Monday, May 9, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၁ဝ)

သမီးရည်းစားတွေ ဖြစ်သွားကြပြီ ဆိုပေမယ့် သူများတကာလို လျှောက်လည်ခွင့်ရတာမဟုတ်။ ကဲဖို့ ဆိုတာ ဝေးရော။ တွေ့ခွင့်ရတာက ဟိုနှစ်ယောက်ရဲ့ ရှေ့မှောက်မှာ။ သူတို့က ယောက်ျားလေးဆိုတာ စိတ်ချရတာ မဟုတ်ဘူး ဆိုပြီး နည်းနည်းမှ အလစ်မပေး။
တွေ့ရတဲ့ နေရာတွေကလည်း ဓမ္မာရုံ၊ ဘုရားရင်ပြင်တော်ပေါ်မှာ။ တစ်ခါတလေတော့ တန်ဆောင်းတစ်ခု ထဲမှာ နှစ်ယောက်ချင်း ခဏတစ်ဖြုတ် ထိုင်ခွင့်ရသည်။ လူရှင်းတဲ့ အချိန်မှာ ပေါ်ဌေးက လက်ကလေး ကိုင် မယ်ကြံလျှင် -
" ဟင် ... ဘုရားပေါ်မှာနော်၊ ငရဲကြီးမှာ မကြောက်ဘူးလား "
ဟု ရင်ရင်ငြိမ်းက ဟန့်တတ်ပြန်သည်။

တစ်ခါတစ်ရံ ရုပ်ရှင်လေး ဘာလေး သွားကြည့်တာတော့ ရှိ၏။ ဒါလည်း ဘာထူးလို့လဲ။ ဟိုနှစ်ယောက်က တွဲလျက် ပါလာတာပါပဲ။ ရုံထဲမှာ အနှောင်းက လှည့်လှည့်ကြည့်ပြီး ချက်နေတာနဲ့ လှုပ်တောင် မလှုပ်ရဲ။
အဖော် ရသွားအောင် ဒေစီပွင့်ကို အေဘီကျော်နဲ့ အောင်သွယ်ပေးဖို့ ကြံစည်ကြည့်သေးသည်။ ငယ်ငယ် တုန်းကတည်း က သူတို့နှစ်ယောက်ကို စ ခဲ့ကြတာလေ။ သို့ရာတွင် အေဘီကျေက်ာက ဒေစီပွင့်ကို စိတ်မ၀င် စား။ သူကြိုက်တာက အနှောင်းကိုတဲ့။ " မဖြစ်နိုင်တာကွာ၊ ယောက်ျားလျာကြီးကို "
" ဒါတော့ မသိဘူး၊ ငါ့စိတ်ထဲ ဖီလင် ရှိတာကို ပြောတာ " " အဲဒါဆို မင်း အခြောက်လုပ်မှာပဲ ရမယ် "

အေဘီကျော်က တကယ် ပြောသလား၊ နောက်တာလားတော့ မသိ။ အနှောင်းနဲ့ ဆုံတဲ့အခါတိုင်း မိန်းကလေး ပီပီသသ နေရင်လှမှာပဲ၊ ဘာညာ ပြောတတ်သည်။ အနှောင်းကလည်း ဒီကောင့်ဆို လုံးဝမျက် နှာကြော တည့်တာမဟုတ်။
ပေါ်ဌေးမှာ ရင်ရင်ငြိမ်းနှင့် မတွေ့ဘဲ မနေနိုင်။ တွေ့ခွင့်ရဖို့ကလည်း ဒီတစ်နည်းပဲရှိသဖြင့် အလိုက်အထိုက် နေ နေရသည်။ သူတို့နှင့် အတူ ဘုရားရေသပ္ပာယ်ခင်း၊ ရင်ပြင်တော်ပေါ်မှာ တံမြတ်စည်းလှည်းခြင်း၊ ဓမ္မာရုံ မှာ ၀တ်တက်ခြင်းတို့ ပြုလုပ်ရသည်။ သူငယ်ချင်းတွေကတောင် ...
" မင်းတို့ လက်ထပ်ပြီးရင်လည်း ဒုကုလ နဲ့ ပါရိကာ တို့လို ချက်ပေါ် လက်တော်ရစ်ပြီး နေရမှာပဲ"
ဟု ၀ိုင်း စကြသည်။

ဒီကြားထဲမှာ ရေကြည်တော် ၀တ်အသင်းထဲ ၀င်ပါဟု ရင်ရင်ငြိမ်းက တိုက်တွန်းသဖြင့် ၀င်ရသည်။ ယောဂီ ရောင် ပုဆိုး ၀ယ်ရသေးသည်။ အမေက အ၀တ်လျှော်ဖို့ လုပ်ရင်း ပုဆိုးကို တွေ့တော့ မေးသည်။ ၀တ် အသင်း ထဲ ၀င်ထားလို့ပါ ပြောတော့ အံ့သြနေသည်။

