Friday, October 14, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင် အပိုင်း (၃)

(၃)

ဝေါဗစ်ပင်လယ်ကွေ့မှ ဆ၀ါကွန်မွန်သို့အပြန်ခရီးသည် အလာတုန်းကလိုပင် ကီလိုမိတာ ၃၀ ခန့် ဝေးသည်။ ဘေးနှစ်ဘက်တွင် သဲတောင်နှင့် သဲန္တာရများသာရှိသည်။
စင်တိန်သည် မော်တော်ကားကို စက်ရှိန်လုံးဝမလျှော့ဘဲ တရကြမ်းမောင်းနှင်နေသည်။ မော်တော် ကားစီယာရင် လက်ကိုင်ဘီးကို သူမကိုင်ထားပုံမှာ ပြိုင်ကမောင်းသမားကိုင်သည့်နှယ် အမိအရရလှ သည်။ ဒိန်မလာ ကားကြီးသည် စင်တိန်၏ ချုပ်ကိုင်မောင်းနှင်မှုအောက်တွင် ၀ပ်စင်း ရွေ့လျားနေရ သည်။

ကားမောင်းနေသော စင်တိန်၏ ဘေးဘက်ထိုင်ခုံတွင် ရှာဆာထိုင်ပြီး လိုက်ပါလာသည်။ ငါးစည်သွတ် စက်ရုံ မှ အလုပ်သမားဝတ်စုံ ကို ၀တ်ထားသည်။ ၀တ်စုံမှာ အဟောင်းဖြစ်သော်လည်း လျှော် ဖွပ်မီးပူ တိုက်ထား သဖြင့် သန့်ရှင်းနေသည်။
ငါးစည်သွတ်စက်ရုံမှ ကားမောင်းထွက်လာချိန်မှစပြီး စင်တိန်သည် သားဖြစ်သူရှာဆာအား မသိမ သာ ကွက်ကြည့် ကွက်ကြည့်လုပ်ကာ ခိုးကြည့်လာသည်။ စင်တိန်ကမူ တစ်စေ့တစောင်းမှ ငေးစောင်းမှ ငေးစောင်း မကြည့်ပါချေ။
စင်တိန် သည် ဦးထုပ်ကိုချွတ်ထားသည်။ ပုံကျပန်းကျတိဖြတ်ထားသော မဟူရာကေသာထူထူထဲထဲ များ က လေတွင် လှလှပပ ပျံဝဲလွင့်ပျံတေသည်။
'ဘယ်သူက စ တာလဲ'
စင်တိန်သည် အရှေ့ဘက်ကားလမ်းကို အာရုံစိုက်ကြည့်ရင်းက မျက်စိမလွဲဘဲ ရှာဆားအား မေးလိုက် သည်။

ရှာဆာ က ဖြစ်ရပ်ကိုပြန်တွေးလိုက်ပြီးမှ ချိန်ချိန်ဆဆပြောလိုက်သည်။
'သိပ်တော့ မသေချာဘူး၊ ကျွန်တော်က သူ့ကို စထိုးတာ၊ ဒါပေမယ့် .... '
ရှာဆာ စကားကိုအဆုံးမသတ်နိုင်ဘဲ ရပ်လိုက်သည်။ သူ့လည်ချောင်းထဲ၌ နာနေဆဲရှိသည်။
'ဟုတ်လား'
စင်တိန် က စကားထောက်ပေးလိုက်သည်။

'ကြိုတင်စီစဉ်ထားသလိုပါပဲ၊ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် မြင်လိုက်တာနဲ့ တစ်ပြိုင် နက် တစ်ယောက် နဲ့ တစ်ယောက် တိုက်ခိုက်ရတော့မယ်ဆိုတာ အလိုအလျောက်သိသွားသလိုပါပဲ'
စင်တိန် က ဘာမှပြန်မပြောသဖြင့် ရှာဆာက ဆက်ပြောသည်။
'သူ က ကျွန်တော့်ကို နာမည်တစ်ခုခေါ်တယ်'
'ဘာနာမည်လဲ'
'မပြောချင်ဘူး၊  သူခေါ်တဲ့နာမည်ကရိုင်းတယ်'
'ငါမေးနေတယ် ပြောစမ်း'
စင်တိန် က လေသံတွင် သတိပေးသံပါနေသဖြင့် ရှာဆာမပြောချင်ပြောချင်နှင့် ပြောလိုက်ရသည်။

'သူက ကျွန်တော့်ကို မနုသီဟဖင်နှစ်ခွ လို့် ခေါ်တယ်'
ရှာဆာက ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလွဲကာ အဝေးလှမ်းကြည့်လိုက်သည်။ ထို့ကြောင့် ကား မောင်း ယင်း မသိမသာပြုံးလိုက်သော စင်တိန်၏အပြုံးကို သူမမြင်လိုက်ရပါချေ။
'ကျွန်တော် ပြောသားပဲ၊ သူခေါ်တဲ့နာမည် က ရိုင်းတယ်လို့'
'ဒါနဲ့ပဲ မင်းက သူ့ကို ထိုးတယ်ပေါ့ ဟုတ်လား၊ သူကမင်းထက်ငယ်တယ်'
မိမိ က သူ့ထက်ကြီးသည်ဆိုသည်ကို တကယ်တော့ ရှာဆာမသိပေ။ သို့သော် မိမိ၏မိခင်သိနေ သည့် အတွက်မူ မအံ့သြပါချေ။ မိခင်ဖြစ်သူသည် အရာတိုင်းကို သိနေသည် မဟုတ်ပါလား။
'သူကျွန်တော့်ထက် ငယ်ချင်ငယ်မှာပါ၊ ဒါပေမယ့် အာဖရိကနွားသိုးကြီးလိုပဲ၊ ကျွန်တော့်အထက်က နှစ်လက်မ လောက်ပိုမြင့်တယ်'
ရှာဆာ က သူ့ဘက်မှ ကာကွယ်ပြောလိုက်သည်။

စင်တိန့်စိတ်ထဲ၌ မိမိ၏ ဒုတိယသား ဖြစ်သူသည် မည်သို့ပုံပန်းသဏ္ဍာန်ရှိသည်ကို ရှာဆာအား မေးချင် နေသည်။ ဟိုကလေးသည် သူ့အဖေလိုပဲချောသလား၊ သူ့အဖေလိုပဲ ဆံပင်လေးတွေက ရွှေရောင် ၀င်း နေသလား၊ မျက်လုံးတွေက ဘာအရောင်ဘာလိမ့် ...။ သို့သော် စင်တိန်က ထိုအရာ များကိုမမေးပဲ မျိုသိပ် ထားလိုက်ပြီး တခြားမေးလိုက်သည်။
'ဒီတော့ သူကမင်းကို ရေရေလည်လည်တွယ်လိုက်တယ်ပေါ့ဟုတ်လား'
'ကျွန်တော် နိုင်လုနီးပါး အထိ ရောက်ခဲ့ပါတယ်၊ သူ့မျက်လုံးတွေ ဖူးရောင်ပိတ်သွားတယ်၊ နှုတ်ခမ်း ကွဲပြီး သွေးတွေ ထွက်လာတယ်၊ ကျွန်တော် နိုင်လုနီးပါးအထိပါ'
ရှာဆာ က သူ့လက်မှ ကာကွယ်ပြောဆိုသည်။

'နိုင်လုနီးပါး ဆိုတာဟာ တကယ်တော့ မလုံလောက်ဘူး၊ တို့မိသားစု အစဉ်အလာမှာ နိုင်လုနီးပါးဆို တာမျိုး မရှိခဲ့ဘူး၊ နိုင်ကိုနိုင်ရမယ်၊ နိုင်တယ်ဆိုတာပဲရှိတယ်'
စင်တိန်က သူ၏ ဒဿနကို သားဖြစ်သူအား လှစ်ပြလိုက်သည်။ ရှာဆာအဖို့ မအီမသာဖြစ်သွားပြီး ချောင်းဆိုးလိုက်မိသည်။
'ကိုယ့်ထက်ပိုပြီးကြီးတဲ့သူ၊ ပိုပြီးအားကောင်းတဲ့သူဆိုယင်တော့ မေမေ မနိုင်ပါဘူး'
ရှာဆာ က ခပ်တိုးတိုးလေးစောဒကတက်လိုက်သည်။

'မနိုင်တဲ့လူဆိုယင်တော့ လက်သီးချင်း ပြိုင်မထိုးနဲ့ပေါ့၊ ကမူးရှိုးထိုး ၀င်မတိုက်နဲ့ပေါ့၊ ကိုယ့်အတွက် အခွင့်အရေးကောင်း ပေါ်လာတဲ့အထိစောင့်ပေါ့၊ ကိုယ်ပိုင်တဲ့ လက်နက်နဲ့ကိုယ်အပေါ်စီးကရတဲ့ အနေ အထား ကျမှတိုက်ပေါ့၊ ကိုယ်ဘက်နိုင်ဖို့သေချာမှ တိုက်ရတယ် လူကလေး'
မိခင်၏ လမ်းညွှန်ချက်ကို ရှာဆာက အဘက်ဘက်မှနေ၍ အသေးစိတ် စဉ်းစားချိန်ဆလိုက်သည်။ ထို့နောက် မှ ခပ်တိုးတိုးလေး မေးလိုက်သည်။
'ဒါဖြင့် .... သူ့အဖေကို မေမေက အဲဒီအတိုင်းလုပ်လိုက်တာပေါ့ ဟုတ်လား'
ရှာဆာ စကားကြောင့် စင်တိန် အံ့အားသင့်သွားသည်။ ကားကိုဂရုစိုက်မောင်းရင်းက ခေါင်းညိတ် ၀န်ခံ လိုက်သည်။

'ဟုတ်တယ်၊ ငါအဲဒီအတိုင်းပဲလုပ်ခဲ့တယ်။ ငါတို့ဟာ ကုတ်နေ မိသားစုဝင်တွေဆိုတာ မင်းသိပါ တယ်၊ ငါတို့ အဖို့ လက်သီး နဲ့ တိုက်စရာမလိုဘူး၊ ငါတို့ရဲ့သြဇာအာဏာရယ်၊ အရှိန်အ၀ါရယ်၊ ငွေရယ် နဲ့တိုက်ရမယ်၊ တို့ဘက်က အားသာ တဲ့ နယ်မြေမှာ တို့ကိုဘယ်သူမှနိုင်အောင်မတိုက်နိုင်ဘူး'
ရှာဆာက ငြိမ်နားထောင်နေရင်း နောက်ဆုံးပြုံးလိုက်သည်။ ရှာဆာပြုံးလျှင် အလွန်လှပြီး ချစ်စရာ ကောင်း သည်။ သူ့အဖေထက် ပိုပြီးချောသည် လှသည်ဟု စင်တိန် ထင်မိသည်။
'မေမေ ပြောတာကို ကျွန်တော် မှတ်ထားပါတယ်၊ နောက်တစ်ကြိမ် သူနဲ့ကျွန်တော် တွေ့ဦးမှာပေါ့၊ မေမေ ပြောတာတွေ ကို ကျွန်တော် သတိရနေမှာပါ'

(၄)

ပင်လယ်ဘက်မှနေ၍ ကုန်းတွင်းသို့ လေပြည် လေညှင်းက တသွင်သွင်တိုက်ခိုက်နေသည်။ ငါးညှီ ငါးပုပ် အနံ့ များက လေနှင့်အတူ ပါလာနေရာ လိုသာ ခေါင်းထဲသို့တိုးဝင်လာသည်။
ငါးဖမ်းသင်္ဘောလေးစင်းမှာ ဆိပ်ကမ်းတံတား၌ ဆိုက်ကပ်ထားဆဲရှိသည်။ သင်္ဘောများပေါ်မှ ငါးများမှာမူ ငွေရောင် မတောက်တော့ပေ။ အပေါ်ပိုင်းမှ ငါးများ နေဒဏ်ကြောင့် ခြောက်သွေ့မည်း နက်လာသည်။ ငါးများ ပုပ်လာချေပြီ။

လိုသာသည် ထိုနေ့တစ်နေ့လုံး စက်ရုံရုံးခန်းပြတင်းပေါက်တွင်ထိုင်ပြီး လူမည်းသင်္ဘောသားများ၊ စက်ရုံ အလုပ်သမား များအား လုပ်ခများရှင်းပေးသည်။ အလုပ်သမားများက ပြတင်းပေါက်အပြင် ဘက်မှနေ၍ တန်းစီပြီး တစ်ဦးချင်းယူသည် လိုသာသည် သူနှင့် မင်းဖရက်တို့နေသော တန်းလျားမှ ပရိဘောဂအချို့နှင့် ပစ်ကပ် ထရပ်ကား အဟောင်းတစ်စီး တို့်ကို ရောင်းပစ်လိုက်သည်။ ကုမ္ပဏီနှင့် မပတ်သက်သော ပစ္စည်း ဆို၍ ထိုပစ္စည်းများသာကျန်တော့သဖြင့် ရောင်းချနိုင်ခြင်းဖြစ်သည်။

ဆွာကမ်ပိုမြို့မှ ဒုတိယတန်းစား ကုန်သည်ပွဲစား တစ်ဦးနာရီိပိုင်းအတွင်း သူတို့စက်ရုံသို့ရောက်လာ သည်။ လိုသာ ဒေ၀ါလီ ခံလိုက်ရသည်ကို အနံ့ရပြီး ချက်ခြင်းရောက်လာဟန်တူသည်။ ထိုကုန်သည် က လိုသာ့ ပစ္စည်း များကို ဈေးမတန်တဆပေးပြီး နှိမ်ဝယ်သည်။
ကုန်သည် က ကုန်သည်စကားပြောလာသည်။

'စီးပွားပျက်ကပ်ကြီးဆိုက်နေပြီ မစ္စဟတာဒီလာရေး၊ လူတိုင်းက ပစ္စည်းတွေထုတ်ရောင်းနေကြ တယ်၊ ၀ယ်တဲ့ လူ ရယ်လို့ မရှိဘူး၊ အခု ကျွန်တော် ဒီလောက်ပေးဝယ်ထားတာတောင် ရှုံးမှာသေချာ တယ်'
လိုသာ သည် ထိုပစ္စည်းများရောင်းရငွေနှင့် သူ့လက်ဝယ်ရှိငွေအချို့ကို ပေါင်းလိုက်သောအခါ အလုပ်သမား များအားလုပ်ခ တစ်ဦးတစ်ပေါင်စီ ပေးရမည့်အစား နှစ်လျှီလင်စီပေးလောက်သွား သည်။ တကယ်တော့ သူ့ကုမ္ပဏီကို ကြွေးရှင်က သိမ်းသွားပြီဖြစ်ရာ အလုပ်သမားများကိစ္စမှာ ကုမ္ပဏီ တာဝန်ဖြစ် သွားခြေပြီ။ သူ့တာဝန်မရှိတော့ပေ။

သို့သော် ဤအလုပ်သမားများအပေါ် လိုသာက ရဲဘော်ရဲဘက်စိတ် အပြည့်ထားပြီး အတတ်နိုင်ဆုံး သူ့ ရှိသမျှ ဝေချမ်းပေးလိုက်ခြင်းဖြစ်သည်။ ထိုသို့ပေးပြီးသောအခါ လိုသာသည် ရုံူးတံခါးကိုပိတ်ပြီး သော့ကို တရားရေး ၀န်ထမ်း လက်ထဲသို့ ထည့်လိုက်တော့သည်။
ထို့နောက် လိုသာနှင့်မင်းဖရက်တို့ သားအဖသည် နောက်ဆုံးအကြိမ်အဖြစ် ဆိပ်ခံ ဘောတံတားဆီ သို့ ဆင်း သွားကြသည်။ ဗောတံတားထိပ်တွင် ခြေတွဲလောင်းချ ထိုင်ကြသည်။ ငါးညှီပုပ် အနံ့ဆိုး များက စူးဝါး လှသည်။

'ကျွန်တော်တော့ နားမလည်ဘူး ဖေဖေ၊ ကျွန်တော်တို့ငါးတွေအများကြီးမိလာတယ်၊ ချမ်းသာဖို့ပဲရှိ တာပေါ့၊ အခုတော့ ဘာဖြစ်တာလဲ ဖေဖေ'
မင်းဖရက် က ဖူးရောင်ကွဲအက်နေသော နှုတ်ခမ်းအစုံကို ဖြည်းဖြည်းချင်းလှုပ်ကာမေးလိုက်သည်။
'တို့ အလိမ်ခံ ရတာ၊ အလှည့်ခံရတာပေါ့ကွာ'
လိုသာက အေးဆေး တည်ငြိမ်စွာ ပြန်ပြော လိုက်သည်။ လိုသာ့စိတ်ထဲကမူ ဒေါသဖြစ်နေသည်။ ယခု အထိ သူ့ဘ၀တွင် သေနတ်နှစ်ခါမှန်ခဲ့ပြီဖြစ်သည်။ ဂျာမန်ပိုင် အနောက်တောင်အာဖရိကကို စမတ်၏ တပ်များ ၀င်ရောက်သိမ်းပိုက်စဉ်က ဆန့်ကျင်တော်လှန်ရာတွင် တစ်ကြိမ်ထိမှန်ခဲ့သည်။ နောက်တစ်ကြိမ် မှာ စင်တိန်ပစ်ခဲ့သော ကျည်ဆန်ဖြစ်သည်။ အင်္ကျီပေါ်မှနေ၍ ရင်ဘတ်မှအမာရွတ် များကို လိုသာ စမ်း လိုက်မိ သည်။

'ကျွန်တော်တို့ သူတို့ကို မဟန့်တားနိုင်တော့ဘူးလားဖေဖေ'
မင်းဖရက် က မေးလိုက်သည်။ သူတို့ ဆိုသည်မှာ မည်သူမည်ဝါများဖြစ်ကြောင်း သားအဖနှစ် ယောက် စလုံး အဓိပ္ပာယ်မဖွင့်ကြပေ။ သူတို့ရန်သူများကို သူတို့သိသည်။ ရန်သူနှင့်စစ်ပွဲ သုံးကြိမ်နွဲ ခဲ့ရသည်။ ၁၉၁၄ ခုတွင် ဗြိတိသျှတို့၏ ရုပ်သေး ဂျင်နီစမတ်တို့နှင့် ဆင်နွှဲခဲ့ရသည်။
လိုသာ က ပါးစပ်နှင့် မဖြေဘဲ ခေါင်းခါ၍သာ ပြလိုက်သည်။ ဒေါသကို ရင်ထဲ၌ မနည်းမျိုသိပ်ထားရ သည်။

'နည်းလမ်းတော့ရှိရမှာပေါ့၊ ကျွန်တော်တို့မှာ ခွန်အားရှိတယ်၊ သန်မာတယ်၊ ဒါကျွန်တော်တို့မြေ၊ ကျွန်တော် တို့ရေ၊ ဘုရားသခင်က ကျွန်တော်တို့ကိုပေးခဲ့တာ၊ သမ္မာကျမ်းစာထဲမှာ အဲဒီလိုပဲပါတယ်'
မင်းဖရက် က ပြောလိုက်သည်။ အာဖရိကတိုက်ဖွား မျက်နှာဖြူများသည် သမ္မာကျမ်းစာအုပ်ကို ဤသို့ပင် သူတို့ လိုရာ အဓိပ္ပာယ်ဖွင့်ယူကြသည်။
လိုသာ က ငြိမ်နေသည်။ မင်းဖရက်က လိုသာ့အင်္ကျီစကိုဆွဲကိုင်လိုက်ပြီး မေးလိုက်ပြန်သည်။
'ဘုရားသခင် က ဒီမြေ၊ ဒီရေ ကျွန်တော်တို့ကို ပေးခဲ့တာမဟုတ်လားဖေဖေ'
'ဟုတ်တယ်'
လိုသာက လေးကန်စွာ ခေါင်းညိတ်ပြီး ဖြေလိုက်သည်။

'ဒါဖြင့် သူတို့က ကျွန်တော်တို့လက်ထဲကနေ လုယူခဲ့ကြတာပေါ့၊ မြေတွေ၊စိန်တွေ၊ ရွှေတွေအားလုံး ပဲ ယူ ခဲ့ပြီးပြီ၊ အခုသင်္ဘောတွေနဲ့ငါးတွေ လာလုပြန်တာပဲ၊ သူတို့ကို ဟန့်တားနိုင်တဲ့ နည်းလမ်းတော့ ရှိရမယ်၊ ကျွန်တော် တို့ပိုင် ပစ္စည်းတွေကို ကျွန်တော်တို့ ပြန်ယူနိုင်ရမယ်'
မင်းဖရက်က အားတက်သရောပြောလိုက်သည်။
'မင်းပြောသလောက်မလွယ်ဘူးသား'
လိုသာသည် သားဖြစ်သူနားလည်အောင် မည်သို့ရှင်းပြရမှန်းမသိဘဲဖြစ်နေသည်။ မိမိတို့သည် ယခု အခါ ဤရေ ဤမြေ၌ ခြေသလုံးအိမ်တိုင်သမားများ ဖြစ်နေရသည်။

'မင်းကြီးလာယင် သဘောပေါက် နားလည်လာပါလိမ့်မယ် မာနီ'
လိုသာက သူ့သားအား ချစ်စနိုး 'မာနီ' ဟုပင်ခေါ်သည်။
'ကျွန်တော် ကြီးလာယင် သူတို့ကို ဘယ်လိုထိုးနှက်တုံ့ပြန်ရမယ်ဆိုတာ နည်းလမ်းရှာရမယ်၊ ကျွန် တော် လုပ်ပြမယ် ဖေဖေစောင့်ကြည့်ပါ'
'အေးလေ ... မင်းလုပ်ကောင်းလုပ်နိုင်ပါလိမ့်မယ်သားရယ်'
လိုသာ က သားဖြစ်သူ၏ ပခုံးကိုလှမ်းဖက်ရင်း ပြောလိုက်သည်။

'အဖေကြီး ကတိသစ္စာဆိုသွားတာ သတိရသေးသလားဖေဖေ... ကျွန်တော်အမြဲတမ်း သတိရနေ တယ်၊ အင်္ဂလိပ် တွေနဲ့ တိုက်ရတဲ့စစ်ပွဲဟာ ဘယ်တော့မှပြီးဆုံးမှာ မဟုတ်ပါဘူး'
နေလုံးနီညနေစောင်း၍ ပင်လယ်ရေပြင်ကြီးအောက်သို့ ၀င်ရောက်ငုပ်လျှိုးသွားသည်အထိ သား အဖနှစ်ယောက် ဆိပ်ကမ်းတံတားတွင် ထိုင်နေကြသည်။ အမှောင်ထုဖုံးလာသောအခါ ဆိပ်ကမ်းမှ သူတို့ ထပြန်လာကြသည်။
သူတို့နေသော သွပ်မိုးသစ်သား ကာတဲ အနီးသို့ရောက်သောအခါ မီးခိုးခေါင်းတိုင်မှာ မီးခိုးတလူလူ ထွက် နေသည်ကို တွေ့သည်။ သူတို့တဲထဲဝင်လာသည်။ မီးဖို့ရှေ့တွင် ဆ၀ပ်ဟင်းဒရစ်ထိုင်ပြီး စား သောက်ဖွယ်ရာ များကို လုပ်ကိုင်နေသည်ကို တွေ့ရသည်။

'ဟိုဂျူးကုန်သည်ကတော့ စားပွဲကုလားထိုင်တွေအားလုံးကို သိမ်းယူသွားပြီ၊ ဒါပေမယ့် အိုးခွက်တွေ နဲ့ မတ်ခွက် တွေတော့ ကျွန်တော် ဖွက် ထားလိုက်သည်။
ဆ၀့်ဟင်းဒရစ် က ပြောလာသည်။
သူတို့ သုံးယောက် ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ပြီး အိုးခွက်များထဲမှ တစ်ခါတည်းနှိုက်စား သည်။ ပြောင်းဆန် နှင့် ငါးကို ရောနှောကြိုပြုတ်ထားသည့် ယာဂု အား စားသောက်ကြသည်။ စား သောက်ပြီး သည် အထိ မည်သူမှစကားမပြော 'မင်း နေဖို့ မလိုတော့ပါဘူး'
လိုသာ့ စကား က ငြိမ်သက်ခြင်းကို ဖြိုခွင်းလိုက်သည်။ ဟင်းဒရစ်က ပခုံးနှစ်ဖက်တွန့်ပြပြီး ဆက်ပြော သည်။

'ကုန်စုံဆိုင် က နေပြီး ကော်ဖီနဲ့ဆေးပြင်းလိပ် သွားဝယ်လာတယ်၊ ခင်ဗျား ကျွန်တော့ကိုပေးထားတဲ့ ပိုက်ဆံ က အဲဒီလောက်တော့ ၀ယ်လို့လောက်ပါသေးတယ်'
'နောက်ထပ် ပေးစရာမရှိတော့ဘူး၊ အားလုံးပြောင်ပြီ'
'အလျင် တုန်းကလဲ ဒီလိုပဲ ပြောင်တလင်းခါခဲ့ဖူးတာပဲ၊ အခုလိုအဖြစ်မျိုး အလျင်ကဖြစ်ခဲ့ဖူးတာပါပဲ၊ မဆန်း ပါဘူး'
'ဒီထက်မဆိုစလောက်လေးပဲ ပိုမှာပါ'
'မင်းမှာ ပေါင်တစ်ရာထက်မနည်း ရှိရမယ်၊ ငါတို့အတွက် လိုအပ်မှာကလဲ ဒီလောက်ပါပဲ၊ ဒီတော့ အဲ့ဒီ ပိုက်ဆံ ငါ့ကိုပေး အဲဒီထက် အဆပေါင်းများစွာ ပြန်ရမယ်ဆိုတာ မင်းသိပါတယ်၊ ငါ့အကြောင်း ကို မင်းအသိဆုံး ပါကွာ'
လိုသာ က ဟင်းဒရစ်အား အပိုင်ပြောချလိုက်သည်။

ဆက်ရန်
.

3 comments:

မေဓာဝီ said...

စင်တိန် အရမ်းရက်စက်တာပဲ။
လိုသာက သူ့အသက်သခင် ကျေးဇူးရှင်ဟာကို အဲဒီလောက်ထိ လုပ်ရက်တယ်။
ဟိုအစက ပင်လယ်ထဲမှာ မျောနေတုန်းကလဲ သူ့ကိုကယ်ခဲ့တဲ့ လူကြီးကို ရိုက်ချပြီး ငါးမန်းစာ ကျွေးလိုက်သေးတာ ... သူ့ကို မုန်းတောင် မုန်းလာပြီ။

အစတုန်းက လိုသာက ကြမ်းတမ်းရက်စက်တယ် ထင်နေတာ ... စင်တိန်က သွေးအေးအေးနဲ့ ပိုရက်စက်တာပဲ။

Anonymous said...

မမေဓာဝီပြောတာဟုတ်တယ်။ မြန်မာမျက်စိနဲ့တော့ မဖတ်ရက်စရာပဲ။ ကျေးဇူးကန်းတာတွေ များနေလို့။ သူ့ကို ခြင်္သေ့လက်ကကယ်ခဲ့တဲ့ အသက်သခင်ကို ဒီလိုလုပ်စရာလား။ ဒီလူမကယ်ခဲ့ရင် ခြင်္သေ့ဗိုက်ထဲ ရောက်နေပြီ။

'ငါတို့ဟာ ကုတ်နေ မိသားစုဝင်တွေဆိုတာ မင်းသိပါ တယ်၊ ငါတို့အဖို့ လက်သီး နဲ့ တိုက်စရာမလိုဘူး၊ ငါတို့ရဲ့သြဇာအာဏာရယ်၊ အရှိန်အ၀ါရယ်၊ ငွေရယ်နဲ့တိုက်ရမယ်'

ဒီလိုမာန်ဝင့်ပြီး ပြောရအောင် သူက မိုက်ကယ်ကုတ်နေနဲ့ လက်မထပ်ဘဲ တိတ်တိတ်ပုန်းညားပြီး ဒီကလေးမွေးတာပဲ။ သူရော သူ့ကလေးရော ကုတ်နေ မိသားစုဝင် အစစ်မှ မဟုတ်တာ။ ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့မကြည့်ဘဲ ဆွေမာန်မျိုးမာန်တက်နေတာရော၊ သားအရင်းကို လှည့်တောင်မကြည့်ဘဲ ထွက်သွားတာရော ရွံစရာကြီး။ သူ့သားအငယ်လေးက သူ ဟိုလူကို သွားမြှူဆွယ်လို့ မွေးလာတဲ့ ကလေးပဲ။ သူဒီလောက်ချမ်းသာနေတာတောင် ဒေဝါလီခံလိုက်ရတဲအဖေနဲ့နေခဲ့တဲ့ သူ့သားလေး ဘာဖြစ်ကျန်ခဲ့မလဲ လှည့်မကြည့်ဘူး။ အပြင်မှာတကယ်ရှိရင် ဒီမိန်းမ ပါးတောင် ဆွဲရိုက်သင့်တယ်။ မိခင်စိတ်ခေါင်ပါးလွန်းလို့။

Anonymous said...

ဝတ္ထုကို ၀တ္ထုလို ဖတ်ကြပါ ကွယ်ရို့....
ဇာတ်ကောင်ဆိုတာ စာရေးသူ လက်ထဲမှာ ရှိတာဘဲလေ...