘူးကွ၊ သံချေးကိုက်တတ်တယ်။ ဘယ်နှယ် ဒီအဘိုးကြီး ဆီ ထားရင် စိတ်ချရပါ့မလား”

“စိတ်ချရပါတယ်။ အစ်ကိုကြီးရာ၊ ဦးဂျလားက ကျွန်တော့်အဖေနဲ့လည်း သိပ်အကျွမ်းဝင်ကြတာဗျ၊ ခုတောင် ပင်လယ်ပြင်ကို အတူထွက်နေကြတယ်လေ၊ တော်တော်တန်တန်ရင်းနှီးရုံနဲ့ ပင်လယ်ပြင် အတူ ထွက်ရဲ ကြတာ မဟုတ်ဘူးဗျ၊ အသက်ပေးရင်းနှီးတဲ့ လူချင်းမှ သွားရဲကြတာ”
“သြော် … သိပ်ဟန်ကျတာပေါ့ကွာ၊ ညီလေး အဖေ နဲ့ ဦးဂျလားတို့ အသက်ပေးရင်းနှီးသလို ညီလေးနဲ့ အစ်ကိုကြီး လည်း  အသက်ပေးရင်းတမ်းပေါနော်၊ တကယ်ပါ မင်း ယုံပါတယ်နော်…”
“ယုံပါတယ် အစ်ကိုကြီး၊ ကျွန်တော်လည်း အစ်ကိုကြီးကို အစ်ကိုအရင်းလို ချစ်ပါတယ်။ ကျွန်တော်မှာ ညီအစ်ကို အရင်း တစ်ယောက် မှ မရှိပါဘူး အစ်ကိုကြီး”
“အေးကွ၊ ဒါမှ င့ါညီ၊ အစ်ကိုကြီးလည်း တစ်ကောင်ကြွက်ပါ ညီလေးရာ၊ အစ်ကိုကြီးမှာ ညီအစ်ကို မောင်နှမ တစ် ယောက် မှ မရှိပါဘူး၊ မင်းဟာ အစ်ကိုကြီး အရင်းပါပဲ။”
ကိုထွန်းသောင် က ပွေ့ဖက်၍ မျက်ရည်အဝဲဝဲနှင့်ပြော၏။ အောင်တိုင်ရင်ထဲလည်း အစ်ကိုရင်း တစ်ယောက် ချက်ချင်း ကောက်ရသလို ခံစားလိုက်မိ၏။

“သဲချောင်းဝမှာ စက်လှေပျက်တုန်းက သေသွားတာ အစ်ကိုကြီး အစ်ကိုအရင်းပေါနော်”
အောင်တိုင် က သူ သတိတရ ရှိသည်တို့ကို  မေး၏။
“အေး…. အရင်းကြီးတော့ မဟုတ်ဘူးကွ၊ အဖေတူ အမေကွဲလေ၊ သူ သေသွားတော့ ခု အစ်ကိုကြီးဟာ တစ်ကောင် ကြွက်ပဲ၊ မင်းလိုလူတစ်ယောက်ပဲ ဆိုပါတော့၊ မင်းမှာ အမေအဖေရှိသေးတော့ တော် သေးတယ်။ အစ်ကိုကြီးမှာ တော့ အမေအဖေလည်း မရှိတော့ဘူး။ တစ်ကောင်ကြွက် ”
ကိုထွန်းသောင် ကို ကြည့်ကာ အောင်တိုင် မျက်ရည်ဝဲလာမိ၏။

“ဒါပေမဲ့ အစ်ကိုကြီး ဝမ်းမနည်းပါဘူးကွာ၊ ဒီမှာ ညီလေးရှိနေပြီ မဟုတ်လား၊ ညီလေးကို အစ်ကိုကြီး မေးဦးမယ်၊ တကယ် သေရေးရှငိရေးဆို ညီလေး အစ်ကိုကြီးကို အသက်စွန့်ပြီး ကာကွယ်ရဲပါ့မလား”
“ကာကွယ်ရဲ ပါတယ် အစ်ကိုကြီး စိတ်ချပါ”
“အေးကွ၊ ဒါမှ ငါ့ညီအရင်း၊ ကဲ လာလာ ညီလေးကို အစ်ကိုကြီး ပြစရာရှိသေးတယ်၊ ညီလေးအတွက် မြို့က စက်လုပ် မုန့်တွေလည်းဝယ်လာတယ်ကွ၊ လှေ စက်ဆင်နေရလို့လာမပေးအားတာ”
သူ့ကို ကိုထွန်းသောင် က အိမ်ထဲသို့ လက်ဆွဲခေါ်လာ၏။
ကိုထွန်းသောင် က  သူ့ကို မြို့က စက်လုပ်မုန့်တွေ ပေးဦးမည်ဆိုသဖြင့် အစ်ကိုကြီးအတွက် လိပ်ဥ မယူလာမိလေ ခြင်း ဟု နောင်တရပြန်၏။ ဟိုခွေးကောင်မ ရှုပ်လို့ဟု စိတ်ထဲက မိဇံကို ကျိန်ဆဲမိသည်။
“ထိုင်ကွ၊ ဒီမှာ အစ်ကိုကြီး နဲ့ ညီလေး သစ္စာကတိပြုကြမယ် ”

ဟုဆိုကာ ကိုထွန်းသောင် အတွင်းထဲ ဝင်သွား၏။ ပုလင်းတစ်လုံးနှင့် ပြန်ထွက်လာသည်။ အုန်းသီးဖလား နှစ်လုံး ထဲ ပုလင်းက အရည်လောင်းထည့်သည်။ ဖလားတစ်လုံးကို အောင်တိုင်အား လှမ်းပေး၏။
“ကဲကွာ… အစ်ကိုကြီး ဆိုသလို လိုက်ဆို၊ အစ်ကိုကြီးနဲက ကျွန်တော်သည် တစ်ယောက်နဲ့တစ်ယောက် အသက်ပေး ချစ်ကြပါသည်။ ဘယ်လို သေရေးရှင်ရေးနဲ့ ကြုံရကြုံ အစ်ကိုကြီး အသက်ကို ကျွန်တော်က အသက်စွန့် ၍ ကယ်ဆယ်ပါမည်။ဤသစ္စာစကားကို ဖောက်ဖျက်ခဲ့သော် သွေးအန်၍ သေပါစေသတည်း ကဲ သောက်ချလိုက်”
အောင်တိုင်က မဆိုင်းမတွ သောက်ချလိုက်သည်။ အချိုရည်ပင် အနည်းငယ်သီးသွားသည်။

