Friday, September 10, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၂၃)

အခန်း (၂၃)

ကက်ပတိန် နီဘေဘီသည် လင်းရိုဗာကားပေါ်မှ ဆက်သွယ်ရေးရေဒီယိုစက်ကို အသုံးပြုလျက် တတိယ တပ်မဟာ၏ တပ်ဖွဲ့အသီးသီး ရှိနေသည့် နေရာများကို စုံစမ်းကြည့်ရင်း ကားကို မောင်း သွားလေ သည်။

တပ်ဖွဲ့အသီးသီးက သက်ဆိုင်ရာသို့ သတင်းပို့ အစီရင်ခံချက်များကိုလည်း ကက်ပတိန် နီဘေဘီ က ကြားဖြတ် နားထောင်ခြင်းအားဖြင့် အခြေအနေတို့ကို သိရလေသည်။
သူသည် ရေဒီယိုမှ သတင်းပို့ချက်များကို နားထောင်ရင်း တတိယတပ်မဟာ၏ ယူနန် (တပ်ဖွဲ့)များ ရှိရာ နေရာများ ကို မြေပုံပေါ်တွင် မှတ်သားထားလိုက်သည်။
သူတို့ ယခုသွားနေသည့် လမ်းတွင်လည်း တပ်များရှိနေသဖြင့် နှစ်ကြိမ်တိုင် လမ်းမကြီးမှဆင်း၍ စကားသံဖြတ်လမ်းများ ရှာဖွေကာ ရှောင်တိမ်းပြီး မောင်းရလေသည်။

ယင်းသို့ တပ်များကို ရှောငိတိမ်းမောင်းသွားရင်း မာတာဘယ်လီ လူမျိုးတို့ နေထိုင်ရာ ကျေးရွာနှစ် ရွာကို ဖြတ်သွားရလေရာ ထိုရွာများတွင်လည်း တတိယတပ်မဟာမှ စစ်သားများ ရမ်းကားနှိပ်စက် သွားသည့် လက္ခဏာများ ကြေကွဲဖွယ်ရာ တွေ့ရလေသည်။

ရံဖန်ရံခါ သူတို့သည် ကားကို ခေတ္တရပ်ပြီး ရန်သူတပ်များ အခြေအနေကို အကဲခတ်ကြည့်ကြသည်။ ခရိတ်သည် ကား၏ အင်ဂျင်စက်ဖုံးပေါ် တက်ရပ်ပြီး ပတ်ဝန်းကျင် ကို လှည့်ပတ်ကြည့်ရာ အရပ် လေးမျက်နှာစလုံး၌ ကောင်းကင်သို့ မီးခိုးများ တလူလူ တက်နေသည်ကို တွေ့ရလေသည်။
တတိယတပ်မဟာမှ စစ်သားများက မာတာဘယ်လီကျေးရွာများအား မီးတင်ရှို့ရာမှ မီးခိုးများ တက်လာခြင်းပင် ဖြစ်သည်။

ဆက်လက်သွားကြရင်း ကာလာဟာရီ သဲကန္တာရအစပ်နှင့် နီးလာသောအခါ ပတ်ဝန်းကျင် ရှုခင်း သည် တစ်မျိုးပြောင်းလဲလာသည်ကို တွေ့ရလေသည်။ မြေပြန့်ဖြစ်လာပြီး သစ်ပင်တောအုပ်များ တဖြည်းဖြည်း နည်းပါလာကာ သစ်ပင်များကလည်း စိုပြည်ထွားကျိုင်းခြင်းမရှိ။

ရာသီဥတု ခြောက်သွေ့ပူပြင်းသော ဒေသဖြစ်၍ သစ်ပင်များမှာ အကိုင်းအခက် အရွက်များ ဝေဆာ ခြင်းမရှိတော့ဘဲ အရေအတွက်အားဖြင့်လည်း အလွန်နည်းပါးလာလေသည်။
ဤဒေသကား လူသားတို့ အသက်ရှင် ရပ်တည်ရေးအတွက် အလွန်ခက်ခဲသည့် နေရာမျိုးဖြစ်ပေ သည်။
ခရိတ်တို့သည် အနောက်စူးစူးသို့ ဆက်လက်၍ မောင်းသွားကြလေသည်။

