Tuesday, May 10, 2011

ကူမွန်တောင်တန်းလွမ်းစေဘို့ဖန် (မဝင်းမြင့် ) အပိုင်း (၂၃)

ဘခင် နှင့် အကို လဲ မပြောဝန့်ဘဲ ဖြစ်နေခဲ့သည်၊ ယခုကိုထွန်းအံ့နှင့် ကိုဘသော်တို့က စကားစ ပေးသော အခါ မှ သူ့စိတ်ထဲမှာ ပြင်းပြစွာရှိနေသည့် ဆန္ဒကို ထုတ်ဖော်လိုက်ခြင်းသာ ဖြစ်သည်။
    ကိုဘသော်နှင့် ကိုထွန်းအံ့တို့သည် ညာမေတင်၏ ဆန္ဒကိုတော့သိရပါသည်။ သို့သော် ထိုဆန္ဒကို သူတို့ ဘဘကြီး နှင့် သူတို့ဆရာက လိုက်လျောနိုင်ပါမည်လားဟု တွေးကာ ညာမေတင်ကို ကြင်နာသနား လိုက်မိကြသည်။

    မည်သို့ပင်ဖြစ်စေ ညာမေတင်၏ ဆန္ဒကို အသိပေးရပေမည်။ ထိုကြောင့် ကိုထွန်းအံ့နှင့် ကိုဘသော် တို့က ဦးအုန်းဖေနှင့် ကိုမြင့်ညိုကို ညာမေတင် မည်ကဲ့သို့ ဆန္ဒရှိကြောင်း ပြောကြရသည်။
    'ကျေးဇူးရှင်ကိုသတိရနေတဲ့ သမီးစိတ်ထားကို ချီးကျူးပါတယ်ကွယ်၊ ဟုတ်ပါတယ် သူ့အသက်သခင်တွေ သူ့ ကို သမီးလေးလို မွေးလာခဲ့တာဆိုတော့ မိဘနဲ့ တတန်းထဲ ကိုးကွယ်ထိုက်ပေတာပေါ့၊ လူရယ် အဟိတ် တိရစ္ဆာန် ရယ် လို့ ခွဲခြားလို့ မဖြစ်ဘူး၊ ကျေးဇူးရှင်ဟာ ကျေးဇူးရှင်ဘဲ၊ကဲ... လက်ရာမြောက်တဲ့ ပန်းချီဆရာ ကောင်း တယောက် ကို မောင်ထွန်းအ့နဲ့ မောင်ဘသော်တို့က စနည်းနာရှာကြ၊ တွေ့ရင် သားကိုပြော၊ သား က တာဝန်ယူပြီး သမီးစိတ်တိုင်းကျဖြစ်အောင် လူဝံကြိးမောင်နှံပုံကို ရေးဆွဲခိုင်း လက်ခကိုမကြည့်နဲ့၊ သမီးစိတ်ချမ်းသာ ဘို့ အရေးကြီးတယ်၊ ပန်းချီကားပြီးတော့ ကျော်ကျော်ကို ပေးခိုင်းရမယ်'

    ဦးအုန်းဖေက ကြည်ဖြူစွာပင် ပန်ချီကားဆွဲဘို့ သဘောတူလိုက်သည်၊ ကိုထွန်းအံ့နှင့် ကိုဘသော် တို့သည် စိတ်ချမ်းသာသွားမိကြသည်။
    ယခုအချိန်မှာ ပုံတူရေးဆွဲရာတွင် နာမည်ရနေသည့် ပန်းချီဆရာတဦး ရှိနေကြောင်း ပြောခဲ့ကြပြီး ထို ပန်းချီဆရာ နေထိုင်သည့် ဂေဟာသို့ နှစ်ယေက်သား ခြေသွက်သွက်လှမ်း ခဲ့ကြသည်။
    'ပန်းချီဆရာကြီး ဦးမောင်မောင်ဆိုတာ ကျွန်တော်ပါဘဲခင်ဗျာ၊ လာတဲ့ကိစ္စကို အမိန့်ရှိပါ'

