မဇာညွန့် မအေးညွန့် တို့သည် ခုနစ်ရက်ကြာမှ ပြန်ရောက်လာကြ၏။ နောက်တစ်ဖိုအတွက် ဆောင်ရွက် စရာများကို ညွှန်ကြားရန်ဖြစ်၏။ ကျီးဒန်မှာလည်း တစ်ဖိုသာ သွင်းရသေးသဖြင့် အတွေ့ အကြုံ နည်းသေး သည်။ အိုးခွက်စုံအောင်လည်း မလုပ်တတ်သေးပေ။
မောင်ဆေးရိုးတို့၏ အိုးဖိုမှ တတိယအကြိမ်မြောက် ဖော်သော အိုးများကား အိုးအနီရောင်တွေဖြစ် သည်။ သောက်ရေအိုး နှင့် ရွက်အိုး၊ တည်အိုးအပြင်၊ ထမင်းအိုးနှင့် ဟင်းအိုးလည်း ပါသည်။ ညောင် ရေအိုးနှင့် မြူအိုး၊ တာအိုးများလည်း အစမ်းသဘောဖြင့် ငါးလုံးစီ ပါသေးသည်။ ကျီးဒန်မှာ အိုးစုံ အောင် လုပ်တတ် စပြုပြီ။ မောင်ဆေးရိုးလည်း လုပ်ငန်းအတွက် လာဘ်မြင်ပြီး။ ရမ်းဘိုကုန်းရွာသူ အချို့လည်း အိမ်ရှေ့တွင် အိုးဖိုတည်ပြီး အိုးထိန်းစက်ဖြင့် အိုးလုပ်ကြပြီ။
ပူလောင်နေသည့်ကြားက မိုးချုန်းသံကြားသည်။ တိမ်စင်နေသော ကောင်းကင်တွင် လျှပ်စီးလက် လာသည်။ ရာသီစက်တစ်ပတ်လည်သည်။ ရိုးပြတ်သော သောဖြင့် တစ်နွေလုံး နေလှန်းထားခဲ့သော လယ်ပြင်ကြီး အသက်ဝင်လာသည်။ လယ်သမားများ ထွန်တုံး၊ ထွန်သန်ပြင် ကြပြီ။ မောင်ဆေးရိုးသည် အဖေ အမေ တို့အိမ်သို့ ပြေးရ၏။ နွားတင်းကုပ်နှင့် အိမ်၏အခြေအနေကို စစ်ဆေးရသည်။ အဖေ့ဆန္ဒကို မေးမြန်း ရသည်။ ထို့နောက် ယောက္ခမ၏ အိမ်နှင့်တင်းကုပ်။ ဤသည်တို့ ပြီးစီးကုန်တွင်မှ မိမိအိမ်။
စင်စစ်အားဖြင့် မောင်ဆေးရိုးတို့ လင်ကိုယ်မယားနေသော အဖီမှာ သက်ကယ် (သက်ငယ်)သုံးရာ မကုန်ငြား၊ အမိုးယပ်မှာ ထန်းရွက်တစ်ရာကုန်သည်။ နွားတင်းကုပ်အတွက် ထန်းရွက် ငါးဆယ် ကုန်သည့် နည်းတူ အိုးဖိုအတွက် ကုန်ကျသော ထန်းရွက်မှာလည်း သည်မျှပင်။ အိုးဖိုကို အုတ်နီခဲဖြင့် ဘောင်ခွေငြား အုတ်ချပ် များကို 'အင်္ဂတေ'ဖြင့် မတွဲပေ။ ရွှံ့နှင့်သာတွဲသည့်အတွက် မိုးအမိမခံပေ။ သို့ကြောင့် အိုးဖိုကို မိုးမမိ အောင် ထန်းရွက်ဖြင့် မိုးရ ကာရသည်။
*
သည်ဒေသ၏ မိုးဦးလေဦးမှာ သက်သောင့်သက်သာ မရှိပေ။ လေပြင်းသည် တွေ့သမျှကို မွှေနှောက်ယမ်းကားသည်။ ကြီးမားသော ဖုန်လုံးကြီးက အရပ် ကိုးမျက်နှာကို ပိတ်ဆို့ထားသည်။ ဤအချိန်တွင် ကျီးဒန်သည် နေပြထားသော အိုးတွေကို ပြန်သွင်းနေ၏။ မမျှော်လင့်ဘဲ တိုက်ချလာ သော လေပြင်း သည် ပျော့နေသေးသော အိုးတွေကို ရွှံ့အဖြစ်သို့ ပြန်လည်ပို့ဆောင်နိုင်၏။ ထို့ကြောင့် စနေထောင့် ဆီ၌ ညိုခနဲမြင်လျှင် အိုးတွေကို အပြေးအလွှားသိမ်းရ၏။ သည်အခိုက်တွင်မှ ယောက္ခမမယ်ကြွယ်စိုးက ရောက်နေသည်။
သူသည် 'ခမည်းခက်' ဒေါ်ရွှေအိမ်ထံ လာရာက ချွေးမထံ ၀င်လာခြင်းဖြစ်သည်။ ချွေးမ၏ လည်ပင်း နှင့် လက်သူကြွယ်တွင် ၀င်းဝင်းလက်လက်မြင်ရသောကြောင့် စကားစမြည်ပြောရန် ဆင်းအလာနှင့် လေအကျတို့ ကြုံခြင်းဖြစ်သည်။ မယ်ကြွယ်စိုးသည် ချွေးမကို ၀င်ရောက်ကူညီငြား ကျီးဒန် လက်မခံပါ။
' အရးနေပါ။ ကျုပ်တစ်ယောက်တည်း နိုင်ပါတယ် '
နေပြထားသော အိုးစိမ်းတွေကို အရိပ်ထဲသို့ သွင်းရာ၌ တစ်ယောက်တည်း နိုင်နင်းသော်ငြား ယောက္ခမဘေးသို့ လာအထိုင်တွင် မိုက်ခနဲဖြစ်သည်။ မလဲမပြိုစေရန် နီးရာကို ဖမ်းကိုင်လိုက်ငြား ဒူးထောက်လျက်ပြိုကျသည်။
' ဟဲ့ ဟဲ့ ဘယ်လို ဖြစ်တာတုံး '
မယ်ကြွယ်စိုး ပြေးပွေ့သည်ကို အိမ်ပေါ်မှ ဒေါ်ရွှေအိမ် လှမ်းမြင်၏။ ' ဘာဖြစ်တာတုံး၊ဘာတုံး' အော် လျက် အိမ်ပေါ်မှ ပြေးဆင်းလာ၏။ အမေနှင့် ယောက္ခမ ညှပ်ပွေ့ထားသဖြင့် ကျီးဒန် အားတက်၏။ ကျေနပ်ဝမ်းသာ၏။ သို့ရာတွင် ရင်ထဲက လှိုက်တက်လာ၏။ အန်၏။ အစာမအန်၊ အရည် မအန်၊ လေတွေသာ အန်၏။ ' ဟိုဒင်းများလားအေ' ဟု မယ်ကြွယ်စိုးက ခန့်မှန်းသည်ကို ဒေါ်ရွှေအိမ် အလော တကြီး ပြုံးသော်ငြား ကျီးဒန်မှာ မျက်နှာကလေး အနီသားဖြင့် ခေါင်းငုံ့နေရ၏။
မောင်ဆေးရိုးမှာ လယ်ပြင်သို့ရောက်နေ၏။ ရောက်နေသော်ငြား လေရိပ်လေဆင်မြင်ကတည်းက အိမ်သို့ သုတ်ခြေတင်၏။ နေပြထားသော အိုးတွေကိုသာ ကျီးဒန် ကြည့်ရှုနိုင်မည်။ ကနားဖျင်း၊ နွား တင်းကုပ်တို့ ခေါင်ပွင့်လျှင်၊ အမိုးလန်လျှင် မည်သို့လုပ်မည်နည်း။ သို့ကြောင့် အဆောတလျင် ပြန် ပြေးလာသည်။ သူ့အမေ နှင့် ယောက္ခမကို မထင်မှတ်ပဲ အတူတကွ မြင်ရသောအခါ အံ့သြသည်။ သို့သော် ၀မ်းသာသည်။
'' ကျီးဒန် ဘာဖြစ်လဲ ဟင်''
''ဘာနှယ့်မဖြစ်ပါဘူး တော်''
''ဘယ့်နှယ့် ဘာမျှမဖြစ်ရမှာတုံး။ ကိုယ်လက်လက်ဝန်ရှိတာများ ညည်းမို့ ဘာမျှမဖြစ်ပါဘူး ပြောအား တယ်''
ဒေါ်ရွှေအိမ်က ၀င်ပြောသည်။ မောင်ဆေးရိုးမှာ ''ဗျာ'' ဟုအော်မိသည်။ လှိုက်ခနဲ ၀မ်းသာငြား မပီသ။ ပီပီ သသ ကြားလိုက်သည်။
''အမေ ဘာပြောတယ်''
''အရီးမပြောနဲ့၊ အမေလည်း မပြောနဲ့''
ကျီးဒန်သည် အနီအရဲမပြေသေးသော မျက်နှာကို တွင်တွင်ခေါင်းငုံ့လျက် အိမ်ထဲသို့ ၀င်သွား၏။ မောင်ဆေးရိုး မှာ သွားအကျဲသားဖြင့် ကျန်ရစ်ခဲ့၏။ အိမ်ထောင်ရှင် မိန်းမများ ကိုယ်လေးလက်ဝန်ရှိ သည်မှာ ဓမ္မတာဟု အများက လက်ခံကြ၏။ သိကြ၏။ အများက မည်သို့ပင် သိကြလက်ခံကြ စေကာမူ ရှက်စရာသည် ရှက်စရာသာဖြစ်သည်ဟု ကျီးဒန်ခံစားနားလည်သည်။ သို့ကြောင့် အမေနှင့် ယောက္မကိုပါ ရှက်သည်။ ကျီးဒန်သည် မိကြီး ဒေါ်ကြော့၏ ဆက်ဆံပုံကို မနှစ်မြို့သော ကြောင့်အိုးထလုပ်သည်။ အကြီးမ ချောစိန်ကို ကိုယ်ဝန်ရှိသည် အထိရွာထဲ၌ အိုးသမား သုံးဦးသာရှိ သေးသည်။ လုပ်ကိုင်၍ အဆင်ပြေ သည်။ မျှော်လင့်သည့် အတိုင်းဖြစ်လာသောကြောင့် အားတက်သည်။ သည်အားတက် သော အချိန်တွင် သားသမီးဇော ၀င်ကပ်ပြန်ရာ မောင်ဆေးရိုးမှာ နေ့မှန်းညမှန်း မသိတော့ပေ။ မတော်တဆ ချော်လဲမည် စိုးရိမ်သဖြင့် ကျီးဒန်အား ထမင်းပို့ခွင့်မပြု။ အိမ်သို့ ပြန်စားသည်။
မြောင်းရေလာပြီ။ မြောင်းရေ'တိုက်' ပြီးစ၊ တစ်ရက်နှစ်ရက်သာ မောင်ဆေးရိုး အိမ်ကပ်သည်။. သုံးရက်မြောက်နေ့မှစတင်ပြီး လယ်ပြင်သို့ ထွက်ရတော့သည်။ ရေသွင်းထားသော လယ်ကွက်တွေ အစိုမဆုတ်မီ၊ အပြေးအလွှား ထွန်ယက်ရသည်။ ထွန်ဖြုတ်ပြီး မောင်ဆေးရိုးလယ်ပြင်မှ ပြန်လာချိန် သည်မွန်းလွဲနေပြီ။ တစ်နံနက်လုံး ပင်ပန်းကြီးစွာထွန်ယက် လုပ်ကိုင်ခဲ့ရသည်ဆိုပြီး နားနေခွင့်မရှိ။ နွားတွေကို တင်းကုပ်ထဲ သွင်းကာ အစာကျွေးထားခဲ့ပြီးနောက် မီးဖိုထဲသို့ ၀င်ရသည်။ ချက်ပြုတ်ရသည်က များသည်။ တစ်ခါတစ်ရံမူ ကျီးဒန် စောစောထပြီး ချက်ပြုတ်ထားသဖြင့် အသင့်စားရသည်လည်း ရှိပါသေးသည်။ သို့သော် အကြိမ်ပေါင်းမည်မျှဟု လက်ချိုးရေတွက်၍ ရပါသည်။
အိုးထိန်းသည်တို့၏ အခြေအနေမှာ ဤသို့သာဖြစ်၏။ မျက်စိနှစ်လုံး ပွင့်လာသည်။ တစ်ရေးနိုးခြင်း လား၊ အိပ်ရာမှ နိုးလာခြင်းလောဟု စဉ်းစားဆဲတွင် တုံးကြီးခေါက်သံပေါ်လာသည်။ အိပ်ရေးမ၀သေးသဖြင့် တစ်မှေးမျှ မှေးစည်းစိတ်ကူးငြား။ ပုတ်စရာအိုးတွေက အာရုံထဲသို့ ၀င်လာသည်။ အိပ်ရန် စိတ်မဖြောင့်တော့ပါ။ လူးလဲပြီး ထရသည်။
'မီးမွှေးပြီး ရေနွေးအိုးကလေးတစ်လုံး'
စိတ်ကူးသာရှိသည်။ လက်က အိုးပုတ်သော လက်ခတ်ပေါ်သို့သာ ရောက်သွားတော့သည်။ အိုးကလည်း အခြောက်မမြန်စေရန် အိမ်ရှိအ၀တ် အကုန်ထုတ်ပြီး ဖုံးအုပ်စေကာမူ သုံးရက်ထက် မခံပါ။ သို့ကြောင့် အပြေးအလွှား ပုတ်ရသည်။ မည်သို့လျှင် ထမင်းဟင်း ချက်ရမည်နည်း။ ဒေါ်ရွှေမအိမ်သည် လောဘ ကြောင့်ဖြစ်သော သမိး၏ဒုက္ခကို သိသည်။ သိသော်ငြား ခဏတစ်ဖြုတ်မျှသာ၊ တစ်ခါတစ်ရံမျှသာ သမီးအား ကြည့်ရှုနိုင်သည်။ သူ့မှာလည်း လယ်သမား ရှိသည်။
ရက်ရှည်သည်နှင့်အမျှ ကျီးဒန်မှာ အထိုင်အထ လေးလံလာ၏။ အထိုင်အထ လေးလံလာသည်နှင့် အမျှ အလုပ်ကို လျှော့သည်။ ပျိုးနုတ်ရာ ကောက်စိုက်ရာသို့ ကျီးဒန်အလိုက်နိုင်ငြား၊ တော်သလင်း လဆန်းသာသာတွင် မောင်ဆေးရိုး၏ လယ်ထွန်းတုံးပိတ်သည်။ မီးနေသည်နှင့် ဆုံမည်စိုးပြီး ကြိုးစားခြင်း၏ အကျိုးဖြစ်သည်။ ထွန်တုံးပိတ်သောကြောင့် ရွက်ထားရသော တာဝန်ကြီးတစ်ခု ပြုတ်ကျသွားပြီဟု ၀မ်းသာအဆုံးမီ ငပုနှင့် မြတ်သာကျော်၊ ထွန်းအံ့တို့ ရောက်လာသည်။
''ဟေ့ကောင်တွေ၊ ဘာလာလုပ်ကြတာတုံး''
သူတို့၏ လုံ့လ၀ီရိယကို မယုံကြည်သောကြောင့် 'ဘယ်နေ့ကောက်စိုက်မလဲ' ဆိုသည်ကိုပင် မမေးပေ။ အိမ်ပေါ် တွင် ထိုင်စေရာမရှိသောကြောင့် အမိုးယပ်အောက် အိုးမရှိသောနေရာတွင် လုပြီးထိုင်ကြရ၏။
''မဲဇာလီကွေ့ ဘက်မှာ ရှင်ဥပဂုတ်ဖောင် ဆိုက်နေသတဲ့ကွ''
''ဟန်ကျတာပဲဟေ့၊ သွားဖူးကြရအောင်''
''ဘယ်ကမျှောလိုက်တာတဲ့လဲကွ''
''လောင်းရှည်ကကွ''
ယော၊ ဆော၊ လောင်းရှည် ဟုမောင်ဆေးရိုး ကြားဖူးသည်။ စလင်းချောင်းနှင့် နီးသည်ဟု မသိပေ။
''သြော် အဝေးကြီးပဲ''
''မိုးဦးကျကတည်းက ကြွလာတဲ့ ရှင်ဥပဂုတ်ဟာ ဟိုရွာတစ်ည။ သည်ရွာတစ်ည အဖူးမြော်ခံနေရ တာနဲ့၊ အခု တော်သလင်းလကျမှ တို့ဘက်ရောက်တာ''
''မဲဇာလီကွေ့က မျှောလိုက်ရင် တို့ပင်ရအောင်လား''
မောင်ဆေးရိုး ၏ စကားကို မြတ်သာကျောက်က ခေါင်းခါပြခြင်းဖြင့် ငြင်းပယ်လိုက်သည်။
''ရိုးရိုးပင့်လို့ မရဘူး မောင်''
''ဘာပြုလို့''
''ငှက်ပျောတောက သူတို့ ပင့်မယ်ဆိုပြီး ပြင်ဆင်နေကြပြီ''
စလင်းချောင်း ချောင်းရောသည် ရှားတောအလွန်တွင် ရမ်းဘိုကုန်း ရွက်ဘက်သို့။ ရမ်းဘိုကုန်းတွင် ဆိုက်ကပ်မိသောဖောင်သည် ငှက်ပျောတောသို့ မသွားနိုင်တော့ပေ။ ငှက်ပြောတောသို့ ရောက်ပြီး လျှင်လည်း ရမ်းဘိုကုန်းသို့ ကူလာရန် မဖြစ်ပေ။ သို့ကြောင့် 'ရိုးရိုးပင့်လို့မရဘူး' ဟုမြတ်သာကျော်က ပြောခြင်း ဖြစ်၏။ 'ဒါဖြင့်' ဟု မောင်ဆေးရိုးစကား အဆက်ပြတ်သွားလျှင် ''အဲသည်ကိစ္စအတွက် ငါတို့ လာတာကွ'' ဟူ၍ ငပုက စကားကို ဆက်၏။
''ရှင်ဥပဂုတ်ဖောင်တော် ဘယ်တော့ကြွမှာတဲ့လဲ''
''နက်ဖြန်နေ့ဆွမ်းကပ်အပြီးမှာ ကြွမှာပဲ။ ငှက်ပျောတောက လူတွေမရိပ်မိအောင် သွားစောင့်နေပြီး၊ ရအောင်ပင့်မယ်။ အဲဒါကြောင့် မင်းတို့ အိမ်က လူလည်း လိုက်ရမည်၊ အလှူငွေလည်း ထည့်ရမယ်။ ''ထည့်မယ် လိုက်မယ်''
မောင်ဆေးရိုးသည် ပြောပြောဆိုဆို မှန်တင်ခုံ 'တုင်ကပ်' ပေါ်မှ မူးစေ့တစ်စေ့ ယူပြီးပေးသည်။
''မင်းတို့ လင်မယားအိုးလုပ်လို့ ဌေးနေတာ၊ တစ်ကျပ်ထည့်''
ထွန်းအံ့က ဈေးဆစ်သည်
''မွေးခါနီး ဖွားခါနီးမှာ ငါကတမင် မင်္ဂလာယူပြီး ရှောရှောရှုရှူ တစ်မူးထည့်တာကွ''
''ဒါဖြင့် တန်းတန်းမတ်မတ်ဖြစ်အောင် တစ်မတ်တော့ ထည့်ကွာ''
မောင်ဆေးရိုးမှာ မှန်တင်ခုံ တိုင်ကပ်ပေါ်တွင် ထပ်မံစမ်းသပ်ရပြန်သည်။ မူးစေ့မတွေ့ပါ။ ပဲစေ့တစ်စေ့နှင့် ကြေးပြား လေးပြားထည့်လိုက်သည်။
''မနက်မလင်းခင် သွားပုန်းနေကြရမှာနော်''
''ကောင်းပြီ စိတ်ချ''
သူ့ရွာနှင့်ယှဉ်လျှင် ကိုယ့်ရွာက နိုင်ချင်သောကြောင့်သာ 'စိတ်ချ' ဟု အာမခံလိုက်ရုငြား မောင်ဆေးရိုးမှာ မအားလပ်ပေ။ ဖုတ်လက်စ အိုးများတိုက်သွင်းအပြီးတွင် မွေးရေးဖွားရေးအတွက် နားဦးမည်။ ကျီးဒန် လျင်မြန်စွာ နားနိုင်စေရန် မောင်ဆေးရိုးက အားစိုက်ရမည်။ သို့လျှင် မအားလပ်ပါလျက်က နောက် တစ်နေ့ အရုဏ်တက်တွင် မောင်ဆေးရိုးသည် အိမ်မှာ ထွက်ခဲ့၏။
''အရီးရေ၊ ရှင်ဥပဂုတ် အပင့်သွားမလို့''
ယောက္မမများအိမ်ဘက်သို့ လှမ်းပြီး အသံပြုရာ ဒေါ်ရွှေအိမ်က ကြားဖြစ်အောင် ကြားသည်။
''သွား သွားစိတ်ချလက်ချသွား''
ရှားတောအလွန် ချောင်းနှစ်မြွှာ ခွဲသောနေရာတွင် ကိုင်းတောရှိသည်။ မြွေကိုက်ခံရရန် အလွန်သေချာသော နေရာဖြစ်ငြား၊ ရမ်းဘိုကုန်းသားတွေ မြွေမကြောက်နိုင်ပါ။ ကြိုးခွေကို လက်မောင်း တွင် စွပ်သူက စွပ်၊ ချိပ်ကိုင်သူ ကိုင်၊ ဓားဆွဲသူဆွဲလျက် ကိုင်းတောထဲတွင် ပုန်းနေကြသည်။ မဲဇာလီကွေ့ မှာ ရှင်ဥပဂုတ်ဖောင်တော် ခွာလျှင်ခွာချင်း မောင်ဆေးရိုးနှင့် မြတ်သာကျော်တို့ ဖောင်ပေါ်သို့ ခုန်တက် ကြသည်။
''ဟေ့ ရမ်းဘိုကုန်းသားတွေ ဘာလုပ်မလို့တုံး''
''ဖောင်တော် ပင့်မလို့ပါဗျာ''
''ဟေ့ကောင်တွေ အဲသည်လိုမလုပ်နဲ့လေ။ ငါတို့ရွာက ပင့်မယ်လို့စီစဉ်ထားတာ မင်းတို့မသိဘူးလား''
''သိပေမဲ့ ကျုပ်တို့လည်း ပင့်ချင်သာကိုးဗျ''
မြတ်သာကျော်နှင့် မောင်ဆေးရိုးတို့က ဖောင်တော်ကို ကြိုးဖြင့်ချည်နေစဉ် ဖောင်ကိုကွယ်ပြီး ရေထဲ၌ပုန်းနေသော ငပုနှင့် ထွန်းအံ့က ရမ်းဘုန်ကုန်းရေကြောင်းဘက်သို့ ဖောင်တော်ကို တွန်းပေးသည်။
''တို့ရွာကလူတွေ ပြေးခေါ်ကြဟေ့၊ ပြေးကွာ ပြေး''
အပြိုင်သမားတွေ ရေထဲခုန်ချပြီး ဖောင်တော်ပေါ်သို့ ကူးလာကြသည်။ အကူအညီတောင်းရန် ရွာသို့ပြေးသူက ပြေးသည်။ သူတို့အထင်က ရမ်းဘိုကုန်းသား နှစ်ယောက်တည်းသာ ဖြစ်သည်။
မြတ်သာကျော်နှင့် မောင်ဆေးရိုးတို့ မျှောချလိုက်သော ကြိုးစများ ရေနှစ်မြွှာကိုင်းတော ထိပ်အရောက်တွင် ရမ်းဘိုကုန်း ရွားသားများအား အထင်သေးမိသူများ ပက်လက်လန်တော့သည်။ ကိုင်းတောထဲမှ လူအများထွက်လာပြီး ကြိုးစတွေကိုဆွဲကာ ရမ်းဘိုကုန်းသို့ တန်းတန်းမတ်မတ်ပင် သွားကြသောကြောင့် ပေတည်း။
''ဟေ့ မောင်တို့၊ ဟေ့လေလေ့''
''ဟေ့လေလေ့၊ ဟေ့မောင်တို့''
''လေ လေ့ လေ လေ့''
ညာသံတညံညံဖြင့် ရှင်ဥပဂုတ်ဖောင်တော်သည် ရေကြောင်းထဲသို့ ရောက်သွားချေပြီ။ ရမ်းဘိုကုန်း ရွာပေါ်မှ အိုးစည်သံ၊ လင်းကွင်းသံများ ပေါ်လာသည်။ ရွာထဲတွင် ယောက်ျားသနာ သန်သန်စွမ်းစွမ်း မကျန်ခဲ့။ ပျိုရွယ်သော မိန်းမများလည်း ကောက်စိုက်ရာမှ ပြန်ရောက်ချိန်မဟုတ်။ သို့အတွက် ရှင်ဥပဂုတ် ဖောင်တော်ကို တိတ်ဆိတ်စွာ ပင့်ကြရတော့မည်။ မည်သည့်အတီးမှုတ်မျှ မပါနိုင်။
သို့သော် ရှင်ဥပဂုတ်ဖောင်တော်ပင့်ရန် ရမ်းဘိုကုန်းသားတွေ အာရုဏ်တက်က ထသွားသည် ဆိုသည့်သတင်းသည် ကောက်စိုက်သမများမှတစ်ဆင့် လယ်ပြင်သို့ ပြန့်သည်။ ရွာသို့ ညပြန်ပြီး မအိပ်နိုင်သော ရမ်းဘိုကုန်းသားအချို့သည် အလုပ်ကို ပစ်ထားခဲ့ပြီး ပြန်ပြေးလာကြသည်။ အပြေးအလွှား မညက်မညော ပတ်စာထိုးပြီး တီးကြ ခေါက်ကြခြင်းဖြစ်သည်။
မည်သည့် အတီးအမှုတ်မျှ မပါနိုင်ဟု စိတ်နှလုံး ဒုံးဒုံးချထားပါလျက်က ဒိုးစည်သံ တထုံထုံကြားရ သောအခါ ဖောင်ဆွဲသူတွေ ရေထဲ၌ ကကြသည်။ ဖောင်ပေါ်က လူတွေကား ပြောရန်မလိုတော့ပေ။ အိုးစည်သံ မညံမီက တိတ်ဆိတ်နေခဲ့သော ရမ်းဘိုကုန်းချောင်းကမ်းပါး၌ ပရိသတ်တွေ ခဲနေသည်။ အိုးစည်သံနှင့် ညီညွတ်အောင် ကသူခုန်သူများလည်း ပါဝင်နေချေပြီ။ ရှင်ဥပဂုတ်ဖောင်တော် ပင့်ဆောင်လာသူများသည်' ရမ်းဘိုကုန်းသားကွ' ဟု လက်မထောင်လိုသော ရပ်ချစ်စိတ်၊ ရွာချစ်စိတ်ဖြင့် ပင့်ဆောင်လာခြင်းဖြစ်သည်။ သူတို့အား အတီးအမှုတ်၊ အကအခုန်တွေဖြင့် ချောင်း ကမ်းပါးတွင် ကြိုဆိုသည်ကို မြင်ရသောအခါ အမောပြေပြီ။ ကျေနပ်ပြီ။
' ဟေ့ ဘုရားပန်းအကောင်းကြီးတွေစွန့်ကပစ်ရင် ငရဲကြီးတတ်သလား'
ရမ်းဘိုကုန်းသို့ရောက်လာသော ကိုယ်တော်ကြီးအား ရမ်းဘိုကုန်းသူ ရမ်းဘိုကုန်းသားတို့၏ ပန်းများ ကိုသာ ဆက်ကပ်လိုငြား နေရာမရှိပေ။ ဖောင်တော်ဆိုက်ကပ်ရာ ရွာတိုင်းက ကပ်လှူလိုက်သော ပန်းတွေဖြင့် ပြည့်နေသည်။ သို့အတွက် ငပုက မေးခြင်းဖြစ်၏။ဒ
' နေရာ မရှိရင် စွန့်ပစ်တာပေါ့ကွာ '
ဖောင်တော်ပေါ်နှင့် ဘုရားကျောင်းဆောင်ကို လူငယ်တွေ ရှင်းလင်းနေကြစဉ် ရွခေါင်းစဉ်ဦးဘရီ ခေါင်းဆောင်လျက် ဖောင်တော်ပေါ်သို့ ရွာသူကြီးတွေ တက်လာကြသည်။
' ကျုပ်တို့လူတွေကို ကိုင်းတောထဲမှာ ၀ှက်ထားတော့ ဟိုဘက်ရွာက ဖောင်တော်ပင့်ချင်တဲ့လူတွေ အမှတ်မဲ့ပေါ့ '
မြတ်သာကျော်က မိမိတို့ အနိုင်ရခဲ့ရပုံကို ပြောပြ၏။ ငပုနှင့် ထွန်းအံ့၊ မောင်ဆေးရိုးတို့မှာလည်း အချီးမွမ်းခံလိုသော မျက်နှာများဖြင့် လှမ်းကြည့်နေကြ၏။ ဇောကပ်နေသည့်အတွက် ရွာခေါင်း ဦးဘရီ၏ မလိုတမာမျက်နှာကို သတိမထားမိကြ။
' မင်းတို့ ဘယ်သူ့တိုင်ပင်လဲ '
ကောက်ကာ ငင်ကာ ဦးဘရီက မေးတော့မှ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြရာက ဦးဘရီ အား မျက်နှာသေကလေးတွေဖြင့် ကြည့်နေမိကြလေ၏။
' ရှင်ဥပဂုတ်ဖောင်တော် ပင့်တယ်ဆိုတာလည်း ဘုရားပွဲ တစ်ပွဲကျင်းပတာနဲ့ အတူတူပဲ။ ပွဲမိန့်ခံရ တယ်'
မောင်ဆေးရိုးနှင့် မြတ်သာကျော်၊ ငပု၊ ထွန်းအံ့တို့မှာ ကြံရာမရ ဖြစ်သွားရာက ဟိုကြည့်သည်ကြည့် လှမ်းကြည့်၏။
ဖောင်တော်ပေါ်သို့ လူကြီးတွေ ရောက်လာသောကြောင့် နောက်ဆုတ်နေသူများထဲတွင် အပျိုခေါင်း မမုန်းချစ်နှင့် ကာလသမီးတစ်သိုက်။ ထို့ပြင် ပိတ်စ၊ အောင်မြေ၊ အောင်လှ စသော ကာလသားများ။
ပိတ်စ သည် မောင်ဆေးရိုးတို့၏ အခြေအနေကို အကဲခတ်ရင်း ထရပ်ရာက လှမ်းမေး၏။
' ဘကြီး၊ ပွဲမိန့်ခံရတယ် ဟုတ်လား '
' အေးကွ၊ ဘာဖြစ်လို့ မေးတာတုံး '
ရွာခေါင်းသည် 'အေးကွ' ဟုပြောပြီးမှ သည်မျှဖြင့် တန့်နေ၍ မဖြစ်။ နှိမ်ထားသင့်သည် အတွေးဝင် လာသဖြင့် ငေါက်ဆတ်ဆတ် အသံဖြင့် မပြေမလည်မေးလေ၏။
' ရှင်ဥပဂုတ်ပင့်ပြီးမှ ပွဲမိန့်ခံရတာဆိုတော့ တကယ်လို့ ပွဲမိန့်မရရင် ဘယ့်နှယ်လုပ်ပါ့'
ဦးဘရီ မဖြေသဖြင့် သူ့တပည့် ဆယ်အိမ်ခေါင်း ကိုစံမြင့်က 'လွယ်ပါတယ်ကွာ၊ ပွဲမိန့်မရရင် ဖောင်တော်ကို ပြန်မျှောလိုက်ပေါ့'ဟု ၀င်ဖြေသည်။
' ရှင်ဥပဂုတ်ဖောင်တော်မှာ ပန်းမွေ့ရာခင်းဖို့ ကာလသမီးတွေ ပြင်ဆင်နေကြသည်။ ညကျရင် ပရိတ်ရွတ် ဖို့လည်း လူစုနေကြတယ်။ အဲဒါကို အခု မျှောပစ်တော့မယ် ဟုတ်လား '
အပျိုခေါင်း မမုန်းချစ်သည် အော်ကျယ်အော်ကျယ်ပြောရင်း၊ ကုန်းထသည်။ ' ဒါဖြင့် ဘယ့်နှယ်လုပ်မ တုံး' ဟု ဆက်အော်သည်။
' ကျုပ်တို့ လုပ်ထားတာတွေ အလကားဖြစ်ကုန်ပြီ '
ပြောပြောဆိုဆို ဖောင်တော်ပေါ်မှ ဆင်းရန်ပြင်သည်။ ဦးဘရီက ' ပိတ်စတို့၊ အောင်မြတို့၊ ဆွဲထားကြ စမ်းဟေ့' ဟု လှမ်းပြောသည်။ အောင်မြမှာ အဆင်းနေရာသို့ ပြေးသွားကာ လမ်းပိတ် ထားသည်။
' နင်တို့ လုပ်ထားတာတွေ အလကားဖြစ်ပြီလို့ ဘယ်သူပြောသတုံး '
' တော်တို့ပဲ ပွဲမိန့်မရရင် ဖောင်တော်ကို မျှောပစ်မယ်ဆို '
' ပွဲမိန့်မရရင်လို့ပြောတာ၊ ပွဲမိန့်မရဘူးလို့ ဘယ်သူမှမပြောဘူး '
ဦးဘရီ၏ စကားကြောင့် မမုန်းချစ်မှာ မအီမလည်ဖြင့် ပြန်ထိုင်တော့မှ ဦးဘရီဘေးတွင် ထိုင်သူ ဦးသောင်းနှင့် ဦးစံမောင်၊ ဦးကံအေးတို့အနက် ဦးသောင်းက ၀င်ပြောသည်။
' ကဲကဲ ဘာမှမဖြစ်ဘူး မုန်းချစ်။ နင်တို့ လုပ်စရာရှိတာ လုပ်ကြ'
ပိတ်စက အပျိုခေါင်းကို ရှင်းပြပြီးနောက် လူကြီးဝိုင်းနားသို့ တိုးကပ်လာရာက 'မုန်းချစ်က နပင်းကိုးကား ရယ်၊ ခင်ဗျားတို့ စကားကို ပီပီသသပြောကြ' ဟုပြောသည်။
' သည်တော့၊ ငါတို့ကို ဘာမျှ ကြိုတင်မပြောလို့ ကိုဘရီက ပြောတာပါ။ ပွဲမိန့်ခံစရာ မလိုပါဘူး'
ဦးကံအေးက ရှင်းပြပြီးမှ မောင်ဆေးရိုးအား မေးသည်။
' မင်းတို့ ကာလသားတွေကတော့ ဘာစီစဉ်ထားတုံး '
' ကျုပ်တို့မှာ အစည်းအဝေးမှ မလုပ်ရတာ၊ ဘာစီစဉ်နိုင်မှာတုံး။ ဆွမ်း ပန်း ဆီမီး ရေချမ်း ကပ်သူ ရှိရင် ထားမယ်။ မရှိရင် ပြန်မျှောမှာပေါ့ဗျာ '
ဆေးရိုး အစား ၀င်ရောက်အဖြေပေးသူမှာ မြတ်သာကျော်ဖြစ်သည်။
' မင်းတို့ အရမ်းမမျှောနဲ့နော် ရေမိုးကြည့်ဦး '
ဦးစံမောင်က သတိပေးပြီးမှ 'ချောင်းညာမှာ မိုးကောင်းလို့ ချောင်းရေတိုးတုန်းမှာ ရှင်ဥပဂုတ်ဖောင် တော်ကိုမျှောရင်း ဖောင်တော်ကို သစ်တုံးတွေ သစ်ပင်တွေ ၀င်တိုးပြီး မှောက်တတ်လို့ပြောတာကွ' ဟုရှင်းပြသည်။
ဤသို့ဖြင့် ရမ်းဘိုကုန်း ရေခပ်ဆိပ်သို့ ကြွရောက်လာသော ရှင်ဥပဂုတ်ဖောင်တော်တွင် ဖယောင်း တိုင်မီး တထိန်ထိန်၊ ပန်းမန်အသစ် တဝေေ၀ဖြစ်လာသည်။ ဘုရားဖူးများလည်း တဖွဲဖွဲ ရောက်လာ ကြသည်။
စောစီးစွာ ထွန်တုံးပိတ်နိုင်ရေးကို ဦးတည်နေကြငြား 'ရွာမှာ ရှင်ဥပဂုတ်ဖောင်တော် ဆိုက်လို့တဲ့ 'ဆို သည့်သတင်း ကို ကြားရသော ရမ်းဘိုကုန်းရွာသူရွာသားများ လယ်ပြင်မှ ပြေးတက်လာကြသည်။ ဖောင်ပေါ် တွင် ရှင်ဥပဂုတ်ကိုယ်တော်မြတ်ကြီးအား လှူဒါန်းပူဇော်ထားသော ပစ္စည်းများဖြင့် ပြည့်နေသည်။ ပြည့်နေသည်ဆိုခြင်းမှာ ကြမ်းပေါ်မှာသာ မဟုတ်။ လေထဲတွင်ပါ ပြည့်နေသည်။ ခေတ္တမျောလာသော ရစန္တာမြတ်ဖြစ်စေကာမူ မျက်နှာကြက်လှူဒါန်းသူရှိ၏။ အ၀တ်ဖြင့် ပြုလုပ်သော ထီး လှူဒါန်းထား၏။ ထိုထီးများအပြင် မျက်နှာကြက်တွင် နေရာလပ်မကျန်အောင် ချိတ်ဆွဲလှူဒါန်းထားသော အရာများမှာ 'ဆံစု'တွေဖြစ်၏။ ဆံစုသည် အမျိုးသမီးတိုင်းအတွက် မရှိလျှင် မဖြစ်ချေ။
ဘီးဆံပတ် ဆံထုံး ထုံးလိုသည့်အခါတွင် ဆံစုတစ်ချောင်း 'ပေါင်'မှ လှသည်။ ယခုလို မရှိလျှင် မဖြစ်သော ဆံစုကို လှူလိုက်ကြပုံကို ထောက်ချင့်ခြင်းအားဖြင့် လမ်းတစ်လျှောက် ကျေးရွာများရှိ ဒါယိကာမများ၏ သဒ္ဒါတရားကို သိနိုင်ပေ၏။
ဦးကံအေးနှင့် ဦးစံမောင်၊ ဦးသောင်း စသော လူကြီးတွေ ဖောင်တော်ပေါ်တွင် ထိုင်မိတော့မှ မောင်ဆေးရိုး သည် အိမ်ကို သတိရ၏။
' ဘကြီးရေ အရုဏ်တက်က ထွက်လာတာ ခုထက်ထိ အိမ်မရောက်သေးဘူး၊ ပြန်ချေဦးမယ် '
' ဟုတ်တာပေါ့ကွာ၊ မျက်နှာလေးဘာလေး သွားပြဦးမှပေါ့'
လူကြီးဖြစ်သူက အလိုက်တသိပြောပါလျက် ၀င်ရောက်ဖျက်သူရှိ၏။
' အိမ်ပဲ မရောက်ဖူးတာကျနေတာပဲ။ ရှင်ဥပဂုတ်ကိုယ်တော်ကြီးကြွမှပဲ၊ အိမ်ပြန်ပါတော့ '
ပန်းလာကပ်သော မအေးမိဖြစ်သည်။
' မမာမချာကြီးနဲ့ပါဟယ်၊ ကိုယ်ချင်းစာပါဦး '
မောင်ဆေးရိုးသည် နောက်ထပ်ဖျက်ဆီးသူ မပေါ်ပေါက်မီ အိမ်သို့ အရောက်ပြေးခဲ့ရသည်။ သူထင်သည့် အတိုင်းပင် မိကျီးဒန်မှာ တမျှော်မျှော်ဖြစ်နေသည်။
' တော့်နှယ်တော်၊ သွားလိုက်တာ တစ်မနက်လုံး ထမင်းမေ့ ဟင်းမေ့ပါကလား။ ဘယ်မှာစားတုံး'
မောင်ဆေးရိုး မှာ ကျီးဒန်မေးမှ ထမင်းကို သတိရသည်။ နံနက်စောစော ရှင်ဥပဂုတ်ဖောင်ပေါ်တွင် ကောက်ညှင်း နှစ်ဆုပ် စားခဲ့ရသည်မှ အပ အစာအိမ်အတွင်းသို့ ဘာမျှမသွင်းရသေးပေ။
ဆက်ရန်
.

2 comments:
ဖတ်သွားတယ် အစ်မရေ..
ရှင်ဥပဂုတ်ဖောင်ကို လုလာတာ ပျော်စရာကြီး။
ရွာခေါင်းဘရီ မနှောင့်ပါစေနဲ့ ဆုတောင်းနေရတယ်။ မလွယ်ဘူး အဲလူ။ နေရာတကာ သူချည်းပဲ။
Post a Comment