"ဟားဟား ကြိုက်သွားပြီကွ၊ ကြိုက်ပြီ၊ ဒါမှ ငါ့ညီလေးအစစ် ဒါမှ ငါ့ညီလေး တကယ့်အစစ်"
အကျေနပ်ကြီး ကျေနပ်သွားသော ကိုထွန်းသောင်က အောင်တိုင်ကို တအားထွေးဖက်၍ ပြော၏။
"ငါ့ညီလေး ကို နော် အစ်ကိုကြီး ပြဦးမယ်၊ အစ်ကိုကြီး ညီလေးနဲ့ အမဲလိုက်ရအောင် မြို့က သေနတ် တစ်လက် ဝယ်လာတယ်ကွ၊ ညနေကျရင် သေနတ်စမ်းရင်း ပဲ့ချိတ်စက် စမ်းရင်း တို့ညီအစ်ကို နှစ်ယောက် အပြင်မလိကျွန်း ဘက်သွားရအောင်  အပြင်မလိကျွန်းကြီးတွေမှာ ပေါင်းခွံကြီးတွေ ကနုကမာခွံတွေ၊ လိပ်ခွံ တွေ ရမယ်တဲ့၊ ပြီးတော့ တောင်ဆိတ် တွေလည်း ရှိတယ်တဲ့။"
"တောင်ဆိတ်က မျှော်ဦးတောင်ခြေဘက်လည်း ရှိပါတယ် အစ်ကိုကြီးရယ်၊ မိုးနှောင်းတုန်းက ကျွန်တော် တို့ ကောက်ရင်းစပါးခင်းတွေတောင် ဝင်စားလို့ အဖေ ညဉ်းနေသံ ကြားရတယ်"
"ဟေး... ဟုတ်လား၊ ဒါပေမဲ့ မျှော်ဦးတောင်က နီးတယ်ကွ၊ အပြင်မလိဘက်အရင် သွားရအောင်၊ ညနေ ထမင်းစားပြီး တာနဲ့ ညီလေး အစ်ကိုကြီးဆီလာခဲ့၊ ဒီနေ့ လလည်း စောစောထွက်မယ်"
ကိုထွန်းသောင် ထုတ်ပြသော ပြောင်းရှည် သေနတ်တစ်လက်ကို အထူးအဆန်းလုပ်ကြည့်၍ အောင်တိုင်က ဟုတ်ကဲ့ ဟု ဆို၏။

"ကဲ ဒီမုန့်ထုတ်ယူသွား၊ ညနေကျရင် မင်းဆက်ဆက်လာခဲ့နော်၊ ဘုန်းကြီးကျောင်း သွား.ဦးမလား၊ "
"မသွားဘူး အစ်ကိုကြီး၊ ဘုန်းကြီးမရှိဘူးဗျ၊ မြိတ်မှာ အလှူရှိမယ်ဆိုပြီးသွားတယ်၊ အဖေကတော့ ပြန်လာမှာ မဟုတ် တော့ဘူးလို့တောင် ပြောတယ်၊ အရင် ဘုန်းကြီးတွေတုန်းကဆို ဒီလိုပြောပြီး သွားတာ ပြန်မလာ တော့ဘူးတဲ့"
"မင်း ကျောင်းနေတာ နှစ်နှစ်တောင် ရှိပြီပဲ၊ စာဖတ်တတ်ပလား"
"ဖတ်တတ်ပါတယ်။"

ကိုထွန်းသောင် ရုတ်တရက် ထသွား၏၊ စာရွက်ကြီးကြီးတစ်ရွက် ယူလာသည်။ ဒါ အစ်ကိုကြီးကို ခဏဖတ်ပြစမ်းဟု ဆို၍ စာရွက်ကြီးပေါ်က တစ်ကြောင်းကို  လက်ညှိုးထိုးပြသည်။ စာလုံးမည်းကြီးကို အောင်တိုင် က တစ်လုံးချင်း အလျင် ဖတ်၏။
"မြိတ်မြို့တွင် မှောင်ခိုစက်လှေတစ်စင်းမိ"
"ဟာ ငါ့ညီက တကယ်စာတတ်ပြီပဲ"

"ဒါက ပါဌ်ဆင့်မှ မပါတာ မခက်ပါဘူးအစ်ကိုကြီးရာ၊ ပါဌ်ဆင်ပါတဲ့ ဘုန်းကြီးစာတွေပဲ ခက်တာဗျ၊ ကျွန်တော်တော့ စိတ်မဝင်စားဘူး၊ အစ်ကိုကြီး လှေအပ်ထားမယ် ဆိုတဲ့ ဦးဂျလားသမီးတော့  အားကြီး တော်တယ် 
ဗျ၊ ဘုန်းကြီးတောင် သြချတယ်၊ အဲဒါကြောင့် ဘုန်းကြီးက သူ့ကို ပရိတ်ကြီးဆိုလား၊ လောကနီတိဆိုလား ပုံနှိပ်စာ တစ်အုပ်တောင် ပေးထားတယ်ဗျ၊ ခွေးမလေးက အဲဒါ ဘောရီးပြပြီး တကိုင်ကိုင်နဲ့ဗျ၊ ကျွန်တော်တို့က အမြင်ကတ်တာနဲ့ နင့်မျက်စိ ကန်းလိမ့်မယ်လို့ ခြောက်ပြောထားရတယ်၊ နို့မို့ သူက သိပ်ဘောရီးပြတာ၊ ညတောင် မအိပ်ဘူး၊"
အောင်တိုင်အပြောကို သဘောအကျကြီး ကျသွားသော ကိုထွန်းအောင်က တဟားဟား ရယ်နေသည်။

ထိုအချိန်၌ပင် ကိုထွန်းသောင်၏ နာမည်ကို အပြင်အိမ်ရှေ့ဘက်က ခေါ်သံကြားသဖြင့် ကိုထွန်းသောင် ကမန်းက တန်း ထွက်သွား၏။ စကားပြောနေကြသံ ကြားရသည်။
"လိပ်ခွံလာရောင်းတာ"
"ဟုတ်ကဲ့၊ သြော် ဒီလိပ်မျိုးတော့ ကျွန်တော် မဝယ်ပါဘူးခင်ဗျာ၊ ခင်ဗျားတိုက ကြက်တူရွေးလို့ခေါ်တဲ့ လိပ်ခွံဆို ကျွန်တော်က ရသလောက် ဝယ်ပါတယ်"
"ဒီအခွံတွေလည်း ကြည့်ပါဦး" လူကြီးတစ်ယောက်၏ အသံ။
"ဒါကလည်း ပြင်သာလိပ်နဲ့ ပြလိပ်ခွံခင်ဗျား"
"ဟုတ်ကဲ့ ပြပါဦး"၏
အထုပ်ထဲမှ ပေါင်းခွံတွေ သွန်ချလိုက်သံ ကြားရ၏။

"ဟောဗျာ.... အားတော့ နာပါရဲ့ ဦးကြီးရယ်၊ ပေါင်းခွံက သေးလွန်းတယ်ဗျ၊ အနည်းဆုံး လက်သီးဆုပ်လောက် ရှိမှ ကျွန်တော်တာက လိုချင်တာ"
"ကောင်းပြီလေ၊ နောက်တော့ ကျုပ်လာပြဦးမယ်"ဟု မြိတ်သံနှင့် ပြော၍လူကြီး ပြန်သွားသံ ကြားရ၏။
သေနတ်ကို ကိုင်ကြည့်နေသာ အောင်တိုင်က ပြန်ချမည်အလုပ်တွင် ကိုထွန်းသောင် ပြန်ဝင်လာသည်။
"အခွံ လာရောင်းတာကွ၊ သူ့အခွံတွေက အသုံးမ၀င်ဘူး၊ ပသျှူးကြီး အားနာပါတယ်"

"ကျွန်တော်ကြားပါတယ် အစ်ကိုကြီးရာ၊ အလကားဗျ၊ သူတို့က နေရာတကာ ကောက်လို့ ရတိုငိး အစ်ကိုကြီူးပိုက်ဆံ ညာယူချင်နေကြတာ၊ နောက်ဆို မ၀ယ်နဲကတော့ဗျ၊ အစ်ကိုကြီး လိုချင်တဲ့အခွံတွေ ကျွန်တော်ကူရှာပေးပါ့မယ်"
"သူ့အပြောကို ကိုထွန်းသောင်က အားတက်သရော ပြုံးလိုက်၏။"
"ဒါမှ ငါ့ညီလေးကွ၊ ညကျရင် မင်းနဲ့အစ်ကိုကြီး ဆက်ဆက်သွားကြမယ်"
"ဟုတ်ကဲ့၊ ကျွန်တော့်ကို သေနတ်ပစ်သင်ပေးဦးနော် အစ်ကိုကြီး"
"စိတ်ချ ညီလေး စိတ်ချ၊ သေနတ်ပစ်တင်လားကွ၊ စက်လှေမောင်းလည်း မင်းပဲ သင်ပေးထား ရမယ်"

အခန်း (၁၂)

"အစ်ကိုအောင်တိုင်"
"ဟာ...လန့်လိုက်တာ်၊ ဘာလဲနင်က"ဟု အောင်တိုင်အော်ပစ်လိုက်၏။
သူက အုန်းတစ်ပင်ရင်းတွင် ထိုင်ကာ အစ်ကိုကြီးကိုထွန်းအောင် စက်လှေနှင့် အမဲပစ် သွားရမည့်အကြောင်း တွေးနေတုန်း မိဇံရောက်လာ၏။ မနက်ကလည်း တစ်ခေါက်လာ နှောင့်ယှက်သွားပြီးပြီ။ ယခု မွန်းစောင်းကြီးသာ ရှိသေး၏။ ရောက်လာပြန်ပြီတစ်ခေါက်။ ဘာများ နှောင့်ဦးမည်မသိဟု အောင်တိုင် စိတ်ပေါက်နေသည်။
"ဟီး....ဟီး အစ်ကို အောင်တိုင်တို့များ လူကိုလန့်ရတယ်လို့ ဒီအုန်းပင်အောက်လာ ပြီးဘာတွေးနေတာလဲဟင်၊ အဒေါ်နိုင်းက ဒီမှာရှိတယ်ဆိုလို့ လာတာ"
အောင်တိုင် မျက်မှောင်ကြုတ်ပစ်လိုက်၏။ ဘာလလုပ်တာလဲဟု မေးရမှာပင် နှုတ်ဆွံ့နေ မိသည်။ ဘာလာလုပ်လဲ ဟုသူမေးလျှင် ဒီငပေါမက ငါ့ရည်းစာ ဆီငါလာတာပေါ့လို့များ မနက်က အမေသင်ပေးထားသလို အရွဲ့တိုက် ဖြေလာလေမလား။ ခုလည်း အမေဘာများ သင်ပေးလိုက်ပြန်ပလဲ...။

