အခန်း(၂၀)
ဇင်ဘာတွေနိုင်ငံ တရားရေးဌာန ၀န်ကြီးသည် ရုပ်မြင်သံကြားမှတစ်ဆင့် တိုင်းပြည်သို့ မိန့်ခွန်း ပြောနေ လေသည်။
ဥရောပတိုက်သားတို့ ၀တ်စားဆင်ယင်နည်းဖြင့် ရှပ်အင်္ကျီအဖြူ၊ ကုတ်အင်္ကျီအနက်၊ ဘောင်းဘီ အနက်ရောင် တို့ကို သပ်ရပ်စွာ ၀တ်ဆင်ထားသော်လည်း မဟူရာရောင် မည်းနက်နေသော သူ၏ အသားအရေ တွင် ချွေးပြန်နေလေရာ ရုပ်မြင်သံကြား ကင်မရာတည့်တည့်ကိုကြည့်ပြီး ပြုံးလျက် နေ လင့်ကစား တင့်တယ်ခြင်း၊ ကျက်သရေရှိခြင်းတို့၏ အရိပ်လက္ခဏာများ ပေါ်လွင်မနေပါ။
"…..နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့များက အပြစ်ကင်းမဲ့တဲ့ ပြည်သူတွေ ထောင်ပေါင်းများစွာတို့ကို သတ်ဖြတ်လိုက်တယ်လို့ စွပ်စွဲနေခြင်းဟာ လုံးဝ အဓိပ္ပါယ်မရှိပါဘူး။ နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့ များနဲ့ မာတာဘယ်လီ သူပုန်တွေ တိုက်ပွဲဖြစ်ရာမှ အရပ်သား တစ်ဦးနှစ်ဦး မတော်တဆ သေနတ် ကျည်ဆန် ထိမှန် ခဲ့ တာသာ ဖြစ်တယ်။
"အခု သူတို့စွပ်စွဲသလို အပြစ်ကင်းတဲ့ပြည်သူတွေ ထောင်ချီပြီး အသက်ခံခဲ့ရပါတယ်ဆိုရင် အဲဒီ သေဆုံးသူတွေရဲ့ အလောင်းတွေ ဘယ်ရောက်ကုန်သလဲ။ တစ်ယောက်ယောက်က ကျုပ်ကို လူ သေအလောင်းတွေ ပြစမ်းပါလို့ ပြောချင်ပါတယ်။ အခုတော့ ကျုပ် ဘာလောင်းမှ မမြင်ရဘူး။ ဘာမှလည်း မသိရဘူး။ ဒါဟာ ရယ်စရာကောင်းနေပါတယ်"
တရားရေးဌာန၀န်ကြီးက ရယ်စရာလုပ်၍ ပြောနေစဉ် ခရိတ်သည် စိတ်ပျက်လာသဖြင့် ရုပ်မြင်သံ ကြားစက်မှ ခလုတ်ကို ပိတ်လိုက်လေသည်။
"ဟာရာရေမြို့တော်က ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားမှလည်း ဒါမျိုးတွေပဲ လာနေမှာပဲ။ စိတ်ပျက် စရာကောင်းလှတယ်"
ဤသို့ပြောရင်း ခရိတ်သည် သူ၏ လက်ပတ်နာရီကို ကြည့်လိုက်ပြီးနောက် အနီးရှိ ဆယ်လီ ဘက် သို့လှည့်၍-
"အချိန်က ရှစ်နာရီထိုးလှပြီကွဲ့၊ ဘီဘီစီ ဗြိတိသျှအသံလွှင့်ဌာနကြီးက ဘာတွေများ လွင့်နေတယ် ဆိုတာ ကြည့်ကြရအောင်"ဟု ပြောလိုက်သည်။
[ဤနေရာတွင် ၀န်ကြီးချုပ် မစ္စတာစမစ်၏ မျက်နှာဖြူ အစိုးရ လက်ထက်က ဇင်ဘာတွေနိုင်ငံ အခြေ အနေကို အနည်းငယ်ရှင်းပြရန် လိုပေလိမ့်မည်။
