(၁၅)
ဖီလဒယ်ဖီးယား
အောက်တိုဘာ ၇-ရက်၊ အင်္ဂါနေ့
ညနေ ၄-နာရီ
ထရေစီအဖို့ ချစ်သူဟောင်း ချားလ်နှင့် တွေ့ဆုံရန် အချိန်တန်လာပြီ ဖြစ်သည်။ သူမ တွေ့ဆုံ ရင်ဆိုင်ခဲ့ပြီး သူ များသည် တကယ်တော့ သူစိမ်း ပြင်ပြင်ကြီးများ ဖြစ်သည်။
ချားလ်ကမူ သူမ၏ ချစ်သူ။ တစ်ချိန်က ခင်ပွန်းလောင်း။ သူမ၏ မမွေးဖွားလိုက်ရသော ကလေး၏ဖခင်။ သို့သော် ချားလ် သည် ချစ်သူ ဇနီးလောင်းကိုလည်း ကျောခိုင်းခဲ့သည်။ မမွေးဖွားရသေးသော သူ့ရင်သွေး ကို လည်း စွန့်ပစ်ခဲ့သည်။ ဤသည်မှာ ထရေစီ၏ ရင်ထဲမှာ ဒဏ်ရာ။
ကပ္ပလီမကြီး အာနက်စတိုင်းနှင့် ချစ်သူ လင်တော်မောင် အယ်လ်တို့က ထရေစီကို နယူးအော်လင်း လေဆိပ် အထိ လိုက်ပို့ နှုတ်ဆက်ကြသည်။
"ကလေးရယ် ... ငါတော့ ညည်းကို လွမ်းနေတော့မှာပဲ၊ ဒီမြို့မှာတော့ ညည်းက တကယ့်ကို ပေါ်ပြူလာ ဖြစ်တာပဲ၊ မြို့တော်ဝန်တောင် အရွေးခံလို့ရတယ်နော်" အာနက်စတိုင်းက ၀မ်းနည်းသံဖြင့် ပြောသည်။
"ဖီလဒယ်ဖီးယားမြို့ ကို ပြန်သွားမှာက မင်း ဘာအလုပ်လုပ်မှာမို့လဲ သမီးရယ်" ကပ္ပလီကြီး အယ်လ်က မချိတင်ကဲ မေးသည်။
ထရေစီ က အမှန်တစ်ဝက် အမှားတစ်ဝက် ပြောသည်။
"ဘဏ် က ကျွန်မအလုပ်ဟောင်းကို ပြန်လုပ်မယ်လေ"
အာနက်စတိုင်း နှင့် အယ်လ်တို့ ကပ္ပလီဇနီးမောင်နှံ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ ကြည့်သော မျက်လုံးများထဲတွင် အဓိပ္ပာယ် ပါနေသည်။
"မင်း ... မင်းအလုပ် ပြန်ဝင်မယ်ဆိုတာ သူတို့ သိလို့လား"
"ဟင့်အင့်း ... မသိပါဘူး၊ ဒါပေမယ့် ဘဏ်ဒု-ဥက္ကဋ္ဌက ကျွန်မကို သဘောကျပါတယ်။ အခက်အခဲရှိမှာ မဟုတ်ပါဘူး၊ ကျွန်မတို့လို ကွန်ပျူတာကိုယ်တွယ် ကျွမ်းကျင်တဲ့ လူမျိုးက သူတို့အဖို့ ရခဲပါတယ်"
"အေးလေ ... မင်း ကံကောင်းပါစေလို့ ဆုတောင်းပါတယ်၊ တို့နဲ့လဲ အဆက်အသွယ် မပြတ်နဲ့နော်၊ ပြဿနာ တော့ မပေါ်အောင်နေပါ ကလေးရယ်"
ထို့နောက် နာရီဝက်အကြာတွင် ထရေစီ လိုက်ပါသွားသော လေယာဉ်သည် လေထဲသို့ ရောက်နေပြီး ဖီဒလယ်ဖီးယားမြို့ သို့ ဦးတည် ပျံသန်းနေသည်။
ထရေစီ သည် ဖီလဒယ်ဖီးယားမြို့တွင် ဟေလတန် ဟိုတယ်၌ တည်းခိုသည်။ နောက်တစ်နေ့ နံနက် ၁၀နာရီ အချိန်တွင် ထရေစီသည် ယခင် သူမ အလုပ်လုပ်ခဲ့သော ဘဏ်သို့ သွားသည်။ ဒု-ဥက္ကဋ္ဌ ကလာရင့် ဒက်စမွန် ၏ အတွင်းရေးမှူးထံသို့ ချဉ်းကပ်သွားပြီး နှုတ်ဆက်လိုက်သည်။
"ဟဲလို ... မေ"
အတွင်းရေးမှူးမလေးက ထရေစီကို အံ့အားသင့်ပြီး စိုက်ကြည့်နေသည်။ သူ့အကြည့်မှာ တစ္ဆေသရဲကို မြင်ရ သဖြင့် ကြည့်နေသော အကြည့်မျိုး ဖြစ်သည်။
"ထရေစီ ... ကျွန်မ ... သြော် ... နေကောင်းတယ်နော်"
"နေကောင်းပါတယ်၊ အထဲမှာ မစ္စတာဒက်စမွန် ရှိသလား"
"ကျွန် ... ကျွန်မ ... မသိဘူး၊ သွားကြည့် လိုက်ဦးမယ် ခဏနော် ..."
သူမသည် ထိုင်ရာမှ ထပြီး ဒု-ဥက္ကဋ္ဌ၏ အခန်းထဲသို့ ကသောကမျော ၀င်သွားသည်။ တစ်ခဏအတွင်း သူမ ပြန်ထွက်လာသည်။
"ရှင် ... ၀င်နိုင်ပါ ပြီ"
ထရေစီ အခန်းတံခါးဝသို့ ဦးတည် သွားစဉ်မှာပင် အတွင်းရေးမှူး အမျိုးသမီးလည်း တခြားသို့ ခပ်သုတ် သုတ် ထွက်သွားသည်။ သူမ ဘာများ ဖြစ်ပါလိမ့်ဟု ထရေစီ စိတ်ထဲက တွေးမိသည်။
ဘဏ်ဒု-ဥက္ကဌ ကလာရင့်စ်ဒက်စမွန်သည် သူ့စားပွဲနောက်ဘက်တွင် ရပ်နေသည်။
"ဟဲလို ... မစ္စတာဒက်စမွန်၊ ကျွန်မ ပြန်ရောက်လာပါပြီ" ထရေစီက ခပ်မြူးမြူးလေး ပြောလိုက်သည်။
"ဘာလုပ် ဖို့ လာတာလဲ" ဒက်စမွန် က မနှစ်လိုသော အသံဖြင့် ပြောလိုက်သည်။
ထရေစီ အံ့အားသင့်သွားသည်။ သို့သော် ထပ်ပြောလိုက်သည်။
"ရှင် တွေ့ဖူးသမျှ ကွန်ပျူတာ ကိုင်တွယ်သူတွေထဲမှာ ကျွန်မဟာ အတော်ဆုံးဆို၊ ရှင် အလျင်က ပြောခဲ့ တာပဲ၊ ဒါကြောင့် ကျွန်မ ထင်တာက ..."
