ထို့အတွက်ကြောင့် ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်ဂျပန်တို့အား တစ်ပြည်လုံး ဝိုင်းဝန်း တော်လှန်ကြသည့် "တော်လှန်ရေးနေ့"ဟူသော နေ့ထူးနေ့မြတ်ကြီး မြန်မာ့သမိုင်းတွင် ပေါ် ပေါက် လာရခြင်း ပင် မဟုတ်ပါလော။ ဗိုလ်ချုပ်၏တပ်ထွက်မိန့်ခွန်းသည်လည်း သမိုင်းဝင်တော်လှန် ရေး မိန့်ခွန်း ဖြစ်လာရခြင်း ပင် မဟုတ်ပါလော။
ဗိုလ်ချုပ်ပြောခဲ့သည့် "အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြ"
ဟူသောစကားသည် ဖက်ဆစ်ဂျပန်များကို ဆိုလိုခြင်းဖြစ်ကြောင်း တပ်ထွက်ရဲဘော်အားလုံးသိခဲ့ သော်လည်း ဂျပန်စစ်ဗိုလ်ကြီးများ၊ စစ်ဘက်အရာရှိကြီးများမသိခဲ့၊ သိများသိခဲ့လျှင် ဗိုလ်ချုက်ကို ဇက် ဖြတ်ပစ်မှာ သေချာသည်။ သို့သော် ဗိုလ်ချုပ်သည် ဤသည်ကိုမမှုခဲ့၊ ကြောက်လည်း မကြောက် ခဲ့။ သူ့အသက်ကို တိုင်းပြည်အတွက် ပေးလှူထားပြီးပြီ မဟုတ်ပါလော။
အချိန်ကား ၁၉၄၂ ခုနှစ်၊ ဇွန်လအတွင်း၌ဖြစ်သည်။ ရွှေတောင်ကြားလမ်းရှိ တပ်မတော်အရာရှိကြီး "ဗိုလ်မှူးအောင် (ပြည်သူ့လွှတ်တော်ဥက္ကဌ)၏ခြံဝရှိ ကင်းဂိတ်တွင် "မြဝတီရဲခေါင်"ဆိုသော ရဲဘော် လေး ကင်းစောင့် နေသည်။ မိုးတဖွဲဖွဲရွာနေသည့်ကြားမှ ထီးမပါ၊ အကာမပါနှင့် ဦးခေါင်းငုံ့၍ စဉ်းစား လာသူ တစ်ယောက် ခြံဂိတ်ဝ သို့ ရောက်ရှိလာခဲ့သည်။ ရဲဘော်ရဲခေါင်ရှေ့မှဖြတ်၍ တက်မည်ပြု၍ လှံစွပ် တပ်ထားသော ရိုင်ဖယ်သေနတ်နှင့် သူ၏ရင်ဘတ်ကို ကန့်လန့်ဖြတ်တားထားလိုက်ရသည်။
ခေါင်းမွှေးစုတ်ဖွား၊ မေးရိုးကားကား၊ မျက်ပေါက်ကျဉ်းကျဉ်း၊ စွပ်ကျယ်လက်တို၊ တစ်ပတ်ရစ်ယော ပုဆိုး၊ သဲကြိုးနီ လေယာဉ်ပျံဖိနပ် နှင့် ပိန်ကပ်ကပ် မွဲခြောက်ခြောက် လူတစ်ယောက်မို့ "ခင်ဗျား ဘယ်သူလဲ၊ ဘယ်သွားမလို့လဲ"ဟု ရဲဘော်ရဲခေါင်က မေးလိုက်သည်။
"ကျုပ် ဗိုလ်အောင်နဲ့တွေ့ချင်လို့ပါ"
"ရုံးကိစ္စ လား၊ အိမ်ကိစ္စလား"
"အိမ်မှာတွေ့ပြီးပြောမှဖြစ်မဲ့ ရုံးကိစ္စပဲ"
ဟုဆိုပြီး ခြံတွင်းဇွတ်ဝင်လာ၍ ရဲဘော်ရဲခေါင်က ထိုသူကို လက်မောင်းရင်းကို ဆွဲကိုင်ကာ ခြံဝသို့ ဆွဲထုတ် လိုက်သည်။ ရဲဘော်ရဲခေါင် က ထိုသူကို မာန်မဲကြိမ်းမောင်းရာ ထိုသူက အပြုံးမပျက် နား ထောင် နေရှာ သည်။
"ခင်ဗျား ဘယ်လိုလူလဲ၊ ခင်ဗျား ဘာကောင်လဲ"
"ဒီလို ဗိုလ်မှူးတစ်ယောက်အိမ်ထဲကို အရမ်းဝင်ချင်တိုင်း ဝင်လို့ရလား"
"ခင်ဗျားးကို ဘယ်သူက ဝင်ခွင့်ပေးလို့လဲ"
"ကျုပ် အောင်ဆန်းပါ၊ ရဲဘော်တို့ ကင်းဗိုလ်ကိုခေါ်လိုက်ပါ။ ကျုပ် သူနဲ့တွေ့မယ်"
"အောင်ဆန်း"ဆို၍ ခေါင်းနပန်းကြီးသွားပြီး ကင်းဗိုလ်ကိုပြေး၍ ခေါ်ရသည်။ ကင်းဗိုလ်လည်း ဒရော သောပါး ရောက်လာပြီး ထိုသူကို ကြည့်လိုက်သည်။ ကင်းဗိုလ်သည် ပြာပြာသလဲ
"ဟာ... ဗိုလ်ချုပ် ရေတွေစိုလို့ပါလား၊ ကြွပါ ဗိုလ်ချုပ် အထဲကိုကြွပါ" ဟု ခရီးဦးကြိုပြုလိုက်သည်။
ရဲဘော်ရဲခေါင်အဖို့ မြင်ကွင်းအားလုံး ချာလပတ်လည်သွားသည်။ နားထင်နားရင်းတွေ ပူလာပြီး၊ သေနတ် ကိုင်ထားသော လက်မှာ တဆတ်ဆတ်တုန်နေ၏။ "ငါမှားလေခြင်း၊ ငါ မိုက်လေခြင်း"ဟု ရဲဘော်ရဲခေါင် သူ့ကိုယ်သူ အပြစ်တင်၍မဆုံးတော့။ သူတို့ထွက်သွားပြီး မကြာမီ ကင်းဗိုလ် "ဗိုလ် ကျော်ဒင်"ပြန်ရောက် လာပြီး၊ ရဲဘော်ရဲခေါင်ကို ဆူပူကြိမ်းမောင်းလေတော့သည်။
"မင်း ငါ နဲ့ လိုက်ခဲ့ဦး၊ ဗိုလ်ချုပ်က မင်းကိုခေါ်ခိုင်းလို့"
ရဲဘော်ရဲခေါင်အဖို့ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားပြီဟု ထင်လိုက်ရသည်။ နဖူးကိုလက်ဝါးနှင့် ရိုက်၍ "ငါတော့ သွားပြီ"ဟု ရေရွတ်ညည်းတွားလိုက်သည်။ ဧည့်ခန်းအတွင်းတွင် ဗိုလ်ချုပ်သည် စန္ဒယားခုံကိုမှီ၍ လက်ပိုက်ပြီး ရပ်နေသည်။ ခေါင်းငုံ့ပြီး တစ်စုံတစ်ခုကိုလည်း လေးလေးနက်နက် စဉ်းစားနေသည်။ အနီး တွင် ဗိုလ်မှူးအောင် က တည်ငြိမ်သော အပြုံးဖြင့် ဆိုဖာပေါ်ထိုင်နေသည်။
ဗိုလ်ကျော်ဒင်၏စစ်သံနှင့် အော်ဟစ်သတင်းပေးမှုကြောင့် ကျောက်ရုပ်ပမာ ငြိမ်ချက်သာကောင်းနေ သော ဗိုလ်ချုပ် သည် ခေါင်းမော့လာသည်။ ဗိုလ်ချုပ်က ရဲခေါင်ကိုကြည့်၍
"ရဲဘော် နာမည်"
"ရဲခေါင်"
"တပ်ထဲဝင်တာ မကြာသေးဘူးထင်တယ်"
"ဟုတ်ကဲ့"
"ရဲဘော်ရဲ့တာဝန်ကျေပွန်မှုကို ချီးကျူးပါတယ်၊ စောစောကကိစ္စ ဘာမှခေါင်းထဲမထည့်နဲ့တော့ ဒီ အချိန်မှာ ဒီလိုပဲလုပ်ရမှာပဲ၊ ရဲဘော် မှန်တယ်၊ အေး တစ်ခုတော့ သတိထား၊ စိတ်လိုက်မာန်ပါတော့ မလုပ်နဲ့ အဲဒါပဲ၊ ကဲ... ကဲ သွားနိုင်ပါပြီ"
ရဲဘော် ရဲခေါင်သည် ဗိုလ်ချုပ်စကားကို မယုံသလို သံသယဖြစ်နေရင်း ဟုတ်ပြီဆိုမှ ကလေးငယ် တစ်ဦးလို ခုန်ပေါက် မြူးထူး စွာ မူလတာဝန်ကျရာနေရာသို့ ပျော်ရွှင်စွာ ပြန်သွားခဲ့သည်။
ရဲဘော်လေး မြဝတီရဲခေါင်၏ရင်ထဲတွင် သူကြုံခဲ့ရသော ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်လိုမှ မေ့လို့ရနိုင်တော့မည် မဟုတ်ပါ။ အခြားဗိုလ်များနှင့်ဆိုလျှင် အနည်းဆုံး ပါးရိုက်ခံရမှာတော့ သေချာသည်။ ရဲဘော်အပေါင်းနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ဗိုလ်ချုပ် သည် သဘောထားကြီးသော၊ အမြော်အမြင်ရှိသော၊ ပြဿနာတစ်ရပ်ကို တရားနည်းလမ်း ကျကျ ကိုင်တွယ် ဖြေရှင်းတတ်သော ဗိုလ်ချုပ်ပင် မဟုတ်ပါလော။ စိတ်သဘောထား မြင့်မြတ်မှန် ကန်သူပင် မဟုတ် ပါလော။
ဦးအုန်းမြင့်နှင့် သခင်တင်ဦးတို့သည် ဗိုလ်ချုပ်အောင်ဆန်း၏အရင်းနှီးဆုံး မိတ်ဆွေရင်းများဖြစ်ကြ သည်။ တစ်ဦးနှင့် တစ်ဦး ပြောမနာဆိုမနာ မိတ်ဆွေများမို့ ဗိုလ်ချုပ်အကြောင်း ကောင်းကောင်းသိ သော သူငယ်ချင်း နှစ်ဦး ပင်ဖြစ်သည်။ ဗိုလ်ချုပ်က သူ့မိတ်ဆွေနှစ်ဦးကို
"လူငယ်လူရွယ်အတိုင်း နိုင်ငံရေးကို အမြဲ(Whole Time)လုပ်နိုင်အောင် သံယောဇဉ် မရှိမှဖြစ်မယ်၊ သံယောဇဉ် မရှိအောင် နွားတွေလို ဝှေးသင်းထားရင် ကောင်းမယ်"ဟု ပြောခဲ့လေသည်။
ဂျပန်တို့ ဗမာပြည်ဝင်လာသောအခါ သူ့ကို "ဗိုလ်တေဇ"အဖြစ် ဦးအုန်းမြင့်နှင့် သခင်တင်ဦးတို့ပြန် တွေ့ရ၏။ ဦးအုန်းမြင့်က "ဗိုလ်တေဇ နေကောင်းရဲ့လား" ဟု စကားစလိုက်ရာ
"ဘာ ဗိုလ်တေဇလဲ၊ ခွေးမသား စစ်ထဲဝင်ရမယ်၊ ခွေးမသားတွေ မင်းတို့စစ်တိုက်ရမယ်"
ဟုပြန်၍ နှုတ်ဆက်လေသည်။ ဦးအုန်းမြင့်နယ်သို့ ထွက်သွားပြီး ပြန်လာသောအခါ ဗိုလ်ချုပ်ဆေးရုံ ရောက် နေသည်ဟု ကြားသိရ၍ သတင်းမေးရန် သခင်တင်ဦးနှင့်အတူ ဆေးရုံသို့လာခဲ့သည်။ ဗိုလ် ချုပ်သည် အပြင်းအထန်ဖျားသဖြင့် ဆေးရုံတွင် တက်ရောက်ကုသနေရခြင်းပင်ဖြစ်သည်။ ဆေးရုံ တက်နေစဉ် ကာလ အတွင်း ဗိုလ်ချုပ် အနားတွင် သခင်တင်ဦးက နေ့ညမပြတ် စောင့်ရှောက်ပြုစုရ သည်။
ဦးအုန်းမြင့် နှင့် သခင်တင်ဦး ဗိုလ်ချုပ်အခန်းဝင်သွားရာ
"ဟို ခွေးမသား တင်ဦး ကို ငါမိန်းမ ဖို့ လက်စွပ်ဝယ်ခိုင်းတာ မရဘူး၊ အုန်းမြင့် မင်းဝယ်ပေးရမယ်"
မိန်းမ တောင်းရာတွင် လက်စွပ်လဲရန် လက်စွပ်ကို ဝယ်ခိုင်းနေခြင်းဖြစ်သည်။ ထိုအချိန်က ဗိုလ်ချုပ် သည် ဒေါ်ခင်ကြည် နှင့် လက်ထပ်တော့မှာဖြစ်သည်။
"ဟေ့ တင်ဦး၊ အုန်းမြင့် ကို ပိုက်ဆံပေးလိုက် ဟေ့ကောင် လက်စွပ်ဝယ်ဖို့နော်၊ ခွေးမသား မင်းသုံး မပစ် လိုက်နဲ့ဦး"
ဟု ဗိုလ်ချုပ် က ရယ်မောပြီး ပြောလေသည်။
ဗိုလ်ချုပ် ဘိလပ်ကပြန်လာပြီး တစ်ညတွင် သူ့အိမ်၌ သတင်းစာဆရာများကို ဖိတ်ခေါ်ကာ သတင်း စာ ရှင်းလင်းပွဲ လုပ်သည်။ ဦးအုန်းမြင့်ကို တွေ့သောအခါ
"ဟေ့ကောင် မင်းက ဘာနားလည်လို့ သတင်းစာထဲမှာ တောရေးတောင်ရေးနဲ့ ထည့်ရတာလဲ"
ဟု မျက်နှာထား နှင့် ပြောပြီး လက်ထဲရှိ လန်ဒန်တိုင်းသတင်းစာခေါက်နှင့် ရိုက်လေသည်။ နောက်မှ-
"ခွေးမသား.... မင်း တစ်နေ့လာခဲ့ဦး... ဟဲ ဟဲ"
ဟု ရယ်တော့မှ အားလုံးကြက်သေသေနေရာမှ ဝိုင်း၍ ရယ်နိုင်ကြတော့သည်။ ဗိုလ်ချုပ်က သတင်း စာ ဆရာကြီး များအား "ကျုပ်အကြောင်း အုန်းမြင့် နဲ့ တင်ဦးတို့နှစ်ယောက်သာ ကောင်းကောင်းသိ တယ်"ဟု ပြောလိုက်သည်။
ဗိုလ်ချုပ်သည် ဝန်ကြီးဖြစ်သော်လည်း ဟိတ်ဟန်မရှိ၊ အဆောင်အယောင်မရှိ၊ ဂုဏ်ပကာသနမရှိ၊ စတိုင် မထုတ်ဘဲ သူ့သူငယ်ချင်းများကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းနှင့် အရင်ကအတိုင်း ပြောဆို ဆက်ဆံခဲ့သည်မှာ အံ့သြစရာပင်ဖြစ်သည်။ ဗိုလ်ချုပ်သည် ရာထူးအရှိန်အဝါကြောင့် ဘဝင်မြင့်မ သွား။ သူငယ်ချင်း တွေ အပေါ် ဘဝမမေ့သူပင် ဖြစ်ပေတော့သည်။
ဒေါက်တာဘမော်အစိုးရအဖွဲ့တက်လာသောအခါ ငြိမ်းချမ်းရေးအဖွဲ့သိမ်းလိုက်၍ ဦးစံတင်မှာ ငြိမ်း ချမ်းရေး ဥက္ကဌမှ နယ်ပိုင်ဝန်ထောက်ဖြစ်လာခဲ့သည်။ ဦးစံတင် သည် ဂျပန်ခေတ် နယ်ပိုင်ဝန်ထောက် ဘဝ တွင် သေမင်းတမန် မီးရထားလမ်း(သံဖြူဇရပ်)အတွက် ချွေးတပ် ဆွဲသည့်ကိစ္စနှင့် ကြုံခဲ့ရသူ ဖြစ်သည်။
တစ်နေ့တွင် တိုင်းခန်းလှည့်လည်လာသော ဒု-ဝန်ကြီးချုပ်အဖွဲ့ (လူ-၂၀စာ) ဦးစံတင်အိမ်မှာ ထမင်း စားမည်ဆို၍ ဇနီးဖြစ်သူ ဒေါ်အေးကြိုင်က တပည့်များနှင့် ချက်ပြုတ်ပြင်ဆင်နေခဲ့သည်။ နေ့ ၁၁ နာ ရီလောက်တွင် မမျှော်လင့်ဘဲ ဦးစံတင်ထံ "ဗိုလ်မင်းခေါင်"နှင့် လူတစ်ယောက်ရောက်လာသည်။ ဗိုလ်မင်းခေါင်သည် ကျောင်းဆရာဘဝက ဦးစံတင်၏စာသင်သားတပည့်ဖြစ်သည်။ ဗိုလ်မင်းခေါင် က သူနှင့် ပါလာသူကို သူ့ဆရာဦးစံတင်နှင့် မိတ်ဆက်ပေးသည်။
ထိုသူသည် ဦးစံတင် ဇနီး ဒေါ်အေးကြိုင်ကို ဘာမှ ဟန်ဆောင်မနေတော့ဘဲ "အဒေါ် ကျွန်တော် ထမင်းဆာ လိုက်တာ ထမင်းရှိရင် ကျွေးပါဦး"
ဟု ပြောသည်။ ဒေါ်အေးကြိုင်က ဒု-ဝန်ကြီးနှင့်အဖွဲ့လာမည်ဆို၍ ချက်ပြုတ်ထားသည်များ အလျှံ ပယ် ရှိကြောင်းပြောပြီး ခူးခပ်ကျွေးတော့ ထိုသူက- "ဟာ... ခွေးဘုရားပွဲနဲ့ တိုးတာပဲ" ဟု ရွတ်နောက်နောက် ပြောပြီး မြိန်ရေရှက်ရေ စားလေသည်။ ထိုသူက "အဒေါ့်မှာ ဒီလိုဧည်သည့်တွေကို ကျွေးနေရသလား"
ဟု မေးပါသည်။ ဦးစံတင်ဇနီး ဒေါ်အေးကြိုင်က- "အဒေါ့်အိမ်ကို သူတို့အိမ်လို သဘောထားကြလို့ ဟိုတယ်ကြီးဖြစ်နေပါတယ်" ဟု ပြန်ပြောလေသည်။
ထိုသူက
"အစိုးရအရာရှိတွေကို ကျွေးရင် ကုန်ကျစရိတ်ပေးဖို့ ရံပုံငွေရှိပါတယ်။ ပဲခူးခရိုင်ဝန်ကို အခု- အဒေါ် ကုန်ကျစရိတ် တွေပေးဖို့ ကျွန်တော် လှမ်းပြောလိုက်ပါ့မယ်"
ဟု ပြောပြီး နှစ်ယောက်သား ကားကလေးနှင့်ထွက်သွားပါသည်။ "ထိုသူ" ပြောလိုက်လို့လား မသိ။ ဦးစံတင်ဇနီး ထံ ပဲခူးခရိုင်ဝန်က လူလွှတ်ပြီး ဂျပန်ငွေ ၈၀၀ လာပို့ပေးပါသည်။ တစ်ပတ်လောက်ကြာ တော့ ရှမ်းပြည်က ဆင်းလာသည့် ကုန်တင်ကားကြီး အိမ်ရှေ့သို့ ထိုးရပ်သည်။ ကုန်တွေကြားမှ ဗိုလ် မင်းခေါင်၊ သူနှင့်ပါလာသည့် လူထွက်လာသည်။ အိမ်ထဲရောက်တော့ "ထမင်းဆာတယ်"ဆို၍ ခူး ခပ် ကျွေးရ ပါသည်။ ထမင်းစားရင်း ထိုသူက "ပဲခူးခရိုင်ဝန်ဆီက ငွေရရဲ့လား" ဟု သတိတရမေးပါသည်။
"ရပါတယ်"
ဟု ဒေါ်အေးကြိုင်က ဖြေတော့ ထိုသူ ဝမ်းသာသွားသည်။
ကျေနပ် သွားဟန်လည်း တူသည်။ ထိုအချိန်က "ဗိုလ်မင်းခေါင်"သည် "စစ်ဝန်ကြီး"ဖြစ်ပြီး၊ ဗိုလ်မင်း ခေါင် နှင့် အတူပါလာသူသည် "စစ်သေနာပတိကြီး"ပင်ဖြစ်သည်။ ထိုစစ်သေနာပတိကြီးကား ကျွန် တော်တို့၏ အမျိုးသားခေါင်းဆောင်ကြီး "ဗိုလ်ချုပ်အောင်ဆန်း"ပင် ဖြစ်ပေတော့သည်။
လုပ်သမျှ ကိုင်သမျှ တိုင်းပြည်အတွက် ဖြစ်ရမည်။ အမျိုးသားရေးအတွက် ဖြစ်ရမည်ဟူသော ရည် ရွယ်ကို ဦးထိပ် ထားပြီး၊ နိုင်ငံကို ကယ်တင်ရင်း လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူ ဗိုလ်ချုပ် အောင်ဆန်းသည် ကျွန်တော်တို့ နိုင်ငံ၏မျိုးချစ် အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးပင် မဟုတ်ပါ လော။ နယ်ချဲ့ ကျူးကျော် သူ များကို လှေခွက်ချည်းကျန် အလံမလှဲစတမ်း တွန်းလှန်တိုက်ခဲ့သော ရဲရဲတောက် အသေခံ သူရဲကောင်း ပင် မဟုတ်ပါလော။
၁၉၄၆ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဒုတိယသဘာပတိအမည်ဖြင့် ဝန်ကြီးအဖွဲ့ကို ဦးစီး ကွပ်ကဲ ရသည်။ ဘုရင်ခံက သဘာပတိဖြစ်သည် တစ်နည်းဆိုရသော် ဝန်ကြီးချုပ်အာဏာကို ဗိုလ် ချုပ်အောင်ဆန်း ရရှိထားချိန်လည်း ဖြစ်သည်။ မွန်းလွဲသုံးနာရီခန့်တွင် သူ၏အပါးတော်မြဲ "ဗိုလ်ထွန်း လှ" အား "အစည်းအဝေး ရှိသေးလား" ဟု မေးလိုက်သည်။ ဗိုလ်ထွန်းလှက အစည်းအဝေးမရှိ ကြောင်း၊ ယနေ့ည အားကြောင်း ပြန်ပြောလိုက်ရာ "ဒါဖြင့် ဟန်ကျတာပဲ၊ ဒီနေ့ည ငါ ရုပ်ရှင်ကြည့်ချင်တယ်"
ဟု ဗိုလ်ချုပ်က ဆိုသည်။ ရုပ်ရှင်မန်နေဂျာဆီ ဖုန်းဆက်မည်ဟုဆိုသော် ဗိုလ်ချုပ်က လက်မခံ။ မေတ္တာလက်မှတ် မတောင်းရဟု တားမြစ်သည်။ ဗိုလ်ထွန်းလှက သူ့အိတ်ကပ်ထဲနှိုက်ကြည့်ရာ ကျုပ် တန်သုံးရွက် ထွက်လာသည်။ ဤသည်ကိုမြင်သော ဗိုလ်ချုပ်က "ပလေဒီယံရုံတွင် ညနေခြောက် နာရီခွဲပွဲ ငါးမူးတန်း က လက်မှတ်နှစ်စောင်ဝယ်လိုက်"ဟု ဆိုသည်။
ရုပ်ရှင်ရုံရောက်သော် တစ်မတ်တန်းတွေ၊ ငါးမူးတန်းတွေဟူ၍ ဗိုလ်ချုပ်က ဂရုမစိုက်။ ထိုင်ကြည့်ရ ရင် ပြီးတာပဲ ဟူသော သဘောမျိုးဖြင့် ခပ်တည်တည်ပင် ထိုင်ကြည့်သည်။ တစ်မတ်တန်းနောက်ဆုံး မှ လူ များသည် နေ့စဉ်လိုလို သတင်းစာ ထဲ ဓါတ်ပုံပါနေ၍ ဗိုလ်ချုပ်ကို မှတ်မိနေကြဟန်တူသည်။ ရုပ်ရှင်ပိတ်ကား ကို မကြည့်တော့။ ဗိုလ်ချုပ်ကိုသာ နောက်ပြန်လှည့်ကြည့်နေကြသည်။
မိနစ် အနည်းငယ်ကြာသောအခါ ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း ငါးမူးတန်းမှ ရုပ်ရှင်ကြည့် နေသည် ဟူသော သတင်းသည် ရုံမန်နေဂျာရုံးခန်းသို့ ရောက်သွားတော့သည်။ ရုံမန်နေဂျာက ဗိုလ် ထွန်းလှ နှင့် သူငယ်ချင်းဖြစ်ရာ ဗိုလ်ထွန်းလှကိုခေါ်တွေ့သည်။ အပြစ်လည်းတင်သည်။
ဗိုလ်ထွန်းလှ က "စီးပွားရေးသမားတွေဆီက မေတ္တာလက်မှတ်မယူရဘူး။ တစ်ချိန်ချိန်မှာ အခွင့်အရေး တောင်းလာ မယ်" ဟု ဗိုလ်ချုပ်ကပြောကြောင်း ရုံမန်နေဂျာကို ရှင်းပြသည်။ ရုံမန်နေဂျာက
"ခင်ဗျားဆရာ ဗိုလ်ချုပ်ကို သွားပြောစမ်းပါ၊ ကျုပ်က ဒေါ်မမရဲ့သား မြဟန်ပါ၊ အခွင့်အရေးမတောင်း ပါဘူး။ အပေါ်ထပ် သီးသန့်တန်း (ဒီစီ)က လာကြည့်ပါ။ ငါးမူးတန်းရှေ့ဆုံးမှာထိုင်နေတော့ မသင့် တော် ပါဘူး။ လုံခြုံရေးအရလည်း မကောင်းပါဘူး"
ဟုပြော၍ ဗိုလ်ထွန်းလှလည်း ဗိုလ်ချုပ်ဆီလာပြီး ရှင်းပြရသည်။ ဒေါ်မမမှာ (၁၉၃၆)ခုနှစ် တက္ကသိုလ် သပိတ်အရေးတော်ပုံ တုန်းက ကျောင်းသားများအား သွယ်ဝိုက်သောနည်းဖြင့် ကူညီခဲ့သူ ဖြစ်သည်။
ဗိုလ်ချုပ် သည် ဦးမြဟန်၏အမေ "ဒေါ်မမ"ကို အားနာ၍ အပေါ်ထပ်တက်ကြည့်ရန် သဘောတူ လိုက်သည်။ ဒီကြားထဲ ဗိုလ်ချုပ်က "အပေါ်ထပ်တက်မယ်ဆိုရင်လည်း မြန်မြန်တက်ကွာ"
"ရုပ်ရှင်ဇာတ်လမ်းဇာတ်ကွက်တွေ လွတ်ကုန်ဦးမယ်" ဟု ဆိုလိုက်လေသည်။
တစ်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းခေါ်၍ ဗိုလ်ထွန်းလှသည် ဗိုလ်ချုပ်ရုံးခန်းထဲသို့ ရောက်သွားသည်။
"ဘာများလဲ ဗိုလ်ချုပ်"
"ငါ အခု ဗိုက်ဆာလို့ တစ်ခုခုစားချင်တယ်ကွာ"
"ဗိုလ်ချုပ်က ဘာများစားချင်လို့လဲ"
"ဘာလဲ မင်းက ဝယ်ကျွေးမလို့လား"
"ဝယ်ကျွေးရအောင် မင်းမှာ ပိုက်ဆံကောရှိရဲ့လား"
လိမ်ပြောတာမကြိုက်သော ဗိုလ်ချုပ်အား ငွေခုနစ်ကျပ်သာ ရှိသောအိတ်ကို ဟန်ပါပါပုတ်ပြပြီး ဗိုလ်ထွန်းလှ လိမ်လိုက် ရသည်။
"ကျွန်တော့်မှာ ပိုက်ဆံပါပါတယ်၊ ဗိုလ်ချုပ် ဘာစားချင်တယ်ဆိုတာ ပြောပါ"
"မဂိုလမ်း (ရွှေဘုံသာလမ်း)က ပလာတာနဲ့ခပတ် စားချင်တယ်ကွာ"
ထိုပလာတာဆိုင်သည် တက္ကသိုလ်ကျောင်းသားဘဝက မကြာခဏ ဝင်စားလေ့ရှိသော ဆိုင်ဖြစ်၍ ဆိုင်ရှင် များ နှင့်လည်း ဗိုလ်ထွန်းလှသိနေခဲ့သည်။ ဆိုင်ရောက်သော် တစ်ယောက်လျှင် ပလာတာ နှစ်ချပ်နှင့် ဆိတ်သားခပတ်တစ်ပွဲစီ နှစ်ယောက်အတွက် နှစ်ပွဲမှာလိုက်သည်။ ပြီးမှ ဆိုင်ရှင်နားကပ် ပြီး၊ ဒီဆိုင်မှာ စားနေကျ ဖောက်သည်ဖြစ်ကြောင်း ပိုက်ဆံအလုံအလောက်မပါ၍ ကျသင့်ငွေကို နောက်နေ့မှ လာပေးမည် ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကမေးရင် ပိုက်ဆံရှင်းပြီးပြီဖြစ်ကြောင်း ကျုပ်ပိုက်ဆံ မပါတာ ဗိုလ်ချုပ် မသိစေလိုကြောင်း အကျိုးအကြောင်းရှင်းပြလိုက်၏။ ဗိုလ်ထွန်းလှက "ဟိုမှာ ထိုင်နေတဲ့ သူကိုသိလား"
ဟု မေးရာ ဆိုင်ရှင်က "သိပါတယ်" ဟုဖြေသည်။ ဗိုလ်ချုပ်သည် ဆာနေ၍လား မသိ။ စကားတစ်ခွန်းမှ မပြောဘဲ အားရပါးရစားနေလေ သည်။ နှစ်ယောက်လုံးပြီးသော် ဗိုလ်ချုပ်က-
"ပိုက်ဆံရှင်းပေးလိုက်လေကွာ၊ ငါတို့သွားကြမယ်" ဟုဆိုရာ ဆိုင်ရှင်က ရောက်လာပြီး
"စောစောက စားစရာမှာရင်း တစ်ခါတည်းရှင်းပြီးပါပြီ ဗိုလ်ချုပ်" ဟု ဝင်ပြောမှ ကျေနပ်သွားသည်။
"စားလို့ကောင်းရဲ့လား၊ ဗိုလ်ချုပ်" ဟု ဗိုလ်ထွန်းလှက မေးရာ
"အေးကွ၊ မစားရတာကြာလို့လာ မသိဘူး အလွန်စားလို့ကောင်းတယ်"
ဟု ဗိုလ်ချုပ်က ဖြေလိုက်၏။ ဆိုင်ရှင်ကုလားလည်း ဗိုလ်ချုပ်အဖြေကို အတော်သဘောကျသွား သည်။ နောက်တစ်နေ့ နံနက် ကျမှ ဗိုလ်ထွန်းလှသည် ပလာတာနှင့် ခပတ်ဖိုး ကျသင့်ငွေကို သွား ရှင်းပေးလိုက် ရလေသည်။
ဗိုလ်ချုပ်သည် အလွန်သနားစရာကောင်းသော ခေါင်းဆောင်တစ်ဦးပင်ဖြစ်ပါသည်။ ဝန်ကြီးချုပ် ရာထူး ယူထားသူ တစ်ယောက်က ပလာတာနှင့်ခပတ် ဝယ်စားစရာ ငွေမရှိဟုဆိုထား၍ အံ့သြစရာ ကောင်းသလို၊ သနားစရာ လည်း အလွန်ကောင်းပါသည်။
ဤအချက်က ဗိုလ်ချုပ်၏ရိုးသားမှု၊ သမာသမတ်ကျမှု၊ လာဘ်ပေးလာဘ်ယူမရှိမှု၊ နိုင်ငံရေးလုပ်မ စားမှု ထင်ရှား စေသော အချက်ပင်ဖြစ်သည်ဟု ကျွန်တော် လေးလေးနက်နက် တွေးနေမိသည်။
ပိုက်ဆံ မရှိသော ဗိုလ်ချုပ်၊ အမြဲတမ်း ဘိုင်ကျနေသော ဗိုလ်ချုပ်၊ နိုင်ငံရေးလုပ်မစားသော ဗိုလ်ချုပ် ဟန်မဆောင် တတ်သော ဗိုလ်ချုပ်သည် ကျွန်တော်တို့၏ လူထုခေါင်းဆောင်စစ်စစ်တစ်ဦးပင် မဟုတ် ပါလော။
ဗိုလ်ချုပ်အောင်ဆန်းသည် လူထုခေါင်းဆောင်ကြီး တစ်ဦးပင်ဖြစ်သည်။ ထို့ကြောင့်လည်း "မြန်မာ့ လွတ်လပ်ရေး ကို တို့သွေးခဲ နဲ့ တည်ဆောက်အံ့"ဟု ကြွေးကြော်ခဲ့ခြင်းပင်ဖြစ်သည်။
ဂျပန်ခေတ်တစ်ခေတ်လုံး အစိုးရဘယ်လိုပဲရှိရှိ တိုင်းပြည်က တကယ်တမ်း ကြည်ညိုတာ ဗမာ အစိုးရ အဖွဲ့ မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းဖြစ်နေသည်ကို တွေ့ရသည်။ ဗမာအစိုးရက ဘယ်လို အမိန့် ထုတ်ထုတ် ဗိုလ်ချုပ်တစ်ခွန်းပြောတာနှင့် မတူခဲ့ပေ။ တိုင်းပြည်က အဲသလိုဖြစ်နေခဲ့သည်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကို လူထုခေါင်းဆောင်ဟု ကျွန်တော်ပြောပြခြင်းဖြစ်သည်။
တောင်ပေါ်သား များ ဗိုလ်ချုပ်အောင်ဆန်းအပေါ်ထားရှိသည့် ကြည်ညိုလေးစားမှုအရှိန်အဟုန်ကို မည်သူ မှ မတားဆီးနိုင်ခဲ့ပါ။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိစ္စတွင် တိုင်းရင်းသားများသည် အခြားကိုယ်စားလှယ်လွှတ်သည်ကို လက်မခံခဲ့ပေ။ ဗိုလ်ချုပ်ကိုယ်တိုင်သွားမှ ပင်လုံစာချုပ်နှင့် ပင်လုံညီလာခံ အထမြောက် အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကို လူထုက ဤမျှထိချစ်ခဲ့ကြ သည်။
လူထု၏ အကြည်ညိုကို ခံရခြင်းသည် သည်လူမှာ အကြည်ညိုခံရလောက်သည့်အကြောင်းတွေမရှိ လျှင် မည်သို့မှ မဖြစ်နိုင်ပါ။ "လူထုခေါင်းဆောင်"ဟူသော ဂုဏ်ပုဒ်ကား လွယ်လွယ်နှင့်ရနိုင်သော ဂုဏ်ပုဒ် မဟုတ်ပါ။ ဗိုလ်ချုပ်သည် လူထုကို မည်သည့်အခါမှ မလှည့်စားခဲ့သောဖြောင့်မတ်တည် ကြည်မှု သမာဓိ စိတ်ဖြင့် လူထုအပေါ် ဘယ်သောအခါမှ မညစ်ပတ်ခဲ့သည့်အတွက် "လူထုခေါင်း ဆောင်" ဖြစ်လာရခြင်း ပင်ဖြစ်သည်။ ကျွန်တော်တို့နိုင်ငံတွင် ဗိုလ်ချုပ်လိုလူမျိုး ဗိုလ်ချုပ်လိုခေါင်း ဆောင်မျိုးတစ်ခါမှ မပေါ်ဘူး သေးဖူးဟု ကျွန်တော် ရဲရဲကြီးဆိုချင်ပါသည်။
တစ်နိုင်ငံလုံးမှာရှိသည့် ကလေးလူကြီးပါမကျန်၊ အကုန်လုံးအုံကြွပြီး အကြည်ညိုခံရသော ဗိုလ်ချုပ် သည် တကယ့် လူထုခေါင်းဆောင် စစ်စစ်တစ်ဦးပင်ဖြစ်သည်။
"သည်တစ်ခါတော့ သေလျှင်လည်းသေ၊ မသေလျှင် ဗမာပြည်ကြီး လွတ်လပ်ဖို့ သေချာအောင် လုပ်ရမည်"
ဟု ပြောခဲ့သူ ဗိုလ်ချုပ်သည် ဗမာပြည်၏နှစ်ယောက်မရှိသည့် တစ်ယောက်တည်းသော လူထု ခေါင်းဆောင် ပင်ဖြစ်သည်။
ဗိုလ်ချုပ်သည် စစ်ရေး၊ နိုင်ငံရေးများတွင် လွန်စွာအမြော်အမြင်ကြီးသူဖြစ်၍ "မြန်မာပြည်၏မာရှယ် တီတိုး"ဟု ခေါ်ဆိုနိုင်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း သည် လူထုလူဖြစ်သည်။ အောင်ဆန်းနာမည် တပ် လျှင် အစည်းအဝေးခေါ်လို့ရသည်။ "အောင်ဆန်း"ဆိုလျှင် လှူချင်ဒါန်းချင်ကြသည်။ အောင် ဆန်းလာလျှင် လူထု လာသည်။ အောင်ဆန်း သည် လူထုလူဖြစ်သည်။ ထို့ကြောင့် ထိုခေတ် ထို အချိန်ကို "အောင်ဆန်းခေတ်" ဟုပင် ဆိုနိုင်ပါသည်။
"အောင်ဆန်း"သည် လူထုကြီးက အင်္ဂလိပ်ကိုမကြိုက်လျှင် အင်္ဂလိပ်ကိုချခဲ့သည်။ နိုင်ငံခြားက လာ ကယ်တင်မည့် လူတွေမျှော်သည့်အခါ "ဂျပန်"ကိုခေါ်လာခဲ့သည်။ ဂျပန်ကို ဖက်ဆစ်ဖြစ်လို့ ဂျပန်ကို မောင်းထုတ် ပေးစေချင်သည့်အခါ အောင်ဆန်းက တပ်မတော်နှင့် မောင်းထုတ်ပေးခဲ့သည်။
အောင်ဆန်း စိတ် နှင့် လူထု စိတ် သည် တစ်ထပ်တည်းဖြစ်နေသည်။ တစ်သားတည်းဖြစ်နေသည်။ တထေရာ တည်းဖြစ်နေသည်။ အောင်ဆန်းသည် လူထုကြီးလုပ်ချင်တာကို လုပ်ပေးနေသည်။
"တို့လုပ်ချင်တာ ကို အောင်ဆန်းက လုပ်ပေးနေတယ်၊ အောင်ဆန်းဟာ တို့လူပဲ"
ဟု လူထုကြီး က ယူဆလာသည်။
အောင်ဆန်းသည် လူထုလူဖြစ်နေ၍ သိပ်စဉ်းစားနေစရာမလိုပေ။ လူထုထဲက လူတစ်ယောက်ဖြစ် ၍ လူထုဆန္ဒ ကို သိနေခဲ့သည်။ အောင်ဆန်းဆန္ဒသည် လူထုဆန္ဒ။ လူထုဆန္ဒသည် အောင်ဆန်းဆန္ဒ။
ဒါကြောင့် အောင်ဆန်းလုပ်သမျှသည် လူထုလုပ်သမျှပင်ဖြစ်သည်။
အောင်ဆန်းသည် လူထုလူဖြစ်၍ လူထုခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟု ရာဇဝင်မှာ ကမ္ဗည်း တင်နိုင်ခဲ့ခြင်း ပင်ဖြစ်သည်။
ဒါကြောင့်လည်း ဗိုလ်ချုပ်က "လူထုကြီးက ကျုပ်ကိုပေးတဲ့ "လူထုခေါင်းဆောင်"ဆိုတဲ့ဂုဏ်ကို ဝန်ကြီး ဆိုတဲ့ ဂုဏ်ထက် ကျုပ် မက်တယ်ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ"
ဟု ပြောခဲ့ခြင်းပင် မဟုတ်ပါလော။
မှန်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် လူထုလူ။
လူထုခေါင်းဆောင်။
ဒါကြောင့်လည်း ကျွန်တော်တို့၏ရင်ထဲအသည်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်းကို မည်သို့မှ မမေ့ ပျောက် နိုင်ခဲ့ပါ။ ဗိုလ်ချုပ်ကို ကျွန်တော်တို့၏လူထုခေါင်းဆောင်အဖြစ် ကျွန်တော်တို့၏ နှလုံးသားထဲ တွင် အမြဲ သိမ်းထား မှာဖြစ်သည်။
ဗိုလ်ချုပ် ကို ကျွန်တော်တို့ အမြဲအမှတ်ရနေမှာဖြစ်သည်။

သြော်
ရာဇဝင်သမိုင်းမှတ်တိုင်တွင်
မော်ကွန်းထိုးလောက်သည့်
မြင့်မြတ်သည့် ဗိုလ်ချုပ်အောင်ဆန်းပါတကား။

ဆရာချိန် (ပဲခူး)
ကိုးကားစာအုပ်စာရင်း
၁။ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ
- စာရေးဆရာ၊ ရဲဘော်၊ သခင်နှင့် ကျောင်းနေဖက်များ စုပေါင်းရေးသားသည်။
၂။ မေ့ပျောက်၍မရသော အောင်ဆန်း - စုပေါင်းရေးသားသည်။
၃။ အောင်ဆန်း - အောင်ဆန်း
၎။ အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း - တက္ကသိုလ်နေဝင်း
၅။ မြန်မာ့စိန်ခေါ်သံ (Burmar's Challenge) - ဗိုလ်ချုပ်အောင်ဆန်း
၆။ ရုပ်ပုံလွှာ (အောင်ဆန်း သို့မဟုတ် အရိုင်း) - ဒဂုန်တာရာ
၇။ ကျွန်တော် ဗြူရိုကရက် - လူထုဦးလှ

.
No comments:
Post a Comment