သန်းစိုးအောင် ကိုထွန်းကျော် နှင့်
ချစ်စရာ
ချစ်စရာ
ကိုထွန်းကျော်ကား၊ ဆရာကြီး ဦးဖိုးကျား၏ မိတဆိုးရှင်ပြုပါ ဇာတ်ကောင်တည်း။ လက်ပံတန်းမြို့ အရှေ့ဘက် တောင်ခြေရှိ ကွဲခြံရွာသူပိုင် ဖိုးဝိုင်းအစုခေါ် ခြောက်အိမ်ခုနစ်အိမ်မျှ ရှိသည့် ရွာသိမ်ရွာငယ်မှ သာမန် ဆင်းရဲသား၊ လယ်လုပ်သား၊ ဆရာကြီး ဦးဖိုးကျား၏ မူရင်းအရေးအသားကို ကြည့်ပါဦး။
" ရှင်လောင်းအဖေ ကိုထွန်းကျော်သည်ကား၊ ၃၅ နှစ်ကျော်လောက်ရှိမည်ထင်သည်။ တောသားလုပ်စား ကိုင်စား ဖြစ်၍ တုတ်ခိုင်သန်မာ၏။ ပုံကြမ်း၏ အသားမည်းညို၏ သားရှင်ပြုအလှူတော်ကြီးတွင်ဝတ်ရန်ဟု မနေ့တစ်နေ့ ကမှ လက်ပံတန်းဈေးက တစ်ကျပ်မူးတင်း နှင့် ၀ယ်ခဲ့သော အနီရောင် လုံချည် အသစ်စက်စက် ကို ၀တ်ထား၏။ ကော်မကျိုးသေး၍ ပွယောင်းကား၊ ထောင့်ဆွဲပြီးလျှင် မညီမညွတ် အချိုးမကျ ဖြစ်ရ၏။ အင်္ကျီမှာ အပွစား ငါးပဲတန်စွတ်ကျယ်ဖြစ်၍ ကြီးမားသော ကိုယ်နှင့်မလိုက်၊ တင်းကျပ် သော အင်္ကျီလက်မှာ လက်မောင်းရင်းသို့ ကပ်နေ၏။ အင်္ကျီပါးလေသဖြင့် အတွင်းက မည်းညိုသော အသားအရောင် ကို၊ လုံးဝ ပျောက်ကွယ်အောင်၊ ဖုံးအုပ်ခြင်းငှာ မစွမ်းချေ။ ခေါင်းတုံး ပြောင် ပြောင်တွင် တစ်ပတ်နွမ်း မျက်နှာသုတ်ပုဝါကို ပေါင်းထား၏" ဟု ရေးဖွဲ့ထားလေသည်။
ဇာတ်လမ်း အကျဉ်းချုပ်မှာ အသက် ၁၂ နှစ်ခန့်ရှိ သားငပုကို ရှင်ပြချိန်၌ ဇနီးမယ်သင်မှာ မရှိတော့ပါချေ။ ထို့ ကြောင့် ကိုထွန်းကျော် မှာ မုဆိုးဖိုဖြစ်ရ၏။ ရှင်လောင်းကို နတ်ကန်တော့မှုပြုချိန်၌ လည်းကောင်း၊ ရှင်လောင်း ကို ကျောင်းပို့သည့် အချနန်၌လည်းကောင်း၊ အမိနေရာ၌ကွက်လပ်ဖြစ်နေသဖြင့် ကိုထွန်းကျော် မှာ ဇနီးသည် မယ်သင်ကို သတိရအောက်မေ့မိကာ ပြင်းပြသော ပူဆွေးခြင်းဖြင့် ငိုရှိုက်မိ လေ၏။
ထို့အပြင် ကိုထွန်းကျော်မှာ သာမန် လုပ်စားကိုင်စား၊ သူရင်းငှားဖြစ်သဖြင့် သားငပုကို ရှင်ပြုရန် ငွေပို ငွေလျှံ မရှိခဲ့ ပါချေ။ ဇနီးသည်မည်သင်ထားခဲ့သော နားကပ်ကလေးတစ်ရံကို (၁၅)ကျပ်နှင့် ပေါင်ရ၏။ စပါးတင်း (၁၀၀)ကို (၄၀)ကျပ်နှင့် ငွေ (၂၈)ကျပ်ကို စပါး (၇၀)တင်းပေးရန် ကတိဖြင့် ချေးငှားရသည်။ ကိုထွန်းကျော် မှာ သေသူ့ပစ္စည်းမို့ နားကပ်ကလေးကို အမှတ်တရသိမ်းဆည်းလိုသော်လည်း သားရှင်ပြု ကိစ္စ နှင့် မလွှဲမရှောင်သာ ပေါင်လိုက်ရ၏။ မိမိ လုပ်အားဖြင့် တစ်မိုးလုံးလုပ်ပါမှ စပါး တင်း(၂၀)ခန့် ရမည်။ လက်ရှိ စာရေးက ရှိသေးသဖြင့်မိမိ မြတ်နိုးသော မယ်သင်၏ နားကပ်ကို ရွေးရန်မှာ ဘုန်းကြီး နှင့် ဘီး ပမာ အလှမ်းဝေးလွန်း လှသည်။ ဆုံးဖို့ရန်သာရှိသည်။
