မောင်ဆေးရိုးသည် ကောက်ပြန့်ပေါ်မှ နွားတွေဆင်းသွားသံ ကြားသော်လည်း လှည့်မကြည့်ပေ။ လွှာပြီး ချဆဲ ကောက်ရိုးလွှာကို ကောက်ပြန့်ဘေးတွင်ချသည်။ နောက်တစ်လွှာ ရနိုင်သေး၏လော ကောက်ဆွ ဖြင့် ဆွကြည့်လိုက်သည်။ မယ်မျှင်မှာမူ နွားစာခေါင်းဘေးအရောကတွင် နွားတွေ၏ ' လည်ပင်းတွဲ' ကြိုးကို ဖြုတ်သည်။ တိုင်တွင် ချည်သည်။
နွားစာခေါင်းထဲသို့ နွားစာတွေ ထည့်သည်။ ထို့နောက် ရေထည့်သည်။ ရေနည်းနေသည်။ နွားတွေအတွက် ရေလိုသည်။ မယ်မျှင်တို့ ခပ်နေကျ ရေမှာ စလင်းချောင်း ထဲက ချောင်းရေဖြစ်သည်။ လူသောက်ရန် သုံးရန် ရေကို လက်ယက်တွင်းမှ ခပ်ယူသည်။ နွားအတွက် ရေကိုမူ ရေစီးကြောင်းထဲက ရေ၊ ချိုးရေတွင်းထဲက ရေတို့ကို ယူသည်။ ယခု နွားရေ သုံးလေးခေါက် စာကို မယ်မျှင် မည်သို့ခပ်မည်နည်း။
ရွာထဲအိမ်မှ ရေခပ်ဆင်းလျှင် စလင်းချောင်းသည် အိမ်နောက်ဖေး၌ရှိ၏။ ယခုတလင်းထဲမှသွားလျှင် မြောင်းဟောင်း ကို ကျော်ရမည်။ လှည်းလမ်းကို ဖြတ်ရမည်။ လမ်းသင့်ရာ တစ်အိမ်အိမ်၏ အိမ်ဝင်း ထဲသို့ဝင် ချောင်းထဲသို့ ဆင်း။ ချောင်းထဲသို့ ဆင်းခါမျှဖြင့် ရေမရသေးပေ။ ကြက်သွန်ခင်းတွေ၏ မြောက်ဘက် တွင်ရှိသော ချိုးရေတွင်းသို့ သွားရမည်။ ဆောင်းနေမို့ မပူဘူး ဆိုရငြား အချိန်ကို မယ်မျှင် တွက်ရသည်။ အဖေ၊ အမေနှင့် ကိုရင်တို့ ကောက်ပြန့် ပြန့်ပြီးချိန်တွင် ထမင်းပွဲ အသင့်ရှိမှ ကောင်းမည်။ သို့ကြောင့် မယ်မျှင်သည် ခေါင်းဖုလုပ်မည့် ပုဆိုးစုတ်ကို ပခုံးပေါ်တင်၊ ရေအိုးနှုတ်ခမ်းကို လက်တစ်ဖက်ဖြင့် ချိတ်၊ လက်တစ်ဖက်က ရေငင်ပုံးကို ဆွဲလျက် ပုတီးပင်ဘုရားအနောက်ဘက်ရှိ ရေတွင်း သို့ လာခဲ့သည်။
ရေတွင်းတွင် လူမများပါ။ ရေငင်ပုံးကို အသုံးပြုရသောကြောင့် ဖြစ်ပါသည်။ မများပြားငြား အနီးအနား တလင်းများ မှ တစ်ယောက်စ နှစ်ယောက်စ ရေခပ်နေကြသည်။ ရေတွင်းနှုတ်ခမ်း (ရေတွင်းပေါင်) ပေါ်တွင် အချိုင့်ကလေးရှိသည်။ မယ်မျှင်၏ ရေအိုးဖင်နှင့်အနေတော်ပင်။ ရေပုံးမှာ အင်တွဲတေးထားသော နှီးရေပုံး ဖြစ်သည်။ ကြိုးများကို ရေပုံးထဲသို့ လုံးထွေးလျက်ထည့်ထားသည်။ ကြိုးတစ်ထွေးလုံး အပြင်သို့ ထုတ်ပြီး မှ ရေပုံးကို ရေတွင်းထဲသို့ ချနိုင်သည်။ ကြိုးမဆုံးမီ ထိတွေ့သံကို ကြားလိုက်ရသည်။
မယ်မျှင်သည် ရေပုံးကြိုးကို 'ဆ'ကြည့်သည်။ ပေါ့ပါးမြဲ ပေါ့ပါးနေသည်။ ရေပုံးထဲ၌ ရေမပြည့်သေး။ သို့ကြောင့် ရေပုံးကို ရေပြင်တွင် ဆောင့်ရသည်။ တွင်းထဲမှ လိုဏ်သံပေါ်လာသည်။ ဆကြည့်ပြန် သည်။ လေးလံနေသည်။ ရေပြည့်အလေးချိန်ဖြစ်သောကြောင့် ညာလက်က ဆွဲတင်ပြီး ဘယ်ဘက် လက်က ကြိုး ကို ခွေပေးသည်။
ချောင်းထဲတွင်ကား ရေအိုးကို ရေစီးထဲနှစ်လျှင် တစ်ခဏချင်း ပြည့်ပါ၏။ ချိုးရေတွင်း၌ ရေငင်ပုံးဖြင့် ငင်ရဦး၊ တစ်လှမ်းသာရှိပါ၏။ သည်ရေတွင်းမှာကား ကြိုးဆယ်လှမ်း ဆယ်ခေါက်ရှိမှ ရေတစ်ပုံးသာ ရသည်။ အနည်းဆုံး ဆယ်တောင်ခန့်နက်မည်ထင်ရသော ရေတွင်းထဲမှ ရေကို သည်းခံပြီး ငင်ရ သည်။ နှီးရေပုံး ပုံးလုံးဖြင့် ဆယ်ပုံး၊ ပုံးပြားဖြင့် ခြောက်ပုံးငင်ထည့်လျှင် ပြည့်မြဲအိုးသည် ယခု မပြည့်ပေ။ ခုနစ်ပုံးငင်မှ ပြည့်သည်။ နွားတွေသည် နွားစာခေါင်းထဲက ရေကို အကုန်သောက်နှင့်ပြီးပြီ။ မယ်မျှင် ထည့်ပေး လိုက်သော ရေကိုလည်း အကုန်သောက်ပစ်လိုက်ရာ မယ်မျှင်မှာ အားငယ်စိတ် ၀င်လာ၏။ နေပူငြား တွင်းက နက်သည်။ အနည်းဆုံး လေးခေါက်ကားခပ်ရမည်ဟုမယ်မျှင် ခန့်မှန်းထားငြား ဒုတိယ အခေါက် အတွက် တစ်ပုံးငင်အပြီးတွင် ရေပုံးကြိုး ပြတ်ကျလေ၏။
ကြီးမားကျယ်လောင်သော လှိုဏ်သံကြီး ပေါ်လာချိန်တွင် မယ်မျှင်မှာ ခေါင်းနားပန်းကြီးသွားလေ၏။ ' အရေးထဲမှ ရေပုံးကြိုးပြတ်ရတယ်လို့ ' ဟု မြည်တမ်းရင်း မယ်မျှင် သည် အလျားလိုက် ပဲ့သော အုတ်ခဲကျိုး ကို လိုက်လံရှာဖွေသည်။ ရေပုံးကြိုးတွင် ချည်သည်။ ကြိုးပြတ်ကျသော ရေပုံးများအနက် သံရေပုံးက လေးလံသည့်အတွက် ရေတွင်းအောက်ခြေအထိ နစ်မြုပ်သည်။ နှီးပုံးများကား မမြှုပ်။ အချို့တုံးလုံး ပေါ်နေကာ အချို့မူ ဖင်ဘူးတောင်းထောင်လျက် ပေါ်နေသည်။
မယ်မျှင်သည် အုတ်ခဲကျိုးချည်ထားသော ရေပုံးကြိုးကို ရေတွင်းထဲသို့ချသည်။ ပုံးနှုတ်ခမ်းကို အုတ်ခဲဖြင့် ချိတ်ပြီး ဆွဲတင်ရန်ဖြစ်ငြား ကြိုး တိုနေသည်။ ရေပုံးနှင့် အုတ်ခဲမထိ။ သံချိတ်အချင်းချင်း ထိခတ်သံ တချွင်ချွင် ကို ကြားရသည်။
ရေတွင်းတွင် ရေခပ်သူများသည် မကြာခဏ ကြိုးပြတ်ကျလေ့ရှိသည်။ ထိုသူများ၏ အခက်အခဲကို ဖြေရှင်းရန်အတွက် ဘုန်းကြီးကျောင်းတွင် သံချိတ် အသင့်ထားသည်။ အရွယ်အမျိုးမျိုး အနေအထား အမျိုးမျိုး ရှိသော သံချိတ်တွေ ပါဝင်ဖွဲ့စည်းထားသော 'ချိတ်ပဒေသာ'ကို မည်သူယူလာသနည်း။
မယ်မျှင် ၀မ်းသာစွာ လှမ်းကြည့်သည်။ သံချိတ်ပဒေသာကို ပြုံးရွှင်စွာ သယ်ဆောင်လာသူမှာ ဘ၀င်း ဖြစ်သည်။
' ဘယ်သူ ရေပုံးကြိုး ပြတ်ကျသလဲဟေ့၊ ကျောင်းပေါ်ကတောင် ကြားရတယ်'
မယ်မျှင်မှာ ပြတ်ကျသော ရေပုံးကို အုတ်ခဲဖြင့် ချိတ်သည်။ သို့ရာတွင် ဆွဲမလိုက်ချိန်၌ ရေပုံးသည် တစ်တောင်ခန့်မျှသာ မြောက်တက်ပါလာပြီး လျှောကျသွားသည်။ ထပ်ပြီးချိတ်သည်။ ပြန်ကျသွား ပြန်သည်။ ဘ၀င်း၏ သံချိတ်ပဒေသာသည် စောင်းနေသော နှီးပုံး နှုတ်ခမ်းကို လာချိတ်သည်။ ဆွဲတင် သည်။ ရေကျသံ တရှဲရှဲဖြင့် နှီးပုံး မြောက်တက်သွားသည်။
' ရော့ဗျာ၊ မိန်းမချော ပြတ်ကျသွားတဲ့ ရေပုံး '
ဘ၀င်းက ဆယ်ယူရရှိသော ရေပုံးကို လက်နှစ်ဖက်ဖြင့် ကိုင်လျက် ပေး၏။
' အေးဟယ်၊ အရေးထဲမှာ ပြတ်ကျတာဟဲ့ '
ရေပုံးကိုယူပြီး ကြိုးတွင် ပြန်တပ်နေသော မယ်မျှင်အား ဘ၀င်းသည် စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ ထိုအချိန် တွင် ချိုးကူသံမှအပ ထန်းတောတွင်းမှာရော တလင်းတိုက်များပါ တိတ်ဆိတ်နေသည်။
' ငါ ရေငင် ပေးရမလား မယ်မျှင် '
မယ်မျှင်သည် ကြိုးတပ်ပြီးသောရေပုံးကို ကမ်းပေး၏။ ဘ၀င်းသည် လူစွမ်း လူစ ပြသောအနေဖြင့် ဘယ် ညာ လက်နှစ်ဖက် လွှဲလျက် ရေငင်၏။ ရေအိုးထဲသို့ တစ်ပုံးပြီးတစ်ပုံး လောင်းထည့်ပေးရာက 'မယ်မျှင် နင့်ကို ငါ ကြိုက်တယ် ' ဟု ဆိုင်းမဆင့် ဗုံမဆင့် ပြောချလိုက်လေ၏။
မယ်မျှင် တစ်ကိုယ်လုံး တုန်ယင်သွားသည်။
' ဘာပြောတယ် '
တိကျပြတ်သားစွာ ကြားရပါလျက် တမင် ဟန်လုပ်ပြီး မာန်ခြင်းဖြစ်၏။
' နင့်ကို ငါကြိုက်တယ် ပြောတာဟ '
ထိုအချိန်တွင် ဘ၀င်း ငင်နေသော ရေပုံးမှာ ခရီးတစ်ဝက်တွင်သာ ရှိသေး၏။ သို့ဖြစ်၍ ဘ၀င်းသည် ရေပုံးကို ဆက်မငင်သေးဘဲ တန်းလန်းထား၏။
' ငါလေ အိပ်လည်း နင့်စိတ်၊ စားလည်း နင့်စိတ် '
ရေတွင်းပေါ်သို့ ရေပုံးရောက်မလာမချင်း ဘ၀င်းပြောသမျှ မယ်မျှင် နားထောင်နေရတော့မည်။ သို့သော် သည်အဖြစ်မျိုးကို မယ်မျှင်အဖြစ်မခံပါ။ ရေမပြည့်သေးသော အိုးကို ကောက်ယူကာ ခါးစောင်းတင်လျက် ထွက်လာလေ၏။
' ရေပုံး မယူတော့ဘူးလား '
မယ်မျှင် လှည့်မကြည့်ပါ။
' အိုးထဲမှာ ရေမပြည့်သေးဘူးလေ '
မယ်မျှင် အသွားမရပ်သောအခါ ဘ၀င်း ပြေးလိုက်လာသည်။
' မယ်မျှင် ရေပုံး ရေပုံး '
ရေချိုးအပြီးတွင် ရေတစ်အိုးရွက်ပြီး ပြန်မည်ဟု ရေအိုးတစ်လုံး ခါးစေင်းတင်လျက် ထွက်လာသော ဒေါ်ရွှေအိမ်သည် ခရီးတစ်ဝက်မှ ဆီးကြိုမေး၏။ ဘ၀င်းမှာ ရေတစ်စက်စက်ကျနေသော ရေပုံးကို မြေကြီး ခဲ တစ်ခဲနှင့် ကပ်ထောင်ထားခဲ့ပြီး ထွက်ပြေးလေ၏။
သည်အဖြစ်ကို မြင်သော မောင်ဆေးရိုးသည် အမှော်ကြေးတွေ ပေကျံကျံဖြင့် တလင်းထဲမှ ထွက် လာ၏။
' ဟဲ့ ကောင်မလေး ဘာဖြစ်တာတုံး '
မောင်ဆေးရိုးက တမင်မေးခြင်းဖြစ်၏။ သူ့ယောက်ဖအငယ်က သုတ်ကယက်ထွက်ပြေးသည်ကို မြင်ကတည်း က ရည်းစားစကား လိုက်ပြောခြင်းသာဖြစ်ရမည်ကို အတပ်တွေးမိသည်။ တွေးမိသော် ငြားနှမ ဖြစ်သူ အနေရထိုင်ရ မခက်စေရန် မဖြေတတ်မကြားတတ် ဖြစ်နေသည်ကို အရသာခံလိုသဖြင့် တမင် မေးခြင်းဖြစ်၏။
' ဟဲ့ကောင်မလေး၊ ဘာဖြစ်တာတုံးမေးနေတာ မကြားဘူးလား '
' ကျုပ်ကို လူပျိုစကား ပြောသတော့်'
မယ်မျှင်သည် ခြေဆောင့်ပြီး အဖြေပေးရာက ရေအိုးကို နွားတင်းကုပ်ဘေးတွင် ချပစ်ခဲ့သည်။
သည်နှယ် ပွင့်ပွင့်လင်းလင်း ပြောရဲသောသတ္တိ သူ့နှမတွင် မရှိဟု ထင်ထားမိသော မောင်ဆေးရိုးမှာ တုတ်ထိုးအိုးပေါက် အပြောခံရသဖြင့် ပါးစပ်အဟောင်းသားဖြစ်ကာ ကျန်ရစ်ခဲ့လေ၏။
' လူပျို ဘာဖြစ်သလဲဟဲ့ '
ဒေါ်ရွှေအိမ်က လုံးစေ့ပတ်စေ့ နားမလည်သောကြောင့် သားကိုမေး၏။ သားဖြစ်သူ မောင်ဆေးရိုး မှာလည်း သူ့ကိုယ်သူ ခေတ်မီသည်ဟု ထင်မှတ်ခဲ့ငြား ယခုကဲ့သို့ 'နားတေ့ပါးတေ့ ' ကြုံရသောအခါ ပါးစပ်မရဲပေ။ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် ကျား မ မဟူ ဟီရိသြတ္တပ္ပ တရားကို အလေး ထားကြသည်။ ဇာတ်စင်ပေါ်တွင် မင်းသား မင်းသမီးတို့ နှစ်ပါးသွားကစဉ်တွင် ချစ်စကား ကြိုက် စကားပြောသည်က လွဲ၍ ပြင်ပတွင် ရှက်စရာကိစ္စဟု သဘောထားကြသည်။ မယ်မျှင် နားမလည် သောကြောင့် မောင်ရှေ့တွင် ပြောထွက်ငြား၊ နားလည်သော ဆေးရိုးမှာ အမေ့ရှေ့မှာ ပြောမထွက်။
' မသိပါဘူး အမေရာ '
မောင်ဆေးရိုးသည် အမေ့ရှေ့တွင်သာ ထိုစကားကို ပြောမထွက်ငြား ကျီးဒန်ရှေ့တွင်ကား ပြောရဲ သည်။
' ညည့်မောင်အငယ်က ငါ့နှမကို ရည်းစားစကား လိုက်ပြောနေပါကလား '
ကျီးဒန် သိထားသည်မှာ မယ်မျှင်ကို ကြိုက်နေသူသည် အကြီးကောင် ဘမင်းဖြစ်၏။ ယခု နားဖြင့် ကြားရသည်က အငယ်ကောင်။
' တော် ဘာပြောတယ် '
' ညည့်မောင် အငယ်ကောင် ဘ၀င်း '
' ဘ၀င်း ဘာဖြစ်သတုံး '
' ဘာဖြစ်ရမတုံး၊ မယ်မျှင်ကို ရည်းစားစကား လိုက်ပြောတာ အမေနဲ့ ပက်ပင်းတိုးတာပေါ့ '
' တော့်အမေက ပါးချမလွှတ်ဘူးလား '
' လောလောဆယ်တော့ ပါးချမလွှတ်ပေမဲ့၊ တော်တော်ကျမှ ဘုန်းကြီးကို သွားလျှောက်ရင် ဒုက္ခပဲဟေ့'
မောင်ဆေးရိုးသည် အမှန်ပင် ယောက်ဖအငယ်အတွက် စိုးရိမ်စိတ်များ ၀င်လာလေသည်။ ယောက်ဖ အငယ်သည် ဖအေကို ကြောက်သောကြောင့် ကျောင်းအိပ်ကျောင်းစား ဆက်နေငြား စိတ်က အရွယ်ရောက်နေပြီ။ ယောက်ဖကို လေးစားချစ်ခင်သည်။ ထို့ကြောင့် မောင်ဆေးရိုးက သံယောဇဉ် ရှိသည်။ သို့ရာတွင် မောင်ဆေးရိုးမှာ ချက်ချင်းမသွားနိုင်သေး။ သူသည် ကလေးကို တလင်းထဲသို့ခေါ်ရန် လာခြင်း ဖြစ်သည်။ တလင်းထဲတွင် ကောက်ဆွနေချိန်၌ အမှုန်ထသောကြောင့် ကလေးကို ခေါ်ရန် မသင့်ပေ။ ယခုအချိန်သည် ကောက်ပြန့်ပေါ်သို့ နွားတွဲ တင်စဖြစ်သဖြင့် အမှုန်မထသေးချေ။ အဖေရော အမေ ပါ ' သမီးကလေး ချောစိန်၊ မလာတာကြာပြီ' ဟု ယနေ့နံနက်တွင် သုံးကြိမ်လောက် မြည်တမ်း သည်။ သို့အတွက် မောင်ဆေးရိုးသည် သမီးကို ခေါ်ရန် ရောက်လာခြင်းဖြစ်သည်။
' ကလေး ကော ကျီးဒန် '
' အမေ့ဆီမှာ ရှိမယ်ထင်တာပဲ '
ကျီးဒန်သည် သပိတ်တစ်လုံးကို ကျောက်ခဲ စားနေသည်။ ကျောက်ခဲမှာ ဖြူဖွေးညက်ညောနေ သည်။ ထိုကျောက်ခဲ ၏ ညက်ညော ချောမွတ်မှုဖြင့် သပိတ်ကို ပွတ်တိုက်ပေးနေခြင်းဖြစ်၏။
မောင်ဆေးရိုး သည် ယောက္ခမ၏ အိမ်ပေါ်သို့ မျှော်ကြည့်သည်။ ပုခက် လှုပ်မနေ။
' အိမ်ပေါ် မှာ ကလေးရော လူကြီးရော မရှိဘူး ကျီးဒန်၊ ဘယ်ဘက်များ သွားမယ် ပြောသွားကြသတုံး'
ကျီးဒန်မှာ အပြောရ ခက်နေသည်။ ရွာထဲတွင် ကလေးမြေးငယ် ရှားပါးသည်။ သည်ကလေးအရွယ် ရွယ်တူမှာမရှိ။ ကလေးက သန္ဓေလည်း ကောင်းသည့်အတွက် ချီချင်ပိုးချင်သည့်သူ ပေါများ၏။ ကလေး သည် မအေရင်းကျီးဒန်ထံထက် ဘွားတော်ဒေါ်ရွှေအိမ်ထံ အရှိများ၊ အနေများသည်။
ဒေါ်ရွှေအိမ် သည် ကလေးအိပ်နေသခိုက်၌ အိမ်မှုကိစ္စများ ဆောင်ရွက်သည်။ ထမင်းအိုးမွှေလိုက်၊ ပုခက် လွှဲလိုက်၊ ကြက်သွန်လှီးလိုက်၊ ပုခက်လွှဲလိုက်ဖြင့်။ သို့ရာတွင် အလုပ်ထဲ၌ ဒေါ်ရွှေအိမ် အာရုံနစ်သွားချိန်ဝယ် ပုခက်ကို မေ့နေပြီ။ ကလေးကလည်း ပုခက်ရပ်သွားသောကြောင့် နိုးလာစေ ကာမူ မငိုပေ။ တစ်ယောက်ယောက်က အိမ်ပေါ်သို့ ချွတ်နင်းပြီး တက်လာသည်။ ကလေးကို ကောက်ချီသည်။ မျက်နှာ မရွေးသော ကလေးသည် ချွတ်နင်းပြီး တက်လာသူနောက်သို့ ပါသွား လေ၏။
' အမေရေ သမီးလေးကော '
ထိုအခါကျမှ ဒေါ်ရွှေအိမ် မျက်လုံးပြူးတော့သည်။ ပုခက်ထဲ၌ ကလေးမရှိ။ ဤသို့ဖြင့် ကျီးဒန်မှာ ရွာရိုးကိုးပေါက် လျှောက်ပြီး ကလေးကို ရှာဖွေရသည်။
' နို့တွေသက်နေလို့ ကလေးနို့တိုက်ပါရစေ။ ကလေးသူခိုးများ ရှိရင် ကလေးကို ထုတ်ပေးကြပါ '
ထိုအခါမျိုး တွင်ကား ကလေးချီသွားသူများသည် ရယ်ရယ် မောမောဖြင့် ကလေးကို ထုတ်ပေး တတ်ကြ၏။ ယခုလည်း ကျီးဒန်မှာ ကလေး အရှာထွက်ရဦးမည်။
' ထားခဲ့ ထားခဲ့၊ သပိတ်တွေ ငါလုပ်လိုက်မယ် '
ကျောက်ခဲစားသည့်အလုပ်ကို မောင်ဆေးရိုးသည် လုပ်တတ်နေပြီ။ များသောအားဖြင့် အပြင်ပန်း လှစေရန် သပိတ်ကိုယ်ထည်အပြင်ပိုင်းကိုသာ ပြောင်ချောနေအောင် ပွတ်တိုက်ပေးကြ၏။
မောင်ဆေးရိုးမှာ ကျောင်းနေစဉ်က အဖုံးမပါသော သပိတ်ကြမ်းကို ထမ်းခဲ့ရသည်။ အပြင်နှယ် မချောမွေ့သော သပိတ်အတွင်းပိုင်းကို ကြည့်ကြည့်ပြီး မောင်ဆေးရိုး စိတ်မချမ်းသာပေ။ ထိုအနာဆွေး အနာဟောင်းကြောင့် မောင်ဆေးရိုးသည် သပိတ်ကို ကျောက်စားသည့်အခါတိုင်း အတွင်းပါ ချောသည်။ ဤသည် ကို ရည်ညွှန်းလျက် မိကျီးဒန်က သေချာစွာ မှာသွားသည်။
' အတွင်းပါ ချောလို့ဆိုပြီး တော့်ကို ဘယ်သူမျှ ပိုက်ဆံပိုပေးမှာ မဟုတ်ဘူး။ ခရီးတွင်အောင် အပြင် မှာပဲချော '
' အေးပါ အေးပါ ' ဆိုကာ မောင်ဆေးရိုး မိကျီးဒန်၏ ကိုယ်ငွေ့စွဲနေသော နေရာ၌ ၀င်ထိုင်သည်။ အနေအထား ခဏခဏ မပြောင်းရစေရန် ခြေဆင်းထိုင်သည်။ သပိတ်တစ်လုံးကို ပေါင်ပေါ် ဆွဲတင် သည်။ အတွင်းက အ၀တ်ခုကိုင်ကာ အပြင်တွင် ပွတ်ရာချင်းထပ်အောင် ကျောက်စားသည်။
တစ်လုံးပြီးသွားပြီ။ ကျီးဒန် ရောက်မလာသေး။ နောက်တစ်လုံးကို ပေါင်ပေါ်သို့တင်သည်။ တစ်ဝက်ကျော်အပြီး၌ လူရိပ်မြင်ငြား မော့မကြည့်ဖြစ်။ ၀င်လာသူမှာ မိကျီးဒန်မဟုတ်။ သူ့မောင် ဘမင်းဖြစ်သည်။ ပခုံးတလှုပ်လှုပ် ခေါင်းတလှုပ်လှုပ်ဖြင့် အလုပ် လုပ်နေသူမှာ အစ်မလော ယောက်ဖလော မစစ်ဆေး။ မိကျီးဒန်အမှတ်ဖြင့် ' အစ်မရေ၊ မယ်မျှင့်ကို ပြောပြီးပြီလား ' ဟုမေး သည်။
မောင်ဆေးရိုးမှာ ကိသကအောက်ဖြစ်သည်။ သမီး၏ ချစ်ရေးကြိုက်ရေးကို ဖအေ မသိရသည့်နည်းတူ နှမ၊ အစ်မ၏ ချစ်မှုရေးရာများကို မောင်များ မသိရ မမြင်ရ။ ဟီရိသြတ္တပ္ပတရား ကိုရှေ့တန်းတင်ထားချိန်တွင် ဘမင်းသည် မောင်ဆေးရိုး၏ နှမကိစ္စကို မောင်ဆေးရိုးအား လာရောက်ပြောနေသည်။ သူ့နှမ မယ်မျှင့်အား ဘမင်း၏ ညီ ဘ၀င်းက လိုက်ပြီး ကပ်နေသည်ကို ယမန်နေ့က မောင်ဆေးရိုး မျက်မြင်ဖြစ်ခဲ့ပြီ။ ယခု ဘ၀င်း၏အစ်ကို ဘမင်းက မောင်ဆေးရိုးအား ကျီးဒန်အထင်ဖြင့် လာပြောပြန်ပြီ။
' အစ်မရာ၊ ငါ တလင်းထဲက အပြင်မထွက်ပါဘူး။ အလုပ်ကို ကြိုးစားပြီး လုပ်နေပါတယ် '
ဘမင်းသည် သူ့အစ်မ ကျီးဒန်အမှတ်ဖြင့် မောင်ဆေးရိုး၏ ဘေးတွင် လာပြီးထိုင်သည်။ မောင်ဆေးရိုးမှာ ထကန်ပစ်ရ ကောင်းနိုးနိုး၊ ချောင်းဟန့်ရ ကောင်းနိုးနိုး အကြံထုတ်နေမိသည်။ မောင်ဆေးရိုး အကြံမရမီ လမ်းဘက်မှ ချောစိန်သားအမိ၏ အသံများကို ကြားရ၏။ ထိုအခါကျမှ သူ စကားပြောနေကျ သူ့အစ်မ မဟုတ်ပါတကားဟု ဘမင်း သတိပြုမိသည်။ ချက်ချင်း အထိတ်တလန့် ထသည်။ ပြူးတူးပြဲတဲ ဖြစ်ပြီး ထပြေးရာ တဲတံစက်မြိတ်နှင့် ထိုးမိသည်။
' ဟဲ့ ဘမင်း၊ ဘာလာလုပ်တာတုံး။ သည်မှာ သမီးလက်လှမ်းနေတယ် '
မိကျီးဒန် လှမ်းအော်ငြား ဘမင်း လှည့်မကြည့်ပါ။ မွှန်ထူပြီး ပြေးရာ နွားကို ၀င်တိုး၊ လှည်းကို ၀င်တိုက် မိသည်။
' ကလေးရေ၊ သမီးရေ၊ ချောစိန်ရေ '
အိမ်ပေါ်မှ ဘိုးအေက လှမ်းပြီး အသံပေးသည်။
ကျည်ပွေ့ နားဆွဲကလေး ၀တ်ဆင်ထားသော ကလေးသည် နားဆွဲ တခါခါဖြင့် ' ချိုမိုင်မိုင်' လုပ်ပြ၏။ ထိုအခါ ဘိုးအေက ' ချဉ်မိုင်မိုင် ချိုးချိုး ' ဟု အော်၏။ ကလေးက လက်သီးဆုပ် ဖြန့်ချည် လုပ်ပြ၏။ ဘိုးအေဖြစ်သူ မောပြီး ကျန်ခဲ့တော့မှ ချောစိန်သားအမိ ကနားဖျင်းအောက်သို့ မြူးထူးရွှင် ပျစွာ ရောက် လာ၏။
' သမီးရေ လာဟေ့၊ ဘနဲ့ အမေကြီးတို့ မျှော်နေရော့မယ် '
မောင်ဆေးရိုးက လက်ဝါးချင်း အသံမြည်အောင် ရိုက်ပြီး ကလေးကို ခေါ်၏။
' နေစမ်းပါဦးတော်၊ ကလေးမှာ လင်းကတည်းက နို့ မစို့ရသေးဘူး '
ကျီးဒန်သည် ခုံတန်းလျားတစ်ခုပေါ်သို့ ၀င်ထိုင်ပြီး ကလေးကို နို့တိုက်ရာက မော့ကြည့်၏။
' တော်နဲ့ တော့်ယောက်ဖ အကြီးကောင်နဲ့ ဘာဖြစ်ကြသတုံး '
' ဘမင်းလား '
' အကြီးကောင်ဆိုမှတော့ ဘမင်းအပြင် ဘယ်သူရှိဦးမှာတုံး '
မောင်ဆေးရိုးသည် အော်ကြီးဟစ်ကျယ် ရယ်မောကာ မိကျီးဒန်ဘေးတွင် ၀င်ထိုင်၏။
' အဲသည် အကောင်ပေါ့အေ၊ အိုးတွေကြားထဲထိုင်ပြီး ကျောက်စားနေတဲ့ ငါ့ကို နမော်နမဲ့နဲ့ ညည်းမှတ်ပြီး တော့အေ၊ ငါ့နှမအကြောင်း လာပြောတော့တာကိုး '
' အမယ်လေးတော် ' ဟု အော်ကာ ကျီးဒန်မှာ ရင်ကို ဖိထားရ၏။ ' ထပြီး နားရင်းပါးရင်း ရိုက်ပါတောလား ' အကြံပေး၏။
ဆက်ရန်
.

2 comments:
ရည်းဆေးရိုးက နားလည်မှုရှိသားပဲ.. :P
အိမ်နောက်ဖေးမှာ ရေတွင်းကြီး တတွင်းရှိတယ်။
အညာကအမျိုးတွေ ပို့ပေးတဲ့ စစ်စီးသုတ်ထားတဲ့ နှီးရေပုံးကလေးနဲ့ ခပ်ရတာ။
ဒီဝတ္ထုဖတ်တော့ ငယ်ငယ်တုန်းက အဲဒီရေတွင်းကြီးမှာ ဆော့ရင်းကစားရင်း ရေခပ်ခဲ့ဖူးတာကို သတိရမိတယ်။
Post a Comment