Monday, May 9, 2011

ကူမွန်တောင်တန်းလွမ်းစေဘို့ဖန် (မဝင်းမြင့် ) အပိုင်း (၂၂)

ဘခင်နှင့် အစ်ကိုအတွက် ဆောင်ရွက်ပေးစရာကို တာဝန်ကြေအောင် လုပ်ကိုင် ဆောင်ရွက်ပေးစရာကို တာဝန်ကြေအောင် လုပ်ကိုင်ဆောင်ရွက်ပေးပြီးသည့် အခါတို့မှာ ဗိုလ်ချုပ်ပန်းခြံဘက်ကိုသာ ငေးမျှော်ကာ လွမ်းမျက်ရည် ဖြာနေသည်ကို ဘခင်ဦးအုန်းဖေနှင့် အစ်ကိုဖြစ်သူ ကိုမြင့်ညိုတို့ ကောင်းစွာ သိနေ ခဲ့ကြသည်။
    ညာမေတင်သူတို့ ပြန်ရောက်နေခဲ့သည်မှာ သုံးနှစ်ကျော် လေးနှစ်ပင်ပြည့်တော့မည်၊ ဤအချိန်တွင်းမှာ ညာမေတင် ချစ်ကြင်ဖော်ဖြစ်ခဲ့သော ခင်မောင်အေးအကြောင်းကို အစအနပင် မကြားခဲ့ရသည့်အတွက် ဦးအုန်းဖေ နှင့် ကိုမြင့်ညိုတို့ စိတ်အေးသလို ဖြစ်နေခဲ့ကြသည်၊ ဤမျှလောက် အချိန်ကြာညောင်းစကား သိုးသိုး သန့်သန့်ပင် မကြားရပုံကို ထော်သော် ခင်မောင်အေးသည် ကိုမြင့်ညိုပေးခဲ့သည့် မေ့ဆေးကြောင့် အသက်အန္တရာယ် ဖြစ်သွားလေပြီလား၊ သို့တည်းမဟုတ် ညာမေတင်ကို မေ့ပျောက်ကာ တောထဲမှာပင် သူ့ဘာသာဘာဝ ပျော်နေလေပြီ လား၊ မည်သို့ပင်ဖြစ်စေ ခင်မောင်အေးနှင့် ပတ်သက်ပြီး အစအန မပေါ်ပေါက်သည့် အတွက်ကိုမူ ဦးအုန်းဖေနှင့် ကိုမြင့်ညိုတို့ ၀မ်းသာပါသည်။
    ထိုကြောင့် ညာမေတင် စိတ်ပြေ လက်ပျောက် ဖြစ်အောင် အပြင်အပသို့ လည်ပတ်ခွင့်ပေးရန် ကိုမြင့်ညို တို့ သားအဘ စီမံကိန်းဆွဲလိုက်ကြသည်။
    ထိုအချိန်မှာပင် ဦးအုန်းဖေ၏ မိတ်ဆွေဟောင်းကြီး ဦးအေးထွန်းသည် သားဖြစ်သူ ကျော်ကျော်ကိုပါ ခေါ်ပြီး အလည်အပတ်ရောက်လာသည်။
    ဧည့်သည်ဝတ္တရားအတိုင်း ညာမေတင်က စားသောက်ဘွယ်ရာများဖြင့် ဧည့်ခန်းသို့ လာခဲံသည်၊ ချောမောလှပ သော ညာမေတင်ကို မြင်လိုက်ရသော ကျော်ကျော်သည် ညာမေတင်ကို စူးစူးစိုက်စိုက် ကြည့်နေမိသည်၊ သူစိတ်ကူးမျှော်မှန်းထားခဲ့သည့် ရုပ်ရည်မျိုးကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့လိုက် ရသောအခါ ကျော်ကျော်သည် စိတ်ထဲမှာ များစွာကျေနပ်သွားသည်၊ သားဖြစ်သူ၏ အရိပ်အကဲကို သတိပြုလိုက်မိသော ဦးအေးထွန်းသည် သူကိုယ်တိုင် ညာမေတင်၏ ရုပ်ရည်ကို မင်လိုက်သည့်အတွက် သဘောကျ သလို ဖြစ်နေသောကြောင့်  သားဖြစ်သူ နှစ်သက်နေသည်ကို မြင်ရသောအခါ စိတ်ထဲက ကြိတ်ပြီး သဘောတူလိုက်သည်။