ထိုစဉ်က မျက်နှာဖြူအစိုးရသည် တိုင်းရင်းသား ပြည်သူတို့အား သတင်းအမှန်ကို အသိပေးလေ့ မရှိ။ သတင်း ဟူသမျှ စိစစ်ဖြတ်တောက် ဆင်ဆာလုပ်ပြီးမှ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့် လျက်ရှိရာ တွေးခေါ် မြောင်မြင်တတ်သူ အာဖရိကတိုင်းရင်းသားမှန်သမျှက ကမ္ဘာအရပ်ရပ်မှ သတင်းများ ဖမ်းယူနားထောင်နိုင်သော ရေဒီယိုကောင်းကောင်းတစ်လုံးစီ လျှို့ဝှက်ထားရှိတတ် ကြသည်။
ယခုလည်း ယင်းအစီအစဉ်သည် အသုံးဝင်နေသေးသဖြင့် ခရိတ်က ရေဒီယိုကောင်းကောင်း တစ်လုံး အသင့်ထားရှိခဲ့သည်။
ယခု သူသည် ရေဒီယိုစက်ကိုဖွင့်၍ ဘီဘီစီ ဗြိတိသျှအသံလွှင့်ဌာနကြီးမှ ထုတ်လွင့်သည့်လိုင်းကို လှည့်လိုက်သည်။
ဇင်ဘာတွေနိုင်ငံ၏ နောက်ဆုံးအခြေအနေမှာ မာတာဘယ်လီ တိုင်းရင်းသားတို့နယ်မြေမှ နိုင်ငံ ခြား သတင်းစာဆရာ၊ သတင်းထောက်အားလုံးကို နှင်ထုတ်ပစ်လိုက်ပြီဟု သိရပါသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဇင်ဘာတွေနိုင်ငံဆိုင်ရာ ဗြိတိသျှမဟာမင်းကြီး (သံအမတ်ကြီး)က ဗြိတိ သျှ အစိုးရ သဘောထားနှင့်တကွ ဇင်ဘာတွေနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များက ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်သတ်ဖြတ်နေကြပုံ သတင်းများကြောင့် စိုးရိမ်မကင်းဖြစ်နေကြောင်းကို ဇင်ဘာတွေ ၀န်ကြီး ချုပ်ထံသို့ သွားရောက် တွေ့ဆုံပြီး တင်ပြအရေးဆိုလိုက်ကြောင်း သတင်းရရှိပါသည်။ ဤသို့ ဘီဘီစီမှ အသံလွှင့်ချက် ကို နားထောင်ပြီးနောက် ခရိတ်သည် တောင်အာဖရိကနိုင်ငံ ရေဒီယိုမှ အသံလွှင့်ချက် များကို ဖမ်းယူနားထောင်ကြည့်ပြန်လေသည်။
"တောင်အာဖရိကနိုင်ငံ မြောက်ဘက် နယ်စပ်သို့ ဇင်ဘာတွေနိုင်ငံမှ စစ်ပြေးဒုက္ခသည်တွေ အမြောက်အမြား တဖွဲဖွဲ ရောက်ရှိနေပြီဟု သတင်းရရှိပါသည်။
ဒုက္ခသည်အားလုံးမှာ မာတာဘယ်လီ တိုင်းရင်းသား လူမျိုးများဖြစ်ကြပြီး ဒုက္ခသည် အုပ်စုတစ်ခုမှ လူတစ်ယောက် က ကျေးရွာမှ အပြစ်ကင်းမဲ့သူ အရပ်သားများ ရက်စက်စွာ သတ်ဖြတ်ခံရသည်ကို သူကိုယ်တိုင် မြင်ခဲ့ရကြောင်း၊ သတင်းစာဆရာများအား ထုတ်ဖော်ပြောပြခဲ့ပါသည်။
ဇင်ဘာတွေ လုံခြုံရေးတပ်များသည် တွေ့သမျှလူတွေအားလုံး (အမျိုးသမီးနှင့် ကလေးငယ်များပါ မကျန်) ရက်စက်စွာ သတ်ဖြတ်ရုံမက မွေးမြူရေးသမားတို့၏ ကြက်များ၊ ဆိတ်များကိုပင် သတ် ဖြတ်နေကြပါပြီဟု ပြောရင်း ကျုပ်တို့ကို ဇင်ဘာတွေနိုင်ငံ ပြန်မလွတ်ပါနဲ့၊ ပြန်သွားရင် စစ်သား တွေရဲ့ အသတ်ခံရမှာ သေချာပါတယ်ဟုလည်း ထိုလူက ဆက်လက် ပြောသွားသည်ဟု သတင်း ရရှိပါသည်။"
ဤသို့ တောင်အာဖရိကနိုင်ငံ ရေဒီယိုမှ အသံလွင့်ချက်ကို ခေတ္တနားထောင်ပြီးနောက် ခရိတ်သည် ဗွီအိုအေ အခေါ် အမေရိကနိုင်ငံ ရေဒီယိုမှ အသံလွင့်ချက်ကို ဖမ်းယူနားထောင်ကြည့်ပြန်သည်။
"……မာတာဘယ်လီ တိုင်းရင်းသားတို့၏ ဖာပူနိုင်ငံရေးပါတီ ခေါင်းဆောင်ဖြစ်သူ မစ္စတာ ဇင်ဘာ တွေနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာပြီး အိမ်နီးချင်း ဘော့ဆွာနာနိုင်ငံသို့ ရောက်ရှိလာပြီဟု သတင်း ရရှိကြောင်း။ မစ္စတာ နိုကိုမိုက သတင်းထောက်များနှင့် တွေ့ဆုံပြောကြားရာတွင် 'သူတို့ က ကျုပ်ရဲ့ ယာဉ်မောင်းသူ ကိုလည်း အသေပစ်သတ်လိုက်ကြတယ်။ ၀န်ကြီးချုပ် မူဂါဘီက ကျုပ် ကိုလည်း အသေသတ်ပစ်ချင်နေတာ သေချာတယ်။ သူက ကျုပ်ကို အပြုတ်သုတ်သင် ရှင်းလင်းဖို့ ကြိုးစား နေပါတယ်'စသည်ဖြင့် ပြောပြခဲ့သည်ဟု သိရကြောင်း။
ဇာပူပါတီမှ အရေးပါသော ခေါင်းဆောင်အားလုံးကို ၀န်ကြီးချုပ် မူဂါဘီ၏ အစိုးရက ဖမ်းဆီးချုပ် နှောင်ထား သည့် အခြေအနေတွင် မစ္စတာ နိုကိုမိုပါ ထွက်သွားပြန်သောအခါ မာတာဘယ်လီ တိုင်း ရင်းသား များအဖို့ ရှေ့မှ မားမားမတ်မတ်ရပ်မည့် ခေါင်းဆောင် လုံးဝ မရှိတော့သလောက် ဖြစ်သွား ကြောင်း။
ထိုအတောအတွင်း မူဂါဘီ၏ အစိုးရက ဇင်ဘာတွေနိုင်ငံ အနောက်ပိုင်းဒေသမှ သတင်းများကို လုံးဝ မှောင်ချထားလိုက်သည့်အပြင် နိုင်ငံခြားသတင်းထောက်များကိုလည်း နှင်ထုတ်လိုက် ကြောင်း။
ထို့ပြင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းကြီးက အချင်းဖြစ်ရာဒေသသို့ လေ့လာသူများ သွားရောက် လေ့လာခွင့် တောင်းသည်ကိုလည်း အစိုးရက ပယ်ချလိုက်ကြောင်း"
ခရိတ်သည် ရေဒီယိုကို ပိတ်လိုက်ပြီး-
"အင်း…ကြားရသမျှ သတင်းတွေက စိတ်ပျက်စရာတွေချည်းပါပဲလား"ဟု ညည်းတွားလိုက်မိလေ သည်။