သည်အမှုကို အလှူပွဲသာ ဦးဖိုးကျားတို့ လူစုက လုပ်အားအလှူ အပြင် ငွေအသပြာပါကူညီရန် စုဆောင်းရာ ငွေ(၃၈)ကျပ် ခန့်ရသည်။ ကိုထွန်းကျော်၏ စပါးပေးကြွေး (၂၈)ကျပ်ကို (၃၀)ကျပ်ပေး၍ ချေစေသည်။ မယ်သင်၏ နားကပ်ကို၊ အရင်း(၁၅)ကျပ်အပြင် အတိုး(၁)ကျပ်ပါပေး၍ (၁၆)ကျပ်ဖြင့် ရွေးစေသည်။ ပိုငွေကို ကိုထွန်းကျော် သားအဖေက်ရှိကာလ သုံးစွဲရန် ပေးလိုက်သည်။ တောသားလူရိုး ကိုထွန်းကျော်မှာ၊ ဦးဖိုးကျား တို့ အင်္ဂလိပ်စာတတ် မြို့သားလူစုကို ကျေးဇူးတင်လွန်းသဖြင့် တုံ့ပြန်ရန် စကားလုံးပင် ရှာမရချေ။ သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်များက သူ့ကို မသည်ဟု ထင်ချေသည်။
ဦးဖိုးကျားတို့လူစု ဖိုးဝိုင်းအစုမှ ကျွဲခြံသို့ရွေ့၍ လက်ပံတန်းပြန်မည်ဟု လှည်းပြင်စဉ်၊ ကိုထွန်းကျော်သည် တောင်းတစ်လုံး ကိုထမ်း၍ ပေါက်ချလာသည်။ တောင်းတွင် ဖရုံသီး၊ ရုံးပနီသီး၊ ချဉ်ပေါင်စသည့် ဟင်းသီး ဟင်းရွက် များ အပြည့်ပါလာသည်။ " ကျွန်တော် တတ်နိုင်သမျှ ပေးလိုက်ပါရစေ" ဆိုပြီး လှည်းပေါ်တင်လာ သည်။ ဦးဖိုးကျား တို့ လူစုက ကျေးဇူးတင်ကြောင်းပြော၍ လှည်းထွက်ရာ ကိုထွန်းကျော်က လှည်းနောက် က လိုက်လာလေသည်။ " ကျေးဇူးတင်လွန်းလို့ တစ်ခေါ်လောက် လိုက်ပို့ပါရစေ"ဆိုသည်။
ကိုထွန်းကျော်မှာ အတင်းလိုက်ခဲ့ရာ အတန်ကွာရောက်သောအခါ၌ ဦးဖိုးကျားတို့ လူစုက လှည်းကိုရပ်၍ "ကိုင်း- ကိုထွန်းကျော် ခင်ဗျားပြန်ရင်ပြန်၊ မပြန်ရင် ကျုပ်တို့ မမောင်းတော့ဘူး" ဟု ဆိုလေရာ ပြည့်တင်းပြန့် ကျယ် ရိုးသားသောမျက်နှာရှိသည့် ကိုထွန်းကျော်မှာ ဦးထိုးကျားတို့ လူစုကို အတန်ကြာ စိုက်ကြည့်ပြီး မှ ရုတ်တရက်ထိုင်ကာ ဦးချ ကန်တော့ရှာလေတော့သည်။
*
ဆရာကြီး ဦးဖိုးကျားက တောသား လူရိုးမုဆိုးဖို ကိုထွန်းကျော်၏ စရိုက်ကို အထက်ပါအတိုင်း ချယ်မှုန်း ရေးဖွဲ့ခဲ့ပြီး ဆရာကြီး ဦးသုခကမူ အညာဒေသ မိမရှိ ဖမရှိ ညီအစ်ကိုမောင်နှမ မရှိ တစ်ကောင် ကြွက် စာပေမတတ်သော ကိုချစ်စရာ၏ စရိုက်ကို " ဘယ်သူ ပြိုင်လို့ လှပါတော့နိုင်" ဇာတ်ကားတွင် ရုပ်ရှင် အတတ် ပညာဖြင့် သရုပ်ဆောင်သော ယခင်က အံ့ကျော်၏ ဇာတ်ရုပ်မှာ လူဆိုးလူမိုက် ဇာတ်ရုပ် သာဖြစ်ခဲ့ရာ ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဇာတ်ကားတွင်မူ မိဘမဲ့ ညီအစ်ကို မောင်နှမ မရှိ ထန်း တက်ခြင်းဖြင့် အသက်မွေးရသော ထန်းပိုင်ရှင်များအိမ်တွင် တောက်တို မယ်ရ အလုပ်များကို ကူညီ လုပ်ကိုင် ပေးခြင်းဖြင့် တစ်ရွာလုံး၏ သနားစရာကရုဏာသက်စရာ ကိုချစ်စရာ အမည်ရှိ လူသားတစ်ဦး၏ ဇာတ်ရုပ် ကို ဖန်တီးထားသည်။ အထူးဝိသေသအချက်မှာ စာမတတ်ခြင်းပင်ဖြစ်သည်။
ညိုးရော် သိမ်ငယ်စိတ် အပြည့်ရှိနေသည့် ချစ်စရာထန်းထက်သမား ကိုချစ်စရာအဖို့ စာသင်ဖို့ အချိန် ဟူသည် မရှိ၊ တစ်နေ့ထန်းမတတ်လျှင်ပင် ဘ၀ ရပ်တည်နိုင်ဖို့ ခက်ခဲသည်။ ကိုချစ်ရာကို သူထန်းတက်ရာ ထန်းပင် များတွင် " ၀၊ ထ၊ က၊ လ၊ သ" ဟူသော ဗျဉ်းအက္ခရာတို့ကိုလည်းကောင်း၊ "၀၊ ၀ါ၊ ၀ါး" ဟူသော ဗျဉ်း-သရ ကိုတွဲ၍ လည်းကောင်း၊ တက္ကသိုလ် ကျောင်းသူလေးများ၏ စေတနာအလှ၊ လုပ်အားအလှ တို့ နှင့် တွဲ၍ စာသင်ပေးလိုက်သောအခါ ကိုချစ်စရာလို ဘ၀မလှခဲ့ကြသူများ၊ မြန်မာပြည်တစ်နံတစ်လျား စာတတ်မြောက် လာကြသည်။ စာတတ်မြောက်ရေးလုပ်ငန်း (ယခင်အသုံးလုံး)သည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု အတွက် နိုင်ငံတော်၏ အမျိုးသားရေးလုပ်ငန်းတစ်ရပ်လည်းဖြစ်သည်။
