မောင်ဆေးရိုးသည် သေမှာကြောက်၏။ သေမှာ ကြောက်သောကြောင့် ရေနစ်မသေစေရန် ကြိုးစား ခဲ့၏။ အိပ်ပျော်နေခိုက်၌ ခွေးအတွေ သတ်စားသည်ကို ခံရမည်စိုးသောကြောင့် သစ်ပင်ပေါ် တက်ပြီး အိပ်ခဲ့၏။ ယခုလည်း အသက်ရှင်ရေးအတွက် ကယ်ဆယ်နိုင်မည့်သူ၊ ကူညီနိုင်မည့်သူများထံလာခဲ့၏။ တံငါသည် မိသားစု လေးယောက်နှင့်တွေ့စက တက်ကြွခဲ့သော မောင်ဆေးရိုး၏ အားငယ်မှုသည် လုံးဝ ပျောက်ကွယ် သွားပြီ။
ရေနံတွင်းများတွင် ရှိတတ်သော စင်များကို တစ်ဖက်ကမ်းတွင် ရေးရေးမြင်ရ၏။
' အဲဒါ ရေနံချောင်းမဟုတ်လား '
ချောက်၊ လမ်းရွာတို့ကား မဖြစ်နိုင်။ ရေနံချောင်းမူ ဖြစ်နိုင်ကောင်း၏ဟု စုံစမ်း၏။ မသိကြချေ။ မောင်ဆေးရိုး မေးမြန်းစုံစမ်းသမျှ သူတို့ မသိသည်ကများသည်။ မောင်ဆေးရိုးသည် အသက်ရှင်ရန် ကြိုးစား မိသမျှ မှားသည်ဟု ထင်မြင်လာတော့သည်။ သို့ရာတွင် မောင်ဆေးရိုးသည် သစ်ခေါက်တွေ၊ သစ်ရွက် တွေကို ပြုတ်ပြီးသောက်ရင်းဖြင့် ကျန်းမာလာသည်။ ကျွန်း၏ ကမ်းစပ်သို့ ထွက်ကာ တံငါလှေ၊ ကူးတို့လှေ များကို စုံစမ်းသည်။ တွေ့သည်။ တစ်ဖက်ကမ်းသည် ရေနံချောင်းမြို့ ဖြစ်ကြောင်း သိရသော အခါ အစ်ကိုငထွန်းကား သည် ခြောက်သွေ့နေသော သတိအိမ်၌ ဘွားခနဲပေါ်လာ၏။
သို့သော် မြင်နေရသောနေရာသို့ ခေါ်ဆောင်သွားမည့်သူ မရှိချေ။ မောင်ဆေးရိုးသည် ထိုင်ပြီး မှိုင်မနေပေ။ မနေအပ်သော ရပ်ပြစ်ရှစ်ပါးမှ အမြန်လွတ်အောင် ကြိုးစားသောအားဖြင့် ကျွန်း၏ အနောက်ဘက်ကမ်းသို့ လာခဲ့ပြန်သည်။ သစ်တုံးတစ်တုံးကို တွေ့သည်။ တက်ခွပြီး လက်ဖြင့်ယက် သည်။ ဤသို့ဖြင့် ကုန်းပေါ်သို့ ရောက်ခဲ့သည်။ အသိအကျွမ်းမရှိငြား မောင်ဆေးရိုးမပူပန်ပါ။ ကြေး စည်သံ၊ ခေါင်းလောင်းသံ ကြားရသော ကြောင့်ဖြစ်သည်။ ဘုန်းတော်ကြီးကျောင်းအချို့သည် ဆွမ်း ဘုဉ်းပေးခါနီး၌ ခေါင်းလောင်း ထိုးသည်။ အချို့ကျောင်းများကား ဆွမ်းကိစ္စပြီးမှ ခေါင်းလောင်းထိုး သည်။ ဤခေါင်းလောင်း ကို ဆွမ်းစား ခေါင်းလောင်း ဟု ခေါ်၏။ ခေါင်းလောင်းဟု ခေါ်တွင်စေကာမူ ကြေးစည်လည်းရိုက်၏။ ထိုစည်လည်း ထိုး၏။
မည်သည့်အတွက် ဆွမ်းစားခေါင်းလောင်းထိုးရသနည်း။
ထမင်းထုပ် လည်းမပါ၊ ရွာသို့လည်း ထမင်းစားချိန်အမီ မသွားနိုင်သူများ ပြေးဝင် ခိုကိုးနိုင်ရန် ဖြစ်သည်။ ထမင်းစားချိန် ၌ ဆိုက်ရောက်လာသော အာဂန္တုများအား ထမင်းကိစ္စပြီး မပြီး စုံစမ်းကြ သည်။ မစားရ သေးကြောင်း သိလျှင်သိချင်း ထမင်းကျွေးရန် ပြင်ဆင်ကြသည်။
ထမင်းမရှိပါက အခြား အစားအစာများကို ချကျွေးသည်။ မြန်မာတို့၏ မြင့်မြတ်သော ထိုဓလေ့ကို သတိရည့်ခဏ၌ မောင်ဆေးရိုးသည် လောကကြီးကို ချဉ်းကပ်ရန် ပြင်ဆင်တော့၏။ သူသည် ဤနည်းဖြင့် သူရောက် ရှိရာနေရာကို သိရပြီး ရမ်းဘိုကုန်းသို့ ပြန်ရမည့် လမ်းခရီးကိုလည်း သိရပေပြီ။
ပွင့်ဖြူမြို့ တစ်ဖက်ကမ်း မုန်းချောင်းဘေးရှိ ရွာတစ်ရွာသို့အရောက်တွင် မောင်ဆေးရိုးသည် ကျီးဒန် အား သတိရ၏။ ရရခြင်းအကြောင်းမှာ ရမ်းဘိုကုန်းသို့ မုချရောက်မည့် လမ်းပေါ်၌ ရပ်မိနေသော ကြောင့် ပေတည်း။
ရမ်းဘိုကုန်းရွာနှင့် တစ်နေ့ပြင်းပြင်း ခရီးမျှသာဝေးငြား မောင်ဆေးရိုး မသွားနိုင်ပါ။ လှည်းကြုံတွေ့လျှင် လှည်းစီး။ လှည်းကြုံမတွေ့လျှင် ခြေကျင်လျှောက်ခြင်းဖြင့် ခရီးနှင်ခဲ့ရာ နေ၀င် ရီတရော၌ ပရပိုက်တန်းသို့ ရောက်သည်။ တစ်နေ့လုံး အုံ့ပြလုပ်နေခဲ့သော မိုးသည် လေနှင့်အတူ သွန်ချလာ၏။ မောင်ဆေးရိုး ရေတွင်း အနီးရှိ ဇရပ်သို့ ပြေးဝင်၏။
' ကျီးဒန် တို့ အမေတို့ နေထိုင်မှ ကောင်းကြပါလေစ '
ဇရပ်အလယ် ခေါင်တိုင်ကို မှီပြီး အမောဖြေနေစဉ် မိုးတိတ်သွား၏။ မောင်ဆေးရိုး ဇရပ်ပေါ်မှ ပြေး ဆင်းသည်။ ရွာသို့ အပြေးတစ်ပိုင်းလာသည်။ တောင်တံခါးသို့အရောက်တွင် တံခါးဝ၌ရပ်ပြီး စဉ်းစား သည်။
' သည်အချိန် အလယ်တံခါးပိတ်ပြီလား၊ မပိတ်သေးဘူး '
ဦးကြွက်နီ၊ ဒေါ်ရွှေအိမ်တို့ အိမ်အဖီဖြစ်သော မိမိတို့အိမ်ဂေဟာသည် အလယ်တံခါးနှင့်နီး၏။ သည်းလိုက် ဖွဲလိုက် မိုးထဲသို့ မောင်ဆေးရိုး ပြေးဝင်ခဲ့သည်။ အိမ်ကြီးပေါ်တွင် မှောင်ပိန်းနေငြား၊ အဖီကလေးတွင် မီးလင်း နေ၏။ အမိုးယပ်အောက်တွင်ကား မီးဖိုတစ်ခုနှင့် လူအများကို မြင်ရသည်။ မောင်ဆေးရိုးမှာ ရင်ထဲ၌ ထိတ်ခနဲဖြစ်သွား၏။
' ဖွဟဲ့၊ လွဲပါစေ ဖယ်ပါစေ။ ကျီးဒန် ဘာမျှမဖြစ်ပါစေနဲ့ '
`ရွှဲရွှဲ စိုနေသော ကိုယ်ကို မီးဖိုဘေးသို့ ပို့ချင်းငြား၊ မောင်ဆေးရိုးသည် အိမ်တံခါးဝ၌ ပြေးရပ်မိ၏။
ထိုသို့ မောင်ဆေးရိုး ပြေးရပ်ချိန်ဝယ်
' အမယ်လေး အမေရဲ့ '
ကျီးဒန်၏ အော်သံနှင့် ကလေးငိုသံတို့ ပြိုင်တူပေါ်လာသည်။ မောင်ဆေးရိုး၏ ရိုးတွင်းခြင်ဆီများ ပြိုကျလာသည်။
' ဒါ ဒါ ကျီးဒန်ကမွေးတာ၊ ငါ့ကလေး '
' ဟင် ဆေးရိုး၊ ကျီးဒန်ရေ သမီးရေ၊ ညည့်ယောက်ျား ပြန်ရောက်နေပါပြီကော '
ဒေါ်ရွှေအိမ်၏ အော်သံအဆုံးတွင် ဦးစွာရောက်လာသူမှာ မယ်ကြွယ်စိုးဖြစ်သည်။ ' ဟဲ့လူလေး၊ မသေကောင်း မပျောက်ကောင်း' ဟုဆိုကာ ပွေ့သည်။ သမီးမယ်မျှင်အား အင်္ကျီ ပုဆိုး လဲပေးရန် အော်ပြော သည်။
ကျီးဒန် သည် 'နမ်းထုပ်'ကို နှာခေါင်ဝ၌ တေ့ထားရာက ခေါင်းထောင်၏။
' ဘာတဲ့လဲ ဟင် '
' ညည့်ယောက်ျားရယ်တော့် '
' ဟင် တကယ်၊ အခုဘယ်မှာလဲ '
' မီးနေခန်းဝမှာပေါ့ ဟဲ့ '
ငွေသော့နှင့် မိဖော့၊ မယ်သုန်၊ ရွှေသစ်တို့က တစ်ယောက်တစ်ပေါက် ပြောနေစသ် ၀မ်းဆွဲဒေါ်အေးက မွေးကင်းစ ကလေးကို မောင်ဆေးရိုးရှေ့သို့ ယူလာ၏။
' သမီး မိန်းကလေးဟဲ့ '
မောင်ဆေးရိုးမှာ တစ်စုံတစ်ရာ မပြောတတ်။ ဟီးဟီးဟီး ဟူ၍သာ အခြောက်တိုက် ရယ်ပြလိုက်ရ လေ၏။
' ထွားလိုက် တဲ့ ကလေးတော် '
' ပိတ်ထားတဲ့ အိုးဖိုကို ကျုပ် မလုပ်တတ်လုပ်တတ်နဲ့ ဖွင့်ထားလိုက်လို့ အခုလို ချောချော မောမော မွေးတာ '
တစ်ယောက်တစ်ပေါက် ပြောစကားကို နားထောင်ပြီး ' အိုးဖိုတောင် မဖော်ရသေးပါကလား'ဟု ရေမမျောမီ က အခြေအနေကို မောင်ဆေးရိုး အမှတ်ထင်ထင် သတိရလာလေ၏။
မောင်ဆေးရိုးမှာ သူပြန်ရောက်လာသည့်အတွက် ၀မ်းသာအားရနှုတ်ဆက်သော အသံများနှင့်မွေး ကင်းစသမီးငယ်၏ အသံပြဲကြီးကို နားထောင်ရင်း တံငါမိသားစုလေးဦး၏ တဲထဲတွင် ဖြစ်ပေါ်ခဲ့သော စိတ်များ ကို မေ့လျော့နေလေ၏။
*
မအေးညွန့်၊ မဇာညွန့်တို့ ညီအစ်မသည် ကျီးဒန်အား စိတ်ချလက်ချ လက်လွှတ်လိုက်လေပြီ။ ကျီး ဒန်သည် 'အိုးထိန်းစက်' လှည့်လည်က အစပန်းတင်သည်အထိ ကျွမ်းကျင်ပိုင်နိုင်နေပြီ။ မောင်ဆေးရိုး မှာလည်း မြေတူးမြေနင်းအစ အိုးဖော် လှည်းတင်အထိ မဇာညွန့်တို့ မပါဘဲ လုပ်တတ်နေပြီ။
နံနက် အရုဏ်တက်တွင် ထွန်သန်ဦးနှင့် မြေကြီးခြစ်သံသာ ရှိခဲ့သော ရမ်းဘိုကုန်းရွာတွင် ယခု အိုးပုတ်သံ ကြားရသည်။ ကျီးအာသံ၊ ကြက်တွန်သံသာ လွှမ်းမိုးခဲ့သော ရမ်းဘိုကုန်း၏နေ့လယ်ခင်း ကိုအိုးပုတ်သံက ကြီးစိုးသည်။
မအေးညွန့်၊ မဇာညွန့်တို့ထံမှ ကျီးဒန်တစ်ယောက်တည်း သင်ယူခဲ့သော အိုးလုပ်ငန်းသည် ရမ်းဘို ကုန်းရွာတွင်းသို့ ပျံ့နှံ့နေပြီ။ ကျီးဒန်အပြင် အိုးထိန်းသည် ငါးဦး ရှိနေပြီ။ သို့ကြောင့် တစ်ဦးမဟုတ် တစ်ဦး ထပုတ်နေသောကြောင့် အိုးပုတ်သံကို မပြတ်ကြားရခြင်းဖြစ်၏။
ကောက်လှိုင်းတွေ တလင်းထဲသို့ အကုန်အစင် ရောက်ပြီဖြစ်ငြား တလင်းထဲသို့ ကျီးဒန် မလိုက်နိုင်။ 'ကလေးကို လေတိုက်လိမ့်မယ်၊ မလိုက်နဲ့' ဟု ဒေါ်ရွှေအိမ်က တားမြစ်သဖြင့် ဖြစ်သည်။ အကယ်၍ ဒေါ်ရွှေအိမ်က မတားမြစ်စေဦး၊ ကျီးဒန် မလိုက်နိုင်ပါ။ တလင်းထဲသို့ ကျီးဒန်လိုက်သွားလျှင် သူ့အိုး တွေ ကို မည်သူလာပြီး ပုတ်ပါမည်နည်း။
ကျီးဒန်သည် လင်အတွက်၊ သမီးအတွက် ပူစောင့်ပူပန်ရှိတတ်၏။ သို့ရာတွင် သူ့အိုးတွေကြားသို့ ရောက်သွားလျှင် လင်မေ့ သမီးမေ့ ဖြစ်တတ်၏။ သမီးမှာ သဘောကောင်းဖြစ်သောကြောင့် ဘွားအေက ဂရုစိုက်၏။
ဆက်ရန်
.

3 comments:
ရေစီးနဲ့ မျောသွားလိုက်တာလဲ အဝေးကြီးပါလားနော်။ ရီးဆေးရိုး ဇွဲကောင်းပေလို့ပဲ။ တိုက်တိုက်ဆိုင်ဆိုင် ရီးကျီးဒန် မျက်နှာမြင်တဲ့နေ့ ပြန်ရောက်လာတယ်။ ဖတ်လို့သိပ်ကောင်းတာပဲ။ အဆုံးသတ်က ကြည်နူးစရာလေး။
Thanks.
Ray
ယောက်ျား ဖောင်စီး ၊ မိန်းမ မီးနေ ဆိုတာကို တစ်ဘက်လှည့်နဲ့ ပြလိုက်တာပါပဲ..။
Post a Comment