ကက်ပတိန် နီဘေဘီသည် အင်္ဂလိပ်ဘာသာဖြင့် ပြောလိုက်ပြီးနောက် လင်းရိုဗာကားသည် ဆူးချုံ တွေ ပေါသော တောတွင်းလမ်းအတိုင်း ဆက်မောင်းသွားလေသည်။
တဖြည်းဖြည်း နှင့် အလင်းရောင်လာစပြုလာလေရာ အာဖရိကတိုက်၏ တောတွင်းဒေသ ရှုခင်းများ ထင်ရှားစွာ မြင်နေရလေသည်။
"ခရိတ် ဒါလင် သူတို့က ကျွန်မတို့ကို သတ်ပစ်မှာ မဟုတ်လားဟင်"
ဆယ်လီက ခပ်တိုးတိုးမေးလိုက်သည်။
ခရိတ် ရုတ်တရက် ဘာပြနပြောရမှန်းမသိအောင် စိတ်ဆင်းရဲမိလေသည်။ ထို့ကြောင့် -
"ဒီလိုဖြစ်ရတာ ၀မ်းနည်းပါတယ်ကွယ်။ ဖွန်ဂါဘီရာက ငါတို့ကို ပြန်လွှတ်လိုက်မယ်လို့ ပြောစဉ်က တကယ် မလွှတ်ဘဲ သတ်ပစ်မှာဆိုတာ ငါကြိုတင် တွက်မိဖို့သင့်တယ်"ဟုသာ ပြန်ပြောလိုက်သည်။
ခရိတ် သည် သူ့ကိုယ်သူ အပြစ်တင်သလို ပြောလိုက်လျှင် ဆယ်လီက နှစ်သိမ့်အားပေး သည့် အနေဖြင့် "ဒါက ရှင့်အပြစ်မှ မဟုတ်ဘဲရှင့်။ တကယ်လို့ ရှင်က ကြိုတင်သိရင်တောင်မှ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး"ဟု ပြန်ပြောရှာလေသည်။
"သူတို့က ငါတို့ကို ဒီတောထဲမှာ ပစ်သတ်ပြီး လူသူမနီးတဲ့ တစ်နေရာမှာ မြေမြှုပ်ပစ်လိုက်ကြလိမ့်မယ် ထင်တယ်။ ငါတိုကနှစ်ယောက်စလုံး လုံးဝပျောက်ကွယ်သွားတာကို မာတာဘယ်လီ တော်လှန်ရေးသမား (သူပုန်) တွေ့ရဲ့ လက်ချက်ဖြစ်ရမယ်လို့ စွပ်စွဲသတင်းဖြန့် ကြလိမ့်မယ်"
ခရိတ်ပြောနေချိန်တွင် ကက်ပတိန် နီဘေဘီ သည် ဆိတ်ဆိတ်နေ၍ နားထောင်နေလေသည်။ ခရိတ် စွပ်စွဲ ပြောဆိုချက်ကို ငြင်းလည်းမငြင်း၊ ၀န်ခံခြင်းလည်း မပြုဘဲ ဆိတ်ဆိတ်နေခြင်းဖြစ်သည်။
တစ်နေရာ တွင် မြေနီလမ်းသည် နှစ်ခွဖြစ်နေရာ လက်ဝဲဘက်ရှိ လမ်းမှာ လမ်းဟုပင်ဆိုရန် ခဲယဉ်းသော တောတွင်းလမ်းတစ်ခုဖြစလေသည်။ ကက်ပတိန်နီဘေဘီသည် ယာဉ်မောင်းသူအား ထိုလက်ဝဲလမ်း အတိုင်း မောင်းခိုင်းလေသည်။
ယာဉ်မောင်းသူလည်း လမ်းက ကြမ်းသဖြင့် ခပ်ဖြည်းဖြည်းပင် မောင်းရလေသည်။ မြေကြီးက မညီညာ သဖြင့် ကားသည် အလွန်ဆောင့်လျက် ခက်ခက်ခဲခဲ သွားကြရလေသည်။
ထိုအချိန် ၌ မိုးစင်စင်လင်းပြီဖြစ်၍ နေမင်း၏ အလင်းရောင်သည် တောတောင်ရှုခင်းများကို မီးမောင်း ထွန်းထား သလို ထိန်လင်းတောက်ပစေလျက် ရှိပေသည်။
ကက်ပတိန် နီဘေဘီသည် ရှိုနာဘာသာဖြင့် အမိန့်ပေးလိုက်ရာ ယာဉ်မောင်းသူက လင်းရိုဗာကားကို လမ်းဘေးရှိ ချုံတောတွင်းသို့ မောင်းဝင်လိုက်သည်။
ထိုနေရာတွင် မြက်ပင်ရှည်ကြီးများ ရှိလေသည်။ မြက်ပင်ကြီးများသည် လူတစ်ယောက် ရင်ခေါင်း နီးပါး ထိအောင် မြင့်လေသည်။
အတန်ကြာကြာ ဆက်မောင်းသွားပြီးနောက် ကက်ပတိန် နီဘေဘီ၏ အမိန့်ပေးချက်ဖြင့် မော်တော်ကား ရပ်သွားပြီ ဒရိုင်ဘာက စက်ကိုပါ သတ်လိုက်သည်။
လူသူ မနီး ဝေးလံခေါင်းပါးသော နေရာဖြစ်ကြောင်း ထင်ရှားနေပေသည်။
"ကျွန်မတို့ကို ဒီနေရာမှ သတ်ပြီး မြှုပ်ထားလိုက်ရင် ဘယ်သူကမှ ရှာလိုက တွေ့မှာ မဟုတ်ပါဘူး"
ဆယ်လီသည် စိတ်ပျက်အားငယ်ဟန်ဖြင့် ညည်းလိုက်သည်။
ဤတွင် ကက်ပတိန် နီဘေဘီက -
"ခင်ဗျားတို့ ဘယ်မှမသွားဘဲ ဒီမှာဘဲ နေရမယ်"ဟု အမိန့်ပေးလိုက်သည်။
ဆယ်လီသည် စိတ်ထဲ မျိုသိပ်မထားနိုင်ဟန်ဖြင့် ကက်ပတိန် နီဘေဘီအား မေးမြန်းကြည့်ရန် ဆုံးဖြတ် လိုက်သည်။
"ဒီမယ် ရှင် အခု လုပ်နေတာတွေနဲ့ ပတ်သက်ပြီး ရှင့်စိတ်ထဲ ဘယ်လိုမှ မနေဘူးလားရှင်"
ကက်ပတိန် နီဘေဘီသည် ဘာမှမပြောဘယ် ဆယ်လီအား လှမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာကတာ့ စိတ်မကောင်းသယောင် ဖြစ်နေသည်။
ထို့နောက် ဘာမှမပြောဘဲ ကားပေါ်မှ ဆင်းလိုက်သွားပြီး ရှိုနာဘာသာဖြင့် အမိန့်ပေးလိုက်ရာ စစ်သားနှစ်ဦးသည် သူတို့၏ သေနတ်များကို ကား၏ နောက်ပိုင်းတွင် ချထားလိုက်သည်။
ထိုအတောအတွင်း ယာဉ်မောင်းရဲဘော်က ကားခေါင်မိုးပေါ်မှ မြေတူးသည့် ပေါက်ပြားသုံးခု ယူချလိုက် သည်။
ကက်ပတိန် နီဘေဘီသည် လင်းရိုဗာကား၏ သော့ကို ဖြုတ်ယူလိုက်ပြီး သူ၏ လူများကို ခပ်လှမ်းလှမ်း တစ် နေရာသို့ ခေါ်သွားလေသည်။ ထိုနေရာ၌ သူ၏ ခြေထောက်ဖြင့် မြေကြီးတွင် နေရာနှစ်ခုကို ညွှန်ပြရာ စစ်သားသုံးဦးတို့သည် ပေါက်ပြားများဖြင့် မြေကြီးကို စတင်တူးကြလေတော့သည်။ လူသေ အလောင်း မြှုပ် ရန် တွင်းတူးနေကြခြင်းဖြစ်ကြောင်း ထင်ရှားလေသည်။
မြေကြီးက မြေပျော့ဖြစ်၍ တူးရာတွင် အတော်လျင်မြန်လေသည်။ ကက်ပတိန် နီဘေဘီသည် တူးနေသူ စစ် သားများ အနီးမှ ရပ်၍ ကြည့်နေရင်း စီးကရက်တစ်လိပ် သောက်နေလေသည်။
ခရိတ်သည် ဆယ်လီအနီးသို့ ကပ်၍-
"ဟေ့…လင်းရိုဗာကားပေါ်က ရိုင်ဖယ်သေနတ်တစ်လက်ရအောင် ငါကြံရမယ်"ဟု ခပ်တိုးတိုး ပြောလိုက် သည်။
လင်နက်များက ကား၏နောက်ပိုင်းတွင်ရှိနေရာ ခရိတ်အနေဖြင့် လက်ထိပ်ခတ်ထားသည့်ကြားမှ မနည်း ကြိုးစား၍ သေနတ်များရှိရာသို့ ထိုင်ခုံများကို ကျော်သွားရမည် ဖြစ်သည်။
ရိုင်ဖယ်သေနတ်ရလျှင်ပင် လက်ထိပ်ခတ်ထားသော လက်ဖြင့် ခဲခဲယဉ်းယဉ်း ကိုင်တွယ်ချိန်ဆ၍ စစ်သား များအား ကြိုးစားပစ်ရမည် ဖြစ်သည်။
"မလုပ်ပါနဲ့ရှင်၊ ရှင့်အခြေအနေနဲ့ ဒီလို ကြံလို့ရမှာ မဟုတ်ဘူး"
ဆယ်လီက တိုးတိုးပြောလိုက်သည်။ သို့သော် ခရိတ်၏ မျက်နှာထားက တင်းမာလျက် မရရအောင် ကြိုး စားမည့် အသွင် ဆောင်နေလေသည်။
"ဟုတ်တယ် ကြံလို့ ရချင်မှ ရမယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ဘာမှမလုပ်ဘဲ ငုတ်တုတ်ထိုင်ပြီး လည်စင်း ခံတာထက်စာရင် တစ်ခုခု ကြိုးစားတာကမှ တော်ဦးမယ်။ ငါပြောသလို မကြံရင် ဒါထက် ကောင်းတဲ တခြား နည်းလမ်းရှိလို့လား။ ကဲ ဘာမှ ပြောမနေနဲ့၊ ငါက ၀ိုးလို့ပြောလိုက်တာနဲ့ မင်းက ကားရဲ့ ကြမ်းပြင်ပေါ် လှဲ ချပြီး ၀ပ်နေလိုက်ပါ"
ဤသို့ပြောပြီး ခရိတ်သည် လင်းရိုဗာ (ငါးချိတ်)ကားရှည်ကြီး၏ နောက်ပိုင်း ရိုင်ဖယ်သေနတ်များ ထားရှိရာ သို့ သွားရန် ပြင်ဆင်လေသည်။
မလှမ်းမကမ်းတွင်ကား စစ်သားသုံးယောက်တို့သည် အလောင်းမြှုပ်ရန် တွင်းကြီးနှစ်တွင်းကို ဆက်လက် တူးနေကြသည်။
ခရိတ် သည် ဆယ်လီနားသို့ကပ်၍ သူ၏ နှလုံးသားထဲမှ ဖြစ်ပေါ်လာသော ခံစားချက်ကို ခပ်တိုးတိုး ဖွင့်ပြော လေသည်။
"ဆယ်လီရယ်၊ ငါလေ မင်းကို သိပ်ချစ်တာပဲ။ မင်းကိုချစ်သလို ငါ့ဘ၀တစ်သက်မှာ ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူး ဘူး"
"ကျွန်မကလည်း ရှင့်ကို သိပ်ချစ်ပါတယ်ရှင်"
ဆယ်လီ ကလည်း ခပ်တိုးတိုး ပြန်ပြောရှာသည်။
"မင်း သတ္တိရှိရှိနဲ့ နေပါနော်"
"ဟုတ်ကဲ့ ရှင်ကံကောင်းပါစေလို့လည်း ဆုတောင်းပါတယ်"
ပြောရင်းနှင့် ဆယ်လီသည် ခေါင်းငုံ့နေလိုက်သည်။ ခရိတ်လည်း သေနတ်များရှိရာသို့ သွားတော့မည် ပြု လိုက်သည်။
သို့သော် ထိုအချိန်၌ ကက်ပတိန် နီဘေဘီက လင်းရိုဗာကားရှိရာသို့ လှည့်ကြည့်လိုက်ချိန်နှင့် ကြုံနေ သဖြင့် ဆက်မလှုပ်ရှားဘဲ ငြိမ်နေလိုက်ရသည်။
ကက်ပတိန် နီဘေဘီသည် ခရိတ်က ရှေ့ထိုင်ခုံမှ သမင်လည်ပြန် နောက်သို့ လှည့်နေပြီး ဆယ်လီ ကလည်း ကြမ်းပြင်တွင် ဒူးထောက် ၀ပ်နေသည်ကို သတိပြုမိသည်တွင် သင်္ကာမကင်းဖြစ်လာသဖြင့် လင်း ရိုဗာကားဆီသို့ ခပ်သုတ်သုတ် ပြန်လျှောက်လာလေသည်။
ကားအနီးသို့ ရောက်လျှင် သူသည် ခရိတ်အား အင်္ဂလိပ်ဘာသာဖြင့် ခပ်တိုးတိုး ပြောလေသည်။
"မစ္စတာခရိတ်၊ အခု ခင်ဗျားလုပ်ဖို့ စိတ်ကူးတာကို မလုပ်ပါနဲ့။ ခင်ဗျားတို့ ကျွန်တော်တို့အဖို့ အကြီး အကျယ် အန္တရာယ်ရှိနေပါတယ်။ ကျွန်တော်တို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်က အသာငြိမ်ငြိမ် ကလေးနေပြီး ဘယ်လိုမှ မလှုပ်ရှားဘဲနေဖို့ ဖြစ်ပါတယ်"
ပြောပြောဆိုဆို ကက်ပတိန်နီဘေဘီသည် သူ၏ အင်္ကျီအိတ်ထဲမှ ကားသော့ကို ထုတ်ယူ၍ လင်းရိုဗာကား တွင် တပ်လိုက်သည်။ တစ်ချိတ်တည်းမှာပင် လက်တစ်ဖက်ဖြင့် သူ၏ ခါးကြားမှ ပစ္စတိုသေနတ်အိတ်ကို အသင့်ဖွင့်ထားလိုက်သည်။
ကက်ပတိန်နီဘေဘီကပင် ခပ်တိုးတိုး ဆက်ပြောလေသည်။
"ခင်ဗျားတို့ မြင်တဲ့အတိုင်း ကျွန်တော်က စစ်သားသုံးဦးစလုံးကို လက်နက်မရှိအောင် ကြံဖန် လုပ်ထားလိုက် ပါပြီ။ အခုကျွန်တော် ကားပေါ်တက်ထိုင်တဲ့အခါ ခင်ဗျားက ကျွန်တော့်ကို တိုက်ခိုက်ဖို့ မကြိုးစားပါနဲ့။ အဲဒါ အရေးကြီးပါတယ်။ ကျွန်တော်ကိုယ်တိုင်က ခင်ဗျားတို့လိုပဲ အလွန်အန္တရာယ် နီးကပ် နေပါတယ်။ ခင်ဗျား တို့ ကျွန်တော့်ကို ယုံကြည်စိတ်ချစေချင်ပါတယ်။ ကျွန်တော် အခုပြောတာကို နားလည်တယ် မဟုတ်လား"
ခရိတ်ကလည်း "နားလည်ပါတယ်"ဟု ပြန်ပြောလိုက်သည်။
သူ၏ စိတ်ထဲတွင်ကား သူ့လက်ခုတ်တွင်းကရေ ဖြစ်နေတော့မှ သူခိုင်းတာလုပ်ရမှာပဲဟု တွေးမိ လေသည်။
ကက်ပတိန် နီဘေဘီသည် ကားပေါ် တက်ထိုင်လိုက်ပြီးနောက် တွင်းတူးနေသော စစ်သားသုံးဦးအား လှမ်း ကြည့် လိုက်သည်။ ထို့နောက် ကားသော့ကို လှည့်၍ စက်နှိုးလိုက်သည်။
စက်နှိုးပြီး အင်ဂျင်စက်ထဲ ကျယ်လောင်စွာ ပေါ်ထွက်လာရာ တွင်းတူးနေသူ စစ်သားသုံးဦးသည် မော်တော် ကားဆီသို့ လှမ်းမျှော်ကြည့်ကြလေသည်။ သူတို့သည် အလွန် အံ့အားသင့်လျက် ကြည့်လိုက် ကြခြင်း ပင် ဖြစ်သည်။
သုံးဦးအနက် တစ်ယောက်က တွင်းထဲဝင်တူးနေရာမှ အပေါ် ခုန်တက်လိုက်ပြီး ကက်ပတိန်နီဘေဘီအား တစ်စုံ တစ်ခု လှမ်းအော်ပြောလိုက်သည်။
ထိုအချိန်၌ ကက်ပတိန်နီဘေဘီသည် ကားကို ဂီယာထိုး၍ မောင်းထွက်ဟန် ကြိုးစားလေသည်။ သို့သော် လင်းရိုဗာကားသည် ရုတ်တရက် စက်ရပ်သွားပြန်သည်။
ထိုအခါ ခရိတ်က အကြံပေးသည့်အနေဖြင့်-
"ခင်ဗျား လီဗာကို ဖိနင်းထားရင် ဓာတ်ဆီများလွန်းပြီး စက်နိုးမှာ မဟုတ်ဘူးဗျ"ဟု ပြောလိုက်သည်။
ဟစ်အော်လိုက်သူ စစ်သားသည် လင်းရိုဗာကားဆီသို့ ပြေးလာနေပြီ ဖြစ်သည်။ ကက်ပတိန် နီဘေဘီက လည်း ကားကို ကြိုးစား၍ စက်နှိုးနေဆဲပင် ဖြစ်သည်။ တွင်းတူးနေသူ ကျန်စစ်သားနှစ်ဦးလည်း လိုက်ပြေး လာကြရာ တစ်ဦးက တွင်းတူးပေါက်ပြားကို လက်နက်သဖွယ် ကိုင်ထားလေသည်။
"ဒိမယ် ကားတံခါးကို မြန်မြန်ပိတ်ထားလိုက်ပါ"
ခရိတ်က အော်ဟစ် သတိပေးလိုက်သည်။
လင်းရိုဗာကားမှာ ဂျစ်ကားလိုမဟုတ်ဘဲ တံခါးအပြည့်ရှိရာ ကက်ပတိန် နီဘေဘီက လျင်မြန်စွာ တံခါးကို ပိတ်လိုက်သည်။
ဆယ်လီက ကား၏ နောက်တံခါးကို မပိတ်ရသေးဘဲ ဖြစ်နေရှာရာ စစ်သားသည် ကားနောက်ဘက်သို့ ပြေး ၍ ပွင့်နေသော တံခါးမှတစ်ဆင့် ဆယ်လီ၏ လက်မောင်းတစ်ဖက်ကို ဖမ်းဆုပ်ကိုင်ကာ ပြင်ဘက်သို့ အတင်းဆွဲထုတ်လေသည်။
ခရိတ်သည် လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ လက်ထိတ်ခတ်ထားသော သူ၏ လက်နှစ်ဖက်ကို မြှောက်၍ လူမည်းစစ်သား၏ ဦးခေါင်းတည့်တည့်ကို တအားရိုက်ချလိုက်ရာ လက်ထိတ်မှ သံမဏိကွင်းများက ထိုလူ၏ ဦးခွံတည့်တည့်သို့ ပြင်းစွာ ထိမှန်သဖြင့် လူမည်းစစ်သားသည် ယိုင်လဲကျသွားလေသည်။
ခရိတ် သည် စစ်သား၏ နဖူးတည့်တည့်သို့ နောက်ထပ် တစ်ချက် သံလက်ထိတ်ဖြင့် တအား ရိုက်လိုက်ပြန် သည်။ စစ်သားသည် မလှုပ်မယှက် ငြိမ်သက်သွားတော့သည်။
သို့သော် ကျန်စစ်သားနှစ်ဦးက ပေါက်ပြားများကို လက်နက်အဖြစ် ကိုင်လျက် လင်းရိုဗာကား၏ ဘေးနား တွင် ရပ်စောင့်နေကြသဖြင့် အန္တရာယ်က ရှိနေသေးသည်။
ထိုအချိန်၌ ကံအားလျော်စွာ လင်းရိုဗာကားက ရုတ်တရက် စက်နှိုးလာရာ ကက်ပတိန် နီဘေဘီလည်း ချက် ချင်း ဂီယာထိုး၍ မောင်းထွက်လေသည်။ ကား၏ အရှိန်ကြောင့် ဒဏ်ရာနှင့်လဲနေသူ စစ်သားသည် ကားပေါ် မှ လွင့်စဉ်ကျကျန်ရစ်လေသည်။
စစ်သားတစ်ဦးသည် သူ၏ ပေါက်ပြားကို တအားလွဲ၍ ပစ်လိုက်ရာ ကား၏ နောက်မှန်ကိုထိပြီး မှန်ကွဲသွား လေသည်။
ကက်ပတိန် နီဘေဘီသည် ဂရုမစိုက်ဘဲ ကားကိုသာ စက်ကုန်ဖွင့်၍ ဆက်မောင်းထွက်သွားလေသည်။
စစ်သားနှစ်ဦးလည်း မကျေမချမ်းဖြစ်လျက် ကျန်ရစ်လေတော့သည်။
အတန်ငယ်သွားမိသော် ကက်ပတိန် နီဘေဘီက ခရိတ်အား လှမ်း၍-
"ခင်ဗျား လက်နှစ်ဖက် ဆန့်တန်းလိုက်စမ်းပါ"ဟု ပြောပြီး လက်တစ်ဖက်အား ကားမောင်းရင်း ခရိတ်၏ လက်မှ လက်ထိတ်ကို သော့ဖြင့် ဖွင့်၍ ဖြုတ်ပေးလိုက်သည်။
"ရော့ ဒီသော့နဲ့ ခင်ဗျားကပဲ မစ္စဆယ်လီရဲ့ လက်ထိတ်ကို ဖြုတ်ပေးလိုက်ပါ"
ပြောရင်း သော့ကိုပေးသဖြင့် ခရိတ်လည်း ဆယ်လီ၏လက်ထိတ်ကို သော့နှင့်ဖြုတ်ပေးလိုက်သည်။
"ဘုရားသခင် ကျေးဇူးကြောင့် တော်သေးတာပေါ့ရှင်။ ကျွန်မဖြင့် မျှော်လင့်ချက်လုံးလုံး မရှိတော့ဘူးလို့ စိတ်လျှော့ထားလိုက်မိတယ်"
ဆယ်လီက သူ၏ လက်ကောက်ဝတ်နေရာကို လက်ဖြင့် ပွတ်သပ်ရင်း ပြောရာ ကက်ပတိန်နီဘေဘီက ခေါင်းညိတ် လိုက်သည်။
"ဟုတ်ပါတယ် ကျွန်တော်တို့ ကံကောင်းလွန်းလို့ အခုလို လွတ်လာတာပဲ ခင်ဗျ"
တစ်ဖန် သူကပင် ဆက်လက်၍ ခရိတ်အား-
"ရိုင်ဖယ် သေနတ်တစ်လက်ကို ခင်ဗျားတို့က ကိုင်ထားပြီး တစ်လက်ကိုတော့ ကျွန်တော့်ဘေးနားမှာ ချထား ပေးစမ်းပါ"ဟု ပြောလိုက်သည်။
ဤတွင် ဆယ်လီက အလိုက်သိစွာ ကား၏နောက်ပိုင်းမှ ရိုင်ဖယ်သေနတ်နှစ်လက်ကို လှမ်းယူပေးလိုက် သည်။
သေနတ်များက အေအေ ၄၇ အမျိုးအစား မောင်းပြန်သေနတ်များ ဖြစ်ပြီး တတိယ တပ်မဟာမှ တပ်သား အားလုံး ဤလက်နက်မျိုးကို ကိုင်ဆောင်လေ့ရှိကြသည်။
"ဒီသေနတ်မျိုးကို ကိုင်တွယ်တတ်ပါသလား ခင်ဗျ"
ကက်ပတိန် နီဘေဘီက မေးရာ ခရိတ်က ခေါင်းညိတ်လိုက်သည်။
"ကျုပ်က ရိုဒီးရှားနိုင်ငံရဲ့ ရဲတပ်ဖွဲ့မှာ လက်နက်တွေ တာဝန်ယူရတဲ့ အာမာရာ လုပ်ခဲ့ဖူးတယ်"
"သြော် ဟုတ်သားပဲ။ ကျွန်တော် မေ့နေလိုက်တာ"
ခရိတ်သည် အေကေ ၄၇သေနတ်ကို ယူ၍ ကျည်ဆန်ကတ်ကို ထုတ်ကာ သေချာစွာ စစ်ဆေးကြည့်ပြီး နောက် စနစ်တကျ ပြန်ထိုးထားလိုက်သည်။ ယခုဆိုလျှင် ယင်းသေနတ်သည် ကောင်းစွာ ပစ်ခတ်နိုင်ရန် အဆင်သင့် ဖြစ်နေပေပြီ။
သေနတ်ကို လက်ဖြင့် ကိုင်ဆလိုက်ချိန်တွင် ခရိတ်သည် ချက်ချင်း ပြောင်းလဲမှု ဖြစ်လာလေသည်။ စိတ်ဓာတ် တက်လာသည်။
စောစောပိုင်းက သူသည် အလွန်စိတ်ဓာတ်ကျနေခဲ့သည်။ လက်ထိတ်ခတ်ခံထားရပြီး မည်သို့မှ မလှုပ်ရှား နိုင်ဘဲ စိတ်ပျက်အားလျော့ဖွယ် အခြေအနေ ရှိခဲ့သော်လည်း ယခုတော့မူ သူသည် မောင်းပြန်ရိုင်ဖယ် သေနတ်ကို လက်ဝယ်ကိုင်ထားနိုင်ပြီဖြစ်သည်။ ရန်သူလုပ်သမျှ ငုံ့မခံဘဲ တုံ့ပြန်တိုက်ခိုက်နိုင်သော အခြေ အနေမျိုး ဖြစ်လာပေပြီ။
ယင်းသို့ ဆင်ခြင်တွေးတောပြီး စိတ်အားတက်လာသူ ခရိတ်သည် ချစ်သူဆယ်လီ၏ လက်တစ်ဖက်ကို လှမ်း၍ ဆုပ်ကိုင်ထားလိုက်သည်။
"အခုဆိုရင် ငါတို့က လက်နက်နဲ့ ပြန်တိုက်နိုင်တဲ့ အခြေအနေ ဖြစ်လာတဲ့အတွက် မျှော်လင့်ချက် ရှိလာပြီ ကွဲ့"
ဤသို့ပြောပြီးနောက် ခရိတ်သည် ကားထဲရှိ အရက်ပုလင်းကို ယူ၍ ဆယ်လီအား လှမ်းပေးလိုက်သည်။ ဆယ်လီက အနည်းငယ်သောက်ပြီး ပုလင်းကို ပြန်ပေးရာ ခရိတ်သည် ထိုပုလင်းကို ကက်ပတိန်နီဘေဘီ သောက်ရန် ပေးလိုက်ပြန်သည်။
"ကိုင်း ဆိုစမ်းပါဦး ကက်ပတိန် အခြေအနေက ဘယ်လို ဖြစ်ကုန်တာလဲ"
ကက်ပတိန် နီဘေဘီသည် ပုလင်းကိုမော့၍ အနည်းငယ် သောက်လိုက်ပြီးမှ ပြန်ဖြေလေသည်။
"မစ္စတာခရိတ် ကောက်ချက်ချခဲ့တဲ့အတိုင်း မှန်ပါတယ်။ ဗိုလ်ချုပ် ဖွန်ဂါဘီရာက ကျွန်တော့်ကို အမိန့်ပေး လိုက်တာက ခင်ဗျားတို့နှစ်ယောက်ကို လူသူမနီးတဲ့ တောထဲခေါ်သွားပြီး သုတ်သင်ကွပ်မျက်လိုက်ဖို့ ဖြစ် ပါတယ်။ နောက်ပြီး ခင်ဗျားတို့ လုံးဝနောက်နေတာကို မာတာဘယ်လီ သူပုန်တွေရဲ့ လက်ချက်ပဲလို့ စွပ်စွဲ လိမ့်မယ်ဆိုတာလည်း မှန်ပါတယ်"
"ဒီလိုဆိုရင် ခင်ဗျားက ဘာကြောင့် အမိန့်ပေးတဲ့အတိုင်း မလိုက်နာတာလဲ"
ခရိတ်က မေးလိုက်သောအခါ ကက်ပတိန်နီဘေဘီသည် ဆယ်လီဘက်သို့ တစ်ချက် လှမ်းကြည့် လိုက်ပြီးမှ ပြန်ဖြေလေသည်။
"ကျွန်တော် အရင်ဆုံး တောင်းပန်ပါရစေ။ ကျွန်တော်က ခင်ဗျားတို့ကို တကယ်ပဲ သတ်ပစ်တော့မလို ပြင် ဆင်မှုများ လုပ်ခဲ့ရတာကို ခွင့်လွတ်ဖို့ တောင်းပန်ပါတယ်။ ကျွန်တော်နဲ့ ပါလာတဲ့ စစ်သားသုံးယောက်က အင်္ဂလိပ်စကား တတ်တယ်ခင်ဗျ။ ဒါကြောင့် ကျွန်တော်က ခင်ဗျားတို့ကို ကြိုတင်ရှင်းမပြနိုင်ခဲ့ခြင်း ဖြစ်ပါ တယ်။ ကျွန်တော့် စစ်သားတွေ လုံးဝမရိပ်မိအောင် ကျွန်တော်က ခပ်တည်တည်နဲ့ သတ်ဖြတ်ဖို့ ပြင်ဆင်မှု များ ပြုလုပ်ခဲ့ရပါတယ်။ တကယ်တော့ ကျွန်တော့်အနေနဲ့ ခင်ဗျားတို့နှစ်ယောက်စလုံး စိတ်ရောကိုယ်ပါ ဆင်းရဲမှုတွေ ဒါလောက်ခံစားခဲ့ရပြီးမှ နောက်ထပ် နှိပ်စက်ညှဉ်းပန်းဖို့စိတ် လုံးဝမရှိတာ အမှန်ပါပဲ"
"ကက်ပတိန် နီဘေဘီရှင့် ကျွန်မတို့က ရှင်လုပ်ခဲ့တာတွေ အားလုံးကို ခွင့်လွတ်ပါတယ်။ ရှင့်ကိုလည်း အထူးပဲ ခင်မင်လေးစားမိပါတယ်။ ဒါပေမဲ့ ကျွန်မ သိချင်တာက ရှင်က ဘာကြောင့် ရန်သူလို့ သတ်မှတ်ရ မယ့် ကျွန်မတို့ကို အခုလို ကူညီရတာလဲရှင်"
ဆယ်လီ က မေးလိုက်သည်။ သည်တော့မှ ကက်ပတိန် နီဘေဘီသည် အဖြစ်မှန်ကို ဖွင့်ပြောလေတော့ သည်။
"ကျွန်တော်က ဒီအကြောင်းကို ဘယ်တုံးကမှ ဘယ်သူ့ကိုမှ မပြောခဲ့ဖူးပါဘူး။ အခုမှ ပထမအကြိမ် ထုတ် ဖော်ပြခြင်း သာ ဖြစ်ပါတယ်။ ဒီလိုပါ ကျွန်တော့်ရဲ့မိခင်က မာတာဘယ်လီ တိုင်းရင်းသူအစစ် ဖြစ်ပါတယ်။ သူက ကျွန်တော် ငယ်ရွယ်စဉ် လူမမည်ဘ၀မှာပဲ ကွယ်လွန်သွားရှာပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ မိခင်ကို ကောင်းကောင်းကြီး မှတ်မိနေပါတယ်။ အင်မတန်လည်း ကြည်ညိုလေးစားမိပါတယ်။ ကျွန်တော့် ဖခင်ကတော့ ရှိုနာလူမျိုးဖြစ်လို့ ကျွန်တော့်ကို ရှိုနာအမျိုးသားတစ်ယောက်အဖြစ် ကြီးပြင်းလာအောင် ပြုစု စောင့်ရှောက်ခဲ့ပါတယ်။
ဒီလို ရှိုနာတစ်ယောက်အဖြစ် ကြီးပြင်းလာပေမဲ့ ကျွန်တော့်စိတ်ထဲမှာ မာတာဘယ် လီ မိခင်က မွေးဖွား ခဲ့တဲ့ ကျွန်တော်ဟာ မာတာဘယ်လီ သွေးပါခဲ့တာကို ဘယ်တော့မှ မမေ့ပါဘူး။ မာတာဘယ်လီ လူမျိုး တွေကို ကျွန်တော့်ရဲ့ သွေးရင်းသားရင်းတွေလို နှလုံးသားထဲက ယူဆပါတယ်။ ဒီလိုပဲ ခံယူ ထား ပါတယ်။ အဲဒီလို ကျွန်တော်ရဲ့ အတွင်းစိတ်ထဲမှ ဖြစ်ပေါ်ခံစားနေတာကို ဗိုလ်ချုပ် ဖွန်ဂါဘီရာကလည်း ရိပ်မိပုံ ရပါတယ်။ သို့သော်လည်း ကျွန်တော့်မိခင်ရဲ့ ဇာတိဇာစ်မြစ်ကိုတော့ သိဟန်မတူပါဘူး။

ဒါကို မသိ သော်လည်း ကျွန်တော့် စိတ်တွေ ပြောင်းလဲတာကိုတော့ သူရိပ်မိတာတော့ သေချာပါတယ်။ ကျွန်တော် ဟာ လူသားစားကျားသစ်နဲ့တူတဲ့ သူနဲ့အတူနေခဲ့ရတာ ကြာပြီဖြစ်လေတော့ ကျားသစ် သတ္တ၀ါ ရဲ့ လှုပ်ရှားမှု ခြေ လှမ်းကို ကြိုမြင်ခဲ့ပါတယ်။ တကယ်လို့ ကျွန်တော်က ခင်ဗျားတို့ကို ကွပ်မျက်ပြီး မြေမြှုပ်ပြီး တဲ့နောက် ကျွန်တော်ဟာလည်း အလားတူ လူမသိတဲ့ တစ်နေရာမှာ မြေမြှုပ်ခံ ရမှာ သေချာပါတယ်"
အခန်း (၂၂) အဆက် (၂) ဆက်ရန်
.
အခန်း (၂၂) အဆက် (၂) ဆက်ရန်
.
3 comments:
ဆရာမရေ.. ဒီအပိုင်းလေးကိုလည်း ဖတ်သွားပါပြီ.ခင်ဗျ..
ဇာတ်လမ်းက တော်တော်ကောင်းလာပါပြီ..
ကျေးဇူးတင်ပါတယ်
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
အစ်မရေ ဖတ်ပြီးသွားပြီး)))
အစ်မရေ ဖတ်ပြီးသွားပြီး)))
Post a Comment