ထိုနေ့ (တနင်္လာနေ့)မှာ ဆယ်လီ၏ မွေးနေ့ဖြစ်သည်။
ခရိတ်နှင့် ဆယ်လီတို့သည် နံနက်စာ အတူစားသောက်ကြပြီးနောက် ဆယ်လီအတွက် မွေးနေ့ လက်ဆောင် တစ်ခု ရယူရန် ကင်းလင်းဘက်သို့ သွားကြလေသည်။
အမှန်တော့ ထိုလက်ဆောင်ကို ခရိတ်က စောစောကပင် ကြိုတင်ဝယ်ယူထားပြီး ကင်းလင်း မွေး မြူရေးခြံ၌ အိုဗာဆိယာ (အလုပ်ကြီးကြပ်သူ)၏ ဇနီးထံတွင် ခေတ္တအပ်နှံထားခဲ့ခြင်းဖြစ်သည်။ ရည် ရွယ်ချက်ကား ဆယ်လီအနေဖြင့် ကြိုတင်မသိဘဲ လက်ဆောင်ကို မြင်ဖူးသည့်အခါ အံ့သြ၀မ်း မြောက်သွား စေရန်ပင် ဖြစ်သည်။
တကယ်လည်း ဆယ်လီသည် ခရိတ်ပေးသော မွေးနေ့လက်ဆောင်ကို မြင်လျှင် "ဟင်…လှလိုက် တာနော်၊ ချစ်စရာကလေး"ဟု ၀မ်းမြောက်ဝမ်းသာ ရေရွတ်လိုက်လေသည်။
"အေး…ဟုတ်တယ်၊ အခုဆိုရင် မင်းကို ကင်းလင်းခြံကြီးမှာ ကြာရှည်နေချင်အောင် ဆွဲဆောင်ထား ဖို့ ငါ့မှာ အဖော်တစ်ဦး တိုးလာပြီကွဲ့ ဟဲဟဲ"
ခရိတ် က ရယ်သွမ်းသွေး၍ ပြောလိုက်သည်။
ဆယ်လီအတွက် မွေးနေ့လက်ဆောင်အဖြစ် ခရိတ်က ပေးလိုက်သည်မှာ အလွန်လှပ ချစ်စရာ ကောင်းသော ပျားရည်အသွေးရှိသည့် ခွေးငယ်ကလေးတစ်ကောင်ပင် ဖြစ်သည်။
ဆယ်လီ သည် ခွေးကလေး၏ နှာခေါင်းကို အသာနမ်းရှုပ်လိုက်ရာ ခွေးကလေးကလည်း ဆယ်လီ၏ ပါးစပ် ကို လျှာဖြင့် ပြန်လျက်ပေးလေသည်။
"ဒီခွေးကလေး အမျိုးအစားက ရိုဒီးရှား ခွေးခြင်္သေ့လို့ ခေါ်တယ်။ အခုတော့ တိုင်းပြည်ရဲ့ နာမည် ပြောင်းလာတော့ ဇင်ဘာတွေ ခွေးခြင်္သေ့လို့ခေါ်ရမလား မပြောတတ်ဘူး"
ခရိတ် က ရယ်မော၍ ပြောလိုက်သည်။
ခွေးကလေးမှာ အလွန်ဝဖီးလျက် ကျန်းမာသန်စွမ်းပုံ ရလေသည်။
"ဒီမယ် ခွေးကလေးရဲ့ ရှေ့ခြေထောက်နှစ်ချောင်းနဲ့ ခြေသည်းတွေကို ကြည့်ပါဦး။ ကြီးလာရင် တော့ အတော်ကြောက်စရာ ကောင်းမယ့်ပုံပဲနော်။ သြော် ဒါထက် ကျွန်မ ဒီခွေးကလေးကို ဘယ်လို နာမည် ပေးရရင် ကောင်းမလဲ"
"ဒါတော့ တို့နှစ်ယောက် ၀ိုင်းစဉ်းစားကြတာပေါ့ကွာ"
ဤသို့ပြောပြီး ခရိတ်သည် ထိုနေ့အဖို့ ဆယ်လီ၏ မွေးနေ့ဖြစ်၍ အလုပ်ပိတ်ရက်ဟု သတ်မှတ် လိုက်သည်။
ထို့ပြင် ဆယ်လီနှင့် ပျော်ပွဲစားထွက်မည်ဟုဆိုကာ မလှမ်းမကမ်းရှိ ရေကာတာကြီးအနီး တောစပ် သို့ စားသောက် ဖွယ်ရာများယူ၍ သွားကြလေသည်။
ပျော်ပွဲစား ထွက်ရင်း ခွေးငယ်ကလေးအတွက် နာမည်ပေးရန် စဉ်းစားကြခြင်းပင် ဖြစ်သည်။
လူသူမနီးသော အရပ်ဖြစ်၍ တော၏ သဘာဝအလှတို့သည် အထူးပင် သာယာကြည်နူးဖွယ် ကောင်းနေလေသည်။
အဘိုးကြီး ဂျိုးဇက်က အလိုက်သိစွာ စားစရာ ခြင်းတောင်းထဲတွင် ၀ိုင်အရက်တစ်ပုလင်းပါ ထည့် ပေးလိုက် သဖြင့် နှစ်ယောက်သား ၀ိုင်တစ်ခွက်စီသောက်ရင်း ပတ်ဝန်းကျင်၏ လှပသာယာမှုကို ငေးမော ကာ အရသာ ခံစားနေမိကြလေသည်။
ခွေးငယ်ကလေးသည်လည်း ပျော်ရွှင်မြူးတူးဟန် ပြေးလွှား ခုန်ပေါက်ကာ ပိုးကောင်၊ နှံကောင်များ ကို လိုက်ဖမ်းနေလေသည်။ အတန်ကြာမှ မောပန်းသွားလျက် ဆယ်လီ၏ ဘေးနားခင်းထားသော ကော်ဇောပေါ်တွင် လျောင်းအိပ်နေလေသည်။
ချက်ချင်းလိုပင် ခွေးကလေးသည် အိပ်ပျော်သွားရာ ဆယ်လီက-
"ဒီမယ်ရှင့်၊ ခွေးကလေး အိပ်နေရှာတယ်။ သူနိုးလာအောင် ဆူဆူညံညံ မလုပ်ပါနဲ့"ဟု ခပ်တိုးတိုး ပြောလိုက်သည်။
ပျော်ပွဲစားထွက်ရာမှ ပြန်လာသောအခါ လမ်းတွင် ဆယ်လီက-
"ကျွန်မတို့ ဒီနေ့တစ်နေ့လုံး စိတ်ညစ်စရာ၊ စိတ်ပျက်စရာ အကြောင်းတွေ တစ်ခုမှ မပြောမိကြဘူး နော်"ဟု ပြောရာ ခရိတ်ကလည်း ခေါင်းညိတ်လိုက်သည်။
"အေး ဟုတ်တယ်၊ ဒီအတိုင်းပဲ ဆက်နေကြရအောင်၊ စိတ်ညစ်စရာတွေ ဘာမှ မပြောကြစတမ်း"
"ကျွန်မ စိတ်ကူးရပြီရှင့်၊ ခွေးကလေးကို ဘတ်စတာလို့ နာမည်ပေးလိုက်တော့မယ်"
"ဘာကြောင့် ဒီနာမည်ကို ရွေးတာလဲကွဲ့"
"ကျွန်မ ငယ်ငယ်တုန်းက ပထမဆုံး လက်ဆောင်အဖြစ် ရရှိတဲ့ ခွေးကလေးကို ဘတ်စတာလို့ နာမည်ပေးခဲ့ဖူးတယ်"
"သြော် ဒီလိုလား"
သို့နှင့် ခွေးကလေးသည် ထိုအချိန်မှစ၍ ဘတ်စတာဟု နာမည်တွင်သွားလေတော့သည်။
ခရိတ်သည် သေနတ်သံများ ဆူညံစွာထွက်ပေါ်လာသောကြောင့် ရုတ်တရက် အိပ်ရာမှ နိုးလာလေ သည်။ စစ်ပွဲအတွေ့အကြုံရှိသူဖြစ်၍ သူသည် ချက်ချင်းပင် အိပ်ရာမှထလိုက်သည်။ သေနတ်သံက မောင်းပြန် ရိုင်ဖယ် သေနတ်သံဖြစ်ပြီး အလွန်နီးကပ်သောနေရာဖြစ်ကြောင်းကိုလည်း ရိပ်မိလေ သည်။
သေနတ်သံများသည် ဆက်တိုက် ထွက်ပေါ်လာခြင်းမဟုတ်ဘဲ ပစ်လိုက်၊ ခေတ္တရပ်လိုက်၊ တစ်ဖန် ပြန်ပစ်လိုက်သံမျိုး ဖြစ်သည်ကို ထောက်ခြင်းအားဖြင့် လေ့ကျင့်မှုရှိသူ စစ်သားများ ပစ်ခတ်နေခြင်း ဖြစ်ကြောင်း ထင်ရှားလေသည်။
အသံကြားရာ နေရာကို ခန့်မှန်းကြည့်ရာ အလုပ်သမားများအိပ်ရာ သို့မဟုတ် ၀ပ်ရှော့ (အလုပ်ရုံ) ဆီမှ ဖြစ်နိုင်သည်ဟု ခန့်မှန်း တွက်ဆမိလေသည်။
ခရိတ်သည် သူ၏ ခြေထောက်အတုကို လျင်မြန်စွာ တပ်ဆင်လိုက်ပြီးနောက် အိပ်ပျော်နေသူ ဆယ်လီ အား နှိုးလိုက်သည်။
"ဘာများလဲရှင့်"
ဆယ်လီက အိပ်ချင်မူးတူးဖြစ်လျက် ပြန်မေးလေသည်။
"ရော့ အ၀တ်အစား မြန်မြန်ပြန်ဝတ်လိုက်။ ပြီးတော့ ခုတင်ဘေးနားမှာ ၀ပ်နေလိုက်ပါ"
ဆယ်လီလည်း ကပျာကယာ အ၀တ်အစားများ ကောက်ဝတ်နေစဉ် ခရိတ်သည် အခြေအနေကို စဉ်းစားသုံးသပ်ကြည့်လေသည်။ အိမ်တွင် လက်နက်ဆို၍ မီးဖိုခန်းမှ သားလှီးဓားအပြင် ဘာ သေနတ်မှ မရှိချေ။
အိမ်ကို ကာကွယ်ရန် သဲအိတများလည်းမရှိ။ စစ်တပ်သဘောနှင့် သုံးသပ်လျှင် ရန်သူတိုက်ခိုက် ခြင်းမှ ကာကွယ်ရန် အကာအရံ အဟန့်အတား (သံဆူးကြိုးကာရံထားခြင်းမျိုး)လည်း မရှိသည့် အပြင် ဆက်သွယ် ရန် ရေဒီယိုဆက်သွယ်ရေး စက်ကိရိယာများပါ မရှိသည့် အခြေအနေ ဖြစ်နေပေ သည်။
တစ်ချိန်ကဆိုလျှင် ဇင်ဘာတွေ (ရိုဒီးရှား)နိုင်ငံ၌ မျက်နှာဖြူ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များသည် မိမိတို့၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးအတွက် အထက်ဖော်ပြပါ လက်နက်ခဲယမ်း၊ ရေဒီယို ဆက်သွယ်ရေးစက် စသည်တို့ အပြည့်အစုံ ရှိခဲ့ကြသည်။
သို့သော် ယခုတော့မူ မိမိမှာ ရန်သူကို ခုခံကာကွယ်ရန် ဘာမျှမရှိ၊ ဗလာနတ္ထိ ဖြစ်နေသည်။
သို့ ဆင်ခြင်သုံးသပ်မိနေစဉ်မှာပင် နောက်ထပ် ရိုင်ဖယ်သေနတ်ပစ်သံတွေ ထွက်ပေါ်လာပြန် သည်။ တစ်ချိန်တည်း မှာပင် အမျိုးသမီးတစ်ဦး ငယ်သံပါအောင် ဟစ်အော်လိုက်သံကို ကြားရပြီး နောက် ချက်ချင်း လိုပင် အမျိုးသမီး၏ အသံ တိတ်သွားသည်။
"ဘာတွေ ဖြစ်နေတာလဲရှင့်၊ အခုပစ်နေတာက ဘယ်သူတွေလဲ။ အစိုးရကို တော်လှန်တိုက်ခိုက်နေ တဲ့ သူပုန်တွေလား"
ဆယ်လီက မေးလိုက်ရာ ခရိတ်ကလည်း-
"ငါလည်း မပြောတတ်ဘူး။ ဒါပေမဲ့ ငါတို့က အကျိုးအကြောင်း သိရအောင်ဆိုပြီး ဒီမှာ ငုတ်တုတ် ထိုင်နေလို့ မဖြစ်ဘူး"ဟု ပြန်ပြောလိုက်သည်။
