Wednesday, September 8, 2010

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၂)

"သြော်..ကိုမောင်မောင်မျိုး လာတဲ့  ကိစ္စက ဒါလား"
မေမေခင် က ဘာကိစ္စလဲဟု တွေးရင်း မတင်မကျ ဖြစ်နေသောစိတ်က ရှင်းသွားသည်။ ယခုမှ နဖူးတွေ့ ဒူးတွေ့ အစိမ်သက်သက် တွေ့နေရခြင်းကို လည်းကောင်း မေမေခင်က သတိထားမိသည်။ ငါ့ကို ဒါလောက် တွေ့တွေ့ချင် ရင်းရင်းနှီးနှီး ခေါ်ပြောသုံးနှုန်းတာ နည်းနည်းတော့ ရဲလွန်းတယ် ထင်တယ်ဟူ၍ မေမေခင် စိတ်ထဲက တွေးပြီး အထူးသတိထားကာ တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။

"ဟုတ်ပါတယ် ခင်ရယ်..၊ ကိုမျိုးလေ ဟောဒီ ရတနာ ဆောင်မှာ မိန်းကလေး အသိမိတ်ဆွေ မရှိပါဘူး၊ အဲဒီနေ့ က ပျင်းပျင်းရှိတာနဲ့ ဒီဘက် ရောက်ဖူးတယ် ရှိအောင် လျှောက်လာရင်း ကံကောင်းချင်တော့ ခင် သီချင်း ဆိုနေတာနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ကြုံကြိုက်သွားတယ်လေ၊ အဲဒီ တော့ မိန်းကလေး အသိ မိတ်ဆွေ တစ်ယောက်မှ မရှိတဲ့ ကိုမျိုးအဖို့ ခင့် ကို ခင်မင် လေးစားတဲစိတ် ဖြစ်လာခဲ့ရပါတယ်၊ ဒါကြောင့် အခုလို လာပြီး မိတ်ဆက်ရတာပါ ခင်ရယ်၊ ကိုမျိုးကို အတင့်ရဲတယ်လို့ မထင်နဲ့နော်"

မင်းမဟော် ရွှေကျေးလို အေးမြ ကြည်လင်သော အသံဖြင့် လေသံမပြတ် ပြောနေသော မောင်မောင်မျိုးကို မေမေခင်က တော်တော် စကားသွက်တဲ့ လူပဲ ဟူသော အတွေးဖြင့် အငေးသား နားထောင်နေရာမှ ပြန်မေးလိုက်သည်။
"ရှင်က မဆောင်မှာ နေတာလား၊ နေ့ကျောင်းသာလား"
'ရှင်' က ဟူသော မေမေခင် သုံးလိုက်သည့် စကားလုံးကို မနှစ်ခြိုက်ဟန်ဖြင့်..

"ကိုမျိုးလား.. "
ဟု မောင်မောင်မျိုးက ပြန်မေး၏။
"ဟုတ်ကဲ့"
မေမေခင်က တည်တည်ပင် ပြန်ဖြေသည်။
"ကိုမျိုးက မြို့သားမဟုတ်ဘူး ခင်ရဲ့.. တောသား၊ ညောင်လေးပင်မြို့ ဟိုဘက်ရွာ တစ်ရွာကပါ၊ တက္ကသိုလ်ရောက်တော့ အဆောင်မှာ နေရတာပေါ့"
မေမေခင်က ရယ်ချင်သောစိတ်ကို ချုပ်ထိန်းထားသည့် အတွင်းက မသိမသာ ပြုံးလိုက်မိသည်။ မေးခွန်မျှ ကိုသာ မဖြေဘဲ အပိုထည့်ဖြေသည့် မောင်မောင်မျိုးကား သောကြာသား ဖြစ်နေသလားဟု တွေးမိ၏။
"ကိုမျိုးက ခင့်ကို အခုလို လာပြီး မိတ်ဖွဲ့တာကိုတော့ ခင် စိတ်မဆိုးဘဲ လက်ခံတယ် မဟုတ်လား ခင်"
မောင်မောင်မျိုးက မေးသည်။

"ဒါ စိတ်ဆိုးစရာမှ မဟုတ်ဘဲ၊ ကျောင်းသူ ကျောင်းသား အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆွေဖြစ်ချင်တယ်၊ ခင်မင်ချင်တယ် ဆိုတာ ၀မ်းသာစရာပါ ကိုမောင်မောင်မျိုး၊ ခင့်စိတ်ထားက ကျောင်းသူ ကျောင်းသား အချင်းချင်း အပေါ်မှာ မရိုင်းတတ်ပါဘူး" မေမေခင်က ယဉ်ကျေး ဖော်ရွေစွာ ပြန်ပြော သည်။
ဟို သီချင်းဆိုပြတဲ့ နေ့က တွေ့တဲ့ ခင့် သူငယ်ချင်းနှစ်ယောက်ဆိုတာ ကရော၊ ဒီကျောင်းရောက်မှ ခင်ကြ တာလား၊ ကိုမျိုး စပ်စုတတ်တယ် ရယ်လို့တော့ စိတ်မဆိုးနဲ့နော် ခင်"
"မဆိုးပါဘူး ကိုမောင်မောင်မျိုး၊ သူတို့နှစ်ယောက်က တက္ကသိုလ် ရောက်မှ ခင်ကြတာ မဟုတ်ပါဘူး၊ ခင်တို့ တစ်မြို့ထဲ နေလာခဲ့ကြတဲ့ သူသယ်ချင်းတွေပါ၊ တက္ကသိုလ်ဝင်တန်း တစ်နှစ်ထဲ အတူအောင် လာကြ လို့ တစ်ပြိုင်ထဲ ရောက်လာကြသူတွေပါ"

"သြော်.. သူတို့က ခင့်ဆီအမြဲ လာတတ်ကြတယ် ထင်တယ်"
"ဟုတ်ပါတယ်၊ စနေနေ့တိုင်း သူတို့နှစ်ယောက်က ခင့်ဆီလာကြတယ်၊ သူငယ်ချင်းသုံးယောက် တိုင်ပင်ပြီးမှ အပြင်ထွက်ကြ၊လည်ပတ်ကြပါတယ်"
"တခြားလူနဲ့ဆိုရင် ခင် အပြင်မထွက် ဘူးပေါ့"
"မထွက်ပါဘူး"
"ခင်တို့ သူငယ်ချင်း သုံးယောက် သိပ်ချစ်ကြတာပဲနော်"
"ငယ်သူငယ်ချင်းတွေ တစ်မြို့ထဲနေ တစ်ရေထဲသောက်တွေကိုး"

"ဒီလိုဆိုရင် စနေ တနင်္ဂနွေ အားရက်တွေမှာ ခင် အပြင်ထွက် ချင်ရင် ဟိုသူငယ်ချင်း နှစ်ယောက လိုက်ဖို့ အဆသ်မပြေတဲ့အခါ ကိုမျိုးကို ပြောနော်၊ ခင် စိတ်ချမ်းသာအောင် အားလုံး ကိုမျိုး ကူညီပါရစေ"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကိုမောင်မောင်မျိုး"
"အို ခင်ကလဲ ကိုမောင်မောင်မျိုးလို့ ခေါ်နေရတာ မပင်ပန်းဘူးလား၊ လွယ်လွယ်ကူကူ ကိုမျိုးလို့ပဲ ခေါ်လိုက်ပါလားခင်ရယ်"

မေမေခင်က ဤတစ်ကြိမ်မှာ ဟုတ်ကဲ့ မလိုက်ဘဲ မောင်မောင်မျိုး မျက်နှာ ပြန်ကြည့်လိုက်သည်။ ရွှန်းလဲ့တောက်ပြောင်သော မောင်မောင်မျိုး မျက်လုံးများက မေမေခင်၏ ချစ်ချင်စဖွယ် ချောမော လှပ သော မျက်နှာကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ မောင်မောင်မျိုး၏ မျက်လုံးအဓိပ္ပယ်ကို မေမေခင် က ကောင်းစွာရိပ်မိလိုက်၏။
"ခင် မှတ်စုတွေး ကူးနေတာ မပြီးသေးပါဘူး၊ ခွင့်ပြုပါဦး ကိုမောင်မောင်မျိုး၊ နောင် အဆင်ပြေလို့ တွေ့ကြမှ စကား ကြာကြာ ပြောကြတာ ပေါ့နော်"
မေမေခင် က ဧည့်နှင်ဂါထာကို လိမ္မာယဉ်ကျေးစွာ ဆိုသည်။

ဆက်ရန်
.

1 comment:

မေဓာဝီ said...

ရှေးခေတ်က ဂေါ်ပုံဂေါ်နည်း ပေါ့နော်။
ဘကျောက်တို့ခေတ်များလားမသိ။ ဟိဟိ:P