"မင်း ရဲ့ အလုပ်နေရာဟောင်းကို ငါက ပြန်ပေးလိမ့်မယ်လို့ မင်း ထင်နေသလား" သူမ စကားမဆုံးမီပင် ဒက်စမွန် က ဖြတ်မေးလိုက်သည်။
"ဟုတ်ပါတယ်ရှင်၊ ကျွန်မရဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေ တစ်ခုမှ လျော့မသွားသေးပါဘူး၊ မမေ့သင့်ပါဘူး"
"ဒီမှာ မစ္စ၀ှစ်တနေ"
ယခင် က ထရေစီဟု ရင်းရင်းနှီးနှီး ခေါ်နေရာမှ ယခုတော့ သူစိမ်းဆန်ဆန် ပြောင်းခေါ်လာသည်။
"ကျွန်တော် ၀မ်းနည်းပါတယ်၊ ဒါပေမယ့် ခင်ဗျားကို အလုပ်ပြန်ပေးဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ ဘူး" လက်နက်ကိုင် ခိုးမှု နဲ့ လူသတ်ရန် ကြိုးစားခဲ့မှုတို့ကြောင့် ထောင်ကျခဲ့ဖူးတဲ့ လူမျိုးကို ကျွန်တော်တို့ ဘဏ် မှာ ငွေအပ်တဲ့ လူတွေက ဆက်ဆံ ဆက်သွယ်၊ လုပ်ကိုင်ချင်မှာ မဟုတ်ဘူးဆိုတာ ခင်ဗျား သဘော ပေါက် နားလည်မှာပါ၊ ကိုယ်ကျင့်သိက္ခာမြင့်မားဖို့ လိုအပ်တဲ့ ကျွန်တော်တို့ရဲက လုပ်ငန်းနဲ့ ခင်ဗျားဟာ မသင့်တော်တော့ပါဘူး၊ ခင်ဗျားရဲ့ ထောင်ကျဖူးတဲ့ နောက်ကြောင်းဖြစ်ရပ်ကြောင့် ခင်ဗျားကို ဘယ်ဘဏ် က မှ ခန့်မယ်မထင်ဘူး၊ ခင်ဗျားရဲက အခြေအနေနဲ့ ပိုသင့်လျော် မယ့် အလုပ်မျိုးကို ပြောင်းရှာဖို့ အကြံပေး ပါရ စေ၊ အခုကိစ္စမှာ ပုဂ္ဂိုလ်ရေးတွေ မပါဘူးဆိုတော ခင်ဗျား နားလည်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါ တယ်"
ဒက်စမွန် ၏ စကားကို ထရေစီ နားထောင်နေရာ ပထမတွင် အံ့အားသင့်သွားရာမှ နောက်တဖြည်းဖြည်း ဒေါသ ဖြစ်လာသည်။ သူ့စကားက မိမိအား မတူမတန်သည် အနူအ၀ဲလို ဖြစ်သည်။
"တခြား ဘာများ ပြောစရာရှိသေးသလဲ မစ္စ၀ှစ်တနေ"
ဒက်စမွန် က လိမ္မာယဉ်ကျေးစွာ နှင်လေပြီ။ ထရေစီအဖို့ ပြောချင်တာတွေ အများကြီး ရှိပါသည်။ သို့သော် ဘာမျှ ထူးမည် မဟုတ်မှန်း သူမ သိသည်။
"ဘာမှ မရှိပါဘူး၊ ရှင့်ဘက်က ပြောစရာရှိတာ အားလုံး ပြောပြီးပြီပဲ"
ထရေစီ သူ့ရှေ့မှ ချာခနဲ လှည့်လိုက်ပြီး အခန်းထဲမှ ထွက်လာသည်။ သူ့မျက်နှာတွင် ဒေါသခိုးများ လျှမ်းလျှမ်းတောက် နေသည်ဟု ထင်မိသည်။ ထရေစီ ဘဏ်ထဲမှ ဖြတ်ပြီး ထွက်လာသောအခါ ဘဏ် အလုပ်သမား အားလုံးက သူမကို စူးစိုက်ကြည့်နေသည်။ ထောင်ထွက် ထရေစီ လာနေသည်ဟု အတွင်းရေး မှူး မေ က ဘဏ်တစ်ခုလုံး သတင်းလိုက်လွှင့်ပြီး ဖြစ်ရသည်။
ထရေစီ သည် ခေါင်းကို မော့ကာ မျက်နှာထား ခပ်တည်တည်ဖြင့် ဘဏ်ထဲမှ ထွက်လာသည်။ သို့သော် သူ ရင်ထဲ ၌ ငိုနေရပါပြီ။
ထရေစီ သည် သူမ၏ ဟိုတယ်အခန်းထဲ၌သာ တစ်နေ့လုံး အောင်းနေသည်။ စိတ်ဒုက္ခ ရောက်နေသည်။ မိမိ ပြန်လာလျှင် ဘဏ်က လူများက လက်ကမ်း ကြိုနေလိမ့်မည်ဟု မိမိ ထင်ခဲ့သည်မှာ အရာ မရောက် ကြောင်း ယခုမှ သူ သိလာသည်။ ယခုတော့ ဤမြို့တွင် မိမိသည် နာမည်ဆိုး နာမည်ပျက်ရှိသူ ဖြစ်နေပြီ။ ဖီလဒယ်ဖီးယားမြို့ တွင် မိမိ မနေချင်တော့။
သို့သော် ထရေစီအဖို့ ဤမြို့တွင် လုပ်စရာမပြီးဆုံးသေးသည့် အလုပ်တစ်ခု ရှိနေသေးသည်။ ထိုကိစ္စ ပြီးလျှင် မိမိ ဤမြို့က ခွာတော့မည်။ နယူးယောက်မြို့သို့ သွားမည်။ နယူးယောက်တွင် မိမိကို မည်သူကမျှ သိမည် မဟုတ်။ ထိုသို့ ဆုံးဖြတ်လိုက်ပြီးသည်နှင့် ရင်ထဲ၌ နည်းနည်း ပေါ့သွားသည်။
ထိုညနေတွင် ထရေစီသည် "ကဖီးရွိုင်ရယ်" ဆိုင်ကြီး၌ မိမိကိုယ်မိမိ ညစာ တည်ခင်း ကျွေးမွေး တော့သည်။ နံနက်ပိုင်း က ဒက်စမွန်နှင့် ရင်နာစရာ ကောင်းသော တွေ့ခြင်းမျိုးနှင့် တွေ့ပြီးနောက်တွင် ထရေစီသည် စိတ်ပြန်လည် ကြည်လင် လန်းဆန်း လာစေရန်အတွက် ငြိမ့်ညောင်းသော ဂီတသံ သာယာသော ပတ်ဝန်းကျင် နှင့် မှိန်ပျပျ အလင်းရောင်တို့ ရှိသည် ထိပ်တန်း စားသောက်ဆိုင်ကြီးသို့ ထွက်လာခဲ့သည်။
ထရေစီက ဗော်ဒကာမာတီနို အရက်ကို မှာလိုက်သည်။ စားပွဲထိုး အရက်လာပို့သောအခါ သူမက မော်ကြည့် လိုက်ရာ သူမ၏ အသည်းနှလုံးမှာ ရုတ်တရက် ဒိုင်းခနဲ ခုန်တက်သွားသည်။ သူမ ထိုင်နေသော အခန်း နှင့် မျက်နှာချင်းဆိုင် အခန်းထဲတွင် ချစ်သူဟောင်းချားလ်နှင့် သူ့ဇနီး တို့ ထိုင်နေသည်ကို တွေ့လိုက် ရသောကြောင့် ဖြစ်သည်။ သူတို့ ဇနီးမောင်နှံက ထရေစီကိုက မမြင်။ ပထမတွင် ထရေစီ နှလုံးခုန် မြန်သွား သည်။ ချားလ် ကို ရင်ဆိုင်ရန် သူမအဖို့ အဆင်သင့် မဖြစ်သေး။ မိမိ၏ အစီအစဉ်ကို အကောင် အထည် ဖော် ရန် အချိန်မကျသေးပါ။
"ညစာ အတွက် အစားအစာမှာတော့မလား ခင်ဗျာ"
"ခ ... ခဏ ... နေဦးမယ်နော်"
"ရပါတယ်ခင်ဗျာ"
စားပွဲထိုး ပြန်ထွက်သွားသည်။ ထရေစီအဖို့ ဤဆိုင်၌ ဆက်နေ မနေကို ဆုံးဖြတ်ရပေတော့မည်။
ထရေစီ ချားလ် ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ အံ့အားသင့်စရာပင်။ သူမအဖို့ သူစိမ်းတစ်ယောက်ကို ကြည့်နေရ သလိုပင် ရှိသည်။ နဖူးပြောင်ပြောင် ခါးကိုင်းကိုင်း မျက်နှာ ဖြူဖပ်ဖြူရော်နှင့် စိတ်ပျက်ငြီးငွေ့ နေပုံ ရသော ချားလ်ကို ထရေစီ မြင်ရသည်။ ထိုသူသည် တစ်ချိန်က မိမိချစ်ခဲ့သူ၊ အတူအိပ်ခဲ့ဖူးသူ၊ ဘ၀ခရီး ကို အတူ လက်တွဲလျှောက်ရန် စီစဉ်ခဲ့သူ ဖြစ်နေသည်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ် နေသည်။
ထရေစီ က ချားလ်၏ဇနီးကို အကဲခတ်လိုက်သ်ည။ သူမ ကြည့်ရသည်မှာလည်း အသက်မပါလှ။ သူတို့ နှစ်ယောက် သည် ထောင်ချောက်တစ်ခုထဲတွင် ပိတ်မိကာ ထွက်လမ်းမရှိသဖြင့် စိတ်ပျက် ငြီးငွေ့နေကြပုံရ သည်။ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြသော်လည်း စကားတစ်လုံးမျှ မပြော။
သူတို့ နှစ်ယောက်ဘ၀တွင် ရှေ့အဖို့၌ ရှည်ကြာ၍ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော နှစ်ကာများနှင့် ရင်ဆိုင်နေ ရဦးမည်ကို ထရေစီ သိမြင်လာသည်။ တကယ်တော့ အချစ်လည်း မပါ၊ ပျော်ရွှင်မှုလည်း မရှိ သည့် အိမ်ထောင်ရေးပါကလား။ ဤသည်မှာ ချားလ်အဖို့ ပြစ်ဒဏ်သင့်ခံနေရခြင်းပင်ဟု ထရေစီ တွေး မိသည်။ သူမ သက်ပြင်းချလိုက်သည်။
သူမ ရင်ထဲ၌ တင်းကျပ်အောင် ခံစားနေရသော ခံစားချက်များ လျော့ပါး ပျောက်ကွယ်သွားသည်။ ရင်ထဲ၌ ပေါ့ သွားသည်။ အခုတော့လည်း သူစိမ်းတွေလိုပါပဲလား ချားလ်ရယ် ...။
ထရေစီ က စားပွဲထိုးကို အချက်ပြခေါ်လိုက်ပြီး အစားအစာများ မှာလိုက်သည်။
သူမ အဖို့ ဇာတ်လမ်းတစ်ပုဒ် ပြီးဆုံးသွားချေပြီ။ နောက်ဆုံးတော့ အတိတ်ကို အတိတ်မှာပဲ မြှုပ်နှံထားခဲ့ ပါပြီ။
ညစာ စားသောက်ပြီး ဟိုတယ်အခန်း ပြန်ရောက်သောအခါ ထရေစီသည် သူမ အလုပ်လုပ်ခဲ့သည့်ဘဏ်မှ အလုပ်သမားများ ၏ စုပေါင်းရန်ပုံငွေတွင် မိမိရစရာ စုဆောင်းထားငွေ ရှိနေသေးကြောင်း သတိရ လာသည်။ အသေအချာ တွက်ကြည့်လိုက်သောအခါ ရစရာငွေမှာ ၁၃၇၅ဒေါ်လာနှင့် ၆ဆင့် ဖြစ်သည်။
ဘဏ်ဒု-ဥက္ကဌ ကလာရင့်ဒက်စမွန်ထံ စာရေးပြီး တောင်းခံလိုက်သည်။ နှစ်ရက်အကြာ တွင် သူ့ အတွင်းရေးမှူး မေထံ မှ စာပြန်လာသည်။
ခင်မင်သော မစ္စ၀ှစ်တနေ
ရှင်ရေးလိုက်သော စာနှင့် ပတ်သက်၍ မစ္စတာ ဒက်စမွန်က ရှင့်ဆီ အကြောင်းပြန်င်္ရန် ကျွန်မအား တာဝန် ပေးလာ ပါသည်။ အလုပ်သမားများ စုပေါင်းရန်ပုံငွေနှင့် ဆိုင်သော ကိုယ်ကျင့်သိက္ခာ မူဝါဒအရ ရှင် ရစရာ ရှိသော ငွေ ကို အထွေထွေ ရန်ပုံငွေသို့ ပြောင်းလဲ ထည့်သွင်းလိုက်ပါပြီ။ ရှင်နဲ့ ပတ်သက်လို့ သူ့မှာ ပုဂ္ဂိုလ်ရေး အာဃာတ မရှိကြောင်းလည်း ပြောပါသည်။
ရိုးသားစွာဖြင့်
မေထရက်တန်
ဒု-ဥက္ကဋ္ဌ၏ အတွင်းရေးမှူး
ထရေစီအဖို့ မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ ဘဏ်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းသည်ဟု ဆင်ခြေ ပေးကာ မိမိငွေ ကို သူတို့ ခိုးယူလိုက်ကြသည်။ ထရေစီ ဒေါသထွက်လာသည်။ မိမိကို ဤသို့ လိမ်ညာ လှည့်ဖြား ၍ ရစကောင်းလော။ မိမိအပေါ် မည်သူမျှ နောက်တစ်ကြိမ် လိမ်ညာလှည့်ဖြား၍ မရစေရဟု သိန္နိဋ္ဌာန် ချလိုက်သည်။
ထရေစီသည် ဖီလဒယ်ဖီးယားထရပ်စ်နှင့် ဖီလဒယ်တီဘဏ် အ၀င်ဝ အပြင်ဘက်၌ ရပ်နေသည်။ ရှည်လျား မည်းနက် သော ဆံပင်အတု ကို ခေါင်းတွင် တပ်ထားသည်။ မိတ်ကပ် ထူထူလိမ်းထားသည်။ မေးစေ့ပေါ်၌ အမာရွတ် တစ်ခု ထင်နေသည်။ တစ်စုံတစ်ရာ ချွတ်ချော်သွားလျှင် ဤအမာရွတ်ကိုသာ သူတို့ မှတ်မိနေ လိမ့် မည်။
ရုပ်ဖျက်ထားသော်လည်း စိတ်ထဲက တထင့်ထင့် ဖြစ်နေသည်။ ဤဘဏ်တွင် သူ ငါးနှစ်လုံးလုံး အလုပ်လုပ် ခဲ့ဖူးရာ သူ့ကို ကောင်းကောင်းသိသူများ အများအပြား ရှိနေသည်။ ထို့ကြောင့် တစ်ချက်တလေမှ မချွတ် ချော် အောင် ဂရုစိုက်ရပေမည်။
လက်ကိုင်အိတ်ထဲတွင် ပါလာသော ပုလင်းလေးတစ်လုံးမှ အဖုံးကို ဖြုတ်ယူပြီး ရှူးဖိနပ်ထဲသို့ ထည့်လိုက် သည်။ ထို့နောက် ဘဏ်ထဲ သို့ ငွေသွင်း ငွေထုတ်သူများဖြင့် ပြည့်ကျပ်နေသည်။ ဘဏ်တွင် အလုပ်အများ ဆုံးနှင့် လူအရှုပ်ဆုံးအချိန်ကို တမင်ရွေးပြီး လာခဲ့ခြင်း ဖြစ်သည်။ ငွေစာရင်းဖွင့်သော စာရေးတစ်ဦးရှေ့သို့ ထော့နင်း ထော့နင်းဖြင့် သွားရပ်လိုက်သည်။ ထိုစာရေးက တယ်လီဖုန်း နှင့် စကားပြောပြီးသည်နှင့် သူမကို လှမ်း မေးသည်။
"ဟုတ်ကဲ့ ... ပြောပါ"
ထိုသူမှာ ဂျွန်ခရိုက်တန် ဖြစ်သည်။ ထရေစီ ဤဘဏ်တွင် အလုပ်လုပ်စဉ်က သူနှင့် မတည့်ပေ။ ယခု သူ့မျက်နှာ တွင် ထရေစီအား မှတ်မိသည့် အရိပ်အယောင် မရှိပေ။
"ကျွန်မ ငွေစာရင်းရှင် ဖွင့်ချင်လို့ပါရှင်"
ထရေစီက မက္ကဆီကန်လေသံဖြင့် ပြောလိုက်သည်။ ထောင်ထဲတွင် တစ်ခန်းတည်း အတူနေခဲ့သော မက္ကဆီ ကို အမျိုးသမီး ပေါ်လီတာ ၏ လေသံကို သူမ ကောင်းကောင်းအတုခိုးထားသည်။ ခရိုက်တန်က မနှစ်မြို့ သော အကြည့်ဖြင့် တစ်ချက်လှမ်းကြည့်ပြီး ပြောလိုက်သည်။
"နာမည်"
"ရီတာဂွန်ဇာလက်"
"ငွေ ဘယ်လောက် စအပ်ချင်သလဲ"
"ဆယ်ဒေါ်လာ"
"ချက်လက်မှတ် ပေးမှာလား၊ ငွေသား ပေးမှာလား"
"ငွေသား ပေးမှာပါ"
ထရေစီ သည် ဟောင်းနွမ်းကြေမွနေသော ဆယ်ဒေါ်လာတန် စက္ကူတစ်ရွက်ကို လက်ကိုင်အိတ်ထဲမှ ဂရုတစိုက် ထုတ်ယူလိုက်ပြီး လှမ်းပေးလိုက်သည်။ ခရိုက်တန်က ပုံစံစက္ကူတစ်ရွက်ကို သူမထံ ထိုးပေးလိုက် ရင်း ပြောသည်။
"အဲဒီပုံစံမှာ ဖြည့်ပါ"
သူမ လက်ရေးဖြင့် ရေးရန် ထရေစီ ရည်ရွယ်မထားပါ။ မျက်မှောင်ကြုတ်လိုက်ပြီး ပြန်ပြောသည်။
"ကျွန်မ ၀မ်းနည်းပါတယ်ရှင်၊ ကျွန်မလက်က ထိခိုက်ဒဏ်ရာရထားလို့ စာရေးလို့ မရပါဘူး၊ ကျေးဇူးပြုပြီး ကျွန်မ ကိုယ်စား ရေးပေးပါလားရှင်"
"နာမည်က ရီတာဂွန်ဇာလက် ... နော်"
"ဟုတ် ..."
"လိပ်စာ"
ထရေစီ က သူမ တည်းခိုသော ဟိုတယ်လိပ်စာနှင့် တယ်လီဖုန်းနံပါတ် ပေးလိုက်သည်။
"ခင်ဗျားအမေ ရဲ့ အပျိုနာမည်ကော"
"ဂွန်ဇာလက် ပါပဲ၊ ကျွန်မအမေက သူ့ဦးလေးနဲ့ ရတာ"
"ခင်ဗျားရဲ့ မွေးနေ့သက္ကရာဇ်"
"၁၉၅၈ခုနှစ်၊ ဒီဇင်ဘာ ၂၀ရက်"
"မွေးတဲ့နေရာ"
"မက္ကဆီ ကိုမှာပါ"
"ကဲ ... ဒီမှာ လက်မှတ်ထိုး"
"ဘယ်လက်နဲ့ပဲ ထိုးရမှာပဲ၊ ညာလက်က မကောင်းဘူး"
ထရေစီက ဖောင်တိန်ကို ကောက်ယူပြီး ဘယ်လက်ဖြင့် ခပ်သော့သော့ ထိုးလိုက်သည်။ ဂျွန်ခရိုက်တန် က ငွေအပ်ပုံစံတွင် ဖြည့်သွင်းပေးလိုက်သည်။
"ခင်ဗျားကို ကျွန်တော် အခု ယာယီ ချက်လက်မှတ်စာအုပ် ပေးလိုက်မယ်။ နောက် နှစ်ပတ် သုံးပတ်ကြာမှ ခင်ဗျား နာမည် နဲ့ ပုံနှိပ်ထားတဲ့ ချက်စာအုပ်ကို စာတိုက်ကနေ ပို့ပေးမယ်"
"ကျေးဇူးပါပဲရှင်"
"ဟုတ်ကဲ့"
သူမ ထော့နင်းထော့နင်းဖြင့် ဘဏ်ထဲမှ ထွက်သွားသည်ကို ခရိုက်တန်က လှမ်းကြည့်နေရင်းမှ စိတ်ထဲက ရေရွတ် တိုင်းထွာလိုက်သည်။
ကွန်ပျူတာတစ်ခု သို့ တရားဝင်မဟုတ်သော နည်းလမ်းများဖြင့် ဆက်သွယ်ရန် နည်းအမျိုးမျိုးရှိကြောင်း ကွန်ပျူတာ ကျွမ်းကျင်သူ ထရေစီ ကောင်းကောင်း သိသည်။ သူမ အလုပ်လုပ်ခဲ့သော ဘဏ်မှ ကွန်ပျူတာ အား လုံခြုံစိတ်ချ ရရေးအတွက် အစီအစဉ်ရေးဆွဲခဲ့စဉ် ထရေစီ ပါဝင်ကူညီခဲ့သည်။ ယခု သူမအဖို့ ဤအချက် ကို အကွက်ဆင် အနိုင်ယူရပေတော့မည်။
ပထမ ခြေလှမ်းမှာ ကွန်ပျူတာ ရောင်းသော ဆိုင်တစ်ဆိုင်ကို ရှာရန် ဖြစ်သည်။ ထိုဆိုင်မှ ကွန်ပျူတာဖြင့် ဘဏ် မှ ကွန်ပျူတာကို လှမ်းဆက်သွယ်ရပေမည်။ ဘဏ်နှင့် သိပ်မဝေးသောနေရာတွင် ကွန်ပျူတာဆိုင် တစ်ဆိုင် ကို တွေ့ရသည်။ ဆိုင်မှာ လူရှင်းသလောက် ဖြစ်သည်။
ထရေစီ ဆိုင်ထဲ သို့ ၀င်သွားသောအခါ အရောင်းစာရေးတစ်ဦးက ဆီးကြိုပြီး မေးသည်။
ကျွန်တော် ဘာ အကူအညီ ပေးရမလဲ ခင်ဗျာ"
"ကိစ္စ မရှိပါဘူးရှင်၊ ကျွန်မ ကြည့်ရုံလောက်ပါပဲ"
ဆယ်ကျော်သက် ကောင်ကလေးတစ်ယောက် ကွန်ပျူတာနှင့် ကစားသော စက်၌ ကစားနေသည်ကို အရောင်းစာရေး မြင်သွားသဖြင့် ထိုကလေးဆီသို့ ရောက်သွားသည်။
ထရေစီတစ်ယောက်တည်း ကျန်နေခဲ့သည်။ သူ့အနားတွင် ရှိသော စားပွဲတင် ကွန်ပျူတာ ကလေးရှေ့၌ ရပ် လိုက်သည်။ ကွန်ပျူတာ နှင့် တယ်လီဖုန်း ဆက်သွယ်ထားသည်။ သတ်မှတ်ထားသော စကားဝှက်ကို သိလျှင် ဘဏ်မှ ကွန်ပျူတာ သို့ ဆက်သွယ်ရသည်မှာ မခက်ခဲပေ။ စကားဝှက်ကို နေ့စဉ် ပြောင်းလဲသဖြင့် ထရေစီ အတွက် အဟန့်အတား ဖြစ်နေသည်။ ဘဏ်တွင် စကားဝှက် များ စီစဉ်သတ်မှတ်သည့် အစည်း အဝေး ပြုလုပ်စဉ်က ထရေစီလည်း ပါဝင်ခဲ့သည်။
ထိုစဉ်က ဒု-ဥက္ကဋ္ဌ ဒက်စမွန် ပြောခဲ့သော စကားကို ပြန်လည် ကြားယောင်မိသည်။
စကားဝှက် ကို ပြောင်းနေမှ ဖြစ်မယ်၊ ဒါမှ မဆိုင်သူတွေ ကြားဖောက်မ၀င်နိုင်မှာ၊ နောက်ပြီး စကားဝှက် ဆိုတာ တရားဝင် သုံးခွင့်ရှိတဲ့ သူတွေအဖို့ လွယ်လွယ်ကူကူနဲ့ မှတ်မိနေဖို့လဲ လိုမယ်"
ထိုအစည်းအဝေး၌ နောက်ဆုံး ဆုံးဖြတ်လိုက်သော စကားဝှက်မှာ တစ်နှစ်၏ ရာသီလေးရာသီနှင့် သုံးစွဲ မည့် နေ့ ၏ ရက်စွဲပင် ဖြစ်သည်။
ထရေစီသည် ကွန်ပျူတာ ခလုတ်ကလေးမျာကို ဖီလဒယ်ဖီးယားမြို့ ထရပ်စ်နှင့် ဖီဒယ်လတီဘဏ်၏ စကားဝှက် ဖြင့် နှိပ်ကာ ဆက်သွယ်လိုက်သည်။ ကွန်ပျူတာ လှုပ်ရှား အသက်ဝင်လာသည်။ အသံပေါ်လာ သည်။ တယ်လီဖုန်းခွက် ကို ကွန်ပျူတာနှင့် ဆက်သွယ် ထားရှိလိုက်သည်။
ဘဏ်မှ ကွန်ပျူတာကနေပြီး ပြန်မေးသော စာတမ်းကလေးတစ်ခု ထရေစီရှေ့ရှိ ကွန်ပျူတာမြင်ကွင်း၌ ပေါ်လာသည်။
"သင့်အား ခွင့်ပြုထားသော စကားဝှက် ကို ဖော်ပြပါ"
ထရေစီ စဉ်းစားလိုက်သည်။ ယနေ့သည် ၁၀-ရက်နေ့။
"ဆောင်းဦရာသီ ၁၀-ရက်နေ့"
ထရေစီ ကွန်ပျူတာ ခလုတ်ကလေးများကို ထိုအတိုင်း နှိပ်လိုက်သည်။
"တရားဝင် သတ်မှတ်ထားသော စကားဝှက် မဟုတ်ပါ"
ကွန်ပျူတာ မြင်ကွင်း ၌ ထိုစာတမ်း ပေါ်လာပြီး ပြန်ပျောက်သွားသည်။
သူတို့ စကားဝှက်တွေ အသစ် ပြောင်းလိုက်ပြီလား၊ ထရေစီ အပြေးအလွှား တွေးလိုက်သည်။ အရောင်း စာရေး သူ့ဘက်လာနေသည်ကို ထရေစီ မြင်လိုက်ရသည်။ ထို့ကြောင့် အခြား ကွန်ပျူတာများအား လျှောက်ကြည့် သလိုဖြင့် ရှေ့ဆက်လျှောက်သွားသည်။ အရောင်းစာရေးက သူမကို အကဲခတ်လိုက်သည်။ သာမန် လာကြည့်သူသာ ဖြစ်ရမည်။ ၀ယ်ဖို့လာသူ မဟုတ် ဟု ဆုံးဖြတ်လိုက်သည်။ ဆိုင်ထဲသို့ နောက်ထပ် ၀င်လာသော စုံတွဲတစ်တွဲကို မြင်ရသဖြင့် အရောင်းစာရေးက ထိုအတွဲဆီသို့ ကပျာကယာ သွားတော့သည်။
ထရေစီက စောစောက ကွန်ပျူတာဆီသို့ မသိမသာ ပြန်လှည့်လာသည်။ ထရေစီသည် ဒက်စမွန်၏ စိတ်နေ သဘောထား ကို တွေးကြည့်လိုက်သည်။ သူသည် စကားဝှက်ကို အများအပြား ပြောင်းလဲမည့်သူမျိုး မဟုတ်။ မူလ ထားရှိသည့် ရာသီနှင့် နေ့ရက်ကိုပင် ဆက်ထားကောင်းထားမည်။ သို့သော် အတွဲအစပ်ကို ပြောင်းလဲကောင်း ပြောင်းလဲမည်။ မည်သို့ ပြောင်းလဲ ပါလိမ့်မည်နည်း။ နံပါတ်များအားလုံး ပြောင်းဖို့ ဆိုသည် မှာ သိပ်ရှုပ်ထွေး ခက်ခဲမည်။ သို့ဆိုလျှင် ရာသီကိုသာ ပြောင်းကောင်း ပြောင်းလိမ့်မည်။
ထရေစီ ထပ်ပြီး ကြိုးစား စမ်းသပ်လိုက်သည်။
"စကားဝှက် ကို ကျေးဇူးပြုပြီး ဖော်ပြပါ
ကွန်ပျူတာမြင်ကွင်း၌ စာတမ်းပေါ်လာပြန်သည်။
"ဆောင်းရာသီ၊ ၁၀-ရက်နေ့"
"တရားဝင် သတ်မှတ်ထားသော စကားဝှက် မဟုတ်ပါ" ကွန်ပျူတာက စာတမ်းပေါ်လာပြီး ပြန်ပျောက် သွားသည်။
အင်း ... ဒါလဲ အလုပ်မဖြစ်သေးဟု ထရေစီ စိတ်ထဲက ပြောလိုက်သည်။ နောက်ဆုံးတစ်ကြိမ် ထပ်ကြိုးစား ဦးမည်ဟု ဆုံးဖြတ်လိုက်သည်။
"သင်၏ စကားဝှက်ကို ကျေးဇူးပြုပြီး ဖော်ပြပါ"
ကွန်ပျူတာ က ထပ်မေးပြန်သည်။
"နွေဦးရာသီ ၁၀-ရက်နေ့"
ထရေစီက ခလုတ်ကေးလများကို နှိပ်လိုက်သည်။ မြင်ကွင်းတွင် ထိုစာသားပေါ်လာပြီးနောက် ပြန်ပျောက် သွားသည်။ ထို့နောက် ကွန်ပျူတာက မြင်ကွင်း ၌ အောက်ပါစာတမ်း ပေါ်လာသည်။
"ကျေးဇူးပြုပြီး ဆက်လက် ဖော်ပြပါ"
ထရေစီ ပျော်သွားသည်။ သူ့စကားဝှက် မှန်သွားပြီ။ ဒက်စမွန်က ရာသီစကားလုံးကို ပြောင်းထားခြင်းသာ ဖြစ်သည်။ ထရေစီ က ခလုတ်များကို နှိပ်ပြီး အကြောင်းကြားတော့သည်။
"ပြည်တွင်း ငွေကြေး ပြောင်းလဲမှု လုပ်မည်။
ထိုစာတမ်း ပေါ် လာပြီးနောက် တစ်မုဟုတ်ချင်းပင် ကွန်ပျူတာက အကြောင်းပြန်သည်။
"အောက်ပါ အချက်များအနက် ဘာလုပ်ချင်ပါသနည်း"
(က) ငွေအပ်နှံခြင်း
(ခ) ငွေပြောင်းလဲခြင်း
(ဂ) ငွေစုစာရင်းမှ ငွေပြန်ထုတ်ခြင်း
(ဃ) ဌာနခွဲတစ်ခုမှတစ်ခု ပြောင်းခြင်း
(င) ငွေစာရင်းရှင်မှ ငွေပြန်ထုတ်ယူခြင်း။
ထရေစီက ခေါင်းစဉ်(ခ) ငွေပြောင်းလဲခြင်းကို ရွေးပြီး ခလုတ် နှိပ်လိုက်သ်ည။ ကွန်ပျူတာက ထပ်မေးလာ သည်။]
"ပြောင်းလဲမည့် ငွေပမာဏ မည်မျှနည်း"
"မည်သည့် စာရင်းမှ မည်သည့်စာရင်း သို့ ပြောင်းမည်နည်း"
ထရေစီ က ခလုတ်မျးကို နှိပ်ပြီး ပြန်အကြောင်းကြားလိုက်သည်။
"အထွေထွေ ရန်ပုံငွေမှ ရီတာဂွန်ဇာလက်၏ စာရင်းသို့ ပြောင်းမည်" ပြောင်းလဲမည့် ငွေကို ဖော်ပြရမည် ဖြစ်ရာ ထရေစီ စဉ်းစားလိုက်သည်။ ယခု အခြေအနေမှာ မိမိ ကြိုက်သလို လုပ်၍ ရနေပြီ။ သန်းချီပြီး စာရင်း ပြောင်း၍ ရနေပြီ။ သို့သော် မိမိသည် သူခိုးမဟုတ်။ မိမိ လိုချင်သည်မှာ မိမိ တရားဝင် ပိုင်ဆိုင် ထားသော ငွေသာ ဖြစ်သည်။
ထို့ကြောင့် ငွေ ၁၃၇၅ ဒေါ်လာ ၆၅ဆင့် နှင့် ရီတာဂွန်ဇာလက် ၏ ငွေစာရင်းနံပါတ်ကို ဖော်ပြလိုက်သည်။
တစ်ခဏအကြာတွင် ကွန်ပျူတာ က အကြောင်းပြန်လာသည်။
"စာရင်း ပြောင်းပြီးပါပြီ၊ တခြား ဘာလုပ်ချင်ပါသေးသနည်း"
"မရှိတော့ပါ၊ ကိစ္စ ပြီးပါပြီ"
ထရေစီက အကြောင်းပြန်လိုသည်။ ငွေမှာ အလိုအလျောက် စာရင်းပြောင်းပြီး ဖြစ်မည်။ နေ့စဉ် ဘဏ်အချင်းချင်း ကွန်ပျူတာဖြင့် စာရင်းပြောင်း စာရင်းရှင်းသော ငွေမှာ တစ်နေ့ ဒေါ်လာသန်း ၂၂၀၀၀၀ ရှိ ကြောင်း ထရေစီ ကောင်းကောင်းသိသည်။
အရောင်းစာရေး က ထရေစီထံ လျှောက်လာပြီး မျက်မှောင်ကုတ်ကြည့်သည်။ ထရေစီက ကွန်ပျူတာ ရပ်သော ခလုတ် ကို မသိမသာ နှိပ်လိုက်သည်။
"ဒီကွန်ပျူတာကို ၀ယ်ဖို့ စိတ်ဝင်စားနေသလား မစ္စ"
"မဟုတ်ပါဘူး၊ ဒီကွန်ပျူတာတွေကို ကျွန်မ နားမလည်ဘူး၊ မမြင်ဖူးလို့ ကြည့်နေတာပါ"
ထရေစီ ထိုဆိုင်ထဲမှ ပြန်ထွက်လာသည်။ လမ်းထောင့်တစ်ခုတွင် အများသုံး တယ်လီဖုန်းရုံသို့ ၀င်ပြီး သူမ ဘဏ် သို့ တယ်လီဖုန်း လှမ်းဆက်သည်။ ငွေကိုင်ချုပ်ကို တောင်းပြီး ပြောလိုက်သည်။
"ကျွန်မ ရီတာဂွန်ဇာလက်ပါ၊ ကျွန်မရဲ့ စာရင်းရှင်းငွေစာရင်းကို နယူးယောက်မြို့က ဖတ်စ်ဟင်နိုဘာ ဘဏ် ရဲ့ အဓိကဘဏ်ခွဲကို ပြောင်းချင်လို့ပါ"
"ခင်ဗျား ငွေစာရင်း နံပါတ်ပေးပါ မစ္စဂွန်ဇာလက်"
ထရေစီက ငွေစာရင်းနံပါတ် ပေးလိုက်သည်။
ထို့နောက် တစ်နာရီ အကြာတွင် ထရေစီသည် ဟေလတန်ဟိုတယ်၌ သူမ ငှားထားသော အခန်းကို ပြန်အပ်ပြီး နယူးယောက်မြို့သို့ ထွက်ခွာ သွားတော့သည်။
နောက်တစ်နေ့ နံနက် ၁၀နာရီတွင် နယူးယောက်မြို့မှ ဟင်နိုဘာဘဏ် ဖွင့်သောအခါ ရီတာဂွန်ဇာလက် သည် သူ့ငွေအားလုံး ကို ငွေစာရင်းမှ ထုတ်ယူရန် ဘဏ်သို့ ရောက်နေချေပြီ။
"ကျွန်မ စာရင်း မှာ ငွေဘယ်လောက် ရှိပါသလဲရှင် ..."
ထရေစီ က မေးသည်။ ငွေကိုင်က ကြည့်ရှုစစ်ဆေးပြီး ပြန်ဖြေသည်။
"၁၃၈၅ ဒေါ်လာနဲ့ ၆၅ဆင့် ရှိပါတယ်"
"မှန်ပါတယ်"
"ဒါဖြင့် ချက်လက်မှတ်နဲ့ ယူမလား မစ္စဂွန်ဇာလက်"
"ဟင့်အင့်း ... ငွေသားပဲ ယူမယ်၊ ကျွန်မ ဘဏ်တွေကို မယုံကြည်ဘူး"
ထရေစီ ထောင်က ထွက်လာစဉ်က သူမကို ထုံးစံအတိုင်း ထောင်မှ ငွေဒေါ်လာ ၂၀၀ ပေးလိုက်သည်။ အေမီကို ကလေးထိန်း လုပ်ပေးခဲ့သည့်အတွက်လည်း လုပ်အားခ အနည်းငယ် ရခဲ့သည်။ ဘဏ်မှ သူမပိုင် ငွေကိုလည်း သူ့နည်းသူ့ဟန်ဖြင့် ပြန်ရခဲ့သည်။ သို့သော် အားလုံး ပေါင်းလိုက်သည့်အတိုင်အောင် သူမ၏ ငွေရေးကြေးရေး အခြေအနေမှာ မကောင်းလှပေ။ အမြန်ဆုံး အလုပ်တစ်ခုရအောင် မဖြစ်မနေ ရှာရပေမည်။
လက်ဆင်တန်ရိပ်သာလမ်းရှိ ဈေးမကြီးသော ဟိုတယ်တစ်ခုတွင် သွား တည်းခိုသည်။ ထို့နောက် နယူးယောက်မြို့ရှိ ဘဏ်များသို့ ကွန်ပျူတာ ကျွမ်းကျင်သူအဖြစ် အလုပ်ရရန် လျှောက်လွှာများ လိုက်တင် သည်။ ထရေစီအဖို့ သူ ကျွမ်းကျင်သော ကွန်ပျူတာသည် သူ့အတွက် ရန်သူ ဖြစ်လာနေပြီဟု ချက်ချင်း သိလာရသည်။ ကွန်ပျူတာ ဘဏ်များတွင် သူမ၏ နောက်ကြောင်းရာဇ၀င် အချက်အလက်များ ရှိနေသည်။ ကွန်ပျူတာ ခလုတ်ကို နှိပ်ပြီး စစ်ဆေးလိုက်သည်နှင့် သူ့နောက်ကြောင်းက ပေါ်လာသည်။ ထရေစီ၏ ပြစ်မှု မှတ်တမ်းက ဘဏ်အသီးသီးရှိ ကွန်ပျူတာများတွင် အချက်အလက်များအဖ်ြစ သိုမှီးထားပြီး ရှိနေသည်။ ဘဏ်အားလုံးကပင် သူ့လျှောက်လွှာကို ပယ်ချလိုက်သည်။]
"မင်းက နောက်ကြောင်း ရာဇ၀င် ရှိနေတော့ ဘယ်ဘဏ်ကမှ မင်းကို ငှားမယ် မထင်ဘူး" ဟု ကလာရင့် ဒက်စမွန် ပြောလိုက်သော စကားမှာ မှန်နေသည်။
အသက်အာခံကုမ္ပဏီများနှင့်တကွ အခြား ကွန်ပျူတာ အသုံးပြုသော လုပ်ငန်းမျာသို့ လည်း လျှောက်လွှာ တင် ကြည့်သေးသည်။ အကြောင်းမထူး။ အားလုံး အပယ်ခံရသည်။
ထရေစီ နောက်တစ်မျိုး ကြံပြန်သည်။ နယူးယောက်တိုင်း သတင်းစာတစ်စောင် ၀ယ်ပြီး အလုပ်လစ်လပ် ကြောင်း ကြော်ငြားများကို ရှာဖတ်သည်။ ပို့ကုန်လုပ်ငန်း တစ်ခု၌ အတွင်းရေးမှူးနေရာ လစ်လပ်ကြောင်း တွေ့ရ သည်။ ထိုအလုပ်ကို သွားလျှောက်သည်။ ထရေစီ ရုံးခန်းထဲသို့ ၀င်လိုက်သည်နှင့် မန်နေဂျာက လှမ်း ပြောသည်။
"ဟေး ... မင်းကို ငါ ရုပ်မြင်သံကြားမှာ မြင်ဖူးတယ်၊ ထောင်ထဲတုန်းက မင်း ကလေးတစ်ယောက်ကို ကယ်ခဲ့ တယ် မဟုတ်လား"
ထရေစီ နောက်ပြန်လှည့်ထွက်ပြီး လစ်ခဲ့ရတော့သည်။
နောက်တစ်နေ့တွင် ဆက်ပဉ္စမရိပ်သာလမ်း၌ ကလေးကစားစရာ စတိုးဆိုင်ကြီးတစ်ဆိုင်တွင် အရောင်း ဈေးသည်အဖြစ် အလုပ်ရသည်။ လစာမှာ ယခင် သူမ အလုပ်တွင် ရသည်ထက်အတော့်ကို နည်းသည်။ သို့သော် သူမ အဖို့ အနိမ့်ဆုံး ရပ်တည်၍ ရတော့သည်။
နောက်တစ်နေ့တွင် ဈေးဝယ်သူ တစ်ယောက်က သူမကို မှတ်မိပြီး မန်နေဂျာကို သွားပြောသည်။ ကလေး တစ်ယောက် ကို ရေနစ်စေပြီး လူသတ်ရန် ကြိုးစားခဲ့သော ထောင်ထွက်တစ်ယောက်နှင့် မဆက်ဆံ လိုပါ ဟု ဆိုသည်။ ထရေစီ ရှင်းပြချိန်ပင် မရတော့။ ချက်ချင်း အလုပ်ဖြုတ်ခံလိုက်ရသည်။
ထရေစီအဖို့ မည်ကဲ့သို့ လုပ်ကိုင်စားသောက် ရပ်တည်ရမည်မှန်းမသိ ဖြစ်လာသည်။ ပထမဆုံးအကြိမ် မျှော်လင့်ချက် ကင်းမဲ့စ ပြုလာသည်။ စိတ်ဓာတ်ကျစ ပြုလာသည်။ ထိုညက သူ့ပိုက်ဆံအိတ်ထဲ၌ ပိုက်ဆံ မည်ရွေ့မည်မျှ ရှိသေးသည်ကို သိရန် အိတ်သွန်ဖာမှောက် စစ်ဆေးကြည့်သောအခါ ထောင်ထဲ၌ရှိစဉ်က ဘက်တီဖရန့်စစ်ပေးလိုက်သော စာရွက် အစကလေး တစ်စကို သွားတွေ့ရသည်။
"ကော်နတ်မော်ဂင်၊ ကျောက်မျက်ရတနာကုန်သည်၊ အမှတ် ၆၄၀၊ ပဉ္စမရိပ်သာလမ်း၊ နယူးယောက်မြို့" ဟူသော လိပ်စာကို စာရွက်ပေါ်၌ တွေ့ရသည်။ ထောင်ကျဖူးတဲ့ လူတွေကို သူက ကူညီခင်နေတာဟု ဆိုသော ဘက်တီ ၏ စကားသံကိုလည်း ပြန်ကြားယောင်လာသည်။
ကော်နတ်မော်ဂင်၏ ကျောက်မျက်ရတနာ အရောင်းဆိုင်သည် သေသေသပ်သပ် ရှိသည်။ အပြင်ဘက်၌ တံခါးစောင့် တစ်ဦး ရှိပြီး အတွင်း၌ လက်နက်ကိုင အစောင့်တစ်ဦး ရှိသည်။ ထရေစီက ဧည့်ကြို အမျိုးသမီး အား ပြောလိုက်သည်။
"မစ္စတာ ကော်နတ်မော်ဂင်နဲ့ တွေ့ချင်လို့ပါရှင်"
"တွေ့ဖို့ ချိန်းထားလို့လား"
"မဟုတ်ပါဘူး၊ မိတ်ဆွေတစ်ယောက်က သွားတွေ့ခိုင်းလို့ပါ"
"ရှင့်နာမည် ဘယ်သူလဲ"
"ထရေစီ ၀ှစ်တနေ"
"ခဏ စောင့်ပါဦးနော်"
ဧည့်ကြို အမျိုးသမီးက တယ်လီဖုန်း ကောက်ကိုင်ပြီး ခပ်တိုးတိုး ပြောလိုက်ရာ ထရေစီပင် မကြားလိုက်ရ ချေ။ သူမက တယ်လီဖုန်းပြန်ချထားပြီး ထရေစီကို ပြောလိုက်သည်။
"မစ္စတာမော်ဂင် အခု မအားသေးပါဘူး၊ ညနေ ၆-နာရီထိုးလောက် ပြန်လာပါတဲ့"
"ဟုတ်ကဲ့ ... ကျေးဇူးပါပဲ"
ထရေစီ ဆိုင်ထဲမှ ထွက်လာပြီး ပလက်ဖောင်းပေါ်တွင် ရပ်နေမိသည်။ ဘာဆက်လုပ်ရမည်မှန်းမသိဘဲ ဇဝေဇ၀ါ ဖြစ်နေသည်။ နယူးယောက်သို့ လာခဲ့သည်မှာ မှားပြီဟု တွေးမိသည်။ ထရေစီသည် နယူးယောက် လမ်းများပေါ်၌ အဓိပ္ပာယ်မရှိ လျှောက်နေမိသည်။ ဘာကိုမျှ စိတ်မ၀င်စားနိုင်။ စိတ်ညစ်ညစ်နှင့်သာ ဆက်လျှောက်နေသည်။
ညနေ ၆-နာရီတွင် ကော်နတ်မော်ဂင်၏ ဆိုင်ရှေ့သို့ ပြန်ရောက်လာသည်။ ဆိုင်အ၀မှ တံခါးစောင့် မရှိတော့။ ဆိုင်တံခါးလည်း ပိတ်ထားသည်။ သော့လည်း ခတ်ထားသည်။ ထရေစီသည် ဒေါသကို မချုပ်တည်း နိုင် တော့ဘဲ တံခါးကို လက်သီးနှင့် ထုလိုက်ပြီး လှည့်ထွက်လိုက်သည်။ သို့သော် တံခါး ရုတ်တရက် ပွင့်သွားရာ ထရေစီ အံ့အားသင့်သွားသည်။
ဦးလေးအရွယ် လူတစ်ယောက် တံခါးဝတွင် ရပ်ပြီး သူ့ကို ကြည့်နေသည်။ နဖူးပြောင်နေသော်လည်း ပျော်ပျော် ရွှင်ရွှင် နေတတ်ပုံရသည်။ အပြာရောင် မျက်လုံးအစုံက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
"မင်း ... မစ္စ၀ှစ်တနေ ဖြစ်ရမယ်"
"ဟုတ်ပါတယ်"
"ငါ ကော်နတ်မော်ဂင်ပါ၊ အထဲ ၀င်ဦးလေ၊ မ၀င်တော့ဘူးလား"
လူသူ တစ်ယောက်မျှ မရှိတော့သော ဆိုင်ထဲသို့ သူတို့ ၀င်သွားကြသည်။
"ငါ မင်းကို စောင့်နေတာ၊ လာ ... ငါ့ ရုံးခန်းထဲ သွားပြီး စကားပြောတာပေါ့"
မော်ဂင်က ဆိုင်ထဲမှ ဖြတ်ပြီး တံခါး ပိတ်ထားသော သူ့ ရုံးခန်းသို့ ခေါ်သွားသည်။ တံခါးကို သော့နှင့် ဖွင့်ပြီး အထဲသို့ ၀င်လိုက်သည်။ အခန်းထဲမှ ပရိဘောဂများမှာ အတော်ပင် ကောင်းမွန်သည်။ အလုပ်လုပ်သော ရုံးခန်းထက် လူနေသောအခန်းနှင့် ပိုတူနေသည်။ အလုပ်စားပွဲ မရှိ။ ဆိုလာကူရှင်များ၊ ကုလားထိုင်များနှင့် စားပွဲပု ကလေး များကို လှလှပပ နေရာချထားသည်။
"ကဲ ... ဘာသောက်မလဲ၊ ၀ီစကီ၊ ကော်ညက်၊ ဒါမှမဟုတ် ရှယ်ရီ" မော်ဂင်က မေးသည်။
"ဟင့်အင်း ... ဘာမှ မသောက်တော့ဘူး၊ ကျေးဇူးပါပဲရှင်"
မိမိ အခက်အခဲအား ဤလူ ကူညီနိုင်မည်လော၊ မကူညီနိုင်ဘူးလားဆိုသည်ကိုသာ စိတ်စောနေမိသည်။
"ဘက်တီဖရန့်စစ်က ရှင်နဲ့သွားတွေ့ဖို့ အကြံပေးလိုက်လို့ လာတာပါ မစ္စတာမော်ဂင်၊ ရှင် ... ရှင်က ဒုက္ခ ရောက်နေတဲ့သူတွေကို ကူညီတယ်လို့ သူက ပြောလိုက်ပါတယ်"
"သနားစရာ ဘက်တီပဲ၊ ချစ်စရာကောင်းတဲ့ မိန်းကလေးပါ၊ ဒါပေမယ့် သူ ကံမကောင်းဘူး၊ မင်း ... သိတယ် မဟုတ် လား"
"ကံမကောင်းဘူး ... ဟုတ်လား"
"ဟုတ်တယ်လေ ... သူ အဖမ်းခံလိုက်ရတယ်၊ မိသွားတယ်"
"ကျွန် ... ကျွန်မ မသိဘူး"
"ဒါကတော့ ရှင်းရှင်း လွယ်လွယ်လေးပါ မစ္စ၀ှစ်တနေ၊ ဘက်တီဟာ ကျွန်တော့်ဆီမှာ အလုပ်လုပ်ပေးလေ့ ရှိတယ်။ သူ့အတွက်လဲ ကျွန်တော်က ကောင်းကောင်း အကာအကွယ် ပေးထားတယ်၊ ဒါပေမယ့် ဘက်တီက နယူးအော်လင်းက ကားဒရိုင်ဘာ တစ်ယောက်နဲ့ သွားကြိုက်တယ်လေ၊ ပြီးတော့ သူ့ဘာသူ အလုပ်လုပ်တော့ အဲဒီမှာတင် သူတို့က သူ့ကို မိသွားတာပေါ့"
ထရေစီ ဘာမျှသဘောမပေါက်၊ စိတ် ရှုပ်ထွေးသွားတယ်။
ပြီး ဘက်တီက ရှင့်ဆီမှာ အရောင်း စာရေးမ လုပ်သေးလား"
ကော်နတ်က ကုလားထိုင် နောက်မှီသို့ ကျောမှီချလိုက်ပြီး အားရပါးရ ရယ်မောလိုက်သည်မှာ မျက်ရည်များ ပင် ထွက်လာသည်။
"မဟုတ်ဘူး ကလေးမ၊ ဘက်တီက မင်းကို အလုပ်အကြောင်း အပြည့်အစုံ မပြောပြလိုက်သေးဘူး ထင်တယ်၊ ကျောက်မျက်ရတနာဆိုင်အပြင် အမြတ်အစွန်း တော်တ်ာကောင်းတဲ့ တွဲဖက်လုပ်ငန်းတစ်ခု ရှိသေးတယ်၊ အဲဒီလုပ်ငန်းက ရတဲ့အမြတ်ကို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလဲ ထိုက်ထိုက်တန်တန် လုပ်အားခ ပေးတယ်၊ မင်းတို့ကို ခွင့်လွှတ်နော် ...၊ ထောင်ထွက်တွေအတွက် ငါဟာ အအောင်မြင်ဆုံး အလုပ်ရှင်တစ်ဦးပါ"
ထရေစီက မော်ဂင်ကို စိုက်ကြည့်လိုက်သည်။ အဓိပ္ပာယ်မပေါက်ဘဲ ပိုပြီး ဇဝေဇ၀ါ ဖြစ်နေသည်။
"ငါ့ရဲ့ လုပ်ငန်းအခြေအနေက တစ်မျိုး တစ်ဘာသာ ထူးခြားတယ်ဆိုတာ မင်းသိပါတယ်၊ တော်တော့ကို ချမ်းသာတဲ့ဖောက်သည်တွေ ငါ့မှာ ရှိတယ်။ င့ါဖောက်သည်တွေဟာ င့ါမိတ်ဆွေတွေ ဖြစ်လာတာပဲ၊ သူတို့က ငါ့ကို ယုံလဲ ယုံကြည်ကြတယ်၊ ငါ့ဖောက်သညတွေ ဘယ်အချိန်မှာ ဘယ်ကို ခရီးသွားတယ်ဆိုတာ ငါ ကောင်းကောင်းသိတယ်။ အခုလို အချိန်မျိုးမှာ ခရီးသွားရင်း လက်ဝတ်ရတနာတွေ ယူသွားတဲ့လူ နည်းတယ်။ သူတို့ လက်ဝတ်ရတနာတွေကို အိမ်မှာပဲ သော့ခတ်သိမ်းထားခဲ့တာများတယ်၊ ဘယ်လို လုံခြုံရေးအစီအစဉ်တွေ လုပ်ထားသင့်တယ်ဆိုတာကိုလဲ ငါပဲ သူတို့ကို ပြောပြ အကြံပေးထားတာပဲ၊ သူတို့မှာ ဘယ်လို လက်ဝတ်ရတနာမျိုးတွေ ရှိတယ်ဆိုတာ ငါသိတယ်။ ဘာကြောင့်လဲဆိုတော့ ဒါတွေဟာ ငါ့ဆီက ၀ယ်သွားတာတွေကိုး၊ သူတို့ ..."
သူ့စကား မဆုံးခင်မှာပင် ထရေစီ ထိုင်ရာကထပြီး ဖြစ်နေသည်။
"ရှင် အချိန်ပေး ပြောကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မစ္စတာ မော်ဂင်"
"မင်း မသွားသေးဘူး မဟုတ်လား၊ ဆက်နားထောင်ပါဦး"
"ရှင် ဘာဆက်ပြောမယ်ဆိုတာ ကျွန်မ သဘောပေါက်လာပြီ၊ အဲဒါပဲ ဆက်ပြောမှာ မဟုတ်လား"
"ဟုတ်တယ်၊ အဲဒါပဲ ငါပြောမှာ"
"ကျွန်မ ပြစ်မှုကျူးလွန်မယ့်သူ မဟုတ်ဘူး၊ အလုပ်လိုချင်လို့ လာတာ"
"အေး ... ငါကလဲ မင်းကို အလုပ်တစ်ခု ပေးနေတာပဲ၊ မင်း အချိန် တစ်နာရီ နှစ်နာရီလောက်ပဲ ပေးရမယ်၊ မင်းဒေါ်လာနှစ်သောင်းငါးထောင် ရစေရမယ်ကွာ၊ ဘာအခွန်မှ မဆောင်ဘဲ အပြည့်ရမှာ"
ထရေစီက ဒေါသကို မနည်း ချုပ်တည်းပြီး ပြန်ပြောလိုက်သည်။
"ကျွန်မ စိတ်မ၀င်စားဘူး၊ ကျွန်မကို သွားခွင့်ပြုပါတော့"
"ဒါကတော့ မင်းဆန္ဒအတိုင်းပါပဲ" ကောနတ်သည် ထိုင်ရာထမှ ထလိုက်ပြီး ထရေစီအား အခန်းတံခါးသို့ လိုက်ပို့သည်။ တံခါးဝအရောက်တွင် သတိပေးစကား ပြောကြားလိုက်သည်။
"မင်း သိထားရမှာ တစ်ခုတော့ ပြောလိုက်ဦးမယ်၊ တစ်ယောက်ယောက် အဖမ်းခံရမယ့် အန္တရာယ် ကြုံလာရင်တော့ ငါနဲ့ ဘယ်လိုမှ ဆိုင်မှာ မဟုတ်ဘူးနော်၊ ငါဆိုင်ရဲ့ ဂုဏ်သိက္ခာနဲ့ အရှိန်အ၀ါက ငါ့ကို ကောင်းကောင်း အကာအကွယ် ပေးပြီးသားပါ"
"ကျွန်မ ဘယ်သူ့ကိုမှ ဘာမှ မပြောဘူးဆိုတာ ကတိပေးပါတယ်" ထရေစီက အေးတိအေးစက် ပြောလိုက်သည်။
"တကယ်တော့ မင်းအဖို့ ဘာမှပြောနိုင်မှာ မဟုတ်ဘူး၊ ဘာဖြစ်လို့ဆိုတော့ မင်းပြောတာလဲ ဘယ်သူမှ ယုံမှာ မဟုတ်ဘူး၊ ငါက ကော်နတ်မော်ဂင်ပဲ မဟုတ်လား"
ဆိုငအ၀င်အထွက် အပေါက်သို့ ရောက်သောအခါ မော်ဂင်က ထရေစီကို ထပ်ပြောလိုက်ပြန်သည်။
"တကယ်လို့ မင်း စိတ်ပြောင်းပြီး ငါနဲ့ လက်တွဲ အလုပ်လုပ်ချင်တယ်ဆိုရင်တော့ အချိန်မရွေးလာခဲ့ပါ။ ငါ့ဆီကို တယ်လီဖုန်းဆက်ဖို့ အကောင်းဆုံးအချိန်ကတော့ ညနေ၆-နာရီနောက်ပိုင်းပေါ့၊ မင်း တယ်လီဖုန်း ဆက်မှာကို ငါမျှော်နေမှာပါ"
"မဆက်ပါဘူး"
ထရေစီက ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။ ထို့နောက် ဆိုင်အပြင်ဘက် ညအမှောင်ပျိုးစထဲသို့ ထွက်သွား သည်။ ထရေစီသည် သူမ၏ ဟိုတယ်အခန်း ပြန်ရောက်ချိန်အထိ ဒေါသကြောင့် တုန်လှုပ်နေသေးသည်။
မိမိ မကျူးလွန်ခဲ့သော ပြစ်မှုက ယခုအထိ မိမိနောက်တွင် အရိပ်ပမာ ကပ်ပြီး လိုက်ပါ လာနေသေးသည်။ တကယ်တော့ မိမိသည် ကွန်ပျူတာ ကျွမ်းကျင်သူ၊ ရိုးသားဖြောင့်မှတ်၍ တရားဥပဒေကို လိုက်နာသော နိုငငံသားတစ်ယောက်။
သို့သော် မိမိကို မည်သူကများ အလုပ် ပေးပါမည်နည်း။
ထရေစီသည် တစ်ညလုံး အိပ်မပျော်နိုင်ဘဲ သူမ၏ အနာဂတ်ရေးကိုသာ တွေးတောနေမိသည်။ အလုပ်လဲ မရှိ။ ပိုက်ဆံလည်း နည်းနည်းသာ ကျန်တော့သည်။ ဆုံးဖြတ်ချက်နှစ်ခု ချလိုက်သည်။ မနက်ဖြန်တွင် ယခုထက် ဈေးပေါသော နေရာသို့ ပြာင်းနေရမည်။ ရရာအလုပ်ကို ရှာလုပ်မည်။
ဆက်ရန်
.
1 comment:
မကြာခင်တော့ထရေစီတစ်ယောက်ရိုးသားဖြောင့်မတ်ခြင်းရဲ့အသီးအပွင့်ကို တွေ့ရတော့မှာပါ..။ ကျေးဇူးတင်ပါတယ်စာရိုက်တင်ပေးသူမမရေ..။
Post a Comment