Saturday, October 15, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင် အပိုင်း (၄)

(၅)

တောင်အတက်လမ်း မှာ မတ်ဆောက်ပြီး ကျောက်တုံးများထူထပ်လှသည်။ နံနက်ခင်းနေထွက်ပြူစ တွင် သူတို့အဖွဲ့ တောင်ပေါ်သို့ ဤလမ်းမှ တက်လာကြသည်။ အ၀ါရောင် ဒိန်မလာကားကြီးကို တောင်ခြေရင်း စမ်းချောင်းလေးဘေး၌ ရပ်ထားခဲ့ပြီး အရုဏ်ဦးတွင် စ တက်လာကြခြင်းဖြစ်သည်။
ရှေ့ဆုံးတွင် အဘိုးကြီးနှစ်ယောက်။ အ၀တ်အစား ခပ်နွမ်းနွမ်းများဝတ်ထားပြီး ပုံပျက်ပန်းပျက် ကောက်ရိုးဦးထုပ် ကို ဆောင်းထားသည်။ စီးပွားရေး ပျက်ကပ်ဆိုက်နေသည့် အချိန်ကာလ နှင့် လိုက် လျော ညီထွေ ရှိလှသည်။ သို့သော် ဤပုံပန်းသဏ္ဍာန်ကိုကြည့်ပြီး ဆင်းဆင်းရဲရဲအဘိုးကြီးများဟု ထင်လိုက် လျှင် မှားပေလိမ့်မည်။

နှစ်ယေက်အနက် အရပ်ပိုရှည်ပြီး ခြေဘုတစ်ဖက်တပ်ကာ ခြေတစ်ဖက်ဆာနေသူမှာ ဗြိတိသျှအင် ပိုင်ယာ ၏ သူရဲကောင်းဘွဲ့တံဆိပ်နှင့် အမြင့်ဆုံးဝိတိုရိယတံဆိပ် ရထားသူ၊ စစ်သမိုင်းပညာရှင် လူချမ်းသာကြီး အငြိမ်းစား ဗိုလ်မှူးကြီး ဆာဂါရီကုတ်နေဖြစ်သည်။ သူ့အားရင်းနှီးသူအပေါင်းအသင်း များက ဆာဂါရီကုတ်နေ ဟုမခေါ်ကြဘဲ 'အဘိုးကြီးဂါရီ' ဟုချစ်စနိုးခေါ်ကြသည်။
သူ့ဘေး မှ အဘိုးကြီးက သူ့အား စကားတပြောပြောနှင့်တက်လာကြသည်။ သူ့ဘေးမှအဘိုးကြီးက သူ့အား စကား တပြောပြော နှင့် တက်လာကြသည်။

'ဒီပြဿနာဟာ တို့အတွက်ရင်ဆိုင်ရမယ့် အကြီးဆုံးပြဿနာပဲ၊ အဘိုးကြီး ဂါရီ၊ တို့ဆီကလူတွေ ဟာ တော က စိုက်ပျိုးမြေ တွေကိုစွန့်ပြီး မြို့ကြီးတွေဆီကိုပဲ ပြုံသွားနေကြတယ်၊ လယ်ယာမြေတွေ ခန်းခြောက် ပြီး သီးနှံပင်တွေ သေကုန်ပြီ၊ မြို့တွေမှာလဲ တောကတက်သွားတဲ့ လူတွေအတွက် အလုပ် မရှိဘူး'
တေဘယ်မောင်တိန် ဟု အမည်ပေးထားသော တောင်ပေါ်သို့ သူတို့ မရပ်မနားတက်လာသည်မှာ ပေ ၂၀၀၀ ခန့် အထိ ရောက်လာပြီဖြစ်သည်။ ကျန်လူငယ်များက သူတို့နောက်တော်တော်လှမ်းလှမ်း တွင် ကျန်ရစ် ခဲ့ကြသည်။

'ဒါဟာ ဒုက္ခဆင်းရဲဖြစ်ဖို့ ဖန်တီးကြတာပဲ၊ လယ်တောယာတောမှာ သူတို့ဆင်းရဲကြတယ်၊ ဒါကြောင့် မြို့ တက်တယ်၊ မြို့ကြတော့ ငတ်ကြပြတ်ကြရတယ်၊ အငတ်ငတ် အပြတ်ပြတ်ဖြစ်နေတဲ့လူတွေဟာ အန္တရာယ် ပေးကြမယ့်လူတွေပဲ၊ ဒီအတွေ့အကြုံကို သမိုင်းက ကျွန်တော်တို့ကို သင်ခဲ့ပြီးပြီပဲ၊ မဟုတ် လား ဆရာကြီး'

ဂါရီက ဆရာကြီးဟု ခေါ်လိုက်သူမှာ သူ့ထက် ကိုယ်လုံးကိုယ်ပေါက်သေးသော်လည်း ပိုပြီး ကြံ့ခိုင် သန်မာ သည်။ အပြာရောင်မျက်လုံး၊ နီညိုရောင်မုတ်ဆိတ်တို့ဖြင့် ခန့်ထည်သည်။ ဂါရီနှင့်မတူသည် မှာ သူသည် ဂါရီလို မချမ်းသာ လယ်ယာမြေကလေး တစ်ကွက်သာရှိသည်။ ဂါရီက သူ့ချမ်းသာသမျှ ကို အလေးမထား သလို သူကလည်း သူ့တွင်တင်ရှိနေသော ကြွေးမျးအတွက် အမှုမထားပေ။
သို့သော် သူသည်ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးများအနက် တက္ကသိုလ် ၁၅ ခုက သူ့အား ဂုဏ်းထူးဆောင် ပါရဂူဘွဲ့များ နှင်းအပ်ထားသည်။ ထိုတက္ကသိုလ်များ ထဲတွင် အောက်စဖို့၊ ကိန်းဘရစ်ခ်ျနှင့် ကိုလံဘီယာ စသော ထိပ်သီးတက္ကသိုလ်များ ပါဝင်သည်။ ဘိုဝါးတပ်ဖွဲ့များ၏ ဗိုလ်ချုပ်ကြီးဖြစ်ဆဲရှိသည်။ ပရီဝိကောင်စီဝင်၊ ဘုရင့်အတိုင်ပင်ခံ ကောင်စီဝင်ဖြစ် သည်။ သူရဲကောင်းဘွဲ့ နှင့် အခြားဂုဏ်ထူးဘွဲ့ထူးများ အမြောက်အမြားရထားသည်။ သူရထားသော ဘွဲ့တံဆိပ်အားလုံးကို တပ်ဆင် ရန် သူ့ရင်ဘတ်နှင့်ပင် မလုံလောက်ပေ။

သူသည် တောင်အာဖရိက၏ သြဇာအာဏာ အရှိဆုံး၊ အလိမ်မာ အပါးနပ်ဆုံးပုဂ္ဂိုလ်ဟုဆိုကြသည်။ တစ်ချိန်က သူ၏ တောင်အာဖရိကပါတီသည် အာဏာရပါတီဖြစ်ပြီး သူကိုယ်တိုင် ၀န်ကြီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီး လုပ်ခဲ့သည်။ ယခုအခါ သူ့ပါတီမှာ အတိုက်အခံပါတီဖြစ်နေပြီး သူက အတိုက် အခံထိပ်သီး ခေါင်းဆောင်ဖြစ်နေသည်။ သူ့နာမည်က ဗိုလ်ချုပ်ကြီး ဂျုန်စမတ်။ 'နောက်လူတွေ လိုက်မီ လာအောင် ကျွန်တော်တို့ ရပ်ပြီးစောင့်လိုက်ကြဦးစို့ဗျာ'
ဂျန်စမတ် က ဂါရီကုတ်နေအား ပြောလိုက်သည်။

သူတို့နှစ်ယောက် ရပ်နားလိုက်ကြပြီး နောက်ဘက်တောင်စောင်း ဆင်ခြေလျှောလမ်း တစ်လျှောက် ပြန်ငုံ့ကြည့် လိုက်သည်။ အောက်ဘက်ကိုက် ၁၀၀ ခန့်အကွာတွင် အမျိုးသမီးကြီးတစ်ဦး လှုပ်လိ လှုပ်လှဲ့ဖြင့် တက်လနေသည်ကို တွေ့ရသည်။ ၀၀ဖိုင့်ဖိုင့် ကိုယ်ခန္ဓာကိုယ်ကြီးတွင် စွင့်ကားသော တင်ပဆုံ နှင့် သန်မာသော လက်မောင်းများ၊ ခြေသလုံးများက စွမ်းအားရှိပုံကိုပြနေသည်။
'ငါ့ရဲ့ခိုဖြူမကလေး'
ဆာဂါရီက သူ၏ သတို့သမီးကို လှမ်းကြည့်ရင်း ချစ်ခင်နှစ်သက်သည့်လေသံလေးဖြင့် ပြောလိုက် သည်။ ဆာဂါရီ သည် သူမအား ၁၄ နှစ်လုံးလုံး လူပျိုလှည့်နောက်ပိုး ပိုးလာခဲ့ရာ လွန်ခဲ့သော ခြောက်လကမှပင် သူမ က လက်ထပ်ရန်လိုက်လျောသဘောတူခဲ့သည်။

'မြန်မြန်တက်ပါအန်... မြန်မြန်တက်၊ နှေးနေယင်တော့ တောင်ထိပ်မရောက်ခင် မွန်းတည့်သွားလိမ့် မယ်၊ ကျွန်တော် လဲ နံနက်စာ ဆာလှပြီ'
အန်နောက်ကျောနားသို့ ရောက်လာသော ရှာဆာက ပြောလိုက်သည်။ ရှာဆာသည် အန်လောက် နီးပါး အရပ်မြင့် နေသော်လည်း ကိုယ်လုံးကိုယ်ထည်မှာမူ အန့်တစ်ဝက်လောက်ပင် ရှိသည်။
'မင်း သိပ်အရေးကြီးနေယင်လဲ ကျော်တက် သွားကွာ၊သွားနှင့် ... သွားနှင့်'
အန်က ရှာဆာအား ပြန်ပြောလိုက်သည်။

'ကျွန်တော် ၀ိုင်းတွန်းပေးပါ့မယ်'
ရှာဆာ က ပြောပြောဆိုဆိုနှင့်ပင် သူ၏ လက်ဖြင့် လေဒီကုတ်နေ၏ ကြီးမားစွင့်ကားသော တင်ပါး ဆုံကြီး နှစ်ခု ကို နောက်မှတွန်းကာ အော်ဟစ်နောက်ပြောင်တော့သည်။
'ရန်ဒမာကူဗေးလေ့ ဆပ် .... ရွေ့ပါတော့ ... ရွှေ့ပါတော့'
'အို ... ဟဲ့ကောင်လေး ... ဘာတွေလုပ်နေတာလဲ၊ ရပ်စမ်းလူဆိုးလေး၊ မင်းမရပ်ယင် မင်းကျောကို ငါတုတ် နဲ့ ရိုက်လိုက်မယ်နော် ရပ်စမ်း'
အန်က တတွတ်တွတ် မြည်တွန်တောက်တီးရင်း အတင်းရပ်ခိုင်းသည်။ အန်သည် ဆာကုတ်နေ၏ ဇနီး လေဒီကုတ်နေ အဖြစ်သို့ရောက်လာသည့်တိုင်အောင် ဘ၀မေ့မသွားပေ။ စိတ်ကြီးဝင်သွေးနား ထင်ရောက် မသွားပေ။ ရှာဆာ ၏ အထိန်းတော်ကြီး၊ စင်တိန်၏ အချစ်ဆုံး အိမ်ဖော်ကြီးအဖြစ် နဂို အတိုင်း ဆက်လက် ရပ်တည်သည်။ အန်သည် ကုတ်နေ၏ဇနီးအဖြစ် ဘ၀ အခြေအနေ အဆင့် အတန်း မြင့်မား သွားသော်လည်း ရှာဆာ နှင့် စင်တိန် ဆက်ဆံရေးတွင် လုံးဝပြောင်းလဲမသွားပါချေ။

ရှာဆာနှင့်အန်တို့သည် တွန်းရင်း ရုန်းရင်း၊ ရယ်ရင်း မောရင်းဖြင့်ပင် ဂါရှီနှင့်ဂျုန်စမတ်တို့ နေရာသို့ ရောက်လာ ကြသည်။
'ဟောဒီမှာ အန်ရောက်လာပါပြီ အဖေကြီး၊ ကျွန်တော်အထူးသယ်ဆောင်ပို့ပေးပါတယ်'
ရှာဆာက သူ့အဖေကြီး ဂါရီရှေ့မှောက်သို့ အန်အားတွန်းပို့ပေးရင်း ပြုံးရွှင်စွာ ပြောလိုက်သည်။
ဂါရီ က အန်နှင့်ရှာဆာအား ချစ်ခင်ယုယစွာဖြင့် ဘယ်ညာဘေးနှစ်ဖက် ဖက်ထားလိုက်သည်။ ဤချစ်စရာ ကောင်းသော မြေးကလေးနှင့် မျက်နှာနီနီ ကိုယ်လုံးပြည့်ပြည့်ဖြိုးဖြိုး ချစ်ဇနီးတို့သည် ဂါရီ၏ အဖိုးထိုက် ရတနာ များ အနက်တွင် တန်ဖိုးအရှိဆုံး ပစ္စည်းနှစ်ခုဖြစ်သည်။

'နောက်ထပ် ဘယ်လောက်ဝေးဝေး ဆက်တက်ရဦးမှာလဲ ဆရာကြီး'
အန်က ဂျုန်စမတ်အား လှမ်းမေးလိုက်သည်။
'သိပ်မဝေးတော့ပါဘူး လေဒီကုတ်နေ၊ ရောက်လုနီးပါပြီ ဟောဟိုမှာ ... ကျန်တဲ့လူတွေလာကြပြီ၊ သူတို့ အတွက် ကျွန်တော်စိတ်ပူနေတာ'
ဂျုန်စမန်က ပြောလိုက်သည်။
စင်တိနှ်နှင့်သမအဖော်များ အောက်ဘက် တောင်စောင်းတောစပ်တစ်ခုမှ ထွက်လာနေသည်ကို သူတို့ လှမ်းမြင်ကြရသည်။ စင်တိန်သည် အဖြူရောင်စကတ်ကိုဝတ်ထားပြီး ဒူးအောက်ပိုင်းခြေသ လုံးသားများ ပေါ်နေသည်။ ခေါင်းတွင် ကောက်ရိုးဦးထုပ်ကိုဆောင်းထားသည်။

ရှေ့မှလူများ အနီးသို့ရောက်လာသော အခါ စင်တိန်က ဗိုလ်ချုပ်ကြီး ဂျုန်စမတ်အား အပြုံးလှလှ လေး ပြုံးပြပြီး ပြောလိုက်သည်။
'ကျွန်မတော့ ဒူးတွေညွတ်ခွေချင်လာပြီ ခေါင်းဆောင်ကြီး၊ ကျန်တဲ့အပိုင်းလေးတော့ ရှင့်ကိုတွဲပြီး လိုက် တက်ပါရ စေလား'
ဂျုန်စမတ်က လက်ကမ်းလိုက်သည်။ စင်တိန်က ဆွဲယူတွဲကိုင်ပြီးလိုက်တက်သည်။ တောင်ထိပ်သို့ သူတို့ နှစ်ဦး အလျင်ဆုံးရောက်သွားသည်။
နှစ်စဉ်နှစ်တိုင်းဆာဂါရီကုတ်နေမွေးနေ့တွင် သူတို့မိသားစု ဤတေဘယ်မောင်တိန်တောင်ထိပ်သို့ ပျော်ပွဲစား ထွက်ခြင်းမှာ အစဉ်အလာတစ်ရပ်ပင်ဖြစ်သည်။ ထိုမွေးနေ့ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ် ကြီးစမတ် လည်း နှစ်စဉ်မပျက်လာရောက်သည်သာဖြစ်သည်။

တောင်ထိပ်ပေါ်တွင် သူတို့အားလုံး မျက်ခင်းပေါ်၌ ဖြန့်ကြက်ထိုင်လိုက်ကြပြီး အမောအပန်းဖြေကြ သည်။ စင်တိန် နှင့် ဗိုလ်ချုပ်ကြီးတို့က အခြားသူများနှင့် ခပ်လှမ်းလှမ်းတွင် ထိုင်နေကြသည်။ အောက်ဘက်မှ မြင်ကွင်း မှာ သာယာလှပလွန်းသဖြင့် သူတို့အားလုံး ပသာဒ၌ ခေတ္တ နစ်မျောနေမိ ကြသည်။
ဗိုလ်ချုပ်ကြီး ဦးစွာပြောလိုက်သည်။

'ကဲ.... စင်တိန်၊ ဘာပြောချင်လို့တုန်း၊ ပြောလေ'
'ခေါင်းဆောင်ကြီးက အင်္ဂ၀ိဇ္ဇာတတ်တယ်ထင်တယ်၊ကျွန်မစကားပြောစရာရှိတယ်ဆိုတာ ဘယ်လို လုပ် သိသလဲ ဟင်'
စင်တိန် က ရယ်သံလွင်လွင်လေးဖြင့် ပြောလိုက်သည်။

'ဒီအသက် ဒီအရွယ်နဲ့ ငါလိုအဘိုးကြီးအနားကို လှပချေမောတဲ့ မိန်းကလေးတစ်ယောက် ချဉ်းကပ် လာပြီ ဆိုယင် အလုပ်ကိစ္စပဲ ဖြစ်မှာပေါ့၊ ရင်ဖိုချင်လို့ သာယာကြည်နူးချင်လို့ တော့ဘယ်လိုမှမဖြစ် နိုင်ဘူး၊ မဟုတ်ဘူးလား'
'ကျွန်မတွေ့ဖူးသမျှ ယောက်ျားသားတွေထဲမှာ ရှင်ဟာဆွဲဆောင်မှုအရှိဆုံး လူတစ်ယောက်'
'ဟား ...ဟား ... ဒီလောက်ချီးကျူးနေရင်တော့ မင်းပြောမယ့် ကိစ္စဟာ တကယ့်အရေးကြီးကိစ္စ ဖြစ်ရမယ်'
'ရှာဆာ ကိစ္စပါ'
စင်တိန် အမူအရာပြောင်းသွားခြင်းက အရေးကြီးကြောင်းကို ထင်ရှားသွားစေသည်။

'ဘာများလဲပြောပါ'
စင်တိန်က သူ၏စကတ်အိတ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ယူပြီး ဂျန်စမတ်အား လှမ်းပေးလိုက် သည်။ စာရွက်ထိပ်ပိုင်း ၌ တောင်အာဖရိက၏ အကောင်းဆုံး စာသင်ကျောင်းတံဆိပ်ကို ဖောင်းကြွ ရိုက်နှိပ် ထားသည်။ ဗိုလ်ချုပ်ကြီးက စာများကိုဖတ်ရှုပြီးနောက် စင်တိန်အား ပြန်ပေးလိုက်သည်။ စာ၏နောက်ဆုံး ၀ါကျမှာ 'မိုက်ကယ်ရှာဆာ သည် သူကိုယ်တိုင်အတွက် ဂုဏ်ယူစရာဖြစ်သလို ကျောင်းအတွက်လည်း ဂုဏ်ယူစရာ ဖြစ်သည်' ဟုရေးထားသည်။
'မင်းအတွက် ၀မ်းသာဂုဏ်ယူစရာပါပဲ'
ဗိုလ်ချုပ်ကြီးက ပြုံးရွှင်စွာပြောလိုက်သည်။

'ဟုတ်ပါတယ်၊ သူဟာ ကျွန်မရဲ့ ဘ၀ပါပဲ'
'အင်း ....ငါသိပါတယ်၊ ဒါပေမယ့် တစ်ခုရှိတယ်၊ သူဟာမကြာခင် လူလားမြောက်ပြီး လူကြီးတစ် ယောက် ဖြစ်လာပါလိမ့်မယ်၊သူ့ဘ၀သူ ထူထောင်ယင် မင်းခံစားရလိမ့်မယ်၊ ဒါဟာဓမ္မတာပါ၊ ကဲလေ ဘာပဲ ဖြစ်ဖြစ်ပေါ့၊ မင်းကို ငါဘာကူညီရမှာလဲ ... ပြော'
'ကျွန်မသားလေးဟာ ထက်မြက်ပါတယ်၊ ရုပ်ရေရူပကာ သန့်ပြန့်ပါတယ်၊ အပေါင်းအသင်းလဲ ဆန့် ပါတယ်၊ သူ့အတွက်ပါလီမန်မှာ အမတ်တစ်နေရာရဖို့ ကျွန်မိလိုလားတာပါပဲ၊ အဲဒီကိစ္စအတွက် အစ ပျိုး ဖို့ပါ'
ဗိုလ်ချုပ်ကြီးက သူ့ခေါင်းမှမနားမားဦးထုပ်ကြီးကို ချွတ်လိုက်သည်။ ငွေရောင်ဆံပင်များကို လက်ဖ ၀ါးနှင့် နောက်လှန် သပ်လိုက်သည်။

'သူပါလီမန်ထဲ မ၀င်ခင် ပညာကို ဆုံးခန်းတိုင်အောင် အလျင်သင်ယင် ကောင်းမယ်ထင်တယ်၊ မဟုတ် ဘူးလား စင်တိန်'
'ဟုတ်ပါတယ်၊ ကျွန်မလဲဒီလိုပဲ သဘောရပါတယ်၊ ဒါပေမယ့် ကျွန်မရှင့်ဆီက တိတိကျကျသိချင်တဲ့ အချက် တစ်ခု ရှိပါတယ်၊ သူဘယ်ကောလိပ်တက္ကသိုလ် တက်သင့်သလဲဆိုတာပါပဲ၊ သူတို့အင်္ဂလိပ် ဌာနနေပြန်ပြီး အောက်စဖို့ဒါမှမဟုတ်ကိန်းဘရစ်ခ်ျတက်သင့်သလား၊ အဲဒီလိုတက်ယင် နောက်ပိုင်း သူအမတ်ရွေးပွဲဝင်ဖို့ မဲဆွယ်ရာမှာ အခက်ခဲဖြစ်မှာလား၊ အင်္ဂလန်ပြန်ပြီး ကျောင်းမနေပဲ ဒီတောင် အာဖရိက က တက္ကသိုလ်တစ်ခုခုတက်ယက် ပိုကောင်းမလား၊ ဒီမှာတက်ယင်လဲ စတယ်လင်တို့ တက္ကသိုလ် တက်သင့် သလား၊ ကိပ်တောင်းတက္ကသိုလ် တင်သင့်သလား၊ အဲဒါသိချင်တာပါ'
'ငါစဉ်းစား ပေးမယ်၊ အပြီးသတ်ဆုံးဖြတ်ရမယ့် အချိန်ကျယင် ငါ့အကြံဥာဏ်ကို မင်းရပါစေမယ် ငါတစ်ခုတော့ သတိပေးပါရစေ၊ဒါကတော့ ကလေးအတွက် မင်းစီမံကိန်းတွေ ပျက်ပြားသွားစေနိုင် တဲ့ အသုံးအနှုန်း မျိုး၊ အစွဲအလမ်းမျိုးရှောင်ပါ' 'ဘာများပါလိမ့် .... ပြောပါရှင်'

'သူ့ဌာန အင်္ဂလန်ဆိုတာကိုပဲပေါ့၊ မိမိရဲ့နေရာ အစစ်အမှန်ဆိုတာဟာ ရှာဆာဆုံးဖြတ်ရလိမ့်မယ်၊ ပင်လယ်ပြင်ကြီး ရဲ့ ဟိုတစ်ဘက်မှာ သူ့ဌာနေရှိတယ်လို့ ရှာဆာဆုံးဖြတ်လိုက်ယင် ငါ့အကူအညီ လုံးဝရမှာ မဟုတ်ဘူး'
'ကျွန်မမှားသွားပါတယ်'
စင်တိန်ဝန်ခံလိုက်သည်။ သူ့သားကို မနုဿသီဟဖင်နှစ်ခွလို့ ပြောလိုက်သည့်စကား၊ ခြေတစ်ဖက် က လန်ဒန် မှာ ခြေတစ်ဖက်က ကိပ်တောင်းမှာလို့ ပြောလိုက်သည့် သရော်စကားများကို စင်တိန် ပြန်သတိရ လာသည်။
'နောက် ဒီလို မဖြစ်စေရပါဘူး၊ ကျွန်မသားလေးကို ကူညီမယ် မဟုတ်လား'
စင်တိန် က ဗိုလ်ချုပ်ကြီးလက်မောင်းကို ဆုပ်ကိုင်ပြီး မေးလိုက်သည်။

'ကျွန်တော်တို့ မနက်စာစားရတော့မလား မေမေ'
ရှာဆာက ခပ်လှမ်းလှမ်းမှအော်မေးသည်။
'စားရမယ်လေ၊ ဆွဲခြင်းတောင်းကို ဟိုစမ်းချောင်းလေးဘေး ယူသွားတော့'
စင်တိန် က သားဖြစ်သူကို လှမ်းအော်ပြောလိုက်ပြီးနောက် ဗိုလ်ချုပ်ကြီးဘက်သို့ လှည့်ကာ မေး လိုက်သည်။
'ရှင်ကူညီမယ် လို့ ကျွန်မတွက်လိုက်ရတော့မလား'
'အခု ငါ့ပါတီက အာဏာရပါတီမဟုတ်ဘူ၊ အတိုက်အခံပါတီဖြစ်နေတာ မင်းအသိပဲ စင်တိန်'

'အတိုက်အခံအဖြစ်နဲ့ ရှင်အကြာကြီး ရှိမနေပါဘူ၊ လာမယ့် ရွေးကောက်ပွဲကျယင် ရှင့်ပါတီအခြေ အနေကောင်းလာမှာပါ'
'အခုနော့ ဘာကတိမှပေးလို့ မရသေးပါဘူး၊ ရှာဆာကလဲ ကလေးပဲ ရှိပါသေးတယ်၊ ဒါပေမယ့် ငါသူ့ ကိုစောင့်ကြည့်အကဲခတ်နေပါ့မယ်၊ ဌာနေကစ္စကိုကတိပေးမယ်ဆိုယင်၊ ငါသတ်မှတ်တဲ့ အဆင့် အတန်းကိုမှီမယ်ဆိုယင်၊ ငါ့ရဲ့ထောက်ခံအားပေးမှုကို သူရမှာပါ၊ လူကောင်းလူတော်တွေကို ငါတို့ ဘယ်လောက် လိုလား နေတယ်ဆိုတာ ဘုရားသခင် သိပါတယ်'
ထိုစကားကြားလိုက်ရသဖြင့် စင်တိန် သက်ပြင်းချလိုက်ပြီး စိတ်သက်သာရာရသွားသည်။ ဗိုလ်ချုပ် ကြီးဂျန်စမတ် က ဆက်ပြောသည်။

'ငါအာဏာရခဲ့စဉ်တုန်းက ငါ့အစိုးရအဖွဲ့မှာ ရှောင်ကုတ်နေဟာ ၀န်ကြီးတစ်ပါး ဖြစ်ခဲ့ဖူးသားပဲ'
ရှောင်ကုတ်နေ၏ နာမည်ကို ကြားလိုက်ရသဖြင့် စင်တိန် အံ့အားသင့်သွားသည်။ အတိတ်မှအရိပ် များကို ပြန်လည် ထင်ယောင် မြင်ယောင်လာသည်။ ပျော်စရာများ၊ ၀မ်းနည်းစရာများ၊ လျှို့ဝှက်ကိစ္စ များကို ပြန်လည် သတိရလာရသည်။ ဂျန်စမတ် က သူ့စကားကို ဆက်ပြောသည်။

'ရှောင်ဟာ ငါ့ရဲ့ဝန်ကြီးတစ်ပါးဖြစ်ခဲ့သလို၊ ငါ့အဖို့ ခင်မင်ရင်းနှီးပြီး ယုံကြည်အားကိုးရတဲ့ မိတ်ဆွေ တစ်ယောက်လဲ ဖြစ်ခဲ့တယ်၊ နောက်တစ်ကြိမ် ငါအစိုးရဖွဲ့နိုင်ခဲ့ယင် နောက်ထပ်ကုတ်နေတစ် ယောက်ကို ထပ်ပြီးလိုချင်ပါသေးတယ်၊ ကုတ်နေမိသားစုထဲက ယုံကြည်ရတဲ့ မိတ်ကောင်း ဆွေ ကောင်း တစ်ယောက် တော့ တနေ့နေ့မှာ ငါ့အစိုးရအဖွဲ့မှာ  ပါကောင်းပါလာမှာပါ'
ဂျန်စမတ်ထိုင်ရာမှ ထလိုက်ပြီး စင်တိန်ကိုလည်း ဖေးကူကာဆွဲထူပေးလိုက်ရင်း ဆက်ပြောသည်။

'ကဲ ငါလဲ ရှာဆာလိုပဲ ဆာလာပြီး၊ အစားအသောက်အနံ့တွေကလဲ နှာဝကိုချူနေပြီ'
သူတို့ အားလုံး နံနက်စာကို တပျော်တပါး စားသောက်ကြသည်။ ကြက်ဆင်သား၊ ၀က်သား၊ ပုစွန် ထုပ်၊ ၀က်ပေါင်ခြောက်၊ ကြက်ဥ စသည့်သစားကောင်းသောက်ဖွယ်များဖြင့် မြိန်ရှက်လှသည်။ ဆာဂါရီကုတ်နေ ၏ မွေးနေ့အထိမ်းအမှတ်ပွဲကို ပျော်ရွှင်စွာကျင်းပပြီးနောက် သူတို့တောင်အောက် သို့ ပြန်လာသည်။

အပြန်ခရီးတွင်၊ ဒိန်မလာ ကားကြီးကို အလာတုန်းက လိုပင်စင်တိတ်ကိုယ်တိုင် မောင်းသည်။ သူမ ဘေးတွင် ဗိုလ်လချုပ်ကြီးဂျန်စမတ်ထိုင်သည်။ နောက်ခန်း၌ ဂါရီ၊ အန်နှင့်ရှာဆာတို့ထိုင်သည်။
စင်တိန်ဝယ်ထားသော ခြံဝင်းအကျယ်ကြီးနှင့် အိမ်ကြီးဂေဟာနားသို့ သူတို့ကား ရောက်လာသည်။ စင်တိန် သည် ဟာနီသတ္တုတွင်းကို စတင်လုပ်ကိုင်ပြီး တစ်နှစ်အကြာတွင် ထိုအိမ်ကြီးနှင့်ဝိုင်းကိုဝယ် ကာ ပိုမိုကြီးကျယ် ခန်းနားအောင် လှပစိုပြည်အောင်စိတ်ကြိုက်ပြင်ဆင်မွမ်းမံခဲ့သည်။

စင်တိန်သည် ခြံဝိုင်းအနားရောက်လာသောအခါ ကားကို အမြန်မောင်းလာရာမှ အရှိန်လျှော့ပြီး ဖြည်းဖြည်း မောင်းလာသည်။ ကားဖြတ်မောင်းလာသော လမ်းတစ်လျှောက်ရှိ စပျစ်ခြံများထဲမှ လူမည်း အလုပ်သမား များက လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်သည်။ ရှာဆာက ကားပြတင်းပေါက်မှ ခေါင်းပြူကာ သူတို့ နာမည် များကိုအော်ခေါ်ပြီး ပြန်နှုတ်ဆက်သည်။ အလုပ်သမားများက ကျေးဇူး တင်သောအပြုံးနှင့် ပြုံးပြသလို ဂျန်စမတ်ကလည်း ရှာဆာ၏စည်းရုံးရေးစွမ်းအင်အပေါ် ကျေနပ် သောအပြုံးဖြင့် ပြုံးနေမိသည်။
ဧက ၂၀၀ ခန့်ကျယ်သော သူတို့၏ စပျစ်ခြံထဲမှ ဖြတ်ပြီး ဖောက်ထားသော ကတ္တရာလမ်းမှာ ပြောင် ချောမည်းနက်နေသည်။ လမ်းဘေးဝဲယာတွင် ၀က်သစ်ချပင်များ စီတန်းပေါက်နေသည်။ ထိုလမ်း အတိုင်း ကားကို မောင်းလာရာ အိမ်ကြီး၏ ဂိတ်ဝသို့ ကားရောက်လာသည်။

အိမ်ကြီးပတ်ပတ်လည်မှ မြက်ခင်းပြင်ကြီးသည် ကော်ဇောအစိမ်းကြီးခင်းထားသလို စိုပြည်စိမ်းလန်း နေသည်။ မြင်ခင်းပြင် ဗဟိုတွင် ခေါင်းလောင်းကြီးတစ်တိုင်ရှိသည်။ ကြေးပိုင် ကျွန်ပိုင်ခေတ်က ကျွန်အလုပ်သမား များအတွက် အချက်ပေးခေါင်းလောင်းဖြစ်သည်။ ယခုလည်း စပျစ်ခြံနှင့် အိမ်ကြီး မှ အလုပ်သမား များ အတွက် အလုပ်တက်၊ အလုပ်ဆင်း အချက်ပေး ခေါင်းလောင်းအဖြစ် ဆက် လက် ထားရှိ အသုံးပြုနေသည်။

မော်တော်ကားရပ်ပြီး ကားပေါ်မှလူများဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် အိမ်ဖော်များ အိမ်ထဲမှက သုတ်ကရက် ပြေးထွက်လာကြသည်။
'မွန်းလွဲ ၁ နာရီခွဲမှာ နေလယ်စာစားကြမယ်၊ ဗိုလ်ချုပ်ကြီးဆာဂါရီက ဗိုလ်ချုပ်ကြီးကို သူရေးနေတဲ့ စာအုပ် ရဲ့ နောက်ဆုံးအခန်းကို ဖတ်ပြချင်နေတယ်ဆိုတာ ကျွန်မ သိပါတယ်၊ ကျွန်မကတော့ အတွင်းအရေးမှူး စီရေး နဲ့ မနက်ပိုင်းအလုပ်တွေ လုပ်ရဦးမယ်'
စင်တိန် က အနီးမှလူများကို ပြောလိုက်သည်။ ရှာဆာက တစ်ဘက်သို့လှည့်ထွက်ရာ စင်တိန်က လှမ်းအော် ပြောလိုက်သည်။

'ရှာဆာ .... မင်းကဘယ်သွားမလို့တုံး'
'ဂျော့နဲ့ကျွန်တော် မြင်းကလေးကို လေ့ကျင့်ပေးမလို့'
စင်တိန်၏အတွင်းရေးမှူး စီရေးက ရှာဆာအား ခရစ္စမတ်လက်ဆောင်အဖြစ် ပိုလိုကစားသော မြင်းကလေး တစ်ကောင် ပေးထားသည်။
'မဒမ်ကလဲရာ မင်းကို စောင့်နေလိမ့်မယ်၊ မင်းသင်္ချာကို ပိုဂရုစိုက်ပြီးလေ့လာဖို့လိုသေးတယ်'
'အို မေမေ... ဒီနေ့အားလပ်ရက်အချိန်... '
'နေ့တိုင်း မင်းအပျင်းထူပြီး ဘာမှ မလုပ်ဘဲ နေတဲ့အချိန်တွေမှာ တခြားတစ်ယောက်ယောက်က တော့ မင်း ခံရတော့ မှာပေါ့'
'ဟုတ်ကဲ့ပါ မေမေ'

စင်တိန်၏ထိုစကားကို ရှာဆာ ယခင်က အကြိမ်များစွာကြားခဲ့ရပြီးဖြစ်သည်။ ရှာဆာသည် သူ့အဖေ ကြီး အား အကူအညီတောင်းသည့်အနေဖြင့် လှမ်းကြည့်လိုက်သည်။
'မင်း သင်္ချာကျူရှင်တက်ပြီးယင်တော့ မင်းအမေကမင်းကို တစ်နာရီနှစ်နာရီလောက် ကိုယ်ပိုင်အား လပ်ခွင့် ပေးမှာ သေချာပါတယ်၊ မင်းပြောသလိုပဲ ဒီနေ့က တရားဝင်အားလပ်ရက်လေ'
အဖေကြီး ဂါရီက မြေးရှာဆာဘက်မှ ထောက်ခံကာ ချွေးမစင်တိန်အား မျှော်လင့်တကြီးလှမ်းကြည့် ရင်း ပြောလိုက်သည်။

'ကျွန်တော့်ရဲ့ဖောက်သည်အသစ် လူငယ်ကလေးကိုယ်စား ကျွန်တော်ကပါ ၀င်ဖောက်သည်အသစ် လူငယ်ကလေးကိုယ်စား ကျွန်တော်ကပါ ၀င်ရောက်မေတ္တာရပ်ခံပါစေဗျာ'
ဗိုလ်ချုပ်ကြီး စမတ်ကပါ ၀င်ရောက်ထောက်ခံလိုက်သောအခါ စင်တိန်သည် ရယ်ရယ်မောမောနှင့် သဘောတူခွင့်ပြုလိုက်ရတော့သည်။
'ကဲ သားရေ ... မင်းဘက်ကတော့ ထောက်ခံမဲတွေများနေပြီ၊ ဒီတော့ မနက် ၁၁ နာရီအထိ မင်း သင်္ချာကျူရှင် တက်ပြီးယင် အားလပ်ခွင့်ယူပေတော့'
စင်တိန်က ပြောလိုက်သည်။

ရှာဆာသည် ဘောင်းဘီအိတ်နှစ်ဘက်ထဲ လက်နှိုက်ပြီး သင်္ချာကျူရှင်တက်ရန် ထွက်သွားသည်။ အန်က အိမ်ဖော်များနေ့လယ်စာချက်ပြုတ်သည်ကို ကွပ်ကဲစီမံရန် အိမ်ထဲဝင်သွားသည်။ ဆာဂါရီက ဗိုလ်ချုပ်ကြီး စမတ်အား သူ့စာကြည့်ခန်းထဲသို့ ခေါ်သွားသည်။
'ကဲ... ကျွန်မတို့လဲ အလုပ်သွားလုပ်ကြစို့'
စင်တိန်က သူမ၏အတွင်းရေးမှူး စီရေးအား ခေါင်းဆတ်ပြပြီး ပြောလိုက်သည်။

စင်တိန် အလုပ်ခန်းကြီးထဲသို့ လျှောက်ဝင်သွားရာစီရေးက နောက်မှ လိုက်သွားသည်။ စင်တိန်၏ အမျိုးသားအတွင်းရေးမှူးများက သူမအား အလုပ်ခန်းထဲမှ အသင့်စောင့်နေသည်။ စင်တိန်သည် အတွင်းရေးမှူး များကို အမျိုးသမီးများမထားဘဲ အမျိုးသားများသာထားသည်။ သူမ၏အမျိုးသား အတွင်းရေးမှူး များမှာ ငယ်လည်း ငယ်၍ ချောလည်း ချောသည်။ အလုပ်ခန်းထဲရှိ ပန်းအိုးများထဲ၌ ပန်းများ ဝေဆာနေသည်။ နေ့စဉ်ပင် ဥယျာဉ်များထဲမှ ပန်းများဖြင့် အသစ် လဲလှယ်ရသည်။

စင်တိန်သည် ကြီးမားရှည်လျားကာ တဖိတ်ဖိတ်တောက်နေသော လူဝီ ၁၄ စားပွဲရှည်ကြီးနောက်မှ ဆိုဖာ ကုလားထို်င်တွင် သက်သောင့်သက်သာ ထိုင်ကာ အလုပ်စလုပ်သည်။ စားပွဲပေါ်တွင် ရှာဆာ ၏အဖေ မိုက်ကယ့် ဓာတ်ပုံများကို ငွေဘောင်သွင်းကာ ထောင်ထားသည်။ ကျောင်းသား ဘ၀မှ လေသူရဲဘ၀အထိ ဓာတ်ပုံများ ဖြစ်သည်။
စင်တိန်သည် ဟာနီသတ္တုတွင်းနှင့် ပတ်သတ်သော အလုပ်များကို စလုပ်သည်။ ထိုအခါ သူမစိတ် သည် ကာလာဟာရီတောကြီးထဲသို့ ပြန်ရောက်နေရသလို ခံစားရပြီး ကြည်နှုးသွားရသည်။ မှိုင်းပြာ ပြာ တောင်တန်း ချိုင့်ဝှမ်း တို့ကို ပြန်လည်လွမ်းနောတသလာမိသည်။ သဲကန္တာရထဲ၌ တိရစ္တာန် သဖွယ် နေခဲ့ရပုံ၊ ကိုယ်ဝန်ကြီးတကားကား၊ အ၀တ်အစား မလုံတလုံဖြင့် သွားလာနေထိုင်ခဲ့ပုံများကို ပြန်ပြောင်း သတိရ လာသည်။

ထိုသဲကန္တာရနှင့် တောတောင်များက စင်တိန်ကို တစ်စိတ်တစ်ဒေသ ချုပ်ကိုင်ဖမ်းစားထားသည်။ ထိုအကြောင်း များကို ပြန်သတိရတိုင်း စိတ်လှုပ်ရှား ကြည်နှုးရမိသည်။
'နက်ဖြန်... နက်ဖြန်ကျယင် ရှာဆာနဲ့ငါ ဟိုကိုပြန်သွားဦးမယ်'
စင်တိန် စိတ်ထဲကပြောလိုက်သည်။
စင်တိန်သည် အတွေးရေယာဉ်မှ ပစ္စုပ္ပန်သို့ ပြန်ဝင်ရောက်လာသည်။ သူမ ရှေ့တွင်ရှိ စာရွက်စာ တမ်း များကို လက်မှတ်ရေးထိုးလုက်သည်။ နောက်ဆုံးစာရွက်ကို လက်မှတ်ရေးထိုးပြီးနောက် ပြတင်းပေါက် အကျယ်ကြီးသို့သွားကာ အပြင်ဘက်ဝင်းခြံထဲသို့ လှမ်းကြည့်လိုက်သည်။

ရှာဆာ၏ ပိုလိုနည်းပြဆရာ ဂျော့မာဖီသည် စင်တိန်၏လက်ရွေးစင်၊ စင်တော်ကောက်၊ အိမ်တော်ပါ အမှုထမ်းများထဲမှ တစ်ဦးဖြစ်သည်။ သူသည် ပုပု၀၀နှင့် သန်မာထွားကြိုင်းကာ ကြွက်သားများ အထင်းသား မြင်သာသော လူတစ်ယောက်ဖြစ်သည်။

သူသည် ဘ၀မျိုးစုံကျင်လည်လာသူဖြစ်သည်။ သူကျင်လည်လာသော ဘ၀များမှာ တော်ဝင်မရိန်း တပ်သား၊ ကြေးစားလက်ဝှေ့သမား၊ ဘိန်းမှောင်ခိုသမား၊ အိန္ဒိယမဟာရာဂျာတစ်ယောက်၏ လက်နက်ကိုင် တပ်ဖွဲ့ အကြီးအကဲ၊ ပြိုင်မြင်းလေ့ကျင့်ရေးမှူး၊လက်ဖြောင့်သေနတ်သမား၊ ညကလပ်၏ လူဆိုးထိန်း လူမိုက်။
ယခုတော့ သူသည် ရှာဆာ၏ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ရေးမှူး။ သ၏ဘ၀နောက်ကြောင်းကို ကြိုက် သဖြင့် စင်တိန် က သူ့အား လခကောင်းကောင်းပေးကာ ရှာဆာ၏ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ရေးမှူး အဖြစ် ခန့်ထားခြင်း ဖြစ်သည်။
ဂျော့မာဖီအား စင်တိန်က ကောင်းကောင်းကိုင်ထားသည်။

ဆက်ရန်
.

No comments: