ပြောပြောဆိုဆို နှင့် ပင် ကောင်းကျော်သည် လိပ်ဥ ထည့်ထားသော စောင်ပိုင်းကိုမပြီး လိပ်ဥကျင်း နှင့် ခြေလှမ်း သုံးလေးဆယ် ဝေး ပြေးသွား၏။ ထိုနေရာက အောင်တိုင်ကို သူ မတ်တတ်ရပ်ကြည့် နေသည်။
ကျင်းထဲ ကျန်သေးသော လိပ်ဥများကို အောင်တိုင်က ကမန်းကတန်း ကောင်သင်းလိုက်ကောက် ပြီး ကောင်းကျော် ရှိရာသို့ ထပြေးလာသည်။
“ဟေး ... ဟေး ... မပြေးနဲ့လေ၊ ထုံးစံအတိုင်း ဟင်းစားလေးဘာလေးတော့ ပေးခဲ့ပါဦး ကလေးတို့ရယ် ”
“ဟင် ... ဦးကြီးထော်လ ”
နောက် ရောက်လာသူ နှစ်ယောက်ထဲတွင် ဦးကြီးထော်လအသံကို ဦးဆုံးမှတ်မိလိုက်သော အောင်တိုင်က ပြေးရင်း လှမ်းပြော၏။
“ကြည့်စမ်း၊ ဘယ်သူ့ကလေးတွေလဲ အောက်မေ့တယ်၊တကယ့်ဆလုံတွေပဲ၊ ပေးပေးတို့ကို ဟင်းစား ပေးခဲ့ဦး၊ ငါတို့ရှာတာ သန်းခေါင်တိုင်တော့မယ်၊ လိပ်မပြောနဲ့ လိပ်ချေးတောင် မရသေးဘူး၊ နင်တို့တော့ တကယ့် အာဂအကောင်တွေပဲ”
ဦးထော်လ နှင့် အဖော်လိုက်လာသူ မြိတ်သား ကိုအီရှိန်ကလည်း အောင်တိုင် နှင့် ကောင်းကျော်တို့ ကို ချီးမွမ်း စကား ဆို၍ ဟင်းစား လိပ်ဥတောင်း၏။
“ရပါတယ်ဗျာ ရပါတယ်“ဟု တမင်မြိတ်သားလုပ်သံနှင့်ပြောကာ ကောင်းကျော်က ဦးထော်လနှင့် ကိုအီရှိန် တို့ကို ဟင်းစား လိပ်ဥဆယ်လုံး စီပေးလိုက်၏။
“ကဲ... မင်းတို့ လိပ်တမလည်း ရပြီ၊ သန်းခေါင်တိုင်တော့မယ်၊ ရွာပြန်ကြတော့၊ ပင်လယ်နား လိပ်ဥ ရှာသွားတယ် ဆိုတာ လူကြီးတွေကိုကော ပြောထားခဲ့ကြရဲ့လား“ ဟု ဦးထော်လ၏အမေးကို ဟုတ်ကဲ့ဟု ကောင်းကျော် က အလျင်စလိုပြောလိုက်၏။
ဦးထော်လ နှင့် ကိုအီရှိန်တို့သည် လိပ်ဥရှာရန် ငှက်ရဲကျောက်ဆောင်ဘက်ထွက်သွားကြ၏။ ပြန်ကြနော် ကလေး တို့ ဟုလည်းထပ်၍ အော်ပြောသွားကြသေး၏။ လိပ်ဥရထား၍ ပျော်နေကြသောသူတို့လည်း မြိတ်သား လုပ်သံကြီး နှင့် ဟုတ်ကဲ့ ကျွန်တော်တို့ပြန်ပါပြီဟု ပြန်အော်ပြောကြ၏။
“အောင်တိုင်... ငါပြောဖို့မေ့သွားတယ်၊ မင်းကျင်းစောင့်တော့ ထားခဲ့တယ်နော်“ ဟု ပြန်လာကြရင်း လမ်းမှာ ကောင်းကျော် က သူ့ကိုမေးပြန်၏။
“ဘာကျင်းစောင့်လဲကွ“
“ဒီကောင်လူတတ်လုပ်ပြန်ပြီ“ ဟူသော မာနနှင့် အောင်တိုင်က ဘုတောပစ်လိုက်၏။ ကောင်းကျော် ကလည်း ရိပ်မိသွားပုံရ၏။
“လိပ်ကျင်းထဲမှာ ကျင်းစောင့်အဖြစ် လိပ်ဥ လေးငါးလုံးထားခဲ့ရဲ့လားလို့မေးတာပါကွာ၊ ကမန်းကတန်း ဆိုတော့ မင်းမေ့မှာ စိုးလို့ပါ“
ကောင်းကျော်စကားကို အောင်တိုင်တွေဝေသွား၏။ ပြောတုန်းကတော့ သူကပဲ ဟိုလူတွေ ဒီနား မရောက်ခင် ရသမျှကျုးံယူလာခဲ့ဟု ပြော၏။ ယခုကောင်းကျော်စကားက တစ်မျိုးပြော ပြန်၏။ သို့သော် မထားမိ ပါလားဟုပြောလျှင် ဘယ်လို လိပ်ဥပဒေသတွေ ရွတ်ပြဦးမယ်မသိ ဟူသော ခပ်ချဉ်ချဉ်စိတ်နှင့် “ သြော် ဒါလား၊ ထားခဲ့ပါတယ်ကွ၊ ငါလည်း ဒီလောက်တော့ ကြားဖူးနားဝရှိပါတယ်“ ဟု ခပ်တည်တည် ပြန်ပြော လိုက်ရ၏။