ဆရာမင်းကျော်၏ ၀တ္ထုကို ဆရာကြီး ဒါရိုက်တာ ဦးသုခ၏ ရုပ်ရှင်အတတ်ပညာနှင့် ပေါင်းစပ်လိုက်သော "ဘယ်သူပြိုင် လို့ လှပါတော့နိုင်" ဇာတ်ကားသည် အမျိုးသားရေးအသွင်ဖြင့် ဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံ စာတတ်မြောက်ရေးလုပ်ငန်းအတွက် ကြီးစွာသော အထောက်အပံ့အဖြစ် အနုပညာ မော်ကွန်း တင် နိုင်ခဲ့ သည်။
လူတစ်ယောက်ကို စာတတ်မြောက်စေခြင်းက အမှောင်မှ အလင်းသို့ ပို့ဆောင်နိုင်ခဲ့သည်။ သိမ်ငယ်အား ငယ် စိတ်များ ပယ်ဖျောက်ကာ ဘ၀၏ နှစ်လိုဖွယ်ကောင်းသော နွေးထွေးမှုများကို ရရှိလာသည်။ မိဘမရှိ ညီအစ်ကို မောင်နှမ မရှိသော်လည်း လောကမ္ဘာကြီးသည် နှစ်လိုနေထိုင်ဖွယ်ရာသာ ဖြစ်ပေသည်။ လောက အင်အား တို့ကို ချစ်စရာ၏ ခန္ဓာကိုယ်အနှံ့ တိုးဝင်ပျံ့နှံ့ခဲ့ပေပြီ။ သည်အတွက် ကျေးဇူးတင်ထိုက်သူတို့သည် မည်သူ တို့ ဖြစ်ပါသနည်း။ စာမသင်ချင်တာကို စိတ်ရှည် လက်ရှည် ဟောပြော၍ ထန်းတောထဲ အထိ လိုက်ကာ သင်ပေးရှာသော ဆရာမလေးများသာ ဖြစ်ပေသည်။ သည်သို့ သိလိုက်ရသော ကိုချစ်စရာ သည် -
ကိုချစ်စရာ၏ ကျေးဇူးတပ်လိုမှုက ရင်နှင့်အမျှ မိုးမြေထုလဲမက သမုဒ္ဒရာနှင့်လည်းမနှိုင်းသာ၊ အာကာပြင် ထက်လည်း အဆတစ်ရာကျယ်ဝန်းမည်ဟု ထင်သည်။ ယခုတော့ သာဓကပြစရာ ထန်းလျက်ခဲ မဲမဲလေး များသာ။
မိမိတို့ ရပ်ရွာမှ လုပ်အားအလှရှင် ဆရာ/ဆရာမလေးများ မိမိတို့နှင့် ခွဲခွာရမည်ကို သိရသောအခါ၌ နှုတ်ဆက် ပွဲညတွင် မည်သူမျှ စကားမဆိုနိုင်ကြ။ နှုတ်ဆက်ဂုဏ်ပြု စကားပြောကြားသော သူကြီးသည်ပင် အသံ တစ်ဆို့ဆို့ကြီး ဖြစ်နေသည်။ အားလုံး မျက်ရည်လည်ရွဲ ဖြစ်ကြရသည်။ ထိုည လုပ်အားရှင် မောင်မယ်တို့၏ အဆိုအကဖျော်ဖြေမှုကြောင့်သာ ရင်ထဲမျိုသိပ်နိုင်ခဲ့ရသည်။ နောက်တစ် နေ့နံနက် စောစော တွင် သူတို့လှည်းဖြင့် ရွာမှထွက်ခွာကြလေပြီ။
ကိုချစ်စရာသည် ထန်းလျက်တောင်း ထမ်းကာ၊ ကျေးဇူးရှင် ဆရာလေးများ လှည်းနောက်သို့ အမှီလိုက်ခဲ့ သည်။ နောင်သူတို့နှင့် တွေ့ရတော့မည် မဟ်ုတ်။ ဆရာမလေးများက ထန်းလျက်တောင်းကို လှည်းပေါ်သို့ တင်စေကာ ကိုချစ်စရာကို ရွာသို့ ပြန်ခိုင်းလေသည်။ သို့သော် ကိုချစ်စရာက ထန်းလျက်တောင်းကို ထမ်းကာ ပင် လှည်းနောက်မှ အတန်ကွာ ရောက်သည်အထိ လိုက်ခဲ့သေးသည်။ ဆရာမလေးများက လှည်း ရပ်ပြီး "ကိုချစ်စရာ ရယ် ပြန်ပါတော့"ဟု ဆိုသည်။ ကိုချစ်စရာသည် ဆရာမလေးများကို မျက်ရည်စို့သော မျက်လုံး အစုံဖြင့် ကြည့်လိုက်သည်။ ထို့နောက် မိမိပုခုံးပေါ်မှ ထန်းလျက်တောင်းကို ပေးသည်။ " ဆရာမလေး တို့ကို ကျေးဇူးတင်လွန်းလို့ပါ" ဟုသာ ပြောနိုင်ခဲ့သည်။ စိတ်ထားလှသော ကျေးဇူးရှင်ဆရာမ လေးများ ၏ လှည်းတန်းကြီးသည် ရွာနှင့် ဆန့်ကျင်ဘက်မြို့သို့ ဦးတည်သွားနေပြီး ကိုချစ်စရာနှင့် အညာ ရွာလေး သည် တဖြေးဖြေးဝေး၍ ဝေး၍ ကျန်ခဲ့လေပြီ။
*
ဆရာကြီး ဦးဖိုးကျားသည် မိတဆိုး ရှင်ပြုဝတ္ထုကို ကိုလိုနီခေတ်တွင် ရေးပါသည်။ ထို့ကြောင့် ကိုထွန်းကျော် သည် ကိုလိုနီခေတ်လယ်လုပ်သား ဇာတ်ကောင် တစ်ဦးဖြစ်သည်။ ရင်နှင့်အမျှ ကျေးဇူးတရားကို ဖော်ကျူး လိုသော အရိုးခံစိတ်ထားဖြင့် ဟင်းသီးဟင်းရွက်တောင်းကို ဆရာကြီး ဦးဖိုးကျားတို့ လှည်းပေါ်တင်ကာ လှည်းနောက် မှလိုက်ခဲ့သည်။
ဆရာကြီး ဦးသုခသည် "ဘယ်သူပြိုင်လို့လှပါတော့နိုင်" ဇာတ်ကားကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ် တွင် ရိုက်ခဲ့သည်။ ထို့ကြောင့် ကိုချစ်စရာသည် အညာဒေသထန်းတက်သမားဇာတ်ကောင် တစ်ဦး ဖြစ်ခဲ့သည်။ ရင်နှင့်အမျှ ကျေးဇူးတရားကို ဖော်ကျူးလိုသော အရိုးခံ စိတ်ထားဖြင့် ထန်းလျက်တောင်းထမ်း ကာ ကျေးဇူးရှင် ဆရာမလေးများ၏ လှည်းနောက်က လိုက်ခဲ့သည်။
ဆရာကြီး ဦးဖိုးကျားက ကိုထွန်းကျော်၏ ဘ၀သရုပ်ကို စာပန်းချီဖြင့် ချယ်မှုန်းခဲ့သည်။ ဆရာကြီး ဦးသုခက ကိုချစ်စရာ၏ ဇာတ်ကောင်စရိုက်ကို ရုပ်ရှင် အတတ်ပညာဖြင့် ဖန်တီးခဲ့သည်။ သည်နေရာတွင် အနုပညာ ကူးလူး ဆက်နွယ်မှုအရ အမျိုးသားစာဆို ဆရာကြီး မင်းသုဝဏ် သြ၀ါဒတစ်ခုဖြစ်သော " စု-တု-ပြု"ကို ဆရာကြီး ဦးသုခက မှီးလေသလားဟု ယူဆစရာရှိသည်။
သို့သော်လည်း "ဘယ်သူပြိုင်လို့ လှပါတော့နိုင်" ဇာတ်ကားသည် မြန်မာနိုင်ငံ၏ အမျိုးသားရေး အသွင်ဖြင့် ဆောင်ရွက်ခဲ့သော စာတတ်မြောက်ရေး လုပ်ငန်း၏ သမိုင်းမော်ကွန်းဝင် ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့သလို ကိုချစ်စရာအဖြစ် သရုပ်ဆောင်ခဲ့သည့် အံ့ကျော်မှာလည်း ထိုနှစ်အတွက်ပေးသော အကယ်ဒမီ ရုပ်ရှင်ထူး ချွန်ဆု (အမျိုးသား ဇာတ်ပို့ဆု)ကို ရရှိခဲ့သည်။ ဆရာကြီး ဦးသုခအတွက်မူ ပဉ္စမမြောက်အကယ်ဒမီ (ဒါရိုက် တာ) ဆုရဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါသည်။ ဆရာကြီး ဦးသုခ၏ ဘ၀မှတ်တမ်းတွင် မိမိကိုယ်တိုင် ဒါရိုက် တာ ထူးချွန်ဆု (၆)ဆု အပြင် မိမိကိုယ်တိုင် ရိုက်ကူးခဲ့သော ရုပ်ရှင် (၃၃)ကားထဲမှ အကောင်းဆုံး ဇာတ်ကား ဆု (၈)ဆု၊ အကောင်းဆုံး အမျိုးသား/ အမျိုးသမီး ဇာတ်ဆောင်/ ဇာတ်ပို့ဆု(၁၂) ဆုရအောင် သင်ကြားပြသရိုက်ကူးပေးနိုင်သဖြင့် စာပေ၊ ဂီတ၊ ရုပ်ရှင်စွယ်စုံအနုပညာရှင် ဆရာကြီး ဦးသုခအား ဤ ဆောင်းပါးဖြင့် ဂုဏ်ပြု ရေးသားလိုက်ရပေသတည်း။

သန်းစိုးအောင်
ရုပ်ရှင်ဝတ်မှုံကူးခြင်း
မင်းတင်ထွဏ်း
မင်းတင်ထွဏ်း
စာပေ၊ ဂီတ၊ ပြဇာတ်၊ ရုပ်ရှင်စတဲ့ အနုပညာနယ်ပယ်မှာ သူ့နယ်နဲ့သူ ထူးချွန်တဲ့အနုပညာရှင်ကြီးတွေ မြန်မာ ပြည်မှာ အများအပြားရှိကြပါတယ်။ ဒါပေမယ့် ထိုနယ်ပယ်အားလုံးမှာ ထူးချွန်တဲ့ အနုပညာ ပါရမီရှင် ကြီး တွေကတော့ လက်ချိုးရေတွက်လို့ ရပါမယ်။ အဲဒီအထဲမှာ "ဘဘဦးသုခ"က ထိပ်ဆုံးက စတင်ပြီး ရေတွက် ရမည့် ပါရမီရှင်ကြီးပါ။
ဘဘ ဦးသုခရဲ့ အနုပညာစွယ်စုံ ထူးချွန်မှုတွေထဲက စာပေနဲ့ ရုပ်ရှင်အကြောင်းကို ကျွန်တော် သိရှိခံစားရ သမျှကို အနည်းငယ် တင်ပြပါရစေ။ ဒီနှစ်ခုဟာ ၀တ်မှုံ လို ကူးလူးနေသလားလို့ပါ။ စာပေဆိုရာမှာလဲ" ၀တ္ထု တို" ပါ။
ဘဘ ဦးသုခ အနုပညာထဲ စတင် ၀င်ရောက်တာက စာပေပါ။ တမူးတန် ခေတ်ကစပြီး ၀တ္ထုတို၊ လုံးချင်း ၀တ္ထု (၂၀၀) ခန့် ရေးသားခဲ့ပါတယ်။ အဲဒီခေတ်က ၀တ္ထုတိုတွေဟာ အများအားဖြင့် ရှည်ကြပါတယ်။ အထူး သဖြင့် ဇာတ်လမ်း၊ ဇာတ်ကောင် အသားပေးပြီး ဖွဲ့ဖွဲ့နွဲ့နွဲ့ဖြင့် အနုစိပ်ရေးကြပါတယ်။
ဘဘ ဦးသုခရဲ့ ၀တ္ထုတိုတွေကတော့ အဲဒီကနေ ထွက်ပြီး တိုတိုပဲ ရေးပါတယ်။ ဇာတ်လမ်းထက် ဇာတ်ကောင်ကို အသားပေးပါတယ်။ အဖွဲ့ အနွဲ့ထက် ၀တ္ထုအစမှာ သွက်ပြီး ၀တ္ထုအဆုံးမှာ အလှည့်လေးနဲ့ သိမ်း တတ်ပါတယ်။ ဘဘရဲ့ ၀တ္ထုတိုကောင်းများစွာထဲက "အရိပ်အကဲ" ဆိုတဲ့ ၀တ္ထုတိုလေးကို သာဓက တင်ပြပါရစေ။
အယ်ဒီတာ ကိုချစ်ထူးဟာ ညစဉ် (၁၀)နာရီတိတိမှာ အိမ်အရောက်ပြန်နေကျဖြစ်တယ်။ ဇနီးသည် မလေးခင် နဲ့ လက်ထပ်ထားတာ (၄)လလောက်ပဲရှိသေးတယ်။ တစ်ရက်မှာ စာမူအထားမှားလို့ ရှာရင်း (၁၀)နာရီခွဲ လောက်မှ မဂ္ဂဇင်း တိုက်ကပြန်ရတယ်။ ညမှာဆိုတော့ ဘတ်(စ်)ကားကလည်း စောင့်ရတာ ကြာ သွားတယ်။ ကားစီး ရတာအဆင်မပြေဘူး။ ဖဆပလကွက်သစ် ရောက်တဲ့အခါ ကားပေါ်က သူတစ် ယောက်ပဲဆင်းတယ်။ မီးကမှောင်နေတယ်။ ကုက္ကိုလ်ပင်ကြီးနှစ်ပင်ကို ဖြတ်သွားရမယ်။ အဲဒီအပင် နှစ်ပင် ကလည်း တစ္ဆေသိပ်ခြောက်တယ်လို့ ကြားဖူးနေတယ်။ ဒီတော့ ကြောက်ကြောက်နဲ့ ကုက္ကိုပင်ကို ဖြတ်တယ်။ ကုက္ကိုပင်ခြေရင်းမှာ လူတစ်ယောက် ရပ်နေတယ်။ ကျောချမ်းသွားတယ်။
ထိုလူက လုမှာလည်း မဟုတ်ဘူး၊ ဓားပြတိုက်မှာလည်း မဟုတ်ဘူး။ သူ့နာမည် စိန်ခင်လို့ မှတ်ထား ခိုင်းတယ်။ ပျဉ်းမနားကလို့ ပြောတယ်။ သူနဲ့အချစ်ဆုံး သူငယ်ချင်းဖြစ်တယ်လို့ ပြောရမယ်။ ကိုချစ် ထူး အကြောင်းတွေမေးတယ်။ အိမ်ခေါ်သွားရမယ်။ ထမင်းကျွေးရမယ်။ တစ်ညအိပ်ပြီးရင် မနက်ကျပြန် မယ်လို့ ပြောတယ်။ "အိမ်ရောက်ရင် ခင်ဗျားမိန်းမ နဲနဲမှ မသိစေနဲ့၊ မရိပ်မိစေနဲ့၊ ရိပ်မိရင် ခင်ဗျားမိန်းမ ဗိုက် အပေါက် ကလေးနဲ့ တွေ့ရမယ် မှတ်ထား" ဆိုပြီး အင်္ကျီအိတ်ထဲက ခြောက်လုံးပြူးနဲ့ ထောက်ပြီး ကိုချစ်ထူး နဲ့ ဘေးလျင်းယှဉ်ကာ အိမ်ကို သွားကြတယ်။
အိမ်ရောက်တော့ အထိတ်ထိတ်အလန့်လန့်နဲ့
" ခင်ရေ ... အေ ... ခင် " လို့ ခေါ်တယ်။ " ကိုချစ်ထူးလား မိုးချုပ်လှချည်လား "လို့ ငေါက်ဆတ်ဆတ်ပြော ပြီး တံခါးဖွင့်ပေးတယ်။ ကိုချစ်ထူးက ကိုစိန်ခင် ပြောခိုင်းတဲ့အတိုင်း အချစ်ဆုံးသူငယ်ချင်း၊ ပျဉ်းမနားက ဒီမှာ ညအိပ်မယ်၊ ထမင်းကျွေးရအောင်လို့ ပြောတယ်။ မလေးခင်က ထမင်းပြင်ကျွေးတယ်။ ကိုချစ်ထူးကို ကိုစိန် ခင်က အနားက မခွာအောင် ခြိမ်းခြောက်တားတယ်။ ထမင်းစားပြီး အိပ်ချိန်ကျတော့ ဧည့်သည်ကို အခန်း အပြင်ဘက်က တစ်ယောက်အိပ်ကုတင်ကို ခင်းပြီး အိပ်ဖို့ပြောတယ်။
ကိုချစ်ထူးကို ဧည့်သည်က သူနဲ့အတူတူအိပ်ရမယ်လို့ တိုးတိုးပြောတယ်။ ဒီတော့ ကိုချစ်ထူးက စိတ်ပျက်စွာနဲ့ " ခင်ရေ ...ကိုယ်ဒီနေ့ည ... ကိုယ့်သူငယ်ချင်းနဲ့ အတူတူအိပ်မယ်ကွာ" လို့ ပြောလိုက်ရတယ်။ ဒီတော့ မလေးခင်က သူ့အိပ်ခန်းထဲဝင်သွားတယ်။ နောက် ချက်ချင်း ပြန်ထွက်လာပြီး ကိုချစ်ထူးနဲ့ စကားပြောနေတဲ့ ဧည့်သည်ခေါင်းကို သံတုတ်နဲ့ ရိုက်ခွဲလိုက်တယ်။
နောက်နေ့ နံနက်သတင်းစာတွေမှာ အလံနီသူပုန်ခေါင်းဆောင် ဗိုလ်ချစ်ခင်ကို ချစ်ဝိဇ္ဇာမဂ္ဂဇင်းအယ်ဒီတာ ကိုချစ်ထူးရဲ့ မိန်းမ မလေးခင်က ရဲဝံ့စွန့်စားစွာ ဖမ်းလိုက်ပုံ၊ အရိပ်အကဲခတ်တတ်သော အယ်ဒီတာကတော်ရဲ့ သတ္တိဟု ချီးကျူးရေးသားကြတယ်။
အိမ်နီးချင်းမိန်းမတစ်ဦးက ၀မ်းသာအားရနဲ့ "ရှင်ဘယ်လို ဘယ်ပုံဖမ်းမိတာလဲ မလေးခင်ရဲ့ ပြောစမ်းပါဦး" လို့ ပြောတဲ့အခါ ...
" ဟဲ ဟဲ ဟဲ ... ကျွန်မလား ဘာမှ အကဲခတ်တတ်လို့ မဟုတ်ပါဘူး။ ကိုချစ်ထူးဟာ ဆယ်နာရီ ပြန်ရောက် နေကျ၊ မရောက်လို့ ဒေါသဖြစ်နေတုန်းအချိန် နောက်ကျမှ ထမင်းကျွေးရမယ့် ဧည့်သည်ကိုခေါ်လာလို့ ပို စိတ်ဆိုးနေတာ ... နောက်ဆုံး ကျွန်မထက် ချစ်တယ်ဆိုပြီး သူငယ်ချင်းနဲ့ တစ်ညလုံး အတူအိပ်မယ် ဆိုတော့ ...လုံးလုံး မနာလိုချင်တော့ဘူး။ ဒါကြောင့် ခေါင်းရိုက်ခွဲလိုက်တာ။ အလံနီ ဆိုရင် ကျွန်မလား၊ လုပ်ဝံ့မှာ အဝေးကြီး ဟဲ ဟဲ ... ဟဲ ဟဲ"
လို့ အဆုံးသတ်ထားပါတယ်။ ၀တ္ထုတိုလေးက ရိုးရိုးရှင်းရှင်းလေးပါ။ ဒါပေမယ့် အရေးအသားကြောင့် နည်း နည်း---- ဇာတ်သိမ်းမှာ အလှည့်လေး လှည့်လိုက်တော့ ၀တ္ထုဟာ ပိုပြီး အသက်ဝင်ကာ ကြွတက်လာတယ်။
ဝတ္ထုရဲ့ ဇာတ်ကောင်က အယ်ဒီတာ ကိုချစ်တူးပါ။ ကိုချစ်ထူး အိမ်ပြန်နောက်ကျ ကနေစပြီး ဇာတ်လမ်း တည် ပါတယ်။ အိမ်မှာ အလံနီဗိုလ်ချစ်ခင်နဲ့ တွေ့လို့ ဇာတ်လမ်း ဖြစ်တည်သွားပါတယ်။ တွေ့ရင် ဒီဇာတ်လမ်း ဖြစ်စရာမရှိဘူး။ စာဖတ်သူတွေလည်း ဆက်ပြီး ဘာဖြစ်လဲလို့ တွေးထင်သွားပါတယ်။ လုတာ လည်း မဟုတ်ဘူး။ ဓားပြတိုက်တာလည်း မဟုတ်ဘူး။ သူငယ်ချင်းဖွဲ့ပြီး အိမ်ခေါ်တယ်။ တစ်ညအိပ်မယ်။ ထမင်းကျွေးမယ်။ ခြောက်လုံးပြူးထောက် ခေါ်တယ်။ ဇာတ်လမ်းက ရိုးရှင်းသွားရာကနေ နည်းနည်းဆန်းပြ လိုက်တယ်။ စာဖတ်သူ စိတ်ကို ဖမ်းစားလိုက်တယ်။
