Thursday, September 2, 2010

မဝင်းမြင့် (ခေမာသောင်ကမ်း) အပိုင်း (၁၂)

"ကျွန်မလဲ အရင်လိုကြာမပြစ်တော့ အပိုဝင်ငွေ မရတော့ဘဲ ဈေးရောင်းတဲ့ ငွေရိုးရိုးပဲ ရတာပေါ့။ အမေက မကျေနပ်ဘူး။ အမျိုးမျိုးဆဲဆိုရိုက်နှက်ခိုင်းတာ မရတော့ ငွေများများ ကန်တော့မယ်ဆိုတဲ့ ကုလားကို ယူဖို့နားချတယ်လေ။ မရရင် သူမွေးထားတဲ့ လူမိုက်ကပါ ကူဖို့ အသင့်ဖြစ်နေတယ်။ ကျွန်မကလဲ လူမျိုးခြားတော့ လင်မလုပ်ဘူးဆိုပြီး ဖြစ်ချင်ရာဖြစ် သဘောထားပြီး အစ်ကို ပြောခဲ့ဘူးတဲ့ မြို့နာမည်မှတ် ပြေးလာခဲ့တာပါ အစ်ကို။ အစ်ကို လက်မခံချင်ရင် ဘေးကင်း ရန်ကင်းရာကို လမ်းညွန်ပေးပါ အစ်ကိုရယ်''

    ''မေစန်းရီလို အပျိုအရွယ်ကလေး တစ်နေရာကို လွယ်လွယ်ပို့ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး၊ သေသေချာချာ စိတ်ချရတဲ့ နေရာမျိုးတွေ့မှ ပိုလို့ကောင်းမယ်။ အခုတော့ ကျွန်တော်အိမ်မှာပဲ နေဦးပေါ့ ဦးလေးညွန့် နဲ့ တိုင်ပင်နေကြပါ''

    ခင်မောင်ကြီးက ကြင်နာငဲ့ညှာသော စိတ်ထားဖြင့် ဦးဘိုးညွန့် တစ်ယောက်လုံး အဖော်ရှိနေ သည်ဟု မေစန်းရီအား လက်ခံထားလိုက်သည်။ မေစန်းရီသည် ခေါက်ဆွဲမှာ ထိုင်စဉ်မှာ ထိုင်စဉ်က အမူအရာ မျက်နှာပေးများသည် အရေခွံခွာချလိုက်သလို လုံးဝ ပျောက်သွားခဲ့သည်။ ခင်မောင်ကြီးနှင့် ဆက်ဆံရာ၌ အစ်ကိုတစ်ယောက်ကို ဆက်ဆံသလို ကျိုးနွံစွာဆက်ဆံသည်။ အိမ်ထိန်းသိမ်းရေးနှင့် ခင်မောင်ကြီး၏ ဝေယျာဝစ္စများကို လိုလေသေးမရှိ ပြုစုလုပ်ကိုင်ပေးသည်။ ဧည့်သည်လာလျှင် အရိပ် အယောင် မတွေ့အောင် သိုသိပ်စွာနေသည်။

အိမ်ထဲက အိမ်ပြင် မထွက်ချေ။ ခင်မောင်ကြီးနှင့် နှစ်ယောက်ချင်း ဘယ်အခါမှ မနေချေ။ မေစန်းရီ၏ အနေအထိုင်သည် မိကောင်းဖခင် သားသမီး ပီသလှသည်ကို နေ့စဉ်ရက်ဆက် တွေ့နေမြင်နေရသော ခင်မောင်ကြီး၏ စိတ်ထဲမှာ လေးလေးစားစား ဖြစ်လာသည်။ ချောမောလှပသော ရုပ်ရည်လေးနှင့် တွယ်တာရာမဲ့ ဘ၀မှာ ရင်နာစရာအဖြစ်မျိုး ကြုံလာရသူကလေးပါတကားဟု တွေးမိခါ သနားစိတ်က ပိုလာသည်။ ကြာသော် ခင်မောင်ကြီး၏ စိတ်မှာ သဒ္ဒါလွန်၍ တဏှာကျွံမိလေတော့၏။

    ''စဉ်းစားပါဦး အစ်ကို၊ ဘ၀အခြေအနေခြင်း ဘယ်လိုမှ ဆက်စပ်မရသူတစ်ယောက်ပါ။ အစ်ကို့အရိပ်မှာ ဘေးကင်းရန်ကင်း ခိုလူံနေရတဲ့ ကျွန်မဘ၀ကို ကျေနပ်လို့ အစ်ကို့ကျေးဇူးတွေကို နေ့စဉ် အောက်မေ့ နေရပါတယ်။ ကျေးဇူးရှင်ကို ကျေးစွပ်သလို အဖြစ်မျိုး ကျွန်မ မရောက်စေချင်ပါဘူး အစ်ကို ရယ်''

    မေစန်းရီသည် ခင်မောင်ကြီးက သူ့မေတ္တာကို ဖွင့်ဟသောအခါ အဖိုးတန် လူတစ်ယောက်ကို ငါအရတော်လေခြင်းဟု အာသာငန်းငန်း ၀မ်းပန်းတသာမဖြစ်ဘဲ သူ့ဘက်က ချို့ယွင်းချက်တွေကို တင်ပြတားဆီးရှာသည်။ ထိုအခါ ခင်မောင်ကြီးစိတ်မှာ ပိုပြီး တန်းဖိုးထားမိပြန်သည်။ ပေါ့ပျက်တဲ့ စိတ်မျိုးထားတဲ့ မိန်းမဆိုရင် အခုလို ငါကပြောမှာတောင် မစောင့်ဘဲ ကြော့ကွင်းနဲ့ ထောင်ဖမ်းတာ ကြာလှရော့မယ်။ အခုတော့သူ သစ္စာရှိသူကလေးဖြစ်လို့ ဒီစကားမျိုးပြောတာဟု တွေးသည်။ သနားကြင်နာစိတ်က အရင်းခံပြီး ပေါ်လာသော မေတ္တာမျိုးဖြစ်၍ ခင်မောင်ကြီး၏ အချစ်မှာ တည်ငြိမ် လေးနက် လှသည်။

    ''အစ်ကို အသေအချာ စဉ်းစားပြီးလို့ စိတ်ကို ပိုင်ပိုင်နိုင်နိုင်ကြီးဆုံးဖြတ်ပြီး ဖွင့်ပြောတာပေါ့ မေစန်းရီ၊ အစ်ကို့စကား မယုံဘူးလား'' ခင်မောင်ကြီးကမေးသည်။
    ''ယုံကြည်ပါတယ် အစ်ကို၊ ကျွန်မဘက်က နာမည်ပျက် ရှိထားတော့ လက်ထပ်ပြီးမှ မလိုသူ တွေ ပါးစပ်လေလှိုင်းကြောင့် အစ်ကို့စိတ်ကို မကြည်မလင်ဖြစ်လာရင် အိမ်ထောင်ရေးမှာ စိတ်ဆင်းရဲစရာ ပေါ်လာမှာ စိုးရိမ်ပါတယ်၊ အစ်ကို့အနေနဲ့ နာမည်သိက္ခာ စင်ကြယ်ပြီး အဆင့် အတန်းချင်းတူသူ မိန်းမကိုသာ ယူပါလားအစ်ကို''

    မေစန်းရီက ငြိမ်သွားသည်။ သူ့စိတ်ထဲမှာ ခင်မောင်ကြီးကို အားကိုးသည်၊ ချစ်သည်။ သို့သော် သူလိုမိန်းမမျိုးနှင့် လုံးဝမထိုက်တန်ဟု စိတ်ထဲမှာ မှတ်ယူထားခြင်းကြောင့် အချစ်စိတ်ကို မျိုသိပ်သိုဝှက် ကာ မောင်နှမလို ဆက်ဆံလာခဲ့ခြင်းဖြစ်သည်။ ယခု ခင်မောင်ကြီးက ပွင့်ပွင့်လင်းလင်း ပြောဆိုသော အခါ သူ့လိုမိန်းမ ယူမိ၍ သူများတွေက ခင်မောင်ကြီးကို ကဲ့ရဲ့လေမည်လားဟုတွေးကာ ခင်မောင်ကြီး အတွက် ငဲ့ညှာ သနားမိပြန်သည်။ သို့သော် ဇွတ်အတင်းပြောနေသော ခင်မောင်ကြီး၏ စကားကို ငြင်းပယ်ရန် မဖြစ်နိုင်တော့ချေ။

    ''ဘယ်လိုလဲ မေစန်းရီ.....လက်ထပ်မယ် ဟုတ်လား''
    ခင်မောင်ကြီး၏စကားကို မေစန်းရီက မျက်ရည်ဝိုင်းသော မျက်လုံးဖြင့် ဦးခေါင်းညိတ်ပြလိုက် လေတော့သည်။
    ခင်မောင်ကြီးနှင့် မေစန်းရီးတို့ လူသိရှင်ကြား လက်ထပ်လိုက်ကြသည်။ ဖွားအိခင်က ဆတ် ဆတ်ခါအောင် စိတ်ဆိုးသော်လည်း လွန်ပြီးသည့် ကိစ္စကို အတင်းအကြပ် မဖျက်ဆီးတော့ချေ။ ပစ္စည်း ဥစ္စာကို အထိုက်အလျောက်ခွဲပေးပြီး နေမြဲတိုင်းပင် အဆက်အသွယ် အလုပ်တော့ဘဲနေလိုက်သည်။ ဦးဘိုးညွန့်ကား ခင်မောင်ကြီးတို့နှင့် မခွဲမခွာ အတူတကွပင် နေလျက်ရှိ၏။

    လူမှန်းသိတတ်စ အရွယ်မှ ခင်မောင်ကြီးအိမ် ရောက်သည့်တိုင်အောင် စိတ်ဆင်းရဲမှုတွေကို သာ မေစန်းရီကား လက်ထပ်ပြီးချိန်မှစ၍ မိုးဆမ်းပန်းသို့ ရွှင်လန်းအေးမြရတော့သည်။ ဇနီးမောင်နှံ နှစ်ယောက် တစ်ဦးကိုတစ်ဦး ချစ်ခင်ယုယ အလိုလိုက်ပုံတွေမှာ ကိန္နရီ မောင်နှံလို ဖြစ်နေကြသည်။ ဤ အချိန်မှာ သာယာချမ်းမြေ့သော ခင်မောင်ကြီးနှင့် မေစန်းရီတို့ အိမ်ထောင်ပြိုကွဲအောင် တိုက်ခတ်မည့် လေနီကြမ်း ဆင်နေပြီကို ချစ်ခင်ကြည်နူးနေကြသော ဇနီးမောင်နှံ နှစ်ယောက်က မသိနိုင်ရှာကြပေ။

    ဤနေ့ကား စနေနေ့ ဖြစ်သည်။ ခင်မောင်ကြီးက နေ့ဝက်နှင့် ရုံးဆင်းရမည်ဖြစ်၍ ညနေစာ စောစောစားပြီး ဇနီးမောင်နှံနှစ်ယောက်အိမ်က စောစောထွက်ကာ အေးအေးဆေးဆေး လမ်းလျှောက် သွားပြီး ရုပ်ရှင်ကြည့်ကြမည်ဖြစ်သည်။ မေစန်းရီသည် ညနေစာအတွက် ဟင်းကိုရော၊ ခင်မောင်ကြီး ပြန်ရောက်လျှင်ရောက်ခြင်း အဆာပြေစားနိုင်ရန် စားသောက်ဖွယ်ရာကိုလည်းကောင်း ဖျတ်လတ်လျင် မြန်စွာ ချက်ပြုတ်လုပ်ကိုင်နေသည်။ မေစန်းရီ ရောက်လာပြီးမှ ဦးလေးညွန့်သည် ဈေးဝယ်ထွက် ပေးရသည့် အလုပ်ကလွဲလျှင် မယ်မယ်ရရ အလုပ်မလုပ်ရတော့ သောကြောင့် များစွာသက်သာနေ သဖြင့် မေစန်းရီကို တစ်ဖက်တစ်လမ်းက ကျေးဇူးတင်နေသည်။

အသက်အရွယ် ကြီးရင့်ပြီဖြစ်၍ ငယ်စဉ်ကလို လုပ်ရကိုင်ရသည်မှာ မဖျတ်လတ်တော့ချေ။ တစ်ခါတစ်ရံ မောပန်းလာသည်။ သို့သော် ခင်မောင်ကြီး ဝေယျာဝစ္စကို သူများလက်အပ်ရန် စိတ်မချသောကြောင့် အမောခံပြီး ကိုယ်တိုင်လုပ်ကိုင် နေသဖြင့် ကိုယ်တိုင်လုပ်ကိုင်နေခြင်ဖြစ်ရာ မေစန်းရီ ရောက်လာမှ နားခွင့်ရသည်။ အေးအေးဆေးဆေး အချိန်အခါယူခါ ဘုရားရှိခိုးနိုင်၊ ပုတီးစိပ်နိုင်သည်။ ထို့ကြောင့် မေစန်းရီကို သနားကြင်နာ ရှိစွဲရှိရာမှ ကျေးဇူးတင်စိတ်ကပါ ပေးလာသည်။

    ''ဦးလေးညွန့်ရေ အားလုံးပြီးကုန်ပြီ၊ အိမ်ရှေ့မှာ ခဏစောင့်နေလိုက်ပါဦးနော်၊ ကျွန်မ ရေချိုး လိုက်ချင်လို့ပါ''
    မီးဖိုထဲကထွက်လာသော မေစန်းရီက ပြော၏ ။
    ''အေး-အေး မိန်းကလေး..... ''
    ဦးဘိုးညွန့်က ပြန်ပြောခါ အိမ်ရှေ့ခန်းတွင် ပုတီးစိပ်ရင်း ခင်မောင်ကြီး ပြန်လာလျှင် တံခါးဖွင့် ပေးရန် စောင့်နေသည်။ မေစန်းရီသည် ရေချိုးပြီး လှပစွာ ပြင်ဆင်ခြယ်မှုန်း ၀တ်စားပြီး၍ အိမ်ရှေ့ခန်း ထွက်လာသည်။ ထိုအခို်က်မှာပင် အပြင်ဘက်က တံခါးခေါက်သံ ကြားလိုက်ရသဖြင့်-
    ''ဘယ်က ဧည့်သည်များပါလိမ့်''

    ဟု ဦးဘိုးညွန့်က တီးတိုးပြောရင်း တံခါးဖွင့်လိုက်သည်။ ၀င်ရောက်လာသော ဧည့်သည်ကား မည်သည့်နည်းနှင့်မှ မေစန်းရီ မလိုလား မနှစ်မြို့နိုင်သော သူ့အထိန်းတော်ကြီးဖြစ်သူ အမေနှင့် သူ့လက်စွဲတော် မောင်အုန်း ဖြစ်သည်။ မေစန်းရီသည် သူတို့နှစ်ယောက်ကို မြင်လိုက်ရသောအခါ ကြောက်ရွံ့တုန်လှုပ်စရာ အကြောင်းမရှိတော့၍ မကြောက်သောငြားလည်း သူတို့လာခြင်းကား ကောင်းသောလာခြင်း မဟုတ်၊ ဘေးဒုက္ခပေးရန် ရောက်လာကြခြင်းသာ ဖြစ်ရမည်ဟု အတတ်သိလို့ တွေးခါ စိတ်ထဲမှာ အကြီးအကျယ် အချမ်းမြေ့မှုကို ခံစားလိုက်ရသည်။ ထို့ကြောင့် ကြိုဆိုနှုတ်ဆက်ခြင်း နေရာပေးခြင်းကိုပင် မပြုနိုငဘဲ ခပ်ကြောင်ကြောင်ပင် ကြည့်နေမိပါသည်။

    ''အမေ့ကိုတောင် မမှတ်မိတော့ဘူးလား သမီးရယ်''
    အမေက ခပ်ချိုချို စတင်ပြောသည်။
    ''သြော်...ဟုတ်ကဲ့ အမေ၊ မမျှော်လင့် ရောက်လာတော့ ရုတ်တရတ် ကြောင်သွားမိတာပါ၊ ထိုင်ကြပါ''
    မေစန်းရီက ၀တ်ကျေတမ်းကျေမျှပြောခါ ဦးဘိုးညွန့်အနီးရှိ ကုလားထိုင်မှာ ထိုင်လိုက်သည်။ အမေနှင့် သူ့တပည့်က မေစန်းရီ ညွှန်ပြသောနေရာမှာ ထိုင်ကြ၏။ အမေသည် ကာလအတန်ကြာ ကွဲကွာနေခဲ့သော မေစန်းရီကို စေ့စေ့ကြည့်သည်။ နေဂိုရ်က ချောမောလှပသော မေစန်းရီသည် ခင်မောင်ကြီးအရိပ်မှာ စိတ်ချမ်သာစွာခိုလှုံ၍ ၀န်ထောက်ကတောပီသစွာ ၀တ်စားဆင်ယင်ထားသည့် အတွက် အလှပေါ်မှာ ကျက်သရေရှိခြင်းက ဆင့်ထားသည့်အတွက် ရုပ်ရည်သည် အမေ့လက်ထဲမှာ ခေါက်ဆွဲရောင်းရင်း ကြာပစ် မြှူမြိုက်နေရသည့် ရုပ်ရည်ထက်သာလွန်မက်မောဖွယ်ရာ ကောင်းနေ သည်။ ဤရုပ်ရည်ကိုပြ၍ အနင့်သား စားသောက်လာခဲ့၇သော အမေ့အဖို့ အားရကျေနပ်ခြင်း မရှိနိုင်ခဲ့ချေ။

ထိုကြောင့် နက်နက်နဲနဲ တွေးတောစဉ်းစားခြင်း မရှိဘဲ ငွေအလုံးအခဲ ကန်တော့ပါမည်ဆို သော လူမျိုးခြားလက်အပ်ရန် စီစဉ်ခဲ့၏။ မေစန်းရီက လွတ်အောင်ရှောင်ပြေးသောအခါ ကြီးစွာသော မကျေနပ်ခြင်းဖြင့် ဒေါသ အလွန်အမင်း ဖြစ်ခဲ့ရသည်။ သို့သော် အမေ လက်မလျှော့၊ မေစန်းရီ ဘယ်ဆီရောက်နေသည်ကို အမြဲ စုံစမ်းသည်။ ယခု ခင်မောင်ကြီး၏။ ဇနီးဝန်ထောက်ကတော်ဘ၀ ရောက်နေပြီဟု သိရသောအခါ အမေ၀မ်းသာသွားသည်။ လူမျိုးခြားက ကန်တော့ပါမည် ဆိုသော ငွေကို လက်လွှတ်ဆုံးရှုံးရသည်အတွက် ထိုငွေနှင့်အညီအမျှ ပြန်ရနိုင်မည့် နည်းလမ်းကို အမေ စဉ်းစား စီစဉ်လာခဲ့သည်။

    ''သမီး တကယ်လှလွန်းတယ်ကွယ်၊ မင်းကတော်ဟန် ပီသလိုက်တာ''
    အမေက ချီးကျူး၏။ သူ့လက်စွဲတော်ကမူ စကားတစ်ခွန်းမှ မပြောချေ။ မိုက်ဟန်အပြည့်နှင့် သာ ကြည့်နေသည်။
    ''အမေလာတာ ဘာကိစ္စလဲ''
    ချီးကျူးစကားမှာ သာယာနှစ်လိုစိတ်မပေါ်ဘဲ ကိစ္စမြန်မြန်ပြီး မြန်မြန်ပြန်စေရန်ကိုသာ မေစန်းရီ က စိတ်စောနေသည်။
    ''အေး-အေး အမေ ပြောပါမယ်၊ အမေ့ကို ငွေ တစ်သောင်း ငါးထောင်ပေး သမီး၊ အမေလာတာ အဲဒီကိစ္စပဲ''
    ''ဘာကြောင့် ကျွန်မက ပေးရမှာလဲ''
    မေစန်းရီက မျက်မှောင်ကုတ်ပြီးမေးသည်။

    ''သမီး လက်ထပ်ဖို့ အမေစီစဉ်ထားတဲ့ ကိုမောင်လေးကို မှတ်မိတယ် ဟုတ်လား၊ သူ့ကို သမီးက မယူလဘဲ ထွက်ပြေးတော့ ကန်တော့ကြေးငွေ တစ်သောင်းငါးထောင် ဆုံးတဲ့ပြင် သမီးကို သူ့မယားဖြစ်ကြောင်း သတင်းစာက ကြော်ငြာမယ်၊ တွေ့တဲ့နေရာမှာ ဆွဲခေါ်မယ်နဲ့ ကြိမ်းနေလို့ အမေ အတော်တောင်းပန်ထားရတာ၊ သမီးဆီက ရတဲ့ငွေနဲ့ သူ့ကို ကျေနပ်အောင် တောင်းပန်ရမယ် သမီး၊ ဒါကြောင့်တောင်းတာ''

    အမေ့စကားကြောင့် မေစန်းရီသည် မျက်လုံးတွေ ပြာသွားအောင်ပင် ဒေါသဖြစ်လာသည်။ အံကြိတ်ခါ အသက်ကို ပြင်းပြင်းရှုလိုက်၏။ ထိုအခိုက် ခင်မောင်ကြီးက ပြန်ရောက်လာသည်။ မျက်နှာမှာ ဒေါသရောင်သန်းနေ၏။ လက်ထဲမှာ ကိုင်လာသော ရုံးစာရွက်စာတမ်းတွေ ထည့်ထားသည့် သားရေလက်ကိုင်အိတ်ကို စားပွဲပေါ်သို့ ပြစ်တင်ခါ မေစန်းရီနားက ကုလားထိုင်မှာ ထိုင်လိုက်သည်။
    ''အခုတင်ကပြောတဲ့စကား တစ်ပိုင်းတစ်စ ကြားလိုက်ပါတယ်၊ ပြန်ပြောစမ်းပါဦး''

    ခင်မောင်ကြီးလေသံမာမာဖြင့် မေး၏။ ခင်မောင်ကြီးနှင့် မေစန်းရီတို့ မျက်နှာထားကြောင့် အမေက ဒေါသထွက်လာဟန်ဖြင့် စောစောက ပြောသည့်အတိုင်း တစ်လုံးကျန် ပြန်ပြောသည်။ အမေ စကားဆုံးသောအခါ မေစန်းရီက တုန်ရည်နေသော အသံဖြင့် ပြန်ပြော၏။
    ''အမေရင်း မဟုတ်သူပီပီ ကျွန်မကို သမီးခြင်းမစာ ခိုင်းစားလာခဲ့တာ မေကျေနပ်နိုင်ဘဲ ကျွန်မရဲ့ အေးချမ်းသာယာတဲ့ ဘ၀ကို ဖျက်ဆီးပြန်တာလား၊ ဒီ မောင်လေးဆိုတဲ့ ကုလားကို အမေ့ဘာသာလက်ခံ၊ အမေ့ဘာသာ စကားပြောနေကြတာဘဲ။ ဒီအကောင်ကို ကျွန်မတစ်ခါမှ မျက်နှာ ချင်း မဆိုင်ခဲ့ဘူး၊ အမေနဲ့ ကျွန်မကို သက်သက်နာမည်ဖျက် အရှက်ခွဲပြီး ငွေညှစ်တာ၊ ဒီအကောင်နဲ့ ကျွန်မ ဘာမှလဲ မဖြစ်ခဲ့ဘူး၊ ပေးစရာငွေလဲ မရှိဘူး''

     မေစန်းရီက ပြတ်ပြတ်သားသားပင် ပြောသည်။ ဦးဘိုးညွှန်က ခင်မောင်ကြီးကို တီးတိုးသတိ ပေးထိန်းထား၏။
    ''မောင်ခင်ကြီး စိတ်ကို ချုပ်ထား၊ ဆူဆူညံညံဖြစ်လို့ လူသိကုန်ရင် မောင်ခင်ကြီး ဂုဏ်ပျက် လိမ့်မယ်''
    ဦးဘိုးညွှန့် သတိပေးစကားကြောင့် ခင်မောင်ကြီးသည် သူ့စိတ်ကို ချုပ်လိုက်သည်။ ဒီလိုလူစား တွေနှင့် လူသိရှင်ကြား ရန်ဖြစ်မှာ သူလို ပုဂ္ဂိုလ်မျိုး အဖို့ လုံးဝမသင့်လျော်ကြောင်း စဉ်းစားမိသည်။ ထို့ကြောင့်-

    ''ခင်ဗျားတို့ ပြဿနာ ခင်ဗျားတို့ရှင်းကြ''
    ဟု လွှတ်ပေးထားခဲ့ပြီး အခန်းထဲဝင်လာခဲ့သည်။ အ၀တ်အစားပင် မလဲနိုင်ဘဲ အိပ်ရာပေါ် ပြစ်လှဲ လိုက်လေသည်။ မေစန်းရီနဲ့ ဒီကုလားဖြစ်လာခဲ့တယ်ဆိုတာ ဟုတ်သလား-ဟုတ်နိုင်ပါ့မလား။ ဒီမိန်းမကြီး သြဇာ နာခံပြီး ယောက်ျားတွေကို ကြာပြစ်လာခဲ့ရတဲ့ မိန်းမတစ်ယောက်ဆိုတော့ သူ့စိတ်က မပါပေမယ့် မိန်းမကြီးက အခန်းပိတ်လွှတ်ပြီး ပေးခဲ့ဘူးလို့သာ ဒီအကောင်က ရဲရဲတင်းတင်း ကြိမ်းနေတာ ဖြစ်လေ မလား....

ဆက်ရန်.
.

3 comments:

ယု said...

ကျေးဇူးတင်ပာတယ် မရွှေဇင်ဦး။ ဖတ်သွားပြီ။

Anonymous said...

Thanks.

Ray

:P said...

ခက်ပါလား နော်...