Friday, September 3, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂ဝ)အဆက် (၁)

သေချာစွာ ကြည့်လိုက်သောအခါ ပြေးလာနေခြင်း မဟုတ်ဘဲ အရက်မူးနေသူ တစ်ယောက်ကဲ့သို့ ဒယီးဒယိုင် လာနေခြင်းသာ ဖြစ်ကြောင်း သတိပြုမိလေသည်။ သူ၏ ခန္ဓာကိုယ်တွင်လည်း သွေး အလိမ်းလိမ်း ဖြစ်နေသည်။ သွေးတွေ ယိုစီးလျက် အိမ်ဘက်သို့ ကြိုးစားလာနေခြင်း ဖြစ်သည်။

တဖြည်းဖြည်း နီးလာသောအခါ ထိုလူမည်းမှာ အခြားမဟုတ်။ မိမိတို့၏ လူအဘိုးကြီး ရှာဒရပ်ပင် ဖြစ်နေကြောင်း သိရလေရာ ခရိတ်သည် အံ့သြတုန်လှုပ် သွားမိလေသည်။
သူသည် လျင်မြန်စွာပြေး၍ အဘိုးကြီးအားကူညီရန် ဆုံးဖြတ်လိုက်ပြီး ၀ရန်တာပြင်ဘက်သို့ လွှား ကနဲ ခုန်ကျော်ဆင်းသွားလေသည်။ ထိုအချိန်၌ အဘိုးကြီးရှာဒရပ်သည် ဆက်လက်၍ ရပ်မနေနိုင် တော့ဘဲ လဲကျသွားတော့မည့်ဆဲဆဲ ဖြစ်နေလေပြီ။

ခရိတ်လည်း အဘိုးကြီးအား အချိန်မီ ကြိုတင်ပွေ့ထားလိုက်ရသည်။ ထို့နောက် ၀ရန်တာ ကြမ်း ပြင်တစ်နေရာသို့ ထမ်းသယ်သွားပြီး အဘိုးကြီး၏ အခြေအနေကို စစ်ဆေးကြည့်ရှုလေသည်။
ရှာဒရပ် ၏ လက်မောင်းအပေါ်ပိုင်း တံတောင်ဆစ် အထက်နားတွင် ကျည်ဆန်တစ်ချက် ထိမှန်ပြီး အရိုးပါ ကြေသွား သည်ကို တွေ့ရလေသည်။

"သူတို့ သူတို့ လာနေကြပြီ၊ မောင်ရင်တို့ ပြေးမှ ဖြစ်မယ်။ သူတို့ဟာ ကျုပ်တို့ လူမျိုးတွေကို လိုက်သတ်နေတယ်။ မောင်ရင့်ကိုလည်း သတ်မှာပဲ"
အဘိုးကြီး ရှာဒရပ်သည် ဒဏ်ရာကြောင့် ပြင်းစွာ ဝေဒနာခံစားနေရသည့်ကြားမှာပင် ကြိုးစားပြီး ပြောရှာ လေသည်။
ခရိတ်ကမူ အန္တရာယ်ကို ဂရုမစိုက်နိုင်ဘဲ အဘိုးကြီး၏ဒဏ်ရာကိုသာ အရေးတကြီး ပြုစုရန် စိတ်ကူး လျက် အ၀တ် တစ်ခုဖြင့် ဒဏ်ရာကို ၀တ်ပေးလိုက်သည်။
"မောင်ရင်လေး၊ မောင်ရင်လေး အမြန်ပြေးပါ။ ပြေးမှပဲ ဖြစ်မယ်"

အဘိုးကြီးက ထပ်ပြောပြီး ရုတ်တရက် လျင်မြန်စွာထပြီး လျှပ်စစ်မီးရောင်များကို ရှောင်ကာ မှောင် ရိပ်အတွင်း သို့ ပြေးဝင်ပျောက်ကွယ်သွားလေသည်။
အဘိုးကြီး ရှာဒရပ်၏ လှုပ်ရှားမှုက လျင်မြန်လွန်းလှသဖြင့် ခရိတ် အံ့အားသင့်ပြီး ရုတ်တရက် ကြောင်နေ မိလေသည်။ သူ၏ စိတ်ထဲတွင်ကား အဘိုးကြီး ရှာဒရပ်သည် ငါ့ကို သတိပေးရအောင် သူ့အသက် စွန့်ပြီး လာပြောရှာတာပဲဟု သိနေလေသည်။

ထို့နောက် ပြင်ဘက်တွင် ကြာရှည်နေပါက အန္တရာယ်ရှိကြောင်း တွေးမိသဖြင့် အိမ်တွင်းသို့ လျင် မြန်စွာ ပြန်ပြေးဝင်သွားလိုက်သည်။
အခန်းတွင်းသို့ ပြန်ရောက်သောအခါ ဆယ်လီသည် ခရိတ်မှာထားခဲ့သည့်အတိုင်း ပြတင်းပေါက် အနီး တွင် ဒူးထောက်လျက် ထိုင်နေသည်ကို တွေ့ရလေသည်။
သူမသည် တီရှပ်တစ်ထည်နှင့် ဘောင်းဘီဝတ်လာပြီး ခြေထောက်တွင်လည်း အားကစားဖိနပ် တစ်ရန် စီးထားသဖြင့် ခရိတ်က ကျေနပ်သဘောကျသွားမိသည်။

"အေး…ဟုတ်ပြီ၊ ဒီလိုမှပေါ့ကွ။ ကိုင်း…လာ တို့သွားကြစို့"
"ကျွန်မရဲ့ ခွေးကလေး ဘတ်စတာကို မခေါ်တော့ဘူးလားရှင့်"
ဆယ်လီက မွေးနေ့လက်ဆောင်အဖြစ် ရရှိထားသော သူမ၏ ခွေးကလေးကို သံယောဇဉ်ဖြစ်နေ၍ ပြောလိုက်သော်လည်း ခရိတ်ကမူ လက်ခံချင်ပုံမရချေ။
"ဟာ…အရေးထဲမှာ မင်းကလည်း"
"ခွေးကလေး ဘတ်စတာကို ထားပစ်ခဲ့လို့ ဘယ်ဖြစ်မလဲရှင့်"

ဆယ်လီက ခေါင်းမာစွာဖြင့် ပြန်ပြောလိုက်သည်။ သူမ၏ မျက်နှာအမူအရာကလည်း အလျှော့ပေး မည့်ပုံမျိုး မဟုတ်သဖြင့် ခရိတ်သည် မည်သို့မှ မတတ်နိုင်တော့ချေ။
"ကဲပါကွာ မင်းက ဒီခွေးကလေးကို ဒီလောက်တောင် သံယောဇဉ်ဖြစ်နေရင် ငါကိုယ်တိုင် ဘတ် စတာကို ပွေ့ချီပြီး ခေါ်သွားပါ့မယ်"
ဤသို့ပြောပြီးနောက် ခရိတ်သည် ပြတင်းပေါက်မှ မသိမသာ ခေါင်းပြူး၍ ပြင်ဘက်သို့ ကြည့် လိုက်သည်။

ကြည့်နေရင်း ခပ်လှမ်းလှမ်းတွင် လက်နက်ကိုင်တပ်သားများ စနစ်တကျ ချီတက်လာသည်ကို မြင်ရ လေရာ ခရိတ်သည် ဘ၀င်ကျသွားဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။ ထို့ကြောင့် ဆယ်လီဘက် သို့ လှည့်၍-
"တော်သေးတယ်ကွဲ့၊ အခြေအနေက စိုးရိမ်စရ မရှိတော့ဘူး"ဟု ခပ်တိုးတိုး ပြောလိုက်သည်။
"ဟင်…ဟုတ်လား၊ ဘယ်လိုဖြစ်လို့လဲ"
"အစိုးရဘက်က လုံခြုံရေးတပ်တွေ ရောက်လာပြီ"

ဤသို့ ပြောရင်း ခရိတ်သည် စစ်သားများ၏ ဦးထုပ်မှ တံဆိပ်ကိုမြင်၍ မှတ်မိသဖြင့်-
"လက်ရွေးစင်တပ်ဖြစ်တဲ့ တတိယတပ်မဟာက စစ်သားတွေ ရောက်လာကြပြီ။ ငါတို့ ဘာမှ စိုးရိမ် စရာ မရှိတော့ဘူး"ဟု ဆက်ပြောလိုက်သည်။
သူတို့နှစ်ယောက်စလုံးသည် စစ်သည်များအာ ခရီးဦးကြိုပြုရန် ၀ရန်တာပြင်ဘက်သို့ ထွက်လိုက် ကြသည်။ ဆယ်လီသည် သူ့အချစ်တော် ခွေးကလေး ဘတ်စတာကို ပွေ့ထားလေသည်။
လက်နက်ကိုင် တပ်များကို ရှေ့ဆောင်၍ ချီတက်လာသူမှာ တပ်ကြပ်ကြီးတစ်ဦးဖြစ်ရာ ခရိတ်က ဆီးကြို၍ နှုတ်ဆက်လေသည်။
"ဆာဂျင်ကြီးခင်ဗျား၊ ခင်ဗျားတို့တပ် ရောက်လာတာကို အလွန် ၀မ်းသာမိပါတယ်"

သို့ရာတွင် တပ်ကြပ်ကြီးက မျက်နှာထား ခပ်တည်တည်နှင့်-
"ခင်ဗျားတို့ နှစ်ယောက်စလုံး အိမ်ထဲဝင်လိုက်ပါ"ဟု ပြောလေသည်။ သူ၏ မောင်းပြန်သေနတ်နှင့် အိမ်တွင်းသို့ ညွှန်ပြလိုက်ပုံကလည်း ခြိမ်းခြောက် အမိန့်ပေးသလို ဖြစ်နေသောကြောင့် ခရိတ်သည် အံ့အားသင့် သွားမိသည်။ စောစောက သူထင်သလို ၀မ်းသာစရာ မဟုတ်ဘဲ ပြဿနာတစ်ခုခု ရှိနေ ပြီဟုလည်း စိတ်ထဲမှ စိုးရိမ်မိလေသည်။
ထိုအတောအတွင်း တတိယတပ်မဟာမှ လက်နက်ကိုင် စစ်သည်များသည် အိမ်ပတ်ပတ်လည်ကို ၀ိုင်းထားလိုက်သည်။ မကြာမီ အိမ်နောက်ဖေးဘက်ဆီမှ ပြတင်းပေါက် ရိုက်ခွဲသံ ကြားလိုက်ရပြန် သည်။ စစ်သားများ က အိမ်တွင်းသို့ ဖောက်ထွင်းဝင်ရောက် ရှာဖွေမည့်ပုံမျိုး ဖြစ်နေသည်။

"ဘယ်လိုဖြစ်တာလဲဗျ၊ အခု ဘာလုပ်နေတာလဲ"
ခရိတ်က ဒေါသထွက်လာလျက် တပ်ကြပ်ကြီးအား မေးလိုက်သည်။
သို့သော် တပ်ကြပ်ကြီးသည် ဘာမှ ပြန်မပြောဘဲ ခရိတ်တို့အား အိမ်ထဲဝင်ရန်သာ ရိုင်ဖယ် သေနတ်ဖြင့် ညွှန်ပြလေသည်။
ခရိတ်နှင့် ဆယ်လီတို့သည် မတတ်သာဘဲ အိမ်ထဲသို့ ပြန်ဝင်လိုက်ကြရသည်။
ခရိတ်က ကာကွယ်စောင့်ရှောက်သည့်အနေဖြင့် ဆယ်လီ၏ ပခုံးကို ယုယစွာ ဖက်ထားလေသည်။

အိမ်ရှေ့တံခါး မှ လက်နက်ကိုင်တပ်သားနှစ်ဦး ၀င်ရောက်လာပြီး တပ်ကြပ်ကြီးအား သတင်းပို့ အစီ ရင်ခံလေသည်။ ရှိုနာဘာသာစကားဖြင့် ပြောနေသဖြင့် ခရိတ်က ဘာပြောနေမှန်း မသိရချေ။
တပ်ကြပ်ကြီးက ခေါင်းညိတ်ပြီး ရှိုနာဘာသာဖြင့် တစ်စုံတစ်ခု အမိန့်ပေးလိုက်ရာ တပ်သားနှစ်ဦး လူချင်းခွဲ ၍ အခန်းလယ်ရှိ ခရိတ်နှင့် ဆယ်လီတို့အား မောင်းပြန်ရိုင်ဖယ်သေနတ်ဖြင့် ချိန်လိုက်ကြ သည်။
"မီးခလုတ်တွေက ဘယ်မှာ ရှိသလဲ"
တပ်ကြပ်ကြီးက မေးသဖြင့် ခရိတ်က မီးခလုတ်ထားရှိရာ နေရာကို ညွှန်ပြလိုက်ရသည်။
တပ်ကြပ်ကြီး သည် မီးခလုတ်ရှိရာသို့ လျှောက်သွားပြီး ဖွင့်လိုက်ရာ တစ်ခန်းလုံး လင်းထိန်သွား လေသည်။

