Wednesday, April 24, 2013

တင့်ဆန်း ၏ ငမိုးရိပ်မှ ငမိုးရိပ်သို့ အပိုင်း (၁)

စာရေးသူ၏အမှာ

ကျွန်တော်သည် "စာရေးဆရာတစ်ယောက်" စာအုပ်ကို ရေးသားထုတ်ဝေပြီးနောက်တွင် ဤ "ငမိုးရိပ်မှ ငမိုးရိပ်သို့" ကိုမေ့နေခဲ့ပါသည်။ ငမိုးရိပ်နရေးစဉ်က အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ဘ၀အတွေ့အကြုံကို အားရပါးရ မရေးဖြစ်ဘဲရှိခဲ့ရာ စာရေးဆရာတစ်ယောက်တွင် အားရပါးရ မရေးဖြစ်ဘဲရှိခဲ့ရာ စာရေးဆရာ တစ်ယောက်တွင် အားရပါးရ ရေးလိုက်ရသည်နှင့် ကျေနပ်နေသည်။
 
သို့သော် "စာရေးဆရာတစ်ယောက်" ဖတ်မိသူ လူငယ်အတော်များများက ငမိုးရိပ်ကို မဖတ်လိုက်ရသဖြင့် ဖတ်ကြည့်ချင်သည် ဟုပြောကြသည်။ ကျွန်တော်က ငမိုးရိပ်နှင့် စာရေးဆရာ မထူးခြားကြောင်း၊ ကျွန်တော့် ဘ၀ ဖြစ်စဉ်များကိုသာ ပြန်ရေးထားတာချင်း အတူတူဖြစ်ကြောင်း ပြန်ပြောခဲ့သည်။ ဒါပေမယ့် ငမိုးရိပ် အကြောင်း ပြောလာသူတိုင်းပင် ကျွန်တော့်စကားကို သိပ်ပြီး လက်ခံခြင်း မရှိကြ။ သူတို့ ကြားသိဘူးသည် မှာ မတူဟူ၍သာ ပြန်ပြောကြသည်။ ဘာမတူသနည်း။ ကျွန်တော်မသိ။ လူပြော သူပြောများလာ၍ စာအုပ်နှစ်အုပ် ကို ပြန်ယှဉ်ဖတ်ကြည့်၏။ သည်တော့မှ ခြားနားချက်ကို ကျွန်တော်တွေ့မိသည်။ ငမိုးရိပ်သည် ၀တ္ထုဖြစ်၍ စာရေးဆရာတစ်ယောက်က ၀တ္ထုဖြစ်၍ စာရေးဆရာတစ်ယောက်က အတ္ထုပ္ပတ္တိ ဖြစ်သည်။

စာဖတ်ပရိသတ် တွင် အမျိုးမျိုးအစားစားရှိကြရာ အချို့သည်အတ္ထုပတ္တိကို ဖတ် ချင်ကြ၊ နှစ်သက်ကြသော် လည်း အချို့က ၀တ္ထုမှ ဖတ်ချင်ကြ၊ နှစ်သက်တတ်ကြသည်။ ၀တ္ထုဖတ်လိုသူက အတ္ထုပ္ပတ္တိဖတ်ရလျှင် အားမရ၊ အတ္ထုပ္ပတ္တိ ဖတ်လိုသူကလည်း ၀တ္ထုကို အားမရ ရှိတတ်သည်။
ငမိုးရိပ် မှ ငမိုးရိပ်သို့သည် ရှုမ၀မဂ္ဂဇင်းတွင် လွန်ခဲ့သော ၅နှစ်ကျော်ခန့်က မဂ္ဂဇင်း ၀တ္ထုရှည်အဖြစ်နှင့်  ပါခဲ့ဘူးသည်။ ပြီး ၁၉၆၂ခုနှစ် ဇွန်လက လုံးချင်းစာအုပ်အဖြစ် ပြန်လည် ထုတ်ဝေခဲ့ဘူးသည်။ သို့တိုင်းလည်း ထို "စာ" ကို သူတို့ မဖတ်ဖူးကြသေးဘဲ ဖတ်ကြည့်ချင်သည် ဆိုသော လူငယ်များသည် လွန်ခဲ့သော လေးငါးနှစ် က စာဖတ်စ သို့မဟုတ် စာဖတ် ၀ါသနာ မပါကြ သေးသူများလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ဤ ''စာ" ကို မဖတ်မိကြခြင်း ဖြစ်ပေလိမ့်မည်။

ကျွန်တော် တို့ နိုင်ငံတွင် နှစ်ကြာစာအုပ်ဟောင်းများကို တရိုတသေ သိမ်းဆည်းရောင်းချ သော ဆိုင်ဟူ၍ မရှိဘဲ စာအုပ်များကို ပေါ်ပင်ကုန် (ကုန်စိမ်း)သဘောမျိုးထား၍ ရောင်းချကြသည်။ လဆန်းထွက်သော စာအုပ် များ လကုန်လျှင် ပျောက်သွားသည်။ နောက် ရောင်းမကုန်သော စာအုပ်များ လမ်းဘေး လျော့ဈေး တွင် ရောက်လာသည်။ ထိုမှတစ်ဆင့် ကုန်ထုပ်စက္ကူဘ၀သို့ ကူးပြောင်းကြရသည်။ ထို့ကြောင့် ရှေ့ကထွက်ခဲ့ဘူးသော စာအုပ်များကို နောက်လူငယ်များ ဖတ်ရှုလိုသော်လည်း စာအုပ် မရှိသဖြင့် အခက် အခဲနှင့် ကြုံကြရသည်။

အကယ်၍သာ "စာ"ဟောင်းများကို တန်ဖိုးသိနားလည်ပြီး စနစ်တကျ သိမ်းဆည်းရောင်းချ သော စာအုပ် ဆိုင်မျိုး ရှိပါမူ လူငယ်စာဖတ်သူတို့အနေနှင့် မိမိတို့ ကြိုက်နှစ်သက်ရာ "စာ"ကို နှစ်ပေါင်း မည်မျှကြာ သည်ဖြစ်စေ အလွယ်တကူ ၀ယ်ယူဖတ်ရှုနိုင်ကြပေလိမ့်မည်။ လူငယ်များသာ မဟုတ်။ စာပေဗဟုသုတ ရှာဖွေလေ့လာလိုက်စားလိုသူတိုင်းသည် အကြောင်းအမျိုးမျိုးကြောင့် မဖတ်မိခဲ့ရသေးသော "စာ"များကို အချိန်မရွေး ၀ယ်ယူဖတ်ရှုလေ့လာနိုင်မည်ဖြစ်သည်။

ကျွန်တော်သည် "ငမိုးရိပ် မှ ငမိုးရိပ်သို့"ကို ပြန်ထုတ်သင့် မထုတ်သင့် အတော်စဉ်းစား သည်။ ရင်းနှီးသော မိတ်ဆွေများနှင့် နှီးနှောတိုင်ပင်ကြည့်သည်။ မိတ်ဆွေများကလည်း ပြန်ထုတ် သင့်သည်ဟု အကြံပေး၏။ မိတ်ဆွေ များ၏ အကြောင်းပြချက်မှာ တစ်ချိန်က မဖတ်မိသေးသော စာဖတ်ပရိသတ်များ ဖတ်ရှုနိုင်ရန် ပင် ဖြစ်လေသည်။ ကျွန်တော်ကိုယ်တိုင်လည်း ပြန်၍ထုတ်ဝေရန် အားသန်မိသည်။ ထိုစာမှာ မဂ္ဂဇင်း ၀တ္ထုရှည်ဖြစ်ခဲ့ပြီး လုံးချင်းအဖြစ်နှင့် ထုတ်ဝေခဲ့ပြီးသည့်တိုင် အကြောင်းအမျိုးမျိုးကြောင့် မဖတ်လိုက်မိ သူတွေ အများအပြား ရှိနေကြဦးမည်မှာ မလွဲပေ။ ထို   သူများအနေနှင့် ယခင်က မဖတ်လိုက်ရဖူးသော "စာ" တပုဒ် ကို ဖတ်ရှုနိုင်စေရန်အတွက် ရည်ရွယ် သည်။ "စာရေးတစ်ယောက်" ဖတ်ဖူးသူများ အနေနှင့် ဖတ်မိလျှင်လည်း အကြောင်းအရာတစ်ခု တည်းကို တင်ပြပုံချင်းမတူခြားနားကြောင်း စိတ်နှင့် ထိတွေ့စေ လိုသည်။

တင့်ဆန်း
၁၂.၁၀.၆၆
 

ငမိုးရိပ်၏နိဒါန်း

    'ကျွန်တော်တို့ဆီကို ခင်မင်တဲ့ စာရေးဆရာတွေ ဖိတ်ပြီး ထမင်းကျွေးကြရအောင်ဗျာ'
    မြောက်ဥက္ကလာပသို့ ပြောင်းရွှေ့ခဲ့ရပြီး ၁နှစ်ကျော်ခန့် ကြာရှိခဲ့လေပြီ။ တစ်နေ့တွင် တင့်ထူးသည် ကျွန်တော်တို့ အိမ်သို့ ရောက်ရှိလာပြီး ပြောလေ၏။
    'ကောင်းသားပဲ။ ဒါပေမယ့် ကျွန်တော်တို့ အိမ်မှာတော့ ကလေးတွေက များတယ်။ သိပ်ပြီး ကျွေး လို့မွေး လို့ မကောင်းဘူး ထင်တယ်'
    ကျွန်တော်က ပြန်၍ ပြောလိုက်ပါသည်။
    'ကျွန်တော့် အိမ်မှာပဲ ကျွေးမယ်လေ'
    တင့်ထူးက ဤသို့ပြန်ပြောပြီးနောက် နတ်နွယ်၊ တင့်ထူးနှင့် ကျွန်တော်တို့သည် ဖိတ်ခေါ်မည့် စာရေးဆရာ စာရင်း ကုန်ကျမည့် ငွေကြေးတို့ကို တွက်ချက်ကြကာ တနင်္ဂနွေ တစ်ရက်ကို သတ်မှတ် လိုက်ကြသည်။
    ယခင် တင့်ထူး ၆မိုင်၌ နေစဉ်ကလည်း ယခုလိုပင် ကျွန်တော်တို့သည် ခင်မင်သော စာရေးဆရာ များနှင့် တွေ့ဆုံပြီး စာအကြောင်းဆွေးနွေးကြ၊ ပျော်ရွှင်စွာ စားသောက်ကြနှင့် လုပ်ကိုင်ခဲ့ဖူးပါသည်။
    သတ်မှတ်ထားသော တနင်္ဂနွေ၏နံနက်သို့ ရောက်ရှိသည်တွင် ဖိတ်ခေါ်ထားသော စာရေးဆရာများ ကျွန်တော် တို့အိမ်သို့ တဖွဲဖွဲရောက်ရှိလာကြသည်။ အစီအစဉ်မှာ ကျွန်တော်တို့ အိမ်မှနေကာ တင့်ထူး အိမ် သို့ တဆင့်သွားရပေမည်။ တင့်ထူးအိမ်နှင့် ကျွန်တော်တို့အိမ်မှာ တစ်မိုင်ကျော်ခန့် ကွာဝေးလေ သည်။

    ဒဂုန်တာရာ၊ မောင်နေ၀င်း၊ နေသွေးနီ၊ ဆင်ဖြူကျွန်းအောင်သိန်း၊ ပန်းချီ မောင်ငွေထွန်း တို့ ကျွန်တော်အိမ် သို့ ရောက်လာကြသည်။ လင်းယုန်သစ်လွင်နှင့် မင်းကျော်တို့က တင့်ထူးအိမ် သို့ တိုက်ရိုက် သွားကြပါသည်။
    နံနက် ၁၀နာရီ တွင် ကျွန်တော်တို့သည် တင့်ထူးအိမ်သို့ အရောက်သွားကြသည်။ ပြီးနောက် လက်ဖက်ရည်ကြမ်းသောက်ရင်း စာအကြောင်း ပေအကြောင်း ဆွေးနွေးနေကြသည်။  ၁၂နာရီတွင် နံနက်စာကို မြိန်ရှက်စွာ စားသောက်ကြ၏။ ပြီးနောက် တရေးတမောအိပ်၍ အနားယူ ကြသည်။
    'ကဲ ထားဝယ်ချောင်ဘက် ကူးကြရအောင်'
    မိတ်ဆွေစာရေးဆရာများ အိပ်ရာမှ နိုးလာကြသည်တွင် တင့်ထူးက ဆော်သြလိုက်သည်။
    'နေပူပါသေးတယ်ဗျာ'
    ဒဂုန်တာရာ က ပြောသည်။
    'အို ပူပူဗျာ သွားကြမယ်'
    ဆင်ဖြူကျွန်းအောင်သိန်း က ပြောသည်ကို အားလုံးသဘောတူကာ ထားဝယ်ချောင်ဘက် သို့သွားရန် တင့်ထူး၏ နေအိမ်မှ ထွက်ခဲ့ကြလေသည်။

    ထားဝယ်ချောင် မှာ ကျွန်တော်တို့နေသော မြောက်ဥက္ကလာမြို့သစ်၏ တစ်ဖက်ကမ်းတွင် ရှိနေကာ တင့်ထူး တို့နေသော (ဋ) ရပ်ကွက်နှင့်နီးလေသည်။ အချိန်မှာနေ့လယ်၂နာရီ ကျော်ကျော် မျှသာ ရှိသေး၍ နေက တောက်လောက်ပူပြင်းလှပါ၏။ သို့သော် ကျွန်တော်တို့သည် ထီးများ ဆောင်းလျက် ထားဝယ်ချောင်ဘက် သို့ ငမိုးရိပ်ချောင်းကိုဖြတ်ကာ သမ္ဗာန်ဖြင့် ကူးလာခဲ့ကြပါ တော့သည်။
    ထားဝယ်ချောင် သို့ ရောက်လျှင် နှစ်ပေါင်းတစ်ရာကျော်ခန့်က တည်ဆောက်ထားခဲ့သော ကျွန်းတိုင်လုံးကြီး များနှင့် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကြည့်ရှုကြသည်။ မူလတန်း စာသင်ကျောင်း ကိုလည်း ကြည့်ကြသည်။ ပြီးနောက် ရွာတွင်းသို့ လျှောက်ကြည့်ကြကာ ဥက္ကလာပ သို့ ပြန် ကူးပြီး ဘတ်စ်ကားဖြင့် နေအိမ်သို့ အသီးသီးပြန်ကြပါတော့သည်။
    ကျွန်တော်သည် ငမိုးရိပ်ချောင်းကို အပြန်အလှန် ကူးရစဉ်ကပင် ကျွန်တော့်ဘ၀ကို ကျွန်တော်ပြန်တွေးနေ မိသည်။ ဟုတ်ပါ၏။ ငမိုးရိပ်ကမ်းခြေရွာ၌ မွေးဖွားခဲ့သူ ကျွန်တော်မှာ မည်မျှပင် ငမိုးရိပ်နှင့် ကင်းကွာအောင်ကြိုးစားခဲ့သော်လည်း နောက်ဆုံး၌ ငမိုးရိပ်ကမ်းခြေ သို့သာ ပြန်လည်ရောက် ရှိရသည်ကို တွေးတောမိခဲ့သည်။

    နေအိမ်သို့ ရောက်ရှိ၍ ညစာစားပြီးနောက် ကျွန်တော်သည် စာရေးချင်စိတ် ပေါက်လာ သည်နှင့် "ငမိုးရိပ်မှ ငမိုးရိပ်သို့" ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတိုကလေးတစ်ပုဒ်ကို ညတွင်း ချင်း အပြီးရေး ပါတော့သည်။
    နောက်နေ့တွင် ထိုဆောင်းပါးတိုကလေးကို ရှုမ၀သို့ သွားပေးရာ ဦးကျော်က ချက်ချင်းပင် ဖတ်၍ကြည့်လေတော့ ၏။
    'ဒီဥစ္စာ ခုလို ဆောင်းပါးတိုကလေးအဖြစ်နဲ့ အသုံးပြုလိုက်ရမှာ သိပ်ကိုနှမျောစရာ ကောင်းတယ်ဗျာ။ ဒါ့ကြောင့် ရှည်ရှည် နဲ့ပြည့်ပြည့်စုံစုံရေးဖို့ ခင်ဗျားကို တိုက်တွန်းချင်တယ်'
    ဦးကျော် သည် ဘလက်ကက် စီးကရက်ကို ရှိုက်ဖွာရင်းမှ ပြောလေတော့သည်။ ဒီလိုရှိပါတယ် ဦးကျော်၊ ကျွန်တော့် အသက်အရွယ်နဲ့ ကျွန်တော့်ရဲ့ ကျော်ကြားမှုလောက်နဲ့ ဒီလို ကိုယ့်အတ္ထုပ္ပတ္တိပြန် မရေးချင်သေး လို့ ဆောင်းပါးကလေးပဲ ရေးခဲ့တာပါ'

    ဦးကျော်သည် စီးကရက်ကို လက်ကြားတွင်ညှပ်၍ ခေါင်းကို လေးလေးရမ်းခါနေပြီးမှ
    'အသက်ငယ်တာ ကြီးတာ ကျော်ကြားမှုများတာ နည်းတာက အကြောင်းမဟုတ်ပါဘူးဗျာ။ ကမ္ဘာ့စာပေ မှာ ကျော်ကြားခဲ့တဲ့ ၀တ္ထုကြီးတွေဟာ ဆိုရင် အခုလို ကိုယ့်အတွေ့အကြုံ ကိုယ့် အကြောင်းကိုယ်ပြန်ရေးလို့ နာမည်ကြီး ခဲ့ကြတာပါပဲ။ ခင်ဗျာရဲ့ ငမိုးရိပ်ဟာလည်း သေသေချာချာ ပြည့်ပြည့်စုံစုံရေးဖို့ ကောင်းပါတယ်' ဟုပြောပြန် ပါတော့သည်။
    'သေသေချာချာရေး ရရင် သိပ်ရှည်လိမ့်မယ်'
    'ရှည်ပါစေလေ။ မဂ္ဂဇင်းမှာ အခန်းဆက်ဖြစ်စေ၊ ဒါမှမဟုတ် လုံးချင်းဖြစ်ဖြစ် ထုတ်ကြတာ ပေါ့'
    ဦးကျော် က လှိုက်လှဲစွာပင်ပြောလိုက်သောကြောင့် ကျွန်တော်လည်း အားတက်လာကာ ရေးမည်ဟု ဆုံးဖြတ် လိုက်ပါတော့သည်။
    'အင်းလေ ဒီလိုဆိုရင်လဲ ကျွန်တော် ပြန်ရေးပါ့မယ်'
    ကျွန်တော် သည် စားပွဲပေါ်မှ ဆောင်းပါးကို ပြန်ကောက်ယူရင်း ပြောလိုက်သည်။
'ရှည်ချင်သလောက် ရှည်ပါစေ။ ခင်ဗျား ဘ၀တစ်လျှောက် အတွေ့အကြုံတွေကိုသာ စေ့စေ့စုံစုံထည့်ရေးပါ'
    ဦးကျော် က ထပ်မံ၍ပင် ပြောပါသေးသည်။

    ကျွန်တော်သည် ''ငမိုးရိပ်မှ ငမိုးရိပ်သို့'' ကို အားရပါးရပြန်၍ရေးသည်။ ပြီးနောက် ရှုမ၀ ၀တ္ထုရှည် ၂ပတ်စာမျှ ဟု ခန့်မှန်းရသော စာမူထပ်ကြီးကို ရှုမ၀သို့ သွားရောက်ပေးသည်။
    တစ်ပတ်ခန့်ကြာရှိသောအခါ ရှုမ၀ စာတည်းအဖွဲ့မှ ကြိုက်နှစ်သက်ကြောင်း၊ မဂ္ဂဇင်းဝတ္ထု ရှည်အဖြစ် သုံးမည်ဖြစ်ကြောင်းနှင့် ငွေကြေးကိစ္စပါ ပြေလည်ခဲ့သည်။ ကျွန်တော်သည် ရှုမ၀ ဦးကျော်၏ တိုက်တွန်း ချက်ကြောင့် ၎င်းစာမူကို ရေးဖြစ်ခဲ့ခြင်းအတွက် ၀မ်းသာမဆုံး ရှိနေပါတော့ သည်။
    မိုးမှနွေ၊ နွေမှဆောင်း ရာသီတွေပြောင်းခဲ့သော်လည်း ကျွန်တော်၏ ''ငမိုးရိပ်" ကား မဂ္ဂဇင်း ၌ ပါ၍ မလာပါချေ။ ကျွန်တော်သည် တစ်ကြိမ် ၂ကြိမ် ဦးကျော်နှင့်တွေ့ဆုံ၍ ထည့်ပေးဖို့ပြော၏။ ဦးကျော်ကလည်း ထည့်ပေးပါမည်ဟုပင် ပြောပါ၏။ သို့သော် "ငမိုးရိပ်" သည် စာမူပုံကြား၌ ၀ပ်မြဲ ၀ပ်၍နေပါသည်။
    ကျွန်တော်သည် ပါချိန်ထက် အလွန့်အလွန် နောက်ကျနေသည့်တိုင် မဂ္ဂဇင်းတွင် "ငမိုးရိပ်" ပါမလာသော အခါ စိတ်မကောင်းဖြစ်ရသည်။ တကယ်တော့လည်း ထုတ်ဝေသူ အယ်ဒီတာက အလွန်ကောင်းပါသည်ဟု ချီးကျူး စကားပြောထားပါလျက် ထိုစာမူ မဂ္ဂဇင်းတွင် ပါမလာသေးသည်ကို ကျွန်တော့်အဖို့ နားမလည်နိုင်အောင် လည်း ဖြစ်နေရပါသည်။

    နောက်ဆုံး သည်းမခံနိုင်သည့်အဆုံးတွင် ကျွန်တော်သည် ဦးကျော်အား ရန်တွေ့သည့် စာတစ်စောင် ကို ဒေါပွပွနှင့် ရေးပို့လိုက်၏။ သို့တိုင်လည်း စာမူသည် မဂ္ဂဇင်း၌ ပါမလာပါ။ နောက်ဆုံး ထိုစာမူအပေါ်တွင် လုံးဝ စိတ်ဝင်စားမှု  မထားတော့သောအချိန် စာမူမဂ္ဂဇင်းတွင် ရောက်နေသည်မှာ တစ်နှစ်နှင့် ၆လခန့်ကြာတော့ မှ "ငမိုးရိပ်"၀တ္ထုရှုမ၀တွင် ပါရှိလာတော့သည်။
    "ငမိုးရိပ်" ၀တ္ထု ရှုမ၀တွင် ပါရှိလာပြီးနောက် စာဖတ်သူတို့ထံမှ ချီးကျူးစာများလည်း ရပါသည်။ နှုတ်ဖြင့် ချီးကျူး စကား ပြောသူများလည်း အများအပြားရှိပါသည်။
    အချို့ စာဖတ်သူများကမူ "ငမိုးရိပ်" အား လုံးချင်းစာအုပ်အဖြစ် ပြန်လည်ထုတ်ဝေရန် တိုက်တွန်း အကြံပေးကြသည်။ ထို့ကြောင့်လည်း "ငမိုးရိပ်"သည် ယခုတစ်ဖန် ပြန်လည်၍ ထွက်ပေါ် လာရခြင်း ပင်ဖြစ်ပါ၏။

    "ငမိုးရိပ်မှ ငမိုးရိပ်သို့" ကို ပြန်လည်ထုတ်ဝေရာ၌ မဂ္ဂဇင်းတွင် ပါခဲ့ပြီးသော ဇာတ်ကွက် ဇာတ်လမ်း များအပြင် အသစ်ထပ်မံ ဖြည့်စွက်ရေးသားထားချက်များလည်း ပါရှိပါသည်။ ၎င်းကို ရေးသားရာ၌ ကျွန်တော် သည် အရေးအသားအဖွဲ့အနွဲ့တို့ကို ရိုးရိုးစိတ်ကူးယဉ် ၀တ္ထုများလို ဦးစားပေး၍ ရေးသားထားခြင်း မဟုတ်မူဘဲ ဘ၀အတွေ့အကြုံများကိုသာ စီစဉ်ရေးသားထားခြင်း ဖြစ်သောကြောင့် စိတ်ကူးယဉ် ၀တ္ထုများကဲ့ သို့ ဖတ်၍ အရသာရှိချင်မှရှိမည်။ သို့သော် ကျွန်တော် စာရေးသူအဖို့၌တော့ ကိုယ့်ဘ၀ အတွေ့အကြုံများကို အပိုအလို မရှိဘဲ ပြန်လည်ရေးသားရခြင်း ကြောင့် အားရပါးရ ရှိလှပါသည်။ ကျေနပ်လှပါသည်။
 
တင့်ဆန်း
 ၂၅-၅¬-၆၂
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, April 7, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၆၂) (ဇာတ်သိမ်း)

ကျွန်မသားသမီးတွေအပေါ်မှာ မေတ္တာအကြွေးတွေ အများကြီးတင်နေတဲ့ အမေလေ၊ သူများတ ကာအမေလို မိစုံဖစုံ လုံခြုံတဲ့ဘဝကိုလည်း မပေးနိုင်ခဲ့တဲ့အပြင် ကိုယ်ကစီးပွးရေး ဦးဆောင်နေ ရသူ ဖြစ်တာကြောင့် သားသမီးတွေအတွက် ပေးရမဲ့အချိန်ကို ငွေကြေးနဲ့ လဲခဲ့ရပြန်ပါရော။
ဒါကြောင့် အခုလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မပူမပင် မကြောင့်မကြ နေရတဲ့ကျွန်မရဲ့ အချိန်များစွာကို သးသမီးတွေ အတွက် ဖဲ့ခြွေပေးဝေရတာကို ကျွန်မ ကျေနပ်ကြည်နူးရပါတယ်။
မေတ္တာ ဆိုတာ ထိတွေ့ခြင်း၊ ဆက်နွယ်ခြင်း၊ ဂရုထားခြင်း၊ ဖြည့်စွမ်းပေးခြင်း၊ အတူရယ်မောခြင်း၊ အတူ ငိုကြွေးခြင်း စသည်စသည်တို့ပဲ မဟုတ်ပါလားနော်။
ကို ဆက်ဖတ်ရန်

အပိုင်း (၆၄)

မြင်တွေ့နေရတဲ့ တဲကအစ တိုက်တာအဆောက်အအုံမှန်သမျှကို လူသားတွေရဲ့ လုပ်အား နဲ့ ဆောက် တာဖြစ်ပေမဲ့ အိမ်ကတော့ နှလုံးသားနဲ့ တည်ဆောက်ရတာပါ။
အိမ်ရဲ့သရဖူ က ကောင်းမြတ်ခြင်း၊
အိမ်ရဲ့အလှ က စည်းလုံးညီညွတ်ခြင်း၊
အိမ်ရဲ့ကျက်သရေ က ဧည့်ဝတ်ကျေခြင်း၊
အိမ်ရဲ့ မင်္ဂလာ က
မေတ္တာနဲ့ ပြည့်စုံခြင်းပါပဲ။
အိမ်ဆိုတာ စကားတစ်ခွန်း မဆိုရဘဲ ရင်ထဲက အလိုလိုကြားသိနိုင်တဲ့ နေရာ၊ ကိုယ်မသုံးမကျတာ ကိုပြောပြပြီး ရယ်မော လို့ ရတဲ့နေရာ၊ ခွဲဝေခံစားခြင်းနဲ့ ဒုက္ခတွေ သောကတွေပေါ့ပါးစေပြီး အပျော်တွေ နှစ်ဆ တိုးကြသလို ကျွန်မလည်း သူတို့နဲ့အတူ ပျော်ရွှင်ရယ်မောတာတွေကြောင့် အာယုဒီဃ ဆေးစွမ်းကောင်း တစ်ခွက် သောက်ရသလို စိတ်အင်အားတွေ ရပြီး ကျန်းမာရေး ကောင်းနေ သလား မသိပါဘူး။ ကိုယ်က သွားလိုက်၊ သူတို့တစ်တွေက ရောက်လာကြလိုက်နဲ့ စာရင်းရှုပ်ကြရင်း တစ်နှစ် တစ်နှစ်ကလည်း အကုန်မြန်လိုက်ပါဘိ။

အခုပဲ ဒီဇင်ဘာလ ရှိနေပြီမို့ ၁၉၉၆ခုနှစ်က ကုန်တော့မှာလေ။ ကျွန်မ L.Aက ပြန်လာပြီး နောက် တစ်ပတ် မှာ သမီးကြီးမကေခိုင်က ခရစ္စမတ်ဟောလိးဒေးအတွက် ရောက်လာလေရဲ့။ မော်စကိုက သားအလတ် ကိုရွှေစင်ကလည်း နှစ်ဆန်းကျရင် ရက်အားနှစ်ပတ်ရမှာမို့ အိမ်ပြန်လာဦးမှာတဲ့။ အစ် ကိုနဲ့ အစ်မတွေ လာမယ် ကြားကတည်းက သမီးအထွေး သူဇာက အကြောင်းပြချက်ကောင်း ကောင်းနဲ့ လာဖို့ ခြေလှမ်းပြင်နေ ပါပြီ။
အားလုံး တစုတဝေး ရောက်လာကြတော့လည်း ထုံးစံအတိုင်း အိမ်ခံသားသမီးတွေပါ စုရုံးကြရင်း ပွဲ စည်မြဲပေါ့။ ခွင့်ရက်စေ့ လို့ တာဝန်ရှိရာ ကိုယ်စီပြန်တော့လည်း အမေက လွမ်းတာ ကျန်ရစ်ခဲ့ ရ ပြန်ပါရော။ တွေ့လို့၊ ဆုံလိုက်၊ ပျော်လိုက်၊ ခွဲခွာရတော့ရင်ထဲမှာ နာကျင်ခံစားလိုက်၊ ကြုံတွေ့ရ တဲ့ ကောင်းဆိုး အပြောင်းအလဲတွေနဲ့ စိတ်လှုပ်ရှားရတာကြောင့် ဘဝဆိုတာလည်း စိတ်ဝင်စား စရာ ဖြစ်နေတာ ထင်ပါရဲ့နော်။

အခုလည်း သမီးမကေသီက ဧပြီလထဲမှာ ပုံမှန်ဆေးစစ်ဖို့ သွားလိုက်တော့ နှစ်စဉ်ရိုက်နေကျ Mammogram မှာ တစ်ရှုးစ အမာတွေ တွေ့လို့တဲ့။ ဆရာဝန်က သေသေချာချာသိရအောင် Ultra sound ထပ်ရိုက်ခိုင်း ပါတယ်။ ဒီသတင်း ကို ကြားတော့ ကျွန်မတုန်းကလိုပဲ မိသားစုတွေ ဝိုင်းစိတ် ပူကြတာပေါ့။ အထူးသဖြင့် သမီးကေသီ က စိတ်ဓာတ်ကလည်း ပျော့ပျော့ ခန္ဓာကိုယ်ကလည်း ပျော့ပျော့။
၂၈ရက်နေ့မှာ ကင်ဆာ ဟုတ်၊ မဟုတ် သေချာအောင် Biopsy ဓာတ်ခွဲစစ်ဆေးဖို့ ဆေးရုံတက်ရပါ တယ်။ သူ့အစ်မ ကေခိုင် လည်း ညီမအတွက် စိတ်ပူလို့ အပြေးရောက်လာလေရဲ့။ ဆရာဝန်ဆီက အကျိုး အကြောင်း မသိရသေးခင် စောင့်ရတဲ့ ကာလကတော့ ကာယကံရှင်နဲ့ တကွကျွန်မ တို့တစ် တွေသောက နဲ့ မောရသောရက်များပါပဲ။ တော်ပါသေးတယ်။ အဖြေက ကင်ဆာမဟုတ်ဘူးဆိုတဲ့ မင်္ဂလာ သတင်း ဖြစ်ပေလို့။
စိတ်သောကတစ်ခု ကင်းသွားရတော့လည်း ပုံမှန်လှုပ်ရှားမှုတွေနဲ့ အလုပ်ရှုပ်ကြမြဲပေါ့။ ကျွန်မမွေး နေ့ အတွက် ရောက်လာကြတဲ့ သမီးသူဇာ ကို မိသားစုနဲ့အတူ ကေသီတို့မိသားစုရော၊ သားငယ် အိန္ဒာပါ အားလုံး စုကြပြီး ဖလော်ရီဒါပြည်နယ်ရဲ့ အထက်ဘက်မှာ ရှိတဲ့ ရာဇဝင်မြို့တော်စိန့်သြဂတ် စတင်းကို တပျော်တပါး ခရီး ထွက်ဖြစ်လိုက်ကြသေးတယ်လေ။

ပြန်ရောက်ပြီး မကြာဘူး။ ဇွန်လဆန်းမှာ နွေရာသီကျောင်းပိတ်ရက်က စပါလေရော။ ထုံးစံ အတိုင်း ကျောင်းပိတ်ရက် သုံးလအတွင်း ဂယ်ရီကပြည်တွင်းပြည်ပ သွားကြမဲ့ခရီးစဉ်ဆွဲတော့တာပဲ။ ပထမ ခရီးစဉ် က North Carolina ပြည်နယ်မှာ ရှိတဲ့ ပေငါးထောင်ကျော်မြင့်တဲ့ High Lands တောင်ပေါ် စခန်းတစ်ခုကို သွားကြမှာတဲ့။
ကျွန်မ တို့ နေတဲ့ဖလော်ရီဒါက မြေပြန့်။ တောင်ဆိုလို့ မူးလို့တောင် ရှူစရာမရှိပါဘူး။ ရေပတ် လည်ဝိုင်းလို့နေ တဲ့ ကျွန်းဆွယ်လေးမို့ မျှော်လေရာ ပင်လယ်ပြာပြာပဲ မြင်တွေ့ရတာ။ အခုလို မြင့် မားလှ တဲ့ တောင်ကြီး၊ တောကြီးနဲ့ လျှိုမြောင်အသွယ်သွယ် ရေတံခွန်တွေအလယ်မှာ ကားဖြတ် ပြီးမောင်း လာကြတော့ အမြင်တွေဆန်းသစ်တာကြောင့် ကျွန်မမြေးတွေ ပျော်နေလိုက်ကြတာ။ ရာသီ ကလည်း အေးမြလို့။ ဖလော်ရီဒါနွေနဲ့တော့ တခြားစီပါပဲ။
တောင်ကမ်းပါးယံမှာ အပန်းဖြေအိမ်ကလေးတွေ ဟိုနား တစ်ခု ဒီနားတစ်ခု၊ တစ်အိမ်နဲ့ တစ်အိမ်က ဆယ်မိုင် မက ဝေးပါတယ်။ လူရိပ်လူခြည်လည်း မတွေ့ရ၊ တကယ့်တော်ကြီးမျက် မည်း တိတ်ဆိတ်ငြိမ်သက် လို့။ ကားလမ်းတစ်လျှောက် အလေ့ကျပွင့်နေတဲ့ တောပန်းရောင်စုံ တွေကလည်း အဆုပ်လိုက်၊ အခဲလိုက်။ သဘာဝမိခင် က ကမ္ဘာလောကကြီးကို အလှဆင်ထားပုံက အံ့မခန်း ဆန်းပြားတဲ့ ပန်းချီကားတစ်ချပ်ပါပဲ။