ဇာတ်သိမ်းမှာလည်း သမာရိုးကျဆိုရင် ယောက်ျားလုပ်သူက "အချစ်ဆုံး သူငယ်ချင်းနဲ့အတူ အိပ်မယ်" ပြော တာနဲ့ မိန်းမဆိုတာ သ၀န်တိုပြီး ခြေထောက်ဆောင့်၊ အခန်းတံခါးကို ဆောင့်ပိတ်ပြီး ဇာတ်သိမ်းမယ်။ ဒါမှ မဟုတ် "ရှင့် အချစ်ဆုံး သူငယ်ချင်းနဲ့ တစ်သက်လုံး နေရစ်ခဲ့" ဆိုပြီး ညကြီးသန်းခေါင် အိမ်ပေါ်က ဆင်း သွားမယ်။ အခြား ဒါထက်ကောင်းတာလေးတွေနဲ့လည်း ဇာတ်သိမ်းနိုင်တယ်။ ဒါပေမယ့် အခုလို အလှည့် လေး နဲ့ ဇာတ်အိမ်တာထက် ပိုမကောင်းနိုင်ဘူး။ ဒီအလှည့်လေးကြောင့်ပဲ ဇာတ်ဟာ အထွတ် အထိပ် ရောက်သွားတယ်။
တကယ်တော့ မလေးခင်က ဇာတ်ပို့ပဲ။ ၀တ္ထုပြီးခါနီးကျမှ ပေါ်လာတယ်။ ဒါပေမယ့် မလေးခင်ရဲ့ လုပ် ဆောင်ချက် ကြောင့် ၀တ္ထုဟာ ပိုကြွတက်လာတယ်။ ရင်ထဲငြိသွားကြတယ်။ မလေးခင်ဟာ ဇာတ်ပို့ဖြစ်ပေ မယ့် ဇာတ် ကို သယ်သွားသူဖြစ်တယ်။
ဘဘ ဦးသုခရဲ့ ၀တ္ထုတိုင်း အလှည့်ကလေးနဲ့ အဆုံးသတ်တတ်ပါတယ်။
ကျွန်တော့် အယူအဆပြောရရင် ဘဘ ဦးသုခရဲ့ ၀တ္ထုတို အတတ်ပညာဟာ ၀တ်မှုံအဖြစ် ရုပ်ရှင်မှာလည်း ကူးသွားတယ် လို့ ထင်မိပါတယ်။
ဘဘ ဦးသုခဟာ ၁၉၄၈ ခု "အချစ် အဏုမြူ (အသံတိတ်) " ကစပြီး ၁၉၈၀ ခု "ရွှေကြောင်း ဖယောင်း သက်သေ" အထိ ရုပ်ရှင်ကားကြီး (၃၃)ကား ရိုက်ကူးခဲ့ပါတယ်။
၁။ သြော် မိန်းမ ၁၉၅၄
၂။ ဘ၀သံသရာ ၁၉၅၆
၃။ စကားပြောသောအသည်းနှလုံး ၁၉၆၈
၎။ ကျွန်မမှာ မိန်းမသား ၁၉၇၃
၅။ ဘယ်သူပြိုင်လို့လှပါတော့နိုင် ၁၉၇၃
၆။ ရွှေချည်ငွေချည်တန်းပါလို့ ၁၉၇၅
တို့မှာ အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့ပါတယ်။ ဇာတ်ဆောင်၊ ဇာတ်ပို့ (၁၁)ဦးကိုလည်း အကယ်ဒမီဆုရစေ ပါတယ်။
ဘဘ ဦးသုခရဲ့ ရုပ်ရှင်တွေထဲက "ဘယ်သူပြိုင်လို့ လှပါတော့နိုင်" ရုပ်ရှင်ကားကြီးအကြောင်း ကြည့်မိသမျှ အနည်းငယ်ပြောပါရစေ။
ဇာတ်က ရိုးရိုးလေးပါ။ ကျောက်ပန်းတောင်းမြို့နယ်ထဲက ရွာလေးတွေမှာ တက္ကသိုလ်ကျောင်းသူ၊ ကျောင်း သားတွေ "အ"သုံးလုံးကျေ စာလာသင်တဲ့ဇာတ်ပါ။ ဇော်ဝမ်းက ဆံပင်ရှည်ရှည်ထားပြီး ညောင်းဘီဖင်ကျပ် ၀တ်တယ်။ ဂီတာ တဒေါင်ဒေါင်နဲ့ အသံသေးသံကြောင်သီဆိုတဲ့ လမ်းသရဲ။ ဒါပေမယ့် တက္ကသိုလ် ကျောင်း သား၊ တင်တင်ညိုက သူ့ညီမ၊ ၀င်းလှိုင်က တင်တင်ညိုရဲ့ ရည်းစား။
တင်တင်လှက ရွာက ကျောင်းဆရာမ လေး။ လုပ်အားပေးကျောင်းသားတွေက မနီးမဝေး ရွာတွေမှာ ခွဲကျကြတယ်။ အိမ်သာမရှိတဲ့ အရပ်မို့ အိမ် သာတောင် ကိုယ့်ဖာသာဆောက်ကြရတယ်။ စာကိုလည်း "၀၊ ထ၊ က၊ လ၊ သ"လို့ သီချင်းလေးနဲ့ သင်ကြတယ်။ (ဒါကရုပ်ရှင်မို့ပါ) လူငယ်တွေရဲ့စရိုက် ပျော်ပျော်ပါးပါး။ ဇာတ်အရ ၀င်းလှိုင်နဲ့ တင်တင်ညို၊ ဇော်ဝမ်းနဲ့ တင်တင်လှရဲ့ အချစ်ဇာတ်လမ်းလည်းပါတယ်။ တောသူတောင်သားတွေရဲ့ ရိုးသားမှု၊ ဖော်ရွေမှု၊ ခင်မင်မှုကိုလည်း ထည့်ရိုက်ပြတယ်။ တောရွာတွေရဲ့ သဘာဝ အလှ အပတွေ ရိုက်ပြတယ်။ ရိုးအပြီး စာမတတ်တဲ့ ထန်းတက်သမား ကိုချစ်စရာ (အံ့ကျော်) ကိုလည်း တစ်ခန်းစနှစ်ခန်းစ ရိုက်ပြထားတယ်။
" အ " သုံးလုံး သင်တန်းပြီးလို့ ပြန်ခါနီးညမှာ မီးပုံပွဲလေး နှုတ်ဆက်ပွဲလေး လုပ်ကြတယ်။ ပြန်တဲ့ ရက်မနက် မှာ ဒေသထွက် ပစ္စည်းလေးတွေ လက်ဆောင်လာပေးကြ၊ နှုတ်ဆက်ကြ၊ စိတ်မကောင်းဖြစ်ကြ၊ မျက်ရည် တွေစို့ကြနဲ့။ ဇာတ်ရှိန်ကို မြှင့်လိုက်တယ်။ လောကဓမ္မတာသဘောအရ ခွဲခွာချိန်တန်ရင် ခွဲခွာရမှာမို့ ရွာ အသီးသီးက လုပ်အားပေးတက္ကသိုလ် ကျောင်းသားတွေ လှည်းအသီးသီးစီးပြီး ထွက်လာကြတယ်။ ရွာသူ ရွာသားတွေက လက်ပြနှုတ်ဆက်ပြီး ကျန်ခဲ့တယ်။ မြို့ပြန်ကြတော့မှာမို့ တက္ကသိုလ်ကျောင်းသားတွေက မျက်နျာက ၀င်းပလာတယ်။ ဇာတ်လမ်းက ရိုးရိုး ရှင်းရှင်းလေးပါ။ အပျော်နဲ့စခဲ့တယ်။ အချစ်တွေပြီးပြီ၊ အလွမ်း တွေပြီးပြီ။ ဒါဆိုရင် ဇာတ်လမ်းက သီချင်းဆိုပြီး အပျော်နဲ့ သိမ်းတော့မယ်။ ပရိသတ်က ဒီလို ထင်ထားတယ်။
ဒီအချိန်မှာ အလှည့်ကလေးတစ်ခု ရုတ်ကနဲပေါ်လာတယ်။ လှည်းတန်းကြီး နောက်မှာ ရိုးရိုးအအ ထန်း တက်သမား ချစ်စရာ (အံ့ကျော်)က ထန်းတောတွေကနေ ထန်းခေါက်တောင်းကို ပခုံးပေါ်ထမ်းပြီး ပြေး လာတယ်။
ဒါကို လှည့်ကွက်ပြောရတာက လက်ဆောင်ပေးစရာရှိရင် ရွာထဲသွားပေးရနေတာပဲ၊ အဲဒီမှာ နှုတ်ဆက်၊ အလွမ်းသယ်လို့ရနေတာပဲ။ ဒါက ရိုးစင်းတဲ့နည်း ဒါကို ဒါရိုက်တာက မလုပ်ပြဘူး။ မြှုပ်ထားခဲ့တယ်။
ဇာတ်သိမ်းတော့မယ် ထင်ရာမှ ချစ်စရာက ထန်းခေါက်တောင်းကြီး ထမ်းပြီးပြေးလာတယ်။ ရုပ်ရှင်ကြည့်ပရိ သတ်က ဘာလဲပေါ့။ ခေါင်းတွေမတ်ပြီး အံ့သြသလို ဖြစ်သွားကြတယ်။ ဘာလုပ်မှာလဲလို့ သိချင်လာကြ တယ်။ ဇာတ်လမ်းပြီးပြီလို့ ထင်ရာမှ စိတ်တွေ ပြန်ပြီး နိုးကြွလာတယ်။
ကျောင်းသူလေးက လှည်းရပ်ခိုင်းတော့ ရပ်လိုက်တယ်။ ဘာမှမဟုတ်ပါဘူး။ ထန်းလျက်တောင်းလေးကို လက်ဆောင်ပေးတာပါပဲ။ နှုတ်ဆက်တာပါပဲ။ လွမ်းပြတာပါပဲ။ လက်ဆောင်ပေးပြီးတော့ "ကိုချစ်စရာ သွား တော့မယ်" ဆိုပြီး လှည်းက ဆက်ထွက်ခဲ့တာပါပဲ။ အဲဒီအခါကျမှ ပရိသတ်လည်း တဖြည်းဖြည်းနဲ့ လွမ်းကျန် ခဲ့တာပါပဲ။
ဒါဟာ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ပြောင်းလဲလိုက်တဲ့ ဘဘ ဦးသုခရဲ့ အနုပညာရသပါ။
ဒီကားနဲ့ ဘဘ ဦးသုခ ဒါရိုက်တာ အကယ်ဒမီဆုရသလို၊ ဇာတ်ပို့ အံ့ကျော်လည်း အကယ်ဒမီ ရွှေစင်ရုပ်တု ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။
ဘဘ ဦးသုခရဲ့ ရုပ်ရှင်ကားတိုင်းလိုလို ရိုးရှင်းပေမယ့် တင်ပြပုံ ဆန်းသစ်တယ်။ ဇာတ်သိမ်းတွေဟာ ပရိ သတ်ရင်ကို ငြိစေတာမို့ ဘဘ ဦးသုခရဲ့ ဒါရိုက်တာ ဥာဉ်ထဲမှာ ၀တ္ထုတို ဆရာစိတ်ကူးတွေ အပြည့် ရှိနေပါတယ် လို့ ကျွန်တော် ရဲရဲကြီး ပြောရဲပါတယ်။
( ဘဘ ဦးသုခရဲ့ ရာပြည့်နေ့ကို ဦးခိုက်ပါတယ်။ )
မေတ္တာရည်၍
မင်းတင်ထွဏ်း
၁၅-၈-၂၀၀၉
.
မင်းတင်ထွဏ်း
၁၅-၈-၂၀၀၉
.
No comments:
Post a Comment