Saturday, September 4, 2010

ဆင်ဖြူကျွန်းအောင်သိန်း (ငထွန်းကား တို့ညီအစ်ကို) အတွဲ (၃) အပိုင်း (၅)

' အေးဟ နင်မေးမှပဲ သတိရတယ် '
ပြောပြောဆိုဆို မီးဖိုထဲသို့ အပြေးဝင်ခဲ့ရသည်။ သူ အ၀င်နှေးပါက ကျီးဒန် ထချေမည်။ ကိုယ်ပြည့် လက်ပြည့်ကြီးနှင့် အားလည်းနာ၊ သနားလည်း သနားသောကြောင့် အပြေးဝင်ပြီး ခူးခပ် စားရ သည်။
သို့ပါလျက်နှင့် ကျီးဒန်က မီးဖိုထဲသို့ လိုက်ပါလာသေးသည်။
' လက်စသတ် ဖို့ အိုးငါးလုံးပဲ ကျန်တော့တယ်။ တိုက်သွင်းဖို့ ဘယ်လိုလုပ်မှာလဲ '
' မဇာညွန့် တို့လာရင် လာ၊ မလာရင်လည်း ကိုယ့်ဘာသာကိုယ် လုပ်ကြတာပေါ့ '

' ဖောင်တော်ကြွမှ အေးအေးဆေးဆေး '
ကျီးဒန်က အလိုက်တသိ တေစနာဖြင့် ပြောသော်ငြား မောင်ဆေးရိုး ခေါင်းခါသည်။
' အိုးတွေ ကို ကနားဖျင်းထဲမှာ ထားတဲ့အခိုက် မိုးမိရင် အဟောသိကံ ဖြစ်မကုန်ဘူးလား။ တိုက်သွင်း ထားပြီး အေးအေးလူလူမှ ဖော်တယ်ဆိုဟုတ်သေးရဲ့ '
' ဒါလည်း ကောင်းတာပါပဲ '
' ဒါထက်နေပါဦး၊ မီးနေဖို့ ထင်းကကော လောက်ရဲ့တဲ့လား။

အမေတို့ အရီးတို့က ဘာပြောတုံး '
ကျီးဒန် ဖြေချိန်မရလိုက်ပါ။ တဟီးဟီး တဟားဟားဖြင့် ပိတ်စနှင့် အောင်လှ၊ အောင်မြတို့ ရောက်လာ သော ကြောင့် ဖြစ်သည်။
' ဖောင်တော်ပေါ်မှာ ၀တ်ရွတ်တဲ့အခါ လက်ဖက်၊ ချင်းသုပ် ရေနွေးချဖို့၊ ဘာလေးညာလေး ကမ်းလှမ်းဖို့'
' ရရဲ့ လား '

' ရပါတယ်။ အကမ်းအလှမ်း အကျွေးအမွေး နှစ်ဆယ်လောက် ရတယ်ဆိုတော့ မနည်းပါဘူး '
ပိတ်စတို့ အောင်မြတို့နှင့် အပြေးအလွှား မေးရင်းမြန်းရင်း ထမင်းကို လက်စသတ်သည်။ အိုးခွက် ပန်းကန် ဆေးကြောပြီး သိမ်းဆည်းသည်။ ထို့နောက် ကနားဖျင်းထဲရှိ ထင်းပုံပေါ်သို့ ၀င်ထိုင်သည်။ ထိုအခါကျမှ ကျီးဒန် မှာ မေးစရာတစ်ခုကို သတိရသည်။

' တော်တို့ ဘယ်နှရက်ကြာမှ ဖောင်တော်မျှော်မှာတုံး '
' လွန်ရောကျွံရော သန်ဘက်ခါပေါ့ဟာ။ သည်ရက်ပိုင်းမှာ ရှားရှားပါးပါး ထွန်တုံးပိတ်တဲ့လူဆိုလို့ နင်တို့ တစ်ဦးပဲ ရှိတယ်။ ကြာကြာထားရင် ဖောင်တော်ပေါ်မှာ တစ္ဆေခြောက်လိမ့်မယ် '
ဤရက်မှာ ကောက်စိုက်မများလည်း နံနက်ရော ညနေပါ ဆင်းကြရသည်။ လယ်ပွဲမျးမှာ သူ့ထက်ငါ စော ထွန်တုံး ပိတ်နေကြသည်။ သို့ပါလျက်နှင့် ရှင်ဥပဂုတ်ဖောင်တော်သို့ မိန်းကလေး အများအပြား ရောက်လာ ကြကာ ၀တ်ရွတ်နိုင်သေးသည်။ ယောက်ျားများမှာလည်း ကိုယ့်လယ်ကို ကိုယ်ပျိုးချရ သဖြင့် မအားလပ် ကြပေ။ ပျိုးနုတ် အငှားလိုက် သူများမှာလည်း အရုဏ်တက်က ထနုတ်ပါလျက် ညနေပါ မနား ရပေ။ တစ်နေ့လုံး နေပူထားသောရေထဲတွင် ထိုင်ပြီး ပျိုးနုတ်ရသဖြင့် ညနေ ပျိုးကို ပျိုးနုတ်သမား ရှောင်သည်။ ရှောင်သော်ငြား ရက်လုနေချိန်တွင် ဈေးပိုပေးသည်။ ဈေးပိုပေးသော အခါ နောင်အခါမှ ဆီး ကိုင်ချင် ကိုင်မျက်စိမှုန်ချင် မှုန်။ လက်ငင်းကား ညနေပိုင်းပါ ပျိုးနုတ်ကြပြီ။

ယောက်ျားကလေးတွေ ဤနှယ် နေ့ရော ညပါ ပင်ပန်းထားငြား ရှင်ဥပဂုတ်ဖောင်တော်၌ ဒိုးပတ်သံ စည်ညံ ဖော်ရသည်။ အရုဏ်တက်တွင်လည်း နှဲကြီးသံနှင့် တွဲဖက်လျက် ရေကင်းသံကြားရသေးသည်။
မောင်ဆေးရိုးမှာ ရင်တမမဖြင့် မြောက်အရပ်သို့ တကြည့်ကြည့် လုပ်နေရ၏။ သူတို့ဖောင်တော် မျှောသောရက်တွင် ချောင်းရေကျမည်ကို စိုးရိမ်သောကြောင့်ဖြစ်ပေ၏။ စလင်းချောင်းသည် ညောင်ကုန်း၊ ရှာတော၊ ရမ်းဘိုကုန်း၊ ငှက်ပျောတောရွာများသို့ အရောက်တွင် အနောက်မှ အရှေ့သို့စီးဆင်း၏။ သို့သော် ချောင်းညာ မှာ အနောက်အရပ်မဟုတ်။ ချောင်းညာသည် မြောက် အရပ်မှာသာရှိ၏။ သို့ဖြစ်၍ မြောက်အရပ် တွင် လျှပ်မ၀င်းပါစေနှင့် ဆုတောင်းနေကြရ၏။

စင်စစ် အားဖြင့် မြူမဆိုင်း တိမ်မရစ်မှသာ ချောင်းညာတွင် လက်သော လျှပ်စီးကို မြင်ကြရခြင်းဖြစ်သည်။ ယခု ချောင်းညာတွင် မိုးကြီးနေသည်။ ချောင်းညာနှင့် ရမ်းဘိုကုန်း၏ အကြားအလယ်တွင် လေပြင်း ကျနေသော ကြောင့် ချောင်းညာ၏ အခြေနေကို ရမ်းဘိုကုန်းက မသိ။ ကမ်းပါးတွေပြိုပြီး၊ သစ်ပင်တွေ မျောပါ လာသော စလင်းချောင်း၏ အဖြစ်ကို မသိသော မောင်ဆေးရိုးတို့သည် အရုဏ်ဆွမ်း ကပ်ပြီးသည် နှင့်တစ်ပြိုင်နက်တည်း ဖောင်တော်မျှောရန် ဖောင်တော်ကို ရေလယ်သို့ တွန်းထုတ် လာခဲ့ကြလေတော့သည်။ ငြိမ်သက်စွာ စီးဆင်းနေခဲ့သော ချောင်းရေပြင်သည် ချောင်း အော်သံများဖြင့် ဆူညံ လာသည်။

' ဟေ့ကောင်တွေ ဟေ့ကောင်တွေ၊ ရွာခြေကို ပြန်ကပ်ရင် ကောင်းမလား '
ချောင်းနှစ်မြွှာခွဲသောနေရာမှ လိမ့်ဆင်းလာသော လှိုင်းလုံးကြီးတွေ၊ သစ်ပင်ကြီးတွေ၊ သစ်တုံးတွေ၊ အဆောက်အအုံ အပြိုအပျက်တွေ။
' မဖြစ်ဘူးဟေ့ ရွာခြေကို ပြန်ကပ်ကြမယ် '
ချောင်းရေသည် ချက်ချင်းတိုးလာသည်။ ဖောင်တော်ကို ထိန်းသူများမှာ ရေအောက်သို့ ခြေထောက်၍ မမီတော့ပေ။ ခြေ၏ထောက်အား မမီသောအခါ ထိန်းအားကို စိတ်ရှိသည့်အတိုင်း မသုံးနိုင်တော့ပေ။
' ဖောင် ကို ကြိုးနဲ့ချည်ပြီး ကမ်းကို ကူးကြဟေ့။ ကမ်းပေါ်က လှမ်းဆွဲတာကမှ လွယ်မှာ။ ၀ါးထောက်လို့ မရတော့ ဘူးဟေ့'

ရမ်းဘိုကုန်းသား လူငယ်များသည် ချောင်းကျလာသော ရေစီးထဲ၌ ရှင်ဥပဂုတ်ဖောင်တော် မပျက်စီး စေရန် အားထုတ်ကြ၏။ ခါးတွင် ကြိုးချည်ပြီး ရွာဘက်သို့ ကူးသွားသူ ခရီးတစ်ဝက်က ရောက်သေး၏။ မျောလာသော သစ်ပင်တစ်ပင်၏ မမြင်ရသော ကိုင်းဖျားကိုင်းနားများက ဖောင်တော်ကို ထိုးကော်ပစ် လိုက်လေ၏။ ရေထဲ၌ မျောပါလာသော သစ်ပင်ကြီးများသည် ရေစီးထဲတွင် လိမ့်ပြီး မျောပါ လာသည်လည်း ရှိသည်။ အထက် အောက် မလန်ဘဲ တရွေ့ေ`၇ွ့ လျှောကျ မျောပါလာခြင်းလည်း ရှိချေသည်။ ယခု ရှင်ဥပဂုတ် ဖောင်တော်ကို ထိုးကော်ဖျက်ဆီး လိုက်သော သစ်ပင်မှာ တရွေ့ရွေ့ လျှောကျ မျောဆင်းလာသော သစ်ပင်ဖြစ်သည်။ မျက်မြင်ပင် စည်ကြီးနှင့် ၀ါးတစ်ရိုက်အကွာတွင် ပျက်စီးခြင်း ဖြစ်သည်။

' သစ်ပင်ဟေ့ သစ်ပင် '
သတိပေးနိုင်သူ တစ်ယေက်ြတလေသည်ပင် လွတ်အောင် ရှောင်တိမ်းချိန် မရလိုက်ကြပါ။ ရေမျက်နှာပြင် အောက် မှ ရွေ့လာသော သစ်ကိုင်းများ၏ ထိုးကြိတ်ရိုက်ပုတ်မှုကို ခံလိုက်ကြရသည်။
' ရှင်ဥပဂုတ်ဖောင်တော် ပျက်လို့တဲ့ဟေ့ '
မကောင်းသတင်း သည် ရွာတောင်ဖျားမှ မြောက်ဖျားသို့ လျင်စွာ ပြန့်၏။

' ရေအောက်က မျောလာတဲ့သစ်ပင်က ၀င်တိုးတာတဲ့ '
မောင်ဆေးရိုး ၏ အမေ မယ်ကြွယ်စိုးသည် ဖောင်တော်ဆိပ်သို့ မပြေးပါ။ စုဝေးကာ ပြောဆိုနေသော လူအုပ်ထံ မသွားပါ။ ချွေးမရှိရာသို့ အသော့နှင်လာခဲ့သည်။
' ဟဲ့ကောင်မ၊ ရေးကြီးသုတ်ပျာနဲ့ ဘယ်တုံး '

ဒေါ်ရွှေအိမ်က မျက်နှာသစ်ရာက ဆီးမေးငြား မယ်ကြွယ်စိုးမဖြေ။ ချွေးမထံသို့သာ အရောက်လာ သည်။ မိကျီးဒန် နိုးနေပြီ။ မီးဖိုထဲတွင် ရေနွေးအိုးတည်ရန် မီးမွှေးနေဆဲဖြစ်သည်။ ဒေါ်ရွှေအိမ်သည် ခမည်းခမက် အား မသင်္ကာပါ။ လမ်းလျှောက်ရင်း မျက်နှာသုတ်လျက် မယ်ကြွယ်စိုးထံ အသော့လာ သည်။ ' ဘာဖြစ် လို့လဲ ' ဟု မျက်လုံးအကြည့်ဖြင့် မေးတော့မှ မယ်ကြွယ်စိုးက အနားသို့ ကပ်လာပြီး တီးတိုးပြော၏။

' ရှင်ဥပဂုတ်ဖောင်တော် ပျက်လို့တဲ့။ ရေမျောသစ်ပင်က ၀င်ဆောင့်တာ '
ဒေါ်ရွှေအိမ်သည် ရင်ကို လက်ဖြင့်ဖိ၏။ ဖောင်တော်တွင် အရုဏ်ဆွမ်းကပ်ရန် ဦးကြွက်နီလည်းသွား နေသည်။ သူပင် ပြန်မရောက်သေး။ ကမ်းမှခွာသွားသော ဖောင်တော်ပေါ်သို့ ဦးကြွက်နီ လိုက်ပါသွား ဖွယ်မရှိ။ သို့ရာတွင် သည်ကိစ္စ၌ မပါလျှင် မဖြစ်သော မောင်ဆေးရိုးကား ကမ်းမှခွာသွားသော ဖောင်တော် ပေါ်၌ ရှိ၊ မရှိခဲ့သော် ဖောင်တော်ကို ရေလယ်သို့ ဆွဲထုတ်နေသည့် လူအုပ်ထဲ၌ မုချ ပါရမည်။

ကနားဖျင်းထဲတွင် ခြေချစရာမရှိအောင် ပြည့်နှက်နေမြဲအိုးများ တစ်လုံးမျှ မရှိချေ။ အိုးထန်း 'စက်ပျက် 'ဘေး မြေပုံဘေးတွင် အိုးပျက်သုံးလုံးရှိသည်။ ခြံစည်းရိုးဘက်သို့ လှမ်းကြည့်လိုက်သော အခါ ရွှံ့နှင့် အမှော်ကြေး များဖြင့် ဖုံးပိတ်ထားသော အိုးဖုံးကို မြင်ရသည်။

အိမ်ဝိုင်းထဲသို့ လူတစ်ယောက် ၀င်လာသည်ထင်သောကြောင့် ဒေါ်ရွှေအိမ် လည်ပင်းရှည်ကြည့်၏။ ဖောင်တော် သို့ ဆွမ်းကပ်ရန်သွားသော ဦးကြွက်နီဖြစ်သည်။ သူက သတင်းဆိုးကို ဖောက်သည်ချ ရန် ဒေါ်ရွှေအိမ် ကို ရှာဖွေ၏။ မတွေ့လွန်းမက မတွေ့သည့်အတွက် ခြေရင်းအိမ်သို့ လှမ်းကြည့်၏။
သမီး၏ အိမ်တွင် မအေရေ ယောက္ခမပါ ရောက်နေကြသည်။ သတင်းဆိုးကို ကြားချိန်တွင် သမီးအား စောင့်ရှောက် ဖေးမရန် ရောက်နေကြခြင်းဖြစ်သည်။ သတင်းကို ထိမ်ချန်ထား၍မဖြစ်။
' သမီးရေ ညည့်အမေနဲ့ ညည့်ယောက္ခမက ဘာလာလုပ်ကြတာတုံး '

လှမ်းမေးရင်း ဦးကြွက်နီ ကူးလာသည်။
' အမေနဲ့ အရီးရောက်နေတာ အဖေပြောမှ ကျုပ် သိသတော့် '
ကျီးဒန်သည် တအံ့တသြပြောရင်း မီးဖိုထဲမှ ထွက်လာသည်။
' ဆေးရိုး တို့ရဲ့ ရှင်ဥပဂုတ်ဖောင်တော် ကမ်းကအခွာမှာ ရေထဲမျောလာတဲ့ သစ်ပင်နဲ့ တိုက်မိလို့တဲ့ သမီးရဲ့ '

ဒေါ်ရွှေအိမ်နှင့် မယ်ကြွယ်စိုးတို့ ထရပ်မိကြသည်။ သို့သော် ကျီးဒန်သည် ထိတ်လန့်တုန်လှုပ်ဟန် မပြ။ ' ဘယ်သူ တွေ ဘာဖြစ်သွားကြသေးသတုံး အဖေ ' ဟု အေးဆေးစွာ ပြန်မေးသည်။
ဖောင်တော်ကို ရေလယ်ရောက်အောင် တွန်းတဲ့ ဆွဲတဲ့လူတွေ ဖောင်တော်အပျက်အစီးတွေနဲ့အတူ ရေထဲ ပါကုန် တာပေါ့။ လူနှစ်ဆယ်လောက်မှာ ငါးယောက်ပဲ ကမ်းကို ပြန်ကူးလာတာတွေ့တယ် သမီး'
မယ်ကြွယ်စိုး နှင့် ဒေါ်ရွှေအိမ်သည် ကျီးဒန်ဘေးသို့ မသိမသာ ချဉ်းကပ်လာကြသည်။ သူတို့၏သမီး မှာ မျက်နှာမမြင် သေးငြား သွေးနုသားနုဖြစ်နေပြီဟု ယုံကြည်နေသောကြောင့်ဖြစ်သည်။
' အင်းလေ ရေစီးနဲ့ မျောပါသွားပြီး အောက်ဆိပ်တွေကျမှ ကမ်းပေါ်တက်ပြီး ပြန်လာကြမှာပေါ့။ ဘယ်မှာ ချက်ချင်း လူစုံနိုင်ပါ့မလဲ'

သည်စကား ကြောင့် ဒေါ်ရွှေအိမ်တို့မှာ ကျီးဒန်အား စိတ်ထဲက ကျိတ်ပြီး ချီးမွမ်းရသည်။ သည်နှယ် အကျိုးသင့် အကြောင်းသင့် စသ်းစားဆင်ခြင်တတ်သူမှာ အရှားသားကလား။
ကျီးဒန် ပြောသည့်အတိုင်း ညနေစောင်းတွင် လူ ငါးယောက်ပြန်ရောက်လာသြည်။ ထိုသူများမှာ ရေသာခိုပြီး လိုက်သွားရာ ရေက နတ်စင်ရွာ သောင်ပေါ်သို့ ထိုးတင်ပေးသဖြင့် ပြန်ရောက်လာသူများ ဖြစ်ကြ၏။

သူတို့ကား ရေသာခိုသူများမဟုတ်။ ရေစီးအား လျော့သွားလိုက်၊ ကမ်းသို့ကူးခတ်လျက်က ရေစီးထဲသို့ ပါသွားလိုက်ဖြင့် ဧရာဝတီမြစ်ထဲသို့ ပါသွားကြ၏။ မြစ်ပြင်ကျယ်ကြီးထဲသို့ ရောက်သော အခါ ချောင်းထဲက နည်းတူ ပေါ့လျော့သောစိတ်ထား၍ မရတော့ပါ။ ဆွဲမိဆွဲရာ တွယ်မိတွယ်ရာများ ကိုတွယ်လျက် မျှောလာကြရာ ဇီးကျွန်းရွာမှ မြက်ရိတ်ပြီး ပြန်လာသောလှေက ကယ်ဆယ်သည့် အတွက် ပြန်ရောက် လာခြင်းဖြစ်သည်။

ခုနစ်ယောက် ကျန်သေးသည်။ နောက်နှစ်ရက်အကြာတွင် မြတ်သာကျော်နှင့် ထွန်းအံ့၊ ငပုတို့ ပြန်ရောက် လာကြသည်။ သူတို့မူ 'တောင်ပုလု' ရွာသားများ တံငါများက ဧရာဝတီမြစ်လယ်ခေါင်တွင် ကယ်ဆယ်ခြင်း ဖြစ်သည်။ ထွန်းအံ့နှင့် ငပုမကျန်းမာသောကြောင့် ရွာသို့ ခေါ်သွားပြီး ဆေးဝါးကုသပေးပြီးမှ ထနောင်းကုန်း ဆိပ်သို့ အရောက်လှေဖြင့် လိုက်လံပို့ပေး ခြင်းဖြစ်သည်။ လေးယောက်သာ ကျန်တော့ သည်။ သည်အထဲ၌ မောင်ဆေးရိုး ပါသည်။ ကျန်သော သည်လေးယောက်ကို တစ်ရွာလုံးက မျှော်သည်။ မောင်ဆေးရိုး ကို သနားစိတ်ဖြစ် လျက် တစ်ရွာလုံးက မျှော်သည်။ အကြောင်းသော်ကား သူ့မယားမှာ မွေးလု ဖွားလု အချိန်သို့ ရော်လုနေသောကြောင့်တည်း။

ရက်များ တဖြည်းဖြည်းကုန်ခဲ့သည်။ မယ်ကြွယ်စိုးမှာ သားဖြစ်သူ သေဆုံးပြီဟု သတ်မှတ်ရအခက် မသတ်မှတ်ရ အခက် ဖြစ်နေသည်။ သေဆုံးပြီသတ်မှတ်လျှင် ထုံးစံအတိုင်း ဆွမ်းသွတ်ရတော့မည်။ ထိုသို့ လုပ်ခြင်း သည် ကျီးဒန်အား စိတ်ဆင်းရဲအောင် ညှဉ်းပန်းနှိပ်စက်ရာရောက်ချေမည်လော တွေးတော စိုးရိမ် ရသေးသည်။ ခမည်းခမက်များဖြစ်ကြသော ဦးကြွက်နီ၊ ဒေါ်ရွှေအိမ်တု့အား တိုင်ပင် ၏။ အဖြေမပေး တတ်ကြ။ သူတို့သာလော။ မဟုတ်ပါ။ ဦးကျန်ကြီးသည်ပင်လျှင် တစ်စုံတစ်ရာ အဆုံးအဖြတ်မပေးနိုင်ပေ။

စင်စစ်သော်ကား မောင်ဆေးရိုးမှာ မသေပါ။ ဝေးဝေးလံလံ သို့လည်း ရောက်မသွားပါဘဲလျက် မြုပ် နေခြင်းဖြစ်၏။ ရှင်ဥပဂုတ်ဖော်တော် ပျက်ချိန်က မောင်ဆေးရိုးမှာ သစ်ကိုင်းနှင့် အထိုးခံရသဖြင့် ရေအောက် သို့ ရောက်သွားသည်။ သူ ရေပေါ်သို့ ပြန်ရောက်ချိန်ဝယ် ရှင်ဥပဂုတ်ဖောင်တော်လည်း မရှိတော့ပါ။ ရမ်းဘိုကုန်းရွာ လည်း အဝေးကြီးမှာ ကျန်ခဲ့ပြီ။ ရေစီးကြောင်းအတိုင်း မျှောပြီးလိုက်သွား လျှင် ကမ်းစပ် သို့ ရောက်သည်ဟု မောင်ဆေးရိုးကြားဖူး၏။ လက်တွေ့တွင်ကား ထင်သကဲ့သို့မဟုတ်။

လှိုင်းလုံးများသည် အဆက်မပြတ် ရိုက်ပုတ်နေ၏။ ရေစီးအားသည် လျင်မြန် စွာ သယ်ဆောင်သွားသည်။ မောင်ဆေးရိုး မျှော်လင့်သည့်အတိုင်း ရေစီးကြောင်းတစ်ခုသည် လက်ဝဲဘက်သို့ ထွက်ခွာသွား၏။ မောင်ဆေးရိုး မျှော်ကြည့်သည်။ အုတ် အင်္ဂတေဖြင့် တည်ဆောက်ထားသော သင်္ဘောပျက်ဖြစ်သည်။ ရေစွယ် သည် သင်္ဘောပျက် ခါးကျိုးထဲသို့ ပြေးဝင်နေ၏။ ရေအောက်မြေပြင်ကို ထောက်မိခြင်းလော၊ ရေစွယ်တစ်နေရာကို ထောက်မိခြင်းလော မောင်ဆေးရိုးမမှတ်မိ။ သူသည် ကြောက်အားလန့်အားစိတ်ဖြင့် ညာဘက် ရေစွယ်ထဲသို့ ခုန်ဝင်လိုက်ခြင်းဖြစ်သည်။ ညာဘက်ရေကြောင်းသည် ဥယျာဉ်တွေ ရွာတွေကို ဖြတ် သန်းသည်။ မြို့တမြို့ကို ဖြတ်သန်းချိန်၌ မောင်ဆေးရိုး အော်ဟစ်ကြည့်သည်။ သူ့အသံက လှိုင်းသံကို မလွှားနိုင်။ အကူအညီ တောင်း၍မရလျှင်လည်း ရှိစေတော့။ ကိုယ်တိုင်ကူးခတ်မည်။
လှုင်းပုတ်အား နှင့် ရေစီးအားကို မောင်ဆေးရိုး အနိုင်မရပါ။ မြစ်ပြင်ကြီးကို လှမ်းမြင်ချိန်၌ ထိတ်ခနဲ ခံစားရ၏။

' မြစ်ထဲမှာပဲ ဇာတ်သိမ်းတော့မှာလား။ မမွေးသေးတဲ့ကလေးမျက်နှာကို မြင်တွေ့ခွင့် မရှိတော့ပြီလော '
အားငယ်စိတ် ကို ချိုးနှိမ်ပစ်သည်။ ရေစီးကြောင်း၏ဘေးမှာ မျောပါလာသော သစ်တုံးကို ပြေးဖက် လိုက်သည်။ လူ၏ဖိအား၊ ဖက်အားကြောင့် အစိတ်စိတ်အမြွှာ မြွှာဖြစ်သွားသည်။ တစ်ပြိုင်နက်တည်းပင် မောင်ဆေးရိုး မှာ ရေအောက်သို့ နစ်မြုပ်သွားသည်။ လက်ဝါးဖြင့် ရေကို ဖိလျက်၊ ဆောင့်ခုန်သည်။ မောင်ဆေးရိုး ပြန်တက်သည်။ မြစ်ပြင်တွင် မိုးဖွဲကျနေသည်။ ၀ါးလုံးတစ် လုံးက မောင်ဆေးရိုး၏ပခုံးကို ထိုးသည်။ မောင်ဆေးရိုး ဖက်ထားလိုက်သည်။ ၀ါးလုံးရော လူပါ မြုပ်သွားပြီးမှ ပေါ်လာပြန်သည်။ မောင်ဆေးရိုး သည် ၀ါးလုံးကိုခွထားပြီး ကူးခတ်သည်။

ရေစီးအား လွတ်သောနေရာသို့ ရောက်လာငြား မောင်ဆေးရိုးမှာ ကမ်းပေါ်သို့ မတက်နိုင်ပါ။ ကိုင်းတောကြီး သည် ရွှံ့ပြင်ကြီးကို ဖုံးအုပ်နေ၏။ ကိုင်းတောကို တိုးဝင်သည်ထား၊ ရွှံ့ပြင်ကြီးထဲကို ကား မောင်ဆေးရိုး မဆင်းဝံ့။ မည်မျှနစ်မည် ကျွံမည်ကို ကြိုတင်မသိ။ သို့ဖြစ်သောကြောင့် မောင်ဆေးရိုးမှာ ရေငြိမ်ထဲ တွင် မျှော်နေရ၏။ တစ်နာရီခန့် မျှောနေပြီးမှ လှည်းလမ်းတစ်ခုကို လှမ်း မြင်ရသည်။ မြစ်ရေကျချိန် သောင်ပေါ်သည့် အခါများ၌ သစ်ဝါးတိုက်သည့်လမ်း၊ ရေစည်လှည်း ဆင်းတက်သည့်လမ်း ဖြစ်နိုင်သည်။ ယခုသော်ကား လှေငယ်တစ်စင်းသော်မျှ မမြင်ရ။
' ငါမသေတော့ဘူးဟေ့ '

မောင်ဆေးရိုး ၀မ်းသာသွားငြား၊ ဆာလောင်မွတ်သိပ်ခြင်း၊ ခိုက်ခိုက်တုန် ချမ်းစိမ့်ခြင်းတို့က နှိပ်စက်ချေပြီ။ အရပ်လေးမျက်နှာသို့ မျှော်ကြည့်သည်။ လူရိပ်လူယောင်သော်မျှ မတွေ့ရ။ တောကြီး မျက်မည်းမဟုတ်။ ရွာတစ်ရွာ သို့မဟုတ် ယာတဲတစ်တဲကား မုချတွေ့ရမည်။ လှည်းလမ်း အတိုင်း မောင်ဆေးရိုး လိုက်လာရာ နေမ၀င်မီ နောက်ကြောင်းသို့ ပြန်လှည့်ခဲ့ရသည်။ လှည်းလမ်းမှာ ကြာလေ ဗွက်ထူလေဖြင့် တစ်မိုင်ခန့် သွားမိချိန်တွင် လူသော်မျှသွား၍မရအောင် ဆိုးရွားနေသောကြောင့်ပေတည်း။

ထိုနေ့ည မောင်ဆေးရိုး ညစာလွတ်သည်။ သစ်ပင်ခွဆုံ တစ်ခုတွင် တက်ရောက်အိပ်စက်ရင်း ' နံနက်စာ ဘာစားခဲ့မိပါလိမ့် ' စဉ်းစားသည်။ ဖောင်တော် ဆိပ်ကမ်းမှ မခွာမီတွင် ကောက်ညှင်းပေါင်းကို အပြေးအလွှား စားခဲ့ရကြောင်း သတိရသည်။ မောင် ဆေးရိုးမှာ 'ခွေးအ'များ၏ အန္တရာယ်မှ စိတ်ချရအောင် သစ်ပင်ပေါ်သို့ တက်ရောက်အိပ်စက်ရငြား ပျော်သည် မထင်။ ဆာလောင်မွတ်သိပ်သည်က တစ်ကြောင်း၊ သစ်ပင်ပေါ် မှ လိမ့်ကျမည်ကို စိုးရိမ်သည်က တစ်ကြောင်းတို့အပြင် အဖျားလည်း ၀င်နေခဲ့ပြီ။

' ချောင်းထဲ မြစ်ထဲမှာ ရေနစ်လို့မသေ၊ ကုန်းပေါ်ကျမှ သေမှာ ထင်ပါရဲ့ '
မောင်ဆေးရိုး စိတ်လျှော့မိမတတ် ခံစားရသည်။ သို့ရာတွင် နံနက်စောစော ကျေးငှက်ကလေးတွေ အိပ်တန်း တက်ကြစဉ် မီးခိုးနံ့ရသည်။ မောင်ဆေးရိုး၏ ကိုယ်တွင်းသို့ အားအင်တွေ ပြန်လည် ၀င်ရောက်လာကြသည်။ ထိုခွန်အားဖြင့် သစ်ပင်ပေါ်မှာဆင်းပြိး မီးခိုးထွက်ရာ အရပ်သို့ လိုက်ခဲ့၏။

မောင်ဆေးရိုးသည် ဧရာဝတီမြစ်အတွင်းရှိ ကျွန်းကြီးတစ်ကျွန်းပေါ်သို့ ရောက်နေခြင်းဖြစ်၏။ တပေါင်း တန်ခူးသို့ရောက်မှ ခြောက်သွေ့သော ကျွန်းဖြစ်သဖြင့် ကိုင်းသမား၊ ကျွန်းသမား မရှိခြင်း ဖြစ်၏။ မီးခိုးကို အနံ့ခံပြီး မောင်ဆေးရိုး လိုက်လာသောနေရာသည် တံငါတဲ တစ်တဲမျှသာဖြစ်သည်။ ငါးဆင်းဖမ်းစဉ် ခဏတစ်ဖြုတ် နားခိုရန် ဆောက်ထားသော တဲမျိုးမဟုတ်။ တံငါမိသားစုတစ်စုလုံး အခြေချနေထိုင်သော တဲဖြစ်သည်။ တံငါသည် လင်မယားတွင် ကလေးနှစ် ယောက်ရှိသည်။ စောင်နှစ်ထည်ရှိသည့်အနက် မောင်ဆေးရိုး အား စောင်တစ်ထည်ပေးသည်။ ဆေးဝါးမရှိ။ သို့ကြောင့် မောင်ဆေးရိုး၏ အဖျားရောဂါကို ကုသ ပေးနိုင်ခြင်းမရှိပေ။

သက်ရှိသတ္တ၀ါတို့သည် မီးကို ပူမှန်းသိသဖြင့် ကြောက်ရွံ့၏။ ဆူးသည် စူး၏။ ထို့ကြောင့် ဆူးကို ရှောင်ကြဉ်ကြ၏။ သို့ရာတွင် သေဖူးသော အတွေ့အကြုံမရှိပါဘဲလျက် သေရမည်ကို ကြောက်ရွံ့ကြ၏။

ဆက်ရန်
.

3 comments:

Anonymous said...

Thanks.

Ray

ကိုဇော် said...

ကောင်းကျိုး လုပ်ရင်း ဆိုးကျိုးနဲ့ တိုးတာပဲ။
ဥပဒ်ဒဏ်ကြောင့် ဥပဒ် ဖြစ်ဦးမယ်။
အဲဒီနေရာတွေက အစွဲတွေကလည်း ကြီင်္းပါဘိသနဲ့။

မေဓာဝီ said...

ရီးဆေးရိုး မသေဘူးဆိုတာ သိရက်နဲ့ ဖတ်ရင်း စိတ်ပူနေမိသေးတယ်။
နောက်ဆုံးက စာသားလေးမှာ ရေးထားသလို သေဖူးတဲ့အတွေ့အကြုံမရှိဘဲ သေရမည်ကို ကြောက်ကြတာ သတ္တ၀ါတိုင်းပဲနော်။
အဲဒါကလဲ ကိုယ်လက်ရှိရောက်နေတဲ့ ဘ၀ကို ခင်တွယ်တဲ့စိတ်ကြောင့်လို့ ဖတ်ဖူးတယ်။
အဲဒီလို ခင်တွယ်တာက လောဘ၊ ခင်တွယ်တော့ သေရမှာ ကြောက်တာက ဒေါသ၊ အဲဒီအကုသိုလ်စိတ်တွေနဲ့ သေသွားရင်တော့ မတွေးရဲစရာပဲ။