Monday, September 6, 2010

ဆင်ဖြူကျွန်းအောင်သိန်း (ငထွန်းကား တို့ညီအစ်ကို) အတွဲ (၃) အပိုင်း (၇)

(မနေ့ က ကျနော် လည်း ဘာဖြစ်လို့ ဇာတ်သိမ်း လို့ ရေးလိုက်လည်း မသိဘူး တကယ်က မပြီး သေးဘူး.. တောင်းပန်ပါတယ်ဗျာ..)

ယခုလည်း ကလေးကို ဘွားအေချီသွားခိုက် လုပ်လိုက်ဦးမှဟု အဖီဘေးရှိ ကနားဖျင်းထဲ ဆင်းလိုက်၏။ ထိုင်လျှင်ထိုင်ချင်း အိုး ငါးလုံးနှင့် တန်းတိုးသည်။ နေထပ်ပြရန် မလို။ အနေတော် အိုးတွေ။ အိုးဘေးတွင် ကျီးဒန် ထိုင်သည်။ လက်ခတ်အိုးထဲမှ လက်ခတ်ကြီးကို ဆွဲထုတ်သည်။ အ၀တ်ကိုင်သော လက်ကို အိုးအခေါင်းထဲသို့ သွင်းသည်။ လက်ခတ်အဖျားကို ရေဆွတ်သည်။ ရေပြင်ကို ပြင်းထန်စွာ ရိုက်ပုတ်သော အသံ၊ ပတ်မသံ၊ အိုးစည်သံ။ ဖင်မရှိ၊ တိုးလျှိုပေါက်နေသော အိုးကြီး၊ ထူးလပိန်း မဟုတ်တော့။ ပါးသွားပြီ။ တိုးလျှိုပေါက်လည်း ပိတ်သွားပြီ။ စိတ်ထဲက မကြာလိုက်ဟုထင်ရငြား အမေနှင့် သမီးတို့ တလင်းတိုက် ထဲမှ ပြန်လာကြ သည်။ ပြန်လာသံသာကြားရ၏။ ကလေးသည် အမေထံသို့ ရောက်မလာသေး။

ကျီးဒန် လှမ်းကြည့်သည်။ ခပ်အိုင့်အိုင့် အိုးလေးတွေဖြစ်သည်။ ပန်းမသွင်းရသေး။ ' အိုင့်' သောကြောင့် ဟင်းအိုးလုပ်မည်။
အိုးများဘေးသို့ ကျီးဒန် ရွှေ့သည်။ ပန်းလက်ခတ်နှစ်ချောင်းနှင့် အချိန်ဆင် နှစ်ချောင်းကို လက်ခတ်အိုး ထဲက ဆွဲထုတ်သည်။ အတွင်းမှ အ၀တ်ဖြင့် ခုကာခုကာ နေရာပြောင်းပေးပြီး လက်ခတ်အချောဖြင့် နေရာ အနှံ့ခတ်ပြီးနောက် ကျီးဒန်သည် ပန်းခက်များကို နှုတ်ခမ်းအောက်၌ ရိုက်သည်။ သည့်အောက်မှ ပန်းပွင့်များ။ အချိပ်များ။

ကျီးဒန်သည် ပန်းပင်တွေ၊ ပန်းနွယ်တွေ၊ ပန်းပွင့်တွေကြားသို့ ရောက်သွားသည်ဟု ထင်၏။ အနွယ်၊ အခက်၊ အပွင့်များမှာ တံဆိပ် နှိပ်သကဲ့သို့ တစ်ချက်ချင်း ဂရုတစိုက် ရိုက်ရသည်။
' အစ်မကြီး ကျုပ် ဘာကူရဦးမလဲ '
ကျီးဒန်၏ အောက် ဘမင်း၊ ဘ၀င်း နှစ်ယောက်ရှိသည့်အနက် အကြီးကောင် ဘမင်းဖြစ်သည်။ သျှောင်ထုံးကို ပန်းစည်းကြိုး အနီဖြင့် စည်းကာ သပ်သပ်ရပ်ရပ်ဖုံးထားသည်။
' ပန်းရိုက်ပြီးသား ဟင်းအိုးတွေကို နေပြချင်တယ်။ ဒါပေမဲ့ နေပါစေတော့ဟယ်၊ သူလာမှပဲ'

' အမယ်လေးဗျာ၊ အိုးကို နေပြတာပဲ '
ဘမင်းက အိုးများတင်ထားသော ပျဉ်ပြားကို မရန် ခါး ကုန်းသည်။
' မလုပ်နဲ့ဆို မလုပ်နဲ့ '
အသံမာမာဖြင့် ဘမင်း အံ့အားတသင့် ဖြစ်ရ၏။
' အစ်မကြီး ကလဲဗျာ၊ ကျုပ်က အကောင်းကူညီတာ '

' ကူညီတာတော့ ဟုတ်ပါရဲ့၊ အိုးတွေ ပျဉ်ပြားပေါ်က လိမ့်ကျကုန်ရင် ဘယ့်နှယ်လုပ်မတုံး။ အဲသည်ပျဉ်ပြား နဲ့ တခြားအိုးတွေကို ထိုးမိတော့ကော၊ မတော်လို့ပါဆိုတာနဲ့ ပြီးရော '
' ဒါဖြင့်လဲ မလုပ်တော့ပါဘူးဗျာ။ ဒါလောက် စိုးရိမ်သောက ဗျာပါဒတွေ များနေမှဖြင့် '
ဘမင်းသည် ပြောပြောဆိုဆိုဖြင့် အစ်မဘေးသို့ လာထိုင်သည်။ ပွဲကြည့်ရန် ဆိုင်းပွဲသွားရန် မုန့်ဖိုး တောင်းတော့ မည်လော။ ကျီးဒန်မှာ ပန်းလက်ခက်ဖြင့် ပန်းပုံရိုနေရငြား နားတစွင့်စွင့်။
' အစ်မရဲ့ ယောက်မ မယ်မျှင်က လှတယ်နော် အစ်မ '

' သည်အရွယ်က လှတဲ့အရွယ်ကို ဟဲ့ '
အလိုက်သင့် ပြန်ပြောပြီးမှ ကျီးဒန် မျက်နှာကြော တင်းလိုက်၏။
' သူ့ဘာသာသူ လှတာ နင့်အလုပ်လား '
' ကျုပ် ကြိုက်တယ်ဗျာ '
' အလိုလေးတော် '
သည်ကဲ့သို့သော အသံမျိုး ထွက်လာမည်ကို စိုးရိမ်သောကြောင့် မျက်နှာကြောတင်းတင်း အသံမာမာ ပြောခါမှ ကြိုတင်ကာဆီးပါလျက်က အလိုက်မသိစွာ ပြောတတ်ပေစွ။
' ကျုပ် ကြိုက်တယ်ဗျာ၊ အစ်မကြီးရဲ့ယောက်မပဲ ပြောပေးနော်'

' ငါက ပြောပေးလို့ ဟိုကကြိုက်ပါပြီတဲ့။ တောင်းဖို့ ရမ်းဖို့ ပိုက်ဆံစုထားတာ ဘယ်လောက်ရှိသတုံး'
ပြာပူထဲသို့ လမ်းမှားပြီး ရောက်သွားသော ငါးရံ့အလား ဘမင်းတွန့်ဆုတ်သွား၏။
' အငိုလွယ်လို့ အရှိုက်ခက်တယ်ဆိုတာ အဲဒါပေါ့။ တောင်းဖို့ ရမ်းဖို့ ပိုက်ဆံ။ ပြီးတော့ လာလုပ်ကျွေး မတုံး '
ဘမင်း ငိုင်သွားသဖြင့် ကျီးဒန် ဖိပြော၏။ လက်ကလည်း ဟင်းအိုးတွေကို တစ်လုံးပြီးတစ်လုံး ပန်းသွင်း သည်။ အလုံးနှစ်ဆယ် အပြီးတွင် ဟင်းအိုးထက်ပိုပြီးလုံးသော ထမင်းအိုးတွေကို ဆက်လက် ပန်းသွင်း သည်။

' အစ်မကြီး၊ အဲသလိုတရားပြနေတာနဲ့ သူများဦးသွားလိမ့်မယ်ဗျ'
' ဦး ဦးဟယ် အေးတာပေါ့ '
ကျီးဒန် စကားမဆက်ဖြစ်။ ဒေါ်ရွှေအိမ်သည် ကနားဖျင်းထဲသို့ ကလေးကို ချီလျက် ၀င်လာသောကြောင့်ဖြစ်သည်။ ကလေးသည် ဘွားအေ၏ လက်ထဲတွင် ငြိမ်သက်အေးချမ်းနေခဲ့ပါ လျက် မအေကို မြင်သည့်ခဏ၌ လက်တကမ်းကမ်း လုပ်နေသည်။ ဒေါ်ရွှေအိမ်သည် ' ကြည့်စမ်း ဒင်းအမေကို သိတတ်လိုက်တာ ' ဆိုကာ ပုတ်ခတ်သည်။
ဘမင်း သည် မသိမသာ ထသည်။ မသိမသာ ဆုတ်သည်။ ဤသည်ကို ဒေါ်ရွှေအိမ်က မြင်မိအောင် မြင်သည်။

' ရောက်တုန်းရောက်ခိုက် အစ်မ ဘာကူရမလဲ ဘာညာ မေးပတော့လား။ ကူညီညာ လုပ်ပါတော့လား '
' မေးပါ တယ်ဗျာ။ အမေ့သမီးကိုက မခိုင်းတာဗျ '
နောက်ထပ် ပြဿနာတစ်စုံတစ်ရာမရှာလာမီ ဘမင်းပြေးသည်။ တလင်းထဲ၌ ကောက်ပြန့် ပြန့်ရာက ပြေးလာ ခဲ့ခြင်းဖြစ်သည်။ ဤသည်ကို အမေသိပါက မိုးကို မီးဟပ်ရော့မည်။
' ဟုတ်တယ် အမေ၊ သမီးက မခိုင်းတာပါ။ နေပြစရာ ရှိသားပဲ။ စိတ်မချလို့ နေပေစေပြောထားတာ'
ဤသို့ဖြင့် ဒေါ်ရွှေအိမ်သည် ပန်းရိုက်ပြီးသော ထမင်းအိုး ဟင်းအိုးများကို နေထုတ်ပြလိုက်ရတော့သည်။ သို့ရာတွင် သူသည် သမီးထံ ပြန်လာ၏။
' ငါဝင်လာစတုန်းက ' ဦး ဦးဟယ်၊ အေးတာပေါ့' လို့ ပြောသံကြားလိုက်ပါတယ်။ မောင်နှမနှစ်ယောက် ဘာတွေ ပြောနေကြတာတုံး'

' အမေ့သားလေ၊ မိန်းမလိုချင်နေပြီတော့် '
' မအေ့နို့စော်တောင် မပျောက်သေးဘဲနဲ့ '
ဒေါ်ရွှေအိမ်က မဲ့ကာရွဲ့ကာ မျက်စောင်းထိုးကာ ပြောငြား၊ ကျီးဒန်ကမူ ' သူ့ယောက်ဖရဲ့နှမကို ကြိုက် နေတာအမေ 'ဟု အေးဆေးစွာ သတင်းပေးသည်။
' မယ်မျှင်ကို ဟုတ်လား '
' သူ့ယောက်ဖ ရဲ့ နှမဆိုမှတော့ မယ်မျှင်မဟုတ်လို့ ဘယ်သူရှိမှာတုံး '
ဒေါ်ရွှေအိမ် စဉ်းစားရသည်။

သူငယ်ချင်း မယ်ကြွယ်စိုး၏သား မောင်ဆေးရိုးကို သဘောကျသည့်နည်းတူ ထို မယ်ကြွယ်စိုး၏ သမီးမယ်မျှင်ကို သဘောမကျသလော။ မယ်မျှင်ကို ဒေါ်ရွှေအိမ် သဘောကျပါသည်။ ချက်တတ်၊ ပြုတ်တတ်၊ လုပ်တတ်ကိုင်တတ် မဟုတ်လား။ လယ်သမား၊ ချောင်းသမား၏ သမီးဖြစ်သည်နှင့်အညီ ကောက်စိုက် တော်သည်။ ကောက်ရိတ်တော်သည်။ အဖေနှင့် မောင် ထမင်းစားနေခိုက် ထွန်မောင်းသည် ကြားဖူး၏။ အရပ်အခေါ်အားဖြင့် မယ်မျှင်သည် 'ဖြစ်'၏။ စဉ်းစား၍ အပြီးတွင် ဒေါ်ရွှေအိမ်ပြုံး၏။ ' နောက်တစ်ခါ၊ အဲသည် စကားလာပြောရင် မိန်းမလိုချင် အလုပ်ကြိုးစားလို့ ပြောလိုက် ' ဟု တုံ့ပြန်၏။
ကျီးဒန် ပြုံးမိ၏။

' အမေက မယ်မျှင်နဲ့ သဘောတူသလား '
' သဘောတူတယ်၊ မတူဘူး ပြောဖို့ စောပါသေးတယ်အေ။ မယ်မျှင်က ဗိုင်းကောင်းကျောက်ဖိပဲ၊ တော်ပါတယ် '
ကျီးဒန်သည် သူ့မောင်တွေကို မြင်ယောင်၏။
ကျီးဒန်အောက်က ဘမင်းနှင့် ဘ၀င်းသည် ၂ နှစ်ကြိမ် ၂ နှစ်ငယ်တွေဖြစ်ရာ အပြိုင် လူပျိုလုပ်ကြ၏။ သူတို့ကို မိန်းမပျိုကလေးတွေ မြင်စေရန် ရွာရိုးလျှောက်၏။ သူတို့အသံကို မိန်းကလေးတွေ ကြားစေရန် ညဥ့်မှောင် မှောင်တွင် တေးချင်း အော်ဆို၏။

အမေ ဒေါ်ရွှေအိမ်က ဤသို့ဆုံးမ၏။ ' ရွာရိုးလျှောက်ပြီး လူလုံးပြဖို့ မလိုဘူးဟဲ့။ အလုပ်ကြိုးစားရင် သမီးရှင် က စုံစမ်းပြီး လိုက်လာတာ'
ဘမင်း နားမ၀င်ပါ။
ဘ၀င်း နားမ၀င်ပါ။
ဘမင်းမှာ မင်္ဂလသုတ်ကို ရောက်သည်နှင့်တစ်ပြိုင်နက်တည်း ကျောင်းပြေးတော့သည်။ ဘုန်းကြီးက ရိုက်၊ ဖအေက ရိုက်၊ မအေက ဆဲ။ ဤသို့ဖြင့် သံသရာလည်နေရာ ပညာပါရမီနည်း သောဘမင်းမှာ ကျောင်းပြေးရာ ၌ ပါရမီရင့်သန်ထူးကဲ၏။ အကြောင်းမူ ဘမင်းသည် အိမ်နှင့်ကျောင်း သို့မပြန်ဘဲ ကဆစ်သီး ခူးစားလိုက်၊ ပြောင်းဖူးချိုးစားလိုက်ဖြင့် တစ်လနီးပါး ကျောင်းပြေး နေနိုင်သော ကြောင့်ပေတည်း။
ကျီးဒန်အဖေ ဦးကြွက်နီသည် ဘုန်းကြီးကျောင်းထွက်ဖြစ်ငြား ကောင်းစွာ စာမတတ်ပါ။

မင်္ဂလာသုတ် မကုန်မီ ကျောင်းထွကခဲ့ရသောကြောင့်ဖြစ်သည်။ သို့အတွက် ဦးကြွက်နီက သားနှစ် ယောက်ကို စာတတ်စေချင်သည်။ ဖြစ်နိုင်လျှင် သားနှစ်ယောက်လုံး ရဟန်းဘောင်သို့ ၀င်ရောက်ကာ အကျော်တန်း များ၊ စာချတန်းများ အောင်စေချင်သည်။ သို့သော် သားကြီးဘမင်းက ဇွဲနပဲကြီးစွာ လနှင့် ချီပြီး ကျောင်းပြေးပြသည့်အတွက် ဦးကြွက်နီလက်လျှော့နေပြီ။ လက်မလျှော့၍ မဖြစ်။ အမျိုးတွေ၊ အဆွေ တွေက သတိပေးလာသည်။ ပြေးရင်းလွှားရင်း၊ ပုန်းရင်းရှောင်ရင်း ဓားပြ ဂိုဏ်းထဲ ရောက်သွား နိုင်သည်။ နွားသူခိုးတွေ၏ အသိမ်းအသွင်း ခံသွားရနိုင်သည်။

လေးထပ်ကျောင်းဆရာတော် ဦးအာစရသည် ဘမင်း ဥာဏ်ထိုင်းပုံကို သိသော်ငြား ကျောင်းမထွက် စေချင်ပေ။
' ဖျာတစ်ချပ် မရက်တတ်သေး၊ ကြိုးတစ်ချောင်း မကျစ်တတ်သေးဘူး၊ အရေးဟယ် အကြောင်းဟယ် ကြုံလို့ မင်း ဘယ်သူ့တပည့်လဲ၊ ဦးအာစရ ကျောင်းထွက်၊ ငါ နာမည်ပျက်ပြီ'
သို့သော် ဘမင်းသည်ူကျောင်းအရိပ်ကို မနင်းပါ။ ' မင့်အဖေက မင်းကို ကျောင်းထုတ်လိုက်ပြီ'ဟု ပြောမှ အိမ်ရှေ့ သို့ လူယောင်လာပြ၏။

' လယ်သမားသားမို့ လယ်ထဲမှာပဲ ပျော်ချင်ရင် ပျော်ရမှာပေါ့ကွာ '
ဦးကြွက်နီက ခိုင်းသည်။
အခိုင်းရက်စက်သည်ဟု အပြောခံရအောင် ခိုင်း၏။
' အခြောက်ထွန် 'တွင် နွားရော လူပါ ပင်ပန်းသဖြင့် ဦးကြွက်နီ မပြောငြား လူကပိုပြီးပင်ပန်းသော 'အစိုထွန်'တွင် သားကို နားခွင့်မပေးပေ။ ဒေါ်ရွှေအိမ် ထမင်းပို့ရန် လာသည်ကို စောင့်ကြိုယူသည်။ လယ်ထဲ သို့ ထမင်းထုပ်ကိုယူလာပြီး ထမင်းထုပ်ကို ပုရွက်ဆိတ် တက်အောင် တမင်ထားသည်။

ထွန်းရေးပူသောအချိန်တွင် ထွန်သမားသည် ပြောင်းဖူးစေ့ပြုတ် တစ်စလယ်ကုန်အောင် စားနိုင်၏။ ထိုမျှစားထားပါလျက်နှင့် ဆွမ်းစားခေါင်းလောင်းထိုးချိန်ဝယ် သူ့ဝမ်းမှာ ဟာနေပြီ။ သည်သဘောကို သိပါလျက်နှင့် ဦးကြွက်နီသည် သူ့သားကို မွန်းတည့်သည်အထိ ထမင်းမကျွေးပေ။ နေအပူရှိန်ကြောင့် လယ်ကွင်းထဲက ရေတွေ ပူလာတော့မှ ထွန်အချွတ်ခိုင်းသည်။ နားခွင့်မပေးသေး။ နွားကို စင်ကြယ်အောင် ရေအချိုး ခိုင်းသည်။ မနက်ဖြန်တွင် ထပ်မံပေကျံဦးမည် ထွန်တုံးကို ရေအဆေးခိုင်းသည်။ ထို့နောက် ထမင်းချကျွေးသည်။ ပုရွက်ဆတ် တသောသောဖြင့်။
ဘမင်းသည် ထမင်းဟင်းထဲရောက် ပုရွက်ဆိတ်၊ ကျင်ကောင်များကို ပါးစပ်ဖြင့် မှုတ်သည်။ လက်ဖြင့် ကောက်ပစ်သည်။ ဆာလွန်းမက ဆာလောင်လာသောအခါ ကျင်သော ပုရွက်ဆိတ်သော မရှောင်နိုင်ပါ။ ၀ါးစားရတော့သည်။ သည်မျှပင်ပန်းထားသူသည် ထမင်းစားအပြီး၌ တစ်အောင့်တစ်နား ကျောခင်း ချင်ပါသည်။ ဖြစ်နိုင်လျှင် တစ်ရေးတစ်မော အိပ်ချင်ပါသည်။ ဘမင်း မှာကား နားခွင့် အိပ်ခွင့် မရပါ။

' အိုးခွက်ပန်းကန် စင်အောင်ဆေးဟေ့။ ဆေးပြီးရင် ငါးယောက် စိုက်လယ်ထဲက ကောနေတဲ့ထောင့်ကို တူးချစမ်း '
လယ်ကွက်များသည် သပ်သပ်ရပ်ရပ်ရှိလေလေ ထွန်ဝင်၍ မကောင်းလေလေဖြစ်၏။ ထိုနေရာများတွင် စပါးပင်စိုက်ရန် လူကတူးပေးရသည်။ လယ်ကွက်ထောင့်မှမြေကို လယ်ကွက်အလယ်သို့ ပစ်၊ ထွန်ရေးကို လယ်ကွက်ထောင့်သို့ ဆွဲပို့။
ဦးကြွက်နီ၏ ပါးစပ်ထဲတွင် ဘမင်းအား ခိုင်းစရာတွေ တစ်သီကြီးရှိသည်။ မှောင်သာသွားမည်၊ ခိုင်းစရာက မကုန်ပါ။ ဦးကြွက်နီသည် တော်ရုံအလုပ်ကို နက်ဖြန်သို့မရွှေ့ပေ။
' နည်းနည်းလေးကျန်တော့တာပဲကွာ၊ အဖေ မီးဖိုပေးမယ် ' 

အမှန်ပင် ကိုင်းပင်ခြောက်၊ သစ်တိုသစ်တွေ စုဆောင်းပြီး ကန်သင်းခုံတွင် မီးဖိုပေးသည်။ ဘမင်းမှာ မီးရောင်အားကိုးဖြင့် ပေါင်တူးရသည်။ နွားစာရိတ်ရသည်။ ကိုင်းတော ရှင်းရသည်။ ဘမင်းသည် အိမ်သို့ မြင်မြင်ထင်ထင် မပြန်ရပါ။ မှောင်နှင့်မည်းမည်းတွင် နွားစာထုံးကို ရွက်၊ ထမင်းထုပ်ကို လွယ်လျက် နွားနှစ်ကောင်နှင့်အတူ ပြန်ရသည်။ သူ့အဖေ မည်သို့လိုက်လာသည်ကို သူ မသိပါ။ သူမူ ပစ်လှဲချင်လောက်အောင် အားအင်ကုန်ခန်းခါမှ အိမ်ပြန်ရသည်။

ဘမင်းအောက်က ဘ၀င်းသည် အစ်ကိုကျောင်းထွက်သောအခါ သူလည်း ထွက်ရန်စိတ်ကူးသည်။ အဖေစိတ်ဆိုးပြေအောင် စောင့်ဆိုင်းပြီးမှ ကျောင်းထွက်လိုကြောင်းပြောမည်။ သို့သော် မပြောဖြစ်။ အဖေသည် ဘမင်းအား အသက်ရှူခွင့်မရအောင် ခိုင်းနေသည်။ ဘမင်းမှာ တစ်နေ့တခြား မီးသွေးခဲ နှင့်တူလာသည်။ အမဲခြောက် တစ်မြှောင်းနှင့်တူသည် ဆိုလျှင် ပိုပြီးမှန်ကန်ဖွယ်ရှိသည်။
ဘ၀င်းသည် အစ်ကို၏အခြေအနေကိုကြည့်ပြီး တွန့်ဆုတ်နေသည်။ အဖေသည် ကောင်းစေလိုသော ဖအေ့စေတနာဖြင့် ကျောင်းထားပါလျက် ကော့ကော်ကန်ကား လုပ်သူအား မညှာမတာ ခိုင်းစေနေသည်။ ဘမင်းနှယ် ခံနိုင်ရည်ရှိပါမည်လောဟု ဘ၀င်းတွက်သည်။ တွက်ရင်း တွက်ရင်းဖြင့် ကြောက်ရွံ့လာ၏။ ကျောင်းထွက်မည် မပြောရဲချေ။

ကောက်ခြေပြတ်ပြီ။ ကောက်လှိုင်းတွေ တလင်းထဲသို့ ရောက်လာပြီ။ ဦးကြွက်နီသည် သူ့သားအား ခိုင်းစရာကြံစည်သည်။ ရှာဖွေသည်။ ရွာဘေးက မြောင်းဟောင်းကို အဖို့ခိုင်းရအံ့လော၊ နွားတင်းကုပ်ကို သဲအခင်းခိုင်းရလျှင် သင့်အံ့လော ကြံစည်နေငြား မခိုင်းဖြစ်။ စပါးနယ်ရန်က ပိုမိုပြီး အရေးကြီးသောကြောင့်ဖြစ်သည်။ ကောက်လှိုင်းနှစ်ရာကို နွားလေးကောင်ဖြင့် တစ်ကောင်တည်း နယ်ရသောတာဝန်သည် မသေးပါ။ ယမန်နေ့ညနေနှင့် ညက ကြေအောင်နင်းထားသော ကောက်ပြန့်ကို အရုဏ်တက်မှာ ထပြီး တစ်လွှာချင်း ချရသည်။ ကောက်ရိုးချရာ၊ နွားမောင်းရာ၌ တစ်ယောက်တည်း။ အမှော်ကြေးချရာ၊ ကောက်ပြန့်ပြန့်ရာ၌လည်း အဖေနှင့် အမေ၏အကူအညီ မရပါ။

' ဒါလောက် ကျောင်းမနေချင်တဲ့ကောင်၊ မနေချင်နဲ့ဦး '
ထိုသဘောဖြင့် ဦးကြွက်နီ ဒေါ်ရွှေအိမ်တို့သည် ဘမင်းအား ပစ်ထားကြ၏။ ပစ်ထားသည်ဆိုရာ၌ တစ်စုံတစ်ရာ အကူအညီမပေးဘဲ စောင့်ကြည့်နေခြင်းဖြစ်၏။ စောင့်ကြည့်ခြင်းမှာ ချွတ်ချော် တိမ်းစောင်းမှုရှိလျှင် ဖိနှိပ် မာန်မဲ ပြောဆိုရန်ဖြစ်သည်။ သို့လျှင် အဖေရော အမေပါ ၀ိုင်းနှိမ် ထားသည့် ကြားက ဘမင်း သည် ထောင်ပြီးတက်လာ၏။ ထမင်းစားချိန်နှင့် ကောက်ပြန့်ပေါ်သို့ နွားတွဲ တင်ချိန်၏ ကြားကာလ သည် များစွာမရှည်လျား။ ထိုအချိန်ကလေးအတွင်း၌ သူသည် အစ်မထံ ပြေးလာပြီး မယ်မျှင် ကို ပြောပေးရန် ပူဆာသည်။ ထို့နောက် ရွာရိုးလျှောက်မည်။ ထို့နောက် တလင်းထဲသို့ အပြေး အလွှားပြန်။
ကျီးဒန်သော်ကား သူ့မောင်၏ စကား၌ စိတ်မ၀င်စား။ ကလေးတစ်ဖက် အိုးအလုပ် တစ်ဖက်ဖြင့် မအား လပ်ပေ။ သို့ကြောင့် ယောက်မထံသို့ အလည်အပတ်မသွားနိုင်ပေ။
*
ဆက်ရန်
.

1 comment:

မေဓာဝီ said...

ပြီးသေးဘူးလား။
ပြီးသေးဘူးဆိုလဲ ပိုကောင်းတာပေါ့ အမရွှေစင်ရဲ့ ။
ညီမတို့ကတော့ ဖတ်နေရရင် ကောင်းနေတာပဲ။ ရိုက်ပြီး တင်ပေးရတဲ့သူကို အားတော့ အနာသား။ အားလဲ နာတယ် ခင်လဲ ခင်တယ်၊ ကျေးဇူးလဲ တင်ပါ၏။ :)