Thursday, September 23, 2010

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၁၃)

"ဒီနေ့ သူ့ညီနဲ့ ခယ်မ ရောက်လာမှာ၊ မတ်တော်မောင်က မိမိ သြဇာ လိုက်ပါတယ်၊ လေးငါးဝိုင်းစာ ဖူလုံ အောင်တော့ နှိုက်ယူထားလိုက်ဦးမယ်"
ဟူသော စကးက မေမေခင်နားထဲသို့ ပြတ်သားစွာ ၀င်လာသည်။
"ကိုမျိုး မရီး ... မိမိလေး ဆိုတာများ ဖြစ်နေမလား"

မေမေခင်က တွေးရင်း မိန်းမချောကို ကြည့်လိုက်မိသည်။ အသားအရေရော၊ ကိုယ်လုံး ကိုယ်ပေါ က်ရော၊ မျက်နှာရော၊ သွားဟန်လာဟန်ရော ဖြစ်နေပါက မောင်မောင်မျိုး ချီးကျူးသည်မှာ ချီးကျူး ထိုက်ပါပေ သည်ဟု မေမေခင်က တွေးမိသည်။ သူ ကြည့်နေစဉ် မှာ မိန်းမချောက ဆိုက်ကားတစ်စင်းပေါ်တက်ကာ ထွက်သွားသည်။ သူနှင့် ထီးတစ်စင်း ထဲ ပူးကပ်စွာ ဆောင်းလာသော သူက လမ်းခွဲ ထွက်သွားသည်။

မေမေခင်သည် ထွေရာလေးပါး တွေးနေရာ မည်မျှကြာသည် မသိ၊ စားသောက်ဖွယ် အထုပ်တွေနှင့် သူငယ်လေး အနားရောက်လာမှ တွေးလက်စသပ်ကာ ထိုင်ရာမှ ထလိုက် သည်။
"အခုတင်က အဒေါ့်နားက ဖြတ်သွားတဲ့ မိန်းမ တွေ့လား အဒေါ်"
သူငယ်လေးက မေးသောအခါ မေမေခင်က တွေ့ကြောင်း ဦးခေါးလေးညိတ်ပြပြီး ...
"အဲဒီမိန်းမ ဘယ်သူလဲကွဲ့"
ဟု ပြန်မေးသည်။

"အဒေါ် ရောက်နေတဲ့အိမ်က လူရဲ့ မယားပေါ့"
သူငယ်လေးက ဖြေသည်။ ထိုအခါမှ ထိုမိန်းမချောသည် မိမိလေး ဖြစ်ကြောင်း သေချာ သွားတော့သည်။
"သူနဲ့ ထီးဆောင်လာတဲ့လူကွ ဘယ်သူလဲကွဲ့"
"မသိဘူး အဒေါ်၊ သူ ဒီလိုပဲ ဖဲဝိုင်းက ပြန်လာရင် ယောက်ျားတစ်ယောက် တစ်ယောက် သူနဲ့ အတူတူ လာတတ်တယ်"
"သြော် ... ယောက်ျားတစ်ယောက်ထဲ မဟုတ်ဘူးလား"
"မဟုတ်ဘူး"

မေမေခင်သည် အထုပ်အပိုးတွေ ထည့်ထားသော ဆွဲခြင်းကို သူငယ်လေးလက်ထဲမှ ဆွဲယူ ပြီး သူငယ်လေး ကို အပိုမုန့်ဖိုးအဖြစ် ငွေတစ်ကျပ် သပ်သပ်ပေးလိုက်သေးသည်။ ထို့နောက် ...
"ကလေး ... အဒေါ်နဲ့ မလိုက်နဲ့တော့၊ အဒေါ် ပြန်တတ်ပြီ၊ မင်းအိမ်ကို ပြန်တော့နော်"
ဟု သူငယ်လေးကို ပြန်လွှတ်လိုက်ပြီး တစ်ယောက်တည်း ခြေလျင်လျှောက် ပြန်လာခဲ့ သည်။

သူတို့ညီအစ်ကိုချင်း သူ့မရီးနဲ့ သူ့မတ် အချင်းချင်း ပစ္စည်းပြဿနာ ဘာဖြစ်ဖြစ် ငါ လွတ်အောင် နေမယ်၊ ငါနဲ့ ဘာမှ မဖြစ်ရင် ပြီးတမ်းပေါ့ဟု မေမေခင်က တွေးကာ စိတ်ရှုပ် စရာကို ဦးနှောက်ထဲ လက်မခံဘဲ သူမရောက်ဘူးသော မြို့အနေအထားကို ကြည့်ရှုရင်း ပြန်လာခဲ့သည်။

ကိုအောင်စိုး နေသောအိမ်မှာ တစ်ထပ်ခြေတံရှည်အိမ် ဖြစ်၍ ညင်သာသော ခြေလှမ်းဖြင့် ၀င်လာပြီး လှေကားရင်းမှာ မေမေခင် ရောက်နေသည်ကို မသိကြသော အိမ်ပေါ်ထပ်မှ ကိုအောင်စိုး၊ မိမိလေးနှင့် မောင်မောင်မျိုး တို့ စကားပြောသံတွေ မင်းမိန်းမ ဟူသော စကားလုံး၊ မေမေခင်ဟူသော စကားလုံးတွေ ပါနေ၍ မေမေခင်က မိန်းမတို့ သဘာဝအတိုင်း တိတ်တဆိတ် နားထောင်နေမိသည်။
မေမေခင် မရောက်မီက ဘာတွေပြောနေသည် မသိသော်လည်း မေမေခင် နားထောင် လိုက်မိသောအခါတွင် ...

"မိမိကို မျိုးကိုယ်တိုင်က ရိုသေမှ နေရာထားမှ မျိုးမိန်းမက ရိုသေမှာ၊ မိမိက အကြီး၊ သူက အငယ်၊ တန်းတူသဘောထား ဆက်ဆံနေရင်တော့ မိမိ စိတ်ကောင်းမှာ မဟုတ်ဘူး မျိုးရယ်"
ဤအသံကို ဟိုတယ်ရှေ့ သစ်ပင်အောက်မှာ ကြားခဲ့ရဖူး၍ မေမေခင်က ကောင်းကောင်း မှတ်မိသည်။ မေမေခင်သည် စိတ်ထဲမှ မျက်သွားမိသည်။ ယောက်ျားတွေနဲ့ ဒူးတင် ပေါင်တင်နေတဲ့ ဖဲသမားက ရိုသေခံချင်လှပါလားဟု မကျေမနပ် တွေးမိသည်။ မောင်မောင် မျိုး အသံက ပေါ်လာ၏။

"ကျွန်တော် သိပါတယ် မမမိ၊ ကျွန်တော့်မရီးဆိုတာ ကျွန်တော့်အစ်မပဲ သူ ရိုသေရမှာပေါ့၊ သူ့မှာ ညီအစ်ကို မောင်နှမ တစ်ယောက်မှ ရှိတာ မဟုတ်ဘူး၊ ကျွန်တော့်အစ်ကို ကျွန်တော့် အစ်မကိုမှ သူ မရိုသေရန် ဘယ်သူ့ ကို ရိုသေစရာ ရှိမှာလဲ၊ မမမိ သဘော ဖြစ်မှာပါ"
ငါ့လင်က ငါ့ကို နှိမ်နေပြီ ဟူသော အသိဖြင့် မေမေခင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ စိတ်ကို ချုပ်တီးထားပြီး ဆက်နားထောင်လိုက်သည်။

"မင်းမိန်းမက မာနမသေးဘူးနော် ... အခု ငါ့အိမ်ကို ရောက်လာတယ်၊ အစ်ကိုရယ်လို့ ငါ့ကို သူ နှုတ်ဆက်သလား၊ နေပုံ ဘယ်လောက်တင်းသလဲ ... တကယ်ဆို သူက အငယ်ကွ၊ ရောက်လာရင် သူက စနှုတ်ဆ်ကပါလား ... ငါ အစ်ကိုအကြီးက သူ့ကို ဆီးကြိုဖို့ဆိုတာ မသင့်လျော်ဘူးလေ ... အဲဒါ အခု ဈေးဝယ်ပြီး ပြန်ရောက်လာရင် လိမ္မာအောင် သွန်သင်စမ်းကွာ"
"ဟုတ်တယ် မျိုး၊ အကြီးက ဆီးကြို အောက်ကျခံရသလို ဖြစ်နေမှာစိုးလို့ မိမိ မြို့ထဲ ထွက်သွားတာ"
"အို ... ကိုကိုနဲ့ မမမိ စိတ်တိုင်းကျ ဖြစ်ရပါစေမယ်၊ မေမေခင် သဘောက ဆိုးလွယ် နာလွယ်ပါ၊ ကျွန်တော် သွန်သင်သလို ဖြစ်ရမှာပေါ့"

"မယားနေစ ကြောင်သေမှတဲ့ကွ ညီလေးရဲ့၊ အစဦးမှာ မနှိမ်ရင် နောင်ကို ကျိုးနွံ့ဖို့ ခက်သွားမယ်၊ မယားရစ မဆုံးမ လင်လှတလည် ရန်သူမည်သတဲ့၊ ကိုယ့်မယားကိုချစ်ရင် ကျိုးနွံအောင် ဆုံးမထားရမယ် ညီလေးရေ ... အဲဒါမမေ့နဲ့ အမြဲသတိချပ်ထား"
ကြားနေရသော မေမေခင်သည် နှုတ်ခမ်းကို ကိုက်ထားမိသည်။ ငါ လိုက်လာမိတာ မှားပြီ ဟူသော အသိက ရင်ထဲမှာ မသက်မသာ ခံစားနေရသည်။ ယခုမှ နဖူးတွေ့ အစိမ်းတွေ့ တွေ့ရသော သူ့အပေါ်မှာ အဘယ်ကြောင့် မုန်းမာန်ဖွဲ့ နေကြပါသနည်း။

လင်နှင့် မတ်အပေါ်မှာ သြဇာညောင်းသည်နှင့်အမျှ သူ့ထက်အခြေအနေ အဆင့်အတန်း သာလွန်သော မတ်၏မယားကိုပါ သူ့သြဇာနာခံစေလိုသောစိတ်၊ လွှမ်းမိုးခြယ်လှယ်လို သောစိတ် ရှိသည်။ နင်ဘယ်လို အဆင့်အတန်းကဖြစ်ဖြစ် နင့်လင်တော်မှာ ငါ့သြဇာ နာခံရ တာ၊ နင် ဘာကြောင့် မနာခံရမှာလဲ ဟူသော မနာလိုစိတ်ဖြင့် နှိမ်ထားလိုသော ဆန္ဒ မိမိလေးမှာ အပြည့်အ၀ ရှိနေသည်ကို မေမေခင် မသိနိုင်။ ငါ့ညီမှ ငါ့ညီ၊ ခယ်မကို တစိမ်း ပီပီ ငါ အရေးမလုပ်ဟူသော တစ်ဖက်သတ်စိတ်က ကိုအောင်စိုးမှာ ရှိနေသည်ကို မေမေခင် သဘောမပေါက်သေး။ အစ်ကိုနှင့် မရီး အားရအောင် လေသံပြောင်းနေသော သူ့လင် သဘောထားကိုကား မေမေခင် များစွာ စိတ်မကောင်း ဖြစ်မိသည်။

ယခုအချိန်မှာ မေမေခင်သည် စိတ်မာန်ရှိသလောက် ဒေါသကို လွှတ်ပေး၍ မဖြစ်သေးပေ။ သူတို့က သုံးယောက်၊ မေမေခင်က တစ်ယောက်တည်း ဖြစ်သည်။ ထို့အပြင် အစ်ကိုနှင့် မရီးရှေ့မှာ မယားကို မည်သို့မည်ပုံ နှိမ်နိုင်ကြောင်းဖြင့် မောင်မောင်မျိုးက အစွမ်းပြပေမည်။  နှုတ်စွမ်ပြရုံမျှမှ မထောင်းသာ သော်လည်း လက်စွမ်းပြပါ ပါလာလျှင် အစ်ကိုနှင့် မရီးက မောင်မောင်မျိုးဘက်က ကူညီမည်မှာ သေချာသည်။ လိုက်လာမိမှတော့ အလိမ္မာဖက်ပြီး ကိုယ် မနာအောင်သာ ကြည့်ရှောင်ရပေတော့မည်။ နောင်ကို မည်သည့်ကိစ္စနှင့်မှ ကိုအောင်စိုးနှင့် မိမိလေးတို့ထံ မလာတော့ဟု စိတ်ကူးလိုက်သည်။ ဆက်ပြီး နားထောင်နေ လျှင် စိတ်မချုပ်တည်းနိုင်ဘဲ ဖြစ်တော့မည်ကို တွေးမိသဖြင့် ခြေသံ ပေးလိုက်သောအခါ အပေါ်ထပ်က စကားသံတွေက လျင်မြန်စွာ အခြားအကြောင်းသို့ ကူးပြောင်းပြောဆိုနေကြ သည်။

"တတ်လဲတတ်နိုင်တဲ့ ဟာတွေပဲ"
ဟု မေမေခင်က စက်ဆုပ်စွာ တွေးပြီး ဣနြေ္ဒမပျက် တက်လာသည်။ မိမိလေးက မျက်နှာ တည်တည်ဖြင့် တစ်ချက်မျှ လှမ်းကြည့်ပြီး လုံးဝ ဂရုမစိုက်သည့်ဟန်ဖြင့် ကိုအောင်စိုးဘက်  ပြန်လှည့်ကာ စကားပြောမြဲ ပြောနေသည်။ မိမိလေး၏ အ၀တ်အစားမှာ ဟိုတယ်ရှေ့ လျှောက်သွားစဉ်က မေမေခင်က မြင်ခဲ့သည့်အတိုင်းပင် ဖြစ်သည်။ ကိုအောင်စိုးကလည်း သူ့ချစ်ဇနီးကဲ့သို့ပင် မျက်နှာတည်သည်။ မောင်မောင်မျိုးက ထိုင်ရာမထဘဲ လှမ်းပြီး စီမံ လိုက်သည်။

"ခင် ... ဘာတွေ ၀ယ်လာသလဲ၊ ဒီယူလဲ့၊ ကိုကိုနဲ့ မမမိကို ပြဦး၊ ဒါ ... ကိုမျိုး အစ်မ မမမိလေ"
မေမေခင်သည် မောင်မောင်မျိုးကို ခပ်စိုက်စိုက် တစ်ချက်ကြည့်လိုက်သည်။ မေမေခင်၏ မျက်လုံးများသည် နှုတ်ကဖွင့်ပြောသည်ထက်ပင် အဓိပ္ပာယ်ပေါ်ကြသည်ဖြစ်ရာ၊ မူမမှန် သော အစီအစဉ် ရှိထားသော မောင်မောင်မျိုးသည် မျက်နှာပျက်သွားသည်။ ကိုအောင်စိုး နှင့် မိမိလေးကမူ ပျက်သွားသော မောင်မောင်မျိုး မျက်နှာကို လှမ်းကြည့်သည်တွင် မောင်မောင်မျိုးသည် ရဲဆေးတင်လိုက်သည်။
"ခင် လာလေ ... ကိုကိုနဲ့ မမမိကို နှုတ်ဆက်ဦး"

"ခင် ဈေးဝယ်ပြီး ပြန်လာတာ မောလွန်းလို့ ကိုမျိုးရယ် ... စားစရာတွေ ပြင်ရဦးမယ် ... စားရင်းသောက်ရင်း အေးအေး ဆေးဆေး ပြောကြတာပေါ့"
မေမေခင်က ပြောပြောဆိုဆို ဆွဲခြင်းကို ထမင်းစားပွဲဆီသို့ ယူသွားသည်။ သူ့အနေဖြင့် စားသောက်ဖွယ်ရာကို ပြင်ဆင်ပေးခြင်း မပြုလျှင် မောင်မောင်မျိုးက အတင်းအကြပ် ခိုင်းမည်ကို သိသည်။ မလုပ်နိုင်ဟု ပေကပ် တင်းခံလျှင် အစ်ကိုနှင့် မရီး အားရအောင် အစွမ်းပြတော့မည်မှာ သေချာသည်။

အစွမ်းပြခြင်း ခံရပြီးမှ လုပ်ကိုင်ပေးရလျှင် မေမေခင် အဖို့ ဦးကျိုးသွားသည့် သဘောမျိုး သက်ရောက်မည် ကို မေမေခင် မခံယူလိုပေ။ မည်သူ့ သြဇာမှ မဟုတ်ဘလဲ ကိုယ့်စိတ်ဆန္ဒအလျှောက် ပြုလုပ်ပေးသည့် သဘော မျိုး သက်ရောက်အောင် မေမေခင်က ဆောင်ရွက်လိုက်သည်။ ထမင်းစား စားပွဲမှာ ပွကြဲပေလူး နေသည်များကို ဖယ်ရှားသုတ်သင်ပြီး ပန်းကန်တွေ မရှိသည်အလျောက် ဖက်ထုပ်တွေကို ဖြေကာ နေရာ တကျ ဖြန့်ထားပြီမှ ...
"ကဲ ... ညနေစာ စားရအောင် အားလုံးပြင်ပြီးပြီ"

ဟု ကြည်ကြည်သာသာ လေသံဖြင့်သာ ခေါ်လိုက်သည်။ ဆာလောင်နေကြပြီဖြစ်၍ ကိုအောင်စိုး၊ မိမိလေးနှင့် မောင်မောင်မျိုးတို့ မဆိုင်းမတွ ထလာကြသည်။ ဆာဆာလောင် လောင်ဖြင့် မြိန်ယှက်စွာ စားသောက်နေကြရ၍ စကားပင် မပြောမိကြချေ။ စားသောက်ပြီး ၍အားလုံး ပြန်ထွက်သွားကြသောအခါ မေမေခင် တစ်ယောက်ထဲသာလျှင် သိမ်းဆည်း လဲဖယ်ရင်း ကျန်ခဲ့သည်။ ထိုအချိန်အထိ ကိုအောင်စိုးနှင့် မိမိလေးက မေမေခင်ကို လုံးဝ စကားပြောခြင်း မရှိချေ။ မေမေခင်ကလည်း သူတို့နှင့် အတတ်နိုင်ဆုံး ရှောင်နေလိုက် သည်။ ဤအိမ်တွင် ဤလူတွေရှေ့မှာ တစ်နာရီပင် နေလိုစိတ် မရှိတော့ချေ။

ဆက်ရန်
.

3 comments:

Anonymous said...

ဖတ်၇တာတိုတိုလေး..အားမရဘူးဗျာ..

မျှော်..မျော်နေရတာ....မော.....


မြတ်နိုး

:P said...

ဟုတ်ပ

Anonymous said...

Right. :D


Ray