    'ကိုအုန်း၊ ဒါကိုအုန်းသမီးလား'
    စားသောက်ဖွယ်ရာတွေကို ချပေးခဲ့ပြီး ဧည့်ခန်းမှပြန်ထွက်သွားသော ညာမေတင်ကို လှမ်းကြည့်ပြီး ဦးအေးထွန်းက မေးသည်။
    ဟ'ဟုတ်တယ်ကိုထွန်းရေ့... သားထက်အငယ်လေ'
    ဦးအုန်းဖေက ဖြေသည်။
    'အော်...အော် သတိရပြီ၊ လေယာဉ်ပျက်စဉ်က  ပါသွားတဲ့သမီးဆိုတာလား'
    ဦးအေးထွန်း က ဤမျှသာမေးသည်၊ ညာမေတင်ကို မည်သို့ မည်ပုံ ပြန်လာခဲ့သည်ဟူသော စိတ်ဝင်စားဘွယ် အကြောင်းကို ဦးအေးထွန်း သတင်းကြားပြီးဖြစ်သည်။ သို့သော် မမြင်ဘူးခဲ့သောကြောင့် ဤမျှ ချောမောလှပလိမ့်မည်ဟု မစဉ်းစားခဲ့ချေ၊ ဦးအုန်းဖေ၏ ပစ္စည်းအင်အား အခြေအနေနှင့် ကိုမြင့်ညို၏ ဂုဏအရှိန်အ၀ါ ကို သိပြီးဖြစ်သောကြောင့် သားဖြစ်သူ ကျော်ကျော်နှင့် နီးစပ်လက်ထပ်ဖြစ်ခဲ့လျှင် မရှုံးနိုင် ဟုတွက်ခါ သားကိုခေါ်လာခြင်းဖြစ်သည်၊ ယခုရုပ်ရည်မှာဆိုစရာမရှိသော ညာမေတင်ကို သားဖြစ်သူက သဘောကျ နေသည်ကို တွေ့ရသောအခါ သိုက်သမားပြီပြီ သူမျှော်မှန်းသည့်အတိုင်း ဖြစ်တော့မည်ဟု တွေးပြီး စိတ်ထဲက ကျေနပ်နေသည်။
    'သမီးအဘိုးတန်ပါဘဲလား ကိုအုန်းရဲ့၊ သူ့ပညာရေး အခြေအနေ ဘယ်လိုလဲ'
    'တမြို့ထဲနေခဲ့ကြသည့် ငယ်သိ ရင်းနှီးသူချင်းဟူသော သဘောဖြင့် ဦးအေးထွန်းက ညာမေတင် အကြောင်း ကို စုံလင်အောင် သိရစေရန် အမှတ်မထင်သဘောမျိုးဖြင့် မေးလိုက်သည်။ ဦးအုန်းဖေက ရိုးသား ပွင့်လင်း သူဖြစ်သည့်အတိုင်း ညာမေတင်ကို ကျောင်းဆရာမကြီးတဦး ငှားပြီးမည်သို့ ပြုစု ပျိုးထောင် ခဲ့ရကြောင်း၊ ညာမေတင်၏ ပညာရေးကို အတန်းမအောင်သော်လဲ လူထဲသူထဲ အောက်တန်း မကျ ဘဲ တန်းတူရည်တူ အရည်အချင်းရှိနေပြီ ဖြစ်ကြောင်းကို ပြောပြသည်။
    ဤသို့ဖြင့် တခေါက်အလည်လာလိုက်၊ ညာမေတင်အကြောင်းစူးစမ်းလိုက်၊ နောက်တခေါက် အလည်လာလိုက်၊ သားဖြစ်သူ ကျော်ကျေ်ကို အမွှန်းတင်လိုက်ဖြင့် သားသေရးသမီးရေးကို မသိမသာ ပြောလာခဲ့ရာ မှ ပွင့်ပွင့်လင်းလင်းပင် ပြောသည့် အခြေသို့ ရောက်လာသည်။
    'ကိုအုန်းရဲ့ လျှို့ဝှက်ထားရမဲ့ လူတွေလဲ မဟုတ်ပါဘူး၊ သားကျော်ကျော်ကလဲ သမီးကို သိပ်မြတ်နိုးနေပါပြီ ငယ်ကြွမ်းငယ်သိတွေဘဲ၊ တယောက်နဲ့တယောက် ငြင်းစရာမရှိပါဘူး၊ သားနဲ့သမီးကို လက်ဆက် လိုက်ကြ ရအောင်လား ကိုအုန်း'
    ဦးအေးထွန်းကိုယ်တိုင်ကလဲ သဘောတူသည်၊ ကျော်ကျော်ကလဲ များစွာ နှစ်သက်နေသည်၊ ထိုကြောင့် ဦးအေးထွန်း က ဖွင့်ပြောနေခြင်းဖြစ်သည်။
    'ဖြေးဖြေးစဉ်းစားတာပေါ့ ကိုထွန်း၊ ကျုပ်မှာက သမီးသဘောကိုလဲ စူးစမ်းရအုံးမယ်၊ သားကြီးကိုလဲ အသိပေး တိုင်ပင် သင့်သေးတယ်လေ'
    ဦးအုန်းဖေက ဆုတ်သာတက်သာ စကားကိုပြောသည်။
    'အချိန်သိပ်ဆွဲမနေနဲ့ ကိုအုန်းရယ်၊ ၀ါမ၀င်ခင်မှာ ကိစ္စပြီးအောင်  စီမံကြရအောင်၊ သားကတော့ ချက်ချင်း ကို ဖြစ်စေချင်နေပြီ၊ သမီးကလဲ မြတ်နိုးစရာ အဘိုးတန်ကိုး'
    ဦးအုန်းဖေ ဘာမှပြန်မပြောဘဲ ဆေးလိပ်ကိုသာ ဖွာနေသည်။
    ဘခင်နှင့်အတူ လိုက်ပါလာသော ကျော်ကျော်က သေသေ၀ပ်ဝပ်ရိုးကျိုးစွာ ထိုင်နေရာမှ ဦးအုန်းဖေ ကိုကြည့်နေသည်၊ သူ့စိတ်ထဲမှာ သဘောမတူ မပေးစားနိုင်ဟု ငြ်းလိုက်လေမည်လားဟု စိုးရိမ်စိတ် ပေါ်နေသည်။
    'ဘယ်လိုလဲ ကိုအုန်းရုယ် နှုတ်ဆိတလှချည်လား၊ ကျုပ်သားမှာ ဘယ်လိုချို့ယွင်းချက် တွေ့နေလဲ၊ ပွင့်ပွင့်လင်းလင်းသာပြောပါ၊ ချက်ချင်းသဘောကျဖြစ်စေရပါမယ်'
    တမြို့ထဲ နေလာခဲ့သည့် ငယ်သိသားရှင် တယောက်လုံးက ဤမျှလောက် ကြို့ရို့စွာ ပြောနေသောအခါ ဦးအုန်းဖေ က စကားပြန်ရတော့သည်။
    'နေပါအုံးလေ၊ သားကြီးကို အသိပေးတိုင်ပင်ပါရစေအုံး သားကြီးက သဘောမျှတယ်ဆိုရင် သမီးကို နားသွားရအုံးမဲ့ အရေးက ရှိနေသေး၊ သမီးကိုယ်တိုင်ကလဲ နှစ်ခြိုက်မှ ကောင်းပါတယ်၊ အဆင်ပြေမပြေကို အကြောင်း ပြန်ပါမယ်လေ'
    ဟူသောအဖြေကို ပေးလိုက်ပြီး ဦးအေးထွန်းတို့ သားအဖပြန်သွားကြသည့် အခါ သားဖြစ်သူ ကိုမြင့်ညိုကို ပြောပြတိုင်ပင်လိုက်သည်။
    'ကျော်ကျော်ကို ကျွန်တော်မြင်ဘူးလိုက်ပါတယ် ဖေဖေ၊ ရုပ်ရည်နဲ့ ပညာကတော့ ဆိုစရာမရှိပါဘူး၊ အကျင့်စာ၇ိတ္တ စိတ်နေသဘောထားကို ဖေဖေဘယ်လို သဘောရလဲ'
    ဟု ပြန်မေးသည်။
    'နှိုက်နှိုက်ချွတ်ချွတ်တော့ မသိဘူးပေါ့သားရယ်၊ သူ့အဖေကတော့ သဘောကျဖြစ်ရပါစေ မယ်လို့ ပြော တာဘဲ'
    'ညီမလေးကို ပြောလို့ရပါ့မလား'   
    'ဖေဖေလဲ ဒါကို စဉ်းစားမိပါတယ်၊ အင်း..ဘခင်အနေနဲ့ ပြောရမှာ နှုတ်တော့ မရဲစရာပေါ့လေ၊ ဒါပေမဲ့ တိုင်ပင်စရာက သားကြီးဘဲ ရှိနေတော့ ဖေဖေ ပြောရမယ်ဆိုရင် သမီးကို စိတ်ပြောင်းစေချင်တယ်၊ သူ့စိတ်အာရုံ ကို ပြောင်းလဲဘို့ မဆောင်ရွက်နိုင်အောင် ကူမွန်တောင်တန်းကိုဘဲ စိတ်စွဲလန်းပြီး ဟိုအရိုင်းကောင် ကို မမေ့နိုင်ဘဲ ဖြစ်နေမှာ၊ ကြာရင် စိတ်ဝေဒနာစွာသွားမှာတောင် ဖေဖေစိုးရိမ်မိတယ် သားရယ်'
    ဘခင်ကြီးစကားအဓိပ္ပာယ် အကယ်ကို ကိုမြင့်ညိုက နားလည်လိုက်သည်၊ ဘခင်ကြီးပြောမည်ဆိုကလဲ ပြောစရာပင်။
    ညာမေတင်အနေဖြင့် ဘခင်နှင့်အစ်ကိုအတွက် ဆောင်ရွက်ဘွယ် ကိစ္စပြီးလျှင် ငေးမှိုင်ကာ မျက်ရည် စမ်းစမ်းဖြစ်နေတတ်သည်ကို ကိုမြင့်ညို တွေ့ခဲ့မြင်ခဲ့သည်၊ တောတောင်ထဲမှာနေခဲ့သည့် အချိန်က သူနေခဲ့ရာ ဒေသသည် တောတောင်ဖြစ်သည်ဟုသာ သိခဲ့သည်၊ ယခုကိုမြင့်ညိုတို့ သားအဖ၏ ပြုစု ပျိုးထောင် မှုကြောင့် လူတန်းစေ့ ပညာလေး ပြည့်လာသောအခါ သူနှင့်ခင်မောင်အေးတို့ နေခဲ့သည့် နေရာသည် ကူမွန်တောင်တန်းအတွင်း တနေရာဖြစ်ကြောင်း သိသွားပြီး ဖြစ်သည်။
    ထိုကြောင့် အစ်ကိုဖြစ်သူ ကိုမြင့်ညို အလုပ်စားပွဲရှိနေသည့် မြန်မာနိုင်ငံ မြေပုံကြီးထဲတွင် ဖော်ပြပါရှိသော ကူမွန် တောင်တန်း တည်ရှိနေရာကို ကြည့်ကာ အသက်တမျှချစ်သော ခင်မောင်အေးကို၎င်း၊ သူ့အပေါ်မှာ မိဘအရင်း လို ကျေးဇူးပြုခဲ့ရှာသူ လူဝံကြီးမောင်နှံကို၎င်း လွမ်းဆွတ်ပူဆွေးမှုသည် လျော့ပါးသွားသည် မရှိဘဲ နေမြင့်လေ အရူးရင့်လေဆိုသော စကားအတိုင်း ဖြစ်နေသည်။
    အားလပ်သည့်အခါတိုင်း မြေပုံကိုကြည့်နေတာ မျက်ရည်စမ်းစမ်းဖြစ်နေသည်ကို၎င်း ဗိုလ်ချုပ် ပန်းခြံ ဘက်ကို မျှော်ကြည့်ကာ ငေးမှိုင်နေတတ်သည်ကို၎င်း၊ ကိုအုန်းဖေနှင့် ကိုမြင့်ညိုတို့အမြဲ မြင်နေတွေ့နေရသည်၊ ထိုသို့ မြင်တွေ့သည့်အခါတိုင်း သားအဘ နှစ်ယောက်လုံးသည် ညာမေတင်၏ အတွင်း စိတ်စွဲလမ်းမှု မည်မျှ ကြီးမားနေသည်ကို စဉ်းစားမိကြသည်။
    မြေပုံကိုကြည့်နေသည့် သဘောကိုလဲသိကြသည်၊ သို့သော် မြေပုံကို ၊ မြေပုံကို ပြန်လည် သိမ်းဆည်း ထား၇န် သူတို့သားအဖနှစ်ယောက်စလုံး မည်သူမှ စိတ်မကူးဝံ့ကြချေ ပြန်သိမ်းလိုက်လျှင် ဘခင် နှင့် အစ်ကို တို့ ရိပ်မိသိသွားကြလေပြီဟူသော အတွေးကြောင့် ညာမေတင်၏ စိတ်သည် ပိုမိုဆိုးဝါးလာမည်ကို တွေး ကြသည်၊ လူတို့သဘောသည် မသိလိုက်ဘာသာ အမှတ်မဲ့နေလျှင် ငြိမ်ဝပ်နေတတ်သော်လဲ သိနေပြီ ချုပ်ချယ် လိုက်ပြီဟူသော အတွေးမျိုးပေါ်လာလျှင် ပိုဆိုးတတ်သည်။ ထိုကြောင့် ညာမေတင် မြေပုံကြီး ကိုကြည့်ပြီး ပူဆွေးနေသည်ကို သားအဘနှစ်ယောက်လုံး မမြင်ဟန် မသိဟန်ဆောင်နေကာ ညာမေတင် ကို ထိုအကြောင်း နှင့် ပတ်သက်ပြီး ဘာမှ မေးမြန်းပြောဆိုခြင်း မပြုဘဲ လျစ်လျူရှုသည့် အသွင်မျိုး နေ လိုက်သည်။
    ထိုသို့ ညာမေတင်အဖြစ်ကို မြင်ရလေလေ ညာမေတင်ကို စိတ်အာရုံပြောင်းစေချင် လေလေ ဖြစ် နေသည်။
    ထိုကြောင့် ကျော်ကျော်နှင့် လက်ဆက်ရန် ကမ်းလာချက်ကို သားအဘနှစ်ယောက်လုံး စဉ်းစားကာ ကျော်ကျော် ဘက်က ချို့ယွင်းချက်မရှိလျှင် လက်ခံရန် ဆုံးဖြတ်လိုက်ကြသည်။
    ကျော်ကျော်နှင့်ပတ်သက်ပြီး စုံစမ်းရာမှာလက်လှမ်းမှီသရွေ့ဆိုလျှင် ကျော်ကျော်သည် အစိုးရအရာရှိမဟုတ်ဘဲ ဘခင်နှင့်အတူ စီးပွားရေးကိုလုပ်ကိုင်နေသည့် လူကောင်း သူကောင်းတယောက်ဖြစ်ကြောင်းကိုသာ သိကြရသည်။ ထိုကြောင့် သားအဖနှစ်ယောက် တိုင်ပင်ကာ ဦးအုန်းဖေက စကားပြန်လိုက်သည်။
    'ကိုထွန်းပြောထားတဲ့ စကားကို ကျုပ်သမီးရှင်တယောက်အနေနဲ့ ငြင်းစရာတော့ မရှိပါဘူး၊ ဒါပေမဲ့ အတင်းအကြပ် စီမံတာမျိုး ဖြစ်နေရင် သမီးစိတ်ဆင်းရဲမှာလဲ စိုးရိမ်မိပါတယ်၊ အဲဒီတော့ လူငယ်ချင်း နှစ်သက် မှ ကောင်းမယ်ဟုတ်လား၊ သူတို့ချင်း အကြေအလည် တိင်ပင်ကြစေလိုတယ် ကိုထွန်း'
    ဤမျှလောက်သော စကားပြန်ချက်ကို ရလျှင်ပင် ဦးအေးထွန်းနှင့် ကျော်ကျော်တို့ ၀မ်းသာသွားကြသည်။
    'ဟာဒါပြောထိုက်တဲ့စကားပဲ ကိုအုန်းရဲ့၊ သမီးက ဘာပစ္စည်းမျိုးကို နှစ်သက်တာလဲ၊ သမီး နှစ်သက် တတ် တဲ့ ပစ္စည်းမျိုးကို ကျော်ကျော် ယူလာစေရမယ်၊ သမီးကို လက်ဆောင်ပေးရင် ဒီလက်ဆောင်အကြောင်း ပြောရင်း က စကားလက်ဆုံကြစေရမှာပေါ့၊ ရင်းနှီးစေရမှာပေါ့'
    ဦးအေးထွန်းက ၀မ်းသာအားရပြောသည်။
    'သမီးကိုမေးကြည့်အုံးမယ်လေ၊ သမီးဘယ်လိုပစ္စည်းမျိုးကိုများ စိတ်ဆန္ဒရှိနေလဲလို့'
    ဦးအုန်းဖေက ပြန်ပြောသည်။
    သူတို့စီစဉ်ထားသည့်အတိုင်း ဦးအုန်းဖေနှင့် ကိုမြင့်ညိုတို့က ညာမေတင်ကို မည်ကဲ့သို့ စကားအစပြုပြီး မေးရမည် ကို တိုင်ပင်နေဆဲဝယ် အိမ်ကို မကြာခဏရောက်လာတတတ်ကြပြီး ညာမေတင်နှင့် ခင်မင်ရင်းနှီး စွာ စကားပြောနေတတ်ကြသည့် ကိုထွန်းအံ့ နှင့် ကိုဘသော်တို့ ရောက်လာကြသည်။
    ညာမေတင်နှင့်ပတ်သက်သည့် ကိစ္စတွေမှာ စေတနာကောင်းဖြင့် အပင်ပန်းခံကူညီခဲ့ခြင်း၊ ညာမေတင် အကြောင်း ကို သစ္စာရှိစွာ နှုတ်လုံခဲ့ကြခြင်းတို့ကြောင့် ဦးအုန်းဖေနှင့် ကိုမြင့်ညိုတို့က ကိုထွန်းအံ့ နှင့် ကိုဘသော် တို့ နှစ်ယောက်ကို ဆွေမျိုးသားချင်းလို သဘောထားကာ ညာမေတင်နှင့် ပတ်သက်သည့် အကြောင်းကို အသိပေး တိုင်ပင်လေ့ရှိကြသည်။
    ယခုသော် ကိုဘသော်နှင့် ကိုထွန်းအံ့တို့ ရောက်လာသောအခါ ညာမေတင်ကို လက်ဆက်ရန် ကျော်ကျော်တို့ သားအဘ လာရောက် ကမ်းလှမ်းကြောင်းပြောကာ ညာမေတင်မည်သည့် အရာဝတ္ထုမျိုးကို စိတ်ဝင်စား ကြောင်း စကားအလျဉ်းသင့်၍ မေးမြန်းသည့် အနေဖြင့် မေးစေလိုကြောင်း ပြောကြသည်။
    ကိုဘသော်နှင့် ကိုထွန်းအံ့တို့က အမှတ်မထင်သဘောမျိုးဖြင့် မေးခြင်းသာလျှင် သင့်လျော်ကြောင်း၊ ဦးအုန်းဖေနှင့် ဦးမြင့်ညိုတို့က မေးပြီး ကျော်ကျော်က ယူလာလျှင် ညာမေတင် ရိပ်မိသွားနိုင်သည်၊ ထိုအကြောင်း ကို စဉ်းစားမိကြသဖြင့်လဲ ကိုမြင့်ညိုနှင့် ဦးအုန်းဖေတို့က ကိုထွန်းအံ့နှင့် ကိုဘသော်ကို တာဝန် ပေးလိုက်ကြသည်။
    ကိုဘသော်နှင့် ကိုထွန်းအံ့တို့သည် ခါတိုင်း လာလည်သည့်အခါ ညာမေတင်ကို စကား ပြော နေကြအတိုင်း ဟိုအကြောင်းသည်အကြောင်း စကားအစရှာ ပြေောနကြရာမှ အချို့သော မိသားစုတွေသည် မိခင်ဘခင် မွေးနေ့ကို သားသမီးများက မိဘတွေကြိုက်တတ်သည့် လက်ဆောင်ပစ္စည်းများ ပေးလေ့ရှိခြင်း မိဘတွေကလဲ သားသမီးမွေးနေ့တွင် သားသမီးများ ကြိုက်တတ်သည့် လက်ဆောင်ပစ္စည်း များ ကိုပေးလေ့ရှိကြကြောင်း စသည်ဖြင့် ညာမေတင် စိတ်ဝင်စားလာအောင် နားထောင်ချင်စဘွယ် စီကာပတ်ကုံး တယောက်တမျိုး ပြောကြသည်။
    ထိုသို့ ပြောနေကြရာမှ ကိုဘသော် ပြောလိုက်သည်။
    'အော်...ဒါထက် တင်တင်မွေးနေ့ကို ဘဘကြီးက လက်ဆောင်ပေးမယ်လို့ စိတ်ကူးထားတယ်ဆိုတာ ဦးလေးတို့ကို ပြောဘူးတယ်၊ ဘဘကြီးဘာပေးမယ်မသိဘူး၊ တင်တင်ကို ဘဘကြီးကရော ဆရာကပါ သိပ်ချစ်ကြတာ၊ တင်တင်လိုချင်တာ တောင်ပါလား သူတို့မငြင်းဘဲ ပေးကြမှာ'
    ထိုအခါ ကိုထွန်းအံ့က ထောက်ခံလိုက်သည်။
    'အေး ဟုတ်တယ်ကွဲ့၊ ဦးလေးကလဲ ကြားလိုက်မိတယ်၊ ဒီနှစ် တင်တင်မွေးနေ့ရော မွေးရက်ရော မွေးလ ရော တထပ်ထဲ ကိုက်ညီနေတယ်၊ အင်မတန် တိုက်ဆိုင်ခဲတယ်နော်၊ ဒီလိုအချိန်ခါမှာမှာ ဘဘကြီးနဲ့ ဆရာ ကလဲ အထူးတလည် လက်ဆောင်မျိုးပေးချင်နေတာ၊ တင်တင်ဘာလိုချင်လဲ၊ စဉ်းစားထားနော်'
    ကိုထွန်းအံ့နှင့် ကိုဘသော်တို့ ပြောသည့်အတိုင်း ညာမေတင်၏ မွေးနေ့-ရက်-လသည် အားလုံးတိုက်ဆိုင်နေကြော်ငးကို ဘခင်နှင့် အစ်ကိုကလဲ ပြောထားခဲ့ဘူးသည်။
    ညာမေတင်သည် ကိုထွန်းအံ့နှင့် ကိုဘသော် စကားကိုနားထောင်နေရာမှ...
    'တင်တင့်မွေ့နေ့ တိုက်ဆိုင်နေချိန်မှာ ဘာလက်ဆောင်မှာ မလိုချင်ပါဘူး၊ ဦးလေးတို့ရယ်၊ တင်တင်ကြီးမား တဲ့ ကျေးဇူးပြုထားခဲ့တဲ့ အသက်သခင်ကျေးဇူးရှင် လူဝံကြီးမောင်နှံ ပုံတူ ပန်းချီ ကိုးကွယ် ချင်ပါတယ်၊ ကျေးဇူးရှင်လူဝံကြီးမောင်နှံပုံကို မှန်ဘောင်သွားပြီး ဖေဖေနဲ့မေမေ ဓာတ်ပုံနားမှာ ချိတ် ထားချင်တယ်၊ တင်တင်မွေးနေ့အတွက် လိုချင်တဲ့ လက်ဆောင်ကတော့ ဒါပါဘဲ၊ ဒါပေမဲ့ ဖေဖေနဲ့ကိုကိုက သဘောကျ မှာမဟတ်ုဘူး၊ ဘာကြောင့်လဲဆိုတော့ တင်တင်တောစိတ် ပြန်ဝင်သွားမှာကို စိုးရိမ်ကြတယ် လို့တင်တင်ထင်တယ်'
    ညာမေတင်သည် ထိုစကားကို လှိုက်လှဲသော အသံဖြင့်ပြောသည် အမှန်တကယ် ညာမေတင်သည် ကျေးဇူးရှင် လူဝံကြီးမောင်နှံကို မမေ့ပျောက်နိုင်ရုံသာမဟုတ်သေး၊ သူကမျက်စေ့အောက်မှာ ရက်စက်စွာ အသတ်ခံ လိုက်ရပုံကိုလဲ အမြဲသတိရကာ ကြင်နာသနားသောစိတ်၊ နာကျည်းသောစိတ်က ရင်ထဲမှာ စွဲမြဲ နေခဲ့သည်။
    လူဝံကြီးမောင်နှံ၏ ကျေးဇူးကို ဆပ်သောအားဖြင့် ဓာတ်ပုံကို ရိုသေစွာ ကိုးကွယ်လိုသည်၊ ညအိပ်ရာ ၀င် တိုင်း မိဘကို ကန်တော့သည့်နည်းတူ လူဝံကြီးမောင်နှံ၏ပုံကို ကန်တော့ရာမှာ ငါ့မိခင်သည် ဤလိုရုပ်ရည် သဏ္ဍာန်မျိုးရှိပေသည်ဟု အားပါးတရကြည့်ပြီး ကန်တော့ရသည်၊ လူဝံကြီးမောင်နှံကိုမူ စိတ်မှန်းဖြင့်သာ ကန်တော့ ရသည်၊ ပုံသဏ္ဍာန်ကိုမမြင်ရသည့်အတွက် စိတ်ထဲမှာ ကြေနပ်ခြင်းမရှိခဲ့ချေ။

ဆက်ရန်
.

No comments: