Monday, May 9, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၁၁)

အခန်း(၁၃)
လင်ကီ

ဟန့်ဂရင်နီသည် မွေးကတည်းက တိုက်ပွဲနှင့် စခဲ့ရသူ ဖြစ်သည်။ ဟန့်တို့ မိသားစုသည် တောင် ကာရိုလိုင်းနား ပြည်နယ် ဂရင်းဗဲလီတွင် တစ်ခုတည်းသော ဂျူးမိသားစု ဖြစ်သည်။ ဟန့်၏ အဖေ ဆော်လ် ဂရင်နီ မှာ သင်္ဘောဆေး စက်ရုံတွင် လစာ အနည်းဆုံး အလုပ်သမား ဘ၀မှ စခဲ့ရသည်။
ဂျူး လူမျိုး ဖြစ်ရခြင်း၊ ဆင်းရဲမွဲတေခြင်း တို့သည် ဟန့်တွင် ဆူးတစ်ချောင်းပြီး တစ်ချောင်း ပေါက်လာခြင်း၏ အကြောင်းရင်း များ ဖြစ်လေသည်။
ကျောင်းသားဘ၀ တွင် အားကစား မထူးချွန်သဖြင့်လည်း မျက်နှာ မပွင့်ခဲ့။ ခေါင်းကောင်းသော် လည်း မျက်စိ မှုန် သဖြင့် ဘယ်အသင်းကမှ သူ့ကို မသုံးခဲ့။ ဘယ်မိန်းကလေးမှ သူ့ကို ဂရုမစိုက်။
ဆယ်တန်းအောင်သည့်အခါတွင် ဂျူးလူမျိုးဖြစ်နေ၍ တက်ချင်သည့် ကောလိပ်ကို မတက်ရ။ ကြိုက်သည့် မိန်းကလေး က ဘယ်တော့မှ ပြန်မကြိုက်။ ဤသို့ဖြင့် ဟန့်ဂရင်နီသည် ဆူးမျိုးစုံ ပေါက်နေသည့် အမုန်းခွန်အား နှင့် လူသားတစ်ယောက် ဖြစ်လာတော့သည်။

လင်ကီ ကို တွေ့ကတည်းက ပုံစံကျ အထက်တန်းလွှာမှ ဖြစ်ကြောင်း ဟန့်ဂရင်နီ တန်းသိလိုက်၏။ ဘာသာတိုင်း ဂုဏ်ထူးရှင်၊ အမျိုးသမီးလောကမှ ငမူးအယ်ဒီတာ ချာလီလင့်ဆီမှာ အလုပ်လုပ်နေ သော်လည်း မိမိ နှင့် လုံးဝတန်းမတူနိုင်သည့် အဆင့်မျိုး။
လင်ကီ ၏ တည်းဖြတ်မှု လက်ရာများကို ဟန့် သေသေချာချာ ဖတ်ပြီးပြီ။ အစီရင်ခံစာမှာ သိပ်သည်း ကျစ်လျစ်၏။ အကြံပေးစာမှာ ခိုင်ခံ့၏။ အားကောင်း၏။ သည်မိန်းကလေး၏ အကြံပေး သည့်အတိုင်း စာရေးဆရာ သို့မဟုတ် စာရေးဆရာမ လိုက်နာမည်ဆိုလျှင် ယင်းစာမူစွံဖို့ မြေကြီး လက်ခတ်မလွဲဟု သတိထား မိ၏။

သူ ငှားသုံးနေသည့် အယ်ဒီတာတွေနှင့် စာလျှင် လင်ကီဒက်စမွန်စသော ထိုအမျိုးသမီးသည် သုံးဆလောက် မြန်ပြီး သုံးဆ လောက် ပိုတော်သည်ဟု ဟန့် သုံးသပ်လိုက်သည်။ ရော့ဖ် ၀ိတ်စ်လို လူတစ်ယောက်က ထောက်ခံ ထားသည့် အတွက်လည်း ဘယ်လိုမှ အထင်သေး၍ မဖြစ်။ ဆယ့်ရှစ်လအတွင်း ရော့ဖ်ကို သူ လေးကြိမ် အလုပ်ဖြုတ်ခဲ့ပြီးပြီ။ သူ မရှိလျှင် အလုပ်မဖြစ်သဖြင့် လေးကြိမ်လုံး ပြန်ခန့်ခဲ့ရ၏။

စာမူတစ်ပုဒ်ကို တန်ဖိုးဖြတ်ရာ၊ တည်းဖြတ်ရာတွင် အလွန်ထက်သည့် အယ်ဒီတာတစ်ယောက် အဖြစ် ဟန့် အသိအမှတ် ပြုထားရသည်။
ဘာသာစုံ ဂုဏ်ထူးထွက်သည့် မိန်းကလေးမျိုး အင်္ဂလိပ်စာပေ အဓိက ယူသည့် မိန်းကလေးမျိုးကို စာကြမ်းပိုး မကလေးဖြစ်၍ မြင်ပြီး စိတ်ပျက် ငြီးငွေ့စရာ ကောင်းလိမ့်မည်ဟု ဟန့် ထင်ခဲ့၏။ ပြီးတော့ ပိုးဟပ်ဖြူ ပုံစံကလေးဖြင့် ယောက်ျားသားတို့ စွဲမက်စရာဟူ၍ အငွေ့အသက်မျှပင် ရှိမည် မထင်ခဲ့။ ထို့ကြောင့် လင်ကီဒက်စမွန်ဆိုသည့် မိန်းကလေးသည် မျက်မှန်ထူကြီးနှင့် ဆံပင်တွေ ဖွာလံကြဲနေသည့် မိန်းကလေး မျိုး ဖြစ်ရမည်ဟု ကြိုတင် မှန်းဆထား၏။

သည်လို ပုံစံမျိုးများနှင့် ဟန့် ဆုံဖူးပေါင်း များပြီ မဟုတ်လား။ အထတ်တန်းကျောင်းမှာရော တက္ကသိုလ်မှာပါ အကြိမ်ကြိမ် တွေ့ဖူး၏။ စာအုပ်နှင့် မျက်နှာမခွာဘဲ ရည်စားသနံထားရကောင်း မှန်းလည်း မသိဘဲ ကျောင်းပြီး လို့ အချိန်တန်လျှင် စာကြည့်တိုက်မှူးအလုပ်မျိုး စေတနာ့ဝန်ထမ်း လူမှုရေး အလုပ်မျိုးနှင့် ညား သွားတတ်ကြ၏။ ဘယ်လို ယောက်ျားမျိုး၏ စိတ်ကိုမှ ညွတ်ပြောင်း လာအောင် လုပ်နိုင်စွမ်း မရှိသော မိန်းကလေး မျိုးတွေ။
ရုံးခန်းထဲကို လင်ကီ လှမ်းဝင်လာတော့ ဟန့်က ဟဲလိုဟု လှမ်းနှုတ်ဆက်လိုက်မိသည်။

ဧည့်သည်ထိုင်ခုံတွင် ၀င်ထိုင်လာသော မိန်းကလေးကို ဟန့်က မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။ ပြီးတော့ မျက်မှန်ကို ချွတ်ပြီး လည်စည်းနှင့် ပွတ်သည်။ ပြန်တပ်ပြီး တတိယ အကြိမ် အသင့်ပြင်လိုက်၏။
လင်ကီ က ရှေ့သို့ မသိမသာ ကိုင်းပြီး အစစ်ဆေးခံဖို့ အသင့်ပြင်လိုက်၏။

မှန်းထားချက်နှင့် တခြားစီ ဖြစ်နေသော ရှေ့မှ မိန်းမချောကို ဟန့် ငေးကြည့်နေသည်။ အရပ် ခြောက်ပေ၊ ၀တ်ထား သည့် အနက်ရေင် သိုးမွေး ဆွယ်တာက အကောင်းစား၊ ကိုယ်နေဟန် ကောက်ကြောင်းကို ပေါ်လွင် နေစေသည့် မီးခိုးရောင် စကတ်၊ ဆံပင်ကို ခပ်တိုတိုညှပ်ထားပြီး မျက်လုံးအရောင်က ပြာမလိုလိုနှင့် အစိမ်းရောင် သန်းနေ၏။ စူးရှထက်မြက်မည့်ပုံ။
စိန်စီ လက်ထပ် လက်ထပ် လက်စွပ်ကလေး ၀တ်ထား၏။ လက်မှ နာရီက မိကျောင်းသားရေကြိုး နှင့် အဖိုးတန် အကောင်းစား။
စည်းပြင် က လူ့ခွစာ ဟန့်ဂရင်နီက ရှေ့မှ  အကြင်မိန်းကလေးသည် မိမိ အလွန် မုန်းတီးသော အလွှာမှ ဖြစ်ကြောင်း တန်းသိလိုက်သည်။

သည်လို မိန်းကလေးမျိုးက ရော့ဖ်ဝိတ်စ်၏ လက်ထောက်အဖြစ် ၀င်လုပ်မည်တဲ့၊ ဖြစ်နိုင်ပါမည် လား။ ပြီးတော့ ရော့ဖ်ဝိတ်စ် အလုပ်လုပ်နေသည့် ဟန့်ဂရင်နီ၏ စာပေပေါင်းကူးသည် နာမည်ကျော် စာအုပ် တိုက်ကြီး တစ်တိုက် မဟုတ်။
ကံကောင်းခြင်းပါလားဟု မယုံကြည်နိုင်စွာ တွေးလျက် မိန်းမချောထံမှ မျက်စိ မခွာနိုင်ဘဲ ဖြစ်နေ၏။

မကောင်းသတင်း မွှေးလှသူ ဟန့်ဂရင်နီထံတွင် လူတွေ့ စစ်ဆေးခံရသည့်အဖြစ်မှာ လင်ကီ အတွက် ရင်တုန် စရာ ကောင်းလှသည်။ မျက်မှန်ထူကြီး တပ်ထားသည့် မျက်နှာကြီးက ၀က်ခြံရာ တွေ ထူလဗျစ်နှင့်။ ဆေးလိပ်နံ့ က သူ့ကိုယ်မှာ တထောင်းထောင်း။

ပြုံးရယ်ခြင်း အလျဉ်းမရှိသည့် မျက်နှာဖြင့် ဧည့်သည် အမျိုးသမီးငယ်တစ်ဦးကို ကြိုဆို မတ်တတ် ထရပ်ဖို့ သူ လုံးဝ သတိရပုံမပေါ်။ လက်ဆွဲနှုတ်ဆက်ဖို့လည်း သူ သိပုံမရ။
ဘာများ အမှားအယွင်း ရှိလို့ပါလိမ့်ဟု လင်ကီ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ် ကြည့်သည်။ မြင်မြင်ချင်း သူ ငါ့ ကို မုန်းစိတ် ၀င်နေခြင်းလားဟု ခံစားမိ၏။
အနက်ရောင် ကို ၀တ်လာမိလို့ အသုဘရှု သွားသည့်ပုံစံတော့ မဆောင်တန် စကောင်းဟု လင်ကီ ယုံကြည် သည်။
မေးသမျှ မေးခွန်းကို ကျေနပ်အောင် ဖြေနိုင်ပါစေဟုသာ လင်ကီ ကြိတ်ပြီး ဆုတောင်းရတော့၏။

ဟန့်ဂရင်နီ မိမိအား ကြောက်ရွံ့နေသည့် အဖြစ်ကို လင်ကီ လုံးဝ မရိပ်မိ။
စားပွဲပေါ် မှ ဖိုင်တွဲကို သူ ဖွင့်သည်။ လည်ချောင်းရှင်းပြီး သူ အလုပ်စသည်။
"နာမည် ဘယ်လိုခေါ်လဲ"
"နာမည် ဘယ်လိုခေါ်လဲ၊ ဟုတ်လား"
လင်ကီ က ခပ်ကြောင်ကြောင် ပြန်မေးလိုက်သည။ မေးပြီးမှ မှားမှန်းသိလိုက်၏။ သေလိုက်ပါတော့ ကွာ။ သူ့မေးခွန်း ကို လုံးဝ နားမလည်သည်တော့ အမှန်၊ ကိုယ်ရေးမှတ်တမ်းကို သူ ဖတ်ပြီး မေးနေခြင်း မဟုတ် လား။ သူ စာမတတ်တာတော့ မဖြစ်နိုင်။

ဟန့်ဂရင်နီက ကုလားထိုင်ကို နေရာရွှေ့ရင်း၊ စိတ်အနှောင့်အယှ့် ဖြစ်သွားသည့် အမူအရာဖြင့်
"မင်းကို ကျုပ်က ဘယ်လို ခေါ်ရမှာလဲ၊ ဟန့်ဂရင်နီက မိန်းကလေးတိုင်းကို ငယ်နာမည်ခေါ်ပြီး ဆက်ဆံ တတ် တဲ့ ကောင်မျိုး မဟုတ်ဘူး"
"လင်ကီ လို့ ခေါ်ပါ"
ဟန့်ဂရင်နီက ချောင်းတစ်ချက်ဟန့်ပြီး
"အမျိုးသမီး လောကမှ မင်းဘာလုပ်သလဲ၊ ပြီးတော့ ဘာကြောင့် တို့တိုက်ကို ပြောင်းချင်ရသလဲ ဆိုတာ အကြောင်း ပြပါ"
ပြောပြီး ကုလားထိုင်နောက်ကျောကို ဟန်ပါပါ ပစ်မှီလိုက်သည်။

"ကျွန်မ ချာလီလင့်ဆီမှာ အလုပ်လုပ်ပါတယ်"
စိတ်လှုပ်ရှား စွာဖြင့် ဖြေမိဖြေရာ စွတ်ဖြေလိုက်ခြင်း ဖြစ်၏။
"ဟာ သေတော့မှာပဲ ဒါတော့ သိတာပေါ့"
သူ ကိုယ်ရေးမှတ်တမ်းဖိုင်တွဲ ကို ပုတ်ပြီး ဆက်ပြောသည်။

"မင်း အင်္ဂလိပ်စကားမတတ်ဘူးလား၊ မင်း ဘာလုပ်သလဲလို့ ကိုယ်မေးနေတာ"
"အဓိက အားဖြင့်တော့ ချာလီလင့်ရဲ့ အလုပ်တွေကို ကျွန်မ လုပ်ရပါတယ်"
သူက စိတ်မရှည်နိုင်တော့သည့် အမူအရာဖြင့်
"တတိယအကြိမ် ကျုပ်မေးတယ်၊ မင်း ဘာအလုပ် လုပ်သလဲ၊ ဒါမှမဟုတ် မင်း ငတုံး တစ်ယောက်လား"
"ကျွန်မ စာမူ တွေ ဖတ်ရပါတယ်၊ စာချုပ်ချုပ်တဲ့ ကိစ္စတွေ ဆောင်ရွက်ရတယ်၊ ၀တ္ထုကြီးတွေ မဂ္ဂဇင်း ထဲမှာ ပြန်ထည့် ဖို့ အပြင်က အယ်ဒီတာတွေရေးတဲ့ အနှစ်ချုပ်တွေကိုလည်း တည်းဖြတ်ပေးရပါ တယ်"
ရက်ထဲ ရှိတာတွေကို ကြောက်ကြောက်နှင့် အန်ထုတ်လိုက်ပြီးတော့ ဘာဆက်ပြော ရမှန်းမသိတော့ ဘဲ ပါးစပ် အဟောင်းသား ဖြစ်နေသည်။

"နောက်တော့ကော၊ နေ့လယ်စာ စားပြီး ဘာလုပ်ရသလဲ၊ ထုတ်ဝေသူတွေ လုပ်ပေးတဲ့ ဧည့်ခံပွဲ တွေ တက်တဲ့ အကြောင်း ထည့်မပြောနဲ့"
"စာချုပ်စာတမ်း ပြင်ဆင်တာတို့၊ စာအုပ်ထွက်မယ့်ရက် သတ်မှတ်တာတို့၊ စာမူပွဲစားတွေနဲ့ ဆွေးနွေးတာကို ကျွန်မပဲ လုပ်ပါတယ်။ ပေးရန် ရရန်  တိကျမှန်ကန်အောင် ငွေစာရင်းဌာနကို ကြီးကြပ်ပေးရပါတယ်။ ပန်းချီဆရာ တွေဆီမှာ ပုံအပ်တဲ့ ကိစ္စကိုလည်း ကျွန်မပဲ တာဝန်ယူပါတယ်။ တခြာ မဂ္ဂဇင်းတွေ လွတ်သွားတဲ့ စာအုပ်မျိုး တွေကို အမျိုးသမီးမှာ သုံးဖို့ စာမူရွေးရာမှာလည်း ကျွန်မ ပါရပါတယ်။ ပြီးတော့ ..."

"ကဲ ကျုပ်လိုချင်တာ ရပြီ၊ စက်သေနတ်ပစ်သလို ဆက်မပြောနဲ့တော့ မင်း ပြောနေတာတွေက အရေ အတွက် တွေ၊ ကျုပ် သိချင်တာက အရည်အချင်း၊ မင်းဘယ်လောက် တော်တယ်လို့ မင်းကိုယ်မင်း ထင်သလဲ"
"ချာလီလင့် အတွက်တော့ ကျွန်မဟာ မရှိမဖြစ်ပဲ"
ဟန့် က သူစားပွဲပေါ် ငါးအသေကောင် တစ်ကောင် ပစ်ချလိုက်သလို မျက်နှာပေးဖြင့် လင်ကီကို ကြည့် သည်။
"သြော် မင်း အထက်လူကြီးက ငတုံး၊ မင်းက ပညာရှင်၊ ဒီလို ဆိုချင်တာလား"
"အဲဒီလို မဟုတ်ပါဘူး၊ ချာလီက လူတော်တစ်ယောက်ပါ၊ ဒါပေမယ့် လူပျင်း၊ ဒါထက် ကောင်းတဲ့ နေရာမျိုး မှာ  ကျွန်မ လုပ်ချင်တယ်"
"ကျုပ်ဆီမှာ ပိုကောင်းမယ်လို့ မင်းထင်နေသလား"

"ခုတော့ မထင်တော့ပါဘူး"
"မင်း နောက်ထပ် မှားပြန်ပြီ၊ တစ်ပတ်ကို ခုနစ်ဆယ့်ငါး ဒေါ်လာရမယ်၊ မနက်ဖြန် စဆင်း၊ မင်း အလုပ် တော်မယ်၊ အချိန်မှန်မယ်၊ ကျုပ်ကို စိတ်အနှောင့်အယှက် မပေးဘူးဆိုရင် ခြောက်လ အတွင်း လခ တိုး ကောင်း တိုးမယ်၊ တိုးကောင်း တိုးမယ်ဆိုတာ သေချာပေါက် မဟုတ်ဘူးလို့ ဆိုလိုတာ"
စိတ်ချောက်ချားစရာ ကောင်းလှသည့် စစ်ဆေးမူကို ဖြတ်သန်းပြီး အလုပ်ရလိုက်ပြီဟု လင်ကီ သဘောပေါက် လိုက်၏။ တစ်ပတ် ခုနစ်ဆယ့်ငါးဒေါ်လာဆိုတော့ ဆယ်ဒေါ်လာ ပိုရမည်ပေါ့။
"ကျွန်မ မနက်ဖြန်တော့ မဆင်းနိုင်သေးဘူး၊ ချာလီ့ကို နှစ်ပတ်ကြိုပြောရမှာမို့ပါ"
အလုပ် မရခင် အဖြုတ်ခံနိုင်ဖွယ်ရှိသော်လည်း ဇွတ် ပြောချလိုက်၏။

"မင်းက ဘာလဲ၊ လောကနီတိရဲ့  သမီးပျိုလား"
"ဟုတ်တယ်၊ အမှန်ပဲ"
လင်ကီ လေသံကြောင့် ဟန့်ဂရင်နီ စဉ်းငယ်မျှ ဖြုံသွား၏။ ပထမဆုံး အကြိမ် သူ လျှော့သွားသည်။ အလုပ် ရရုံ မက လူထူးလူဆန်း အလုပ်ရှင်နှင့် ထိပ်တိုက် ရင်ဆိုင် ပွဲလည်း ဆင်နွှဲပြီးဆုံးသွားပြီး ဖြစ်၍ လင်ကီ့ စိတ်ထဲ ပေါ့ပါးသလို ဖြစ်သွားသည်။
သည်တော့မှ ရှေ့တည့်တည့်မှ လူ့ခွစာဟု နာမည်ကြီးသော အလုပ်ရှင်ကို အကဲခတ်ဖို့ သတိရ သည်။
အညိုရောင် ၀တ်စုံ၊ နိုင်လွန်ရှပ်အင်္ကျီနှင့် အကောင်းစားလည်စည်းတို့ကို မသေမသပ် ၀တ်ဆင် ထား၏။  ဆံပင်ပုံ က လူနှင့် အချိုးမကျ၊ ဖြစ်ကတတ်ဆန်း နေတတ်ပုံ ပေါ်လွင်နေ၏။ ဒါလည်း ဟန်ပဂရင်နီ၏ ကိုယ်ပိုင် ဟန် ဖြစ်ပုံရ၏။

သို့သော် သူ့တွင် အလွန်ပင် အားကောင်းသည့် ဆွဲငင်မှုတစ်မျိုး ရှိနေသလို ထင်ရ၏။ အားကောင်း မောင်းသန် ပုံစံမျိုး၊ သူအကြည့်ခံရသည်နှင့် သွေးခုန်နှုန်းတွေ မြန်လာသလိုလို၊ တစ်ကိုယ်လုံး ပူနွေး လာ သလို ထင်ရ၏။ ကျောင်းပေါက်မာ အရာတွေကို ထင်နေသည့် ၀က်ခြံဖုများက လူပျို ဖော်ဝင်ချိန်တွင် ယောက်ျားဟော်မုန်း လွန်ကဲခြင်း လက္ခဏ၊ မျက်မှန်ထူထူကြီးက သူ့အသိဥာဏ် ခွန်အားကို ပြနေသည့် အလား။

စီးကရက် ဖွာရှိုက်ပုံက ဒေါသတကြီး။ သူ့စကိုက်ကို ပြနေဘိသို့။
လင်ကီ မတ်တတ်ထရပ်ပြီး သူ့ကို  လက်ဆွဲနှုတ်ဆက်ရင်း အဆင်ပြေပြေ တွဲဖက် လုပ်ကိုင်ဖို့ မျှော်လင့် ကြောင်း ထုံးစံအတိုင်း ပြောလိုက်သည်။ သူက မျက်မှန်ထူကြီး အောက်မှ မျက်လုံး ပြူးကြည့်ရင်း
"မင်း အဲဒီလို ထင်သလား၊ ကျုပ်ဟာ အလုပ်သမားကို ခိုင်းတဲ့နေရာမှာ ကျွဲခိုင်း၊ နွားခိုင်း ခိုင်းတဲ့ လူစားဆိုတာ စာအုပ် လောကတစ်ခုလုံး သိတယ်"
"ရှင့်အကြောင်း ကျွန်မ ကြားသမျှ အားလုံး မယုံကြည်ပါဘူး။ ခိုင်းတဲ့နေရာမှာ ရက်စက်သလို၊ သိပ်တော်တဲ့ စာအုပ် သမားတစ်ယောက် ဆိုတာလဲ ကျွန်မ ကြားဖူးပါတယ်"
ဟန့်ဂရင်နီ က ရှေ့မှ  အမျိုးသမီးကို ခဏ ငေးကြည့်နေသည်။

"အေးလေ၊ ဟုတ်မဟုတ် ကြည့်ကြသေးတာပေါ့"
ပြောပြောဆိုဆို တယ်လီဖုန်းကောက်ကိုင်ပြီး လင်ကီ့ကို အခန်းထဲက ထွက်ဖို့ လက်ဝှေ့ပြလိုက် သည်။ သူ့ မျက်နှာပေါ်တွင် မည်သည့် အဓိပ္ပာယ်မှ လင်ကီ မတွေ့လိုက်။

ဟန့်ဂရင်နီ၏ ရုံးခန်းထဲမှ လင်ကီ ထွက်လာခဲ့သည်။ ရင်ထဲတွင် မခံချင်စိတ်နှင့် ပျော်ရွှင်မှုတို့ ရောထွေး လျက်။ သို့သော် ပျော်ရွှင်မှုဘက်က အလေးသာနေသည် ထင်၏။ သာမန် မိန်းကလေးတို့ လုပ်နိုင်စွမ်းသော အလုပ်မျိုးကို မိမိလုပ်နိုင်ခဲ့ခြင်း မဟုတ်လား။ အတွင်းရေးမှူးဘ၀က လွတ်တော့ ကျွတ်တော့မည်။
အဆင့်မြင့်မြင့် ရာထူးမျိုး မဟုတ်သော်လည်း၊ ရည်မှန်းထားသော နေရာမျိုး မဟုတ်သေးသော် လည်း အယ်ဒီတာ ဟု အခေါ်ခံရတော့မည်။ အမျိုးသမီးလောက မဂ္ဂဇင်းတိုက်ဆီသို့ ဦးတည် လျှောက်နေရင်း အယ်ဒီတာ ဟူသည့် စကားလုံးကလေးသုံးလုံးကို လင်ကီ အမြတ်တနိုး ကြည့်မိ သည်။

သူများ အခိုင်းခံ၊ အတွင်းရေးမှူးဘ၀မှ အယ်ဒီတာဘ၀သို့ ရောက်ရတော့မည်။ ဘ၀၏ အပျော်ဆုံး နေ့တစ်နေ့ ကို ရောက်လာသလို ပျော်နေမိ၏။ အဖေအမေသာ ရှိသေးလို့ ဒီသတင်းမျိုး ပြောပြလိုက် ရလျှင် ...။
အခြား စိတ်လှုပ်ရှားမှုတစ်ခုအကြောင်းတော့ ပြောပြမည် မထင်။ အန္တရာယ် စက်ကွင်းထဲ ရောက်နေသလို အလွန် စိတ်ကျဉ်းကျပ် မွန်းနစ်ချင်စရာ ကောင်းသည့် စိတ်ခံစားမှုမျိုး၊ အလုပ် အတွက် စိုးရိမ်ထိတ်လန့်ခြင်း  မဟုတ်၊ အလုပ်ရှင် ဟန့်ဂရင်နီကြောင့် ဖြစ်၏။
အလုပ်ရပြီဖြစ်ကြောင်းနှင့် အလုပ်ထွက်တော့မည့်ဖြစ်ကြောင်း ချာလီလင့်ကို ပြောပြတော့ -
"ဘာ ဟန့်ဂရင်နီ ဆီမှာ ဟုတ်လား၊ မင်း နောက်နေတာလား၊ လင်ကီ" ဟု ချာလီ တအံ့တသြ မေးသည်။

လင်ကီက အလုပ်ထွက်မည်ဟု ကြေညာလိုက်သောအခါ ချာလီ၏ နားထဲတွင် ဗုံးကွဲသံလို ဆူညံ ရိုက်ခတ် သွားသည်။ နေ့လယ်စာ စားပြီးချိန်ဖြစ်၍ မူးသေည့် အရှိန်ကလေး ရုတ်ခြည်း ပြေသွား တော့၏။ေ၀၀ါး နေသည့် မျက်လုံးများ ချက်ချင်း ကြည်လင်လာ၏။ လင်ကီ မရှိလျှင် မဖြစ်မှန်း သူ သိသည်လေ။
"လင်ကီ တကယ် ပြောနေတာ ချာလီ၊ နှစ်ပတ်အတွင်း လင်ကီ ဟိုမှာ အလုပ်ဝင်တော့မယ်၊ ဒီအတွင်း ချာလီ လူစား ရှာတော့"
"မင်း ပြန်စဉ်းစားပါဦး လင်ကီ၊ လခ တိုးဖို့ ကိုယ်ကြည့်ပါဦးမယ်"
လင်ကီ ဘာမှ မပြော။

"ရာထူးတက်ဖို့လည်း ကိုယ် ကြိုးစားပေးမှာပေါ့"
လင်ကီ က မလှုပ်။ အတန်ကြာမှ
"မရတော့ဘူး ချာလီ၊ လင်ကီ အားလုံး စီစဉ်ပြီးခဲ့ပြီ"
ယခုမှ ရာထူးတိုးပေးဖို့ သတိရသည်တဲ့။ တစ်ကိုယ်တော် တိုက်ပွဲ ၀င်ခဲ့သည့် ဘက်တီးရီးစ်၏ ကာမိကာဇီ နည်း ကို ပြေးသတိရလိုက်၏။
"မင်းရဲ့ အနာဂတ် ဒီမှာ ပိုကောင်းမယ်ထင်တယ် လင်ကီ၊ စိတ်ရှည်ရှည် ထားပါကွာ"
"တစ်သက်လုံး စိတ်ရှည်ရမှာလားဟင်"
လင်ကီ ပြန်ပက်လိုက်ပုံက မြန်ဆန် သွက်လက်လှသည်။ မြွေပေါက်သည့်နှယ်။

"မင်းတစ်နေ့မှာ နောင်တရလိမ့်မယ် လင်ကီ၊ ဟန့်ဂရင်နီဆိုတဲ့ ကောင်က လူတကာရဲ့ မျက်ခုံးမွေး ပေါ်မှာ စင်္ကြန် လျှောက်နေတဲ့ကောင်"
လင်ကီ အလုပ်ထွက်မည်ဆို၍ သွေးပျက်နေရာမှ ဣနြေ္ဒ ဆည်နိုင်လောက်သည့်အခါတွင် ချာလီက လေချို သွေးသည်။
အယ်လ်ဗင်ဟေးကလည်း လင်ကီ့ ဆုံးဖြတ်ချက်ကို မထောက်ခံ။

"ဦးက သမီးစာအုပ်လောကကို ၀င်သွားတယ်ဆိုတော့ ဟေးဝဒ်တိုက်မှာ အောက်မေ့နေတာ"
အယ်လ်ဗင်ပြောသည့် တိုက်က ကမ္ဘာကျော် စာအုပ်တိုက်ကြီး။ ဟန့်ဂရင်နီကို သူ ကြားဖူးစရာ အကြောင်း မရှိ။ ထို့ကြောင့် လင်ကီက ရှင်းပြရသည်။ ဟန့်ဂရင်နီ၏ စာပေပေါင်းကူးမှာ ငွေရေး ကြေးရေး သိပ်မတောင့်တင်း သည့် စာမူပွဲစား တိုက်ကလေး ဖြစ်ကြောင်း၊ သတင်း မဂ္ဂဇင်းမှ သတင်းထောက် စာရေး ဆရာ အိုဝင်ကာဆယ်နှင့် ကက်သလင်ုးဒိုးရင်းမှလွဲပြီး ပင်တိုင် စာရေး ဆရာတစ်ယောက်မှ မရှိသေးကြောင်း စသည် စသည်။

"ဟန့်ဂရင်နီဆီမှာ ပြောင်းပြီးလုပ်ဖို့ ဆုံးဖြတ်ပြီးရင်လည်း ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်ပေါ့" ဟု ပီတာက ထောက်ခံ သော်လည်း လင်ကီ ဆုံးဖြတ်ချက်မှန်မမှန်ကိုမူ သံသယ ၀င်လျက် ရှိသည်။
"မကြိုက်ရင် နောက်တစ်နေရာ ပြောင်းလုပ်လို့ ရတာပဲ၊  အဲဒီလို အခါမှာ ကိုယ့်မိန်းမကို အားလုံးက နားလည် ကြမှာပါ" ဟုလည်း နှစ်သိမ့်သည်။
"ဒါပေမယ့် အဲဒီလိုဖြစ်ရင် လင်ကီကိုယ်လင်ကီ နားလည်မှာ မဟုတ်ဘူး"

အလုပ်ထွက်ရခြင်းကို အရှုံးပေးခြင်းများ ဖြစ်နေမလားဟု လင်ကီ ဇဝေဇ၀ါတစ်ချက် ဖြစ်သွားသည်။ အရှုံး ပေးခြင်း သည် ပျက်စီးခြင်းနှင့် သံတူကြောင်းကွဲ မဟုတ်လား။
ဟန့်ဂရင်နီ၏တိုက်တွင် တရားဝင်အလုပ်မဆင်းမီ ကတည်းက သူ့ကို လိုက်နိုင်အောင်၊ သူ မငြိုငြင် အောင် လုပ်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ လင်ကီသည် သူ့ဘ၀ မျက်နှာစာအသစ်ကို လှလှပပ ဖွင့်နိုင်မည်ဟု ယုံယုံ ကြည်ကြည်ဖြင့် စိတ်နှလုံး တုံးတုံးချထား၏။

စိတ်ပျက်စရာ ကောင်းသည့် မိမိလုပ်အားကို အသိအမှတ်ပြု မခံရသည့် ကာလများ ကုန်ဆုံး လွန်မြောက်ခဲ့ ပြီဟုလည်း ယုံကြည် ထားလိုက်၏။ တောက်ပသည့် အနာဂတ်ကို လှမ်းမြင်နေရပြီ မဟုတ်လား။ ထိုအချိန် မှ  စ၍ ကိုယ့်ကိုယ်ကိုယ် ခေတ်၏ သမီးပျိုတစ်ယောက် ဖြစ်စေရမည်ဟုလည်း ဆုံးဖြတ်ထားလိုက်၏။ ယောက်ျား တစ်ယောက်ယောက် ၏ အကူအညီ မပါဘဲ လိုချင်သည့် အဆင့် ကို ရောက်စေရမည်ဟုလည်း သန္နိဌာန်ချ ထား၏။ လင်ကီ့ကို ကြည့်ပြီး ပီတာ သဘောတွေကနေ သည်။ ပြီးတော့ လန့်သလိုလို ဖြစ်လာသည်။
"မင်း ဆုံးဖြတ်ချက်တွေက တစ်ခါတစ်ခါ ကြောက်စရာတောင် ကောင်းတယ် လင်ကီ" ဟု ပြောတော့ လင်ကီက -
"မောင်က ဘာလို့ ကြောက်ရမှာလဲကွယ်" ပြန်ပြော၏။

"အေးလေ ကြောက်ရမယ့်အထဲမှာ ကိုယ် မပါသင့်ပါဘူးနော်"

၁၉၆၃ခုနှစ် ဇန်န၀ါရီလတွင် စာပေပေါင်းကူးတိုက်သို့ လင်ကီ ရောက်သည်။ နေ့လယ်စာ စားလျှင် သုံးနာရီ ကြာသော ချာလီလင့်အား တာ့တာ လုပ်ပြီး ဟန့်ဂရင်နီနှင့် သူ့အချိန်မှတ် နာရီကို ဟဲလိုဟု နှုတ်ဆက်၍ အလုပ်ဝင်လုပ်သည်။
ရုံးကို  စောစောရောက်သည့်အကျင့်ကို ဆက်ထိန်းထားသည်။ ရုံးသို့ အစောဆုံး ရောက်သူမှာ လင်ကီ။ သို့သော် ဟန့်ထက်တော့ တစ်ခါ မစောနိုင်။ ဟန့်ဂရင်နီက ရုံးကို အိမ်လို သဘောထားနေ သူ။
"ဘာဖြစ်လာတာလဲ၊ ယောက်ျားက အိပ်ရာပေါ်က ကန်ချလိုက်လို့လား"

တစ်နေ့ နံနက် ရှစ်နာရီဆယ့်ငါးတွင် လက်နှိပ်စက်တဖျောက်ဖျောက် ရိုက်နေသော လင်ကီကို ဟန့်က လှမ်း ပြောသည်။ လင်ကီက ပြုံးပြုံးလေး ပြန်မော့ကြည့်ရင်း
"ရှင်ကကော မိန်းမက ကန်ထုတ်လိုက်လို့လား" ဟု ပြန်ပက်လိုက်၏။ ဟန့်ဂရင်နီ ရှေ့တွင် အားနည်း ပျော့ညံ့ခြင်း သည် ကိုယ့်ကိုယ်ကိုယ် သေဒဏ်ပေးခြင်းနှင့် အတူတူ ဖြစ်ကြောင့် ရော့ဖ်က လင်ကီကို အစောကြီး သတိပေးထား၏။

သည်တော့မှ ဘုကြည့်ကြည့်ပြီး သူ ရုံးခန်းဆီသို့ ဆက်လျှောက်သွားသည်။ ထိုနေ့ညနေတွင် ဟန့်ဂရင်နီ မပြန်မချင်း လင်ကီ အလုပ်ထိုင်လုပ်နေ၏။ သူ့ ရုံးခန်းရှေ့မှ သူ ဖြတ်လျှောက်သွားတော့ လင်ကီက ယဉ်ကျေးစွာ လှမ်းနှုတ်ဆက်သည်။
"မင်္ဂလာ ညနေခင်းပါ"
ဝတ်ကျေ တန်းကျေ အသံပြုရုံမျှ မတုံ့ပြန်ဘဲ စီးကရက် တထောင်းထောင်းဖွာကာ ဆက်လျှောက် သွားသည်။

သည်အဖြစ်ကို လှမ်းမြင်လိုက်သော ရော့ဖ်က
"အဲဒါ ဟန့်ရဲ့ အကျင့်ပဲ၊ မင်း အလုပ်ဝင်မိတာ မှားပြီလို့တော့ မထင်ပါဘူးနော်"
လင်ကီ က ပြုံးပြုံးကလေး ခေါင်းယမ်းပြီး
"လင်ကီ ခံနိုင်ရှည် ရှိပါတယ် ရော့ဖ်"

ဆက်ရန်
.

No comments: