အခန်း(၂၁)
အတန်ကြာမှ ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို တွန်းဖယ်ပစ်လိုက်ပြီးနောက် ခရိတ်နှင့် ဆယ်လီတို့အား လှမ်းကြည့်လေသည်။
"ခင်ဗျားနဲ့ မစ္စဆယ်လီ နှစ်ယောက်စလုံး သေဒဏ်အပြစ်ပေးခံရဖို့ များတယ်"
"ဒီကိစ္စမှာ ဆယ်လီက ဘာမှမဆိုင်ဘူးဗျ။ သူ့ကို ဆွဲမထည့်ပါနဲ့"
ခရိတ်က ပြန်ပြောရင်း ဆယ်လီအား ကာကွယ်သည့်သဘောနှင့် သူမ၏ ပခုံးကို လက်တစ်ဖက်ဖြင့် အသာ ဖက်ထားလိုက်သည်။
ဖွန်ဂါဘီရာသည် ဆယ်လီအား ခြေဆုံးခေါင်းဆုံးကြည့်ရင်း သရော်သည့်မျက်နှာထားဖြင့် ပြောပြန် လေသည်။
"မိန်းမတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်မှုအရ သေဒဏ်အပြစ်ပေးခံရလို့ ကြိုးစင်တင်ပြီး ကြိုးပေးသတ်တဲ့ အခါ ယောက်ျားတွေလို ကြံ့ကြံ့မခံနိုင်ဘဲ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတတ်တယ်လို့ ကျုပ်ကြားဖူးတာပဲ"
သူပြောပုံက သရော်လှောင်ပြောင်သလို ဖြစ်ရုံမက အလွန် အော့နှလုံးနာဖွယ်ဖြစ်အောင် ပြောခြင်းဖြစ်လေ ရာ ခရိတ်သည် အလွန်ရင်နာပြီး စိတ်ထိခိုက်မိသဖြင့် ရုတ်တရက် ဘာမှ ပြန်မပြောနိုင်ချေ။
"သို့သော်လည်း ခင်ဗျားတို့ ကံကောင်းပါတယ်။ ကြိုးစင်တက်ရမယ့် အခြေအနေမျိုး မရောက်စေရပါဘူး။ အဲဒါက ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်သဘောထားအပေါ် မူတည်နေပါတယ်"
ဤသို့ ပြောရင်း ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် သရော်ပြုံးပြုံးလျက်-
"ခင်ဗျားတို့က နယ်ချဲ့အရင်းရှင်တွေရဲ့ လက်ပါးစေ လက်ကိုင်တုတ်တွေပဲလို့ သိရတယ်။ ကျုပ်က ခင်ဗျား တို့ကို ဘာမှ အရေးမယူဘဲ လွှတ်လိုက်မှာပါ"ဟု ဆက်ပြောလေသည်။
ခရိတ်နှင့် ဆယ်လီတို့သည် အံ့အားသင့်သွားပြီး ဖွန်ဂါဘီရာ၏ မျက်နှာကို လှမ်းကြည့်လိုက်ကြသည်။
"ဘာလဲ ခင်ဗျားတို့က ကျုပ်အခုပြောတာကို မယုံလို့လား။ ကျုပ် တကယ်ပြောနေတာပါဗျ။ ကျုပ်အနေနဲ့ ခင်ဗျားတို့ ကြိုးပေးသတ်ခံရလို့လည်း ဘာမှ ၀မ်းမြောက်ကျေနပ်စရာ မရှိပါဘူး။ ခင်ဗျားတို့နှစ်ယောက် စလုံး အနုပညာ အရည်အချင်းတွေရှိကြတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရမယ်ဆိုရင် နှမြောစရာ ကောင်းပါ လိမ့်မယ်။ ဘာပဲဖြစ်ဖြစ်လေ အခု အချိန်ကစပြီး ခင်ဗျားတို့ဟာ ကျုပ်တို့ နိုင်ငံ အကျိုး ထိခိုက်အောင် ဘာမှ လည်း လုပ်နိုင်တော့မှာ မဟုတ်ဘူး"
ခရိတ်နှင့် ဆယ်လီတို့သည် ဘာမှမပြောဘဲ ဆိတ်ဆိတ်နေလိုက်ကြသော်လည်း စိတ်ထဲတွင်မူ မျှော်လင့် ချက်ရောင်ခြည် ခပ်ရေးရေး ပေါ်လာပြီးတော့ တွေးမိနေကြလေသည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာကပင် ဆက်ပြောပြန်သည်။
"ကောင်းပြီ ကျုပ်က ခင်ဗျားတို့ကို တစ်ခု ကမ်းလှမ်းပါမယ်။ ခင်ဗျားတို့အနေနဲ့ စွဲချက်အားလုံးကို ခြွင်းချက် မရှိ ဖွင့်ဟ၀န်ခံပြီး ဖြောင့်ချက်ပေးမယ်ဆိုရင် ကျုပ်တို့ ခင်ဗျားတို့ကို ဘယ်လိုမှ အရေးမယူဘဲ နယ်ခြားထိ အောင် အစောင့်အရှောက်နဲ့ လိုက်ပို့ပေးပါ့မယ်။ ခင်ဗျားတို့က ဒီနိုင်ငံက အေးအေး ဆေးဆေး ထွက်သွား ကြရုံပဲ။ ခရီးသွားဖို့ စာရွက်စာတမ်းတွေလည်း အပြည့်အစုံ လုပ်ပေးလိုက်ပါမယ်။ ခင်ဗျား တို့နဲ့အတူ အရေး ကြီးတဲ့ ပစ္စည်းအသုံးအဆောင်တွေကိုလည်း ယူဆောင်သွားခွင့် ပြုပါမယ်။ နယ်ခြားက ထွက်သွားပြီးရင် တော့ ခင်ဗျားတို့က ကျုပ်နဲ့တကွ ကျုပ်တို့ လူမျိုးတွေကို နောက်ထပ် ဒုက္ခ ပေးနိုင်တော့မှာ မဟုတ်ဘူး"
ဤသို့ပြောပြီးနောက် ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ပြုံးလျက် စောင့်နေလေသည်။ သူ၏ လက်ကိုင်ကြိမ်လုံး နှင့် စားပွဲမျက်နှာပြင်ကို အသာခေါက်ရင်း စောင့်နေလေသည်။
ခရိတ် မှာ ဖြစ်ပျက်ပုံ လျင်မြန်လွန်းလှသဖြင့် ဦးနှောက်ထဲ ရှုပ်ထွေးသွားကာ ရုတ်တရက် ဘာမှ ပြန်မပြောနိုင် အောင် ဖြစ်သွားလေသည်။ ဦးနှောက်ကြည်လင်စွာဖြင့် စဉ်းစားဆုံးဖြတ်နိုင်ရန် အချိန် အနည်းငယ်ရမှ ဖြစ်ပေ မည်။
အတန်ကြာမှ ခရိတ်က-
"ဖြောင့်ချက်ပေးရမယ်ဆိုတာ ဘာဖြောင့်ချက်လဲ။ ခင်ဗျားက ကျုပ်တို့သိက္ခာကျအောင် ပြည်သူ့တရားရုံး တင်ပြီး အရှက်ကွဲအောင် လုပ်မလို့လား"ဟု ပြန်မေးလိုက်သည်။
"မဟုတ်ပါဘူး။ အဲဒီ အဆင့်ထိအောင် ရောက်ဖို့မလိုပါဘူး။ ကျုပ်လိုချင်တာက ခင်ဗျား လက်မှတ်ရေးထိုး ထားတဲ့ စာတစ်စောင်ပါပဲ။ စာထဲမှာ ခင်ဗျား ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ၊ ခင်ဗျားတို့ရဲ့ အရှင်သခင် မာစတာ ကြီးတွေရဲ့ ကြံစည်လုပ်ကိုင်ခဲ့ပုံတွေကို အပြည့်အစုံ ရေးသားဖော်ပြထားရမယ်။ ခင်ဗျားရဲ့ ဖြောင့်ချက် စာ တမ်းကို စနစ်တကျဖြစ်အောင် သက်သေများပါ လက်မှတ် ရေးထိုးထားမယ်။ ပြီးတော့ ခင်ဗျားတို့ကို နယ်စပ်ထိအောင် ကျုပ်တို့က အစောင့်အရှောက်နဲ့ လိုက်ပို့ပေးမယ်။ ဟိုရောက်ရင် ခင်ဗျားတို့ သွားလိုရာ ကို သွားခွင့် လွတ်လပ်စွာရှိတယ်။ ဒါဟာ အင်မတန် သဘာဝကျပြီး လူသားတို့ရဲ့ ယဉ်ကျေးမှု အစဉ် အလာ နဲ့လည်း ကိုက်ညီတယ် မဟုတ်ပါလား"
"ဒါပေမဲ့ ကျုပ် လက်မှတ်ရေးထိုးမယ့် ဖြောင့်ချက်ကို ခင်ဗျားတို့က ရေးပေးမယ် မဟုတ်လား"
ခရိတ်က နာကြည်းဟန်ဖြင့် မေးလိုက်ရာ ဖွန်ဂါဘီရာက ပြုံးလိုက်သည်။
"ဒီလိုဆိုတော့လည်း ခင်ဗျားက အလွန်အကင်းပါးတယ်လို့ ဆိုရမယ်။ ဟဲဟဲ"
ပြောရင်းနှင့် သူသည် သူ၏ရှေ့ရှိ စာရွက်များအနက်မှ တစ်ရွက်ကို ရွေးထုတ်လိုက်ပြီးမှ-
"ဟောဒီမယ် စာရွက်က အဆင်သင့်ပဲ။ ခင်ဗျားက ရက်စွဲတပ်ပြီး လက်မှတ်ထိုးလိုက်ရုံနဲ့ ကိစ္စပြီး ပါတယ်"ဟု ဆက်ပြောလေသည်။
ခရိတ်သည် အံ့အားသင့်သွားမိသည်။
"ခင်ဗျားတို့က ဖြောင့်ချက်ကို ကြိုတင်ရေးထားပြီး လက်နှိပ်စက်တောင် ရိုက်ထားနှင့်ပြီးလား"
ထိုမေးခွန်းကို မည်သူကမှ မဖြေကြားဘဲ ကက်ပတိန်နီဘေဘီဆိုသူက စာရွက်ကို ခရိတ်ထဲသို့ ယူလာပေး လေသည်။
"မစ္စတာ ခရိတ်ခင်ဗျား စာရွက်ကို ဖတ်ကြည့်ပါဦး"
လက်နှိပ်စက်ရိုက်ထားသော လျှောက်လွှာစာရွက်အရွယ် စက္ကူသုံးရွက်တွင် သူ၏ နယ်ချဲ့သမား အရှင် သခင်များ၏ အကြံအစည်များအကြောင်းနှင့် ခရိတ်အား စွပ်စွဲထားသည့် စွဲချက်များကို ၀န်ခံဖြောင့်ချက်ပေး ကြောင်း ရေးသားထားလေသည်။
ခရိတ်သည် စာရွက်များကို ဖြည်းဖြည်းချင်း ဖတ်ကြည့်လေသည်။ သူ၏ စိတ်ထဲတွင်ကား အိပ်မက်မက် သလိုလို၊ စိတ်ကူးယဉ် စဉ်းစားနေရသလိုလို ခံစားမိလေသည်။ တစ်နေရာသို့ရောက်လျှင် လက်နှိပ်စက် ရိုက်ထားသော စာလုံးများကြောင့် အလွန်အံ့အားသင့်ကာ ချက်ချင်းပင် မျက်လုံးကျယ်လာပြီး သေချာစွာ ပြန်ဖတ်ကြည့်မိလေသည်။
သူပြန်ဖတ်ကြည့်တော့ စာပိုဒ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
"…..ကျွန်ုပ်သည် လက်တွေ့ပြုလုပ်ခဲ့သော ပြုမူလှုပ်ရှားမှုများအရ ဇင်ဘာတွေနိုင်ငံနှင့် ပြည်သူများ၏ ရန်သူ ဖြစ်ကြောင်း ထင်ရှားစေသည်ဟု ၀န်ခံပါသည်"
ထိုစကားလုံးများကို သူကောင်းစွာ မှတ်မိနေသည်။ တစ်ကြိမ်က ဖတ်ခဲ့ရသော စာလုံးများနှင့် တစ်သဝေ မတိမ်း တူနေသည်။ တထေရာတည်း ဖြစ်နေသည်။
တစ်ချိန်က သူလက်မှတ်ရေးထိုးခဲ့သော စာရွက်စာတမ်းတစ်ခုမှ စကားလုံးများအတိုင်း ထပ်တူဖြစ်နေလေ သည်။ ဤတွင် ခရိတ်သည် ဗိုလ်ချုပ် ဖွန်ဂါဘီရာ၏ အကြံကို ချက်ချင်း ရိပ်မိလေသည်။
"လက်စသတ်တော့ ခင်ဗျားက ကျုပ်ဝယ်ယူထားတဲ့ ကင်းလင်းမွေးမြူရေးခြံလုပ်ငန်းတစ်ခုလုံးကို အပိုင်စီး ချင်တာကိုး။ ခင်ဗျားအနေနဲ့ ဒီစာရွက်ကို လက်မှတ်ထိုးခိုင်းတာဟာ ကျုပ်ရဲ့ ကင်းလင်းခြံကြီးကို လိုချင် လို့ မဟုတ်လား"
ခရိတ်က မေးလိုက်သော်လည်း မေးခွန်းအဖြေက ထွက်မလာချေ။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ပြုံးမြဲပြုံးနေလေသည်။
ခရိတ်ကပင် ဆက်လက်၍-
"ကျုပ် ငွေချေးယူတုန်းက ခင်ဗျားက ကျုပ်ကို လက်မှတ်ထိုးခိုင်းတဲ့ စာချုပ်မှာ ဒီစာပိုဒ်ကို တမင်သက်သက် ထည့်ထားခဲ့တာ မဟုတ်လား"ဟု မေးလိုက်လေသည်။
တစ်ချိန်တည်းမှာပင် သူသည် စိတ်တိုလာသဖြင့် စာရွက်များကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထိုအခါ ကက်ပတိန် နီဘေဘီက စာရွက်များကို ကောက်ယူပြီး ဘာလုပ်ရမှန်းမသိသလို စာရွက်တွေကို ကိုင်၍ ရပ် နေလိုက်သည်။
ခရိတ်ကမူ ပြင်းစွာ ဒေါသထွက်နေမိသည်။ စိတ်ကို မချုပ်ထိန်းနိုင်ဟန်ဖြင့် ဗိုလ်ချုပ် ဖွန်ဂါဘီရာရှိရာသို့ ပြေး ၀င်သွားရာ အနီးရှိ ရှိုနာလူမျိုး တပ်ကြပ်ကြီးက ခရိတ်အား ဖမ်းဆွဲထားပြီး သူ၏ ရိုင်ဖယ်သေနတ်ဖြင့် ခရိတ်၏ ရင်ဘတ်ရှေ့တွင်ကာ၍ တားဆီးထားလိုက်လေသည်။
"ခင်ဗျားဟာ အလွန်ကောက်ကျစ်စဉ်းလဲပြီး ယုတ်မာတဲ့ လူပဲ။ ကျုပ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ချင်တယ်။ တရားဥပဒေရဲ့ ကာကွယ်မှုကို ကျုပ်လိုချင်တယ်"
ဤသို့ ပါးစပ်မှ ကြိမ်းမောင်း ရေရွတ်လိုက်သော်လည်း ဗိုလ်ချုပ် ဖွန်ဂါဘီရာက လေသံ ခပ်အေးအေးဖြင့် ပြန်ပြောလေသည်။
"ဒီမယ် မစ္စတာခရိတ်၊ ဒီ မာတာဘယ်လီလူမျိုးတို့ရဲ့ နယ်မြေမှာ တရားဥပဒေဟာ ကျုပ်ပဲဗျ။ ကျုပ်က ခင်ဗျားကို ကာကွယ်စောင့်ရှောက်ပေးချင်လို့ အခုလို ကမ်းလှမ်းနေခြင်းဖြစ်တယ်"
"ဘာပဲဖြစ်ဖြစ် ကျုပ် ဒီစာရွက်ကို လက်မှတ်မထိုးနိုင်ဘူး။ ဖြစ်ချင်တာဖြစ် ကျုပ် လက်မှတ်မထိုးဘူး"
"ခင်ဗျားဟာ တယ်ပြီး ခေါင်းမာတာပဲကိုး။ ဘယ်လိုမှ မတတ်နိုင်တဲ့ အခြေအနေကို မရှောင်ဘဲ ရင်ဆိုင် လက်ခံဖို့ ကောင်းတယ်။ စာရွက်ပေါ်မှာ ခင်ဗျားလက်မှတ်ထိုးလိုက်ရုံနဲ့ အားလုံး ကိစ္စပြီး သွားပါလိမ့်မယ်။ နောက် ထပ် ကျုပ်တို့က ခင်ဗျားကို ဘာမှ အနှောင့်အယှက် မပေးတော့ပါဘူး"
"မထိုးဘူး၊ ကျုပ် လက်မှတ်မထိုးနိုင်ဘူး။ ကျုပ်ကို သတ်ချင်သတ်ပစ်လိုက်"
"ခင်ဗျား အခုလို ခေါင်းမာနေတာကို စိတ်ပြောင်းဖို့ အခွင့်အရေးတစ်ခု ပေးပါဦးမယ်"
"အို…လက်မှတ်မထိုးဘူးလို့ ပြောပြီးပြီ မဟုတ်လား။ ကျုပ်စိတ်ကိုလည်း မပြောင်းနိုင်ဘူး"
ဤတွင် ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် အရပ်မြင့်မြင့် တပ်ကြပ်ကြီးဘက်သို့ လှည့်လိုက်သည်။
"ဟေ့…ဒီမျက်နှာဖြူမိန်းမကို ငါက မင်းတို့ကို ပေးတယ်။ မင်းတို့ သဘောရှိ၊ အရင်ဆုံး မင်းအလှည့်၊ ပြီးတော့ မှ တခြားရဲဘော်တွေကို တစ်ယောက်စီ အလှည့်ပေးလိုက်။ ဒီမိန်းမကို မင်းတို့ကို ငါက လက်ဆောင်ပေး တယ်ကွာ။ ဒါပေမဲ့ ဘယ်မှ ခေါ်မသွားရဘူး။ ဒီအခန်းထဲက ဒီစားပွဲပေါ်မှာပဲ မင်းတို့ သဘောရှိ"
ဖွန်ဂါဘီရာက ပြောလိုက်သော စကားအဓိပ္ပါယ်မှာ ရှင်းနေပေသည်။ ဆယ်လီအား တတိယ တပ်မဟာမှ ရှိုနာလူမျိုး တိုင်းရင်းသား လူမည်း စစ်သည်များအား တစ်ယောက်ပြီးတစ်ယောက် ဗလက္ကာရ ပြုခိုင်းခြင်း ပင် ဖြစ်လေရာ ခရိတ်သည် အလွန်နာကြည်း အော့နှလုံးနာလှသဖြင့်-
"ခင်ဗျားဟာ လူမဟုတ်ဘူး၊ လူသားမဆန်တဲ့ အပြုအမူမျိုး လုပ်တဲ့လူ"ဟု ပြောရင်း ဆယ်လီအား ဖမ်းဆွဲ ဖက်ထားလိုက်သည်။
သို့ရာတွင် အသင့်စောင့်နေသော စစ်သားများက ခရိတ်အား ဖမ်းဆွဲပြီး အခန်းနံရံဘက်သို့ တွန်းပစ်လိုက် သည်။ စစ်သည်တစ်ယောက်က သူ၏ လည်ပင်းကို လှံစွပ်ဖြင့် ထောက်ထားလိုက်သည်။
ဆက်ရန်
.
1 comment:
စိတ်ဝင်စားစရာကောင်းစွာနဲ့ ဖတ်သွားပါပြီ ဆရာမရေ.. ဆက်ရန်အပိုင်းလေးလည်း ဆက်မျှော်လျက်ပါ......
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
Post a Comment