Thursday, September 9, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂၂) အဆက် (၃)

ကက်ပတိန် နီဘေဘီသည် ကားပေါ်ရှိ ရေဒီယိုဆက်သွယ်ရေးစက်မှ ခလုတ်ကိုဖွင့်၍ နားထောင် ကြည့်ရာ တစ်ဖက်မှ ပြောသံထွက်လာသဖြင့် သေချာစွာ နားစိုက် ထောင်ပြီးနောက် ခရိတ်ဘက် သို့ လှည့်၍ ခေါင်းခါပြ လေသည်။
"ကျွန်တော်တို့နဲ့ မဆိုင်ဘူးဗျ။ တခြား ယူနစ် (တပ်ဖွဲ့)တွေနဲ့ ဆက်သွယ်ပြောနေတာပါ"
"နယ်စပ်ကို ရောက်အောင် ဘယ်လောက် ဝေးသေးသလဲ"
ခရိတ်က အမဲသားဘူးမှ အသားကို ပလုတ်ပလောင်း စားနေရာမှ လှမ်းမေးလိုက်သည်။

"မိုင်လေးဆယ်သာသာလောက် ရှိပါမယ်"
ကက်ပတိန် နီဘေဘီက ပြန်ပြောလိုက်ချိန်မှာပင် ရေဒီယို ဆက်သွယ်ရေးစက်မှ အသံမြည်လာ သဖြင့် နီဘေဘီလည်း ချက်ချင်းပင် ဂရုစိုက် နားထောင်ပြီးနောက် ခရိတ်အား ပြန်ပြောလေသည်။
"ဒီက ရှေ့ကို ဆက်သွားလို့ မိုင်အနည်းငယ်ရောက်ရင် တတိယတပ်မဟာရဲ့ တပ်ဖွဲ့တစ်ခု ရှိနေပါ တယ်။ သူတို့ဟာ အင်ပန်ဒီနီ သာသနာပြု မစ်ရှင်တည်ရာမှာ ရောက်နေတယ်။ သူတို့တာဝန်က အဲဒီ ဒေသမှာ ရှိတဲ့ မာတာဘယ်လီ တိုင်းရင်းသား ပြောက်ကျားသူပုန်တို့ကို တိုက်ခိုက်ရှင်းလင်းဖို့ ပါပဲ။ အခု သူတို့ တာဝန် ပြီးဆုံးလို့ ပြန်လာကြခြင်း ဖြစ်ပါတယ်။ ဒီဘက်ကို ဦးတည်လာချင်လည်း လာလိမ့်မယ်။ ဒါကြောင့် ကျွန်တော် တို့ အထူး သတိထားဖို့ လိုလိမ့်မယ်"

"ဟုတ်လား၊ ဒါဖြင့် ကျုပ်က ဒီကားဟာ လမ်းပေါ်က လုံးဝမမြင်နိုင်တဲ့ အခြေအနေ ရှိမရှိ စစ်ဆေး ကြည့်ဦး"
ခရိတ်က ပြောပြီး ဆယ်လီကိုလည်း-
"ဟေ့…ဆယ်လီ၊ မီးစမီနမရှိအောင် ငြိမ်းလိုက်ပေတော့"ဟု ပြောလိုက်သည်။
ထို့နောက် ကက်ပတိန် နီဘေဘီအား-
"ကျုပ် လမ်းမပေါ် တက်ကြည့်တဲ့အခါ ခင်ဗျားက ကျုပ်ကို အကာအကွယ် ပေးနိုင်အောင် ကာဗာ ယူထားပေးပါ"ဟု ပြောကာ အေကေ ၄၇ ရိုင်ဖယ်သေနတ်ကို ကောက်ယူ၍ လမ်းမဘက်သို့ လျှောက်ထွက် သွားလေသည်။