"ဘာတွေ ဖြစ်နေတာလဲဗျ။ အခု ခင်ဗျားတို့က ဘာလာလုပ်တာလဲ"
ခရိတ်က ဒေါသထွက်လျက် ထပ်ပြီး မေးလိုက်သည်။ သူ၏ စိတ်ထဲတွင်မူ အန္တရာယ်ရှိနေပြီဟု သိ လျက် ဆယ်လီ အတွက် စိုးရိမ်မကင်းဖြစ်စေ ပြုနေလေပြီ။
တပ်ကြပ်ကြီးသည် ခရိတ်၏မေးခွန်းကို လျစ်လျူရှုပြီး တံခါးဝဆီသို့ လျှောက်သွားပြီး ရှိုနာဘာသာ ဖြင့် တစ်စုံ တစ်ခု အော်ပြောလိုက်ရာ စစ်သားတစ်ဦး လျင်မြန်စွာ ပြေးလာလေသည်။
ထိုစစ်သား သည် ခရီးဆောင် ရေဒီယို အသံလွင့်စက်တစ်လုံးကို ကျောတွင် လွယ်ပိုးထားသည်။ တံခါးဝ သို့ ရောက်သောအခါ တပ်ကြပ်ကြီးက ယင်းရေဒီယိုစက်မှ စကားပြောခွက်ကို ယူ၍ ရှိုနာ ဘာသာဖြင့် တစ်စုံတစ်ရာ ပြောလေသည်။ စကားပြောပြီးတော့မှ ရေဒီယိုစက်ကို ပိတ်၍ အခန်း တွင်းသို့ ပြန်ဝင်လာ လေသည်။

ထို့နောက် မည်သူမှ ဘာမှမပြောဘဲ ငြိမ်သက်စွာ စောင့်နေကြလေသည်။ ဘာမှန်းမသိရဘဲ မရေ မရာ အခြေအနေမျိုးနှင့် စောင့်နေရသဖြင့် ခရိတ်မှာ စိတ်ထဲ မကျေမချမ်း ဖြစ်နေမိလေသည်။ တိတ်ဆိတ် ငြိမ်သက်စွာ စောင့်နေရသည်မှာလည်း အလွန်ကြာလှသည်ဟု ထင်မိသည်။ သို့သော် တကယ်တော့ မကြာ ပါချေ။
ငါးမိနစ်ခန့်အကြာတွင် တပ်ကြပ်ကြီးသည် ခေါင်းထောင်၍ တစ်စုံတစ်ရာကို နားစွင့်ထောင်နေလေ သည်။ ခရိတ်လည်း ဂရုစိုက်၍ နားစွင့်ထောင်လိုက်ရာ အင်ဂျင်စက်သံဖြစ်ကြောင်း ရိပ်မိသည့်ပြင် လျှပ်စစ် မီးစက်သံ နှင့်အတူ လင်းရိုဗာကားတစ်စီး၏ စက်သံဖြစ်သည်ဟု ခန့်မှန်းမိလေသည်။

ထင်သည့်အတိုင်း လင်းရိုဗာကားတစ်စီး၏ ရှေ့မီးလုံးကြီးများ ဖွင့်လျက် မောင်းဝင်လာသည်။ ထို့ နောက် ကားပေါ် မှ လူတစ်စု ဆင်းလာလေသည်။
ထိုလူများ မှာ တတိယတပ်မဟာမှ လက်နက်ကိုင် စစ်သည်များပင်ဖြစ်ပြီး သူတို့အား ရှေ့ဆောင် လာသူ မှာ ၀န်ကြီး ဗိုလ်ချုပ်ဖွန်ဂါဘီရာပင် ဖြစ်သည်။ သူ၏ နောက်တွင် ကပ်လျက်လိုက်ပါလာသူ ကား ကက်ပတိန် ဗိုလ်ကြီးနီဘေဘီပင် ဖြစ်လေသည်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် ယူနီဖောင်းဝတ်စုံ ၀တ်ဆင်လာပြီး ဦးခေါင်းတွင်လည်း တတိယတပ် မဟာ၏ အမှတ်တံဆိပ်ပါရှိသော ဦးထုပ်ပျော့တစ်လုံး ဆောင်းထားသည်။ လက်နက်အနေဖြင့် ခါး တွင် ချိတ်ထားသော ခြောက်လုံးပြူး သေနတ်မှလွဲ၍ သူကိုင်နေကျ လက်ကိုင်တုတ်ကို တစ်ချောင်း သာ ပါလာ လေသည်။
ကက်ပတိန် နီဘေဘီကတော့ မရှင်းပစ္စတိုလ် မောင်းပြန်သေနတ်တစ်လက် ပခုံးတွင် လွယ်ထား လေ သည်။

ခရိတ်သည် ဖွန်ဂါဘီရာကိုမြင်လျှင် ယခုမှ စိတ်အေးရတော့သည်ဟု ယူဆကာ-
"ဒီမယ် ဗိုလ်ချုပ် ကြည့်လုပ်ပါဦးဗျာ။ ကျုပ်ရဲ့ အလုပ်သမားတွေ သတ်ဖြတ်ခံနေရတယ်။ ကျုပ်တို့ ဆီက အလုပ်သမား ခေါင်းဆောင် အဘိုးကြီးလည်း ပြင်ဘက်မှာ ဒဏ်ရာရနေတယ်"ဟု ပြောလိုက် သည်။
"ဟုတ်တယ်၊ ရန်သူဘက်က ထိခိုက်မှု တော်တော်များပါတယ်"
ဗိုလ်ချုပ် ဖွန်ဂါဘီရာက ခပ်တည်တည် ပြန်ပြောလိုက်သဖြင့် ခရိတ်သည် အထူးပင် အံ့အားသင့်မိ လေ သည်။

"ဟင်…ရန်သူ ဟုတ်လား၊ ဘယ်က ရန်သူလည်းဗျ"
"ရန်သူဆိုတာ မာတာဘယ်လီလူမျိုး သူပုန်တွေပဲ"
"ဟာ…မဟုတ်သေးပါဘူး၊ ကျုပ်ရဲ့ အလုပ်သမားခေါင်းဆောင် အဘိုးကြီး ရှာဒရပ်ဟာ သူပုန်မှ မဟုတ်ဘဲ။ သူက ရိုးရိုးမွေးမြူရေး လုပ်ငန်းက လုပ်သားကြီးတစ်ယောက်သာ ဖြစ်တယ်။ နိုင်ငံရေး ကိုလည်း လုံးဝ စိတ်ဝင်စား တာ မဟုတ်ဘူး"
"ဒါက ခင်ဗျားထင်တာကို ပြောနေတာကိုး။ ဒီနိုင်ငံမှာက အခြေအနေဟာ မကြာခဏ ထင်သလို မဟုတ်တာတွေ ဖြစ်နေတတ်တယ်"

ပြောရင်းနှင့် ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် တစ်နေရာရှိ စားပွဲအနီးသို့ လျှောက်သွားရာ ကက်ပတိန် ဘေဘီက စားပွဲပေါ်တွင် မြေပုံကြီးတစ်ခုကို ဖြန့်ချထားလိုက်သည်။
"နေစမ်းပါဦးဗျ၊ ဘာတွေ ဖြစ်နေတယ်ဆိုတာ ကျုပ်ကို ပြောပြဦးမှပေါ့။ ကျုပ်ရဲ့ မွေးမြူရေးခြံက အလုပ်သမား တချို့ သတ်ဖြတ်ခံရတယ်။ လူဘယ်လောက်များများ ဆိုတာတောင် မသိရသေးဘူး။ ခင်ဗျား တို့က အဲဒီလူသတ်သမားတွေနောက်ကိုလိုက်ပြီး အရေးယူပါတော့လား"

ခရိတ်က မကျေမချမ်းဟန်နှင့် ပြောလိုက်သော်လည်း ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် မျက်နှာထားတင်း တင်း နှင့် ပြန်ကြည့်လိုက်သည်။
"ပစ်ကြခတ်ကြတဲ့ ကိစ္စဟာ ပြီးဆုံးသွားပါပြီ။ ခင်ဗျားက ဒီကိုလိုနီခေတ်ပုံစံ မွေးမြူရေးခြံထဲမှာ အားပေး မွေးမြူထားတဲ့ နိုင်ငံ့သစ္စာဖောက်တစ်စုကို ကျုပ်တို့က သုတ်သင်ရှင်းလင်းလိုက်ပြီ"
"ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ။ အတည်ပြောနေတာမှ ဟုတ်ရဲ့လား"
"သြော်…ခင်ဗျားက ကျုပ်ဟာ အတည်ပြောနေတာမှ မဟုတ်လို့ ရယ်စရာသဘော ပြောနေတယ် ထင်နေ သလား"

ဖွန်ဂါဘီရာက သရော်သလိုပြုံး၍ ပြောလိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင် အိပ်ပျော်နေသော ဆယ်လီ၏ ခွေးငယ် ကလေး ဘတ်စတာကို ကောက်ယူလိုက်သည်
"ကျုပ်က ဘယ်လောက် လေးလေးနက်နက် ပြောနေတယ်ဆိုတာ ခင်ဗျားသိရအောင် လက်တွေ့ ပြရ သေးတာပေါ့"
ပြောပြောဆိုဆို ဗိုလ်ချုပ်ဖွန်ဂါဘီရာသည် ခွေးကလေးကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ခွေးကလေးမှာ အိပ်ချင်မူးတူးဖြစ်နေသေးပုံရလျက် ဟစ်အော် ညည်းညူနေစဉ် ဖွန်ဂါဘီရာက သူ၏ ဘွတ်ဖိနပ် ဖြင့် ခွေးကလေး၏ ကိုယ်ပေါ်သို့ တက်နင်းကာ ကိုယ်အလေးချိန်နှင့် တအား ဖိချနင်း သတ်လိုက် လေသည်။

ထိုအချိန်တွင် ဖွန်ဂါဘီရာသည် စောစောကလို ပြုံးမနေတော့ဘဲ မျက်နှာထားက သိသိသာသာ ခက်ထန် လာလေသည်။
"ခင်ဗျားတို့ရဲ့ အသက်ကိုလည်း ဒီခွေးကလေးလောက်ပဲ ကျုပ်က တန်ဖိုးထားတယ်ဆိုတာ နားလည် ပြီလား"
ဆယ်လီခမျာမှာ ခွေးကလေး မရှုမလှသေဆုံးသွားရရှာသည်ကိုမြင်ပြီး ယူကျုံးမရဖြစ်လျက် မျက်နှာ ကို လက်ဖြင့် အုပ်ထားကာ ငိုရှိုက်နေလေသည်။ ထို့နောက် ခရိတ်၏ ရင်ခွင်သို့ ပြေးဝင်ကာ ဆက် လက် ငိုနေ ရှာသည်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာသည် သေနေသော ခွေးကလေးကို ခြေထောက်ဖြင့် ကန်ကျောက်ဖယ်ရှားပစ် လိုက်ပြီး နောက် စားပွဲတွင် ထိုင်၍ သူ၏ လက်ကိုင်အိတ်အတွင်းမှ စာရွက်စာတမ်းများကို ထုတ်ယူ ကာ စားပွဲ ပေါ် ဖြန့်ချလိုက်သည်။
ထို့နောက် ခရိတ်အား ကဲ့ရဲ့ရှုတ်ချသော ဟန်မျိုးဖြင့် ကြည့်လိုက်သည်။

"မစ္စတာခရိတ် ခင်ဗျားဟာ အမေရိကန် ထောက်လှမ်းရေး စီအိုင်အေရဲ့ ဧဂျင်း (သူလျှို)တစ်ဦး အဖြစ် လျှို့ဝှက် တာဝန်ယူနေသူ ဖြစ်တယ်"
အစိုးရရှေ့နေက တရားခံအား စွဲချက်တင်သလို ပုံမျိုးဖြင့် ဖွန်ဂါဘီရာက စာရွက်များကိုကြည့်ရင်း စတင် ပြောရာ ခရိတ်သည် ထောင်းကနဲ ဒေါသထွက်လာပြီး-
"ဘယ် က ဟုတ်ရမှာလဲ၊ ဒါ မတရားစွပ်စွဲတာပဲ"ဟု အော်ပြောလိုက်သည်။

သို့သော် ဗိုလ်ချုပ်ဖွန်ဂါဘီရာက လုံးဝဂရုမစိုက်ဘဲ ဆက်ပြောလေသည်။
"ခင်ဗျားကို သူလျှိုအဖြစ် တာဝန်ပေးပြီး ကြီးကြပ်ချုပ်ကိုင်သူက ဒေသခံအရာရှိအဖြစ် အမေရိကန် သံရုံးက မော်ဂင်ဆိုသူက ဆောင်ရွက်တယ်။ ဗဟိုအဆင့်အနေနဲ့ ခင်ဗျားကို ချုပ်ကိုင်သူကတော့ မစ္စတာ ဟင်နရီ ဆိုသူဖြစ်တယ်။ ဒီလူက နယူးယောက်မြို့မှာ ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပေမယ့် တကယ်တော့ သူဟာ ကမ္ဘာ့ဘဏ် ၀န်ထမ်းအစစ် မဟုတ်ဘူး။ စီအိုင်အေ က ထောက်လှမ်းရေး အရာရှိ တစ်ဦးအနေနဲ့ (တစ်ခါတစ်ရံ သံတမန် ၀န်ထမ်းဟန်ဆောင် လှုပ်ရှား သလို) ကမ္ဘာ့ဘဏ်မှာ ၀င်လုပ် နေခြင်းသာ ဖြစ်တယ်။ ဒီလူကပဲ ခင်ဗျားနဲ့တကွ မစ္စဆယ်လီကို သူ တို့အတွက် သူလျှိုလုပ်ဖို့ စည်းရုံး သိမ်းသွင်းခဲ့တယ်"

"ဒါတွေ တစ်ခုမှ မမှန်ဘူး"
"ဒီလို စီအိုင်အေ ထောက်လှမ်းရေး သူလျှိုလုပ်ပေးတဲ့အတွက် ခင်ဗျားအနေနဲ့ တစ်နှစ်ကို ဒေါ်လာ ငွေခြောက်သောင်းရရှိတယ်။ ခင်ဗျားရဲ့ တာဝန်က ဇင်ဘာတွေနိုင်ငံက မာတာဘယ်လီ တိုင်းရင်း သားတွေ နေထိုင်တဲ့နယ်မြေမှာ လျှို့ဝှက်အခြေစိုက် စခန်းတစ်ခု တည်ထောင်စည်းရုံးဖို့ဖြစ်တယ်။ ဒါအတွက် ကုန်ကျစရိတ်အားလုံးကိုလည်း စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က ကျခံတယ်။ သို့ သော်လည်း ငွေထုတ်ပေးပုံက ပိပိရိရိရှိပြီး ဘယ်လိုမှ သံသယမရှိနိုင်အောင် ကမ္ဘာ့ဘဏ်က ခင် ဗျားကို အသုံး စရိတ် ထုတ်ပေးထားတာ ဒေါ်လာငွေ သိန်းငါးဆယ် ဖြစ်တယ်"
"ဒါတွေ အားလုံး မမှန်ဘူးဆိုတာ ခင်ဗျားကိုယ်တိုင် သိသားပဲ"

ခရိတ်က ပြောလိုက်သည်ကို ဗိုလ်ချုပ် ဖွန်ဂါဘီရာက လျစ်လျူရှု၍-
"အခု ကျုပ်က ခင်ဗျားကို ဆက်လက် စစ်ဆေးမေးမြန်းတဲ့အခါ ခင်ဗျားက ကျုပ်ကို မိတ်ဆွေတစ် ယောက် လို မသတ်မှတ်ဘဲ ဗိုလ်ချုပ် ဖွန်ဂါဘီရာလို့ လေးလေးစားစား ခေါ်ရမယ်"ဟု ခပ်တည် တည် ပြောလေ သည်။
ထိုအခိုက် အပြင်ဘက်မှ ဆူဆူညံညံအသံများ ကြားရသဖြင့် ခရိတ်လည်း လှမ်းကြည့်လိုက်ရာ စစ် တပ်သုံး ကုန်တင် (ထရပ်)ကားများ ရောက်ရှိလာသည်ကို တွေ့ရလေသည်။

အခန်း (၂၀) အဆက် (၂)ဆက်ရန်
.

2 comments:

Anonymous said...

Thanks.

Ray

ဇော်သိင်္ခ said...

ဇာတ်လမ်းကတော့ ကောင်းခန်း ရောက်လာပြီနော်. ဆက်လက်စောင့်မျှော်လျှက်ပါ...
ကျေးဇူးတင်ပါတယ်.

ခင်မင်စွာဖြင့်
ဇော်သိင်္ခ