ထရေစီသည် တစ်ညလုံး အိပ်မပျော်နိုင်ဘဲ သူမ၏ အနာဂတ်ရေးကိုသာ တွေးတောနေမိသည်။ အလုပ်လဲ မရှိ။ ပိုက်ဆံလည်း နည်းနည်းသာ ကျန်တော့သည်။ ဆုံးဖြတ်ချက်နှစ်ခု ချလိုက်သည်။ မနက်ဖြန်တွင် ယခုထက် ဈေးပေါသော နေရာသို့ ပြာင်းနေရမည်။ ရရာအလုပ်ကို ရှာလုပ်မည်။
သူမ ထပ်ပြောင်းသွားသော ဈေးအလွန်ပေါသည့် နေရာမှာ တိုက်တန်းလျား၏ လေးထပ်မှ အခန်းတစ်ခန်း သာ ဖြစ်သည်။ တနည်းအားဖြင့် အောက်ဆုံးအလွှာများ သူခိုး၊ ဂျပိုး၊ တေလေများ၊ မကောင်းသော မိန်းမများ နေသော နေရာ ရပ်ကွက် ဖြစ်သည်။ အခန်းနံရံက ပါးပါးလွှာလွှာလေး ဖြစ်သည်။ အခန်းနား နီးချင်း များ၏ နိုင်ငံခြားဘာသာမျိုးစုံဖြင့် အော်ဟစ် ဆဲဆို နေကြသည့် အသံများကို အတိုင်းသား ကြားရ သည်။
ထိုလမ်းထဲရှိ ဈေးဆိုင်များမှ ပြတင်းပေါက်များနှင့် တံခါးပေါက်များတွင် သံချောင်းများနှင့် အခိုင်အခံ့ ကာ ထားသည်။ အဘယ့်ကြောင့် ထိုသို့ လုပ်ထားရသည်ကို ထရေစီ သဘောပေါက်သည်။
ဤတစ်ဝိုက် တွင် အမူးသမားများ၊ အလစ်သုတ်သူများနှင့် မကောင်းသော အမျိုးသမီးများ ကျက်စားသည် မဟုတ် ပါလော။
ထရေစီသည် ဈေးဝယ်အသွားတွင် လမ်း၌ သုံးခါ မြှူဆွယ်ခံရသည်။ နှစ်ခါက အမျိုးသား။ တစ်ခါက အမျိုးသမီး ဖြစ်သည်။
ဤနေရာတွင် ကြာကြာနေ၍ မဖြစ်။ ဖြစ်နိုင်သမျှ အမြန်ဆုံးပြောင်းမှ ဖြစ်မည်ဟု ထရေစီ ဆုံးဖြတ် လိုက် သည်။
ထရေစီသည် သူမ၏ အခန်းနှင့် သိပ်မဝေးလှသော နေရာတွင် ရှိသည့် အလုပ်အကိုင် ရှာဖွေပေးသော အေဂျင်စီ အသေးကလေးတစ်ခုဆီသို့ သွားသည်။ မစ္စက်မာဖီဆိုသော ၀၀ဖိုင့်ဖိုင့် အမျိုးသမီးကြီးတစ်ဦးက ဖွင့်ထားသော ဌာန ဖြစ်သည်။ သူမက ထရေစီအား အကဲခတ်လိုက်ပြီး ပြောသည်။
"မင်း ... ဘာအလုပ်မျိုး လိုချင်မယ်ဆိုတာတော့ ငါ မသိဘူး၊ မင်းလို ပုံပန်းမျိုးကို လိုချင်မယ့် ကုမ္ပဏီတွေ ရှိမယ် ဆိုတာတော့ သေချာတယ်"
"ကျွန်မ မှာ ပြဿနာ ရှိနေပါတယ်"
ထရေစီက သက်ပြင်းချပြီး ပြောလိုက်သည်။ ထို့နောက် ထရေစီက သူမ ရင်ဆိုင်တွေ့ကြုံနေရသော ပြဿနာ ကို ရှင်းပြရာ မစ္စက်မာဖီက ငြိမ်ပြီး နားထောင်နေသည်။ သူမ စကားဆုံးသွားသောအခါ မစ္စက်မာဖီ က ယတိပြတ် ပြောလိုက်သည်။
"ကွန်ပျူတာနဲ့ ပတ်သက်တဲ့ အလုပ်ရဖို့တော့ မင်း မမျှော်လင့်နဲ့တော့။ သူတို့က ကွန်ပျူတာနဲ့ ရာဇ၀တ်မှု မှတ်တမ်း တွေကို သိုမှီးထားတာ၊ နောက်ကြောင်းရာဇ၀င်ရှိတဲ့လူဆိုရင် အလုပ်မခန့်တော့ဘူး"
"ကျွန်မ အလုပ်တစ်ခု လိုချင်တာပါပဲ၊ ကျွန်မ ..."
"တခြား မင်းရနိုင်တဲ့ အလုပ်မျိုးတွေ ရှိပါတယ်၊ အရောင်းစာရေးမ အလုပ်မျိုး ဘယ့်နှယ်လဲ"
ထရေစီ သည် ကလေးကစားစရာ စတိုးဆိုင်၌ ကြုံခဲ့ရသော အဖြစ်ကို ပြန်သတိရလာသည်။ ထိုအဖြစ်မျိုး ထပ် အဖြစ်မခံနိုင်တော့ပါ။ ထို့ကြောင့် ပြောလိုက်သည်။
"အဲဒါလဲ မဖြစ်ပါဘူး၊ တခြား ဘာအလုပ်မျိုးများ ရှိဦးမလဲ"
အမျိုးသမီးကြီး မဖြေသေးဘဲ ခေတ္တ ဆိုင်းနေသည်။ သူမပြောမည့် အလုပ်မှာ ထရေစီ၏ပညာနှင့် တခြားစီ ဖြစ်နေသည် နောက်မှ မတတ်သာ၍ ထုတ်ပြောတော့သည်။
"ဒီမှာ ... အခု ငါ့ဆီမှာ လောလောဆယ် ပေးနိုင်တဲ့ အလုပ်ကတော့ မင်းပညာနဲ့တော့ တခြားစီပဲ၊ ဂျက်တန် ဟု ဆိုတဲ့ အသားညှပ် မုန့်ကြီးတွေ (ဟမ်ဘာဂါ) ရောင်းတဲ့ဆိုင် အရှေ့ဘက် ကမ်းမှာ ရှိတယ်၊ အဲဒီမှာ စားပွဲထိုး အလုပ်တော့ လိုနေတယ်"
"စားပွဲထိုး အလုပ် ဟုတ်လား"
"ဟုတ်တယ်၊ မင်း ဒီအလုပ် လိုချင်တယ်ဆိုရင်တော့ ငါ ပြောပေးမယ်၊ ကော်မရှင်ခ မယူပါဘူး"
ထရေစီစိတ်ထဲ၌ အပြန်အလှန် အပြေးအလွှား တွက်ဆနေသည်။ သူမ တက္ကသိုလ်တွင် နေစဉ်က စားပွဲထိုး လုပ်ခဲ့ ဖူးသည်။ ထိုစသ်က အပျော်သဘော ဖြစ်သည်။ ယခုတော့ အသက်ရှင် ရပ်တည်ရေးအတွက် လုပ်ဖို့ လိုလာချေပြီ။
"ကျွန်မ လုပ်မယ်"
သို့ဖြစ် ထရေစီ စားပွဲထိုး ဖြစ်သွားသည်။