    ခင်မောင်အေးသည် သူ့ဦးလေး ဦးကြင်ဖေနှင့် တိုင်ပင်ကာ သူ့နာမည်အပြည့်အစုံကို ခင်မောင်အေးဟု မပြောတော့ဘဲ မောင်မောင်ဟု နှစ်လုံးထည်း လူသိခံထားသည်၊ ထိုသို့ နာမည်ပြောင်းထားသည်ကလဲ ဦးလေးဦးကြင်ဖေ ကို ငဲ့ရသည့်အတွက် ဖြစ်သည်၊ ဦးအေးထွန်းတို့ထံမှ ဦးကြင်ဖေက ငါ့တူလေး ခင်မောင်အေး ဟူသော နာမည်ကို ထပ်ခါတလဲလဲ ပြောခဲ့သည့်အတွက် ဦးအေးထွန်းတို့က မှတ်မိကောင်း မှတ်မိ လိုက်ပေမည်၊ ဦးကြင်ဖေအနေဖြင့် အိမ်ထဲက အိမ်ပြင်ကို မထွက်ဘဲ ရန်သူမမြင် မသိအောင် ကွယ်ဝှက် နေနိုင်စေကာမူ ခင်မောင်အေးက ပန်းချီဆရာတယောက်ဖြစ်နေသည့်အတွက် အိမ်ထဲအောင်း နေ၍မဖြစ်၊ အပြင်အပကို ထွက်နေရသည်။ ထိုအခါ ခင်မောင်အေးဟူသော အမည်ကြောင့် ဦးအေးထွန်းတို့ သဲလွန်စ ရသွားကာ ဦးကြင်ဖေကို ရှာဖွေတွေ့သွားနိုင်သည်။

    ထိုကြောင့် မောင်မောင်ဟူသော နာမည်ပြောင်းထားလိုက်ခြင်းဖြစ်သည်။
    ကိုဘသော်နှင့် ကိုထွန်းအံ့တို့က ခင်မောင်အေးကို စေ့စေ့ကြည့်ပြီး သူတို့ အထင်နှင့်အမြင် ကွာခြားချက် ကို မမြိုသိပ်နိုင်ဘဲ ထုတ်ဖော် ပြောလိုက်ကြသည်။
    'အော်...ကျွန်တော်တို့က ပန်းချီဆရာကြီး ဦးမောင်မောင်ဆိုတော့ အရွယ်တော်တော်ကြီး ပြီလို့ ထင်ခဲ့ မိပါတယ် ဆရာအခု မြင်ရတော့ အငယ်လေးရှိသေးတာပဲ'
    ကိုထွန်းအံ့ပြောသည်၊ ကိုဘသော်က ချောမောခန့်ငြား၍ ယောကျာ်းပြီသသည့် ခင်မောင်အေးကို ကြည့်ပြီး အသက်ငယ်ငယ်နဲ့ ပညာမှာ တော်ပေသည်ဟု စိတ်ထဲက ချီးကျူးလိုက်မိသည်။
    ထိုနောက် လာရင်းကိစ္စကို တယောက်တခွန်း ချေငံစွာ ပြောပြကြသည်။

    'ကျွန်တော်တို့ ပန်ချီကားတခု ဆွဲပေးဘိုက လာအပ်မယ်လို့ပါဆရာ၊ ဆရာက လက်ခံနိုင်တယ်ဆိုရင် ကျွန်တော် တို့ရဲ့ဆရာကို ပြန်အကြောင်းကြားရပါမယ်'
    'ဟုတ်ကဲ့၊ ဘယ်လို ပန်းချီကားမျိုးပါလဲခင်ဗျာ'
    ခင်မောင်အေးက ပြန်မေးသည်။
    'ပန်းချီကားကတော့ ဘယ်သူမှ ဆွဲခိုင်းဘူးမယ်မထင်တဲ့ကားပါဘဲ၊ ဆရာအံ့သြမလားတော့ မသိဘူး၊ လူဝံ ဇနီးမောင်နှံ ပုံ ဆွဲပေးရမှာပါ'
    ခင်မောင်အေးသည် တွေခနဲဖြစ်သွားသည်။
    'လူဝံဇနီးမောင်နှံ'
    ခင်မောင်အေးက နှုတ်မှ တီးတိုးပြောလိုက်သည်။

    'ဟုတ်ပါတယ် ဆရာ၊ ဆရာ လက်ခံနိုင်မယ်ဆိုရင် ကျွန်တော်တို့ ဆရာလာပါလိမ့်မယ်၊ ပုံဘယ်လောက် အကြီး ဆွဲရမယ်ဆိုတာ ပြောပါလိမ့်မယ်'
    'ကျွန်တော်မေးပါရစေခင်ဗျာ၊ ဒီလူဝံမောင်နှံပုံက အလှချိပ်မှာလား၊ အထိမ်းအမှတ်တခုခုရှိလို့ ဆွဲခိုင်း တာလား'
    ခင်မောင်အေးက ပြန်မေးသည်၊ သူ့စိတ်ထဲမှာ ညာမေတင်ကို ချက်ချင်းတွေးလိုက်မိသည်၊ ပန်းချီကား ရေးဆွဲရန် လာကြသော လူနှစ်ယောက်၏ ဆရာဆိုသူသည် သူအသက်တမျှချစ်ရသူ မခင်မေ နှင့် ပတ်သက်နေသူ ဖြစ်နေလေမည်လား ဟူသော အတွေးဝင်လာသည်၊ ထိုကြောင့် ပြန်မေးလိုက်ခြင်းဖြစ်သည်။

    သို့သော် ကိုထွန်းအံ့နှင့် ကိုဘသော်တို့အား နှုတ်လုံသစ္စာရှိကြသူ တပည့်ကောင်းများဖြစ်ကြသည်။
    'ကျွန်တော် တို့ ဘာမှ မသိပါဘူးခင်ဗျာ၊ ဆရာက လက်ရာမြောက်တဲ့ ပန်းချီဆရာတဦးကို ရှာပါ၊ တွေ့ရင် အဲဒီ ကားမျိုး ဆွဲချင်ကြောင် လက်ခံနိုင် မခံနိုင် သိလိုကြောင်း စုံစမ်းပေးပါဆိုလို့ ကျွန်တော်တို့ ဆရာ့ သတင်း နားထောင်ပြီး လာရတာပါ'
    'ဟုတ်ပါတယ်ဆရာ၊ ကျွန်တော်တို့က တပည့်တွေဆိုတော့လဲ ဆရာခိုင်းတာဘဲ လုပ်ရတယ်၊ ဆရာ့ကိစ္စ ကို မစပ်စုဝံ့ပါဘူး'
    ကိုထွန်းအံ့နှင့် ကိုဘသော်တို့က တယောက်တခွန်း မှင်သေသေဖြင့် ပြောကြသည်။

    ပန်းချီဆရာနှင့် ကိုမြင့်ညို တွေ့ရလျှင် ကိုမြင့်ညိုက မည်သို့ အကြောင်းပြမည်ကို မသိရသည့်အတွက် စကားချင်း လွဲနေလျှင် သို့မဟုတ် သူတို့ပြောသည့် စကားက အစွန်းမလွတ်၍ ညာမေတင်အတွက် အခြားသူ များ သံသယဖြစ်သွားလျှင် မကောင်းဟု တွေးကာ နှစ်ယောက်သား အတိုင်အဖောက်ညီညီ ပြောလိုက်ကြခြင်းဖြစ်သည်။
    ခင်မောင်အေးသည် မသိမသာ သက်ပြင်းချလိုက်သည် ထိုနောက်-
'ကောင်းပါပြီခင်ဗျာ၊ နောင်ကြီးတို့ ဆရာကိုသာ အကြောင်းပြန်လိုက်ပါ၊ ကျွန်တော်နဲ့ တွေ့ဆုံပြီး လိုချင်တဲ့ ပုံစံကိုသာ ပြောပါလို့၊ စိတ်တိုင်းကျအောင် ကျိုးစားဆွဲပေးပါ့မယ်လို့'

    ခင်မောင်အေးပြောနေစဉ်မှာ အိမ်နောက်ဘက် မီးဖိုဆောင်ဆီမှ ညှော်နံ့ အလိုလိုအနံ့ ထွက်လာသည်။
    'ဟော..ဟင်းအိုးတူးနေပြီ ထင်တယ်၊ ခဏလေး သည်းခံလိုက်ပါအုံးနော်'
    ခင်မောင်အေး က ပြောပြောဆိုဆို နောက်ဘက် မီးဖိုဆောင်ဆီသို့ ၀င်သွားသည်။
    'ဒီပန်းချီဆရာ က တယောက်ထဲနေတာထင်တယ်'
    ဟု ကိုထွန်းအံ့နှင့် ကိုဘသော်တို့ တွေးလိုက်မိကြသည်။

    ခင်မောင်အေး ပြန်ထွက်လာသောအခါ-
    'ဆရာက တယောက်ထဲနေတာလား'
    ဟုကိုထွန်းအံ့က မေးလိုက်မိသည်။
    ခင်မောင်အေးက မျက်နှာညိုးသွားသည်ကို သူတို့နှစ်ယောက်လုံး သတိထားလိုက်မိကြသည်။ ခင်မောင်အေး က ဖြေလိုက်သည်။
    'ဟုတ်ပါတယ်၊ ကျွန်တော့အဘို့ တဦးတည်း အဖော်အဖြစ်တဲ့ ဦးလေးအရင်းတယောက်က လွန်ခဲ့တဲ့ တလ လောက် က လေဖြတ်ပြီး ဆုံးသွားရှာပါပြီ'
    ခင်မောင်အေးက အမှန်အတိုင်းပြောလိုက်သည်၊ ဦးကြင်ဖေကား တူကလေး ခင်မောင်အေးကို သူ လျှို့ဝှက်စွာ သိမ်းထားခဲ့သည့် ရွှေထုပ်၊ ခင်မောင်အေး မိဘများရှာဖွေ ထားခဲ့သည့် ရွှေထုပ်ကို တူလေး ခင်မောင်အေး လက်ထဲကို ထည့်လိုက်ပြီး လွန်ခဲ့သည့် တလလောက်ကပင် ကွယ်လွန်သွားခဲ့ပြီးဖြစ်သည်။

    ခင်မောင်အေးသည် မိဘဆွေမျိုးရင်းချာမရှိ အိမ်ထောင်မရှိဘဲ တကိုယ်တည်းနေထိုင်သည့် လူလွတ်လူပျို တယောက် ဖြစ်ကြောင်း သူ့စကားထဲမှာ အဓိပ္ပာယ်က အပြည့်အစုံပါသွားသည်။
    ကိုထွန်းအံ့နှင့်ကိုဘသော်တို့သည် ခင်မောင်အေးကို စိတ်ထဲက သနားကြင်နာခြင်း ခင်မင်ခြင်း ဖြစ်လိုက်မိကြသည်။
    အမှန်ပင် ခင်မောင်အေး၏ ဘ၀ကား ခင်မောင်အေး၏ ဘ၀ကား ကြင်နာစရာကောင်း ပါသည်။ အသက်တမျှ ချစ်ခဲ့ရသော ညာမေတင်ကို ရှာမတွေ့သည်မှာ ရှိစေဦး၊ လောကကြီးတွင်တဦးတည်းသော အားကိုး ခင်တွယ်စရာ ဆွေမျိုးရင်းချာ ဟူ၍ တဦးတည်းသော ရှိနေသည့် ဦးလေးအရင်း ဦးကြင်ဖေကလဲ အဆုံးစွန် သော ခွဲခွာခြင်းဖြင့် ခွဲခွာသွားခဲ့လေပြီ။

ဆက်ရန်
.

No comments: