ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးတိုက်ပွဲသမိုင်း ရဲ့ရုပ်ပုံလွှာ
(သို့မဟုတ်)
နှစ်ယောက်မရှိသည့် တစ်ယောက်တည်းသော လူထုခေါင်းဆောင်
တစ်ခါက တက္ကသိုလ်ကျောင်းအုပ်ဆရာကြီး မစ္စတာ ဆလော့စ်(D.J sloss)သည် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကို သူ့ရုံးခန်း၌ခေါ်တွေ့သည်။ အိုးဝေမဂ္ဂဇင်းသည် ထိုအချိန်က တက္ကသိုလ်၏အာဘော် ဖြစ်သည်။ မစ္စတာဆလော့စ်သည် သာမန်ကျောင်းသားကလေးများက ဗြိတိသျှအစိုးရကို အထင် ကြီး၍ ကြောက်ရွံ့ ရိုသေ လာအောင် ပုံသွင်းလိုသူ၊ မြန်မာလူမျိုးတို့အား ကျွန်စိတ်သွင်းပေးလိုသူဖြစ် သည်။
အာဏာမာန်ယစ်နေသော မစ္စတာဆလော့စ် သည် အိုးဝေမဂ္ဂဇင်းတွင် ပါလာသော "လွတ်နေသော ငရဲခွေး တစ်ကောင် (A hell hound at large) ဆောင်းပါးကြောင့် အိုးဝေမဂ္ဂဇင်း အယ်ဒီတာကို ခေါ် တွေ့ခြင်း ပင်ဖြစ်သည်။ မစ္စတာဆလော့စ်က-
"လွတ်နေသော ငရဲခွေးကြီးတစ်ကောင် ဆောင်းပါးကို ရေးတဲ့သူဟာ ဘယ်သူလဲ"
ဟု အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကို မေးပါသည်။ ဆောင်းပါးရှင်ကို ထုတ်ဖော်ရန် တက္ကသိုလ်ကျောင်း အုပ်ကြီး က တောင်းဆိုလိုက်ခြင်းပင် ဖြစ်သည်။
"ဆောင်းပါးရှင်အမည်ကို ထုတ်ဖော်ပြောလျှင် အယ်ဒီတာကို အရေးမယူ"
ဟုလည်း ဆိုပါသည်။ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၏ အတည်ပြုချက်ကို ကျောင်းအုပ်ကြီးက ရယူလို ဟန် တူသည်။ သို့သော် မစ္စတာဆလော့စ်ရှေ့တွင် ထိုင်နေသော အိုးဝေမဂ္ဂဇင်းအယ်ဒီတာသည် ချော့၍လည်း မပျော့၊ ခြောက်၍လည်း မကြောက်တတ်သော လူစားပင်ဖြစ်သည်။ အယ်ဒီတာက တက္ကသိုလ် ကျောင်းအုပ်ကြီး အား...
"အယ်ဒီတာ ဆိုတာ ဆောင်းပါးရှင်ရဲ့အမည်ကို ထုတ်ဖော်ပြောရိုးထုံးစံမရှိပါဘူး။ ခင်ဗျားတို့လုပ်ချင် သလို လုပ်ပါ။ ထုတ်ဖော်မပြောနိုင်ပါဘူး"
ဟု တည်တည်ငြိမ်ငြိမ်နှင့် ပြန်ပြောပြီး ကျောင်းအုပ်ကြီးရုံးခန်းမှ ထွက်သွားပါသည်။ ကျောင်းအုပ် ကြီးမှာ ရုတ်တရက် ကြောင်နေပြီး၊ သူ့ကို ပြတ်ပြတ်သားသား စိန်ခေါ်အံတုခဲ့သူ တက္ကသိုလ်ကျောင်းသား အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အား ကျောင်းမှထုတ်လိုက်လေသည်။
အိုးဝေမဂ္ဂဇငး အယ်ဒီတာအား ကျောင်းမှထုတ်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း တက္ကသိုလ် ကျောင်းသား များ သပိတ်မှောက်လေတော့သည်။ တက္ကသိုလ်ကျောင်းသားများသပိတ်သည် ဟိုက် စကူး ကျောင်းသား များ သို့လည်း ကူးစက်သွားရာမှ တက္ကသိုလ်ကျောင်းသား သပိတ်အရေးတော်ပုံ ကြီး ပေါ်ပေါက် လာရတောသည်။
နိုးကြားတက်ကြွနေသော ကျောင်းသားထု၏တော်လှန်ရေးစိတ်ဓါတ်ကို တက္ကသိုလ်အာဏာပိုင်များ မတားဆီး နိုင်ခဲ့ပေ။ ထိုတက္ကသိုလ်၏ကျောင်းသားသပိတ်ကြောင့် တက္ကသိုလ်ကျောင်းအုပ်ကြီး မစ္စတာ ဆလော့စ် နုတ်ထွက်ပေးလိုက်ရပြီး၊ မြန်မာအမျိုးသား ဆရာကြီး "ဦးဖေမောင်တင်" ကျောင်း အုပ်ဖြစ်လာ ပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂပေါ်လာပြီး၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာလည်း တ-က-သ ဥက္ကဌအဖြစ် တင်မြှောက်ခြင်းခံခဲ့ရသည်။
ထိုသို့ တက္ကသိုလ်ကျောင်းအုပ် မစ္စတာဆလော့စ်ကို အပြုတ်တိုက်ခဲ့သူ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကား လုပ်ငန်း အပေါ်နှင့် ရဲဘော်ရဲဘက်များအပေါ် ဘယ်တော့မှ သစ္စာမဖောက်ခဲ့သော နိုင်ငံအာဇာနည် ခေါင်းဆောင်ကြီး "ဗိုလ်ချုပ်အောင်ဆန်း"ပင် ဖြစ်ပေတော့သည်။
မြန်မာနိုင်ငံတွင် ခေါင်းဆောင်ပီသပြီး၊ သူရဲကောင်းအာဇာနည်တို့တွင် ရှိအပ်သည့် အရည်အချင်း နှင့်ပြည့်စုံ သော ပုဂ္ဂိုလ်တစ်ဦးပေါ်ထွန်းခဲ့ဖူးသည်။ ထိုပုဂ္ဂိုလ်မှာ "ဗိုလ်ချုပ်အောင်ဆန်း"ပင်ဖြစ်ပါ သည်။
ဗိုလ်ချုပ်အောင်ဆန်း သည် ရဲစွမ်းသတ္တိရှိခြင်း၊ ရဲဝံ့စွန့်စားခြင်း၊ တော်လှန်ခြင်း၊ ရိုးသားဖြောင့်မတ် မဟုတ်မခံ ဆောင်ရွက်တတ်ခြင်း၊ ဆင်းရဲပင်ပန်းခံခြင်း၊ လိမ္မာပါးနပ်ခြင်း၊ စိတ်ရှည်ခြင်း၊ အပြောအဟော တည့်မတ် ကောင်းမွန်ခြင်းစသည့် အာဇာနည်သူရဲကောင်း အရည်အချင်းနှင့် ပြီးပြည့်စုံသူ ဖြစ် သည်။
အာဇာနည်-
အာဇာနည် ဟူသည် အဘယ်နည်း။
အာဇာနည် ဟူသည်မှာ သတ္တိဗျတ္တိနှင့် ပြည့်စုံခြင်း၊ သင့်မသင့် ရာမရာကို ခဏချင်းသိ၍ ပေါက် မြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်သူကို ဆိုလိုခြင်းပင်ဖြစ်ပါသည်။ တစ်နည်းဆိုရသော် မိမိ တွင် ရှိသော သတ္တိဗျတ္တိ စွမ်းရည်ကို သူ့နေရာသူ အချိန်ကာလ၊ နေရာဌာနအားလျော်စွာ ပြီးမြောက် အောင်မြင်စွာ ဆောင်ရွက် နိုင်သူ အား အာဇာနည်ဟုခေါ်ဆိုထိုက်သူပင် ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ သမိုင်းတွင် ထင်ရှားသူဖြစ်ပြီး၊ ပြည်သူတို့၏ ဦးညွတ်ရာ၊ အလေးထားရာ၊ ပြည်သူတို့၏ နှလုံးသည်းပွတ်တွင် ရာသက်ပန်စွဲမြဲရာ ခေါင်းဆောင် ကောင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကို အာဇာနည်ဟုဆိုထိုက်ပါသည်။ စစ်အတွင်းက ကိုယ် ကျိုးရှာမည် ဆိုလျှင် ချမ်းသာလောက်သည်။ အခွင့်အရေးတွေရခဲ့သော်လည်း ဘာတစ်ခုမှမယူခဲ့။ သူ့အဖို့ နိုင်ငံရေး ဆိုတာ ဆင်းရဲခြင်း၊ ငတ်ပြတ်ခြင်း၊ အနစ်နာခံခြင်းနှင့် အသက်ကို ပဓာနမထားဘဲ ရဲဝံ့ စွန့်စားခြင်း ပင် ဖြစ်သည်ဟု ခံယူထားပုံရသည်။
ဗိုလ်ချုပ်သည် ငယ်စဉ်ကလေးဘဝကပင် သူပုန်စိတ်ထားရှိပြီး၊ အကြံကြီးသူဖြစ်သည်။ ငါ့မြင်းငါ့စိုင်း ညောင်ကိုင်း ရောက်ရောက် ဟူသော လူစားမျိုးဖြစ်သည်။ လူရိုင်းစိတ်ထားရှိပြီး၊ လူယဉ်ကျေးများနှင့် အသားမကျ ခဲ့သူဖြစ်သည်။ မျက်နှာလို မျက်နှာရနှင့် အထက်လူကြီးများအား တိုင်တောကုန်းချော တတ်သူ များကို ရွံရှာစက်ဆုပ်သူဖြစ်သည်။
နေရာတိုင်းတွင် ဗိုလ်စွဲချင်သောစိတ်ဓါတ်ရှိ၍ အင်္ဂလိပ်-မြန်မာ သတ္တမတန်းစာမေးပွဲတွင် ဗမာတစ် ပြည်လုံး နဝမ စွဲခဲ့၍ အထက်တန်း စကောလားရှစ်ရခဲ့သည်။ ဗုဒ္ဓဘာသာကျောင်းနှင့် အမျိုးသား ကျောင်းများ တွင် ပထမ စွဲ ၍ ဦးရွှေခို ဆုရရှိခဲ့သည်။ လူအများက "ဒါတော့မဖြစ်နိုင်ပါဘူး" ဟုပြော လျှင် မဆုတ်မနစ် မဖြစ်ဖြစ်အောင် လုပ်ပြတတ်၍ သူလုပ်ချင်သော အလုပ်ကိုလည်း ဇွတ်တရွတ်လုပ် တတ်သော အကျင့်ရှိသူဖြစ်သည်။ လူတစ်ဦးက တစ်ဦးကို အနိုင်မထက် ကျင့်ခြင်း၊ မတရားညစ်ပတ် ခြင်း ကို စက်ဆုပ်မုန်းတီးပြီး၊ မှန်ကန်ဖြောင့်မတ်ခြင်းကို အထူးနှစ်သက်လိုလားသူဖြစ်သည်။
ဗိုလ်ချုပ်သည် စိတ်ကူးအဆန်းအပြားများကို တွေးတောတတ်သူတစ်ဦးဖြစ်သည်။ တစ်ဦးတည်း နေ ထိုင်ရင်း ပျင်းရိသောအခါများတွင် ပါးစပ်ဆိုင်းတီးကာ မိမိကိုယ်မိမိ ဖျော်ဖြေလေ့ရှိသည်။ ငယ်စဉ် က အတီး အမှုတ်၊ အကအခုန်တွင် နှစ်သက်သဘောကျခဲ့ပြီး အထူးသဖြင့် ဆိုင်းတီးဝါသနာပါခဲ့သူ ဖြစ်သည်။
ဗိုလ်ချုပ် သည် စကာအပြောအဆို နှုတ်နည်းသူဖြစ်ပြီး၊ အဝတ်အစား ခွကျမှုကြောင့် နောက်ပြောင် ခြင်း ကိုလည်း ခံခဲ့ရသူဖြစ်သည်။ ဂိုက်ပေးခြင်း၊ ဆိုက်ပေးခြင်း၊ ကိုယ်ကာလအလှပြုပြင်ခြင်းတို့ကို စိတ်မဝင် စားသူ၊ အာရုံမထားသူဖြစ်၍ အဝတ်အစားကို ဖြစ်ကတတ်ဆန်း ဝတ်လေ့ရှိသူဖြစ်သည်။ ခေါင်းတုံး ဆံတောက် ကို ဆီမလိမ်း ဘဲ ၁၀ တန်းအောင်သည်အထိ ထားခဲ့လေသည်။ မည်သူ့ကိုမှ အရောတဝင် မနေခဲ့ပေ။
ကျန်းမာရေးအတွက် ဘောလုံးကစားခြင်းမှအပ အခြားကစားနည်းများကို စိတ်ဝင်စားခြင်းမရှိခဲ့ချေ။ ကပိုကရို နှင့် ဖိနပ်မပါဘဲ လမ်းသွားတတ်လေ့ရှိပြီး၊ လူ့လောက ပေါင်းသင်းဆက်ဆံမှုတွင် ခွကျသူ ဖြစ်သည်။ ထင်ပေါ်မှုကို မလိုလာဘဲ ကုပ်ကုပ်လေးနေပြီး၊ နောက်ကွယ်မှ အလုပ်လုပ်ရသည်ကို နှစ်သက် သဘော ကျသူဖြစ်သည်။ ဗိုလ်ချုပ်သည် နိုင်ငံလွတ်လပ်ရေးအတွက် မဆုတ်မနစ်၊ မဖြစ်မနေ၊ ပေပေ တေတေ၊ သေချင်သေ လုပ်မည့် လူစားဖြစ်သည်။ အလွန်လည်း ခေါင်းမာသူဖြစ်သည်။
ဗိုလ်ချုပ်သည် ဥပဒေအချုပ်အချယ်ကို သူ၏အမျိုးသားရေး ကြိုးပမ်းဆောင်ရွက်မှုတွင် ဆူးငြောင့်ခ လုတ် ဟု မှတ်ယူထားသူလည်း ဖြစ်သည်။ ဗိုလ်ချုပ်သည် အပိုတွေဘာမှမလုပ်။ လောကွတ်ဆိုတာ ကို အယုံအကြည် မရှိသူဖြစ်သည်။ လောကဝတ် ကို ပကာသန အပိုအလုပ် ဟု သဘောထားသူဖြစ် သည်။
ဗိုလ်ချုပ်သည် လမ်းသွားလျှင် ပတ်ဝန်းကျင်ကို ဂရုပြုလေ့မရှိသည်ကို သူ့အကျင့်တစ်ခုဖြစ်သည်။ သူကား အစဉ်းစား ကြီးသူဖြစ်သည်။ သူ၏စဉ်းစားခြင်းအလုပ်မှတစ်ပါး အခြားမည်သည်ကိုမျှ ဂရုမ စိုက်သူဖြစ် သည်။ ဗိုလ်ချုပ်သည် အခြားသူများကဲ့သို့ နေ့တွင် အလုပ်လုပ်လေ့မရှိ။ ညမှသာ တစ်ည လုံး စားပွဲတွင် ထိုင်ကာ အလုပ်လုပ်လေ့ရှိသူဖြစ်သည်။ အရေးကြီးလျှင် တစ်မှေးမှမအိပ်ဘဲ အလုပ် လုပ်တတ်သည်။ စိတ် လည်း အလွန်မြန်သူဖြစ်သည်။
တို့ဗမာအစည်းအရုံးတွင် အဆင်းရဲအခံနိုင်ဆုံး နိုင်ငံရေးသမားကို ပြပါဆိုလျှင် ဗိုလ်ချုပ်ကိုပြရမှာဖြစ် သည်။ စားရမဲ့၊ သောက်ရမဲ့၊ ဝတ်ရမဲ့ဖြစ်နေစေကာမူ သူ့အားလစဉ်ငွေကြေးလိုသမျှ ထောက်ပံ့နိုင် သော သူ့မိခင်ကြီး ကို ဒုက္ခမပေးခဲ့ပေ။ ဗိုလ်ချုပ်သည် "အင်္ဂလိပ်နယ်ချဲ့ကို လက်နက်ကိုင်ပြီး မတော် လှန်ရင် ဗမာပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး"ဟု ယုံကြည်ခဲ့သူလည်းဖြစ်သည်။
ဗိုလ်ချုပ်၏ ချစ်စရာအကောင်းဆုံး အင်္ဂါရပ်တစ်ခုမှာ "လုံ့လ ဝီရိယ ဇွဲ"ရှိခြင်းဖြစ်သည်။ ဗိုလ်ချုပ် သည် စကား မပြောလျှင် လုံးလုံးမပြော။ ပြောလျှင်လည်း အိပ်နေသူကိုပင် နှိုး၍ပြောတတ်သည်။ စားစရာ မရှိလျှင် အငတ်ခံခဲ့ပြီး၊ စားစရာရှိလျှင် အဝစားတတ်သူဖြစ်သည်။ တက္ကသိုလ်ကျောင်းသား ဘဝက ဗိုလ်ချုပ် ကို သူငယ်ချင်းတွေက "အောင်ဆန်းဆိုတဲ့ ငတိဟာ နည်းနည်းမှ ဆိုရှယ်မဖြစ်ဘူး ကွ"ဟု ပြောခြင်း ကိုခံခဲ့ရသည်။ သို့သော် ဗိုလ်ချုပ်သည် စာအလွန်ဖတ်သူဖြစ်သည်။
ဗိုလ်ချုပ်သည် ပင်နီအင်္ကျီဂုတ်ပြဲ၊ ချည်လုံချည်အဟောင်းကို ဝတ်၍ ဆံပင်စုတ်ဖွားနှင့် နိုင်ငံရေးလုပ် နိုင်ခဲ့သူ ဖြစ်သည်။ "မြန်မာ့သမိုင်းတွင် မြန်မာတစ်ပြည်လုံး အမျိုးသားညီညွတ်ရေးကို လက်နက်မ ဆောင် မသုံးဘဲ ဆောင်ရွက်ခဲ့ရာ ကျန်စစ်သားနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့လောက် ဘယ်သူမှ ထမြောက် အောင်မြင်ခြင်း မရှိ"ဟု သမိုင်းဆရာများက ဆိုခဲ့ကြသည်။
ဗိုလ်ချုပ်သည် စကားပြောလျှင် ဘုကျသော်လည်း အလုပ်အလွန်လုပ်သူဖြစ်သည်။ ကျောင်းသား ဘဝက ရိုးရိုးနေခဲ့ပေမဲ့ မဟုတ်မခံစိတ်ရှိသည့် မီးခဲလိုလူစားမျိုးဖြစ်သည်။ ဗိုလ်ချုပ်သည် လွတ်လပ် ရေးအတွက် ကြိုးကြိုး ပမ်းပမ်း နှင့် စွန့်စွန့်စားစား တိုင်းပြည်ကို သစ္စာမဖောက်ဘဲ ဆောင်ရွက်ခဲ့သူပင် ဖြစ်သည်။ မိမိ ရရှိထားသော ရာထူးတာဝန်နှင့် သြဇာအာဏာကို အလွဲသုံးစားမလုပ်ခဲ့သော သမိုင်း ၏ တောင်းဆို မှုကြောင့် ပေါ်ထွက်လာသော နိုင်ငံခေါင်းဆောင်တစ်ဦးဟု ကျွန်တော်ဆိုချင်ပါသည်။
ကျွန်တော် အလွန်လေးစားကြည်ညိုသော အမျိုးသားခေါင်းဆောင်ကြီး "ဗိုလ်ချုပ်အောင်ဆန်း"အ ကြောင်း ကို ရေးချင်တာတော့ ကြာပါပြီ။ ဒါပေမဲ့ မရေးဖြစ်ခဲ့ပါ။ မရေးဖြစ်သော်လည်း ဗိုလ်ချုပ်နှင့် ပတ်သက် ၍ စိတ်ကူးနှင့် ကျွန်တော် Sketch လိုင်းတွေ ရေးနေမိသည်။ ဗိုလ်ချုပ်အကြောင်းကို သာမန်ကာ လျှံကာ ခပ်ပေါ့ပေါ့မပြောလိုပါ။ အလေးအနက်ထားပြီး ဗိုလ်ချုပ်၏ဘဝဖြစ်စဉ်ထဲမှ ထူး ထူးခြားခြား ဖြစ်ရပ်လေးတွေကို ဆွဲထုတ်ပြဖို့ စိတ်ကူးမိပါသည်။
ကျွန်တော် ဖတ်ခဲ့မှတ်ခဲ့လေ့လာခဲ့သော ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိစာအုပ်များမှ၊ ကျွန်တော် စုဆောင်း ထားသော ဗိုလ်ချုပ်အောင်ဆန်းစာအုပ်များမှ ကျွန်တော့်ရင်ထဲစွဲကျန်ရစ်ခဲ့သော ဗိုလ်ချုပ် ၏ ရုပ်ပုံလွှာ အပိုင်းအစ များကို ကျွန်တော် ပြန်စီကြည့်နေမိသည်။ ဤဆောင်းပါးသည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုလိုသောကြောင့် ရေးရသော ဆောင်းပါးဖြစ်သည်။
ဗိုလ်ချုပ် သည် ကျွန်တော်တို့နိုင်ငံ၏ လွတ်လပ်ရေးဗိသုကာ ပညာရှင်ပင်ဖြစ်သည်။ ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေး နှင့် ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲ၏ မီးရှူးတန်ဆောင်ဖြစ်သည်။ ဗိုလ်ချုပ်၏တစ် ပိုင်း တစ်စ ရုပ်ပုံလွှာ ကို အရောင်လွင်လွင် နှင့် ကျွန်တော် ဆေးသားတင်နေမိပါတော့သည်။
(၁၉၄၀)ခုနှစ် ဇန်နဝါရီလတွင် တို့ဗမာအစည်းအရုံးကြီး၏ အမှုဆောင်အစည်းအဝေးကို မန္တလေး တွင် ကျင်းပ လေသည်။ အမှုဆောင်အစည်းအဝေးကျင်းပနေဆဲမှာပင် ဗြိတိသျှလေဘာပါတီခေါင်း ဆောင်တစ်ဦး ဖြစ်သူ "ဆာတက်ဖို့ကရစ်ပ်"သည် မြန်မာပြည်၏ အခြေအနေကို လေ့လာရန်ရောက် ရှိ လာသည်။ တို့ဗမာအစည်းအရုံး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးလို၍ "ဆာစတက်ဖို့က ရစ်ပ်"အား "သခင်ကျော်စိန်" က မန္တလေးသို့ခေါ်လာသည်။ အစည်းအဝေးတွင် သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်လေးမောင်၊ သခင်ကျော်စိန်၊ သခင်ထိပ်တင် ကိုယ်တော်ကြီး၊ သခင်လှဘော်တို့နှင့် ဆာစတက်ဖို့ကရစ်ပ် တွေ့ဆုံဆွေးနွေးခဲ့သည်။
"ဆာစတက်ဖို့ကရစ်ပ်"က
"အင်္ဂလိပ်လက်အောက်က လွတ်အောင်လွတ်လပ်ရေးကို ဘယ်လိုနည်းနဲ့ ရအောင်လုပ်မှာလဲ" ဟု မေး သည်။
"သခင်အောင်ဆန်း"က
"တရားတယ် ထင်တဲ့ နည်းနဲ့ ရအောင် လုပ်ယူမှာပဲ"ဟု ဖြေ၏။
"ဆာစတက်ဖို့ကရစ်ပ်" က
"ဘယ်လို တရားတယ်ထင်တဲ့ နည်းလမ်းလဲ"ဟု ထပ်မေး၏။
"သခင်အောင်ဆန်း"က
"တရားတယ်ထင်တဲ့နည်းဆိုတာ ရရာနည်းနဲ့ လုပ်မယ်လို့ပြောပါ၊ ဥပမာဗျာ ခင်ဗျားအိတ်ထဲမှာ ထည့် ထား တဲ့ ဖောင်တိန်ဟာ ကျွန်တော်ပိုင်တဲ့ ဖောင်တိန်ဆိုပါတော့။ ခင်ဗျားက ကျွန်တော့်ဆီက အနိုင်ကျင့်ပြီး လုယူ ထားတယ်ဆိုပါတော့။ ဒီတော့ ကျွန်တော်က ခင်ဗျားကို တောင်းပန်ပြီးပြန်ပေးပါ ဗျာလို့ ချော့ တောင်းမယ်။ မရရင် နောက်တစ်နည်းနဲ့တောင်းမယ်၊ အဲဒီလို မရတဲ့အဆုံးကျတော့ မပေးဘူးလား၊ ပေးမလား ဆိုပြီး ခြိမ်းခြောက်တောင်းမယ်၊ ဒါနဲ့မှ မရရင် ဟောဒီလို အတင်းလုယူ မယ်"
ဟု ပြောပြောဆိုဆို "ဆာစတက်ဖို့ကရစ်ပ်"၏အိတ်ကပ်ထဲက ဖောင်တိန်ကိုဆွဲယူလိုက်ရာ ကရစ်ပ် ၏ ကုတ်အင်္ကျီ အိတ်ကြီးပါ ပြဲ၍ပါသွားတော့သည်။
"အဲဒါ ကျွန်တော် တရားတယ်ထင်တဲ့ နည်းပဲ၊ ကျွန်တော့်ဖောင်တိန် ပြန်ရဖို့က လိုရင်းပဲ"
သခင်အောင်ဆန်း သည် ဧည်သည့်တစ်ယောက်၏အင်္ကျီပြဲသည်ကို အားမနာ။ အလိုက်မသိတတ် စွာဖြင့် သူ ပြောလိုရာ ကို ဆက်ပြောခဲ့သည်။
"ကဲ အခုလို လုပ်ယူရတော့ ကောင်းသေးရဲ့လား၊ ကျွန်တော့်မှာတော့ ကျွန်တော့်ဖောင်တိန်ပြန်ရပါ ရဲ့၊ ခင်ဗျား မှာတော့ အင်္ကျီအိတ်အပြဲခံရတာသာ အဖတ်တင်တာပေါ့၊ စောစောကသာ ပြန်ပေးလိုက် ရင် အင်္ကျီ လည်း မပြဲဘူး။ ကျွန်တော့်လက်တောင် တော်တော်နာသွားတယ်။ ခု ကျွန်တော်ပြောနေ တာ တွေဟာ အပိုပြောတာလဲ မပါဘူး။ ခြိမ်းခြောက်နေတာလည်း မဟုတ်ဘူး။ တကယ့်ဖြစ်လာနိုင် တဲ့ သဘော ကို ပြောပြနေတာပဲ"
"ကရစ်ပ်" မှာ ဘာမျှမပြောနိုင်။ အားရပါးရ ဟားတိုက်၍သာ ရယ်မောနေရှာတော့၏။ ပြီးမှ "ကရစ်ပ်" က
"အို ချစ်စရာကောင်းတဲ့ အောင်ဆန်း၊ ချစ်စရာကောင်းတဲ့ အောင်ဆန်း"ဟု အထပ်ထပ်ရေရွတ် နေတော့ သည်။
ဤသည်ကား ကျွန်တော်တို့၏ အမျိုးသားခေါင်းဆောင်ကြီး၏ အားမနာတတ်ပုံ၊ ပြတ်သားပုံပင်ဖြစ် သည်။ နိုင်ငံ လွတ်လပ်ရေး နှင့် ပတ်သက်လာလျှင် သခင်အောင်ဆန်းသည် မည်သူ့ကိုမှ အားမနာ။ မည်သူ့ကိုမှ ဂရု မစိုက်။ ရဲဝံ့စွာ ရင်ဆိုင်ခဲ့သူဖြစ်သည်။ သခင်အောင်ဆန်းသည် ဤဇဗ္ဗုမှာ မည်သူ နှင့်မှမတူနိုင်သော နိုင်ငံချစ် ခေါင်းဆောင်တစ်ဦး ဟု ကျွန်တော် ဆိုချင်ပါသည်။
သခင်အောင်ဆန်း သည် စားလည်းနိုင်ငံရေး၊ အိပ်လည်း နိုင်ငံရေး၊ နိုင်ငံရေးသာ အမိ၊ နိုင်ငံရေးသာ အဖ ဟု ခံယူပြီး၊ အားလုံးကို လျစ်လျူရှုခဲ့သူလည်းဖြစ်သည်။ ဒါကြောင့်လည်း ဆရာ"ဒဂုန်တာရာ" က "ရုပ်ပုံလွှာ" စာအုပ်တွင်ပါရှိသော "အောင်ဆန်း သို့မဟုတ် အရိုင်း"ဆောင်းပါးတွင် "သူ့တွင် နိုင်ငံရေး ဝိညာဉ် ကား ပြင်းထန်လှ၏။
နိုင်ငံရေးတစ်ခုတည်းသာ လုပ်သော လူတစ်ဦးဖြစ် သည်။ သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ။ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီးလူကောင်းမဟုတ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခု တည်း ကိုသာ လုပ်သော နိုင်ငံရေးသတ္တဝါဖြစ်၏။ ထို့ကြေင့် ကိစ္စမရှိ" ဟု ရေးသားထားသည်ကို တွေ့ရ ပါသည်။ သခင်အောင်ဆန်းသည် ဒို့ဗမာ့အစည်းအရုံးဝင်ဖြစ်သည့် အချိန်မှစ၍ ဇာတိမြေ နတ်မောက် သို့ မပြန်သလောက်ဖြစ်၍ သူ အလွန်ချစ်သော အမေ နှင့် အဆက် ပြတ်သလောက် ဖြစ်နေ ခဲ့သည်။
တစ်နေ့တော့... သူ့အမေ ရန်ကုန်ဆင်းလာပြီး ကြည့်မြင်တိုင် တွင် တည်းခိုနေစဉ် သခင်အောင်ဆန်း သည် "ဗိုလ်လက်ျာ" ကို ခေါ်ပြီး သူ့အမေ ထံ ရောက်လာသည်။ သူ့အမေ ကို လာတွေ့ခြင်းပင်ဖြစ် သည်။ သူ့အမေ က သနားကြင်နာစွာ နှင့် မေးခွန်းတွေ အမျိုးမျိုးမေးသည်။ သခင်အောင်ဆန်းသည် ခေါင်းငုံ့ပြီး မေးတာ ကို တိုတိုပြတ်ပြတ် ပဲ ဖြေသည်။ မိနစ် ၂၀ လောက်နေပြီး၊ သူ့အမေ ကို နှုတ်မဆက်ဘဲ ပြန်ခဲ့ သည်။ လမ်း တွင် စကားတစ်ခွန်းမှမပြောဘဲ သူ အလွန်ချစ်သောအမေအတွက် စိတ် မကောင်းဖြစ် နေရှာ သည်။
သူ့အမေ နတ်မောက်ပြန်တော့ ဘူတာရုံ လိုက်ပို့သည်။ သခင်အောင်ဆန်း သည် ဘာမှမပြောဘဲ ခေါင်းငုံ့ နေသည်။ မီးရထားထွက်စပြုသော ပလက်ဖောင်းပေါ်ထိုင်ချပြီး၊ ရထားပြတင်းပေါက်က ကြည့်နေသည့် သူ့အမေ ကို ရှိခိုးကန်တော့ လိုက်သည်။ အပြန်တွင် ဗိုလ်လက်ျာအား "ကျုပ် နိုင်ငံရေုးလုပ်တာကို အမေ က ဒါလောက် မကန့်ကွက်ပါဘူး။ ကျုပ် အေးတိအေးစက်နိုင်တာ၊ စာမရေး ဘာမရေး နဲ့ စိမ်းကားတာကို အမေ စိတ်မကောင်းဖြစ်နေပုံရတယ်။ အမေက သနားပါ တယ်"
ဟု ညည်းတွား ပြောရှာသည်။
သခင်အောင်ဆန်း သည် သူ့အမေကို အခြားညီအစ်ကို မောင်နှမတွေ ချစ်သည်ထက်ပို၍ ချစ်သလို သူ့အမေ ကလည်း သူ့ အငယ်ဆုံးသား အပေါ် အခြားသားသမီးများထက်စာလျှင် ပို၍ချစ်ခဲ့ရှာသည်။
ဗိုလ်ချုပ် သည် အမေချစ်သော သားတစ်ယောက်ပင်ဖြစ်သည်။ လူသားဆန်ဆန် အမေကို မြတ်နိုး တန်ဖိုး ထားသော၊ ဘာနဲ့မှ မလဲနိုင်သော သားတစ်ယောက်အဖြစ် ကျွန်တော်တို့တွေ့လိုက်ရပါတော့ သည်။
၁၉၄၅ ခု၊ မတ်လ၊ ၁၇ ရက် စနေနေ့တွင် ဗမာ့တပ်မတော်သားများသည် ယခု တော်လှန်ရေးပန်းခြုံ ပြုလုပ် ထားသော နေရာ ၌ တပ်ထွက်ပွဲအခမ်းအနားကို ကျင်းပကြလေသည်။
အင်္ဂလိပ်နှင့် အမေရိ ကန်တို့အား ရဲရင့်စွာချေမှုန်းကြမည့် ဗမာ့တပ်မတော်သားများအား အဓိပတိ" ဒေါက်တာဘမော်"နှင့် ဂျပန်စစ်ဘက်အရာရှိကြီးများက လာရောက်အားပေး နှုတ်ဆက်ကြသည်။ စစ်ထွက် ဗမာ့အောင်လံတော် ကို ဗိုလ်ချုပ်အောင်ဆန်းလက်သို့ ဒေါက်တာဗမော်နှင့် မေဂျာဂျင်နရယ် ဆကူးရိုင်း တို့က ပေး အပ်လေသည်။ ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းက ရဲဘော်တို့အား တပ်ထွက် မိန့်ခွန်းပြောကြား လေသည်။
ဗိုလ်ချုပ်အောင်ဆန်း၏တပ်ထွက် မိန့်ခွန်းသည် နာမည်ကျော် သမိုင်းဝင်မိန့်ခွန်းပင်ဖြစ်သည်။ တိုတို နှင့်လိုရင်းရောက်အောင် စကားပရိယာယ်ကြွယ်ဝစွာဖြင့် ဖက်ဆစ်ဂျပန်တို့အား လှည့်စားပြောဆို သွားပုံမှာ ရာဇဝင်မှာ စာတင်လောက်သည်။ ဖက်ဆစ်ဂျပန်တို့အား နားလှည့်ပါးရိုက်ခဲ့သော မတ်လ တော်လှန်ရေး သည် မြန်မာ့သမိင်းစာမျက်နှာတွင် သေနတ်သံများဖြင့် တုန်ခါမြည်ဟီးနေတော့ သည်။
ဖက်ဆစ်ဘီလူး တို့မှာ ဗိုလ်ချုပ်အောင်ဆန်း ဆင်ထားသောအကွက်ထဲသို့ လှလှပပကျရောက်ခဲ့၍ မတ်လ တော်လှန်ရေး တွင် ပြည်သူ့တို့အောင်ပွဲခံနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ရဲဘော်တို့ တိုက်ရမည့် ဖက်ဆစ် အရာရှိကြီးများရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြောသွားသော တပ်ထွက် မိန့်ခွန်းမှာ
"ရဲဘော်တို့
အကျယ်ချဲ့ပြီး ရှည်ရှည်မပြောချင်ဘူး။
အခု စစ်မြေပြင် ကို ထွက်ရမယ်၊ ဆင်းရဲမယ်၊ ငတ်မယ်၊
အခက်အခဲ တွေ နဲ့ ရင်ဆိုင်ရမယ်။
ဗမာပီပီ ဗမာ့သွေးကိုပြပါ။ အထက်ဗိုလ် များရဲ့ အမိန့်ကို နာခံကြပါ။
အထက်ဗိုလ် တွေ ကလည်း သာတူညီမျှ ရဲဘော် စိတ်ထားပါ။
ရဲဘော် တို့ကို ကတိပေးထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော် တို့နဲ့ အတူချီတက်မယ်။
ဗမာ့ရန်သူ ကို ချေမှုန်းကြ။
အနီးကပ်ဆုံး ရန်သူ ကို ရှာပြီး တိုက်ကြ။
ဒါပဲ"
လူထုပရိသတ်ကြီး၏လက်ခုပ်သံများ ဆူညံသွားသည်။ ထိုလက်ခုပ်သံများနှင့်အတူ "အရေးတော်ပုံ အောင်ပါစေ"ဟူသော ကြွေးကြော်သံများသည် ပဲ့တင်ထပ်မြည်ဟီးတုန်ခါနေတော့သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ဗမာ့တပ်မတော်သားများသည် တပ်ဖျောက်၍ ရန်ကုန်မြို့မှ အလျှိုလျှို ပျောက် သွားကြလေသည်။ ဖက်ဆစ်ဂျပန်တို့သည် မိမိတို့အား တိုက်ခိုက်ချေမှုန်းမည့် ရဲဘော် များအား နှုတ်ဆက် အားပေး ငေးမောကြည့်ရှု့ရင်း ကျန်ရစ်ခဲ့လေသည်။
ဆက်ရန်
.
No comments:
Post a Comment