အိမ်ထောင်မပြုဘဲ နှမ မခင်မေ ယောက်ဖ ကိုထွန်းဇင်တို့နှင့် အတူနေကာ လက်ရေတပြင်စီး လုပ်ကိုင် လာခဲ့သော အစ်ကိုကြီးကရော မခင်မေနှင့် ကိုထွန်းဇင်တို့ကရော ညီအစ်ကိုမောင်နှမထဲမှာ အငယ်ဆုံး အထွေးဆုံးဖြစ်သော မောင်ကြင်ဖေကို ချစ်ကြကြင်နာ ကြသည်၊ မျက်နှာအညှိုးမခံ အလိုလိုက်ကြသည်၊ အလိုလိုက် အမိုက်စော်ကားခဲ့သော မောင်ကြင်ဖေသည် အစ်ကိုအစ်မ ယောက်ဖပစ္စည်းတွေကို သုံးခဲ့ ဖြုံးခဲ့သည်၊ ဆိုးတေခဲ့သည်၊ အလုပ်အကိုင်မှာ ၀ိုင်းကူခြင်းမရှိဘဲ စားသောက် ပျော်ပါး လောင်းကစားခြင်း မှာသာ မွေ့လျော်ခဲ့သည်။
ဆိုးလွန်းတေလွန်းလာသောအခါ သည်းမခံနိုင်အောင် ဖြစ်လာသော အစ်ကိုကြီးနှင့် အစ်မက ရိုက်နှက် ဆုံးမလိုက်မိသည်၊ ထိုသည်ကို စိတ်နာသွားသော မောင်ကြင်ဖေက အိမ်မှ အပြီးထွက်ခွာသွားသည်၊ သူတော် အချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဘက်တွေ့ဆိုသော စကားလို မောင်ကြင်ဖေလို ပေါ့ပေါ့နေ ပေါ့ပေါ့စား လောင်းကစားမှာ ၀ါသနာပါသော လူသည် လူမိုက်မွေးရာမှာ လျှင်သော ဦးအေးထွန်း လက်ထဲ သို့ ရောက်သွားသည်မှာ မထူးဆန်းတော့ချေ။
ဦးကြင်ဖေသည် စကားဖြတ်ကာ ငေးနေရာမှ စိတ်မကောင်းလှစွာ ဆက်ပြောလိုက်သည်။
'ငါ့တူလေး ကြားလခဲ့တဲ့အတိုင်း အေးထွန်းလက်ထဲရောက်သွားပြီး သူ့တပည့်ဖြစ်နေခဲ့တာ၊ လူတစု ငါ့တူလေး ရှိတဲ့ တောင်တန်းဘက်မှာ ရွှေသွားကျင်ကြတယ်၊ သူတို့ရထားတဲ့ ရွှေတွေကို လုယူရအောင် ရခဲ့ရင် တယောက်တ၀က်ဆိုတော့လဲ ငါသဘောတူလိုက်ခဲ့တယ်လေ၊ ရွှေကျင်နေကြတဲ့ လူစုဟာ ငါ့အစ်မနဲ့ ငါ့ယောက်ဖ အသိုက်အ၀န်းလို့ ငါမသိခဲ့ဘူး၊ အေးထွန်းကလဲ ဘယ်သူတွေဆိုတာ မပြောဘူး၊ ဒါနဲ့ ငါလဲ လိုက်လာတာ၊ တိုတိုပြောရရင် မင်းမှတ်မိခဲ့တဲ့အတိုင်း အေးထွန်းတို့လူစုက သတ်တော့တာကိုး၊ အဲဒီတော့မှ ငါ့အကို အမတွေနဲ့ ငါ့ယောက်ဖဆိုတာ သိရတော့တယ်'
ဦးကြင်ဖေသည် ပြောရင်း စိတ်ထဲမှာ မကောင်းလွန်းသောကြောင့် စကားဖြတ်ပြီး အံကြိတ်နေလိုက်သည်၊ ခင်မောင်အေးကမူ ဘာမှပြန်မမေးဘဲ သူ့ဦးလေးမျက်နှာကိုသာ ကြည့်နေသည်။
ဦးကြင်ဖေသည် သူ့အပေါ်မှာ ချစ်ခင်ကြင်နာလွန်းသော အကိုအမနှင့် ယောက်ဖတို့ကို ဦးအေးထွန်းတို့ လူစုက သတ်နေသည်ကို ဖေါ်မပြတတ်တော့ချေ၊ ယခုပြောနေရင်းပင် ပြန်လည် မြေင်ယောင်ကာ ရင်ထဲမှာ နာလာသည်။
စကားဖြတ်ပြီး ငိုင်နေသောဦးကြင်ဖေကို ကြည့်ပြီး ခင်မောင်အေးက မေးလိုက်သည်။
'ဟိုသတ္တ၀ါတွေက နင့်ဆီက ပေးရမယ်လို့ တောင်းနေတာ ဘာလဲ၊ အဲဒါ မပေးလို့ နင့်ကို သေအောင် ငါ့ လက်ထဲ ဟိုဥစ္စာလေ ကြိုးတွေ ဖြတ်တဲ့ဟာ ပေးခဲ့တာလား'
ဦးကြင်ဖေက ခေါင်းငြိမ်းပြောသည်။
'ဟုတ်တယ်လူကလေး၊ သူတို့တောင်းတာ မင်းအဖေအမေနဲ့ ဘကြီးတို့ ရှာထားတဲ့ ရွှေတွေကို တောင်းတာ'
'ဒါတွေ နင့်ဆီမှာရှိနေလား'
ခင်မောင်အေးမေးသည်၊ ရွှေဆိုသည်မှာ ခင်မောင်အေး ဘာမှန်းမသိချေ၊ သတ်လောက်ဖြတ်လောက် ဖြစ်နေသည့် အရာမို့ သိချင်သည့်စိတ်ဖြင့် မေးခြင်းဖြစ်သည်။
'ရှိတယ် လူကလေးရဲ့၊ အကိုအမတွေကို သူတို့သတ်ကြ ရိုက်ကြလုပ်နေကြတော့ ဦးလေးက ကံအားလျော်စွာ ရွှေထုပ်ကြီးကို တွေ့လိုက်ရတယ်၊ သူတို့ အုပ်စုကို မလွန်ဆန်ဝန့်တော့ ရွှေတွေကို သူတို့ လက်ထဲ မထည့်တော့ဘဲ အားလုံးယူပြီး ထွက်ပြေးလာခဲ့တယ်'
ဦးကြင်ဖေသည် အမှန်အတိုင်း ပြောပြနေခြင်းဖြစ်သည်။
လုယက်ယူငင်ရန် သွားကြစဉ်က ဦးအေးထွန်းက ဥစ္စာရှင်တွေကို နှိမ်နင်းရန် သူ့တာဝန်၊ ရွှေတွေကို ရှာရန် မှာ ဦးကြင်ဖေတာဝန်ဟု ခွဲထားခဲ့သည်၊ သူ့ကို ဦးကြင်ဖေမည်သို့မှ မလွန်ရဲ၊ ထိုကြောင့် ရသည့် ရွှေ တွေကို သိုဝှက်ဝန့်မည်မဟုတ်ဟု ဦးအေးထွန်းထင်ခဲ့သည်၊ သို့သော် ဦးကြင်ဖေသည် ဦးအေးထွန်းအား ကြောက်သည့်စိတ်ကို အကိုအမ ယောက်ဖအတွက် နာကျည်းသည့်စိတ်က လွှမ်းမိုးသွားသည်၊ မည်သို့မှ မကယ် နိုင်အောင် လက်လွန်နေပြီကို သိရသော ဦးကြင်ဖေသည် ရှာတွေ့လိုက်သော ရွှေတွေကို ဦးအေးထွန်း တို့ လက်ထဲသို့ မထည့်တော့ဘဲ ကိုယ်လွတ်ရုန်း ပြေးခဲ့သည်။
တောထဲမှာ အစာငတ်ခံ ပုန်းနေခဲ့ရာ ရက်အနည်းငယ်ကြာသွားသည်၊ ဦးအေးထွန်းတို့ လူစုသည် ဦးကြင်ဖေ ကို တောထဲမှာ မည်သို့ရှာမတွေ့သောအခါ မြို့၏ လူနေအိမ်ခြေ မြို့ရွာဘက်သို့ ထွက်ပြေး လေပြီဟူသော ယူဆချက်ဖြင့် တွေ့ရာ သချိုင်းဓားမဆိုင်း ဆုံးဖြတ်ချက်ချကာ ရန်ကုန်သို့ ပြန်လာခဲ့ကြသည်။
ဦးအေးထွန်းတို့ တောထဲမှာ ဦးကြင်ဖေကို လိုက်ရှာနေသည့် အချိန်တွင် ဦးကြင်ဖေက သေဆုံးသူတွေ၏ တဲအိမ်စု ကို တိတ်တဆိတ်ပြန်ရောက်နေသည်၊ သေဆုံးသူတွေ ရုပ်အလောင်းထဲမှာ သူ့တူလူမမယ်လေး ခင်မောင်အေး ကို မတွေ့ရချေ။
ကြောက်လန့်ထွက်ပြေး၍ ပျောက်ကွယ်သွားခြင်းလား၊ ဦးအေးထွန်းတို့လူစု ဖမ်းဆီးသွားခြင်းကို ခံရလေသလားဟု တွေးမရအောင် ဖြစ်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ တူကလေး ခင်မောင်အေးကို တွေ့အောင် ရှာမည်၊ တွေ့လျှင် ခင်မောင်အေး ပိုင်ဆိုင်ထိုက်သည့် ရွှေတွေကို ပြန်ပေးမည်၊ သူ့အသက်ရှင် နေသရွေ့ ရှာမတွေ့ခဲ့လျှင် တိုင်းပြည်နှင့်လူမျိုးအကျိုးရှိမည့် နေရာကို လှူသွားမည်ဟု စိတ်ဆုံးဖြတ် ထားခဲ့သည်။
'ငါ့တူလေး ကြောက်လန့်ထွက်ပြေးသွားတဲ့အချိန်
'ငါ့တူလေး ကြောက်လန့်ထွက်ပြေးသွားတဲ့အချိန်နဲ့ ဦးလေး ပြန်ရောက်လာတဲ့အချိန် လွဲသွားတာ နာ လိုက်တာ အ၀င်နဲ့အထွက် တေ့လွဲလေးဘဲနော်၊ ဟိုအချိန်ကသာ တို့အတူအရီး ပြန်ဆုံလိုက်ရင် ငါ့တူလေး ဒီအဖြစ်မျိုး နဲ့ ဖြစ်မှာမဟုတ်ဘူး'
'ကိုယ်ရောင်ဖျောက်နေဘို့ အကောင်းဆုံးနေရာဟာ ရန်ကုန်မြို့ဘဲ ငါ့တူရဲ့၊ ဒီတိုက်ခန်းကို ဦးလေး ငှားနေတာကြာပြီ၊ ဦးလေးရုပ်ဖျက်ပြီး ကီလီဈေးဘက်ထွက်၊ ကြုံရာဟင်းရွက် ဟင်းသီး ရာသီပေါ် အသီးအနှံ ရောင်းချစားသောက်နေခဲ့တယ်။ အင်မတန် မဖြစ်လွန်လွန်းမှ ရွှေလေးငါးမူးလောက် တကျပ်သားလောက် ထုတ်ရောင်း ခဲ့တယ်၊ ငါ့တူလေး ပစ္စည်းတွေ မကုန်ခန်းခဲ့ပါဘူး၊ သူတို့ ရန်ကိုလဲ တွေးမိပြီးသားဖြစ်တော့ အခန်းအောင်း သင့်ရင် အောင်းရအောင်၊ မချက်မပြုတ်ဘဲ စားရတဲ့ တာရှည်ခံအစားအစာတွေ ၀ယ်ပြီး သိုမှီး ထားခဲ့တယ်၊ ဒါလောက် နှစ်ပေါင်းကြာနေမှ သင်းတို့လဲ စိတ်လျှော့လောက်ပြီ၊ ငါ့ကို မြင်ရင်လဲ မေ့တန် ကောင်းပြီလို့ တွက်ပြီးဦးလေး ပေါ့ပေါ့နေလိုက်မိတာ မှားသွားတယ်၊ ဒါကြောင့်သူတို့လက်ထဲ ပြန်ရောက် သွားတာကွဲ့'
ခင်မောင်အေးသည် ဦးကြင်ဖေပြောနေသည်များကို ငြိမ်သက်စွာသာ ငေးစိုက် နားထောင်နေကြသည်၊ ဦးကြင်ဖေ ပြောနေသည်များကို နားလည်သည့်စကားတွေလဲ ပါသည်၊ မည်သို့ပင်ဖြစ်စေ၊ ဦးကြင်ဖေကို ခင်မောင်အေးသည် သွေးရင်းဖြစ်သည့်အလျောက် စိတ်ထဲက ချစ်သည်၊ ခင်မင်တွယ်တာသည်၊ ဦးကြင်ဖေ ပြောသည့် ရွှေဆိုသည်များကို တန်ဘိုးလဲ မသိ၊ သူ့စိတ်ထဲမှာ ယခုတိုင်အောင် ညာမေတင်အတွက် ပူဆွေးသောက ဖြစ်နေရသည်မှာ လုံးဝ မလျှော့သွားချေ၊ ထိုကြောင့်...
'မခင်မေကို ဘယ်လိုရှာမလဲ၊ တွေ့နိုင်ပါတော့မလား'
ဟု ကောက်ခါ ငင်ခါ မေးလိုက်သည်။
တောထဲတောင်ထဲမှာ လူရိုင်းသာသာ ဘ၀မျိုးဖြင့် ကြီးပြင်းလာခဲ့ရသော တူကလေးသည် လောက အကြောင်း ကိုလဲ ဘာမှ နားမလည်၊ ပစ္စည်းတန်ဘိုးကိုလဲ မသိ၊ သူ့စိတ်ထဲမှာ စွဲလန်းနေသည့် တခု တည်းသော အရာကိုသာ အာရုံစိုက်တတ်နေသည့် အဖြစ်သို့ ရောက်နေရှာပေသည်၊ ဤသို့ဖြစ်ရသည်မှာ ငါမကောင်းသည့် အတွက် ငါ့တာဝန်လုံးလုံးသာ ဖြစ်နေပေပြီဟူသော အတွေးကို ဦးကြင်ဖေသည် စိတ်မကောင်း စွာ တွေးလိုက်သည်၊ ခင်မောင်အေးကိုလဲ များစွာသနားမိသည်။
'လူကလေး မင်းချစ်တဲ့ မခင်မေကို တွေ့အောင် ဦးလေးဝိုင်းကူရှာပေးမယ်၊ ငါ့တူလေး လူတန်းစေ့ တင့်တင့် တယ်တယ် အခြေအနေဖြစ်လာဘို့၊ သူများနည်းတူ ပညာတတ်လာဘို့၊ လောကကြီးအကြောင်း၊ လူတွေ အကြောင်း ကောင်းကောင်းနားလည်လာဘို့အတွက် ဦးလေးတာဝန် လုံးလုံးဖြစ်တယ်၊ စိတ်ချ ငါ့တူ၊ ဘ၀ဟောင်း အရေခွံချွတ်ပြီး ဘ၀သစ်ဖြစ်ဘို့ကို ဦးလေး အပင်ပန်းခံ ပြုပြင်ပေးမယ်၊ ငါ့တူ စိတ်ချမ်းသာမှု ဖြစ်အောင် အားလုံး ဦးလေး ကျိုးစားဆောင်ရွက်ပေးမယ်နော်'
ဦးကြင်ဖေက တူကလေးကို ကြီးစွာသော ကြင်နာခြင်းဖြင့် လက်မောင်းကို ယုယကြင်နာစွာ ကိုင် ပြောလိုက်သည်။
ခင်မောင်အေးကမူ ဦးကြင်ဖေကို စိုက်ကြည့်နေရင်းမှ..
'မခင်မေကို တွေ့ရမယ်ဆိုရင် ငါအားလုံးဘာဖြစ်ဖြစ် လုပ်မယ်'
ဟူသော စကားကို တုံ့ပြန်လိုက်သည်။
'အေး....ဒို့ဒီတိုက်ခန်းမှာ မနေတော့ဘဲ တခြားနေရာကို ပြောင်းကြစို့'
ဦးကြင်ဖေ က ခင်မောင်အေး ရှေ့ရေးကိုတွေးပြီး နေရာပြောင်းနေရန် ဆုံးဖြတ်လိုက်သည်။
သုံးနှစ်ဆိုသောအချိန်သည် ကုန်ဆုါံ်လာခဲ့သည်၊ ခင်မောင်အေး၏ ဘ၀ဟောင်း အသွင်အပြင်သည်၎င်း လုံးဝ ပြောင်းလဲလာခဲ့သည်၊ ဦးကြင်ဖေက ငှားထားသော ပင်စင်စား ကျောင်းဆရာကြီးတယောက်၏ သွန်သင်ပြသမှု၊ လေ့ကျင့်ပေးမှု၊ ပြုပြင်မှုတွေကြောင့် ခင်မောင်အေးသည် အင်္ဂလိပ်စာနှင့်စကား၊ မြန်မာစာ နှင့် စကားကို ကောင်းစွာ ရေးတတ်ပြောတတ်နေလေပြီ။
တောထဲကပါလာသော ပါးသိုင်းမွေး မုတ်ဆိပ်မွေး နှုတ်ခမ်းမွေးတွေ ရှည်လျားသော ခြေသည်း လက်သည်းကြီး တွေသည် အားလုံးပျောက်ကွယ်သွားလေပြီ။
ဖြူဝင်းသော အသား၊ ယောကျာ်းပြီသ ခန့်ငြားထွားကျိုင်းသော ကိုယ်လုံးကိုယ်ထည်၊ ချောမောတည်ငြိမ် ကြည်လင် သည့် မျက်နှာ၊ ယဉ်ကျေးသိမ်မွေ့သော ပြောဆိုဆက်ဆံပုံတွေကို မြင်ရသူသည် တချိန်သော အခါက တောကောင်အရိုင်းလို လူတယောက် ဖြစ်ခဲ့ပါသည်ဟုဆိုလျှင် မည်သူမှ ယုံကြည်နိုင်ကြမည် မဟုတ် ချေ။
လူနေသန့်ပြန့်သော ရပ်ကွက်တခုမှာ ၀င်းခြံ ကျယ်ကျယ်နှင့် ခိုင်ခန့်လုံခြုံသော အိမ်လေးတလုံးကို ဆောက်ခါ တူအရီးနှစ်ယောက် အေးချမ်းစွာ နေထိုင်ကြသည်၊ ပင်ကိုယ်ဥာဏ် အရည်အချင်းရှိပြီးသော ခင်မောင်အေး သည် ကောင်းစွာ သွန်သင်ပြုပြင်သည့် ဆရာကြီး၏ ကျွမ်းကင်ျသော ပဲ့ကိုင်မှုကြောင့် လိမ်မာ ယဉ်ကျေးရုံမျှသာ မဟုတ်၊ ပါးနပ် ဖြတ်လပ်သည့်နေရာ၊ အကင်းပါးမှု၊ လူသူအရိပ်အကဲကို နားလည်ခြင်း စသည်တို့မှာဦးလေးဖြစ်သူ ဦားကင်ဖေပင် ခြီးကျူါ်မိသည်။
ဦးကြင်ဖေသည် သူ့အစ်မ ယောက်ဖနှင့် အစ်ကိုကို ရက်စက်စွာ သတ်သည့် ဦးအေးထွန်းတို့ကို မည်သည့် အတွက် သက်ဆိုင်ရာသို့ တိုင်ကြားခြင်းမပြု၊ သူကိုယ်တိုင်လဲ ဦးအေးထွန်းတို့ မမြင်မတွေ့ ရအောင် ကြောက်လန့်ပုန်းရှောင်နေရသည့် အကြော်ငးကို အစပဌမက ခင်မောင်အေး နားမလည်ခဲ့ချေ၊ ထိုကြောင့် ဦးကြင်ဖေကို မေးမိသည်။
'ပြောစရာဖြစ်တာပေါ့ လူကလေးယ်၊ ငါ့အပြစ်တွေကလဲ ရှိနေတာကိုး၊ ငါကိုယ်တိုင်ကလဲ အစိုးရပြစ်ဒစ် မကင်း တဲ့ ရာဇ၀တ်မှုတွေကို တော်တော်လေး ကျူးလွန်ထားခဲ့မိတယ်၊ ဒါကို အေးထွန်းတို့က သက်သေအလုံအလောက်နဲ့ သိထားကြတယ်၊ သူတို့ကိုဖော်လိုက်ရင် သူတို့က ပါးကိုက်ရင် နားကိုကိုက် မှာပေါ့၊ ဒါကြောင့် ဦးလေးကိုလဲ အစိုးရဆီ သတင်းမပေးဘဲ သူတို့နည်း သူတို့ဟန်နဲ့ ညှင်းဆဲကြတာဘဲ၊ ဦးလေး ကလဲ စိတ်ဆုံးဖြတ်ထားပါတယ်၊ လူကလေး အလွန်ချစ်တဲ့ မခင်မေကို တွေ့ရပြီး လူကလေးကို တင့်တင့် တယ်တယ် ဖြစ်သွားရင် ဦးလေးအပြစ်ခံချင်လဲ ခံရပါစေ၊ သင်တို့ လုပ်ရပ်တွေကို အားလုံး ရဲဘက် ကို သတင်းသွားပေးလိုက်တော့မယ်လို့...'
ဦးကြင်ဖေက ပြန်လည်ရှင်းပြသည်ကို ကြားရသော ခင်မောင်အေးသည် ဦးအေးထွန်းတို့ကို လက်စား ခြေသည့် သဘောဖြင့် သက်ဆိုင်ရာကို သတင်းပေးချင်လျက်နှင့် ဦးလေးဖြစ်သူကို ငဲ့ကာ မြိုသိပ် ထားလိုက်ရတော့သည်။
ခင်မောင်အေးသည် ဦးကြင်ဖေကို အိမ်ထဲက မထွက်စေဘဲ အပြင်အပကို သွားစရာရှိလျှင် သူပင် သွားသည်၊ ယခုလိုရုပ်ရည်မျိုးနှင့် ခင်မောင်အေးကို တွေ့လိုက်ရလျှင် ဦးအေးထွန်းတို့သည် တချိန်သော အခါက လူသားစား လူရိုင်းကောင်ဟု သူတို့ ယုံကြည်လာခဲ့သော တောရိုင်းကောင်ဖြစ်ပါသည်ဟု မည်သည့် နည်း နှင့်မှ ထင်ကြမည်မဟုတ်ချေ။
ခင်မောင်အေးသည် သွားရင်းလာရင်းဖြင့် ပန်းချီပြပွဲတခုကို ၀င်ကြည့်ခဲ့သည့်၊ ထိုအခါ ညာမေတင် အတွက် ပူဆွေးလွင့်ပါးနေသောစိတ်ကို ပန်းချီရေးဆွဲခြင်းဖြင့် ထိန်းချုပ်လိုသော ဆန္ဒပေါ်လာသည်။
'ဦးလေး...အဖေနဲ့ အမေတို့ ရှာထားခဲ့တဲ့ေ၇ွှတွေကို တချို့ထုခွဲပြီး ကျွန်တော်အရောင်းအ၀ယ်လေး လုပ်နေခဲ့တာ တော်တော်စီးပွားရေးဟန်ကျနေပါပြီ။ စီးပွားရေးလုပ် တဲ့အချိန်ထဲက နဲနဲလောက်ယူပြီး ပန်းချီ ပညာသင်ကျောင်း တက်ချင်တယ်ဦးလေး၊ ပန်းချီပညာကို ကျွန်တော်သင်ချင်တယ်'
ဟု ဦးလေးထံမှာခွင့်တောင်းလိုက်သည်။
ဦးကြင်ဖေကလည်း ယဉ်ကျေးသိမ်မွေ့စွာဖြင့် လိမ်မာလွန်းသော တူကလေးကို အသက်ပေး ချစ်နေသူဖြစ်သည်၊ ထိုကြောင့် ခင်မောင်အေး စိတ်ချမ်းသာမှုဆိုလျှင် လိုက်လျောခဲ့သည် သာဖြစ်သည်။
ခင်မောင်အေးသည် သူစိတ်အားထက်သန်စွာ သင်ယူလိုသော ပန်းချီကျောင်းသို့ တက်ရောက် သင်ကြား လိုက်သည်၊ စိတ်အားထက်သန်စွာ တတ်မြောက်လိုခြင်း။ ဥာဏ်ထက်မြက်ခြင်း၊ ကျိုးစားခြင်း၊ ဆရာ သင်ကြား သည်ကို ကျိုးနွံစွာ မှတ်သားခြင်းတို့ အကျိုးကျေးဇူးကြောင့် ခင်မောင်အေးသည် ပန်းချီပညာကို ကျွမ်းကျင် စွာ တတ်မြောက်လာခဲ့သည်။
ထိုအခါ စီးပွားရေးလုပ်သည့် အချိန်မှလွဲလျှင် ခင်မောင်အေးသည် သူစိတ်ကူးရှိသည့်အတိုင်း ပန်းချီကား တွေကို စိတ်ပါဝင်စားစွာ ရေးဆွဲနေတော့သည်။
အသက်တမျှချစ်သော ညာမေတင်ကို မည်သို့မှ ရှာမတွေ့သောအခါ ခင်ောမင်အေးသည် တွေးနေ ငေးနေ ဆွေးနေခြင်းဖြင့် အချိန်မဖြုန်းတော့ဘဲ စီးပွားရေးဘက်ကို ဖိလိုက်သည်၊ ခင်မောင်အေး၏ တောင့်တင်း သော စီးပွားရေး၊ ခင်မောင်အေး၏ နှစ်သက်မြတ်နိုးဘွယ်သော ရုပ်ရည်၊ ခင်မော်အေး၏ နောက်လိုက် ကင်းရှင်းသော အခြေအနေတို့ကြောင့် နီးစပ်ရာ အမျိုးသမီးအသိုင်းအ၀ိုင်းထဲက ခင်မောင်အေး ကို ချိန်နေသူတွေရှိနေသည် သို့သော် ခင်မောင်အေးကား ညာမေတင်ကလွဲလျှင် မည်သူ့ကိုမှ ချစ်မြတ်နိုးလိုသောစိတ် မရှိတော့ချေ။
ထိုကြောင့် ညာမေတင်ကို လွမ်းဆွတ်ပူဆွေးမှုမှ သက်သာရာရစေရန် ရည်ရွယ်ချက်ဖြင့် သူကျွမ်းကျင် တတ်မြောက် ခဲ့သော ပန်းချီပညာထဲမှာ စိတ်ကိုနှစ်မြှုပ်ကာ အားလပ်ချိန်ရတိုင်း သူစိတ်ကူးမိသည့် ပန်းချီကား တွေကို စိတ်ဝင်စားစွာ ရေးဆွဲနေတော့သည်။
ညာမေတင် ကို စိတ်အာရုံပြောင်းစေရန် ဘခင်နှင့် အစ်ကိုကအစွမ်းကုန် ကြိုးစားပါသည်၊ သို့သော် ညာမေတင် သည် ခင်မောင်အေးကို စွဲလန်းတမ်းတသည့်စိတ် လွမ်းဆွတ်ပူဆွေးသည် စိတ်ကား လုံးဝ မပျောက်ကွယ် ချေ။

ဆက်ရန်
.
No comments:
Post a Comment