Sunday, May 8, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၁ဝ)

အခန်း(၁၂)
လင်ကီ

ဟန့်ဂရင်နီသည် ပြောစမှတ်ပြုရမည့် လူစားမျိုး ဖြစ်သည်။ သူ့အကြောင်း ပုံပြင်များကို လင်ကီ နားမဆံ့ အောင် ကြားဖူးထားပြီသား ဖြစ်သည်။ အပြောကျယ်လှသော စာပေလောကထဲသို့ ၀င်လာသည်မှာ သုံးနှစ်သား မျှသာ ရှိသေးကြောင်းနှင့် သူ့စာအုပ်တိုက်အကြောင်းကို သိထားပြီးပြီ။

သူ့ကို  လူတော်တစ်ယောက်၊ အလွန်ရည်မှန်းချက် မြင့်သူ တစ်ယောက်အဖြစ် အားလုံးက အသိအမှတ် ပြုကြရ၏။ သူ့လောက် အလုပ်လုပ်နိုင်သူ၊ ကြိုးစားသူ မရှိနိုင်ဟူ၍လည်း စံတင်ထားကြ ၏။ အရောင်းအ၀ယ် အပေးအယူ ကိစ္စများတွင်လည်း အပြတ်သားဆုံး၊ အမာကျောဆုံး ကိုယ့်အတွက် ကျန်အောင် အကွက်ဆင် တတ်ဆုံးဟုလည်း နာမည်ကြီး၏။ အပေါင်းရအသင်းရ ကျပ်သည့်နေရာတွင်လည်း နှစ်ယောက် မရှိ ဟု ဆိုကြ၏။

ဟန့်ဂရင်နီအား စာပေထုတ်ဝေရေးလောကတွင် အညစ်ဆုံး လူတစ်ယောက်ဟု အသိအမှတ်ပြု သူ များလည်း ရှိ၏။ သူ့လူတွေကို ခရစ္စမတ် အဖိတ်နေ့လို့ နေ့မျိုးတွင် အလုပ်ဖြုတ်ချင်ဖြုတ်ပစ်၏။ လူရှေ့မရှောင် သူရှေ့မရှောင် ဆူဆဲ ကြိမ်းမောင်း၏။ အချို့ အမျိုးသမီးများ မျက်ရည် တောက်တောက် ကျရသည် ဆို၏။ ရံခါတွင် ယောက်ျား ရင့်မာကြီးများပင် ထိုင်ငိုရသည်ဟု ပြောကြ၏။
ငါးမိနစ် မျှ ရုံးတက် နောက်ကျရုံဖြင့် အရေးယူချင် ယူ၏။ စက်ရုံ အလုပ်ရုံများတွင် ထားသည့် အချိန်မှတ် နာရီ ကို သူ့ရုံးခန်းထဲတွင် တပ်ဆင်ထားသည်။ သူ့တိုက်တွင် ညဥ့်နက်သန်းခေါင်ထိ အလုပ်လုပ်ရခြင်းမှာ အဆန်း မဟုတ်တော့။ ထုံးစံလို ဖြစ်နေပြီ။ ဟန့်ဂရင်နီ၏ ကြောက်စရာ သတင်းဆိုးများနှင့် သူ့ထက်မြက်မှု တွေကို ချိန်ထိုးရင်း လင်ကီ အခြားအလုပ်တွေကို ရှာသည်။ စိတ်မ၀င်စားသည့် အလုပ်တွေရပြီး လိုချင်သည့် နေရာတွေ က အကြောင်းမညီညွတ်ဘဲ ဖြစ်နေ၏။

အယ်ဒီတာထက် အတွင်းရေးမှူး အလုပ်တေါသာ ပေါများနေကြောင်း လင်ကီ တွေ့ရ၏။ လူတိုင်း အတွင်းရေးမှူး လိုနေကြပြီလား။ အယ်ဒီတာများကလည်း အတွင်းရေးမှူးနှင့် စာပေစားပွဲတွေ၊ ထုတ်ဝေသူ တွေ အားလုံး အတွင်းရေးမှူး ကိုယ်စီနှင့်။
လင်ကီ က အယ်ဒီတာ ဖြစ်ချင်သူ၊ သို့သော် လက်ထောက် အယ်ဒီတာ အလုပ်ဖြင့် အတွေ့အကြုံ မရဘဲ မည်သို့ အယ်ဒီတာ ဖြစ်နိုင်မည်လဲ၊ ရော့ဖ် ၀ိတ်စ်နှင့် ဟန့်ဂရင်နီတိုပ တိုက်တစ်ခုသာ နီးစပ်မလို ဖြစ်နေ သည်။

ရော့ဖ်က လင်ကီကို စာတည်းပုံများ သင်ပေးသည်။
"အားလုံးက ဂရုစိုက်၊ အကွက်တိုင်းကို သတိထား၊ ဇာတ်ကြော၊ ဇာတ်ကွက် ဦးတည်ချက် ရေးပုံသားပုံ၊ ဇာတ်ကောင်စရိုက်၊ ဇာတ်ပန္နက်ကစ အသေးစိတ် သတိထားပြီးဖတ်၊ ပြီးမှ စာမူအပေါ် သုံးသပ်ချက် ရေးရမယ်၊ ရောင်းစွံနိုင် မစွံနိုင် မှတ်ချက်ပေးရမယ်၊ ပထမ ကတ်ထူဖုံး၊ နောက်အဖုံး ပျော့နဲ့ ထပ်ထုတ်ဖို့ပါ။ သုံးသပ်ပြရမယ်၊ ဒါတင်မကသေးဘူး၊ မဂ္ဂဇင်းတစ်စောင်စောင်မှာ အခန်းဆက် ပထမ ထည့်နိုင် မထည့်နိုင်၊ ပြီးတော့ ရုပ်ရှင် ရိုက်ဖို့ ဖြစ်နိုင် မဖြစ်နိုင်၊ ဆုရဖို့ တန်းဝင် မ၀င်၊ အဲဒါတွေအပြင် ကိုယ်နဲ့ ဟန့် ကိုယ်စား၊ စာရေးဆရာ ဆီကို အကြံပြုချက် စာကြမ်းပါ မင်း ရေးရမှာ"
စာမူကို တစ်ညတည်း အပြီး ဖတ်ပစ်လိုက်သည်။ စနေ တနင်္ဂနွေတွင် အစီရင် ခံစာရေးရသည်။ စာရေးဆရာ ထံသို့ အယ်ဒီတာ အကြံပြုချက် တစ်ဒါဇင်မျှပါသည့် စာကြမ်းလည်း ရေးချလိုက်သည်။
စာမူထုပ်ကြီး ပိုက်ပြီး အစီရင်ခံစာနှင့် စာရေးဆရာထံ အကြံပေးစာ သွားပို့တော့ ရော့ဖ်က ချက်ချင်း ဖတ်ပြီး
"အစီရင်ခံစာ က နိပ်ပါ၏။ အကြံပြုစာကလည်း မဆိုးပါဘူး။ ဒါပေမယ့် နည်းနည်းလိုသေးတယ်" ဟု ရော့ဖ်က မှတ်ချက် ပေးသည်။

"လင်ကီ လိုတာတွေ ထောက်ပြပေးပါလား" ဟု ရော့ဖ်ကို တောင်းပန်တော့ စနေနေ့တွင် လင်ကီ အခန်းသို့ ရော့ဖ် ရောက်လာသည်။ လင်ကီ ချကျွေးသမျှ မုန့်ပဲ သရေစာတွေကို အ၀အပြဲ စားပြီး သည်နှင့် စာတည်းပုံ ကို ကရားရေလွှတ် ပြောတော့၏။
လင်ကီ ၏ စာရေးဆရာအား အကြံပြုသည့် အချက်ပေါင်း တစ်ဒါဇင်မှ သည်လေးဒါဇင် ဖြစ်လာ၏။ အတွေ့အကြုံ ရင့်လှပြီ ဖြစ်သည့် ရော့ဖ် မျက်လုံးထဲတွင် စာရေးဆရာ၏ ချွတ်ယွင်းချက်အားလုံးကို ထိုးဖောက် မြင်နိုင်စွမ်းသည့် သဘောပင်။

ရော့်ဖ်က အသေးစိတ် ရှင်းပြသည်။ ဇာတ် တည်ဆောက်ပုံ မခိုင်မာသည့် ၀တ္ထုမျိုးကို အားကောင်း လာအောင် ဘယ်လို လုပ်ရမယ်၊ အဖြတ်အတောက်ကို ဘယ်လို လက်ရဲရမယ်။ စာဖတ်ပရိသတ် ရင်ကို ထိစေမယ့် နေရာမျိုးကို ဖွဲ့နွဲ့ရာမှာ အချိန်အခါနဲ့ ကိုက်ညီအောင် ဘယ်လို အကွက်ချရမယ်၊ စသည် စသည် များအပြင် မဂ္ဂဇင်းတွင် ခွဲထည့်မည့် ၀တ္ထုမျိုးတွင် လစဉ် လျှို့ဝှက် သည်းဖို ဆန်သည့် အခန်းဖြင့် ပိုင်းဖြတ်ပုံ များကိုလည်း သင်ပေးသည်။

စာဖတ်သူ၏ ရင်ထဲ စွဲနေစေမည့် ဇာတ်ရုပ်မျိုးကို ဖန်တီးပုံ၊ အရပ်သုံးစကားလုံးများကို တန်ဖိုးရှိရှိ ရွေးချယ် အသုံးချပုံ များကိုပါ အသေးစိတ် လက်ချာရိုက်သည်။ စင်စစ် ရော့ဖ်သည် လင်ကီ့အား စာမူတည်းဖြတ်ပုံကို လက်ပူတိုက် သင်ကြားနေခြင်း ဖြစ်လေသည်။
ရော့ဖ်၏ စနစ်မှာ စာမူတစ်ပုဒ်ကို ရိုးရိုးတည်းဖြတ်ခြင်း မဟုတ်တော့ဘဲ တစ်စစီ ဆွဲဖျက်ပြီး ပြန်လည် တည်ဆောက်ခြင်း မျိုး ဖြစ်ကြောင်း လင်ကီ သဘောပေါက်လာသည်။
ပို့ချချက် ဆုံးတော့ လင်ကီ မေးကြည့်သည်။

"ရော့ဖ် အဲဒါတွေ ဘယ်မှာ သင်ခဲ့တာလဲဟင်"
"ဟန့် ဆီက ရတာပေါ့၊ သူက ပြောတယ်။ သူ တော်လို့ မဟုတ်ဘူးတဲ့၊ သူ့ အယ်ဒီတာတွေ ညံ့လို့ ၀င်လုပ် ရတာတဲ့၊ အတော်ဆုံး အယ်ဒီတာကြီး အီးဟာပါ ဆီမှာ သူ လက်ထောက်အယ်ဒီတာ လုပ်ခဲ့ဖူးတယ်လေ"
လင်ကီ ကြားဖူးသည့် ဟန့်ဂရင်နီ ပုံပြင်များထဲတွင်တော့ သည်အကြောင်းပေါ့။ ရော့ဖ်ထံမှ ရသမျှ အားလုံး လင်ကီ ခေါင်းထဲ ရိုက်သွင်းလိုက်သည်။ အစီရင်ခံစာနှင့် စာရေးဆရာထံ အကြံပေးစာကို ပြန်ရေးပြီး ရော့ဖ် ဆီ သွားပို့သည်။

"ဟန့်ဆီကို ကိုယ်တင်ပေးလိုက်မယ်၊ သူ့ဆီက တစ်ခုခု ထူးခြားတာနဲ့ မင်းဆီကို ကိုယ့်အကြောင်း ကြားမယ် ဟုတ်ပြီလား"
နောက်တစ်နေ့ ရှစ်နာရီခွဲတွင် လင်ကီ့စားပွဲပေါ်တွင် တယ်လီဖုန်း မြည်လာသည်။ စာမူကို ဟန့် ဖတ်ပြီး သွားပြီ ဖြစ်ကြောင်း ရော့ဖ် အကြောင်းကြားလာခြင်း ဖြစ်၏။
"သူ ဘာပြောလဲဟင် ရော့ဖ်"
"ဘာမှ မပြောဘူး"ဟု ပြောပြီး ရော့ဖ် ချောင်းဟန့်သည်။
"သူ သဘောကျ မကျ၊ ရော့ဖ် မသိဘူးလား"
"သူ မကြိုက်ရင် လွှင့်ပစ်လိုက်ပြီပေါ့၊ အစအနတောင် တွေ့ရတော့မှာ မဟုတ်ဘူး"
"ဒါဆို လင်ကီ နောက်တစ်ပုဒ် ထပ်စမ်းကြည့်ရဦးမလား"

စာမူ နောက်တစ်ပုဒ် ထပ်ရသည်။ သန်းခေါင်သန်းလွဲ အထိ လင်ကီ ဖတ်လိုက်၊ တည်းလိုက် လုပ် သည်။ အယ်ဒီတာ မှတ်ချက်ကို အကြိမ်ကြိမ် ပြန်ရေးသည်။ စာရေး ဆရာသို့ အကြံပြုစာကို အကြိမ်တစ်ဒါဇင် လောက် ပြန်ရေး ဖြစ်သည်။ ဘာကြောင့် သည်လောက် အပင်ပန်းခံနေမှန်း ပီတာ လုံးဝ သဘောမပေါက်။
"ပိုက်ဆံ လည်း မရဘဲနဲ့ ရော့ဖ်နဲ့ ဟန့်ဂရင်နီအတွက် မအိပ်မနေ လုပ်နေတယ် ဟုတ်လား"

"အို ပီတာကလည်း ပိုက်ဆံရဖို့ လုပ်နေတာမှ မဟုတ်တာ၊ ဒီမဂ္ဂဇင်းတိုက်က ထွက်ဖို့  လုပ်နေတာပဲ ဟာ၊ ဒီစာမူ အပေါက်အလမ်း တည့်သွားရင် အင်တာဗျူး ၀င်ချင် ၀င်ရမှာ၊ ကံကောင်းရင် စာပေ ပေါင်ကူးမှာ အလုပ်ဖြစ်သွားနိုင်တယ်လေ၊ နံဘေးတွင်း ဒေါင်လိုက် မျဉ်းတွေ မြားတွေ မှတ်ချက် တွေ ရှုပ်ပွနေသည့် စာမူ ကို ငုံ့ကြည့်ရင်း လင်ကီ ပြောနေခြင်း ဖြစ်၏။ နှုတ်ခမ်းတွင် ဆိုးဆေး မရှိ တော့။ ပင်ပန်းလှပြီ။

"ဟန့်ဂရင်နီဆီမှာ မင်း ၀င်လုပ်ချင်တယ် ဟုတ်လား လင်ကီ"
သည်လူ့အကြောင်း လင်ကီဆီက ကြားရသမျှမှာ မကြားဝံ့ မနာသာတွေချည်း ဖြစ်၍ မယုံကြည်နိုင် စွာ ပီတာ မေးခြင်း ဖြစ်၏။
"လုပ်ချင်တယ်လို့လည်း မဟုတ်ပါဘူး၊ ဒါပေမယ့် လင်ကီ ဘယ်လောက် မြန်မြန် တတ်လွယ်တယ်၊ ဘယ်လောက် အလုပ်လုပ်တယ်ဆိုတာတော့ လူတွေသိစေချင်တယ်၊ အဲဒါမှ တဖြည်းဖြည်း ကိုယ်လုပ်ချင်တဲ့ အလုပ် ကို လုပ်ရမှာ ဟန့်ဂရင်နီဆီမှာ မဟုတ်ရင်လည်း တခြားတိုက် တစ်ခုခုပေါ့"

ဤသို့ဖြင့် လင်ကီသည် နေ့ပိုင်းတွင် အမျိုးသမီးလောကအတွက် အလုပ်လုပ်ပြီး ညပိုင်းတွင် ဟန့်ဂရင်နီ၏ အလုပ်တွေကို အိမ်ယူပြီး လုပ်သည်။ တစ်ပြိုင်တည်းတွင် အိမ်မှုကိစ္စကိုလည်း မလင်ဟင်းစေရအောင် ကြိုးစား သည်။ အမေက အဖေ့ကို ပျော်အောင် ထားသလို ပီတာကို ပျော်အောင်ထားသည်။ လင်တော်မောင် ကို အိမ်ဦးနတ်အဖြစ် ဘ၀မဏ္ဍိုင်အဖြစ် ကိုးကွယ်သည်။
သူ စိတ်ဝင်စားသည့် အရာမှန်သမျှ လိုက်ပြီး စိတ်ဝင်စားသည်။ သူ့ သူငယ်ချင်း အပေါင်းအသင်း များကို တရင်း တနှီး ဆက်ဆံသည်။ လိုလေသေးမရှိ ပြုစုသည်။ မိမိတို့ အိမ်ထောင်စုကလေးကို "စံပြရိပ်မြုံ" ကလေး တစ်ခုဖြစ်အောင် ကြိုးစား ဖန်တီးသည်။

ပီတာ က ချည်ထည် ကြိုက်သဖြင့် အိပ်ရာခင်းများကို ဘယ်တော့မှ ပိုးတို့၊ တက်ထရွန်တို့ မသုံး၊ စားပွဲခင်းကို အမြဲ သုံးစွဲခဲ့သူ။ ပီတာ့အကြိုက် လိုက်ပြီး လင်ကီ သုံးနေကျ စားပွဲပေါ်တင်သည့် အောက်ခံ အ၀ိုင်းပြား ကလေးများကို သိမ်းထားလိုက်သည်။ မီးဖိုဆောင်တွင် ငွေထည် ပစ္စည်းများ ကို သုံးနေကျဖြစ်၍ စတီးဇွန်း၊ ခက်ရင်း များကိုလည်း လင်ကီ မသုံးတော့။
စာမူတွေ စာအုပ်တွေ မအားမလပ် ဖတ်နေသည့်ကြားမှ ဟင်းချက်နည်း စာအုပ်များကိုလည်း လင်ကီ ဖတ်သည်။ လင်တော်မောင် လျှာရင်းမြက်အောင် ကြံဖန်ချက်သည်။

ရုံးအားရက် နံနက်ခင်းများတွင် ကြက်ဥတွေကို အိပ်ရာထဲထိ ယူလာကျွေးသည်။ ရံဖန်ရံခါတွင် ဗန်းထဲမှ နံနက်စာ ကို နှင်းဆီပွင့်တွေ ခြံရံလိုက်သေး၏။ ရှန်ပိန်ခွက်နှင့် နောက်ဆုံးပေါ် အချစ်နီတိ စာအုပ်လည်း နံနက်စာ ဗန်းထဲတွင် ပါသည့်အခါ ပါ၏။ နံနက်စာစားပြီးလျှင် အိပ်ရာ ပြန်ဝင် ဖြစ်ကြသည်က ခပ်များများ။
"အဲဒီ စာအုပ်မျိုးတွေ ဆက်မထုတ်ကြရင် ကိုယ်တို့ ဘာလုပ်ကြမလဲဟင်"
ပီတာ က ပူပူပင်ပင် မေးသည်။ လင်ကီ ဖြေ၏။
"သိပ် ပူစရာ ရှိမယ် မထင်ပါဘူး မောင်ရယ်၊ စာအုပ်ဆိုတာ လူတွေ ရေးတာပါ"

ပီတာအတွက် ညစာသည် အမြဲတမ်း စိုပြည် မြိုင်ဆိုင်လေသည်။ ၀ိုင်ဖြူဆိုလျှင် အသားပြုတ်နှင့် ချဉ်ငန်စပ် ကောင်းကောင်း နှင့်။ ၀ိုင်နီဆိုလျှင် အသားကြော်နှင့်။ ပီတာ့နှင့် တစ်ခါ ဘယ်တော့မှ ဟင်းလျာ မထပ်စေရ။ ပြီးတော့ တိုက်သည့် ၀ိုင်နှင့် အစပ်အဟပ် တည့်ပြီးသား ဖြစ်စေရမည်။ သည့်အတွက် အပေါင်းအသင်း များကို လင်ကီ့ကို ချီးကျူးမဆုံး ရှိကြ၏။
နွားကလေးသား ကို ဒယ်အိုးထဲတွင် ရဲနေအောင် ကြော်ရင်း သို့မှမဟုတ် ငါး၊ ပုစွန်များကို ကင်ရင်း
"လင်ကီ က ချက်တဲ့ ပြုတ်တဲ့ နေရာမှာ လက်ဆိပ်ရှိတယ်" ဟု ပြောတတ်သည်။

အိမ်ထောင်သည် ဘ၀ကို သည်မျှ ပျော်စရာ ကောင်းလိမ့်မည်ဟု ပီတာ ဘယ်တုန်းကမှ မမျှော်လင့် ခဲ့။
"ကိုယ်က မိန်းမယူပြီး ခဏကြာရင် ညည်းငွေ့လာမယ် ထင်တာ၊ ခုတော့ ညည်းငွေ့စရာဆိုလျှင် တစ်စက္ကန့် တောင် မရှိဘူး" ဟု ပီတာက အပေါင်းအသင်းများအား ပြောတတ်သည်။
လင်ကီ အလုပ်တစ်ခု ရှာနေသည့် ကိစ္စအတွက်လည်း ပီတာ စိတ်ပါလာသည်။ အားပေးစ ပြုလာ သည်။
"ခုတော့ ကိုယ့်မိန်းမက အတွင်းရေးမှူးပေါ့ကွာ၊ ဒါပေမယ့် မကြာခင် သူ  ကိုယ်တိုင် အတွင်းရေးမှူး တစ်ယောက် ရတော့မှာပါ" ဟုလည်း ပီတာ နောက်တတ်၏။ သူ အလုပ်တွင် စိတ်ပျက် ညည်းငွေ့ နေသော ပီတာ သည် လင်ကီ့ကို ကြည့်ပြီး အားတက်နေသည်။

"အမျိုးသမီးလောက မဂ္ဂဇင်းဟာ အပျော်ဖတ် ပေါ်ပင် မဂ္ဂဇင်းတွေနဲ့ စာရင် အပုံကြီးသာပါတယ်" ဟုလည်း ကြော်ငြာ ပေးတတ်၏။ လင်ကီကလည်း တိုက်မှာ ဖြစ်ခဲ့ အတွေ့အကြုံတွေကို ပီတာအား ပြန်ပြီး ဖောက်သည်ချတတ်သည်။ ချာလီ တစ်နေ့တခြား အရက် ပိုသောက်လာကြောင်း၊ မမကော်ရယ်နှင့် အလှကုန် သူဌေးကြီးတို့၏ ပြင်းထန်လှသည့် တိတ်တိတ်ပုန်း အချစ်ဇာတ်လမ်း၊ တိုက်သားအချင်း လက်သီးပုန်း ထိုးနေကြပုံ၊ နိုင်ငံရေး အမြင် မတူကြပုံ စသည် စသည်များ။

နှစ်ယောက်စလုံး မွေးချင်း မရှိသူများဖြစ်၍ တစ်ဦးနှင့်တစ်ဦး ပို၍ တွယ်တာ ကြသည်။ ကြင်နာ ကြသည်။ ပီတာ ၀ါသနာပါသည့် ရှေးဟောင်း ဗိသုကာ ပုံစံများ စုဆောင်းသည့် အလုပ်ကို စိုက်လိုက်မတ်တက် တစ်ဖက် က လုပ်ဖို့ လင်ကီ အားပေးသည်။
ချီကာဂို ပြတိုက်တစ်ခုမှာ ဖရင့် ရိုက်ရဲ့ ပုံစံတွေ ရောင်းဖို့ ပြထားတယ် ကြားတယ်။ တို့သွားလေ့လာ ကြရအောင်" ဟု ပီတာက အားတက်သရော ပြောသည်။

လင်တော်မောင်၏ အားပေးမှုပါ ရလာသည့်အခါ လင်ကီကလည်း အလုပ်ရဖို့ ကြိုးစားပမ်းစား အားထုတ်သည်။ နမူနာ စာမူ သုံးပုဒ် တည်းဖြတ်ပြီး ရော့ဖ်ဆီ ပို့လိုက်သည်။ မကြာမီ ရော့ဖ်ဆီက ဖုန်းပြန်လာသည်။ "ဟန့်ဂရင်နီက လင်ကီကို လူတွေ့ စစ်ဆေးမည့်"တဲ့၊ ခရစ္စမတ်နှင့် နှစ်ကူး ကြားရက်  တစ်ရက် ကို ရက်ချိန်းပေးလိုက်၏။
"ဟာ ဒီရက်က လူတွေ အလုပ်လုပ်တဲ့ရက်မှ မဟုတ်တာ"
ပီတာ တအံ့တသြ ပြောသည်။
"အဲဒီလူတွေထဲမှာ ဟန့်ဂရင်နီ မပါဘူး ထင်တယ်" ဟု လင်ကီက ထင်ကြေးပေးလိုက်သည်။

ဆက်ရန်
.

No comments: