နေက ပိုမြင့်လာသောအခါ ဗာဒံပင်ရိပ်က သူ ထိုင်နေသော အုတ်ခုံမှ လွတ်သွားသည်။ ထို့ကြောင့် နေရာ ရွှေ့ရသည်။ မနက်က သုတ်သုတ်ပျာပျာ ထွက်လာခဲ့သဖြင့် ဘာမှ မစားခဲ့ရသေး။ ခုမှ ဗိုက်အရမ်းဆာ လာသည်။ ဟိုဘက်လမ်းထိပ်က အကြော်ဆိုင်ကို ပြေးပြီး ငှက်ပျောောကာ် တစ်ခုဝယ်သည်။ ကြော်ပြီးခါစမို့ ပူပူ လောင်လောင်ကြီး ရှိသေးသည်။ သတင်းစာစက္ကူနှင့်ထုပ်ပြီး ကိုင်လာရသည်။
ထိုအချိန်တွင် ရင်ရင်ငြိမ်းသည် မြောင်းကူး အုတ်ခုံကိုတောင် ဖြတ်ကျော်သွားနေပြီ။ သူတစ်ယောက်တည်း မဟုတ်။ အနှောင်းနှင့် ဒေစီပွင့်တို့လည်းပါသည်။ ပေါ်ဌေးသည် ဆုံးဖြတ်ချက် ချပြီးလျှင် ပြင်လေ့ရှိသူမဟုတ် သဖြင့် ဘယ်သူတွေ ပါပါ၊ ဂရုမစိုက်တော့ဘဲ နောက်မှ ခပ်သွက်သွက်လိုက်သွားသည်။
သူတို့အုပ်စုကို ကျော်တက်ပြီး ရှေ့မှ ပိတ်ရပ်လိုက်သည်။ ကိုယ့်ဟာကိုယ် သတ္တိကောင်းလှပြီထင်နေတာ။ တကယ် နဖူးတွေ့ ဒူးတွေ့လည်းကျရော အယောင်ယောင် အမှားမှားတွေ ဖြစ်ကုန်တာပဲ၊ ရင်ရင်ငြိမ်းကို စာပေးရမယ့် အစား ငှက်ပျောကြော်ကြီး လှမ်းပေးလိုက်မိ၏။ အနှောင်းက -
" အမယ် ... ငါတို့တော့ မကျွေးဘူး" ဟု ပြောတော့မှ -
" အဲ ... ဟုတ်သားပဲ၊ ရော့ ရော့ "
ငှက်ပျောကြော်ကို အနှောင်းလက်ထဲ ထည့်ပေးလိုက်သည်။ ပြီးမှ အိတ်ထဲက စာအိတ်ကို ဆွဲထုတ်၍ -
" ဒါ ... ဒါကမှ နင့်အတွက် "
ဆိုပြီး ရင်ရင်ငြိမ်း ကို လှမ်းပေးသည်။ ရင်ရင်ငြိမ်းကလည်း ဘုမသိ ဘမသိ လှမ်းယူမည်အပြု ဒေစီပွင့် က "ဟဲ့"ဟု ရေရွတ်လိုက်မှ လက်ပြန်ရုပ်သွား၏။ အနှောင်းက နောက်နေတာမှတ်လို့ ရယ်မလို လုပ်လိုက်သေး သည်။ အနှောင်းသည် အကင်းပါးသူဖြစ်၏။ ပေါ်ဌေး၏ မျက်နှာထားကို အကဲခတ်လိုက်ပြီး အခြေအနေမှန် ကို ရိပ်မိသွားသည်။ မျက်နှာထားချက်ချင်း တင်းသွားပြီး -
" နင် ဒါ ဘာလုပ်တာလဲ "
" စာပေးတာ "
" နင် ရိုင်းလှချည်လား "
" ဘာ ... ချစ်လို့ စာပေးတာ ရိုင်းရမှာလား "
" ငါတို့ ဘယ်ကလာတယ် ဆိုတာ မသိဘူးလား "
" ဟင် ... ငါက ဘယ်လိုလုပ် သိမှာလဲ "
" ငါတို့ အ၀တ်အစားတွေကို မမြင်ဘူးလား "
" အယ် ... "
ခုမှ သတိထားကြည့်မိ၏။ သူတို့ သုံးယောက်စလုံး အင်္ကျီလက်ရှည် အဖြူနှင့် ယောဂီရောင် ထဘီဆင်တူ ၀တ် ထားကြသည်။ ဒေစီပွင့်က -
" ငါတို့ ဓမ္မာရုံမှာ ၀တ်တက်ပြီး ပြန်လာကြတာပါ "
ဟုပြောသည်။ သူ့လေသံက ကြေရာကြေကြောင်း ပြောတဲ့ပုံမျိုး။ ရင်ရင်ငြိမ်းကတော့ ဘာမှ မပြော။ မျက်လုံးလေး ကလယ်ကလယ် လုပ်ရင်း သူ့သူငယ်ချင်း နှစ်ယောက်ကို တစ်လှည့်စီကြည့်နေသည်။ အနှောင်း ကတော့ မကျေနပ်သေး။
" ငါတို့ ကုသိုလ်ကောင်းမှုလုပ်ပြီး ပြန်လာတဲ့အချိန်မှာ ဒါမျိုးနှောင့်ယှက်တာ ကောင်းသလား"
" ဆောရီးပဲဟာ၊ ငါ သတိမထားမိလိုက်လို့ပါ၊ နောက်နေ့ကျမှပဲ ပေးတော့မယ်နော် "
" ဘာပြောတယ် "
အနှောင်းက ရှေ့ခြေတစ်လှမ်းတိုးသည်။ ရင်ရင်ငြိမ်းက လက်မောင်းကို လှမ်းကိုင်ဆွဲလိုက်သည်။ ဒေစီပွင့်က -
" လာပါဟာ၊ သွားရအောင်၊ ဘာဝနာပွားရမယ့်အချိန်မျိုးမှာ ဒေါသကို ထိန်းပါဦး "
အနှောင်း က "ဟင်း"ဆိုပြီး ရှေ့က ထွက်သွားသည်။ ရင်ရင်ငြိမ်းက ပေါ်ဌေးကို ဖျတ်ခနဲ တစ်ချက် ကြည့်သွားတာ ကို ဒေစီပွင့် သတိပြုလိုက်မိ၏။ ပေါ်ဌေးမှာ ခုမှ သတိရပြီး -
" ဟာ ... ငါ့ငှက်ပျောကြော် "
အနှောင်းက လက်ထဲမှာ ပါလာသော ငှက်ပျောကြော်ကို ကြည့်ပြီးနောက် လမ်းဘေးရေမြောင်းထဲ ပစ်ချ လိုက်သည်။
ရင်ရင်ငြိမ်း က စာကို ယူမသွားဖြစ်တာဘဲ ခပ်ကောင်းကောင်းဟုဆိုရမည်။ မိန်းကလေးတစ်ယောက်ဟာ စာတစ်စောင် ပေးရုံနဲ့ ပြန်လည်တုံ့ပြန်အဖြေပေးခြင်းမပြုဆိုတဲ့ ဥပဒေကို ဘယ်သူက ထုတ်ပြန်ထားခဲ့မှန်း မသိ။ အနည်းဆုံး နှစ်စောင်၊ သုံးစောင်တော့ ပေးရတတ်သည်။ ရဲမော်တုန်းကဆိုလျှင် ရှစ်စောင်ထိတောင် ပေးခဲ့ ရသည်ဆို၏။
ပေါ်ဌေးအနေဖြင့် နောက်ထပ် စာတစ်စောင်ရေးဖို့ မလွယ်လှ။ သူငယ်ချင်းတွေကို အကူအညီတောင်းလို့ တော့ ရသည်။ သို့ရာတွင် လောလောဆယ်မှာ သူတို့ကို ဒီကိစ္စ အသိမပေးချင်သေး။ ကိုယ့်ဘာသာ ကျိတ်လုပ်ပြီး အောင်မြင်တော့မှ အံ့သြသွားကြစေချင်သည်။
ခုတော့ အဆင်ပြေသွားသည်။ နောက်ထပ် စာတစ်စောင် ရေးစရာမလိုတော့။ ဒီစာကိုပဲ ဒုတိယတစ်ခါ ထပ်ပေးလို့ ရပြီ။ ပထမတစ်ခါက မယူဖြစ်ပေမယ့် စာတစ်ကြိမ် ပေးပြီးဖြစ်ကြောင်း စာရင်းဝင်သွားပြီပဲ။ တကယ်တော့ ရည်းစားစာဆိုတာ ဖတ်နေစရာတောင်မလို။ ချစ်နေကြောင်းသိသွားလျှင်လုံလောက်တာပဲ။
တစ်ခုတော့ ရှိသည်။ ဒီစာက အချိန်လုပြီး အမြန်ကူးရေးရလို့ လက်ရေးက သိပ်မလှ။ နဂိုကတည်းကမှ လက်ရေးသော့ ရတဲ့ကြားထဲ ဖျက်ရာပြင်ရာတွေက ပါနေသေးသည်။ ဒီတော့ အသစ်ပြန်ကူးမှဖြစ်မည်။ နောက်ပြီး အချိန်မရသဖြင့် လမ်းဘေးကွမ်းယာဆိုင်က ကြုံရာစာအိတ်နဲ့ ထည့်ခဲ့ရတာ။ ရိုးရိုးလေယာဉ်စာ အိတ်ကြီး။ ဈေးထဲက စာရေးကိရိယာဆိုင်မှာ ပန်းပွင့်ပုံ၊ လိပ်ပြာပုံပါသော စာအိတ်လှလှဝယ်ရမည်။ ရည်းစား စာရေး ရတာကလည်း အတော်ကရိကထများသည်။ စိတ်မရှည်ရတဲ့ကြားထဲ။
စာကို ပြန်ကူးမယ်လို့ စာအိတ်ထဲက ဖောက်ထုတ်ပြီး ပြန်ကြည့်တော့မှ မျက်လုံးပြူးသွားသည်။ ဟိုတစ်နေ့က အလောတကြီးနဲ့မို့ သေသေချာချာ ဂရုစိုက်မကြည့်ဘဲ ကူးသွားမိသည်။ မူရင်းစာက ရဲမော် အတွက် ရေးထား တာလေ။ ဒီတော့ စာထဲမှာ "မြ"၊ "ကိုရဲ"ဆိုသော အသုံးအနှုန်းတွေပါသည်။ ဒါကို "ရင်ငြိမ်း"၊ "ကိုယ်"ဆိုတဲ့ စကားလုံး တွေနဲ့ အစားထိုးရမှာ။ ခုတော့ နာမည်တွေ မပြောင်းဘဲ ဒီအတိုင်း ကူး လိုက်မိခဲ့သည်။ ကံကောင်း လို့။
*
နောက်တစ်ကြိမ်မှာကျတော့ ရင်ရင်ငြိမ်း တစ်ယောက်တည်း လျှောက်လာတာတွေ့ရသည်။ ထဘီအရောင် ကိုလည်း အကဲခတ်ရသေးသည်။ ဒီနေ့တော့ အပြာနုရောင် ၀တ်လာသည်။ အပြာနုဆို ဘာလဲ။ ဘာမှ မဟုတ်။ သေချာအောင် -
" ဘယ်က လာတာလဲ" မေးရသည်။
" အပ်ချုပ်ဆိုင်က "
" ဒါဆိုရင်တော့ ဒီစာကို ယူသွားဖို့ အဆင်ပြေပါတယ်နော် "
ပြောပြီး စာကို လှမ်းပေးသည်။ ရင်ရင်ငြိမ်းက ထွေထွေထူးထူး ငြင်းဆန်မနေတော့ဘဲ အသာတကြည် ယူသွား၏။ ပေါ်ဌေး အရမ်းပျော်သွားသည်။ ဟိုတစ်နေ့က ဟိုဟာတွေ ရှိနေလို့ မယူရဲတာဘဲ။ ခုတော့ အခြေအနေ ထင်တာထက်တောင် ကောင်းနေသေးသည်။
အမှန်တော့ ရင်ရင်ငြိမ်းသည် ငြင်းနေလို့ အတင်းလိုက်ပေးရင် ဣနြေ္ဒပျက်တော့မှာပဲဟု စိုးရိမ်ပြီး စာကို ယူသွားခြင်း သာဖြစ်၏။ ထိုစာသည်လည်း အနှောင်းနှင့် ဒေစီပွင့်တို့ဆီ အရာမယွင်းရောက်ရှိသွားလေသည်။
သုံးလေးရက် အကြာမှာတော့ လမ်းမှာ အုပ်စု နှစ်စု ပက်ပင်းတိုးမိကြသည်။ သူတို့ပုံစံမှာ အနောက်တိုင်း ကောင်းဘွိုင်ကားတွေထဲမှ သေနတ်သမားတွေ မျက်နှာချင်းဆိုင် ဆုံကြသလိုပင်ဖြစ်၏။ တစ်ဖက်က အနှောင်း၊ ဒေစီပွင့်နှင့် ရင်ရင်ငြိမ်း။ တစ်ဖက်မှာတော့ ပေါ်ဌေးနှင့်အတူ ကောင်းထွန်းနှင့် အေဘီကျော်တို့ ပါလာသည်။ အေဘီကျော်က ဘာမှ မသိသေးသဖြင့် -
" တစ်ဖက် သုံးယောက်စီ ဆိုတော့ အတော်ပဲဟေ့ "
ဟု လှမ်းနောက်လိုက်သေးသည်။
အနှောင်းက စူးစူးရဲရဲ ကြည့်ရင်း လျှောက်လာသည်။ ဒေစီပွင့်က တစ်စုံတစ်ခု ဖြစ်မှာ စိုးရိမ်ဟန်ဖြင့် မျက်နှာ ပျက်ချင် နေသည်။ ရင်ရင်ငြိမ်းကတော့ ခေါင်းငုံ့ထား၏။
အနားရောက်တော့ အနှောင်းက ခါးထောက် ရပ်လိုက်ပြီး -
" ဒီမှာ ငပေါ်၊ နင် ဘာအချိုး ချိုးတာလဲ "
ဟုမေးလိုက်သည်။ ပေါ်ဌေးဘာမှ ပြန်မပြောနိုင်ခင် ကောင်းထွန်းက -
" ဘာဖြစ်ကြတာလဲဟ "
" ဘာဖြစ်တယ်ဆိုတာ နင်တို့ ကောင်ကို မေးကြည့်"
" ဟေ့ကောင် ဘာဖြစ်တာလဲ "
ကောင်းထွန်းက မေးတော့ ပေါ်ဌေးက -
" စာပေးလို့ "
" ဘာ ... မင်းက အနှောင်းကို စာပေးတယ်၊ အံ့ပါ့ကွာ"
" ဟာ ... ဒါကြီး မဟုတ်ပါဘူး၊ သူ့ကို ... "
ဆိုပြီး ရင်ရင်ငြိမ်းကို လက်ညိုးထိုးပြသည်။ " ဒါကြီး" ဟု အပြောခံရသဖြင့် အနှောင်းမျက်နှာ တင်းခနဲ ဖြစ် သွားသည်။ အေဘီကျော်က
" ထင်သားပဲ၊ ငါ ပြောတယ် မဟုတ်လား၊ ခုတလော ဒီကောင့် ကြည့်ရတာ၊ တစ်ခုခု ကျိတ်ကြံစည်ထားလို့ မလုံ မလဲ ဖြစ်နေပုံပဲလို့ "
ဟု ကောင်းထွန်းဘက် လှည့်ပြောသည်။
" အေးကွ၊ ငါက မတော်တရော်တွေနဲ့ တွေ့သွားမှာကို စိုးရိမ်နေတာ၊ ရင်ရင်ငြိမ်းနဲ့ ဆိုရင်တော့ သဘောတူ ပါတယ် "
" ဒီမှာ တန်ရာတန်ရာ ပြောစမ်းပါ "
အနှောင်းက ဒေါသဖြစ်လက်စနဲ့ ရန်စကား ပြောလိုက်သည်။ ကောင်းထွန်း ဆတ်ခနဲ ဖြစ်သွားပြီး -
" နေစမ်းပါဦး၊ နင်တို့ သူငယ်ချင်းက ဘယ်လောက်တန်လို့လဲ "
" ဘာပြောတယ် "
နင်ပဲ တန်ရာတန်ရာ ပြောဆို "
အနှောင်း ရုတ်တရက် ဘာပြန်ပြောရမှန်း မသိ ဖြစ်သွား၏။ ဒေစီပွင့်က -
" ပြောမနေပါနဲ့တော့ဟာ၊ သွားကြရအောင် "
ဟု ဆိုသော်လည်း အနှောင်းက မရဘဲ -
" နင်တို့ကို သတိပေးထားမယ်၊ နောက်ကို ဒါမျိုး လုံးဝ လိုက်မနှောင့်ယှက်ပါနဲ့၊ ဒါပဲ "
" နင်နဲ့ ဘာဆိုင်လဲ၊ ပြောချင်ရင် ကာယကံရှင်က ပြောပါစေ"
ရင်ရင်ငြိမ်းက ယောင်ပြီး -
" ငါ မပြောတတ်ဘူး" ဟု လွှတ်ခနဲ ပြောလိုက်၏။ အေဘီကျော်က -
" လှလို့ ချစ်တာ ဘာဖြစ်လဲဟ၊ နင်က မနာလို ဖြစ်နေတာလား အနှောင်း၊ နင်လည်း သူ့လိုလှအောင် ကြိုးစားပေါ့၊ ဒါမှ သူ့လိုပဲ ... "
" ဘာပြောတယ် ရာရာစစ၊ နင်ကပဲ ပြောရတယ် ရှိသေး၊ ကိုယ့်ရုပ်ကိုလည်း ပြန်ကြည့်ဦး၊ ဗျိုင်းယောင် ဆောင်ထား တဲ့ ကျီးကန်းကို ဇီးကွက်မျက်လုံး တပ်ပေးထားတဲ့ ကောင်ကများ"
အသားမည်းမည်း၊ ရှည်တောက်တောက်၊ ကော်ကိုင်းမျက်မှန် ပုံတုံးတုံးနဲ့ အေဘီကျော်ကို အနှောင်းက အပြတ် စိန်ခေါ်လိုက်ခြင်းပင်ဖြစ်၏။ အေဘီကျော်ကလည်း မထီမဲ့မြင် ပြုံးလိုက်ပြီး -
" ထားပါတော့၊ ဒါပေမဲ့ နင့်လို ဗုံမဟုတ် ပတ်မဟုတ်ထက်တော့ အများကြီး သာသေးတယ်၊ မှတ်ထား "
ထိုစကား သည် အနှောင်း၏ ဒေါသကို အဆုံးစွန်သို့ ရောက်ရှိသွားစေ၏။
" ဘာ ... နင် နင် .... "
အနှောင်း စိတ်မထိန်းနိုင်တော့။ ဟိုဒီ ကြည့်သည်။ မလှမ်းမကမ်းမှာတွေ့သော အုတ်ခဲကျိုးကို ကောက်ယူ သည်။ ဘယ်သူမှ တားဖို့ အချိန်မရခင် အေဘီကျော်ကို လှမ်းပစ်ပေါက်လိုက်၏။ အုတ်ခဲကျိုးက အတော်လေး သဖြင့် ချိန်သားမကိုက်။ အေဘီကျော်ကို မထိဘဲ ဘေးမှာ ကပ်လျက် ရပ်နေသော ပေါ်ဌေး၏ ဒူးခေါင်းကို မှန်သဖြင့် "အားခနဲ"အော်ပြီး ခွေကျသွားသည်။
ရင်ရင်ငြိမ်းသည် မျက်လုံးလေး ၀ိုင်းသွားပြီး "ဟယ်"ဟု ရေရွတ်လိုက်မိ၏။ ထို "ဟယ်"ထဲမှာ စိုးရိမ်သံ ပါနေ သည်။ ကရုဏာသံ စွက်နေသည်။ ထို့ကြောင့် ရင်ရင်ငြိမ်းသည် ဟယ် ... ဆိုသော စကားလုံး တစ်လုံးတည်း ဖြင့် ပေါ်ဌေး ကို အဖြေပေးလိုက်ခြင်းပင် ဖြစ်တော့သည်။
ထို "ဟယ်" နှင့် ပတ်သက်ပြီး အနှောင်းနှင့် ဒေစီပွင့်တို့က ရင်ရင်ငြိမ်းကို စစ်ကြောရေး လုပ်ကြသည်။ အနှောင်းက ရင်ရင်ငြိမ်းသည် ပေါ်ဌေးကို ချစ်နေပြီဟု စွပ်စွဲသည်။ ဒေစီပွင့်ကလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။ ရင်ရင်ငြိမ်းကတော့ ငါ ဘာမှ မသိဘူး၊ မပြောတတ်ဘူးဟု ဇဝေဇ၀ါ လုပ်နေသည်။ နောက်ဆုံး တော့ နှစ်ဒသမ ငါးမဲဖြင့် ထိုအဆိုကို အတည်ပြုလိုက်ကြလေသည်။
အနှောင်းက လံးဝ သဘောမတူနိုင်။ သူတို့ သုံးယောက်စလုံး ရည်းစားမထားကြေး။ အိမ်ထောင်မပြုကြေး။ တစ်သက်လုံး အပျိုကြီးတွေအဖြစ် အတူတကွ နေကြကြေးဟု ကတိက၀တ် ပြုထားကြတာပဲ။
ဒေစီပွင့်ကတော့ နည်းနည်းတွေဝေနေသည်။ သူတို့အဒေါ် အပျိုကြီး၏ စကားကို သတိရမိသောကြောင့် ဖြစ်၏။ ဟိုဘ၀က ချစ်သူနှစ်ယောက်ကြားမှာ ၀င်ပြီး နှောင့်ယှက်ခဲ့သောကြောင့် ဒီဘ၀မှာ ၀ဋ်လည်ပြီး အပျို ကြီး ဖြစ်နေရတာတဲ့။ အပျိုကြီး ဖြစ်မှာကိုတော့ မကြောက်ပါ။ ခုဘ၀မှာတောင် အပျိုကြီးအဖြစ် နေဖို့ ဆုံးဖြတ် ထားပြီးပြီပဲ။ သူ စိုးရိမ်တာကတော့ အဒေါ်အပျိုကြီးလို အရုပ်ဆိုးမှာကိုသာဖြစ်၏။
ထို့ကြောင့် ပွင့်ပွင့်လင်းလင်း မကန့်ကွက်ဘဲ "စဉ်းစားကြသေးတာပေါ့" ဆိုတာမျိုး မတင်မကျသာပြောမိ၏။ ပြီးတော့ ရင်ရင်ငြိမ်းကိုလည်း သနားသည်။ ရင်ရင်ငြိမ်းသည် သူ့ဟာသူ သေသေချာချာ မသိသော်လည်း ပေါ်ဌေးကို အတွင်းစိတ်ထဲက ချစ်နေကြောင်း ဒေစီပွင့် ရိပ်မိသည်။ အနှောင်းက သဘောမတူကြောင်း ငေါက်ငမ်း ပြောသောအခါ ရင်ရင်ငြိမ်း မျက်နှာလေးငယ်သွားတာကို မကြည့်ရက်။ ပေါ်ဌေးကိုလည်း သနား သည်။ သူတို့ သုံးယောက် အုပ်စုထဲက ရင်ရင်ငြိမ်း ပဲ့ထွက်သွားမှာကိုလည်း နှမြောသည်။
ဝေခွဲမရ ဖြစ်နေရာမှ စိတ်ကူးတစ်ခုရသွားသည်။ ဗေဒင် မေးကြည့်ဖို့ပင် ဖြစ်၏။ စာမေးပွဲကိစ္စ တိတိကျကျ မှန်အောင် ဟောနိုင်ကတည်းက သူတို့ အားကိုးအားထားပြုခဲ့သော ဗေဒင်ဆရာမကြီးဆီ သွားကြသည်။ ဆရာမကြီး က ဗေဒင်သာမက အကြားအမြင်လည်း တွဲဖက်ပြီး ဟောနိုင်သည်။ သူတို့ သုံးယောက် အိမ်ထောင်ကျကိန်း ရှိ၊ မရှိ မေးသောအခါ အနှောင်းနှင့် ဒေစီပွင့်တို့အတွက်တော့ ဘာမှမမြင်။ ရင်ရင်ငြိမ်း က တော့ ဖြစ်နိုင်သည်။
" ဖူးစာရှင်က ကြာသပတေးသား "
ဆိုပြီး ပုံပန်းသဏ္ဍာန်ကို ဆက်လက် ပြောပြရာ ပေါ်ဌေးနှင့် တစ်ထပ်တည်း တူနေသည်။ သူတို့ အံ့သြသွား ကြရသည်။ ဆရာမကြီးက မျက်စိကို မှိတ်ပြီး အာရုံစူးစိုက်လိုက်သည်။
" စိတ်မကောင်းစရာ ဘဲ၊ အဲဒီကောင်လေးက ခြေထောက်တစ်ဖက်မသန်ရှာဘူး၊ လမ်းလျှောက်ရင်း ထော့နဲ့ ထော့နဲ့ ဖြစ်နေတယ် "
သူတို့ တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်မိကြ၏။ ဆရာမကြီးက ခေါင်းခါလိုက်ပြန်ပြီး -
" မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ အဲဒါက ယာယီပဲ၊ ပြန်ကောင်းသွားလိမ့်မယ်၊လောလောဆယ် ညာဘက် ဒူးခေါင်း မှာ ဒဏ်ရာရထားလို့ပါ"
မျက်လုံး ပြူးကုန်ကြ၏။ အနှောင်းက -
" သူက လူကောင်း ဟုတ်ရဲ့လား "
ဟု မေးလိုက်သည်။ ဆရာမကြီးက မျက်စိကို ပြန်ဖွင့်လိုက်ပြီး -
" လူကောင်းပါ၊ ရိုးသားတယ်၊ သစ္စာရှိတယ်၊ တစ်ခါတစ်ခါတော့ ဒေါသကြီးတတ်တယ်၊ လုပ်ချင်တာ ရှိရင် မဖြစ် ဖြစ်အောင် ဇွတ်လုပ်တတ်တယ်၊ ငါ့တူမတို့ လုပ်ချင်နေတဲ့ သာသနာပြုလုပ်ငန်းမှာ အထောက်အကူ ပေးလိမ့်မယ်၊ လက်သင့်ခံနိုင်တဲ့ သူမျိုးပါပဲ"
ထိုဟောချက်ကို အကြောင်းပြုပြီး အနှောင်းတို့က ပေါ်ဌေးကို တွေ့ဆုံဆွေးနွေးလိုသည်ဟု အကြောင်းကြား သည်။ တစ်ယောက်တည်း လာရမည်ဟု ချိန်းဆိုလိုက်သည်။
" တစ်ယောက်တည်း လာရမယ်ဆိုတာကို ငါ သိပ်မသင်္ကာဘူးကွ၊ သူတို့ သုံးယောက်ပေါင်းပြီး မင်းကို လုပ်ကြံ မလို့ ထင်တယ် "
ဟု အေဘီကျော်က ပြောသေးသည်။ ရဲမော်က -
" မင်းဟာက စုံထောက်ဝတ္ထုဆန်လိုက်တာကွာ၊ ငါ ထင်တာတော့ ပေါ်ဌေး အခြေအနေ ကောင်းတယ်ကွ၊ နို့မို့ဆို ဘာဖြစ်လို့ ခေါ်တွေ့နေမှာလဲ "
ကောင်းထွန်းတို့ကလည်း ထူးခြားမှု ရှိလိမ့်မည်ဟု သုံးသပ်သည်။ တကယ်တော့ ဘယ်သူက ဘာပြောပြော ပေါ်ဌေး က သွားတွေ့ဖို့ ဆုံးဖြတ်ပြီးသား၊ လုပ်ကြံချင်လို့ပဲ ဖြစ်ဖြစ်၊ ပြန်ပေးဆွဲတာပဲ ဖြစ်ဖြစ်၊ ဖြားယောင်း သွေးဆောင်ပြီး လက်ပတ်နာရီ ချွတ်လုတာပဲ ဖြစ်ဖြစ်၊ ၀ိုင်းဟားလွှတ်တာပဲဖြစ်ဖြစ်။
အနှောင်းက ပေါ်ဌေးအနေဖြင့် ရင်ရင်ငြိမ်းကို တကယ်လေးလေးနက်နက် ချစ်တာ ဟုတ်၊ မဟုတ်၊ အပျော် သဘော ဟုတ်၊ မဟုတ်၊ သစ္စာရှိ မရှိ စစ်ဆေး မေးမြန်းပြီး ကျေနပ်သွားတော့မှ -
" ဒါဆို နင်တို့နှစ်ယောက်တည်းဆက်ပြီး ဆွေးနွေးကြ၊ ဆယ့်ငါးမိနစ် အချိန်ပေးမယ် "
ဆိုပြီး ရှောင်ပေးကြသည်။ ပေါ်ဌေးဆိုတဲ့ကောင်ကလည်း လူလစ်တာနဲ့ -
" ၀မ်းသာလိုက်တာဟာ "
ဟု ပြောရင်း လက်ကို ဖမ်းဆုပ်ကိုင်လိုက်သည်။ ရင်ရင်ငြိမ်းက ဆတ်ခနဲ ရုန်းလိုက်ပြီး -
" ဟင် ... အဲဒီလိုတော့ မရမ်းကားနဲ့ "
ပေါ်ဌေးမှာ ၀မ်းသာလုံးဆို့ပြီး ယောင်ယောင်ကန်းကန်းနဲ့ ကိုင်မိခြင်းသာဖြစ်၏။ နောက်ထပ် မတို့ မထိရဲတော့။ တော်ကြာ လက်ရောက်ကျူးလွန်မှုနှင့် သဘောတူညီချက်ကို ပြန်ရုပ်သိမ်းသွားလျှင် ခက်မည်။
ထို့နောက် ရင်ရင်ငြိမ်းက သူ့အပေါ် သန့်စင်သော မေတ္တာနှင့်သာ ချစ်စေလိုကြောင်း၊ တစ်သက်တာ သစ္စာရှိ လိမ့်မည် ဟု မျှော်လင့်ကြောင်း၊ အထူးသဖြင့် မိမိ ဘာသာရေးဘက်မှာ စိတ်ထက်သန်ခြင်းကို အနှောင့် အယှက် ပေးခြင်း၊ တားမြစ်ပိတ်ပင်ခြင်း မပြုပါဟု ကတိပေးစေလိုကြောင်းပြောသည်။ ပေါ်ဌေးကလည်း ရွေးကောက်ပွဲ ၀င်ခါနီး အမတ်လောင်းလိုပဲ၊ တောင်းသမျှကတိတွေကို လွယ်လွယ်ကူကူ ပေးပစ်လိုက်သည်။ (နောက်မှ ကြည့်လုပ်)။
" နင် ပရိတ်ကြီး ဆယ့်တစ်သုတ် ရသလား "
ဟု ရင်ရင်ငြိမ်းက မေးသည်။ ရုတ်တရက်မို့ ပေါ်ဌေးအဖြေရခက်သွားသည်။ ရုတ်တရက် မဟုတ်ဘဲ အေး အေးဆေးဆေးဆိုလည်း ဖြေနိုင်မှာမဟုတ်။ သူသည် အိပ်ရာဝင်ခါနီးမှာတောင် ဘုရားမှန်မှန် ရှိခိုးဖြစ်သူ မဟုတ်။
ငယ်ငယ်က အိပ်မက်ဆိုး မက်မှာကြောက်လို့ အိပ်ခါနီးတိုင်း ဘုရားရှိခိုးသည်။ အရွယ်လေး ရောက်လာတော့ ပေါ့ပေါ့ဆဆ ဖြစ်လာ၏။ ရုပ်မြင်သံကြား ကြည့်၊ စာဖတ်၊ အိပ်ရာထဲဝင်တော့ အရမ်းအိပ် ချင်နေပြီ။ ဘုရား မရှိခိုး ရသေးဘူးဆိုတာ သတိရမိတတ်သော်လည်း ပြန်မထချင်တော့။ တစ်ရက်တလေတော့ အရေးမကြီး ပါဘူးဆိုပြီး နေလိုက်ရာ အကျင့်ပျက်သွားခဲ့သည်။ အမေ သင်ပေးထား သောဘုရားရှိခိုးတွေတောင် ဟိုတစ်ပိုဒ် ဒီတစ်စ မေ့မေ့လျော့လျော့၊ ရောရောထွေးထွေး ဖြစ်ချင်နေပြီ။ ထို့ကြောင့် -
" အားလုံးတော့ မရဘူး "
ဟု တချို့ ပရိတ်တော်တွေပဲရသလိုလို ရောချလိုက်သည်။
" အဲဒါဆို မဖြစ်ဘူး၊ ရအောင် ကျက်ထားဦး၊ အနှောင်းတို့က နင့်ကို တိတ္ထိလို့ ပြောနေတယ်၊ နောက်အပတ် ကျရင် စစ်ဆေးကြည့်မယ်တဲ့ "
ပေါ်ဌေးမှာ ပရိတ်ကြီး ဆယ့်တစ်သုတ်ကို တစ်ပတ်အတွင်း ရအောင် အသေအလဲ ကျက်ရသည်။ ထို ကာလ အတွင်း သူငယ်ချင်းတွေနဲ့တောင် မတွေ့နိုင်။ ရင်ရင်ငြိမ်းနဲ့ အဆင်ပြေလို့ အောင်ပွဲခံဖို့ ကိစ္စကိုလည်း ရက်ရွှေ့ ထားရသည်။
ရင်ရင်ငြိမ်းထံမှာ အရင်ဆုံး စာအံပြရသေးသည်။ ရင်ရင်ငြိမ်းက အသံထွက်မှားနေတာ တွေပြင်ပေးသည်။ ပြီးတော့မှ အနှောင်းနှင့် ဒေစီပွင့်တို့ရှေ့မှာ ရွတ်ပြနေရသည်။ အနှောင်းက သိပ်ဋ္ဌာန်ကရိုဏ်းမကျဘူးဟု ဝေဖန် သေးသည်။ ဒေစီပွင့်က -
" ယောက်ျားလေးပဲဟာ၊ ဒီလောက် ရရင် တော်ရောပေါ့၊ ငါတို့ကို အလေ့အကျင့်ရှိတာမှ မဟုတ်တာ "
ဟု ၀င်ပြောပေးတော့မှ ကျေနပ်ပြီး လက်ခံသည်။ ထိုအခါကျမှသာ ရင်ရင်ငြိမ်းနှင့်ကိစ္စ တရားဝင် အတည် ဖြစ် သွားတာ။
ဆက်ရန်
.

4 comments:
Thanks Sis.
Ray
Thanks sis ...:)
ကျေးဇူးပါဗျို့
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ရွှေစင်ဦးရေ ကိုကြီးကျောက် အတွက်လုပ်သင့်လုပ်ထိုက်
တာတွေလုပ်ပေးနေရင်း ဘလော့ကလေးမှာလည်းအသစ်
ကလေးတွေတင်ပေးနေတာမို့ လေးစားလျက်ပါဗျာ-
Post a Comment