ဂျက်ဘနဟို ဆိုင်သည် စားသုံးသူများဖြင့် ထာဝစဉ် ဆူညံ ရှုပ်ထွေးနေသည်။ လာစားသူ အားလုံးက အလော သုံးဆယ်ချည်းပင်။ မည်သူမျှ မစောင့်ချင်ကြ။ မြန်မြန်စားချင်နေကြသည်။ ဟမ်ဘာဂါ အသားညှပ် မုန့်ကြီး များက ကောင်းလှပြီး ဈေးနှုန်းက သင့်တင့်သဖြင့် ဆိုင်တွင် အမြဲ လူကျပ်နေသည်။
ထရေစီ သည် ထိုဆိုင်၌ စားပွဲထိုး လုပ်ရသည်မှာ တစ်ချက်လေးမှ မအားရမနားရအောင် ဖြစ်သည်။ ပထမ ဆုံး တစ်နေ့ အလုပ်လုပ်ပြီးနောက် အခန်းပြန်ရောက်သောအခါ ခြေကုန်လက်ပန်ကျသွားတော့သည်။ မောမော နှင့် တချိုးတည်း အိပ်ပျော်သွားတော့သည်။ သို့သော် နေ့တွက်လုပ်ခ ကောင်းကောင်းရသည်။
သို့ဖြင့် ဒုတိယနေ့ အလုပ် ဆက်ဆင်းသည်။ နေ့လယ်ပိုင်းတွင် ထရေစီသည် စားပွဲတစ်လုံး၌ အစား အသောက်များ တည်ခင်းချပေးနေသည်။ ထိုစဉ် စားပွဲမှ လူတစ်ယောက်၏ လက်က သူမ စကပ်အောက်မှ လျှိုပြီး ၀င်လာတော့သည်။ ထရေစီသည် ဒေါသဖြစ်ဖြစ်နျင့် ထိုလူ၏ ဦးခေါင်းကို အချဉ်ရည်ခွက်ဖြင့် ထုထည့် လိုက်သည်။ သို့ဖြင့် သူမ၏ စားပွဲထိုးဘ၀ ဇာတ်သိမ်းသွားောတ့သည်။
ထရေစီ သည် အလုပ်ရှာပေးသော မစ္စက်မာဖီထံ ပြန်သွားသည်။ ဖြစ်ပုံပျက်ပုံကို ပြောပြသည်။
"ကဲပါအေ ... ငါ့မှာ နောက်ထပ် သတင်းကောင်းတစ်ခု ရထားပါတယ်၊ ၀ယ်လင်တန်အိမ်း ဟိုတယ်မှာ လက်ထောက် အိမ်ထောင်ထိန်းတစ်ဦး လိုနေတယ်၊ ငါ ညည်းကို အဲဒီ ပို့ပေးမယ်"
ဝယ်လင်တန်အမ်းသည် ပတ်ရိပ်သာ လမ်းပေါ်ရှိ သပ်ရပ်သော ဟိုတယ် အသေးစားကလေးတစ်ခု ဖြစ်သည်။ ထိုဟိုတယ်ရှိ အိမ်ထောင်ထိန်းကြီးက တွေ့ဆုံမေးမြန်းပြီး ထရေစီအား လက်ထောက် အိမ်ထောင်ထိန်း အဖြစ် ငှားရမ်းလိုက်သည်။ ထရေစီအဖို့ လုပ်ရသည်မှာ မခက်ခဲ၊ မပင်ပန်း။ အလုပ်ချိန် လကည်း သင့်တင့်မျှတသည်။ လုပ်ဖော်ကိုင်ဖက် အလုပ်သမားများကလည်း ဖော်ရွေ့ပျူငှာသည်။
ထိုဟိုတယ် ၌ ထရေစီ အလုပ်လုပ်ပြီး တစ်ပတ်ကျော်ကြာ တစ်နေ့တွင် ထရေစီအား အိမ်ထောင်ထိန်းကြီး က သူ့ရုံးခန်းသို့ ဆင့်ခေါ်သည်။ လက်ထောက်မန်နေဂျာလည်း ထိုအခန်းတွင် ရောက်နေသည်။
"အခန်းနံပါတ် ၈၂၇ အခန်းကျယ်ကြီး ဒီနေ့ စစ်ဆေးသေးသလား ထရေစီ"
အိမ်ထောင်ထိန်းကြီး မေးသည်။ ထိုအခန်းတွင် တည်းခိုနေသူမှာ ဟိုးလီးဝဒ်မှ မင်းသမီးတစ်ဦးဖြစ်သူ ဂျနီဖာမာလို ဖြစ်သည်။ ထရေစီ၏ လုပ်ငန်းတာဝန်တစ်ရပ်မှာ ဟိုတယ်အမှုထမ်း အခန်းဖော်များ အခန်း တိုင်း တွင် သန့်ရှင်းရေးနှင့် တခြား သက်ဆိုင်ရာ အလုပ်များကို တာဝန်ကျေပြွန်စွာ လုပ် မလုပ် လိုက် စစ်ဆေး ရသည်။
"စစ်ဆေးတယ် ... ဘာဖြစ်လို့လဲ"
"ဘယ့်အချိန်ကလဲ"
"နှစ်နာရီက၊ ဘာများ အမှားအယွင်း ရှိလို့လဲဟင်"
လက်ထောက် မန်နေဂျာက ၀င်ပြောလာသည်။
"မွန်းလွဲ သုံးနာရီမှာ မစ္စမာလို အခန်းပြန်ရောက်လာတော့ ... အဖိုးတန်တဲ့ စိန်လက်စွပ်တစ်ကွင်း ပျောက် နေတာ တွေ့ရတယ်တဲ့"
ထရေစီ တစ်ကိုယ်လုံး တောင့်ခနဲ ဖြစ်သွားသည်။
"ထရေစီ၊ မင်းသူ့အိမ်ပခန်းထဲကော ၀င်သေးသလား"
"၀င်တယ်၊ ကျွန်မ အခန်းတိုင်းကို ၀င်ပြီး အလုပ်တာဝန်အတိုင်း စစ်ဆေးတာပဲ"
"မင်း အိပ်ခန်း ထဲ ၀င်သွားတော့ လက်ဝတ်ရတနာများ တင်ထားတာ တွေ့မိသလား"
ကျွန်မ လက်ဝတ်ရတနာတွေ လိုက်ကြည့်တာမှ မဟုတ်ဘဲ၊ အိပ်ရာခုတင်က မွေ့ရာ ခေါင်းအုံးတွေ အသစ်လဲ ပြင်ဆင်မွမ်းမံထားရဲ့လား၊ အခန်းသန့်ရှင်းရဲ့လား၊ မျက်နှာသုတ်ပ၀ါတွေ ဘာတွေ အသစ်လဲ ထားရဲ့လားဆိုတာပဲ လိုက်ကြည့်တာ"
"မစ္စမာလိုကတော့ သူအခန်းထဲက အပြင်ထွက်သွားတုန်းက သူ့လက်စွပ် အလှပြင် မှန်တင်ခုံပေါ်မှာ ကျန်ခဲ့တယ် လို့ အခိုင်အမာ ပြောတာပဲ"
"အဲဒါတော့ ကျွန်မ ဘာမှ မသိပါဘူးရှင်"
"အဲဒီအခန်းထဲကို တခြား ဘယ်သူမှ မ၀င်ဘူး၊ ဟိုတယ် အခန်းဖော်တွေကလဲ တို့ဆီမှာ လုပ်လာတာ နှစ်ကြာ လှပြီ"
"ကျွန်မ မယူဘူး"
"ဒီကိစ္စ စုံစမ်းစစ်ဆးဖို့ ရဲကို ခေါ်ရမှာပဲ"
လက်ထောက်မန်နေဂျာ က သက်ပြင်းချပြီး ပြောလိုက်သည်။
"ဒီပြင် တစ်ယောက်ယောက် ယူတာဖြစ်ချင် ဖြစ်မယ်၊ ဒါမှမဟုတ် မစ္စမာလိုကိုယ်တိုင် နေရာအထားမှားတာ ဖြစ်ချင် ဖြစ်မှာပေါ့"
"မင်းက နောက်ကြောင်း မှတ်တမ်း ရှိနေတဲ့လူ ဆိုတော့ ..."
လက်ထောက်မန်နေဂျာက စကားကို တစ်ပိုင်းတစ်စနှင့်ပင် ရပ်ထားလိုက်သည်။ ထရေစီ ရိပ်မိသွားသည်။ မိမိ ၏ နောက်ကြောင်းကို အရိပ်သဖွယ် လိုက်နေဆဲပါကလား။
"ကဲ ... ဒီတော့ ရဲတွေ ရောက်လာတဲ့အထိ မင်း လုံခြုံရေး အခန်းထဲမှာ ကျေးဇူးပြုပြီး စောင့်နေပါဦးလို့ ငါ ပြောချင် တာပါ"
ထရေစီ မျက်နှာ ရဲခနဲ ဖြစ်သွားသည်။ သို့သော် မတတ်နိုင်ပြီမို့ "ဟုတ်ကဲ့" ဟုသာ ပြောလိုက်ရသည်။
ဟိုတယ်မှ အစောင့်တစ်ဦးက ထရေစီကို လုံခြုံရေး အခန်းထဲသို့ ခေါ်သွားသည်။ သူမအဖို့ ထောင်ထဲ ပြန်ရောက် သွားသလို ခံစားလိုက်ရသည်။ ထောင်ကျဖူးသော ပြစ်မှု မှတ်တမ်းဟောင်းများကြောင့် ထပ်မံ အပြစ်ပေး ခံရသည့် အမှုအခင်းများသတင်း ထရေစီ ဖတ်ခဲ့ဖူးပြီ။ မိမိရော ဤသို့ ဖြစ်လာနိုင်သလား။
နာရီဝက်ခန့်အကြာတွင် လုံခြုံရေး အခန်းထဲသို့ လက်ထောက်မန်နေဂျာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ၀င်လာသည်။
"မစ္စမာလို ... သူ့လက်စွပ် ပြန်တွေ့သွားပြီ၊ သူ့ဘာ သူနေရာ အထားမှားတာပါ။ အနည်းအကျဉ်း မှားယွင်း ချွတ်ချော် သွားတာပေါ့ကွာ"
"အံ့သြစရာပါပဲရှင်"
ထရေစီ က ဤမျှသာ ပြောလိုက်သည်။ သူမသည် ရုံးခန်းထဲမှ ထွက်လာပြီး ကော်နတ်မော်ဂင် ကျောက်မျက် ရတနာဆိုင် သို့ တန်းသွားတော့သည်။
"ကိစ္စ က ရိုးရိုးလွယ်လွယ်လေးပါ။ ငါ့ဆီမှာ ပစ္စည်းဝယ်နေကျ ဖောက်သည်တစ်ဦးဖြစ်တဲ့ လူဝစ္စဘယ်လာမီ ဟာ ဥရောပ သွားနေတယ်၊ သူ့အိမ်က လောင်းအိုင်းလင်းရဲက ပင်လယ်ဘက် ကျောက်ဆောင်အငူ ထိပ်ပေါ် မှာ ရှိတယ်၊ စနေ၊ တနင်္ဂနွေဆိုရင် အိမ်စေတွေလဲ မရှိတော့ ... အိမ်မှာ ဘယ်သူမှ မရှိဘူး၊ လေးနာရီ တစ်ခါ ကင်းလှည့်ပြီး လာကြည့်တာပဲ ရှိတယ်၊ မိနစ်ပိုင်းအတွင်း မင်း အဲဒီအိမ်ထဲ ၀င်သွားပြီး ပြန်ထွက် နိုင်မှာပါ"
ကော်နတ်မော်ဂင် ၏ ရုံးခန်းတွင် ထရေစီနှင့် ကော်နတ်တို့ ထိုင်စကားပြောနေသည်။
"အချက်ပေး စနစ်အကြောင်းလဲ ငါ သိတယ်၊ သော့နံပါတ်စဉ် အတွဲလဲသိတယ်၊ မင်းလုပ်ရမှာကတော့ အေးအေး လူလူ လမ်းလျှောက်ဝင်သွားပြီး ကျောက်မျက်ရတနာတွေ ယူပြီး ပြန်လာရုံပဲ၊ ကျောက်မျက် ရတနာ တွေ ငါ့ဆီယူလာခဲ့၊ ငါပြန်ပြီး ပြင်လိုက်မယ်၊ ကြီးတာတွေကို သေးအောင် ဖြတ်တောက်ပြီး သွေး လိုက်မယ်၊ ပြီးတော့ ပြန်ရောင်းလိုက်မယ်"
"ဒီလောက် လွယ်နေရင် ဘာဖြစ်လို့ ရှင်ကိုယ်တိုင် မလုပ်တာလဲ" ထရေစီက ခပ်ပြတ်ပြတ် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ဆိုတော့ ငါက တခြား တစ်နေရာကို အလုပ်ကိစ္စနဲ့ သွားစရာ ရှိနေတယ်၊ ဒီလို ကိစ္စတွေ ဒီမြို့မှာ ဖြစ်တိုင်း ငါဟာ တခြား တစ်မြို့တစ်ရွာကို အလုပ်ကိစ္စနဲ့ ရောက်နေလေ့ ရှိတယ်"
"အင်း ... ကျွန်မ နားလည်ပြီ"
"မစ္စက်ဘယ်လာမီရဲ့ လက်ဝတ်ရတနာတွေ အခိုးခံရလို့ သူ့မှာ ထိခိုက် နစ်နာသွားလိမ့်မယ်ဆိုပြီး မင်း စိတ်မကောင်း ဖြစ်မနေနဲ့၊ ကမ္ဘာ့အနှံ့မှာ သူ့အိမ်တွေအများကြီး ရှိတယ်။ ကျောက်မျက်ရတနာတွေလဲ အိမ်တိုင်း မှာ ရှိတယ်၊ အဲဒါတွေကို သူက တန်ဖိုးနှစ်ဆမြှင့်ပြီး အာမခံထားတာ၊ ဒါကလဲ ငါပေးလိုက်တဲ့ အကြံပဲ"
"ကျွန်မ ထောင်ထဲတော့ ပြန်မသွားချင်ဘူး မစ္စတာမော်ဂင်"
"ဒီအတွက် မစိုးရိမ်ပါနဲ့၊ ငါ့လူ တစ်ယောက်မှ အဖမ်းမခံရဖူးသေးပါဘူး၊ ကဲ ဘာပြောဦးမလဲ"
ကိစ္စ က ရှင်းနေသည်။ သူမအဖို့ ဘာမှ ပြောစရာ မလိုတော့။
"ဒေါ်လာ နှစ်သောင်းငါးထောင်ပေးမယ်လို့ ရှင် ပြောထားတယ်နော်"
"ဟုတ်ပါတယ် ... မင်းက ပစ္စည်းပေးတဲ့ အချိန်မှာ ငါက ငွေအပြေပေးလိုက်မှာပဲ"
ငွေက မက်စရာ၊ သူမ ဘ၀အတွက် ဘာဆက်လုပ်မည်ကို စီစဉ်နိုင်သည်အထိ စားဝတ်နေရေးအတွက် လုံလောက်မည့် ငွေ၊ လက်ရှိ ပတ်ဝန်းကျင်မကောင်းသော နေရာမှလည်း ပြောင်းချင်နေသည်။
ဒီစနေည ဟာ အချိန်ကောင်းပဲ၊ အိမ်ဖော်တွေက စနေ နေ့လယ်ပိုင်းကစပြီး မရှိတော့ဘူး၊ မင်းအတွက် တခြားနာမည်နဲ့ ယာဉ်မောင်း လိုင်စင်ရယ်၊ အကြွေးဝယ် ကတ်ပြားရယ်ကို ငါလုပ်ထားမယ်၊ မင်း ဒီနယူးယောက် မင်ဟက်တန်က ကားတစ်စီငှားပြီး လောင်းအိုင်းလင်းကို မောင်းသွား၊ ညခုနစ်နာရီလောက် ရောက်လိမ့်မယ်၊ ကျောက်မျက်ရတနာတွေ ယူပြီး ပြန်မောင်းလာခဲ့၊ နယူးယောက်မှာ ကားပြန် အပ်လိုက်ပေါ့၊ မင်းကားမောင်းတတ်တယ် မဟုတ်လား"
"မောင်းတတ်တယ်"
"ကောင်းတယ်၊ ညခုနစ်နာရီ လေးဆယ့်ငါးမိနစ်မှာ စိန့်လူဝစ္စမြို့ကို ထွက်မယ့် ရထား ရှိတယ်၊ မင်း လိုက်သွားဖို့ အိပ်ခန်းတစ်ခန်း ငါ ကြိုတင်လက်မှတ် ၀ယ်ထားမယ်၊ စိန့်လူဝစ္စဘူတာက မင်းကို ငါစောင့်ပြီး တွေ့မယ်၊ မင်းက ပစ္စည်းပေး၊ ငါက ငွေပေးမယ်၊ ရော့ ပတ္တမြားရော့ နဂါးပေါ့"
ကောနတ် က အကွက်ကျကျ စီစဉ်ထားသည်။
ထရေစီသည် မလုပ်တော့ဘူးဟု ပြောကာ ထပြန်မည်ဟု စိတ်ကူးလိုက်သေးသည်။ သို့သော် မည်သည့် နေရာသို့ ပြန်မည်နည်း။ အဘယ်အရပ်သို့ သွားမည်နည်း။
"ရွှေရောင်ဆံပင် အတုတစ်ခုတော့ လိုမယ်"
ထရေစီက တစ်လုံးချင်း ပြောလိုက်သည်။
ထရေစီ ပြန်သွားသောအခါ ကော်နတ်သည် ရုံးခန်း အမှောင်ထဲတွင် တစ်ယောက်တည်းထိုင်ရင်း သူမ အကြောင်း စဉ်းစားနေမိသည်။ ချောမောလှပသူကလေး၊ တကယ်ကို ချောသူ၊ ရှက်တော့ ရှက်စရာ၊ မစ္စက်ဘယ်လာမီ အိမ်တွင် တပ်ထားသော လုံခြုံရေး အချက်ပေးစနစ်ကို မိမိ ကောင်းကောင်း သိလှသည် မဟုတ်ကြောင်း သတိပေး ပြောကြားလိုက်သင့်သည် မဟုတ်ပါလား။

(၁၆)
ကော်နတ်မော်ဂင်က ထရေစီအား ကြိုတင်စရံငွေ ဒေါ်လာတစ်ထောင် ပေးလိုက်သည်။ ထိုငွေဖြင့် ထရေစီ က ဆံပင်အတုနှစ်ခု ၀ယ်သည်။ တစ်ခုကအနက်၊ တစ်နက်က ရွှေရောင်။ ထို့အပြင် အပေါ်အောက် အနက်ရောင် ၀တ်စုံတစ်စုံ အပြာရင့်ရောင်တစ်စုံနှင့် ခရီးဆောင် လက်ဆွဲသေတ္တာ တစ်လုံးတို့ကိုပါ လက်ဆင်တန် ရိပ်သာလမ်းဘေး ဈေးဆိုင်မှ ၀ယ်ခဲ့သည်။
မော်ဂင်ထံမှ စာအိတ်တစ်လုံး ထရေစီထံ ရောက်လာသည်။ မော်ဂင် ကတိပေးထားသည့် အတိုင်းပင် ဘယ်လင်ဘရန့်ဟူသော အမည်ဖြင့် ယာဉ်မောင်း လိုင်စင်တစ်ခု ပါလာသည်။ ထို့အပြင် ဘယ်လာမီအိမ်၏ လုံခြုံရေး ယန္တရား တပ်ဆင်ထားပုံ၊ ပုံစံတစ်ခု၊ အိပ်ခန်းထဲရှိ မီးခံသေတ္တာဖွင့်သော နံပါတ်စဉ်အတွဲ၊ စိန့်လူဝစ္စ သွားရန် အမ်ထရက်ရထား သီးသန့်အခန်း လက်မှတ် တစ်စောင်တို့လည်း ပါလာသည်။
ထရေစီသည် သူမ၏ ကိုယ်ပိုင်ပစ္စည်း အနည်းငယ်ကို သိမ်းဆည်ညး ထည့်သိုပြီး အခန်းမှ ထွက်လာသည်။ ဤသို့ သေးနုတ်ညံ့ဖျင်းသော နေရာမျိုး၌ နောင်ဘယ်တော့မှ ပြန်မနေတော့ဟု ယတိပြတ် ဆုံးဖြတ်လိုက် သည်။ ထို့နောက် ကားတစ်စီး ငှားပြီး လောင်းအိုင်းလင်းသို့ မောင်းလာသည်။ ခိုးမှု ကျူးလွန်ရင် သူမ ခရီး စတင်လာပြီ ဖြစ်သည်။
သူမ စိတ်တုန်လှုပ် ချောက်ချားပြီး ကားမောင်းလာရာ လောင်းအိုင်းလင်းမှ ပင်လယ် ကျောက်ဆောက်ထိပ် သို့ ရောက်သောအခါ လမ်းတွင် ကားတိုက်မှု ဖြစ်လုနီးပါး နှစ်ကြိမ် ဖြစ်ခဲ့သည်။ ကော်နတ် လမ်းညွှန်လိုက် သည့်အတိုင်း မစ္စက် ဘယ်လာမီအိမ်သို့ ရောက်လာသည်။ အိမ်ကြီးမှာ တိတ်ဆိတ် ငြိမ်သက်နေသည်။ အိမ်စေ ပင် တစ်ယောက်မျှ မရှိ။ အိမ်ကြီးမှာ ၀ိတိုရိယခေတ် ရဲတိုက်ကြီးနှင့် တူလှသည်။
မိုးမခပင်များနောက်မှ အမှောင်ရိပ်ထဲသို့ ကားကို မောင်းနှင် သွားပြီး စက်သတ်လိုက်သည်။ ကားမှာ အမှောင်ရိပ်ကြောင့် မမြင်နိုင်တော့ပေ။ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်လှသည်။ ထိုအိမ်ကြီးသည် လမ်းမကြီး နှင့် ဝေးသော နေရာတွင် ရှိနေသဖြင့် ယခုလိုည အချိန်မျိုးတွင် ယာဉ်အသွားအလာ မရှိ သလောက် ဖြစ်သည်။
ထရေစီသည် ကားပေါ်တွင် ထိုင်နေရာမှ ကော်နတ် ပြောခဲ့သော စကားကို ပြန်ကြားယောင်လာသည်။
"အိမ်ကြီးက သစ်ပင်တွေနဲ့ ကွယ်နေတာ၊ အနီးဆုံး အိမ်နီးနားချင်းအိမ်က နှစ်ဧက သုံးဧက ဝေးတယ်၊ ဒီတော့ မင်းကို ဘေးပတ်ဝန်းကျင်က မြင်စရာအကြောင်း ဘာမှမရှိဘူး မစိုးရိမ်နဲ့၊ လုံခြုံရေးကင်းလှည့်ကား ကလဲ လေးနာရီးကြား တစ်ခါပဲ လာတာ၊ ညဆယ်နာရီတစ်ခါ၊ မနက်နှစ်နာရီတစ်ခါလာတာ၊ ဒီတော့ မင်း အတွက် အချိန်အများကြီး ရတယ်"
ထရေစီ လက်ပတ်နာရီကို ကြည့်လိုက်သည်။ ည၁၁-နာရီ ရှိပြီ။ ပထမအကြိမ် ကင်းလှည့်သွားချေပြီ။ ဒုတိယ အကြိမ် ကင်းလှည့်ကား ရောက်မလာမီကြား၌ သုံးနာရီအချိန်ရသေးသည်။
ထရေစီ ရှေ့ကြောင်း နောက်ကြောင်းများကို ပြန်စဉ်းစားသည်။ မိမိ ဘာလုပ်ရမည်နည်း၊ မိမိ သေသွားလျှင် ကော ငိုမည့်သူ ရှိမှာမို့လား၊ အာနက်စတိုင်းနှင့် အေမီတို့နှစ်ယောက်သာ ငိုပေလိမ့်မည်။ ထရေစီ အတွေး နက်ထဲ၌ ချီတုံချတုံ ဖြစ်နေရာမှ လက်ပတ်နာရီကို ကြည့်လိုက်ပြန်သည်။ "အလို ... ဘုရားရေ" သူမ ဘုရားတ လိုက်မိသည်။
အတွေးရေယာဉ်ကျော၌ မျောကာ နေ့ခင်း အိပ်မက်မက်နေသည်မှာ မိနစ် ၂၀-ပင် ရှိချေပြီ။ ဤအလုပ်ကို လုပ်မည်ဆိုလျှင် စဖို့ အချိန်တန်ပေပြီ။ သို့သော် သူမသည် ကားပေါ်၌ ထိုင်နေရာမှ လှုပ်ရှားမရဘဲ ဖြစ်နေ သည်။ ကြောက်လန့်ပြီး ထမရ ရွှေ့မရ ဖြစ်နေသည်။ သို့သော် ယခုကဲ့သို့ တစ်သက်လုံး ကားပေါ်ထိုင်နေ၍ မဖြစ်။ ဘာပဲဖြစ်ဖြစ် ရောက်မှတော့ ဤအိမ်ကို ကြည့်ရုံ သွားကြည့်လိုက်မည်။ ကမန်းကတန်း ကြည့်ရုံ လောက်ပေါ့။
ထရေစီ သက်ပြင်းချလိုက်ပြီး ကားပေါ်မှ အောက်သို့ ဆင်းလိုက်သည်။ သူမသည် အပေါ်အောက် အနက်ရောင်ဝတ်စုံကို ၀တ်လိုက်သည်။ ကားအောက်သို့ ရောက်သောအခါ ဒူးနှစ်လုံးက တဆတ်ဆတ် တုန် နေသည်။ အိမ်ကြီးဆီသို့ တဖြည်းဖြည်းချင်း ကပ်လာသည်။
တစ်အိမ်လုံး မည်းမည်းမှောင်နေသည်။
"လက်အိတ်စွပ်ထားဖို့ မမေ့နဲ့နော်" ဟူသည့် ကော်နတ်၏ စကားကို သတိရသဖြင့် အင်္ကျီအအိတ်ထဲမှ လက်အိတ်ကို ထုတ်ယူပြီး ၀တ်လိုက်သည်။ နှလုံးခုန်သံက မြန်ဆန် ကျယ်လောင်လွန်းသဖြင့် တခြားအသံ များ ကိုပင် မကြားရနိုင်တော့ဟု စိတ်က ထင်လာသည်။
ကော်နတ်၏ ညွှန်ကြားချက်ကို ပြန်လည် ကြားယောင်လာပြန်သည်။
"အချက်ပေးအသံမြည် ကိရိယာက အိမ်ရှေ့တံခါးရဲ့ ဘယ်ဘက်မှာ ရှိတယ်၊ ခလုတ်ငါးခု ရှိတယ်၊ မီးအနီ ပွင့်နေရင် အချက်ပြ လျှပ်စစ်ခေါင်းလောင်းသံမြည်ဖို့ အသင့်ဖြစ်နေတာပဲ၊ အဲဒါကို ပိတ်ရမယ့် လျှိုဝှက်နံပါတ် က ၃၂၄၁၁၊ မီးနီမှိတ်သွားရင် အသံမမြည်နိုင်တော့ဘူး၊ ရော့ ... ဒါက အိမ်ရှေ့တံခါးသော့၊ မင်းအထဲ ၀င်သွားပြီးရင် တံခါးကို အသေအချာ ပြန်ပိတ်ခဲ့၊ ဒါက လက်နှိပ်ဓာတ်မီး အသေးစား၊ ဒါကိုသုံး၊ အိမ်ထဲက မီးတွေ ကို တစ်လုံးမှ မဖွင့်နဲ့၊ မတော်တဆ ကားနဲ့ ဖြတ်သန်းသွားတဲ့လူက မီးမြင်ရင် မသင်္ကာ ဖြစ် နေဦးမယ်၊ အဓိက အိပခန်းက အပေါ်ထပ် ဘယ်ဘက်မှာ ပင်လယ်ကွေ့ကို အပေါ်က စီးမိုး မြင်နေရတယ်၊ လူဝစ္စ ဘယ်လာဖီရဲ့ ရုပ်ပုံနောက်မှာ မီးခံသေတ္တာ ရှိတယ်၊ ဖွင့်ရတာက မခက်ဘူး၊ ဟောဒီ နံပါတ်စဉ် အတိုင်းသာ လှည့်လိုက်။"
ထရေစီ ငူငူကြီး ရပ်နေမိဆဲ။ တဆတ်ဆတ် တုန်လှုပ်နေဆဲ။ အသံဗလံ ကလေး ချိုးချိုးချွတ်ချွတ်ကြားလိုက် ရသည်နှင့် တစ်ပြိုင်နက် တချိုးတည်း ထွက်ပြေးမိလမ့်မည် ထင်သည်။
ပကတိ တိတ်ဆိတ်ငြိမ်သက်နေသည်။ အပ်ကျသံပင် ကြားရလောက်သည်။ ထရေစီသည် တဖြည်းဖြည်း ချင်း အချက်ပေးကိရိယာ ခလုတ်ကို ကော်နတ်ပြောထားသည့်အတိုင်း လှည့်ပြီး ပိတ်လိုက် သည်။ မီးနီ ကလေး ငြိမ်းသွားသည်။ အချက်ပေးခေါင်းလောင်းသံ မမြည်နိုင်တော့ပေ။
ထရေစီသည် အိမ်ရှေ့တံခါး သော့ပေါက်ထဲသို့ သော့ထိုးသွင်းပြီး ဖွင့်လိုက်သည်။ တံခါးပွင့်သွားသည်။ ထရေစီသည် အထဲသို့ လှမ်းမ၀င်ခင် တစ်မိနစ်ခန့် ရပ်ပြီး ငြိမ်ကြည့်နေသေးသည်။ တစ်အိမ်လုံး မည်းမှောင် တိတ်ဆိတ်နေသည်။ လက်နှိပ်မီး အသေးလေးကို ထုတ်ယူပြီး အိမ်ထဲသို့ မီးရောင်ဖြင့် ထိုးကြည့်လိုက် သည်။ အပေါ်ထပ် တက်သည့်လှေကားကို တွေ့ရသည်။
ထရေစီ ရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားပြီး လှေကားပေါ်သို့ စတက်သွားသည်။ အမြန်ဆုံး ကိစ္စပြီး အောင် လုပ်၍ ဖြစ်နိုင်သမျှ အမြန်ဆုံး ဤနေရာမှ ပြေးချင်လာသည်။
ထရေစီ အပေါ်ထပ် ရောက်လာသည်။ လက်နှိပ်မီး အလင်းရောင်ဖြင့် ဆက်လျှောက်လာသည်။ သူ ဖြတ် လျှောက်လာသော အခန်းများကို ချောင်းကြည့်လာရာ အခန်းလွတ်များ ဖြစ်သည်။
စင်္ကြံလမ်း၏ ဟိုဘက်အဆုံးတွင် အဓိက အိပ်ခန်းကြီး ရှိသည်။ မော်ဂင် ပြောပြလိုက်သည့် အတိုင်းပင်။ ပင်လယ်ကွေ့ထိပ် ကျောက်ဆောင် အငူစွန်းမှနေ၍ အောက်သို့ လှမ်းမြင်နေရသည်။ အိပ်ခန်းမှာ ကျယ်ဝန်း လှပပြီး ပန်းနုရောင် သုတ်ထားသည်။ အိပ်ရာနှင့် မွေ့ရာခေါင်းအုံးများက ခံ့ညားထည်ဝါလှသည်။ မီးလင်းဖို ရှေ့တွင် ညစာ စားသော စားပွဲ ရှိသည်။ ဆိုဖာဆက်တီ ကုလားထိုင်နှစ်လုံးက ခုတင်ဘေး မလှမ်းမကမ်း၌ ချထားသည်။
ထရေစီ ခေါင်းထဲ အတွေးတစ်ခု ၀င်လာသည်။ သြော် ချားလ်ရယ်၊ ငါရယ်၊ တို့ကလေးလေးရယ် ဒီလို အိမ်ကြီး မှာ နေရတော့လုနီးပါး ဖြစ်ခဲ့သေးတာပဲ။ သို့သော် ထရေစီ ထိုအတွေးကို ချက်ချင်း ဖျောက်ပစ် လိုက်သည်။ ထရေစီ ပြတင်းပေါက်သို့ လျှောက်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ ပင်လယ်ကွေ့၌ ကျောက်ချ ရပ်ထားသော အပျော်စီး ရွက်လှေများကို တွေ့ရသည်။
ထရေစီသည် ပြတင်းပေါက်ကို ကျောခိုင်းလိုက်သည်။ မော်ဂင် ပြောလိုက်သည့်အတိုင်း လူဝစ္စဘယ်လာမီ၏ ရုပ်ပုံဆီသို့ လျှောက်လာသည်။ ရုပ်ပုံ ကားချပ်ကို ဖြုတ်ပြီး ဖယ်လိုက်သောအခါ နောက်ဘက်နံရံထဲတွင် မီးခံသေတ္တာ အသေးတစ်လုံးကို တွေ့ရသည်။ ကော်နတ်ပြောလိုက်သည့် မီးခံသေတ္တာ ဖွင့်ရမည့် နံပါတ်တွဲ ကို ချက်ချင်း သတိရလာသည်။ ညာဘက်သို့ သုံးခါလှည့်လိုက်သည်။ လေးဆယ့်နှစ်တွင် ရပ်လိုက်သည်။ ဘယ်ဘက်သို့ နှစ်ခါလှည့်လိုက်သည်။ တစ်ဆယ်တွင် ရပ်လိုက်သည်။ ညာဘက်သို့တစ်ခါ လှည့်လိုက် သည်။ သုံးဆယ် တွင် ရပ်လိုက်သည်။
ထရေစီလက်များက အလွန်အမင်း တုန်လှုပ်နေသည်။ ထို့ကြောင့် နှစ်ကြိမ်တိုင် ပြန်စပြီး လုပ်ရသည်။ ကလစ်ခနဲမြည်သံ ကြားလိုက်ရပြီး မီးခံသေတ္တာတံခါး ပွင့်သွားသည်။
မီးခံသေတ္တာထဲတွင် စာအိတ်ထူထူကြီးများတွင် စာချုပ် စာတမ်းများ အပြည့်နီးပါး ရှိသည်။ သို့သော် ထို အရာတွေ ကို ထရေစီ ဂရုမစိုက်။ မီးခံသေတ္တာ နောက်ဘက်တွင် စင်ကလေးပေါ်၌ တင်ထားသော ကျောက်မျက် ရတနာ လက်ဝတ်လက်စားများ ထည့်ထားသည့် အကောင်းစား သားရေအမွေးပွ အိတ်တစ်လုံး ကို တွေ့ရသည်။
ထရေစီ လက်က ထိုအိတ်ဆီသို့ ရောက်သွားပြီး စင်ပေါ်မှ မ ယူလိုက်သည်။ ထိုအချိန်မှာပင် ဖောက်ထွင်း ခိုးယူမှု အချက်ပေး လျှပ်စစ်ခေါင်းလောင်းသံက ကျယ်လောင်စွာ မြည်လာတော့သည်။ ထရေစီတစ်သက် ကြားဖူး သမျှ အသံတွေထဲတွင် အကျယ်လောင်ဆုံး အသံပင် ဖြစ်တော့သည်။ အခန်းထဲရှိ ထောင့်ပေါင်းစုံမှ တစ်ပြိုင် တည်း မြည်ဟိန်းလာသည်နှင့် တူလှသည်။
ထရေစီ အံ့အားသင့်ပြီး မတ်တတ် ရပ်လျက်နှင့် ကြက်သေသေသလို ဖြစ်သွားသည်။
ဘာများ မှားယွင်းသွားပါလိမ့်။ မီးခံသေတ္တာထဲတွင် တင်ထားပြီး ရတနာများကို မ ယူလိုက်သည်နှင့် အသံ မြည်သော အချက်ပေး ကိရိယာ တပ်ထားသည်ကို ကော်နတ်မောဂင် မသိ၍လော။
ထရေစီ အဖို့ ဤနေရာမှ အမြန်ဆုံးလစ်မှ ဖြစ်တော့မည်။ ရတနာများ ပါသော သားရေအိတ်ကို သူ့အင်္ကျီ အိတ်ထဲသို့ ထိုးထည့်လိုက်ပြီး လှေကားဆီသို့ စပြေးတော့သည်။ ထိုစဉ်မှာပင် အချက်ပေး ခေါင်းလောင်းသံ မြည်နေသည့်ကြားမှ အခြားအသံတစ်သံကို ထပ်ကြားလိုက်ရသည်။ ရဲမော်တောကား ဥသြ ဆွဲနေသော အသံပင် ဖြစ်သည်။
ထရေစီသည် လှေကားထိပ်၌ ရပ်လိုက်သည်။ အလွန်အမင်း ကြောက်လန့်တုန်လှုပ်နေသည်။ နှလုံးက တဒိုင်းဒိုင်း ခုန်နေပြီး ပါးစပ် ခြောက်လာသည်။ ထရေစီ ပြတင်းပေါက်သို့ ပြေးသွားပြီး ကန့်လန်ကာကို အသာလှပ်ကာ အပြင်သို့ ချောင်းကြည့်လိုက်သည်။ အဖြူနှင့် အမည်းရောင် ရဲကင်းလှည့်ကားက အိမ်ရှေ့ တွင် ထိုးဆိုက်လိုက်သည်ကို တွေ့ရသည်။
ထရေစီ ဆက်ကြည့်နေစဉ်မျာပင် ကားပေါ်မှ ယူနီဖောင်းဝတ် ရဲတစ်ဦး ဆင်းလာပြီး အိမ်နောက်ဘေးဘက် ဆီသို့ ပြေးသွားသည်။ နောက်တစ်ယောက်က အိမ်ရှေ့တံခါးပေါက်ဆီသို့ လျှောက်သွားသည်။ လွတ်လမ်း မရှိနိုင် တော့ပြီ။ သူခိုး အချက်ပေးခေါင်းလောင်းသံက မြည်နေသည်။
ထိုအသံသည် ထရေစီအဖို့ ထောင်ထဲက ထမင်းစားချိန် အချက်ပေးသံနှင့် တူလှမှန်း ရုတ်တရက် သိမြင် လာသည်။
"ဟင့်အင်း ... ဟင့်အင်း ... ထောင်ထဲ ပြန်မသွားဘူး" ထရေစီ ကယောက်ကတမ်း ပြောလိုက်မိသည်။
အိမ်ရှေ့ တံခါးမှ လူခေါ် ခေါင်းလောင်းသံ မြည်လာသည်။
လုံခြုံရေးမှူး မယ်လဗင်ဒါကင်သည် ဆီးကလစ်မြို့ ရဲစခန်း၌ အမှုထမ်းနေသည်မှာ ဆယ်နှစ် ရှိလာပြီ ဖြစ်သည်။ ထိုမြို့သည် အေးချမ်းငြိမ်သက်သော မြို့ကလေးတစ်မြို့ ဖြစ်သည်။ ကားခိုးမှု၊ အရက်မူးလွန်မှု၊ ရန်ဖြစ် ဖျက်ဆီးမှုစသော အမှုသေး အမှုဖွဲ့ကလေးများလောက်သာ ဖြစ်လေ့ရှိသော မြို့ဖြစ်သည်။
မစ္စက်ဘယ်လာမီ အိမ် တွင် သူခိုးအချက်ပေး ကရိယာ တပ်ဆင်ထားခြင်းမှာ သီးခြားကိစ္စတစ်ရပ် ဖြစ်သည်။ အဖိုးတန် ပန်းချီကားများနှင့် လက်ဝတ်ရတနာများ အမြောက်အမြား ရှိသဖြင့် ကြိုတင် ကာကွယ်မှု နောက်ဆုံးနည်းအရ ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုအဘွားကြီး ခရီးထွက်လျှင် လုံခြုံရေးမှူး ဒါကင်က ထိုအိမ်သို့ အချိန်မှန် သွားရောက် စစ်ဆေးပေးသည်။ ယခု အချက်ပေး ကိရိယာ၏ မြည်သံက လျှိုဝှက် ဆက်သွယ်ထားသော အာမခံ ဌာနချုပ်တွင် တပြိုင်တည်း မြည်လာသည်။ အာမခံဌာနက လှမ်းအကြောင်း ကြားသဖြင့် မိမိ ရောက်လာရခြင်း ဖြစ်သည်။
လုံခြုံရေးမှူးက လူခေါ်ခေါင်းလောင်း ခလုတ်ကို တတိယအကြိမ် နှိပ်လိုက်ချိန်တွင် အိမ်ရှေ့ တံခါးကြီး ရုတ်တရက် ပွင့်သွားသည်။ ရဲမှူးက စိုက်ကြည့်လိုက်သည်။
တံခါးဝတည့်တည့်တွင် အမျိုးသမီးတစ်ဦး ရပ်နေသည်ကို တွေ့ရသည်။ သူမသည် ပါးလွှာ တိုနံ့သော ည၀တ်အင်္ကျီတွင် ၀တ်ထားသည်။ ထူထူလိမ်းထားသော မိတ်ကပ်များက ဟိုတစ်ကွက်သည်တစ်ကွက် ကျန် နေသည်။ ဆံပင်ကောက်သည့် ခေါင်းစွပ် ဦးထုပ်ကို ဆောင်းထားသည်။
"ဘာတွေဖြစ်ကုန်ကြတာလဲ" သူမက မေးသည်။
"ကျွန်တော် ... အဲ ... ခင်ဗျားက ဘယ်သူလဲ" ရဲမှူး ဒါကင်က ပြန်မေးသည်။
"ကျွန်မက အယ်လင်ဘရန့်ပါ၊ ဒီ အိမ်ရှင် လူဝစ္စံဘယ်လာမီ ရဲ့ ဧည့်သည်ပါ၊ ကျွန်မ အိမ်ရှင်ကတော့ ဥရောပ ကို ခရီးသွား ... သွားတယ်"
"ကျွန်တော် သိပါတယ်၊ ဒါပေမယ့် သူ့အိမ်မှာ ဧည့်သည် ရောက်နေတယ်လို့ ကျွန်တော်တို့ကို ပြောမသွား ဘူး" ရဲမှူးက ဇဝေဇ၀ါ ဖြစ်သွားသည့်ပုံဖြင့် ပြောလိုက်သည်။
တံခါးဝတွင် ရပ်နေသော အမျိုးသမီးက သဘောပေါက် နားလည်သည့် အသွင်ဖြင့် ခေါင်းညိတ်ပြလိုက် သည်။
"အင်း ... ကျွန်မ သူငယ်ချင်း လူဝစ္စတို့ လုပ်လိုက်ရင် ဒီလိုပဲ ဖြစ်ရမယ်လေ ... ခဏလေး ခွင့်ပြုပါဦးရှင်၊ ကျွန် ဒီအသံကြီး ကို နားမခံနိုင်တော့ဘူး ပိတ်လိုက်ဦးမယ်"
ရဲမှူးဒါကင်ရပ် ကြည့်နေစဉ်မှာပင် ဧည့်သည်အမျိုးသမီးသည် အချက်ပေး ကိရိယာ ခလုတ်ဆီသို့ ရောက်သွားပြီး နံပါတ် များကို အစီအစဉ်တကျ နှိပ်လိုက်ရာ မြည်နေသော အသံ ရပ်သွားသည်။
"အင်း ... ခုမှပဲ နားခံသာ သွားတော့တယ်၊ ရှင်နဲ့ တွေ့ရတာ ၀မ်းသာပါတယ်၊ ကျွန်မ အိပ်ပျော်တော့မယ် ဆဲဆဲ မှာ အဲဒီ အချက်ပေးခေါင်းလောင်းသံကြီး စမြည်တော့တာပါပဲရှင်၊ အိမ်ထဲသူခိုးဝင်နေပြီလို့ ကျွန်မ ကတော့ ထင်တာပဲ၊ ပြီးတော့ အိမ်မှာက ကျွန်မတစ်ယောက်ထဲရယ်၊ အိမ်ဖော်တွေကလဲ နေ့လယ်ထဲက ပြန်သွားကြပြီ"
"စိတ်မရှိနဲ့နော် ... ကျွန်တော် အိမ်ထဲ ၀င်ရှာပါရစေ"
"ရပါတယ်ရှင် ... ရပါတယ်"
ရဲမှူးနှင့် သူ့အဖော်တို့ အိမ်အတွင်း အပေါ်ထပ် အောက်ထပ် လိုက်ရှာရာ ဆယ်မိနစ်ခန့် ကြာသော်လည်း ပုန်းအောင်းကွယ်ဝှက်နေသူဟူ၍ တစ်ဦးတစ်ယောက်မျှ မတွေ့ရပေ။
"အားလုံး ရှင်းပါတယ်၊ အချက်ပေးကိရယာက မှားပြီး သူ့ဟာသူ မြည်တာ ဖြစ်ပါလိမ့်မယ်၊ တစ်ခုခုကြောင့် မှားပြီး ဖြစ်တာမျိုး နေမှာပေါ့။ ဒီအီလက်ထရောနစ် ကိရိယာတွေကို လုံးဝဥဿုံ ယုံကြည် စိတ်ချ လို့တော့ မရဘူး။ သူ့ကုမ္ပဏီကို အကြောင်းကြားပြီး ပြန်စစ်ခိုင်းလိုက်ပါမယ်"၊ ရဲမှူးဒါကင်က ပြောသည်။
"ရှင် ကောင်းသလိုသာ ကြည့်လုပ်ပါတော့ရှင်"
"ကဲ ... ကျွန်တော်တို့ သွားဦးမယ်"
အခုလို လာရောက် စစ်ဆေးပေးတဲ့အတွက် အများကြီး ကျေးဖူးတင်ပါတယ်ရှင်၊ ကျွန်မလဲ စိတ်ချလက်ချ အိပ်နိုင်ပါပြီပေါ့"
ရဲကား ည အမှောင်ထဲသို့ မောင်းဝင်သွာသည်အထိ ထရေစီ စောင့်ကြည့်နေလိုက်သည်။ ယခုမှာ သူမအဖို့ စိတ်သက်သာရာ ရသွားသည်။ သူမ မြင်ကွင်းမှ မော်တော်ကား ပျောက်သွားသည်နှင့် တစ်ပြိုင်နက် အပေါ်ထပ်သို့ ပြေးတက်သွားသည်။ မျက်နှာပေါ်မှ မိတ်ကပ်များကို ဖျက်လိုက်သည်။ လူဝစ္စဘယ်လာမီ၏ ည၀တ်အင်္ကျီ နှင့် ဆံပင်ကောက် ခေါင်းစွပ်တို့ကို ချွတ်လိုက်သည်။ သူမ၏ အပေါ်အောက် အနက်ဝတ်စုံကို ၀တ်လိုက်သည်။ အချက်ပေးကိရိယာကို မူလအနေအထားမှန်အတိုင်း ပြန်ထားလိုက်ပြီး တချိုးတည်း လစ် ထွက် လာခဲ့သည်။
ထရေစီသည် မင်ဟက်တန်သို့ ကားဖြင့် ပြန်လာရာ လမ်းတစ်ဝက် အရောက်တွင် သူမလုပ်ခဲ့သည့် အကွက် ကို ပြန်သတိရပြီး အားရပါးရ ရယ်မိသည်။ သူမ ရယ်လိုက်သည်မှာ မျက်ရည်များပင် ထွက်လာသည့်အထိ ဖြစ်သည်။ သူမအဖို့ တစ်နှစ်အတွင်း ပထမဆုံးအကြိမ် ရယ်မိခြင်းပင် ဖြစ်သည်။
ဆက်ရန်
.
No comments:
Post a Comment