တဖြည်းဖြည်း နေမြင့်လာပြီး အပူချိန်လည်း ပြင်းထန်လာသည်။ မနားဘဲ ဆက်လက်သွားကြရင်း မွန်းတည့်ချိန်ပင် ကျော်သွားပြီဖြစ်သည်။ သို့သော် ခရီးမတွင်လုဘဲ နံနက် အရုဏ်တက်ချိန်မှ ယခုထိ မိုင်သုံးဆယ်ခန့်သာ ခရီးပေါက်ခဲ့လေသည်။
ထိုနေရာမှ နယ်စပ်သို့ရောက်ရန် နောက်ထပ် မိုင်နှစ်ဆယ်ခန့် သွားရဦးမည် ဖြစ်သည်။

ခရိတ်၊ ဆယ်လီနှင့် ကက်ပတိန် နီဘေဘီတို့ သုံးဦးစလုံး အလွန် ပင်ပန်းနွမ်းနယ်လျက်ရှိကြပြီ ဖြစ် သည်။ ထို့ကြောင့် မွန်းလွဲပိုင်းတွင် သူတို့သည် လမ်းတစ်နေရာတွင် ခေတ္တရပ်နားလိုက်ကြလေ သည်။
ခရိတ်သည် ကားပေါ်မှဆင်း၍ လက်ဖက်ရည်တစ်အိုး ကျိုနေစဉ် ဆယ်လီက သစ်ပင်ချုံပုတ်များ အတွင်းသို့ တပိုတပါးသွားရန် ၀င်သွားလေသည်။ ထိုအတောအတွင်း ကက်ပတိန် နီဘေဘီက ရေဒီယိုစက်ရှေ့တွင်ထိုင်လျက် တတိယတပ်မဟာ၏ တပ်ဖွဲ့အသီးသီးက ဌာနချုပ်နှင့် ဆက်သွယ် သတင်းပို့ချက်များကို နားထောင်နေလေသည်။

အတန်ကြာအောင် နားထောင်ကြည့်ပြီးနောက် အကြောင်းမထူးသဖြင့် သူသည် ရေဒီယိုစက်ကို ပိတ်လိုက်ပြီး ခရိတ်အား လှမ်းစကားပြောလေသည်။
"ရှေ့မှာတော့ ကျေးရွာမရှိတော့ဘူးဗျ။ ကျွန်တော် ကိုယ်တိုင် နယ်စပ်ဘက်ကို ဒီနားထိအောင် မရောက်ဖူးပါဘူး။ ဒါကြောင့် ရှေ့လျှောက် ဘာတွေဖြစ်လို့ ဘာကို မျှော်လင့်ရမှန်းတောင် မသိဘူး ခင်ဗျ"
ကက်ပတိန်နီဘေဘီ၏ စကားအဆုံးတွင် ခရိတ်ကလည်း သူ၏ အတွေ့အကြုံကို ပြောပြလေ သည်။

"ကျုပ်ကတော့ တစ်ချိန်က (အရင်အစိုးရလက်ထက်က) တောရိုင်းတိရစ္ဆာန်တွေ ကာကွယ်ရေးဌာန မှာ အမှုထမ်းလုပ်ခဲ့ဖူးတော့ တွန်ဂါတာနဲ့အတူ ဒီအရပ်မှာလာပြီး အလုပ်လုပ်ခဲ့ဖူးတယ်။ အဲဒါ ၁၉၇၂ခုနှစ်လောက်ကပါ။ တစ်ခါတော့ ကျုပ်တို့ဟာ ခြင်္သေ့ရိုင်းအုပ် တစ်အုပ်လိုက်ရင်း နယ်စပ် ဘက် မိုင်တစ်ရာကျော်လောက်ထိအောင် လိုက်ခဲ့ဖူးတယ်။ ခြင်္သေ့ရိုင်းတွေက ကျွဲ၊ နွားတိရစ္ဆာန် တွေ လိုက်ဆွဲယူ သတ်ဖြတ်နေလို့ ကျုပ်တို့က လိုက်လာကြတာပဲ။ နယ်စပ်ဒေသက နယ်မြေက အခြေအနေ တော်တော်ဆိုးတယ်။ ရေက အလွန်ရှားတယ်။ ပြီးတော့"
ခရိတ်က ပြော၍မဆုံးသေးမီ ကက်ပတိန် နီဘေဘီသည် ရုတ်တရက် လက်မြှောက်၍ ဆိတ်ဆိတ် နေရန် အချက်ပြလိုက်သည်။ ရေဒီယိုစက်ထဲမှ တစ်စုံတစ်ယောက်က ဆက်သွယ်စကားပြောသံ ထွက်ပေါ် လာသဖြင့် ခရိတ်အား တိတ်တိတ်နေရန် အချက်ပြလိုက်ခြင်း ဖြစ်သည်။