ဒါတွေဟာ ရင်ရင်ငြိမ်းကြောင့် ဖြစ်ကြောင်း သူငယ်ချင်းတွေက ဖော်ကောင် လုပ်သည်။ ထိုအခါ အမေသည် ၀မ်းသာ အားရ ဖြစ်သွားသည်။ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်သွားပို့ခိုင်းတာတောင် အင်တင်တင် လုပ်တတ် တဲ့ကောင်က ရင်ရင်ငြိမ်းနဲ့ကျမှ အကျွတ်တရား ရသွားပြီဆိုပြီး အကျေနပ်ကြီး ကျေနပ်နေသည်။ ရင်ရင်ငြိမ်း ကို လည်း အဖိုးတန် မိန်းကလေးပဲဟု တဖွဖွ ချီးကျူးတော့သည်။
ပေါ်ဌေးသည် ဒီလို ပုံစံမျိုးကြီးနဲ့ ကြာကြာမနေနိုင်။ ထို့ကြောင့် အမြန်ဆုံး လက်ထပ်လိုခြင်း ဖြစ်၏။ ရင်ရင် ငြိမ်း က-
" နင့်ကို လက်သင့်ခံမိတာ မှားများ မှားသွားပြီလာ မသိဘူး၊ တကယ်တော့ ငါက ကိုယ့်အပူ ကိုယ်ရှာတဲ့လူ လိုဖြစ်နေပြီ"
ဟု မကြာခဏ ပြောသေးသည်။ တော်ကြာ မောင်နှမအချစ်မျိုးနဲ့သာ နေကြပါစို့ ဆိုလျှင် ခက်တော့မည်။ သူ စိတ်မပြောင်းခင် အမြန်စီစဉ်မှပဲ။ ပထမအဆင့်အဖြစ် လက်ထပ်စာချုပ် ချုပ်ထားလျှင် စိတ်ချရမည်။

ကံကောင်းချင်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ထိုရက်အတွင်းမှာ ရင်ရင်ငြိမ်းတို့ ဗေဒင်သွားမေးသည်။ ဆရာမ ကြီး က ရင်ရင်ငြိမ်းအနေဖြင့် သုံးလအတွင်းမှာ အိမ်ထောင်မပြုလျှင် အသက်အန္တရာယ် ရှိနိုင်သည်။ စတိ ဖြစ် ဖြစ် လက်ထပ်ရမည်။ ယောက်ျားလေးပုံ အရုပ်တစ်ရုပ်ကို အိပ်ရာထဲမှာထားပြီး ခုနစ်ရက်တိတိ အတူအိပ် ရမည်ဟု ဆိုသည်။
ထိုအချိန်မှာ ပေါ်ဌေးက လက်ထပ်စာချုပ် ချုပ်ထားချင်ပါတယ်ဟု ပြောလာသဖြင့် အတော်ပဲဖြစ်သွားသည်။ ဒါကြောင့်လည်း အနှောင်းတို့က လွယ်လွယ်ကူကူ သဘောတူ လက်ခံခဲ့ခြင်းဖြစ်၏။
ထိုဗေဒင် ဆရာမကြီး၏ ဟောကြားချက်တွေထဲက ပေါ်ဌေးသည် သာသနာပြုလုပ်ငန်းကို အထောက်အကူ ပြုလိမ့်မည် ဆိုသော အချက်သည် တက်တက်စင်အောင် လွဲမှားကြောင်းနှင့် ထိုကိစ္စကြောင့်ပင် နောင်တစ် ချိန်မှာ အကြီးအကျယ် ပြဿနာတက်လာလိမ့်မည်ဖြစ်ကြောင်း ထိုစဉ်က မသိခဲ့ကြ။
*
လမ်းက သိပ်ကောင်းမှာ မဟုတ်ဘူး ဆိုတာ သိပြီးသား။ ဒီလောက်ထိ ဆိုးမယ်လို့တော့ မခန့်မှန်းမိခဲ့။ ဟို အရင်တုန်း ကတော့ ကတ္တရာလမ်းဖြစ်ချင်လည်း ဖြစ်ခဲ့မည်။ ကျောက်ခင်းလမ်း၊ ဂ၀ံလမ်းဖြစ်ကောင်း ဖြစ်ခဲ့မည်။ ကျောက်ခင်းလမ်း၊ ဂ၀ံလမ်းဖြစ်ကောင်းဖြစ်ခဲ့မည်။ ခုတော့ မြေသားချည်းသာ ကျန်တော့သည်။ ရွှံ့တွေ ဖုံးလွှမ်း နေသည်။
သူ့ကားက အကြမ်းခံသော ဂျစ်ကားမို့ တော်တော့သည်။ ရှုခင်းကတော့ သာယာသည်။ လမ်းဘေးမှာ သစ် ပင်တွေ စီတန်းစိုက်ထားသည်။ တစ်ဖက်တစ်ချက်မှာတော့ လယ်ကွင်းပြင်ကြီးတွေ။ နေက အုံ့ပျပျ။ ကောင်း ကင် မှာ တိမ်စိုင်တိမ်လိပ်တွေ ပြေးနေသည်။

လှပသော ရှုခင်းကို ဂရုစိုက်မနေနိုင်။ လမ်းကိုသာ သတိထားကြည့်ရသည်။ အမြန်နှုန်းကိုလည်း မတင်ရဲ။ ဂီယာကြီးတွေနဲ့သာ ခပ်မှန်မှန်လေး မောင်းနေရသည်။ တစ်ချက် တစ်ချက် ရွှံ့တွေနဲ့ ချောပြီး ကားက ဘယ်ညာ ယမ်း သွားချင်သေးသည်။

ရှေ့မှာ ရေအိုင်တစ်ခုရှိသည်။ ရေ၀ပ်နေတာလောက်ပဲ အောက်မေ့ပြီး ဖြတ်မောင်းလိုက်သည်။ ကားရှေ့ပိုင်း က နိမ့်ဆင်း သွားပြီးမှ ဦးပြန်မော့လာသည်။ နည်းနည်းနက်ပုံရသည်။ အိုင်ထဲ နောက်ဘီး အိဆင်းပြီးနောက် တုံ့ခနဲ ရပ်သွားသည်။ ဂီယာချိန်းပြီး လီဗာကို ဖိနင်းလိုက်သည်။ ကားက တုန်ခါသွားရုံပဲ ရှိသည်။ ရှေ့ကို မရွေ့။ ၀ီဝီရှဲရှဲဆိုသော ဘီးလည်သံကို ကြားရသည်။ ကားသည် ပို၍ဖင်ထိုင်ကျသွားသည်။ ဗွက်နစ်သွားပြီ။ ဘက်ဂီယာ ထိုးပြီး နောက်ပြန်ဆုတ်ဖို့ ကြိုးစားသည်။ မရတော့။

ကားပေါ်က ဆင်းပြီး နောက်ဘီးကို ကြည့်သည်။ ဘီးတစ်ဝက်နီးပါးလောက် ဗွက်ထဲနစ်နေသည်။ ယက်အား ရအောင် ကျောက်ခဲတို့ သစ်တုံးတို့ ခံပေးမှရမည်။ အနီးအနားမှာ ဘာမှမရှိ။ အကူအညီရလိုရငြား ဟိုဒီ ကြည့်သည်။ လမ်းဘေး ခပ်လှမ်းလှမ်းမှာ တစ်ဖက်ရပ် တဲကလေးတစ်လုံးတွေ့သည်။ တဲရှေ့မှာ လူတစ် ယောက် ရပ်ပြီး ကားရှိရာကို လှမ်းကြည့်နေသည်။ ပေါ်ဌေးက လက်ပြလိုက်သောအခါ ထိုသူက လက်ပြန်ပြ ပြီး လျှောက်လာသည်။

" ကား ဗွက်နစ်နေလို့ဗျာ "
ပေါ်ဌေးက ပြောသည်။ ထိုသူက ကားအခြေအနေကို ကြည့်ပြီး -
" တွန်းလို့တော့ ရမှာ မဟုတ်ဘူး၊ ထော်လာဂျီနဲ့ ဆွဲမှ ရမယ် "
" ထော်လာဂျီက ... "

ခုမှ သတိပြုမိသည်။ တစ်ဖက်ရပ် တဲထဲမှာ ထော်လာဂျီတစ်စီးရပ်ထားသည်။
" အေးဗျာ ... ကူညီပါဦး "
" ဆွဲခတော့ ပေးရမယ်နော် "
" ဟာ ... ပေးရမှာပေါ့၊ ဘယ်လောက်လဲ "
" လေးထောင် "
" ဗျာ ... "
" ဒီဇယ်က အပြင်က ၀ယ်ရတာဗျ "
ဆီက အလွန်ဆုံးကုန်မှ အချိုပန်းကန် တစ်လုံးစာလောက်ပဲရှိမည်။