“အေးပါကွာ၊ မင်းထားခဲ့ရင်လည်း ပြီးတာပါပဲ“ဟု ကောင်းကျော်က လုံးဝမာနသံကင်းစွာနှင့် ဆိုလေသည်။
အမှန်တကယ်မှာ လိပ်ဥကျင်းထဲ၌ ကျင်းစောင့်အဖြစ် လိပ်ဥလေးငါးလုံး ဘာကြောင့် ချန်ထားခဲ့ရမည် ဆိုသည် ကို အောင်တိုင် လုံးဝမသိ။ ကျင်းစောင့်မချန်ထားခဲ့လျှင်ဟူသော အကျိုးအပြစ်ကိုလည်း သူ မစဉ်းစား၊ သူ့မှာလိပ်ဥရှာရန် ဤတစ်ခါသာ ပင်လယ်နား ရောက်ဖူးသဖြင့် နားလည်းမလည်။
ဘာပဲဖြစ်ဖြစ် ဦးဆုံးလိပ်ဥရှာထွက်ဖူးသော ည၌ပင် လိပ်ဥတစ်ကောင် တစ်ရာနီးပါး ရမည်ဟု စိတ်မှန်းကာ ရွာပြန်လမ်း ၌ အောင်တိုင်ခြေ မြေမကျသလိုဖြစ်လာလေ၏။
ရေနံဆီမီးခွက်ရှေ့စာအုပ်ကြီးချ၍ အိပ်ငိုက်နေသော မိဇံကို မြင်ရသောအခါ အောင်တိုင် အံ့သြသွားသည်။ ဟင်.... နင်ခုထိမအိပ်သေးဘူးဟု ကောင်းကျော်ကလည်း အံ့အားသင့်စွာ ဆို၏။
မိဇံ က လန့်ပြီးကိုယ်ကို တွန့်ခါလိုက်၏။ မျက်လုံးကို တစ်ချက်ပွတ်ကာဝါးခနဲ သမ်းလိုက်၏။ သူတို့ နှစ်ယောက် ကို ငေးကြည့်သည်။
“အမေ အမေ့သမီး လာကြည့်ပါဦးဗျ၊ ရေနံဆီမီးခွက်ထွန်းပြီး အိပ်နေတယ်“
“စာကျက် နေတာပါအမေ“ ဟုမိဇံကပြန်ပြောသည်။
သူ့အမေ ဒေါ်အဗီ ထွက်လာ၏။
“သမီးစာကျက်နေလား၊ အေးကောင်းတယ်၊ ကောင်းတယ်၊ အမေတို့က စာမတတ်တော့ သားတို့ သမီးတို့ စာတတ်မှ ဖြစ်မယ်၊ ညီမလေး စာကျက်နေတာ ကောင်းတာပေါ့သား ရယ်“ ဟုမိဇံအမေက ကောင်းကျော် ကိုပါပြော၏။
“ဒီကောင်မလေး တော့ ဘုန်းကြီး မြှောက်ပေးတာနဲ့ မျက်စိကန်းတော့မှာပဲ“
လိပ်ဥရလာသော ကောင်းကျော်က လူကြီးသူမထံ သြဇာအပြည့်နှင့်ပြော၏။ မိဇံက ဘယ်အချိန် ရှိသေးလို့လဲဟုဆိုသည်။ သန်းခေါင်တိုင်တော့မယ်ဟ ဟုကောင်းကျော် ကအော်ပြောလိုက်၏။
သူတို့ မောင်နှမအကြား ဘာစကားမှ ဝင်မပြောဘဲ အောင်တိုင် ငြိမ်နေသည်။
“နင်တို့ကော ဘယ်ကပြန်လာကြလဲ“
“ကျွန်တော်တို့ ပင်လယ်နားလိပ်ဥသွားရှာကြတယ်အမေ၊ လိပ်တမရခဲ့တယ်ဗျ“
ကောင်းကျော်သည် လိပ်ဥထုပ်ကို မိဇံရှေ့မီးခွက်နားသွားချ၏။
“နင် အိပ်ပျက်ခံပြီးစာကျက်တာ ဘာရလဲ၊ ငါတို့လိပ်ဥရလာတယ်တွေ့လား၊ စာတတ်လည်း မယား တစ်ယောက်၊ စာမတတ် လဲ မယားတစ်ယောက်ပါဟာ၊ တို့တော့ စာ စိတ်မဝင်စား ဘူး“
“အမယ် စာတတ်ရင် မယားနှစ်ယောက် ရနိုင်ပါတယ်နော်၊ ခု မေသူတို့အဖေတောင် မယားအသစ် တစ်ယောက် ယူလိုက်ပြီတဲ့၊ ဒီရွာမှာမေသူတို့ အဖေကို စာအတတ်ဆုံး အလည်ဆုံးလို့ ပြောကြတာပဲ“
မိဇံက အောင်တိုင်ဘက်သို့ မသိမသာ လှည့်ကြည့်၍ ပြော၏။
“သြော်...ခု နင်မအိပ်ဘဲ စာကျက်နေတာ လင်နှစ်ယောက်လိုချင်လို့ပေါ့“
ကောင်းကျော်၏အပြောကို အောင်တိုင် အတော်ဝမ်းသာသွားသည်။ ကဲ မှတ်ထားဟူသော သဘောအဖြင့်လည်း မိဇံကို ဖျတ်ခနဲ လှည့်ကြည့်ပစ်လိုက်၏။
မိဇံတို့အမေကလည်း သူ့သားစကား သဘောကျ၍ ရယ်နေသည်။ မိဇံက သူ့အနားတွင် ရှိသော သူ့အမေ အားကိုး နှင့် ဟုတ်တယ်ဟု တမင်ရွဲ့ပြော၏။
“ငါ ပါးရိုက်လိုက်လို့ ဗီဗီမ“
ကောင်းကျော်က သူ့ညီမကိုဆဲသည်။ မိဇံက ရယ်နေ၏။
သူ မကြားမိသေး။ မေသူ့အဖေ မယားအသစ်ယူထားသည် ဟူသောစောစောက မိဇံစကားကို သူစိတ်ဝင်စားမိသည်။ သူတို့မောင်နှမ စကားများနေကြသဖြင့် ယခုမှမေးရ၏။
“တကယ်လား မိဇံ၊ နင်ဘယ်တုန်းက ကြား... “
“လေးငါးရက်တောင်ရှိ... “
မင်းတကယ် မကြားသေးဘူးဟု သူ့ညီမနှင့် သူကြားစကားအတင်းဝင်ပြောသော ကောင်းကျော် ကို အောင်တိုင် စိတ်ဆိုးသွားသည်။ ခွေးကောင် သူ့ညီမနဲ့ ငါနဲ့ စကားပြောတာပဲ မနာလိုသလို အတင်းစကား ဝင်ပြောတယ်၊ မင်းစကားကဒါပဲ မဟုတ် လား၊ မိဇံပြောရင် ငါက ပြည့်ပြည့်စုံစုံသိရမှာ ခုတော့ မင်းဝင်ပြောတာနဲ့ သွားပြီဟု အောင်တိုင် စိတ်ထဲက ကောင်းကျော်ကို ကျိန်ဆဲနေ၏။ ကောင်းကျော် အမေ ကတော့ မေသူ တို့ အဖေ တရုတ်ကြီးမယားယူသည်ကို စိတ်ဝင်စားပုံမရ။ လိပ်ဥထုပ်ကိုသာ ဖြေနေ၏။
“အညီအမျှ တစ်ယောက်တစ်ဝက်ခွဲရမယ်အမေ“
ကောင်းကျော် သူ့အမေကို ပြော၏။
မေသူအဖေ တရုတ်ကြီး မယားအသစ် ယူထားသည်ကို စိတ်ဝင်စားနေကြသော မိဇံနှင့် အောင်တိုင်တို့သည် တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ကာ စကားမဆက်နိုင်ဖြစ် နေကြ၏။
“ကဲ ဒီမှာကြည့်နော် အောင်တိုင်ငါတို့ အပိုမယူပါဘူးကွ“
လိပ်ဥ ကို စိတ်ဝင်စားရ ကောင်းလားဟု ကောင်းကျော်က တမင်အသံကို မြှင့်ပြော၏။
“မင်းတို့က အိမ်သားများတာပဲ၊ များများယူထားလိုက်၊ ငါ့ကို သုံးပုံတစ်ပုံပဲပေး၊ ငါတို့က သုံးယောက် တည်း ရယ်“
“ဟဲ...ဟဲ...နင်က လိပ်ဥနဲ့ မျက်နှာလုပ်မလို့လားအောင်တိုင်၊ လိပ်ဥတင်မရဘူနော်၊ နင့်ကို ငါ ဘာပြော ထားလဲ၊ စက်လှေပျက်မှာ ပစ္စည်းရှာတဲ့ည ကလေ“
ဒေါ်အဗီ စကားကို အောင်တိုင်စိတ်လည်းဆိုး၊ ရှက်လည်းရှက်ဖြစ်မိသွားသည်။ မိဇံနှင့် ကောင်းကျော်တို့၏ မျက်နှာ ကိုပင် မကြည့်ရဲတော့။ ခေါင်းငုံ့မိ၏။ စိတ်ထဲက မူးပေမယ့် ခင်ဗျားသမီးလိုချင်လို့ သေတ္တာကြီးကြီး နှစ်လုံး အားကြီး ရမယ်စောင့်နေဟု ပြောနေမိ၏။
“အမယ်လေး...ဆန်ကြမ်းကများ စေးနေလိုက်တာ၊ မျက်နှာမော့ပါဦးဟဲ့။ ငါအလကား ကျီးစားတာပါ။ ဟိုဘက်ကမ်းမှာ ရေနံရှာတဲ့ လူတွေရောက်နေလို့ခု လိပ်ဥ၊ သိပ်ရောင်း ကောင်းနေတာတဲ့၊ ယူသာသွား နင်တို့စားမကုန်ရင် ဟိုဘက်ကမ်း သွားရောင်းပေါ့၊ ပသျှူးဘောင်းဘီ တစ်ထည်ရလည်း နည်းလားရော့ ယူသွား“
သည်ဆလုံမကြီး ပါးစပ်ကို မေသူတို့အဖေ တရုတ်ကြီးပြောသော သွားတိုက်ဆေးနဲ့ပဲ တိုက်ပစ်ဖို့ ကောင်းတယ် ဟု တွေးတောနေသော အောင်တိုင်သည် နောက်ထပ် ဘာမှပြန်မပြောတော့ဘဲ သူပေးသော လိပ်ဥထုပ် ကိုသာ ကောက်ယူလိုက်၏။ သွားမယ်ဟုပင် နှုတ်မဆက်တော့ဘဲ အိပ်ပေါ်က ဆင်း၏။ ကောင်းကျော် လည်း ဆင်းလိုက် လာ၏။
“တို့မနက်ဖြန်စောစောသွားရအောင်၊ ညနေထမင်းစားပြီးတာနဲ့ လာခဲ့ကွနော်၊ ငါအိမ်က စောင့်နေမယ်“
“အေး...အေး“ ဟု ပါးစပ်ကပြောလိုက်သော်လည်း စိတ်ထဲကမူ “မလာတော့ဘူး၊ ငါ့ဘာသာ ငါတစ်ယောက် တည်းလည်း သွားတတ်နေပြီ၊ မင်းအမေပါးစပ်ပုပ်ကြီးနဲ့ ငါနဲ့မဖြစ်ဘူး“ ဟု ပြောလာ၏။
အိမ်ပေါ် သို့ ပြေးတက်လာ၏။ အမေအိပ်နေသည်။
“အမေ အမေ ထဗျ ကျွန်တော်လိပ်ဥတွေ အများကြီးရလာတယ်“
သူ့အမေကို အတင်းလှုပ်နှိုး၏။ သူ့အမေက ရုတ်တရက် မနိုး၊ အင်းအဲလုပ်နေ၏။ အမေ အမေဟု အောင်တိုင် က ထပ်ခေါ်သည်။
“ဘာလဲဟဲ့၊ ငါ့နှယ် ဒုက္ခပဲ“
သူ့အမေ လူးလွန့်၍ မေး၏။
“ကျွန်တော် လိပ်ဥတွေ အများကြီးရလာတယ်“
“ဟင်...နင်ဘယ်က ရလာတာလဲ လိပ်ဥတွေ“
သူ့အမေက လဲလျောင်းလျက်မေး၏ “ပင်လယ်ကပေါ့ဗျ“ ဟုအောင်တိုင်က မကျေမနပ်နှင့် ပြောလိုက်၏။
“ဘယ်သူနဲ့ သွားလဲ၊ နင်ပင်လယ်ဘက်ကို“
“ကောင်းကျော် နဲ့ဗျ“
ထ၍ပင်မကြည့်သော သူ့အမေကို အောင်တိုင် စိတ်တိုလာ၏။
“ဘယ်က ကောင်းကျော်လဲ“
လုံးဝ မထသေးဘဲမေး၏။ မျက်စိပင်ဖွင့်မကြည့်ဟု အောင်တိုင်ထင်၏။
“ဘယ်က ကောင်းကျော်ရမလဲ၊ ကမ်းကြီးသတ်ဘက်က ဦးဂျလား သားကို ပြောတာဗျ၊ သူနဲ့လိုက်သွားတာ“
“အမယ် သမီးယောက်ဖတွေ တယ်အလွမ်းသင့်နေကြပါလား...၊ နင့်ယောက္ခကြီးက နင့်ကို ဘာပြော လိုက်လဲ“
လုံးဝအိပ်ရာ က မထသေးဘဲ အေးတိအေးစက်နှင့် ပြောနေသော အမေ့ကို အောင်တိုင် အားမလိုအားမရ ဖြစ်နေ၏။ သူ့အရွယ်နှင့် လိပ်ဥတွေအများကြီး ရလာသည်ကို ထ၍ပင်မကြည့်။ ဝမ်းနည်းသွား၏။ အဖေ သာရှိလျှင် ငါ့သားသိပ်တော်တာပဲ၊ အာဂအ ကောင်ပဲဟု ချီးကျူးမည်မှာ မုချ။ ခုတော့ အမေပြောနေတာက မျက်လုံးပင် မဖွင့်။
လိပ်ဥရလာသည်ကို ချီးကျူးစကားပြောမည့်အစား ဒေါ်အဗီနှင့် မိဇံတို့ဘက်သာ စကားလှည့်သွား၏။ သူတို့ အကြောင်းကျတော့ အမေသိပ်ပြောချင်ဒါလောက်တောင် ဖြစ်လှတာဟူသော စိတ်ပေါက်ပေါက်နှင့် လိပ်ဥထုပ် ကို အမေ့မျက်နှာပေါ် သွားတင်၏။
“ဟဲ့...ဒါဘာလဲ...အမလေး ပလုတ်တုပ်“ ဟု လန့်အောင်ကာ ထထိုင်သည်။
“လိပ်ဥပါဆို အမေကလည်း လန့်စရာလားဗျ“
ရယ်ချင်သော်လည်း သူ့အမေ ရိပ်မိမှာစိုး၍ အံကြိတ်ထား၏။
“ခွေးတိရစ္ဆာန်လေး၊ လိပ်ဥများ မျက်နှာပေါ်လာတင်ရလားဟဲ့၊ ငါမပြောလိုက်ချင်ဘူး“
“အမေကမှ ထမကြည့်တာ“
“အမယ် ရွှေရလာတာကျနေတာပဲ၊ နင့်လိပ်ဥက ဘာတန်ဖိုးရှိလို့လဲ၊ တို့ငယ်ငယ်က လိပ်ဥကို ဘယ်သူမှ အိပ်ရေးပျက် ခံပြီး တကူးတက မရှာဘူး၊ လိပ်တွေက အိမ်အောက်တောင် တက်ဥတာ“
“အမေ ဘာသိလဲ၊ ဒေါ်အဗီ ကတောင် မှာလိုက်တယ်ဗျ“
“ဟင်...အဗီက ဘာမှာလိုက်လဲ“
အမှောင်ထဲက အမေ့မျက်လုံးကို အောင်တိုင်စိုက်ကြည့်လိုက်၏။ ချက်ချင်းအရောင်ထွက် လာသည်။
“ဟိုဘက်ကမ်း မှာ သွားရောင်းရင် ပိုက်ဆံအများကြီးရတယ်တဲ့“
“ဝယ်ကြပါလိမ့်မယ်၊ နင့်လိပ်ဥ ကို အားကြီးကြီး၊ သမက်လျာကို ပညာစမ်းလွှတ်လိုက်တာ နေမှာပေါ့“
“အမေ တို့ ဆလုံတွေ ပသျှူးတွေ မဝယ်ပေမယ့် ရေနံရှာဖို့ ရောက်နေတဲ့ ဗမာတွေအားကြီးဝယ်တဲ့၊ ပသျှူးဘောင်းဘီ တစ်ထည်ကောင်းကောင်းရမယ် လို့ ဒေါ်အဗီ က ပြောလိုက်တယ်“
“မိဇံ ကကော ဘာပြောလိုက်လဲ“
“မသိဘူးဗျာ“
“ခွေးသား“
အမေပြန်လှည့်သွား၏
“အမေ... “
“ဟဲ့...ဘာလဲဟ ငါအိပ်ချင်တယ်“
“မိဇံကလေ... “
“အေး...မိဇံက နင့်ကို ဘာပြောလဲ“
အမေပြန်ထထိုင်လိုက်ုသည်။
“မိဇံကတော့ ဘာမှ မပြောပါဘူး၊ ဒေါ်အဗီ ကျွန်တော့်ကို သေတ္တာကြီး နှစ်လုံးရှာပေးရမယ်တဲ့၊ ဟိုတစ်ခါ စက်လှေပျက်က ပစ္စည်းတွေ ရှာတုန်းကပြောတာလေ။ အမေမှတ်မိလား“
“အင်း“ ဟုဆို၍ စိတ်မဝင်စားသလို ပြန်လှဲသွားပြန်၏။
“အမေ့“
“ဟဲ့...အောင်တိုင် နင်ဘယ်လို ဖြစ်နေလဲ“
“အမေကလည်းဗျာ၊ ဒီလိပ်ဥတွေ ဘယ်မှာ ထားမှာလဲလို့ မေးတာပါဗျ“
“ဒီလောက် အိမ်အကျယ်ကြီး ဒီလိပ်ဥထားစရာ နင်ရှာမတွေ့ဘူးလား“
အောင်တိုင်စိတ်ဆိုးဆိုးနှင့် မီးဖိုဆောင်ဘက် လှမ်းပစ်လိုက်၏။
“ခွေးတိရစ္ဆာန် လိပ်ဥတွေကွဲလို့ ငါ့မီးဖိုဆောင် ညှီနံကုန်ရင် မနက်ဖြန် နင်နဲ့ငါနဲ့တွေ့မယ်၊ အဝဇာတသား“
“တွေ့တွေ့ဟု တိုးတိုးပြောကာ အောင်တိုင် သူ့အဖေအိပ်ရာဘက်ထလာ၏။
“အဒေါ်နိုင်း၊ အဒေါ်နိုင်း“ ဟု မိဇံခေါ်သံကို အိမ်ရှေ့က ကြားရသည်။ အောင်တိုင် တုပ်တုပ်ပင်မလှုပ်၊ မျက်လုံးကို စုံမှိတ်၍ ငြိမ်နေ၏။ မိဇံကထပ်ခေါ်ပြန်သည်။
“အဒေါ်နိုင်း“
“အဒေါ်နိုင်း“
“ဟဲ့...ဇံဇံလေးပါလား၊ လာသမီး“ ဟု အမေထမင်းချက်နေရာက လှမ်းပြော၏။ မိဇံက ကြမ်းခင်းပြင်ကို နင်းတက်လာ၏။ အောင်တိုင် တစ်ကိုယ်လုံး သိမ့်သိမ့်လှုပ်သွားသည်။ ဒီကောင်မလေး သူအိပ်နေတာ မြင်၍ တမင်ကြမ်းကို လှုပ်နင်းသွားမှန်း အောင်တိုင်သိ၏။ အသက်ကို မှန်မှန် ရှူကာ ငြိမ်နေ၏။ မိဇံသည် အမေရှိရာ မီးဖိုဆောင်အမေရှိရာ စွတ်ရွတ်ဝင်သွား၏။ ပါးစပ်ကလည်း အစ်ကို အောင်တိုင်တို့များ နေထွက် နေပြီ အပျင်းကြီးလိုက်တာဟု ဆို သွားသည်။ မိဇံစကားကို လှမ်းကြားသော အမေက...
“ညက သန်းခေါင်တိုင်မှ လိပ်ဥတစ်ထုပ်နဲ့ရောက်လာတာလေ၊ သမီးယောက်ဖတွေ လိပ်ဥသွားရှာ ကြတယ် ဆို၊ မသိဘူးလား“
“ကျွန်မ စာကျက်နေတုန်း သူတို့ရောက်လာကြတာလေ“
“ဟင်... အဲဒီအချိန်တောင် စာကျက်တယ်“
အသံမကြားရခေါင်းညိတ်ပြပုံရ၏။
“ငါ့ ချွေးမက သိပ်စာတော်တယ်ဆိုတာ အဒေါ်ကြားပါတယ်“
“သူများလို ဟိုဘက်ကမ်းသွားပြီး စာသင်လို့လဲ ဇံဇံရယ်“
“ဘယ်သူ ရှိရမှာလဲ၊ အစ်ကိုအောင်တိုင် အဆက်ကြီး မေသူပေါ့ အဒေါ်နိုင်းရယ်၊ တရုတ်ကြီး ဦးအလျောင် သမီးလေ“
အမေ့ရယ်သံက ဆူညံသွားသည်။
“စက်လှေပျက်ကတည်းက ဦးအလျောင်တော်တော် ချမ်းသာသွားတာဟ၊ ထားနိုင်တာပေါ့၊ ခု ဟိုဘက်ကမ်း က ပသျှူးမကလေး ငယ်ငယ်ယူထားတာသာကြည့်တော့ ဇံဇံရေ“
“အင်နော်...ဟုတ်ပါရဲ့၊ အဲဒါကြောင့် မေသူကို ဟိုဘက်ကမ်းကို ကျောင်းသွားထားတာနဲ့ တူတယ်နော်“
“တရုတ်ကြီးထားပေးတာ မဟုတ်ပါဘူးဟယ်၊ သူတို့အိမ်နားက မောင်ထွန်းသောင် ထားပေးတယ်လိုလို ငါကြား ပါတယ်။ အဲဒီမြိတ်သားက ကလေးတွေတော်တော်ချစ်တတ်ပုံ ရတယ် ။ ဒီကအကောင်ဆို သူ့အိမ်တစ်နေ့ တစ်ခေါက်မရောက်ရင် မနေနိုင်သလောက်ပဲ။ တစ်ခုခုရလာရင် အစ်ကိုကြီးထွန်းသောင် သွားပြ လိုက်ဦးမယ် နဲ့၊ တစ်နေ့ကတောင် လိပ်ခွံတစ်ခု ရလာတာ သွားပြမယ်ဆိုလို့ ငါအမြင်ကတ်ကတ်နဲ့ ပြော လိုက်တယ်၊ ထွန်းသောင် သွားပြဦးမယ်၊ ထွန်းသောင်က နင့်အဖေမဟုတ်ဘူး ၊ နင့်အဖေက အောင်သိုက် လို့“ ရယ်သံကြားသည်။
“ဟုတ်တယ်လေဟာ၊ တစ်ဆိတ်ရှိသူ့မှာ အစ်ကိုကြီး၊ အစ်ကိုကြီးနဲ့ ငါစိတ်ပေါက်လာတယ်၊ သူ့ကို စိတ်ပေါက်တာမဟုတ်ပါဘူး၊ အိမ်ကအကောင်ကိုပါ၊ သူကတော့ တို့ကျေးဇူးရှိပါ တယ်။ သူ့အဖေ မြစ်ကောက် ဘက်က ယူလာတဲ့ ကနုကမာခွံတွေ တစ်ခွံဆယ်ပြားနဲ့ အကုန်ယူသွားတာ၊ တို့ပိုက်ဆံ သုံးဆယ် တောင် ရလိုက်တယ်၊ အလကား လွှင့်ပစ်ထားတဲ့ အခွံဆိုးတွေ သူရောက်လာမှ ပိုက်ဆံတန်မှန်း သိလာကြတာလေ၊ ကျေးဇူးတော့ တင်စရာပဲ“
“ဟုတ်တယ် အဒေါ်နိုင်း ၊ တစ်နေ့က အစ်ကို ဂေါလာ လိပ်ခွံတစ်ခွံသွားရောင်းတာတော့ ပိုက်ဆံမရခဲ့ဘူး။ သူဝယ်တာက အဲဒီဆောင်ရမ်းလိပ်ခွံမဟုတ်ဘူး။ကြက်တူးရွေးလိပ် တစ်မျိုးပဲလို့ ပြောတယ်တဲ့၊ အစ်ကိုကြီး က အိမ်ရောက်တော့ပြောတယ်၊ ဒီမြိတ်သား လူလည်က ပိုက်ဆံမပေးဘဲ အလကားလိုချင်လို့ တမင် ပြောတာလား မသိဘူးတဲ့၊ သိမ်းထားရဦးမယ်လို့ပြောတယ်“
“ဟုတ်ချင် လည်း ဟုတ်မယ်ဟဲ့၊ သူဒီလိုတော့ မပြောတန်ကောင်းပါဘူးထင်တာပဲ၊ ကနုကမာခွံတွေလည်း အခွံ တိုင်းတော့ မယူဘူးလို့ ပြောတယ်သူမယူတဲ့ အခွံတွေ ထုံးဖုတ်တာကလွဲရင် ဘာမှ အသုံးမကျ တော့ဘူး ပြောတယ်“
“ခရုခွံပေါင်းခွံတွေလည်း ဝယ်တယ်ဆို အဒေါ်နိုင်း“
“ဟုတ်တယ်တဲ့“
“ဇံဇံ ပင်လယ်နားကကောက်ထားတဲ့ ခရုခွံပေါင်းခွံတွေ အများကြီးရှိတယ်၊ သွားရောင်းရဦးမယ်“
“သွားရောင်းပေါ့ကွယ်၊ တစ်မတ်ငါးမူးရလည်းနည်းလား၊ နင်တို့ကမ်းကြီးသတ်ဘက် အခွံတွေပေါပါတယ်။ သွားရင်းလာရင်းတွေ့လည်းကောက်စုထား၊ နမော်နမဲ့မနေနဲ့၊ ကိုယ်ကမိန်းကလေး၊ ဆံညှပ်တစ်ခု ဆံထိုး တစ်ခု စာ ရလည်း နည်းလား၊ မိန်းစကလေးဆို တာ... “
အောင်တိုင်သူ့အမေကို စိတ်ဆိုးလာပြီ။ အလကားစကားရှည်နေတယ်။ သူနှင့်ကျတော့ ဆယ်ခွန်းပြည့်အောင်မပြောချင်။ ဒီကောင်မလေးကျတော့ လူလိုသူလို အဖက်လုပ်ပြီး စကားဧည့်ခံနေလိုက်တာ မပြီးတော့ဘူးဟု နားထောင်ရင်း စိတ်တိုလာ၏။
အိပ်ရာကထချင်လာ၏။ အိပ်မပျော်ဘဲ လှဲနေရသဖြင့် ကျောပူလာပြီ၊ အနေလည်းကျုံ့ လာပြီ၊ ထချင်သော်လည်း မိဇံရှိသဖြင့် မထရဲသေး၊ သူ့အမေပြောသလို အစ်ကိုကြီး ကိုထွန်သောင်အိမ်သို့လည်း သွားချင်၏။ တစ်နေ့က ဘုန်းကြီးကျောင်းအသွား လမ်း၌ တွေ့၍ အစ်ကိုကြီးက “ငါ့လှေမှာ တပ်ဖို့ စက်တစ်လုံး ဝယ်လာတယ်၊ မင်းလာကြည့်ဦးကွာ၊ တို့စက်တပ်ပြီးရင် စက်တပ်လှေနဲ့ အတွင်း ကျွန်းအပြင်ကျွန်းတွေပါ အခွံရှာသွားရ အောင်“ ဟုပြောလိုက်၏။ ထို့ကြောင့် သူဒီကနေ့ အစ်ကိုကြီးဆီ သွားမယ်လို့ မှန်းထားကာမှ မိဇံကလဲ တော်တော်နဲ့မပြန်နိုင်။ မိဇံနဲသူဆုံလျှင် အမေက အမြဲပေးစားစ ကားချည်း ဆိုတတ်သဖြင့် သူသည်းညည်းခံနေရသည်။
မိဇံကို သူမကြိုက်၊ သူကြိုက် နေသည်သ မေသူ။ မေသူကို သူလုံးဝမတွေ့ရတာ လေးငါးလရှိသွားပြီ၊ ဟိုဘက်ကမ်း မှာ ကျောင်းသွားနေသည်ဆိုကတည်းက တစ်ခေါက်မှ ပြန်လာတာမတွေ့။ သူ့အဖေ မယားအသစ်ယူထားကာ ရှက်နေ၍လားဟု အောင်တိုင်တွေးမိသည်။ သူ့အဖေ မယားအသစ်ကိုတော့ အောင်တိုင်တစ်ခါ နှစ်ခါမြင်ဖူးထားပြီး၊ ရုပ်ကအဆိုးကြီးတော့ မဟုတ်။ ညို၍ကြည့်ပျော်ရှုပျော်ရှိသည်။ အစ်ကိုကြီးအိမ်သွားရင်း မေသူတို့အိမ်ရှေကအ ရောက် မှာ မေသူကို တွေ့လိုမြင်လိုစိတ်နှင့် လှမ်းကြည့်တိုင်း သူ့ကိုသာမြင်ရ၏။ တရုတ်ကြီးက သူ့ကိုဈေးဆိုင်လေး ရောင်းခိုင်းထားသည်။ ဟိုတုန်းက ဈေးဆိုင်မရှိပေ။ သူတို့ရွာတွင် ယခုတော့ မေသူအဖေ ဈေးဆိုင်ရှိနေပြီ။ ဘာလိုလို ဟိုဘက်ကမ်းသွားဝယ် ရန်မလိုတော့။ မေသူတို့အဖေ ဈေးဆိုင်တွင် အပ်၊ အပ်ချည်လုံးကအစ ဗြုတ်စဗြင်းတောင်း စုံစီနဖာ အကုန်ရောင်းသည်။ တစ်လောက အိမ်ရှေ့တန်းပေါ်တွင် အစ်ကိုကြီး ဝတ်သော ဘောင်းဘီမျိုးတွေတောင် တင်ထားတာ တွေ့ရ၏။
စက်လှေပျက်စီက အဝတ်တွေရပြီးကတည်းကပင် လူတွေအဝတ်အဆင်ပြောင်းကုန် ကြသည်။ မိဇံအစ်ကို ဂေါလာတို့လို ကာလသားများ ပသျှူးဘောင်းဘီပွပွကြီးတွေ မဝတ်ကြတော့။ အစ်ကိုကြီးဘောင်းဘီမျိုးတွေ ဝတ်လာကြသည်။ အခွံတွေ၊ ငါးမန်းယပ် တွေ၊ ကမာကောင်တွေ အရှင်တွေရောင်း၍ ပိုက်ဆံရကြသဖြင့် လူပျိုကာလာသားတွေက ရွပိုးထိုးနေကြသည်။ ညနေကျလျှင် ဘောင်းဘီ၊ အကျီင်္အသစ်အဆန်းတွေနှင့် အစ်ကိုကြီးအိမ်တွင် စုလျှင်စု၊ ဒါမမဟုတ်လျှင် ဓာတ်အိုးရှိသော ဦးအောင်စိန်အိမ်တွင် စုကြသည်။ ဓာတ်အိုးထဲက ဆိုပြသော သီချင်းတွေကို ရွာရိုးကိုးပေါက် အော်ဆို၍ ပျော်နေကြ၏။
အောင်တိုင်တွေးပျက်ကာ ကိုယ်ကိုရွှေ့လိုက်၏။ အိမ်ရှေ့ကဝင်လာသော နေရောင်သည် သူ့ကျောကို လောင်နေလေပြီ။ မထ၍မရတော့၊ သူထလိုက်ရတော့၏။ မျက်လုံးဖွင့်လိုက် သည်နှင့် မိဇံမျက်လုံးနှင့် တန်းတိုး၏။
“နင်ဘာလာလုပ်လဲ“ ဟု စိတ်ပေါက်ပေါက်နှင့် ခပ်တည်တည်လှမ်းမေးလိုက်၏။ မိဇံကနုတ်ဟဖို့မရ၊ အမေ့ပါးစပ်ကအရင်ပွင့်သည်။
“ကိစ္စရှိမှလာရမှာလား၊ ကိုယ့်ယောက္ခမအိမ်ကိုယ်လာတာ ဘာဖြစ်လဲ ပြောလိုက်စမ်း ဟယ်“ ဟုဆိုသည်။
အမေတို့နှင့်ဖက်မပြောချင်သဖြင့် သူအောက်ဆင်းလာ၏။ ရေကပြင်ဘက်ပင် မျက်နှာသစ်ရန် မလှည့်မိ။ မီးဖိုဆောင်တွင် မိဇံရှိနေသဖြင့် မသွားချင် ဒါတောင် မိဇံက “ညကအောင်တိုင်လိပ်ဥထုပ်သွားတဲ့ စောင်ပိုင်းလာယူတာပါ“ ဟု လှမ်းပြော၏။
“အဖေ့ဆီကိုလေ“
“ဟင်...နင့်အဖေကမှ ပင်လယ်ထွက်သွားတာ ဘာလို့ပြန်လာကြပါလိမ့်၊ ဘယ်ဆိပ်မှာ တဲ့လဲ၊ နင့်ကို ဘယ်သူပြောလဲ၊ ငါမကြားပါလား၊ မိဇံတို့အဖေတွေ၊ အစ်ကိုတွေလည်း ပါတာပဲဟာ၊ ဘာဖြစ်လို့တဲ့လဲဟဲ့“
အောင်တိုင်၏ စကားကို အမေသာမဟုတ်၊ မိဇံပါ အံ့အားသင့်သွားပုံရသည်။ အဖေနှင့် မိဇံအဖေ အစ်ကိုတို့ ပင်လယ်ပြင်ထွက်သွားကြသည်မှာ မနက်ကမှဖြစ်သည်။ ဘယ်လို အဆင်မပြေမှုရှိ၍ ပြန်လာကြပါလိမ့်၊ ပိုက်ပြတ်၍လား၊ မကန်းအုပ်နှင့် တွေ့၍လား၊ ပင်လယ်ပြင်တွင် မုန်တိုင်းကျနေ၍လား၊ နတ်မလိုက်လို့လားဟု ချက်ချင်းစိုးရိမ်သွားပုံ ရသည်။
“ဟင်...အောင်တိုင်ဘယ်ဆိပ်မှာတဲ့လဲ“
“ဘာလဲ အဖေတို့လား“
“အေးပေါ့ဟ၊ နင့်အဖေကို မမေးလို့ ငါက ဘယ်သူ့... “
“အစ်ကိုကြီး ထွန်းသောင်အိမ် သွားမလို့ ပြောတာဗျ“
“ကာလနာ၊ မကန်းကိုက်၊ အဲဒါသာကြည့်တော့၊ အမိတောင် ရောင်းစားမယ့် ခွေးတိရစ္ဆာန်“
“အမေပဲပြောပြောနေတာပဲ“ ဟု ပြောကာ အောင်တိုင် ကိုထွန်းသောင်အိမ်ဘက်ထွက် လာ၏။ မိဇံက တခစ်ခစ် ရယ်၏။ အမေက မဆုံးတမ်း ကျိန်ဆို၍ ကျန်နေခဲ့၏။
“မင်း ငါမျှော်နေတာနဲ့ အတော်ပဲ ညီလေး၊ မနေ့ကပဲ လှေတော့ စက်တပ်ပြီးသွားပြီကွ၊ ခု မိုးလေပြတ် သွားတော့ တို့ ရေနီချောင်းထဲ လှေသွင်းရတာမလွယ်ဘူး၊ မင်းလည်း မပါတော့ တစ်ယောက်တည်း မောနေတာပဲ၊ ဖျား (ဒီရေ) ကြီးလို့သာ တော်သေးတယ်။ နောက်ဆောင်းတွင်း နွေလဆို ပိုခက်မယ်၊ အဲဒါကြောင့် ပင်လယ်နဲ့နီးတဲ့ ကမ်းကြီးသတ် ဘက်က တစ်အိမ်အိမ်နားထားရရင် ကောင်းမလားလို့ ငါစဉ်းစား နေတယ်။ ဟိုဘက်ကမ်း ကြီးသတ်က ဆလုံကြီး ဦးဂျလား မင်းသိလား“
“သိပါတယ် အစ်ကိုကြီးရာ ၊ ကျွန်တော့်အဖေလည်း ဆလုံပဲဟာ၊ ခုမနက်တောင် ဦးဂျလားသမီး အိမ်ရောက် လို့ တွေ့ခဲ့သေးတယ်၊ ကျွန်တော်လည်း ဒီနေ့စောစော အစ်ကိုကြီးဆီ လာမလို့ပဲ၊ မနေ့က အဲဒီ အစ်ကိုကြီး ပြောတဲ့ ဦးဂျလားသား ကောင်းကျော်နဲ့ပေါ့ဗျ။ ပင်လယ်နားသွားပြီး လိပ်ဥသွားရှာကြတာ၊ သန်းခေါင်တိုင်မှ ပြန်ရောက်တယ်။ အဲဒါကြောင့် အိပ်ရာထ နောက်ကျသွားတာ“
ဆက်ရန်

.
3 comments:
အပိုင်း(၉) ဖတ်အပြီး၊ အပိုင်း(၁၀)တက်လာတာနဲ့ အတော်ပဲဖြစ်သွားတယ် ညီမရေ။ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
I checked so many time for part 10 today and i got it finally.Thanks Shwezin.I'm Pho Kyawt's fan since i was young.
Gyidaw
အောင်တိုင့်စိတ်နေစိတ်ထားက တိုင်းကျော်လို မရိုးဖြောင့်ဘူးနော်။ ကောက်ကျစ်စဉ်းလဲမယ့် အရိပ်အသက်တွေ တွေ့နေရတယ်။
ဆရာဖိုးကျော့က လူမျိုးမရွေး တိုင်းရင်းသားမရွေး စာတတ်သူစာမတတ်သူမရွေး -- လူတွေထဲမှာ ရိုးသားသူရော မရိုးသားသူပါ ရှိတတ်တယ်ဆိုတာ စာဖတ်သူတွေ သိစေချင်တယ်ထင်တယ်။ ဘယ်လူမျိုးတွေကဖြင့် လူတိုင်း ရိုးသားတယ်၊ မလိမ်တတ်ဘူးလို့ သိမ်းကျုံးအထင်ကြီးမိရင် လူလည်နဲ့တွေ့တော့ ကိုယ်ခံရမှာ ဖတ်ရင်း တွေးမိတယ်။
Post a Comment