ရေဒီယိုစက်မှစကားပြောနေသူ၏ အသံမှာ သြဇာအာဏာရှိသူတစ်ဦး၏ အသံဖြစ်ကြောင်း သိသာ ထင်ရှားလေသည် ထိုပုဂ္ဂိုလ်က ကျန်တပ်ဖွဲ့များအား အရေးကြီးသော သတင်းပို့ချက်ရှိသဖြင့် မိမိ တို့၏ ဆက်သွယ်အသံလွင့်ချက်များ ရပ်ဆိုင်းရန် အမိန့်ပေးနေပုံ ရလေသည်။
ကက်ပတိန် နီဘေဘီသည် ထိုအသံကို ကြားကြားချင်း အထူးဂရုစိုက် နားထောင်နေရာက ခရိတ်က-
"ဘာလဲဗျ"ဟု ခပ်တိုးတိုး မေးလိုက်သည်။

သို့သော် ကက်ပတိန် နီဘေဘီက ပြန်မဖြေဘဲ လက်ပြ၍သာ အချက်ပေးလိုက်ပြီး ရေဒီယိုစက်မှ အသံ ကိုသာ ဂရုစိုက်နားထောင်နေလေသည်။
တစ်ဖက်မှ ပြောနေသူသည် ရှိုနာဘာသာစကားဖြင့် ပြောနေသောကြောင့် ခရိတ်က နားမလည် ချေ။
အသံလွင့်ချက် ပြီးဆုံးသွားတော့မှသာ ကက်ပတိန် နီဘေဘီက ခရိတ်ကို ရှင်းပြလေသည်။

"တတိယ တပ်မဟာရဲ့ ကင်းလှည့်တပ်ဖွဲ့တစ်ဖွဲ့ ဒီနေ့မနက် ကျွန်တော် ထားပစ်ခဲ့တဲ့ စစ်သားသုံး ယောက်ကို ရှာတွေ့သွားပြီ။ အခု ဗိုလ်ချုပ် ဖွန်ဂါဘီရာက ယူနစ်(တပ်ဖွဲ့)အားလုံးကို အရေးပေါ် အမိန့်ပေးနေပါတယ်။ ကျွန်တော်တို့ကို ပြန်ဖမ်းမိဖို့ အရေးကိုသာ ထိပ်တန်းဦးစားပေးပြီး လိုက်ရှာ ဖမ်းရမယ်လို့ ညွှန်ကြားလိုက်ခြင်းပဲ။ ကောင်းကင်ကနေပြီး လိုက်ရှာဖို့ စစ်လေယာဉ်နှစ်စင်းကို လည်း ဒီဘက်ဒေသကို လွှတ်ထားလိုက်ပြီလို့လည်း ဆိုတယ်။ အချိန်မရွေး လေယာဉ်တွေ ဒီနေရာ ကို ရောက်လာနိုင်ပါတယ်။

ဗိုလ်ချုပ် ဖွန်ဂါဘီရာဟာ ကျွန်တော်တို့ ရောက်ရှိမယ့်နေရာကို အတော် တိတိကျကျ ခန့်မှန်းပြီးတော့ တပ်ဖွဲ့တွေအားလုံး ဒီဘက်ကို ၀ိုင်းလာကြဖို့လည်း ညွှန်ကြား လိုက်တယ်။ကျွန်တော်တို့ဟာ မီးရထား လမ်းတောင်ဘက်က တစ်ဆင့် နယ်စပ်ကိုပြေးကြ လိမ့်မယ်လို့လည်း တွက်မိတယ်။ ဒါကြောင့် အခု ကျွန်တော်တို့ ဦးတည်သွားနေတဲ့ လမ်းကို ပိတ်ဆို့ဖမ်းဆီးဖို့အတွက် တပ်စုနှစ်ခုကိုလည်း ချက်ချင်းသွင်းပြီး လမ်းပိတ်နေကြတော့လို့ အမိန့်ပေးလိုက်ပြီ ခင်ဗျ။ ဒီစစ်ဆင်ရေးက လျှို့ဝှက်သင်္ကေတ စကားဝှက် အဖြစ် ကျားသစ်လို့ သတ်မှတ်လိုက်တယ်။  အဓိပ္ပါယ်က တော့ တတိယတပ်မဟာ တပ်ဖွဲ့ တွေအနေ နဲ့ ကျွန်တော်တို့ကို မမေးမြန်းဘဲ အသေသတ်ပစ်ဖို့ အမိန့်ပေးလိုက်တာပဲ။ ဒီလိုကျားသစ် အမိန့်မျိုးဟာ ယခုအခါမှာ အလွန်အသုံးပြုခဲ့ပါတယ်။ ကျွန်တော်တို့အဖို့ စိတ်အားငယ် စရာပါပဲ မစ္စတာ ခရိတ်။

    ဤတွင် ခရိတ်သည် မြေပုံကို လျင်မြန်စွာယူ၍ ဖြန့်ကြည့်လေသည်။ ဆယ်လီနှင့် ကပတိန် နီဘေဘီ တို့လည်း ဘေးမှနေ၍ မြေပုံကိုဝိုင်းကြည့်နေကြစဉ် ခရိတ်က မြေပုံတစ်နေရာသို့ လက်ဖြင့် ထောက်ပြလိုက်သည်။
    "ကျုပ်တို့ အခုရောက်နေတာက ဒီနေရာပဲ။ ဒီကဆက်သွားဖို့ရာ အနောက်မြောက် ဘက်သွားတဲ့ လမ်းတစ်လမ်းဘဲရှိတော့တယ်။ဗိုလ်ချုပ်ဖွန်ဂါလီရာက လွှတ်လိုက်တဲ့ ပလမ်းထရီးက တပ်စုဟာ ကျုပ်တို့ရှေ့က လမ်းပို့စောင့်နေဖို့များတယ်။ နောက်တပ်စုတစ်စုက ကျုပ်တို့နောက်က လိုက်လာပြီး နှစ်ဖက် ညှပ်ပိတ်လိမ့်မယ် ထင်တယ်"
    ခရိတ်၏ စကားကို ကတ်ပတိန်သည် နီဘေဘီသည် သဘောတူဟန်ဖြင့် ခေါင်းညိတ် လိုက်သည်။

    "ဒီတစ်ခါတော့ သူတို့က အထူးသတိထားပြီး ရှာကြည့်နေမှာ သေချာပါတယ်။ စောစောကလို ကျွန်တော် တို့ လမ်းဘေးမှာ အသာပုန်းနေလို့ ဖြစ်မှာမဟုတ်ဘူး "
    ကားပေါ်မှ ဆက်သွယ်ရေး ရေဒီယိုစက်က အသက်ဝင်ကာ အသံမြည်လာပြန်သဖြင့် ကတ်ပတိန် နီဘေဘီသည် ကပျာကယာ ပြေးသွားလေသည်။ ရေဒီယိုမှ ရှိုနာဘာသာ ဖြင့်ပြောသံကို နားထောင် နေရင်း သူ၏ မျက်နှာသည် ပို၍စိုးရိမ်ကြောင့်ကြသည့်ဟန် ဖြစ်လာ လေသည်။

    "ကျွန်တော်တို့နောက်က လိုက်နေတဲ့ တပ်ဖွဲ့ဟာ လင်းရိုဗာကားဘီးရာတွေ ကိုတွေ့သွားပြီ။ အခု သူတို့ကားဘီးရာကို ခြေရာခံလိုက်လာတာ သိမ်မဝေးတော့ဘူး။ ဒါ့အပြင်သူတို့က ရှေ့က ပိတ်စောင့် နေတဲ့ တပ်စုကိုလည်း ရေဒီယိုနဲ့ ဆက်သွယ်အကြောင်း ကြားလိုက်ကြပြီမို့ ကျွန်တော်တို့ဟာ နှစ်ဖက်ညှပ်ပိတ်မိနေပြီ။ ကျွန်တော်တော့ ဘာဆက် လုပ်ရမှန်းတောင် မသိတော့ဘူး။ မစ္စတာ ခရိတ်။ နောက် မိနစ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့နဲ့ ရင်ဆိုင်ရတော့မယ်"

    ကက်ပတိန်နီဘေဘီက အကူအညီတောင်းသည့်ဟန်မျိုးဖြင့် ပြောလေရာ ခရိတ်လည်း ချက်ချင်းပင် ခေါင်းဆောင်(တပ်မှူး)သဖွယ် တာဝန်ယူရန် ဆုံးဖြတ်လိုက်သည်။
    "ကောင်းပြီ၊ဒီလိုလုပ်ကြမယ်။ ကျုပ်တို့က ဒီလမ်းကန့်လန့်ဖြတ် ဘေးထွက်ပြီး နယ်စပ်ကို သွားကြမယ်"
    "ဒီလိုဆိုရင် သွားရမယ့်လမ်းက အလွန်ကြမ်းတယ် ခင်ဗျာ။ လမ်းရယ်လို့ ပီပီပြင်ပြင် ရှိတာ မဟုတ်ဘူး။ ကားမောင်းဖို့တောင် အလွန်ခက်ပါလိမ့်မယ်"
    ကက်ပတိန် နီဘေဘီက ကန့်ကွက်သလို ပြောသော်လည်း ခရိတ်က လက်မခံဘဲ ဆက်၍ အမိန့်ပေး လိုက်လေသည်။

    "ကားကိုသာ မောင်းစမ်းပါ။စပယ်ရှယ် ဂီယာကို အသုံးပြုပြီးမောင်း။ ကျုပ်က ကားခေါင်မိုးပေါ်က ထိုင်လိုက်ပြီး လမ်းညွှန်ပြသွားမယ်။ ဆယ်လီက ကားရဲ့ ရှေ့တန်းမှာ ပြောင်းထိုင်လိုက်"
    ပြောပြောဆိုဆို ခရိတ်သည် အေကေ ၄၇ ရိုင်ဖယ်သေနတ်ကို ပခုံးတွင် လွယ်လျက် ကားခေါင်မိုးပေါ်သို့ တက်လိုက်သည်။ ကက်ပတိန် နီဘေဘီထံမှ အရှေ့အနောက်တောင်မြောက် ကြည့်သော ကွန်ပါတစ်ခုကိုပါ ယူကြည့်ပြီး ဆက်လက်လမ်းညွှန်လေသည်။

    "ကောင်းပြီ ညာဘက်ကို ကွေ့လိုက်၊ ပြီးရင် အဲဒီလမ်းအတိုင်း တည့်တည့်သာမောင်း ပေတော့"
    ကက်ပတိန် နီဘေဘီကလည်း ညွှန်ကြားသည့်အတိုင်း လင်းရိုဗာကို ထိန်းမောင်းသွားလေ သည်။ လမ်းက ကြမ်းသော်လည်း လင်းရိုဗာအနေဖြင့် မောင်း၍ဖြင့်သောကြောင့် တစ်နာရီလျှင် နှစ်ဆယ့် ငါးမိုင်နှုန်းဖြင့် မောင်းနိုင်လေရာ သူတို့နောက်မှ လိုက်လာသည့်စစ်ကား(ထရပ်ကား) ကြီးများက မီအောင် လိုက်မောင်း ရန် လွယ်ကူမည်မဟုတ်ဟုလည်း တွက်မိကြသည်။
    ခရိတ်ကလည်း ကားခေါင်မိုးပေါ်မှနေ၍ မြေပုံနှင့် ကွန်ပါကို ကြည့်ရင်း ကက်ပတိန် နီဘေဘီအား လိုအပ်သလို ညွှန်ကြားကာ အချို့နေရာများတွင် ခြေရာခံလိုက်ရန် ခက်အောင် ကွေ့ကောက် မောင်းခိုင်း လေသည်။

    နောက်တစ်နာရီခန့် ကြာသွားမိလျှင် နယ်စပ်သို့ ရောက်တော့မည်ဖြစ်၍ သူတို့သုံးဦးစလုံး အားတက် မိကြလေသည်။
    ခရိတ်သည် ပင်ကိုစရိုက်အားဖြင့် ဘေးအန္တရာယ်နှင့် နီးကပ်လာလျှင် ကြောက်စိတ်ထက် ရန်သူနှင့် ရင်ဆိုင်တိုက်လိုသည့် ဆန္ဒဖြစ်ပေါ်ကာ စိန်ခေါ်သလို စိတ်ဖြစ်တတ်လေရာ ယခုတစ်ဖန် ယင်းစိတ်ဓာတ် မျိုး ဖြစ်ပေါ်လာလေသည်။

    အတန်ကြာကြာ သွားမိသော် ခရိတ်သည် နောက်ပြန်လှည့်ရင်း ခပ်လှမ်းလှမ်း၌ ဖုန်တစ် ထောင်းထောင်း ထနေသည်ကို သတိပြုလေသည်။
    "နောက်က လိုက်လာတဲ့ တပ်တစ်တပ်ကိုတော့ မြင်ရပြီဟေ့။ အခုဆိုရင် ကျုပ်တို့နောက် ငါးမိုင် လောက် အကွာမှာ ရောက်နေတယ်"
    ဤသို့ နီဘေဘီအား လှမ်းပြောရင်း နောက်သို့ဆက်လက် ကြည့်နေလေသည်။ အမှန်တော့ သူသည် ကား၏ရှေ့တည့်တည့်ကြည့်၍ ကက်ပတိန် နီဘေဘီအား ညွှန်ကြားရ မည်ဖြစ်သည်။
    အကြောင်းမူကား သူတို့၏ ကားမောင်းနေသည့် လမ်းတည့်တည့် မလှမ်းမကမ်းတွင် ခြတောင်ပို့ များရှိရာ ၀က်ဝံများက ဖြတောင်ပို့များကို တူးယက် စားသောက်ခြင်းကြောင့် မြေကြီးတွင် ချိုင့်ကြီးတစ်ခု ဖြစ်နေသောကြောင့်ပင်တည်း။

    ကားမောင်းသူ ကက်ပတိန် နီဘေဘီအနေဖြင့် ရှေ့တည့်တည့်တွင် မြက်ပင်ရှည်ကြီးများ ရှိနေသောကြောင့် ချိုင့်ကြီးများရှိနေသည်ကို မမြင်ရချေ။
    ထို့ကြောင့် လင်းရိုဗာကားသည် တစ်နာရီ နှစ်ဆယ့်ငါးမိုင်နှုန်းဖြင့် သွားလေရာမှ ချိုင့်ကြီးထဲသို့ ကျသွားကာ ရပ်သွားလေသည်။

    ယင်းအရှိန်ကြောင့် ခရိတ်သည် ကားခေါင်မိုးပေါ်မှ မြေကြီးပေါ်သို့ လွင့်စဉ်ကျသွားကာ ရုတ်တရတ် ပြန်မထ နိုင်ဘဲ လဲနေလေသည်။
    မြေကြီးပေါ်ကျရာတွင် မျက်နှာတစ်ခြမ်း၊ဒူးဆစ်၊တံတောင်ဆစ်များ မြေကြီးဖြင့်တိုက်မိပြီး တစ်ကိုယ်လုံး ဖုန်အလိမ်းလိမ်း ဖြစ်သွားလေသည်။ ပြင်းစွာနာကျင်ခြင်း ဝေဒနာကိုလည်း ခံစားရသည်။ မျက်နှာ နှင့် မြေကြီး ရိုက်မိသည့်အရှိန်ကြောင့် သွားတွေကျွတ်ထွတ်ကုန်ပြီလောဟုပင် ထင်ရသည်။

ဆက်ရန်
.

3 comments:

Anonymous said...

Thanks.

Ray

ဇော်သိင်္ခ said...

ခက်ခဲကြမ်းတမ်းသော ဘဝခရီးလမ်းကို ကြမ်းတမ်းစွာအတူ ဖြတ်ကျော်ကြတာပေါ့တဲ့... (အသက်ဘေးကလွတ်အောင်) :) သက်စွံ့ဆံဖျား ပြေးရမယ့် အခန်းကိုရောက်နေပြီနော်...

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

လသာည said...

ပါသွားတာ မဟုတ်မှလွဲရော ဒီပိုစ်လေးရိုက်ပေးတဲ့ ဇင်ဘာဘွေလေးလားဟယ်.. လွမ်းလိုက်တာ အီးဟီးးးး