လမ်းမဘက်မှနေ၍ သူတို့၏ လင်းရိုဗာရပ်ထားရာနေရာသို့ ရုတ်တရက် မြင်နိုင်သလောဟု စစ် ဆေးကြည့်ရှုလေသည်။ ထိုအချိန်မှာပင် ခပ်လှမ်းလှမ်းမှ မော်တော်ကား အင်ဂျင်စက်သံများ ခပ်သဲ့ သဲ့ ကြားရလေသည်။
ခရိတ်လည်း ချက်ချင်းပင် လင်းရိုဗာကားရှိရာသို့ ပြန်ပြေး၍ ကက်ပတိန် နီဘေဘီအား အကျိုး အကြောင်း ပြောပြ လိုက်သည်။

"ဒါဖြင့် မစ္စတာခရိတ် ကျေးဇူးပြုပြီး ရိုင်ဖယ်သေနတ်ကို ကားနောက်က သေနတ်ချိတ်တဲ့စင်မှာ ပြန် ချိတ်ထား လိုက်ပါ။ ခင်ဗျားမှာ ဘာလက်နက်မှ မရှိမှ ကျွန်တော်က ခင်ဗျားတို့ကို ဖမ်းဆီးလာတာနဲ့ တူမယ်။ အစိုးရတပ်တွေ ဒီဘက်လာပြီး ပက်ပင်းတိုးရင် ကျွန်တော်တို့အနေနဲ့ ခံထိုက်လို့ ဘယ် နည်းနဲ့မှ နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်က ခပ်တည်တည်နဲ့ လိမ်ညာလှိမ့်ပြီး ပြောမှ ဖြစ် မယ်"
ကက်ပတိန် နီဘေဘီကပြောလျှင် ခရိတ်လည်း မတတ်သာဘဲ ရိုင်ဖယ်သေနတ်ကို လင်းရိုဗာ ကား နောက်ပိုင်း သေနတ်ချိတ်စင်တွင် ပြန်ချိတ်ထားလိုက်ရသည်။ စိတ်ထဲတွင်ကား လက်နက်တစ်စုံ တစ်ရာ မရှိသည့် အတွက် အားငယ်သလို စိုးရိမ်သလို ဖြစ်မိလေသည်။

ထိုအခိုက် မော်တော်ကားစက်သံများ ပိုမိုကျယ်လောင်လာသည့်အပြင် စစ်သားများ သံပြိုင်သီချင်း အော်ဆိုသံကိုပါ ကြားရလေသည်။
"အဲဒါ တတိယ တပ်မဟာရဲ့ ကြွေးကြော်သံ သီချင်းပဲဗျ။ ရှိုနာဘာသာစကားနဲ့ဆိုရတဲ့ ဒီသီချင်းရဲ့ နာမည် ကတော့ မိုးသက်လေနှင်လို့ ခေါ်တယ်"
ကက်ပတိန် နီဘေဘီက ရှင်းပြလေသည်။

ခရိတ်နှင့် ဆယ်လီတို့က ဘာမှမပြောဘဲ ဆိတ်ဆိတ်နေလိုက်ကြသည်။
ထိုအခါ ကက်ပတိန် နီဘေဘီက သီချင်း၏ မယ်လိုဒီ(ဂီတသံစဉ်)ကို ခပ်တိုးတိုး ညည်းဆိုပြလေ သည်။
ရှိုနာ ဘာသာဖြင့် ရေးစပ်သီကုံးထားသော ထိုသီချင်းစာသားများ အဓိပ္ပါယ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
"…..နိုင်ငံတစ်ခု မီးဟုန်းဟုန်းတောက်သော် မိုးသက်လေတို့သည် မြူးထူးကြကုန်၏။

ကျွဲ၊ နွားတိရစ္ဆာန်များ ရာသီဥတုခြောက်သွေ့၍ အငတ်ဘေးနှင့် ကြုံသော် မိုးသက်လေနှင်တို့က ကူညီအားပေးကြကုန်၏။
ကျွန်ုပ်တို့သည် မိုးသက်လေနှင်များတည်း။
မိုးကို ဖန်တီးသူကား ကျွန်ုပ်တို့တည်း။
ကျွန်ုပ်တို့သည် နိုင်ငံကို အကျိုးပြုသည့် မိုးသက်လေနှင်များပင်တည်း"
သီချင်းမှ ရှိုနာဘာသာစကားလုံးများကို ကက်ပတိန် နီဘေဘီက အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ရှင်း လင်းပြ လေသည်။

လမ်းမပေါ်မှ စစ်ကားကြီးများ၏ စက်သံသည် ပိုမိုကျယ်လောင်လာကာ သီချင်းဆိုသံကိုလည်း ကြည်လင်ပီသစွာ ကြားနေရပြီ ဖြစ်သည်။
မကြာမီ စစ်ကားကြီးများ တန်းစီလျက် ဖြတ်မောင်းသွားသည်ကို မြင်ရလေသည်။ နောက်ဆုံး စစ် ကားပေါ် ၌ ထိုင်လိုက်လာသူ အရာရှိတစ်ဦးမှာ တတိယတပ်မဟာ၏ အမှတ်အသားဖြစ်သော အနီ ရောင် သံပရာခွံ ဦးထုပ်ပျော့ ဆောင်းထားလေသည်။ ထိုလူသည် ကားပေါ် ထိုင်လိုက်လာရင်း လမ်းဘေး၌ ချုံများ သစ်ကိုင်းသစ်ခက်များ ဖုံးအုပ်ထားသည့် လင်းရိုဗားကားဆီသို့ တည့်တည့်ကြီး လှမ်းကြည့်နေပုံရသဖြင့် ခရိတ်သည် ရင်ထဲ၌ ဖိုလှိုက်သွားမိသည်။

သို့သော် ကံအားလျော်စွာ ထိုအရာရှိသည် လင်းရိုဗာကားကို မမြင်သဖြင့် ကားကို လုံးဝမရပ်နိုင် ချေ။ ကျန်ကားအားလုံးသည်လည်း လမ်းမကြီးအတိုင်း ဖြတ်ကျော်မောင်းထွက်သွားကြလေသည်။
"ဒါနဲ့တင် မပြီးသေးဘူးခင်ဗျ။ နောက်ထပ် အလားတူ စစ်ကားကြီးတွေ (ကွန်ဗွိုင်)တန်းစီလာတာကို တွေ့ရလိမ့်ဦးမယ် ထင်တယ်။ ကျွန်တော်တို့ အထူး ဂရုစိုက်ပြီး သတိနဲ့ သွားကြမှဖြစ်မယ်"
ပြောပြော ဆိုဆို ကက်ပတိန် နီဘေဘီသည် လင်းရိုဗာကားကို စက်နှိုး၍ ကားကို ရုတ်တရက် ရပ် လိုက်ပြန်သည်။ သူသည် ရှေ့တည့်တည့် ကောင်းကင်သို့ မော့ကြည့်နေရင်း-
"မီးခိုးတွေ တက်လာတာ မြင်ရတယ်။ မစ္စဆယ်လီ ခင်ဗျား ကင်မရာကို အဆင်သင့်ထုတ်ပြီး ရိုက်ဖို့ သာ ပြင်ထားပေတော့။ တတိယတပ်မဟာက ခင်ဗျားဓာတ်ပုံရိုက်ဖို့ ကောင်းတဲ့ ရှုခင်းတွေ ဖန်တီး နေပြီနဲ့ တူတယ်"ဟု ပြောလေသည်။

ဆက်လက်မောင်းနှင်သွားကြရင်း အင်ပန်ဒီနီ သာသနာပြု မစ်ရှင်ပတ်ဝန်းကျင်ရှိ ကျေးရွာအနီးသို့ ချဉ်းကပ် မိကြရာ ခရိတ်လည်း အခြေအနေကို အကဲခတ်ကြည့်လိုက်သည်။
ရွာပြင်ဘက်၌ ပြောင်းခင်းများရှိရာ ပြောင်းပင်များ ခြောက်သွေ့နေသည်ကို တွေ့ရလေသည်။ ပြောင်းခင်း များတွင် အလုပ်လုပ်သူ အမျိုးသမီးများရှိရာ အမျိုးသမီးတစ်ဦး သေနတ်ထိမှန်ပြီး လဲကျ သေဆုံး နေသည်ကို တွေ့ရလေသည်။ ထိုအမျိုးသမီး၏ နို့စို့အရွယ်ကလေးငယ်တစ်ဦးကိုလည်း ရက်ရက်စက်စက် လှံစွပ်ဖြင့် ထိုးသတ်ထားလေသည်။

အလောင်းပေါ်တွင် အုံနေသော ယင်ကောင်များသည် သူတို့၏ မော်တော်ကားစက်သံကြောင့် ရုတ်တရက် လန့်ပျံပြေးကြပြီး ခေတ္တကြာမှ ပျံဆင်း အုံမြဲအုံနေကြလေသည်။
မည်သူကမှ စကားမပြောဘဲ ဆိတ်ဆိတ်နေကြစဉ် ဆယ်လီသည် သူမ၏ ကင်မရာကို ထုတ်ယူ လိုက်သည်။ ဆယ်လီမြင်ရသော ရှုခင်းကြောင့် စိတ်တုန်လှုပ်ချောက်ချားကာ မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေ ရှာသည်။

မလှမ်းမကမ်းတွင် အခြားအမျိုးသမီးများ မရှုမလှ သေဆုံးနေသည်ကိုလည်း တွေ့ရသည်။
မော်တော်ကားကို ခပ်ဖြည်းဖြည်း ဆက်မောင်းသွားသောအခါ ကျေးရွာရှိ သက်ငယ်မိုးတဲ ငါးဆယ် ခန့်ရှိသည့်အနက် အားလုံးလိုလို မီးလောင်နေသည်ကို တွေ့ရပြန်သည်။ အချို့ အမျိုးသမီးများ အား ပစ်သတ်ပြီး မှ အလောင်းကို မီးပုံထဲသို့ ပစ်သွင်းထားလေသည်။

ထိုမြင်ကွင်းကိုမြင်လျှင် ခရိတ်သည် စိတ်ထိခိုက်ရုံမက အော့နှလုံးနာကာ အန်ချင်သလိုပင် ဖြစ်လာ ၍ ပါးစပ်ကို လက်ဝါးဖြင့် အုပ်ထားလိုက်ရသည်။
"ကားရပ်လိုက်ပါရှင့်"
ဆယ်လီက ရုတ်တရက် ပြောလိုက်ရာ ကက်ပတိန် နီဘေဘီသည် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ပြီး-
"ဒီမှာ ရပ်ရင် အန္တရာယ်ရှိလိမ့်မယ် ထင်တယ်"ဟု ပြန်ပြောရင်း ကားကို ခပ်ဖြည်းဖြည်း ဆက်မောင်း သွားလေ သည်။

"ကားကို ရပ်လိုက်ပါရှင့်"
ဆယ်လီက ထပ်မံ၍ ပြောလိုက်တော့မှ ကားရပ်သွားတော့သည်။
သူမသည် ကားပေါ်မှဆင်းပြီး မြင်ရသော ရှုခင်းကို ဓာတ်ပုံတွေ တစ်ပုံပြီးတစ်ပုံ ရိုက်ကူးလေ သည်။ ပုံပေါင်းမြောက်မြားစွာ ရိုက်သဖြင့် ဖလင်တစ်လိပ်ကုန်လျှင် နောက်တစ်လိပ်ထည့်၍ အဆက်မပြတ် ဓာတ်ပုံ ရိုက်ကူးလေသည်။
"ကျွန်တော်တို့ ဆက်သွားမှ တော်မယ် ခင်ဗျ"

ကက်ပတိန် နီဘေဘီက ပြောသော်လည်း ဆယ်လီက ခေါင်းခါပြလျက်-
"နေပါဦးရှင့်"ဟုဆိုကာ ဓာတ်ပုံတွေ ဆက်ရိုက်ကူးရင်း မီးလောင်နေသော တဲတစ်တဲ၏ နောက် ဘက်သို့ လျှောက်သွားလေသည်။
ခရိတ်သည် စိတ်မချမ်းသာစွာဖြင့် ထိုင်ကြည့်နေရင်း လူအသားကို မီးလောင်ကျွမ်းသည့်အနံ့ ရလေရာ စိတ်တုန်လှုပ် ချောက်ချားမိလေသည်။
ခဏမျှကြာလျှင် တဲ၏ နောက်ဘက်ဆီမှ ဆယ်လီ၏ ထိတ်လန့်တကြား ဟစ်အော်လိုက်သံကြားရ သဖြင့် ခရိတ်နှင့် ကက်ပတိန် နီဘေဘီတို့လည်း ရိုင်ဖယ်သေနတ်ကိုယ်စီကိုင်လျက် ကားပေါ်မှ ခုန် ဆင်းကာ တဲ၏နောက်ဘက်သို့ ပြေးလိုက်သွားကြလေသည်။

ဆယ်လီသည် ကင်မရာကိုပင် ကောင်းစွာမကိုင်နိုင်တော့ဘဲ မြင်ရသည့်မြင်ကွင်းကို အကြီးအကျယ် တုန်လှုပ်ချောက်ချားစွာဖြင့် ငေးကြည့်နေရှာလေသည်။
ခရိတ်နှင့် နီဘေဘီတို့လည်း သူမကြည့်ရာဘက်သို့ လှည့်ကြည့်လိုက်ရာ အလွန်အံ့သြတုန်လှုပ် သွားမိကြ လေသည်။
ဆယ်လီ၏ ခြေရင်းမှ မလှမ်းမကမ်းတွင် တိုင်းရင်းသူ အမျိုးသမီးတစ်ဦး လဲကျနေရာ အ၀တ်အစား မရှိဘဲ ဗလာကျင်းနေရာ သူမ၏ ခန္ဓာကိုယ်ကိုကြည့်ရခြင်းအားဖြင့် ကျန်းမာသန်စွမ်းသော မိန်းမပျို တစ်ဦး ဖြစ်ကြောင်း သိသာထင်ရှားလေသည်။

သူမသည် ဒဏ်ရာရနေသော်လည်း အသက်မသေသေးသဖြင့် မီးပုံထဲမှ ကြိုးစားတွားသွားကာ ပြင် ဘက်သို့ ထွက်လာဟန်တူသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်သည့်ဒဏ်ရာများ ပြည့် နှက်နေလင့် ကစား အသက်ရှင်လျက် ရှိနေခြင်းက အံ့သြဖွယ်ရာပင် ဖြစ်နေတော့သည်။

အမျိုးသမီးသည် တစ်စုံတစ်ခု ပြောလိုဟန်ဖြင့် ပါးစပ်ကို ဟလိုက်သော်လည်း အသံလုံးဝ ထွက် မလာချေ။ သူမသည် ပြင်းစွာဝေဒနာ ခံစားနေရကြောင်း ထင်ရှားနေပေသည်။
"မစ္စဆယ်လီ၊ ခင်ဗျား လင်းရိုဗာကားပေါ် ပြန်သွားထိုင်နေလိုက်ပါ။ ဒီအမျိုးသမီးရဲ့ အခြေအနေက ဘယ်လိုမှ ကူညီလို့ရတော့မှာ မဟုတ်ပါဘူး"
ကက်ပတိန် နီဘေဘီက ညင်သာစွာ ပြောလိုက်သည်။