ထိုအချိန်၌ သူ၏ မျက်နှာထားမှာ ကြီးမားသော အန္တရာယ်တစ်ခု ရင်ဆိုင်ရလုဆဲဆဲ လူတစ်ယောက် ကဲ့သို့ တင်းမာ လျက် ရှိလေသည်။
ခရိတ်သည် အိမ်ခေါင်မိုးဆီသို့ လှမ်းကြည့်လိုက်မိသည်။ သက်ငယ်မိုးဖြစ်၍ အလွန်မီးလောင်လွယ် ကြောင်း ချက်ချင်း တွေးမိသဖြင့် အန္တရာယ် များလှသော ဤအိမ်အတွင်း ဆက်မနေဘဲ ပြင်ဘက် တောစပ်ထဲသို့ အမြန်ဆုံး သွားရောက်မှ သင့်မည်ဟုလည်း စဉ်းစားမိလေသည်။
အရေးကြီးသည်ကား ယခု လောလောဆယ်တွင် ပစ်ခတ်နေသူများ မိမိတို့ဘက်သို့ အာရုံမစိုက် အောင် တစ်ခုခု အာရုံပြောင်းအောင် လုပ်ရန်ပင် ဖြစ်သည်။
ဤတွင် ခရိတ်သည် အကြံတစ်ခု ရလာသဖြင့်-
"ဟေ့…ဒီမှာပဲ ခဏနေလိုက်ပါ။ အရေးရှိရင် ချက်ချင်း ပြေးနိုင်အောင်လည်း ဖိနပ် အသင့်စီးထား။ ငါ အခုပဲ ပြန်လာခဲ့မယ်"ဟု ဆယ်လီအား ပြောပြီးနောက် လေးဖက်တွားလျက် ပြတင်းပေါက်နားဆီ သို့ သွားလိုက်သည်။
ထို့နောက် အခန်းထဲမှ ထွက်၍ အပြင်ဘက် စင်္ကြံသို့ အသာထွက်လိုက်သည်။
တယ်လီဖုန်း ဆက်ရန် ကြိုးစားမည်ကြံသော်လည်း ထိုအချိန်၌ (သူထင်သည့်အတိုင်း) တယ်လီဖုန်း ၀ိုင်ယာကြိုး များကို တစ်စုံတစ်ယောက်က ဖြတ်တောက်ထားသဖြင့် မည်သို့မှ ဆက်၍ မရချေ။
ခရိတ်သည် ရန်သူသေနတ်သမားများအား အာရုံပြောင်းလွဲအောင် ဘာလုပ်ရပါမည်နည်းဟု စဉ်း စားကြည့်ရင်း မီးအလင်းရောင်ဖြင့် ဖန်တီးရလျှင် ဖြစ်နိုင်လိမ့်မည်ဟု စိတ်ကူးရမိလေသည်။
သူတို့၏ ကိုယ်ပိုင် လျှပ်စစ်အင်ဂျင်မီးစက်ကို ထိန်းချုပ်သော ရီမို့ကွန်ထရိုးခေါ် အဝေးမှ ထိန်းချုပ် ၍ရသည့် ခလုတ်တစ်ခု အိမ်တွင်း၌ထားရှိရာ ခရိတ်သည် ထိုလျှပ်စစ်ခလုတ်ကို နှိပ်လိုက်လေ သည်။
ခြံဝင်းတစ်နေရာရှိ လျှပ်စစ်အင်ဂျင်စက်သည် ချက်ချင်းစက်နိုးလာပြီး ခြံကြီးအတွင်းရှိ မီးလုံးများ ချက်ချင်း ထိန်လင်းလာလေသည်။
ခရိတ်သည် အိမ်တွင်းရှိမီးလုံးများကို ထိန်းချုပ်သောခလုတ်ကို ပိတ်လိုက်ရာ အိမ်အတွင်း မှောင် မိုက်သွားလေသည်။ ပြင်ဘက်ခလုတ်မှ မီးလုံးများကိုမူ ဖွင့်ထားလိုက်သည်။
အိမ်၏ နောက်ဖေးဘက်တွင် မှောင်နေရာ ခရိတ်သည် ဆယ်လီနှင့်အတူ နောက်ဖေးဘက်မှ ထွက် ပြေးရန် စိတ်ကူးမိလေသည်။
ယခုအချိန်အထိ သေနတ်သမားများသည် အိမ်ကြီးဆီသို့ ပစ်ခတ်တိုက်ခိုက်ခြင်း မပြုသော်လည်း အချိန် မရွေး အိမ်ဘက်သို့လှည့်လာနိုင်သောကြောင့် အလွန်ပင် အန္တရာယ်နီးကပ်နေကြောင်းကို လည်း ထည့် စဉ်းစားမိလေသည်။
ခရိတ်သည် မီးဖိုခန်းမှတစ်ဆင့် ပြင်ဘက်သို့ပြေးထွက်ပြီး ခေတ္တရပ်၍ အခြေအနေကို အကဲခတ် ကြည့် လေသည်။
ခြံဝင်းအတွင်းရှိ ပန်းခြံနှင့်မြက်ခင်းပြင်တို့သည် လျှပ်စစ်မီးရောင်တွင် စိမ်းလန်းစိုပြည်နေလျက် လှပ နေလေသည်။
ထိုအချိန်၌ သေနတ်ပစ်သံများ ရပ်စဲသွားပြီဖြစ်သော်လည်း အလုပ်သမားများ အိမ်ရာဘက်ဆီမှ မိန်းကလေးတစ်ယောက် ငိုကြွေးနေသံကို ကြားရလေသည်။ ငိုကြွေးနေပုံကလည်း ချစ်ခင်မြတ်နိုး သူတစ်ဦး သေဆုံး၍ ပရိဒေ၀မီး တောက်ကာ ငိုကြွေးနေပုံမျိုး ဖြစ်လေသည်။
ခရိတ်သည် ငိုသံကြားရချိန်၌ ကြက်သီးမွေးညင်းများထကာ ကျောချမ်းသွားမိလေသည်။
မွေးမြူရေးခြံကြီး၏ အနေအထားက ကုန်းမြင့်တွင် တည်ရှိလေရာ ရန်သူသေနတ်သမားများသည် မလွဲမသွေ ကုန်းမြင့်မြေဆီသို့ တက်လိမ့်မည်ဟု ခရိတ်က တွက်မိလေသည်။
ထို့ကြောင့် အိမ်ထဲပြန်ဝင်၍ ဆယ်လီအား အမြန်ဆုံးခေါ်ထုတ်မှ ဖြစ်ချေတော့မည်ဟု တွေးနေစဉ် မှာပင် ခြံဝင်း တစ်နေရာမှ လျှပ်စစ်မီးရောင်၏ ပြင်ဘက် မှောင်ရိပ်အစပ်၌ လှုပ်ရှားမှုလိုလို သတိပြု မိလေသည်။ လူတစ်ယောက် ၏ လှုပ်ရှားမှုဖြစ်၍ မည်သူမည်ဝါဖြစ်ကြောင်း သိချင်လာသည်။
မိမိအား လာရောက်တိုက်ခိုက်သူများသည် မည်သူမည်ဝါတွေဖြစ်ကြောင်း သိရပါက မိမိတို့ဘက်မှ တစ်ပန်းသာလိမ့်မည်ဟု တွက်မိသောကြောင့်ပင် ဖြစ်သည်။
စောစောက မြင်လိုက်ရသော လှုပ်ရှားမှုသည် လူတစ်ယောက် ပြေးလာနေခြင်းဖြစ်ကြောင်း သဲကွဲ စွာမြင်ရပြီ ဖြစ်သောအခါ ထိုလူသည် အိမ်ကြီးဘက်ဆီသို့ ပြေးလာနေခြင်းဖြစ်သည့် အာဖရိက တိုင်းရင်းသား လူမည်းတစ်ဦးဖြစ်ပြီး အ၀တ်အစားဆို၍ ခါးတွင် ပိတ်စတစ်ခုသာ ပတ်ထားလေ သည်။
အခန်း (၂ဝ) ဆက်ရန်
.

2 comments:
Thanks.
Sometimes i forgot i was reading about ZMB.
Ray
စစ်ပွဲကတော့ စပြီထင်တယ်နော်.
ဖတ်လို့ အရမ်းစိတ်ဝင်စားလာပြီဗျ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
Post a Comment