ငြိမ်းချမ်းသာယာလှတဲ့ တောင်ကမ်းပါးယံပေါ်က အပန်းဖြေစခန်းသာ အိမ်ကလေးမှာ ကျွန်မတို့ မိသားစု တစ်တွေ ၁၀ရက်ကြာ နေခဲ့ကြပါတယ်။ လူသူကင်းတဲ့ တောကြီးမျက်မည်းဆိုပေမဲ့ ရေပူ ရေအေးလည်းရ၊ မီးလည်းရ၊ တီဗွီနဲ့ တယ်လီဖုန်းလည်း ရှိတာမို့ နေရေးထိုင်ရေး အဆင်ပြေသလို အရေးကိစ္စရှိရင်လည်း စခန်းဌာနချုပ်ကို ဆက်သွယ်နိုင်တာကြောင့် စိတ်အေးရတယ်ဆိုပါတော့။
မြို့ပြရဲ့ အငွေ့အသက်တွေ ကင်းလို့ မွန်းကျပ်ရတဲ့စိတ်လည်း ပေါ့ပါးလန်းဆန်းကြလို့ မနက်စော စောထပြီး သားအမိ တစ်တွေ တောင်တက် တောင်ဆင်းတွေ လုပ်ကြ၊ တစ်နေ့တစ်ခေါက် တောင် အေက်ထိ ကားနဲ့ဆင်းရင်း တောင်ခြေက မြို့ငယလေးတွေ သွား ကြည့်ကြ၊ လေ့လာကြ၊ တော သဘာဝလုပ်စရာတွေက အများကြီးပါပဲ။ Bird Watching ဆိုတဲ့ ငှက်မျိုးစုံလေ့လာရေး လုပ်မလား။ Fly Fishing ဆိုတဲ့ မိုးပျံငါးမျှားခြင်း လုပ်မလား၊ မြစ်ကြောနဲ့ ရေကန်ကြီးတွေတစ် လျှောက် အေးအေးလူလူ Canoe Ride လှေလှော်ထွက်မလား စိတ်ဝင်စားစရာတွေက စုံမှစုံပါပဲ။

စွန့်စားလိုသူတွေ က ရေစီးသန်တဲ့ မြစ်ထဲမှာ ရာဘာလှေငယ်လေးတွေနဲ့ White Water Rafting လုပ်ကြ တယ်ပေါ့။ အမြဲတမ်း စွန့်စားလိုစိတ်ရှိတဲ့ ကျွန်မသမက် ဂယ်ရီက Franklin မြို့နားမှာရှိတဲ့ Tuckaseigee မြစ်ထဲမှာ Rafting လုပ်ဖို့ လက်မှတ်တွေဝယ်လာခဲ့တယ်တဲ့လေ။ ဒီတစ်ခါလည်း ရွှေသမက်က "မာမီ့ စာဖတ်ပရိသတ်တွေအတွက် ဆောင်းပါးကောင်းတစ်ပုဒ် ရအေင်လို့"ဆိုတဲ့ စေတနာစကား ဆိုလာပြန် ပါတယ်။
ဆောင်းပါး ရေးနိုင်အောင် ကုန်ကြမ်းတွေ ပံ့ပိုးပြီး ပါရမီဖြည့်ပေးတာအတွက်တော့ ကျေးဇူးအထူး တင်ရှိပါရဲ့။ ဒါပေမဲ့ အဲလို Rafting တွေ ထွက်ကြရင်းဝဲစုပ်ခံရလို့ သေကြတဲ့လူတွေ၊ ရေစီးကြမ်း တဲ့နေရာ မှာ လှေမှောက်လို့ ရေစီးနဲ့မျောပါသွားတာကြောင့် လိုက်ကယ်ရတဲ့အဖြစ်တွေ တီဗွီသ တင်းမှာတွေ့ဖူး ထားတာ အပြင် ရီးဒါးဒိုင်ဂျက်စ်မဂ္ဂဇင်းက Drama In Real Life ဆောင်းပါးတွေပါ ဖတ်ဖူးထား လို့ ရေမကူးတတ် တဲ့ ကျွန်မ "ဘုရားတ"ရမဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်း ဖြစ်တော့ မှာ တွေးပြီး ကျောချမ်း မိပါသေးရဲ့။

နောက်တစ်နေ့ တောင်ခြေက ဖရန်ကလင်မြို့မှာရှိတဲ့ Blue Ridge Outing ရုံးခန်းကိုသွားရပါ တယ်။ Rafting လုပ်မဲ့သူ အားလုံးကို ဒီစွန့်စားမှုအတွက် ထိခိုက်ဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးခြင်း စတဲ့ သက်ရောက်မှုဖြစ်ရပ်တွေ အားလုံးအတွက် မိမိတာဝန်သာဖြစ်ကြောင်း ကိုယ်စီ လက်မှတ် ထိုးပြီး မှတ်ပုံတင် ရတော့မှ သက်စွန့်ကြိုးပမ်းခရီးကြမ်းတစ်ခု ဖြစ်တာသေချာသွားလေတယ်ပေါ့။
အဲဒီလို လက်မှတ်ထိုးပြီးတော့မှ ကျွန်မတို့ကို တာဝန်ယူလိုက်ပို့ပေးမဲ့ လမ်းညွှန်အမျိုးသားလူငယ် Russ  ဆိုသူ နဲ့ မိတ်ဆက်ပေးပါတယ်။ ကျွန်မတို့အားလုံး အနွေးထည် ပြည့်ပြည့်စုံစုံ ဝတ်ထားပြီး သားဖြစ်ပေ မဲ့ မြစ်လယ်မှာ ပိုပြီး အေးမှာကြောင့် အအေးမမိရအောင် အနွေးထည် ထူထူကြီးတွေ ထပ်ဝတ် ဖို့ ပေးပါတယ်။ ဒါ့အပြင် ရေမစိုရအောင် ရေစိုခံရာဘာနဲ့ ချုပ်ထားတဲ့ အင်္ကျီ၊ ဘောင်းဘီ တွေလည်း ထပ်ဝတ်ရပါသေးတယ်။
အဲဒါတွေ အားလုံး ပြီးပြီဆိုခါမှ အသက်ကယ်ဝတ်စုံကို ထပ်ပြီးဝတ်ရတာမို့ အဝတ်တွေအထပ်ထပ် နဲ့ဖောင်းပွနေတာ ကျွန်မတို့ငယ်ငယ်က ကြော်ငြာတဲ့ မတ်ချလင်တာရာရုပ်ကြီးတွေအတိုင်းပါပဲ။ Russ ကလှော်တက်တွေ ယူဖို့ နောက်တစ်နေ့ရာ ခေါ်သွားပြန်ပါရော။ လှော်တတ်တွေက အရောင် စုံအသွေးစုံ ပုံထားလိုက်တာ နီ၊ ဝါ၊ စိမ်း၊ ပြာ လှလည်းလှပါရဲ့။

ကျွန်မတို့က ကြုံရာတစ်ချောင်းကောက်ဆွဲကြတော့ မဟုတ်သေးဘူးတဲ့။ ကိုယ့်အရပ်နဲ့တိုင်းပြီး ယူရပါတယ်။ အားလုံးသော ကိစ္စတွေပြီးမှ Rafting လုပ်ရမဲ့ နေရာအရောက်ကားနဲ့ ၇မိုင်ခရီးဆက် ကြရပြန်ပါရော။ မြစ်ကမ်းနားက စခန်းကို ရောက်တော့ ရာဘာနဲ့လုပ်ထားတဲ့ လှေဝိုင်းဝိုင်းဝန်းဝန်း သူတို့ အခေါ် Raftတွေက စိမ်းပြာနီဝါ ရောင်စုံပါပဲ။ လူဦးရေအလိုက် အကြီး အသေသးရွေးရပါ တယ်။ ကျွန်မတို့ မိသားစုက ငါးယောက်နဲ့ လမ်းညွှန် Russ အပါအဝင် ခြောက်ယောက် မို့ ခြောက်ယောက်စီး လှေ အဝါရောင်လေး ရွေးယူလိုက်ရပါတယ်။
ခရီးက သုံးနာရီကြာမှာ မို့ လမ်းတစ်ဝက်မှာ အနားယူ၊ အဆာပြေ အဖျော်ယမကာနဲ့ သရေစာ လည်းကျွေးဦး မှာတဲ့လေ။ အဲဒီခရီးအတွက် လက်မှတ်က ဒေါ်လာ ၁၈၀ပေးရပါတယ်။ လှေပေါ်မ တက်ခင် လမ်းညွှန် Russ ကကျွန်မတို့ကို အရေးပေါ် သင်တန်းပေးပါတယ်။ Raftရဲ့ ဘောင်ပေါ် မှာထိုင်တဲ့အခါ ကိုယ့်ရဲ့ အထက်ပိုင်းကို အတွင်းဘက် အားပြုထားရမယ် တဲ့။ ရေစီးကြမ်းတဲ့နေရာ ရောက် ခါနီးကျရင် ရေထဲပြုတ်မကျအောင် ခြေထောက်တစ်ဖက်ကို မျက်နှာချင်းဆိုင်ဘက်မှာ ရှိတဲ့ လှေရဲ့နံရံနဲ့ ဝမ်းဗိုက်ကြမ်းခင်း ကြားထဲမှာ ဦးထိပ်ထိုးပြီး ကျားကန်ထားရမယ်လို့ ညွှန်ကြားပါ တယ်။

အကယ်၍ ပြုတ်ကျခဲ့သည်ရှိသော် အသက်ကယ်အင်္ကျီဝတ်ထားတာကြောင် ရေပေးမှာပေါ်နေမှာ ပါ။ အဲလိုဖြစ်ခဲ့ရင် အလိုက်သင့်ပက်လက်အနေအထား ဖြစ်အောင်နေပါ။ ဒါမှကယ်သူအနေနဲ့ လွယ်လွယ်ကူကူ ကယ်လို့ ရမယ်ပေါ့။ တချို့က ကြောက်လန့်ပြီး ဆွဲမိဆွဲရာ ဆွဲတော့ လှေဝမ်း ရဲ့ အောက်ဘက် ရောက် သွားပြီး ကယ်ဖို့ခက်တဲ့အတွက် အသက်န္တရာယ်ရှိပါတယ်တဲ့။
သူသင်တန်းပေး ပါမှ သည်းထိတ်ရင်ဖိုဖြစ်ရတော့တယ်။ ရေနစ်သူက ကျူပင်တောင်အားကိုးပြုပြီး ဆွဲသေးတာ ပဲ။ ကိုယ်ဖြစ်ခဲ့သော် လန့်ဖျပ်ပြီး ဆွဲမိဆွဲရာ ဆွဲမိရင်အခက်ပေါ့နော်။ ကျွန်မက စိုးထိတ် စွာနဲ့ဂယ်ရီ မျက်နှာ လှမ်းကြည့်တော့...
"စိတ်မပူပါနဲ့ မာမီ၊ ကျွန်တော် မာမီကို အထူးထားပြီး ဂရုစိုက်မှာပါ။ ဘာအန္တရာယ်မှမဖြစ်စေ ရပါဘူး"ပြော တာကြောင့် စိတ်အားတော့ ရှိသွားရတယ်ပေါ့။
Raft ပေါ် တက်ခါနီး မှာ သမီးကေသီက "တစ်ခုခုများ ဖြစ်လိုက်ရင်တော့ မာမီ့သမီးတွေက နင့် ကြောင့်ဆိုပြီး သမီးကို လာသတ်ကြမှာ သိလား"တဲ့။

ကြောက်ရတဲ့အထဲ သူ့အပြောကြောင့် ကျွန်မမှာ ပြုံးရပါသေးတယ်။ Raftပေါ်ထိုင်မိကြတော့ ကိုယ့် ဟာကိုယ် အားပေးရတော့တာပဲ။ အန္တရာယ်ဆိုတာ Rafting လုပ်မှ မဟုတ်ပါဘူး။ ကားမောင်း ရင်း၊ လေယာဉ်ပျံစီးရင်းလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ။ သေနေ့စေ့ရင် အိပ်ရင်းတောင် သေနိုင်တာပဲလို့ အကြောက်ပြေ တွေး ရသေးတယ်ပေါ့။ ဒါ့အပြင် ရတနာသုံးပါးကို ယုံကြည်အားထားစိတ်ကလည်း စွမ်းသတ္တိ ရစေတာအမှန်ပါပဲ။
လှေထွက်စ မှာတော့ ရေစီးက မဆိုးသေးပါဘူး။ ဘေးဝန်းကျင် လောကြီးထဲက ငှက်မြည်သံလေး တွေ လည်းကြားရ၊ လေလေးကလည်း အေးမြမြမို့ စိတ်ထဲက ဘုရားစာရွတ်ရင်း သဘာဝအလှမှာ ကြည်နူးလို့။ Russက ရှေ့ မှာ ရေစီးကြမ်းတော့မယ်နော်၊ သတိထားကြ၊ ညာဘက်မှာ ကျောက် ဆောင်တွေရှိတယ်။ ဘယ်ဘက် ကပ်လှော်ရမယ်။ ဒါခရီးအစတွေ့ရမဲ့ ဆင့်တစ် Class One ပဲလို့ သတိပေးပါ တယ်။ မြစ်လယ်မှာ ရေလှိုင်းဖြူဖြူကြီးတွေ တဝုန်းဝုန်းဖြစ်နေတာလည်း ကြိုပြီးမြင်နေရ ပြီလေ။

လှော်တက်ကို မြဲမြဲဆုပ်၊ စိတ်ကလည်းဘုရားတပြီး ပြင်ဆင်ထားရတာပေါ့။ မကြာပါဘူး။ ရေစီး ကြမ်းထဲရောက် သွားတာနဲ့ ဝုန်းခနဲလှေက မြောက်တက်သွားပြီး စောင်းလျက်ပြန်ကျလာတော့ ကိုယ်ကို မနည်း အတွင်းဘက် အားပြုပြီး လွင့်မကျအောင်ကြိုးစားရတာ သည်းထိတ်ရင်ဖို ပါပဲ။ မျက်နှာချင်း ဆိုင်မှာထိုင်တဲ့ ကျွန်မရဲ့မြေး ခန့်စန္ဒီက တကယ်အားကိုးရတာပါ။ သူ့လက်ကလေး တစ်ဖက်နဲ့ အဘွားကို အားကုန် လှမ်းဆွဲထားလေရဲ့။
Russရဲ့ ဂယ်ရီ အားကုန်လှော်နေကြတာ လှေကရေစီးကြောင့် တဝုန်းဝုန်းဖြစ်နေတုန်းပါပဲ။ ဘယ်တော့ လွင့်ကျမလဲ ကြောက်စိတ်နဲ့ ခြေထောက်တစ်ဖက်ကို လှေဝမ်းကအပေါက်ထဲ အပြတ် သွင်းပြီး မနည်းကျားကန်ထားရပါတယ်း။ ဆယ်မိနစ်လောက် အလူးအလဲဖြစ်ပြီးမှ ရေစီးကြမ်းတဲ့ Current ထဲက ထွက်လို့ ရပါတော့တယ်။

ကလေးတွေက ကြောက်ရကောင်းမှန်း မသိတဲ့အပြင် အပျော်လွန်လို့တောင်နေကြသေးရဲ့။ Class One အပြင် Class ဘယ်နှခုကျန်သေးလဲလို့ စိုးထိတ်စိတ်နဲ့ Russ ကိုမေးကြည့်တော့...
"အခု သွားမဲ့ခရီးက သိပ်မကြမ်းပါဘူး။ Class Two ထိပဲရှိမှာပါ။ ဒီထက်ပိုစွန့်စားလိုသူတွေအ တွက်တော့ Class Ten ထိရှိပါတယ်"တဲ့။
Class One နဲ့တောင် ကျွန်မမှာ သေချင်စော်နံနေပြီ။ Class Ten ဆိုရင်တော့ အသက် ဘယ်က ထွက်လိုက်မှန်းတောင် သိမှာမဟုတ်တော့ပါဘူး။ အဲလို ရေစီးကြမ်းတဲ့ နေရာတွေက မနည်းပါဘူး။ Class One အမျိုးအစားတင် နောျက်ထပ်လေးငါးခါ ကြုံလိုက်ရတော့ နည်းနည်းကျင့်သား ရသွားပြီး လှေစောင်းတော့မယ်ဆိုတာနဲ့ အားကုန်ကျားကန်ထားပေရော့ပဲ။ အကျင့်သားလေး ရလာ တော့လှော်တက် ကိုလည်း ဘယ်လိုလှော်ရတယ်ဆိုတာ သဘောပေါက်လာပါတယ်။ အကြောက် လည်းပြေစပြုလာပြီပေါ့။

ဒါကြောင့် ဘာမဆို အလေ့အကျင့်လုပ်လိုက်ရင် လုပ်နိုင်သွားကြတာမျိုးပါပဲနော်။ ထွက်လာပြီး တစ်နာရီခွဲ ကြာတော့ Russက ရေလယ်မှာ ၁၅ပေလောက်မြင့် တဲ့ ကျောက်ဆောင်ကြီး တစ်ခုရှိတဲ့ နေရာ မှာလှေရပ်ကြမယ်။ တောင်ထိပ်တက်ပြီး ဓာတ်ပုံရိုက်ကြမယ်။ နေ့လယ်စာစားရင်း ခေတ္တ အနားယူကြမယ် လို့ စီစဉ်လေရဲ့။
အနားယူ စားသောက်ပြီးကြလို့ ပြန်လည်းထွက်လာရော Class Two နေရာတောင်မရောက်သေး ဘူး၊ လှိုင်းတွေ တဝုန်းဝုန်းဖြစ်နေ တာ အဝေးက လှမ်းမြင်နေရပါပြီ။ ကျွန်မတို့ရှေ့က သွားနှင့်တဲ့ လှေလေး ဝုန်းဆိုရေလှိုင်း ထဲမှာ မြောက်တက်သွားပြီး လူတစ်ယောက်လွင့်စဉ်ကျသွားပါလေရော။ အားလုံးက "ဟယ်" ခနဲ လန့်အော်မိကြတာပေါ့။ နဂိုကတည်းက စိုးထိတ်နေတဲ့ ကျွန်မ အသက်ရှူ ရပ်သွား သလားတောင် အောက်မေ့ရပါတယ်။

ဂယ်ရီ က "မကြောက်နဲ့မာမီ၊ သူတို့ သတိမထားလိုက်လို့ ဖြစ်သွားတာနေမှာပါ။ မြဲမြဲသာ ကျားကန် ထားပြီးတော့ ကိုယ် အထက်ပိုင်းကို အတွင်းဘက် အားပြုထား၊ ဘာမှမဖြစ်ပါဘူး"တဲ့။
အသက်ကယ် အင်္ကျီကြောင့် ကျသွားတဲ့သူ ရေပေါ်မှာ ပေါ်နေလို့ တော်ပါသေးရဲ့။ သူတို့လှေပေါ် က တစ်ယောက် ခုန်ချပြီးသွားဆယ်တာ တွေ့ရပါတယ်။ လှိုင်းလုံးတွေကြားထဲမှာ ပျောက်သွား လိုက်ပေါ် လာလိုက် ဖြစ်နေတာမို့ ကိုယ့်ဟာကိုယ် ကြောက်တဲ့စိတ်အသာထားပြီး အဲဒီလူ အသက် ရှင်ပါစေ ဆုတောင်း လိုက်ရတာ။ တော်ပါသေးရဲ့၊ လှေပေါ်နှစ်ယောက်စလုံး ပြန်ရောက်သွားမှ ကျွန်မလည်း အသက်ရှူဖြစ်တော့ တယ်။
အသက်ရှူခိုက်ကလေးအတွင်း မှာပဲ ကျွန်မတို့လှေ Class Two ရေစီးကြမ်း ထဲရောက် သွားတော့ ရေစီးအား က သန်လိုက်တာ။ ဘီလူးသဘက် မကောင်းဆိုးဝါးတစ်ကောင်က လှေကိုတအား ကိုင်ပေါက်လိုက် တဲ့အတိုင်း မြောက်တက်သွားပြီး ပြန်ကျလာတော့ အရှိန်နဲက ပတ်ချာလည် သွားလိုက်တာ ဦးတည်တဲ့ဘက် မဟုတ်ဘဲ လာခဲ့တဲ့လမ်း ပြန်ရောက်နေတယ်လေ။

ကလေးတွေရော၊ သမီးကေသီရော တအားအော်လိုက်ကြတာ ကျွန်မမြေး ခန့်စန္ဒီက အဘွား လက်ကို အတင်း ဖိဆွဲထားပေး လို့ ဘာမှမဖြစ်တာနော်။ ဂယ်ရီရော Russ ရော တအားကျုံပြီး လှော်ကြရတာ လှေက ဘယ်ညာ တိမ်းစောင်းရုံတင် မကဘူး။ တစ်ချီတစ်ချီ လှိုင်းအောက် ရောက်သွားလို့ ရေတွေလည်း ရွှွှဲရွှဲစိုပေါ့။ သမ္ဗုဒ္ဓေဂါထာတော် လည်း စိတ်ထဲက ဖင်ပြန်ခေါင်းပြန် ရွတ်လိုက်ရတာ ဘယ်နှခေါက်ရောက်လည်း မသိတော့ပါဘူး။
    အဲဒီလို ရေစီးကြမ်းနေရာတွေ လေး ငါးခါမက ကျော်လွှားခဲ့ကြရတာပါ။ တချို့နေရာတွေ မှာ ကျောက်စွန်းတွေ က ရှိနေတော့ မြောက်တက်ပြီး ပြန်အကျမှာ လှေနဲ့ ကျောက်ဆောင်စွန်းထိဖို့ သီသီလေး လွတ်ခဲ့ရတာလည်း ရှိရဲ့။ တကယ့်မှ သည်းထိတ်ရင်ဖို ခရီးကြမ်းတစ်ခုပါပဲ။ ရတနာသုံးပါး ဂုဏ်ကျေးဇူး နဲ့ ဘေးမသီရန်မခ ပြန်ရောက်ကြတာအတွက် ကျေးဇူးတင်ရပါ သေးတယ်။

    အပြန်ခရီး မှာ ကျွန်မက ' နေပါဦး အခုလို Rafting ခရီးမှာ အဖိတ်အစဉ် အသေအပျောက် များ မရှိဘူးလား ' လို့ လမ်းညွှန် Russ ကို စပ်စုကြည့်တော့...
    'ဟာ...ရှိတာပေါ့၊  Class Two  လောက် သွားတာမျိုးက ရှိခဲ့ပါတယ်။ Class Ten ထိသွားတဲ့ သူတွေတော့ အန္တရာယ်ကြီး ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတောင် Class Seven ထဲမှာ လူနှစ်ယောက် သေသွားသေးတယ်' တဲ့။
    ပြန်ခဲ့ပြီးမှ မေးဖြစ်လို့ တော်ပါသေးရဲ့။ အသက် ၇၀ ကျော်မှ စာရေးချင်းတဲ့ဇောနဲ့ စိန်ခေ ါ် ရတဲ့ စွန့်စားမှု လုပ်ဖြစ်တာကို တွေးရင် ကိုယ့်ဟာကိုယ် ပြုံးမိပါတယ်။ ဂယ်ရီရဲ့ ဒုတိယခရီးစဉ်နဲ့ ကျွန်မတိုက မိသားစု ငါးယောက် ကရေးဘီယန်ပင်လယ်ထဲ မှာ ရှိတဲ့ ဗာဂျင်ကျွန်းစုတွေကို သွားလည်းကြဖို့ Paradise ဆိုတဲ့ အပျော်စီး သင်္ဘောကြီးနဲ့ ခရီးထွက်ဖြစ်ကြပြန်ပါရော။
    သင်္ဘောခရီး ဆိုတော့ မမောရဘဲ အပန်းလည်းပြေ၊ ကြည်နူးပျော်ရွှင်စရာလည်း ကောင်း ပါတယ်။ ကရေးဘီးယန်ပင်လယ် ရဲ့ အလှကတော့ စားဖွဲ့မကုန်နိုင်အောင်ပါပဲ။ ကျွန်မတို့ ခရီးစဉ် တစ်ပတ်မှာ San Juan, Tortola, St. Thomas, St. Croix Puetro Rico နဲ့ Virgin Gorda စတဲ့ ကျွန်းတွေ ရောက်ခဲ့ရတဲ့အထဲမှာ Virgin Gorda ကျွန်းကတော့ မမေ့နိုင် ဖွယ်ရာလို့ ဆိုရမှာပါ။

    ဒီကျွန်းက တစ်ချိန်က မီးတောင်ဖြစ်ခဲ့တဲ့ နေရာတဲ့လေ။ နှစ်ပေါင်း ကြာမြင့်စွာ ဒီနေရာမှာ မီးတောင်ပေါက်ကွဲခဲ့ တာကြောင့် အိမ်တစ်လုံးစာလောက်ရှိတဲ့ ကျောက်တုံး ကျောက်ခဲကြီးတွေ အထပ်လိုက်၊ အထပ်လိုက်၊ ပင်လယ်ထဲမှာ စုပုံနေတာ အံ့မခန်းပါပဲ။ ပင်လယ် ကမ်းခြေမှာ လည်း ကျောက်ဂူကြီးတွေ ဖြစ်ကျန်ခဲ့လို့ တစ်ဖက်မှာရှိတဲ့ Devil's Bay ကမ်းခြေကို သွားဖို့ အဲဒီကျောက်ဂူကြီးတွေ ထဲကို ခဲယဉ်စွာ ဖြတ်ရသေးတယ်လေ။
    တချို့နေရာ မှာ လူတစ်ကိုယ်စာ မဆံ့လို တစ်ယောက်ချင်း ဂူပေါက်၀ ကျဉ်းကျဉ်း လေးထဲမှာ ဝမ်းလျားထိုး ဝင်ရတာ နဲ့ တချို့နေရာကျ ချောက်ကြီးကို ကျော်ဖြတ်ဖို့ လက်ကိုင်တန်း တစ်ဖက်တည်းရှိတဲ့ ကြိုးတံတား ကျဉ်းကျဉ်းလေးပေါ်လည်း ဘုရားတပြီး လျှောက်ခဲ့ရပါ သေးတယ်။

    ပထမခရီးစဉ်က ပြန်လာတော့ White Rafting  လုပ်ခဲ့တဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းကို သားရွှေစင်ကို ပြောပြမိပါတယ်။ 'မာမီနော်... လူငယ်တွေနဲ့ ပြိုင်ပြီး စွန့်စားခန်းတွေ လုပ်မနေနဲ့၊ ကိုယ့် အသက်လည်း ပြန်ကြည့်ဦး' နဲ့ ဆူခံထိပါရော။ ဟော... အခု ဒီမှာ အမေ ကကြိုးတန်း လျှောက်နေ ရပြန်ပြီလို့ တွေးရင်း တစ်ယောက်တည်း ပြုံးမိပါသေးရဲ့။ ဒီအတွေ့အကြုံကိုသား ဆူမှာစိုး လို့ ပြန်မပြောရဲပါဘူး။
    ဒီလိုနဲ့ ဇွန်လကုန်မှာ သင်္ဘောခရီးက ပြန်ရောက်တာနဲ့ ပါလားတဲ့ အဝတ်ဟောင်း တွေလျှော်ဟယ်နဲ့ တစ်ရက် နှစ်ရက် အလုပ်ရှုပ်နေဆဲ နယူးယောက်က ဖုန်းဆက်လာပါတယ်။ ကျွန်မနဲ့ ညီအစ်မလို ချစ်တဲ့ မရွှေဥ ဆုံးသွားပြီတဲ့။ အခုပဲ သိမ်းလိုက်တဲ့ ခရီးဆောင်သေတ္တာကို ပြန်ထုတ်ပြီး အသုဘအမီ နောက်တစ်နေ့ ထွက်မဲ့လေယာဉ်နဲ့ လိုက်သွားရပြန်ပါရော။

    အပြောင်းအလဲ မြန်လှတဲ့ လူ့ဘဝနိယာမ အစိုးမရခြင်းတွေများ ဘယ်လောက် တရား ရစရာ ကောင်းလိုက်ပါသလဲနော်။ အပျော်ခရီးက ပြန်လာလို့ အိမ်မှာ နွေးအောင်တောင် မ နေရသေးဘူး။ ဟော... အခု မိတ်ဆွေကောင်းတစ်ယောက် ဆုံးရှုံးရလို့ ကြေကွဲရတဲ့ မျက်ရည် ခရီးဆက်ရပြန်ပြီလေ။ ' အပျော်ဆိုတာလည်း ခေတ္တခဏ ' ညအချိန် ကြယ်ပွင့်လေးတွေ လင်းလက် လာရာက အရုဏ်ဦးရောက်တာနဲ့ ရုတ်ခြည်း ပျောက်ကွယ်သွားကြ သလိုပါပဲ။ ပူဆွေးစရာ ကြုံတာနဲ့ အပျော်တွေ လွင့်ပြယ်သွားရတော့ပါတယ်။
    မိတ်ဆွေ မရွှေဥမိသားစုနဲ့အတူ ယူကျုံးမရ ပူဆွေးရခြင်းတွေ ခွဲဝေခံစားရင်း ရက်လည်ပြီး နောက်တစ်နေ့မှာ ကျွန်မ ဖလော်ရီဒါ ပြန်လာခဲ့ပါတယ်။ ရင်ထဲမှာ နာကျင်ခြင်းနဲ့အတူ ဘယ်တော့မှ အစားထိုးဖြည့်လို့မရတဲ့ ကွက်လပ်ကြီးတစ်ခုလို လစ်ဟာပြီး နေပါတော့တယ်။

    ကျွန်မအတွက် ၁၉၉၇ ခုနှစ်ကတော့ အထူးခရီးများရသောနှစ်လို့ ပြောရမယ် ထင်ပါရဲ့။ အိမ်မှာ နှစ်ပတ်လောက် နားပြီးတာနဲ့ မော်စကိုက သားကိုရွှေစင်ဆီ သွားဖို့ ပြင်ရင်ပြန်ပါရော။ မော်စကိုကို ပထမတစ်ခေါက် လာရမယ် ဆိုတုန်းက ဗဟုသုတ နည်းပါးစွာနဲ့ ကွန်မြူနစ် တိုင်းပြည်မြို့တော်မို့ ဘာမှကြည့်စရာ ရှိမှာ မဟုတ်ဘူးလိုက ထင်ခဲ့တာ။ ဇာဘုရင်တွေ လက်ထက်က စပြီး မင်း အဆက်ဆက် ပြောင်းလဲခဲ့တဲ့ ခေတ်အဆက်ဆက် ရာဇဝင်မြောက် ကြီးကျယ် ခမ်းနားလှတဲ့ နန်းတော်ကြီးတွေ နဲ့တကွ ရုပ်တုတွေ၊ ပန်းခြံတွေ၊ ရင်ပြင်တွေ၊ ဘုရားရှိခိုကျောင်းကြီးတွေ၊ ပြတိုက်တွေ တစ်သက်လုံး ထိုင်ကြည့်တောင် ကုန်နိုင်ဖွယ်မရှိအောင် များပြားလှတာတွေ တွေ့ရမှ အံ့သြ ကုန်နိုင်ဖွယ် ဖြစ်ရတော့တာပါပဲ။
ကရင်မလင်နန်းတော် ရဲ့ ရင်ပြင်နီကအစ မော်စကိုမြို့မှာ ရှိရှိသမျှ ရာဇဝင်ရှိ အထင်ကရ နေရာတွေ အပြင် စိန်ပီတာဘခဒ်မြို့က နန်းတော်ကြီးတွေအထိ သားကိုရွှေစင်က တကူးတက လိုက်ပို့ပေးတာ မို့စာရေးသူ ကျွန်မအတွက် ဆောင်းပါးများစွာ ရေးဖို့မှာအတွေ့အကြုံစုံအောင် ရခဲ့တဲ့အထဲမှာ မမေ့နိုင်အောင် ရင်ထဲစွဲစွဲလမ်းလမ်းဖြစ်ခဲ့တဲ့ နေရာတစ်ခုကတော့ မော်စကိုမြစ်ဘေးမှာ တည်ရှိတဲ့ Novadevichy သင်္ချိုင်း ပါပဲ။

ရှရှားလူမျိုးတွေ ဟာ သူတို့နိုင်ငံ၊ ဘုရင်နဲ့တကွ မှူးမတ်သေနာပတိနဲ့ ရဟန်းတော်များ အပြင် နိုင်ငံတော်ခေါင်းဆောင်ကြီးတွေ၊ တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ အာဇာနည် စစ်သည် တော်တွေ၊ တိုင်းပြည်ကို ထူးချွန်စွာအကျိုးပြုခဲ့တဲ့ သိပ္ပံပညာရှင်တွေနဲ့တကွ စာပေ၊ ရုပ်ရှင်၊ ပြဇာတ်၊ ပန်းချီ၊ ပန်းပုစတဲ့ အနုပညာရှင်တွေပါ အားလုံးကို တန်ဖိုးထားပြီး ကွယ်လွန်ပြီး တဲ့တိုင် သူတို့ နာမည်တွေ ပျောက်ဆုံးတိမ်ကော မသွားအောင် တလေးတစား ဂုဏ်ပြုထိန်းသိမ်းထားခြင်း ပါပဲ။
ဒီသင်္ချိုင်း ထဲမှာ ကိုယ့်စွမ်းအား၊ ကိုယ့်အနုပညာ၊ ကိုယ့်အရည်အချင်းနဲ့ တိုင်းပြည်ကို အကျိုးပြုခဲ့ တဲ့ရာဇဝင် ရှိ ပုဂ္ဂိုလ်များရဲ့ ဂူများကို တွေ့ရတော့ သူတို့ရဲ့ တန်ဖိုးထားလေးစားတတ်တဲ့ စိတ်ကို သာဓု အခါခါ ခေါ်မိပါတယ်။
အဲဒီလို ကျွန်မနေရာစုံရောက်ရတဲ့အပြင် ကံကောင်းထောက်မချင်တော့ ကြုံကြိုက်ရခဲ့သမျှ မော်စကိုမြို့ရဲ့ ၈၅၀နှစ်မြောက်မွေးနေ့ပွဲတော်နဲ့ သွားတိုးလေရဲ့။ စက်တင်ဘာလ ၅ရက်နေ့က စပြီး သုံးရက်တိုင်တိင် လူဦးရေ ၁၂သန်းရှိတဲ့ မော်စကိုမြို့လုံးကျွတ် ကျင်းပတဲ့ပွဲပါ။ ဒေါ်လာသန်း ပေါင်း၅၀အကုန်အကျခံထားတဲ့ ပွဲတော်ကြီးမို့ ကြီးကျယ်ခမ်းနားပုံက စာဖွဲ့မကုန်ပါဘဲ။

တစ်မြို့လုံး လမ်းတွေပိတ်ပြီး လူပေါင်းသိန်းချီ ပါဝင်တဲ့ Parade ကမြိုကတော်ခန်းမကစပြီး လှည့် မှာမို့ လာကြည့်သူတွေလည်း ကြိတ်ကြိတ်တိုးပေါ့။ ပွဲမစခင် တစ်ပတ်လောက်ကတည်းက ရွာနေတဲ့မိုးကြောင့် ပွဲပျက်တော့မှာပဲလို့ ကျွန်မက တွေးပူနေမိသေးတာ။ ပွဲတော်ရက်တစ်ခုလုံး ကောင်းကင်က ကြည်လင်ပြီး နေကသာလို့ စွေနေတဲ့မိုး ဘယ်ရောက်သွားမှန်းတောင် မသိပါ ဘူး။
သိပ္ပံထွန်းကားတဲ့ တိုင်းပြည်ကျတော့ ဟန်ကိုကျလို့။ ရွာမဲ့မိုးတွေကို Cloud Seedingလို့ခေါ်တဲ့ အတတ်ပညာ နဲ့ ဖယ်ရှားထားတာတဲ့လေ။ မိုးလေဝသ ကောင်းအောင်စောင့်ပြီး လုပ်ပေး ဖို့ လေယာဉ်တစ်စင်း ကို ကောင်းကင်ပေါ် တင်ပြီး သီးသန့်တာဝန်ပေးထားရတာမို့ ဒေါ်လာငါးသိန်း ကုန်ကျသေးတာ တဲ့။ ခုမှပဲ ကျွန်မလည်း အထူးအဆန်းတွေ မြင်ဖူး ကြားဖူးရတော့တယ်။