အတွေနှင့် နောက်ထပ် ဘာမှမမေးရဲ။ မိဇံမျက်နှာကို တစ်ချက်မော့ကြည့်၏။
အထုပ်တစ်ထုပ် လက်ဆွဲထားသော မိဇံကလည်း ပြုံးတုံ့တုံ့နှင့် သူ့မျက်နှာကို ငုံ့ကြည့်နေ ၏။ ပြီးအစ်ကိုအောင်တိုင် ဘာတွေးနေတယ်ဆိုတာ ဇံဇံသိပါတယ်ဟုလည်း ဆိုသေး၏။ ကျမ်းတတ်မ စာတတ်မ ငါတွေးနေတာ နင်တကယ်သိရင် ပြောစမ်း၊ မဟုတ်လို့ကတော့ ပါးရှစ်စိတ် ကွဲပြီသာမှတ်ဟု မေးလိုက်ရလျှင် မိဇံက တစ်ခုခုတော့ ပြောလာမည်ကို သူသိ၏။ မဟုတ်လျှင်လည်း ဇံဇံပြောတာ ဟုတ်ပါတယ်၊ အစ်ကိုအောင်တိုင် ညာပြောနေ တာပါ။ စိတ်ထဲက အတွေးပဲ၊ ငါတွေးနေတာ ဒါမဟုတ်ပါဘူးဆိုလည်း ရတာပဲဟု အတွန့် အတက်တက်ဦးမည်ဟု ပြန်တွေးကာ မိဇံကို ဘာမှ အရေးလုပ်ပြော မနေတော့ဘဲ မတ်တတ်သာ ထရပ်လိုက်၏။ မျက်နှာကိုလည်း ပိုတည်ထားလိုက်၏။ အောင်တိုင် သူ့စကားကို အရေးမလုပ်မှန်း အပါးမက ချက်ချင်း ရိပ်မိပုံရ၏။ ဘာတွေးနေလဲဟု နောက် ထပ်မမေးတော့။

"ရော့ ဒါအစ်ကိုအောင်တိုင် ရောင်းပေး"
မိဇံ လှမ်းပေးနေသော အထုပ်ကို အောင်တိုင်က တို့ပင် တို့မကြည့်ဘဲ ပြန်မေး၏။
"ဘာလဲ နင့်ဟာက"
"အခွံတွေ"
"နင့်ဘာသာနင် သွားရောင်း"
"အဲဒီလူကြီးဆီ ဇံဇံမသွားရဲဘူး၊ အစ်ကိုအောင်တိုင် သွားရောင်းပေး"
အောင်တိုင် သတ်ပြင်းတစ်ချက် ချ၍ မိဇံကိုလှမ်းကြည့်၏။ အထုပ်ကိုင်ထားသော လက်ကို မိဇံက သူ့ဆီလှမ်းကမ်းထားသည်။

ဘယ်လိုမှ ငြင်းရမည့်မဟုတ်ဟု သိလိုက်၏။ ပေးစမ်း နင့်အထုပ်ဟုဆိုကာ စိတ်ပေါက် ပေါက်နှင့် သူ့ခြေရင်းသဲတောထဲ သွန်ချလိုက်၏။ အခွံများပြန့်ကြဲသွားသည်။
"ဒီလို အသေးအမွှားလေးတွေလား အစ်ကိုကြီးဝယ်မှာ၊ ပြန်ယူသွား၊ တကတည်း နင်တို့ ကအလားနေရာတကာ ကောက်လို့ရတိုင်း ပိုက်ဆံလိုချင်လို့ ရမလားဟ"
စောစောကပင် မကျေနပ်ချက်များနှင့် အောင်တိုင်ရော ပြောလိုက်၏။

အမှန်က မိဇံယူလာပြသော အခွံများထဲတွင် လက်သီးဆုပ်နီးပါးခန့် ရှိသော အခွံလေးငါးခွံ ပါမှန်းတော့ အောင်တိုင်သိသည်။ သို့သော် မိဇံနှင့် ပတ်သက်နေရမှာ စိုး၍ သူက တမင် ပြောခြင်းဖြစ်၏။
သူသွန်ချပစ်လိုက်သော အခွံများကို မျက်လုံးပြူးကြည့်ကာ မိဇံက ဘာဖြစ်လို့လဲဟု ဆို၏။
"ဘာဖြစ်ရမှာလဲ၊ ဒီလို အသေးအမွှားတွေ မ၀ယ်ပါဘူးဆိုနေ"
"ဒီဟာတွေကော၊ ဒါတွေအကြီးကြီးတွေပဲ....အစ်ကိုအောင်တိုင်"
မိဇံက အခွံကြီးကြီးတွေကို ရွေးကောက်ပြ၍ ပြော၏။

"သေးပါတယ်ဆို၊ နင့်ခေါင်းလောက်ကြီးရှိမှဟ၊ နင့်ခေါင်းလောက်မရှိရင် အစ်ကိုကြီးက ၀ယ်ကိုမ၀ယ်ဘူး ငါသိတာပေါ့"
တမင်ပြော၏။

"အစ်ကိုအောင်တိုင်နဲ့ အဲဒီလူကြီးနဲ့ သိပ်ရင်းနှီတယ်ဆို၊ အစ်ကိုအောင်တိုင် သွားရောင်း ရင်သူဝယ်မှာပါ။ လုပ်ပါအစ်ကိုအောင်တိုင်ရာ... ဒီမှာ ကြီးကြီးတွေ ဇံဇံရွေးပေးပါ့မယ်၊ ရောင်းပေးပါနော်"
တိုးလျှိုး တောင်းပန်သံနှင့် ပြော၏။ သို့သော်အောင်တိုင်က အရေးမစိုက်။ သွားစမ်းပါ။ နင့်အခွံတွေ နင် ပြန်ယူသွား ဟု ခြေထောက်နှင့်ပင် လှမ်းကန်ထား၏။ ပြန်၍ပင် လှည့်မ ကြည့်။ မိဇံနှင့် စကားရှည် နေရမည် စိုးသဖြင့် ဦးထော်လတို့အိမ်ဘက် ထွက်လာ၏။ ညနေ စာထမင်းစောစော စား၏။ လိပ်ဥအလုံးနှစ်ဆယ်ကို ယူကာ အစ်ကိုကြီးဆီ ထွက်လာသည်။
"မင်း အစောကြီးပါလား၊ အစ်ကိုကြီး ထမင်းတောင် မစားရသေးဘူး"ဟုဆို၏။ အောင်တိုင် က လိပ်ဥထုပ်လှမ်းပေးသည်။ "ကျေးဇူးပဲ ညီလေး"ဟု ပြောပြီး လှမ်းယူသည်။

"ငါထမင်းစားသွားလိုက်ဦးမယ်နော်ခဏ"
"အစ်ကိုကြီး ဘယ်မှာသွာစားမှာလဲ"
"ဟိုဘက်အိမ်မှာကွ"ဟု ပြောကာ ထွက်သွား၏။
အစ်ကိုကြီး နောက်ကျော်ကို အောင်တိုင်ငေးကြည့်နေသည်။ မေသူတို့ အိမ်ဘက် ထွက် သွား၏။
အောင်တိုင် မေသူကိုသတိရမိပြန်၏။ မေသူနှင့်မတွေ့ရသည်မှာ သုံးနှစ်နီးပါရှိပါပကောဟု သူ တွေးနေ သည်။ မေသူဟိုဘက်ကမ်းက ပြန်မှပြန်ပါ့ဦးမလား။
"အစ်ကိုကြီး ထမင်းဘက်သူ့အိမ်မှာ သွားစားလဲဗျာ"ဟု မေးသည်ကို "ဦးအလျောင် တို့ အိမ်မှာလေကွာ"ဟု ပြန်လာလာချင်းပြေ၏။

"မေသူ"ဟု ရုတ်တရက်နှုတ်ထွက်သွား၏။
"မေသူမရှိဘူးကွ၊ ဒီနှစ်တော့ ကျောင်းပိတ်ရင် ပြန်လာလိမ့်မယ်"
"မေသူတို့ကျောင်းက ဘယ်တော့ပိတ်မှာလဲ အစ်ကိုကြီး"
သူအရဲစွန့်၍မေး၏။

"နွေဆိုပိတ်မယ်၊ နောက်တစ်လ နှစ်လပေါ့ကွာ၊ ကဲတို့ မိုးမချုပ်ခင်သွားကြမယ်၊ သြော်.. ညီလေး"ဟု တစ်စုံတစ်ခုကို သတိရသွားသလို အစ်ကိုကြီးက အသံကိုနှိမ့်၍ ပြော၏။ သူ့အနားကိုလည်း တိုးကပ် လာသည်။ သူကအစ်ကိုကြီး၏ မျက်နှာကို မော့ကြည့်နေသည်။
"မင်းကို ငါမနက်က ပြောဖို့မေ့သွားတယ်၊ အစ်ကိုကြီးမှာ သေနတ်ရှိတယ်ဆိုတာ ဘယ်သူ့ မှမပြောနဲ့ နော် ညီလေး၊ မင်းနဲ့အစ်ကိုကြီးဟာ ကတိသစ္စာပြုထားကြသူမို့ အစ်ကိုကြီးက မင်းတစ်ယောက်တည်းပဲ ပြောတာ၊ ဒါတော့နှုတ်လုံပါကွ"
"ဟုတ်ကဲ့ စိတ်ချပါအစ်ကိုကြီး၊ ကျွန်တော်အဖေတို့အမေတို့တောင် မပြောဘူးဗျ စိတ်ချ"

"အေးကွ ဒါမှငါ့ညီလေး"
ရေနီချောင်းထဲသို့ ဆင်းလာကြ၏။ အစ်ကိုကြီးက သေနတ်ကိုအ၀တ်နှင့် ပတ်ယူလာ သည်။
ညဥ့်ဝက်နီးနီး ကြာခဲ့သော်လည်း အစမ်ူသဘောဖြစ်သဖြင့် ထိုနေ့က ဘာအမဲမှမရခဲ့ကြ ပေ။
အခန်း(၁၃)

အစ်ကိုကြီး ကိုထွန်းသောင်နှင့် သူပဲ့ချိတ်လှေလေး ထားရန် ကမ်းကြီးသဘတ်ဘက်ရှိ ဦးဂျလားအိမ်နားက ချောင်းကို လာကြည့်ကြ၏။ ကမ်းစောက်သော ပင်လယ်နားဖြစ်သဖြင့် ချောင်းငယ်ထဲကို ရေအမြဲဝင်နိုင်သည်။ ချောင်းငယ်လေး၏ ကမ်းနှစ်ဖက်တွင် ဦးဂျလား စိုက်ထားသော အုန်းပင်ပျိုများ ရှိ၏။ ချောင်းငယ်ပေါ် ကန့်လန့်ဖြတ် လဲကျနေသော အုန်း တစ်ပင်မှာ ချောင်းငယ်လေးကို တံထားထိုးထားသလိုဖြစ်နေ၏။ အုန်းပင်ကြီးသည် မုန်းတိုင်း ကျသောနှစ်ကပင်လဲနေပုံရ၏။ အရင်းတွေ အမြစ်ဆုံခြမ်းပေါ်နေသေည။ မသေ သေးဘဲမြေတွင် လဲလျောင်ကာ အသီးများပင် သီးနေသည်။ အုန်းသီးရှိရာ အဖျားပိုင်ကို အုန်းသီးအုန်းဖူးတွေနှင့် သဲမြေလွတ်အောင် နောက်အုန်းပင်ကျိုး တစ်ပိုင်းနှင့် ခုပေးထားကြ၏။

အစ်ကိုကြီးက ချောင်းလေးကို တော်တော်သဘောကျသွား၏။ "အတော်ပဲကွ၊ ဒီအုန်း ပင်ပေါ်က ဟိုဘက်ဒီဘက်လည်း လျှောက်လို့ရတယ်၊ လှေကြိုးချည်ထားလို့လည်း ရတယ်၊ ငါတော့အကြိုက်ပဲ၊ ညီလေး ဘယ်လိုသဘောရလဲ၊ လုံခြုံမှုတော့ ရှိပါတယ်နော်"ဟု မေး၏။
"စိတ်ချပါအစ်ကိုကြီး၊ ဦးဂျလားတို့ မိသားစုအားလုံးနဲ့ ကျွန်တော်တို့က ဆွေးလိုမျိုးလို ရှိနေကြတာ၊ ကမ်းကြီးသတ်ချောင်းဆိုတော့ ဖျား(ဒီရေ)သေးသေး ဖျားကြီးကြီး အမြဲ ရေရောက်တယ်ဗျ၊ အစ်ကိုကြီး လှေကြိုးက ခိုင်တာပဲ၊ အုန်းပင်မှာချည်းထားလိုက်ရင် ပြီးရော၊ ကျောက်တောင်မလိုဘူး"
"အေးကွ၊ အတော်ပဲ၊ ကဲလာ အဘိုးကြီးကို သွားပြောရအောင်"
နှစ်ယောက်သား ဦးဂျလားအိမ်ရှိရာသို့ တက်လာကြသည်။

"ဟ...အိမ်ကလည်း ကမ်ူးနဲ့တော်တော်နီးတာပဲကွ၊ ဒီတက်ရင် အိမ်အောက်ထဲတောင် ရေ၀င်နိုင်တယ်"
"ဒီဘက်က ကမ်းစောက်တယ်လေ အစ်ကိုကြီး၊ အဲဒါကြေင့် ကမ်းကြီးသတ်လို့ ခေါ်တာ၊ အိမ်အောက်ထဲဒီရေမရောက်ပါဘူး"
"အေးကွ၊ အိမ်နဲ့ ချောင်းကလေးနဲ့လည်း နီးသားပဲ"
"အမေတို့ကလည်း အရင်က ဒီကမ်းကြီးသတ်ဘက် နဖူးတယ်အစ်ကိုကြီး၊ အမေပြော တော့သူတို့ငယ်ငယ်ကဆို အိမ်အောက်က သဲတောထဲလိပ်တောင် လာဥတာတဲ့ဗျ"
"အေးကွ၊ ဟုတ်မယ်၊ ဖြစ်နိုင်တယ်ဟု အစ်ကိုကြီးကဆို၏"
အစ်ကိုကြီးက အိမ်ရှေ့တွင် ရပ်သည်။ အောင်တိုင်က အိမ်ထဲဝင်လာ၏။ အိမ်ထဲသယ်သူမှ မတွေ့သဖြင့် ဗျို့ဘကြီးဂျလားဟု ခေါ်ကြည့်၏။ ၀ူးဟုအိမ်ဘေးတစ်ဖက်မှ ထူးသံကြား လိုက်ရသည်။ သူလှမ်းကြည့်သောအခါ ရေတွင်းနားတွင် မိဇံကိုလှမ်းမြင်ရ၏။ မိဇံကလည်း သူ့ကိုမြင်သွားပုံရသည်။ မိဇံနားအောင်တိုင်လျှော်ကလာ၏။ မိဇံက အုန်တစ်ပင်ကို မှီကာ အ၀တ်ဖာနေသည်။

"ဘကြီး ဘယ်သွားလဲဟ"
မိဇံက သူ့ကိုလှည့်မကြည့်၊ အချုပ်အလုပ်လည်းမပျက်၊ စကားလည်းပြန်မပြော၊ သူ့အလုပ် သူဆက်လုပ်နေ၏။
"ဟဲ့....မိဇံဘကြီး ဘယ်သွားလဲဆို"
မိဇံကမတုန်မလှုပ်၊ သူ့ကိုမော့၍ပင် မကြည့်။
"ဟ...ငါမေးနေတယ်၊ ဘကြီးဘယ်သွားလဲလို့၊ နင့်နားဘယ်တုန်းက ပင်းသွားလဲ"
ပမာလုံးဝမပြု။

"ဒီကောင်မလေး ဘယ်လိုဖြစ်နေတာလဲ၊ တို့ကိစ္စရှိလို့ဟ၊ ဘကြီးနဲ့တွေ့ချင်လို့၊ ဟိုမှာ အစ်ကိုကြီး လည်း ပါလာတယ်"
အောင်တိုင် က ခြေထောက်နှင့် ဆောင့်ကန်ချင်စိတ် ပေါက်သွား၏။ ယခုမှ မိဇံက အိမ်ရှေ့ ဘက် လှမ်းကြည့် သည်။ အစ်ကိုကြီး ခြံဝတွင် ရပ်နေသည်ကို မြင်သွား၏။ မရှိဘူး ဟု တုံးတိ ဆိုသည်။
"ဘယ်သွားလဲ"
ရွာအောက်ကို
ဆောင့်ကြီးအောင့်ကြီး ပြော၏။ ဒီကောင်မလေး ဘယ်လိုဖြစ်နေပါလိမ့် ဟု သူအံ့သြနေသည်။ သူ့အပေါ် တစ်စုံတစ်ခု မကျေမနပ် ဖြစ်နေတာလားဟု လည်းတွေးမိသွား၏။ ခါတိုင်း ဤသို့မဟုတ် ။ထို့ကြောင့် သူတစ်ခါ မှ မခေါ်ဖူးသော သူတို့အိပ်သားတွေနှင့် လူကြီးတွေအခေါ် ဇံဇံဟူသော အခေါ်နှင့် နှစ်သိမ့် ကြည့်၏။ အစ်ကိုကြီး ကိစ္စဖြစ်နေသဖြင့် သူအထမြောက်အောင် ဆောင်ရွက်ပေးချင်သည်။ သို့မဟုတ် လျှင်တော့ ခြေထောက်နှင့်ပင် ဆောင့်ကန်မိမည်ထင်၏။

ရွာအောက်ကို ဘကြီး ဘာသွားလုပ်တာလဲ ဇံဇံရယ်။
ဘာသွားလုပ်ရမလဲ၊ ရှေ့ရေ ဆို ပင်လယ်ထွက်ကြတော့မယ်ဟာ၊ တဲသွားဆောက်တာပေါ့။
အသံက မပျော့ပျောင်းသေး။
ဟုတ်သားပဲ၊ အဖေတောင် မနေ့က ပြောသေးတယ်၊ အဲဒါကြောင့် တစ်အိမ်သားလုံး ဘယ်သူမှ မရှိတာကိုး၊ နို့ နင်က ငါ့ကို ဘယ်လိုဖြစ်နေတာလဲ၊ ငါက အကောင်းမေးတာ။
ဘယ်သူက ဘာပြောလို့လဲ။
နင့်အသံက အသိသာကြီးပါ ဇံဇံရယ်၊ ဘာလဲနင်က ငါ့ကို ဘာမကျေနပ်တာလဲ။

သြော် ...ဒါလားဟု ပြောရင်း ပြုံးလိုက်၏။ ချက်ချင်း ပြောရန်စကားရှာသည်။
နင့်အခွံတွေ သေးလို့ အစ်ကိုကြီး မ၀ယ်ပါဘူး ပြောတာပဲ ဇံဇံရယ်၊ ဒါစိတ်ဆိုးစရာလား။
ဟုတ်မယ် အားကြီးကြီး၊ တစ်နေ့က အစ်ကိုကြီး ဂေါလာကို ရွေးပြီးရောင်းခိုင်းလိုက်တာ သုံးကျပ်ရတယ်၊ အစ်ကိုကြီးက ရောင်းပေးခ တစ်ကျပ်ယူသွားလို့ သူများ နှစ်ကျပ်ပဲ ရတယ်၊ မယုံရင် အစ်ကိုကြီး ပြန်တော့ မေးကြည့်။

မိဇံ စိတ်ဆိုးနေသည်ကို သူသိသွား၏။ ရုတ်တရက် ဘာပြောရကောင်းမလဲ ဟိုစဉ်းစားသေး၏။ စဉ်းစား၍ မရ။
ခု အစ်ကိုကြီးကို ပြောပေးပါ့မယ်ဟာ၊ စိတ်မဆိုးပါနဲ့ ဟိုပြီးစလွယ်ပြောထားခဲ့၏။
သူတို့နှစ်ယောက် တံငါတဲဆောက်ရာ ရွာအောက်ဆီသို့ ဆင်းလာကြလေသည်။

ရွာကို ဟိုဘက်ကမ်း မဟီမှ ဧည့်သစ်နှစ်ယောက် လာသွားသည်။ မဟီမှ ပုလဲကျွန်းဘက်သွားသော ရတနာနဒီ မော်တော်ဘုတ် သူတို့ရွာ၌ စခန်းသစ် ဆိပ်ကမ်းလုပ်ရန် လာကြည့်ကြသည်ဟု ကြားရသည်။ ဧည့်သစ်တွေက ကျောက်မောင်နှမဆိပ်တွင် ရတနာနဒီ မကြာခင် လာဆိုက်မည်ဟု ပြောသွားကြ၏။ ဆိပ်ကမ်းကို သူတို့ကြိုက်သွားကြသည်။ မဟီမှ ပုလဲကျွန်းဘက်သွားမည့် ရတနာနဒီ မော်တော်သည် သူတို့ရွာကို အသွားရောအပြန်ပါ ဆိုက်ကပ်မည်။ ဟိုဘက်ကမ်းမှ ရွာကို လာသူများသည်လည်း ၊ပုလဲကျွန်းက အပြန်တွင် စောင့်စီးနိုင်ကြသည်။ ဟိုဘက်ကမ်းမှ ရွာကို လာသူများလည်း ရတနာနဒီနှင့် လိုက်လာနိုင်သည်ဟု သိရသည်။ တစ်ပတ်တွင် အသွားတစ်ခါ အပြန်တစ်ခါ ရတနာနဒီ ကပ်မည်ဟု ဆိုသည်။

ယခင်က ဟိုဘက်ကမ်းကို လှေနှင့်သာ သွားကြရရာ ယခုမော်တော်နှင့် သွားနိုင်ပြီဆိုသဖြင့် ရွာသူရွာသား အချို့ ပျော်နေကြ၏။ အချို့က ပိုက်ဆံပေးရမည် ဆိုသဖြင့် တွန့်တိုသော လေသံတွေ ထွက်နေကြ၏။ ပင်လယ်ထွက် ပစ္စည်းတွေ များများရတတ်သူများက ပစ္စည်းသွားရောင်းရ လွယ်သည်။ ဟိုဘက်ကမ်းကို ကိုယ်တိုင် သွားရောင်းရလျှင် ကိုထွန်းသောင်ဆီမှာထက် ပိုက်ဆံရနိုင်သည်ဟုလည်း ကျိတ်၍ ပြောနေကြ သံ ကြားရသည်။

မည်သို့ဆိုစေ ရတနာနဒီ မော်တော် လာကပ်မည်ဆိုသောနေ့တွင် မနက်ကပ်င ကျောက်မောင်နှမဆိပ်၌ လူပြည့်နေ၏။ ရွာရှိ ကလေး လူကြီး မိန်းမယောက်ျား အကုန် မော်တော်အလာကို ထွက်ကြည့်ကြသည်။ အခွံရောင်း၍ ငါးမန်းတောင်ရောင်း၍ မုတ်ကောင်ရောင်း၍ လက်ထဲ ငွေယားလေးတွေ ရှိနေကြသော ကာလသား အချို့သည် အကြောင်းမရှိပါဘဲနှင့် ပုလဲကျွန်းကို ရတနာနဒီနှင့် လိုက်မည်ဟု အားခဲနေကြ၏။ ဦးဆုံး ရတနာနဒီကိုစီးဖူးသည်ဟု ကြွားရန်ဖြစ်သည်။ မိဇံတို့ အပြန်တွင် ဟိုဘက်ကမ်းကို လိုက်သွားမည်ဟု အောင်တိုင်တို့ အိမ်တွင် လာပြော၏။ ကိုဂေါလာကြီး ဟိုဘက်ကမ်းက ပြန်လာလျှင် ဓာတ်အိုးကြီးတစ်လုံး ၀ယ်လာမည်ဟု မိဇံက အောင်တိုက်ကို လာကြွား၏။ အောင်တိုင်က သူ့အစ်ကိုကြီး ကိုထွန်းသောင်လေသံနှင့် ရေဒီယိုလား....၊ ကက်ဆက်လား၊ ဘယ်လောက်တန် ၀ယ်မှာလဲဟု ခပ်တည်တည်မေးသောအခါ ဓာတ်အိုးပဲ သိတယ်ဟု မျက်လုံးကလေး ပုတ်ခတ်ပုတ်ခတ် လုပ်၍ ဆို၏။ လှေစီးပြီး ဦးမှန်းပဲ့မှန်း မသိဘူးဆိုတာ နင်တို့ ပေါ့ဟု နှိမ်ပြောသောအခါ အမယ် မိဇံ  မသိပေမယ့် အစ်ကိုကြီး ဂေါလာ သိတာ ပေါ့ဟုဆို၏။ အစ်ကိုအောင်တိုင် တို့ကော မ၀ယ်ဘူးလားဟုလည်း ပြန်နှိမ်၏။ ဘာ ၀ယ်နေစရာ လိုတော့လဲ ဇံဇံရယ်၊ ယောက္ခမအိမ်မှာရှိတော့လည်း ပစ္စည်းပေါ့ဟု အမေ၀င်နှောင့်သဖြင့် အောင်တိုင် နှုတ်ပိတ် ထားလိုက်ရသည်။
မဟီက လာသည်ဆိုသော ရတနာနဒီ မော်တော်ဘုတ်သည် ကျောက်မောင်နှမဆိပ်ကို နေမွန်းစောင်းကြီးမှ လာကပ်၏။ အောင်တိုင်တို့ရွာသားဆို၍ ဦးအောင်စိန်တစ်ယောက် သာရတနာ နဒီပေါ်က ဆင်းလာသည်။ ဒီအဘိုးကြီးဘယ်တုန်းကပင် ဟိုဘက်ကမ်း ရောက်သွားပါလိမ့်ဟု ရွာက လူတွေ အံ့သြသွားကြသည်။ အမှန်မှာ ဦးအောင်စိန်သည် ဆိပ်ကမ်းလာကြည့်သော ဧည့်သည်များနှင့် ဟိုဘက်ကမ်း လိုက်သွားသည်ကို နောက်မှ သိကြရ၏။

ကျောက်မောင်နှမဆိပ်တွင် မော်တော်ဘုတ် ကပ်နိုင်ရန် ဦးအောင်စိန် ကမကထလုပ်လာသည်ဆို၏။ ထို့ကြောင့် သူသည် ရတနာနဒီ မော်တော်ဘုတ်ကို အခကြေးငွေ မပေးရဘဲ စီးလာသည်ဟု ဆိုသည်။ မြိတ်သားကြီး ဦးအောင်စိန်ကို ဆလုံတွေ၊ ပသျှူးတွေ အထင်ကြီးစွာ မော့ကြည့်ကြ၏။ ရွာတွင် ပညာအတောဆုံး၊ အတတ်ဆုံးဟု ထင်ထားသော အစ်ကိုကြီး ကိုထွန်းသောင်ထက်ပင် ဦးအောင်စိန်သည် ဤတစ်ခါ လှေတက်တစ်ပေါက် သာသွားပြီဟု ပြောကြ၏။

ရတနာနဒီပေါ်က ဂုဏ်ဝင့်စွာ ဆင်းလာသော ဦးအောင်စိန်ကို အစ်ကိုကြီးကမူ ပြုံး၍သာ ကြို၏။ အောင်တိုင် စိတ်ထဲ မခံချင်ဖြစ်နေမိသည်။ အစ်ကိုကြီးထက် ဦးအောင်စိန် သာသွားတာကို သူမနာလို၊ ဦးအောင်စိန် စီးလာသော မော်တော်ကြီးက အစ်ကိုကြီး ပဲ့ချိတ်ထက် အများကြီး ကြီးသည်။ မော်တော်ဘုတ် သွားကြည့်ရာက ပြန်လာကြသော လမ်းတွင် အောင်တိုင်က မကျေမနပ်နှင့် အစ်ကိုကြီး လည်း မြိတ်သားပဲ။ မော်တော်အလကား စီးရအောင် ဧည့်သည်တွေနဲ့ ဘာလို့ လိုက်မသွားလဲ အစ်ကိုကြီး ဟုမေးသောအခါ ရတနာဒီ မော်တော်ကြီးက အစုတ်ကြီးပါကွာ၊ ဘုတ်ပြားမှာတောင် နေရာ မရလိုပ ဒီကိုလှည့်လာတာ၊ ရတနာနဒီ မော်တော်နဲ့ အစ်ကိုကြီး ပဲ့ချိတ်နဲ့ ဘယ်သူမြန်လဲဆိုတာ မင်းကို အစ်ကိုကြီး တစ်နေ့ပြိုင် မောင်းပြမယ်၊ ရတနာနဒီက ဦးအောင်စန် ပိုင်တာမှ မဟတ်တာ၊ မြိတ်က ကုလားသူဌေးပိုင် ဟု အစ်ကိုကြီးက နှစ်သိမ့်စကားဆိုလေ၏။

ဆက်ရန်
.

1 comment:

mstint said...

ညီမရေ ဒီကနေ့တော့ စောစောလေး ဝင်ဖတ်သွားပြီနော်။ ကျေးဇူးပါကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်