Thursday, September 9, 2010

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၃)

"သြော် ခင့်ကို လာနှောင့်ယှက်သလို ဖြစ်နေတာ ကိုမျိုးကိုလွှတ်ပါနော်၊ နောက်တစ်ခါ အလည်လာရင် အခုလိုပဲ ခင်ခင်မင်မင်စကားပြောပါဦးလို့ ကိုမျိုးပန်ကြားပါရစေ"
"ဟုတ်ကဲ့၊ခင်ကလဲ မိတ်ဆွေသူငယ်ချင်းကို ခင်မင်တတ်ပါတယ်"
မေမေခင်က တုံ့ပြန်ရင်းထိုင်ရာမှ ထသောအခါ မောင်မောင်ကလည်း ထိုင်နေ၍ မဖြစ်တော့သဖြင့် ထလိုက်ရသည်။

"အပတ်စဉ် အင်္ဂါနေ့နဲ့ကြာသပတေးနေ့ ညနေတိုင်း ကိုမျိုးလာပါမယ် ခင်.. "
မောင်မောင်မျိုးက လေးနက်သေအသံဖြင့် ရက်ချိန်းပေးသည်။
"ဟုတ်ကဲ့ အဆင်ပြေရင် စကားပြောနိုင်ပါလိမ့်မယ်"
မေမေခင်က ပြောပြီး သူ့အခန်းရှိရာသို့ ပြန်လာခဲ့သည်။ မောင်မောင်မျိုးသည် သိမ်မွေ့သော ခြေလှမ်းဖြင့် ထွက်ခွာသွားသော မေမေခင်ကို စံမက်မြတ်နိုးသော မျက်လုံးဖြင့် မျက်စိတစ်ဆုံး စိုက်ကြည့်နေလိုက်သည်။
                    (၃)
ရိုးသားအေးဆေးသလောက်၊ အနေအထိုင် သိမ်မွေ့နူးညံ့သော မေမေခင်ကို မောင်မင်းဇင်နှင့် မြသွင်အေးက ညှာသည်။ ထို့ကြောင့်သူတို့ရှိရာ လာနေရလျှင် မေမေခင် ပင်ပန်းမည်စိုး၍ မေမေခင် ရှိရာမှာလူစုမည်ဟူ၍ အစီအစဉ် လုပ်ခဲ့သည့်အတိုင်း မောင်မင်းဇင်နှင့် မြသွင်အေးက မပျက်မကွက် လာကြသည်။ မြို့ထဲ သွားလာလည်ပတ်စရာအကြောင်းမရှိလျှင်၊ ကြည့်လိုသော ရုပ်ရှင်ကား မရှိလျှင် အဆောင်ရှေ့ကံ့ကော်ပင်အောက်မှာ အေးအေးလူလူထိုင်ပြီး ရက်သတ္တတစ်ပတ်တိတိ တွေ့ခဲ့၊ မြင်ခဲ့၊ သိခဲ့သည်များကို တစ်ယောက်နှင့် တစ်ယောက်သိပေး ပြောကြားကာ စကားမဆုံးနိုင်အောင်ဖြစ်ကြသည်။

ထိုသို့ မေမေခင်ထံ လာရမည့်နေ့တိုင်းမှာ မောင်မင်းဇင်က မြသွင်အေးကို အမြဲ စောင့်ကြိုခေါ်ငင်ပြီးမှ အတူတူလာကြသည်။ မြသွင်ပေအးက မေမေခင်လို အဆောင်မှာ မနေချေ။ ဆေးတက္ကသိုလ်နှင့် နီးနီးမှာရင်းချာသော ဆွေမျိုးအိမ် ရှိသည်။ အိမ်သားနည်း၍ အိမ်က ကျယ်ဝန်းသည်။ ဆေးတက္ကသိုလ်နှင့် နီးသည်ဖြစ်၍ ဆေးပညာဘက်လိုက်သောမြသွင်အေးအဖို့ စမ်းသက်စရာ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ စိတ်တိုင်းကျ ချောင်ချိကျယ်ဝန်းစွာ ထားနိုင်မည်ဖြစ်၍ အဆောင်မှာ အနေဘဲ၊ ထိုအိမ်မှာနေသည်။ စနေနေ့တိုင်း၊ တနင်္ဂနွေနေ့တိုင်း မောင်မင်းဇင်က မြသွင်အေးကို သွားခေါ်ပြီးမှ မေမေခင်ထံ အတူလာကြသည်။ သုံးယောက်သားသွားလာလည်ပတ်ခြင်း ကိစ္စပြီးလျှင် မောင်မင်းဇင်က မြသွင်အေးကို အိမ်အရောက် ပြန်ပို့ပေးသည်။ မောင်မင်းဇင်အဖို့ မြသွင်အေးနှင့် လက်ပွန်းတတီး နေရသောအချိန်က ပိုများသည်။ ထိုအခါ အမြင်များ၍ အကြင်ပွားသော စိတ်မျိုးက ပေါ်လာသည်။