ဒီလိုနဲ့ မော်စကိုမှာ လည်ပတ်လို့မဆုံး၊ လေ့လာလို့မဆုံးနဲ့ အချိန်တွေ မလောက်နိုင်ဖြစ်ရတဲ့ အထဲက ပြန်ရဖို့ရက်တောင် ကပ်နေပါပြီ။ တစ်နေ့ အမေရိကားက သမီးကြီးကေခိုင် ဖုန်းဆက်လာ ပါရော။
"မာမီ ဘယ်နေ့ပြန်ရောက်မှာလဲ၊ ကိုကိုက မေးခိုင်းနေတယ်။ သူ့ကုမ္ပဏီဖွင့်ပွဲလုပ်ဖို့ မာမီပြန်အ လာကိုစောင့်နေ ရတာတဲ့"
ကဲ...အဲဒါပဲကြည့်ပါတော့နော်။ မိခင်တစ်ယောက်ရဲ့ဘဝ။ ဒီခရီးကမပြီးသေးဘူး။ နောက်ခရီးတစ်ခု ကစောင့်နေပြန်ပါပြီ။ ခွဲဝေရခက်တဲ့ အချိန်တွေ မလောက်နိုင်လို့သာ စိတ်မောရပေမယ့် သားသမီး တွေရဲ့အလိုကိုဖြည့်ဆည်းချင်တဲ့ ဆန္ဒကစောနေတာမို့ စိတ်မောပေမဲ့ လူကမမောဘဲ ကြည်နူးကျေ နပ် ရပါတယ်။
လွန်ခဲ့တဲ့ခုနစ်နှစ် က အမေရိကားမှာ စီးပွားရေးကပ်ဆိုက်နေတဲ့အချိန် လုပ်ငန်းရှင်တွေ ကျဆုံးနေ တော့ သားကြီး ခင်မောင်ဝင်းခန့်က အရှုံးပေါ်နေတဲ့ လက်ရှိကုမ္ပဏီရဲ့ တစ်ဝက်ကို ခွဲဝေပြီးဝယ် ယူလိုက်ပါတယ်။ အချိန်အခါနဲ့ အခြေအနေ မပေးမှန်း သိလျက်နဲ့ စွန့်စားပြီးလုပ်ရတာမို့ ကြိုး စား အားထုတ်မှုတော့ နှစ်ဆ တိုးရုန်းကန် လှုပ်ရှားရတယ်ပေါ့။ ကျွန်မလည်း သူတို့အတွက် စိတ်ပူ လို့ဆုတောင်းလိုက်ရတာအမော။ သား ကတော့ အားပေးပါရဲ့။

"မာမီ စိတ်ပူမနေပါနဲ့။ပိုင်ဆိုင်သမျှ အားလုံးကုန်သွားလည်း လုပ်စားစရာ သားမှာပညာကျန်နေ သေးတာပဲ။ ဒါ့အပြင် ရလိုက်တဲ့ အတွေ့အကြုံအမြတ်အစွန်းတွေလည်း ရှိဦးမှာလေ"တဲ့။
သားပြောတာလည်း အမှန်ပါပဲ။ ကံကောင်းထောက်မဖို့ ထိုင်စောင့်နေမဲ့အစား အခွင့်သာခိုက် ရှိသ မျှကိုယ့် အရည်အချင်း အားကုန်ထုတ်ပြီး ထုတ်ယူရမှာပါပဲ။ နိုင်ရင်လည်းနိုင်၊ ရှုံးရင်လည်းရှုံး၊ အရှုံး ကိုကြောက်နေ လို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ သားတို့ တစ်မိသားစုလုံး သုံးနှစ် လောက်အလူးအလဲ ရုန်းကန် လိုက်ပြီးမှ ကိုမ္ပဏီက စီးပွားရေး အဆင်ပြေစပြုလာတာပါ။ ခုနစ်နှစ် ရှိတော့စက်မှုဇုန်မှာ ကိုယ်ပိုင် စက်ရုံကြီးတစ်ခု တည်ဆောက်နိုင်တဲ့အထိ အောင်မြင်လာတာမို့ ကြိုးစားရကျိုး၊ စွန့်စားရကျိုးနပ်တယ် ဆိုပါတော့။

ဒီတစ်ခေါက် ရှီကာဂို သွားရတဲ့ခရီးကတော့ သားရဲ့အလုပ်ရုံသစ် ဖွင့်ပွဲအတွက် ဂုဏ်ယူစရာတစ် ခုအပြင် ဒုတိယမြေး ခန့်ညီညီ ရဲ့ဇနီး မီးရှယ်လ်တို့က သမီးဦးလေး ခန့်ဒေဝီကို ဖွားသန့်စင်တာနဲ့ တိုက်နေတာမို့ ကျွန်မ ရဲ့ပထမဆုံးမြစ်ဦး ရဲ့ ကင်ပွန်းတပ်ပွဲပါ ဆင်နွှဲရမှာဆိုတော့ ကျေနပ်ကြည်နူး မဆုံးပေါ့။
ရှီကာဂို မှာ ရှိနေဆဲ တစ်ညနေ မော်စကိုက သားကိုရွှေစင် ဖုန်းဆက်လာပါတယ်။ သားမြန်မာပြည် ကိုနုဝင်ဘာ၁၀ ရက်နေ့အရောက်သွားဖို့ စီစဉ်နေတယ်။ မာမီလိုက်မယ်ဆိုရင် နိုင်ဝင်ဘာလ ၆ရက်နေ့ အရောက်ရန်ကုန်ကိုလာခဲ့၊ ဟိုမှာဆုံကြပြီး အတူလည်ရအောင်တဲ့။
မမျှောလင့်တဲ့ သတင်းကောင်းကြားရတော့ ကျွန်မထခုန်မတက် ဝမ်းသာသွားတော့တာပဲ။ ကုသိုလ် ကံကောင်းတဲ့အလှည့်လေးတွေ ကြုံရတော့လည်း ဒီလိုပါပဲ။ တစ်ခုပြီးတစ်ခုဆက်တိုက် မထင်မှတ် တာတွေဖြစ် လာတတ်တာပဲနော်။ ဖုန်းချပြီးတာနဲ့ မိနစ်မဆိုင်း ကျွန်မသားရွှေစင် နဲ့အတူ မြန်မာ ပြည်ပြန် လာမဲ့အကြောင်း ဝမ်းသာအားရနဲ့ သားကြီးဝင်းခန့်ကိုပြေးကြွားတော့ သူပါလိုက် ချင် တယ်ဖြစ်ပါရော။

သားကြီးခမျာ စာသင်ဖို့ ၁၈နှစ်သားကတည်းက အမိမြေက ခွဲလာခဲ့ရတာအခုဆို ၃၆နှစ်ကြာမျှ ရှိနေပြီဆိုတော့ ပြန်ချင်ပေမယ်ပေါ့။ ခက်တာက အခုပဲ စက်ရုံသစ်ဖွင့်ထားတာ ရက်ပိုင်းပဲ ရှိသေး တာမို့ မပြီးပြတ်သေးတဲ့ ကိစ္စတွေက ရှိနေဆဲလေ။ သားကိုရွှေစင်ကလည်း ခွင့်ရက်က ပြောင်းလို့ မရတာကြောင့် အစ်ကိုနဲ့ ရက်တိုက်လို့ မရပြန်ဘူး။
ပထမအစီအစဉ်က ကျွန်မ နိုင်ဝင်ဘာ ၄ရက်နေ့ဒီကထွက်၊ ရန်ကုန်ကို ၆ရက်နေ့ရောက်၊ သားနဲ့ ၁၀ရက်နေ့မှာ ဆုံကြပြီး အတူလျှောက်လည်၊ သားက ၂၂ရက်နေ့ မော်စကိုပြန်ပြီး ကျွန်မက လကုန်ထိ ဆက်နေ မယ်ပေါ့။ အခုကျ သူတို့ညီအစ်ကိုနှစ်ယောက် ရက်ညှိမရတာနဲ့ သားကြီး ထွက်လာနိုင်တဲ့ ဒီဇင်ဘာ ၁ရက်နေ့အထိ ဆက်စောင့်၊ သားရောက်လာတော့ သုံးပတ် အတူလည် ကြပြီးမှ အတူပြန် မှာကြောင့် စုစုပေါင်းခြောက်ပတ်ကြာ နေခွင့်ရသွားတာမို့ စူဠလိပ် ရေထဲလွှတ်တဲ့ အတိုင်းပျော်မဆုံးဖြစ် သွားတော့တာပါ။

မြန်မာပြည်ကို လေးနှစ်ကြာမှ ဒုတိယအကြိမ် ပြန်ရောက်ရတာမို့ ကျွန်မအတွက် နေ့စဉ် အပျော် ရက်များဖြစ်နေတော့တာပဲ။ သားနဲ့အတူ ပုဂံနဲ့မန္တလေး၊ စစ်ကိုင်းကိုလည်း ၁၂ရက် အတွင်း ရောက်အောင်သွားလိုက်ကြသေးတယ်။ သားလတ် ကိုရွှေစင်ပြန်ပြီးတော့ သားကြီးဝင်းနဲ့အတူ ငယ်ရွယ် စဉ် ကလေးဘဝကတည်းက မြန်မာပြည်ကို စိတ်ဝင်စားတဲ့ မြေး အကြီးဆုံး ခန့်ကိုကို လည်းပါလာတာ မို့ သူတို့သားအဖနှစ်ယောက်ကို ဧည့်ကြိုလုပ်ရင်း ရန်ကုန်၊ ပုဂံ၊ ပုပ္ပါး၊ မန္တလေး၊ စစ်ကိုင်း၊ အင်းလေး၊ တောင်ကြီးထိ လိုက်ပို့ရပါတယ်။
၃၆နှစ်ကြာ ကွဲကွာနေတဲ့ ဆွေမျိုးတွေက ဟိုတုန်းက "ဝင်းလေး"နဲ့ ချစ်စနိုးခေါ်ကြတဲ့ သူငယ်လေး ကိုအခု ဆံပင် အဖြူအဖွေးသားနဲ့ ငါးဆယ်ကျော် အဘိုးကြီးအဖြစ်မြင်ကြရတော့ မမှတ်မိဘဲ တအံ့ တသြဖြစ်လို့ ။ နှစ်တွေပြောင်း သလို ရုပ်ဆင်းအသွင်ကလည်း ပြောင်းပေမဲ့ နှလုံးသားထဲက မြန်မာ ပြည်သားဆိုတဲ့ ဇာတိစိတ် ကတော့ မပြောင်းလဲပါဘူး။

၁၉၉၇ခု တစ်နှလုံး ခရီးတွေများပြီး မနားရတာနဲ့ ခုရောက်လာတဲ့ ၁၉၈၈ခုနှစ်ဦးမှာ အိမ်မှာ ခေတ္တ အနား ယူရင်း မျက်စိခွဲဖို့ကိစ္စရှိတာကို လုပ်ဖို့ဆရာဝန်နဲ့ ရက်ချိန်းယူထား ပါတယ်။ နှစ်သစ်န့ အတူ ရောက်လာ တဲ့သတင်းကောင်းတစ်ခုက သားကိုရွှေစင် မော်စကိုက တာဝန်နှစ်စေ့ လို့ မိုရိုကိုနိုင်ငံ ကိုပြောင်းရမယ် ဆိုတာပါပဲ။ မတ်လကျရင် ဝါရှင်တန်ကိုပြန်လာပြီး အောက်တိုဘမှာ မိုရိုကိုကို သွားရမှာတဲ့လေ။
သြဘစ်ထဲမှာ နက္ခတ်တာရာတွေ တစ်ခုနဲ့တစ်ခုနီးလာလိုက်၊ ဝေးသွားလိုက်ဖြစ်သလို ကျွန်မဘ၀ မှာလည်းသားသမီးတွေနဲ့ နီးလိုက်၊ ဝေးလိုက် သံသရာလည်နေတာပါပဲ။ အခုလည်း မျက်စိခွဲရ မဲ့ဖေဖော်ဝါရီလ ၁၁ရက်မတိုင်မီ ကျွန်မကို အနီးကပ်ပြုစုဖို့ဆိုပြီး သမီးထွေးသူဇာတို့ မိသားစု တစ်စု လုံး ရောက်လာကြလေရဲ့။ သူတို့ကသာ ပူစရာမရှိ ရှာကြံပူပြီးရောက်လာကြတာ။ ဒီမှာ မျက် စီခွဲတာလောက် က ထမင်းစားရေသောက်ပါပဲ။

ခွဲမဲ့မနက်စောစောမှာ ဆေးရုံရောက်အောင်သွား၊ လိုအပ်တဲ့ြပ်ငဆင်မှုတွေလုပ်၊ မျက်စိကို ဆေးမျိုး စုံခတ်၊ ခုနစ်နာရီခွဲမှာ ခွဲခန်းထဲဝင်၊ လေဆာနဲ့တိမ်ကိုဖယ်ထုတ်၊ ပါဝါပါတဲ့ Lensတစ်ခါတည်းထည့်၊ ပြန်ချူပ်၊ ၄၅မိနစ် ဆို အားလုံးသောကိစ္စပြီးပါလေရာ။
နေ့လယ် မွန်းမတည့်မီ အိမ်ပြန်ဆင်းလို့ ရနေပါပြီ။ တစ်ပတ်လောက်အားစိုက်ပြီး စာမဖတ်နိုင် သေးတာက လွဲရင် တီဗွီ လည်းကြည့်လို့ရ၊ ကားလည်းမောင်းလို့ရ၊ အလေးအပင်မ မရတာတစ်ခုပဲ ဂရုစိုက်ရှောင်ဖို့ လိုအပ်ပါတယ်။
ဒီနှစ်ထဲမှာတော့ ကျွန်မ အခွဲအစိတ်တွေနဲ့ အကျိုးပေးလေရဲ့။ မျက်စိက ပြီးတော့ သွားတွေက တစ်ခါ ဒုက္ခပေး လာတာကြောင့် ခွဲရစိတ်ရ၊ နုတ်ရ၊ အသစ်စိုက်ရ၊ အသက်ကလည်း ၇၀ကျော်နေပြီ ဆိုတော့ ကားဟောင်းကြီး တစ်ခုလို ဟိုကချို့ယွင်း၊ ဒီကချို့ယွင်းနဲ့ ဇယမ္ပိဒုက္ခောရဲ့ဒဏ်တွေ ခံစား နေရတယ် ဆိုပါတော့။ တစ်ပတ်တစ်ပတ် ဆရာဝန်ရက်ချိန်းတွေနဲ့ပဲ ဆေးခန်းမှာ အချိန်ကုန်ရင်း ပါးစပ်ထဲ ကားတစ်စီး စာ နီးပါးလောက် အရင်းအနှီးထည့်လိုက်ပြီးမှပဲ အားလုံးအဆင်ချောသွားပါ တော့တယ်။

ဒီလိုနဲ့ ဧပြီလထဲမှာ လူရင်းထဲက မင်္ဂလာဆောင်တစ်ခုပေါ်လာတာနဲ့ သမီးကေခိုင်တို့ရှိရာ တက္က ဆက်ပြည်နယ် ကို သွးလိုက်ရသေးတယ်။ ပြန်လည်းလာရော ကျွန်မ မွေးနေ့နဲ့အတူ ကျရောက် လေ့ရှိတဲ့ အမေများနေ့ က ဆီးကြိုနေပြီလေ။ ဒီနှစ်မှာတော့ ကျွန်မအတွက် အထူးခြားဆုံး၊ အမွန် မြတ်ဆုံး၊ ကျေနပ်နှစ်သက်မဆုံးသော လက်ဆောင်ကောင်းတစ်ခု ရတာမို့ အမှတ်တရ ဖြစ်သော နှစ် လို့ ဆိုရမှာပါ။
မေလ ၁၀ရက်နေ့မှာ ကျရောက်တဲ့ အမေများနေ့မှာ သမီးကေသီနဲ့ မြေးနှစ်ယောက်ပါ စောစော စီးစီး နှင်းဆီပန်းတွေနဲ့ ရောက်လာပါလေရဲ့။
"ဟယ်...ပန်းတွေက လှလိုက်တာ၊ ဘုရားတင်ရမယ်"လို့ပြောတော့...
"မာမီ့အတွက် ဒီထက် ကုသိုလ်ရမဲ့ လက်ဆောင်တစ်ခုလည်း ပါသေးတယ်"တဲ့။

"ဟုတ်လား၊ ဘာများလဲ"ဆိုတော့ ထုံးစံအတိုင်း Surprise ဆိုပြီး စာအိတ်တစ်ခုထုတ်ပေးပါတယ်။
ခါတိုင်းနှစ်တေါလို အမေသုံးချင်ရာသုံး၊ လှူချင်ရာလှူဖို့ ချက်လက်မှတ်နဲ့ မွေးနေ့ကတ်ပြားလေး လို့ ထင်ထားတာ ဖွင့်လိုက်တာ ကတ်ပြားနဲ့ ချက်လက်မှတ်အပြင် ရန်ကုန်၊ ဘန်ကောက် နဲ့ ဟောင် ကောင် သုံးနေရာသွားဖို့ လေယာဉ်လက်မှတ် ဖြစ်နေပါရော။
မြန်မာပြည် က ပြန်ရောက်တာမှ ငါးလပဲရှိသေးတာမို့ နောက်တစ်ခေါက် ထပ်သွားဖို့ အဆင်သင့် မရှိသေးတာကြောင့် " ခုပဲ ပြန်ရောက်ခါစ ရှိသေးတယ် သမီးရယ်"လို့ပြောတော့...
"သွားကြမဲ့ အကြောင်းအရင်းကို မာမီသိရင် ဝမ်းသာမှာပါ"တဲ့လေ။
"ပြောပါဦး။ ဘာအတွက်လဲ"ဆိုမှ သမီးက အားတက်သရော စကားဆက်ပါတယ်။

"ဂယ်ရီလည်း အရှေ့တိုင်းကို တစ်ခါမှ မရောက်ဖူးသေးဘူး။ နောက်ပြီး ကလေးတွေက ကြီးလာ တော့အမေရဲ့ ဇာတိမြေကို စိတ်ဝင်စားလာကြပြီ မာမီရဲ့။ တစ်နေ့က ဒစ္စကာဘရီချန်နယ်လ်မှာ ကျိုက်ထီးရိုး ဘုရားပုံ ပြတော့မာမီ့မြေး ခန့်စန္ဒီက မြန်မာပြည်သွားချင်လှချည်ရဲ့နဲ့ ပူဆာတယ်။ ဒါကြောင့် သမီးက စဉ်းစားတာ၊ မာမီလည်း အသက်၇၀ကျော်ပြီ။ ကျန်းမာဆဲမို့ ခရီးဝေးသွားနိုင် သေးတာ။ သားခန့်သီဟ လည်း အခု ၁၀နှစ်ပြည့်တော့မှာ ဆိုတော့ မာမီကျန်းမာတုန်း ကုသိုလ် အတူယူရအောင် အခုမြန်မာပြည်ရောက်ခိုက် မာမီ့မြေးကို ရှင်ပြုပေးမယ် စဉ်းစားပြီး ဂယ်ရီကိုတိုင် ပင်စီစဉ်လိုက်တာ။ မာမီဝမ်းသာမှာ ဆိုတာလည်း သမီးသိတယ်လေ"တဲ့။
မထင်မှတ်တဲ့ ဒီသတင်းက ကျွန်မအတွက် တကယ့်ကို Surprise ပါပဲ။ အထူးခြားဆုံး၊ အမွန်မြတ် ဆုံးလက်ဆောင်ကောင်းတစ်ခုမို့ ကျေနပ်ကြည်နူးဝမ်းသာစိတ်နဲ့ မျက်ရည်လည်မိတဲ့ထိ ရင်ထဲမှာ ပီတိများစွာဖြစ်ရင်းသမီးရဲ့ စေတနာကို သာဓုခေါ်ဖြစ်ပါတယ်။

"နေပါဦး၊ ဂယ်ရီသဘောတူတာက ထားပါတော့။ သမီးရဲ့သားကရော ကိုရင်တကယ်ဝတ်မှာတဲ့ လား။ သေချာအောင် လည်း မေးပါဦးနော်"နဲ့ စိတ်ပူလို့ မေးကြည့်တော့သမီးက အားပါးတရရယ် ရင်းပြောပြ ပါတယ်။
"မာမီ့မြေးက တကယ်ရယ်ရတယ်သိလား"တဲ့။ "သမီးက သူနားလည်အောင် သေသေချာချာရှင်းပြ ရတာပေါ့။ ပထမဆုံး ဆံပင်ရိတ်၊ ခေါင်းတုံးတုံးရမယ် ဆိုတော့ ဟင်တဲ့။ စစချင်း နံပါတ်တစ် နဲ့တင် တော်တော် စိတ်ဓာတ်ကျ သွားပုံရတယ်။ နေ့လယ် ၁၂နာရီထိုးပြီးရင် ဘာမှမစားရဘူး။ ဒီတစ်ခါ လည်း ဟင်ခနဲ ဖြစ်ပြန်ပါရော။ နောက်ပြီး ဘောင်းဘီ၊ အင်္ကျီမဝတ်ရဘူး။ အညိုရောင်သင်္ကန်းကို ဝတ်ရမှာ။ ပြီးတော့ တီဗွီလည်း မကြည့်ရဘူး။ ကျွန်ပျူတာဂိမ်းလည်း မကစားရဘူး။ ကာတွန်းလည်း မဖတ်ရဘူး။ ဘုန်းကြီးကျောင်း မှာ သွားနေရမှာပြောတော့ ဟင်တဲ့။ ဒီတစ်ခါ ဟင်ကျ တော်တော် စိတ်ညစ်သွားသံ ပါနေပြီလေ" တဲ့။

ဒါနဲ့ ကျွန်မက သနားလို့ "သူစိတ်ပါမှ လုပ်ပါစေ သမီးရယ်။ စိတ်မပါဘဲ လုပ်ရရင် ကုသိုလ်ရမှာ မဟုတ်ဘူး" လို့ သမီးကို ရှင်းပြရသေးတယ်။
"မဟုတ်ပါဘူး မာမီရဲ့။ သူကကို လိုလိုလားလားနဲ့ လုပ်မယ်အာမခံတာပါ။ မယုံရင် မာမီ့မြေး ကို ခေါ်မေးကြည့်"တဲ့။
ကျွန်မတို့ စကားပြောနေဆဲ အိပ်ခန်းထဲမှာ မောင်နှမနှစ်ယောက် တီဗွီသွားကြည့်နေရာက သား ကို ခေါ်ထုတ် လာပြီး "တကယ် ကျေကျေနပ်နပ်နဲ့ ကိုရင်ဝတ်မှာလား"မေးကြည့်တော့...
သူစိတ်ပါလက်ပါ လိုလိုလားလားဝတ်ရင် ဘွားဘွားနဲ့ မာမီကုသိုလ်ရမှာလားနဲ့ ပြန်မေးနေလို့...
"ဘွားဘွား တို့၊ မာမီတို့ ကုသိုလ်ရတာထက် သားကိုယ်တိုင်ပြုတဲ့ ကုသိုလ်ကြောင့် သားကုသိုလ် တွေ အများကြီးရမှာ"လို့ ရှင်းပြတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ ခေါင်းညိတ်ရင်း "သား တကယ်ဝတ်မှာပါ ဘွားဘွား ရဲ့" ပြန်ဖြေတာကြောင့် ကျွန်မမှာ ကျေနပ်ပျော်ရွှင်မဆုံးပါပဲ။

ဒီလိုနဲ့ ကျွန်မတို့ မိသားစုငါးယောက် သုံးပတ်အတွင်း မြန်မာပြည်ကို တတိယ အကြိမ် ရောက် ဖြစ် သွားပြန်ပါရော။ မြန်မာပြည်က မေတ္တာနဲ့ တော်စပ်ရတဲ့ မောင်၊ ညီမတွေလည်း တကယ်ကို အားကိုးရတာပါနော်။ ရောက်မဆိုက် မြေးကို ရှင်းပြုချင်တယ်ဆိုရုံနဲ့ ညီမ ဒေါ်မြင့်မြင့်ကြည် (ညွှန်မှုး-ရ/သုံး)၊ ဒေါ်ကလျာ(ကလျာမဂ္ဂဇင်း)၊ ဒေါ်လှလှ(လားရှိုး)တို့ သုံးယောက်သား ဝိုင်းဝန်း လိုက်ကြတာ ရွှေတောင်ကုန်းပဏ္ဍိတရာမကျောင်းတိုက်မှာ နေ့ချင်း ညချင်းရှင်ပြုပွဲအစီအစဉ် ဖြစ် သွားတော့တာပါပဲ။
ရန်ကုန်မှာနေတဲ့ လေးရက်အတွင်း မြေးခန့်သီဟကို ကျောင်းပို့ပြီး သင်္ကန်းတောင်းကျက်ခိုင်းရ၊ သင်္ကန်းဝတ်လေ့ကျင့်ပေးရ၊ သားကိုဝင်းငြိမ်းနဲ့ ကိုလင်း(ရွှေအမြူတေ)တို့က ဗီဒီယိုကိစ္စဝိုင်းဝန်း ကြ၊ ကျွန်မရဲ့ခန့်ခန့်ကြီးဓာတ်ပုံတိုက် ရှေးဟောင်းတပည့်တွေ ဖြစ်တဲ့ ထွန်းထွန်း၊ ကိုစံညွန့်၊ ကိုအောင်ခင်နဲ့ အသန်း တို့က ဓာတ်ပုံကိစ္စ တာဝန်ယူကြ၊ ဒေါ်တင်တင်လှနဲ့ မန္တလေး အသင်း အမှုဆောင်များက သိမ်ဆင်း လှူဖွယ်ဝတ္ထုများစွာနဲ့ ကူညီကြ။

အပြေးအလွှား နဲ့မို့ လက်လှမ်းမီရာဆွေမျိုးများနဲ့ မိတ်ဆွေတွေကို ဖိတ်ကြားရတာကြောင့် လစ်ဟာ ကျန်ခဲ့ရသူတွေလည်း အများအပြားမို့ အားနာစရာကောင်းလှပါရဲ့။ ကျွန်မတို့လာတဲ့ အစီအစဉ်ကိုက ဖုတ်ပူမီးတိုက် ဖြစ်ရတဲ့အပြင် သုံးပတ်နဲ့ သုံးနိုင်ငံ ခရီးဆက်ရမှာဖြစ်တော့ မြန်မာ ပြည်မှာ ၁၁ရက်ပဲ နေဖို့ ရက်ရပါတယ်။
ဒီအတွင်းရှင်ပြုပွဲလည်း လုပ်ရဦးမယ်။ ဂယ်ရီနဲ့ မြေးတွေကို ပုဂံနဲ့ကျွန်မရဲ့ဇာတိမြေ မန္တလေးကို လည်းပို့ရဦးမဲ့အပြင် စစ်ကိုင်းတောင်း ဝါးချက်ဆေးရုံအတွက် ဦးနှောက်နဲ့ ကျောက်ကပ်ခွဲစိတ် ပစ္စည်းများလှူဖို့လည်း တစ်ပါတည်း ယူလာခဲ့တာကြောင့် ဆရာတော်ဘုရားထံပါးအရောက် သွားလှူရဦးမှာတွေ ရှိသေးတာမို့ နေရတဲ့ ၁၁ရက်က အရာရာ သေပြေးရှင်ပြေးပဲ ဆိုပါတော့။
မြေးခန့်သီဟ ရဲ့ ရှင်ပြုအလှူပွဲလေးကတော့ ဝိုင်းဝန်းကြတဲ့ မိတ်ဆွေကောင်းများရဲ့ ကျေးဇူးတရား နဲ့ကောင်းစွာ အထမြောက် အောင်မြင်သွားရတာမို့ ကျွန်မဘဝမှာ အလှူဒါနအတွက် ဆန္ဒပြည့်၀ ခြင်းနဲ့ကြည်နူးပျော်ရွှင်ရဆုံးသော နေ့ထူးနေ့မြတ်အဖြစ် ရင်ထဲမှာ စွဲမှတ်ကျန်ခဲ့ရပါတယ်။

မှတ်မှတ်ရရ အဲဒီနေ့က ဂယ်ရီကလည်း ပုဆိုးနဲ့လေ။ ကျွန်မရဲ့အစ်ကိုလေး ဦးခင်မောင်မောင် က မြန်မာပြည်ရောက်တဲ့နေ့မှာပဲ သူ့တူဂယ်ရီကို မြန်မာဝတ်စုံ ပုဆိုးနဲ့ ရှပ်အင်္ကျီ တစ်ခါတည်း ကောက်ဆင်ထားလိုက်တာမို့ အလှူနေ့မှာ ပုဆိုးနဲ့ အချိုးကိုကျလို့။ ခန့်သီဟနဲ့ ခန့်စန္ဒီ မောင်နှမနှစ်ယောက်လည်း သမီးကေသီရဲ့ သူငယ်ချင်းရင်ရင်၊ ညိုညိုအေးနဲ့ မာလာခင်ညိုတို့ အုပ်စု က မြန်မာဝတ်စုံတွေ ကိုယ်စီ ဆင်ထားပြီးသာ။ ကျွန်မတို့ ဘာတစ်ခုမှ လှည့်ကြည့်စရာ၊ ဝင်ပါ စရာမလိုဘဲ အရာရာကိုပြည့်စုံအောင် ဖြည့်စွမ်းပေးနိုင်ကြတာ တကယ်ကို ရနိုင်ခဲ မျှသော မေတ္တာ စေတနာရဲ့ ကျေးဇူးတရားတွေပါပဲ။
ကျောင်းသွားခါနီးတိုင်း သူ့ဆံပင်ကို တသသလုပ်တတ်တဲ့ ကျွန်မမြေး ဆံချချိန်မှာ ခံနိုင်ရည်ရှိပါ့ မလားနဲ့ စိတ်ပူ လို့ သူ့မျက်နှာလေး အကဲခတ်ကြည့်ပါတယ်။ ကြည်လင်ဝင်းပရွှင်ပျလို့။ အဲဒီ ဝင်းပတဲ့ မျက်နှာလေးကြည့်ပြီး ကျွန်မရင်ထဲမှာ ချမ်းမြေ့လိုက်တာ။ အဘွားနဲ့အမေ့ဆန္ဒကို လိုလို လားလားဖြည့်ပေး တဲ့ စေတနာကိုကျေးဇူးတင်ရှိမဆုံး သာဓုခေါ်မဆုံး ဖြစ်ရပါတယ်။

ဂယ်ရီခမျာ လည်း ကြမ်းပြင်မှာတစ်ခါမှ ဒူးတုပ်မထိုင်ဖူးပါဘဲ တရားနာချိန် နှစ်နာရီကြာမျှ မလှုပ်မ ယှက်ဒူးတုပ် ထိုင်ရင်း အင်္ဂလိပ်လို ဘာသာပြန်ပေးတဲ့ တရားကိုလေးလေးစားစားနဲ့ နာယူပြီး ဇနီးရဲ့ အလိုကျ ပါရမီဖြည့်ပေးတာ အတွက်လည်း ကျေးဇူးတင်မိပါတယ်။ ဝေးကွာလွန်းလှသော တိုင်းတစ် ပါးကနေကိုယ့်ဇာတိရပ်မြေကို အရောက်လာပြီး ကိုရင် သီဟဗလအဖြစ်နဲ့ ရနိုင်ခဲမျှသော သာ့သနာ့ အမွေအနှစ်ကို ခံယူခွင့်ကြုံရတာ ကျွန်မတို့မိသားစုအတွက် ကြီးစွာသော ဆုလာဘ် တစ်ပါးပါပဲ။
အဲဒီဆုလာဘ်ကြီးကို ရင်ဝယ်ပိုက်ရတဲ့ နေ့က ကျွန်မအသက် ၇၅နှစ်ထဲဝင်လို့ တစ်လတိတိပြည့် တဲ့ဇွန်လ ၁၄ရက်နေ့ပါ။ ဘာလိုလိုနဲ့ အတိတ်လမ်းကို ပြန်လျှောက်လာလိုကတာ ၇၅ဆိုတဲ့ သက်တမ်း ထဲတောင် ရောက်ရှိလာပါရောလို့ ကိုယ့်ဟာကိုယ် ပြန်အံ့သြနေမိပါသေးတယ်။ သက် ကြီးရွယ်အိုရောက်ပြီ ဆိုတော့ စိတ်ဝင်စားစရာ များများစားစား မရှိတော့တာကြောင့် စာဖတ်သူများ ငြီးငွေ့ဖွယ်ရာဖြစ်မှာမို့ ရပ်နားဖို့ အချိန်တန်ပြီ ထင်ပါရဲ့။

လျှောက်လှမ်းခဲ့တဲ့ အတိတ်လမ်းကို လေ့လာသုံးသပ်ကြည့်တော့ ကိုယ်ကရယူခဲ့ရတာတွေလည်း ရှိရဲ့။ ကိုယ်ကပေးဆပ်ခဲ့ရတာတွေလည်းရှိရဲ့။ တွေ့ကြုံရမြဲ လောကဓံတရားတွေနဲ့ နပန်းလုံး ရုန်းကန်ရတာ လည်း အမြောက်အမြား။ ဘယ်လောက်ဆိုးဝါး ပြင်းထန်ပါတယ်ဆိုတဲ့ ဘဝမုန်တိုင်း ဖြစ်စေ အချိန် တန်တော့ ပြီးဆုံးသွားမြဲပါပဲ။
ကျွန်မ ငယ်ရွယ်စဉ် အတိတ်လမ်းကို ပြန်လျှောက်မိလို့ အကျည်းတန်ပုံရိပ်ရှေ့ ရပ်မိတဲ့အခါ အမှတ် အတေးတွေ မရှိတော့တဲ့တိုင် နှလုံးသားူမှာ ကျန်ခဲ့တဲ့အမာရွတ်ဆီက နာကျင်မှုဝေဒနာ ကို တော့ခံစားရမြဲပါပဲ။ ဒါကြောင့် ကိုယ့်ဘဝကို လက်ရှိပစ္စုပ္ပန်မှာ ထားပြီးအတိတ်ကားချပ်တွေကို ကြိုးစားမေ့ပျောက် ထားခဲ့တယ် ဆိုပါတော့။