ဆယ်လီသည် မတုန်မလှုပ် ကျောက်ရုပ်ကဲ့သို့ ငြိမ်ပြီး ရပ်နေရာ ခရိတ်က သူမ၏ ပခုံးကို အသာ ယုယစွာကိုင်လျက် မော်တော်ကားဆီသို့ ဆွဲခေါ်သွားလေသည်။
ခရိတ်သည် လျှောက်သွားရင်း နောက်ပြန်လှည့်ကြည့်လိုက်ရာ မသေမရှင်ဖြစ်သော တိုင်းရင်းသူ အမျိုးသမီးအနီးတွင် ငြိမ်သက်စွာ မတ်တပ်ရပ်နေသော ကက်ပတိန်နီဘေဘီကို မြင်ရလေသည်။
သူသည် မောင်းပြန်ရိုင်ဖယ်သေနတ်ဖြင့် အမျိုးသမီးအား ချိန်ရွယ်ထားပြီး မျက်နှာကတော့ ပြင်းစွာ စိတ်ထိခိုက် လှုပ်ရှားနေသည့်အသွင် ဆောင်နေလေသည်။ အမျိုးသမီး၏ ဝေဒနာခံစားနေရခြင်းကို မည်သို့မှ ကူညီကယ်ဆယ်ရန် မဖြစ်နိုင်တော့သည့်အတူတူ သေနတ်ကျည်ဆန်ပစ်ခတ်လျက် ဝေဒနာကို အဆုံးသတ် လိုက်ရန် ဟန်ပြင်နေပုံရလေသည်။

ခရိတ်လည်း ဆယ်လီအားတွဲ၍ ကားဆီသို့ ဆက်ခေါ်သွားလေသည်။ မကြာမီ ဒိုင်းခနဲ သေနတ် ပစ်သံတစ်ချက် ကြားရလေသည်။
လင်းရိုဗာကား ဆီသို့ ရောက်သောအခါ ဆယ်လီသည် ကား၏ တံခါးပေါင်ကိုမှီပြီး ခေတ္တရပ်နေရာမှ မချုပ်တည်း နိုင်တော့ဘဲ အန်ချလိုက်လေတော့သည်။
ခရိတ်က ကားပေါ်မှ အရက်ပုလင်း လက်ကျန်ကိုယူ၍ ဆယ်လီအား တိုက်နေစဉ် ကက်ပတိန် နီဘေဘီ ပြန်ရောက်လာလေသည်။
သူသည် ဘာမှမပြောဘဲ ကားပေါ် တက်ထိုင်လိုက်သည်။

ထို့နောက် သူတို့သည် ခပ်ဖြည်းဖြည်း မောင်းထွက်ခဲ့ကြလေသည်။
သာသနာပြု မစ်ရှင်ကျောင်း၏ ဘုရားရှိခိုးကျောင်း အဆောက်အအုံအနီးမှ သူတို့ ဖြတ်သွားကြစဉ် ဘုရားရှိခိုး ကျောင်းငယ်သည် မီးလောင်ကျွမ်းနေရာမှ ခေါင်မိုးတစ်ခုလုံး ပြိုလဲပြုတ်ကျသွားလေ သည်။
မီးတောက် မီးလျှံကြီးများသည် ပို၍ ကြီးမားလာသည်ဟု ထင်ရပေသည်။

အခန်း (၂၃) ဆက်ရန်
.

2 comments:

Anonymous said...

စောစောပြန်ရောက်တယ်နဲ့ စောစောပဲ လာဖတ်လိုက်တာ။ ဖတ်ပြီး စိတ်မကောင်းဘူး..။
အစ်မရေ တင်ပေးတာ ကျေးဇူးတင်ပါတယ်။

လသာည

ဇော်သိင်္ခ said...

ဒီအခန်းလေး ကို ဖတ်ရတာ စိတ်မကောင်းစရာပဲနော်..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