Saturday, September 4, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂ဝ)အဆက် (၂)

စစ်သားများအား ရှိုနာဘာသာဖြင့် အမိန့်ပေးသံများကိုလည်း ကြားရသည့်ပြင် စစ်သားတချို့က ကုန်ပစ္စည်း ထည့်သည့် သေတ္တာကြီးများကို ကားပေါ်မှချ၍ အိမ်ဝရန်တာသို့ သယ်ယူနေကြသည် ကိုလည်း သတိပြုမိလေသည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် တစ်စုံတစ်ခု မေးသည့်ဟန်ဖြင့် ကက်ပတိန် နီဘေဘီအား လှမ်းကြည့် လိုက်သည်။
ကက်ပတိန် နီဘေဘီကလည်း သူ ဗိုလ်ချုပ်၏ မေးခွန်းကို ဖြေကြားသည့်အနေဖြင့် ခေါင်းညိတ် လိုက်သည်။
သည်တော့ မှ ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ခရိတ်ဘက်သို့ ပြန်လှည့်လိုက်သည်။

"ကောင်းပြီ၊ ကျုပ်တို့ ဆက်ပြီး စစ်ဆေးမေးမြန်းကြမယ်။ ခင်ဗျားဟာ မာတာဘယ်လီ တိုင်းရင်း ဘာသာ စကားကို ကျွမ်းကျင်တဲ့ လူတစ်ယောက်ဖြစ်တဲ့အပြင် သူတို့ လူမျိုးတွေရဲ့ ပင်ကိုစရိုက် တွေးခေါ် ယူဆပုံများကိုလည်း နားလည်သူဖြစ်တယ်။ ဒီအချက်ကို အသုံးချပြီး ခင်ဗျားဟာ မာတာ ဘယ်လီ တိုင်းရင်းသား သစ္စာဖောက်တွေနဲ့ စကားကမ်းလှမ်းခဲ့တယ်။ ဆွေးနွေး ညှိနှိုင်းခဲ့တယ်"
"ဒါဟာ လုံးဝမမှန်ဘူး။ ကျုပ်က မာတာဘယ်လီ တိုင်းရင်းသား သစ္စာဖောက်တွေနဲ့ ဆက်သွယ် တယ်ဆိုရင် ဘယ်သူ ဘယ်ဝါဆိုတာ တိတိကျကျ ပြောနိုင်လို့လား။ မပြောနိုင်ဘူး မဟုတ်လား"
ခရိတ်က ပြောလိုက်သည်တွင် ဖွန်ဂါဘီရာသည် သူ၏ လူယုံကက်ပတိန် နီဘေဘီအား ခေါင်းညိတ် ၍ အချက်ပေး လိုက်သည်။

ကက်ပတိန်နီဘေဘီက ပြင်ဘက်သို့လှမ်း၍ တစ်စုံတစ်ခု အမိန့်ပေးလိုက်သည်။
ဤတွင် ရှိုနာစစ်သားများက လူတစ်ယောက်ကို ဆွဲခေါ်လာလေသည်။ ထိုလူမှာ အ၀တ်အစားဆို၍ ကာကီ ဘောင်းဘီတိုတစ်ထည်သာလျှင် ၀တ်ဆင်ထားသည်။ ဦးခေါင်းကို ပြောင်အောင် ခေါင်းတုံး ရိတ်ထားပြီး ခေါင်းတွင် ဒဏ်ရာဒဏ်ချက်များ ရှိနေသည့်ပြင် ခန္ဓာကိုယ်တွင်လည်း ရိုက်နှက်ထား သည့် ဒဏ်ရာများ ရှိနေပေသည်။ ဒဏ်ရာများကို ကြည့်ရခြင်းအားဖြင့် ကြံ့သားရေဖြင့် ပြုလုပ်ထား သော ကြာပွတ် ဖြင့် ရိုက်ထားခြင်း ဖြစ်ပုံရလေသည်။

"မင်း ဒီမျက်နှာဖြူလူမျိုးကို သိသလား"
ဗိုလ်ချုပ် ဖွန်ဂါဘီရာက ထိုလူအား မေးလိုက်သည်။
ထိုလူသည် မျက်လုံးပေကလတ် ပေကလတ်လုပ်၍ ခရိတ်အား ကြည့်လိုက်ပြီး-
"တစ်ခါမှ မမြင်ဖူးပါဘူး"ဟု ပြောလိုက်ပြီးကာမှ ခရိတ်ကို ရုတ်တရက်မှတ်မိသဖြင့် ဆက်မပြောဘဲ ရပ်ထားလိုက်သည်။
ခရိတ်ကလည်း ထိုလူအား မှတ်မိပြီဖြစ်သည်။ ထိုတိုင်းရင်းသားမှာ တစ်ချိန်က ခရိတ်ကိုယ်တိုင် ဇမ် ဘေဇီမြစ်ရေများစခန်း ပြုလုပ်မည့်ဒေသ၌ တွေ့ဆုံခဲ့ရသော တိုင်းရင်းသား ပြောက်ကျားသုံးဦး အနက်မှ အငယ်ဆုံး ရဲဘော် ဒေါ်လာဆိုသူပင် ဖြစ်လေသည်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ကျေနပ် သဘောကျသွားဟန်ဖြင့် ပြုံးလျက် ခရိတ်ဘက်သို့ လှည့်လိုက် သည်။
"ဘာများ ပြောချင်ပါသလဲ မစ္စတာခရိတ်"
"ကျုပ် ဗြိတိသျှသံရုံးက ပုဂ္ဂိုလ်တစ်ဦးဦးနဲ့ တွေ့ချင်တယ်။ ပြီးတော့ မစ္စဆယ်လီကလည်း အမေရိ ကန်သံရုံးကို တယ်လီဖုန်း ဆက်ချင်တယ်"
"ဒါတွေက ဖြည်းဖြည်းတော့ ဖြစ်လာမှာပေါ့ဗျာ။ အခု လောလောဆယ် အရေး၊ကြီးတာက ကျုပ်တို့ လုပ်လက်စ စစ်ဆေးမေးမြန်းတာကို အပြီးသတ်ဖို့ လိုတယ်"
ဤသို့ ပြောပြီး ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ရဲဘော် ဒေါ်လာခေါ် မာတာဘယ်လီပြောက်ကျားသူငယ် အား မျက်နှာချင်း ဆိုင်လိုက်ပြန်သည်။

"ဟေ့…ဒီမယ်၊ မင်းက ဒီလူ့ကို သိသလား"
ရဲဘော် ဒေါ်လာက ခေါင်းညိတ်လိုက်သည်။
"သိပါတယ်၊ သူက ကျွန်တော်တို့ကို ငွေတွေပေးပါတယ်"
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် သူ၏ စစ်သားများအား-

"ဟေ့…သူ့ကို ပြန်ခေါ်သွားတော့။ ကောင်းကောင်းမွန်မွန် ထားလိုက်ပါ။ ပြီးတော့ သူ့ကို စားစရာ လည်း တစ်ခုခု ကျွေးထားလိုက်"ဟု အမိန့်ပေးလိုက်ပြီးနောက် ခရိတ်ဘက်သို့ လှည့်လာပြန် သည်။
"မစ္စတာခရိတ်၊ ခင်ဗျားဟာ ကျုပ်တို့ ဇင်ဘာတွေ အစိုးရကို တော်လှန်ပုန်ကန်ဖို့ လက်နက်ခဲယမ်း တွေ စုဆောင်းသိုလှောင်ခဲ့တယ်။ လက်နက်တွေကို ဟောဒီ ခင်ဗျားရဲ့ နယ်မြေအတွင်းမှာပဲ စုထား ခဲ့တယ်။ ခင်ဗျားရဲ့ အကြံက ကျုပ်တို့ တရားဝင် အစိုးရကို ပုန်ကန်ပြီး အမေရိကန်အလိုတော်ရိ အစိုးရကို အသစ်တင် ဖို့ မဟုတ်လား"
"မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး"

ခရိတ်က ခါးခါးသီးသီး ငြင်းဆိုလိုက်ရာ ဖွန်ဂါဘီရာက သက်ပြင်းချလိုက်သည်။
"ခင်ဗျားက တော်တော် ခေါင်းမာတာပဲကိုး။ ဇွတ်အတင်း ငြင်းနေတယ်။ သို့သော်လည်း ခင်ဗျားရဲ့ ငြင်းကွယ်ချက်တွေက မခိုင်လုံဘူး"
ဤတွင် သူသည် အရပ်မြင့်မြင့် တပ်ကြပ်ကြီးတစ်ဦးအား-
"ဟေ့…ဟိုလူနှစ်ယောက်ကို ခေါ်လာခဲ့စမ်း"ဟု အမိန့်ပေးလိုက်သည်။
ထို့နောက် ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ခရိတ်အား ပြင်ဘက် ၀ရန်တာသို့ ခေါ်သွားလေသည်။

သစ်သား သေတ္တာကြီးများထားရှိရာသို့ ခေါ်သွားပြီး ဖွန်ဂါဘီရာသည် စစ်သားများအား-
"ဒီသေတ္တာကြီးတွေကို ဖွင့်လိုက်စမ်း"ဟု အမိန့်ပေးလိုက်သည်။
စစ်သားများသည် သေတ္တာကြီးများကို စတင်ဖွင့်လိုက်ရာ ခရိတ်သည် အတွင်းမှ ပစ္စည်းများကို မြင် ပြီး အံ့အားသင့်သွားမိလေသည်။

သေတ္တာကြီးအတွင်း၌ အသစ်စက်စက် သေနတ်လက်နက်များ ရှိလေသည်။ အမျိုးအစားအားဖြင့် အမေရိကန်လုပ် အာမာလိုက် အမျိုးအစား မောင်းပြန်သေနတ်များနှင့် အေအာရ် ၁၈ အမျိုးအစား မောင်းပြန်သေနတ်များကို သေတ္တာတစ်လုံးလျှင် ခြောက်လက်စီ သေသပ်စွာ ထည့်ထားလေသည်။
"ဒါတွေ ကျုပ်နဲ့ ဘာမှ မဆိုင်ဘူး။ ဘာမှလည်း မသိဘူး"
ခရိတ်က ခပ်တည်တည်နှင့်ငြင်းလိုက်ရာ ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် စိတ်တိုလာပုံ ရလေသည်။

"ဒီမယ် ခင်ဗျားက ကျုပ်စိတ်မတို တိုအောင် လုပ်နေပြန်တာကိုး"
ဗိုလ်ချုပ် ဖွန်ဂါဘီရာက ဤသို့ ပြောလိုက်ပြီးနောက် သူ၏ တပည့် ကက်ပတိန် နီဘေဘီအား-
"ဟေ့…ဟိုမျက်နှာဖြူ နောက်တစ်ယောက်ကို ခေါ်ခဲ့စမ်းကွာ"ဟု အမိန့်ပေးလိုက်သည်။
စစ်သားများသည် စစ်ကား (ထရပ်)တစ်စီးပေါ်မှ လူတစ်ယောက်ကို ဆွဲခေါ်ချလာကြရာ ခရိတ်က လှမ်းကြည့်လိုက်ပြီး အံ့အားသင့်သွားမိပြန်သည်။

ထိုမျက်နှာဖြူ လူမျိုးမှာ ခရိတ်၏ အလုပ်ကြီးကြပ်သူ (အိုဗာဆီယာ) ဂရိုနီဝေါလ်ဆိုသူပင် ဖြစ်လေ သည်။ သူ၏ လက်များကို နောက်သို့ပစ်္စ လက်ပြန်ကြိုးတုပ်နှောင်ထားပြီး ဂရိုနီဝေါလ်ခမျာ အလွန် တုန်လှုပ် ချောက်ချား နေပုံရလေသည်။ သူ့အား ရိုက်နှက်နှိပ်စက်ထားပုံလည်း ရသည်။ သူသည် အရက်မူး သမားတစ်ယောက်ပမာ လမ်းကောင်းစွာ မလျှောက်နိုင်ဘဲ ယိမ်းယိုင်လျက် လိုက်ပါလာ သည်။
"ဒီလက်နက်တွေ ကို ခင်ဗျားက ဒီမွေးမြူရေးခြံကြီးထဲက ထွန်စက်တွေထားတဲ့ ဂိုဒေါင်ထဲမှာ သို လှောင်ထား ခဲ့တယ် မဟုတ်လား"

ဗိုလ်ချုပ် ဖွန်ဂါဘီရာက မေးလိုက်ရာ ဂရိုနီဝေါလ်က-
"ဟုတ်ကဲ့ ကျွန်တော် သိုလှောင်ထားခဲ့ပါတယ်"ဟု ခပ်တိုးတိုး ပြန်ဖြေလေသည်။
"အဲဒါ ဘယ်သူ က အမိန့်ပေးလို့ လုပ်ခဲ့တာလဲ"
ထိုမေးခွန်းကို ကြားလျှင် ဂရိုနီဝေါလ်သည် ခရိတ်ဘက်သို့ သနားစဖွယ် လှမ်းကြည့်လိုက်သည်။ သူ ၏ မျက်လုံး များက ခွင့်လွှတ်ရန် တိုးလျှိုးတောင်းပန်သည့်အသွင် ဆောင်နေလေသည်။
"မစ္စတာခရိတ် က အမိန့်ပေးခဲ့ပါတယ်"

"ဟေ့…သူ့ကို ပြန်ခေါ်သွားတော့"
ဗိုလ်ချုပ် ဖွန်ဂါဘီရာက အမိန့်ပေးလိုက်လျှင် စစ်သားများသည် ဂရိုနီဝေါလ်အား ပြန်၍ ဆွဲခေါ် ထုတ်သွားလေသည်။
အခန်းဝသို့ အရောက်တွင် သူသည် ခရိတ်ဘက်သို့ လှည့်၍-
"မစ္စတာခရိတ် ခင်ဗျား၊ ကျွန်တော့်မှာ မိန်းမနဲ့ ကလေးတွေ ရှိပါတယ်။ ဒါကြောင့်မို့"ဟု လှမ်းအော် ပြောလိုက်ရာ စစ်သားတစ်ဦးက ရိုင်ဖယ်သေနတ်ဒင်ဖြင့် ဂရိုနီဝေါလ်၏ ၀မ်းဗိုက်သို့ တအားဆောင့် ထိုးလိုက် သည်။ သူ့ခမျာ နာကျင်လွန်းသဖြင့် လဲကျသွားစဉ် စစ်သားများက အတင်းဆွဲခေါ်၍ ထရပ်ကားကြီး ပေါ် ဆွဲတင်လိုက်ကြသည်။

ထရပ်ကားကြီးလည်း ချက်ချင်း မောင်းထွက်သွားတော့သည်။
ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် အခန်းတွင်းရှိ စားပွဲတွင်ထိုင်ကာ စာရွက်စာတမ်းများကို ကြည့်ရှုနေလေ သည်။ ခရိတ်နှင့်ဆယ်လီတို့ကိုမူ နံရံအနီးတွင် မတ်တတ်ရပ်ခိုင်းထားသည်။
မည်သူ ကမှ ဘာမှမပြောဘဲ တိတ်ဆိတ်ငြိမ်သက်နေခြင်းကပင်လျှင် စိတ်ချောက်ချားဖွယ် ကောင်း နေတော့ သည်။

ခရိတ်သည် တိတ်ဆိတ်ခြင်းကို ဖောက်ဖျက်၍ ဟစ်အော်ချင်စိတ် ပေါ်လာသည်။ သူ့တွင် လုံးဝ အပြစ်မရှိကြောင်း အော်၍ အရေးဆိုချင်လာသည်။ သို့သော် လက်တွေ့ ဘာမှမလုပ်ဝံ့ဘဲ ငြိမ်နေ လိုက်ရလေသည်။
သူ၏ဘေးနားတွင်ကား ဆယ်လီသည် တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်လျက် မတ်တတ်ရပ်နေ ရှာသည်။
သူမ၏ မျက်လုံးများကတော့ ကြမ်းပြင်တစ်နေရာတွင် သနားစဖွယ် သေဆုံးနေသော ခွေးကလေး ဘတ်စတာ ဆီသို့ ရောက်နေလေသည်။

အခန်း (၂၁) ဆက်ရန်
.

2 comments:

Anonymous said...

Thanks.

Ray

ဇော်သိင်္ခ said...

ဒီအပိုင်းလေးကိုလည်း စိတ်ဝင်စားစွာနဲ့ ဖတ်သွားပါပြီခင်ဗျ...

ခင်မင်စွာဖြင့်
ဇော်သိင်္ခ