သားကိုဝင်းငြိမ်း (ရွှေအမြုတေ)ရဲ့ တောင်းခံမှုကို အကြောင်းပြုပြီး စာဖတ်သူများနဲ့အတူ အတိတ် လမ်းကိုပြန်လျှောက်တဲ့အခါ အသက်အရွယ်အရ ရင့်ကျက်မှုနဲ့ ဘဝဒဏ်ရာဒဏ်ချက်တွေအရ လူတွေရဲ့ ခံယူချက်တွေပြောင်းသွားတယ်ဆိုတာ အမှန်ပါပဲ။ အကျည်းတန်ပုံရိပ်တွေရှေ့ ရပ်မိပေမဲ့ ခံစားနေကျ နာကျင်မှုတွေ မရှိတော့ဘဲ ခွင့်လွှတ်ကျေအေးစွာဖြင့် သင်ခန်းစာပေးခဲ့ ရတာ အတွက် တောင်ကျေးဇူးတင်စိတ်ဖြစ်ပေါ် မိပါသေးတယ်။
သားငယ်ကိုဇာနည် ဆုံးပါးသွားတဲ့နေရာမှာတော့ ကျွန်မခံနိုင်ရည်တွေ ကျဆုံးပျောက်ကွယ်သွား ပါတော့ တယ်။ ယူကျုံးမရဆောက်တည် ဖြေဆည်မရတဲ့ ဝေဒနာက ပြန်လည်အသက်ဝင်ရှင်သန် လာတာကြောင့် ရေးလက်စချထားပြီး သိမ့်သိမ့်တုန် ငိုကြွေးမိတဲ့အထိပါပဲ။ အဲဒီရက်ပိုင်း ကျွန်မ တရာဓမ္မနဲ့ ကိုယ့်ကိုယ် ကိုယ်မနည်းဆုံးမရင်း ဆောင်းပါးတစ်ပုဒ်လုံးကို မျက်ရည်နဲ့ရေးခဲ့ရတာပါ။

သားလေး ကို အချိန်မတိုင်ခင် ဆုံးရှုံးလိုက်ရခြင်းတစ်ခုကတော့ တစ်သက်စာအပြင်းထန်ဆုံး ရိုက်ခတ်မှုမို့ အတုန်လှုပ် ရဆုံး၊ အဆုံးစွန် ကြေကွဲနာကျင်ရခြင်း ခံစားမှုတစ်ရပ်ဖြစ်တာကြောင့် ဘယ်လို မှမေ့ဖျောက်ဖြေဆည် လို့မရတဲ့ ပုံရိပ်တစ်ခုအဖြစ် သက်ဆုံးတိုင် တည်ရှိသွားမှာ သေချာ ပါတယ်။
ဒီအချက် တစ်ခုကလွဲရင် ဘဝမုန်တိုင်းတွေက ရရှိခဲ့တဲ့ ခံနိုင်ရည်စွမ်းအင်နဲ့ ရင့်ကျက်မှုအမြတ်အ စွန်းတွေလည်း မနည်းပါဘူး။ ပြုမိတဲ့အမှားများစွာက ပေးအပ်တဲ့ နောင်တတရားတွေနဲ့ အတူ ထာဝရ ရယူရကျိုးနပ်အောင် မမြဲသော၊ အစိုးမရသော တရားတွေကို ခုချိန်မှာ အေးချမ်းတဲ့စိတ် ထားနဲ့နှလုံးသွင်းနိုင်ပါပြီ။

အတိတ်လမ်းတစ်လျှောက် စီးပွားရေးသမားတွေလို ဈေးတွက်တွက်ကြည့်တော့ အများသူငါကြုံရ တဲ့နိယာမတရားအတိုင်း အရှုံးများစွာ၊ အမြတ်များစွာပါပဲ။ ကိုယ်မစွမ်းဆောင်နိုင်ခဲ့တဲ့ အိမ်ထောင် ရေး နယ်ပယ်မှာ ခွက်ခွက်လန် ရှုံးခဲ့ပေမဲ့ အမြတ်များစွာ ထဲက ကျေနပ်စရာ အကောင်းဆုံးတစ်ခု က တော့ မက်မောစွာ တည်ဆောက်လိုတဲ့ မိသားစုကြီး ဖြစ် ထွန်းခဲ့ခြင်းပါပဲ။
သားသမီး ဆိုတာ တောင့်တတိုင်း ပြည့်စုံ၊ လိုချင်တိုင်း ရနိုင်တဲ့အရာ မဟုတ်ပါဘူး။ ထိုက်တန်တဲ့ ကံပါမှ ရနိုင်တာ မို့ ရတနာမို့ ရတနာလို့ ညွှန်းဆိုကြတာပါ။
လူ့ဘဝရခဲမျှ လို့ ရှင်တော်ဘုရား ဟောကြားခဲ့ပါတယ်။

လူ့ဘဝရရှိတဲ့အခိုက်မှာ သံသရာက လွတ်မြောက်ရေးအတွက် တရားဓမ္မရှာရင်း ပါရမီအလုံးစုံ ကို ဖြည့်ဆည်းနိုင်ခွင့်သာတာကြောင့် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက "လောကီ အာရုံလို ချင် နတ်ပြည်သွား၊ တရားလိုရင် လူ့ပြည်သွား"လို့ ဆိုမိန့်ခဲ့ဖူးပါတယ်။
"Birth is a Gift" တဲ့ သက်ရှိလူသားတစ်ဦး လူ့လောကအတွက် မွေးဖွားပေးတာ အကောင်းဆုံး လက်ဆောင် တစ်ခု ပေးဆပ်ခြင်းလို့ ဆိုနိုင်ပါတယ်။ လူ့လောကအတွက်တင်မကပါဘူး။ ကိုယ့်ရဲ့သွေးသား နဲ့ လုပ်ထားတဲ့ ကိုယ်ပွားလေးတစ်ခု။ ကိုယ့်အတွက်ရော၊ ကိုယ့်ခင်ပွန်းနဲ့ ကိုယ့်မိသားစုအတွက်ပါ ရရှိတာဟာ ကောင်းခြင်းမင်္ဂလာတစ်ပါး၊ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး မဟုတ်ပါလားနော်။

တန်ဖိုးတား မြတ်နိုးတဲ့ သားသမီးရတနာတွေ ကျွန်မနောက်မှာ ရှိနေကြလို့လည်း ရင်ဆိုင်ရ သမျှ လောကဓံတရားတွေက ကျရှုံးတဲ့တိုင် ရုန်းကန်ထနိုင်အောင် အားအင်များကိုဖြစ်စေခဲ့တာပါ။ ကျွန်မ အတွက် တခြားအားပြုစရာမရှိတာကြောင့် သားသမီးဟာ ကျွန်မဘဝ၊ ကျွန်မရဲ့ မဏ္ဍိုင်၊ ကျွန်မရဲ့ အားအင်၊ ကျွန်မ ရဲ့နှလုံးသား၊ ကျွန်မရဲ့ပုံရိပ်။
သားသမီးပျော် ရင် ကျွန်မပျော်တယ်။ သားသမီးငိုရင် ကျွန်မငိုတယ်။
ဒါဟာ မိခင်တိုင်းရဲ့ ခံစားချက်ဖြစ်မှာပါ။ သားသမီးများတော့အငိုအရယ်တွေ ပိုများတယ်။ အတွေ့ အကြုံတွေ က ပိုစုံတယ်။ မိခင်တစ်ယောက်ရဲ့ဘဝက အမျိုးမျိုးသော အရည်အချင်းတွေ လိုအပ် သေးတာနော်။

ငယ်တုန်းက ငယ်ရွယ်တဲ့အလိုင် အပြင်တစ်ခါ သွားရင် ကလေးနဲ့အတူ သယ်ရတဲ့ ပစ္စည်းတွေက မနည်းမနော။ အိတ်တစ်လုံးနဲ့ နို့လိမ်၊ နိုးဘူး၊ ရေဘူး၊ အင်္ကျီအပို၊ စောင်၊ အနှီး၊ ခါးထောင်ကျိုက်၊ သားရေအခင်း၊ ဂျောက်ဂျက်အရုပ်ကအစ ပါရတာ ကလေးငိုရင် သေးစိုလို့လား၊ နို့ဆာလာ၊ ရေငတ်လား၊ ဗိုက်နာလား၊ ဝေခွဲရတဲ့ အတတ်ပညာကလည်း လိုသေး၊ တစ်ခါတလေ ကိုယ့်အ တွေးကမှန်လို့ အဆင်ချောတာလည်းရှိ၊ မချောတာလည်းရှိ။
အရွယ်ရောက်လာတော့ အနှီးတွေ၊ နို့ဘူးတွေအတွက် အိတ်မလိုတော့ပေမဲ့ မမြင်နိုင်တဲ့ ဣစ္ဆာသ ယအိတ်တစ်လုံးကလည်း ဆောင်ထားရသေးတာပါပဲ။ အခြေအနေအပြောင်းအလဲတွေကို အကဲ ခတ်တတ်ဖို့၊ အထူးသဖြင့်မိခင်တိုင်းမှာ ရေဒါလိုအသိက ရှိကြတာကြောင့် မသိမသာနဲ့ ထိန်း ကျောင်းရတာလည်းရှိ၊ သိသိသာသာထိန်းကျောင်းရတာလည်းရှိ၊ အမြဲတမ်းမေတ္တာတွေ၊ လေးစား စာနာစိတ်တွေ၊ ရယ်မောခြင်းတွေနဲ့ လုပ်ပေးနိုင်ပါမှ။

တစ်ခါတလေ အလေးအနက်၊ တစ်ခါတလေ အပျော်အပြတ် အရယ်အမောတွေ ဖက်ပြီး နားဝင် အောင်ပြောရတာမို့ မမြင်နိုင်တဲ့ ကိုယ်ပျောက်အိတ်ထဲမှာ နည်းမျိုးစုံတော့ ရှိထားရပါတယ်။ ဒီနည်း ကခုတစ်ခါ အဆင်ပြေပေမဲ့ နောက်တစ်ခါ ပြေချင်မှပြေတာမို့ အခြေအနေအရ ကိုယ်ကလျှော့ရ တာလည်းရှိ၊ သည်းခံခွင့်လွှတ်ရတာလည်းရှိ၊ နှစ်ယောက်ရှိတော့နှစ်မျိုး၊ ရှစ်ယောက်ရှိတော့ ရှစ်မျိုး။
ဒီလိုအတွေ့အကြုံ အမျိုးစုံကြောင့် ပိုပြီးတတ်သိနားလည် တိုးတက်မှုရှိလာသလိုသားသမီးနဲ့ နီး ကပ်မှုပိုပြီးရရှိလာတယ်ပေါ့။ မိခင်နဲ့သားသမီးအတိုင်းအဆမရှိ မေတ္တာတွေ အပြန်အလှန်ပုံပေးနိုင် ခဲ့တာကြောင့် မနောဟဒယဆေးတစ်ခွက် သောက်ရသလို စိတ်နှလုံး ချမ်းမြေ့ပျော်ရွှင်စေတဲ့အပြင် အားမာန် ကိုပြည့်ဝစေတာ မို့ ကျွန်မအတွက်လည်း လေးနက်သော အဓိပ္ပာယ်ရှိတဲ့ဘဝကို ရတယ် လို့ဆိုရမှာပါ။

ငယ်ရွယ်စဉ် သားသမီးများကအရာရာကို ရင်ဆိုင်ရုန်းကန်နိုင်ဖို့ တွန်းအားဖြစ်စေခဲ့သလို အရွယ် ရောက်တဲ့ ကာလကျတော့ ကျွန်မအတွက် ကွန်းခိုရာအရိပ်ကြီးတစ်ခုဖြစ်စေခဲ့ပါတယ်။ သားသမီး တွေသာ မရှိခဲ့ရင် ရုန်းကန် ဖို့ အင်အားသတ္တိတွေလည်း ဒါလောက်ရခဲ့မှာ မဟုတ်တဲ့အပြင် အခုလို သက်ကြီးရွယ်အို အချိန်မှာ အထီးကျန်ဖြစ်ရင်း အားငယ်ရမှာပါ။
ကျွန်မအတွက် စည်းစိမ်ချမ်းသာဆိုတာ ငွေကြေးမဟုတ်ဘူး၊ ကိုယ့်အနား မှာရှိကြတဲ့ သားသမီးမြေး  မြစ်တွေ ရဲ့မေတ္တာနဲ့အားပေးမှုပါပဲ။ ဒါကြောင့် သားသမီး များရဲ့ စောင့်ရှောက်မှု ပစ္စုပ္ပန် မေတ္တာရိပ် မှာ မတောင့်မတ မကြေင့်မကြ ရဘဲ ငြိမ်းချမ်းစွာနေခွင့် ရတဲ့ ကျေးဇူးတရား ကိုဆင်ခြင်ရင်း ရရှိတဲ့ ဆုလာဘ်တစ်ပါး အတွက် ကျေနပ်ကြည်နူးရပါတယ်။
"ချစ်ခင်စည်းလုံးတဲ့ မိသားစု ရရှိခြင်းဟာ သုခဘုံရဲ့ တစ်စိတ်တစ်ဒေသပုံရိပ် ဖြစ်ပါတယ်"တဲ့။

ပတ္တမြားခင်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, April 6, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၆၁)

အထူးသဖြင့် နာမကျန်းချိန်မှာ အလေးထား ဂရုစိုက်ခြင်းမေတ္တာဟာ အစွမ်းထက်သော ဆေး တစ်ပါး ပါပဲ။ လူသားတစ်ယောက်ချင်းရဲ့ လိုအပ်ချက်ထဲမှာ အသက်ရှင်နေရတာနဲ့တင် မပြီး သေး ပါဘူး။ ကိုယ်က မေတ္တာပေးဝေစရာ ချစ်ခင်ရသူ မိသားစုနဲ့ တကွ မိတ်ဆွေသင်္ဂဟအသိုင်း အ၀ိုင်းတွေ လိုအပ်သလို ကိုယ်က ချစ်ခြင်းကို ရယူခံစားဖို့ မေတ္တာများလည်း လိုအပ်တာအမှန်ပါ ပဲ။
အခု ထွက်ဖြစ်ခဲ့တဲ့ ခရီးကတော့ ပြန်လည်သန်စွမ်းလာအောင် Therapy ယူရသလို သမီးရဲ့စိတ် ဓာတ်ကြည်လင် ရွှင်လန်းစွာနဲ့ ကြံ့ခိုင်သန်စွမ်းစေဖို့ မောင်နှမတစ်တွေက ၀ိုင်းပေးလိုက်ကြ တဲ့ မေတ္တာ Theraphy တစ်ခုဆိုရင်လည်း မမှားပါဘူးလေ။
ကို ဆက်ဖတ်ရန် ....

အပိုင်း (၆၃)

Jon Bon Jovi က "ကိုယ့်ရဲ့ အနာဂတ်ခရီးကို ဘယ်လို သွားမယ်ဆိုတာ လျာထား ဖို့ မြေပုံတစ်ခု တော့လိုအပ်ပါတယ်။ ဒါပေမဲ့ ခဲတံနဲ့ဆွဲမှ ဖြစ်မယ်နော်"တဲ့။
ဟုတ်တယ်လေ။ အမြဲတမ်း အပြောင်းအလဲတွေ ရှိနေတတ်တဲ့ ဘ၀ခရီးကို တစ်သမတ်တည်း ပုံ သေကားကျ တွက်ပြီး မင်နဲ့ အပီအပြင်ရေးထားလို့ ရနိုင်တာမှ မဟုတ်ဘဲ။ လူသားတိုင်းနေ့စဉ်နဲ့ အမျှ လမ်းဆုံ လမ်းခွ ကိုရပ်နေတာပဲ။ ကိုယ့်ရဲ့တိုးတက်ကြီးပွားရာ ကြီးပွားကြောင်း ဘယ်လမ်းကို လိုက်ရမယ် ဆိုတဲ့ ရွေးချယ်မှုတွေကတော့ ကိုယ့်ရှေ့မှာ ရှိနေတတ်ပါတယ်။
တစ်ခါတလေ ကိုယ်က အလေးမမူမိလို့ မမြင်လိုက်ရတာ ဖြစ်ချင်ဖြစ်မယ်။ အခွင့်အလမ်းဆိုတာ မျက်မှောက် မှာ ရှိနေတတ်မြဲပါ။ ရွေးချယ်မှုပေါ်မှာ မူတည်ပြီး ဘ၀ခရီးလမ်းက ပြောင်းချင်ပြောင်း သွားပြန်ရော။

ကျွန်မရဲ့သား ကိုရွှေစင်လည်း ကမ္ဘောဒီးယားမှာ နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပေမယ့် ဌာနဆိုင်ရာ အတွင်း မှာ အလုပ်ခွင်သစ်တစ်ခု ပေါ်ပေါက်လာတာကြောင့် သားက စိတ် ၀င်စားပြီး လျှောက်လိုက်တော့ အားလုံးသော အင်တာဗျူးတွေအပြီး ရွေးချယ်ခြင်းခံရပါတယ်။ ဒီတော့ တစ် နှစ်ခွဲ နဲ့ ကမ္ဘောဒီးယားက တာဝန်ကို လူစားလွှဲထားခဲ့ပြီး ၀ါရှင်တန်ကို ပြန်လာရမယ်ဆိုတဲ့ သတင်းကောင်း ကိုကြားရတော့ ကျွန်မတို့မိသားစု ၀မ်းသာပီတိဖြစ်လို့ပေါ့။
စာဆို တစ်ဦးက လူသားတွေရဲ့ နှလုံးသားထဲက ကရုဏာ၊ စေတနာနဲ့အတူ လေးစားခြင်း၊ မြတ်နိုး ခြင်း၊ တန်ဖိုး ထားခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း ဆိုတဲ့ ဒြပ်တွေ စုစုပေါင်း ပေါင်း စပ်လိုက်ရင် "မေတ္တာ" ဆိုတဲ့ အစွမ်းထက် ဆေးတစ်ပါး ရရှိနိုင်ပါမယ်တဲ့။

ကျွန်မသမီး မကေသီလည်း နိုင်ဂရာနဲ့ ကနေဒါနိုင်ငံ ခ၇ီးတစ်လျှောက် မိသားစု ညီအစ်ကို မောင်နှမ တွေရဲ့အားပေးစောင့်ရှောက်မှု မေတ္တာတွေ အပြည့်အ၀ ရလိုက်တာကြောင့် ကြည်ကြည် လင်လင် ရွှင်ရွှင်လန်းလန်း ရှိလာလေရဲ့။
မိသားစု တင်မကပါဘူး။ ကျွန်မရဲ့ သမီးတစ်ယောက်လို ချစ်ရတဲ့ နယူးယောက်ခ်က ချိုချိုဦးက လည်း တကူး တက ဖလော်ရီဒါ ကို ဆင်းလာပြီး ဆယ်ရက်ကြာ သူ့အစ်မ ကေသီကို ကူညီစောင့် ရှောက်ပြု စုပေးသေး တာပါ။ ချိုချိုဦးကလည်း ပြန်ရော ကမ္ဘောဒီးယားက သား ကိုရွှေစင် လည်း ပြန်ရောက်လာလေရဲ့။ သား ကလည်း အစ်မအိမ်မှာ အတူနေပြီး တစ်လှည့်အစ်မ ကိုဂရုစိုက်ပေါ့။
လူသားတစ်ယောက်အနေနဲ့ မွေးလာတော့လည်း အားကိုးရာမဲ့ သူတစ်ပါး အစောင့်အရှောက်လို တာပါပဲ။ ကြားကာလမှာ မကျန်းမာရင် အစောင့်အရှောက်က လိုအပ်မြဲမို့ ကိုယ်တတ်နိုင်တဲ့အခိုက် သူတစ်ပါး ကို စောင့်ရှောက်ခွင့် ကြုံတဲ့အခါ အပြည့်အ၀ပေးကြရင် အကောင်းဆုံး ဒါနမြောက်သော လက်ဆောင်တစ်ခု ဖြစ်တာပါပဲနော်။

အမေရိကား မှာ ရုပ်ဝတ္ထုတွေ ပြည့်စုံသလောက် တစ်ခုခု လိုအပ်ရင် စောင့်ရှောက်ပေးမဲ့ အသိုင်းအ ၀ိုင်းက အလွန် ရှားပါတယ်။ ကျွန်မတို့မှာ မိသားစုက ကြီးမားပေလို့ တစ်ယောက်အကူအညီ လိုအပ်ရင် တစ်လှည့်စီ ပြေးလာဖော်ရတာကြောင့် ခံသာသေးတာပါ။ သမီးကေသီလည်း သူ့မောင် ကိုရွှေစင်ပြန်ရောက် လာတော့ အားရှိကျေနပ်လို့ပေါ့။ အားလုံးထဲမှာ သူတို့ မောင်နှမက မြန်မာပို ဆန် ပါတယ်။ မြန်မာကဗျာ နဲ့ စာပေမြတ်နိုးတာလည်းတူ၊ မြန်မာသီချင်းတွေ နှစ်သက်သဘောကျ တာလည်း တစ်ထပ်တည်း မို့ အတွဲညီတာကြောင့် ပိုပြီးနီးစပ်ကြတယ်ပေါ့။

ဒီလိုနဲ့ သားလည်း နှစ်ပတ်ကြာ ခွင့်ရက်စေ့တော့ ၀ါရှင်တန်ကို သွားရပါရော။ သမီးကေသီလည်း စိတ်ကြည်ကြည် လင်လင် ဖြစ်ရုံမကဘူး၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးတဲ့အတွက် ချိုင်းထောက် လွတ်လမ်းပြန်လျှောက်နိုင်ပြီမို့ ကျွန်မလည်း စိတ်အေးရပြီး အိမ်ကိုပြန်ပြောင်းလာဖြစ်တော့တယ်။ ကိုယ့် အိမ်လေး ကိုယ်ပြန်ရောက်တော့ တိတ်ဆိတ်ငြိမ်သက် အေးချမ်းစွာနဲ့ ခေတ္တခဏ ဘ၀ အမော တွေဖြေလိုက်ဦးမယ် စိတ်ကူးထားပါတယ်။ မထင်မှတ် ပြဿနာတစ်ခု ပေါ်လာပြန်ပါရော။
"ရယ်မောရခြင်း ဟာ အသက်ရှည်ဆေးတစ်ခွက်"တဲ့။

ကျွန်မမှာ သားသမီးတွေနဲ့ ပတ်သက်ပြီး အမောတွေရှိသလို ရယ်မောရတဲ့ အခါများစွာလည်း ကြုံရ သေးတာပါ။ ဒါကြောင့် ခုချိန်ထိ ကျန်းမာစွာနဲ့ အသက်ရှည်နေသလား မသိလို့ တစ်ခါတစ်ခါ အတွေးရောက် မိပါတယ်။ သန္တာစမ်းက အိမ်ကို ရောင်းဖို့ အစီအစဉ်လုပ်နေဆဲကာလ ကျွန်မ တစ် ယောက်တည်း အိမ်ကြီးတစ်လုံးနဲ့ နေနေတာကို သားသမီးတွေက ဘ၀င်မကျဘဲ အမေကို ဖုန်းတ ဂွမ်ဂွမ် ဆက်ပြီး မာ၏ သာ၏ တစ်လှည့်စီ ထောက်လှမ်းစစ်ဆေးကြလေရဲ့။
ဒီတော့ ကျွန်မ က သူတို့စိတ်မမောရအောင် ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတဲ့ တစ်နေ့တာ စာရင်း ဇယား ကို သမီးကေသီဆီ မိုးလင်းတာနဲ့ အစီရင်ခံရပါတယ်။ အဲဒီနေ့က တနင်္ဂနွေနေ့မို့ ဘာအစီအစဉ် မှမရှိ၊ ဘယ်မှမသွားဘဲ အိမ်လာကြည့်မဲ့သူများလာရင် အဆင်သင့်ရှိနေဖို့ စောင့်မယ် ဆိုတာပြောပြ ထားလိုက်တယ်ပေါ့။ ကေသီနဲ့ စကားပြောပြီး ဘုရားဝတ်ပြုတစ်နာရီလောက် ကြာ တော့ကားရေဆေးဖို့ သတိရတာ နဲ့ ဂိုဒေါင်ထဲက ထုတ်ပြီး အိမ်ရှေ့မှာ ရေဆေးနေလိုက်တာ အေးအေးဆေးဆေးပဲလေ။

ဝုန်းခနဲ ကားတစ်စီး အနားထိုးရပ်လိုက်သံ ကြားမှ ကြည့်လိုက်တော့ အငယ်ဆုံးသား အိန္ဒာရယ် မျက်စိ မျက်နှာပျက်ပျက်နဲ့...။
"မာမီက ဒီမှာ အေးအေးဆေးဆေးလုပ်နေ၊ သားတို့မှာ ပျာသွားရတာပဲ"တဲ့။ "အလိုတော်.... ဘာကိစ္စ ပျာကြ ရတာလဲ"လို့ သားပြောတာ နားမလည်နိုင်လို့ပြန်မေးတော့-
"မာမီ့သမီး ကေခိုင်ပေါ့။ မာ့မီဆိ ဖုန်းဆက်တာ ဘယ်သူမှဖုန်းမကိုင်လို့ ကေသီ့ဆီဆက်ပြီး မာမီ ဘယ်ရောက်နေ လဲမေးတော့ အိမ်မှာရှိတယ်။ ဘယ်မှမသွားဘူးပြောတယ်တဲ့။ အခါ အခါပေါင်းများ စွာဆက် တာမရလို့ မာမီတစ်ယောက်တည်း မူးလဲနေပြီလား၊ တစ်ခုခုဖြစ်နေပြီလား မသိဘူး၊ သားကို ခုချက်ချင်း သွားကြည့်ပြီး သူ့ ကိုပြန်ဆက်ရမယ်လို့ ခိုင်းလိုက်တာနဲ့ လာကြည့်ရတာ။ သားမှာ မောင်းသာလာရတယ်၊ တစ်လမ်း လုံး စိတ်ပူလိုက်ရတယ်။ ကေခိုင် ပြောသလို တစ်ခုခုများ ဖြစ်နေပြီလားမသိ။ တော်ပါသေးရဲ့၊ မာမီ့ ကို အဝေးကလှမ်းမြင်လိုက်ရမှ ရင်ထဲ ပေါ့သွားတော့ တယ်"တဲ့။

ကဲ...ကြည့်ပါဦး။ ကျွန်မမှာ ကိုယ့်အိမ်ရှေ့ ထွက်ပြီး ကားရေဆေးတာလေးတောင် သူတို့မှာ ပြဿ နာဖြစ် ရသေးတာကြောင့် ကိုဖိုးသဲ၊ မရွှေသဲတို့အဖြစ်ကို ကြည့်ပြီးရယ်ရပါရဲ့။ အဲဒီလို အဖြစ်သည်း အောင် စိတ်ပူတတ်ကြတဲ့ သားသမီးတွေအကြောင်းကို သိလို့ သောကဖြစ်စရာကြုံရင် တော်ရုံ ကိစ္စ လောက်တော့ သူတို့ကို အသိမပေးဘဲ ဖုံးဖိထားလိုက်တယ်ပေါ့။ ဖြစ်ချင်တော့ အားလုံးထဲမှာ အသည်းအကြောင်ဆုံး၊ ခံနိုင်ရည် မရှိဆုံး မကေသီနဲ့မှ သတင်းတစ်ခုက တန်းတိုးတာကြောင့် ပိုပြီး ရယ်စရာကောင်းတော့ တာပဲလေ။

တကယ်တော့ ဘာမှလည်း ကြီးကျယ်တဲ့ကိစ္စမဟုတ်ပါဘူး၊ ကနေဒါနိုင်ငံခရီး မထွက်ခင်လေးမှာ ကျွန်မ လုပ်ရိုးလုပ်စဉ် ကျန်းမာရေး ဆေးစစ်ချက်တွေလုပ်ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ နေထိုင် မကောင်းမှ ဆရာဝန် ဆီ ရောက်ကြတာမျိုးလေ။ ဒီမှာတော့ ကျန်မာရေး အာမခံရှိ ထားတာကြောင့် နှစ် စဉ် ဆေးစစ်တာတွေ လူတိုင်းလုပ်ကြရပါတယ်။ ထုံးစံအတိုင်း ဆီးစစ်၊ သွေးစစ် EKG စစ်၊ Mammogram ရိုက် စတာတွေအားလုံး အပြည့်အစုံလုပ်ကြည့်ရတာ၊ ကျန်တာတွေအားလုံး ကောင်းပေမဲ့ Mammogram ရိုက်ထား တဲ့ရင်သား မှာ အကျိတ်တစ်ခု တွေ့နေလို့ဆိုပြီး ဆေးရုံက ပြန်ခေါ်ပါတယ်။

 ကျွန်မမှာ ခုချိန်ထိ ဆီးချို မရှိ၊ သွေးတိုးမရှိ၊ နှလုံးအားနည်းတာမရှိ၊ ကျန်မာရေးကောင်းပေမဲ့ အသက် ၁၇နှစ် တစ်ခါ၊ ၂၄နှစ်တစ်ခါ ရင်သားမှာ အကျိတ်တွေ့တဲ့အတွက် နှစ်ခါခွဲစိတ်ကုသထားရ တဲ့ရာဇ၀င်က ရှိ ထားတာကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်တဲ့အလားအလာ ရှိနေတယ်။ ကျွန်မရဲ့ ဆရာဝန်နဲ့ ညှိနှိုင်းပြီး ဆက်လက် ကုသမှုယူပါ ဆိုပါလေရော။
ဆရာဝန် နဲ့ ဆက်သွယ်လိုက်တော့ ကျွန်မရဲ့ သွေးစစ်ချက်ထဲမှာ သွေးဖြူဥတွေများနေတာတွေ့ရ ပါတယ်။ အဲဒါ ကင်ဆာ Risk ဖြစ်နိုင်တာကြောင့် ပေါ့ပေါ့ထားလို့မရဘူ။ Biopsy လုပ်ပြီး ဓာတ်ခွဲ ကြည့်ရမယ်။ အကျိတ် ကိုလည်း ခွဲထုတ်ရမယ်။ ဒါကြောင့် ခွဲစိတ်ဆရာဝန်နဲ့ ရက်ချိန်းယူပြီး ကျွန်မ ကိုဖုန်းပြန်ဆက် အကြောင်းကြား မယ်လို့ ပြောပါတယ်။

သားသမီးတွေ ကို ပြောပြလိုက်ရင် စိတ်ပူကြမှာစိုးတာနဲ့ ဘယ်သူ့ကိုမှ အသိမပေးဘဲ သားမက် ဂယ်ရီ ကတော့ ဆရာဝန်မို့ သူ့ကိုပဲ တိုးတိုးတိတ်တိတ် အကျိုးအကြောင်း ပြောပြပြီး သားသမီးတွေ ကိုမသိပါစေ နဲ့လို့ ပိတ်ထားရင်း ဆရာဝန်နဲ့ ရက်ချိန်းဖုန်းအခေါ်ကို စောင့်နေလိုက်တယ်ပေါ့။
နောက်တစ်နေ့ မနက် မိုးလင်းတာနဲ့ ဖုန်းသံတွေ ဆက်တိုက်ကြားရတော့တာပဲ။ တက္ကဆက်၊ ကယ်လိဖိုးနီးယား၊ ရှိကာဂို၊ ပင်ဆယ်လ်ဗေးနီးယား၊ ဖလော်ရိဒါနယ်အစုံက သားတွေသမီးတွေ တစ်ယောက်ပြီး တစ်ယောက် ခေါ်လိုက်ကြတာ။
"မာမီ့သမီး ဘာဖြစ်တာလဲဟင်။ ညက ငိုကြီးချက်မနဲ့ Answering Machingမှာ သူ့ကိုချက်ချင်း ပြန်ခေါ်ပါလို့ အမှာ စကား ထားသွားတယ်။ သမီးတို့လည်းခုမှဖွင့်နားထောင် ဖြစ်တာ။ သူ့ခြေ ထောက်ကောင်းသွားလို့ လမ်းလျှောက်နိုင်ပြီ မဟုတ်လား။ အခု ဘာဖြစ်ပြန်တာလဲ"နဲ့ စိုးရိမ်တကြီး ၀ိုင်းမေးကြလေရဲ့။

သမီးကေသီ သူ့မောင်နှမတစ်တွေကို လူစေ့အောင် လိုက်ဖုန်းဆက်ဆဲ့ အချိန်က သန်းခေါင်နီးပါး ရှိနေပြီ ဆိုတော့ အားလုံးက အိပ်ကုန်ကြပြီပေါ့။ မနက်လင်းမှ သူထားခဲ့တဲ့ အမှာစကားကြောင့် သူတို့အစ်မ ဘာတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပြန်သလဲဆိုတာ သိချင်ဇောနဲ့ ကျွန်မကို ဆက်မေးကြတာ ပါ။ အကျိုးအကြောင်း ဘာမှ မသိတော့ ကျွန်မလည်း အူကြောင်ကြောင် ဖြစ်လို့ပေါ့။ သမီး ကို မေးကြည့်ပြီး မှ ပြန်ဆက်မယ် ပြောရင်း နှစ်သိမ့်လိုက်ရပါတယ်။
တလွဲတချော်တွေ ဖြစ်ချင်တော့ ကျွန်မရဲ့ဆရာဝန်က ပြန်ခေါ်မယ်ပြောထားပြီး ကျွန်မကို မခေါ်ဘဲ ည ၁၁နာရီ ထိုးခါမှ ဂယ်ရီဆီကို ဖုန်းဆက်ပြောပြတယ်တဲ့။ သူတို့ချင်းရင်းနှီးခင်မင်တဲ့ ဆရာဝန်ချင်း ဖြစ်နေတာကြောင့် အချိန်မတော်ပေမဲ့ အားမနာကြေး ခေါ်လိုက်တာထင်ပါရဲ့။ အဲဒီတော့ အနား မှာ အတူရှိနေတဲ့ မကေသီက အားလုံးပြောသမျှ ကြားသွားပါလေရော။ အမေအတွက် စိုးထိတ် ပူပန်စွာ နဲ့ညီအစ်ကို မောင်နှမတွေကို သတင်းပို့ဖို့ မိနစ်မဆိုင်း ညကြီးသန်းခေါင်မှာ လူစေ့အောင် ဖုန်း တွေ လိုက်ခေါ်တာလေ။

ဒီဇာတ်လမ်းကို မသိလို့ ကျွန်မက ဖုန်းဆက်မေးတော့ ဖုန်းထဲမှာ ငိုလို့မပြီးနိုင်ဘူးလေ။ ခဏကြာ တော့ မျက်ရည်လည်ရွှဲနဲ့ လူကိုယ်တိုင်ရောက်လာပြန်ပါရော။ "မာမီ သမီးနဲကအတူ လာနေမှဖြစ် မယ်" တဲ့။ ခုချက်ချင်းပဲ တစ်စုံတစ်ခုဖြစ်တော့မဲ့အတိုင်းလေ။ သူအဖြစ်သည်းနေပုံကိုကြည့်ပြီး ကျွန်မက ရယ်တော့ "ဒါရယ်စရာ မဟုတ်ဘူး မာမီ"တဲ့။ ကျွန်မကို မကျေမနပ်နဲ့ ပြန်တွယ်လေရဲ့။
တကယ်က အကျိတ်တွေ့တာနဲ့ ကင်ဆာလို့ အတပ်ပြောနိုင်သေးတာ မဟုတ်ပါဘူး။ လိုအပ်တဲ့ ဓာတ်ခွဲဆေးစစ် ချက်တွေ လုပ်ရဦးမှာပါ။ မရေရာသေးတဲ့ ကိစ္စအတွက်နဲ့ ပူပင်သောကရောက်နေ တာမော လိုက်တာ။ ဒါကြောင့် သမီးကို မနည်းဖျောင်းဖျ တရားချ နှစ်သိမ့်ချော့မော့ပြီး ပြန်လွှတ်ရ ပါတယ်။ ဇာတ်လမ်း က ပြီးသလား မထင်လေနဲ့နော်။

သမီးပြန်သွားပြီး မကြာပါဘူး။ ဖုန်းတွေက လာပြန်ပါရော။ မကေသီ သတင်းဖြန့်ချိလိုက်တာနဲ့ ကျန်တဲ့ သားသမီးတွေ ပါ ရေကြောမြေကြောလိုက်ကြပြီး ဖုန်းဆက်သတင်းမေးရင်း ငိုကြပြန်လို့ အားပေးရ၊ နှစ်သိမ့်ရ၊ ဖျောင်းဖျရ။ တော်ရုံအားငယ်တတ်တဲ့ လူနာမျိုးဆိုရင် သူတို့အငိုသန်ကြပုံနဲ့ ကိုယ်ပါ စိတ်ဓာတ်ကျပြီး အသုဘဖြစ်လောက်ပါရဲ့။
ပြောကြပုံလည်း နားထောင်ပါဦး။ "ကီမိုပေးရင် ဆံပင်တွေအဖတ်လိုက် ပြုတ်ကြတာတဲ့နော်။ မာမီ အဲလိုဖြစ်တာ သမီးတို့ကြည့်ရက်မှာ မဟုတ်ဘူး"တဲ့ သူနဲ့၊ "ကီမိုပေးတဲ့အခါကျရင် အစားပျက် အအိပ်ပျက်တာ နဲ့ အရမ်းပိန်ချုံးသွားတာတဲ့။ မာမီ အဲလိုခံစားနေရရင် ဘယ်လိုလုပ်ကြမလဲ" မေးတဲ့သူနဲ့။

ကျွန်မမှာ သူတို့ပြောသမျှ နားထောင်ပြီး ရယ်လိုက်ရတာ။ ဒီအထဲ ဇာတ်တိုက်ထားတာမျိုးက လည်း ရှိပါသေးတယ်။ ညနေကျ ၀ါရှင်တန်က သားရွှေစင်ဖုန်းဆက်လာပါရော။ သူအသံက တိုးတိုး တိမ်တိမ်နဲ့ "မာမီ နေကောင်းလား"တဲ့။ သူ့အသံကြားရရုံနဲ့ ကျွန်မက သိလိုက်ပါပြီ။ "ကေသီ လာလား"တဲ့။ "အခုရော ကေသီ အနားမှာရှိလား"တဲ့။ စကားတွေချီ၊ နိဒါန်းတွေပျိုးနေတာနဲ့ ကျွန်မ ကရယ်ချင်လာပြီး "သားအစ်မ က သတင်းကြေညာပြီးပြီ မဟုတ်လား"မေးလိုက်တော့ "မာမီ ဘယ် လိုလုပ်သိလဲ"တဲ့။

ကျွန်မအော်ရယ်မိပါရော။ သူတို့ကို မွေးထုတ်ထားတဲ့ အမေပဲနော်။ ပါးစပ်ဟရုံနဲ့ ဘာဆို လိုတာ နောကျေနေပြီးသားပဲ မဟုတ်လား။ ဒီတော့မှ သားကဇာတ်ကြောင်းပြန်ပါတယ်။ ညက သူ့အစ်မ ဖုန်းခေါ်တော့ မအိပ်သေးတာနဲ့ စားပြောရတယ်တဲ့။ ကင်ကာဆိုရင် ကျွန်မစိတ်ဓာတ်ကျတော့မှာ ပဲ။ ဒါကြောင့် ညနေ ကျရင် သားက အားပေးဖို့ ဖုန်းခေါ်လိုက်၊ သူနဲ့ဂယ်ရီက လာစောင့်နေကြမယ်၊ အားလုံး ၀ိုင်းနှစ်သိမ့်အားပေးပြီး သူတို့အိမ်ကို တစ်ခါတည်းခေါ်သွားကြမယ်ပေါ့လို့ ဇာတ်တိုက် ထားကြတာတဲ့လေ။

ဒီသတင်းကို ကျွန်မအရင်ရပြီး သူတို့မသိအောင် ဖုံးဖိထားပြီး ခုမှ မတော်တဆပေါ်သွားတယ် ဆိုတာ မသိလေကြ ဘူး။ ဒါကြောင့် သူတို့ဖြစ်ပုံကို ကြည့်ရင်းကျွန်မမှာ ရယ်ရတာအမော။ အမှန် တော့ ရှင်တော်ဘုရားဟောကြေားတဲ့အတိုင်း တွယ်ငြိခြင်း သမုဒယသံယောဇဉ်ကြောင့် သူတို့ခမျာ ဆင်းရဲခြင်းသောကတွေ ဝေနေရရှာတာပါ။ သားသမီးတွေရဲ့ ခံစားချက်ကို စာနာမိတော့လည်း ပုထုဇဉ် လူသားပီပီ သူတို့ကို သနားစိတ်နဲ့ ရင်မှာနာကျင်မှု ခံစားရပြန်ပါရော။
ဒီလိုနဲ့ ဆေးရုံတက်ဖြစ်ပြီး ရင်သားက အကျိတ်ကို ခွဲစိတ်ထုတ်ယူတာပါ။ ဓာတ်ခွဲဆေးစစ်တာတွေ ရောပါ လိုအပ်တာ မှန်သမျှ လုပ်ကြည့်လိုက်တော့ ကံကောင်းထောက်မစွာ ကင်ဆာမဟုတ်ကြောင်း သိရပါတယ်။ မိသားစု အားလုံးလည်း ခုမှရင်ထဲက အပူလုံးကျပြီး ပြုံးနိုင်ကြတယ ဆိုပါတော့။

အဲလို ကျွန်မရဲ့ ကျန်းမာရေးကိစ္စ မရေမရာ ပြဿနာတွေ ဖြစ်နေဆဲကာလမှာ သမီးသူဇာက သားဦး ကိုယ်ဝန်ကြီးနဲ့မို့ စိတ်မဆင်းရဲစေချင်တာကောင့် လုံးဝအသိမပေးဖို့ မှာထားရပါတယ်။ ဆေးရုံက ဆင်းပြီးမှ သမီး ကိုပြောပြတော့ မရွှေချောက အေးအေးမနေလေဘူး။ ဗိုက်ကြီးတပြဲနဲ့ ချက်ချင်း ရောက်ချလာပြီး သူ မသိလိုက်ရကောင်းလာနဲ့ ငိုကြီးချက်မဖြစ်ရပြန်ပါရော။ ကျွန်မတို့ မိသားစုလောက် စာရင်းရှုပ်တာမျိုးလည်း ရှိအံ့ မထင်ပါဘူးနော်။
နှစ်ပတ်ကြာတော့ သမီးကို ချော့မော့နှစ်သိမ့်ပြီး အိမ်ပြန်ခိုင်းရပါတယ်။ အိမ်ထောင်ရှင်မဖြစ်နေပြီး အစ်မ ကို ပြုစုစောင့်ရှောက်ဖို့ ပြန်ရောက်လာလိုက်၊ အမေစောင့်ရှောက်ဖို့ ပြန်ရောက်လာလိုက် တစ်နှစ်တည်း အခေါက်ခေါက်ပြန်လာနေတာ ယောက်ျား သဘောကောင်းလို့ တောပါသေးတယ် ဆိုပေမဲ့ "ယောက်ျားနဲ့ ငါးကြာကြာ ပစ်ထားလို့"မရဘူး ဆိုတဲ့စကားရှိတယ် မဟုတ်လားနော်။

သမီးသူဇာ ပြန်သွားပြီး ကျွန်မလည်း စက်တင်ဘာလကုန်တဲ့အထိ အိမ်မှာ ကောင်းကောင်းအနား ယူလိုက်တယ်ပေါ့။ ခွဲစိတ်ပြီး တစ်လအကြာမှာ ဆရာဝန်က ပြန်လည်ဆေးစစ်မှုတွေ လုပ်တော့ အားလုံး အခြေအနေကောင်းကြောင်း သိရတာမို့ စိတ်အေးရတယ်ဆိုပါတော့။ ခြောက်လ ကြာရင် ထပ်ပြီးဆေးစစ်ဖို့ ရက်ချိန်းပေး ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်လက်ပေါ့ပါးသွားရတာ ကြောင့် အောက်တိုဘာလ တစ်လ လုံး တက္ကဆက်က သမီးကေခိုင်ဆီ တစ်လှည့်သွားလည်၊ နိုင်ဝင်ဘာကျ သားကိုရွှေစင်ရှိရာ ၀ါရှင်တန် ကို ခရီးဆက်ဖြစ်ပါတယ်။

သားနေတဲ့ ဗာဂျင်းနီးယားနဲ့ သမီးသူဇာရှိရာ အယ်လ်လစ္စဘက်မြို့က လေးနာရိလောက်ပဲ ဝေးတာ မို့ကျေးဇူးတော်နေ့ ရုံးပိတ်ရက်မှာ သားက လိုက်ပို့ပေးမယ် ဆိုတာနဲ့ သားအမိနှစ်ယောက်ကား မောင်းပြီးသွားလိုက်ကြသေးတယ်လေ။ ဗာဂျင်းနီးယားက တောင်ကုန်းတွေ၊ ချိုင့်ဝှမ်းတွေနဲ့ သာ ယာလှပလွန်းတာကြောင့် သဘာဝအလှတွေ ငေးမောရင်း အဆိုတော် ပုလဲနဲ့ ကိုစိန်လွင်၊ ကိုစိုးပိုင် တို့ရဲ့သီချင်းတွေ နားထောင်ရင်းလေးနာရီခရီးက တစ်ခဏလေး လို ရောက်သွားလေရဲ့။ သမီးက အမေနဲ့ အစ်ကိုရောက်လာတော့ ပျော် လွန်းလို့ ဆွေ့ဆွေ့ခုန်နေ တာပဲ။ ကျေးဇူးတော်နေ့ ပွဲ တော်စာကြက်ဆင်ကောင်လုံးကင်နဲ့ တခြားဖွယ်ဖွယ်ရာရာတွေ စုံအောင် ချက် ထားတာ တွေ့ရ တော့အိမ်ရှင်မ ပီပီသသ ဖြစ်နေတဲ့ သမီးကို ချီးကျူးရပါသေးတယ်။

သမီးဆီက ပြန်လာပြီး တစ်ပတ်ကြာတော့ ကျွန်မလည်း ဖလော်ရီဒါ ပြန်ဖြစ်ပါရော။ ခရစ္စမတ်ပွဲ တော်ရုံးပိတ်ရက်ကျတော့ မိသားစုတစ်တွေ ဆုံးဖြစ်ကြဦးမှာ ရှိသေးတယ်လေ။ အမေရိကား မှာ နေရတဲ့တစ်ရက် တစ်ရက်ကလည်း အကုန်မြန်သလား မပြောပါနဲ့တော့။ တစ်နှစ်ဆိုတာ ဟိုလှည့် ဒီလှည့် နဲ့ ကုန်သွားလိုက်တာ ဘာလိုလိုနဲ့ ၁၉၉၆နှစ်ဆန်းက ဖျတ်ခနဲ ရောက်လာတော့တယ်။
သမီးသူဇာ က ဖေဖော်ဝါရီလဆန်းမှာ မီးဖွားမှာဖြစ်လို့ မီးဖွားချိန်အမီ ဇန်န၀ါရီလကုန်လောက် သမီး ဆီသွား မယ် စိတ်ကူးနေဆဲမှာပဲ၊ ဇန်န၀ါရီ ၈ရက် မနက် ၄နာရီ အရုဏ်တက်လောက်မှာ ဖုန်းဝင်လာ လေရဲ့။ သမီး မီးဖွ့ားလို့ ဆေးရုံကို သွားရတော့မှာတဲ့။ ဆရာဝန်တွက်ပေးထားတဲ့ ရက်ထက် တစ်လနီးပါးတောင် စောနေတာမို့ ကျွန်မလည်း စိတ်ပူလို့ပေါ့။ ပိုပြီး စိတ်ပူစရာကောင်းတာက အဲဒီအချိန် မှာ နှင်းမုန်တိုင်းက အကြီးအကျယ် ကျနေခိုက်လေ။

ဆေးရုံမသွားခင် သမီးက စိတ်လှုပ်ရှားတဲ့အသံနဲ့၊ "သမီး၊ မာမီ့ကို ဦးသုံးကြိမ်ခိုက်ပြီး ကန်တော့ခဲ့ ပါတယ်။ သမီးရဲ့သားလေး ခြေလက်အင်္ဂါစုံအောင်လည်း ဆုတောင်းပေးပါနော်"နဲ့ မှာသွားတော့ ကျွန်မရင်ထဲမှာ နင့်သွားတော့တာပဲ။ ကိုယ်ဝန်ရှိစက ကြောင်ကလေးခြေပြတ်ပြီး သေသွားရတာ ခုထက်ထိ သူ့ရင်ထဲမှာ စွဲလမ်းနေဆဲ ဆိုတာ တွေးမိတော့ သမီးကိုပိုပြီး သနားရပြန်ပါရော။
"သမီး မီးဖွားရင် မာမီအနားမှာ နေပါနော်"နဲ့ အားကိုးတကြီး မှာထားပါလျက်နဲ့ အခု အရေးကြုံ တော့အမေက အနားမှာမရှိနိုင်တာအတွက်လည်း စိတ်မကောင်းဖြစ်၊ စိတ်ရှိတိုင်းပြောသွားလို့ ရနိုင်တဲ့နေရာ လည်း မဟုတ်၊ရင်ထဲမှာ သောကမျိုးစုံနဲ့ ပူလောင်လိုက်ရတာ။

အရေးကြုံတိုင်း ကျွန်မရဲ့ အားထားရာက ရှင်တော်ဘုရား တစ်ပါးပဲရှိပါတယ်။ ကောင်းကောင်းဆိုး ဆိုးဝမ်းသာစရာပဲ ကြုံကြုံ၊ ပူလောင်စရာပဲ တွေ့တွေ့ ရှင်တော်ဘုရားရှေ့မှောက်ရောက်အောင် သွားပြီး အားကိုးမှုနဲ့ လျှောက်ထားရတာတွေ အမျိုးစုံလို့ သက်တော်ထင်ရှားသာရှိရင် ပြုံးတော်မူ ပြီး "ချစ်သမီး ပြဿနာတွေကလည်း မပြီးနိုင်တော့ပါလား၊ သံသရာလွတ်ကြောင်း စဉ်းစားဖို့ ကောင်းပြီ"လို့ မိန့်လေမလား မသိ။
ကျွန်မအတွက် နံနက်ခင်း ဘုရားကို အာရုံပြုရခြင်းက တစ်နေ့တာအတွက် ငြိမ်းချမ်းခြင်းပါပဲ။ ညဦး တောင်းဆုပြုရတာကျတော့ တစ်ညတာအတွက် လုံခြုံစေတယ်လေ။ စိတ်အားငယ်တဲ့အခါ ဘုရား ရှင်ရှေ့မှောက် ရောက်တာနေဲ့ အားတက်စရာ ဖြစ်သလိုအထီးကျန်နေချိန်မှာ အနားမားမားရပ် သကဲ့သို့ ခံစား ရပြီး၊ ၀မ်းနည်းတဲ့အခါ ဖေဖေ နှစ်သိမ့်မှု ရစေတဲ့အပြင် သံသယ၀င်နေခိုက် အာရုံ ပြုလိုက်တာနဲ့ဆုံးဖြတ်မှုပေးနိုင်အောင် အလင်းရပြီး စိတ်ကျေနပ်စရာ ကြုံတဲ့အခါကျ ကြည်နူး ချမ်း မြေ့မှုကို ရပါရော။

ဒါကြောင့် ဘာလေးတစ်ခု မကြုံလိုက်နဲ့ ကလေးတစ်ယောက် ဖခင်ကို အားကိုးလိုတဲ့စိတ်မျိုးနဲ့ ရှင်တော် ဘုရားရှေ့မှောက် အမြဲရောက်လျက်မို့ အခုလည်း သမီးအတွက် အမျိုးစုံတောင်း ဆုတွေ ပြုနေဖြစ်တော့ တယ်ပေါ့။ အမေက အချိန်မီ မရောက်နိုင်ပေမဲ့ သူ့ခင်ပွန်းက အနားမှာရှိနေတာမို့ သမီးလည်းအားရှိမှာပါ။ အမေရိကား မှာ ၁၉၇၀ပြည့်နှစ်လောက်ကစပြီး Dr.F.LAMAZ ရဲ့နည်းစ နစ်အရ LAMAZ သင်တန်းရယ်လို့ ပေါ်ပေါက်လာပြီး ကိုယ်ဝန်ခြောက်လရှိတာနဲ့ လေးပတ်သင် တန်းတက်ရပါတယ်။

ကိုယ်ဝန်ဆောင်သူနဲ့အတူ ခင်ပွန်းပါတက်ပြီး သင်ရတာပါ။ သားဖွားခြင်းအကြောင်း အပြည့်အစုံ ပညာပေး တာတွေအပြင် မီးဖွားချိန် ဘယ်လိုအသက်ရှူရမယ်၊ ဘယ်ပုံအနေအထားနဲ့ညှစ်အားပေး ရမယ် စသဖြင့်တွေပေါ့။ ကလေးအဖေပါ မွေးခန်းထဲ ၀င်ခွင့်ပြုထားတာမို့ ကိုယ့်ဇနီးရဲ့ ခံစားရတဲ့ အာဝေဏိက ဝေဒနာတွေကို လက်တွေ့မြင်ခွင့်ရတာကြောင့် ကြင်နာယုယဖေးကူမ ပေးခြင်းနဲ့ မိခင်လောင်းရဲ့ စိတ်အားတိုးတက်စေတဲ့ သဘောလည်း ပါပါတယ်။
ကျွန်မလည်း နာရီဝက်တစ်ခါလောက် ဖုန်းဆက်ပြီး သမီးကို အားပေးရတာအမော။ ဒီလိုနဲ့ ညနေ ၈နာရီ ၃မိနစ်ကျမှ သားဦးလေးကို ချောချောမောမော မွေးဖွားကြောင်း သိရလို့ ရင်ထဲက သောက မီးငြိမ်းရတော့တယ်။ ဒါပေမဲ့ လုံးဝစိတ်အေးရတာ မဟုတ်သေးဘူး။ ကလေးက ၀မ်းက ကျွတ်ကျွတ် ချင်းမငိုဘူးတဲ့။ ကျွန်မသမီး ကေသီက "သူဇာ့သားမို့ သူ့အမေလို ငိုရကောင်းမှန်း မသိလို့ မငို တာဖြစ်မှာ" နဲ့ အပြေင်အပြတ် မှတ်ချက်ချနေသေးတာပါ။

တကယ်က ကလေးက တစ်လ စောမွေးတဲ့အတွက် အဆုတ်ကပြည့်ပြည့်၀၀ မဖွံ့ဖြိုးသေးလို့ မငို တာဆိုပြီး ကလေးအထူးကုဆရာဝန်ကြီးကို ချက်ချင်းအကြောင်းကြားပါတယ်။ ဆရာဝန်ကြီးက မိနစ်ပိုင်းသာ ရှိသေးတဲ့ ကလေး ကိုဓာတ်မှန်ရိုက်ကြည့်တော့ အဆုတ်မှာအပေါက်ရှိနေတာကြောင့် ချက်ချင်း (ICU)အခန်းမှာပို့ ကုသမှု ပေး ရတယ်တဲ့လေ။ ဒီတော့ကလေးအတွက် တစ်ခါစိတ်မော ရပြန်ပါရော။
သောကစိတ်နဲ့ နောက်တစ်နေ့အမီ သမီးဆီလိုက်သွားဖို့ကြိုးစားပေမဲ့ နှင်းမုန်တိုင်းက ရှိနေဆဲ မို့ လေယာဉ်ခရီးစဉ်တွေ ဖျက်ထားတာကြောင့် အဆင်မပြေဘဲ စောင့်နေရတာ ရင်တမမနဲ့ပါပဲ။ တော် ပါသေးရဲ့။ သုံးရက်ကြာတော့ ကလေးကလုံးဝ ကျန်းမာသွားပေလို့။ ကျွန်မလိုပဲ စိတ်ပူနေ တဲ့ ယောက္ခမက မြို့ချင်း သိပ်မဝေးလှတာမို့ နှင်းမုန်တိုင်းကြားထဲက ကားမောင်းပြီး အရောက်သွား လိုက် တာကြောင့် ကျေးဇူးတင်ရပါသေးတယ်။

စောစောက အစီအစဉ်အရ ကျွန်မတို့ မိခင်နှစ်ယောက် တစ်လစီ သွားစောင့်ရှောက်ပေးကြရင်း ဂျူတီ လဲကြမယ်ပေါ့။ ကျွန်မအရင်သွားမဲ့အစား သူကအရင်ရောက်နှင့်တာမို့ သမီးဆီ ဖေဖော်ဝါရီ လအလယ်ကျမှ သွားဖို့ လေယာဉ်လက်မှတ် ပြန်ပြောင်းနဲ့ အလုပ်ရှုပ်ရပါသေးတယ်။ နောက်တစ် နေ့မှာဆေးရုံက ပို့ပေးလိုက်တဲ့ ဗီဒီယိုအခွေတစ်ခု အမြန်ချောနဲ့ ရောက်လာလေရဲ့။ သူတို့ငွေရှာ နည်းရိုက်စားပုံက အတုယူလောက်ပါတယ်။
အခွေပေါ်မှာ နာမည်ထုးထားတာက "ဇက်ကရီ ကောင်းမြတ် ဘာဝစ္စ်တီ"ဆိုတဲ့ ကျွန်မမြေးရဲ့ နာမည် အပြည့်အစုံနဲ့နေလေ။ ဖွင့်ကြည့်လိုက်တော့ Pittsburgh Megee Woman's Hospital ဆို တဲ့ဆိုင်းဘုတ် နဲ့ ဆေးရုံပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ ၁၉၉၆ခုနှစ် ဇန်န၀ါရီလ ၈ရက်နေ့ ဒီဆေးရုံမှာ မင်္ဂလာရှိသော သားယောက်ျားလေးတစ်ဦး ဖွားမြင်ခဲ့ပါတယ်။ အစချီပြီး မိဘနာမည်၊ နေရပ်လိပ်စာ၊ မွေးဖွားတဲ့အချိန်၊ ကိုယ်အလေးချိန်၊ အရပ်အမောင်းစသည်တွေ ပြောပြချိန် ကလေးရဲ့ပုံတွေက ငိုတာရော၊ ပြုံးတာရော၊ မဲ့တာရောနဲ့အတူ ငိုက်လျက်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ် ပျော်လျက်စုံအောင် ရိုက်ပြထားပါတယ်။

နောက်ပြီး "ဇန်န၀ါရီ"ဆိုတာ "အဦးအစ"လို့ အဓိပ္ပာယ်ဖွင့်ပါသတဲ့။ ရိုမင်ဘုရား JANISက ကြီးစိုး တာမို့ "ဇန်န၀ါရီ"အမည် ဖြစ်တည်စေတယ်ပေါ့။ JANISရဲ့ ပုံသဏ္ဌာန်က မျက်နှာနှစ်ခုရှေ့မှာ တစ်ခု၊ နောက်မှာ တစ်ခုရှိလေတော့ ဒီလမှာ မွေးတဲ့ ကျွန်မမြေးက ရှေ့နောက် နှစ်ဖက်အမြင်ရလို့ အမှားအမှန် ဆင်ခြင်နိုင်သူပဲ ဖြစ်လေမလား။ ဒါမှမဟုတ် အပျိုချောတွေ အလယ်မှာ မျက်နှာများ သူပဲဖြစ်လေမလားမသိ။
ဒီလရဲ့ အထိမ်းအမှတ် ပန်းက "ဇော်မွေး"ပန်းဖြစ်သလို ကျောက်မျက်ရတနာက ဂါနက်ခေါ်တဲ့ ဂေါ် မုတ်ကျောက်အနီရောင်လို့ ဆိုပါတယ်။ ဂရိတိုင်းပြည်မှာတော့ ဒီနေ့ဟာ "အမျိုးသမီးများက ဇိမ်နဲ့ ဒူးနှန့်နေကြပြီး ယောက်ျားများက အိမ်ရဲ့ ဝေယျာဝစ္စမှန်သမျှ ကျုံးပြီး လုပ်ကြရတဲ့နေ့လို့ ပြောပြ တော့ဒီနေ့မှာမွေးတဲ့ ကျွန်မရဲ့ မြေးလေးလည်း "မစ္စတာအိုက်တိုးအနှော်ရှီး"ဆိုတဲ့ နာမည်ပဲ ပေးရတော့မလို။ တွေးရင်းသူတို့ ငွေရှာတော်ကြပုံကို ချီးကျူး မိပါရဲ့။"

ဒီလိုနဲ့ သမီးသူဇာဆီမှာ မြေးထိန်းရင်း သွားနေပေးလိုက်တာ မတ်လအလယ်လောက် ကျမှ ပြန် ရောက်တော့တာပဲ။ ဒီနှစ်ထဲမှာ မြေးအသစ်တိုးတဲ့ မင်္ဂလာသတင်း အပြင် နောက်ထပ် ရတဲ့ ကောင်းသတင်းတစ်ခုက သားကိုရွှေစင် ဇွန်လထဲမှာ မော်စကိုကို တာဝန် နဲ့ ပြောင်းရမယ်ဆိုတာပါ ပဲ။ ဒါကြောင့် သူ့ Russainစကားတွေ သင်ဖို့ ကျောင်းတက်နေရတယ်တဲ့။
သားက ဇွန်လ ၁၀ရက်နေ့မှာ မောစကို ထွက်ရမှာမို့ မသွားခင် မေလကုန်မှာ အမေဆီ ၁၀ရက် လောက်လာနေမယ်ပြောတာနဲ့ ကျန်တဲ့မောင်နှမတွေကလည်း သား မသွားခင် ဆုံကြရအောင် ဆိုပြီး တန်းစီရောက်လာကြပြန်ပါရာ။ ဒီအထဲမှာ ကလေးပိစီကွေးနဲ့ သမီးမသူဇာလည်း ပါသေး တယ်လေ။ မောင်နှမတွေ ဆုံမိကြတော့လည်း ထုံးစံအတိုင်းအပျော်လွန်ကြပေါ့။

သားကိုရွှေစင် ရောက်လို့မှနှစ်ရက်ပဲရှိသေးတယ်။ တစ်ညနေမှာ သားအငယ်ဆုံး အိန္ဒာဖုန်းဆက်လာ ပါတယ်။ "မာမီ သားကားတိုက်လို့ ဆေးရုံရောက်နေတယ်"တဲ့။
ကျွန်မတို့ အားလုံး ပျာသွားကြတာပဲ။ အသက်အန္တရာယ်စိုးရိမ်လောက်စရာ မရှိပါဘူးဆိုပေမဲ့ ၀င် တိုက်တဲ့ကား ရဲ့အရှိန်က ပြင်းထန်လို့ အသက်ကယ်လေအိတ် ပေါက်ထွက်သွားပြီး မျက်နှာနဲ့ လက်တွေမှာ အပွန်းအပဲ့ ဒဏရာတွေရလို့တဲ့။ တော်ပါသေးရဲ့။ လေအိတ် ကယ်ပေလို့ပါပဲ။ ဘာပဲ ဖြစ်ဖြစ်ကားတိုက်တယ် ဆိုကတည်းက ကျွန်မတို့မိသားစု ပျာယာခတ်ကုန်ကြပါပြီ။ ဆေးရုံအသွား ကားပေါ်မှာ သမီးကေခိုင်က ငို၊ ကေသီက ငို၊ ကျွန်မက ငိုကားနေရတဲ့ သားရွှေစင်လည်း ပါသမျှ သူတွေ အကုန်ငိုနေကြလို့ ဆေးရုံအမြန်ရောက်အောင် စက်ကုန်ဖွင့်မောင်းလေရဲ့။

ဘယ်လိုဆိုးဆိုးရွားရွား အခြေအနေမျိုးတွေ့ရမလဲ၊ ရင်တထိတ်ထိတ်နဲ့ ရောက်သွားတော့ ကိုယ်ချောလေးက Wheel Chairပေါ်မှာ ပြုံးစစနဲ့ ထိုင်လို့။ မျက်နှာနဲ့လက်တွေ၊ ရင်ဘတ်တွေမှာ တော့ အပွန်းအပဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ပေါ့။ ဒီတော့မှ မောင်နှမတစ်တွေ ရယ်မောနိုင်ကြတော့ တယ်။ ကျွန်မ တို့ မိသားစု အဖြစ်သည်းကြပုံကလည်း တစ်ခါ တစ်ခါတော့ ရယ်ချင် စရာပါပဲ။ ရောက်လာကြရင် ပြုံးလို့ ပျော်လို့ ရွှင်လို့ မြူးလို့ ဟော....ပြန်တော့မယ်ဆိုရင် အသက် ဆုံးဆယ် ကျော် ဆေးဆယ်တွေကလည်း ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုကြပြန်ပါရော။

သားသမီးတွေကိုသာ ပြောနေတယ်။ ကျွန်မလည်း သူတို့နည်းတူစွာပါပဲ။ ကွေကွင်းရခြင်း ဆင်းရဲ ရဲ့ဒဏ်ကို ခံနိုင်ရည် စွမ်း ခုထက်ထ မရှိသေးတာ သေချာလှပါတယ်။ ဒါကြောင့် ဘယ်ခရီးပဲ သွား သွားအပြန်မှာ မျက်ရည်စ နဲ့ ပြန်ခဲ့ရတာက ရိုးနေပါပြိ။ အခုလည်း သားသမီးတွေ ပြန်သွားတော့ ရင်ထဲမှာ ဟာကျန်ခဲ့ တာပါပဲ။ သူတို့ကိုလွမ်းတနေဆဲမှာပဲ ကျွန်မနဲ့ ညီအစ်မအရင်းလို ချစ်တဲ့မရွှေ ဥတစ်ယောက် ကင်ဆာရောဂါကြောင့် ခွဲစိတ်ကုသပြီး ကီမိုပေးရမယ်ဆိုတာ ဖုန်းဆက်လာတော့ စိတ်ပူပန်စွာနဲ့ နယူးဂျာစီ ကို အပြေးအလွှားထွက်လာရပါတယ်။

အလွန်ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ မရွှေဥရဲ့ လက်ရှိကျန်းမာရေး အခြေအနေကိုမြင်ရတော့ ရင် ထဲမှာ ထိခိုက်ခံစားလိုက်ရတာ။ ကျွန်မတို့နှစ်ယောက် နေကုန်နေခန်း စကားတွေ အများကြီး ပြောဖြစ်ကြ ပါတယ်။ သေခြင်းတရားကို သတ္တိရှိရှိနဲ့ ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားတဲ့သူရဲ့ စိတ်ဓာတ် ကိုလည်းချီးကျူးအားကျရပါရဲ့။ ကာယကံရှင်က အားတင်းနိုင်သလောက် အားပေးဖို့ ရောက်လာ တဲ့ကျွန်မ က ခွဲခွာရတော့မဲ့ အချိန်ကာလကို တွက်ပြီး ရင်နာနာနဲ့ သူ့ကွယ်ရာမှာ မျက်ရည်ကျရ။
လူသားတိုင်း အပူအပန် ကင်းကြရတယ်ဆိုတာ မရှိကြပါဘူးနော်။ ကိုယ့်အတွက်ပူရ၊ ကိုယ့်မိဘ ကိုယ့် သားသမီး ကိုယ့်မိသားစုအတွက် ပူရ၊ ချစ်ရတဲ့မိတ်ဆွေ သူငယ်ချင်းအတွက် ပူရ၊ ငွေကြေး အတွက်ပူရ၊ အလုပ် အကိုင်နေရေး စားရေးအတွက် ပူရ၊ အဆိုးတကာ့အဆိုးဆုံးက ကွက်လပ် အ ဖြစ် ကဘယ်တော့မှ ဖြည့်ဆည်းမရနိုင်တဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်ရတာအတွက် ပူရ၊ မျက်ရည် ခန်းမှ တရားရမယ် ဆိုရင်တော့ ကျွန်မအတွက တရားနဲ့ ဝေးပါလေရဲ့။

မရွှေဥနဲ့အတူ ဆယ်ရက်ကြာမျှ နေခဲ့ပြီး စိတ်လက်မကြည်မလင်နဲ့ ဖလော်ရီဒါပြန်လာရပါတယ်။ တစ်နှစ်တစ်နှစ် မသွားမဖြစ်တဲ့ ခရီးတွေကလည်း ကုန်ပဲမကုန်နိုင်ဘူး။ သားသမီးတွေက တစ်နှစ် တစ်ခေါက် အမေ ရောက်မလာရင် မကျေမနပ်နဲ့ ပြဿနာရှာတတ်ကြတာကြောင့် အခုလည်း ရှီကာဂိုက သားကြီး ခင်မောင်ဝင်းခန့်ဆီ သွားဖို့ ပြင်ဆင်ရပြန်ပါရော။ ရှီကာဂိုမှာ ရှိနေခိုက် သမီးသူ ဇာက ဖုန်းဆက်လာပါတယ်။ သူ့သားအခု ခုနစ်လပြည့်ပြီမို့ ယောက်ျားဘက်က အဘိုး အဘွားများ ကသူတို့မြို့ မှာ ကင်ပွန်းတပ်ပွဲ လုပ်ပေးမှာတဲ့။ အဲဒီပွဲအမီ မာမီလာခဲ့ပါတဲ့လေ။ ခရီးတစ်ခု မပြီးခင် နောက်ခရီးတစ်ခုဆက်ဖို့ပေါ်လာတော့ ရှိကာဂိုကနေ Syracuseကို အသွားအပြန် လေယာဉ်လက် မှတ်လုပ်ရနဲ့ အလုပ်ရှုပ်ပေါ့။ ဒီပွဲကို ဖလော်ရီဒါက သမီးကေသီလည်း တက်ရောက်ဦးမှာမို့ ကျွန်မ တို့သားအမိ ပြန်ဆုံကြရဦးမှာလေ။

ကျွန်မရဲ့ခမည်းခမက်တွေက ဆွေးမျိုးအုပ်စုတောင့်ကြတော့ မိတ်ဆွေသင်္ဂဟ အသာထားဦး၊ သူတို့ ဆွေမျိုးနဲ့တင်ကို ခန်မအပြည့်နီးပါး ရှိနေပါပြီ။ မြန်မာတွေလို မိသားစုက သိုင်းသိုင်းဝိုင်းဝိုင်း ရှိကြတာ မို့ ကင်းပွန်းတပ်ပွဲက ပျော်စရာကောင်းပါရဲ့။ ကလေးက ခုနှစ်လသားသာဆိုတယ်။ ထွားလိုက်တာ ဧရာမကြီး။ သူတို့အတွက် လက်ပေါ်မှာ ပထမုဆံးကြီးရတဲ့ မြေးမို့ အဘိုးအဘွားက သည်းသည်းလှုပ်နေတာ ကြည့်ပြီး ကျွန်မလည်း ကျေနပ်ကြည်နူးရပါတယ်။
အချိန်တွေဖဲ့ခြေပေးလိုက်ရတာကြောင့် ရှီကာဂိုမှာ ကြာကြာနေဖို့ ရက်မကျန်တော့ဘဲ ဇူလိုင်လ ကုန်တာနဲ့ ဖလော်ရိဒါကို ပြန်ခဲ့ရပါရော။ အိမ်ရောက်လို့ ခရီးဆောင်သေတ္တာတွေရှင်းနေဆဲပဲ ရှိသေး တယ်။ မော်စကိုက သားကိုရွှေစင်က ဖုန်းဆက်လာပါတယ်။

"သား အိမ်အဆင်သင့် ဖြစ်ပြီ မာမီ...အခုလာခဲ့တော့လေ။ အောက်တိုဘာ၊ နိုဝင်ဘာကျရင် အရမ်း အေး တာတဲ့။ မော်စကိုရဲ့ အအေးဒဏ်ကို မာမီခံနိုင်မှာမဟုတ်ဘူး။ သား ထားခဲ့တဲ့ လေယာဉ်လက် မှတ် က Open Dateလုပ်ထားတာ။ လေယာဉ်လက်မှတ် ရက်တောင်းပြီး လာခဲ့လိုက်တော့"တဲ့။
အခုပဲ အိမ်ပြန်ရောက်လို့ သေတ္တာတောင် ပြီးအောင်မဖြေရသေးဘူး။ နောက်ခရီးတစ်ခုဆက်ဖို့ လုပ်ရဦးတော့မယ်လေ။ လေယာဉ်ရုံးကို ဆက်သွယ်စုံစမ်းတော့ အစောဆုံးသြဂုတ်လ ၉ရက်နေ့ မှာရမယ်ဆိုတာနဲ့ အဲဒီရက်ကိုပဲ ယူလိုက်ရတယ်ပေါ့။ ကျွန်မက အညာသူ၊ အအေးအလွန်ကြောက် တဲ့မိန်းမ။ သွားရမှာက မော်စကို ဆိုတာနဲ့ ကျောထဲက ချမ်းချင်နေပါပြီ။ ဒါပေမဲ့ စားရေးသူတစ် ယောက်အနေနဲ့ နေရာသစ်၊ အတွေ့အကြုံသစ်ဆိုတာ ရတနာတွေလိုပဲ၊ တန်ဖိုးရှိပစ္စည်း ဖြစ်တာ လို့အခါအခွင့်သာတဲ့အတွက် ကျေနပ်ဝမ်းသာနေမိပါတယ်။

အထူးသဖြင့် မော်စကိုဆိုတာ ကိုယ်နဲ့ ဘာမှမဆိုင်သလို ရောက်ဖို့ မပြောနဲ့စိတ်ကူးယဉ်အိမ်မက် ထဲ မှာတောင် ထည့်မမက်ဖူးတဲ့ နေရာမျိုးလေ။ ရှေးအတိတ်ကံ ရေစက်ကတွေက ဘယ်လို ရှိခဲ့ဖူး လေတယ်မသိ။ သားကိုအကြောင်းပြုပြီး ရောက်ရတဲ့နိုင်ငံတွေကလည်း ကျွန်မအတွက် အထူးအ ဆန်း စိတ်ဝင်စားစရာချည်း ဖြစ်နေပါတော့တယ်။
ရုရှားနိုင်ငံကို ကွန်မြူနစ်နိုင်ငံအဖြစ် စိတ်ကူးထဲမှာရှိထားတဲ့ပုံစံနဲ့ တကယ့်အမြင်လက်တွေ့က ကွားခြားလွန်းနေပါတော့တယ်။ အဆောက်အဆုံးတွေက ကြီးမှကြီး၊ လမ်းမကြီးတွေက ကျယ်မှ ကျယ်၊ တချို့လမ်းတွေဆိုရင် အသွားခုနစ်လမ်း၊ အပြန်ခုနစ်လမ်းနဲ့ ဆယ့်လေးလမ်းရှိတဲ့ အဝေး ပြေးလမ်းမတွေတောင် ရှိတာမို့ အံ့သြရပါရော။

သားနေ တဲ့ အိမ်ဝိုင်းထဲက ထွက်လိုက်တာနဲ့ အမေရိကား ပြန်ရောက်သွားသလား အောက်မေ့ရ တယ်။ ကျွန်မတို့ ဆီမှာ ရှိနေတဲ့ ပုံစံအတိုင်း Pizza Hutနဲ့ ကင်ကာကီ ကြက်ကြော်ဆိုင်နဲ့ မက်ဒေါ် နယ်လ်များ ဟိန်းလို့၊ လူတွေကလည်း တန်းစီပြီး ကြိတ်ကြိတ်တိုးဝယ်စားနေကြတာနော်။ ၀တ်စား ထားကြတာလည်း ပွဲထိုင်သွားကြတော့မဲ့အတိုင်း အပျံစားပါပဲ။
အမေရိကားမှာတော့ မက်ဒေါ်နယ်လ်ဆိုင်က Fast Food ဆိုင်မို့ တကူးတကလာစားကြသူက နည်းနည်း၊ သွားရင်ဟန်လွှဲ ကြုံသလို ဗိုက်ဖြည့်ကြတာမို့ ဂျင်းဘောင်းဘီနဲ့ တီရှပ်နဲ့ လည်း ရောက်ချင်ရောက်သွားကြတာ တချို့များဆို ကားပေါ်ကတောင် ဆင်းတာမဟုတ်ဘူး။

Drive Throughtဆိုတဲ့ ကားပေါ်က အော်ဒါမှာတဲ့စနစ်နဲ့ ပြီးသွားကြတာမျိုးလေ။ ဒီမှာတော့ မက်ဒေါ် နယ်လ်ရှေ့မှာ ဂုဏ်ယူစွာနဲ့ဓာတ်ပုံရိုက်ကြ၊ ဗီဒီယိုရိုက်ကြမိုက ကျွန်မမှာ အထူးအဆန်းကို ဖြစ်လို့။
"ကမ္ဘာပေါ်မှာ အကြီးဆုံး မက်ဒေါ်နယ်လ်ဆိုင် ဘယ်မှာရှိလဲ မာမီ သိလား"တဲ့။ သားကမေးပါတယ်။ အဲဒီအကြီး ဆုံး မက်ဒေါ်နယ်လ်ဆိုင်က တစ်ချိန်တုန်းက ကွန်မြူနစ်တိုင်းပြည်ဖြစ်ခဲ့ဖူးတဲ့ မော်စကို မှာရှိတာ တဲ့လေ။ အခုလက်ရှိ ခြောက်ဆိုင်ရှိထားပြီးသား။ နောက်ထပ်ငါးဆိုင် ဖွင့်ဖို့ စီစဉ်နေဆဲပါ။ မကြာသေးခင် အချိန်တုန်း က ပေါင်းမုန့်တစ်လုံးရဖို့၊ သွားတိုက်ဆေးတစ်ဘူး ၀ယ်နိုင်ဖို့ တစ်နေ ကုန်နီးပါး တန်းစီ ခဲ့ရသူတွေ အခု ဆိုင်ကြီးတကာမှာ လိုတာမှန်သမျှ လွယ်လွယ်ကူကူ ၀ယ်လို့ရနေ ပါပြီ။

ပြည်ပက မြှုပ်နှံငွေများစွာနဲ့ ဘဏ်တိုက်ကြီးတွေ၊ ကုန်တိုက်ကြီးတွေ၊ ဟိုတက်ကြီးတွေကလည်း ဟိန်းနေအောင် ဖြစ်လာသလိုနေရာတကာ လမ်းထောင့်တိုင်းမှာ ကိုကာကိုလ်ာတို့၊ ပက်စီ တို့ ကြော်ငြာတွေကလည်း အများအပြားတွေ့မြင်ရပါတယ်။ ရုရှားအမျိုးသမီး အများစုကလည်းချော်မှ ချော၊ အရပ်ရှည်ရှည်၊ ကိုယ်လုံးသွယ်သွယ်၊ အသားဖြူဖြူ၊ မျက်ဝန်းညိုညိုနဲ့ အ၀တ်အစားက လည်းဖက်ရှင်ကျကျ တစ်ချိန်က ကွန်မြူနစ်တိုင်းပြည်ဖြစ်ခဲ့တယ် ဆိုတာတောင် ယုံနိုင်စရာ မရှိ အောင် အရာရာ က ပြောင်းလဲသွားပါပြီ။

ကျွန်မလည်း မော်စကို ရောက်တာနဲ့ တစ်ချီတည်း သန်ကြွယ်သူဌေး မီလျံနာဖြစ်သွားတော့တာပဲ။ အံမယ်...ကိုင်သုံးတာတောင် သောင်းတန်၊ သိန်းတန်ငွေစက္ကူကိုင်သုံးတာပါနော်။ သားက "မာမီ သုံးချင်တာ သုံးဖို့ ဒေါ်လာနှစ်ရာ ရူဘယ်လ်နဲ့လဲပြီး ယူလာခဲ့တယ်"ဆိုပြီး လက်ထဲလာထည့်တော့ တစ်သန်းနဲ့ ငါးသောင်းတောင်ဖြစ်နေပါရော။ တစ်ဒေါ်လာက သူတို့သုံးတဲ့ ရူဘယ်လ် ငါးထောင့် နှစ်ရာ့ငါးဆယ်နဲ့ ညီမျှပါတယ်။ ငွေစက္ကူက တစ်ရာတန်၊ နှစ်ရာတန်၊ တစ်ထောင်တန်၊ ငါးထောင် တန်၊ ငါးသောင်းတန်၊ တစ်သိန်းတန်နဲ့ ခြောက်မျိုးတောင်ရှိတာ။

ရောက်ခါစ သုညတွေ များလွန်းလို့ မတွက်တတ်ဘဲ တသ်စောင်းပေးရမှာ တစ်သိန်းတန်နဲ့ မှားပေး ခဲ့မိလို့ ဆယ့်ရှစ်ဒေါ်လာဖိုး အချောင်ပါသွားလေရဲ့။ ရုရှားနိုင်ငံမှာ ရူဘယ်လ်ရော ဒေါ်လာပါ တရား ၀င်သုံးစွဲခွင့်ရှိပါတယ်။ ဒါပေမဲ့ ကုန်တိုက်ကြီးတွေမှာ ဒေါ်လာကို ငွေစက္ကူအနေနဲ့ လက်မခံဘဲ Credit Card နဲ့ပေးတာမှ လက်ခံတဲ့စနစ် ဖြစ်နေပြန်ပါရော။ ဈေးတွေကလည်း တကယ်ကြီးပါ တယ်။ ကမ္ဘာမှာ စားဝတ်နေရေး ဈေးအကြီးဆုံးနိုင်ငံလေးခုထဲမှာ ဂျပန်နိုင်ငံက နံပါတ်တစ် ဖြစ်ပြီး၊ ရုရှားနိုင်ငံက နံပါတ်နှစ် ချိတ်တယ်လို့ ဆိုပါတယ်။ အစားအသောက်ရော၊ အ၀တ်အထည် အသုံး အဆောင် အားလုံး ဈေးကြီးလွန်းလို့ ဈေးဝယ်ထွက်တိုင်းဘုရားတရတာ အခါခါမို့ ကိုသိုလ်တော့ တော်တော်ရမှာပါ။
သွားရေးလာရေးက ဒီမှာအလွန်ကို အဆင်ပြေပါတယ်။ ကိုယ်ပိုင်ကားရှိစရာ မလိုပါဘူး။ ဘတ်စ် ကားနဲ့သွား မလား၊ မြေအောက်ရထားနဲ့ သွားမလား၊ ထရောလီ စီးမလား၊ အကုန်ဘယ်နေရာမဆို အလွယ်တကူ ရောက်နိုင်ငံရုံအပြင် လက်မှတ်ခကလည်း ပေါမှပေါ။ ခရိး နီးနီးဝေးဝေး ဈေးက အတူတူ ပါပဲ။ မြေအောက်ရထားဘူတာကြီးတွေကလည်း ကြီးကျယ်ခမ်းနားပါဘိ။ ကျောက်ရုပ်တု တွေ၊ ပန်းချီးကားတွေ နဲ့ ပြတိုက်ထဲ ရောက်နေသလား အောက်မေ့ရပါတယ်။

ဘယ်တိုင်းပြည် ရောက်ရောက ကိုယ်ကဘာသာစကား မတတ်ရင် ပြဿနာပါပဲ။ ရောက်လေရာမှာ ကျွန်မ လည်း ခြေရှည်ချင်တတ်သူ၊ လေ့လာလိုသူဆိုတော့ သားရုံးသွားတာနဲ့ အပြင်ထွက်ဖို့ လမ်းရှာပြီလေ။ ကံကောင်းထောက်မ စွာနဲ့ သားနေတဲ့ ၀ိုင်းထဲမှာ အမေရိကားက တာဝန်ထမ်း ဆောင်ဖို့ ရောက်နေကြတဲ့ မိသားစုတွေ ရှိ ပါတယ်။ သူတို့တစ်တွေနဲ့ အဖွဲ့ကြပြီးနေ့ခင်းဘက် စုပြီးမြိုကထဲထွက်ကြ၊ စကားလည်း မတတ်၊ လမ်းတွေလည်း မသိတော့ ဘယ်သူ့ဘယ်သူမှလည်း ဆရာတင်လို့ မရ။

သူတို့ ရုရှားစားတွေလည်း ဖတ်ရခက်ပါဘိ။ အက္ခရာတွေက အင်္ဂလိပ်စာလုံးပုံစံတော့ ဟုတ် ပါရဲ့။ မှောက်လျက်ရော၊ ပက်လက်ရော၊ ဇောက်ထိုးရော၊ ပြောင်းပြန်ရော ဖြစ်နေတာတွေက တစ်မျိုး၊ စာလုံးက တခြား အသံထွက်က တခြားအေးကြီး မြင်နေပါလျက်နဲ့ အသံက အာထွက်လိုထွက်၊ အဲဒီလိုပဲ အိတ်ခ်ျ က အင်န်ဖြစ်နေပြန်ရော၊ အိုင်ကလည်း အီးတဲ့။ အသံထွက်တွေက တလွဲစီဖြစ်နေ တဲ့အထဲမှာ ဘီအကြီးစားရော ဘီအသေးစားရော နှစ်လုံးတောင်ပါလိုက်သေးတယ်။ ဖတ်တတ်ဖို့ မပြောနဲ့ မှန်းကြည့်လို့တောင် မနီးစပ်နိုင်ပါဘူး။
အဲဒီစာလုံးတွေ ကြည့်ပြီး ဒီမလာခင် ရုရှားစာနဲ့ စကားသင်ခဲ့ရတဲ့သားကို သနားနေမိပါရဲ့။ ကျွန်မ တို့အုပ်စုက စာတစ်ခုံမှ မဖတ်တတ်ပေမဲ့ လူစည်စည်ဈေးတန်းရောက်ရင် တစ်ဆိုင်ဝင် တစ်ဆိုင် ထွက်မွှေကြ၊ ဈေးကြီးလွန်းလို့ ဘာတစ်ခုမှ ၀ယ်နိုင်ကြတာ မဟုတ်ဘူး။ အတူပါလာတဲ့ လောဒတ်စ် ဆိုတဲ့ ဆရာဝန် မလေးက ဈေးနှုန်းတစ်ခု ဖတ်ပြီးတိုင်း "အံမယ်လေး ငါသွးသေလိုက်တော့မယ်" နဲ့အခါပေါင်း များစွာ သေလို့ တစ်ယောက်က ရင်ဘတ် သွားဖိရင်း "အသက်ရှိသေးရဲ့လား"နဲ့ နောက်ကြ ပြောင်ကြ။

မော်စကိုမှာ နေရင်ပိုက်ဆံအိတ်ကြီးကြီးကိုင်ဖို့တော့ လိုအပ်ပါတယ်။ အိမ်က မထွက်ခင်ကတည်း ကမပါမဖြစ် ထည့်ယူရမဲ့ ပစ္စည်းက စက္ကူလက်သုတ်ပ၀ါရယ်၊ ကိုယ်လက်သန့်စင်ဖို့ Toilet Paper ရယ်၊ ပလတ်စတစ် အိတ် လေးငါးလုံးရယ်ပေါ့နော်။ သွားရင်းလာရင်း ဆာလို့ တစ်ခုခုဝင်စားရင် ဆိုင်က လက်သုတ်ပ၀ါမပေးပါဘူး။ ကိုယ့်လက်သုတ်ပ၀ါနဲ့ ကိုယ်သုါံ်ရသလို တစ်နေရာရာမှာ အပေါ့အပါး သွားချင်မိရင်လည်း ကိုယ်လက်သန့်စင်ဖို့ ကိုယ်ဟာကိုယ်ပဲ တာဝန်ယူ ရတယ် ဆိုပါ တော့။ ဈေးဝယ်ရင် လည်း ကုန်တိုက်ကြီးများမှအပ ဘယ်သူကမှ အိတ်နဲ့ထည့်ပေးတာမျိုး၊ စက္ကူ တို့၊ ဖတ်တို့နဲ့ ထုပ်ပေးတာ မျိုး မရှိ၊ ကိုယ့်အိတ်ကိုယ် ဆောင်းထားပါမှ။
တိုင်းပြည် တစ်ခုနဲ့တစ်ခု မူဝါဒဆိုတာတွေပေါ် အခြေတည်ပြီး ကွဲပြားမှုတွေကရှိမှာပေါ့နော်။ အရင်က အစိုးရ ကပြည်သူ အားလုံးအတွက် နေရေးထိုင်ရေး အိုးအိမ်ကအစ ပေးထားပြီး ပညာရေး၊ ကျန်းမာရေး အစစ တာဝန်ယူထားခဲ့တာ မဟုတ်လား။ အခုမှ မူဝါဒ အပြောင်း အလဲတွေ ဖြစ်လာတာ နှစ်မကြာသေးတာကြောင့် သူတို့လည်း စနစ်သစ်နဲက စနစ်ဟောင်း အပြောင်းအလဲ မှာ ပြုပြင်စရာ တွေအများကြီး ရှိနေဦးမှာပါ။

မောက်စကိုမှာ စိတ်ဝင်စားစရာ ရာဇ၀င်များစွာ ရှိနေတာကြောင့် နှစ်လဆိုတဲ့ အချန်ကာလ မ လောက်နိုင်အောင်ပါပဲ။ ရေးစရာ အကြောင်းအရာတွေကလည်း များပြားလွန်းတာမို့ ကလျာနဲ့ မဟေသီမဂ္ဂဇင်းမှာ ဆောင်းပါးများစွာ ရေးဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ စက်တင်ဘာလ ကုန်ခါနီး ပိုင်း ရောက်လာတာနဲ့ အအေးကပိုကဲလာလိုက်တာ အပြင်ထွက်ရင် ခေါင်းစွပ်တွေ၊ လက်အိတ်တွေ၊ လည်စည်းတွေအပြင် တစ်ကိုယ်လုံး နွေးထွေးနေအောင် သိုးမွေးထည်၊ သက္ကလတ်ထည်တွေ အထပ်ထပ် ၀တ်ထားရတာနဲ့ ပွဲဈေးတန်းမှာ ရောင်းတဲ့ ဖိုးဝရုပ်ပုံ ထွက်နေတော့တာပဲ။ တိုက်ခဲ့ တဲ့ လေကအေးလွန်းတာကြောင့် နှုတ်ခမ်းတွေတောင် တဆတ်ဆတ်တုန်တဲ့ထိ ဖြစ်လာတဲ့အချိန်မှာ ကျွန်မ ဆက်မနေနိုင်တော့ဘဲ စက်တင်ဘာလကုန်တာနဲ့ ဖလော်ရိဒါအရောက်ပြန်ပြေးခဲ့ရတော့ တယ်။

လေဆိပ်မှာ သမီးကေသီတို့ မိသားစုအားလုံး လာကြိုကြလေရဲ့။ "မာမီပြန်လာတာနဲ့အတော်ပဲ၊ သမီးတို့ Sea Ranch Lakesထဲမှာ အိမ်အသစ်ဝယ်လိုက်ပြီ၊ မာမီကို လိုက်ပြရဦးမယ်"တဲ့။
သမီးရဲ့ ဒူးပြဲအနာကြောင့် အတက်အဆင်းမလုပ်နိုင်လို့ လက်ရှိအိမ်ကိုရောင်းဖို့ တင်ထားပြီးက တည်းက သမီး တို့လည်း စိတ်ကြိုက်အိမ်ကို လိုက်ရှာနေတာ ကြာပြီလေ။ အထူးသဖြင့် သားသမီး တွေနဲ့ဆိုတော့ လုံခြုံ စိတ်ချရတဲ့နေရာဖြစ်ဖို့က ပိုအရေးကြီးတယ်မဟုတ်လား။ Sea Ranch Lakes ထဲမှာတော့ ကျွန်မလည်း စိတ်လက်ပေါ့ပါး ပျော်ရွှင် သွားရတယ်ပေါ့။
ကျွန်မအိမ် နဲ့ ဆယ်မိနစ်အကွာအဝေးပဲ ရှိတာမို့ တစ်အိမ်တစ်အိမ် ကူးဖို့လွယ်ကူတဲ့အပြင် သီးသန့်် အိမ်ရာနယ်မြေ ဖြစ်တာကြောင့် ကိုယ်ပိုင်မြို့တော်ဝန်၊ ကိုယ်ပိုင် ရဲအစောင့်အရှောက် နဲ့ဆို တော့ ကလေးတွေ အတွက် လွတ်လပ်စွာ သွားလာဆော့ကစားဖို့ စတ်ချလုံခြုံမှု ရှိပါတယ်။ နောက် ပြီးအတ္တလန္တိတ်ပင်လယ်ကမ်းခြေနဲ့လည်း လမ်းတစ်ခုပဲ ခြားတာဖြစ်တော့ ကျွန်မတို့ သားအမိ တစ်တွေညနေဘက် အပန်းဖြေ သဲသောင်ပြင်ပေါ် လမ်းလျှောက်ဖို့လည်း အကွက် အကွင်းကောင်း ရှုခင်း တစ်ခုပါပဲ။

ကောင်းတာတွေ အတွက် ၀မ်းသာပျော်ရွှင်ရတာတော့ဟုတ်ပါရဲ့၊ အိမ်ပြောင်းဖို့ပြင်ဆင်ရတဲ့ ကိစ္စ ကတော့ တကယ့်ကိုဦးနှောက်ခြောက်စရာပါပဲ။ ဆယ်နှစ်ဆယ်မိုးမက စုဆောင်းထားတဲ့ ပစ္စည်းတွေ ကအိမ်နဲ့အပြည့်၊ ပရိဘောဂတွေ အတွက် ပြောင်းရွှေ့တာဝန်ယူကုမ္မဏီတွေကို ဆက်သွယ်လိုက် တာနဲ့ကိစ္စပြတ် စိတ်သက်သာ ရပေမဲ့ စာရွက်စာတမ်းတွေက အစအသုံးအဆောင် အ၀တ်အထည် တွေကျတော့ ဘယ်ဟာ သိမ်း၊ ဘယ်ဟာပစ်ရမယ်။ စိစစ်ရတာကို တကယ့်အမောပါပဲနော်။
ကျွန်မ လည်း ပြန်ရောက်တာနဲ့ ကိုယ့်သမီးတစ်ယောက်တည်း အိမ်ပြောင်းတဲ့ကိစ္စနဲ့ ပတ်ချာလည် နေတာမမြင်ရက်လို့ သွားကူပေးရင်း အလုပ်ရှုပ်ပေါ့။ သိမ်းရင်း ရှင်းရင်းနဲ့ သားအမိနှစ်ယောက် စိတ်တူကိုယ်တူ အရာရာကို ဟာသနဲ့ ရှု့မြင်ရင်း ရယ်ပွဲဖွဲ့ရတာနဲ့ ပင်ပန်းတာတွေ ဘယ်ရောက် နေမှန်း မသိ၊ ပျော်လည်း ပျော်ရပါရဲ့။

တစ်နေ့တော့ စာရေးစားပွဲကိုရှင်းရင်း ထွက်လာတဲ့ ကဗျာစာအုပ်ကို သားအမိနှစ်ယောက်ခေါင်း ချင်းဆိုင်ပြီး ဖတ်လိုက်ကြတာ တစ်နေကုန်သွားလို့ ဘာမှမပြီးလိုက်ပါဘူး။ သူတို့မှောင်နှမတစ် တွေကျွန်မလိုပဲ ကဗျာစု ၀ါသနာ ပါကြပါတယ်။ အထူးသဖြင့် သူတို့ခေတ် ကနာမည်ကြီးတွေ ဖြစ် တဲ့ မောင်စိန်ဝင်း(ပုတီးကုန်း) တို့၊ မောင်ပန်းမွှေး၊ မောင်ဆွေနွယ်၊ သစ္စာနီ၊ နွမ်ဂျာသိုင်း၊ မောင်မောက် (ဥက္ကလာ)စသည်တို့ရဲ့ ကဗျာတွေပေါ့။
ဒီလိုနဲ့နှစ်လနီးပါး သိမ်းရင်းထုပ်ရင်း ရှင်းလိုက်ကြတာ နိုဝင်ဘာလ ကုန်ခါနီးမှာ အိမ်သစ် ကို ပြောင်းဖြစ်တော့တယ်။ မကေသီအတွက် တာဝန်ကျေသွားတော့မှ ဒီနှစ်အတွင်းသွားဖို့ အကြွေး တင်နေ တဲ့ သမီးယမင်းဆီ ခရီးဆက်ရပါတယ်။ ကိုယ်ကတစ်ယောက်တည်းနဲ့ မျှဝေရတဲ့သားသမီး တွေကများတော့ သူတို့မှာလည်း အမေနဲ့တစ်နှစ် တစ်နှစ် ခဏလေးစီပဲတွေ့ကြရတာ မို့ အချိန်များများ မပေးနိုင် တာကြောင့် ရင်ထဲမှာတော့ မကောင်းဖြစ်ရတယ်ပေါ့။


ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, April 4, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၆ဝ)

ကဗျာဆရာမလေး Laura Mae Atley Gibson က "အသက်ကို နှစ်နဲ့မတွက်ပါနဲ့ ချစ်မြတ်နိုး ရတဲ့ မိတ်ကောင်းဆွေကောင်း ဘယ်နှစ်ဦးရှိလဲဆိုတာနဲ့ ရေတွက်ကြည့်ပါတဲ့"
ဒါဆိုရင် ကျွန်မအသက်ကရတနာသုံးပါး ဂုဏ်ကျေးဇူး၊ ချစ်ခင်သော မိတ်ကောင်း ဆွေကောင်းများ ဂုဏ်ကျေးဇူးအပြင် ချစ်ခင်သော စာဖတ်သူများ ဂုဏ်ကျေးဇူးနဲ့ ၇၀ဟိုတယ် ဘယ်လောက်များ ပိုနေမလဲဆိုတာ လက်ချိုး ရေတွက်ကြည့်ရဦးမှာပေါ့နော်။
ကို ဆက်ဖတ်ရန် ...

အပိုင်း (၆၂)

ဘာလိုလိုနဲ့ ကျွန်မအသက် ၇၀ပြည့်ခဲ့ပါပြီ။ "အသက်ကို နှစ်နဲ့မတွက်ပါနဲ့၊ ဘာတွေဖြစ်ခဲ့သလဲ ဆိုတဲ့ လုပ်ဆောင်ချက်တွေ နဲ့ တွက်ပါ"တဲ့။ တချို့ကလည်း "မိတ်ကောင်းဆွေကောင်း ဘယ်နှဦးရှိ လဲဆိုတာနဲ့ တွက်ပါ" လို့ပြောလိုပြော။
"အသက်ကို ကျခဲ့ရတဲ့ မျက်ရည်နဲ့ မတွက်ဘဲ ရယ်မော်ခဲ့ရတဲ့ အခါတွေနဲ့ တွက်ပါ"ဆိုလို့ဆို။ ဘယ်လို ပဲဖြစ်ဖြစ် ကိုယ်တန်ဖိုးထားရှိရာ ခံယူချက်အတိုင်း အကြံပြုကြတာမို့ အားလုံးကောင်းပါ တယ။ သင့်မြတ်ပါသည် လို့ ဆိုရမှာပါပနြော်။ ကျွန်မကတော့ အသက်ကို အသက်အတိုင်းပဲ တွက် ချင်ပါတယ်။ အသက် ၃၀ မှာ လာမေးရင်လည်း အသက် ၃၀၊ ၇၀မှာလာမေးရင်လည်း ၇၀ပဲ။

အဲဒီ အသက်ထဲက ငယ်ရွယ်စဉ် ချစ်သူရလို့ ပျော်ရွှင်ရတဲ့နှစ်တွေ၊ ရယူချင်တဲ့ သားလေးတွေ သမီးလေး တွေထွန်းကားလာလို့ တက်ကြွကြည်နူးရတဲ့နှစ်တွေ၊ ၀ါသနာပါရာ လုပ်ငန်း က အောင်မြင်ခဲ့ လို့ ကျေနပ်နှစ်သိမ့်ရတဲ့ နှစ်တွေ၊ သားသမီးတွေ ပညာကိုယ်စီနဲ့ လူလားမြောက်ကြပြီး အောင်မြင်စွာ ရပ်တည်နိုင်ကြ လို့ ၀မ်းသာပီတိဖြစ်ရတဲ့ နှစ်တွေချည်းပဲ အသိအမှတ်ပြုပြီး လူမမည် ကျောင်းသူ အရွယ်မှာ အနီးကပ်ဆုံး ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ဘွားမေ ကွယ်လွန်ခဲ့လို့ နှလုံးသားမှာ ပထမ ဆုံးနာကျင်ကြေကွဲရမှု ကြုံ ရတဲ့နှစ်တွေ၊ ဒုတိယကမ္ဘာစစ်ကြီးဒဏ်ကြောင့် ပိုင်ဆိုင်မှုမှန်သမျှ ဆုံးရှုံး ပြီးကုန်းကောက်စရာ မရှိအောင် မွဲပြာကျ သွားရတဲ့နှစ်တွေ၊ ဆယ်ကျော်သက်အရွယ်မှာ တစ်ဦးတည်းသေားအားထားရာမိခင်က စိတ်ဝေဒနာ ရှင်ဖြစ်သွား လို့ ဘယ်ကိုဦးတည်ရမှန်းမသိအောင် အားငယ်ချောက်ချားခဲ့ရတဲ့ နှစ်တွေ၊ ငယ်ရွယ်သူ ဘ၀ ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့လို့ ဖြတ်သန်း ခဲ့ရတဲ့ မပြေလည်သော အိမ်ထောင်သက်နှစ်တွေ၊ တစ်သက် တာ မကွဲမကွာ အရိပ်ကြည့်စောင့် ရှောက်ခဲ့ရတဲ့ မိခင်နဲ့သေကွဲကွဲလို့ ခံစားခဲ့ရတဲ့နှစ်တွေ၊ အဆိုးတကာ့ အဆိုးဆုံး ရင်မှာဖြစ်ရတဲ့သားလေးကို အရွယ်ကောင်း အချိန်ကောင်းမှာ မရဏသေမင်းလက် အပ်လိုက်ရ လို့ ဘ၀ပျက်မတတ် နှလုံးသားပဲ့ကြွေခဲ့ရတဲ့ နှစ်တွေ စတဲ့နှလုံးသားမှာ အမာရွတ် ထင်ကျန်ခဲ့ရတဲ့ အရှုံးတွေ အဆုံးပါ ၀င်တဲ့နှစ်တွေကို နုတ်ယူပြီး ဆန်ခါတင် ပျော်ရွှင်ရတဲ့နှစ်တွေချည်းသက်သက် မတွက်ချင် ပါဘူး လေ။

တကယ်က လူ့ဘ၀်ဆိုတာ ပန်းခင်းသောလမ်းချည်း မဟုတ်သလို ကြယ်ကြွေသော ညချည်း လည်း မဟုတ်တာ အမှန်ပါပဲ။ အကောင်းနဲ့အဆိုး နှစ်မျိုးစလုံးကြုံရမြဲ ဓမ္မတာမို့ ကောင်းတဲ့နှစ်ရော ဆိုးတဲ့နှစ်တွေ ပါ အပြည့်အ၀ရေတွက် မှ ဘ၀ရဲ့အဓိပ္ပာယ်ပီပြင်လေမယ်ပေါ့။
အခုလည်း အသက် ၇၀ဆိုတာ လူ့ဘ၀သက်တမ်းပြည့် နေခဲ့ရပြီးပြီမို့ နောက်ထပ် ကျန်းမာစွာနဲ့ အသက်ရှင်ခွင့် ရမဲ့ရက်တွေကို ကျွန်မအတွကိ အပိုဆုပေါက်သော ကာလများအဖြစ် ကျေးဇူးတင်ရှိ စွာ နဲ့တန်ဖိုး ထားနေတတ်ဖို့ ကြိုးစားပြင်ဆင်ရဦးမှာပါ။ လောလောဆယ် မှာတော့ ကိုယ့်မိသားစုနဲ့ ကိုယ်စာရင်း ရှုပ်ရင်း မအားနိုင်၊ မနားနိုင်ခရီးတွေ များနေရဆဲပါပဲ။
ကမ္ဘောဒီးယား ကို ရောက်ရှိသွားတဲ့ သားကိုရွှေစင်ကလည်း သူအခြေတကျဖြစ်ပြီဆိုတာနဲ့ အမေကို လှမ်းခေါ်နေပြီလေ။ ဒါကြောင့် သြဂုတ်လထဲမှာ ကမ္ဘောဒီးယားခရီးစဉ်ပြင်ဆင်ရပြန်ပါရော။ ဖနွမ်းပင် ပိုချင်တောင်လေဆိပ်ကနေ မြို့ထဲကို ဖြတ်မောင်းလာတော့ မြင်ကွင်းက မစိမ်းသလိုပဲ။ လမ်းတွေရော ရပ်ကွက်တွေရော အိမ်ပုံစံတွေရော အားလုံးက ကျွန်မတို့ ကြီးပြင်းခဲ့ရတဲ့ စစ်ကြို ခေတ် မန္တလေး ပုံစံအတိုင်းပါပဲ။

"ဟယ်...ပျော်စရာကောင်းလိုက်တာ။ ခုဖြတ်မောင်းသွားတဲ့လမ်းက မန္တလေးကျောက်သွေး တန်း ပြန်ရောက် သလိုပဲ"နဲ့ ကျွန်မက စိတ်လှုပ်ရှားစွာနဲ့ပြောတော့ သားကကျေနပ်နေလေရဲ့။ ကိုယ်က အရှေ့တိုင်းသူ ဆိုတော့ အရည်တူ အသွေးတူ၊ ဓလေ့ထုံးစံတူ၊ ယုံကြည်မှုဘာသာရေးတူ၊ ယဉ်ကျေးမှုတူ၊ အစားအသောက် ပါ တူတဲ့နေရာမို့ ရောက်တာနဲ့ တစ်ခါတည်း အံဝင်ခွင်ကျ ဖြစ် သွားတော့တာပဲ။ အဲ....ဘာသာစကား မတူတာ တစ်ခုကတော့ ပြဿနာပေါ့။
ခမာ စကားကို သွက်သွက်ပြောနိုင်တဲ့ World Vision ကဒေါက်တာကြည်မင်း ပြော စကားအရတော့ မြန်မာစကားနဲ့ အလွန်နီးစပ်လို့ သင်ယူရင် လွယ်လွယ် တတ်နိုင်ပါတယ်တဲ့။ ဖနွမ်းပင်မှာ ပိုပျော် စရာကောင်းတာက တာဝန်နဲ့ ရောက်နေကြတဲ့ မြန်မာမိသားစုတွေ တော်တော်များများ ရှိနေကြ လို့ ပါပဲ။ ဒေါက်တာကြည်မင်းနဲ့ သားကိုရွှေစင်ဆိုရင် KG သူငယ်တန်း ကတည်းက ဒဂုံ အထက(၁) ကျောင်းမှာ လည်ပင်းဖက်ကြီးလာခဲ့တဲ့ ငယ်သူငယ်ချင်းတွေလေ။ မထင်မှတ်ဘဲ ဖနွမ်ပင်မှာ ပြန်တွေ့ ကြရတော့ ပျော်မဆုံးပေါ့။

ခမာအများစုက အင်္ဂလိပ်စကား မပြောနိုင်ကြပါဘူး။ ဒါကလည်း အနှစ နှစ်ဆယ် ခံခဲ့ရတဲ့ ပြည်တွင်း စစ်ရဲ့ ဒဏ်တင်မကဘဲ ခမာနီများ လက်အောက် ရောက်ခဲ့စဉ်ကာလက လူတန်းစား တစ်ပြေးညီဖြစ် ရမယ်ဆိုပြီး ပညာတတ်တွေကို သတ်ခဲ့သေးတာ မဟုတ်လားနော်။ Killing Field ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ဖြစ်ရင် ခမာနီများရဲ့ ရက်စက်မှုကို သဘောပေါက်နိုင်မှာပါပဲ။ အမျိုးစုရဲ့ သုံးပုံတစ်ပုံ လူပေါင်း နှစ်သန်းကျော်တောင် အသတ်ခံခဲ့ရတာမို့ အခုမှ အိမ်မက်ဆိုးတစ်ခု လွတ်မြောက်ခါစ ပြန်လည်ထူ ထောင်ရဆဲ ကာလ လို့ ပြောရမှာပါ။
ကမ္ဘောဒီးယား မှာ အစားအသောက်ကတော့ တကယ်ပေါပါပဲ။ ကမ္ဘောဒီးယားသုံးငွေကို riel ရီးလ် လို့ခေါ် ပါတယ်။ သူတို့ဆီမှာ ငွေအကြွေသုံးတာမရှိဘူး။ ငွေစက္ကူကလည်း အားလုံးမှ သုံးမျိုးပဲရှိ တာ။ တစ်ရာတန်၊ နှစ်ရာတန်နဲ့ ငါးရာတန်ဆိုတော့ တွက်ရတာလွယ်ကူပါဘိ။ အမေရိကန်ဒေါ်လာ ကိုလည်း တရားဝင် သုံးခွင့်ပြုထားပါတယ်။ တစ်ဒေါ်လာ က သူတို့ငွေ ရီးလ် ၂၅၀၀နဲ့ ညီမျှပါတယ်။ ကမ္ဘောဒီးယားရောက်မှ ဈေးဝယ်ထွက်ရင် ခါတိုင်းလို "အမယ်လေး"တပြီး ရင်မမ ရဘဲ ပေါလှချည်း ရဲ့နဲ့ ကျွန်မအတွက် ပွဲတော်ကြီးကိုဖြစ်လို့။ ငွေနည်းနည်းနဲ့ တစ်ထမ်းတစ်ပိုး အမျိုးအမည်စုံ ၀ယ် လို့ရတာတွေကြည့်ပြီး ပျော်လိုက်ရတာ။

အမေရိကားမှာ မြင်ရခဲမျှ ဖြစ်တဲ့ ဒူးရင်းသီးတွေဆို ကောင်းမှကောင်း။ ခွဲလိုက်ရင်း ၀င်းဝါနေ တဲ့ ရွှေဒင်္ဂါးမျိုးလေ။ ကြက်မောက်သီး၊ မင်းဂွတ်သီး၊ သြဇာသီးတွေကလည်း ၀ယ်ချင်စရာ တောင်ပုံရာ ပုံ။ ဒီတော့နှစ်ပါင်း များစွာက ငတ်ခဲ့သမျှ အတိုးချပြီး ဒူးရင်းသီး၊ သြဇာသီး၊ မင်းဂွတ်သီး၊ ကြက်မောက်သီးတွေ ခြင်းလိုက်ဝယ်ပြီး နေ့တိုင်း အ၀ထိုင်စားပစ်လိုက်တာ လေးငါးရက်လည်း ရှိ ရော အပူတွေကန်ပြီး လည်ပင်းတွေနာ၊ ဘာတစ်ခုမှမျိုးမရ၊ အသံလည်းမထွက်တော့ဘဲ အိပ်ရာထဲ လဲတော့ တာပဲ။
အရေးပေါ် အစွမ်းထက်တဲ့ Anti Bioticဆေးတွေ သောက်လည်း မသက်သာ။ သားသိသွားတော့ ဆူခံ လိုက်ရတာ မပြောနဲ့တော့။ ၀ယ်ထားပြီးသား ခြင်းလိုက် ဒူးရင်းသီး၊ သြဇာသီးတွေအားလုံး အမှိုက်ပုံး ထဲ ရောက်သွားကြပါလေရော။ ကမ္ဘောဒီးယားမှာ အစားတွေ စုံသမားမမေးနဲ့။ ကျွန်မတို့ မန္တလေးမှာသာ ရတဲ့ ပုရစ်ကြော်တို့၊ စာကလေးကြော်တို့အပြင် သူတို့ခမာများစွာနဲ့ ပွဲတော်စာ ဖားကောင်လုံး အစာသွတ် နဲ့ ဥထဲကပေါက်ပြီးခါစ ကြက်မွေးကင်း ပေါက်လေးတွေ ပြုတ်ထားတာ မျိုးလည်းရှိပါသေးတယ်။

ရေထွက် ပစ္စည်း ငါး၊ ပုစွန်တွေကလည်း လတ်လတ်ဆတ်ဆတ် မြန်မာပြည်က အတိုင်း။ ဧရာမ ပုစွန်ထုပ်ကြီးတွေ တစ်ကီလိုမှ ဆယ်ဒေါ်လာဆိုတာ အများဆုံး၊ အနောက်တိုင်းမှာလို အလေးချိန် နဲ့ဈေးနှုန်း အတိအကျ ကပ်ထားတာမဟုတ်လိုက ဈေးလည်းဆစ်၇၊ အလေးခိုးတာလည်း ဂရုစိုက် ကြည့်ရ နဲ့ ဈေးသွားဝယ်ရတာ လမ်း ၃၀ဈေးထဲ ပြန်ရောက်နေသလို ရှေးဖြစ်ဟောင်း အောက်မေ့ ဖွယ်ပါပဲ။
ကျွန်မ တို့ ရောက်ခဲ့တဲ့ အချိန်တုန်းက ပြန်လည်ထူထောင်ခါစမို့ ပြည်သူလူထုသုံးယာဉ်အဖြစ် ဘ၀တ်စ် ကားတွေ မရှိသေးပါဘူး။ မော်တော်ဆိုင်ကယ် အသေးစား စကူတာလေးတွေပဲ ပြေးဆွဲ နေတာမို့ လမ်းပေါ် မှာ စကူတာလေးတွေ မွမွကြဲနေတာပဲ။ သွားလိုရာ လက်တားပြီး နောက်က ထိုင်ခုံပေါ် တက်ထိုင် သွားလိုက်ရုံပါပဲ။ နောက်တစ်ခု အားကိုးရတဲ့ ယာဉ်က ဆိုက်ကားပါ။ မြန်မာ ပြည်ကဆိုက်ကားပုံစံနဲ့တော့ မတူဘူး။ ခရီးသည် ထိုင်တဲ့ခုံက ရှေ့က၊ နင်းတဲ့သူက နောက်ဆို တော့မျက်နှာချင်းဆိုင် ယာဉ်တိုက် မှု ဖြစ်လို့ကတော့ ခရီးသည်က အရင်ကြွမဲ့ ပုံစံပါပဲ။ အဲဒီ ဆိုက်ကားမျိုးကို Cyclo "စီကလို"လို့ ခေါ်ပါတယ်။

စီကလို နဲ့ တစ်အိမ်ထောင်လုံး ပစ္စည်းတွေတင်ပြီး ပြောင်းလာတာမျိုးလည်း တွေ့ရ။ ကုန်ပစ္စည်း အမျိုးစုံ တင်တာ မျိုးလည်း တွေ့ရ၊ သူ့နည်းသူ့ဟန်နဲ့တော့ အဆင်ပြေလို့ပါပဲ။ ဖနွမ်ပင်က မြို့ တော်ဆိုပေမဲ့ ကားနဲ့ နာရီဝက်လောက် ပတ်လိုက်ရင် တစ်မြို့လုံး နှံ့သွားအောင် ရောက်နိုင် တာမို့ သိပ်မကြီး လှပါဘူး။ မြို့လယ် Central ဈေးနဲ့ ရုရှားဈေးရယ်လို့ ဈေးကြီးနှစ်ခုရှိတော့  ကျွန်မတို့ မြန်မာမိတ်ဆွေတွေ စုမိကြရင် အဲဒီဈေးနှစ်ခုကို တစ်နေကုန် ခြေရာချင်းထပ်အောင် သွား ပတ်ကြတာပါပဲ။
ဈေးကလည်း ပေါ၊ အရှေ့တိုင်းကြိုက်ပစ္စည်းကလည်း စုံတော့ ပြန်လာရင်အထုပ်ကြီး အထုပ်ငယ် သယ်ကြရတာ အမော။ ဈေးကလည်း ဆစ်တတ်ပါမှ။ ကျွန်မတို့ အရှေကတိုင်းထုံးစံအတိုင်း တစ်ကျပ် နဲ့ ရောင်းမဲ့ပစ္စည်းကို တစ်ဆယ်ကစ ဈေးဆိုတာမျိုးလေ။ ကျွန်မလည်း အိမ်ကပ်တယ် ကိုမရှိရပါဘူး။ အရှေ့တောင်အရှေ့ဘက် ဒါရိုက်တာဦးလှအောင်ရဲ့ ဇနီး မDixie နဲ့ထွက်လိုက်၊ UNDP ကအရာရှိ ဦးစိုးရဲ့ ဇနီး မစမ်းရီနဲ့ သွားလိုက်၊ ဒေါက်တာကိုကြည်မင်းဇနီး တင်တင်စီနဲ့ ပါ လိုက်ညနေတိုင်ကျ လည်း မြန်မာတွေ စုကြပြီး တစ်အိမ်တစ်လှည့် ညစာစုစားကြရင်း ပြောကြဆို ကြ၊ အတွေ့အကြုံတွေ ဖလှယ်ကြ ရင်း ရယ်မောကြ။

ကျွန်မတို့မှာ ပြောစရာ ပုံပြင်တွေကလည်း အမြဲတမ်း တစ်ယောက် တစ်မျိုးရှိနေတတ် ပါတယ်။ ဒေါကတာကြည်မင်းတို့က လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက စောရောက်နေတာဆိုတော့ ဖရိုဖရဲဖြစ် နေဆဲကာလလေ။ ရောက်ခါစ နိုဝင်ဘာလထဲမှာ ဘုရင်သီဟာနုရဲ့ မွေးနေ့ကျင်းပလို့ ညဘက် မှာ တစ်မြို့လုံး ဗြောက်အိုးတွေ ဖောက်ကြတာကို မြို့ဝင်စီးတယ် အထင်နဲ့ ကလေးတွေ တရွတ်ဆွဲပြီး စားပွဲအောက် ၀င်ပုန်းနေကြတာတဲ့။ ဒီဇင်ဘာကျတော့ ပြဿနာတစ်ခု ကြုံပြီး သေနတ်နဲ့ ထိန်း သိမ်းတာ ကို ဗြောက်အိုးဖောက်တယ် အထင်နဲ့ အေးအေးဆေးဆေးနေတာ ကျန်ဆည်တစ်ခု ရွှီခ နဲမြည်ပြီး ၀ရန်တာပေါ် ကျလာမပြေးပုန်းရတာတဲ့။ ကမ္ဘောဒီးယားမှာ သေနတ်သံနဲ့ ဗြောက်အိုးသံ က ခွဲလို့ရတာမဟုတ်ဘူးလေ။ တရုတ်နှစ်သစ်ကူးမှာ နှစ်ဆင့်ကွဲ သုံးဆင့်ကွဲ ဗြောက်အိုးတွေ ဖောက်ကြ တာက သေနတ်သံ အတိုင်းပါပဲ။

UNDP မှာလုပ်တဲ့ ဦးစိုးအတွေ့အကြုံလေးးက တစ်မျိုး။ သူ့ဇနီးမစမ်းရီ မြန်မာပြည်က ပြန်လာမဲ့ ရက်မှာသွားကြိုတော့ လေယာဉ်မမီလိုက်လို့ ပါမလာဘူးတဲ့။ မိန်းမ မပါလို့ စိတ်တိုတိုဖြစ်ချင်ရတဲ့ အထဲမှာ ကားထဲမှာ ထိုင်စောင့်နေတဲ့ ယာဉ်မောင်းက "My wife no come"လို့ ဆီးပြီးသတင်းမေး တော့ စိတ်ဆိုးရလည်း အခက်၊ အင်္ဂလိပ်စကားမကျွမ်းရှာတဲ့ ယာဉ်မောင်းဆိုလိုတာက "ဆရာဇနီး မပါလာဘူးလား"ပေါ့နော်။ နေရင်းထိုင်ရင်း ကိုယ့်ဇနီးက သူများဇနီးဖြစ်လိုက်ရတော့ ဦးစိုး ပိုပြီး စိတ်တိုစရာ ဖြစ်တော့တာပဲ။

ခမာစကား မတတ်တဲ့ ကျွန်မအဖြစ်က တစ်ဖုံ။ သားက တစ်ကိုယ်ရေသမားမို့ အိမ်မှာချက်စားတာ မဟုတ်ဘူး။ ကြုံသလို အပြင်မှာစားတာ များပါတယ်။ အမေရောက်တဲ့အခါမျိုးမှာ အိမ်ထမင်း အိမ် ဟင်းစားရတာလေ။ အိမ်ဖော် ကလေးမလေး ရှိပေမဲ့ မနက်လာညပြန်၊ သန့်ရှင်းရေးနဲ့ အ၀တ် လျှော် မီးပူ တိုက် ဒါလောက်ပဲ လုပ်ရတာ။ တစ်နေ့ ကြက်သားဟင်းချက်မယ် စိတ်ကူးနဲ့ ဖရီဇာထဲ ကကြက်တစ်ကောင် ထုတ်ပြီး အခဲပျော်အောင် လက်ဆေးကန်ထဲမှာ ထားခဲ့ပါတယ်။
နေ့ခင်းရောက် မှာ အခဲပျော်လောက်ပြီ ဆိုတဲ့အတွေးနဲ့ သွားကြည့်တော့ ထားခဲ့တဲ့ကြက်က မရှိလေ ဘူး။ နေရာ အနှံ့ လှန်လှောရှာလည်း မတွေ့၊ ဒါနဲ့မီးပူတိုက်နေတဲ့ ကလေးမ "စုခ"ကို သွားမေတော့ သူ ကလည်း မရေလည်။ ကိုယ်ကလည်း သူနားလည်အောင် ပြောပြဖို့ ခမာစကားက မတတ်။ လက်ဟန်ခြေဟန်ပြ မေးလည်း သဘောမပေါက်။ နောက်ဆုံးတော့ ကြက်မခွပ်သလို လက်မောင်းနှစ်ခု ကွေးခတ်ပြမှ နားလည်သွားပေလို့ တော်ပါသေးရဲ့။
သူက ခေါင်းခါခါ လက်ခါခါလုပ်ရင်း ကျွန်မကို အပြင်မှာရှိတဲ့ အမှိုက်ပုံးဆီဆွဲခေါ်သွားပြီး အဖုံးကို ဖွင့်ပြတော့ ညနေ စာဖြစ်ရမဲ့ ကြက်က အမှိုက်ပုံရဲ့အလယ်မှာ တင့်တယ်စွာစံပယ်နေတာ ကြည့်ပြီး ကျွန်မမှာ တအံ့ တသြဖြစ်လို့။ နားမလည်နိုင်တာနဲ့ ခြံတံခါးဝမှာ လုံခြုံရေးအတွက် အစောင့်ချထား တဲ့ဝန်ထမ်းတွေ ကို ခေါ်ပြီးဘာသာပြန်ခိုင်းရပါတယ်။

ကြက်ကြီးက မာခဲနေတာ နဲ့ မကောင်းဘူးဆိုပြီး မီးဖိုသန့်ရှင်းရေး လုပ်တုန်းက အမှိုက်ပုံးထဲ ပစ် ထည့်လိုက်တာ တဲ့လေ။ ဖရီဇာက ထုတ်ခါစမို့ မာခဲနေတယ်ဆိုတာ သူ့ခမျာနားမလည်ရှာတော့ လည်း ကိုယ်ကခွင့်လွှတ်စွာနဲ့ ရယ်မောရင်း ဘာသာပြန်နဲ့ ရှင်းပြလိုက်ရပါသေးတယ်။ ကမ္ဘောဒီး ယားမှာ နေခဲ့ရတဲ့ ရက်တွေ က ရယ်မောပျော်ရွှင်ရတာတွေ ရှိသလို စာနာစိတ်နဲ့ ၀မ်းနည်းကြေကွဲ နာကျင်ရခဲ့အခါတွေလည်း ရှိပါတယ်။
ဖနွမ်ပင်မြို့နဲ့ နာရိဝက်ခရီးလောက်သာ ဝေးကွာတဲ့ ကမ္ဘာကျော်အောင် တုန်လှုပ်ချောက်ချား စရာ ကောင်းတဲ့ Killing Field တို့၊ လူသားတွေရဲ့ ဦးခေါင်းခွံအရိုးပေါင်း ထောင်သောင်းနဲ့ စုပြီးတည် ထားတဲ့စေတီတော် တို့၊ အစိုးရလက်ထက်မှာ ပြတိုက်အဖြစ်ပြောင်းလဲထားတဲ့ ခမာနီများ ကြီးစိုး ခဲ့စဉ် က ညှဉ်းပန်းနှိပ်စက်ခြင်း ပြုလုပ်ရာ အကျဉ်းထောင်စခန်းတို့က ရက်စက်မှုရဲ့ ရုပ်ကြွင်းပုံ ရိပ်များကို မြင်ရတော့ ကံဆိုး မိုးမှောင်ကျခဲ့တဲ့ ခမာများအတွက် လူသားချင်း စာနာစိတ်နဲ့ မျက်ရည် ကျတဲ့ထိ ခံစားရပါတယ်။

ကျွန်မတို့ ရောက်တဲ့ အချိန်မှာတော့ ကမ္ဘောဒီးယားက တိုးတက်ကြီးပွား စည်ပင်နေပါပြီ။ ရုံးအား ရက်တွေ ရောက်တိုင်းကျွန်မတို့ သားအမိနဲ့ ဒေါက်တာကြည်မင်း မိသားစုအတူ လျှောက်လည် ကြတာနေရာ အနှံ့ ပါပဲ။ ဘုရင်သီဟာနုရဲ့ နန်းတော်ကလည်း အရှေ့တိုင်းဆန်ဆန် အနုပညာ မြောက်စွာဆောက် ထားတာ ခမ်းနားပါဘိ။ နန်းဦးငွေဘုရားမှာ ကြမ်းခင်း ထား တာတောင် ငွေသား စစ်စစ် နဲ့ပြုလုပ်ထားတဲ့ ငွေအုတ်ချပ်တွေ စီခင်ထားတာမို့ ခြေချရက်စရာတောင် မရှိပါဘူး။
၁၃၇၃ခုနှစ်က ဗုဒ္ဓရဲ့ရုပ်ပွားတော်ကို ဌာပနာပြီး တောင်ထိပ်ပေါ်မှာ တည်ထားတဲ့ Wat Phanom စေတီတော် ကလည်း အရာရာ အောင်မြင်အောင် ဆုတောင်းပြည့်တဲ့ဘုရားအဖြစ် တန်ခိုးကြီးပါ တယ်။ မဲခေါင်မြစ်ကမ်းဘေး မှာ လှပခမ်းနားစွာ တည်ရှိနေတဲ့ အခန်း ၃၈၀ပါ ကမ္ဘောဒီးယားနား (ကြယ်ငါးပွင့်) ဟိုတယ်ကြီးကတော့ ခမ်းနားကြီးကျယ်လှတယ်လို့ ဖနွမ်ပင်မြို့ရဲ့ ကျက်သရေ ဆောင် လို့ ပြောနိုင်လောက် ပါရဲ့။

ဂျပန်တံတားကနေ မဲခေါင်မြစ်ရဲ့ တစ်ဖက်ကမ်းကို ကူးလိုက်ရင်တော့ မြို့တော်ရဲ့ အငွေ့ အသက် တွေ ကင်းပြီး တကယ့်တောရွာ သဘာဝအလှလေးတွေ ခံစားရင်း ခမာတို့ရဲ့ ရိုးရာသရေစာအမျိုး စုံကိုမြည်းစမ်းကြည့်နိုင် တာမို့ တစ်မျိုးပျော်စရာကောင်းပြန်ပါရော။ ကျွန်မတစ်သက်တာ မေ့နိုင်စရာ မရှိအောင် ချီးကျူး စွဲလမ်းစိတ်နဲ့ အံ့မခန်း ဖြစ်ခဲ့ရတာကတော့ သားကိုရွှေစင် တကူးတက လိုက်ပို့ ပေးတဲ့ Angkor Wat ခရီးစဉ်ပါပဲ။ ဖနွမ်ပင်ကနေ ပြည်တွင်းလေကြောင်းနဲ့ Siem Reap ကို လေး ဆယ့်ငါးမိနစ်ကြာ စီးပြီးမှ ကား နဲ့တစ်ဆင့်သွားရတာပါ။ Angkor Wat ဆိုတာ ကမ္ဘာရဲ့ အံ့မခန်း ဌာနကြီးတွေထဲမှာ တစ်ခု အပါအ၀င် ဆိုတာကိုတော့ ကြားသိခဲ့ရဖူးပါရဲ့။ မျက်မြင်ကိုယ်တွေ့ ရောက်ခဲ့ရမှ အဆမတန် အံ့သြ ကုန်နိုင်ဖွယ်ရာအဖြစ်ခံစားရပါတော့တယ်။

တကယ့်တောကြီးမျက်မည်းထဲမှာ အိမ်မက်ကမ္ဘာတစ်ခုထဲရောက်ရှိနေသလို စံထားလောက်အောင် ကြီးကျယ် လွန်းလှပတဲ့ ခမာများရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေး သရုပ်ဖော်ရှေးဟောင်းဗိသုကာရုပ် ကြွင်း တစ်ခုပါပဲ။ ခမာဘုရင် Surya Varman ဒုတိယ ၁၁၈၁ ခုနှစ်မှာ Angkor Wat ကို တည်ဆောက် ခဲ့တာပါ။ မယုံရင်ပုံပြင် လို့ ပြောနိုင်လောက်အောင် ထုတည်ကြီးမား ဆန်းပြားလွန်း တာကြောင့် လူသားတွေဘယ်လို အင်အား နဲ့ ဘယ်လောကြာကြာ အချိန်ပေးပြီး တည်ဆောက်ခဲ့သ လဲဆိုတာ အဖြေရှာဖို့ ခပ်ခက်ခက်ပါပဲ။
နယ်ခံ ခမာလူမျိုးတွေရဲ့ လက်ခံယုံကြည်ချက်ကတော့ ဒါဟာ လူသားတွေ ဆောက်ခဲ့တာမဖြစ် နိုင်ဘဲနတ်နဲ့ ဘီလူးတွေ တူတူတည်ဆောက်ခဲ့တာတဲ့လေ။ သူတို့ညွှန်းလည်း ညွှန်းချင်စရာ။ တစ်ချိန်က ကမ္ဘာမှာ ကြီးကျယ် လှခဲ့တဲ့ ဧရာမမြို့ကြီးတို့၊ အီဂျစ်နိုင်ငံက ပိရမစ်ဆိုတာတွေထက် ပိုပြီး နက်နဲဆန်းကြယ်နေတာ မဟုတ်လားနော်။

ဒီလို ထုထည်ကြီးမားဆန်းပြားခမ်းနားလှတဲ့ ဘာသာရေးအဆောက်အအုံများ အပါအ၀င် မြို့တော် ကြီး တစ်ခုလုံးဟာ နှစ်ပေါင်းလေးရာကျော်ကြာမျှ လူ့လောကအလယ်က ပျောက်ကွယ် ဆိတ်သုဉ်း သွား၇ တယ် ဆိုတာ ယုံနိုင်ဖွယ်မရှိအောင် ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ၁၈၆၀ခုနှစ်မှာ ပြင်သစ်နိုင် ငံသားရုက္ခဗေဒနဲ့ သဘာဝလေ့လာရှင် Henri Mouthotဆိုသူက အရှေ့တောင်အာရှတစ်ဝိုက်က ထူးခြားတဲ့ ငှက်အမျိုးများ လိုက်ရှာရင်း နဲ့ ထူတပ်လှတဲ့ တော်ကြီးအလယ်မှာ သစ်ပင်နွယ်ပင်တွေ နဲ့ဖုံးကွယ်နေတဲ့ Angkor Wat ကိုတွေ့ရှိ သွားတာပါ။
Henri Mouthotရဲ့ အစီရင်ခံစာအရ ပြင်သစ်အစိုးရနဲ့ ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေးအဖွဲ့က ၁၈၆၆ ခုနှစ်မှာ သစ်ပင်ချုံနွယ်တွေနဲ့ ပိတ်နေတဲ့ Angkor Watကို တာဝန်ယူပြီး တူဖော်ရှင်းလင်း ပေးခဲ့တာကြောင့် ကမ္ဘာရဲ့ အံ့ဖွယ်တစ်ပါးအဖြစ် ထင်ရှားကျော်ကြားလာခဲ့တယ်ပေါ့။

Angkor Wat ရဲ့ အလှဟာ နေ့မှာကြည့်ရင် တစ်မျိုး၊ အရုဏ်ဦးမှာတစ်ဖုံ၊ နေလုံးကွယ်ခါနီး ဆည်း ဆာချိန်မှာ တစ်ကဏ္ဍ၊ လရောင်ဖြာတဲ့ညမှာတစ်လီ အမျိုးမျိုးကွဲပြားခြားနားစွာနဲ့ လူသားတွေရဲ့ နှလုံးသားကို ညှို့ယူ ဖမ်းစားနိုင်တယ် ဆိုတဲ့ စကားအမှန်ပါပဲ။ ကျွန်မတို့ရောက်ရှိချိန်မှာ မိုးတွေ စွေ နေဆဲမို့ မိုးစက် မိုးပေါက်တွေ အောက်က Angkor Wat ရဲ့အလှက ရင်ကိုလွမ်းမောဖွယ်ရာတွေနဲ့ ဆီးကြိုနေသလိုပါပဲ။
တခြားမြို့ဟောင်းတွေနဲ့မတူ ကျုံး၊ မြို့ရိုး၊ ရင်တား ဆိုတာတွေကလည်း ထူးခြားလှပါရဲ့။ ကျုံးရေတွေ ကတော့ ကောတဲ့နေရမှာ ကောနေပါပြီ။ မြို့ရိုးတစ်ပတ်လုံးမှာ ဆင်တပ်မတော် ကြီးတစ်ခုလုံး ချီတက် လာသလို ကျောက်သားပေါ်မှာ ဆင်ရုပ်ပေါင်းမြောက်မြားစွာ ထွင်းထုထားတဲ့ ပန်းပုလက်ရာတွေကို ကြည့်ပြီး ဘယ်လောက် အချိန်ယူ ထုထွင်းရမလဲ ဆိုတာ တွေးကြည့်မိပါသေး တယ်။

မုခ်ဝကနေ အဝေးမှာ လှမ်းမြင်ရတဲ့အဆောက်အအုံ ပုံသဏ္ဍာန်က ဟိုန္ဒူယဉ်ကျေးမှုတွေ လွှမ်းမိုးခဲ့ တဲ့ပုံရိပ်ကို သတိပြုမိပါတယ်။ တကယ်လည်း ဟိန္ဒူနဲ့မဟာယာန ဗုဒ္ဓဘာသာနှစ်မျိုးစလုံး ရောထွေး ယှက်နွယ်နေ တဲ့ အထောက်အထားတွေ အမြောက်အမြားပါပဲ။ ဟိန္ဒူအယူအရ စကြ၀ဠာရဲ့ ဗဟို တည့်တည် မှာ တည်ရှိတဲ့ Mount Meruမှာ ထောင်ထွက်ငါးခု ရှိတာကို ကိုယ်စားပြုတဲ့သဘောနဲ့ Angkor Wat ကိုလည်း ပြာသာဒ် ငါးခုနဲ့ တည်ဆောက်ခဲ့တာပါတဲ့။
ဒါလောက်ကြီးမား တဲ့ အဆောက်အအုံကြီးတစ်ခုလုံးကို ဧရာမ လေးထောင့်ကျကျ ကျောက်တုံးကြီး တွေနဲ့ တည်ဆောက် ခဲ့တာပါ။ ဒီကျေက်တုံးကြီးတွေကို လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်နီးပါးက ဘယ်လို ပစ္စည်းတွေ နဲ့ ဖြိုခွဲပြီးဒီနေရာအရောက် သယ်ခဲ့ကြသလဲ၊ လေးထောင့်အနားညီဖြစ်အောင် ဘယ်ပုံ ဖြတ်ညှိနိုင်ခဲ့ သလဲ။ လူပေါင်းထောင်သောင်းကုဋ ကုဋာနဲ့ လုပ်လို့တောင် မလွယ်ကူသော ကိစ္စ တစ်ခုပါ။ အဲဒါတွေထားပါဦး။ မိုင်ပေါင်းရှည်စွာ လေးဖက်လေးတန် စင်္ကြံတစ်လျှောက် ကျောက် နံရံရှိရှိသမျှ ကလည်း လူရုပ်၊ နတ်ရုပ်၊ စစ်သည်တော်ရုပ်စသဖြင့် အဲဒီခေတ်အခါက ဘ၀သရုပ်ဖော် ပန်းပုတွေ ထွင်းထား တာတွေ ရှိပါသေးတယ်။

အဲသလောက် များပြားလှစွာ ကျောက်ဆစ်ပန်းပုတွေ ထုနိုင်လောက်အောင် တစ်တိုင်းပြည်လုံး အနုပညာရှင် ပန်းပုဆရာတွေ ပဲ ဖြစ်ကုန်ကြသလား။ ကျောက်တုံးကြီးတွေပေါ်မှာ အနုပညာမြောက် စွာထုထွင်းရမဲ့ အချိန်ကာလ ကိုလည်း တွက်ကြည့်ပါဦးနော်။ ကျွန်မတို့ သားအမိကိုယ့်မျက်စိရှေ့ အောက်မှာမြင်ရသမျှကို အဖြေ ရှာမရဘဲ အံ့သြငေးမော်နေမိတော့တယ်။ ရင်ပြင်ကျယ်ကြီးကနေ အပေါ်ဆုံးပစ္စယံကိုတက်ရမဲ့ အုတ်လှေကား ကတော့ ပစ်ရမစ်ပေါ် တက်ခဲ့ရတဲ့အတိုင်း မတ်စောက် ပုံက ထပ်တူပါပဲ။
Angkor Wat ကနေ အပေါ်စီးမြင်ရတဲ့ မြင်ကွင်းက ပုံဂံမြို့ဟောင်းကို သဗ္ဗညုစေတီ အထက်ပစ္စယံ ကမြင်ရတဲ့ပုံစံကို လွမ်းမောဖွယ်ရာ ရှုခင်းမို့ အမိမြေကို လွမ်းမိပါသေးတယ်။ အရာရာကလည်း တိတ်ဆိတ်ငြိမ်သက် လို့ ပတ်ဝန်းကျင်တစ်ခုလုံး လူရိပ်တောင် မတွေ့ရပါဘူး။ အောင်မြင်ကျော် ကြားမှုနဲ့ ရင်သန် လှုပ်ရှားခဲ့တာတွေ လည်း တစ်ချိန်ကျရပ်ဆိုင်း မေ့လျော့်တဲ့ အိမ်မက်တွေ ဖြစ်ကုန် တာပါပဲနော်။

ခန်းမဆောင်တွေထဲက ဘုရားရှင်ရုပ်ပွားတော တွေ့တဲ့နေရာတိုင်း ကျွန်မတို့ သားအမိ ဦးခိုက် ပူဇော်ကန်တော့ဖြစ်ပါတယ်။ ဖူးမြော်ရသမျှ ရုပ်ပွားတော်မြတ်များ သဘာဝရဲ့ လေဒဏ်မိုဒဏ် ရာသီ ဥတုဆိုးဒဏ်တွေကို နှစ်ပေါင်းတစ်ထောင်နီးပါး ခံနိုင်ခဲ့ပါရဲ့နဲ့ လွဲမှားတဲ့စိတ်ထားနဲ့ လောဘမောဟ များကြတဲ့ လက်ရှိခေတ် မသမာသူ လူသားများရဲ့ ဒဏ်ကြောင့် တချို့ရုပ်ပွားတော်များ ခေါင်းပြတ်၊ လည်ပြတ်ဖြစ်ကုန် ရပါရော၊ နှစ်ပေါင်းထောင်သက် ရှိတဲ့ ရှေးဟောင်း ရုပ်ပွားတော် ခေါင်းတွေ ဟာ နိုင်ငံရပ်ခြားက ရှေးဟောင်းပစ္စည်းကုန်သည်ကြီးတွေ လက်ထဲမှာ ဒေါ်လာငွေသိန်းသောင်း တန်တဲ့ ကုန်ပစ္စည်းဖြစ် ကုန်တာ တွေးပြီး ကြေကွဲရင်နင့်ရပါတယ်။

Angkor Wat ရဲ့မြောက်ဘက်မှာရှိတဲ့ Bayon Templeကလည်း ကြိးကျယ်ခမ်းနား တစ်မျိုး ထူးခြား နေပြန် ပါရော။ မုခ်ဦးကနေ ၀င်ရာ လမ်းမကြီးရဲ့ ၀ဲယာတစ်လျှောက် ကျောက်သားနဲ့ ထုထားတဲ့ ဧရာမ နတ်ရုပ်ကြီးတွေက တန်စီလို့နေပါတယ်။ Bayon ကို ၁၁၈၁ခုနှစ် သတ္တမမြောက်ဘုရင် Jayavarman က တည်ဆောက်ခဲ့တာပါ။ အဲဒီအချိန်က မဟာယနဗုဒ္ဓဘာသာ လွှမ်းမိုးချိန်ဖြစ်လို့ ဗောဓိသတ္တ ရုပ်ပွားတော်ပုံများ ဖြစ်ပါတယ်။ ကျောက်တုံးတွေနဲ့ ထုဆစ်ထားတဲ့ ဧရာမ ဗုဒ္ဓရုပ်ပွား တော်ရဲ့ မျက်နှာတော်များဟာ အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာကို မူထားတာမို့ စကြာဝဠာက သတ္တ၀ါများ အားလုံးကို ကရုဏာတော်မျက်လုံးနဲ့ လွှမ်းခြုံပြီး ကြည့်နေသလားတောင် အောက်မေ့ရပါတယ်။
အဲလောက် ကြီးမားတဲ့ ရုပ်ပွားတော်ကြီးတွေက တစ်ခုတည်း မဟုတ်ဘူးနော်။ လေးမျက်နှာတည် ထားတဲ့ကျောက်သား မုခ်ဦးတွေဟာ ၅၄နေရာရှိတာမို့ လုပ်အားတွေ ဘယ်လောက်သုံးရမလဲဆို တာ တွက်ကြည့်ပါတော့။ ကမ္ဘောဒီးယားနိုင်ငံက ပင်ကို သယံဇာတပေါများ တဲ့ နိုင်ငံဖြစ် ပါတယ်။ ရွှေနဲ့ ကျောက်မျက်ရတနာများ ထွက်တဲ့အပြင် မဲခေါင်မြစ်ကို အားကိုးပြုပြီး စပါးကလည်း တစ်နှစ် ကိုနှစ်သီး သုံးသီး စိုက်နိုင်တာကြောင့် ဖွံ့ဖြိုးပြည့်စုံတဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့တာမို့ လူအင်အားတွေ ဒါ လောက်သုံးပြီး ကုသိုလ်ရေးလုပ်ခဲ့ကြတာ ဖြစ်နိုင်မှာပါပဲ။

ကမ္ဘောဒီးယားကို ရောက်လာတဲ့ ရှေးခေတ် ခရီးသည်များက "ကမ္ဘာမြေပေါ်မှာ ဖြစ်တည်နေတဲ့ နတ်ပြည်က နန္ဒ၀န်ဥယျာဉ်ကြီးတစ်ခု"လို့ ဆိုစမှတ်ပြုပါတယ်။ သုတေတစ်ဦးကလည်း ကမ္ဘောဒီး ယားက တရုတ် လိုအုပ်ချုပ်ရေးနဲ့ ပညာရေးမထားခဲ့ဘူး။ အိန္ဒယလို စာပေ၊ ကိုးကွယ်ရာ၊ အဘိဓမ္မာ နဲ့ယဉ်ကျေးမှုတွေ မကျန်ခဲ့ဘူး။ ဒါပေမဲ့ အရှေ့တိုင်းရဲ့ ဗိသုကာအတတ်နဲ့ တန်ဆာဆင်မွန်းမံမှု အတတ်မှာ အထွတ် အထိတ် ရောက်ခဲ့တာကို ပြသနိုင်တဲ့ တန်ဖိုးအရှိဆုံးရုပ်ကြွင်းတစ်ခုပဲ။ လူ့သမိုင်း ကို နှစ်ပေါင်း တစ်ထောင်ကျော် တည်အောာင် ရာဇ၀င်အဖြစ် ကျန်ခဲ့နိုင်တာကို ချီးကျူး မှတ် တမ်းပြုခဲ့ပါတယ်။

အဲဒီလို ထူးခြားဆန်းပြားလှတဲ့ ကမ္ဘာ့အံ့ဖွယ်တစ်ပါး အပါအ၀င် နေရာတစ်ခုကို ရောက်နိုင်ခွင့်ရ အောင် တကူးတက လိုက်ပို့ပေးတဲ့ သားကိုရွှေစင်ကိုလည်း ကျေးဇူးတင်ရှိမဆုံးပါပဲ။ ကမ္ဘောဒီးယား မှာနေရခိုက် အတွေ့ အကြုံတွေကတော့ စာဖွဲ့မကုန် များပြားလှတဲ့ အပျော်ရက်များလို့ ဆိုနိုင်ပါရဲ့။ သားနဲ့ အတူနေခဲ့တာ နှစ်လကြာလို့ ပြန်တော့မယ် ပြင်ဆင်ဆော့ လက်ပြခြေပြနဲ့ ရင်းနှိးချစ်ခင်ခဲ့ ရတဲ့အိမ်ဖော် ကလေးမ "စုခ"တစ်ယောက် ငိုလိုက်တာတစ်ရက်နဲ့ မပြီး၊ သုံးလေးရက်ဆက်တိုက် ငိုမဆုံးဖြစ်နေပါရော။ သူ့ကို ချော့မော့ရင်း ကျွန်မပါရောပြီးငိုပေါ့။ "မေတ္တာမှာ ဘာသာစကား မလို ဘူး"ဆိုတာ လက်တွေ့ဖြစ်ရပ် တစ်ခုပါပဲနော်။

နေရပ်မြေ ဖလော်ရီဒါကို ပြန်ရောက်ပြီး ခရီးက အပန်းဖြေလို့ တစ်လကျော်ကျော်လည်းရှိရော ကာလီဖိုးနီးယား မှာနေတဲ့ သမီးအလတ် "ယမင်း"က ခွဲစိတ်ကုသစရာ တစ်ခုနဲ့ ဆေးရုံတက်ရမယ် ဆိုတာကြောင့် သမီးဆေးရုံတက်အမီ ထိတ်ထိတ်ပျာပျာ်နဲ့ လိုက်သွားရပါတယ်။ ခွဲစိတ်ဆေးစစ် ကြည့်လိုက် မှ ရောဂါက စိုးရိမ်ဖွယ်ရာ အခြေအနေမဟုတ်လို့ ရင်မောသက်သာသွားရပါတယ် ဆိုပါ တော့။ ဘာပဲဖြစ်ဖြစ် ရောဂါကြီးကြီး သေးသေး သားသမီး အားကိုးရာ လိုအပ်ချိန် အနားမှာ မားမား ရပ်လိုကြတာ မိခင်တိုင်းရဲ့ ဆန္ဒဖြစ်မှာပါ။
ဒီလိုနဲ့ အပျော်ခရီးတွေ သွားရင်းပျော်လိုက်၊ မထင်မှတ်တဲ့ သောကခရီးတွေပေါ်လာတော့လည်း သွားရင်း စိတ်မောလိုက်နဲ့ အကောင်းအဆိုး သံသရာလည်နေရတဲ့အထဲမှာ ဟော...အခုကျ မင်္ဂလာ ခရီး ထွက်စရာ ပေါ်လာလေရဲ့။ ရှိကာဂိုမှာ အခြေချတဲ့သားကြီး ခင်မောင်ဝင်းခန့်ရဲ့ ဒုတိယသား "ခန့်ညီညီ"က လက်ထပ် ဖို့ ဒီဇင်ဘာလ ၁၀ရက်နေ့ကို ရွေးပြီးပြီတဲ့လေ။ သူတက်တွဲမဲ့ ဘ၀ကြင် ဖော်မိန်းကလေး "မီရှယ်လ်" က အထက်တန်းကျောင်းမှာကတည်းက အတူတွဲလာခဲ့တဲ့ သူငယ် ချင်းချစ်သူ ငယ်ကျွမ်းဆွေ ဆိုပါတော့။

လက်ရှိ မြေး ၈ယောက်ထဲမှာ ပထမဆုံး ဈေးဦးပေါက် မင်္ဂလာပွဲ ဖြစ်တာကြောင့် မိသားစုအားလုံးက စိတ်လှုပ်ရှားစွာနဲ့ ပျော်ရွှင်နေကြလေရဲ့။ အနယ်နယ် ရောက်ရှိနေကြတဲ့ ကျွန်မသားသမီးတွေ ရှီကာဂို မင်္ဂလာပွဲ မှာ တစ်ခါပြန်ဆုံဖြစ်ကြပြန်ပါရော။ ကမ္ဘောဒီးယားရောက်နေတဲ့ သားအလတ် "ရွှေစင်" တစ်ယောက် ပဲ ခရီးက ဝေးကွာလွန်းတာမို့ မလာဖြစ်နိုင်ပါဘူး။
ကျွန်မရဲ့သားကြီး ခင်မောင်ဝင်းခန့်လည်း အကျိုးပေး ကောင်းတယ်လို့ ပြောရမလား မသိ။ သားချည်း လေးယောက်ထွန်းကားထားလို့ တစ်ယောက်တစ်မျိုး တေကြ ပေကြမလား ကျွန်မက တွေပြီး စိတ်ပူနေ မိတာပါ။ အရွယ်ရောက်လာကြတော့လည်း ညီအစ်ကိုတစ်တွေ စုပြီး ကြိုးနဲ့သီ ထား သလားအောက်မေ့ ရတယ်။ ဘာလုပ်လုပ် ဘယ်သွားသွား လေးယောက်အတွဲလိုက်ကြီး။ အခု အစ်ကိုအလတ် က လက်ထပ်မယ်ဆိုတော့လည်း မိသားစုထဲမှာ မိန်းကလေးတစ်ဦး တစ်ယောက်မှ မရှိခဲ့ဖူး တာကြောင့် မရီးတော်ရမဲ့ "မီရှယ်လ်"ကို အစ်မတစ်ယောက် ကောက်ရကြတဲ့အတိုင်း အားလုံးက ၀ိုင်းပြီး ဖူးဖူးမှုတ် ထားကြလေရဲ့။

အရှေ့တိုင်းနဲ့ အနောက်တိုင်းမူညီတဲ့ ခံယူချက်ကလေးတွေရှိပါတယ်။ ဒီမှာ သားသမီးတွေ အသက် ၁၈ပြည့် လို့ အခြေခံပညာရေးကျောင်းပြီးတာနဲ့ အိမ်ကထွက်၊ တက္ကသိုလ်သွား၊ ဘွဲ့ရ ပြီရင်အလုပ်ဝင်၊ ကိုယ့်အိမ်နဲ့ကိုယ့်ကားနဲ့ ကိုယ့်ဘ၀ကိုထူထောင်ကြတာက ပုံမှန် လူနေမှု စနစ် တစ်ခုပါပဲ။ မိဘကို မှီခိုပြီး နေသူမျိုးက ခပ်ရှားရှား၊ လက်ထပ်ပြီး မိဘအိမ်မှာ အတူနေသူဆိုတာ မရှိ သလောက်ပါပဲ။
ကျွန်မမြေးတွေ ကျတော့ တစ်ဖက်မှာ အမေဆီက အနောက်တိုင်း ခံယူချက်တွေ ရှိထားပေမဲ့ မြန်မာ လို အုပ်ချုပ်ထားတာမို့ အဖေက အဖြူဆို ဘယ်သူကမှ မမည်းရဲကြပါဘူး။ တက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ ရခဲ့ပြီးတဲ့တိုင် ခန့်ညီညီ က မိဘအိမ်မှာ မြန်မာမိသားစုတွေလို အတူနေရဆဲ။ အလုပ်အကိုင်ကျတော့လည်း အဖေ့ဆန္ဒအရ အဖေ့ကုမ္ပဏီမှာ ၀င်လုပ်ရ၊ အခု လက်ထပ်ပြီးတော့ လည်းအဖေက ကိုယ်ပိုင်အိမ် ၀ယ်နိုင်အောင် ငွေစုပြီးမှ ပြောင်းရမယ်ပြောထားလို့ အောက်ထပ်မှာ သူတို့ဇနီးမောင်နှံ တစ်နှစ်ကြာ နေကြပြီး ငွေ စုကြဦးမှာတဲ့လေ။

တချို့က ချမ်းသာခြင်းကို ဥစ္စာဓနငွေကြေးဆိုတာတွေနဲ့ တိုင်းတာကြတယ်။ ကျွန်မကတော့ တစ်ဦးတည်း သမီး အထီးကျန် ဘ၀က လာခဲ့ရတာမို့ ချမ်းသာခြင်းကို သိုက်ဝန်းတဲ့ မိသားစုကြီးနဲ့ တိုင်းတာလိုပါတယ်။ ကျွန်မ ရဲ့ သားသမီး ကျွန်မရဲ့မြေးမြစ်တွေဟာ ညီအစ်ကို မောင်နှမ၊ ဦးလေး အဒေါ်၊ မိဘနှစ်ပါးနဲ့ အဘိုး အဘွားတွေ ရဲ့ မေတ္တာကို အချိန်အခါမလပ် ရနိုင်တာမို့ လုံခြုံချမ်းမြေ့ တဲ့ဘ၀ ရကြတဲ့အတွက် သူတို့ကို ကြည့်ပြီး ကျေနပ်ပီတိ ဖြစ်ရတယ်ပေါ့။
ဒီလိုနဲ့ ၁၉၉၅နှစ်သစ် ကို အေးချမ်းစွာနဲ့ ကြိုဆိုဖြစ်တယ်ဆိုပါတော့။ နှစ်ဦးမှာ သမီးသူဇာက လာလိုက်၊ မြေး ခန့်ကိုကို နဲ့ ခန့်အောင်အောင်က ရောက်လာလိုက်နဲ့ ကျွန်မလည်း သားသမီး မြေးတွေနဲ့ အိမ်မှာ ပွဲစည်ရတော့လည်း တစ်လ တစ်လ ခဏလေးနဲ့ ကုန်သွားသလိုပါပဲ။ မတ်လ ကုန် Spring Break နွေဦးကျောင်း ပိတ်ရက်တွေကတော့ သမီးကေသီတို့ မိသားစုက ကိုလိုရာဒိုမှာ နှင်းလျှောစီးတဲ့ ...သွားကြလေ ရဲ့။ ပြန်လည်းလာရော မရွှေကေသီ နှင်းလျှောစီးကောင်းခဲ့တာ ကြောင့်ချော်လဲရာက ဒူးနှစ်ဖက် စလုံး ဒဏ်ရာဒဏ်ချက်နဲ့ ဆေးရုံတက်ရတော့တာပဲ။

ဆရာဝန်က ဒူးနှစ်ဖက်စလုံးကို ခွဲစိတ်ကုသရမယ်လို့ ပြောပါတယ်။ တစ်ခါတည်း ခွဲလို့မရဘဲ ဒူး တစ်ဖက်ကို တစ်ခါစီ ခွဲရမှာတဲ့။ ဒါကြောင့် ဘယ်ဘက်ဒူးကို အရင်ခွဲစိတ်ရပါတယ်။ အိမ်ပြန်လာ တော့ ချိုင်းထောက်ကြီးနဲ့ပေါ့။ သမီးမှာ ထိခိုက်ဒဏ်ရာရတယ်ဆိုတော့ အနီးကပ်ပြုစုစောင့်ရှောက် ဖို့သမီး အိမ်မှာပြောင်းနေရပါတယ်။ မိသားစုဆိုတာ တစ်ဦးကိုယ်တစ်ဦး မေတ္တာနဲ့ အမှီပြုနေ ကြရ တာ မဟုတ်လားနော်။ ကျွန်မနဲ့ သမီးကေခိုင် ချိုင်းထောက်ကိုယ်စီနဲ့ ဒုက္ခိတဘ၀ရောက်တုန်းက လည်း သမီးကေသီ ပဲ အမေနဲ့အစ်မကို အိမ်မှာအတူခေါ်ထားပြီး တာဝန်ယူပြုစုခဲ့တာပါ။ အလေး ထားဂရုစိုက် တာဝန်ယူမှု မှန်သမျှက မေတ္တာရဲ့အတိုင်းအတာကို ပြသခြင်းပါပဲ။

ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး တစ်သက်လုံး ကျန်းကျန်းမာမာသွားသွား လာလာလှုပ် လှုပ် ရှားရှားနေလာရာက ဒူးတစ်ဖက်ခွဲပြီး တစ်လအကြာနေက်တစ်ဖက် ထပ်ခွဲပြီးချိန်မှာ ချိုင်း ထောက်ကြီး နဲ့ နေရတဲ့ဘ၀ကို ငြီးငွေ့ပြီး သမီးစိတ်မကျစဖူး ကျလာပါရော။ စိတ်ဓာတ်ကျမှန်း သိ လို့သူရဲ့ သူငယ်ချင်းတွေကလည်း ဂရုစိုက်ကြပါတယ်။ ကားပေါ်မှာ သက်သက်သာသာ ထိုင် လိုက် နိုင်အောင် ခေါင်းအုံးတွေ သုံးလေးဆင့် ပြင်ဆင်ပြီး အိမ်နားက ပင်လယ်ကမ်းခြေတစ်လျှောက် သမီး စိတ်အပန်းပြေရအောင် ညနေတိုင်း ကားမောင်းလိုက်ပို့ပေးသူနဲ့ နေ့လယ်နေ့ခင်း ကြိုက် တတ်ရာ အစားအစာတွေ ယူလာပြီး အိမ်မှာအဖော်လုပ်ပေးကြရင်း အားပေးနှစ်သိမ့်သူနဲ့။
သူ့ခင်ပွန်း ဂယ်ရီ ခမျာလည်း ဆေးရုံ ၁၁ရုံ တာဝန်ယူထားသူမို့ ခွဲစိတ်ခန်းတကာလှည့် ခွဲစိတ်ရတဲ့ အထဲက အချိန်ဖဲ့ပြီး ဇနီးကို ဂရုစိုက်ဖေးမအားပေးရရှာသေးတာပါ။ အဝေးရောက် မောင်နှမတွေက လည်း တစ်ချိန် လုံး ဖုန်းဆက်ပြီး သူတို့ ညီမကို နှစ်သိမ့်ကြ၊ အထွေးဆုံးညီမ "သူဇာ"ကတော့ တခြားမောင်နှမတွေလို အလုပ် တာဝန် မရှိတာကြောင့် သူ့အစ်မအနားမှာ ပြုစုပေးဖို့ အပြေးရောက် လာလေရဲ့။

"ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါး"ဆိုတဲ့ စကားဟာ အမှန်ပါပဲ။
ဘယ်လောက်ပဲ အားလုံးက ၀ိုင်းဝိုင်းလည် ဂရုစိုက်ကြတယ်ဆိုပေမဲ့ နှစ်သိမ့်ရုံ၊ အားပေးရုံ ကူညီပြုစု စောင့်ရှောက်ရုံလောက်သာ လုပ်ပေးနိုင်ကြတာပါ။ ကိုယ်ချစ်ရသူ ဝေဒနာခံစားနေရတာကို မကြည့် ရက်လို့ ကိုယ်စားလွှဲယူဝင်ခံစားပေးချင်ပေမဲ့ ရတာက မဟုတ်။ ဒီတော့သမီးခမျာ ခံစားရတဲ့ ဝေဒ နာကတစ်မျိုး၊ မစွမ်းဆောင်နိုင်လို့ အိမ်ရှင်မဘ၀ ခင်ပွန်းအပေါ်မှာလည်း တာဝန်မကျေနိုင်။ မိခင် အနေနဲ့ သားသမီးလေးတွေ အနားကပ် ပူဆာသမျှ မဖြည့်ဆည်းနိုင်တဲ့ အပြင် ကိုယ်ကိုယ်တိုင် လည်းခါတိုင်း လို ဖြီးဖြီးလိမ်းလိမ်း ပြင်ပြင်ဆင်ဆင်နဲ့ တက်တက်ကြွကြွ သွားသွားလာလာ စိတ်သွားတိုင်း ကိုယ် မပါနိုင်တာကြောင့် ချမ်းမြေ့ပျော်ရွှင်စရာ ကောင်းလှတဲ့ သမီးဘ၀လေးက တစ်စစီ ခြွေချသလို အားငယ်စရာကောင်းနေတာပေါ့။
အရေးထဲ တစ်ပူပေါ် နှစ်ပူဆင့်ရတဲ့ အဖြစ်ကလေးတစ်ခုကလည်း ကြုံရပါသေးတယ်။ တစ်နေ့ခင်း သမီးငယ်မသူဇာက ဆေးဝယ်ဖို့ သွားရာက ပြန်အလာမှာ ခြံဝင်းတံခါးကို ဖွင့်လိုက်တော့ ၀င်းတံ ခါးသံဆူးချောင်းတွေရဲ့ ကြားထဲမှာမွေးကင်းစ ကြောင်လေးတစ်ကောင်က ညပ်ပြီး ပါလာပါလေ ရော။ ဘယ်ကကြောင်မက ခြံထဲရောက်လာပြီး သားပေါက်ထားလဲဆိုတာလည်း မသိ၊ ခြံတံခါးက ကားထဲကနေ ခလုတ်နှိပ်ပြီး ဖွင့်လို့တဲ့ အော်တိုမတ်တစ်တံခါးဖြစ်တာ့ ကြောင်ပေါက်စလေး သံဆူး ချောင်း ထဲရောက်နေတာ လည်း လှမ်းမမြင်နိုင်။

သမီးကေသီ ကို သတင်းလာမေးကြတဲ့ မေရီတို့ ဇနီးမောင်နှံက ကျွန်မတို့ကို နှုတ်ဆက်ပြီးအထွက် မှာကြောင်လေး ညပ်နေတာ ကို အတွင်းဘက်က လှမ်းမြင်ရပြီး အော်ကြလို့ သိရတာပါ။ မေရီရဲ့ ခင်ပွန်း အကူအညီ နဲ့ ကြောင်လေးကို ဆွဲထုတ်လို့ရတာ ခြေထောက်ကလေး နှစ်ချောင်းက စိစိ ညက်ညက်ကြေပြီး ခန္ဓာကိုယ် ကနေ ပြုတ်ကျတော့မတတ် တွဲလောင်းကြီး ဖြစ်နေတာ မကြည့်ရက် နိုင်စရာပါပဲ။
သမီးသူဇာ က သူ့ကြောင့်ဒီလိုဖြစ်ရပါတယ်ဆိုပြီး ရှိုက်ကြီးတငင် ငိုရင်းနဲ့ ကြောင်ကလေး ကိုသူ ကိုယ်တိုင် တိရစ္ဆာန်ဆေးရုံကို ခေါ်သွားလေရဲ့။ အရေးပေါ်ဆေးရုံတင်ခ ဒေါ်လာ ၁၂၀ကုန်တာသာ အဖတ်တင်ပြီး ကြောင်ကလေးကို ကယ်တင်ခွင့်မရလိုက်ဘဲ သေသွားပါတော့တယ်။

ဘယ်ဆီဘယ်က ရောက်လာမှန်းမသိတဲ့ ကြောင်ကလေးကို မျက်စိတစ်မှိတ်လောက်သာ မြင်တွေ့ ရတာဖြစ်ပေ မဲ့ ကြုံရတဲ့အဖြစ်ဆိုးကြောင့် သနားစာနာစိတ်နဲ့ တစ်အိမ်လုံး ရှိုက်ကြီးတငင်ငိုလိုက် ကြတာ တကယ့် အသုဘအိမ်အတိုင်း။ အထူးသဖြင့် သမီးသူဇာက အဆိုးဆုံး။ သူကြောင့် ဖြစ်ရလေ ခြင်းဆိုတဲ့ စိတ်နဲ့ ၀မ်းနည်း မဆုံး ဖြစ်နေလေရဲ့။ ဒါ့အပြင် သူ့မှာခံစားချက် ပိုကဲတာက လည်းအကြောင်းရှိပါတယ်။ ဖလော်ရီဒါ ကို ထွက်မလာခင် တစ်နေ့ကပဲ ဆရာဝန်နဲ့ စစ်ဆေးတော့ ၀မ်းကြာတိုက်မှာ သားသမီး ရတနာလေး သန္ဓေတည်နေပြီဆိုတဲ့ မင်္ဂလာ သတင်းကိုရလာခဲ့လို့ပါ ပဲ။

"မာမီ ကြောင်လေး အဲဒီကြားထဲမှာ ရှိနေတယ် ဆိုတာ သမီးတကယ်မသိလို့ ဖြစ်သွားတာပါ။ သမီး မှာအခု ကိုယ်ဝန်နဲ့ ငရဲကြီးပြီး ၀ဋ်လိုက်ရင် ဘယ်လိုလုပ်မလဲဟင်"နဲ့ ပြောရင်း အမေ့ရင်ခွင်ထဲ အားကိုးတကြီးဝင် တိုးရင်း ရှိုက်ကြီး တငင်ငို။
"ဟုတ်တယ် မာမီ၊ သမီးအိမ်က ၀င်းတံခါးကြောင့် ဖြစ်တာဆိုတော့ သမီးလည်း ငရဲကြီး ၀ဋ်လိုက် မလား မသိဘူး။ သမီးခြေထောက်တွေ ပြန်မကောင်းရင် ဘယ်လိုလုပ်မလဲဟင်"နဲ့ မေးရင်း သမီး ကေသီပါ တရှိုက်ငင်ငင်ဖြစ်။
"စေတနာ မပါရင် အကုသိုလ်မမြောပါဘူး သမီးရယ်"နဲ့ နှစ်ယောက်စလုံး ကို ချော့ရ၊ နှစ်သိမ့် ရ၊ ဖျောင်းဖျရတဲ့ အထဲက မြေးခန့်စန္ဒီကလည်း တစ်မှောင့်။ အမေနဲ့ အဒေါ်နှစ်ယောက်ကြားထဲမှာ သူပါ ရောငိုနေရင်းက...
"ဘွားဘွား အခုဆို ကြောင်လေးက ကောင်းကင်ဘုံကို ရောက်သွားပြီပေါ့နော်။ ဒီလိုဖြစ်ရတာ ၀မ်းနည်း ပါတယ်လို့ သူ့ဆီတောင်းပန်စာ ရေးချင်တယ်။ ကောင်းကင်ဘုံကို စာထည့်လို့ရမလား ဟင်"တဲ့။

ကိုးနှစ်သာ ရှိသေးတဲ့ မြေးရဲ့ဆန္ဒကို "ဟင့်အင်း"မပြောရက်တာနဲ့ "အေး...အေး... သွားရေးချေ" ဆို ပြီးပြောလိုက်ရပါတယ်။ အခုဒီဆောင်းပါးကိုရေးနေဆဲ တစ်ပတ်လောက်အရင်က ကျွန်မ သိမ်းထား တဲ့ "ကောင်းကင်ဘုံ က ကြောင်းကလေးသို့"လိပ်စာနဲ့ စာလေးပြန်တွေ့တာနဲ့ ဒီအဖြစ်ကို သတိရ ပြီးပြုံးမိ ပါသေးတယ်။
၇နှစ်ကြာပြီး တဲ့ အခုချိန်မှာသာ ပြန်လှည့်ကြည့်ရင်း ပြုံးနိုင်တာနော်။ ဖြစ်ဆဲအချိန်တုန်းက ကျွန်မမှာ အရူးမီးဝိုင်း။ ချိုင်းထောက်နဲ့ ဝေဒနာရှင်သမီးကိုလည်း အားမငယ်စေချင်။ ကိုယ်ဝန်ရခါစ မိခငလောင်း သမီးကို လည်း စိတ်မထိခိုက်စေလို။ ငယ်ရွယ်နုနယ်သေးတဲ့ မြေးလေးရဲ့ နှလုံးသားမှာ လည်းဒဏ်ရာ ရမှာစိုးလှတာမို့ ကာကွယ်ရ၊ အမေတစ်ယောက်ရဲ့ဘ၀ကလည်း မလွယ်လှပါရဲ့။
ကျွန်မရဲ့သားသမီးတွေထဲမှာ သမီးကေသီက စိတ်ဓာတ်ရော၊ ခန္ဓာကိုယ်ဖွဲ့ စည်းပုံပါအပျော့ဆုံး။ မိသားစု အတွင်း တစ်ခုခု အဆိုးကြုံတိုင်း အများထက် သမီးက ပိုခံစားတတ်မြဲပါ။ သား ဇာနည် တုန်းကလည်း ဗုန်းဗုန်းလဲ မတတ် ခံစားခဲ့ရှာတာပါ။ ခန္ဓာကိုယ်နဲ့ ပတ်သက်လာရင်လည်း သူက ပိုနာတတ်သေးတာနော်။ နန်းမတော်မယ်နု နဲ့ ဘယ်နှဝမ်းကွဲ ညီမတော်ကြလဲ လို့တောင် ပြောရမ လိုဆိုတဲ့ အထဲကလေ။

အခုလည်း ပထမ ဒူးခွဲစိတ်ပြီးတဲ့ ရက်က တွက်လိုက်ရင် ချိုင်းထောက်နဲ့ နေရတာ သုံးလကျော်ခဲ့ ပါပြီ။ ဒုတိယ ဒူးခွဲပြီးတဲ့နောက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း Therapy တစ်ပတ် သုံးကြိမ်း သွားလုပ်ရင်း လမ်းပြန်လျှောက်နိုင် ဖို့ လေ့ကျင့်နေရဆဲပါပဲ။ ချက်ချင်း "ဥုံဖွ"နဲ့ ပျောက်နိုင်တဲ့ ရောဂါမျိုး မဟုတ်တော့ လည်း စိတ်ရှည်ရှည်ထားပြီး ကုသရတာပေါ့။ ကျန်တဲ့မောင်နှမတစ်တွေက သူတို့ရဲ့အစ်မ စိတ်ဓာတ်ကျနေမှန်း သိတော့ စိတ်ကြည်လင်ပျောရွှင်သွားအောင် လာမဲ့ဇူလိုင် ၄ရက်၊ အမေရိကန်ပြည်ထောင်စု ရဲ့ လွတ်လပ်ရေးနေက နှစ်ပတ်လည်ရုံးပိတ်ရက် ဟောလီဒေးမှာ အတူစုပြီး အပျော် ခရီးထွက်ကြဖို့ စီစဉ်ကြလေရဲ့။

ပြည်နယ်အသီးသီးက မောင်နှမတစ်တွေ စုရပ်အဖြစ် ဆုံကြဖိုက "သူဇာ့"အိမ်ကိုရွေးချယ်ကြပါ တယ်။ သွားလည်မှာက အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံ နှစ်ခုကြားမှာ တည်ရှိနေတဲ့ နာမည်ကျော် နိုင်ဂရာရေတံခွန်ကြီးဆိုတော့ သူဇာနေတဲ့ Pittsburgh မြို့နဲ့ ၈နာရီခရီးပဲဝေးတာမို့ အဆင်ပြေ တယ်ပေါ။ နိုင်ဂရာရေတံခွန်မှာ နှစ်ရက်ကြာ နေပြီးကနေဒါနိုင်င့က တိုရန်တိုမြို့ကို ကူးကြဦးမှာလေ။
မောင်နှမတွေအားလုံး ဆုံမိတော့ပွဲတော်ကြီးပါပဲ။ အခန်းအပြည့် လူအပြည့်အပြင် ဧည့်ခန်းမှာ လည်းတန်းစီိပ်တဲ့သူက အိပ်၊ ခုတင်ပေါ် နေရာရထားသူလည်း ကြမ်းပေါ်က အုပ်စုထဲ လာတိုးလို တိုး၊ ညလုံးပေါက်နီးပါး မအိပ်ဘဲ တရုန်းရုန်ဖြစ်နေပုံက မျက်စိနောက်ချင် စရာ ကောင်း လှပါရဲ့။ နောက်တစ်နေ့မှာက ဗင်ကားအကြီးကြီးတစ်ခု ငှားပြီး ခရီးစထွက်ပါတယ်။ ခရီး တစ်လျှောက်လုံး ကားပေါ်မှာစားကြ သောက်ကြ အကြောင်းကြောင်းတွေ ပြောကြရင်း တဟားဟား ရယ်မောကြ စကြနောက်ကြ ပြောင်ကြဆိုတော့ သမီးကေသီရဲ့ မျက်နှာလေး နည်းနည်းတော့ လန်းဆန်းလာပါ တယ်။

ကနေဒါ နယ်ခြားစခန်းကို ဖြတ်ကျော်ပြီးမှ နိုင်ဂရာ ရေတံခွန်အနီးက ဟိုတယ်မှာ တည်းကြပါတယ်။ ကနေဒါဘက်က မြင်ရတဲ့ နိုင်ဂရာရေတံခွန် ရှုခင်းက ညဦးယံရဲ့ မီးရောင်စုံအောက်မှာ အသက်ရှူ မှားလောက်အောင် လှပလွန်းပါရဲ့။ မြောက်ပိုင်းရောက်လာလို့ နွေအခါပေမဲ့ ရာသီဥတုက အေးမြ မြလေ။ ညနေစာ စားအပြီး ကမ်းနားတစ်လျှောက် လမ်းလျှောက်ကြတော့ လမ်းမလျှောက်နိုင်ရှာတဲ့ သမီးကေသီက Wheel Chair ကြီးနဲ့ပေါ့။ အငယ်ဆုံးကောင် "အိန္ဒာ"က သူ့အစ်မကို ဂရုတစိုက်နဲ့ Wheel Chair ကိုတာဝန်ယူတွန်းလေရဲ့။
နောက်တစ်နေ့ မနက်အစောကြီးမှာ ဂယ်ရီက အားလုံးအတွက် လက်မှတ်ဝယ်ပြီး နိုင်ဂရာရေတံ ခွန်ကြီး တစ်လျှောက် သင်္ဘောနဲ့ သွားကြည့်ကြဖို့ ခေါ်သွားပါတယ်။ ရေစိုခံအောင်လို့ သင်္ဘောပေါ် တက်တာနဲ့ မိုးကာ အင်္ကျီအပြာရောင်တွေ လူစေ့ဝတ်ဖို့ ထုတ်ပေးတာနဲ့ အားလုံးဆင်တူဝတ်သွား ရတာ တပျော်တပါးပါးပဲ။ နိုင်ဂရာရေတံခွန်မှာ နှစ်ရက်ကြာလည်ကြပြီး တိုရန်တိုမြို့အထိ ခရီးဆက် ကြဖို့ နောက် တစ်နေ့မနက် ကားနဲကထွက်ကြပြန်ပါရော။

ခရီးတစ်လျှောက်လုံး မောင်နှမတစ်တွေက အစ်မမျက်နှာကို အရိပ်တကြည့်ကြည့်နဲ့ လိုလေသေး မရှိဝိုင်းဝန်းဂရုစိုက်ကြတာ မြင်ရတော့ မိခင်ဖြစ်တဲ့ ကျွန်မရင်မှာ ကျေနပ်ကြည်နူးစိတ်နဲ့အတူ ချမ်း မြေ့မှုကို ခံစား ရပါတယ်။ သူတစ်ပါး ခံစားမှုကို စာနာ နားလည်ပေးခြင်းက လည်း မေတ္တာရဲ့ သင်္ကေတ တစ်ခုပါပဲ။ မေတ္တာနဲ့ ရှုမြင်ရင် တစ်ဦးရင်ထဲမှာတင် တိုးတိုးတိတ်တိတ်ကလေး ပြောတဲ့ စကား ကိုလည်း ကြားနိုင်တယ်၊ တစ်ယောက်မျက်လုံးရဲ့ အရိပ်ကို တစ်ယောက်ကြည့်တာနဲ့ ခံစား ချက်ကို သိနိုင်တာ မဟုတ်လားနော်။

အထူးသဖြင့် နာမကျန်းချိန်မှာ အလေးထား ဂရုစိုက်ခြင်းမေတ္တာဟာ အစွမ်းထက်သော ဆေးတစ်ပါး ပါပဲ။ လူသားတစ်ယောက်ချင်းရဲ့ လိုအပ်ချက်ထဲမှာ အသက်ရှင်နေရတာနဲ့တင် မပြီး သေးပါဘူး။ ကိုယ်က မေတ္တာပေးဝေစရာ ချစ်ခင်ရသူ မိသားစုနဲ့ တကွ မိတ်ဆွေသင်္ဂဟအသိုင်း အ၀ိုင်းတွေ လိုအပ်သလို ကိုယ်က ချစ်ခြင်းကို ရယူခံစားဖို့ မေတ္တာများလည်း လိုအပ်တာအမှန်ပါ ပဲ။
အခုထွက်ဖြစ်ခဲ့တဲ့ ခရီးကတော့ ပြန်လည်သန်စွမ်းလာအောင် Therapy ယူရသလို သမီးရဲ့စိတ် ဓာတ်ကြည်လင် ရွှင်လန်းစွာနဲ့ ကြံ့ခိုင်သန်စွမ်းစေဖို့ မောင်နှမတစ်တွေက ၀ိုင်းပေးလိုက်ကြတဲ့ မေတ္တာ Therapy တစ်ခုဆိုရင်လည်း မမှားပါဘူးလေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>