" မများလွန်းဘူးလားဗျာ "
" အခန့်မသင့်ရင် လေး ငါးကြောမက ဆွဲရမှာ၊ ကြိုးပြတ်သွားရင်လည်း မလွယ်ဘူး၊ ထော်လာဂျီကိုလည်း အနာခံပြီး ဆွဲရမှာ၊ ဒီလို လုပ်လေ ... အသွား အပြန် ငါးထောင် ပေးလိုက်ပေါ့ "
" ဘာ ... ဘယ်လို ... အသွား အပြန် ... ဟုတ်လား "
" ဟုတ်တယ်လေ၊ အပြန်ကျရင်လည်း ခင်ဗျား ကားနစ်ဦးမှာ၊ ကျွန်တော်ပဲ ဆွဲပေးရမှာ၊ ဒီလမ်းက ကားကြီး တွေပဲ သွားလို့ကောင်းတာ "
ဒီတော့မှ ပေါ်ဌေး သဘောပေါက်သည်။

ဒီလူက ဒီနားမှာ အဆင်သင့်စောင့်ပြီး လုပ်စားနေတာပဲ။ ဒီချိုင့်ခွက် ကြီး ဖြစ်အောင် သူကိုယ်တိုင်ပဲ တူးပြီး ထောင်ချောက် ဆင် ထားသလားလို့တောင် ထင်စရာ ဖြစ်နေ၏။ သို့ ရာတွင် သူ့ခွင်ထဲ ရောက်နေမှတော့ ဘာမှ မတတ်နိုင်။ ထို့ကြောင့် -
" ကဲ ... ပေးမယ်ဗျာ၊ မြန်မြန်သာလုပ် "
ဟု ပြောလိုက်တော့မှ ထော်လာဂျီကို သွားမောင်းယူလာသည်။ နိုင်လွန်ကြိုး ခပ်တုတ်တုတ် နှစ်ချောင်းပူး လည်း အဆင်သင့် ပါလာသည်။ ကြိုးချည်ပုံ၊ ထော်လာဂျီဖြင့် ရှေ့က ကျိတ်ဆွဲပုံတွေက တကယ့် ပရော်ဖက် ရှင်နယ် ပဲ။ ပေါ်ဌေးကလည်း စက်နှိုးပြီး အဆင်သင့်ပြင်ထားသည်။ ကားနောက်ဘီး မြေမာနှင့် ထိလောက် သော အချိန်တွင် လီဗာကို နင်းချလိုက်ရာ လမ်းပေါ်ထိုးတက်သွားသည်။
ဟိုပုဂ္ဂိုလ်က ကြိုးပြန်ဖြုတ်ပြီး ကားဘေး လာရပ်ရင်း -

" ခင်ဗျား ကံကောင်းတယ်၊ တစ်ချီတည်းနဲ့ရတာပဲ၊ တချို့ ကားတွေဆို မလွယ်ဘူး"
ပေါ်ဌေးက တခြမ်းစာအတွက် ငွေသုံးထောင်ပေးသည်။ ဟိုလူက ငါးရာ ပြန်မအမ်းဘဲ -
" ပိုတဲ့ ငါးရာ ကတော့ အပြန်အတွက် စရန်လို့ သဘောထားလိုက်ဗျာ၊ ကျွန်တော့်မှာ ပြန်အမ်းစရာ ငါးရာတန် မရှိဘူး "
ပေါ်ဌေး နည်းနည်းတော့ တင်းသွားသည်။ အချေအတင် မဖြစ်ချင်တော့သဖြင့် -
" ကျွန်တော် ညနေ လေးနာရီ၊ ငါးနာရီလောက် ပြန်လာမယ် "

ဟု ပြောပြီး မောင်းထွက်လာခဲ့သည်။ ရှေ့ခရီးကတော့ အနှောင့်အယှက်မရှိ။ လမ်းလည်း ပိုကောင်းလာ သည်။ နာရီဝက်လောက် မောင်းပြီးနောက် ချောင်းကမ်းစပ်သို့ ရောက်ရှိလာသည်။ ဟိုဘက်ကမ်းကို လှေကူး ရဦးမည်။ လှေဆိပ်က ဆိုင်ကလေးမှာ ၀င်နားရင်း အကြော်စားသည်။ လက်ဖက်ရည် သောက်သည်။ ထန်းရည် လည်း ရသည်ဟုဆိုသည်။ အသွားမှာတော့ သောက်လို့ မဖြစ်သေး။ အပြန်ကျမျ ၀ယ်သွားမည်ဟု စိတ်ကူးသည်။

ဆိုင်မှာ ကားအပ်ထားခဲ့လို့ ရမလား မေးကြည့်သည်။ စိတ်ချပါ။ ဘာမှ မပျောက်စေရပါဘူးဟု အာမခံသည်။ သူ့ကား က ဂျစ်ကား၊ ဘာမှ ပျောက်စရာလည်း မရှိ။ ထော်လာဂျီသမားတုန်းကလို ပြီးမျ ကားစောင့်ရှောက် ငါးထောင် ကျပါတယ် ဆိုတာမျိုး ဖြစ်နေမှာစိုးလို့ သေချာအောင် ဘယ်လောက်ပေးရမလဲ မေးသည်။

" ဟာ ... မပေးရပါဘူး၊ ကားက မြေကြီးပေါ်မှာ ရပ်ထားတာပဲဟာ၊ ထမ်းပိုးထားရတာမှ မဟုတ်တာ၊ လှမ်း ကြည့်ပေးရုံ ကတော့ ဘာပင်ပန်းတာမှတ်လို့ "
သူတို့ကျတော့လည်း သဘောကောင်းသားပဲ။ ထို့ကြောင့် ထန်းရည် ငါးပုလင်းလောက် ချန်ထားပေးပါ၊ ညနေ အပြန်ယူသွားမယ် ဆိုပြီး ငွေတစ်ခါတည်း ရှင်းထားခဲ့သည်။ လှေဆိပ်ကို ဆင်းသည်။ တခြား ခရီး သည် စောင့်မခိုင်းတော့ ဘဲ စင်းလုံးငှားလိုက်သည်။ လှေက တစ်ဖက်ကမ်းကို တိုက်ရိုက်ကူးပြီး ကပ်လို့မရ။ လတာပြင် ကျယ်ကြီး ရှိနေသည်။ ထို့ကြောင့် အောက်ကို နည်းနည်းစုန်ဆင်း၊ ချောင်းလက်တက်ကလေး တစ်ခု တည်း ချိုးဝင်ပြီးမှ ကမ်းကပ်ပေးသည်။

ကမ်းပေါ်မှာ စက်ဘီး ကယ်ရီသမားတွေ စောင့်နေသည်။ ခက်တာက ပေါ်ဌေးသည် စက်ဘီးကို နောက် ကယ်ရီယာခုံ မှာ ထိုင်ပြီး မစီးတတ်။
" ကျွန်တော် နင်းလို့ မရဘူးလား "
မေးတော့ အလှည့်ကျသော ကယ်ရီသမားက -
" ဘယ်ဖြစ်မလဲ၊ ဒီလမ်းတွေ ဆရာ နင်းတတ်မှာ မဟုတ်ဘူး၊ စိတ်ချပါ၊ မိန်းကလေးတွေတောင် လိုက်ရဲ သေး တာပဲ"

မတတ်သာသဖြင့် ကယ်ရီယာပေါ် ထိုင်လိုက်ရသည်။ စက်ဘီးသမားက တကယ်ပဲ ကျွမ်းကျင်လှသည်။ ပေါ် ဌေး သည် အစပိုင်းမှာ အဆင်မပြေသော်လည်း ခဏအကြာတွင် အသားကျသွားသည်။ နောက်ပိုင်းကျတော့ လယ်ကွင်း တွေကြားက ကွေ့ကွေ့ကောက်ကောက် လမ်းကလေးပေါ်မှာ စက်ဘီးစီးရတာကို အရသာ တွေ့ ချင်သလို တောင် ဖြစ်လာ၏။
ကျယ်ပြန့်သော လယ်ကွင်းကြီးကို ဖြတ်သန်း တိုက်ခတ်လာသော လေထဲမှာ အနံ့တစ်မျိုး ပါနေသည်။ တကယ်တော့ ရန်ကုန်မြို့ပေါ်မှာ ဒီဇယ်နဲ့၊ ဓာတ်ဆီနံ့၊ ညှော်နံ့၊ ချွေးနံ့၊ ရေမွှေးနံ့၊ ဓာတ်ငွေ့နံ့စသည်တို့ ရော နှော ပေါင်းစပ် နေသော လေကို ရှူနေကျ ဖြစ်သိဖြင့် ဒီက လတ်ဆတ်သော လေကို တစ်မျိုးကြီးဟု ထင်နေ ခြင်းဖြစ်၏။ အမှန်မှာ ဘာအနံ့မှ မပါသော လေကိုပင် အနံ့တစ်မျိုး ရှိနေသည်ဟု ထင်မိခြင်းဖြစ်၏။

စက်ဘီးသမားကလည်း သဘောကောင်းသည်။
စက်ဘီးသမား ကလည်း သဘောကောင်းသည်။ ဘုန်းကြီးကျောင်းဝင်းထဲအထိ လိုက်ပို့ရုံမျှမက ဆရာ တော် ရှေ့မှောက် အထိ ခေါ်သွားပေးသည်။ ဆရာတော်ကလည်း ပေါ်ဋ္ဌေး တွေ့လိုသူကို ချက်ချင်း ခေါ် ပေးသည်။ ခဏအကြာ တွင် ဦးပဉ္စင်းတစ်ပါး ရောက်ရှိလာသည်။ ပေါ်ဋ္ဌေး တအံ့တသြ ဖြစ်သွားသည်။ ထိုဦးပဉ္စင်းမှာ သူ တွေ့လိုသော အေဘီကျော် ပင် ဖြစ်၏။

အေဘီကျော်သည် နယ်မှ ရန်ကုန်သို့လာပြီး ဆွေမျိုးတွေ အိမ်မှာနေရင်း ကျောင်းတတ်သူဖြစ်၏။ ကျောင်းပြီး သွားတော့ ရန်ကုန်မှာ အလုပ်ရှာသည်။ ကျူရှင်ကျောင်းတစ်ကျောင်းမှာ ခဏ၀င်လုပ်သည်။ နောက်တော့ မြို့ငယ်လေး တစ်မြို့မှာ တွဲဖက်ကျောင်းဆရာ အလုပ်ရသွားသည်။ အစပိုင်းမှာ ကျောင်း ရက်ရှည် ပိတ်တဲ့ အခါ ရန်ကုန်သို့ ဆင်းလာတတ်သေးသည်။ နောက်တော့ အဆက်အသွယ် ပြတ်သွား သည်။ ဘယ်ပြောင်း သွား မှန်းလည်း မသိ။

သူနဲ့ မတွေ့တာ အတော်ကြာသွားပြီ။ အခု "ဟိုကိစ္စ"ပေါ်လာမှ မရမကစုံစမ်းပြီး လိုက်လာခဲ့ခြင်းဖြစ်၏။ ဒီ ရောက်တော့ အေဘီကျော်က ဘုန်းကြီးဖြစ်နေပြီ။ ဦးပဉ္စင်း သီတင်းသုံးရာ ကျောင်းကလေးသို့ လိုက် သွားသည်။ သွပ်မိုး၊ ၀ါးထရံကာ အဆောက်အအုံ ခပ်သေးသေးဖြစ်၏။ အသုံးအဆောင်ပစ္စည်းရယ်လို့ လည်း များများ စားစား မရှိ။ အတော်အေးချမ်းသော ဘ၀ကို ရရှိနေပုံပေါ်သည်။
"ကျုပ်လည်း ကျောင်းဆရာ လုပ်နေရင်းက လူ့ဘ၀ကို ငြီးငွေ့လာတယ်၊ တစ်ကိုယ်တည်းသမား... သံယောဇဉ်လည်း မရှိ၊ ငါ့မှာ ဘာများခင်တွယ်စရာ ရှိလို့လဲလို့ တွေးမိရာက သာသနာ့ဘောင်ထဲဝင်မိ တာပဲ။ အစ ကတော့ ပျော်သလောက်ပဲ ၀တ်မယ် စိတ်ကူးခဲ့တာ၊ တကယ် ငြိမ်းချမ်းတဲ့အရသာကို ခံစား မိလာတာနဲ့ ရဟန်းဘ၀ မှာ မြဲသွားတာပါပဲ။ ဒကာကြီးနဲ့ ပြန်တွေ့ရတာကိုတော့ ၀မ်းသာတယ်၊ ဒကာမ ကြီးကော နေကောင်း ရဲ့လား"

"ကောင်း... ကောင်းပါတယ် ဘုရား"
ဟု စိတ်မပါ့တပါ အလိုက်အထိုက် ဖြေရသည်။ နောက်တော့ တခြားသူငယ်ချင်းတွေအကြောင်း မေးသ ဖြင့် ပြောပြ ရသည်။ ပေါ်ဋ္ဌေးသည် ပြောနေတဲ့စကားက တခြား၊ အာရုံက တခြားဖြစ်နေပုံကို ဘုန်းတော် ကြီးတစ်ပါး ၏ အလေ့အကျင့်အရ ဦးပဉ္စင်းက ရိပ်မိသွားပုံရသည်။
"အင်း... ဒီနေရာအထိ တကူးကတန့် လာပုံထောက်တော့ ဒကာကြီးမှာ အကြောင်းထူးတစ်ခုခုရှိနေပုံရ တယ်"
ဟု စကားလမ်းကြောင်းပေးလိုက်သည်။ ပေါ်ဋ္ဌေးမှာ အတော်ခွကျနေ၏။ နောက်လား ပြောင်လား ဆိုဆို ဆဲဆဲ နေခဲ့သော သူငယ်ချင်းက အခုတော့ ဘုန်းကြီးဖြစ်နေသည်။ ရိုးရိုး ဟိုအကြောင်း၊ ဒီအကြောင်း ပြော ရတာတောင် အသားမကျသေး။ ဟုတ်ကဲ့ တစ်ခွန်း၊ တင်ပါ့ တစ်ခွန်း။ သူငယ်ချင်းတွေအကြောင်း ပြောတဲ့အခါ. .. "ဟာ... ဒီကောင်ကတော့ကွာ"ဆိုတာမျိုး ယောင်ပြီး ပြောမိတတ်သေးသည်။

အစတုန်းကတော့ ဒီကိုရောက်လျှင် အေဘီကျော်နှင့် အတူတူသောက်မယ် စိတ်ကူးပြီး ဟိုက်ကော်မရှင် နာ တစ်လုံး တောင် လက်ဆွဲအိတ်ထဲ ထည့်ယူလာခဲ့သေးသည်။ အေဘီကျော်က ၀ီစကီကောင်းကောင်း မသောက်ဖြစ်တာ ကြာပြီဆိုပြီး လှိမ့်တွယ်လိမ့်မည်။ သူ အတော်လေး ထွေလာပြီဆိုလျှင် အခြေအနေ ကို ကြည့်ပြီး ကောင်းထွန်းတုန်းကလို မလိမ့်တပတ်လုပ်ပြီး လက်မှတ်ထိုးခိုင်းမည်။ အခွင့်မသာလျှင် လည်း အမှန် တစ်ဝက် ပြောမည်။ ကျန်တစ်ဝက်ကတော့ ရင်ရင်ငြိမ်းကပဲ စတင်ပြီး ကွာရှင်းချင် နေသ ယောင်ယောင် ဖြစ်အောင် လှည့်ပတ်ပြောမည်ဟု စဉ်းစားလာခဲ့သည်။

ခုတော့ ခက်နေပြီ။ ရောက်လာပြီးမှတော့ "ဘာမှ မဟုတ်ပါဘူး၊ သတိရလို့ လာတာပါ"ဆိုတာမျိုး မလုပ် ချင်။ တတ်နိုင် သမျှ ကြိုးစားကြည့်မယ်ဆိုပြီး စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ရင်ရင်ငြိမ်းနှင့် ကွာရှင်းချင်တဲ့ အကြောင်း ပြောပြလိုက်သည်။
ဦးပဉ္စင်းမှာ ဣနြေ္ဒသိက္ခာကို ထိန်းထားတဲ့ကြားကပင် တအံ့တသြဖြစ်သွားတာ သိသာ၏။
"ဒကာကြီး နှုတ်က ကိုယ်တိုင်ပြောလို့သာ ယုံရတယ်၊ အံ့သြစရာပဲ၊ အင်းလေ... နှစ်တွေ ကြာလာတော့ လည်း သဘောထားတွေ ပြောင်းချင်ပြောင်းကြမှာပေါ့။ ဒါနဲ့ ဘာပြဿနာများ ဖြစ်ကြတာတုံး"
ပေါ်ဋ္ဌေး ရှင်းပြရခက်နေသည်။ "ဟိုဒင်းကိစ္စပါ" ဆိုပြီး ပြောလို့လည်းမဖြစ်။ ဘုန်းကြီးကိုး။ ထို့ကြောင့် ခေါင်းကုတ်ပြီး "အင်း... အဲ" လုပ်နေသည်။

"ပြောရမှာ ခက်ရင်လည်း မပြောပါနဲ့၊ တကယ်တော့ ဒါတွေဟာ ဘုန်းကြီးနဲ့လည်း မဆိုင်ပါဘူး"
ဟု မေးခွန်း ကို ပြန်ရုပ်သိမ်းသွားလို့ တော်သေးသည်။ သို့တိုင်အောင် လာရင်းကိစ္စကိုတော့ မပြောလို့ မဖြစ်။ ဒီ နေရာထိ အပင်ပန်းခံလာပြီးမှ လက်ချည်းသက်သက်တော့ မပြန်နိုင်။ ဘုန်းတော်ကြီးကို မလေး မစား မရို မသေ လုပ်တယ်ပဲ ထင်စေတော့။ ရှေ့မျက်နှာ နောက်ထားပြီး-
"ဒီလို ရှိပါတယ် ဘုရား၊ လက်ထပ်စာချုပ်တုန်းက ဦးပဉ္စင်းတို့ သက်သေလက်မှတ်ထိုးခဲ့ကြသလို၊ အခု ကွာရှင်း စာချုပ်မှာလည်း ကိုယ့်တော့်အနေနဲ့ လက်မှတ်ထိုးပေးဖို့"

ဦးပဉ္စင်း မျက်မှောင်ကုတ်သွားသည်။ လက်ထပ်စာချုပ်ပဲဖြစ်ဖြစ်၊ ကွာရှင်းစာချုပ်ပဲဖြစ်ဖြစ် သက်သေနှစ် ယောက် (ဘယ်သူမဆို) ရှိလျှင် တရားဝင်ပြီ။ ခုလို ခရီးဝေးအထိ တကူးတကန့် လာတာရယ်၊ ဘုန်းကြီး ကိုတောင် ချမ်းသာမပေးဘဲ လက်မှတ်ထိုးခိုင်းနေတာရယ်က သံသယဖြစ်စရာရှိနေ၏။ ရိုးရိုးသားသား မှ ဟုတ် ရဲ့လား။ မူမမှန်ဘူးဟု မရိပ်မိဘဲ နေမှာမဟုတ်။ ထို့ကြောင့်-
"ဒါတော့ မဖြစ်နိုင်ပါဘူး ဒကာကြီး၊ ဘုန်းကြီးဆိုတာ မင်္ဂလာဆွမ်းကျွေးကိုသာ စားရရိုးထုံးစံ ရှိပါတယ်။ ကွာကြ ရှင်းကြ တဲ့ ကိစ္စမျိုးတော့ ၀င်မပါကောင်းဘူး၊ သင့်လည်း မသင့်တော်ပါဘူး"
"ဤတွင်ရွေ့"ဟု ရှေးဆန်ဆန်ပဲ ပြောရမလား။ အမေတို့ ပြောသလို "ပါတောပိတ်ပြီ" လို့ပဲ ဆိုရမလား။ ကိစ္စ ကတော့ ပြတ်ပြီ။ ဆက်ပြီး အရေးဆိုခွင့် မရှိတော့။

"စိတ်မကောင်းပါဘူး။ လောကမှာ လူသန်းပေါင်းများစွာ ရှိတဲ့အထဲက ဒီလူနှစ်ယောက်မှာလာပြီး ဖူးစာ ဆုံ တယ် ဆိုတာ တော်ရုံ ရေစက်ကြောင့် မဟုတ်လား၊ ဘ၀ပေါင်းများစွာကတည်းက ဖြည့်ဆည်းခဲ့ကြ တဲ့ ပါရမီ ကြောင့်ပဲ၊ ဒါကြောင့် စိတ်လိုက်မာန်ပါတော့ မလုပ်စေချင်ဘူး၊ အချိန်ယူ စဉ်းစားသုံးသပ်ပြီး ဆုံး ဖြတ်ချက်ကို ပြင်သင့်ရင် ပြင်ပါလို့ မေတ္တာရပ်ခံပါရစေ"
ဟု ထပ်ပြီး ဆုံးမသြ၀ါဒပေးနေသေးသည်။

ပေါ်ဋ္ဌေးဆီမှာ ဦးပဉ္စင်းကို ဆက်ကပ်လှူဒါန်းဖို့ ဘာပစ္စည်း၊ ဘာအစားအသောက်မှ ပါမလာ။ ၀ီစကီ တစ်ပုလင်း သာ ပါသည်။ ထို့ကြောင့် ဦးပဉ္စင်း လိုရာသုံးပါဆိုပြီး ငွေနှစ်သောင်းဖြင့် ကန်တော့သည်။ ဦးပဉ္စင်း က လက်မခံ။
"ကျုပ်မှာ ဘာမှသုံးစရာ မရှိပါဘူး။ အားလုံးပြည့်စုံနေပြီပဲ။ ဒကာကြီး လှူချင်တယ်ဆိုရင်တော့ ဆရာ တော်ကြီး ဆီမှာ န၀ကမ္မအဖြစ် ကပ်ခဲ့ပေါ့"
ဟု ဆိုသဖြင့် ဆန္ဒအတိုင်း ဆောင်ရွက်ပေးလိုက်သည်။ ပေါ်ဋ္ဌေးအနေဖြင့် ပြန်ခါနီးမှာ ဦးပဉ္စင်း အေဘီ ကျော် ကို အပြောသင့်ဆုံး စကားတစ်ခွန်း မပြောဖြစ်ခဲ့။ အဆင့်သင့်တဲ့အခါ ရန်ကုန်ကို ကြွလာဖို့ ဖိတ် ကြားရန် ပျက်ကွက် ခဲ့ခြင်းပင် ဖြစ်၏။

ဆက်ရန်
.

2 comments:

ပင်နီ said...

Thanks sis ...:)

Anonymous said...

Thanks Sis.

Ray