ချိန်းဆိုထားသောနေ့မှာ မိနစ်ပိုင်းမျှပင် နောက်မကျစေရအောင် မောင်မင်းဇင်က အထူးဂရုစိုက်၏။ အလွန့်အလွန် အဆင်မပြေဖြစ်၍ အချိန်အနည်းငယ်မျှ နောက်ကျသွားသည် ဆိုလျှင်ပင် မောင်မင်းဇင်စိတ်ထဲမှာ ပူပန်သောက ဖြစ်ရသည်။

"မြ ကျွန်တော် နည်းနည်းနောက်ကျသွားတယ်၊ မြ မျှော်နေတာကြာပြီလားဟင်၊ ကျွန်တော့်ကို စိတ်ဆိုးနေသလား မြရယ်"
မောင်မင်းဇင်က မြသွင်အေးမျက်နှာကို ပန်းပွင့်ကလေးလို အရိပ်ကြည့်ရင်း တောင်းပန်မေးမြန်း၏။ ထိုအခါ မြသွင်အေးက ကျီစားသောသဘောဖြင့်...
"ဆိုးတယ် ကိုမင်းဇင်၊ မြ မျှော်နေတာ် ကြာပြီ၊ နောက်ထပ်ငါးမိနစ်လောက် စောင့်လို့မှ မလာရင် မြတစ်ယောက်ထဲ ထွက်သွားတော့မယ်လို့.."
ဟု မျက်နှာကို ခပ်မှုန်မှုန်ထားပြီး ပြန်ပြောသောအခါ မောင်မင်းဇင်သည် မျက်နှာပျက်သွားရှာသည်။

"ကျွန်တော်လဲ မြ မျှော်နေလိမ့်မယ်ဆိုတာ သိပါတယ်၊ လာကာနီးမှ လွှဲလို့ ရှောင်လို့မဖြစ်တဲ့ ဧည့်သည် ရောက်လာလို့ပါ၊ နောက်ဆိုရင်ကျွန်တော် နောက်မကျစေရပါဘူး၊ မြတစ်ယောက်ထဲတော့ ထွကမသွားပါနဲ့ မြရယ်"
မောင်မင်းဇင်က မျက်နှာငယ်ကလေးဖြင့် တောင်းပန်သည်။ မြသွင်အေးက ရယ်ချင်သောစိတ်ကို ချုပ်တည်းကာ မျက်နှာကို မှုန်မြဲ မှုန်ထားလျက် ဟန်ဆောင်ပြောလိုက်၏။
"တစ်ယောက်ထဲ မသွားစေချင်ရင် အချိန်မှန်မှန်လာ၊ အချိန်ကိုမလေးစားဘူး ဆိုရင်တော့ ကိုမင်းဇင်ကို မြ မုန်းမိလိမ့်မယ်"
တည်တည်မှုန်မှုန်ဖြင့် ပြောသော မြသွင်အေးကို မောင်မင်းဇင်သည် ၀မ်းနည်းညှိုးငယ်သော မျက်နှာ ဖြင့် စိုက်ကြည့်ကာ...

"နောက်တစ်ခါ အချိန်မှန်လာပါမယ် မြရယ်၊ ကျွန်တော့်ကို မုန်းဖို့စိတ်မကူးပါနဲ့၊ အခုလို မြက သုန်သုန်မှုန်မှုန်ကြီး လုပ်နေတော့ ကျွန်တော့်စိတ်ထဲမှာ မကောင်းလိုက်တာ ဘယ်လိုမှန်းမသိဘူး"
ဟု မောင်မင်းဇင်က တောင်းတောင်းပန်ပန် ပြောသောအခါ မြသွင်အေး ဣနြေ္ဒမဆည်နိုင်တော့ဘဲ ဟက်ဟက်ပက်ပက် ရယ်လိုက်မိတော့၏။ မောင်မင်းဇင်က အထိတ်တလန့် ဖြစ်သွားသည်။ သူ့ကိုစိတ်ဆိုးပြီး သရော်ဟားတိုက် ရယ်မောလိုက်လေသလားဟု ထင်မိ၏။

"ဘာကြောင့်ရယ်တာလဲ မြ..ဟင်"
မောင်မင်းဇင်က မ၀ံ့မရဲ မေး၏။ မြသွင်အေးက ရယ်လျက်ကပင် ပြန်ပြောသည်။
"အောင်မယ်မင်း စုံထောက်ဘက် ရဲဘက်မှာ ၀ါသနာပါတယ်၊ လူကဲခတ် ကောင်းတယ်ဆိုတဲ့လူ၊ မြ တကယ် စိတ်ဆိုးတယ်၊ မဆိုးဘူးဆိုတာ အကဲမခတ်တတ်ဘူလား ကိုမင်းဇင်ရဲ့"
"မြ မျက်နှာမှုန်နေတော့ ကျွန်တော် တကယ်ဝမ်းနည်းတယ်၊ စုံစမ်းဖို့ အကဲခတ်ဖို့ သတိမရတော့ဘူး၊ စိတ်မကောင်းတာတစ်ခုပဲ အာရုံထဲမှာရှိနေတယ်၊ မြ တကယ် စိတ်မဆိုးဘူလား.. "
မောင်မင်းဇင် အသံက ကြည်ရွှင်လန်းဆန်းလာသည်။

"ဒါလောက် ချစ်ခင်နေကြတဲ့ ငယ်သူငယ်ချင်းတွေပဲဟာ၊ မဖြစ်လောက်တာကလေးနဲ့ မြ စိတ်ဆိုးပါ့မလား ကိုမင်းဇင်ရဲ့၊ တမင် ကျီစားတာပါ"
မြသွင်အေးက ရယ်ရယ်မောမောပြောမှ မောင်မင်းဇင်သည် သက်ပြင်းချလိုက်၏။
"အခုမှ စိတ်ချမ်းသာာသွားတယ် မြရယ်၊ အခုတင်က မ တကယ်စိတ်ဆိုးတယ်မှတ်လို့ ကျွန်တော်လေ...ရင်ထဲမှာ ဘယ်လိုဖြစ်သွားမှန်းမသိဘူး"
"အောင်မယ်...ဒါလောက်တောင်ပဲလား"

မြသွင်အေးက အမှတ်မထင် ပေါ့ပေါ့ဆဆပင် ပြောသော်လည်း မောင်မင်းဇင်က လေးလေးနက်နက်ပင် ပြန်ရှင်းသည်။
"တကယ်ပါ မြရယ်...ယုံပါ၊ ကျွန်တော်လေ...အို...စိတ်ထဲမှာဘယ်လိုဖြစ်မှန်း မသိဘူးလို့ပဲ ထပ်ပြော ပါရစေ"
မောင်မင်းဇင်၏ လေးနက်လှိုက်လှဲသော အသံကြောင့် မြသွင်အေးက ပေါ့ပေါ့ဆဆ ရယ်မောနောမှ မောင်မင်းဇင် မျက်နှာကို ဖျတ်ခနဲစူးစူးစိုက်စိုက် ကြည့်လိုက်သည်။ မောင်မင်းဇင်နှုတ်မှ စိတ်ထဲမှ ဖြစ်နေ သည်ကို တိတိလင်းလင်း ဖွင့်ဟမပြောတတ်သော်လည်း မောင်မင်းဇင်၏ မျက်လုံးများကမူ ရွှန်းလဲ့တောက်ပစွာဖြင့် မြသွင်အေးမျက်နှာကိုကြည့်ရင်း အဓိပ္ပာယ်ဖော်ပြနေကြသည်။ မြသွင်အေးသည် မောင်မင်းဇင် ၏မျက်လုံးကြည့်ပုံကြောင့် ရယ်နေသော မျက်နှာကို မသိမသာ တည်လိုက်သည်။

"ကဲ...သွားကြစို့ ကိုမင်းဇင်၊ ခင်မျှော်လှရော့မယ်"
မြသွင်အေးက စကားလမ်းကြောင်းလွှဲပြီး မောင်မင်းဇင်ရှေ့မှထွက်လာခဲ့သည်။ မောင်မင်းဇင်က မြသွင်အေးနှင့် ရင်ပေါင်တန်းဖြစ်အောင် ယှဉ်လိုက်လာသည်။ ယခင်ကမူ သူတို့နှစ်ယောက်သည် မေမေခင်ထံလာရင်း လမ်းတလျှောက်လုံး ပါးစပ်ဦးတည့်ရာတွေ တစ်ယောက်တစ်လှည့် ပြောလာခဲ့ ကြသော်လည်း ယခုမှာမူ တစ်ယောက်ကို တစ်ယောက်စိတ်မလုံသလို ဖြစ်နေကြသည်။ ယခင်အခါတွေလောက် စကားမသွက်ကြဘဲ မေးတစ်ခွန်း ပြောတစ်ခွန်းသာ ဖြစ်လာကြသည်။

ကံ့ကော်ပင်ရိပ်အောက်က မျှော်တော်ဇောနှင့် မောနေသော မေမေခင်သည် ထူးခြားသော မျက်နှာထား ကိုယ်စီဖြင့် ခါတိုင်းထက်နောက်ကျပြီး ရောက်လာကြသော မောင်မင်းဇင်နှင့် မြသွင်အေးကို သေသေချာချာ စေ့စေ့ကြည့်နေသည်။
"လာမှ လာကြသေးသကိုး၊ ခင်ဖြင့် စိတ်လျှော့ပြီး အခန်းပြန်အိပ်တော့မယ်တောင် စိတ်ကူးလိုက်မိတယ်၊ နှစ်ယောက်သား ဘာဖြစ်နေကြလို့လဲဟင်... "
မေမေခင်က မောင်မင်းဇင်နှင့် မြသွင်အေးတို့ ကံ့ကော်ပင်အောက်ဝင်လျှင်ဝင်ချင်း မပြုံးတပြုံး မျက်နှာဖြင့် ဆီးပြောလိုက်သည်။

"စောစောမလာနိုင်တောင် အချိန်မီရောက်ဖို့ပဲ ခင်ရေ့၊ ဟောဒီကိုမင်းဇင်ပေါ့၊ အချိန်မလေးစားဘူး၊ နောက်ကျမှ ရောက်လာတယ်လေဒါကြောင့်... "
မြသွင်အေးက မေမေခင်အနားမှာ ၀င်ထိုင်ပြီး မောင်မင်းဇင်ကို အပြစ်ဖို့လိုက်၏။ မေမေခင်က သူတို့ရှေ့ တူရူမှာ တင်ပျဉ်ခွေထိုင်လိုက်သော မောင်မင်းဇင်၏ ကြည်လင်ပြုံးရွှင်သော မျက်နှာကို ကြည့်ပြီး...
"ဟုတ်လား...ကိုမင်းဇင်က ဘယ်ကျောင်းသူဆီ သွားနေလို့နောက်ကျရတာလဲ၊ မြက လက်မြန်တယ်ဆိုတာ အသိသားနဲ့ အရိုက်ခံချင်ပြန်ပြီထင်တယ်"

ဟုပြောလိုက်၏။ မေမေခင် ဆိုလိုရင်းကား..သူတို့ သူငယ်ချင်းသုံးယောက် စကားစုပြောသည့်အခါ မောင်မင်းဇင် စကားက အပြောင်အရွှတ်တွေ၊ အနှောက်အသွား မလွတ်တွေ ဖြစ်နေလျှင် မေမေခင်က ရယ်ရုံ ရယ်နေတတ်သော်လည်း စိတ်ထက် လက်မြန်သော မြသွင်အေးက လက်ထဲရှိပစ္စည်းဖြင့် ရိုက်တတ်သည်ကို ရည်စူးပြောခြင်း ဖြစ်သည်။ မေမေခင်က ရိုးရိုးပြောသော်လည်း အစွန်းအစကလေး ထွက်လာခဲ့ကြသော မောင်မင်းဇင်နှင့် မြသွင်အေးက စိတ်မလုံဘဲ ဖြစ်သွားသည်။ မောင်မင်းဇင်က ရွှတ်သလို နောက်သလိုဖြင့် မေမေခင် စကားကို ပြန်ရှင်းသည်။

"ကျွန်တောက မြ စိတ်ဆိုးမခံဝံ့ပါဘူးဗျာ၊ မြက လွဲပြီး ဘယ်သူ့ဆီမှလဲ မသွားမိပါဘူး၊ ကျွန်တော့်ဘ၀မှာ ဦးစားပေး သွားစရာ မြပဲ ရှိပါတယ်"
"ဟေ့... ဟေ့ ကိုမင်းဇင် စကားက အဓိပ္ပာယ် သိပ်လေးနက်ပါလား၊ သူ့ဘ၀အဖို့ တစ်ယောက်သာ. "
မေမေခင်က အနက်အဓိပ္ပာယ် အကျယ်ဖွင့်ရန် စကားစ၍ပင်မဆုံးသေးပေ၊ မြသွင်အေးက သူ့လက်ထဲရှိသော လက်ဝါးမျှ ပိုက်ဆံအိတ်ငယ်ဖြင့် မောင်မင်းဇင်ကို ခပ်သာသာ လှမ်းပေါက်လိုက်သည်။ နှုတ်ကလည်းပြောလိုက်သေးသည်။

ဆက်ရန်
.

No comments: